ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့  ဗမာ့နိုင်ငံရေး ပွတ်သီးပွတ်သပ် ဖြစ်လွန်းတာတွေ၂၀၁၀ ခုနှစ်အလွန်မှာ ဒင်းကြမ်းပြည့် တမျှ မြင်ရတော့ နိုင်ငံရေးနဲ့ ဘာသာရေးဘယ်အတိုင်းအတာထိ ပွတ်သင့်သလဲ၊ ထမင်းရည်ပူစည်း ဘယ်မှာလဲဆိုတာ
ထောက်ပြတဲ့ နိုင်ငံရေးသမားတွေ ဘုန်ကြီးတွေ တယ်မတွေ့ ရဘူး။ အားလုံးကအုတ်ရောရောကျောက်အရောရော ရေလိုက်ငါးလိုက် သွားနေကြတယ်။
ဘုန်းကြီးတချို့ အနေနဲ့  အခွင့်သာရင် လွှတ်တော်ထဲဝင်ထိုင်ဖို့  ၀န်မလေးသလိုနိုင်ငံရေးသမားများကလည်း လူများစုဘာသာဝင်တွေရဲ့ ထောက်ခံမဲကို မျှော်ပြီးမသင့်တော်ကြောင်းပါဘုရား ပြောဖို့  အာစေးမိနေပြန်တယ်။ ဗုဒ္ဓဘုရားရှိခိုးသူပြည်သူအများစုလည်း ဘုရားသားတော်တွေ ဆုံးဖြတ်တာ မလွဲလောက်ပါဘူးဆိုတဲ့သင်္ကန်းကြည်ညိုစိတ်အခံနဲ့ “ဒူးသာဒူး”ခွင့်ပြုတယ် ဖြစ်နေသလိုအာဏာရပါတီဘက်ကတော့ ဆည်ဝကဗျိုင်းစောင့်သလိုလိုရင်လိုသလိုမီးစင်ကြည့်ပြီး ကောက်စားလုပ် နိုင်ငံရေး အမြတ်ထုတ်ဖို့ အကွက်ချောင်းတယ်။
ဒီနေရာမှာဘုန်ကြီးတွေ နိုင်ငံရေးကင်းကင်းနေပြီးသာသနာပြုလုပ်ငန်းများသာစောက်ချလုပ်ဖို့ နဲ့  နိုင်ငံရေးသမားတွေလည်း မိမိတို့ နေရာ အာဏာရဖို့ အတွက်ဘုန်းကြီးတွေကို မြူဆွယ်ပြီး ဘာသာရေးလက်အိတ်စွပ်ထိုးတတ်တဲ့ စရိုက်မျိုးကိုဝေးဝေးရှောင်ကြဖို့ ဘယ်သူ့ မျက်နှာမှမငဲ့မထောက်၊ ဖြစ်သင့်ဖြစ်ထိုက်တာကိုနိုင်ငံနဲ့ လူမျိုးအကျိုးကြည့်ပြီး ရဲရဲတင်းတင်း ပြောသွားတဲ့လွတ်လပ်ရေးပိသုကာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဖြစ်စဉ်အချို့ ကို
ဖောက်သည်ချချင်တယ်။

x x x x x

ဗိုလ်ဥတ္တမကျော်ရေးတဲ့“အောင်ဆန်းနှင့်ဘာသာရေး” ဆောင်းပါးတိုလေးတပုဒ်ရှေ့ သို့ စာစောင်မှာ ဖော်ပြခဲ့ဖူးတာမှာ အောက်ပါအတိုင်း ဖတ်လိုက်ရတယ်။

၁၉၄၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ကတည်းက အစပြု၍ ရွှေဂုံတိုင်လမ်း၊ဘုရားကြီးကျောင်းတိုက်တွင် ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့ ကြီး၏ ဦးစီးနာယက၊သြ၀ါဒစရိယ မဟာနာယက ဆရာတော်ကြီးများ နှစ်လည် အစည်းအဝေးကြီးကိုကျင်းပနေသည်။ အဆိုပါ နာယကဆရာတော်ကြီးများသည် မြန်မာပြည်တပြည်လုံး နေရာအသီးသီးမှ သာသနာရေးအတွက် တပင်တပန်း ကြွရောက်
လာကြရခြင်းဖြစ်၏။ မြို့ ပေါ်မှ ဒါယကာ/ဒါယကာမများ၊ နိုင်ငံရေးအဖွဲ့ အသီးသီးတို့ မှ ခေါင်းဆောင်များသည် ဖော်ပြပါ သြဇာတိက္ကမ ထက်မြက်တော်မူသည့်နာယကဆရာတော်ကြီးများကို လာရောက်ဖူးမျှော်ကြလေသည်။ ဆရာတော်ကြီးများကို လာရောက်ဖူးမျှော်ရာ၌ အချို့ နိုင်ငံရေးခေါင်းဆောင်များသည်ရိုးရိုးသားသား ဖူးမျှော်သွားသည်မဟုတ်။ မိမိတို့ နိုင်ငံရေးအဖွဲ့ အတွက်အမြတ်ထုတ်သွားကြလေသည်။ သူတို့ သာလျှင် သာသနာကို အလေးစားဆုံးသူများဖြစ်ပြီး ကျန် ဖဆပလနှင့် အခြားအဖွဲ့ များသည် သာသနာ့ရန်သူကွန်မြူနစ်ဝါဒသမားများသာဖြစ်ကြောင်း မလိမ့်တပတ်လျှောက်ထားကာ
ဆရာတော်ကြီးများနှင့် ဖဆပလကို မသိမသာ တွန်းခဲ့တိုက်ခဲ့ကြခြင်းသာဖြစ်လေသည်။

ဇွန် ၂ရက်တနင်္ဂနွေနေ့ တွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလကိုအတိုက်အခံပြုလုပ်နေသော ရှေးခေတ်နိုင်ငံရေးသမားကြီးများဖြစ်ကြသည့် ဆာပေါ်ထွန်း၊ဦးသာမြတ်ဒွန်းနှင့် ဂဠုန်ဦးစောဇနီးမောင်နှံတို့ သည် ဆရာတော်ကြီးကိုလာရောက်ဖူးမျှော်သွားကြ၏။ ဇွန် ၃ ရက်နေ့ တွင် သခင်ဗစိန် ရောက်လာပြန်ပြီး“တပည့်တော်သည် ဆရာတော်ကြီးများကို လေးစားကြည်ညိုပါတယ်။
သာသနာရေးကိုလည်း အစဉ်အားပေးရန် အသင့်ရှိပါတယ်။ တပည့်တော်ကိုခိုင်းချင်ရာခိုင်းပါ” ဟု စာအုပ်ကြီးအတိုင်း လျှောက်ထားသွားလေသည်။

ထိုအချိန်သို့ ရောက်ရှိသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဘာသာရေးကိုခုတုံးလုပ်၍ ကိုယ်ကျိုးရှာသူများရန်ကို ခုခံကာကွယ်ရန် အချိန်တန်ပြီဟုဆုံးဖြတ်လိုက်လေသည်။ ဇွန်လ ၄ ရက် (နယုန်လဆန်း ၅ ရက်)နေ့ တွင်ဗိုလ်ချုပ်အောင်ဆန်းသည် အရပ်ဝတ်အရပ်စားဖြင့် ဆရာတော်ကြီးများထံကုတ်ကုတ်ကလေး ရောက်ရှိလာခဲ့ပေသည်။ ထိုအခါ မကွေးဆရာတော်
ဦးနာရဒက “ဆရာတော်ကြီးအား ဖူးမျှော်ရန် ဗိုလ်ချုပ်အောင်ဆန်း ရောက်ရှိလာပါတယ်၊ အဖူးမျှော်ခံ ကြွတော်မူကြပါဘုရား” ဟု ပင့်ဖိတ်ပေးလေသည်။
သက်တော်ဝါတော်ကြီးမားသော ဆရာတော်ကြီးများသည် အဖူးမျှော်ခံနေရာသို့ ကြွရောက်လာပြီးလျှင် ၀မ်းသာအားရ “ပြီးဟဲ့.. ဘယ်မလဲ၊ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ” ဟု သက်ရွယ်ကြီးသူတို့ ၏ အမူအတိုင်း မျက်မှောင်ကို လက်ဝါးကာပြီး
ဝိုင်းဝန်းကြည့်ရှုကြလေ၏။ အချို့ ဆရာတော်ကြီးများက “ဟ.. ဗိုလ်ချုပ်အောင်ဆန်း.. ဗိုလ်ချုပ်အောင်ဆန်းနဲ့  နာမည်ကကြီးလိုက်တာ လွန်ပါရော၊ပြီးတော့ အငယ်သား ရှိပါသေးကလား” ဟု မိန့် တော်မူကြလေသည်။
ဘုရားကြီးဆရာတော်ကဗိုလ်ချုပ်အောင်ဆန်းအားယခုဆရာတော်ကြီးများကိုဘာများလျှောက်ထားချင်သေးသလဲ၊
လျှောက်ထားလိုက လျှောက်ထားရန်တိုက်တွန်းလေ၏။

ဗိုလ်ချုပ်အောင်ဆန်းသည် ဆရာတော်ကြီးများ၏ ခွင့်ပြုချက်အရ အောက်ပါအတိုင်း ဘွင်းဘွင်းရှင်းရှင်း လျောက်ထားလေရာ ဆရာတော်ကြီးများကများစွာသဘောကျပြီး ရယ်မောကြလေ၏။

“တပည့်တော် ဘာမျှအထူးမလျှောက်ထားလိုပါ၊ သက်တော်ဝါတော်ကြီးသော ဆရာတော်ကြီးများကို မင်္ဂလာတရားအရ လာရောက်ဖူးမျှော်တာပါဘုရား၊
တပည့်တော်တို့  ဗမာပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်တဲ့ကိစ္စမှာဆရာတော်ကြီးများကို မဲဆွယ်ဖို့ နဲ့  ဆရာတော်ကြီးများကို နိုင်ငံရေးထဲဆွဲသွင်းဖို့ လာခြင်း မဟုတ်ပါ၊ တပည့်တော်မှာ အခြားနိုင်ငံရေးခေါင်းဆောင်ကြီးများလို
မဲရလိုမှုအတွက် ရည်ရွယ်ပြီး ဆွမ်းကျွေးခြင်း၊ သင်္ကန်းလှူခြင်းတွေလည်းမပြုလုပ်နိုင်ပါ၊ လှူဒါန်းဖို့ လည်း တပည့်တော်မှာ ငွေမရှိပါ၊ အလွန်ဆင်းရဲပါတယ်၊တတ်နိုင်လို့ လှူတောင်မှ နိုင်ငံရေးမျှော်မှန်းချက်အတွက် မဟုတ်ဘဲစေတနာသန့် သန့် ရှင်းရှင်းနဲ့ သာ လှူမှာပါ၊ အခုလည်း မတတ်နိုင်သေးပါဘုရား”


ဆရာတော်ကြီးများသည် ဗိုလ်ချုပ်၏လျှောက်ထားချက်ကို များစွာသဘောကျတော်မူကြ၍ ရယ်မောတော်မူကြ၏။ “အေး.. တယ်လဲ ပြောင်ကျသကိုး၊ကြိုက်သကွယ့်” ဟု ရယ်မောမိန့် တော်မူကြလေ၏။

ထို့ နောက် ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်ကြီးမျာ၏ ခွင့်ပြုချက်အရ“ဆရာတော်ကြီးများသည် ပရိယတ် ပဋိပတ်ဖြင့် ရိုးရိုးကြီးနေထိုင်ပြီးသာသနာတော် ကြီးပွားရေးကို ရွက်ဆောင်နေတယ်ဆိုတာ တပည့်တော်ယုံကြည်ပါတယ်၊ နိုင်ငံရေးသမားတွေဟာ နည်းပရိယာယ်များပါတယ်။သူတို့ ရဲ့ မကောင်းတဲ့ နည်းပရိယာယ်ထဲ မကျရအောင် ပညာသိက္ခာကြီးမားသော
ပုဂ္ဂိုလ်ကြီးများပီပီ သတိထားတော်မူဖို့  တပည့်တော်လျှောက်ထားပါရစေ။တပည့်တော်တို့ တော့ ဗမာပြည်လွတ်လပ်ရေးအတွက် မီးကုန်ယမ်းကုန်ဆောင်ရွက်နေကြပါတယ်။ ဒီနိုင်ငံရေးကိစ္စထဲကို တပည့်တော်အနေနဲ့ ဆရာတော်ကြီးများကို ဆွဲမသွင်းလိုပါ။ လူထုအားနဲ့  ကိုယ့်အားကိုယ်ကိုးပြီးဆောင်ရွက်သွားပါ့မယ်ဘုရား၊ သာသနာတော်ကို အလွဲသုံးစား မပြုလိုပါဘုရား”
ဟု လျှောက်ထားလိုက်၏။ ဆရာတော်ကြီးများသည် ဗိုလ်ချုပ်၏ ရှင်းရှင်းလျှောက်ထားချက်ကို သဘောကျပြီးလျှင် အောက်ပါအတိုင်း ပြန်လည်မိန့် ကြားတော်မူလေသည်။

“အေး.. လွတ်လပ်ရေးရအောင် ကြိုးစားကွယ့်၊ ဆရာတော်တို့ အနေနဲ့ ဘယ်သူ့ ရောင်းအစားမှ မခံပါဘူး၊ မင်း စိတ်ချသွားပေတော့”

x x x x x

ဗိုလ်ဥတ္တမကျော် ရေးတဲ့စာကို ဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဟုတ်တမ်းမှန်ရာသူယုံကြည်တဲ့ အမြင်တွေကို ဘုန်းကြီးဘုံအလယ်ပါမရှောင် တဲ့တိုးပြောတတ်တဲ့ဖြောင့်မတ်ရိုးသားတဲ့ နိုင်ငံရေးစိတ်ဓာတ်ကို တသသ ချီးကျူးလို့ မဆုံးတော့ပါ။
ဒီတင်မက နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေကြားမှာလည်း ဘာသာရေးနဲ့ နိုင်ငံရေး စည်းပြတ်လှတဲ့ သူ့ ခံယူချက်ကို နိုင်ငံရေး သမ္ဘာနု သမ္ဘာရင့်မရွေးစိတ်ထဲရှိ ရှိတဲ့အတိုင်း အားမနာတမ်း ပြောတတ်ပြန်တယ်။

၁၉၅၉ ခုနှစ်၊ စက်တင်ဘာလမှာ ကျင်းပတဲ့ သန့် ရှင်း ဖဆပလ ပြည်လုံးကျွတ်ညီလာခံမှာ သန့် ရှင်းအနိုင်ရရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ လုပ်ပေးမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့  ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဦးနုဟာ ၆၀ ခု ရွေးကောက်ပွဲမှာ
တကယ် အနိုင်ရခဲ့အတွက် သူ့ ကတိအတိုင်း နိုင်ငံတော်ဘာသာ ပြဌာန်းနိုင်ဖို့ ပါလီမန်မှာ အပြင်းအထန် လုံးပန်းတဲ့အနေနဲ့  နိုင်ငံတော်ဘာသာ အကြံပေးအဖွဲ့ ဖွဲ့ စည်းတဲ့အပြင် လွှတ်တော်ထဲမှာလည်း ဖွဲ့ စည်းပုံဥပဒေ ပုဒ်မ ၂၁ (၁)ကို
ပြင်ဆင်နိုင်ရေးအတွက် အဆိုတင်တာတွေ၊ ဥပဒေကြမ်းရေးဆွဲတာတွေကိုခေါင်းမာမာနဲ့  တရှူးထိုးလုပ်ဆောင်ပါတော့တယ်။ ဒီအခါ အတိုက်အခံအမတ်ဖြစ်သူ ဦးဇန်ထားဆင်က ဦးနုတို့ ခြေလှမ်းကို သိတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းသက်ရှိထင်ရှားရှိစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာန်းနိုင်ရေးအဦးဆုံး ကြံစည်ခဲ့သူ ဒီးဒုတ်ဦးဘချိုရဲ့  လုပ်ဆောင်မှုအပေါ် ဗိုလ်ချုပ်အောင်ဆန်း
ဘယ်လိုတုန့် ပြန်ချေပခဲ့ပါသလဲ ဆိုတဲ့မေးခွန်းကို လွှတ်တော်မှာ ထ မေးခဲ့တယ်။ဒါကို ၀န်ကြီးချုပ်ဦးနုက “ကွယ်လွန်သူတယောက်နဲ့ ပက်သက်ကာ ဒီနေရာမှာမပြောသင့်ပါ” ဆိုပြီး ပါးစပ်ပိတ်ခဲ့တယ်။ ဒီတော့ အဲဒီအချိန်က ထုတ်ဝေခဲ့တဲ့
မီးဒုတ်သတင်းစာမှာ ဗိုလ်ချုပ်ရဲ့  နိုင်ငံတော်ဘာသာအပေါ် သဘောထားနဲ့ ပက်သက်လို့  ဒီးဒုတ်ဦးဘချိုအပေါ် ကန့် ကွက်ပြောဆိုချက်များကိုစာတစောင်ပေတဖွဲ့ လုပ်ပြီး စာနယ်ဇင်းလောကကနေ ဖွင့်ချပြရတဲ့အထိ
ဖြစ်ကုန်တယ်။

+ + + + +

၂ . ၉. ၁၉၆၀ ထုတ် မီးဒုတ်သတင်းစာမှာ ပါတဲ့ စာပိုဒ်တချို့ ကို အောက်မှာ
ထပ်မံ ဖော်ပြလိုက်တယ်။

“ဒီမှာဆရာ၊ ကျနော်တို့ က လူကြိုက်အောင်လုပ်နေကြတာ မဟုတ်ဘူး။ဒီလို မဟုတ်မဟပ်ကို စိတ်ထင်ရာတွေ လျှောက်လုပ်နေကြမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကြီးဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သဘောက်ဖြစ်သွားကြမှာဘဲ”

“ကျနော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရားလက်ထက်ကတည်းက ရှိခဲ့ကြတဲ့မွတ်လင်တွေရှိတယ်။ ဗရင်ဂျီတွေရှိတယ်။ အစကတည်းက ရှိလာခဲ့ကြတဲ့နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေရှိတယ်”

“အဲဒီတောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်မှာတုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာတွေရှိတယ်။ သူတို့ တတွေဟာလည်းအားလုံးနိုင်ငံသားတွေဘဲ။ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျနော်တို့ ချည်း မဟုတ်ဘူး။ သူတို့ တတွေပါ ပါကြတယ်။

“အခု ကျွန်တွင်းက လွတ်မယ်မှ မကြံကြသေးဘူး။ သူတို့ တတွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့ လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမယ်လို့ လုပ်လိုက်ရင်ကျုပ်တို့ ဟာ ခွေးလောက်တောင်
သောက်သုံးမကျတဲ့ကောင်တွေဖြစ်သွားကြမှာပေါ့”

“ဆရာတို့  တိုင်းပြည်ကို တိုင်းပြည်ရေးလို့ တွေးစမ်းပါ။ ဘာသာတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနဲ့ ။ ကျနော်တို့ ဟာကျနော်တို့  တိုင်းပြည်ကြီးတခုလုံးစည်းရုံးနေဖို့ လိုတယ်”

“အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ်မင်းတရားကြီးတွေရဲ့  စိတ်ကူးယဉ် ဘ၀င်လေပင့်ပြီးပြောခဲ့တဲ့ စကားတွေပါ။
အခုအချိန်မှာ ကျနော်တို့ လိုကြတာက ပြည်ထောင်စုကြီးထဲမှာ ရှိနေကြတဲ့လူမျိုးအားလုံး၊ ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမယ့်လူတွေပေါ်မလာစေဘဲ နိုင်ငံစိတ်ဓာတ်တခုထံ ရှိနေအောင်သွင်းပေးဖို့  စည်းရုံးပေးဖို့ 
လိုတယ်”

“နိုင်ငံတော်ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘ၀ရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ ဒါယကာတော်တက်လုပ်”

“ပြီးတော့ စည်ကုံးခရိုင်နဲ့ တကွ စိုးမိုးအုပ်ချုပ်တော်မူ သီရိပ၀ရ ဓမ္မရာဇာဘ၀ရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာ့ဟာ ဆရာ ကြေညာ၊ ကျနော်မပါဘူး”

+ + + + +

ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဘာသာရေးနဲ့ နိုင်ငံရေး ထမင်းရည်ပူစည်းဟာခေတ်ရှေ့ ပြေးလွန်းပြီး ပေမီဒေါက်မီနဲ့  ယနေ့ တိုင် မရိုးနိုင်စွာ ဆန်းသစ်နေဆဲလို့ သတ်မှတ်ချင်ပါတယ်။ အထူးသဖြင့် ဒီနေ့ လို ဗမာပြည်နိုင်ငံရေးမှာ ဗိုလ်ချုပ်ရဲ့ 
ဘာသာရေးအပေါ် သဘောထားကို “ဒို့ ဗိုလ်ချုပ် ဒို့ ဗိုလ်ချုပ်” နဲ့  တချုပ်ချုပ်ချုပ်ကြသူတိုင်း လိုက်နာကျင့်သုံးသင့်တယ်။
ဒါမှသာ ဗိုလ်ချုပ်ကို ချစ်ရာကျမယ်။

(ဤစာစုရေးရန် အထောက်အကူပေးသော NORTHERN STAR ဂျာနယ်
အမှတ် ၂၆၃ ပါ ဗိုလ်ဥတ္တမကျော်၏ “အောင်ဆန်းနှင့် ဘာသာရေး” ၊
အောင်စွမ်း၏ “ဗိုလ်ချုပ်အောင်ဆန်း ဘာသာရေးဆိုင်ရာ သဘောထားအပေါ်
ကျောခိုင်းဆောင်ရွက်ခဲ့ကြသူများ” ဆောင်းပါးနှစ်ပုဒ်အား ကျေးဇူးတင်ပါကြောင်း
မှတ်တမ်းပြုပါသည်)

စာတည်းး..Aungmyo Tun