05/21/14

မေလ ၁၉ ရက် ၂ဝ၁၄ ခုနှစ်၊ နေ့လည် ၁၁းဝဝ နာရီတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊
ကိုပဏ္ဍိတ်ထွန်း၊ကိုအောင်လတ်၊ကိုထွန်းသူရစိုး၊ကိုစည်သူအောင်၊မမီးမီး၊ မတဉ္ဇာဦး၊ မမာယာ၊ မနန်းစော၊ မသဉ္ဇာခိုင်တို့သည် မိုးညှင်းမြို့
သို့ရောက်ရှိခဲ့ကြပြီး မိုးညှင်းမြို့ရှိ ဆရာတော် သံဃာတော်များအားသွားရောက်ဖူးမြော်၍ ဆွမ်း၊ သင်္ကန်းများကပ်လှူခဲ့ကြသည်။

ည (၇းဝဝ) နာရီတွင် မိုးညှင်းမြို့၌ကျင်းပပြုလုပ်သော အခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်းရေး လူထုဟောပြောပွဲတွင် ၈၈ မျိုးဆက်
(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီးမမီးမီးတို့မှ လူထုဟော ပြောပွဲအခမ်းအနားသို့ တက်ရောက်လာသော
လူထုပရိတ်သတ် ၂ဝဝဝကျော်အား အခြေခံဥပဒေ ပုဒ်မ (၄၃၆) နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့ပြီး ပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက်
ဆွေးနွေးဟောပြာခဲ့သည်။

ထိုနောက် မေလ ၂၀ ရက်နေ့တွင် ၈၈မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ဝင်များသည်မိုးညှင်းမှ ရန်ကုန်သို့ ပြည်လည် ထွက်ခွာလာခဲ့ပြီး လမ်းခရီး၌ အင်းတော်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့်ဇီးကုန်းကျေးရွာရှိ တောင်သူလယ်သမား၊ ပြည်သူများအား နှုတ်ဆက်တွေ့ဆုံကာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ရေးလက်မှတ်ရေးထိုး လူထုလှုပ်ရှားမှု နှင့်ပတ်သက်ပြီး
ဆွေးနွေးဟောပြောခဲ့သည်။
The 88 Generation Peace and Open Society

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးခြင်းအား ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများလည်း မိမိဆန္ဒအရ ပါဝင်ဆောင်ရွက်နိုင်ပြါ့ပီခင်ဗျာ။
ပြည်ပတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့်
၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
၂။ မြန်မာနိုင်ငံသားဖြစ်ရမည်။
၃။ မြန်မာနိုင်ငံသားလက်မှတ်အမှတ်(သို့မဟုတ်)မြန်မာနိုင်ငံကူးလက်မှတ်အမှတ်စဉ် ထည့်သွင်းဖေါ်ပြနိုင်ရမည်။
၎။ မိမိဆန္ဒအရသာ ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းဖြစ်ရမည်။
၅။ လူတစ်ဦးလျှင် တစ်ကြိမ်သာ လက်မှတ်ရေးထိုးဆန္ဒပြုရပါမည်။
အထက်ပါအချက်များနှင့်အညီ အောက်တွင်တင်ပေးထားသော ဆန္ဒပြုလက်မှတ်ထိုးဇယားပုံစံအတိုင်းသာ လက်မှတ်ရေးထိုးကြပြီးနောက် စကင်ဖတ်၍ အဖွဲ့ချုပ် ရုံးချုပ် အီးမေးလ်လိပ်စာ info.nldburma@gmail.com သို့ ပြန်လည်ပေးပို့နိုင်ပါသည်။
National League for Democracy

Aung Soe min.

ဒီမိုကရေစီနိုင်ငံက တပ်မတော်ပါ။ စစ်တပ်က သူ့အလုပ်သူပဲ့လုပ်ပါတယ်။ ဘယ်တော့မှ သူမတပ်ကျွမ်းတဲ့တိုင်းပြည်အုပ်ချု ပ်မှုကို မလုပ်ပါဘူး။အဲဒါကြောင့်လည်းတိုင်းပြည်က တိုးတက်တာပါ။ ထိုင်းက ကမ္ဘာကသိတဲ့ အဆင့်တန်းဝင်နိုင်ငံ တနိုင်ငံဖြစ်နေပါပြီ။ ထိုင်းတပ်မတော်က စစ်ဗိုလ်စစ်သားတွေတိုင်းဟာ နိုင်ငံတော်ကိုပြည်သူတွေ၊စီးပွားရေးလုပ်ငန်းတွေကပေးဆောင်တဲ့ အခွန်ငွေအထဲက မိသားစုစားဝတ်နေရေးပြည့်စုံအောင် လခတွေရကြပါတယ်။ အဲဒီအတွက် တိုင်းပြည်ကို ဘယ်လို ကာကွယ်စောင့်ရှောက်ပြီး သစ္စာရှိရမယ်ဆိုတာလည်းသိခဲ့ပါတယ်။ အစဉ်လာ သမိုင်းလည်းကောင်းခဲ့ပါတယ်။ သိက္ခာလည်းရှိပြီး ပြည်သူတွေရဲ့ချစ်ခင်လေးစားချင်းကို ရရှိပါတယ်။

မြန်မာ့တပ်မတော်က လည်း ကျနော်တို့အဘိုးတွေလက်ထက်... စပြီးထူထောင်ကစ ၁၉၄၂ကနေ ၁၉၆၂ခုနှစ်လောက်အထိ အနှစ်၂၀လောက် ပြည်သူတွေချစ်ခင်လေးစားမှုကို အထူးခံခဲ့ရတယ်လို့ အဘိုးဆီကသိခဲ့ရပါတယ်။ အဲဒီတုန်းက ပုံတွေနဲ့ သတင်းဂျာနယ်အဟောင်းတွေကို ဖတ်ကြည့်ရင်လည်းသိနိုင်ပါတယ်။ ၁၉၆၃ ခုနှစ်ဦနေဝင်းကနေ အခုဦးသန်းရွှေ (နောက်ကွယ်က စီမံနေသူ) အထိ မြန်မာတပ်မတော်ဟာ ပြည့်သူချဉ်ဖတ်၊ကမ္ဘာ့ချဉ်ဖတ်ဖြစ်ခဲ့ပါတယ်။ မြန်မာတွေလည်း ကမ္ဘာအနှံ့ကို မျက်နာသငယ်လေးတွေနဲ့ အကြောင်းမျိုးမျိုးကြောင့် ထွက်သွားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်က အပြောင်းအလဲလေးကြောင့် ကမ္ဘာမှာ မြန်မာနည်းနည်းလေးပွင့်လာတာပဲ့ရှိသေးတယ်...အခုဆက်ပြီး အပြောင်းအလဲမလုပ်ချင်တော့သလိုလို လုပ်နေပြန်တယ်။ ပြည်သူတွေအချင်းချင်း ဘာသာရေး၊ လူမျိုးရေးပြသနာတွေနဲ့လုံးထွေးနေစေချင်တယ်။ သူများနိုင်ငံတွေလို တတိုင်းပြည်လုံးကောင်းအောင်လုပ်နိုင်မယ့် ဥပဒေတွေ၊ စီမံခန့်ခွဲမှုတွေ၊ တရားမျှတမှုတွေ အတွက် ပြု ပြင်ပြောင်းလဲမှုတွေကို မလုပ်ချင်တော့သလိုလိုလုပ်နေပြန်တယ်။ စစ်တပ်က ထာဝရ အုပ်ချုပ်သွားမယ်ဆိုတဲ့ အခြေခံဥပဒေအတိုင်းသွားချင်နေပုံရပါတယ်။

ဒါပေမဲ့ အခုမြန်မာတွေရဲ့နိုင်ငံအတွက်နိုးကြားမှုတွေ၊ လက်နက်ကိုင်တွေအပါအဝင်တိုင်းရင်းသားတွေအားလုံး နဲ့ တစ်ခုတည်းသောစစ်မှန်တဲ့ ဒီမိုကရေစီကို သတိရှိရှိနဲ့အာရုံစိုက်ပြီးလုပ်ဆောင်မယ်ဆို နှစ်ပေါင်း၅၀ကျော် ဆုံးရှုံးနေတဲ့ မြန်မာ့ဒီမိုကရေစီနိုင်ငံ ကို ပြန်ရမှာပါ။ မြန်မာ့တပ်မတော်ထဲက နှလုံးသားလှတဲ့ သမိုင်းက ရေးထိုးသွားချင်တဲ့ သူရဲကောင်းတွေ ထွက်ပေါ်လာမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ချစ်ခင်မှုကိလည်းပြန်ရမှာပါ။တပ်မတော်ရဲ့ သိက္ခာကိုလည်းပြန်ရမှာပါ။

တိုင်းရင်းသားတွေ အားလုံးလည်းပါဝင်တဲ့ တနိုင်င်ငံလုံးမှာ တစ်ခုတည်းသော ရှိသင့်သော မြန်မာတပ်မတော်ကြီးလည်းဖြစ်လာမှာပါ။ ပြည်သူတွေလည်း ဒီမိုကရေစီနိုင်ငံရဲ့ထုံးစံအတိုင်း အလှည်းအကျ စစ်မှုထမ်းကြရင်း ဘယ်လောက်ပျော်စရာကောင်းလိုက်တဲ့ တိုင်းပြည်လဲ။ အားလုံးညီညွတ်ရင်ဖန်တီးနိုင်ပါတယ်။ သူတို့လည်း အဲဒီလိုပဲ့ဖန်းတီးထားတာပါ။

ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ကို မဲပေးရမယ် ၊
ဒေါ်အောင်ဆန်းစုကြည် ကို မဲပေးမိရင် ကုလားနိုင်ငံဖြစ်သွားမယ် ၊
ကုလားပါတီဖြစ်သွားမယ် ၊
ကုလားလွှတ်တော်ဖြစ်သွားမယ် ၊

ဒီလို ဗုဒ္ဓဘာသာသည်းခြေကြိုက် စကားလုံးတွေ ၊ ဖက်ခွက်စား စကားလုံးတွေကို မသုံးစမ်းပါနဲ့ ကွာ ၊

ဒါနိုင်ငံရေးကို ဘုန်းကြီးတွေဖြစ်ပြီးတော့ ဘုရားသားတော်တွေဖြစ်ပြီးတော့ နိုင်ငံရေးကို ကြောင်တောင်နိုက်စကားလုံးတွေ မသုံးစမ်းပါနဲ့ ၊

အဲ့ဒါမျိုးကျ ငါကြည့်မရဘူး ၊ နားထဲလည်း မ၀င်ဘူးကွ ။

ဒါမျိုးမလုပ်ပါနဲ့ 

ငါတို့ ထိန်းကျောင်းရမှာ ဘုရားနည်းအတိုင်း ထိန်းကျောင်းရမှာ ။

နောင်တက်လာမယ့်အစိုးရ ၂၀၁၅ ဘယ်သူနိုင်နိုင် ၊ ဘယ်သူတက်တက် တက်တဲ့အစိုးရ ဟုတ်ရင်ဟုတ် မဟုတ်ရင် ထောက်ပြမယ် ၊ ဒါ ငါတို့ လုပ်သင့်တယ် ၊

မြတ်စွာဘုရားလည်း လုပ်ခဲ့တယ်နော် ။

ဇေတ၀န်ကျောင်းအနီး တိတ္ထိတက္ကတွန်းတွေကို ကောသလမင်းကြီးက လာဒ်တစ်သိန်းစားပြီးတော့ ဇေတ၀န်ကျောင်းနဲ့ အနီးဆုံးမှာ မြေကွက်တွေ ပေးပစ်တာ ၊

အဲ့ဒီလိုပေးပြီး ဆူညံပွက်လောရိုက်တဲ့အခါကျတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလန်တို့ ရှင်အာနန္ဒာတို့ ကို ကောသလမင်းကြီးဆီ စေလွှတ်တယ် ၊ လွှတ်တဲ့အခါ ဟိုကတွေ့ ခွင့်မပေးဘူး ၊

သူမဟုတ်တာ လုပ်ထားပြီလေ ၊ မဟုတ်တာ လုပ်ထားတာကို မြတ်စွာဘုရားက လက်ဝဲတော်ရံ လက်ယာတော်ရံကြီးတွေ လွှတ်ပြီးပြောခိုင်းတယ် ၊ မင်း မဟုတ်တာ မလုပ်ပါနဲ့ ၊ မင်း ဘာသာရေးကို ရောထွေးယှက်တင် မလုပ်ပါနဲ့ ။ ပြောလည်းပြောပြီး ရော မရတော့ မြတ်စွာဘုရားကိုယ်တော်တိုင် ကြွသွားတာ ၊

ကိုယ်တိုင်ကြွပြီး ဟောတော့မှ ကောသလမင်းကြီး အဲ့ဒီတိတ္ထိတက်ကတွန်းတွေကို မြတ်စွာဘုရားရဲ့ ဇေတ၀န်ကျောင်းတော်နဲ့ ဝေးရာကို မောင်းထုတ်လိုက်တာ ။

ဒါ ဘာလည်းဆိုတော့ နိုင်ငံရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးမချပါနဲ့ ၊ အဲ့ဒါဆို ဘုရားကိုယ်တိုင် မနေဘူး ။

ဒါ အပွင့်လင်းဆုံးပြောတာ ၊

ငါနဲ့ ဘယ်ဘုန်းကြီးဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ် ၊

ငါဥာဏ်ရည်မမှီလို့ ဆွေးနွေးနိုင်တဲ့ ဥာဏ်ရည်မရှိဘူးဆို ထိုင်ဦးချပြီး အရှုံးပေးသွားမယ် ၊

မဟုတ်က ဟုတ်ကတော့ လာမလုပ်စမ်းနဲ့ ။

(messenger ဂျာနယ်ပါ ရွှေည၀ါဆရာတော်နှင့် တွေ့ ဆုံလျှောက်ထားခြင်း မှ ကောက်နုတ်ဖေါ်ပြပါသည်)

မပြောမဖြစ်လို့ပြောလိုက်ပါဦးမည်။ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ပူးပေါင်းဆောင်ရွက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒသဘောထား လက်မှတ်ရယူခြင်းအစီအစဉ်ကို သေချာမသိပဲ လူထုကို လမ်းပေါ်ဆွဲထုတ်ဖို့ လုပ်နေကြတယ် အော်နေကြသူတွေအတွက် အောက်မှာညွန်ကြားစာမူရင်းကိုဖေါ်ပြပေးလိုက်ပါတယ်။
(ကောက်စာ)
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကိုပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ လက်မှတ်များကို စုဆောင်းရယူရာတွင် တစ်အိမ်တက်ဆင်း၊ လက်မှတ်ရယူခြင်းလုပ်ဆောင်မည်မဟုတ်ဘဲ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်လိုလားသူပြည်သူများသာ ပါဝင်လက်မှတ်ရေးထိုးနိုင်စေရန်ရည်ရွယ်၍ လက်မှတ်ထိုးစာအုပ်များကို သတ်မှတ်နေရာများတွင်ထားရှိလက်မှတ်ရေးထိုးစေမည်ဖြစ်ပါသည်။
ကိုကြည်တိုး(NLDပြန်ကြားရေး)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး ဆန္ဒပြုနိုင်သည့် ပုံစံတူစာအုပ်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးချုပ်မှ NLD မြို့နယ်ရုံးများသို့ စတင်ဖြန့်ဝေ နေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မေ ၁၉ ရက်က ပြောကြားသည်။

ခက်ခဲတင်းကျပ်သည့် ဥပဒေပြန်ဋ္ဌာန်းချက်များ ပါဝင်သောဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂မှ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို မေ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ပြုလုပ်ခဲ့ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို မေ ၂၇ ရက်မှ ဇူလိုင် ၁၉ ရက် အထိ တစ်နိုင်ငံလုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “လက်မှတ်ရေးထိုး လှုပ်ရှားမှုက ဆန္ဒပြုနိုင်တဲ့ ပြည်သူတွေ ဆန္ဒပြုခွင့်ရှိတဲ့ ပြည်သူတွေအားလုံး ပြုနိုင်အောင် ကျွန်တော်တို့ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တွေအရောက် လက်မှတ်ထိုးဖို့ စာအုပ်တွေကြိုးစားပြီး ပို့နေပါတယ်။ ဖြန့်ဝေနေပါပြီ။ နယ်တွေကို ပို့နေပါပြီ။ ကျွန်တော်တို့က မြို့နယ်အဆင့်အထိ အကုန်ပို့မယ်။ မြို့နယ်ကနေ ရပ်ကျေးကျတော့ မြို့နယ်နဲ့ တိုင်းတွေက ဆက်လုပ်ကြမယ်။ တစ်မြို့နယ်ကို နှစ်အုပ်နှုန်းနဲ့ တော်တော်များများ ပို့ပြီးနေပြီ။ တချို့လည်း လမ်းမှာပေါ့လေ ။ တစ်အုပ်မှာ စာမျက်နှာ ၄၀။ တစ်မျက်နှာမှာ ၁၅ ယောက်။ တစ်မြို့နယ် နှစ်အုပ်ဆိုတော့ မြို့နယ်တစ်ခုမှာ ကျေးရွာဘယ်နှစ်ခု ဆိုတာက လိုအပ်သလို ဆက်လုပ်မှာပေါ့။ ဒီစာအုပ်တွေ ပြန်ကူးလို့ရတယ်” ဟု ၎င်းကပြောကြားသည်။

“ဖြန့်ဝေပုံ ဖြန့်ဝေနည်းကလည်း တစ်အိမ်တက်ဆင်း လက်မှတ်ကို တောင်းတဲ့နည်းနဲ့ မလုပ်ပါဘူး။ စုရပ်တွေ၊ ဆုံရပ်တွေထားမယ်။ မြို့နယ်ရုံးတွေ ဒါမှမဟုတ် ရပ်ကျေးက စည်းရုံးရေးမှူးတွေရဲ့ အိမ်တွေမှာထားပြီး ထိုးခိုင်းမှာပါ။ အတင်းအဓမ္မ ထိုးခိုင်းတယ်ဆိုတဲ့ အပြင်ရဲ့တုံ့ပြန်မှုတွေ မလိုလားတဲ့ အတွက်ကြောင့် စုရပ်တွေ ဆုံရပ်တွေထားပြီး လုပ်ပါမယ်” ဟု ရန်ကုန်တိုင်း လူထုဟောပြောပွဲ ကျင်းပရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုးညွန့်က ပြောကြားသည်။

ပုဒ်မ ၄၃၆ကို ဘာကြောင့် ပြင်ရန်လိုအပ်သည် ဆိုသည်ကို ပြည်သူများ အလွယ်တကူ သိရှိနိုင်ရေးအတွက် မည့်သည့်အတွက်ကြောင့် ပုဒ်မ ၄၃၆ ကို ပြင်ရန်လိုအပ်သည် ဆိုသည့် စာသားများ ဖော်ပြထားသော လက်ကမ်းစာဆောင်များကို သိန်းနှင့်ချီကာ ဖြန့်ဝေထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ၌ အသုံးပြုနေသည့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေ ၂၄ ရက်တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနိုင်သည့် ပြည်သူ ၉၂ ရာခိုင်နှုန်း၏ ထောက်ခံမှုရရှိ ခဲ့သည်ဟု ဆိုသော်လည်း လက်ရှိအချိန်တွင် ယင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများကို ပြည်သူများက ဆက်တိုက်ပြုလုပ်လျက် ရှိသကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲများသို့လည်း တက်ရောက်သည့် ပြည်သူ များပြားလျက်ရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုးညွန့်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး “ဒီလုပ်ငန်းကအောင်မြင်မယ် ထင်တာပဲလေ။ ကျွန်တော်တို့ကတော့ ထင်ရှားအောင် ပြမှာပဲလေ။ ယုံလည်းယုံကြည်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်ကလည်း မရရအောင်လုပ်မယ်။ ပြည်သူ့ကိုပဲ အားကိုးတယ်ဆိုတော့ ဆက်ပြီးတော့ စဉ်းစားကြည့်ပေါ့။ ပြည်သူနဲ့ ကင်းကွာသွားတဲ့ အဖွဲ့အစည်းက တစ်နေ့ကျန်သွားမှာပဲလေ။ ပြည်သူ့ဆန္ဒအမှန်ကို ထုတ်ဖော်ပြီး ရအောင်ယူမှာပဲ။ မပေးချင်လို့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်းက သူတို့ညစ်ခဲ့တာပဲ။ အဲဒီတုန်းကလည်း ဒီလူတွေပဲ။ လူပြောင်းသွားတာ မဟုတ်ဘူး” ဟု ပြောကြားသည်။
Written by: အောင်ဇော်ထွန်း
- See more at: http://news-eleven.com/

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.