05/25/14

နေ့စွဲ - ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်

မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် လေးစားဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှစ်စဉ်ဂုဏ်ပြုသည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ပဉ္စမအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့၌ ယနေ့ (၂၀၁၄ ခုနှစ် မေလ ၂၄ ရက်နေ့တွင်) ကျင်းပခဲ့ပြီး ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ကို ရွေးချယ်ဂုဏ်ပြုပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအဖြစ် ဖော်ပြပါ လူပုဂ္ဂိုလ်/အသင်းအဖွဲ့တို့ကို ရွေးချယ်ခဲ့ပါသည်။ (အမည်များကို အက္ခရာစဉ်ဖြင့် ဖော်ပြထားပါသည်။)

၁။ မခင်နှင်းကြည်သာ (တစ်ကိုယ်တော် ပရဟိတသမားများကွန်ရက်)

၂။ ပန်းစကားအဖွဲ့

၃။ One More အဖွဲ့



ပြည်သူ့ဂုဏ်ရည်ဆုနှင့် အထူးဆုများကို ဆုရှင်များအား ပေးအပ်ချီးမြှင့်မည့် ဂုဏ်ပြုပွဲကို ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။

ဆဋ္ဌမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်းခြင်းကို စတင် လက်ခံနေပြီဖြစ်ပြီး အမည်တင်သွင်းခြင်းအပါအ၀င် အဖွဲ့နှင့်ပတ်သက်သည်များကို ပြည်သူ့ဂုဏ်ရည်အသင်း အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ။



ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်။ ။ ကိုသန်းနိုင် (၀၁) ၇၇၂ ၅၃၈ ၁၃၄၃၊ ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁

(ရန်ကုန်တွင် ဆက်သွယ်ရန်) ကိုဝေလ၀င်း (၀၉) ၄၂၈ ၁၄၂ ၄၂၁

မေးနေကျ မေးခွန်းလေး မေးစမ်းပါရစေ
အခု ဒီကို ရောက်လာကြတာ မလာမနေရလို့ အမိန့်အာဏာနဲ့ ခေါ်လို့လား (မဟုတ်ပါဘူး .. )
ဟိုဟာပေးမယ် ဒီဟာပေးမယ် - ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ် လို့ကော ပြောပြီး ခေါ်လို့လား (မဟုတ်ပါဘူး )
ဒါဆို အခုရောက်လာကြတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်လို့လာကြတာပေါ့ (ဟုတ်ပါတယ် )

ဒီဒေသ က တစ်ခြားတိုင်းနဲ့ပြည်နယ်တွေထက်ထူးခြားတယ်
အမြဲတမ်း မသိချင်ယောင် မကြားချင်ယောင်ဆောင်တဲ့ အဘတွေ ကြီးစိုးတဲ့ ဒေသ
ဒီလိုဒေသမှာ ဘာပေးမယ်လို့မှ မဆွယ်ပဲရောက်လာကြတဲ့သူတွေ ဆိုတော့ တကယ်ကို မတရားတဲ့ ဥပဒေကို ပြင်ဆင်ချင်ကြလို့ပေါ့

ဒီ ဖွဲ့စည်းပုံကို သေသေချာချာ နားလည်ချင်မှ နားလည်မယ် ဒါပေမဲ့ ဒီဥပဒေဟာ ပြည်သူတွေအပေါ် မတရားဘူး ဖိနှိပ်ချုပ်ချယ်တယ်
ဒုတိယအချက်က တစ်စုတစ်ဖွဲ့ကိုတော့ အခွင့်ထူးခံ ဥပဒေဖြစ်နေတယ် ဒါကြောင့် အသေးစိတ်နားမလည်သော်လည်း ဒီဟာကို ပြင်မှ ဖြစ်မယ်လို့ ရောက်လာကြတာပေါ့

အားလုံးက ဒီ နာဂစ်ဥပဒေ စာအုပ်အစိမ်းကြီးကို အရည်ကျိုသောက်လောက်အောင် အစအဆုံးအလွတ်မရသည့်တိုင် ဒီစာအုပ်ထဲက ဥပဒေတွေဟာ မတရားဘူးဆိုတာကိုတော့ အားလုံးနားလည်ကြနေကြပါတယ် ။

အကြောပေးရတယ်ဆိုတာ အများတန်းမတူတဲ့ ဒုက္ခိတတွေကို ပေးရတာပါ
လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုက ဒီလို အခွင့်ထူးခံ အကြောပေးတာကို ခံစားတယ်ရယူတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းပါတယ် ။
ဒီထဲမှာ ကာလုံလို့ခေါ်တဲ့ အထဲက အများစုဟာ ကာချုပ်က ခန့်အပ်တဲ့သူတွေသာ အများစုဖြစ်တယ်
ပြည်သူက ဘယ်လောက်ပဲ သဘောထားရှိရှိ အဲဒီလူတွေက သဘောမတူဘူးဆိုရင် ဘာမှလုပ်လို့မရဘူး ၊ နိုင်ငံတော်သမ္မတ ဖြစ်နေလဲ စစ်တပ်ကသဘောမတူရင် လွတ်ငြိမ်းချမ်းသာခွင့်တောင် ကြေငြာလို့မရဘူး

အဲဒီအခြေခံဥပဒေက ပြည်သူတွေကို အကာအကွယ်ပေးမဲ့ ဥပဒေမဟုတ်ဘူး နှိပ်ကွပ်ဖို့ပဲ လုပ်ထားတဲ့ ဥပဒေပါ
ကျနော်တို့သွားနေတာက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့ကြိုးစားနေကြတာပါ
ဦးနုက စပ်ခွန်ချိုကို ကျနော်တို့အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်နိုင်ငံတော်ဖြစ်တော့မယ်ဗျလို့ပြောခဲ့ပြီး နောက်နေ့ပဲ စစ်တပ်က အာဏာသိမ်းတာပါဘဲ

သူများနိုင်ငံတွေမှာ စစ်တပ်ဆိုတာ အာဏာသိမ်းဖို့ဆိုတာကို တွေးလို့တောင်မကြောက်ကြပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့အလုပ်ကိုသာတန်ဖိုးထားလုပ်ကိုင်ကြတဲ့ စစ်တပ်တွေဖြစ်နေကြလို့ပါဘဲ ၊ အမေရိကန်မှာဆိုရင် စစ်တပ်က အာဏာမသိမ်းနိုင်အောင် နိုင်ငံသားတိုင်း လက်နက် ကိုင်ဆောင်ခွင့်ရှိနေပါတယ် ။

အခုဆိုရင် ဘာဖြစ်လာပြီလဲ နောက်မျိုးဆက်တွေက အခွင့်အရေးရအောင် စစ်တပ်ထဲဝင်မယ် စစ်ဗိုလ်လုပ်မယ်ဆိုတဲ့ စိတ်တွေဝင်လာကြတော့မှာပေါ့ ပြောလာကြတော့မှာပေါ့
အင်ဒိုနီးရှားမှာ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ရှိခဲ့ပါတယ် ဒါပေမဲ့အရပ်သား ၀တ်စုံနဲ့ပါ ခုတော့ ဒီမှာ စစ်ဝတ်စုံကြီးတွေနဲ့ လွှတ်တော်ထဲဝင်နေတာ နောက်တစ်ချိန်မှာ အဲဒီဓါတ်ပုံတွေ ပြန်ကြည့်စမ်းပါဗျာ ရှက်စရာကြီး

ပြည်သူလူထုက ကောင်းကင်ကြီး အစိုးရဆိုတာက တိမ်တွေပါ ၊
တိမ်တွေက မြဲသလား ၊ ကောင်းကင်ကြီးက မြဲသလား
ခဏလေးပေါ်ပေါက်ရတဲ့ တိမ်တွေက ကောင်းကင်ကြီးကို ချိမ်းခြောက်ကြိမ်းမောင်းလွှမ်းမိုးချင်လို့ရမလား

စစ်အာဏာရှင်လက်အောက်မှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေကြားနေရတာက အမိန့်တွေပါ
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တွေ အောက်မှာ နေလာခဲ့ကြရတာပါ

ဘယ်အာဏာရှင်ကမှ နိုင်ငံသားတွေမှာ လွတ်လပ်စွာ အခွင့်အရေးတွေရှိတယ်ဆိုတာကို ညဖက်မှာ အရပ်ထဲ လော်စပီကာနဲ့ အော်ပြီး အသိပေးမှာ မဟုတ်ပါဘူး
ကျနော်တို့ပြည်သူတွေက ကိုယ့်ရဲ့အခွင့်အရေးတွေကို ကိုယ်ရအောင် ဘယ်အဘကြိုက်ကြိုက်မကြိုက်ကြိုက် ရအောင်လုပ်ယူရမှာပါ

ဒီအခွင့်အရေးတွေကို ရအောင်လုပ်ဖို့ဆိုရင် တာဝန်ယူမှုတွေလိုပါတယ် ။ အခု ဒီကိုရောက်လာတာဟာ ဒီရပိုင်ခွင့်တွေကို သိဖို့ သိအောင်လုပ်ဖို့တာဝန်ယူပြီးလာကြတာပါဘဲ ၊ ဒီလို ပြည်သူတွေစုစည်းလာဖို့ ဆော်သြသူတွေ အခမ်းအနားကျင်းပပေးသူတွေ သတင်းစကားဖြန့်ဝေသူတွေအားလုံးဟာ ကိုယ့်တာဝန်ကိုယ်ယူကြတာပါဘဲ
ဒီအခွင့်အရေးတွေကို ရဖို့ ကျနော်တို့လက်ချင်းကျစ်ကျစ်ပါအောင်ဆုပ်လို့တိုက်ပွဲဝင်ရမှာပါ

လက်နက်တွေဟာ ပြည်သူကို ချိမ်းခြောက်လို့ဘဲရပါတယ် ။ ပြည်သူတွေ ရဲ့ နှလုံးသားကို မသိမ်းပိုက်နိုင်ပါဘူး

အခုကျနော်တို့ကို ဘယ်သူက အုပ်ချုပ်လဲ အထွေထွေအုပ်ချုပ်ရေး က အဲဒီလူတွေကို ဘယ်သူ ခန့်ထားလဲ မိုးကျရွှေကိုယ်တွေက ၊ ဒါဟာ အခွင့်ထူးခံတာမဟုတ်ဘူးလား

ပြုပြင်ပြောင်းလဲမှုတွေလိုလားတဲ့ဝန်ထမ်းတွေထဲမှာလည်း ဒါတွေကို ပြောင်းလဲဖို့လိုပါတယ်

ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း တိုင်းရင်းသားတွေရဲ့တန်းတူညီမျှမှုကိုလည်း လုပ်ဆောင်ဖို့လိုပါတယ်
ဒါဟာ တစ်ပြိုင်တည်းလုပ်ရမဲ့ အလုပ်ပါ ချန်ထားခဲ့လို့မရပါဘူး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်ရာမှာ အဲဒီနှစ်ခုလုံးတစ်ပြိုင်တည်းဖြစ်အောင်မလုပ်ရင် မငြိမ်းချမ်းမှုတွေကို အကြောင်းပြပြိး အာဏာရှင်စနစ်ကို အသက်သွင်းနေကြဦးမှာပါ ၊ တိုင်းရင်းသားတွေကလည်း ဒါကို သဘောတူပြီးသားပါ ၊ ပါဝင်ကူညီအားဖြည့်ဖို့လည်း ကတိက၀တ်တွေပြုကြပြီးသားပါ
ကချင်ပြည်နယ်မှာ သေနတ်သံတွေမတိတ်သေးပါဘူး ၊ ရှမ်းပြည်နယ်မှာ ပေါက်ကွဲသံတွေမတိတ်သေးပါဘူး ၊ ကလေးငယ်တွေ ကျောင်းမတက်နိုင်ကြသေးပါဘူး ၊ နေရာတိုင်းမှာ အဲဒီလို ဖြစ်နေတဲ့ ပြည်ထောင်စု တစ်ခုလုံး ကို မြင်အောင်ကြည့်ပါ ၊ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားဖို့ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ကို ပြင်ရမှာပါ

ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း လက်နှစ်ဖက်ပြတ်သွားလို့ တပ်ကနေ အနားယူခွင့်ပေးခဲ့တဲ့ ရဲဘော်တစ်ယောက်နဲ့တွေ့တဲ့အခါ သူက ကျနော့်မှာ လက်ဆွဲနှုတ်ဆက်စရာ လက်နှစ်လုံးမရှိတော့ပါဘူး ဒါပေမဲ့ ကျနော့တိုင်းပြည်အတွက် ကျနော် ဘာလုပ်ပေးနိုင်ဦးမလဲတဲ့ဗျာ ..
အခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူတွေ ပါဝင် လက်မှတ်ရေးထိုးပြီး ဆန္ဒဖော်ထုတ်ဖို့လုပ်နေပါပြီ ရဲဘော်ကြီးရေ ခင်ဗျား ဘာလုပ်မလဲဆိုတာ ခင်ဗျားသိမှာပါ လို့ကျနော်က ပြောတော့ သူက ကျနော့မှာ လက်မှတ်ရေးထိုးဖို့ လက်နှစ်ဖက် မရှိတော့ပေမဲ့ ဘော့ပင်ကို ပါးစပ်နဲ့ကိုက်ပြီး ကျနော်လက်မှတ်ထိုးပါမယ် .. လို့ပြောခဲ့တယ်
အဲဒီရဲဘော်လို စိတ်ဓတ်နဲ့ ကျနော်တို့နိုင်ငံအတွက် ကျနော်တို့ရဲ့နောင်လာနောင်သားတွေအတွက် လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ကြပါလို့ ပြောကြားချင်ပါတယ် ။
ဦးမင်းကိုနိုင် (ဟင်္သာမြို့ လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)
၁၉၄၇ဖွဲ့စည်းပုံဥပဒေအရ မတရားသည့်ဥပဒေများကိုပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၆၇ရာခိုင်နှုန်းက သဘောတူရမယ် လို့ ပြဌာန်းထားတယ် ၊ ၁၉၇၄ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းသဘောတူရမည်ဆိုသော်လည်း ယင်း၇၅ရာခိုင်နှုန်းဟာ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် အဲဒီ ၇၅ရာခိုင်နှုန်းက အစစ်အမှန် လို့ပြောလို့ရတယ် ၊ အခု၂၀၀၈ဥပဒေမှာ ပြဌာန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်က သဘောတူရမယ် ဆိုတာက ၇၅ရာခိုင်နှုန်းပဲ ရှိတဲ့ ရွေးကောက်ခံကိုယ်စားလှယ်အရေအတွက်ထက်ကျော်လွန်နေတဲ့အတွက် တကယ်တမ်းကျတော့ ၁၀၀ ရာခိုင်နှုန်းကျော်ရမယ် လို့ ပြောတဲ့ သဘောဖြစ်နေတယ်

၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအကြပ်အတည်းဟာ ဒီကနေ့ တပ်မတော်သားများ၏ ဆောင်ရွက်ချက် မဟုတ်ပါဘူး

ပုဒ်မ၄၃၆ပြင်ဆင်ရေးသည် တပ်မတော်၏ဂုဏ်သိက္ခာဖြစ်ပါတယ်

ဖွဲ့စည်းပုံရေးဆွဲစဉ်တုံးက ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ စိုးရိမ်ကြောင့်ကြမှု တွေ စိတ်ကူးစိတ်သန်းတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုပြီး ရေးဆွဲထား တာဖြစ်တယ်။
ဒါ့ကြောင့် အခုရှိနေတဲ့ တပ်မတော်သားတွေက နိုင်ငံတော် ကြီးပြုပြင်ပြောင်းလဲဖို့ နိုင်ငံတော်ဂုဏ်သိက္ခာမြှင့်တင်ဖို့ တစ်ဖက် ကလည်း ပြည်သူ့တပ်မတော် ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်အောင် တပ်မတော်နဲ့ ပြည်သူကြားသွေးခွဲနေတဲ့ ပုဒ်မ၄၃၆ပြင်ဆင်ရေးက တပ်မတော်ရဲ့ ဂုဏ်သိက္ခာဖြစ်တယ်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ပျက်စီးယိုယွင်းနေတဲ့ ကျနော်တို့ နိုင်ငံတော်ကြီးကို ပြုပြင်တည်ဆောက်ဖို့ ပထမဆုံး ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်
အခု လုပ်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်နေတာ မဟုတ်ဘူး ၊ ကိုယ့်အမိနိုင်ငံတော် ပြန်လည်တည်ဆောက်နိုင်ဖို့ အားလုံးပုးပေါင်းလုပ်ဆောင်ကြဖို့ ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်
ကိုကိုကြီး..ဟင်္သာတမြို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲ
National League for Democracy

စစ်အာဏာရှင်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာက ဖဲကစားသလိုပဲ သူတို့ဘယ်လိုမှ မနိုင်နိုင်တဲ့ ဖဲကို ပြနိုင်လဲ ငါကိုယ်တိုင်က king ကွ ဆိုပြီးစားတဲ့ အပေါက်မျိုးချိုးထားတဲ့ ဥပဒေဖြစ်နေတယ်

ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့လိုအပ်ရင် ပြင်ဆင်နိုင်တယ်လို့ ထည့်ထားပေမဲ့ ပုဒ်မ ၄၃၆ မှာကျတော့ တကယ်တမ်း ဘယ်လိုမှ ပြင်မရအောင်လုပ်ထားတာပဲလေ

အခုဒီကိုရောက်လာတဲ့ လူငယ်တွေ မိန်းကလေးတွေ ၀ိုင်းဝန်းအားပေးကူညီကြသူတွေ တက်ရောက်လာတဲ့ ပြည်သူတွေ ကျနော်အကုန်လေးစားတယ်
အခုရောက်လာကြတာ ဒီဖွဲ့စည်းပုံ အမှားကြိးကို အမှန်ပြင်မယ်ဆိုတဲ့ စိတ်နဲ့ တက်ရောက်လာကြတာ
အမှားကို အမှန်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျနော်လေးစားတယ်

ဗိုလ်ချုပ် အောင်ဆန်းက သေနာပတိစစ်ဝန်ကြီး ဘ၀မှာ ကျနော်က ဗိုလ်လောင်း
လွတ်လပ်ရေးကိုတော့ရပြီ ဒီနိုင်ငံကို ဘယ်လိုဆက်သွားမလဲ ဆိုတာကို မိန့်ခွန်းပြောခဲ့တယ်
ဒီမိုကရေစီစနစ်နဲ့သွားမယ်လို့ပြောတယ် ၊
ဒီမိုကရေစိဆိုတဲ့ သဘောကို ပြောသော်လည်း ဖက်ဆစ်ယောင်ယောင် တွေဝင်လာတတ်တာကို မင်းတို့သတိထားရမယ် လို့ပြောခဲ့တယ်
ခုတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ယောင်ယောင်မဟုတ်ဘဲ တကယ့်စစ်စစ်ဖြစ်နေတာ ခင်ဗျားတို့အသိဘဲ

ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နောက်ကြောင်းပြန်ဥပဒေနဲ့ အရေးမယူရဘူး ဆိုတာထည့်ထားတယ် ဘယ်သူကိုအရေးမယူရမှာလဲ ဆိုတော့ န၀တ ဗိုလ်ချုပ်ကြီးတွေကို ဖြစ်နေတယ် တစ်ခြားဝန်ထမ်းတွေအတွက်ပြောထားတာမဟုတ်ဘူး

ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်သည် လွှတ်တော်ကို မလွှမ်းမိုးရဘူး ၊ လွှတ်တော်ကသာ စစ်တပ်ကိုလွှမ်းမိုးရမှာ ခုတော့ကာချုပ်က ကာ/လုံ ၁၁ ယောက်မှာ ၆ ယောက်ယူထားပြီး လွှမ်းမိုးထားတယ် ။ အဲဒါ ဘယ်လို ဒီမိုကရေစီဖြစ်မလဲ

၈၈ မျိုးဆက် အဖွဲ့က လူငယ်တွေကို အနာဂတ်မှာ တိုက်ပွဲဆက်မ၀င်ရစေချင်တော့ဘူး ၊ ဒေါင်းအိုးဝေ ဖြစ်စေချင်လို့ ကဒေါင်း တံဆိပ်ကို နိမိတ်ယူ ပြီး အလံတော် သတ်မှတ်ထားတယ်လို့ ပြောကြပါတယ် ။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံတော်ကို ခွပ်ဒေါင်းအမှတ်အသား ကို ယူထားတဲ့ အဓိပ္ပါယ်က ၈၈ အရေးတော်ပုံ မှာ ဒီမိုကရေစီ တိုက်ပွဲအတွက် ကျောင်းသားတွေ အသက်သွေးချွေး ရင်းနှီးစတေးပြီး တိုက်ပွဲဝင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ယူထားတာဖြစ်တယ် ၊ ခွပ်ဒေါင်းဟာ ပြည်သူတွေ အတွက်လိုအပ်လာရင် အရင်ကလည်း ခွပ်ခဲ့တယ် ၊ ခုလဲခွပ်နေတယ် ၊ နောက်လဲခွပ်ဦးမယ် ၊ လိုအပ် နေသမျှကတော့ ခွပ်ဒေါင်းက ဆက်ခွပ်နေမှာပါ ၊ ကျနော်လည်းဒီအသက်အရွယ်ဖြစ်နေပေမဲ့ ခွပ်နိုင်ပါ သေးတယ် ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ခိုက်မနေကြဘဲနဲ့ ကိုယ်စားလှယ်တွေ စာပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးကြဖို့ ကျနော်တို့ထောက်ခံတယ် ၊ သဘောထားရှိတယ် ၊ လုပ်ခဲ့တယ် ၊ ကျနော်တို့သဘောထားကို လက်ခံတဲ့ တိုင်းရင်းသားတွေနဲ့လည်း ဆွေးနွေးထားတယ်

တိုင်းရင်းသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်ကြတယ် ၊
သူကသူ့အဖေလိုပဲ ပြောတဲ့အတိုင်းလုပ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေလို့ပဲ

ဦးတင်ဦး (ဟင်္သာတမြို့ လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)
National League for Democracy

မိုးသီးဇွန်ကို မေလ ၂၅ ရက်၊ မိုးဟိန်းကို ဒီ့မတိုင်ခင် ၄ ရက်မှာ ဗမာပြည်ထဲကနေတိုင်းပြည်ပြင်ပသို့  ပြန်ထွက်နေထိုင်ခိုင်းတဲ့ ရက်အပိုင်းအခြားများ နီးကပ်လွန်းတဲ့ကိစ္စဟာ တမင် ချိန်ကိုက်ကြံစည်ထားတာပါ။ ဒီအမေရိကန်နိုင်ငံသားနှစ်ယောက်
ဗမာပြည်ထဲ ၀င်ရောက်လာတဲ့နေ့ ရက်များကလည်း ၂၀၁၃ ခုနှစ် သြဂုတ်လ၁၃ ရက်နဲ့  ၇ ရက်နေ့ ဖြစ်နေတာ တွေ့ ရပြီး တပတ်အတွင်း ရှေ့ ဆင့်နောက်ဆင့်ဆိုသလို တိုက်ဆိုင်နေတာကလည်း နောက်ထပ်ထူးခြားမှုတခုပါ။ ဗီဇာသက်တမ်း
ကုန်ဆုံးလို့  ရက်လွန်နေထိုင်မှုအတွက် ဒဏ်ကြေး တရက် ၃ ဒေါ်လာပေးပြီးနေထိုင်လာခဲ့တဲ့ မိုးသီးဇွန်ရော ဗီဇာစေ့တဲ့ရက်မှာ ချက်ချင်းပြန်ခိုင်းတဲ့ မိုးဟိန်းပါသမ္မတ ဗိုလ်သိန်းစိန်ရဲ့  ပြည်ပရောက်မြန်မာတွေ အမိရွှေပြည်ကြီးကို ပြန်လာပြီး
စစ်အုပ်စုရဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှာ တတပ်တအား ပါဝင်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ချက်ကို ယုံကြည်စွာလက်ခံလို့  ရွာပြန်ဝင်ခဲ့ကြသူများဖြစ်ပါတယ်။

ဗမာပြည်က လူမှုပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့  ပါတီနိုင်ငံရေးဝဲဂယက်ကြားက လှုပ်ရှားရုန်းကန်မှုများမှာ အမေရိကန်နိုင်ငံသား မိုဟိန်းကို မတွေ့ ရဘဲသူရိယအလင်း (သူရိယနေ၀န်း)ဂျာနယ်ကို ကြီးမှူးလုပ်ဆောင်တဲ့ အလုပ်များမှာ
စောက်ချလုပ်ကိုင်ပြီး နိုင်ငံရေးနေရာတခုကို အချိန်တိုအတွင်း ရရှိလာခဲ့သလိုအောင်မြင်ကျော်ကြား လူသိများခဲ့ပါတယ်။ မိုးသီးဇွန်ကတော့ ရွာပြန်ရောက်တာနဲ့ ကားခေါင်မိုးပေါ် ချက်ချင်းခုန်တက်ပြီး လက်သီးလက်မောင်တန်း ဟောပြောမှုများ
နဲ့ အတူ လယ်သမား အလုပ်သမား ခေါင်းရွက်ဗျက်ထိုးဈေးသည်များကြားပါမကျန်လူစုစု စုစု ရှိတဲ့နေရာ မှန်သမျှ ရောက်ချလာ တတ်ပြီး နောက်တနေ့  မီဒီယာမှာ“ပေါက်” အောင်ကို လုပ်တတ်တဲ့ လည်လည်ဝယ်ဝယ် တက်ကြွလှုပ်ရှားသူအဖြစ်
အဆိုပါ အမေရိကန်နိုင်ငံသားဟာ ထင်ရှားလှုပ်လှပါတယ်။ အမေရိကန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရှိထားသူဖြစ်လို့  ဆိုင်ရာနယ်ပယ်များမှာ ကျော်စောမှုရှိလာတာမျိုး မဟုတ်ဘဲ နဂိုအခံ အရည်အချင်းများကြောင့် အခုလို အောင်မြင်မှု
ရလာတာဖြစ်ပါတယ်။

နှစ်ယောက်စလုံး ဗမာပြည်မှာ ဆက်လက်နေထိုင်ချင်ပြီး သူတို့ ရဲ့ လုပ်လက်စလုပ်ငန်းများကိုအရှိန်အဟုန်ပြင်းပြင်း နဲ့  ရှေ့ ဆက် ဆောင်ရွက်လိုကြောင်းကိုဒီနေ့ ထုတ် (၂၄. ၅. ၂၀၁၄) အလဲဗင်းသတင်းစာနဲ့  သူရိယနေ၀န်းဂျာနယ်များမှာ
ရင်ဖွင့်ထားတာ ဖတ်ရပါတယ်။ “နေချင်ပေမယ့်လည်း မနေနိုင်တော့ဘူးအချစ်ရယ်၊စိုင်းပြန်ရဦးမယ်” သီချင်းတစကို ရင်နာနာနဲ့  ညည်းတွားပြီး ယာဉ်ပျံစီးရတော့မယ့်သူတို့ နှစ်ဦးရဲ့ ထွက်ခွာတော်မူဇာတ်ကို ပြည်သူလူထုသို့  ပွင့်လင်းစွာ ချပြခဲ့ပါတယ်။
စစ်အုပ်စုရဲ့  စည်းကမ်းပြည့်ဝသော ဒီမိုကရေစီပန်းတိုင်ကို ချီတက်ကြရာမှာသူတို့ နှစ်ယောက်ရဲ့  ခေတ်သစ်ကြေကွဲခန်းဟာ အခြားသော ဖိနှိပ်ခံပြည်သူများရဲ့ အလဲလဲအကွဲကွဲ အော်ဟစ်သံများနဲ့  နှိုင်းစာကြည့်ရင် အများကြီး သက်သာပါတယ်။
အချိန်တန် ဖုတ်ဖက်ခါ ထသွားပြီး ဇိမ်ကျကျနဲ့  နေထိုင်ရှင်သန်နိုင်ပါသေးတယ်။သူတောင်းစား ခွက်ပျောက်တာ မဟုတ်ဘဲ သူဌေး ဂေါက်အိတ်ပျောက်တာမျိုးပါ။

သမ္မတ ဗိုလ်သိန်းစိန်အစိုးရတက်လာပြီးပြီးချင်း ပြည်တွင်းရော ပြည်ပမှာပါ“အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” ထုတ်ပြန်ပေးပြီး ဗမာပြည်အနှံ့ အကျဉ်းထောင်များထဲက အတိုက်အခံ နိုင်ငံရေးသမားများနဲ့  ပြည်ပရောက် အတိုက်အခံများကို
ဂုဏ်သိက္ခာရှိရှိ ပြည်လည်လွတ်မြောက်/၀င်ရောက်လာကြဖို့  တောင်းဆိုတိုက်ပွဲဝင်လှုပ်ရှားမှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အုပ်စုခေါင်းထဲမှာ မဆလ ဗိုလ်နေ၀င်းအစိုးရ လုပ်ခဲ့သလိုမျိုး လွတ်ငြိမ်းခွင့် ထုတ်ပြန်ဖို့ အာသီသ မရှိဘဲ အကျဉ်းကျ နိုင်ငံရေးသမားများကို နှောင်ကြိုးတန်းလန်းနဲ့ လွှတ်ပေးလိုက်သလို “ဖစ်ဂါ” ရှိတဲ့ ပြည်ပရောက် တက်ကြွသူများကိုလည်း စစ်အုပ်စုချမှတ်ထားတဲ့ ပုံစံခွက်ထဲ ၀င်/မ၀င် လိုက်တိုင်းကြည့်ပြီး နီးစပ်ရာ စားတော်ခေါ်ကာ“သမ္မတကြီးကို ပြောပေးမယ်” စာချုပ်နဲ့  ပြည်တွင်းသို့  အင်ပို့  လုပ်လာခဲ့ပါတယ်။

လမ်းပြမြေပုံ ၇ ချက်၊ ၂၀၀၈ ဖွဲ့ စည်းပုံ ကျောထောက်နောက်ခံနဲ့  ပေါ်ထွန်းလာတဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းမှာ အလိုက်သင့် လှိုင်းစီးလိုက်လိုတဲ့ပြည်ပရောက်များကို အထူးအခွင့်အရေးပေး၊ လ၀က ဥပဒေများကို ရှုံ့ ချည်နှပ်ချည်
လုပ်ကာ နယ်စပ်ဒေသများနဲ့ ပြည်တွင်းမှာ ကြိတ်ဝိုင်းတွေ အကြိမ်ကြိမ်ထိုးကြပြီးပြည်တွင်းကို လေယာဉ်စီး ပြန်လာခွင့်ပြုခဲ့ပါတယ်။

“အထွေထွေလွတ်ငြိမ်းခွင့်” သာဗမာပြည် ဒီမိုကရေစီရေးအတွက် ပြောင်းလဲမှုလမ်းစဉ်အမှန်လို့  ယူဆထားသူများက
ဗိုလ်သိန်းစိန်တို့ ရဲ့  အောက်လမ်းနည်း ပြည်တော်ပြန်လမ်းစဉ်ကို လက်မခံခဲ့ပါဘူး။
စစ်အုပ်စု လက်ယပ်ခေါ်မှုကြောင့် “ဖစ်ဂါ” သိပ်မရှိတဲ့ ပြည်ပနိုင်ငံသား ခံယူထားသူအချို့ လည်း ကျွဲကူးရေပါနဲ့  ပြည်တွင်းသို့  ပြန်ဝင်လာကြတာ ရှိပါတယ်။ ဒါပေမယ့်စီးပွားရေး၊ လူမှုရေး၊ အလည်အပတ်သဘောနဲ့  နေထိုင်ကြပြီး နိုင်ငံရေးရှောင်ကာအချိန်တန် ဗီဇာပြည့်တဲ့အခါ ဌာနေပြန်သွားကြပါတယ်။ သူတို့ ကိုတော့ သီးခြားစာရင်းထဲ သွင်းထားရပါမယ်။ မိုးသီးဇွန်၊ မိုးဟိန်းတို့ လို ပြည်ပနိုင်ငံသားခံယူထားတဲ့နာမည်ပေါက် အတိုက်အခံ တက်ကြွသူတချို့ လည်း ပြည်တွင်းသို့  ၀င်စို့ ထွက်စို့ လုပ်နေကြပေမယ့် သူတို့ နှစ်ဦးလို လူသိထင်ရှား မီဒီယာပေါ် ငိုချင်းချတာမျိုး
မတွေ့ ဖူးတာ သတိပြုမိပါတယ်။ ဒါလည်း ထူးခြားမှုတခုဖြစ်ပါတယ်။

မိုးသီးဇွန်ဟာ နေပြည်တော် လွှတ်တော်နိုင်ငံရေးလမ်းစဉ်ကို လက်ခံသူဖြစ်ပြီးလာမယ့် ၂၀၁၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လိုတယ် လို့ ကြေညာထားပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံသားအဖြစ်က စွန့် လွှတ်ပြီး
မြန်မာနိုင်ငံသား ပြန်လည်ခံယူဖို့  လျှောက်ထားလက်စ တန်းလန်းဖြစ်ပါတယ်။ဒီရည်မှန်းချက်ဟာ စစ်အုပ်စု ၀င်လာစေချင်တဲ့ လမ်းကြောင်းဖြစ်တဲ့အတွက်In Line ဖြစ်ပါတယ်။ မိုးဟိန်းလည်း အလားတူပါဘဲ။ ရောင်းအားကောင်းလှတဲ့
သူ့ ရဲ့ ဂျာနယ်ကနေ လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်သိန်းစိန်၊ စစ်ဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်တို့ ကို ချန်လှပ်ရှောင်ကွင်းပြီး အာဏာလက်လွှတ်ပြီးသူများ၊
အရပ်သား စစ်ခရိုနီများကိုသာ သဲသဲမဲမဲ ဝေဖန်တိုက်ခိုက်နေသူဖြစ်ပါတယ်။
စစ်အုပ်စု နိုင်ငံရေးလမ်းစဉ်ကို အယုံအကြည်ရှိသူဖြစ်ပြီး အဆိုးဆုံးက ရှေ့ ပိုင်းမှာဘာတွေ ဘယ်လို ပြင်းပြင်းထန်ထန်ပြောပြော “သမ္မတကြီးနဲ့ တပ်ချုပ်ကြီးရေကယ်ကြပါဦးဗျာ” နဲ့  နိဂုံးချုပ်သွားတတ်တာကြောင့် မိုးဟိန်းဂျာနယ်ဖတ်ပြီးတိုင်း
“ဥက္ကဌကြီး ဦးနေ၀င်းခင်ဗျား” ဆိုတဲ့ အတိတ်က “ခွေးကတက်မှ အော်သံများ” ကိုပြန်ကြားယောင်မိပါတယ်။ “မိုးနှစ်မိုး” စလုံးဟာ In Line ဖြစ်ကြပါတယ်။

ဒီလို နိုင်ငံရေးအယူအဆရှိတဲ့ အမေရိကန်နိုင်ငံသားများကို ဗိုလ်သိန်းစိန်ရဲ့ အတိုက်အခံများဆိုင်ရာ နိုင်ငံရေးအကြံပေးများဖြစ်တဲ့ ဗိုလ်အောင်မင်း/စိုးသိန်းအုပ်စုက သဘောကျကြမှာ ဖြစ်ပါတယ်။ လ၀က စည်းမျဉ်းအတိုင်း တည်ဆဲဥပဒေများနဲ့ အညီ မိုးနှစ်မိုးကို ဗမာပြည်နယ်နိမိတ်ပြင်ပမှာ နေထိုင်ဖို့ ဆိုတဲ့လက်သည်ဟာ ၄င်းအကြံပေးများဖြစ်ပါတယ်။ တချိန်လုံး ထိုအုပ်စုနဲ့ ပလူးပလဲ
လုပ်လာခဲ့တာကြောင့် သူတို့ သဘော သူတို့ မနောကို ခပ်ညံ့ညံ့ မဟုတ်တဲ့မိုးနှစ်မိုးလည်း နောကျေပြီးသားဖြစ်ပါလိမ့်မယ်။ အခြား ဗမာပြည်ဖွား အမေရိကန်နိုင်ငံသားတွေအတိုင်း တိတ်တိတ်ထွက် တိတ်တိတ်ပြန်ဝင် မလုပ်နိုင်ဘဲ
ကြောင်အမြီးညှပ်သလို ထအော်ရတာဟာ ပြည်တွင်းဝင်ခွင့်ဗီဇာ ထုတ်မပေးမှာစိုးရိမ်လို့ ဆိုတဲ့ နိုင်ငံရေးလောကရဲ့  သုံးသပ်ချက်များ ထွက်လာပါတယ်။ဒီအပေါ်ယံ သုံးသပ်ချက်ဟာ နောက်ကွယ်က ဖြစ်စဉ်အမှန်နဲ့  တထပ်တည်း
ကျနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါဘဲ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွတောင်းဆိုမှုကြီးနောက်ပိုင်းမှာ စစ်အစိုးရဆန့် ကျင်သူ အများအပြား အမေရိကန်၊ ကနေဒါ၊ နော်ဝေး၊ သြစတြေးလျ၊အိန္ဒိယ အပါအ၀င် အနောက်အုပ်စုဝင်နိုင်ငံများသို့  ရောက်သွားကြပါတယ်။
အများစုက ဗမာပြည်နဲ့  ထိစပ်နေတဲ့ ထိုင်းနိုင်ငံမှတဆင့် ဒုက္ခသည်အဖြစ်ထွက်ခွာသွားကြတာပါ။ နိုင်ငံကြီးများကို ရောက်ရှိတဲ့အခါ ဒုက္ခသည်လက်မှတ်နဲ့ နေထိုင်ခွင့်ရကြပေမယ့် အခြေခံလူ့ အခွင့်အရေးအားလုံးနီးပါး ရခဲ့ကြပါတယ်။
စီးပွားရှာနိုင်သလို ပညာရေးဘက်လည်း ကူးပြောင်းနိုင်ပြီး နိုင်ငံရေးလုပ်ခွင့်လည်းအပြည့်အ၀ ရှိကြပါတယ်။ အမေရိကန်မှာ အနေကြာလာတဲ့အခါ ဒုက္ခသည်လက်မှတ်ကို ဆက်လက်ကိုင်ဆောင်ခွင့် မပေးတော့ဘဲ မိမိတို့ အခြေချရာ
နိုင်ငံသားအဖြစ် ခံယူပြီး ထွက်ခွာလာရာ မိခင်နိုင်ငံသားအဖြစ်မှ စွန့် လွှတ်ဖို့ အတင်းအကျပ် ဖိအားပေး လုပ်ဆောင်ခိုင်းတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေမျိုးထုတ်ပြန်ထားခြင်း မရှိပါ။ ကာယကံရှင် ဒုက္ခသည်ရဲ့ ဆန္ဒသဘောအတိုင်း
ဖြစ်ပါတယ်။ တချို့ က မြန်မာနိုင်ငံသားအဖြစ်ကစွန့် လွှတ်လိုက်ကြသလိုတချို့ လည်းဆယ်စုနှစ် နှစ်ခုစာလောက် နေထိုင်ခဲ့ပေမယ့် နိုင်ငံခြားသားဘ၀အဖြစ် ခံယူဖို့  ငြင်းဆန်ပါတယ်။ ဒီအတွက် တန်ဖိုးရှိတဲ့ အချို့ အခွင့်အရေးများကို လက်လွှတ်ရပါတယ်။ ဒါပေမယ့် ဒုက္ခသည်လက်မှတ်နဲ့  ဂရင်းကတ်လေးကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အမေရိကန်နိုင်ငံသားလုံးလုံး ဖြစ်သွားသူများကိုငေးကြည့်ရင်း တစိမ့်စိမ့် ကျေနပ်နေကြသူတွေလည်းရှိကြပါတယ်။ တကယ်တော့ကိုယ့်ဒေါသနဲ့ ကိုယ် အမေရိကန်နိုင်ငံသားဖြစ်သွားကြတာပါ။ အခုလို နိုင်ငံရေးအခြေအနေမှာ ပြည်ပထွက် အမေရိကန်နိုင်ငံသား ခံယူကြမယ့် ကြံ့ဖွံ့ စစ်အစိုးရ
ဆန့် ကျင်ရေးသမားများ မရှိကြတော့ပါ။

မိုးသီးဇွန်နဲ့ မိုးဟိန်းတို့ အမေရိကန်နိုင်ငံသားခံယူချိန်ဟာ စစ်တပ်က ဗမာပြည်ကိုအုပ်ချုပ်နေတဲ့ကာလ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့  ဗမာပြည် စစ်အစိုးရအပေါက်အလမ်း မတည့်ချိန်ဖြစ်ပါတယ်။ စစ်ဘက်ထိပ်တန်းခေါင်းဆောင်များနဲ့ 
သူတို့ မိသားစုဝင်များကို အမေရိကန်မြေပေါ် ခြေချခွင့် ပိတ်ပင်ထားပါတယ်။ဒါကြောင့် ဗမာနိုင်ငံသားအဖြစ် စွန့် လွှတ်ပြီး အမေရိကန်နိုင်ငံသား ခံယူသူတွေကိုဗိုလ်သန်းရွှေ စစ်အစိုးရက အထူး ငြိုငြင်ဒေါသထွက်ပါတယ်။ တေးထားပါတယ်။
“နောင်တနေ့  ဗမာပြည် ပြန်လာပြီး နိုင်ငံသားပြန်လျှောက်တဲ့ခါ ဒင်းတို့ ကိုမှတ်သားလောက်အောင် ပညာပေးမယ်”လို့  အငြှိုးထား ကြိမ်းဝါးခဲ့ပါတယ်။
တိုင်းပြည်နဲ့ လူမျိုးကို အကြီးအကျယ် သစ္စာဖောက်သွားသူများလို့  အစွဲအလန်းကြီးမားခဲ့ပါတယ်။ ဒါကြောင့်လည်း သမ္မတ ဗိုလ်သိန်းစိန်အစိုးရ အုပ်ချုပ်လာတဲ့ ၄ နှစ်သက်တမ်းအတွင်း ဗမာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံပေးလိုက်တဲ့
အမေရိကန်နိုင်ငံသား တဦးတယောက်မှ မတွေ့ မိပါ။ ဒါဟာ စစ်အာဏာရှင်အစိုးရကိုင်စွဲထားခဲ့တဲ့ အိုင်ဒရော်လော်ဂျီကို လက်ဆုပ်မဖြည်နိုင်သေးတဲ့၊ ထင်ရှားတဲ့သက်သေ သာဓကတခုဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း သဘောထား
မသေးကြောင်း ပြည်တွင်းပြည်ပကို ပြသဖို့ အတွက် (မိုးဟိန်းလုပ်သလိုဗီဇာပြန်ရဖို့  ဗုဒ္ဓဘုရားကို သစ္စာတိုင်တည်ပြီး ဆုတောင်းနေစရာ မလိုပါ)
လ၀က နှင်ထုတ်ခံ “မိုးနှစ်မိုး” ကို မကြာမီကာလမှာ ပြည်တွင်း ပြန်ဝင်ခွင့်ပြုမှာဖြစ်ပါတယ်။ “အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်” မထုတ်ပြန်နိုင်သေးသမျှရွှေပြည်ကြီးမှာ အလားတူ ပြဿနာတွေ တမျိုးမဟုတ်တမျိုး ပေါ်လာဦးမှာပါ။
Aungmyo Tun

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.