06/07/14

“လူမျိုးရေးဆိုတာဟာလည်း ရှေးခေတ်က ဟစ်အော်လာကြတဲ့ (အမျိုး-ဘာသာ-သာသနာ-ပညာ) ဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြား အမျိုးများလည်း ရှိသေးတယ်။ ဒါကြောင့် လူမျိုးရေးအားဖြင့် ကြည့်လျှင် လူမျိုတစ်မျိုးထဲကို လိပ်ခဲတင်းလင်းစွဲပြီး ယူဆလို့ မဖြစ်နိုင်ဘူး။

သာသနာဆိုတာက ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာ ကိုးကွယ်နိုင်ကြတာဘဲ။ ဗမာပြည်မှာ လူအများစုက ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာမေဒင် ဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိတာပဲ သည်တော့ ဒါတွေကိုစွဲပြီး လူမျိုးရေးတရား လုပ်လို့ မဖြစ်နိုင်ဘူး။”
(အာဇာနည် ခေါင်းဆောင်ကြီး ဦးအောင်ဆန်း)

ခုတလော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အသံတွေ ညံနေသလို အမျိုးသားရေး အစွန်းရောက် အဖွဲ့တွေကလည်း ဟိုမီဒီယာကို အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာလိုက်၊ ဒီ NGOကို အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာလိုက် ဟိုနိုင်ငံရေး အဖွဲ့အစည်းကို နိုင်ငံရေး စားဖားလို့ ပြောလိုပြော တော်တော် မျက်စိနောက်ရပါတယ်။ အဲဒီလူတွေ အမျိုးသားရေး သတ္တိပြနေပုံကို ထောက်ရှုပြီး စစ်အာဏာရှင် ခေတ်ကောင်းစဉ်က စစ်ထောက်လှမ်းရေး ခေတ်ကောင်းစဉ်က ဘယ်နားမှာများ ရောက်နေသလဲဆိုတာ သိချင်လှပါတယ်။ တစ်ကယ်တော့ ဒီတိုင်းပြည်ဟာ ပြောချင်တာပြော ဆိုချင်တာဆိုတဲ့ ခတ်ကိုရောက်လာတာ မကြာသေးပါဘူး။ သုံးနှစ်ကျော်ကျော် လပေါင်းအားဖြင့် ၃၆လကျော်ကျော်သာ ရှိပါတယ်။ ဒီ၃နှစ်အတွင်း တစ်ဖက်ကို လက်ညှိုးထိုး ပြစ်တင် ပြောဆိုနေတဲ့ ဓလေ့က ပိုပြီး ထွန်းကားလာပါတယ်။ မယုံရင် Facebookကို ဖွင့်ကြည့်လိုက်ပါ။ အပြစ်တင်သံတွေရော၊ ဆဲဆိုသံတွေရော၊ မမြင်ချင်မှ အဆုံးတွေ့ရပါမယ်။ Facebookကို ထူထောင်ခဲ့တဲ့ မာ့ခ်ဇူကာဘတ်သာသိရင် မြန်မာနိုင်ငံက Facebookကိုကြည့်ပြီး နောင်တရသွားမှာ ကျိန်းသေတယ်။ ဒီလူမှုကွန်ယက်က တစ်ဆင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာရော မီဒီယာမှာရော အမုန်းတရားတွေဟာ ပျံ့နှံ့သွားပါတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ ဒီအမုန်းတရားတွေမှာ အဖြေမပါပါဘူး။

နှစ်ပေါင်း ၅၀လောက် အာဏာရှင် စနစ်အောက်မှာ နေထိုင်ခဲ့ကြရတဲ့ သူတွေမို့ ပွင့်လင်းလာစ အချိန်မှာ ပိတ်ထားတဲ့ ရေမြောင်းကို ဖွင့်ဖောက်ချလိုက်သလို အရှိန်အဟုန်နဲ့ စီးဆင်းလာတာကို မအံ့သြပါဘူး။ ဒါပေမယ့် အာဏာရှင် စနစ်က ပေးခဲ့တဲ့ ပြဿနာတွေ၊ အမွေဆိုးတွေကို သုံးနှစ်အတွင်း တစ်ပြိုင်နက်တည်း ဖြေရှင်းဖို့ ဆိုတာကတော့ ခက်ခဲလှပါတယ်။ အခုဆိုရင်ပဲ ဒီသုံးနှစ် အတွင်းမှာ ပြည်သူပြည်သားတွေဟာ စီးပွားရေးချောင်လည် မလာတဲ့အပြင် ပိုပြီး ဆင်းရဲတွင်း နက်လာတယ်။ ဘာသာရေး ပဋိပက္ခတွေ အမုန်းတရားတွေကို သင်ပုန်းမချေနိုင်ကြသေးဘူး။ ဒီကြားထဲမှာ စစ်အုပ်စုက အခွင့်ထူးခံ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ နိုင်ငံသားတွေက လက်မှတ်တွေ ရေးထိုးပြီး ဆန္ဒတွေ ထုတ်ဖော်နေကြတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အရလည်း တစ်ပိုင်းတစ်စ တန်းလန်း၊ လွှတ်တော်နဲ့ အစိုးရကလည်း တဇောင်းစေးနဲ့ မျက်ချေးပါတီတွေကလည်း ၆၅ ပါတီ လက်နက်ကိုင် လူမျိုးစု အဖွဲ့တွေကလည်း တစ်ဖွဲ့တစ်မျိုး အမျိုးသား အစွန်းရောက် ၀ါဒီတွေကလည်း တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို မသုံးသပ်ပဲ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒကို အခြေခံပြီး တစ်ဂိုဏ်း ထောင်လာတယ်။ နှစ်ပေါင်းများစွာ အကျဉ်းထောင်တွေထဲမှာ ပေးဆပ်ပြီး အာဏာရှင်ကို အံတုတော်လှန်ခဲ့တဲ့ သူတွေကို လေးစားမှု ကင်းမဲ့ပြီး အမျိုးသား သစ္စာဖောက် အဖြစ် အလွယ်တကူ စွပ်စွဲနေတာ ရင်နာစရာပါပဲ။

တစ်ကယ်တော့ အမျိုးသားရေး ၀ါဒီတွေရဲ့ စိုးရိမ်ပူပန်မှုကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် အချိန်ကာလ လွဲချော် နေတယ်လို့ ယူဆပါတယ်။ လူတစ်ဦးရဲ့ ငယ်စဉ်ဘ၀ မိရိုးဖလာ ကိုးကွယ်ခဲ့တဲ့ ဘာသာရေးကို ပြစ်ပယ်ပြီး တခြား ဘာသာကို ပြောင်းလဲ ကိုးကွယ်ကြဖို့ဆိုတာ အလွန်ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာသာ တစ်ခုကို ကိုးကွယ်နေတဲ့ လူတစ်ဦးဟာ အကြောင်း တစ်စုံတစ်ရာကြောင့် တစ်ခြားဘာသာ တစ်ခုကို လွတ်လွတ် လပ်လပ် ကူးပြောင်းပြီး ကိုးကွယ်ယုံကြည်ခွင့်လည်း ရှိပါတယ်။ ဒါမှမဟုတ် ဘယ်ဘာသာကိုမှ မကိုးကွယ်ပဲ နေပိုင်ခွင့်လည်း ရှိပါတယ်။ အိမ်ထောင်ပြုတယ် ဆိုတာ ကိုယ်ပိုင် စဉ်းစားချင့်ချိန်နိုင်တဲ့ အရွယ်ရောက်မှ ဥပဒေအရ ခွင့်ပြုတာမျိုး ဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့ ကိစ္စဆိုတာကလည်း လူတစ်ဦချင်းစီရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်မှုပါပဲ။ မြန်မာနိုင်ငံရဲ့ ၁၉၅၄ခု ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု ဥပဒေမှာ ဆင်းရဲနွမ်းပါးပြီး မပြည့်စုံတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြား အမျိုးသားနဲ့ အိမ်ထောင်ပြုတဲ့အခါ မူလ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး တခြား ဘယ်ဘာသာကိုမှ ကူးပြောင်း ကိုးကွယ်စရာ မလိုအောင် ပြဋ္ဌာန်းပေးထားပြီး ဖြစ်ပါတယ်။ ၁၉၅၄ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေ ဆက်ဆံမှု ဥပဒေအရ ဘာသာခြား ယောကျာ်းက ဘာသာရေးကြောင့် မိမိမယားကို ကွာရှင်းလိုလျှင် ဖြစ်စေ၊ ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခဲ့ရင် ဖြစ်စေ၊ ရက်စက်တဲ့ အပြုအမူနဲ့ စိတ်ဆင်းရဲအောင် ပြုလုပ်ရင်ဖြစ်စေ (က) အဲဒီ ယောက်ျားဟာ နှစ်ဦးပိုင် ပစ္စည်းများမှ သူရထိုက်တဲ့ ဝေစုကို စွန့်ရပါမယ်။ ဒါ့အပြင် မိန်းမကို လျော်ကြေးပေးရပါမယ်။ (ခ) မိန်းမဟာ သားသမီး အားလုံးကို ထိန်းသိမ်း စောင့်ရှောက်ခွင့် ရရှိပါတယ်။ (ဂ) အဲဒီယောက်ျားဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက် ကလေးစရိတ် ပေးရမယ်လို့ ပါရှိပါတယ်။ ဘာသာခြား ယောကျာ်းနဲ့ တရားဝင် လက်ထပ် ထိမ်းမြားထားပြီး အဲဒီယောကျာင်္းမှာ တခြား တရားဝင်မယား ရှိခဲ့လျှင်လည်း မြန်မာဓလေ့ ထုံးတမ်း ဥပဒေအရ တန်းတူ အမွေဆက်ဆံခွင့် ရှိပါတယ်။ အထူးဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို တရားရုံးက နုတ်ပယ်၍မရ လင်ယောက်ျားရဲ့ သေတမ်းစာနဲ့လည်း ဖျက်လို့ မရပါဘူး။ ဒါကြောင့် ၁၉၅၄ ဥပဒေဟာ ဘာသာခြားနဲ့ လက်ထပ်တဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို အပြည့်အ၀ အကာအကွယ် ပေးထားတာ သိသာပါတယ်။ ဒါပေမယ့် လတ်တလော ဘာသာခြားနဲ့ အိမ်ထောင်ပြုတာကို ကန့်သတ်ဟန့်တားနိုင်ဖို့ အတွက်ဥပဒေရေးဆွဲ ပြဋ္ဌာန်းဖို့ ကြိုးစားလာတာတွေကို တွေ့ရပါတယ်။ တည်ဆဲဥပဒေတွေ ပြည့်စုံလုံလောက်မှု မရှိတဲ့အခါ လူမှုဘ၀ လိုအပ်ချက်တွေ အတွက် ဥပဒေအသစ်တစ်ရပ် ပြဋ္ဌာန်းဖို့ဆိုတာ လိုအပ်နိုင်ပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ တိုင်းသူ ပြည်သားတွေ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့ အတွက်ပဲ ဖြစ်ရပါမယ်။ ကန့်သတ် တားဆီးဖို့ရာကတော့ မသင့်တော်ပါဘူး။ အထူးသဖြင့် လူအများစု ဆန္ဒနဲ့ ရေးဆွဲအတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ လူနည်းစုတွေ အပေါ်မှာ မတရား အနိုင်ကျင့်ရာ မရောက်အောင် ဆောင်ရွက်သင့်ပါတယ်။ နောက်ပြီး သဘောသဘာဝ လုံးဝ မတူညီတဲ့ အမျိုးဘာသာ သာသနာ သုံးမျိုးလုံးကို တစ်ပြိုင်နက် ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆောင်ရွက်ကြတယ်ဆိုတာဟာ အရှိ တရားတွေ သုံးသပ်ပြီး လက်တွေ့ကျဖို့ လိုပါတယ်။ ဘာလို့လည်းဆိုတော့ ကိုးကွယ်ရာ ဘာသာတူပေမယ့် ရှမ်းနဲ့ဗမာလို လူမျိုးမတူတာမျိုး ကိုးကွယ်ရာ ဘာသာမတူပေမယ့် လူမျိုးတူနေတာမျိုး ရှိနေတတ်လို့ပါ။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ငြိမ်းချမ်းသာယာဖို့ တိုင်းရင်းသား အချင်းချင်း တွေ့ဆုံဆွေးနွေးပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ လုပ်နေတဲ့ အချိန် အာဏာရှင် စနစ်ရဲ့ လုပ်ချင်သလို လုပ်ခဲ့တဲ့ ဆိုးမွေတွေကို တတ်နိုင်သမျှ ဖြေရှင်းနေတဲ့ အချိန် နိုင်ငံတကာရဲ့ နွေးထွေးစွာ ကြိုဆိုမှုကို ဂုဏ်သိက္ခာရှိရှိ လက်ခံရမယ့် အခြေအနေမှာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတော်တစ်ခု အတွက် ပဋိပက္ခတွေ ငြင်းခုန်မှုတွေ ပြစ်တင်မှုတွေ ဖြစ်နေတာမျိုးကို ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ၁၉၃၁ခုနှစ်က လူမျိုး ၁၃၅မျိုး ၁၉၇၃ခုနှစ်က လူမျိုး ၁၄၄မျိုးနဲ့ လတ်တလောမှာ ၁၄၃မျိုးဆိုပြီး အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သတ်မှတ်ခဲ့ ကြပါတယ်။ နာမည်တွေလည်း ပြောင်းချင်သလို ပြောင်းခဲ့ကြတာပါပဲ။ ကရင်နီကို ကယား၊ အီကောကို အခါ၊ ပအို့ဝ်ကို တောင်သူလို့ ပြောင်းတာကို ဒီလူမျိုးတွေက လက်ခံခဲ့ကြပါရဲ့လား။

နောက်ဆုံး အကြံဉာဏ် ပေးချင်တာကတော့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေဟာ စစ်အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာ အဖိနှိပ် ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ လူမှုကျင့်ဝတ်တွေ တည့်မတ်လာအောင် လူမုန်းခံရမှာ စိုးရိမ်လို့ ပြောသင့်ပြောထိုက်တာ မပြောဘဲ ရှောင်လွှဲနေတာမျိုး မလုပ်သင့်တဲ့ အချိန်ရောက် နေပြီလို့ ဆိုချင်ပါတယ်။
http://www.tomorrow.com.mm/?q=articles/581
ဇော်သက်ထွေး

လွန်ခဲ့သော သီတင်းပတ်များအတွင်း ထွက်ပေါ်လာသော သတင်းများကို ခြုံငုံသုံးသပ်မည် ဆိုပါက အာဏာ အလွဲသုံးစားလုပ်၍ အဂတိ လိုက်စားကာ အဆမတန် ကြီးပွားချမ်းသာ လာကြသည့် စစ်ဗိုလ်ချုပ်အသစ် အဟောင်းများက ၎င်းတို့ အသိုင်းအ၀ိုင်း သို့မဟုတ် လူတစ်စု အာဏာ လက်မလွတ်ရရေးကို အသည်းအသန် ကာကွယ် ခုခံနေသည့် အခြေအနေဟု ကောက်ချက်ဆွဲရမည် ဖြစ်သည်။ ဗိုလ်ချုပ်ဟောင်း တစ်ဦး၏အိမ်ကို ယူနီဆက်ဖ်မှ ငှားရမ်းရာ၌ တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၇၀၀၀ (မြန်မာငွေသိန်း ၈၂၀ကျော်) ရနေသည့် သတင်းမှ အစပြု၍ ၄၃၆ ပြင်ဆင်ရေးကို အောက်လမ်းနည်းဖြင့် တန်ပြန်မှုများ၊ ဘာသာသာသနာကို နိုင်ငံရေးအတွက် အသုံးချနေမှုများ စသော သတင်းများအဆုံး အလုံးစုံ ခြုံငုံသုံးသပ်ကြည့်လျှင် ယင်းအချက်ကို အထင်အရှား တွေ့မြင် ရလိမ့်မည်။

အာဏာ လက်မလွှတ်ချင်လောက်အောင် ဖြစ်နေသည်မှာလည်း အာဏာ လက်ကိုင်ရှိသော ၎င်းတို့နှင့် ၎င်းတို့ အသိုင်းအ၀ိုင်း တစ်ခုလုံး၏ ဓနဥစ္စာ အဆမတန် ပွားစီးနေမှုကြောင့်ဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အရိုက်အရာမှ ပြုတ်ကျသွားသော ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်၏ ဓနဥစ္စာ ပိုင်ဆိုင်မှု တစ်ခုတည်းကိုပင် စိစစ် ကြည့်လျှင်ပင် စစ်ဗိုလ်ချုပ် အသစ်အဟောင်းများနှင့် ၎င်းတို့အသိုက်အ၀န်း မည်ရွေ့မည်မျှ ချမ်းသာ ကြွယ်ဝ နေသည်ကို ဆ၀ါးမိနိုင်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် (နအဖ စစ်အစိုးရခေတ်)၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်သည် ယူနီဆက်ဖ်သို့ ငှားရမ်းထားသော ဗဟန်း ရွှေတောင်ကြားမှ နေအိမ်အပြင် အခြားသော တန်ဖိုးကြီး အိမ်ခြံမြေများနှင့် ဓနဥစ္စာများစွာ ပိုင်ဆိုင်ထားသည်ဟု မီဒီယာများက ဖော်ထုတ် ရေးသားလာသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် ရာထူးပြုတ်ကျခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးသည်ပင် ထိုမျှ ချမ်းသာ ကြွယ်ဝ နေသည်ဆိုလျှင် လက်ရှိအချိန်အထိ အာဏာနှင့်သြဇာ သက်ရောက်မှု ကြီးမားသော စစ်ဗိုလ်ချုပ် အသစ်အဟောင်းများ ဆိုလျှင် မည်မျှကြီးပွား ကြွယ်ဝနေမည်ကို ခန့်မှန်းကြည့်နိုင်သည်။ အာဏာ အလွဲသုံးစားလုပ်၍ အကျင့်ပျက် ခြစားကာ ကျိကျိတက် ချမ်းသာလာသော စစ်ဗိုလ်ချုပ် ဟောင်းများ၏ ဥစ္စာဓနများသည် လက်ရှိ အချိန်ကာလအထိ အရေးယူ သိမ်းဆည်းမှု မခံရရုံသာမက မပျက်စီး၊ မကွယ်ပျောက် သွားစေရန် စစ်အုပ်စုအတွင်း အချင်းချင်း အကာအကွယ် ပေးထားခြင်း၊ ဓနဥစ္စာများ ပိုမိုပွားစီးလာစေရန် တစ်ဖက်သတ်အခွင့် အရေးများ ဖန်တီး ပေးထားခြင်း တို့ကိုပင် မြင်တွေ့နေရသည်။

ဗိုလ်ချုပ်ပြုတ် တစ်ဦး၏ ပိုင်ဆိုင်မှု အများအပြားအနက်မှ တစ်ခုသာဖြစ်သော ဗဟန်းရွှေတောင်ကြား နေအိမ်မှ တစ်လ ၀င်ငွေ သိန်း ၈၀၀ ကျော် နှင့် သမ္မတလစာကို နှိုင်းယှဉ်ကြည့်နိုင်သည်။ နိုင်ငံ၏ အမြင့်ဆုံး ရာထူးဖြစ်သော သမ္မတ၏ လစာကို ကျပ်သိန်း ၅၀ သတ်မှတ်ထားပြီး ယခုအခါ ၂၅ ရာခိုင်နှုန်း လှူဒါန်းမည် ဆိုခြင်းကြောင့် ၃၇ သိန်းခွဲသာ ကျန်မည် ဖြစ်သည်။ အလုပ်မလုပ်ဘဲ အငြိမ်းစားနေသော ဗိုလ်ချုပ်ပြုတ် တစ်ဦး၏ အစွန်အဖျား ၀င်ငွေသည် တစ်နိုင်ငံလုံး၏ အုပ်ချုပ်ရေး တာဝန်ကို အကြီးမားဆုံး တာဝန်ယူ၍ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်သော သမ္မတ၏ လစာထက် အဆမတန် များပြား သာလွန်နေသည့် သဘာဝမကျသော အနေအထားကို အံ့အားသင့်ဖွယ် တွေ့မြင်ရမည် ဖြစ်သည်။ လစာ ၂သိန်းခွဲသာ ရရှိသော ညွှန်ကြားရေးမှူးချုပ်နှင့် နှိုင်းယှဉ် ကြည့်မိလျှင်တော့ အကျင့်ပျက်ခြစားမှု အမြစ်စွဲနေရသော အကြောင်းတရားကို အတန်အသင့် သဘောပေါက် သွားလိမ့်မည်။

ထို့ပြင် ပြည်သူထံမှ အဓမ္မနည်း၊ မသမာသော နည်းများဖြင့် ရယူထားသော အာဏာဖြင့် ပြည်သူနှင့် နိုင်ငံပိုင် ဓနဥစ္စာများကို အလွဲသုံးစားပြုကာ တရားဝင်လစာ၊ ခံစားခွင့်များထက် အဆပေါင်း ထောင်သောင်းရှိ ချမ်းသာ ကြွယ်ဝနေကြသော အဆိုပါ စစ်အုပ်စု၏ အရှက်မရှိသော အဖြစ်ကိုလည်း အံ့သြမဆုံး ဖြစ်ရလိမ့်မည်။ ဤမျှ ချမ်းသာကြွယ်ဝမှုနှင့် လုပ်ပိုင်ခွင့်များကို မက်မပြေအောင် ဖြစ်နေသော စစ်အုပ်စုသည် ၎င်းနှင့် ၎င်း၏ အသိုင်းအ၀ိုင်း၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်းနှင့် ဆတက်ထမ်းပိုး တိုးပွားလာစေရန် တစ်ဖက်သတ် အခွင့်အရေးများ ပေးနေခြင်းတို့ကိုလည်း မျက်မှောက်ကာလအထိ အထင်းသား မြင်နေရဆဲဖြစ်သည်။ ဥပမာအားဖြင့် ပုဂ္ဂလိက ရုပ်သံလုပ်ငန်း လုပ်ကိုင်ခွင့်ကို အထူးအခွင့်အရေး အနေနှင့် ရရှိထားသော SKY NET သည် ၂၀၁၀ မှစ၍ သုံးနှစ် ဆက်တိုက် နိုင်ငံတော်သို့ အကျိုးအမြတ် ခွဲဝေပေးရန် မလိုဘဲ ကင်းလွတ်ခွင့် ရရှိခဲ့သည်။ ပျမ်းမျှ တစ်လလျှင် ကျပ်သိန်းပေါင်း ၅၀,၀၀၀ ကျော် ၀င်ငွေရှိနေသည် ဟုဆိုသော အဆိုပါ ရုပ်သံလုပ်ငန်းသည် အကျိုးအမြတ် ခွဲဝေပေးရမည့် ကာလ၌လည်း နိုင်ငံတော်သို့ တစ်လသိန်း ၃၀၀ နှုန်းသာ စတင် ပေးသွင်းနေရသည်။

ယင်းက နမူနာ တစ်ခုမျှသာ ဖြစ်သည်။ အခြားသော စစ်အုပ်စုနှင့် ပတ်သက်သည့်၊ နီးစပ်မှုရှိသည့် စီးပွားရေး လုပ်ငန်း များစွာမှာလည်း တစ်ဖက်သတ် အခွင့်အရေးများစွာဖြင့် မြန်မာ့စီးပွားရေး လောကတစ်ခုလုံးကို စိတ်ကြိုက် ခြယ်လှယ်ခွင့် ရရှိနေသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၌ အခွင့်ထူးခံများနှင့် သာမန် ပြည်သူများအကြား ဆင်းရဲ ချမ်းသာ ကွာဟမှု အလွန်တရာ ကြီးမားလာခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်သူ အများစု ဆင်းရဲမွဲတေမှု နွံထဲမှ ရုန်းမထွက် နိုင်ဘဲ တစ်နေ့တခြား စားဝတ်နေမှုအတွက် ပိုမို ခက်ခဲလာနေခြင်းသည် ဆင်းရဲချမ်းသာ ကွာဟမှု အလွန့် အလွန် ကြီးမားလှသောကြောင့်ပင် ဖြစ်သည်။ ထားစရာမရှိလောက်အောင် ကြွယ်ဝနေသော စစ်ဗိုလ်ချုပ် အသစ် အဟောင်းများ၏ အဂတိမှုများ မကင်းပသေးသမျှ ကာလပတ်လုံး ပြည်သူလူထုမှာ စားစရာ မရှိလောက်အောင် မွဲတေနေရဦးမည် ဖြစ်ပါကြောင်း။
မြန်မာသံတော်ဆင့်
အယ်ဒီတာ

ရေးသားသူ..အောင်မျိုးထွန်း
မစ္စအေးရှားပစိဖိတ်ဝါး အလှဘုရင်မဆု ရရှိလာခဲ့တဲ့ မေမြတ်နိုးတယောက်
မနေ့ ညက တောင်ကိုရီးယားနိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ပြန်ရောက်လာတဲ့
မှတ်တမ်းဓာတ်ပုံတွေမှာ ၀ါစိမ်းနီ စစ်အစိုးရအလံကလေးကို ညာလက်နဲ့ ကိုင်၊
ဗိုလ်စွဲလာတဲ့ စလွယ်တံဆိပ်လေး ခန္ဓာကိုယ်မှာလွယ်ထားတဲ့ ပြုံးစစမျက်နှာကို
ဒီနေ့ ညမှ ပြန်သတိရမိတဲ့အကြောင်းဟာ အာဇာနည်ကုန်းမှာ တောင်ကိုရီးယား
နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ ဝင်တွေက သူတို့ နိုင်ငံသား ၁၇ ဦး သေဆုံးသွားကြတဲ့
အထိမ်းအမှတ်အဖြစ် ကျောက်စာချပ်စိုက်ထူပွဲကို ဒီညနေပိုင်း တီဗီသတင်းမှာ
ထုတ်လွှင့်ပြသသွားလို့ ဖြစ်ပါတယ်။

အိမ်မက်ဆုံရာ အစီအစဉ်မှာကတည်းက မေမြတ်နိုးကို စပြီး မြင်တွေ့ ခဲ့ရလို့ 
ဒီအဆိုဝါသနာရှင်လေးရဲ့  ကြိုးစားအားထုတ်မှုနဲ့  အရည်အချင်းတချို့ ကို
အကဲခတ်မိပြီးသားပါ။ သူမ ယှဉ်ပြိုင်တဲ့အပတ်မှာ နောက်ဆုံးဆန်ကာတင်
၈ ယောက်အဆင့်ကို တင်ခဲ့ပေမယ့် ပွဲအပြီး ရလဒ်မှာတော့ ထိပ်တန်းအဆင့်
နံပတ်များနဲ့  လွဲချော်ခဲ့ရတယ်။ ဒီရက်သတ္တပတ်အတွင်း မေမြတ်နိုးတယောက်
တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ အာရှပစိဖိတ်အဆင့်ရှိ အလှမယ်ပြိုင်ပွဲကို
မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နေတယ်ဆိုတဲ့ သတင်းတွေဖတ်ရလို့ 
ဟုတ်နေပါလား ဆိုပြီး ချီးကျူးစိတ်ဖြစ်မိတယ်။ နိုင်ငံစုံက အလှပဂေးတွေကို
ကျော်ဖြတ်ပြီး ပြိုင်ပွဲရဲ့ အလှမယ်ဆုကို ဗိုလ်စွဲလာခဲ့တာကြောင့် အံ့သြမှုနဲ့ အတူ
မယုံနိုင်စိတ်လည်း ပေါ်လာတယ်။ ဒီဘက်ခေတ် မြန်မာပြည်ပြင်ပမှာ ပြုလုပ်တဲ့
မယ်ရွေးပွဲမှာ မေမြတ်နိုးဟာ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သူအဖြစ် မှတ်တမ်းတင်
ခဲ့တယ်။ ပြိုင်ပွဲအကဲဖြတ်ဒိုင်တွေရဲ့  အမှတ်ပေးမှုတွေကြောင့် ပထမရခဲ့ပေမယ့်
အရပ်အမောင်း၊ ရုပ်ရည်စွဲဆောင်မှု၊ အမူအယာတွေဟာ အခြားပြိုင်ဖက်များထက်
ထူးထူးကဲကဲ သာလွန်ကောင်းမွန်တာကို မတွေ့ မိပါ။ ဒါပေမယ့် ဒိုင်အမှတ်ပေး
စည်းမျဉ်းရဲ့ သဘောသဘာဝက ဘယ်လိုရှိမလဲ မသိရတာကြောင့် ထိုက်တန်စွာ
ဗိုလ်စွဲခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တယ်လို့  မှတ်ယူလိုက်ပေမယ့် သူမ ရလာခဲ့တဲ့
စလွယ်နဲ့ ခရောင်းကို ပုံမှန်ဟုတ်ပါ့မလားဆိုပြီး မတင်မကျစိတ်က အရှင်းပျောက်
မသွားခဲ့ပါ။

မြန်မာပြည်အနှံ့ မှာ နိုင်ငံ့ဂုဏ်ဆောင် အလှရှင် မြန်မာမလေး မေမြတ်နိုးအတွက်
ဝိုင်းဝန်းချီးမွှမ်း သြဘာလက်ခုပ်သံတွေ ၀က်ဝက်ကွဲနေတဲ့အပြင် သူမ ယှဉ်ပြိုင်ခဲ့တဲ့
အောင်မြေစိုက်ရာ တောင်ကိုရီးယားနိုင်ငံကိုလည်း သဘောကျ ချစ်ခင်စိတ်တွေ
တဖွားဖွား ပေါ်ပေါက်ခဲ့တဲ့သူပမာဏဟာ ရုတ်ချည်းမြင့်တက်လာပါတယ်။ ဒါ့အပြင်
ကိုရီးယားဇာတ်လမ်းတွဲတွေ စွဲစွဲလမ်းလမ်း ကြည့်ပြီး ကိုရီးယားသရုပ်ဆောင်တွေကို
အုံနဲ့ ကျင်းနဲ့  အားပေးလက်ခံကြတဲ့ မြန်မာပရိသတ်များအတွက် မေမြတ်နိုးလေး
ကိုရီးယားမှာ ရုပ်ရှင်ရိုက်ခွင့်ရသွားပြီ ဆိုတဲ့သတင်းဟာ အချိုပေါ် သကာဆင့်သလို
ကျေနပ်ပီတိစိတ် မြင့်မားစေမှုနဲ့ အတူ တောင်ကိုရီးယားတို့ ကို ကျေးဇူးတင်ပြီးရင်း
ကျေးဇူးတင်ကာ တောင်ကိုရီးယားနိုင်ငံအပေါ်လည်း အပေါင်းလက္ခဏာဆောင်တဲ့
အမြင်တွေ အလွန်အကျွံ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီနေ့ မှာတော့ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက် ၁၀း ၂၅ နာရီမှာ
မြောက်ကိုရီးယားနိုင်ငံသားသူလျှိုတို့ ရဲ့  လုပ်ကြံမှုကြောင့် ရန်ကုန်မြို့  အာဇာနည်
ဗိမာန် ဗုံးပေါက်မှုကြီးအတွင်း လူပေါင်း ၂၃ ဦး သေဆုံးခဲ့ရာမှာ ပါဝင်ခဲ့တဲ့
တောင်ကိုရီးယားနိုင်ငံသား ၁၇ ယောက်တို့ ရဲ့  နံမည်တွေ အစီအရီ ရေးထားတဲ့
အောက်မေ့ဖွယ် အထိမ်းအမှတ် ကျောက်စာချပ်ဖွင့်လှစ်ပွဲကို တောင်ကိုရီးယား
နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် တကူးတက လာရောက်ဖွင့်လှစ်ပြီး အမှတ်တရ
စကားတွေ ပြောကြားသွားခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးများထားရှိရာ
ရွှေတိဂုံစေတီအနီးရှိ အာဇာနည်ဗိမာန်မှာ တောင်ကိုရီးယားတို့ ရဲ့  အမှတ်တရ
ကျောက်စာတိုင် လာရောက်စိုက်ထူ နေရာယူမယ့်သတင်းတွေ ထွက်လာခြင်းနဲ့ 
အတူ နိုင်ငံရေးလောကရဲ့  ၀ိုင်းဝန်းရှုံ့ ချပြစ်တင်မှုတွေလည်း ထောင်းထောင်းထ
ခဲ့ဖူးပါတယ်။ ဒီနောက်တော့ အစိုးရဘက်က ဒီကိစ္စအပေါ် နှုတ်ဆိတ်သွားမှုကြောင့်
ကျောက်စာတိုင်ထားရှိမယ့်အရေး မှေးမှိန်သွားခဲ့ပြီးမှ အခုလို တကြော့ပြန်
ပေါ်ပေါက်လာတာဖြစ်ပြီး ဒီတခါတော့ မေမြတ်နိုး ပြန်ရောက်ပြီး နောက်တရက်မှာ
ဒီကိစ္စကို အောင်မြင်စွာနဲ့  ၀ှီးချဲကျင်းပဖြစ်သွားခဲ့တာပါ။ ဒီပလိုမေစီခေါ်ခေါ်၊
နှစ်နိုင်ငံချစ်ကြည်ရေးဆိုဆို၊ သံခင်းတမန်ခင်းအရဖြစ်ဖြစ် ကျောက်စာတိုင်
စိုက်ဖြစ်ခဲ့ပါပြီ။ နှစ်စဉ် အာဇာနည်ကုန်းသွားပြီး အာဇာနည်ခေါင်းဆောင်များကို
အလေးပြုကြတဲ့ ပရိသတ်များအတွက် ကျောက်ပြားအနက်ရောင်ပေါ်က
ကိုရီးယားစာတွေနဲ့  ရေးထိုးထားတဲ့ ကျောက်စာချပ်ကြီးကို မျက်စိခလုတ်တိုက်
ကြတော့မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃၁ နှစ်က ဒီအကြမ်းဖက်ဗုံးဖောက်ခွဲမှုမှာ အပြစ်မဲ့သေဆုံးသွားရတဲ့
သတင်းထောက် ၃ ဦး အပါအ၀င် မြန်မာနိုင်ငံသား ၄ ဦးအတွက် အမှတ်တရ
တခုခုလေးကိုမျှ ဒီနေရာတ၀ိုက်မှာ မတွေ့ ရခြင်းဟာ စိတ်မကောင်းစရာပါ။
ဒါ့အပြင် တောင်ကိုရီးယားတို့ ရဲ့  လွမ်းဆွတ်ဖွယ် အထိမ်းအမှတ် ကျောက်စာတိုင်
ဆောက်လုပ်တော့မယ်လို့  ကနဦးသတင်းတွေ ထွက်လာစဉ်က စူးစူးဝါးဝါး
ဝိုင်းဝန်း ပြစ်တင်ကန့် ကွက်ခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူ နိုင်ငံရေးသမားများရဲ့ 
မာမာထန်ထန် ကြွေးကြော်သံတွေကို ဒီတကြိမ်မှာ မကြားရတော့ခြင်းဟာ
နောက်ထပ် စိတ်မကောင်းစရာတခုပါ။ ကာလတို ၂ နှစ်အတွင်း ဖြစ်ရပ်တခုတည်း
ပေါ်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားကြတဲ့ သဘောထားများရဲ့  အရင်းခံဟာ
အလှပိုင်ရှင်လေး မေမြတ်နိုးတယောက်တည်းကြောင့်တော့ တပ်အပ်မဟုတ်ပါ။
မေမြတ်နိုးခေါင်းပေါ်က သရဖူနဲ့  အာဇာနည်ကုန်းပေါ်က ကိုရီးယားကျောက်စာကို
ညီမျှခြင်းလည်း မချထိုက်ပါ။ ဒါပေမယ့် ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဗယ်ဆုကိုတောင်
အကွက်ကျကျ စီမံကိန်းချ မရရအောင် ပေးအပ်ချီးမြှင့်လို့  ရနေကြတဲ့ နိုင်ငံတကာ
ရှုခင်းနောက်ခံမှာ အလှဝါသနာရှင် မေမြတ်နိုးတယောက် ကြားညပ်သွားခဲ့ရင်
ဒါဟာ သဘာဝကျတယ် ပြောရမှာပါ။
Aungmyo Tun

လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၁၉၈၃ ခုနှစ်က ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံခဲ့ရတဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ဝင်တွေအတွက် အောက်မေ့သတိရဖွယ် ကျောက်တိုင်ဖွင့်ပွဲ အခမ်း အနားကို ဒီနေ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-Se တက်ရောက်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေးအတွက် မြန်မာအစိုးရက အခုလို ကိုရီးယားအာဇာနည် ပုဂ္ဂိုလ်တွေအတွက် အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ခွင့်ပြုတဲ့အပေါ် ကျေးဇူးတင်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ် အောက်တိုဘာလက တောင်ကိုရီးယား သမ္မတချန်ဒူးဝှမ်နဲ့အဖွဲ့ အာဇာနည်ဗိမာန်ကို လာရောက်စဉ် မြောက်ကိုရီးယားနိုင်ငံသား သူလျှိုတွေက အဝေးထိန်းဗုံးနဲ့ လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

အမြင့် ၅ပေ၊ အလျားပေ ၂၀ ရှိတဲ့ အဲ့ဒီကျောက်တိုင်ကို တောင်ကိုရီးယားနိုင်ငံမှာ ထုလုပ်တာဖြစ်ပြီး လုပ်ကြံခံခဲ့ရသူ ၁၇ ဦးရဲ့အမည်တွေကို ရေးထိုးထားပါတယ်။ ကျောက်တိုင်ဖွင့်ပွဲ မပြုလုပ်ခင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယူဗြောင်စီဟာ အာဇာနည်ဗိမာန်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်မှာ လွမ်းသူ့ပန်းခွေချပြီး အလေးပြုခဲ့ပါတယ်။
Rfa

Facebook သုံးတဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အခြားသူတင်ထားတဲ့ ပို့စ်များကို မျှဝေမယ်၊ နှစ်သက်ကြောင်းပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းတရားပွားစေတဲ့
ပြောကြားချက်တွေ ပုံတွေ မဖြစ်ဖို့ သတိပြုရပါတယ်။ မိမိရေးတဲ့စာများဟာလည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ အမုန်းတရား ပွားစေတဲ့ ပြောကြားချက် မဖြစ်ဖို့ လိုပါတယ်။

ကျွန်တော့ဇနီးရဲ့ Facebook စာမျက်နှာမှာ မနေ့က မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံ ပါဝင်နေတာတွေ့ရပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ဟာ ကျွန်တော်ယုံကြည်လက်ခံထားတဲ့ လူမှုကွန်ယက်အသုံးပြုရာမှာ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့လည်းကောင်း၊ ဒီမိုကရက်တစ်စံနှုန်းများနဲ့လည်းကောင်း လွဲချော်နေတဲ့အတွက် သိသိချင်း
ပြန် ဖျက်ခိုင်းခဲ့ပါတယ်။

ကျွန်တော်ဟာ အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့လည်းကောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ လည်းကောင်း မိမိ မိသားစုဝင်များရဲ့ အပြုအမှုများကို အများလိုက်နာတဲ့ စံနှုန်းများနဲ့အညီ ဖြစ်အောင် သွန်သင်ဆုံးမဖို့ တာဝန်ရှိပါတယ်။

အဲဒီတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို လည်းကောင်း၊ သူ့ကို ချစ်မြတ်နိုး ထောက်ခံသူများကိုလည်းကောင်း၊ ကျွန်တော့် စာမျက်နှာ ကို အလေးထားလာရောက်ဖတ်ရှုသူများကိုလည်းကောင်းတောင်းပန်အပ်ပါတယ်။

ကျွန်တော့်ဇနီးအနေနဲ့လည်း ဒီဖြစ်စဉ်ကနေ သင်ခန်းစာရခဲ့ပြီးလို့ ကျွန်တော်ယုံကြည်ပါ တယ်။

လေးစားလျှက်
ရဲထွဋ်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.