05/08/14

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်
သွင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ အမေရိကန်သမ္မတ
ဘားရတ်အိုဘားမားကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

barack-obama-pic-reuters-980816429-145267၀ါရှင်တန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှား သူများအဖွဲ့ (USCB) နဲ့ တခြား လူ့အခွင့်အရေး အဖွဲ့ပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်တာပါ။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု သေချာစေဖို့အတွက် ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို အမေရိကန်က ထောက်ခံ တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အိုဘားမားက မြန်မာရင်းနှီးမြှုပ်နှံမှု ဒဏ်ခတ်တားမြစ် ချက်ကို သက်တမ်းတိုးရမယ်လို့ USCB မူဝါဒရေးရာ ညွှန်ကြားရေးမှူး ရေချယ်လ် ၀ဂ်လေက ကြေညာချက်မှာ ပြောပါတယ်။

ဒီပိတ်ဆို့ဒဏ်ခတ်မှု လုပ်ပိုင်ခွင့်သက်တမ်းက မေလကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အရင်တပတ်ကလည်း အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေ ရှိဆက်ရှိနေတယ်ဆိုပြီး ပိတ်ဆို့မှု သက်တမ်းထပ်တိုးဖို့ ဖိအားပေးခဲ့ပါတယ်။

အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာကို ထည့်သွင်းလိုက်ရင်တော့ မြန်မာစစ်တပ်ထဲမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်နိုင်မှာ ဖြစ်သလို တာဝန်ယူတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ဖို့ လိုအပ်ချက်တွေကို ထုတ်ပြန်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရရှိမှာလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လတ်တလောမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ့် အလားအလာ မမြင်ဘူးလို့ ပြောပါတယ်။

“သံတမန်ရေးအရ ပိုပြီးတော့ ညှိနှိုင်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ တွန်းအားပေးမှု လုပ်မယ်ဆိုတဲ့အနေအထားမျိုးပဲ လုပ်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။”

အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေတာနဲ့ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအ၀င် တိုင်းရင်းသား လူနည်းစုဒေသက လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကို တားမြစ်ချင်တာတွေနဲ့ မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှုတွေကို အိုဘားမား အစိုးရအဖွဲ့က စိုးရိမ်ပူပန်စရာအဖြစ် ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာလည်း သတင်းထောက်၊ လယ်သမား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဆက်လက် ဖမ်းဆီးနေတာကလည်း သတိပေးချက်တခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရက ထိခိုက်လွယ်တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး မတော်မတရား လုပ်ဆောင်တာတွေ ဆက်ရှိနေတယ်လို့ ရခိုင်၊ ကချင် ရှမ်းပြည်မြောက်ပိုင်းက အခြေအနေကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။

ဒါ့အပြင် အစိုးရက မြောက်ကိုရီးယားသံတမန်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသလို စစ်ရေးလက်နက် အစီအစဉ်တွေကို မြောက်ကိုးရီးယားနဲ့ လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြဝေဖန်ထားပါတယ်။

DVB (မြန်မာပိုင်း)

( Tomorrow သတင်းဂျာနယ်အမှတ်(၁၀)ပါ ဆောင်းပါး )

ဆန်တွေ ရဟတ်ယာဉ်
စီးတယ်
4WD ငှားခ တစ်ပတ်
သိန်း (၇၀)
ဘိုကလေးက အင်းလျားလမ်းထက် ဈေးကြီးတယ်
ဟော်လံဘီယာတွေ
လခစား ကြသတဲ့။
ဘာဖြစ်သလဲနာဂစ်
ဆားချက်တဲ့ကန်ထဲ
ရေငံဝင်တယ်
လူတစ်ထောင်အလုပ်ရဖို့
လူတစ်သိန်း ရင်းပေးလိုက်ရတယ်
နဂါးဖြစ်ဖြစ် ပန်းဖြစ်ဖြစ်
ဘာဖြစ်သလဲနာဂစ်
ဘာမှမဖြစ်ဘူး
ဘာမှ မလုပ်သေးလို့ ။ ။

မတမ်းတကောင်းတာကို လွမ်းနေတာ မဟုတ်ပါဘူး။ နာဂစ်(၆)နှစ်ပြည့်ဆိုတော့ သတိတရ မှတ်တမ်း တင်ခဲ့ဖို့ ကောင်းသည်ဟု ကိုဇော်သက်ထွေးက ဆိုလာသည်။ ဆရာမ နှင်းပန်းအိမ်ကလည်း ဒါမျိုးလေး ရေးထားဖို့ ကောင်းပါသည်ဟု ဆိုပြန်သည်။ သူကိုယ်တိုင် RFAမှာ လွှင့်ခဲ့သော အသံဖိုင်ကို ယူလာ ဖွင့်ပြပြီး မြှောက်ပေးပြန်၏။

နာဂစ်သည် မြန်မာ တစ်နိုင်ငံလုံးကို ဘယ်တော့မှ မမေ့အောင် ဆွဲဆောင်ထားနိုင်ဆဲ။ ယနေ့ထက်တိုင် နာဂစ်ဖွဲ့စည်းပုံဟူသော စကားရပ်က ခေတ်စားနေသေးသည်။ ကံကောင်း ထောက်မစွာ ထိုဖွဲ့စည်းပုံကို ကျွန်တော် မဲမပေးလိုက်ရ။

မေလ(၂)ရက် ၂၀၀၈ ခုနှစ်မှာ မြန်မာပြည်ကို ကျော်ဖြတ် နင်းသွားသော နာဂစ်သည် လူပေါင်း တစ်သိန်းကျော်၏ အသက်တွေကို ချေမွခဲ့သလို အိမ်ခြေယာခြေတွေ မဲ့စေခဲ့သည်။ ဖြစ်ဖြစ်ချင်း ကျွန်တော်နှင့် ဦးအောင်လွင်တို့ တိုးကြည့်သည်။ ကွမ်းခြံကုန်းထိ မရောက်။ သစ်ပင်တွေက လမ်းပေါ်မှာ အတုန်းအရုံး။ လူတချို့က လမ်းနဘေးမှာ။ သောက်စရာ ရေမရှိ။ သူတို့ခမျာ ရေဆိုလျှင်ပင် ကြောက်နေသလို။ ဦးဇင်းတစ်ပါးက သင်ပုန်းမှာ စာတစ်ကြောင်းရေးပြီး ရပ်နေသည်။ (နာဂစ်က တို့ကို ဒီအတိုင်းထားခဲ့တယ်)တဲ့။ ကျွန်တော် ရင်ထဲ နင့်ခနဲ။ ကိုယ်ဘာလုပ်ပေး နိုင်သလဲ။

အပြန်လမ်းမှာ ဘကြီးအောင် နှင့် ကျွန်တော် စကားမပြောဖြစ်။ သို့သော် ဆုံးဖြတ်ချက်က တူနေသည်။ ရန်ကုန်ရောက်ရောက်ချင်း နီးစပ်ရာတွေဆီ အလှူခံ။ တူသူချင်းစုလို့ မြစ်ဝကျွန်းပေါ်ဘက် ပြန်ထွက်ခဲ့ကြသည်။ ကျွန်တော်၊ ဇော်သက်ထွေး၊ မေဇော်(ဇော်သက်ထွေး၏ ဇနီး)၊ သူတို့ဂျာနယ် အဖွဲ့သားများ၊ ငှက်ပျောကြော်၊ အရိုင်း၊ ကင်းကောင်တို့ပါ ပါလာသည်။

လှူတာတန်းတာကို တားတာဆီးတာ ကျွန်တော်တို့ မြန်မာ တစ်နိုင်ငံတည်း ရှိပုံရသည်။ ရွှေဝါရောင် တုန်းကလည်း ဘုန်းကြီးဆွမ်းကပ်လို့ ဖမ်းခံရသည်။ ခုလည်း တောက်လျှောက် ခြိမ်းခြောက်ခံရ၏။ ဘိုကလေးမှာဆို စစ်မော်တော် နှင့် ချက်ချင်း နောက်ပြန်လှည့်ဖို့ လိုက်အော်ခံရသည်။ ကျွန်တော်တို့ နောက်မဆုတ်ခဲ့။ အနုပညာရှင်တွေ အားလုံးနီးပါး ပါလာအောင် လိုက်စည်းရုံးသည်။ ပါလည်း ပါလာကြသည်။ တချို့ကတော့ အိပ်လို့ကောင်းနေဆဲ။

နိုင်ငံရပ်ခြားက မိတ်ဆွေပေါင်းများစွာကလည်း ပို့လှူကြသည်။ ပြည်တွင်းကလည်း ပို့ကြ လှူကြသည်။ လှိုင်သာယာထိပ်ကနေ တပ်ကတားတော့ အလှူရှင်တွေ ကြောက်ကြ၏။ ကျွန်တော်တို့က ဆက်ထွက်တော့ ပြဿနာက စလာသည်။ ဝေဠုကျော်က လပွတ္တာမှာ အထိုင်ချ၊ ဘကြီးအောင်နဲ့ ကိုလူချောများက ဘိုကလေးမှာ အထိုင်ချကြသည်။ ကျွန်တော်တို့က နေ့တိုင်း ပစ္စည်းပို့ပေး၏။ အလှူရှင်တို့ ပေးသမျှ ပစ္စည်းတွေများလာတော့ ထားစရာ နေရာမရှိ။ အန်တီသန်း၏ ခင်စပယ်ဦး ခြံထဲမှာ ထားရသည်။ ဦးစိုးညွန့်၏ တော်ဝင်နှင်းဆီမှာ ထားရသည်။

ထောက်လှမ်းရေးကလည်း တောက်လျှောက်လိုက်၏။ မှတ်တမ်းတင်၏။ ဓာတ်ပုံရိုက်၏။ ဒီကြားထဲ သတင်းစာ စာမျက်နှာတွေပေါ်မှာ အူကြောင်ကြောင် အစိုးရ စစ်တပ် အရာရှိတွေက ဆောင်းပါးတွေ ရေးလာသည်။ ဒီတော့ ပြည်ပက ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးမှာ ကျွန်တော်ခုလို ဖြေလိုက်၏။

မေး။ ။ ယူအန်က ပြောတယ်။ လွန်ခဲ့တဲ့ အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်း အထိပဲ အကူအညီတွေ ရောက်သေးတယ်ဆိုတော့ အဲဒီတွက်ချက်မှုက ဘယ်လောက်အထိ မှန်ပါသလဲ။

ဖြေ။ ။ မှန်တယ်လို့တော့ ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေး နေရာတွေကို ရောက်တဲ့လူက နည်းနည်းရယ်။ ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ။ ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရလို့၊ ကားလမ်းလည်း မပေါက်လို့ ရေလမ်းတစ်ခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင် ကျန်နေကြတဲ့ လူတွေပေါ့ဗျာ။ စိတ်မကောင်းစရာ အကြောင်းလေးတစ်ခု ကျွန်တော် ဖြတ်ပြောပြမယ်။ အဘွားကြီး တစ်ယောက်က သူ့မှာမိသားစု ၁၁ ယောက်ရှိတယ်။ ၁၀ယောက် သေသွားပြီး သူတစ်ယောက်တည်း ကျန်ခဲ့တယ်။ အဲဒီလို ၁၀ယောက် သေသွားတယ် ဆိုတာကို သူမသိဘူး။ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ။ ကျွန်းတွေပေါ်မှာ အဲဒီလိုကြောင်ပြီး ကျန်ခဲ့တဲ့ လူတွေ အများကြီးပဲ။ တံငါရွာလေးတွေပေါ့။

မေး ။ ။ တစ်နေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား...နောက်နှစ်ဆို ဧရာဝတီ မြစ်ဝ ကျွန်းပေါ်မှာ စပါးတွေ ရွှေရောင်သန်းပြီးတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းနဲ့ စည်ပင်တော့ မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။

ဖြေ ။ ။ အဲဒီအိပ်မက်ကလေး ကောင်းသားပဲလို့ ကျွန်တော် ပြောချင်တယ်။ ဟဲဟဲဟဲ ...ဖားရှာ၊ ငါးရှာ ရှာလို့ ရမလားတော့ မသိဘူး။ ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေး မြစ်ဆိုရင် ရေအရောင်ကို နာမည် ပေးထားတယ်။ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီ အရောင်ကြီးနဲ့ လူနဲ့ကျွဲ နွားအလောင်းတွေက အများကြီး။ နာဂစ်ရနံ့ဆိုတာ ရှိသေးတယ်။ အဲဒီ ညှီနံ့ကြီးက ပြန်လာရင် ပါလာတာပဲ။ ဘယ်သူမှ မခံနိုင်ဘူး အံတယ်။ ဒီတော့ အဲဒီလို နေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာ မှာလဲဗျာ။ ငါးဖမ်းမယ့် အစား အလောင်းတွေ ဖဲ့စားမှ ရတော့မယ်။

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့  အဖွဲ့ထဲက ကင်မရာမင်း သန့်စင်အောင်ကို ဖမ်းလိုက်သည်။ NLDက မဥမ္မာကို ဖမ်းလိုက်သည်။ ဒီနေရာမှာ ကျွန်တော် ပြောချင်သော စကား စပါတော့မည်။ အားလုံးကို သတိချပ် စေချင်ပါ၏။ စစ်အစိုးရမှာ ဗျူဟာတွေများစွာ ရှိနေသည်။ ပြင်ပြီးသား ဆင်ပြီးသားလည်း ဖြစ်သည်။ အနုပညာရှင်တွေ ရှေ့ထွက်လျှင် နောက်က ပြည်သူပါတတ်သည်။ ဒါကို ကောင်းကောင်းသိတာ စစ်အစိုးရ ဖြစ်ပြီး လုံးဝ နီးပါးမသိတာ နိုင်ငံရေး အင်အားစုတွေ ဖြစ်၏။ ဒီစကားကို ခဏခဏ ပြောနေရသည်။ ၁၉၈၈ အရေးတော်ပုံ ကာလက အနုပညာသည်တွေ လမ်းပေါ်ထွက်မှ ပြည်သူက ပါလာတာ ဖြစ်သည်။ ရွှေဝါရောင်မှာလည်း အနုပညာသည်တွေ လမ်းပေါ်ထွက်မှ ပြည်သူက ပါလာတာ ဖြစ်သည်။ ခုနာဂစ်မှာလည်း အနုပညာရှင်တွေ နောက်က ပြည်သူ အုံနှင့်ကျင်းနှင့် ပါလာပြီ။ နည်းအမျိုးမျိုးဖြင့် အစိုးရက တားသော်လည်း ကျွန်တော်တို့ ရပ်တန့်မသွားခဲ့။ ဒီတော့ အစိုးရက နောက်တစ်ကွက် လှလှပပ ရွှေ့ပစ်လိုက်သည်။ နာဂစ်ဒဏ်ခံ ပြည်သူများ အတွက် ရံပုံငွေဟုဆိုကာ အနုပညာရှင်တွေ အားလုံးကို မေမြို့ (ခုတော့ ပြင်ဦးလွင်)မှာ ရုပ်ရှင်ရိုက်ဖို့ ခေါ်လိုက်သည်။ အလှူဆိုတော့ အားလုံးပါမှ ကောင်းပေတော့မည်။ သို့ ဖြင့် ၂၀၀၈ခုနှစ်၊ ဇွန်လ(၂)ရက်နေ့ မနက်မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဟီးနိုးကားကြီး ဆယ်စင်းဖြင့် ရုပ်ရှင်ရိုက်ဖို့ ထွက်ခွာ သွားကြတော့သည်။ ထိုညမှာပင် ကျွန်တော်တို့ အားလုံး အဖမ်းခံရတော့သည်။

နာဂစ်က (၆)နှစ်ပြည့်ပြီ။ ကျွန်တော်တို့ ဖမ်းခံခဲ့ရတာလည်း (၆)နှစ်ရှိခဲ့ပြီ။ ခုထက်တိုင် ကျွန်တော်တို့ အားလုံး နာဂစ် အနာမကျက်သေး။ နာဂစ် သင်ခန်းစာ ယူလို့မ၀သေး။ တလောက မူဆယ် မှတစ်ဆင့် တရုတ်ပြည် ဖက်ကူးခဲ့တော့ ဘိုကလေးမှာ ကျွန်တော်တို့ နှင့်အတူ ၀ိုင်းကူခဲ့သော နယ်ခံ ကိုတင်စိုး နှင့် ဆုံရသည်။သူ့မှာ မျက်လုံးတစ်ဖက် မရှိတော့။ ဘိုကလေးကနေ မိသားတစ်စု တရုတ်ပြည်မှာ အလုပ်လာ လုပ်နေတာ ဖြစ်သည်။ စကျင်ကျောက်ထုရာမှ သူ့မျက်လုံး ပွင့်ထွက်သွားခြင်း ဖြစ်၏။ နာဂစ် ဒဏ်ရာကို သူက လွမ်းလွမ်းဆွတ်ဆွတ် ပြောပြနေသည်။ သူ့နောက်က နာဂစ် ဥယျဉ်ထဲမှာတော့ မြန်မာပြည်မှာ ပြိုလဲကျခဲ့သမျှ သစ်ပင်ကြီး ပေါင်းများစွာ ဝေဆာထောင်လွှားနေသည်။ ဒါသည်ပင် တရုတ်ပြည် ဖြစ်တော့၏။

- ဇာဂနာ

ရွေးကောက်ပွဲ ကာလအတွင်း အိမ်စောင့်အစိုးရအဖြစ် တည်ရှိနေတဲ့ ၀န်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်နဲ့  ၀န်ကြီးတချို့ တို့ ကိုတာဝန်ကနေရပ်စဲဖို့ ထိုင်း ဖွဲ့ စည်းပုံခုံရုံးက အမိန့် ချမှတ်လိုက်ပါတယ်။

ထိုင်းလုံခြုံရေးကောင်စီ အတွင်းရေးမှူး ထ၀င် ပလီယန်စီ ကို ပြောင်းရွေ့ ဖို့ ဝန်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် ဦးဆောင်တဲ့ 6/9/2011 ရက်နေ့  ၀န်ကြီးများအစည်း ဆုံးဖြတ်ချက်ဟာ ဥပေဒေနဲ့ မကိုက်ညီဘူး။ ဒါ့အပြင် ၀န်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ် ရဲ့ ဆွေးမျိုးတော်စပ်သူ ရဲဗိုလ်ချုပ်ကြီး ပရိုးဖန်း ဒါးမားဖုန်းကို ရဲချုပ်ရာထူးပေးဖို့ အတွက် ရဲချုပ်ဝိချီးယန်းကို လုံခြုံရေးကောက်စီ အတွင်းရေးမှူးရာထူးကိုပြောင်းရွေ့ ခဲ့တယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ အစိုးရ၀န်ထမ်းတွေရဲ့ ရာထူးနဲ့ ရပိုင်ခွင့်တွေကို အစိုးရက ၀င်ရောက်စွက်ဖက်တာဖြစ်တယ်။ ကိုယ်ကျိုးပါဝင်နေတယ်။ အခုလုပ်ဆောင်ချက်တွေဟာ ဖွဲ့ စည်းပုံနဲ့ မကိုက်ညီဘူးဆိုပြီး ဖွဲ့ စည်းပုံခုံရုံးက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်ကြောင့် လက်ရှိအိမ်စောင့် အစိုးရမှာ လက်ရှိတာဝန်ရှိနေတဲ့ ၀န်ကြီးချုပ်ယင့်လတ်ခ် ချင်န၀ပ်နဲ့ ဝန်ကြီး 10 ပါး က တာဝန်ကနေ ရပ်စဲခံလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုဝန်ကြီးချုပ်တချို့ အပါအ၀င် ၀န်ကြီး 26 ပါး ကျန်သေးတဲ့အတွက် ၀န်ကြီးများအစည်းအဝေးကျင်းပပြီး ၀န်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ပြန်လည်ခန့် အပ်တာဝန်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရတစ်ဖွဲ့ လုံးက ရွေးကောက်ပွဲက တက်လာမယ့် အစိုးရသစ် မပေါ်ပေါက်မီကာလအတွင်း အိမ်စောင့်အစိုးရအဖြစ်သာ ယာယီတာဝန်ယူထားရမှာဖြစ်ပါတယ်။

Winmit WinMyint ထံမှ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.