05/04/14

Photo..Mya thein။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြီး( နာဂစ်အခြေခံဥပဒေကြီး) က ရာနှုံး ၉၀ ကျော်နဲ့ ထောက်ခံအတည်ပြုခဲ့ပါတယ် မျက်စိပိတ်ပြီးအော်နေလည်း ဒီမိုကရေစီနည်းမကျ စစ်အာဏာရှင်အရှည်တည်တံ့ရေး ကမ္ဘာ့ပြင်ရန်အခက်ခဲဆုံးအခြေခံဥပဒေ ကြီးဖြစ်တယ်ဆိုတာ တတိုင်းပြည်လုံးသိကြပါတယ်။ ပြည်သူတွေ အဖွဲ့အစည်းတွေ ကျယ်လောင်စွာ ပြင်ဆင်ဖို့တောင်းဆိုခဲ့ကြပေမယ့်လည်း တာဝန်ရှိသူတွေက ဟုတ်ကဲ့ ပြင်မှာပါခင်ဗျာ၊ ကျတော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)နဲ့အညီပြင်ဆင်ဖို့ဆောင်ရွက်နေပါတယ်တဲ့။ သူတို့လက်ကိုင်ပြုနေတဲ့ အခန်း(၁၂)က အဓိက အခက်အခဲဆုံးအရာပါပဲ။ ကျတော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်တွင်းကနေ ပြင်ဆင်နိုင်ရန် သူတို့ဖွဲ့စည်းပေးထားတဲ့ကော်မတီထံကို ပြင်ဆင်ရန်အချက်(၁၆၈)ချက်တင်ပြခဲ့ပါတယ်။ အခြားအဖွဲ့အစည်းများ ပြည်သူများကလည်း တင်ပြခဲ့ကြပါတယ်။ လွှတ်တော်ပြင်ပကနေပြီးတော့လည်း ဆန္ဒဖေါ်ထုတ်ခဲ့ကြပါတယ်။ အဲဒီပြင်ဆင်ရန်အချက်များအားလုံး ဘာမှသုံးစားလို့မရအောင် ဟန့်တားနေတာကတော့ အခန်း(၁၂) ပုဒ်မ(၄၃၆)ဖြစ်တဲ့အတွက်ကြောင့်လည်း အခု ကျတော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူထုဟောပြောပွဲတွေလုပ်မယ်။ လူထုဆန္ဒဖေါ်ထုတ်တဲ့အနေနဲ့ လက်မှတ်ရေးထိုးပွဲတွေပြုလုပ်သွားပါတော့မယ်။ ပြည်သူလူထုကြီးအနေနဲ့ ပုဒ်မ(၄၃၆)ကို ကြိုတင်လေ့လာထားလို့ရအောင် အောက်မှာဖေါ်ပြပေးလိုက်ပါတယ်။

အခန်း(၁၂)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
၄၃၆(က) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ။ အခန်း(၂) ပုဒ်မ
၄၉ မှ ၅၆ ထိ။ အခန်း(၃) ပုဒ်မ ၅၉။ ၆၀။ အခန်း(၄) ပုဒ်မ ၇၄။ ၁၀၉။ ၁၄၁။
၁၆၁။ အခန်း(၅) ပုဒ်မ ၂၀၀။ ၂၀၁။ ၂၄၈။ ၂၇၆။ အခန်း(၆) ပုဒ်မ ၂၉၃။ ၂၉၄။
၃၀၅။ ၃၁၄။ ၃၂၀။ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ။ အခန်း(၁၂) ပုဒ်မ ၄၃၆
တို့ရှိ ပြဌာန်းချက်များကို ပြင်ဆင်လိုလ္ခင် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုံးကျော်က ပြင်ဆင်ရန်
သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ
ပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
( ခ ) ပုဒ်မခွဲ (က) တွင်ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်
များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုံး
ကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊...........

ပြည်သူများအားလုံး ပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြပါစို့ခင်ဗျာ။

KayToe Burma

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကြံ့ခိုင်ရေးပါတီ မှ ဦးဆောင် ဆန္ဒဖော်ထုတ် တောင်းဆိုချက်များ

၁။ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး
၂။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး
၃။ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ကြံ့ခိုင်ရေးပါတီက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အတွက် ဆန္ဒပြ ကြတယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတော့ ဘယ်လိုကြီး ဖြစ်သွားမှန်းမသိအောင်ပါဘဲ။

မဆလ အစိုးရလက်ထက်နဲ့ စစ်အစိုးရ လက်ထက်တုန်းကလိုဘဲ မလာမနေရ အမိန့်ထုတ်ပြီး ခေါ်တယ်ဆိုတော့ ပိုလို့တောင် အံ့အားသင့်မိတယ်။

လယ်တီသိမ်ကို ဖျက်ဆီးခဲ့တဲ့၊ သံဃာတော်တွေကို မီးလောင်ဗုံးကပ်ခဲ့တဲ့ အမျိုးဘာသာ သာသနာ မစောင့်ရှောက်သူ လက်ရှိ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ကြီး သမ္မတ ဦးသိန်းစိန် ကိုများ ဆန့်ကျင်ပုန်ကန်ကြပြီလားလို့တောင် ဇဝေဇ၀ါ တွေးမိလိုက်သေးတယ်။

စုံစမ်းကြည့်တော့မှ၊ မဟုတ်ပါဘူးတဲ့ ၅၉စ ထောက်ခံပွဲ လုပ်ဖို့ညွှန်ကြားထားတာပါတဲ့။ အမျိုးဘာသာ သာသနာ နဲ့ ရောချလိုက်တာ အခု အဆဲခံနေရတယ်တဲ့ဗျား။

Ref : The Daily Eleven,Melvin moe,D myo chit

( Tomorrow သတင်းဂျာနယ် အမှတ်(၉)ပါ ဆောင်းပါး )

အမှန်ကတော့ သေမှမလွမ်းချင်။ ကျွန်တော် ထောင်ထဲရှိနေစဉ် ကျွန်တော့် အဖေရော အမေပါ ကွယ်လွန်သွားကြသည်။ အဖေ့ကိုလွမ်းသော၊ အမေ့ကို တမ်းတသောစာတွေ ကျွန်တော် မရေးဖြစ်ခဲ့။ ကျွန်တော့်မိဘနှစ်ပါးသည် သူတို့ဝန်တာ ကျေခဲ့ပြီ။

အန်ကယ်လပ်ကီးဟု ကျွန်တော်တို့က ချစ်စနိုးခေါ်သော ဦးဝင်းတင်သည် ကျွန်တော်တို့ အားလုံးကို ထားခဲ့ပြီ။ မွေးကတည်းက သေဖို့ပါလာကြပြီး ဖြစ်သည်။ အန်ကယ်လပ်ကီးသည်လည်း သေရမည်။ ကျွန်တော်လည်း သေရဦးမည်။ သို့ သော် အန်ကယ်လပ်ကီးကား သူ့ဝန်တာကျေခဲ့ပြီ။

၁၉၈၈ ခုနှစ်၏ သြဂုတ်လဆန်းမှာ ဘားလမ်းထဲက စပယ်ဦး ဦးတင်စိုးရုံးခန်းထဲ လူတွေစုံကြသည်။ စာပေနှင့် အနုပညာရှင်များ စုပေါင်း လက်မှတ်ထိုးဖို့ ဆိုသည်။ ဦးဆောင်သူက ဦးဝင်းတင်။ ထိုစဉ်က သူနှင့်ကျွန်တော် ငြင်းခုန်ရဖူးသည်။ ကျွန်တော်က အနုပညာရှင်များ အဖွဲ့ (ဒါမှမဟုတ်) အနုပညာရှင်များ သမဂ္ဂလို့ ကင်ပွန်းတပ်ချင်သည်။ အန်ကယ်လပ်ကီးက ပြုံးပြုံးလေးနှင့် ခေါင်းခါသည်။ စာပေက ရှေ့မှာရှိရမည် ဟုဆိုသည်။ ဘကြီးအောင် (ဦးအောင်လွင်)၊ ဘကြီးမိုး(ဦးမိုးသူ)၊ ဦးဝင်းခက်တို့က ခေါင်းတညိတ်ညိတ်။ သို့ဖြင့် ၁၉၈၈ခုနှစ် သြဂုတ်လ (၂၂)ရက်နေ့မှာ စာပေနဲ့ အနုပညာရှင်များ သမဂ္ဂသည် လမ်းမပေါ် ရှေ့ဆုံးက နေရာယူခဲ့လေသည်။

စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးလို့ ဘာလုပ်ရမှန်း ဘာကိုင်ရမှန်းမသိ ဖြစ်နေသော ကျွန်တော်တို့ကို ဆွဲခေါ်လိုက်သူကလည်း အန်ကယ်လပ်ကီး။ NLD ပါတီဖွဲ့တော့မှာမို့ အားလုံးကို ပါတီ ၀င်စေချင်ကြောင်း သူခေါ်ပြောသည်။ သူ့စကားက ၀င်ပါလို့ တိုက်တွန်းတာ မဟုတ်၊ ၀င်စေချင်တာ လို့ဆိုသည်။ ကျွန်တော်က ပါတီ နိုင်ငံရေး မလုပ်ချင်ဘူးဟု ခါးခါးသည်းသည်း ငြင်းသော်လည်း သူက အပြုံးမပျက်။ စဉ်းစားဖို့ကိုသာ ပြောသည်။ အန်ကယ်လပ်ကီးနှင့် ကျွန်တော့် မိဘနှစ်ပါးက မောင်ရင်းနှမတွေလို ခင်ကြသည်။ သူက ဖေဖေ့ကို ပြောလေ့ရှိ၏။ ဒီကောင်က စာဖတ်တယ်၊ အပြောကောင်းတယ်၊ အသံလည်း သြဇာရှိတယ်။ နိုင်ငံရေး လုပ်ရမယ်တဲ့။ ဆရာနန်း (ကျွန်တော့် အဖေကို အန်ကယ် လပ်ကီးက ဆရာနန်းဟု ခေါ်လေ့ ရှိသည်) ဆရာ့သားကို တိုက်တွန်း ဗျာတဲ့။ ဖေဖေက ကျွန်တော့်ကို ကြိမ်ဖန်များစွာ နားချသော်လည်း ကျွန်တော် နားမထောင်ခဲ့။ ခုထက်ထိလည်း နားမထောင်။

၁၉၈၉မှာ ကျွန်တော် ပထမအကြိမ် ထောင်ထဲက လွတ်လာတော့ အန်ကယ်လပ်ကီးနှင့် တွေ့ရပြန်သည်။ NLDပါတီဝင် လျှောက်လွှာလေး ထိုးပေးပြီး တစ်ခါတည်း ပုံစံဖြည့်လိုက်ဟု ပြောလာသည်။ အနားမှာ ဦးတင်ဦး နှင့် ဦးဝင်းထိန်ရှိသည်။ ကျွန်တော် မဖြည့်ဖြစ်ခဲ့။

၁၉၉၀ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကျွန်တော် ဒုတိယအကြိမ် ထောင်ထဲရောက်တော့ အန်ကယ်လပ်ကီးက ဆီးကြိုနေပြီ။ နာမည်ပြောင် ပေးရတာ ၀ါသနာပါသော ကျွန်တော်က ဦးဝင်းတင်ကို အန်ကယ်လပ်ကီးဟု အမည် ပေးခဲ့သည်။ အမှန်ကတော့ သူ့အခန်းက နံပါတ်(၇)။ ဒီတော့ အင်္ဂလိပ်အယူအရ Sevenသည် Lucky Number။ ထို့ကြောင့် အန်ကယ်လပ်ကီးဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ပညတ်သွားရာ ဓာတ်သက်ပါလေသည်လားမသိ။ နာမည်မှဲ့ပြီး များမကြာမီမှာပင် အန်ကယ်လပ်ကီး (အူကျ)တော့၏။

ထောင်ထဲမှာ ညနေဘက်ဆိုလျှင် အိမ်သတိရ ရောဂါ ထတတ် ကြသည်။ မင်းကိုနိုင်နှင့် ကျွန်တော်က အငယ်ဆုံးဆိုတော့ တစ်ယောက် တစ်လှည့် သီချင်းဆိုကြရ၏။ အန်ကယ်လပ်ကီး အမြဲတမ်း ဆိုခိုင်းသည့် သီချင်းကား နွေနှောင်းဝသန် ဖြစ်သည်။ ကျွန်တော်က အန်ကယ်လပ်ကီးရာ သက်လျာဓါတုရော ရှိလို့လား ဆိုတော့ ရယ်သည်။ အန်ကယ်ကြီး ဦးတင်အောင်က အန်ကယ်လပ်ကီး နင်နေပြီဟု သတိပေးရသည်။ အန်ကယ် လပ်ကီးက လူပျိုကြီးမို့ အထင်မသေးပါနဲ့ဟု ပြန်နောက်သည်။ မည်သို့ပင်ဆိုစေ သူ့အသွေးအသားထဲမှာ သီချင်းတွေ၊ ကဗျာတွေ စီးဆင်းနေသည်။ ဆရာ ဒဂုန်တာရာ၏ ကဗျာတွေကို သူရွတ်ပြ၏။

မိုးကုပ်ကုပ်ဝယ်၊
အို ရုတ်တရက်
မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊
ဟ ဟ လာပြီး
မိုးပြာကိုဖြတ်
ပတ္တမြားရည်
စီးလည်အဟုန်
နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
ဝိုးတ၀ါးနေ့၊ ၀ိုးတ၀ါးညတွေကို ကျော်ဖြတ်သန်းရင်း ၁၉၉၄မှာ ကျွန်တော် ထောင်က လွတ်လာသည်။ အန်ကယ် လပ်ကီးကတော့ ကျန်ရစ်ခဲ့၏။ ကျွန်တော့ မေမေက အန်ကယ်လပ်ကီး ကြိုက်တတ် တာလေးတွေ ချက်ချက် ပို့ပေးခဲ့သည်။ ထောင်ထဲမှာ ထောင်ပြန်ကျသော မြန်မာနိုင်ငံ၌ အန်ကယ် လပ်ကီး ထောင်သက် ရှည်ခဲ့လေသည်။

၂၀၀၇ ခုနှစ် သံဃာ အရေးတော်ပုံ ဖြစ်တော့ ကျွန်တော် ထောင်ထဲ ရောက်ရပြန်သည်။ အန်ကယ်လပ်ကီးက ခုတော့ နံပါတ် (တစ်)အခန်း ရောက်နေပြီ။ စာတွေ ဖတ်နေပြီ။ ရေဒီယို(FM) နားထောင်နေပြီ။ တစ်ခေါင်းလုံးလည်း ဖွေးလို့။ သွားတွေလည်း မကောင်းတော့။ ထောင်ကပေးသော အသားပုံစံကို သူမစားနိုင်။ ဒါပေမဲ့ မပျက်မကွက် သူယူသည်။ သူ့အတွက် မဟုတ်။ သူမွေးထားသော ဇောက်ထိုးနဲ့ မိုးမျှော် အတွက် ဖြစ်သည်။ ဇောက်ထိုးနဲ့ မိုးမျှော်က ကြောင်ကလေး နှစ်ကောင်။ ထူးသည်က ကျီးကန်းတစ်ကောင်ပါ ရှိသည်။ အန်ကယ်လပ်ကီး လမ်းလျောက် ထွက်လျှင် ကြောင်နှစ်ကောင်နှင့် ကျီးကန်းက နောက်က တကောက်ကောက်။ ကျီးနှင့်ကြောင် ရန်မလုပ်ကြ။ ကျွန်တော်က အန်ကယ်လပ်ကီးရာ ဘယ်လိုမှ မတည့်တဲ့ ကျီးနဲ့ကြောင်ကိုတောင် တည့်အောင် လုပ်နိုင်သေးရင် တပ် နဲ့ NLD ဘာလို့ မတည့်နိုင်ရတာလဲလို့ မေးတော့ ရယ်သည်။ ဒါက တိရိစ္ဆာန် ဆိုတော့ ကိုယ့်စကား နားထောင်တယ်ဟလို့ ပြောကာပြောကာ ရယ်သည်။

မနက်ဆိုလျှင် အန်ကယ်လပ်ကီးက စောစောထ လမ်းလျှောက်သည်။ ဦးအေးဇော်ဝင်း၊ ကိုအေးနေ၀င်း တို့နှင့် လမ်းလျှောက်ဖော် လျှောက်ဖက်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်က ကော်ဖီ၊ ရေနွေးကြမ်းတို့ဖြင့် ဧည့်ခံသည်။ သတိုးသားလောင်း သီချင်းကို ဦးနေ၀င်းက စာသားရေးပေးတာ ဟူသော ခေါင်းစဉ်နှင့် ဆွေးနွေးဖြစ်ကြတော့ လူကြီးတွေ သီချင်းဆိုကြ တော့သည်။ ကျွန်တော်က နိုင်ငံရေး သမားတွေ ဂီတ ၀ါသနာ ပါတာကို ခေါင်းစဉ်တင်လိုက်တော့ နှစ်ယောက်လုံး သဘော တွေ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းရော၊ သခင်စိုးပါ ဂီတ ၀ါသနာပါပုံကို ပြောဖြစ်သည်။ သို့ဖြင့် မနက်စာ ထမင်းစား ချိန်သာ ရောက်သွားသည်။ စကားဝိုင်းက အမျှင်မပြတ်။ အမှန်က အန်ကယ် လပ်ကီးနှင့် အန်ကယ် ဦးဝင်းအောင်တို့ အရင်နေ့က စကား တစ်ခွန်း အဖုအထစ် ဖြစ်ခဲ့ဖူးသည်။ အန်ကယ် ဦးဝင်းအောင်က ဒေါ်အောင်ဆန်းစုကြည်သည် Impulsive ဖြစ်သည်ဟု ဝေဖန်လိုက်ရာ အန်ကယ်လပ်ကီးက ထိုစကားလုံးအပေါ် ပြန်လည် ချေပခဲ့၏။ သို့တစေ လူကြီးနှစ်ယောက်၏ စကားဝိုင်းက လှပလွန်းသည်။ မုန်တိုင်းကြားမှာ ပွင့်သော ပန်းနှယ်။ စကားလေး တစ်လုံးမှ အစပြုကာ နိုင်ငံရေး ဆွေးနွေးပွဲဆီ ဦးတည် သွားတော့သည်။ သိသိသာသာ ဘက်နှစ်ဘက် ကွဲနေခဲ့သော လူကြီး နှစ်ယောက်၏ ဘုံသဘောထား တူညီမှုက တိုင်းပြည်ကို ချမ်းသာစေချင်ကြလေသည်။

ခုတော့ အန်ကယ် ဦးဝင်းအောင်လည်း အင်းစိန်ထောင် ထဲမှာပင် ဆုံးပါးခဲ့လေပြီ။ တိုင်းပြည် အတွက် အလုပ်လုပ်ခဲ့သူ တစ်ယောက်ရဲ့ ခရီးအဆုံးဟာ ဒီလို ဖြစ်သင့်ပါရဲ့လားဟု ကျွန်တော် မကြာမကြာ တွေးမိခဲ့သည်။
၂၀၀၈ခုနှစ် အကုန်နားမှာ အန်ကယ်လပ်ကီး လွတ်သွားသည်။ ကျွန်တော့်ဆီ စာအုပ်လေးတွေ ပို့ပေးသည်။ ကျွန်တော့် အဖေဆီ၊ ကျွန်တော့် အမေဆီ သူရောက် အောင်သွားလို့ အားပေးစကား ပြောသည်။ သူကျန်းမာရေးကတော့ သိပ်မကောင်းတော့။ နှလုံး၊ အသည်း၊ ကျောက်ကပ်စုံပြီ။

ကျွန်တော် ထောင်ကထွက် လာကာစမှာ နိုင်ငံရေးကို ဦးစားပေး လုပ်မည်လို့ ပြောတော့ သူဝမ်းသာသည်။ စောစော ကတည်းက လုပ်ရမှာဟု ပြော၏။ NLD နဲ့ ပတ်သက်လို့ ကျွန်တော်က ဝေဖန်လျှင် အန်ကယ်လပ်ကီးက မဝေဖန်နဲ့၊ လာခဲ့NLDထဲ ကိုယ်တိုင် ၀င်လုပ်ပြီး၊ ကိုယ်ဖြစ်ချင်တာတွေ ပြင်လို့ ပြောလေ့ရှိသည်။

အရင်က ဆရာ(လူထု) ဦးစိန်ဝင်းအိမ်မှာ စကားဝိုင်း စုစုပြီး ပြောလေ့ရှိသည်။ ဆရာ ဆုံးပါးသွားတော့ နေရာ ပျောက်သွားပြီ။ ကျောက်ကုန်းက အန်ကယ်လပ်ကီး အခန်းလေးထဲမှာ တစ်ခါတစ်ခါ သွားဆုံဖြစ်သည်။ ကျွန်တော် လုပ်သည့် ရုပ်ရှင်ပွဲတော်တို့ ဆရာကြီး ဦးရာဇတ် ဂုဏ်ပြုပွဲတို့ကို လာတက်ပေးသည်။ မိန့်ခွန်း ပြောပေးသည်။ တွေ့တိုင်း နိုင်ငံရေး လုပ်ဖို့ကိုပဲ တိုက်တွန်းသည်။ ကျွန်တော် နိုင်ငံရေး နယ်ထဲ တစ်ကိုယ်လုံး ပုံမ၀င်လာတာကို သူမကျေနပ်။

ခုတော့ အန်ကယ် လပ်ကီး ထွက်ခွာသွားခဲ့ပြီ။ သူပြောနေကျ ဘယ်စစ်အာဏာရှင်ကမှ ငါတို့ကို မချေမှုန်းနိုင်ဘူးဟူသော စကားကို အမြဲကြားယောင်မိသည်။ တစ်ပွင့်ပြီး တစ်ပွင့်သာ ကြွေသွားလေပြီ။ သေနတ်ပြောင်းတို့က အရောင်လက်နေဆဲ။

၂၆ ဧပြီ ၂၀၁၄။

- ဇာဂနာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲတွေနဲ့ ပြည်သူ လူထုလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က ၁၀ ဦးပါ ပူးပေါင်း ကော်မတီတရပ်ကို ဒီကနေ့ မနက်က ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပြီး ဖွဲ့စည်းလိုက်ပါတယ်။

တဖက် ၅ ဦးကျစီနဲ့ ဖွဲ့စည်းထားတဲ့ ဒီကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖက်က ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဦးညီပု တို့ ပါဝင်ပြီး ၈၈ မျိုးဆက်တွေဘက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေးနဲ့ ကိုဂျင်မီတို့ ပါဝင်ပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ကျင်းပဖို့ရှိတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲတွေနဲ့ လူထုလက်မှတ်ရေးထိုး ဆန္ဒကောက်ခံမှု လုပ်ငန်းတွေအတွက်တော့ ဒီကနေ့ပဲ နှစ်ဖက် ပူးပေါင်းကော်မတီခွဲတွေ သီးခြားဖွဲ့စည်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီနည်း မကျတဲ့ ပြဌာန်းချက်တွေ အများကြီးရှိနေပေမယ့် ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးအတွက် အခုလို ဆောင်ရွက်လာရ တာနဲ့ ပတ်သက်လို့ ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလိုပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အမှန်အတိုင်းပြောရင် ကျနော်တို့က လက်ကိုခံခဲ့တာ မဟုတ်ဘူး။ မဲလည်း မထည့်ခဲ့ဘူး။ ပြည်သူလူထုနဲ့ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့လည်း ကျနော်တို့ မယူဆဘူး။ သို့သော်ငြားလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို မျက်ခြေမပြတ်စေပဲနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားတာ။ ပြောရမယ်ဆိုရင် အားလုံးသိပြီးသားပါ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၃၆ ဟာ ပြုပြင်ရခက်အောင်လုပ်ထားတဲ့ ပုဒ်မပေါ့။ ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မတွေ ရှိသမျှကာလပတ်လုံး ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ သွေးထွက်သံယိုမှုတွေနဲ့ပဲ ပြင်ဆင်ဖို့အတွက် အဆုံးသတ်ခဲ့ရတယ်။ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပြင်ရလွယ်ဖို့ လိုတာပေါ့။ နောင်လာနောင်သားတွေ ပြင်ချင်တဲ့အချိန်မှာ အလွယ်တကူ ပြင်နိုင်အောင် လုပ်ပေးရလိမ့်မယ်။ အဲဒီတော့ ပြင်ဆင်ဖို့အတွက်ကို ကျနော်တို့က အဓိကထားပြီး ဆောင်ရွက်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ချို့ယွင်းချက်အားနည်းချက်က အများကြီး ရှိနေတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေရဖို့ စီးပွားရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ချင်ရင် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ကို ပြင်ရလိမ့်မယ်။”

လာမယ့် မတ်လ ၁၇ နဲ့ ၁၈ ရက်တွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တို့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းဟောပြောမှုတွေ ပြုလုပ်သွားကြဖို့ ရှိနေပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကတော့ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ပါမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး သဘောတူတဲ့ ဘယ်အဖွဲ့အစည်းနဲ့ မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ဖို့သင့်တာကတော့ အများကြီး ပြင်သင့်တာပေါ့လေ။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရလည်း ခဲယဉ်းပါတယ်၊ ငြိမ်းချမ်းရေးရရှိဖို့လည်း ခဲယဉ်းပါတယ်၊ ခေတ်မီတဲ့ နိုင်ငံတော်ဖြစ်ဖို့လည်း ခဲယဉ်းပါတယ်၊ ဒါကြောင့်မို့ ကျနော်တို့ ပြင်ဖို့လိုပါတယ်။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့အတွက် သဘောတူတယ်ဆို ကျနော်တို့က ပူးပေါင်းဖို့ ဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။”

လွှတ်တော်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အကောင်အထည်ဖော်ရေး ကော်မတီကိုဖွဲ့ စည်းပေးထားပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းရေးဆွဲဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုမှာ ဒီကိစ္စ အပြီးအပြတ် ဆောင်ရွက်ဖို့ တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေမူကြမ်း စတင် ရေးဆွဲတဲ့အဆင့်တောင် မရောက်သေးဘူးလို့ အကောင်အထည်ဖော်ရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

လတ်တလော ဖွဲ့စည်းပုံပြင်ဆင်ရေး အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် မြန်မာနိုင်ငံ တ၀န်း မြို့တွေ နယ်တွေမှာ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက် ပေါ်ပေါက်နေတာ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတွေ ကလည်း ပူးပေါင်းဟောပြောမှုတွေ လူထုဆန္ဒ လက်မှတ်ကောက်ယူ စုဆောင်းမှုတွေပြုလုပ်ဖို့ စီစဉ်နေပါတယ်။

DVB

အေးသူစံ

စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားများ၏ နေထိုင်ခွင့်မူဝါဒ တင်းကျပ်လာသည့်အပြင် မြန်မာနိုင်ငံတွင် ကျေနပ်ဖွယ် လုပ်ခလစာနှင့် အလုပ်များ၏ ကမ်းလှမ်းခံရမှုများကြောင့် အမြဲတမ်းနေထိုင်ခွင့်ရ (Permanent Resident) မြန်မာနိုင်ငံသား ပညာတတ်အချို့ ယခုနှစ်ဆန်းမှစ၍ နေထိုင်ခွင့်ကိုစွန့်လွှတ်ကာ ပြည်တွင်းသို့ ပြန်လာနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် စင်ကာပူ အခြေစိုက် ကျောင်းနှင့် ဆေးရုံ အချို့၊ ဥပဒေအကျိုးဆောင်လုပ် ငန်း၊ ဘဏ်လုပ်ငန်း။ စာရင်းအင်း လုပ်ငန်း အပါအ၀င် ၀န်ဆောင်မှု လုပ်ငန်းအချို့ ပြန်လည်အခြေ စိုက်လာခြင်း၊ စင်ကာပူနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားမူဝါဒ တင်းကျပ်မှုများကြောင့် အလုပ်သမား၏ မိသားစုဝင်များ နေထိုင်ခွင့်ရရန် ခက်ခဲလာခြင်း၊ PR ရပြီးသုံးနှစ်ကြာမှသာ နေအိမ်ဝယ်ယူခွင့်ပေးခြင်း စသည်ဖြင့် မူဝါဒတင်းကျပ်မှုများကြောင့် ပြန်ဝင်လာခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာ အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် နိုင်ငံခြား သားများ၏ နေထိုင်ခွင့်နှင့် အလုပ် လုပ်ခွင့် ပါမစ်များကို တင်းကျပ်ခဲ့ခြင်းကြောင့် နာမည်ကျော်နေ သည့် စင်ကာပူ လူ့စွမ်းအား ၀န် ကြီးမစ္စတာတန်လျောက်ချင်မှာ အမြဲတမ်း ၀န်ကြီးအဖြစ် မေလ ၁ ရက်တွင် ခန့်အပ်ခံရ၍ မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ် သမားများ၏ နေထိုင်ခွင့် အလုပ် လုပ်ခွင့်ရရေးမှာ ပိုမိုကျပ်တည်း လာနိုင်ကြောင်း စင်ကာပူမြေပေါ် မြေအောက်ရထားလိုင်းပြေးဆွဲ သည့် SMRT ကုမ္ပဏီတွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသည့် ကိုဇော်မိုးကပြောသည်။

‘‘တချို့က မြန်မာပြည်မှာ လည်း အလုပ်တွေ ပွင့်လင်းလာ ပြီဆိုတော့ PR ကျပြီးသားကို တောင် စွန့်လွှတ်ပြီး ပြန်ကြတယ်။ MnE လိုင်းမှာလုပ်တဲ့ ကျွန်တော့် သူငယ်ချင်း ပရောဂျက်မန်နေဂျာက မနက်ဖြန်အပြီး ပြန်မယ်။ နောက်တစ်ယောက်က ဆရာဝန်။ ရန်ကုန်က ဆေးကုမ္ပဏီတစ်ခုက တစ်လဆယ်သိန်းနဲ့ ခန့်လို့ ဧပြီ ၁၂ ရက်တည်းက ပြန်သွားတာ’’ ဟု ၎င်းက ပြောသည်။

ထို့ပြင် မေလ ၁ ရက် (အ လုပ်သမားနေ့)က စင်ကာပူနိုင်ငံ သားအချို့က နိုင်ငံတွင်းလူဦးရေ ၏ ၄၀ ရာခိုင်နှုန်းမှာ နိုင်ငံခြားသား များဖြစ်နေခြင်းကြောင့် အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ် အကိုင်ရေးရာမူဝါဒကို ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရသည်။

‘‘ကျွန်တော်က ဆောက်လုပ် ရေးအင်ဂျင်နီယာလုပ်တယ်။ PR ရတယ်။ အမျိုးသမီးနဲ့ ကလေး တွေက အကြိမ်ကြိမ် ကြိုးစား လျှောက်တယ်။ မရဘူး။ အခု PR က ပိုကျပ်လာတယ်။ ဒါကြောင့် ကိုယ်စုဆောင်းထားတာတွေနဲ့ မြန်မာပြည်မှာပဲ စီးပွားရေးလုပ် မယ်ဆိုပြီး PR ကို စွန့်ပြီး ပြန်လာ လိုက်တာ။ ကန်ထရိုက်လုပ်ဖို့ လေ့လာနေတယ်’’ ဟု စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် အင်ဂျင်နီယာလုပ်ကိုင်ခဲ့သူ ကိုကျော်ဇင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံသို့ PR ကိုပင် စွန့်လွှတ်၍ ပြန်လာသူများထဲတွင် နည်းပညာကျွမ်းကျင်သူများနှင့် စာရင်းအင်းပိုင်းဆိုင်ရာ ကျွမ်း ကျင်သူ အများဆုံးဖြစ်ပြီး စင်ကာ ပူနိုင်ငံသားများအား ခန့်ထားနိုင် သည့် လုပ်ငန်းများတွင် နိုင်ငံခြား သားပညာရှင်များ မခန့်ရန် ကုမ္ပဏီများသို့ အစိုးရက စာပို့သတိပေးခြင်းများရှိကြောင်း PR လျှောက်ထားမှု ငြင်းဆိုခံရသူ ဆော့ဖ်ဝဲအင်ဂျင်နီယာ မအိအိက ပြောသည်။

‘‘ကျွန်မလို ဆော့ဖ်ဝဲအင်ဂျင် နီယာပို့စ်ကို Singaporean ဖြစ် ဖြစ်၊ PR ရပြီးသား ပရော်ဖက်ရှင် နယ်လူတွေကို ရွေးခေါ်ပေါ့။ ဘာ လို့မခေါ်ဘဲ ဒီလူကိုပဲ ဘာကြောင့် PR ထပ်ပေးရမလဲဆိုပြီး ကျွန်မ ရုံးကို အစိုးရကစာပို့တယ်။ ကျွန်မက ငါးနှစ်ရှိပြီး Work Permit နဲ့ နေတာ။ ဒီမှာ နည်းနည်းအနေ ကြာတဲ့ နိုင်ငံခြားသားဆို PR လျှောက်တာနဲ့ လုံးဝငြင်းပစ်တာ။ တော်တော်ဆိုးဝါးနေပြီ’’ ဟု ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်မှစ၍ နိုင်ငံခြားသားများအား အမြဲတမ်းနေထိုင်ခွင့်နှင့် အလုပ်သမားပါမစ်တို့ကို စင်ကာပူအစိုးရက တင်းကျပ်ခဲ့ပြီး ပညာအရည်အချင်း၊ ရာထူး၊ လခကိုစစ်ဆေး၍ ကျွမ်းကျင်မှုအ လိုက်နေထိုင်ခွင့် (Skill Pass) ကို သာ ပေးခဲ့သည်။ တစ်လလျှင် စင်ကာပူဒေါ်လာ ၂,၄၀၀ လခရ သူကို S pass ဖြင့် ၂ နှစ်နေခွင့် ပေးပြီး ၂ နှစ်ပြည့်ပါက သက် ဆိုင်ရာကုမ္ပဏီနှင့် အလုပ်သမား တို့ ညှိနှိုင်း၍ သက်တမ်းတိုးကြ ခြင်း ဖြစ်သည်။

အမြဲတမ်းနေထိုင်ခွင့် (PR) နှင့် ကျွမ်းကျင်မှု အလိုက်နေထိုင် ခွင့် (SP) တို့ရရန် မလွယ်သော် လည်း စင်ကာပူနိုင်ငံသားများ မလုပ်ချင်သည့် သင်္ဘောကျင်း၊ ဆောက်လုပ်ရေးကဲ့သို့ ပင်ပန်းသည့် ကာယအခြေ ခံလုပ်ငန်းများတွင်မူ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ဖြင့် နေထိုင်ခွင့်ရနေသေးကြောင်း သိရသည်။
http://7daydaily.com/

ထူးခြားလှသည့် ပရဟိတအောင်တော်မူစေတီတော်ကြီး
ကျွန်တော်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား ဦးစီးဦးဆောင်ပြီး အများပြည်သူလူထု လူ သားအားလုံးတို့ မလွဲမသွေ တွေ့ကြုံခံစားကြသော နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး အစရှိ သည့် ဘေးဒုက္ခများကို မိမိ၏အတ္တကိုဖြုတ်၍ အနစ်နာခံပေးဆပ်ခဲ့သည်မှာ (၁၄) နှစ်တာကာလကို ဖြတ် သန်းခဲ့ပြီးဖြစ်သည်။ ထိုသို့ကာလအသီးသီးအား ဖြတ်သန်းခဲ့ရသည်မှာ လွယ်ကူချောမွေ့လှသည် မဟုတ်။ အတိုက်အခိုက်၊ အနှောင့်အယှက်၊ အဟန့်အတား၊ အတားအဆီး၊ အပိတ်အပင် တို့သည်ကား ဘဝတစ်ခု လုံး စုံးစုံးမြုပ်သွားမတတ် ခံစားဖြတ်သန်းလာခဲ့ရသည်။ စာလုံးရေ (၄) လုံးမျှသာရှိသော "ပရဟိတ" တည်း ဟူသော လူသားများအတွက် ကူညီဖေးမ ပေးဆပ်ရသောလုပ်ငန်းသည် လွယ်ကူလှသည်မဟုတ်။ ထို့ ကြောင့် "အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်မျိုးကို အမြင့်မြတ်ဆုံး နှလုံးသားရှိသူများသာ လုပ်ဆောင် နိုင်ကြသည်" ဟူသော စကားဆောင်ပုဒ် ထွက်ပေါ်လာရခြင်းဖြစ်သည်။ တောင်စလင်းတိုက်သစ် ဆရာ တော်ကြီး ဦးတိက္ခ မှမိန့်ကြားခဲ့သည်။ သို့သော် ကျွန်တော်သည် မိမိကိုယ်မိမိ မြင့်မြတ်သောသူ ဖြစ် ကြောင်း လက်မခံပါ။ မြင့်မြတ်သောသူဖြစ်သည်ဟုလည်း မခံယူပါ။ မိမိ ကူညီဖေးမပေးနိုင်သော အတိုင်း အတာတစ်ခုအထိသာ ကူညီပေးနိုင်ရန် စီစဉ်ပေးသော ဦးဆောင်သူတစ်ယောက်သာဖြစ်သည်။ တကယ် တမ်း အနစ်နာခံ အပင်ပန်းခံ၍ ပေးဆပ်နေကြသူများမှာ မိမိတို့ နာရေးကူညီမှုအသင်းရှိ ဝန်ထမ်းများ၊ အသင်းသား/သူများပင်ဖြစ်သည်။ ယခင် (၉) နှစ် ကာလခန့်အထိ မိမိ၏အသက်အရွယ်၊ စွမ်းဆောင်နိုင်မှု စွမ်းအားများကြောင့် ပြည်သူလူထုထံသို့ ထဲထဲဝင်ဝင် ပေးဆပ်ကူညီ ဖေးမမှုများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုကာလ မိမိ၏အသက် (၅၄) နှစ်အရွယ်တွင် မည်သူမျှတားဆီး၍ မရနိုင် သော ဇရာ၏ဖိအားကြောင့် ကျန်းမာသန်စွမ်းမှု ယခင်ကာလများကဲ့သို့ နုပျိုသန်စွမ်းမှု မရှိသောကြောင့် မိမိ ၏အတွေးအခေါ် အသိဉာဏ်စွမ်းအားဖြင့်သာ ပေးဆပ်မှုများကို ဦးဆောင်မှုကို ပြုလုပ်နေရသည်။
ယခုအချိန်ကာလ၌ ကျွန်တော်သည် ငြိမ်းချမ်းမှု အေးချမ်းသာယာစွာ နေထိုင်လိုသော ဆန္ဒပြင်းပြ လျှက်ရှိသည်။ မိမိကဲ့သို့ ပြည်သူ/သားအားလုံး၊ မြန်မာနိုင်ငံသူ/သားအားလုံး၊ တစ်ကမ္ဘာလုံးရှိ သက်ရှိလူ သတ္တဝါအားလုံး ငြိမ်းချမ်းသာယာသော ကမ္ဘာကြီး၊ ငြိမ်းချမ်းသာယာသောဘဝများ ဖြစ်စေချင်သော ဆန္ဒ ပြင်းပြလျှက်ရှိနေသည်။ မိမိဖြတ်သန်းခဲ့သော ပရဟိတနယ်ပယ်တလျှောက် တွေ့ကြုံခံစားခဲ့ရသော အခက် အခဲမှန်သမျှတို့အား ကျော်ဖြတ်နိုင်ခဲ့သည်မှာ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်၊ မြတ်စွာဘုရားရှင် ဟော ကြားခဲ့သော သစ္စာတရား တို့ကြောင့်ပင်ဖြစ်ကြောင်း ရဲရဲကြီး ကျွန်တော်ဝန်ခံပါသည်။ ကျွန်တော်တို့ ဗုဒ္ဓ ဘာသာဝင်များတင်မက အခြားသော ဘာသာဝင်အသီးသီးတို့တွင်လည်း ဘုရားသခင်အသီးသီးတို့၏ မေတ္တာတော် သြဝါဒစကားများအား လိုက်နာကျင့်သုံးကာ အခက်အခဲပေါင်းစုံတို့အား သစ္စာတရားဖြင့် ကျော်လွှားနိုင်ခဲ့သည်မှာ မည်သူမျှ ငြင်းနိုင်မည်မဟုတ်။
ပရဟိတသမားများအဖို့ အခြားသော ဘဝရပ်တည်မှုပြုလုပ်နေကြသော သူများထက် သစ္စာဆိုရာ တွင် ပိုမိုထိရောက်သော အကျိုးခံစားနိုင်သည်ဟု ကျွန်တော်ယုံကြည်သည်။ အဘယ့်ကြောင့်ဆို ပရဟိတ သမားဟူရာ၌ သီလလုံခြုံရခြင်း၊ ဘဝတစ်ခုလုံး အနစ်နာခံ စွန့်လွှတ်စွန့်စားကြရကာ အများပြည်သူ အကျိုး အတွက် မိမိတို့၏ အတ္တများကိုဖြုတ်၍ မြင့်မြတ်လှသော လူသားချင်းစာနာစိတ်၊ ကိုယ်ချင်းစာနာ စိတ်တို့ ဖြင့် လုပ်ကိုင်ပေးနေရသော ဘုရားချစ်သည့် သူများဖြစ်သောကြောင့်ပင် ဖြစ်တော့သည်။
လွန်ခဲ့တဲ့ (၃) နှစ်ခန့်က ကျွန်တော်၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။ ကျွန်တော်တို့ ပရ ဟိတသမားများ၊ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပရဟိတလုပ်ငန်းအား စိတ်ဝင်စားသူများ၊ ပရဟိတလုပ်ငန်းရပ် အား လုပ်ကိုင်နေကြသောသူများအတွက် တိုင်တည်ဆုတောင်း မေတ္တာပို့ သစ္စာဆိုနိုင်မည့် အထင်ကရ အဖြစ် နေရာဟူ၍ သတ်သတ်မှတ်မှတ် မရှိသေးချေ။ ထိုသို့မေတ္တာဖြန့်ဝေခြင်း၊ သစ္စာဆိုဆုတောင်းခြင်း၊ အဓိဌာန်ပြုနိုင်ခြင်း တည်းဟူသော ရည်ရွယ်ချက်ဖြင့်၎င်း၊ သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက်၎င်း၊ ယဉ်ကျေးလိမ္မာ၍ ဘာသာတရားကိုင်းရှိုင်းသော မျိုးဆက်သစ်လူငယ်/ရွယ်များ ပေါ်ထွန်းလာရေးအတွက် ၄င်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် စံပြနယ်မြေ တစ်ခုဖြစ်လာရေးအတွက်၎င်း၊ ငြိမ်း ချမ်းသာယာ အေးချမ်းကြည်နူးဖွယ် ကမ္ဘာသစ်ကလေးသို့ ရောက်ရှိသွားနိုင်သော နေရာတစ်ခု ပေါ်ပေါက် ရေးအတွက်၎င်း၊ ဗြဟ္မစိုရ်တရားလေးပါး လွှမ်းခြုံထားသော ကြည်နူးဖွယ်၊ နေချင်စဖွ် နေရာသစ်ကလေး တစ်ခုပေါ်ပေါက်လာရေးအတွက်၎င်း၊ ရည်ရွယ်ရည်စူး၍ စေတီတစ်ဆူတည်ထား၍ ဆန္ဒဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏ မြင့်မြတ်သောစိတ်ကူးအား အကောင်အထည်ဖော်နိုင်ရန် မြန်မာပြည်အရပ်ဒေသ အသီးသီးသို့ သွားရောက်ကာ ကျွန်တော်စတင် ကြိုးပမ်းခဲ့တော့သည်။
ယခု ၂ဝ၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ကျွန်တော်ဆန္ဒ ပထမအဆင့် အောင်မြင်ခဲ့တော့သည်။ မြန်မာ ပြည်အလယ်ပိုင်းဖြစ်သော ပြည်မြို့သို့ ကျွန်တော်လူမှုရေးလုပ်ငန်းများဖြင့် ခရီးသွားစဉ် အောင်မြင်စွာ အ ကောင်အထည်ဖော်ခွင့် ရရှိခဲ့သည်။ ပြည်မြို့တစ်ဖက်ကမ်းသို့ နဝဒေးတံတားကြီးမှ ညာဘက် ကားလမ်းမ အတိုင်း ဆက်လက်မောင်းနှင်သွားပါက ရွှေဘုံသာမုနိဘုရားကြီးကို ဖူးတွေ့နိုင်သည်။ ထိုရွှေဘုံသာမုနိ ဘုရားမှ ရှေ့သို့ချောမွတ်နေသော မြေနီလမ်းမကြီးအတိုင်း မိနစ် (၂ဝ) ခန့် မောင်းနှင်ပါက မြတ်စွာဘုရား သက်ရှိထင်ရှား ရှိစဉ်ကာလ၌ ခြေတော်ချကာ ဖိုးဦးတောင်စေတီတော်မြတ် တည်ရှိသည်။ ရွှေဘုံသာမုနိ ဘုရားနှင့် ဖိုးဦးတောင်စေတီတော်မြတ်အကြား တောင်ကုန်းတစ်ခုအား ကျွန်တော်စိတ်ဝင်စားမိသည်။ ထို့ကြောင့် ထိုတောင်ကုန်းပေါ်တွင် သာသနာပြုဘုရားတည်ရန်အတွက် စုံစမ်းမိသည်။ ထိုအခါ တိုက်ဆိုင် စွာဖြင့် ယင်းတောင်ကုန်းအား ဝယ်ယူထားသော ဦးအောင်ခိုင်နှင့် တွေ့ဆုံမိခဲ့ကာ အကျယ်အဝန်း (၄) ဧက ခန့်ရှိ တောင်ကုန်းအား ကျွန်တော် သာသနာပြုဘုရားတည်ရန်အတွက် လှူဒါန်းပေးခဲ့သည်။ ကျွန်တော် သည် ယခု ၂ဝ၁၄ ခုနှစ်အတွင်း သာသနာပြုလုပ်ငန်းအား အပြီးသတ်လုပ်ကိုင်လိုသော ဆန္ဒရှိသည်နှင့် အညီ ဘုရားတည်ထားရန်အတွက်၎င်း၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန်အတွက်၎င်း၊ ဦးစွာ ရေရရှိရေးအတွက် လုံးပမ်းရတော့သည်။ ထိုတောင်ကုန်းပတ်ဝန်းကျင်ရှိ တောင်ကုန်းတောင်တန်း များသည် ခြောက်သွေ့နေသောကြောင့် ရေတူးဖော်ရန်များစွာ အခက်တွေ့နေသည်။ တစ်ရက် ကျွန်တော် သည် ထိုတောင်ကုန်းသို့သွားရောက်စဉ် အသက်အရွယ် (၄/၅) နှစ်ခန့်ရှိသော ကလေးငယ်တစ်ဦး တောင် ပေါ်သို့ တက်ရောက်လာခဲ့ကာ "အဘတို့ဘာလုပ်နေလဲ" ဟု မေးသောကြောင့် ကျွန်တော်မှ ရေတူးဖော်ဖို့ အတွက်လာကြည့်တာ ဟု ပြန်လည်၍ပြောဆို လိုက်သောအခါ "ရေက ဟောဟိုနားမှာရှိတယ်၊ သူ့အလို အလျှောက် မြေကြီးထဲက ထွက်နေတာအများကြီးဘဲ" ဟု ပြောဆိုလိုက်သောကြောင့် သူညွှန်ပြရာ နေရာ သို့ သွားရောက်ကြည့်ရှုစဉ် ရေများကြည်လင်အေးမြစွာ ထွက်နေသည်ကို အံ့သြတကြီး တွေ့မြင်လိုက်ရ တော့သည်။ နောက်ရက်များတွင် ထိုတောင်ကုန်းပေါ်တွင် ရေများအလိုအလျှောက် ထွက်နေသော နေရာ နှစ်နေရာခန့်နှင့် တောင်ကုန်း၏ ဘယ်ဘက်လျှိုထဲတွင် စီးဆင်းနေသော ရေမြောင်းအား ပူပြင်းလှသော နွေရာသီအချိန်ကာလ၌ ထူးခြားစွာ တွေ့မြင်ရတော့သည်။ ကျွန်တော်သည် ထိုသာသနာပြုဘုရားတည် မည့် တောင်ကုန်းတော်အား "ပရဟိတတောင်ကုန်းတော်" ဟု အမည်ပေးလိုက်တော့သည်။ ထို့နောက် ဘုရားတည်ရန်အတွက် ပြည်မြို့၊ ပန်းတောင်းမြို့နယ်များရှိ ဆရာတော်ကြီးများနှင့် တွေ့ဆုံဖူးမျှော်ကာ အကြံဉာဏ်များ၊ ခွင့်ပြုချက်များအား တောင်းဆိုခဲ့ပြီးနောက် ရွှေပေါက်ပင်ဆရာတော်ကြီး(ပြည်)၏ သြဝါဒ အတိုင်း "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" ဟူ၍ အမည်သတ်မှတ်ခဲ့တော့သည်။
ဒုတိယ ထူးခြားချက်တစ်ရပ်မှာကား "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" အတွင်း ဗောဓိညောင်ပင် စိုက်ပျိုးလိုသောအချိန်တွင် ပခုက္ကူဆရာတော်ကြီး (အနိစ္စဆရာတော်ကြီး) မပျံလွန်စဉ်က ဆရာတော်ကြီးမှ "ဟို … နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လူကြီးကိုသွားပေးလိုက်ပါ" ဟူ၍ ဆရာတော်ကြီး ထံတွင်ရှိနေသော ဗောဓိညောင်ပင်ပေါက်အား ဆရာတော်ကြီး၏ တပည့်များအား မိန့်ကြားခဲ့ဘူးသည်။ ထိုစဉ်အခါက ဆရာတော်ကြီး မမာမကျန်းဖြစ်နေ၍ ကျွန်တော့်ထံသို့ ဗောဓိညောင်ပင် ရောက်ရှိမလာချေ။ ဆရာတော်ကြီး ဘဝနတ်ထံသို့ ပျံလွန်တော်မူချိန်အခါ ကျွန်တော်ကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင် ပေးခဲ့ သည်။ ထိုစဉ်အခါမှ ကျွန်တော်သည် ဆရာတော်ကြီး၏ တပည့်ဒါယိကာများ၏ ပြောကြားချက်ကြောင့် ထို ဗောဓိညောင်ပင်၏သမိုင်းကို သိရှိခဲ့ရသည်။ ယင်းဗောဓိညောင်ပင်ပေါက်အား ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ သွားရောက်စဉ် ယခုလက်ရှိ အိန္ဒိယဝန်ကြီးချုပ် မာန်မိုဟန်ဆင်း မှ အမှတ်တရ ထူးခြား မြင့်မြတ်သော လက်ဆောင်မွန်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗောဓိညောင်ပင်အား ဒေါ်အောင်ဆန်း စုကြည်မှ ရန်ကုန်မြို့သို့ ပင့်ဆောင်လာခဲ့ပြီး ပခုက္ကူဆရာတော်ကြီးထံ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ သည်။ ကျေးဇူးရှင်ပခုက္ကူဆရာတော်ကြီးအား ကျွန်တော်သည် လွန်ခဲ့သော (၇) နှစ်ခန့်က နံနက် အာရုံ တက်ချိန်တွင်တစ်ဦးတည်း သွားရောက်ဖူးမျှော်ကာ ပရဟိတလုပ်ငန်းနှင့် ပတ်သက်၍ အခက်အခဲများအား လျှောက်ထားမေးမြန်းခဲ့ဘူးသည်။ ယခု ဆရာတော်ကြီးအနေဖြင့် ကျွန်တော် သံသနာပြုဘုရားတည်မည့် ကိစ္စရပ်အား မည်သို့မည်ပုံသိရှိပြီး ယခုကဲ့သို့ ဆရာတော်ကြီး၏ တပည့်ဒါယကာများအား ကျွန်တော့်ထံသို့ အရောက်ပို့ခိုင်းသည်ကိုတော့ ကျွန်တော်အဖြေရှာ၍မတွေ့။ ဆရာတော်ကြီး၏ မိန့်မှာချက်အတိုင်း ပဉ္စဂံ စာပေတိုက်မှ ဦးအောင်သူ သည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကျွန်တော့်ထံသို့ ဗောဓိညောင်ပင်အား ပင့်ဆောင်၍ လာရောက်အပ်နှံခဲ့တော့သည်။ ထိုကဲ့သို့ထူးခြားသော ဗောဓိညောင်ပင်အား ယခုလာမည့် ကဆုန်လပြည့်နေ့ မေလ (၁၃) ရက်နေ့တွင် သာသနာပြုမည့် ပရဟိတတောင်ကုန်းတော်ပေါ်၌ မြေချ စိုက်ပျိုးရန် ကြည်သာအေးမြဆရာတော် (ပြည်) မှ မိန့်ကြားခဲ့တော့သည်။
တတိယ ထူးခြားချက် တစ်ရပ်မှာကား ထိုတောင်ကုန်းတော်ပေါ်သို့ ဘုရားတည်ရန်အတွက်၎င်း၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်ရန်အတွက်၎င်း၊ ဘုရားကြီးအောင်မြင် စွာ ပြီးစီးသွားသည့် အချိန်တွင် ဘုရားဖူးများ လွယ်လင့်တကူ တက်ရောက်ဖူးမျှော်နိုင်ရန်အတွက် မော်တော်ကား လမ်းဖောက် လုပ်ရန် ကိစ္စရပ်ပင်ဖြစ်သည်။ ကားလမ်းဖောက်လုပ်ရန် လူအားနှင့် ဖောက်လုပ်မည်ဆိုပါက အချိန်ကုန် လူပင်ပန်း ငွေကြေးကုန်ကျမှုများမည်။ လမ်းဖောက်လုပ်သော မော်တော်ယာဉ်စက်ကြီးများ၊ မြေညှိစက်ကြီး များ လိုအပ်နေတော့သည်။ လိုအပ်နေသော ထိုစက်ယန္တရားကြီးများသည် ပြည်မြို့ရှိ ကြည်သာအေးမြ ဆရာတော်၏ပံ့ပိုးမှုဖြင့် ကျွန်တော်တို့ ပရဟိတတောင်ကုန်းတော် အနီးသို့ရောက်ရှိလာသောကြောင့် အကူ အညီတောင်းခံခဲ့ရာ လွယ်ကူအောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်။ အမှန်စင်စစ် ထိုစက်ယန္တရားများအား လိုအပ်ပါက ခရီးအတော်အတန် ဝေးလံသော ဒေသ မှ မှာယူရမည်ဖြစ်၍ အခက်ကြုံတွေ့ရမည်ဖြစ်သည်။ ယခုမူ လိုအပ်သောအချိန်တွင် အစဉ်သင့် ရောက်ရှိ လာခြင်းသည်လည်း တတိယထူးခြားချက် တစ်ရပ်ပင်ဖြစ်တော့သည်။
သာသနာပြု ဘုရားတည်သည့်ကိစ္စသည် လူအား၊ စိတ်အား၊ သမာဓိအား၊ သီလအစွမ်းတို့အပြင် ငွေကြေးပိုင်းသည်လည်း အရေးပါလှသည်။ ကျွန်တော့်ထံတွင် လက်ရှိ ငွေကြေးအတိုင်းအတာဖြင့် လုံးဝ မဖြစ်နိုင်ချေ။ သို့သော်ကျွန်တော်သည် အဓိဌာန်ဝင် သီလဆောက်တည်ခြင်းနှင့် မိမိ၏ပြုခဲ့သော ကုသိုလ် ကောင်းမှုများအား ယုံကြည်စွာသစ္စာဆို၍ ထိုမြင့်မြတ်သောလုပ်ငန်းကြီးကို စတင်နေပြီဖြစ်သည်။ မြန်မာ နှစ်ဆန်း (၁) ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် ကျွန်တော့်ထံသို့ ကျွန်တော်တို့ အသင်းကြီး၏ အကြံ ပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ကိုအလင်းဆက် (IR) နှင့်ဇနီးတို့ ရောက်ရှိလာခဲ့ပြီး သူတို့ဇနီးမောင်နှံ၏ မင်္ဂလာ ရွှေလက်စွပ်နှစ်ကွင်းအား ထိုသာသနာပြုတည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူ စေတီတော်" ကြီးအတွက် ရည်စူး၍ ပထမဦးဆုံးလှူဒါန်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံရှိ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များ အားလုံး ကိုယ်စား တည်ထားကိုးကွယ်မည့် "မဟာပဏ္ဍိတပရဟိတအောင်တော်မူစေတီတော်" ကြီးအား နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းထားကြသော အလှူရှင်များ၏ အလှူငွေအား လုံးဝ (လုံးဝ) အသုံးပြု မည်မဟုတ်။ ပရဟိတစိတ်ဓာတ်ရှိသော၊ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့်သုံး နေကြသော အလှူရှင်များ၊ ပရဟိတသမားများ၊ ပရဟိတအသင်းအဖွဲ့များမှ သီးခြားလှူဒါန်းသော သာသနာပြု အလှူ ငွေဖြင့်သာ တည်ထားကိုးကွယ်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွင်း မည်သူမျှတည်ထားကိုးကွယ်မှု မရှိခဲ့သေးသော၊ မြန်မာ့သမိုင်းတွင် လုံးဝမရှိခဲ့ဘူးသော ထူးခြားမှုများစွာဖြင့် တွေ့ကြုံခဲ့ရသော “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ တော်ကြီး” အား ကျွန်တော်မှဦးစီး၍ မြင့်မြတ်သော ရည်ရွယ်ချက်များဖြင့် ဗြဟ္မစိုရ်တရား လေးပါး လက် ကိုင်ပြုကာ စတင်တည်ထားတော့မည် ဖြစ်ပါသောကြောင့် မိဘပြည်သူများ အနေဖြင့်လည်းကောင်း၊ အရပ်ဒေသအသီးသီးရှိ ပရဟိတအသင်းအဖွဲ့များ အနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း၊ သဒ္ဒါတရားနည်းများမဆို ကုသိုလ်တော်ပါဝင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။

လှူဒါန်းနိုင်သည့် “မဟာပဏ္ဍိတ ပရဟိတအောင်တော်မူစေတီ ”သာသနာပြု အကျိုးတော်ဆောင်များ



၁။ ဦးစိုးမိုးနိုင်
မိုးမေတ္တာ - နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ - ၄၂၃ ၆၇၅ ၉၄၅

၂။ ဦးညီညီအောင်
မိုးမေတ္တာ - နာရေးကူညီမှုအသင်း(ပြည်)
ဝ၉ - ၄၂၃ ၆၇ဝ ၁၁၁

၃။ ကိုသူရိန်ဝင်း
သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)
ဝ၉ - ၄၃ဝ ၁၆၁ ၉၇

၎။ ကိုအောင်ဇော်
ဝ၉ - ၅၁၅ ၈၈၉ဝ

၅။ မဝင်းလဲ့ဇင်
ဝ၉ - ၄၂ဝ ဝဝ၈ ၃၄၂

၆။ ကိုမျိုး(မြန်မာစာ) ပေါ်ပြူလာဂျာနယ်
အမှတ် (၁၅ဝ/၁၆ဝ)၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ - ၅၁ဝ ၃၆၄၆

၇။ ကိုအောင်သူ (ပဉ္စဂံစာပေတိုက်)
အမှတ် (၁၆၇)၊ အေ၊ ၃၅ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
ဝ၉ - ၂ဝ၂ ၃၇၅၃

၈။ ဦးထွန်းဦး - ထွန်းဦးစာပေ (မန္တလေး)
မန္တလေးမြို့။
ဝ၉ - ၂ဝဝ ၅၈၂၈

၉။ ဒေါက်တာ မောင်မောင်သန်း
အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဝ၁ - ၂၂၉ ၆၅၂

၁ဝ။ ကိုညွန့်ဝင်း (ထိပ်တန်းတော်ဝင်စတိုး - နတ်တလင်း)
ဝ၉ - ၄၃ဝ ၂၈၇ ၇၇

“ဗြဟ္မစိုရ်တရား ကမ္ဘာလွှမ်းစေရမည့် မဟာပဏ္ဍိတပရဟိတ အောင်တော်မူစေတီတော်မြတ်ကြီး”

(ကျော်သူ - ပရဟိတသာသနာပြုအဖွဲ့)


ဘာသာရေးကို ဘယ်သူ ခုတုန်းလုပ် ကြိုးကိုင်နေတာလည်း ကို သိပ်မကြာခင် သေချာစွာ မြင်တွေ့ရမှာပါ။

သေသေချာချာ ကြည့်ပါ။ ဘာသာရေး ဆိုသည့် ခေါင်းစဉ်တပ်ပြီး သမိုင်းအမဲစက်ကိုဖုံးကွယ်တော့မှာပါ...။

ဘာသာရေးဘန်းပြ ဖြစ်တဲ့ သာသနနုဂ္ဂဟအသင်း(ဦးခင်ရွှေ-ဇေကမ္ဘာ)ကလူအင်အား ဗြောင်ကျကျ စုနေကြပြီနော်....။

Phyu Phyu


၂၀၀၈ ဖွဲ့ စည်းပုံဟာ တိုင်းပြည်အတွက် အမှိုက်ပုံပါ။ ပြည်သူ့ အကျိုးအမြတ်မစို့ မပို့ ကလေးတောင် ထွက်လာစရာ မမြင်တဲ့၊ မြေမြှုပ်မီးရှို့ ဖို့ သက်သက်အရိအရွဲ အပုပ်အသိုး အော်ဂလီဆန်စရာ အမှိုက်တွေချည်း ပါဝင်နေတဲ့
သုံးစားမရတဲ့ အမှိုက်ပုံပါ။ မစင်ကြိုက်တဲ့ သတ္တ၀ါများနဲ့  အညှီအသိုးစားမှနေပျော်သေပျော်မယ့် အကောင်တွေအတွက်တော့ အနှီအမှိုက်ပုံအနားကမခွဲနိုင်မခွာရက်ဖြစ်နေကြတယ်။ ဒါပေမယ့်ဗမာပြည်ဟာဒီအမှိုက်ပုံကြီးထဲစုန်းစုန်းမြုပ်နေတဲ့အခါ ပြည်ချစ်နိုင်ငံသားများအနေနဲ့  တိုင်းပြည်နဲ့ အမှိုက်ပုံကို
သီးခြားစီ ခွဲထုတ်နိုင်ဖို့  သမိုင်းတာဝန်တရပ်အဖြစ် ခံယူပြီး ကိုယ်စကိုယ်ငှ
ကြိုးကုတ်နေတြတာလည်း မြင်နေရတယ်။

နှာခေါင်းနဲ့  ပါးစပ်ကို ပုဝါထူထူ လုံလုံအုပ်ပြီး အပုပ်နံ့ တထောင်းထောင်းထနေတဲ့ ၂၀၀၈ အမှိုက်ပုံကို သံဆူးချောင်းကွေး ထိပ်မှာတပ်ထားတဲ့ တုတ်ချာင်းလေးနဲ့  တူးဆွကြည့်တော့ အမှိုက်ပုံကြီးထဲမှာ အခန်း (၁၂) ခန်းပါဝင်နေတာ တွေ့ ရတယ်။ ဒီမှာမှ ပုဒ်မခွဲ အနည်းဆုံး၊ စာလုံးရေအနည်းဆုံး(တစ်မျက်နှာခန့် ) ထည့်သွင်းထားတဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့ အခန်း (၇) နဲ့ 
ဖွဲ့ စည်းပုံပြင်ဆင်ခြင်းကဏ္ဍဖြစ်တဲ့ အခန်း (၁၂) တို့ ဟာ တိုသလောက်အလွန်ပုပ်ဟောင်ထနေတဲ့ နာမည်ကျော်အခန်းများဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့ စည်းပုံနဲ့  ဖျော်စပ်တဲ့ ရေကိုသောက်၊ အစာဖတ်ကိုစားပြီးလူဖြစ်နေတဲ့ အာဏာရပါတီဥက္ကဌ ဗိုလ်ရွှေမန်း၊ လက်ရှိ အစိုးရအဖွဲ့ 
ခေါင်းဆောင် ဗိုလ်သိန်းစိန်၊ ဖွဲ့ စည်းပုံခေါင်ချုပ်မင်းကြီး စစ်ဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်တို့ သုံးဦးဟာ သူတို့ ကျေးဇူးရှင်ကြီး မိုက်မိုက်ကန်းကန်းပြုစုခဲ့တဲ့ စစ်ဖွဲ့ စည်းပုံကို အာခေါင်လှံစူးမှာ သေမလောက်ကြောက်တဲ့အတွက်
ရူးရူးမူးမူးကို ကာကွယ်နေတယ်။ အာဏာရှင် အသစ်အဟောင်းများရဲ့  ကိုယ်ကျိုးစီးပွားနဲ့ လုံခြုံမှုကို ဒီဖွဲ့ စည်းပုံက ရေပက်မ၀င်အောင် အခိုင်အမာစောင့်ရှောက်တဲ့အတွက် ဘို့ တဘို့ တည်း မူဝါဒအောက်မှာ မျက်စိကန်းကုန်ပြီး တိုင်းရင်းသားပြည်သူတွေနဲ့ ရန်ဘက် အသွင်ဆောင်လာခဲ့ပါတယ်။

မိုက်လုံးကြီးသလောက် လည်မွှတ် ပါးနပ်တဲ့ ၂၀၀၈ ခေါင်းကိုင်ကြီး အာဏာရှင်ဗိုလ်သန်းရွှေဟာ သူ့ အရင် အာဏာရှင်ဖြစ်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်းရေးဆွဲခဲ့တဲ့ ၁၉၇၄ ဖွဲ့ စည်းပုံမှာ “ပြင်ဆင်ခြင်းအခန်း” ဆိုတဲ့ ငါးစာ (အမဲရိုး)နဲ့ 
ပြည်သူကို ချွေးသိပ်ပြီး စစ်အာဏာရှင်စနစ် ဆန့် ထွက်အောင် လုပ်ဆောင်ခဲ့တဲ့မူဝါဒအတိုင်း ခြေရာနင်းလို့  ၂၀၀၈ ဖွဲ့ စည်းပုံမှာလည်း (ဗိုလ်နေ၀င်းခေတ်ထက်ပိုမိုဆိုးဝါးစွာ ပြင်ရခက်ခဲတဲ့) အခန်း (၁၂) ကို အလားတူ ပြဌာန်းထည့်သွင်း
ခဲ့တယ်။ ပြင်ဆင်တဲ့ကိစ္စမှာ ၇၄ ခုနှစ် အထစ်လောက် ရောက်ခဲ့ရင်တောင်ဒါဟာ မဆလ ဗိုလ်နေ၀င်းခေတ်မှာ နေကြရတုန်းလို့ သာ လူထုဘက်ကမျက်စိမမှောက်စွာ နားလည်ထားသင့်တယ်။

ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်မင်းအောင်လှိုင်တို့ ဟာ ဗမာပြည် စစ်အုပ်စုရဲ့ ထိပ်သီး အကြီးအကဲအဆင့် အဖွဲ့ ဝင်တွေဖြစ်တယ်။ သူတို့ ကိုယ်စားပြုအဖွဲ့ အသီးသီးဖြစ်တဲ့ လွှတ်တော်များ၊ အစိုးရအဖွဲ့ နဲ့  စစ်တပ်တို့ ဟာ ဗမာပြည်မှာ
လက်ရှိ အခြေတည် လှိုက်စားနေတဲ့ “စစ်ဝါဒကြီးစိုးရေး” အဓွန့် ရှည်ဖို့ အပျော့နည်း၊ အမာနည်း၊ ဟပ်ဖ်ဖရိုက်နည်းတွေ ထုတ်သုံးလို့  ကိုယ့်တာဝန်ကိုယ်ယူ သဘောဖြစ်ပြီး ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး၊ ဆင်းရဲနွံလွတ်ရေး၊
လူမျိုးပေါင်းစုံဘ၀ တန်းတူရေးအတွက် ဦးတည်လုပ်ဆောင်နေခြင်းမဟုတ်ဘူးဆိုတာ သူတို့  နောက်ပိုင်းပြောလာတဲ့ စကားတွေမှာ ဖုံးမနိုင် ဖိမရထွက်လာတယ်။ ဖွဲ့ စည်းပုံကို မကြိုက်နှစ်သက်သူတွေ တိုင်းပြည်ထဲ ရှိခဲ့ရင်ဖွဲ့ စည်းပုံပါ စာအုပ်ထဲက အခန်း (၁၂) အတိုင်း စည်းကမ်းရှိရှိ သေသေ၀ပ်ဝပ်လုပ်ကြရမယ်လို့  လမ်းညွှန်လာတယ်။ ဒီအချက်ဟာ လူထုဆန္ဒနောက်ကို
ရွေ့ ပါလာတယ်လို့  ထင်ရပေမယ့် အိပ်ရာဝင်ခါနီးမှာ ၂၀၀၈ ဖွဲ့ စည်းပုံကိုရွတ်ဖတ်ဦးချ အိပ်တာမျိုးသာဖြစ်တယ်။

လွှတ်တော်လူ ဗိုလ်ရွှေမန်းအနေနဲ့  အာဏာရပါတီ ဥက္ကဌခုံမှာ ထိုင်နေရလို့ ဘီလူးဆိုင်းထွက်လာဖို့  မဖြစ်သလို အတိုက်အခံများအတွက် စစ်အုပ်စုရဲ့ အဓိကအညှာ လက်နက်ဖြစ်တဲ့ “အမတ်အစာတုံးပြ” လွှတ်တော်နိုင်ငံရေးကို
ဦးစီးနေရသူ ဖြစ်တဲ့အတွက် နိုင်ငံရေးသမားတွေ၊တက်ကြွလှုပ်ရှားသူတွေကိုနိုင်ငံရေးသချိုင်္င်းလို့ ခေါ်ရမယ့် ပြည်ထောင်စုလွှတ်တော်တွေဆီ ၀င်လာမစဲတသဲသဲ ဖြစ်အောင် မြှူဆွယ်ခေါ်ဆောင်နိုင်ရေးဟာ ဗိုလ်ရွှေမန်း စောက်ချလုပ်ရမယ့် ၀တ္တရားဖြစ်တယ်။ ဒါကြောင့် သူ့ အခေါ်အပြောတွေမှာရုပ်ကြမ်းပေမယ့် လေနုနေတာ တွေ့ တွေ့ လာရတယ်။ လေးပွင့်ဆိုင်ကိုခြေစုံမကန်သလို၊ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး လေလုံးများကိုလည်း ဒီမိုကရေစီသမားတွေထက် နှစ်ဆကဲ ပလုံစီအောင် ပေါက်ပေါက်ဖောက်တတ်တယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ (၆) လ အလိုမှာ ဖွဲ့ စည်းပုံပြင်ရေးကိစ္စအပြီး ဖြစ်မြောက်အောင်လုပ်မယ် လို့  အာမခံနေတာလည်း ကြားရတယ်။
ပြည်သူလူထု ပြောင်းချင်နေတဲ့ (အလိုမရှိတဲ့) ဖွဲ့ စည်းပုံကို လွှတ်တော်အနေနဲ့ ပြည်သူ့ အသံ လွှတ်တော်အသံ ဆောင်ပုဒ်နဲ့ အညီ အလိုလိုက်ပေးနေပါတယ်၊
ပိတ်ဆို့ ကာဆီးမထားပါ ဆိုပြီး ဗိုလ်ရွှေမန်းအဖို့ ရာ စစ်အုပ်စု ပေးအပ်တဲ့တာဝန်လည်းကျေ၊ လူထုလက်ခုပ်သံလည်း သပိတ်ဝင်အိတ်ဝင်ရ၊နှစ်ကျပ်ကွက် အမြတ်ထွက်တယ်။

ဒါကြောင့်လည်း ဒီ/ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တချိန်က ယုံစားခဲ့ဖူးသူ အစိုးရအဖွဲ့ သမ္မတ ဗိုလ်သိန်းစိန်ကို ကတ္တီပါလမ်းခွဲနှုတ်ဆက်ခဲ့ပြီး အနေနီး လုပ်ဖော်ကိုင်ဖက် လွှတ်တော်လူ ဗိုလ်ရွှေမန်းကို“ကျမရဲ့  ဖောင့်မတ်သူကြီး” လို့  မျက်စပစ်ပြလိုက်တဲ့အတွက် ဖွဲ့ စည်းပုံပြင်ဆင်ရေးမှာ ကန့်လန့် ကာနောက်ကွယ်က အတွင်းကြိတ် အစီအမံများနဲ့ 
နိုင်ငံရေးလုပ်ကွက်များကို အခုလာမယ့် မေလ လွှတ်တော်ဇာတ်အဖွဲ့ ပြန်အဖွင့်မှာ ဆက်တိုက်ဆိုသလို မြင်ရကြားရလာပါလိမ့်မယ်။ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီ/ချုပ်ပါတီ ကြွေးကြော်သံ သုံးရပ်စလုံးအဟောသိကံ ဖြစ်လာပြီး အတိုက်အခံကြီးကို အားမလို အားမရဖြစ်ကာဝိုင်းဝန်းဝေဖန်သံတွေ ဆူညံဗွက်ပေါက်ချိန်မှာ ဗိုလ်ရွှေမန်းက ဂယ်ပေါက်
(အသက်ရှူပေါက်) ဖွင့်ပေးလိုက်ခြင်းဖြစ်တယ်။ ဒါဟာ တကယ်တော့နှစ်ကျပ်ကွက်ကို ကျော်ပြီး သုံးကျပ်ကွက်အပေါက်ထဲ ၀င်သွားတာဖြစ်တယ်။

အာဏာရပါတီ၊ စစ်တပ်တို့ ရဲ့  ဖွဲ့ စည်းပုံပြင်ရေး သဘောထားများဟာအဆင်သင့်ဖြစ်နေပြီး အချိန်တန်တဲ့အခါ ချပြမယ်လို့  သက်ဆိုင်သူတွေပြောဆိုလာကြတယ်။ ဒါပေမယ့် ဘယ်အချက်ကို ပြင်မလဲဆိုတာ ရှင်းလင်းစွာ
မသိရပါ။ နိုင်ငံရေးပရောဟိတ်တချို့ က ဖွဲ့ စည်းပုံ အခန်း (၃) ပါ ပုဒ်မ (၅၉) နဲ့ အခန်း (၁၂) ပါ ပုဒ်မ (၄၃၆) တို့ ကို ပြင်ဆင်လာနိုင်တယ်လို့  တွက်ဆသံများထွက်လာတယ်။ ဒီတော့ လတ်တလောကာလမှာ နေ့ စဉ်ထုတ်သတင်းစာတွေ၊
ဂျာနယ်တွေမှာ မြင်ရတဲ့ ၅၉/၄၃၆ ပြင်ရေး ဆန္ဒပြတောင်းဆိုသူများရဲ့ အာသီသ တချို့ တ၀က်တော့ ပြေလည်လာနိုင်စရာ ရှိနေတယ်။ ဒီကိစ္စသာအောင်မြင်ခဲ့ရင် ဗိုလ်ရွှေမန်းရဲ့ ပခုံးပေါ် ၀န်ပိနေတဲ့ အထုပ်အပိုး များစွာထဲကတင်းတောင်းကြီးတချို့  မြေပေါ် ဖုတ်ခနဲ ပြုတ်ကျသွားတာဖြစ်ပြီး စစ်အုပ်စုရဲ့ ပေးအပ်လာသော တာဝန်ကို စစ်သားကောင်းပီပီ ကျေခဲ့ခြင်းမျိုးသာဖြစ်တယ်။

လွှတ်တော်လူ ဗိုလ်ရွှေမန်းဟာ သူ မဖြစ်မနေ လှုပ်ရှားတော့မယ့်အကွက်ကိုလုပ်ဖော်ကိုင်ဖက် ဒီ/ချုပ်ဥက္ကဌထံ လွှတ်တော်လူအချင်းချင်း အလုပ်သဘောနဲ့ ဈေးဖွင့် လာဘ်ခေါ်ပေးခဲ့ပုံရတယ်။ ပုဒ်မ (၅၉) ပြင်ဆင်ရေးမှာ ကန့် ကွက်သူ
နိုင်ငံရေးသမား တက်ကြွသူတွေ အပါအ၀င် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများပါတနွယ်ငင် တစင်ပါ လာသလို ဘယ်အချက်ပြင်ပြင် အခန်း (၁၂) အတိုင်းမစွေမစောင်း လိုက်ပါရမယ် လို့  စစ်အုပ်စုဝင် သုံးဦးသုံးဖလှယ်ကအမိန့် ပေးပြီး ဖြစ်တာကြောင့် ဗိုလ်ရွှေမန်း ပြင်ဆင်တော့မယ့်အချက်ဟာပုဒ်မ (၄၃၆) ဖြစ်ဖို့  အလားအလာ မြင်ရတယ်။ ဒီလုပ်ကွက်ကို ကန်ထရိုက်
ရသွားတဲ့ ဒီ/ချုပ် ဥက္ကဌဟာ ပိုမိုကျယ်ပြန်တဲ့ ပါဝင်လှုပ်ရှားမှုအသွင်ပေါ်အောင်ပါတီ တစ်လိုင်းတည်း အကောင်အထည် မဖော်ဘဲ လူထုထောက်ခံမှု ရခဲ့တဲ့၈၈ (ငြိမ်း/ပွင့်) အဖွဲ့ ထံ ကန်ထရိုက်စာချုပ်ကို ပြသပြီး ဆပ်ကန်ထရိုက်
တဆင့်ပေးကာ အခုလာမယ့် မေလ (၁၇) ရက်မှာ ရန်ကုန်မြို့ နဲ့  နောက်တရက်မန္တလေးမြို့ တို့ မှာ ဖွဲ့ စည်းပုံပါ ပုဒ် (၄၃၆) ပြင်ဆင်ရေး လူထုလှုပ်ရှားမှုအဆင့်ပူးပေါင်းလုပ်ဆောင်ခြင်းအတွက် ခြေလှမ်းပြင် လှုံ့ ဆော်မှုတွေကို ဒီရက်ပိုင်း
အရှိန်မြှင့်တင်လာတာဖြစ်တယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့  ရန်ကုန်တောင်ပိုင်းခရိုင် တွေ့ ဆုံပွဲတခုမှာလွှတ်တော်လူ ဗိုလ်ရွှေမန်း မိန့် မှာသြ၀ါဒစကားတွေထဲမှာ စစ်အုပ်စုရဲ့ နိုင်ငံရေရပ်တည်ချက်တချို့ ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာ သတိပြုမိတယ်။
ဒီထဲမှာမှ ဖွဲ့ စည်းပုံအသစ်ရေးဆွဲတာကို သူ မနှစ်သက်ကြောင်း၊ ပြင်စရာရှိကပြင်ရန်၊ ပြောင်းစရာရှိကပြောင်းရန် အားပေးကြောင်းဆိုတဲ့အချက် ပါဝင်တယ်။
ဒါကြောင့် ဖွဲ့ စည်းပုံပြင်ဆင်ရေးဆိုတာ စစ်အုပ်စု အင်မတန် လိုလားတဲ့နိုင်ငံရေးလုပ်ငန်းစဉ်များစွာထဲက အချက်ကြီးတခုဆိုတာ ထင်ရှားစေတယ်။
၂၀၀၈ ဖွဲ့ စည်းပုံကို လေးစားလိုက်နာစောင့်ရှောက်ပါ့မယ်လို့  ကျမ်းကျိန်ခဲ့တဲ့နိုင်ငံရေးသမားတွေအနေနဲ့ လည်း ပြင်ရေးသံခြေကျင်း အခတ်ခံထားရသူတွေမို့ လွှတ်တော်လူ ဗိုလ်ရွှေမန်း ခင်းပေးရာ လမ်းကြောင်းအတိုင်း မတိမ်းမစောင်း
မျှောလိုက်တော့မယ်ဆိုတာ ခန့် မှန်းရတယ်။

အသေးစိတ်ဖြစ်တဲ့ မူကြမ်းပြင်ဖို့  အမတ် (၂၀) ရာခိုင်နှုန်းအစား လျှော့ချတာ၊အမတ်အားလုံးရဲ့  (၇၅) ရာခိုင်နှုန်းကျော်က ပြင်လိုတဲ့အချက်ကို ထောက်ခံမှဖြစ်မယ် အချက်ထဲက အညွှန်းပါ ရာခိုင်နှုန်းကို ထစ်လျှော့လိုက်တာတွေနဲ့ 
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ထပ်လုပ်ရဦးမယ်ဆိုတဲ့ နောက်ဆုံးသော့ခလောက်ကိုဖြည်လွှတ်ပေးတာမျိုးတွေ လုပ်လာဖို့  မျှော်လင့်နိုင်တယ်။ ဒီရလဒ်တွေများထွက်ပေါ်လာလို့  ဒို့ အတိုက်အခံတွေရဲ့  လှုပ်ရှားအားထုတ်မှုတွေ သီးပွင့်လာပြီ၊
ဒီမိုကရေစီရဖို့  နီးစပ်ပြီ၊ ဒီနိုင်ငံရေးလမ်းစဉ်လမ်းကြောင်းကသာ စုစုစည်းစည်းဆက်လျှောက်နိုင်ရင် မကြာမီတနေ့  စစ်အနှောင်အဖွဲ့ က ကွင်းလုံးကျွတ်ပြီးရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့  ပန်းတိုင်ကို လှမ်းကိုင်နိုင်ပြီ ဆိုတဲ့
အော်ဟစ်ကျုံးဝါး ညံစီသံတွေ ၀ူးဝူးဝါးဝါး ထွက်လာကြဦးမှာ မြင်မိသေးတယ်။

Aung myo tun

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.