07/10/14

အင်တာနက်ဖေ့စ်ဘွတ်လူမှုကွန်ရက် အသုံးပြုမှုတွေကို  မြန်မာအစိုးရနဲ့ ဖေ့စ်ဘွတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး  စောင့်ကြည့်ဖို့  သဘောတူညီချက် ၃ ချက်ရရှိထားတယ်လို့  သမ္မတရုံး ညွှန်ကြားရေးမှူး  ဦးဇော်ဌေးက ပြောပါတယ်။
facebook
ဖေ့စ်ဘွတ်တွေကနေ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေအောင်  သွေးထိုးလှုံ့ဆော်ရေးသားနေတာတွေကို ထိန်းပေးဖို့  အပါအ၀င် အချက် ၃ ချက် သဘောတူခဲ့ကြတယ်လို့  ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“၁ အချက်က ရေတိုပေါ့နော်။ ရေတိုမှာ သွေးတိုးလှုံ့ဆော်မှုတွေ ထိန်းပေးဖို့ သူတို့ ဘက်ကလည်း ဖေ့စ်ဘွတ်ရဲ့ပေါ်လစီနဲ့ ညီညွတ်တဲ့ဟာကို လုပ်ပေးတယ်။ နောက်တချက်က ကျနော်တို့ဆီမှာ ဖေ့စ်ဘွတ် အသုံးပြုသူတွေနဲ့ ပတ်သက်လို့ ထိန်းချုပ်တာတော့ မဟုတ်ဘူး။ စောင့်ကြည့်တာကို သူတို့နဲ့ ဆွေးနွေးတယ်။ သူတို့ကလည်း နည်းပညာအကူအညီနဲ့ ကျန်တာတွေ ကူညီမယ်။ နောက်တချက်က သူတို့ဘက် အကြံပြုတာက ဆိုရှယ်မီဒီယာ အွန်လိုင်းနဲ့ ပတ်သက်ပြီး ဆိုက်ဘာလော လိုအပ်ချက်ပေါ့နော်။ ဒါက ချက်ချင်းလက်ငင်း လုပ်ဖို့တော့ ခက်မယ်ပေါ့။”
မြန်မာအစိုးရသမ္မတရုံးက တာဝန်ရှိသူတွေနဲ့   အမေရိကန်ပြည်ထောင်စု   Silicon Valley က အိုင်တီကုမ္ပဏီ ပညာရှင်နဲ့ အာရှပစိဖိတ်တာဝန်ခံ၊ ဖေ့စ်ဘွတ်ကုမ္ပဏီရုံးချုပ် ၀ါရှင်တန်ကတဦး၊ အိုင်ယာလန်ကတဦးနဲ့ အာရှပစိဖိတ်တာဝန်ခံတဦးတို့ ဖုန်းနဲ့  conference call ပုံစံ  ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဇူလိုင်လထဲမှာပဲ ဖေ့စ်ဘွတ်ကုမ္ပဏီ  တာဝန်ရှိသူတွေနဲ့ ပြည်တွင်းက ဖေ့စ်ဘွတ်သုံးသူ  အထူးသဖြင့် လူငယ်တွေ တွေ့ဆုံပြီး  ပညာပေး အလုပ်ရုံဆွေးနွေးပွဲတခု လုပ်ဖို့ရှိတယ်လို့လည်း သမ္မတရုံးတာဝန်ရှိသူက  ပြောပါတယ်။

အလားတူ  စာရေးဆရာတွေနဲ့ဖွဲ့ထားတဲ့ မြန်မာကလောင်ရှင်များအဖွဲ့ Pen Myanmar ကလဲ အွန်လိုင်း၊ ပုံနှိပ် နဲ့ အသံလွှင့် မီဒီယာတွေကို စောင့်ကြည့်နေတယ်လို့ အဖွဲ့ဝင်  ဦးမျိုးမြင့်ညိမ်းက ပြောပါတယ်။
“ကျနော်တို့ လက်လှမ်းမီသလောက် မီဒီယာတွေ အားလုံးပေါ့နော်။ ပုံနှိပ်မီဒီယာတွေ အားလုံးကို လိုက်ဖတ်တယ်။ နောက်အွန်လိုင်းမှာ ရှိတဲ့ မီဒီယာတွေ လိုက်ရှာကြည့်တယ်။ နောက် တီဗွီရုပ်သံလိုင်းတွေကို  စောင့်ကြည့်ပြီးနားထောင်နေပါတယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းက  အင်တာနက်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက်တွေကနေ ပျံ့နှံ့ခဲ့တဲ့ သတင်းတွေကို အကြောင်းပြုလို့ မန္တလေးမှာ ရုန်းရင်းဆန်ခတ်မြှုဖစ်ပွားခဲ့တာလို့  သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်  ဇူလိုင်လ ၃ ရက်နေ့က မြန်မာနိုင်ငံတွင်းမှာ ဖေ့စ်ဘွတ်သုံးစွဲမရအောင် နာရီပိုင်းလောက် အစိုးရက  ပိတ်ပင်ထားခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဒုတိယနေ့ကစပြီး အစိုးရနဲ့ ဖေ့စ်ဘွတ်တို့ အဆက်အသွယ်ရပြီး အမုန်းစကားရေးသားဖြန့်ဝေခဲ့တဲ့ အကောင့်အတော်များများကို ပိတ်သိမ်းခဲ့တယ်လို့ သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။
ရန်ကုန်မြို့က တရားရုံးချုပ်ရှေ့နေကြီး ဦးကိုနီက ဖေ့စ်ဘွတ်မှာ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေမယ့် ရေးသားတင်ဆက်နေသူတွေ ဘယ်သူတွေဆိုတာ ထင်ထင်ရှားရှားသိရင် အရေးယူလို့ ရတယ်လို့ ပြောပါတယ်။

“တည်ဆဲဥပဒေနဲ့ အများကြီး အရေးယူလို့ ရတယ်။ ကျနော်တို့ဆီမှာ ဖြစ်နေတာက အရေးမယူလို့ ဖြစ်နေတာ။ အရေးယူလို့ရတဲ့သူတွေကို အရေးမယူတာ။ တချို့ဆို အကောင့်မှာ ပြောရုံတင်မကဘူး၊ လမ်းပေါ်မှာကို ထွက်ပြီး ထင်ထင်ရှားရှား ပြောနေတယ်။ ပန်းဖလက်တွေ ရိုက်ပြီးဝေနေတဲ့အဆင့်ထိလုပ်တယ်။ အဲဒါကို မနေ့ကအထိ အရေးမယူသေးဘူး။ အခုတော့ ခေါ်စစ်ဆေးနေပြီလို့ ကြားတာပေါ့။”

မြန်မာနိုင်ငံမှာ  အင်တာနက်အသုံးပြုသူ ၂ သန်းခွဲကျော်ရှိပြီး  လာမယ့်နှစ်မှာ  ၃ သန်းလောက်ထိ ရှိလာမယ်လို့ မြန်မာ့ဆက်သွယ်ရေးရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီထဲမှာ ဖေ့စ်ဘွတ်သုံးသူ အရေအတွက် ဘယ်လောက်ရှိမယ် အတိအကျ မသိရပေမယ့် ၁ သန်းကျော် ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပြီး အော်ရီဒူးနဲ့ တယ်လီနော်တို့လို ဆက်သွယ်ရေး ကုမ္ပဏီတွေ ၀င်ရောက်လာတာကြောင့်လည်း  မကြာခင်မှာ ဖေ့စ်ဘွတ်သုံးစွဲသူ  အရေအတွက် ပိုများလာနိုင်ဖွယ်ရှိနေပါတယ်။
ဒီဗွီဘီ

http://www.tomorrow.com.mm/
၂၀၁၅မှာ ဘာဖြစ်မလဲ။ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးကား အဘယ်နည်း။ မေးခွန်းတွေက မြှားလို စူးနစ်သည်။
ကျွန်တော့်မှာ ဖြေစရာ စကားမရှိ။ ဖြေဖို့ခက်နေသည်။ အဖြေကို မသိတာလည်း ဖြစ်၏။ ကျွန်တော့်အာရုံတွေက ၂၀၁၅ ဆီမရောက်။ မန္တလေးသို့သာ ရောက်နေသည်။ အောင်ကျော်လည်း မချမ်းအေးနိုင်ပြီ။ အင်ကြင်းတို့လည်း ကြာအုံနှယ် မပွင့်နိုင်တော့။ ဆရာတင်၏ မြနန္ဒာသီချင်းကို ကြိမ်ကြိမ်ဖန်ဖန် ရွတ်မိနေသည်။

“တကယ် ခေတ်ပြောင်းတော့မယ် အမှန် ဧ၀ကံမှာ တဖန် ရွှေမြနန္ဒာ သမ်းသော မန်းရိပ်ခို” တကယ် ခေတ်ပြောင်းပြီလားတော့ မသိ။ မြနန္ဒာမှာ ဒဏ်ရာတွေနှင့်။ မြနန္ဒာမှာ အမာရွတ်တွေ ထင်ခဲ့ပေါ့။

ကျွန်တော်တို့ တိုင်းပြည်မှာ ဘာသာရေး အကြောင်းပြသည့် ပဋိပက္ခတွေ ဖြစ်ခဲ့တာ နှစ်နှစ် ကျော်ပြီ။ ဆက်တိုက် ဆက်တိုက် ဆိုသလိုပင်။ ဖြစ်တိုင်းလည်း ဘာအရေးမှ မကြီးသည့် ပြဿနာကပင် စနေလေသည်။ လူမှုကွန်ရက်ဟု ခေါ်ဆိုသည့် Facebook ကစသော ပြဿနာချည်း ဖြစ်နေ၏။ ရခိုင် ပြည်နယ် တစ်ခုလုံးကို ဟုန်းဟုန်း တောက်စေခဲ့တာလည်း Facebookက စတာပဲဖြစ်သည်။ Facebookကို အတည်ယူပြီး ပြဿနာတွေကို ကြီးထွားစေခဲ့သူတွေ၏ နောက်ကွယ်မှာ ကြိုးကိုင်သူ ရှိနေသည်ဟု ပြောသာ ပြောနေသော်လည်း ကြိုးဆွဲဆရာကို ယခုထက်တိုင် မတွေ့ရသေးချေ။ အသက်တွေကတော့ သေကုန်ပြီ။

ဒါဆိုရင် မေးချင်သည်။ ၁၉၈၈ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ထိ န၀တ၊ နအဖ အုပ်စိုးနေစဉ်က ဘာကြောင့် ဒီပြဿနာတွေ မဖြစ်ခဲ့သနည်း။ လူတွေရှိလျှင် ပြဿနာတွေရှိရမည်။ ယောက်ျားရှိလျှင် မိန်းမရှိရမည်။ မုဒိန်းမှုဆိုတာ ရှိခဲ့သည်။ ရှိနေသည်။ ရှိလေဦးမည်။ ဒါပေမဲ့ န၀တခေတ် တစ်လျှောက်၊ နအဖခေတ် တစ်လျှောက် မုဒိန်းမှုက စတင်သော ခုလိုပဋိပက္ခကြီးတွေ မဖြစ်ခဲ့ချေ။ (ဒီအချက်ကို အရေးအကြီးဆုံး နေရာမှာထားကာ သဘောပေါက်ကြပေးဖို့ လိုပါသည်)

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ ဒီလိုပြဿနာတွေ ဆက်တိုက်ဆက်တိုက် ဖြစ်ခဲ့တာကလည်း ဒုတိယ စဉ်းစားစရာ ဖြစ်လာသည်။ လူအုပ်နှင့် ပတ်သက်သည့် အခြေခံ စိတ္တဗေဒကို နားလည်သူတွေက လူအုပ်ကို ကောင်းကောင်း အသုံးချနိုင်တာ မမေ့ကြစေချင်။ ဟောပြောပွဲတွေ၊ ဇာတ်စင်တွေ၊ ဂီတပွဲတွေ ရှေ့က လူအုပ်ကြီး၏ ပေါက်ကွဲလွယ်မှုကို သတိချပ်ကြဖို့ လိုသည်။ တစ်ဦး တစ်ယောက်တည်း ဆိုလျှင် မလုပ်ဝံ့သော အလုပ်ကို လူအုပ်နှင့်ဆို လုပ်လေ့ရှိကြ၏။ ခြင်ကိုတောင် မသတ်ဝံ့သော အမျိုးသမီး တစ်ယောက်ကား သူမ၏ နုနယ် လှပမှုနှင့်မှ မလိုက်ဖက်အောင် လူအုပ်ရှေ့မှာ ခေါင်းဖြတ် ရဲခဲ့ဖူးပြီ။

တကယ်တော့ ကမ္ဘာမှာ လူအုပ်နဲ့ပတ်သက်သည့် စိတ္တဗေဒ သဘောကို ပုံစံလေးမျိုးနှင့် ဖွင့်ဆိုသည်။

၁။ ဝေလေလေ လူအုပ်ပုံစံ
ဘာရယ်မဟုတ်၊ သူများတွေနဲ့ ရောယောင်ဝင်ပါလိုက်သည့် သဘောပင်။ အများယောင်လို့ ယောင်အမောင် တောင်မှန်း မြောက်မှန်း မသိသူတွေပင်။

၂။ ၀တ်ကျေတန်းကျေ လူအုပ် ပုံစံ
မပါလျှင် မကောင်းဘူးဟုဆိုကာ ၀င်ရောသူတွေပင်။ သူတို့မှာ ဘာခံစားချက် ခံယူချက်ရှိလို့မှ မဟုတ်။ မပါလိုက်လျှင် အပြစ်တင် ခံရမှာစိုးတာနှင့် ၀င်ပါသူတွေ ဖြစ်၏။

၃။ ဖော်ထုတ်ဖွင့်ဟချင်သည့် လူအုပ်ပုံစံ
ဒါကတော့ ရှင်းသည်။ မီဒီယာ ဖိနှိပ်မှုတွေ ရပ်ပေးဖို့၊ လယ်မြေယာမြေ သိမ်းတာတွေ ပြန်ပေးဖို့ စသည့်စသည့် ပြဿနာတွေကို ရင်ဆိုင်နေရသော သဘောထားတူသူချင်း ပေါင်းမိပြီး အများရှေ့မှာ ဖွင့်ပြရဲသူများ ဖြစ်သည်။ သို့သော် ထိုလူအုပ်သည်ပင်လျှင် ဆန့်ကျင်ဖက် တစ်ခုခုနှင့် ရင်ဆိုင်လိုက်ရပါက ပေါက်ကွဲလွယ်၊ သွေးဆူလွယ် တတ်သည်။ ဒီအချက်ကို သိသူတွေက လူအုပ်ထဲသို့ အဖျက်သမား ထည့်ပေးလိုက်လေ့ရှိသည်။ ထို (အဖျက်သမားအုပ်စု)က ဘေးတီးလိုက်သည်နှင့် အဖျက်လုပ်ငန်းတွေ စလုပ်တော့၏။ သို့ဆိုလျှင် လုံခြုံရေး အဖွဲ့များက အခြေအနေကို ထိန်းသိမ်းရန်ဆိုသော အကြောင်းပြချက်ဖြင့် ပစ်တာခတ်တာ၊ ဖမ်းတာဆီးတာ၊ အမိန့်ထုတ်တာ၊ ကန့်သတ်တာ အားလုံးလုပ်လို့ ရလေပြီ။ ကျွန်တော်တို့ နိုင်ငံမှာ ၁၉၇၄၊ ၁၉၇၅၊ ဦးသန့်၊ အလုပ်သမား အရေးအခင်းတွေကို ပြန်ကြည့်ပါ။ တော်ဝင်နှင့် ယုဇန ရုပ်ရှင်ရုံနှစ်ရုံ ပြာကျခဲ့ဖူးပြီ။ သည့်နောက် ပစ်တော့ခတ်တော့တာပဲ ဖြစ်၏။ ၁၉၈၈ ခုနှစ်တုန်းကရော ကုန်သွယ်ရေးရုံး လူအုပ်ဝိုင်းခဲ့တာ မမေ့သင့်။ ပြီးတော့ တပ်က အာဏာသိမ်းပါလေတော့သည်။

၎။ သရုပ်ဆောင်ကောင်းသည့် လူအုပ်ပုံစံ
သူတို့ဘာမှမဖြစ်။ နောက်လူတွေပါလာအောင် သွေးဆောင်သူများ ဖြစ်သည်။ လူလိမ်တွေလည်း ဖြစ်သည်။ ဒီလိုလူမျိုး ၁၀၀လောက်က စလိုက်သည်နှင့် လူအုပ်ကြီး ပင်လယ်ဝေသွားတတ်သည်။ ၁၉၈၈ခုနှစ်က ရေကန်ကို အဆိပ်ခတ်တယ်ဆိုပြီး အမူအရာတွေ ကောင်းခဲ့တာကြောင့် လူအုပ် ကြီး သွေးဆူခဲ့ဖူးပြီ။ ခုလည်း ရတနာပုံ ရွှေမြို့တော်မှာ အဲသလို အမူပိုသော ပလီတတ်သောသူတွေ ရှေ့ကထွက်လာပြီးမှ လူအုပ်က ရောပါလာတာကို သတိပြုစေချင်သည်။

ဒီတော့ ဒီလို လူအုပ်ပုံစံတွေ၏ စိတ္တဗေဒသဘောကို သိနေသူတွေက လူထုကို မကောင်းသည့် ဘက်က အသုံးချကြသည်။ သတ္တုချလျှင် နစ်နာရသူတွေကား ပြည်သူတွေသာ ဖြစ်သည်။ လှည့်စားခံရပြီး ဘ၀ပျက်တာလည်း ပြည်သူတွေပဲဖြစ်၏။ ပြဿနာ ဖန်တီးသူတွေကတော့ အမြတ်ထုတ်မှာပဲ ဖြစ်၏။

လူယုံသတ်လို့ သေသည်ဆိုသော မြန်မာစကားကို မမေ့သင့်ပါ။ Facebook ပေါ်ကနေ လူတွေ ယုံကြည်လောက်အောင် ဟိတ်ဟန်ကောင်းသော သတင်းစာမျက်နှာ ဖန်တီးတာ လွယ်ပါတယ်။ ထို့အတူ ထိုသတင်း စာမျက်နှာကနေ ပြည်သူတွေ သွေးစိမ်းရှင်ရှင် ပန်းလို့သေအောင် ယုတ်ညံ့တာမျိုးကို သတိပြုကြစေချင်သည်။ သင်ခန်းစာ ယူကြစေချင်သည်။ စိတ်မကောင်းပါဘူးဆိုသော စကားတစ်ခွန်းထဲ အတွက် မလုံမခြုံ ကျီးလန့်စာ စားနေလိုက်ကြရသော ပြည်သူတို့ဘ၀ ပေးလိုက်ရတာ တန်ပါရဲ့လား။

ထို့ထက်ပိုပြီး တိုးလာနိုင်သော အခြေအနေတွေကို တင်ကြို သတိပေးချင်ပါတယ်။ နိုင်ငံရေးသမားများလည်း သတိပြုပေးစေလိုပါသည်။ ပြည်သူတွေလည်း သတိထားစေချင်ပါသည်။ ဒါတွေသည် ကြုံနေကြပဲလေဆိုပြီး ပေါ့ပေါ့ မထားစေလိုပါ။

၁။ မီဒီယာ အားကောင်းလာမှုကို အသုံးချကာ လူတွေ လွယ်လွယ်ယုံစေနိုင်လောက်သည့် ပြဿနာများကို မွှေးတတ်ပါသည်။

၂။ ကိုးကွယ်ရာ ဘာသာရေးကို (အထူးသဖြင့် ဗုဒ္ဓဘာသာ)ကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်သည်။

၃။ စာသင်ကျောင်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။

၎။ အရပ်ဖက် အဖွဲ့အစည်းများကို အခြေခံပြီး ပြဿနာပေါ်အောင် လုပ်တတ်ပါသည်။

၅။ အစိုးရ၏ အားနည်းသော အင်စတီကျူးရှင်းများကို အသုံးချကာ ပြဿနာမွှေးတတ်ပါသည်။

သို့ဆိုလျှင် ကျွန်တော်တို့ သတိချပ်စရာတွေ များနေတာကို ဂရုပြုမိမည်ထင်ပါသည်။ ရွေးကောက်ပွဲ နီးလာလျှင်ဖြစ်စေ၊ ဓားစာခံလုပ်စရာကိစ္စ ပေါ်လာလျှင်ဖြစ်စေ ပြည်သူကို အသုံးချတာတွေ၊ မျက်စေ့ လျင်လျင်ထားဖို့ လိုပါပြီ။ ကျွန်တော်တို့ တိုင်းပြည် အေးငြိမ်းစေချင်သည်။ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေသူတွေကိုလည်း မေတ္တာရပ်ခံပါသည်။ ကိုယ်မွှေးတဲ့မီး ကိုယ့်ကိုပြန်လောင်တော့မှ ဘုရားတလို့ မရနိုင်ပါ။ ခင်ဗျားတို့လက်ကို မြင်ပါတယ်ဗျာဟု ပြောလိုက်ပါရစေ။

ဇာဂနာ

 http://www.tomorrow.com.mm/
ကျွန်တော် တပ်မတော်က ဒုက္ခိတဘ၀နဲ့ ပင်စင်ယူခဲ့ရတဲ့ အရာရှိတစ်ဦးပါ။ ပြီးခဲ့တဲ့ အပတ်က ဂျာနယ် တစ်စောင်မှာ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒုတိယအကြိမ် ရုံးထုတ်လာတော့ မတရား ခံရတာပါလို့ ငယ်သံပါအောင် အော်နေတာကို ဖတ်လိုက် မြင်လိုက်ရတယ်။ လူအများကို မတရားလုပ်ခဲ့တဲ့ လူတစ်ယောက်ဟာ ကိုယ့်အလှည့်ကျမှ ကြောက်လန့် နေတာကို မြင်ရတော့ ကျွန်တော် ပြုံးမိလိုက်ပါတယ်။ မဟုတ်တာတွေ လုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် လောကီငရဲမှာ ဘ၀မကူးပဲ ခံရတော့မှာကို သိနေတဲ့ ကြောက်စိတ်နဲ့ သူအော်ခဲ့တာဖြစ်တယ်။

သူမတရားလုပ် ခံခဲ့ရသူတွေထဲမှာ တစ်ယောက် အပါအ၀င်ဖြစ်တဲ့ ကျွန်တော်က ဟိုးတုန်းက အခြေအနေတွေကို မနေ့တစ်နေ့ကလိုပဲ မျက်စိထဲ ပြန်မြင်ယောင်မိတယ်။ ကျွန်တော်ဟာ ဗိုလ်ချုပ် ဆန်းဆင့် စစ်ရာထူးခန့်ချုပ်တုန်းက ဘ၀ပျက်ခဲ့ရတဲ့ အရာရှိတွေထဲက တစ်ယောက်ပေါ့။ သူ့သားနဲ့ စီးပွားယှဉ်ဘက် ဖြစ်ခဲ့တဲ့ ကျွန်တော့်ကို သေရွာပို့ပစ်မယ်လို့ ကြိမ်းဝါးပြီး စစ်ထောက်ချုပ်ရုံးကနေ အဲဒီ့ ကာလက စစ်ဆင်ရေး အကြမ်းတမ်းဆုံးဖြစ်တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၉)ကို ပြောင်းပစ်တာ ခံခဲ့ရပါတယ်။ အဲဒီမှာပဲ စစ်ဆင်ရေး တစ်ခုမှာ မိုင်းထိပြီး ကျွန်တော် ဒုက္ခိတဘ၀ ရောက်ခဲ့ရပါတယ်။

သူ့သားနဲ့ စီးပွားရေးတစ်ခုတည်း ဆိုတာလည်း မသိပါဘူး။ စီးပွားပြိုင်ဖက် ဖြစ်သွားတယ်ဆိုတာလည်း ကျွန်တော် မသိပါဘူးလို့ တောင်းပန်ပြီး သိန်း ၁၅၀တန် ခြင်းတောင်းတစ်တောင်းနဲ့ ကန်တော့ပန်းဆင်ပြီး ကတိပေးခဲ့ရပါတယ်။ အဲဒါကြောင့် ပို့ဆောင်ရေး ၀န်ကြီးဌာနကို ဒုက္ခိတဘ၀နဲ့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေလို့ ဦးဆန်းဆင့်က အမိန့်တော် ချမှတ်လိုက်ပါတော့တယ်။

ပို့ဆောင်ရေး ၀န်ကြီးဌာနကို ရောက်ပြီး တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးလေးတစ်ခုတော့ လုပ်မှ မိသားစု အဆင်ပြေမယ်ဆိုပြီး ရေသန့်စက်လေးတစ်ခု ထောင်လိုက်ပါတယ်။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာတာပဲလား။ ဦးဆန်းဆင့် သားကပဲ ရှိသမျှ စီးပွားရေး အကုန်လုပ်နေသလားတော့ မသိပါဘူး။ သူ့သားနဲ့ နောက်တစ်ကျော့ စီးပွားရေးတူနေ ပြန်တာကြောင့် အရပ်ဖက် ၀န်ကြီးဌာနကို ရောက်ပြီးကာမှ တပ်မတော်ကို ပြန်လည်ခေါ်တဲ့ အမိန့်ထုတ်ပြီး စစ်တရားရုံးနဲ့ ထောင်ခုနစ်နှစ် ချပစ်မယ်လို့ ကြွေးကြော်ပြီး စစ်တရားရုံးဖွဲ့ပြီး ကျွန်တော့်ကို စစ်ပြန်ပါတော့တယ်။ နောက်ဆုံးမတော့ ကျွန်တော့်ရေသန့်စက်ကို သူ့ကိုထိုးအပ်ရတဲ့အပြင် သိန်းပေါင်းများစွာ သူ့ကိုကန်တော့ပြီး ရန်ငြိုးရှိရင် ပြေပါစေတော့ရယ်လို့ နယ်ဘက် ၀န်ကြီးဌာနကိုလည်း မပြောင်းရဲတော့ပဲ သူသနားလို့ပေးတဲ့ ဆေးပင်စင်နဲ့ပဲ စစ်ဆင်ရေး ဒုက္ခိတဘ၀နဲ့ ကျွန်တော့်ဘ၀ အဆုံးသတ် ခဲ့ရပါတယ်။

ကျွန်တော့်နာမည်ကို မဖော်ပြပေမယ့် သူ့ရဲ့မတရား လုပ်ဆောင်မှုတွေကြောင့် တပ်မတော်က အရာရှိကြီးတွေရော၊ ၀န်ကြီးဌာနက အရာရှိကြီးတွေပါ။ ဒီစာဖတ်ရင် သိလောက်အောင် မတရား ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ဆန်းဆင့်ဟာ ဘ၀မကူးပဲ ၀ဋ်လည်နေပြီးလားဆိုတာ ကျွန်တော် လက်ညှိုးထိုးပြီး အဘ ဗိုလ်ချုပ် ဆန်းဆင့်နဲ့ ဇနီး အန်တီနန်းကို မေးလိုက်ချင်ပါရဲ့ဗျာ။

စစ်ဆင်ရေးဒုက္ခိတ အငြိမ်းစား အရာရှိတစ်ဦး


ပြဿနာဖြစ်လာပုံရတဲ့ ဘိုင်မွန်းတည့်နေဂျာနယ်ကို ဇူလိုင် ၇ ရက် နံနက်ကတည်းက
ဖတ်ခဲ့ရပါတယ်။ ဒီဂျာနယ်နှစ်စောင်ကို ပုံမှန်နီးနီး ဖတ်လာခဲ့သူတယောက်အနေနဲ့ 
မွန်းတည့်နေညီနောင်ရဲ့  ဟန်ပန်ကို နားလည်ပြီးသားဖြစ်တဲ့အတွက် ကြံ့ဖွံ့ အစိုးရက
စိတ်ပူပန်စွာ စွဲချက်တင်သလို “ကြားဖြတ်အစိုးရအန္တရာယ်”ဆိုတာကြီးကိုလည်း
လွမ်းစရာ မျှော်စရာမရှိ၊ နတ္ထိ အရသာဟာ ဒီသတင်းဖတ်နေစဉ်မှာ ခံစားရပါတယ်။
ဒါပေမယ့် ပုံမှာပြထားတဲ့အတိုင်း နောက်အပတ် အမှတ်စဉ် ၃၀ ကို ဆက်လက်
ထုတ်ဝေနိုင်ခြင်းမရှိတော့တဲ့အကြောင်းကို ကြိုတင်အသိပေးထားတဲ့ နို့ တစ်စာကို
သတိပြု ဂရုထားမိပြီး ဘိုင်မွန်းတည့်နေ့ ရဲ့ နောက်ဆုံးထုတ်လေးပါလားလို့ တောင်
ရင်ထဲမကောင်းသလိုလိုဖြစ်ရတယ်။

“ဒီချုပ်ဥက္ကဌ ပါဝင်တဲ့ ကြားဖြတ်အစိုးရ အဖွဲ့ ကို ပြည်သူများက တင်မြှောက်ကြောင်း”
ဂျာနယ်မျက်နှာဖုံးကနေ စာလုံးကြီး နဲ့ ပြးတူးပြဲတဲ ဖော်ပြခဲ့တဲ့ ဘိုင်မွန်းတည့်နေကို
အဆိုပါသတင်းအတွက် အစိုးရဘက်က စစ်ဆေး အရေးယူမှုတွေ လုပ်တော့မယ်
ဆိုတဲ့ ရေးသားချက်တွေကိုလည်း မနေ့ ညက အွန်လိုင်းစာမျက်နှာတွေပေါ်မှာ
ဖတ်ရှုရပြန်တယ်။ MDCF ရဲ့  ဇူလိုင်လ ၇ ရက် နေ့ စွဲနဲ့  ထုတ်ပြန်ကြေညာချက်ကို
ဘိုင်မွန်းတည့်နေဂျာနယ် အမှတ် ၂၉ ဖြန့် ချိတဲ့ ဇူလိုင် ၇ ရက်မှာ ထည့်သွင်းခဲ့တာကို
ထောက်ချင့်ရင် ဂျာနယ်ဘက်ကနေ ဒီထုတ်ပြန်ကြေညာချက်ကို ဇူလိုင် ၇ ရက်နေ့ 
မတိုင်မီကတည်းက လက်ခံရရှိ ဖတ်ရှုပြီးသားဖြစ်မယ်လို့  ယူဆနိုင်ပါတယ်။ ထို့ အတူ
MDCF အဖွဲ့ အနေနဲ့  ဇူလိုင် ၇ ရက် နံနက်ပိုင်း ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ
ဆန္ဒပြပွဲတခု ကျင်းပပြုလုပ်မယ်ဆိုတဲ့သတင်းတချို့ ကို ဇူလိုင် ၆ ရက် အစောပိုင်း
ဖေ့စ်ဘုတ်စာမျက်နှာများမှာ ဖော်ပြလာတာကိုလည်း တွေ့ ရပါတယ်။ မွန်းတည့်နေ
တာဝန်ရှိသူတွေဟာ MDCF ကြေညာချက်က အရေးအသားတွေကို ဖေ့စ်ဘုတ်
စာမျက်နှာတွေဆီက ရခဲ့သလား (ဒါမှမဟုတ်) ကြေညာချက်စာရွက်ကို အခြားလမ်း
တနည်းနည်းနဲ့  သိရှိခဲ့သလားဆိုတာ ကာယကံရှင်တွေသာ ဖြေဆိုနိုင်ပါလိမ့်မယ်။
အွန်လိုင်းသတင်းတွေအတိုင်း ဇူလိုင် ၇ ရက် မနက်ပိုင်းမှာ MDCF ရဲ့  “ပြည်ထောင်စု
အစိုးရအနေဖြင့် ကိုယ်ကျိုးစီးပွားနှင့် ခရိုနီများကိုသာ အကာအကွယ်ပေးနေသဖြင့်
ပြည်ထောင်စုလွှတ်တော်မှ အမြန်ရုပ်သိမ်းရန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့် တိုင်းရင်းသာဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ်
ပြည်သူများက တင်မြှောက်ထားကြောင်း”စတဲ့ အဓိက သဘောထားတွေ ပါဝင်တဲ့
ဆန္ဒဖော်ထုတ်မှုတရပ်ကို ပြီးဆုံးအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သတင်းကို
ဒီနေ့ (၈. ဇူလိုင်)ထုတ် Daily Eleven သတင်းစာမှာ အကျယ်တ၀ံ့ ရေးသားတာကို
ဖတ်ရှုခွင့်ရခဲ့တယ်။ အဆိုပါ ဆန္ဒပြပွဲ ပြုလုပ်နေစဉ်အတွင်း ကျောက်တံတားမြို့ နယ်
ရဲတပ်ဖွဲ့ မှူးကိုယ်တိုင် လာရောက်တားဆီးခဲ့တယ် သိရတော့ MDCF ရဲ့ ဆန္ဒပြပွဲဟာ
ခွင့်ပြုချက် မယူခဲ့/မရခဲ့ဘူးလို့  သဘောပေါက်မိပါတယ်။ ပွဲကို ဦးဆောင်ပြုလုပ်တဲ့
MDCF အဖွဲ့ ဝင် ကိုနောင်နောင်ကိုလည်း အဲဒီနေ့ ညပိုင်းမှာတင် ရဲတပ်ဖွဲ့ ဘက်က
လာရောက်ခေါ်ဆောင်သွားတယ်လို့  MDCF အဖွဲ့ ဝင်တဦးရဲ့  ဖေ့စ်ဘုတ်မှာ ရေးသား
ထားတာကို တွေ့ လိုက်ရပါတယ်။

အထက်ပါ အကြောင်းအရာတွေဟာ ဘိုင်မွန်းတည့်နေဂျာနယ်က ၀န်ထမ်းတွေကို
ရဲဘက်က ဒီနေ့  ဖမ်းဆီးစစ်ဆေးနေတဲ့ အကြောင်းအရင်း နောက်ခံများဖြစ်ပါတယ်။
အငြင်းပွား ပြဿနာတက်လာရတဲ့ MDCF ကြေညာချက်ကို ဇူလိုင် ၇ ရက်ထုတ်
အခြားသော သတင်းစာများနဲ့ ဂျာနယ်များမှာ ထည့်သွင်းခဲ့မှု မတွေ့ ရခြင်းနဲ့ 
ဘိုင်မွန်းတည့်နေတစောင်ထဲမှာသာ ဖော်ပြခဲ့ခြင်းဟာ ဒီဂျာနယ် မြွေဖမ်းခံရခြင်းရဲ့ 
အဓိကကျတဲ့အချက်ဖြစ်သွားခဲ့ပါတယ်။ နောက်တရက်ထုတ် သတင်းစာတချို့ မှာ
ဘိုင်မွန်းတည့်နေရဲ့  ရေးသားဖော်ပြချက်အတိုင်း ထပ်တူနီးပါး ဖော်ပြလာပေမယ့်
ဘာပြဿနာမှ မရှိခဲ့ကြပါ၊ အရစ်မခံရပါ။ ဒီနေရာမှာ ဆန္ဒပြ့ပွဲသတင်းနဲ့ အတူ
ရောထည့်ခြင်းနဲ့  ကြေညာချက်ပါ စာသားတွေကို သီးသန့် ရွေးချယ်ထုတ်နုတ်ပြီး
လူသူမြင်တဲ့နေရာမှာ စိတ်ဝင်တစားဖြစ်အောင် ဖော်ပြလိုက်ခြင်းဆိုတဲ့ နှစ်ခုသာ
ကွာခြားသွားပါတယ်။ ဒါကြောင့် ဒီကိစ္စအပေါ် အစိုးရရဲ့ လုပ်ဆောင်ချက်ဟာ
ဘာကို ဦးတည်စေတာလဲ၊ အစိုးရပေးလိုတဲ့မှတ်ချက်ဟာ ဘာဖြစ်နိုင်မလဲဆိုတာ
ဆက်စပ် စဉ်စားကြည့်စရာလိုလာပါတယ်။

MDCF အဖွဲ့ အကြောင်း ပြောကြပြီဆိုရင် “ကုန်ဈေးနှုန်းကျဆင်းရေး ကိုထင်ကျော်”
ဆိုတဲ့နာမည် မပါမဖြစ် ပါရပါမယ်။ MDCF ဟေ့ ဆိုတာနဲ့  ကိုထင်ကျော် ကိုသာ
မျက်စေ့ထဲ တန်းမြင်ကြပါတယ်။ ကိုထင်ကျော်ဟာ MDCF ပါ။ စစ်အာဏာရှင်ခေတ်
၂၀၀၆ - ၂၀၀၇ ခုနှစ်ကတည်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးအဖြစ်နဲ့ 
ကိုထင်ကျော်ဟာ လူသိများ ထင်ရှားခဲ့ပါတယ်။ အစိုးရဆန့် ကျင်ရေး လှုပ်ရှားမှုများ
လုပ်ဆောင်ပြီး အဖမ်းအချုပ် ခံရလိုက်၊ အပြင်ပြန်ထွက်လာလိုက်၊ ပြန်လုပ်လိုက်၊
ပြန်ဝင်သွားလိုက်နဲ့  ဒီနေ့ အထိ အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ကျပြီး
ထောင်ထဲကို ရောက်နေပါတယ်။ အခြား MDCF အဖွဲ့ ဝင်တွေထဲမှာ ထောင်ချခံထား
ရသူများ၊ အမှုရင်ဆိုင်နေသူများနဲ့  ဖမ်းဆီးစစ်ဆေးခံနေရသူ အများအပြားပါ။
ထောင်ကားပေါ်တက်ခါနီး အော်ဟစ် ကြွေးကြော်ပုံတွေ၊ သံခြေကျင်းတန်းလန်းနဲ့ 
ရုံးအထုတ်မှာ မြေကြီးပေါ် လှဲချ ဆန္ဒပြပုံ၊ တရားရုံးမှာ လက်သီးလက်မောင်းတန်းလို့ 
သူ့ ထောက်ခံသူတွေနဲ့  အပေးအယူတည့်စွာ “ဒို့ အရေး”သံပြိုင်ရွတ်ကြပုံတွေဟာ
ကြားရမြင်ရသူတို့ အတွက် အံ့သြမှင်သက်နဲ့  ဝေဒနာတခုခု မျှယူမိစေပါတယ်။
အဲဒီ ခံစားမှုကတော့ “အစိုးရအဖွဲ့ ကို အယုံအကြည် မရှိခြင်း” နိုင်ငံရေးအသိလို့ 
ခေါ်ဆိုနိုင်ပါတယ်။ ကိုထင်ကျော် ဦးဆောင်တဲ့ပွဲများနဲ့  MDCF အဖွဲ့  လှုပ်ရှားမှု
အများစုဟာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ ထံ ခွင့်ပြုချက် မယူခဲ့တာကို တွေ့ ရတယ်။
သူတို့ ကြွေးကြော်သံနဲ့  ပေးချင်တဲ့ ခေါင်းစဉ်တွေအရ ခွင့်ပြုချက်ပြုနိုင်စရာ
လမ်းစလည်း မမြင်မိပါ။ လက်ရှိ ကြံ့ဖွံ့ အစိုးရကို နိုင်ငံရေးအရ ပွင့်ပွင့်လင်းလင်းနဲ့ 
အတော့်ကို ပြင်းထန်စွာ ဝေဖန်ထိုးနှက်ပါတယ်။ စကားလုံး ရွေးချယ်ပုံကအစ
တဲ့“ကစ်”ပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းရေး ကြွေးကြော်မှုကိုတော့ MDCF
အော်တာ မတွေ့ ရခြင်းဟာ ထူးခြားမှုပါ။ အခု ဇူလိုင် ၇ ရက်နေ့  ထုတ်ပြန်ချက်မှာ
အစိုးရအဖွဲ့  ဖယ်ရှားပေးရန် တောင်းဆိုချက်ကို လမ်းပြမြေပုံ ၇ ချက်နဲ့ အတူ
ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ဘက်သို့ စစ်ကူခေါ်နေတာ တွေ့ ရပါတယ်။
ဒါဟာ ထူးဆန်းပြီး MDCF အဖွဲ့ ရဲ့  ရှုတ်ထွေးတဲ့ ရပ်တည်ချက်ကို ဖွင့်ပြနေတယ်လို့ 
သုံးသပ်ရပါတယ်။ MDCF ရဲ့ အသံတချို့ ဟာ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်နဲ့ 
တခါတရံ ရှေ့ နောက်မညီ၊ အလွဲလွဲ အချော်ချော်ဖြစ်နေတတ်ပေမယ့် MDCF ဟာ
တနေ့ ထက်တနေ့  ပိုမိုထင်ရှားလာပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်တစား
စောင့်ကြည့်စရာကောင်းတဲ့ တက်ကြွလှုပ်ရှားအဖွဲ့ အစည်းတခု ဖြစ်လာပါတယ်။
ဒီအချက်ဟာ MDCF ရဲ့  ပဓာနကျတဲ့ ပန်းတိုင်တခုလည်း ဖြစ်နိုင်ပါတယ်။

၂၀၀၈ ဖွဲ့ စည်းပုံ နောက်ခံနဲ့  ပေါ်ပေါက်လာခဲ့ရတဲ့ ယနေ့  နိုင်ငံရေးအခင်းအကျင်း
ပိတ်ကားထက်မှာ “ကြားဖြတ်အစိုးရ” ခေါ်သံဟာ အ၀ိုင်းထဲ လေးထောင့်ပစ်သွင်း
သလို အဆီအငေါ် မတည့်လှပါ။ MDCF ကြေညာချက်မှာ ပါဝင်တဲ့ ဒီချုပ်ဥက္ကဌ
ဒေါ်စုရော၊ အမည်ဖော်ပြမထားတဲ့ တိုင်းရင်းသားဒီမိုကရေစီခေါင်းဆောင်များပါ
MDCF ဆန္ဒရှိသလို သူတို့ ကာယကံရှင်ပုဂ္ဂိုလ်များဘက်က ဒီကြားဖြတ်ကိစ္စအပေါ်
လိုလိုလားလား စိတ်ပါပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။ မီဒီယာများကလည်း
ဒီအချက်ကို မေးမြန်း စနည်းနာသင့်ပါတယ်။ ဒါပေမယ့် MDCF ရဲ့ ထုတ်ပြန်ချက်ကို
ကြိတ်ပြီး သဘောကျ ထောက်ခံနေသူတွေ မနည်းမနော ရှိနေကြပါတယ်။ အဲဒါက
စစ်အစိုးရ (ကြံ့ဖွံ့ အစိုးရ)ကို နှစ်ခြိုက်လက်ခံခြင်းမရှိတဲ့ ပြည်သူလူထု အများစုကြီး
ဖြစ်ပါတယ်။ ဒါဟာ တကယ့် မြေပြင် အခြေအနေအမှန်ဖြစ်ပါတယ်။ စစ်တပ်ရော၊
ဒေါ်စုမကြိုက်သူများပါ ဒီအချက်ကို ငြင်းဆန်၍ မရနိုင်ပါ။ တနည်းဆိုရရင် လူထုရဲ့ 
အဲဒီ ပုန်းလှိုးနေတဲ့ ဆန္ဒဇောကို MDCF က ဖွင့်လှန်သွန်ချလိုက်ခြင်း ဖြစ်သလို
တဖက်လှည့်နဲ့  “ဖွ”ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ စစ်ကြံ့ဖွံ့ ရဲ့ 
အာဘော်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေခြင်း၊ တည်ငြိမ်မှုကို
ထိပါးစေခြင်း၊ အများပြည်သူအကျိုး ပျက်စီးနိုင်ခြင်း၊ ဖွဲ့ စည်းပုံနဲ့ ဆန့် ကျင်ခြင်း၊
တည်ဆဲဥပဒေများနဲ့ အရေးယူခံရနိုင်ခြင်း”စတဲ့ ခြိမ်းခြောက် တားမြစ်သံများကို
တရစပ် ထုတ်လွှတ်လာပါတော့တယ်။ “ဒေါ်အောင်ဆန်းစုကြည်”အမည်နာမနဲ့ 
“အစိုးရ”ဆိုတဲ့ စကားလုံးကို တွဲဖက်ပြီး “မမြင်လို မကြားလို” ဆိုတဲ့ မက်ဆေ့ဟာ
ဘိုင်မွန်းတည့်နေ ပုံပမာဇာတ်ရဲ့  အနှစ်အချုပ် ဖြစ်ပါတယ်။
Aungmyo Tun

ပြီးခဲ့တဲ့ရက်ပိုင်း မန္တလေးမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေချိန် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က ရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် အသုံးပြုမှု ပိတ်ပင်တာ လုပ်ခဲ့ပါတယ်။ ဆက်သွယ်ရေးကို ညွှန်ကြားပြီး လုပ်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အချိန်သိပ်အကြာကြီးတော့ မဟုတ်ပါဘူး။ ၂၄ နာရီ မပြည့်ခင် ပြန်ဖွင့်ပေးခဲ့ပါတယ်။ အဓိကကတော့ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြထားတာတွေဟာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးသလို ဖြစ်နေတယ်၊ ကြီးမားတဲ့ ပဋိပက္ခတွေဆီ ဦးတည်စေတယ်၊ ဒါကို ထိန်းဖို့အတွက် ပိတ်ရတာလို့ ရဲမှူးချုပ်ဝင်းခေါင်က ဧရာဝတီ သတင်းဌာနက မေးတာကို ဖြေပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ပြသနာတွေဟာ ဖေ့စ်ဘုတ်ကြောင့် ဖြစ်ရတာလား၊ အမုန်းတရား ဖြန့်ဖြူးသူတွေကြောင့် ဖြစ်ရတာလား၊ ဒါကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

မန္တလေးမှာ အကြမ်းဖက်မှု အရှိန်မြင့်နေတုန်း ဧရာဝတီ သတင်းဌာနက ရဲမှူးချုပ်ဝင်းခေါင်ကို ခုလို မေးပါတယ်။ “ကောလဟလ အဓိက တိုက်ဖျက်နေရတယ်ဆိုတာက ဖေ့စ်ဘုတ်ကို ပိတ်လိုက်တာလား။ အဲဒါ အစိုးရက လုပ်လိုက်တာလား။” သူ ပြန်ဖြေတာက
“ မှန်ပါတယ်။ ကျနော်တို့ လုပ်လိုက်တာပါ။ လှုံ့ဆော်မှုတွေကို ပိတ်ချင်တာပေါ့ဗျာ။ လှုံ့ဆော်မှုတွေ သွေးထိုးမှုတွေ နားစွန်နားဖျားကြားမှုတွေ အကုန်လုံးကို လုပ်နေတဲ့အခါကျတော့ လူအုပ်စုအချင်းချင်းကြားထဲမှာ မိမိတို့ရဲ့ အဖွဲ့အစည်းကြားထဲမှာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးနေသလိုမျိုးဖြစ်နေတဲ့အတွက် မိမိရဲ့ စာတကြောင်း ပေတကြောင်းသည် ဒါဟာ ကြီးမားတဲ့ ပဋိပက္ခကြီးတခုကို ဦးတည်စေတယ်။ အဲဒါကြောင့် ကျနော်တို့က ထိန်းကြရမှာဖြစ်တယ်။ ထိန်းမနိုင်သိမ်းမရ အခြေအနေကို မရောက်အောင်ကို ကျနော်တို့ လုပ်ရတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ မနိုင်နိုင်တဲ့နည်းနဲ့ ရအောင် ထိန်းသိမ်းရမှာပဲ။ အဲဒီလို ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ရင်လည်း အဲဒီအခြေအနေနဲ့ လိုက်လျောညီထွေသော နည်းလမ်းကို ကျင့်သုံးရမှာဘဲ။ ရဲစကားပြောရမယ်ဆိုရင် လိုအပ်ရင် လိုအပ်တဲ့ပမာဏအထိ နည်းလမ်းစုံကို အသုံးပြုပြီးတော့ ဖြေရှင်းရမှာပဲ။” လို့ဆိုပါတယ်။
ဒါကိုကြည့်ရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ဖေ့စ်ဘုတ်လို အင်တာနက် လူမှုကွန်ယက် စာမျက်နှာကို အမြဲတစေ စောင့်ကြည့်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ နောက် အဲဒီ ဖေ့ဘုတ်ကနေ အမုန်းတရား ဖြန့်တာတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတယ်ဆိုတာလည်း သူတို့ သိပါတယ်။ ဒါဟာ ကြီးမားတဲ့ ပဋိပက္ခကြီးတစ်ခုဆီ ဦးတည်သွားနိုင်တယ် ဆိုတာလည်း သူတို့ သဘောပေါက်ပုံရပါတယ်။ ဒါဆိုရင် အဲဒီ အမုန်းရားဖြန့်ဖြူးသူတွေကို ဘာကြောင့် အရေးမယူသလဲ ဆိုတာ မေးခွန်းထုတ်ရတော့မယ် ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတောင် ၂၀၁၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့ မိန့်ခွန်းမှာကတည်းက “ ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ပြောပြီးသား မဟုတ်ပါလား။

ဒီနေရာမှာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြန်မေးလာနိုင်ပါတယ်။ ဖေ့စ်ဘုတ်သုံးတဲ့သူတွေကို အရေးယူလို့ ရသလား၊ ဘယ်သူတွေကို အရေးယူရမလဲ ဆိုတာပါ။ ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေမှာ အတိအလင်း ပြဌာန်းထားပြီးသားပါ။ ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလတုန်းက ဒီ ဥပဒေကို အသုံးပြုပြီး လူရွှင်တော် ဇာဂနာ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အတိုက်အခံ လှုပ်ရှားသူတွေကို အီးမေး တစ်စောင် ထောင် ၁၅ နှစ်၊ အီးမေးလ် ၄ စောင် တွေ့သူကို ထောင် အနှစ် ၆၀ အထိ ချခဲ့ဖူးတာတွေ ပြည်သူတွေ မမေ့ကြသေးပါဘူး။ အဲဒီ ဥပဒေ ရှိနေဆဲပါ။

ဖေ့စ်ဘုတ် သုံးသူထဲမှာ ကိုယ့်နာမည် အမှန်နဲ့ ကိုယ် သုံးနေသူတွေရှိသလို ဘယ်သူမှန်း မသိရတဲ့ နာမည်ဝှက်နဲ့ သုံးနေသူတွေလည်း ရှိပါတယ်။ ပထမ တဆင့် နာမည်အရင်းနဲ့ အမုန်းတရား ဖြန့်ဖြူးနေသူတွေကို အရင် စစ်ဆေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် ပုဒ်မ ၅၉ (စ) ဆက်ထားရှိရေး၊ မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ရေး လိုက်လံဟောပြောနေတဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေ ရဲ့ သူ့ တရားဝင် Face Book အင်တာနက် စာမျက်နှာမှာ “ မု ဒိန်းကျင့် တာ ကို ဥ ပဒေ အတိုင်း ရှင်း ဟုတ် လား- ဟားဟားဟား- စော်ကား လွန်း တဲ့ ကု လား နှစ် ကောင် ကို မ ခံနိုင် လွန်း လို့ သတ်တယ်ကွာ- ဒင်း ဆိုင် ကို ဖျက်တယ် ကွာ ရမ်းကားမှု ကို လည်း ဥ ပ ဒေ နဲ့ ရှင်း ကြ ပေါ့- မု ဒိန်း ကု လား ရှိ ရင်- ရမ်း ကား ဗမာ ရှိ နိုင် တာပဲ ကွ” ဆိုတာမျိုးအထိ တင်ထားတာ တွေ့နိုင်ပါတယ်။ မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် အရှင် ၀ီရသူရဲ့ “အရေးထဲ Eleven က တမှောင့်” ဆိုတဲ့ ပို့စ် အောက်မှာ “ လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ရင် ဒေါ်စုကိုသတ်၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေချင် ကုရ်အာန် နဲ့ ရှ့ရီအတ်ကိုပိတ်” ဆိုတာမျိုးအထိ မှတ်ချက်ဝင်ပေးထားပါတယ်။

အလားတူ အရှင်ဝီရသူ တင်ထားတဲ့ ပို့စ်တွေ ဖတ်လိုက်တာနဲ့ ဘာသာတစ်ခုနဲ့ တစ်ခု အမုန်းတရားပွားစေတာမျိုး တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေဟာ အမုန်းဓာတ်ခံကို လှုံ့ဆော်ပေးတာ ဟုတ်မဟုတ်၊ အကြမ်းဖက်မှုဆီ ဦးတည်နိုင် မနိုင် စိစစ်ဖို့ လိုပါတယ်။ တစ်ပြိုင်နက်တည်း နည်းပညာရှင်တွေ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ အကူအညီယူပြီး နာမည်ဝှက်နဲ့ လှုံ့ဆော်နေသူတွေကို ဖော်ထုတ် အရေးယူလို့ ရပါတယ်။ ဒီလို အရေးယူဖို့ လုပ်ငန်း စ လိုက်တာနဲ့တင် အမုန်းတရား ဖြန့်ဖြူးသူတွေ ခြေလှမ်း အများကြီး ရပ်တန့်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်ကတော့ နာမည်ဝှက်နဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ သွေးထိုး လှုံ့ဆော်သူတွေကို လူထုနည်းနဲ့ ၀ိုင်းပယ်ဖို့ ဖြစ်ပါတယ်။

အခုတော့ ရဲတပ်ဖွဲ့အနေနဲ့ အမုန်းတရားလှုံ့ဆော်သူတွေကို အရေးမယူပဲ သူ အသုံးပြုတယ်ဆိုတဲ့ ဖေ့စ်ဘုတ်လို နည်းပညာကို ပိတ်ပင်ဖို့ကြိုးစားတာဟာ ကားထဲ ဗုံးတင်လာမှာစိုးလို့ လူတွေအားလုံးကို ကားမစီးခိုင်းတာ၊ ဆိုင်ကယ်စီးပြီး ပစ်မှုကျူးလွန်မှာစိုးလို့ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် ပိတ်ပင်တာ ဆိုတဲ့ ဦးနှောက်မျိုးနဲ့ ခပ်ဆင်ဆင် တူပါတယ်။နောက်ဆုံး တစ်ခု ထောက်ပြလိုတာက အမုန်းတရား ဖြန့်ဖြူးသူတွေဟာ ဖေ့စ်ဘုတ် တစ်ခုတည်း အသုံးပြုနေတာ မဟုတ်ပါဘူး၊ အခြား အင်တာနက် ဆော့ဖ်ဝဲ ပေါင်းစုံ သုံးပါတယ်။ ဗီနိုင်းတွေ၊ ပုံနှိပ် စက္ကူတွေ သုံးပါတယ်။ လူတွေကို တိုက်ရိုက်ဟောပြောပါတယ်။ အဲဒီ ဟောပြောချက်တွေကို ဗီဒီယို ဖိုင်၊ အသံဖိုင်တွေနဲ့ အင်တာနက်ကနေ ဖြန့်ုဖြူးပါတယ်။ ဓာတ်ပြားလိုမျိုးနဲ့လည်း ဖြန့်ပါတယ်။ ဒါတွေကို မတားဆီး၊ အရေးယူတာ တစ်စုံတစ်ခုမှ မလုပ်ပဲ ဖေ့ဘုတ်ကို ပိတ်ပင်တာဟာ မှန်ကန်တဲ့ အလုပ်မဟုတ်တဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

လူနည်းစုအကျိုးစီးပွားအတွက်ပါ ပိုမိုကိုယ်စားပြုမှုပေးနိုင်သည်ဆိုသော အချိုးကျကိုယ်စားပြု ရွေးကောက်ပုံစနစ် PR (Proportional Representative) စနစ်ကို ကျင့်သုံးနိုင်ရန် လှုပ်ရှားမှု လုပ်လာကြသည်မှာ အန္တရာယ်ကြီးလွန်းလှသော နိုင်ငံရေးခြေလှမ်းဖြစ်သည်။ အကယ်၍များ ၂၀၁၅ ခုနှစ် မြန်မာ့ရွေးကောက်ပွဲတွင် PR ကိုကျင့်သုံးလျှင် နိုင်ငံရေးအရ နောက်ကြောင်းပြန်ခြင်းပင် ဖြစ်တော့သည်။

စစ်အုပ်ချုပ်ရေးပုံစံတုန်းကကဲ့သို့ပင် ” ငါနှင့်မတူ ငါ့ရန်သူ၊ အပြတ်သာရှင်း” ပုံစံသွတ်သွင်း၊ တိုင်းပြည်အတွက် မတည်ငြိမ်မှုများဖိတ်ခေါ်ပြီး သံသရာဆိုးတွင် တ၀ဲလည်နေအောင် ဖန်တီးနေသလိုပင် ဖြစ်လိမ့်မည်။

တကယ်တော့ မြန်မာနိုင်ငံတွင် လက်ရှိ ရွေးကောက်ပွဲစနစ်ဖြစ်သော FPTP (First Past the Post) အရပင် အာဏာရပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအနေဖြင့် အသာစီးမှ ပြိုင်နေရခြင်းဖြစ်သည်။ (ဒီစနစ်ကို ပထမဆုတစ်ဆုထဲကိုသာ မဲပေးသော စနစ်ဟု ဆိုချင်သည်။) မဟာဗျူဟာ မဟာမိတ်ဖြစ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲတွင် ရှိနေသောကြောင့်ဖြစ်သည်။

ကြံ့ခိုင်ရေးအတွက် လိုအပ်သောမဲများအတွက်
(၁) သမတ ဦးသိန်းစိန်ကဲ့သို့ ကြံ့ခိုင်ရေးခေါင်းဆောင်ပိုင်းအချို့၏ ထင်ပေါ်ကျော်ကြားမှု
(၂) ဘဏ္ဍာအရင်းအမြစ် အသုံးပြုနိုင်ခြင်း
(၃) အာဏာရှိခြင်း
(၄) အတိုင်းအတာတစ်ခုထိ စုစည်းမှုရှိသော နိုင်ငံရေးပါတီဖြစ်ခြင်း
(၅) ရုပ်သံမီဒီယာကို ထိန်းချုပ်ထားခြင်း
(၅) မဟာမိတ်ပါတီငယ်များ ရနိုင်ခြင်းတို့ ကြောင့်ဖြစ်သည်။

ဒါကိုမှ မဲအရေအတွက် အထိုက်အလျောက်မရနိုင်ခြင်း (၀ါ) အနိမ့်ဆုံး လွှတ်တော်အတွင်း အဓိက အတိုက်အခံမဖြစ်နိုင်လျှင် သုံးစားမရအောင် ညံ့လွန်းချာလွန်းလို့သာဖြစ်သည်။

PR စနစ်

PR စနစ်သည် ဆုမဲအများ ချီးမြှင့်သည်နှင့်တူသည်။ PR အောက်မှ တစ်ချို့မူဆိုလျှင် ”ဗလာမပါ ကံစမ်းမဲ” နဲ့တောင် တူသေးသည်။

PR စနစ်အရ မဲဆန္ဒနယ်ပြန်လည်သတ်မှတ်ရန် လိုလာသည်။ မဲဆန္ဒနယ်သတ်မှတ်မှုအလိုက် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် သတ်မှတ်မှုလည်း ပြောင်းလဲလာမည်။ မဲဆန္ဒနယ်ကြီးလေ ပို၍ကိုယ်စားပြုမှုများလေဖြစ်သည်။

ဥပမာ (၁) မဲဆန္ဒနယ် တွင် လွှတ်တော်ကိုယ်စားလှယ်ခွဲတမ်း (၈) နေရာရှိသည်ဆိုပါစို့။ (ဒီမှာလည်း တစ်ပါတီခြင်းအလိုက်၊ ညွှန့်ပေါင်းပါတီများအစုအလိုက် အနိမ့်ဆုံးရရှိရမည့် မဲအရေအတွက်ကို သတ်မှတ်ထားခြင်းများရှိသလို မသတ်မှတ်မှုများလည်းရှိသည်။ ဒါကိုပင် နှစ်ထပ်၊ သုံးထပ်ပြိုင် ဇကာစစ်ချဒါလည်း ရှိသေးသည်။ အနိမ်ဆုံးမဲသတ်မှတ်ချက်အစစ်ကလည်း ပါတီကြီးများ မဲဘယ်လောက်ရသလဲဆိုတာပေါ် မူတည်ပြန်သေးသည်။)

ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ A, B, C, D ရှိကာ မဲအရေအတွက် (၁) သိန်းမှသည် (၂) သောင်းအထိ အသီးသီးရရှိလျှင်

ကိုယ်စားပြုအချိုးအမှန် = ရရှိသော မဲအရေအတွက် X ကိုယ်စားလှယ်ခွဲတမ်း
စုစုပေါင်းမဲအရေအတွက်

အမည် မဲအရေအတွက် ကိုယ်စားပြုအချိုးအမှန် ရရှိသော ကိုယ်စားလှယ်

ပါတီ A ၁၀၀၀၀၀ ၃.၄၈ ၎
ပါတီ B ၈၀၀၀၀ ၂.၇၈ ၃
ပါတီ C ၃၀၀၀၀ ၁.၀၄ ၁
ပါတီ D ၂၀၀၀၀ ၀.၇၀

Party-List Proportional Representative စနစ်အောက်မှာ နည်းနာကွဲတွေရှိပါတယ်။ D'Hondt method အရဆိုရင် Close Party List နှင့် Open Party List သို့မဟုတ် District List ပုံစံဟူ၍ကွဲပြားသည်။

Close Party List အရ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပါတီများက ရွေးချယ်ပေးခြင်းဖြစ်သည်။ ဥပမာ- ကိုယ်စားလှယ် (၈) နေရာသတ်မှတ်သော မဲဆန္ဒနယ်အတွက် ပါတီအသီးသီးက မိမိကိုယ်စားလှယ် (၈) ဦးစီကို အစဉ်လိုက်ပြုစုပေးလိုက်ခြင်းဖြစ်သည်။ ဆန္ဒမဲပေးသူအနေဖြင့် ကိုယ်စားလှယ်လောင်းထက် ပါတီကိုအဓိကရွေးချယ်မဲပေးသည့် သဘောသက်ရောက်သည်။ ပါတီထိပ်ပိုင်းခေါင်းဆောင်များက သဘောကြရွေးချယ်ခြင်း၊ နီးစပ်ခြင်းတို့က အမတ်ဖြစ်နိုင်သဖြင့် မဲဆန္ဒနယ်ထက် ပါတီခေါင်းဆောင်များက ပိုအရေးပါလာသည်။

Open Party List တွင် ပါတီအလိုက် အဆိုပြုထားသော ကိုယ်စားလှယ်လောင်းများအနက်မှ မဲဆန္ဒရှင်က မိမိဦးစားပေးအစဉ်အလိုက် အမည်စာရင်းပါ စီစဉ်ပေးရခြင်းဖြစ်သည်။ ပါတီထိပ်ပိုင်းခေါင်းဆောင်များချုပ်ကိုင်မှုကိုလျော့ရန် ဆန္ဒမဲပေးသူဘက်နှင့် ချိန်ညှိခြင်းဖြစ်သည်။ သို့သော် ဆန္ဒမဲပေးသူအနေဖြင့် မိမိမဲဆန္ဒနယ်၏ ကိုယ်စားလှယ်လောင်းများအားလုံးအကြောင်းကို သိထားမှသာ ဆီလျော်သော ရွေးချယ်မှု လုပ်နိုင်မှာဖြစ်သည်။

ဒီမှာမှ Quota စနစ်ကျင့်သုံးလျှင် အနိမ့်ဆုံးသတ်မှတ် အရေအတွက်မဲကျော်လွန်ရရှိလာသော ကိုယ်စားလှယ်လောင်းအနေနဲ့ မိမိမဲတွေကို တစ်ခြားကိုယ်စားလှယ်လောင်းကို လွှဲပြောင်းပေးပိုင်ခွင့်ရှိပါတယ်။

၂၀၁၅ မြန်မာပြည်တွင် ဘာကြောင့် PR စနစ် မကျင့်သုံးသင့်တာလဲ

တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် PR မဟုတ်။ ပါတီငယ်များပင်ဖြစ်လင့်ကစား အမတ်နေရာရနိုင်သည့်အတွက် ပါတီငယ်များထူထောင်ရန် အားပေးသလိုဖြစ်နေသည်။ ”အလုပ်မရှိ ပါတီထောင်” ဟူ၍ ဖြစ်လာလိမ့်မည်။ ညီညွတ်မှုအားနည်းသော လူ့အဖွဲ့အစည်းအတွက် အကွဲကွဲအပြားပြား ပိုမိုဖြစ်ထွန်းအောင် မီးထိုးပေးသလိုဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများကို ပိုမိုနစ်နာနိုင်စေသည်။ PR သည် မူအရ လူနည်းစုအကျိုးစီးပွား ကိုယ်စားပြုမှုပိုနိုင်သည်ဆိုသော်ငြားလည်း တစ်စုတစ်ဝေးထဲစုစည်းနေထိုင်မှု အများစုဖြစ်သော မြန်မာပြည်ရှိ တိုင်းရင်းသားများအတွက် အကျိုးလျော့နည်းစေခြင်းသာလျှင် ဖြစ်လိမ့်မည်။ ဘာသာရေးကိုဇောင်းပေးသော နိုင်ငံရေးပါတီများ ပေါ်ထွက်လာနိုင်သည်။ ပါတီများ၊ မဲများကို ငွေပေးဝယ်ခြင်း ပိုလွယ်ကူအောင် ဖန်တီးပေးသလိုဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်သော ကုန်ကျစားရိတ် ပိုကုန်လိမ့်မည်။

စိန်ဝင်း
ဇူလိုင် ၉ ရက်၊ ၂၀၁၄ ခုနှစ်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.