07/08/14

ဦးစည်သူအောင်မြင့်။ ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ အလွန် အရုပ်ဆိုးအကျည်းတန်းတဲ့ အကြမ်းဖက်မှု တစ်ခု ဖြစ်ပွားသွားခဲ့ပါပြီ။ လူနှစ်ယောက်သေ၊ တစ်ချို့ ဒါဏ်ရာရ၊ နေအိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ တိုက်ခိုက်ဖျက်ဆီး ခံရတာတွေ ဖြစ်ပွားခဲ့ပါပြီ။ ထုံးစံအတိုင်း နည်းပညာခေတ်ကြီးမှာ ဒီ သတင်း ကမ္ဘာတစ်လွှား တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီ ထက်ပိုဆိုးတာက မန္တလေးနေ ပြည်သူတွေရဲ့ စိတ် မလုံခြုံမှု၊ အထူးသဖြင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ နိုင်ငံသားတွေရဲ့ စိတ်မလုံခြုံမှုကတော့ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ပါပြီ။ ရခိုင်ပြည်နယ်က စ လိုက်တဲ့ ဒီ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပြသနာဟာ မိတ္တီလာ၊ ရှမ်းပြည်နယ် လားရှိုး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတွေမှာ ဖြစ်ပွားခဲ့ပြီး ရပ်ဆိုင်းမသွားရုံမက အခု မန္တလေး ရွှေမြို့တော်ကြီးမှာလည်း ဖြစ်ပွားခဲ့ပြန်ပါပြီ။ ပြသနာ ဘယ်လိုဖြစ်ရတာပါလဲ၊ ဒီ ပြသနာနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ကိုင်တွယ်ဆောင်ရွက်နိုင်ပါရဲ့လား ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ လက်ရှိ မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဟာ အထူးအဆန်း ဖြစ်စဉ်မျိုးတော့ မဟုတ်ပါဘူး။ ကြိုတင် မသိရှိ၊ မတားဆီး လို့ မရတဲ့ အဖြစ်အပျက်မျိုးလည်း မဟုတ်ပါဘူး။ ဇတ်လမ်းကတော့ ထုံးစံအတိုင့်း မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့်က နေ လဖက်ရည်ပိုင်ရှင် အစ္စလာမ် ဘာသာဝင်နှစ်ယောက် ပျဉ်းမနားမြို့ရဲစခန်းမှာ မုဒိန်းမှုနဲ့ အမှုဖွင့် တိုင်ကြားခံရတယ် ဆိုတာ ကနေ စ ပါတယ်။ ဒါက တိုင်ကြားထားတဲ့အဆင့်မှာပဲ ရှိသေးပြီး ရဲတပ်ဖွဲ့ကိုယ်တိုင်က စုံစမ်း မေးမြန်းနေဆဲ အခြေအနေပါ။ စွတ်စွဲခံရသူတွေကိုလည်း ဖမ်းတာ ဆီးတာ မလုပ်ပါဘူး။ ဒါပေမယ့် ပြသနာက အဲလောက်နဲ့ ရပ်မနေပါဘူး။ ဒီ တိုင်ကြားခံရမှု ပြသနာကို အခြေပြုပြီး အစွန်းရောက်သူ တစ်ချို့ဟာ အင်တာနက် လူမှုကွန်ယက် စာမျက်နှာကနေ တဆင့် တကယ်ကျူးလွန်ခဲ့တဲ့ မှုခင်းကြီးဖြစ်သယောင်၊ အမုန်းတရား ပေါ်ပေါက်လာအောင် လှုံ့ဆော်မှုတွေ တရစပ် လုပ်ခဲ့ကြပါတယ်။

ထင်ရှားတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေထဲမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ၊ မန္တလေး မဘသ အဖွဲ့ခေါင်းဆောင် အရှင်ဝီရသူနဲ့ အခြား သူတွေ ပါဝင်ကြပါတယ်။ ဒီ အမုန်းတရား ဖြန့်ဖြူးမှု အခြေခံက စပြီး မန္တလေး ၂၇ လမ်းနဲ့ ၂၈ လမ်းဒေါင့် က လက်ဖက်ရည်ဆိုင် ပါတ်ဝန်းကျင်မှာ မငြိမ်မသက်ဖြစ်ပါတယ်။ ဒါကို ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အဲဒီလို ထိန်းသိမ်းနေတဲ့ကြားက စောစောက ပြောခဲ့သလို လူသေဆုံး၊ ထိခိုက်ဒါဏ်ရာ ရသူရ၊ နေအိမ်အဆောက်အဦနဲ့ ကားဆိုင်ကယ်တွေ ဖျက်ဆီးခံရတဲ့ အထိ ဖြစ်ပွားခဲ့တာပါ။ ဒီနေရာမှာ မေးစရာ တစ်ခုရှိပါတယ်။ အခုလို ဘာသာခြားက မုဒိန်းကျင့်တယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းကို ပျံ့အောင် ဖြန့်၊ တဆက်တည်း ဘာသာခြား အမုန်းတရား ပျံ့နှံ့အောင်လုပ်၊ နောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွား ဆိုတဲ့ ဖေါ်မြူလာဆန်ဆန် လုပ်ရပ် သမ္မတ ဦးသိန်းစိန် အစိုးရက မသိ၊ မတားဆီး နိုင်ဘူးလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြသနာကို သမ္မတ ဦးသိန်းစိန် နဲ့ အစိုးရအဖွဲ့ ပြီးခဲ့တဲ့ နှစ်ကတည်းက သိခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၃ ဇူလိုင် ၂ ရက် မိန့်ခွန်းကို နည်းနည်း ပြန်နားထောင်ကြည့်ရအောင်ပါ။ သမ္မတရဲ့ မိန့်ခွန်းတစ်နေရာမှာ အဲဒီ အချိန်က မလေးရှားရောက် မြန်မာအလုပ်သမားတစ်ချို့ တိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး ခုလို ပြောဆိုထားပါတယ်။ “ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့် ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တာပဲ ဖြစ်တယ်။ ” လို့ ဆိုပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ဟာ Hate Speak လို့ခေါ်တဲ့ အမုန်းတရား ဖြန့်ဖြူးမှုရဲ့ အန္တရာယ်ကို သိနေတဲ့ သဘော သက်ရောက်ပါတယ်။

ဆက်ပြီးပြောတာက “ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။ အခုဆို သမ္မတ အဲဒီ မိန့်ခွန်းပြောတာ တစ်နှစ်တိတိ ရှိသွားပါပြီ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှုရဲ့ အဓိက လက်သည်တရားခံဖြစ်တဲ့ အဲဒီ အမုန်းတရား ဖြန့်ဖြူးသူ တစ်ဦးတစ်ယောက်ကိုမှ အစိုးရက အရေးယူတာ မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ပိုပြီး အတင့်ရဲ ပိုပြီး ဆိုးရွားလာ၊ နောက်ထပ် အကြမ်းဖက်မှုတွေ အချိန်မရွေး ဖြစ်လာနိုင်သေးတယ် ဆိုတဲ့ အနေမျိုး ကြုံတွေ့ရလာတာ ဖြစ်ပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ သမ္မတ ဦးသိန်းစိန်ဟာ အမုန်းတရားဖြန့်ဖြူးတဲ့သူတွေကို အရေးယူမယ် ဆိုတဲ့ မိန့်ခွန်းပြောပြီး တစ်နှစ်အကြာ အခု ဇူလိုင် ၃ ရက်နေ့မှာ နောက်ထပ် မိန့်ခွန်းတစ်ခု ပြောခဲ့သလို မန္တလေးမှာ အကြမ်းဖက်မှုကြီးတစ်ခုကလည်း တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖြစ်လာတာ ကြုံရပါတယ်။ သမ္မတ ဦးသိန်းစိန် ပြောတာက “ ပြုပြင်ပြောင်းလဲရေး အာင်မြင်နိုင်ဖို့အတွက် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူများအကြားမှာ မုန်းတီးမှုများဖြစ်ပွားစေမယ့် ပြုမူပြောဆို ရေးသားမှုများနဲ့ လှုံ့ဆော်မှုများကို ရှောင်ရှားကြဖို့ တိုက်တွန်းအပ်ပါတယ်။ နိုင်ငံသား အချင်းချင်း၊ တိုင်းရင်းသား အချင်းချင်း၊ အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ပြည်သူတွေဒုက္ခမျိုးစုံ တွေ့ကြုံနေကြရတာကို ကမ္ဘာ့ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြ နေပါတယ်။ ဒါကြောင့် နိုင်ငံသားများအကြား အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြရမှာလည်း ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

ဦးစည်သူအောင်မြင့်။ ။ သမ္မတ ဦးသိန်းစိန် ပြောတာ ရှင်းပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရေးယူရမယ် ပြောခဲ့ပေမယ့် အခုတစ်နှစ်ပြည့်တဲ့ အချိန်မှာတော့ သူတို့ အစိုးရ အာဏာပိုင်တွေအနေနဲ့ ဘာတာဝန်မှ ယူတော့မှာ မဟုတ်ပဲ လူ့အဖွဲ့အစည်းကသာ ရှုတ်ချပြစ်တင် ဆန့်ကျင်ကြပါ ဆိုပြီး ပြည်သူတွေ လက်ထဲ ပြန်ထိုးထည့်သွားခဲ့တာပါ်။ အဓိပ္ပါယ်ကတော့ ဒီပြသနာကို ကိုင်တွယ် အရေးယူနိုင်တဲ့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတ ဦးသိန်းစိန် ညွှန်ကြားလို့ မရဘူး ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပြောရရင် နိုင်ငံ့အကြီးအကဲ အထွတ်အထိပ် လို့ ခေါ်ဝေါ်သမုတ်နေကြတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကိုကြည့်ရင် သူ့အစိုးရလက်ထက် ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး ဘာမှ အရေးယူနိုင်တာ မရှိသလို လုပ်နိုင်စွမ်းမရှိတာလဲ ပေါ်လွင်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်
VOA Burmese





VOA - 07.07.2014 07:55

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအနေနဲ့ နေရာနဲ့တာဝန်ကို ခွဲခြားမြင်ဖို့လိုကြောင်း ဂျူလိုင်လ (၅) ရက်နဲ့ (၆) ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်ကြာ ရန်ကုန်မြို့မှာကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ NLDပါတီ လူငယ်ညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။ ဒီညီလာခံကနေ အဖွဲ့ဝင် (၁၅) ဦးပါ NLD ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

NLD ပါတီရဲ့ ဗဟိုလူငယ်ညီလာခံတချို့ကို လွန်ခဲ့တဲ့ နှစ်အစိတ် ၁၉၈၉ ခုနှစ်တုန်းက တိုင်းနဲ့ပြည်နယ်တချို့မှာ လုပ်နိုင်ခဲ့ပေမယ့် တနိုင်ငံလုံး ဆိုင်ရာ လူငယ်ညီလာခံကို အခုလို ကျင်းပတာတော့ ဒါပထမဦးဆုံးအကြိမ်လို့ပဲ ဆိုရမှာပါ။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိကြတဲ့ NLD ပါတီ လူငယ် တာဝန်ခံတွေကို ရပ်ကျေး မြို့နယ်အဆင့်တွေကနေ တိုင်းနဲ့ပြည်နယ် အဆင့်တွေအထိ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ ညီလာခံမှာ လူငယ်ကိုယ်စားပေါင်း (၁၆၆) ဦးတက်ရောက်ခဲ့တဲ့ထဲကမှ လူငယ်ခေါင်းဆောင် (၅၇) ဦးကို ရွေးချယ်ပြီး NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ် ဦးဆောင်အဖွဲ့အဖြစ် ဖွဲ့စည်းပြီးနောက် အဲဒီ (၅၇) ဦးထဲကမှ လူငယ် ခေါင်းဆောင် (၁၅) ဦးကို ထပ်မံရွေးချယ်ပြီး ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်တာပါ။

ဒီညီလာခံကို ရည်ရွယ်ချက် (၃) ရပ် လုပ်ငန်းစဉ် (၈) ခု ချမှတ်ပြီး ကျင်းပခဲ့တာဖြစ်ကြောင်း NLD ပါတီ လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက VOA ကို ပြောပါတယ်။

“ဒီလူငယ်ညီလာခံကြီးကနေပြီးတော့ အနာဂတ်မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို ဖော်ထုတ်ဖို့ပေါ့နော်၊ အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖော်ထုတ်ပြီးတော့ လူငယ်လုပ်ငန်းတွေကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်တွေ ဖွဲ့စည်းပြီးတဲ့အခါမှာ ဒီအဖွဲ့တွေကနေပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့မူဝါဒတွေ၊ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို ဒိထက်ပိုပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင်ရယ်၊ ပြီးတော့ လူငယ်ထု ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်နိုင်အောင်ရယ်၊ ဒေသန္တရ ဖွံ့ဖြိုးရေးတွေကို စီမံအကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင်ရယ်၊ အဲလို အခြေခံ ရည်ရွယ်ချက်တွေ ရှိပါတယ်။”

နှစ်ရက်ကြာ ကျင်းပတဲ့ NLD ပါတီ ဗဟိုလူငယ်ညီလာခံကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့ပါတယ်။ နေရာနဲ့ တာဝန်ကို ခွဲခြားမြင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို တိုက်တွန်းခဲ့ကြောင်း ဦးမောင်မောင်ဦးက ပြောပါတယ်။

“အဓိကပြောသွားတာတော့ တာဝန်နဲ့ နေရာကို ခွဲခွဲခြားခြား ပြောသွားပါတယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်နဲ့ပတ်သက်လို့ ဘာ နေရာပေးမှာလဲ။ နေရာပေးဖို့ မရှိဘူး၊ တာဝန်ပေးဖို့ပဲ ရှိတယ်ဆိုတာကို အဓိက ဇောင်းပေးပြီး ပြောပါတယ်။ မနေ့က ညစာစားပွဲမှာတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက လူငယ်တွေ ကြုံတွေ့နေရတဲ့ အခြေအနေအားလုံးကို သူ စိတ်ဝင်တစားနဲ့ သေချာမေးမြန်းပါတယ်။ သေချာ နားထောင်တယ်။ ပိတ်ပွဲ အခမ်းအနားမှာတော့ ထွက်လာတဲ့ရလဒ်ကို သူ အရမ်းကျေနပ်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေ အကုန်လုံးနီးပါး ပါတယ်။ ပြီးတော့ အမျိုးသမီးတွေ ၅၀ % လောက် ပါလာတာကို သူ အရမ်းကျေနပ် ဝမ်းသာသွားပါတယ်။ ဒါကို သူ အပိတ်မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။”

အသစ်ရွေးချယ်ခံရတဲ့ထဲမှာ NLD ဗဟိုလူငယ် လုပ်ငန်းအဖွဲ့တာဝန်ခံအဖြစ် ဧရာဝတီတိုင်းက ဒေါက်တာစိုးမိုးသူကို ရွေးချယ်ခဲ့ကြတာပါ။ တာဝန်ခံ ဖြစ်လာတာနဲ့ပတ်သက်လို့ ဒေါက်တာစိုးမိုးသူက သူ့အမြင်ကို ခုလို ပြောလာပါတယ်။

“အခု ကျနော် တာဝန်ခံဖြစ်လာပြီဆိုတော့ NLD လူငယ် ဗဟိုလုပ်ငန်းအဖွဲ့ တာဝန်ခံဖြစ်တဲ့အတွက်ကြောင့် NLD လူငယ်လုပ်ငန်းတွေကို အကုန်လုံး ကျနော် ဦးဆောင်ရမှာ ဖြစ်တော့ လူငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးကအစပေါ့ဗျာ၊ လူငယ်ထုထဲမှာ နိုင်ငံရေး ဆိုတဲ့ စိတ်ဓာတ်လေး၊ လူငယ်တွေ နိုင်ငံရေးလုပ်တယ်ဆိုတာ အပြစ်မဟုတ်ပါဘူး။ မိဘတွေက ကျနော်တို့ကို အမြဲတားလေ့ရှိတယ်။ နိုင်ငံရေး မပတ်သက်နဲ့၊ နိုင်ငံရေးနဲ့ မပတ်သက်နဲ့…အဲဒီ အမြင်ကို ကျနော် တွန်းလှန်ချင်တယ်ပေါ့နော်။ အဲဒီတော့ လူငယ်တွေကိုလည်း နိုင်ငံရေး စိတ်ဝင်စားလာအောင် ဦးဆောင်ဦးရွက်နဲ့ ရှေ့တန်းကနေပြီးတော့ မားမားမတ်မတ် ရင်ဆိုင်ပြီး လူငယ်တွေကို အမြင်ဖွင့်ပေးချင်တယ်လို့ ကျနော် ပြောချင်ပါတယ်ခင်ဗျ။ ကျနော်လည်း နေရာလိုချင်လို့ဆိုတာထက် ကျနော်က တာဝန်ထမ်းဆောင်ချင်တာပါ။ ဘာမှ မျှော်လင့်ပြီး ကျနော်ဝင်လာတာ မဟုတ်ပါဘူး။”

အခု ရွေးချယ်လိုက်တဲ့ NLD ဗဟို လူငယ်လုပ်ငန်းအဖွဲ့ဝင် (၁၅) ဦးထဲမှာ အမျိုးသမီး (၇) ဦးနဲ့ အမျိုးသား (၈) ဦး ပါဝင်ပြီး တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်က ကိုယ်စားလှယ်တွေကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေက လူငယ်တွေပါဝင်ပြီး တိုင်းရင်းသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်ခင်ဗျား။


http://www.7daydaily.com/
မန္တလေးပဋိပက္ခတွင် သတင်းထောက်များကို ပစ်မှတ် ထားခြိမ်းခြောက်မှုများ ရှိနေပြီး ယင်း ခြိမ်းခြောက်မှုများအား အရေးယူဆောင်ရွက်ပေးရန် စာ နယ်ဇင်းအဖွဲ့အစည်းများမှ တစ် ဆင့် အစိုးရထံတောင်းဆိုသွား မည်ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် သတင်းဌာနများက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စတင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခ များအတွင်း အခင်းဖြစ်ပွားရာ နေရာများသို့ သွားရောက် သတင်းရယူနေသော သတင်းထောက် များအား ဓာတ်ပုံရိုက်ကူးကာ ယင်းသတင်းထောက်များအား တိုက်ခိုက်မှုများ ပြုလုပ်ရန် လှုံ့ဆော်ခြင်းနှင့် သတင်းဌာနများအားနည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခြင်းများစွာ ဖြစ်ပွားလျက်ရှိသည်။

Marn Htan Myo အမည် ဖြင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက ကင်မရာကို ဖျက်ဆီးပုံ၊ ဖျက်ဆီးနည်းများ ဖြန့်ဝေခဲ့ပြီး မန္တလေးတွင်ရောက်ရှိနေသည့် သတင်းထောက်များ၏ ကင်မရာများကိုဖျက်ဆီးပစ်ကြရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။

‘‘ကင်မရာကို ကွမ်းတံတွေး နဲ့ ထွေးတာ၊ တံတွေးနဲ့ ထွေးတာ၊ သဲနဲ့ မှန်ဘီလူးထဲထည့်လိုက်တာ ဒါတွေကတော့ စနစ်တကျလုပ် ထားတယ်လို့ပဲ ယုံကြည့်လို့ရတဲ့ အချက်အလက်တွေ။ ဒါမှမဟုတ် သူ့မှာ အတွေ့အကြုံရှိပြီးသား။ ဒီ လိုမျိုးတော့ ယေဘုယျယူဆလို့ရ တာပေါ့’’ဟု မဇ္ဈိမသတင်းဌာန၏ မြန်မာပိုင်းတာဝန်ခံ ဦးမျိုးသန့်က ပြောသည်။

ထို့အပြင် သတင်းရယူနေ သည့် သတင်းထောက်များကို စနစ်တကျ မှတ်တမ်းတင်ခဲ့ကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်များ တွင်သတင်းထောက်များကို ဓာတ်ပုံနှင့်တကွတင်ပြီး တိုက်ခိုက်ကြရန် လှုံ့ဆော်ခဲ့ကြသည်။

‘‘ဖေ့စ်ဘွတ်ခ်ထဲမှာ ကျွန် တော်တို့ ဓာတ်ပုံဆရာရဲ့ဓာတ်ပုံ ကို ဖြန့်ပြီးတော့ ဒီလူကိုတွေ့ရင် တော့ ၀ိုင်းပြီးတော့ တွယ်လိုက် ကြ၊ နှက်လိုက်ကျလို့ သဘော ရောက်စေတဲ့ အရေးအသားတွေ ဖြန့်ပါတယ်’’ဟု ဧရာဝတီသတင်း ဌာန၏ တာဝန်ခံအယ်ဒီတာဦးရဲ နည်ကပြောသည်။

အခင်းဖြစ်ပွားရာနေရာများ သို့ သွားရောက်သတင်းရယူရာ တွင် ရဲတပ်ဖွဲ့နှင့်အတူ သတင်း လိုက်ယူနေရသည့် အခြေအနေ တွင်ရှိကြောင်း၊ ရဲတပ်ဖွဲ့မရှိသည့် နေရာများတွင် လိုက်လံသတင်း ယူသည့်အခါ လူအုပ်စုဖွဲ့ပြီး ခြိမ်းခြောက်မှုမျိုးရှိကြောင်း ဦးရဲနည်ကပြောသည်။

‘‘ရဲတပ်ဖွဲ့အနေနဲ့ သတင်း ထောက်တွေရဲ့ လုံခြုံရေးကို သူတို့နဲ့ အတူတကွရှိနေတဲ့အချိန်မှာ ကာကွယ်ပေးပါတယ်။ အဲဒါကိုကျွန်တော်တို့ လုံးဝအသိအမှတ်ပြုတယ်။ တာဝန်သိတဲ့အ တွက် လေးလည်းလေးစားပါတယ်’’ ဟု ဦးရဲနည်ကပြောသည်။

အကြမ်းဖက်မှုလုပ်နေသည့် အဖွဲ့အစည်းများက ၎င်းတို့ မဖော်ပြစေချင်သည့်ပုံများကို မီဒီယာများက ဖော်ပြမည် စိုးရိမ်သဖြင့် မီဒီယာကို ပစ်မှတ်ထားကာ ခြိမ်းခြောက်လာကြောင်း ကမာရွတ်မီဒီယာတည်ထောင်သူ ဦးနေသန်မောင်ကပြောသည်။

‘‘အဓိကခြိမ်းခြောက်တာက တော့ သူတို့မကြိုက်တဲ့ သတင်း တွေ ဖော်ပြနေလို့ပဲ။ ကျင့်ဝတ် ညီတယ်၊ မညီဘူးသူတို့ပြောနေ တာမဟုတ်ဘူး။ သူတို့လည်း နားမ လည်ဘူး။ မီဒီယာကျင့်ဝတ်ဆို တာ ဘာလဲဆိုတာ စွပ်စွဲနေတဲ့သူ တွေက မသိဘူး။ ဒါပေမဲ့ သူတို့ စွပ်စွဲနေတာက ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေက ဒီလိုမျိုးဖော်ပြနေ တာ သူတို့မကြိုက်ဘူး’’ဟု ဦးနေ သန်မောင်ကပြောသည်။

သတင်းမီဒီယာများကို ခြိမ်းခြောက်သူများသည် ဖေ့စ်ဘွတ်ခ်တွင်သာမက အီးမေးလ်၊ ဖုန်းစသည်တို့ဖြင့်လည်း ခြိမ်း ခြောက်မှုများ ပြုလုပ်လျက်ရှိ သည်။

ရန်ကုန်အခြေစိုက် 7 Day သတင်းဌာနကိုလည်း အီးမေးလ်မှတစ်ဆင့် မန္တလေးမြို့ခံ အယောင် ဆောင်ကာ ခြိမ်းခြောက်သည့် စာ များပေးပို့ခဲ့သည်။

‘‘မီဒီယာကျင့်ဝတ်တွေ၊ သတင်းစာကျင့်ဝတ်တွေ၊ ဘာတွေလာမပြောမနေနဲ့။ မင်းတို့ သတင်းထောက်တွေ သတ္တိရှိရင် ညဘက်ကျုံးဘေးလာခဲ့။ ကုလားဘက်ပါမယ်တော့မကြံနဲ့။ မန္တလေးသားတွေ အကြောင်းသိစေရမယ်’’ဟု မန္တလေးမှပေးပို့သည့် ပုံစံဖြင့် tunmrat@gmail.com အမည်ဖြင့် အီးမေးလ်ပေးပို့ကာ ခြိမ်းခြောက်ခဲ့သည်။ အုပ်စုတစ်စုက နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ခြိမ်းခြောက်စာ များကို အီးမေးလ်ဖြင့်ဖြစ်စေဖေ့စ် ဘွတ်ခ်မှ တစ်ဆင့်ဖြစ်စေ မကြာ ခဏရေးသားပေးပို့မှုများ လက်ခံ ရှိကြောင်း ကမာရွတ်မီဒီယာမှ ဦး နေသန်မောင်ကပြောသည်။

‘‘ဒီကိစ္စက မြန်မာပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကိုလည်း အကြီးအ ကျယ်ခြိမ်းခြောက်နေတာဖြစ် တယ်။ ပြည်သူအားလုံးရဲ့ သတင်းရပိုင်ခွင့်ကိုလည်း ခြိမ်းခြောက် တာဖြစ်မယ်။ အဲဒီခြိမ်းခြောက် နေတဲ့ လူတစ်စုက တစ်စုတည်း ပဲ။ မြန်မာပြည်မှာ အဲဒီဟာ အစိုး ရသိတယ်။ သူတို့ဖော်နိုင်တယ်။ အဲဒီတစ်စုတည်းကမျိုးစုံပတ်ပြီး လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတာ။ ဒါအန္တရာယ်ရှိတယ်’’ဟု ဦးနေသန်မောင်ကပြောသည်။

သတင်းမီဒီယာများအား ရည်ရွယ်ချက်ရှိရှိစနစ်တကျတိုက် ခိုက်ခြိမ်းခြောက်မှုများကို နိုင်ငံ တကာရှိသတင်းထောက်များနှင့် မီဒီယာလွတ်လပ်ခွင့် အကာအ ကွယ်ပေးသည့်အဖွဲ့အစည်းများ သို့ အကြောင်းကြားထားကြောင်း ဧရာဝတီသတင်းဌာနမှ ဦးရဲနည် ကပြောသည်။

‘‘ပြည်တွင်းမှာရှိတဲ့ သတင်း စာနဲ့ စာနယ်ဇင်းကိစ္စလုပ်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့က လည်း ဒီကိစ္စတွေကို အသိအမှတ် ပြုပြီး သတင်းထောက်တွေရဲ့ အသက်အန္တရာယ်လုံခြုံရေးလုပ် ဖို့မျှော်လင့်ပါတယ်’’ဟု ဦးရဲနည်ကပြောသည်။

မန္တလေးပဋိပက္ခအပါအ၀င် ပဋိပက္ခဖြစ်စဉ်အချို့တွင် သတင်း မီဒီယာများကို သေချာပြင်ဆင် ထားသည့်၊ အကြမ်းဖက်မှုများ စနစ်တကျလေ့ကျင့်ထားသည့် အဖွဲ့အစည်းအချို့က ပြုလုပ်နေသည့်ပုံစံအချို့ကိုတွေ့ရကြောင်း၊ ယင်းကိစ္စများအား အစိုးရအနေဖြင့် ဖိဖိစီးစီးအရေး ယူကိုင်တွယ်သင့်ကြောင်း မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးသီဟစောကပြောသည်။

‘‘အထူးသဖြင့် အကြမ်းဖက် အုပ်စုက သတင်းထောက်တွေကို အတော်ငြိုးနေကြတယ်။ သတင်းထောက်တချို့ကို ဓာတ်ပုံ မှတ်တမ်းရိုက်ယူထားတာမျိုးရှိတဲ့ အတွက် နောက်တစ်ကြိမ်တွေ့ တာနဲ့ ဒုက္ခပေးကောင်းပေးလာ နိုင်တယ်။ ရှေ့တန်းစစ်မြေပြင်လို စွန့်စားသတင်းယူပြီး ပြည်သူကို အဖြစ်မှန်တင်ပြပေးဖို့ ကြိုးစားနေ ကြတဲ့ ကျွန်တော်တို့ရဲ့လုပ်ဖော် ကိုင်ဖက်သတင်းထောက်တွေ အထူးဂရုစိုက်ကြပါ။ ကိုယ့်ကိုယ် ကိုယ်လုံခြုံမှုရှိဖို့က နံပါတ်တစ်ဆို တာ မမေ့ကြဖို့လိုပါတယ်’’ဟု The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

ကမာရွတ်မီဒီယာမှ တင်ပြ ထားသည့် သတင်းများ၏ အောက်တွင် လူမျိုးရေး၊ ဘာသာရေး၊ လိင်စသည့်အကြောင်းအရာ များကို အကြောင်းပြုပြီး အမုန်း တရားများ ဖြန့်ဖြူးခြင်း၊ ခြိမ်းခြောက်မှုများပြုလုပ်ခြင်းစသည်တို့ကို ပြုလုပ်သူများကို မှတ်တမ်းတင်ထားခြင်း၊ သုံးစွဲသူ စာရင်းမှ ပယ်ဖျက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၎င်းတို့ကို စာရင်းပြုစုပြီး လုံလောက်သည့်အချိန်တွင် အရေးယူနိုင်ရန် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ကမာရွတ်မီဒီယာမှ ဦးနေသန်မောင်က ပြောသည်။



http://7daydaily.com/
မန္တလေးမြို့ပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက အရေးပေါ်မိန့်ခွန်းတစ်ရပ်ကို ဇူလိုင်လ ၇ ရက်နေ့ည ၈ နာရီက နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုများမှ တဆင့်ပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် ပဋိပက္ခဖြစ်စေရန် ဖန်တီးသူများကို ပြတ်ပြတ်သားသား ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က သတိပေးလိုက်သည်။ သမ္မတပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

မိဘပြည်သူများခင်ဗျား -

ကျွန်တော့်အနေနဲ့ အခုလို မိန့်ခွန်းပြောကြားရတဲ့ အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာ့ယဉ်ကျေးမှု မြို့တော်လို့ဆိုရမယ့် မန္တလေးမြို့မှာ အမှုအခင်းကိစ္စတစ်ခုကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ ချဲ့ကားသွေးထိုးလှုံ့ဆော်မှုတွေကြောင့် ပြည်သူများ စိတ်မချမ်းသာဖွယ်ရာ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်ကို ပြောကြားလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတဲ့ အဆိုပါ ဆူပူရမ်းကားမှုများကြောင့် အပြစ်မဲ့ ထိခိုက်ဒဏ်ရာရကြသူများနဲ့ သေဆုံးသူ နှစ်ဦးအတွက်လည်း မိသားစုများနဲ့ထပ်တူ ၀မ်းနည်းမိပါကြောင်းလည်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူစဉ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များရဲ့ အဓိကရည်မှန်းချက်ဟာ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီအလေ့အထများ ထွန်းကားရှင်သန်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးပဲ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံး နိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်ပြီး ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တည်ဆောက်ရာမှာ အဓိကလိုအပ်ချက်ကတော့ လူ့အသိုက်အ၀န်းကြားမှာ ဒီမိုကရေစီ အလေ့အထများ ရှင်သန်ထွန်းကားရေးပွဲဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ နိုင်ငံသားများဟာ ဒီမိုကရေစီရဲ့ အနှစ်သာရများဖြစ်တဲ့ မတူကွဲပြားမှုများကို နားလည်လက်ခံခြင်း၊ လူအများစုရဲ့ ဆန္ဒနှင့်ဆုံးဖြတ်ခြင်းဖြစ်သော်လည်း လူနည်းစုရဲ့ အခွင့်အရေးများကိုလည်း လေးစားခြင်းနဲ့ မတူညီတဲ့ ရပ်တည်ချက်များအပေါ်မှာ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်းစတဲ့ အလေ့အကျင့်များကို မွေးမြူကြရမှာလည်း ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း နိုင်ငံသားများဟာ မိမိတို့ ယုံကြည်ရာဘာသာတရားများကို လွတ်လပ်စွာ ကိုးကွယ်ခွင့် အပြည့်အ၀ပေးအပ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလအတွင်းမှာပဲ ကျွန်တော်တို့ နိုင်ငံအနေနဲ့လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အချို့သော ပဋိပက္ခများဟာ ဆင်းရဲမွဲတေမှု၊ ပညာချို့တဲ့မှု၊ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျမှုစတဲ့ နက်နဲတဲ့ အကြောင်းတရားများစွာကြောင့် ဖြစ်ပေါ်ခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း အချို့သော ပဋိပက္ခများကတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီအလေ့အထများ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးကို တမင်နှောင့်ယှက်ဖျက်ဆီးလိုတဲ့ သဘောနဲ့ ရည်ရွယ်ချက်ရှိရီ လှုံ့ဆော်လုပ်ဆောင်ခြင်းဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။

မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အတ္တကိုရှေ့တန်းတင် လုပ်ဆောင်ကြသူများရဲ့ သွေးထိုးလှုံ့ဆော်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နာကျင်ခံစားခဲ့ရပြီး နိုင်ငံတကာမှာ တိုင်းပြည်ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိနဲ့ လူ့အသိုက်အ၀န်းများ ကြားမှာ အမုန်းတရားများ ပြန့်ပွားပြီး ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော် ဖန်တီးမှုများဟာ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးပြုလုပ်တာပဲဖြစ်ပြီး လူမျိုး၊ ဘာသာမရွေးသော မိမိတို့လူအဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ်ကျရောက်စေမယ့် လုပ်ရပ်များဖြစ်တဲ့အတွက် ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မန္တလေးသူ၊ မန္တလေးသားများဟာ လူမျိုးမရွေး ဘာသာမရွေးဘဲ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွ နေထိုင်လာခဲ့ကြတဲ့ အစဉ်အလာရှိခဲ့ကြပါတယ်။ တစ်ဦးရဲ့ ပွဲလမ်းသဘင်မှာ လူမှုရေးကိစ္စရပ်များမှာ တစ်ဦးက ကူညီဆင်နွှဲရင်းနဲ့ ကိုးကွယ်ရာဘာသာချင်း မတူညီသော်လည်း အသွင်တူတဲ့ မန္တလေးသူ မန္တလေးသားဆိုတဲ့ ဒေသစွဲစိတ်နဲ့ ငြိမ်းချမ်းစွာ အတူနေကြတဲ့ အခြားသောဒေသများအတွက်ပါ အတုယူစရာ စံပြလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ဂုဏ်သတင်း ကျော်ဇော်ပါတယ်။

ဒါကြောင့်လည်း ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မတည်မငြိမ်ြဖစ်အောင် သွေးထိုးလှုံ့ဆော်မှုများကို အားလုံးလက်တွဲပြီး အသိရှိရှိ၊ သတိရှိရှိနဲ့ စဉ်းစားဆင်ခြင်ဉာဏ်ရှိရှိ တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ အပြစ်မဲ့သေဆုံးရမှုနဲ့ ပျက်စီးဆုံးရှုံးမှုအချို့ကြောင့် ၀မ်းနည်းစရာကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ရသည့်တိုင် စိတ်ဖြေသာစရာတစ်ခုအနေနဲ့ မန္တလေးသူ မန္တလေးသားများဟာ လူတစ်စုရဲ့ မတရားဖန်တီးမှုကို လက်မခံဘဲ အတူလက်တွဲပြီး ဟန့်တားခဲ့ကြတာဖြစ်ပါတယ်။

သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များနဲ့ နှစ်ဖက်ဘာသာဝင်များက လူမှုရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများဟာ ဖြစ်ပေါ်လာတဲ့အခြေအနေများကို အတူလက်တွဲရင်ဆိုင်ခဲ့ကြပြီး ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အထူးလိုအပ်နေတဲ့ တစ်ဦးနဲ့တစ်သီး အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ တန်ဖိုးများကို မန္တလေးမြို့မှာ အထင်အရှား တွေ့မြင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့လည်း မန္တလေးမြို့ တည်ငြိမ်အေးချမ်းသာယာရေးအတွက် အခုလို ညီညီညွတ်ညွတ် လက်တွဲလုပ်ဆောင်မှုများကို အားပေးကြိုဆိုပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုများပြုလုပ်ရာမှာ အားလုံးနဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် လုံလောက်တဲ့ လုံခြုံရေးအဖွဲ့အစည်းများရဲ့ အကူအညီကိုရယူပြီး လိုအပ်တဲ့ စီမံခန့်ခွဲမှုများကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါတယ်။

အကြမ်းဖက်မှုအတွင်းမှာ ပါဝင်ခဲ့ကြသူများနဲ့ ပဋိပက္ခဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သူများကိုလည်း စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသားနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြမ်းဖက်ဖျက်ဆီးမှုများကိုလည်း နိုင်ငံတော်အနေနဲ့ လုံးဝသည်းခံမှာမဟုတ်ဘဲ ချက်ချင်းပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှာဖြစ်တဲ့အကြောင်းလည်း ထပ်လောင်းပြောကြားအပ်ပါတယ်။

တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းရဲ့ အကျိုးကို မရှေးရှုဘဲ ကိုယ်ကျိုးအတ္တကိုရှေ့တန်းတင်ပြီး နိုင်ငံကို ဖျက်ဆီးလိုသူများဟာ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ လူ့အဖွဲ့အစည်းတိုင်းမှာရှိနေတာဖြစ်ပါတယ်။ အခု မန္တလေးမြို့မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့ တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ အခုလိုသွေးထိုးလှုံ့ဆော်မှုများ၊ ဥပဒေမဲ့လုပ်ဆောင်မှုများနဲ့ ရန်ပြုမှုများကို ထောက်ခံအားပေးခြင်း၊ ဥပဒေမဲ့တုန့်ပြန်ခြင်းမပြုဘဲ တရားဥပဒေအတိုင်းဖြစ်စေဖို့အတွက် နိုင်ငံသားအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြား အပ်ပါတယ်။ နိုင်ငံသားအချင်းချင်း အမုန်းတရားကြီးထွားစေမယ့် အပြောအဆိုများ၊ ရေးသားမှုများနဲ့ ပြုမူဆောင်ရွက်မှုများကို အားမပေးဘဲ ရှောင်ရှားကြဖို့၊ ပါဝင်လုပ်ဆောင်မှုမပြုကြဖို့နဲ့ အဆိုပါအပြုအမူများကို ပြတ်သားစွာအရေးယူဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံသားအားလုံးက အသိရှိရှိ၊ ဥာဏ်အမြော်အမြင်ကြီးကြီးထားပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ လက်ရှိမန္တလေးမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့အခြား မည်သည့်နေရာဒေသမှာမှ ထပ်မံမဖြစ်ပွားဖို့နဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမယ့်သွေးထိုးလှုံ့ဆော်မှုတွေကိုလည်း တရားဥပဒေနဲ့အညီ ပြတ်သားစွာ အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်သူအားလုံးက အစိုးရနဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။


http://www.tomorrow.com.mm
ဒီနေ့ မြန်မာပြည်မှာ မီဒီယာဟာ ထိပ်တန်းနေရာကို ရောက်လာသလို လက်ရှိ အစိုးရရဲ့ အကြောက်ဆုံး နေရာကိုလည်း ရောက်လာခဲ့ပါပြီ။ မီဒီယာသမားတွေ အရေးယူခံရတာကို ခတ်စိတ်စိတ် ကြားလာရသလို မီဒီယာတွေ ကျင့်ဝတ် ချိုးဖောက်တယ် မချိုးဖောက်ဖူးဆိုတဲ့ အသံတွေလည်း ကြားလာရပါတယ်။ အဆိုးဆုံးကတော့ မီဒီယာတွေကို ခြိမ်းချောက်လာတာပါ။ ခုဆို သတင်းယူသလိုလိုနဲ့ ခေါ်ယူစစ်ဆေး မေးမြန်းနေတယ် ဆိုတာလည်း ကြားလာရပြန်ပါတယ်။

တစ်ဖက်မှာတော့ နိုင်ငံရေးသမားလို့ ခေါ်ဆိုရမယ့် ဒီမိုကရက်တစ် အင်အားစုတွေနဲ့ မီဒီယာ အဆက်အစပ်ဟာ သိပ်ပြီး အားကောင်းလာတာ မတွေ့ရပါဖူး။ တိတိကျကျ ပြောရရင် နိုင်ငံရေး ပါတီတွေနဲ့ အတိုက်အခံ နိုင်ငံရေးအုပ်စုတွေဟာ မီဒီယာကို လက်တွေ့ကျကျ အသုံးပြုတာ မတွေ့ရပါဘူး။ လာပြီးမေးရင် ဖြေတာလောက်နဲ့တော့ မီဒီယာနဲ့ ဆက်ဆံရေး ကောင်းပါတယ်လို့  မပြောသင့်တာ အမှန်ပါပဲ။ ဒီတော့ မီဒီယာ နိုင်ငံရေး ဘယ်လောက် အရေးပါတယ် ဆိုတာလေး တင်ပြပါရစေ။

နိုင်ငံရေးပါလို့ ဆိုကတည်းက လူထုပါလာပါပြီ။ ဒီတော့ နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေ ဆိုတာ လူထုနဲ့ ဧကန်မုချ ဆက်ဆံကြရတော့မှာပါပဲ။ ဒီတော့ လူထုနဲ့ ဘယ်လို ဆက်သွယ်ကြမလဲ။ နိုင်ငံရေး အတွေးအခေါ်တွေ၊ အယူအဆတွေ ကြေညာချက်တွေဆိုတာ နိုင်ငံရေးသမားနဲ့  နိုင်ငံရေး ပါတီတွေ ကနေလာတယ် ဆိုတာ မှန်ပါတယ်။ ပြည်သူတွေဆီကိုတော့ ရေဒီယို၊ တီဗီ၊ သတင်းစာ၊ ဂျာနယ်၊ အင်တာနက်တို့ ကနေ တစ်ဆင့်ခံပြီး သွားရမှာ ဖြစ်ပါတယ်။

လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သီအိုရီတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ဒီသီအိုရိတွေ ဘယ်လို ပြောင်းလဲတိုးတက် လာခဲ့သလဲဆိုတာက ပိုပြီး အရေးကြီးပါလိမ့်မယ်။ တကယ်တော့ အခြေခံ အကျဆုံး နိုင်ငံရေး အဖွဲ့အစည်းဟာ အိမ်နဲ့ကျောင်းပါပဲ။ ကျောင်းမှာ နားရည်ဝလာတဲ့ ကလေးတွေ၊ အိမ်မှာ အကြားအမြင်များတဲ့ ကလေးတွေဟာ နိုင်ငံရေးရဲ့ တန်ဆာပလာလေးတွေ ဖြစ်လာတာပါ။ ဒီကနေမှ သတင်းစာ ဖတ်တာ၊ နောက်တော့ တီဗီကြည့်တာ၊ ပြီးတော့ အင်တာနက် သုံးတာတွေကနေ တစ်ဆင့် နိုင်ငံရေးနဲ့ ထိတွေ့ နီးစပ်လာတော့တာပါပဲ။ ဒီနေ့ခေတ် တကမ္ဘာလုံးမှာ အင်တာနက် အသုံးပြုတဲ့ လူဦးရေဟာ သန်းပေါင်း ၂၄၀၀ကျော် ရှိနေပါတယ်။ မြန်မာပြည်မှာ လူဦးရေတစ်သန်းနဲ့ ခြောက်သိန်းကျော် အင်တာနက်ကို သုံးနေပါပြီ။ တိုတိုပြောရရင် မီဒီယာတွေရဲ့ လွှမ်းမိုးမှုဟာ တော်တော် ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် လူထုဆက်ဆံရေးကို နိုင်ငံရေးမှာ အရေးပါတဲ့ အနုပညာ တစ်ရပ်အနေနဲ့ လက်ခံဖို့ပါပဲ။ လူထုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေ အများအပြား ရှိပါတယ်။

အများစုသိမ်းပိုက်ခြင်းပုံစံ။
လူထုနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းတွေကို ဘယ်နိုင်ငံရေး ပါတီတွေက သိမ်းပိုက်ထားနိုင်သလဲ။ ရေဒီယိုကို၊ ရုပ်မြင်သံကြားကို၊ သတင်းစာကို ဂျာနယ်ကို ဘယ်လောက် အတိုင်းအတာထိ သိမ်းပိုက်ထားနိုင်သလဲ။ နိုင်ငံရေးအရ ၀ါဒဖြန့်တာ၊ စည်းရုံးတာ၊ မဲဆွယ်တာ အားလုံးကို မီဒီယာကနေ တစ်ဆင့်ပဲ လုပ်ရမှာပါ။ ကိုယ့်လက်ထဲမှာ မီဒီယာကို ဘယ်လို သိမ်းပိုက်ထားနိုင်သလဲဆိုတာ ကိုယ့်ရဲ့  စွမ်းရည်ပါပဲ။ ဒီနေ့ခေတ်လို အင်တာနက် အသုံးများလာတဲ့ အချိန်မှာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ကိုယ်ဘယ်လောက် လွှမ်းမိုးထားနိုင်တယ် ဆိုတာ ကိုယ့်ရဲ့ အင်အားပါပဲ။ ဆိုပါတော့။ ဒီနေ့မြန်မာပြည်မှာ အများဆုံး သုံးနေတာက ဖေ့စ်ဘုတ်(ခ်)ပါ။ ဖေ့စ်ဘွတ်ခ်မှာ ကိုယ့်ကို ကြိုက်သူ၊ လက်ခံသူ ဘယ်လောက်ရှိသလဲ။ ကိုယ့်နောက်ကို လိုက်နေသူတွေ ဘယ်လောက်ရှိသလဲဆိုတာ သိဖို့ လိုပါတယ်။ လက်ရှိမြန်မာပြည်ရဲ့ ဖေ့ဘွတ်(ခ်)ထဲမှာ လူအများဆုံး ကြိုက်နှစ်သက်တဲ့ စာမျက်နှာဟာ နိုင်ငံရေးလောကရဲ့ စာမျက်နှာပါ။ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွတ်ရဲ့ ဖေ့ဘွတ် ပရိသတ်ဟာ လေးသေားင်းခွဲကျော်နဲ့ စံချိန်တင်ထားတာကို သတိပြုသင့်ပါတယ်။

မှိုင်းတိုက်ခြင်းပုံစံ
ဒီနေ့ တစ်ကမ္ဘာလုံး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေကြတာ ဘာကြောင့်လဲ။ မီဒီယာတွေ မှိုင်းတိုက်ကောင်းလို့ပါ။ ကမ္ဘာ့အကြီးဆုံး မီဒီယာ ကုမ္ပဏီကြီး ခြောက်ခု ပူးပေါင်းပြီးတော့ အနောက်တိုင်းရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကို နိုင်ငံအစုံကို တင်သွင်းပစ်လိုက်တာပါ။ အံ့အားသင့်ဖို့ ကောင်းလောက်အောင် ပေါင်းစည်းလိုက်ကြတဲ့ ကုမ္ပဏီတွေထဲမှာ ကလေးတွေကို အဓိက ဦးစားပေး မှိုင်းတိုက်လိုက်တဲ့ ကုမ္ပဏီကတော့ ကာတွန်းရုပ်ရှင်များကို ထုတ်လုပ်နေတဲ့ ဒစ္စနေ ကုမ္ပဏီကြီးပါပဲ။ AOLလို TIME Warnerလို ကုမ္ပဏီတွေ ပါလာတာ မဆန်းပေမဲ့ ဒစ္စနေ ကုမ္ပဏီ ပါလာတာကတော့ ဘယ်လောက်ထိ ရည်မှန်းချက်ကြီးတယ် ဆိုတာ မြင်နိုင်ပါတယ်။ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။ ဆိုဗီယာက် ပြည်ထောင်စုကြီးကို ဖြိုခွဲသွားတာ တစ်ယောက်ထဲပါ။ သူ့နာမည်ကတော့ ဘွန်း၊ဂျိမ်း(စ်)ဘွန်း။
ဒီလိုမှိုင်းတိုက်တဲ့ ပုံစံကို သေသေချာချာ စိစစ်ဖို့  ဆန်ကာငါးချပ် ရှိပါတယ်။

၁။ကုမ္ပဏီပိုင်ရှင်တွေက ဒါကိုစီးပွားရေးလို့ သဘောပေါက်လာဖို့ လိုပါတယ်။

၂။ကြော်ငြာလုပ်ငန်းရှင်တွေ၊ စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေကို ဒါဟာ အမြတ်တစ်ခုပဲလို့ သဘော ပေါက်စေတဲ့ ရှင်းလင်းပြမှုလိုတယ်။

၃။သတင်း အချက်အလက်တွေ ဘယ်ကရလာခဲ့သလဲ။ အစိုးရဆီကလား။ စီးပွားရေး စီမံကိန်းတွေ ရေးဆွဲပေးနေတဲ့ ဥာဏ်ကြီးရှင် အဖွဲ့ကလားဆိုတာ ပြောပြနိုင်ဖို့ လိုပါတယ်။ (ဒါဟာ အရေးကြီးပါတယ်။ ဒီနေ့အထိ ကမ္ဘာပေါ်က ဘယ်စီးပွားရေးသမားမဆို အစိုးရနဲ့ ပလဲနံပ သင့်ချင်ကြတာချည်းပါပဲ)

၎။မီဒီယာသမားတွေကို ခြိမ်းချောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှု၊ အရေးယူမှုတွေ မရှိဖို့တော့ လိုပါတယ်။ ရှိတယ် မရှိဖူးဆိုတာကိုလည်း သေသေချာချာ ဆန်းစစ်ဖို့ လိုပါတယ်။

၅။ဈေးကွက် စီးပွားရေးနဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ရေးတို့ကို ဘယ်လောက်ထိ ထိခိုက်နိုင်သလဲဆိုတာ ကြည့်တတ်ဖို့ လိုပါတယ်။
အထက်က ဆန်းစစ်လေ့လာချက်တွေကို ပညာရှင် နိုအမ်ချွန်စကီးက ဖော်ထုတ်ခဲ့တာပါ။ တစ်ချို့ကတော့ ဒီအချက် ၅ချက်ဟာ ပြည်သူလူထုရဲ့ ဆုံးဖြတ်နိုင်စွမ်းကို အထင်သေးရာ ကျတယ်လို့  ဝေဖန်ကြပါတယ်။
ပညာတတ်ဦးစားပေးပုံစံ

သတင်းထောက်တွေ ဘယ်လိုပဲရေးရေး၊ ဆောင်းပါးရှင်တွေက ဘာတွေပဲ ရေးရေး၊ အယ်ဒီတာက ပုံနှိပ်ခွင့်ပြုမှ ရမှာပါ။ ဒါကိုကြည့်ကတည်းက မီဒီယာတွေမှာ အပေါ်ကနေ အုပ်ချုပ်ထားတဲ့ အလွှာတစ်လွှာ ရှိနေတာ သိသာပါတယ်။ အဲဒီအလွှာကို ပညာတတ်တွေ ကြီးစိုးတာများပါတယ်။ ရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေမှာလည်း ထုတ်လွှင့်ရေးမှူးတွေဟာ ပညာရှင် ပညာတတ်တွေပါ။ အထူးသဖြင့်ကတော့ မီဒီယာသမားတွေထဲမှာ လစာကောင်းကောင်း ရထားသူတွေဟာ နေရာ ကောင်းကောင်းလည်း ရထားကြပါတယ်။ အဲဒီလူတွေ အားလုံးက အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်ထားကြပါတယ်။ ဒီတော့ ဆုံးဖြတ်ချက် ချပေးနိုင်သူတွေကသာ မီဒီယာကို လွှမ်းမိုးထားတာ ထင်ရှားပါတယ်။ တစ်ချို့ကတော့ ပြည်သူ အများစုရဲ့ အမြင်ကို မီဒီယာက တကယ် ကိုယ်စား ပြုမပြုဆိုတာကို သံသယရှိနေဆဲပါပဲ။

ဈေးကွက်ဦးစားပေးပုံစံ
မီဒီယာရဲ့  ဈေးကွက် ဆိုတာက ပြည်သူပါပဲ။ ပြည်သူက အားမပေးရင် ဘယ်မီဒီယာကမှ ရပ်တည်လို့  မရနိုင်ပါဘူး။ ပြည်သူက ဘာလိုချင်သလဲဆိုတာကို ဘယ်မီဒီယာမဆို ဦးစားပေးနေရတာ သဘာဝပါပဲ။
ဒီတော့ မီဒီယာနဲ့ ဒီမိုကရေစီ ဘယ်လို ဆက်စပ်နေသလဲ။ ဘယ်လိုချိတ်ဆက်ထားကြသလဲ။ နည်းနည်းတော့ လေ့လာကြည့်ကြရအောင်ပါ။ ဒီမိုကရက်တစ် အစိုးရတိုင်းမှာ သတင်းလွတ်လပ်ခွင့် ဆိုတာရှိပြီးသားပါ။ မီဒီယာနဲ့ အစိုးရ၊ မီဒီယာနဲ့ နိုင်ငံရေး ဆက်စပ်မှု အားကောင်းလာစေမယ့် နည်းလမ်းလေးခု ရှိပါတယ်။

၁။ပြည်သူတွေကြားမှာ ဆွေးနွေးပွဲတွေ မပြတ်လုပ်နေရမယ်။ လူထုစည်းဝေးပွဲတွေကို မီဒီယာပေါ် တင်ပေးလိုက်တာပါပဲ။ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ၊ စကားရည်လုပွဲ၊ ပညာပေး ဟောပြောပွဲ ဆိုတာတွေ အမြဲမပြတ် လုပ်ပေးနေရပါမယ်။ လွှတ်တော် ကိုယ်စားလှယ်တွေမှသာ လုပ်နိုင်တယ် ဆိုတဲ့ မူဝါဒဆိုင်ရာ ငြင်းခုန်တာ ဆွေးနွေးတာတွေကို မီဒီယာပေါ်မှာ ပြုလုပ်ပေးနိုင်ပါတယ်။

၂။အာဏာ အလွဲသုံးစားမှုတွေကို အမြဲမပြတ် စောင့်ကြည့်နေရမယ်။ မီဒီယာသမားဆိုတာ အမှီအခို ကင်းရမယ်။ လောင်းရိပ်ကနေ လွတ်ရမယ်။ ဘယ်တိုင်းပြည်မှာမဆို ခြစားမှု။ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတတ်ပါတယ်။ ဒါတွေကို မီဒီယာသမားတွေက ဖော်ထုတ်ပေးဖို့ သိပ်အရေးပါပါတယ်။

၃။နိုင်ငံရေး လွှမ်းမိုးမှုနဲ့ အာဏာခွဲဝေမှုကို အမြဲစောင့်ကြည့် လေ့လာရမယ်။ သတင်းအသိုက်အအုံ ဆိုတာ တော်လှန်ရေး သုံးခါဆင်နွှဲပြီး တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။ ပထမ တော်လှန်ရေးအပြီးမှာ သတင်းစာတွေ ဂျာနယ်တွေ ပေါ်ပေါက်လာပါတယ်။ ဒုတိယ တော်လှန်ရေးကနေ တယ်လီဖုန်းတွေ၊ ရုပ်မြင်သံကြားတွေ ပေါ်ပေါက်လာတာပါ။ တတိယ တော်လှန်ရေး အပြီးမှာတော့ မိုဘိုင်းဖုန်းတွေ၊ အင်တာနက်တွေ ပေါ်ပေါက်လာတော့ပါတယ်။ ပထမ တော်လှန်ရေးတုန်းကတော့ အစိုးရပေးချင်တဲ့ သတင်းတွေကိုပဲ ပြည်သူတွေ ရခဲ့ပါတယ်။ သတင်းတွေကို အစိုးရက ထိန်းချုပ်ထားနိုင်ပါတယ်။ ဒုတိယ တော်လှန်ရေး အပြီးမှာတော့၊ သတင်းရရှိမှုမှာ အစိုးရရော ပြည်သူပါ တန်းတူ ဖြစ်သွားပါပြီ။ အရပ်ဖက် အဖွဲ့တွေ၊ ဖေ့(စ်)ဘွတ်(ခ်) စာမျက်နှာတွေ၊ အင်တာနက် သတင်းတွေ အပြင် Citizen Journalists (CJ)ခေါ်တဲ့ ရပ်ကွက်ထဲက သတင်းသမားတွေဆီက တစ်ဆင့် ပြည်သူတွေ သတင်းရနေနိုင်ပါပြီ။ တစ်ခါတလေ အစိုးရ မရသေးတဲ့ သတင်းတွေကိုတောင် ပြည်သူကအရင် ရခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် နိုင်င့ရေးမှာ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်တာ မီဒီယာပဲ ဖြစ်ပါတယ်။

၎။ဒီမိုကရေစီ လမ်းကြောင်း ပေါ်ပေါက်လာအောင် အကောင်အထည် ပေါ်လာအောင် အမြဲတိုက်တွန်း နေရမယ်။

နည်းပညာဟာ တစ်စထက် တစ်စတိုးတက်လာတာကို တွေ့နေကြမှာပါ။ နေရာတိုင်းမှာ e ဆိုတဲ့ စာလုံးလေးကို လူတိုင်းတွေ့နေရမှာ မလွဲပါဘူး။ eဒီမိုကရေစီ၊ ဆိုင်ဘာ ဒီမိုကရေစီလို့တောင် ခေါ်ရတော့ မလောက်ပါပဲ။ ဒီမှာတိုးတက်မှု(၃)ခု သွားတွေ့ပါတယ်။

(၁)လူထုရဲ့ အရွယ်အစားကို ပြောင်းပစ်နိုင်တယ်။ ဆိုပါတော့။ လူတွေအများကြီး တစ်နေရာထဲမှာ လာစုပြီး လူထုအစည်းအဝေး လုပ်တာမျိုးတွေ မလိုတော့ဘူး။ Online သုံးပြီး လူတွေထိုင်ရာကမထ၊ အိမ်ထဲက အိမ်ပြင်မထွက်ပဲ အစည်းအဝေး တက်လို့ရပါတယ်။ တစ်ချို့ အစည်းအဝေးတွေကို တစ်ကမ္ဘာလုံးအနှံ့  ဗီဒီယို ညီလာခံ လုပ်နေကြပါပြီ။

(၂)မတူညီတဲ့ အမြင်တွေ၊ ဝေဖန်မှုတွေကို အမြန်ဆုံး ရနိုင်ပါတယ်။ နမူနာဆိုပါတော့။ facebook ပေါ်ကို သတင်းတစ်ပုဒ် တင်ကြည့်လိုက်ပါ။ ချက်ချင်း ဝေဖန်တာ ထောက်ခံတာတွေ တက်လာ တော့တာပါပဲ။

(၃)ရွေးကောက်ပွဲမှာပဲ ဖြစ်ဖြစ်၊ လူထုဆန္ဒ ခံယူပွဲမှာပဲဖြစ်ဖြစ် ခလုပ်တစ်ချက် နှိပ်ရုံနဲ့တင် လူတိုင်း ပါဝင်ခွင့် ရနေနိုင်ပါတယ်။ ဆိုပါတော့။ အလှမယ် ရွေးပွဲတွေမှာ Likeတချက်နှိပ်ရုံနဲ့ ပြည်သူတွေ ပါဝင်နိုင်တာ သက်သေပါပဲ။ ဒီလိုနဲ့ပဲ နန်းခင်ဇေယျာတို့ ခင်ဝင့်ဝါတို့ တခြားအလှမယ်တွေကို ကျော်ဖြတ်ခဲ့တာ မဟုတ်လား။
ဒီလိုတိုးတက်မှုတွေ တွေ့ရပေမယ့် ဆုတ်ယုတ်မှုတွေလည်း တွေ့ရတတ်ပါတယ်။

(၁)လူထုဟာ စိတ်ပျက်သွားတတ်ပါတယ်။ သြဇာရှိတဲ့ မီဒီယာတွေက လူထုကို သူတို့လိုသလို ပုံစံသွပ်သွင်းတဲ့ အခါမှာ လူထုဟာ အယုံအကြည်မဲ့ သွားတတ်ပါတယ်။ တစ်ချို့ မီဒီယာတွေကတော့ ပြည်သူက မနှစ်မျို့တာတွေကို ရှေ့တန်းတင်လွန်းလို့ ရွံပြီး လှည့်မကြည့်တော့တာမျိုး ရှိတတ်ပါတယ်။

(၂)မီဒီယာတွေက ဇွတ်အတင်း နေရာ ယူလွန်းလာတဲ့အခါ ပြသနာ တက်လာပါတယ်။ မီဒီယာမှာ အင်အားရှိတယ်ဆိုပြီး ဗိုလ်ကျတာမျိုးတွေ တွေ့လာရတဲ့အခါ လူထုက စိတ်ပျက်တတ်ပါတယ်။

(၃)အစိုးရနဲ့မီဒီယာ သိပ်ပူးကပ်လွန်းရင်လည်း ပြည်သူက အယုံအကြည်မဲ့ သွားတတ်ပါတယ်။

ဇာဂနာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကို လောက်လေးခွတွေ နဲ့ ၀ိုင်းပစ်ခတ်လို့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် လူတချို့ ဒဏ်ရာရခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပထမဆုံးအကြိမ် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ခင်ဦးမြို့နယ် မန်ကျည်းတုံကျေးရွာမှာ ဇူလိုင် ၆ ရက်နေ့ညနေက ရွာလယ်ပိုင်းက အိမ်ဝင်းမှာ ဟောပြောပွဲ ပြုလုပ်နေစဉ် လေးဘက်လေးတန်ကနေ လောက်လေးခွတွေနဲ့ ၀ိုင်းပစ်ခံခဲ့ရတာလို့ ပစ်ခံရစဉ် ဟောပြောနေတဲ့ မြို့နယ်အဆင့် အန်အယ်လ်ဒီပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

“ခြောက်နာရီမတ်တင်းဗျ။ လူလုံးမကွဲတကွဲလောက် မန်ကျည်းတုန်ရွာမှာ ပစ်ခံရတာ။ ဒဏ်ရာရတာကတော့ ကလေးလေး ပိုးသီရိအောင်က ခေါင်းပေါက်တယ်၊ ကျောက်ခဲနဲ့ မှန်တယ်၊ ဒေါ်သော့ဆိုတာက အသက် ၆၀ လောက်ရှိပြီ သူကတော့ ကျောက်ပေသီးနဲ့ မှန်တာ၊ ဘု ကြီးထသွားတာပေါ့။ ခေါင်းတွေ မူးနေတာ၊ မျက်နှာ မှန်တာက ဒေါ်အေးတင့်။ ကိုကျော်အေးက သိပ်မနာဘူး။ မဂျမ်းစိန် ဆိုတာ မှန်းတယ်၊ ကျနော့်ကိုတော့မမှန်းဘး။ လျှပ်သွားတယ်။”

မန်ကျည်းတုံရွာလယ်က ဦးငြိမ်းမောင်နေအိမ်မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ရွာသူရွာသား ၁၀၀ ကျော်လောက် တက်ရောက်နားထောင်ကြတယ်လို့ ဆိုပါတယ်။

နည်းနည်းမှောင်နေတဲ့အတွက် အရပ်လေးမျက်နှာက လာတဲ့ လောက်လေးခွတွေကို ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာ မသိဘူးလို့ သူက ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရွာသားတွေ ကြောက်လန့်တကြား ထွက်ပြေးကြတာကြောင့် ပွဲပျက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံတဲ့အစီအစဉ် ပျက်သွားတယ်လို့ ဆိုပါတယ်။

ဒီဟောပြောပွဲမှာ မြို့နယ်အန်အယ်လ်ဒီဥက္ကဋ္ဌ ဒေါက်တာ ၀င်းအောင်၊ ဒုဥက္ကဋ္ဌ ဦးအောင်သိန်း၊ အတွင်းရေးမှူး ဦးစိုးရင်နဲ့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ဦးညွန့်အောင်တို့ပါ တက်ရောက်ကြပေမယ့် တစုံတရာ ထိခိုက်မှု မရှိဘဲ ရွာသားတွေကိုပဲ ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီရဲ့ အလုပ်အမှုဆောင် ဦးညွန့်အောင်က တရားဝင် အကြောင်းကြားလုပ်ဆောင်တာ ဖြစ်တဲ့အတွက် မြို့နယ် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က လုံခြုံရေးပေးဖို့ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“သူတို့မှာ တာဝန်ရှိတာပေါ့၊ ကျနော်တို့ သွားတယ်ဆိုရင် တရားဝင် ကော်မရှင်မှာ စာတင်ရင် လုံခြုံရေးပေးတာတွေ ဘာတွေ ရှိတာပဲ၊ အခုဟာက ကျနော်တို့မှာ ဒီအတိုင်းပဲ။ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတယ်။ အောက်ခြေမှာ။”

မနေ့ညက ညတွင်းချင်းရဲစခန်းမှာ ခဲပေါက်မှုနဲ့ အမှုဖွင့်ခဲ့ပြီးကြောင်းနဲ့ မြို့နယ်ကော်မရှင်ထံကို ဒီကိစ္စ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မြို့နယ် အန်အယ်လ်ဒီတာဝန်ရှိသူတွေကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ဒီဟောပြောပွဲလုပ်တာကိုရော၊ အသံချဲ့စက်ဖွင့်ခွင့်ကိုရော ခွင့်ပြုချက်အရ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူတို့အဖွဲ့ဟာ မန်းကျည်းတုံရွာမှာ မဟောပြောခင် ခင်ဦးမြို့ကနေ ၆ မိုင်အကွာက ခြေမြစ်ကျင်းရွာမှာလည်း ဟောပြောခဲ့ပြီး တစုံတရာ ပြဿ နာမရှိခဲ့ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက ပရိသတ်ကို ဓာတ်ပုံရိုက်တာပဲ ရှိတယ်လို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲလုပ်ဆောင်သူတွေကို မကွေးတိုင်းမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုဖို့ ရဲကို တိုင်တန်းထားတာတွေ ဖြစ်ခဲ့သလို ကျန်နေရာ တချို့မှာလည်း ပိတ်ပင်ဟန့်တားမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

Credit : DVB

ဘာသာရေး ၊ လူမျိုးရေး အဓိကရုဏ်း အမုန်းတရား၊ အကြမ်းဖက်မှုများ ဖြစ်ပွားအောင် လှုံ့ဆော် ရေးသား နေသော ဖေ့ဘွတ်ခ် စာမျက်နှာပေါ်သာသနာဝန်ထမ်း နံမည်ဖြင့် ပရိုဖိုင်များ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင် ပရိုဖိုင်ဖြင့် လူများ၊ မျိုးချစ် အမည်ခံ ပရိုဖိုင်ပိုင်ရှင်များကို တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်မှုများကြောင့် .........

အီလက်ထရောနစ် အက်ဥပဒေ ဆိုသည်ဖြင့်အရေးမယူ သေးသော်လည်း ........................

ယခုတိုင် အင်းစိန်ထောင်ထဲတွင် အကျဉ်းကျနေသော DSA ၄၄ အင်တိတ်မှ ဆင်းသော တပ်မတော် (လေ) မှ လေသူရဲ ဗိုလ်မှူးချစ်ကို အား အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည် ထောင်ဒါဏ်များချမှတ်ထားခြင်းကို ခံနေရဆဲဖြစ်သည်။

ဗိုလ်မှူးချစ်ကို အား အီလက်ထရောနစ် အက်ဥပဒေဖြင့် အရေးယူခဲ့ရသည့် အကြောင်းမှာ အဆိုပါ လေသူရဲ ဗိုလ်မှူးသည် အင်တာနက် အီးမေးလ်ဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ILO သို့ တပ်မတော်မှ နှုတ်ထွက်ခွင့် နှင့် ပတ်သက်ပြီး သူသိလိုသည့် နိုင်ငံတကာ အလုပ်သမား ရပိုင်ခွင့် စည်းမျဉ်းစည်းကမ်းများ အကြောင်းကို မေးမြန်းသည့် အီးမေးလ် တစောင်ကို ပို့မိသောကြောင့်ဖြစ်ပါသည်။

လက်ရှိ ထောင်ထဲတွင် အကျဉ်ချခံထားရသည့် အဆိုပါ နိုင်ငံသားများကို အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း မပြုပါက ယနေ့ အုပ်ချုပ်ရေး အစိုးရအဖွဲ့ ၏ ရပ်တည်ချက်ကို ပြည်သူများက ဆန်းစစ် ဝေဖန် အကဲဖြတ်ကြမည်ဖြစ်ပါသည်။

အစိုးရမှ လိုသောသူသည် မည်သည့် ဥပဒေကို မဆို ဖေါက်ဖျက် ကျူးလွန်ခွင့်ရှိပြီး အစိုးရ မလိုသောသူ ကိုသာလျှင် အရေးယူ ထောင်ချသည့် ဥပဒေဖြစ်နေမည် ဟု မြန်မာ နိုင်ငံသားတို့က ယူဆရမည်သာဖြစ်ပါသည်။

လက်ရှိ အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရဆဲဖြစ်သော ယုံကြည်ချက်ကြောင့် ရပ်တည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်၊ ဗိုလ်ကြီးနေလင်းဒွေး။ ဗိုလ်မှူးမင်းသိန်းထွန်း၊ ဗိုလ်မှူးချစ်ကို အပါအ၀င် ထောင်ကျခံနေရဆဲဖြစ်သည့် မြန်မာ့ တပ်မတော်မှ စစ်သည်အရာရှိ အကျဉ်းစံအားလုံး။

ကိုကဲအီ ( ထောင်ထဲတွင် ဆယ်စုနှစ် နီးပါး ကျခံနေရဆဲဖြစ်သော KNPP ခွဲထွက် ငြိမ်းချမ်းရေး တပ်ဖွဲ့မှ တိုင်းရင်းသားတဦး) ၊ ကိုစောတင်ဝင်း ( KNU နှင့် ပတ်သက်ခဲ့သည်ဆိုကာ ထောင်ထဲတွင် ကိုးနှစ် နီးပါးအကျဉ်းကျခံနေရသူတဦး) ကိုစောဂေးသမူး ( KNU တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် ထောင်ထဲတွင် ကိုးနှစ်နီးပါးမျှ အကျဉ်းချခံနေရသူတဦး) စသည်တို့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်ခဲ့မှုကြောင့် စနစ်ဟောင်း ၏ ဖမ်းဆီး အကျဉ်းချခံနေရသော တိုင်းရင်းသား အကျဉ်းသားများ အားလုံး တို့ အမြန်ဆုံးပြန်လည် လွတ်မြောက်လာပါစေ ဆုတောင်းရင်း တရားသော ဥပဒေ ကြီးအဖြစ် ကျောသား ရင်သား မခွဲခြားသော ဥပဒေစိုးမိုးမှုကို တည်ဆောက်နိုင်မည့် အစိုးရ တရပ်ကို မျှော်လင့်နေမိပါသည်။

နေမျိုးဇင်
ပြည်သူ့ ဘက်တော်သား...

သူတို.၀ိညာဉ်တွေ နိုးထလာကြတဲ့နေ.

==========================
၅၂ နှစ်မြောက် ဇူလိုင် ၇ ရက်အောင့်မေ့ဖွယ် လမ်းလျောက်ချီတက်၍ တကသ အဆောက်အအုံရှိရာ အလေးပြု ။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသ များမှဦးဆောင်သည်။ တက္ကသိုလ် အသီးသီးမှ ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ခန့်ပါဝင်ချီတက်အလေးပြု
ဒီနေ့ ကျွန်တော်တို့လုပ်တဲ့အခမ်းအနားပြီးသွားပြီးဘွဲ့နှင်းသဘင်ရှေ့မှာ ဓာတ်ပုံရိုက်ကြတော့ လေတွေ တဖြူးဖြူးတိုက်တယ်။ ကောင်းကင်ကြီးကမဲမှောင်သွားတယ်။
သစ်ရွက်တွေ အုံလိုက်ကျင်းလိုက်ကို ကြွေကျတယ်။

ကျွန်တော်တို့အားလုံး အိမ်ကိုပြန်ကြ၊ ကားပေါ်ရောက်ကြတော့မှ
မိုးက ရွာချတယ်။ ဓာတ်ပုံရိုက်နေတဲ့အချိန်အထိ မိုးလုံးဝ မရွာဘူး။
ဒါပေမဲ့ လေတွေ တဖြူးဖြူးတိုက်နေတော့ အလံတွေက လေထဲမှာ
လွှင့်ပြန်နေတယ်။ ကျွန်တော်ထင်တယ်။

ခေတ်အဆက်ဆက်က သမဂ္ဂနောင်တော်ကျောင်းသားကြီးတွေက
သူတို့ ဒီမြင်ကွင်းတွေကို မြင်နေရတယ်။
သူတို့ ဂုဏ်ယူဝမ်းသာနေတယ်ဆိုတဲ့ သဘောနဲ့ အချက်လာပြတာပဲဖြစ်မှာ။
သူတို့ ရန်ကုန်တက္ကသိုလ်ထဲကို ပြန်ရောက်လာပြီဆိုတာ လာပြောတာဖြစ်မှာ။

ကျွန်တော်တို့မျိုးဆက်ကလည်း သူတို့ ၀မ်းသာအားရဖြစ်နေတာကို
တွေ့ရတော့ မျက်ရည်ကျမတတ် ခံစားရပါတယ်။
သစ်ပင်ကြီးတွေကလည်း သစ်ရွက်တွေ တဖြုတ်ဖြုတ်ချွေချရင်းငိုလို့၊
ကောင်းကင်ကြီးကလည်း အုံ့ဆိုင်းလို့ . . ။
အရမ်း ၀မ်းနည်းစရာကောင်းတယ်ဗျာ။ "

တ.က.သ ကျောင်းသားတစ်ဦး
Photos by Kyaw Soe Naing,RFA,Sithu Mg,Aung Aung Kyaw

(THE LADIES Weekly News Journal Vol 2. N0.20 July 4, 2014)
ရီနေနိုင်
အခုတစ်လော သတင်းတွေထဲမှာ တပ်မတော်ကြီးကို လွှတ်တော်ထဲမှာ ယူနီဖေါင်းနဲ့
မြင်နေရတာဟာ အမြင် မတော်ကြောင်း၊ အဲဒီအခြေခံဥပဒေကို ပြင်သင့်ပြီဖြစ်ကြောင်း ပြောသံ
လည်းကြားရ၊ တပ်မတော်ကြီးက မြေတွေသိမ်း လယ်တွေသိမ်းထားလို့ ပြန်တောင်းတဲ့အသံ၊
ဆန္ဒပြအပြစ်ဆိုသံတွေလည်း ကြားနေမြင်နေရ၊ တစ်ခါ မြန်မာသမိုင်း ကို ပြန်ပြန်ပြောတဲ့အခါ
၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီမိုကရေစီအမှောင်ကျခဲ့ပုံကို (အမှန်တရားပင်
ဖြစ်သော်ငြားလည်းပဲ) ခဏခဏ ထည့်ထည့်ပြောပြောရတာကြာလာတော့ ပြောရတဲ့သူတွေ
မှာ တပ်မတော်ကြီးကိုတောင် အားနာစရာဖြစ်နေပြီလို့ ခံစားရပါသဗျာ။ (အင်း၊ ချစ်ရတဲ့တပ်
မတော်ကြီးနဲ့ မတတ်သာပဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ တွေမှာ ဟိုသီချင်းထဲကလို "အား......
နာလိုက်တာအချစ်ရယ်"လို့ အော်ခဲ့ရတာကလည်း ခဏခဏကိုးခင်ဗျ)။

ဒီလို အားနာမိရင်းနဲ့ တစ်ခုစဉ်းစားမိတာကတော့ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့၊
ဘန်ကောက်မှာ ရဲဘော်သုံးကျိပ်တို့ သွေးသောက်သစ္စာပြုပြီး မြန်မာ့တပ်မတော်ကို စတင်အခြေ
တည်ဖွဲ့စည်းကြစဉ်က မြေတွေသိမ်းမယ်၊ ယာတွေသိမ်းမယ်၊ တပ်ပိုင်မြေ ဆိုင်းဘုတ်တွေ စိုက်
မယ်၊ လွှတ်တော်ထဲ ယူနီဖေါင်းနဲ့ဝင်ထိုင်ပြီး ယူနီဖေါင်းချွတ် စီနီယာများနဲ့အတူတူ နိုင်ငံရေးဝင်
လုပ်မယ် စသဖြင့် ကြံစည်စိတ်ကူးခဲ့မယ်မဟုတ်ဘူးလို့ ထင်တာပါပဲ။ ဒီလိုတောင် စိတ်မကူးဘူး
ဆိုရင် စစ်တပ်နာမည်နဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးထောင်ပြီး စီးကရက်တွေ၊ ဘီယာတွေ
ရောင်းမယ်။ဘဏ်တွေထောင်မယ်၊ ကျောက်တွေတူးမယ်၊ ရွှေတွေတူးမယ်၊ လုပ်ကွက်တွေ
ကြိုက်တာယူမယ်၊ ကြိုက်တဲ့နိုင်ငံက ကြိုက်တဲ့လူနဲ့ ကြိုက်သလိုစာချုပ်ပြီး ရောင်းမယ်ဝယ်မယ်
စသဖြင့် စိတ်မကူးခဲ့မှာကလည်း သေချာပါတယ်။

စိတ်မကူးခဲ့တာတွေ လုပ်ဖြစ်ခဲ့ပြီးတဲ့ နောက် တပ်မတော်ကြီးဟာ အရှေ့ကို ဘာတွေ
ဆက်လုပ်ပြီး ဘယ်ခြေလှမ်း ကိုလှမ်းရမယ်ဆိုတာအတွက် သေနင်္ဂဗျူဟာရေးဆွဲရမှာတော့ သေချာ
ပါတယ်။ ကောင်းတာတွေ လုပ်ဖြစ်တာ တွေလည်း တကယ်ကို ရှိပါတယ်။ ဥပမာ တပ်ကသိမ်းထား
တဲ့မြေတွေ ပြန်ပေးရမယ်လို့ အစိုးရကြီးက ဆုံးဖြတ် ပြီးတဲ့နောက် တပ်ပိုင်မြေတချို့ထဲက ပြန်မပေး
လို့မရတာများ (ခဏခဏတိုင်၊ ခဏခဏစစ်၊ ပြန်ပေးမှ ဖြစ်တော့မယ်လို့ လူကြီးတွေကကို ပြောလာ
တာမျိုး)၊ ပြန်ပေးလို့ရတာများ (ဒီမြေလောက်ပြန်ပေးလို့လည်း သိပ်နစ်နာစရာတော့ မရှိပါဘူးလို့
ထင်ရတဲ့မြေမျိုး)ကိုပဲဖြစ်ဖြစ် ပြန်ပေးခဲ့တာများ နည်းနည်းနောနော မထင်နဲ့။ ဧရာဝတီတိုင်းထဲမှာ
ကို ပြန်ပေးခဲ့တဲ့ဧကက ဧကငါးထောင်တောင်ကျော်ဆိုပါလား။ ဒီဂဏန်းကိုကြည့်ပြီး အတော်တောင်
လန့်သွားမိပါရဲ့။ (သြော်၊ ဒီလောက်ကြီးများတောင် သိမ်းခဲ့၊ အဲလေ၊ ပြန်ပေးခဲ့တာပါလားလို့ပေါ့)။

သမိုင်းမှာ ၀န်းကျင်ဒေသများဖြစ်တဲ့ မဏိပူရတို့၊ ယိုးဒယားတို့ကို အောင်နိုင်သိမ်းပိုက်ခဲ့ဖူး
တဲ့ ရှေးခေတ်မြန်မာ တပ်မတော်ကြီးကလည်း အစဉ်အလာကြီးလေတော့ ဒီနေ့တပ်မတော်ကြီး ဘာ
ခြေလှမ်းတွေလှမ်းခဲ့ပြီး ဘယ်လို အကြံအစည်များနဲ့ ဘာနယ်မြေတွေများ သိမ်းပိုက်ဖို့ လုပ်နေသေး
လဲလို့ တစ်ခါတစ်ခါတွေးပြီး အိမ်နီးချင်းတွေ အတွက်တောင် ပူပန်မိပါတယ်။ မပူပန်ရင် ခံနိုင်ရိုးလား။
အရင်တုန်းက ရာဂဏန်းမျှသာ သင်ကြားထုတ်လုပ်ပေး ခဲ့တဲ့ ဗိုလ်သင်တန်းလို့ လူသိများတဲ့ တပ်မ
တော်အရာရှိသင်တန်းက ဗိုလ်လုပ်နည်းတွေသင်ပြီး ဗိုလ်တွေကိုလေ့ကျင့် မွေးထုတ်ပေးနေရာမှာ
တစ်နှစ်ကို သောင်းဂဏန်းအထိ ထုတ်လုပ်နေကြောင်း မကြာခင်က ဟော်တယ်ကြီးတစ်ခုမှာ လုပ်ခဲ့
တဲ့ ဆွေးနွေးဝိုင်းတစ်ခုမှာ သတင်းစာနဲ့ ဂျာနယ်တွေမှာ ပုံမှန်သတင်းဆောင်းပါးတွေရေးနေတဲ့ ဆရာ
စည်သူ အောင်မြင့်က ပြောပြတာကြားလိုက်ရပါတယ်။ ဒါပေမဲ့ ခုနက အိမ်နီးချင်းနိုင်ငံများအတွက်
ပူပန်တာက မှားနေတယ် ဆိုတာ ဆရာဆက်ပြောတဲ့စကားနဲ့မှ သဘောပေါက်နားလည်ရပါတယ်။
တကယ်တော့ ဗိုလ်ခြေတစ်သောင်းလောက် တစ်နှစ်တစ်နှစ်ထုတ်လုပ်နေတယ်ဆိုတာ ပြည်ပနယ်မြေ
များဆီ ကျူးကျော်သိမ်းပိုက်ဖို့ စိတ်ကူးနေတာမဟုတ်ပဲ ကိုယ်တိုင်းပြည်ထဲမှာပဲ အရပ်သားအုပ်ချုပ်ရေး
နယ်ပယ်ထဲကို ကျူးကျော်သိမ်းပိုက်ဖို့သာ ကြံစည်ပြီး ယခုလည်း တပ်မတော်အရာရှိများကို အရပ်ဖက်
ကို ပြောင်းနေဟာ မကြားချင်မမြင်ချင်မှအဆုံးဖြစ်ကြောင်း သိလာရပါတယ်။

အင်းလေ၊ တကယ်တော့ စစ်ဖက်တပ်ဖက်အရာထမ်းများကို အရပ်ဖက်အုပ်ချုပ်ရေးမှာ
ဝင်ပြီး လုပ်ခိုင်း တယ်ဆိုတာက လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော် ခြောက်ဆယ်က အိမ်စောင့်အစိုးရဆိုတာ
ကြီးလက်ထက်ကတည်းကနေ ယခုထက်တိုင် ရှိနေခဲ့တာမို့ ရောဂါသစ်မဟုတ်ပဲ ကုမရသေးတဲ့အနာ
ဟောင်း၊ တစ်နည်းအားဖြင့် နာတာရှည်ရောဂါ တစ်ခုပဲကိုး။ ဒီရောဂါဆိုးကြောင့် မကျွမ်းကျင်တဲ့ အရာ
ရှိရဲ့ အုပ်ချုပ်မှုခံရသူ ပြည်သူများ၊ အထူးသဖြင့် သက်ဆိုင်ရာ ဌာနက ၀န်ထမ်းများသာ ဒုက္ခရောက်တာ
မဟုတ်ပဲ ကိုယ်ကစားနေကျ ကွင်းမဟုတ်ပဲ နည်းပြကြီး ဇွတ်ခိုင်းလို့ ၀င်ကန်ရတဲ့ တပ်မတော်အရာရှိများ
ခမျာလည်း အတော်ဒုက္ခရောက်ခဲ့ကြပါတယ်။ အဲဒီမှာ "ထညက်(ထန်းလျက်) မျိုးချန်စိုက်ခိုင်းတာတို့၊
စပါးနက်ကို မီးလောင်တဲ့စပါးဆိုပြီး လွှင့်ပစ်ခိုင်းတာတို့၊ ၀ယ်သာ မကောင်းရင် လဲလိုက်ပေါ့ ပြောတာတို့"
လို ဟာသပုံပြင်တွေ ပေါ်လာတော့တာပါပဲ။ တကယ်တော့ တပ်မတော်အရာရှိ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ဗိုလ်ချုပ်၊
ဗိုလ်လုပ်သူတစ်အုပ်တို့ဟာ လူညံ့တွေ၊ လူဆိုးတွေမဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့ မကျွမ်းကျင်တဲ့အလုပ်၊
သူတို့နားမလည်တဲ့လုပ်ငန်း၊ သူတို့လုံးလုံးမသိတဲ့နယ်ပယ်မှာ စီမံခန့်ခွဲမှုလုပ်ခိုင်းတော့ အများရယ်စရာ
ဘ၀နဲ့ ဟာသဇာတ်လိုက်တွေ ဖြစ်ကုန်ရတာကတော့ တပ်မတော်ကြီးကို တကယ်အားနာဖို့ ကောင်းပါ
တယ်ဗျာ။

ဒီနေရာမှာ ၁၉၆၂လောက်ကတည်းက ယနေ့အထိ အရပ်ဘက် အုပ်ချုပ်ရေးနယ်ပယ်ထဲကို
တပ်အရာရှိမင်းများ ကျူးကျော်ဝင်ရောက် တာဝန်ထမ်းရရာမှာ မြန်မာ့မီးရထားဌာနကြီးမှာလည်း ဒုအ
ထွေထွေမန်နေဂျာ၊ အထွေထွေ မန်နေဂျာ၊ ဦးဆောင်ညွန်ကြားရေးမှူး၊ ဒုဝန်ကြီး၊ ၀န်ကြီးအစရှိသဖြင့်
အုပ်ချုပ်ရေးအရာထမ်းအဆင့်ဆင့်မှာ တပ်အရာရှိမင်းများ ရောက်ရောက်လာတတ်ပါသတဲ့။ အဲဒီထဲမှာ
မီးရထားဌာနကြီးကို နှစ်အတန်ကြာအောင် အုပ်ချုပ်လုပ်ကိုင်သွားတဲ့ တပ်အရာရှိမင်းတစ်ဦးရဲ့တကယ့်
ဖြစ်ရပ်ဟာသပုံပြင်ကို နားထောင်ကြည့်ပါဦး။ အဲဒီအရာရှိမင်းဟာ မီးရထားဌာန
ကိုရောက်ပြီး တစ်နေ့ သူစီးလာတဲ့မီးရထားက ဘူတာကနေတော်တော်နဲ့ မထွက်ပဲဖြစ်နေတော့ ]ဘာဖြစ်
လို့မထွက်တာလဲ}လို့ မေးသတဲ့။ အဲဒီရထားက ဒီဇယ်ခေါင်းဖြစ်ပြီး ဘရိတ်စနစ်က Vacuum Brake လို့
ခေါ်တဲ့ လေဟာနယ်ဖိအားကို သုံးပြီး ရပ်တဲ့စနစ်ဖြစ်ပါတယ်။ 'ဗက်ကရူမ်'လေဖိအား မကောင်းရင် ဘရိတ်
မမိလို့ အဲဒီအနေအထားကို ရထားမောင်းသူများက "ဗက်ကရူမ် မလာဘူး"လို့ သုံးနှုန်းလေ့ရှိပါတယ်။ ဒါပေ
မဲ့ သူတို့ခမြာ အင်္ဂလိပ်စကားကျွမ်းသူများမဟုတ်တော့ အသံထွက်မှားပြီး "၀ါကင်မလာဘူး"လို့ ပြောလေ့ရှိ
ပါသတဲ့။ ဒီတော့ ဗိုလ်မင်းမေးတဲ့အမေးကို တာဝန်ရှိသူတစ်ဦးက "၀ါကင်မလာလို့ပါခင်ဗျ"လို့ဆိုတော့ သူက
"၀ါကင်"ဆိုတာကို ၀န်ထမ်းနာမည်မှတ်သွားပြီး ဒီကောင်မလာလို့ ရထားမထွက်နိုင်တာကိုးလို့ သဘော
ပေါက်သွားတဲ့ အတွက် "အဲဒီဝါကင်ဆိုတဲ့အကောင် အလုပ်ဖြုတ်ပစ်ကွာ"လို့ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါ
သတဲ့။ ကျန်ပုဂ္ဒိုလ်များ ကလည်း သူမဟာအရှက်တော်ကွဲမယ့်ကိစ္စကြီးကို ဒီလိုမဟုတ်ပါဘူးလို့ ဘယ်ရှင်းပြ
ပါ့မလဲ။ ဒီတော့ "ဟုတ်ကဲ့ခင်ဗျ"ဆိုပြီး သူ့ရှေ့မှာပဲ "ဦးဝါကင်အား အလုပ်မှထုတ်ပယ်လိုက်သည်" ဆိုတဲ့
အမိန့်စာထုတ်ပြန်ပေးရတယ်ဆိုပဲ။

မယုံရင်ပုံပြင်မှတ်ပါပဲခင်ဗျ။ ဇာတ်လမ်းက ဒီလောက်နဲ့မပြီးသေးဘူး။ တစ်နေ့တော့ အဲဒီပုဂ္ဂိုလ်
ကြီးက ရထားစီးပြီး စစ်ဆေးရေးသွားပြန်တဲ့အခါ ဒီတစ်ခါသူစီးတဲ့ရထားက မီးသွေးခေါင်းလို့ ခေါ်ကြတဲ့ ရေ
နွေးငွေ့သုံး အင်ဂျင်စက်ခေါင်းတဲ့။ အဲဒီမှာ ပြဿနာက အရင်ကအိန္ဒိယကကျောက်မီးသွေးတင်သွင်းပြီး
လည်ပတ်ရတဲ့ အင်ဂျင် ဟာ အခုတော့ ကလေးဝကျောက်မီးသွေးအမှုန်များနဲ့ အပူပေးတဲ့အခါ လုံလောက်
တဲ့အပူချိန်နဲ့ပရက်ရှာမရလို့ ရထားမထွက်နိုင်ဘူးပေါ့။ အဲဒီလိုအနေအထားကို ရထားမောင်းသူတွေက
"မီးပေါင်ကျနေတယ်"လို့ ခေါ်ကြပါတယ်။ မီးပေါင်တက်လာမှ ရထားကထွက်လို့ရမှာပါ။ အဲဒီမှာလည်း အဲဒီ
ပုဂ္ဂိုလ်ကြီးက ဘာလို့ရထားမထွက်တာလဲလို့ မေးပြန်လို့ 'မီးပေါင်ကျနေလို့'ဖြစ်ကြောင်း ပြောတဲ့အခါ သူက
"မီးပေါင်ကျတာ မြန်မြန်ပြန်ကောက်ခိုင်းလိုက်ပေါ့ကွ"လို့ ပြောသတဲ့။ အဲဒီတော့လည်း ထုံးစံအတိုင်း သူ့
အရှက်ကွဲမယ့်ကိစ္စဆိုတော့ ပြန်ရှင်းမပြရဲပဲ "ဟေ့၊ မီးပေါင်မြန်မြန် သွားကောက်စမ်း"ဆိုပြီး ရထားနောက်
ဘက် ခပ်လှမ်းလှမ်းကို တစ်ယောက်လွှတ်ပြီး ကောက်ခိုင်းရသတဲ့။ ပြီးတော့ မီးပေါင် မတက်ခင်မှာ ဟိုရှာဒီ
ရှာနဲ့ အချိန်ဆွဲနေရပြီး နောက်မှ မီးပေါင်တက်ပြီလို့ အချက်ပြလိုက်မှ "တွေ့ပြီဆရာ၊ တွေ့ပြီ"ဆို ပြေးလာရ
ပါသတဲ့။ ရှေ့တင်မှာမရယ်ရဲတဲ့ ၀န်ထမ်းအရာထမ်းများက ကွယ်ရာကျ ရယ်ပွဲဖွဲ့ဟာသလုပ် ကြမှာပေါ့ဗျာ။
တပ်မတော်ကြီးကို တကယ်အားနာစရာပါပဲ။

ဒါပေမဲ့ နောင်တော့ ရထားမှာအနေကြာလာတဲ့အခါ ဒီပုဂ္ဂိုလ်ကြီးက အဖြစ်မှန်တွေကိုနားလည်
သွားပြီး "ခင်ဗျားတို့ကျွန်တော်ကို လုပ်ရက်တယ်ဗျာ"လို့ ပြောရှာသတဲ့။ ဒီတော့ "အဘရယ်၊ ကျွန်တော်တို့
အဘကို ဘယ်လိုရှင်းပြ ရဲမှာလဲ၊ ကြောက်လို့ ဒီလိုလုပ်ကြရတာပါ"လို့ တောင်းပန်ကြရပါသတဲ့။ နောင်တော့
ဒီပုဂ္ဂိုလ်က ဒီလိုထပ်အရှက်ကွဲ မခံနိုင်တော့လို့ ရထားကိစ္စအားလုံးကို ထဲထဲဝင်ဝင်လေ့လာသင်ကြားပြီး
ရထားဌာနမှာလည်း အဆင့်ဆင့်ရာထူးများ တက်လို့ နှစ်အတော်ကြာတာဝန်ထမ်းသွားရှာပါသတဲ့။ (အခု
တော့ နောက်ကွင်းအသစ် ကန်နေရရှာပြန်ပြီလား မသိပါဘူးဗျာ) သူ့အကြောင်းပြောရတာဟာ သူညံ့လို့
မဟုတ်ပဲ စနစ်ရဲ့ဒဏ် ကိုခံရပြီး ဇာတ်လိုက်ဝင်လုပ်ရင်းက "လူပြက်"ဖြစ်ရရှာတဲ့ ဗိုလ်မင်းဘဘတစ်ယောက်
အကြောင်း သင်ခန်းစာယူကြ ရအောင် မျှဝေပေးတာပါဗျာ။ လူ တော်တာမတော်တာနဲ့မဆိုင်၊ စနစ်ဆိုး
တစ်ခုရှင်သန်နေသရွေ့တော့ ဦးဝါကင်များအလုပ်ပြုတ်၊ မီးပေါင်လိုက်ရှာ ကောက်ရသူများလည်း ဟန်ပြ
အလုပ်ရှုပ်နေ ဦးမယ်ဆိုတာကို ပြောချင်တာပါ။

အခုလည်း ကြည့်ပါဦး။ နဂိုက ကိုယ့်အလုပ်မဟုတ်လို့ ကျွမ်းကျင်တဲ့နေရာမဟုတ်သော်ငြားလည်း
တပ်မတော် အရာရှိမင်းများဟာ လွှတ်တော်ထဲမှာ တာဝန်ကျေစွာနဲ့ အသေအချာလေ့လာပြီး "ပီအာ"ဆိုတာ
ပြည်မြန်မာနဲ့ မသင့်တော်သေးပါဘူး၊ ဒီဟာကြီးကို မသုံးစွဲသင့်သေးပါဘူးလို့ အမိန့်နဲ့ အာဏာနဲ့ ဇွတ်ကြီး
အဓမ္မကြီးဆိုတာမျိုး ပြောတာမဟုတ်ပဲ အကျိုးနဲ့အကြောင်းနဲ့ နိုင်ငံတကာနဲ့ချီပြီး လေ့လာဆန်းစစ် တင်ပြ
ရှာတာပါဗျာ။ အဲဒါကို အာဏာရပါတီ လူကြီးမင်းများက သူတို့ဦးဆောင်ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ အခြေခံ
ဥပဒေကြီးအရ နေရာတလွဲကို ရောက်နေတာတောင် တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးချင်တဲ့
စေတနာနဲ့ အိပ်ပျက်ခံ၊ အချိန်ကုန်ခံ (ညကို အိပ်ပျက်တာပြောတာပါနော်၊ နေ့ခင်းမဟုတ်ပါဘူး) ပြီး လေ့လာ
တင်ပြတာတွေကို "ဒုန့်ကဲ"လုပ်လိုက်တာကတော့ ရက်စက်လွန်းတယ် ထင်မိတာပါပဲ။
အင်း၊ ကျွန်တော်ကတော့ စနစ်ဆိုးတွေကြောင့် မကြာခဏအရှက်ကွဲကွဲနေတဲ့ ကျွန်တော်တို့
အချစ်တော်ကြီးကိုတကယ်ကြီးကိုအားနာနေမိတာပါပဲဗျာ။
ရီနေနိုင်