04/20/14

ဒီပုံကိုမြင်ရတွေ့ရတော့ ကျွန်တော် ဝမ်းနည်းတယ် ဒီနိုင်ငံနဲ့ ဒီလူမျိုးကို ကျွန်တော်တို့ချစ်တယ် ကျွန်တော်တို့ရဲဆိုတာကလဲ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းလာတဲ့ ဒီလူမျိုးတွေမို့လို့ပါပဲ ဘာကြောင့် ရဲမဟုတ်တဲ့ ဒီနိုင်ငံကပြည်သူတွေက ရွံ့ရှာမုန်းတီးနေကြတာလဲ ဒီမေးခွန်းကို ကျွန်တော်မမေးရဲဘူး ပြန်ပြောလာမဲ့ ပြန်ဖြေလာမဲ့ အဖြေတွေထဲမှာ ကျွန်တော်တို့သိက္ခာတွေ ကျွန်တော်တို့ရဲ့အရှက်အကြောက်တရားတွေကို ချေဖျက်ပြစ်နိုင်တဲ့စကားလုံးတွေပါလာမယ်ဆိုတာကြိုသိနေလို့ပါပဲ အစွန်းနှစ်ဖက်ကြားမှာရပ်တည်နေရတဲ့လူတန်းစားကိုမီးစာတစ်ဖက်ရေမှုတ်တစ်ဖက်နည်းဗျူဟာနဲ့ထိန်းကျောင်းခံနေရသမျှ ပြည်သူကိုအပြည့်အဝမစောင့်ရှောက်နိုင်သလို ပြည်သူတွေရဲ့ရွံ့ရှာမုန်းတီးခြင်းကိုခံနေရမှာပါပဲ ။

၂၀၀၂ / ၂၀၀၃ လောက်က ရဲချုပ်စိုးဝင်းလက်ထက်လောက်ကပေါ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုပြီး အသွင်သဏ္ဍန်နဲ့အနှစ်သာရပြောင်းလဲရေးစီမံချက်ကြီးကိုဘယ်လိုပညာရှိတွေနဲ့ပူးပေါင်းရေးဆွဲလိုက်သလဲမသိဘူး ရေးတော့ရေးလိုက်တာပါပဲ အဲဒိစီမံချက်ကြီးရေးပြီးသွားတော့ အောက်ခြေကိုချပြတယ် ပြီးတော့ ဘယ်လူကြီးလာလာအဲဒိဘာမှန်းညာမှန်းမသိတဲ့ စီမံချက်ကြီးကို အလွတ်ဆိုပြရတယ် (ကျွန်တော်ကကင်းစစ်ရေးပြအဖွဲ့မှာပါလို့ပါ) ဒီလိုနဲ့ပဲ ယူနီဖောင်းတွေအရောင်ပြောင်းလဲလိုက်တယ် ဝန်ကြီးကရဲချုပ်ကိုခိုင်းတယ် ရဲချုပ်ကတိုင်းမှူးကိုပြန်ခိုင်း တိုင်းမှူးကခရိုင်မှူးပေါ့ အဲလိုအဆင့်ဆင့် ပါးစပ်နဲ့အသွင်သဏ္ဍန်ကြီးပြောင်းလဲပြစ်လိုက်တာ နောက်ဆုံးကျွန်တော်တို့အောက်ခြေကိုရောက်လာတဲ့အခါမှာ သူတို့ပြောင်းခိုင်းသလိုပြောင်းဖို့ ငွေလိုလာတယ် ..အဲံဒိလိုငွေအတွက် ချဲဒိုင်တွေ အရက်ပုန်းဆိုင်တွေ ဖဲဝိုင်းဒိုင်တွေ အမှုသည်တွေအပေါ် လုံးလုံးတာဝန်ရှိသွားခဲ့ရတယ် သူတို့ကလဲငါ့သားလေးငါ့ညီလေးငါ့အကိုကြီး ဆိုပြီးချစ်လို့ခင်လို့ပေးတာမဟုတ်ဖူး သူတို့လုပ်ငန်းမှာအနှောင့်အယှက်ဖြစ်မှာစိုးလို့သောက်မြင်ကပ်ကပ်နဲ့ပေးရရှာတာလေ ...

ဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့သိက္ခာတွေ အရှက်တရားတွေ ကိုအထက်လူကြီးတွေရဲ့လိုအင်ဆန္ဒအရ ရောင်းစားလိုက်ရတယ် ကျွန်တော်တို့တပ်ဖွဲ့ကြီးကို တကယ်ပဲအသွင်သဏ္ဍန်နဲ့အနှစ်သာရတိုးတက်စေချင်လား လွယ်လွယ်လေး ရော့ဒီမှာ လစာရိက္ခာ ဒီမှာနေဖို့ ဒီမှာဝတ်ဖို့ ဒီမှာလုပ်ငန်းအသုံးစရိတ် လုံလောက်လား တရားဥပဒေစိုးမိုးရေးလုပ်ငန်း ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်း တွေဆောင်ရွက်ဖို့ဘာလိုအပ်သလဲ ပြန်တင်ပြ ။ ငါ့တို့ဖက်ကဖြည့်ဆည်းပေးမယ် အဲဒိလုပ်ငန်းတွေအောင်မြင်အောင် ဆောင်ရွက်ပေးဖို့က မင်းတို့တာဝန်ပဲ တာဝန်မကျေရင်တော့ထိထိရောက်ရောက်အပြစ်ပေးအရေးယူမယ် ဒါပဲ ။ မလွယ်ဘူးလား မရှင်းဘူးလား ဟိုစီမံချက်ဒီစီမံချက်တွေလျှောက်ဆွဲမနေနဲ့ အလုပ်ရှုပ်တယ် စာရွက်ဖိုး ကွန်ပျုတာစာစီခ မိတ္တူဆွဲခ ကုန်တယ် ။ ဒီတော့ ရှင်းရှင်းပြောရရင် အမှန်တကယ်ပဲဒီတပ်ဖွဲ့ကြီးကို တိုးတက်စေချင်တာမှ ဟုတ်ရဲ့လား လုပ်ငန်းတစ်ခုခုခိုင်းလိုက်တိုင်းလိုအပ်လာမဲ့ လုပ်ငန်းအသုံးစရိတ်တွေကို ဒုစရိုက်သမားတွေဆီကရှာလိမ့်မယ် ...

ဒါဆိုရင်ဒီတပ်ဖွဲ့ကြီးပြည်သူကြားမှာတောင်ရမ်းစားသောက်နေရလိမ့်မယ် ဒီတော် တပ်ဖွဲ့ဂုဏ်သိက္ခာကျလိမ့်မယ် အများအမုန်းကိုခံရလိမ့်မယ် အများပြည်သူတွေရဲ့ရွံ့ရှာခြင်းကိုခံရလိမ့်မယ် ။ ဒါမှ ပြည်သူနဲ့ရဲတပ်ဖွဲ့ ပေါင်းစပ်လို့မှမရပဲ အငြိုးအတေးတွေဖြစ်လာမယ် ဒီတော့အဲဒိအင်အားနှစ်ရပ်မပူးပေါင်းသေးသရွေ့ငါတို့လုပ်ချင်ရာလုပ်လို့ရတယ် ဆိုတဲ့ နေမဝင်ဗျူဟာအတိုင်းများ ကျင့်သုံးနေခဲ့သလား ? ကျွန်တော်တို့ရဲတပ်ဖွဲ့ကတော်လှန်ခဲ့ဖူးတယ် သူပုန်ဗိုလ်ဖြစ်သွားတဲ့ ဗိုလ်မြက ရဲဒုတပ်ကြပ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ် ဒီတော့ အဲလိုမဟုတ်မခံပြန်တော်လှန်တတ်တဲ့ ဒုတိယလက်နက်ကိုင်တပ်ဖွဲ့ကြီးကို ဂုတ်ချိုးနှိမ်ထားမှသာ ငါတို့နောင်ရေးစိတ်အေးရမယ် ဆိုတဲ့အတွေးစိတ်ကူးမျိုးဘယ်သူတွေးဖူးမလဲ? ဆိုတာကျွန်တော် စဉ်းစားမိတယ် ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့အရေးပါတဲ့နေရာတိုင်းမှာဆဲလ်တွေသွင်းထားခဲ့တယ် ။ second way ဆိုတာမရှိဘူးလို့မပြောနိုင်ဘူးလေ ထားပါတော့ ဒါတွေဆက်ပြောရင်ကျွန်တော့်အတွေးတွေကကုန်ဆုံးသွားမယ်မထင်ဘူး ။ အဓိကပြောချင်တာက ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ မိဘပြည်သူတွေအခုချိန်ထိရန်တိုက်ပေးခံနေရတုန်းဆိုတာပါပဲ ဘာကြောင့်လဲဆိုတော့ တိုင်းတပ်ဖွဲ့မှူးနဲ့အထက်အရာရှိကြီးများက အများပြည်သူနဲ့စကားပြောဆိုဆက်ဆံတဲ့နေရာ အရမ်းသိမ်မွေ့လွန်းတယ် အရမ်းသီးခံနေလွန်းတယ် အရမ်းချိုသာလွန်းတယ် ဒါပေမယ့်အဲဒိလူကြီးတွေရဲ့ အောက်ခြေကိုပေးတဲ့အမိန့်မှာ ပြင်းထန်းလွန်းနေတာဟာ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးဖြစ်နေသလို အောက်ခြေရဲတပ်ဖွဲ့ဝင်စစ်စစ်တွေနဲ့ ပြည်သူကိုအံချော်စေသလိုပါပဲ အောက်ခြေကပြဿနာတစ်ခုခုဖြစ်လာတော့ အကြိမ်ကြိမ်ညွှန်ကြားထားသော်လည်း လိုက်နာမှုမရှိ ဆိုပြီးအပြစ်ပေးအရေးယူပြလိုက်တယ် ဒါဟာ ထိုးကျွေးတာပဲ နေပြည်တော်ဖြစ်စဉ် မအူပင်ဖြစ်စဉ် တွေကိုပဲကြည့် ။ ဒီတော့ ကျွန်တော်အိမ်ကြက်ဘဝကအမြန်လွတ်မြောက်ချင်နေပါပြီ ကဲခင်ဗျားတို့ရော ။

အိုးမဲအသုတ်ခံနေဦးမှာလား မျက်စိဖွင့်ကြည့်ပေးပါ ။ နားတွေစွင့်ထားပေးပါ ။ ဒီလိုပြောလို့ ငါတို့က ထတော်လှန်ရမှာလား ဆိုပြီးတောင်တွေးမြောက်တွေးလျှောက်မတွေးနဲ့ဦး ကျွန်တော်ပြောချင်တဲ့သဘောက ရဲဆိုတာကလဲ ဒီနိုင်ငံက ဒီလူမျိုးထဲကပေါက်ဖွားလာတာပါ ။ အခြားတိုင်းပြည်ကလာအုပ်ချုပ်တဲ့ ကျူးကျော်သူတွေမဟုတ်ပါဘူး ။ ဒီတော့ ရဲတပ်ဖွဲ့ဝင်တွေပိုက်ဆံတောင်းနေတာများတွေ့ရမြင်ရရင် ဒီရဲဒုက္ခရောက်သွားအောင်တိုင်လိုက်တာထက် ဘာကြောင့်တောင်းနေရလဲဆိုတာကို အခြေခံကျကျနားလည်သိရှိအောင် လေ့လာပြီးပြုပြင်ဆုံးမပေးပါလို့ ကျွန်တော်ကတောင်းပန်ချင်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲတပ်ဖွဲ့ကဟိုးနှစ်ပေါင်းများစွာကတည်းက ပြည်သူဆီကတောင်းလို့ရတဲ့ပိုက်ဆံနဲ့ပဲ ပြည်သူ့ကိုကာကွယ်စောင့်ရှောက်ပေးရတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်လာခဲ့ရပါတယ် ။ အခုလဲဒီအတိုင်းပါပဲတောင်းနေရတုန်းပါပဲ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဘာအဖွဲ့ညာအဖွဲ့ဆိုတာကြီးပေါ်လာလို့ မတောင်းရတော့ဘူးလို့တထစ်ချမယူဆပါနဲ့ဦး အခုချိန်ထိ လှည့်ကင်းလှည့်ဖို့ နိုင်ငံတော်ကဘာတစ်ခုမှထုတ်မပေးနိုင်သေးပါဘူး စက်ဘီးတွေဝယ်ဖို့တင်ဒါခေါ်တုန်းပဲရှိပါတယ် ။ ယူနီဖောင်း လက်ထိပ် စကားပြောစက် ချပ်ဝတ်တန်ဆာ ဘာတစ်ခုမှအလကားမရသေးပါဘူး ။ ဒီတော့ ကျွန်တော်တို့တောင်းနေရဦးမှာပါပဲ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကိုပေးတဲ့အမိန့်က ဟိုးအရင်ကအတိုင်းပါပဲ ။ မိုက်ကရိုဖုန်းရှေ့မှာပြောင်းလဲသွားတဲ့စကားတွေကြောင့် အရာအားလုံးပြောင်းလဲသွားပြီလို့ မထင်ပါနဲ့ အဲလိုထင်လိုက်ရင် ခင်ဗျားလူလိမ်ခံလိုက်ပြီလို့မှတ်လိုက်ပါ ။ စကားလုံးလှအောင်ပြောဖို့ကလွယ်ပါတယ် ။ အလုပ်တွေလှပဖို့အတွက် လိုအပ်ချက်တွေအများကြီးရှိပါတယ် ။
ကျေးဇူးတင်ပါတယ်
မင်္ဂလာရှိသောနှစ်သစ်မှာ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။(Real Felling)


ရန်ကုန်လေဆိပ်မှာ စစ်ဆေးရေးဂိတ်ကို ဖြတ်ရဖို့  ကလေးငယ်တစ်ယောက် အချိန်အကြာကြီး ဒီလိုစောင့်ဆိုင်းပြီးနေရတာ နိုင်ငံတစ်နိုင်ငံရဲ့  စီမံခန့် ခွဲမှု ဘယ်လောက်အားနည်းညံ့ဖျင်းသလည်းဆိုတာ။(photo.. Nik Nayman)
ဒီတခေါက် မြန်မာပြည် ပြန်တော့ ရန်ကုန် လေဆိပ်အ၀င်မှာ အမြင်မတော်မှုတခုကို တွေ့လိုက်ရတယ်။

မြန်မာပြည်ကို ပြန်လာတာမှာ လ၀ကကို ဖြတ်ဖို့ ကောင်တာတွေ ရှိပါတယ်။

မြန်မာနိုင်ငံသားအတွက်က ကောင်တာ ၃ ခု၊ နိုင်ငံခြားသားက ကောင်တာ ၄ ခုနဲ့ သင်္ဘောသားကောင်တာ၊ သံတမန်များကောင်တာ အစရှိတဲ့ ကောင်တာတွေ အသီးသီး ရှိပါတယ်။

နိုင်ငံခြားသားက နည်းတော့ ခဏလေးနဲ့ လူပြတ်သွားပြီး မြန်မာနို်င်ငံသားအတွက် ကောင်တာ ၃ ခုမှာတော့ လူတန်းက အရှည်ကြီးနဲ့ အလှည့်ရောက်အောင် တော်တော် စောင့်လိုက်ရတယ်။

အဓိက ပြောလိုတာက စီမံခန့်ခွဲမှု လိုအပ်တာကိုပါ။ ကျွန်တော်လို တခဏ ပြန်တဲ့သူတောင် ဒါကို သတိပြုမိနေသေးရင် ဒီဋ္ဌာနကို တာဝန်ယူတဲ့ အရာရှိတွေက သတိမပြုမိကြဘူးလား။

ဥပမာ။ လာမယ့်နိုင်ငံက ခရီးသည်တွေရဲ့ အရေအတွက်ကို ကြည့်ပြီး ကောင်တာကို ပုံသေမထားဘဲ လိုသလို တိုးတာ၊ လျှော့တာ လုပ်သင့်တာပေါ့။

ခုတော့ ကောင်တာက အသေလို လုပ်ထားပြီး ကိုယ်နဲ့ဆိုင်တဲ့ သူမလာရင် ငုတ်တုတ်ကြီး ထိုင်နေကြတယ်။ ဒီဘက်က ကောင်တာ ၃ -ခုမှာတော့ ကုတ်ချိန်တောင် မရကြဘူး။

နောက်ပြီး နိုင်ငံခြားသား ကောင်တာကရော မြန်မာနိုင်ငံသားတွေကို ၀င်နိုင်ဖို့ မစစ်ဆေးပေးနိုင်ဘူးလားလို့ သိချင်မိတယ်။

မြန်မာနိုင်ငံလေဆိပ်မှာ တာဝန်ကျတဲ့၊ တာဝန်ရှိကြတဲ့ အရာရှိများကို သတိပြုမိနိုင်ပါစေ။
ရန်ကုန်လေဆိပ် လ၀က နဲ့ အမြင်မတော်မှု (၂)
*********************************
နောက်တခါ အူကြောင်ကြောင် နိုင်တာကတော့ White Card ဖြည့်ရတာပါပဲ။
ကျွန်တော် နားလည်သလောက် White Card ဆိုတာ ကိုယ့်နိုင်ငံကို လာလည်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ။
ဘာကြောင့် ကိုယ့်နိုင်ငံ ကိုယ်ပြန်လာတာကို စာရွက်အကုန်ခံပြီး လာဖြည့်ခိုင်းမှန်း မသိဘူး။ စင်္ကာပူနိုင်ငံမှာ ပီအာရ် ရထားသူတောင် စင်္ကာပူနိုင်ငံကို ပြန်ဝင်ရန် White Card ဖြည့်စရာ မလိုဘူး။
ပိုဆိုးတာက Declaration အပိုင်းမှာ US$10, 000 နဲ့ အထက် ပါရင် ကြေညာရန်မှာ TICK လုပ်ရမယ်တဲ့။ ကျွန်တော့်မှာမှ မပါတာ၊ မလိုဘူးပေါ့။
ဒါပေမယ့် အောက်တစ်ကြောင်းမှာတော့ ... မြန်မာနိုင်ငံသားများ အတွက်သာတဲ့။
နိုင်ငံခြားငွေ ဘယ်လောက်ပါပါ ကြေညာရမယ်ဆိုတဲ့ သဘောမျိုး ရေးထားတော့ အပေါ်နဲ့အောက်က တော်တော် ၀ိရောဓိ ဖြစ်နေတယ်။
ဒါပေမယ့် ကိုယ့်အမှား မဖြစ်အောင် ပါသလောက်လေးကို အရင် ဖြည့်လိုက်ပြီး
အနားရောက်လာတဲ့ လေယာဉ်မောင်ကို ခေါ်ကာ ဒါကြီးက ဘယ်လို လုပ်ရမှာလဲ၊ ကြေညာရမှာလား၊ မကြေညာရဘူးလား ... အပေါ်နဲ့အောက်က လိုက်လျောညီထွေ မရှိဘူး ဆိုတော့ ...
အစ်ကိုက ပိုက်ဆံကို ဘာလို့ သွားဖြည့်တာလဲ၊ မလိုဘူးတဲ့။ ဒီလိုပဲ လျှောက်ရေးထားတာတဲ့။
ကောင်းရော ...။
ဒါပေမယ့် ကျွန်တော်ကတော့ တခုခုဆို ပြန်ဖြေလို့ ရအောင် ပါသမျှကို ဖြည့်သလို US$ 10, 000 နဲ့အထက် မဟုတ်လို့ မကြေညာဘူး။
ရှင်းရော ...။
လ၀က လူကြီးမင်းများ ကိုယ်ထုတ်ထားတဲ့ စာရဲ့ အဓိပ္ပါယ်ကို သိရှိနိုင်ပါစေ။
လေးစားခင်မင်စွာဖြင့်

စိုးထွန်း


ကိုရီးယားနိုင်ငံ ဘူချွန်းမြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ကိုရီးယားဌာနခွဲ) တွင် ကျင်းပပြုလုပ်သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အောက်မေ့ဖွယ် အထိမ်းအမှတ် ငွေရတု အခမ်းအနားတွင်ံHaja Center မှ ကိုရီယားလူငယ်လေးများက "ရာဇ၀င်များရဲ့ သတို့ သမီး (ဧရာဝတီ )" သီချင်းကို မြန်မာလို သီဆိုသွားတာ လေးစားဖို့ကောင်းတယ်... ၁၁-၈-၂၀၁၃ (thuthuzawmin)

အခမ်းအနား တက်ရောက်စဉ် ကိုရီးယား လူငယ်လေးများ သီဆိုထားတာကို ရိုက်ကူးထားတာပါ...

၁။ ကုန်တင်ကားရဲ့ အလေးချိန်ကို သေချာစွာ မစစ်ဆေးခြင်း။
၂။ ကုန်တင်ကားများကို သင်္ဘောပေါ်တွင် သံကြိုးများဖြင့် လေးဘက်လေလံ ချည်နှောင်ထားရပေမယ့် အရှေ့ အနောက် နှစ်ကြိုးသား ချည်နှောင်ထားခြင်း။
၃။ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာကို မေးမြန်းတဲ့အခါ စက်ချို့ယွင်းမှုကြောင့် ရုတ်တရက် ကွေ့လိုက်ရကြောင်း။
၎။ ကပ္ပတိန်က သင်္ဘော မှောက်ခါနီးအချိန်တွင် အိပ်ခန်းသို့ ၀င်ရောက်နေခြင်း၊ ကပ္ပတိန်ရဲ့ အမိန့်ကို နာခံခြင်း သိပ်မရှိခြင်းဟု ဆို။

မနေ့က သင်္ဘော ကပ္ပိတိန်၊ စက် အင်ဂျင်နီယာနဲ့ ၀န်ထမ်း တစ်ဦး။ ပေါင်း သုံးဦးကို ဖမ်းမိန့်ထုတ် ဖမ်းဆီးလိုက်ပါပြီ။

ယနေ့ နံနက်ပိုင်း ရာသီဥတုအခြေအနေမှာ လေပြင်းများ တိုက်ခိုက်နိုင်သဖြင့် ကယ်ဆယ်ရေး သင်္ဘောတွေဟာ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းများကို တိုင်ပင်နေကြောင်း၊

ယခု အချိန်မှာ သင်္ဘောထဲတွင် အလောင်း ၁၀လောင်းတွေ့ရှိရကြောင်း၊ သင်္ဘောထဲသို့ ၀င်ရန် ခက်ခဲနေသေးကြောင်း၊
အခုအချိန်အထိ သေဆုံးသူ ၄၆ ဦးရှိပါပြီ။
ကျန်ရစ်သူ မိသားစုများက ကိုရီးယား အစိုးရရဲ့ လုပ်ဆောင်မှုတွေကို သိပ်အားရခြင်း မရလို့ ယနေ့ နံနက်ပိုင်းမှာ သမတ အိမ်ပြာတော်သို့ ချီတက် ဆန္ဒပြ တောင်းဆိုနေကြောင်း သိရပါတယ။်

နစ်မြုပ်နေသော သင်္ဘောကို ဆယ်ယူ ကယ်ဆယ်နိုင်ရန်အတွက် ၂၄ နာရီ လုပ်ဆောင် ပေးလျက် ရှိနေသလို ကိုရီးယား ရုပ်မြင်သံကြားက နစ်မြုပ်နေသော သင်္ဘောကို ကယ်ဆယ်၊ ဆယ်ယူမယ့် အခြေအနေများကို ဆက်တိုက် ထုတ်လွှင့် ပြသနေပါတယ်။

(Kyaw Zin Facebook)

ခရီးသည်အများအပြားကို တင်ဆောင်လာတဲ့ တောင်ကိုရီးယား ကြိုပို့ရေယာဉ် ဘေးကိုစောင်းပြီး နစ်မြုပ်သွားခဲ့ချိန်တုန်းက ပဲ့ကိုင် မောင်းနှင်နေခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ရေယာဉ်ရဲ့ တတိယအရာရှိဟာ အဲဒီရေပြင်မှာ ပထမဆုံးအကြိမ် မောင်းတာဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောလိုက်ပါတယ်။

ခရီးသည် ၄၇၆ ယောက်ကို တင်ဆောင်လာပြီး တန်ချိန် ၆,၈၀၀ ရှိတဲ့ Sewol ရေယာဉ်ဟာ အနောက်တောင်ဘက်က Jindo ကျွန်း အလွန်မှာ နစ်မြုပ်သွားခဲ့ အပြီး နာရီ ၉၀ နီးပါးအကြာ စနေနေ့နှောင်းပိုင်းမှာ အခုလိုပြောလိုက်တာပါ။

တနင်္ဂနွေနေ့အစောပိုင်း အထိဆိုရင် လူ ၃၆ ယောက် သေဆုံးတယ်လို့ အတည်ပြုထားပြီး ၂၆၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပြီးတော့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေဖို့ မျှော်လင့်ချက် မှေးမှိန်လာနေပါတယ်။ ခရီးသည် ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ကတည်းက နောက်ထပ် တဦးတယောက်ကိုမှ ထပ်ပြီး မတွေ့ရသေးပါဘူး။

သင်္ဘောမှောက်ချိန်မှာ မာလိန်မှူးဟာ သူ့အခန်းထဲမှာရှိနေပြီး အတွေ့အကြုံမရှိတဲ့ တတိယအရာရှိကို ပဲ့ကိုင်ခိုင်းထားခဲ့တယ် ဆိုတာကိုလည်း စနေနေ့မှာပဲ တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။ (Voa Burmese)

ကိုရီးယားခရီးသည်တင်သင်္ဘောတိမ်းမှောက်နစ်မြုတ်တာ ၄၈ နာရီရှိနေပြီဖြစ်ပြီး တရားဝင်သေဆုံးသူအရေအတွက်ဟာလည်း ၂၈ ဦး ရှိသွားပြီဖြစ်ပါတယ်။ သင်္ဘောတစီးလုံးဟာလည်း ရေထဲနစ်မြုတ်နေပြီဖြစ်လို့ ပျောက်ဆုံးဆဲ ခရီးသည် ၂၆၈ ယောက်ကို ကယ်ဆယ်နိုင်ရေးမျော်လင့်ချက်ဟာ တနာရီပြီးတနာရီ လျော့နည်းလာနေပါတယ်။ ၁၀ဒီဂရီ ဆဲဆီးယပ်သာရှိတဲ့ အေးခဲမတတ် ရေထဲမှာ နာရီအနည်းငယ်ကြာရင်ပဲ ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း (hypothermia) ဖြစ်လို့ အသက်ဆုံးရှုံးနိုင်ပါတယ်။ သင်္ဘောဟာလည်း ရေထဲမြုတ်နေပြီဖြစ်လို့ လှောင်မိနေတဲ့လေ ဟာ သင်္ဘောထဲမှာ နည်းနေပြီလို့ ယူဆတာဖြစ်ပါတယ်။ လေမှုတ်စက်များနဲ့ သင်္ဘောထဲကို လေမောင်းသွင်းခြင်း၊ ရေငုတ်သမားများ သင်္ဘောပျက်အတွင်း ခဏ၀င်ရောက်နိုင်ခဲ့ခြင်းတို့ရှိပေမဲ့ အသက်ရှင်သူများကိုတော့ မတွေရှိခဲ့ပါဘူး။

ပထမဆုံး အသက်ကယ်လှေနဲ့ သင်္ဘောကို စွန့်ခွာခဲ့သူ သင်္ဘောကပ္ပတိန်ကိုတော့ တရားရုံးက ဖမ်းဆီးမိန့်ထုတ်လိုက်ပါပြီ။ ကပ္ပတိန်ဟာ သင်္ဘောမှောက်စဉ်က မောင်းနှင်ခန်းထဲမှာ မရှိခဲ့ပဲ တတိယအရာရှိက သင်္ဘောကို မောင်းနှင်နေခဲ့တာပါ။ ကပ္ပတိန်ဟာ တာဝန်ပျက်ကွက်မှု (negligence)၊ လူသေစေမှု (manslaughter) စတဲ့ အမှုတွေနဲ့ တရားစွဲခံရဖွယ်ရှိပါတယ်။ ကပ္ပတိန်အနေနဲ့ ခရီးသည်များကို သင်္ဘောကို စွန့်ခွာဖို့(evacuation) အမိန့်ပေးရန်လည်း နောက်ကျခဲ့လို အခုလို လူအများပျောက်ဆုံးခဲ့ရတာလို့လည်း ယူဆကြပါတယ်။
သင်္ဘောပေါ်မှာ အထက်တန်းကျောင်းသားလေးတွေနဲ့အတူ အုပ်ထိန်းလိုက်ပါတဲ့ ဒုတိယကျောင်းအုပ် ကို ကယ်တင်ရရှိခဲ့ပေမဲ့ သူဟာ နောက်တရက်မှာ သစ်ပင်တပင်မှာ ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ရှိရပါတယ်။ စိတ်မကောင်းစရာ ဖြစ်ရပ်ပါပဲ။ ကျောင်းသားလေးတွေ ဆုံးပါးသွားပေမဲ့ သူက အသက်ရှင်ကျန်ခဲ့တော့ အပြစ်ရှိတယ်လို့ (feeling guilty) ခံစားရပုံပေါ်တယ်။

သင်္ဘောမှောက်တဲ့ ပထမနေ့က သင်္ဘောပေါ်မှာ ပိတ်မိနေတဲ့ ကျောင်းသားလေးတွေ ပို့တဲ့ မက်ဆေ့ခ်ျတွေ၊ ဆိုရှယ်မီဒီယာအပ်ဒိတ်ဆိုတာတွေဟာ တကယ်တော့ အလိမ်အညာ (hoax) တွေသာ ဖြစ်တယ်လို့ ကိုရီးယားစုံစမ်းရေးအဖွဲ့က တွေ့ရှိရလို့ ထိထိရောက်ရောက် အရေးယူဖို့ ရှိပါတယ်။ တကယ်တော့ တနိုင်ငံလုံးပူဆွေးသောကရောက်နေတဲ့ အချိန်မှာ စလိုနောက်လို လို့ပဲ ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလို အလိမ်အညာ့ hoax မက်ဆေ့ခ်ျတွေလုပ်တာ ပို့စ်တွေတင်တာဟာ မလုပ်သင့်တဲ့ ကိစ္စပါ။ မြန်မာ ဖေစ်ဘုတ်သုံးစွဲသူတွေအနေ နဲ့လည်း မမှန်တဲ့ အလိမ်အညာ hoax တွေ မလုပ်မိ မတင်မိအောင် သတိထားသင့်ပါတယ်။ ထိထိရောက်ရောက် အရေးယူမဲ့ ကိုရီးယား ဥပဒေထိန်းသိမ်းရေးအဖွဲ့ law-enforcement organization တွေကိုလည်း လေးစားမိသလို ဥပဒေစိုးမိုးမှုရှိတဲ့ သူတို့ တိုင်းပြည်ကိုလည်း အားကျမိပါတယ်။

ယခုအချိန်မှာတော့ ဆိုးရွားတဲ့ ရာသီဥတုကို အံတုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲပါ။ နစ်မြုတ်နေပြီဖြစ်တဲ့ သင်္ဘောထဲကို လေမှုတ်သွင်းခြင်းကို ဆက်လုပ်နေဆဲဖြစ်ပါတယ်။ပင်လယ်ထဲမှာ သုံးနိုင်တဲ့ seaborne crane ကရိန်းတွေလည်း ဒီနေ့ရောက်ရှိလာပါပြီ။
ကျန်ရှိနေသေးတဲ့ ခရီးသည်တွေကို ကယ်တင်နိုင်ဖို့ အခွင့်အရေးဟာ အချိန်ကြာလာတာနဲ့အမျှ မှေးမိန်လာနေပေမဲ့ ကြိုးစာအားထုတ်လုပ်ဆောင်နေကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ချီးကျူးရင်း ကျန်ရှိနေသေးတဲ့ခရီးသည်တွေကိုလည်း တတ်နိုင်သမျှကယ်တင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Zaw Myint Thein

သမ္မတကြီးဦးသိန်းစိန် မြန်မာနိုင်ငံတွင် သမ္မတအဖြစ် တာဝန်ယူပြီး တစ်နှစ်အကြာတွင် ပြည်သူ လူထုတို့အား ပထမဦးဆုံး  မိန့်ခွန်းပြောကြားမှုကို ပြန်လည်မြင်ယောင်မိသည်။ "သေနတ်အစား တိုင်းရင်း သားလူငယ်တွေ လက်(ပ်)တော့ ကိုင်နိုင်ကြပါစေ" ဟူသော စကားပင်ဖြစ်သည်။ နိုင်ငံတော်ထူထောင်မှု တွင် လိုအပ်သော ကဏ္ဍတွင်ပါဝင်သော "ပညာရေးဖွံ့ဖြိုးတိုးတက်မှု" သည် အဓိကကဏ္ဍတစ်ရပ်တွင် ပါ ဝင်သည်။ ထို့ကြောင့် ပြည်တွင်းအရပ် ဒေသအသီးသီး နှင့် နယ်စပ်ဒေသ အရပ်ဒေသအသီးသီးတို့၌ အထူး လိုအပ်နေသော ပညာရေးတည်းဟူသော မျိုးဆက်သစ် ခေါင်းဆောင်များ ပေါ်ထွန်းလာရေးတွင် ပညာသင် ကြားမှုပြုရန်အတွက် ကျောင်းဆရာ/မများ၊ စာသင်ကျောင်းများ၊ ပညာရေးသင်ရိုးညွန်းတမ်းများ၊ စာအုပ်စာ ပေ၊ ခဲတံ စသည့် သင်ထောက်အကူပစ္စည်းများ၏ ကဏ္ဍများအား ဖြည့်ဆည်း ပေးရန် လိုအပ်တော့သည်။ အမှန်စင်စစ် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အောက်ခြေ ပြည်သူလူထု တို့အတွက် အဓိကလိုအပ် ချက်များ၊ တိုင်းပြည်၏ အောက်ခြေ (Foundation) ခိုင်မာမှုဖြစ်ရန် ပြည်တွင်း ငြိမ်းချမ်းရေးသည် အဓိက ဖြစ်တော့သည်။ ငြိမ်းချမ်းမှုရှိရန် ပြည်သူလူထုတို့ကလည်း လိုလားသည်။ ဆရာတော်ကြီး များကလည်း ငြိမ်းချမ်းရေးတရားများကို ဟောကြားပေးလျှက်ရှိသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင် ပတ်သက်သည့် အနုပညာ ရှင်များကလည်း ငြိမ်းချမ်ရေးကို တောင့်တကြသည်။ သို့သော် ငြိမ်းချမ်းရေး ချိုးငှက်ငယ်လေးသည်ကား မြန်မာပြည် ကြီးနှင့် ဝေးရာသို့သာ ပျံသန်းနေတော့သည်။

ရှိစေတော့။ သမ္မတကြီးကလည်း ပညာရေးကဏ္ဍကို တိုးချဲ့လုပ်ဆောင်သွားမည်ဟု တရားဝင်မိန့် ခွန်းခြွေခဲ့သည်။ ထို့ပြင်  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်လည်း အမျိုးသားဒီမိုကရေစီပ ညာရေးကဏ္ဍအဖြစ် "ပညာရေး ရံပုံငွေပွဲတော်"များ အကြိမ်ကြိမ်လုပ်ဆောင်ပြီး ပညာရေးရံပုံငွေများကို ရှာ ဖွေလျှက်ရှိသည်။ ဆရာတော်၊ သံဃာတော်အပေါင်းတို့ကလည်း အမျိုးသားရေးစိတ်ဓာတ် ထက်သန်စွာ ဖြင့် သာသနာပြုခြင်းအပြင် ဘ/ကကျောင်း များ ဖွင့်လှစ်ကာ မြို့၊ ရွာ၊ နယ်အသီးသီးရှိ ကလေးငယ်များအား ဗြဟ္မစိုရ်တရားလက်ကိုင်ပြုကာ မဖြစ်ဖြစ်သည့် နည်းဖြင့် ကြိုးစားဖွင့်လှစ် သင်ကြားပေးလျှက်ရှိသည်။ ကျွန် တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့်လည်း ဘ/ကကျောင်းရှိ ဆရာ/မများအား လစာတိုးမြှင့် ပေးခြင်းတည်းဟူသော ပညာဒါနလုပ်ငန်းတို့အပြင် ကလေးငယ်များ အတွက် စာအုပ်စာပေ၊ ခဲတံ စသည့် ပညာရေးအထောက်အကူပြု ပစ္စည်းများနှင့် စာသင်ကျောင်းများအဖြစ် ဧရာဝတီ တိုင်း၊ ပန်းတနော်မြို့နယ်၊ ကဿာဝင်ကျေးရွာအုပ်စု၊ ဘုရားကြီးရွာသစ်ကျေးရွာတွင် အမှတ်(၁) အခြေခံပညာဦးစီးဌာ “အခြေခံပညာ မူလတန်းကျောင်း(ခွဲ)” အားတန်ဖိုး ၂၈၂၇၅ဝဝဝိ/- (နှစ်ရာရှစ်ဆယ့်နှစ်သိန်းခုနှစ်သောင်းငါးထောင်) ကျပ် အား၎င်း၊ ဧရာတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ငွေအင်းကြီးအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် “ဘုရားကြီး ကုန်း ကျေး ရွာ(၁) အခြေခံပညာမူလတန်းကျောင်း” အားတန်ဖိုး ၃၆၉၅ဝဝဝဝိ/- (သုံးရာခြောက်ဆယ့်ကိုး သိန်းငါးသောင်း) ကျပ်အား၎င်း ဆောက်လုပ်လှူဒါန်းခဲ့ပြီးဖြစ်သည်။ ဆက်လက်၍လည်း ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျူးကျေးရွာ အုပ်စု၊ အကြီးဝကျေးရွာတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း “ပညာ ဒီပကျောင်း” အား ၇၂၆၁၄ဝဝဝိ/- (ခုနှစ်ရာ နှစ်ဆယ့်ခြောက်သိန်းတစ်သောင်းလေးထောင်) ကျပ် အကုန် အကျခံ၍ ဆောက်လုပ်လျှက်ရှိပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပညာရေးကျောင်းများ သို့လည်း လှူဒါန်းပေးခြင်း၊ စာမေးပွဲရာသီကာလတို့တွင် အာဟာရ ဒါနအဖြစ် နို့မှုန့်၊ အိုဗာတင်း၊ ဟောလစ် စသည့် အာဟာရတိုးပွားမည့် အစားအသောက်များကိုပါ လှူဒါန်း ခဲ့သေးသည်။

သာမညဆရာတော်ကြီးရှိစဉ် ကာလတွင် အကျယ်အဝန်း (၄) မိုင်ပတ်လည်ခန့်ရှိ သာမညရွာကြီး ဖြစ်သော သာသနာပြု အရပ်ဒေသကြီးအတွင်းရှိ ကလေးငယ်များ၏ ပညာသင်ကြားမှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ကလေးငယ်များ အား စုရပ် ဆရာတော်ကြီး၏ ကျောင်းဝန်းအတွင်း စုဝေးစေပြီး ဆရာတော် ကြီးမှ စာသင်ကျောင်းရှိရာသို့ မှန်လုံ ကားကြီးဖြင့် ပို့ဆောင်စေပြီး ပညာသင်ကြားမှုကို ခဲရာခဲဆစ် တစ်နှစ် ပတ်လုံး အကြိမ်ပေါင်းများစွာ ကြို/ပို့မှုကို လုပ်ခဲ့ ရသေးသည်။ ထိုအခါ ဆရာတော်ကြီးသည် ဤသာမည ရွာကြီးအတွင်း စာသင်ကျောင်း ဖွင့်လိုသည့်ဆန္ဒသည် ဆရာတော် ကြီး သက်ရှိထင်ရှား သာသနာပြုစေစဉ် ကာလ၌ အကောင်အထည်ဖော်မှု ဆန္ဒမပြည့်ဝခဲ့ချေ။
ထို့ကြောင့်ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန် ကုန်)သို့ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် သာမည နယ်မြေ တွင် ဆက်လက်၍ သာသနာပြုနေ သော ဆရာတော်ကြီး၏ တရားဝင်လက်ဆင့်ကမ်းပေးခဲ့သော သာသနာပြု ဆရာတော်ကြီးများမှ ဆရာ တော်ကြီး၏ ဆန္ဒအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာရောက်ဆွေးနွေးမှုပြုခဲ့သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သာမညမြေမှ အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေး အတွက် စိတ်စေတနာတို့ဖြင့် အများပြည်သူအပေါင်းတို့မှ လှူဒါန်းမှုပြုထားသော အလှူငွေများတို့ဖြင့် စိတ်အား၊ လူ အား ၊ ဉာဏ်အားများစိုက်ထုတ်ပြီး ကျပ်သိန်း ၆၉၆၂ဝဝဝဝိ/- (ခြောက်ရာကိုးဆယ့်ခြောက်သိန်းနှစ်သောင်း) ကျပ်တန်ဖိုး ရှိ မူလတန်းကျောင်းအား ဆောက်လုပ်ခဲ့သည်။ ထိုစာသင်ကျောင်းတွင် ဆရာ/မ (၂၄) ဦးနှင့် ပညာသင် ကြားကြမည့်၊ ပညာလိုလားကြသည့် ကျောင်းသား/သူ ကလေးငယ် (၃ဝဝ) ဦးခန့်ရှိနေသည်။
၁၈.၄.၂ဝ၁၄ ရက်နေ့၌ အောင်မြင်စွာ ဆောက်လုပ်လှူဒါန်းထားသော ပညာကျောင်းဆောင်အား ဖွင့်လှစ်ခဲ့ပြီး ဆရာတော် ကြီးများ၏ သြဝါဒခံယူခဲ့ကာ နိုင်ငံတော်ပညာရေးဌာနသို့ လွှဲပြောင်းမှုကို ပြုလုပ်ခဲ့ သည်။ ထိုဖွင့်ပွဲတွင် တိုင်းရင်းသားကလေးငယ်များ၊ မြေလှူဒါန်းထားသော ကျေးလက်ပြည်သူလူထုများ၊ သာမညကျေးရွာကြီးရှိ မြို့မိ/ဖ ပြည်သူများနှင့် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/ သားများ စုံညီစွာဖြင့် စည်ကား သိုက်မြိုက်စွာ တိုင်းရင်းသားရိုးရာသီချင်း၊ အကပဒေသာတို့ဖြင့် ကျင်းပခဲ့ သည်။

ဤတွင် ကျွန်တော်တွေးမိ ပြန်တော့သည်။ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေ ဖြင့် နာရေးကူညီ မှုလုပ်ငန်းအပြင်၊ ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ်ဆေးခန်းများကို ရန်ကုန်မြို့၊ ပြည်၊ ပဲခူး၊ ကြို့ပင်ကောက်၊ ပဲနွယ်ကုန်း အစရှိသည့် မြို့များတွင် အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ပြီး အများပြည်သူ တို့၏ ကျန်းမာရေးကဏ္ဍ အရပ် ရပ်တို့ကို (အခမဲ့) ကုသပေးသည့်အပြင် နယ်လှည့်ဆေးဝါး ကုသမှုလုပ်ငန်း အားလည်း တစ်လလျှင်တစ်ကြိမ် လှည့် လည်၍ ဆေးကုသမှုများ ပြုလုပ်ပေးခြင်း၊ ကိုယ်ထူကိုယ်ထ ဖွင့် လှစ်ထားသော ပရဟိတဆရာဝန်များဖြင့် ကုသပေး နေသော နယ်ဒေသအသီးသီးရှိ ကုသိုလ်ဖြစ်ဆေးခန်း များအားလည်း လစဉ်ဆေးဝါး ထောက်ပံ့ပေးခြင်း၊ လေဘေး၊ မီးဘေး၊ ရေဘေး၊ စစ်ဘေး စသည့် ကပ်ဘေး အမျိုးမျိုးတို့ကိုလည်း ကွင်းဆင်း ကယ်ဆယ်မှုများကိုပါ လုပ်ခဲ့သည်။ ပညာရေး ကိစ္စရပ်များအားလည်း ToT (ဆရာ/မများ စွမ်းရည်မြှင့်သင်တန်း)၊ တက္ကသိုလ်ဝင်တန်း သင်တန်း သား/ သူများအား ဘာသာစုံ သင်တန်းများ သင်ကြားပို့ချခြင်း စသည့် လူသားများအားလုံးနှင့် သက်ဆိုင်သော လူမှုဒုက္ခ များကို လူ့ကျင့် ဝတ်နှင့်အညီ ကူညီဖေးမပေးလျှက်ရှိပါသည်။ ထိုသို့ ဖေးမကူညီမှုများသည် ပြည်တွင်း ရှိငြိမ်းချမ်း ရာအရပ် (စစ်ပွဲများမဖြစ်သောအရပ်) များတွင်သာဖြစ်ခဲ့သည်။ ကျွန်တော်တို့ သွားလာခွင့်ပြုသောနေရာ ဒေသများ သို့သာ ကူညီဖေးမ ပေးဆပ်ခွင့်ရရှိခြင်းဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့သွားခွင့်မရသော မငြိမ်းချမ်းသော နယ်စပ်ဒေသများရှိ စစ်ဘေးသင့် ပြည် သူလူထုများထဲတွင် ကလေးငယ်များ မည်မျှပင်ရှိနေသနည်း……?။
ကျန်းမာရေးချို့ယွင်းနေသော ကလေးငယ်များ မည်မျှပင်ရှိနေသနည်း……?။
ပညာရေးဆိုတာကို မသိနားမလည်သော ကလေးငယ်များ မည်မျှပင်ရှိနေသနည်း……?။
ထိုကလေးငယ်များ၏ အနာဂတ်ကို မည်သို့ပုံဖော်ကြမည်နည်း…….?။
နှစ်ဦးနှစ်ဖက်စလုံးမှ ခေါင်းဆောင်များ၊ ပုဂ္ဂိုလ်များ၊ အုပ်စုများအနေဖြင့် မြတ်စွာဘုရားချမှတ်ထား သော ဗြဟ္မစိုရ် တရားကို လက်ကိုင်ပြုကျင့်သုံးသင့်တော့သည်။ သို့တည်းမဟုတ် ကျွန်တော်နေ့စဉ် နာကြား နေသော မြတ်စွာဘုရား ရှင်၏ နှစ်နိုင်ငံ စစ်ဖြစ်မည့်အရေးကို ရပ်တန့်သွားအောင် ဟောကြားခဲ့တော်မူသော "မဟာသမယသုတ်တော်ကြီး" အား ထိုအရပ်ဒေသများသို့ နေ့စဉ်အချိန်တိုင်း သွားရောက်ဖွင့်ထားရလျှင် ကောင်းမည်လား။ ဟူသော အတွေးများပင် ဖြစ်တော့သည်။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကျေးဇူးရှင်သာမ ညဆရာတော်ကြီး၏ စိတ်ဆန္ဒတော်အား ကျေပွန်စွာဖြည့်ဆည်းပေးခွင့် ရရှိခဲ့သည့်အတွက် များစွာပီတိဖြစ် ခဲ့ရတော့သည်။
ဤကောင်းမှုတော်ကြီးအား သာမညဆရာတော်ကြီးနှင့်တကွ သမာဒေဝ နတ်ကောင်းနတ် မြတ်များအပြင် အများ ပြည်သူလူထုအပေါင်းတို့အား သာဓုခေါ်ဆိုနိုင်ပါရန် အမျှ .. အမျှ .. အမျှ ဟူ၍ ပေး ဝေငှလိုက်စဉ် သာမည ဆရာတော်ကြီး ရှိစဉ်ကာလများ၌ အလွန်ကြက်ပျံမကျ စည်ကားခဲ့သော သာမည အရပ်ဒေသကြီးသည် ဆရာတော်ကြီး မရှိသော ယခုကာလတွင် အလွန်ခြောက်သွေ့ ငြိမ်သက်၊ တိတ်ဆိတ် နေမှုသည် သာဓု .. သာဓု … သာဓု ဟူသော ခေါ်ဆို သံများ မိုးလုံးခြိမ့်၍ ပဲ့တင်ထပ်သွားပါတော့သည်။
(မှတ်တမ်း - ဓါတ်ပုံများ)
သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ ..... နာရေးကူညီမှုအသင်း(ရန်ကုန်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.