04/09/14

photo..Eleven Media Group
(၁) သတင်းမီဒီယာဥပဒေအတည်ပြုပြီးချိန်တွင် DVB သတင်းထောက် ကိုဇော်ဖေ(ခ)သူရသက်တင် ကို ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောက်ယှက်မှုများဖြင့် မကွေးတရားရုံးက ဧပြီ ၇ ရက်တွင် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သဖြင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ ပြင်းထန်စွာကန့်ကွက်သည်။
၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေ အခန်း(၃) အပိုက်ခွဲ ၄ (ခ)တွင် နိုင်ငံသားတိုင်း သိခွင့်ရှိသောသတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်း နှင့်အညီစုံစမ်းဖေါ်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်ရှိသည်ဟု ဖေါ်ပြထားသည်။ ထို့ကြောင့် ယခုကိစ္စသည် သတင်းလွတ်လပ်စွာ ရယူခွင့်နှင့် ပတ်သက်သော ကိစ္စရပ်အဖြစ် ရှုမြင်ပါသည်။
အစိုးရရုံးအဆောက်အဦးကို ကျုးကျော်ဝင်ရောက်မှု ၀တ္တရားနှောင့်ယှက်မှုမဟုတ်ဘဲ အများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက် ရယူခွင့်အပေါ်ခြိမ်းခြောက်ခံရသည့် ကိစ္စရပ်ဖြစ်သည်ဟု ယုံကြည်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချုပ်ချယ်လိုသောကြောင့် အကြောက် တရားဖြင့် ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် DVB သတင်းထောက်အပေါ် တရားစီရင်ခြင်းသည် မျှတသည့် တရားစီရင်မှု မရှိခြင်းကို ယခုဖြစ်ရပ်က သက်သေပြလျှက်ရှိသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနှင့် ဒီမိုကရေစီလူမှု အဖွဲ့အစည်းတွင်သတင်းမီဒီယာ လွတ်လပ်ခွင့်သည် အရေးပါပြီး မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့်ရသည့် စတုတ္ထမဏ္ဍိုင်၏ တာဝန်ဖြစ်သည်။
(၂) ယခုဖြစ်စဉ်သည် သတင်းထောက်များ၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာသတင်းရယူခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်ပြီး ကိုဇော်ဖေတစ်ဦးတည်း ကိုသာမဟုတ်ဘဲ သတင်းသမားများအားလုံးကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု
ယူဆသည်။
(၃) ပြီးခဲ့သည့်ဒီဇင်ဘာလကလည်း Eleven Media Group မှ အမျိုးသမီး သတင်းထောက်တစ်ဦးကို ပိုင်နက် ကျူးလွန်မှုဖြင့် ထောင်ဒဏ် သုံးလချမှတ်ခဲ့သည်။ ၎င်းဖြစ်စဉ်နှင့် ယခု DVB သတင်းထောက် ဖြစ်စဉ်တို့တွင် အဂတိလိုက်စားမှုများနှင့် ပတ်သက်ပြီး သတင်းရယူရန်ကြိုးစားသော မီဒီယာသမားကို သတင်းမီဒီယာ ဥပဒေ ဖြင့်မဟုတ်ဘဲ ရာဇ၀တ်မှုပုဒ်မများတပ်ကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်
သည်ကို တွေ့ရှိရသည်။
(၄) ယခုကဲ့သို့လုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှု ပပျောက်စေရန် ဆောင်ရွက်နေသည်ဟု အစိုးရကပြောဆိုနေသော်လည်း အဂတိလိုက်စားမှုဖော်ထုတ်ရန်ကြိုးစားသည့် မီဒီယာများကို အစိုးရ ဌာန များကပင် ပြန်လည်တရားစွဲဆိုခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်သည့်နည်းတူ ပြည်သူအများ သတင်းအချက်အလက်သိရှိပိုင်ခွင့်ကို
လည်း ထိပါးရာရောက်သည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်က ရှုမြင်သည်။
(၅) လွတ်လပ်သည့်သတင်းမီဒီယာမရှိဘဲ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင် မည်မဟုတ်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်က ယုံကြည်ပါသည်။ မြန်မာဂျာနယ်လစ် ကွန်ရက်သည် သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ညွှန်းဖွဲ့စည်းထားသော ကွန်ရက် ဖြစ်သည်နှင့်အညီ သတင်းထောက်ကိုဇော်ဖေပြန်လည်လွတ်မြောက်ရေးအတွက်တောင်းဆိုပါသည်။
______________________________
- မြန်မာဂျာနယ်လစ်ကွန်ရက် - (9-4-2014)

ဂျာနယ်တစ်စောင်မှာလား၊ သတင်းစာ တစ်စောင်မှာလား မသိ။ ဟိုတလောက ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ရုပ်ရှင်ရုံထဲမှာ လူတချို့ နိုင်ငံတော်အလံကို မတ်တပ် ထရပ်ပြီး အလေးမပြုတဲ့ အကြောင်း နိုင်ငံသား တစ်ယောက် အနေနဲ့ နိုင်ငံတော် အလံကို ရိုသေလေးစားရမှာ ဖြစ်ကြောင်း ရေးထားတာပါ။ ကိုယ်တိုင်လည်း ဟိုတလောက Junction Square က Mini Theatre ရုပ်ရှင်ရုံမှာ ရုပ်ရှင် သွားကြည့်တော့ ဒီလို အလေးမပြုဘဲ ထိုင်နေတဲ့ လူတွေရှိလား အကဲခတ် ကြည့်မိပါတယ်။ ဟုတ်နေတာ တွေ့ရတယ်။ လူငယ် ကောင်လေး တချို့ရုပ်ရှင် မပြမီ နိုင်ငံတော် အလံ ထိုးပြတာကို ထမရပ်ဘဲ ဒီအတိုင်း ငုတ်တုတ်ထိုင် နေကြတာ တွေ့ရတယ်။ နိုင်ငံသား တစ်ဦး အနေနဲ့ ဒီမြင်ကွင်းကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလူငယ်လေးတွေဟာ ကိုယ့်နိုင်ငံရဲ့ အလံကို အရိုအသေ ပေးရကောင်းမှန်း မသိကြပါလားလို့။ သူတို့ ဘာရည်ရွယ်ချက်နဲ့ ငုတ်တုတ် ထိုင်နေကြသလဲ ဆိုတာ မသိပေမယ့် စဉ်းစားစရာတွေ အများကြီး ရှိလာပါတယ်။

စာရေးသူ အနေနဲ့ရော နိုင်ငံသား တစ်ဦးအနေနဲ့ရော မိမိနိုင်ငံတော်ရဲ့ အလံကို မတ်တပ်ရပ် အလေးပြု လိုက်ရပေမဲ့ ရင်ထဲမှာ ကျေကျေနပ်နပ်ကြီးတော့ မဟုတ်ဘူး။ ဒီအလံကို ကျွန်တော် သဘော မတူခဲ့ပါဘူး။ ဒီအလံကို ကျွန်တော် နှစ်သက်ခဲ့ခြင်း မရှိပါဘူး။ မိမိ မနှစ်သက်၊ သဘောမတူတဲ့ အလံတစ်ခုကို နိုင်ငံသားတစ်ဦးရဲ့ တာဝန်အရ အလေးပြု လိုက်ရပေမဲ့ ရင်ထဲမှာ အောင့်သက်သက် ဖြစ်ခဲ့ရတာ အကြိမ်ကြိမ် အခါခါပါ။ အခမ်းအနားတွေမှာ၊ အစည်းအဝေးတွေမှာ မဖြစ်မနေ ကျွန်တော်တို့ ခေါင်းငုံ့ အလေးပြုခဲ့ရပေမဲ့ ဒီအလံဟာ ကျွန်တော်တို့ နှစ်သက် သဘောတူထားတဲ့ အလံ မဟုတ်ပါဘူး။

နိုင်ငံသား ၉၂ ရာခိုင်နှုန်းကျော်က ထောက်ခံ အတည်ပြု ထားပါတယ် ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ကျွန်တော် သဘောမတူခဲ့ပါဘူး။ သဘောတူပါတယ်လို့ ထောက်ခံခဲ့သူတွေထဲမှာလည်း မပါခဲ့ပါဘူး။ ကျွန်တော်တင် မကပါဘူး။ ဒီနေ့ မြန်မာပြည်သူ လူထု အားလုံး နီးပါးကလည်း ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို မထောက် ခံခဲ့ကြဘူးဆိုတာ အခု နိုင်ငံ တစ်ဝန်းလုံးမှာ ဖြစ်နေတဲ့ ဖွဲ့စည်အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲတွေက သက်သေထူနေပါတယ်။ ဒါပေမယ့် လက်ရှိ အစိုးရ ကတော့ ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ၉၂ ရာခိုင်နှုန်းသော ပြည်သူလူထုက ထောက်ခံ အတည်ပြု ခဲ့ပါတယ်လို့ အပိုင် ကိုင်ထားပါတယ်။ ဘယ်လို ထောက်ခံ အတည်ပြု ခဲ့ကြတာလဲ။ ဘယ်လို ဆန္ဒခံယူ ခဲ့ကြတာလဲ ဆိုတာကတော့ တာဝန်ရှိသူ ကာယကံရှင်တွေပဲ အသိဆုံး ဖြစ်မှာပါ။ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လာရင် ပုဒ်မ ၅၉(ခ)တွေ (ဃ)တွေ အသာထားလို့ ကျွန်တော်ကတော့ စောစောတုန်းက တင်ပြခဲ့သလို သဘောမတူတာတွေ အားလုံးနီးပါး ဖြစ်နေလို့ အားလုံးနီးပါး ပြင်မှပဲ မြန်မာပြည်ရဲ့ အနာဂတ် နိုင်ငံရေး သာယာ ဖြောင့်ဖြူးမယ်လို့ ထင်ပါတယ်။

ရှည်ရှည်ဝေးဝေး မပြောပါဘူး။ ကျွန်တော်တို့ အလေးပြုနေရတဲ့ နိုင်ငံတော် အလံကိုပဲ ကြည့်ပါ။ ဒီအလံကို ခုနေ ဆန္ဒခံယူပွဲ လုပ်ကြည့်လိုက်ရင် ထောက်ခံသူ ဘယ်နှဦး၊ ကန့်ကွက်သူ ဘယ်နှဦး တိတိကျကျ ထွက်လာပါလိမ့်မယ်။ ဒီနိုင်ငံရဲ့ ဖြစ်စဉ်တွေဟာ ကမ္ဘာမှာ မရှိတဲ့ အင်မတန် အံ့သြစရာ ဖြစ်ရပ်တွေပါ။

၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့မှာ လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံတော် အလံ (အသစ်)ကို ယခင် န.အ.ဖ အစိုးရက ရုတ်တရက် တရားဝင် လွှင့်ထူလိုက်ပါတယ်။ ဒီမတိုင်မီ အထိ ကျွန်တော်တို့တတွေဟာ မ.ဆ.လခေတ် (၁၉၇၄)ခုနှစ်က အတည်ပြုခဲ့တဲ့ အနီရောင် အောက်ခံ စပါးနှံ၊ စက်သွားနဲ့ ကြယ် ၁၄လုံး ၀န်းရံတဲ့ အလံကို နိုင်ငံတော် အလံ အဖြစ် လက်ခံခဲ့ကြ ရပါတယ်။ န.အ.ဖ အစိုးရရဲ့ အလံသစ် လွှင့်ထူမှုဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ အတည်ပြု ပြီးတဲ့နောက် ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့် ပြုလုပ်ခဲ့တာဖြစ်လို့ အားလုံး အံ့အားတသင့် ဖြစ်ခဲ့ကြ ရပါတယ်။ ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်မှာ ဗြုန်းခနဲ အလံသစ်တင်၊ အလံဟောင်း ဖြုတ်ချလိုက်တာဖြစ်လို့ ပြည်သူတွေ အားလုံး နားမလည်နိုင်အောင် ဖြစ်ခဲ့ကြတယ်။ ဘယ်သူမှလည်း မကြိုက်ကြဘူး။ အဲဒီ အချိန်အခါ ကာလတုန်းက မီဒီယာတွေကလည်း ပွင့်လင်းလွတ်လပ်မှု မရှိသေးတော့ ပြည်ပ မီဒီယာတွေကပဲ ၀ိုင်းပြီး ဝေဖန်ခဲ့တာပါ။

ဒီအလံကို စမြင်လိုက်ရတဲ့ အချိန်မှာ ပြည်သူလူထုရဲ့ တုံ့ပြန်မှုမှာ ထောက်ခံသူ မရှိခဲ့ပါဘူး။ အလံသစ် တရားဝင် လွှင့်ထူတာကိုလည်း လျှို့ဝှက်ချက်တွေ၊ ဗေဒင်လက္ခဏာ ကိန်းခန်းတွေ ပါဝင်နေပြန်တယ်။ အင်္ဂါနေ့မှာ မွေးဖွားသူ တစ်ဦးက အလံဟောင်းကို ချရပြီး ဗုဒ္ဓဟူးနေ့မှာ မွေးဖွားသူတစ်ဦးက အလံသစ်ကို အစိုးရရုံးတွေမှာ လွှင့်တင်ပေး ခဲ့ရတယ်လို့ သိရတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဒီအလံရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ထည့်သွင်းထားပေမဲ့ အလံဟာ ဒီဇိုင်း သဘောအရ “အား”မရှိပါဘူး။ ၀ါ၊ စိမ်း၊ နီမှာ အလယ်ကြယ်ဖြူ တစ်ပွင့်ပါတဲ့ ဒီအလံဟာ လွတ်လပ်ရေး ရပြီးချိန်က ရှိခဲ့တဲ့ ကြယ်ဖြူ ငါးပွင့်ပါ ရဲရဲတောက် အနီရောင် အလံနဲ့ တခြားစီ ဖြစ်ခဲ့ပါတယ်။ ဒီအလံဟာ အာဖရိကတိုက်က ဂါနာနိုင်ငံ အလံနဲ့ အတော်လေး ဆင်တူနေပြီး အခြားသော အာဖရိက နိုင်ငံတချို့က အလံသစ်တွေနဲ့ ဆင်တူရိုးမှား ဖြစ်နေတယ်။

သမိုင်း အစဉ်အလာ ကြီးမားခဲ့တဲ့ ကျွန်တော်တို့လို နိုင်ငံတစ်ခု အနေနဲ့ နိုင်ငံအရောင် အရ၊ သင်္ကေတ အရ၊ အဓိပ္ပာယ် အနှစ်သာရ အရ အလံဟာ ခန့်ငြားနေဖို့ လိုပါတယ်။ နိုင်ငံတော် အလံကို စဉ်းစားကြရမှာ ဒီထက် ကျယ်ပြန့်တဲ့ အမြင်နဲ့ ပညာရှင်များရဲ့ အကူအညီနဲ့ စဉ်းစားကြဖို့ လိုပါတယ်။ သမိုင်းကြောင်း ကြီးကြီးမားမား မရှိကြတဲ့ နိုင်ငံငယ် ကလေးတွေတောင် သူတို့နိုင်ငံရဲ့ သင်္ကေတပါအောင် နိုင်ငံတော် အလံမှာ ထည့်သွင်းကြတာ တွေ့ရတယ်။

ယခင် န.အ.ဖ အစိုးရက (တိတ်တဆိတ်) တရားဝင် ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော် အလံသစ်ဟာ ခုတော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးမှာရော ပြည်တွင်းမှာရှိတဲ့ ဌာနဆိုင်ရာ ရုံးအဖွဲ့တွေ၊ အသင်းအဖွဲ့ အားလုံးမှာ တရားဝင် လွှင့်ထူထားခဲ့ ကြပါပြီ။

ကျွန်တော် တစ်ဦးတည်းရဲ့ သဘောထားကတော့ ဒီအလံကို အားမရပါဘူး။ နိုင်ငံတကာမှာ ဒီအလံကို မြင်ရရင် အလိုလို ရှက်မိပါတယ်။ ဒီထက် အားကောင်းပြီး အဓိပ္ပာယ် ပေါ်လွင် လေးနက်တဲ့၊ နိုင်ငံရဲ့ အချုပ်အခြာ အနှစ်သာရကို ဖော်ဆောင်နိုင်တဲ့ ဒီဇိုင်းအသစ်နဲ့ အလံအသစ်ကို မျှော်လင့်ပါတယ်။ ခုချိန်မှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ် လောင်လောင် တောင်းဆိုနေကြပါတယ်။ တကယ်တော့ ဒီဖွဲ့စည်း အုပ်ချုပ်ပုံဟာ လူထု ဆန္ဒမပါဝင်ခဲ့တဲ့ အခြေခံ ဥပဒေ တစ်ခုဆိုတာ အလံကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။

- ချစ်ဝင်းမောင်
Tomorrow news journal


မန္တလေးမြို့က တမာရိပ် အမျိုးသမီးသံချပ်အဖွဲ့ သင်္ကြန်အတွက် သံချပ်တိုက်

သမ္မတကြီးစကား နားထောင်ပါ xxxx နွားနို့လေးတော့သောက်ကြပါဦး ....
ကျမတို့ရဲ့တောဘက်မှာ xxxx နွားနို့တကယ်ပေါခဲ့တာပေါ့ ....
ခုများတော့ဖြင့် ကျမတို့ရွာ xxxx စားကျက်မြေတွေမရှိတော့ဘူး ...
မြေသိမ်းတဲ့အထဲပါသွားပြီ xxxx နွားတွေဘယ်မှာကျောင်းရမှာလဲ ....
သမ္မတကြီးရေ ကယ်ပါဦး xxxx ကျမတို့မြေတွေဆုံး ....
သမ္မတကြီးရေ ကယ်ပါဦး xxxx နွားနို့တိုက်ပါဦး ....

ရိုက်ကူး - အိမ်ခိုင်မြဲ
တည်းဖြတ် - ပြည့်စုံ


၂၀၁၃ ဖေဖော်ဝါရီက သရုပ်ဆောင်ရဲတိုက်ကို ရုံးတင်စစ်ဆေးရန် ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ - လူဆိုးဖေ့စ်ဘွတ်ခ်)

သရုပ်ဆောင်ရဲတိုက်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်တရားရုံးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် ဖမ်းဆီးကာ စစ်ဆေးနေသည့် သရုပ်ဆောင်ရဲတိုက် (ခ) လင်းထွန်းဦးကို ဧပြီ ၇ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ခြောက်နှစ် ကျခံစေရန် အပြီးသတ်စီရင်ချက် ချမှတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းရရှိသည်။
ရုပ်ရှင်၊ ဗီဒီယိုနှင့်ကြော်ငြာ သရုပ်ဆောင်ရဲတိုက်သည် ၂၀၁၃ ဇူလိုင် ၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးက တရားလိုပြုကာ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

 ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် အနည်းငယ်တွေ့ရှိမှုဖြင့် စတင်ဖမ်းဆီးကာ ရဲစခန်းမှ စစ်ဆေးပြီးနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆/(ဂ)အရ မြို့ နယ်တရားရုံးသို့ တင်ခဲ့ခြင်းဖြစ်သည်။

ရဲတိုက်သည် ဆာတိုရီ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီ သရုပ်ဆောင်သစ်အဖြစ် ရွေးချယ်ခံရပြီး ဇာတ်ကားများရိုက်ကူးခဲ့ရာမှ နာမည်ရလာသူတစ်ဦးဖြစ်သည်။ အထက်ပါအတိုင်း တရားစွဲဆိုခြင်းမခံရမီ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ စိန့်မေရီခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ကျူးကျော်ဝင်ရောက်သောကြောင့် ဖမ်းဆီးခံရသော်လည်း ချက်ချင်းလွှတ်ပေးပြီးနောက် ပဲခူးသို့သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
‘‘ရဲတိုက်ရုံးချိန်းဆိုရင် ရဲတိုက်မိဘတွေရော၊ ရုပ်ရှင်အသိုက်အ၀န်းက မင်းသား၊ မင်းသမီးတွေရော လာတာတွေ့ရတယ်။ အမိန့်ချဖို့ကြာသွားတာက တရားသူကြီးအပြောင်းအလဲဖြစ်နေတာကြောင့် အမှုတွဲကို ပဲခူးအထိတင်နေရတာလည်းပါတယ်လို့ ကြားရတယ်။ အခုအမိန့်ချတဲ့ တရားသူကြီးက ရောက်တာ နှစ်ပတ်လောက်ပဲရှိသေးတယ်။ ဒီနေ့ရုံးချိန်းမှာ အမိန့်ချလိုက်တာ’’ဟု ဒေသခံ ကိုအောင်မျိုးဦးက ပြောကြားသည်။

ရဲတိုက်ကို ကျောက်တံခါးမြို့မရဲစခန်း အချုပ်တွင် ထားပြီးနောက် တောင်ငူထောင်အချုပ်သို့လွှဲပြောင်းကာ ဇူလိုင် ၂၅ရက်တွင် ရုံးတင် တရားစွဲခံရခြင်းဖြစ်သည်။
‘‘သရုပ်ဆောင်ရဲတိုက်ကို အမိန့်ချလိုက်တာဟုတ်ပါတယ်။ အသေးစိတ်ကိုတော့ တာဝန်မှူးပဲသိမှာပါ’’ဟု ကျောက်တံခါးမြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

http://7daydaily.com/

အဝေးရောက်ရွှေမန်းသားတွေအဖို့ အခုလိုသင်္ကြန်အခါနီး တူးပို့ တူးပို့ သီချင်းသံကြားရင် ကိုယ့်မြို့ကို မလွမ်းပဲ သတိမရဘဲ မနေနိုင်ကြပါဘူး။ တက်နိုင်သမျှ ကိုယ့်မြို့ကို ရောက်အောင် ပြန်ပြီး သင်္ကြန်ပွဲကို ဆင်နွှဲပျော်ရွှင်ကြတာပါပဲ။ ဘာကြောင့်လဲဆိုတော့ သင်္ကြန်ပွဲဟာ မန်းလေးမြို့ရဲ့ ပျော်စရာအကောင်းဆုံးပွဲတော် တစ်ခုဖြစ်လို့ပါပဲ။ ရှေးယခင်ကတည်းက ဂုဏ်ယူဝင့်ကြွားဖွယ် ယဉ်ကျေးမှုပွဲတော်အဖြစ် ခေတ်အဆက်ဆက် ကျင်းပလာခဲ့ကြတာပါ။
နစ်ကူးသင်္ကြန်ပွဲတော် ကျင်းပကြတဲ့မြို့တွေထဲမှာ မန်းသင်္ကြန်က အလွန်တရာ ကြီးကျယ်ခမ်းနားပျော်စရာကောင်းပါတယ်။ ဒါကြောင့်လည်း မန်းသင်္ကြန်ပွဲတော်ဟာ မြန်မာသာမက ကမ္ဘာမှာပါ နာမည်ကျော်ကြားတာပါ။

မန်းလေးသင်္ကြန်ဆိုတာ ဘယ်မြို့ရဲ့သင်္ကြန်ပွဲ နဲ့မှမတူသလို ဘယ်နိုင်ရဲ့ သင်္ကြန်ပွဲတော်နဲ့လည်းမတူပါဘူး။ မြန်မာဘုရင်တွေရဲ့ မင်းနေပြည်တော်ဖြစ်ခဲ့တာကြောင့် ထီးငွေ့နန်းငွေ့ မပျောက်ပြယ်ပဲ မြန်မာမှုရနံ့တွေ ထုံသင်းနေပြီး မြန်မာ့ယဉ်ကျေးမှုရဲ့ ချစ်စဖွယ်အစဉ်အလာတွေကို တွေ့ မြင်နိုင်တာက မန်းလေးသင်္ကြန်ရဲ့ ဂုဏ်အင်တွေပါပဲ ။ သင်္ကြန်အကြောင်း စာပေ၊ဂီတ၊ ရုပ်ရှင်တွေနဲ့ ဖော်ကြူးကြတဲ့နေရာမှာလည်း အများအားဖြင့် မန်းသင်္ကြန်အကြောင်းပဲများပါတယ်။
မန်းလေးသင်္ကြန်ပွဲတော်ဆိုတာ မန်းလေးမြို့ရဲ့သင်္ကြန်အလှ၊ အဆို၊အကတွေ မန်းလေးသူ၊ သားတွေရဲ့ အပြောအဆို၊ အနေအထိုင် ယဉ်ကျေးမှု အနုသုခုမကို ထုတ်ဖော်ပြသတဲ့ပွဲတော်ကြီး တစ်ခုဆိုမမှားပါဘူး။ ဒါကြောင့် မန်းသင်္ကြန်ဟာ မန်းဆန်တယ် နန်းဆန်းတယ်လို့ ဆိုစမက်ပြုကြတာပါ။ ခေါ်တာတောင် မြန်မာရိုးရာယဉ်ကျေးမှု မန္တလေးမဟာသင်္ကြန်ပွဲတော် လို့ခေါ်ကြတဲ့အပြင် မြန်မာတစ်နိုင်ငံလုံး ရဲ့သင်္ကြန်ပွဲတော်တွေရဲ့ ပြယုဒ်အဖြစ် တည်ရှိနေခဲ့တာပါ။
ဒါကြောင့်လည်းပြည်တွင်းပြည်ပ ဧည့်သည်တွေဟာ မန်းလေးသင်္ကြန်ပွဲတော်ကို တခုတ်တရ လာရောက်ဆင်နွှဲကြတာပါ။

ွှမန်းလေးသူ မန်းလေးသားတွေဟာ သင်္ကြန်ပွဲတော်ကို အင်တိုက်အားတိုက် ဂုဏ်ယူ ပျော်ရွှင်စွာဆင်နွှဲကြတာပါ။ သင်္ကြန်ပွဲတော် မတိုင်မှီ တစ်လ နှစ်လ အလိုလောက်က စပြီးပြင်ကြဆင်ကြနဲ့ ကလေးရော လူကြီးပါမကျန် တစ်မြို့လုံး အလုပ်ရှုပ်နေကြတော့တာပါပဲ။ ဘယ်ရပ်ကွက်သွားသွား ယိမ်းအဖွဲ့တွေရဲ့ အဆို အက တိုက်နေကြတာ တစ်မြို့လုံး သင်္ကြန်ဒိုးသံ လွမ်းနေတာပါပဲ။ မန်းမြို့ကျက်သရေဆောင် မြို့မငွေငန်းကြီးကလည်း သင်္ကြန်မတိုင်မှီကပင် တစ်မြို့လုံးအနှံ လိုက်လံဖျော်ဖြေပေးနေတာပါ။ ဌာနဆိုင်ရာတွေကလည်း မိမိမြို့နယ်အလိုက် ဗဟိုမဏ္ဍပ်များဆောက်ကြ ရပ်ကွက်အလိုက် မိသားစုအလိုက် ရေကစားမဏ္ဍပ်များဆောက်ကြ တက်နိုင်သူများကလည်း စတုဒီသာတွေကြွေးကြ တစ်မြို့လည်း အုံးအုံးကြွတ်ကြွတ်ပါပဲ။ မန်းသင်္ကြန်ကညပိုင်းရေမပက်ပါဘူး ရေပက်မဏ္ဍပ်အသီးသီးက လှပျိုဖြူများက ညပိုင်းမှာ ယိမ်းအက အလှများနဲ့ဖျော်ဖြေပါတယ်။ မန်းလေးခရိုင်အသီးသီးက ပါဝင်ဆင်နွှဲတဲ့ အလှပြယာဉ်တွေကလည်း မီးရောင်စုံအလှများထွန်းပြီး မဏ္ဍပ်အသီးသီးကို လှည့်လည်ဖျော်ဖြေကြနဲ့ တကယ့်ကို တစ်မြို့လုံး စည်းကားသိုက်မြိုက် ပျော်ရွှင်စရာကောင်းလှပါတယ်။

ဒီလိုသမိုင်းအစဉ်အလာကြီးတဲ့ ယဉ်ကျေးမှု မန်းလေးမဟာသင်္ကြန်ပွဲတော်ကြီးဟာ တဖြည်းနဲ့ အကျည်းတန်ပျက်စီးသွားခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ မန်းလေးသားတွေ ကိုယ်တိုင်မန်းလေးသင်္ကြန်ကို မပျော်ရွှင် ရင်မခုန်ကြတော့ပါဘူး။သင်္ကြန်မှာ ဘာလုပ်ကြမှာလဲလို့ မေးလိုက်တဲ့ သူငယ်ချင်းတော်တော်များများက ဒုလ္လဘ္ဘ၀တ်မယ့်လူနဲ့ တရားစခန်းဝင်မယ့်နဲ့ ခရီးထွက်မယ့်လူနဲ့ ချည်းပါဘဲ။

တစ်မြို့လုံးစည်ကားသိုက်မြိုက်စွာ နွေးထွေးပျော်ရွှင်စရာကောင်းတဲ့ မန်းသင်္ကြဟာ ခုတော့ကျုံးဘေးလေးမှာပဲ အကျည်းတန် အထီးကျန်တဲ့ပွဲလေးဖြစ်သွားပါပြီ။ ဆင်းရဲချမ်းသာမရွေး ပါဝင်ဆင်နွှဲလို့မရတဲ့ ငွေရှင် ကြေးရှင် ခရိုနီ ခရိုပြာတွေရဲ့ စီပွားရေးအမြက်ထုတ်တဲ့ ဈေးကွက်စီးပွားရေး သင်္ကြန် လူကုံတန်တွေ အာဏာရှင်တွေရဲ့ ဇိမ်ခံ ပွဲတော်ဖြစ်သွားပါပြီ။ မိန်းမပျိုလေးတွေက မလုံ့တလုံ့ ကာမစိတ်နှိုးစွတဲ့ သရုပ်ပျက် အ၀တ်အစားတွေဝတ်၊ အရက်ဘီယာ မူယစ်ဆေးဝါးတွေသောက်သုံးကြ၊ ဟစ်ဟော့သီချင်းတွေဖွင့် ခုန်ပေါက်ကကြ၊ လူမြင်ကွင်းမရှောင်ကာမတဏှာတွေပေါက်ကွဲပြီး ယုတ်မာရိုင်းစိုင်းတဲ့ သင်္ကြန်ပွဲတော်ကြီးဖြစ်သွားပါပြီ။ သမိုင်းဝင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ ကျုံးမြို့ရိုးကြီးပတ်လည်ကို မဏ္ဍပ်တွေကာရံပြီး အရက်ဘီယာဆေးလိပ်ကြော်ငြာတွေနဲ့ သရုပ်ပျက်အ၀တ်အစားတွေဝတ် မူးယစ်သောက်စားပျော်ပါး သီဆိုကခုန်နေတာဟာ အင်မတန် ရွှံရှာစက်စုပ်ဖွယ်မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က သတင်းတပုဒ်ဖတ်လိုက်ရတာ ဆိုရင် စိတ်ထဲမှာတော်တော်နာကျဉ်ခံစားသွားရတယ်။ သတင်းက ပြီးခဲ့တဲ့နှစ်က သင်္ကြန်မဏ္ဍပ်များ ကျုံးအတွင်း မိလ္လာ၊ အမှိုက်စွန့်ပစ်မှုရှိခဲ့တဲ့ အတွက်ဒီနှစ်ကစပြီး မလုပ်ဖို့နေ့စဉ်စစ်ဆေးအရေးယူသွားမယ် ဆိုတဲ့အကြောင်းပါ။ ပါးစပ်အဟောင်းသားဖြစ်သွားတယ်ဗျာ။ တစ်မြို့လုံးအသုံးပြုနေတဲ့ ဒီကျုံးရေထဲကို ဒီလိုစွန့်ပစ်ကြတယ်တဲ့။ တကယ့်ကို အော့နှလုံးနာစရာ လုပ်ရပ်တွေပါပဲဗျာ။ ယဉ်ကျေးမှုတွေကိုလည်းပျက်စီး ကျုံးရေတွေလည်းညစ်နွမ်းသွားခဲ့ပါပြီ

နောက်တစ်ခုက အရက်ကုမ္ပဏီတစ်ခုက မန်းလေးကျုံးဘေးမှာ မဏ္ဍပ်ဆောက်ပြီး မဏ္ဍပ်မှာရေပက်ဖို့ မိန်းမပျိုအလှ အယောက်တစ်ရာကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။ ထိုအရွေးခံရတဲ့အယောက် ၁၀၀ ကို အခမဲ့ရေကစားခွင့်၊ အပို့အကြို၊ အစားအသောက်စီစဉ်ပေးပါမယ်တဲ့။ အထူးခြားဆုံး ပံ့ပိုးမှုကတော့ ထိုအယောက် ၁၀၀ အတွက်အ၀တ်အစားကို ခေတ်ပေါ်အ၀တ်အစားဆင်ပေးမှာပါတဲ့။ စဉ်းစားကြည့်ပါ ဒီအရက်ကုမ္ပဏီဟာ မန်းလေးသူတွေအတွက် စေတနာထားပြီး ရေကစားခွင့်ပြုမှာ လုံးဝမဖြစ်နိုင်ဘူး။ သူ့မဏ္ဍပ်လူစည်ကားရေး သူ့အရက်လူသိများရေးအတွက် ဒီမိန်းခလေးတွေကို သရုပ်ပျက်အ၀တ်အစားတွေဝတ်ခိုင်းပြီး အသုံးချမယ်ဆိုတာ ပြေးကြည့်နေဖို့လိုမယ်မထင်ပါဘူး . . .

ဒီလိုမန်းလေးမြို့ရဲ့ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကြီး အကျဉ်းတန်ပျက်စီးသွားရတာ ဘယ်သူတွေကြောင့်လဲဆိုတော့ စစ်အာဏာရှင်လက်ထက်ကနေစပြီး မန်းလေးမြို့ကို အုပ်ချုပ်ခဲ့တဲ့ အာဏာပိုင်လူကြီးမင်းများကြောင့်ဆိုတာ အားလုံးသိကြမှာပါ။ အရှေ့မြောက်အရပ် ခွေးတိုးပေါက်ကနေ တရားမ၀င်ဝင်ရောက်လာတဲ့ စီနတိုင်းသားတို့ကို အတားအစီးမရှိလက်ခံခဲ့လို့ မန်းလေးမြို့ကျဆုံးသွားတာကနေ မန်းလေးရဲ့ နိုင်ငံရေး၊လူမှုရေး ၊ဘာသာသာသနာ၊ စာပေယဉ်ကျေးမှုနှင့် သဘင်အနုပညာ ဘက်ပေါင်းစုံဟာ တဖြည်းဖြည်းလှိုက်စားဝါးမျိုခံလိုက်ရတာပါပဲ။
တချိန်တည်းမှာပဲ ယဉ်ကျေးမှု ကိုယ်ခံအားမကောင်းတဲ့ လူငယ်တွေဟာ ထိုစီနတိုင်းသားတွေရဲ့ ခပ်ရိုင်းရိုင်းဝတ်စားနေထိုင် ပြောဆိုမှုတွေကို အတုခိုးမှားကုန်ကြပါတော့တယ်။ အရင်က ခြေမျက်စိပေါ်အောင်မ၀တ်တက်တဲ့ မန်းသူတွေဟာ ဘောင်းဘီတိုဖင်ကျပ် စကပ်အတိုတွေနဲ့ ပေါင်းအရင်ထိဖော်ပြီး ၀တ်လာကြပါတယ်။

ဒီလိုတစ်စတစ်စ ပျက်စီယိုးယွင်းလာတဲ့ မန်းလေးသင်္ကြန်ပွဲတော်ကို မြို့တော်ဝန်အဆက်ဆက်က ပြုပြင်ထိန်းသိမ်းလာနိုင်တာ မတွေ့ရဘဲ ပိုပိုဆိုးသွားတာပဲ တွေ့မြင်နေရပါတယ်။ မန်းသင်္ကြန်မဏ္ဍပ်တွေရဲ့စံပြဖြစ်တဲ့ မြို့တော်ဝန် ဗဟိုမဏ္ဍပ်ကစပြီး သိန်းပေါင်းရာချီ ထောင်ချီအကုန်ခံပြီး ရန်ကုန်က နာမည်ကြီး တီးဝိုင်းတွေ အဆိုတော်တွေဌားပြီး သရုပ်ပျက်စွာ သီဆိုကခုန်နေကြတာကို လူကြီးမင်းများကအရသာခံ ဇိမ်ခံကြည့်နေကြမှတော့ ပြီးပြီပေါ့ဗျာ။

ဒီလို သရုပ်ပျက်အကျည်းတန်နေတဲ့ မန်းလေးသင်္ကြန်ပွဲတော်ကြီးကို လူကြီးမင်းတို့အနေနဲ့ ဘာကြောင့်မထိမ်းသိမ်း မစောင့်ရှောက်ကြတာလဲလို့မေးချင်ပါတယ်။ ပါးစပ်က "အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး'' ဆိုပြီးမစားရ၀ခမန်း အသံကောင်းဟစ်ပြီး ဖျက်စီးပစ်နေတာ ဘယ်သူတွေလည်းဆိုတာသိကြမှာပါ။ နိုင်ငံခေါင်းဆောင်များကရော ဒီအတိုင်းလက်ပိုက်ကြည့်နေကြတော့မှာလား။ ဒီလိုပဲ ရေစုံမျောပစ်လိုက်တော့မှာလား။

မန်းလေးသားတစ်ယောက်အနေနဲ့ ဟိုအရင်ချိန်ကို ပြန်စဉ်းစားမိတိုင်း ရင်ထဲမှ နှမြောတသ ၀မ်းနည်းခံစားမိတယ်ဗျာ။

ကျွန်တော်ကတော့ ဟိုရင်အချိန်တုန်းက ဆင်းရဲချမ်းသာမရွေး လူတိုင်းပါဝင်ဆင်နွှဲနိုင်တဲ့ မြန်မာ့ နှစ်သစ်ကူး သင်္ကြန်ပွဲ ကိုလွမ်းတယ်။ စက်ဘီး၊ မြင်းလှည်း လေးနဲ့ လျှောက်လည်ခဲ့ရတဲ့ သင်္ကြန်ပွဲ ကိုလွမ်းတယ်။
မြို့မသင်္ကြန်ကား ငွေငန်းကြီးနောက် လမ်းလျှောက်လိုက်ပြီး သီချင်းတွေနားထောင်ခဲ့ရတဲ့ သင်္ကြန်ကိုလည်းလွမ်းတယ်။ နဂါးဒေါ်ဦး၊ ဆေးကျောင်း၊ ပွဲထိုင်မိသားစုမဏ္ဍပ် ၊ ဒေါ်သီသနပ်ခါး မိသားစု၊ ဈေးချိုမိသားစု၊ မီးရထား မဏ္ဍပ် တွေကိုလည်းလွမ်းတယ် . . .

ငွေဖလားလေး နဲ့ရေပက်ခဲ့ရတဲ့ သင်္ကြန်ပွဲ ကိုလွမ်းတယ်။ အယုတ်အလတ် အမြတ်မရွေး ၀င်စားနိုင်တဲ့ သင်္ကြန်ထမင်း စတုဒီသာကျွေးတဲ့ သင်္ကြန်ပွဲ ကိုလည်းလွမ်းတယ်။ သံချပ်တွေနဲ့ မိုးလင်းအောင်ဖျော်ဖြေ တဲ့
သင်္ကြန်ပွဲ ကိုလွမ်းတယ်။ သင်္ကြန်မိုး ဇာတ်ကားကို အဖြူမဲ TV လေးနဲ့ကြည့်ခဲ့ရတဲ့
ကလေးဘ၀လေးကိုလည်း လွမ်းတယ်။ ယဉ်ကျေးပျော်ရွှင်စွာ ပျော်ရွှင်ခဲ့ရတဲ့ ဟိုးတုန်းက မန်းလေး မဟာသင်္ကြန်ကို လွမ်းတယ်ဗျာ . . . လွမ်းတယ် . . . လွမ်းတယ် . . .

ဘာတွေဘယ်လိုပဲ ပြောင်းလဲသွားပါစေ မန္တလေးသားတွေကတော့ "တူးပို့ တူးပို့ "သီချင်းသံ မပျောက်ကွယ်သ၍ မန်းလေးသင်္ကြန် ကို သတိရလွမ်းဆွတ်တသနေအုံးမှာပါပဲ . . .

တချိန်မှာ မန်းလေးသင်္ကြန်အစစ်ပြန်ဖြစ်လာရမယ်လို့ယုံကြည်ပါတယ်။

ချစ်ခြင်းအားဖြင့် . . .

ကျော်ကြီး (MDY)

လူကြီးမဆို မည်သူတစ်ဦးတစ်ယောက် မှ လူငယ်ဘဝကိုမဖြတ်သန်းဘဲ လူ ကြီးဘဝကိုရောက်မလာပါဘူး။ လူတစ်ယောက်ရဲ့ဘဝ တစ်ခုတည်းကိုပဲ ကြည့်လိုက်ပါ။ မျက်စိလည်ချင်စရာ သိပ်ကောင်းပါတယ်။

လူတစ်ယောက်ရဲ့ကလေးဘဝနဲ့ လူကြီးဘဝ ဘယ်ဘယ်ဟာက ပိုပြီးအသက်ကြီးသလဲ။ စဉ်းစားပြီးမှဖြေပါ။ အဖြေမှန်က ကလေးဘဝက ပိုပြီး အသက်ကြီးပါတယ်။ ကလေးဘဝက လူကြီးဘဝရဲ့ အရင် လူဖြစ်လာခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့် စိတ္တဗေဒအရ ကလေးဘဝနဲ့ လူငယ်ဘဝရဲ့ ထူးခြားဖြစ်စဉ်တွေဟာ ကိုယ်ကိုယ်တိုင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ လူ ကြီးဘဝကို လွှမ်းမိုးမှုရှိထားပါတယ်။ လူကြီးဘဝရဲ့ဆရာ ဟာ သူ့ရဲ့ကလေးဘဝပါပဲတဲ့။

ကျုပ်တို့မြန်မာလူငယ်တွေဟာ ခေသူတွေ တော့ မဟုတ်ကြဘူးနော်။ ပြည်ပကိုရောက်သွားရင် ပိုပြီးအစွမ်းအစတွေဟာ ထင်ရှားလာတယ်။ မြန်မာ ကလေးငယ်တစ်ယောက် ဂိမ်းသိပ်ဝါသနာပါတယ်။ ကွန် ပျူတာဝါသနာပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ အဲဒီနိုင်ငံ ရဲ့လေဆိပ်ကို ထိန်းချုပ်တဲ့စနစ်ထဲကို သူဝင်နိုင်သွား တယ်။ အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ပျာယာခတ် သွားတာပေါ့။ ဒီကလေးနဲ့မိသားစုကို လုံခြုံတဲ့နေရာ ခေါ်ထားပြီး နေထိုင်စားသောက်ရေးနဲ့ ပညာသင်ဖို့ပါ စီစဉ်ပေးလိုက်ပါတယ်။ တစ်နေ့နေ့ သူတို့နိုင်ငံအတွက် အလုပ်လုပ်ဖို့ပေါ့။ ပြည်ပရောက်မြန်မာကလေး တွေဟာ နိုင်ငံတိုင်းမှာ အင်္ဂလိပ်စာနဲ့ သချာင်္ သူများထက်ထူးချွန်ကြပါတယ်။

လူငယ်တွေကို ကြည့်လိုက် လုပ်ငန်းခွင်ဝင်ကြရင် ဘယ်လုပ်ငန်းခွင် မှာမဆို မြန်မာလူငယ်တွေဟာ ဥရောပ၊ အာရှနဲ့ အာဖရိကသားတွေကို ကျော်ဖြတ်ကြိုးစား ရင်း ခေါင်းဆောင်နေရာ၊ အလုပ်ကြမ်း၊ ဖိုမင်နေရာ တွေ ရကြတာများပါတယ်။ ဒါကိုကြည့်ရင် မြန်မာလူ ငယ်တွေဟာ ပတ်ဝန်းကျင်အခြေအနေကောင်း ဖန်တီး ပေးနိုင်တဲ့ အစိုးရကောင်းနဲ့မတွေ့ခဲ့လို့သာ အစိုးရကောင်း နဲ့သာတွေ့ခဲ့ရင် ကျုပ်တို့နိုင်ငံ ဒီဘဝမျိုးအထိ ရောက် လာစရာအကြောင်းမရှိဘူး။ အစိုးရတွေသာ (၁) လူ ငယ်တွေရဲ့အခန်းကဏ္ဍကို အပေါ်ယံ လေပြောပြော တာမျိုးမဟုတ်ဘဲ အလေးအနက်သိခဲ့ရင် (၂) ပတ်ဝန်း ကျင်ကောင်းဖန်တီးပြီး အသုံးချနိုင်ခဲ့ရင် (၃) လူငယ် တွေကို မြေတောင်မမြှောက်ခဲ့ရင်တောင် အညွန့်မချိုးခဲ့ ရင် အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံမှာလာပြီး အ လုပ်လုပ်ကြရလိမ့်မယ်။

အခုဘယ်ဘဝရောက်နေပြီလဲ။ သူများနိုင်ငံ ကို မြန်မာအမျိုးသမီးအိမ်ဖော်တွေလွှတ်တာတောင် အခမ်းအနားနဲ့ ဂုဏ်ယူဝင့်ြ<ွကားနေကြရတဲ့ဘဝ ရောက် သွားပြီ။ 'အလုပ်ဟူသမျှဂုဏ်ရှိစွ'ဆိုတာ လက်ခံပါတယ်။ မိသားစုအတွက် ဝမ်းရေးအတွက် တစ်ပြည်တစ်ရွာကို သွားအလုပ်လုပ်ကြရတဲ့ညီမငယ်များကိုလည်း စာနာ ပါတယ်။
တိုင်းပြည်ဝင်ငွေကို တစ်ဖက်တစ်လမ်းက တိုး ပွားစေတာလည်း မှန်ပါတယ်။ ဒီငွေကို ငါတို့မသုံးရက် ဘူး။ စီမံအုပ်ချုပ်နေတဲ့သူတွေကို မေးကြည့်ချင်ပါတယ်။ ကိုယ့်ရဲ့သားသမီးတွေ ဆွေမျိုးသားချင်းထဲက ပြည်ပ ထွက်ပြီး အိမ်ဖော်သွားလုပ်မယ်ဆိုရင် ဝမ်းမြောက် ဝမ်းသာ ရှိပါ့မလား။

ကျုပ်တို့က ကျွန်သွားခံရတယ်။ သူတို့က ချစ်ပြား(ဃ့ငစ)တွေ၊ လက်ကိုင် ဖုန်းတွေ၊ ကွန်ပျူတာ၊ တီဗွီစတဲ့နည်း ပညာသုံးပစ္စည်းတွေ လာရောင်းတယ်။ လက်သည်းလောက်ရှိပြီး သဲကနေ ထုတ်လုပ်ထားတဲ့ ချပ်စ်ပြား ၁ဝဝ လောက်ရဲ့ ပျမ်းမျှတန်ဖိုးဟာ တခြား နိုင်ငံမှာ တစ်လသွားပြီး အိမ်ဖော်လုပ်ရတဲ့ လုပ်အားခနဲ့ သွားညီတယ်။ ပညာချင်းကွာခြား မှုပါပဲ။

ပညာရေးမှာ သူများနိုင်ငံ နဲ့ တို့နိုင်ငံ မိုးနဲ့မြေ လို ကွာခြားသွားပြီ ဆိုတာ ဒီအချက်ကို ကြည့်ရင်သိနိုင်တယ်။ ကျုပ်တို့ဆီမှာ စီမံအုပ်ချုပ်မှုတွေရဲ့ မှားယွင်းမှုကြောင့်ပဲ။ လူရောမူရော နှစ်ခုစလုံးပြောင်းမှ သာ ဒီလိုအဆင့်နိမ့်ဘဝကနေ လွတ်မြောက်နိုင်မှာပါ။ ဒါအတွက်လည်း ပြည်သူအားလုံး ညီညွတ်ရင်ဖြစ်တယ်။ ညီညွတ်ဖို့ဆိုတာဟာ အကြမ်းဖက်ဖို့တော့မဟုတ်ဘူး။ အုန်းမှုတ်ခွက်အောက်ကနေ ရုန်းထွက်ပါ။ အုန်းမှုတ်ခွက် ကိုလှန်ပစ်လိုက်ပြီး ကမ္ဘာကြီးကို အမြင်ကျယ်ကျယ်နဲ့ ကြည့်ပါ။ တစ်နည်းအားဖြင့် ကမ္ဘာကြီးကိုမြင်အောင်ကြည့် ဆိုတဲ့အဓိပ္ပာယ်က စာများများဖတ်လို့ဆိုလိုတာပါ။

ထောင်ချောက်တွေကို သတိထားပြီးရှောင် ပါ။ လက်ရှိလူငယ်တွေရဲ့ဘဝဟာ ကျုပ်တို့လူငယ်ဘဝ ထက် အန္တရာယ်များတယ်။ ကျုပ်တို့တုန်းက အရက် ဆိုင် ရှားတယ်။ အရက်ဆိုင်ဆိုတာလည်း တစ်မြို့လုံး ကြည့်မှ တစ်ဆိုင်ပဲ။ ဒါတောင် မသွားအပ်တဲ့နေရာလို့ သဘောထားကြတယ်။ မသွားရဲကြဘူး။ မူးယစ်ဆေးဝါး ဆိုတာ မရှိခဲ့ဘူး။ အခုအရက်ဆိုင်တွေ မှိုလိုပေါက်၊ စီး ကရက်တွေ အလကားပဲတင်းဈေးနဲ့ရောင်း၊ မူးယစ်ဆေး ဝါးတွေ လွယ်လွယ်ဝယ်လို့ရ။ သူများနိုင်ငံတွေမှာ အ ရက်၊ စီးကရက်တွေကို သေမင်းတမန်လို့ သဘောထား ပြီး တင်းကျပ်နေကြချိန်မှာ ကျုပ်တို့အစိုးရနဲ့လွှတ်တော် က စက်ရုံတွေခွင့်ပြု၊ အခွန်တွေလျှော့ကောက်နေတာ ထောက်ရင် တကယ်ပဲ ဗဟုသုတနည်းလို့လား။ လူငယ် တွေအညွန့်ကျိုးအောင် တမင်ခိုင်းပြီး သေကြောင်းကြံ နေကြတာလား။ တွေးရင်း ကျောချမ်းမိပါတယ်။

မတတ်နိုင်တော့တဲ့ဘဝမှာ ကိုယ့်ရဲ့လူငယ် လေးတွေကိုပဲ သတိပေးရတော့မှာပါ။ မင်းတို့ဟာ ကိုယ့် ရည်မှန်းချက်မအောင်မြင်မချင်း ကွမ်း၊ ဆေးလိပ်၊ မူး ယစ်ဆေးဝါးနဲ့ အရက်တွေရှောင်ပါ။ွှုဠတွေရှောင် ပါ။ အဲဒါတွေအားလုံးဟာ ဆိုးယုတ်တဲ့အကြံရှိသူတွေ ထောင်ထားတဲ့ထောင်ချောက်တွေပဲ။ တိုးတက်ကြီးပွား ချင်ရင် ထောင်ချောက်အားလုံးကိုရှောင်ပါ။ လူငယ်တိုင်း ကွန်ပျူတာတတ်အောင်သင်ပါ။ စာပေလေ့လာပါ။ ကိုယ် ပိုင်အချိန်တွေကိုမဖြုန်းတီးဘဲ အတတ်ပညာတစ်ခုခု တတ်အောင် သင်ကြားပါ။ ကိုယ်တိုးတက်ကြီးပွားဖို့ ချည်း မစဉ်းစားပါနဲ့။

ကိုယ့်တိုင်းပြည်တိုးတက်ဖို့လည်း ခေါင်းထဲထည့်ထားကြပါ။ ကိုယ့်ရဲ့ညီမတွေ၊ အစ်မတွေ သူများနိုင်ငံမှာ အိမ်ဖော်မလုပ်ကြဖို့ ရောင်းစားမခံရဖို့ သူများနိုင်ငံတွေမှာ ကိုယ့်ညီအစ်ကိုတွေ နိမ့်ကျတဲ့အလုပ် တွေသွားမလုပ်ကြဖို့ မင်းတို့ရဲ့ကြိုးစားမှုအပေါ်မှာ တည်ပါတယ်။

ပညာရှာချင်တဲ့လူငယ်လူရွယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းမဟုတ်ခဲ့တာကတော့ ကျုပ်တို့တုန်း ကတည်းက နှစ်ပေါင်း၅ဝ ကျော်ခဲ့ပြီ။ ဒီလိုပဲဖောက်ထွက် ပြီး လက်လှမ်းမီသမျှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာ ရှာကြရတာပေါ့။

မြေသြဇာကောင်းပေမယ့်လည်း ကျောက်သား ကျောက်လွှာကို တောင် အမြစ်နဲ့ထိုးဖောက်ပြီး ရှင်သန်အောင် ကြိုးစားကြ ပါ။
ကျုပ်တို့ဖြတ်သန်းခဲ့ရတဲ့ လူငယ် ဘဝလိုပါပဲ။ အခုလည်း မပြောင်းလဲပါဘူး။ လူငယ် တွေဟာ ကျောင်းနေစဉ်မှာ အလွတ်ကျက်ဖြေစာမေး ပွဲအတွက် ကြက်တူရွေးရှုံးအောင် အာဂုံဆောင်ရင်း စာပေ၊ ဂီတ၊ အားကစားတွေအတွက် လေ့လာခွင့် သင်ကြားခွင့်မရခဲ့ပါဘူး။ ကျောင်းပိတ်ရက်တွေကို လည်း အဓိပ္ပာယ်မဲ့စွာ ဖြတ်သန်းကြရပါတယ်။ သူများ နိုင်ငံတိုးတက်တဲ့နိုင်ငံတွေမှာ ကျောင်းနေစဉ် ဂီတ အနုပညာ၊ စာပေနဲ့ အားကစား မဖြစ်မနေလေ့လာရပါ တယ်။ ပြည်တွင်းလေ့လာရေးခရီးတွေ၊ ပြည်ပလေ့လာ ရေးခရီးတွေ အကြိမ်ကြိမ်သွား ကြရပါတယ်။ ဒီ့အတွက် ကြက်တူရွေးနှုတ်တက်မဖြစ်ရအောင် စာတွေနဲ့ချည်း ပိမနေအောင် ပညာရေးစနစ်ကို ခေတ်မီအောင် ပြုပြင်ထားပါတယ်။ နွေရာသီကျောင်းပိတ် ရက်တွေမှာ စက်ရုံအလုပ်ရုံတွေ စူပါမတ် တွေက ကျောင်းသားလုပ်အားပေးတွေကို လစာနှုန်းတစ်ဝက်နဲ့လက်ခံဖို့ ဥပဒေထုတ် ထားပါတယ်။ ဒါကြောင့် လက်တွေ့ဘဝတွေကို ဝါ သနာပါရာလေ့လာရင်း ဝင်ငွေလည်း ရှာနိုင်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ကျောင်းသားလူငယ်ဖလှယ် ရေးအစီအစဉ်တွေရှိပါတယ်။

လမ်းတွေဖောက်ထားပေး တယ်။ လမ်းတွေဖွင့်ထားပေးတယ်။ ကျောင်းသား လူငယ်တွေကို အရက်၊ ဆေးလိပ်ရောင်း ရင် ပြင်းပြင်းထန်ထန် အရေးယူပါ တယ်။ ကိုးတန်း၊ ဆယ်တန်းအ ဆင့်နဲ့ဆိုရင် ကိုယ့်နိုင်ငံရဲ့ပါတီအ ကြောင်းတွေ၊ ပါတီနိုင်ငံရေးတွေ၊ လက်ရှိနိုင်ငံရေးအခြေအနေတွေ သင် ကြားပေးပါတယ်။ နိုင်ငံရေးသမားတွေ၊ လွှတ် တော်ကိုယ်စားလှယ်တွေလည်း ကျောင်းတွေမှာ အ လှည့်ကျလာရောက်ကာပြောရင်း လူငယ်တွေမေးသ မျှ မေးခွန်းတွေကို လေးလေးစားစား ဖြေကြရပါတယ်။

နောက်ဆုံး လူငယ်တွေကိုမှာချင်တာကတော့ ဒီမိုကရေစီဆိုတဲ့တောင်ကြီးက မင်းတို့ဆီမလာခဲ့ရင် မင်းတို့က တောင်ကြီးဆီ အရောက်သွားကြဖို့ပါပဲ။

××××××××××××××××××××××××××××××××××××××××××

FLOWER NEWS JOURNAL Vol.10, No.15 ( ဧပြီ ၆, ၂၀၁၄ )

မြန်မာ့နိုင်ငံရေးတွင် ၂၀၀၈ ခုနှစ်၌ စစ်အစိုးရရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသော အခြေခံဥပဒေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကိုဖျက်သိမ်းကာ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရယူကာ အရပ်သားအစိုးရဟူသောအမည်ဖြင့် ဒီမိုကရေစီအစိုးရသစ်ကိုဖွဲ့စည်းခဲ့သည်။ ထိုအစိုးရတွင် ယခင်စစ်ဗိုလ်များဖြစ်ခဲ့ကြသော ဦးသူရရွှမန်း၊ ဦးသီဟသူရတင်အောင်မြင့်ဦး၊ ဦးသိန်းစိန်စသော များစွာသော ထင်ရှားသည့်စစ်ဗိုလ်များပါဝင်ခဲ့သည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟူသည် ၁၉၉၄/၉၅ ခုနှစ်လောက်တွင် ယခင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များဦးဆောင်ကာ စတင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က နိုင်ငံရေးပါတီဟု အမည်မခံသေးပဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဟုသာ ခေါ်တွင်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ဦးသန်းရွှေခေါင်းဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဖျက်သိမ်းလိုက်သည့်အခါတွင် နိုင်ငံရေးပါတီအဖြစ်သို့ အသွင်ပြောင်းကူးယူကာ ယခင်စစ်ဘက်ခေါင်းဆောင်များကသာ အရပ်သားဖြစ်အမည်ခံလျက် မြန်မာနိုင်ငံကို ဆက်လက်အုပ်ချုပ်ခဲ့သည်။ တနည်းဆိုရသော် ဦးသန်းရွှေ၏ ခါးပိုက်စောင့်ဟု ဆိုနိုင်သည်။ အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတော်အလံကိုပါ ပြောင်းလဲခဲ့ပါသည်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် ညီမျှမှုအလျဉ်းမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုရွေးကောက်ပွဲ၌ ကြိုတင်မဲဟူသောဝေါဟာရဖြင့်တစ်မျိုး ဝှိုက်ကဒ်ကိုင်ဘင်္ဂါလီလူမျိုးများ၏မဲဖြင့်တစ်ဖုံ မဲညစ်မဲလိမ်များဖြင့် သန့်ရှင်းမှုမရှိခဲ့ပေ။

ဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သားအစိုးရသစ်တွင် မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများကို လွှတ်ပေးခဲ့သည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ၊ ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိသော နိုင်ငံရေးအကျဉ်းများနှင့်အတူ ရဟန်းရှင်လူများ ပါဝင်ခဲ့သည်။ ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနိုင်ငံတော် စာမျက်နှာသစ်ကိုဖွင့်ရာတွင် နိုင်ငံရေးအကျဉ်းသာဟူသည် မရှိသင့်ဟုထင်မြင်နိုင်ခဲ့သည်။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။ ထိုကြားဖြတ်ရွေးကောက်ပွဲဖြင့်ပင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ရောက်လာခဲ့သည်။ ဤကား ထင်ရှားမှုများသာ။

အစိုးရသက်တမ်းတစ်လျှောက်တွင်
ဧရာဝတီမြစ်ဆုံအရေး၊ ရခိုင်အရေး၊ မိတ္ထီလာအရေး၊ လာရှိုးအရေး၊ လက်ပံတောင်းတောင်အရေး၊ လက်နက်ကိုင်ငြိမ်းချမ်းရေး၊ ခြေဥပြင်ဆင်ရေး စသည်ဖြင့် အရေးပေါင်းများစွာရှိခဲ့သည်။ ထိုအရေးပေါင်းများစွာတို့သည်လည်း မပြီးပြတ်ခဲ့။ လစာတိုးမျိုးမည်၊ ကုန်ဈေးနှုန်းတက်ဦးမည်။ ကုန်ဈေးနှုန်းတက်လျှင် ပြည်သူတို့ အနေခက်ဦးမည်။ ချက်ကျကွက်ကျ နိုင်ငံရေးအလှကိုဖန်တီးယူသည်။ ယခုမူ နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်းများကို ကျူးကျော်အဖြစ်သတ်မှတ်ကာ ဖျက်သိမ်းကြပြန်သည်။ ရဟန်းတော်များ ထောင်ချခံရသည်။ နိုင်ငံရေးကြောင့်ထောင်ချခံရသည်မဟုတ်ပဲ ကိုယ့်ကျောင်းကိုယ်သီတင်းသုံးရင်း ထောင်ချခံရသည်မှာ စိုးထိတ်စရာကောင်းပါသည်။ ဤအချိန်တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဟူသော စာတမ်းများက ကွယ်ပျောက်ကုန်ကြသည်။ သို့ဆိုလျှင် ထိုစာတမ်းများသည် အဘယ်သူများဖြစ်မည်နည်း။ စဉ်းစားစရာတွေ ပေါ်လာသည်။ အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေးလှည့်ကွက်များသည် ကြောက်စရာကောင်းလှသည်တော့ အမှန်ပါပေ။

ဇာတ်လမ်းကို ဧရာဝတီနှင့် စတင်သည်။ ဧရာဝတီကို လူအများက ရေရှည်တည်တံ့စေသည်။ ဂေဟစံနစ်ပျက်သွားနိုင်ကြောင်းရိပ်စားမိကြသောသူတို့သည် အပြင်းအထန်လှုံ့ဆော်ကာ တားဆီးကြသည်။ ထိုမှလျှင် ငြိမ်းချမ်းသော ကချင်လက်နက်ကိုင်များဖြင့် မြန်မာ့တပ်မတော်တို့ ဝုန်းဒိုင်းကြဲကြလေသည်။ နိုင်ငံရေးဒုက္ခသည်များဘဝ လုံးလုံးလျားလျားရောက်သွားကြသည်က ကချင်ပြည်သူများ။
ထို့နောက် အစိုးရသစ်သည် ဘွားခနဲပစ်ချလိုက်သော ဧရာဝတီကိစ္စကို ရပ်တန့်စေ၍ အမှတ်ယူလိုက်သည်။ ဧရာဝတီကို မည်ကဲ့သို့ ထိုးကျွေးရောင်းချထားသနည်းကိုမူ အစိုးရသစ်က တိတိလင်းလင်းထုတ်မပြရဲချေ။ သို့သော်လည်း ဧရာဝတီဆက်လက်စီးစေဟူသောသဘောဖြင့်ပင် ပြည်သူတို့ကိုကျေနပ်နေစေခဲ့ကြသည်။ အစိုးရသစ်သည် ယခင်အစိုးရ၏ ရှုပ်သမျှကို ရှင်းရသည်က အမှန်ပါပေ။ သို့သော်လည်း သဲသဲကွဲကွဲမရှင်းနိုင်ပဲရှိချေသည်။ သို့ဆိုလျှင် အစိုးရသစ်အနေဖြင့် ဧရာဝတီ၏တန်ဖိုးကို မည်သို့ချေပမည်နည်း။ မည်သို့ပြန်ယူမည်နည်း။

ရခိုင်တွင် မြန်မာအမျိုးသမီးငယ်ကလေးတစ်ယောက်ကို ကုလားများ၏ မုဒိမ်းမှုဖြင့်အစပေါ်လာသည်။ မည်သို့သောအကြောင်းအရာကြောင့် ဤသို့အကျိုးများပေါ်ထွက်သနည်းကိုမူ ကိုယ်တိုင်ချင့်၍ သုံးသပ်တော်မူနိုင်ကြပါသည်။ ထိုမှအစပြုကာ ရခိုင်နှင့်ဘင်္ဂါလီတို့သည် တုတ်ဆွဲဓါးဆွဲ ရန်ပွဲနွှဲကြလေတော့သည်။ ထိုအချိန်မှစ၍ အမျိုးသမီးပျိုလေးအသတ်ခံရသောဓါတ်ပုံများဖြင့် အွန်လိုင်းတခွင် သာသနာဝင်များသည် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဟု အော်စပြုကာ နောင်တွင် အပြင်လောက၌ လက်တွေ့အကောင်ထည်ဖော်လျက် စောင့်ရှောက်ကြပြန်သည်။ နိုင်ငံရေးသမား ဦးမြအေးဟောသော စာပေဟောပြောပွဲပင် ပိတ်ပင်ကြကုန်၏။ အာဂစောင့်ရှောက်ရေးသမားများပါပေ။ ထိုစောင့်ရှောက်ရေးသမားများထဲတွင် ရဟန်းသံဃာတော်များလည်း ပါလာပြန်ပေသေးသည်။ နားနှင့်မနာ ဖဝါးနှင့်သာနာကြရန် ပြောလိုပေသည်။ ထိုစောင့်ရှောက်ရဟန်းသံဃာများသည် များသောအားဖြင့် ဘုမသိဘမသိ အမြော်အမြင်မရှိကြသော ရဟန်းသံဃာများသာ များလေသည်။ ပညာတတ်ရဟန်းအချို့ကမူ ထိုစောင့်ရှောက်ရေးသံဃာများအတွက် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရလေသည်။ သို့ဖြင့် ရခိုင်ပြည်သည်လည်း မီးခိုးတငွေ့ငွေ့ကြားတွင် ထလောင်လိုက် အငွေ့ထွက်လိုက်ဖြင့် ယခုတိုင် မီးမသေနိုင်တော့ပေ။

ထိုမှတစ်ဖန် မိတ္ထီလာမြို့အတွင်း ဗမာ၊ကုလားရန်ပွဲကြီးစပြန်သည်။ များစွာသောပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ ကုလား၊ ဗမာဖြစ်သောကြောင့် အမျိုးဘာသာသမားများသည် ပို၍အင်အားတောင့်တင်းလာကြလေသည်။ ထို့နောက်လားရှိုးကို မီးကူးသည်။ ထို့နောက် လက်ပံတောင်းတောင်တွင် သံဃာတော်များအား မီးလောင်ဗုံးဖြင့် ကထိန်သင်္ကန်းကပ်လှူလေ၏။ အမျိုးဘာသာသမားများသည် မီးလောင်သံဃာများအား မည်သို့စောင့်ရှောက်ခဲ့ကြသည်ကို ယခုထိ မကြားမိပေ။ သီတဂူဆရာတော်ကြီးနှင့် နိုင်ငံရေးသမားအချို့က ဝိုင်းဝန်းကူညီကြသည်ကိုတော့ သတိရနေမိပါသည်။

လက်နက်ကိုင်ငြိမ်းချမ်းရေးသည်လည်း အစမထင်သံသရာပြင်ဟု ဆိုရဦးမည်။ ယနေ့အထိ အားရစရာ မရှိသေးသောကြောင့်ဖြစ်သည်။ အစိုးရသစ်၏ လုပ်ပုံကိုင်ပုံများသည် ကိုးရီးယားဇာတ်လမ်းတွဲများကဲ့သို့ ရှိချေသည်။ ဘယ်အချိန် ဘယ်လိုဇာတ်လမ်း ထကမည်ကို ခန့်မှန်းခြင်းငှာ မစွမ်းသာ။ ဇာတ်လမ်းဟူသည်ကိုသာ သိနေရပါသည်။

မောစရာကောင်းလှသော မြန်မာ့အရေးများတွင် ရယ်စရာများလည်း ရှိပါသည်။ ထိုရယ်စရာများကြောင့်ပင် အာဏာပိုင်အစိုးရ၏ အရည်အသွေးကို ပေါ်လွင်စေခဲ့ခြင်းဖြစ်သည်။ ထိုအရာများသည်ကား ဝန်ကြီးများ၏ ပြည်သူအပေါ်တုံ့ပြန်သော စေတနာများပေတည်း။ ထမင်းတစ်နပ်လျှော့စားခိုင်းသည်မှအစ နယ်လှည့်ပါးရိုက်လာတာအဆုံး စကားစကား ပြောပါများ စကားထဲက ဇာတိပြကြလေတော့သည်။ အံ့ဖွယ် ဝန်မင်းများပါတကား။

မျိုးစောင့်ဥပဒေသသိက္ခာပုဒ်တော်ကို ပညတ်တော်မူခဏ်း။ မျိုးစောင့်ဥပဒေတော်ပညတ်ရေးနှင့် ခြေဥပြင်ဆင်ရေးတို့ အချိန်ကိုက်ထွက်ပေါ်လာသည်မှာ အံ့သြစရာကောင်းပါသည်။ မျိုးစောင့်ရှိရေး မရှိရေးထက် ဥပမာတစ်ခုတင်ပြပါမည်။ ဆန်ကိုသန့်စင်စေရန် ဆန်ထဲမှ စပါးလုံးနှင့် ကျောက်ခဲ ကြွက်ချေးအစရှိသည်တို့ကို ရွေးထုတ်သင့်ပါသည်။ ဆန်ကိုသန့်စင်စေရန် ရေတွင်းထဲဆင်းကာ ရေပက်နေ၍ မရပေ။ ရေပက်နေလျှင် ရေကြည်ရုံသာ ရှိမည်။ ဆန်ကတော့ သန့်စင်သွားမည်မဟုတ်ပေ။ ဤအချက်ကို သတိပြုရန် လိုပါသည်။ ခြေဥပြင်ဆင်ရေးသည် ထိုဥပဒေတော်ထက်တော့ အရေးကြီးမည်ဟု ထင်ပါသည်။ အဘယ့်ကြောင့်ဟူသည်ကို အကျယ်တဝင့် မဖွင့်လိုတော့။ သိပြီးသားများ ဖြစ်ကြလိမ့်မည်ဟု ထင်သောကြောင့်။

တိုင်းပြည်မငြိမ်သက်လျှင် အုပ်ချုပ်သူတို့ရှက်ဖွယ်မျှသာတည်း။ သို့သော် သူတို့ကား ....... မရှိ။ အဘယ့်ကြောင့်နည်း။ တိုင်းပြည်ငြိမ်းချမ်းလျှင် ပြည်သူတို့ ချမ်းသာကြ၏။ တိုင်းပြည်မငြိမ်းချမ်းလျှင်ကား အုပ်ချုပ်သူနှင့် အပေါင်းအပါတို့သာ ချမ်းသာကြသည်ဖြစ်သောကြောင့်။

ဤတွင် ရှေးရှေးသော စာဖတ်သူကြီးနှင့် အပေါင်းအပါများ ကြီးပွားချမ်းသာသွားကြသည်ကို နမူနာယူသတိပြုသင့်ကြကြောင်း ပြောလိုသည်။

မင်းကြည်ညို

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.