07/19/14

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က စပြီး သတိထားမိတာတခုက အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်ရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးကို လူတော်တော်များများက လှောင်ပြောင် ရှုံ့ချတဲ့ ပြောဆိုမှုနဲ့ အရေးအသားတွေ မြင်နေရတာပါပဲ..။ ကျနော့်စိတ်ထဲအရှိတရား အတိုင်းပြောရရင် အတော်ဝမ်းနည်းတယ်။ အများက ဦးအောင်ဆန်းဦးကို အပြစ်တင်တာ နားလည်းသဘောပေါက်ပေးနိုင်ပေမယ့် တဖက်မှာလည်း လိုတာထက်ပိုပြီး အလွန်အကျွံပြောနေ၊ ရေးနေ၊ အပြစ်တင်မဆုံးဖြစ်နေကြလို့ သူ့ရဲ့ ညီမ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့သူ့ရဲ့ မိဘ နှစ်ပါးဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ကိုလည်း အားနာသင့်တယ်၊ သူတို့ မျက်နှာနဲ့ ကျေးဇူးတရားတွေကို ထောက်ထားသင့်တယ်လို့ ခံစားမိပြီး ဒီဆောင်းပါးကို ရေးတာဖြစ်တယ်။

ဦးအောင်ဆန်းဦးနာမည်ကို ကျနော်တို့ ၈၈ ပြည်သူ့အရေးတော်ပုံမှာ စပြီးကြားဖူးတယ်။ အောင်ဆန်းဦး ပြန်လာမယ်၊ ဒီမိုကရေစီတိုက်ပွဲကိုဦးဆောင်မယ်ဆိုတဲ့ ကောလဟလတွေနဲ့ စိတ်ခွန်အားတက်ခဲ့တယ်။ နောက်ပိုင်း အမေရိကားနိုင်ငံသား အောင်ဆန်းဦးရဲ့ ပြည်သူ့ထံ အိတ်ဖွင့်ပေးစာတွေတောင် ထွက်လာသေးတယ်..။ အဲဒီတုန်းက ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦးကို တိုင်းပြည်ခေါင်းဆောင်အဖြစ် ကျနော်တို့ စိတ်ကူးမျော်မှန်းခဲ့တယ်။

နောက်ပိုင်းမှ သိရတာက ပင်ကိုယ်စိတ် ခတ်အေးအေးပုံသဏ္ဍန်ရှိတဲ့ ဦးအောင်ဆန်းဦးဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်ဖို့ ဆန္ဒမရှိဘူး၊ စိတ်မပါဘူးဆိုတာပါ။ ၁၉၈၈ လား ၁၉၈၉လားမသိ၊ အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည်က ကျမ အကိုကြီးက နိုင်ငံရေးကို သိပ်စိတ်မ၀င်စားဘူးလို့ ရယ်ရယ်မောမောပြောဖူးပါတယ်။

တကယ်ပဲ နောက်ပိုင်း မြန်မာ့နိုင်ငံရေးလောကမှာ ဦးအောင်ဆန်းဦးရဲ့ ပါဝင်ပတ်သက်မှုကို မတွေ့ရလို့ ကျနော်တို့ ၀မ်းနည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်။

ဒါကလည်း ကျနော်တို့က သူ့အပေါ် ကိုယ့်စိတ်ဆန္ဒစွဲတွေနဲ့ အရမ်းမျော်လင့်ခဲ့ကြတာကိုး..။ သူ့ စိတ်ဆန္ဒနဲ့ သူ့ဘက်က နေအထားတွေကိုမှ ကိုယ်ကသေချာမလေ့လာနိုင်တာကိုး..။

ဦးအောင်ဆန်းဦးအပေါ် အများက ပိုမိုအားမရစိတ်တွေသာမက၊ မလိုတမာစိတ်တွေအထိ ဖြစ်ပွားစေခဲ့တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပိုင်ဆိုင်မှု အငြင်းပွားခဲ့ကြတဲ့ ပြဿနာပါ..။ အဲဒီပြဿနာပေါ်လာပြီးနောက် ဦးအောင်ဆန်းဦး နာမည်ပျက်ခဲ့တယ်။ အတို့အထောင်လုပ်ပြီး ဖျက်ခဲ့သူတွေက ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေဆိုတဲ့ သဲလွန်စတခု ကျနော်ရခဲ့တယ်။ ကျနော် အိန္ဒိယနိုင်ငံ နယူးဒေလီမှာနေထိုင်ခဲ့စဉ် အာအက်ဖ်အေသတင်းထောက် လုပ်ခဲ့တယ်။ မြန်မာသံရုံးက သံအမတ်အပါအ၀င် ၀န်ထမ်းတချို့နဲ့ သိကြွမ်းခဲ့တယ်။ အဲဒီမှာ စစ်သံမှုးရဲ့တပည့် ထောက်လှမ်းဗိုလ်တယောက်နဲ့ ရင်းနှီးခဲ့တယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အမွေအရှုတ်အထွေး ဇာတ်လမ်းတချို့ ပြောပြတယ်။ သူက ကျနော်သတင်းထောက်ဆိုတော့ စာရေးလို့ရအောင် ကျနော့်ခေါင်းထဲ ထည့်ပေးလိုက်တာပါ။ ကျနော်က ထောက်လှမ်းရေးသတင်းဆို အကုန်အစင် မယုံတာလည်းပါတယ်။ မိသားစုပြဿနာဖြစ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး အတွက်သာမက နားထောင်တဲ့ ပြည်သူတွေ သောတရှင်တွေအတွက်ပါ အကျိုးဖြစ်စေမယ့် သတင်းအချက်အလက်တွေ မဟုတ်လို့ အဲဒီတုန်းက သတင်းမလုပ်ခဲ့ဘူး။ အမှန်တော့ ဗိုလ်ချုပ်အောင်ဆန်းသမီးလည်းဖြစ် ပြည်သူလူထုအပေါ် သြဇာလည်းကြီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးအမျိုးနာမည်ဖျက်ကြတဲ့အထဲမှာ မောင်နှမချင်း သွေးခွဲပြီး နာမည်ပျက်အောင်လုပ်ခဲ့တာပါ။

ဗိုလ်ချုပ် မျိုးဆက်တွေ မြန်မာ့နိုင်ငံရေးထဲ ၀င်လာမှာကို စစ်အာဏာရှင်တွေက အရမ်းစိုးရိမ်ပူပန်ကြတယ်။ မလိုလားဘူး။ဒါကြောင့်ဗိုလ်ချုပ် သားသမီး နှစ်ယောက်စလုံးကို နာမည်ပျက်အောင် ဇာတ်လမ်းအမှန်နဲ့ အမှားတချို့ ရောစွက်ပြီး ဖန်တီးကြတာပါ။ ခဲတလုံးနဲ့ ငှက် နှစ်ကောင် မှန်အောင် ပစ်တာပါ။ ဒါကို သတိမူကြဘို့လိုတယ်။ အထူးသဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားအကြီး ဖြစ်တဲ့ ဦးအောင်ဆန်းဦးကို နိုင်ငံရေးလောကထဲ တစိုးတစိမှ ခြေချလို့မရအောင်၊ မောင်နှမချင်းသွေးကွဲအောင်၊ နာမည်ပျက်အောင် ဖျက်ကြတာပါ။ ဒါဟာ ဦးနေ၀င်းလက်ထက်ကတည်းက ဖြစ်စေချင်တဲ့ ဆန္ဒကို သူ့တပည့် ဗိုလ်ချုပ်ခင်ညွန့်က ဆက်ပြီးလုပ်ခဲ့တာပါ။ ဦးအောင်ဆန်းဦး အိမ်ထောင်ရေးမှာပါ သူတို့ စိတ်အနှောက်အယှက်ဖြစ်အောင်သတင်းဆိုးတွေ ဖန်တီးခဲ့တယ်။ အခွင့်အရေးတွေ လဂ်လာဘတွေနဲ့ မြှုဆွယ်ခဲ့တယ်။

နောက်ဆုံးတော့ အာဏာရှင်တွေဆင်တဲ့ အကွက် အောင်မြင်တယ် ပြောရမှာပေါ့။ မောင်နှမချင်းလည်း သွေးကွဲတယ်။ ပြည်သူ့အထင် အမြင်လွဲမှားမှုတွေ၊ အမုန်းတရားတွေရသွားတယ်။ ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်တွေ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် တက်မလာနိုင်အောင် အမျိုးမျိုးကြံစည် ပိတ်ဆို့နိုင်ခဲ့တယ်။ တကယ်တော့ ပြည်သူတွေက အရှုံးပေါ်ပြီး အာဏာရှင်တွေကသာ အောင်ပွဲခံသွားတာဖြစ်တယ်။ ဒါကို သတိမူကြည့်ကြဖို့ လိုအပ်တယ်။

ကျနော်တို့တတွေ ဦးအောင်ဆန်းဦးကို အပြစ်တင်ဆဲရေးနေရင် အာဏာရှင်တွေ အာဏာရူးတွေကပဲ ရယ်သွမ်းသွေး သြဘာပေးနေမှာပါ။ ဒါ နိုင်ငံရေးယဉ်ကျေးမှုမဟုတ်ဘူး။ ဒီမိုကရေစီယဉ်ကျေးမှုလည်း မဟုတ်ဘူး။ လူတယောက်ဟာ သူ့ရဲ့ လွတ်လပ်စွာ ရွေးချယ်မှုနဲ့ နေထိုင်အသက်ရှင် လှုပ်ရှားခွင့်ရှိတယ်။ သူ့သဘောနဲ့ သူသူများကို နှောက်အယှက်မပေးရင် လွတ်လွတ်လပ်လပ် ဆုံးဖြတ် လှုပ်ရှားနေထိုင်ခွင့်ရှိပါတယ်။ ဒါကို ကိုယ့်သဘောဆန္ဒနဲ့ တိုင်းထွာပြီး ဒီလိုမဖြစ်ရကောင်းလား၊ ဒါလို မလုပ်ရကောင်းလားလို့ အပြစ်တင်စရာမလိုပါဘူး။ သူမမှန်ရင် သူခံရမယ်။ ကိုယ်မမှန်ရင် ကိုယ်ခံရမယ်။ အဲ..ဦးအောင်ဆန်းဦးက အများပြည်သူကို ခေါင်းဆောင်တဲ့ နိုင်ငံရေးသမားတယောက်၊ နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ဝင်တယောက်ဆိုရင်တော့ တမျိုးပေါ့၊ ဝေဖန်ပေါ့။ အခုသူက သူ့အလုပ်သူလုပ်ပြီး ကိုယ့်ဖာသာ အေးအေးနေနေတာပါ။ ဒီစာရေးလို့ အပြစ်တင်လည်း ကျနော့်လိပ်ပြာကျနော်သန့်ပြီးသား။ ဦးအောင်ဆန်းဦးဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်အမွေဆိုင်ကိစ္စဖြစ်ပြီးဒေါ်စု အမှုအခင်းနဲ့ ရင်ဆိုင်ခဲ့ရစဉ်က ကျနော်တို့ ပြည်ပရောက်တွေ ဒေါသဖြစ်ခဲ့တယ်။ ဦးအောင်ဆန်းဦးနဲ့ ဇနီးနိုင်ငံတကာ ခရီးစဉ်တွေမှာတောင် ဆန္ဒပြကြတယ်။ ကျနော်ကိုယ်တိုင် အဲလို ဆန္ဒပြသတင်းတွေ ဖော်ထုတ်ရေးသားဘူးတယ်။

ကျနော်အဓိကပြောချင်တာက ဒီအချိန်အထိ ဦးအောင်ဆန်းဦးကို သိက္ခာချနေလို့ ဦးအောင်ဆန်းဦးတယောက်ထဲ ကို ထိပါးတယ်လို့ ထင်သလား..။ သူ့ရဲ့ ညီမ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလို အပြစ်တင်စာတွေ ပြောဆိုသံတွေကြားရလို့ စိတ်နှလုံး ရွှင်ပြုံး နှစ်ထောင်းအားရဖြစ်နေမယ်ထင်သလား။ မိဘနှစ်ပါးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ကရော သေရွာကနေထလာနိုင်ရင် သူ့ ရင်သွေးနှစ်ယောက်အတွက် ဘယ်လောက်ခံစားသွားရမလဲ..။ ဗိုလ်ချုပ်မျက်နှာ ဒေါ်ခင်ကြည်ရဲ့ ဂုဏ်သိက္ခာကိုတော့ ထောက်ထားကြပါ။

ဗိုလ်ချုပ်သားသမီးတွေကို စော်ကားတာ အဖ ဗိုလ်ချုပ်ဂုဏ်သိက္ခာကိုပါ ထိပါးစေပါတယ်။ အပြုသဘောနဲ့ ဝေဖန်ထောက်ပြတာမျိုးမဟုတ်ပဲ အပြစ်တင် နှိမ့်ချ စော်ကားတာမျိုးဆို တမျိုးသားလုံးအတွက် ရှက်စရာပါ။ ဒါမျိုးက ကျနော်တို့ တိုင်းပြည်က လိုအပ်နေတဲ့ ဒီမိုကရေစီယဉ်ကျေးမှု၊ နိုင်ငံရေးယဉ်ကျေးမှုလည်း မဟုတ်ပါဘူး။

အာဏာရှင်အကြိုက် ဓလေ့စရိုက်ပါ။ ကျနော်တို့ တတွေ ဗိုလ်ချုပ်ကို ချစ်တယ်၊ ဒေါ်ခင်ကြည်ကို လေးစားတယ်ဆိုရင် သူတို့ လိုလား ဖြစ်စေချင်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ အားကောင်းမောင်းသန် ဖြစ်လာအောင် ကျိုးစားရမှာဖြစ်တယ်။

ကိုညို( အော်စလို)
ဇလိုင် ၁၉ ၂၀၁၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) တိုပူ့းပေါင်း၍ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန်တောင်းဆိုသည့်အနေဖြင့် ပြည်သူလူထုက လက်မှတ်ရေးထိုးပေးနိုင်ရန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အသီးသီးတို့သည် အခက်အခဲ၊ အနှောင့်အယှက်အများအပြားအကြား တရားစွဲဆိုခံရသည်အထိ (ကိုနေမျိုးကျော်ပုဒ်မ ၂၇၊ ပုဒ်မ-၁၈၊ ပုဒ်မ ၄၄၇-အပါအ၀င် အဖွဲ့ ချုပ်မှခြောက်ဦး နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ငါးဦး ၊ ကျန်ပြည်နယ်နှင့်တိုင်းအသီးသီးမှ အဖွဲ့ ဝင်များ) ၀ိုင်းဝန်း ကူညီဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါသည်။

ယနေ့သည် လက်မှတ်ရေးထိုးဆန္ဒပြုသည့် နောက်ဆုံးနေ့ဖြစ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဗဟို) က မြို့ နယ်အလုပ်မှုဆောင်များ၊ ရပ်ကျေးအလုပ်အမှုဆောင်များအား မိမိတို့ ကောက်ယူထားသော လက်မှတ်များ ပါရှိသည့် စာအုပ်များကို ပြန်လည်ပေးပို့ ရန် ညွှန်ကြားလိုက်ပြီဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် အဆိုပါ ပြည်သူလူထုဧ။် ဆန္ဒသဘောထားများကို ထင်ဟပ်စေသည့် လက်မှတ်များကို ရရှိအပြီးတွင်၊ ရှေ့ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


Nld Central


၆၇နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈နာရီက ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်မှာကျင်းပပါတယ်။နိုင်ငံတော်ဒုတိယသမ္မတဒေါက်တာစိုင်း မောက်ခမ်း၊ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးတို့ အပါအ၀င်အစိုးရအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များသိုက်သိုက်ဝန်းဝန်း တက်ရောက်လာတာတွေ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့ဇနီးဒေါ်လဲ့နွယ်သိန်း၊သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် တို့တက်ရောက်ပြီး ဖခင်ကို ကန်တော့ခဲ့။လွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။

အဲဒီနောက် ကျန်ရှိတဲ့အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မိသားစုဝင်များက ဆက်လက်ပြီးလွမ်းသူ့ပန်းခွေချကန်တော့နေကြပါတယ်။ဒီနှစ်မှာထူးခြားချက်အနေနဲ့ မြေး၊မြစ်တွေကိုပါ တက်ရောက်စေခဲ့ကြတာတွေ့ရပါတယ်။အဲဒီအစီ အစဉ်ကိုမြန်မာ့ရုပ်သံကတိုက်ရိုက်ရုပ်သံထုတ်လွှင့်နေဆဲဖြစ်ပါတယ်။

Yangon media group.dvb

(၆၇) နှစ်ပြည့် အာဇာနည်နေ.တွင် အာဇာနည်ခေါင်းဆောင်ကြီးများ
ကျဆုံးခဲ့ရာ ဝန်ကြီးများရုံးကို အများပြည်သူ့ဝင်ရောက်ကြည့်ရူ့နေကြစဉ် ။
ဓါတ်ပုံ- Myo Khine


လှည်းတန်းခုံးကျော်တံတားနဲ့ ဆူးလေ လူကူးတံတားတွေပေါ်မှာ ကျဆုံးလေပြီးတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို ပြည်သူတွေ ဂါရဝပြုကြဖို့ တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေက ဇူလိုင် ၁၈ရက်နေ့မှာ ဗီနိုင်းပိုစတာကြီးတွေကို ချိတ်ဆွဲပြီး လှုံ့ဆော်မှုကို အရှိန်မြှင့်တင်လိုက်ပါတယ်။

အာဇာနည်နေ့ ဒို့မမေ့၊ ငြိမ်သက်စွာဦးညွှတ် ဂါရဝပြုကြပါစို့ စာတန်းပါ ဗီနိုင်းပိုစတာကြီးတွေကို လူသွားလူလာများတဲ့ နေရာတွေမှာ ချိတ်ဆွဲရတာကတော့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို ပြည်သူအားလုံး အလေးပြုအမှတ်ရစေဖို့ဖြစ်တယ်လို့ လိုင်ဇာလမ်းလျှောက်အဖွဲ့မှာပါဝင်တဲ့ ကိုအောင်မင်းနိုင်က ပြောပါတယ်။

တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေက ကျန်လူငယ်တွေအားလုံး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုပြီး သူတို့ရဲ့ ဂုဏ်ကျေးဇူးတွေကို အမှတ်ရစေချင်သလို တိုင်းရင်းသားဒေသ လွတ်လပ်ရေးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အာဇာနည်အသီးသီးကိုလည်း ရည်စူးပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဇာနည်နေ့ကို မသိသေးတဲ့သူတွေ သိသွားအောင် အခုလို ဗီနိုင်ပိုစတာကမ်ပိန်း လုပ်တာ ကောင်းတယ်လို့ လူငယ်တစ်ယောက်က ပြောပါတယ်။ သိပြီးသားပြည်သူတွေကိုလည်း နိုးကြားစေတဲ့အပြင် အာဇာနည်စိတ်ဓယတ်တွေကိုလည်း ပိုပြီးဖြစ်စေတယ်လို့ ကိုဘုန်းမြတ်ဟန်က ပြောပါတယ်။

ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့ကတော့ အာဇာနည်ကြီးတွေ ကျဆုံးတဲ့အချိန် မော်တော်ကားတွေက ဟွန်းသံရှည်တီးပြီး အလေးပြုရင် ကားမောင်းလိုင်စင် ပိတ်သိမ်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ထွက်လာအပြီး လူငယ်တွေက အာဇာနည်နေ့မမေ့ကြဖို့ စတစ်ကာနဲ့ ပိုစတာကမ်ပိန်းတွေ စတင်ခဲ့ပြီး ဥသြဆွဲသံ ဖုန်း Ringtone ကိုလည်း ဖြန့်ချိမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။
Kamayut Media

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ပြည်သူတွေလက်မှတ်ရေးထိုးဆန္ဒပြုထားတာတွေကို လွှတ်တော်က အကောင်းဆုံးပုံစံနဲ့ လိုက်လျောပေးရမယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက် ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒပြုလက်မှတ်တွေကောက်ယူတာနဲ့ပတ်သက်ပြီး RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလိုပြောခဲ့တာပါ။

"ပြည့်သူ့ဆန္ဒကို ဘယ်လောက်အလေးအနက်ပြုတယ် ဆိုတာကို ကျနော်တို့ နံပါတ်တစ် ကြည့်ရပါလိမ့်မယ်၊ ဒါက လူထုလှုပ်ရှားမှု တစ်ခုအနေနဲ့ ငြိမ်းချမ်းစွာလည်းဖြစ်ရမယ်၊ အများပြည်သူ လက်ခံနိုင်မဲ့ နည်းလမ်းလည်း ဖြစ်ရမယ် အဲ့လိုမျိုး စပြီးတော့ရွေးကြတာပေါ့ အဲ့ဒီတော့ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တယ်ဆိုရင် ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ထားတဲ့ ပြည်သူ့လှုပ်ရှားမှုကို နံပါတ်တစ် အနိမ့်ဆုံး အသိအမှတ်ပြုရမယ် ပြီးရင်လက်ခံစဉ်းစားရမယ် ပြီးတော့ အဲ့ဒါကို ဘယ်လိုပုံနဲ့ အကောင်ဆုံး လိုက်လျောပြီးတော့ ဖြည့်ဆည်းပေးမလဲဆိုတာ လွှတ်တော်က စဉ်းစားသင့်တယ်"

ပုဒ်မ ၄၃၆ ကိုမပြင်ဆင်ဘဲ တိုင်းရင်းသားအရေးနဲ့ ဒီမိုကရေစီအရေးကို ဖြေရှင်းနိုင်မှာမဟုတ်သလို၂၀၁၅ ရွေးကောက်ပွဲလွန်ကာလတွေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်ပြီးလှုပ်ရှားနေရမှာဖြစ်တယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒသဘောထား လက်မှတ်ကောက်ခံနေတာဟာ မနက်ဖြန် ဇူလိုင်လ ၁၉ ရက်ဆိုရင် သတ်မှတ်ရက်ကုန်ဆုံးပြီဖြစ်ပါတယ်။
RFA


ဇူလိုင်၁၉ရက်နေ့တွင်ကျရောက်သည့် ၆၇ကြိမ်မြောက်အာဇာနည်နေ့ နံနက်၁၀နာရီ၃၀ မိနစ်တွင် ဥသြဆွဲခြင်းအစီအစဉ် ကို မြန်မာ့မီးရထား၊မီးသတ်ဦးစီးဌာန စသည့်ဌာနဆိုင်ရာအစီအစဉ်များဖြင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း မိမိတို့အစီအစဉ်ဖြင့်ဥသြဆွဲမည့်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၆၇ နှစ်မြောက်အာဇာနည်နေ့ဖြစ်သော ဇူလိုင် ၁၉ရက် မနက်ဖန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသောအချိန်ဖြစ်သည့် နံနက် ၁၀နာရီ ၃၇မိနစ်တွင် စက်ရုံအလုပ်ရုံများနှင့် မီးသတ်တပ်ဖွဲ့စခန်းများ တွင် သြဥဆွဲခွင့်ပေးထားကြောင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်မီဒီယာဂရု(ပ်)သို့ပြောသည်။ နိုင်ငံတော်သမ္မတက စက်ရုံ အလုပ်ရုံများနှင့် မီးသတ်စခန်းများတွင် ဥသြဆွဲရန် ညွှန်ကြား ထားကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမီးသတ်တပ်ဖွဲ့စခန်းများကလည်း အဆိုပါ သတင်းဟုတ်မှန်ကြောင်း အတည်ပြုသည်။ ထို့အပြင်အဆိုပါအချိန် တွင် မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် ကျဆုံးရဲဘော်ခရာမှုတ်ခြင်းနှင့် အလံ တိုင်တစ်ဝက်လွှင့်ထူခြင်း
တို့ကို ယခင်နှစ်ကဲ့သို့ပင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။`ဒီအစီအစဉ်က မနှစ်ကတည်းက စတာပါ။ဒီနှစ်လဲ မြန်မာ့အသံနဲ့မြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှ့င်ပြ သမှာဖြစ်ပါတယ်။ ဥသြဆွဲတာမဟုတ်ပါဘူး။ကျဆုံးရဲဘော်ခရာမှုတ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုမှာဖြစ်ပါတယ်။`ဟု ထိုအရာရှိကဆက်လက်ပြောကြားသည်..

Kyaw Swar Myint



အုပ်စိုးသူများသည် သူတို့၏ အရပ်ဝတ် မျက်နှာဖုံးနှင့် ဟန်ဆောင်မှုများမှာ ယာယီသာဖြစ်ကြောင်း၊ ကျွန်တော်တို့ ထောက်ပြ ခဲ့ပြီးပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်သရွေ့၊ ပြင်ဆင်ဖို့ကို တားဆီးနေသရွေ့ ဒီမိုကရေစီနိုင်ငံ ဆိုသည်ကို စိတ်ကူးထဲပင် ထည့်သွင်းမစဉ်းစားသင့် . . .

လွန်ခဲ့သော အနှစ် ၅၀ ကျော် ကာလက ဆိုလျှင် စာနယ်ဇင်းများ၏ လွတ်လပ်မှုမှာ မူးလို့ ရှူစရာပင် မရှိခဲ့ပေ။ စစ်အာဏာရှင် နိုင်ငံများ၊ အာဏာရှင်တစ်ပိုင်း နိုင်ငံများအဖို့ စာနယ်ဇင်း လွတ်လပ်မှု ပိတ်ပင်ရသည်ကို ဂုဏ်ယူစရာဟုပင် ထင်မှတ်နေကြသည်။ ထိုသို့ စာနယ်ဇင်း လွတ်လပ်ခွင့် ပိတ်ပင်ထားသည်မှာ နောင်အခါတွင် အာဏာရှင်များ ကိုယ်တိုင် ရိပ်စားမိလာပါသည်။ အခြေအနေ အပြောင်းအလဲ တစ်ခု ဖြစ်လာသည့် အခါတွင် တချို့ အတိုင်းအတာ တစ်ခုအထိ၊ တချို့ စံချိန်မီသည်အထိ ဖြစ်လာသည်ကို တွေ့ရသည်။

စစ်အစိုးရ ခေတ်လွန် ယနေ့ကာလ၌မူ ယခင်ထက် စာပေလွတ်လပ်မှု၊ စာနယ်ဇင်း လွတ်လပ်မှု ရှိလာပါသည်။ အပြောင်းအလဲ လုပ်မည်ဟူသော ကတိက၀တ်နှင့် ပြည်သူ၏ တောင်းဆိုမှုကြောင့် ထိုသို့ လွတ်လပ်ခွင့် ပေးခဲ့ရခြင်းဖြစ်ကာ မိမိတို့က စေတနာ ကောင်းလွန်း၍ စာပေနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်များ ပေးခဲ့သယောင် ပြောနေစရာ မလိုသလို မိမိတို့ ကိုယ်ကိုယ် စာပေနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်၏ ကယ်တင်ရှင်များသဖွယ် သဘောထား မနေသင့်ပေ။ စာပေနှင့်စာနယ်ဇင်း လွတ်လပ်ခွင့်သည် မိမိတို့အတွက်လည်း အကျိုးပြုသလို ပြည်သူများ အတွက်လည်း အကျိုးရှိသည်ကို နားလည်ဖို့ လိုအပ်သည်။ စာပေစိစစ်ရေး ဖျက်သိမ်းလိုက်ခြင်းမှာ စေတနာရေစီး ကမ်းပြိုလိုက်၍ ဖျက်သိမ်းပေးခဲ့ခြင်း မဟုတ်ဘဲ ဒီမိုကရေစီနိုင်ငံ ထူထောင်မည်ဆိုလျှင် ယခင် စစ်အစိုးရ ခေတ်က အတားအဆီး အဟန့်အတား မှန်သမျှကို ဖယ်ရှားသည့် မူအရ လက်ခံ ကျင့်သုံးသည့် အနေဖြင့် ဖျက်သိမ်း လိုက်ခြင်းသာ ဖြစ်သည်။ တက်လာသော အစိုးရသစ်က ပြည်သူလူထုကို ထောက်ထား ညှာတာသည့် အနေဖြင့် ပြည်သူကို လွတ်လပ်ခွင့် ပေးခြင်းမဟုတ်။ ဒီမိုကရေစီ စံညွှန်းများအတိုင်း လွတ်လပ်မှု မပေးလျှင် မဖြစ်သောကြောင့် စာပေလွတ်လပ်ခွင့် ပေးလာခြင်းဖြစ်ပါသည်။ ပေးလာသည့် လွတ်လပ်ခွင့်ကို ပြန်ရုပ်သိမ်းလျှင် ဒီမိုကရေစီ လမ်းကြောင်းမှ သွေဖည်ခြင်း ဆိုသည်ကို စာနယ်ဇင်း သမားများရော၊ ပြည်သူပါ နားလည် သဘောပေါက်ဖို့ လိုသည်။ ယခုကဲ့သို့ တိုင်းပြည်တွင်း လွတ်လပ်မှုနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အချိန်တွင် အစိုးရရော ပြည်သူများကပါ တစ်ဖက်နှင့်တစ်ဖက် နားလည်သဘော ပေါက်ဖို့ လိုသည်။ ဖေးမကူညီနိုင်ဖို့ လိုပါသည်။ အရပ်သားအစိုးရ ၃ နှစ်တာ ကာလအတွင်း စစ်အစိုးရခေတ်က စရိုက် သဘာဝများ ပျောက်ကွယ်သွားဖို့ လိုသလို ပြည်သူကလည်း မျက်မှန်စိမ်းတပ်ကာ ယခင် စစ်အာဏာရှင်များ အဖြစ် လုံးဝ မသတ်မှတ်ဖို့ လိုပါသည်။ သို့သော်ယနေ့ အခြေအနေများအရ ယခု အစိုးရသစ်မှာ ပြည်သူကို ချစ်၍ စေတနာ ရေစီးကမ်းပြိုလိုက်ခြင်း မဟုတ်ဆိုသည်ကို အားလုံးသဘောပေါက် ကြပါသည်။ မိမိတို့က လွတ်လပ်မှုပေး၍၊ ဒီမိုကရေစီပေး၍ ယခုလိုဖြစ်လာရသည်ဟု မိမိကိုယ်ကိုယ် ကယ်တင်ရှင်အဖြစ် သတ်မှတ်ထား၍မရပေ။ မိမိကိုယ်ကိုယ် ကယ်တင်ရှင်အဖြစ် ပြောဆိုသုံးနှုန်းကျင့်ကြံအား ထုတ်နေသည်မှာ ကောင်းသောအရာမဟုတ်။ ပြည်သူမှာ စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ တိုက်ခိုက် ခဲ့သလို ယခုလည်း မပြီးဆုံးသေးသော စစ်အာဏာရှင် စနစ်ကို တိုက်ခိုက်နေဆဲ ဖြစ်ပါသည်။

ယခုအချိန်၌ စာပေလွတ်လပ်ခွင့် နေ၀င်ချိန် ရောက်လာပြီလားဟု သံသယဖြစ်စရာများ ရှိလာလေသည်။ နောက်ဆုံး သိရှိရသော သတင်းအရ Bi မွန်းတည့်နေ ဂျာနယ်မှ အယ်ဒီတာ ၂ ဦးနှင့် တာဝန်ခံ အယ်ဒီတာတို့ကို ခေါ်ယူ စစ်ဆေးနေခြင်း ဖြစ်၏။ ထို့ပြင် ထိုဂျာနယ်မှ အယ်ဒီတာများကို ပုဒ်မ ၅(ဃ)၊ ၅(ည)တို့နှင့် အမှုဖွင့် ထားသည်ဟုလည်း ကြားသိရပါသည်။ ဂျာနယ်မှာလည်း လုံးဝ ပိတ်ပစ်လိုက်သည်ဟု မကြားသော်လည်း တစ်ပတ် ထုတ်ဝေခြင်း မပြုနိုင်ခဲ့ပေ။ ဖြစ်ပုံမှာ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့၏ သတင်း ထုတ်ပြန်ချက်ဖြစ်သော ““ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီအင်အားစု များအား ကြားဖြတ် အစိုးရအဖွဲ့အဖြစ် ပြည်သူများက တင်မြှောက်ကြောင်း”” ကြေညာချက်ကို Bi မွန်းတည့်နေ ဂျာနယ်က ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ ဆိုလိုသည်မှာ ထိုကြေညာ ချက်ကို သတင်းတစ်ခုအဖြစ် ဂျာနယ်က ထည့်သွင်းဖော်ပြခဲ့ခြင်း အား အရေးယူတရားစွဲသည့်သဘောသက် ရောက်ပါသည်။ ထိုအတိုင်းမှန်လျှင် ထိုသတင်းဖော်ပြသော ဂျာနယ်တိုင်း၊ သတင်းစာတိုင်းအား ဖမ်းဆီး အရေးယူ ရတော့မလို ဖြစ်နေလေသည်။ ထိုကြေညာချက် ထုတ်ဝေသော ပါတီကိုလည်း အရေးယူထား သည်ဟု သိရ၏။ MDCF အဖွဲ့သည် ထိုကြေညာချက်များ ကိုင်ဆောင်ကာ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့၏။ လူသိရှင်ကြား တောင်းဆိုခဲ့သည့် အဖွဲ့ခေါင်းဆောင်မှာ ယခင်က တစ်ကိုယ်တော် ဆန္ဒပြသမား ကိုထင်ကျော် ဖြစ်သည်။ ကိုထင်ကျော်မှာ စစ်အစိုးရခေတ် ကတည်းက တစ်ကိုယ်တော်ဆန္ဒပြပြီး ထောင်အကြိမ်ကြိမ် ကျခဲ့သူ ဖြစ်သည်။

ယခုပြဿနာမှာ စာနယ်ဇင်းသမားများကို ဖမ်းဆီး အရေးယူလာခြင်း ဖြစ်ပါသည်။ စာပေ လွတ်လပ်ခွင့် မှာလည်း ယခုအခါ ကြိုးပြတ်စ ပြုပြီလားဟု သံသယ၀င်လာကြသည်။ သက်တမ်း ၂ နှစ်ပင် ပြည့်ပြည့်၀၀ မခံစားရသေးပေ။ စာပေစိစစ်ရေး ဖယ်ရှားပြီးသည့်နောက် မဂ္ဂဇင်း၊ ဂျာနယ်များအပေါ်တွင် စာရေးသူများ၊ အယ်ဒီတာများက ဆင်ဆင်ခြင်ခြင်ဖြင့် သတိထားရေးသားခဲ့၏။ ရရှိသည့် လွတ်လပ်မှုကိုလည်း လက်လွတ်စပယ် မလုပ်ခဲ့ကြပေ။ အစိုးရကိုလည်း ကျေးဇူးတင်ပါသည်။ သို့သော်စာပေ လွတ်လပ်ခွင့်၏ ကယ်တင်ရှင်များ အဖြစ်ကား သဘော မထားနိုင်ပေ။ ဒီမိုကရေစီ အစိုးရဆိုလျှင် ထိုသို့ စာပေလွတ်လပ်ခွင့် ပေးရသည်က သဘာဝဖြစ်သည်။ ထိုအတွက် လက်မထောင်နေစရာ အကြောင်းမရှိပေ။

ထိုကဲ့သို့ လွတ်လပ်စွာ ရေးသား ဖော်ပြမှုများသည် အစိုးရအဖို့ ပြုပြင် ပြောင်းလဲရေးအတွက် အားပေး ကူညီရာလည်း ရောက်ပါသည်။ မရှိသေးသည့် အချက်အလက်များ၊ မသိသေးသည့် အကြောင်းအရာများ ကိုလည်း ဖော်ပြပေးသဖြင့် အစိုးရအဖို့ အကျိုးလည်း ရှိပါသည်။ သို့သော် မီဒီယာများ၏ ရေးသားမှုကို အစိုးရ သည် လက်ခံနိုင်စွမ်း ရှိပုံမရတော့ပေ။ မိမိတို့အတွက် အကျိုးရှိသည် ဆိုသည်ထက် အပြစ်ရှိသည်၊ အခွင့် ကောင်းယူလွန်းသည်ဟု ယူဆလာပုံရသည်။ တစ်စထက်တစ်စ နှိပ်ကွပ်လာတော့၏။ ပထမဆုံး Eleven Media Group မှ သတင်းထောက် မခိုင်ကို လွိုင်ကော်တွင် ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ပေးလိုက်ခြင်းမှ အရေးယူမှု စပါတော့သည်။ ထို့နောက် DVB သတင်းဌာနမှ သတင်းထောက်ကို ထောင်ဒဏ် ၁ နှစ်ချ လိုက်ခြင်းမှာ ပို၍ပင် ပြင်းထန် လာပါတော့သည်။ ““လွတ်လပ်မှုပေးလို့ ယောင်ငမ်း မတက်လာနဲ့။ မင်းတို့ကို အရေးယူ ပြစ်ဒဏ် ပေးလို့ရတယ်””ဆိုသည့် သဘောဖြစ်၏။ တစ်ချိန်တည်းတွင် ယူနတီဂျာနယ်မှ CEO ရော၊ တာဝန်ခံ အယ်ဒီတာ များကိုပါ ဖမ်းဆီး၍ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် အာမခံမပေးဘဲ တရားရုံးတင် စစ်ဆေးလာလေသည်။ နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်သည့် သဘောပင် ဖြစ်ပါသည်။ ထိုအမှုကို ဇူလိုင် ၁၀ ရက်က အမိန့်ချမှတ်လိုက်ပါသည်။ ဖမ်းဆီးထားသော ယူနတီဂျာနယ်မှ တရားခံများကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ စာပေနှင့် စာနယ်ဇင်း လောကအတွက် သတိပေး ခေါင်းလောင်းသံ ဟုလည်း ဆိုရပေမည်။

ယခုရက်ပိုင်း၊ လပိုင်းအတွင်း ဂျာနယ်များကို ရဲသတင်းတပ်ဖွဲ့က ခေါ်ယူ မေးမြန်းခြင်း စိပ်လာ၏။ နိုင်ငံရေး ပြစ်မှုများကို တရားစွဲရာတွင် SB က တရားစွဲရသည်။ ဖမ်းလျှင်လည်း သူတို့၊ စစ်လျှင်လည်း သူတို့သာ ဖြစ်သည်။ ယခုမူ စစ်ဘက်လုံခြုံရေးအဖွဲ့ ဆိုပြီး အစားထိုး ထားသော်လည်း SB က သာ နိုင်ငံရေးဆိုင်ရာ ပြစ်မှုကိုသာ ကိုင်တွယ်လေသည်။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဖမ်းဆီးပြီးနောက် မြန်မာသံတော်ဆင့် ဂျာနယ်၊ မြန်မာပို့စ်ဂျာနယ်၊ ယူနတီဂျာနယ် စသည့် ဂျာနယ်များကို တစ်စောင်ပြီး တစ်စောင် ခေါ်ယူမေးမြန်းခဲ့ သည်။ တချို့ဂျာနယ်များဆိုလျှင် ဂျာနယ်တွင် ရေးသော ဆောင်းပါးရှင်များကိုပင် နာမည်ရင်း ဘယ်သူ၊ ဘယ်မှာ နေသည်ကအစ မေးမြန်းလာ၏။ စာပေလောကမှ စာရေးဆရာများကိုပင် ထိပါးလာသည့်သဘော ဖြစ်သည်။ စာပေစိစစ်ရေး ဖျက်သိမ်းပြီး နောက် စာပေလွတ်လပ်မှု ပေးသော ကာလတိုလေး အလွန်တွင် ထိုကဲ့သို့ ဂျာနယ်များကို မေးမြန်းလာခြင်းဖြစ်သည်။ ဂျာနယ် အယ်ဒီတာများ၊ ထုတ်ဝေသူများကို ထိုအချိန်က ဘာတွေမေးသည်ကို မသိရသော်လည်း နောင်အခါတွင် ဘယ်က ပိုက်ဆံနဲ့ ထုတ်ဝေသလဲ။ အစိုးရကို ဘာကြောင့် ဆန့်ကျင်သလဲ ဆိုသည်များ မေးလာနိုင်သည်။ ထိုမှတစ်ဆင့် ဂျာနယ်တွင် ရေးသားသော ဆောင်းပါးရှင် များကိုလည်း ဘာကြောင့် ထိုဂျာနယ်တွင် ရေးသလဲ။ အစိုးရကို ဘာကြောင့် ဆန့်ကျင်ရေးသလဲ။ ဆောင်းပါးမှာ ဘာကို ရည်ရွယ်ရေးသလဲ စသည်များကို ခေါ်ယူမေးမြန်းရုံမက စစ်အစိုးရ လက်ထက်ကလို ဒါမရေးရ၊ ဟိုဟာ မရေးရဟု ကန့်သတ်ရုံမက ရေးလျှင် ထောင်ဒဏ်ပင် ပေးနိုင်လေသည်။ ထိုသို့အခြေအနေ မရောက်ဟု ပြော၍မရပေ။

ယခင်က စစ်ယူနီဖောင်းဝတ်ပြီး ယခုသာမန်အ၀တ်ဖြင့် အုပ်ချုပ်သော သူများ ဖြစ်သောကြောင့် ဖိနှိပ်သော ဥပဒေ အားလုံးကို တည်ဆဲဥပဒေဟု သတ်မှတ်ထားကြ၏။ ပုဒ်မ ၅ ည၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၀(က)(ခ) စသည့် ပုဒ်မများမှာ ဒီမိုကရေစီ ခေတ်တွင် ရှိရမည့် ဥပဒေများ မဟုတ်ပေ။ ယခုအခါ လိုအပ် လာပြီဖြစ်၍ ထိုဖိနှိပ်ရေး ပုဒ်မများကို ချသုံးလာပြီ ဖြစ်လေသည်။ ကျွန်တော် မကြာခဏ ရေးသလို စာပေ လွတ်လပ်ခွင့်မှာ ယာယီသာ ဖြစ်သည်ဟု ဆိုသည့်အတိုင်း ယခုအခါ ခေါင်းထောင်ထလာပြီး စာရေးသူများကို ဦးလှည့် လာပါတော့သည်။ အုပ်စိုးသူများသည် သူတို့၏ အရပ်ဝတ် မျက်နှာဖုံးနှင့် ဟန်ဆောင်မှုများမှာ ယာယီသာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ ထောက်ပြခဲ့ပြီးပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဆင်သရွေ့၊ ပြင်ဆင်ဖို့ကို တားဆီးနေသရွေ့ ဒီမိုကရေစီ နိုင်ငံဆိုသည်ကို စိတ်ကူးထဲပင် ထည့်သွင်း မစဉ်းစားသင့်ပေ။ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများမှ လွတ်ကင်းအောင် စကားပြောကြမ်းသူများ နေရာတွင် စကားပြောချိုသာ သူများကို ထားရှိပြီး လက်တွေ့မှာမူ ယခင်စစ်အစိုးရနှင့် ကွာခြားသည် ဘာမှမရှိ။ မြန်မာအမျိုးသားများနှင့် မြန်မာ အုပ်စိုးသူများကြား မြန်မာတို့၏အစဉ်အလာဖြစ်သော “ဆိုခဲစေ၊ မြဲစေ” ဆိုသည့် စကားမှာလည်း ပျောက်ကွယ် လာပြီလားမသိ။

အဘယ်ကြောင့် ဆိုသော် ၁၉၈၈ က စစ်တန်းလျား ပြန်ပါမည်ဆိုပြီး၊ ရွေးကောက်ပွဲ အနိုင်ရသူ ကို အာဏာ အပ်ပါမည်ဆိုပြီး နိုင်ငံ၏ အကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ ယောက်ျား ရင့်မာကြီးလည်းဖြစ်၊ စစ်သားကြီး တစ်ဦးလည်း ဖြစ်သော စစ်ဗိုလ်ချုပ်ကြီး ပြောခဲ့သော စကားမှာ လေမှာ ပျောက်သွားလေသည်။ “မင်းမှာသစ္စာ လူမှာကတိ” ဆိုသော စကားကို ရှေးခေတ် မြန်မာမင်းများသာ စောင့်ထိန်းခဲ့ပုံရ၏။ ယခု အစိုးရသစ် တက်လာစဉ်က အပြောင်းအလဲများကို ကျင့်သုံးမည်။ နောက်ကြောင်း ပြန်မလှည့်။ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ရှိရမည်။ ပွင့်လင်း မြင်သာရမည်။ စာပေလွတ်လပ်ခွင့် ရှိရမည်။ စတုတ္ထ မဏ္ဍိုင် ခိုင်မာစေရမည် စသောကတိစကားများကို ကျွန်တော်တို့ မည်သို့ သဘောပေါက် နားလည်ရမည်နည်း။

မြန်မာသံတော်ဆင့်သတင်းဌာန


မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ တွေ့ဆုံသည့်ပွဲ၌ မဟာသန္တိသုခ ကျောင်းတော်ကြီး ကိစ္စတွင် ပါဝင် ပတ်သက်ခဲ့ဖူးသော အနုပညာရှင်များအား ဖိတ်ကြားခြင်း မရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အနုပညာရှင်များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲသို့ ပြည်ထောင်စု ၀န်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်း၊ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဋ္ဌ ပန်တျာဦးမြကြည်နှင့် အနုပညာရှင်များ တက်ရောက် ခဲ့ကြသည်။

““ဒီလိုမျိုးပြောခြင်းက ကျွန်တော်လည်း ကြားတော့ကြားနေတယ်။ ဒါပေမဲ့ တိတိကျကျတော့ မသိပါဘူး။ ကျွန်တော့်ကို ဖိတ်ကြားခြင်း မရှိပါဘူး။ အဲ့လိုမျိုးက ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဟုတ်တယ်ဆိုရင်တော့ စိတ်မကောင်းစရာပေါ့။ သန္တိသုခနဲ့ ပတ်သက်တာလည်း နိုင်ငံတော် ပုန်ကန်တာလည်း မဟုတ်ဘူး။ တိုက်ဆိုင် တာလား တကယ်တော့ မဖိတ်တာ သေချာတယ် ခင်ဗျ””ဟု မဟာသန္တိသုခ ကျောင်းတော်ကိစ္စတွင် ပါဝင် ဆောင်ရွက်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ကန့်သတ်ချက်များ များပြားလွန်းပြီး အနုပညာရှင် လောကသားများ အားလုံး အခွင့်ရေးအတွက် ပြောနိုင်မည် မထင်သောကြောင့် မတက်ရောက်သူများလည်း ရှိသည်။

““ပထမတော့ သွားမလို့ပါပဲ။ နောက်တော့ ကန့်သတ်ချက်တွေ တအားများတယ်လို့ ကြားနေရလို့။ တအားများတယ် ဆိုတာ သန္တိသုခ အရေးအခင်းမှာပါတဲ့ သူတွေကို မခေါ်ဘူးလို့။ ဟိုဟာမပြောရဘူးတို့၊ ဒီဟာမပြောရဘူးတို့ နောက် ၁၀ မိနစ်ပဲ စကားပြောခွင့်ပေးတာတို့ အဲ့လိုတွေ ဖြစ်လာတော့ ကျွန်တော်တို့က ဘာဖြစ်လာလဲဆိုတော့ အကန့်အသတ်ကြီးနဲ့ သွားတွေ့ရသလို ဖြစ်နေတယ်။ တွေ့ရုံလေး တွေ့ပြီး ပြန်လာရမယ့် ကိစ္စကျတော့ ကျွန်တော်တို့ လောကသားတွေကို အားနာတယ်””ဟု ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။
အဆိုပါပွဲအား မတက်ရောက်သူများထဲမှ တစ်ဦးဖြစ်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကလည်း ““သမ္မတကို အယုံအကြည် မရှိလို့ မတက်တာပါ။ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ မြန်မာငြိမ်းချမ်းရေးစင်တာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ““အဲဒီဟာက ကျွန်တော်တို့က နေရာထိုင်ခင်းပဲ လုပ်ပေးတာဗျ။ ကျွန်တော်တို့ Myanmar Peace Center မှာက နေရာ ထိုင်ခင်းပဲ လုပ်ပေးတာ။ အဲဒါ ကိုဇာဂနာကို မေးကြည့်လိုက်။ ဖိတ်တဲ့ကိစ္စတွေက သူပိုသိလိမ့်မယ်””ဟု ဒါဩရိုက်တာ တစ်ဦးဖြစ်သူ ဦးမင်းဇော်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲနှင့် ပတ်သက်၍ ပွဲစီစဉ်သူ ဦးသူရ (ခ) ဇာဂနာကို မြန်မာသံတော်ဆင့် သတင်းဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ ““ရုပ်ရှင် အစည်းအရုံးက စီစဉ်တာလေ။ ကျွန်တော် ဖိတ်တာ မဟုတ်ဘူး။ ရုပ်ရှင် အစည်းအရုံးနဲ့ ဂီတအစည်းအရုံးက တာဝန်ရှိသူက ဖိတ်တယ်။ ကျွန်တော်တို့က ဖိတ်ကြားတဲ့ အလုပ်တော့ ကျွန်တော် မလုပ်ဘူး။ ကျွန်တော်က အစည်းအရုံးဝင်လည်း မဟုတ်ဘူးလေ။ ရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင် အဖွဲ့ဝင်လည်း မဟုတ်သလို အဖွဲ့ဝင်လည်းမဟုတ်ဘူး။ ကျွန်တော်က ရုပ်ရှင်မှာလည်း မပါဘူး။ သဘင်မှာလည်း မပါဘူး””ဟု ပြောသည်။

သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် ပြည်တွင်းမီဒီယာ အများစုမှ သတင်းသမားများက ယူနတီဂျာနယ်မှ သတင်းသမား ၄ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ခြင်းအား ကန့်ကွက်သည့် အနေဖြင့် “မီဒီယာ ဖိနှိပ်မှုရပ်” စာသားပါ ကန်ပိန်းအင်္ကျီများ ၀တ်ဆင်လာခဲ့ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အတွင်းသို့ ပေးမ၀င် သောကြောင့် MPC ရှေ့၌ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဝိုင်းမော်

ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ ၂၀၁၄ ခုနှစ်၊ နေ့လည် ၂းဝဝ နာရီ တွင် ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံး၌ သတင်းလွတ်လပ်ခွင့်ကော်မတီ၊ Myanmar Journalist network မှ သတင်းထောက်များနှင့် ၈၈ မျိုးဆက် ( ငြိမ်း ချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်တို့ တွေ့ဆုံခဲ့ကြပြီးလက်ရှိ မြန်မာနိုင်ငံတွင်
ဖြစ်ပေါ် လျှက်ရှိသော သတင်းမီဒီယာလွတ်လပ်ခွင့်ချိုးဖောက်ခံနေရမှုများနှင့် သတင်းမီဒီယာ များမှ သတင်း ထောက်များ နှစ်ရှည်ထောင်ဒဏ်ချမှတ် အပြစ်ပေး အရေးယူခြင်း၊ သတင်းထောက်များအား ပုဒ်မ (၁၈) ဖြင့် အရေးယူရန်ပြုလုပ်နေ
ခြင်း၊ ခေါ်ယူ မေးမြန်းမှုများပြုလုပ်နေခြင်းတို့နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ သတင်မီဒီယာ သမားများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်နှင့်သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းထောက်များအပေါ်ဖိနှိပ်ချုပ်ချယ်မှုများနှင့်ပတ်သက်ပြီး အမြန်ဆုံး ရပ်တန့် ရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အဝ ရရှိရေးအတွက် သတင်း မီဒီယာသမား များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်။
The 88 Generation Peace and Open Society's

မဇ္ဈိမ သတင်းစာ၊ ၁၈-၇-၁၄။ စာ-၉။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမတ် ဒေါက်တာစိုးရင်က အင်းလျားကန်ဘောင်ကြီးနဲ့ ပါတ်သက်တဲ့ မေးခွန်းတစ်ခု မေးပါတယ်။ သူ့မေးခွန်း အပြည့်အစုံကတော့ ဒီလိုပါ။ “ အင်းလျားကန်ပေါင်တွင် လာရောက် အပန်းဖြေသူများနှင့် ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပြုလုပ်သူများ လုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန်အတွက် မင်္ဂလာဒုံ ပြည်လမ်းဘက် အပိုင်းတွင် အရံအတားအဖြစ် သံပန်း ခြံစည်းရိုးခတ်ရန် အစီအစဉ် ရှိမရှိ ” ဆိုတာပဲ ဖြစ်ပါတယ်။ ဒေါက်တာ စိုးရင် ဘာရည်ရွယ်ချက်နဲ့ မေးတာလဲ၊ ဒါဟာ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက် မေးသင့်တဲ့ မေးခွန်းမျိုး ဖြစ်ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်ထဲမှာ ဒေါက်တာစိုးရင် ပြောတာကတော့ ဒီ အင်းလျားကန်ဘောင်ကို အပန်းဖြေသူတွေရော ကျန်းမာရေး လေ့ကျင့်ခန်း လုပ်သူတွေပါ လာကြတဲ့အကြောင်း၊ ဒီ မြက်ခင်းပြင် ဧရိယာကို ခြံစည်းရိုး ခတ်မထားတာကြောင့် လူတွေ နေ့ရောညပါ ၀င်ထွက်နေတဲ့အကြောင်း၊ အထူးသဖြင့် လူတစ်ချို့ဟာ ညဘက်တွေမှာ ဆူပူအော်ဟစ် မူးယစ် သောက်စားပြီး ရန်ဖြစ်လေ့ ရှိသလို အကြမ်းဖက်မှုနဲ့ လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားလျက်ရှိတယ် လို့ ပြောပါတယ်။ ဒီအတွက် အင်းလျားကန်ဘောင် မြက်ခင်းပြင်ကို အတားအဆီး ကာရံပြီး စည်းကမ်း စနစ်တကျ ထိမ်းသိမ်းဖို့ လိုလာတဲ့ အကြောင်း၊ အလှအပ မပျက်ပဲ ပြည်လမ်းဘက်မှာ သံဘောင်တွေ ကာရံပေးဖို့ လိုလာတဲ့အကြောင်း၊ သတ်မှတ် ၀င်ပေါက်တွေကနေ လူတွေကို သတ်မှတ်ချိန်အတိုင်း ၀င်ထွက်ခွင့်ပြုမယ် ဆိုရင်
မလိုလားအပ်တဲ့ စည်းကမ်းမဲ့ အဖြစ်အပျက်တွေကို တားဆီးနိုင်မယ် ဖြစ်တဲ့အကြောင်း ပြောပြီး သံပန်း ခြံစည်းရိုး ကာပေးဖို့ ရှိမရှိ မေးခဲ့တာဖြစ်ပါတယ်။

တကယ်တော့ ဒီမေးခွန်းဟာ အတော်လေးကို အံ့သြဖို့ ကောင်းတဲ့မေးခွန်းပါ။ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်ကို ကန့်သတ် ထိန်းချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မေးလိုက်တဲ့ မေးခွန်း အမျိုးအစားဖြစ်လို့ပါ။ သူ့ရဲ့ မေးခွန်းထဲမှာ မပါပေမယ့် အခုနောက်ပိုင်း ကျောင်းသားတွေ နဲ့ အခြား တက်ကြွလှုပ်ရှားသူတွေ အင်းလျားကန်ဘောင်ကို လာပြီး ဆန္ဒပြပွဲတွေ ခပ်စိပ်စိပ် လုပ်လာတာကိုများ သွယ်ဝိုက်ရည်ညွှန်း ပိတ်ပင်ဖို့ ကြိုးစားချင်လေသလား မပြောနိုင်ပါဘူး။ သေခြာတာကတော့ ဒီမေးခွန်းဟာ ပြည်သူတွေ လိုလားချက်၊ ပြည်သူတွေ အကျိုးစီးပွားကို ရည်ရွယ်ပြီး မေးတာ မဖြစ်နိုင်ပါဘူး။

ဒါမှမဟုတ်လည်း ဒေါက်တာစိုးရင်ဟာ ပြည်သူ့လွတ်လပ်ခွင့်ကို မသိသူ၊ နားမလည်သူ တစ်ယောက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
လူဦးရေ (၆) သန်း သို့မဟုတ် (၈) သန်းရှိတယ် ဆိုတဲ့ ရန်ကုန်မြို့တော်ကြီးမှာ အများပြည်သူ အပန်းဖြေစရာ သီးသန့်နေရာ၊ ပန်းခြံ၊ အားကစားကွင်း၊ ဥယျဉ်၊ ရေကူးကန် ဘယ်လောက် ရှိသလဲ အရင် မေးခွန်းထုတ်ရမယ် ဖြစ်ပါတယ်။ အရင် ခေတ်အဆက်ဆက်က ရှိခဲ့ပြီးတဲ့ အားကစားကွင်း တစ်ချို့ ပန်းခြံတစ်ချို့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ ပါတီတွေ လက်ထဲ လက်ပြောင်း ရောက်သွားတာတွေလည်း ရှိခဲ့ပါတယ်။ ( ပြီးခဲ့တဲ့ နှစ်တုန်းကဆို အများပြည်သူပိုင် ပန်းခြံကို သိမ်းယူခဲ့တဲ့ ကိစ္စ အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် တစ်ကိုယ်တော် ဆန္ဒပြတာတောင် ရှိခဲ့ပါတယ်။) ရန်ကုန်မြို့လည်က သာယာလှပတဲ့ ကန်တော်ကြီး ဥယျဉ် ဆိုရင်လည်း ပါတ်ပါတ်လည်ကို ခြံခတ်၊ အပိုင်းတွေခွဲပြီး ပုဂ္ဂလိကတွေကို စီးပွားရှာခွင့်ပေးထားပါတယ်။ ဒီလောက် မကသေးပါဘူး။ ကန်တော်ကြီး ပါတ်ပါတ်လည်မှာ စားသောက်ဆိုင်ကြီးတွေ ၊ အခယူ အပန်းဖြေရာ နေရာတွေအဖြစ် ပြောင်းလဲထားပါတယ်။

ပြောရရင် အဲလို လုပ်လိုက်ခြင်းအားဖြင့် ပြည်သူတွေအတွက် လွတ်လပ်ခွင့် ဆုံးရှုံးသွားစေပါတယ်။ နောက်တစ်ချက်က အပန်းဖြေချင်ရင် ငွေပေးရပါတယ်။ ငွေပေးရတာကလည်း တစ်နေရာမကပါဘူး။ အရင် စစ်အစိုးရက ကန်တော်ကြီးကို အဲလို လုပ်လိုက်တာဟာ ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်၊ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့် ဆုံးရှုံးသလိုလည်း ဖြစ်စေခဲ့ပါတယ်။ အလားတူ သာဓကတွေ ရန်ကုန်မှာ အများကြီး ရှိနေပါတယ်။ ကျယ်ပြန့်လှတဲ့ ပြည်သူ့ဥယျဉ်ကြီးဆိုလည်း အလားတူပါပဲ။ ပြည်သူ့ဥယျဉ်ဆိုတာ ပြည်သူတွေအတွက်၊ ပြည်သူတွေ အခမဲ့ ၀င်ရောက် အပန်းဖြေနိုင်အောင် လုပ်ပေးထားတဲ့ နေရာတွေကို ခေါ်တာပါ။ ကမ္ဘာပေါ်မှာ မြေဈေး အကြီးဆုံးလို့ ဆိုနိုင်တဲ့ အင်္ဂလန်နိုင်ငံမြို့တော် လန်ဒန်မှာ အလွန်ကျယ်တဲ့ ဟိုင်းပတ် ပန်းခြံနဲ့ အခြား အရံပန်းခြံတွေ အများကြီးရှိပါတယ်။ မြေဈေးတွေ ကြီးလို့ဆိုပြီး ဗြိတိန်အစိုးရ အဲဒီ ပြည်သူတွေ အပန်းဖြေတဲ့ မြေနေရာတွေကို ရောင်းမစားပါဘူး။ အခြား စီးပွားရေး လုပ်သူတွေကိုလည်း ခွင့်မပြုပါဘူး။ ဘယ်ပန်းခြံမှလည်း ပြည်သူဆီက ငွေမကောက်ခံပါဘူး။ ဒါက အင်္ဂလန်လို ဖွံ့ဖြိုးပြီး နိုင်ငံပါ။

ရှေ့ပိုင်းကာလ မြန်မာနိုင်ငံထက် ဖွံ့ဖြိုးမှု နောက်ကျခဲ့တဲ့ ကမ္ဘောဒီးယားလို နိုင်ငံမှာတောင် မြို့လည်မှာ အလွန်ကျယ်ပြန့်တဲ့ မြက်ခင်းပြင် ပန်းဥယျဉ်တွေ ရှိပါတယ်။ သံဆူးကြိုးမခတ်ပါဘူး၊ ၀င်ကြေး မကောက်ပါဘူး။ အလားတူ ဗီယက်နမ်၊ အင်ဒိုနီးရှား ဘယ်နိုင်ငံကြည့်ကြည့် အဲလို အများပြည်သူတွေအတွက် ရည်ရွယ်ထားတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အခု ဒေါက်တာ စိုးရင်ပြောတဲ့ အင်းလျားကန်ဘောင် နေရာ ဆိုတာ အလွန်ကျဉ်းတဲ့ နေရာလေးပါ။ ရန်ကုန်က ရှားရှားပါးပါး လက်ကျန် Open Space နေရာလေးပါ။ ဒါကို ခြံခတ် ကာရံဖို့ ပြောနေတာပါ။ လက်ရှိ ရန်ကုန်မှာ ပြည်သူတွေ အပန်းဖြေဖို့ လွတ်လပ်တဲ့ ဧရိယာ အများကြီး ဖော်ထုတ်ပေးဖို့ လိုနေတာကို လုပ်ပေးဖို့ မေးခွန်း မမေး၊ အဆိုမတင်တဲ့အပြင် သံပန်းကာ ခြံခတ်ဖို့ မေးခဲ့တာပါ။

တော်ပါသေးရဲ့။ ရန်ကုန်တိုင်း အစိုးရကိုယ်စား ဒီမေးခွန်းကို ဖြေတဲ့ သမ္မတ ရုံး အမှတ်(၄) ဒုဝန်ကြီး ဦးအောင်သိန်းက ဒီနေရာဟာ အများပြည်သူ အပန်းဖြေ အနားယူဖို့ ကိုယ်လက် ကြံ့ခိုင်ရေးတွေ လုပ်ဖို့ Open Space အနေနဲ့ ဖွင့်ပေးခဲ့တာ ဖြစ်ကြောင်း၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ဖြစ်တဲ့အကြောင်း ဖြေပါတယ်။ ပြည်သူတွေ လေကောင်းလေသန့် ရှူရှိုက်နိုင်တဲ့ နေရာ၊ ကျန်းမာရေး လေ့ကျင့်ရာ နေရာဖြစ်တဲ့အတွက် ပုံမှန် တစ်နေ့ လူ ၃၀၀၀ ကျော် ပိတ်ရက်တွေဆို လူ ၅၀၀၀ ကျော်နဲ့ တစ်ချို့ နေ့တွေမှာ ဒီထက်ပိုများတဲ့ အရည်အတွက် လာတဲ့အကြောင်း၊ လှပအောင် ပြုပြင်ပေးခဲ့တာတွေ ရှိပေမယ့် မြင်ကွင်းအလှအပ ကို အတားအဆီး ဖြစ်စေမယ့် အရာမျိုး လုပ်မထားဘူးလို့ ဖြေသွားပါတယ်။ အင်းလျားကန်ဘောင်ပေါ် အပန်းဖြေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ပါတ်သက်ပြီးကတော့ ရဲတပ်ဖွဲ့က တာဝန်ယူပေးနေတယ်၊ ဒါကြောင့် အင်းလျားကန်ဘောင်၊ ပြည်လမ်းဘက် အခြမ်းကို သံပန်း စည်းရိုး ခတ်ဖို့ မရှိပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ကိစ္စနဲ့ ပါတ်သက်ပြီး ကမာရွတ် အမတ် ဒေါက်တာစိုးရင်ကို “ ဒါလား ပြည်သူ့ကိုယ်စားလှယ် ” လို့သာ မေးခွန်း ထုတ်လိုက်ချင်ပါတော့တယ်။
စည်သူအောင်မြင့်။

MH-17 ခရီးသည်တင် လေယာဉ်ကို ခွဲထွက်ရေး ပြောက်ကျားများက ပစ်ချလိုက်ကြောင်း အထောက်အထား တစ်ရပ်အဖြစ် သူပုန်တပ်များ အပြန်အလှန် ပြောဆိုနေသည်ကို ကြားဖြတ်ဖမ်းယူထားသော ဖုန်းခေါ်ဆိုမှုနှစ်ခုကို ယူကရိန်း ထောက်လှမ်းရေးက ထုတ်ပြန်လိုက်သည်။

ယူကရိန်း လုံခြုံရေးဌာန (SBU)က ရုရှားစစ်ထောက်လှမ်းရေး အရာရှိများနှင့် ရုရှားက ထောက်ပံ့ထားသည့် ယူကရိန်း ကော့ဆက် သူပုန်များကြား အပြန်အလှန် ဆက်သွယ် စကားပြောနေသည်ဆိုသော ဖုန်းခေါ်ဆိုမှု နှစ်ခုကို သတင်းထုတ်ပြန်ခဲ့ပြီး ယင်းကို Kiev Post သတင်းစာက ကိုးကား ဖော်ပြခဲ့သည်။

အကယ်၍ ယူကရိန်း ထောက်လှမ်းရေးက ထုတ်ဖော်ပြသသည့် အချက်အလက်များ မှန်ကန်ပါက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အတွက် ကြီးမားသည့် နိုင်ငံရေး ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်သည်။ လတ်တလောတွင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို တိတိကျကျ အတည်မပြုနိုင်သေးသော်လည်း ယူကရိန်း အစိုးရက သူပုန်တပ်များ မှားယွင်း ပစ်ချခဲ့ခြင်းဟု အစဉ်တစိုက် စွပ်စွဲထားသည်။

ယူကရိန်း ထောက်လှမ်းရေးက ဖုန်းခေါ်ပြောဆိုမှုများတွင် ယူကရိန်း သူပုန်များ၏ အဓိက စစ်ဦးစီးမှူးဖြစ်သည့် အိုင်ဂေါ်ဘက်ဇ်လာကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။ ဇူလိုင်(၁၇)ရက် လေယာဉ်ပျက်ကျမှုတွင် Boeing 777 လေယာဉ်ပေါ်မှ လူပေါင်း(၂၉၈)ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်။

ဖုန်းခေါ်ဆိုမှု တစ်ခုတွင် “F—king ပဲ။ သူတို့တွေ အဲဒီနေရာမှာ ပျံမနေသင့်ဘူး။ အဲဒီမှာ စစ်ဖြစ်နေတာကွ”ဟု ပြောဆိုနေခဲ့သည်။ ထို့အပြင် လေယာဉ်ပျက်ကျပြီး မိနစ်(၄၀) အကြာတွင် Major နှင့် Grekဟု အမည်ဝှက် ပေးထားသည့် စစ်သွေးကြွနှစ်ဦး အပြန်အလှန် ပြောဆိုနေသည့် ဖုန်းခေါ်မှုကိုလည်း SBU က ဖမ်းယူ ရရှိခဲ့ကြောင်း သိရသည်။ SBU က ထုတ်ဖော်ကြေညာသည့် ဖုန်းခေါ်ဆိုမှု နှစ်ခုစလုံးကို လွတ်လပ်စွာ စိစစ်အတည်ပြုနိုင်ခြင်းမူ မရှိသေးပေ။

ပထမ ဖုန်းခေါ်ဆိုမှုတွင် သူပုန်တပ်များ၏ ထောက်လှမ်းရေးနှင့် စစ်ဆင်ရေး ဦးစီးမှူးဖြစ်သည့် ဘက်ဇ်လာက ရုရှားထောက်လှမ်းရေး ဌာနချုပ်ရှိ ဗိုလ်မှူးကြီး အဆင့်ရှိ ဗာဆီလီ ဂီရာနင်နှင့် ဆက်သွယ် ဆွေးနွေးနေခြင်းဟု ဆိုသည်။ Kiev Post သတင်းစာက ၎င်းတို့နှစ်ဦး အပြန်အလှန် ပြောဆိုမှုကို ယခုကဲ့သို့ ဖော်ပြထားသည်။

ဘက်ဇ်လာ။ ။ ကျွန်တော်တို့ အခုလေးတင် လေယာဉ်တစ်စီးကို ပစ်ချလိုက်ပြီ။ မိုင်နာအုပ်စုဘက်က ပစ်လိုက်တာ။ ယန်နက်ကီဗိုးဘက်ကို ပျက်ကျသွားတယ်။

ဂီရာနင်။ ။ အခုလေယာဉ် ဘယ်မှာလဲ။

ဘက်ဇ်လာ။ ။ ကျွန်တော်တို့ လေယာဉ်ပျက်ကို ဓာတ်ပုံရိုက်ဖို့ သွားရှာနေတယ်။ အဲဒီဘက်က မီးခိုးတွေ ထွက်နေတယ်။

ဂီရာနင်။ ။ အချိန်ဘယ်လောက် ကြာပြီလဲ။

ဘက်ဇ်လာ။ ။ လွန်ခဲ့တဲ့ မိနစ်(၃၀)လောက်ကပါ။

SBU သည် Major နှင့် Grek ဟု အမည်ဝှက် ယူထားသူ စစ်သွေးကြွ နှစ်ဦး၏ အပြန်အလှန် ဖုန်းဆက် ပြောဆိုနေမှု မှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့သေးသည်။

Major။ ။ ချာနွတ်ခ်ဟင်တွေက လေယာဉ်ကို ပစ်ချလိုက်တာ။ ချာနွတ်ခ်ခ်ဟင်ဘက်က စစ်ဆေးရေး စခန်းတစ်ခုဘက်ကနေပဲ။ အဲဒီကော့ဆက်တွေက ချာနွတ်ခ်ဟင်နိုဘက်မှာ ရှိနေတယ်။

Grek။ ။ သိပြီ Major။

Major။ ။ လေယာဉ်က လေထဲမှာတင် ပေါက်ကွဲသွားတယ်။ ပက်ထရိုပက်ဗ်လော့ဗ်စကိုင်ရာ မိုင်းတွင်းဧရိယာဘက်မှာ။ First 200၊ ကျွန်တော်တို့ First 200 ကို တွေ့ထားတယ်။ (ယင်းသည် အရပ်သားများကို အဆိုပြုသည့် စကားဝှက်ဖြစ်သည်)

Grek။ ။ ဟုတ်ပြီ။ အခုမင်းတို့ အဲဒီမှာ ဘာလုပ်နေကြသလဲ။

Major။ ။ (၁၀၀)ရာခိုင်နှုန်း သေချာတယ်။ ဒါအရပ်ဘက် လေယာဉ်တစ်စီးပဲ။

Grek။ ။ လူအများကြီးပဲလား။

Major။ ။ Holy S—t! အပျက်အစီးတွေက ခြံဝင်းတွေထဲထိ ကျနေကုန်ပြီ။

Grek။ ။ ဘယ်လိုလေယာဉ် အမျိုးအစားလဲ။

Major။ ။ သေသေချာချာ စစ်ဆေးကြည့်လို့ မရသေးဘူး။ အဓိက နေရာတွေကို မမြင်ရသေးဘူး။ ပထမဆုံး ရုပ်အလောင်း ကျလာတဲ့ နေရာကို လောလောဆယ် စစ်ဆေးနေတယ်။ ခုံတွေ၊ အလောင်းတွေပဲ တွေ့တယ်။

Grek။ ။ လက်နက်နဲ့ ပတ်သက်တာ တစ်ခုခု ကျန်နေတာ ရှိလား။

Major။ ။ ဘာမှမရှိဘူး။ အရပ်ဘက်သုံး ပစ္စည်းတွေချည်းပဲ။ ဆေးပစ္စည်းတွေ၊ မျက်နှာသုတ်ပဝါတွေ၊ ရေအိမ်သုံး စက္ကူတွေ။

Grek။ ။ မှတ်တမ်းမှတ်ရာ တစ်ခုခု ရှာတွေ့တာ ရှိလား။

Major။ ။ တွေ့တယ်။ အင်ဒိုနီးရှား ကျောင်းသားတစ်ယောက်ရဲ့ မှတ်တမ်းတွေ။ သွမ်ဆင်က တက္ကသိုလ် တစ်ခုကတဲ့။

ယူကရိန်း အစိုးရက လေယာဉ်ကို သူပုန်များက မှားယွင်းပစ်ချကြောင်း အခိုင်အမာ စွပ်စွဲနေသော်လည်း ခွဲထွက်ရေး ပြောက်ကျား သူပုန်များက ငြင်းဆိုနေဆဲ ဖြစ်သည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ရုပ်အလောင်းများ ပြန့်ကျဲနေကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ MH-17 သည် သူပုန်တပ်များ ထိန်းချုပ်ထားသည့် ဧရိယာဘက်သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး ပျက်ကျပြီး မိနစ်ပိုင်းမျှ အကြာတွင် လေယာဉ်ပျက်ရှိရာသို့ လက်နက်ကိုင် သူပုန်တပ်သားများ ရောက်ရှိခဲ့ကြောင်းလည်း သိရှိရသည်။

_Ref: Dailymail

http://www.7daydaily.com/story/16160#.U8k15bFiFig

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.