06/28/14

ကျွန်တော်သည် ပြည်မြို့တွင် ၁၉၆၈ ခု၌ မွေးဖွားသောပြည်သား တယောက်ဖြစ်သည်။ ၁၉၉၆ တွင် မြောက်ဥက္ကလာပမြို့သို့ ပြောင်းရွေ့ ရောက်ရှိခဲ့ရာ ကျွန်တော်၏ပထမမြို့သည် ပြည်ဖြစ်ပြီး ဒုတိယမြို့မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပဖြစ်လာပါသည်။ ကျွန်တော်၏ဘ၀သက် တမ်းတ၀က်ကို ပြည်မြို့တွင်ကျင်လည်ခဲ့ပြီး ဘ၀သက်တမ်းတ၀က်ကို ရန်ကုန်တွင်နေထိုင်ခဲ့ပါသည်။ ထိုအခါ မြို့နှစ်မြို့နှင့်ပတ်သက်ပြီး ဂုဏ် ယူစရာ၊ ရှက်ရွံ့စရာများလဲ ကျွန်တော့်ဘ၀တွင် တွေ့ကြုံဖြတ်သန်းခဲ့ ရပါသည်။

ပြည်မြို့နှင့်ပတ်သက်၍ ဂုဏ်အယူရဆုံးမှာ ပြည်မြို့မှထွက်သည့် အနုပညာသမားများကြောင့်ဖြစ်သည်။ ပြည်မြို့သည် သေးငယ်သော် လည်း မြို့အရွယ်အစားနှင့်မမျှအောင်ပင် နိုင်ငံကျော်အနုပညာသည်များ ထွက်ရှိခဲ့ပါသည်။ ရတုဘုရင်န၀ဒေးကြီး၊ ရှင်မဟာရဌသာရတို့မှအစ၊ ဒဂုန်ရွှေမျှား၊ ဇ၀န၊ ညာဏ၊ ပြည်လှဖေ၊ ပဉ္စရူပဦးခတို့အလယ်၊ ခင်ဝမ်း၊ မောင်ချောနွယ်၊ သုခမိန်လှိုင်၊ ကိုဆွေ၊ မိုက်မိုက်(ပြည်)၊ ချမ်းငြိမ်းအေး (ပြည်)၊ ထရန်းပက်ဝင်းဦးတို့အထိ အနုပညာရှင်များပေါ်ထွက်ခဲ့သည်။ ယခုလည်း မျိုးဆက်သစ်များဖြစ်သော စိုးသော်တာ၊ ကိုရွှေထူး၊ ကာတွန်း တာတီး(ပြည်)၊ တိုးနှောင်မိုး၊ သစ်ခက်အိမ်၊ ဝေ(စီးပွားရေးတက္ကသိုလ်)၊ ဝေဦးမေ၊ ယဉ်ဝေလွင်(ပြည်)၊ နန်းမုံဝေ၊ ရီဇော်မောင်(ပြည်)၊ ညီဈာန်၊ မင်းယွန်း၊ ခိုင်သစ် စသည်ဖြင့် ပေါ်ပေါက်နေဆဲ ကြိုးစားနေကြဆဲဖြစ် သည်။ အခြားနာမည်ယူစအနုပညာရှင်များစွာလဲ ရှိပါသေးသည်။ ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းသည်လည်း ပြည်မြို့အနီး ၀ါးတော၊ ၀ါးလည် ဆိုသောရွာကလေးမှဖြစ်ရာ ပြည်မြို့နယ်ထွက် အနုပညာသမားမျိုးချစ် ပုဂ်္ဂိုလ်ကြီးဖြစ်ပါသည်။ စာရေးဆရာတင့်တယ်သည်လည်း ရွှေတောင်မြို့ မှဖြစ်ရာ မြို့နီးချင်းများဖြစ်၍ ဂုဏ်ယူမိပေသည်။ ထိုလူများကြောင့် ပြည် သားဖြစ်ရတာ ကျွန်တော်ဂုဏ်ယူမိခြင်းဖြစ်ပါသည်။ လောကတွင် အနု ပညာသမားဖြစ်ရခြင်းလောက် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အဖြစ် ရှိနိုင်တော့မည်မဟုတ်ပါ။

သို့ပါသော်လည်း ကျွန်တော်သည် မြို့အတွက် အမြဲတမ်းဂုဏ် ယူနိုင်သည်မဟုတ်။ ပြည်မြို့နှင့်ပတ်သက်လာလျှင် ဆွမ်းဆန်ထဲကြွက် ချေးရောသလို လက်ညှိုးထိုးကဲ့ရဲ့ခံစရာ၊ မြို့နာမည်ပျက်စရာကိစ်္စတခုလဲ မြန်မာ့သမိုင်း၌ ဖြစ်ပေါ်ခဲ့လေသည်။ ထိုအရာကားအခြားမဟုတ် မြန်မာ နိုင်ငံ၏ ပထမဆုံးအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးဖြစ်ကာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်း (ခေါ်) ဗိုလ်ချုပ်နေ၀င်းသည် ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ် ချောင်း ကောင်းရွာသားဖြစ်သည်။ ငယ်စဉ်က ပြည်မြို့တွင် ပညာသင်ကြားခဲ့ သည်ဟုသိရသည်။ ကျွန်တော်တို့ပြည်သားများသည် အခြားနိုင်ငံကျော် အနုပညာသမားများကြောင့် ဂုဏ်တက်ကြရသော်လည်း ဗိုလ်ချုပ်နေ၀င်း မွေးဖွားလာသည့်အတွက် မည်သည့်ဘက်ကမျှ ၀မ်းမြောက်ဂုဏ်ယူနိုင်ခဲ့ ခြင်းမရှိချေ။ အာဏာရှင်တဦးပေါ်ထွန်းလာခြင်းအတွက် သူ့ကိုလက်ခံ ထမ်းရွက်ထားရသော မဟာပထ၀ီမြေကြီးကပင်လျှင် အပြစ်ကြီးတခုကို ကျူးလွန်သယောင်ရှိနေသောအဖြစ်ကြောင့် ဗိုလ်ချုပ်နေ၀င်း(ခေါ်) ကိုရှုမောင်တယောက် ပေါ်ထွန်းလာခဲ့ခြင်းအတွက် ကျွန်တော်တို့ မြို့ သူမြို့သားများမှာ စိတ်မသက်သာမှုများသာ ဖြစ်ပေါ်ခဲ့ရပါသည်။

ဗိုလ်ချုပ်နေ၀င်းအကြောင်းကို ပြန်ပြောင်းစဉ်းစားသောအခါ ကျွန်တော့်မှတ်ဉာဏ်ထဲ၌ပေါ်လာသည်မှာ နိုင်ငံရေးလဲမဟုတ်၊ စစ်ရေးလဲမဟုတ် ကလေးတယောက်၏ ကမောက်ကမ မှတ်ဉာဏ်ကလေးတခု သာဖြစ်သည်။ ကျွန်တော်မှတ်မိနေသည်မှာ စစ်ကားတစီးသည် ကျွန်တော် တို့နေထိုင်ရာ ဆံတော်ရပ်ကွက်ထဲသို့ မောင်းဝင်လာပြီး မုန့်လင်မယား၊ ရေမုန့်များရောင်းချသော ကိုဝင်း၊ မမြမေ ဟူသော ဆင်းရဲသားလင်မယား အိမ်ရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် ကိုဝင်းနှင့်မမြမေသည် သူတို့တွင် ရှိသမျှ အကောင်းဆုံးအ၀တ်အစားများကို သပ်ယပ်စွာဝတ်ဆင်လျက် အိုးခွက်ပန်းကန်၊ ဇွန်း၊ ယောက်မ စသည်တို့ကို သယ်ဆောင်ကာ လာ ခေါ်သောစစ်ကားပေါ်သို့ လိုက်သွားတော့သည်။ ဒါဆိုလျှင် တရပ်ကွက် လုံး နားလည်လိုက်သည်မှာ ဥက္ကဋ္ဌကြီးဦးနေ၀င်း ပြည်မြို့သို့ရောက်နေပေပြီ။ ဦးနေ၀င်းသည် သူငယ်စဉ်က ပြည်မြို့တွင်စားခဲ့ရသော ကြက်သားပလာတာ၊ ရေမုန့်၊ မုန့်လင်မယား၊ မုန့်ပျားသလက် စသည်တို့ကို အလွန်နှစ်သက်၏။ ထို့ကြောင့် ဦးနေ၀င်း ပြည်မြို့သို့လာသည်နှင့် ပလာတာသည် မုန့်လင်မယားသည် ရေမုန့်သည်များကို စစ်တပ်က လာခေါ်ကာ အော်ဒါမှာပြီး ဦးနေ၀င်းအားဧည့်ခံခြင်းဖြစ်သည်။ ငိုအား ထက်ရယ်အားသန်ဖြစ်ရပ်မှာ ပြည်မြို့ဘုရားကြီးဈေးတွင် ပလာတာရောင်းသော ဦးနှုတ်ခမ်းမွေးဟူသည့် ကုလားကြီးထံတွင် ဦးနေ၀င်းသည် ငယ်စဉ်မှစ၍ အားပေးလာသောဖောက်သည်ဖြစ်၍နေ၏။ သူ ဗိုလ်ချုပ် နေ၀င်းဘ၀သို့ရောက်သောအခါ ထိုကုလားကြီးကို ပြည်မြို့ တပ်မ(၆၆) သို့ခေါ်ကာ ပလာတာချက်ပြုတ်ခိုင်းပြီး အလိုရှိတာတောင်းပါဟုဆို၏။ ထိုအခါကုလားကြီးသည် အလွန်တရာဝမ်းသာသွားပြီး -
“အခြားတော့မတောင်းချင်ပါဘူး၊ ဒါပေမဲ့ ကျုပ်ပလာတာရောင်း တဲ့နေရာမှာ လူကြီးလမ်းကြောင်းရှိတိုင်း ဆိုင်မထွက်ရဘူးလို့ စည်ပင် သာယာက လာလာပြီးနှင်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နှုတ်ခမ်းမွေး ပလာတာဆိုင် ဘယ်တော့မှ ပိတ်သိမ်းခွင့်မပြုဆိုတဲ့အမိန့်စာလေးမှာ ဥက္ကဋ္ဌကြီးလက်မှတ်ထိုးပြီး ပေးစေချင်ပါတယ်””ဟု တောင်းဆိုခဲ့သည်။ ကြားရသူအပေါင်းကရယ်ကြပြီး ဒီထက်တန်ဖိုးရှိတာ မတောင်းလေခြင်း ဟုပြောကြသော်လည်း ဦးနှုတ်ခမ်းမွေးသည် ဦးနေ၀င်းထံမှစာကို တခုတ် တရသိမ်းဆည်းထားပြီး ထိုအချိန်မှစကာ ၁၉၈၈ ဦးနေ၀င်းခေတ်ကုန် သည်အထိ မည်သည့်လူကြီးလမ်းကြောင်းလာသည်ဖြစ်စေ ပလာတာ ဆိုင်ပိတ်သိမ်းစရာမလိုဘဲ ရောင်းချနိုင်ခဲ့သည်။

၁၉၈၈ တွင်မူကား ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်တွင်တက်နေသော တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်နေပြီဖြစ်သဖြင့် နိုင်ငံရေးကို အသင့်အတင့်နားလည်နေပြီဖြစ်သည်။ အဓိပတိလမ်းပေါ်မှ လျှောက်လှမ်းမိတိုင်း လမ်းမဘေးတွင်တွေ့ရသည့် မြေကွက်လပ်ကို ကြည့်ကာ ဤနေရာကား ကျောင်းသားသမဂ်္ဂအဆောက်အဦပေတည်း၊ ဤအဆောက်အဦကို ဗုံးခွဲခဲ့သည့်လက်သည်တရားခံမှာ ဦးနေ၀င်းဖြစ်မှန်း ကောင်းကောင်းသိနေပေပြီ။ တပ်မတော်ဟာ သေနတ်ပစ်ရင်မှန် အောင်တည့်တည့်ပစ်တယ်၊ မိုးပေါ်ထောင်မပစ်ဘူးဟူသော ဦးနေ၀င်း ၏မောက်မာခြိမ်းခြောက်သော ၁၉၈၈ မ-ဆ-လ လွှတ်တော် နောက်ဆုံး မိန့်ခွန်းကို အော့နှလုံးနာမိလာပါသည်။ မြန်မာနိုင်ငံကြီး ကမ္ဘာ့အဆင်းရဲဆုံး(LDC)အဆင့်သို့ ရောက်သွားရခြင်း၏ အဓိကတရားခံမှာ မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ပါတီဥက္ကဋ္ဌဦးနေ၀င်း လက်ချက်ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်လာခဲ့ပြီဖြစ်သည်။ မြို့လူထုမှာလည်း တိုင်းပြည်မွဲရခြင်းသည် ဦးနေ၀င်းနှင့် မ-ဆ-လ အစိုးရစနက်၊ စစ်အာဏာ ရှင်လက်ချက်ဆိုသည်ကို နက်နက်ရှိုင်းရှိုင်းသိလာကြချေပြီ။ ဦးနေ၀င်း ကို မွေးဖွားမိခဲ့ခြင်းအတွက် ပြည်မြို့သားများသည် ရှက်ရွံ့မှုကို စတင် ခံစားရပေပြီ။ သို့သော် ဦးနေ၀င်း၏ သြဇာကိုမိနေသူများကလည်း ဒုနှင့် ဒေးပင်။ အကောင်းဆုံးသာဓကမှာ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ တနိုင်ငံလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်မှ အပြတ် အသတ် အနိုင်ရရှိခဲ့သော်လည်း ပြည်မြို့တွင်မူ မဲဆန္ဒနယ် နှစ်ခုရှိပြီး မဲဆန်္ဒနယ်တခုတွင် ဒီချုပ်မှအနိုင်ရပြီး တောပိုင်းမှဆန္ဒမဲများသော နောက် ထပ်မဲဆန္ဒနယ်တခုတွင် မ-ဆ-လ ပါတီကို အသွင်ပြောင်းထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အနိုင်ရရှိခဲ့ပါသည်။ အလွန် အံ့အားသင့်ဖွယ်ဖြစ်ပါသည်။ ကျွန်တော်မှတ်မိသည်မှာ ပြည်မြို့တွင် ထိုသို့ NLD တနေရာရှုံးပြီး တ-စ-ည ပါတီမှ နိုင်သည်ကြားသောအခါ အားလုံးသည် ကျွန်တော်တို့မြို့ကို ဒေါသဖြစ်ကြပေ၏။ ရွေးကောက်ပွဲ ရလာဒ်သိရသည့်နေ့က ရန်ကုန်-ပြည်အဝေးပြေးလမ်းမှ ထမင်းဆိုင်အချို့ သည် ပြည်မြို့မှလာသော ကားများကိုထမင်းမရောင်းဟု သပိတ်မှောက် ဆန်္ဒပြကြသည်ကိုကြုံခဲ့ရဖူး၏။ သြော် . . . ဦးနေ၀င်းကား ပြည်မြို့သားများကို ဤမျှအထိ ဒုက္ခပေးဂြုင်္ိဟ်မွှေခဲ့ချေသည်တကား။ ယခုအချိန်အထိလည်း အာဏာရှင်ဗိုလ်ချုပ်နေ၀င်း၊ ဦးနေ၀င်းအကြောင်းရေးကြပြောကြ သောအခါ မွေးဖွားရာဇာတိ ပြည်မြို့ဟူ၍လည်းကောင်း၊ ပြည်ခရိုင် ပေါင်းတလည်မြို့ဟူ၍လည်းကောင်း ကြားလိုက်ရလျှင် ကျွန်တော်တို့ သည် ကိုယ်နှင့်ဘာမှမဆိုင်ပဲ ရှက်သလိုလို၊ သိမ်ငယ်သလိုလိုဖြစ်သွားရ ချေသေး၏။ သခင်မကြီးဒေါ်သိန်းတင်လိုလူမျိုး၊ သခင်ကိုယ်တော်မှိုင်း လိုလူမျိုးများလည်း ထွက်ပေါ်ခဲ့သဖြင့်သာ ဖြေသာပါသေး၏။ ဤကား အာဏာရှင်တဦးကို မွေးဖွားခဲ့သဖြင့် မြို့ခံတဦးရရှိခဲ့သော စိတ်ဒုက္ခဖြစ်သည်။

နောက်ထပ် ကျွန်တော် ယခုနေထိုင်သော မြောက်ဥက္ကလာပမြို့ နယ်အကြောင်း ပြောရပေဦးအံ့။ မြောက်ဥက္ကလာသည် ၁၉၅၈ တွင်မှ စပေါ်လာသော မြို့သစ်တခုဖြစ်သဖြင့် ရှေးအတိတ်ကာလသမိုင်းကြောင်း ရှည်ရှည်လျားလျားပြစရာမလိုချေ။ လောလောလတ်လတ်တွင် ရာဇ၀င် နှင့်မြို့ဖြစ်သည်။ ၁၉၈၈ အရေးအခင်းတွင် လူအချို့က မင်းမဲ့စရိုက်ဆန် ဆန် ပြည်သူ့ရဲကိုခေါင်းဖြတ်ကာ မီးနှင့်ကင်စားခဲ့သဖြင့် ဟိုးလေး တကျော်ဖြစ်ခဲ့ရသော မြို့ဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကာလက နာမည်ကြီးခဲသော သျှောင်ကြီးဗွေဆိုသူမှာ မြောက်ဥက္ကလာမှဖြစ်သည်။ အရေးအခင်းကာလတွင် စစ်ကားတစီးကို လူအုပ်ဖြင့် ပိတ်ဆို့တားဆီး ထားသည့်အတွက် တပ်မတော်မှလေယာဉ်ပျံဖြင့် စာရွက်များကြဲချကာ သတိပေးခဲ့ရသောမြို့ဖြစ်သည်။ ၁၉၈၈ အရေးတော်ပုံတွင် ကျဆုံးသွား သူများကို မြောက်ဥက္ကလာခုံးကျော်တံတားအနီးတွင် အမှတ်တရ အာဇာ နည်ကျောက်တိုင် စိုက်ခဲ့သောမြို့ဖြစ်သည် (စစ်အစိုးရတက်လာပြီး ထိုကျောက်တိုင်ကိုဖျက်ဆီးပစ်ခဲ့၏)။ မြောက်ဥက္ကလာတည်ကာစတွင် ဘာသာခြားအချို့က ဗလီတည်ဆောက်ရာ သံဃာများနှင့်မြို့ခံများက သဘောမတူသဖြင့် အဓိကရုဏ်းဖြစ်ခဲ့ဖူးပါသည်။ ၁၉၉၆ မှ ပြောင်းရွှေ့ လာသဖြင့် ကျွန်တော်သည် ထိုစဉ်ကအဖြစ်အပျက်များကို လက်လှမ်းမမှီ ခဲ့ပါ။ ကျွန်တော်ဂုဏ်ယူမိသောအဖြစ်မှာ မြောက်ဥက္ကလာသည် မြန်မာနိုင်ငံတွင် စာရေးဆရာအများဆုံးရှိသော မြို့နယ်ဖြစ်နေခြင်းပင်ဖြစ်သည်။ နံနက်တိုင်း လက်ဖက်ရည်ဆိုင်တွင် ကိုယ်ခင်မင်ရသော စာရေးဆရာများ နှင့် တွေ့ဆုံစကားပြောခွင့်ရခြင်းမှာ ကြီးမားသော ပီတိတမျိုးဖြစ်ပါသည်။ မြောက်ဥက္ကလာတွင် စာရေးဆရာ သစ္စာနီရှိ၏၊ မောင်ကျော်သာ(ပဲခူး) ရှိ၏၊ မောင်ပြည့်လှိုင်း(သံတွဲ)ရှိ၏ ။ ဦးဌေးမောင်ရှိ၏၊ ကေတုလှနိုင်ရှိ၏၊ တင်နိုင်တိုးရှိ၏၊ တက်္ကသိုလ်သျှင်သီရိရှိ၏။ ဆရာနတ်နွယ်(ကွယ်လွန်) ရှိခဲ့၏။ မောင်ဆုရှင်(ကွယ်လွန်)ရှိခဲ့၏။ မောင်ရန်ပိုင် ရှိခဲ့ဖူး၏။ ဆရာ ပါရဂူ၏ သျှန်တနိကေတန် စာကြည့်တိုက်ရှိ၏။ လောလောဆယ် ပဉ္စမံ ဒီရိုင်း၊ ကောင်းဆက်နိုင်၊ ဆရာမောင်သာချို၊ မောင်မြတ်မွန်(ဆူးလေ)၊ ကဗျာဆရာနေစိမ့်၊ နီဟိန်းမော်စသူတို့ရှိ၏။ အလွန်ပင် အနုပညာသမား ပေါများရာ အရပ်ဒေသဖြစ်သည်။ ထို့ကြောင့် မြောက်ဥက္ကလာမှာ နေရ တာ ဂုဏ်ယူဖွယ်ပင်ဖြစ်သည်။

သို့သော် ဂုဏ်မယူနိုင်ဖွယ်ကိစ္စအချို့လည်း ယခုတလောတွင် ဖြစ် လာပါသည်။ ယခုတလော လူပြောများနေသော PR ခေါ် အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစံနစ်သို့ လာမည့်ရွေးကောက်ပွဲများအမီပြောင်း လဲကျင်းပရေးအဆိုကို အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ရာ ထိုအဆိုကိုတင်သွင်းသူမှာ မြောက်ဥက္ကလာပမြို့နယ် ကိုယ်စားပြုအမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ဖြစ်နေသည်။ ဒေါ်ခင်ဝိုင်းကြည်သည် ဟိုတလောကလည်း ဟောပြောပွဲတခုတွင် ဦးရွှေမန်း သမ္မတဖြစ်ရေးကိုထောက်ခံသည်ဟု ပြောကြားခဲ့သဖြင့် NDF ပါတီ က ဤပြောကြားမှုမှာ ပါတီ၏မူဝါဒမဟုတ်ကြောင်းလိုက်လံရှင်းလင်းခဲ့ရသည်။ ဒေါ်ခင်ဝိုင်းကြည်ကို လွှတ်တော်အတွင်းသို့ လွှတ်လိုက်ခြင်းမှာ မြောက်ဥက္ကလာပြည်သူများဖြစ်သည်။ ထို့ကြောင့် မြောက်ဥက္ကလာသား တယောက်အနေနှင့်ရော မြန်မာနိုင်ငံသားတယောက်အနေနှင့်ပါ ဒေါ်ခင်ဝိုင်းကြည်၏ ဦးတည်ချက်များကို ဆန်းစစ်ဖို့လိုအပ်လာပေသည်။

၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရာ ထိုစဉ်က NLD ပါတီ သည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ စစ်အစိုးရက လွှတ်မပေးခဲ့သည်ကိုအကြောင်းပြု၍ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ သည်။ NLD အတွင်း ရွေးကောက်ပွဲဝင်လိုသူနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်လိုသူဟူ၍ နှစ်ဖွဲ့ကွဲသွားခဲ့ပြီး ရွေးကောက်ပွဲဝင်လိုသူများ မှ အမျိုးသားဒီမိုကရေစီအင်အားစု NDF အဖြစ် ပါတီခွဲထောင်ကြခြင်း ဖြစ်သည်။ ဤအချိန်အထိ ပြည်သူလူထုသည် NDF ကို ထောက်ခံခဲ့ သည်။ ရွေးကောက်ပွဲကို သပိတ်မှောက်သည်မှာ မိမိ၏ ဒီမိုကရေစီရပိုင် ခွင့်များကို မိမိကိုယ်တိုင် ပိတ်ပင်တားဆီးရာရောက်သဖြင့် နိုင်ငံရေးမရင့် ကျက်မှုကိုဖော်ပြသော လက်တွေ့မဆန်သည့်လုပ်ရပ်ဟု ကျွန်တော်အပါ အ၀င် တော်တော်များများက သုံးသပ်ကြပါသည်။ ၂၀၁၀ ရွေးကောက်ပွဲ လုပ်သောအခါ ကျွန်တော်တို့တွင်ရွေးစရာပါတီ များများစားစားမရှိလှ။ အဓိကပါတီကြီးဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ယှဉ်ပြိုင်အရွေးခံသူမှာ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးဘတင့်ဆွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် NDF သာရှိသည်။ NDF သည်ရွေးကောက်ပွဲသင်္ကေတကို NLD ၏ ၁၉၉၀ ရွေးကောက်ပွဲတွင် ကြောက်မခန်းလိလိအနိုင်ရခဲ့သော ခမောက်သင်္ကေတကိုယူလိုက်သည်။ NLD ကလည်း ရွေးကောက်ပွဲတွင်မပါသဖြင့် ခမောက်သင်္ကေတကို ကန့်ကွက်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က NDF ကို ခမောက် သုံးခွင့်ပြုခဲ့သည်။ စင်စစ် ဒေါ်ခင်ဝိုင်းကြည် ဘယ်သူဆိုသည်ကို ကျွန်တော်တို့မသိ။ ခမောက်မျက်နှာနှင့် ဒီမိုကရေစီဘက်တော်သားဟု ယုံကြည်သတ်မှတ်ကာ မဲပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မြောက်ဥက္ကလာမှ ပြည်သူ့လွှတ်တော်တွင် ဒေါက်တာသန်းဝင်း၊ အမျိုးသားလွှတ်တော်တွင် ဒေါ်ခင်ဝိုင်းကြည် NDF ပါတီကို ကိုယ်စားပြု ကာ အနိုင်ရသွားခဲ့ကြသည်။ ဤသို့နိုင်သည်ကို ကျွန်တော်တို့ဝမ်းသာ ပါ၏။ စစ်အစိုးရဘက်တော်သားများကို ရင်ဆိုင်တိုက်ခိုက်ရန် ဒီမိုကရေစီ ဘက်တော်သားများကို ရွေးချယ်နိုင်လိုက်ပြီမဟုတ်ပါလား။

သို့သော် မကြာမီပင် ကျွန်တော်တို့ရွေးချယ်လိုက်တာမှားပြီလားဟု မြောက်ဥက္ကလာသားများ စတင်သံသယ၀င်လာမိသည်။ (ဆ)ရပ်ကွက် မြောက်ဥက္ကလာလူထုနှင့်တွေ့ဆုံပွဲတွင် ဒေါ်ခင်ဝိုင်းကြည်စကားပြောသည်ကို သွားနားထောင်ကြည့်ရာ အားတက်စရာ ဒီမိုကရေစီတရားများကို မနာရပဲ စစ်အစိုးရခေတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများမှာပါ သောဆောင်းပါးများသဖွယ် အစိုးရအာဘော်များကိုသာ ကြားရတော့၏။ ဥပမာအားဖြင့် လမ်းပေါ်တက်ဆန္ဒပြသည်မှာမကောင်းကြောင်း၊ ထိုသို့ လုပ်စရာမလိုကြောင်း၊ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ဖို့သာလိုကြောင်း စသည်ဖြင့် ဟောပြောသောကြောင့် စတင်စိတ်ပျက်မိပေသည်။ NDF မှ ဒေါက်တာမြတ်ဉာဏစိုးနှင့် ဒေါက်တာသန်းဝင်းသည် NLD ပါတီ ထဲပြန်ရောက်သွား၏။ ဒေါ်ခင်ဝိုင်းကြည်ကမူ NLD နှင့်လည်းကောင်း မိခင်ပါတီဖြစ်သော NDF နှင့်လည်းကောင်းပိုမိုကင်းကွာသွားပြီး ကြံ့ခိုင် ရေးလိုလို ဘာလိုလိုဖြစ်ကာ အစိုးရနှင့်အာဏာရပါတီကြီးကို လိုလားသောစကားများကို ပြောလာ၏။ ဒေါ်အောင်ဆန်းစုကြည်ကို တပြည်လုံး က လိုလားနှစ်သက်နေပါလျက် ဦးရွှေမန်း သမ္မတဖြစ်ရေးကို ထောက်ခံသည်ဟု ရွာလွန်ရွက်တိုက်သည်။ ပြည်သူလူထုသည် စစ်အစိုးရကို လည်းကောင်း စစ်ဗိုလ်လူထွက်များကိုလည်းကောင်း ငြီးငွေ့စိတ်ပျက် နေကြသောအချိန်တွင် စစ်ဗိုလ်ချုပ်ဟောင်းတယောက်ကို သမ္မတအဖြစ် လိုလားသည်ဆိုခြင်းမှာ ပြည်သူလူထုကို စော်ကားလိုက်ခြင်းဖြစ်သည်။

လူထုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးတို့ကို အင်တိုက်အားတိုက် တောင်းဆိုနေကြချိန်တွင် လူထုကိုအာရုံလွှဲသောအဖြစ်များကို အစိုးရ နှင့် အာဏာရပါတီကြီးက လုပ်လာကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ခြေမရှိတော့မှန်း ပြတ်ပြတ်သားသားရိပ်စားမိသော ဒေါ်ခင်ဝိုင်းကြည် နှင့် NDF သည်လည်း အချိုးကျကိုယ်စားပြုစနစ်ဆိုသော PR ကိုဖုန်သုတ်ပွဲထုတ်လာ၏ (PR အကြောင်း စာရေးဆရာအတော်များ များရေးထားပြီးဖြစ်၍ စာလေးမည်စိုးသဖြင့် ထပ်ရှင်းမပြတော့ပြီ) PR ကို လိုလားခြင်းမှာ နိုင်ငံကောင်းစားဖို့လား နောက်တကြိမ် လွှတ်တော်တွင် မိမိပြန်ပါရေးအတွက်လားဆိုသည်ကို ဒေါ်ခင်ဝိုင်းကြည်ပဲသိပေလိမ့်မည်။ PR စံနစ်သည် ရွေးကောက်ပွဲတွင် အနိုင်မရနိုင်တော့ဟု ခန့်မှန်းနိုင် သည့်အချိန်မှ ပေါ်ထွက်လာခြင်းမှာ အံ့သြစရာကောင်းပေသည်။ PR ကိုသုံးရန် ပြည်ခိုင်ဖြိုးပါတီက စတင်အဆိုပြုခဲ့လျှင် အံ့သြစရာရှိမည် မဟုတ်၊ မဆီမဆိုင် ဒီမိုကရေစီဘက်တော်သားပါဟုယုံကြည်၍ လွှတ်တော် ထဲသို့ပို့ခံခဲ့ရသော NDF ပါတီဝင် ဒေါ်ခင်ဝိုင်းကြည်က(ယခုအချိန်မှာ မှ) စတင်အဆိုတင်သွင်းခြင်းမှာ သူခိုးကိုဓားရိုးကမ်းသလို ရှိပါပေသည်။ မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်အစိုးရလက်အောက်တွင် နှစ် (၅၀)ခန့် ကြိတ်မှိတ်ဖြတ်သန်းခဲ့ရပါသည်။ ယခုထက်ထိလည်း စစ်မှန် သော ဒီမိုကရေစီအစိုးရတက်မလာသေးပါ။ ၂၀၁၅ တွင်တော့ ပြည်သူ လူထုက လိုလားနှစ်သက်သောအစိုးရကို ၁၉၆၂ ခုမှစကာ ပထမဆုံး အနေဖြင့် ရွေးကောက်တင်မြှောက်ခွင့်ရချင်ပါသည်။ ပြည်သူက ကြည် ဖြူသောအစိုးရကို ပြည်သူက ရွေးကောက်ခွင့်အား ကဖျက်ယဖျက် မလုပ်ကြပါနှင့်။ လက်ပါးစေနှင့် စားကြွင်းစားကျန် အခွင့်ထူးရနေသူ အချို့၏ ထောက်ခံမဲတချို့တလေမှလွဲ၍ ပြည်သူလူထုမနှစ်သက်သဖြင့် ၀ိုင်းကြဉ်ထားသော ပါတီမှအမတ်များကို လွှတ်တော်ထဲသို့ ဇွတ်ခေါ် လာနိုင်သော PR စံနစ်ကို ဒေါ်ခင်ဝိုင်းကြည်အပါအ၀င် NDF အမတ်များ ကြိုးစားပွဲထုတ်နေခြင်းသည် မမွေးဖွားသေးသောကလေးကို မတ်တတ် ရပ်ခိုင်းနေခြင်းဖြစ်၍ သမိုင်းတရားခံဖြစ်နိုင်သဖြင့် ရှောင်ကြဉ်ကြစေလိုပါ သည်။ ဤသို့လုပ်မှ လွှတ်တော်ထဲသို့ဝင်ရမည်ဆိုလျှင်လည်း အရွေးမခံရဘဲ သိက္ခာရှိရှိရွေးကောက်ပွဲရှုံးခြင်းက ပိုကောင်းပါသည်။ လွှတ်တော်အမတ် ဖြစ်နိုင်သည့်နောက်တနည်းမှာ ကျန်ရှိသေးသောလွှတ်တော်သက်တမ်းတွင် ပြည်သူလူထုကထောက်ခံလာစေရန် မှန်ကန်သောအဆိုများ၊ တိုက်တွန်းချက်များ၊ ဥပဒေကြမ်းများကိုတင်သွင်း၍ မိမိသမိုင်းကြောင်း ကောင်းအောင်လုပ်ရန်ဖြစ်ပါသည်။

ခမောက်မျက်နှာဖြင့် လွှတ်တော်ထဲသို့ရောက်လာရခြင်းဖြစ်သည့် အတွက် ခမောက်ကိုချနင်းခြင်းဖြစ်သည့် ဘက်ပြောင်းခြင်း၊ ပြည်သူကို လှည့်ဖျားခြင်း၊ အာဏာရှင်နှင့်ပူးပေါင်းခြင်း၊ သူခိုးဓားရိုးကမ်းခြင်း၊ အတ္တကို ရှေ့တန်းတင်ခြင်းများကို စွန့်လွှတ်သင့်ပါသည်။ မြောက်ဥက္ကလာမှ ရွေးချယ်လိုက်သော ဒီမိုကရေစီဘက်တော်သားအမတ်တယောက်သည် အာဏာရှင်တို့က ပြည်သူလူထု အာရုံပြောင်းအောင်ညစ်ကွက်မျိုးစုံသုံး လာခြင်းကို ပုလင်းတူဘူးဆို့ပါဝင်ဆောင်ရွက်နေခြင်းအား ကျွန်တော်တို့ မြောက်ဥက္ကလာ မဲဆန္ဒရှင်များက ရှက်မိပါသည်။ စစ်အာဏာရှင်ဟောင်းတို့၏ လမ်းကြောင်းနှင့် အချိန်မနှောင်းမီခွဲထွက်သင့်ပါသည်။

ပြည်မြို့သားတစ်ယောက်အနေဖြင့် ဦးနေ၀င်းကြောင့် အရှက်ရ ခဲ့ပြီးဖြစ်ရာ မြောက်ဥက်္ကလာကိုပြောင်းလာကာမှ ဒေါ်ခင်ဝိုင်းကြည်အတွက် တရှက်က နှစ်ရှက်မဖြစ်ချင်တော့ပါကြောင်း။

သရ၀ဏ်(ပြည်)News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပီနန်ဆရာတော်နှင့် ရင်ဆိုင်လိုက်ရသည်မှာ သံဃမဟာနာယကအဖို့ရော သာသနာရေး ၀န်ကြီးဌာန အနေဖြင့် ရော အခြေအနေမကောင်းလှပေ။ ပို၍ဆိုးသည်မှာ ဖြစ်စဉ်တစ်ခုလုံးတွင် အာဏာအရှိဆုံး သမ္မတက ရေငုံ နေခြင်း ဖြစ်၏ . . .
မဟာသန်္တိသုခ ကျောင်းတိုက်ပြဿနာသည် အပ်နှင့်ထွင်းရမည်ကို ပုဆိန်ဖြင့် ပေါက်ရမည့် အခြေအနေသို့ ရောက်ရှိ လာလေသည်။ သံဃာအချင်းချင်း၊ ပြော ရလျှင် မဟနသံဃာ့အဖွဲ့အစည်းနှင့် ပီနန် ဆရာတော်ကြီး တို့၏ ကျောင်းတိုက် သူပိုင်ကိုယ်ပိုင် ပြဿနာကို အစိုးရက မဖြေ ရှင်းပေးဘဲ အာဏာအပိုင်ဆုံးဟု ဆိုရမည့် သံဃမဟာနာယကအဖွဲ့နှင့်ပူးပေါင်းလိုက် ၍ ပြဿနာမှာ မီးခိုးကြွက်လျှောက်ဖြစ် လာလေသည်။ ထိုအထဲက အကြံပေးအရာ ရှိဟုတ်၊ မဟုတ်ပြဿနာကလည်း ပါလာ သေးသည်။ ယခုအစိုးရ အဖွဲ့သစ်တွင် အကြံပေး အရာရှိဆိုသော အသုံးအနှုန်းမှာ မဆလခေတ်က အထူးအရာရှိလို ဖြစ်ပုံရပါသည်။ ယခင်က အထူးအရာရှိ သည် ၀န်ကြီးပြီးလျှင် အာဏာအရှိဆုံးသူဖြစ်၏။ 

ယခုဦးအံ့မောင်မှာ ယခင်က သာသနာ ရေးဝန်ကြီးဌာန ညွှန် ချုပ်ဖြစ်ခဲ့သည်။ သူ့လက်ထက်တွင် သံဃာပြဿနာ အများအပြားလည်း ပေါ်လာပါသည်။ ယခုပြဿ နာမှာ သံဃမဟာနာယကအဖွဲ့က သီးသန့်လား၊ သာသနာရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့က သီးသန့်လား။ မဟာ သန်္တိ သုခကျောင်းတိုက်ကို လူအင်အားနှင့် ၀င် ရောက်စီးနင်း ချိပ်ပိတ်ခြင်း၊ သံဃာများ ကိုခေါ် ဆောင်သွားခြင်း၊ အင်္ဂလန်ဆရာ တော်ဦးဥတ်္တရအပါအ၀င် သံဃာ ၅ ပါး ကို အတင်းလူဝတ်လဲကာ အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ခြင်းတို့မှာ ယခင်စစ် အစိုးရလုပ်ရပ်နှင့် တစ်ပုံစံတည်းဖြစ်နေ သည်။ ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုသောစကားအတိုင်း ဖြစ်နေပြီး မျက်နှာဖုံးနောက်ကွယ်မှ ဘီလူးရုပ်သည် ပေါ်သည်ထက် ပေါ်လာပါတော့ သည်။ ပထမ ဆုံး မြန်မာနိုင်ငံသို့ ပီနန်ဆရာတော်ကြီး ကြွချီလာကာ မဟာသန်္တိသုခ ကျောင်း တိုက်တွင် သီတင်းသုံးသည်နှင့် သူပိုင် ကိုယ်ပိုင် ပြဿနာပေါ်လာ၏။ သံဃ မဟာနာယက အပိုင်လား၊ ပီနန်ဆရာတော် ကြီးအပိုင်လားဆိုသည်ကို အေးအေးချမ်း ချမ်း ဖြေရှင်းရမည်။ …သာသနာရေးဌာနက ထိုကိစ္စကို ညင်ညင် သာသာလည်း ကိုင်တွယ်ဖို့လိုသည်။ သက်သေအထောက် အထား ပစ်္စည်းခိုင်ခိုင်လုံလုံဖြင့် သေချာ ညှိနှိုင်းကာ တရားရုံးတွင် ဖြေရှင်းရပေ မည်။ ထိုပထမအဆင့်ကို ပြေပြေလည် လည်၊ ထိထိရောက်ရောက် မဖြေရှင်းဘဲ နိုင်ငံခြားတွင် သာသနာပြုပြီး သြဇာအလွန် ကြီးသည့် ပီနန်ဆရာတော် ဘုရားကြီး ဂျပန်နိုင်ငံတွင် သွားရောက် သာသနာပြု နေစဉ်၌ အတင်းဝင်ရောက် စီးနင်းလိုက် ခြင်းမှာ အလွန်အရုပ်ဆိုး လှလေသည်။ ယခုပြောစရာ ဖြစ်လာသည်မှာ ပီနန်ဆရာတော်ကြီးသည် ရွှေဝါရောင် အရေးအခင်းတွင် ဆန္ဒပြသံဃာတော်များဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပြီး စစ်အစိုးရ ၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သော ကြောင့် ယခုအခါ၌လည်း အတိုက်အခံ ဘုန်းကြီးအဖြစ် မျက်မှန်စိမ်းတပ်ကြည့် ကာ ကျောင်းတိုက်ကို ပြန်မပေးဘဲ အတင်း ချိပ်ပိတ် လိုက် ခြင်းလားဟု သံသယ ၀င်လာကြပါတော့သည်။ သို့သော် ပြဿ နာသည် ယခုအခြေအနေတွင် အေးအေး ချမ်း ချမ်း ဖြစ်လာစရာ အကြောင်းမရှိပေ။ ထိုသို့ဖြစ်ရသည်မှာလည်း ကျောင်းတိုက်ကို သိမ်းပိုက်လိုက်သူများ၏ အဓမ္မလုပ် ရပ်ကြောင့် ဖြစ်၏။ 

ထိုမဟာသန်္တိသုခ ကျောင်းတိုက်ကြီး မည်သူပိုင်သည် ဆိုသည်ကို ဖြစ်ရပ်ကအစ ပွင့်လင်းမြင်သာ စွာ ဖြေရှင်းလိုက်လျှင် တရားမျှတ၊ မမျှ တကို ပြည်သူက သိရှိပြီး တရားမျှတ သည့်ဘက်၌ ရပ် တည်ကြပေမည်။ သမိုင်း ကြောင်းနှင့်ယှဉ်ပြီး သံဃမဟာနာယက ပိုင်ဖြစ်သည်ဟုဆိုလျှင် ရှင်းလင်းဖို့ လိုပါ သည်။ ဘာကြောင့် အဖြစ်မှန်ကို မဖော်ထုတ်ဘဲ ထားသည်ကိုကား မရှင်းလင်းပေ။ တစ်ချိန်တည်းတွင် လူထု၏ လေးစားမှုကို လည်း ခံရ၊ ဒါယကာ၊ ဒါယိကာမများ၏ ကြည်ညိုမှုကိုလည်း ရရှိနေသော ပီနန် ဆရာတော်နှင့် ရင်ဆိုင်လိုက်ရသည်မှာ သံဃမဟာနာယကအဖို့ရော သာသနာရေးဝန်ကြီးဌာန အနေဖြင့်ရော အခြေအနေ မကောင်းလှပေ။ ပို၍ဆိုးသည်မှာ ဖြစ်စဉ် တစ်ခုလုံးတွင် အာဏာအရှိဆုံး သမ္မတက ရေငုံနေခြင်းဖြစ်၏။ အစော ပိုင်းက သမ္မတ၏ ကိုယ်စားလှယ်များက မဟာသန်္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသော ပီနန် ဆရာ တော် ဘုရားကြီးကို ဤကျောင်း တိုက်၌ပင် ကြိုက်သလောက် သီတင်းသုံးပါဟု လျှောက်တင်ခဲ့ ကြောင်း သတင်း ထွက်လာသည်။ သို့သော် ထိုသတင်းမှာ အမှန်မဟုတ်ဟုလည်း သတင်းထွက် လာပြန်လေသည်။ သမ္မတ၏ ရုံးအဖွဲ့မှာ ယခုကျောင်းတိုက်ပိုင်ဆိုင်မှု ပြဿနာတွင် ကြားနေအဖြစ် ရပ်တည်နေချင်သလား မသိပေ။ အဘယ်ကြောင့်ဆိုသော် သမ္မတ အကြံပေးဟု ၀င်ရောက်စီးနင်းစဉ်က ပါဝင်ပတ်သက်ခဲ့သော ဦးအံ့မောင်သည် နောက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောသောအခါ သမ္မတ အကြံ ပေးမဟုတ်ဟု ငြင်းချက်ထုတ်ခဲ့လေသည်။ ““ဒီကိစ္စမှာ ကျွန်တော်တို့ မပါပါဘူး””ဆို သည့် သဘောပင်။ ဦးအံ့မောင်သည် သာ သနာရေးဝန်ကြီးဌာနမှပင် ဖြစ်သည်ဟု ဆို၏။ ထိုအခါ ဦးအံ့မောင်အဖို့ ကြိုက်တဲ့ ရုံးတက်ဟု မာမာတင်းတင်း ပြောခဲ့သမျှ အားလျော့သွားခဲ့လေသည်။ သမ္မတက ငါ့နောက်မှာ မရှိပါလားဟုလည်း စိတ်ဓာတ် ကျသွားပေ မည်။ ကြိုက်တဲ့နေရာတိုင်ဟု သတင်းထောက်များကို စိန်ခေါ်လိုက်ခြင်း မှာ စကားသာ အဖတ်တင်သွားပြီး ရှေး ရှေးက ပြောခဲ့သော ၀န်ကြီးများ၊ သမ္မတ အကြံပေးများ၊ မာရေကျောရေနိုင်သူများ ထဲတွင် ဦးအံ့မောင်လည်း ပါသွားပါတော့သည်။

ဦးအံ့မောင်နှင့် ပတ်သက်ပြီး သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန် ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ် ကရှင်း လင်းပြောကြားရာ၌-
““အစိုးရသစ်လက်ထက်မှာ နယက ရုံးကို အခြေခံပြီး နိုင်ငံတော်သမ်္မတရုံးဖွဲ့ တဲ့အခါ သူတို့ရဲ့ ပညာ၊ အတွေ့ အကြုံအရ သမ္မတအကြံပေးများအဖြစ် ဆက်လက် တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က သက်ဆိုင်ရာ ၀န်ကြီး ဌာနများက လိုအပ်ရင် အကြံပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ ဆရာဦးအံ့မောင်ဆိုရင် သာသ နာရေး ၀န်ကြီးဌာန ရန်ကုန်ရုံးခွဲမှာပဲ လို အပ်တဲ့အကြံပေးမှုတွေကို လုပ်ပါတယ်”” ဟု ရှင်းလင်းပြောကြားသည်။ RFA ရေဒီ ယိုနှင့် ပြောဆိုရာတွင်လည်း ဦးရဲထွဋ်က ယခင်က သမ္မတရုံးအကြံပေးအဖွဲ့တွင် ဒေါက်တာ မတင်ဝင်းနှင့် ဦးအံ့မောင်တို့ ကိုထားရှိကြောင်း၊ နောက်ဒေါက်တာ မ တင်ဝင်းမှာ သူ့သဘောနှင့်သူ နုတ်ထွက် သွားကြောင်း၊ ဦးအံ့မောင်မှာ သမ္မတရုံးသို့လည်း မလာဘဲ သာသနာရေးဝန်ကြီးဌာန ရန်ကုန်ရုံးခွဲတွင်သာ လုပ်ကိုင်နေ ကြောင်း ပြောဆိုသွားခဲ့လေသည်။ ထို့ပြင် အင်္ဂလန်ဆရာတော် အပါအ၀င် သံဃာ ၅ ပါးကို လူဝတ်လဲပြီး အင်းစိန်ထောင်ပို့သည့် ကိစ္စမေးမြန်းရာ ဦးရဲထွဋ်က ထိုကိစ္စမှာ သမ္မတရုံးနှင့်မဆိုင်၊ သံဃမဟာနာ ယကနှင့် သာဆိုင်သည်ဟု ပြောဆိုသွား လေသည်။ ဆိုလိုသည်မှာ ယခုကိစ္စမှာ အစိုးရအဖွဲ့နှင့်ဘာမှ မဆိုင်၊ သံဃမဟာ နာယကနှင့် သာသနာရေးဝန်ကြီးဌာနတွင် သာ တာဝန်ရှိသည်ဟု ဆိုလိုခြင်းဖြစ် သည်။ သာသနာရေး ၀န်ကြီး ဌာနကို မေးမြန်းရာ၌ ယခုကျောင်းတိုက် ပြဿနာမှာ သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြား ချက်ဖြင့်သာ သာသနာရေးဝန်ကြီးဌာနက ဆောင်ရွက်ရကြောင်း၊ သူတို့အနေဖြင့် ဘာမှ မသိဘဲ အဆုံးအဖြတ်ကို မဟနက သာပေးကြောင်း ပြောဆိုသွားသည်။ ယခုကိစ္စမှာ သံဃမဟာနာယက အဖွဲ့နှင့် သာဆိုင်နေတော့သည်။ လူဝတ် လဲသော သံဃာ ၅ ပါးကို ထောင်ချလိုက်လျှင် လည်း သံဃမဟာနာယကက လုပ်ခြင်း ဖြစ်ပါသည်။ သူတို့နှင့် မဆိုင်ပါဟု ဆိုလာပေဦးမည်။ ထိုအခါ ပြည်သူလူထုနှင့်သံ ဃမဟာနာယကတို့ ရင်ဆိုင်ရုံသာ ရှိပေတော့မည်။

ယခုမဟာသန်္တိသုခ ကျောင်းတိုက်ကို ချိပ်ပိတ်ခြင်းနှင့် ၀င်ရောက် စီးနင်းခြင်း ကို ပေါ့ပေါ့တန်တန် မတွက်သင့် ပေ။ ရွှေဝါရောင် အရေးအခင်းတုန်းက မဂ္ဂင်ကျောင်းတိုက်ကို ၀င်ရောက် စီးနင်းခြင်းကို အမှောင်ချ ထား၍ရ သည်။ သို့သော် ယခုအဖြစ်အပျက် သတင်းများကို သတင်း မီဒီယာများက အပ်ကျသည်ကအစ ဖော် ပြကြ သည်။ သတင်းအမှောင်ချ၍ မရတော့ပေ။ ယခုအခါ ကမ္ဘာကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ ဗြိ တိန်နိုင်ငံတွင် သာသနာပြုသော ရှင်ဥတ္တရမှာ ယခုအခါ ဗြိတိန်နိုင်ငံသား ဖြစ်နေပြီ။ ထို့ကြောင့် ဗြိတိန်အစိုးရက မြန်မာအစိုးရကို တရားနည်းလမ်းကျစွာ ဖြေရှင်းဖို့ တောင်းဆိုထား၏။ ဗြိတိန်သံအမတ်ကြီးက ရှင်ဥတ္တရကို ရုံးထုတ်လျှင် တရားရုံး၌ သက်သေခံဖို့လည်း အသင့်ပြင်ထားလေသည်။ မဟနက ဆရာတော်ရှင်ဥတ္တရကို အကယ်၍ ပြစ်ဒဏ်ကြီးကြီးမားမား ချမှတ် လိုက်ပြီဆိုပါစို့၊ ယခု လူဝတ်လဲလိုက်သည်ကပင် အခြေအနေ မကောင်း ရသည့်ကြား ပြစ်ဒဏ်ပါ ပေးလိုက်လျှင် ဗြိတိန်နိုင်ငံနှင့် ရင်ဆိုင်ရမည်မှာ သမ္မတနှင့် အစိုးရအဖွဲ့ သာဖြစ်သည်။ ထိုအခါ ““ကျွန်တော်တို့လုပ်တာ မဟုတ်ပါဘူး။ သံဃမဟာနာယကက လုပ်တာပါ””ဟု ခေါင်း ရှောင်နေ၍ မရပေ။ ထိုသို့ခေါင်းရှောင်နေသည်မှာလည်း မဖြစ် သင့်ပေ။ မိမိတို့ဘက်က မှန်နေလျှင် ပီနန် ဆရာတော်ကို ကြောက်နေစရာ မလိုပေ။ ရှင်ဥတ္တရကိုလည်း ဗြိတိန်နိုင်ငံသားပင်ခံခံ၊ မည်သည့်နိုင်ငံသားပင်ခံခံ အမှန်အတိုင်း ရင်ဆိုင်ရပေမည်။

သံဃာထုအကြားတွင် ထိုပြဿနာမှာ မကျေနပ်စရာ ဖြစ်လာ၍ တရားနည်းလမ်း မကျဟုလည်း ယူဆနေကြ သည်။ ညအ ချိန်မတော် ရဲအင်အားအလုံးအရင်း၊ တစ်မြို့နယ် သံဃာ ၂၀ စီခေါ်ကာ သံဃာ မဟာနာယက သံဃာတော်များ၊ အရပ်ဝတ် လူများဖြင့် အလုံးအရင်း အင်အားစုကာ ၀င်ရောက်စီးနင်းခြင်းကို လူထုကရော၊ ရပ်ကွက်ကရော တစ်နိုင်ငံလုံးရှိ သံဃာ တော်များကရော ဘ၀င်မကျကြပေ။ သတင်းစာများ၊ သတင်း ဂျာနယ် များကလည်း ထိုလုပ်ရပ်ကို ဆန့်ကျင်ကြသည်။ ဧရာဝတီဂျာနယ်ကဆိုလျင်-
““သံဃာ့ဦးသျှောင်အဖွဲ့ကို ဦးဆောင်၍ စစ်အစိုးရ အလိုကျ လုပ်ဆောင်ခဲ့သော သံဃမဟာနာယက အဖွဲ့ကို ဝေဖန်ခဲ့ဖူး သည့် ပီနန်ဆရာတော်နှင့် ပတ်သက်၍ ယင်းသို့ ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်း မှုမှာ နိုင်ငံရေး အာဃာတပါနိုင်သလောဟု မေးခွန်းထုတ်စရာရှိသည်။ ထိုသို့ နိုင်ငံရေး အာဃာတနှင့် လုပ်သည်ဆိုလျှင် သမ္မတ၏ အမျိုးသားရင်ကြားစေ့ရေး ကျ ဆုံးဖို့ အကြောင်းဖန်လာပေတော့မည်။

သီတဂူဆရာတော်ကြီးအပါအ၀င် သြဇာတိက္ကမ ကြီးမားသည့် ဆရာတော် များ၊ ဒါယကာ၊ ဒါယိကာမများနှင့် မဟာ သန်္တိသုခကျောင်းတိုက်အရေး ၀ိုင်းဝန်း ကန့်ကွက်နေသည်များကို သမ္မတဦးသိန်း စိန်ဆက်လက် နှုတ်ဆိတ် မနေသင့်ပေ။ ယခုဝင်ရောက် စီးနင်းမှုသည် ကြမ်းတမ်း ရက်စက်သော ယခင်စစ်အုပ်ချုပ်ရေး ပုံစံ အတိုင်း ဖြစ်သည်””ဟု ခေါင်းကြီးပိုင်းတွင် ရေးသားထားလေသည်။ လန်ဒန်ဆရာ တော်ရှင်ဥတ္တရ အပါအ၀င် သံဃာ ၅ ပါး ကို လူဝတ်လဲကာ တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး ဇွန်လ ၂၀ ရက်နေ့တွင် လွှတ်ပေးရမည်ဟု ရွှေည၀ါဆရာတော်၊ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူ နှင့် ရှင်ပါမောက္ခတို့က တောင်းဆိုထား၏။ အကယ်၍ ဇွန်လ ၂၀ ရက်နေ့မှ မလွတ် လျှင် ထိုဆရာတော် ၃ ပါးက ဦးဆောင် ပြီး သံဃာတော်များ ဆန္ဒပြ မည်ဟုလည်း ကြေညာထားပါသည်။ ပြချင်ပြပေါ့ ဂရုစိုက်စရာ မလိုဘူးဟု သဘောထားလျှင် ကား ပြဿနာကို ပုဆိန်ဖြင့်ပေါက်၍ ဖြေရှင်းရသည်အထိ အခြေအနေဆိုးလာနိုင် ပါသည်။ ထိုကဲ့သို့ လုပ်ချင်ရာလုပ်ဟု လွှတ် ထားလိုက်လျှင်လည်း အစိုးရသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ခြင်းဖြစ်ပါ သလဲ။ ယခုအချိန်တွင် အာရုံ ပြောင်းအောင် လုပ်သည်ဟု ဆိုလျှင်လည်း ကောင်းသောလုပ်ရပ် မဟုတ်ပေ။ မဟာ သန်္တိသုခမှ ထလောင်နေ သော မီးကို ညှိနှိုင်းဖြေရှင်းခြင်း၊ သဘောထားကြီးခြင်း စသော မေတ္တာရေအေးဖြင့် အမြန်ဆုံး ငြှိမ်းသတ်သင့် ပေသည်။
မြန်မာသံတော်ဆင့်သတင်းဌာန

စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ ၂၆-၆-၁၄။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ NDF ဟာ ကြေငြာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ ကြေငြာချက်ပါ အဓိက အချက်တွေကတော့ PR လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ပြည်နယ်တွေ မပါပဲ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့၊ အမျိုးသား လွှတ်တော်မှာ အင်န်ဒီအက်ဖ် ပါတီကိုယ်စား PR စနစ် တင်သွင်းခဲ့သူ ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တာ၊ လွှတ်တော်ထဲမှာတောင် စောင်းမြောင်း ပြောဆိုတာ ခံရတဲ့အကြောင်း၊ မီဒီယာတွေကလည်း သူတို့ပါတီကို နိုင်ငံကိုချောက်ထဲ ဆွဲချသူ၊ ဘုံရန်သူ တွေလို့ တံဆိပ်ကပ်ကြရုံတင်မက သမိုင်းတရားခံတွေ အထိတောင် စွတ်စွဲရေးသားကြတဲ့ အကြောင်း ဖော်ပြထားပါတယ်။ အင်ဒီအက်ဖ် ပါတီရဲ့ ကြေငြာချက် ဘာကြောင့် ထွက်ပေါ်လာရတာပါလဲ၊ ဘာအဓိပ္ပါယ် ဆောင်ပါသလဲ၊ အင်န်ဒီအက်ဖ် ပါတီရဲ့ အနာဂတ် ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အင်န်ဒီအက်ဖ် ပါတီ ကြေငြာချက် ပထမ ပိုင်းမှာ ရှင်းထားတာက “၁။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အနေဖြင့် ဇွန်လ ပထမပတ်တွင် အမျိုးသား လွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးကို ပြည်နယ်များတွင်မပါဘဲ၊ တိုင်းဒေသကြီးများတွင် သာ ကျင့်သုံးရန်အဆိုပြုခဲ့ပါသည်။” လို့ ဆိုထားပါတယ်။ တကယ်တော့ ဒါက လိမ်ညာ ပြောဆိုတာပဲ ဖြစ်ပါတယ်။ ဒေါ်ခင်ဝိုင်းကြည် တင်တဲ့ အဆို အတိအကျဟာ ဒီလိုပါ။ “ လာမည့် ပါတီစုံ မည်သည့် ရွေးကောက်ပွဲများတွင်မဆို အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း” ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်နယ်မှာ မကျင့်သုံးဖို့ အဆိုမှာ မပါသလို ဒေါ်ခင်ဝိုင်းကြည် တင်ပြ ဆွေးနွေးတာလည်း မရှိခဲ့ပါဘူး။
အဆိုကို ဆွေးနွေးနေစဉ်နဲ့ အတည်ပြုပြီးနောက်ပိုင်း တိုင်းရင်းသားပါတီတွေရဲ့ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာပါတယ်။ တိုင်းရင်းသားပါတီတွေ ပေါင်းထားတဲ့ NBF ပါတီကဆို ပီအာရ် စနစ်ကို ပြည်နယ်တွေမှာ မကျင့်သုံးဖို့ ဆန္ဒပြမယ် ဆိုတဲ့ အဆင့်အထိ ဖြစ်လာပါတယ်။ ဒီအခါကျမှ အင်န်ဒီအက်ဖ် ပါတီက ပြူးတူးပြဲတဲနဲ့ လိမ်ညာထားတဲ့ ကြေငြာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

နောက်တစ်ခုက ဒေါ်ခင်ဝိုင်းကြည်နဲ့ အင်န်ဒီအက်ဖ် ပါတီရဲ့ ပြသနာပါ။ ဒေါ်ခင်ဝိုင်းကြည်ဟာ အင်န်ဒီအက်ဖ် ပါတီရဲ့ အမတ် တစ်ယောက် ဖြစ်ရုံမက တက်ကြွ လှုပ်ရှားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး အမျိုးဘာသာ သာသနာ လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ တွေ့ရပါတယ်။ အဓိက ပြောဆိုတာကတော့ အမျိုးဘာသာ စောင့်ရှောက်နိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပုဒ်မ ၅၉ (စ) ကို မပြင်သင့်ဘူးဆိုတာမျိုးပါ။ တကယ်တော့ အမျိုးဘာသာ စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၅၉ (စ) ဘာမှမဆိုင်တာကို တွဲစပ်ပြီး ပြည်သူတွေကို လိမ်လည် လှည့်ဖျားနေကြတာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိအောင် မတရား ပိတ်ပင်ထားတဲ့ အချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေချိန် အင်န်ဒီအက်ဖ် အမတ် ဒေါ်ခင်ဝိုင်းကြည်က အာဏာပိုင်တွေ အကြိုက် လိုက်လုပ်ပေးနေတဲ့ သဘောသက်ရောက်နေပါတယ်။ လက်ရှိ ပြည်တွင်းက အင်န်ဂျီအို အဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ပြဌာန်းဖို့ မသင့်တော်ပါဘူးလို့ ပြောတဲ့ မျိုးစောင့်ဥပဒေ လိုမျိုးကိုလည်း လွှတ်တော်ထဲ တင်ပေးမယ်လို့ ကမ်းလှမ်းသည် အထိ ဒေါ်ခင်ဝိုင်းကြည်က တက်ကြွခဲ့သူပါ။ ဒီနည်းနဲ့ ဒေါ်ခင်ဝိုင်းကြည်နဲ့ အင်န်ဒီအက်ဖ် ပါတီ မီဒီယာ မေတ္တာ ခံယူသူ၊ ပြည်သူ့မေတ္တာ ခံယူသူတွေ ဖြစ်လာရတာပါ။
ဒီအတွက် အင်န်ဒီအက်ဖ် ပါတီ သမိုင်းကြောင်း နည်းနည်း ပြန်ငဲ့စောင်းကြည့်ဖို့ လိုလာပါတယ်။ ၂၀၁၀ မှာ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုတဲ့အခါ ပါတီတွင်း အခြေအတင် အငြင်းအခုံ လွန်ဆွဲပွဲတွေ ဖြစ်ပြီးနောက် နေအိမ်အကျယ်ချုပ် ကျနေဆဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက် ချခဲ့တာတော့ မဟုတ်ပါဘူး။ သတ်မှတ်ရက် ရောက်တဲ့အချိန်ထိ ရွေးကောက်ပွဲမ၀င်ရင် ပါတီ မှတ်ပုံတင်ထားတာ ပျက်ပြယ်မယ် ဆိုတဲ့ အကြပ်ကိုင်မှုကို ရင်ဆိုင်ပြီးမှ ချခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။

အဲဒီ နောက်ပိုင်း ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ နဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ချို့ အင်န်ဒီအက်ဖ် ပါတီထောင် ရွေးကောက်ပွဲ ၀င်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အတိုက်အခံ အင်န်အယ်လ်ဒီ ပါတီနဲ့ အတိုက်အခံ လှုပ်ရှားမှုအတွက် အနှုတ်လက္ခဏာ ဖြစ်စေခဲ့ပေမယ့် စစ်အစိုးရက ဟန်ပြသာသာလောက် ကျင်းပပေးတဲ့ ရွေးကောက်ပွဲ အတွက်တော့ အများအမြင် နည်းနည်းဖြစ်ဖြစ် တင့်တယ် စေခဲ့ပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲဟာ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေ တို့ ထင်ထားတာထက် အများကြီး ဆိုးရွားခဲ့ပါတယ်။ စစ်အစိုးရက နည်းမျိုးစုံနဲ့ မသမာမှု လုပ်တာကို သူတို့ ခံကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရဟာ သူတို့ဖွဲ့စည်းမယ့် လွှတ်တာ် လှတ ပတ ဖြစ်အောင်၊ အင်အားစုတွေ စုံစုံညီညီ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ရောက်တယ် အထင်ရောက်အောင် အင်န်ဒီအက်ဖ်ကို အမတ်နေရာ တစ်ချို့ ရအောင် ဖန်တီးပေးခဲ့ပါတယ်။

NDF ဟာ ပြည်သူ့လွှတ်တော်အတွက် ၁၀၅ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၃၄ ယောက်၊ ပြည်နယ်နဲ့ တိုင်းအဆင့် ၂၄ ယောက် စုစုပေါင်း ၁၆၃ ယောက် ၀င်ပြိုင်တာမှာ ပြည်သူ့လွှတ်တော်အတွက် ၈ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၄ နေရာ၊ တိုင်းနဲ့ ပြည်နယ် အဆင့် ၄ နေရာ စုစုပေါင်း ၁၆ နေရာပဲ ရခဲ့ပါတယ်။ မစို့မပို့ အရည်အတွက်ပါ။ ဒီအတွေ့အကြုံကနေ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ အင်န်ဒီအက်ဖ် ပါတီက မှတ်ပလား ဆိုရင် ဒီကနေ့ လှုပ်ရှားနေတာကိုကြည့်ရင် “မမှတ်သေးဘူး” လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အင်န်ဒီအက်ဖ် ပါတီ အမတ်တွေ အဖြစ်ကနေ မိခင် အင်န်အယ်လ်ဒီ ကို ပြန်ရောက်သွားတာ၊ ဦးသိန်းညွန့် ဦးဆောင်တဲ့ သင်္ကန်းကျွန်း အမတ်တွေက ပါတီသစ်ထောင်ပြီး သီးခြား ရပ်တည်သွားတာတွေကြောင့် အင်န်ဒီအက်ဖ် ပါတီဟာ ဘာမှမဟုတ်တဲ့ ပါတီ အဖြစ်လျောကျသွားပါတယ်။

တကယ်တော့ ဦးခင်မောင်ဆွေနဲ့ အင်န်ဒီအက်ဖ် ပါတီဟာ နိုင်ငံရေးကို ငဲ့စောင်းကြည့်တတ်ရင် သင်ခန်းစာတွေ အများကြီး တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံကူညီ ပံ့ပိုးခဲ့တဲ့ “စီးပွားရေး ပိတ်ဆို့မှုဆန့်ကျင်ရေး အမျိုးသားရေး လှုပ်ရှားမှု” လုပ်ခဲ့သူတွေ ရှိပါတယ်။ အဲဒီလူတွေကို စစ်အစိုးရက စီးပွားရေးဆိုင်ရာ အရိုးအရွင်း အခွင့်ထူးနည်းနည်းပါးပါး ပေးခဲ့တာ ရှိသလို၊ နောင် ရွေးကောက်ပွဲအတွက် ပါတီထောင်တော့လည်း နောက်ကွယ်က ကူညီတာတွေ လုပ်ခဲ့ပါတယ်။ စုစုပေါင်း (၇) ပါတီ ရှိပါတယ်။ သူတို့ကတော့ သူတို့ အလုပ်အကြွေး ပြုခဲ့တာတွေအတွက် ရွေးကောက်ပွဲမှာ စစ်အစိုးရက ကောင်းကောင်း ကြည့်ရှုမယ်၊ ချီးမြှောက်လိမ့်မယ်လို့ ထင်မှတ်ထားကြပါတယ်။ သူတို့ အထင်အမြင် မှားသွားပါတယ်။ အဲဒီ ပါတီခေါင်းဆောင်တွေရော၊ ၀င်ပြိုင်သူတွေပါ တစ်ယောက်မှ အမတ် ဖြစ်မလာပါဘူး။ နောက်ပိုင်း အဲဒီ ပါတီတွေကို စစ်အစိုးရက စာရင်းတောင် မသွင်းတော့ပဲ ချောင်ထဲ ပို့ထားလိုက်ပါတော့တယ်။

အခု အင်န်ဒီအက်ဖ် ပါတီ ဖြစ်ပုံကလည်း အဲဒီ ၂၀၁၀ မတိုင်ခင်က အတိုင်းပါပဲ။ လက်ကျန် အင်န်ဒီအက်ဖ် ပါတီဝင်တွေ လုပ်သမျှဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီ အကြိုက်တွေချည်း ဖြစ်ပါတယ်။ ဒီအတွက်လည်း လွှတ်တော်ထဲက အင်န်ဒီအက်ဖ် အမတ် တစ်ချို့ဟာ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတွေရဲ့ ပ စားပေးတာ ခံရပါတယ်။ တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲကို နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ဖူးတဲ့ ဦးခင်မောင်ဆွေ၊ ဒေါ်ခင်ဝိုင်းကြည်နဲ့ အင်န်ဒီအက်ဖ် ပါတီ က လာမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးဖို့ တောင်းဆိုတာဟာ အတော်လေး အံ့သြဖို့ ကောင်းပါတယ်။ ပြည်သူတွေအတွက် မလုပ်လို့၊ ပြည်သူ့ ဆန္ဒကို ဆန့်ကျင်ပြီး လုပ်နေလို့ ရွေးကောက်ပွဲ ကျင်းပရင် ပြည်သူတွေ တစ်ခဲနက် သင်ခန်းစာပေး၊ အရှုံးကြီးရှုံးမယ်ဆိုတာ သေခြာပေါက် သိနေတဲ့ ပါတီ တစ်ခုရဲ့ သွေးရူးသွေးတန်း လုပ်ရပ်တစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ သူတို့ ထင်နေတာ လာမယ့် ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမတ် တစ်နေရာ နှစ်နေရာလောက်များ ရလေမလား စိတ်ကူးယဉ်နေပုံ ရပါတယ်။ အဲဒီလောက်တောင် ဖြစ်နိုင်ဖို့ အတော်ကို ခဲယဉ်းပါတယ်။ နဂိုကတည်းကမှ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး တို့နဲ့ ခြားနားတဲ့ ကိုယ်ပိုင်နိုင်ငံရေး မရှိတဲ့ ပါတီတစ်ခုက ပြည်သူတွေ မကြိုက်တဲ့ ပီအာရ်တို့၊ မျိုးစောင့်ဥပဒေ ထောက်ခံတာတို့၊ ၅၉(စ) မပြင်ရေး ဒို့အရေး လုပ်တာတို့ဟာ အင်န်ဒီအက်ဖ် ပါတီ နိဂုံးကိုရောက်တော့မယ့် အခြေအနေကို ဖော်ပြနေတာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အရှိန်အဟုန်နဲ့ ဆက်လက် လုပ် ဆောင်နေကြ ချိန်မှာ ဒီဥပဒေပုဒ်မကို အသေအလဲခုခံကာကွယ်မဲ့သူတွေလည်းပေါ်ထွက်လာပါတယ် ။ ဒါကြောင့် ဒီရက်တွေထဲ ၄၃၆ ဘာကြောင့်ပြင်ချင်ရသလဲ ၊ အကြောက်အကန် မပြင်ချင်ရအောင် ၄၃၆ က ဘာကို ကာကွယ်ပေးထားနေသလဲ ၊ စစ်ဖိနပ်အောက်က ၄၃၆ ဘယ်သူတွေ ပြင်ဖို့ကြောက်နေတာလဲ ဆိုတဲ့ ဆောင်းပါးတွေပဲ ဆက်တိုက်ရေးဖြစ်နေခဲ့ရပါတယ် ။

တကယ်တမ်းကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အလွန်ကောက်ကျစ်သူတစ်ဦးက အကွက် ကျကျ နဲ့ စီမံကိန်းချပြီးလုပ်ဆောင်ခဲ့တဲ့ အရာတစ်ခုဖြစ်ပါတယ် ။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ နိုင်ငံတော် အတွက် အခြေခံအုတ်မြစ်မဟုတ်ပါဘူး ၊ နိုင်ငံတော်ကို ဘယ်တော့မှ ဦးမမော့နိုင်အောင် ဂုတ်ဖိထားဖို့ လုပ်ခဲ့တဲ့ အင်္ဂတေတုံးကြီးတစ်တုံးသာဖြစ်ပါတယ် ။ နိုင်ငံသားများကို အကာအကွယ်ပေးမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မဟုတ်ဘဲ အရင် စစ်အာဏာရှင်လက်ထက်မှာ တိုင်းပြည်ဘဏ္ဍာတွေကို အပိုင်စီးပြီး အချမ်းသာကြီး ချမ်းသာ ကြွယ်ဝသွားခဲ့ကြတဲ့ န၀တ ကောင်စီ ၀င်တွေ ၊ အစိုးရအရာရှိကြီးတွေ ၊ လက်နက်အားကိုး နဲ့ ပြည်သူကိုအာဏာကုန်သုံးပြီး ဖိနှိပ်ခဲ့တဲ့ တပ်မတော်အရာရှိတွေကို အကာအကွယ်ပေးဖို့ သက်သက်ရေးဆွဲ ထားခဲ့တဲ့ ဖိနှိပ်ချုပ်ချယ် ရေး ဥပဒေတွေသာလျှင်ဖြစ်ပါတယ် ။

န၀တစစ်အစိုးရဟာ နိုင်ငံမှာ တစ်ပါတီအာဏာရှင်လက်ထက်က ချမှတ်ကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ဖျက်သိမ်းပြီး ၊ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပါတယ် ။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းစုကြီးများကို ပုဂ္ဂလိကကိုလွှဲပြောင်းပေးခဲ့ပါတယ် ။ အဲဒီလိုနဲ့ နိုင်ငံပိုင်စီးပွားရေး အဆောက်အအုံ အားလုံးလိုလိုဟာ ပုဂ္ဂိလိကပိုင်အဖြစ် လွှဲပြောင်းရောက်ရှိသွားပါတယ် ။ အဲဒီလိုလွှဲပြောင်းတာဟာ မြင်သာထင်သာရှိစွာ လွှဲပြောင်းခဲ့ခြင်းမဟုတ်ဘဲ စစ်အစိုးရနဲ့ကပ်မြှောင်နေကြတဲ့ အနီးအပါး အသင်းအပင်း စီးပွားရေးသမားများလက်ထဲကို လွှဲပြောင်းပေးလိုက်ခြင်းသာဖြစ်ပါတယ် ။ အဲဒီလိုနည်းအားဖြင့် အစိုးရကို အမြှောင်ပြုပြီး ကြွယ်ဝချမ်းသာသော လူတန်းစားတစ်ရပ် (Crony)ဆိုတာ ပေါ်ပေါက်လာခဲ့ရပါတယ် ။ အဲဒီခရိုနီကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေမှာ န၀တအရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ဘယ်ရွေ့ ဘယ်မျှ ထည့်သွင်းပေးထားကြရတယ်ဆိုတာတော့ လေ့လာသုံးသပ်သူတွေက သိရှိထားပြီးကြလောက်ပါပြီ ။

အဲဒီလိုလွှဲပြောင်းပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ဘယ်လိုစီမံခန့်ခွဲမှုအတတ်ပညာ ၊ ဘယ်လို စီးပွားရေးအတတ်ပညာတွေနဲ့ ဘယ်လိုဘယ်ပုံကြီးမားတိုးတက် လာအောင် လုပ်ဆောင်စီမံခန့်ခွဲကြ လို့ ယခုအချိန်အထိ ဘယ်၍ ဘယ်မျှ အကျိုး အမြတ်ရကြလို့ ဘယ်လောက် ကျေးဇူးဖြစ်ထွန်းခဲ့တယ် ဆိုတာကို တော့မတင်ပြနိုင်ပေမဲ့ တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ကျပ်တစ်ထောင် ကျော် ဖြစ်နေခဲ့တဲ့အချိန်ကာလမှာ အစိုးရရဲ့ငွေလဲလှယ်နှုန်း ဖြစ်တဲ့ ၆ကျပ် ပြားငါးဆယ်နဲ့ပဲ အစိုးရကို ပေးသွင်းခဲ့ရတယ်ဆိုတဲ့ လုပ်ငန်းစီမံမှုတွေ အတွက် နေရင်းထိုင်ရင်း တစ်ဒေါ်လာတိုင်းမှာ ကျပ်တစ်ထောင်နီးပါး (ရောင်းစရာဝယ်စရာမလိုဘဲ) မြတ်စွန်းခဲ့ တဲ့ အကျိုးအမြတ်မျိုးကိုတော့ကမ္ဘာပေါ်က ဘယ်လိုစီးပွားရေး လုပ်ငန်းစုကြီးများမှ ရနိုင်ဖွယ်ရာ မရှိခဲ့ဘူးဆိုတာ တော့ အသေအချာပါပဲ ။

န၀တအစိုးရဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို တည်ထောင်ခဲ့ပါတယ် ။ န၀တအကြီးအကဲများ ၊ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ ပိုင်ဆိုင်တဲ့ ဒီစီးပွားရေးလုပ်ငန်းစုကြီးဟာ အထက်ကပြောခဲ့တဲ့အတိုင်း အဆုံးစွန်သော စီးပွားရေးအခွင့်အလမ်းများကို ရယူပြီး မြန်မာနိုင်ငံရဲ့ စူပါနိုဗာ စီးပွားရေးလုပ်ငန်းစုကြီးအဖြစ် ထူထောင်နိုင်ခဲ့ပါတယ် ။ အဲဒီဦးပိုင်လီမီတက်ရဲ့ ကနဦး ရင်းနှီးမြုပ်နှံမှုကတော့ မြန်မာနိုင်ငံရဲ့ ရေမြေ တော တောင် သဘာဝသယံဇာတများ ၊ ပြည်သူတို့ရဲ့လယ်မြေယာမြေများဖြစ်ပြီး ၊ အလျှင်အမြန်ကြီးထွား လာနိုင်ဖို့ အထောက်အပံ့ပြုခဲ့တာကတော့ အစိုးရ၏ စီးပွားရေး အထူးအခွင့်အရေးပေးမှုများပဲဖြစ်ပါတယ် ။ ကမ္ဘာပေါ်မှာ ဒီစီးပွားရေးလုပ်ငန်းစုကြီးလောက် အထူးစီးပွားရေး အခွင့်အရေးများပေးအပ်ခြင်းခံရတဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခု နောက်ထပ်ရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူး ၊ အကြောင်းကတော့ ဦးပိုင်လီမိတက်ရဲ့ အစုရှယ်ယာပိုင်ရှင် လုပ်ငန်းရှင်ကြီးများအားလုံးဟာ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ န၀တအစိုးရ ကိုယ်တိုင်ဖြစ်နေလို့ပါပဲ ။ အပြိုင်မရှိအတိုက်မရှိသော အခွင့်အရေးများနဲ့ မည်သို့မျှ ကုန်ခမ်းဖွယ်ရာမရှိသော ရင်းနှီးမြုပ်နှံနိုင်မှု စွမ်းအား ၊ မည်သည့်အခြေခံလိုအပ်ချက်ကိုမဆို အတိုက်အခံအကန့်အကွက်မရှိ ရယူ ဖြည့်ဆည်းနိုင်သော လုပ်ပိုင်ခွင့် များနဲ့ ထူထောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းစုကြီးဟာ အခုဆိုနိုင်ငံရဲ့ စီးပွားရေးပမာဏရဲ့ ထက်ဝက် မကကို ပိုင်ဆိုင်ထားပြီလို့ ဆိုနိုင်ပါတယ် ။

အဲဒီနောက်မှာတော့ MEC ကော်ပိုရေးရှင်းကို ထပ်မံထူထောင်ခဲ့ကြပြန်ပါတယ် ။ ဒီကော်ပိုရေးရှင်းက တော့ အလည်အလတ်အထက် တပ်မတော်အရာရှိတွေရဲ့အကျိုးစီးပွားကို ဖော်ဆောင်ဖို့ဖြစ်ပါတယ် ။ သူလည်းပဲ ဦးပိုင်ကဲ့သို့သော အထူးအခွင့်အရေးများနဲ့ အရှင်မွေး နေ့ချင်းကြီး ၊ ပွားစီးစည်ပင်ခဲ့ပါတယ် ။ ဦးပိုင်ကုမ္ပဏီလိမိတက်ကို Great Giant Economic Corporation လို့တင်စားရင် MEC ကတော့ Heavy Weight Economic Corporation လို့ဆိုရပါလိမ့်မယ် ။

ပြည်ထောင်စုမြန်မာနိုင်ငံမှာ အဲဒီလို ဦးပိုင်ကုမ္ပဏီလိမိတက် ၊ MEC ကော်ပိုရေးရှင်းတို့လို န၀တအစိုးရ အဖွဲ့ဝင်များ ၊ ဗိုလ်ချုပ်ကြီးများ ၊ ဗိုလ်ချုပ် ၊ ဗိုလ်မှူးချုပ်များ ပေါ်ပေါ်ထင်ထင် ပါဝင်ပိုင်ဆိုင်ကြတဲ့ စီးပွားရေး လုပ်ငန်းကြီးများနဲ့ စစ်တပ်နဲ့ပလဲနံပသင့်သူ စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်တဲ့ ကုမ္ပဏီကြီးငယ်များ ၊ စစ်တပ်ထွက် ဗိုလ်မှူးဟောင်း ၊ ဗိုလ်ကြီးဟောင်းများရဲ့ ကုမ္ပဏီများဟာ န၀တအစိုးရရဲ့ အထူး အခွင့် အရေးများကို ရယူသုံးစားပြီး ကြီးထွားအောင်မြင်လာကြပါတယ် ။ အဲဒီကုမ္ပဏီကြီးတွေ ကြီးထွား အောင်မြင် လာတာနဲ့အမျှ မြန်မာ့သယံဇာတတွေ ပြုတ်ပြုတ်ပြုန်းလာရပါတယ် ။ ပြည်သူတွေရဲ့ စီးပွားရေး အခွင့်အလမ်း ၊ အလုပ်အကိုင်အခွင့်အလမ်းတွေဟာ တစ်ဖြေးဖြေးမှေးမှိန်ပျောက်ကွယ်လာရပါတယ် ။

ဟိုတယ်ကြီးတွေ စားသောက်ဆိုင်ကြီးတွေမှာ ခမ်းနားကြီးကျယ်တဲ့ စားပွဲသောက်ပွဲကြီးတွေကို မြင်တွေ့လာရသလို ညနေ ၀င်မိုးချုပ်မှာ ပလပ်စတစ် ကြွတ်ကြွတ်အိပ်နဲ့ ဆန်ထုတ်ကလေး ဆွဲကြရတဲ့ ပြည်သူတွေရဲ့ဘ၀တွေကလည်း ပိုမိုများပြားလာပါတယ် ။ ကုမ္ပဏီပိုင်ရှင် သူဌေးသူကြွယ်ကြီးတွေ ၊ အစိုးရအရာရှိကြီးတွေရဲ့ မိသားစုတွေမှာ စိန်စကားရွှေစကားတွေနဲ့ မရှိစကားနားမှလေသံမကြားဖူးရတဲ့အခြေနဲ့ မြေကြီးဆိုတာကို မထိဖူးလောက် အောင် မြင့်မြတ်ခမ်းနားလာခဲ့ကြချိန်မှာ မိသားစုဝမ်းရေးအတွက် ပညာရေးတစ်ဝက်တစ်ပျက်နဲ့ အလုပ်ထွက် လုပ်ရတဲ့ နင်းပြားလူတန်းစားတစ်ရပ်ကလည်း ထုနဲ့ထည်နဲ့ပေါ်ပေါက်လာခဲ့ပါတယ် ။

တိုင်းပြည်ရဲ့အနာဂတ်ကို လူတစ်ယောက်တစ်စုတစ်ဖွဲ့ရဲ့အမိန့်အာဏာနဲ့ သတ်မှတ်ခဲ့ရချိန်တွေ ဟာ အမှောင်ထုဖုံးလွှမ်းတဲ့အခါကာလပါပဲ ။ န၀တအစိုးရဟာ လမ်းညွှန်မူခုနှစ်ချက် (7 Road Maps) ဆိုတာတွေကို ချမှတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနေတယ်လို့ ပြည်သူလူထုနဲ့တကွ နိုင်ငံတကာကို လှည့်စားခဲ့ပါ တယ် ။ အမှန်တကယ်တော့ အဲဒီအချိန်မှာ ညောင်နှစ်ပင်ညီလာခံကို အပြလုပ်ထားပြီး အထက်ကပြောခဲ့တဲ့ ဦးပိုင် ၊ MEC ဆိုတဲ့ လုပ်ငန်းများနဲ့ တပ်မတော်ခေါင်းဆောင် များ ၊ အရာရှိများရဲ့အကျိုးစီးပွားကို သပိတ်သွပ် ။ အိတ်သွပ်လုပ်ဆောင်နေခဲ့ပြီး ၊ သူတို့နဲ့အပေါင်းပါ စီးပွားရေးသမားများရဲ့ အကျိုးစီးပွားများကို စွမ်းဆောင် ဖြည့်ဆည်းပေးနေခဲ့ပါတယ် ။ အားလုံး အိတ်ပြည့်သပိတ်ပြည့် ပြည့်ပြီဆိုတဲ့အချိန် ၊ မြန်မာနိုင်ငံရတနာသိုက်ကြီး ထဲမှာလည်း ဟောင်းလောင်းမျှသာကျန်ချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အပြီးသတ်နိုင်ခဲ့တာဟာ ယခင် န၀တ/နအဖ အကြီးအကဲရဲ့ အချိန်ကိုက်စီမံခန့်ခွဲနိုင်မှုနဲ့ကြီးမားလှတဲ့ ညဏ်အမျှော်အမြင်ပါပဲ ။

တကယ်တမ်းကျတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ၂၂ နှစ်လုံးလုံး အာဏာကုန်သုံးစွဲပြီး ပြည်သူပြည်သားတွေပိုင်ဆိုင်တဲ့ တိုင်းပြည်ဘဏ္ဍာများကို ကိုယ်ကျိုးစီးပွားအဖြစ်ပြောင်း လဲခဲ့ကြသူတွေကို ဘယ်အစိုးရတက်လာလာ မျက်စောင်းမျှ ထိုးခွင့်မရအောင် စီမံထားခဲ့တဲ့ တစ်ချက်လွှတ် လွတ်စေ အမိန့် တော်ပါပဲ ။

၂၂ နှစ်လုံးလုံး စစ်ဖိနပ်အောက်မှာ ပြည်သူတွေကို နှိပ်စက်ညှဉ်းပမ်းခဲ့သမျှ ၊ အသက် အိုးအိမ် စည်းစိမ် ဥစ္စာတင်မက လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ချိုးဖျက်သုတ်သင်ခဲ့ကြတဲ့ လက်မရွံ့ အာဏာသား များကို မှဲ့တစ်ပေါက်တောင် စွန်းခွင့်မရတဲ့ ထာဝရ လွတ်ငြိမ်းချမ်းသာခွင့်ပါပဲ ။

လက်နက် အသင့်ပြင်ထားပြီး အမိန့်နဲ့အာဏာနဲ့ပြည်သူကိုအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကို ၊ ဥပဒေနဲ့ ပြဌာန်းချက်နဲ့ တရားဝင် နေရာနဲ့ အခွင့်အရေးများပေးထားရတဲ့ ဖွဲ့စည်းပုံပါ ။

ကိုယ့်နေရာကိုယ်မပြန်ချင်သေးရုံမက ပြည်သူတွေကို ဂုတ်ခွစီးထား ချင်သူတွေကို တရားဝင် ခေါင်းပေါ်တင်ပေးထားရတဲ့ အချည်ခံဥပဒေပါပဲ ။

န၀တရဲ့ အထူးအခွင့်အရေးများကို ရခဲ့ကြသူတွေဟာ ပြည်သူတွေရဲ့ မြေယာများကို အဓမ္မသိမ်း ယူလုယက်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အကာအကွယ်ရယူထား သူတွေဟာ ပြည်သူ တွေကိုပမာမပြုဘဲ ပြကတေ့ချမ်းသာစွာ နေထိုင်နိုင်ကြတုံးပါပဲ ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ် ဆန်းပြီး ပြည်သူတွေကို အာဏာပြနေကြတုံး ၊ ဂုတ်သွေးစုတ်နေကြတုံး ၊ အကျင့်ပျက်ခြစားနေကြတုံးပါပဲ ။

လွတ်လပ်စွာစုဝေးစည်းရုံးလှုံ့ဆော်ဆန္ဒပြနေသူတွေ ထောင်ကျနေရတုံးပါပဲ ။ တရားစီရင်ရေး မဏ္ဍိုင်ကြီး ကလည်း ပတ်မသားရေပေါက် ၊ နှဲကြီးက လျှာခင်ပျောက်နေတုံးပါပဲ ။ လွှတ်တော်ကြီး တွေကလည်း ဟောတစ်သုတ်ထွက်သွားလိုက်ဟိုတစ်သုတ်ဝင်လာလိုက်နဲ့ သာလယံဇရပ်ကြီးလိုပါပဲ ။ ပြောသူ တစ်သိုက် လုပ်သူတစ်ယောက်နဲ့ မကုဋဇာတ်ခင်းနေတုံးပါပဲ ။

အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးကလည်း ဂျုံမှုန့် လက် တစ်ခုပ်စာကို ဆော်ဒါမှုန့်တစ်ပေါင်နဲ့ထည့်ဖုတ်ထားတဲ့ ပေါင်မုန့်ပွလျောင်းလျောင်းကြီးလိုပါပဲ ။ သုံးသိန်းထက် မကျော်လျှင် လာဘ်ပေးမှုမမည်ဆိုတဲ့ လမ်းညွှန်သတိပေးချက်ကြီးကို ကမ္ဘာကျော်ထုတ်ပြန်ခဲ့ပြီးတဲ့ နောက်မှာ တော့ သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရ (Clean government , Good government) လို့ ကြွေးကြော်နေတဲ့ အစိုးရအဖွဲ့ကြီးကိုမြင်ရတာ ရွံ့နွံအိုင် အလည်မှာ အကျအနထိုင်ပြီး ဆပ်ပြာမွှေးတစ်ဖက် ရေခွက်တစ်ဖက်နဲ့ သန့်စင်ရေးလုပ်နေတဲ့သူကို ဖြူဖြူလွလွ တဘက်စနဲ့ ရပ်စောင့်နေရသလိုပါပဲ ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနေကြစဉ်အခါက တပ်မတော်ခေါင်းကိုင်တွေ ဟာ ဒို့တာဝန်အရေး (၃)ပါးဆိုတာကို ကြွေးကြော်ခဲ့ကြပါတယ် ။ အဲဒါတွေကတော့ (၁) ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး (၂) တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး (၃) အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတာတွေဖြစ်ပါတယ် ။ တကယ်တမ်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံထွက်ပေါ် လာတဲ့အခါမှာတော့ အပြောတစ်ခြား အလုပ်တစ်ခြား ဆိုတာကိုထင်ထင်ရှားရှားမြင်တွေ့ရပါတယ် ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စု မပြိုကွဲရေး ဦးတည်ချက်ကိုဖော်ဆောင်တာမဟုတ် ၊ စစ်မှန်သော ပြည်ထောင်စုစနစ်ကို အာမခံချက်မပေးပဲ ပြည်ထောင်စုဝင်ပြည်နယ်များကို ဖိနှိပ်ချုပ်ချယ်ထားရေး ကိုသာ အဓိကဖော်ဆောင်ထားပါတယ် ။ တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကို အာမမခံနိုင်ပဲ တိုင်းရင်းသားတွေရင်ထဲကအနာဟောင်းကိုသာ ဆူးနဲ့ ထပ်ဆွ ၊ ဆားနဲ့ထပ်ပက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ် ။ အချုပ်အခြာ အာဏာမပြိုကွဲရေးကိုမှ အကာ အကွယ်ပေး စောင့်ရှောက်နေတာမဟုတ်ပါဘူး ။ အချုပ်အခြာအာဏာကို စစ်ခေါင်းဆောင်တွေ လက်ထဲ က မလွှတ်မချရလေအောင် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဥပဒေသာ ဖြစ်ပါတယ် ။ အဆုံးစွန် ပြောရရင်တော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်တိုင်းရင်းသား ၊ ဘယ်နိုင်ငံသား ၊ ဘယ်ပြည်သူကိုမှ အကာ အကွယ်ပေးတဲ့ ဥပဒေမဟုတ်ပါဘူး ၊ အစိုးရက သတ်မှတ်ထားတဲ့ အကန့်အသတ်များအတွင်းမှာသာ လွတ်လပ်စွာ နေထိုင်ခွင့်ရှိသယောင်ယောင် အသွင် ဆောင် ဖန်တီးပြီး ပြည်သူကိုဓားမိုးထားတဲ့ ၊ ဖိနှိပ် ချုပ်ချယ် နေတဲ့ ဥပဒေတစ်ခုသာဖြစ်ပါတယ် ။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို န၀တခေတ်စစ်တပ်နဲ့ စစ်တပ်လိုလားသူများ ၊ စစ်တပ်နဲ့မကင်းသော အထောက် အပံ့အကျိုးကျေးဇူးများကို ခံစားခွင့်ရခဲ့ကြသူများ ၊ စစ်တပ်ကိုခုတုံးလုပ်၍ အကာအကွယ် တည်ဆောက်လိုသော နောက်ကြောင်းမကောင်းသူများကလွဲလို့ နိုင်ငံသူနိုင်ငံသားအများစုက လက်မခံနိုင်ကြ ပါဘူး ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဆင်ပဲနဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်နိုင်မယ်လို့လည်း မယုံကြည် ကြပါဘူး ။ ဒီလိုမယုံကြည်ဘူးဆိုတာကိုလည်း ထင်ရှားသက်သေပြနေကြပါတယ် ။

အရင်က ပြည်သူကို နှိပ်စက်ခဲ့ ၊ ပြည်သူ့ဥစ္စာကိုအဓမ္မလုယက်ခဲ့ ၊ မတရားရယူကိုယ်ကျိုးရှာခဲ့ သူတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြဌာန်းခဲ့တယ်ဆိုတာ တစ်ရွာလုံးကို တိုက်ထားတဲ့ ဓားပြက သူကြီးနေရာဝင်လုပ်ပြီး ထုတ်ပြန်တဲ့ စည်းကမ်းလိုပါပဲ ။

အဲဒီလို မဟုတ်မဟတ် လုပ်ဇာတ်ဆင်ထားတဲ့ ဥပဒေနဲ့ ဖြစ်လာတဲ့အစိုးရက ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ပေးမယ်ဆိုတာဟာ အနူ က အရေပြားထိမ်းသိမ်းရေး သင်တန်းပေးတာခံရသလိုပါပဲ ။

ဒါကြောင့်လဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေရတာပါ ။ ကိုယ့်နေရာ ကိုယ် မနေချင်သူတွေ ၀င်လုပ် တမင်ရှုပ်နေလို့ ဖြစ်နေရတဲ့ ပြဿနာတွေကိုရှင်းနေရတာပါ ။ ဒါတွေဟာ အမုန်း တရား တွေနဲ့ လုပ်ဆောင်နေတာမဟုတ်ပါဘူး ။ အာဃာတတွေနဲ့လုပ်နေတာမဟုတ်ပါဘူး (တစ်ယောက် ထည်း သဘောထားကို အရှင်းသားထုတ်ဖော်ရရင် ခင်ဗျားတို့သွားမယ်ဆို စိတ်ဖြောင့်လက်ဖြောင့်သာသွား ၊ အရင်ကကိစ္စတွေ အရေးယူဖို့ အပြစ်ပေးဖို့တော့ ဝေးလို့ စပ်မိရင်တောင် စကားထဲ ထည့်မပြောပါဘူး လို့ ကတိက၀တ်ပြုလိုက်ချင်ပါတယ် ) ။ အခုက ခေါင်းနေရာလက်ပေါက် ၊ မျက်နှာအလည်နှာခေါင်းပျောက်ပြီး ခြေထောက်ထွက်နေသလို ဒီမိုကရေစီထူထောင်မဲ့နိုင်ငံဆိုပြီး စစ်အာဏာရှင်အရိပ်အစွန်းတွေမလွတ်နိုင်မကင်း နိုင်ဖြစ်နေလို့ ၄၃၆ ကိုပြင်ဆင်ဖို့လုပ်နေရတာပါ ။ အာဏာရှင်လုပ်နေကြတဲ့ ထိပ်သီးပိုင်းပုဂ္ဂိုလ်တွေက တပ်မ တော်သားတွေကို ခုတုံးလုပ်အသုံးချနေကြလို့ ပြင်ဆင်ဖို့လုပ်နေရတာပါ ။ လူတွေက မဆက်ဆံချင်ကြ တော့ တဲ့ ၊ အရေးမလုပ်ချင်ကြတော့တဲ့ စစ်သည်တော်တွေကို လမ်းတွေ့ရင်ပြုံးပြ ကြ ဖက်လှဲတကင်း နှုတ် ဆက်ကြ ၊ ညီရင်းအကိုလို ချစ်ခင်ကြမှုတွေပြန် လည်တည်ဆောက်ဖို့ ၄၃၆ ပြင်ဖို့လုပ်နေရတာပါ ။ ပြည်သူ့ အသံ လွှတ်တော်အသံ ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ ဆိုတဲ့စကားက ဆိုင်းဘုတ်ပြားပေါ်မှာပဲရှိနေပြီး ခရိုနီ အသံ-လွှတ်တော်အသံ ၊ ကာ/ချုပ်ဆန္ဒ-လွှတ်တော်ဆန္ဒဖြစ်နေတာကို ပြင်ဖို့ ၄၃၆ ကိုပြင်ဆင်ချင်နေကြ တာပါ ။

ဒီနေရာမှာ ငလက်တို ၊ ငညိုနဲ့ စကားတောင်စားတို့ စကားပြိုင်ကြတာလေး တစ်ခုကြုံလို့ ပြောပြချင်ပါတယ် ။ တစ်နေ့သားမှာ စကားပြိုင်ဖို့စကြတော့ ငလက်တိုနဲ့ငညိုက ဟေ့မင်းတို့တွေ ဘူးသီးဘယ်လောက်ကြီးတာ မြင်ဖူးသလဲ လို့ဆိုပါတယ် ။ အဲဒီအခါမှာ စကားတောင်စားက ငါမြင်ဘူးသော ဘူးသီးက မင်းတို့ပြောမဲ့ ဘူးသီးထက် တစ်စိတ်စာပိုကြီးတယ် လို့ ပိုင်ပိုင်နိုင်နိုင်ပြောဆိုခဲ့တာကို ဖတ်ရမှတ်ရဖူးပါတယ် ။

အခုလည်း ၂၀၀၈ ဥပဒေကို အမျှော်အမြင်ကြီးစွာ ရေးဆွဲပြဌာန်းစေခဲ့တဲ့ စကားတောင်စား၊ သွားလေသူကြီးက လုပ်ခဲ့တဲ့ မာစတာပိစ် (master piece) ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ ၅၈ မှာ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်လုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိပ်နေရာကို ရရှိသည်လို့ဆိုထားပါသော်လည်း ဒုတိယသမ္မတ တစ်ဦးရွေးချယ်ခန့် အပ်ခွင့်ကို တပ်မတော်သားကိုယ်စားလှယ်များက ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်က ရယူထား ပါတယ် ။ ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို ကာကွယ်ရေးဦးစီးချုပ် ကသာ အမည်စာရင်းတင်သွင်းပါတယ် ၊ သမ္မတက ခန့်အပ်ပေးတယ် ဆိုရုံမျှသာပါပဲ ။ အဲဒိလိုနဲ့ ကာ/လုံမှာ ၁၁ နေရာရှိတဲ့အနက် ၆ နေရာအပိုင်စားရထားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် သမ္မတ ကြီးထက် တစ်စိတ်စာမျှ ပိုမြင့်မားနေတာကို အမြင်မတော်လို့ ပုဒ်မ ၄၃၆ ပြင်ပေးဖို့လုပ်နေကြရတာပါဗျာ ။


ယနေ့တာမွေတရားရုံးရှေ့မှာ အမှိုက်လိုက်ကောက်ရင်း သာသနာတော်အတွက်
ပြည်သူအတွက်အလုပ်လုပ်ပေးနေသော ရွှေညဝါဆရာတော်ကြီးနှင့်
သံဃာတော်များ ။
==================================================
ဓါတ်ပုံ- Aung San Thway T.
ရန်ကုန် တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ကနေ ဖမ်းဆီးတရားစွဲခံရပြီး သိန်း (၂၀၀) စီ(ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀) အာမခံနဲ့ ပြန်လွတ်လာတဲ့ အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအ၀င် ဆရာတော် ၅ ပါးကို ဒီကနေ့ တာမွေမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးပါတယ်။

သာသနာညှိုးနွမ်းစေမှု၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတဲ့ ဦးဥတ္တရ အပါအ၀င် သံဃာတော်ငါးပါးကို ဒီကနေ့မွန်းလွဲပိုင်းက တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီနေ့စစ်ဆေးမှုမှာ ရန်ကုန်တိုင်းသာသနာရေးဦးစီးမှူးကို တရားလိုအဖြစ် ဆက်လက် စစ်ဆေးပြီး မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပေါ်ပေါက်လာပုံနဲ့ တရားစွဲဆိုချိန်ကာလ အထိဖြစ်စဉ်တွေကို တရားလိုရှေ့နေ ( အစိုးရရှေ့နေ ) ဘက်က ဦးဆောင်စစ်ဆေးကြတာပါ။

ဒီနေ့ စစ်ဆေးထွက်ဆိုချက်တွေနဲ့ ပက်သက်ပြီး သံဃာတွေဘက်က ရှေ့နေ ဦးသိန်းထွန်းက ဒီဗွီဘီကို ခုလိုပြောပြပါတယ်။

“ဆရာတော်တွေကို မစစ်ရသေးဘူး။ တရားလိုဘက်ကပဲ စစ်တာ။ ဒီအမှုကို အပြစ်ရှိတဲ့ အကြောင်းကို တရားလိုဘက်က ဆွဲချက်တင်ပြီး ပြောနေတာပဲ ရှိသေးတယ်။ အန်ကယ်တို့ ဘက်က ပြန်ပြီး ချေပဖို့ အလှည့်မရောက်သေးဘူး။ သူတို့ စွဲဆိုတဲ့ အရာတွေ မှားတယ်၊ မှန်တယ် ပေါ်လာအောင် သူတို့ကို အပြန်အလှန်မေးခွန်းမေးတဲ့ အဆင့်ပဲ။ ဒီနေ့ စစ်တဲ့ ပုဒ်မက သံဃာ့ဥပဒေ ပုဒ်မ အမှတ် ၂၀၊ ၉၉ အဲဒါနဲ့ အရေးယူထားတယ်။ အနည်းဆုံး ဒီအမှုက မကြာဘူးဆိုရင် ၃ လ ၄ လောက်တော့ စစ်ရဦးမှာပါ။”

တာမွေတရားရုံးကို လန်ဒန်ဓမ္မရံသီကျောင်း ဆရာတော် ဦးဥတ္တရ၊ ဦးနန္ဒိယ၊ ဦးပညာသာရ၊ ဦးသုန္ဒရာသီရိ နဲ့ ဦးတေဇိဒ္ဓ တို့ သင်္ကန်းဝတ်နဲ့ပဲ တရားရုံးတော်ကို လာရောက် တရား ရင်ဆိုင်ခဲ့ကြပါတယ်။

ဆရာတော်ဦးဥတ္တရကတော့ ဒီအမှုဟာ သာသနာတော်ကြီးတခုလုံးနဲ့ သက်ဆိုင်သလို သံဃာတော် ၅ သိန်းနဲ့လည်း သက်ဆိုင်တာမျိုးဖြစ်လို့ အမှုစစ်တဲ့အခါ ဘက်မလိုက်ပဲ အမှန်ဖြစ်အောင်စစ်ဖို့လိုကြောင်း မိန့်ကြားခဲ့ပါတယ်။

“အမှုက တကယ့်ကို သာသနာနဲ့ သက်ဆိုင်တဲ့ အမှုကြီးဖြစ်နေတယ်။ သာသနာကြီး တခုလုံးနဲ့လည်း သက်ဆိုင်တယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ သံဃာတော် ၅ သိန်းနဲ့လည်း သက်ဆိုင်နေတဲ့ အမှုကြီးဖြစ်ပါတယ်။ တမျိုးသားလုံးကလည်း စိတ်ဝင်စား နေတယ်ဆိုတာ ဘုန်းကြီးတို့ သိပါတယ်။ ဒါကြောင့် အမှုစစ်တဲ့နေရာမှာ တကယ့်အမှုအမှန်ကို ပေါ်လာအောင် စစ်ဖို့ အရေးကြီးပါတယ်။ သက်သေတွေရော တရားလိုတွေရော တရားခံတွေရော ဘက်မလိုက်ပဲနဲ့ အမှန်တရားတွေပေါ်အောင် စစ်နိုင်ဖို့ဆိုတာ အင်မတန်မှ အခွင့်အရေးက ရခဲပါတယ်။”

ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ရုံုးချိန်းရှိပါတယ်။

အားလုံးနဲ့ ဆိုင်တဲ့အမှုဖြစ်သလို အမှားမခံနိုင်တဲ့အတွက် အမှုစစ်ဆေးတာဟာ နောက်ထပ်လေးလလောက်ထိ ကြာနိုင်ဖွယ်ရှိတယ်လို့ ရှေ့နေ ဦးဇော်သိန်းထွန်းက ခန့်မှန်းပြောဆိုပါတယ်။

တရားရုံးကို ရွှေည၀ါဆရာတော် ဦးပညာဝံသ၊ မကွေးပရိယတ္တိစာသင်တိုက်ဆရာတော် ဦးပါမောက္ခတို့ ကြွရောက်လာကြပြီး၊ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လည်း လာရောက်အားပေးခဲ့ကြပါတယ်။

တရားရုံးကို တက်ရောက်ခဲ့တဲ့ ဦးမင်းကိုနိုင်က ဒီအမှုနဲ့ပတ်သက်ပြီး ခုလို ပြောကြားသွားပါတယ်။

“ဆုံးဖြတ်ချက်တွေဟာ အနည်းနဲ့အများတော့ မြန်မာ့နိုင်ငံရေးကို ဂယက်ရိုက်မယ်ဆိုတာ ကျနော်ကြိုပြောနိုင်တယ်။ တရားမျှတမှုမရှိခဲ့ဘူးဆိုရင် နောက်ထပ်နောက်ထပ် ပြည်သူလူထုရဲ့ တုံ့ပြန်မှု၊ ဒကာ ဒကာမတွေရဲ့တုံ့ပြန်မှု၊ သံဃာထုတွေရဲ့ တုံ့ပြန်မှုတွေကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ ဒါကြောင့် တရားအတိုင်းပဲဆုံးဖြတ်တာကို ပြည်သူတွေ လိုလားကြမယ်ဆိုတာ ပြောချင်ပါတယ်။”

ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို ဇွန်လ ၁၁ ရက် မနက် အစောပိုင်းမှာ အာဏာပိုင်တွေက မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးသွားပြီး အင်းစိန်ထောင်ကို ပို့ဆောင်ကာ လူဝတ်လဲခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာတော့ တာမွေတရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ကာ အာမခံကြေး တပါးကို ကျပ် သိန်း ၂၀၀ စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀ ပေးခဲ့လို့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Credit : DVB

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.