05/24/14

မေ ၂၂ ရက်တွင် ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၏ မဟာမိတ်များနှင့် အဓိကကုန်သွယ်ဖက် နိုင်ငံများသည် စိုးရိမ်ပူပန်မှုကို ပြသလျက် အရပ်ဘက်အုပ်ချုပ်ရေးသို့ အမြန်ဆုံးပြန်သွားရန် တောင်းဆိုခဲ့ကြသည်။ အချို့နိုင်ငံများက ကမ္ဘာ့လှည့်ခရီးသည်များ ကြိုက်နှစ်သက်သည့် ထိုင်းနိုင်ငံသို့ ခရီးသွားလာမှုအပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော ဂျပန်မော်တော်ကားကုမ္ပဏီ ကြီးများက စစ်အစိုးရ ထုတ်ပြန်လိုက်သော ကာဖျူးအမိန့်အရ ၎င်းတို့စက်ရုံများ၌ ညဘက်လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရသည်။

ထိုင်းအာဏာသိမ်းမှုကို အမေရိကန်က မေ ၂၂ ရက်၌ တရားမမျှတမှုမရှိဟု ဝေဖန်ခဲ့ပြီး ထိုင်းနိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ပမာဏအများဆုံး ဂျပန်နိုင်ငံက နောင်တရမည့်လုပ်ရပ်ဟု ဖော်ပြခဲ့သည်။ “ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံရေးစနစ် တစ်ရပ်ဆီ အမြန်ဆုံးပြန်သွားဖို့ ကျွန်တော်တို့နိုင်ငံက ပြင်းပြင်းထန်ထန် လိုလားပါတယ်” ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒေးဆူဂါက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တစ်နှစ်လျှင်မော်တော်ကား ၆၇၀,၀၀၀ ထုတ်လုပ်သော ကမ္ဘာ့နံပါတ်တစ် ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော တိုယိုတာက ကာဖျူးအမိန့်သည် ၎င်းတို့၏ တပ်ဆင်ရေးစက်ရုံ သုံးခုစလုံး၌ ထုတ်လုပ်ရေးကို အတားအဆီးဖြစ်စေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟောင်လေက “တရုတ်နဲ့ထိုင်းတို့ဟာ အိမ်နီးချင်း မိတ်ဆွေတွေပါ။ ထိုင်းမှာ အမြန်ဆုံး ပုံမှန်အနေအထားကို ပြန်လည်ထိန်းသိမ်း နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က “ဒါဟာပေါက်ကွဲနိုင်တဲ့ အနေအထားတစ်ရပ်ပါ။ ကျွန်မတို့က အနီးကပ်စောင့်ကြည့်နေပါတယ်။ သြစတြေးလျ ပြည်သူတွေအနေနဲ့ ကိုယ်ပိုင်လုံခြုံရေးနဲ့ ခရီးသွားအစီအစဉ်တွေကို အနီးကပ်ဂရုစိုက်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မလေးရှားနှင့် ဟောင်ကောင်တို့က မလိုအပ်ဘဲ ထိုင်းနိုင်ငံသို့ ခရီးမသွားရန် သတိပေးထားပြီးဖြစ်သည်။ မလေးရှားသည် ထိုင်းနိုင်ငံသို့ ဒုတိယမြောက် အများဆုံးကမ္ဘာ့လှည့် ခရီးသည်များ သွားရောက်သည့် နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်နှစ်က မလေးရှားနိုင်ငံသား ၂ ဒသမ ၉၉ သန်း ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံက ၄ ဒသမ ၇ သန်းနှင့် အများဆုံးဖြစ်သည်။

စင်ကာပူနိုင်ငံက ထိုင်းနိုင်ငံ၏ အနေအထားသည် ကြိုတင်တွက်ဆ၍ မရသော ပေါက်ကွဲနိုင်သည့် အနေအထားဖြစ်ကြောင်း သတိပေးခဲ့သည်။ “စင်ကာပူနိုင်ငံသားတွေ အနေနဲ့ ဒီအချိန်မှာ ထိုင်းနိုင်ငံကိုသွားဖို့ အလွန်ကို အလေးအနက်ထားပြီး ပြန်လည်စဉ်းစားသင့်ပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားကလည်း အလွန်စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး မလိုအပ်ဘဲ ခရီးမသွားရန် နိုင်ငံသားများကို သတိပေးထားသည်။ အာဆီယံအဖွဲ့ကို ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုနှင့် ပတ်သက်၍ ၀င်ရောက်စွက်ဖက်စေရန် ကြိုးပမ်းသွားမည်ဟုလည်း အင်ဒိုနီးရှားက ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် မလိုလားသော်လည်း အာဆီယံအဖွဲ့၏ ပဋိညာဉ်တွင် ဒီမိုကရေစီဆိုင်ရာ စည်းမျဉ်းများနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အစိုးရတစ်ရပ်နှင့် ပတ်သက်၍ အထူးပြုဖော်ပြထားသောကြောင့် ထိုင်းအာဏာသိမ်းမှုသည် ဒေသတွင်းနှင့် သက်ဆိုင်နေသည်ဟု အင်ဒိုနီးရှားက ပြောကြားခဲ့သည်။

သို့သော် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံကမူ ထိုင်းအာဏာသိမ်းမှုနှင့် ပတ်သက်၍ တိကျသော ဝေဖန်သုံးသပ်မှု မပြုနိုင်သေးကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် အနေဖြင့် မည်သို့ဆောင်ရွက်သွားမည် ဆိုသောမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “အာဆီယံအနေနဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို နီးနီးကပ်ကပ် လေ့လာနေပါတယ်။ သဘောထား ထုတ်ပြန်ချက် ထပ်မံထုတ်ပြန်ခြင်း ပြုမပြုဆိုတာကတော့ အဖွဲ့ဝင်အားလုံးနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ သူက ထိုင်းအာဏာသိမ်းမှုအပေါ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံ၏ သဘောထားမှာ မေ ၁၁ ရက်က ပြုလုပ်သော ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ထိုင်းနိုင်ငံအခြေအနေအပေါ် ကြေညာချက်အတိုင်းသာ ရှိနေသေးကြောင်း မေ ၂၃ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။

ယင်းအာဆီယံထိပ်သီး အစည်းအဝေးတွင်လည်း တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများဘက်မှ ရပ်တည်ခြင်းမရှိဘဲ ကြားနေလျက် ဆုံးဖြတ်ချက်များေ၀၀ါးကာ ပြတ်သားမှု မရှိခဲ့သောကြောင့် ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည်။

Ref: AFP

(ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ဘန်ကောက်မြို့ရှိ အက်ဆာလမ်းပေါ်မှ ရှပ်နီတို့စုဝေးရာနေရာတွင် စစ်သားများ၏ အမိန့်အတိုင်းလိုက်နာနေရသော ထိုင်းနိုင်ငံသားတစ်ဦး (Photo: The Nation))

(စစ်ဘက်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် မေ ၂၂ ရက်တွင် အစိုးရထောက်ခံသည့် ဆန္ဒပြသူများက ဘန်ကောက်ဆင်ခြေဖုံးရှိ ၎င်းတို့၏ စခန်းများမှ ပြန်လည်ထွက်ခွာစဉ်)
EMG

ပြီးခဲ့တဲ့ စနေနေ့ မနက်က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ (၈၈) ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်တဲ့ လူထုဟောပြောပွဲဟာ ကွင်းပြည့်ကွင်းလျှံ အင်အား ပြခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။

ဒီနိုင်ငံရေး အခင်းအကျင်းဟာ အရပ်သား အစိုးရရဲ့ သုံးနှစ်တာ ကာလအတွင်း NLD နဲ့ ၈၈ ရဲ့ တရားဝင် ပူးပေါင်း ဆောင်ရွက်တဲ့ နိုင်ငံရေးမြင်ကွင်း တစ်ခုဖြစ်ခဲ့ပါတယ်။ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင် တစ်ခွန်း ပြောလိုက်တိုင်း လူတွေက လက်ခုပ်တီး ထောက်ခံခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ခွန်း ပြောလိုက်တိုင်း လူထုက ၀မ်းသာအားရ ချီးကျူး ထောပနာ ပြုခဲ့ကြတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး လက်ရှိ အာဏာရ အစိုးရ၊ ဥပဒေပြုရေး အာဏာရှိတဲ့ လွှတ်တော်၊ အမျိုးသား နိုင်ငံရေးမှာ ရှေ့ဆုံးက လုပ်မယ်လို့ ကြွေးကြော်ထားတဲ့ တပ်မတော်တို့ဟာ ဘာတွေစဉ်းစား နေမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

၂၀၁၄ခု နှစ်ဆန်းပိုင်းက လွှတ်တော်နာယကကြီး သူရရွှေမန်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်သင့်တယ်လို့ အသံပေးခဲ့ပါတယ်။ နိုင်ငံတော် သမ္မတကတော့ ဖွဲ့စည်းပုံပြင်မယ်ဆိုရင် ဥပဒေ ဘောင်ထဲက ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ တပ်မတော်နေ့က မိန့်ခွန်းမြွက်ကြားခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်နဲ့ အတည်ပြုထားတာလို့ ပြောပြန်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘောင်ထဲက ပြင်မယ်ဆိုလို့ရှိရင် လွှတ်တော်က ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ရရှိမှသာ ပြင်လို့ရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မယ်ဆိုလို့ရှိရင် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးဦးရဲ့ ထောက်ခံမှု လိုတယ်ဆိုတာပါပဲ။ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုကြပေမဲ့ တပ်မတော်က စိုးမိုးထားတာကိုတော့ ပြည်သူလူထုက မနှစ်မြို့ပါဘူး။ အထူးသဖြင့် တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီမှာ အဖွဲ့ဝင် ၁၁ဦး အနက် ကာကွယ်ရေး ဦးစီးချုပ်နဲ့ သူ့လူ စုစုပေါင်း ခြောက်ဦး ရှိပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ အတွင်းမှာ အရေးအကြီးဆုံး ၀န်ကြီး ဌာနတွေ ဖြစ်တဲ့ ပြည်ထဲရေး ၀န်ကြီးဌာန၊နိုင်ငံခြားရေး ၀န်ကြီး ဌာန၊ နယ်စပ်လုံခြုံရေး ၀န်ကြီးဌာနနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး အမည်စာရင်းကို သမ္မတကို ကျော်လွန်ပြီး ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးသွားဖို့ ကျော်လွှားရမယ့် အတားအဆီးများ ဖြစ်လာပါတယ်။

ကမ္ဘာ့ဒီမိုကရေစီ Iconဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၁ခုက အကျယ်ချုပ် လွတ်လာပြီးတဲ့နောက်မှာ ထူးခြားတဲ့ နိုင်ငံရေး ခြေလှမ်းနှစ်ရပ်ကို ဆောင်ရွက်ခဲ့ပါတယ်။ ပထမ ခြေလှမ်းကတော့ NLDကို တရားဝင်ပါတီ အဖြစ် မှတ်ပုံတင်ခဲ့တာဖြစ်ပြီး ဒုတိယ ခြေလှမ်းကတော့ လွှတ်တော် နိုင်ငံရေး စည်းဝိုင်းထဲကို ၀င်ရောက်သွားခြင်းပဲ ဖြစ်ပါတယ်။ တိုင်းပြည် ကောင်းစားဖို့ဆိုရင် မိမိကို လိုသလို အသုံးချနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာသိ ပြောပြီးတဲ့နောက်မှာ သမ္မတ အိမ်တော်က သူ့ကို ဖိတ်ကြားပြီး တွေ့ဆုံခဲ့ပါ တယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့ အာဏာရှင်စနစ်ရဲ့ နှင်းခဲပျော်ချိန် ဖြစ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မျှော်လင့်ချက်တွေ ထွန်းကား လာခဲ့ပါတယ်။ အရင်က ဒေါ်အောင်ဆန်းစုကြည် နဲ့ NLDဟာ တပ်မတော် အစိုးရနဲ့ ထိပ်တိုက်လိုလို ရင်ဆိုင်ခဲ့ရတာ ၂၅နှစ်နီးပါး ရှိခဲ့ပါတယ်။ ဒီနှစ်ကာလတွေ အတွင်း လူထုထောက်ခံတဲ့ နိုင်ငံရေး ပလက်ဖောင်းကို အကြိမ်ကြိမ် ဖျက်ဆီးခံခဲ့ရတဲ့အတွက် NLDပါတီ ချည့်နဲ့ခဲ့ရသလို ချေမှုန်းခဲ့တဲ့ န၀တ အစိုးရကလည်း ကမ္ဘာပေါ်မှာ ကမ္ဘာကျော် လူမိုက်ကြီးတွေ ဖြစ်ခဲ့ပါတယ်။ ဒီနိုင်ငံရေး ပုံစံခွက်ထဲမှာ လူထုနဲ့တိုင်းပြည်သာ နစ်နာခဲ့ရပြီး နှစ်ဖက်လုံးက ကစားကွက် ပုံစံပြောင်းဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။ ဒီလိုဆုံးဖြတ်ခဲ့ပေမဲ့လည်း ဘယ်ဘက်ကမှ အဆုံးရှုံးခံမယ်လို့ တွေးထားခဲ့ပုံ မပေါ်ပါဘူး။ ဒါကြောင့်လည်း သုံးနှစ်နီးပါးကာလ အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကြောင်းပြုပြီး ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအနက် အာဏာရပါတီ၊ အာဏာရ အစိုးရကြားမှာ နိုင်ငံရေး အရ ထိပ်တိုက်တွေ့ဆုံမှု ပြန်လည် ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေထဲမှာ လူမျိုးရေး ပဋိပက္ခကို အကြောင်းပြုပြီး အမျိုးသားရေး ၀ါဒီတွေကလည်း အင်အား ကောင်းလာပါတယ်။ သူတို့ရဲ့ စည်းရုံးရေး လက်နက်ဟာ ဘာသာရေး ဖြစ်လာပြီး အခြေခံ လူထုကတော့ သူတို့ရဲ့ စည်းရုံးမှုတွေကို အသည်းခိုက် နေကြပါတယ်။ အံ့သြစရာ ကောင်းတာက အာဏာရ ပါတီက အစပျိုးလုပ်လာတဲ့ ၅၉(စ) မပြင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေမှာ အမျိုးဘာသာ သာသနာကို ကာကွယ်မယ့် သူတွေနဲ့ ရောယှက်လာခြင်းပါပဲ။ အမျိုးသားရေး ၀ါဒီတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်ထဲမှာလည်း ၅၉(စ) မပြင်ရေး ပါနေလို့ အာဏာရ ပါတီရဲ့ ရည်မှန်းချက်နဲ့ တစ်ထပ်တည်း ဖြစ်နေပါတယ်။ လက်ရှိ အခြေအနေကို သုံးသပ် ကြည့်မယ်ဆိုရင် ဒီမိုကရေစီ အင်အားစုနဲ့ အရပ်ဖက် အဖွဲ့စည်းတွေက တစ်သံတည်းထွက်ပြီး အမျိုးသားရေး ၀ါဒီတွေနဲ့ အာဏာရ ပါတီက တစ်သံတည်း ထွက်နေပါတယ်။ ဒီအင်အားစု နှစ်ခုအနက် ပြည်သူက ဘယ်သူ့ကို အသာပေးမလဲ ဆိုတာ ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲမှာ အဖြေပေါ်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်သူက အင်တိုက်အားတိုက် မဲပေးခဲ့ရင်လည်း တပ်မတော်ရဲ့ တိုင်းပြည်အပေါ် စေတနာထားရှိမှု မရှိမှုဟာ အဓိက ကျလာပါလိမ့်မယ်။ အဲဒီလို မဟုတ်ဘဲ အမျိုးသားရေး ၀ါဒီတွေကို ထောက်ခံခဲ့ရင်တော့ အနာဂတ် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဟာ ခန့်မှန်းရခက်တဲ့ အနေအထား တစ်ခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၅နှစ်ကလည်း ဒီမိုကရေစီ အင်အားစုတွေဟာ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုခဲ့ပါတယ်။ နောက်ထပ် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေကို အသိအမှတ် ပြုဖို့နဲ့ အာဏာအပ်နှင်းဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်ကလည်း မပေးရင် ဘာလုပ်မလဲဆိုတဲ့ Plan B မရှိခဲ့ပါဘူး။ အခုလည်း နိုင်ငံရေး အားပြိုင်မှု တစ်ရပ်အဖြစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အားကောင်းမောင်းသန်နဲ့ တာထွက်ခဲ့ပါတယ်။ ဒီတောင်းဆိုချက်ကို လိုက်လျောနိုင်တဲ့ Playerတွေ ဘာဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းသလို ဒီမိုကရေစီ အင်အားစုတွေ တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အချက်ကို မရခဲ့ရင် ဘာဆက်လုပ်မလဲဆိုတဲ့ Plan Bဟာလည်း မဟာဗျူဟာအရ အရေးကြီးလာပြီလို့ သုံးသပ်ချင်ပါတယ်။

- ဇော်သက်ထွေး(Tomorrow news journal)

အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကို အနုပညာရှင်များမှ စုပေါင်းပြီး လက်မှတ်ရေးထိုးပွဲ ယနေ့ ၂၃ မေ ၂၀၁၄ ရက်နေ့ ည ၇ နာရီမှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ခန်းမတွင် ကျင်းပခဲ့ပြီး အနုပညာရှင်များ လက်မှတ်ရေးထိုး တောင်းဆိုမှု စတင်ခဲ့ကြပါတယ်။

မှတ်တမ်းဓါတ်ပုံများအား ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ ၀ိုင်း၊ ဒါရိုက်တာ ကြည်ဖြူရှင်၊ ဒါရိုက်တာ နေ့သစ်၊ မင်းသားကြီး ဦးဇင်ဝိုင်း ၊ အဆိုတော် She နှင့် အနုပညာရှင်များ ၏ အင်တာနက်စာမျက်နှာများမှ ကူးယူဖေါ်ပြပါသည်။

ကိုစိုင်း

မေ ၂၂ ရက်တွင် ထိုင်းစစ်ဦးစီးချုပ်က ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရအဖွဲ့ကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြောင်း ကြေညာလိုက်ရာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် လပေါင်းအတန်ကြာ နိုင်ငံရေး ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို မရေရာ မသေချာမှုများအတွင်းသို့ ပြန်လည် သက်ဆင်းစေခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်းအိုချာက အာဏာသိမ်းလိုက်ကြောင်းကို တိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှနေ၍ ကြေညာခဲ့ခြင်းဖြစ်သည်။ နက်ရှိုင်းစွာကွဲလွဲနေသော ထိုင်းနိုင်ငံတွင် တည်ငြိမ်အေးချမ်းရေးကို ဩဇာကြီးမားသည့် လက်နက်ကိုင်တပ်များက ဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

“နိုင်ငံကို ပုံမှန်အနေအထား အလျင်အမြန် ပြန်ရောက်ဖို့အတွက် စစ်တပ်၊ ထိုင်းလက်နက်ကိုင်တပ်များ၊ တော်ဝင်လေတပ် နဲ့ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့ အမျိုးသားငြိမ်းချမ်းရေး ထိန်းသိမ်းရေးကော်မတီက မေ ၂၂ ရက် ညနေ ၄ နာရီခွဲမှာ အာဏာကို ရယူဖို့လိုအပ်ပါတယ်” ဟု ပရာယွတ်က ပြောကြားခဲ့သည်။

နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် နည်းလမ်းရှာဖွေရန် ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်သည့် ပြိုင်ဘက်နိုင်ငံရေးအဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ပရာယွတ်က အာဏာသိမ်းကြောင်း ကြေညာပြီး အမျိုးသားငြိမ်းချမ်းရေး ထိန်းသိမ်းမှုကော်မတီကို ဖွဲ့စည်းလိုက်သည်။

ပရာယွတ်က နိုင်ငံ၏ အာဏာကို ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ချုပ်ကိုင်သွားမည်ဖြစ်ပြီး ယင်းကော်မတီကို သူက ဦးဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ ပရာယွတ် (၆ဝ နှစ်) က သူ၏ ပြင်းထန်စွာ ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဘန်ကောက်နှင့် ထိုင်းနိုင်ငံဒေသများစွာတို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားသောကြောင့် အပြစ်မဲ့သူတို့၏ အသက်များနှင့်အိမ်ရာများ ဆုံးရှုံးခဲ့ရပြီး အကြမ်းဖက်မှုများ ပိုမိုမြင့်တက်လာဖွယ်ရှိသောကြောင့် အာဏာသိမ်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေ ၂၂ ရက် အစောပိုင်းတွင် ပရာယွတ်သည် လက်ရှိအာဏာရ ဖြူထိုင်းပါတီ၊ အတိုက်အခံ ဒီမိုကရက်ပါတီ၊ အစိုးရကို လိုလားသော ယူဒီဒီပါတီ၊ အစိုးရကို ဆန့်ကျင်သော ပီဒီအာရ်စီပါတီ၊ အထက်လွှတ်တော်အမတ်များနှင့် ရွေးကောက်ပွဲကော်မရှင်တို့ နှင့် တွေ့ဆုံခဲ့ပြီး အားလုံးက စစ်ဦးစီးချုပ်အား ၎င်းတို့၏ စိတ်ကူးများကို ပြောကြားခဲ့ကြသည်။ သို့သော် အစည်းအဝေး၌ ဆုံး ဖြတ်ချက် သို့မဟုတ် သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိပေ။

ယခု စစ်တပ်က အာဏာသိမ်းယူမှုသည် ၁၉၃၂ ခုနှစ် နောက်ပိုင်း ၁၂ ကြိမ်မြောက် အာဏာသိမ်းယူမှု ဖြစ်သည်။ ယင်းအာဏာသိမ်းယူမှုများအနက် ကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး ဆာနက်ချာလော်ယု၏ ၁၉၇၆ ခုနှစ်နောက် အာဏာသိမ်းယူခဲ့မှုသည် ထိုင်းနိုင်ငံ သမိုင်းတွင် ထင်ရှားခဲ့သည်။ ယင်းကဲ့သို့ အာဏာသိမ်းယူမှု မပြုမီ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သမ်မာဆက်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေကြသည့် ကျောင်းသားများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄၆ ဦး သေဆုံးခဲ့သည်။

(Ref:The Nation,AFP)

နိုင်ငံတကာ၏ တုံ့ပြန်မှုများ

အမေရိကန်

ထိုင်းစစ်တပ်က အာဏာသိမ်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရားမျှတမှုမရှိဟု ပြင်းထန်စွာ ပြစ်တင်ဝေဖန်ရှုတ်ချလိုက်ပြီး မဟာမိတ်ထိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ပြန်လည်စဉ်းစားရမည်ဟု သတိပေးလိုက်သည်။ ပင်တဂွန်စစ်ဌာနချုပ်ကလည်း ထိုင်းနှင့်စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ပြန်လည်သုံးသပ်ရမည်ဟု ပြောကြားခဲ့သည်။

ဗြိတိန်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်က ထိုင်းနိုင်ငံတွင် ဒီမိုကရေစီဘက်သို့ ပြန်လည်ဦးလှည့်ရန် တောင်းဆိုလိုက်ပြီး စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ အလွန်တရာစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်

ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်ကလည်း ထိုင်းစစ်အာဏာသိမ်းမှုအား ပြင်းထန်စွာ ပြစ်တင်ဝေဖန်ရှုတ်ချခဲ့ပြီး ဥပဒေစည်းမျဉ်းများကို အမြန်ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုနှင့်ပတ်သက်၍ အပြင်းအထန်စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရအဖွဲ့ကို အလျင်အမြန် အာဏာပြန်လွဲပေးရန် တောင်းဆိုလိုက်သည်။

ဥရောပသမဂ္ဂ

ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒဌာနက ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် ဒီမိုကရေစီလုပ်ငန်းစဉ်သို့ အလျင်အမြန် ပြန်လည်ဦးလှည့်ရန် တောင်းဆိုလိုက်ပြီး ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အလွန်အမင်းစိုးရိမ်စွာဖြင့် စောင့်ကြည့်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

ထိုင်းအာဏာသိမ်းမှု၏ နောက်ဆက်တွဲများ

ထိုင်းစစ်တပ်က ရေဒီယိုနှင့် ရုပ်သံဌာနများအားလုံးကို အစီအစဉ်များရပ်ဆိုင်းထားရန် အမိန့်ပေး

မေ ၂၂ ရက်တွင် ထိုင်းစစ်တပ်က ရေဒီယိုနှင့် ရုပ်သံဌာနအားလုံးကို ၎င်းတို့၏ ထုတ်လွှင့်နေကျအစီအစဉ်များအား ရပ်ဆိုင်းထားရန် အမိန့်ပေးလိုက်ပြီး အာဏာသိမ်းမှုနှင့်ပတ်သက်သည့် ထိုင်းစစ်တပ်၏ ထုတ်လွှင့်မှုများကိုသာ ပြသရန်ညွှန်ကြားခဲ့သည်။

အာဏာသိမ်းမှု၌ စိတ်သက်သာရာရမှုနှင့် စိုးရိမ်သောကတို့ ရောထွေးနေ

ထိုင်းစစ်တပ်၏ အာဏာသိမ်းမှုသည် ထိုင်းနိုင်ငံ၏ပြိုင်ဘက်များအတွက် ပျော်ရွင်မှုနှင့် စိတ်ပျက်မှုတို့ ရောထွေးလျက်ရှိသော်လည်း ဘန်ကောက်၌ နေထိုင်သူအများစုအတွက် ညဘက်ကာဖျူးအမိန့်သက်ဝင်ခြင်း မရှိမီ နေအိမ်များ၌ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် ပို၍စိုးရိမ်လာကြောင်း သိရသည်။ လမ်းပေါ်၌ သွားလာနေသူများသည် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေသော လမ်းများတစ်လျှောက် စစ်တပ်၏ ကာဖျူးအမိန့် စတင်သက်ဝင်မည့် ည ၁၀ နာရီမတိုင်ခင် အိမ်ရောက်ရန် တက်သုက်ရိုက်နေရသည်။

လူငါးယောက်ထက်ကျော်၍ စုဝေးခြင်းမပြုရ

မာရှယ်လော၏ အပိုဒ် ၈ နှင့် ၁၁ အရ အမျိုးသားငြိမ်းချမ်းမှုနှင့် အမိန့်အာဏာထိန်းသိမ်းရေးကောင်စီက နိုင်ငံရေးရည်ရွယ်ချက်အတွက် လူငါးယောက်နှင့်အထက် စုဝေးခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်။ ယင်းကို ချိုးဖောက်သူသည် ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ သို့မဟုတ် နှစ်ရပ်စလုံးကျခံရမည်ဟု ကြေညာခဲ့သည်။ အမျိုးသားငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက မာရှယ်လောအရ ထိုင်းနိုင်ငံသားများအား ည ၁၀ နာရီမှ နံ နက် ၅ နာရီအတွင်း နေအိမ်မှ ထွက်ခွာခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုင်းအစိုးရ၀န်ကြီးများကို စစ်တပ်သို့ အစီရင်ခံရန် အမိန့်ပေး

ထိုင်းစစ်အာဏာသိမ်းသည့် အဖွဲ့ခေါင်းဆောင်များက ရာထူးမှဖယ်ရှားခံရသော အစိုးရအဖွဲ့ဝင် ၀န်ကြီးများကို မေ ၂၂ ရက်မှစ၍ နေ့တစ်နေ့ကုန်ဆုံးတိုင်း စစ်တပ်သို့ အစီရင်ခံရန် အမိန့်ပေးခဲ့သည်။

ထိုင်းအာဏာသိမ်းခေါင်းဆောင်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်း

မေ ၂၂ ရက်တွင် ထိုင်းစစ်တပ်က နှစ်ဖက်စလုံးမှ ဆန္ဒပြသူများကို ချက်ချင်းအိမ်ပြန်ရန် အမိန့်ပေးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ဆန္ဒပြသူများကို အိမ်သို့ပြန်ရန် ဘတ်စ်ကားများ စီစဉ်ပေးထားကြောင်း ပြောကြားခဲ့သည်။

လူမှုရေးမီဒီယာများ၌ ဝေဖန်မှုများကို ပိတ်ပင်

ထိုင်းစစ်အစိုးရက အကြမ်းဖက်မှုများကို လှုံ့ဆော်ခြင်း သို့မဟုတ် ၎င်းတို့၏စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဝေဖန်မှုများကို လူမှုရေးမီဒီယာများ၌ ပိတ်ပင်ကြောင်း သတိပေးခဲ့သည်။

"ကျွန်ုပ်တို့အနေဖြင့် အမိန့်ကိုချိုးဖောက်မှုများကို တွေ့ရှိပါက ယင်းလုပ်ငန်းကို ချက်ချင်းရပ်ဆိုင်းပြီး တရားစွဲဆိုရန် ဆင့်ခေါ်ရမည်ဖြစ်ကြောင်း" အမျိုးသားရုပ်သံဌာနတွင် အမိန့်ကြော်ငြာစာကို ဖတ်ကြားခဲ့သည်။

Ref:AFP

(၁၉၇၆ ခုနှစ် အောက်တိုဘာ ၆ ရက် က ကျောင်းသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ သမ်မာဆက်တက္ကသိုလ်အတွင်း မြင်ကွင်းတစ်ခု)

(မေ ၂၂ ရက်က ဘန်ကောက်ရှိ စစ်ဘက်အသင်းတိုက်တွင် အစိုးရဆန့်ကျင်သူများ၊ လိုလားသူများနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာတို့ တွေ့ဆုံနေစဉ် ကင်းလှည့်နေသော ထိုင်းစစ်သားများ)
KYAW SWAR MYINT ,Eleven Media Group

မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုများအား တပ်မတော် က ပေးထားခြင်း ဖြစ်သောကြောင့် အလွယ်တကူ အာဏာ ပြန်သိမ်းမည် မဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက မေ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မီဒီယာ များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဖွဲ့အစည်း အသီးသီးမှ နည်းလမ်း မျိုးစုံဖြင့် ကြိုးစား ဆောင်ရွက်လျက် ရှိသော်လည်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက တပ်မတော်က အာဏာ ပြန်သိမ်းကာ တိုင်းပြည် နောက်ကြောင်း ပြန်လှည့်ရန် စိုးရိမ်ရသည်ဟု သုံးသပ်မှုအပေါ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ သဘောထား မေးမြန်းခဲ့ရာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော် ထင်ပါတယ်။ တပ်ကတော့ တော်ရုံတန်ရုံနဲ့ မလာပါဘူးဗျာ။ လုပ်လည်း မလုပ်ပါဘူး။ မလုပ်ချင်လို့ ပေးထားတာပဲ။ အရင် အစိုးရက တပ်မတော် အစိုးရလေ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တပ်မတော် အစိုးရလေ။ သူဆက်လိုချင်ရတာပဲ။ သူကနေပြီးတော့ ရသင့်ရထိုက်တဲ့ အချိန်ရောက်ပြီ ဆိုပြီးတော့ ပေးခဲ့တာ မဟုတ်လား။ ပြန်မယူပါဘူး၊ ကျွန်တော် ထင်ပါတယ်””ဟု ဦးဌေးဦးက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများသည် ပင်ပန်းဆင်းရဲ နှိပ်စက်ခံကာ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ အသီးအပွင့်ဖြစ်ပြီး တပ်မတော်သည် ၎င်းတို့၏ အကျိုး တည်တံ့ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားဆဲ ဖြစ်သည်ဟု ၁၉၆၀ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် အတွင်းရေးမှူးဖြစ်ခဲ့သူ ဦးလှရွှေက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားခဲ့သည်။

““စစ်တပ်က ခဏခဏ အာဏာ မသိမ်းချင်လို့ ဖွဲ့စည်းပုံနဲ့ အာဏာ သိမ်းထားတာပဲ။ တပ်မတော်က နိုင်ငံတကာရဲ့ Political Trend က Change လာတော့ အဲဒီ Change လာတဲ့အထဲကို ၀င်ပြီးကစားတာပဲ။ စစ်တပ်က ခုလုပ်နေတာ Democratic Reform ဆိုတာ အလုပ်ကို ကျွန်တော်မပြောဘူး။ ရည်ရွယ်ချက်ကို ကျွန်တော်ပြောတာ။ အလုပ်ကတော့ ပြောလို့ရအောင် လုပ်တာတွေလည်း ရှိတာပေါ့””ဟု ဦးလှရွှေက သုံးသပ်ခဲ့သည်။

မြန်မာတပ်မတော်သည် လူတစ်စု၏ အသုံးချ ခုတုံးလုပ်ခြင်းအား ခံခဲ့ရခြင်းဖြစ်ပြီး ကန့်သတ်မှုများ ဆက်လက် ရှိနေသေးကြောင်းကို လူမှုတရားမျှတ ဖော်ဆောင်ရေး အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသောင်းထွန်း က ပြောသည်။

““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေ ပြင်ဆင်ရေးမှာ တပ်မတော်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြည်သူလူထုက လိုလားပါတယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်မှလည်းပဲ ဗိုလ်ချုပ် အောင်ဆန်း ပြောခဲ့တဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူနဲ့ တစ်သားတည်းဖြစ်မယ့် တပ်မတော်ဖြစ်မှာပါ””ဟု ဒေါက်တာ သောင်းထွန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေးအတွက် လူထုသဘောထား တောင်းခံသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ၂၀၀၈ ခုနှစ် မေ ၁၀ ရက်နှင့် ၂၄ ရက်တွင် ကျင်းပ ပြီးစီးခဲ့သည်။ ဆန္ဒမဲ ပေးခွင့်ရှိသူ ၂၇,၂၈၈,၈၂၇ ဦး အနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ကြပြီး ယင်းသို့ ဆန္ဒမဲ ပေးသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ယင်းဥပဒေ အတည်ပြုရေးကို ထောက်ခံခဲ့သည်။
မြန်မာသံတော်ဆင့်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.