04/06/14

အခြစ်ကြီးသူကြီးအတွက် ကဗျာတစ်ပုဒ်
၅.၄.၂ဝ၁၄ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ ပန်းချီ မင်းကျော်ခိုင်၏ “ကျွန်တော်ခြစ်တဲ့ ပြည်သူ့ဘက်တော်သားများ (My Scratches Of Unconditional Pepole Heroes)” ဟူသော Scratche ကောက်ကြောင်းပန်းချီပြပွဲအား ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်)ရှိ လောကနတ်ပန်းချီပြခန်း၌ ကျင်းပခဲ့သည်။ ပန်းချီမင်းကျော်ခိုင် သည် ငယ်စဉ်က ပန်းချီဆရာကြီး ဦးသန်းလွင်၊ ဦးမောင်မောင်သိန်း၊ ဦးသိန်းဟန်နှင့် ဦးလွန်းကြွယ် တို့ထံ တွင် ပန်းချီပညာရပ်အား ဆည်းပူးလေ့လာ သင်ယူခဲ့သူဖြစ်သည်။ ၈၈ အရေးအခင်းမှအစပြု၍ အာဏာရှင် စစ်အစိုးရ၏ ဖိနှိပ်မှု၊ နှိပ်စက်မှုများကြောင့် ပြည်ပနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ဘဝကို ရုန်းကန်လှုပ်ရှား ရပ်တည် ခဲ့သူတစ်ဦးလည်း ဖြစ်သည်။ သူသည် အလုပ်များ မအားလပ်သည့်ကြားမှ သူတတ်စွမ်းသော ပန်းချီ ပညာ ရပ်ဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ရသော ပုဂ္ဂိုလ်များ၊ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့် လွှတ်၊ စွန့်စား၊ ပေးဆပ်နေကြသော သူရဲကောင်းများနှင့် ပြည်သူလူထုအတွက် အနစ်နာခံ၍ အတ္တများကို ဖြုတ်၍ ပရဟိတစိတ်ဓာတ်တို့ဖြင့် အနစ်နာခံ ပေးဆပ်နေသူများအား ဂုဏ်ပြု၊ အသိမှတ်ပြုသည့် အနေဖြင့် ထိုကဲ့သို့သော နိုင်ငံရေး၊ အနုပညာ၊ ကျောင်းသား၊ စာပေ၊ ဂီတ အစရှိသည့် နယ်ပယ်အသီးသီးတို့မှ ပုဂ္ဂိုလ် များ၏ ရုပ်ပုံလွှာ ပန်းချီကားများအား ရေးဆွဲ၍ ပြည်သူလူထုအား ပြသရောင်းချ၍ ရောင်းရငွေများအား ဖခင် - ဦးတင်ရွှေ၊ မိခင် - ဒေါ်သန်းစိန်တို့အား ဦးစွာကန်တော့၍ မိခင်ဖခင်တို့၏ ဆန္ဒအရ ထိုငွေများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆောက်လုပ်ရန်အတွက် လှူဒါန်းမည်ဟု သိရှိရသည်။ ယင်းအခမ်းအနား သို့ ပန်းချီမင်းကျော်ခိုင်၏ ဖခင် ဦးတင်ရွှေ၊ မိခင် ဒေါ်သန်းစိန်၊ ဦးဝင်းထိန် (NLD)၊ ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုနေဝင်း၊ ကိုသားထွေးနှင့် ပန်းရဲ့လမ်း အဖွဲ့သားများ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာကြီး ဦးဝင်း ဖေ၊ စည်သူမောင်၊ ကိုမင်းသိုက်၊ ၈၈ အရေးအခင်းတွင် ကျဆုံးခဲ့သော အာဇာနည်ကျောင်းသူ မဝင်းမော် ၏မိခင်၊ ဖခင်နှင့် မင်းကျော်ခိုင်အား ချစ်ခင်မြတ်နိုး တန်ဖိုးထားကြသော နိုင်ငံရေး၊ စာပေ၊ ဂီတပညာရှင် များ၊ ပန်းချီပညာရှင်များ၊ မိတ်သင်္ဂဟများနှင့် ဧည့်ပရိသတ်များဖြင့် စည်ကားသိုက်မြိုက်စွာ လာရောက်၍ အားပေးချီးမြှင့်ကြသည်ကို ကျွန်တော်ရောက်ရှိနေစဉ် ဝမ်းသာအားရစွာ တွေ့မြင်ခဲ့ရသည်။

သူငယ်ချင်းဖြစ်သူ မင်းကျော်ခိုင်သည် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ကျွန်တော်ရေးဆွဲထားသော ပန်းချီ ကားများအား မြန်မာပြည်တွင် ပြသခွင့် အပိတ်ခံထားရသည့်အချိန်၌ သူနေထိုင်သည့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် KYAW THU FIRST BREAK OUT ဟူ၍ ပန်းချီပြပွဲ ပြုလုပ်ပေးခဲ့သည်။ ယခုသူ၏ ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ကျွန်တော့်အား ဖွင့်ပွဲအမှာစကား ပြောကြားရန် ပြန်လည်တောင်းဆို လာ သည့်အတွက် ကျွန်တော်သူ၏ ဖိတ်စာရလျှင်ရခြင်း ကဗျာတစ်ပုဒ် ရေးချမိခဲ့သည်။ ထိုကဗျာအား ပန်းချီပြပွဲ ဖွင့်ပွဲပြုလုပ်သည့် နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လွတ်လပ်ငြိမ်းချမ်း “ပန်းရဲ့လမ်း” အဖွဲ့နှင့်အတူ ပြပွဲသို့ လာရောက်ကြသော ဧည့်ပရိတ်သတ်များအား ရွတ်ဖတ်ဂုဏ်ပြုခဲ့ပါတော့သည်။ ယင်းကဗျာ ရွတ်ဖတ်နေစဉ် ကျွန်တော်နားတွင် "ကျွန်တော်ခြစ်ခဲ့တဲ့ ပြည်သူ့ဘက်တော်သားများအားလုံး ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ခံယူချက်တွေ မပြောင်းလဲဘဲ ပြည်သူအပေါ် သစ္စာမဖောက်တာဘဲ မြင်ချင်ပါတယ်" ဟူသော အမေရိကန် နိုင်ငံနေ အဝေးရောက် သူငယ်ချင်း မင်းကျော်ခိုင်၏ မှာကြားချက် ပြောစကားများသည် ပဲ့တင်ထပ်လျှက် ရှိပါတော့သည်။ ကျွန်တော်၏ ကဗျာမှာ "အခြစ်ကြီးသူတို့အကြောင်း" ဟု အမည်တပ်ထားခဲ့သည်။

အခြစ်ကြီးသူတို့အကြောင်း

ရေနည်းချောင်းထဲမှာ အနှစ်ခံခဲ့ရသူတွေ
ပေတစ်ရာပေါ်မှာ အပစ်ခံခဲ့ရသူတွေ
ပြောင်းလဲ လှည့်ဖြားနေတဲ့ ခေတ်စနစ်တွေထဲမှာ
ဘဝပေါင်းများစွာ ပစ်ခြွေချခြင်း ခံခဲ့ရတဲ့သူတွေအတွက်
အချစ်စစ်၊ အချစ်မှန်တို့နဲ့ ပေးဆပ်ကူညီ ကယ်တင်ခဲ့တဲ့
သူရဲကောင်းအစစ်တွေ အများကြီးပါ သူငယ်ချင်း ….

တစ်ချို့က … ဖူးငုံပွင့်လာကြပြီ။
တစ်ချို့က … ပွင့်အာနေကြပြီ။
တစ်ချို့က … နွမ်းဖတ်လာကြပြီ။
တစ်ချို့ကတော့ … ကြွေလွင့်သွားရှာခဲ့ကြပြီ။
သူတို့ … သူတို့ကို မှတ်တိုင်ထူ ဂုဏ်ပြုရေးခြစ်လိုက်တဲ့
အမေရိကားက … မင်းကျော်ခိုင်
နယူးယောက်က … မင်းကျော်ခိုင်
ဘရွတ်ကလင်းက … မင်းကျော်ခိုင်
ငါ့ရဲ့ သူငယ်ချင်း … မင်းကျော်ခိုင်

မင်းကျော်ခိုင်ရေ …
မင်းခြစ်ခဲ့တဲ့ သူတွေကလည်း တိုင်းပြည်ကို ချစ်နေဆဲပါ။
မင်းခြစ်ထိုက်အောင်လည်း နိုင်ငံကို ပေးဆပ်နေဆဲပါ။
မင်းခြစ်ရကျိုးနပ်အောင်လည်း ပြည်သူကို ကူညီနေဆဲပါ။
မင်းခြစ်ချင်အောင်လည်း လူထုကို အနစ်နာခံ ဖေးမနေဆဲပါ။

အရေးကြီးတာက … စစ်မဖြစ်တဲ့ တိုင်းပြည်ဖြစ်ဖို့
ငါတို့ ကြိုးစားနေဆဲပါ။
အနှစ်သာရပြည့်ဝတဲ့ တိုင်းပြည်ဖြစ်ဖို့
ငါတို့ စွမ်းဆောင်နေဆဲ။
အပြစ်ဗလပွရှိတဲ့ စစ်အာဏာရှင်တွေကိုလည်း
မင်းခြစ်ပေးလိုက်ပါဦး သူငယ်ချင်း။

ဒါ (သူတို့အတွက်)
ကိုယ့်သမိုင်း ကိုယ်ရေးရမယ့် ဘဝတွေပါ။
ကိုယ့်လိပ်ပြာ ကိုယ်လုံမှ နောင်တဆိုတာ မရှိရမယ့် ဘဝတွေပါ။
နောင်တဆိုတာ မရှိစေချင်တဲ့ မင်းရဲ့ (ပုဂ္ဂလိက ပရဟိတ) စေတနာနဲ့ ရဲရဲကြီးခြစ်ပေးလိုက်ပါ။

ဒါမှ သူတို့တွေ .. ပြဒါးသုတ်ထားတဲ့မှန်ကို ကြည့်ရှုကြသလို
သူတို့တွေ .. ကြည့်မှန်ကို ကြည့်ရှုကြသလို ကိုယ့်မျက်နှာ ကိုယ်ပြန်မြင်နိုင်ကြပြီး အနှစ်ခံခဲ့ရတဲ့ ပြည်သူတွေ အရိုးမတွန်ခင်လေးမှာ သူတို့တွေ “ပြန်လည်ပေးဆပ်ကြပါစို့” ဆိုတဲ့ အသိတရားလေးရပြီး သူတို့ရဲ့ နှလုံးသားထဲ စာနာစိတ်ကလေး မွေးဖွားလာနိုင်အောင် အချိန်မီ မင်းရဲရဲကြီး ဆွဲခြစ်ပြလိုက်စမ်းပါ သူငယ်ချင်း မင်းကျော်ခိုင်ရေ …. ။

မင်းခြစ်တာခံခဲ့ရတဲ့ … မင်းကိုလည်း ပြန်ချစ်တဲ့
ကျော်သူ
ထို့ကြောင့် တိုင်းပြည်ကိုချစ်သော မင်းကျော်ခိုင်၊ ပြည်သူကိုချစ်သော မင်းကျော်ခိုင်၊ ပန်းချီကိုချစ် သော မင်းကျော်ခိုင်၊ အာဏာရှင်ကို ရွံမုန်းသော မင်းကျော်ခိုင်၏ ဆန္ဒအတိုင်း မင်းကျော်ခိုင် ခြစ်ခဲ့သော ပြည်သူဘက်တော်သားများနှင့် မင်းကျော်ခိုင် ထပ်မံ၍ ခြစ်မည်ဖြစ်သော ပြည်သူ့ဘက်တော်သားများသည် အစဉ်ထာဝရ တိုင်းပြည်၊ လူမျိုး၊ ပြည်သူလူထုတို့အပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားသော မိမိတို့၏ ခံယူ ချက်၊ ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်း “သစ္စာမဖောက်ကြေး” သံဓိဌာန်ချမှတ်ထားရန် တိုက်တွန်း နှိုးဆော် လိုက်ရပါတော့သည်။

photo..The 88 Generation - Public Relation.Pandeik Tun..Sun Ny
မင်္ဂလာဧည့်ခံပွဲ ကျေးဇူးတင်လွှာ

ယနေ့( ၆ .၄.၂၀၁၄)၊ (တနင်္ဂနွေ) နေ့တွင် ရန်ကုန်မြို့၊Sky Star Hotel ၌ ကျပ်းပပြီးစီးသော
ကိုကိုကြီး နှင့် ခင်သူသူဝင်း တို့၏ မင်္ဂလာဧည့်ခံပွဲအခမ်းအနားသို့တတ်ရောက်လာကြသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊
တိုင်ရင်းသားညီအကိုမောင်နှမများ၊ဆွေမျိုးမိတ်သင်္ဂဟများ၊သံတမန်များ၊နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ပြည်တွင်းပြည်ပ
မိတ်ဆွေသူငယ်ချင်းများ၊မီဒီယာများ နှင့်လူကိုယ်တိုင်မလာရောက်နိုင်သော်လည်း၊မင်္ဂလာလက်ဖွဲ့ပေးပို့ကြသော လူကြီးမင်းများ၊ မင်္ဂလာဆုမွန်ကောင်း ပို့သကျသောပြည်တွင်း ပြည်ပမှ မိတ်ဆွေသူငယ်ချင်းများ၊ အဖက်ဖက်မှ ၀ိုင်ဝန်းကူညီပေးသူများအားလုံး ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် နေရာထိုင်ခင်း အခက်အခဲနှင့်ဧည့်ဝတ်မကျေမူများ ရှိခဲ့ပါက ခွင့်လွှတ်နားလည် ပေးပါရန် မေတ္တာရပ်ခံပါသည်။

ကိုကိုကြီး နှင့် ခင်သူသူဝင်း

““အသက်ရာကျော် ရှည်ဦးစို့””တဲ့ သူဟာ အိုမှာ၊ နာမှာမကြောက်သူပါ ခေတ်ဝန်ကိုသာ ထမ်းစရာ မလိုတော့ရင် သူ့ခေတ်ခရီးကိုတန့် သေရတော့မှာလည်း ကြောက်မယ့်သူမဟုတ် . . . သူ့အတွက် အရေးကြီးဆုံးဟာ အရေးတော်ပုံကြီး ရဲ့ တောင်းဆိုချက်တွေ၊ ရည်မှန်းချက်တွေသာ . . .
25
ရန်ကုန်၊ မတ်(၂၈)
““ခေတ်တာဝန်တွေ အများကြီးကျန်သေး။ ခေတ်ခရီးတွေ အဝေးကြီးကျန်သေး။ ခေတ်တိုက်ပွဲတွေ တစ်ပုံကြီး ကျန်သေး။ အိုစရာရှိအို၊ နာစရာရှိနာ၊ သေစရာရှိကတော့ နေအုံး။ သေစရာရှိတာတောင် သေလို့မဖြစ်သေး။”” တဲ့။
လောကဓမ္မ၏ နောက်ဆုံးတရားကို ဖီလှန်လိုက်လေခြင်း။ မဖောက်မပြန် ကြုံမြဲဓမ္မတာကို ငြင်းဆန်နေခြင်း။
ဖီလှန်၊ ငြင်းဆန်၊ စိတ်မာန်တင်းထား …ခြင်း။
အိုစရာရှိသမှ ဇရာလွန်လှ၊ နာစရာရှိသမှ ခန္ဓာတွင်းပြင် ဗရပွ မဟုတ်လား။ ဒါနဲ့ကို ဖီလှန်၊ ငြင်းဆန်၊ စိတ်မာန်တင်းထား . . .နေဦးဆိုစကား။
အတုန်အယင်၊ အယိမ်းအယိုင်၊ အချွတ်အချော်တွေနဲ့ ခေါင်းဖြူ၊ ကိုယ်ကိုင်း အိုကြီးအိုမက ဆိုတဲ့ စကားလေ။ ““အသက်ရာကျော် ရှည်ဦးစို့””တဲ့ ။

ဒါကမကြာသေးခင် မတ်လ(၁၂)နေ့က တိုင်းကျော်ပြည်တဟိုး ကြွေးကြော်လိုက်တဲ့ စကားသ၀ဏ် မဟုတ်လား။ ဒါကို ဘယ်သူက ပြစ်တင် ခွန်းတုံ့ကြမလဲ။ တရားမရှိ၊ တရားမသိလို့ မာန်မဲကြမလဲ။ လောကီ ဘုံပျော်ပိုက် ဇရာအိုမိုက်လို့ ဘယ်သူက ငြူစူစောင်းမြောင်း မလဲ။
သူပြောသလို … နောက်အနှစ်ငါးဆယ် သာမက၊ သက္ကရာဇ် အဖန်ဖန် ရှင်သန်ပါဦးလို့ ဆုတောင်းသူတွေသာ များလွန်းခဲ့ကြ မဟုတ်လား။
ဒါဟာ အာဏာလျှံမီး သူ့ကိုယ်မှာ တညီးညီးမို့ လောဘရမ္မက် အရှိန်မှီရအောင် မဟုတ်ကြဘူး။ စည်းစိမ် လာဘ်ကြီးသမို့ ပေးကမ်းစွန့်ခြင်း ခံရအောင် မဟုတ်ကြဘူး။

ဘာကြောင့်ဆိုတော့ …။
ခေတ်ဝန်ကိုထမ်း ခေတ်လမ်းမှာ သက်တမ်း(၈၄)ပြည့်တဲ့အထိ လျှောက်ခဲ့ပြီးတာတောင် အဲဒီမတ်လ(၁၂) ရက်နေ့က သူ့ရဲ့ ဟစ်သ၀ဏ်မှာပဲ““ ဒီမိုကရေစီတိုက်ပွဲ ဆက်လက်ဆင်နွှဲဖို့ အသက်ရာကျော်ရှည်ချင်တယ်”” ဆိုခဲ့သေးတာလေ။
ဒါကလည်း သူ့အဘိဓမ္မာအတိုင်းဆို ထွေထွေထူးထူးတော့ မဟုတ်လှပါဘူး။
လွန်ခဲ့တဲ့ ၁၈နှစ်ကာလ၊ သူ့ရဲ့ (၆၅)နှစ်ပြည့်နေ့ကလည်း ““ဒီမိုကရေစီတိုက်ပွဲတွေ မပြီးသေးဘူး။ ဆက်တိုက် ရအုံးမယ်။ နောက်နှစ်ပေါင်းငါးဆယ် ကျုပ်အသက်ရှည်အုံးမယ်။”” လို့ စစ်အာဏာ ပြောင်းဝရှေ့မှာတောင် ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ အာမခံခဲ့သေးဖူးသား။
ဒီလိုတွေပြောတဲ့ သူဟာ အရေးတော်ပုံတပ်သား။
ဒါအမှန်ပဲ။ သူအမြဲပြောတာက ““ကျုပ်က သတင်းစာသမားလို့ ပြောရအောင်လည်း သတင်းစာ အလုပ်ပဲ တစိုက်မက်မက် လုပ်ခဲ့တာ မဟုတ်ဘူး။ နိုင်ငံရေးသမားလို့ ပြောရအောင်လည်း နိုင်ငံရေး လုပ်ရတာထက် ထောင်ထဲ ရောက်နေရတာက ခပ်များများ။ ကျုပ်ကိုယ်ကျုပ် အရေးတော်ပုံ တပ်သားလို့သာ တံဆိပ်တပ် ခဲ့တယ်။ အညတရ လူထုထဲက လူတစ်ယောက် (အရေးတော်ပုံ တပ်သားတစ်ယောက်) အဖြစ် သတ်မှတ် ခဲ့တယ်””

သူ့စကားရဲ့ အရေးတော်ပုံဆိုတာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုကြီးကို ရည်ညွှန်း ခြင်းပါ။ ခေတ်သက္ကရာဇ်တွေ ကုန်ပြီးရင်းသာ ကုန်သွားရပေမယ့် အာဏာရှင်တွေ တစ်ယောက်ပြီး တစ်ယောက်ပေါ်၊ တိုင်းပြည်အာဏာ ပလ္လင်ပေါ်မှာ စစ်ယူနီဖောင်းတွေ အရေခွံတစ်မျိုးပြီး တစ်မျိုး ပြောင်းခဲ့ခြင်းနဲ့ပဲ ပြည်သူဟာ ပင်ပန်းမွန်းကျပ်မှု ကာလ ဆက်ခဲ့ရတယ်။
ဒီကာလတွေ ကုန်ခဲ့သလို သူလည်း အရေးတော်ပုံ တပ်သားအိုကြီးအဖြစ် ခေတ်ခရီးကို ဇွဲတင်းလျှောက်၊ ခေတ်အာဏာရှင် အညစ်အကြေးတွေကို မျက်လုံးအစုံက အကြည်ဓာတ် ပိုပိုနည်းနည်း လာလျက်နဲ့ မျက်ခြည် မပြတ်စောင့်ကြည့်၊ ညှိုးလျော့လာတဲ့ အာ၊ လျှာ၊ လည်၊ အဆုတ် မှန်သမျှကနေ အသံတွေ ညှစ်နိုင်သမျှ ညှစ်ထုတ်၊ မထောင်းသာသမျှ စိတ်ထိနွမ်းစရာတွေကို ရင်စည်းခံဖို့ စက်ကူထားတဲ့ နှလုံးသားက အရေးတော်ပုံ တပ်သားစိတ်ကို အားကောင်းကောင်း မွေးမြူထားခဲ့တယ်။
ဒါနဲ့ပဲ ““ခေတ်တိုက်ပွဲထဲ ထတဲ့ မုန်တိုင်းကြား””မှာ ကြောင်းရာစုံ ဖြစ်ပျက်ခဲ့ခြင်းနဲ့အတူ သူဟာ ခေတ်ဝန်ကို ကိုင်းကိုင်းညွှတ်ညွှတ် ထမ်းခဲ့၊ ထမ်းမြဲ၊ ထမ်းဆဲ …။ တကယ်လို့ …………. ဆိုရင်၊ သူဟာ ခေတ်ဝန်ကို ထမ်းဦးလျက် ရှိနေမှာပဲ မဟုတ်လား။
အခုထိ သူမျှော်မှန်းသလို မဖြစ်သေးဘူးလေ။
ဒီတော့ မကြာသေးခင်ကပဲ တိုင်းနှံ့လူပျံ့သိအောင် သူ … အော်တယ်၊ ဟစ်တယ်၊ အသံပေးတယ်။

““တိုက်ပွဲဝင်ကြ၊ အရေးတော်ပုံကြီးဟာ မအောင်မြင်သေးဘူး၊ မပြီးပြတ်သေးဘူး အရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်တွေ၊ ရည်မှန်းချက်တွေ ဒီနေ့ထိ ရှိနေတုန်းပဲ”” တဲ့။
သူအားထားတဲ့ သတင်းစာမီဒီယာတွေကိုလည်း ““ခေတ်သမိုင်းကို မှတ်တမ်းတင်ရုံနဲ့မပြီး၊ ခေတ်တိုက်ပွဲမှာ ပြည်သူ့ စကားပြန်တွေပီပီ အမှားတရားများကို ဖော်ထုတ်ကြ။ ပြည်သူကို လှည့်ဖြား ကောက်ကျစ် ယုတ်မာ အမြတ်ထုတ်သူများကို ကလောင်တန်ခိုးနဲ့ စီးချင်းထိုးကြ””လို့ တိုက်ပွဲဝင် သတင်းစာများဖြစ်ရေး ဘယ်မျှ မောဟိုက် တုန်ပမ်းနေပစေ အရေးတော်ပုံဇောနဲ့ ကျယ်နိုင်သမျှကျယ်၊ ကြားနိုင်သမျှကြားအောင် ဆော်သြနေခဲ့တယ်။

ပြည်သူ့အသွင်က မပြောင်းသေးဘူး။ ဒီမိုကရေစီ အောင်ပွဲက မည်ကာမတ္တအဆင့်က မကျော်သေးဘူး။
ဒါကြောင့် ခေတ်လမ်းကို သူအားမရနိုင်၊ ခေတ်ဝန်ထမ်း ခြေလှမ်းလျော့သမျှတွေအတွက် သူစိတ်မချနိုင်ဘူး။
သူ့ရဲ့ (၈၄)နှစ် ပြည့်စကားသ၀ဏ်မှာ ဒါကိုအထင်အရှား တွေ့ရတယ်။
““၂၀၁၄ စစ်အာဏာရှင် အခြေခံဥပဒေကြီး ပြင်ရ၊ ပြောင်းရ၊ သစ်ရအုန်းမယ်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး နွှဲရအုန်းမယ်။ ၂၀၂၀ ဒီမိုကရေစီ ခေတ်သစ်ကြီး နွှဲရအုန်းမယ်။ ၂၀၂၅ ဖက်ဒရယ် ပြည်ထောင်စုကြီး နွှဲရအုံးမယ်။ ၂၀၃၀ အမျိုးသားပေါင်းစည်း ညီညွှတ်ချိန်ကြီး နွှဲရအုန်းမယ်။ ၂၀၃၅ အလိုလေး အသက်ရာကျော်ရှည်မှ ဖြစ်တော့မှာပေါ့လား။””တဲ့။
ရှစ်ဆယ်ကျော် ခေါင်းဖြူဇရာတမ်းနဲ့ စိတ်မာန်ဟန်တင်း၊ အရေးတော်ပုံ တပ်သားအိုကြီး ခေတ်ခရီးဆက်ဖို့ ကြံသပေါ့လေ။

တောက် …၊ လောကဓံ အကြောင်းမသင့်ပုံက ရိုင်းလိုက်လေတာမှ …။
အိုနာမင်းနာ၊ အာဏာရှင် ယုတ်ကမ်းနှိပ်စက်နာ၊ မုန်တိုင်းထနေသမို့ ဒီမိုကရေစီလေမသန့်ခြင်း အနံ့တွေ ကြောင့်ဖြစ်ရတဲ့ ကိုယ်စိတ်အနာတွေ ဖိစီးပြီး အဲဒီ မတ်လ(၁၂)ရက်နေ့၊ ညမှာပဲ စိတ်သန်သမျှ ခန္ဓာမဟန်တော့ အသက်(၈၄) သ၀ဏ်နေ့မကူးခင် …ဥတုဓာတ်ညီရေး အလေးပေး ခဲ့ရတော့တာပါပဲ။
သူက ခေတ်သမိုင်းမှာ အာဏာရှင် မင်စက်တွေကို ဖျက်ဖို့ အရေးတော်ပုံ သွေးသန္ဓေနဲ့ ခေတ်တိုက်ပွဲတွေ အလီလီနွှဲခဲ့တယ်။ ခေတ်တိုက်ပွဲရဲ့ အထိမ်းအမှတ် ချပ်ဝတ်တန်ဆာကိုသာ ထာဝရဆင်မြန်းခဲ့တယ်။
ဒီတော့ ထူတစ်လှည့်၊ လဲတစ်လှည့် ရက်ပေါင်းများစွာကို ဆေးရုံခုတင်ပေါ်ကနေ ဖြတ်သန်းနေရပေမယ့်   အရေးတော်ပုံ တပ်သားအိုကြီးရဲ့ အတွေးရတက်မှာ “ခေတ်တိုက်ပွဲထဲထတဲ့မုန်တိုင်”ကြား သူ့ရည်ရွယ်ထားတဲ့ အရေးတော်ပုံ တပ်သားတွေက ခေတ်ဝန်ကိုထမ်း ခေတ်ခရီးဆက်ကြဖို့အရေး မျှော်တမ်းခြင်းတို့ ရှိနေခဲ့မှာ အသေအချာပါပဲ။

သူဟာ၊ အရေးတော်ပုံ ရည်မှန်းချက်တွေအတွက် မျိုးဆက်သစ် …သွေးသစ်တွေက ခပ်ပြင်းပြင်း မာန်တင်းကာ တိုက်ပွဲဝင်ကြဖို့ တဖွဖွပြောခဲ့၊ တိုက်တွန်းခဲ့သူလေ။
အခုလို လောကဓံတရားနဲ့ ခေါင်းတစ်လှည့်၊ ပန်းတစ်လှည့် ကံစမ်းနေရချိန်မှာ လာမယ့်သက္ကရာဇ် ခရီးတွေ အတွက် သူရည်ရွယ် ကိုးစားမိတဲ့ အရေးတော်ပုံ တပ်သားတွေဆီသာ စိတ်ရောက်နေလိမ့်မပေါ့။
ထိုအရေးတော်ပုံတပ်သားတွေ ခေတ်ခရီးဆက် ကြတဲ့အခါ လျှောက်သင့်တဲ့ ခေတ်လမ်းကိုလည်း သူ့စိတ်က မှန်းဆနေလိမ့်မပေါ့။
ဟုတ်ပါရဲ့ … ဘ၀မီးတောက်ကို လောကဓံ လက်အတွင်း မျက်နှာလွှဲ၊ အခုလို ခန္ဓာကို ဆေးရုံခုတင်ပေါ်ပုံလို့၊   မြင်သိ ငေးတွေးရေး စိတ်တွေ မျောချင်ရာမျော လွှင့်နေရတဲ့ အဖြစ်မရောက်မီ သူ့နှုတ်က တဖွဖွခေါ်ဝေါ် တမ်းတ နေခဲ့သားလေ။
တကယ်လို့ဆိုတဲ့စိတ်နဲ့ အရေးတော်ပုံ တပ်သားတွေအတွက် ခေတ်ဝန်ချန်စကား၊ ခေတ်လမ်းပြတရား သူပြောချင် ရှာနေတာလေ။
သို့သော် လူ့ဘုံဇာတ်က ဆန္ဒရှိတိုင်း မပြည့်နိုင်မြဲဆိုတော့ မျှော်ဇောသာ လွန်ရတယ်။
ဒါကြောင့် သူအသိ မလွတ်ခင်လေးမှာ သူ့ရဲ့အရေးတော်ပုံစိတ်နဲ့ သမိုင်းမှာ တန်ဖိုးဖြတ်မရတဲ့ အရာကို ချန်ထားခဲ့တယ်။
အရေးတော်ပုံတပ်သားများ အခုဆို သိကြပြီး ထင်ပါရဲ့။
ဟုတ်တယ်၊ မတ်လ(၂၇)ရက်နေ့ မနက်ခင်းပိုင်းက သူချန်ထားခဲ့တဲ့ အရာလေ။
အဲဒီအချိန်ပိုင်းကလေးအပြီးကစကာ အခုထိ၊ အရေးတော်ပုံတပ်သားအိုကြီးဟာ ဆေးရုံခုတင်ထက်ကနေ စက်ကိရိယာတွေ၊ ဆေးဝါးတွေ၊ ကျွမ်းကျင် ပညာရှင်ကြီးတွေ အကူအညီနဲ့ သူ့ဘ၀ရဲ့တိုက်ပွဲကြီး တစ်ခုကို ဆင်နွှဲ နေရတော့တယ်။
သူဟာ အိုမှာ၊ နာမှာ မကြောက်သူပါ။ ခေတ်ဝန်ကိုသာ ထမ်းစရာမလိုတော့ရင် သူ့ခေတ်ခရီးကိုတန့် သေရတော့မှာလည်း ကြောက်မယ့်သူမဟုတ်တာ သေချာပါတယ်။ သူ့အတွက် အရေးကြီးဆုံးဟာ အရေးတော်ပုံကြီးရဲ့ တောင်းဆိုချက်တွေ၊ ရည်မှန်းချက်တွေသာ။
တကယ်တော့ မနက်ဖြန်ဖြစ်ဖြစ်၊ သဘက်ခါဖြစ်ဖြစ်၊ ဒါမှမဟုတ်၊ ၂၀၃၅ သက္ကရာဇ် အလွန်မှာဖြစ်ဖြစ် … လောကရဲ့ နောက်ဆုံးတရားဟာ ဓမ္မတာအတိုင်း ဖြစ်လာခဲ့ရင်လည်း ဘယ်သူမှ တတ်နိုင်ကြမှာ မဟုတ်ပါဘူး။
သူ့ရဲ့ စကားတစ်ခွန်းက ““ဖီးနစ်ငှက်မျိုးသေရိုးမရှိ””တဲ့။ ဆိုလိုရင်းက အရေးတော်ပုံတပ်သား မျိုးဆက်ပေါင်း များစွာဟာ အသစ်တစ်ဖန် ပြန်မွေးဖွားကာ ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းမှာ ခေတ်ခရီးကို ဆင့်ကမ်း လှမ်းကြခြင်း။
ဒီတော့ အခုအချိန်မှာ သူ့ရဲ့ပေးဆပ်ခဲ့ခြင်းတွေအတွက် ပြည်သူလူထုတစ်ရပ်လုံးက တုံ့လှည့်ပြုသင့်ဆုံးက၊ အရေးတော်ပုံ တပ်သားအိုကြီးရဲ့ မျှော်လင့်ကိုးစားခြင်းခံရတဲ့ အရေးတော်ပုံတပ်သားများဟာ -
““ခေတ်တိုက်ပွဲထဲထတဲ့ မုန်တိုင်းကြား ခေတ်ခရီးကို ဆက်ကြတဲ့အခါ သူ့ရဲ့ခေတ်ဝန်ချန် စကားအတိုင်းသာ ခေတ်လမ်း ကို ရွေးလှမ်း ကြပါစေသား””
လို့ ဆုတောင်းခြင်းပြုပေးကြဖို့သာ …..။

မှတ်ချက်။      ။၁၉၆၄ ခုနှစ် သတင်းစာများ ပြည်သူပိုင် သိမ်းခံရပြီးနောက် ၁၉၆၈ ခုနှစ် ၀န်းကျင်တွင် ပေါ်ပေါက်ခဲ့သော လွတ်လပ်စွာ ရေးသားခွင့် အတွက် သတင်းစာလောကအတွင်းမှ လှုပ်ရှားမှု ဖြစ်ရပ်များကို ““လက်ဖက်ရည်ပန်းကန်ထဲထတဲ့ မုန်တိုင်း””ဟု ဆရာကြီးဟံသာဝတီ ဦးဝင်းတင်က မှတ်ချက်ပြုခဲ့ဖူးသည်။ ယခုဖော်ပြချက်ပါ ““ခေတ်တိုက်ပွဲထဲထတဲ့ မုန်တိုင်း””ဟူသော စကားရပ်သည် ဆရာကြီး၏ တစ်ချိန်က မှတ်ချက် စကားကို မှီငြမ်းဥပမာပြုခြင်းဖြစ်သည်။

မြန်မာသံတော်ဆင့်

အရှုံးမပေးနဲ့ မိငယ်ရေ……
t
အန်‌တီစု လက်‌မှတ်‌ပါတဲ့ အကျီ င်္ ကံစမ်းမဲ ‌ပေါက်‌သွားပြီ
NLD ပညာေ၇းရံ ပုံ‌ငွေ ‌ဒေါ်‌အောင်‌ဆန်းစုကြည်‌ ရဲ့‌ဒေါင်းရုပ်‌‌လေလံဖွင့်‌‌
မကော်ကလည်း

ငြိမ်းချမ်းရေးကိုလိုချင်ပါတယ်တဲ့
ကံကြမ္မာကိုပုံမလား အချစ်ရေ မင်းနဲ့ငါ

ဂျေမောင်မောင်
ရင်မှာလွမ်းရတဲ့ ဒို့ရွာ
ဒီတခါရောက်ခဲ့လို့ရှိရင်
ရွာအဝင်းစမ်းချောင်းလေးရှိရာ
သွားမယ်နော်
ခရီးထွက်ဖို့ဒို့လာနေပြီလေ…………

ဒို့ထွက်မယ့်မနက်နေဖျာထွန်းရင်

စစ်ကိုင်းလမ်း ကစောင့်မယ်သူမှာလို့…
မင်းကိုလွမ်းရတဲ့ညတွေလွန်ပါစေ…
သင်္ကြန် မှာ ထိုင်ကာငိုင်မနေနဲ့


ယုဇန
photo..Moe Htat Myint..Aye Mya Mya Myo


Author Name

Contact Form

Name

Email *

Message *

Powered by Blogger.