မဇ္ဇျိမ သတင်းစာ၊ ၁၂-၅-၁၄။ စာ- ၉။ဒေါသရှေ့ထား မှားတော်မူပါ့မယ် ဘုရား

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း စုစုပေါင်း ၉၀ ကျော် အမျိုးစောင့် ဥပဒေ နဲ့ ပါတ်သက်ပြီး အချက် (၁၁) ချက်ပါ အကြံပြုချက်နဲ့ ကြေငြာချက် ထုတ်ပြန်ပါတယ်။ (ခုဆို အဖွဲ့ ၁၁၀ ရှိပါပြီ)။ လိုရင်းကတော့ “ နိုင်ငံတော် သမ္မတ ရဲ့ မျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ကြိုးပမ်းချက်နဲ့ ကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်မှုအပေါ် အပြင်းအထန် ကန့်ကွက်သည်” ဆိုပြီး ဖြစ်ပါတယ်။ အချိန် သိပ်မကြာပါဘူး။ ပုဂ္ဂလိက သတင်းစာတွေက သတင်းဖော်ပြတဲ့ မေလ ၉ ရက်နေ့မှာပဲ မန္တလေးတိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသ ဦးဆောင် ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသ နဲ့ တွဲဘက် အတွင်းရေးမှူး အရှင်ယသ နှစ်ပါး လက်မှတ်ရေးထိုးပြီး၊ အဲဒီ အဖွဲ့တွေအားလုံးကို “အမျိုးသား သစ္စာဖေါက်” များအဖြစ် သတ်မှတ်ကြေငြာ ထုတ်ပြန်ပါတယ်။ မေလ ၁၁ ရက်နေ့ထုတ် မက်ဆင်ဂျာ သတင်းဂျာနယ် အရှင်ဣန္ဒာစက္ကာဘိဝံသ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဆရာတော်က “ သူတို့က ဘာကို တောင်းဆိုနေသလဲ ဆိုတာ မသိရသေးဘူး၊ သတင်းစာမှာ ပါလို့ ဒီလို ကန့်ကွက်တယ်ဆိုတာ သိရတာ” ဆိုပြီး ဖြေထားပါတယ်။ တကယ့် ကြေငြာချက် အကြံပြု တင်ပြချက် (၁၁) ချက်ကို မတွေ့ရသေးပဲနဲ့ အလွန်ပြင်းထန်လှတဲ့ “အမျိုးသား သစ္စာဖေါက်” ဆိုတဲ့ စကားလုံးသုံးပြီး ကြေငြာချက် ထုတ်လိုက်တာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ အကြံပြုသလဲ၊ ဆရာတော် နှစ်ပါး ကြေငြာချက် ထုတ်လိုက်တော့ ဘယ်လို အဓိပ္ပါယ် သက်ရောက်သွားစေသလဲ၊ နောက်ဆက်တွဲ ဘာဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အရပ်ဘက် အဖွဲ့အစည်း (၁၁၀) က လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါတာတွေက ဒီ မျိုးစောင့်ဥပဒေ ရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေး လှုပ်ရှားမှုဟာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူလူထုကို အာရုံလွှဲတဲ့ ကိစ္စ တစ်ခုအဖြစ် ရှုမြင်တဲ့အကြောင်း၊ ပြည်သူတွေ လိုလားနေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီ စနစ်ဆီ ကူးပြောင်းမှု အရှိန် နှောင့်နှေးစေတယ်လို့ ရှုမြင်တဲ့ အကြောင်း ဖော်ပြထားပါတယ်။ ဒီ ဥပဒေ ရေးဆွဲဖို့ ကြိုးစားတာဟာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန် အမျိုးသမီးတွေ အပေါ် လုံးဝ ပုံချလိုက်ခြင်း ဖြစ်တယ်၊ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် ချင့်ချိန်နိုင်စွမ်းရှိတဲ့ ဆင်ခြင်တုံတရားရှိမှုကို လေးစား အသိအမှတ်ပြုခြင်း မရှိဘူး၊ အမျိုးသမီးတွေရဲ့ မွေးရာပါ မူလ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရှင်သန်ခွင့် ရွေးချယ်ခွင့်တွေကို တားဆီးပိတ်ပင်ရာ ရောက်တယ် လို့ ဖော်ထားတာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကြေငြာချက်ကို ကြည့်ရင် ငြင်းလို့ရစရာ တစ်ချက်မှ မပါပါဘူး။

ပြသနာက ဆရာတော်နှစ်ပါးဟာ ဒီကြေငြာချက်ကို လုံးဝ မတွေ့လိုက်ပါပဲ Voice ဂျာနယ်ပါ သတင်းတို တစ်ပုဒ်ကို ဖတ်ပြီး “အမျိုးသား သစ္စာဖေါက်” အဖြစ် သုံးနှုန်းကြေငြာချက် ထုတ်လိုက်တာပါ။ ကြေငြာချက်ထဲမှာ “ အမျိုးသားရေး လုပ်ဆောင်ချက်ကို ဒေါ်လာစားသော ပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူကို အကျိုးမပြုသောလက်၊ နိုင်ငံအပေါ် သစ္စာမစောင့်သော အသိဥာဏ်တို့ဖြင့် ဝေဖန်နေသူ အဖွဲ့အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်သည်။” ဆိုပြီးတော့လည်း ဖော်ပြထားပါသေးတယ်။ ဗုဒ္ဓဘာသာ ရဟန်းနှစ်ပါးက ကိုယ့်နိုင်ငံသား အချင်းချင်း အလွန်အံ့သြစရာ ကောင်းလောက်အောင် ရန်လို တုန့်ပြန်လိုက်တဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ လူမှုအဖွဲ့အစည်း တွေရဲ့ အကြံပြုချက်၊ ရည်ညွှန်းချက်မှာ ဘယ်သံဃာ၊ သံဃာ့အဖွဲ့အစည်းကိုမှ ရည်ညွှန်းတာ မပါပါ။ သမ္မတ ကို တိုက်ရိုက် ရည်ညွှန်း ကန့်ကွက်တာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးအရ ကန့်ကွက်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သံဃာတစ်ချို့နဲ့ ပြည်သူတစ်ချို့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်စ ပြုလာနေပြီလို့ မှတ်ချက်ချနိုင်ပါတယ်။ တကယ်လို့ ဆရာတော် နှစ်ပါးရဲ့ ဒီကြေငြာချက် ထုတ်ပြန်မှုကို သံဃာအများအပြားက ထောက်ခံတယ် ဆိုရင်တော့ စိတ်ဝမ်းကွဲပြားမှု ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ်။ ဒါတောင် ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေကြမ်း ထွက်လာလို့ လက်မခံနိုင်စရာ သဘောမတူစရာ တွေ အများကြီးပါလာရင် ဒီထက်အများကြီး ပိုတဲ့ စိတ်ဝမ်းကွဲပြားမှုကြီး ပေါ်ပေါက်လာဦးမှာ ဖြစ်ပါတယ်။
တကယ်ဆိုရင် ဒီ မျိုးစောင့်ဥပဒေ ရေးဆွဲဖို့ ဖြစ်လာတဲ့အခြေအနေကို အသေအခြာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသ ကတော့ သူ့အင်တာဗျူးမှာ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးတွေ စီးပွားရေး အဆင်မပြေဘူး၊ ဆင်းရဲကြတယ်၊ ဒီအခါ ဘာသာခြားတွေဆီမှာ အလုပ်သွားလုပ်ရတယ်၊ အဲဒီအခါ အနိုင်ကျင့်ခံရ၊ အကြမ်းဖက်ခံရတယ် ဒါမျိုးကို ကာကွယ်ဖို့ မျိုးစောင့်ဥပဒေ ပြဌာန်းဖို့ ဖြစ်လာတာလို့ မိန့်ပါတယ်။ မူလ ဇစ်မြစ်ဟာ အမျိုးသမီးတွေ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက် ခံရမှု လို့ ဆိုထားပါတယ်။ လက်ရှိ အစိုးရ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်းတွေ လုပ်နေကြတာတွေကလည်း ဆင်းရဲမွဲတေမှု လျော့ချရေး၊ ကြွယ်ဝ ချမ်းသာရေး ဖြစ်သလို အကြမ်းဖက်မှုတွေ ပပျောက်ဖို့ကိုလည်း ရည်မှန်းချက် ထားနေကြတာပါ။

မျိုးစောင့်ဥပဒေ ပြဌာန်းလိုက်ရုံနဲ့ ပြသနာရဲ့ မူလ ဇစ်မြစ်ဖြစ်တဲ့ ဆင်းရဲမွဲတေမှု လျော့ကျသွားမှာ မဟုတ်သလို၊ အကြမ်းဖက်မှုတွေလည်း ပပျောက်သွားမှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါတွေက ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးငြင်းခုံရမယ့် ကိစ္စပါ။
ဒီနေရာမှာ အရပ်ဘက် အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံလိုတာက ဒီ ဥပဒေ (၄) ခု ပြဌာန်းဖို့ ဘယ်လို အကြောင်းကြောင့် ပေါ်ပေါက်လာသည် ဖြစ်စေ၊ ဥပဒေကြမ်း ထွက်မလာသေးပါဘူး။ ဥပဒေ အဖြစ် အတည်ပြုပြဌာန်းနိုင်ဖို့ ဘယ်လောက်ကြာမလဲ မမှန်းနိုင်သေးပါဘူး။ တကယ်လို့ အတည်ပြုပြဌာန်းလိုက်မယ့် ဒီ ဥပဒေကြောင့် ခုလို ပြည်သူတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ်၊ တိုင်းပြည် ဆိုးကျိုးတွေဖြစ်စေမယ် ဆိုရင် အဲဒီ ဥပဒေ ရေးဆွဲဖို့ ညွှန်ကြားသူတွေ၊ ရေးဆွဲသူတွေ၊ အတည်ပြုပေးသူတွေဟာ သမိုင်းတရားခံတွေ ဖြစ်သွားကြပါလိမ့်မယ်။ နောက်လူတွေက အမှန်ပြန်ပြင်ကြပါလိမ့်မယ်။ ဒီ အတွက် အချိန်ကို စောင့်ဆိုင်းပါ စိတ်ရှည်ကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ သံဃာနဲ့ ပြည်သူ၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် လုပ်နေသူတွေရဲ့ ထောင်ချောက်ထဲ အရောက်မခံကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

ခုလို သမ္မတ ရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ရုံနဲ့ ဆရာတော် နှစ်ပါးက ကိုယ့် ဒကာ၊ ဒကာမ ပြည်သူတွေကို “အမျိုးသား သစ္စာဖေါက်” လို့ လွယ်လွယ်ကူကူ သတ်မှတ် လိုက်တာဟာ ရန်သူလို့ သတ်မှတ်လိုက်တဲ့ သဘောပါပဲ။ ဒီအတွက် ဆရာတော် နှစ်ပါး ပြန်လည် စဉ်းစားပေးတော် မူကြစေလိုပါတယ်။ “ဒေါသရှေ့ထား မှားတော်မူကြပါမယ် ဘုရား”လို့ ရိုသေလေးမြတ်စွာ ဦးတင် လျောက်ထားအပ်ပါတယ် ဘုရား။ ။
စည်သူအောင်မြင့်။