07/20/14


ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး . . .

မြန်မာနိုင်ငံတွင် ဂျပန်တို့အုပ်စိုးသွားခဲ့သော ၁၉၄၂ခုနှစ်မှ ၁၉၄၅ခုနှစ်အတွင်း၌ ထုတ်ဝေခဲ့သော သတင်းစာများ မှာ မြန်မာ့အလင်း၊ သူရိယ၊ ဗမာ့ခေတ်၊ တိုင်းချစ်၊ မန္တလေးသူရိယ၊ ထားဝယ်နေ့စဉ်၊ ဂရိတ် တားအေးရှား (အင်္ဂလိပ်ဘာသာ)၊ ဘီရုမာ ရှင်ဘွန်း (ဂျပန်ဘာသာ)၊ ကျင်းနီပို့ (တရုတ်ဘာသာ) သတင်းစာများဖြစ်ကြ သည်။ ယင်းသတင်းစာများအနက် “ဗမာ့ ခေတ်သတင်းစာ”သည် ဂျပန်ခေတ်ထုတ် မြန်မာသတင်းစာများဖြစ်ကြသည့် မြန်မာ့အလင်း၊ သူရိယသတင်းစာ များနည်းတူ စာဖတ်ပရိသတ်များ နှစ်ခြိုက်အားပေးဖတ် ရှုခဲ့သော ပုဂ္ဂလိက သတင်းစာအဖြစ် သတင်းစာလောကနှင့် သတင်းစာသမိုင်း၌ မော်ကွန်း စိုက်ထူခဲ့သည်။ ဗမာ့ခေတ်သတင်းစာ တို့ တနင်္လာနေ့မှတစ်ပါး နေ့စဉ်ထုတ်ဝေခဲ့သည်။ ဗမာ့ခေတ်သတင်းစာတွင် ဂျပန်ခေတ်မြန်မာပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို ခေတ်ကြေးမုံအဖြစ် ဖော်ထုတ်ရေးသား တင်ပြခဲ့သည်။

ဂျပန်ခေတ်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ)၏ စစ်သေနာပတိ တာဝန်ထမ်းဆောင်ခဲ့သော မေဂျာဂျင်နရယ် အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) သည် မြန်မာနိုင်ငံ (ဗမာနိုင်ငံ) ၏စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးရာ ကိစ္စများအတွက် ဂျပန်ခေတ်တစ် လျှောက်လုံး၌ ကိုယ်ကျိုးများ ကို လုံးဝစွန့်လွှတ်၍ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် ၁၉၄၂ ခုနှစ်မှသည် ၁၉၄၅ ခုနှစ် ကာလအတွင်း၌ စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ၊ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား လမ်းညွှန် ဟောကြားခဲ့သည်။ လုပ်ကိုင်ဆောင်ရွက်ခဲ့ သည်။ ယင်းသို့လမ်းညွှန်ခဲ့သော လုပ်ကိုင် ဆောင်ရွက်ခဲ့သော ခေါင်းဆောင်ကောင်း၏ ဦးဆောင်လမ်းညွှန် လုပ်ကိုင်ဆောင်ရွက်ခဲ့မှု သမိုင်းမော်ကွန်းတင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို ဗမာ့ခေတ် သတင်းစာကြီး တွင် မှတ်တမ်းတင်ဖော်ပြခဲ့သည်။ ယင်းသို့ ဖော်ထုတ် မှတ်တမ်းတင်ခဲ့သော ဂျပန်ခေတ် (၁၉ ၄၂-၁၉၄၅)ခုနှစ် ထုတ် ဗမာ့ခေတ်သတင်းစာ၏ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ရှားပါးမိန့်ခွန်း အချို့ကို လက်လှမ်းမီ သရွေ့ရှာဖွေ စုဆောင်း ပြန်လည်ဖော်ထုတ် တင်ပြလိုက်ပေသည်။…

၁၉၄၃ ခုနှစ် ဧပြီ ၁၉ ရက် တနင်္လာနေ့တွင် ရန်ကုန်မြို့တွင် ထုတ်ဝေလျက်ရှိ သော မြန်မာ့အလင်း၊ သူရိယ၊ ဗမာ့ခေတ် သတင်းစာတိုက်များမှ သတင်းစာ ကိုယ်စားလှယ်များသည် ဗမာ့ကာကွယ်ရေး တပ်မတော်စစ် သေနာပတိကြီး၊ မေဂျာဂျင်နရယ် အောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ထံသို့ သွားရောက်၍ ဗမာ့နိုင်ငံတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်များဖွဲ့စည်းရန် ကိစ္စများကို ဆွေးနွေးမေးမြန်းပွဲတွင် ဗမာ နိုင်ငံတော်အတွက် အခြေခံဆောင်ရွက်ရမည့် တာဝန်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားလမ်းညွှန်မှုများကို ၁၉၄၃ ခုနှစ် ဧပြီ ၂၀ ရက် အင်္ဂါနေ့ထုတ် ဗမာ့ခေတ်သတင်းစာတွင် ဗမာနိုင်ငံတော်၏ ပထမအခြေခံ အုတ်ချပ်ဟူသော ခေါင်းစီးဖြင့်-

“ဗမာနိုင်ငံတော်သစ် အမြန်ဆုံးတည် ထောင်နိုင်အောင်ရှေးက ရှိတဲ့စိတ်သေး၊ စိတ်ဖျင်းတွေကိုဖျောက်၊ ကျွန်စိတ်၊ ကျေးစိတ်တွေကို ဖျောက်၊ ဂိုဏ်းဂဏစိတ်တွေကိုဖျောက်ဖျက်ပြီး တညီတညွတ်အလုပ် လုပ်ကြဖို့ အထူးအရေးကြီးတယ်။ စကားနှင့် မဟုတ်ဘဲနှင့် အလုပ်လုပ်ပြရလိမ့်မယ်။ ဒါမှဗမာနိုင်ငံတော်ကြီး ကြီးပွားမှာပဲ။ ဒီလို မလုပ်တဲ့ သူတွေ၊ လုပ်နိုင်တဲ့လူတွေဟာ ဗမာနိုင်ငံတော်ကြီးရဲ့ သွေးသစ္စာကို ဖောက် သူများလို့ ယခုက စပြီး ကျွန်တော် အတိအလင်း ကြေညာပါတယ်။ ဗမာနိုင်ငံတော် သစ်ထူထောင်တဲ့နေရာမှာ ဗမာနိုင်ငံတော် ရဲ့အကျိုးကို ရှေးရှုပြီးမညှာတမ်း ကျွန်တော်တို့ အလုပ်လုပ်ကြရလိမ့်မယ်။ ကျွန်တော့် အတွက်ပြောရမယ်ဆိုရင် ဗမာနိုင်ငံတော် ကြီးရဲ့ ကျေးဇူးသစ္စာကို မှန်ကန်စွာစောင့် ထိန်းပြီး ကျွန်တော့်အပေါ်မှာ ကျရောက် တဲ့တာဝန် ၀တ္တရား အရပ်ရပ်ကို ဦးလည် မသုန်၊ မညှာမတာ၊ လာဘ်လာဘ မမျှော်လင့်ဘဲ ဆောင်ရွက်ဖို့ အသင့်ပါပဲ။ ဆိုင်ရာ လူတိုင်းလူတိုင်းကလည်း ဆောင်ရွက်ကြိုး စားကြရမှာပဲ။ ကျွန်တော် အသုံးမကျရင်လည်း ကျွန်တော့် အားမညှာတမ်းဘဲ လုပ်ကြဖို့ဆိုတာကို လေးလေးနက်နက်နောက် ဆုံးစကားပြောခဲ့ပါတယ်”ဟူ၍ ခေါင်းဆောင် ကောင်းတို့၏ အကျင့်သိက္ခာ ကောင်းရှိမှုနှင့် မိမိ၏ခေါင်းဆောင်ကောင်းနှင့် အကျင့်သိက္ခာ ပြည့်စုံမှု၊ ရှိနေမှုကို အာမခံသည့် စိတ်ထား မြတ်အဖြစ် မှတ်တမ်းတင်ဖော်ပြခဲ့သည်။

ဗမာနိုင်ငံတော် စစ်ကျောင်း၏ ၁၉၄၂- ၁၉၄၃ခုနှစ်အတွက် ဗမာ့တပ်မတော် ဗိုလ်သင်တန်းပြီးဆုံး၍ ကျောင်း ဆင်းပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းနားကို ၁၉၄၄ခုနှစ် မတ် ၁၃ ရက် တနင်္လာနေ့တွင် ကျင်းပခဲ့သည်။ ယင်းအခမ်း အနားသို့ ဗမာနိုင်ငံတော် စစ်သေနာပတိချုပ်ကြီး၊ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ပညာကျန်းမာစည်ပင်ရေး ဌာန၀န်ကြီး ဦးလှမင်း၊ ဗိုလ်မှူးကြီးစကြာ၊ ဗိုလ်မှူးရန်နိုင်၊ ဗိုလ်မှူးလရောင်၊ နိပွန်ဦး စီးမှူးလက်ဖတင်နင် ဂျင်နရယ်နာက၊ အကြံ ပေးအရာရှိချုပ် မေဂျာဂျင်နရယ် ဆာဝါမိုတို၊ စစ်ကျောင်းအုပ်ကြီး ဗိုလ်မှူးဇေယျနှင့် စစ်ဘက်အရာရှိများ တက်ရောက်ခဲ့ကြသည်။ ယင်းဗိုလ်သင်တန်းဘွဲ့နှင်းသဘင် အခမ်းအနားပွဲတွင် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်းက မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းအပြည့်အစုံကို ၁၉၄၄ ခုနှစ် မတ် ၁၅ ရက် ဗုဒ္ဓဟူးနေ့ထုတ် ဗမာ့ခေတ် သတင်းစာတွင် ဤသို့ဖော်ပြမှတ်တမ်းတင် ခဲ့သည်။

““ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။ စစ်တပ် ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်း နှင့်နားလည် အောင် ပြောတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန် နှိမ်ချင်တဲ့သဘောနဲ့ ပြောတာ မဟုတ် ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြ သော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန် သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ် တယ်ဆိုတာ အားလုံးသဘောပေါက် အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့သူတွေ ညှဉ်းချင်တဲ့စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလည်း အား နည်းတဲ့အခါတိုင်းတော့ အားကြီးနေတဲ့ လူကိုလက်နက်အားကိုး၊ အာဏာအားကိုး လုပ်ချင်တယ်ပြောကြတယ်။ မိမိတို့ကိုယ် တိုင်အားကြီးတဲ့နေရာ၊ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါထုံးစံအတိုင်းပဲ။ ငါတို့က ဒီလိုမဟုတ်။ အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါ လည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်းလုပ်ချင်တယ်။ ပြချင်တယ်။

ကျုပ်တစ်ခု ရဲဘော်တွေကို ကတိပြုတယ်။ နိုင်ငံနှင့် လူမျိုးအကျိုးနှင့် သစ္စာကို ကျုပ်ဘယ်တော့မှ သစ္စာမဖောက် ဘူး။ ရဲဘော်တို့ထဲက ဖြစ်ဖြစ်၊ ဒီ့ပြင်ကဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြနိုင်ပါစေ။ ကျုပ်ဖယ်ပေးဖို့ အသင့်ပဲ””

၁၉၄၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံးကြီး၌ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အာရှလူငယ် အစည်းအရုံးဝင်လူငယ် များနှင့် မြို့သူမြို့သားများကို ဟောပြောပွဲ တစ်ရပ်ပြုလုပ်ဟောကြား လမ်းညွှန်ခဲ့သည်။ ယင်းဟောပြောပွဲကြီးသို့ အာရှလူငယ်များ၊ မြို့သူမြို့သားအမြောက်အမြား တက်ရောက် ခဲ့ကြသောကြောင့် အစည်းအရုံးကြီး၏ အထက် ထပ်ခန်းမကြီးအပြင် အောက်ထပ် မြက်ခင်းပြင်များပေါ်တွင်ပါ ပရိသတ်များ ပြည့်လျှံသွားခဲ့သည်။

ယင်းအစည်းအရုံး ဟောပြောပွဲကြီးတွင် အထက်ထပ်၌ သုံးရောင်ခြယ် ဗမာ့အလံတော် ကြီးကိုလွှင့်ထူထား သည်။ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးရိုးအရပ်ဝတ် အရပ်စားဝတ်ဆင်၍ ဆိုက်ရောက်လာသည်။ အာရှ လူငယ် အစည်းအရုံးကြီး၏ ဥက္ကဋ္ဌဦးဗဂျမ်းနှင့် အမှုဆောင်လူကြီးများ ကကြိုဆိုသည်။ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အသင့်ပြင်ဆင်ထားသောအထက် ခန်းမကြီးသို့ ခေါ်ဆောင်ခဲ့သည်။ အခမ်း အနားမှူး အဖြစ် အာရှလူငယ်အစည်းအရုံး တာဝန်ခံ ဦးရဲညွန့်က ဆောင်ရွက်သည်။ ယင်းဟောပြောပွဲကြီး၏ နာယက အဖြစ် ဥက္ကဋ္ဌ ဦးဗဂျမ်းကဆောင်ရွက်သည်။ ထို့ နောက် စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်းက အဖွင့်မိန့်ခွန်း မြွက်ကြားခဲ့သည်။

စစ်ဝန်ကြီး၏ အဖွင့်မိန့်ခွန်းကို ၁၉၄၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက် အင်္ဂါနေ့ထုတ် ဗမာ့ခေတ်သတင်းစာကြီးတွင် ကမ္ဘာ့အလား အလာ ဗမာ့အလားအလာနှင့် လူငယ်များ တာဝန် ““စစ်ဝန်ကြီး-ဗိုလ်ချုပ်အောင်ဆန်း ၏မိန့်ခွန်း”” ဟူသော ခေါင်းကြီးဖြင့်-

““ကမ္ဘာ့အရေးသည် ဗမာ့အရေးနှင့် ဆက်သွယ်နေသကဲ့သို့ ဗမာ့အရေးသည်လည်း ကမ္ဘာ့အရေးနှင့် တစ်ခုနှင့် တစ်ခု ဆက်သွယ်နေပါတယ်။ ကမ္ဘာ့ရာဇ၀င်ကို ကြည့်လိုက်လျှင် တိုင်းပြည်အသီးသီးတို့ တက်ရောက် လာပုံ များဟာ ဒီအတိုင်းဆက် သွယ်နေပါတယ်။ ကမ္ဘာတစ်ခုလုံးရဲ့ ဖြစ် ပျက်နေသမျှဟာလည်း အကြောင်းမဲ့သက် သက်ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ဗမာပြည်ရဲ့အကြောင်းကိုနားလည်မှ ကမ္ဘာရဲ့ အကြောင်းကို နားလည် နိုင်ပါတယ်။

ယခုဖြစ်ပျက်နေတဲ့ ကမ္ဘာကြီးဟာယခင် ကမ္ဘာကြီးရဲ့ နောက်ဆက်တွဲပင်ဖြစ်ပါတယ်။ ယခုဗမာပြည်ဟာလည်း စစ်တလင်းဘ၀ ကို ရောက်လျက်ရှိနေပါတယ်။ အတိတ်တဘောင်များကို မျှော်ကိုးနေဖို့ မလိုပါ။ ကမ္ဘာ့ ထိပ်တန်း နိုင်ငံကြီးများရဲ့ တိုးတက်မှုသည် စက်မှုလက်မှုလုပ်ငန်းများအပေါ်တွင် တည် ရှိနေကြပါတယ်။ စစ်ကြီးပြီးမည့် အချိန်ကို မည်သူမျှ အတတ်မပြောနိုင်ပါ။ ဗေဒင်မေး ရန်လည်းမလိုပါ။ ဗမာပြည်ရဲ့အခြေအနေ ဟာ ကမ္ဘာ့မျက်စိနှင့်ကြည့်လျှင် အရေးမကြီးသော်လည်း ဗမာ့မျက်စိနှင့်ကြည့်လျှင် အတော်အရေးကြီးပါတယ်။ သို့အတွက် ဗမာတစ်မျိုးသားလုံးရဲ့ လွတ်လပ်ရေးအတွက် ပြည်တွင်းစည်းလုံး ညီညွတ်မှုခိုင်မြဲမှသာလျှင် ဗမာ့လွတ်လပ်ရေး တည်တံ့နိုင်မည်။ လူငယ်များဟာလည်း တကယ့်အလုပ်ကိုလုပ်၍ ကိုယ်ကျိုးမရှာ၊ အနစ်နာ ခံတဲ့ အလုပ်မျိုး ကိုလုပ်ကြပါ။ ဥပမာ – တောလက်ကျေးရွာများတွင် စာပေမတတ်သော ကလေးသူ ငယ်များ အား ယဉ်ကျေးမှုအတွက် စာပေများကိုလည်းကောင်း၊ ကျန်းမာရေးကိုလည်းကောင်း စေတနာ့ဝန်ထမ်း ဆောင် ရွက်ကြပါ။ ချင်း၊ ကရင်၊ ရှမ်း စသော နယ်ပယ်များသို့ သွားရောက်၍ လူမျိုးရေး ယဉ်ကျေးမှုအတွက် အနစ်နာ ခံပြီး သာသနာ ပြုပေးကြပါ။ အချိန်မဖြုန်းကြပါနှင့်။ စွန့်စွန့် စားစားလုပ်နိုင်မည့် လူငယ်များနှင့် အရည်အချင်း ပြည့်စုံတဲ့လူငယ်များ ထွက်ခဲ့ကြလော့””ဟူ၍ အသေးစိတ်ဖော်ပြ မှတ်တမ်း တင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အာဇာနည်ခေါင်းဆောင်များကို လေးစားတန်ဖိုးထား မြတ်နိုးကြည်ညိုသော စိတ် ထားရှိသူ ပီပီ ဂျပန်ခေတ် စစ်ဝန်ကြီး တာဝန်ထမ်းဆောင်နေချိန်တွင် ဗြိတိသျှအစိုးရလက်ထက် ၁၉၂၉ ခုနှစ် ကာလတွင် နယ်ချဲ့ ဗြိတိသျှအစိုးရကို မကြောက်မရွံ့ဘဲ ဘာသာ သာသနာ၊ အမျိုးသားရေးနှင့် လွတ်လပ်ရေး တို့အတွက် မကြောက်တရားများ ဟောကြားခဲ့သဖြင့် ရာဇ၀တ်မှုကျူးလွန်သော တရားခံတစ်ဦးကဲ့သို့ သတ်မှတ်၍ ဖမ်းဆီး ထောင်ချနှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးခံခဲ့ရပြီး ၁၆၆ ရက်တိုင်တိုင် အစာငတ်ခံ တိုက်ပွဲဝင်၍ ပျံလွန်တော်မူခဲ့ရရှာသည့် သာသနာ့ အာဇာနည်ဆရာတော် ဦးဝိစာရ၏ အမှတ်တရ ကျောက်တိုင်စိုက်ထူဖွင့်ပွဲ အခမ်းအနားကြီးကို ဂျပန်ခေတ် ၁၉၄၃ ခုနှစ် အောက်တိုဘာလ၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။ ယင်းသမိုင်းဝင် မိန့်ခွန်းကို ၁၉၄၃ခုနှစ် အောက် တိုဘာ ၅ ရက် အင်္ဂါနေ့ထုတ် ဗမာ့ခေတ် သတင်းစာကြီး၌ ဤသို့ မှတ်တမ်းတင် ဖော်ပြခဲ့သည်။

ဦးဝိစာရသည် အသက်ကို စွန့်လွှတ် စဉ်အခါက အဖော်မပါ တစ်ပါးတည်းသာ ဖြစ်ကြောင်း၊ အများနှင့် အလုပ် လုပ်လျှင် သတိ္တကောင်းသူ အများကြီးရှိသော်လည်း တစ်ဦးတစ်ယောက်တည်း အလုပ်လုပ်ရန် မှာ အလွန်သတိ္တ ရှိခဲ့ကြကြောင်း၊

ဦးဝိစာရကိုယ်တော်ကြီး ထောင်အတွင်းတွင် အကျဉ်းခံနေရစဉ်က မည်သူမျှမသိကြ ကြောင်း။ ထိုစဉ်အခါက မိစ္ဆာလူမျိုးတို့၏လက်အောက်တွင် မိမိကို ဘယ်သူမျှဆန့် ကျင်ဘက်မပြုသော အချိန်အခါတွင် ဦးဝိ စာရတစ်ဦး တည်း ပေါ်ထွက်လာပြီး မည်သူ ချီးမွမ်းချီးမွမ်း၊ မည်သူ ကဲ့ရဲကဲ့ရဲ့ ဘာ ကိုမျှ ဂရုမစိုက်ဘဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည် စိတ်ဓာတ်ကို ချီးကျူးဖို့ကောင်းကြောင်း။

ထို့ကြောင့် ယခုအခါမှာလည်း ကျွန်ုပ်တို့၏ ရှေ့လုပ်ငန်းတွင် ဦးဝိစာရကဲ့သို့ စိတ်ဓာတ်တွေ မွေးမြူဖို့အရေးကြီး ကြောင်း၊

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ နိုင်ငံတော် လွတ်လပ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်ထူထောင်ရေးဆိုင်ရာ သမိုင်းဝင် ထင်ရှားခဲ့သော၊ လှုပ်ရှားဆောင်ရွက်ခဲ့သော ခေါင်းဆောင်မှုအခန်း ကဏ္ဍပိုင်းတို့သည်ကား ရှည်လျားများပြားလှပေသည်။ သမိုင်း ၀င် ထင်ရှားမိန့်ကြားလမ်းညွှန်ခဲ့သော မိန့်ခွန်းများသည်လည်း မြောက်မြားလှသည်။ သမိုင်းဝင်ထင်ရှား မိန့်ကြား လမ်းညွှန်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအမြောက်အမြားအနက် ဂျပန်ခေတ် ၁၉၄၂ ခုနှစ်မှသည် ၁၉၄၅ ခုနှစ်များအတွင်း စစ်သေနာပတိချုပ်၊ စစ်ဝန်ကြီးတာဝန် ထမ်းဆောင်စဉ် မိန့်ကြားခဲ့သော အဖိုးတန်ရှား ပါး၍ သမိုင်းတန်ဖိုးကြီးမားလှသည့် ဂျပန်ခေတ်ထုတ် ဗမာ့ခေတ်သတင်းစာကြီးမှ ရှားပါးမိန့်ခွန်းအချို့ကို လေ့လာစုဆောင်းမိသမျှ ဖော်ထုတ်တင်ပြခြင်းဖြစ်ပါသည်။

ကျမ်းကိုး

၁။ ဂျပန်ခေတ်ထုတ် ဗမာ့ခေတ်သတင်းစာ ကြီး (၁၉၄၂၊၁၉၄၃၊၁၉၄၄ခုနှစ်) ထုတ်မှ ကောက်နုတ်ချက်များ။

၂။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်းများ (စစ်ကိုင်းဟန်တင်) (၁၉၈၅ ခုနှစ်)

၃။ တပ်မတော်သမိုင်း(၁၈၂၄-၁၉၄၅ခုနှစ်) (ပထမတွဲ)

မြန်မာသံတော်ဆင့်သတင်းဌာန

မီဒီယာဖိနှိပ်မှုရပ် မန္တလေးဆန္ဒပြပွဲက သတင်းသမား တဦးရဲ့ ကင်မရာ ပေါက်ခွဲမှု သရုပ်ပြ
Photo..DVB
အာဏာ ဆက်လက် ကိုင်စွဲလိုသူတွေရဲ့ နိုင်ငံရေး အစီအမံအတွက် အန္တရာယ်ရှိတဲ့ သတင်းမီဒီယာ သမားတွေကို ထောင်ထဲ ထည့်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်ဟောင်းအုပ်စု စိတ်ကြိုက် ဆောင်ရွက်မှုတွေကို ဖုံးကွယ်နိုင်ဖို့ ဆောင်ရွက်လာ . . .

ကြားရ၊ သိရ၊ ကြုံရတာတွေကတော့ ရင်မောလှဖွယ်ရာတွေပဲ ပြည်သူလူထုကြီးခင်ဗျာ။

ဘယ်မျှ ဆိုရင်တော့ လင်းယုန်မှာ ခပ်ဟဟတောင် “ဟဲ ..ဟဲ ..ဟဲ” မရဲတော့ လောက်အောင်ပဲ ခင်ဗျ။

ဘာကြောင့်ဆိုတော့ ဘယ်အချိန်များ ဘယ်ပုဒ်မတပ်ပြီး အမြင်ကတ်မှုနဲ့ ဆွဲခံရမလဲ ကြောက်နေရ မဟုတ်လား ခင်ဗျာ။ ပြည်သူလူထုကြီးလည်း သိပြီး ဖြစ်မှာပါ ခင်ဗျ။

လင်းယုန်တို့ သတင်းစာ လောကထဲ ရန်သူမျိုးငါးပါးထဲက တစ်ပါး၊ရဲ့ဒဏ်ကို အလူးအလဲ ခံနေရ မဟုတ်လား ခင်ဗျာ။

ဟိုသီချင်းလေး သတိရမိတယ် ခင်ဗျ။

““ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ သူခိုး၊ ဓားပြထက် ဆိုးတဲ့ရန်သူပါ”” ဆိုတာပေါ့ ခင်ဗျာ။

( “မီးဘေးရှောင် မလောင်ခင်တားကြပါ” ဆိုတဲ့ သီချင်းပါခင်ဗျာ။ တစ်မျိုးမထင်ကြပါနဲ့။ အခုဟာက မီးထက်ဆိုးတဲ့ “…”ဘေးဆိုတော့ ပိုလို့ ကြောက်ရတယ် ခင်ဗျ။ မဟုတ်တမ်းတရား မပြောဝံ့ပါဘူးခင်ဗျာ။

တော်ကြာနေ ပြောခွင့်ရကြီးက တောင်းပန်မှ ပြန်လွှတ်ပေးမယ်ဆိုရင် အခက်ခင်ဗျ၊ ဟဲ ..ဟဲ)

ပြောရမယ်ဆိုရင်တော့ ကြွားတာ မဟုတ်ဘူးခင်ဗျ။ လင်းယုန်တို့ သတင်းစာသမားတွေဟာ တော်ရုံ လောက်တော့ မဖြုံတဲ့သူတွေ ခင်ဗျ။ သို့သော်လည်း ယခုအခါတော့ သတင်းထောက် အယောက် (၅၀) နီးပါးလောက်ကိုတောင် တရားစွဲမယ် ဆိုလေတော့ ဒီအစိုးရမျိုးရဲ့ အာဏာပြင်းမှုကို မကြောက် ဘယ်နေကြ ပါ့မလဲနော့ လူထုကြီးခင်ဗျာ။

အစကနဦး အကြောင်းရင်းဖြစ်တဲ့ ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိနဲ့ သတင်းထောက်(၄)ဦးကို တရားစွဲပြီး ထောင်(၁၀)နှစ်စီ ပြစ်ဒဏ်ချတာကနေစပြီး မီဒီယာတွေကို သွယ်ဝိုက်၍တစ်ဖုံ၊ တိုက်ရိုက်တစ်မျိုး ဖိနှိပ်လာမှု အမျိုးမျိုးတွေနဲ့ ရဲသတင်းတပ်ဖွဲ့က ဂျာနယ်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို ခေါ်ယူ စစ်ဆေးတာ၊ အစိုးရအဖွဲ့က အယ်ဒီတာတွေကို သတင်းရေးသားမှုအပေါ် ခေါ်ယူစစ်ဆေး သတိပေး တာတွေကနေ ယခုသမ္မတရဲ့ ခရီးစဉ်အတွင်း သတင်းမီဒီယာအပေါ် ဖိနှိပ်ချုပ်ချယ် အရေးယူမှုတွေကို အသံတိတ် ဆန္ဒပြကြတဲ့ သတင်းသမား (၅၀) ကျော်ကို တရားစွဲမှုအထိ ပြည်သူလူထု အနေနဲ့ မျက်ခြည်မပြတ် မြင်သိ ကြားသိနေရမို့ လင်းယုန်အနေနဲ့ အကျယ်တ၀င့် မပြောတော့ပါဘူး ခင်ဗျာ။

( မြန်မာနိုင်ငံဟာ ဒေသအတွင်း နိုင်ငံတွေထဲ မီဒီယာ လွတ်လပ်မှု အရှိဆုံးလို့ သတင်းသမားတွေရဲ့ ဆန္ဒပြမှု မတိုင်ခင် ရက်ပိုင်းလေးကမှ သမ္မတက ပြောထားတာဆိုတော့ အစိုးရရဲ့ဖိနှိပ်မှုတွေဆိုပြီး ဇာတ်ကြောင်းလှန် ပြောလို့ သမ္မတကို ကဏ္ဍကောစ လုပ်တယ်ဆိုကာ အမျက်ရှမှာလည်း ကြောက်ရတယ် မဟုတ်လားခင်ဗျ၊ ဟဲ ..ဟဲ )

ယခုလို အစိုးရက သတင်းမီဒီယာအပေါ် လုပ်ဆောင်နေမှုတွေကို သုံးသပ်မှု အမျိုးမျိုးတော့ ပြုနေကြတာပဲ ခင်ဗျ။ ဒီအထဲမှာ အစိုးရရဲ့ အစီအမံညံ့ဖျင်းမှုတွေနဲ့ အစိုးရ အဖွဲ့ဝင်တွေရဲ့ မဖွယ်မရာ ပြုမူဆောင်ရွက် တာတွေကို သတင်းမီဒီယာတွေက မပြတ်တမ်း ဖော်ထုတ်ရေးသား နေတာကြောင့် ယခုအစိုးရဟာ သူတို့ရဲ့ စစ်အာဏာရှင် ဉာည်မပျောက်ဘဲ ဖိနှိပ်မှုတွေပြုပြီး ထိန်းချုပ်ဖို့ ဆောင်ရွက်လာတာလို့ သုံးသပ်မှုကတော့ အများဆုံးပဲ ခင်ဗျ။ လင်းယုန် အနေနဲ့ကတော့ ထိုမျှလောက် မကဘဲ အခြားနိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်တွေ လည်းရှိမယ်လို့ တွေးမြင်မိတယ်ခင်ဗျ။

လင်းယုန်ရဲ့ သဘောထားကို တင်ပြရရင်တော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲပြီး ကာလမှာ စစ်အာဏာရှင် အစိုးရနဲ့ ယင်းတို့ရဲ့ စစ်အာဏာရှင် အသွင်ပြောင်း အစိုးရတို့က သတင်းမီဒီယာနဲ့ ပတ်သက်လို့ ပြုမူ ဆောင်ရွက်ချက်တွေကို ယခုဖြစ်စဉ်များနဲ့ ချိန်ဆ မိသင့်ကြောင်း ပြောချင်တာပါပဲခင်ဗျ။

စစ်အာဏာရှင် အစိုးရ လက်ထက်လို့ ပြောတာကြောင့် ယင်းတို့ လက်ထက်မှာ နှစ်ပေါင်းများစွာ သတင်း မီဒီယာ ဖိနှိပ်မှု ခံခဲ့ရတာပဲ ထူးဆန်းသလားလို့တော့ အပြောမစောကြပါနဲ့ ခင်ဗျ။ ထိုသို့ ဖိနှိပ်ခဲ့မှုကြောင့်ပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်အစိုးရ စိတ်ကြိုက် ဆောင်ရွက်ခဲ့မှုတွေကို ထင်သာမြင်သာ သိခွင့်မရခဲ့ဘဲ ယခုအာဏာရ အစိုးရဖွဲ့ ဖြစ်လာခဲ့တာပဲ မဟုတ်လား ခင်ဗျာ။

အဲ .. ထိုသို့ အာဏာရလာတဲ့ ယခုအစိုးရ လက်ထက်မှာတော့ အကြီးမားဆုံး သတင်းမီဒီယာ ဖိနှိပ် ချုပ်ချယ် ဖိနှိပ်မှုကြီးဖြစ်တဲ့ စာပေစိစစ်ရေး ဆိုတာကို ဖျက်သိမ်းပြီး ဒီမိုကရေစီ အစိုးရလို့ မီဒီယာမှာ နာမည်ကောင်း ရအောင် လုပ်ခဲ့လေတယ် မဟုတ်လားခင်ဗျာ။ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးကြောင်း နာမည် ကောင်းရခဲ့တဲ့ အစိုးရဟာ တစ်ဖက်မှာတော့ မီဒီယာ လွတ်လပ်ခွင့်ကို ကုလားဖန် အမျိုးအမျိုး ထိုးခဲ့ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲ နီးလာချိန်မှာ မီဒီယာ ဖိနှိပ်မှုတွေကို ထင်ထင်ပေါ်ပေါ် အရှိန်မြှင့် ဆောင်ရွက်လာတာ ဖြစ်တယ် ခင်ဗျ။

ဒါဟာ လင်းယုန်တင်ပြခဲ့သလို နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက် ရှိတယ်လို့ သုံးသပ်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း စစ်အာဏာရှင် အသွင်ပြောင်းအဖြစ် အာဏာ ဆက်လက်ကိုင်စွဲလို သူတွေရဲ့ နိုင်ငံရေး အစီအမံအတွက် အန္တရာယ်ရှိတဲ့ သတင်းမီဒီယာ သမားတွေကို ထောင်ထဲ ထည့်ထားပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်ဟောင်းအုပ်စု စိတ်ကြိုက် ဆောင်ရွက်မှုတွေကို ဖုံးကွယ်နိုင်ဖို့ ဆောင်ရွက်လာတာ ဖြစ်နိုင်တယ် ခင်ဗျ။

ဒါဟာ စစ်အာဏာရှင် အသွင်ပြောင်း အာဏာရ အုပ်စုအနေနဲ့ အတိုက်အခံ နိုင်ငံရေးသမားများ၊ အင်အားစုများထက် မီဒီယာကို ပိုမိုစိုးရိမ်ဖွယ်ရာအဖြစ် ကြောက်ရွံ့ ကြတာကြောင့်ပဲ ခင်ဗျ။

( ဟဲ ..ဟဲ၊ ဒါတော့ ငြင်းနိုင်ကြမယ် မထင်ဘူး ခင်ဗျ။ )

ဒါ့အပြင် ယခုအာဏာရနေတဲ့ စစ်အာဏာရှင်ဟောင်း အုပ်စုအစိုးရဟာ သတင်း မီဒီယာများရဲ့ ဖော်ထုတ် တင်ပြမှုတွေကြောင့် ဟန်ဆောင် မျက်နှာဖုံးတွေ ကွာကျကာ ဒီမိုကရေစီ အစိုးရလို့ နာမည်ကောင်း မရတော့ဘဲ နာမည်ပျက်နေပြီမို့ ၂၀၁၅ မှာ ၎င်းတို့အုပ်စုဝင်တွေ အာဏာရပြီး ဖမ်းဆီးထားတဲ့ သတင်းမီဒီယာ သမားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့လို့ သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိကြောင်း ပြကြရင်ဖြင့် နာမည်ကောင်း ရနိုင်စရာရှိတယ် မဟုတ်လားခင်ဗျ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ ကြံတယ် ထင်ရခင်ဗျ။ ( ဟဲ ..ဟဲ )

ဒါနဲ့ … ပြောရအုံးမယ် ခင်ဗျ။

သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ ယခုလို ဆောင်ရွက်မှုတွေကို ကြုံရတော့ လင်းယုန် မှတ်သားမိတဲ့ ဖြစ်ရပ်တစ်ခုကို သတိရမိပြန်တယ်ခင်ဗျ။ ဒီတစ်ခါတော့ မြန်မာ့သမိုင်းကြောင်း ဖြစ်ရပ်များထဲက မှတ်သား ထားမိတဲ့ ဖြစ်စဉ် မဟုတ်ဘူးခင်ဗျ။ မြန်မာနိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံမှာ ၁၉၆၃ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့တဲ့ကိစ္စ ခင်ဗျ။

( သမ္မတက ဒေသတွင်း နိုင်ငံတွေ အတွင်းမှာ မြန်မာနိုင်ငံဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် အရှိဆုံးလို့ ပြောတော့ လင်းယုန်လည်း ကြီးကြီးကျယ်ကျယ် လေထွားချင်စိတ်ပေါက်လို့ ပြောတာဖြစ်ပါတယ် ခင်ဗျ၊ ဟဲ ..ဟဲ )

ဒီလိုခင်ဗျ။ ၁၉၆၃ ခုနှစ် အတွင်းတုန်းက ပါကစ္စတန်နိုင်ငံမှာ စစ်တပ်ရဲ့ နောက်ကွယ်က ကြိုးဆွဲထားမှု ရှိတယ် လို့ သုံးသပ်ကြတဲ့ သမ္မတ အယွတ်ခန် ဦးဆောင်တဲ့ ပါကစ္စတန် အစိုးရဟာ သတင်းစာ ဆရာတွေကို ဖမ်းဆီး ထောင်ချပြီး သတင်းစာတွေရဲ့ သတင်းဖော်ပြမှုအပေါ် ဖိနှိပ် ချုပ်ချယ်တဲ့ တစ်ချက်လွှတ် အမိန့်တစ်ရပ်ကို ချမှတ် ခဲ့တယ်ခင်ဗျ။

အကြောင်းကတော့ ထိုနှစ် အပိုင်းအခြားအတွင်းမှာ ပါကစ္စတန် သတင်းစာတွေက အစိုးရကို ဝေဖန်တဲ့ အ ကြောင်းအရာတွေ သောသောညံအောင် ဖော်ပြခဲ့တာကြောင့်ပဲခင်ဗျ။ အပြင်းထန်ဆုံးကတော့ ၁၉၆၃ ခုနှစ်၊ သြဂုတ်လ အတွင်းမှာ ပါကစ္စတန် ပါလီမန် အမတ်များက သမ္မတ အယွတ်ခန်အစိုးရကို အပြင်းအထန် ပြစ်တင် ဝေဖန်တဲ့ သတင်းတွေကို သတင်းစာတွေက ဆက်တိုက် ဖော်ပြခဲ့တာပဲခင်ဗျ။ ဒါကြောင့် သမ္မတ အယွတ်ခန် အစိုးရဟာ သတင်းစာဆရာ အများအပြားကို ဖမ်းဆီးထောင်ချခဲ့ပြီး သတင်းစာတွေရဲ့ သတင်းရေးသားမှုကို ဖိနှိပ်ချုပ်ချယ်တဲ့ တစ်ချက်လွှတ် ဥပဒေအမိန့်ကို ထုတ်ပြန်ခဲ့တာပဲ ဖြစ်တယ်ခင်ဗျ။

ဘာကြောင့်လဲဆိုတော့ သတင်းစာတွေရဲ့ ဖော်ထုတ် တင်ပြမှုကြောင့် သမ္မတ အယွတ်ခန် အစိုးရဟာ လူထုရဲ့ ထောက်ခံမှု ကျဆင်းလာပြီး အာဏာလက်လွှတ် ရနိုင်တာကြောင့် အာဏာ လက်မလွှတ်လိုတဲ့ စစ်ဗိုလ်တွေက သမ္မတ အယွတ်ခန် အစိုးရကို နောက်ကွယ်က ကြိုးဆွဲ ခိုင်းစေကြတာကြောင့်လို့ သမိုင်းမှတ်တမ်းတွေမှာ သုံးသပ် ဖော်ပြခဲ့တယ်ခင်ဗျ။

ပါကစ္စတန် အစိုးရရဲ့ ထိုဖိနှိပ်မှုကို သတင်းစာ အသင်းအဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူလူထုကနေ ကန့်ကွက် ခဲ့ကြသလို မတရား ဖမ်းဆီးထောင်ချခံရတဲ့ သတင်းစာဆရာတွေကို ပြန်လွှတ်ပေးရေး၊ ထပ်မံမဖမ်း ဆီးရေး၊ မတရားဖိနှိပ်တဲ့ ဥပဒေကို ရုပ်သိမ်းဖို့နဲ့ တရားလွှတ်တော် (သို့မဟုတ်) တရားလွှတ်တော်ချုပ်က တရားရေး ၀န်ကြီးတစ်ဦး ခေါင်းဆောင်ပြီး အစိုးရနဲ့ သတင်းစာလောက နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးဖို့ တောင်းဆိုချက်တွေကို အစည်းအဝေးပွဲတွေ၊ လူထုစုဝေး ကန့်ကွက်ပွဲ တွေပြုလုပ်ပြီး နိုင်ငံအ၀ှမ်း တစ်ခဲနက် တောင်းဆိုခဲ့ကြတယ်ခင်ဗျ။ ထိုသို့ ဆောင်ရွက်ပေးမှု မရှိရင် သတင်းစာ ဆရာတွေအပြင် လူထုတစ်ရပ်လုံးကပါ နိုင်ငံတစ်ဝှမ်း သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းတွေ ပြုလုပ်ဖို့လည်း စီစဉ် ခဲ့တယ်ခင်ဗျ။

ဒီလို ဆောင်ရွက်ခြင်း မပြုနိုင်အောင် သမ္မတ အယွတ်ခန်အစိုးရက ပုဒ်မ ၁၄၄ ကို ထုတ်ပြန် ကြေညာပြန်တယ် ခင်ဗျ။ ဒါပေမဲ့လည်း ၁၉၆၃ ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့မှာ ပါကစ္စတန် သတင်းစာဆရာတွေနဲ့ သတင်းစာ လုပ်သားတွေဟာ လက်ပတ်နက်တွေ ၀တ်ဆင်ပြီး တညီတညွတ်တည်း (၂၄)နာရီ သပိတ်မှောက်မှုကို ဆောင်ရွက် ခဲ့တယ်ခင်ဗျ။ နိုင်ငံတကာ သတင်းစာတွေနဲ့ အပြည်ပြည်ဆိုင်ရာ သတင်းစာအသင်း (IPI) ကလည်း ပါကစ္စတန် သတင်းစာတွေကို ထောက်ခံပြီး သမ္မတ အယွတ်ခန် အစိုးရကို ကန့်ကွက် ရှုတ်ချ ခဲ့တယ်ခင်ဗျ။ ဒီအခါမှာတော့ သမ္မတ အယွတ်ခန် အစိုးရဟာ တင်းမာစွာ မဆောင်ရွက်နိုင်တော့ဘဲ သတင်းစာတွေကို အရှုံးပေးကာ တစ်ချက်လွှတ် အမိန့်ကို ထုတ်ပြန်ပြီး တစ်လအကြာမှာ ရုပ်သိမ်းခဲ့ရတယ် ခင်ဗျ။

ထိုဖြစ်ရပ်ဟာ သတင်းစာတွေက အုပ်စိုးသူ အစိုးရရဲ့ဖိနှိပ်မှုကို တွန်းလှန် နိုင်ခဲ့တဲ့အတွက် ပါကစ္စတန် သတင်းစာတွေရဲ့ အောင်ပွဲအဖြစ် ကမ္ဘာ့သတင်းစာ သမိုင်းနဲ့ ကမ္ဘာ့နိုင်ငံရေး သမိုင်းမှာ မှတ်တမ်း ၀င်ခဲ့တယ် ခင်ဗျ။

လင်းယုန် ယခုတင်ပြတဲ့ ဖြစ်ရပ်အတွင်းမှာ ကမ္ဘာ့ သတင်းစာလောကအတွင်း နိုင်ငံတစ်နိုင်ငံမှာ သတင်းစာ တွေကို အစိုးရက ဖိနှိပ်မှုပြုခြင်းအပေါ် ထင်ရှားလှတဲ့ စကားတစ်ခွန်းလည်း ပေါ်ထွက်ခဲ့တယ် ခင်ဗျ။ အဲဒီ စကားကတော့ သတင်းစာတွေကို သမ္မတအယွတ်ခန် အစိုးရက ဖိနှိပ်မှုတွေ ပြုလုပ်နေတဲ့ အချိန်အတွင်း စက်တင်ဘာလ (၆)ရက်နေ့မှာ အရှေ့ပါကစ္စတန် ပြည်နယ်၊ ဒက္ကားမြို့ မြင်းပြိုင်ကွင်းအတွင်း အစိုးကို ကန့်ကွက် ရှုတ်ချတဲ့ လူထုစည်းဝေးပွဲမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ နုရူး အမင်း ပြောကြားခဲ့တဲ့ ““ပါကစ္စတန်သည် လူရိုင်းနိုင်ငံဘ၀သို့ ရောက်နေပြီ။ အာဖရိကမှ လူတွေသည်ပင် ကျုပ်တို့ထက် အခွင့်အရေး ရှိကြပါတယ်””လို့ ပြောကြားချက်ပဲ ခင်ဗျ။

ပြည်သူလူထုကြီး ခင်ဗျာ။ လင်းယုန်တို့ရဲ့ လက်ရှိ မြန်မာနိုင်ငံကတော့ ဘယ်သို့သော နိုင်ငံဘ၀ရောက် နေသလဲ ဆိုတာကို ပြည်သူလူထုကြီးသာ ဆုံးဖြတ် ကြပါတော့ခင်ဗျ။

( သမ္မတကတော့ ဒေသတွင်း နိုင်ငံတွေထဲ သတင်းမီဒီယာ လွတ်လပ်ခွင့် အရှိဆုံးလို့ ပြောတာပဲခင်ဗျ။ သို့ပေမယ့် လင်းယုန် တွေးမြင်မိတာတော့ လင်းယုန်တို့ သတင်းသမားတွေဟာ မျက်နှာကို ဆေး ရောင်စုံ ခြယ်ပြီး ခေါင်းမှာ ငှက်မွေးတွေ စိုက်လို့ ကင်မရာနဲ့ ရီကော်ဒါအစား ၀ါးချွန်ကိုင်ကာ တောကြီးမျက်မည်းထဲ လျှောက်ပြေး နေရပုံကိုပဲ ခင်ဗျ၊ ဟဲ ..ဟဲ )

လင်းယုန်ရဲ့ ယခု တင်ပြလိုရင်းကို ပြည်သူလူထုကြီးနဲ့ လင်းယုန်တို့ သတင်းစာ မီဒီယာ လောကသားများ သဘောပေါက် ကြမယ်လို့ ထင်ပါတယ် ခင်ဗျ။

လင်းယုန် အနေနဲ့ကတော့ လာမယ့်ဘေးပြေးတွေ့ ““မရဲသော်လည်းပြေးခဲစေ””လို့သာ ဆိုရမှာပဲခင်ဗျ။ ယခုတင်ပြတဲ့ ဖြစ်ရပ်အပြင် ကမ္ဘာ့ သတင်းစာသမိုင်းမှာ အာဏာကိုင်ကာ ထင်ရာစိုင်းတတ်တဲ့ အုပ်စိုးသူ အစိုးရမျိုးတွေရဲ့ ဖိနှိပ်မှုတွေကို သတင်းစာတွေက တွန်းလှန် အောင်ပွဲခံခဲ့တဲ့ သမိုင်း အစဉ်အလာတွေ အများကြီး ရှိပါတယ် ခင်ဗျ။

ပြည်သူလူထုကြီးနဲ့ သတင်းစာ မီဒီယာလောကသားများ ခင်ဗျာ။

လင်းယုန်တို့ မြန်မာနိုင်ငံကျမှ သမိုင်းပျက်ရတဲ့ အမည်းကွက်မျိုး မဖြစ်ပါစေနဲ့လို့ တိုက်တွန်း လိုက်ပါရစေ ခင်ဗျ။

( အစိုးရမင်းများကိုတော့ အာဏာစက် ပြင်းလွန်းတာကြောင့် ကြောက်ရွံ့ထိတ်လန့် လွန်းသမို့ မည်သို့မှ မပြောဝံ့ ပါဘူးခင်ဗျ။ မြန်မာ့ဇာတ်သဘင်မှာ ထင်ရှားလှတဲ့ ချင်းဖဝေးဇာတ်ထုပ်ထဲက ““ယာတောအလယ်က ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့ နင်ဆင်ခြင်အုံး”” ဆိုတဲ့ စာသားလေးကိုပဲ ညည်းနေမိပါတယ် ခင်ဗျာ။ လင်းယုန်တို့ သတင်းစာသမားတွေက ရန်သူမျိုး ငါးပါးတော့ ကြောက်တတ်တယ် ခင်ဗျ။ ဟဲ ..ဟဲ ..ဟဲ )

မြန်မာသံတော်ဆင့်သတင်းဌာန

ကျော်မင်းဆွေ

နာရီပိုင်းလောက်အလိုမှ ကပ်ပြီး အာဇာနည်နေ့အခမ်းအနားနဲ့ တူအောင် ကျင်းပဖို့ ပြည်ထောင်စုအစိုးရဆီက အမိန့်ရလို့ ကုန်ခဲ့တဲ့ အနှစ် ၅၀လောက်အတွင်း ဘယ်နှစ်ကနဲ့မှ မတူအောင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အရိုအသေပေးခဲ့တဲ့ ၁၉ ဇူလိုင်ပွဲလို့ ပြောရမလားပဲ။ ဗိုလ်ချုပ်ကြီး ရာထူးမရသေးခင် ကာလကို မှတ်တမ်းတင်တာတောင် ဗိုလ်ချုပ်ကြီးလို့ ကြိုခေါ်၊ ကြိုရေးတဲ့ ဥပဒေဆရာကြီးတစ်ယောက် အလွန်တရာ ချီးမြှောက်ပင့်တင် ဦးထိပ်ပန်ဆင်ခဲ့တဲ့ ဦးနေဝင်းလက်ထက်မှာတောင် သူကိုယ်တိုင် ဂါရဝပြုတာ တစ်ကြိမ်လား၊ နှစ်ကြိမ်လားပဲရှိခဲ့တယ်။ ဦးနေဝင်းနောက်ပိုင်း ကာလတွေကတော့ သိတဲ့အတိုင်းပဲ။ ပြောပြ၊ ရေးပြနေရင် စိတ်တို၊ စိတ်မကောင်း၊ ဝမ်းနည်းတာပဲ အဖတ်တင်မှာမို့ မပြောတော့ဘူး။

ဘာပဲပြောပြော ဒီနှစ် အာဇာနည်နေ့ကိုတော့ အတော်အားရကျေနပ်မိတယ်။ ဒီလို ကျင်းပပေးတဲ့သူတွေကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်တယ်။ မှတ်တမ်းလည်း တင်တယ်။ ပဋိပက္ခတွေ၊ ပြဿနာတွေကြောင့် ပူလောင်စပြုနေတဲ့ ပြည်သူတွေနဲ့ အစိုးရအကြားက နားလည်မှုအလွဲ၊ ယုံကြည်မှုအလွဲ တင်းမာမှုအရှိန်တွေကို ဒီနှစ် အာဇာနည်နေ့ အခမ်းအနားက အတော်ကြီး လျှော့ချပေးကောင်း ပေးနိုင်လိမ့်မယ်။ ပီအာ ဆိုတာ ဘယ်လိုအချိန်မှာ ဘယ်လို လုပ်ရသလဲ ဆိုတာကို ကောင်းကောင်း သိသွားကြတဲ့ပွဲလို့လည်း ဆိုရမယ်။

ဒါပေမယ့် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျန်ရစ်သူတွေအပေါ် အလေးထား၊ အသိအမှတ်ပြုမူတော့ သိပ်ကို အားနည်းလွန်းတယ်။ ချွေးနှဲစာနဲ့ ကိုယ့်အားကိုယ်ကိုး၊ ပညာကို အခြေပြုပြီး ကြိုးစားကြီးပွားလာသလား၊ ဘယ်လိုနည်းနဲ့ ချမ်းသာလာသလဲ ကိုယ့်ဘာသာကိုယ် သိနေတဲ့ ခရိုနီတွေ၊ စစ်ဝတ်စုံလေး သုံးထည်ပဲ ကိုယ်ပိုင်ရှိတဲ့ ကျနော်တို့ရဲ့ ဗိုလ်ချုပ်နဲ့ အချိန်မရွေး နှိုင်းယှဉ်လို့ ရ မရ ကာကယံရှင်တွေရော ပြည်သူတွေရော သိတဲ့ ဒီနေ့ ဗိုလ်ချုပ်တွေနဲ့ သူတို့ ဇနီးမယား၊ သမီးသားတွေ နန်းတော်လို အိမ်ကြီးတွေမှာနေ၊ နောက်ဆုံးပေါ်ကားတွေ၊ ပစ္စည်းတွေ ထည်လဲ သုံး၊ ဆံပင်ကို ဘန်ကောက်မှာ သွားလျှော်၊ ညှပ်၊ ခေါင်းမူး၊ ဗိုက်နာလို့ စင်ကာပူသွားကုပြီး ပိုက်ဆံသုံးစရာ နေရာလိုက်ရှာနေတဲ့အချိန်မှာ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျန်ရစ်သူမိသားစုတွေခမျာ ဝမ်းရေးကို မနည်းရုန်းကန်နေကြရတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတစ်ယောက်စီကို ပင်စင်အနေနဲ့ မြန်မာငွေ တစ်ထောင်ကျပ်တိတိ ချီးမြှင့်ပြီး ဂုဏ်ပြုခဲ့တာကလွဲပြီး ဒီကနေ့အထိ ဘာမှ အသိအမှတ်မပြုတော့ဘူး။

ကျနော်တို့က အာဇာနည်နေ့ရောက်ရင် ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကိုပဲ အောက်မေ့သတိရနေကြတာ။ တိုင်းပြည်အတွက် အသက်ပေးခဲ့ကြသူတွေ ကျန်ရစ်ခဲ့တဲ့ မုဆိုးမတွေနဲ့ သားသမီးတွေ ဘယ်လို ရုန်းကန်ရစ်ကြပါလိမ့်လို့ တွေးမိသူ မရှိသလောက်ပဲ။ အဲဒါကြောင့် ဒီတစ်ပတ် စနေထုတ် The Voice Weekly မှာ ကျန်ရစ်တဲ့သူတချို့(လက်လှမ်းမီသလောက်)ရဲ့ အခြေအနေနဲ့ ခံစားချက်ကို ထင်ဟပ်ဖော်ပြခဲ့တာ။ အဲဒီအတွက် ကျေနပ်မိတယ်။

ဒီနှစ်တော့ အာဇာနည်နေ့အတွက် ရည်စူးပြီး ခေါင်းကြီးနှစ်ပုဒ်နဲ့ အယ်ဒီတာ့ စကား တစ်ပုဒ် ရေဖြစ်တယ်။ ဘယ်နှစ်မှ ဒီလောက် မရေးဖြစ်ဖူးဘူး။ ဒီနှစ်ရဲ့ ထူးခြားမှုကိုတော့ တကယ် အသိအမှတ်ပြုမိတယ်။ ကျေးဇူးတင်တယ်လို့ ထပ်ပြောပါရစေ။

အာဇာနည်နေ့အတွက် တနင်္ဂနွေထုတ် သတင်းစာအတွက် ရေးဖြစ်တဲ့ အယ်ဒီတာ့စကားနဲ့ တနင်္လာနေ့ထုတ် သတင်းစာအတွက် ရေးထားတဲ့ ခေါင်းကြီးကို တွဲပြီး မျှဝေလိုက်တယ်။ ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ပါ။
-------------------------------------------------------

ပြည်သူ့ရင်ထဲက အစဉ်အမြဲ အလင်းရောင်

အာဇာနည်နေ့ရောက်တိုင်း ကျွန်တော်တို့ ငယ်ငယ်က ဇာတိမြို့မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို သတိရမိတယ်။ ကျွန်တော်က ဒီနေ့ မ.ဆ.လ လို့ အတိုကောက် ခေါ်ကြတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့သူ ဆိုတော့ အဲဒီခေတ်က အာဇာနည်နေ့တွေ အကြောင်းကိုပဲ ပြောချင်တာ။ အဲဒီတုံးက မြန်မာတစ်ပြည်လုံးမှာ အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင်လ ၁၉ တစ်ရက်တည်း ကျင်းပတာ မဟုတ်ဘူး။

ဇူလိုင်လဆန်းကတည်းက သတင်းစာ မျက်နှာဖုံးရဲ့ ထိပ်ဆုံးမှာ ဗိုလ်ချုပ် မိန့်ခွန်းတွေထဲက မှတ်သားလောက်စရာ စကားတွေကို နေ့တိုင်း ထည့်ပေးတယ်။ ကျောင်းမှာ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ လုပ်တယ်။ စာစီစာကုံးပြိုင်ပွဲ လုပ်ပေးတယ်။ ငယ်ငယ်ကတည်းက ဗိုလ်ချုပ်နဲ့ အာဇာနည်တွေအကြောင်း ကဗျာနဲ့တစ်မျိုး၊ စကားပြေနဲ့တစ်ဖုံ အတန်းစဉ် သင်လာခဲ့ရတော့ ဗိုလ်ချုပ်ကို အင်မတန် လေးစားကြည်ညို ချစ်ခင်စိတ် ရှိတယ်။

အဲတော့ ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်တွေ အလုပ်ကြံခံရတဲ့ အကြောင်းကို ဘယ်အချိန် ကြားရ၊ ကြားရ မျက်ရည်ကျတယ်။ ဂဠုန်ဦးစောကို သိပ်မုန်းတယ်။ ရန်ကြီးအောင်၊ သက်နှင်း၊ မောင်စိုး၊ မောင်စိန်၊ ခင်မောင်ရင်၊ မောင်နီ၊ မှုံကြီး၊ သုခ တို့ရှစ်ယောက်ကိုလည်း သိပ်မုန်းတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည် ခေါင်းဆောင်တွေကို ချစ်ခင်လေးစားမှု၊ နှမြောတသမှု၊ အဲဒါနဲ့ ညီမျှတဲ့ ဆန့်ကျင်ဘက် အမုန်းတရား ခံစားချက်နှစ်ခုကို အာဇာနည်နေ့ ရောက်တိုင်း ခံစားရတယ်။

ဒါပေမဲ့ အာဇာနည်နေ့ရောက်တိုင်း ဗိုလ်ချုပ်တို့တစ်တွေကို လွမ်းသူ့ပန်းခွေချ အလေးပြုရင်း ဗိုလ်ချုပ်တို့ မျှော်မှန်းခဲ့တဲ့ လူ့အဖွဲ့အစည်း၊ တိုင်း၊ နိုင်ငံမျိုး ဖြစ်အောင် ရှေ့ဆက်ချီတက်ကြဖို့ သန္နိဋ္ဌာန် ချဖြစ်ကြတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ ကျွန်တော်တို့ ချီတက်တဲ့ လမ်းကြောင်းက ဗိုလ်ချုပ် သွားစေချင်တဲ့လမ်း မဟုတ်တဲ့ မှော်ရုံတောမှာ တဝဲလည်လည် လမ်းမှားနေခဲ့တယ်။

မှားမှန်းသိတဲ့အတွက် ၁၉၈၈ ခုနှစ်မှာ လူထုအုံကြွမှုကြီးနဲ့ ပြင်ဖို့ ကြိုးစားခဲ့ကြတယ်။ ကံမကောင်း အကြောင်းမလှတဲ့အတွက် ပိုဆိုးတဲ့ မှောင်မှောင်မည်းမည်း လမ်းကြောင်းပေါ် ရောက်သွားပြန်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေလည်း သူတို့ချစ်တဲ့ ပြည်သူတွေနဲ့အတူ အမှောင်ထဲမှာပဲ နေရတော့တာပေါ့။

ဟော.. အခု အရုဏ်ကျင်းလို့ ရောင်နီထွက်စ ကာလကို ရောက်လာပြီ။ ဖုန်အလိမ်းလိမ်း၊ ကြေးညှိ အထပ်ထပ် တက်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေလည်း သူ့ကို လေးစားချစ်ခင်တဲ့ ပြည်သူတွေကပဲ တိုက်ချွတ် ဆေးကြောလိုက်လို့ အရောင်ပြန်ထွက်လာပြီ။ ဒါပေမဲ့ လောလောဆယ်မှာ တိမ်ထူပြီး မိုးအုံ့တဲ့ ရက်တွေ များနေသေးတော့ ရှိသမျှ အရောင်အဆင်း ထွန်းလင်းတောက်ပခွင့် မသာသေးဘူး။

အုံ့ဆိုင်း၊ မှုန်မှိုင်းနေတဲ့ နေ့စွဲတွေက သိပ်မကြာတော့ဘူးလို့ ထင်ရပေမယ့် ကမ္ဘာကြီးပူနွေးမှုနဲ့ မြန်မာပြည်က တို့မီး၊ ရှို့မီး အပူတွေပေါင်းပြီး ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန် ဖြစ်နေလို့ နေသာမယ့် နေ့ရက်တွေ စောင့်နေတုန်း။

ဒါပေမဲ့ မြန်မာပြည်သူတွေရဲ့ စိတ်သန္တာန်မှာတော့ ဗိုလ်ချုပ်ရဲ့ အရောင်အဆင်းနဲ့ လမ်းညွှန်ချက်တွေက အစဉ်ဝင်းလက် တောက်ပမြဲ၊ ဗိုလ်ချုပ်အပေါ် လေးစား၊ ချင်ခင်၊ ကြည်ညိုတဲ့ စိတ်တွေက ထာဝရ ကိန်းအောင်းမြဲ၊ ဗိုလ်ချုပ် ရောက်စေချင်တဲ့ လူ့ဘောင်နဲ့ နိုင်ငံတည်ဆောက်ဖို့ မပြတ် အားထုတ်နေမြဲလို့ ဆိုချင်တယ်။

အယ်ဒီတာ (၁၉-၇-၂၀၁၄)
-----------------------------

ပြဿနာတိုင်းအတွက် လွယ်ကူသော အဖြေ

ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသည် နှစ်ပေါင်း ၂၀ အတွင်း အထူးခြားဆုံး အားရကျေနပ်ဖွယ် အကောင်းဆုံး၊ ပြည်သူလူထုကို နှစ်သိမ့်မှုအပေးနိုင်ဆုံး အခမ်းအနားဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမှာ အာဏာသုံးရပ်စလုံးမှ တာဝန်ရှိ အကြီးအကဲအားလုံး အာဇာနည်နေ့ကို တရားဝင် အသိအမှတ်ပြု ဂါရဝထားလာသောကြောင့်ဖြစ်သည်။

နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ဗိုလ်ချုပ်နှင့် ကျဆုံးခဲ့သော အာဇာနည်များအတွက် သံဃာတော်များအား ဆွမ်းကပ် အမျှပေးဝေခြင်း၊ ရန်ကုန်မြို့တော်ရှိ အာဇာနည်ဗိမာန်သို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နှင့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ကိုယ်တိုင် လာရောက် ဂါရဝပြုခြင်း၊ ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သော အတွင်းဝန်များရုံးဟောင်းကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ကြိုတင်ကြေညာမထားပဲ ရုတ်တရက် ဖွင့်ပေးကာ ပြည်သူကို ကြည့်ရှုခွင့်ပြုခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ၁၀နာရီ ၃၇မိနစ်တွင် ဥသြသံ ပြန်လည်ထုတ်လွှင့်ပေးခြင်းတို့မှာ မည်သည့်နှစ်နှင့်မျှ မတူအောင် ထူးခြားသည့် ဆောင်ရွက်ချက်များ ဖြစ်သည်။

စစ်စစ်အားဖြင့် ၂၀၁၀မှ ၂၀၁၁ခုနှစ်အတွင်း စေတနာပါသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဖြင့် ဂုဏ်သတင်းမွှေးခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၃နှင့် ၂၀၁၄ခုနှစ်ကာလတို့သည် တမင်သက်သက် လွှတ်ပေးထားသည်ဟု အစွပ်စွဲခံထားရသည့် ဘာသာရေး၊ လူမျိုးရေး အရေခြုံ အကြမ်းဖက်ကျူးလွန်မှုများ၏ လက်သည်တရားခံနှင့် နောက်ကွယ်ကြိုးကိုင်သူကို မဖမ်းဆီး မဖော်ထုတ်နိုင်ခြင်း ၊ မည်သည့်ဘက်က မှားသည်၊ မှန်သည် အပထား မီဒီယာများအပေါ် ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ချ အရေးယူမှုများ တိုးမြင့်လာခြင်း၊ ယနေ့အချိန်အထိ ဈေးကွက်လက်ဝါးကြီးအုပ်မှု၊ အကျင့်ပျက်ခြစားမှုများ မထိန်းကွပ်နိုင်သေးခြင်း၊ နိုင်ငံ၏ ဓနဥစ္စာအများစုကို လူနည်းစုလက်ထဲတွင်သာ ရှိနေခြင်း၊ အောက်ခြေအဆင့်တွင် မူလစနစ်ဟောင်းအတိုင်း စီမံခန့်ခွဲ အုပ်ချုပ်နေဆဲဖြစ်ခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနေစဉ် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး သောင်မတင်ရေမကျမှု၊ အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် အငြင်းအခုံ၊ လွှတ်တော်နှင့် အစိုးရအကြား အားပြိုင်မှု စသည့် အားနည်းချက်များစွာကြောင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ နိုင်ငံတကာ၏ အသိအမှတ်ပြု ထောက်ခံမှု လျော့ကျနေချိန်ဖြစ်သည်။

ထိုအခြေအနေတွင် အာဇာနည်ဗိမာန်အပြင် ဝန်ကြီးများရုံးကဲ့သို့ အထိမ်းအမှတ်နေရာများကိုပါ ပြည်သူများ အကန့်အသတ်ဖြင့် ဝင်ရောက် ဂါရဝပြု ကြည့်ရှုခွင့်၊ ဥသြဆွဲခြင်းကဲ့သို့ အစီအစဉ်များ ဆောင်ရွက်နိုင်ရန် ဇူလိုင်လ ၁၉ရက်နေ့ အခမ်းအနား မကျင်းပမီ နာရီပိုင်းအလိုတွင် ပြည်ထောင်စုအစိုးရက ခွင့်ပြုမိန့်ပေးလိုက်ခြင်းမှာ များစွာ အပြုသဘောဆောင်သည်ဟု The Voice က ရှုမြင်သည်။

ယနေ့ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် ကြုံတွေ့ရင်ဆိုင်နေရသော အခြား ပြဿနာအခက်အခဲများကိုလည်း အာဇာနည်နေ့ အခမ်းအနား စီမံခန့်ခွဲမှုကဲ့သို့ ချဉ်းကပ်၊ သုံးသပ်၊ အကောင်အထည်ဖော် ဆောင်ရွက် ဖြေရှင်းပါက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အသိအမှတ်ပြု လက်ခံလာမည်ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ(၂၀-၇-၂၀၁၄)


မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း သတင်းမီဒီယာသမားတွေ ဖမ်းဆီးခံရတာ ၊ အပြစ်ပေး အရေးယူခံရတာ၊ ကန့်ချုပ်ချယ်မှုတွေ ပိုမို များပြားလာနေတာဟာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကျဆင်းသွားခြင်းမဟုတ်ပဲ မီဒီယာသမားတွေရဲ့ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ များလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ၀ါရှင်တန် ဒီစီမြို့မှာရှိတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနကိုရောက်ရှိစဉ် သီးခြားပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဦးရဲထွဋ်က အဲဒီလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေကို ဦးကျော်ဇံသာက တွေ့ဆုံ မေးမြန်းထားပါတယ်။

ဦးကျော်ဇံသာ။ ။ ဝန်ကြီးဦးရဲထွဋ်၊ အထူး ကျေးဇူးတင်ပါတယ်၊ ဗွီအိုအေကို (လာရောက်ခဲ့တဲ့အတွက်)။ ဒီအချိန်မှာ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သိပ်ပြီးတော့ လူပြောသူပြော များနေတဲ့အချိန်မှာ မြန်မာ့မီဒီယာလောကအတွက် အင်မတန် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် မီဒီယာနဲ့ အထိတွေ့ဆုံး အစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေးမြန်းခွင့်ရတာဟာ ကျနော်တို့အတွက် အခွင့်ထူးလို့ ယူဆပါတယ်ခင်ဗျ။ ..ဆိုတော့ ပထမဦးဆုံးက မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မီဒီယာလွတ်လပ်ခွင့်ဟာ အတော်လေး ကောင်းနေတယ်ဆိုပြီးတော့ တကမ္ဘာလုံးကပဲ လက်ခုပ်သြဘာတီးပြီးတော့ ကြိုဆိုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာကျတော့ မီဒီယာလွတ်လပ်ခွင့်အရှိန်ဟာ လျော့နည်းလာတယ်၊ ကျဆင်းလာတယ်ဆိုပြီးတော့ ဝေဖန်လာကြပါတယ်။ အဲဒီတော့ ပထမဆုံး ဘယ်လို တုံ့ပြန်ပြောချင်ပါသလဲ။

ဦးရဲထွဋ်။ ။ ပထမဆုံး ကျနော်ပြောချင်တဲ့အချက်ကတော့ မီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားတယ်၊ ယုတ်လျော့သွားတယ်ဆိုတာ ကျနော်တို့ လက်မခံပါဘူး၊ ငြင်းဆန်ပါတယ်။ ဘာက ပြဿနာဖြစ်တာလဲဆိုတော့ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာဆိုင်ရာ ပြဿနာတွေ ပိုများလာတယ်လို့ပဲ ကျနော်တို့ ပြောရမှာပါ။

ဦးကျော်ဇံသာ။ ။ ဒါပေမယ့် တလောတုန်းက ကမ္ဘာမှာ မီဒီယာလွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့ နယ်စည်းမထား သတင်းစာဆရာများအဖွဲ့ရဲ့ စာရင်းအရ ကြည့်မယ်ဆိုရင် ၂၀၁၃ မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၂၀၀ နီးပါးလောက်ရှိတဲ့အထဲမှာ ၁၅၁၊ ၂၀၁၄ နှစ်စပိုင်းမှာ ၁၄၈၊ နည်းနည်း ခုန်တက်တယ်။ ဒါပေမယ့် အရှေ့တောင်အာရှမှာ ကျန်တဲ့နိုင်ငံ အတော်များများကတော့ မြန်မာနိုင်ငံအထက်မှာ ရှိနေတုန်းပါပဲ။ အဲဒီနောက်မှာမှ မြန်မာနိုင်ငံထဲမှာ ဥပမာအားဖြင့် ဖြစ်တဲ့အမှုတွေ ကျနော်တို့ရဲ့သတင်းထောက်တွေ list လုပ်ပြထားတဲ့ဟာတွေ ကြည့်မယ်ဆိုလို့ရှိရင် DVB သတင်းထောက်ကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ချခဲ့တယ်။ တခါ နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို ဗီဇာကိစ္စနဲ့ ပြည်ပမောင်းထုတ်ခဲ့တယ်။ ယူနတီဂျာနယ်သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတယ်။ အတော်လေး ပြင်းထန်တဲ့ ပြစ်ဒဏ်ဆိုပြီးတော့ နိုင်ငံတကာက ဝေဖန်နေကြတယ်။ သတင်းထောက်ကို ထောင်ဒဏ် ၁၀ နှစ်တောင် ချတယ်ဆိုတာ။ နောက်ပြီးတော့ Bi မွန်းတည့်နေက လူတွေကို ဖမ်းတယ်၊ တချို့ဆို ထွက်ပြေးနေရတယ်၊ နောက် သတင်းဂျာနယ်တိုက်က လူတွေကို ခေါ်ပြီးတော့ တချို့ကို စစ်ဆေးတယ်၊ ဘာညာလုပ်တယ်၊ …ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ကော အကုန်လုံး သူတို့အပြစ်ချည့်ပဲလား၊ အာဏာပိုင်တွေဘက်က အားနည်းချက်ရော မရှိဘူးလို့ ပြောချင်ပါသလား။

ဦးရဲထွဋ်။ ။ ပထမဆုံး ကျနော်- ဦးကျော်ဇံသာ ညွှန်းတဲ့ အညွှန်းကိန်းပေါ့နော်- စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့အညွှန်းကိန်းကို ပြောရရင် ကျနော်တို့အနေနဲ့က အဲဒီ အညွှန်းကိန်းတွေထက် ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက် အရည်အချင်းပြည့်တဲ့၊ ကောင်းမွန်တဲ့ သတင်းတွေကို ရနိုင်သလဲ၊ သူတို့ရဲ့ ဒီမိုကရေစီရေးမှာ၊ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်တဲ့အခါမှာ၊ သူတို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို ကျင့်သုံးတဲ့အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့အတွက်၊ ကောင်းမွန်တဲ့ သတင်းအချက်အလက်တွေ ရလား မရဘူးလားဆိုတာကိုပဲ ကျနော်တို့က ပိုစိတ်ဝင်စားပါတယ်။ သူတို့ပြောတာတွေကတော့ ကျနော်တို့ အထောက်အထားတခုအနေနဲ့ ယူမယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ တန်ဖိုးမထားပါဘူး။

နောက်တခုကတော့ ဦးကျော်ဇံသာ ညွှန်းသွားတဲ့ ကိစ္စတွေပေါ့။ အဲဒီကိစ္စတွေမှာ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်းမှာ အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်တာတွေ အများကြီးရှိတယ်။ သမ္မတကြီးကို တချို့ဟာတွေဆို ပုဂ္ဂိုလ်ရေးဆန်ဆန် ပြောတဲ့ဟာတွေ ရှိတယ်။ ကျနော်တို့ ဘာမှ အရေးယူခဲ့တာတွေ မရှိဘူး။ ဦးကျော်ဇံသာ ပြောခဲ့တဲ့အမှုတွေကို ပြန်ကြည့်မယ်ဆိုရင် တဖက်က ယူနတီဂျာနယ်ဆိုရင် တကယ်ကတော့ သူရေးတဲ့သတင်းထက် သူ့ရဲ့လုပ်ရပ်ကြောင့် ကျနော်တို့က အရေးယူရတာ။ ဒီလိုမျိုး လျှို့ဝှက်ချက် အက်ဥပဒေအရ ကာကွယ်ထားတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦးတခုထဲကို အယောင်ဆောင်ပြီးတော့ ဝင်လို့ရှိရင် - ကျနော်ထင်တယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီလိုပဲ အရေးယူမှာပဲ။ ယူနတီ သတင်းထောက်တင် မဟုတ်ဘူး၊ ကျနော်ဝင်ရင်လည်း ကျနော် အရေးယူခံရမှာပဲ။

နောက်တခုက DVB သတင်းထောက် မခိုင်တို့ကိစ္စပေါ့။ ဒါတွေကျတော့ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ဆိုင်သွားတယ်။ ပုဂ္ဂလိက တစ်ဦးချင်းနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သူများအိမ်ကိုသွားတယ်။ သွားတဲ့အခါမှာ သတင်းထောက်လို့ သူမပြောဘူး၊ အထဲရောက်မှ သူ သတင်းထောက်လို့ ပြောတယ်။ ပြီးတော့ တစ်ယောက်တည်း သတင်းသွားယူမယ့်အစား တရားပြိုင်နဲ့လိုက်သွားတယ်ဆိုတော့ သူ့ရဲ့လုပ်ရပ်တွေမှာ တဘက်က အထင်မှားစရာတွေ ရှိတယ်။ အဲဒီတော့ ဒီဟာတွေ အားလုံးကို ပြန်ခြုံကြည့်ရင် ကျနော်က မီဒီယာတွေချည့်ပဲကိုလည်း အပြစ်မတင်လိုဘူး။ အစိုးရချည့်ပဲ တာဝန်ရှိတယ်လို့လည်း မပြောလိုဘူး။ သို့သော် ဒါရဲ့ ပြဿနာအကြောင်းရင်းကို ကျနော်တို့က ရှာရမယ်ဆိုရင် တစ်- ကတော့ လူငယ် စာနယ်ဇင်းသမားတွေ အများကြီးဖြစ်လာတဲ့အခါမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်တို့၊ နောက်တခါ သတင်းလုပ်ငန်း လုပ်တယ်ဆိုတာက -- လုပ်တာမဟုတ်ဘူးလေ။ သူ့မှာရှိတဲ့ ကျင့်ဝတ်တွေ၊ ဥပဒေတွေ ရှိတယ်။ ဒါတွေအားလုံးကိုလည်း နားလည်ဖို့ လိုတယ်။

နောက်တခါ အစိုးရဘက်ကလည်း ပိုပြီးတော့မှ စာနယ်ဇင်းတွေရဲ့ သဘောသဘာဝကို နားလည်ဖို့ လိုတယ်။ ဒါပေမယ့် ကျနော်ထင်တယ်။ ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ အသရေဖျက်မှုတွေ ဘာတွေနဲ့ စွဲခဲ့တာ လုံးဝ မရှိဘူး။ ဝေဖန်လို့လည်း စွဲတာ မရှိဘူး။

Bi မွန်းတည့်နေ ဆို ကျနော်တို့က ဘာလို့ စွဲလဲ၊ အခမ်းအနားကျင်းပမယ့်မနက်မှာ သူက ကြိုပြီးတော့ သတင်းရေးတော့ ဒါကို လှုံ့ဆော်သလိုဖြစ်လို့ ရေးတာ။ ဒီအခမ်းအနားပြီးမှ ရေးတယ်ဆိုရင် ကျနော်တို့က ဘာမှ ပြောစရာအကြောင်းမရှိဘူး။

ဦးကျော်ဇံသာ။ ။ အဲဒီတော့ တခုပြန်မေးချင်တာက ဝတ္တရားနှောင့်ယှက်မှုနဲ့ စွဲတာလည်း ရှိတယ်။ ကျနော်က စဉ်းစားကြည့်တယ်၊ သတင်းမီဒီယာဆိုတာလည်း စတုတ္ထမဏ္ဍိုင်ပဲ၊ မီဒီယာ သတင်းထောက်တွေ သတင်းယူဖို့ သွားတာလည်း သူတို့ ဝတ္တရားပဲ။ မီဒီယာ ဝတ္တရားကို အသိအမှတ် မပြုဘဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ ဝတ္တရားကိုပဲ အသိအမှတ်ပြုရာကျနေတယ်။ အဲဒါကိုရော .

ဦးရဲထွဋ်။ ။ အခုနက DVG သတင်းထောက် ဖြစ်တဲ့ကိစ္စကိုပေါ့ဗျာ။ အဓိက ဝတ္တရားနှောင့်ယှက်မှုဆိုတာ။ ဦးကျော်ဇံသာ ကျနော့်ကို တွေ့ချင်တယ်၊ အင်တာဗျူးလုပ်ချင်တယ်။ တောင်းခံလို့ရတယ်။ ဒါပေမယ့် ကျနော်က မပေးချင်လို့ ကျနော့ရုံးခန်းထဲမှာ ကျနော်နေမယ်ဆိုရင်တော့ ခင်ဗျား အတင်းဝင်လို့ မရဘူးပေါ့။ ဒီသဘောမျိုးပေါ့။ အဲလိုဖြစ်တယ်ဆိုတာလည်း အဲလို ဖြစ်တာပဲ၊ သူ့ရဲ့ရုံးခန်းထဲကို အတင်းဝင်ဖို့ ကြိုးစားတယ်။ ဆိုတော့ ဒါကြောင့် ကျနော်ပြောတာ- တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု၊ တယောက်နဲ့တယောက် စည်းကမ်းရှိဖို့ လိုတယ်။ နောက် သူ့ကို တွေ့ဖို့ မေးမယ်။ အဲဒီမှာလည်း DVB သတင်းထောက်မှာလည်း အခုနက မခိုင်တို့ ဖြစ်သလိုပဲ၊ ပြဿနာက သူတစ်ယောက်တည်း သွားတာမဟုတ်ဘူး၊ သူက ဒီပညာရေးမှူးရဲ့ အဆုံးအဖြတ်ကို မကျေနပ်တဲ့ ကျောင်းသားမိဘကို အတူခေါ်သွားတယ်။ ခေါ်သွားတယ်ဆိုတော့ ဒါက သတင်းယူတာလား၊ ဒါမှမဟုတ် ဒီကိစ္စကို ကြားဝင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား မရှိဘူး။ မရှိတော့ သက်ဆိုင်ရာ အရာရှိအနေနဲ့ ဖြေဆိုဖို့ ငြင်းဆန်တယ်။ ငြင်းဆန်လို့ရှိရင် ဘယ်သူမဆို ဦးကျော်ဇံသာလည်း သိပါတယ်။ သူ့ရုံးခန်းထဲမှာ သူ့ရဲ့ ပိုင်တဲ့နေရာဖြစ်သွားပြီလေ။ ဒီထဲကို အတင်းဝင်ဖို့ ကြိုးစားလို့ သူ့ကို အတင်းရပ်ပြီးတော့မှ မေးလို့ ဒီလိုတော့ မရဘူးပေါ့။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဦးကျော်ဇံသာက တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
VOA

မန္တလေး ပဋိပက္ခစတင်စေခဲ့သည့် မုဒိန်းမှုသည် လိမ်ညာတိုင်တန်းမှုဟု အစိုးရ သတင်းထုတ်ပြန်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်၌ ၁-၇-၂၀၁၄ ရက်နေ့တွင် ပဋိပက္ခအသွင် လူအုပ်စုစတင် ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး ပူးပေါင်း အဖွဲ့ဝင်များက ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ လူအုပ်စုချင်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခြင်းကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံများနှင့် မော်တော်ယာဉ်များ ဖျက်ဆီးခံရပြီး တည်ငြိမ် အေးချမ်းရေး ထိန်းသိမ်းရန် လိုအပ်လာသဖြင့် ၄-၇-၂၀၁၄ ရက်နေ့တွင် မြို့နယ် ခုနစ်မြို့နယ်၌ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့သည်။

ထိုသို့ ဖြစ်ပွားရခြင်းသည် နေပြည်တော် ပျဉ်းမနားမြို့တွင် မြန်မာ အမျိုးသမီး တစ်ဦးအား အခြားဘာသာဝင် ညီအစ်ကိုနှစ်ဦးက သားမယားအဖြစ် အဓမ္မ ပြုကျင့်ကြောင်း သတင်းကို ဇွန်လ ၃၀ ရက်နေ့ အင်တာနက်၊ လူမှုကွန်ရက် စာမျက်နှာများ၌ စတင်ဖော်ပြရာမှ လူအုပ်စုဖြင့် ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မှုခင်းဖြစ်ရပ်မှာ ၂၈-၆-၂၀၁၄ ရက်နေ့ ည ၁၀ နာရီတွင် မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ "ဆန်းကဖီး" လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်း မစိုးစိုး (၂၅ နှစ်) ဗန္ဓုလရပ်ကွက် ဘုတလင်မြို့နယ် နေသူသည် ဆိုင်ပိတ်သိမ်းနေစဉ် ဆိုင်ရှင်ဖြစ်သူ ဆန်းမောင် (၄၄နှစ်) (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် လေလာဝန်း အကွက်အမှတ် (၁၄၆) နေသူနှင့် ယင်း၏ အစ်ကို နေဝင်း (၄၅နှစ်) (ဘ) ဦးမောင်မောင် အောင်မြေသာစံမြို့နယ် ပုလဲငွေရောင် ရပ်ကွက် အကွက်အမှတ်(၁၄၇) နေသူတို့နှစ်ဦးက အမျိုးအစားနှင့် ယာဉ်အမှတ် မမှတ်မိသည့် အဖြူရောင်ယာဉ်ဖြင့် နေပြည်တော်တွင် လက်ဖက်ရည်ဆိုင် အသစ်ဖွင့်မည် ဖြစ်ကြောင်းနှင့် အလုပ်လုပ်ရမည်ဟု ပြောဆို ခေါ်ဆောင်ပြီး ၂၉-၆-၂၀၁၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ပျဉ်းမနားမြို့ ယောက်သွားအင်း အုပ်စု ပျဉ်းမနား- တောင်ညို ကားလမ်း တော်ဝင်နန်း စားသောက်ဆိုင် အနီး ကားလမ်းဘေး၌ ကားကိုရပ်၍ ညီအစ်ကိုနှစ်ဦးက ၎င်းအား သားမယားအဖြစ် ပြုကျင့်၍ တိမ်းရှောင် သွားကြောင်း တရားလို မစိုးစိုး၏ တိုင်ကြားချက် အရ ယင်းနေ့ည ၇ နာရီခွဲတွင် ပျဉ်းမနားမြို့မ ရဲစခန်း (ပ)၂၉၃/ ၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူခဲ့မှု ဖြစ်သည်။

အဆိုပါအမှုအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာ တရားလို မစိုးစိုး၏ တိုင်ကြားချက်ပါ ယင်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ "ဆန်းကဖီး" တွင် အလုပ်လုပ်ကိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် အခြေအနေများ၊ အတူတကွ အလုပ်လုပ်ခဲ့သည် ဆိုသော တောင်သာ မြို့နယ်မှ အလုပ်သမားများ၊ ယခင်က အလုပ် လုပ်ကိုင်ခဲ့ဖူးကြောင်း ထွက်ဆိုခဲ့သည့် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့များသို့ အသေးစိတ် စုံစမ်းစစ်ဆေး ခဲ့သည်။ စစ်ဆေးချက်များ အရ ၎င်း၏ အမည်ရင်းမှာ ဖြူဖြူမင်း(ခ)ကတုံးမ (၃၀နှစ်)ဖြစ်ကြောင်း၊ အဖအမည်မှန်မှာ ဦးအောင်မင်း (ကွယ်လွန်) ဖြစ်ကြောင်း၊ မွေးရပ်ဇာတိမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဖြစ်ကြောင်း၊ "ဆန်းကဖီး"တွင် အလုပ်လုပ်ကိုင်ခဲ့ဖူးခြင်း မရှိကြောင်း၊ မှုခင်းဆိုင်ရာ ဆေးပညာနှင့် ဓာတုဗေဒဆိုင်ရာ စစ်ဆေးချက်များ အရလည်း ယင်းအပေါ် အဓမ္မ ပြုကျင့်ခံထားရသည့် လက္ခဏာနှင့် ပြင်ပ ဒဏ်ရာများလည်း မရှိကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် ယင်းအား အသေးစိတ် ဆက်လက် စစ်ဆေးခဲ့ရာ ကိုယ်တိုင် ဝန်ခံချက်အရ ရဲထွဋ် (ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ ငွေပေး၍ စေခိုင်းမှုအရ ဆန်းမောင်နှင့် နေဝင်းတို့က ယင်းအပေါ် သားမယားအဖြစ် ပြုကျင့်ကြောင်းဖြင့် ပျဉ်းမနားရဲစခန်းတွင် လီဆယ်အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။

မှုခင်းဆိုင်ရာ စစ်ဆေးချက်များအရ မစိုးစိုးအမည်ခံ၍ လီဆယ်တိုင်ကြားသူ ဖြူဖြူမင်း(ခ) ကတုံးမသည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အဖ ဦးကျော်ဆန်း၊ အမိ ဒေါ်မာလာတို့၏သား မင်းသူရဇော်(ခ) နိုမိုဟာမက်နှင့် အိမ်ထောင်ကျခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးတွင် ရင်ဆိုင်နေရစဉ် အမှုမှ လွတ်မြောက်ရေး အကူအညီပေးသူ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့အား ရင်းနှီးခဲ့ကြောင်း၊ အမှုအား ၁၀-၄-၂၀၁၄ ရက်နေ့တွင် မန္တလေး ခရိုင်တရားရုံးက တရားခံ မင်းသူရဇော်(ခ) နိုမိုဟာမက်အပေါ် ထောင်ဒဏ် ၁၆ နှစ်နှင့် ပူးတွဲတရားခံ မင်းသူရဇော်(ခ) နိုမိုဟာမက်၏ အဒေါ် ခင်မာလွင်နှင့် နီနီဌေးတို့အပေါ် ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရမှုအပေါ် ခင်မာလွင်၏ ခင်ပွန်း ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် မင်းသူရဇော်(ခ) နိုမိုဟာမက်၏ မိခင် ဒေါ်မာလာတို့က မကျေနပ်၍ တရားရုံးအတွင်း အော်ဟစ်ဆဲဆို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက တရားလိုပြုလုပ် တိုင်ကြားသဖြင့် အမှတ်(၃)ရဲစခန်း (ပ)၁၄၉/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄/ ၅၀၆/ ၃၅၃ အရ အမှုဖွင့် အရေးယူခံရကာ ချမ်းအေးသာစံ မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်သည်။

ထိုသို့ ပြန်လည် အမှုဖွင့် အရေးယူခံရမှုအပေါ် ခင်မောင်ထွေး(ခ) ကိုထွေး၊ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် ဒေါ်မာလာတို့က မကျေနပ်သဖြင့် မန္တလေးခရိုင် တရားရုံးမှ စာရေး ဦးတင်မောင်ဝင်းက ဟေမာကျော်အား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်တန်းရန် စီစဉ်ခဲ့ပြီး၂၁-၅-၂၀၁၄ ရက်နေ့တွင် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့သည် ခင်မောင်ထွေး(ခ) ကိုထွေး၊ ဒေါ်မာလာနှင့် သမီး ဟေမာကျော်တို့အား နေအိမ်သို့ ခေါ်ယူ၍ လီဆယ် တိုင်ကြားမည့် အစီအစဉ်ကို သင်ကြား ပေးခဲ့ကြောင်း၊ ယင်းနေ့ နေ့လယ်ပိုင်းတွင် ခင်မောင်ထွေး(ခ) ကိုထွေး၊ ဒေါ်မာလာနှင့် ၎င်း၏သမီး ဖြူမ(ခ) ဖြူဖြူဇော်၊ ဟေမာကျော်တို့သည် မော်တော်ယာဉ်ဖြင့် ပြင်ဦးလွင်သို့ သွားရောက်ပြီး ဟေမာကျော်အား လီဆယ် တိုင်ကြားမည့်ဖြစ်စဉ်နှင့် သက်ဆိုင်သည့် လက်ဖက်ရည်ဆိုင်၊ တည်းခိုခန်းနှင့် စတိုးဆိုင်တို့အား ပြသခဲ့ကြောင်း၊ ထို့နောက် ဒေါ်မာလာ၊ ဖြူမ(ခ) ဖြူဖြူဇော်နှင့် ဟေမာကျော်တို့သည် ပြင်ဦးလွင်မြို့မ ရဲစခန်းသို့ သွားရောက်ပြီး ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့ သင်ကြားပေးသည့် အတိုင်း ပုလဲတည်းခိုခန်းတွင် ဦးတင်မောင်ဝင်းက ၎င်းအား သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်းဖြင့် ဟေမာကျော်က တရားလို ပြုလုပ်၍ လီဆယ် တိုင်ကြားခဲ့ရာ ပြင်ဦးလွင်မြို့မ ရဲစခန်း (ပ)၁၀၇/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဦးတင်မောင်ဝင်း အပေါ် အမှုဖွင့် အရေးယူခဲ့သည်။

ထို့ပြင် ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့သည် မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ဟာဂျီထွန်းထွန်း ဆိုသူနှင့် ရင်းနှီးမှုရှိပြီး ဟာဂျီ ထွန်းထွန်းနှင့် "ဆန်းကဖီး" ပိုင်ရှင် ဆန်းမောင်၊ "နေကဖီး" ပိုင်ရှင် နေဝင်းတို့မှာလည်း လူမှုရေး ပြဿနာများကြောင့် မှုခင်းများ အပြန်အလှန် ဖြစ်ပွားမှုများ ရှိကြောင်း စစ်ဆေး သိရှိရသည်။ ဟာဂျီထွန်းထွန်းသည် ၎င်း၏ ကြက်ခြံမှ အလုပ်သမား မကေသီခိုင်(ခ) ချယ်ရီသိန်း (၂၇နှစ်) (ဘ) ဦးရဲမြင့်အား ၉-၅- ၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့ တည်းခိုခန်း၌ သားမယားအဖြစ် ပြုကျင့်ကြောင်း တိုင်ကြားခံရသဖြင့် ၁၇-၅-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းမြို့မရဲစခန်း (ပ)/၂၈၁/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အမှုဖြင့် အရေးယူခံရသည်။ ယင်းသို့ အရေးယူခံရမှု အပေါ် ဆန်းမောင်နှင့် နေဝင်းတို့က သွေးထိုး မြှောက်ပင့်ခဲ့သည်ဟု ဟာဂျီထွန်းထွန်းက ယူဆ ယုံကြည်ခဲ့သည်။ ထို့နောက် ဟာဂျီထွန်းထွန်းသည် ဆန်းမောင်နှင့် နေဝင်းတို့အပေါ် ပြစ်ဒဏ်ကြီးစွာ ရရှိနိုင်သည့် အမှုတစ်ခုဖြင့် လီဆယ် တိုင်ကြားနိုင်ရေး အတွက် ရဲထွဋ်(ခ) သူရရဲထွဋ်ထံ အကူအညီ တောင်းခံခဲ့သည်။ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့က ခင်ပွန်းဖြစ်သူ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျပြီး ငွေကြေး လိုအပ်နေသူ ဖြူဖြူမင်း(ခ) ကတုံးမအား အသုံးချ၍ သားမယား ပြုကျင့်မှုဖြင့် လီဆယ်တိုင်ကြားရန် စီစဉ်ခဲ့သည်။ ဇွန်လအတွင်း၌ ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့သည် ဖြူဖြူမင်း(ခ) ကတုံးမအား မန္တလေးမြို့ရှိ ခေါ်ယူနေထိုင်စေကာ သားမယား ပြုကျင့်သည့် လုပ်ကြံဖြစ်စဉ်ကို အသေးစိတ် ဇာတ်လမ်းဆင် သင်ကြားပေးခဲ့ပြီး အောင်မြင်ပါက ဖြူဖြူမင်း(ခ) ကတုံးမအား ငွေကျပ် ၁၀ သိန်း ပေးမည်ဟု သွေးဆောင်စည်းရုံးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သည်။

ထို့နောက် ဖြူဖြူမင်း(ခ) ကတုံးမ၊ ရဲထွဋ်(ခ) သူရရဲထွဋ်၊ နုနုမြတ်၊ ဖြူဖြူဇော်(ခ)ဖြူမတို့သည် ဆန်းမောင်နှင့် နေဝင်းတို့အပေါ် သားမယားအဖြစ် ပြုကျင့်မှုဖြင့် လီဆယ်အမှုဖွင့်ရန် ၂၈-၆-၂၀၁၄ ရက်နေ့ညပိုင်းတွင် ပျဉ်းမနားသို့ ရဲထွဋ်(ခ)သူရရဲထွဋ်၏ တိုရိုတာမတ်တူးယာဉ်ဖြင့် အမြန်လမ်းမကြီး အတိုင်း သွားရောက်ခဲ့ကြောင်း၊ ပျဉ်းမနားသို့ ရောက်ရှိပြီး ရွှေတောင် တည်းခိုခန်းတွင် တည်းခိုခဲ့ကြောင်း၊ သားမယားအဖြစ် ပြုကျင့်ခံရသည်ဟု လုပ်ကြံဖော်ပြမည့် နေရာနှင့် ပျဉ်းမနားမြို့၏ အနေအထားကို ရဲထွဋ်(ခ) သူရရဲထွဋ်နှင့် နုနုမြတ်တို့က မော်တော်ယာဉ်ဖြင့် လိုက်လံပြသခဲ့ကြောင်း၊ ၂၉-၆-၂၀၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြူဖြူမင်း(ခ) ကတုံးမအား ငွေ ၂၅၀၀၀ ပေး၍ ပျဉ်းမနားမြို့ မြင်းရတနာရုပ်တု အနီးတွင် ထားခဲ့ပြီး မန္တလေးသို့ ပြန်သွားခဲ့ကြောင်း သိရသည်။ ဖြူဖြူမင်း(ခ) ကတုံးမသည် ဆိုင်ကယ်ကယ်ရီဖြင့် ပျဉ်းမနား ရဲစခန်းသို့ သွားရောက်ကာ မစိုးစိုး အမည်ခံ၍ နေဝင်းနှင့် ဆန်းမောင်တို့က ၎င်းအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ် တိုင်ကြားခဲ့သည်ကို စစ်ဆေး ပေါ်ပေါက်သည်။

ဖြူဖြူမင်း(ခ) ကတုံးမသည် ရဲထွဋ်(ခ)သူရရဲထွဋ်နှင့် နုနုမြတ်တို့၏ စည်းရုံးသင်ကြားပေးမှုအရ ဆန်းမောင်နှင့် နေ၀င်းတို့က ၎င်းအား သားမယားအဖြစ် ပြုကျင့်ကြောင်း လီဆယ်တိုင်ကြားခဲ့ရခြင်းဖြစ်သည်ကို အမှုစစ်ရဲအရာရှိထံ ဝန်ခံထွက်ဆိုခဲ့သည်။ ထို့နောက် ၉-၇-၂၀၁၄ ရက်နေ့တွင် ပျဉ်းမနားမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄/ ၃၆၄ အရ ထိုသို့ လီဆယ်အမှု တိုင်ကြားခဲ့ရသည့် ဖြစ်စဉ်အပြည့်အစုံကို ဖြူဖြူမင်း(ခ)ကတုံးမက ဖြောင့်ဆိုချက်ပေးခဲ့၍ ပျဉ်းမနားမြို့နယ် တရားရုံးမှ ပြစ်မှုသေးအမှတ် ၁၂၂/ ၂၀၁၄ ဖြင့် လက်ခံခဲ့သည်။

ထို့ပြင် ပျဉ်းမနားနှင့် ပြင်ဦးလွင်တို့တွင် တိုင်ကြားခဲ့သည့် သားမယားအဖြစ် ပြုကျင့်မှုများမှ ဟေမာကျော်၏ ဦးလေး တော်စပ်သူ ခင်မောင်ထွေး(ခ) ကိုထွေး၊ ဆက်စပ်သက်သေ ဇင်မင်းထွန်း(ခ) ဇင်လေးနှင့် ဖိုးခွား(ခ) ပြားကြီး(ခ) တင်မင်းထက်တို့ကလည်း ယင်းအမှုများသည် လီဆယ် တိုင်ကြားခြင်းသာ ဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၄ အရ ကြိုတင် ထွက်ဆိုချက်များ ပေးခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် စစ်ဆေးပေါ်ပေါက်ချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်အရ စိုးစိုး(ခ) ကတုံးမက တိုင်ကြားခဲ့သော ပျဉ်းမနားမြို့မရဲစခန်း(ပ)၂၉၃/ ၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အမှုကို ၁၇-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်းပြီး လီဆယ်တိုင်တန်းသူ ဖြူဖြူမင်း(ခ)ကတုံးမ (ဖမ်းမိ)နှင့် ထိုသို့ လီဆယ်တိုင်တန်းရန် ညွှန်ကြားစီစဉ်သူ နုနုမြတ်(ဖမ်းမိ)၊ ရဲထွဋ်(ခ) သူရရဲထွဋ်(တိမ်းရှောင်) တို့အပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ အလားတူ ပြင်ဦးလွင် မြို့မရဲစခန်း(ပ) ၁၀၇/ ၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အမှုကိုလည်း စစ်ဆေးပေါ်ပေါက်ချက်နှင့် ပြင်ဦးလွင်ခရိုင် ဥပဒေရုံး၏ ဥပဒေ အကြံပြုချက်အရ ၁၈-၇-၂၀၁၄ ရက်နေ့တွင် လီဆယ်မှုဖြင့် ပိတ်သိမ်းခဲ့ပြီး လီဆယ်တိုင်တန်းသူ ဟေမာကျော် (တိမ်းရှောင်)နှင့် ဒေါ်မာလာ(တိမ်းရှောင်)တို့အပေါ် ဥပဒေနှင့်အညီ အရေးယူရန် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ပျဉ်းမနားမြို့တွင် လီဆယ် တိုင်ကြားခဲ့သောအမှုကို အကြောင်း ပြု၍ မန္တလေးမြို့၌ ၁-၇-၂၀၁၄ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် လူအုပ်စုချင်း ပဋိပက္ခ ဖြစ်စဉ်များတွင် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ လူသတ်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ ဘာသာရေး အဆောက်အအုံများ ဖျက်ဆီးမှု၊ ရုန်းရင်းဆန်ခတ်မှု၊ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်မှု၊ လက်နက်မှုနှင့် ရဲအက်တို့ဖြင့် အမှုပေါင်း ၁၉မှု အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၉ ဦး ဖမ်းဆီးရမိကာ တရားခံရှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ပြန်ထားသော အမိန့်ကို ချိုးဖောက်သဖြင့် ပညာပေး၍ ခံဝန်ချုပ်ဖြင့် ပြန်လည် စေလွှတ်သူ ၁၅၇ ဦး၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမှုမှာ ၁၇-၇- ၂၀၁၄ ရက်နေ့အထိ အမှုပေါင်း ၃၄၉ မှု၊ အရေးယူခံရသူပေါင်း ၈၃၄ ဦးဖြစ်သည်။ ကျူးလွန်ခဲ့သော တရားခံများနှင့် ဆက်စပ် ပါဝင်သူများကို ဥပဒေအရ အရေးယူရန် ဆက်လက် စစ်ဆေး ဖော်ထုတ်လျက် ရှိပြီး အများပြည်သူတို့ သတင်းအမှန် သိရှိစေရန် အတွက် ဆက်လက် ထုတ်ပြန်သွားမည် ဖြစ်သည်။

MOI Webportal Myanmar

လိုင်စံသိမ်းခံရသူ ကိုငြိမ်းမင်းသူကို မီဒီယာတစ်ဦးကမေးတယ်။
" လိုင်စင်သိမ်းခံရတဲ့အတွက် ဘယ်လိုခံစားရလဲ " တဲ့။ သူက
" ကျနော် ကျေနပ်တယ်။ ဂုဏ်ယူတယ်။ လိုင်စင်ဆိုတာ ပြန်လျှောက်လို့ရပါတယ်။ ဝမ်းမနည်းပါဘူး။ အာဇာနည်တွေကို ဟွန်းတီးပြီး အလေးပြုလိုက်ရတဲ့အတွက်ကျနော် ဝမ်းသာပါတယ် " လို့ပြန်ဖြေသွားတယ်။

ဖြစ်စဉ်မှာ လှည်းတန်မီးပွိုင့်တွင် ဟွန်းတီးအလေးပြုနေသည့် ယာဉ်မောင်းကိုငြိမ်းမင်းသူ
အား ကမာရွတ်မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ သုံးပွင့်ရာထူးရှိသည့် ယာဉ်ထိန်းရဲအရာရှိ
ဦးအောင်ကြီးမှ လိုင်စင်သိမ်းသွားခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှပင် အာဇာနည်နေ.ကို ဥသြစွဲပေးခြင်းအပြင်
မီးသတ်ယာဉ်များဖြင့်တောင် ဥသြစွဲပေးနေချိန်တွင် ယခုကဲ့သို. လုပ်ဆောင်ခြင်း
အပေါ် မေးခွန်းထုတ်စရာများဖြစ်နေပေသည်။ မနလေးတိုင်းတွင်မူ လမ်းပန်းဆက်သွယ်
ရေးဝန်ကြီး ဦးကျော်ဆန်းကိုယ်တိုင်မှ ကား၊မော်တော်ဆိုင်ကယ်များဖြင့် ဟွန်းတီး
အလေးပြုနိုင်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

သတင်းဓါတ်ပုံ- Ya Minn Eain.
Kyaw Swar Myint

ခရီးသည် ၂၉၈ ဦးပါ။ ပထမနေ့တုန်းက ၂၉၅ ဦးဆိုတာ မွေးကာစ ကလေး ၃ ဦးပါတာ ခရီးသည်စာရင်းမှာ ထည့်မရေးထားလို့ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ ၁၉၂ ဦးဟာ နယ်သာလန်နိုင်ငံက ဖြစ်ပါတယ်။ KL က တစ်ဆင့် မဲလ်ဘုန်းကို AIDS Conference သွားပြီး တက်ရောက်ကြမယ့် ဆေးသိပ္ပံပညာရှင်အများအပြားလည်း ပါဝင်တယ်လို့ သိရပါတယ်။

အလောင်းမြေပြင်ဟာ ၅ မိုင် ၆ မိုင် ကျယ်ဝန်းပါတယ်။ ဂျုံစိုက်ခင်း၊ နေကြာစိုက်ခင်းတွေ၊ လယ်သမားတွေရဲ့ စိုက်ခင်းတွေမှာ အလောင်းများက ပြန့်ကျဲနေပါတော့တယ်။ ယနေ့ဆိုရင် ၃ ရက်ရှိပြီ ဖြစ်တဲ့အတွက် အလောင်းများ ပိုပျက်စီးမှာ စိုးတဲ့အတွက် ရွာသူရွာသားများနှင့် မီးသတ်များက ရှာဖွေပြီး ရေခဲတိုက်မှာ သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။ စနစ်တကျ မလုပ်တတ် တဲ့အတွက် အလောင်းတွေ့ရာနေရာတွေကိုတော့ နိုင်ငံတကာအဆင့်မီ အမှတ်အသားတွေ မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

ရုရှားသူပုန်တွေကလည်း သတင်းထောက်များ အကူအညီပေးရေးလာရောက်သူများ ကို နှောက်ယှက်ကြတယ်လို့ သိရပါတယ်။ သေဆုံးသူများမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံ မှ နိုင်ငံသားတွေ ပါဝင်ပြီး အယောက် ၈၀ ဟာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွေ လူငယ်တွေ ဖြစ်တယ်လို့ CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

MH17 ဟာ မြေပြင်က ရုရှားခွဲထွက်ရေးသူပုန်များ ပစ်လိုက်တဲ့ ဒုံးကျည်ကို အမြင့်ပေ ၃ သောင်း ၃ ထောင် ကနေ ကျိုးပျက်ကြလာတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အမြင့်ပေမှနေပြီး တစ်နာရီ မိုင် ၅၀၀ နှုန်းနဲ့ မြေပြင်ပေါ် ပြုတ်ကြလာတာဖြစ်ပါတယ်။ ခရီးသည်များ ကတော့ လေယာဉ်တွင် လေဖိအားကနေ ရုတ်ချည်း လေဖိအားမရှိတော့တဲ့ အမြင့်ပေ ၃၃၀၀၀ မှာပဲ အဆုတ်ကွဲမှု သွေးကြောပေါက်မှု များနဲ့ပဲ ချက်ချင်းသေဆုံးသွားကြလိမ့်မယ် လို့ လေကြောင်းမူခင်းကျွမ်းကျင်တဲ့ ပညာရှင်များက CNN မှာ ပြောကြားခဲ့ပါတယ်။ ဆိုလိုရင်း ကတော့ အပြင်းအထန်အချိန်ရှည်ကြာစွာ မခံစားခဲ့ရဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

မျက်မြင်သက်သေရွာသားများကတော့ ကြီးမားတဲ့ လေယာဉ် အစိတ်အပိုင်းကြီးတွေ ကြောက် မက်ဖွယ်ရာ ပြုတ်ကြလာပြီးနောက်မှ တဖုတ်ဖုတ်နဲ့ အလောင်းတွေ ကျလာခဲ့လို့ များစွာ တုန်လှုပ်ခြောက်ခြားခဲ့ကြတယ်လို့ သတင်းထောက်များရဲ့ အမေးကို ဖြေဆိုခဲ့ပါတယ်။

အချို့အလောင်းတွေက ကျိုးပျက်သွားပေမယ့် အချို့အလောင်းများမှာ မြင်သာတဲ့ ဒဏ်ရာဒဏ်ချက်ပင် မတွေ့ရကြောင်း CNN သတင်းထောက်များက ပြောကြားခဲ့ပါတယ်။

The Ladies News Journal
ဓါတ်ပုံ - Internet

ဒီကနေ့ကျရောက်တဲ့ ၆၇ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ် တမ်းတမှုအနေနဲ့ ဥသြဆွဲပြီး ဦးညွတ်ဂါရ၀ပြုခဲ့ကြတာဖြစ်ပါတယ်။ အာဇာနည်နေ့မတိုင်ခင်မှာ လွှတ်တော်မှာကော လွှတ်တော်ပြင်ပမှာပါ အခမ်းအနား ကျင်းပတာတွေကို ပိတ်ပင်တားဆီးမှုတွေ ရှိခဲ့ပေမဲ့ ဒီနေ့မှာတော့ အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဥသြဆွဲ ဂါရ၀ပြု၊ အလေးပြု၊ ဂုဏ်ပြုတာတွေကို လွတ်လွတ်လပ်လပ် ကျင်းပဖို့ ပထမဆုံးအကြိမ် တရားဝင်ခွင့်ပြုလိုက်ပါတယ်။ အရင်စစ်အစိုးရတွေလက်ထက်မှာ ပိတ်ပင်တားဆီးမှုတွေ အမျိုးမျိုးရှိခဲ့လို့ လူငယ်တွေအနေနဲ့ အာဇာနည်နေ့ကို မေ့လျော့မှုတွေ ရှိခဲ့တယ်လို့ ကျောင်းသားသမ္ပဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီက ကိုဒီငြိမ်းလင်းက ပြောပါတယ်။

“အခုခေတ် လူငယ်တွေဆိုရင် အာဇာနည်ကိုးဦးဆိုတာကို နာမည်အပြည့်အစုံပြောနိုင်တဲ့သူ တော်တော်လေးကို ရှားတယ်။ နောက်ပြီးတော့ လူငယ်ထုကြားထဲမှာ အာဇာနည်နေ့ဆိုတာ ဘာကြောင့်လဲဆိုတာက တိမ်မြုပ်ပျောက်ကွယ်သွားတယ်။ ဒါကို ကျနော်တို့ လူငယ်မျိုးဆက်သစ်တွေအနေနဲ့က ပြန်ပြီး -- ဖို့ ရည်ရွယ်တယ်ပေါ့ဗျာ။ အနိမ့်ဆုံးအဆင့် ---- နာမည်ကို သိသွားရင် ကျနော်တို့ ကျေနပ်တယ်။ ”

မနက် ၈ နာရီလောက်ကတည်းက အာဇာနည်အခမ်းအနားတွေကို အာဇာနည်ကုန်းမှာ နိုင်ငံတော်အဆင့် ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းလည်း အာဇာနည်ကုန်းကို လာရောက်ပြီး လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုခဲ့သလို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းလည်း ပထမဆုံးအကြိမ် လာရောက် ဂါရ၀ပြုခဲ့ပါတယ်။ လွတ်လပ်ရေးဖခင်ကြီးရဲ့သမီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေလည်း ပန်းခွေချ ဂါရ၀ပြုခဲ့ကြပါတယ်။

ရန်ကုန်မြို့အပါအ၀င် နယ်မြို့အများစုမှာပါ အာဇာနည်နေ့ အခမ်းအနားကို စည်ကမ်းသိုက်မြိုက်စွာ ကျင်းပခွင့်ရခဲ့ပေမဲ့ ပြည်မြို့မှာတော့ လွတ်လပ်စွာ ကျင်းပခွင့် မရရှိခဲ့ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်ရှေ့မှာ ပန်းခွေချအလေးမပြုဖို့၊ စည်တန်းလှည့်လည်ခွင့်မပြုဖို့ ပိတ်ပင်တားဆီးမှုတွေ ရှိခဲ့ပါတယ်။

“ပိတ်ပင်တားဆီးမှုတွေရှိပါတယ်ခင်ဗျာ။ အာဇာနည်နေ့ကို သူတို့က ခေတ္တရာဘောလုံးကွင်းမှာပဲ နှစ်စဉ်နှစ်တိုင်း လုပ်နေကျအတိုင်းလုပ်ဖို့ သတ်မှတ်ထားတယ်။ ပန်းခွေချ အလေးပြုတာလုပ်ရင် ပုဒ်မ ၁၈၈ နဲ့ အရေးယူမယ်၊ စီတန်းလှည့်လည်ခွင့်ကိုလည်း ခွင့်မပြုဘူးဆိုပြီးတော့ သူတို့က စာရွက်ထုတ်တယ်၊ အမိန့်ထုတ်တယ်ပေါ့။ မြို့နယ်အုပ်ချုပ်ရေးက ထုတ်ပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပါအ၀င် ကာကွယ်ရေးစစ်ဦးစီးချုပ်မင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဟာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအတိုင်း နေပြည်တော်မှာ အလှူဒါနပြုပြီး အမျှအတန်းပေးဝေခဲ့ကြပါတယ်။ ဒါ့အပြင် အစိုးရပိုင် သတင်းစာတွေမှာလည်း အာဇာနည်နေ့အကြောင်းနဲ့ အထိမ်းအမှတ်တွေကို တခမ်းတနားဖော်ပြခဲ့သလို မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာလည်း အာဇာနည်နေ့အခမ်းအနားကို တိုက်ရိုက်ထုတ်လွှတ်ပြသခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့တဲ့ နေအိမ်ကိုလည်း အရင်နှစ်တွေကထက်ပိုပီး လူအများ လာရောက်လေ့လာခဲ့ပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ ၀န်ကြီးများရုံးကို ပထမဆုံးအကြိမ်အဖြစ် မနက် ၁၁ နာရီကနေ နေ့လည် ၁၂ နာရီ မိနစ် ၂၀ ထိ ဖွင့်လှစ်ပြသပေးခဲ့ပါတယ်ခင်ဗျာ။

အာဇာနည်နေ့ကို အရင်အစိုးရအဆက်ဆက်က မှေးမှိန်ပျောက်ကွယ်အောင် ကြိုးစားခဲ့ကြပေမဲ့ အခုတော့ ပြည်သူ့အားကို မလွန်ဆန်နိုင်လို့ အခုလို လုပ်ဆောင်ရတာလို့ မြင်သူက စာရေးဆရာ ဆရာဦးကျော်ရင်မြင့်ဖြစ်ပါတယ်။

“တိုင်းပြည်ကို အခုလက်ရှိအာဏာရယူထားတဲ့ ပုဂ္ဂိုလ်များက ပြည်သူပြည်သားများရဲ့ စိတ်ထား၊ ဆန္ဒသဘောထားကို အသိအမှတ်မပြုဘဲ မနေနိုင်တော့တဲ့ အနေအထားတစ်ခုကို ရောက်လာပြီလို့ပဲ မြင်ပါတယ်။ အရင်ကလို ပြည်သူကို ဂရုမစိုက်ဘူး၊ ငါတို့ လုပ်ချင်ရာလုပ်မယ်၊ ငါတို့လုပ်ချင်တာဖြစ်တယ်လို့ အဲဒီလို အမြင်မျိုးကနေ စပြီး ပြောင်းလဲလာတဲ့ လက္ခဏာလို့ မြင်ပါတယ်။ အရင်တုန်းကတော့ အသိအမှတ် လုံးဝ မထားဘူး၊ မှေးမှိန်ပျောက်ကွယ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ အခု အဲဒီလို ကြိုးစားလို့ မရနိုင်တော့ဘူးလို့ သူတို့ လက်ခံသွားတယ်လို့ မြင်ပါတယ်။ နောက်တချက်ကတော့ ဒါကလည်း စည်းရုံးရေးတစ်ခုပေါ့။ ပြည်သူလူထုက ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ခဲ့တဲ့အလုပ်ကို အသိအမှတ်ပြုတယ်၊ လေးစားတယ်၊ တန်ဖိုးထားတယ်။ အဲဒီလို တန်ဖိုးထားတဲ့ပြည်သူတွေကို သူတို့ မဆန့်ကျင်ရဲ၊ မဆန့်ကျင်ဝံ့တော့တဲ့အတွက် ပြည်သူလူထုရဲ့ဆန္ဒအတိုင်း သူတို့လည်း လေးစားပါတယ်ဆိုတာမျိုးကို စည်းရုံးရေးတခုအနေနဲ့ ထုတ်ဖော်ပြသတယ်လို့ မြင်ပါတယ်။”

အခုလိုနိုင်ငံခေါင်းဆောင်အဆင့်တွေဘက်က စည်းရုံးရေးဆင်းတဲ့သဘော အာဇာနည်အခမ်းအနား တက်ရောက်ဂါရဝပြုတဲ့အပေါ် ပြည်သူတွေရဲ့ သဘောထား ဘယ်လိုရှိနိုင်ပါသလဲဆိုတဲ့အပေါ် ကာတွန်းပညာရှင် ဦးအော်ပီကျယ် သုံးသပ်တာက-

“သိပ် ထူးထူခြားခြားတော့ မထင်ပါဘူး၊ သူတို့ကတော့ ရန်ကုန်မိုးလိုပဲပေါ့ဗျာ။ ရွာချင် ရွာမယ်၊ မရွာချင် မရွာဘူးပေါ့။ သို့သော် ဒီလိုလေး တက်လို့လည်း နိုင်ငံအတွက်လည်း စိတ်အပြောင်းအလဲလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ သို့သော် တကယ်ထူးခြားတဲ့ ပြောင်းလဲမှုကြီးလည်း မဟုတ်ပါဘူး။ ဒါတွေက တကယ့်အကျိုးရှိတာတွေမှ မဟုတ်တာဗျာ။ အပြင်ပန်းအရ ဥသြဆွဲသည်ဖြစ်စေ၊ မဆွဲသည်ဖြစ်စေ ပြည်သူတွေဘဝ- အရေးကြီးလားဆိုတော့ နည်းနည်းတော့ ကြီးတယ်။ ဒါပေမယ့် တကယ့်အနှစ်သာရတော့ မဟုတ်ပါဘူး။ ကျနော်တို့ကို ခွင့်ပေးမယ်လို့ ပြောချင်ပြောလိုက်၊ ခွင့်မပေးဘူး ပြောချင်ပြောလိုက်၊ ဖမ်းချင်လည်းဖမ်းလိုက်၊ မဖမ်းချင်လည်းနေလိုက်။ ရှင်းရှင်းပြောရရင်တော့ သူတို့လက်ခုပ်ထဲမှာပဲ ရှိနေတာ။ တသမတ်တည်းပုံပြီး ယုံလို့မရတာ အဲဒါကြီးကတော့ အဖတ်တင်တာပါပဲ။ ကျနော်တို့က အဲဒါကြီးကို မျှော်လင့်ပြီး ဒါက ကောင်းတယ်လို့လည်း ပြည်သူက လုံးဝ မထင်ပါဘူး။ တအားကြီးပိတ်ထားလို့လည်း ဆိုးတယ်မထင်ပါဘူး။ ပြည်သူတွေကတော့ ဒီအစိုးရရဲ့အကြောကိုတော့ နပ်နေပါပြီ။ ပြည်သူတွေက အဲလောက်တော့ မညံ့တော့ဘူးဗျ။”

အခုလိုတိုင်းပြည်လွတ်လပ်ရေးရဖို့ အသက်ပေးလှူသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေကို လက်ရှိအစိုးရပိုင်း ခေါင်းဆောင်အဆင့်က အလေးအနက်ထားပြီး ဂါရဝပြုတဲ့အပေါ်မှာတော့ နိုင်ငံအဝှမ်းပြည်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေဘက်က ကြိုဆိုထောက်ခံမှုတွေ ရှိသလို သံသယနဲ့စောင့်ကြည့်နေသူတွေလည်း ရှိကြောင်းပါရှင်။
VOA

စည်းလုံးညီညာ အောင်ကြောင်းဖြာ အစိုးရမင်းများ သိစေရာ ။ အာဇာနည် ဗိမာန် အရှေ့တွင် အမှတ်တရ
ဗိုလ်ချုပ်အောင်ဆန်း သရီးဒီ ပုံ ကားချပ်ပေါင်း ၁၀၀ ကျော်ကို ကလေးများ အား ဖြန့်ဝေ ကိုင်ဆောင်စေပြီး အာဇာနည် ဗိမာန်သို့ချီတက်ခဲ့ကြသော်လည်း အ၀င်ဝ သို့ ရောက်သောအခါ ရဲများက ဗိုလ်ချုပ်အောင်ဆန်း ပုံများအား လုံခြုံရေး အရ ဟု ဆိုကာ သိမ်းဆည်းသွားခဲ့သည်။ ရင်ပြင်ပေါ်သို့ ရောက်မှ ကျနော်တို့ အဖွဲ့သားများက ကျနော့်အား လာသတင်း ပို့သည်။ သို့ဖြင့် ကျနော် ကိုယ်တိုင် လိုက်သွားပြီး ရဲများထံမှ ဗိုလ်ချုပ်ပုံများအား ပြန်တောင်းခိုင်းရာ ပုံပေါင်း ၂၅ ပုံခန့်သာပြန်ရလာခဲ့သည်။ ကျန်သော ပုံများ ပျောက်ဆုံးသွားခဲ့ပါသည်။
Nay Myo Zin

၁၉ ဂျူလိုင်မမေ့နိုင်” ဆိုသည့်စကား “အာဇာနည်နေ့ ဒို့မမေ့” ဆိုသည့်စကားများအရ ယနေ့ ဂျူလိုင်လ (၁၉) ရက်နေ့သည် ကျွန်တော်တို့ တိုင်းပြည်ဖခင် ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ အာဇာနည် ကြီးများ ကျဆုံးခဲ့ရသည့် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ ဖြစ် ပေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ၊ ပြည်နယ်၊ မြို့နယ်အသီးသီး တို့တွင် အာဇာနည်ကြီးများအား ဝမ်းနည်းဂုဏ်ပြု လွမ်းဆွတ်သောအနေဖြင့် မြို့အသီး သီးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှိရာနေရာ၊ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက် တိုင် ရှိရာနေရာ၊ မြို့နယ်ရုံး အခြေစိုက်ရာနေရာများနှင့် စာသင်ကျောင်းများတွင် လွမ်း ဆွတ်ပန်းခွေများ၊ ပန်းခြင်းများချ၍ အာဇာနည်ကြီးများအား အလေးပြုကြသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင်လည်း အာဇာနည်ကြီးများ ကျဆုံး သည့်အချိန် နံနက် (၁ဝး၃၇) နာရီအချိန်တွင် အသင်းရှိ မော်တော်ယာဉ်များ ဟွန်းတီး ခြင်း၊ ဥသြဆွဲခြင်းများကို အာဇာ နည်ကြီးများအား အမှတ်ရသည့်အနေဖြင့် ပြုလုပ်ခဲ့ သည်။ ထို့အပြင် နံနက် (၉းဝဝ) နာရီ အချိန်မှစ၍ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများအား သုခခန်းမအတွင်း၌ အသင်းဝင်းတစ်ခုလုံး ကြားသိနိုင်ရန် ဖွင့်လှစ် ထားခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကြသော အလှူရှင်များ၊ အသင်းသူ/သားများ၊ ဝန်ထမ်းများအပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ကုသကြ သော လူနာများ၊ လူနာရှင်များပါ မကျန် နားထောင်နိုင်ခဲ့ကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ဖ.ဆ.ပ.လ ညီလာခံတွင် ဟောကြားခဲ့သော "တိုင်းပြည်တစ်ပြည်ဟာ ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေတယ် ဆိုရင် အဲဒီတိုင်းပြည်ဟာ ကပ်ဘေးအမျိုးမျိုးနဲ့ ကြုံတွေ့ရမှာပဲ" "တိုင်းပြည်လွတ်လပ်ရေးရပြီဆိုပြီး လမ်းမထွက်ပြီး ဆေးရိုးတွေလှန်း နေလို့ မဖြစ်ဘူး" "ခင်ဗျားတို့ရဲ့ အကျင့်ဆိုး အကျင့်ပျက်တွေကို ပြင်ဖို့လိုပြီ၊ ခပ်ရိုင်းရိုင်း ပြောရရင် ခင်ဗျားတို့ရဲ့ စောက်ကျင့်တွေကို ပြင်ဖို့လိုပြီ" ဟူသော မှတ်သားဖွယ်ရာ လိုက်နာကျင့်သုံးဖွယ်ရာ ထိမိသော မိန့်ခွန်းများအား ကျွန် တော်တို့အနေဖြင့် လိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည်ကြီးများအား ယနေ့ ဂျူလိုင်လ (၁၉) ရက်နေ့တွင် လွမ်းဆွတ်နေရုံနှင့်မပြီး၊ အလေးပြုနေရုံနှင့်မပြီးချေ။ ဗိုလ်ချုပ် မှာကြားထားသည့် မိန့်မှာချက်များအား ကျွန်တော်တို့ ပြည် သူပြည်သားအားလုံး လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရန် အရေးကြီးလှသည်။ ထို့ကြောင့် ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဗိုလ်ချုပ် မှာကြားထားသည့် မိန့်မှာချက်များ အတိုင်း လိုက်နာဆောင်ရွက်ကြရန်အတွက် နေ့လည် (၂းဝဝ) နာရီအချိန်တွင် အသင်း သူ/သားများ၊ ဝန်ထမ်းများ နှင့် သုခအလင်း ပညာဒါနသို့ လာရောက်ပြီး ပညာသင် ကြားနေကြသော ကျောင်းသူ/ သားများ၊ ကွန်ပျူတာသင်တန်း၊ ဟိုတယ်သင်တန်း များမှ သင်တန်းသူ/သားများ၊ ဆရာများပါမကျန် ကန်တော်ကြီးရှိ ဗိုလ်ချုပ် ကြေးရုပ်တု ရှိရာသို့ သွားကြပြီး မိုးထဲလေထဲ၌ "ကျွန်ုပ်တို့သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြား ခဲ့သော ဗြဟ္မစိုရ်တရားလေးပါးအား ရိုးမြေကျသည်အထိ လက်ကိုင်ပြု ကျင့်သုံးသွားပါ မည်" ဟူ၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှေ့တွင် ကတိသစ္စာဆိုခဲ့ကြကာ အာဇာနည် ကုန်းမြေရှိ လာရောက်၍ အလေးပြု ဂါရဝပြုခဲ့ကြသော သူတစ်ချို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခဲ့သော အမှိုက်များအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကောက်ယူခဲ့ကြပြီး အာဇာနည်ကြီးများအား ဦးညွှတ်ဂါရဝပြုခဲ့ကြ သည်။

မိမိတို့ ချစ်ခင်ခဲ့သောလူ၊ မိမိတို့ လေးစားခဲ့သောသူ၊ မိမိတို့ ဂုဏ်ယူခဲ့သောသူရဲ ကောင်း၊ မိမိတို့ ကြည်ညိုခဲ့ကြသော ပုဂ္ဂိုလ်တို့အား လွမ်းဆွတ်သတိရနေရုံ၊ လွမ်း ဆွတ်ပန်းခွေ/ပန်းခြင်းချနေရုံ၊ ဟောပြောပွဲ၊ ကဗျာရွတ်ပွဲများ ကျင်းပနေရုံနှင့် မိမိတို့၏ တာဝန်များ မကျေပွန်နိုင်ချေ။ သူတို့ချမှတ်ခဲ့သော၊ သူတို့ လမ်းညွှန်ခဲ့သော၊ သူတို့ ဟောကြားခဲ့သော မှန်ကန်သည့် မွန်မြတ်သည့်လုပ်ငန်းရပ်များအား ကျွန်တော်တို့ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ကြဖို့ အရေးကြီးလှပေသည်။ သို့မှသာ ကျွန်တော်တို့ ချစ်ခင်လေးစား ဂုဏ်ယူကြည်ညိုရာ ရောက်ပေလိမ့်မည်။ ကျွန်တော်တို့ တာဝန်ကျေပွန်ရာ ရောက်ပေတော့မည် ဖြစ်တော့သည်။

(ကျော်သူ)

သမီးလေး မစု (အောင်ဆန်းစုကြည်) ကိုမွေးပြီးတော့
အမေကြီးစုဆီကို ဗိုလ်ချုပ်က သမီးကိုချီ မိန်းမမခင်ကြည်ကိုခေါ်ပြီး သွားကြတယ်
အောင်ဆန်း ထူးထူးဆန်းဆန်း အမေ့အိမ်ကိုလာတယ်ဆိုတော့ အမေကြီးစုက အံ့သြနေတယ်

အမေကို မြေးမလေးကိုပြ ၊ အမ ကျနော့သမီးလေး ချစ်စရာမကောင်းဖူးလားဗျ လို့ ပဋိသန္ဓာရစကားမဆိုနိုင်ဘဲနဲ့
" အမ ကျနော့သမီးလေးကို ရွှေနားဖူးလေးဆင်ချင်လို့ " လို့တုံးတိတိပြောတယ်

" ဟဲ့ ဆင်ချင်ရင်ဆင်ပေါ့ ၊ မိန်းကလေးဆိုတာ တန်းဆာတော့ဆင်ရမှာပေါ့ " လို့ အမေကြီးကပြောတယ်

အဲဒီတော့ လူတုံးကြီးက
" အမမှာ ရွှေနားဖူးလေးများ ရှိရင် ကျုပ်ကိုပေးဗျာ .. တဲ့

အမေကြီးစုမျက်မှောင်ကုတ်သွားတယ်
" ဟဲ့ နင့်လို တိုင်းပြည်ခေါင်းဆောင်တစ်ယောက်က ရွှေလေး တစ်မတ်သား တစ်မူးသား တောင်မရှိဘူးလား " တဲ့

အမေကြီးစုကပြောရင်း ချွေးမ မခင်ကြည်ဆီ အကြည့်ရောက်သွားတယ်
ယောက္ခမက ယောင်္ကျားကို အပြစ်ပြောမှာကြောင့် ၀မ်းနည်းတဲ့ မျက်နှာနဲ့ မျက်ရည်စို့လာတဲ့မျက်ဝန်းတွေကို ယောက္ခမ အမေ မမြင်စေချင်လို့ မျက်နှာအောက်ငုံ့ထားတဲ့ မခင်ကြည်ရဲ့ နားက ဟောင်းလောင်းပေါက်က အမေကြီးစုရဲ့ မှုန်သီနေတဲ့ အမြင်အာရုံတွေထဲကို ဆူးထက်နဲ့ထိုးလိုက်သလိုပါပဲ
အမေအိုကို ရင်နင့်စေတယ်
သား နဲ့ ချွေးမ ဆင်းရဲလှလို့ ရင်ဝမှာ မီးအုံသလိုပူရတယ်
မြေးမကလေး ပုလုကွေးကိုလည်း ပေးလိုက်ချင် ဆင်လိုက်ချင်တဲ့ စေတနာက ဗလ၀ဖြစ်မိတယ်

ဒါပေမဲ့ သူက ဒေါ်စု
အောင်ဆန်း ဖြစ်လာမဲ့ ထိန်လင်း ဆိုတဲ့ သားကို ၀မ်းနဲ့လွယ်မွေးထုတ်ပေးခဲ့တဲ့ အမေစုဆိုတော့
..................
" ဟဲ့ ငါ့မှာ သားသမီးတွေအများကြီး နင့်မှ ကွက်ပြီးပေးလို့ဖြစ်မလား "... လို့ ငေါက်ဆတ်ဆတ် အမေပြောတော့

"အမကလည်း .. ဗျာ "

လို့ဆိုပြီး အမေ့ကို တစ်သက်မှာတစ်ခါ မျက်နှာပျက်ခဲ့တဲ့ ကိုအောင်ဆန်း
အမေ့အိမ်မှာ ညမအိပ်တော့ပဲ
မခင်ကြည် ရော့ သမီးကိုချီ ..
လို့ဆိုတဲ့ပြီး ခရီးဆောင်အိပ်ကိုဆွဲလို့ အမေ့အိမ်ထဲကထွက် ဘူတာကိုဆင်းလို့ နေ့ချင်းပဲပြန်ခဲ့တယ်

ကိုယ် ကိုယ်တိုင် ဘယ်လောက်ဆင်းရဲ ဆင်းရဲ ငပိရည်ကျဲကျဲနဲ့ ထမင်းရင်ကွဲကို စားနေရတာတောင်
စွတ်ကျယ်အင်္ကျီကျော ဇကာပေါက်ကို ကျူးနစ်(စစ်ရှပ်) အင်္ကျိအောက်က ခံဝတ်နေရတာတောင်
ဇနီးချစ်ရဲ့နားမှာ အပေါက်ဟောင်းလောင်းဖြစ်နေတာတောင် ဂရုမထားပဲ
အသည်းရိုင်းလှတဲ့သူကြီးက

သူချစ်တဲ့ သမီးလေးကိုတော့ မိန်းကလေးမို့ ရွေနားပန်လေးဆင်ချင်တဲ့ အဖေရဲ့မေတ္တာစိတ်ကို ဖော်ပြသွားခဲ့တယ်

ကျုပ်မျက်ရည်ကျရင်း ၀မ်းသာဂုဏ်ယူမိတယ်
ကျုပ်တို့ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးရင်းအသက်ပါစွန့်သွားခဲ့တဲ့ အာဇာနည်ကြီးမှာ
သမီးကလေးကို ဆင်စရာ ရွှေလေး တစ်ရွေးသားလောက်တောင်မှ မရှိရှာ မပိုင်ရှာ
တိုင်းပြည်ကနေ မယူခဲ့ရှာ
တိုင်းသူပြည်သားပိုင်တဲ့ ဘယ်ရတနာဆိုင်ကမှ မရယူခဲ့ဖူးတဲ့ ..... ဗျာ

(ဒီလိုလူကြီးနဲ့ အာဇာနည်တွေကိုမှ အလေးဂါရ၀မပြုရဲရင် ဘယ်မှာလာ လူဖြစ်ပါ့မလဲဗျာ)
ထင်လင်းဦး