06/29/14


စစ်အာဏာရှင်စနစ်ကနေ အရပ်သား အစိုးရလက်ထဲ အာဏာအသွင်ကူးပြောင်းရေး ဖြစ်စဉ်တွေကို လိုက်ဖတ်ကြည့်ရင်းက ဘရာဇီးနိုင်ငံရဲ့ ၁၉၆၄ - ၁၉၈၅ စစ်အာဏာရှင်ကြီးတွေ အုပ်စိုးခဲ့တဲ့ကာလ ဟာ မြန်မာပြည်လက်ရှိ အခြေနေနဲ့ သွားတူတာကို တွေ့မိတယ်။

နိုင်ငံတကာမှာ စစ်အာဏာရှင်ဆိုတာ တစ်ယောက်ထဲက အာဏာကို သူဆုပ်ကိုင်နိုင်တဲ့ အင်အားရှိတဲ့ ကာလကုန်တဲ့အထိ ဆုပ်ကိုင်ထားကြတာပဲ များပါတယ်။ အများအားဖြင့် အာဏာရှင်တွေဟာ သူတို့ကိုဖြုတ်ချနိုင် ဒါမှမဟုတ် သူတို့သေမှသာ အာဏာလက်လွှတ်လေ့ရှိကြပြီး ဘယ်သူ့ကိုမှ မယုံဘူး။

ဒါပေမဲ့ ဘရာဇီးက စစ်အာဏာရှင်စနစ်ကတော့ ဒီလို တစ်ဦးတစ်ယောက်ထဲမှာ အကြွင်းမဲ့အာဏာကို အဆုံးတာမဟုတ်ပဲ စစ်တပ်ထိပ်တန်း အရာရှိကြီးတွေကြား လက်ဆင့်ကမ်းဆက်ခံတဲ့နည်းနဲ့ အာဏာကို ဆုပ်ကိုင်ထားခဲ့ကြတယ်။ အာဏာရှင်ဟာ သူ့ကိုဆက်ခံမဲ့ စစ်ဗိုလ်ချုပ်ကို ရွေးချယ်ပြီး အာဏာရှင်ရာထူးကို ဆက်ခံစေတယ်။ လက်ဆင့်ကမ်းတဲ့ပုံစံကလည်း စစ်တပ်ကNational Renewal Alliance Party (NRAP) ဆိုတဲ့ နိုင်ငံရေးပါတီတစ်ခုထောင်တယ်၊ အဲဒီပါတီကနေ ရွေးကောက်ပွဲဝင်ပြီး စစ်ဗိုလ်ချုပ်ကြီးတွေက တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် သမ္မတလုပ် လက်ဆင့်ကမ်းပြီး နိုင်ငံကိုအုပ်ချုပ်တဲ့နည်း။ ပါတီထောင်တယ်ဆိုပေမဲ့ မ-ဆ-လ လို တစ်ပါတီစနစ်မဟုတ်ပဲ အတိုက်ခံပါတီတစ်ခုကို ခွင့်ပြုထားတဲ့ ၂ ပါတီ စနစ်။ အဲဒီခေတ်က Brazilian Democratic Movement (BDM) ဆိုတဲ့ နိုင်ငံရေးပါတီကို အတိုက်ခံပါတီအဖြစ် ဖွဲ့စည်းခွင့်ပြုခဲ့တယ်။ အဲ အတိုက်ခံဆိုပေမဲ့ အဲဒီအတိုက်ခံကလည်း နိုင်ငံအာဏာကို မျှော်မှန်းကြည့်ဖို့မဆိုထားနဲ့ ဘာမှကို လုပ်ကိုင်နိုင်ခွင့်မရှိတဲ့ အိမ်ဖြည့် ပါတီအဆင့်ပဲ။ ဒီလိုစနစ်နဲ့ စစ်တပ်က နိုင်ငံရေးအာဏာကို ခိုင်ခိုင်မာမာဆုပ်ကိုင်ခဲ့ကြတာ။

ဒီလိုပုံစံနဲ့ ဘရာဇီးဟာ ၁၉၆၄ ခုနှစ်ကနေ နောက်ဆုံး ၁၉၈၅ အထိ နှစ်ပေါင်း ၂၀ ကျော် စစ်ဗိုလ်ချုပ်ကြီးတွေ တစ်လက်ပြီးတစ်လက် လက်ဆင့်ကမ်းအုပ်ချုပ်ခဲ့ကြတယ်။

လက်ရှိ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေက ဒီလမ်းကြောင်းမျိုး လျှောက်ချင်နေကြတာပဲ။

ဒီနေရာ အံ့သြစရာကောင်းလောက်အောင် မြန်မာနဲ့ ဘရာဇီးဟာ နေရာချင်းဒီလောက်ကွာ သမုဒ္ဒရာတွေ ဒီလောက်ခြားနေတောင် မြန်မာ နဲ့ ဘရာဇီး စစ်သားတွေရဲ့mindset က တူညီနေတာကိုလည်း သွားတွေ့တယ်။ ၁၉၆၉ မှာ အဲဒီအချိန်က သမ္မတ ဗိုလ်ချုပ်ကြီး Artur da Costa e Silva ဟာ သူ့ကိုဆက်ခံမဲ့သူကို မရွေးချယ်ရသေးခင်မှာ တာဝန်ထမ်းဆောင်ဆဲ ရုတ်တရက်ကြီး ကွယ်လွန်သွားတယ်။ အဲဒီအချိန်မှာ ဒုတိယသမ္မတရာထူးတာဝန်ယူထားသူက ပီဒရိုအလိုင်ဆို ဆိုတဲ့ အရပ်သားတစ်ယောက်၊ အခု ကျနော်တို့ဆီက ဦးရှမ်းကြီးလို အဖြစ်ထည့်ထားတဲ့ ဒုသမ္မတပေါ့။ ထုံးစံအတိုင်းဆိုရင် သမ္မတဟာ တန်ဝန်ထမ်းဆောင်ဆဲ ကွယ်လွန်သွားရင် သူ့နေရာကို ဒုသမ္မတက ဆက်ခံရမှာပေါ့။ ဒါပေမဲ့ စစ်သားတွေက အရပ်သားအာဏာရသွားကို လက်မခံနိုင်ဘူး ဒါနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခဏဘေးချိတ်ပြီး ကြည်း ရေ လေ ဦးစီးချုပ် ၃ ယောက်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့ပြီးတာဝန်ယူပါလေရော။ ဥပဒေတို့ဘာတို့ဆိုက သူတို့လက်ထဲ အာဏာရှိနေချိန်ဆို အင်မတန်ပြောတတ်ကြပေမဲ့ သူတို့လက်ထဲက အာဏာပွန်းပဲ့တော့မယ်လို့ ယူဆချိန်မှာတော့ သူတို့ပါးစပ်က တဖွဖွပြောလေ့ရှိတဲ့ ဥပဒေကို လက်လွတ်စပယ်လုပ်ပစ်ဖို့ ဘယ်တော့မှ ဝန်မလေးဘူးဆိုတာ အဲဒီအဖြစ်အပျက်က ထင်ရှားတဲ့ ဥပမာပါပဲ။

ဘရာဇီးရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ အာဏာမဲ့ အဖြည့်ခံ အတိုက်ခံပါတီ (BDM)) ရဲ့ ကဏ္ဍက အလွန်အရေးကြီးခဲ့ပါတယ်။ မြန်မာမှာလိုပဲ ဘရာဇီးမှာလည်း (BDM) ပါတီနဲ့ပတ်သက်ပြီး သဘောထားကွဲပြားမှုတွေ အများကြီးဖြစ်ခဲ့တယ်။ (BDM)ပါတီ စဖွဲ့တဲ့ ၁၉၆၅ ကနေ ၁၉၇၄ လောက်အထိ ဘရာဇီး ဒီမိုကရေစီအင်အားစုတွေဟာ အကွဲကွဲအပြားပြားဖြစ်ခဲ့သလို (BDM) ကိုလည်း ခွေးကတက်ကနေ အာဏာရှင်ကို အလုပ်ကျွေးပြုတဲ့ ပါတီအဖြစ် ဝေဘန်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်။ လက်ရှိမြန်မာနိုင်ငံက အခြေနေလိုပဲ စစ်အာဏာရှင်တွေရဲ့ ဝါဒရေးရာအရ အမျိုးမျိုး သွေးခွဲတွေကလည်း (BDM)ပါတီဟာ ညီညွတ်သော ဒီမိုကရေစီအင်အားစုကို ဦးမဆောင်နိုင်ဘူးဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးသမားတွေ ကျောင်းသားလူငယ်တွေ အလုပ်သမားလူသမားတွေ ပညာတတ်တွေ အနုပညာသမားတွေ စတဲ့ ဘရာဇီးပြည်သူတွေဟာ (BDM) ပါတီဟာ စစ်တပ်ကို တန်းလျားပြန်ပို့ဖို့ တစ်ခုတည်းသော အလင်းရောင်ပဲဆိုတာကို သဘောပေါက်လာကြတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ လူ့ဂုဏ်သိက္ခာနဲ့ လူသားအခွင့်ရေးကို တန်ဖိုးထားတဲ့ ပြည်သူလူထုတစ်ရပ်လုံးက လွတ်လပ်ရေးအတွက် နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ (BDM)ပါတီဦးဆောင်မှုနောက်ကို ညီညီညွတ်ညွတ် လိုက်ပါရပ်တည်ခဲ့ခြင်းဟာ ဘရားဇီးစစ်တပ်ကို တန်းလျားပြန်ပို့လိုက်နိုင်ပြီး ဘရာဇီးကို ဒီမိုကရေစီ နိုင်ငံတစ်ခု စီးပွားရေး အလားလာကောင်းတဲ့ နိုင်ငံကြီးတစ်ခု ဖြစ်စေခဲ့ပါတယ်။

အဓိက ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ဒေါ်စုအနောက်မှာ ရပ်တည်ရင် တရားမျှတမှုမရှိပဲ အာဏာကိုဆုပ်ကိုင်ထားချင်တဲ့ စစ်အာဏာစနစ် ချုပ်ငြိမ်းသွားရမှာအမှန်ပဲ။

ဒေါ်စုကို ပုဂ္ဂလိက ခံစားချက်ကြောင့်ဖြစ်စေ၊ အယူအဆကြောင့်ဖြစ်စေ၊ သူဦးဆောင်နေတဲ့ ပါတီကို သဘောမကျလို့ပဲကြောင့် ဖြစ်စေ ပါတီထဲက တာဝန်ရှိသူတွေကို သဘောမကျလို့ပဲစေ မကြိုက်တာ သဘောမကျတာ ရှိကြမယ်၊ ဒါပေမဲ့ ဒေါ်စုကို ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့မမြင်ပဲ ဒီမိုကရေစီစနစ်အတွက် အလံတော်တစ်ခုလို့ မြင်ယောင်ပြီး စုစည်းညီညွတ်ဖို့လိုပါတယ်။

ညီညွတ်ရင် အောင်မြင်မှာပဲ။
mokenlay(MMCP)

ကြယ်ပွင့်လေးများ မွေးဖွားပေးခြင်း

မကြာသေးမီ ရက်ပိုင်းက ရန်ကုန်ဘူတာကြီးရှိ လမ်းဘေးစာသင်ဝိုင်းမှ ကလေးငယ်များအား လေ လွင့်ကလေးများဟုဆိုကာ မီးရထားရဲမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ကို စိတ်မကောင်းစွာ ကြားသိခဲ့ရ သည်။ ထိုကလေးငယ်လေးများသည် မိဘများ၏ အုပ်ထိန်းမှုကင်းလွတ်နေသူများ၊ မိဘရှိသော်လည်း ပညာမသင်ကြားခဲ့ကြရသည့်အတွက် သားသမီးများအပေါ် ပညာသင်ကြားပေးနိုင်ခြင်းမရှိသော ကလေး များဖြစ်သည်။ ထိုကလေးငယ်များအား အနာဂတ်တွင် တောက်ပလာသော ကြယ်ပွင့်လေးများ ဖြစ်စေရန် တာဝန်သိတတ်သော ပညာတန်ဖိုးထားသော လူမှုအဖွဲ့အစည်းများနှင့် ပရဟိတသမားများမှ ပညာသင် ကြားပေးနေသော လမ်းဘေးစာသင်ဝိုင်းမှ ကလေးငယ်များဖြစ်သည်။

ထိုကဲ့သို့သော ကလေးငယ်များ ကျွန်တော်တို့နိုင်ငံ အနှံ့အပြားတွင် မြောက်များစွာရှိနေသေးသော် လည်း နိုင်ငံတော်အစိုးရအနေဖြင့် ထိုလေလွင့်ကလေးငယ်များ ပပျောက်ရေးအတွက် အလုံးစုံဖြည့်ဆည်း ပေးနိုင်ခြင်း မရှိသေးချေ။ ထိုကလေးငယ်များ၏ ပညာရေးနှင့် စားဝတ်နေရေးအား တာဝန်သိလူမှု အဖွဲ့အ စည်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဖြည့်ဆည်းပေးနိုင်သည်ကို တွေ့မြင်နေရသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အလှူရှင်များနှင့် လက်တွဲ၍ ဘုန်းတော်ကြီးသင် ပ ညာရေးကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုများကို စတင်ခဲ့ပါတော့သည်။ ထိုဘုန်း တော်ကြီးသင်ပညာရေးကျောင်းများရှိ ချို့ငဲ့စွာပညာသင်ကြားနေကြရသော ကလေးငယ်များ၏ ပညာရေး အတွက် မရှိမဖြစ် ဆရာ/မများအား အဆင်ပြေ ချောမွေ့စွာပညာသင်ကြား နိုင်ရေးအတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဆရာ/မများတို့အား လစာထောက်ပံ့ခြင်း၊ ဆရာ/မများအား စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်၍ တတ်/သိပညာရှင်ကြီးများ အကူအညီနှင့် ပို့ချပေးခြင်း၊ နောင်အနာဂတ်တွင် ပညာရေးလောက ၌ ဆရာ/မများဖြစ်လာမည့် ပညာရေးတက္ကသိုလ်များတွင် တက်ရောက်နေကြသော ကျောင်းသား/သူများ အား နှစ်စဉ်ပညာသင် ဂုဏ်ပြုငွေများအား ပံ့ပိုးပေးခြင်းနှင့် ဆေးတက္ကသိုလ်တက်ခွင့်ရပြီး ငွေကြေးချို့တဲ့ သော ကျောင်းသား/သူများအား ဆရာဝန်ဖြစ်သည်အထိ နှစ်စဉ်ပညာသင်စားရိတ် ဂုဏ်ပြုချီးမြှင့် ပေး လျှက်ရှိသည်။

၂၆.၆.၂ဝ၁၄ ရက်နေ့တွင် ပညာရေးလောကအတွက် ပံ့ပိုးမှုခြေလှမ်းတစ်ခုအဖြစ် ဖျာပုံခရိုင်၊ ဖျာပုံ မြို့၊ အကြီးဝကျေးရွာရှိ “ပညာဒီပ” ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား/သူများ စိတ် ချမ်းမြေ့လုံခြုံစွာ ပညာသင်ကြားနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆောက်လုပ်လှူဒါန်း သည့် “သုခအလင်းပညာဒါန” ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ခဲ့သည်။ ယင်းကျောင်း ဆောင်သစ်ကြီးအား ကျပ် ၇၂,၆၁၄,ဝဝဝိ/ (ခုနှစ်ရာနှစ်ဆယ့်ခြောက်သိန်းတစ်သောင်းလေးထောင်) ကျပ် တိတိ အကုန်ကျခံ တည်ဆောက်ခဲ့ပါသည်။ ကျောင်းလှူဒါန်းပွဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ အမှုဆောင်များ၊ အသင်းသား/သူ များ တက်ရောက်အားပေးခဲ့သည်။ သြဝါဒဆရာတော်များမှ ကျောင်းဆောက်လုပ်လှူဒါန်းမှုအတွက် မုဒိ တာ သြဝါဒများ မိန့်ကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ ကျောင်းဆောင်သစ် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် “ပညာဒီပ” ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ဥက္ကဌ ဦးကျော်သူမှ လက်ခံရ ယူပြီး ကျောင်းသား/သူများအတွက် ဗလာစာအုပ်ဒါဇင် (၁ဝဝ) လှူဒါန်းပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းသူများတို့မှ ကျေးလက်အကများဖြစ်သော "ပျို့မောင်ဖုန်း"၊ ကျောင်းသားများမှ "သျှောင်ပေစူး" အစရှိသည့် သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် စာသင်ကျောင်းဆောင်ကြီးအား ဥက္ကဌ ဦးကျော်သူမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဆရာ/မများ ကျောင်းသား/သူများစုပေါင်း၍ ကျောင်းဆောင်သစ်ကြီး ရှေ့တွင် အမှတ်တရဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် အနယ်နယ် အရပ်ရပ်ရှိ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းရာတွင် ယခင်အစိုးရ စာသင်ကျောင်းများကိုသာ ပြုပြင် ဆောက်လုပ်ပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထူးခြားချက်အဖြစ် ဘ/ကကျောင်းအား ဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုသို့ ဘ/ကကျောင်း ဆောက်လုပ်လှူဒါန်းခြင်းသည် ပညာရေးလောက အတွက် အစိုးရအား တစ်ဖက်တစ်လမ်းမှ ကူညီပေးနေသော ကိုယ်ထူကိုယ်ထ ပညာရေးစနစ်အား ထောက်ပံ့မှု တစ်ရပ်ပင်ဖြစ်တော့သည်။

ယခုကဲ့သို့ အများပြည်သူတို့၏ သဒ္ဒါတရား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စေတနာလုပ်အား တို့ဖြင့် မနားမနေ ဆောင်ရွက်မှုတို့ကြောင့် ဖျာပုံမြို့နယ်၊ အကြီးဝကျေးရွာတွင် “သုခအလင်းပညာဒါန” ကျောင်းဆောင်သစ်ကြီး ပေါ်ထွန်းလာခဲ့ပြီဖြစ်သလို ထိုအနီးပတ်ဝန်းကျင်ကျေးရွာများမှ ပညာရေးချို့တဲ့ သော ကလေးငယ်များ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်တော့မည်ဖြစ်သည်။ ထို့အတူပင် မြန်မာပြည် တစ်ဝှမ်းရှိ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့် မရကြရှာသော ကလေးသူငယ် ကျောင်းသား/သူ အပေါင်းတို့ ပညာသင်ခွင့်ရနိုင်ရန် အများပြည်သူတို့အနေဖြင့် တတ်အားသရွေ့ ကူညီဖေးမ နိုင်ကြပါစေ ဆန္ဒပြုလိုက်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.