07/16/14


ဝါရှင်တန်ဒီစီမြို့တော် RFA ရုံးချုပ် ကို အလည်အပတ်ရောက်ရှိလာတဲ့ ဝန်ကြီးဦးရဲထွဋ်ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

ထိုင်းဘုရင့်ကောင်စီဥက္ကဋ္ဌ Prem Tinsulanonda နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မကြာသေးမီက ထိုင်းနိုင်ငံတွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - The Nation)
ထိုင်းဘုရင့်ကောင်စီဥက္ကဋ္ဌ Prem Tinsulanonda နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မကြာသေးမီက ထိုင်းနိုင်ငံတွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – The Nation)
အငြိမ်းစားယူပြီးနောက် သမ္မတ ရာထူးရယူလာနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းစစ်ဦးချုပ်ဟောင်း Prem Tinsulanonda က သားအဖြစ် မွေးစားတယ်လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ စစ်ဦးစီးချုပ်ဟောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ ထိုင်းဘုရင့်ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda က မွေးစားသားအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ မွေးစားခြင်းဟာ ခေါင်းကိုင်ဖခင်နဲ့ ခေါင်းကိုင်သားတို့ရဲ့ ဆက်ဆံရေးဖြစ်ကြောင်း ရေးသားထားပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ဖခင်များဟာ ယခင် သက်ဆိုင်ရာ စစ်တပ်များ အသီးသီးမှာ တာဝန် ထမ်းဆောင်ခဲ့ကြစဉ်က သိကျွမ်းခဲ့ကြကြောင်း ဖော်ပြထားသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ထိုင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်စဉ် ကတည်းက သူ့ကို သားအဖြစ် မွေးစားဖို့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကို တောင်းဆိုခဲ့ကြောင်း၊ အသက် ၉၄ နှစ်အရွယ်ရှိပြီး သားသမီးအရင်းအချာလည်း မရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ကလည်း သားအဖြစ် လက်ခံခဲ့ကြောင်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် အခါတိုင်း ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda နဲ့ တွေ့ဆုံဖို့ ဗိုလ်ချုပ်ကြီး Thanasak Patimaprakorn က အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းထားတဲ့ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှု ကောင်စီ (NCPO) ရဲ့ ဒုတိယ အကြီးအကဲ ထိုင်း ဗိုလ်ချုပ်ကြီး Thanasak Patimaprakorn ဆိုတာ ဇူလိုင်လ ၄ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းကို အလည်အပတ်သွားစဉ် ဖက်လဲတကင်းနှုတ်ဆက်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda တို့ ၃ ကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ ဇူလိုင်လအတွင်း နောက်ဆုံးတွေ့ကြချိန်မှာ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သူနဲ့အတူလိုက်ပါလာသူ ၂၁ ဦးတို့နဲ့ နေ့လည်စာ စားခဲ့ကြကြောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း Prem Tinsulanonda က မွေးစားသားကို ပေးခဲ့တဲ့လက်ဆောင်ကတော့ သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားတဲ့ လည်စည်း တခုဖြစ်ကြောင်း သိရပါတယ်။

အခု ဆက်ဆံရေးအသစ်က ပိုမိုနက်ရှိုင်းမယ့် အသွင်ရှိကြောင်းနဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ ထိပ်ပိုင်း စစ်ခေါင်းဆောင်များရဲ့ ဆက်နွှယ်မှုက ပုဂ္ဂိုလ်ရေးအဆင့် ရောက်လာကြောင်း The Straits Times သတင်းစာက ရေးပါတယ်။

၂၀၁၃ ခုနှစ် မေလကုန်ပိုင်းတုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဘုရင်မင်းမြတ်က တော်ဝင် ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ပါသေးတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်နဲ့ မြန်မာ အစိုးရတို့ ဆက်ဆံရေး နွေးထွေးလာခြင်းရဲ့ အစောပိုင်း သင်္ကေတအဖြစ် ထိုင်းနယ်စပ်မှာ ရှိတဲ့ ဒုက္ခသည် စခန်းများက မြန်မာဒုက္ခသည် ၁ သိန်း ၃ သောင်းကျော်ကို မြန်မာပြည် ပြန်ပို့ဖွယ် ရှိနေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တွင် ရှိနေကြသည့် ဒေသဆိုင်ရာ နှစ်ဖက် တပ်မှူးတွေဟာ နှစ်ပေါင်းများစွာ ဆက်ဆံရေး ရှိခဲ့ကြပြီး တခါတရံ သက်ဆိုင်ရာ စစ်ရုံးချုပ်များနဲ့ အစိုးရများရဲ့ မူဝါဒအတိုင်း မဟုတ်ဘဲ လွတ်လပ်စွာ ထိတွေ့ ဆက်ဆံခဲ့တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

သို့သော်လည်း မူးယစ်ဆေး၊ သဘာဝ သယံဇာတနဲ့ တိုင်းရင်းသား ပဋိပက္ခများရဲ့ အကျိုးဆက်ကြောင့် သဘောထား ကွဲပြားရသော ကိစ္စများလည်း ရှိခဲ့ပါတယ်။

နာမည်ကျော် ထိုင်းသတင်းစာဆရာ Kavi Chongkittavorn ကတော့ “လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အလဲအလှယ်အနေနဲ့ ထိုင်းစစ်တပ်က အထူးအခွင့်အရေးတွေ ရနေခဲ့တာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ အထူးသဖြင့် အကျိုးအမြတ်များတဲ့ သစ်နဲ့ ကျောက်မျက်ရတနာ လုပ်ငန်းတွေ ဖြစ်ပါတယ်။ တချိန်တုန်းက ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဗဟိုအစိုးရက ညွှန်ကြားတဲ့ မူဝါဒကို မလိုက်နာတာက ဖြစ်ရိုးဖြစ်စဉ် တခုဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
http://burma.irrawaddy.org/

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်မှာ ဘရာဇီး ကမ္ဘာ့ဖလား အောင်ပွဲရ ဂျာမနီ အသင်းကို ထောင်သောင်းချီတဲ့ လူထုပရိသတ်က ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

ဘာလင် မြို့လယ်က ဘရန်ဒင်ဘာ့ဂ် မုခ်ဦးကြီး ရှေ့မှာ ဆောက်ထားတဲ့ စင်ကြီးပေါ်ကနေ ဘောလုံးသမားတွေက ပရိသတ်နဲ့အတူ အောင်ပွဲခံပြီး သီချင်း သံပြိုင် ဆိုခဲ့ကြပါတယ်။

မြို့ထဲ ဝင်တဲ့ လမ်းတလျှောက်မှာလဲ အမိုးဖွင့် ကားပေါ်ကနေ ကမ္ဘာ့ဖလား ရွှေဆုကို ကိုင်မြှောက်လာကြတဲ့ ဘောလုံးသမားတွေဟာ လူပင်လယ်ထဲမှာ ဖြည်းဖြည်းချင်း ဖြတ်သန်းလာခဲ့ရတာ ဖြစ်ပါတယ်။

အခု ကမ္ဘာ့ဖလားဟာ ၁၉၉ဝ မှာ ဂျာမနီ ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းပြီး နောက်ပိုင်း ပထမဆုံး အနိုင်ရခဲ့တဲ့ ကမ္ဘာ့ ဖလားပွဲလဲ ဖြစ်ပါတယ်။

http://www.bbc.co.uk/burmese/world/2014/07/140715_germany_homecoming.shtml

ယူနတီဂျာနယ်မှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် ဂျာနယ်လစ်ငါးဦးအတွက် စစ်တွေဒေသခံသတင်းထောက်များ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ဆုတောင်းနေကြစဉ်

ယူနတီဂျာနယ်မှ ဂျာနယ်လစ်များအား အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခြင်းအပေါ် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများအဖွဲ့အစည်းနှင့် ကမ္ဘာ့အယ်ဒီတာများဖိုရမ်က သမ္မတဦးသိန်းစိန်ထံ အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါအကြောင်းကြားစာတွင် “ဓာတုလက်နက်စက်ရုံဟူ၍ စွဲဆိုဖော်ပြခဲ့သော သတင်းအတွက် မီဒီယာသမားငါးဦးကို ဖေဖော်ဝါရီလတွင် ဖမ်းဆီးပြီး မကြာသေးခင်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့မှုအပေါ် လွန်စွာစိုးရိမ်ပူပန်မိကြောင်း”စသည်ဖြင့် ဖော်ပြထားသည်။

“ယခုလို အမိန့်ချမှတ်ခဲ့ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို နောက်ကြောင်းပြန်လှည့်စေသည်ဟု WAN-IFRA က ရှုမြင်ပါသည်။ ထို့ကြောင့် တရားရုံးတော်အနေဖြင့် တရားခံများ၏ အယူခံဝင်မှုကို အမြန်ဆုံးကြားနာ၍ ဆုံးဖြတ်ချက်အား ပြန်လည်စဉ်းစားပေးစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။ ယခုအမှုတွင် နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုများ ရှိနေမည်ကို အလွန်စိုးရိမ်မိပါသည်။ ထိုသို့ပြင်းထန်သော အမိန့်ချမှတ်မှုကြောင့် မြန်မာနိုင်ငံ၏ သတင်းလောကတွင် self-censorship တိုးမြှင့်လာပြီး ပြည်သူ့အကျိုးအတွက် ရည်ရွယ်ဖော်ပြရန် ဝန်လေးမှုများသည် ထိတ်လန့်ဖွယ် အကျိုးဆက်တစ်ခုအနေဖြင့် ရှိလာနိုင်သည်။

လူကြီးမင်းထံသို့ ဖေဖော်ဝါရီ ၇ ရက်က ပေးပို့ခဲ့သောစာတွင် အလေးပေးဖော်ပြထားသည့် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) မှ အစပြုခဲ့သော စိုးရိမ်မှုများကို ထပ်မံပြောကြားလိုပါသည်။ ယခုဖြစ်ရပ်တွင် ပုံမှန်တရားစီရင်ရေးလုပ်ထုံးများကို လိုက်နာခဲ့ခြင်း မရှိခဲ့ပါ။ တရားဝင် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းမရှိခဲ့သလို ဖမ်းဆီးထိန်းသိမ်းမှုများသည်လည်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို မလိုက်နာခဲ့ပါ။

မိမိတာဝန်ကို ထမ်းဆောင်ရုံဖြင့် မီဒီယာသမားများ ဖမ်းဆီးခံရခြင်းသည် မည်သည့်အခါမှ တရားမမျှတကြောင်း၊ ထိုကဲ့သို့ ပြည်သူ့အကျိုးအတွက် ထင်ရှားသည့် ကိစ္စရပ်အပေါ် သတင်းဖော်ပြခြင်းအား အပြစ်ပေးမှုသည် သင်တို့တိုင်းပြည်၏ ဒီမိုကရေစီမျှော်မှန်းချက်များအား ပြင်းထန်သော ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် ကျွန်ုပ်တို့ စိုးရိမ်မိကြောင်း ထပ်မံပြောကြားလိုပါသည်” ဟု ရေးသားထားသည်။

ထို့ပြင်“သတင်းသမားများအား ထောင်နှစ်ရှည်ချခြင်းဖြင့် သတင်းလွတ်လပ်ခွင့်အား ထိန်းချုပ်ရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော သတင်းလွတ်လပ်ခွင့်အတွက် မဆုတ်မနစ်လုပ်ကိုင်ရန်နှင့် လူ့အခွင့်အရေးများအား လေးစားလိုက်နာရန် ကတိများပျက်ကွက်နေသည်ဟု ပြင်းထန်သည့် သတိပေးချက်တစ်ခု ဖြစ်ပါသည်။

ယခုကဲ့သို့ အမိန့်ချမှတ်ခြင်းသည် နိုင်ငံရေးလှုံ့ဆော်မှုများ ပါဝင်သည်ဆိုသော ပြောဆိုချက်များကို စုံစမ်းစစ်ဆေးရန်နှင့် တဖန်မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် ပိုမိုအားကောင်းသည့် အာမခံချက်များ ရှိလာအောင်အားပေးရန် သင့်အားကျွန်ုပ်တို့က တိုက်တွန်းအပ်ပါသည်။ သတင်းမီဒီယာအတွက် ဖိနှိပ်မှုများ၊ အစိုးရမှကြား ဝင်စွက်ဖက်မှုမှ လွတ်ကင်းသော အခြေအနေများ ဖန်တီးရန်နှင့် စေ့စပ်သော စုံစမ်းမှုများ၏ ဩဇာဖြင့် ပြည်သူ၏အကျိုးအတွက် ကာကွယ်ရန် ၎င်း၏ အခန်းကဏ္ဍကို မီဒီယာများက ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်သည့် ပတ်ဝန်းကျင်တစ်ခု ရှင်သန်လာစေရန် သင်တို့အား လေးလေးစားစား တိုက်တွန်းအပ်ပါသည်” ဟူ၍ ဖော်ပြထားပါသည်။

ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်းနှင့် ကမ္ဘာ့အယ်ဒီတာများဖိုရမ် (WAN-IFRA ) ကိုယ်စားရေးသားပေးပို့ခြင်းဖြစ်ကြောင်းTomas Brunegard (President, World Association of Newspaper and News Publishers) နှင့် Erik Bjerager(President, World Editors Forum) တို့က လက်မှတ်ရေးထိုးထားသည်။

(WAN-IFRA)အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၁၂ဝ ကျော်မှ သတင်းစာပေါင်း ၁၈,ဝဝဝ၊ အွန်လိုင်းဆိုက်ပေါင်း ၁၅,ဝဝဝ နှင့် ကုမ္ပဏီပေါင်း ၃ဝဝဝ ကျော်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်။
Eleven Media Group

ဇူလိုင် ၁၉ ရက်နေ့ ကျရောက်မယ့် အာဇာနည်နေ့မှာ အောက်မေ့ဖွယ်ဥသြဆွဲသံ ၁ မိနစ် လွှင့်ပေးဖို့ အဖွဲ့ ၃၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးချိန်ဖြစ်တဲ့ ဇူလိုင် ၁၉ ရက် နံနက် ၁ဝး၃၇ မိနစ်မှာ နိုင်ငံပိုင် အသံလွှင့် မီဒီယာတွေ ပုဂ္ဂလိကပိုင် အသံလွှင့် မီဒီယာတွေကနေ အောက်မေ့ဖွယ် ဥသြဆွဲသံကို ၁ မိနစ်ကြာ ထုတ်လွှင့်ပေးဖို့အတွက် ပြည်တွင်းလူငယ်အဖွဲ့အစည်းနဲ့ တိုင်းရင်းသားအဖွဲ့ ၃၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ အာဇာနည်သို့ ဦးညွှတ်သူများလို့ အမည်ရတဲ့ အဖွဲ့တခုက ဒီကနေ့ တောင်းဆိုလိုက်တာပါ။

19-july-copyအဖွဲ့မှာပါဝင်တဲ့ ရန်ကုန်-လိုင်ဇာလမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုက “တောင်းဆိုချက်တွေမှာ ပါပါတယ်။ နိုင်ငံတော် ရုပ်သံမီဒီယာတွေကနေတဆင့် ဥသြဆွဲပေးဖို့ တောင်းဆိုချက်ထဲမှာထည့်ထားပါတယ်။ နောက်တခုက နိုင်ငံတော်ခေါင်းဆောင်တွေဖြစ်တဲ့ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က အာဇာနည်ခေါင်းဆောင်တွေကို ဦးညွှတ်ဂါရ၀ ပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်” လို့ ပြောပါတယ်။

Public Welfare Network က ကိုသီဟမောင်မောင်ကတော့ အာဇာနည်နေ့မှာ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဦးညွှတ်ရုံမကပဲ တနိုင်ငံလုံးက ကျဆုံးခဲ့တဲ့ တိုင်းရင်းသား အာဇာနည်ခေါင်းဆောင်တွေကိုလည်း ဦးညွှတ်အလေးပြုသွားမယ်လို့ ပြောပါတယ်။

“အဓိက ဘာကိုရည်ရွယ်ချင်လည်းဆိုတော့ အာဇာနည်ဆိုတဲ့ စိတ်ဓာတ်ကို ဦးညွှတ်ဂုဏ်ပြုဖို့ပါ။ အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေါင်းဆောင် ၉ ယောက် ကျဆုံးခဲ့တဲ့ နေ့မှန်ပေမယ့် တနိုင်လုံးမှာ လွတ်လပ်ရေးအတွက် အများအကျိုးအတွက် အသက်ပေးခဲ့တဲ့ အာဇာနည်တွေကို ဦးညွှတ်ဂုဏ်ပြုဖို့ ရည်ရွယ်ပါတယ်။ ဒီနှစ်မှာလည်း တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ထားပါတယ်။”

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းကတော့ အာဇာနည်နေ့မှာ ဥသြဆွဲသံထုတ်လွှင့်ပေးဖို့ မနှစ်ကတည်းက တောင်းဆိုခဲ့ပေမယ့် မရရှိခဲ့ဘဲ ဒီနှစ်မှာလည်း ကားတွေ ဟွန်းတီးပြီး ဂုဏ်ပြုရင် လိုင်စင်ပိတ်သိမ်းအရေးယူမယ် စတဲ့ တင်းကြပ်မှုတွေ ပိုဖြစ်လာတယ်လို့ ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာက လူငယ်မျိုးဆက်သစ်တွေအနေနဲ့က အာဇာနည်ခေါင်းဆောင်ဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုတာ အများစုက မေ့လျော့နေကြတယ်။ ရှေ့နှစ်တွေက နိုင်ငံတော်ကို အာဇာနည်နေ့မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဥသြဆွဲပေးဖို့ ကိစ္စတွေကို ကျနော်တို့တွေ အဆိုတင်သွင်းခဲ့ပေမယ့်လည်း ပြည်သူလူထု မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘူး။ ဒီနှစ်မှာလည်း ဟွန်းသံကြာရှည်ဆွဲတဲ့ ကားသမားတွေကို ရာသက်ပန် လိုင်စင် ခြိမ်းခြောက်မှုတွေ ရှိနေတယ်။”

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝး၃၇ မိနစ်အချိန် ၀န်ကြီးများရုံးမှာ မသမာသူလူ တစုရဲ့ပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင် ၉ ဦးကျဆုံးခဲ့ပြီး မြန်မာပြည်တပြည်လုံး ၀မ်းနည်းကြေကွဲခဲ့ရပါတယ်။

အဲဒီနေ့ကို သတိရအောက်မေ့နေစေဖို့ အာဇာနည်နေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြပြီး
အခုလာမယ့် ဇူလိုင် ၁၉ ရက်နေ့ဟာဆိုရင် ၆၇ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။

Credit : DVB

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.