04/05/14



အမေ့အတွက် မဟာအင်အား
အတာကူးသည့် တန်ခူးလသည် မြန်မာလူမျိုးများအတွက် ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူး ရေကစား ကြသော မဟာသင်္ကြန် အချိန်ကာလတစ်ခုဖြစ်သည်။ ထို့အပြင် နှစ်ဟောင်းမှ အညစ်အကြေးများအား မဟာသင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ကြသည့် လထူးလမြတ်တစ်ခုလည်း ဖြစ်ပေသည်။ထို့ကြောင့် မြန်မာပြည်သူ/သားများအတွက် မှတ်မှတ်ရရ လမြတ်တစ်ခုလည်း ဖြစ်တော့သည်။ ကျွန်တော့်အတွက် နှလုံးသားထဲတွင် အစဉ်သဖြင့် အမှတ်ရစေမည့် လမြတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

၎.၄.၂ဝ၁၄ ခုနှစ် တန်ခူးလဆန်း (၅) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးစီးဦးဆောင် ဖွဲ့စည်းထားသော ပညာရေးကွန်ယက် (၃) နှစ်ပြည့် ရံပုံငွေရှာဖွေ ရေး ဂီတပွဲတော်အား မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမ အဆောက်အဦးကွင်းပြင်တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ပညာရှင်များ စုံညီစွာဖြင့် ကျင်းပခဲ့သည့် ပထမနေ့ ၄.၄.၂ဝ၁၄ ရက်နေ့ ဖျော်ဖြေပွဲအစီအစဉ်၌ လွတ်လပ် ငြိမ်းချမ်း “ပန်းရဲ့လမ်း" လူမှုကွန်ယက် တေးဂီတအဖွဲ့နှင့်အတူ ကျွန်တော်အတူပူးတွဲ ပါဝင်ခွင့်ရရှိခဲ့သည်။ လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း" အဖွဲ့မှ ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုသားထွေးတို့၏ တိုက်တွန်းချက်အရ ကျွန်တော် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ တေးဂီတ ဖျော်ဖြေပွဲဖြစ်သည့်အတွက် ယခင်နှစ်များက ကျင်းပပြုလုပ်ခဲ့ သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ပွဲတွင် ကျွန်တော် မပါဝင်ခဲ့ချေ။ ကျွန်တော်သည် ဂီတပညာရှင်၊ အဆိုတော်တစ်ဦး မဟုတ်သည့်အတွက် ဖြစ်ပေသည်။ ယခုနှစ် ဂီတဖျော်ဖြေရေးပွဲတွင် ဦးရဲ လွင်၊ ကိုသားထွေးတို့မှ ကျွန်တော့်အား မည်ကဲ့သို့ပုံစံမျိုးဖြစ်ဖြစ် ပါဝင်ဆင်နွှဲပေးရန် ပြောကြားခြင်းကြောင့် ကျွန်တော် ၂ဝ၁၁ ခုနှစ်တွင် ရေးသားထားသော ကဗျာတစ်ပုဒ်အား ပြန်လည်သတိရမိသည်။ ထို့ကြောင့် ယခု ၂ဝ၁၄ ခုနှစ် ပညာရေးရံပုံငွေပွဲအား ပါဝင်ဆင်နွှဲရန် ဆုံးဖြတ်ခဲ့တော့သည်။
၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ သံဃာ့အရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး) တွင် ကျွန်တော်သည် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ကြသော သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းမှုကြောင့် ကျွန်တော် တို့ဇနီးမောင်နှံနှစ်ဦး (၇) ရက် အဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့်နေ့တွင် ကျွန်တော်၏ အနု ပညာလုပ်ငန်းများ လုံးဝပိတ်ပင် ရပ်ဆိုင်းလိုက်ရသည်ကို သိရှိလိုက်ရသည်။ ထို့ကြောင့် ကျွန်တော် နေအိမ် တွင် ထွက်ပေါက်တစ်ခုအနေဖြင့် ပန်းချီကားများ ရေးဆွဲခဲ့သည်။ ထိုပန်းချီကားများအား ရန်ကုန်မြို့တွင် တစ်ကိုယ်တော် ပန်းချီပြပွဲ ကျင်းပရန်ကြိုးစားခဲ့သည်။ သို့ရာတွင် ကျွန်တော့်အား ပန်းချီပြပွဲပြုလုပ်ရန် အစိုးရမှ ခွင့်မပြုခဲ့ချေ။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကျွန်တော့်၏ ဇနီး ရွှေဇီးကွက်၏မွေးနေ့၌ မိမိလေးစားခဲ့သော၊ မိမိမြတ်နိုးခဲ့သော၊ မိမိချစ်ခင်ခဲ့သော မိတ်ဆွေ သူငယ်ချင်းများ နှင့် နိုင်ငံရေးလောကတွင် အထင်ကရဖြစ်သော ပုဂ္ဂိုလ်ကြီးများအပြင် မိမိနှင့် လက်တွဲဖော် လက်တွဲဖက် ပရဟိတ လူမှုရေးသမားများအား နေအိမ်သို့ ဖိတ်ကြား၍ မိမိရေးဆွဲထားသော ပန်းချီကားများအား ပြသ ရန် စီစဉ်ခဲ့သည်။ ထိုနေ့တွင် အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရောက်ရှိလာပြီး ကျွန်တော်တို့ ဇနီး မောင်နှံအား လာရောက်အားပေး၍ ကျွန်တော်ရေးဆွဲထားသော ပန်းချီကားများအား ဂရုတစိုက်ကြည့်ရှု ခဲ့ သည်။ ထိုပွဲတွင် အမေစုအား ကျွန်တော်မှ "အမေ …. ကျွန်တော့်ကို အမှတ်တရ ပန်းချီကားတစ်ကား ရေး ဆွဲပေးပါ" ဟု တောင်းဆိုမှုကြောင့် အမေစုသည် မဆိုင်းမတွဘဲ စုတ်တံကိုကောက်ယူလိုက်ပြီး ရောင်စုံဆီ ဆေးထည့်ထားသော ဆေးစပ်သည့်ခွက်ထဲမှ အပြာနုရောင်ဆီဆေးအား စုတ်တံနှင့် တို့လိုက်သည်။ ထို့ နောက် အသင့်ထောင်ထားသော အဖြူရောင်ပိတ်ကားပေါ်တွင် ရေးဆွဲလိုက်သည်။ ထို့နောက် ကျွန်တော့် အား "သား…… ဆက်ဆွဲလိုက်ပါ" ဟု ပြောကြားလိုက်သည်။ ကျွန်တော် ဘယ်ဆက်ဆွဲဝံ့မှာလဲ အမေ။ ကျွန်တော် အာခေါင်လှံမစူးဝံ့ပါဘူး အမေ။ အမေစုဆွဲထားသော ပန်းချီကားသည် ရေလှိုင်းလေးများလိုလို၊ ကွန်ယက်လိုလို၊ ကွင်းဆက်လိုလို အဓိပ္ပါယ်နက်ရှိုင်းသော ပန်းချီကားတစ်ချပ် ဖြစ်တော့သည်။ ထို့ကြောင့် ကျွန်တော်ရွှေဘောင်ကွပ်၍ ကျွန်တော့်၏ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးခန်းတွင် ချိတ်ဆွဲထားခဲ့သည်။ ထိုပန်းချီကားနှင့် ပတ်သက်၍ ကျွန်တော် ကဗျာတစ်ပုဒ်စပ်ခဲ့သည်။ ထိုကဗျာအမည်ကား "အမေ့ကျေးဇူး" ဟု အမည်ပေးလိုက်တော့သည်။ ယင်းကဗျာအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက် ရံပုံ ငွေပွဲတွင် ကျွန်တော်သည် LED ပိတ်ကားပြင်ထက်တွင် ဖြစ်ရပ်မှန်ပုံရိပ်များဖြင့် သရုပ်ဖော်ပြသကာ လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း” ဂီတပညာရှင်များနှင့် တွဲဖက်၍ အများပြည်သူ ပရိသတ်တို့အား ရွတ်ဖတ် ၍ အမေစုအား ဂုဏ်ပြုလိုက်ပါတော့သည်။
အမေ့ကျေးဇူး
ကွန်ယက်လေလား …
ကွင်းဆက်လေလား …
ဒီရေအလား .. ဖြည်းဖြည်းတက်သွား။
စည်းလုံးမှုအား … ညီညွတ်မှုအား။
လက်ချင်းတွဲထား … ခိုင်မြဲမှုအား။
သွေးမကွဲတဲ့ … ဒို့ပြည်ထောင်စုအား။
အပြာရောင်နုနု … ငြိမ်းချမ်းမှုအား
ရာဇဝင်တွင်မယ့် ဂန္တဝင်ပန်းချီကား။
အဖြူပေါ်အပြာနု … ‘အမေစု’ ဆွဲတဲ့ မှော်ဝင်အနုပညာကား။
“သားဆက်ပြီးဆွဲတဲ့” … လက်ဆင့်ကမ်းပေးမှုလား၊
သားဆက်ပြီး မဆွဲရက်ဘူး အမေ။
အမေ့ရဲ့လက်ရာ သားမဖျက်ဝံ့ဘူး အမေ။
အမေ့ရဲ့ခံစားမှု သားမမှေးမှန်စေချင်ဘူး အမေ။
အမေ့ရဲ့တင်ပြမှု သားအကျည်းတန်အောင် မလုပ်ပါရစေနဲ့ အမေ။
အမေ့ထက် သားတစ်လ မကြီးဝံ့ပါအမေ။
သား အာခေါင်လှံမစူးဝံ့ပါအမေ။
သား အရှင်လတ်လတ် မဟာမြေကြီးထဲ မဆင်းဝံ့ပါအမေ။
အမေဟာ … အမေပါ အမေရယ်။
အမေ့နောက်မှာ သားတို့ရှိတယ်။
အမေ့ဘေးမှာ သားတို့နေမယ်။
အမေ့ခြေလှမ်းနောက်ကို သားတို့ထပ်ကြပ်မကွာလိုက်မယ်။
အမေမောရင် သားတို့တွဲခေါ်ပေးမယ်။
အမေဆာရင် သားတို့ခူးခတ်ကျွေးမယ်။
အမေ … လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းမှုကို သားတို့ဝိုင်းရံပေးမယ်။
အမေ … ယက်နေတဲ့ မျိုးဆက်သစ်ကွန်ယက်ကို သားတို့ချည်နှောင်ပေးမယ်။
သားတို့ အမေ့ကို ဒီလိုပဲ ကျေးဇူးဆပ်ခွင့်ပြုပါ အမေ။

ကဲ … ဟေ့! ... အမေ့သားတွေ
ညီစေနော် … ညီစေ။
လက်ချင်းတွဲထား … မဟာအင်အား။
စိတ်ချင်းဆက်ထား … မဟာအင်အား။
ရဲသွေးနီထား … မဟာအင်အား။
အမေ့ကျေးဇူးကို ဆပ်ကြပါစို့လား။
ယခုလက်ရှိ အချိန်ကာလတွင် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ပြည်သူ/သားများအားလုံး ကဗျာ ပါ နောက်ဆုံးစာပိုဒ်အတိုင်း “လက်ခြင်းချိတ်ထား … မဟာအင်အား၊ စိတ်ချင်းဆက်ထား … မဟာအင်အား၊ ရဲသွေးနီထား … မဟာအင်အား” ဆိုသည့်အတိုင်း စည်းလုံးမှုအင်အားများ တည်ဆောက်ရန် အချိန်ကာလ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်တော့သည်။

ကျော်သူ





ဒေါက်တာအေးမိုးသူမ သည် မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှ ထွက်ခွာလာခဲ့သူ တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုစဉ်က မြို့တော်ရန်ကုန်တွင် မိသားစုနှင့် အတူ နေထိုင်ခဲ့သည့် ဒေါက်တာအေးမိုးသူမ က “၈၈ တုန်းက အရေးအခင်းတွေ ဖြစ်တယ်။ ပြီးတော့ ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။” ဟု ဆိုသည်။

ဒေါက်တာအေးမိုးသူမ ၏ ဆွေမျိုးများမှာ လန်ဒန်နှင့် သြစတြေးလျတို့တွင် အခြေချနေထိုင်ကြသည်။ ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက်ပိုင်း သူမ၏ မိသားစု က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုသို့ ဦးစွာပြောင်းရွှေ့ခဲ့ပြီးနောက် နယူးယောက်ပြည်နယ် ဘရွတ်ကလင်းမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ အနှစ် ၂၀ ကျော်ခန့် ကြာပြီးနောက် စတုန်နီဘရွတ် တက္ကသိုလ် ဆေးပညာကျောင်းမှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည့် ဒေါက်တာအေးမိုးသူမ သည် စိန့်လုခ်ရိုစီဝတ် ဆေးရုံတွင် ရင်သားကင်ဆာ အထူးကုဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။

အမေရိကန်နိုင်ငံတွင် နေထိုင်နေသော်လည်း ဒေါက်တာအေးမိုးသူမ ၏ စိတ်အာရုံများသည် မြန်မာနိုင်ငံထံသို့ ပျံလွင့်နေတတ်သည်။ ယနေ့အချိန်ထိ ဘားမား ဟု သူမကခေါ်ဆိုနေသည့် ဇာတိနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အခြေအနေအား သိရှိထားသည့် ဒေါက်တာအေးမိုးသူမ က မြန်မာနိုင်ငံတွင် ဆေးပညာ အတွေ့အကြုံများ ပြန်လည်ဝေမျှရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

၂၀၁၁ နောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေအနေများ ပြောင်းလဲလာ သကဲ့သို့ ပြည်ပရောက် မြန်မာနိုင်ငံဖွားများလည်း တဖွဲဖွဲ ပြန်လာနေ ချိန်တွင် ဒေါက်တာအေးမိုးသူမ လည်း အမိမြေကို ပြန်လည်အကျိုးပြုနိုင်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ၂၀၁၄ ဇန်န၀ါရီလအတွင်း က ဒေါက်တာအေးမိုးသူမသည် ၄င်း၏ မိတ်ဆွေ သူငယ်ချင်း ခွဲစိတ် ဆရာဝန်များ၊ မေ့ဆေး ဆရာဝန်များ၊ သူနာပြု များပါဝင်သည့် လူ ၁၅ ဦးပါ အဖွဲ့တစ် ခုအား ဖွဲ့စည်းကာ မြန်မာနိုင်ငံရှိ ဆေးရုံများတွင် တစ်ပတ်ကျော်ကြာ ကုသမှုပြုလုပ်ခဲ့သည်။

သူမ၏ အဖွဲ့သည် လူနာများအား ကုသပေးခဲ့ပြီး ရင်သား ကင်ဆာခွဲစိတ် ကုသခြင်း၊ အသားစ စစ်ဆေးခြင်းနှင့် လည်ပင်ကြီးရောဂါ ခွဲစိတ် ကုသခြင်း များ ပြုလုပ်ပေးခဲ့သည်။ ဒေါက်တာ အေးမိုးသူမ
နှင့် အဖွဲ့ မန္တလေးအထွေထွေဆေးရုံ ကြီးသို့ ရောက်ရှိလာချိန်တွင် လူနာ ၃၀၀ ကျော် က မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြသည်။ မန္တလေးမှ မိနစ် ၃၀ ခန့် ခရီးအကွာအဝေးရှိ ၀ါးချက် ဆေးရုံတွင်လည်း လူနာများ ထို ပမာဏခန့် စောင့်ဆိုင်းနေပြီး အချို့လူနာများမှာ ၃ နာရီကျော် လာရသည့် ရွာများမှ လာခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအေးမိုးသူ က မြန်မာနိုင်ငံသည် ဆင်းရဲသည့်နိုင်ငံ တစ်ခုဖြစ်ပြီး အစိုးရမှ ကျန်းမာရေးကဏ္ဍ အတွက် ငွေသုံးဆွဲမှု အလွန်နည်းပါး ပါတယ် ။ ဆေးရုံကို ဆေးလာကုတဲ့ လူနာတွေ ဟာ လိုအပ်တဲ့ဆေးဝါးတွေကို ကိုယ်တိုင် ၀ယ်ယူနေရပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါက်တာအေးမိုးသူမ၏ အဖွဲ့ဝင်အား လုံးမှာ ကိုယ့်စရိတ်နှင့် ကိုယ် လာရောက် ကုသသည့် လုပ်အားပေးများ ဖြစ်သည်။ ကုသမှုအတွက် လိုအပ်သည့် ဆေးဝါးနှင့် ကိရိယာများအား ယူဆောင်လာသည့်အပြင် မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသားများ အား နောက်ဆုံးပေါ် ခွဲစိတ်နည်း စနစ်များ သင်ကြားပို့ချပေးခဲ့သည်။

ထိုအဖွဲ့တွင် ပါဝင်လာသည့် စတန်းဖို့ဒ်ကျန်းမာရေးဌာန ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာဒေးဗစ်ရိဒ် က လူနာ၏ ခန္ဓာကိုယ် တွင် Key-Hole Sugery အပေါက်ငယ်များ ဖောက်ခြင်းဖြင့်သာ ခွဲစိတ် ကုသနည်းကို သင်ကြားပြသခဲ့ သည်။

“မြန်မာလို ဆင်းရဲတဲ့နိုင်ငံမှာ ခွဲစိတ်ကုသရာကနေရောဂါ ၀င်ရောက် နိုင်ခြေ က ပြဿနာ တစ်ခုဖြစ်ပါတယ်။ ခွဲစိတ်တဲ့ ပမာဏကို သေးနိုင် သမျှ သေးအောင် လုပ်နိုင်ပါက ရောဂါပိုးဝင်ရောက် နိုင်ခြေကို လျှော့ချနိုင်တဲ့ အတွက် ဒီနည်းပညာက အရေးပါပါတယ်” ဟု ဒေါက်တာရိဒ်က ဆိုသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲသည့် အ မျိုးသမီးများသည် ဆေးကုသစရိတ် မတတ်နိုင် သဖြင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေ ရသည်ဟု ဒေါက်တာ အေးမိုးသူမ က ဆိုသည်။ ““ကျွန်မ ကုပေးရတဲ့ လူနာ အမျိုးသမီး တစ်ယောက်ဆို ရင်သားမှာ အကြိတ်တွေ့တာ ၃နှစ် လောက်ရှိ နေပြီဖြစ်ပေမဲ့ ပိုက်ဆံမရှိလို့ ဆေးကုသမှု မခံယူခဲ့ဘူး”” ဟု ပြောကြားသည်။ ထိုလူနာသည် ခွဲစိတ်ကုသ ပြီး ၂ ရက်အကြာ တွင် ဆေးရုံမှ ပြန်ဆင်းခွင့်ရကာ ကျန်းမာသည့် ဘ၀အား ပြန်လည်ရရှိ ခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါအတွက် ရေဒီယိုဓာတ်ကင်သည့် စက် ၂ ခု သာ ရှိသေးပြီး ရင်သားကင်ဆာရောဂါ ဝေဒနာရှင်များအား ရင်သားဖြုတ်ထုတ် ခွဲစိတ်သည့် နည်းကိုသာ အဓိကထား ကုသလျက်ရှိသည်။

ဒေါက်တာ အေးမိုးသူမ၏ ဆေးကုသပေးသည့်အဖွဲ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာချိန်တွင် ကုသရေး ကိရိယာများအား ပေးအပ်ခဲ့သည်။ “မြန်မာနိုင်ငံ အတွက် ကုန်ကျစရိတ်မများဘဲ ကျွန်မတို့ လုပ်ပေးနိုင်တာတွေ အများကြီး ရှိပါတယ်။” ဟု ဒေါက်တာအေးမိုးသူမ က ပြောကြားခဲ့သည်။

ဒေါက်တာအေးမိုးသူမ နှင့်အဖွဲ့ဟာ မြန်မာနိုင်ငံကို နှစ်စဉ်လာရောက်ပြီး ကုသမှုများ ၊ ပညာပေးမှုများကို ပြုလုပ်သွားမည်လို့ သိရပါတယ်။
==================
ဘာသာပြန် - KHTun
ခွန် ဒီးယမ်facebook



ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက ခိုက်ရန် ဖြစ်ပွားရာမှ လူငယ်တစ်ဦး၏ မျက်လုံးတွင် ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည့် အပေါ် မကျေနပ်သဖြင့် လူအုပ်စုများ က ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူတို့ ပုန်းရှောင်နေသည့် နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနေရာအား ထိန်းသိမ်း ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။

ယနေ့ညနေ ၃ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် ဗန်ဒါလမ်းဈေးကြီး အရှေ့ဘက် အတွင်း မိုးကာကူရှင် ဆိုင်ပိုင်ရှင် ဦးကိုကိုလေး၏ သားနှစ်ဦးက နာရီနှင့် အပိုပစ္စည်း ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးအောင်နိုင်ဦး၏ သား မောင်သက်ပိုင်ဦးအား စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသဖြင့် ဝဲဘက်မျက်လုံး ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မောင်သက်ပိုင်ဦးအား ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသပေးလျက် ရှိကြောင်း၊ ယင်းဖြစ်ရပ်အပေါ် မကျေနပ်သဖြင့် ဈေးသူ ဈေးသား အင်အားစုများက ကတ်ကြေးဖြင့် ထိုးသည်ဟု ယူဆရသူများ ထွက်ပြေး ဝင်ရောက်သွားသည့် ဟူစင်မုန့်ဆိုင်အား ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် ၎င်းတို့နှစ်ဦးအား လှည်းကူးမြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ညနေ ၆ နာရီ ၅ မိနစ်တွင် ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်စဉ် ဝင်ရောက် တားမြစ်သူ တစ်ဦးမှာ ခဲများထိမှန်ပြီး နဖူးတွင် ဒဏ်ရာများ ရရှိသဖြင့် လှည်းကူး ဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ကြောင်း သိရသည်။

အခင်း ဖြစ်ပွားရာနေရာသို့ ညနေ ၆ နာရီ မိနစ်၂၀ ခန့်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ ဦးလှသန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ရောက်ရှိပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် ညနေ ၆နာရီ ၂၅မိနစ်ခန့်တွင် လူစုကွဲသွားကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယင်းနေရာတွင် လုံခြုံရေး ယူထားပြီး ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

လှည်းကူး event ရဲ့ 
side effect ကအရမ်းမြန်တယ်။
သွေးရိုးသားရိုးမဟုတ်ဘူး။
ဒေါသထွက်နေသော လူအုပ်ကြီး
ကလည်း ရောက်လာတာ
အရမ်းမြန်ဆိုဘဲ။
Calender ကျတွေပေါ့။
ပညာရေးနှစ်ပတ်လည်ပွဲကနေ
စိတ်ပူပြီးအိမ်ပြန်လာတော့
ကိုယ့်မြို့ နယ်ပြန်ရောက်ရုံရှိသေး
မြို့ နယ်တခြမ်းမှာ
ရုတ်စိ ရုတ်စိ ဖြစ်နေပြီ
နာရီဝက်လောက်ဘဲခြားမယ်။

၂၀၁၅ မတိုင်မချင်း ဒါမျိုးတွေ
ထပ်လာအုံးမယ်။

ကဲ ကိုကိုအစိုးရတို့ 
ဘယ်သူတွေမှန်းလဲသိတယ်
ဘယ်လိုလုပ်မယ်ဆိုတာလဲ
သိနေတယ်။

ခင်ဗျားတို့ 
ဘာဆက်လုပ်မှာလဲ

Prevention is better than
cure.

ဆိုတဲ့ဆိုရိုးစကားလေးကို
မလိုက်နာရင်တော့

အပ်နဲ့ ထွင်းရမှာကို
ပုဆိန်နဲ့ ထွင်းရတော့မယ်။

ဟိုကျေးဇူးရှင်တွေကလည်း
ကိုယ် အောက်စီးကနေရတာ
သတိလည်းရအုံး။
တဆိတ်ရှိ လက်ပါနေရင်တော့
နင်တို့ OIC လည်းလာကယ်နိုင်
မှာမဟုတ်ဘူး။
Thet Khaing

ဘဘ ဦး ဝင်း တင် အ ခု ည ကျ မ တို ကို စာ ရေး ပြီး ပြော တယ် ။
" လော က ဟာ ထာ ဝ ရ လူ ဝီ သံ နဲ့ စ တယ် "
ဘဘ ဘာ ပြော ချင် တာ လဲ တော့ မ သိ ဘူး ။

May Linn

Credit : May Linn via Min Myanmar

ဒီနေ့မနက် ဆရာဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေက အတော်ကောင်းနေပါပြီ။ အသက်ရှုစက် ဖြုတ်လိုက်တာမို့ စကားပြောနိုင်နေပါတယ်။ စက်ကို တစ်ပတ်လောက် တပ်ခဲ့တာမို့ အာခေါင်နာနေတာတော့ ရှိပါတယ်။ ဗိုက်လည်း နာနေသေးပေမဲ့
သွေးဝမ်းသွားတာ လုံးလုံးမရှိတော့ပါဘူး။

ဆရာက “အာနာ တာ ဆိုးတယ်။ အာနာ မကောင်းဘူး” လို့ အာဏာနဲ့ အသံတူကို ဟာသလုပ်ပြီး ပြောနေပါသေးတယ်။ ကျွန်တော် မသေဘူးတဲ့။ ဟုတ်ကဲ့ဆရာ။
ဆရာက မာဆဲပါ။

(( မသီတာ - စမ်းချောင်း ))

13 
ရန်ကုန်၊ ဧပြီ ၂
မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အတွင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ပီသစေရန်အတွက် ထုတ်ပြန်ခဲ့ သည့် ကြေညာချက်များအတွင်း တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တို့၏ ဂုဏ်သိက္ခာ ပျက်ပြား ထိခိုက် စေမည့် သံချပ်ထိုးခြင်း၊ သီဆိုခြင်းများ မပြုလုပ်ရန် ယဉ်ကျေးမှု ၀န်ကြီးဌာနဘက်မှ ကန့်သတ်ချက် အပေါ် သံချပ်သမားများက ဝေဖန်လျက် ရှိသည်။
ဧပြီလ ၁ ရက်နေ့ ညပိုင်းက အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းမှ တစ်ဆင့် ယဉ်ကျေးမှုဝန်ကြီး၏ အတာ သင်္ကြန်ပွဲတော် အတွင်း ရှောင်ကြဉ်ကြရန်ဟူ၍ တားမြစ်ချက်များ ထုတ်ပြန်ရာတွင် သူတစ်ပါး(သို့) အဖွဲ့ အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့်ပြစ်မှုများ ရှောင်ကြဉ်ကြပါရန် ဟု ပါရှိသည့်အပေါ် ယခုကဲ့သို့ ဝေဖန်နေကြခြင်း ဖြစ်သည်။
““သံချပ်ဆိုတာမျိုးက ပုဂ္ဂိုလ်ရေးကို ဆဲတာမဟုတ်ဘူး။ သတင်းစာထဲ၊ ဂျာနယ်ထဲ ထည့်ပြီးဆဲတာတောင်မှ ထည့်သေးတာ။ ကျွန်တော်တို့က ဆဲတာမှ မဟုတ်တာဗျ။ တိုင်းပြည်ပြုပြင်ရေး ကောင်းဖို့အတွက်ကို အပြုသဘော သံချပ်ပါ၊ အပျက်သဘောသံချပ် မဟုတ်ပါဘူး။ ကျွန်တော်တို့ သင်္ကြန်သမားများသည် အပြု သဘောသာလျှင် ဆောင်ပါတယ်။ ဖရုဿဝါစာ သိမ်ဖျင်းသော စကားများမဆိုပါ။ ကျွန်တော်တို့ သင်္ကြန် သမားတွေဟာ တစ်နှစ်လုံးမှာရှိတဲ့ ဂျာနယ်ထဲမှာ ပါတဲ့၊ သတင်းစာထဲမှာပါတဲ့ ဟာတွေကို ပြောကြဆိုကြတာပါ။ တစ်နှစ်တစ်ခါ ရာသီစာလေးမို့လို့ ခွင့်ပြုပေးစေချင်ပါတယ်”” ဟု သာဓုပါဗျာ သံချပ်အဖွဲ့မှ လူရွှင်တော်မေတ္တာ မြန်မာသံတော်ဆင့်သို့ ပြောသည်။
ယဉ်ကျေးမှု ၀န်ကြီးဌာန၏ သတိပေးတားမြစ်ချက်များ၌ ရေကစားရာတွင် တစ်ဖက်သားအား အနာတရ ဖြစ်စေခြင်း၊ မခံမရပ်နိုင်သည်အထိ နောက်ပြောင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ ရှောင်ကြဉ်ကြရန်၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မသင့်လျော်သည့် နေထိုင်ပြုမူမှုများ ရှောင်ကြဉ်ရန်၊ ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုခြင်း၊ အများပြည်သူ၏ အမြင်အာရုံကို အနှောင့်အယှက် ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ၀တ်စားဆင်ယင်မှုမျိုး မဖြစ်စေရန်စသည်ဖြင့် ပါရှိသည်။
သံချပ်ဆိုသည်မှာ အစိုးရနှင့် ပါတီအဖွဲ့အစည်းများအား တိုက်ခိုက်ခြင်း မဟုတ်ဘဲ ပြည်သူများ၏ ခံစားချက် များအား ကိုယ်စားပြု တင်ပြခြင်းသာ ဖြစ်ကြောင်းအား ““သံချပ်ဆိုတာ ပြည်သူတွေ ရင်ထဲမှာရှိတဲ့ အကြောင်းတွေကို ကိုယ်စား တင်ပြရတာပေါ့။ သံချပ်ကို ကြားခြင်းအားဖြင့် ပြည်သူတွေရဲ့ ရင်ထဲမှာရှိနေတဲ့ စကားတွေကို သူတို့ကိုယ်စား ကိုယ်တို့က ပြောပေး လိုက်တဲ့အတွက် သူတို့ရင်ထဲမှာရှိတဲ့ အစိုင်အခဲတွေကို အနည်းငယ် ကျသွားတာပေါ့။ သံချပ်ဆိုတဲ့ သဘောက အစိုးရကို တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ပါတီအဖွဲ့အစည်း ကိုလည်း တိုက်ခိုက်ဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ ရင်ထဲက ခံစားချက်ကို ဘယ်အကြောင်းအရာပဲ ဖြစ်ဖြစ်ပြတာ။ ကိုယ့်ရပ်ကွက်ထဲမှာ အနီးအနား ပတ်ဝန်းကျင်မှာ နိုင်ငံတွင်း ဖြစ်နေတဲ့ အကြောင်းအရာတွေပေါ့။ အစိုးရနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ပြည်သူတွေနဲ့လည်း သက်ဆိုင်တာပါ””ဟု ““တလေးတစား၏ ကျွန်ုပ်တို့သည်”” သံချပ်အဖွဲ့ခေါင်းဆောင် ကိုချိုကြီးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
မဟာအတာ သင်္ကြန်ပွဲတော်အတွင်း သင်္ကြန်သီချင်းများ စပ်ဆိုခြင်း၊သံချပ်ထိုးခြင်းများအတွက် စာသားများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မဟာသင်္ကြန်သီချင်း သံချပ် စိစစ်ရေးကော်မတီသို့ ၂၀၁၄ မတ်လ ၂၀ ရက်နေ့တွင် တင်ပြရန်နှင့် ကော်မတီမှ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ တရားဝင် ထုတ်ပြန်ထားသည်။
အေးမိုးကိုကို

မျိုးစောင့်ဥပဒေကြောင့် နိုင်ငံရေးအရ မဲများရနိုင်သလို

အကြမ်းဖက်မှုများပါ ဖြစ်လာနိုင်ဟု သုံးသပ်မှုရှိ

ကိုယ်ဖြစ်ချင်တာတွေကိုပဲ ပြောနေကြတာ။ ပြဿနာကို မူဝါဒနဲ့ပဲ ဖြေရှင်းလို့ရရင် မူဝါဒနဲ့ပဲနေရတယ်။ အဲဒီလို လုပ်ပုံကိုင်ပုံမျိုး လွှတ်တော်မှာလည်း သိပ်မတွေ့ရဘူး။ အစိုးရအဖွဲ့မှာလည်း သိပ်မတွေ့ရဘူး . . .
24
အင်းစိန်ရွာမဆရာတော်ကြီး၏မွေးနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ-ချမ်းမြေ့ခိုင်
ရန်ကုန်၊ ဧပြီ (၃)
ဥပဒေပြဋ္ဌာန်းပေးရန် ဦးဆောင်တောင်းဆိုခဲ့သော အင်းစိန်ရွာမ ဆရာတော်ကြီးက သက်တော်(၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ အခမ်းအနား၌ အခမ်းအနားသို့ တက်ရောက်လာသော သာသနာရေး ပြည်ထောင်စု ၀န်ကြီး၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် တို့ကို လာမည့်သက်တော် (၇၆)နှစ် မြောက်မွေးနေ့တွင် ဥပဒေရေးဆွဲ ပြဋ္ဌာန်းပြီးခြင်းအား မွေးနေ့ လက်ဆောင် အဖြစ်ပေးအပ်ရန် မေတ္တာ ရပ်ခံထားမှုရှိသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်သို့ မတင်ပြ လာသေးမီတွင် မည်သည်ကိုမှ ဆွေးနွေးမှု ပြုလုပ်ရန်မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ သဘောထားကို မတ်လ နောက်ဆုံးပတ်အတွင်း ဖွင့်ဟပြောကြားခဲ့သည်။

““မျိုးစောင့်ဥပဒေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရဌာနများက ရေးဆွဲနေတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာကို လွှတ်တော်ကို မရောက်သေးမီ ဘာမှဆွေးနွေးစရာ မရှိပါဘူး””ဟု ဒေါ်အောင်ဆန်းစုကြည်က မတ်လ(၂၆) ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယကနှင့် ၎င်းတို့၏ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် မျိုးစောင့် ဥပဒေကြောင့် ပဋိပက္ခများ ပိုမိုဖြစ်ပွားနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှု တစ်ရပ်ကို ဖြေကြားလိုက်ခြင်း ဖြစ်သည်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိ လောကာဘိဝံသ အင်းစိန်ရွာမ ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ကာ ရဟန်းသံဃာ၊ လူပုဂ္ဂိုလ် တစ်သန်းသုံးသိန်းကျော် လက်မှတ်ရေးထိုး၍ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့က နိုင်ငံတော်သမ္မတထံ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ တောင်းဆိုရာတွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ကိုမဖြစ်မနေ ပြဋ္ဌာန်းပေးရန်တို့ ဖြစ်သည်။ နိုင်ငံတော်သမ္မတက ယင်းဥပဒေလေးရပ် ပြဋ္ဌာန်းပေးရေးအတွက် ပြည်ထောင်စု လွှတ်တော် နာယကထံသို့ ဖေဖော်ဝါရီလ(၂၅) ရက်နေ့က သ၀ဏ်လွှာ ပေးပို့ခဲ့ရာ ပြည်ထောင်စု လွှတ်တော်က ဥပဒေ ပြဋ္ဌာန်းနိုင်ရေး သက်ဆိုင်ရာ ၀န်ကြီးဌာနက ဥပဒေမူကြမ်း ရေးဆွဲကာ ပြည်ထောင်စု အစိုးရအဖွဲ့၏ စိစစ် ချက်ဖြင့် လွှတ်တော်သို့ တင်ပြရန် သ၀ဏ်လွှာ ပေးပို့ပြီး နှစ်ရက် အကြာတွင် အစိုးရသို့ တာဝန်ပြန်လည်ပေး အပ်ခဲ့သည်။ ထို့အတွက် လွှတ်တော်နှင့် အစိုးရအပေါ် ဥပဒေပြဋ္ဌာန်းရေး တာဝန်ခံမှု မပြုရဲကြခြင်းအဖြစ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်နှင့် အစိုးရ၏ တာဝန်ခံမှု မပြုရဲကြဆိုသော သုံးသပ်မှုများ ထွက်ပေါ်စေသည့် အထက်ပါ ဖြစ်ရပ်မပေါ်ပေါက်မီကပင် ယင်းဥပဒေ ပြဋ္ဌာန်းနိုင်ရေး လှုပ်ရှားမှုအား သဘောထား အမြင်အမျိုးမျိုး ကွဲပြားမှုများ ရှိနေကြပြီး နိုင်ငံ၏ ဘာသာသာသနာ၊ လူမျိုးကာကွယ်ရေး ရှုထောင့်ဖြင့် ထောက်ခံမှုများရှိသလို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများဖြင့် ယှဉ်ကာ လက်သင့် မခံနိုင်သူများလည်း ရှိခဲ့ကြသည်။ ထို့ပြင် ယင်းဥပဒေ ပြဋ္ဌာန်းလိုက်ပါက ဘာသာမတူသည့် လူ့အဖွဲ့အစည်း နှစ်ရပ်ကြား တည်ငြိမ်မှုမရှိသော သမိုင်းကြောင်းအရ ပဋိပက္ခဆောင်နေမှုသည် ပိုမိုမြင့်မားလာကာ နိုင်ငံတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်ရေးကို စိုးရိမ်ပူပန် ချင့်ချိန်မှု ရှိနေကြသည်။ မျိုးစောင့်ဥပဒေ ကိစ္စရပ်သည် အစိုးရ၊ လွှတ်တော်များအတွင်း ပါဝင်နေသော နိုင်ငံရေးပါတီများ၏ လာမည့် ရွေးကောက်ပွဲအတွင်း လူ့အဖွဲ့အစည်း နှစ်ရပ်က ထားရှိမည့် မဲဆန္ဒ သဘောထားအပေါ် သက်ရောက်နိုင်ကြောင်း သုံးသပ်မှု များလည်း ရှိနေသည်။

ပြီးခဲ့သည့် စစ်တပ် အစိုးရ၏ နိုင်ငံရေး အသွင်ကူပြောင်းမှုအစ ဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံကာ ၂၀၁၀ ရွေးကောက်ပွဲသို့ နိုင်ငံရေး ပါတီများ ပါဝင်ရေး သဘောထားပြု တိုက်တွန်းခဲ့သည့် ထိုအသွင်ကူးပြောင်းရေး ဖြစ်ပေါ်ရေး ပါဝင်ပတ်သက်မှုများ ရှိခဲ့ကြောင်း သုံးသပ်ချက်များ ရှိနေသော ပြည်ပ အခြေစိုက် ဗဟုအဖွဲ့ တည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးတင်မောင်သန်းက ““ဒီဟာနဲ့ နွှယ်ပြီးတော့ အကြမ်းဖက်မှု အန္တရာယ်တွေကလည်း သက်ရောက်မှု ရှိသွားနိုင်လား ဆိုတဲ့ကိစ္စတွေ ပါတယ်။ မျိုးစောင့် ဥပဒေဟာ မဲတွေတင် မကဘူး၊ ဗုံးတွေပါ သီးလာနိုင်တယ်။ မဖြစ်ဘူးလို့ ပြောနိုင်မလား။ အာမခံနိုင်လား။ ဆိုလိုတာက အကြောင်းအရာ ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ ပါဝင်ပတ်သက်လာတဲ့ ကိစ္စတွေက များလာလေ အန္တရာယ် အတိုင်းအတာက ကြီးမားလာလေ။ ပိုပြီးဒီဥပဒေ ပြဋ္ဌာန်းဖို့ အချိန်ယူရလေ၊ ဂရုစိုက် ရလေ၊ အကျေအလည် ညှိနှိုင်း ဆွေးနွေးဖို့ လိုလေပေါ့။ ဒီဥပဒေ ထွက်ပေါ်လာခြင်းကိုက အစ္စလာမ် ဆန့်ကျင်ရေး ဖြစ်တယ်ဆိုတဲ့ အမြင်ရှိတယ်။ နိုင်ငံတကာ ဆက်ဆံရေး အသိုင်းအ၀ိုင်းမှာရော ဘယ်လိုသ ဘောထားသွားမလဲ။ ဒီပြဿနာက ဒေသဆိုင်ရာ ပြဿနာလား။ တစ်နိုင်ငံလုံးဆိုင်ရာ ပြဿနာလား။ ဒေသဆိုင်ရာ ပြဿနာကို တစ်နိုင်ငံလုံးဆိုင်ရာ ပြဿနာအနေနဲ့ ချဉ်းကပ်မှာလား။ အခုထက်ထိ ကိုယ်တို့ မြန်မာနိုင်ငံမှာ အသေခံ ဗုံးဖောက်ခွဲတယ်ဆိုတာ မရှိသေးဘူး။ မဖြစ်ဘူးလို့ အာမခံနိုင်သလား။ အလားအလာ ကရော ဘယ်လောက်ရှိသလဲ။ အကျိုးဆက်တွေအထိ အကုန်လုံးက စဉ်းစားဖို့လိုတယ်။ ကျွန်တော် ကတော့ ဥပဒေတစ်ခု စဉ်းစားတဲ့အခါမှာ အခုလုပ်နေ ကြတာထက် ပိုပြီး အလေးအနက် ထားစေချင်တယ်။ ဒါမျိုးတွေမှာ ကျွန်တော် အားမရသေးဘူး။ ဒါက အစိုးရရော လွှတ်တော်ရော ပတ်သက်တာပေါ့”” ဟုနိုင်ငံတကာ အတွေ့အကြုံ ရှုမြင်မှုအရ မြန်မာသံတော်ဆင့်သို့ ၎င်း၏ သုံးသပ်ချက်ကို ပြောကြားသည်။

မျိုးစောင့်ဥပဒေကြမ်း ဖြစ်ပေါ်ရေး တာဝန်ယူ ဆောင်ရွက်နေရသည့် အစိုးရဌာန တစ်ရပ်ဖြစ်သည့် သာသနာရေး ၀န်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်ကမူ အင်းစိန်ရွာမ ဆရာတော်ကြီး၏ သက်တော် (၇၅)နှစ်မြောက် မွေးနေ့တွင် “ဥပဒေတစ်ရပ် အနေဖြင့် ရှိသင့်သည့် အချက်များဖြစ်သည်”” ဟူသော သဘောထားကို ဆရာတော်ကြီးထံ လျှောက်ထား တင်ပြခဲ့ခြင်းရှိသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်ပရောက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အင်အားစုအဖြစ် အသိအမှတ်ပြုထားသလို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် လက်ခံထားသော စင်ပြိုင်အစိုးရခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်း ဒေါက်တာသောင်းထွန်းက ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းစွာ နေထိုင်ရေးကို အခြေခံထားသည့် ဘာသာ ဖြစ်သော်လည်း မိမိနိုင်ငံ၏ လုံခြုံရေးနှင့် ဘာသာလူမျိုး အချုပ်အခြာ အာဏာ ထိပါးလာနိုင်သည့် အရေးများအတွက်မူ လုံခြုံရေးကို သေချာစွာ ကာကွယ် ဆောင်ရွက်သင့်ကြောင်း မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပြုပြောကြားသည်။ သို့သော် ထိုသို့လုံခြုံရေး ဆောင်ရွက်ရာတွင် နည်းလမ်း မှန်ကန်ဖို့ လိုကြောင်းနှင့် သေချာစွာ ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းကပြောသည်။

ယခုအခါတွင် မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲရေးအတွက် သာသနာရေးဝန်ကြီးဌာန အနေဖြင့် မျိုးစောင့် ဥပဒေပြဋ္ဌာန်းရေး ဆောင်ရွက်နေမှုအပေါ် ဗဟုအဖွဲ့ တည်ထောင်သူ ဦးတင်မောင်သန်းက ““မျိုးစောင့်ဥပဒေ ဆိုပြဿနာတွေ အများကြီး၊ မျိုးစောင့်ဥပဒေကို နိုင်ငံတော်က ဥပဒေတစ်ခုနဲ့ ပြဋ္ဌာန်းတော့မယ် ဆိုရင် ဥပဒေဆို တာက မူဝါဒနဲ့ ကွဲသွားတာက ဘာလဲဆိုရင် နိုင်ငံတော် အာဏာဆိုတဲ့ သဘောမျိုး ပါလာတယ်။ နိုင်ငံသား အခွင့်အရေးဆိုတဲ့ သဘောမျိုးပါလာတယ်။ အဲဒီတော့ ဥပဒေအဆင့်ကို ရောက်သွားပြီဆိုရင် နိုင်ငံတော် အာဏာရဲ့ အတိုင်းအဆ၊ နိုင်ငံတော်သည် အာဏာကို ဘယ်လောက် အတိုင်းအဆအထိ ကျင့်သုံးမှာလဲ။ လူထုကလည်း ကြည့်ရမှာက နိုင်ငံတော် ဆိုတာက တို့ရဲ့ ဘ၀ကိစ္စတွေ အပေါ်မှာ ဘယ်လောက် အာဏာအထိ ကျင့်သုံးခွင့် ပေးမှာလဲဆိုတာ ကြည့်ရမယ်။ အဲဒီလို နားလည်တာကလည်း လူထုဘက်မှာတော့ အတော်လေး အားနည်းတယ်။ ဦးဆောင်လှုပ်ရှားနေတဲ့ ဘုန်းတော်ကြီးတွေဘက်မှာ ဆိုရင်တော့ ပိုပြီးတော့တောင် အားနည်း မလားတောင် မပြောတတ်ဘူး။ ကိုယ်ဖြစ်ချင်တာတွေကိုပဲ ပြောနေကြတာ။ ပြဿနာကို မူဝါဒနဲ့ပဲ ဖြေရှင်းလို့ ရရင် မူဝါဒနဲ့ပဲ နေရတယ်။ အဲဒီလို လုပ်ပုံကိုင်ပုံမျိုး လွှတ်တော်မှာလည်း သိပ်မတွေ့ရဘူး။ အစိုးရအဖွဲ့မှာလည်း သိပ်မတွေ့ရဘူး”” သတိပေး ပြောကြားသည်။
သို့သော် သာသနာ့ပါလက ဂဏ၀ါစကသံဃာ့အဖွဲ့(၉၆၉) အတွင်းရေးမှူး မြနန်းဆရာတော် အရှင်သဒ္ဓမ္မကမူ မျိုးစောင့် ဥပဒေကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာရန် မရှိဟု အခိုင်အမာပြော သုံးသပ်ပြောကြားသည်။

““မျိုးစောင့် ဥပဒေကြောင့် အကြမ်းဖက်မှုကတော့ လုံးဝမဖြစ်နိုင်ဘူး။ မျိုးစောင့်ဥပဒေ ပေါ်လာရင်သာ ပြည်တွင်းမှာ အနေများတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်လည်း လုံခြုံသွားမယ်။ ကျန်တဲ့ဘာသာက လူတွေလည်း လုံလုံခြုံခြုံဖြစ် သွားမယ်။ ကျန်တဲ့ဘာသာကိုလည်း မထိခိုက်စေရဘူး။ ဒါကြောင့် မျိုးစောင့်ဥပဒေဟာ ငြိမ်းချမ်းရေးကိုပဲ ဦးတည်သွားလိမ့်မယ်””ဟု အတွင်းရေးမှူး ဆရာတော်က မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဥပဒေကြမ်း ရေးဆွဲရန် လွှတ်တော်မှ အစိုးရသို့ ပြန်လည် တာဝန် ပေးအပ်ပြီးနောက် ပြည်ထောင်စု အစိုးရပိုင်းမှ ပြန်လည် သုံးသပ်မှုများ ပြုလုပ်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောကြားထားသည်။
လင်းယုန်
မြန်မာသံတော်ဆင့်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူလျက်
ရှိသော သတင်းစာဆရာကြီး အဘဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ
ယနေ့နေလည်ပိုင်းတွင် ပိုမိုတိုးတက်ကောင်းမွန်လာသည်ဟု သိရှိရပါသည်။

အဘဦးဝင်းတင်သည် ကိုယ်တိုင်ရေသောက်နိုင်ပြီဖြစ်ကြောင်း နှင့် ပိုက်များဖြုတ်လိုက်ပြီ
ဖြစ်ကြောင်း သိရှိရသည်။ အနည်းငယ်မောနေသေးသော်လည်း၊ ပြုစုစောင့်ရှောက်သူများ၊ သူနာပြုများနှင့်ဆရာဝန်များကို ပြုံးပြနှုတ်ဆက်နိုင်သည်ဟု သိရှိရသည်။

နှာခေါင်းပိုက်ကိုမူ ဆက်လက်တပ်ထားဆဲဖြစ်သည်။ ချွဲဆုပ်ထားသည့်အတွက် အနည်းငယ်
ပင်ပန်းမှုရှိနေသည်ကို တွေ့ရသော်လည်း အဘဦးဝင်းတင်မှာ ကျန်းမာကောင်းမွန်လျက်
ရှိသည်ဟု သိရှိရသည်။

အခြေအနေမှာ အထူးကြပ်မတ်ကုသရန် လိုအပ်နေဆဲဖြစ်သည်။ သမားတော်ကြီးများ၊ ဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ နှင့် ၀န်ထမ်းများကလည်း အထူးကြပ်မတ်
ကုသပေးလျက်ရှိသည်။ အဘဦးဝင်းတင် အမြန်ဆုံးပြန်လည်ကောင်းမွန်လာရေး
အတွက် မြန်မာပြည်သူတရပ်လုံး၏ ဆုတောင်းသံများသည် လိုအပ်နေဆဲဖြစ်ပါသည်။

( ဒေါက်တာ ရန်မျိုးသိမ်း )

သမီးလေးရွာသားတွေ အားလုံး ကော့ကရိတ် ကောင်းမှုရွာက ဗိုလ်ကျော်သက် စခန်းကို ချောမောစွာရောက်ပြီ၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ် မြဝတီကို ဆက်လက်ထွက်ခွာကြပြီ ဖြစ်တယ်။ အနှောက်အယှက်ကင်းကင်းနဲ့ လာပါက ညဦးပိုင်း မမှောင်ခင်မှာ မြဝတီမြို့ကို ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီနေ့ မြဝတီ ကော့ကရိတ် ကုန်သည်ကားလမ်း အဆင်းရက်ဖြစ်တဲ့အတွက် လမ်းဟောင်းအတိုင်း မြဝတီကိုသွားလို့ မဖြစ်တာကြောင့် ဖေါက်လုပ်နေဆဲ အာရှကားလမ်းအသစ်ကနေ သွားကြမှာဖြစ်ပါတယ်။ သမီးလေးရွာသားတွေလိုက်ပါမယ့် ကားတန်း လမ်းလုံခြုံရေးကိုတော့ ဒီကေဘီအေ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ဖွဲ့တွေက ကူညီစောင့်ရှောက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်လို့ သိရှိရပါတယ်။

သမီးလေးရွားသားတွေကို ကြိုဆိုအားပေးတဲ့ ကော့ကရိတ်မြို့က ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း အဖွဲ့ဝင်တဦး ပြောပြတာကတော့ “ရွာသားတွေဟာ အတော်ကြီး ပင်ပန်းနေကြတယ်။ ဒါပေမယ့် သူတို့အားလုံး ဒီကေဘီအေက နေရာချထားပေမယ်ဆိုတဲ့ ကျောက်ခက်ရွာကို အရောက်သွားဖို့ စိတ်စောနေကြတယ်” လို့ ရှင်ပြတယ်။

မြဝတီကိုရောက်လာမယ့် ရွာသားတွေဟာ ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ခေတ္တနာခိုကြမှာဖြစ်ပြီး၊ မြဝတီမြို့က NLD အဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်း/ပွင့်လင်း လူ့အဖွဲ့အစည်း၊ ABSDF ကျောင်းသားတပ်မတော်၊ ကရင်လူငယ်အစည်းအရုံး KYO ၊ KUN စတဲ့ အဖွဲ့အစည်းတွေက ကြိုဆိုအားပေးကြမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

(ဓါတ်ပုံ .. ဒေါန အောင်တိုး)
Yamoun Nar

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.