05/03/14



မုန်တိုင်းတစ်ခု
တ၀ုန်းဝုန်းတိုက်ခတ်အော်မြည်
လျင်မြန်သောအဟုန်တစ်ခုနဲ့
မြင်မြင်သမျှဇီဝိန်ခြွေသွားခဲ့တာ
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း
အရာအားလုံး ဗလာနတ္တိ ပျောက်ဆုံးသွားခဲ့ .. ။


နှလုံးသားဟာ အညှာခြွေခံရသလို
ဇနီးမယား သမီးသား မိဘအားလုံး
ကွဲကွာသေဆုံးပျောက်ဆုံးခဲ့တာ
ပေါ့လျော့မှုသတင်းတစ်ခုကြောင့်လား
စေတနာမဲ့ လျစ်လျူရှုမှုကြောင့်လား .. ။


တရိပ်ရိပ်တိုးနေတဲ့သေဆုံးမှုလူတွေကြား
အိမ်ယာမဲ့လူတန်းစားတွေသာများပြား
ဟန်ရေးတပြပြ လမ်းသလားနေတဲ့
အစိမ်းရောင်ယူနီဖောင်းဝတ်များ
စာနာစိတ်တစ်စက်တောင် ရှိကြရဲ့လား .. ။



ကယ်ပါ .. ကူညီပါ
အပြစ်မဲ့ဒီလူများရဲ့ငိုကြွေးတမ်းတသံ
အရာအားလုံးမျက်ကွယ်ပြုလို့
လိုအပ်ချက်ကယ်ဆယ်မှုတွေအားလုံး
ဗီဇာဆိုတဲ့စာရွက်တစ်ရွက်နဲ့ပယ်ချ
မျက်ရည်မိုးထဲ အပြစ်မဲ့ပြည်သူတွေ ငိုကြွေးစောင့်မျှော်နေခဲ့တယ် .. ။



အလဲလဲအကွဲကွဲနှလုံးသားတွေနဲ့
အားကိုးရာမဲ့ပြည်သူတွေအတွက်
ချွေးနည်းစာတွေစုပေါင်းလှူရင်း
ရင်တွင်းမှ နာကြဉ်းချက်မီးတွေ
တစတစ ပိုမိုပြင်းထန်တောက်လောင်လာခဲ့တယ် .. ။


စေတနာရှင်တွေလှူသမျှ
လိုအပ်သမျှ ပြည်တွေတွေဆီရောက်ဖို့ဝေးစွ
သူခိုးဓါးပြလို ခိုးဝှက်ယူဆောင်နေကြတာ
အရှက်တရား အနည်းငယ်ထားရှိကြပါဦးလား .. ။


မုန်တိုင်းလဲစဲခဲ့ပြီ ..
ဧရာဝတီမြစ်နဒီမှာ ၀ိဥာဉ်တွေ ပြည့်နေခဲ့ပြီ ..
သွေးချင်းညီအကိုမောင်နှမများ အလောင်းတွေစုပုံနေခဲ့ပြီ ..
ကူရာမဲ့ အသက်ရှင်လူများ ငိုစရာမျက်ရည်ကုန်ခမ်းခဲ့ပြီ ..
စာနာမဲ့အာဏာရှင်အောက် အသက်ရှင်လျက်ဒုက္ခပင်လယ်ဝေနေခဲ့ရပြီ ..
မြင်မြင်သမျှ အပျက်စီးအယိုယွင်း လွင်ပြင်တွေကြား
ငါတို့သွေးသားမောင်နှမတွေအတွက်
ငါတို့လက်နဲ့ကယ်ဆယ်ကူညီရင်း
စာနာနှလုံးသား အကြင်နာတရားခေါင်းပါးတဲ့ စစ်အာဏာရှင်ရေ
(ငါတို့)ဘ၀ဆက်တိုက်လူပြန်ဖြစ်ရင်တောင်
တစ်သက်တာ ကမ္ဘာမကြေဘူးဟေ့ .... ။


လင်းလက်ကြယ်စင်



၂၀၁၄ ခုနှစ်အတွင်း၌ မြန်မာ့နိုင်ငံရေး အလားအလာကောင်း အချို့ကို တွေ့မြင်ရဖွယ် ရှိသည်ဟူသော မျှော်မှန်းချက် များသည် နှစ်ဝက်ကျိုးလုနီး အချိန်ကာလတွင် တစ်စထက်တစ်စ ပိုမိုမှေးမှိန် လာခဲ့ပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာ၌ အဓိက သော့ချက်ဖြစ်သော ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စသည်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည်လည်းကောင်း ရှေ့မတိုးနိုင်ဘဲ ရှိနေသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ သဘောထားများ ပေါ်ထွက်လာပြီးနောက် မြန်မာ့နိုင်ငံရေး အလားအလာကောင်းကို မျှော်မှန်းရန် ခက်ခဲ သွားသည်။ ၎င်းတို့၏ ဆန္ဒသဘောထားများအရ ဆိုပါက နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက် ပေးနိုင်သော အခြေခံဥပဒေ ဖြစ်လာစေရန် ထိထိရောက်ရောက် ပြင်ဆင်ပြောင်းလဲရေး ဟူသော အရေးကိစ္စသည် မဖြစ်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟုပင် ဆိုရမလို ဖြစ်နေသည်။

နိုင်ငံနှင့် ပြည်သူအတွက် အသက်တမျှ အရေးကြီးလှသော အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စအတွက် လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးသည်လည်း အလားအလာ မကောင်းလှပေ။ အခြေခံဥပဒေ၏ အရေးကြီးသော ပြဋ္ဌာန်းချက်များကို လွှတ်တော်အတွင်း ထိထိရောက်ရောက် ပြင်ဆင်ပြောင်းလဲနိုင်ခြင်း မရှိပါက လွှတ်တော်ပြင်ပ လှုပ်ရှားမှုများဖြင့် ပြင်ဆင်ပြောင်းလဲရန် ဒီမိုကရေစီ ဘက်တော်သားများနှင့် ပြည်သူလူထုက ကြိုးပမ်းလာကြမည်သာ ဖြစ်သည်။ သို့ဆိုလျှင် မဖြစ်နိုင်လောက်အောင် ခက်ခဲလွန်းနေသော ပြင်ဆင်ရေး လမ်းကြောင်းအစား အခြေခံဥပဒေ အသစ်ရေးဆွဲရေးဆီသို့ ဦးလှည့်သွားနိုင်ပေသည်။ ထိုအခါ အခြေခံဥပဒေသစ် ရေးဆွဲရေးကို လုံးဝ လက်သင့်မခံသော လက်ရှိ အာဏာရယူထားသည့် ပုဂ္ဂိုလ်များနှင့် လူထုအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပေါ်ထွက်လာဖွယ် ရှိသည်။ ယင်းမှာ အခြေခံဥပဒေနှင့် ပတ်သက်သော နိုင်ငံရေး အကြပ်အတည်း ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကြည့်ပြန်လျှင်လည်း ဆွေးနွေးပွဲများ ပြုလုပ်နေသည့် ကြားမှပင် တိုက်ပွဲများ ထပ်မံဖြစ်ပွား လာနေခြင်းကြောင့် အလားအလာကောင်းသည်ဟု မဆိုနိုင်ဘဲ ရှိနေသည်။ ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ ဆိုပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်အချို့က အတိအလင်း ပြောဆိုထားကြပြီး ဖြစ်သည်။

ထိုကဲ့သို့သော နိုင်ငံရေး မပြေလည်မှုများ ကြားထဲမှာပင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ ပြောဆိုမှုကလည်း ပေါ်ထွက် လာပြန်သေးသည်။ ရွေးကောက်ပွဲများကို ဒိုင်အဖြစ် ဆောင်ရွက်ပေးမည့် အဖွဲ့အစည်း၏ အကြီးအကဲမှာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်နေပြီး၊ ကြံ့ခိုင်ရေးပါတီ အမတ်ဟောင်း တစ်ဦးလည်းဖြစ်ကာ လက်ရှိအာဏာရပါတီနှင့် လွန်စွာ နီးကပ်မှု ရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေရသည့်အထဲ ယခုကဲ့သို့ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ ကန့်သတ်ချုပ်ချယ်ရန် ပြောဆို လာခြင်းကြောင့် တရားမျှတမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်၌ စစ်ဖက်မှ ပုဂ္ဂိုလ်များကို နေရာချထားခြင်း အပေါ်၌လည်း ဝေဖန်မှုများ ရှိနေသေးသည်။ ရွေးကောက်ပွဲ ကော်မရှင်၏ ယင်းအနေအထားကြောင့် လာမည့် ရွေးကောက်ပွဲများတွင် လွတ်လပ်မှုနှင့် တရားမျှတမှု ရှိ၊ မရှိကို စိုးရိမ်စရာ ဖြစ်နေသည်။ လက်ရှိ အခြေခံဥပဒေကြောင့် ပြည်သူက လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကိုသာ ရွေးကောက် တင်မြှောက်ခွင့် ရရှိထား၍ တရားမျှတမှု မရှိရသည့်အထဲ ရွေးကောက်ပွဲတွင်လည်း လွတ်လပ်မှုနှင့် တရားမျှတမှုများ ပျောက်ဆုံးနေဦးမည် ဆိုပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် ပိုမို ဆုတ်ယုတ်သွားရန်သာ ရှိနေသည်။

မြန်မာ့နိုင်ငံရေး အလားအလာကောင်းများကို မျှော်လင့်တကြီး စောင့်စားနေကြသော မြန်မာပြည်သူများအတွက် လက်ရှိ အခြေအနေများက စိတ်ပျက်စရာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အခြေအနေမှန်ကို ပကတိအတိုင်း သုံးသပ် ဆင်ခြင်ခြင်းဖြင့်သာ မြန်မာ့ဒီမိုကရေစီရေး ရှေ့ခရီး၌ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ် နိုင်ကြမည်ဖြစ်သည်။ လက်ရှိ ကြုံတွေ့နေရသည့် အတုအယောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများအပေါ် အဖြူအမည်း သဲကွဲစွာ သိမြင်၍ မြန်မာ့နိုင်ငံရေး ရှေ့ခရီး၌ လမ်းကြောင်းမှန်ကို ရွေးချယ်ခြင်းဖြင့် ဒီမိုကရေစီ ပန်းတိုင်ဆီ မျက်ခြေမပြတ် လျှောက်လှမ်း သင့်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။

အယ်ဒီတာ(မြန်မာသံတော်ဆင့်)

ကဲဘာပဲဖြစ်ဖြစ် သက်ြန် ဆိုတာကြိးတော့ပြီးသွားပြီ။သက်ြန်ရေဆိုတာ အန္တရယ် ကင်းတယ် ပက်စမ်းခင်ရယ် ဆိုပြီးပက်လိုက်ကြတာငါးနှစ်အတွင်းလူုအသေဆုံးသက်ြန် ဖြစ်သွားပါလေရော။ဒါပေမဲ့ ထိုင်းသက်ြန် ကိုတော့မမျီဖူးပေါ့လေ။ထိုင်းမှာကတော့ ၁၆၁ ယောက်တောင်သေတာဆိုတော့ ဇာ၈နာ တို့ မြန်မာပြည်မှာ၅၁ယောက် က အစွန်းထွက်တောင် မမှိပါဖူး။
သံချပ်အသင်းတွေလဲအများကြီး ပြန်ထွက်လာတယ်ခမျ။ဇာ၈နာ တို့ ကတော့ ကြိုက်တယ်။ကိုယ် က သာမပြောရဲတာကိုး။သူတို့ တွေ အစိုးရကိုပယ်ပယ် နယ်နယ် ပြောနေတာတွေ နားထောင်ရတာတယ် ကြက်သီးစိမ့် လှသဗျာ။(ေ၇ခဲရေ နဲ့ေ၇ပက်တာလဲ ပါမှာပေါ့လေ)။တစ်နှစ်အတွင်းခေတ် အစားဆုံးစကားလုံးတွေထဲမှာနံပါတ်(တစ်)နေရာယူသွားတာကတော့ နယ်လှည့် ပါးရိုက်မယ် ဆိုတာပါပဲခမျာ။
ထွက်သမျှ သက်ြန် အသင်းရဲ့  သံချပ်တွေထဲမှာပါးရိုက်တာကတော့ မပါမဖြစ်ပဲ။တစ်ချို့ကတော့ ခတ်ကြမ်းကြမ်းကိုသံချပ်တိုင်သွားသဗျ။ငါးစိမ်းသည် တွေကပါးပြိုင်ရိုက်မလားစိမ်ခေါ်တယ် ဆိုတာမျိုးရော၊(မ၇ိုသေ စကားကန်တော့ပါရဲ့ခမျာ)ေ-ာက် တွေ မိုးမွှန်နေအောင် ကိုသံချပ် သီချင်းလုပ်ဆိုသွားသေးတယ်။

ဇာဂနာ တို့ ငယ်ငယ် က ရန်ကင်းမှာဗဇိဗဇပ် ဆိုတဲ့ သံချပ်ကားလာပြိုင်ဖူးပါတယ်။ဇာ၈နာ့အဖေ တို့ ၊ဆရာဒေါင်းနွယ်ဆွေ တို့၊ ဂီတာဝိဇ္ဇာ ဦးဘစောကြည် တို့ က ဒိုင်လူကြီးတွေ လုပ်ကြတာပေါ့လေ။ဇာ၈နာ မှတ်မိနေတာကတော့ အဲဒီဗဇိဗဇပ် သံချပ်အသင်းရဲ့( ကောင်စီ ၀င်) ဆိုတဲ့ သံချပ်ကိုပါ။အဲဒီအခါ ကလဲကောင်စီတွေ ခေတ် ထ ချိန်ကိုး။ရပ်ကွက်ကောင်စီတွေ မြို့နယ်ကောင်စိတွေ တယ် မျက်နှာပန်းပွင့်သဗျ။ကောင်စီကတော် ဆိုလဲဖိနပ်ကိုင် ပေးတဲ့လူတောင် ရှိတယ်။

ဒါကိုဗဇိဗဇပ် အသင်း က လှောင်တာ၊သရော်တာ။ဇာ၈နာ မှတ်မိနေတာလေးတစ်ခုတော့ရှိပါသေးရဲ့။
(အလိုက် က မသိ ကြိုက်လှချည့်  ကြက်သားဟင်းတစ်ခွက် နှစ်ခွက် ပြင် တဲ့။မြို ဆို့ ပြီးလဲကောင်းကောင်းမပြန် ချင် ဒူးယားလဲဘူးလိုက်ဖြောင်ချင် )တဲ့။ဆိုသွားကြပုံများ။ဇာ၈နာ ကတော့ ကလေးဆိုတော့ လွှတ်ကြိုက်ပေါ့။ဒါပေမဲ့ ဒိုင်လူကြီးတွေကအဲဒီအဖွဲ့ ကိုအမှတ် မပေးဖူးခင်မျ။ဇာ၈နာ ပေါက်ကွဲခန်းပေါ့ခမျာ။ဒိုင်တွေ မတရားဖူး၊မတော် မတည့်လုပ်တယ် ဆိုပြီးစွပ်စွဲတော့တာပေါ့။အဲဒီမှာမှတ်မှတ်သားသားစကားတစ်ခွန်းရခဲ့ပါတယ်။ဂီတာဝိဇ္ဇာ ဥိးဘစောကြည် ကပြောတာပါ။
(ဒီမှာသား၊သံချပ် ဆိုတာသရော်ဖို့ ၊လှောင်ဖို့ ကွ၊ဆဲဖို့ မဟုတ်ဖူး)တဲ့။

ဒိစကားကို ဇာ၈နာ့ နားထဲခုထိစွဲနေတုန်းပါ။ဇာဂနာတို့ ကတော့ သရော် တာလှောင်တာမထိတထိပြောတာလေးတွေ သိတ် ကြိုက်ပါတယ်။ခုလိုဒဲ့ကြီးပြောပေါ်တင်ကြီးဆဲဆိုတာတော့ မလုပ်ရဲပါဖူး။ကြောက်ပါတယ်။

စပ်မိလို့ ပြောပါရစေအုန်း။သင်္ကြန်သံနဲ့ ဆိုရင်တော့
(သူများအကြောင်းလဲမပြောတတ်ပါ စပ်မိစပ်ရာဘာညာကွိကွ)ပေါ့လေ။သက်ြန် မတိုင်ခင်က NLD ပညာရေးကွန်ယက် ဆိုလားပွဲ လုပ်သွားသဗျ။ရန်ပုံငွေ ပွဲပေါ့လေ။အဲဒီမှာ HIP HOP ဆိုတဲ့ ကလေး နှစ်ယောက် စင်ပေါ် စတက် ကတည်း ကေ-ာက် တွေ မိုးမွှန်နေအောင် ပြောတော့တာပဲ။အဆိုးဆုံးကတော့ အားလုံး -ီးပဲဆိုတာကိုပယ်ပယ် နယ်နယ် တစ်တစ် ခွခွ အော် ဆဲပြသွားပါသေးတယ်။လုပ်နေတဲ့ ပွဲ က ပညာရေးကွန်ယက်။ကြည့်နေတာကတစ်နိုင်ငံလုံး။။ကိုယ့်ထက် အသက်ကြီးတဲ့သူ။ဝါ ကြီးတဲ့သူတွေ၊ဆရာတော် သံဃာတော် တွေ၇ှိပါတယ်။ခေတ်လူငယ်များပွင့်လင်းတာ ကြိုက်ပါတယ်။ ဆဲတဲ့အထိတော့ မပွင့်လင်းကြနဲ့ပေါ့ဗျာ။ဒါပေမဲ့ ဘယ်သူကမှ ဒါကိုမရေးကြဖူးခမျ။ဒီမိုကရေစီ ၀ိုင်းတော်သားတွေ လဲဂရင်းရွိုင်ယယ် က ယိုးဒယားမကလေးတွေ ဖင် လန် တာလောက် ကိုပဲအရေးပေးအရာသွင်းနေကြတာကိုး။
NLD ပညာရေးစင်ပေါ်ကနေတစ်နိုင်ငံလုံးကို -ီးပဲဆဲသွားတာတော့ SKIP လုပ်လိုက်ကြုံ့ပုံပေါ်ပါတယ်။ကလေးတွေဖက်ကလဲပြောမှာပေါ့လေ။တစ်နိုင်ငံလုံးလှည့်ပြီးပုဆိုးလှန်ပြမဲ့ ၀န်ကြီးတောင် ရှိသေးတာပဲဗျာလို့ ။

သက်ြန် ပြိးသွားလို့ စာရင်းချုပ်လိုက်ရင်တော့ အရက် နဲ့  ဘီယာရောင်းအားအကောင်းဆုံးဆိုတာတော့ ပစ်မလွဲပဲခမျ။ပြည်သူ့ ရဲ ကြီးတွေကဖမ်းမယ် ဖမ်းမယ် လို့  ညာသံပေးနေတာကိုး။တစ်ခါ ဖမ်းမယ် ပြောလိုက် ဈေး က တစ်ရာတက်သွားလိုက် နဲ့  မဏ္ဍပ်နားကဘီယာဆိုင်လေးတွေကတော့ အိမ်မိုးဖို့ သွပ်ဖိုးရသွားရှာလေတယ်။

ဗမာ့ဓလေ့ဆိုတော့ နှစ်ဆန်းတစ်ရက် နေ့ မှာစတုဒီသာလဲကျွေးကြသဗျ။ အယုတ် အလပ် အမြတ် မရွေး၊အားလုံးတန်းတူပဲ။ပဲဟင်းနဲ့  ငါးခြောက်ကတော့ပေါ်ပြူလာအဖြစ်ဆုံးပေါ့လေ။တန်းစီ တိုးဝှေ့  စားနေလိုက်ကြတာများ ကြည်နူးစရာ။မြန်မာပြည်သူပြည်သားတွေကချစ်စရာကောင်းပါတယ် ဗျာ။လုယက် မစားပါဖူး။တန်းစီဆိုလဲတန်းစီပါတယ်။နောက် တစ်ခါ မလာနဲ့ ဆိုလဲမလာပါဖူး။လက်မှာတံဆိပ်တုန်းရိုက် ဆိုလဲ အ၇ိုက်ခံကြရှာပါတယ်။

ဒါပေမဲ့ တိုင်းပြည်ကိုစတုဒီသာလုပ်စားနေတဲ့သူတွေကတော့ တန်းလဲမစီဖူး၊တံဆိပ်တုံးလဲ အ၇ိုက် မခံ ကြ ဖူးခမျ။သူတို့အတွက်ကစတုဒီသာတောင် မဟုတ် တော့ လောက်ပါဖူး။ဒသဒီသာ ဖြစ်နေပါပြီ။အရပ် ရှစ်မျက်နှာ ရယ် အပေါ် နဲ့ အောက် ရယ် ပေါင်းလိုက်ရင် ဆယ် မျက်နှာပေါ့။ဒါတောင်လောက်သေးရဲ့လားမသိဖူး။

နှစ်ဆန်းတစ်ရက်နေ့ ဆိုရင် ဖာဂနာတို့ ဗမာ့ ဓလေ့မှာ မကောင်းဆိုးဝါးတွေ ကိုသံပုန်းတီးနှင်လေ့ရှိတယ်လေ။တကယ် တမ်းအဲသလို နှင် ရင် ပြေးထွက်ကုန် သလားထွက်မပြေးကြဖူးလားဆိုတာတော့ ဇာ၈နာ လဲတိတိကျကျ မသိဖူးခမျ။တကယ် ကြီးပြေးထွက်တယ် ဆိုလို့ ကတော့ သိတ် ကောင်းမှာပဲဗျာ။ဇာ၈နာလေ သံပုန်းတပ်ကြီးဖွဲ့ ပြီးကိုတိးချင်တာပါ။မိုက်ကယ်၈ျက်ဆင် ရဲ့ ဘင်ခရာတပ်လိုပေါ့လေ။

သိမ်းတပ်တပ် သိမ်းတပ်တပ်(သံပုံးဆိုတော့ ဘင် တီးသလိုဒိန်းလို့  မမြည်ဖူးပေါ့လေ)
ဘာမှ မရှိတော့ဖူး.၊တကယ်ပါ ဘာမှ မရှိတော့ဖူး
(မကောင်းသောလူတွေ ညောင်းညောင်း
သြောင်းနမောဒူရေဗျောင်းဗျောင်း)

ဆိုပြီးကွေးနေအောင် က ချင်တာပဲလေ။ကစရာနေရာကတော့ မရှိဖူးရယ်။ နေပြည်တော် က ရွှေသံလွင် မဏ္ဍပ် မဖျက်သေးဖူးဆိုရင်တော့ အဆင်ပြေတာပေါ့။သိသားဘဲ၊ခင်ဗျားဘာပြောမယ် ဆိုတာကို။

ဇာဂနာ
၁၇၊၄။၂၀၁၄
ဇာဂနာ၏ "သိသားပဲ" ဆောင်းပါးမှ
ပဲ့တင်သံဂျာနယ်


တိုက်ကြီးမှာ ရွှေညတော်ဆရာတော်အား တရားဟောခွင့်ပိတ်လို့် တရား ပွဲ ပျက်သော အကြောင်း အရာ နှင်.ပတ်သက်ပြီးပြောပြချက်
မြတ်ဗုဒ္ဓ ရဲ့ တကယ့်တရားအဆီအနှစ်တွေ ဟောပြောနေတဲ့ဘုရားသားတော်အစစ်
ရွှေညဝါ ဆရာတော်ကို ကျတော့ တရားဟောခွင့်ပိတ်..
အမုန်းတရားတွေ နဲ့ တိုင်းပြည် ဖျက်နေတဲ့
တရားတွေ ဟောပြောနေတဲ့
သင်္ဃန်းဝတ်တွေ ရဲ့ တရားပွဲတွေကို ကျတော့ ဟောပြောခွင့်ပြုတဲ့ အပေါ်
ရွှေညဝါဆရာတော် ကြီးရဲ့ ပြောကြားချက် အပြည့်အစုံ။

{ ဒီအခွင့်အရေးကိုပိတ်တဲ့သူက ပြိတ္တာလား။ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် အဲဒါ ပြိတ္တာပဲ။ ဟုတ်ရဲ့လား။ ဗုဒ္ဓဘုရားရဲ့တရားကို ဗုဒ္ဓသားတော်တစ်ပါးက ဟောတာ နာချင်ပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ မျက်စေ့၊ နား၊ နှလုံးသားအခွင့်အရေးကို ပိတ်ပင်တာဟာ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် အဲဒါ ပြိတ္တာပဲ။

ဒီမိုကရေစီစနစ်ဆိုတာ အပြန်အလှန်လေးစားနားလည်မှုနဲ့ အညမညသဘောတရားအတိုင်း၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားအကြား အဲဒီနှစ်ခုကြားမှာ ဗိုလ်ကျတာတွေ၊ အနိုင်ကျင့်တာတွေ လွှမ်းမိုးတာတွေ၊ နိုင့်ထက်စီးနင်းလုပ်တာတွေမပါဘူး။
အခု သမ္မတကြီးက ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲရေးနည်းနဲ့ သွားနေပါတယ်ဆိုပြီး ပြောနေတယ်။ သူကသာ ရှေ့ကနေပြီး မိဘပြည်သူများခင်ဗျာ နဲ့ ပြောနေပေမယ့် သူ့အောက်ကလူတွေက
နယ်လှည့်ပါးရိုက် မယ်လို့ ပြောလိုပြော။ ဗိုက်လှန်ပြီး ကျည်ဆံရာကြီးပြလိုပြ။ ဘာကောင်တွေမှန်းလဲ မသိဘူး။ ကျုပ်တို့က အရူးလင်လုပ်နေရသလိုဖြစ်နေတယ်။

အဲဒီကြားထဲမှာ ဒီပြဿနာတွေက သွေးထိုးလှုံ့ဆော်နေတယ်။
သူတို့ရဲ့ ၂၀၁၅ စီမံကိန်းအတွက် ဒါတွေဟာ ကျုပ်တို့ကို ပိတ် ပင်တယ်။ မကျေနပ်ဘူး။ လူထုအုံကြွမှုဖြစ်မယ်။ ဘာညာကွိကွ ဒါမျိုးတွေ သူတို့လိုချင်တာ။ လူထုတွေကို ဆက်အ,စေချင်တာ။ လူထုတွေကို ဆက်ပြီးတော့ ကြောက်စေချင်တာ။ လူထုတွေကို ဆက်ပြီးတော့ ညံ့စေချင်နေတာ။ ကျုပ်ကလည်း လူထုကို မအ အောင် မကြောက်အောင် မညံ့အောင် တစ်နိုင်ငံလုံးလှည့်ဟောနေတာ။ ဒေါသနဲ့ဟောတာဆိုလို့ ဒီတစ်နေရာပဲရှိသေး တယ်။ ကျုပ်အေးအေးဆေးဆေးဟောခဲ့တာ။ ကျုပ်ကို စိတ်တိုအောင်မလုပ်ပါနဲ့။ ကျုပ်လည်း မှော်ဘီမှာနေတာ။ ဒီဒေသတွင်း သားပဲ။ ဆွေတွေမျိုးတွေလို သဘောထားပြီးတော့ လက်ခံခဲ့တာ။ ဒီတရားပွဲကို မကြွတော့ဘူးလို့ အပြီးဆုံးဖြတ်ပြီးတော့ ငြင်းထားတာ။ အခုကျတော့မှ အောင်ချမ်းသာဆရာတော်က ကြွဖြစ်အောင်ကြွပါဘုရား ပလ္လင်ပေါ် ငါးမိနစ်ပဲထိုင်ပြီးတော့ ငါနဲ့ပဲခွတုတ်တုတ် တပည့်တော်တို့သာဓုခေါ်ပါ့မယ်တဲ့။ ဘာကိုသာဓုခေါ်ရမှာတုန်း။ ငါနဲ့ခွတုတ်တာ သာဓုခေါ်စရာမှမဟုတ် တာ။ အလကားလျှောက်ပြီးတော့ တိုင်းပြည်ကို …….

(၂)ခင်ဗျားတို့ကျုပ်တို့ အားလုံးအမြင်သာကြီး။ ငြိမ်းချမ်းရေးလည်းမရသေးဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိသေးဘူး။ အမျိုးသားပြန်လည်သင့်မြတ်မှုမရှိသေးဘူး။ တရားဥပဒေစိုးမိုးမှု မရှိသေးဘူး။ စီးပွားရေးမဖွံ့ဖြိုးသေးဘူး။
ကိုင်း … ကျန်းမာရေး ဘာမှမဟုတ်သေးဘူး။ အလုံးစုံ ချွတ်ခြုံကျနေခဲ့တဲ့တိုင်းပြည်။
ဒါကို ကျုပ်တို့က တက်ညီလက်ညီနဲ့ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုတွေရမှ၊ ငြိမ်းချမ်းရေးတွေရမှ၊ တရားဥပဒေစိုးမိုးရေးတွေရမှ၊
စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်မှ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေရှိမှ လူနဲ့ဆန်တဲ့ လူ့ဘ၀ရတယ်လို့ခေါ်တယ်။ အဲဒါမှ ဒီမိုကရေစီလူသားတို့ရဲ့ဘ၀လို့ ခေါ်တယ်။ ဘယ့်နှယ် အသံသာကြားပြီး ဘာမှန်းကိုမသိရသေးတဲ့ ဒီမိုကရေစီ။

အခု အမျိုးဘာသာ သာသနာ ပျောက်လိမ့်မယ် ပျက်လိမ့်မယ်နဲ့
မိုးပြော ကြိုးပြောနဲ့ အစ္စလာမ်ဘာသာ မွတ်ဆလင်ကုလား တွေချည်းပဲ လက်ညှိုးထိုးထိုးပြီး ပစ်မှတ်ပြုပြောနေကြတယ်။ ဟောနေကြတယ်။ ဒါလည်းပဲ သည်းခြေကြိုက်စကားပဲ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက အဲဒါမျိုးပြောလို့ရှိရင် သည်းခြေကြိုက်။ တကယ်တမ်းကျတော့ မှိုင်းတိုက်နေကြတာ။ ကိုယ့်ဟန်ချက်ညီညီနဲ့ အဲဒါကိုလည်းကာကွယ် ကိုယ့်အတွင်းလူတွေကိုလည်း တွန်းလှန်ရမှာ။ အမျိုးပျက်မှာ၊ အမျိုးပျောက် အောင်လုပ်မှာ၊ တိုင်းပြည်ပျက်အောင်လုပ်မှာဆိုတာတွေဟာ ကုလားချည်းသွားပြီးတော့ မဆဲနဲ့။ ကိုယ့်လူမျိုးအတူတူချင်း၊ ဘာသာ အတူတူချင်း၊ ဘုန်းကြီးအတူတူချင်းက အခုလိုဖျက်တာ ဒါအမျိုးဖျက်တာ ဘာသာဖျက်တာ သာသနာဖျက်တာ။ ရှင်းလား။

ကျုပ်တို့က တိုင်းပြည်ပျက်အောင်လုပ်ကြဟေ့လို့ ပလ္လင်ပေါ်က တစ်ခွန်းမှမဟောဘူး။ ကျုပ်တို့က နိုင်ငံကို ဆူပူအုံကြွအောင် လုပ်ကြစို့ဟေ့လို့ တစ်ခွန်းမှမဟောဘူး။ သွယ်ဝိုက်ပြီးတော့လည်းမဟောဘူး။ တည့်တည့်လည်းမဟောဘူး။ အမျိုးသားပြန်လည် သင့်မြတ်ဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့၊ ငြိမ်းချမ်းရေးရဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ကျန်းမာရေးစောင့် ရှောက်မှုတွေပြည့်စုံဖို့၊ လူသာနဲ့တူတဲ့ လူ့ဘ၀တွေကိုရဖို့နဲ့ စီးပွားရေးတွေ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာဖို့၊ အစစအရာရာ အလုပ်အကိုင်အခွင့်အလမ်းလေးတွေ ရလာဖို့။ ကဲ တောင်သူလယ်သမားအရေးတွေ အလုပ်သမားအရေးတွေမှာ ကျုပ်ကိုယ်တိုင် အကုန်အကျခံပြီးတော့ သေနတ်တွေ တုတ်ဓါးကြားတွေထဲဝင်ပြီးတော့ ဖြန်ဖြေခဲ့တာ။ အလကား ပါးစပ်ကနေ ပြီးတော့ အာချောင်ပြီးလုပ်ခဲ့တာ တစ်ခုမှမပါဘူး။ ကျေးဇူးတင်ရကောင်းမှန်းမသိဘူး။

၃)ဒီတိုက်ကြီးမြို့နယ်က သံဃာ့နာယကဆိုတဲ့ကိုယ်တော်တွေ ပါသလား။ အဲဒီ ဥက္ကံဖြစ်တုန်းက ပါသလား။ ကျုပ်ပါးစပ်ကြီးနဲ့ ၃၂ ကောဋ္ဌာသ ကျွတ်ကျမတတ်ဟောခဲ့တာ ကျုပ်။ အဲဒီအရေးအခင်းကြီးကို အမြန်ဆုံးငြိမ်းချမ်းသွားအောင်ဟောခဲ့တာ ကျုပ်ဟောခဲ့တာ။ အဲဒါကျုပ်။ မဏ္ဍာပ်တိုင်တက်ပြတာမဟုတ်ဘူး။ ကျုပ်ဘာကျုပ် အေးအေးဆေးဆေး မသိချင်ဟန်ဆောင် မမြင်ချင်ဟန်ဆောင်နေရင် ရတာပဲ။ ငါ့တိုင်းပြည်ကွယ့်၊ ဥက္ကံဆိုတာလည်း ငါတို့တိုင်းပြည်ထဲက ငါတို့မြို့တစ်မြို့ကွယ့်။ ဥက္ကံမြို့ မှာ ဆူပူအုံကြွနေတာလည်း ငါတို့တိုင်းပြည် ငါတို့လူမျိုးတွေကွယ့် ဒီလိုမဖြစ်သင့်ဘူးဆိုပြီး သွားပြီးတော့ ထိန်းသိမ်းအုပ်ချုပ် ပေးခဲ့တာ။ မကျေနပ်လို့ ဒီစကားတွေကို ဒီလိုဒီလို ဒီနေရာတက်ပြောသွားတာ ကြိုက်တဲ့ပုံစံနဲ့ ဖြေရှင်း။ မိုးထိအောင် လှေကား ထောင်တက်ဖို့ ၀န်ကိုမလေးဘူး။ လွန်လွန်းအားကြီးလာလို့ ပြောရတာ။ ဘယ့်နှယ် ဘုန်းကြီး ဘုန်းကြီးချင်းကလိုက်ပြီးတော့။
**အမျိုးဘာသာ သာသနာအတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်က လျှောက်တတ်အောင် ဉာဏ်ရည်တွေထည့်ပေးနေတဲ့ဘုန်း ကြီးကို ဘာမှမလုပ်တဲ့ဘုန်းကြီးတွေက တားတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ပြိုကွဲအောင်၊ ဒီမိုကရေစီမရအောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲမပေးနဲ့ ဦးသိန်းစိန်ကို မဲပေး။**
ဒီလိုဘုန်းကြီး တွေကျတော့ မသိကျိုးကျွံပြုပြီးတော့ မျက်ကွယ်ပြုပြီးတော့ အသာလေးလွှတ်ပေးထားတယ်။ မကြားချင်ဟန်ဆောင်နေကြတယ်။
တောက် …။

တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာကွဲသွားအောင် ဟောပြောနေတဲ့ကိုယ်တော်တွေကျတော့ လွှတ်ပေးထားတယ်။ တိုင်းပြည်ကို စုစုစည်းစည်း ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့သွားဖို့ဟောနေတဲ့ဘုန်းကြီးကျတော့ လိုက်ပိတ်တယ်။ ကျုပ် ဗမာပြည်မှာ ဒီလိုဒေါသထွက်တာ ဒီတစ်နေရာပဲရှိသေးတယ်။ ဒီတစ်နေရာပဲရှိသေးတယ်။ ဒီကိုယ်တော်တွေ ငါးစာချနေတဲ့ကိစ္စ၊ အမျိုးဘာ သာ သာသနာ ပျက်စီးဆုံးရှုံးပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ ကုလားကြောင့်ချည်းပဲဟောနေတာ။ ဗမာကြောင့်၊ ဗုဒ္ဓဘာသာ ကြောင့်၊ ဘုန်းကြီးတွေကြောင့် ဒီလိုမျိုးတွေ ဖြစ်သွားနိုင်တယ်။ ကိုယ့်လူမျိုးအချင်းချင်း ဘာသာတူအချင်းချင်းက အသားထဲက လောက်ထွက်နေတာ။ စကောလောက်မှ ဇောက်မနက်ပဲ ကိုယ့်အမျိုးချင်း ကိုယ်ဖျက်နေကြတာ။ ဘုန်းကြီးတွေ။ အကုန်လုံးကို ပြောတာမဟုတ်ဘူး။

ဘာမှ မလုပ်နိုင် မကိုင်နိုင် မစွမ်းနိုင်ဘဲနဲ့ လုပ်နိုင် ကိုင်နိုင် စွမ်းနိုင်တဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြည်သူတွေလျှောက်တတ် အောင်သင်ပေးနေတဲ့ ဒီမိုကရေစီလေ့ကျင့်ရေးသင်တန်းကို ပလ္လင်ပေါ်ကနေပြီးတော့ ကျကျနနသင်ပြပြီးတော့ မကြောက်တရားတွေ ဟောပြနေတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေ ဟောပြနေတယ်။ ဒါကိုကျတော့ ပိတ်တယ်။ ဘယ်မဲထည့်နဲ့ ဘယ်မဲမထည့်နဲ့ အကုန်လုံးဘက်လိုက်ပြီးတော့ တိုင်းပြည်ကိုအစိတ်စိတ် အမွှာမွှာကွဲသွားအောင် လျှောက် ဟောနေတဲ့ဘုန်းကြီးတွေကျတော့ လွှတ်ပေးထားတယ်။ ဂရုကိုမစိုက်ဘူး။ ဘယ်ဘုန်းကြီးမှ။ မှန်ကန်တဲ့ဘုန်းကြီးဆိုရင် ကျုပ်က ရှေ့ကလည်းနေရဲတယ်။ ပစ်စမ်းကြိုက်သလောက်။ ရင်ဘက်နဲ့ကာပြီးတော့ ဇကာပေါက်ဖြစ်သွားပါစေ။ အခုဟာကဗျာ ဘယ့်နှယ်။

အခုကျုပ်ပြောနေတယ်။ လာလေ မြို့နယ်သံဃာ့နာယက လာလေ။ ခင်ဗျားတို့လည်းမပါနဲ့။ ဘယ်နှစ်ပါးလာမလဲ။ အကုန်လုံး ကန်ချပစ်လိုက်မယ်။ လက်ဝှေ့စင်လုပ်ပစ်လိုက်မယ်။ ရှင်းလား။ လေမဖြတ်သေးဘူး။ သွေးတိုးမရှိဘူး။ ဆီးချိုမရှိဘူး။ ဘာရော ဂါမှမရှိဘူး။ ငါးပါးလောက်တော့ တစ်ချက်တည်းနဲ့ သိမ်းလို့ရတယ်။ အဲဒီလောက်အထိ မိုက်မိုက်ရိုင်းရိုင်း မပြောချင်ဘူး။ မပြော ချင်ပေးမယ့် ပြောဖြစ်အောင်လုပ်ခဲ့တဲ့အတွက် ကျုပ်ပြောရတာ။ ဘာမှ တင်ပလ္လင်ခွေလည်းထိုင်မနေဘူး။ ယပ်တောင်လည်း ကိုင်မနေဘူး။ ဘုရားလည်းရှိခိုးမနေဘူး။ ရေစက်လည်းမချဘူး။ ပြီးရင် ခဏနေ ဆင်းသွားမှာ။

တိုင်းပြည်ကိုမပျက်အောင်၊ ဘာသာ သာသနာကိုလမ်းကြောင်းမှန်ပေါ်ကို ရောက်အောင် ပို့ပေးနေတဲ့ဘုန်းကြီးတွေကို ပိတ်ပြီး တော့၊ ဘာသာ သာသနာကို ဂယောက်ဂယက်ထသွားအောင် နိုင်ငံရေးအသုံးချဈေးကွက်ထဲမှာ
အသုံးချ နိုင်ငံရေးသားကောင် တွေအဖြစ်နဲ့ အသုံးချခံနေတဲ့ကိုယ်တော်တွေကျတော့ အေးအေးဆေးဆေး နောက်ကနေ လွှတ်ပေးနေတယ်။
မသိချင်ဟန် ဆောင်နေတယ်။ ဒါတွေကို ခင်ဗျားတို့ မျက်စေ့ရှင်ရှင်ကြည့်။ အမြဲတမ်းနားကိုစွင့်ထား။ အ မနေနဲ့။
အ နေရင် ဆက်ခံသွားရ မယ်။ တိုက်ကြီးမြို့က ဒကာ ဒကာမတွေ မအ,အောင် ကျုပ်လာဟောမလို့။ မကြောက်အောင် ကျုပ်လာဟောမလို့။ မညံ့အောင် ကျုပ်လာဟောမလို့။ ရက်ပေးထားတာ။ ဟောစရာမရှိတဲ့ဘုန်းကြီးမဟုတ်ဘူး။ တစ်နိုင်ငံလုံးလှည့်ဟောနေတာ တစ်ညတောင် မအားရဘူး။ ကားပေါ်နဲ့ပလ္လင်ပေါ်၊ ပလ္လင်ပေါ်နဲ့ ကားပေါ် ဒီလိုနဲ့ပဲ တစ်နိုင်ငံလုံးလှည့်လာတာ
ဒီ ဘာမဟုတ်တဲ့ တိုက်ကြီးကျမှ တောက် ….။

အဲဒီတော့ … အမျိုးဘာသာ သာသနာကိုဖျက်အောင် ကုလားချည်းပဲလို့ မျက်စိစုံမှိတ်ပြီးတော့ ဇွတ်ယုံမနေနဲ့။ ကိုယ့်ဘာသာတူ၊ ကိုယ့်လူမျိုးတူ၊ ကိုယ့်ဘုန်းကြီးအတူတူက ဖျက်နေတာကိုလည်း သတိထားကြည့်ကြဦး။ ဟုတ်ရဲ့လား။ ကိုင်း ညကျရင် ကျုပ်လက်ထောက်လာဟောလိမ့်မယ်။ ဒီတရားပွဲကို ကျုပ်ဒီလိုပြောသွားလို့ ဖျက်လိုက်လည်း နားအေးတာပဲ။
ကဲ ကျုပ်သွားမယ်။ } ရွှေည၀ါဆရာတော်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုထောက်ခံမှု ၉၂.၄၈ ရာခိုင်နှုန်းသည် လက်ရှိကာလ တွင် ပြန်လည်ဆန်းစစ်ရန် လိုအပ်လျက်ရှိသည်။ တပ်မတော်အစိုးရလက်ထက်၊ သတင်းမီဒီယာ များလွတ်လပ်မှုအားနည်းသောကာလ၊ လူတစ်ဦးချင်းစီ၏လွတ်လပ်မှုများ ကန့်သတ်ခံထား ရသောကာလ၊ ဝေဖန်ရုံနှင့်ထောင်နှစ်ရှည်ချနိုင်သော ၅/၉၆ ဥပဒေသက်ရောက်နေသော ကာလတို့တွင် ကျင်းပခဲ့သောပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ရလဒ်သည် ပြည်သူလူထုအများစု ၏ဆန္ဒ၊ သဘောထားကို ကိုယ်စားပြုနိုင်ခြင်းမရှိဟု သုံးသပ်နိုင်သည်။

ထို့ကြောင့် လက်ရှိအခြေအနေတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထုထောက်ခံမှု
၉၂.၄၈ ရာခိုင်နှုန်းအား ပြန်လည်ဆန်းစစ်ရန် အရေးတကြီးလိုအပ်လျက်ရှိသည်။ လွှတ်တော် တွင်း နှင့် လွှတ်တော်ပြင်ပနည်းလမ်းနှစ်သွယ်ဖြင့် ပုံဖော်သင့်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်၊ လာမည့်
လွှတ်တော်ကျင်းပချိန်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ
ပြန်လည်ကျင်းပလျက် လူထုထောက်ခံမှုကို ပြန်လည်ဆန်းစစ်သင့်ကြောင်း အဆိုတင်သွင်းသင့်
သည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်
ကျော်က ထောက်ခံခဲ့လျှင်၊ ပြင်ဆင်ရေးလမ်းကြောင်းကို လိုက်ပါရမည်ဖြစ်ပြီး၊ မဲပေးပိုင်ခွင့်ရှိသူ
ထက်ဝက်ကျော်က မထောက်ခံလျှင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု အသစ်ပြန်လည်ရေးဆွဲရန်
သာရှိမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ လက်ရှိလွှတ်တော်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြန်လည်
ကျင်းပရေးအဆိုသည် အတည်ပြုနိုင်ခြေမရှိသော်လည်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် လွှတ်တော်တွင် ဒီချုပ်၊ တိုင်းရင်းသားပါတီများ နှင့် ဒီမိုပါတီများ၏ကိုယ်စားလှယ်များ အများစု
နေရာရမည့်ကာလ၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်အဆိုအား ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်တင်သွင်းပါက၊ အဆိုအတည်
ဖြစ်နိုင်သည်။

လက်ရှိအခြေအနေတွင် မဖြစ်မနေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန်အဆိုတင်သွင်းသင့်သော
အကြောင်းမှာ လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွင် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲပြန်လည်ကျင်းပရေးအဆိုတင်သွင်းမည့်လမ်းကြောင်းကို ပိတ်ပင်လျက် အခြေခံဥပဒေအား
ပြင်ဆင်နိုင်ခြေရှိခြင်းသည်လည်း တစ်ချက်အပါအ၀င်ဖြစ်သည်။

လွန်ခဲ့သော ခြောက်နှစ်ခန့်က လူထုထောက်ခံမှု ၉၂.၄၈ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု အထပ်ထပ်
ကြေညာနေသော ကိန်းဂဏန်းသည် ခြောက်နှစ်အတွင်း ၅၀ ရာခိုင်နှုန်းအောက် ရောက်မသွား
နိုင်ဟု ယုံကြည်မှုအပြည့်အ၀ရှိမည်ဆိုလျှင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မလုပ်ရဲစရာအကြောင်း
မရှိနိုင်ပါ။
ထို့ကြောင့် လာမည့်လွှတ်တော်များတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရေးအဆိုကို မဖြစ်မနေတင်သွင်းသင့်ပါကြောင်း ဆော်သြလိုက်ရပါ သည်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အဓိက အခက်အခဲ တစ်ခုဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များ ပူးပေါင်း၍ ရန်ကုန်နှင့် မန္တလေးမြို့များတွင် မေလလယ်ပိုင်းအတွင်း လူထုဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၈၈ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက မြန်မာသံတော်ဆင့်သို့ ပြောသည်။

လက်ရှိ ပြဋ္ဌာန်းထားသော ပုဒ်မ ၄၃၆ အရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၁၁) နှင့် (၁၂) ၌ ပြဋ္ဌာန်းထားသော အရေးကြီးပုဒ်မများ အားလုံးနီးပါးအား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာ ခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံမှသာလျှင် ပြည်လုံးကျွတ် ဆန္ဒမဲ ပေးပို့ခွင့်ရှိသူ ထက်ဝက်ကျော်မှ ဆန္ဒမဲပေးပြီး ပြင်ဆင်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

““လူထုဆန္ဒခံယူပွဲတော့ မဟုတ်ပါဘူး။ ၄၃၆ နဲ့ ပတ်သက်တဲ့ ဟောပြောပွဲပေါ့။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ နောက်မှ ပြောပါ့မယ်။ ရက်ကတော့ ဒါယေဘုယျ သတ်မှတ် ထားချက်တွေပေါ့။ လူထု အစည်းအဝေး ပုံစံပေါ့ ဗျာ။ ၄၃၆ နဲ့ ပတ်သက်တဲ့၊ ဘာကြောင့် ဖျက်ချင်တယ် ဆိုတဲ့ ဟောပြောပွဲမျိုးပါ။ အသေးစိတ်ကို ကျွန်တော်တို့ ငါးရက်ကျော်ရင် ထုတ်ပြန်ပါ့မယ်။ နေရာကလည်း အသေးစိတ် သတ်မှတ်ပြီးတဲ့ အခါကျရင် ထုတ်ပြန်ပေးပါ့မယ်။ အဓိကပြောနိုင်တာ ကတော့ ဒီလိုဟောပြောပွဲမျိုးတွေ ရှိလာနိုင်တယ်ဆိုတာ ကျွန်တော်ပြောလို့ရတယ်””ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပုဒ်မ ၄၃၆ အား ဖျက်သိမ်းရန်မှာ လက်ရှိ မြန်မာပြည်၏ အပြောင်းအလဲများနှင့် များစွာ သက်ဆိုင်လျက်ရှိပြီး လွှတ်တော်အတွင်း စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့မှာ အများစုဖြစ်သည့်အတွက် ပြင်ဆင်ရန် ခက်ခဲနေကြောင်း လည်း ဒီမိုကရေစီ လှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။

ဟောပြောပွဲပြုလုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ NLD ဘက်သို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် ““မေလ ၁၈ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းမှာလုပ်မယ်။ ၁၉ ရက်မှာ မန္တလေးတိုင်းမှာ လုပ်ပါမယ်””ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သဘောထားဆန္ဒ ကောက်ယူသွားရန် အတွက်လည်း မြန်မာ့လူမှုဘ၀ တိုးတက်မြင့်မားရေး အသင်းမှ ဦးဆောင် ပြုလုပ်လျက်ရှိပြီး ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ပင် လက်မှတ်ပေါင်း ၂၆၀၀ ကျော်ခန့် ရရှိခဲ့သေးသည်။ အဆိုပါ ထောက်ခံ လက်မှတ်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ခံသွားကာ အခြေခံဥပဒေ ပြင်ဆင်ရေးခုံရုံးသို့ ပေးပို့ သွားမည် ဖြစ်သည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအနေဖြင့် ရွေးကောက်ပွဲ ၀င်ခဲ့ရသည့် ဦးတည်ချက် ၃ ရပ် အနက် တစ်ရပ်ဖြစ်သည့် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးမှာ ၂၀၁၅ ခုနှစ်ထက် ၂၀၁၄ ခုနှစ်က ပိုမို အရေးကြီး ကြောင်းလည်း ဇန်န၀ါရီလ ၈ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ပြုလုပ်သည့် လူထုဟောပြောပွဲ၌ ထည့်သွင်း ပြောဆိုခဲ့သေးသည်။

မြန်မာသံတော်ဆင့်

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၅ခုမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ် လို့ ဧပြီလ ၇ ရက်နေ့ ပုသိမ်မြို့မှာပြောဆို လိုက်တယ်လို့သိရပါတယ်။

မြန်မာပြည်မှာ အဲဒီလောက် ကပေါက်တိကပေါက်ချာနိုင်တဲ့ စကားတွေကို ပြောကြဆိုကြတာကို အောင့်အည်း မသက်သာ နားထောင်နေရတာကြာပါပြီ ။ တော်ကြာ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ရွှေလက်နဲ့ခေါ်တုန်းလာ Bullet နဲ့ ခေါ်မှမလာနဲ့ဆိုတဲ့ ဗရုပ်သုတ်ခ လွှတ်တော်အမတ်က ပေါ်ထွက်လာလိုက် ၊ ရှေ့က သမ္မတကြီး မိဘပြည်သူများလို့ တွင်တွင်ခေါ်ကောင်းနေတုန်း ပြည်သူကို ပါးရိုက်မယ်ပြောတဲ့ ဗာလနံဝန်ကြီးက ပေါ်ထွက်လာလိုက်နဲ့ အတော်ကို ဆိုးဆိုးရွားရွားပါပဲ ၊ ဒါပေမဲ့ အခုလို နိုင်ငံရေးပါတီတွေကြား ၊ အစိုးရနဲ့ အတိုက်အခံကြား ၊ ကြားနေမူဝါဒကို ကျင့်သုံး လိုက်နာပြီး ဖြောင့်ဖြောင့်မတ်မတ် မှန်မှန်ကန်ကန်နေဖို့လိုအပ်တဲ့ နိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌ ဆိုသူက ဒီလိုစကားမျိုးကို ပြောထွက်လာတာကတော့ အတော့်ကို မထော်မနှမ်းနိုင်လှတဲ့ကိစ္စပါပဲ ။

စာရေးသူက ရွေးကောက်ပွဲကော်မရှင်ဟာ ခန့်အပ်ခံမဖြစ်ရဘူး ၊ ရွေးကောက်ခံဖြစ်ရမယ် ။ ရွေးကောက်ပွဲ ကော် မရှင် ဟာ ကြားနေဖြစ်ရမယ် ။ အစိုးရနဲ့ အတိုက်အခံဘယ်ဘက်ကိုမှ မလိုက်ရဘူး ။ လက်ရှိ နိုင်ငံရဲ့ အခြေအနေအရ ရွေးကောက်ပွဲ ကော်မရှင်ကို စစ်တပ်နဲ့ ကင်းကင်းရှင်းရှင်းရှိစေချင်တယ် ၊ အဲဒီလိုမှ မဟုတ်ရင် ဒီရွေးကောက်ပွဲ ကော်မရှင် ကို ယုံကြည်စိတ်ချလို့မရနိုင်ဘူးလို့ ပြောခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန့်အပ်ခံရတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ခန့်အပ်သူရဲ့ အလိုကျပဲ လုပ်ကိုင်ဆောင်ရွက်မှာမို့ပါပဲ ။

စာရေးသူရဲ့ မယုံသင်္ကာစိတ်ဟာ အကြောင်းမဲ့မဟုတ်ဘူးဆိုတာကို အခုရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့ လုပ်ရပ်တွေ ပြောစကားတွေက သက်သေပြလာပါပြီ ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟာ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်နေတဲ့အတွက် သူ့မှာ ဘက် ရှိပြီးသားဖြစ်နေပါတယ် ။ သူဟာ အဲဒီ ဘက် ကို မဲမတင်းဘဲ မနေနိုင်ပါဘူး ။ အခုထုတ်ပြောခဲ့တဲ့စကားမှာ နယ်မြေအလိုက် အရွေးခံမယ့် အမတ်တဦးချင်းက မိမိနယ်မြေကို မိမိကိုယ်တိုင်သာလျှင် စည်းရုံးရေးဆင်းရမယ်။ ပြည်သူတွေထောက်ခံအားပေးတဲ့ ပါတီခေါင်းဆောင်က စည်းရုံးရေးဆင်းပေးလို့ မရဘူး လို့ထုတ်ပြောတဲ့ သဘောပါပဲ။ မကွယ်မထောက်ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အနှံ့ သွားရောက် စည်းရုံးပြီး NLD ပါတီအောင်နိုင်ရေးလုပ်မှာကို စိုးရိမ်လို့ ဒီစကားတွေကို ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ် ။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်သူတွေကြားကိုဆင်းပြီး စည်းရုံးမဲဆွယ်ပေးမယ်ဆိုရင် အာဏာရပြိုင်ဘက် ပါတီကြီး အတွက် စိုးရိမ်စရာဖြစ်ပါတယ် ။ အဲဒီကိစ္စဟာ ဒီပါတီက ထိပ်တန်းခေါင်းဆောင်များနဲ့ ကိုယ်စားလှယ် အမတ် လောင်းများအတွက် နှာနုကျည်ပွေ့ထိမဲ့ကိန်းဆိုက်နိုင်ပါတယ် ။ ဒီအချိန်မှာပဲ အထက်မှာ ဖော်ပြခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ဆိုသူထံက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို မချိတ်ဆွဲပဲ ကိုယ်ဓါတ်ပုံ ကိုယ်ချိတ်ပြီး မဲဆွယ်ကြဖို့ ဆိုတဲ့ သွေးရူးသွေးတမ်း အသံထွက်လာတာဖြစ်ပါတယ် ။

အခုရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ ပြောစကားဟာ အဲဒီကိုယ်စားလှယ်ရဲ့ စကားသံနဲ့ လုံးထပ်ပါဌ် ထပ်မတူသော်လည်းပဲ အနက်အဓိပ္ပါယ်က လုံးဝကို တူညီနေတာမို့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဟာ ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင်ကတည်းက တစ်ဘက်ကို ယိမ်းနေပြီ ဆိုတာ ရှင်းရှင်းလင်းလင်း အဖြေထွက်သွားပါပြီ ။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ရှိပါတယ် ။ ပါတီခေါင်းဆောင်ကိုယ်တိုင် စည်းရုံးရေးကို လုပ်ဆောင်ပေးနိုင်သလို ၊ ပါတီကိုထောက်ခံအားပေးတဲ့ နယ်ပယ်အသီးသီးကလူသိထင်ရှား ပုဂ္ဂိုလ်တွေ ၊ အနုပညာရှင် တွေကလည်း စည်းရုံးလှုံ့ဆော် ပေးနိုင်ပါတယ် ။ တစ်သီးပုဂ္ဂလ အရွေးခံသူတွေတောင်မှ မိမိအတွက် အထောက်အပံ့ဖြစ်မဲ့ လူထုက သိတဲ့ လေးစား တဲ့ပုဂ္ဂိုလ်များကို မဲဆွယ်စည်းရုံးရေး တာဝန်ပေးအပ်ခွင့်ရှိပါတယ် ။ ဒါက ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရဲ့ အနှစ်သာရဖြစ်ပါတယ် ။ ဘယ်သူက ဘယ်သူ့အတွက် မဲဆွယ် စည်းရုံးမပေးရဘူးလို့ ကန့်သတ် ချက် နဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ ဒီမိုကရေစီ တည်ဆောက် နေတယ်လို့ ဘယ်လိုမှ ယုံကြည်လို့ မရနိုင်တော့ပါဘူး ။

ကိုလိုနီလက်အောက်ကျရောက်နေတဲ့ခေတ်မှာတောင်မှ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ဖဆပလ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် နိုင်ငံအ၀န်း ကို မဲဆွယ် စည်းရုံးရေး ဆင်းခဲ့ပါတယ် ။ အဲဒါကို အစိုးရက မတားမြစ်ခဲ့ပါဘူး ၊ မကန့် သတ်ခဲ့ပါဘူး ၊ အခုကျကာမှ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ကန့်သတ်မယ်ဆိုတာကတော့ အင်္ဂလိပ်နယ်ချဲ့ခေတ် ကျွန်ဘ၀ထက်တောင် ဆိုးတဲ့ ဘ၀ကို မြန်မာနိုင်ငံ သူနိုင်ငံသားတွေ ကျရောက်နေပါတယ်ဆိုတာ အရှင်းဆုံးသက်သေဖြစ်ပါလိမ့်မယ် ။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌရဲ့ စကားထဲမှာ “လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲ မဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေပြောပါ။ မဆိုင်တဲ့လူ လာမပြော နဲ့။ ၀င်ချင်ဝင် မ၀င်ချင်နေ။ ကျနော် ဒီမြို့ ဒီရွာမှာ အရွေးခံမယ်ဆို ကျနော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျနော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကကျနော့် လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်” လို့ ပါရှိခဲ့ပါတယ် ။ ဒါဟာ စစ်အစိုးရက ပေးထားတဲ့လုပ်ပိုင်ခွင့်ကို စစ်အစိုးရဗိုလ်ချုပ်ကြီး ဟောင်းဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က အပြည့်အ၀ အသုံးချပြီး စစ်အစိုးရ ရဲ့အသွင်ပြောင်း ပါတီကို အထောက်အပံ့ပြု ဘက်လိုက်ပေးဖို့ ကြိုတင်လှမ်းတဲ့ ခြေလှမ်း လို့ဆိုရပါလိမ့်မယ် ။

နိုင်ငံရေးပါတီတစ်ခုရဲ့မဲဆွယ်စည်းရုံးရေးမှာ မဆိုင်တဲ့သူဆိုတာ ဘယ်သူကိုဆိုလိုတာပါလဲ ။ ပါတီနာယက ၊ ပါတီဥက္ကဌကနေစပြီး သာမန်ပါတီဝင်တစ်ယောက်နဲ့ ပါတီကို ထောက်ခံအားပေးသူတစ်ယောက် ၊ အားလုံးဟာ သက်ဆိုင်သူ ၊ ပါဝင်ပတ်သက်သူတွေချည်းပါပဲ ။ မဆိုင်သူမပြောနဲ့ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌရဲ့ စကားလုံးတွေ က ဘာကိုဆိုလိုတာလဲ ၊ ဒီမဲဆန္ဒနယ်မှာ ရွေးကောက်ပွဲဝင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းသာလျှင် မဲဆွယ်စည်းရုံး ခွင့်ရှိရမယ်ဆိုရင်တော့ ရွေးကောက်ပွဲ ကော်မရှင် ဟာ အတော်ကို ကလေးကလားဆန်တဲ့ လုပ်ရပ်ကိုလုပ်မိပြီလို့ ကမ္ဘာက ရယ်ပွဲဖွဲ့ကြပါလိမ့်မယ် ။ အခုကိုပဲ ပြည်သူတွေကြားမှာတော့ ရယ်စရာလည်းကောင်း ၊ အော့နှလုံးနာစရာလည်းကောင်းတဲ့ စကားတစ်ခွန်းအဖြစ် သတ်မှတ်ခံထားရပါပြီ ။

ပြည်သူတွေမှာ သူတို့ရွေးချယ်ရမဲ့ ကိုယ်စားလှယ် ကိုယ်စားပြုတဲ့ပါတီရဲ့မူဝါဒကိုလည်း သိခွင့်ရှိရပါမယ် ။ အဲဒီ ကိုယ်စားလှယ် ရဲ့ အရည်အချင်းကိုလေ့လာဖို့ အခွင့်အရေးရှိရပါမယ် ။ အရေးအကြီးဆုံးကတော့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားကြောင့် ရွေးကောက်ပွဲအောင်နိုင်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ဘယ်သူ့ကို (ပါတီအကြီးအကဲ) နိုင်ငံတော်သမ္မတအဖြစ် မဲဆန္ဒပေးရမှာလဲ ဆိုတာကို သိခွင့်ရှိဖို့ပါပဲ ။ အဲဒီအတွက် ပါတီခေါင်းဆောင်က ပြည်သူ့ ရှေ့မှောက်ကို သက်ဆိုင်ရာကိုယ်စားလှယ်လောင်းနဲ့အတူ အရောက်လာပြီး ပြည်သူ့မှတ်ကျောက်ကို အတင်ခံဖို့ လိုပါတယ် ။ ဒါဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်ပါ ၊ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို လုပ်ပိုင်ခွင့်ဆိုတာနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးပမ်းတာကတော့ ပြည်သူ့ချဉ်ဖတ်အဖြစ်ကို ခုန်ဆင်းတဲ့ အဖြစ်သနစ်နဲ့ ရင်ဆိုင်ရဖို့ရှိပါတယ် ။

နောက်တစ်ချက်က နိုင်ငံတစ်ဝန်းက ပြည်သူတွေဟာ သူတို့ချစ်တဲ့ခေါင်းဆောင်ကို တွေ့ခွင့်မြင်ခွင့် အားပေး ခွင့်ကိုလဲ လွတ်လပ်စွာ ရပိုင်ခွင့်ရှိပါတယ် ။ မြန်မာတစ်ပြည်လုံးက ပြည်သူအများစုဟာ ဘယ်သူ့ကိုမြင်ချင် တွေ့ချင် နေကြပါသလဲ ဆိုရင် တပြိုင်နက်တည်းပြန်ဖြေမဲ့အသံက နားမခံရဲသူတို့အဖို့ နားအုံနားရင်းပွင့် ထွက်သွားနိုင်လောက် ပါတယ် ။ ဒါကလည်း ပြည်သူတို့ရဲ့ ရပိုင်ခွင့်တစ်ခုပါ ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌတစ်ယောက်ပီပီသသနဲ့ ကြားမှာနေ ဘက်မလိုက်ပဲ သမာသမတ်နေရမဲ့လူတစ်ယောက်က ပြည်သူတွေရဲ့ ရပိုင်ခွင့် အစစ်အမှန်ကို လုပ်ပိုင်ခွင့် အားကိုးနဲ့ လက်တစ်ဆုံးနှိုက်ပြီး အာဏာသုံးပိတ်ပင်ချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို ဖယ်ရှားပစ်ဖို့ ဆန္ဒပြပွဲတွေ မြန်မာပြည်မှာ ပေါ်ပေါက်လာပါလိမ့်မယ်လို့ သတိပေးချင်ပါတယ် ။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ဒီမိုကရေစီကို အနံ့မခံနိုင်သူများဖြစ်နေလေသလားလို့ ထင်မှတ်ရလောက်တဲ့ စကားတစ်ခွန်းဆိုခဲ့ပါသေးတယ် ။ လွတ်လပ်လွန်းတာမှ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ဆိုတာနဲ့တောင် မတူဘူး။ ဆန္ဒပြ နေသလား၊ ၈၈ အရေးအခင်းများပြန်ရောက်နေသလားမှတ်ရတယ်။ နဖူးစီးလည်းပါတယ်။ ကြယ်ငါးပွင့် အလံ လည်းပါတယ်။ဘယ်သူကမှလည်း ကန့်ကွက်သူမရှိဘူး။ ကန့်ကွက်ရင် ကျနော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျနော်အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီးလုပ်တာပဲ။ အလံဥပဒေဆိုတာ ရှိပါတယ်” လို့ပြောခဲ့ပါတယ် ။ အဲဒါဟာဆန္ဒပြနေတာပါပဲ ။ ပြည်သူတွေက စစ်အစိုးရနဲ့ စစ်တပ်အနံ့အသက်မကင်းတဲ့အစိုးရကို ထုတ်ဖော်ပြသ နေတဲ့ ဆန္ဒအမှန်တွေပါပဲ ။ ပြည်သူတွေဘာကိုမလိုချင်တော့ဘူးဆိုတာကို သိသာစေတဲ့ ဖော်ပြချက် တွေဖြစ်ပါတယ် ။ ပြည်သူတွေကို အလံဥပဒေနဲ့ခြိမ်းခြောက်ရအောင် ပြည်သူတွေက ကြယ်ငါးပွင့်အလံကို တိုင်ထောင် ပြီးထူကြလွှင့်ကြတာ မဟုတ်ဘူး ဆိုတာကိုလဲ ဆင်ခြင် နှလုံးသွင်းမှန်စေချင်ပါတယ် ။ ခေါင်းစည်းခေါင်းပတ် ဆိုတာလည်း လွတ်လပ်စွာ ဆင်မြန်း နိုင်ပါတယ် ။ ဒါတွေဟာ ပြည်သူတွေက သူတို့ထောက်ခံတဲ့ ပါတီနဲ့ ခေါင်းဆောင်ကို အပြည့် အ၀ ထောက်ခံ ကြောင်း ထုတ်ဖော်ပြသကြတာဖြစ်သလို သူတို့မနှစ်သက်တဲ့ပါတီနဲ့ ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ အကြောင်းဆန္ဒ ထုတ်ဖော်ကြတာလဲဖြစ်ပါတယ် ။ ဒါကိုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ကြားထဲ ခဲညပ်ဖြစ်စရာ အကြောင်းမရှိ လောက်သင့်ပါဘူး ။

နောက်ဆုံးတော့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဟာလည်း ဘိုးတော်ဘုရားကြောင်လိုပဲ ဇာတိပြတာပါပဲ ။ ဟဲ့ပေါ်ဦး ငါကိုယ်တော်မြတ်ရဲ့ အချစ်တော်ကြောင်ဟာ ဘယ်တော့မှ ပွဲတော်အုပ်ကို မနှိုက်ဘူးဟဲ့ ၊ အင်မတန်လိမ္မာသဟဲ့ နဲ့ ချီးကျူးခံရတဲ့ ဘိုးတော်ဘုရားရဲ့ ကြောင်ဟာ ဦးပေါ်ဦး အ၀တ်နဲ့ပတ်ယူလာပြီး နန်းတော်ထဲကို လွှတ်ပေးလိုက်တဲ့ ကြွက်ရဲ့ အနံ့ကိုရတော့ ဟန်မဆောင် ပန်မဆောင်နိုင်ဘဲ ထလိုက်လိုက်တာ ညီလာခံသဘင်တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကြရတဲ့ အတိုင်းပါပဲ ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ တရားသယောင်ယောင် ၊ မျှတသယောင်ယောင် ၊ လွတ်လပ်သယောင်ယောင်နဲ့ ဟန်ဟန်ပန်ပန်နေနိုင်ခဲ့သမျှ ၊ ၂၀၁၅ ရွေးကောက်ပွဲမရောက်ခင်ကလေးမှာပဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌတစ်ယောက်ရဲ့ ဘယ်ဘက်မှမလိုက်ဘဲ ဣနြေ္ဒရရနဲ့ နေနေရမဲ့အစား ကြွက်ပြေးတာမြင်တဲ့ ဘိုးတော်ဘုရားကြောင်လိုပဲ စစ်အစိုးရ လက်ထက်က စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ဇာတိကို ထုတ်ပြပါရော့လား ။
ထင်လင်းဦး (Wisdom Villa)

ဦးမောင်ကောင်း၏ရင်ဖွင့်သံ
ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိကျေးရွာ “မေတ္တာရှင်”လူမှု ကူညီရေး အသင်းသား ဦးမောင်ကောင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များက ဆရာတော်များနှင့် ဦးကျော်သူအပါအဝင် ပရဟိတ ညီ အစ်ကိုများကို အဖွဲ့ရဲ့ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် တောင်းပန်စကားလေး ပြောကြားပါရ စေခင်ဗျား။

တော်ဝိရွာမှာ လူမှုကူညီရေးလုပ်ငန်းများကို စွမ်းစွမ်းတမံလုပ်ကိုင်နေတဲ့ “မေတ္တာရှင်”လူမှုကူညီရေး အသင်းက လူနာတင်ယာဉ် (၁) စီး၊ နိဗ္ဗာန်ယာဉ် (၁) စီးတို့ကို အစိုးရက လိုင်စင်မဲ့ကားများအဖြစ် သိမ်းယူ ကာ ကော်မတီဝင် (၇) ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှု ရေး အသင်းအဖွဲ့တွေနဲ့တကွ တိုင်းသူပြည်သားတွေလည်း အံ့သြတုန်လှုပ် ဝမ်းနည်းခဲ့ရပါတယ်။ ပြည်သူ တွေကို အကူအညီပေးနေတဲ့ ဒီလိုအဖွဲ့အစည်းတွေကိုမှ လုပ်ရက်လေခြင်းဆိုပြီးတော့ ယူကျုံးမရ ဖြစ်ခဲ့ကြ ရပါတယ်။ ထိတ်လန့်တုန်လှုပ်မှုလည်း ဖြစ်ခဲ့ရပါတယ်။
ရိုးရိုးသားသား ဝန်ခံပါတယ်။ ဒီကိစ္စဖြစ်ဖြစ်ခြင်း ကြောက်ရွံ့တုန်လှုပ်ခဲ့ရပါတယ်။ ကိုယ်ကျိုးမဖက် အများအကျိုးအတွက် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ခြင်းရဲ့ အဆုံးသတ်ရလဒ်ဟာ ဒါပဲလားလို့လည်း ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ ဦးကျော်သူထံ အားကိုးတကြီး အကူအညီ တောင်းခံခဲ့ကြပါတယ်။ ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အားကိုးရာမဏ္ဍိုင်ဖြစ်တဲ့ ဦးကျော်သူရဲ့ ညွှန်ကြားမှုနဲ့ ဦးညီညီအောင် (မိုးမေတ္တာ-ပြည်)နဲ့တကွ ပဲခူး၊ ပြည်၊ ကြို့ပင်ကောက်၊ ပြွန်တန်ဆာ၊ ညောင် လေးပင်၊ ပဲနွယ်ကုန်း၊ ဒိုက်ဦးအစရှိတဲ့ မြို့များမှ လူမှုရေးအသင်းတွေကလည်း အကြိမ်ကြိမ်လာရောက် အားပေး ကူညီခဲ့ကြပါတယ်။

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် ဦးကျော်သူ။ အချုပ်အနှောင်ခံနေရတဲ့ လူမှုရေး အသင်းသား (၇) ဦးအပေါ် အလေးအနက်ထားပြီး “သည်ကိစ္စမအောင်မြင်ရင် ကျွန်တော်လူမှုရေးမလုပ်တော့ဘူး” ဆို တဲ့အထိ ကတိပေးကာ ဆောင်ရွက်ခဲ့တဲ့အတွက် ကြက်သီးမွေးညင်းတောင် ထလုမတတ် ခံစားရပါတယ် ခင်ဗျား။
အချုပ်အနှောင်ခံနေရတဲ့ လူမှုရးသမား (၇) ဦးကလည်း သူတို့ကိုသွားရောက် တွေ့ဆုံတဲ့အခါမှာ အံ့သြဝမ်းသာမှု၊ အားရတက်ကြွမှုနဲ့အတူ သူတို့ရင်ထဲက စကားတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
“ကျွန်တော်တို့တော့ ခံရပြီးပြီ၊ နောက်ကျွန်တော်တို့လို ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေတဲ့ လူမှု ရေးအသင်းအဖွဲ့တွေကလည်း ဒီလိုကိစ္စရပ်မျိုးတွေနဲ့ တွေ့ကြုံရတဲ့အခါ ကျွန်တော်တို့လို မခံရအောင်၊ ကျွန် တော်တို့လို မကြုံရအောင် လုပ်ပေးစေချင်တယ်ဗျာ” လို့ ရိုးရိုးသားသားကြီးပြောလိုက်တဲ့ ဖမ်းဆီးခံ အသင်း သား ဦးဝင်းမောင်ရဲ့စကားက ကျွန်တော်တို့ရဲ့ရင်ကို တိုက်ရိုက်ထိမှန်ခဲ့ပါတယ် ခင်ဗျာ။

မှန်ပါတယ် ဦးကျော်သူ။ ကျွန်တော်တို့ လူမှုရေးအဖွဲ့တွေအားလုံး သူတို့နဲ့ထပ်တူ နာကျင်ခဲ့ရ၊ ခံစား ခဲ့ရတာပါ။ ဒီလိုအချိန်မျိုးမှာ ဦးကျော်သူရဲ့ အားပေးစကား (မိသားစုဝင်များကို ဖုန်းနဲ့ပြောခဲ့တဲ့) ဟာ သူတို့ တွေအတွက် စိတ်ဓာတ်ခွန်အားတွေပါပဲခင်ဗျာ။ တော်ဝိကျေးရွာသူ/သားတွေအတွက် စိတ်ဓာတ်ခွန်အား တွေပါပဲခင်ဗျာ။ တော်ဝိကျေးရွာသူ/သားတွေအတွက် အရေးပေါ် နာမကျန်းဖြစ်ခဲ့ရင် လတ်တလော အသုံး ပြုနိုင်ဖို့ လူနာတင်ကားတစ်စီး စီစဉ်ပေးမယ်ဆိုတဲ့အတွက်လည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ် ခင်ဗျာ။
တစ်ခုတော့ တောင်းပန်ပါရစေ ဦးကျော်သူ။ လူမှုရေးလုပ်ငန်းတွေ မရပ်တန့်လိုက်ပါနဲ့ ဦးကျော်သူ ခင်ဗျာ။ ဦးကျော်သူလို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး မြန်မာနိုင်ငံတစ်ဝန်း လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ် ဦးကျော်သူကို ဒီမွန်မြတ်တဲ့ လူမှုရေးလုပ်ငန်းတွေမှာပဲ အမြဲမြင် တွေ့ခွင့်ပေးပါ ဦးကျော်သူ။ ကျွန်တော်တို့ ရှုံးချင်ရှုံးပါစေ။ ကျွန်တော်တို့ရဲ့ ပရဟိတစိတ်ဓာတ်တွေ အဆုံး ရှုံး မခံပါရစေနဲ့ ဦးကျော်သူ။ ကျွန်တော်တို့လို အဖြစ်မျိုး အခြားအဖွဲ့တွေ နောင်ကြုံလာခဲ့ရင် ဘယ်သူက မားမားမတ်မတ် ရပ်တည်ပေးမှာလဲ၊ ကျွန်တော်တို့ရဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး ကျွန်တော်တို့လို အသင်းအဖွဲ့တွေ အခုလိုအဖြစ်မျိုး မကြုံတွေ့ရအောင် ရှေ့ကနေဦးဆောင်ပေးပါဦး ဦးကျော်သူခင်ဗျာ။
“တော်ဝိကိစ္စ မအောင်မြင်ရင် လူမှုရေးအလုပ်တွေ မလုပ်တော့ဘူး” ဆိုတဲ့စကားကြောင့် အားတက် ခဲ့ရပေမယ့်လည်း စိုးလည်းစိုးရိမ်မိတယ် ဦးကျော်သူ။ ဦးကျော်သူဟာ မြန်မာပြည်တစ်ဝန်းက ပြည်သူတွေ ကို အေးရိပ်ပေးနေတဲ့ ညောင်ပင်ကြီးဆိုရင် ကျွန်တော်တို့ တော်ဝိရွာ “မေတ္တာရှင်” လူမှုကူညီရေးအဖွဲ့ဟာ အကိုင်းအခက်လေး တစ်ခုပါပဲ။ ဒီပင်စည်ကြီး ရှင်သန်နေသရွေ့ ဒီအကိုင်းအခက်လေးတွေဟာ ဝေဆာနေ မှာပါ မလိုတမာလူတွေ ဘယ်အကိုင်းချိုးချိုး တစ်ကိုင်းချိုးရင် နှစ်ကိုင်းထွက်မယ် ဦးကျော်သူ။ မြန်ပြည် တစ်ဝန်းက ပြည်သူတွေကလည်း ဦးကျော်သူဆိုတဲ့ ညောင်ပင်ကြီး ရေရှည်တည်တံ့အောင် ရေလောင်း ပေါင်းသင်နေကြပါတယ် ဦးကျော်သူ။
ဒါကြောင့် မြန်မာပြည် တစ်နံတစ်လျားမှာရှိတဲ့ ပြည်သူတွေရဲ့ မျက်နှာကို ဆက်လက်ကြည့်ရှုပေး ပါဦး ဦးကျော်သူ။ အေးမြတဲ့ အရိပ်အာဝါသတွေ ဒီ့ထက်ဒီ့ထက် ပေးပါဦးခင်ဗျာ။

ဦးကျော်သူ ဆရာတော်များနှင့် ပရဟိတအဖွဲ့များ ကျန်းမာပါစေ။
ဗြဟ္မစိုရ်တရားလက်ကိုင်ထား၍ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ပါစေ။
သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းရင်းနဲ့ မေတ္တာလွှမ်းတဲ့ မြန်မာနိုင်ငံတစ်ဝန်း နှစ်သစ်မှာ မင်္ဂလာရှိပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
မောင်ကောင်း(တော်ဝိ)
(၃ဝ.၄.၂ဝ၁၄ (ဗုဒ္ဓဟူးနေ့) ထုတ် Popular New Journal တွင် ဖော်ပြခဲ့သော တော်ဝိကျေးရွာရှိ အဖမ်းဆီးခံ ပရဟိတသူရဲကောင်း (၇) ဦး ပြန်လည်လွှတ်မြောက်သည့်နေ့တွင် ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲ၌ ဦးမောင်ကောင်း(တော်ဝိ) ၏ ရင်ဖွင့်ပြောကြားခဲ့သော စကားသံများဖြစ်သည်။)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.