07/13/14


The Voice Weekly
“ဒီကိစ္စတွေ ဖန်းတီးခဲ့တဲ့ ရွှေသမင် ဘယ်က ထွက်သလဲ။ မင်းကြီးနဲ့ ရွှေသမင်နဲ့က တိုင်ပင်ထားလေသလားလို့တောင် ပြောရမလို ဖြစ်နေတယ်။ ကြိုးကိုင်သူကို စုံစမ်းရမယ်။ ကြိုးကိုင်သူဟာ နတ်ပြည်မှာလည်း မရှိဘူး။ တခြားကမ္ဘာမှာလည်း မရှိဘူး။ ဗမာပြည်ထဲမှာ ရှိတယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးလှမြင့်က ထောက်ပြသည်။


လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ ထိုသေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။

လူတော်တော်များများကမူ နောက်ကွယ်မှ ခေတ်အဆက်ဆက် ကြိုးကိုင်သူကြီးကို အမြဲတစေ လက်ညှိုးထိုးလေ့ ရှိသည်။ သို့သော် မိုးဇေညိမ်းကမူ ထိုမျှမကပါဟု အောက်ပါအတိုင်း ဆိုလေသည်။

“သူတစ်ယောက်တည်းလို့ ပြောမရနိုင်ပါဘူး။ သူ့တပည့်တွေထဲမှာ သဘောတင်းမာတဲ့ အမာခံတွေ ရှိတယ်”

 



ထိုအဖြေကို ရခိုင်၊ နတ်တလင်း၊ ဥက္ကံ၊ လားရှိုး၊ မိတ္ထီလာတို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအသုံးချ အဓိကရုဏ်းများ ပြီးကတည်းက သိလိုနေကြသည်။ မန္တလေး ပဋိပက္ခ ဖြစ်စဉ်အပြီးတွင် ပြည်သူများ သိလိုစိတ် ပိုပြင်းပြလာသော အကြောင်းခြင်းရာ တစ်ခုလည်း ဖြစ်သည်။
“ဒီအကွက်ကြီးက ရိုးနေတဲ့ အကွက်ကြီးပဲ။ ဒါဖန်တီးမှု၊ လုပ်ကြံမှု၊ ဘာသာရေးကို ခုတုံးလုပ် အရောင်ပြပြီး နိုင်ငံရေးလုပ်ကြံမှု” ဟု မိန့်ဆိုလာသူက အမရပူရမြို့ ဂန္ဓာရုံကျောင်းတိုက် ဘဝအလင်း ဆရာတော် ဦးသောဘိတ ဖြစ်သည်။

အဖြစ်အပျက်အစဉ်


မည်သို့ပင်ဆိုစေ ထိုလက်ရဲဇက်ရဲ လူတစ်စုကတော့ မြို့ပေါင်းများစွာကို ခရီးဆက်ခဲ့သည်။ ထပ်မံ ခရီးဆက်ရန်လည်း ပြင်နေလောက်ပြီ။ တပ်မတော် တပ်ရင်းပေါင်း ဆယ်ချီ ဝန်းရံနေသည့် တပ်မြို့တော် မိတ္ထီလာ။ ထိုမှတစ်ဖန် သမိုင်းအစဉ်အလာကြီးသည့် ကမ္ဘာသိ ယဉ်ကျေးမှုမြို့တော် မန္တလေး။ အဆိုပါ မြေပြန့်ဒေသများအပြင် လားရှိုးနှင့် ရခိုင်နယ်ကဲ့သို့ တောင်ပေါ်ဒေသများထိပါ အလိုကျ ခြေဆန့်နိုင်ခဲ့ကြသည်။
မိတ္ထီလာ၊ မန္တလေး ဖြစ်ရပ်များမှအစ လားရှိုး၊ ရခိုင် ကိစ္စများအဆုံး မြန်မာပြည် တစ်နံတစ်လျား၌ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခတိုင်း၏ အစပျိုးမီးမွှေးမှု၊ ဆက်လက်ဖြစ်ပွားမှု၊ အဆုံးသတ်သွားပုံများမှာ ခပ်ဆင်ဆင် ဖြစ်နေသည်။

မိတ္ထီလာပုံစံ


မိတ္ထီလာတွင် ရွှေဆိုင်ကိစ္စ စကားများရာမှ စနစ်တကျ လေ့ကျင့်ထားဟန် ရှိသော လူအုပ်တစ်အုပ် ရောက်လာပြီး ဆိုင်များကို ဖျက်ဆီးသည်။ ညပိုင်းတွင် ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးပြီး ပြဿနာကို အစပျိုး မီးထိုးနိုင်သော လောင်စာအဖြစ် လူများကို သတ်ဖြတ်သည်။
“လက်ပံတောင်းတောင် ကိစ္စ၊ မဟာသန္တိသုခ ဖြစ်စဉ်တွေမှာ (ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန်) လုပ်ခဲ့တာနဲ့ မိတ္ထီလာ၊ မန္တလေး ပဋိပက္ခတွေမှာတော့ လျော့တိလျော့ရဲ ကိုင်တွယ်တာတွေကို နှိုင်းယှဉ် အကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီဘာသာရေး ပဋိပက္ခ ကိစ္စတွေမှာ ဘယ်သူဘယ်ဝါက ကြိုးကိုင်တယ်လို့ လက်ဆုပ်လက်ကိုင် မပြနိုင်ပေမယ့် ဖြစ်ရပ်တွေကို သေချာလေ့လာပြီး စဉ်းစားဆင်ခြင်ကြည့်ရင် နောက်ကွယ်မှာ တစ်စုံတစ်ရာ ရှိနေတယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုလာသူက ကမ္ဘာသိ ပဋိပက္ခကြီး ဖြစ်ပွားခဲ့ရာ မိတ္ထီလာမြို့မှ ဒေသခံ ဆရာဝန်တစ်ဦး ဖြစ်သည်။

မန္တလေးပုံစံ


ထိုလူတစ်စုသည် ဥပဒေကိုပင် မျက်ကွယ်ပြုနိုင်သော အခွင့်ရ လက်ရဲဇက်ရဲ သတ်ရဲဖြတ်ရဲ အကြောက်အလန့် ကင်းသူများ ဖြစ်သည်ကိုမူ ပဋိပက္ခ ဖြစ်ပွားရာ ဒေသခံများ သတိထားမိခဲ့ကြသည်။ ထိုသို့ သတိထားမိသူများအနက် မန္တလေးမြို့ ရွှေကြေးစည် လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုထွေး (ခ) ဦးသိန်းနိုင်ဦး အပါအဝင် ဖြစ်သည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းခန့်က ဦးသိန်းနိုင်ဦး တစ်ယောက် သူငယ်ချင်းဖြစ်သူ ဦးထွန်းထွန်းနှင့်အတူ ပဋိပက္ခ ဖြစ်ပွားရာနေရာ ၈၄ လမ်းသို့ ရောက်ရန် ၃၄ လမ်းမှတစ်ဆင့် ဆင်းသွားခဲ့ရာ ၈၃ လမ်းထောင့် အရောက်တွင် ဓားကိုင် ရမ်းကားနေသည့် လူအုပ်စုနှင့် ပက်ပင်းတိုးခဲ့ရသည်။
ပါလာသည့် ဖုန်းနှင့် ငွေများ ပေးခဲ့ရသည့်တိုင် မကျေနပ်နိုင်သော ထိုလူတစ်စုက ဓားများဖြင့် ဝိုင်း၍ ခုတ်ခဲ့ရာ ဦးသိန်းနိုင်ဦးမှာ ပြန်လည်ခုခံ လွတ်မြောက်ခဲ့သော်လည်း ဦးထွန်းထွန်းမှာမူ ထိုနေရာမှ လွတ်မြောက်လာနိုင်ခြင်း မရှိခဲ့ပေ။ ဓားကိုင် လူရမ်းကားတစ်စု၏ လက်ချက်ဖြင့် မန္တလေးမြို့တော်ကြီးကို ထာဝရ နှုတ်ဆက်သွားခဲ့ရသည်။
သို့သော် ထိုလူတစ်စုက လွတ်မြောက်နေဆဲ။

“ဆိုင်ကယ်တွေနဲ့၊ တုတ်တွေ ဓားတွေနဲ့ မြို့ကို ပတ်နေတာ၊ ကျုံးကိုပတ်နေတာ။ တကယ်လို့သာ အဲဒီလူတွေကသာ တို့အရေးလို့ အော်ကြည့်ပါလား။ နှစ်ပြတောင် မလိုပါဘူး။ ဖမ်းမိပါတယ်။ ဘာလို့ မဖမ်းသလဲ။ ဘာဖြစ်လို့ အဲဒီလောက် ခွင့်ပေးရတာလဲ၊ ရှင်းရှင်းလေးပါ သူတို့လူမို့ပါ” ဟု မချင့်မရဲ မိန့်ကြားလာသူက ဘဝအလင်းဆရာတော် ဦးသောဘိတ ဖြစ်သည်။
ယင်းပစ္စည်းယူ လူသတ်မှု ဖြစ်ပွားခဲ့ရာ ၈၃ လမ်းထောင့်သည် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တစ်ပြကျော် (ပေ ၁၅၀-၂၀၀ ခန့်) အကွာတွင် ရှိနေသည်ဟု ဦးသိန်းနိုင်ဦးက ဆိုသည်။ ဦးသိန်းနိုင်ဦး၏ စိတ်တွင်တော့ ထိုအဖြစ်ဆိုးကြီးကို ထုတ်၍ မရသေး။ မြင်ကွင်းများ ပြက်ပြက်ထင်ထင် ရှိနေဆဲ။

ရခိုင်ပုံစံ


ဘာသာရေး အသုံးချ ပဋိပက္ခများ စတင်ဖြစ်ပွားရာ ရခိုင်ပြဿနာ၏ အစကား မသီတာထွေး အမှု။
“သီတာထွေး ကိစ္စဆိုရင် ကျေးရွာလေး တစ်ရွာမှာ ဖြစ်တဲ့ကိစ္စက အင်တာနက်ပေါ် ဟိုးလေးတကြော်ကြော် ဖြစ်သွားစရာ မရှိဘူး။ နယ်တွေ (ကျေးရွာ) ကိုပါ အမြန်ရောက်လာစရာ အကြောင်းမရှိဘူး။ လူတစ်စုက စနစ်တကျ ဆောင်ရွက်တဲ့ ပုံစံမျိုး။ အဲဒီအချိန်က အင်တာနက် သုံးတာဆိုလို့ စစ်တွေမြို့မှာ အနည်းစုပဲ ရှိသေးတယ်။ သီတာထွေး ပုံပါတဲ့ စာရွက်တွေက ကျေးရွာတွေကို ရောက်တယ်။ ဝံသာနုရက္ခိတ အဖွဲ့ဆိုပြီး ဖြန့်တာ” ဟု ဖွင့်ထုတ်လာသူက ရခိုင်ပဋိပက္ခကို အခြေခံသည့် “သွေးနဲ့ရေးသည့်မြေ” စာအုပ် ရေးသားသူ လူငယ်စာရေးဆရာ ဝေဟင်အောင် ဖြစ်သည်။

လားရှိုးနည်း


လားရှိုး အဖြစ်သည်လည်း ဤနည်းနှင်နှင်။
“ကောင်မလေးက လမ်းဘေးထိုင်နေတာ။ အဲဒီလူ (နေဝင်း) က အကြောင်းမဲ့ လမ်းဘေးချရောင်းတဲ့ ဓာတ်ဆီပုလင်း ယူပြီး မီးရှို့လိုက်တာ။ သူတို့နှစ်ယောက်က ဘယ်တုန်းကမှ မသိကြဘူး။ ဘာရန်ငြိုး ရန်စမှ မရှိဘူး။ ဒေသခံလည်း မဟုတ်ဘူး။ ဧည့်သည်တစ်ယောက်က လာရှိုးမြို့လာပြီး အကျိုးမဲ့ အကြောင်းမဲ့ လုပ်တာဟာ ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ရည်ရွယ်လုပ်တယ်လို့ မြင်တယ်” ဟု ဆိုလာသူက မီးရှို့ခံရသည့် အေးအေးဝင်း မိသားစုနှင့် ရင်းနှီးသည့် အထက်တန်းလွှတ်တော် ရှေ့နေ ဦးသောင်းလွင် ဖြစ်သည်။

နည်းနာ


သေချာနေသည်မှာ ပဋိပက္ခများ၊ အဓိကရုဏ်းများကို လူအုပ်စုတစ်ခု သို့မဟုတ် လူအုပ်စုများက လိုက်လံ ဖန်တီးနေပြီး သူတို့ သုံးလေ့သုံးထ ရှိသော နည်းနာများကို ဆန်းစစ်ကြည့်ကြပါစို့။
အခြားဒေသမှ ပဋိပက္ခများကဲ့သို့ပင် မန္တလေး ပဋိပက္ခ ဖြစ်စဉ်တွင် စွမ်းအားရှင်ဟု ခေါ်သည့် လူတစ်စု ပါဝင်နေသည်ဟု “ဘာလဲဟဲ့ စွမ်းအားရှင်” စာအုပ် ရေးသားခဲ့သူ မိုးဇေညိမ်းကလည်း ထောက်ပြလာသည်။
အဆိုပါ စွမ်းအားရှင် အဖွဲ့ဝင်များသည် စနစ်ကျသည့် ပို့ဆောင်ဆက်သွယ်ရေး၊ မလိုအပ်ချိန်တွင် ချက်ချင်း တပ်ဖျောက်၍ လိုအပ်ချိန်၌ ရုတ်ခြည်း ရောက်လာနိုင်လောက်သည့် နည်းစနစ်များကို နားလည် တတ်ကျွမ်းထားသူများလည်း ဖြစ်သည်ဟု ၂၀၀၇ အရေးအခင်းမှသည် အရေးအခင်းများ၊ ပဋိပက္ခများ ဖန်တီးရာတွင် အသုံးပြုလေ့ရှိသော လက်ကိုင်တုတ် လူအုပ်စုအကြောင်း ဖော်ထုတ်ရေးသားခဲ့သူ ၎င်းကဆိုသည်။
မိုးဇေညိမ်း ဖော်ထုတ်ပြောဆိုသည့် နည်းတူ မိတ္ထီလာ ပဋိပက္ခတွင် ပါဝင်ခဲ့သည့် လူတစ်စုသည်လည်း မီးရှို့နည်းတွင်ပင် စနစ်ကျသူများ ဖြစ်သည်ဟု ထောက်ပြလာသူက ချမ်းအေးသာယာ ရပ်ကွက်လုံးကျွတ် မီးရှို့ခံရသည့် မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့ ခံစားခဲ့ရသည့် အဆိုပါ ရပ်ကွက်နေ မီးဘေးသင့် ဒုက္ခသည်တစ်ဦး ဖြစ်သည်။

ဆယ်အိမ်မှူး၊ ရာအိမ်မှူးမှ စ၍ ဆင့်ကဲအုပ်ချုပ်မှုပုံစံ စီမံထားသည့်ကြားမှ စစ်ဗျူဟာများနှင့် အကျွမ်းတဝင် ရှိလှသည့် စွမ်းအားရှင်ခေါ် အဖျက်အမှောက် လူတစ်စု လှုပ်ရှားရှင်သန်ခွင့် ရနေခြင်းက အံ့သြဖွယ်ရာ။ သူတို့သည် မည်သူ့ သြဇာအောက်တွင် ရှိသနည်း။ မည်သူတို့ အကာအကွယ် ပေးနေသနည်း။ အဘယ့်ကြောင့်နည်း။
ယင်းကဲ့သို့သော လုပ်ရပ်များမှာ သမားရိုးကျ နည်းလမ်းများ မဟုတ်ဘဲ ထောက်လှမ်းရေး တပ်ဖွဲ့များ တန်ပြန်သုံးသည့် နည်းနာများ ဖြစ်ကြောင်း တပ်မတော် အရာရှိဟောင်း တစ်ဦးဖြစ်သူ မိုးဇေညိမ်းက သုံးသပ်သည်။
“တန်ပြန်အဖျက်၊ တန်ပြန် အမှောင့်လုပ်ငန်းဆိုတာ ထောက်လှမ်းရေးတွေ သုံးလေ့ရှိတဲ့ နည်းဗျူဟာမျိုးပေါ့။ စနစ်ကျတဲ့ စီမံချက်၊ စနစ်ကျတဲ့ ဦးဆောင်မှု၊ ဆက်သွယ်မှုတွေ ရှိလို့ပေါ့ဗျာ။ တပ်ဖျောက်သွားတာပေါ့” ဟု သူက ပြောသည်။
တန်ပြန်ထောက်လှမ်းရေး၏ အဓိက လုပ်ငန်းသုံးခုမှာ ထိန်းသိမ်းခြင်း (Safe Guarding Measure)၊ စုံစမ်းစစ်ဆေးခြင်း (Detective Measure) နှင့် လှည့်စားခြင်း (Deception) တို့ဖြစ်ကြောင်း မိုးဇေညိမ်းက ဆိုသည်။
“စစ်မြေပြင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး နယ်ပယ်တွေမှာ တန်ပြန်သူလျှို၊ တန်ပြန်အဖျက် အမှောင့်လုပ်ငန်းတွေ၊ တန်ပြန်သတင်းမှား ထုတ်လွှင့်မှုတွေ၊ လှည့်စား ပရိယာယ်ဆင်မှု လုပ်ငန်းတွေ၊ ပြည်သူတွေကို အာရုံလွှဲမှု လုပ်ငန်းတွေကို ဆောင်ရွက်ပြီး ရန်သူရဲ့ လုပ်ငန်းတွေကို စုံစမ်း ဖော်ထုတ်ပါတယ်” ဟု သူကဆိုသည်။

နောက်ကွယ်က မည်သူနည်း


လူအုပ်စုကြီးက အဓိကရုဏ်းများကို စနစ်တကျ ဖန်တီးနေသည်။ လှုံ့ဆော်နေသည်။ ဘာကြောင့် ထိုသို့ လုပ်နေသနည်း။ နောက်ကွယ်မှ လက်တစ်စုံ သို့တည်းမဟုတ် လက်အစုံများက မည်သို့သောသူများ ဖြစ်နိုင်သနည်း။
(က) အာဏာပိုင်များနှင့် နီးစပ်သူလော
အဓိကရုဏ်းများတွင် ထူးခြားစွာ တူညီသည့် အချက်တစ်ခု ရှိသည်။ ယင်းမှာ သန္တိသုခ၊ လက်ပံတောင်းကဲ့သို့သော ကိစ္စရပ်များကို ပြတ်သားပြင်းထန်စွာ အရေးယူ ဆောင်ရွက်ခဲ့သလောက် အဆက်ဆက် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကို မြန်မြန်ဖြတ်ဖြတ် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန် နှောင့်နှေးနေခြင်း ဖြစ်သည်။
“လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတိုင်းမှာ အထက်က အမိန့်နဲ့ ညွှန်ကြားချက်က အရေးအကြီးဆုံးပါပဲ။ အမိန့်ညွှန်ကြားချက် တစ်ခု မရှိဘဲနဲ့ လက်အောက် အရာရှိငယ်တွေက မဆုံးဖြတ်ရဲ၊ မလုပ်ရဲဘူး။ ပဋိပက္ခတွေမှာ တုံ့ပြန်မှု နှောင့်နှေးရတာဟာ အထက်က ဘာမှမပြောလို့ပါပဲ” ဟု မိုးဇေညိမ်းက ပြောသည်။
“ဥပဒေစိုးမိုးမှု ရဖို့အတွက် ညွှန်ကြားဖို့ နှောင့်နှေးခဲ့တဲ့ အထက်အာဏာပိုင်တွေကိုပဲ သံသယ ဝင်မိတယ်” ဟု မိုးဇေညိမ်းက ဆက်ပြောသည်။
လူအုပ်စု၏ လက်ရဲဇက်ရဲနိုင်ခြင်း၊ အဝင်အထွက်၊ အဆုတ်အတက်လမ်းများ သိခြင်း၊ သေချာဃနစွာ လေ့ကျင့်ထားဟန် ရှိခြင်း၊ အချိန်ကိုက် လုပ်ဆောင်နိုင်ခြင်းတို့က ထိုအုပ်စု၏ နောက်ကွယ်တွင် ယင်းနည်းစနစ်ကို ကျွမ်းကျင်ပြီး အချိန်ကိုက် အမိန့်ပေးနိုင်သူများ ရှိနိုင်ကြောင်း ခန့်မှန်းချက်များ ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာသည်။
အထက်ပါ မှတ်ချက်များအပြင် မိုးဇေညိမ်း၏ အောက်ပါမှတ်ချက်က လူအုပ်စု၏ နောက်ကွယ်မှ မှိုင်းတိုက်စေ ခိုင်းနေသူများသည် အာဏာပိုင်များနှင့် နီးစပ်နေသလောဟု ပိုမိုစောကြောဖွယ်ရာ ဖြစ်လာသည်။
“နောက်ပြီး လူအယောက် သုံးဆယ် လေးဆယ်လောက်ကို နယ်မြေခံ အာဏာပိုင်တွေ မသိဘဲနဲ့ လျှို့ဝှက် ထရိန်နင် ပေးဖို့ဆိုတာ မလွယ်ကူပါဘူး”

(ခ) နိုင်ငံအပြောင်းအလဲကြောင့် ကိုယ်ကျိုးစီးပွား ထိခိုက်မည် စိုးသော ပြည်တွင်းမှ ပုဂ္ဂိုလ်များလော
အနှစ်နှစ်အလလက ယစ်မူးလာခဲ့သော အခွင့်အာဏာများကို ထိပါးလာမည့် အရေးသည်လည်း ပဋိပက္ခ ဖန်တီးသူများ မလိုလားသည့် အချက်များတွင် တစ်ချက်အပါအဝင် ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။ ယင်းအခြေအနေတွင် အာဏာတည်မြဲနေသည့် ၎င်းတို့၏ အသက်ရှူပေါက် တစ်ခုဖြစ်လာသည်။
“လောလောဆယ် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်မှာကို သူတို့က မလိုလားဘူး။ အပြောင်းအလဲတစ်ခု ဖြစ်လာရင် အရင်တုန်းက သူတို့ တရားလက်လွတ် လုပ်ထားတဲ့ ကိစ္စတွေ ပြန်ပေါ်လာမှာ စိုးရိမ်တယ်။ ဥပမာ- လယ်ယာမြေတွေကို တပ်ပိုင်မြေသိမ်းပြီး ဗိုလ်ချုပ်တွေက သူတို့ မိသားစုနာမည်နဲ့ ပြောင်းလိုက်တာမျိုးတွေပေါ့” ဟု မိုးဇေညိမ်းက ထောက်ပြသည်။
အပြောင်းအလဲ လိုလားသူများ လုပ်ပိုင်ခွင့်နှင့် အာဏာရလာသည့် တိုင်အောင် အကန့်အသတ် ပြုလုပ်နိုင်သည့် အနေအထားမျိုးကို ယင်းလူတစ်စုက အလိုရှိနေသည်ဟု ၎င်းကဆိုသည်။
ယင်းသို့ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များကို ဟန့်တားထားနိုင်ရေးသည်လည်း ထိုလူတစ်စုအတွက် အသက်တမျှ အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသည်ကို မန္တလေးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဝင်းအောင်သည်လည်း သိရှိ လက်ခံထားပြီး ဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ရှင်းရှင်းပြောရရင် ၄၃၆ ရပ်အောင်လုပ်ပြီး ကျွန်တော်တို့ မွတ်ဆလင်တွေကို ထိုးကျွေးလိုက်တာပါပဲ။ ကျွန်တော်ကတော့ ဒဲ့ပြောတော့မယ်” ဟု ဆိုလာသူက မန္တလေးတိုင်း ဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့် အစ္စလာမ် သာသနာ ပရမတ္ထ မိသားစုအဖွဲ့ ဂိုဏ်းချုပ်ဆရာတော်ဖြစ်သူ ဦးသိန်းဝင်းအောင် ဖြစ်ပါသည်။
ပဋိပက္ခဖြစ်စဉ်များ၏ နောက်တွင် ကိုယ်ကျိုးစီးပွားအလို့ငှာ နိုင်ငံရေး လှည့်ကွက်များ ကပ်ပါလာလေ့ ရှိသည်ကို ဦးသိန်းဝင်းအောင် အပါအဝင် ပြည်သူများက ကျယ်ပြန့်စွာ စတင် ရိပ်စားမိလာပြီ ဖြစ်သည်။ ထိုလူတစ်စုသည် လူမျိုးရေးနှင့် ဘာသာရေးကို နိုင်ငံရေးအသွင် ဖန်တီး၍ လက်နက်သဖွယ် ဖန်တီးနေခြင်းက အဘယ်ကို အလိုရှိ၍နည်း။
“ပြောရရင် ဒီလို နေဝင်ရီတရော အချိန်မျိုးပေါ့။ လင်းသလိုလို မလင်းသလိုလို အချိန်မျိုးက သူတို့လိုချင်တဲ့ အခြေအနေပဲ။ ဒီထက် လင်းလာမှာ မလိုချင်ဘူး” ဟု မိုးဇေညိမ်းက ဆိုသည်။
“ပိုလန်က ခေါင်းဆောင်တစ်ယောက် ပြောသလိုပဲ။ မရင့်ကျက်သေးတဲ့ ဒီမိုကရေစီစနစ်ရဲ့ အန္တရာယ်ဟာ အမျိုးသားရေး ဝါဒပဲတဲ့။ ဒီမိုကရေစီစနစ် ရေချိန်တွေနဲ့ မရင်းနှီးသေးတဲ့ ပြည်သူတွေကို လူတွေရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်တဲ့ အမျိုးသားရေးဝါဒ နာမည်ခံပြီး စည်းရုံးလို့ လွယ်ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီဆိုတာ ဘာလဲလို့ ရေရေရာရာ သိချင်မှ သိမယ်။ ဒါပေမဲ့ နိုင်ငံချစ်ရမယ်၊ ဘာသာချစ်ရမယ် ဆိုတာတော့ ပြည်သူတိုင်း သိနားလည်ကြတယ်။ ပဋိပက္ခကို ဖန်တီးသူတွေက ဒီအချက်ကို ကောင်းကောင်းသိတယ်။ ပြောရရင် ခုမှထပြီး ကောက်ရိုးမီးတောက်နေတဲ့ ဘာသာရေး ပဋိပက္ခဆိုတာ လူထုကို အာရုံလွှဲတာလို့လည်း ပြောနိုင်ပါတယ်။ ဒီမိုကရေစီ အရေးမကြီးဘူး၊ လူ့အခွင့်အရေး ဘာမှမဟုတ်ဘူး။ အမျိုးချစ်ဖို့က အဓိကဆိုပြီး အာရုံလွှဲလိုက်တာပေါ့”

မိုးဇေညိမ်း (ဘာလဲဟဲ့စွမ်းအားရှင် စာအုပ်ရေးသားသူ)
(ဂ) အကျိုးစီးပွား ထိခိုက်မည်စိုး၍ ခေတ္တအာရုံ လွှဲလိုသူများလော
ပဋိပက္ခ ဖြစ်စဉ်များ နောက်တွင် ပြည်ပ၏ ရင်းနှီးမြှုပ်နှံမည့် အကျိုးစီးပွား ကိစ္စများ၊ နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်များနှင့်လည်း ဆက်နွှယ်နေကြောင်း ကျွမ်းကျင်သူများနှင့် The Voice Weekly တွေ့ဆုံ မေးမြန်းချက်များအရ ကောက်ချက်ချနိုင်သည်။
ရခိုင်ပဋိပက္ခများ မဖြစ်ပွားမီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ တရုတ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီး တစ်ခုဖြစ်သည့် ကျောက်ဖြူ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ရခိုင်ဒေသ၌ အစပျိုး ဖြစ်ပွားနေခဲ့သည်။
“ကျောက်ဖြူဒေသခံတွေ အနေနဲ့တော့ ပဋိပက္ခကြောင့် ဒီစီမံကိန်းတွေ အပေါ်မှာ လှုပ်ရှားမှု ရပ်သွားတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ ဒီစီမံကိန်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းမှု လုပ်နေတဲ့ ကာလတစ်လျှောက်လုံးမှာတော့ ပဋိပက္ခဖြစ်ရင်းနဲ့ပဲ စီမံကိန်းက ပြီးသွားတယ်” ဟု ကျောက်ဖြူ လူမှုကွန်ရက် ညှိနှိုင်းရေးမှူး ဦးထွန်းလွင်က ဆိုသည်။

ယင်းအခြေအနေများနှင့် ဆက်စပ်၍ ရခိုင်အရေးသည် တရုတ်အကျိုးစီးပွားနှင့် ချိတ်ဆက်နေသည်ဟု ရခိုင်ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူအချို့က တထစ်ချ ယုံကြည်နေကြသည်။
“တကယ်လို့ ပဋိပက္ခဖြစ်တာ နည်းနေလို့ရှိရင် ဒေသခံတွေဟာ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပိုပြီး လှုပ်ရှားနိုင်မယ်။ ပဋိပက္ခ ဝင်လာတဲ့အတွက် အတိုင်းအတာ တစ်ခုအထိ အားနည်းသွားတယ်” ဟု ဦးထွန်းလွင်က ဖြည့်စွက်ပြောဆိုသည်။
ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကဲ့သို့ပင် တရုတ်တို့အတွက် အရေးပါသည့် စီမံကိန်း အသစ်တစ်ခုက ကျန်ရှိနေသေးသည်။ ယင်းစီမံကိန်းက အခြားမဟုတ် ယင်းဓာတ်ငွေ့ ပိုက်လိုင်းနှင့်အပြိုင် ဖောက်လုပ်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း ဖြစ်သည်။
တိုက်ဆိုင်မှု ဆိုရမည်လော။ မန္တလေး ပဋိပက္ခမဖြစ်မီ ရက်ပိုင်းအလိုတွင် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့သည်။ ယင်းခရီးစဉ်တွင် တရုတ်-မြန်မာ-အိန္ဒိယ နိုင်ငံသုံးနိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသို့ သွားနေချိန် စီးပွားရေးအပြင် နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားလည်း ရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
“ပြောရရင် ခုမှထပြီး ကောက်ရိုးမီး တောက်နေတဲ့ ဘာသာရေး ပဋိပက္ခဆိုတာ လူထုကို အာရုံလွှဲတာလို့လည်း ပြောနိုင်ပါတယ်။ ဒီမိုကရေစီ အရေးမကြီးဘူး။ လူ့အခွင့်အရေး ဘာမှမဟုတ်ဘူး။ အမျိုးချစ်ဖို့က အဓိကဆိုပြီး အာရုံလွှဲလိုက်တာပေါ့” ဟု မိုးဇေညိမ်းက သုံးသပ်သည်။

ယခုအထိတော့ နောက်ကွယ်မှ ကြိုးကိုင်သူများ အပါအဝင် လူအုပ်စုမှ အဓိကခေါင်းဆောင်များ အစိုးရ အပါအဝင် မည်သူကမျှ ရဲရဲဝံ့ဝံ့ဖော်ထုတ်၊ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ အပြောများဖြင့်သာ မျောနေဆဲ ဖြစ်သည်။ ယခုအထိတော့ အချိန်ကိုက် ဒေါသထွက်နေတတ်သော လူအုပ်စုကြီးကား လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ သေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။

လူတော်တော်များများကမူ နောက်ကွယ်မှ ခေတ်အဆက်ဆက် ကြိုးကိုင်သူကြီးကို အမြဲတစေ လက်ညှိုးထိုးလေ့ ရှိသည်။ သို့သော် မိုးဇေညိမ်းကမူ ထိုမျှမကပါဟု အောက်ပါအတိုင်း ဆိုလေသည်။
“သူတစ်ယောက်တည်းလို့ ပြောမရနိုင်ပါဘူး။ သူ့တပည့်တွေထဲမှာ သဘောတင်းမာတဲ့ အမာခံတွေ ရှိတယ်”

ခရိုင် မချမ်းဘော မြို့နယ်ရှိ “ကျောက်နဂါး” အား နဂို အတိုင်း မထားပဲ ဦးတေဇ၏ အကူအညီဖြင့် တပ်မတော် တပ်ရင်းများမှ နဂါးခေါင်း ရုပ်တုအား တပ်ဆင်ခြင်းနှင့် နဂါးထိပ်တွင် စေတီများ တည်ခဲ့သည့်ကို ရိုးရာ အဖွဲ့အစည်းများနှင့် ဒေသခံများမှ ပြန်ဖြုတ်ပေးရန် အလိုရှိနေကြကြောင်း သတင်း ရရှိသည် ။

“ဒါဟာ သဘာဝကို ဖျက်ဆီး လိုက်တာပဲ ။ ”ဟု ပူတာအိုမှ ဘသာရေး ဆရာ တစ်ဦးမှ ဆိုသည် ။

ယခုအချိန်သည် ထို ကျောက်နဂါးသည် အားလုံး အတွက် မဟုတ်တော့ ပဲ ဗုဒ္စ ဘာသာ တစ်ခုတည်း အတွက် ဖြစ်သွားပြီး ဖြစ်ကြောင်းလည်း ဆိုသည် ။

ပိုတာအို ဒေသရှိ သမိုင်းဝင် အထင်ကရ နေရာများတွင် ဦးတေဇမှ အလှူ ငွေများပေးကာ စေတီများ တည်ဆောက် ပေးလျှက် ရှိသည် ။

ကျောက်နဂါး အကြောင်းအရာသည် ယခင် ကတည်းက ကချင်နှင့် ရှမ်း ပုံပြင်များတွင်သာ တွေ့ရပြီး မည့်သည့် တိုင်းရင်းသား၊ ဘာသာတို့ ပုံပြင်များတွင် မတွေ့ရှိရကြောင်းလည်း ဆိုသည် ။

ထို ကျောက်နဂါးသည် မြွေဘ၀တွင် မုဆိုးမ၏ သားကို မြိုလိုက်သည့် အတွက် မိုးကြိုးပစ် ခံရကာ ယခုကဲ့သို့ ကျောက်နဂါး အဖြစ် တည်ရှိနေခြင်း ဖြစ်ကြောင်း ကချင် ပုံပြင် စာအုပ်တွင် ဖော်ပြ ထားသည် ။

“ကျွန်တော် ကတော့ ဒီ ကျောက်နဂါးကို သဘာဝ အတိုင်းပဲ နေခိုင်ချင်တယ် ။ လွတ်လွတ်လပ်လပ် နေပါစေ ။ အခုလို လုပ်လိုက်တော့ တစ်ဖွဲ့ဖွဲ့ရဲ့ နေရာ ဖြစ်သွားပြီ ”ဟု မချမ်းဘော ဒေသခံ တစ်ဦးမှ ဆိုသည် ။

ပူတာအို ဒေသခံရှိ ခြံများ အထင်ကရ နေရာများ ဒေသခံများ ပိုင်ဆိုင်သည့် သမိုင်းဝင် ရိုးရာ အသုံးအဆောင်များအား ဦးတေဇမှ ၀ယ်ယူ ထားပြီးပြီ ဖြစ်ကြောင်း သေဒခံများမှ ဆိုသည် ။

ပူတာအို ခရိုင်ရှိ အထင်ကရ နေရာများ ဖြစ်သော ကျောက်နဂါး နှင့် နတ်စားပွဲ

BY - Kachinwaves

ရုပ်ရှင်လောကကို
အဆင့်မြင့်အောင်လုပ်ပေးပါမယ်..
( ဘာခွင်တွေ ရှိမလဲ မသိဘူး...ဟ )
--------------
စတူဒီယိုတွေဆောက်ဖို့..
မြေဧက ၁၀၀ လောက်လဲ ပေးပါ့မယ်...
( ဟာ.... မြေတွေဆိုပါလား...ရှလွတ်..
တစ်ကွက်လောက်ရအောင်..လျှောက်လွှာလေး
ဘာလေး တင်ထားမှ..)
--------------
Digital စနစ်ကို ကူးပြောင်းပေးပါ့မယ်..
( ရှယ်ပဲကွာ..စက်အသစ်တွေကြိုဝယ်ထားမှ..
ငှား..စားလို့ရအောင်... )
---------------
သိန်း (၁၀၀၀)တန်...
ဖေါင်ဒေးရှင်းတွေ ထူထောင်ပေးပါမယ်..
( ဟ....နိပ်ပြီဟေ့..မန်ဘာ..ကွ..
တစ်ပြားမှမလျှော့ဘူး..)
--------------
အဆင့်မြင် ဇာတ်ရုံကြီးတွေ
တည်ဆောက်ပေးပါ့မယ်..
( ဂွတ်တယ်ကွာ...ကန်ထရိုက်ရရင်တော့
အသေပွပြီဟေ့....ဒီဇိုင်းလေးဘာလေး..
ကြိုလေ့လာထားဦးမှပဲ..)
----------------
အေး...အဲဒါ...
၂၀၁၅ နီးလာလို့..
ဒီလို..လုပ်ပေးတယ်မှတ်..
မဟုတ်လို့ကတော့..
ဘယ်တုန်းက ပေးဖူးလို့လဲ..
ဘယ်တုန်းက ..
လှည့်ကြည့်ဖူးလို့လဲ..
သဘောပေါက်..
(တိန် !.........)



နည်းပြချုပ်(မန်နေဂျာ) နှစ်ဦးနှင့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲ
မောင်သာမန်၊ ဇူလိုင် ၁၃၊ ၂၀၁၄
http://moemaka.blogspot.jp/
ကမ္ဘာ့ဖလား ဘောလုံးဖိုင်နယ်ကို ရောက်ခဲ့ပါပြီ။ အသင်းနည်းပြချုပ် ခေါင်းဆောင်အလွန်အရေးကြီးပါတယ်။ ဂျာမဏီနဲ့အာဂျင်တီးနား နှစ်သင်းရဲ့၊ နည်းပြချုပ်နှစ်ယောက် အားပြိုင်ခြင်းလို့ ပြောနိုင်ပါတယ်။ ဂျာမဏီကတော့ ဘရားဇီးအသင်းကို ၇း၁ နဲ့ အပြတ်သတ်အနိုင်ယူထားလို့ စိတ်ဓါတ်အင်အား၊ လူအင်အား အားကောင်းနေချိန်ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း ဂျာမဏီလောက် အားမကောင်းပေမဲ့၊ အစဉ်အလာရှိတဲ့ အသင်းဖြစ်ပါတယ်။


အခု ဒီဆောင်းပါးမှာမှာတော့ ဘောလုံးသမားများ၊ နည်းဗျူဟာ၊ ကစားသမား အသွင်း/အထုတ်များ ရေးရင်၊ အများကြီးပါ။ အကျဉ်းရေးရရင် နှစ်သင်းစလုံး ဂိုးသွင်းမခံရရေးကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်။ စိတ်ဓါတ်အားနည်းပုံရတဲ့ ဘရားဇီးအသင်း စောစောတစ်ဂိုးအသွင်းခံရပြီး၊ ပြန်ချေပလိုအားနဲ့ကစားရာမှာ၊ ခံစစ်ပေါက်ထွက်ကုန်ပြီး ၇ဂိုးတောင် သွင်းခံလိုက်ရပါတယ်။ အာဂျင်တီးနားအသင်း ဘရာဇီးလို မဖြစ်နိုင်ပါဘူး။ မက်ဆီ၊ ဂျာမဏီက သောမတ်စ်မူလာ၊ ကလို့စ် တို့လဲ ဒီပွဲမှာဂိုးများသွင်းဖို့ အရမ်း ကြိုးစားမှာမဟုတ်ပါ။ နည်းပြချုပ် စေခိုင်းတဲ့အတိုင်း တသွေမတိမ်း ခံစစ်လုံအောင် ကြိုးစားကစားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမတိုင်ခင် အသင်းအုပ်ချုပ်သူများ၊ ဆရာဝန်၊ အနှိပ်သည်ကအစ၊ ထမင်းချက်၊ သန့်ရှင်းရေးသမားအဆုံး အိပ်မက်ထဲမှာတောင် ကမ္ဘာ့ဖလားကြီးရရှိပြီး အလွန်ပျော်နေတဲ့အိပ်မက်မျိုးပဲ ဖြစ်အောင်၊ အသင်းအုပ်ချုပ်သူများက အားပေး၊လုပ်ဆောင် စိတ်ဓါတ်မြှင့်တင် ထားကြမှာပါ။

ဒါကြောင့် အသင်းတစ်ခုလုံးအုပ်ချုပ်နေတဲ့ နည်းပြချုပ် နှစ်ဦးအကြောင်း လက်ရှိနဲ့သူတို့ နည်းပြဘဝကို အနည်းငယ်လေ့လာပါမယ်။ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်အောင်၊ ခက်ခဲစွာကြိုးစားလာခဲ့ရလို၊ အနစ်နာများစွာ ခံခဲ့ရပါတယ်။
 

ဂျာမဏီနည်းပြချုပ် ဂျိုချင်လို Joachim Low

ကမ္ဘာ့ဖလား ၂၀၀၆ မှာ လက်ထောက်နည်းပြချုပ်၊  ၂၀၁၀၊ ၂၀၁၄ (၂)ကြိမ်ကို နည်းပြချုပ်အဖြစ် အုပ်ချုပ်သူ ဖြစ်ပါတယ်။ အသက်၅၄နှစ်အရွယ်၊ ဂျာမဏီလူမျိုးဖြစ်ပါတယ်။ ငယ်စဉ်က ဂျာမန် U21 လက်ရွေးစဉ်အဖြစ် ၄ပွဲကစားခဲ့ပါတယ်။ ဂျာမန်ဒုတိယတန်းအဆင့် ကလပ်များမှာ အလယ်တန်းလူအဖြစ် ကစားခဲ့ပြီး၊ ဂျာမန်လက်ရွေးစင်မဖြစ် ခဲ့ပါဘူ။ အသက်၃၄နှစ်အရွယ်မှာ ဘောလုံးနည်းပြဖြစ်လာပြီး၊ ကလပ်သင်းပေါင်းများစွာ အနှစ်၂၀ကြာအောင် နည်းပြချုပ်လုပ်ခဲ့ပါတယ်။

ယခု - ကမ္ဘာ့ဖလားအုပ်စုပြိုင်ဖက် အမေရိကန်အသင်း နည်းပြချုပ် ကလင်စမန်၊ ၂၀၀၄မှာ ဂျာမဏီအသင်းရဲ့ နည်းပြချုပ် ဘဝတုန်းက ဂျိုချင်လို ကို သူ့ရဲ့လက်ထောက်နည်းပြဆရာအဖြစ်ရွေးချယ်ခဲ့ပါတယ်။ နာမည်မရှိတဲ့ လူတစ်ယောက်ကို ကလင်စမန်က လက်ထောက်အဖြစ် ရွေးချယ်ခြင်းအကြောင်းက အလွန်တော်တဲ့ နောက်ခံကစားကွက်များကို သူမှာရှိတယ်လို့ ကလင်စမန်က ပြောပါတယ်။ 

ဂျာမဏီနိုင်ငံအိမ်ရှင်ဖြစ်တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကလင်စမန်နဲ့ဂျိုချင်လို နှစ်ဦးပေါင်းပြီး နည်းစနစ်အသစ်များနဲ့ အနိုင်ပွဲများစွာ အစွမ်းပြခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာ အီတလီအသင်းကို ၀း၂ နဲ့ ရှုံးပြီး၊ တတိယလုပွဲမှာ ပေါ်တူဂီကို အနိုင်ရခဲ့ပါတယ်။ နောက် ၂နှစ် အကြာ Euro 2006 ပွဲမှာ ဂျာမဏီအသင်း အုပ်စုကထွက်ရပြီး၊ ကလင်စမန် နည်းပြချုပ်ဆက်မလုပ် လိုတော့တဲ့အတွက်၊ ဂျိုချင်လို နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။ 

၂၀၀၈ Euro 2008 မှာ နည်းပြချုပ်ရာထူးအပြည့်ဝနဲ့ ဂျာမဏီအနိုင်ရဗိုလ်စွဲဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအထိ ရောက်လာခဲ့ပေမဲ့ ခြေစွမ်းတက်လာတဲ့ စပိန်အသင်းကို ၀း၁ တစ်ဂိုးနဲ့ကပ်ရှုံးပြီး ဒုတိယပဲ ရခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာတော့ လူငယ်ဘောလုံးသမားများစွာကို ဂျိုချင်လို ပွဲထုတ်ခဲ့ပါတယ်။ 

ကွားတာဖိုင်နယ်မှာ အာဂျင်တီးနားကို  ၂၀၀၆ကတည်းက ဂျာမဏီအသင်း နည်းပြချုပ်အဖြစ် ၈နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။

သူ့ရဲ့ ဇနီး၊ မိသားစုဟာ ဂျာမန်မြို့လေးတစ်ခုမှာ သိုသိပ်စွာနေထိုင်ပါတယ်။ အခမ်းနားတွေမှာ မတွေ့ရသလို ကိုယ်ရေးကိစ္စတွေလဲ မဖော်ထုတ်ပါဘူး။ ဘောလုံးအနိုင်ကစားဖို့ ၂၀၁၄ ကမ္ဘာ့ဖလားရဖို့ပဲ စည်းကမ်းကြီးစွာနဲ့ အသင်းကိုအုပ်ချုပ်ပါတယ်။ "Mr. Nice Guy" လို့ အမည်ပေးခံရပေမဲ့ Euro2008 ပွဲအုပ်ချုပ်သူများကို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုတဲ့အတွက်၊ ဘောလုံးတပွဲ ကွင်းပိတ်ပင်ခံရပါတယ်။  ဒါကြောင့် ကွားတားဖိုငနယ် ဂျာမန်အသင်း ပေါ်တူဂီကို အနိုင်ရတဲ့ပွဲ မှန်လုံအိမ်ထဲမှ ကြည့်ခဲ့ရပါတယ်။ 

သူအသင်းကက်ပတိန် Michael Ballack နဲ့ အကြီးကျယ်၊ အချေတင်စကားပြောခဲ့ပြီး နောက်ဆုံး ကက်ပတိန်က ဝန်ချတောင်းပန်ရပါတယ်။ နာမည်ကျော်တိုက်စစ်မှုး Kevin Kuranyi အထင်မှား၊ဒေါသထွက်လို့၊ ပထမပိုင်းအပြီး ဒုတိယပိုင်း ပြန်လာမကစားတာကြောင့် သူ့ကိုနောက်ပွဲတွေ လုံးဝမသုံးတော့ပါဘူး။ ဖြစ်လေ့ရှိပါတယ်။ 

ဂျာမန်ဘောလုံးအဖွဲ့ချုပ်နဲ့လဲ ကမ္ဘာ့ဖလားပွဲမတိုင်မီ ဆက်ဆံရေးမပြေမလည်ဖြစ်ပေမဲ့ အဖွဲချုပ်ဥက္ကဌက " အားလုံးအချိန်မရွေးလူစားလဲနိုင်တယ်။ ဒါပေမဲ့ ဂျိုချင်လို ကိုတော့ ကမ္ဘာ့ဖလားပြီးတဲ့အထိ လူစားလဲလို့မရဘူး.."  လို့ပြောပြီး ကာကွယ်ပေးထားပါတယ်။ စည်းကမ်းကြီးပြီး၊ ဘောလုံးပဲ တစိုက်မတ်မတ် အုပ်ချုပ်တဲ့ ဂျာမန်အသင်း မန်နေဂျာဖြစ်ပါတယ်။

လူရွေးချယ်မှုမှာ ဘေယန်မြူးနစ် Bayern Munich အသင်းက ၇ယောက်ပါဝင်ပါတယ်။ ဒေါမန့် Borussia Dortmund အသင်းက ၄ယောက်ရွေးခံရပါတယ်။ ဒါကြောင့် ဘေယံမြူးနစ်အများစု ဂျာမဏီအသင်းဖြစ်ပါတယ်။ ၂၀၁၄ ဂျာမန်အသင်း၊ အုပ်စုပွဲစဉ်များကတည်းက ခံစစ်လုံးစွာနဲ့ကစားပြီး၊ ထိုက်တန်စွာ ဗိုလ်လုပွဲကို တက်လာခဲ့ပါတယ်။ မမျှောလင့်ပဲ ဘရားဇီးကို ၇ဂိုးသွင်းနိုင်တာ ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်တင်လောက်အောင် အလွန်ကစားကွက်ကောင်းလှပါတယ်။ 

ဂျာမဏီဟာ အာဖရိကအသင်းများနဲ့ ခက်ခဲစွာကစားခဲ့ရပါတယ်။ အုပ်စုပွဲမှာ ဂါနာကို ၂း၂ သရေ၊ ဒုတိယအဆင့်မှာ အယ်ဂျီးယားကို အချိန်ပိုကစားပြီးမှ ၂း၁ နိုင်ခဲ့ပါတယ်။ အသင်းစိတ်ဓါတ်ကတော့ ပွဲပြီးသည်အထိ အစွမ်းကုန်၊ မီးကုန်ရမ်းကုန် ကစားပြီး၊ အုပ်ချုပ်သူနည်းပြချုပ်ရဲ့ အမိန့်နာခံမှုကောင်းပါတယ်။ ဂျာမဏီတသင်းလုံးဟာ နည်းပြချုပ် ဂျိုချင်လို ကွပ်ကဲမှုအောက်မှာ၊ နည်းစနစ်များကိုနာခံပြီး ကစားနေတာ ထင်ရှားပါတယ်။ ဘရားဇီးနဲ့ပွဲတွေမှာ ဂျာမန်အသင်းလိုက်၊ ဘရားဇီးဂိုးရှေ့မှာ ကိုယ်ရကိုယ်သွင်း၊ ဂိုးမသွင်းပဲ သေချာတဲ့လူကို ထိုးပေးပြီး အပေးအယူများဟာ အသင်းလိုက်ညီညွတ်မှုကို ပြသခဲ့ပါတယ်။ (Nesha Starcevic, AP Sports Writer)

အာဂျင်တီးနားနည်းပြချုပ် ဆာဘယ်လာ Alejandro Sabella

ရှေ့တန်းကစားသမားအဖြစ် ၁၉၇၄မှာ အာဂျင်တီးနား ရေးဘာဘလိတ် နဲ့စတင်ပြီး၊ အင်္ဂလိပ် ရှဖီးယူနိုက်တက်၊ လိယူနိုက်တက်များမှာလဲ ကစားခဲ့ပါတယ်။ နောက်ပိုင်း အာဂျင်တီးနားကလပ်အသင်းတွေမှာ ပြန်လာခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ အာဂျင်တီးနားလက်ရွေးစင်အဖြစ် တစ်နှစ် (၈ပွဲ) ကစားခဲ့ဖူးပါတယ်။ ကစားသမားဘဝက အနားယူပြီး၊ နည်းပြဖြစ်လာတဲ့အချိန် အာဂျင်တီနား နည်းပြချုပ် Daniel Passarella ရဲ့လက်အောက်မှာပဲ လက်ထောက်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်၊ အတွေ့ကြုံယူခဲ့ပါတယ်။ 

 သူတို့နှစ်ယောက်အတွဲဟာ အာဂျင်တီးနားနိုင်ငံအသင်း၊ အီတလီ ပါမားအသင်း၊ ဥရုဂွေးနိုင်ငံအသင်း၊ မက်စီကို မွန်တီရေးအသင်း၊ ဘရားဇီး ကောရိန္တုအသင်းများကို အုပ်ချုပ်ခဲ့ပြီး၊ ၂၀၀၆မှာ အာဂျင်တီးနား-ရေဗားပလိတ်အသင်းကို ပြန်ရောက်လာပါတယ်။

၂၀၁၁ အာဂျင်တီးနားအသင်း ကိုပါအမေရိကားပြိုင်ပွဲမှ ရှုံးနိုမ့်ထွက်ခွာပြီး၊ ဆဘဲလာကို အာဂျင်တီးနားနိုင်ငံအသင်း နည်းပြချုပ်အဖြစ် ခန့်ထားခံရပါတယ်။ ၂၀၁၄ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ၈သင်းပတ်လည် တစ်ပွဲမှမရှုံးပဲ၊ အုပ်စုဗိုလ်အဖြစ် အောင်မြင်ခဲ့ပါတယ်။ ယခုကမ္ဘာ့ဖလားပွဲမှာလဲ ပွဲစဉ်အားလုံးကို အနိုင်ရခဲ့ပါတယ်။

နည်းပြချုပ်အဖြစ် တာဝန်စချိန် ၂၀၁၁ ကတည်းက နာမည်ကျော်တိုက်စစ်မှုး Carlos Tevez ကို ခေါ်မသုံးတော့ပါဘူး။ ကလပ်အသင်းက ငွေကြေးဦးစားပေးပေမဲ့၊ နိုင်ငံအသင်းက ဂုဏ်သိက္ခာကို ပိုအလေးပေးပါတယ်။ Carlos Tevez ဟာ အလွန်တော်တဲ့ တိုက်စစ်မှုးဖြစ်ပြီး၊ မန်ယူ၊ မန်စီးတီး၊ ဂျူဗင်တပ် စတဲ့ အင်္ဂလိပ်၊အီတလီ ကလပ်သင်းကြီးတွေမှာ ခြေစွမ်းပြ၊ ဂိုးများသွင်းနိုင်ပါတယ်။ ဒါပေမဲ့ အသင်းအုပ်ချုပ်သူများနဲ့ ပြသနာဖြစ်လေ့ရှိတတ်ပါတယ်။ အသင်းညီညွတ်မှုကို ထိခိုက်နိုင် မခေါ်တာလို့ယူဆကြပါတယ်။ လူတွေကတော့ ဘောလုံးသမားကောင်းကို မခေါ်ခြင်းအတွက် ဆာဘယ်လာ ကို ပြစ်တင်ဝေဖန်ကြပါတယ်။

အသင်းကက်ပတိန်အဖြစ် မက်ဆီကို ရွေးချယ်ထားပါတယ်။ ကလပ်သင်းစုံလင်ပါတယ်။ အင်နာနေရှင်နယ် ၃ဦး၊ မန်စီးတီး ၃ဦး၊ နာပိုလီ ၃ဦး၊ ဘာစီလိုနာ ၂ဦး၊ ဘိုကာဂျူနီယာ ၂ဦး စသဖြင့် အီတလီအခြေပြု ဘောလုံးသမား ၇ဦးနဲ့ ရွေးချယ်ခဲ့ပါတယ်။ ဘောလုံးသမားများ ပြောစကား၊ အုပ်ချုပ်သူများပြောစကားကို အမြဲဂရုတစိုက်နားထောင်တတ်သူဖြစ်လို့ အရေးကြီးတဲ့ဆုံးဖြတ်ချက်မချနိုင်ဘူးလို့..အပြောခံရပါတယ်။ လက်တွေ့တော့ သူ့ဘောလုံးသမားအားလုံး သူ့စကားကို နားထောင်ကြတာ တွေ့ရပါတယ်။ 

အထူးသဖြင့် ဒုတိယအဆင့်ပွဲတွေမှာ အသင်းကပ္ပတိန်ဖြစ်တဲ့ တိုက်စစ်မှုး မက်ဆီ်၊ သူကစားနေကျ ရှေ့တန်းနေရာမနေရပဲ တကွင်းလုံးပြေးလွှားကစားရခြင်းဟာ ဆာဘယ်လာရဲ့ နည်းဗျူဟာဖြစ်ပါတယ်။ အာဂျင်တီးနားဘောလုံးသင်းဟာ ဆာဘယ်လာ အုပ်ချုပ်မှုအောက်မှာ နာခံမှုနဲ့ ကစားနေပါတယ်။

ဆာဘယ်လာ ဘဝဟာ ပွင့်လင်းစွာပဲနေထိုင်သူဖြစ်ပါတယ်။ ငယ်စဉ်က ဗျုနိုအေရိမြို့တော် ချမ်းသာကြွယ်ဝတဲ့ဖခင်နဲ့ ပညာတတ်အသိုင်းဝိုင်းမှာ ကြီးပြင်းလာခဲ့ပါတယ်။ ဗျူနိုအေရီတက္ကသိုလ်မှာ ဥပဒေပညာသင်ကြားခဲ့ပါတယ်။  ပြီးအောင်မတက်ပဲ ကျောင်းထွက်ပြီး ဘောလုံးလောကကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေး၊ လူမှုရေးများ၊ လက်ဝဲလူငယ်အဖွဲ့စည်းနဲ့ ဆင်းရဲသားများအရေး၊ ဆင်းရဲချမ်းသာ ကွာဟမှုနည်းပါးတဲ့ လူအဖွဲ့အစည်းကို စိတ်ဝင်စားပါတယ်။ ဆာဘယ်လာက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးရင် မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေ နည်းပြချုပ်ရာထူး ဆက်မလုပ်တော့ဘူး အတည်ပြုပြောကြားခဲ့ပါတယ်။ (Neil Clack - independent.co.uk)

ဗိုလ်လုပွဲတက်လာခဲ့တဲ့ ဘောပွဲရလဒ်များ
ဗိုလ်လုမဲ့အသင်း၂သင်း၊ အုပ်စုပွဲ၊ ဒုတိယအဆင့်ပွဲများကို အနိုင်ကစားခဲ့တဲ့ ရလဒ်များကို အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။ စိတ်ဝင်စားစရာကတော့ အာဖရိကအသင်း နိုင်ဂျီးရီးယားနဲ့ ဂါနာ တို့က ၂ဂိုးပြန်သွင်းနိုင်ခြင်းပါ။  အာဂျင်တီးနားနဲ့ဂျာမဏီ နှစ်သင်းစလုံး ဂိုးသွင်းခံရမှု နည်းတဲ့အတွက် ခံစစ်ဦးစားပေး ကစားမှာပါ။ 



လစာငွေနှင့်ဆုကြေး

နည်းပြချုပ်များရဲ့ လစာငွေလည်း အရမ်းများလာပါတယ်။ Fobes Magazine ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၃၂သင်းရဲ့ လစာအချက်အလက်များ ဖော်ပြထားပါတယ်။  ရုရှားအသင်း နည်းပြချုပ်က တစ်နှစ် ကန်ဒေါ်လာ ၁၁သန်း၂သိန်း နဲ့ ပထမအဆင့်ကို အပြတ် နေရာယူထားပြီး၊ အင်္ဂလန်၊ အီတလီအသင်း နည်းပြချုပ်များက ဒေါ်လ ၅.၈သန်း၊ ၄.၃သန်းနဲ့ ဒုတိယ၊ တတိယ အများဆုံး လစာငွေရရှိပါတယ်။ ဆုကြေးများက သီးသန့်ပေးရပါတယ်။ အဲဒီ ငွေအများဆုံးရတဲ့ ရုရှား၊ အင်္ဂလန်၊ အီတလီ အသင်းတွေ အုပ်စုပွဲမှာပဲ ရှုံးပြီးထွက်သွားရပါတယ်။

ဘရားဇီးနဲ့ဂျာမဏီ မန်နေဂျာတွေလည်း လစာအများကြီးရကြပါတယ်။ အဆင့်၎-ဘရာဇီးနည်းပြချုပ် (ဒေါ်လာ ၃.၉သန်း)၊ အဆင့်၆-ဂျာမဏီနည်းပြချုပ် (ဒေါ်လာ ၃.၆သန်း) တို့ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံများလို့သတ်မှတ်ထားတဲ့ ဥရောပ၊ ဘော့စနီးယား၊ ခရိုရီးရှား၊ အလယ်ပိုင်းအမေရိကနိုင်ငံများနဲ့ အာဖရိကနိုင်ငံများရဲ့ နည်းပြချုပ်များကတော့ ဒေါ်လာ၂သိန်းကနေ ၅သိန်းအကြားပဲ လစာရရှိပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အနိုင်ရရှိတဲ့အသင်းကို ဒေါ်လာ၃၅သန်း၊ ဒုတိယဆု ဒေါ်လာ၂၅သန်း ဆုကြေးရမယ်ဖြစ်တဲ့အတွက် နည်းပြချုပ်အုပ်ချုပ်သူများကလဲ ဆုကြေးများစွာ ရဦးမှာဖြစ်ပါတယ်။

လစာအများဆုံးရတဲ့ နည်းပြချုပ်၁၀ဦးစာရင်း...
1. Fabio Capello, Russia — $11,235,210
2. Roy Hodgson, England — $5,874,570
3. Cesare Prandelli, Italy — $4,322,010
4. Luiz Felipe Scolari, Brazil — $3,973,730  (ဘရာဇီး)
5. Ottmar Hitzfeld, Switzerland — $3,745,130
6. Joachim Löw, Germany — $3,602,460  (ဂျာမဏီ)
7. Vicente del Bosque, Spain — $3,386,270
8. Louis van Gaal, Netherlands — $2,738,060
9. Alberto Zaccheroni, Japan — $2,727,480
10. Jurgen Klinsmann, United States — $2,621,740


ကမ္ဘာ့ဖလားနည်းပြချုပ်များနှင့်မြန်မာနိုင်ငံ
အကောင်းဆုံးဘောလုံးသင်း နည်းပြချုပ်ကို ဗိုလ်စွဲတဲ့အသင်းကိုပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ အခုချိန်ထိ တစ်ပွဲမှမရှုံးပဲ ပင်နယ်တီနဲ့ထွက်သွားရတဲ့ နယ်သာလန်(ဗန်ဂေါလ်) နဲ့ကိုစတာရီကာ(ဂျော့လူးဝစ်ပင်တို)၊ ပြီးတော့ အိမ်ရှင်ဘရာဇီး (စကိုလာရီ) စတဲ့ အသင်းနည်းပြချုပ်များကို ထိပ်တန်း စာရင်းသွင်းရမှာဖြစ်ပါတယ်။ နည်းပြချုပ်ဗန်ဂေါလ်ရဲ့ နယ်သာလန်အသင်း တတိယလုပွဲမှာ စိကုလာရီ ရဲ့ ဘရာဇီးအသင်းကို ၃းဝ နဲ့နိုင်သွားပါတယ်။ အိမ်ရှင်ဘရားဇီးစိတ်ဓါတ်ကို စကိုလာရီ ဆက်မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ 

မြန်မာဘောလုံးအသင်းမန်နေဂျာ(နည်းပြချုပ်) နိုင်ငံခြားသားတွေကို ခန့်ထားရင် အများအားဖြင့် ဂျာမန်၊ ယူဂိုဆလားဗီးယား(ဆားဗီးယား) နည်းပြများ ဖြစ်လေ့ရှိပါတယ်။ မြန်မာတွေ ဂျာမန်ကို တော်တော်ကြိုက်ပါတယ်။ ၁၉၉၃ အရှေ့တောင်အာရှ ဗိုလ်လုပွဲတက်တုန်းက ဂျာမန်နည်းပြ ဂါးဘလောက် ဆိုသူကို အလွန်အမှတ်ရပါတယ်။ တစ်ဦးချင်း ခြေစွမ်းမရှိပေမဲ့ အသင်းလိုက်၊ သက်လုံအားကို သုံးပြီး၊ ဗိုလ်လုပွဲရောက်ခဲ့တယ်။ ထိုင်းနိုင်ငံကို  အချိန်ပိုမှာ ၃း၎ နဲ့ ရှုံးပြီး ဒုတိယရခဲ့ပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့အတွက် မြန်မာပရိတ်သတ်များစွာ လာအားပေးရင်း ဂျာမန်ကြီး ဂါးဘလောက် ထပြိး၊ အော်ဟစ်နေတာကို အလွန်အားရခဲ့ပါတယ်။

အရှေ့တောင်အာရှ မြန်မာနောက်ဆုံး ဗိုလ်စွဲခဲ့တာက ၁၉၇၃ ဖြစ်ပါတယ်။ နှစ်၄၀အကြာ မြန်မာပြည်မှာလုပ်တဲ့ ၂၀၁၃ အရှေ့တောင်အာရှအားကစားပွဲမှာ ဘောလုံးဗိုလ်စွဲမယ်မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်စုတောင်မတက်နိုင်ဖြစ်ရပါတယ်။ တောင်ကိုးရီးယားဘောလုံးအဖွဲ့ချုပ်က အကူညီပေးတဲ့၊ အခပေးစရာမလိုတဲ့ တောင်ကိုးရီးယားနည်းပြချုပ် ပတ်ဆောင်ဟွာ Park_Sung-wha - အမှတ်ရမိပါတယ်။ မြန်မာအသင်းညံ့လို့ အရှေ့တောင်အာရှ ဘောလုံးပွဲ အုပ်စုမှာပဲ ရှုံးပြီး၊ ထွက်ခဲ့ရပါတယ်။ အားလုံးကနည်းပြချုပ်ကို ဝိုင်းဝန်အပြစ်တင်ပြီး ချက်ချင်းရာထူးက ထုတ်ခံရပါတယ်။ သူခမြာ မြန်မာပြည်က အပြေးလေးထွက်ခွာသွားရ ရှာပါတယ်။ ပတ်ဆောင်ဟွာ နေရာကို ယခင်စင်ကာပူအသင်း အောင်မြင်မှုရစေခဲ့တဲ့ အဗရာမိုဗစ်ခ်ျ Avramovi ကိုပဲ နည်းပြချုပ်အဖြစ် ခန့်ထားပါတယ်။

နိဂုံး
နည်းပြချုပ်အကြောင်းရေးရတာ၊ ဘောလုံးအသင်းမှာ သူကအဓိကကြောင်း၊ အိမ်ထောင်တစ်ခုမှာ ဖခင်ယောင်္ကျားက အဓိက၊ ကျောင်းမှာ ကျောင်းအုပ်ကြီး၊ နိုင်ငံတော်မှာ အကြီးအကဲအဓိက ဖြစ်ကြောင်း တင်ပြလိုခြင်းပါ။

လာမဲ့ဗိုလ်လုပွဲမှာတော့ တင်းကျပ်စွာ၊ စည်းကမ်းနဲ့အုပ်ချုပ်တဲ့ ဂျာမဏီ ဂျိုချီလို နဲ့ လွတ်လပ်စွာ၊ စည်းကမ်းနဲ့အုပ်ချုပ်တဲ့ အာဂျင်တီးနား ဆာဘယ်လာ တို့ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရုံးရည်(ခြေစွမ်း) နဲ့ နှလုံးရည်(နည်းပညာ) ပြိုင်ပွဲဖြစ်ပါတယ်။ သေချာတာကတော့ ကမ္ဘာ့ဖလား ၃၂သင်းစလုံးရဲ့ အုပ်ချုပ်သူ နည်းပြချုပ်အားလုံးဟာ ထူးချွန်တဲ့၊ လူတော်လူကောင်းများ ဖြစ်ပါတယ်။ ညစ်ပတ်ကစားဖို့ အားပေးတဲ့အုပ်ချုပ်သူ ရှိကောင်းရှိနိုင်ပေမဲ့၊ အခုအသင်း အုပ်ချုပ်သူတွေဟာ နာမည်ကောင်းရှိသူများဖြစ်ပါတယ်။

ဂျာမဏီ-အာဂျင်တီးနား မကြာခဏ ကမ္ဘာ့ဖလားပွဲမှာ တွေ့ဆုံကြဖူးပါတယ်။ ၂၀၀၆ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဂျာမဏီနိုင်ပါတယ်။ ၂၀၁၀ကမ္ဘာ့ဖလား ကွားတားဖိုင်နယ်မှလဲ ဂျာမဏီ နိုင်ပြန်ပါတယ်။ မက္ကဆီကို ၁၉၈၆ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမဏီ ၁းဝ နိုင်ပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနှစ် ၂၀၁၄ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာလဲ နိုင်ဦးမှာပဲ ပြောကြတယ်။ 

အာဂျင်တီးနားရဲ့ ဘောလုံးမျက်လှည့်ဆရာ မက်ဆီ ကိုပဲ တကိုယ်တော် အစွမ်းပြခိုင်းပြီး အနိုင်ယူမလား လို့မျှော်လင့်သူများစွာ ရှိပါတယ်။

တကယ်ကစားမဲ့အချိန်မှာတော့ နှစ်သင်းရဲ့ စိတ်ဓါတ်တွေကို နည်းပြချုပ်နှစ်ဦးက ဘယ်လိုဦးဆောင်သွားမလဲဆိုတာ စောင့်ကြည့်ကြပါစို့။  


နွားနို့ပို့သူများသာ အလိုရှိသည်
ငြိမ်းချမ်းအေး
မိုးမခ
http://moemaka.com/
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ်ချခံလိုက်ရတဲ့ ယူနတီ သတင်းထောက် နဲ့ သူ့ ကလေး ငယ် ဓာတ်ပုံ ကို တွေ့တော့ ရင်စို့ရတယ်။  ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ တေးရေး/တေးဆို ဗဒင် ရေး “အတူတူနေချင်တယ်” သီချင်းလေးလည်း စိတ်ထဲက ရွတ်ဆိုမိတယ်။  သီချင်းက မိသားစု အိမ်ထောင်ကွဲ ဖြစ်ရပ်မှာ ကလေးငယ်ရဲ့ ကြေကွဲဖွယ် ခံစားမှု ကို ဖွဲ့ထားတာ ဖြစ်ပေမယ့် ဒီလို အလိုမတူဘဲ မိသားစု နဲ့ ဝေးရတဲ့ ဖြစ်စဉ်တွေကိုလည်း ပုံဖော်နိုင်တော့ သီချင်း စာသား တပိုင်းတစ ညည်းမိတယ်။


“…. အိမ်မှာ.. လူစုံ.. ထမင်းစား.. စားပွဲမှာ..
ထိုင်ခုံ.. တနေရာ.. လွတ်လို့.. နေခဲ့ပြီ..
ဒါကိုမြင်ရင်.. သားရဲ့.. စိတ်မှာ..
သံမှိုတွေနဲ့.. ရိုက်ဆွဲထားသလိုမျိုး..

ငြိမ်းချမ်းတဲ့.. မိသားစုတွေကြားမှာ..
အတားအဆီးမဲ့တဲ့.. မျက်ရည်တွေနဲ့..
အဖေ့ကို.. မျှော်မိတယ်..

ရင်မှာ.. ရင်မှာ.. ရင်မှာ.. ပြည့်နေ..
အတောင့်တဆုံးနဲ့.. အရှိသင့်ဆုံးဟာ..
အဖေရယ်.. အမေရယ်.. သားရယ်..
အတူတူ.. နေချင်တယ်…”

အတူတူနေချင်တယ် (Two Versions)၊ သံစဉ်/စာသား - ဗဒင်၊ တေးဆို - သားထွေး (၁၉၉၁) ၊ ဗဒင် (၁၉၉၉)
Music Video URL: http://youtu.be/uHhme9kknPM


ခေတ်ပြောင်းပြီလို့ ဆိုကြတဲ့ ခွေးတူဝက်တူ ဒီမိုကရေစီ ကလိယုဂ်ခေတ်ကြီးမှာ အရင် ထောင်နှုတ်ခမ်း နင်းနေသူ နိုင်ငံရေးသမားများ ထဲက တချို့ ဝစီပိတ် ကျင့်နေကြတယ်၊ တချို့ ပေါင်းစားနေကြတယ်၊ တော်လှန်ရေးသမားများ ပါမစ် လဲစားကြတယ်၊ သတင်းသမားတွေကတော့ ဝမ်းနည်းဖွယ် နှစ်ရှည် ထောင်ဒဏ်ထိနေတယ်။

ဟိုအရင်တုန်းကတော့ ဒီ “အတူတူနေချင်တယ်” သီချင်းလေးကို ၈၈ မျိုးဆက် ကိုဂျင်မီ၊ မနီလာသိန်း တို့ ရဲ့ ကလေးငယ် ဓာတ်ပုံကို တွေ့တိုင်း သတိရတယ်။  အခု သူတို့ အတူတူ နေနိုင်ပြီ ဖြစ်လို့ ဝမ်းသာရတယ်။

ဒါပေမယ့် လူထူ အများစု ဘဝတွေမှာတော့ ရန်သူမျိုး (၅) ပါး စာရင်းဝင် ခေါင်သူကြီး မင်းအစိုးရရဲ့ မတရား ဖိနှိပ် အဓမ္မမှုများကြောင့် ရပ်ပြစ် (၈) ပါး ဖြစ်နေတဲ့ ဗမာပြည်မှာ လူမှု၊ စီးပွား၊ စစ်ပွဲ၊ နိုင်ငံရေး ဒဏ်အမျိုးမျိုး နဲ့ မိသားစုများ အတူတူ မနေနိုင်ကြသေးပါဘူး။  ထောင်ထဲမှာ၊ တောထဲမှာ၊ နိုင်ငံရပ်ခြားမှာ အများအပြား တကွဲတပြား ရှိနေဆဲပါ။  ကလေးငယ်များလည်း “အတူတူနေချင်တယ်” ရေရွတ် ယောင်ယမ်း လက်ကမ်း ငိုကြွေးနေရဆဲပါ။

အခု ယူနတီ သတင်းသမားတွေ ကိစ္စ မှာ စစ်အုပ်စု ဒူးမနာသားများ က နိုင်ငံတော်လုံခြုံရေး ဆိုပြီး ကာကွယ်ပြောဆို ဖာသည် လုပ်ကြတယ်၊ ဝမ်းသာအားရလည်း ရှိနေကြတယ်။  လူ့အန္ဓ ဗာလာနံ တချို့ကလည်း ထောင်နှစ်ရှည်ကျရင် နိုင်ငံရေး အကျဉ်းသမား ဖြစ်မယ်၊ လွှတ်ဖို့ ဝိုင်းအော်ကြမယ်၊ လွတ်တဲ့ အချိန် သူရဲကောင်းလို ကြိုဆိုခံရမယ်၊ နာမည်ကြီးမယ်၊ စာရေးဆရာ ဖြစ်မယ် ဆိုပြီး ပြက်ရယ်ပြုနေကြတယ်။

သူတပါး မိသားစု ဘဝ ကို ကိုယ်ချင်း မစာနာနိုင်ကြတာ အံ့သြတုန်လှုပ်ဖွယ်ပါပဲ။  စစ်အာဏာရှင်စနစ်ရဲ့ ဆယ်စုနှစ်များစွာ မှိုင်းတိုက် ဖျက်စီးခဲ့မှုဟာ ဦးနှောက်၊ အသိဉာဏ်၊ အတွေးအခေါ် ကိုတင်မက နှလုံးသား ကိုပါ ထိခိုက်စေခဲ့ကြောင်း သက်သေ ထပ်ပြုနေသလိုပါပဲ။

တကယ်တော့ ဇနီး မယား၊ လင် ယောက်ျား၊ သား သမီး မိသားစု အတွက်က သူရဲကောင်း မလိုဘူး၊ နာမည်ကြီး မလိုဘူး၊ မိမိ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ မိသားစု နဲ့ အတူတူ ရှိနေဖို့ပဲ လိုတယ်။  ဘဝ ကြင်ဖော်ကြင်ဖက် ပါရမီဖြည့်ဖက် ဖြစ်လို့ ဇနီး/ခင်ပွန်း က မိမိ အိမ်ထောင်ဖက် ရဲ့ အလုပ် ဝတ္တရား (သို့မဟုတ်) ယုံကြည်ချက် တာဝန် ပြုမှု ရဲ့ နောက်ဆက်တွဲ ရလဒ် မိသားစု နဲ့ ဝေးရာ ရောက်နေမှု ကို နားလည် ပေးနိုင်ကောင်းပေမယ့် လူမမည်  ကလေးငယ်တွေ အတွက်တော့ “မိသားစု မှာ အဖေရယ်၊ အမေရယ်၊ သားသမီးရယ် အတူတူနေချင်တယ်” ဆိုတဲ့ ဆန္ဒ တောင့်တမှုက သာ အဓိက ဖြစ်တယ်။

ကလေးငယ် အရွယ်ရောက် သိတတ်နားလည်ချိန်မှာ သူ့ အဖေ/အမေ သူရဲကောင်း ကြီး ဖြစ်လို့၊ နိုင်ငံအကျိုး ပြုသူကြီး ဖြစ်လို့ ဝမ်းသာ ဂုဏ်ယူတတ်လာနိုင်ပေမယ့် ငယ်ဘဝ မှာ အလိုချင်ဆုံး အရာကတော့ နွေးထွေးလုံခြုံ ပြည့်စုံတဲ့ မိသားစု ဘဝလေးရယ်သာ ဖြစ်မယ် ဆိုတာ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ် စာနာ နားလည်သင့်ကြပါတယ်။

၁၉၇၀ ခုနှစ်များက ကျော်ကြားတဲ့ ပေပါလေ့စ် အင်္ဂလိပ် ဂီတအဖွဲ့ရဲ့ ဗီယက်နမ် စစ် နာမည်ကြီး စစ်ဆန့်ကျင်ရေး သီချင်း “သူရဲကောင်း မဖြစ်ချင်ပါနဲ့ ဘီလီရယ်” မှာ အမေရိကန် ပြည်တွင်းစစ်ကာလ စစ်ထွက်သွားရတော့မယ့် ပြည်ထောင်စု တပ်သား ဘီလီကို သူ့နဲ့ လက် ထပ်တော့မယ့် ဇနီးလောင်း အမျိုးသမီးငယ်က အခုလို မှာရှာတယ်။

“…ဘီလီ သူရဲကောင်း မဖြစ်ချင်ပါနဲ့နော်..  နင့်အသက်နဲ့ရင်း အရူးမလုပ်ပါနဲ့..
ဘီလီရေ.. သူရဲကောင်း မလုပ်ပါနဲ့နော်.. ငါ့ဆီသာ ဆက်ဆက် ပြန်လာပြီး လက်ထပ်ပါ..
ဘီလီ အချစ်ရေ.. နင့်ရဲ့ လှပတဲ့မျက်နှာ /  ဦးခေါင်းကို (စစ်ပွဲမှာ) ငုံ့သာထားနော်..
ဘီလီရေ.. သူရဲကောင်း မဖြစ်ချင်ပါနဲ့.. ငါဆီသာ ပြန်လာဖြစ်အောင် ပြန်ခဲ့ပါ…”

တကယ် ရှေ့တန်း စစ်မျက်နှာ ရောက်တော့ ဘီလီဟာ သူရဲကောင်း ပီသတဲ့ အပြုအမူတခုကို ဆန္ဒအလျောက် စွန့်စားဆောင်ရွက်ရင်း ကျ သွားရှာတယ်။   စစ်တပ်က ဒီသတင်းကို ဘီလီရဲ့ ချစ်သူဆီ စာပို့အသိပေးတော့ “မင်း ဘီလီအတွက် ဂုဏ်ယူသင့်တယ်၊ သူဟာ သူရဲကောင်း တယောက်လို ကျဆုံးသွားခဲ့တယ်” လို့ ရေးထားတယ်။  ဒါပေမယ့် သူရဲကောင်းတယောက်ကို အလိုမရှိဘဲ မိမိချစ်သူ ခင်ပွန်း လောင်းကိုသာ အသက်ရှင်လျက် အလိုရှိသူ မိန်းမငယ်ဟာ စာကို လွှင့်ပစ်လိုက်တယ်။

ထိလို့မရသူများ (၁၉၈၇) ရုပ်ရှင် မှာ ရဲအိုကြီး ရှောင်ကွန်နရီ က နောင် သူ့ရဲ့ အထက်အရာရှိ ဖြစ်လာမယ့် အက်ဖ်ဘီအိုင် အထူး ရဲစုံထောက် ကီဗင်ကော့စနာ ကို ဒုစရိုက်သမားများ ကြီးစိုးရာ အယ်လ်ကပုန်း ရဲ့ ရှိကာဂိုမြို့ လင်းအားကြီး အချိန်မှာ စတွေ့တော့ ဆိုတယ်။

“ဥပဒေဘက်တော်သား ရဲသားများ ပထမဆုံးလိုက်နာရမယ့် စည်းကမ်းကတော့ အလုပ်တာဝန်ပြီးချိန်မှာ အိမ်ကို အသက်ရှင်လျက် ပြန်နိုင်ဖို့ပဲ..။”

အပြင်မှာ ဘာကြီးပဲ ဖြစ်နေနေ၊ ဘယ်လို ကောင်းမှု အများအကျိုးပဲ ဆောက်ရွက်နေနေ၊ ဘယ်လောက် နာမည်ကြီး ကြီးကျယ်ခမ်းနား အောင်မြင်တဲ့ ပုဂ္ဂိုလ်ကြီးပဲ ဖြစ်စေ မိသာစု အတွက် အရေးအကြီးဆုံးကတော့ အသက်ရှင်လျက် အတူတကွ အနားမှာ ရှိနေနိုင်မယ့်၊ မိသားစု တာဝန် ကျေပွန်မယ့် လင်၊ သား သမီး၊ ဇနီး မယား၊ မိဘ သာ ဖြစ်တယ်။

အောင်မြင်မှု နောက် လိုက်လွန်းသူ၊ အလုပ် တာဝန် ကို ဦးစားပေးလွန်းသူလို့ နာမည်ကြီးတဲ့ မန်ချက်စတာယူနိုက်တက် ရဲ့ နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန် လို လူမျိုးတောင် အိမ်မှာတော့ နွားနို့ပို့တဲ့ မိသားစု တာဝန် ယူပေးရတယ်။

၁၉၇၀ ကျော်က လှုပ်ရှားမှု အသားပေး သည်းထိတ်ဖို ဇာတ်ကား ကို ပြန်ရိုက်တဲ့ “ဖီလန် ၁၂၃ ရထား ပြန်ပေးဆွဲမှု (၂၀၀၉)” ရုပ်ရှင်မှာ ရထားလမ်း ကြီးကြပ်ကွပ်ကဲရေး ဝန်ထမ်း ဒန်ဇယ်လ်ဝါရှင်တန်ဟာ မထင်မှတ်ဘဲ ရထားပြန်ပေးမှုကို ကြားကနေ စေ့စပ်ညှိနှိုင်းသူ လုပ်ပေး နေရတယ်၊ နောက်ဆုံး ပြန်ပေးငွေ ကို လူဆိုးတွေဆီ (အသက်ကို စတေးပြီး) ကိုယ်တိုင်သွားပေးဖို့အထိ ဖြစ်လာတော့ သူ့ဇနီးကို ဖုန်းခေါ်တယ်။

သူ့တို့ ကလေး ကျောင်း ရေကူးပွဲ အတွက် သူ လေ့ကျင့်ပေးနေတဲ့ နည်းတခု ကို မမေ့အောင် ကလေး ကို ထပ်ပြောဖို့ ဇနီးသည်ကို မှာတယ်။  ပြန်ပေးမှု ကို ရုပ်သံ သတင်းကနေ စောင့်ကြည့်ရင်း အန္တရာယ် အတိမ်အနက် ကို ကျက်မိနေတဲ့ ဇနီး ဖြစ်သူ ဟာ လင်သား တယောက်၊ ဖခင် တယောက် အတွက် ပို အရေးကြီးတဲ့ မိသားစု တာဝန် အသက်ရှင်နေနိုင်မှု မရှိမဖြစ် အရေးကြီးပုံ ကို သွယ်ဝိုက် သတိပေးလိုတာကြောင့် လိမ္မာ ပါးနပ်စွာနဲ့ ဒေါသသံ ဟန်ပြု ပြောတယ်။

“… ဒီမှာ ရှင့်ဘာသာ ရှင် (ကလေးကို) တွေ့တော့မှ ကိုယ်တိုင် မှာ၊ သင်ပေး၊  ဒီမှာ ကျူပ် ပြောမယ် နားထောင်၊ ရှင် လုပ်ရမယ့် အလုပ် ကို လုပ်၊ ဒါပေမယ့် အိမ်မှာ နွားနို့ ကုန်နေပြီ၊ ရှင် နွားနို့ တစ်ဂါလံ ပုံး အိမ်အပြန်မှာ ကိုယ်တိုင် ဆွဲခဲ့၊ ဒါပဲ လိုချင်တယ်..”

ဆိုပြီး ငိုနေတဲ့ မျက်ရည်တွေကို ထိန်းရင်း ခပ်တည်တည် အမိန့်ပေးဟန်ပြု ဖုန်းထဲ က ပြန်ဆိုတယ်။  ဇာတ်လမ်း အပြီး မှာ ဒန်ဇယ်လ်ဝါရှင်တန် တယောက် ကုပ်ချောင်းချောင်းနဲ့ နွားနို့ဂါလံပုံးဆွဲရင်း အိမ်ပြန်သွားတဲ့ မြင်ကွင်းကို မြင်ရတော့ ရုပ်ရှင်ကြည့်ပရိသတ်ဟာ မိသားစုဘဝ အရေးကြီးမှုကို ခံစားကြရတယ်။

တကယ်တော့ မိသားစု တိုင်း အတွက် အဓိက လိုအပ်တာက အချိန်တန် ညနေ နေဝင်ချိန် ရောက်ရင် မသေမပျောက်၊ ကျန်းကျန်းမာမာ ဇနီး မယား သား သမီး ထံ နွားနို့ပုံး ဆွဲလျက် ပြန်လာမယ့် ဖခင် လင်ယောက်ျားရယ်ပါ။  မိသားစု အိမ်မှုကိစ္စကို ဝင်ကူ၊ သားသမီးနဲ့ တီတီတာတာ ပြောဆို ဆော့ကစားမယ့် ဖခင် တွေရယ်ပါ။

 

လူမှု အသိုင်းအဝန်း က သတ်မှတ်ပုံဖော် ဖန်တီးပေးထားတဲ့ အလုပ် တာဝန် ဝတ္တရား၊ အများ အကျိုး ဆောင်ရွက်မှု၊ စွန့်လွတ် အနစ်နာခံမှု သူရဲကောင်း ဆိုတာတွေဟာ မိသားစု အတွက် တကယ်တော့ မျက်ရည် အခြေတည် ရင်နဲ့ ပေးဆပ်ရင်း ကြံဖန် ဂုဏ်ယူနေရတာမျိုးပါပဲ။  ဒေါ်အောင်ဆန်းစုကြည် ရဲ့ သား အငယ် ကင်မ် အတွက် ငယ်ဘဝ မှာ အလိုချင် အတပ်မက်ဆုံးက အနားမှာ ရှိနေနိုင်မယ့် မိခင် ပဲ ဖြစ်မှာပါ၊ ဒီမိုကရေစီ သူရဲကောင်း နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် မဟုတ်နိုင်ပါဘူး။  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ငယ်ဘဝ မှာလည်း အဖြစ်ချင်ဆုံး ဆန္ဒ က အနားမှာ အသက်ရှင်လျက် ရှိကာ သူ့ခေါင်းကို တယုတယ ဖြီးပေးနိုင်မယ့် ဖခင် တယောက်ပဲ ဖြစ်မှာပါ၊ အမျိုးသားခေါင်းဆောင် အာဇာနည် တယောက် ဆိုတာက ဦးစားပေး မဟုတ်နိုင်ပါဘူး။

အခု ယူနတီ သတင်းသမားတွေ ကို စာနာ မပေးနိုင်၊ ပြယ်ရယ်ပြုချင် ကြသူများဟာ ဗမာပြည်မှာ လူဆိုး လူမိုက်များ ရဲ့ မုဒိန်းကျင့်ခံထိထားတဲ့ တရားစီရင်ရေး စနစ်ဆိုး၊ မတရားတဲ့ ဥပဒေ တွေ အကြောင်း၊ ပြည်သူလူထု ရဲ့ သတင်း ရယူ သိခွင့် တွေ အကြောင်း အလှမ်းမမီ လို့ ဖြစ်စေ၊ သဘောမတူ အာဏာရှင် စိတ်ဓာတ်ဝင်နေလို့ ဖြစ်စေ နေနိုင် ပြောနိုင် လှောင်သံ ငေါ့သံ ပြုချင် ပြု နိုင်ကြပေမယ့် ဓာတ်ပုံပါ ကလေးငယ် နဲ့ မိခင် ဇနီးသည် ဟာ ညနေ အိမ်ကို နွားနို့ပုံးထမ်း ပြန်လာမယ့် ဖခင် လင်သား ကို မျှော်နေမယ် ဆိုတာလေးကို တွေးမိ စာနာ စိတ် ထားသင့်ကြပါတယ်။

သူတို့အတွက် “နွားနို့ပို့သူများသာ” အလိုရှိပါတယ်။  ကလေးငယ်ဟာ “အတူတူနေချင်တယ်” သာ ဟစ်အော်နေရတယ်။

ဗမာပြည် အနှံ့က စစ်ပွဲ၊ ရန်ပွဲ၊ အမုန်း၊ ပဋိပက္ခကြားက တကွဲတကွာဖြစ်နေတဲ့ မိသားစုအားလုံးဟာလည်း “နွားနို့ပို့သူများကိုသာ” အလိုရှိနေပါတယ်။  ကလေးငယ်များ ဟာ “အတူတူနေချင်တယ်” သာ ညည်းညူ နေကြမှာပါ။

အလျဉ်မမီနိုင်တဲ့ စားဝတ်နေရေး အတွက် တိုင်းတပါးမှာ ဝမ်းစာ ရှာဖွေ ဝေးကွာနေရတဲ့ မိသားစု များ အတွက်လည်း အတူတူ အနားမှာ ရှိနေနိုင်မယ့် ချစ်ခင်မြတ်နိုးရသူ “နွားနို့ပို့သူများကိုသာ” အလိုရှိပါတယ်။  မိဘ၊ ဇနီး၊ မယား၊ ခင်ပွန်း သားသမီး များ ဟာ “အတူတူနေချင်တယ်” ကိုသာ ရွတ်ဆို တမ်းတ နေကြရတယ်။

ကျနော်တို့ အားလုံးဟာ “နွားနို့ပို့သူများသာ” အလိုရှိသူတွေပါ၊ “အတူတူနေချင်တယ်”ကို ရေရွတ် နေရသူတွေပါ။  ဘဝတူတွေပါ။  စာနာစိတ် ထားသင့် လှပါတယ်။

ငြိမ်းချမ်းအေး
ဇူလိုင် ၁၂၊ ၂၀၁၄

မှတ်ချက် - ဓာတ်ပုံများ သည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် အဖမ်းဆီးခံ သတင်းထောက်နှင့် မိသားစုပုံ ဖြစ်သည်။  မူရင်း ဓာတ်ပုံဆရာနှင့် မျှဝေသူကို မသိပါ။  သက်ဆိုင်သူများကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။  အခကြေးငွေ အလို့ငှာ ယူငင် သုံးစွဲခြင်း မဟုတ်ပါ။

TV ဖန်သားပြင်ပေါ်က အတွေးကို ၂၀၁၅ ရွေးကောက်ပွဲ ဆီရွှေ့ပြီး တွေးမိတယ်။ အခု လွှတ်တော်ကြီးထဲက အသင်းကတော့ အားလုံးသိကြတဲ့အတိုင်း ၂၀၁၅ ဖလားကို အရယူဖို့နည်းမျိုးစုံသုံး အကြံတွေထုတ်နေတယ်။ ပြိုင်ပွဲစည်းကမ်းကိုပြောင်းဖို့ PR ဆိုတာကြီးနဲ့သွေးတိုးစမ်းနေတယ်။

တစ်ကြိမ်ချန်ပီယံဖြစ်ဖူးလို့ နောက်တစ်ကြိမ်ထပ်ဖြစ်ရမယ်လို့ ထင်ထားရင်တော့ စပိန် အသင်းကိုသာကြည့်။

အိမ်ကွင်းမှာကစားတိုင်း ပရိသတ်ထဲက လက်ခုပ်သံကို အပိုင်တွက်လို့ဘယ်ရမလဲ။ ပြိုင် ပွဲရဲ့သဘာဝကိုက အရှုံးအနိုင်ရှိ ပြီးသား။ ဝင်ပြိုင်ကတည်းက နိုင်ချင်စိတ်ကြောင့် ပြိုင် တာမှန်ပေ မယ့် အရှုံးအတွက်လည်း အသင့် ပြင်ထားရမယ်။ အခုဟာက ရှုံးမှာ ကြောက်လို့ကာရင်းနဲ့ အမှား ပေါင်းစုံကျူးလွန်နေတာ အားလုံး အမြင်ပဲ။

တကယ်ဆိုရင် အမြဲနိုင် ချင်စိတ်ကိုခဏထားပြီး အသင်း ကို အကောင်းဆုံးပြင်ဆင် ရမှာ။ လုပ်ပုံလုပ်နည်းအဟောင်းတွေ ကိုပြင်။ အသင်းသားတွေရဲ့ စိတ်ဓာတ်တွေ ကိုပြင်။ ဥပမာ မန္တလေး ပဋိပက္ခမှာ လှုံ့ဆော်သူလူအုပ် ကြီးကိုမရှာဘဲ မန္တလေးလူထု ကို ခြိမ်းခြောက်ပြီး နေ့ခင်းကြောင် တောင် မြို့လယ်ကောင်စစ်ယာဉ် တန်းတွေ ဟန်ရေးပြတဲ့အလုပ် မျိုးဟာ ၂၀၁၅ မှာအုပ်စုကနေ လှည့်ပြန်ရလိမ့်မယ်။


ဂျေလှသင်
http://www.7daydaily.com/
ကမ္ဘာပေါ်မှာရှိရှိသမျှ အား ကစားပြိုင်ပွဲတွေမှာ ဘောလုံးပွဲဟာ ပွဲကြည့်ပရိသတ်အများဆုံးနဲ့ ပွဲအဆူဆုံးပြိုင်ပွဲပါ။ မာရသွန်ပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲတွေမှာ ပရိသတ်တွေ ဆူကြပူကြ၊ ရန်ဖြစ်ကြ။ ပျော်ကြ၊ ရွှင်ကြ၊ ငိုကြတာမတွေ့ရသလောက် နည်းခဲ့ပေမယ့် ဘောလုံးပွဲတွေကတော့ အားပေးသူပရိသတ်ကို အငြိမ်မနေနိုင်အောင်ကို စိတ်လှုပ်ရှားစေတတ်ပါတယ်။

အထူးသဖြင့် နိုင်ငံကိုကိုယ် စားပြုယှဉ်ပြိုင်ရတဲ့ ကမ္ဘာ့ဖလား ပွဲကို ကလပ်အသင်းပြိုင်ပွဲတွေ ထက် လူစိတ်ဝင်စားမှုပိုပါတယ်။ ပါဝင်ယှဉ်ပြိုင်ကြတဲ့အသင်းတွေ ဟာလည်းပဲ အနိုင်ယူနိုင်တဲ့ဂုဏ် ထက် ကိုယ့်နိုင်ငံအတွက် အနိုင် ယူပေးနိုင်တဲ့ ကိုယ်စားပြုမှုကို ပိုပြီးတန်ဖိုးထားကြပါတယ်။ ကလပ်မှာကစားစဉ် အတူတွဲဖော် ကစားဖော် တစ်သင်းတည်း သူငယ်ချင်းဟာ ကမ္ဘာ့ဖလားမှာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ပြိုင်ဘက်လည်းဖြစ်တတ်ပါတယ်။

လေးနှစ်မှာတစ်ကြိမ်ကျင်းပ တဲ့ ကမ္ဘာ့ဖလားဘောလုံးချန်ပီယံ ပွဲဟာ ကမ္ဘာပေါ်က ဘောလုံးဝါ သနာရှင်တွေ ရင်ခုန်ရတဲ့ပြိုင်ပွဲ ပါ။ ကမ္ဘာအရှေ့ခြမ်းနဲ့အနောက် ခြမ်း နေ့နဲ့ညမတူလို့ ညအချိန် မတော်ကြီး TV ကနေတိုက်ရိုက် လွှင့်လည်းထကြည့်ကြတာပဲ။

ကိုယ်အားပေးတဲ့အသင်း ပင်နယ်တီ အပေးခံရတာမျိုး။ ကိုယ့်အသင်းရဲ့တိုက်စစ်မှူး အနီ ကတ်ပြအထုတ်ခံရတာမျိုး။ အနိုင်အရှုံးအဆုံးအဖြတ် ပင်နယ်တီကန်ချက်လွဲတာမျိုး အဲဒီလို ထင်မထားတာတွေတွေ့တဲ့အခါ နှလုံးရောဂါအခံရှိတဲ့ပရိသတ်တွေ ကြည့်နေရင်း အသက်ပါထွက်သွားတတ်တာလည်း အဲဒီ ကမ္ဘာ့ဖလားပါပဲ။

ကျွန်မ ကမ္ဘာ့ဖလားကိုစောင့် ကြည့်ရတာ သိပ်ကြိုက်ပါတယ်။ မိန်းမတန်မယ့်ဘောလုံးပွဲကို စွဲခဲ့တာလည်း အာဂျင်တီးနားရဲ့ ဘောလုံးသူရဲကောင်း မာရာဒိုနာ ကြောင့်ပါပဲ။ ၁၉၈၆ ကမ္ဘာ့ဖလား မှာ မိခင်နိုင်ငံအတွက် ချန်ပီယံ ဖလားကြီးကို ဆောင်ကြဉ်းပေးနိုင် စွမ်းတဲ့ အာဂျင်တီးနားအသင်း ခေါင်းဆောင်မာရာဒိုနာ။ ဂင်တို တို ခန္ဓာကိုယ်အချိုးအစား။ သူ့ ခြေထောက်ထဲ ဘောလုံးရောက် သွားရင် ဘယ်လိုတွန်းတိုက်ပြီးမှ လုလို့မရအောင် တောင့်တင်း ကျစ်လျစ်စွာ အလိမ်အခေါက် အပြေး သူမတူအောင်တော်တဲ့ တိုက်စစ်မှူး။ အဲဒီခေတ်ဘောလုံးပွဲသတင်းတွေမှာ သူ့ကို ‘ခြေထောက်နဲ့ဘောလုံးကို ကော်နဲ့ ကပ်ထားသလို’လို့တင်စားခဲ့ကြတယ်။

နောက်တော့ အီတလီ အသင်းရဲ့တိုက်စစ်မှူးအသင်းခေါင်းဆောင်ရောဘတ်တိုဘက်ဂီယို။ မင်းသားလိုစတိုင်ကျတဲ့ အင်္ဂလန်တိုက်စစ်စတားဒေးဗစ်ဘက် ခမ်း။ ဘရာဇီးအသင်းတောင့်တင်း စဉ်အခါက အတွဲညီညီနဲ့ပြိုင်ဘက် အသင်းတွေ ထိတ်လန့်ခဲ့ရတဲ့ အသင်းခေါင်းဆောင်ကာဖူး။ တိုက်စစ်မှူးရော်နယ်ဒို။ ရွှေဂိုးဖန်တီးရှင် ရော်နယ်ဒင်ဟို။ အဲဒီလို တစ်ယောက်တစ်မျိုးအစွမ်းအစတွေပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေကို ကမ္ဘာ့ဖလားမှာတစုတဝေးတည်းမြင်ရ၊ ကြည့်ခွင့်ရတာကြောင့်လည်း အိပ်ရေးပျက်ပေမယ့် ကြည့်ရကျိုးနပ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ အစွမ်းကိုမှီခိုတဲ့အသင်းရှိသလို တစ်သင်းလုံးကောင်းတဲ့အသင်းမျိုးတွေလည်း ပါတတ်ပါတယ်။

ဒီနှစ် ၂၀၁၄ ကမ္ဘာ့ဖလားကို ဘရာဇီးနိုင်ငံမှာကျင်းပနေတာ ပြီးခါနီးပါပြီ။ ဘရာဇီးဟာ အိမ် ရှင်ဖြစ်ခွင့်ရတယ်ဆိုကတည်းက ကမ္ဘာ့ဖလားမှာ သမိုင်းကြောင်း ကောင်းထားတဲ့အသင်းတစ်သင်း ပါ။ ကမ္ဘာ့ဖလားကို ငါးကြိမ်တိုင် တိုင်အရယူနိုင်ခဲ့ပြီး ဒုတိယဆု တစ်ဆုလည်းရဖူးပါတယ်။ ဂန္ထ ဝင်ကစားသမားကြီးပီလီကိုမွေး ထုတ်ပေးခဲ့တဲ့ ဘရာဇီး။ ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ရှင် ရော်နယ်ဒိုရဲ့ မိခင်နိုင်ငံ။

အခုလည်း အသင်းခေါင်း ဆောင်သီယာဂိုဆေးဗားရဲ့ မောင်း နှင်မှုနဲ့ တိုက်စစ်မှူးနေမာ။ အော် စကာရူစတာဗို စတဲ့နောက်တန်း၊ အလယ်လူ၊ တိုက်စစ်တွေနဲ့ပြိုင် ဘက်အသင်းကို လှန့်နိုင်နေဆဲပါ ပဲ။ ဘယ်လိုပဲအိမ်ရှင်အသင်းမို့ အုပ်စုချောင်တယ်ပြောပြော အိမ် ကွင်းမှာ ဘရာဇီးအသင်းအနိုင်ရ ခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့ ပြီ။ ခြေမမီတဲ့အသင်းဆိုရင် ရှုံးထွက်ပွဲတော်မှာကတည်းက အရည်အချင်းတွေပေါ်ခဲ့ပြီပေါ့။ အခုအရေးကြီးတဲ့ပွဲတွေစမှ ဘရာဇီးရဲ့ကံကြမ္မာကတစ်မျိုးပြောင်းသွားခဲ့ရတယ်။ ကံဆိုးခဲ့ရတယ်။

အဓိကအသင်းခေါင်းဆောင်ပွဲပယ်ခံလိုက်ရတယ်။ အသင်းရဲ့ အားအထားရဆုံး တိုက်စစ်မှူး နေမာဒဏ်ရာရသွားတယ်။ လက် ကျန်ကမ္ဘာ့ဖလားပွဲတွေ ဆက် မကစားနိုင်တော့။ အကောင်းဆုံး လူတွေထုတ်။ အထိရောက်ဆုံး Line Up ဆွဲ။ အကျိုးရှိဆုံးနည်း ပရိယာယ်တွေနဲ့ ရေကုန်ရေခန်း ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲကျမှ အားထားရတဲ့ကစားသမားတွေ မပါတော့တဲ့အတွက် ကျန်တဲ့ အသင်းသားတွေမှာ စိတ်ဓာတ်ရေးရာအရ စိုးရိမ်စိတ်များသွားခဲ့ တယ်။ အဲဒီကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုနည်းခြင်းက ဘရာဇီး အသင်းကို ကောင်းကောင်းဒုက္ခ ပေးသွားတာ။ ကောင်းတဲ့အသင်းကြီးတွေနဲ့တွေ့တွေ့၊ အသင်း ခပ်ညံ့ညံ့လေးတွေနဲ့တွေ့တွေ့ တိုက် စစ်အားကို ဘယ်တော့မှချမပစ်တဲ့ ဂျာမနီနဲ့သွားတွေ့တဲ့အခါ တစ်ဂိုးဝင်ပြီးကတည်းက အမှားတွေဆက်တိုက်လုပ်မိတော့တယ်။ ဘရာဇီးနောက်တန်းရဲ့ပေါ့ဆမှု တွေနဲ့ ၁၀ မိနစ်အတွင်း လေးဂိုး အသွင်းခံလိုက်ရပြီးတဲ့အခါမှာတော့ တစ်သင်းလုံး စိတ်ဓာတ်တွေ ဆောက်တည်ရာမရဖြစ်ကုန် တယ်။ဘရာဇီးအသင်းရဲ့သမိုင်း တစ်လျှောက် အညံ့ဖျင်းဆုံး၊ အဆိုးရွားဆုံးကစားကွက်တွေပါပဲ။

ဘရာဇီးသတင်းစာတွေထဲ မှာ တညီတညွတ်တည်းရေးခဲ့ကြ တယ်။ ‘စိတ်အပျက်ရဆုံးပွဲ’‘သမိုင်း တွင် ရှက်စရာအကောင်းဆုံးပွဲ’ ဟုတ်တာပေါ့။ နှစ်တစ်ရာနီးပါး က ၁၉၂၀ ကမ္ဘာ့ဖလားမှာ ဥရုဂွေး ကိုရှုံးခဲ့တာတောင် (၆-၀)အခု ဂျာမနီကိုရှုံးရတာ (၇-၁)။ ကမ္ဘာ ကျော်အသင်းကြီးဘရာဇီးက တစ်ပွဲတည်းမှာပေးဂိုး (၇)ဂိုးနဲ့ မရှုမလှရှုံးခဲ့ရတယ်လေ။ ဇူလိုင် ၉ ရက် နံနက် ၂ နာရီမှာ ဘရာဇီး အသင်းကိုကြည့်ပြီး သင်ခန်းစာတွေတသီကြီးရလိုက်တယ်။

နောက်ဆုံးဂိုး အသွင်းခံ လိုက်ရလို့ ဂိုးသမားဆီဆာမြေ ကြီးပေါ် ဒူးထောက်ကျသွားတဲ့ အထိ ဘရာဇီးပရိသတ်ကြီးက နိုင်ငံတော်သီချင်းဆိုကြတုန်း။ ကျွန်မအတွေးထဲကို မြန်မာပြည် ဆီးဂိမ်းမြင်ကွင်းတွေ ပြန်ရောက်လာခဲ့တယ်။ အဲဒီလိုရင်ကွဲပုံမျိုး ကျွန်မတို့ခံစားခဲ့ဖူးတာ ဘာကြာသေးလို့လဲ။ နှစ်တောင်မကူးသေးဘူး။ ကွင်းထဲကပရိသတ်ကိုကျော်ပြီးဘရာဇီးပြည်သူတွေရဲ့ရင်ထဲကို လှမ်းကြည့်မိတယ်။ ကိုယ် မမှားဘဲနဲ့ အရှုံးတွေရလိုက်တဲ့ပွဲ။ ကိုယ့်ပယောဂမပါဘဲ ဝမ်းနည်း ကြေကွဲရတဲ့ပွဲ။

ဘရာဇီးနိုင်ငံဟာလည်း ကျွန်မတို့လိုစီးပွားကျနေတဲ့တိုင်းပြည်။ ပြည်သူ့ဘဏ္ဍာငွေတွေ ဒေါ်လာ (၁၃)ဘီလီယံနီးပါးသုံးပြီးကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကြီးကိုဘရာဇီးပြည်သူတွေ သဘောမတူ လို့ထောင်နဲ့ချီပြီး ဆန္ဒပြခဲ့ကြသေး တယ်။ ပွဲကျင်းပနေစဉ်ကာလမှာ တောင် တံတားပြိုကျ၊ ရေတွေ ကြီးနဲ့ ဒုက္ခတွေရောက်နေကြသေးတယ်။ ကိုယ့်အသင်းက နောက်ဆုံးဗိုလ်လုပွဲလောက် ရောက်ခဲ့ရင်တော့ ကြုံခဲ့သမျှ ဒုက္ခတွေအပျော်နဲ့ဆေးကြောနိုင်တာပေါ့။ အခုတော့ ရလဒ်က ဒေါသ အဖြစ်ပြောင်းသွားတယ်။

ဆီးဂိမ်းမှာ ကျွန်မတို့ပေါက် ကွဲသလိုမျိုး ဘရာဇီးပြည်သူတွေ ရဲ့ဒေါသက လမ်းပေါ်ကဘတ် စကားတွေနဲ့ စတိုးဆိုင်တွေပေါ် ရောက်သွားတယ်။ ‘ကော်ဝါကာ ဘာနာ’ကမ်းခြေတစ်လျှောက် ဒေါသထွက်နေတဲ့လူအုပ်စုကြီး ဟာ ပုရွက်ဆိတ်အုံတုတ်နဲ့ထိုး လိုက်သလိုပဲ။ အဲဒီသောကရဲ့ ကူးစက်မှုဘယ်လောက်မြန်သလဲ ဆို ဘရာဇီးရဲစံချိန်တင်အရှုံး အကြောင်းပြောတာ အကြိမ် အရေအတွက် ၃၅ ဒသမ ၆ သန်း နဲ့ Twitter မှာ စံချိန်ချိုးသွားတယ်။

အရှုံးသမားဘရာဇီးက သင် ခန်းစာတွေပေးသွားတာ မနည်း မနောပါလား။ ခေါင်းဆောင် အပေါ် အားကိုးလွန်းတဲ့အသင်း။ တစ်ဦးချင်းစီရဲ့အရည်အချင်းကို တောင် တောက်ပြောင်အောင် လုပ်မထားတဲ့အသင်း။ တိုက်စစ်မှူးတစ်ဦးတည်းကို အားထားတဲ့အသင်း။ ဦးဆောင်သူလဲသွား တာနဲ့ ကမောက်ကမတွေဖြစ်။ တိုက်စစ်မှူးပြောင်းသွားတာနဲ့ ဂိုးသွင်းနိုင်သူမရှိ။ ဂိုးသွင်းဖို့၊ အနိုင်ရဖို့ သူများဂိုးပေါက်ကိုပဲ အာရုံစိုက်လွန်းတဲ့အခါ ကိုယ့်ဂိုးပေါက်ကြီးက ဟောင်း လောင်း။ အဲဒီလိုဟာကွက်တွေများလာခဲ့ရင် ခွက်ခွက်လန်ရှုံးရပါလိမ့်မယ် ဆိုတဲ့သင်ခန်းစာပါ။ ဘောလုံး အသင်းတစ်သင်းစွမ်းရည်ထက်မြက်သူတွေနဲ့ စုစည်းပါမှ ဖလား ရမယ်ဆိုတာပါပဲ။

TV ဖန်သားပြင်ပေါ်က အတွေးကို ၂၀၁၅ ရွေးကောက်ပွဲ ဆီရွှေ့ပြီး တွေးမိတယ်။ အခု လွှတ်တော်ကြီးထဲကအသင်းကတော့ အားလုံးသိကြတဲ့အတိုင်း ၂၀၁၅ ဖလားကိုအရယူဖို့နည်းမျိုးစုံသုံး အကြံတွေထုတ်နေတယ်။ ပြိုင်ပွဲစည်းကမ်းကိုပြောင်းဖို့ PR ဆိုတာကြီးနဲ့သွေးတိုးစမ်းနေတယ်။ တစ်ကြိမ်ချန်ပီယံဖြစ်ဖူးလို့ နောက်တစ်ကြိမ်ထပ်ဖြစ်ရမယ်လို့ထင်ထားရင်တော့ စပိန် အသင်းကိုသာကြည့်။

အိမ်ကွင်းမှာကစားတိုင်း ပရိသတ်ထဲက လက်ခုပ်သံကို အပိုင်တွက်လို့ဘယ်ရမလဲ။ ပြိုင် ပွဲရဲ့သဘာဝကိုက အရှုံးအနိုင်ရှိ ပြီးသား။ ဝင်ပြိုင်ကတည်းက နိုင် ချင်စိတ်ကြောင့်ပြိုင်တာမှန်ပေ မယ့် အရှုံးအတွက်လည်း အသင့် ပြင်ထားရမယ်။ အခုဟာက ရှုံးမှာ ကြောက်လို့ကာရင်းနဲ့ အမှား ပေါင်းစုံကျူးလွန်နေတာ အားလုံး အမြင်ပဲ။ တကယ်ဆိုရင် အမြဲနိုင် ချင်စိတ်ကိုခဏထားပြီး အသင်း ကိုအကောင်းဆုံးပြင်ဆင်ရမှာ။ လုပ်ပုံလုပ်နည်းအဟောင်းတွေ ကိုပြင်။ အသင်းသားတွေရဲ့စိတ် ဓာတ်တွေကိုပြင်။ ဥပမာ မန္တလေး ပဋိပက္ခမှာ လှုံ့ဆော်သူလူအုပ် ကြီးကိုမရှာဘဲ မန္တလေးလူထုကို ခြိမ်းခြောက်ပြီး နေ့ခင်းကြောင် တောင် မြို့လယ်ကောင်စစ်ယာဉ် တန်းတွေ ဟန်ရေးပြတဲ့အလုပ် မျိုးဟာ ၂၀၁၅ မှာအုပ်စုကနေ လှည့်ပြန်ရလိမ့်မယ်။

နောက်တစ်သင်းကလည်း ဘရာဇီးလိုပဲခေါင်းဆောင်ကို မှီခို လွန်းတယ်။ ခေါင်းဆောင်ပြစ် ဒဏ်နဲ့ ပွဲပယ်ခံရတဲ့ကာလတွေမှာ အစားထိုးခေါင်းဆောင်မရှိခဲ့လို့ တစ်သင်းလုံးလျော့ရိလျော့ရဲနဲ့ တိုက်စစ်အားတွေပြန့်ကျဲကုန် တယ်။ တကယ်ဆို အခုကတည်း က လက်ရွေးစင်တိုက်စစ်မှူးတွေ ကိုလေ့ကျင့်သင့်ပြီ။ ဖြစ်နိုင်ရင် တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက်လုပ် နိုင်အောင် တစ်သင်းလုံးတိုက်စစ် မှူးတွေရဲ့အရည်အချင်းတွေနဲ့ ပြည့်စုံနေရင် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက် အသင်းက အိမ်ကွင်းကိုအပိုင်စီး ထားပြီး စိတ်ကြိုက်ဒိုင်လူကြီးတွေ ကိုရွေးထားတာ။

ကျွန်မတို့ပြည်သူတွေက တော့ ဘရာဇီးပရိသတ်လိုပဲ ဒီမိုကရေစီဖလားကြီးမရမချင်း ‘ကမ္ဘာမကျေ’သီချင်းကို နှုတ်က မချသီဆိုနေမှာစိတ်ချပါ။ ဒါပေမဲ့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည် သူလိုချင်နေတာဘာဆိုတာကို တော့ PLAYER တွေသိအောင် လုပ်ကြပါ။ ၂၀၁၅ မှာ မြန်မာပြည် သူတွေအလိုချင်အတောင့်တဆုံး ဆုဖလားကြီးနဲ့တော့ မလွဲပါရစေ နဲ့။ ဘရာဇီးပြည်သူတွေလို ချုံးပွဲ ချမငိုပါရစေနဲ့။ မြန်မာပြည်သူ တွေမှာ ငိုစရာမျက်ရည်မကျန် တော့လို့ပါ။

သတင်းမီဒီယာအား ဖိနှိပ်မှုရပ်ဟူသည့် စာသားပါ အင်္ကျီဝတ်ဆင်ထားသဖြင့် သတင်းရယူခွင့်မပေးသောကြောင့် သမ္မတဦးသိန်း စိန်အား ဆန္ဒပြခဲ့သည့် သတင်းသမားများကို စခန်းမှူးကိုယ်တိုင် အမှုဖွင့်ထားသည်ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းက အတည်ပြုသည်။
12jl6
“အခုလောလောဆယ် အယောက်ငါးဆယ် အမှုဖွင့်ထားတယ်။ ကျန်တဲ့သူတွေရှိသေးတယ်။ ဓာတ်ပုံမှတ်တမ်းတွေရှိတာပဲ။ စိစစ်လို့ရပါတယ်။ သတင်းယူတဲ့သူတွေမပါဘူး။ ဆန္ဒပြတဲ့သူကိုပဲ အရေးယူမှာပါ” ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ဇူလိုင် ၁၂ ရက် မနက်ကပြုလုပ်သည့် အနုပညာရှင်များနှင့် သမ္မတတို့ တွေ့ဆုံပွဲတွင် သတင်းမီဒီယာဖိနှိပ်မှုရပ် ဟူသည့် အင်္ကျီဝတ်ထားသော သတင်းသမားများကို သတင်းရယူခွင့်မပေးသဖြင့် ဆန္ဒပြခဲ့ကြသည်။

ပြည်တွင်းပြည်ပ မီဒီယာမှ သတင်းသမားများက မြန်မာငြိမ်းချမ်းရေး စင်တာရှေ့တွင် “ မီဒီယာဖိနှိပ်မှုရပ်၊ Stop Killing Press" ဟူသည့် စာသားများပါသည့် အကျီများဝတ်ကာ တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး  ၎င်းတို့အား စခန်းမှူးက ပုဒ်မ ၁၈ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
“သတင်းရယူဖို့ တရားဝင်သက်သေကတ်ပြားတွေထုတ်ပြတာလည်း သူတို့က ယူခွင့်မပေးဘူး။ သတင်းသမား က သတင်းမယူရဘူးဆိုရင် ဘာလုပ်မလဲ။ ဇာတ်ကတဲ့သူကလည်း ဇာတ်မကရဘူးဆိုရင် ဘာလုပ်မလဲ။ အရေး ယူခြင်း မယူခြင်းကတော့ သူတို့သဘောပါပဲ။ မီဒီယာနဲ့ သတင်းလောကကို အမှောင်ချချင်လို့ ဒီလိုလုပ်တယ်လို့ ပဲ ယူဆပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သမဂ္ဂဂျာနယ်မှ သတင်းထောက်ချုပ် မရွှေမှုန်က ပြောသည်။

မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် သမ္မတနှင့်အနုပညာရှင်များ တွေ့ဆုံပွဲကို စာနယ်ဇင်းသမားများက လာရောက်သတင်းရယူခြင်းဖြစ်ပြီး တရားဝင် ဖိတ်ကြားထားခြင်းလည်း ဖြစ်သည်။
ယူနတီဂျာနယ်မှ စာနယ်ဇင်းသမားများကို မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၃(၁)(က)/၉ ဖြင့် ဇူလိုင်လ၁ဝရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁ဝနှစ် ပခုက္ကူတရားရုံးတွင် ချမှတ်ထားသည်။ ထိုပြစ်ဒဏ်နှင့် ပတ်သက်၍ တရားရုံးစီရင်ချက်အပေါ် မီဒီယာသမားများကို ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။

“ဒီသတင်းထောက်တွေကို ထောင်ဆယ်နှစ်ချမှတ်တာနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ သုံးသပ်သင့်ပါတယ်။ ဒါက ကျွန်မ တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အမြင်ပါ”ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူမြို့ရှိ လူထုဟောပြောပွဲတွင်ပင် ဇူလိုင် ၁၂ရက်က ပြောဆိုထားသည်။
http://www.mizzimaburmese.com

စာကလေးသည်က..
ပိုက်ဆံလိုချင်နေတယ်၊
သူ့ဘ၀အတွက် ၊သူ့ကိုယ်ကျိုးအတွက်ပါ..၊

အဲဒီတော့သူက..
စာကလေးတွေကို ဖမ်းတယ်..
လှောင်ထားတယ်..၊
လူတွေကို ပြတယ်..

သဒ္ဒါရှိတဲ့သူတွေက လွှတ်ချင်ရင်.
စာကကလေးသည်ကို ပိုက်ဆံပေးရတယ်
ပြီးရင်ပြန်လွှတ်ပေးတယ်..

ပြီးရင် စာကလေးသည်က ပြန်ဖမ်းတယ်.
ပိုက်ဆံကိုမျှော်တယ်..
လာလွှတ်မဲ့သူတွေကိုမျှော်တယ်..

-------------------

ဇာတ်ပေါင်းတော့..

- စာကလေးသည်.ဆိုတာ " အစိုးရ " ပဲ
သူက ...အမှတ်တွေ ၊ အင်ပရက်ရှင်တွေကို
အရမ်း..လိုချင်တယ်၊

- ပိုက်ဆံပေးပြီး လွတ်စေချင်တဲ့
စေတနာရှိတဲ့သူတွေက- " ပြည်သူတွေ.".
သူတို့ဟာ စာကလေးတွေကိုသနားတယ်
စေတနာထားတယ် ..အဲဒါကြောင့်လွတ်စေချင်တာ

- " မီဒီယာသမား၊ ဆန္ဒပြသူ၊
တောင်းဆိုသူတွေ" က..
စာကလေးတွေ..ဖြစ်တယ်၊

သူတို့ဟာ....ဖမ်းလိုက်...
ပြန်လွတ်ပေးခံရလိုက်ဆိုတဲ့..
သံသရာထဲလည်နေကြတယ်..

စာကလေးသည်ဟာ..

စာကလေးတွေကို ပြန်ဖမ်းတယ်၊
သူ့ရဲ့လှောင်အိမ်ထဲကိုထည့်ထားပြီး..
ပြည်သူက တောင်းဆိုရင်
ပြန်လွှတ်ပေးတယ်..

အဲဒီအလုပ်တွေနဲ့ သူ့ဘ၀ဟာ..
ပုံမှန်လည်ပတ်နေပေတော့တယ်...

---------------------

နောက်ဆုံးမှာတော့

စာကလေးသည်ကြီးဟာ..
စာကလေးတွေကို..

"ပြန်လွှတ်ပေးချင်လို့ပြန်ဖမ်းလိုက်
ပြန်ဖမ်းချင်လို့ ပြန်လွှတ်ပေးလိုက်.."

လုပ်လုပ်ပြပြီး..

ပိုက်ဆံတွေ...
အင်ပရက်ရှင်တွေ..
အမှတ်တွေ...အများကြီး..
ပိုက်ပိုက်သွားတာပါပဲဗျာ...။

မြင်တတ်ကြပါစေ...
Gaint Pa Yit

သူသူထက်လွင် - Flower News ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၂၇)။

ရန်ကုန်၊ ဇူလိုင် ၁၁ - အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အမှတ်တရအဖြစ် ဗိုလ်ချုပ် ကိုယ်တိုင် ပဲပြုတ်နံပြားစားသုံးနေပုံနှင့် မြန်မာပြည်တွင် အောင်မြင်ကျော်ကြား သူ ၆ဝ၈ဦးပုံပါဝင်သော ဗိုလ်ချုပ်မျက်နှာ ပန်းချီကားများကို အလှသစ်ပန်းချီပြခန်း ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို ဇူလိုင် ၁၉ရက် မှ ၃ဝရက်အထိပြသသွားမည်ဖြစ်ပြီး ပန်းချီဆရာ ၃၂ဦးမှ ပန်းချီကားပေါင်း ၇ဝခန့် ကိုပြသသွားမည်ဖြစ်သည်။

''အဓိကက ဗိုလ်ချုပ်ဘယ်လို နေခဲ့လဲ၊ ဘာလုပ်ခဲ့လဲ၊ ဗိုလ်ချုပ်က ဘာဖြစ်စေချင်တာလဲဆိုတာတွေ၊ ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့်တတ်တဲ့ စိတ်ဓာတ်တွေကို သိစေချင်လို့ ပြပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က ပဲပြုတ်နဲ့ နံပြားစားနေပုံတွေ၊ သီးနှံတွေကို ကိုယ် တိုင်စိုက်ပျိုးနေပုံတွေ၊ မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာဘုရင်၊ မိဖုရား၊ ရဟန်း၊ လူတွေရဲ့ပုံ ၆ဝဝကျော်နဲ့ရေးဆွဲထားတဲ့ ဗိုလ်ချုပ်ပုံကိုလဲ ပြသထား မှာ ဖြစ်ပါတယ်''ဟု ပြပွဲစီစဉ်သူဦးနန်းနွယ်က ပြောသည်။

ယင်းဗိုလ်ချုပ်ပုံပန်းချီကားကို အဖြူအမည်း အရောင်နှစ်မျိုးသာသုံးပြီး ရေးဆွဲထားကာ အောင်မြင်ကျော်ကြားသူ များ၏ပုံရိပ်များကို အသေးစိတ်ရေးဆွဲ ထားကြောင်း သိရသည်။

''အဲဒီပန်းချီကားမှာ ဗိုလ်ချုပ်ပုံ ကို ပုံပေါင်း ၆၈၃ပုံနဲ့ပုံဖော်ထားပါတယ်။ မြန်မာဘုရင်တွေ၊ မိဖုရားစုဖုရားလတ်တို့၊ ဦးဝိစာရတို့ကအစ မင်းကိုနိုင်၊ ကိုကိုကြီး တို့ပါ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံကတော့ အများဆုံးပါဝင်တာပေါ့''ဟု ယင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိ ရန်ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် ဇူလိုင် ၁၉ရက်တွင် လုပ်ကြံခံရ၍သေဆုံး ခဲ့ရသော်လည်း ယနေ့တိုင် မြန်မာပြည်သူ များရင်ထဲ ရှင်သန်ကျန်ရှိနေသဖြင့် နှစ်စဉ် အမှတ်တရပွဲများ ကျင်းပလျက်ရှိသည်။

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ယူနတီဂျာနယ်က သတင်းသမားငါးဦးကို အလုပ်ကြမ်းနဲ့ ထောင်ဆယ်နှစ် ပြစ်ဒဏ်ချတယ်။ သည်အပြစ်ဒဏ်ကို များလွန်းတယ်ဆိုပြီး မကျေနပ်တဲ့ သတင်းသမားတွေက သမ္မတရှိရာ မြန်မာ ငြိမ်းချမ်းရေးစင်တာကို သွားကာ အသံတိတ် ဆန္ဒပြတယ်။ ဒါကို ရဲက ခွင့်ပြုချက်မရဘဲ ဆန္ဒပြခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုပြီး ပုဒ်မ (၁၈) နဲ့ အမှုဖွင့်လိုက်တယ်။

သည်ဖြစ်စဉ်ကို ပြန်ကြည့်ရင် အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တာကို တွေ့ရတယ်။

ပထမဆုံး လျှို့ဝှက်ဥပဒေနဲ့ အရေးယူရာမှာ ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်တာမို့၊ ထိုဥပဒေအရ အလုပ်ကြမ်းနဲ့ ထောင်ဆယ်နှစ် ချတယ်။ အကယ်၍ တရားရုံးဟာ ဘယ်သူစွက်ဖက်မှုမှ မပါဘဲ အပြစ်ရှိတယ်လို့ သူတို့ဘာသာ သမာသမတ်ကျကျ ဆုံးဖြတ်ခဲ့တယ်ဆိုရင် ထိုတရားရုံးကို ဘာမှ အပြစ်ဆိုစရာမရှိ။ ဘယ်သူဘယ်ဝါ ပါဝင်ပတ်သက် ဖိအားပေးသလဲ ဆိုတာတော့ သက်သေမရှိလို့ မပြောနိုင်။

ဒါပေမယ့် သည်အမှုကို ကြည့်ရင် အခုလို ဆုံးဖြတ်ချက်ချတာက အောက်တရားရုံး ဖြစ်တာမို့၊ အထက်တရားရုံး အဆင့်ဆင့်ကို အယူခံခွင့် ရှိပါတယ်။ အယူခံလည်း ၀င်ကြမှာပါ။ သည်လိုသာ လုပ်ခဲ့ရင် ထုံးစံအတိုင်း တရားရုံးကလည်း ပြစ်ဒဏ်ကို တဖြည်းဖြည်း လျော့ချလာနိုင်ပါတယ်။ အယူခံမှုတွေ အားလုံးပြီးလို့ ပြစ်ဒဏ် ကျန်နေသေးရင်တောင် နောက်ဆုံး သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ကွင်းလုံးကျွတ်နိုင်ပါသေးတယ်။ ဆိုလိုတာက ပြစ်မှုမြောက်လို့ ပြစ်ဒဏ်ချလိုက်ပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် ထိုပြစ်ဒဏ်အားလုံးကို ကျခံရဖို့ လမ်းသိပ်မမြင်။

သည်နေရာမှာ သတင်းသမားတွေဟာ အမှုကို ဘယ်လို ဆက်ဆောင်ရွက်နိုင်သေးသလဲ ဆိုတာထက်၊ ဒါဟာ သတင်းသမားတွေကို ဖိနှိပ်ခြိမ်းခြောက်တာပဲဆိုပြီး အစိုးရရဲ့ လုပ်ရပ်ကို ဆန္ဒပြဖို့ ပိုအားသန်သွားကြတယ်။ သတင်းသမားတွေရဲ့ အပြစ်လည်း သိပ်မဟုတ်ပြန်ဘူး။ သူတို့မှာ ခေတ်အဆက်ဆက် အာဏာပိုင်တွေရဲ့ ခဲတွေကို အဆက်မပြတ် ခံခဲ့ရဖူးတော့ကာ၊ ပူပူနွေးနွေးရထားတဲ့ လွတ်လပ်စွာ ရေးသားခွင့်လေးကို မတန်တဆ ပုဒ်မတွေနဲ့ လာအုပ်မှာကို စိုးရိမ်ကြတာပေါ့။

သည်လိုနဲ့ မနေ့က (စနေနေ့) သမ္မတလည်း ရန်ကုန်ရောက်၊ ဒါကို သတင်းသွားယူမယ့် သတင်းသမားတွေကလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို မိမိတို့ရဲ့ စိုးရိမ်မှု၊ မပျော်ရွှင်မှုတွေကို သမ္မတသိအောင်ဆိုပြီး၊ မီဒီယာဖိနှိပ်မှု ရပ်ဆိုတဲ့ စာတမ်းပါ တီရှပ်တွေ ၀တ်ဆင်သွားကြတယ်။ ဒါကို အာဏာပိုင်တွေက အဲသည်တီရှပ် မချွတ်ရင် ပေးမ၀င်နိုင်ဘူး၊ သတင်းယူခွင့် မပေးဘူးလို့ တင်းခံတယ်။ သတင်းသမားတွေကလည်း ၀င်ခွင့်မပေးရင်နေ၊ အပြင်ကနေပဲ အသံတိတ် ဆန္ဒပြမယ်ဆိုကာ ကိုယ့်ပါးစပ်ကို တိတ်အမည်းနဲ့ပတ်၊ လက်ထဲက ကင်မရာ၊ ဗီဒီယိုတွေကို လမ်းပေါ်ချထားကြတယ်။ ဖြစ်စဉ်က ဒါပါပဲ။ အာဏာပိုင်တွေဘက်က လိမ္မာမယ်ဆိုရင် ပွဲက ဒါနဲ့ ပြီးသွားသင့်တယ်။

ဟုတ်တယ်လေ။ သတင်းသမားတွေက ကိုယ့်ရဲ့ မကျေနပ်ချက်ကို သမ္မတသိအောင် ကြိုးစားတယ်။ ဒါကို အာဏာပိုင်တွေက (သမ္မတရဲ့ သဘောက ဘယ်လိုမှန်းတော့မသိ) မျက်နှာလို မျက်နှာရနဲ့ ၀င်ခွင့်မပေးဘူး။ သည့်အပြင် အသံတိတ်ဆန္ဒပြတာကို ပုဒ်မ (၁၈) နဲ့ ထပ်အရေးယူဖို့ လုပ်တယ်။ ပုဒ်မတစ်ခုကို ဘယ်လို ကိုင်တွယ်သင့်သလဲ မပြောခင်၊ လူကြီးလူကောင်းတို့ရဲ့ အပြုအမူတစ်ရပ်ကို နည်းနည်းပြောချင်တယ်။

ဗြိတိသျှတို့ခေတ် မြန်မာနိုင်ငံမှာ အစိုးရ မင်းခမ်းမင်းနားတစ်ခု ကျင်းပချိန်ဟာ ဗိုလ်အောင်ကျော် ကျဆုံးတဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတယ်။ ဒါကြောင့် ထိုပွဲကို တက်လာတဲ့ မျိုးချစ်မြန်မာအချို့ဟာ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လက်ပတ်အမည်းတွေ ၀င်လာကြတယ်။ တစ်နည်းအားဖြင့် ဒါဟာ ဗြိတိသျှအစိုးရကို ဆန္ဒပြတာပဲ။ အကယ်၍ အစိုးရတာဝန်ရှိသူတွေဟာ ထိုလက်ပတ်အမည်းတွေကို အတင်းကာရော လိုက်ဖြုတ်သည်ဖြစ်စေ၊ ထိုလက်ပတ်အမည်း ၀တ်လာသူတွေကို ပွဲသို့ ၀င်ခွင့်မပေးလျှင်ဖြစ်စေ၊ လုပ်ခဲ့သည် ရှိသော် ပွဲမပျက်တောင် တော်တော် ရုပ်ဆိုးသွားနိုင်တယ်။ ဒါပေမယ့် ဗြိတိသျှ အရာရှိတွေဟာ အခြေအနေကို သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်သွားကြတယ်။ သူတို့လုပ်တာက ထိုလက်ပတ်အမည်းတွေကို မမြင်သလိုနဲ့ မသိကျိုးကျွံ ပြုလိုက်တာပဲ။ နှစ်ဦးနှစ်ဘက် အဆင်ပြေသွားတယ် မဟုတ်လား။

အခုကိစ္စမှာလည်း မီဒီယာသမားတွေ ၀တ်ဆင်လာတဲ့ တီရှပ်တွေကို မသိကျိုးကျွံလုပ်ပြီး၊ သမ္မတနဲ့ ပေးတွေ့ သတင်းယူခွင့် ပေးလိုက်မယ်။ သူတို့မကြိုက်တာတွေကို သမ္မတအား ပြောခွင့်ပေးလိုက်မယ်၊ သမ္မတကလည်း အစပိုင်းမှာ ကျနော်ပြောခဲ့သလို ဥပဒေအရ အယူခံခွင့် ရှိတာကို ရှင်းပြမယ်ဆိုရင် အားလုံးကျေနပ်သွားမှာပါ။ အကယ်၍ သည်လို ၀င်ခွင့်မပေးရင်တောင် သတင်းသမားတွေရဲ့ အသံတိတ်ဆန္ဒပြမှုကို မသိကျိုးကျွံ ပြုလိုက်တော့ ဘာဖြစ်မှာလို့လဲ။ ဒါကို မသိနားမလည်တဲ့ အာဏာပိုင် အသေးစားတွေက ပုဒ်မဖွင့် တရားစွဲဖို့ လုပ်တော့ ပွဲက ပိုကြမ်းသွားတာပေါ့။

ဥပဒေတစ်ခုကို အဓိပ္ပါယ်ဖွင့်ဆို အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး ရှင်းရှင်းနားလည်ရမှာက ဘယ်ဥပဒေမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး ဆိုတာပဲ။ ဒါကြောင့် ဥပဒေကို ဖွင့်ဆိုသုံးစွဲမယ့်သူဟာ အခြေအနေ၊ အချိန်အခါ၊ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို ချင့်တွက်တတ်ရမယ်။ ဥပဒေက သည်လိုပြောထားလို့ အရာရာကို လှေနံဓားထစ် လုပ်လို့မရဘူး။ အခုကိစ္စမှာ သတင်းသမားတွေဟာ ပုဒ်မ (၁၈) ကို ချိုးဖောက်တယ်ဆိုပြီး၊ ဥပဒေရဲ့ အထက် ဘယ်သူမှ မရှိရဆိုတဲ့ ကိုယ်လိုရင်လိုသလို ဆွဲသုံးတာမျိုး လုပ်လို့မရဘူး။ နောက်ဖြစ်လာမယ့် အကျိုးဆက်ကို ချင့်တွက်ရမယ်။

အခုကိစ္စမှာ အစိုးရပိုင်းကရော၊ မီဒီယာပိုင်းကပါ မိမိတို့ မှန်တယ်ဆိုပြီး မလျော့ချင်ကြဘူး။ သည်လိုအခြေအနေမှာ နှစ်ဘက်စလုံးကို အဆုတ်အတက် လုပ်နိုင်အောင် အောက်ခြေ အာဏာပိုင်တွေက ၀ိုင်းဝန်းကြံဆသင့်တယ်။ သတင်းသမားတွေဟာ သတင်းယူဖို့ စုရုံးလာကြတယ်။ သူတို့လိုချင်တဲ့ အခြေအနေမျိုး မရလို့ သတင်းမယူဘဲ အသံတိတ်နေကြတယ်။ ဒါကို ဆန္ဒပြတယ်လို့ အဓိပ္ပါယ်မဖွင့်ဘဲ၊ ပြောခဲ့သလို မသိကျိုးကျွံ လုပ်နေလိုက်ရင် အခြေအနေတွေဟာ သည့်ထက်ဆိုးလာစရာ မရှိတော့ဘူးပေါ့။

သည်လိုမလုပ်ဘဲ အောက်ခြေ ၀န်ထမ်းတွေဟာ ပုဒ်မ (၁၈) ဆိုတာကိုပဲ စွတ်အော်ပြီး လျှောက်လုပ်နေတော့ကာ သတင်းသမားတွေနဲ့ အာဏာပိုင်တွေရဲ့ကြား တိုက်ပွဲဟာ ပြင်းသထက် ပြင်းဖို့ပဲ ရှိတော့တာပေါ့။

ဥပဒေတစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ဥပဒေပါ အချက်အလက်ကိုချည်း အာရုံမစိုက်ဘဲ ‘ဥပဒေက မည်သို့ပင်ဆိုစေကာမူ’ ဆိုတဲ့ စကားရပ်ကို ပါးပါးနပ်နပ် သုံးသပ်နိုင်မှသာ ထိုဥပဒေကို တကယ်နားလည် အသုံးချနိုင်လိမ့်မယ်။

(သို့သော် ထိုစကားရပ်ကို သုံးကာ အဂတိ လိုက်စားပြီး၊ မိမိတို့ လိုလျှင်လိုသလို ပြုမူနေမည်ဆိုပါက နှစ်ပေါင်းငါးဆယ် တိုင်းပြည်ပျက်ခဲ့ရသလို ဆက်ပျက်နေအုံးမှာပဲ။)

အစိုးရအာဏာပိုင် လုပ်တယ်ဆိုတာ တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် ရံဖန်ရံခါဆိုသလို မသိကျိုးကျွံ နေထိုင်တတ်ရပါတယ်။

Myo Minn fb

http://www.7daydaily.com/
ပခုက္ကူမြို့တွင် ဇူလိုင် ၁၂ ရက်နံနက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဟောပြော နေစဉ် (ဓာတ်ပုံ − အင်န်အယ်လ်ဒီ)

၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပြည်သူများက အမှန်တကယ် ထောက်ခံခဲ့သည် ဟု ယုံကြည်ပါက ဒုတိယအကြိမ် ဆန္ဒခံယူပွဲ ပြန်လည်ပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

‘‘ကျွန်မက ပြောရဲတယ်။ ၂၀၀၈ ဆန္ဒခံယူပွဲက တကယ်ပဲ ပြည်သူထောက်ခံတဲ့ ဆန္ဒခံယူပွဲ မဟုတ်ဘူး။ ပြည်သူရဲ့ ဆန္ဒကို တကယ်ပဲ ရောင်ပြန်ဟပ်တယ်လို့ ယုံကြည်ရင် နောက်ဆန္ဒခံယူပွဲ တစ်ခုကို ရဲရဲရင့်ရင့်နဲ့ လုပ်ပေး လိုက်ပါ။ အဲဒီလို ရဲရဲရင့်ရင့်နဲ့ လုပ်ပေးတဲ့ ဆန္ဒခံယူပွဲက တကယ် ပဲ တရားမျှတရမယ်။ တကယ်ပဲ လွတ်လပ်ရမယ်။ အဲဒီလိုလုပ်ပေး လိုက်တဲ့ ဆန္ဒခံယူပွဲမှာ ပြည်သူ တွေက လက်ခံပါတယ်ဆိုရင် တော့ ဒါပြည်သူရဲ့ ဆန္ဒအရ ရေး ဆွဲထားတဲ့ ဥပဒေဆိုတာ ကျွန်မ တို့ကလည်း လက်ခံရမှာပေါ့’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၁၂ ရက်တွင် ပခုက္ကူမြို့၌ကျင်းပ သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ တက် ရောက်လာသော ပြည်သူနှစ်သိန်း ခန့်အား ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးရှိ မဲပေး ပိုင်ခွင့်ရှိသူများအနက်မှ ၉၈ ဒသ မ ၁၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ခြင်းဖြစ်သည်ဟု ယ ခင်အစိုးရ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။

အချို့ ပြည်သူများသည် ဆန္ဒခံယူပွဲသို့ သွားရောက်ခြင်း မရှိသော်လည်း အခြားသူများကကိုယ်စား ထည့်ပေးသွားခြင်းများရှိကြောင်း သိရှိခဲ့ရသည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပြီး အဆိုပါ ဆန္ဒခံယူပွဲမှာ အ မှန်တကယ် စစ်မှန်သော ဆန္ဒခံ ယူပွဲမဟုတ်ကြောင်း ပြောရဲသည် ဟု မိန့်ခွန်းတွင်ထည့်သွင်းပြော ကြားခဲ့သည်။

လက်ရှိနိုင်ငံရေး အခြေအ နေအရ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ ခံယူခြင်းထက် ယခင် အခြေခံ ဥပဒေကို အတည်ပြုခဲ့သည့် ဆန္ဒ ခံယူပွဲကို ပြန်လည်ကျင်းပရန် တိုက်တွန်းနိုင်လျှင် ပို၍ အဆင် ပြေသော လမ်းကြောင်းဖြစ်မည် ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် ဒေါက်တာရန် မျိုးသိမ်းက ပြောကြားထားသည်။

မေလ ၁၇ ရက်ကပင် စတင် ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူလူထု လက်မှတ်စုဆောင်း ရာတွင် လက်မှတ်အရေအတွက် သုံးသန်းကျော်သာ ရရှိနေသေး၍ အခြေခံဥပဒေကို ထောက်ခံခဲ့ သော အရေအတွက်နှင့် ယှဉ်ပါ က ၁၀ ဆခန့် ကွာခြားနေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုသူများသည် အ ကြောင်းရင်း သုံးခုကြောင့်သာ မပြင်ဆင်လိုခြင်းဖြစ်ပြီး စိတ်စေတနာမရှိခြင်း၊ နိုင်ငံအတွက် အကျိုးမရှိနိုင်သော ဥပဒေဆိုသည်ကို သိနိုင်သည့် ပညာမရှိခြင်းနှင့် စေတနာနှင့် ပညာပါရှိသော်လည်း ပြင်ဆင်ရဲသည့် သတ္တိမရှိသောကြောင့်သာ ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်လိုသူများကို ရည်ညွှန်း၍ ပြည်သူများအား ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေး ကောက်ပွဲအတွက် ရည်ရွယ်၍ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လုပ်ဆောင်ခြင်း မဟုတ်ဘဲ ရေ ရှည်အတွက် ရည်ရွယ်၍ လုပ် ဆောင်နေခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပခုက္ကူမြို့ ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က သမ္မတနှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက ကောင်စီဝင်အချို့ နုတ်ထွက်မည်ဟု ပြောကြား

ဂျာနယ်လစ်များနှင့် ပတ်သက်၍ အစိုးရက လက်ရှိလုပ်ဆောင်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အချို့ တာဝန်မှ နုတ်ထွက်မည်ဖြစ်ကြောင်း သိရသည်။

ယူနတီသတင်းဂျာနယ်မှ ဂျာနယ်လစ်ငါးဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့မှု၊ Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်လစ်လေးဦးကို ဖမ်းဆီးထားမှု အစရှိသော ကိစ္စရပ်များအတွက် ကြေညာချက်ထုတ်ပြန်ရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ၏ အစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေး၌ သမ္မတနှင့်တွေ့ဆုံရန် တောင်းဆိုမည့်အချက်ကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

“သမ္မတနဲ့တွေ့ခွင့် ကျွန်တော်တို့ တောင်းမယ်။ ကောင်စီကသမ္မတနဲ့ တွေ့ခွင့်တောင်းမယ်။ အဓိကတော့ အဲဒီသတင်းမီဒီယာ လောကအပေါ်မှာ တမင်ဖိနှိပ်တဲ့သဘောတွေ ဖြစ်နေတာတွေ။ သမ္မတနဲ့တွေ့ဆုံပြီးတော့ရှင်းမယ်။ မေးမယ်။ ဒီဘက်ကလည်း မီဒီယာတွေရဲ့သဘောသဘာဝကို နားလည်အောင် တစ်ဖက်ကလည်း ဒါတွေဟာ ဘာကြောင့်ဖြစ်နေတာလဲဆိုတာ မေးဖို့ပေါ့” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။

ထိုအစည်းအဝေးတွင် သမ္မတနှင့်တွေ့ဆုံမည့် တောင်းဆိုချက်ကို လိုက်လျောမှုမရှိခြင်း၊ သမ္မတနှင့်တွေ့ဆုံချိန်တွင် စာနယ်ဇင်းကောင်စီ(ယာယီ)၏ တင်ပြချက်များကို သမ္မတဘက်မှ လိုက်လျောမှုမပြုခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာပါက စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ပြီး စာနယ်ဇင်းကောင်စီ(ယာယီ) ကို ဖျက်သိမ်းသင့်ကြောင်း အဆိုကို စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်ဖြစ်သော Eleven Media Group ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်က တင်ပြခဲ့ခြင်းဖြစ်သည်။

“သမ္မတနဲ့တွေ့ဖို့ စာနယ်ဇင်းကောင်စီက တင်မှာရှိမယ်။ တကယ်လို့ အစိုးရအဖွဲ့ကနေ ဘာမှတုံ့ပြန်မှုမရှိဘူးဆိုရင် ဒါစာနယ်ဇင်းကောင်စီရဲ့ လက်ရှိတည်ရှိမှုဟာ ကျွန်တော်တစ်ဦးတည်း ပြောရမယ်ဆိုရင် ဒီအဖွဲ့ကြီးဟာ စာနယ်ဇင်းသမားတွေကိုမှ အကာအကွယ် မပေးနိုင်ဘူး။ ကိုယ်စားမပြုနိုင်ဘူးဆိုရင် ဒီအဖွဲ့ကြီးမှာ ကျွန်တော်ဆက်လက်ရှိဖို့ အကြောင်းမရှိဘူး။ ကျွန်တော်တစ်ဦးတည်း သဘောအရဆိုရင် ကျွန်တော်တို့က စာနယ်ဇင်းသမားတွေကို ကာကွယ်တဲ့ ကာကွယ်ပေးဖို့ တောင်းဆိုတဲ့အပေါ်မှာ အစိုးရအဖွဲ့က သမ္မတကတုံ့ပြန်မှု မရှိဘူးဆိုရင်တော့ နုတ်ထွက်ဖို့အသင့်ပါပဲ။ စာနယ်ဇင်းကောင်စီက ဖျက်ဖို့ပဲရှိပါတယ်” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောကြားသည်။

“စာနယ်ဇင်းကောင်စီ(ယာယီ)က ဂျာနယ်လစ်တွေနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီသဘောထား ထုတ်ပြန်ချက်မှာပါတဲ့ တောင်းဆိုချက်တွေကို အစိုးရကတစ်ခုမှ လိုက်လျောခဲ့တာမရှိဘူး။ ဒါကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) ဟာ သမ္မတကိုယ်တိုင် အသိအမှတ်ပြုဖွဲ့ပေးထားတာ ဟုတ်သေးရဲ့လား ဆိုတာကို သံသယရှိတယ်။ နုတ်ထွက်မယ့်ကိစ္စမှာတော့ ကျွန်တော်က ရွေးကောက်ခံအဖွဲ့ဝင်အနေနဲ့ ပါလာတဲ့သူ မဟုတ်ဘဲ မြန်မာသတင်းသမားများသမဂ္ဂ (MJU) အဖွဲ့ရဲ့ ကိုယ်စားလှယ်အနေနဲ့ ပါလာတာဆိုတော့ အဖွဲ့က ဒါတွေကြောင့် နုတ်ထွက်ခိုင်းရင်တော့ နုတ်ထွက်မယ်။ သေချာတာကတော့ အသစ်ပြန်ဖွဲ့မယ့် စာနယ်ဇင်းကောင်စီမှာတော့ ဇော်သက်ထွေးဆိုတာ ပါတော့မှာ မဟုတ်ဘူး” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိပါက ကောင်စီမှ နုတ်ထွက်မည်ဆိုသည့်ဆန္ဒမှာ ကောင်စီဝင်အချို့တွင် ရှိနေပြီး ကောင်စီအနေဖြင့် သမ္မတနှင့် တွေ့ဆုံအပြီး ဖြစ်ပေါ်လာသည့် တုံ့ပြန်ချက်အပေါ် မူတည်၍ အစည်းအဝေးခေါ်ယူကာ အများသဘောဖြင့် ဆုံးဖြတ်ချက်များ ပြုလုပ်ရန်ရှိသည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။

“သမ္မတရဲ့တုံ့ပြန်မှုပေါ် မူတည်ပြီး ဘာဆောင်ရွက်မယ်ဆိုတာ တစ်ဦးချင်းစီတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကောင်စီကျတော့ အဲဒါကိုပြန်ပြီးတော့ သမ္မတက ဒီလိုတုံ့ပြန်မှုပေးတယ်။ အဲဒါဆိုကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတဲ့ အများသဘောတူဆန္ဒ အစည်းအဝေးလုပ်ပြီးမှ ကျွန်တော်တို့ပြောလို့ရမယ်။ ဒါပေမဲ့ တစ်ဦးချင်းစီကတော့ ကျွန်တော်တို့ရှိမှာပေါ့နော်။ ဒါတွေကတော့ တစ်ဦးချင်းနဲ့ ဆိုင်လိမ့်မယ်” ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။

မကြာသေးမီက ပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေနှင့် ဆက်စပ်သော နည်းဥပဒေများမှာ လပိုင်းအတွင်း ပြီးစီးတော့မည်ဖြစ်ပြီး ထိုနည်းဥပဒေများ ပြီးစီးပါက မူလပြောကြားထားသည့်အတိုင်း စာနယ်ဇင်းကောင်စီ(ယာယီ)ကို ဖျက်သိမ်းသော လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ကာ အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။

ယူနတီဂျာနယ်လစ်များအား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် “ယခုကဲ့သို့ ကြီးလေးသည့် ပြစ်ဒဏ်စီရင်မှုကြောင့် တည်ဆောက်နေသော နားလည်မှု၊ ယုံကြည်မှုများ ပို၍ဝေးကွာသွားမည်ကို ကောင်စီက အထူးစိုးရိမ်ကြောင်း” ဖော်ပြခဲ့ပြီး “ယူနတီဂျာနယ်လစ်များသည် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေကို တမင်သက်သက် ဖောက်ဖျက်ကျူးလွန်ခြင်း မရှိကြောင်း ထင်ရှားသည်ကို ကောင်စီက ရှုမြင်ကြောင်း” ကိုလည်း ဖော်ပြခဲ့သည်။

ထို့အပြင် ချမှတ်လိုက်သည့် ကြီးလေးသည့် ပြစ်ဒဏ်ကို သမ္မတ၏ ခွင့်လွှတ်မှု၊ သဘောထားကြီးမြင့်မှုကို ပြသသည့်အနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးရန် ကောင်စီက မေတ္တာရပ်ခံကြောင်း ဖော်ပြခဲ့ပါသည်။

Bi မွန်းတည့်နေ ဂျာနယ်လစ်များအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်သော ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကောင်စီထံ တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းမှာ သမ္မတ၏ အတည်ပြုမှုဖြင့် ဖွဲ့စည်းထား သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော သတင်းမီဒီယာဥပဒေတို့ကို အသိအမှတ်မပြု၊ မလေးစားသည့်သဘော သက်ရောက်သွားသည်ဟု ကောင်စီက ရှုမြင်ကြောင်း” ဆိုသည်။

အထူးသဖြင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် သိသာထင်ရှားစွာ တမင်ရန်စ၊ သွေးထိုး၊ လှုံ့ဆော်နေသောလူပုဂ္ဂိုလ်များ၊ အင်တာနက် လူမှုရေးစာမျက်နှာများ၊ ဘလော့ဂ်ဆိုဒ်များကို အရေးမယူနိုင်ဘဲ တရားဝင် မီဒီယာအဖြစ် ရပ်တည်နေသော သတင်းမီဒီယာတစ်ခုမှ အယ်ဒီတာနှင့် သတင်းထောက်များကို ကာယကံရှင် ဂျာနယ်တိုက်သို့ လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း (ကောင်စီ) ထံသို့လည်းကောင်း တရားဝင် အသိပေးအကြောင်းကြားခြင်း မရှိဘဲ ခေါ်ယူမေးမြန်းခြင်း၊ ရှောင်တခင်ဝင်ရောက် ဖမ်းဆီးအရေးယူခြင်းနှင့် ထောင်ဒဏ်အပြစ်ပေးခြင်းတို့ကို ကောင်စီက သဘောမတူ ကန့်ကွက်သည့်အပြင် ထိုအပြုအမူများသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းစဉ်နှင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာရေးသားခွင့်တို့ကို ခြိမ်းခြောက်ရာရောက်သည်ဟု ယူဆသဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) က သဘောထားထုတ်ပြန်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် သတင်းသိခွင့်ရှိသော နိုင်ငံသားအားလုံး အကျိုးအလို့ငှာ မြန်မာသတင်းမီဒီယာ လောကသားများ၏ လွတ်လပ်စွာ သတင်းရယူခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့အတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း သဘောထား ထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားခဲ့သည်။

ဇူလိုင် ၁၂ ရက်က ပြုလုပ်သော စာနယ်ဇင်းကောင်စီ(ယာယီ) အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့အပြင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာတင်လှိုင်၊ ဒေါက်တာမျိုးသန့်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာသိန်းမြင့်၊ ဦးသီဟစော၊ ဦးချစ်ဝင်းမောင်၊ ကိုမြင့်ကျော်၊ ကိုရဲမင်းဦး၊ ဦးခင်မောင်ဌေး၊ ဒေါ်ချိုချိုတင်(မစန္ဒာ)၊ ဒေါ်နန်းကလျာဝင်းတို့ တက်ရောက်ခဲ့ကြသည်။
Eleven Media Group

ယူနတီဂျာနယ်က သတင်းသမားတွေအပေါ် ချမှတ်လိုက်တဲ့ အမိန့်ကိုကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်း ဝမ်းနည်းဖြစ်မိတယ်။ တကယ်ဆို သူတို့တတွေက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ကြတာမဟုတ်ဘူး။ မြေအသိမ်းခံ ဒေသခံလယ်သမားတွေရဲ့ နစ်နာမှု ပေါ်လွင်စေလိုတဲ့ စေတနာကြောင့် ဖြစ်သွားရတာ။ တစ်ဖက်မှာလည်း ရထားတဲ့ သတင်းအချက်အလက် တိကျမှု၊ ခိုင်လုံမှု၊ သေချာမှုကို သေချာစစ်ဆေးဖို့ အားနည်းသွားတာတော့ ရှိမယ်။ ဒါပေမယ့် အများပြည်သူ အကျိုးစီးပွားကို ဦးတည်ခဲ့တာတော့ သေချာတယ်။ တပ်မတော် အကျိုးစီးပွား ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်၊ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို တမင်ဖောက်ဖျက်လိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး။
တရားရုံးတစ်ခုက ချမှတ်လိုက်တဲ့အပြစ်ဒဏ်အပေါ် နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာမှ မပြောချင်ပေမယ့် သတင်းသမားတစ်ယောက်အနေနဲ့တော့ မေးခွန်းတချို့ မေးချင်တယ်။

အဲဒီသတင်းအတွက် တပ်မတော်နဲ့ နိုင်ငံတော်တစ်ရပ်လုံး ဘယ်လောက်များ ထိခိုက်နစ်နာသွားသလဲ၊ သူတို့ ရေးသလို ဓာတုလက်နက်စက်ရုံ ဟုတ်သလား၊ မဟုတ်ဘူးလား ဆိုတာ ပြည်သူလူထုနဲ့ နိုင်ငံတကာ သိအောင် ပွင့်လင်းမြင်သာမှုရှိရှိ သတင်းထုတ်ပြန်ပြီးပြီလား၊ သက်ဆိုင်ရာ တရားရုံးအနေနဲ့ကော ကျူးလွန်တဲ့ ပြစ်မှုနဲ့ ချလိုက်တဲ့ ပြစ်ဒဏ် မျှတမှုရှိတယ်၊ မရှိဘူးဆိုတာ စိတ်ရှင်းရှင်းရှိရဲ့လား၊ အဲဒီလို အမိန့်ချလိုက်တဲ့ညမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လား၊ တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ စနစ်ဆိုးအောက် အကြာကြီးနေလာခဲ့တော့ လိုအပ်ချက်၊ အားနည်းချက်၊ အရည်အချင်း မပြည့်မီသေးတာတွေ ရှိနေသေးတယ်ဆိုတာကော သိကြရဲ့လား၊ လွှတ်တော်၊ အစိုးရအဖွဲ့၊ တရားသူကြီးနဲ့ တရားရေးလောကမှာကော အရည်အချင်းလိုအပ်ချက်တွေ၊ မှားယွင်း၊ လွဲချော်၊ တိမ်းစောင်းမှုတွေ မရှိဘူးလား၊ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလမျိုးမှာ ဒီလို စီရင်ချက်မျိုးက မီဒီယာကို အညှိုးတကြီး ရန်လိုတဲ့ လုပ်ရပ်ဖြစ်သွားနိုင်တယ်ဆိုတာ မတွေးမိဘူးလား၊ အဲဒီလိုဆိုရင် မီဒီယာတွေနဲ့ အစိုးရအကြား တည်ဆောက်နေဆဲ နားလည်မှု၊ ယုံကြည်မှုတွေ ပိုဝေးကွာ သွားပြီး တစ်ဖက်နဲ့ တစ်ဖက် အဆိုးမြင်စိတ် ပိုကဲသွားနိုင်တာကို မတွေးမိဘူးလား၊ ရခိုင်၊ မိတ္တီလာ၊ ဥက္ကံ၊ နတ္တလင်း၊ လားရှိုး၊ ထန်းကုန်းနဲ့ မန္တလေး မြို့တွေမှာ အတင့်ရဲရဲ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြတဲ့ အကြမ်းဖက်မှု ကျူးလွန်တဲ့သူတွေကိုတော့ ဘယ်လို ပွင့်လင်းမြင်သာမှုရှိရှိ ဖမ်းဆီး၊ စစ်ဆေး၊ အရေးယူ၊ အပြစ်ပေးပြီးပြီလဲ၊ နယ်ဒေသတွေမှာ ဘာသာရေး နာမည်ခံ လူမျိုးရေး၊ နိုင်ငံရေး၊ လှုံ့ဆော်သွေးထိုးမှုတွေ ဟောပြောပြီး ကျွေးကြော်သံတွေ၊ အစွန်းရောက် ဝါဒဖြန့် သီချင်းတွေ သံပြိုင်ဟစ်ကြွေး စခန်းသိမ်းတဲ့ တရားပွဲနာမည်ခံတွေ ဘယ်သူတွေက စီစဉ်၊ လုံခြုံရေးပေးပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနေတာကိုရော ပြည်ထဲရေးနဲ့ သမ္မတရုံးက သိရဲ့လား၊

အွန်လိုင်းပေါ်မှာ နာမည်ရင်းနဲ့တောင် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု လှုံ့ဆော်၊ သွေးထိုးနေတဲ့သူတွေ၊ မီဒီယာတွေကို ဘယ်လို ဟန့်တားအကြမ်းဖက်ရမယ်ဆိုတာတွေကို ဖြန့်ဝေနေတဲ့သူတွေ၊ အုပ်စုလိုက်ဝင်ပြီး အစွန်းရောက်မှတ်ချက်တွေ၊ အမုန်းစကားတွေ တမင်ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတဲ့သူတွေကိုတော့ ဘာ့ကြောင့် ဒီနေ့အထိ လွှတ်ပေးထားသလို ဖြစ်နေတာလဲ၊ အရင်က အီးမေးလ်တစ်စောင် လက်ခံမိလို့ ထောင်ဒဏ် ၁၅ နှစ်ချပြီး အရေးယူခဲ့တဲ့ အီလက်ထရွန်နစ် အသွင်ကူးပြောင်းမှုဆိုင်ရာ ဥပဒေက အခုကျ အသက်မဝင်တော့ဘူးလား၊ မီဒီယာတွေကို သိမ်းကြုံးခြိမ်းခြောက်သွားတဲ့ စကားမှာ ပရော်ဖက်ရှင်နယ်ပီပီသသ၊ ကျင့်ဝတ်နဲ့အညီ သမာသမတ်ကျကျ အတတ်နိုင်ဆုံး ရပ်တည်နေတဲ့ မီဒီယာတွေကို ထိခိုက်သွားတာ မရိပ်စားမိဘူးလား၊ အစိုးရအသစ် တာဝန်ယူကာစမှာ ပြုပြင်ပြောင်းလဲရေးသမားတွေရဲ့ စေတနာပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နာမည်ကောင်း၊ ဂုဏ်သိက္ခာကောင်းတွေ ရထားတဲ့ သမ္မတကြီးရဲ့ အစိုးရအဖွဲ့ထဲမှာ အခု ၃နှစ်ကျော်ကာလရောက်တဲ့အခါ သဘောထားတင်းမာသူတွေ အသာစီးရသွားပြီလား၊ ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ပြောင်းရေး၊ နိုင်ငံတည်ဆောက်ရေးမှာ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံတဲ့ မီဒီယာတွေ၊ အင်စတီကျူးရှင်းတွေ၊ အဖွဲ့အစည်း၊ အသင်းအပင်းတွေရဲ့ မေတ္တာရပ်ခံ အကြံပြုချက်တွေကို ဘယ်လောက် အလေးထား လက်ခံစဉ်းစားဖူးသလဲ၊ လက်ရှိ အရေးယူခံရတဲ့သူတွေက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးလိုသူတွေဆိုတာ တကယ်သေချာရဲ့လား၊ ဘာသာရေးအကြမ်းဖက်မှုမှာ လက်ပူးလက်ကြပ်ဖမ်းမိတဲ့သူတချို့ကို အမျိုးသားသူရဲကောင်းဆုတွေပေးနေတာကိုရော သမ္မတကြီးနဲ့ သမ္မတရုံးက သိရဲ့လား။ မေးမယ်ဆို ကျနော့်မှာ နောက်ထပ် မေးစရာတွေ အများကြီးကျန်သေးတယ်။

အရေးကြီးတာက ကျနော်တို့ ဘယ်သူ့အတွက် အလုပ်လုပ်နေကြတာလဲဆိုတာ ကျနော်တို့ ကိုယ့်ဘာသာ ပြန်မေးကြည့်ရင် အဖြေထွက်မှာပါ။ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် လုပ်နေတာလား၊ ကိုယ့်ဆရာ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်မိသားစုရဲ့ အာဏာ၊ သြဇာ၊ ရာထူး၊ စည်းစိမ်နဲ့ တစ်သက်တာ နောင်ရေးအတွက် လုံခြုံမှုရှိအောင် လုပ်နေတာလားဆိုတာ ကျနော်တို့ ကိုယ့်ဘာသာ အသိဆုံးပါ။ အဲဒါတွေ ကွဲကွဲပြားသိရင် ကျနော်မေးတဲ့ မေးခွန်းတွေကို လွယ်လွယ်ကူကူ ဖြေနိုင်မယ်လို့ ထင်တယ်။

ကျော်မင်းဆွေ(living color media
Chief Editor )

ကြေညာချက်အတုလုပ်တာကတော့ တော်တော် အောက်တန်းကျတဲ့၊ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ သတ်မှတ်နိုင် . . . ဒီချုပ်ကို နိုင်ငံရေး အကျပ်အတည်းတစ်ခုထဲ ရောက်အောင် တွန်းပို့ . . . ဒီချုပ်နဲ့ ပြိုင်ဘက် အစုအဖွဲ့တွေရဲ့ လုပ်ရပ်လည်း ဖြစ်နိုင် . . .
 

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLDပါတီ)က ဇူလိုင် ၇ ရက် ရက်စွဲဖြင့် ဒုတိယမြောက် ကြေညာချက် ထုတ်ပြန်ရာ၌ ဇူလိုင် ၂ ရက်တွင် ထုတ်ပြန် ခဲ့သော ကြေညာချက်အား လူမှုကွန်ရက် Facebook ၌ ““ရဲသွေး”” ဆိုသူက အတုပြုလုပ်ကာ ထပ်မံမျှ ဝေမှုအပေါ် အစိုးရအနေဖြင့် အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန် တိုက်တွန်း ကြေညာ ထားသည်။

NLD ၏ ထုတ်ပြန်ချက်၌ ““ရဲသွေး”” အမည်ဖြင့် ဘာသာရေး၊ လူမျိုးရေး ရန်မီးပွားအောင် လှုံ့ဆော်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားလုပ်ခြင်း စသည့် အချက်များ ပါဝင်သည့် ကြေညာချက် တစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်အဖြစ် လိမ်လည် ဖန်တီး၍ ထုတ်လွှင့်ခဲ့ကြောင်း ဖော်ပြထားသည်။

အတုထွက်ပေါ်ခဲ့သည့် ကြေညာချက်၌ NLD ပါတီ နာမည်တပ်ကာ အထင်မှားစေနိုင်သည့် အကြောင်းအရာများ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှသာလျှင် ယခုကိစ္စများ ငြိမ်းနိုင်မည် ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားခဲ့သည်။

““မန္တလေးကိစ္စမှာလည်း ပဋိပက္ခတွေ နောက်ထပ် မဖြစ်အောင်လို့ အများကြီး အရေးကြီးတယ်။ အဖွဲ့ချုပ်က ကြေညာချက် ထုတ်တယ်။ ထုတ်ထုတ်ချင်း အတုထွက်လာတယ်။ အဲဒီကတည်းက ဒါဘာသာရေးကို နိုင်ငံရေးမှာ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အရမ်းကြီး စဉ်းစားရမယ့်ကိစ္စ ဖြစ်လာတယ်။ အစတုန်းက လူများတွေက ဒီလိုပြောလို့ရှိရင် အဖွဲ့ချုပ်က ၀င်မပြောပါဘူး။ တတ်နိုင်သမျှ ဒါတွေ မဖြစ်အောင်လို့တော့ ဟိုဘက်ဒီဘက် မျှမျှတတ ဖြစ်အောင်လို့တော့ လုပ်တယ်။ ဒါပေမဲ့ အခုဟာက အားလုံး အဆင်ပြေဖို့အတွက် ကြေညာချက် ထုတ်တာကို ဘာသာရေး အသွင်ဆောင်တဲ့ အတုပေါ့နော်။ ကြေညာချက်အတု ထုတ်တယ် ဆိုတော့ ဒါဘယ်သူ ထုတ်တာလဲ မသိဘူး။ ဒါကတော့ အဖွဲ့ချုပ်ရဲ့ကြေညာချက်ကို အတုလုပ်တယ်ဆိုတော့ ဒါနိုင်ငံရေး တိုက်ခိုက်မှုတစ်ခုပဲ”” ဟု ကြေညာချက်အတု ထွက်ပေါ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

ထိုသို့ ကြေညာချက်အတု ပြုလုပ်ခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၇၊ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (က) တို့နှင့် ငြိစွန်းနေခြင်း၊ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေရန် ဆောင်ရွက်ခြင်းသည် ဥပဒေနှင့် ငြိစွန်းသည်မှာ ထင်ရှားသည့်အတွက် အာဏာပိုင်များက လျင်မြန်စွာ စုံစမ်း ဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူရန် တာဝန်ရှိကြောင်း NLD ၏ ဇူလိုင် ၇ ရက် ထုတ်ပြန်ချက်၌ ပါရှိသည်။

ယခုဖြစ်ပွားခဲ့သည့် မန္တလေး ပဋိပက္ခဖြစ်မှု၌ လုံခြုံရေးအဖွဲ့ဝင်များ ရှိသော်လည်း ပြဿနာများ မဖြစ်ပွားအောင် ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်း၊ ဒေသခံ မဟုတ်သော မည်သူမည်ဝါမှန်း မသိသည့် လူများ မော်တော်ဆိုင်ကယ် များဖြင့် ရောက်လာခြင်း၊ ပဋိပက္ခအများစုမှာ နေ့အချိန်ထက် ညအချိန်များတွင် ဖြစ်ပွားနေခြင်း မှာလည်း သွေးရိုး သားရိုး မဟုတ်သည်မှာ ထင်ရှားကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခုဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ် မိတ္ထီလာမြို့တွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်များနှင့် ဆင်တူ ယိုးမှား ရှိနေကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
မန္တလေးပဋိပက္ခ ဖြစ်စဉ်အတွင်း တာဝန်ရှိသူများက မထိန်းသိမ်းခြင်းအပေါ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးတိုင်း အုပ်ချုပ်ရေးအဖွဲ့မှ NLD တိုင်းစည်းရုံးရေး အဖွဲ့အား ခေါ်ယူသတိပေးခြင်း၊ ““ပန်းရဲ့လမ်း”” ဂီတ ဖျော်ဖြေရေးများကို ဟန့်တားခြင်း ပြုလုပ်ခဲ့သော်လည်း ဇူလိုင် ၁ ရက်မှစ၍ လမ်းမပေါ်တွင် လူစုလူဝေးနှင့် အကြမ်းဖက်အုပ်စု၏ လှုပ်ရှားမှုများကိုမူ ထိရောက်စွာ ထိန်းသိမ်းခြင်း မရှိကြောင်း နှိုင်းယှဉ် ဖော်ပြထားသည်။

အဆိုပါ ပဋိပက္ခများနှင့် ပတ်သက်၍ သံသယရှိသူ ၁၆ ဦးနှင့် ညမထွက်ရ အမိန့် မလိုက်နာသူ ၃၄၆ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း အစိုးရက ထုတ်ပြန် ထားသော်လည်း ပဋိပက္ခ ဖြစ်ပွားစေရန်အတွက် လူမှု ကွန်ရက်များတွင် လှုံ့ဆော်နေသူများကိုမူ ဖမ်းဆီးအရေးယူခြင်း မရှိသေးပေ။ ပုဒ်မ ၁၄၄ မလိုက်နာသူ ၃၄၆ အနက် ၁၄၅ ဦးကိုမူ ပညာပေး ကိုယ်တိုင် ခံဝန်ချက်ဖြင့် လွှတ်ပေးခဲ့ပြီးဖြစ်ကာ ၁၈၈ ဦးကိုမူ ဆက်လက် အရေးယူထားဆဲ ဖြစ်သည်။
ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းမှာ ပြည်သူလူထုအား အာရုံလွှဲစေရန်အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပြီး NLD နှင့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)တို့ ပူးပေါင်း လုပ်ဆောင်နေသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုအား တန်ပြန် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
ဩ““ပဋိပက္ခ ဖန်တီးပြီး ပြည်သူလူထုကို အာရုံပြောင်းအောင် လုပ်တတ်တဲ့ ဆိုက်ဝါး အသွင်လှုပ်ရှားမှု ဖြစ်နိုင် ပါတယ်။ ဒီချုပ်ရဲ့ ၄၃၆ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို အဟန့်အတား ဖြစ်အောင် လုပ်တဲ့သဘောလည်း ဖြစ်နိုင်ခြေ ရှိပါတယ်”” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောဆိုသည်။
ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ အချို့သောသူများမှာ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်း ပိုမို ပြင်းထန် လာစေနိုင်သည့် လွန်လွန်ကျူးကျူး ရေးသားချက်များအား လူမှုကွန်ရက်ပေါ်၌ မိမိ၏ရုပ်ပုံ အမှန်ဖြင့် ပေါ်ပေါ် ထင်ထင် ရေးသားမှုများ ရှိသလို အကောင့်အတုများဖြင့် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများ ပိုမိုဆိုးရွားစေရန် ရေးသားမှုများလည်း ရှိသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ““မီဒီယာလွတ်လပ်မှုကို တိုင်းပြည် အကျိုး ဖြစ်စေမယ့် ရေးသားပြောဆို မှုအစား နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ် ပေးလာပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း”” သတိပေး ပြောကြား ထားသည်။
သို့သော်လည်း အွန်လိုင်း စာမျက်နှာများ၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပိုမို ပြင်းထန်လာစေရန် လှုံ့ဆော် ရေးသားနေမှုများကိုမူ အစိုးရ အနေဖြင့် ဖော်ထုတ်အရေးယူ ဆောင်ရွက်ခြင်း မရှိသည့် အပေါ်၌လည်း ဝေဖန်မှုများရှိသည်။
လူမှုကွန်ရက် ဖေ့စ်ဘုတ်မှ တစ်ဆင့် လှုံ့ဆော်မှုများ၊ သွေးထိုးမှုများ မဖြစ်စေရန်အတွက် မြန်မာနိုင်ငံရှိ ဖေ့စ်ဘုတ် ကွန်ရက်ကို ခေတ္တခဏ ပိတ်ထားခဲ့ခြင်းများ ရှိခဲ့ပြီး ““လှုံ့ဆော်မှုတွေကို ပိတ်ချင်တာပေါ့ဗျာ။ လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ၊ နားစွန်နားဖျားကြားမှုတွေ အကုန်လုံးကို လုပ်နေတဲ့အခါကျတော့ လူအုပ်စု အချင်းချင်း ကြားထဲမှာ၊ မိမိတို့ရဲ့ အဖွဲ့အစည်းကြားထဲမှာ အမုန်းဓာတ်ခံတွေကို လှုံ့ဆော်ပေးနေသလိုမျိုး ဖြစ်နေတဲ့အတွက် မိမိရဲ့စာတစ်ကြောင်း၊ ပေတစ်ကြောင်းသည် ဒါဟာ ကြီးမားတဲ့ ပဋိပက္ခကြီးတစ်ခုကို ဦးတည် စေတယ်”” ဟုလည်း ရဲမှူးချုပ်ဝင်းခေါင်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာနသို့ ဖြေကြားခဲ့ဖူးသည်။

သို့သော် ယခုကဲ့သို့ လူမှုကွန်ရက်အား ပိတ်ပစ်ခြင်းမှာ အနာနှင့်ဆေး မတည့်ဖြစ်သည့် လုပ်ရပ်ဟု ပြည်သူများ အကြား ဝေဖန်လျက်ရှိပြီး ထိုကဲ့သို့ လှုံ့ဆော်ရေးသားမှုများ၊ ရေးသားသူများကို ရှာဖွေဖော်ထုတ် အရေးယူရန် သာ အဓိကဖြစ်သည်ဟု သုံးသပ်လျက် ရှိသည်။
““ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် အဓိက တာဝန်ရှိတာက သမ္မတနဲ့ အစိုးရအဖွဲ့ပါ။ တရားဥပဒေ စိုးမိုးအောင်၊ တည်ငြိမ် အေးချမ်းအောင်၊ ပဋိပက္ခကို ပြေငြိမ်းအောင် မလုပ်နိုင်ရင် သမ္မတနဲ့ အစိုးရအဖွဲ့၊ အစိုးရကို ဖွဲ့စည်းတဲ့ ပြည်ခိုင်ဖြိုး ပါတီတို့မှာ တာဝန်ရှိမှာပါ။ ၂၀၁၅ ခုနှစ်ထဲမှာ အခြေအနေတွေ ရှုပ်ထွေးနိုင် ခြေရှိပေမယ့် မဖြစ်အောင် ထိန်းနိုင်ဖို့က အစိုးရနဲ့ အာဏာရ ပြည်ခိုင်ဖြိုး ပါတီမှာ အဓိက တာဝန်ရှိပါတယ်”” ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

ယခင်ကလည်း အစိုးရအား အွန်လိုင်းမှတစ်ဆင့် ထိုးနှက် တိုက်ခိုက်မှုများအား လွှတ်တော်၌ပင်လျှင် ကော်မတီဖွဲ့ရန် အဆိုတင်သွင်းကာ အရေးယူရန် ပြုလုပ်ခဲ့ဖူးသည်။
ဒေါက်တာဆိတ်ဖွားဆိုသူ၏ ဘလော့ဂ်စာမျက်နှာ၌ ““ဥပဒေ အထက်တွင် လွှတ်တော်ရှိသည်”” ဟုရေးသား ခဲ့မှုအား လွှတ်တော်တွင် ကော်မရှင် ဖွဲ့အရေးယူရန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး၌ အရေးကြီး အဆိုအဖြစ် တင်သွင်း ခဲ့ဖူးသည်။ ယင်းသို့ ကော်မရှင်ဖွဲ့ အရေးယူရန် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၃၄၇ မဲ၊ ကန့်ကွက်မဲ ၁၅၇ မဲဖြင့် အတည်ပြု ပေးခဲ့သည်။
ယင်း ဒေါက်တာဆိတ်ဖွား ဆိုသူမှာ အစိုးရ၏ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ပြည်တွင်း မီဒီယာသမား အချို့ကိုလည်း စုံစမ်းရေး ကော်မရှင်က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။ ဒေါက်တာ ဆိတ်ဖွားဆိုသူမှာ မိမိ မဟုတ်ကြောင်း ဦးရဲထွဋ်က မီဒီယာများသို့ ငြင်းချက် ထုတ်ခဲ့ပြီး နောက်ပိုင်း တရားခံ မပေါ်ဘဲ အဆိုပါကိစ္စ မှေးမှိန်ခဲ့သည်။
ယခုအချိန်တွင်လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်များအတွင်း လှုံ့ဆော် ရေးသားနေမှုများမှာ အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်ကြောင်းကို   ““ဘာသာရေးကို သုံးပြီး နိုင်ငံရေး လုပ်နေတာကတော့ ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း မကိုက်ညီဘူး။ လုပ်လည်း မလုပ်အပ်တဲ့ ကိစ္စလည်း ဖြစ်တယ်။ နောင်အန္တရာယ်တွေလည်း အများကြီးဖြစ်နိုင်တယ်”” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်တွင် သတင်းမီဒီယာများသို့ ပြောကြားသည်။

သို့သော် လက်ရှိ ဖြစ်ပျက်နေသည့် ပဋိပက္ခများနှင့် NLD ကြေညာချက် အတုများ ဖြန့်ဝေမှုများနှင့် ပတ်သက်၍ ““ကြေညာချက်အတု လုပ်တာကတော့ တော်တော် အောက်တန်းကျတဲ့၊ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ သတ်မှတ် နိုင်ပါတယ်။ ဒီချုပ်ကို နိုင်ငံရေး အကျပ်အတည်းတစ်ခုထဲ ရောက်အောင် တွန်းပို့တာပါ။ ဒီချုပ်နဲ့ ပြိုင်ဘက် အစုအဖွဲ့တွေရဲ့ လုပ်ရပ်လည်း ဖြစ်နိုင်ပါတယ်””ဟု ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။
အောင်ထွန်းလင်း