07/06/14


ပုဒ်မ ၄၃၆ ကိုပြင်ဆင်တဲ့ ဟောပြောပွဲတွေ ဟာ နိုင်ငံသားတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သိရှိနားလည်အောင် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ကူညီဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုဂျင်မီက ဒီကနေ့ တိုက်တွန်းပြောကြားပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ တိုင်းလိယဉ်ကျေးမှုခန်းမမှာ ကျင်းပခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ခံတဲ့ဟောပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလိုပြောခဲ့ပါတယ်။

"၁၅ နှစ်ကြာ အချိန်ယူခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီကနေ့ ပြန်ပြီးစမ်းစစ်လိုက်တဲ့အခါမှာ လူ ၁ဝဝ မှာ ၉၉ ယောက်က မသိဘူး၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းကို ဒီကနေ့ ကျနော်တို့ အများပြည်သူ သိအောင်ပြောနေတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာလဲဆိုတာ ကျနော်တို့ ရှင်းပြနေတာ၊ သူတို့လက်ထက်မှာ မသိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ သိအောင်လုပ်ပေးနေတာ၊ ပိတ်ပင်တာ တားဆီးတာထက် အကူအညီပေးပါလို့ ကျနော်တို့ပြောချင်တယ် "

ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးကလည်း ပုဒ်မ ၄၃၆ ကိုပြင်ဆင်မှသာ စစ်မှန်တဲ့ ဖယ်ဒရယ်နိုင်ငံ တည်ထောင်နိုင်မယ်လို့ ပြောပါတယ်။

ဒီကနေ့ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကို ကျိုင်းတုံမြို့အနီးတ၀ိုက်က ရာနဲ့ချီတဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြသလို ဥပဒေပညာရှင် ဦးအောင်သိန်းနဲ့ NLD ပါတီက ဦးထင်လင်းဦးတို့ကလည်း ဒေသခံတွေ လက်မှတ်ရေးထိုးနိုင်မယ့် အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုဆီကနေ လက်မှတ်ပေါင်း ၃ သန်းကျော်ရရှိထားပြီးဖြစ် ပါတယ်။
RFA


မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီက ဦးဆောင်ကျင်းပသည့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သာသနာ့ဥသျှောင်ဆရာတော်ကြီးများ ထံမှ သြ၀ါခံယူပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ( ၆ ) ရက် တနင်္ဂနွေနေ့ မွန်းလွဲ ( ၁ ) နာရီ အချိန်က မန္တလေးမြို့ ၂၇ - ၂၈ လမ်းကြား ၊ ၈၉ - ၉၀ လမ်းကြားရှိ မိုးကောင်းတိုက် အလယ်ရွှေကျောင်းကြီးမှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။
.
အဆိုပါ အခမ်းအနားကို မန္တလေးမြို့ မြတောင်ကျောင်းတိုက် ၊ ရွှေဝါ၀င်းကျောင်းဆရာတော် ဘဒ္ဒန္တသာသနဘိဝံသ ၊
ဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ပဓာန မဟာနာယကဆရာတော် ဘဒ္ဒန္တ၀ိစာရိန္ဒာဘိဝံသ ၊
ပုသိမ်ကြီးမြို့နယ် ၊ ရန်ကင်းတောင်ခြေ ဥယျာဉ် ပရိယတ္တိစာသင်တိုက်ဆရာတော် ဦးဇောတိက
ဝါခင်းကုန်ဆရာတော် ဦးတိတ္ခ ၊ ဂဠုန်နီဆရာတော် ဦးကာဝိယ ၊ မစိုးရိမ်ဆရာတော် ၀ီရသူ ၊ မြ၀တီဆရာတော် တို့မှ သြ၀ါဒချီးမြှင့်ကြပြီး ဘာသာပေါင်းစုံချစ်ကြည်ရေး ကိုယ်စားလှယ်တစ်ဦးမှလည်း လျှောက်ထားတင်ပြခဲ့ကြောင်း သိရပါသည် ။
.
မန္တလေးမြို့တွင် လတ်တလောဖြစ်ပေါ်နေသော မငြိမ်သက်မှုများကို အခြေအနေပိုမိုမဆိုးဝါးစေရေး အတွက် မြို့မိမြို့ဖများ ၊ နိုင်ငံရေးနှင့် လူမှုအရပ်ဖက်အဖွဲ့အစည်းများ ၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်သော မန္တလေးမြို့ ၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ ကို ၂၀၁၄ခုနှစ် ဇူလိုင်လ ( ၄ ) ရက်နေ့ မှာ ( ၂၃ ) ဦးဖြင့် ဖွဲ့စည်းထူထောင်လိုက်ကြောင်း မြို့လူထုအား အသိပေးကြေညာအပ်ပါသည် ။

သတင်းဓါတ်ပုံ- ကိုနေ၀င်းအောင်(မန္တလေး)

Report by ဖြိုးဖြိုးဇော်၊
http://thevoicemyanmar.com/
မန်းမြို့တော်နေလူထု၏ ရင်တွင်းတွင် စိုးရိမ်စိတ်များ ပိုကဲလာသည်။ သိပ်မဝေးလှသေးသော မိတ္ထီလာဥပမာက သူတို့ကို ခြောက်လှန့်နေသည်။

ဇူလိုင် ၁ ရက်နေ့နှင့် ၂ ရက်နေ့ည အဓိကရုဏ်းတို့ပြီးနောက် မြန်မာနိုင်ငံ အထက်ပိုင်းမြို့တော် တစ်မြို့လုံးတွင် စိုးရိမ်တိမ်တိုက်များသာ လွှမ်းမိုးနေတော့သည်။
“အခု အလုပ်လုပ်ရတာကို ရင်ထိတ်ထိတ် ဖြစ်နေတယ်။ အိမ်မှာကျန်ခဲ့တဲ့ အဖေအမေကို စိတ်ပူနေတာ။ မိတ္ထီလာလို ဖြစ်မှာကြောက်တယ်။ မနေ့ညက လူသတ်မှု ဖြစ်တယ်လို့ကြားတော့ ရင်ထဲမှာ အရမ်းကြောက်နေတာ။ တကယ်ဖြစ်ပြီလား” ဟု ဖုန်းဟန်းဆက် အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သည့် အသက်၂၀ နှစ်အရွယ် မသက်မွန်က စိုးရိမ်စိတ် ပြည့်နှက်စွာ မေးခွန်းထုတ်သည်။

မန္တလေးမြို့သည် တခြားမြို့များထက် သွားလာရလွယ်ကူခြင်း၊ မြို့သူမြို့သားများ၏ နွေးထွေးသော ဆက်ဆံရေး၊ ဈေးချိုနှစ်လိုဖွယ် အစားအသောက်၊ မြန်မာတို့ နောက်ဆုံး နန်းကျခဲ့ရာမြို့ စသည်တို့ကြောင့် ယဉ်ကျေးမှု မြို့တော်အဖြစ်လည်း ခင်တွယ်လေ့ရှိကြသည်။

သို့သော် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ စိုးရိမ်ဖွယ်ရာများ စတင်ရောက်ရှိလာသည်။

ထုံးစံအတိုင်း မုဒိမ်းမှုတစ်ခုကိုတော့ အရင်းတည်လိုက်သည်။ နောက်တစ်ဖက်နှင့်တစ်ဖက် ချေမှုန်းရေး စကားများ စပြောသည်။ ညဦးပိုင်းရောက်သောအခါ လူအုပ်ကြီး ရောက်ပြီဖြစ်ကြောင်း မည်သူမည်ဝါမှန်း မသိသူတစ်ဦးက အော်ဟစ်ပြောဆိုသွားပြီး တစ်မုဟုတ်ချင်း ပျောက်သွားတော့သည်။

ထုံးစံအတိုင်းပင် မြို့ခံမဟုတ်သော လူအုပ်စုတစ်စုက ပစ်မှတ်ထားထားပြီးဖြစ်သော နေရာများကို စတင်လှုံ့ဆော် ဖျက်ဆီးတော့သည်။ ပထမရက်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရသည်။

ဒုတိယနေ့ ထပ်ဖြစ်သည်။ လူအုပ်က ပိုများလာပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး လုပ်ငန်းများတွင် တက်တက်ကြွကြွ လုပ်ကိုင်လေ့ရှိသူ တစ်ဦးအပါအဝင် နှစ်ဦးသေသည်အထိ ဖြစ်သွားရသည်။ ပထမရက် ဖြစ်သွားသည့် နေရာတွင် ရဲအင်အားပိုချထားသဖြင့် အခြားနေရာများတွင် လာရောက် တိုက်ခိုက်ချိန်၌ မထိန်းလိုက်နိုင် ဖြစ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ရှင်းလင်းပြောဆိုသည်။

တတိယညကို မန္တလေးမြို့ခံများ တွေးပူနေချိန် ည ၉ နာရီမှ ၅ နာရီအကြား မန္တလေး ခြောက်မြို့နယ်တွင် ညမထွက်ရအမိန့် အစိုးရက ထုတ်ပြန်လိုက်သည်။

တတိယညတွင်မူ မန်းမြို့သူမြို့သား တစ်ဦးချင်းရော သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများကပါ ပိုမိုသတိရှိရှိ လုံခြုံရေးယူရမည့် သဘောရှိနေသည်။

ရဲတပ်ရင်း သုံးရင်း၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်နှင့် လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ဇူလိုင်လ ၃ ရက်နေ့ အနေအထားကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များကိုလည်း အဖွဲ့လိုက်ခွဲ၍ ၂၄ နာရီ တာဝန်ချထားပေးကာ မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အင်အား ၄၀၀၀ ခန့်ရှိပြီး ယခင်ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ခရိုင်များတွင် ကူးစက်မှု ထပ်မံဖြစ်ပွားခြင်း မရှိစေရေးအတွက် လုံခြုံရေးအသင့်ထားရှိကာ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထပ်မံပြောကြားသည်။
“ရဲတပ်ရင်းကလည်း တစ်ရင်းထပ် တိုးထားတယ်”ဟု ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ဆိုသည်။

ဇွန် ၃ ရက် ည ၉ နာရီ နီးချိန်တွင်တော့ ဈေးဆိုင်အားလုံး သိမ်းလိုက်ပြီ။ ကျူရှင် ကျောင်းသားများလည်း စောစောအိမ်ပြန်ရသည်။ လမ်းလည်းရှင်း၊ လူလည်းရှင်း။ ယင်းည မန်းအခြေအနေမှာ “အေးချမ်းရုံမက အေးစက်နေပြီ” ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

ကိုယ်ပျောက်စီမံမှုဖြင့် မည်သည့်အချိန်တွင် မည်သို့ပေါ်လာမည်မှန်း မသိသော လူအုပ်ကြီးရန်မှ မန္တလေးကိုကာကွယ်ရန် လုံခြုံရေးဌာနများ အပြင် မယုံရဲသော မြို့သူမြို့သားများကလည်း ကိုယ့်လုံခြုံရေး ကိုယ့်အစီအစဉ်ဖြင့် အဆင်ပြေသလို စီမံကြရတော့သည်။

မန္တလေးမြို့ပေါ်ရှိ ဗလီများတွင် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေပြီး သက်ဆိုင်ရာ ဘာသာဝင်များ ကလည်း ဗလီအတွင်း စောင့်ကြပ်နေကြောင်း ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၂၁ အရွယ်ရှိ လူငယ်တစ်ဦးက ဆိုသည်။ သူ့အမျိုးသမီးနှင့် ကလေးများကို ဆွေမျိုးများရှိရာ အခြားမြို့သို့ ပို့ဆောင်လိုက်ပြီး သူကတော့ ယခုဗလီအတွင်း အစောင့်ကျနေသည့် သဘောဖြစ်နေသည်။
“လာလုပ်ရင်တော့ ခုခံဖို့ အသင့်ပဲ” ဟု ယခု အဓိကရုဏ်းကို မြို့ခံမဟုတ်သူများက ဖန်တီးနေကြောင်း တစ်ထစ်ချ သေချာနေသူ ၎င်းကဆိုသည်။

အခြား လူမှုရေးအသင်း များကလည်း လက်ရှိအခြေအနေ၊ ညမထွက်ရအမိန့်တို့နှင့် ပတ်သက်၍ လိုက်လံအသိပေးနေပြီး တစ်ခုခု ဖြစ်ပွားလာပါက ကယ်ဆယ်တုံ့ပြန် ဆောင်ရွက်ရန် အသင့်ရှိကြောင်း မန္တလေးအခြေစိုက် ချမ်းမြသုခ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ညမထွက်ရအမိန့် ထုတ်ထားသော်လည်း မယုံရဲသေး။ “အဓိကကတော့ဗျာ မိတ္ထီလာလိုဖြစ်မှာ ကြောက်တာပေါ့။ ကာဖျူး (ညမထွက်ရအမိန့်) ထုတ်ပြီးမှ ဖြစ်တဲ့ပြဿနာတွေကလည်း ရှိတော့” ဟု မန္တလေးမြို့တွင်းတွင် နေထိုင်သူ အသက် ၄၀ ဝန်းကျင်အရွယ် လုပ်ငန်းရှင် အစ္စလာမ်ဘာသာဝင် တစ်ဦးက ဆိုသည်။

နှစ်ဖက်ဘာသာဝင်များကို တွေ့ဆုံမေးမြန်းမှုအရ မည်သူမျှ ပြဿနာ ဖြစ်ပွားလိုခြင်းမရှိဘဲ မန္တလေးသားစစ်စစ် အချင်းချင်း အတူတကွ ငြိမ်းချမ်းစွာနေလိုကြောင်း နှစ်ဖက်ဘာသာဝင်များက တူညီစွာ ဖြေကြားသည်။ သို့သော် မည်သူ၏ စီမံချက်ဖြင့် မည်သည့်အချိန်တွင် မည်သို့ပေါ်လာမည် မသိသော လူအုပ်စုရန်ကို ကာကွယ်ရန် မန္တလေးမြို့မှာ နှစ်ဦးနှစ်ဖက်စလုံး စိုးရိမ်ကြောင့်ကြ စီစဉ်နေရပြီ ဖြစ်သည်။ အစိုးရ၏ လုံခြုံရေး၊ ပုဒ်မ ၁၄၄ မျှဖြင့် မလုံလောက်တော့။

“ပြဿနာကတော့ အစိုးရကို မယုံရဲဘူးဖြစ်နေတာ” ဟု အသက် ၄၀ ဝန်းကျင်အရွယ် လုပ်ငန်းရှင် အစ္စလာမ်ဘာသာဝင် တစ်ဦးကဆိုသည်။

Report by ဖြိုးဖြိုးဇော်၊


မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူမျိုးရေးနှင့်လူမျိုးရေးဆိုင်ရာ ပဋိပက္ခများကို သွားရောက် ကြည့်ရှုပြီး ပိတ်မိနေသောသူများကို ကယ်ထုတ်ရန် ကြိုးပမ်းစဉ် ဓားကိုင်ရန် လိုသည့်သူများကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် ရွှေကြေးစည် လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုထွေး (ခေါ်) ဦးသိန်းနိုင်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

Voice : ဇူလိုင်လ၃ရက်နေ့ ည ဖြစ်စဉ်မှာ ကိုထွေးတို့သူငယ်ချင်းက ဘယ်လိုဖြစ်သွားတာလဲ။

UTNO : အဲဒီအရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေက ၈၄ လမ်းနဲ့ ၃၅ လမ်းထောင့်ရောက်နေတယ် ဆိုတဲ့ သတင်းစကားကို သေဆုံးသွားတဲ့ လူ (ပဋိပက္ခကြောင့် သေဆုံးသွားသူတစ်ဦး) ဆီကို သူ့သူငယ်ချင်းတွေက ဖုန်းဆက်တယ်။ ဖုန်းသတင်းရရချင်းပဲ ၃၅ လမ်းကို လိုက်သွားတော့ ၃၅ လမ်းမှာ လူအုပ်ကြီးက လမ်းပိတ်နေတော့ ၈၄ လမ်းကို တောက်လျှောက် မဆင်းနိုင်ခဲ့ဘူး။ အဲဒီလို မဆင်းနိုင်တဲ့အတွက် ၃၄ လမ်းကနေ အောက်ကို တောက်လျှောက် ဆင်းသွားတော့ ၈၃ လမ်းထောင့်မှာ ဓားကိုင်ပြီး ရန်မူနေတဲ့သူတွေ ရောက်နေတယ်။ သူတို့ကတားပြီး မင်းဘာလူမျိုးလဲ၊ ဘာလာလုပ်တာလဲလို့ မေးတယ်။ ကျွန်တော် တို့က ၈၄ လမ်းမှာရှိတဲ့ အရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်ဖို့ လာတာလို့ ပြောခဲ့တယ်။ အဲဒီလိုပြောပြီးတဲ့နောက် မင်းတို့က ဗမာလူမျိုးလားလို့ မေးပြီး ဓားကိုင်ရန်မူနေတဲ့ လူတွေက အခုသေသွားတဲ့ လူဆီမှာပါတဲ့ ဖုန်းနှစ်လုံးနဲ့ ငွေတစ်သိန်းကျော်နဲ့ ကျွန်တော့်ဆီမှာပါတဲ့ ဖုန်းတစ်လုံးနဲ့ငွေတစ်သောင်းကျော်ကို ဓားကိုင်ထားတဲ့သူတွေက တောင်းတဲ့အတွက် ပေးခဲ့ရတယ်။

ပိုက်ဆံအိတ်နဲ့ ဖုန်းတွေကို ပေးပြီးတဲ့နောက်ဓားကိုင်ထားတဲ့သူတွေက ကျွန်တော်နဲ့ အတူပါလာတဲ့သူကို ခုတ်ပစ်လိုက်တယ်။ ခုတ်ပစ်လိုက်ပြီးနောက် ကျွန်တော်နဲ့ အဲဒီလူအုပ်ချကြတယ်။ ကျွန်တော့်ကို ဓားတွေနဲ့ ဝိုင်းခုတ်ကြတော့ ဓားခုတ်တဲ့ လူအုပ်ကိုတွန်းပြီး ထွက်ပြေးခဲ့ရတယ်။

Voice : အခုလို ပြဿနာဖြစ်နေတဲ့ နေရာကို သိသလား။ သိရဲ့သားနဲ့ အရေးအခင်းသွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်တာလား။

UTNO : အဲဒီလို ပြဿနာရှိတဲ့နေရာဆိုတာမသိဘူး။ ဒီလိုလုပ်လိမ့်မယ် မထင်ဘူး။ အရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်တာပါ။

Voice : ဓားနဲ့မခုတ်ခင်မှာ ရန်မူတဲ့ လူအုပ်က ဘာပြောသေးလဲ။

UTNO : မင်းတို့က ဗမာလူမျိုးလားလို့မေးတယ်။ မင်းတို့ပစ္စည်းတွေ ထားခဲ့ဆိုလို့ ထားခဲ့ရတယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဓားနဲ့ဝိုင်းခုတ်ကြတယ်။

Voice : ဓားနဲ့ခုတ်တဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်နားမှာ ရှိသလဲ။

UTNO : ကျွန်တော်တို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တစ်ပြကျော်ဝေးပါတယ်။ ကျွန်တော်တို့ ဓားနဲ့ အခုတ်ခံရတဲ့ နေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံးဝမရှိပါဘူး။ကျွန်တော်ဒဏ်ရာနဲ့ ဆေးရုံရောက်မှ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျတဲ့ရဲက အကြောင်းကြားလို့ အခင်းဖြစ်တဲ့ ဝန်းကျင်မှာရှိတဲ့ လုံခြုံရေးတာဝန်ကျ ရဲတွေ သိကြရပါတယ်။

Voice : မင်းတို့ ဒဏ်ရာရတဲ့ အကြောင်းကို ရွှေကြေးစည် နာရေးကူညီမှုအသင်းက ဘယ်အချိန်မှာ သိသလဲ။

UTNO : ကျွန်တော်ဆေးရုံရောက်တဲ့အခါ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူနာတွေဆီက ဖုန်းကိုခဏတောင်းပြီး အသင်းကို ဆက်သွယ်ပါတယ်။ ကျွန်တော် ဆက်သွယ်မှုရတာနဲ့ အသင်းက လိုက်လာပါတယ်။

Voice : အခုလို ပဋိပက္ခဝန်းကျင်ကနေ ဒဏ်ရာရရှိတဲ့အတွက် အာဏာပိုင်တွေဘက်က ဘာတွေ အကူအညီပေးသလဲ။

UTNO : အခုလောလောဆယ်မှာကတော့ သေတဲ့လူအတွက် အမှုဖွင့်ထားပေးပါတယ်။ ကျွန်တော့်အတွက်ကတော့ သက်ဆိုင်ရာက ဆေးစာရေးပေးပြီးတော့ လိုအပ်တာ လုပ်ပေးထားပါတယ်။ ကျွန်တော်ဒဏ်ရာရတဲ့အပေါ် ဘုန်းကြီးတွေနဲ့ လူမှုအဖွဲ့အစည်းတွေက လာရောက် အားပေးပါတယ်။ အစိုးရဘက်ကတော့ လာရောက်ခြင်း မရှိသေးပါဘူး။

Voice : အခုလိုဖြစ်ခဲ့တဲ့အတွက် ဘာပြောချင်လဲ။

UTNO : သေတဲ့လူတွေလည်း မနစ်နာစေချင်ပါဘူး။ ဘာမှမလုပ်တဲ့ လူတွေကိုလည်း ဘာမှထိခိုက်မှု မရှိစေချင်ဘူး။ ဒီပဋိပက္ခ ပြဿနာတွေကို အားလုံး ပြေပြေလည်လည် ဖြေရှင်းစေချင်ပါတယ်။

======
တင်လင်း
======


သံဃာတော်ငါးပါး တရားဆွဲဆို ခံထားရသော မဟာသန္တိသုခကျောင်းတိုက် ပြဿနာနှင့် ပတ်သတ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ဝင်ရောက် ရှင်းလင်းပေးရန် ရွှေညဝါဆရာတော် ဦးပညာဝံသနှင့် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောကတ္ခကို့က တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၄ ရက်နေ့တွင် မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု နိုင်ငံတော် သံဃမဟာနာယကက သတ်မှတ်ထားပြီး သာသနာရေးဦးစီးဋ္ဌာနက သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး တာမွေတရားရုံးတွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးရာတွင် ၎င်းတို့က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ဒီလူ့လက်ထက်ကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စလေ၊ ခုချိန်မှ ဒီလူက ဝင်ရပ်ပြီး ပြောသင့်တာပေါ့။ အခုဘာမှ ဝင်မပြောလို့ ခွကျနေတာ။ သူက အဓိကပဲ” ဟု ရွှေညဝါဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

မဟာသန္တိသုခကျောင်းတိုက်သည် အုပ်ချုပ်ရေး အဆင်မပြေ ဖြစ်နေသောကြောင့် ခေတ္တထိန်းသိမ်းပေးရန် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော် သံဃမဟာနာယကထံသို့ အပ်နှံခဲ့ခြင်း ဖြစ်ပြီး ဆရာတော် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာပါက ပြန်လည်ပေးအပ်မည် ဖြစ်သည်ဟု ဦးခင်ညွှန့်က လျှောက်ထားခဲ့ကြောင်း ပီနန်ဆရာတော်က မီဒီယာများကို ဇွန်လအတွင်းက မိန့်ကြားထားသည်။

“အခုချိန်မှာ ဦးခင်ညွန့်အနေနဲ့ တစ်ဖက်ဖက်မှာ ဝင်ရပ်ဖို့ လိုအပ်နေပြီ။ သူဝင်ပေးမှ မဟနက မှန်လား ပီနန်ဆရာတော်က မှန်လားဆိုတာ ရှင်းလို့ရမှာလေ” ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

သို့သော်လည်း မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုကိစ္စနှင့် ပတ်သက်ပြီး ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ညွှန့်က ၎င်းနှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် ဝင်ရောက် ရှင်းလင်းပေးမည် မဟုတ်ကြောင်း ဇွန်လ ၂၇ ရက်နေ့က မီဒီယာများကို ပြောကြားထားသည်။

နိုင်ငံတော်သံဃမဟာနာယက ညွှန်ကြားချက်ဖြင့် မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၁ ရက်နေ့က ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး သံဃာတော်ငါးပါးကို ဖမ်းဆီး လူဝတ်လဲခဲ့သည်။ မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ပီနန်ဆရာတော်နှင့် နိုင်ငံတော် သံဃမဟာနာယကတို့အကြား ၂၀၁၃ ခုနှစ်မှ စတင်ကာ အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။
The voice weekly

“ မုဆိုးမ မန္တလေး”

ကိုးနာရီထိုးတာနဲ့
အတင်းမျက်စေ့မှိတ်
အိပ်ချင်ယောင်ဆောင်နေရတဲ့
ကလေးဆိုးကြီးလိုပါ. ။

ဧည့်သည် အမျိုးမျိုးရဲ့
ဆိုးကျိုးတွေ ခံစားရင်း
သက်ပြင်းအခါခါချ
ပျက်ယွင်းခဲ့ရ နဂိုရည်ဘဝတွေဟာ
ဟိုး အတိတ်မှာ မှုန်ဝါးဝါး. ။

ကာနယ်စလေဒင်က အစ
အီဗရာဟင် အလယ်
နောက်ဆုံး ဝယ်သွားတာက
လင်ကျင့်ဝှာ ဆိုလား ဘာဆိုလား. ။

မြို့မျက်နှာဖုံးတွေတောင်မှ
ဘယ်ဆီပုန်းခိုနေရမှန်းမသိ
မချိတင်းကဲ ရေရွတ်နေသံတွေက
သ နဲ့ တ မကွဲပြား. ။

တံခွန်မရှိတဲ့ ရထား
လင်မရှိတဲ့ မယားလို
လူတကာ အသနားပိုနေရဘဝ
မြင်ကြည့်စမ်းချင်လှည့် ကိုမောင်လွင်. ။

မြို့ရိုးနဲ့ ပြအိုး
ပစ္စင်နဲ့ သူရဲခို
အို. လူတွေမမြင်အောင် ငိုနေရ
အပြင်က ဘဝမှာတော့
စုံပုဝါ ဘယ်ညာချ ကော့နေတဲ့ရင်
အသွင်ဟန်ဆောင်ရ
မုဆိုးမ ဆိုတာ လူတွေမသိစေခဲ့ရဘူး. ။

၈၈မှာလည်း
ရင်ကွဲအောင် ငိုခဲ့ရတယ်
နှစ်ထောင့်ခွန်မှာတစ်ခါ
ရင်နာနာနဲ့ ရှိုက်ခဲ့ ရတယ်
၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀,၁၁,၁၂,၁၃,၁၄----
အသက်တွေသာ ကြီးကြီးလာ
ငါ့နံဘေးအနားမှာ ဘယ်သူတွေမှ
မရှိကြတော့ပါလား. ။

အခုမှာလည်းလေ
ငါမြင်နေတာတွေ ပြောပြပါရစေ။

အမုန်းမျက်နှာဖုံးကို
အပြုံးမဲ့မျက်နှာမှာတပ်
အရပ်ရှစ်မျက်နှာက
ဘာသာအယူ မတူသူတွေကိုသတ်
အသားအရောင်ကို သတ်မှတ်
အမျိုးဇာတ်ကို ရှေ့တင်
ဘဝင်မြင့်တရားသွတ်သွင်း
လူအချင်းချင်း ရန်သူသမုတ်
သူတို့လုပ်သမျှအဟုတ်ထင်
စိတ်ဆင်ရိုင်းစေရာအတိုင်း
ရိုင်းစိုင်နေတဲ့ လူအုပ်ကြီးဟာ
ငါ့ မြေကမ္ဗလ္လာကို ပတ်ရင်း
ငါ့ သိက္ခာတွေကို ချနင်းသွားလိုက်ကြတာ.
ငါ့မှာ ရင်နာရင်း
သက်ပြင်းနဲ့ ခေါင်းငုံ့မိတယ်
အို မင်းတုန်းမင်းရယ်
မင်းတည်တဲ့ မြို့ရိုး
မင်းဖောက်ခဲ့တဲ့ ကျုံး
မင်းဆောက်ခဲ့တဲ့ သုဓမ္မာဇရပ်
လေးပြင်လေးရပ်က မင်းအာဏာ
မင်း ဖာသာ မင်းသာ သိမ်းလှည့်ပါလေ
အခုတော့ ငါ့မှာ
ရှက်သွေးသာ အခါခါဖြာရင်း
မန္တလေးတောင်ခြေရင်းမှာ
ပုန်းစရာသာ ရှာနေပါတော့မယ်။

“ ခန့်ညီဖေ”
၅၊ဂျူလိုင် ၂၀၁၄ ည၁၀း၁၅ နာရီ

http://www.7daydaily.com/

အချိန်ပိုမပြီးဆုံးမီ စက္ကန့် ၆၀ အလိုတွင် ဂိုးသမားအပြောင်းအလဲလုပ်ပြီး ယှဉ်ပြိုင်စေခဲ့သည့် နည်းပြ ဗန်ဂါးလ်၏ နယ်သာလန်အသင်းနှင့် ကော်စတာရီကာအသင်းတို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာတွင် နယ်သာလန်က (၄-၃) ဂိုးဖြင့် အနိုင်ရကာ ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
နှစ်သင်းလုံး မိနစ် ၁၂၀ အထိ ဂိုးမရှိ သရေ ကျနေခဲ့ရာ မန်ယူနည်းပြသစ် ဗန်ဂါးလ်က ဂျက်စပါဆီလီဆန်နေရာတွင် နယူးကာဆယ်ဂိုးသမား တင်ကရူးလ်ကို လူစားလဲလိုက်ခြင်းမှာ အံ့သြစရာကောင်းပြီး မှန်ကန်သော လုပ်ရပ်တစ်ခုဖြစ်ခဲ့သည်။

ကရူးလ်က ကော်စတာရီကာကစားသမား ဘရိုင်ယန်ရူးဇ်နှင့် မိုက်ကယ်အူမာနာတို့၏ ပင်နယ်တီကန်သွင်းမှုများကို ကာကွယ်နိုင်ခဲ့သည်။
ကော်စတာရီကာအသင်းမှာ ဂရိအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပင်နယ်တီငါးလုံးစလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည့်အသင်း ဖြစ်သည်။ သို့သော် နယ်သာလန်နှင့်ပွဲတွင် ဗန်ဂါးလ်၏ စူပါဆပ်ကရူးလ် လက်စွမ်းပြမှုကြောင့် ပြိုင်ပွဲမှ ထွက်လိုက်ရသည်။

နယ်သာလန် ဘယ်လ်ဂျီယံကို အနိုင်ရထားသည့် အာဂျင်တီးနားအသင်းနှင့် လာမည့် တနင်္ဂနွေနေ့တွင် ရီယိုဒီဂျနေးရိုးမြို့၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ဘရာဇီးကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ဘရာဇီးနှင့် ဂျာမနီ၊ အာဂျင်တီးနားနှင့် နယ်သာလန်တို့၏ စီးချင်းထိုးပွဲ မြင်တွေ့ရတော့မည်ဖြစ်သည်။ ဘရာဇီးနှင့် အာဂျင်တီးနားတို့မှာ တောင်အမေရိက ထိပ်သီးများဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေသလို ဂျာမနီနှင့် နယ်သာလန်မှာလည်း ဥရောပမှ နာမည်ကြီးအသင်းများဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင်ကတည်းက ဗိုလ်စွဲရန်ထိပ်ဆုံးမှ ရေပန်းစားသော အသင်းများတွင် ပါဝင်နေသည်။
ဘယ်လ်ဂျီယံကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် စနေနေ့ပွဲတွင် အာဂျင်တီးနား ဘောလုံးကြယ်ပွင့် အိန်ဂျယ်ဒီမာရီယာသည် ပေါင်ဒဏ်ရာရရှိခဲ့သောကြောင့် ကမ္ဘာ့ဖလားလက်ကျန်ပွဲစဉ်များနှင့် လွဲချော်တော့မည်ဟု ၎င်း၏ အေးဂျင့် လိုပက်ဇ်က ထုတ်ဖော်ပြောကြားသည်။
ဇူလိုင် ၈ ရက် အကြိုဗိုလ်လုပွဲတွင် ဂျာမနီနှင့် ယှဉ်ပြိုင်ရမည့် ဘရာဇီးအသင်း၏ တိုက်စစ်ကစားသမား နေမာမှာ ကိုလံဘီယာကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲ၌ ကျောရိုးဒဏ်ရာရခဲ့သဖြင့် ယင်းကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဟု ဖီဖာက အတည်ပြု ပြောကြားသည်။
ယင်းဒဏ်ရာကြောင့် နေမာမှာ ကမ္ဘာ့ဖလားလက်ကျန်ပွဲစဉ်များကို လွဲချော်မည်ဖြစ်သော်လည်း ဘရာဇီးအသင်း အောင်မြင်မည်ဟု နေမာက ယုံကြည်ထားသည်။
ကိုလံဘီယာအသင်းသား ဇူနီဂါသည် နေမာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း အနီကတ် (သို့မဟုတ်) အ၀ါကတ် ပြသခံရခြင်းမရှိခဲ့ပေ။ သို့သော် နေမာကို နာကျင်စေရန် မိမိမရည်ရွယ်ခဲ့ဟု ဇူနီဂါက ပြောသည်။
ထိုအတောအတွင်း နေမာ့အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့သော ဇူနီဂါ၏ လုပ်ရပ်မှာ တမင်ရည်ရွယ်၍ အန္တရာယ်ဖြစ်စေခဲ့ခြင်းဖြစ်သည်ဟု ဘရာဇီးဂန္ထ၀င်တိုက်စစ်မှူး ရိုနယ်ဒိုက ပြောကြားသည်။
__ Ref : BBC/AFP


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ပထမ နေ့ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာကျင်းပခဲ့ပါတယ်။

အခမ်းအနားကိုပြည်နယ်နဲ့ တိုင်းအသီးသီးက တတ်ရောက်ခွင့်ရှိသူ လူငယ် ညီလာခံကိုယ်စားလှယ် ၁၆၆ ဦးရှိတဲ့ အနက်မှာ ၁၅၀ဦးတတ်ရောက်ခဲ့ပါတယ်။
နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ပထမနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၂ မိနစ် ခန့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ လူငယ်တွေကိုနေရာပေးပါလို့ပြောရင် ကျမစဉ်းတောင်မစဉ်းစားဖူးလို့ ပြောတယ်။နေရာပေးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။တာဝန်ပေးဖို့ ပဲစဉ်းစားပါတယ်။အဲလိုပြောတာက လူငယ်တွေကို ဒီလိုစိတ်ဓာတ်မျိုးမွေးစေချင်လို့ပါ။နေရာယူဖို့မဟုတ်ဘူး။ တာဝန်ယူဖို့ဖြစ်တယ်။ တာဝန်ထမ်းဆောင် ဖို့ ဖြစ်တယ် ဆိုတာ ကို သေသေချာချာ ခွဲခွဲခြားခြား စိတ် ထဲမှာ ထားမှ အခုပစ္စု ပ္ပန်မှာ စိတ်ထား မှန်မှ အနာဂတ်ကို မှန်မှန် ကန်ကန်တည်ဆောက်နိုင်မယ်” လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ အင်မတန်ခက်ခဲတဲ့ အချိန်မှာ ၀င်လာခဲ့တဲ့ လူငယ်တွေကို ကျေးဇူးတင်ကြောင်း၊ညီလာခံက ရွေးချယ်တဲ့ လူငယ် ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့၊နေရာ ယူဖို့ စိတ်မထားဖို့၊လူငယ်တွေဟာ ဘာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀င်သလဲဆိုတာကိုစဉ်းစားကြည့် ဖို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ မူဝါဒတွေကို ယုံကြည်လို့ ၀င်လာသလား။ အန်အယ်ဒီ ပါတီက ငါတို့အတွက် နိုင်ငံရေးတတ်လမ်း တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပြီး ၀င်လာခဲ့သလား။အပျော်ဝင်လာတာ လား။ဘေးကမိတ်ဆွေတွေက ဆွယ်လို့ မိတ်ဆွေတွေနဲ့ အတူတူ အလုပ်လုပ်ချင်လို့ ၀င်လာသလားဆိုတာကို လူငယ်တွေ အနေနဲ့ ကိုယ့်ကိုကိုယ်သိမှာဖြစ်ကြောင်း၊ဘယ်လို အကြောင်းမျိုးတွေ နဲ့ပဲ ၀င်လာပါစေ က၀င်လာပြီဆိုမှတော့ ကိုယ်ဝင်လာတဲ့ နေရာမှာ ကိုယ်ယူတဲ့ တာဝန်နဲ့ပ တ်သတ်ပြီး တော့ ကိုယ်ဟာမှန်မှန်ကန်ကန်လုပ်ဖို့လိုအပ်ကြောင်း၊ကိုယ်ကျိုးအတွက်ပဲ လုပ်သွားချင်လို့ ၀င်လာတယ်ဆိုတာကို ကိုယ့်ကိုကိုယ်သိ ရင် စောစောစီးစီးပဲ အဖွဲ့ချုပ်ထဲက ထွက်သွားရင်ကောင်းမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခြင်ကြောင်း၊ အဖွဲ့ချုပ်ကို စတင်တည်ထောင်ချိန်တည်း က ကိုယ်ကျိုးအတွက်လုပ်ပိုင်ခွင့်ရဖို့ ထူထောင်ထားတာမဟုတ်ကြောင်းပြောခဲ့ပါတယ်။
Author- နန်းလွင်
Photo- Myo Khine

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ က ခေါင်းဆောင်တွေဟာ PR ခေါ် အချိုးကျကိုယ် စားပြု ရွေးကောက်ပွဲစနစ် ပီအာကို လက်မခံကြောင်း ဒီကနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသား ပါတီခေါင်းဆောင် ဦးအေးသာအောင်က PR စနစ်ကို ကန့်ကွက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြော ပါတယ်။

"PR စနစ်နဲ့ ပတ်သက်လို့ တကယ်တော့ မြန်မာနိုင်ငံ အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းတယ်ဆိုတာ က ရွေးကောက်ပွဲစနစ်ဟောင်းကနေ စနစ်သစ် ကို ပြောင်းဖို့မလိုပါဘူး၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ပြီးတော့ ပြည်တွင်းစစ်ရပ်ဖို့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ အဲဒါတာ အဓိကဖြစ်တယ်၊ စနစ်ဟောင်းနဲ့ ရွေးကောက်ပွဲ သွားရင်လည်း ဘာမှပြဿနာမရှိဘူး၊ အဲဒီတော့ စနစ်သစ်ဖြစ်တဲ့ RP စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တိုင်းပြည် အတွက် တိုင်းရင်းသားပြည်သူတွေအတွက် ဘာမှအကျိုးများနိုင်ခြင်း မရှိဘူး"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး PR စနစ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက် ပွဲ ကော်မရှင်ကိစ္စအပြင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန် ၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ အန်ထော်နီ စတဲ့တိုင်းရင်းသားပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

RFA
photo..kumudra

မန္တလေးမှာ လက်ရှိဖြစ်နေတာတွေနဲ့ပတ်သက်လို့ ရာဇဝင်ထဲကလက်မည်းကြီးတွေရဲ့ မသေမသပ် မသပ်မရပ်လက်ရာတွေကို မြင်တွေ့ရစပြုနေပါတယ်။ သတ်သူဘယ်သူဘယ်ဝါပါ လို့ ယတိပြတ်တရားခံမမိသေးပေမယ့် ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအရ လက်ယဉ်နေတဲ့ ပုဂ္ဂိုလ်ဟောင်းများဆိုတာ တွေ့နေရပါပြီ။

ပုဏ္ဏားကျွန်းကိစ္စအပြီးသံတွဲမှာကားပေါ်ကဆွဲချသတ်ခဲ့ကြတဲ့လူစုဟာဒေသခံတွေမဟုတ်ဘူး ဘယ်ကရောက်လာမှန်းမသိတဲ့သူတွေ ဆိုတဲ့ဇာတ်လမ်းဟာ နောက်ဆုံးသမ္မတပါးစပ်ထဲ ထိရောက်ခဲ့ပါတယ်။
နောက်ကွယ်မှာကြိုးကိုင်နေတဲ့သူတွေရှိတယ်တို့ကျူးလွန်သူတွေဟာစနစ်တကျလေ့ကျင့်ထားပုံပေါက်တယ်တို့ ဆိုတာ လူတိုင်းလောက်သိထားခဲ့ပြီးပါပြီ။

ဒါပေမယ့် မိတ္ထီလာ သဲကုန်း လားရှိုးစသည် စသည်ဖြင့် ဇာတ်လမ်းတွဲတွေအားလုံးဟာလည်း ဒီပုံစံတွေပါပဲ။ ခုနောက်ဆုံးမန္တလေးမှာပေါ့။ ဘယ်တော့မှဆုံးတော့မှာလဲ။ နောက်ကွယ်ကကြိုးကိုင်သူတွေရဲ့ ကြိုးတွေကခိုင်လွန်းလှချည့်လား။ ဒါမှမဟုတ်ကြိုးကိုင်နေတဲ့လက်တွေကပဲ မညောင်းသေးတာလား။

ဘာမှစဉ်းစားမနေကြပါနဲ့။ အားလုံးဟာတစ်ပုံစံထဲဆိုရင် တရားခံဟာလည်း တစ်ယောက်ထဲ တစ်ဖွဲ့ထဲပဲဆိုတာ သဘောပေါက်ကြရမှာပါ။

ဒီနိုင်ငံမှာ ဒီလိုရာဇဝတ်မှုကြီးတွေကို လုပ်နိုင်တာ တစ်ဖွဲ့တည်းပဲရှိပါတယ်။ ၂၀၀၃ ဒီပဲယင်းအရေးအခင်းလိုမျိုးကို အကောင်အထည်ဖော်နိုင်တဲ့သူတွေပေါ့။ ဒီပဲယင်းအရေးအခင်းဟာ မတော်တဆဖြစ်ရပ်မဟုတ်ပါဘူး။ စည်းရုံးရေးခရီးထွက်နေတဲ့ NLD ဟာ ခြေဦးတည့်ရာသွားနေတဲ့အိမ်ပြေးတွေမဟုတ်ဘူး။ သူတို့သွားတဲ့ခရီးစဉ်တိုင်းမှာ စစ်ထောက်လှမ်းရေး
ကို ကြိုတင်အသိပေးခဲ့တာချည်းပဲ။ အဲဒီလိုအချိန်မျိုးမှာ ဒီလိုရာဇဝတ်မှုကြီး
ဖြစ်ရတယ်ဆိုတာဟာ ကြိုတင်ကြံရွယ်မှုမပါဘဲ အာဏာရှိသူတွေမပါဘဲ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စတွေပါ။

အခုလည်း မန္တလေးမှာ ပထမနေ့ညကဖြစ်လို့ ရဲကလုံးဝနေရာယူ ဝင်ထိန်းပြီးပြီဆိုမှ ဒုတိယညမှာအသတ်ခံရတယ်ဆိုတော့ သိပ်သိသာ
ပါတယ်။ မိတ္ထီလာမှာတုန်းက မီးတွေရှို့ လူတွေသတ် ဆိုင်တွေ အိမ်တွေဖျက်နေတာတွေဟာ ရဲတွေမျက်စိရှေ့တင်ပါ။ သူတို့ရောက်လာမှ
ပြည်သူတွေရဲ့ဘဝတွေဟာ ပိုပြီးမလုံခြုံတော့တာလို့တောင် ပြောနိုင်ပါတယ်။

ဒါကြောင့် ခုဆိုရင် မန္တလေးမှာ ၈၈ တုန်းကလို သပိတ်တပ်ပေါင်းစုနဲ့ သံဃာတော်များပူးပေါင်းပြီး မြို့ကိုစောင့်ရှောက်ဖို့ ဆိုတာမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ မှန်ပါတယ်။ ပြည်သူတွေကလည်း ခုပြန်ပြီးအမိန့်ထုတ်ရမှာပါ။
ည ၉ နာရီကျော်ရင် စစ်တပ် နဲ့ ရဲ အပါအဝင် လူစိမ်းများ ရပ်ကွက်အတွင်း
မဝင်ရဆိုတဲ့အမိန့်ပေါ့။

ပြည်သူ့တရားကို ပြည်သူကစောင့်ရမယ်ဆိုတဲ့ အသိဝင်လာဖို့အရေးကြီးပါတယ်။ ဒီအစိုးရဟာ ဓမ္မဘက်မှာ ရှိနေတဲ့အစိုးရမဟုတ်ပါ။ လက်သွေးစွန်းနေတဲ့အစိုးရ တရားဥပဒေဆိုတာ လိုသလိုဆွဲပြီး သူတို့ရပ်တည်ဖို့ရာလောက်သာ စဉ်းစားပြီးထုတ်ပြန်တဲ့အစိုးရမို့ တရားမျှတမှု လုံခြုံအေးချမ်းမှုဆိုတာ ပြည်သူတွေအဖို့ သူတို့ဆီကမျှော်လင့်လို့မဖြစ်နိုင်ပါ။

ဒီအစိုးရလက်ထက်မှာဖြစ်ခဲ့တဲ့ ဘာသာရေးဆန်ဆန်ပဋိပက္ခဖြစ်စဉ်တွေမှာ ဘယ်ကရောက်လာမှန်းမသိသော အမည်မသိလူအုပ်ကြီးထဲမှ အကြမ်းဖက်သမားတွေကိုဘယ်နှစ်ယောက်ဖမ်းမိတယ်ဆိုတာကြားမိရဲ့လား။နောက်ကွယ်ကကြိုးကိုင်နေပါတယ်ဆိုတဲ့သူတွေကိုရော ခြေရာခံမိပြီလား။ ဒီလောက်နေ့ခင်းကြောင်တောင် ပေါ်တင်ကျူးလွန်ခဲ့တဲ့အကြမ်းဖတ်မှုတွေတောင် တရားခံမဖော်ထုတ်နိုင်ခဲ့ပါဘူး။ အဲဒီလက်စလက်နတွေဟာ ဘယ်သူတွေလုပ်နေတယ်ဆိုတာ ပြည်သူအများကသိရှိနေပါပြီ။

အရေးအကြီးဆုံးအချက်က ခုချိန်မှာ NLDနဲ. ၈၈ မျိးဆက်တို. က ပုဒ်မ-၄၃၆ပြင်ဖို့ တစ်တိုင်းပြည်လုံးကို လှုံ့ဆော်တိုက်တွန်းနေတဲ့အချိန်ပါ။ဥပဒေဘောင်ထဲကလှုပ်ရှားမှုကို ဘယ်လိုမှဟန့်တားလို့မရတော့တဲ့အဆုံး လုပ်နေကျအောက်တန်းကျကျအလုပ်တွေနဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ နှိပ်ကွပ်သတိပေးဖို့ ခြိမ်းခြောက်ပြနေ တယ်ဆိုတာ ပြည်သူအားလုံး မတွေမဝေသတိတရားရှိဖို့လိုသလို စစ်အစိုးရရဲ့ ခြိမ်းခြောက်မှု
တွေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်သွားကြဖို့ လိုပါလိမ့်မယ်။

လေးစားစွာဖြင့်
( ကိုစိုးဝင်း )

“PR ထက် အပြန်တရာပိုအရေးကြီးတဲ့ PI” (PR = Proportional Representation = အချိုးကျ လွှတ်တော်ကိုယ်စားလှယ်ခန့်အပ်ခြင်း PI = Popular Initiative = ပြည်သူ့ဦးဆောင်တောင်းဆိုမှု) .
“PR ထက် အပြန်တရာပိုအရေးကြီးတဲ့ PI”



“PR ထက် အပြန်တရာပိုအရေးကြီးတဲ့ PI” (PR = Proportional Representation = အချိုးကျ လွှတ်တော်ကိုယ်စားလှယ်ခန့်အပ်ခြင်း PI = Popular Initiative = ပြည်သူ့ဦးဆောင်တောင်းဆိုမှု) . • လက်ရှိနိုင်ငံရေးအခြေအနေမှာ လွှတ်တော်ဟာ အရေးတကြီးလုပ်ရမယ့်ကိစ္စတွေကို လျစ်လျူရှုပြီး အကျိုးမဖြစ်ထွန်းနိုင်မယ့်ကိစ္စတွေကို အပူတပြင်းလုပ်လာနေတာကိုတွေ့ရပါတယ်။ ‘မျိုးစောင့်ဥပဒေ’ ဆိုတာကြီးကို ဥပဒေရေးဆွဲဖို့ လွှတ်တော်မှာ အရေးတကြီး မဲခွဲအတည်ပြှုလိုက်တာကို တွေ့ရတယ်။

အချိုးကျ လွှတ်တော်ကိုယ်စားလှယ်ခန့်အပ်ရေး PR စနစ်ကို ဖုတ်ပူမီးတိုက် တင်သွင်းလာပြီး ဥပဒေပြှုဖို့အားသွန်ခွန်စိုက်လုပ်နေတာကိုလည်း တွေ့နေရတယ်။

ဒါတွေကိုကြည့်ရင် အာဏာရ ကြံ့ဖွံ့အစိုးရဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့လွှတ်တော်ကိုယ်စားလှယ်နေရာ များနိုင်သမျှများများရအောင် ကုပ်ကပ်ပြီး ဉာဏ်နီဉာဏ်နက်တွေထုတ်နေကြောင်း သိသာထင်ရှားပါတယ်။

ဒါကြောင့် မရိုးမသားအားထုတ်လာတာတွေကို တန်ပြန်နိုင်ဖို့ ပြည်သူလူထုအနေနဲ့ အလုပ်သင့်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ PI ဆိုတဲ့ “ပြည်သူ့ဦးဆောင်တောင်းဆိုမှု” ပါပဲ။

ပြည်သူအားလုံးညီရင် အမြန်ဆုံးအောင်မြင်မှာပါ။ • ခါတော်မီထူထောင်လိုက်တဲ့ အဖွဲ့အစည်းတခုက ပြည်သူတွေစိတ်ထဲ ဘယ်တုန်းကမှ လျာထားမခံခဲ့ရဖူးတဲ့ ‘မျိုးစောင့်ဥပဒေ’ ဆိုတာကြီးကို တင်သွင်းလိုက်ရုံနဲ့ လွှတ်တော်မှာ အရေးတကြီး ဥပဒေပြှုဖို့မဲခွဲအတည်ပြှုလိုက်တာဟာ လွှတ်တော်နဲ့အစိုးရရဲ့ မရိုးသားမှုတခုပါပဲ။

ဘာသာရေးအဓိကရုဏ်းတွေဖြစ်ပွားပြီးနောက်မှ ပြည်သူတွေကြား ပေါ်ထွန်းလာတဲ့ဘာသာရေးနယ်ချဲ့ရန်စိုးရိမ်မှုကို အခွင့်ကောင်းယူပြီး ဝိဝါဒကွဲစရာကိစ္စရပ်တခုကို ပွဲထုတ်လိုက်တာပါဟာ ဘာသာရေးဗန်းပြ မဲဆွယ်မှုတခုလို့ပဲ ကောက်ချက်ချရမှာပါ။

• အလားတူ နိုင်ငံတော်မှာ ဘယ်တုန်းကမှမကျင့်သုံးခဲ့ဖူးသလို တခါမှလည်းထည့်မစဉ်းစားခဲ့ဖူးတဲ့ PR စနစ်ကို ဖုတ်ပူမီးတိုက် တင်သွင်းလာပြီး ဥပဒေပြှုဖို့အားသွန်ခွန်စိုက်လုပ်နေတာကိုလည်း တွေ့နေရတယ်။

ဒါတွေကိုကြည့်ရင် အာဏာရ ကြံ့ဖွံ့အစိုးရဟာ ၂ဝ၁၅ ရွေးကောက်ပွဲမှာ သူတို့လွှတ်တော်ကိုယ်စားလှယ်နေရာ များနိုင်သမျှများများရဖို့သာ အဓိကထားပြီး ဉာဏ်နီဉာဏ်နက်တွေထုတ်နေကြောင်း သိသာထင်ရှားပါတယ်။

တခြား မရောင်ရာဆီလူးနေတဲ့ကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။ • တိုင်းပြည်မှာ အသည်းအသန်အရေးကြီးနေတဲ့ စားဝတ်နေရေးကြပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်ပစ္စည်းရှားပါမှု၊ ကျန်းမာရေးစရိတ်ကြီးလွန်းမှု၊ ဆင်းရဲမွဲတေမှုပပျောက်ရေး၊ အိုးမဲ့အိမ်မဲ့လူတန်းစား၊ သဘာဝရေမြေအဆိပ်သင့်မှု၊ သယံဇာတဆုံးရှုံးမှု အပါအဝင် မရေမတွက်နိုင်တဲ့ အဆင့်အတန်းနိမ့်ကျမှုတွေကို လုပ်သင့်သလောက်လုပ်မပေးဘဲထားတာကို ပြည်သူအားလုံးသိပါတယ်။ တရားဥပဒေစိုးမိုးမှုကလည်း ဘယ်နေရာမှကောင်းကောင်းမရှိသလို ပြည်သူတွေဘဝကလည်း နေ့ရောညပါ ဘယ်နေ့ဘယ်လို ဘဝပျက်မလဲလို့ စိုးရိမ်နေရတဲ့အဆင့် ရောက်နေပါတယ်။

စည်းစိမ်အပြည့်နဲ့ စိတ်ချလက်ချအသက်ရှင်နိုင်သူတွေကတော့ လူနည်းစု သူဌေးတွေ၊ စစ်အစိုးရမိသားစုတွေနဲ့ စစ်တပ်စီးပွားဘက်ခရိုနီ အုပ်စုတွေပဲရှိပါတယ်။

(ဆွေမျိုးသားချင်း၊ တပည့်တပန်းနဲ့ ရင်းနှီးသူတွေကို စီးပွားရေးသူကောင်းပြှုတဲ့ကျင့်စဉ်ကို ပြင်သစ်နိုင်ငံမှာ နပိုလီယန်အုပ်ချုပ်စဉ်ကာလက ကျင့်သုံးခဲ့တာမို့ နပိုလီယန်ကျင့်ထုံး (Nepotism) ဆိုတဲ့ဝေါဟာရနဲ့ သမုတ်ထားတယ်။) • အချုပ်အခြာအာဏာ သုံးရပ်အနက် စီမံခန့်ခွဲရေးအာဏာကျင့်သုံးရမယ့်အစိုးရက ပြည်သူတွေဘဝအေးချမ်းအောင်လုပ်မပေးနိုင်သလို ဥပဒေပြှုရေးအာဏာကိုင်တဲ့ လွှတ်တော်ကလည်း အရေးကြီးတဲ့အလုပ်သမားခံစားခွင့်ဆိုင်ရာဥပဒေမျိုးကို နှစ်ဝက်လောက်ဆိုင်းခိုင်းထားပြီး လွှတ်တော်ကိုယ်စားလှယ်များများရနိုင်မယ့် PR ကိုပဲ ဥပဒေပြှုဖို့စိုင်းပြင်းနေတယ်။

တရားစီရင်ရေးကတော့ အရင်ကလို အထက်ကခိုင်းတဲ့အတိုင်း “ပါတာဖတ် စီရင်ချက်” တို့ “အမြင်ကပ်ပုဒ်မ” တို့နဲ့ အလုပ်ရှုပ်နေရတုန်းပါ။ ဒီလို အချုပ်အခြာအာဏာ သုံးရပ်လုံး အမြီးအမောက်မတည့်မှတော့ တိုင်းပြည်မတိုးတက်တာ အဆန်းမဟုတ်ပါဘူး။ ဟိုး .. အရင်က စစ်အစိုးရအဆက်ဆက်နဲ့ တထပ်တည်းတူနေကြောင်း ရင်ကွဲစရာ တွေ့နေရပါတယ်။ လက်ရှိအစိုးရကို အရပ်သားအစိုးရဖြစ်ပါတယ် လို့ ဇွတ်နှလုံးသွင်းကြည့်ပေမယ့် နှလုံးသားက လုံးဝလက်မခံပါဘူး။

• ဒီလို လွဲချော်နေတဲ့ အချုပ်အခြာအာဏာသုံးစွဲမှုကြောင့် တိုင်းပြည်ဟာ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနစ်နာနေရတဲ့အတွက် ပြည်သူတွေအနေနဲ့ ဝင်ပြီးထိန်းကွပ်ကြပ်မတ်ဖို့လိုနေပါပြီ။

တနည်းအားဖြင့် တိုက်ရိုက်ဒီမိုကရေစီ (Direct democracy) ကို ကျင့်သုံးဖို့လိုနေပါပြီ။ တိုက်ရိုက်ဒီမိုကရေစီကျင့်သုံးရမယ် ဆိုတဲ့အပေါ် ပြည်သူတွေအနေနဲ့ အဓိပ္ပါယ်ကောက်မလွဲဖို့လိုပါတယ်။ နေရာတကာမှာ ပြည်သူက အာဏာပိုင်ဝင်လုပ်ပြီး စီမံခန့်ခွဲတာကို မဆိုလိုပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကို ပြည်သူကအားတက်သရောပြောဆိုတိုက်တွန်းတာကိုသာ ရည်ညွှန်းပါတယ်။

ပြည်သူတွေကိုယ်တိုင် အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး အားတက်သရောပါဝင်လုပ်ကိုင်နိုင်တဲ့ တိုက်ရိုက်နိုင်ငံရေးစွက်ဖက်မှုဟာ အကြမ်းအားဖြင့် ၃ မျိုးရှိပါတယ်။

(၁) ပြည်သူ့ဦးဆောင်တောင်းဆိုမှု (Popular Initiative/Citizen Initiative)

(၂) ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ (Referendum) နဲ့

(၃) လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ရုတ်သိမ်းမှု (Recall) … တို့ ဖြစ်ပါတယ်။

• ပြည်သူ့ဦးဆောင်တောင်းဆိုမှု (PI) ကို တိုက်ရိုက်နည်း နဲ့ လွှတ်တော်ကတဆင့် သွယ်ဝိုက်နည်း ဆိုပြီး နှစ်မျိုးနှစ်စားတွေ့နိုင်ရာမှာ ကိစ္စရပ်အလိုက် ကျင့်သုံးပုံချင်းနည်းနည်းကွာပါတယ်။ သူများနိုင်ငံတွေမှာ ကျင့်သုံးနေတာတွေကို ကိုယ့်ရေကိုယ့်မြေ ကိုယ့်နိုင်ငံနဲ့ကိုက်ညီအောင် ပုံစံပြောင်းပြီး အသုံးပြှုကြရမယ်ထင်ပါတယ်။

ဘယ်လိုပြောပြော ဒီနည်းတွေက ပြည်သူကိုတန်ဖိုးထားတဲ့နိုင်ငံရေးစနစ်တွေဖြစ်တဲ့အတွက် ပြည်သူကသိက္ခာရှိရှိတောင်းဆိုပိုင်ခွင့်ရသလို အစိုးရကလည်း ရိုးရိုးသားသားလက်ခံဆုံးဖြတ်ပေးရတဲ့စနစ်တွေဖြစ်ပြီး လိုအပ်တဲ့ဥပဒေအရပ်ရပ်ကို လွှတ်တော်ကသာအတည်ပြှုပြဋ္ဌာန်းရပါတယ်။

• မြန်မာနိုင်ငံလို အချုပ်အခြာအာဏာ ၃ ရပ်စလုံး ပုံပျက်ပန်းပျက်ဖြစ်နေတဲ့နိုင်ငံမှာ ပြည်သူတွေအနေနဲ့ လွှတ်တော်နဲ့အစိုးရကို ထိန်းကျောင်းနိုင်ဖို့ ကြှိုးစားသင့်ပါပြီ။ ဖြစ်သင့်တာတွေနဲ့ ပြောင်းပြန်ဖြစ်နေတဲ့ကိစ္စတွေကို ပြင်ဆင်ပေးပါလို့ အစိုးရကို တောင်းဆိုဖို့လိုပါတယ်။ မမျှတတဲ့ကိစ္စတွေမှာ အမှန်တရားကိုဖော်ထုတ်ပြီး အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုရပါတယ်။ • (၂) အကျဉ်းချုပ်ဖော်ပြနေချိန်မို့ အတွေ့အကြှုံရှိပြီးသား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုတာကို အခု ထည့်မပြောတော့ပါဘူး။

ဒါပေမယ့် အရေးပါပုံကိုထောက်ပြရရင် … ပြည်သူတရပ်လုံးကလက်မခံနိုင်ပေမယ့် လုပ်မဲ လိမ်မဲတွေနဲ့ ညစ်နည်းပေါင်းစုံသုံးပြီး ပြည်သူ ၉၈% ကထောက်ခံထားပါတယ် … လို့ လိမ်ညာလို့ရတဲ့ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ အခုအချိန်မှာ ပြန်ဖျက်ဖို့လုံးဝမလွယ်တာကို အထင်အရှားတွေ့နိုင်ပါတယ်။

ဒါကြောင့် ပြည်သူတဦးတိုင်း တဦးတိုင်းရဲ့ ပါဝင်မဲပေးမှုဟာ အရေးပါတယ်ဆိုတာ မေ့ထားလို့မရပါဘူး။
\\

(၃) နောက်တခုက လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ရုတ်သိမ်းပိုင်ခွင့် ပါပဲ။ ကိုယ့်နယ်ကို ကိုယ်စားပြှုပြီးတက်သွားတဲ့ကိုယ်စားလှယ်တယောက်က နယ်လူထုနဲ့ တိုင်းပြည်အပေါ်မှာ တာဝန်မကျေခဲ့ရင် ပြည်သူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပြန်လည်ရုတ်သိမ်းခွင့်ရှိပါတယ်။

သတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး တရားမျှတမှုရှိတဲ့ အဆုံးအဖြတ်နဲ့လုပ်ဖို့ကတော့ ပကတိလိုအပ်ချက်ဖြစ်ပါတယ်။ ဒီကျင့်စဉ်ကိုတော့ လက်ရှိ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာပြည်မှာအသုံးချဖို့ မသင့်တော်သေးပါဘူး။

၂ဝ၁၅ ကနေမှ စပြီး လိုအပ်ရင် သုံးဖို့ပြင်ဆင်ထားရပါမယ်။ • လောလောဆယ် ကျင့်သုံးဖို့လိုအပ်နေတဲ့နည်းကတော့ ပထမနည်းပါပဲ။ လုပ်နိုင်တဲ့နည်းလမ်းတွေကတော့ - • လက်မှတ်ထိုးပြီးတောင်းဆိုမယ်။ … … … ။

…လက်ရှိအခြေအနေအရ အချိုးမကျတဲ့ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရဲ့ အချက်အခြာကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ လက်မှတ်ထိုးတောင်းဆိုမှုတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ကျောင်းသားဟောင်းများရဲ့ ငြိမ်း/ပွင့် က အားသွန်ခွန်စိုက် ဆောင်ရွက်နေကြပါတယ်။ ဒါဟာ ပြည်သူဦးဆောင်တဲ့ အားတက်သရောတောင်းဆိုမှုပါပဲ။

ဒီလှုပ်ရှားမှုမှာ ပြည်သူတိုင်း နိုင်ငံရေးသဘောတရားကိုနားလည်ပြီး နိုင်ငံအတွက်အကောင်းဆုံးဖြစ်အောင် စဉ်းစားဆုံးဖြတ်တဲ့အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးပြီး တောင်းဆိုဖို့လိုပါတယ်။

• ဒီမိုကရေစီမလိုလားသူတွေက “ပြည်သူတွေဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နကန်းတလုံးမှနားမလည်သူတွေမို့ လက်မှတ်ထိုးတောင်းဆိုနေတာဟာ အဓိပ္ပါယ်မရှိဘူး” လို့ ဝင်ဖျက်နေတာကို အားလုံးကြားပြီးသား ဖြစ်မှာပါ။

ဘယ်နိုင်ငံမှာမှ ပြည်သူတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကြေကြေညက်ညက်နားလည်တာမဟုတ်ပါဘူး။

ကိုယ်ယုံကြည်ရာ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေ ရိုးရိုးသားသားရှင်းလင်းပြသမျှကို နားလည်ပြီးမဲပေးကြတာထုံးစံပါ။ နားမလည်လို့ စိတ်ပျက်အားလျော့စရာမလိုပါဘူး။

ကိုယ့်ကိုလိမ်ညာလှည့်စားသွားရင်လည်း ကိုယ်ကလွှတ်တော်ကိုယ်စားလှယ်ပြန်ရုတ်သိမ်းပိုင်ခွင့်ရှိတာပဲ။ •

လမ်းပေါ်ထွက်ပြီးတောင်းဆိုမယ်။… … … ။

…တိုင်းပြည်မှာ အသည်းအသန်အရေးကြီးတဲ့ကိစ္စရပ်ကိုကြှုံတဲ့အခါဆိုရင်တော့ ရက်ရှည်လများအကောင်အထည်ဖော်ရမယ့် တောင်းဆိုမှုတွေလုပ်ပြီးဖြေရှင်းဖို့ အချိန်မရပါဘူး။ ဒီလိုအခါမျိုးမှာ ပြည်သူတွေက စုဝေးဆန္ဒပြလေ့ရှိပါတယ်။ နေ့ချင်းညချင်း ဖြေရှင်းပေးမှဖြစ်မယ့်ကိစ္စတွေမို့ လမ်းပေါ်ထွက်အင်အားပြကြရပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေအရ အကြံပေးရရင် လမ်းပေါ်ထွက်တဲ့အခါ မသမာသူတွေက အလံရှူးလုပ်ပြီးဆူပူအောင်ဝင်နှောက်ယှက်နိုင်တာမို့ စစ်တပ်ကအာဏာပြန်သိမ်းစရာ အကွက်ကောင်းဝင်သွားမှာမို့ ရုတ်ရုတ်သဲသဲဖြစ်နိုင်မယ့် ဆန္ဒပြပွဲတွေကို ရှောင်ဖို့လိုပါတယ်

။ စိတ်ချရရင်တော့ အင်အားပြတဲ့နည်းဟာ ထိရောက်ပါတယ်။ • စာတမ်းထိုးပြီးတောင်းဆိုမယ်။... … … ။…တိုင်းပြည်အတွက်လည်း အရေးကြီးပြီး လမ်းပေါ်ထွက်ရင်လည်း အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးမှာတော့ ပြည်သူတရပ်လုံးလုပ်နိုင်တဲ့လှုပ်ရှားမှုက အထိမ်းအမှတ်ပြပြီး တောင်းဆိုတဲ့နည်းပါပဲ။ လူတိုင်းလူတိုင်း တနိုင်ငံလုံးက လိုချင်နေတဲ့အမျိုးသားရေးကိစ္စကို ကိုယ်ပေါ်မှာမြင်သာအောင် စာတမ်းထိုးထားတဲ့နည်း တမျိုးမျိုးနဲ့ ကိုယ့်တောင်းဆိုမှုကို တစိုက်မတ်မတ်ပြနိုင်ပါတယ်။

လူတိုင်း ဣနြေ္ဒမပျက်သုံးသွားနိုင်တဲ့နည်းက ရင်ထိုးစာတမ်းလေးတွေ ကပ်တဲ့နည်းပါပဲ။ လူတိုင်းလူတိုင်း တသံတည်းထွက်တာထင်ရှားအောင် တနိုင်ငံလုံးလိုလားချက်ကို တောင်းဆိုချက်တခုအဖြစ် သတ်မှတ်ဖော်ပြဖို့ပါပဲ။ • ဒီလို အနုနည်းနဲ့တောင်းဆိုနည်းတွေဟာ အာဏာရှင်စနစ်အောက်လုံးဝရောက်နေတဲ့ န.ဝ.တ. ခေတ် န.အ.ဖ. ခေတ် တွေမှာ တိုးမပေါက်ဘဲ အကြမ်းဖက်နှိမ်နင်းခံခဲ့ရတာကို အားလုံးသိပြီးသားပါ။ ဒါကြောင့် အခုလို နိုင်ငံတကာနဲ့ အဆက်မဖြတ်ရဲလို့ လူမြင်ကောင်းရုံ မဆိုစလောက် ဒီမိုကရေစီလေးပေးထားတုန်း လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကိုလုပ်ပြီး အမြန်ဆုံးလွတ်မြောက်အောင် ရုန်းထွက်ကြဖို့လိုပါတယ်။ • မတရားဖမ်းဆီးနှိပ်ကွပ်ခံရမယ့်ခေတ်မျိုးမရောက်ချင်ကြဘူး မဟုတ်လား။ • လူ့အခွင့်အရေးလည်း အပြည့်အဝလိုချင်ကြတယ် မဟုတ်လား။ • သွေးထွက်သံယိုလည်း မမြင်ချင်ကြဘူး မဟုတ်လား။ ဒီတော့ အနုနည်းလေးနဲ့ အားစိုက်ပြီး ရုန်းလိုက်ကြပါ။ အခွင့်အရေးကောင်းဟာ နှစ်ခါပြန်မလာတတ်ဘူးဆိုတာ သတိချပ်ပါ။

ဦးဝင်းမောင်

အော့စလို၊ နော်ဝေ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.