05/06/14


လူငယ်တွေဖတ်ကြည့်စေချင်တယ်
*************************************
၂၄ ၂ ၂၀၁၄ နေ့ညက ဥတ္တံတားကျေးရွာ စာပေဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း
(ပုတီးကုန်း) ပြောသွားတာလေးပါ။

ဂျပန်နိုင်ငံဆိုတာကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံပါ။
ဒီလိုမျိုးချစ်စိတ်လူတိုင်းမှာဖြစ်လာအောင် ကျုပ်တို့နိင်ငံလို ဆိုင်းဘုတ်တွေ ဆောင်ပုဒ်တွေပဲချိတ်ဆွဲခဲ့တာမဟုတ်ဘူး။ ဂျပန်မှာချယ်ရီပန်းတွေပွင့်တဲ့အချိန် ပန်းကြည့်ပွဲလုပ်တယ်။ ကျောင်းတွေပိတ်တယ်။ ဒီလိုပဲသစ်တောကြည့်ပွဲ မြစ်ကြည့်ပွဲ ဖူဂျီတောင်ကြည့်ပွဲတွေလုပ်တယ်။

ဆရာဆရာမတွေကတပည့်တွေကိုခေါ်သွားတယ်။ မိဘတွေကခလေးတွေကိုခေါ်သွားတယ်။ ဟိုရောက်ရင် ခလေးတွေကိုပေးဆော့တယ်။ မုန့်တွေကြွေးတယ်။ ခလေးတွေအရမ်းပျော်တာပေါ့။
ပြီးတော့မှဆရာမတွေကမေးတယ်။ သားတို့သမီးတို့ပျော်ကြလားပေါ့။ ခလေး
တွေကပျော်တာတယ်ပေါ့။ ဒီတော့ဆရာတွေကထပ်မေးတယ်။ ဒီပန်းပင်တွေ ဒီသစ်တောတွေ ဒီမြစ်ကြီးတွေ ဒီဖူဂျီတောင်ကြီးတွေ မရှိတော့ရင် ကလေးတို့ပျော်ပါ့မလားပေါ့။ ဒီဟာတွေအမြဲရှိနေစေချင်လားပေါ့။
ကလေးသဘာဝအမြဲရှိနေစေချင်တယ်ပဲဖြေကြတာပေါ့။ ဒီတော့ဆရာတွေကထပ်
မေးတယ်။ မင်းတို့အမြဲရှိနေစေချင်တာတွေကို တစ်ခြားနိုင်ငံက တစ်ခြားလူမျိုးတွေ လာပြီးလုယူမယ်။ ဝယ်ယူမယ်ဆိုရင်ရောလို့မေးတော့ ကလေးတွေက မပေးဘူး ရိုက်ထုတ်မယ် မောင်းထုတ်မယ်။ ဒါမျိုးဖြေကြမှာပဲလေ။

အဲဒီလို ငယ်ငယ်လေးကတည်းက သစ်ပင်သစ်တောတွေ မြစ်တွေ တောင်တွေကစပြီး
ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို နှလုံးသားထဲ စွဲစွဲမြဲမြဲ ချစ်တတ်အောင်သင်ခဲ့ကြတာတဲ့။

အဲဒီကလေးတွေကြီးလာလို့ အရာရှိပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် နိုင်ငံခေါင်းဆောင်ကြီးတွေပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာခဲ့ရင် သစ်တောတွေ တောင်တွေ မြစ်တွေ သယံဇာတတွေကို တစ်ခြားနိုင်ငံ
ရောင်းစားမယ့်လူတွေ ဘယ်တော့မှမဖြစ်လာနိုင်တော့ဘူးတဲ့။







ယနေ့( ၆/၅/၂၀၁၄) သဲကုန်းမြို့ တရားရုံးက ပုဒ်မ ၅၀၅(ခ)ဖြင့်တရားစွဲဆိုထားသော အောင်ကုန်းရွာမှ လယ်သမား ၅ ယောက် တွင် ရုံးချိန်းတက်သော ၃ ယောက်ထဲမှကိုပေါက်စကို အာမခံမပေးပဲ ပေါင်းတည်ထောင်တွင်ချုပ်ထားပြီး ဒေါ်ညိုနဲ့ဒေါ်မုံးတို့ကို အာမခံပေးလိုက်ကြောင်း သိရသည်။
၂၀. ၅.၂၀၁၄ တွင်ရုံးပြန်ချိန်းခဲ့ပါကြောင်းနှင့်ယခု ကိုပေါက်စပြန်လွှက်ရေးအတွက် ပေါင်းတည်ထောင်ရှေ့တွင် ဆန္ဒပြနေကြောင်း သတင်းရပါသည်။
ဆန္ဒပြတဲ့ လူအုပ်ကို ပေါင်းတည်ရဲများက ဝင်ရိုက်၊ဝင်ထိုး လုပ်သောကြောင့် အမျိုးသမီး ၂ ဦးအပါအဝင်၆ ဦး ဆေးရုံတင်ရကြောင်း သတင်းရပါသည်။

" ပါးကွက် အာဏာသားတို့ကို ပြောချင်တာက
ဥပဒေက ဘယ်ယူနီဖောင်းဝတ်၊ ဘယ်ဝန်ထမ်းကိုမှ ရိုက်နှက်ဖို့ ညွှန်ကြားမထား၊
ခွင့်ပြုမထားပါဘူး။ ဥပဒေမဲ့ ရိုက်နှက်၊ ထိုးကြိတ်၊ တိုက်ခိုက်ခံရရင် ဒါ ရန်ဖြစ်တာ၊
ရန်ပြုတာပါဘဲ။ နိုင်ငံသားတိုင်း ကိုယ့်ကိုယ်ကိုယ် ခုခံ၊ ကာကွယ်ပိုင်ခွင့် ရှိပါတယ်။
ဆက်လက်ဖြစ်ပေါ်သမျှဟာ တရားလက်လွတ် လမ်းသူရဲဂိုဏ်းများသဖွယ် တိုက်ခိုက်၊
ရန်မူတဲ့ ခင်ဗျားတို့ တာဝန်သာဘဲ ဖြစ်ပါလိမ့်မယ်။ "

တာဝန်ယူမှုတာဝန်သိမှုမရှိရင်ပြည်သူ့အကျိုဆောင်ကွန်ယက်ပေါင်းတည်လူ့ဘောင်လူငယ်ပေါင်းတည်က လမ်းပေါ်ထွက်ဆန္ဒပြမယ် လို့လည်းသတင်းရရှိပါတယ်..

( အသေးစိတ် စုံစမ်းရန် - ဦးစောနိုင် ဖုန်း ၀၉ ၃၁၅၉၈၇၅၅ / ဦးမြင့်အေး ဖုန်း
၀၉၄၃၁၅၆၆၀၃ )
ုko han win aung


အာဏာရှင်တွေ ကျင့်သုံးနေတဲ့ နည်းလမ်း (၁၀) ချက်ကို သိထားဖို့  ဒီစာအုပ် “အာဏာရှင်လက်စွဲကျမ်း” အကြောင်း ရေးသားထားတဲ့ စာအုပ်ပါတဲ့။

“အာဏာရှင်လက်စွဲကျမ်း” ပါ အာဏာရှင်တွေကို အကြံပေးချက် (၁၀) ချက်ကို ဦးစွာ သိထားကြမယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေ ဘယ်က အခြေခံ လာတာလည်းဆိုတာ သိကြပါလိမ့်မယ်။

“အာဏာရှင်လက်စွဲကျမ်း” ပါ အာဏာရှင်တွေကို အကြံပေးချက် (၁၀) ချက်။

(၁) ပြည်တွင်းစစ်ကို အဆုံးမသတ်နှင့်။

‘ငြိမ်းချမ်းရေး’ဆိုသည့် စကားလုံးကို မကြာခဏ ပြောပါ။ သတင်းစာ၊ ရုပ်သံ၊ ရေဒီယို မီဒီယာအားလုံးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေကြောင်း မကြာခဏ ပြသပါ။ သို့သော် ပြည်တွင်းစစ်ကို ဘယ်တော့မှ အပြီးတိုင်အဆုံးမသတ်ပါနှင့်။

ကိုယ့်လက်ထဲက စစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကို ချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ် ပြောပါ။

(၂) ပြည်ပရန်သူကို လက်ညှိုးထိုး။

ပြည်ပရန်သူများရှိနေကြောင်း အမြဲကြွေးကြော်ပါ။ သို့သော် ရန်သူသည် ပြည်တွင်းမှာရှိသည်ကိုတော့ ကိုယ်ကိုယ်တိုင် မမေ့ပါနှင့်။ ပြည်ပရန်သူကို ကာကွယ်နေရသည့်ပုံရိပ်အဖြစ် ကိုယ့်ပုံရိပ်ကို မြှင့်တင်ပါ။ မျိုးချစ် စိတ်ဓာတ်ဆောင်ပုဒ်တွေ များများရေး၊ များများကပ်ပါ။ အတိတ်က စစ်ပွဲများအကြောင်းကို အဆက်မပြတ် ဖော်ပြပါ။

(၃) လူအများစုဘာသာရေးကို အသုံးချ။

အာဏာရှင်ဘဝမှာ လူအများစု၏ ထောက်ခံမှုကို အလွယ်ကူဆုံးရနိုင်သည့်နည်းက လူအများစု၏ ဘာသာရေးကိုထောက် ခံနှိုးဆွခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ဘာသာသာသနာကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံသွင်းပါ။ ဘုရားသွားကျောင်းတက်သည့်သတင်းများ များများထုတ်ပါ။ ဘာသာကွယ်ပျောက်တော့မည်ဆိုသည့် အကြောက်တရားကို ဖြန့်ဖြူးပါ။ ကိုယ့်ကို အန်မတုနိုင်သည့် လူနည်းစုတစ်စုကို လက်ညှိုးထိုး စွပ်စွဲပါ။

(၄) အတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်။

အဓိကအတိုက်အခံအဖွဲ့ အစည်းကို အခြားအဖွဲ့ငယ်များ နှင့်သွေးခွဲပါ။ ဖြစ်နိုင်လျှင် တိုင်းရင်းသားလူနည်းစုများနှင့် အဓိကအတိုက်အခံအဖွဲ့အစည်းကို ခွဲထုတ်လိုက်ပါ။ အတိုက်အခံတွေ အာဏာရလာလျှင် တိုင်းပြည်ပြိုကွဲနိုင်ကြောင်း ခြိမ်းခြောက်ပါ။ အတိုက်အခံနိုင်ငံရေးသမားတွေကို မျိုးချစ်စိတ်ဓာတ်မရှိသူအဖြစ် စွပ်စွဲပါ။

(၅)အနောက်နိုင်ငံများကို စည်းရုံး။

အနောက်နိုင်ငံများက အာဏာရှင်နိုင်ငံများကို ဆန့်ကျင်ကြသည့်တိုင် ‘သံခင်းတမန်ခင်း’ရှိပြီး အင်္ဂလိပ်လိုပြောတတ်သူများကို နှစ်ခြိုက်လေ့ရှိသည်ကို ဘယ်တော့မှ မမေ့ပါနှင့်။ အနောက်နိုင်ငံက သံတမန်များလာလျှင် ရွှန်းရွှန်းဝေအောင်ပြောတတ်သူများ နှင့် လွှတ်ပေးပါ။

ကိုယ့်တိုင်းပြည်ကို စီးပွားရေးအရမပိတ်ဆို့ဘဲ အပြုသဘောဆောင် ချဉ်းကပ်စည်းရုံးလျှင် ဒီမိုကရေစီနိုင်ငံဖြစ်လာနိုင်ကြောင်း အနောက်နိုင်ငံများက ယုံလာအောင်ပြုလုပ်ပါ။ ကမ္ဘာပတ်ပြီး ရွှန်းရွှန်းဝေအောင်ပြောသူများကို အချိန်တစ်ချိန်မှာ တာဝန်မှနားပါ။ လူသစ်လဲပါ။

(၆) ရွေးကောက်ပွဲကို အသုံးချ။

ရွေးကောက်ပွဲများက သင့်ကို ‘တရားဝင်အာဏာရှင်’ အဖြစ် ပြုလုပ်ပေးမည့် အခွင့်ကောင်း ဖြစ်သည်။ သေချာစွာ ကြိုတင် ပြင်ဆင်ပါ။ လက်ဆုပ်လက်ကိုင် ဖမ်းရခက်ခဲသည့် အဝေးရောက်မဲ၊ ကြိုတင်မဲ၊ ပယ်မဲနည်းလမ်းများသည် အာဏာရှင်များအကြား ခေတ်စားသည့် နည်းလမ်းများ ဖြစ်သည်။

ရှုံးနိုင်သည့် အခြေအနေမျိုးမှာ အဓိကရုဏ်းနှင့် ပဋိပက္ခများ ဖန်တီးပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်အောင် မီးစများ မွှေးထားပါ။

အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးအလျှော့အတင်းမရှိသည့်အတွက် အဓိက အတိုက်အခံက ရွေးကောက်ပွဲကို သပိတ်မှောက်အောင်လုပ်သည့်နည်းဖြစ်သည်။

(၇) မီဒီယာကိုမြှောက်လိုက် ခြောက်လိုက်လုပ်။

သတင်းမီဒီယာများကို တစ်ခါတစ်ရံ နွေးနွေးထွေးထွေး ဆက်ဆံပြပါ။ သို့သော် လိုအပ်လာလျှင် မီဒီယာအချို့ကို ပုံစံအဖြစ် ဖမ်းဆီးထောင်ချပါ။ မီဒီယာတွေကြားမှာ အကြောက်တရား Chilling Factor ပျံ့နှံ့ပါစေ။ ကိုယ်ချုပ်ကိုင်ထားသည့် နိုင်ငံတော်မီဒီယာကို လက်မလွှတ်ပါနှင့်။ ဖြစ်နိုင်လျှင်တော့ ကိုယ့်ကို သစ္စာရှိသည့်အသိုင်းအဝိုင်းက မီဒီယာလောကကို ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံပါစေ။ သတင်းမီဒီယာနှင့်ပတ်သက်လျှင် ဥပဒေများလေ ကောင်းလေ ဖြစ်သည်။

(၈) ခရိုနီတွေ မွေးမြူ။

သင်၏အရေးအကြီးဆုံး ရဲဘော်ရဲဘက်သည် သင့်ဇနီးပြီးလျှင် သင့်ခရိုနီဖြစ်သည်ကို မမေ့ပါနှင့်။ သင့်ကိုယ်စား စီးပွားရှာပေးဖို့၊ သင့်သားသမီးမြေးမြစ်များ ပြဿနာရှာလျှင် လိုက်ရှင်းလင်းပေးဖို့၊ သင့်ဇနီးကို နိုင်ငံခြားဈေးဝယ်ထွက်ရာမှာ ကူညီဖို့နှင့် သင့်ခိုးရာပါဥစ္စာဓနများကို ပြည်တွင်း ပြည်ပမှာ ဖုံးကွယ်ထားဖို့အတွက် သော့ချက်ဖြစ်သည်။

‘သင့်ကို ခရိုနီအဖြစ် တိုင်းပြည်ကအလိုရှိသည်’ ဆိုသည့် ကမ်းလှမ်းချက်ကို လက်တစ်ဆုပ်စာ အနက်ရောင်စီးပွားရေးသမားတချို့ထံကို ပေးပို့ပါ။

(၉) အရပ်ဘက်လူ့အဖွဲ့အစည်းကို နှိပ်ကွပ်။

အင်န်ဂျီအိုများကို တည်ရှိခွင့်ပေးပါ။ သို့သော် ဥပဒေများထုတ်ပြီး ချုပ်ကိုင်ပါ။ အင်န်ဂျီအိုများ ဖွံ့ဖြိုးလာမှုက ပြည်သူကိုမျက်စိပွင့်စေပြီး သင့်အာဏာရှင်စနစ်ကို ခြိမ်းခြောက်လာလိမ့်မည်။

အချို့သောဒေသများကို ခရီးသွားလာခွင့် ကန့်သတ်ပါ။ လုံခြုံရေးအကြောင်းပြခြင်းက အကောင်းဆုံးဖြစ်သည်။

(၁၀) ဒီမိုကရေစီ၏အဓိပ္ပာယ်ကို ပြောင်း။

ဒီမိုကရေစီဆိုသည့်စကားလုံးကို ကိုယ်ပိုင်အဓိပ္ပာယ်ပြန်ဖွင့်ပါ။ ရုရှားအာဏာရှင်ပူတင်က ဒီမိုကရေစီကို ‘အချုပ်အခြာအာဏာ ရှိသည့် ဒီမိုကရေစီ’ဟု ကိုယ်တိုင်ရေးအနက်အဓိပ္ပာယ်ဖွင့်သည်။ အီရန်အစိုးရကတော့ ဒီမိုကရေစီကို ‘စစ်မှန်သောအစ္စလာမ်ဒီမိုကရေစီ’ဟု ကြွေးကြော်သည်။ သင်လည်း ဒီမိုကရေစီကို နာမဝိသေသနတပ်ပေးပါ။ လူထုအများစုက ဒီမိုကရေစီစနစ်ကို စိတ်ပျက်လာအောင်လုပ်ပါ။ ဒီမိုကရေစီစနစ်မှာ ပဋိပက္ခပိုများတာ၊ လူ့ အဖွဲ့အစည်း ပိုရှုပ်ထွေးလာတာကို မီးမောင်းထိုးပြပါ။

‘အာဏာရှင်လက်စွဲကျမ်း’ စာအုပ်အမြည်းကို ဒီမှာအဆုံးသတ်ပါသည်။ စာအုပ်ထဲမှာ ယခု ဖော်ပြထားသည့်အခန်းများအပြင် တရားစီရင်ရေးစနစ်ကို ထိန်းချုပ်နည်း၊ လက်လွန်ခြေလွန် ပြောဆိုသည့် ဝန်ကြီးများကို ကျိတ်ဆုံးမနည်း၊ တရုတ်နဂါးနှင့် ကခုန်နည်းများအပြင် အနားယူချိန်အတွက် ပြင်ဆင်နည်းများ အထိပါဝင်ပါသည်။ စာအုပ်မထွက်မီ ကြိုတင်အမှာစာများ လက်ခံနေသည်။ နေပြည်တော်မှမှာလျှင် အမြန်ချောပို့ဖြင့် ပေးပို့မည်ဖြစ်ပါကြောင်း။ ။

သတင်းစာဆရာ ရဲမိုး။
http://7daydaily.com/story/10139#.U2jtFnajfq_

နိုင်ငံရေးသမားများကိုခြေကျင်းခတ်ရုံထုပ်မှူကို မကျေနပ်သဖြင့် အနောက်ပိုင်းတရားရုံရှေ့တွင်ခြေကျင်ခတ်ဆန္ဒပြနေသူ ကို ပြည်သူရဲ ၅၀ လောက်ကဝိုင်းထားနေပုံ
အနောက်ပိုင်းခရိုင်တရားရုံးတွင်ကိုဝေလုမှဆန္ဒဖေါ်ထုတ်နေပုံ (Photo..Aye Kyaw)

သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေရေးဆွဲရန်ကြိုးပမ်းခြင်းနှင့်ကော်မရှင်ဖွဲ.စည်းဆောင်ရွက်ခြင်းကို အမျိုးသမီးအဖွဲ.အစည်းများနှင့်အရပ်ဖက်လှုမှုအဖွဲ.အစည်း (၈၉) ဖွဲ.က အပြင်းအထန်ကန့်ကွက်ကြောင်း မေလ(၅) ရက်နေ့က အသိပေးချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

မျိုးစောင့်ဥပဒေရေးဆွဲခြင်းသည်ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့်နိုင်ငံအတွင်းရှိအခြားဘာသာဝင်နှင့်တိုင်းရင်းသူများအကြား တိုက်ရိုက်ခွဲခြားဆက်ဆံသည့်သဘောဖြစ်သည့်အပြင်အမျိုး၊ဘာသာ၊သာသနာနှင့်ယဉ်ကျေးမှုကိုထီန်းသီမ်းစောင့်ရှောက်ရန်တာဝန်ကို အမျိုးသမီးများအပေါ်လုံးဝပုံချလိုက်ခြင်းဖြစ်ပြီး အမျိုးသမီးတို့၏လွတ်လပ်စွာဆုံးဖြတ်ခွင့်ကို ကန့်သတ်ချုပ်ခြယ်ခြင်းဖြစ်ကြောင်း၎င်းအပြင်မျိုးစောင့်ဥပဒေရေးဆွဲရေးအပါအဝင် ဘာသာရေးအခြေခံနိုင်ငံရေးလှုပ်ရှားမှုများနှင့်အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေးလှုပ်ရှားမှုများသည် အစွန်းရောက်အကြမ်းဖက်မှုများကိုတားဆီးရန်နှင့် ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရန် ဦးတည်ရည်မှန်းချက်များနှင့် မကိုက်ညီကြောင်း ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ပြည်သူအား အာရုံပြောင်းသောကိစ္စအဖြစ် သုံးသတ်ပြီး ဖွဲ.စည်းပုံပြင်ရေးနှင့်ငြီမ်းချမ်းရေးဖော်ဆောင်မှု ကိုအဟန့်အတားဖြစ်စေသည်ဟုဆိုသည်။

ထိုပြင် အစိုးရက သဘောတူလတ်မှတ်ရေးထိုးထားသော ၁၉၉၇ ခုနှစ် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှုပပျောက်ရေးသဘောတူညီချက်စာချုပ်(စီဒေါ) ကိုအတိအလင်းချိုးဖောက်ရာရောက်ပြီး အမျိုးသမီးများအမှန်တကယ်လုံခြုံရေးနှင့်ကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံအဝန်း တရားဥပဒေစိုးမိုးရေးနှင့်တရားမျှတမှုရှိရေးကသာ အဓိကကျကြောင်း အသိပေးထားပါသည်။၎င်းထုတ်ပြန်ချက်တွင် အသိပေးချက်(၁၁)ချက်နှင့်အကြံပြုတိုက်တွန်းချက် ခုနှစ်ချက် ပါရှိပါသည်။

Baydar lam




ပြည်ထောင်စုအစိုရနုတ်ထွက်ပေးရန်နှင့် လူထုခေါင်းဆောင်တင်မြှောက်ရေးလှုပ်ရှားသူ MDCF ခေါင်းဆောင်ကိုထင်ကျော်အားပုဒ်မ ၅၀၅(ခ)နှင့် ၁၁မြို့နယ်တောင်ဥက္ကလာမြို့နယ်မှာ မြို့နယ်ခရိုင်အမိန့်အရရဲစခန်းကလာရောက်ဖမ်းဆီးသွားတဲ့မြင်ကွင်း
မူရင်း...ကျော်လွင်

အစိုးရရဲ့ အဓိက တာဝန်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေး မလုပ်တာနိုင်ကို ပြောလို့ ..... ကိုထင်ကျော်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ မနေ့က ဖမ်းတယ်လို့ သိရပါတယ်။

ပုဒ်မ ၅၀၅ (ခ) ပြဌာန်းချက်ကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။

ဥပဒေ အရဆို "ပြည်သူတွေ ကြောက်လန့်အောင် ကောလဟာလတွေကို ရည်ရွယ်ချက်ရှိရှိ ပြောနေတဲ့သူတွေ၊ ပလ္လင်ပေါ်ကနေ တရားဟောနေတဲ့ (ဗွီဒီယိုခွေ မှတ်တမ်းတွေတောင် ရှိတဲ့) လုပ်ရပ်တွေဖြစ်တဲ့ ..... ဥပဒေပါ စကား - ( နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူက ကျူးလွန် ချင်လာ အောင် အများပြည်သူ ကိုသော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိ လျှင်) - ဆိုတဲ့ အချက်နဲ့ ငြိနေပြီး ပြသနာဖြစ်အောင်" ဟောပြောနေတာတွေကို လွှတ်ထားတယ်။

ကိုထင်ကျော်က ပြောတဲ့ တရားဥပဒေ စိုးမိုးမှု မရှိဘူး ဆိုတာ ... ကိုထင်ကျော်ကို ၅၀၅ (ခ) နဲ့ ဖမ်းလိုက်တဲ့ အချိန်မှာပဲ "တရားဥပဒေ စိုးမိုးမှု မရှိဘူး" ဆိုတဲ့ သက်သေ ဖြစ်သွားတယ်။

ပုဒ်မ ၅၀၅ (ခ)

“မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့ တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူက ကျူးလွန် ချင်လာ အောင် အများပြည်သူ ကိုသော်လည်း ကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိ လျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာ သည့် အကြောင်း ရှိလျှင် ထိုသူကို ၂နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်” ဟု ပြဋ္ဌာန်းချက်ကို တွေ့ရှိရပါသည်။

ကင်းလွတ်ချက်။ ... ။ “ထိုဖော်ပြချက် သော်လည်းကောင်း၊ ထိုကောလာဟလ သော်လည်းကောင်း၊ ထို သတင်း သော် လည်းကောင်း မှန်ကန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသည့် အပြင် အထက် ကဆိုခဲ့ သော အကြံမရှိဘဲ ပြုလျှင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာလျှင် သို့တည်းမဟုတ် ဖြန့်ချိလျှင် ဤပုဒ်မ၏ အဓိပ္ပာယ် အရ ပြစ်မှုမမြောက်” ဟု ပြဋ္ဌာန်းထား ပါသည်။

နောက်ဆုံးတော့ ဟန်ဆောင် မျက်နှာဖုံးတွေ ကွာကျတော့တာပါပဲ။

(ကိုထိုက်)


ဒီရက်ထဲ မအားမလပ်နဲ့အလုပ်ကများ ၊ ကြေကွဲဝမ်းနည်းစရာတွေနဲ့ စိတ်ဖိစီးမှုတွေကြားထဲ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရင် တိုင်းပြည်ကို ချမ်းသာအောင် လုပ်ပေးမယ် ၊ ငြိမ်းချမ်းရေးရအောင်လုပ်ပေးမယ် ၊ တိုးတက်အောင်လုပ်မယ် ဆိုပြီး အသံထွက်လာတဲ့ ၀န်ကြီးမင်းတစ်ယောက်ရဲ့ စကားကို ကြားခဲ့ရပါတယ်။

ကျုပ်ဖြင့်လေ ..ခါးတောင်းမြှောင်အောင်ကြိုက် ၊ပေါက်တူးအသွားပဲ့ ၀ါးအရိုးကွဲကလေးကို ပုခုံး ပေါ် ထမ်းပြီး ထွက်လာတဲ့ နံရိုးကအပြိုင်းပြိုင်း ခါးကိုင်းလို့ချက်စူ ဗိုက်ကလေးအပူသား မျက်တွင်းက လက်တစ်နှိုက် နဲ့ ဟိုက်ထိုး လျှာထွက်နေတဲ့ နလံထ လူဖလံတစ်ယောက်က ဧ၀ရက်တောင်ကို ဖြိုမယ်လို့ ကြုံးဝါးဟိန်း ဟောက် နေတာကို မြင်ရကြားလိုက်ရသလိုပဲ မပြုံးဘဲနဲ့ ၀ါးလုံးကွဲရယ်မိတော့မလို့ ၊ ခေတ်ကာလ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေများ အဌာရသ ၁၈ ရပ်ထဲက ဟဿ အရာမှာ ပြိုင်ဖက်ကင်း တစ်ဖက်ကမ်းခပ်လိုက်ပုံများ ။

ကျနော် ကျောင်းသားဘ၀မှာ ကျနော့ဆရာတစ်ပါးက လူတစ်ယောက်က ဧ၀ရက်တောင်ကြီး ကိုဖြိုမယ် ကွ လို့ မင်းရှေ့မှာ ကြုံးဝါးလာပြီဆိုရင် မင်းဘယ်လိုထင်လဲ လို့ ပြောခဲ့ဘူးတယ် ၊ ကျနော်က ဧ၀ရက် တောင် ကို ဘယ်လိုလူကဖြိုနိုင်ပါ့မလဲ ၊ အလကားကြွားလုံးပေါ့ဆရာ လို့ ခပ်ပေါ့ပေါ့ဖြေခဲ့တယ် ။ ဆရာက မင်း အဲဒီလို ဘာကြောင့် ပြောနိုင်ရတာလဲ ၊ သူဘယ်လောက်လုပ်နိုင်စွမ်းရှိသလဲ ၊ သူ့မှာ ဘာလက်နက် ကိရိယာ ယူလာ သလဲ ဆိုတာတွေ မဆန်းစစ်မလေ့လာဘဲနဲ့ ဘာဖြစ်လို့ အလောတကြီး အလွယ်တကူ ဆုံးဖြတ်ရတာလဲတဲ့ ၊ ဧ၀ရက်တောင်ကိုဖြိုမယ်ဆိုပြီး ကြုံးဝါးတဲ့လူက ပေါက်တူးအသွားပဲ့ ၀ါးအရိုးကွဲကလေးကို ပုခုံးပေါ် ထမ်းပြီးထွက်လာတဲ့ နံရိုးပိန်လူ တစ်ယောက် ဖြစ် နေရင်တော့ ကြွားလုံးထုတ်တာသက်သက်ပေါ့ တဲ့ ၊ အလုပ်ဖြစ်အောင်လုပ်နိုင်မဲ့သူမဟုတ်ဘူး ၊ လေလုံးပိသေမဲ့သူပေါ့၊ ဒါပေမဲ့ ဟိရိုးရှိမားတို့ နာဂါစကီ တို့ကို ကြဲ ချခဲ့တဲ့ ဟိုက်ဒြိုဂျင်ဗုံးမျိုးတွေ ရာနဲ့ချီပြီးသယ်လာနိုင်စွမ်းရှိတဲ့သူဆိုရင်တော့ သူဟာတကယ်ဖြစ်အောင်လုပ်နိုင်မဲ့ သူဖြစ်သွားပြီ ၊ လူတစ်ယောက်ရဲ့ စကားကို အရမ်းကာရော မဆုံးဖြတ်နဲ့ ၊ သူဘယ်လောက်လုပ်နိုင်စွမ်းရှိတယ် ဆိုတာသိပြီးမှ ဆုံးဖြတ် - လို့ ကျနော့ကို ပညာပေး ဆုံးမခဲ့ဘူးသဗျ ။

အခု ၂၀၁၅ မှာ ရွေးကောက်ပွဲအနိုင်ရရင် တိုင်းပြည်ကို ဘယ်လိုဖြစ်အောင်လုပ်ပေးမယ် ဘာညာနဲ့ အသံကောင်းလွှင့်ကြုံးဝါးနေတဲ့ ၀န်ကြီးမင်းကိုကြည့်ရမြင်ရတာ ဆရာပြောခဲ့တဲ့ လေလုံးပိသေမဲ့ လူနံပိန်တစ် ယောက် ကို မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပါပဲ ။

အဲဒီဝန်ကြီးမင်းက ခေတ်အဆက်ဆက် ၀န်ကြီးလုပ်စားလာသူလို့ တောင်ပြောနိုင်မယ်ထင်သဗျ ၊ စစ် အစိုးရ လက်ထက်မှာလည်း ဘာဝန်ကြီး ညာဝန်ကြီး လုပ်ခဲ့ဘူးတယ် ။ စစ်အစိုးရတစ်ဖြစ်လဲ အရပ်သား အစိုးရ ဆိုတဲ့ လက်ရှိအစိုးရလက်ထက်မှာလည်း ၀န်ကြီးရာထူးကို ကန်ထရိုက် ဆွဲထားသလို မြဲသဗျ ၊ စစ်ရေးအမြင် ၊ စီးပွားရေးအမြင် ၊ နိုင်ငံရေးအမြင်တွေ ပြူးလှ-ကျယ်လှတဲ့ န၀တ စစ်အစိုးရလက်ထက်မှာ အဲဒီ ၀န်ကြီးတို့ တက်ညီလက်ညီနဲ့ တိုင်းပြည်တာဝန်တွေ ̎ အလု - အယက် ̎ ထမ်းဆောင်လိုက်ကြတာ သယံဇာတ တွေလည်း ဟောင်းလောင်းဖြစ်လုနီးပါး ၊ သစ်တောတွေ ပြောင်တလင်းခါပြီး ၊ မြန်မာနိုင်ငံကြီး ကြွေးမြီနွံထဲ စုံးစုံးနစ်ခဲ့ရတာ ဆိုတော့လည်း ဒီဝန်ကြီးမင်းတို့ရဲ့ အစွမ်းအစနဲ့အရည်အချင်းတွေက ပြည်ပေါ်မှာ ရွှေကြော်ငြာ မထုတ်ရဘဲကို ထင်ရှား ပေါ်လွင်နေခဲ့သကိုး ။

အနှီဝန်ကြီးပါဝင်တာဝန်ထမ်းဆောင်ခဲ့တဲ့ န၀တစစ်အစိုးရဟာ ၁၉၈၈ခုနှစ် မကုန်ခင်ကထည်းက ၂၀၁၀ ခုနှစ်အထိ ၂၂ ကျော်ကာလ ကြာမြင့်အောင် မြန်မာနိုင်ငံကို ကယ်တင်ရှင် လုပ်ပြီး တစ်မိန့် တစ်အာဏာ နဲ့ စိုးမိုး အုပ်ချုပ်ခဲ့ကြတယ် ။ ဒို့တာဝန်အရေး သုံးပါးတို့ ၊ နိုင်ငံရေး ဦးတည်ချက် (၄)ရပ်၊ စီးပွားရေး ဦးတည်ချက် (၄)ရပ် ၊ လူမှုရေး ဦးတည်ချက် (၄)ရပ် တို့နဲ့ တိုင်းပြည်တစ်ဝှမ်း အမှောင်ကျအောင် ပြောင်လှတဲ့ မိုးလုံးပြည့် မုသာဝါဒများ ဖြန့်ချိလို့ ၊ ဆိုရှယ်လစ်လမ်းစဉ် ၊ ကွန်မြူနစ်လမ်းစဉ် ၊ အရင်းရှင်စနစ်လမ်းစဉ် တို့ကနေ အစွန်း တရားလွတ်တဲ့အောင် ကိုယ်ပိုင်ညဏ်နဲ့ထိုးထွင်းကြံဆလို့ ပေါ်ထွက်လာတဲ့ ထင်ရာမြင်ရာ မူဝါဒလမ်းစဉ် ကိုချမှတ်လို့ အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလမှာ တိုင်းပြည်ဟာ ငါးရာ့ငါးဆယ်နိပါတ်တော်လာ - မျောက်တစ်သင်း လက်တွင်း အပ်နှင်းခြင်းခံရတဲ့ ဘုရင့်ဥယျာဉ်တော်လို ၊ အလုံးစုံပျက်သုဉ်းခဲ့ရပြီး ဖွတ်ကျော ပြာစုခရုဆံကျွတ် ဘ၀ကို ရောက်ခဲ့ရတယ်။ ကြွေးကြော်သံတွေနဲ့ပိပြီး ထူမရ ထမရဖြစ်ခဲ့ရတယ် ။

နိုင်ငံဖွံ့ဖြိုးရေး အသုံးစာရိတ်ကို လွှတ်တော်မှာလည်းတင်ပြစရာမလို ၊ ဘတ်ဂျက်တင်ပြ တောင်းခံစရာ မလိုဘဲ စိတ်ကြိုက်သုံးစွဲနိုင်ခဲ့တဲ့အခြေအနေတစ်ခုမှာ န၀တ အစိုးရဟာ တိုင်းပြည် တိုးတက်ရာ တိုးတက် ကြောင်း ၊ ကြီးပွားရာ ကြီးပွားကြောင်း ဘာများလုပ်နိုင်ခဲ့ပါသလဲလို့ လေ့လာကြည့်လိုက်တော့လည်း အရပ် တကာ ၊မြို့တကာ မှာ ဖုံအလိမ်းလိမ်းတက်နေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့ ဆိုတဲ့ ဆိုင်းဘုတ်ကြီးငယ်တွေမှ မနည်းပါဘဲကလား ၊ ခေတ်မီဖွံ့ဖြိုးလိုက်ပုံများ မြို့ရွာများ အလျှဉ်အမြန် ဖွံ့ဖြိုးတိုးတက်စေရမည် ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေဆို ညဘက်ရောက်ပြီဆိုမှဖြင့် လျှပ်စစ်မီးကမလာတော့ ဒုတ်မီး (လက်နှိပ်မီး) ထိုး ကြည့်မှ မြင်ရတွေ့ရတာကလား ။

အခုလည်း ၂၀၁၀ ခုနှစ်ကစလို့ ၂၀၁၄ ခုနှစ်အထိ ၃ နှစ်ကျော် လေးနှစ်ရောက်လာတဲ့အစိုးရ သက် တမ်းမှာ တိုင်းပြည်မှာ ဘာတွေများ တိုးတက်ပြောင်းလဲလာပြီတုံး ၊ ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ရည် ရွယ်ပြီး နိုင်ငံတကာက ကြွေးမြီလျော်ပစ်တာတွေ ၊ ပံ့ကြပိုးကြကူညီကြတဲ့ အထောက်အပံ့ အကူအညီတွေ ရ လာတာတွေ ၊ အဲဒါတွေကလွဲလို့ ထူးထူးခြားခြား ကွဲကွဲပြားပြား ဘာများလုပ်နိုင်ခဲ့ကြပြီတုံး ၊
နိုင်ငံသားအများစု ဆင်းရဲသထက် ဆင်းရဲမွဲသထက်မွဲလာတဲ့ တိုင်းပြည် ၊ ဆင်းရဲမွဲတေမှုတွေကို စကားလုံးတွေနဲ့လျော့ချနေတဲ့ တိုင်းပြည်၊ စားပွဲဝိုင်းမှာ အပစ်အခတ်ရပ်စဲရေးစကားပြော ၊ သဘောတူညီချက်လေး တစ်ချို့ တစ်လေရယူပြီး ဆွေးနွေးပွဲလာတက်တဲ့ ကိုယ်စားလှယ်တွေမှ ဒေသပြန်မရောက်ခင် တိုက်ပွဲပြန် ဖြစ်နေတဲ့ အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ ၊ ပစ်ကြ ခတ်ကြနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဆန်တောင်းလို့ကောင်းရုံ တည်ဆောက်ပြ နေတဲ့တိုင်းပြည် ၊ အဲဒီလို အခြေအနေမျိုးရောက်နေတာတောင်မှ အခုလုပ်ပိုင်ခွင့်အာဏာရထားတဲ့ သက်တမ်း အတွင်း တိုင်းပြည်အတွက် နိုင်ငံသားတွေအတွက် ဘာတွေဖြစ်မြောက်အောင် လုပ်ပေးမယ်ဆိုတာကို အာမခံ တဲ့ ၊ ကတိက၀တ်ပြုတဲ့ လေသံထွက်မလာဘဲ နောက်သက်တမ်း အနိုင်ရဖို့ကိုတောင် လှမ်းမျက်စပစ်နေသေး ဆိုသဟာကတော့ အံ့သြကုန်နိုင်ဖွယ် ပါကလားဟရို့ ။

ထွားလိုက်တဲ့စကားကတော့ -၂၀၁၅ အနိုင်ရရင် တိုင်းပြည်ကို တိုးတက်အောင် ချမ်းသာအောင် လုပ်မယ်ဆိုပဲ ၊ တစ်တိုင်းပြည်လုံးငြိမ်းချမ်းရေး ရအောင်လုပ်ဦးမယ်ဆိုပဲ ၊ ကြားရတာနဲ့ မြင်ရတာနဲ့ကတော့ ပဒုမ ဇာတ်ထဲက ခြောက်စ-စလုံး ငုတ်ငုတ်တုံးနေတဲ့ ပေါင်တို က တယ် ငါ ထလုပ်လိုက်ရ လို့ ကြုံးဝါး နေသလိုပါပဲ ။ နှစ်ပေါင်းနှစ်ဆယ်ကျော် ကိုယ်ကျိုး စီးပွားရှာရုံကလွဲလို့ တိုင်းပြည် အကျိုးစီးပွားကို ဘာတစ်ခုမှ လုပ်ပေးနိုင် တဲ့ အရည်အချင်းအစွမ်းအစမရှိခဲ့တဲ့သူတွေက နောက်တစ်ချီ ၊ နောက်တစ်ပွဲ မဲလိုချင်သေးပုံနဲ့ ၊ ခဲချင် နေသေးပုံနဲ့ ၂၀၁၅ အနိုင်ရရင် တိုင်းပြည်ချမ်းသာအောင် လုပ်ပေးဦးမတဲ့ ။ စကားလုံးပိသေတဲ့ အသုဘအစ မြန်မာပြည်က လို့ မှတ်တမ်းတင်စရာ ဖြစ်နေမှာ စိုးရသဗျာ ။

ထင်လင်းဦး

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.