07/12/14


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အနုပညာရှင်တွေ ဒီကနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံနေတဲ့အချိန် သတင်းမီဒီယာသမားတွေက မီဒီယာဖိနှိပ်မှုရပ် ဆိုတဲ့ စာတမ်းပါ တီရှပ်ဆင်တူဝတ်ဆင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီတီရှပ်တွေဝတ်ဆင်ထားသူ မီဒီယာသမားတွေကို သတင်းယူခွင့် မပေးခဲ့ပါဘူး။

အလားတူ ရန်ကုန်မြို့ မြို့တော်ခန်းမနားမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ မိကျောင်းကန် ရပ်ကွက်သားတွေကလည်း မြန်မာငြိမ်းချမ်းရေးစင်တာနားမှာ လာရောက် ဆန္ဒပြခဲ့ကြပါတယ်။

ရိုက်ကူး- ကျော်ဇောဝင်း၊ ကျော်လွင်ဦး
RFA

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရတဲ့ Unity Journal သတင်းထောက်များ
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ ၄ ရက်အတွင်း ဒုတိယအကြိမ် မိန့်ခွန်းတစ်ခု ပြောခဲ့ပါတယ်။ မိန့်ခွန်း တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အဲဒီ အချိန်က ဖြစ်ပွားပြီးစ မန္တလေးမြို့က ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုနဲ့ ပါတ်သက်ပြီး အမုန်းတရား ဖြန့်ဖြူးသူ၊ သွေးထိုးလှုံ့ဆော်သူ၊ လက်တွေ့ အကြမ်းဖက်သူတွေကို ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူလိုက်မယ်ဆိုပြီး ပြောခဲ့တဲ့ မိန့်ခွန်းပါ။ ဒါပေမယ့် ထူးထူးခြားခြား မိန့်ခွန်းရဲ့ အစ ပိုင်းမှာ မန္တလေး အကြမ်းဖက်မှုနဲ့ မဆိုင်တဲ့ မီဒီယာလောကကို သတိပေး စကား ထည့်သွင်းပြောကြားထားခဲ့လို့ မီဒီယာ သမားတွေကလည်း သမ္မတကြီး ဘယ်လိုများ အရေးယူလာမလဲ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။

နောက်နေ့မှာတော. ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ဖော်ပြခဲ့တဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ သတင်းထောက် (၃) ယောက်နဲ့ ထုတ်ဝေသူရဲ့ ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာလဲ မကွေးတိုင်း ပေါက်မြို့နယ်က စစ်လက်နက်ပစ္စည်း စက်ရုံကို လျှို့ဝှက်ဓာတ်တု လက်နက် စက်ရုံ ဆိုပြီး ဖော်ပြရေးသားခဲ့တဲ့ ယူနတီဂျာနယ်က စီအီးအိုနဲ့ သတင်းထောက် (၅) ယောက်ကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃/၂၉ နဲ့ ထောင်ဒါဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ဒါတွေဟာ မတော်တဆ တိုက်ဆိုင်တာတော့ မဟုတ်ဘဲ သမ္မတ မိန့်ခွန်း ပြောအပြီး မိန့်ခွန်းပါအတိုင်း အရေးယူ ဆောင်ရွက်လိုက်တာလို့ ယူဆ နိုင်ပါတယ်။ လွတ်လပ်ခွင့်ရတာ ၂ နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ စာနယ်ဇင်းလောက ပြန်ဖိနှိပ်ခံနေရပြီလား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဇူလိုင် ၇ ရက် သမ္မတ မိန့်ခွန်းမှာ ဦးသိန်းစိန် က “ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အဓိကအရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နဲ့ ရေးသားခွင့်များ ရရှိလာပြီး အရှေ့တောင်အာရှမှာ မီဒီယာလွတ်လပ်မှုအမြင့်မားဆုံး နိုင်ငံများထဲက တစ်နိုင်ငံအဖြစ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမယ့် ရေးသားပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါသည်။” လို့ ဆိုပါတယ်။

ဒီနေ့အချိန်ထိ မြန်မာနိုင်ငံမှာ ရုပ်သံနဲ့ ရေဒီယို အသံလွှင့်လုပ်ငန်း လုံးဝ လွတ်လပ်ခွင့် မရှိသေးပါဘူး။ အစိုးရနဲ့ စစ်တပ်က အလုံးစုံ ချုပ်ကိုင်ထားပြီး စိတ်ချရတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ချို့ကိုပဲ လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ၂၀၁၂ ဇွန်လကစ စာပေစိစစ်ရေး စနစ် ဖျက်သိမ်းပြီး လွတ်လပ်စွာ ရေးသား ပုံနှိပ်ခွင့်ရလာတာ မှန်ပေမယ့် ပုံနှိပ်-ထုတ်ဝေ ဥပဒေ ပြဌာန်းဖို့ ကြိုးစားတာ အပါအ၀င် အာဏာပိုင်တွေဘက်က အမျိုးမျိုး ကန့်သတ် ထိန်းချုပ်ဖို့ ကြိုးစားလာတာကို စာနယ်ဇင်းသမားတွေ တွန်းတွန်းတိုက်တိုက် ရုန်းကန် ဆန့်ကျင် ကြိုးစားပြီးမှ ရလာတာပါ။

အခု ဘိုင်မွန်းတည့်နေ ဂျာနယ်က အယ်ဒီတာ၊ သတင်းထောက် ၃ ယောက်နဲ့ ထုတ်ဝေသူရဲ့ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးပြီး ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အရေးယူ အမှုဖွင့်ထားတယ် ဆိုတာကလည်း မေးစရာ မေးခွန်း အများကြီး ရှိပါတယ်။ အယ်ဒီတာ တွေဟာ လက်ရှိ အကျဉ်းကျနေသူ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ကို “ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့် အရေးယူခံခဲ့ရတာပါ။ ဒီ သတင်း၊ ဒီအဖွဲ့ရဲ့ ကြေငြာချက်ထဲက စာသားတွေကို ဇူလိုင် ၈ ရက်နေ့ထုတ် ဒေးလီးအလဲဗင်းနဲ့ အခြား သတင်းစာ၊ ဂျာနယ်တွေမှာလည်း ဖော်ပြခဲ့တာကြောင့် သတင်းရေးသား ဖော်ပြမှုကြောင့် ဖမ်းရတာမျိုးလည်း ဟုတ်ပုံမရပါဘူး။ တကယ်လို့ ကြေငြာချက်မှာပါသလို ဘိုင်မွန်းတည့်နေ အယ်ဒီတာတွေက ကြားဖြတ် အစိုးရ ဖွဲ့တယ်ဆိုတဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုရင်တော့ ဒီ ပုဒ်မတွေနဲ့ ဖမ်းဆီး အရေးယူတယ် ဆိုတာ သဘာဝ ကျနိုင်ပါတယ်။ အဲလိုမှ မဟုတ်ပဲ သတင်းရေးသား ဖော်ပြရုံပဲ ဆိုရင်တော့ အလွန်ဆုံး သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူဖို့ လိုပါလိမ့်မယ်။ ခုချိန်ထိတော့ အာဏာပိုင်တွေ ဘာမှ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိသေးပါဘူး။

ဇူလိုင် ၁၀ ရက် ယူနတီ ဂျာနယ် စီအီးအိုနဲ့ သတင်းထောက်တွေကို ထောင် ၁၀ နှစ်ချတာကတော့ တကယ်ပဲ ဥပဒေအရ မျှမျှတတ ဆောင်ရွက်ခဲ့သလား ဆိုတာ ပိုပြီး သံသယ ဖြစ်စရာ ရှိပါတယ်။ အမှုကို စစ်ဆေးစဉ်တုန်းက တရားခံ အကျိုးဆောင်တွေဘက်က တရားစွဲသူ ဒုဗိုလ်မှူးကြီးကျော်ကျော်ဦးကို ဒီ စက်ရုံကြီးမှာ နိုင်ငံတော် လျှို့ဝှက်ချက်ကိစ္စမျိုး ရှိသလား မေးပါတယ်။ သူက မရှိဘူးလို့ ပြန်ဖြေပါတယ်။ လျို့ဝှက်ချက် မရှိတဲ့အတွက် ဒီ သတင်းဖော်ပြချက်ထဲမှာ လျှို့ဝှက်ချက် ပေါက်ကြားတယ် ဆိုတာမျိုးရော ရှိနိုင်သလား မေးတာကို သူက မရှိနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒီလောက်ဆို ရှင်းပါတယ်။ အဲဒီ တရားစွဲခံရသူ အားလုံး ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃/၂၉ ကျူးလွန်ကြောင်း ဘယ်လိုမှ ကောက်ချက် မချနိုင်ပါဘူး။ ဖြစ်ခြင်းဖြစ် အရေးအသား မတတ်လို့၊ မမှန်မကန် ရေးလို့ အခြား ပုဒ်မတွေနဲ့ပဲ ငြိစွန်းနိုင်ပါတယ်။ ဒါပေမယ့် သမ္မတ က ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ မိန့်ခွန်းပြောအပြီးမှ ခုလို ထောင် ၁၀ နှစ် ချလိုက်တာကြောင့် တရားသူကြီးဟာ ဒီအမှုကို ဥပဒေနဲ့ အညီ လွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်ခဲ့တယ်ဆိုပြီး ဘယ်လိုမှ လက်ခံလို့ မရနိုင်တော့ပါဘူး။

ပြောရရင် မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့် ရလာပြီး နှစ်နှစ်ကျော် ကာလ အတွင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း နဲ့ လုံးချင်း စာအုပ်တွေဟာ အာဏာပိုင်တွေကို ဝေဖန်ထောက်ပြတဲ့ သတင်း၊ သတင်းဆောင်းပါးနဲ့ စာပေတွေ အများကြီး ရေးသား ထုတ်ဝေခဲ့ကြပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့အပေါ် ဝေဖန်တာတွေ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒါကို အရေးယူလိုက်ရင် မီဒီယာကို ဖိနှိပ်တဲ့ အစိုးရဆိုပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကဲ့ရဲ့ ပြစ်တင် ရှုတ်ချမှာကို စိုးရိမ်ပုံရပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်း အကြမ်းဖက်မှု ဖြစ်ပွားတဲ့ကိစ္စ အပါအ၀င် အစိုးရရဲ့ တာဝန်ရှိမှုကို ဝေဖန်ထောက်ပြတာ ပြင်းထန် များပြားလာတဲ့အတွက် သည်းမခံတော့ပဲ သတင်းစာ ဂျာနယ်တိုက် တာဝန်ရှိသူတွေကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးတာ အပါအ၀င် ခုလို ဖမ်းဆီး၊ နှစ်ရှည်ထောင်ဒါဏ်တွေချ ခြိမ်းခြောက်ဖို့ လုပ်လာတာလို့ ယူဆ နိုင်ပါတယ်။ အရင် အာဏာရှင်ခေတ်က အတိုင်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခုလို မတရား ဖိနှိပ်ချုပ်ခြယ်တာတွေ လုပ်လာရင် ပြည်တွင်း စာနယ်ဇင်း သမားတွေရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်တုန့်ပြန်မှုကို ခံရမယ့်အပြင် နိုင်ငံတကာ မိသားစုရဲ့ ရှုံချကဲ့ရဲ့ ပြစ်တင်တာကိုပါ ခံရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
VOA

မြန်မာ့ ငြိမ်းချမ်းရေးစင်တာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် နဲ့ အနုပညာရှင်များတွေ့ဆုံနေစဉ် ယူနတီဂျာနယ်မှ သတင်းထောက်များ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရတာနဲ့ပတ်သတ်ပြီး မြန်မာ့ငြိမ်းချမ်းရေးစင်တာ ရှေ့ တွင် သတင်းထောက်များဆန္ဒထုတ်ဖော်လျှက်ရှိနေ

ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(Myanmar Peace Center) တွင် အနုပညာရှင်များနှင့်လာရောက်တွေ့ဆုံသော သတင်းသမားတချို့ကို ရဲတပ်ဖွဲ့ဝင်များက MPC အဆောက်အအုံတည်ရှိရာ ရွှေလီလမ်းတွင်းသို့ ၀င်ခွင့်မပေးဘဲ ပိတ်ဆို့ ထားခဲ့သဖြင့် ဦးဝီစာရ လမ်းမကြီးပေါ်တွင် ဆန္ဒပြခဲ့ကြောင်း၊MPC အဆောက်အအုံတည်ရှိရာ ရွှေလီလမ်းတွင်းတွင် ရှိနေသော သတင်းသမားများကလည်း MPC ဆိုင်းဘုတ်ရှေ့တွင် ကင်မရာနှင့် အသံဖမ်းစက်များကို လမ်းပေါ်သို့ချကာ ဆန္ဒပြခဲ့ကြောင်း၊ယင်းနောက် ရွှေလီလမ်းမှ သတင်းသမားများက ဦးဝီစာရ လမ်းပေါ်တွင် ဆန္ဒပြနေသော သတင်းသမားများနှင့် ပူးပေါင်းသွားကြောင်း၊ ဆန္ဒပြသတင်းသမားများသည် ပါးစပ်များကို တိပ်များနှင့်ကပ်၍ သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံခဲ့ရမှု သရုပ်ဖော်ကြကြောင်း၊ ကင်မရာနှင့်အသံဖမ်းစက်များအားလုံးကို လမ်းမပေါ်တွင် ချထားပြီး မီဒီယာဖိနှိပ်မှု ရပ် Stop Killing Press ဆိုသော အင်္ကျီများကို ၀တ်ဆင် ဆန္ဒပြခဲကြသည်။ (ဧရာဝတီ)
Author-နန်းလွင်
Kumudra
ကုမုဒြာဂျာနယ်

လျှို့ဝှက်ဓါတုစက်ရုံ သတင်းဖော်ပြမှုနဲ့ ယူနတီဂျာနယ်က သတင်းထောက်လေးဦးနဲ့ အမှုဆောင်အရာရှိချုပ်တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်တာကို အထူးစိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက မနေ့က ပြောကြားလိုက်ပါတယ်။

လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်ရှိစေပါမယ်လို့ မြန်မာနိုင်ငံက အာမခံထားပေမဲ့ ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာဟာ လွဲမှားနေတာပဲလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြန်ကြားရေးအရာရှိ Peter Velasco က ပြောကြားပါတယ် သတင်းစာဆရာတွေအားလုံးရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့လည်း မြန်မာနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ စက်ရုံတည်ဆောက်ဖို့အတွက် စစ်တပ်က လယ်ယာမြေသိမ်းတာကို ယူနတီဂျာနယ်က ဇန်နဝါရီလမှာ ဖော်ပြခဲ့ပါတယ်။ ဓါတုလက်နက်ထုတ်လုပ်မယ့်စက်ရုံလို့ စွပ်စွဲခံရတာဖြစ်ပြီး ဒါကို အာဏာပိုင်တွေက မဟုတ်မမှန်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

သတင်းထောက်တွေကို ဒီလိုပြစ်ဒဏ်ချမှတ်လိုက်တာကို လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ရှုတ်ချလိုက်ပြီး တချိန်ကအထီးကျန်နိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေး မရှိတော့တာတောင် သတင်းစာဆရာတွေကို ခြိမ်းခြောက်တာ၊ ဖမ်းဆီးအရေးယူတာတွေက ပိုဆိုးဝါးလာပုံရတယ်လို့ ပြောကြပါတယ်။

အမေရိကန်ုပြည်ထောင်စုအခြေစိုက် Freedom House ဆိုတဲ့ သတင်းလွတ်လပ်ခွင့်အဖွဲ့ကြီးကလည်း သတင်းထောက်တွေကို ခုလို ထောင်ဒဏ်တွေချမှတ်လိုက်တာဟာ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တရပ်ဖြစ်ပြီး အပြုသဘောဆောင် အပြောင်းအလဲကို နောက်ကြောင်းပြန်လှည့်မယ့် လက္ခဏာဖြစ်တယ်လို့ မနေ့ကပဲ ကြေငြာချက်ထုတ်ပြန်ပါတယ်။

အများပြည်သူအတွက် သတင်းပေးတဲ့ သတင်းထောက်တွေကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အထူးလျှို့ဝှက်အက်ဥပဒေအရ ပြစ်မှုထင်ရှားတယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်တာဟာ ၂ဝ၁၄ ပုံနှိပ်ထုတ်ဝေရေးဥပဒေကြမ်း စိတ်ဓာတ်ကို ချိုးဖောက်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ ပွင့်လန်းလာတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးတယ်လို့ Freedom House ဥက္ကဌDavid Hramer က ပြောကြားပါတယ်။
RFA

ကျမ သမ္မတ ဖြစ်လို့ရှိရင်တော့ အခုထက်တော့ တိုင်းပြည်ကောင်းမယ်လို့တော့ ထင်တာပဲ....

ဒေါ်အောင်ဆန်းစုကြည်
ဧရာအနောက်ဘက်ကမ်း ပခုက္ကူမြို့က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်လူပင်လယ်
ပခုက္ကူလူထုခေါင်းဆောင်ခရီးစဉ်ကိုကြွရောက်ချီးမြှင့်ပေးသော ပခုက္ကူမြို့နှင့်မိုင်၈၀ကျော်ဝေးသောဆိပ်ဖြူမြို့နယ်မှ
မဆလခေတ်နိုင်ငံရေးအကျဉ်းသားဟောင်းဘဘဦးတင်မောင်ကအသက်၈၀ပြည့်မွေးနေ့ အမှတ်တရတက်ရောက်ချီးမြှင့်တာပါတဲ့ခင်ဗျာ
Photo..Aung Ko Latt.Myo gyi,မျိုးကို မျိုးကို မျိုးကို .Thiha min wai

မိုးကုတ်မြို့ (သို့) ပတ္တမြားမြေဆိုတာ မြန် မာပြည်အတွက် အင်မတန်အဖိုးထိုက်တဲ့ မြို့ တစ်မြို့ဖြစ်ခဲ့ပါတယ်။ အခုမှမဟုတ်ပါဘူး။ ရှေး မြန်မာရာဇ၀င်သမိုင်းတစ်လျှောက် စော်ဘွား တွေ အဆက်ဆက်ကတည်းက မြန်မာဘုရင် ကို နှစ်စဉ်အခွန်တော်၊ လက်ဆောင်ပဏ္ဏာ ပတ္တမြား ဆက်သခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။

မိုးကုတ်မြို့က ကျပ်ပြင်ရွာရဲ့မြေဟာ အင် မတန်အဖိုးထိုက်တဲ့ မြေဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ အလယ်မှာ တင့်တယ်ပြီး အဖိုးထိုက်တန်တဲ့ မိုးကုတ်မြို့သားတွေဟာ စေတနာသဒ္ဓါတရား လည်း ကောင်းကြသလို ဘာသာရေးနဲ့ပတ် သက်လာရင်လည်း အင်မတန်ရိုသေကိုင်းရှိုင်း တန်ဖိုးထားခဲ့တဲ့မြို့လို့ ဆိုရပါလိမ့်မယ်။

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရား ဓမ္မတွေဟာ မိုးကုတ်မြေကစတင်ပြီး မိုးကုတ် ၀ိပဿနာရယ်လို့ ကမ္ဘာတစ်လွှားထင်ရှားခဲ့ တာလည်း အားလုံးသိပြီးဖြစ်ပါတယ်။ ဟိုးအရင်က ကျွန်တော်တို့ကလေးဘ၀မှာ မိုးကုတ်သူ၊မိုးကုတ်သားတွေကို အရမ်းအား ကျအထင်ကြီးခဲ့ကြပါတယ်။ မြန်မာဝတ္ထုရေး ဆရာတွေရဲ့ ဇာတ်လမ်းတွေမှာလည်း သူဌေး နေရာက ဇာတ်ကောင်ကို ရုပ်လုံးဖော်တဲ့အခါ မိုးကုတ်အဆက်အနွယ်အဖြစ် သရုပ်ဖော်ခဲ့လေ့ ရှိပါတယ်။

မှန်ပါတယ်။ ဟိုအရင်က မိုးကုတ်ဆိုတာ ဒယ်အိုးမြို့ကြီး၊ သူဌေးမြို့ကြီးပါ။ မိုးကုတ် မြို့က အဆင်းရဲဆုံးလူတောင်မှ အခြားမြို့ရွာ ကိုရောက်ခဲ့ရင် သူဌေးစာရင်းဝင်ဖြစ်ခဲ့ ရပါတယ်။ မြန်မာနိုင်ငံမှာ မိုးကုတ်သားလို့သာ ပြောလိုက် ပါ။ အားလုံးက အထင်ကြီးခဲ့ကြတယ်ဆိုတာ ရှေ့မီနောက်မီ မြန်မာပြည်သားတွေ မှတ်မိ နေကြပါလိမ့်မယ်။

မိုးကုတ်သူ၊မိုးကုတ်သားတွေဟာ သဘာဝ တရားကပေးထားတဲ့လက်ဆောင်နဲ့ ပြည့်စုံ ကြယ်ဝ သလို ဘာသာတရားအဆုံးမနဲ့ ရိုးသား ခဲ့ကြသူတွေပါ။ သစ္စာကြီးသူများလည်း ဖြစ် ခဲ့ကြပါတယ်။ အလိမ်အညာမုသားကို ရှောင် ရှားခဲ့ကြပါတယ်။ “ရိုး”လွန်းတော့ “အ”တယ် ဆိုတဲ့စကားလို ဆိုရမလားမသိ၊ နည်းအမျိုး မျိုးနဲ့ အသိမ်းဆည်းခံ မိုးကုတ်ရတနာမြေဟာ တစ်ပါးသူတွေပျော်စံရာဖြစ်ခဲ့ရပါတယ်။

ရာသီဥတု အလွန်အေးပေမဲ့ လူတွေရဲ့စိတ် အင်မတန်နွေးထွေးပျူငှာတဲ့ မိုးကုတ်မြို့ကို အသက်နှစ်ဆယ်ကျော်ကာလက ကျွန်တော် ရောက်ခဲ့ဖူးပါတယ်။ အခုခေတ် ဖားကန့်ကို သွားပြီး အလုပ်လုပ်သလိုမျိုးပေါ့။ ဆင်းရဲတွင်း နက်နေတဲ့ဘ၀ကို အရောင်တင်ချင်လွန်းတာ ကြောင့် သူဌေးဖြစ်အောင် သူဌေးမြေကို စိတ် ကူးယဉ်အိပ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ကျွန် တော်ရောက်ခဲ့ပါတယ်။ ပေါ်လန် (ပေါ်လင့်)လို့ခေါ်တဲ့ ကွင်းပိုင်ရှင်သူဌေးအိမ်မှာနေပြီး တွင်းတူးလုပ်သားဘ၀နဲ့ အိပ်မက်တွေကို မက် ခဲ့တဲ့ကာလပေါ့။

လူသစ်ဘ၀မို့ အများနည်းတူ မနက်စော စောထ ထင်းကောက်၊ ထင်းခွေ ပြီးတော့ ထမင်းဝိုင်းချက်၊ ချက်ပြုတ်လို့ပြီးတဲ့အခါ မိုင်း ခွဲဆရာကို နှိုးရပါတယ်။ မိုင်းခွဲဆရာဆိုတာ တွင်းပိုင်ရဲ့ အားကိုးယုံကြည်ရသူပေါ့ (သူက ယမ်းအစပ်အပြုကောင်းကောင်း နဲ့ မြေကြော ကောင်းကောင်းကိုခွဲပေးမှ တန်ဖိုးရှိတဲ့ကျောက် တွေ ရနိုင်မယ်လို့ ထင်မှတ်ခံထားရသူပါ) အား လုံးပြီးမှ ထမင်းစားပြီး တွင်းတူးမယ့်နေရာကို ထွက်ခွာခဲ့ကြပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ ကာလဟာ နွေရာသီကျောင်းပိတ်ရက်ကာလ မို့ အအေးဒဏ်လျော့နေခဲ့ပါတယ်။

တူးလက်စတွင်းနေရာကိုရောက်တဲ့အခါ မြေလိမ်မြေကောက်လမ်းတွေကို ကြက်တူး သလို တူးရင်း အနာဂတ်ဘ၀ကို ပုံဖော်ထုဆစ် ခဲ့မိပါတယ်။ ကျောက်ကြီးမအောင်ပေမဲ့ ထ မင်းစားကျောက်တွေကတော့ နေ့စဉ်ရနေခဲ့ပါ တယ်။ ကြားဖူးနားဝအရ ကျောက်အောင်ခဲ့ လို့ရှိရင် သစ္စာရှိရှိ ပြန်ပေးရတယ်။ မပေးရင် တွင်းပြိုပြီးသေတတ်တယ်။ မိုးကုတ်မြေဟာ သစ္စာမဲ့လို့မရဘူးဆိုတဲ့အတွက် ကျောက်အ မျိုးအစား ဘာမှန်းမသိပေမဲ့ တွင်းဆရာ က မြေအနေအထားကြည့်ပြီး တူးခိုင်းတဲ့နေရာမှန် သမျှတူးရင်း ဘာကျောက်ရရ ပြန်ပေးနေခဲ့မိ ပါတယ်။

အဲဒီလို စည်းကမ်းရှိပြီး သစ္စာကြီးတဲ့မိုး ကုတ်မြေက ပတ္တမြားတွေကို လာပြီးဝယ်ယူ တဲ့ ကုန်သည်တွေကတော့ ကျွန်တော်တို့ထက် အသားပိုဖြူပြီး ကျွန်တော်တို့တိုင်းရင်းသား စကား မတတ်တဲ့သူတွေပါပဲ။

သူတို့က တန်ဖိုးရှိတဲ့ကျောက်ကိုလည်း ဈေးနှိမ်ဝယ်ယူတာ ကြားခဲ့ရပါတယ်။ မကျေ နပ်လို့ ရောင်းတဲ့သူနဲ့အတူ အစိုးရမင်းများဖွင့် ထားတဲ့ ရာဖြတ်ဌာနကိုရောက်ခဲ့ရင်လည်း လာဘ်ထိုးငွေစားထားတဲ့ ရာဖြတ်ဆရာများက တိုင်းတစ်ပါးသား လူဖြူဘက်က ရပ်တည် ပေးခဲ့တာ ကြားခဲ့ရပါတယ်။

မိုးကုတ်မြေမှာ သစ္စာမမဲ့ရဘူးဆိုတဲ့ ပထမ ယုံကြည်စွာကြားခဲ့ရတဲ့စကားနဲ့ ခေါင်းပုံဖြတ် မိုက်ကြေးခွဲ မတရားအပြုခံနေရတဲ့ မိုးကုတ် ကျောက်ဈေးကွက်ကိစ္စဟာ ရှေ့နောက်စကား မညီဘူးလို့ ကျွန်တော်မှတ်ချက်ပြုခဲ့မိပါတယ်။ ဘာမှတော့ ၀င်ပြောခွင့်မရှိခဲ့ပါဘူး။ ကိုယ်က အလုပ်သမားမို့ပါ။ သစ္စာမဲ့ရင် တွင်းပြိုတတ် တယ်ဆိုတဲ့စကားက အမှန်အမှားလားဆိုတာ မသိခဲ့ပေမဲ့ မိုးကုတ်မြို့မှာ တဖြည်းဖြည်းနဲ့ ကျောက်တွေကွယ်ပျောက်နေပြီဆိုတဲ့ စကားကို တွင်းပိုင် ပေါ်လင့်ဆီကနေကြားခဲ့ရပါတယ်။

စိတ်ကူးယဉ်အိပ်မက်တွေနဲ့ နွေရာသီချီ တက်ခဲ့တဲ့ ကျွန်တော်ဟာ လမ်းစရိတ်ကို မနည်းရှာပြီး နှစ်လအကျော်ကာလမှာ မြန်မာ ပြည်မြို့တော် ရန်ကုန်မှာ ဆိုက္ကားနင်းတဲ့ဘ၀ ကို ရရှိခဲ့ပါတယ်။

မိုးကုတ်ဆိုတာ သူဌေးမြို့တော်၊ မိုးကုတ် သားဟာ သူဌေး၊ မိုးကုတ်ကိုသွားပြီး အလုပ် လုပ်ရင် ချမ်းသာမယ်ဆိုတဲ့ အတွေးလည်း ပျောက်ခဲ့ရပါတယ်။

အဲဒီအချိန်ကာလကတည်းက မိုးကုတ် မြို့ဟာ ပျက်ယွင်းစပြုနေခဲ့ပါပြီ။ ပိုင်ရှင်တွေ ဟာ သတ်မှတ်တဲ့အခွန်ကိုပေးဆောင်ရင်း တစ် နေ့နေ့တော့ ကျောက်အောင်လေမလား အ တွေးနဲ့ ကြိုးစားနေခဲ့ကြပါသေးတယ်။ ဒါပေမဲ့ လည်း ကျောက်အမှန်တကယ်ထွက်မယ့်နေ ရာ၊ ကျောက်လုပ်ကွက်ကောင်းမယ့်နေရာတွေကို အစိုးရမင်းများက ဟိုအကြောင်းပြ ခြံခတ်၊ ဒီအကြောင်းပြ ခြံခတ်နေခဲ့ကြလို့ လုပ်ကွက် ရှားပြီး ဘာလုပ်စားလို့လုပ်ရမှန်း မသိတဲ့ဘ၀ တွေမှာ ရှိတာလေးထုခွဲရောင်းချလို့ ကိုယ့်မွေး ရပ်မြေဇာတိ မိုးကုတ်ပတ္တမြားမြေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

ဧည့်သည်စိတ်ကူးယဉ်သမားအဖြစ် နှစ် လကျော်လောက် ရောက်ခဲ့ရတဲ့ ကျွန်တော်လို လူတောင် တစ်နေ့တော့ ကျောက်အောင်မှာပဲ ဆိုပြီး အိပ်မက်မက်ခဲ့သေးတာပဲ။ ဘိုးဘွားအစဉ် ဆက် ကျောက်အောင်ခဲ့ဖူးတဲ့ မိုးကုတ် သားတွေက ကျွန်တော်တို့ထက် ပိုပြီးစိတ်ကူး ယဉ်နေ ခဲ့ကြမှာပါ။ ဒါပေမဲ့လည်း ဘာမှမတတ် နိုင်တဲ့အဆုံး ဒို့ဘိုးဘွားအမွေနှစ်မို့ ချစ်မြတ် နိုးပေဆိုတဲ့ သီချင်းကိုမေ့ထားပြီး ထမင်းတစ် လုတ်စားရဖို့အတွက် ရေကြည်ရာမြက်နု ရာကို ပြောင်းရွှေ့ လုပ်ကိုင်နေခဲ့ကြရပါတယ်။

ထိုင်းနိုင်ငံနယ်စပ်၊ တရုတ်နိုင်ငံနယ်စပ် တွေမှာ ကြုံသလိုလုပ်ကိုင်စားသောက်နေရတဲ့ မိုးကုတ်မြို့က မြန်မာပြည်သားတွေဟာ တစ် နေ့နေ့တော့ ကျောက်အောင်မှာပဲ၊ သူဌေးဖြစ် မှာပဲဆိုတဲ့ အတွေးမျိုး မတွေးနိုင်တော့ပေမဲ့ မိုးကုတ်မြို့က ကျောက်တွေ ဘယ်လောက် တန်သလဲဆိုတာသိတဲ့ တစ်ဖက်နိုင်ငံသားတွေ ဟာ စစ်အစိုးရလက်ထက်မှာ အာဏာပိုင်တွေ နဲ့ပေါင်းပြီး ကုမ္ပဏီဆိုင်းဘုတ်အမျိုးမျိုးနဲ့ မိုး ကုတ်မြို့ကို အပိုင်သိမ်းပိုက်ထားလိုက်ပါပြီ။

ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ပတ္တမြားတွေ အရောင်လက် တောက်ပနေဆဲပါ။ မိုးကုတ် မြေက အဆီအနှစ်တွေဟာ မြန်မာပြည်သူတွေ များ တူးနေသလားအတွေးနဲ့ ထွက်နေဆဲ ပါပဲ။ မြန်မာ့ အဖိုးတန်ပတ္တမြားမြေ မိုးကုတ်မြို့ဟာ အဘစကားတွေ၊ အဘအမိန့်တွေနဲ့ သိမ်းပိုက် ခံလိုက်ရပါပြီ။

ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး သစ္စာ ရှိရိုးသားတဲ့ မိုးကုတ်မြို့ခံတွင်းပိုင်တွေ မွဲတေ ထွက်ပြေးရပေမဲ့ ရိုင်းစိုင်းကောက်ကျစ်ပြီး ငွေ သာလျှင်အဓိကလို့ထင်နေသူတွေ မိုးကုတ်မြေ မှာ အခြေချနေထိုင်လာခဲ့ပေမဲ့ မိုးကုတ်ပတ္တမြား တွေဟာ ထွက်ရှိနေဆဲပါပဲ။ မြန်မာပြည်သူ တွေ အခွန်အခမှန်မှန်ကန်ကန် မရပေမဲ့လည်း တိုင်းတစ်ပါးသားတွေဟာ မိုးကုတ်မြေကို အ ပိုင် သိမ်းဆည်းထားလိုက်နိုင်ပါပြီ။

ကမ္ဘာ့ဈေးကွက်မှာလည်း မိုးကုတ်ပတ္တမြား တွေ ဈေးကောင်းကောင်းနဲ့ အရောင်းသွက် နေ ဆဲပါပဲ။ မိုးကုတ်မြို့သားတွေကတော့ ကြုံ သလိုလုပ်ငန်းနဲ့ ဇာတိမြေကို စွန့်ခွာထွက်ပြေး နေ ရဆဲပဲ ဖြစ်ပါတယ်။

ဒီထက်ပိုသေချာတာကတော့ ကျွန်တော့် တွင်းပိုင်ရှင်သူဌေးသမီးဟာ ပြင်ဦးလွင်မြို့က ကျွန်တော့်အိမ်အနီးမှာ ပန်းစိုက်တဲ့အလုပ်နဲ့ ချွေးမြေကျပြီး အလှတွေကွယ်ပျောက်နေတာ ကို ပြန်လည်တွေ့ဆုံခဲ့ရခြင်းပါပဲ။

တေးရေးအကျော် အကော်ဒီယမ်အုန်း ကျော် (ကွယ်လွန်)ရဲ့ သီချင်းစာသားလေးတွေ ကို ညည်းနေမိတဲ့အခိုက်မှာ ကျွန်တော့်ရင်ထဲကို အမည်မဖော်နိုင်တဲ့ ၀မ်းနည်းကြေကွဲမှုတွေ တရစပ်ရောက်ရှိခံစားနေခဲ့မိပါတယ်။

“ဒီမြေဟာ ငါတို့မြေ၊ ဒို့ဘိုးဘွားတို့အမွေ”
ဟုတ်ပါတယ်။ ဒီမြေ၊ ဒီရေ၊ ဒီတောတောင် နဲ့ ဒီမြေက ထွက်တဲ့ အလွန်ပေါတဲ့ သယံဇာတ တွေဟာ ကျွန်တော်တို့အဘိုးဘွားလက်ထက် ကတည်းက ပိုင်ဆိုင်ခဲ့ကြတာသေချာ ပါတယ်။ ငါတို့မြေကိုတစ်လက်မမှ အကျူးကျော် မခံဆိုတဲ့ ကြေးကြော်သံတွေနဲ့ ကြေးကြော် ခဲ့တဲ့ အစိုးရမင်းများအတ္တကြောင့် မြန်မာပြည် တစ်နံတစ်လျားက ရေမြေတောတောင်ရောင်း စားတဲ့ အထဲမှာ မိုးကုတ်က ပတ္တမြားမြေတွေ လည်း ပါဝင်ခဲ့ရတယ်ဆိုတာ ဘယ်သူတွေက ငြင်းကြလေမလဲ။ အင်မတန်ဝမ်းနည်းဖို့ ကောင်းလှပါတယ်။

မြန်မာဆိုတာ ကမ္ဘာ့ချမ်းသာသူတွေထဲ မှာ တစ်ချိန်ကရှိခဲ့ ပါတယ်။ မြန်မာ့ သစ်တော၊ မြန်မာ့ရေမြေကို အာသာငမ်းငမ်းနဲ့ လိုချင် လွန်းလို့ သိမ်းပိုက်လိုသူတွေ အများအပြား ရှိခဲ့ကြပါတယ်။

မျိုးချစ်၊ မြေချစ်၊ သစ္စာတရားရှိတဲ့ မြန်မာ့ စိတ်ဓာတ်ရှင်သန်တဲ့ခေတ်မှာ နံဘေးသား လောက်ပဲ စားသောက်ခဲ့ရတဲ့ တိုင်းတစ်ပါးသား လူလည်တွေဟာ စစ်အစိုးရလက်ထက်မှာ စား ပိုးနင့်အောင်လာဘ်ထိုးပြီး မြန်မာ့ရေမြေတော တောင်၊ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတတွေကို သိမ်းပိုက်တဲ့အပြင် မြန်မာ့ မြေက မြန်မာစကား၊ မြန်မာစာတွေပျောက် ပြီး တရုတ်စကား၊ တရုတ်စာ၊ တရုတ်ယဉ် ကျေးမှုတွေ ဖုံးလွှမ်းအောင်ဆောင်ရွက်ခဲ့ကြ ပါတယ်။ သခင်မျိုးဆိုတဲ့ မြန်မာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ ဈေးကွက်အပေါဆုံး ကျွန်နိုင်ငံ အဖြစ်ကို ရောက်ရှိနေခဲ့ရပါပြီ။

မိုးကုတ်မြို့ကိုအကြောင်းခံပြီး ရေးသား တင်ပြနေပေမဲ့ မြန်မာတစ်ပြည်လုံး ဆုံးရှုံးနေ ခဲ့ရတာတွေ အများကြီးရှိနေခဲ့ပါတယ်။ အာ ဏာရှင်တွေရဲ့ ကျေးဇူးရှင်ဆိုသူတွေက ဗန်း မော်၊ ကသာ၊ ငအိုး သစ်တောကြိုးဝိုင်းတွေ ကုန်အောင်သယ်နေခဲ့ကြပြီးပါပြီ။ လွတ်နေတဲ့ နေရာမှာ ကျွန်းအစား ကြက်ဆူပင်နဲ့ ကြံတွေ စိုက်နေခဲ့ရတာ သက်သေပါပဲ။

မြန်မာစစ်အစိုးရလက်ထက်မှာ ပေါ်ထွန်း ခဲ့တဲ့ စာဆိုက၀ိတွေက တိုက်ခန်းနဲ့ ဖုန်းက လေးရရင် ဆောင်ပုဒ်လှလှလေးတွေ ရေးပေး နေခဲ့ကြတာကြောင့် မြန်မာပြည်သူတွေ ဆောင် ပုဒ်ကြားမှာ မျက်စေ့လည်လမ်းမှားပြီး မွဲသည် ထက်မွဲ၊ ဆင်းရဲသည်ထက် ဆင်းရဲနေခဲ့ကြရ ပါတယ်။

ကျောက်ဖြူရေနံ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်ခဲ့ရတဲ့လယ်တွေ၊ ပျောက်ခဲ့ရတဲ့ရွာတွေ အများကြီးရှိခဲ့ပေမဲ့ အစိုးရရဲ့ကျေးဇူးရှင်တရုတ် တွေက မြန်မာပြည်သူတွေရဲ့ ဦးခေါင်းအထက် မှာ ချေးတက်ပါနိုင်တဲ့ အခွင့်ရေးရရှိနေဆဲဖြစ် ပါတယ်။

မြန်မာရာဇ၀င်ရဲ့ နောက်ဆုံမင်းဆက် နန်း တော်ရှိရာ မန္တလေးမြို့ဆိုတာလည်း မြန်မာ စကားမပြောတဲ့သူတွေ သိမ်းပိုက်ခြေကုပ်ယူ ထားတဲ့ မြို့ဖြစ်နေခဲ့ပါတယ်။

ရန်အပေါင်းကုန်တဲ့ ရန်ကုန်မြို့တော် နေ ရာအနှံ့အပြားမှာလည်း တရုတ်တွေက တစ် ခြမ်းယူ သိမ်းပိုက် လက်ဝါးကြီးအုပ်ထားတယ် ဆိုတာ ဘယ်သူမှငြင်းမရနိုင်တော့ပါဘူး။ ခေတ် အဆက်ဆက် သိက္ခာရှိခဲ့တဲ့ မြန်မာ ပြည်သားတွေဟာ စစ်အစိုးရ(အဘ)လက်ထက် မှာ သိက္ခာမဲ့ခဲ့တဲ့ ကျွန်သာသာဘ၀ကို အတုံး အရုံးရောက်ရှိနေခဲ့ကြရပါပြီ။ အဘ၊ အဘ၊ အဘ လို့ခေါ်တဲ့ခေတ်မှာ မြန်မာ့ရတနာမြေ မိုးကုတ်လည်း ကျရှုံးခဲ့ရပါ ပြီ။

ရတနာပုံနေပြည်တော်လည်း ကျရှုံးခဲ့ရပါ ပြီ။ (ဒဂုံ)ဆိုတဲ့ ရန်ကုန်လည်း ကျရှုံးခဲ့ရပါပြီ ။ မြန်မာပြည်တစ်နှံ့တစ်လျားက ရှိရှိသမျှ သော သက်ရှိသက်မဲ့အရာတွေဟာ အဘတို့ခေတ်မှာ တ ရုတ်လက်ထဲ ရောက်နေခဲ့ရပေမဲ့ ဒါဟာ ငါတို့ကျေးဇူးရှင်ကွလို့ အော်ကြီး ဟစ်ကျယ်ပြော လိုက်တာကြောင့် အဘတို့စီမံတဲ့ အဓိကရုဏ်း တွေ၊ ဘာသာရေး ရန်ပွဲတွေ မှာ မြန်မာပြည် သူ တွေ အာရုံရောက်နေတုန်း ၂၀၁၅ မတိုင်ခင် မြန်မာ့မြေပုံ တစ်ခြမ်းရောင်း ထားတဲ့ ငွေတွေ နဲ့ နောင်ဘ၀ကူးမယ့် အဘတို့ကို စိုးရိမ်နေ မိပါတယ်။

ပတ္တမြားမှန်ရင် နွံမနစ်ဘူဆိုတဲ့ စကားပုံ ရှိခဲ့ပေမဲ့ ပတ္တမြားမြေ မိုးကုတ်ဟာ နွံနစ်နေခဲ့ ရပါပြီ။
ဒီမြေဟာ ငါတို့မြေ၊ ဒို့အဘိုးဘွားတို့မြေ ဆိုပေမဲ့လည်း ကိုယ့်အကျိုးမဟုတ်တဲ့သူတွေ ဟာ အဘတို့ခေတ်မှာ သိမ်းချင်တိုင်းသိမ်း ရိုင်းချင်တိုင်းရိုင်းနေခဲ့ကြပါတယ်။ ညီအစ်ကို အရင်း မဟုတ်တဲ့ အိမ်နီးချင်းတွေ ကိုယ့်အိမ်ထဲဝင်ရိုင်းနေနိုင်တာဟာ အ ဘတို့ ခွင့်ပြု မိန့်ကြောင့် လို့ ပြည်သူတွေအများက သိနေခဲ့ကြပါပြီ။ အဘတို့သက်တမ်းဘယ် လောက်မှ မကျန်တော့တဲ့ အချိန်မှာ ဘာသာ လေးခုတရားနဲ့အညီ နေထိုင်ပြီး လူသားဝါဒ ကျင့်သုံးခဲ့ကြဖို့ လိုအပ်နေပါပြီ။

အဘခေတ်မှာ ပျောက်ဆုံးတော့မယ့် မြန်မာ့မြေပုံကို အဘရဲ့မျိုးဆက်လက်ထဲ မပေးဘဲ ကာရန်တူ အသံတူ အစ်မလက်ထဲ ရဲရဲဝံ့ဝံ့အပ် နှံလိုက်သင့်ပါတယ်။
မိုးကုတ်မြို့က ပတ္တမြားတွေ တိုင်းတစ်ပါး မှာ ရောင်းစားခံနေရသလို မြန်မာတိုင်းရင်း သားအနာဂတ်လူငယ်တွေလည်း တိုင်းတစ် ပါးမှာ ကျွန်ပြုခံနေရဆဲပဲဖြစ်ပါတယ်။
အခုလတ်တလော အရေးကြီးဆုံးလုပ်ငန်း ဟာ လူကယ်၊မြေကယ်လုပ်ငန်းဖြစ်ပြီး အဘ တွေကို ဖယ်ရှားသင့်ပြီဖြစ်ကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။

အတွဲ (၂) အမှတ်စဉ် ၂၀၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook တွင် အစိုးရ၏မူဝါဒများ မှန်ကန်ကြောင်းနှင့် အစိုးရကို ထောက်ခံရေးသားပြောဆိုသူ အများစုမှာဝါဒဖြန့်ချိရေး Account အတုများ ဖြစ်နေကြောင်း Facebook ကို ပုံမှန်သုံးစွဲနေကြသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဝါဒဖြန့်ချိရေး Account များသည် အမည်ရင်း၊ Profile အမှန်ဖြင့် ရေးသားနေကြသူများမဟုတ်ဘဲ Account အတုများဖြင့် ၎င်းတို့၏ စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့်ချိခြင်း၊ သတင်းဌာနများ၏ Facebook Page များသို့ ဝင်ရောက်ပြီး အစိုးရကောင်းကြောင်း၊ မှန်ကန်ကြောင်း Comment များ ဝင်ရောက်ရေးသားပြီး ဝါဒဖြန့်ချိနေကြခြင်း ဖြစ်သည်။

အနီးစပ်ဆုံးသာဓကအနေဖြင့် ဇူလိုင် ၁ဝ ရက်က ယူနတီသတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ခြင်းအား သတင်းဌာနကြီးများက ၎င်းတို့၏ Facebook Page များတွင် သတင်းတင်ပြခဲ့ရာ ထိုသတင်းအောက်၌ comment ဝင်ပေးခဲ့သူများ၏ ရေးသားချက်များက ဝါဒဖြန့်ချိရေး Account များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။

“Facebook ပေါ်မှာ Profile မမှန်ဘဲနဲ့ account အတုတွေကို အများသဖြင့်လုပ်တာ တွေ့ရတာက အစိုးရနဲ့ပတ်သက်တယ်လို့ ယူဆရသူတွေ အာဏာပိုင်နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေက ဆိုက်ဝါးအဖြစ်သုံးဖို့အတွက် account အတုတွေ သုံးတာတွေ့ရတယ်။ ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့သတင်းမှာ Profile မမှန်တဲ့သူတွေက ဒီကိစ္စကို ထောက်ခံတယ်ဆိုတဲ့သဘောက အစိုးရနဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို Lobby လုပ်တဲ့ သဘောပဲ။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်က မှန်တယ်ဆိုတဲ့သဘောမျိုး လုပ်တာ”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

“တစ်ဖက်ကကြည့်ရင် မန္တလေးပဋိပက္ခကိစ္စမှာ အစိုးရကလည်းပြောပါတယ်။ ဆိုရှယ်မီဒီယာတွေက အမုန်းပွားစေတဲ့စကားတွေ၊ လှုံ့ဆော်တဲ့အရေးအသားတွေကို ထိန်းသိမ်းတယ်လို့ အစိုးရကလည်း တစ်ဖက်က ပြောတယ်။ အာဏာပိုင်ကလည်း တစ်ဖက်က ပြောတယ်။ အစိုးရရဲ့ ရပ်တည်ချက်ပေါ်မှာ အုံနဲ့ကျင်းနဲ့ထောက်ခံပြီးတော့ ဆိုက်ဝါးလုပ်လာတဲ့ account တွေကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ Profile မမှန်တဲ့၊ ယာယီသုံးတဲ့ account တွေ ဖြစ်နေတာကို တွေ့ရတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆက်လက်ပြောကြားသည်။

ယူနတီသတင်းထောက်များကို ချမှတ်လိုက်သည့် အမိန့်မှာ ပြင်းထန်လွန်းသည်ဟု အများပြည်သူက ဝေဖန်နေချိန်တွင် ဝါဒဖြန့်ချိသူ Facebook Account ပိုင်ရှင်များက အစိုးရ၏ အရေးယူမှုအပေါ် အားပေးထောက်ခံခဲ့ပြီး အစိုးရ၏ လုပ်ရပ်မှန်ကန်ကြောင်း၊ ပြစ်ဒဏ်နည်းလွန်းကြောင်း အစရှိသဖြင့် ရေးသားပြီး အစိုးရ၏ လုပ်ရပ်အပေါ် အကာအကွယ်ပေး ပြောဆိုဝါဒဖြန့်ချိခဲ့ကြသည်။

“မန္တလေးပဋိပက္ခမှာ ကျွန်တော်တို့ Facebook ကို သတိထားစောင့်ကြည့်ခဲ့ပါတယ်။ အမုန်းတရားတွေ၊ လှုံ့ဆော်မှုတွေရေးတဲ့ account ပိုင်ရှင်တွေဟာ Facebook Profile အစစ်တွေ မဟုတ်ပါဘူး။ လှုံ့ဆော်မှုတွေလုပ်ဖို့ account တွေဆောက်ထားတာလို့ ကျွန်တော်တို့ထင်ပါတယ်။ အခု ယူနတီသတင်းထောက်တွေ အမိန့်ချခံရတဲ့သတင်းမှာ ဒါကိုထောက်ခံတဲ့သူတွေကလည်း account အစစ်တွေမဟုတ်သလို ပြီးခဲ့တဲ့ မန္တလေးပဋိပက္ခမှာ လှုံ့ဆော်ခဲ့တဲ့ account တချို့ ပါလာတာကို တွေ့ရပါတယ်။ ဒီ Profile မမှန်တဲ့ account တွေက ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုက ထောက်ခံနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် Facebook မှာ ရေးသားနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော် လေ့လာမိသလောက် ဒီလို account မျိုးတွေ ထောင်ဂဏန်းလောက်ထိရှိပါတယ်။ ဒီ account တွေအများစုက အစိုးရရဲ့ ပေါ်လစီတွေကို ထောက်ခံလေ့ရှိတာတွေ့ရပါတယ်”ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

ထိုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုအပေါ် အားပေးခဲ့ပြီး အစိုးရမူဝါဒများကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သော ဝါဒဖြန့်ချိသူများ၏ Account များကို ပြန်လည်စိစစ်ရာ၌ ယင်း Account များသည် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စဉ်များတွင် သွေးထိုးလှုံ့ဆော်ရေးသားမှုများ ပြုလုပ်နေသူ အများစုဖြစ်ကြောင်းတွေ့ရသည်။

၎င်းတို့သည်Eleven Media Group ၊ 7 Day ၊ ဧရာဝတီ၊ BBC Burmese အစရှိသော သတင်းဌာနများ၏ Facebook Page များတွင် အစိုးရ၏လုပ်ရပ်များ မှန်ကန်ကြောင်း၊ ထောက်ခံကြောင်းဖြင့် အစိုးရ၏ မူဝါဒများကို အကာအကွယ်ပေးပြောဆိုရေး သားလေ့ရှိသူ ရေးသားသူများမှာ အတူတူပင်ဖြစ်လေ့ရှိသည်။

အစိုးရအနေဖြင့် Facebook ပေါ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်များကို လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုရေးသားချက်များ လျော့နည်းစေရန်အတွက် ၂၄ နာရီစောင့်ကြည့်စိစစ်ရန် Facebook ကုမ္ပဏီဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟုဆိုသော်လည်း Facebook တွင် ဝါဒဖြန့်ချိရေးသားနေသူ Account များ၏ ရာခိုင်နှုန်း ၇ဝ ခန့်မှာ အစိုးရကို အကာအကွယ်ပေး ဝါဒဖြန့်ချိရေးသားနေကြသူများ ဖြစ်နေသည်။
Eleven Media Group

သူ့လူမျိုးနဲ့ ကိုယ့်လူမျိုး သူ့ဘာသာနဲ့ ကိုယ့်ဘာသာ သူဦးရင်သူသတ် ကိုယ်ဦးရင်ကိုယ်သတ် နေကြတဲ့ ခေတ်စနစ် ပျက်ဆီကို ခင်ဗျားတို့ တွန်းပို့နေကြပါသလား။

ဘာသာမတူ လူမျိုးမတူ တဲ့ လူ၂ဦး ပဋိပက္ခဖြစ် လျှင် တာဝန်ရှိတဲ့သူများက အမှုဖော်ထုတ်မှု တရားစီရင်မှု တုံ့ဆိုင်းနေတာကို တွေ့ရသည်။

အဲဒီသတင်းကို အစိုးရကြိုးကိုင်ခံထားရတဲ့ Media အချို့က သတင်းကို ဖွပြီးတင်တယ်။ (လူ ၂ဦးအချင်းများရာမှ တစ်ဦးသေဆုံး။ အဲဒီလိုမတင်ဘူးဗျ ) {နာမဝိသေသနတွေပါ တွဲပြီးတင်တယ် ဘာသာခြား လူမျိုးခြား တစ်ဦးနဲ့ မြန်မာ တစ်ဦးအချင်းများရာမှ မြန်မာတစ်ဦးသေ ဆုံး။ ဘာသာခြား လူမျိုးခြား တစ်ဦးနဲ့ မြန်မာတစ်ဦး အချင်းများရာမှ ဘာသာခြားတစ် ဦးသေဆုံး} ဒီလိုတင်ပေးတယ်။ သတင်းတွေ ဟာတိကျမှု ရှိချင်မှ ရှိမယ် ဒါပေမယ့် ဖွတယ်။

အဲဒီသတင်းလဲကြားတော့ သွေးဆူအောင် နောက်မှ ကြိုးကိုင်နေသူများက မြို့ထဲ လူသွားလူ လာများသည့် နေရာများမှာ လူမျိုးရေး ပဋိပက္ခဖြစ်စေတဲ့ စကားလုံးများကို မက်မောလောက်တဲ့ ငွေပမာဏ ပေးပြီး ခိုင်းလို့ ရမည့်သူများကို အော်ခိုင်းပြီး အဓိကရုဏ်း စစေတယ်လို့ ယူဆကြတယ်။အရင် မိတ္တီလာ မြို့မှာလဲ ဒီလိုတွေဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၅ရက် ခန့်က မန္တလေးမြို့မှာ

လူမျိုးရေး ပဋိပက္ခဖြစ်လာရင် သွေးချောင်းစီး နိုင်တယ်။ ဒီနိုင်ငံမှာ လူမျိုးမတူ ဘာသာကွဲတွေ အများကြီးနေထိုင်ကြပါတယ်။ ကိုယ့်လူမျိုးက များလို့ သူ့လူမျိုးကိုသွားအနိုင်မကျင့်ပါနဲ့။ ကိုယ့်ဘာသာက များလို့ သူများဘာသာကို သွားမစော်ကားပါနဲ့။ ဒါက ဒီနိုင်ငံမှသာ များနေတာ အခြားနိုင်ငံတွေမှာ ဆို လူအနည်းစု ဖြစ်သွားပြီ တခြားနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေ ဘယ်လိုလုပ် ကြမလဲ။ဘယ်သူတွေကကာကွယ်ပေးနိုင်မှာလဲ။ ငါတို့က ငါတို့နိုင်ငံမှာပဲနေတာ ဟိုနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူတွေ သေပေါ့ ဘယ်သူသေသေ ငသေမပါရင်ပြီးရော ဆိုတဲ့ စိတ်တွေရှိနေရင်တော့ ရင်လေးစရာပါပဲ။

အဓိကရုဏ်းမစခင် ဘယ်လိုပြသာနာတွေ ဖြစ်နေဖြစ်နေ တရားဥပဒေစိုးမိုးထားရင် ပဋိပက္ခ တွေမဖြစ်နိုင်ဘူးလို့တွေးမိတယ်။

ဒီလိုအခြေနေတွေမဖြစ်အောင် ပြည်သူအားလုံးအနေနဲ့ မိမိရဲ့ အသိညဏ် ၊ အတွေးခေါ်နဲ့ စဉ်းစားချင့်ချိန်ပြီး ယုံသင့်တယ်။ သူများအာခံတွင်းထဲမှာ လမ်းဆုံးနေကြတဲ့ သူတွေ မဖြစ်စေပါနဲ့။ သူများရှူးတိုက်တိုင်း ကိုက်တက်တဲ့ ခွေးတွေမဖြစ်စေဖို့ ကျွန်တော်တို့ ခင်ဗျားတို့ လုပ်ထားကြရမယ်။

ဒီလိုတွေဖြစ်နေတာဟာ တရားဥပဒေ စိုးမိုးမှု လျော့နည်းနေတယ်ဆိုတာ အထင်းသားမြင် တွေ့နိုင်ပါတယ်။ လူမျိုးရေး ပဋိပက္ခဖြစ် လာမယ့်လို့ဖြစ်တိုင်း ဖြစ်စဉ်တွေတူနေတာက ထူးခြားနေတယ်။

ဒါဟာတစ်ဦးတစ်ယောက် (သို့) အစုအဖွဲ့တစ်ခု က ဒီလိုတွေဖြစ်လာအောင် ဖန်တီးနေတယ် ဆိုတာရော မဖြစ်နိုင်ဘူးလား ============

အခုချိန်ဟာ ဒီမိုကရေစီ ရရှိရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လက်မှတ်ထိုးဖို့ ဆော်သြပြီး လက်မှတ်ထိုးရန် အရိုန်မြှင့်နေတဲ့ အချိန်မှာ အနှောင့်အယှတ်ဖြစ်စေရန် လူမျိုးရေး ပဋိပက္ခ များကိုဖန်တီးနေတယ်လို့ထင်တယ်။

ဒီမိုကရေစီ ပန်းတိုင်းကို ဝေဝါးစေမည့် အဟန့်အတားများ ၊ ပန်းတိုင်ကို လမ်းလွှဲစေ မည့် ပုံတူအသွန်ကွဲများ ၂၀၁၅ အထိ ခင်ဗျား တို့ ကျွန်တော်တို့ တွေ့ရဦးမည်ဆိုတာ တွေးထားကြပါ။ ဒီလိုအခတ်အခဲတွေ ကျော် နိုင်ဖို့အတွက် အကြောင်းအရာတစ်ခုကို ဆောင်ရွက်တိုင်း ဉာဏ်၊ အသိတရားတွေနဲ့ ယှဉ်တွဲပြီး သုံးကြဖို့ လိုပါလိမ့်မယ်။

ကျွန်တော်တို့ နိုင်ငံကိုဒုက္ခတွင်းထဲမှ ကယ်တင်ဖို့ရန်၊ဒီမိုကရေစီ ရရှိဖို့ရန် လမ်းစ ဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရန် ပုဒ်မ ၄၃၆ လက်မှတ် မထိုးရသေးတဲ့သူများ လက်မှတ်ထိုးပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မျိုးကျော်ကျော်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ပြန်လည် လွှတ်မြောက်လာစေရန်အတွက် (၀ါဆိုလပြည့်နေ့) ဇူလိုင် ၁၁ ရက်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့ကြေးသွန်းဘုရား၌ ၀တ်ပြုဆုတောင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ဆုတောင်းပွဲကို သတင်းမီဒီယာများမှ ဂျာနယ်လစ် ၁၅၀ဦးခန့်မှ "မီဒီယာဖိနှိပ်မှုရပ်"ဟု စာတန်းရေးနှိပ်ထားသည့် တီရှပ်အဖြူ များ ၀တ်ဆင်ကာ နံနက် ၉နာရီခွဲခန့်တွင် ကြေးသွန်းဘုရားကြီး၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူနတီဂျာနယ်လစ်များ ပြန်လည်လွတ်မြောက်လာစေရန် ရည်ရွယ်၍ ဇီဝိတဒါနငှက်များကိုလည်း လွှတ်ခဲ့ကြသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုသန်းဌေးက "ယူနတီဂျာနယ်က သတင်းထောက်တွေကို ချမှတ်လိုက်တဲ့ aထာင်ဒဏ်၁၀နှစ်ဆိုတာက အရမ်းပင်းထန်လွန်းပါတယ်။ဒီသတင်းကလည်း ပြည်သူအတွက် သက်ရောက်မှု အများကြီးလည်း မဖြစ်ပါဘူး။အဲ့ဒီသတင်း ရေးသားဖော်ပြမှုအတွက် အစိုးရအနေနဲ့ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ရတာလဲဆိုတော့ မေးခွန်းထုတ်စရာပါပဲ။ဒါ ဟာ မီဒီယာသမားတွေကို ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။ထောင်ဒဏ်ချခံခဲ့ရတဲ့ ယူနတီဂျာနယ်လစ်တွေ အပါဝင် မိသားစုဝင်တွေအတွက် တတ်နိုင်သလာက် ကူညီထောက်ပံ့ပေးဖို့ စီစဉ်နပါတယ်" ဟု ပြောကြားသည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် သတင်းထောက်များအား ပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီးထောင်ချ မှုများ ရှိနေပြီး ယင်းလုပ်ရပ်များမှာ ယခင် စစ်အစိုးရလက်ထက်ကကဲ့သို့ သတင်းမီဒီယာအား ဖိနှိပ်ရန်ကြိုး စားခြင်းသာဖြစ်ကြောင်း ဂျာနယ်လစ်များက အပြင်းထန် ဝေဖန်ခဲ့ကြသည်။

ဆုတောင်းဝတ်ပြု ပွဲသို့ လာရောက်ဆုတောင်းခဲ့သည့် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ကိုဝလုံးက "ကျွန်တော်မြင်တာကတော့ အစိုးရကနေပြီးတော့ သတင်းထောက်တွေကို ဒီလိုကြီးလေးတဲ့ ထောင်ဒဏ်အပြစ်ပေး ပြီးရင် နောင်တစ်ချိန်မှာ သတင်းစာတိုက်တွေကို ပိတ်ပစ်တာလည်း လုပ်နိုင်တယ် နောက်ပြီး ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ဖို့ ၀န်လေးမှာလည်း မဟုတ်တော့ဘူး။ အခုလက်ရှိ မွန်းတည့်နေက သတင်းထောက်တွေကို ခေါ်ပြီးစစ်ဆေးနေတယ်။ဘယ်ခေါ်သွားတယ်ဆိုတာလည်း မသိဖူးလို့ သတင်းတွေ ကြားနေရတယ်။ဒါဟာ ပွင့်လင်းမြင်သာမှုမရှိဘူး။မီဒီယာကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ပဲ ကျွန်တော်မြင်တယ်" ဟု မှတ်ချက်ပေးသည်။

မြန်မာဂျာနယ်လစ်ကွန်ယက်မှလည်း ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်စီ ကျခံစေရန် ချမှတ်မှုကို ရှုတ်ချကြောင်း ဇူလိုင် ၁၀ ရက် ညနေ ပိုင်းက သဘောထားထုတ်ပြန် ကြေညာခဲ့သည်။
Eleven Media Group

အညာသီယံကျားရဲ့

လက်ဖက်ရည်ဆမ်း…မန္တလေးအလွမ်းများ



ကျုံးအစပ်မှာဘဲ ချက်ကြိုးဖြတ်ဖြတ်….

နာရီစင်ဘေးဘဲ ခြေကန်မွေးမွေး….

ဈေးချိုတော်သား နန်းရှေ့ဖွားလို့ ဘဲဆိုဆို….

ဇာတိသား၊ ပ၀တ္တိသား ခွဲခြားစရာမလို….

မန်းသူနဲ့ မန်းသား၊ မန်းမျိုးမန်းရိုးမှန်ရင်….

လက်ဖက်ရည်ဂျိုး….

လက်ဖက်ရည်အိုး။

မဂျိုးခံနိုင်ရိုး….

မအိုးခံနိုင်ရိုးလား….

ဘုရားသာ သုံးကြိမ်မရှစ်ခိုးနိုင်မယ်….

တနေ့ သုံးခေါက် လက်ဖက်ရည်သောက်….

အေးအေးသက်သာရောက်ကြရသကိုး။

လက်ဖက်ရည်ဆိုင်ဆိုတာ….

ကျောက်သမား…ကျောင်းသား…ပင်စင်စား….

ကားပွဲစား…အိမ်ပွဲစား…မြေပွဲစား….

နိုင်ငံရေးသမား…ဘုန်းဘုန်းဖုရား….

ဝန်ထမ်း…ရှေ့နေ…အထွေထွေ….

ဗျတ်ထိုး…ဗျံကျ…ပန်းရံသမ….

သူအို…လူကြီး…ကလေး…ခွေး….

ကဗျာတွေးတွေး…စာရေးရေး….

အာလွေးသူတွေ…ဆုံတဲ့အရပ်။

အဖိုးက ဂုံးပိုးလို့ ခေါ်ဘူးတဲ့….

၈၄ လမ်းဘေး…ထိုင်စိန်ကဖေး….

ပဲပေါက်စီ…သကြားပေါက်စီ….

မွှေးပျံ့ကော်ဖီ….

လက်ဖက်ရေ ဒဏ္ဍာရီ….

မပီပြင်…၀ိုးတ၀ါး….

အတိတ်ပန်းချီကားတချပ်။

တခေတ်…အပြောင်းလိုက်မှာ….

အသစ်…အကောင်းကြိုက်ကဖေး….

ရဟိုင်းဈေးနားကစန္ဒာ….

အိုလံပီယာနဲ့ မန်းမြိ့တော်….

၆၂ လမ်းပေါ်က ဒိပ်….

ကရ၀ိတ်နဲ့ ကီးမားတင်ဝင်း….

သန်းခေါင်ယံတောင် လူမရှင်းဘူး။

ပြီးတော့….နန်းရှေ့မှာရိန်းဘိုး….

မြို့လယ်ဆို…ကျိတ်ကျိတ်တိုးရတဲ ….

ရှိန်ကြီး နဲ့ မင်းမင်းကျော်….

ချိန်တန်ပြီ…တခေါ်မှာ…ပန်းသခင်….

၁၉လမ်းဝင်ရင်…၀ီရိယနဲ့ ဂရိတ်ဝေါလ်….

ဖုံတသောသောပေမဲ့ ….

တကျိုက်နှစ်ကျိုက်…တိုင်ကီဆိုဒ်….

အဖန်ရေတောင် မလိုက်နိုင်ဘူး။

နောက်တခေတ် ဆန်းပြန်တော့….

ယူနီစံ နဲ့ မင်းသီဟ….

ကဖေးမက…စားဖွယ်စုံ….

စီးပွားအဟုန်…ဆိုင်ခွဲတိုး….

ဟိုးဟိုးကျော်နဲ့ ရွှေပြည်မိုး….

တိုးတိုးဝှေ့ဝှေ့…ထိုင်ခုံယူ….

အောင်တော်မူ…ဘုရားဖူး…

ကဖေးဘလူး ထူးမှထူး။

ဆေးကျောင်းနားက အချစ်ရွာ….

သရီးကာလါ…ကဗျာမော….

တမာတောမှာပန်းကမ္ဘာ….

လှမ်းလေ့ရှိတာ….ဆုံဆည်းရာပေါ့။

လက်ဖက်ရည်နှပ်တဲ့ပညာ….

လက်ဖက်ရည်စပ်တဲ့သညာ…..

လက်ဖက်ရည်ဖျော်တဲ့ဆရာ….

လက်ဖက်ရည်ဖျော်တဲ့အတတ်….

တော်အိလျှော်အိ မမှတ်နဲ့ ….

ဒီဘက်ခေတ်ရဲ့ အဌာရသ….

လက်မှတ်ရ ပရော်ဖက်ရှင်နယ်….

ပညာသည်ကွဲ့ …ကဖေးမင်းသား။

ဖန်ပေါ့…ပေါ့ကျ…ကျစိမ့်…ချိုစိမ့်….

ဖန်ချို…ချိုကျ…လိုသမျှ အရသာ….

ဖျော်ဆရာသာပြော….

မနှောစေရ မရောစေရ….

ဇိန်ဝှာဗေဒ ဖေါက်သည်ကျ။

မွှေးတပျံ့ ပျံ့ …အချိုခြောက်နံ့ ….

သင်းတဖန့် ဖန့် …အကြမ်းခြောက်နံ့ ….

လန်းချက်ကယ်….မမှီ….

ဗူးနို့ဆီ…ချက်နို့ဆီ…ငါးဇွန်နို့ဆီ….

ကွယ်လတီမှာ…ထိပ်တန်း….

စားသုံးသူစွဲလမ်းတာ…ဆန်းသလား။

လက်ဖက်ရည်တငုံ ကျောက်တတွဲကုန်….

လက်ဖက်ရည်တကျိုက် ကဗျာတပိုဒ်….

လက်ဖက်ရည်တခွက် မြေတကွက်….

လက်ဖက်ရည်တ၀ိုင်း….

ကျောင်းသားသမိုင်း….

စာပေတံတိုင်းတွေတည်။

နေချိုချိုမှာ…လေမပြိုခင်….

မန်းတောင်ရိပ်ခိုခို…မခိုခို….

အိုအိုပျိုပျို…တုံးမောင်းခေါက်….

ကျုံးဘေးလမ်းလျှောက်….

ထနှောင်းပင်ရိပ်….ညိုညိုအောက်….

လက်ဖက်ရည်….ချိုချိုသောက်ဖို့ ….

ဟော့ဒီမှာဗျို့ ….

အလှမ်းမဝေးသဗျှနော်….

မန္တလေးတပြခေါ်………. ။ ။

မင်းကောင်းချစ်

ဇွန်လ ၂၈ ရက်၊၂၀၁၄ ခုနှစ်

မဟာသန္တိသုခကျောင်းတော် အငြင်းပွားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ သံဃာတော် ငါးပါးအနေနဲ့ တရားဥပဒေ အတိုင်း ဆက်လက်ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ပီနန်ဆရာတော် ဦးပညာဝံသက ဗွီအိုအေကို မိန့်ကြားပါတယ်။ သံဃာတော်တွေဘက်က ခံဝန် လက်မှတ်ထိုးရင် ဆက်ပြီး အရေးယူမှာ မဟုတ်ဘူးလို့ သာသနာရေး ၀န်ကြီးဌာနဘက်က ကမ်းလှမ်းပြောဆိုခဲ့တဲ့ အပေါ်မှာ အခုလို ငြင်းဆို တုန့်ပြန်လိုက်တာပါ။ ဇူလိုင်လ (၁၈) ရက်နေ့ မှာတော့ တာမွေမြို့နယ် တရားရုံးမှာ အမှုကိုဆက်လက်စစ်ဆေးဖို့ ရုံးချိန်းခေါ်ယူ ထားတယ်လို့လည်း သိရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကပြောပြမှာပါ။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က သာသနာ့ရံသီကျောင်း ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၅ ပါးကို သံဃာ့မဟာနယကအဖွဲ့ရဲ့ တိုင်ကြားချက်နဲ့ သာသနာရေး ၀န်ကြီးဌာနကနေ သာသနာညစ်နွမ်းစေမှု ပုဒ်မ ၂၉၅ (က) အပါအဝင် သံဃာ့ အဖွဲ့အစည်း ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ စွဲချက်တင်ထားတာပါ။ မဟာ သန္တိသုခကျောင်း ပိုင်ဆိုင်ကြောင်းပြောဆိုထားတဲ့ ပီနန်ဆရာတော် ဦးပညာဝံသကို နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းလျှောက် ထားကြည့်တော့-

"သူတို့ဘက်က ပြောပါတယ်တဲ့။ ဘာပြောသလဲ ဆိုရင် ဘုန်းကြီး ကြားရတာပေါ့လေ။ အရှင်ဘုရားတို့က မှားပါတယ်ပေါ့လေ။ ဒီကိစ္စကို မေတ္တာရပ်ခံ ဆိုလို့ရှိရင်တော့ တပည့်တော်တို့က ဆက်ပြီးတော့ အရေးမယူပါဘူးလို့ သူတို့က ပြောတယ်တဲ့။ သာသနာရေးဌာန ဘက်ကပေါ့လေ။ အဲ့တော့ ဘုန်းကြီးတို့ ဒီဘက်က ပြောတယ်။ ကျုပ်တို့မှာ မှားတာ ဘာမှ မရှိဘူး။ တရားရေးဥပဒေအတိုင်းပဲ လုပ်သွားမယ်။ ကျုပ်တို့ မေတ္တာရပ်ခံရအောင် ဘာဖြစ်လို့ ဘာအပြစ်မရှိပဲ အပြစ်ရှိတယ်လို့ ဘာလို့ပြောရမှာလဲ။ မရေးနိုင်ဘူးလို့ သူတို့က ပြောတယ်။ တရားဥပဒေအတိုင်းပဲ လျှောက်လဲ ဆောင်ရွက်သွားမယ်။"

မေး။ ။ တင်ပါ့ဘုရား။ ဒီကြားထဲမှာပဲ သတင်းတွေက ထွက်နေပါတယ်။ အဲ့လို မဟာသန္တိသုခကျောင်းတိုက်ကို သူတို့ဝင်ပြီးတော့ စီးတဲ့အချိန်မှာ အမေရိကန်ဒေါ်လာသန်းနဲ့ချီပြီး ငွေတွေ မိတယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေတယ်ဘုရား။

" အဲ့တာတော့ သပ်သပ် သွားပုတ်လေလွှင့်ပြောတာ။ တစ်ပြားမှ မရှိပါဘူး။ အဲ့တာတော့ သပ်သပ်ပြောတဲ့စကားတွေ။ သူတို့က တော့ တခုရှိတာပေါ့။ ဒီ့ပြင်ပြောစရာမရှိတော့ ခင်ဗျားက အမေရိကန်ဒေါ်လာတွေ ကြားတယ်။ ဘုန်းကြီးကြားတာက လက်နက်တွေလည်း အများကြီးရှိတယ်လို့ အဲ့လိုကြားတယ်လို့ အဲ့တာကြောင့် အခုလို သူတို့ တက်ပြီးတော့ဖမ်းတယ်လို့ အဲ့လိုပေါ့လေ။ ဒါတွေကတော့ သွားပုတ်လေလွင့်တွေ လျှောက်ပြီးတော့ အရေမရ၊ အဖတ်မရ အကြောင်းတွေ ပြောနေတာပေါ့။ အဲ့တော့ အမေရိကန်ဒေါ်လာတွေ သန်းချီပြီးရတယ် ဆိုတော့ ဘယ်မှာလဲ ပါးစပ်နဲ့ ပြောလို့တော့ မဖြစ်ဘူးလေ။ သက်သေသက္ကာယနဲ့ပြောရင်တော့ ပိုကောင်းမှာပေါ့။"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မူဆလင်တွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာကို ရပ်တန့်ကြပါလို့ တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်လားမား မေတ္တာ ရပ်ခံခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတကာသာသနာပြုနေတဲ့ ပီနန်ဆရာတော်ရဲ့ သဘောထား ကို တဆက်တည်း မေးမြန်းလျှောက်ထားခဲ့ပါတယ်။

" အဲ့တာ ဘုန်းကြီးရဲ့ သဘောထား သေချာ ပြောမယ်ဆိုလို့ရှိရင် ဒလိုင်လာမား ဆရာတော်ကလည်း သူ သေသေချာချာ စစ်စစ်ဆေးဆေး စီစီစစ်စစ် နားမထောင်ဘူးလို ဘုန်းကြီးကထင်တယ်။ ဘာဖြစ်လို့ နားမထောင်ဘူးလို့ ထင်သလဲဆိုရင် ဗမာပြည်မှာ ဖြစ်နေတဲ့ကိစ္စ၊ ဟို သီရိလင်္ကာမှာဖြစ်နေတဲ့ ကိစ္စတွေဟာ အမှန်တော့ ဘာသာရေးကိစ္စမဟုတ်ဘူး။

ဘာသာရေးကြောင့်ဖြဖစ်တယ်လို့ဆိုရင် အကယ်လို့ သူတို့ကိုးကွယ်တဲ့ဘာသာကို ဘုန်းကြီးက ဘာလုပ်တယ်။ အဲ့ မူဆလင်ကလည်း ဘုန်းကြီးတို့ ကိုးကွယ်တဲ့ ဘာသာကို ဘာလုပ်တယ်။ သူတို့မှာ အဲ့မှာ ရှိတာမှ မဟုတ်ဘဲကို။ ဥပမာ တခုပြောမယ်ဆိုလို့ရှိရင် ရခိုင်မှာဖြစ်သွားတဲ့ကိစ္စက မူဆလင်တစ်ယောက်က ဗမာအမျိုးသမီးကို မတော်မတရားလုပ်တဲ့အတွက် အစိုးရက အရေးမယူဘဲနဲ့ သူ့ဘာသာကျယ်ပြန့်သွားပြီး ဖြစ်တဲ့အလုပ်ကို ဒါမူဆလင်နဲ့ ဗမာနဲ့ ဗုဒ္ဓဘာသာနဲ့ အဓိကရုဏ်းဖြစ်တယ်လို့သွားပြောတာကိုး။

အဲ့တာ တစ်ယောက်ကနေ သွားပြီးတော့ ဆွပေးလိုက်တဲ့အခါကျတော့ အများကြီးဖြစ်လာပြီးတော့ ခုနက ဘာသာရေးအဓိကရုဏ်းလို့ပြောတာ။"

မေး။ ။ တင့်ပါ့ဘုရား အဲ့လို နိုင်ငံတကာကနေ အထင်မှား၊ အမြင်မှားဖြစ်လာတဲ့ အနေအထား ရောက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ရော ဗုဒ္ဓဘာသာ ဂုဏ်ပေါ့နော်။ မထိခိုက်ရအောင် ဘယ်လိုမျိုးဆောင်ရွက်သင့်ပါလဲဘုရား။

"အစိုးရကိုယ်တိုင်က ဘာသာရေး အခြေခံပြီး အဓိက မဲကို အဓိကထားပြီး လုပ်နေတဲ့အတွက် အဲ့တာတွေက ပြဿနာ ဖြစ်တယ်လို့ ဘုန်းကြီးက မြင်ရတယ်။ အကယ်လို့ ဘာသာရေး အဓိကရုဏ်းပြဿနာ မဖြစ်ချင်လို့ရှိရင် အခြေခံဥပဒေအရ ဘယ်သူကပဲ ကျူးလွန်၊ ကျူးလွန် အဲ့တာတွေ လုပ်သွားမယ်ဆိုလို့ရှိရင် ဒီဘာသာရေး အဓိကရုဏ်းက ဖြစ်နိုင်ဖို့မရှိဘူးလို့ ဘုန်းကြီး သဘောပေါက်တယ်။

ဒီသာသနာ့အဖွဲ့ကလည်း ဘာသာရေးအဖွဲ့ကလည်း အစိုးရကို အစိုးရသည် သူ့ဘာသာသူ တိုင်းပြည် တိုးတက်အောင် လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း လုပ်ပါစေလို့ ဘုန်းကြီးတို့ကလည်း မေတ္တာထားရမယ် ဘာသာရေး ဆရာတွေကလည်း။ အစိုးရကလည်း ဘာသာရေးဆရာတွေ အပေါ်မှာ ဘာသာရေး ဆိုတာ သူယုံကြည်လို့ ကိုးကွယ်တာ ဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့။ ယုံကြည်လို့ ကိုးကွယ်တာ ကိုးကွယ်ရာ ဘာသာပဲ သူတို့က မကောင်းတာ လုပ်မှာမဟုတ်ဘူး ဆိုတဲ့ စိတ်ထား၊ သဘောထား၊ မြင်ဖို့လိုတယ်လို့ ။ အဲ့ဒီ့နှစ်ခု က မမြင်ရင်လည်း အစိုးရနဲ့ ဘာသာရေးသမားနဲ့လည်း ဘုန်းကြီးပြောတာပါ။ "

ပီနန်ဆရာတော် ဦးပညာဝံသဟာ နယူးရောက်ပြည်နယ် Long Island မှာရှိတဲ့ ပီနန်ကျောင်းမှာ ၀ါဆိုဖို့ အမေရိကန်ပြည်ထောင်စုကို ကြွရောက်ခဲ့တာဖြစ်ပါတယ်
Credit..VOA