04/24/14


ထောင်ထဲမှာ အနှစ်နှစ်ဆယ် လောက် တိုက်ပိတ်အကျဉ်းချခံ ထားရသူတစ်ဦးဟာ ဘယ်လိုများ ရပ်တည်ရှင်သန်နိုင်မလဲ။ ရူးများ သွားမလား။

မည်သို့ပင်ဖြစ်စေ သတင်း စာဆရာကြီး ဦးဝင်းတင်ကတော့ သည်အခြေအနေကို ကောင်း ကောင်းခံနိုင်ရည်ရှိသူတစ်ဦးဖြစ် သည်။ အသက်(၈၅)နှစ်အရွယ် ရောက်ရှိနေသဖြင့် ခန္ဓာကိုယ်က နှလုံးအားနည်းပြီး ကျန်းမာရေး ချို့တဲ့နေရှာသည့်တိုင်အောင် စစ် အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုများ က သူ၏စိတ်အားထက်သန်မှုများကို ဆုံးရှုံးသွားအောင် မလုပ်နိုင် ခဲ့ပါ။ ပြီးခဲ့သည့်လက တွေ့ဆုံခဲ့ သည့် နှစ်နာရီကြာတွေ့ဆုံမှုတွင် ၎င်း၏ ထောင်တွင်းအတွေ့အ ကြုံများကို ဟာသနှောပြီးပြောပြခဲ့သလို လက်ရှိ မြန်မာနိုင်ငံ ဦးတည်သွားနေသည့် လမ်းကြောင်း အပေါ်မှာလည်း ၎င်း၏အမြင်ကို ပြောပြခဲ့သည်။

ဦးဝင်းတင်သည် သတင်းစာ ဆရာ၊ စာရေးဆရာဘဝဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သူဖြစ် ၏။ မြန်မာနိုင်ငံက ထိပ်တန်း သတင်းစာဆရာတစ်ဦးဖြစ်သလို စာရေးဆရာနှင့် ကဗျာဆရာလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် အရေး တော်ပုံကြီးကို စစ်အစိုးရက ရက် ရက်စက်စက်နှိမ်နင်းခဲ့အပြီးတွင် ၎င်းက ဒေါ်အောင်ဆန်းစုကြည် အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို တည်ထောင်ရန် ကူညီခဲ့ သည်။ ၁၉၈၉ ခုနှစ်တွင်မူ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

စစ်အာဏာရှင်များက ၎င်း ၏စွမ်းရည်ကိုကြောက်ရွံ့ကြ သဖြင့် တစ်ယောက်တည်းတိုက် ပိတ်အကျဉ်းချခဲ့သည်။ ၎င်းအား စာရေးသည့်ဘောပင်၊ စာရွက် မပေးသလို စာဖတ်ခွင့်လည်းမပေး ခဲ့ပေ။ အကျဉ်းကျနေသူအချင်း ချင်းပင် စကားမပြောနိုင်အောင် တစ်ခါတစ်ရံ သူ၏ဘေးခန်းတွင် တောင် လူမရှိစေရဘဲ အခန်းလွတ် သာထားခဲ့သည်။

၎င်းကို စစ်ဆေးနေစဉ်အတွင်း နေ့နှင့်ညမသိဘဲ အိပ်ရေးပျက် အောင် စစ်ဆေးကာညှဉ်းပန်းနှိပ် စက်ခဲ့သည်။ အကျဉ်းချသည့်အခါ တွင်လည်း စစ်တပ်ကခွေးများ အတွက်ထားသည့် စစ်ခွေးတိုက် တွင် နေရသည်။ ထို့နောက် တိုက် ပိတ်အကျဉ်းခန်းသို့ ရွှေ့ပြောင်းခဲ့ ပြီး သမံတလင်းပေါ်တွင် ဖျာတစ် ချပ်နှင့် အိပ်ခဲ့ရ၏။ စာရေးဘော ပင်နှင့် စာရွက်အစား တိုက်ခန်း တွင်းမှ အုတ်ကျိုးအုတ်ပဲ့များကို ခွာချကာ အမှုန့်လုပ်ပြီး တိုက်ခန်း နံရံမှာ စာရေးခဲ့ရသည်။

၂၀၀၅ ခုနှစ်တွင် ဒီမိုကရေစီ ရေးလှုပ်ရှားသူများက နိုင်ငံရေး အကျဉ်းသားများကို ထောက်ခံ သည့်အနေဖြင့် အကျဉ်းသားတို့၏ ဝတ်စုံဖြစ်သော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ရေးလှုပ်ရှားမှုပေါ်ပေါက် ခဲ့သည်။ ထိုအခါ အဖြူရောင်ဝတ် သော လူများအားလုံးကို ဖမ်းဆီး ရန် မဖြစ်နိုင်သောအခါ စစ်အာ ဏာပိုင်တွေက ထိုဖြစ်ရပ်ကိုနည်း လမ်းတစ်ခုဖြင့် ဖြေရှင်းခဲ့သည်။ ယင်းနည်းလမ်းမှာ ထောင်အကျဉ်း သားဝတ်စုံများကို အပြာရောင်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

အကျဉ်းထောင်အတွင်းမှာ နှစ်ကြာလေလေ တင်းကျပ်သည့် အနေအထားများက တဖြည်းဖြည်း လျော့လာလေဖြစ်သည်။ ၎င်းကိုလည်း နောက်ဆုံးအိပ်စရာခုတင် တစ်ခုပေးခဲ့သည်ဟု ဦးဝင်းတင်က ပြောပြသည်။ ၎င်းက ခုတင်စွန်းပေါ်တက်ပြီး လှေကားထစ် လိုအသုံးချကာ တိုက်ခန်း၏ အမြင့်ဆုံးနေရာဖြစ်သော သံတိုင် ကာထားသည့် ပြတင်းပေါက်ဆီ သို့တက်၏။ ထိုနေရာမှနေပြီး ဘေးတိုက်ခန်းများက အကျဉ်းသား များကို တစ်ခါတလေ လှမ်းခေါ် သည်။ အခြားအချိန်များတွင် တော့ နံရံကိုခေါက်ပြီးဆက်သွယ် ကြရသည်။

နောက်ပိုင်းနှစ်များမှာတော့ တိုက်ပိတ်အကျဉ်းကျခြင်းမှ လွှတ် ပေးခဲ့ပြီး အခြားအကျဉ်းကျသူများ နှင့် အဆက်အသွယ်လုပ်ခွင့်ပေးခဲ့ သည်ဟု ဦးဝင်းတင်က ဆိုသည်။ ထောင်ကြပ်တွေက ၎င်းအား နိုင်ငံ ရေးစကားပြောခွင့်မပေးခဲ့သော် လည်း သီတင်းပတ်နှစ်ပတ်လျှင် ၁၅ မိနစ်ခန့် ဧည့်သည်နှင့် စကား ပြောခွင့်ရ၏။ ထိုအခြေအနေတွင် အခြားအကျဉ်းကျနေသူတို့က ထောင်ထဲကို ရေဒီယိုတစ်လုံးခိုး သွင်းလာပြီး အကျဉ်းထောင်ထဲ တွင် သတင်းစာတစ်စောင်ထုတ် ဝေခဲ့သည်။

၂၀၀၅ ခုနှစ်က မကြာမီ လွှတ်ပေးတော့မည်ဟုပြောကြား ခြင်းခံရသည့် အခြားအကျဉ်း သားတွေနှင့်အတူ ဦးဝင်းတင်ကို ပါ အာဏာပိုင်တွေက ခေါ်ထား သည်။ ထောင်တံခါးဝနောက်တွင် ၎င်းနှင့်အတူ မိတ်ဆွေအကျဉ်း သာများကို ပြည်ထဲရေးဝန်ကြီး နှင့်တွေ့ဆုံရန် စောင့်ခိုင်းထား၏။ အခန်းကျဉ်းလေးထဲတွင် စောင့် စားခြင်းဖြစ်သည်။ သို့သော် ပြည် ထဲရေးဝန်ကြီးက ရောက်မလာ ခဲ့ပေ။ ၎င်းတို့လည်း အခန်းထဲကို ပင် ပြန်ပို့ခြင်းခံရသည်။

နောက်ထပ်သုံးနှစ်ကြာပြီးမှ ဦးဝင်းတင်တကယ်လွတ်မြောက် လာခဲ့သည်။ လွတ်မြောက်ချိန်တွင် ထောင်ဝတ်စုံမချွတ်သဖြင့် နောက် ဆုံးအချိန်ထိ ထောင်ဝတ်စုံချွတ် ပေးရန် ဝိုင်းဝန်းဖျောင်းဖျသည်။ ထိုအခါ ၎င်းက အကယ်၍ ထောင် ဝတ်စုံချွတ်ရပါကလည်း အရပ် ဝတ်လဲမည်မဟုတ်ဘဲကိုယ်တုံး လုံးပဲသွားမည်ဟုသာ ပြောခဲ့ သည်။ နောက်ဆုံးတော့ အာဏာ ပိုင်တွေ အလျှော့ပေးလိုက်ရ သည်။ ထိုထောင်ဝတ်စုံကို ယခု အခါ သူ့အမျိုးများအိမ်ကသေတ္တာ ထဲတွင် သိမ်းဆည်းထားသည်။

အကျဉ်းထောင်ကလွတ် မြောက်ပြီး လေးနှစ်ကြာသည့်တိုင် အောင် ဦးဝင်းတင်က ထောင် ဝတ်စုံအရောင်ဖြစ်သည့် အပြာ ရောင်ရှပ် အင်္ကျီကိုဝတ်ဆင်ထား ဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်းက အခြားနိုင်ငံရေးအကျဉ်းသားများ မလွတ်မြောက်မချင်း အခြား အရောင်ကို ဝတ်ဆင်မည့်သူ မဟုတ်ပေ။

(ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြခဲ့ဖူးသော ဆောင်းပါးရှင် Simon Denyer ၏ How former Burmese political prisoner Win Tin survived 20 years in jail ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)--7Day News Journal

(ဓာတ်ပုံ-Citizen Journalist) ဦးဝင်းတင်ရဲ့ နောက်ဆုံးနာရေးခရီးကို ထင်ရှားတဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းစာဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သာမက ပြည်သူလူထုတွေပါ ထောင်သောင်းချီ လာရောက် ပို့ဆောင်ကြတဲ့အတွက် ရေဝေးသုဿန်ဝင်းတခုလုံး ပြည့်လျှံသွားပါတယ်။ ဦးဝင်းတင်ရဲ့ နာရေးခရီး လိုက်လံ ပို့ဆောင်ကြသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။ ၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဦးဝင်းတင်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များရဲ့ လွမ်းသူ့ပန်းခြင်းကို သွားရောက်ဂါရဝပြု ပို့ဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလုပ်ငန်းအဖွဲ့ဟောင်းလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်တဲ့ ဦးစောနိုင်းနိုင်းက ဦးဝင်းတင်ရဲ့ နောက်ဆုံးခရီး ကို ပြည်သူအများ တခဲနက် လာရောက် ဂါရဝပြုခဲ့ကြတဲ့အကြောင်း ပြောပြ ပါတယ်။


"ဆရာဦးဝင်းတင်ကို ကြည်ညိုလေးစားတဲ့သူတွေ၊ တောကသူတွေ၊ အဝေးကသူတွေ အများကြီးပဲ သိလား။ နောက်တခါ အထဲမှာဝင်ပြီး ဆရာဦးဝင်းတင်ရဲ့အလောင်း ပြင်ထားတဲ့နေရာကို သွားကြည့်တော့လည်းပဲ အကုန်လုံး တန်းစီပြီး စောင့်နေကြတယ်။ ကြပ်ပိတ်ပြီး တန်းစီပြီး စောင့်နေကြတယ်။ တော်တော်လေးကို အချိန်ယူဝင်ရတယ်။

လူတွေကို ကြပ်ပိတ်သိပ်နေတော့ ဦးတို့တွေ အုပ်စုလိုက်သွားလို့ မရတော့ဘူး။ အုပ်စုခွဲပြီး ပန်းခြင်းကို အပ်ရတော့တာပဲ။ အဲ့ဒါပန်းခြင်းတွေဆိုလို့ရှိရင်လည်း အထဲမှာ နေရာမရှိတော့လို့၊ အပြင်မှာ ကားကြီးနှစ်စင်းနဲ့ လွမ်းသူ့ပန်းခြင်းတွေ လက်ခံထားတဲ့ နေရာရယ်ရှိတာပေါ့။ ဒီရေဝေး ဈာပနအခမ်းအနားတွေ သွားတဲ့အခါမှာ ဒီလောက်လူများတာ တခါမှ ဦး မဆုံဖူးဘူး။ နေကလည်း
ခြစ်ခြစ်တောက်ပူနေတာ။ လူတွေက ပင်ပန်းဆင်းရဲစွာနဲ့ အကုန်လုံး တန်းစီပြီး ဆရာ့ကို အလေးသွားပြုကြတာပေါ့လေ။"

မန္တလေး ဟံသာဝတီ သတင်းစာတိုက် အယ်ဒီတာချုပ်ဟောင်းလည်းဖြစ်၊ ဝါရင့်သတင်းစာဆရာကြီးဖြစ်သူ ဦးဝင်းတင်ရဲ့ ရန်ကုန်က နောက်ဆုံးခရီးကို မန္တလေးသူ၊ မန္တလေးသားတွေ လာရောက်ပို့ဆောင်ကြတဲ့အကြောင်း မန္တလေး သတင်းစာဆရာတဦးဖြစ်တဲ့ ကိုမင်းထက်ငြိမ်းချမ်း ပြောပြတာကတော့ -

"ကျနော်တို့ မန္တလေးကနေပြီးတော့ နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ အားလုံးပေါ့ဗျာ။ ကျနော်တို့ စာပေနယ်ကနေပြီးရော နယ်ပယ်ပေါင်းစုံကပေါ့ဗျာ။ ရမိသမျှ၊ စုမိသမျှ၊ မြို့ကို ကိုယ်စားပြုပြီး ကျနော်တို့ အများကြီးလာပါတယ်။ အခုဆိုရင် ကျနော်တို့ လူ ၂၀၀ ကျော် ရောက်ရှိပါတယ်။ ရောက်ရှိပြီးတော့ ကျနော်တို့ ဂါရဝပြုခဲ့ပြီးပါပြီ။ ရေဝေးမှာလည်းပဲ အဖွဲ့အစည်းပေါင်းစုံ တပြည်လုံးက လာကြတာတွေရော၊ တမြို့လုံးက လာကြတာတွေရောဆိုတော့ ကျနော်တို့ အချိန်တိုလေးတော့ မန္တလေးအဖွဲ့ကိုလည်း ကြေညာပြီးတော့ ဂါရဝပြုခွင ရပါတယ်။ ကျနော်တို့ မန္တလေးကနေပြီးတော့ Express ကားကြီးတွေနဲ့ လာကြပါတယ်ခင်ဗျ။ ပါကြတာဆိုရင် ကျနော်တို့ နိုင်ငံရေး အကျဉ်းသားကွန်ရက်၊ ဗြဟ္မစိုရ်၊ ၁၃၀၀ ပြည့် အရေးတော်ပုံ အာဇာနည် ၁၇ ဦးအဖွဲ့ အပါအဝင်ပေါ့ဗျာ။ အဖွဲ့အစည်းပေါင်းစုံ ပါပါတယ်ခင်ဗျ။

ကျနော်တို့ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ အာဇာနည် ၁၇ ဦး အထိမ်းအမှတ် အခမ်းအနား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဆရာကြီးဦးဝင်းတင်ရဲ့ မန္တလေး နောက်ဆုံးခရီးစဉ်လို့ ပြောလို့ရပါတယ်။ ၇၈ လောက်အထိ ဟံသာဝတီ အယ်ဒီတာချုပ်လည်း လုပ်ခဲ့တဲ့အတွက်ကြောင့် မန္တလေးသားတပိုင်းလည်း ဖြစ်နေ ပါတယ်။ နောက်ပြီးတော့ ဆရာကြီးဟာ သူမတူအောင် ထူးခြားတဲ့ နှစ်ယောက် မရှိတဲ့ အင်မတန်မှ စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးမို့လို့ ကျနော်တို့ အဝေးကနေ ပြီးတော့ ပင်ပန်းသော်လည်းပဲ လာရောက် ဂါရဝပြုကြတာ ဖြစ်ပါတယ်။"

နိုင်ငံအဝှမ်းက ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ လာရောက် ပို့ဆောင်ကြတဲ့အကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင် က အခုလို ပြောပါတယ်။

"ကျောင်းသား တော်တော်များများပေါ့နော်။ ဒေသပေါင်းစုံက ကျောင်းသား တော်တော်များများ လာကြတယ်။ တောင်ငူပါမယ်။ မကွေးပါမယ်။ မန္တလေး၊ ပဲခူး၊ မုံရွာဘက်က ကျောင်းသားတွေလည်းပါတယ်။ ဧရာဝတီတိုင်း ဟင်္သာတ၊ မြောင်းမြတို့ ၊ မအူပင် တို့ကလည်း ကျောင်းသားတွေလည်း ပါတယ်ဆိုတော့ ဝင်ပြီး ဂါရဝပြုကြတယ်။ အထဲမှာ တအားကြပ်တဲ့အခါကျတော့ ဝင်ရတာ ကျမတို့ တသုတ်စီ၊ တသုတ်စီ ခွဲပြီးဝင်ရတာပေါ့။

ကျမတသက်မှာ တခါမှ မမြင်ဖူးပါဘူး။ ဒီလောက်လူတွေအများကြီး။ အကုန်လုံးက ပင်ပင်ပန်းပန်းနဲ့ ချွေးတွေရွှဲပြီးတော့ မူးလဲသူလည်း မူးလဲကြ။ တော်တော်ကို ပင်ပင်ပန်းပန်းနဲ့ ဘဘကို လာပြီး ဂါရဝပြုကြတာ တွေ့ရပါတယ်။ တကယ်ပဲ ကြက်သီးထဖို့ ကောင်းလောက်အောင် လူတွေက တအားများတယ်။

ထူးခြားတာက အခြေခံလူတန်းစား ပြည်သူတွေ အသက်အရွယ် ကြီးရင့်တဲ့သူတွေပါ လာပြီးတော့ ပင်ပင်ပန်းပန်းနဲ့ လမ်းလျှောက်ပြီး လာကြတာတွေ့ရတယ်။ ပြည်သူတော်တော်များများက ထိခိုက်ခံစားပြီး ဘဘရဲ့ ဆုံးရှုံးမှုကို ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ အားလုံးလာပြီးတော့ ဘဘကို ဂါရဝပြုကြတာ တွေ့ရတော့ စိတ်ထဲမှာ တော်တော်တော့ ကြည်နူးမိသလို တဘက်ကလည်း ပိုပြီးတော့ ဝမ်းနည်းရတာပေါ့နော်။"

နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ဦးဝင်းတင်ရဲ့ နောက်ဆုံးခရီး ကို ပြည်သူအများ လာရောက် ဂါရဝပြုပြီးချိန်မှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း ဦးဝင်းတင်ကို အနီးကပ်ပြုစုခဲ့သူ ကိုရာဇာက ပြောပါတယ်။


"ဂူသွင်းဖို့ ကျန်တာပေါ့နော်။ အခေါင်းထဲ ထည့်မယ်။ ဂူသွင်းမယ်။ အခုက အဘ ဦးတင်ဦး ရှိတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ကျောင်းသား
ခေါင်းဆောင်တွေ ရှိတယ်။ လာကန်တော့တဲ့သူတွေက တအားများနေတော့ အချိန်က တော်တော်ပေးထားတာပဲ ၁၂ နာရီကနေ ညနေ ၄ နာရီအထိပေးတာ။ ဒါပေမဲ့ လူတွေက အခုအချိန်အထိ မပြီးသေးဘူး။ မပြတ်သေးဘူး ဖြစ်နေတယ်။ အဲ့ဒါ အဘကို အခု လောလောဆယ် တင်ထားတဲ့ မှန်ခေါင်းထဲကနေပြီးတော့ အဘ သစ်သားခေါင်းထဲ ထည့်ဖို့ နည်းနည်းကြာနေသေးတာပေါ့။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယက ၀ါရင့်နိုင်ငံရေးအကျဉ်းသားဟောင်းကြီးနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ နောက်ဆုံးဈာပနခရီးကို လိုက်ပါ ပို့ဆောင်ခဲ့ကြသူတွေရဲ့ ပြောဆိုချက်တွေကို မဆုမွန် စုစည်းတင်ပြခဲ့တာဖြစ်ပါတယ်။(voa burmese)


Author Name

Contact Form

Name

Email *

Message *

Powered by Blogger.