06/18/14

စည်သူအောင်မြင့်
မြန်မာပို့စ်၊ ၁၆-၆-၁၄။

ဒီရက်ပိုင်းအတွင်း မီဒီယာတွေဆီ ပေါက်ကြားလာတဲ့ သတင်းတစ်ပုဒ်ကတော့ ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးနေတဲ့ လွှတ်တော်ကော်မတီ အနေနဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ လွှတ်တော်ကော်မတီ အတွက် နာယကကြီး သူရဦးရွှေမန်း ချမှတ်ပေးထားတဲ့ သံမဏိ စည်းမျဉ်းတွေအရ ကော်မတီတွင်း ဆွေးနွေးတာတွေကို လျို့ဝှက်ထားရမယ် ဆိုတာကြောင့် ဘယ်ကော်မတီဝင် အမတ်ကမှ သူတို့ နာမည်နဲ့ တကွ ထုတ်ဖော်ပြောဆိုတာ မလုပ်ကြလို့ သတင်းကို လုံးဝ မှန်ကန်ပါတယ် ဆိုပြီး အတည်ပြုလို့တော့ မရပါဘူး။ ဒါတင်မက အရင် စစ်အာဏာရှင်တွေဆီက အမွေဆက်ခံထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သူ စစ်ဗိုလ်ဟောင်းတွေ ဆိုတာကလည်း ပြည်သူတွေရဲ့ အသံဗလံတွေ ထွက်လာရင် ခုတစ်မျိုး တော်ကြာတစ်မျိုး အပြောင်းအလဲ လုပ်လေ့ရှိတဲ့ သာဓကကလည်း အများကြီးရှိလေတော့ အဲဒီ သတင်း တစ်ထစ်ချ ပြောဖို့ ခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကတော့ အဲဒီ သတင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဆို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် မရှိတော့ဘူးလား၊ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ် ဘာကြောင့် အဲဒီလို လုပ်ရတာလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

တကယ်တော့ ဖွဲ့စည်းပုံထဲက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်ထားတဲ့အချက်ကို အရင် စစ်အာဏာရှင်တွေက ချမှတ်သွားခဲ့တာပါ။ အခု ပွင့်လင်းစ ပြုလာတဲ့ အခြေအနေ တစ်ခု ရောက်လာတာတောင် အဲဒီ အချက် ပြင်နိုင်ရေး လုပ်ပိုင်ခွင့် အာဏာ ပြည်သူတွေ လက်ထဲမှာ ရှိမနေပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကနေ တဆင့် လွှတ်တော်နှစ်ရပ်ကို အပိုင်စီးထားတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော် လက်ထဲမှာပဲ ရှိနေတာပါ။ သူတို့ကိုယ်သူတို့ ပြည်သူ့ကိုယ်စားလှယ်တွေလို့ ကြွေးကြော်ပြီး ဖွဲ့စည်းပုံပြင်ဆင်မယ့် အခွင့်အရေးကိုလည်း အပြည့်အ၀ ရယူထားကြတာပါ။

တကယ်တော့ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေး အင်အားစုတွေ တစ်ခုနဲ့ တစ်ခု ဆွေးနွေးညှိနှိုင်း အဖြေရှာကြမယ့်အစား လွှတ်တော်၊ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ကော်မတီ၊ အဲဒီ ကော်မတီအတွက် ချထားပေးတဲ့ တစ်ဖက်သတ် ဆန်လွန်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကနေ တဆင့် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဟာ သူတို့လိုချင်တာကိုပဲ ပုံဖော်ကြမယ့် သဘောရှိပါတယ်။ ဒါကို အထူးအထွေ ထပ်ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားဆီးထားတဲ့ ပြဌာန်းချက် ဆိုတာ ပြည်သူတွေကရော နိုင်ငံတကာကပါ နားလည်ကြပါတယ်။ ဒီ ပုဒ်မ ဖျက်ပေးဖို့ ပြည်သူတွေ တောင်းဆိုလာကြတဲ့အခါ လူတစ်ဦးတစ်ယောက်အတွက် ပုဒ်မ တစ်ခုကို ပြင်မပေး၊ ဖျက်မပေးနိုင်ဘူးလို့ အာဏာပိုင်တွေက တုန့်ပြန်ကြပါတယ်။ တစ်ချို့အင်အားစုတွေကတော့ ပုဒ်မ ၅၉ (စ) ကို ပြင်လိုက်တယ် ဆိုရင်ပဲ အမျိုးဘာသာ သာသနာ ညှိုးနွမ်းကုန်တော့မယ့်အလား၊ ဘာသာခြားတွေကပဲ မြန်မာနိုင်ငံမှာ သမ္မတ တက်လုပ်တော့မယ့်အလား မဟုတ်မမှန် လုပ်ကြံ ၀ါဒ ဖြန့်တာတွေ လုပ်ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒါနဲ့ ပါတ်သက်ရင် သမ္မတ ဦးသိန်းစိန် ပြောတဲ့စကားဟာ မယုတ်မလွန် ရှိသလို လက်ခံလို့လဲ ရနိုင်ပါတယ်။ သူက ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်တဲ့ သူ့သဘောထား ရပ်တည်ချက်ကို ပြောဆိုရာမှာ (၁) ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူ ဖြစ်စေဖို့ (၂) ဒီမိုကရေစီ စံနှုန်း ပြည့်မီအောင် ကြိုးစားအားထုတ်ဖို့ ပြောပြီး နံပါတ် (၃) အနေနဲ့ “ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ် တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုသည့် နိုင်ငံရေး စေတနာ ရှိသလို တစ်ဖက်တွင်လည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံဇ။် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်သော အကာအကွယ် ပေးနိုင်သည့် အခြေခံများ ရှိရန် လိုအပ်ကြောင်း” လို့ ဆိုပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက်ပြီး ရည်ညွှန်းချက်ဖြစ်သလို တစ်ကြိမ်မက ပြောဆိုတဲ့ အချက်လည်း ဖြစ်ပါတယ်။ နောက်ဆုံး ပြောလိုက်တာက မေလ ၃၁ ရက်နေ့ ရေဒီယို မိန့်ခွန်းမှာပါ။
တကယ်လို့ သမ္မတ ကသာ လက်ရှိ ဖြစ်ပွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်နဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုကို ပြီးပြတ်စေချင်ရင် ဒီ ထက် ရှင်းရှင်းလင်းလင်း ပြောဆို သင့်ပါတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဖခင်ကြီး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းခြာ သမီး တစ်ယောက်ဖြစ်တယ်၊ သာမန် နိုင်ငံသားထက် ပိုတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဖြစ်တယ်၊ တိုင်းရင်းသား ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်နိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် သမ္မတ ဖြစ်ခွင့်နဲ့ ပါတ်သက်ရင် တိုင်းပြည်ရဲ့ အထွတ်အထိပ် နေရာ ဖြစ်တာကြောင့် “အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံဇ။် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်သော အကာအကွယ် ပေးနိုင်သည့် အခြေခံ” တွေကို ထည့်သွင်းထားမယ်။ စသဖြင့် ပြောဆိုဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို မိမိကတော့ဖြင့် သမ္မတ ဖြစ်ခွင့်မပေးနိုင်ပါဘူး စသဖြင့် ခပ်ရှင်းရှင်း ပြောရဲဖို့ လိုပါတယ်။

ဒီနည်းအတိုင်း သူရဦးရွှေမန်းကလည်း အလားတူ သဘောထားမျိုး ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပေးနိုင်သလား၊ မပေးနိုင်ဘူးလား၊ အဲဒီ သဘောထားကို လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်ကော်မတီ ကို အလုပ်လမ်းညွှန်အဖြစ် ရှင်းရှင်းလင်းလင်း ပေးထားဖို့ လိုပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်ထီး ပုဒ်မတွေကို လျောက်ပြောနေကြတာဟာ ရှည်လျား၊ ထွေပြား၊ ပေများပြီး သတ္တိမရှိ၊ သူရဲဘောကြောင်ရာလည်း ရောက်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံအရ သမ္မတ ဖြစ်ခွင့်ပေးထားလိုက်ရင်တောင် အလိုအလျောက် သမ္မတ ဖြစ်လာမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ အမတ် ဖြစ်ပြီး လွှတ်တော်ထဲမှာ ဒုသမ္မတ အဖြစ် ရွေးချယ်ခံရဦးမှာ ဖြစ်ပါတယ်။ ဒုသမ္မတ ဖြစ်သည့်တိုင် သမ္မတ ဖြစ်ဖို့ရာ သေခြာတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအရ တပ်မတော်သား အမတ်တွေ အပါအ၀င် ရွေးကောက်ခံ အမတ်တွေ အားလုံးပါဝင်တဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးကောက်တင်မြှောက်ဖို့လည်း လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ခရီး မနီးပါဘူး၊ မလွယ်ကူပါဘူး။

ဒါပေမယ့်လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲ ဘယ်နေမှန်း မသိပဲ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အရည်အချင်း မပြည့်မီဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ စောစောစီးစီး ကတုတ်ကျင်းတူးပြီး ကာထားတာဟာ စစ်ရေးအမြင်အရ အဆင်ပြေနိုင်ပေမယ့် နိုင်ငံရေးမှာတော့ အဆင်မပြေနိုင်ပါဘူး။ ပထမ အရေးအကြီးဆုံးက ပြည်သူလူထုရဲ့ အမုန်းတရားကို ရင်ဆိုင်ကြရပါလိမ့်မယ်။ စစ်ဗိုလ်ချုပ်တွေကို၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီကို တရားမျှတမှု မရှိတဲ့ လူ၊ တရားမျှတမှု မရှိတဲ့ အဖွဲ့အစည်း၊ သူရဲဘောကြောင်တဲ့ အဖွဲ့အစည်းတွေ အဖြစ် မြင်ကြပါလိမ့်မယ်။ အလားတူ နိုင်ငံတကာကလည်း ဒီလိုပဲ မြင်ကြပါလိမ့်မယ်။

ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုပြီး ကိုယ့်နိုင်ငံ လွတ်လပ်ရေး ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီးရဲ့ ရင်နှစ်သည်းခြာ သမီးတစ်ယောက်ကို သမ္မတ ဖြစ်ခွင့်မရှိဘူးဆိုပြီး ဥပဒေရေးဆွဲ ကန့်သတ်ထားတာဟာ အလွန် မမျှတမှုအဖြစ်၊ ညစ်ပတ်မှု တစ်ခုအဖြစ်၊ သူရဲဘောကြောင်တဲ့ အပြုအမူအဖြစ် မလွဲမသွေ ရှုမြင်ကြပါလိမ့်မယ်။ ဒါဆိုရင် ၂၀၁၅ အလွန် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ မကောင်းပါဘူး။ ကမ္ဘာကြီးဟာ နည်းပညာသစ်တွေနဲ့ ရှေ့ကို အရှိန်အဟုန်နဲ့ ချီတက်သွားနေချိန် မြန်မာနိုင်ငံဟာ ရွံ့ထဲ ဗွက်ထဲ မိုးထဲ ရေထဲ ခရီးနှင်ကြရပါဦးမယ်။ ဒါတွေဟာ ဘယ်သူမပြု မိမိမှု ဆိုသလို စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အပြုအမူကြောင့် ထွက်လာတဲ့ ရလာဒ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီအတွက် ဖွဲ့စည်းပုံပြင်ရေး တာဝန်ယူထားသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်မီကြောင်း အာမခံချက်ပေးပြီး ကျန် ကြိုက်ရာ ပုဒ်ထီးပုဒ်မတွေကို ကြိုက်သလို ရေးဆွဲ ထည့်သွင်းကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
စည်သူအောင်မြင့်။

၁၃.၆.၂၀၁၄ နေ့မှာ ဘိတ်ကနေ ကော့သောင်ကို လေယာဉ်နဲ့ခရီးဆက်ခဲ့ပါတယ် ။ နောက်နေ့ ၁၄ ရက်နေ့မှာ ကော့သောင်မြို့ မဉ္ဇူသကခန်းမရှေ့မှာ ကျင်းပမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးထွန်းမြင့်အောင်တို့နဲ့အတူ ဟောပြောဖို့ အတွက်ပါ ။ ထုံးစံအတိုင်း ပတ်ဝန်းကျင်အခြေအနေ တွေကိုလည်းလေ့လာချင် ၊ ဒေသခံတွေနဲ့လဲ စကားစမြည် ပြောဆို မေးစရာမေး ဖြေစရာဖြေ ၊ မျှဝေစရာတွေ မျှဝေဖို့ တစ်ရက်ကြိုသွားခဲ့တာပါ ။

လေဆိပ်ကနေ တည်းခိုခန်းရောက်လို့ အ၀တ်အစားအိပ်လေးချပြီး ကုတင်ပေါ်လှဲချလိုက်တုံးမှာပဲ ၊ ကော့သောင်မြို့က NLD နဲ့ ၈၈ လူငယ်များက စာရွက်တစ်စုံကိုလက်ထဲထည့်ပေးလာပါတယ် ။ မနေ့ တစ်နေ့ ကမှ မြို့ထဲလိုက်ဝေသွားတာပါတဲ့ ဘယ်သူဘယ်ဝါ ဘယ်အဖွဲအစည်း ဝေမှန်း မသိရ သေးဘူး စုံစမ်းနေဆဲပါတဲ့ ။
ဖတ်ကြည့်လိုက်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ မပြင်ဆင်ရေး လှုံ့ဆော်တဲ့စာရွက်တွေကိုး ။

လူငယ် တွေကတော့ စိတ်မကောင်းကြဘူး ။ သူတို့ကိုအားပေးရတယ် ။ နိုင်ငံရေးမှာအသုံးချခံ တွေရှိတယ် ။ တစ်ချို့က သေသေချာချာနားမလည်လို့အသုံးချခံရတာ ၊ တစ်ချို့က သိသိကြီးနဲ့ ကိုယ်ကျိုး အတွက် ပေးစာကမ်းစာ ထောက်ပံ့စာယူပြီး အသုံးချခံတာ လို့ ရှင်းပြရတယ် ။

အဲဒီတော့မှ သူတို့ မျက်နှာ လေးတွေ ကြည်လာကြတယ် ။ပြီးတော့မှတစ်ယောက်က အစ်ကို တစ်နိုင်ငံလုံးမှာ ဒီလိုမသိနားမလည်တဲ့ပြည်သူတွေက ဒီစာတွေဖတ်ပြီး ဇဝေဇ၀ါတွေဖြစ်နိုင်တယ် ၊ ပြည်သူတွေကို အသိပေးဖို့ရေးပါဦးလို့ ပြောပါတယ် ၊ အဲဒါနဲ့ပဲ ဒီစာကို ရေးရပြန် တော့တယ် ။

ပုဒ်မ ၄၃၆ ကို ပြင်ရင် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်သွားမှာစိုးလို့ ဆိုပြီး စာရွက်တွေဝေကြတယ်
အဲဒီလူတွေဟာ ဘယ်သူဘယ်ဝါမှန်းသိစရာမလိုပါဘူး ။ စုံစမ်းမေးမြန်းနေစရာလည်းမလိုပါဘူး ။ ဘာကြောင့် လည်းဆိုတော့ ဘာကြောင့် ဒီ ၄၃၆ ကို ပြင်ဆင်ဖို့ကန့်ကွက်တာလဲဆိုတာထက် ဒီ ၄၃၆ ကိုပြင်လိုက်ရင် ဘယ်သူ ၊ ဘယ်အဖွဲ့အစည်းကိုထိခိုက်နစ်နာစေမလဲ ဆိုတာစဉ်းစားကြည့်လိုက်ရင်ပေါ်ပါတယ် ။

အကျိုးစီးပွား မထိခိုက်သူတွေ ၊ အဖွဲ့အစည်းတွေကတော့ ပြင်ဆင်ဖို့ကို မထောက်ခံချင်နေမယ် ၊ ကန့်ကွက်ဖို့နဲ့ မပြင်ဆင် ဖို့အထိတော့မလုပ်ဘူး ။ ဒါဆိုရင် အခုပြင်ဆင်မှုကို ကန့်ကွက်စာဝေ သူတွေ အဖွဲ့အစည်းတွေဟာ ၄၃၆ကို ပြင်ဆင်ရင် အကျိုးစီးပွားထိခိုက်မဲ့သူတွေပေါ့ ၊ အဲဒီလိုလူတွေရဲ့ လက်ကိုင်တုတ်တွေ ၊ အသုံးချ ခံတွေပေါ့ ။ အရှင်းသားပါကပဲ ။

ထပ်ပြီးစဉ်းစားကြည့်ပါမယ် ။ တံခါးပေါက်တစ်ပေါက်ကို ဖွင့်နိုင်ပါတယ်လို့ပြောနေပေမဲ့ သော့ခတ်ပြီး သော့တံလွှင့်ပစ်ထားရုံမျှမက ၊ သော့တံထိုးသွင်းဖို့အပေါက်ကိုပါ ဂဟေဆော်ပြီး ပိတ်ထားသလို ဆိုရင်တော့ ဒီအခန်းထဲမှာ လူသိမခံချင်တဲ့ အရာတွေသိမ်းဆည်းသိုမှီးထားတာ သေချာနေသလိုပါပဲ ။

ပြင်ဆင်ခွင့်ပေးထားပါ တယ်ဆိုပေမဲ့ ဘယ်လိုမှ မပြင်ဆင်နိုင်အောင် အမျိုးမျိုးအဆင့်ဆင့်ကြပ်တည်း စွာ ပိတ်ဆို့ထားပြီဆိုမှတော့ ဒီ ၄၃၆ ဟာ ပြည်သူတွေအကျိုးငှာမဟုတ်တဲ့ တစ်ခုခုသော တစ်ခုခု တို့ကို ကာကွယ်ပေးနေတာဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ ။ အဲဒါကိုဆန်းစစ်ကြည့်ကြပါမယ် ။ ဒီဆောင်းပါးအဆုံးမှာတော့ အဖြေတစ်ခုထွက် လာပါလိမ့်မယ် ။

၄၃၆ ကိုမပြင်ချင်တာဘယ်သူတွေဖြစ်မလဲ ၊ ပြင်ဆင်မှာကို အကြောက်အကန် ကန့်ကွက်မဲ့ သူတွေကို မွေးပြီး ပြင်ဆင်ရေးကိုပျက်ပြားစေချင်တာဟာ ဘယ်သူတွေဖြစ်မလဲ ။ ၄၃၆ က အကာ အကွယ် ပေးတာကို ခံစားနေသူတွေပေါ့ ။ ၄၃၆ ကိုပြင်ဆင်ရင် အကာအကွယ်မဲ့ပြီး အာဏာ လက်လွတ် ၊ လုပ်ပိုင်ခွင့် လက်လွတ် ဖြစ်ရမဲ့သူတွေပေါ့ ။ ဒါဆိုရင် ၄၃၆ မပြင်ရေး ဆန္ဒပြသူတွေ ၊ ဟောပြောသူတွေ ၊ စာဝေသူတွေဟာ အဲဒီလူ တွေရဲ့ လက်ဝေခံ အသုံးချခံတွေပဲပေါ့ ။

ပုဒ်မ ၄၃၆ အရ ပြင်ရခက်အောင် လုပ်ထားတဲ့ထဲမှာ ပုဒ်မ ၅၉(စ) တစ်ခုထဲမဟုတ်ပါဘူး ၊ အခန်း(၁) ပုဒ်မ အားလုံး ၊ အခန်း(၂) ပုဒ်မ အားလုံး လို့ ထည့်သွင်းထားပါတယ် ။ အဲဒီတော့ အခန်း(၁)က ပုဒ်မ ၆(စ)မှာ ဘာပြဌာန်းထားသလဲ ။ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်ကဏ္ဍမှာ တပ်မတော်က ဦးဆောင်ပါဝင်ရေး ကို အစဉ်တစ်စိုက် ဦးတည်သည် ဆိုမဟုတ်လား ။ အကယ်၍ ၄၃၆ ပြင်ဆင်လိုက်ရင် နိုင်ငံတော်ရဲ့ နိုင်ငံရေးမှာ တပ်မတော်က ၀င်ရောက်ပါဝင်စွက်ဖက်ခွင့်မရှိတော့ဘူးပေါ့ ။ အဲဒီလိုအခြေအနေမျိုးကို ဘယ်သူက မလိုလား ဘူးလဲ ။ ဒီပုဒ်မဘယ်သူက မပြင်ဆင်စေချင်ဘူးလဲ ။ ဒါဆိုရင် ၄၃၆ မပြင်ရေး ဆန္ဒပြသူတွေ ၊ ဟောပြောသူတွေ ၊ စာဝေသူတွေဟာ အဲဒီလူတွေရဲ့ လက်ဝေခံ အသုံးချခံတွေပဲပေါ့ ။

ဒီပုဒ်မ ၆(စ)ကို အကိုးအထောက်ပြုပြီး အခန်း (၄) ပုဒ်မ ၇၄ ၊ ၁၀၉ ၊ ၁၄၁ ၊ ၁၆၁ တို့နဲ့ စစ်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲမှာ ငုတ်တုတ်ထိုင်ခွင့်ရအောင် လုပ်ထားတဲ့ ဥပဒေတွေကိုပြဌာန်းပါတယ် ။ ၄၃၆ ပြင်ရင် ဒါတွေပြင်ဖို့လမ်းပွင့်သွားမှာပေါ့ ။ စစ်သား ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲက ထွက်ပေးဖို့ ဖြစ်လာ မယ် ။ ဥပဒေပြုလွှတ်တော်မှာ စစ်သား ၂၅ ရာခိုင်နှုန်းမရှိတော့ရင် လွှတ်တော်ဟာ ပြည်သူ့ ကိုယ်စား လှယ် တွေရဲ့ ဆန္ဒ တစ်နည်းအားဖြင့် ပြည်သူ့ဆန္ဒကို ပိုမိုဖော်ဆောင်နိုင်တော့မယ် ။ လယ်ယာ မြေသိမ်း ပြဿနာ တွေကို အခုထက်ပိုပြီး မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆုံးဖြတ်အရေးယူနိုင်လာလိမ့်မယ် ။

န၀တခေတ်မှာ ပြည်သူ့လယ်ယာမြေများကို မတရားသိမ်းယူထားသူ အပွင့်ကြီးတွေ အခက်ကြီးတွေဟာ ဒီအခြေအနေမျိုးကို လိုလားပ့ါမလား ။

အဲဒီလွှတ်တော်က ပြည်သူတွေ ကျန်းမာရေး နဲ့ စာရိတ္တမဏ္ဍိုင်ထိခိုက်စေတဲ့ အရက်ခွန် ၊ ဘီယာခွန် ၊ စီးကရက်ခွန်တွေကို အဆများစွာတိုးမြှင့်ကောက်ခံလာမယ်ဆိုတာကို အရင်န၀တစစ် အစိုးရနဲ့ ပလဲနံပသင့်ပြီး စီးပွားရေးအင်ပါယာကြီးတွေထူထောင်ထားခဲ့ကြတဲ့ အဲဒီလုပ်ငန်းရှင်ကြီးများနဲ့ သူတို့နဲ့ အကျိုးတူ ပူးပေါင်းထားကြတဲ့ ဟဲဗီးဝိတ်ကြီးတွေက လက်ခံနိုင်ပါ့မလား ။

အဲဒီတော့ ဒီ ဥပဒေ ၄ ခုကို ဘယ်သူ က မပြင် ချင်ဘူးလဲ ဆိုတာသိလောက်ပြီပေါ့ ။ အဲဒီလိုသိရင် ၄၃၆ မပြင်ဖို့ ဆန္ဒပြသူ စာဝေသူတွေဟာ ဘယ်သူတွေရဲ့ အိတ်ထောင်ထဲက လည်းဆိုတာ သိလောက်ပြီပေါ့ ။

၄၃၆ နဲ့ ပြင်ဆင်ဖို့ခက်အောင်လုပ်ထားတဲ့ ဥပဒေပုဒ်မတွေထဲမှာ အခန်း (၃)က ပုဒ်မ ၅၉ နဲ့ ပုဒ်မ ၆၀ လည်းပါတယ် ။ ၅၉(စ)အကြောင်းတော့ဒီဆောင်းပါးမှာထည့်မပြောတော့ပါဘူး ။ ပုဒ်မ ၆၀မှာ အပိုဒ်(ခ) အရ နိုင်ငံတော် သမ္မတရွေးချယ်ဖို့အတွက် ဒုတိယ သမ္မတလောင်း (၃) ဦးကို အစုအဖွဲ့ (၃)စုက ရွေးပေးရတယ် ပြည်သူ့လွှတ်တော်ထဲက ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်
တွေက ဒုသမ္မတတစ်ဦး ၊ အမျိုးသား လွှတ်တော်ကပြည်သူတွေ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့က ဒုသမ္မတ တစ်ဦး ၊ ဘယ်သူက မှ ရွေးကောက်တင်မြှောက်မထားပဲ ကိုယ့်ဆရာကိုယ့်အကြီးအကဲက အမည်စာရင်းတင်သွင်းပြီး ခပ်တည်တည်နဲ့ လွှတ်တော်ကိုယ်စား လှယ်ဖြစ်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ်များက ဒုသမ္မတတစ်ဦး ရွေးချယ် တင်မြှောက် ပေးကြရပါတယ် ။
အဲဒီ ပုဒ်မ ၆၀ ကို မပြင်မဆင်ထားလိုက်နိုင်ရင် ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်မဲဆန္ဒနယ်က မှ ၀င်ရောက် ယှဉ်ပြိုင်စရာမလိုပဲ အချိန်ကျမှ လူဝတ်ကောက်လဲပြီး ဒုသမ္မတ ခန့်ခန့်ကြီးဖြစ်လာနိုင်တယ် ။ (လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်လို့ အပိုဒ်ခွဲ (ဂ)မှာ ထပ်ပြဌာန်းထားသေးသကိုး ) အဲဒီလို ဒုတိယသမ္မတဖြစ်ပြီး ၊ အခန့်သင့်အချက်ပိုင်လို့ တပ်မတော်ချစ်သူ ကိုယ်စားလှယ်မဲများ နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ရဲ့ မဲတွေပေါင်းလိုက်ရင် သမ္မတကြီး ဦးမင်းအောင်လှိုင်တောင် နေ့ချင်းညချင်းဖြစ်သွား နိုင်တယ် ။

ဒါကစိတ်ကူးနဲ့တွက်တာမဟုတ်ဘူး ။ ပုဒ်မ ၆၀ရဲ့အကျယ်အ၀န်းကို အဓိပ္ပါယ် ဖွင့်ဆိုတာပါ ။၄၃၆ မပြင်နိုင်ရင် အဲဒီ ပုဒ်မ ၆၀ ကို မပြင်နိုင်ဘူး ဒါဆို အထက်က ပြောခဲ့တဲ့ အတိုင်းဖြစ်လာဖို့ဆိုတာ အင်း ……. ပေါ့ ။

ဒီလောက်ဆို ၄၃၆ မပြင်ရင် ပုဒ်မ ၆၀ကိုပြင်လို့မရဘူး ၊ ဒါဆို ဘယ်သူအကျိုးရှိမလဲ ၊ ပြင်လိုက်ရင် ဘယ်သူအကျိုးပျက်မလဲ ဆိုတာသိလောက်ပြီပေါ့ ။ ဒါဆို ပုဒ်မ ၄၃၆ မပြင်ရေး ဟောပြောသူ ၊ ဆန္ဒပြသူ၊ စာဝေသူတွေဟာ ဘယ်သူအားရအောင် အသံထွက်နေသူတွေလည်း ဆိုတာ သိလောက်ပြီပေါ့ ။

ပုဒ်မ ၄၃၆ပြင်မှ ပြင်လို့ရမဲ့ ဥပဒေထဲမှာ အခန်း(၅) ပုဒ်မ ၂၀၀ ၊ ၂၀၁ ၊ ၂၄၈ ၊ ၂၇၆ တို့လဲပါပါတယ် ။ ပုဒ်မ ၂၀၁ က ကာ/လုံဖွဲ့စည်းခြင်းပါ ။ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ကာကွယ်ရေး ဦးစီးချုပ် ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ဆိုပြီး ၁၁ ယောက် ပါဝင်ဖွဲ့စည်းပါတယ် ။ အဲဒီ၁၁ ယောက်က တိုင်းပြည်ရဲ့ အရေးကြီးအဆုံးအဖြတ်တွေကို ချမှတ်ပါတယ်။ အဲဒီ ၁၁ ယောက်မှာ ပါတဲ့ ဒု-သမ္မတတစ်ယောက်က တပ်မတော်သား ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူပါ ၊ ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး တို့ (၃)ယောက်က ကာချုပ်ကရွေးတာပါ ။ အဲဒီတော့ ကာချုပ် ၊ ဒုကာချုပ်ကိုပါထည့်လိုက်ရင် ကာလုံ ၁၁ ယောက်မှာ (၆)ယောက်က ကာ/ချုပ်လက်ထဲမှာ ရှိပါတယ်။

အဲဒီတော့တိုင်းပြည်ရဲ့အရေးကြီးအဆုံးအဖြတ်တိုင်းဟာ ဘယ်သူ့လက်ထဲမှာလဲ ။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဘယ်သူလက်ထဲထည့်ထားသလဲ ။ အကယ်၍ ၄၃၆ ကိုပြင်လိုက်ရင် ဒီအနေအထားက ပြောင်း သွားရင် ဘယ်သူ့သြဇာအာဏာလျော့ပါးသွားမလဲ ။ အဲဒီတော့ ၄၃၆ ကို ဘယ်သူက မပြင်ချင်ဘူး လဲ ဆိုတာသိတော့ပေါ့ ။ ၄၃၆ မပြင်ဖို့ ဆန္ဒပြသူ စာဝေသူတွေဟာ ဘယ်သူ့ အာဏာတည်မြဲရေး အတွက် လုပ်နေကြသူတွေဆိုတာ သိလောက်ပြီပေါ့ ။

အခန်း(၆) တရားစီရင်ရေး - ပုဒ်မ ၂၉၃နဲ့ ၂၉၄ ကလည်း ၄၃၆ ကိုမပြင်နိုင်ရင် ပြင်လို့မရတဲ့ ဥပဒေတွေပါပဲ ။ ပုဒ်မ ၂၉၃ က နိုင်ငံတော်တရားစီရင်ရေးဆိုင်ရာတရားရုံးများကို ဖွဲ့စည်းခြင်းပါ ၊ ပုဒ်မခွဲ (ခ) မှာ စစ်ဘက်ဆိုင်ရာ တရားရုံးများ ဖွဲ့စည်းခြင်းကိုခွင့်ပြုထားပါတယ် ။ ပုဒ်မ ၂၉၄ မှာ ပြဌာန်းထားတာက စစ်တပ်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရား လွှတ်တော် ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် .. လို့ပြဌာန်းထားပါတယ် ။

အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံတော် တရားလွှတ်တော်ချုပ်ဟာ မြင့်ချင်သလောက်မြင့် စစ်ဘက်ဆိုင်ရာ တရားရုံးချုပ်ထက်တော့မမြင့်ရဘူး (အောက်မှာနေချင်နေပေါ့) ဆိုတဲ့ အဓိပ္ပါယ်ပါပဲ စစ်သည် တစ်ယောက် က ပြည်သူတစ်ဦးတစ်ယောက်ရဲ့ ရွှေဆိုင်ကိုဝင်ဓားပြတိုက်ရင်တောင် အဲဒီအမှုကို အရပ်ဖက် တရားရုံးက စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ပါဘူး ၊ စစ်သည်တစ်ဦး တစ်ယောက်က ပြည်သူ တစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့စော်ကားရင်လဲပဲ အရပ်ဖက်တရားရုံးမှ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး ။

ပုဒ်မ ၄၃၆ ကိုမပြင်နိုင်ရင် အဲဒီပုဒ်မ ၂၉၃ ၊ ၂၉၄ ကိုမပြင်နိုင်ဘူး ။ အဲဒါဟာ ဘယ်သူ့ကို ၊ ဘယ်အဖွဲ့အစည်းကို အထူးအခွင့်အရေးပေးထားတဲ့ ဥပဒေလဲ ။ ဒီဥပဒေတွေကို ပြင်ဆင်လို့မရဖို့ ၄၃၆ ကို ပြင်လို့မရအောင် လုပ် ထားတာမဟုတ်လား ။ နိုင်ငံတစ်ခုရဲ့ တရားစီရင်ရေးကိုတောင် ချွင်းချက်နဲ့ အုပ်စီးထားတာဟာ ဘယ်သူ ဘယ်အဖွဲ့အစည်းကို ဘယ်သူကမှ မျက်ခုံးပေါ်ကျော် မကြည့်ရဲအောင်လုပ်ထားတာလဲ ။ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ပေးလိုက်ရလို့ ဒီပုဒ်မ ၂၉၃ ၊ ၂၉၄ တွေကို ပြင်လိုက်ရပြီဆိုရင် ဘယ်သူတွေရဲ့ အာဏာပါဝါတွေကို ထိပါးလျော့နည်းသွားစေမလဲ ဆိုတာကို နားလည်မယ်ဆိုရင် ၄၃၆ ကို ဘယ်သူတွေကမပြင်ချင်ဘူးလဲ ။ ၄၃၆ မပြင်ဆင်ရေ ဟောပြောနေသူ ၊ ဆန္ဒဖော်ထုတ်သူ ၊ ပစ်စာဝေနေသူတွေဟာ ဘယ်သူအားရ ဘယ်သူဒဏ်ဝ အောင်လုပ်နေသူတွေလည်းဆိုတာ မြင်လောက်ပါတယ် ။

၄၃၆ နဲ့ပြင်ရခက်အောင် လုပ်ထားတဲ့ ဥပဒေတွေထဲမှာ အခန်း (၁၁) ပုဒ်မ ၄၁၀မှ ၄၃၂ အထိပါတယ် ပုဒ်မ ၄၁၀ နဲ့ ၄၁၁ ကတော့ ဟိုအခြေအနေတွေ သည်အခြေအနေတွေကြောင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ်ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်း ကောင်း ၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက် သော အကြောင်းရှိကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင် သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သော အရေးပေါ်အခြေအနေကြေညာနိုင်သည်-တဲ့ဗျား ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက ပြည်သူက ရွေးရတာမဟုတ်ကြပါ ။ နိုင်ငံတော်သမ္မတက ခန့်အပ်ခြင်းခံရသူတွေသာဖြစ်ပါတယ် ။ အဲဒီတော့ ဒေသ ဆိုင်ရာ အာဏာပိုင်တွေဟာ ပြည်သူ့ မျက်နှာကိုကြည့်မလား ၊ ရာထူးချီးမြှင့်မြှောက်စား တဲ့အထက်ပုဂ္ဂိုလ် မျက်နှာကို ကြည့်မလား ။ပြည်သူ့ မျက်နှာ ကိုမကြည့်မထောက်မညှာလို့ ပြည်သူတို့ကဆန့်ကျင်လာသည့် အခါမျိုးကျရင် အထက်ပုဂ္ဂိုလ်ကြီးဆီ အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်လို့ တင်ပြအစီရင်ခံခဲ့ရင် နိုင်ငံတော် သမ္မတက ကာ/လုံ နှင့်တိုင်ပင် ၊ ကာ/လုံကအကြံပေးရင် အရေးပေါ်အခြေအနေ ကြေညာရပါလိမ့်မယ် ။ ကာ/လုံ (၁၁)ယောက်မှာ အဖွဲ့ဝင်ခြောက်ဦးက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပုံသေမဲ အဖြေဘယ်လို ထွက်လာပါ မလဲ ။

ပုဒ်မ ၄၁၂ (ခ)မှာ နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်း ရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်ကြသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်(၎င်းတို့၏ ရုပ်သေးကြိုးဆွဲရုပ်ဖြစ်သော) ပြည်ထဲ ရေးဝန်ကြီး ဌာန၀န်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကြေညာနိုင်သည် ဟု ထပ်ဆင့်ပြဌာန်း ပေးထားတယ် ။

ဆိုလိုတာက ကာ/လုံ အစည်းအဝေးကိ လူစုံအောင်စောင့်စရာမလိုဘူး ၊ ကာကွယ်ရေးဦးစီးချုပ် နှင့် သူ၏လက်အောက်မှ အပေါင်းပါနှစ်ဦး သဘောတူမျှဖို့ရရင် ဒေသဆိုင်ရာတစ်ခု ကိုဖြစ်ဖြစ် ၊ တစ်နိုင်ငံ လုံးကိုဖြစ်ဖြစ် အရေးပေါ်အခြေအနေ ကြေငြာချက်ကို ကြေညာလို့ရသွားပါပြီ ။

ပုဒ်မ ၄၁၃ (က) မှာတော့ အရေးပေါ် အခြေအနေကြေညာချက်အကျိုးသက်ရောက်သည့် နယ်မြေ အတွင်း မူလအခြေအနေကို အမြန်ပြန်လည် ရောက်စေရန် ဒေသဆိုင်ရာ ……. တပ်မတော်၏ အကူအညီ ရယူဆောင်ရွက်နိုင်တယ် လို့ဖော်ပြထားပြီး ၊ ပုဒ်မခွဲ (ခ)မှာတော့ နိုင်ငံတော်သမ္မသည် လိုအပ်ပါက စစ်အုပ် ချုပ်ရေး အမိန့်ကို ထုတ်ပြန်နိုင်သည် ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို သော်လည်းကောင်း ၊ ရပ်ရွာအေးချမ်း သာယာ ရေးနှင့်တရား ဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ တရားစီရင်ရေးတာဝန် များကိုသော် လည်းကောင်း သတ်မှတ်ပေးရမည် တဲ့ ။ ဒီပုဒ်မ ၄၁၃ (က)အရ ဒေသဆိုင်ရာ တစ်ခု ၊ ပုဒ်မခွဲ(ခ)အရ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး လက် အောက်သို့ ပြန်လည်ကျ ရောက်သွားဖို့ဆိုတာ ( စစ်တပ်က အာဏာသိမ်းဖို့ဆိုတာ ) ပုဒ်မ ၄၁၂ (ခ) အရ ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး တို့ သုံးဦး မျက်စပစ်ခေါင်းညိတ် အချက်ပြလိုက်ရန်သာလိုတယ်ဆိုတာကို ပြောင်ပြောင်တင်းတင်းအာဏာနှင်းပေးထားတာပါပဲ ။

ဒီပုဒ်မတွေအရဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အုပ်ချုပ်ခံရတဲ့နိုင်ငံဟာ လည်ပင်းပေါ် သင်ဓုန်းဓား အတင်ခံ ထားရတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မှာပေါ့။ ပြည်သူတွေက တစ်တိုင်းပြည်လုံးဆန္ဒဖော် ထုတ်လာပြီဆိုတာနဲ့ အရေး ပေါ်အခြေအနေနဲ့တန်းတိုးမှာပေါ့ ၊ စစ်အုပ်ချုပ်ရေးနဲ့ ညားမှာပေါ့ ဒီလိုအခြေအနေမျိုး ကို ပြင်ဆင်လို့ မရနိုင် အောင် ၄၃၆ နဲ့ချုပ်ထားတာပါ ။ အကယ်၍ ၄၃၆ ပြင်လိုက်ရင် ဒီပုဒ်မတွေက ပြိုနေတဲ့ကမ္ဘားအစပ်က သစ်ပင်လိုဖြစ်တော့မှာပေါ့ ။

အချိန်မရွေး ဂငယ်ကွေ့ ပစောက်ကွေ့ကွေ့နိုင်အောင်လုပ်ထားပေးတဲ့ ဒီအခြေ အနေမျိုးကို ဘယ်သူက အပျက်ခံချင်ပါ့မလဲ ၊ ဒီပုဒ်မ တွေကိုမပြင်ချင်တဲ့သူတွေကဘယ်သူတွေလဲ ။

ဒီစစ်အုပ် ချုပ်ရေးကို ပြန်လည်အသက်သွင်းခွင့်ပေးထားတဲ့ ဒီပုဒ်မတွေကို မပြင်နိုင်အောင် ၄၃၆ မပြင်ဆင်နိုင် အောင် ဖျက်ချင်နှောင့်ချင်တဲ့ လက်သည်ကဘယ်သူလဲ ။ အခုစာဝေနေတဲ့ ဆန့်ကျင်ဆန္ဒပြနေတဲ့ သူတွေဟာ ဘယ် သူ့အတွက် အကျိုးဆောင်နေသူတွေလဲ ။

နောက်ဆုံးအဖြေထုတ်လိုက်ရင်တော့ ရှင်းနေပါတယ် ၊ စစ်အုပ်ချုပ်ရေးကို ဥပဒေနဲ့ အရေခြုံပြီး အ သက်သွင်းထားချင်သူတွေက ၄၃၆ ကို လုံးဝမပြင်ချင်ဘူး ၊ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ တည် ထောင်ပြီး ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲမှာပဲထားရှိလိုသူတွေက ၄၃၆ ကိုပြင်ချင်ကြတယ် ။ ထောက်ခံကြတယ် ၊ ဆန္ဒ ဖော်ထုတ်ကြတယ် ။

၄၃၆ ပြင်ချင်တဲ့သူ ပြင်ဖို့လုပ်ဆောင်တဲ့သူတွေက တိုင်းပြည်ကို စစ်ဖိနပ်အောက်က ဆွဲထုတ်ဖို့ကြိုးစားတဲ့သူ ၊ ၄၃၆ မပြင်ရေးအားထုတ်တဲ့သူတွေက တိုင်းပြည်ပေါ် နင်း ထားတဲ့စစ်ဖိနပ်ကို တစ်ဆံခြည်စာမျှ မရွေ့ရ ၊ မဖယ်ရအောင် ရင်နဲ့အပ် ၊ လက်နှစ်ဖက်နဲ့ ပွေ့ပိုက်ပြီး လူမိုက်အားပေးနေတဲ့သူ လို့ ခြားခြားနားနား မြင်သာပါပြီ ။ လူစင်စစ် နဲ့လူယောင်ဆောင်နေတဲ့ ဘီလူးကို ကွဲပြားကြပါပြီဗျာ ။


ထင်လင်းဦး(Wisdom Villa)

လေးစားရပါသော ဆရာဦးရဲထွဋ်ရှင့် -

ကျွန်မကတော့ ပြန်ကြားရေးဝန်ကြီးဌာန က ဒု/ဦးစီးမှူးအဆင့်ရှိ ၀န်ထမ်းတစ်ဦးဖြစ်ပါ တယ်။ ဆရာဦးရဲထွဋ်ကို ဌာနဆိုင်ရာလုပ်ငန်း ကိစ္စတွေကြောင့် မကြာခဏတွေ့ဖူးဆုံဖူးနေ ကျဖြစ်သလို ဆရာ့ဇနီး ဒေါ်ခင်စန္ဒာထွန်းကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သာရေး နာရေး ကိစ္စတွေမှာ တွေ့ဖူး ကြုံဖူး မျက်မှန်း တန်းမိနေပါတယ်။ ဖေ့စ်ဘုတ် အသုံးပြုတဲ့ ပြည်သူ တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ဖေ့စ်ဘုတ် အကောင့်ကို အမြဲဝင်ရောက် ဖတ်ရှုလေ့လာ ခဲ့သလို ဆရာ့ဇနီး ဒေါ်ခင်စန္ဒာထွန်းနဲ့ ဖေ့စ် ဘုတ်ပေါ်မှာ ခေတ္တခဏ အွန်လိုင်းမိတ်ဆွေ ဖြစ်ဖူးပါတယ်။

အခု ကျွန်မရေးတဲ့စာကတော့ သာမန် ပြည်သူတစ်ဦးအနေနဲ့သာ ရေးခြင်းဖြစ်ပါတယ်။ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ သုံးလေး ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို မွတ်ဆလင်အမျိုးသမီးတစ်ဦးလို ပုံဖျက် သရော်ထားတဲ့ ဘာသာရေးအစွန်း ရောက် တစ်ဦးဖြစ်တဲ့ မောင်ဆန္ဒ (MgSan Da) ရဲ့ပို့စ်ကို ဆရာ့ဇနီး ဖေ့စ်ဘုတ်အကောင့် ကနေ ရှယ်ခဲ့တဲ့ အတွက်ကြောင့် ဆိုရှယ်မီ ဒီယာ အသုံးပြုတဲ့ မြန်မာလူမျိုးများကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ သိပ်မ ကြာမီမှာပဲ အစ်မ ဒေါ်ခင်စန္ဒာထွန်းရဲ့အကောင့် လည်း ပိတ်သွားပါတယ်။ ဆရာ့ဇနီးအနေနဲ့ သာမန် အမှတ်တမဲ့ ရှယ်မိတဲ့ပို့စ်လို့ မယူဆမိပါဘူး။

သည်အကောင့်မှာ အစ်မဟာ ကိုယ်ပိုင် အမည် ကိုယ်ပိုင်ဓာတ်ပုံကို အသုံးပြုရုံသာမ က သူမသည် သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့ ဇနီးဖြစ်ကြောင်း ပေါ်ပေါ်ထင်ထင် ဖော်ပြထား ပြီး မိသားစုဆိုင်ရာ ဓာတ်ပုံတွေကိုလည်းတင် လေ့ရှိပါသည်။

ကျွန်မ သတိပြုမိတာကတော့ ဦးရဲထွဋ်ဟာ သာမန်ဒုဝန်ကြီးတစ်ဦးသာဖြစ် မယ်ဆိုရင် ဦးရဲထွဋ်ဇနီးက ဘာကိုဘယ်လို ရှယ်တယ်ဆိုတာကိုလည်း လူအများက ဂရု စိုက်မိမှာ မဟုတ်ဘူးလို့ ထင်မိပါတယ်။ ဆ ရာ့အနေနဲ့ သမ္မတရုံးကိုသာမက အခုအစိုးရ တစ်ဖွဲ့လုံးနဲ့ ယခင်အစိုးရလူကြီးများကိုပါ ခု ခံပြောဆိုရတဲ့တာဝန်ရှိသူတစ်ဦးဆိုတာကိုလည်း သဘောရိုးနဲ့နားလည်ထားပါတယ်။

ဒီနေရာမှာ ကျွန်မပြောချင်တာက ယခု ၃ နှစ်ကျော်ကာလအတွင်းမှာ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား မ ကြာခဏ ပွတ်တိုက်မိနေခြင်းပဲ ဖြစ်ပါတယ်။ ဆရာ့ကိုလည်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကို ဒေါက်တာဆိတ်ဖွားအမည်နဲ့ ဝေဖန်တိုက်ခိုက်တဲ့ စာတွေကို ဘလော့ ရေးသားသူဖြစ်တယ်လို့ ပုံနှိပ်မီဒီယာတွေမှာ ရေးသားလေ့ရှိပြီး ဆိုရှယ် မီဒီယာအသုံးပြုသူ အများကပါ မှတ်ထင်ယုံကြည်လျက်ရှိနေပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကနဲ့ ယှဉ်ကြည့်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် အတိုက် အခံခေါင်းဆောင် မဟုတ်တော့ဘဲ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ဥပဒေပြု အမတ်တစ်ယောက် ဖြစ်လာခဲ့တာ ၂ နှစ်ကျော်ခဲ့နေပါပြီ။ ဒါ့အပြင် လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတစ် ဦးလည်းဖြစ်ပါတယ်။

ပညာရေးဥပဒေမူကျမ်း ရေးဆွဲဖို့၊ ဆေးရုံများပြုပြင်ဖို့အပါအ၀င် မြန် မာနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်း ကြောင်းပေါ် ဖြောင့်ဖြောင့်လျှောကလှမ်းနိုင် အောင် တိုက်တွန်းအားပေးမှုတွေ အလျဉ်း သင့်သလို ပြုလုပ်နေတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ဦးအဖြစ် သတင်းဂျာနယ်တွေ မှ ဖော်ပြ ချက်ကိုလည်း မကြာခဏ ဖတ်ရပါတယ်။

ကျွန်မတို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ သတင်းစာများမှာပင် သူမရဲ့ ရုပ် ပုံနဲ့ သတင်းတွေကို အလျဉ်းသင့်ရင် သင့် သလို ဖော်ပြနေပါပြီ။

ဒါကြောင့်မို့ ဆရာလို အုပ်ချုပ်ရေးမဏ္ဍိုင် ဘက်မှ အရာရှိကြီးတစ်ဦးရဲ့ ဇနီးအနေနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ဘက်မှ အထင်ကရရှိလှ တဲ့ ခေါင်းဆောင်တစ်ဦးကို လီဆယ်သရော် လှောင်ပြောင် ထားတဲ့ပို့စ်အား မျှဝေဖြန့်ဖြူး ခြင်းမှာ လွန်စွာအပြစ်ကြီးတယ်လို့ ထင်မြင် ယူဆမိပါတယ်။

ဒါ့အပြင် ဆရာ့ဇနီးဟာ မြန် မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းမှာ ပထမ သို့မဟုတ် ဒုတိယ ခုံတန်း မှာ နေရာရသူ လူကြီးကတော်တစ်ဦးဖြစ်ပါတယ်။ နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသမီးစွမ်း ဆောင်ရှင်များအသင်း နှစ်ပတ်လည်ပွဲမှာလည်း အခြား အမျိုးသမီး စွမ်းဆောင်ရှင် အဖွဲ့ဝင် ၀န် ကြီးကတော်တွေနဲ့ ဖက်လဲတကင်းရှိတာကို သူမရဲ့ဖေ့စ်ဘုတ်ပေါ် တင်ခဲ့ဖူးတဲ့ ဓာတ်ပုံတွေ ကတစ်ဆင့် သိရှိခဲ့ရပါတယ်။

ဆရာ့ဇနီးအနေ နဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးရဲ့ ရှု ထောင့်မှနေပြီး အခြားအမျိုးသမီးများ စွမ်း ဆောင်မှုကို အားပေးရမှာ ဂုဏ်ယူရမှာဖြစ်ပါ တယ်။ အခုလို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ မှာပင် စွမ်းဆောင်နိုင်သူအဖြစ် သတ်မှတ်ခံ ထားရသူတစ်ဦးကို လှောင်ပြောင်ပျက်ရယ်ပြု ခြင်း မှာ ကျွန်မတို့ မြန်မာအမျိုးသမီးထုအတွက် လွန်စွာရုပ်ဆိုးစေပါတယ်။

ဒါ့အပြင် ဆရာ့ဇနီးအနေနဲ့ စစ်သားကြီး တစ်ဦးရဲ့ သမီးဖြစ်ကြောင်း စစ်သားလေးတစ် ဦးရဲ့ ဇနီးဖြစ်သည်ကို ဂုဏ်ယူစွာ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ အဲ့ သလို စစ်သားနဲ့ စစ်တပ်အသိုင်းအ၀ိုင်းမှာ ပျော် မွေ့တဲ့အမျိုးသမီးတစ်ဦးအနေနဲ့ တပ်မတော် ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ် သူကိုပင် ချမ်းသာမပေး လူပုံအလယ်မှာ ပြက်ရယ်ပြု တိုက်ခိုက်ခြင်းကို ကျွန်မအနေနဲ့ များစွာ အံ့သြမိပါတယ်။

လင်နဲ့မယား ဆိုတာ အသွင်တူလို့ အိမ်သူဖြစ်ကြတယ်ဆိုတာ အိမ်ထောင်ရှိဇနီးသည် ကျွန်မက နားလည်ထားပါတယ်။ သမ္မတရုံး အတွက်သာမက အစိုးရတစ်ဖွဲ့လုံးရဲ့ ပြော ရေးဆိုခွင့်ရ အရာရှိကြီး တစ်ဦးရဲ့ဇနီးသည် တစ်ဦးအနေနဲ့ ဒီလိုပြုမူဆောင်ရွက်လိုက်ခြင်း က ခင်ပွန်းဖြစ်သူ ဆရာရဲ့ သဘောထားကို လှစ်ဟပြောဆိုတာလား ဆိုတာကတော့ ပြည်သူတွေအတွက်ကတော့ စဉ်းစားစရာဖြစ်သွားပါတယ်။

စိတ်သဘောထားချင်း မတိုက်တာတွေ ရှိကြရင်တောင် ခင်ပွန်းသည်ရဲ့ ရင်ထဲက ခံစားချက်နဲ့ နားလည်မှုတွေကို ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာထွန်းက ထပ်တူခံစားမိပါလိမ့်မယ်။ ခင်ပွန်းက ချစ်တဲ့သူကို ဇနီးက လိုက်ချစ်မယ်။ ခင်ပွန်းက မုန်းတဲ့လူကို ကိုယ်ကလိုက်မုန်း မယ်ဆိုတာ ဆရာနဲ့ အစ်မတို့လို နှစ်ကိုယ်တူ ချစ်သမျှ ချစ်ခရီးလမ်းလျှောက်လှမ်းနေကြတဲ့ ဇနီးမောင်နှံတွေ အတွက် တစ်စိတ်တည်း တစ် ၀မ်းတည်းရှိနိုင်မယ်လို့ စွပ်စွဲပြောဆိုစရာ ဖြစ်သွားနိုင်ပါတယ်။

ပိုဆိုးတဲ့အချက်ကတော့ ဆရာ့ဇနီးက သူမရဲ့အကောင့်ကို ပိတ်ပြီး နိုင်ငံတစ်ခုရဲ့ ပြောရေးဆိုခွင့်ရ သူဖြစ်တဲ့ ဆရာ့အကောင့်က တစ်ဆင့် တောင်းပန်ခိုင်းခြင်းဖြစ်ပါတယ်။ ဒီ အပြုအမူဟာ အိမ်ထောင်သည်အမျိုးသမီး တွေကို သိက္ခာကျဆင်းစေပါတယ်။

ကိုယ့် ခင်ပွန်း အိမ်ထောင်ဦးစီး၊ သမ္မတရုံးတော်မှ ဂုဏ်သရေရှိ ထိပ်တန်းအရာရှိကြီးကို ဇနီး ဖြစ်သူရဲ့အမှားအပြုအမူအတွက် အလွဲသုံး တောင်းပန်စေခြင်းက အမျိုးသမီးစွမ်းဆောင် ရှင်တစ်ဦး ပြုလုပ်ရတဲ့အပြုအမူ မဟုတ်ဘူး လို့ ထင်မိပါတယ်။ မလျော်သြဇာကို အသုံးပြု တယ်လို့ ထင်မြင်မိပါတယ်။ ဒီလို တောင်းပန်လိုက်တဲ့အတွက် စဉ်းစားစရာတစ်ခု ရလာတာက ဦးရဲထွဋ်ကို ဇနီးသည် က လွှမ်းမိုးချုပ်ကိုင်ထားလို့လား (သို့) ဇနီးသည်ကို ဦးရဲထွဋ်က မပါနဲ့တော့ ငါပဲကြည့် ရှင်းမယ်ဆိုပြီး မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေခြင်းမျိုး လုပ်လိုက် သလားဆိုတာပါ။

ဆရာ့အနေနဲ့လည်း မိမိရဲ့ကိုယ်ရေးကိုယ် တာကိစ္စတွေကိုလည်း အစိုးရ သတင်းထုတ် ပြန်ရေး အတွက် အသုံးပြုနေတဲ့ အကောင့်က နေ တောင်းပန်ခြင်း မျိုးပြုလုပ်ခြင်းဟာ အဆို ပါကိစ္စကို လူသိများစေပါတယ်။ ဖေ့စ်ဘုတ် ကို တစ်ပတ်တစ်ခါ နှစ်ခါလောက်သာ အသုံး ပြုသူများပင် ဆရာ့ဇနီးဖြစ်သူရဲ့ လုပ်ရပ်ကို သတိပြုမိစေပါတယ်။

ဆရာ့ဇနီး အနေနဲ့ သူမရဲ့ အကောင့်မှ သူမကိုယ်တိုင် တောင်းပန်ခဲ့လျှင်ပင် ယခုကိစ္စဟာ အကျဉ်းရုံးပြီး သွားနိုင်မည့်ကိစ္စမျိုးဖြစ် တယ်လို့ ယူဆမိပါတယ်။

နိဂုံးချုပ်အားဖြင့် ထောက်ပြချင်တာက တော့ ဆရာ့ရဲ့ ကိုယ်ပိုင်အကောင့်ဆိုင်ရာ ဖြစ်ပါတယ်။ ကျွန်မကလည်း ဆရာ့အကောင့် ကို အမြဲတစေ ၀င်ဖတ်သူတစ်ဦးဖြစ်ပါတယ်။ ဆရာ့ပို့စ်တွေမှာ ၀င်ရောက် ကွန်းမန့်ပေးတဲ့ သူတွေကလည်း အတိုက်အခံတွေကို ဆဲဆို ခြင်း၊ လက်ရှိ အစိုးရအုပ်ချုပ်သူများကို ဆဲဆို ခြင်း၊ ဘာသာခြားတွေကို ဆဲဆိုခြင်း ဖိုတို ရှော့ရုပ်ပြောင်တွေ အသုံးပြုခြင်းတို့ကို အများ အပြားပြုလုပ်ကြပါတယ်။ အဆိုပါသူများကို ဆရာအနေနဲ့ စိစစ်ခြင်း ပိတ်ပင်ခြင်း၊ သတိ ပေးခြင်းတို့ကို လုံးဝမပြုလုပ်တာကိုတွေ့ရှိရ ပါတယ်။ ဆရာ့ရဲ့ပြန်ကြားရေး အတွက် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်အကောင့်ဟာ ရန်မီးများရဲ့အစလို ဖြစ်နေပါတယ်။

ဆရာ့ အနေနဲ့ အဲ့သလိုအပြုမူတွေကို တစ်စုံတစ်ရာတား မြစ်ခြင်းမပြုဘူးဆိုရင် ဆရာ့ ဇနီး အကောင့်ကိုလည်း ဆရာ့အကောင့်ထဲမှာ ၀င်ရေးနေကြသလို ရေးသားပြောဆိုနေတာတွေကို တန်းတူ လက်ခံပေးထားရတော့မှာ ဖြစ်ပါတယ်။

ဆရာ့အနေနဲ့ ကွန်းမန့်တွေ မစိစစ်နိုင်ရင် ကွန်းမန့်ဘောက်စ်ကို ပိတ်ထားရမှာဖြစ်ပါတယ်။ ဆရာ့ဇနီး ကိုယ်တိုင် ရေးတဲ့ ပို့စ်တစ်ခုမှာ အဲဒီ အကြောင်းကို ရေးသားထားပါတယ်။ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ဆရာ့ ဇနီးက သူမအနေနဲ့ ဆရာ့ပို့စ်များအောက် မှာ ၀င်ရောက် ဆဲဆိုထားတဲ့ ကွန်းမန့်တွေကို ဖတ်တဲ့အခါ များစွာစိတ်မကောင်းဖြစ်ရကြောင်း ဆရာ့ကို အလုပ်ပင်ထွက်စေချင်ကြောင်း ရေးသားထားတာကို ဆရာလည်း ဖတ်ခဲ့ဖူးမှာ ဖြစ်ပါတယ်။

ဆရာ့ပို့စ်တွေမှ ကွန်းမန့်တွေကြောင့် ဆရာ့ဇနီးမှာ ဆရာ့ကို အမြဲတစေ ဝေဖန်လေ့ရှိတဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေတဲ့ ဖေ့စ်ဘုတ်ယူဇာ များကို အမြင်ကတ် မုန်းတီးရာမှ စတင်ပြီး ဒေါ် အောင်ဆန်းစုကြည်ကိုပါ တစ်ပါတည်း မုန်းစပျိုးမိခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်မသည်လည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်တဲ့ အတွက် ဆရာ့ဇနီးရဲ့ ခံစားချက်ကို နားလည်မိပါတယ်။

ဒါကြောင့် ဆရာ့အကောင့်များမှလည်း ရန်ပွဲများမဖြစ်ပွားအောင်၊ အမုန်းစများမကြီး ထွားအောင် ပြုလုပ်သင့်သည်များကို ရဲရဲဝံ့ဝံ့ ပြုလုပ်ပါလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ဆရာနဲ့ ဆရာ့မိသားစု စိတ်ချမ်းသာကိုယ် ကျန်းမာရှိပါစေ။ အခုစာကို အမည်မပါဘဲ ရေးရတာ ကိုလည်းတောင်းပန်ပါတယ်။ အစိုးရ ၀န်ထမ်းတစ်ယောက်ရဲ့ ပြောချင်တာ မပြောရတဲ့ဘ၀ကို ဆရာ စာနာနိုင်ပါလိမ့်မယ် ယူဆမိပါတယ်။

လေးစားမှုဖြင့်
ပြန်ကြားရေးဝန်ကြီးဌာနမှ ငယ်သားဝန်ထမ်းတစ်ဦး

အတွဲ (၂) အမှတ်စဉ် ၁၇၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

အခုရက်ပိုင်း လွှတ်တော်ထဲက ထွက်လာတဲ့ သတင်းတစ်ပုဒ်ဟာ ကားဈေးကွက်ကို နည်းနည်း လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲဒါကတော့ အရင် စစ်အာဏာရှင် ခေတ်ကနေ ဒီနေ့အချိန်ထိ စက်မှုဇုံတွေက ထုတ်ပြီး အစိုးရက တရားဝင် မှတ်ပုံတင်ခွင့်ပေးထားတဲ့ စက်မှုဇုံဂျစ်တွေ၊ လိုက်ထရပ်စ်တွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သတ်မှတ်ပြီး သံရေကြိုစက် ပို့နိုင်တော့မယ် ဆိုတာပါပဲ။ ဒီအတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတယ်လို့ ရထား ဒုဝန်ကြီး ဦးချန်မောင်က လွှတ်တော်တွင်း ပြောဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကားကို သံရည်ကြိုစက်ရုံက လက်ခံတော့မယ်လို့ ကြေငြာချက်ကြားလိုက်တဲ့အခါ အဲဒီ ယာဉ်အိုယာဉ်ဟောင်း၊ ယာဉ်အစုတ် ယာဉ်အပြတ် ရှိသူတွေ အလွန်ဝမ်းမြောက် ၀မ်းသာ ဖြစ်ကြပါတယ်။ ဒီ ကိစ္စ ဘာဆက်ဖြစ်လာနိုင်သလဲ၊ လက်ရှိ မြန်မာပြည်ရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ဘာတွေမှားနေသလဲ ဆိုတာနဲ့ မြန်မာပြည်မှာပဲ ဖြစ်တတ်တဲ့ ခုလို ထူးဆန်းထွေလာ ကိစ္စ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒုဝန်ကြီး ဦးချန်မောင်ရဲ့ ထုတ်ဖော်ပြောဆိုချက်ကြောင့် လက်ရှိ ဈေးကွက်ထဲက “စလစ်” ဈေးနှုန်းတွေ ကျပ် ၁၅ သိန်း- သိန်း၂၀ ကျဆင်းသွားပါတယ်။ မောင်းမရ၊ ပြုမရ၊ တစ်စစီ ဖြုတ်ရောင်းရင်တောင် ၀ယ်မယ့်သူမရှိတဲ့ စက်မှုဇုံထုတ် ဂျစ်ကားဈေးတွေကတော့ နဂို ကျပ် သိန်း ၂၀ ၀န်းကျင်လောက်ကနေ ကျပ် သိန်း ၃၀-၄၀ လောက်အထိ ခုန်တက်သွားပါတယ်။ စက်မှုဇုံထုတ် ကားတွေဆိုပြီး နည်းနည်းပါးပါးလောက်ပဲ ရှိမယ် မထင်ပါနဲ့။ ဒုဝန်ကြီး ဖတ်ပြသွားတဲ့ စာရင်းတွေအရ အစီးရေ တစ်သိန်းနီးပါး ရှိပါတယ်။ အဲဒီအထဲမှာ လူတွေ ထင်သာမြင်သာရှိတဲ့ ကလေးကစားစရာ ပုံစံ လက်ဖြစ် ဂျစ်ကားတွေ၊ တစ်ခါတစ်ရံ နှစ်ပိုင်းကျိုးတဲ့အထိ ဖြစ်ခဲ့ဖူးတဲ့ လိုက်ထရပ်စ် လိုကားမျိုးတွေ၊ ထိုင်းနယ်စပ်ကနေ ခိုးသွင်းလာတဲ့ ကားတွေကို အမြီးဖြတ် ခေါင်းထု၊ ဘော်ဒီဆေးမှုတ် လုပ်ထားတဲ့ ကားတွေ၊ ကွန်တိန်နာနဲ့ ခပ်တည်တည်ခိုးသွင်းလာပြီး ဘာတစ်ခုမှ မလုပ်ပဲ စက်မှုဇုံ နာမည်တပ် လိုင်စင်ရယူထားတဲ့ စူပါကာစတန်လို ကားမျိုးတွေ အထိ အားလုံးပါဝင်ပါတယ်။ ဒုဝန်ကြီးက အဲဒီ စာရင်းကို ထုတ်ပြောတော့မှပဲ လက်ရှိ မှတ်ပုံတင်ထားတဲ့ အိမ်စီးကားအစီး ၄ သိန်းကျော်မှာ လေးပုံတစ်ပုံလောက်ဟာ စက်မှုဇုံ ထုတ်ဖြစ်နေဆဲ ဆိုတာ သိကြရတာပါ။

စက်မှုဇုံထုတ် ကား ဆိုတာဟာ အရင် စစ်အာဏာရှင်တွေရဲ့ ရူးသွတ်တဲ့ အတွေးအခေါ်ကနေ ပေါ်ပေါက်လာတဲ့ ကားတွေ ဖြစ်ပြီး နောက်ပိုင်း အာဏာပိုင်တွေနဲ့ စီးပွားရေးသမား လုပ်ငန်းရှင်တွေ အပြန်အလှန် လာဘ်ပေးလာဘ်ယူလုပ်၊ အပြန်အလှန် တိုင်းပြည်ကို လိမ်ညာ၊ ကိုယ်ကျိုးရှာခဲ့ကြတဲ့ ဖြစ်စဉ်ကြီးက ပေါက်ဖွားလာတာတွေ ဖြစ်ပါတယ်။ ဒီကိစ္စ အများသိပြီးမို့ ဒီနေ့ အကျယ်တ၀င့် မပြောလိုတော့ပါဘူး။ အဓိက ဆွေးနွေးလိုရင်းကိစ္စဟာ ကားတင်သွင်းခွင့် စလစ် နဲ့ ကားတင်သွင်းခွင့်ပေါ်လစီပြသနာပါ။

၂၀၁၁ နိုင်ငံမှာ အစိုးရအဖွဲ့သစ် တက်လာတဲ့အချိန် ကမ္ဘာ့စံချိန်ချိုးထားတဲ့ ဈေးနှုန်းနဲ့ ကားအစုတ်အပြတ်တွေ၊ စက်မှုဇုံကားတွေပဲ ရှိခဲ့တာပါ။ အရင် အာဏာရှင်တွေရဲ့ အမွေကို ဆက်ခံတဲ့ အစိုးရအဖွဲ့သစ်ဟာလည်း အာဏာရှင် အသိုင်းအ၀ိုင်းကို ကောင်းကောင်းကြီး အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ ကားတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဖွင့်လိုက်ဖို့ ဘယ်သူမှ စိတ်မကူးရဲကြပါဘူး။ အဲလို လုပ်လိုက်ရင် နိုင်ငံတော်ပုန်ကန်မှုထက် ဆိုးတဲ့ ပြစ်မှုကျူးလွန်သလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒီအတိုင်း ပိတ်ပင်ထားလို့လည်း မဖြစ်ပြန်ပါဘူး။ ဒီ ပြသနာကို နည်းလမ်းတစ်ခုနဲ့ ဖေါက်ထွက် ဖြေရှင်းလိုက်သူကတော့ ရထားဝန်ကြီး ဦးအောင်မင်းပါ။

အလွန့်အလွန် အိုမင်းဟောင်းနွမ်း စုတ်ပြတ်နေတဲ့ ကားတွေကို သံရည်ကြိုစက်ရုံ ပို့မယ်၊ ဖျက်သိမ်းပစ်မယ်၊ ဒီအတွက် ဖျက်သိမ်းခံရတဲ့ ကား ပိုင်ရှင်တွေကို ပြည်ပကနေ တစ်ပါတ်ရစ် ကားတစ်စီး တင်သွင်းခွင့်ပေးမယ်ဆိုပြီး ကြေငြာ အကောင်အထည် ဖော်ပါတယ်။ ဒီအခါ ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်တွေကလည်း အလွန်ပျော်ရွှင်ကြပါတယ်။ သူတို့ရဲ့ ကားစုတ်တစ်စီး သွားအပ်လိုက်လို့ ရလာတဲ့ တစ်ပါတ်ရစ် ကားတင်သွင်းခွင့် “စလစ်”တစ်စောင် တန်ဘိုးဟာ နောက်ထပ် ကားတစ်စီး ၀ယ်လို့ရနိုင်လောက်အောင် မြင့်မားနေလို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ အစီအစဉ် အလုပ်ဖြစ်ခဲ့ပါတယ်။ Win- Win- Win လို့ ပြောနိုင်လောက်အောင် ယာဉ်အိုယာဉ်ဟောင်း ပိုင်ရှင်တွေလည်း အဆင်ပြေ၊ ကားတင်သွင်းလာတော့ တိုင်းပြည်အတွက်လည်း အခွန်အခ တွေရ၊ ပြည်သူလူထု တစ်ရပ်လုံးအတွက်လည်း ကားဈေးတွေ မတရား ခေါင်ခိုက်နေတဲ့ ပြသနာလည်း ဖြေရှင်းပြီးသား ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ရေရှည် အတွက် တကယ့်အဖြေ တစ်ခုတော့ မဟုတ်ပါဘူး။

ရေရှည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တိုင်းပြည်ထဲမှာ ကားပိုင်ဆိုင်မှု အချိုးအစား မြှင့်တင်ဖို့ လိုပါတယ်။ တစ်နည်း ကားအစီးရေ များများ သွင်းခွင့်ပေးဖို့ လိုပါတယ်။ သွင်းလာတဲ့ ကားတွေဟာလည်း မြိ့ရော တောပါ အချိုးကျ သုံးနိုင်ကြ ဖို့လိုပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး စီမံကိန်းဌာနက ၂၀၁၁ ခုနှစ် ဇွန်လ ၀န်းကျင်မှာ စီမံကိန်း တစ်ခု ရေးဆွဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မှတ်ပုံတင် ကားအစီးရေ ၃ သိန်းခွဲကျော် (ဘတ်စ်နဲ့ ထရပ်ကား အပါအ၀င်) ရှိပြီး လူ ၁၀၀၀ မှာ ကား ၆ စီးလောက်ပဲ ပိုင်တာပါ။ ဒါကို အဲဒီအချိန် ဗီယက်နမ် စံချိန် ၂၀၁၅ ရောက်ရင် လူ ၁၀၀၀ ကား ၁၂ စီးလောက် ပိုင်အောင် လုပ်မယ်ဆိုပြီး စီမံကိန်း ချခဲ့ပါတယ်။
ဒါပေမယ့် ၀န်ကြီးဌာန တာဝန်ရှိသူတွေဟာ အဲဒီ စီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်တဲ့ မှန်ကန်တဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ချမှတ်ခဲ့တာ မရှိခဲ့လေတော့ ပြည်သူတွေရဲ့ ကားပိုင်ဆိုင်မှု အချိုးအစား မှန်းသလောက် မြင့်တက်မလာပါဘူး။ ၀င်လာတဲ့ ကားအမျိုးအစားမှာလည်း အခွန်နည်းတဲ့ ၁၃၀၀ စီစီအောက် ကားငယ်လေးတွေက အလွန့်အလွန်များနေပြီး၊ ရန်ကုန်မှာ ကားကြပ်၊ နယ်မှာ သုံးစရာ ကားမရှိ အခြေအနေမျိုးကို ဆိုက်စေခဲ့ပါတယ်။ တကယ်တော့ လက်ရှိ သမ္မတရုံးဝန်ကြီး ဖြစ်နေတဲ့ ဦးအောင်မင်းကိုယ်တိုင် ဒီ “စလစ်” စနစ် ရပ်ဆိုင်းချင်နေပါပြီ။ ဒါပေမယ့် ဒါကို ကိုင်တွယ်နေရတဲ့ ရထားဝန်ကြီး နဲ့ ဗျူရိုကရက်တွေက ဈေးကွက်ကို လိုသလို ကစားနိုင်တဲ့ အရသာ တွေ့နေလေတော့ ပယ်ဖျက်ဖို့ ခက်ခဲနေဆဲပါ။

ဒီအတွက် ရထားဝန်ကြီးဌာနနဲ့ စီးပွား-ကူးသန်း ၀န်ကြီးဌာနဟာ ယာဉ်အို ယာဉ်ဟောင်း ဖျက်သိမ်းရေး ကိစ္စကို ရေရှည် အစီအစဉ် တစ်ရပ် မှန်မှန်ကန်ကန် ချမှတ်ပြီး နိဂုံးချုပ်လိုက်ဖို့ လိုပါတယ်။ အဲဒီ အစီအစဉ် ပြည်သူတွေကို ရှင်းရင်းလင်းလင်း ထုတ်ပြန် အသိပေးဖို့ လိုပါတယ်။ တဆက်တည်း မြန်မာပြည် စီးပွားရေး အခြေအနေနဲ့ ကိုက်ညီမယ့် ကားတင်သွင်းခွင့် ပေါ်လစီ တစ်ရပ် ချမှတ ကျင့်သုံ်းဖို့ လိုပါတယ်။ ဒါမှသာ အိမ်နီးချင်း နိုင်ငံတွေ နည်းတူ ကားဈေးတွေ ပုံမှန်ဖြစ်၊ ကျေးလက် တောင်ပေါ်ဒေသက ပြည်သူတွေလည်း သူတို့ ဒေသနဲ့ ကိုက်တဲ့ ကားအမျိုးအစား ၀ယ်ယူအသုံးပြုနိုင်ကြမှာ ဖြစ်ပါတယ်။ တဆက်တည်း ကိုယ့်ကား ဘယ်အချိန် သံရည်ကြိုစက် ပို့ခွင့်ပေးမလဲ ရင်ခုန် မျှော်လင့်နေရတဲ့ ဘယ်နိုင်ငံမှာမှ မရှိတဲ့၊ အဓိပ္ပါယ်လည်း မဲ့တဲ့ အခြေအနေမျိုး ကနေ ကျော်လွှားနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.