04/26/14


ဦးဝင်းတင် ဧပြီ ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့ရှာပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်အရွယ်ဆိုတော့ သာမန်လူတယောက်အဖို့ နေပျော်၊ သေပျော်ပါပြီလို့ ဆိုနိုင်ပေမယ့် ဦးဝင်းတင်လို ကမ္ဘာ့အမြင်ရှိတဲ့ သတင်းစာဆရာကြီးတဦး ဆုံးပါးသွားရတာကိုတော့ အသေစောလို့ နှမျောလှတယ်လို့ပဲ ပြောချင်ပါတယ်။ ကိုယ်ရေးကိုယ်တာ မငဲ့ကွက်ဘဲ တသက်ပန်လုံး ပြည်သူ့ဘက်က မားမားမတ်မတ် စွန့်စား ရပ်တည်သွားတဲ့ သတင်းစာဆရာကြီးတဦး မဟုတ်ပါလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ အစားထိုးရဖို့ ခက်ခဲတဲ့ နိုင်ငံရေးသမားတဦး ဖြစ်သလို၊ မြန်မာသတင်းစာလောကအတွက်လည်း အားထားစရာ စံနမူနာပြုစရာ ရတနာတပါး ဆုံးရှုံးရခြင်းပါပဲ။

အသက် ၈၀ ကျော် နေသွားရပေမယ့် သူ့ရဲ့သက်တမ်း ၄ ပုံ ၁ ပုံ ကာလဟာ ထောင်ထဲမှာ တခြားနိုင်ငံရေးအကျဉ်းသားတွေနဲ့သာမက ရာဇ၀တ်အကျဉ်းသားတွေနဲ့ရော၊ ထောင်ဝန်ထမ်းတွေနဲ့ပါ အဆက်ဖြတ်ပြီး တိုက်ပိတ်ထားတာကို ခံခဲ့ရတာပါ။ တခြားသူတွေနဲ့ အော်ဟစ်ပြီး စကားပြောလို့မရအောင် ပေ ၃၀၊ ၄၀ ကျော် အခန်းကြီး ၃-၄ ခန်းနဲ့ ခြားထားလိုက်ပါသေးတယ်။ သူဝါသနာပါတဲ့ ပန်းချီ၊ ဂီတ၊ စာပေဆိုတာတွေလည်း ဘာမှ လုပ်ခွင့်မပေးဘဲ ဆန်ကြမ်းထမင်းနဲ့ ဟင်းရွက်ပြုတ်ရည်ကိုသာ ကျွေးပြီး၊ သွားမပါဘဲ ၀ါးမျိုချ အသက်ရှင်နေခဲ့ပါတယ်။ “သွားမပါဘဲ စားရတယ်” ဆိုတာက ငရဲသားဗိုလ်ချုပ်ခင်ညွန့်တို့ရဲ့ လက်ချက်နဲ့ သွားတွေ ကျိုးကြေ ပြုတ်ထွက်ကုန်လို့ပါပဲ။ အစာအိမ်ရောဂါလည်း စွဲခဲ့ရတယ်။ အူကျရောဂါဖြစ်တာကို ဆေးရုံတင် ကုသမပေးဘဲ ဖြစ်ချင်ရာဖြစ် ဖြစ်ရော ဆိုပြီး ပစ်ထားတာလဲ ခံခဲ့ရပါတယ်။ ၅ နှစ်ကြာမှ ခွဲစိတ်ကုသတော့ သိပ်နောက်ကျသွားလို့ မွေးရာပါပစ္စည်းတခုလုံး ဆုံရှုံးခဲ့ရလို့ ‘သင်းကွပ်’ ခံဘ၀ရောက်သွားခဲ့ရပါပြီ။ ခွဲစိတ်မှု ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ပေါင်တဖက် နာကျင် ကိုက်ခဲတာလည်း တသက်လုံး ခံသွားခဲ့ရရှာပါသတဲ့။

ထောင်က လွတ်လာတော့ နေစရာ အိမ်မရှိတော့ဘူး။ သူ့အိမ်ခန်းကို သိမ်းလိုက်တော့ တသက်လုံး စုဆောင်းခဲ့တဲ့ စာအုပ်စာတမ်း၊ မှတ်တမ်း မှတ်ရာတွေနဲ့တကွ ပစ္စည်းတွေအားလုံး ဆုံးရှုံးခဲ့ရတယ်။ အငြိမ်းစားလစာလည်း အသိမ်းခံရလို့ နေစရာ၊ စားစရာရော၊ သုံးစရာငွေကြေးပါ ဘာမှ မရှိတဲ့အပြင် ထောင်အပြင်မှာလည်း နောက်က ထောက်လှမ်းရေးတွေက အမြဲလိုကပ်လိုက်နေတော့ ကျွေးမယ့် ပေးမယ့် ဆွေမျိုး မိတ်သင်္ဂဟတွေလည်း တော်ရုံလူက မကပ်ရဲတော့ဘူးပေါ့။

ဒီလိုနဲ့ … ‘ကျနော်တယောက် အကြံတုံး၊ ဥာဏ်တုံး၊ နလပိန်တုံးလောက် နီးနီးအဖြစ်နဲ့ ဘ၀နေ၀င်ချိန် ခရီးဆုံးကို လှမ်းလျှောက် လျှောက်နေရပါပြီ’ လို့ သူရဲ့ ‘လူ့ငရဲ’ အမှာစာမှာ ရေးသွားခဲ့ပါတယ်။ ဒါပေမယ့် ရှိတဲ့အင်အားနဲ့ မကြောက်တရားကို လက်ကိုင်ထားပြီး မလျှော့တမ်း တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်အော်ဟစ်ပြီး ကြွေးကြော်တဲ့အတိုင်းလည်း လေသံတောင် မလျှော့ဘဲ မကြောက်တရားနဲ့ တိုက်ပွဲဝင်သွားခဲ့ပါတယ်။ လူငယ်တွေအတွက် ဇွဲမာန်သတ္တိတွေ အမွေပေးသွားခဲ့ပါတယ်။

ဦးဝင်းတင်က ကြို့ပင်ကောက်သားဆိုတော့ ကျနော်တို့အညာသားတွေနဲ့ အနေဝေးခဲ့ပါတယ်။ အသက်အရွယ်ကလည်း ကျနော်တို့ထက် ၁၀နှစ်လောက် ကြီးတဲ့အပြင် သူက ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တာပါ။ တက္ကသိုလ်ကျောင်းသားဘ၀မှာ စာပေလေ့လာဖော်သူငယ်ချင်းက ဦးဝင်းမောင် (မင်းယုဝေ)ပါ။ ကျနော်တို့က ‘ကြီးဖော်’တွေပါ။ ၁၉၆၉-၇၈ မန္တလေးကို ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀နဲ့ ရောက်လာတော့ သိကျွမ်းရင်းနှီးလာခဲ့ရတာပါ။ စာပေသမားအချင်းချင်းဆိုတော့လည်း သိဟောင်းကျွမ်းဟောင်းလို ချက်ခြင်း ခင်မင်ရင်းနှီးသွားပြီး ညီအကိုလို သွေးသောက်ရဲဘော်လို ရင်းနှီးသွားခဲ့ရပါတယ်။ တွေ့တွေ့ချင်း ကျနော့်ကို အိမ်ရှာခိုင်းလို့ ကျနော်နဲ့ မျက်နှာချင်းဆိုင်က အိမ်ကို ရှာပေးထားခဲ့ပါတယ်။ မီးရထားရပ်ကွက်အရှေ့ဖက်မှာပါ။ အစိုးရတိုက်တန်း (နန်းရှေ့)ကို ပြောင်းကြရတော့လည်း အတူတူပဲ ပြောင်းကြရပြီး မျက်နှာချင်းဆိုင် နေခဲ့ရပါတယ်။ နန်းရှေ့မှာ ကျနော်အလုပ်သွားတဲ့ကျောင်းက မန္တလေးအနောက်ဖျားမှာပါ။ စိန်တောင်ရပ်ထဲမှာပါ။ ဒါကြောင့် ကျနော်က အချိန်ရတိုင်း သူ့စာပွဲကို သွားထိုင်ပါသေးတယ်။ သူ့ရှေ့မှာ ပန်းချီဆရာလေးတွေ၊ ကာတွန်းဆရာလေးတွေရော၊ စာပေ၀ါသနာရှင် ရဟန်းသံဃာတွပါ တွေ့ရတတ်ပါတယ်။ သူ့စာပွဲပေါ်မှာတော့ စာရွက်စာတမ်းနဲ့အတူ မြေပဲကြော်ပန်းကန် အမြဲရှိနေတတ်ပါတယ်။ ခု သူနဲ့အတူ နိုင်ငံရေးလောကထဲ ရောက်လာတဲ့ ကိုအုန်းကြိုင်တို့ကိုလည်း အဲဒီစာပွဲမှာပဲ မိတ်ဆွေတွေ ဖြစ်လာခဲ့ရပါတယ်။

ဦးဝင်းတင်တို့ “ကြေးမုံ” သတင်းစာတိုက်ကို ပြည်သူပိုင်သိမ်းလိုက်တော့ ဦးဝင်းတင်မှာ အားလပ်သွားခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်နေ၀င်းက သတင်းစာလုံးဝမရှိတော့တဲ့ မန္တလေးကို သွားပြီး လုပ်ဖို့ လွှတ်လိုက်တဲ့အခါမှာ ဒုတိယလူထုသတင်းစာ မဖြစ်စေနဲ့။ ဦးလှတို့ ဒေါ်အမာတို့ လူထုမောင်စောလွင်၊ မောင်စွမ်းရည်တို့နဲ့ ဝေးဝေးနေလို့ အသေအချာ မှာလိုက်တဲ့အပြင် ဗိုလ်ကြီးတယောက်ကိုလည်း သတင်းစာမှာ ပူးတွဲတာဝန်ယူဖို့ ခန့်လိုက်သေးတာပါ။ အဲဒီစစ်ဗိုလ်ကို တနင်္ဂနွေအချပ်ပိုကိုပဲ တပ်မတော်ကဏ္ဍအတွက် နေရာပေးပြီး တာဝန်ယူခိုင်းထားဟန် ရှိပါတယ်။ ဒါပေမယ့် အဲဒီဗိုလ်ကြီးက လူအေးလူရိုးပါ။ ဦးဝင်းတင်လို ပုဂ္ဂိုလ်ကိုလည်း တန်ဖိုးထား လေးစားဟန်ရှိပါတယ်။ စွက်ဖက်ခဲ့ပုံ မရပါဘူး။ ဦးဝင်းတင်ကလည်း စွက်ဖက်ခံမှာ မဟုတ်ပါဘူး။

ဦးဝင်းတင်လိုလူက မန္တလေးရဲ့ မြို့မျက်နှာဖုံးလိုဖြစ်နေတဲ့ လူထုဦးလှတို့လို သတင်းစာဆရာကြီးတွေကို ဘယ်မှာ ဦးမခိုက်ဘဲ နေပါ့မလဲ။ သူ့မိဘတွေလိုတောင် သဘောထားတာပါ။ သတင်းစာဖွင့်ပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးကိုယ်တိုင်လည်း တက်ရောက်ပါတယ်။ ဦးဝင်းတင်က ဆရာကြီးရွှေဥဒေါင်း၊ ဆရာကြီးမြမျိုးလွင်၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ကို ရှေ့တန်းတင်ပြီး ဖွင့်ပွဲလုပ်ရာမှာ ကျနော်တို့တတွေကိုလည်း အရေးတယူဖိတ်ကြားခဲ့ပါတယ်။ မန္တလေး စာပေသမားတွေအားလုံးကို ပါဝင်ရေးသားကြဖို့ ဖိတ်ခေါ်ပါတယ်။ ကလောင်ရှင်သစ်တွေနဲ့ ကာတွန်းဆရာအသစ်တွေကိုတောင် မွေးထုတ်ပေးသွားနိုင်ခဲ့ပါတယ်။

ကျနော်တို့ကတော့ သူ့ကို ဗိုလ်နေ၀င်း ငြိုငြင်တာ ခံရမှာစိုးလို့ တခါတရံ ကလောင်အမည်ဝှက်တခု သုံးပြီး ရေးပါတယ်။ မောင်စွမ်းရည် အမည်နဲ့ကတော့ ကောက်စိုက်သီချင်းတို့၊ ဗုံကြီးသံတို့လို အငြိုအငြင်အခံရနိုင်တာမျိုးလောက်ပဲ နည်းနည်းပါးပါး ၀င်ရေးခဲ့ပါတယ်။ ကျနော်ရေးလေ့ရှိတဲ့ စာအုပ်ဝေဖန်စာများကိုလည်း ကျနော်မရေးပါဘူး။ ဦးဝင်းတင်ကိုယ်တိုင်ပဲ ကလောင်ခွဲသုံးပြီး ရေးခဲ့ပါတယ်။ ဦးဝင်းတင်အားထုတ်မှုကြောင့် မန္တလေးလူထုကလည်း ဦးဝင်းတင်ကို လေးစားချစ်ခင်လာကြတဲ့အပြင် ဟံသာဝတီသတင်းစာကိုလည်း အထူးအားထား လေးစားလာခဲ့ကြပါတယ်။ တချို့ကလည်း ဦးဝင်းတင်ကို မန္တလေးသားဖြစ်အောင် ရွှေမန်းသူ ရွှေးခြေကျင်းမယ်တဦးဦးနဲ့ လက်ဆက်ပေးဖို့တောင် အားထုတ်ခဲ့ကြတယ်လို့ ကြားလိုက်မိဖူးပါတယ်။

ဦးဝင်းတင်ရောက်လာပြီး မကြာခင်မှာပဲ ကျနော်တို့တတွေ တနှစ်မှ တကြိမ် လုပ်ဖြစ်တဲ့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း စာဆိုတော် နေ့ စာတမ်းဖတ်ပွဲကိုလည်း အသင်းနဲ့တကွ ပိတ်ပစ်လိုက်တာကို ခံရပ်တယ်။ ဒါပေမယ့် ဦးဝင်းတင်က ဟံသာဝတီသတင်းစာတိုက်မှာ ဒီလူတွေနဲ့ ဆက်ပြီး စာတမ်းဖတ်ပွဲတွေ လုပ်ပါတယ်။ ဗိုလ်နေ၀င်း ငြိုငြင်ခံထားရတဲ့ ဦးသိန်းဖေမြင့်တို့၊ သခင်ကျော်စိန်တို့ပါ တက်ရောက် ဖတ်ကြားတာမျိုးတွေ လုပ်လာခဲ့တော့ ဟံသာဝတီသတင်းစာတိုက်ကိုပါ ပိတ်ပစ်လိုက်တဲ့အထိ ငြိုငြင်တာ ခံလိုက်ရပါတယ်။

ဦးဝင်းတင်ဟာ အလွန်မကန် ရဲဘော်ရဲဘက်စိတ်ရှိသူပါ။ သူ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ဆိုရင် သူ့အငတ်ခံပြီး ကျွေးတာပေးတာမျိုး လုပ်တတ်သူပါ။ ကြေးမုံသတင်းစာတိုက်မှာ လုပ်တုန်းက သူ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအယ်ဒီတာတဦး အဖမ်းဆီး ထောင်ချခံရတော့ သူ့မိတ်ဆွေရဲ့ မိသားစုကို သူ့လစာကို လွှဲပေးထားလိုက်ပြီး သူကတော့ အပြင်စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေရေးပြီး ၀င်ငွေ ရှာစားနေခဲ့ ပါတယ်။ (မိုးမခ ဖြည့်စာ – အဆိုပါအယ်ဒီတာမှာ လူထုစိန်ဝင်း ဖြစ်ပါတယ်။ ဆရာလူထုစိန်ဝင်းကိုယ်တိုင်က ထိုအကြောင်းကို ဦးဝင်းတင်ဂုဏ်ပြုဆောင်းပါးတခုမှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်)။ မိတ်ဆွေတွေရဲ့ သားသမီးတွေ ကျောင်းနေစာရိတ် အခက်အခဲကြုံရင်လည်း သူပဲဝင်ပြီး ဖြေရှင်းပေးတတ်ပါတယ်။

မန္တလေးမှာ အလုပ်လုပ်တော့ ၀န်ထမ်းသက်သာဆိုင်တွေ ခေတ်စားတဲ့အချိန်ပါ။ အများအားဖြင့်တော့ ဌာနဆိုင်ရာ ဆရာကြီးတွေ အုပ်စားခဲ့ကြတာမျိုးပေါ့။ ဦးဝင်းတင်ကတော့ သကြား၊ နို့ဆီ၊ ဆီ၊ ဆန်၊ ဆား စတာတွေ ရရှိအောင် သူကိုယ်တိုင်စီစဉ်ပေးပြီး ထမင်းဆိုင်နဲ့ လဖက်ရည်ဆိုင် ဖွင့်စေပါတယ်။ မခိုမကပ်ပဲ ကောင်းကောင်းလုပ်စေပြီး အပြင်လူထုကို ဆိုင်ဖွင့်ရောင်းချတော့ လက်မလည်အောင် ရောင်းခဲ့ရပါတယ်။ ကောင်းအောင်လည်းလုပ်ပြီး အမြတ်ကြီးစားတာမျိုးလည်း မလုပ်တော့ လဖက်ရည်သောက်လာသူတွေ၊ ချိုင့်ဆွဲသွား သူတွေ များပါတယ်။ ၀န်ထမ်းတွေလည်း တကယ် သက်သာချောင်ချိခဲ့ပါတယ်။ ဟံသာဝတီသတင်းစာဝန်ထမ်းတွေ ပျော်ကြတာမျိုး အဲဒီခေတ်က ဘယ်မှ မတွေ့ဖူးပါဘူး။ အဲသလို လူထုအများရဲ့အကျိုးကို တကယ်ရှိအောင် လုပ်တာမျိုးကို ဗိုလ်နေ၀င်းက ဘယ်တုန်းကမှ မလိုလားခဲ့ဖူးလေတော့ ဦးဝင်းတင် လူကြိုက်များလာတာမျိုးကိုလည်း ဘယ်ကြိုက်မလဲ။ မနာလိုဝန်တိုတာလည်း ပါမယ် ထင်ပါတယ်။

ဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာဟာ ၁၀ နှစ် နီးပါးပဲ သက်တမ်းရှည်လိုက်တယ်လို့ ထင်ပါတယ်။ သူ့အရင် ကျနော် ရန်ကုန်ရောက် သွားတယ်။ သူက ၁၉၇၈ လောက်မှ ရန်ကုန်ကို ရောက်လာပြီး လမ်းသစ်ရိပ်သာက တိုက်ခန်းမှာ နေပါတယ်။ စာအုပ်တွေ အပြည့်နဲ့ပေါ့။ သူတဦးတည်းနေပါတယ်။ တပတ်တခါ တွေ့ဆုံပွဲလေး လုပ်ပါတယ်။ ဆရာဇ၀နက အိမ်နီးချင်းဖြစ်ပေမယ့် ဦးဝင်းတင်ရဲ့ တိုက်ခန်းလှေကားကို တက်ရမှာ ၀န်လေးတာကြောင့် ကြုံရခဲပါတယ်။ ကိုသာဘန်း၊ ကိုဝံသတို့ အမြဲလာတယ်။ ကိုကျော်အောင်၊ ကိုမင်းကျော်၊ ကိုညွန့်ကြူးတို့လည်း အမြဲလာတယ်။ တင်မိုး၊ မိုးသူ၊ မောင်စွမ်းရည်တို့ မန္တလေးအုပ်စုလည်း ပါတတ်ပါတယ်။ စကားဝိုင်းဖွဲ့ ပြောကြတာပါပဲ။ စားစရာ ထမင်းဟင်းလို ဟာမျိုးကိုတော့ ဦးဝင်းတင်ကိုယ်တိုင် ချက်ပါတယ်။ ကိုအုန်းကြိုင်တို့ ကူညီတယ် ထင်ပါတယ်။

ဦးဝင်းတင်က အပေါင်းအသင်း အလွန်များပါတယ်။ လုပ်ဖော်ကိုင်ဖက်များအပြင် တပည့်တပန်းတွေလည်း ပေါပါတယ်။ သူက တသက်လုံး သတင်းစာဆရာ လုပ်ခဲ့သူပါ။ ၁၉၄၉ ခုနှစ်လောက်က စပြီး အကျိုးဆောင်ဂျာနယ်နဲ့ သံတော်ဆင့်သတင်းစာတို့မှာ အလုပ်သင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။ ၁၉၅၃ ကစပြီး စာပေဗိမာန်မှာ ၀င်လုပ်တယ်။ နောက် အေအက်ဖ်ပီ သတင်းဌာနမှာလည်း ၀င်လုပ်ဖူးပါတယ်။ ဆရာဦးထင်ကြီးတို့ လက်အောက်မှာပေါ့။ သူက လူမှန်းသိကတည်းက သတင်းစာဆရာလုပ်မယ်ဆိုတာ ပိုင်းဖြတ်ပြီးသား။ ဂျာနယ်ကျော် မမလေး ရေးတဲ့ သတင်းစာဆရာကြီး ဦးချစ်မောင်ရဲ့ အထုပ္ပတ္တိ ‘သူလိုလူ’ ကို ဖတ်ပြီး ဦးချစ်မောင်ကို အထူးအားကျခဲ့တာလို့ ပြောဖူးပါတယ်။ ဦးချစ်မောင် အထူးနှစ်သက်တဲ့ ‘ကွိ’ စာအုပ်ကိုလည်း ရှာဖတ်ပြီး နောင်အခါ အဲဒီစာအုပ်ကို သူ ဘာသာပြန်ပါတယ်။ သူရဲ့ လက်ရာမွန်တခုပါပဲ။

ဦးဝင်းတင် စာပေဗိမာန်မှာ အလုပ်လုပ်ရင်း (စွယ်စုံကျမ်း၊ လူထုသိပ္ပံကျမ်းတို့ ထုတ်ဝေရေးကို ဆောင်ရွက်ရင်းလို့ ထင်ပါတယ်) နယ်သာလန်နိုင်ငံ၊ အမ်စတာဒန်မြိုံ၊ ဂျမ်ဘာတန်စာအုပ်ကုမ္ပဏီမှာ ပုံနှိပ်ထုတ်ဝေရေးပညာကို သင်ယူရင်း သမ္မာမိတ္တ စာအုပ်ကုမ္ပဏီလုပ်ငန်းအဖြစ် သွားရောက်လုပ်ဆောင် ရပါတယ်။ ၁၉၅၅-၅၇ ခုနှစ်များ အတွင်းမှာပါ။ ၂ နှစ်ကြာခဲ့ပါတယ်။ အဲဒီမှာ နေရင်း သူ့ငွေနဲ့သူ သတင်းစာလေးတစောင်ကို ပြည်ပမြန်မာတွေ ဖတ်ဖို့ စီစဉ်တည်းဖြတ် ထုတ်ဝေပြီး ဖြန့်ချိခဲ့ပါသေးတယ်။ ဥရောပပန်းချီကျော်များရဲ့ ပန်းချီပြတိုက် (ဗန်ဂိုး စတဲ့) တွေကိုလည်း လှည့်လည်ကြည့်ရှု မှတ်သားခဲ့ပါသေးတယ်။ အဲဒီကိုယ်တွေ့မှတ်သားခဲ့တာတွေနဲ့ ပေါင်းစပ်ပြီး ကမ္ဘာပန်းချီသမိုင်းနဲ့ မြန်မာ့ပန်းချီသမိုင်းပါဝင်တဲ့ ‘အလှရှာတော်ပုံ’ စာအုပ်ကြီးကို ၁၉၆၇မှာ ထုတ်ဖြစ်ခဲ့ပါတယ်။ ‘ပေါ်သစ်’ ဆိုတဲ့ ကလောင်အမည်ကို ယူခဲ့ပါတယ်။ ကျနော် ၂၀၀၂ အမ်စတာဒန်မြိုံကို ရောက်တော့ ဗန်ဂိုးပြတိုက်ကို ၀င်ကြည့်ခဲ့ရပါတယ်။ ဦးဝင်းတင်ခြေရာ ထပ်ခဲ့တဲ့နေရာမှာ ငါ့ခြေရာ ချခဲ့တာပါကလားလို့ အလွမ်းပွားခဲ့ရဖူးပါတယ်။ ဦးဝင်းတင်မကွယ်လွန်မီကလေးတင်ပဲ ‘အလှရှာတော်ပုံ’ ကို ပြင်ဆင်မွန်းမံပြီး ဆေးရောင်စုံနဲ့ ဒုတိယအကြိမ် ထုတ်နိုင်ခဲ့လို့ သူ အထူးဝမ်းသာသွားခဲ့ပါတယ်။ ပန်းချီအနုပညာသမား ဒေါ်အောင်ဆန်းစုကြည် အမှာစာ ချီးမြှင့်ထားတာ တွေ့ရပါတယ်။

ဦးဝင်းတင်အကြောင်း ဆောင်းပါးနိဂုံးချုပ်ခါနီးမှာ ဦးလေးလူထုဦးလှရဲ့ ဦးဝင်းတင် ဂုဏ်ပြုစကားလေးနဲ့ နိဂုံးချုပ်ပေးသင့်တယ်လို့ စဉ်းစားလိုက်မိပါတယ်။ ဟံသာဝတီသတင်းစာတိုက်ဖွင့်ပွဲ မန္တလးမှာလုပ်တုန်းက ပြောခဲ့တာပါ။ ပုံပြင်ဆရာကြီး ပြောခဲ့တဲ့ ပုံပြင်တပုဒ်ပါ။

‘တနေ့တော့ ခြင်္သေ့မကြီးတကောင် မီးဖွားတဲ့သတင်းရလို့ မြေခွေးမတကောင်က မီးနေမေးဖို့ သွားပါသတဲ့။ “ဟင် … ခြင်္သေမကြီးဆိုပြီး မွေးလာတော့လည်း ခြင်္သေ့လေးတကောင်တည်းပါကလား၊ ကျမတို့ဆိုရင် တခါတည်း ၅ကောင် ၁၀ကောင် မွေးတာ …” လို့ ရှုတ်ချ ပြောဆိုပါသတဲ့။ ခြင်္သေမကြီးက “အေး – တကောင်တည်းတော့ တကောင်တည်းပဲ။ ဒါပေမယ့် ခြင်္သေ့ ဟဲ့ …” လို့ ပြန်ဟောက်လိုက်ပါသတဲ့။ ဦးဝင်းတင် ဟံသာဝတီတိုက်ကို တဦင်္းတည်း ရောက်လာလို့ ဦးလေး လူထုဦးလှက တင်စားပြောတဲ့ ပုံပြင်ပါ။ အစမှာ ရေးခဲ့တဲ့ အတိုင်း ဗိုလ်နေ၀င်းမကြိုက်ပေမယ့် ဦးဝင်းတင်ကတော့ လူထုမောင်နှံကို မိဘနှစ်ပါးလို သဘောထားခဲ့ပါတယ်။ ဦးလေးတို့ကလည်း တူသားရင်းချာလို စောင့်ရှောက်ပါတယ်။ အမေ ဒေါ်အမာ ရန်ကုန်ကို အလည်လာတော့ ရုပ်ရှင်မင်းသားကြီးဦးထွန်းဝေအိမ်မှာ မိတ်ဆွေအသိုင်းအ၀ိုင်း ၁၀၀ လောက်နဲ့ ထမင်းစားပွဲကြီး တခုလုပ်ပြီး ဂုဏ်ပြု ဧည့်ခံဖူးပါတယ်။

ဂုဏ်ပြုပွဲမှာ ဦးဝင်းတင်က ‘ကျနော့်မှာ အမေ ၂ ယောက်ရှိတယ်။ အမေရင်းအမည်က ဒေါ်အမာတဲ့။ နောက်ရတဲ့ အမေကလည်း ဒေါ်အမာပါ ပဲ” လို့ လှိုက်လှိုက်လှဲလှဲ ပြောခဲ့ဖူးပါတယ်။ ကျနော်တို့ကလည်း လူထုမောင်နှံရဲ့ သားသမီးများဖြစ်လေတော့ ဦးဝင်းတင်ကလည်း ကျနော် တို့ရဲ့ မန်းစကားနဲ့ပြောရရင် ‘နောင်တော်ကြီး’ ပါပဲ။ ဦးဝင်းတင်ဆုံးပါး ကွယ်လွန်သွားတာဟာ ကျနော်တို့ရဲ့ နောင်တော်ကြီးတဦး ဆုံးရှုံး သွားရတာနဲ့ မခြားပါဘူး။ နောင်တော်ကြီး နောင်ဘ၀မှာ သတင်းစာဆရာကြီးဘ၀နဲ့ ဗမာပြည်ရဲ့အကျိုးကို ဆထက်တပိုး တိုးပြီး ဆောင်ရွက်နိုင်ပါစေသတည်း။

မောင်စွမ်းရည်

၂၀၁၄ ဧပြီ ၂၂၊ နယူးယောက်
http://moemaka.com/archives/37287


သင်္ကြန်ကာလအတွင်း အခြားအလုပ်မရှိသည်နှင့် စာရေးစာဖတ် အလုပ်လုပ်ပြီးလျှင် Sky Net ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များ အစီအစဉ်ကိုကြည့်ဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့် မှုမှာ ရုပ်သံလိုင်းသုံးလိုင်းမှ ထုတ်လွှင့်နေခြင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များရှိ Sky Net ရေကစားမဏ္ဍပ်များတွင် ဖျော်ဖြေတီးမှုတ်သီဆိုနေကြသည်များကို တိုက်ရိုက်ရှုမြင်ရပါသည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကိုကြည့်လိုက်၊ နေပြည်တော်သင်္ကြန်ကိုကြည့်လိုက်၊ မန္တလေးသင်္ကြန်ကိုကြည့်လိုက်ဖြင့် နည်း ပညာတန်ခိုးဖြင့် မြို့သုံးမြို့သို့ ကူးသန်းပြေးလွှားနေပါသည်။
ထိုသို့သေသေချာချာကြည့်သောအခါ ကျွန်တော်သတိထားမိသည်မှာ အဆိုတော် တော်တော်များများသည် စင်ပေါ်သို့တက်လာသည်နှင့် ဘာမှမယ်မယ်ရရ ဖျော်ဖြေသီဆိုမှု မလုပ်ရသေးခင် ''လက်ခုပ်သံလေး ကြားချင်ပါ တယ်'' ဟူ၍တစ်မျိုး၊ ''လက်ခုပ်တီးပြီး အားပေးလိုက်ပါဦး'' ဟူ၍တစ်ဖုံ၊ ''အဆင်ပြေရင် လက်ခုပ်သံကျယ်ကျယ် လေးတီးပေးပါလား''“ဟူ၍တစ်နည်း မရိုးနိုင်အောင် တစ်ထပ်တည်းကြားရလေသည်။

ထိုကဲ့သို့ လက်ခုပ်သံချလိုက်သောအခါ ပရိသတ်သည် မကောင်းတတ်သဖြင့် စိတ်မပါလက်မပါတီးလိုက်သော လက်ခုပ်သံဖြိုးတို့ဖြောက်တောက်ကိုကြားရတတ်လေ၏။ ထိုအခါကျွန်တော်သည် ပန်းတိမ်မတတ်ခင် ရွှေခိုး သင် ဟူသောစကားပုံကိုသတိရမိ၏။ မိမိ၏ဖျော်ဖြေမှုအရည်အချင်းရှိပါက မည်သို့မျှတောင်းဆိုနေစရာမလိုဘဲ ပရိသတ်သည် လက်ခုပ်လက်ဝါးတီး၍ သောင်းသောင်းဖြဖြ အားပေးကြပေလိမ့်မည်။ မျက်နှာသစ်အဆိုတော် ဖြစ်စေ၊ နာမည်ကြီးအဆိုတော်ဖြစ်စေ ပရိသတ်က ကြိုက်နှစ်သက်လျှင် အားပေးပေမည်။ မနှစ်သက်က လှောင် ပြောင်အော်ဟစ်ကြပေမည်။ ထို့ထက်ပို၍ မနှစ်မြို့လျှင် ဆဲကြဆိုကြ၊ ရေဘူးစသည်တို့နှင့် ပစ်ပေါက်ကြပေမည်။ လက်ခုပ်သံဆိုသည်မှာ ဇွတ်တောင်းဆို၍ ရကောင်းသောအရာမဟုတ်ပါ။
ကျွန်တော်တို့ငယ်စဉ်က Play Boys … L.P.J … New Wave … The Rays … E.Machine …Aces … The Wild Ones … Aurora စသော တီးဝိုင်းများခေတ်စားပါသည်။ ရွှေတိဂုံတပေါင်းပွဲ၊ ကျိုက္ကဆံပွဲစသော ပွဲလမ်း သဘင်များတွင် တီးဝိုင်းနှင့်အဆိုတော်များစွာ ညလုံးပေါက် သီဆိုဖျော်ဖြေကြရာ မည်သည့်အဆိုတော်မျှ ကျွန်တော့်ကို လက်ခုပ်သံလေးချီးမြှင့်ပါဦးတို့ ကျွန်မတော့ လက်ခုပ်သံလေးကြားချင်တယ်တို့ မပြောကြပါ။

ကိုယ့်တာဝန်ကိုယ်ကျေအောင်သာ ကြိုးစားသီဆိုကြပါသည်။
ပရိသတ်ကလည်း မိမိကြိုက်နှစ်သက်သော အဆို တော်ကို လက်ခုပ်သံမစဲအောင် အားပေးချီးမြှင့်ကြပါသည်။ ထိုလက်ခုပ်သံသည် အစစ်အမှန်လက်ခုပ်သံများဖြစ် ကြပါသည်။ ထိုသို့သီဆိုရင်း ပရိသတ်၏နှလုံးသားထဲသို့ရောက်သွားကာ နိုင်ငံကျော်အဆိုတော်များ ဖြစ်လာကြ ပါသည်။ မြန်မာပြည်သိန်းတန်၊ ပလေးဘွိုင်သန်းနိုင်၊ စိုင်းထီးဆိုင်၊ စိုးပိုင်၊ ခိုင်ထူး၊ ကိုင်ဇာ၊ ထူးအိမ်သင်၊ မေခလာ၊ မေဆွိ၊ ကော်နီတို့သည် ထိုကဲ့သို့ နာမည်ရလာသော အဆိုတော်များဖြစ်ပါသည်။
ခေတ်သည်ရပ်တန့်မနေဘဲ ပြောင်းလဲသွားပြီဖြစ်ရာ ယခုခေတ်သည်ကား ပရိသတ်၏ လက်ခုပ်သံကိုမစောင့်နိုင် တော့ဘဲ အလွယ်လမ်းလိုက်ကာ ပါးစပ်မှပင် ဖွင့်ဟတောင်းဆိုကြသောခေတ်သို့ ရောက်လာလေပြီ။ စာပေဟောပြောပွဲများသို့ သွားရောက်နားထောင်သောအခါ အချို့စာရေးဆရာကြီးများသည် ပရိသတ်လက်ခုပ် တီးခြင်းမတီးခြင်းကို ပဓာနမပြု နားထောင်သူ ပရိသတ်ဗဟုသုတရရာရကြောင်းဖြစ်သော သုတ၊ ရသများကို ဟောကြားကြလေသည်။ အချို့မှာကား မိမိစကားတစ်ခွန်းပြောလိုက်တိုင်း ပရိသတ်လက်ခုပ်လက်ဝါးတီး၊ လက်ခေါက်မှုတ်ကြသည်ကို သာယာကာ ဟောပြောသောခေါင်းစဉ်နှင့် ဆိုင်ဆိုင်မဆိုင်ဆိုင် အစိုးရကို ဆော်လ ဘန်တေကြလေသည်။ စောင်းချိတ်ကဲ့ရဲ့ကြလေသည်။ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း နာနာပြော၍၊ အာဏာ ရှင် ဟိုလူကြီးအကြောင်း မကြာမကြာထည့်၍နှံလေသည်။ ဥပမာအားဖြင့် ''ဗိုလ်ချုပ်အောင်ဆန်းဟာ အသက် ၃၂ နှစ်မှာ ကွယ်လွန်သွားတယ်၊ ဟိုလူကြီးကျတော့ ခုထက်ထိ မသေနိုင်သေးဘူး'' ဤသည်လည်း လက်ခုပ်သံ ချူနည်းတစ်ကြောင်းပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းတော်၍ ဟိုလူကြီးညံ့ကြောင်းကို တစ်တိုင်းတစ်ပြည်လုံး က သိကြပြီးဖြစ်ရာ လူထုကိုဆွပေး၍ အတိတ်ဇာတ်ကြောင်းလှန်နေ၍လည်း သိပ်ပြီးအကျိုးရှိလှသည့်ကိစ္စ မဟုတ်ပေ။ တိုင်းပြည်ကို တိုးတက်ကြီးပွားအောင် ဘယ်လိုဆက်လုပ်ကြမည်ဆိုသောကိစ္စများသာ စင်စစ်လူ ငယ်များအတွက် အလင်းရောင်ဖြစ်စေမည်ဖြစ်သည်။
နိုင်ငံရေးနယ်ပယ်ထဲသို့ကြည့်လိုက်သောအခါ မြန်မာနိုင်ငံတွင် လက်ခုပ်သံနိုင်ငံရေးက ကြီးစိုးနေတာတွေ့ရပေ သည်။ အစိုးရသည် ပြည်တွင်းပြည်ပ အကဲခတ်များ လက်ခုပ်တီးကာကြိုဆိုကြမည်ဟု သေချာပေါက်ယူဆ သော အကြောင်းများကိုသာ လူကြားကောင်းအောင် တစာစာ ရွတ်ဆိုနေတာတွေ့ရလေသည်။
- ကျွန်တော်တို့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဆောင်ရွက်နေပါတယ်
- တိုင်းပြည်ရဲ့ G.D.P ဟာ တစ်ရှိန်ထိုးတိုးတက်လာနေပါပြီ
- အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာဟာဒေသတွင်းခေါင်းဆောင်မှု ပေးနိုင်ကြောင်း ကမ္ဘာကိုပြနိုင်ခဲ့ပါပြီ
- ဘင်းစတက်အစည်းအဝေးကြီးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနိုင်ခဲ့ပါတယ် (ဘင်းစတက်ထက်ထမင်းချက် စရာဆန်မရှိခြင်းက ပိုအရေးကြီးကြောင်း ဆင်းရဲသားများပြောနေကြပေ၏)
- ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရပါဘူး (ရှိခဲ့ရင် ဘာလုပ်မလဲဟု ထည့်မပြော)
- အနိမ့်ဆုံးလုပ်ခလစာတွေကို မကြာခင်သတ်မှတ်ပေးရမှာဖြစ်ပါတယ် (ယခုထက်ထိအကောင်အထည်မပေါ်)
- ၂၀၁၄ မတ်လ ၃၁ ရက်နေ့မှစကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်သွားမှာဖြစ်ပါတယ် (အမှန်က တင်ပို့စရာသစ်တောက ကုန်သလောက်ရှိချေပြီ)
- လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို တိုက်ဖျက်သွားမှာဖြစ်ပါတယ် (ပြင်းထန်စွာအရေးယူမှု တစ်ခါမျှမကြားရ)
- တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိုကျင်းပနိုင်ပါတော့မယ် (သင်္ကြန်တွင်းပင်မရှောင် K.I.A နှင့် အစိုးရတပ် များတိုက်ခိုက်နေကြ ပေသည်)
- ယခုနှစ်ကုန်မှစကာ နိုင်ငံရေးအကျဉ်းသားမရှိစေရပါဘူး (ပုဒ်မ ၁၈ ဖြင့် ထပ်အဖမ်းခံရသူများကမနည်းပေ၊ ဂျာနယ်လစ်များလဲ အဖမ်းခံကြရပေ၏)
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ပိုင်ခွင့်ကို တားဆီးလိုသော ဆန္ဒမရှိပါဘူး (လက်တွေ့တွင် ပုဒ်မ ၅၉(စ) ကိုပြင်ရန်အစီအစဉ်မရှိ)
- ဘာသာသာသနာကိုစောင့်ရှောက်မည် (ဘုန်းကြီးကျောင်း အချို့မှာ ကျူးကျော်ဆိုပြီး ဖျက်ခံရလေသည်။ ဘုန်းကြီးအချို့မှာ တိမ်းရှောင်နေရ၏။ လယ်တီသိမ်တော်ကြီးလည်းကုန်ပေပြီ) စသည်ဖြင့်လက်တွေ့မပါသော လူကြားကောင်းအောင်ပြောသောစကားများဖြင့် မြန်မာလူထုနှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ လက်ခုပ်သံကိုချူ လေသည်။

ပြည်တွင်းမှာတော့ အစိုးရသက်တမ်းသုံးနှစ်ကျော်လာချိန်တွင် မည်သူကမျှ ဟုတ်ဟုတ်ငြားငြား ယုံကြည်မှုမရှိ တော့ပေ။ အစိုးရပြောသမျှသည် ကောင်းနေညွန့်နေပေသည်။ လက်တွေ့တွင်ကား ကွဲပြားခြားနားသော ရလဒ် များသာ ထွက်ပေါ်လာပေသည်။ အစိုးရအနေနှင့် မလုပ်တတ်တာလား၊ လုပ်နိုင်စွမ်းမရှိတာလား၊ မလုပ်ချင် တာလား မကွဲပြားတော့ပေ။ လုပ်နိုင်စွမ်းမရှိတာဆိုလျှင်တော့ လုပ်နိုင်သူတွေ။ လုပ်တတ်သူတွေလက်ထဲ အာဏာလွှဲပေးသင့်လေသည်။ ဤကားအုပ်ချုပ်ရေးမဏ္ဍိုင်၏ လက်ခုပ်သံနိုင်ငံရေးဖြစ်သည်။
ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)မှာလည်း ထိုနည်းနှင်နှင်ဖြစ်၏။ လွှတ်တော်အထက်တွင် မိုးကောင်းကင်ကြီး သာ ရှိတော့ပါသည်ဟု ကြွားလုံးထုတ်၏။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဟု ကြွေးကြော်၏။ ပထမဆုံးအနေဖြင့် ပြည်သူ့ဆန္ဒမပါဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ဖိအားပေးနုတ်ထွက်စေ၏။ (ပြည်သူ လူထုကထိုသို့လုပ်လိုသည်ဟုတစ်ခါမျှ ဆန္ဒပြမတောင်းဆိုဖူးချေ)။ ပြည်သူ လူထု၏ဆန္ဒမှာ ကျောသားရင်သားမခွဲသော ဥပဒေစိုးမိုးရေး၊ စားဝတ်နေရေးပြေလည်ရေးများဖြစ်သော်လည်း လွှတ်တော်သည် ထိုအရာတွေကို ကျော်လွန်၍ ဒေါက်တာဆိတ်ဖွားဆိုသူ လိုက်ရှာရေးကို အလုပ်မရှိ ကြောင်မ, ရေချိုး အာရုံစိုက်ကာ အလုပ်ကြိုးစားပြလိုက်၏။ ပြည်သူလူထုကပွင့်လင်းမြင်သာမှုကို လိုလား၍၊ အဂတိလိုက် စားမှုများကို ရွံမုန်းနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ ပိုင်ဆိုင်မှု ဥစ္စာဓနဖော်ထုတ် ကြေညာရေးအဆိုမှာ မဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ်တော်ကြီး အများစုက တစ်ညီတစ်ညွတ်ပယ်ချလိုက်သဖြင့် အဆိုမှာရှုံးနိမ့်သွားရ ၏။ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်လိုသော ပြည်သူတစ်သိန်း၏ လက်မှတ်များဟုဆိုကာ ဘယ်ကဘယ်လိုပေါ်လာ မှန်းမသိသောလက်မှတ်များ လွှတ်တော်သို့ ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာသည်။ အတိုက်အခံပါတီဝင်အမတ် များ၏ မေးခွန်းများမှာ ချောင်ထိုးခံရပြီး အာဏာရပါတီမှအမတ်များ၏ အဆိုတိုင်းလိုလို ၀ိုင်းဝန်းထောက်ခံကြ၏။ ပြည်သူလူထုက မလိုလားသောလွှတ်တော် ကိုယ်စားလှယ်များအား ဖြုတ်ချနိုင်ခွင့်ဥပဒေကို ဆွေးနွေးရန်အချိန် မကျသေးဟူ၍ ဆိုင်းငံ့လိုက်၏။
တစ်ဖန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ သတ္တိရှိရှိ ရဲဝံ့စွာဆွေးနွေးကြဖို့ ဖိတ်ခေါ် တိုက်တွန်းလိုက်ပေသည်။

အလွန်နားထောင်ကောင်းသဖြင့် မီဒီယာများက လက်ခုပ်လက်ဝါးတီးကြပေ၏။ အမှန်စင်စစ် လွှတ်တော် နာယကကြီး၏ မိသားစုပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများအကြောင်းကို ဂျာနယ်လစ်တစ်ဦးကမေးသောအခါ ''ဘယ်ပြည်သူလူထုကသိချင်တာလဲ အဲဒီပြည်သူလူထုဆိုတာကိုခေါ်လာခဲ့''ဟု ငါ့စကားနွားရပြောခဲ့သည်။ သူတို့အလှည့်တုန်းကမူကား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို နာဂစ်မုန်တိုင်းတိုက်၍ ပြည်သူတွေ ဒုက္ခ ပင်လယ်ဝေနေချိန်တွင် ဇွတ်ဆန္ဒခံယူပွဲလုပ်ခဲ့ပြီး ပြည်သူလူထု ၉၂ ရာခိုင်နှုန်းက ထောက်ခံသည်ဟုကြေညာခဲ့ ရာ ထို ၉၂ ရာနှုန်းဆိုသောပြည်သူသည် ဘယ်သူတွေဖြစ်သည်ကိုပြပါဟု မီဒီယာတွေမေးခွင့်မသာခဲ့ပေ။ ထိုဆန္ဒ ခံယူပွဲမှာ မဲ ၉၂ ရာခိုင်နှုန်းရသည်ဟုသာ ပြောသံကြားရပြီး ထိုမဲတွေကို ဘယ်သူ့ရှေ့တွင် ဘယ်သူတွေက ရေတွက်ခဲ့သနည်း။ ကြီးကြပ်သော ဒိုင်အဖွဲ့မှာမည်သူတွေနည်း။ လွတ်လပ်သောကြားနေသော ရွေးကောက်ပွဲ ကော်မရှင်မှာ ဘယ်မှာလဲဟု မေးခွန်းများစွာရှိပေသည်။ တကယ်တော့ ကိုယ့်ဖဲကိုယ်ကုလားဖန်ထိုး၊ ကိုယ့် ဘာသာချိုး၊ ကိုယ့်ဘာသာဝေ၊ ကိုယ့်ဘာသာကြည့်ကာ တစ်သုံးလုံးဖြင့်နိုင်ပါပြီဟု ကိုယ့်ဘာသာ အရှက်မရှိ ကြေညာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပြည်သူလူထု ၉၂ ရာနှုန်းဆိုသည်မှာကား မည်သည့်ကမ္ဘာမှပြည်သူ တွေဖြစ်လေသနည်းဆိုသည်ကို မေးခွင့်မသာခဲ့ပါချေ။

တတိယမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေးမဏ္ဍိုင်သည်ကား လက်ခုပ်သံမျှော်သော အပြောသက်သက်ဖြင့်သာ ပွဲထွက်မလာစကောင်းဟု ပြည်သူများကမျှော်လင့်မိပါသည်။ ထိုမျှော်လင့်ချက်မှာလည်း တက်တက်စင်လွဲဘိ သည်။ လွတ်လပ်၍တရားမျှတသော တရားစီရင်ရေးဖြစ်စေရမည်ဟု ကြွေးကြော်ခဲ့ကြသော်လည်း လက်တွေ့ တွင်မူ အုပ်ချုပ် ရေးမဏ္ဍိုင်သည် တရားစီရင်ရေးမဏ္ဍိုင်သို့ သြဇာလွမ်းမိုးထားကြောင်း စာနယ်ဇင်းသမားများကို ထောင်ချခြင်း၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်သူများကို လိုလျှင်လိုသလို လွှတ်ပေးခြင်း၊ မလိုလျှင်မလိုသလို ထောင်ဒဏ်အပြစ်ပေးခြင်း။ မူးယစ်ဆေးဝါးအမှုများတွင် အုပ်ချုပ်ရေးပိုင်းမှ လူကြီးများ၏ ပတ်သက်ရာပတ်သက် ကြောင်းဆိုလျှင် လွှတ်ပေးပြီး (အင်တာနက်တွင်ပေါ်လာသော မူးယစ်စစ်ချက်များတွင် လူကြီးသားသမီးများကို အရေးယူကြောင်းမကြားရပေ) သရုပ်ဆောင်ရဲတိုက်ကဲ့သို့ အကာအကွယ်မဲ့နေသူများကို နှစ်ရှည်ထောင်ဒဏ်ချ မှတ်ခြင်းများဖြစ်ပေါ် နေဆဲဖြစ်သည်။ Eleven Media Group မှ သတင်းထောက် မခိုင်ကို ထောင်သုံးလချခြင်း၊ DVB သတင်းထောက်ကို ထောင်ဒဏ်တစ်နှစ်ချခြင်း၊ Unity ဂျာနယ်အယ်ဒီတာနှင့်သတင်းထောက်များကို ရုံးတင်စစ်ဆေးနေခြင်းသည် တရားစီရင်ရေး၏ အပြောသက်သက်မဟုတ်ဘဲ တကယ်ဘက်မလိုက်ဘဲ လုပ် ဆောင်နေတာမှဟုတ်ပါလေစ၊ ယခင်ခေတ်ကလို အစိုးရအလိုကျလိုက်ပါအသုံးတော်ခံနေတာများလားဟု တွေး စရာဖြစ်ပေသည်။

တရားသူကြီးများအချုပ်ခန်းနှင့် အကျဉ်းထောင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြသော်လည်း ကြိုတင် အကြောင်းကြားပြီးမှ ပျော်ပွဲစားထွက်သည့်သဖွယ် သွားရောက်ကြည့်ရှုကြရာ အားလုံးကောင်းပါသည်။ ခင်ဗျားမှ လွဲ၍ မည်သည့်အရာမှ မြင်တွေ့နိုင်မည်မဟုတ်ချေ။ ဆိုရလျှင် အရာအားလုံးသည် လူကြားကောင်းအောင် စေတနာမပါဘဲ လုပ်နေကြခြင်းဖြစ်သည်။ တလောကလည်း တရားရေးမဏ္ဍိုင်တွင် လာဘ်စားသောအမှုမှာ တစ်နိုင်ငံလုံးမှ သုံးမှုသာရှိပါသည်ဟု အံ့သြဖွယ်မျက်စိ မှိတ်ကြေညာသွားလေသည်။

ရွေးကောက်ပွဲကော်မရှင်သည်လည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရပါမည်ဟု ကမ္ဘာသိ ကြွေးကြော်လိုက်လေသည်။ မသိသူများထံမှ လက်ခုပ်သံဖြိုးတို့ဖြောက်တောက် ကားပေါ်ထွက်လာပေမည်။ အကြောင်းသိများက ပြုံးကြပေမည်။ မပြေးသော်ကံရာရှိ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှာ ယခင်စစ်အစိုးရ အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဖြစ်ပေသည်။ ပြောရလျှင် ဒိုင်လူကြီးမှာ စစ်သားဖြစ်သည်။ ကြံ့ခိုင်ရေးပါတီမှာ လည်း စစ်သားဟောင်းများဖြစ်သည်။ ယခင်ကလည်ပင်းဖက်နေကြသော အစ်ကိုကြီး၊ ညီလေးတို့အဖွဲ့ဖြစ်၍ ဘက်လိုက်မှု မလိုက်မှုမှာ များစွာသံသယ၀င်ဖွယ်ကောင်းလေသည်။ ပို၍သံသယ၀င်ဖွယ်ကိစ္စမှာ ကားစစ်ဗိုလ် ဟောင်း ပြည်ခိုင်ဖြိုးအမတ်တစ်ဦးက ရွေးကောက်ပွဲမဲဆွယ်ရာ၌ N.L.D အမတ်များသည် ဗိုလ်ချုပ်အောင်ဆန်းပုံ မသုံးသင့်၊ ကိုယ့်ပုံသာ ကိုယ်သုံးသင့်သည်ဟု ဝေဖန်လိုက်ပြီး မကြာမီပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီဥက္ကဋ္ဌများလာရောက် မဲဆွယ်ခြင်းမပြုရ၊ ကိုယ့်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ် ပြိုင်မည့်အမတ်လောင်းကိုယ်တိုင်သာ မဲဆွယ်ဟောပြောခွင့်ပြုသည်ဟူသော စည်းမျဉ်း(အမှန်ကညစ်ကွက်)ကို ထုတ်ပြန်ကောင်းထုတ်ပြန်မည်ဖြစ်ကြောင်း စည်းဝါးကိုက်ကြေညာလိုက်လေ၏။

မြန်မာနိုင်ငံတွင် သုခုမသဘင်သည်များမှအစ အုပ်ချုပ်သူများ အလယ်၊ လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်၊ တရားသူကြီးများအဆုံး အားလုံးသည် ''အဆင်ပြေရင်လက်ခုပ်သံလေးကြားချင်တယ်''ဆိုသော အဆင့်မှမတက် ကြသေးချေ။
လူကြားကောင်းရုံ လက်ခုပ်သံနိုင်ငံရေးကိုလုပ်နေကြပေသည်။ နိုင်ငံရေးလက်ခုပ်သံဆိုသည်မှာ အထူးအထွေ လိမ်လည်တောင်းခံ နေစရာမလိုပါ။ ပြည်သူသားအမိ ပြည်သူသာအဖဟု တကယ်ယုံကြည်၍ ပြည်သူလူထုကို သန်းခေါင်စာရင်းထဲမှ ကိုယ့်မိဘအရင်းလို ကောင်းတာလေးတွေမျှဝေလျက် လေးလေးစားစားလူရာသွင်း ဆက်ဆံကြလျှင်ဖြင့် ပြည်သူလူထုသည် ပွဲမတောင်းလည်း လက်ခုပ်သံမဲအပေါင်းကို သောင်းသောင်းဖြဖြ ရွေးကောက်ပွဲမဲရုံအ၀၌ပေးကြမည်သာဖြစ်ပါကြောင်း။ ဆက်၍လိမ်နေကြလျှင်ဖြင့် ကိုယ်ထိုက်နှင့်ကိုယ့်ကံသာ ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

နိုင်ငံရေးဆုငွေများအနေဖြင့် တာဝန်ထမ်းဆောင်မှုအလိုက် ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး – ငြိမ်း)မှာ ကျပ် သိန်းပေါင်း ၂၃၀၀၊ ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၁၈၄၀ . . .
11
နိုင်ငံ့ဘဏ္ဍာများအား ယခင် စစ်အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် လက်ရှိ ဘောင်းဘီချွတ် အရပ်သား အစိုးရ ခေါင်းဆောင်များက ယခုအချိန်အထိ လက်ဝါးကြီးအုပ် ရယူနေကြဆဲဖြစ်ကြောင်း ၎င်းတို့၏ ရရှိခံစားပိုင်ခွင့်နှင့် ရိက္ခာလစာ ထောက်ပံ့မှု ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

အများပြည်သူ ထောက်ခံမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုခဲ့သည် ဟုဆိုသော ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတကို လစာငွေ ခံစားခွင့်အနေဖြင့် ကျပ်သိန်းပေါင်း ၅၀ ပေးထားသည်။ ဒုတိယ သမ္မတ နှစ်ဦးသည် လစာငွေကျပ် သိန်း ၄၀ ရရှိမည် ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၉ အရ သမ္မတနှင့် ဒုတိယ သမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင် အယောင်များနှင့် သင့်တင့် လျောက်ပတ်သည့် အိမ်တော် တစ်ဆောင်စီကိုလည်း ရရှိကြမည် ဖြစ်သည်။

ဥပဒေပြုရေးမဏ္ဍိုင် အကြီးအကဲများဖြစ်သည့် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနှင့် တရားစီရင်ရေးမဏ္ဍိုင် အကြီးအကဲ နိုင်ငံတော် တရားသူကြီးချုပ်တို့မှာ တစ်လလျှင် ၃၅ သိန်း၊ ၀န်ကြီး၊ လွှတ်တော်ဒုဥက္ကဋ္ဌနှစ်ဦး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌတို့မှာ တစ်လလျှင် ကျပ်သိန်း ၃၀ စီ လစာငွေအဖြစ် ရရှိမည်ဖြစ်သည်။
ဒုဝန်ကြီးနှင့် အဆင့်တူ ရာထူးများအတွက်မူ တစ်လလျှင် လစာငွေအဖြစ် ကျပ်သိန်း ၂၀ သတ်မှတ်ထားသည်။

သို့သော် ယင်းလစာငွေများမှာ ယခင်စစ်တပ် အစိုးရလက်ထက် ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း)တို့ ရရှိသည့် ပင်စင်လစာ ငွေထက် နည်းနေ သေးသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ပင်စင်ဦးစီးဌာနမှ စတင်ခံစားခွင့် ပြုခဲ့သည့် ပင်စင်လစာ ငွေများမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) အနေဖြင့် တစ်လလျှင် ကျပ်သိန်း ၁၀၀ နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) အနေဖြင့် ကျပ်သိန်း ၈၀ သတ်မှတ်ထားသည်။

ထို့ပြင် ယခင် စစ်တပ်တွင်း နံပါတ် (၃) ဖြစ်သည့် ယခု ပြည်ထောင်စုလွှတ်တော် နာယက ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရဦးရွှေမန်းနှင့် နံပါတ်(၄) ဖြစ်သည့် ယခု နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးသိန်းစိန်တို့မှာ ပင်စင်လစာ အဖြစ် ကျပ်သိန်း ၅၀ စီ သတ်မှတ်ထားသေးသည်။ သို့သော် ယင်းတို့နှစ်ဦး၏ ပင်စင်လစာ ခံစားခွင့်ပြုသည့် ရက်ကိုမူ တိကျစွာ ထုတ်ပြန်ထားခြင်း မရှိပေ။

အလားတူ နိုင်ငံရေး ဆုငွေများ အနေဖြင့်လည်း တာဝန် ထမ်းဆောင်မှုအလိုက် ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၂၃၀၀၊ ဦးမောင်အေး (ဒုဗိုလ်ချုပ်မှူးကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၁၈၄၀၊ သူရဦး ရွှေမန်း (ဗိုလ်ချုပ်ကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၆၅၀၊ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီး – ငြိမ်း) မှာ ကျပ်သိန်းပေါင်း ၆၅၀ အထိ ခံစားခွင့်ပြုထားသည်။

ယင်းပမာဏမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် နှိုင်းယှဉ်ပါက များသည်ဟု မဆိုနိုင်သော်လည်း လက်ရှိ နိုင်ငံ့အကြီးအကဲ၏ တစ်နှစ်စာ လုပ်ခလစာထက်ပင် ပိုများနေသည် ကို တွေ့ရသည်။
ထို့ပြင် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်ကြီး ၆၉ ဦး၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်ခြံလုပ်သား အပါအ၀င် ၀န်ထမ်းများအတွက် ထောက်ပံ့ကြေးပေးရန် အတွက် လွှတ်တော်မှ ခွင့်ပြု ပေးလိုက်သေးသည်။
အိမ်အကူဝန်ထမ်း စုစုပေါင်း ၄၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၁၆၉၀ ကျော်ပေးရန် လွှတ်တော်မှ ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယင်းဘတ်ဂျက် တောင်းခံမှု ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ တင်သွင်းခဲ့ခြင်းလည်း ဖြစ်သည်။

အိုးအိမ်ဌာနမှ ၂၀၁၂-၁၃ ဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့် စာရင်း၌ နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၊ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်လုပ်သားများအတွက် အပို ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ကျပ်သုံးသောင်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ခံစားခွင့် ပြုထားပါသဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၄ ဦး၊ နေပြည်တော် ကောင်စီဝင် ၁၁ ဦးနှင့် အငြိမ်းစား ပုဂ္ဂိုလ်ကြီး ၆၉ ဦးတို့၏ အိမ်အကူ၊ ထမင်းချက်၊ ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ကျပ်သန်းပေါင်း ၁၆၉ ဒသမ ၅၆ သန်းအား လွှတ်တော်သို့ တောင်းခံခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ တောင်းခံခဲ့သည့်အတွက် နိုင်ငံရေး နယ်ပယ်အတွင်း ဝေဖန်မှုများ ပြင်းထန်ခဲ့ပြီး အငြိမ်းစား ယူသွားပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် စစ်တပ်အကြီးအကဲများမှာ ယခုအချိန်အထိ နိုင်ငံရေး နယ်ပယ်၌ သြဇာရှိဆဲဖြစ်ကြောင်း သုံးသပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၀ အရ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် စွပ်စွဲပြစ်တင်ခြင်း ခံရ၍ ရာထူးမှ ရပ်စဲခြင်း ခံရသည်မှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့်အညီ အငြိမ်းစားလစာနှင့် သင့်တင့်လျောက်ပတ်သော ထောက်ပံ့မှုများ ရရှိစေရမည်ဟုသာ ပြဋ္ဌာန်းထားသည်။
လက်ရှိ သမ္မတအပါအ၀င် လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ၀န်ကြီးများမှာ ဥပဒေပါ ခံစားခွင့်များအပြင် ယခင့်ယခင် စစ်အုပ်ချုပ်ရေး ကာလက ရယူထားသည့် လုပ်ငန်းများ၊ ပိုင်ဆိုင်ခွင့်များကလည်း ရှိနေကြသေး သည်။
၂၀၀၈ အခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၆၈ အရ ““နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် တခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်”” ဟု ပြဋ္ဌာန်း ပါရှိထားပြီး ဖြစ်သည်။
သို့သော် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖော်ကြေညာရေးနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ အတွင်းက ပြည်သူ့လွှတ်တော်အတွင်း ပုသိမ်မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့်က တင်သွင်းခဲ့ဖူး သော်လည်း ထောက်ခံမဲ ၆၉ မဲ၊ ကြားနေမဲ ၁၅ မဲနှင့် ကန့်ကွက်မဲ ၂၆၉ မဲဖြင့် ရှုံးနိမ့်ခဲ့ရဖူးသည်။ ယင်းအဆိုကို လုပ်ဆောင်ရန် ကိစ္စရပ်များ ကျန်ရှိနေသေးပါသဖြင့် ရွှေ့ဆိုင်းကြောင်းကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာခဲ့သည်။
ဥပဒေအရ ““မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် တခြားအဖိုးတန်ပစ္စည်းများ”” ဟု ပါရှိခြင်းမှာလည်း ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန် အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေပြီး ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများ နာမည်ဖြင့် လုပ်ကိုင် နေကြသည့် လုပ်ငန်းများမှာ ဥပဒေအရ ကင်းလွတ်ခွင့် ရနေပြန်သေးသည်။ ထို့ပြင် နိုင်ငံရပ်ခြား ဘဏ်များ၌ အခြားအမည်များဖြင့် အပ်နှံထားကြသည့် နိုင်ငံခြားငွေ ပြဿနာမှာလည်း ယခုအချိန်အထိ မည်သူမည်ဝါမှန်း မသိနိုင်သေးခြင်းမှာ ပဟေဠိတစ်ခုလို ဖြစ်နေဆဲ ဖြစ်သည်။
ထို့ပြင် ယခင်စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်းကာ လက်ရှိအစိုးရအတွင်း ထိပ်ပိုင်းနေရာ ယူထားကြသူများ အနေဖြင့် ဥပဒေပါ ရပိုင်ခွင့်များဖြစ်သည့် မြင့်မားသည့် လစာ၊ လုပ်ပိုင်ခွင့်များ ရယူထားခြင်းမှာလည်း မမျှတသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်းလည်း ဝေဖန်မှုများ ရှိသည်။

ထိပ်ပိုင်းအကြီးအကဲများ၏ လုပ်ခလစာ၊ ရပိုင်ခွင့်နှင့် အစိုးရ၀န်ထမ်း လစာများမှာ များစွာ ကွာဟလျက် ရှိသည်။ နိုင်ငံရေးရာထူး မဟုတ်သည့် အစိုးရ ၀န်ထမ်းများထဲတွင် အမြင့်ဆုံးဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ လစာမှာ ကျပ်နှစ်သိန်း လေးသောင်းသာရှိပြီး လွှတ်တော်အမတ်တစ်ဦး၏ လစာမှာ ကျပ်သုံးသိန်းသာ ရှိသည်။

ယခင်စစ်အစိုးရ အုပ်ချုပ်ရေးမှ အရပ်ဝတ်အဖြစ် ပြောင်းလဲလာပြီး လက်ရှိအစိုးရ ထိပ်ပိုင်းတာဝန် ယူထားသူများ၏ လစာ၊ ခံစားခွင့်၊ လုပ်ပိုင်ခွင့် များနှင့် နှိုင်းယှဉ်ကြည့်ပါက များစွာ ကွာခြားလျက်ရှိသည်။ ယင်းကဲ့သို့ ကွာခြားလျက်ရှိသည့် အနေအထား၌ သမ္မတ ဦးသိန်းစိန်က ၀န်ကြီးဌာန အားလုံးသို့ ပေးပို့သည့် လာဘ်ပေး လာဘ်ယူမှုနှင့် ပတ်သက်၍ ညွှန်ကြားချက်လည်း ထွက်ပေါ်ခဲ့သည်။ ယင်းညွှန်ကြားချက်၌ ၀န်ကြီးဌာနများအနေဖြင့် လက်ဆောင်ပစ္စည်းများ လက်ခံရယူရာ၌ ကျပ်သုံးသိန်း ကျော်လွန်သည့် ပစ္စည်းများ လက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည်ဟူ၍ ဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်းမှာ ကျပ်သုံးသိန်းအောက် ပစ္စည်းများအား လာဘ်လာဘအဖြစ် တရားဝင် လက်ခံ ရယူခွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး ယခင် စစ်အစိုးရ လက်ထက်မှ ဆက်လက် ကျန်ရှိနေသေးသည့် အကျင့်ပျက် ခြစားမှု မလျော့ကျသေးသည်ကို မီးထိုးပေးလိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ၊ လိုအပ်၍ ပြဋ္ဌာန်းထားသည့် ဥပဒေများအရ ယခင် စစ်အစိုးရ လက်ထက် အကြီးအကဲများနှင့် ယင်းအစိုးရမှ လူဝတ်လဲ အစိုးရ ပြောင်းလာသူများမှာ ယခု အချိန်အထိ နိုင်ငံ့ဘဏ္ဍာငွေအတွင်းမှ ပမာဏများပြားသည့် လစာ၊ ပင်စင်ငွေနှင့် ထောက်ပံ့ကြေးများ ရယူနေဆဲဖြစ်သည် မှာမူ ငြင်းမရသည့် အချက်ပင် ဖြစ်သည်။

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး စသည်ဖြင့် လူဝတ်လဲ အစိုးရက ကြွေးကြော်နေသော် လည်း ပြည်သူ့ အရေးထက် ယခင်စစ်အစိုးရဘက်မှ ကူးပြောင်းလာသူများ အတွက် အခွင့်အလမ်းကောင်းများ၊ ရပိုင်ခွင့်များ ပိုမိုရရှိရေးကိုသာ တစ်နည်းမဟုတ် တစ်နည်းဖြင့် ကြံဆောင် လျက်ရှိသည်ကိုအထက်ပါ အချက်အလက်များက ပြသနေပါကြောင်း တင်ပြရေးသားလိုက်ပါသည်။

မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.