07/23/14

အက်စ်ဘီရဲ့ စစ်ဆေးချက်၊ အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့ရဲ့ စွတ်စွဲချက်၊ သမ္မတရဲ့ နိုင်ငံရေး အကြံပေး နေဇင်လတ်ရဲ့ ရေးသားဖော်ပြချက်တွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင်တော့ ဘိုင်မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ၊ သတင်းထောက်၊ ထုတ်ဝေသူတွေ အပေါ် အလွန်ဆိုးရွားတဲ့ ကံကြမ္မာကြီး တစ်ခု ကျရောက်လာတော့မှာ အသေအခြာပဲ ဖြစ်ပါကြောင်း 
စည်သူအောင်မြင့်
မြန်မာပို့စ်ဂျာနယ်

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အက်စ်ဘီလို့ ခေါ်တဲ့ မှုခင်း သတင်းရဲတပ်ဖွဲ့ဟာ 
ဘိုင် မွန်းတည့်နေဂျာနယ်က သတင်းထောက်နဲ့ အယ်ဒီတာ (၄) ယောက်ကို ဖမ်းဆီးပြီး ပုဒ်မ ၅ (ဃ)၊ ၅ (ည) တွေနဲ့ အမှုဖွင့်ထားပါတယ်။ ဂျာနယ် ထုတ်ဝေသူကတော့ ဒေါ်ကြူကြူဝင်း ဖြစ်ပါတယ်။ ဒေါ်ကြူကြူဝင်းကိုတော့ ဖမ်းဆီးတာ မရှိပါဘူး။ သူ့ခင်ပွန်း အသက် ၇၀ ကျော် ဦးစံတင်ကိုပဲ အက်စ်ဘီက ခေါ်ယူ စစ်ဆေးတာ ရှိပါတယ်။ အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ဂျာနယ်ကို ငွေကြေးစိုက်ထုတ် လုပ်ကိုင်သူ ဦးစံတင်နဲ့ ဒေါ်ကြူကြူဝင်း တို့ရဲ့ သားမက် ကိုကျော်မင်း၊ သူ့ဇနီး ဒေါက်တာ အိအိစံ နဲ့ ဂျာနယ်ရုံးလုပ်ငန်း လုပ်ကိုင်သူ ဦးယဉ်မင်းထွန်းတို့ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပေးပြီး မြန်မာအာဏာပိုင်တွေ လက်ထဲ လွှဲပေးခဲ့လို့ ခုဆို ဖမ်းဆီးခံနေရပါပြီ။        အခုနောက်ဆုံး မဲဆောက်မှာ ဖမ်းလိုက်တဲ့  ငွေကြေးစိုက်ထုတ် လုပ်ကိုင်သူတွေကို ဘယ်လို ဖမ်းဆီးလိုက်တာလဲ၊ သူတို့ဟာ အက်စ်ဘီ က ဖမ်းဆီး စစ်ဆေးနေတဲ့ အမှုနဲ့ ဘယ်လို ပါတ်သက်နေလဲ၊ သူတို့ကံကြမ္မာ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ရှိ ရပ်ဆိုင်းနေတဲ့ ဘိုင်မွန်းတည့်နေနဲ့ မွန်းတည့်နေ ဂျာနယ် နှစ်စောင်ဟာ စီးပွားရေး လုပ်ငန်း တစ်ခုထဲဖြစ်ပါတယ်။ လိုင်စင်ပိုင်ရှင်တွေကတော့ ဦးစံတင်နဲ့ ဒေါ်ကြူကြူဝင်း ဖြစ်ပါတယ်။ စီးပွားရေး အရ ထုတ်လုပ်ရေး ဖြန့်ချီရေး လုပ်ကိုင်သူကတော့ ဦးကျော်မင်းနဲ့ သူ့ဇနီး ဒေါက်တာအိအိစံ တို့ဖြစ်ပါတယ်။ ဂျာနယ် နှစ်စောင်လုံးမှာ သီးခြား အယ်ဒီတာချုပ်နဲ့ အယ်ဒီတာတွေ ရှိကြပါတယ်။ လက်ရှိ သူတို့ကို ဖမ်းဆီး အရေးယူလိုက်ရတာဟာ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ကို “ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ ဖော်ပြခဲ့တာကြောင့် လို့ အာဏာပိုင်တွေ ဘက်က ဆိုပါတယ်။ ဒီ ကြေငြာချက်ကို သတင်းအဖြစ် အခြား သတင်းစာ ဂျာနယ်တွေကလည်း ပုံနှိပ်ဖော်ပြခဲ့ကြပေမယ့် ဘိုင်မွန်းတည့်နေဂျာနယ်ဟာ အချိန် တစ်ရက်စောပြီး ဖော်ပြခဲ့တယ်။ အာဏာပိုင်တွေကတော့ ဒါဟာ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းပြီး မတည်မငြိမ်ဖြစ်အောင် လုပ်တယ်လို့ စွတ်စွဲပြီး အခြား ဘယ် သတင်းစာ ဂျာနယ်တွေကိုမှ အရေးမယူပဲ ဘိုင်မွန်းတည့်နေ ဂျာနယ် တစ်ခုတည်းကို အရေးယူ ဖမ်းဆီးခဲ့တာပါ။
 

ဒါပေမယ့် ဖမ်းဆီးပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမေးမြန်းတာတွေဟာ MDCF ရဲ့ ထုတ်ပြန်ကြေငြာချက် သတင်းဖော်ပြခဲ့မှု ဆိုတာထက် နိုင်ငံတကာ အစ္စလာမ်မစ် အဖွဲ့အစည်းတွေ ရဲ့ ထောက်ပံ့ကြေး ယူနေသလား၊ နိုင်ငံခြား ဘဏ်တွေကနေ ငွေတွေ လက်ခံနေသလား၊ ပြည်တွင်းက အစ္စလာမ် ဘာသာဝင် စီးပွားရေး လုပ်ငန်းရှင်တွေက ငွေကြေး ထောက်ပံ့နေသလား စတဲ့ မေးခွန်းတွေချည်းပဲ မေးခဲ့တယ်လို့ ကိုယ်တိုင် အစစ်ခံရတဲ့ ဦးစံတင်က သူ့ရဲ့ ယာယီစာနယ်ဇင်း ကောင်စီဆီ အကူအညီတောင်းထားတဲ့ စာမှာ ဖော်ပြထားပါတယ်။ အလားတူ ဂျာနယ်တိုက် ဒီဇိုင်နာ ကိုဇွဲကို စစ်ဆေးရာမှာလည်း ဒီအတိုင်း စစ်ဆေးခဲ့တယ်လို့ အဲဒီ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
 

နောက်တစ်ချက်က ဂျာနယ်ထဲမှာ MDCF ရဲ့ ထုတ်ပြန်ကြေငြာချက်ကို သတင်းအဖြစ် ဖော်ပြခဲ့ချိန် ထုတ်ဝေသူ ဦးကျော်မင်း ရန်ကုန်မှာ ရှိမနေဘူး ဆိုတဲ့ မိသားစုဝင်တွေနဲ့ ဂျာနယ်တိုက် ၀န်ထမ်းတွေရဲ့ ပြောပြချက်ပါ။ အခု အက်စ်ဘီက တရားဝင်ကြေငြာ ဖော်ထုတ် စစ်ဆေးနေသလို ဆိုရင် MDCF သတင်းကို ဘယ်ကရခဲ့သလဲ၊ ဘယ်သူက ရေးသလဲ၊ ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ ဖော်ပြသလဲ၊ အဲဒီလူတွေဟာ MDCF ရဲ့ ကြားဖြတ်အစိုးရ ဖွဲ့ရေးဆိုတဲ့ နိုင်ငံရေး ကိစ္စမှာ ပါဝင်နေကြသူတွေလား စသဖြင့် စစ်ဆေးမေးမြန်းရမယ် ဖြစ်ပါတယ်။ ဒီလို ဥပဒေ အတိုင်း အရေးယူဆောင်ရွက်တယ် ဆိုရင် သတင်းဖော်ပြမှု ကိစ္စ၊ နိုင်ငံရေး ဆိုင်ရာ ကိစ္စနဲ့ ပါတ်သက်ဆက်နွှယ်မှု မရှိသူတွေကို ဖမ်းဆီးဖို့ မလိုပါဘူး။ ဒါပေမယ့် ဒီကိစ္စ ဒီလောက် မရိုးရှင်းခဲ့ပါဘူး။ ဒီ့မတိုင်ခင် အချိန်ကတည်းက သတင်းရဲတပ်ဖွဲ့ဟာ အခြား သတင်းစာ ဂျာနယ် တာဝန်ရှိသူတွေကို ခေါ်ယူပြီး မေးမြန်းခဲ့စဉ်တုန်းကလည်း မွန်းတည့်နေဂျာနယ် အယ်ဒီတာတွေကို နောက်ကွယ်ကနေ အစ္စလာမ်မစ် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု ရှိသလား ဆိုတာမျိုး စစ်မေးခဲ့ဖူးပြီးပါပြီ။ ပြောရရင် သတင်းရဲတပ်ဖွဲ့ဟာ ထိုင်းနယ်မြေထဲ ရောက်နေပြီဖြစ်တဲ့ ကိုကျော်မင်း၊ ဒေါက်တာ အိအိစံ နဲ့ ကိုယဉ်မင်းထွန်းတို့ကို ရအောင် ဖမ်းခိုင်းတာဟာ MDCF အဖွဲ့ ထုတ်ပြန်ချက် ဖော်ပြတဲ့ ကိစ္စ စစ်ဆေးချင်လို့ ဟုတ်ပုံ မရပါဘူး။ အခြား ကိစ္စ ဖြစ်ဖို့ပဲ ရှိပါတယ်။ ဒီနေရာမှာ အက်စ်ဘီလို့ ခေါ်တဲ့ ရဲသတင်းတပ်ဖွဲ့နဲ့ မြန်မာအာဏာပိုင်တွေကို အရမ်းချီးကျူးဖို့ ကောင်းပါတယ်။ ထိုင်းနယ်မြေထဲ ရောက်သွားတဲ့ ဂျာနယ်လုပ်ငန်း လုပ်ကိုင်တဲ့ အဲဒီ မိသားစု တစ်စုနဲ့ လူတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ငါတို့ ဖမ်းချင်ရင် ထိုင်းနယ်မြေထဲမှာလည်း ဖမ်းလို့ ရတယ် ဆိုတာပါ။
 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာမှာ သမ္မတ အကြံပေး နေဇင်လတ် ရဲ့ စတုတ္တမဏ္ဍိုင် အခြေခိုင်ဖို့ လိုသည် ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ဖော်ပြပါရှိပါတယ်။ အဲဒီ ဆောင်းပါးထဲမှာ “ OIC အပါအ၀င် ပြည်ပ အဖွဲ့အစည်းများဇ။် အထောက်အပံ့ရယူထားသည့် မီဒီယာများ ရှိနေသည်ဟု အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့က ဆိုထားပြီး အရေအတွက်အားဖြင့် ငါးခုခန့်ရှိကာ ၄င်းတို့အား ဖော်ထုတ် အရေးယူပေးသွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ထိုအဖွဲ့ ကြေငြာခဲ့သည်” ဆိုပြီး ကိုးကား ဖော်ပြထားပါတယ်။ သမ္မတ ရဲ့ နိုင်ငံရေးအကြံပေး ပုဂိုလ် တစ်ယောက်ဟာ အဲဒီ မခိုင်မာတဲ့ စွတ်စွဲချက် တစ်ခုကို အတည်ယူပြီး တစ်စုံတစ်ခုကို ကြံစည်တော့မယ် ဆိုတာ တွေ့လိုက်ရတော့ ရိုးသားပါတယ် ဆိုတဲ့ သမ္မတ ကိုတောင် သံသယ ဖြစ်စရာ ရှိလာပါတယ်။ ဆက်ရေးထားတာ ကြည့်ပါဦး။
 

“ ယခုအခါ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး မကြာမီမှာပင် အံ့သြဖွယ်ဖြစ်နိုင်သည့် ဖြစ်ရပ်မှန်ကို တာဝန်ရှိသူများက ချပြနိုင်လိမ့်မည်ဟု မျှော်လင့်ရသည် ” လို့ ဆိုထားပါတယ်။ ဘိုင်မွန်းတည့်နေဂျာနယ် ပြသနာကို သမ္မတ အကြံပေးက အဲဒီအတိုင်း ဇတ်လမ်းဆင်သွားတာပါ။ တဆက်တည်းပဲ ဆောင်းပါးမှာ နေဇင်လတ်က “ ယခု ထိုဂျာနယ်မှ တာဝန်ရှိသူများကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေကြလေပြီ။ အလောင်းအစားကြီးသည့် စွန့်စားမှုဖြစ်၍ တန်ရာတန်ကြေး နည်းပါးမည်ဟုတော့ မမြင်ပါ” လို့ ဖော်ပြထားပါတယ်။ အလွန်ကြောက်စရာ ကောင်းတဲ့ မှတ်ချက်ပါ။
 

ဖြစ်စဉ်တစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ဘိုင်မွန်းတည့်ဂျာနယ်ကို အရေးယူတဲ့ ကိစ္စမှာ MDCF ထုတ်ပြန်ချက်ကို ဖော်ပြခဲ့လို့ အရေးယူတယ် ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ အပေါ်ယံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ ဂျာနယ် လုပ်ကိုင်နေသူတွေကို ဘယ်ရောက်ရောက် ဖမ်းပြခဲ့ပါတယ်။ တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သူတွေ၊ အစွန်းရောက်သူတွေကို ကာလကြာရှည် အရေးမယူ မွေးမြူထားပေမယ့် သတင်းလုပ်ငန်း လုပ်ကိုင်နေသူတွေကိုတော့ အချိန်မဆိုင်း ဘယ်နေရာ ဘယ်ကိုရောက်ရောက် ဖမ်းနိုင်တဲ့ စွမ်းရည် ပြလိုက်တာပဲဖြစ်ပါတယ်။ အခု အက်စ်ဘီရဲ့ စစ်ဆေးချက်၊ အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့ရဲ့ စွတ်စွဲချက်၊ သမ္မတရဲ့ နိုင်ငံရေး အကြံပေး နေဇင်လတ်ရဲ့ ရေးသားဖော်ပြချက်တွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင်တော့ ဘိုင်မွန်းတည့်နေ ဂျာနယ် အယ်ဒီတာ၊ သတင်းထောက်၊ ထုတ်ဝေသူတွေ အပေါ် အလွန်ဆိုးရွားတဲ့ ကံကြမ္မာကြီး တစ်ခု ကျရောက်လာတော့မှာ အသေအခြာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။


အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ တရားဝင်ရလဒ် ထုတ်ပြန်ချက်အရ ဂျကာတာမြို့တော်ဝန်ဟောင်း Joko Widodo ဟာ ဗိုလ်ချုပ်ကြီးဟောင်း Subianto ကို အနိုင်ရရှိခဲ့ပါတယ်။ ပရိဘောဂ ပစ္စည်းရောင်းသူ တဦးဖြစ်ခဲ့တဲ့ Widodo အနိုင်ရမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။

ဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ ၅၃ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။ ဒီကနေ့ ရွေးကောက်ပွဲ ရလဒ်တွေ မထုတ်ပြန်ခင်မှာ အရှုံးကို ပြနေတယ်လို့ မျှော်လင့်ရတဲ့ အင်ဒိုနီးရှား သမ္မတလောင်း တယောက်ကတော့ မဲရေတွက်မှု ဖြစ်စဉ်ကနေ နှုတ်ထွက်သွားပါပြီ။

ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ နည်းလမ်းမကျဘဲ ပြဿနာတွေပဲ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ဒီကနေ့မှာပဲ ပြောသွားတာပါ။ သူရဲ့ပြိုင်ဘက် ဂျကာတာ မြို့တော်ဝန်ဟောင်း Joko Widodo ဟာ မဲမသာမှုတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအတွက် အခြေခံဥပဒေခုံရုံးကို အယူခံဝင်နိုင်ပါတယ်။ ဒါပေမဲ့ လေ့လာသူအများစုက မဲသမာမှုတွေ ရှိတယ်ဆိုတာ ချဲ့ကားပြီးပြောတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့မူဆလင် လူဦးရေအများဆုံးရှိတဲ့ အင်ဒိုနီးရှားမှာ နိုင်ငံရေး မငြိမ်မသက် ဖြစ်မှာစိုးတဲ့အတွက် ရဲနဲ့ စစ်တပ် ထောင်ပေါင်းများစွာကို ဖြန့်ကျက်နေရာချထားပါတယ်။
VOA

အေးနိုင်
DVB -
ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြောက်ကြောင်း သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်လို့ တရားစွဲခံရသူ Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၃ ဦးကို ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။

အယ်ဒီတာ ဦးရဲမင်းအောင်၊ အယ်ဒီတာ ဦးဝင်းတင်နဲ့ တာဝန်ခံ အယ်ဒီတာချုပ် ဦးအောင်သန့်တို့ကို ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူကို အထိတ်တလန့်ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)နဲ့ ပုဒ်မခွဲ (ည)နဲ့ ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ တရားစွဲဆို ရုံးထုတ်တာပါ။

ဒီသတင်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲဆိုခံရသူ ၈ ဦး ရှိပြီး သူတို့တွေကတော့ ဦးနောင်နောင်၊ ဦးအောင်သန့်၊ ဦးဝင်းတင်၊ ဦးရဲမင်းအောင်၊ ဦးကျော်ဇောဟိန်း၊ ဦးယဉ်မင်းထွန်း၊ ဦးကျော်မင်းခိုင်နဲ့ ဒေါက်တာအိအိစံ တို့ဖြစ်ပါတယ်။

ဒီနေ့ ရုံးထုတ်တဲ့သူတွေကို လာမယ့် သြဂုတ် ၄ ရက်နေ့ကို ရုံးပြန်ချိန်းပြီး ဒေါက်တာအိအိစံကို တရားရှင်လွှတ်ပေးတယ်လို့ သူတို့တွေအတွက် အမှုလိုက်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သူတို့တတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လူပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်) ရဲ့ ထုတ်ပြန်ချက်ကို ဇူလိုင် ၇ ရက်နေ့ထုတ် BI မွန်းတည့်နေဂျာနယ်မှာ သတင်းရေးသားဖော်ပြလို့ အမှုဖွင့်ခံရတာပါ။ တရားစွဲခံရာမှာပါတဲ့ ဦးနောင်နောင်ဟာ (အန်ဒီစီအက်ဖ်) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ ထောင်ဒဏ် ၇ နှစ်ခန့် ကျခံရဖွယ် ရှိပါတယ်။

ဒီနှစ်ပိုင်းအတွင်း မီဒီယာတွေကို အမှုဖွင့် တရားစွဲဆိုမှုတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က သတင်းမှောင်ကျမှာ ပူပန်မိတယ်လို့ ပြောပါတယ်။

“အခုလို မီဒီယာတွေကို သတင်းမီဒီယာဥပဒေလည်း ပေါ်နေပြီ။ စာနယ်ဇင်းကောင်စီလည်း ပေါ်နေပြီ။ အဲဒီလို အချိန်မှာ ကောင်စီကနေတဆင့် ဖြေရှင်းပြီးမှ အဆင်မပြေမှ တရားဥပဒေကြောင်းအရ ဆောင်ရွက်တာက ပိုကောင်းမယ်။ အခုလို ဖမ်းလိုက်ဆီးလိုက် လုပ်တဲ့အခါကျတော့ သတင်းမီဒီယာလောက မှောင်ကျသွားမှာကို ကြောက်တယ်” လို့ ပြောပါတယ်။

ကနဦး ဖမ်းဆီးမှုမှာ အယ်ဒီတာအဖွဲ့တွေ အကြီးတန်းသတင်းထောက်တွေ ပါဝင်တဲ့အပြင် ရုံးမှာ အသုံးပြုတဲ့ ကွန်ပျူတာတွေကိုလည်း သိမ်းဆည်းသွားသလို ကျန်သတင်းထောက်တွေလည်း ရှောင်တိမ်းနေကြတဲ့အတွက် Bi မွန်းတည့်နေဂျာနယ်ထုတ်ဝေမှုကို ရပ်ဆိုင်းထားပါတယ်။

ဂျာနယ်တိုက်ပိုင်ရှင် ဦးကျော်မင်းခိုင်နဲ့ သူ့ဇနီး ဒေါက်တာအိအိစံ၊ ရုံးတာဝန်ခံ ဦးယဉ်မင်းထွန်းတို့ကိုတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က နေအိမ်တအိမ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က မြန်မာဘက်က သွားရောက်ဖမ်းဆီး အမှုစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းတုန်းက သတင်း ၁ ပုဒ် ရေးသားမှုကြောင့် တရားစွဲဆိုခံရတဲ့ မွန်းတည့်နေဂျာနယ်နဲ့ မွန်းတည့်နေ ၁ နှစ်ပြည့် ထုတ်ဝေတဲ့ Bi မွန်းတည့်နေဂျာနယ်ဟာ ပိုင်ရှင်တဦးတည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်း
- Bi မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၃ ဦးကို ရုံးထုတ် (ဓာတ်ပုံ) click



ကျနော်တို့ ပြန်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုမျိုး တိုင်းပြည်ကို အကျိုးပြုလို့ ရမလဲ စဉ်းစားတယ်။ ဘာတွေ့ လဲဆိုတော့ ကျနော်တို့ မိသားစုကို စုစုစည်းစည်းဖြစ်အောင်၊ မိသားစုအချင်းချင်း ပြန်တွေ့ အောင် လုပ်ပေးတာ ယခင်ဗိုလ်ချုပ်ကြီး
သိန်းစိန်။ သူက ကျနော်တို့ ကို အခုလိုမျိုး နေနိုင်အောင် လုပ်ပေးတယ်။ဒါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း မဟုတ်ဘူး။ သူလုပ်ပေးတဲ့အတွက် ဗုဒ္ဓဘာသာနည်းလမ်းအရ သူ့ ကျေးဇူး ကျနော့်မှာ ရှိသွားပြီ။ ဒီတော့ ကျနော်သူ့ ကို ကျေးဇူးဆပ်ချင်တယ်။ ကျေးဇူးတင်ပါတယ်ဆိုပြီး ညတိုင်းထိုင်ကန်တော့နေမယ့်အစား လက်တွေ့ အကောင်အထည်ဖော်ချင်တယ်။ လက်တွေ့  အကောင်အထည်ဖော်ချင်တယ်ဆိုတော့
သူဘာလုပ်ချင်လဲ၊ တိုင်းပြည်မှာ လုပ်ပေးဖို့  သူ့ စိတ်ထဲမှာ ဘာတွေရှိနေလဲဆိုတာသိဖို့  ပထမကြိုးစားရတယ်။ သူလုပ်ပေးချင်တာတွေ အများကြီးဘဲ။

ကျနော်တို့ လို မိသားစုမျိုးနဲ့  ကိုတေဇလို လူတွေ လုပ်တယ်ဆိုတာ အံ့သြစရာလည်းဖြစ်သလို စိတ်ဝင်စားစရာလည်း ဖြစ်တယ်။ ဘာလို့ လုပ်နိုင်လဲဆိုတော့ ကျနော်တို့ မှာတပ်မိသားစုတွေ၊ ကျနော့်အဖိုးက သနက (၄)ဆိုတဲ့ တပ်ရင်းမှာ တပ်ရင်းမှူး လုပ်ခဲ့
တယ်။ အဲဒီအချိန်မှာဘဲ ကိုတေဇရဲ့ အဖေ အဲဒီတုန်းက ဗိုလ်မှူးကြီးမြင့်ဆွေကအဲဒီတပ်မှာ တပ်စုမှူးလေ။ အဲဒီတော့ ကျနော်တို့ က ရင်းနှီးမှု ရှိခဲ့တယ်။ နောက်ပိုင်းမှာလည်း တပ်မတော် ထောက်လှန်းရေးကို ကျနော့်အဖိုး တည်ထောင်တဲ့အချိန်မှာ
ကိုတေဇ အဖေရဲ့  Input တွေ ပါခဲ့တယ်။ တပ်မတော် ထောက်လှန်းရေးတင်မကဘူး၊
တပ်မတော်ရဲ့ တည်ထောင်မှုမှာလည်း ကူညီမှုတွေ အများကြီး ပေးခဲ့တယ်။
ကိုတေဇအဖေ တပ်က အနားယူပြီး နောက်ပိုင်းမှာလည်း ကျနော့်အဖိုးက သူ့ ကိုBPI ဆေးဝါးထုတ်လုပ်ရေးအတွက် နိုင်ငံတော်က လိုအပ်တဲ့နေရာမှာ ပြန်ပြီးအသုံးပြုခဲ့တယ်။ ကိုတေဇအဖေက တိုင်းပြည်အတွက် တတပ်တအား လုပ်ပေးခဲ့တယ်။
ဒါမျိုးတွေက ကျနော်တို့ မှာ ရှိတယ်။ ကိုတေဇကို အမြင်တွေက လက်ရှိ ဒီမိုကရေစီဖြစ်နေချိန်မှာ သူ့ ကို မကောင်းဘူးလို့  မြင်ခွင့်လည်းရှိတယ်။ ကောင်းတယ်လို့ လည်းမြင်ခွင့်ရှိတယ်။ သူအရင်က လုပ်ခဲ့တဲ့ ကောင်းမှုဆိုးမှုက ကျနော်နဲ့ မဆိုင်ဘူး။
သူ့ သမိုင်းဘဲ။ အရင်က သူနဲ့ ကျနော်ကြားမှာ ဘာမှ မရှိဘူး။ တပ်မိသားစု ဆိုတာဘဲရှိတယ်။ ထောင်ထဲမရောက်ခင် လွန်ခဲ့တဲ့ (၁၂) နှစ်လောက်က သူနဲ့ ကျနော်အလုပ်လုပ်ခဲ့တာ ဘာမှ မရှိဘူး။ ဘာမှလည်း မပက်သက်ဘူး။ ဒီဘက်နောက်ပိုင်းမှာ
ပြီးခဲ့တာတွေ အားလုံး ပြီးခဲ့ပြီ။ ဒီဘဏ်ကို လုပ်မယ်ဆိုတဲ့အချိန်မှာ ကိုတေဇနဲ့ စကားပြောကြည့်တော့ ရည်ရွယ်ချက်တူတယ်။ လက်တွဲလုပ်လို့ ရတယ်။ အိုကေ၊ဒါ ပုဂ္ဂိုလ်ရေးအရပါ။

ကျနော်က စီးပွားရေးသမားဖြစ်တဲ့အတွက် အကုန်လုံးနဲ့  အဆင်ပြေပြေ နေသွားမယ်။ စီးပွားရေးနဲ့  နိုင်ငံရေးမှာ တခုကွာတာက နိုင်ငံရေးမှာက ခုံတစ်လုံးဘဲရှိတာ။ အဲဒီခုံကို ၀ိုင်းလုရတာ။ စီးပွားရေးကကျတော့ ဒီလုပ်ငန်းတခုကို တွဲလုပ်မယ်
ဆိုလို့ ရှိရင် သိန်းတစ်ရာရရင် ကိုယ်ထည့်သလောက် ကိုယ်ရတယ်။ အခုဆိုကျနော့်ဘဏ် ကျနော် (၆၀)ရာခိုင်နှုန်းထည့်ရင် ကျနော် (၆၀)ရာခိုင်နှုန်း အမြတ်ရမယ်။ အကို (၁၀)ရာခိုင်နှုန်းထည့်ရင် (၁၀)ရာခိုင်နှုန်းရမှာဘဲ။ နိုင်ငံရေးနဲ့  ကွာတယ်။
နိုင်ငံရေးကျတော့ ခုံက တစ်လုံးဘဲ ရှိတာ။ အားလုံးက ၀ိုင်းလုနေရတာ။ စီးပွားရေးကကျတော့ ပေါင်းလုပ်ရတာ။

နောက်ကြောင်းက ဖြစ်ခဲ့တာ အရမ်းများတဲ့အတွက် အခုအချိန်အထိ သို့ လောသို့ လော ဖြစ်နေတာပေါ့ဗျာ။ နိုင်ငံရေးပလက်ဖောင်း ယူနေပြီလားလို့ ၊ ဒါမှမဟုတ်ရင်ဂိုဏ်းတခုဖွဲ့ နေပြီလားတို့ ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် စကော်ပီယံဂိုဏ်းကိုရော
ဘာလုပ်နေလဲ၊ ညာလုပ်နေပြီလဲဆိုတာ သိချင်ကြမှာပေါ့။ ကျနော် အသေးဆုံးစပြောမယ်။ စကော်ပီယံကို ကျနော်မပါဘူး။ ဘာလို့ မပါလဲ၊ ကျနော် အဲဒီလောက်အဆင့် မဟုတ်ဘူးဗျ။ ရိုးရိုးပြောရရင် ဂိုဏ်းထောင်ပြီးမှ နာမည်ကြီးအောင်လုပ်ရမယ့်
အဆင့် မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် စကော်ပီယံဆိုတာ ဘာမှမဟုတ်ဘူးဗျ။အပွင့်လင်းဆုံးပြောရရင် စကော်ပီယံဆိုပြီး လူတွေက စွတ်ပြီး အထင်ကြီးနေကြတာ။

အဲဒီမှာပါတဲ့လူတွေ ထောင်ထဲမှာ တွေ့ ခဲ့တာဘဲ။ သူတို့  ဘာမှ ဒီလောက်ကြီးဂျိုပါနေတာ မဟုတ်ဘူး။ စူပါမင်းလို အတောင်ပါနေတာလည်း မဟုတ်ပါဘူး။အဲဒီလောက်ကြီး လူဝင်ဆံ့လောက်တာ မဟုတ်ပါဘူး။ သူတို့ ပြောသလောက်လည်းမလုပ်ခဲ့ပါဘူး။ လုပ်လို့ လည်း မရဘူးဗျ။ လူတယောက်ကို သတ်တယ်ဆိုတာလွယ်တာမှ မဟုတ်တာ။ ဖုံးထားလို့ ရတာလည်း မဟုတ်ပါဘူး။ တခုတော့ရှိတာပေါ့
ဗျာ၊ ငါးလောင်းပြိုင် လူသတ်မှုမျိုး မပေါ်တာတော့ ကျနော်လည်း မသိဘူး။ ဒါကတော့ဘာကြောင့်လဲဆိုတော့ လုပ်တဲ့သူဘဲ သိမှာဘဲ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ်တောင်ငါတော်တော် ကံကောင်းတာဘဲ၊ ထောင်ထဲရောက်နေတာ။ ငါထောင်ထဲမရှိရင်
ငါသတ်တာလို့  ပြောဦးမှာလို့ ၊ အဲဒီလိုပေါ့ဗျာ။ ကျနော့်အနေနဲ့  ဒါဆွေးနွေးစရာမဟုတ်ဘူး။ ဒါပေမယ့် မေးတဲ့လူ အရမ်းများတယ်။ အခုအချိန်အထိ စကော်ပီယံလိုဘာလိုလို ပြောနေလို့  ပြောတာ။ စိတ်ပူစရာ စကားထဲ ထည့်ပြောလောက်ရမယ့်
အဖွဲ့ လည်း မဟုတ်ဘူး။

နောက်တခုက နိုင်ငံရေး ပလက်ဖောင်းပေါ့။ လက်ရှိ ရှိနေတဲ့ နိုင်ငံရေး၊ လက်ရှိဖွဲ့ စည်းပုံနဲ့  နိုင်ငံရေးကို လုံးဝ စိတ်မ၀င်စားဘူး။ ဒါ ကျနော် အမှန်အတိုင်း ပြောတာ၊ပါလည်း မပါချင်ဘူး။ ကျနော် စီးပွားရေးသမားတယောက်အပြင် ကျနော်တို့ က
ယုံကြည်ချက်နဲ့ လုပ်တာ။ ကျနော်တို့ တိုင်းပြည်မှာ ယုံကြည်ချက်မရှိရင် ဘာမှလုပ်လို့ မရဘူး။ ကျနော် ဒီအခြေခံဥပဒေကိုရော၊ ဒီနိုင်ငံရေးကိုပါ ယုံကြည်ချက်မရှိဘူးဗျ။ ဒါ အပွင့်လင်းဆုံး အမှန်အတိုင်းပြောတာ။ ဘယ်လိုအနေအထားနဲ့ 
ဒီအခြေအနေကို ရောက်လာတာလဲဆိုတာ ကျနော်တို့  ထောင်ထဲကကောင်ပါ။ကျနော်သိတာ နည်းနည်းလေးပါ။ ဘယ်လိုဖြစ်လာလဲဆိုတာ အပြင်ကလူတွေအသိဆုံးပါ။ ဘယ်လိုပြောရမလဲဗျာ၊ ကျနော် နောက်ဆုံးတခုပြောရရင် စီးပွားရေး
တခုလုပ်လို့  ရှုံးမယ်ဆိုရင် ကျနော် ပိုက်ဆံ မထည့်ဘူးလေ။ ဒါဘဲ။ ဒါကြီးကတချိန်မှာ တဖက်နဲ့ တဖက်လို့ ဘဲ ပြောမယ်ဗျာ။ တဖက်ကလည်း ဒီလှေကြီးကိုဒီကမ်းကို မရောက်ရောက်အောင် သွားမယ်ဆိုပြီး သွားနေတယ်။ နောက်တဖက်က
လည်း မရရတဲ့နည်းနဲ့  လှေဝမ်းကို ဖောက်နေတယ်။ ပေါက်လည်း တော်တော်ပေါက်နေပါပြီ။ ဟိုကလည်း စွတ်လှော်နေတယ်။ အဲဒီအပေါ်ကိုတက်ရင် ဖြုတ်ရင်ကိုယ်ပါ ပါသွားမှာ။ အဲဒီလောက်အထိ ကျနော် မရူးဘူးဗျ။ နိုင်ငံရေး မလုပ်ဘူးဆိုတာ
အဲဒါလည်းပါတယ်။

နောက် စိတ်လည်းမ၀င်စားဘူး။ တခုတော့ ရှိတာပေါ့နော်။ လက်ရှိ ဦးဆောင်နေတဲ့ဦးသိန်းစိန်တို့ ၊ ဦးရွှေမန်းတို့  တပ်မတော်မှာ အဆင့်ဆင့် ဖြတ်ကျော်လာတာ။ဒီနေရာကို ဗြုန်းခနဲဆိုပြီး ရောက်လာတာ တယောက်မှ မပါဘူး။ သူတို့ တွေသည်
တိုင်းပြည်ကို သူတို့ အိမ်လည်းမဟုတ်၊ သူတို့ ရွာလည်းမဟုတ်တဲ့ တောင်ကုန်းလေးတခုမှာ လူလေး လေးငါးယောက်နဲ့  လေးငါးဆယ်လ တာဝန်ယူပြီး ကင်းစောင့်နေခဲ့ဖူးတဲ့နေ့ တွေလည်း အများကြီးဘဲ။ သူတို့ တွေသည် တိုင်းပြည်ကို တကယ်ချစ်လို့ 
တကယ်လုပ်နေတာ။၊ ဒီနေရာကို ရောက်နေတာလို့  ယူဆတယ်။ ဒါကြောင့် သူတို့ ဦးဆောင်နေတာဘဲ။ ကိုယ့်အနေနဲ့  လုပ်စရာမလိုဘူးလို့  ယူဆတယ်။ နောက်တခုကြီးကြီးစုလို လူမျိုးသည် ဘ၀မှာ သူဘယ်လောက်ပေးဆပ်ခဲ့ရသလဲ။ ဒီလိုပေးဆပ်ဖို့ 
ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ သူတို့ လို လူတွေကလည်း တိုင်းပြည်ကိုဦးဆောင်မယ်ဆိုပြီး တာဆူနေကြတာ၊ လုပ်ပြနေကြတာ၊ ကျနော်တို့  မလိုပါဘူး။တဖက်တလမ်းက ဘဏ်တွေနဲ့ ကူညီတာလည်း ရပါတယ်။ ကျနော် အခုလို
ရှင်းပြနေတာ ကြီးကြီးကျယ်ကျယ် ရှင်းပြနေတာ မဟုတ်ဘူး။ ကျနော်တို့  နိုင်ငံရေးမလုပ်ဘူးလို့ ပြောရင် ဘယ်သူမှ မယုံဘူး။ ဒါ အပွင့်လင်းဆုံးပြောတာ၊ ဘာကြောင့်မလုပ်တာလဲဆိုတာကို ရှင်းပြတာ။ အခု လုပ်နေတာ အားလုံးက ပုန်းလျှိုးကွယ်လျှိုး
လုပ်စရာ ဘာမှမရှိဘူး။

ကျနော်တို့ ထောင်ကလွတ်လာပြီး နှစ်ပတ်လောက်အကြာမှာ ဗိုလ်ချုပ်အောင်မင်းတို့ ငြိမ်းချမ်းရေးစင်တာမှာ ခေါ်တွေ့ တယ်။ ဦးအောင်မင်းက နိုင်ငံရေးလုပ်ရင် လုပ်ပါ၊ကျောင်းတက်ရင်လည်း တက်ပါ၊ ပတ်စ်ပို့ ထုတ်ပေးမယ်လို့  ပြောတယ်။ ကျနော်တို့ 
ကလည်း အခါအားလျော်စွာ လုပ်နေတာတွေ တင်ပြတယ်။ ဦးလှမောင်ရွှေကတဆင့်၊ဦးအောင်မင်းကတဆင့် တင်ပြတယ်။ နောက်တခါ ၀န်ကြီး ဦးစိုးသိန်းကိုလည်းစီးပွားရေးလုပ်နေတာတွေ ပြောတယ်။ ကျနော် အခုပြောနေတာတွေအားလုံး သူတို့ 
အကုန်သိပါတယ်။ သတင်းပို့ ပြီးမှ လုပ်တာပါ။ နောက်တခုကလည်း သွားတာလာတာကအစ SB က ဗိုလ်မှူးကြီးကျော်ကျော်ဟန်ကို သတင်းပို့ တယ်။ နောက်တခါစစ်/လုံက ဗိုလ်မှူးကိုကိုမောင်ကို ကျနော် သတင်းပို့ တယ်။ သွားတယ်။ ကျနော်
ညာစရာ မရှိဘူး။ အားလုံး အဆင်ပြေတယ်။

ဦးတေဇနဲ့ မတွေ့ ခင်၊ ကျနော် ထောင်ထဲမရောက်ခင် အလုပ် စလုပ်ခါစ၊နှစ်နှစ်သုံးနှစ်နဲ့  ကျနော် ထောင်ထဲ ရောက်သွားတာကိုး။ အဲဒီတုန်းက Key Playerတွေက ဦးခင်ရွှေတို့ လို လူမျိုးတွေ ခင်ပါတယ်။ အဲဒီတုန်းက Pepsi ကိုဖိုးနီလိုလူမျိုးတွေ၊ အဲဒီတုန်းက ကျောက်မျက်မှာ တော်တော်နာမည်ကြီးတဲ့ ကျနော်တို့ ခေါ်တာတော့ ဦးချောင်လို့ ခေါ်တယ်။ သူက ယိုးဒယားလူမျိုး။ သူဆိုရင် ကျနော်နဲ့ အလုပ်တွေ အများကြီးလုပ်ဖူးတယ်။ နောက် ကျနော့်အမှုကိစ္စဖြစ်တော့ ရှေ့ နေငှားတာကအစ အကုန်လုံး သူဘဲတာဝန်ယူထားတာပေါ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ။နောက် မောင်ဝိတ်တို့ လို လူမျိုးတွေ။ ကျနော် အရမ်းခင်တဲ့၊ အရမ်းတွဲဖြစ်တဲ့
ဗိုလ်ချုပ်ညွန့် တင်ရဲ့ သား မျိုးညွန့် ဆိုတာ အဲဒီတုန်းက Key Player တွေပေါ့ဗျာ။

ဒီဘက်ခေတ်ရောက်လာတော့လည်း ကျနော်လွတ်လာတော့ ဆရာကျောင်းဦးအောင်ကိုဝင်းပေါ့။ သူနဲ့ တွေ့ တယ်။ ကျနော်တို့ ထောင်ထဲမှာရှိနေတုန်းကလည်းဆရာကျောင်းက ကျနော့်ညီလေးကို သေချာစောင့်ရှောက်ပေးထားတယ်။၊
အလုပ်တွေလည်း အတူတူလုပ်ကြတယ်။ ဒါရှက်စရာ မဟုတ်ပါဘူး။ ကျနော့်ကျေးဇူးရှင်တွေပါ။ ကျနော်မရှိတုန်း ကျနော့်ညီကို စောင့်ရှောက်ထားတယ်ဆိုတာကျနော်ဦးလေးလိုပါဘဲ။ ဦးအောင်ကိုဝင်း (ဆရာကျောင်း)နဲ့ တော့ ရံဖန်ရံခါ
တွေ့ ပါတယ်။ နောက် ကိုဇော်ဇော်ဆိုလည်း ကျနော်ထောင်ထဲမရောက်ခင်ကတည်းက ရင်းနှီးတာပါ။ သူနဲ့ တော့ စီးပွားရေးလုပ်ငန်းလုပ်ထားတာ ဘာမှမရှိပါဘူး။
နောက် ကိုအောင်သက်မန်း (သူရဦးရွှေမန်း၏ သား)တို့ နဲ့ လည်း ခင်ပါတယ်။ကိုယ့်တပ်မိသားစုတွေဘဲလေ။ ဗိုလ်ချုပ်ကြီး သူရတင်အောင်မြင့်ဦးသားနဲ့ လည်းရင်းနှီးပါတယ်။ ရင်းနှီးတာက သူက ကျနော့်အကိုရဲ့ ကျောင်းနေဖက် သူငယ်ချင်း။
အကုန်လုံးနဲ့ လည်း အဆင်ပြေပါတယ်၊ ဘယ်သူနဲ့ မှလည်း ကျနော်ပြဿနာဖြစ်ထားတာ မရှိပါဘူး။ ဦးခင်ရွှေဆိုလည်း အခုထိ ခင်ပါတယ်။ သူ့ ကိုတော့ ဂျာနယ်တွေမှာတွေ့ လိုက်တယ်။ ဒါပေမယ့် ဒါဟာ ဘာမှ မဆိုင်ဘူးလေ။ ကျနော် ဦးလေးလို
ခင်တာပါ။ ဒီထဲမှာမပါလို့  ကျန်တဲ့လူတွေနဲ့  ကျနော်ပြဿနာတက်ထားတယ်လို့ 
ဆိုလိုတာ မဟုတ်ပါဘူးနော်။

ကျနော်တို့  ဗုဒ္ဓဘာသာအရ ဦးသိန်းစိန်ကတော့ ကျနော့်ကျေးဇူးရှင်ပါ။ ကျေးဇူးရှင်ဖြစ်တဲ့အတွက် ဦးသိန်းစိန်ကို ကျနော်မကြိုက်ရင်တောင် မကြိုက်ဘူးလို့  မပြောဘူး၊မပြောတော့ဘူး။ ဒါ ကိုယ့်ကျေးဇူးရှင် ဖြစ်သွားပြီလေ။ အဲဒီတော့ သူကောင်းကောင်း
မကောင်းကောင်း ကျနော်ကတော့ ကိုယ့်ကျေးဇူးရှင် ကျေးဇူးရှင်လို့ ဘဲ ပြောရတော့မယ်။ ဦးသိန်းစိန်ကိုတော့ ဖယ်ထားလိုက်ပါ။ နောက် သူရဦးရွှေမန်းတို့ ၊ ကိုယ်ကျေးဇူးတင်ထိုက်တဲ့လူတွေ ကျနော်ဖယ်လိုက်ပြီနော်။ သူတို့ တွေ အတိုက်အခံ အများကြီး
လုပ်ပြီး ကျနော်တို့ ကို လွှတ်ရတာ။ အဲဒီတော့ သူတို့ ကို ဖယ်ထားပါ။

အစိုးရအဖွဲ့ က အရှိန်အဟုန်မြှင့်နေတယ်ဆိုတာ အမှန်ဘဲ။ ဒါပေမယ့် လိုအပ်တဲ့နေရာတွေ ပြောပါဆိုရင် အားလုံးက လိုအပ်တယ်။ ဘာကြောင့် အားလုံး လိုအပ်နေသေးလဲဆိုတော့၊ ဒါ ကျနော့်ရဲ့  ခံစားချက်ပါ။ အားလုံးတော့ ကျနော် မသိဘူးပေါ့။ ကျနော်တို့ 
က ထောင်သေးသေးလေးကနေပြီးတော့ မြန်မာနိုင်ငံဆိုတဲ့ ထောင်ကြီးထဲ ရောက်သွားတာ။ အကုန်လုံး ဘာမှ လုပ်ခွင့် မရှိသေးတာ။ သေချာပြန်စဉ်းစားကြည့်ပါ။ ရထားတဲ့Freedom ဆိုတာက ဒါ ကျနော့်ရင်ထဲက ခံစားချက်ပါ၊ ထောင်သေးသေးလေးကနေ
လွတ်ပြီး ထောင်ကြီးကြီးထဲ ရောက်တာ၊ ဒါပါဘဲ။ အဲဒီလိုပြောကြေးဆို အကိုတို့ ရောလွတ်လပ်ပြီလား၊ လုပ်ခွင့်ရှိပြီလား။ ဘယ်သူမှ လုပ်ခွင့်မရှိတဲ့ ထောင်သေးသေးလေးကနေ ထောင်ကြီးကြီးထဲ ရောက်နေကြတာ။

မေး။ ။ Messenger

ဖြေ။ ။ ကျော်နေ၀င်း

(Messenger ဂျာနယ် အတွဲ ၅၊ အမှတ် ၈ တွင် ပါရှိသော “ကျော်နေ၀င်းနှင့်အင်တာဗျူး” မှ မြန်မာ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဗိုလ်နေ၀င်းမြေးကျော်နေ၀င်းတို့ မှ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ မြှုပ်နှံရန် လုပ်ဆောင်နေခြင်း၊စစ်ခရိုနီ တေဇပိုင် AGD ဘဏ်၏ ပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအထိဝယ်ယူရန် ပြင်ဆင်ခြင်း စသည့် စီးပွားရေးဆိုင်ရာ ဖြေဆိုမှုများကို ချန်လှပ်ထားပြီး
နိုင်ငံရေးနှင့် သက်ဆိုင်သည့် အပိုင်းများကိုသာ ထုတ်နုတ်ဖော်ပြခြင်းဖြစ်သည်)

Messenger

ဂျပန်သည် စမတ်ဖုန်းနှင့်ပတ်သက်လျှင် နောက်ကျမှ စခဲ့သော နိုင်ငံဟုဆို နိုင်သည်။ အခြားနိုင်ငံ များတွင် အိုင်ဖုန်း အန်းဒရွိုက် ဖုန်းများ အတော်တွင်ကျယ်စွာ သုံးလာချိန် ထိတိုင် ဂျပန်နိုင်ငံ တွင်ကား ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းများထံက ၀ယ်ယူနိုင်သော သမားရိုးကျ ဖုန်းများကိုသာ အသုံးများနေကြဆဲ ဖြစ်သည်။ ဂျပန်ကား အထ နှေးပေမယ့် အလှမ်းသွက်သော နိုင်ငံဖြစ်သည်။ ယခုအခါ ဂျပန်နိုင်ငံသား ထက်ဝက်ကျော် စမတ် ဖုန်း ကိုင်နေကြပြီ။ တိုကျိုမြို့ကြီးကား ကမ္ဘာ့ လူဦးရေ အများဆုံးမြို့ကြီး တစ်မြို့ ဖြစ်သည်။ မြို့ထဲ ဘယ်နေရာ ကြည့်ကြည့် ခေါင်းမဖော်တမ်း ဖုန်းကြည့်ပြီး လမ်းလျှောက်နေ သူများကို မြင်နိုင်သည်။ အထူးသဖြင့် တိုကျိုမြို့ကြီး၏ လမ်းဆုံလမ်းခွ များသည် နာမည်ကြီးသည်။ အဓိက လမ်းဆုံလမ်းခွကြီးများတွင် မိနစ်ပိုင်း အတွင်း လူရာနဲ့ ထောင်နဲ့ချီ လမ်းဖြတ်ကူး နေကြသည်။ စမတ်ဖုန်းများ မတွင် ကျယ်ခင်က လမ်းကြည့် ကူးကြချိန် လူ ဘယ်လောက် များများ လူအုပ်ကြီး ၀င်တိုက်မှာ စိတ်မပူရ။ ယခု စမတ်ဖုန်းခေတ် တွင်ကား လမ်းကူးလျှင်ပင် ဖုန်းကြည့်ပြီး ကူးကြ သဖြင့် တစ်ဖက်နှင့် တစ်ဖက် ဖြတ်ကူးသော လူအုပ်ကြီးချင်းချင်း တိုးတိုက်မိမှာ စိတ်ပူလာရသည်။ မြို့ထဲတွင်လည်း ဖုန်းကြည့်ပြီး လမ်းသွားကြ သဖြင့် လူချင်း တိုက်မိမှာ၊ ယာဉ်နဲ့ တိုက်မိမှာ စိတ်ပူ လာရသည်။ လမ်းကူးလျှင် ဖုန်းကြည့် မကူးဖို့ သတိပေးစကားပြော နေရသည်။

တိုကျိုက ရှီဘူရာ လမ်းဆုံလမ်းခွသည် ကမ္ဘာကျော်သည်။ သောကြာနေ့ မနက် (၅) နာရီ ကတည်းက စာရေးသူသည် ရှီဘူရာကို အပေါ်စီးက မြင်နိုင်သည့် ကော်ဖီဆိုင်ကို ရောက်နေသည်။ ရှီဘူရာကို ကြည့်ချင်၍ ဖြစ်၏။ ရှီဘူရာ၏ ဆုံမှတ် (၈) ခုမှ လူအုပ်ကြီးသည် တစ်ဖက်မှ တစ်ဖက်ကို ဖြတ် ကူးလျက်ရှိသည်။ နှစ်မိနစ်တိုင်း လူတစ်ထောင်ကျော် ဟိုဘက်ဒီဘက် ဖြတ်ကူးလျက်ရှိကြသည်။ ရှီဘူရာတွင် တိုကျိုမြို့ကြီး၏ ဖက်ရှင်ကိုလည်း မြင်နိုင် သည်။ စမတ်ကျကျ ၀တ်စားထားသော ရုံးဝန်ထမ်းများ၊ ဖက်ရှင်ကျသော ဆယ်ကျော်သက်များကို မြင်နိုင်သည်။ ရှီဘူရာ လမ်းဆုံ လမ်းခွ ဆုံမှတ် ရှစ်ခုမှ လမ်းဖြတ်ကူးမည့်သူ ထောင်ဂဏန်းသည် လမ်းကူးရန် အချက်ပေးလိုက်သည်နှင့် တစ်ဖက်တစ်ချက် မျက်နှာချင်းဆိုင်မှ လူအုပ်ကြီး ရွေ့လျားသည်။ လမ်းလယ်တွင် လူအုပ်ကြီး ၀င်တိုးမိသည်။ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပွတ်ကာသီကာ ရှောင်ရှားသွား ကြသည်။ ပြီးလျှင် တစ်ဖက်သို့ ရောက် သွားကြသည်။ အပေါ်စီးမှကြည့်လျှင် ထိုအခြင်းအရာကို ကောင်းစွာ မြင်ရသည်။

ပင်လယ်တမျှ လူအုပ်ကြီးလမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုးမိပြီး ပြိုကျသွားမှာပင် စိုးရိမ်ရသည်။ သို့သော် လူများကွေ့ကာ ရှောင်ကာ ပတ် ကာဖြင့် တစ်ယောက်နဲ့တစ်ယောက် ရှောင်ရှားသွားကြသည်။ အကသမားများ တစ်ယောက်နဲ့ တစ်ယောက် ပွတ်ကာသီကာ လှုပ်ရှားပြီး ကကွက်ဖော်သွား သည့် အလားရှိသည်။ တစ်ဖက်ခြမ်းသို့ အားလုံး အန္တရာယ်ကင်းကင်း ရောက်သွားကြသည်။ ရှီဘူရာသည် ဂျပန်နိုင်ငံသားတို့၏ စည်းချက် ညီမှုကို ပြသ ရာနေရာဟု တင်စားလိုကလည်း တင်စားနိုင်သည်။ များပြားလှစွာသော တစ်ဦးချင်း လူသားများ ပူးပေါင်းအားဖြင့် ကောင်းမွန်သော ဘုံရည်မှန်းချက် တစ် ခုကို ဖော်ဆောင်ကြသည့် ဂျပန်နိုင်ငံသားတို့၏ ဂုဏ်ရည်တစ်ခု။

ရှီဘူရာကို အပေါ်စီးက မြင်ရသော ကော်ဖီဆိုင်ကို စာရေးသူ မနက်စောစော စီးစီးလာပြီး ကြည့်ခြင်းမှာ အထက်ပါ ဂျပန်လူမျိုးတို့၏ ဂုဏ်ရည် များကို တွေးတောဖို့ချည်း မဟုတ်။ နောက်ရည်မှန်းချက် တစ်ခုရှိသေးသည်။ လူအုပ်ကြီး တိုးတိုက်ပြိုလဲကြမလား စောင့်ကြည့်ဖို့ ဖြစ်သည်။ စီးပွားရေး သမားများ ရှီဘူရာ လမ်းကူးမှာ ၀င်တိုက်ပြီး နောက်ပြန်လဲကျတာကို စာရေးသူ မြင်လိုသည်။ လက်ကားယား ခြေကားယားတွေ ဖြစ်ကုန်မည်။ ကိုင်ထား တဲ့ ထီးတွေ လွင့်ထွက် ကုန်မည်။ ကျောင်းဝတ်စုံနဲ့ ချစ်စရာ ကလေးလေးနဲ့ အဘွားအို တစ်ယောက်နဲ့ ၀င်တိုက်မိတာ ကိုလည်း စာရေးသူ မြင်လိုသည်။ ထိုမြင်ကွင်းမျိုး လွန်ခဲ့သည့် တစ်နှစ်လောက်ကတည်းက စာရေးသူ ကြည့်ခွင့်ရခဲ့ သော်လည်း ဘာလို့ခုမှ တမင်စောင့်ကြည့်ချင်ရ သနည်းဟု မေးစရာရှိ သည်။ အဖြေကား စမတ်ဖုန်းဖြစ်၏။

ဂျပန်မှာ စမတ်ဖုန်း အသုံးက ပေါက်ကွဲသည့် အရှိန်ဖြင့် မြင့်တက်လာသည်။ ၂၀၁၂ မှာ ဂျပန်နိုင်ငံသား လေးပုံတစ်ပုံသာ စမတ်ဖုန်း သုံးကြ သည်။ အများစုကြီးကား ယခင်ကတည်းက သုံးလာခဲ့သော သမားရိုးကျဖုန်းများနဲ့ သာ ပျော်မွေ့ခဲ့ကြသည်။ တစ်နှစ်လောက် အတွင်းမှာပင် စမတ်သုံး သူက နိုင်ငံသား ထက်ဝက်ကျော်ထိ ရှိလာသည်။ ကမ္ဘာ့ အမြန်ဆုံး တိုးနှုန်းဟုပင် ဆိုနိုင်သည်။ စမတ်ဖုန်း၏ အသုံးဝင်ပုံကို ဂျပန် နိုင်ငံသားများ သိလာကြ ပြီ။ စမတ်ဖုန်းသုံးပြီး သတင်းစာဖတ်နိုင်သည်။ ကမ္ဘာကျော်သည့် ဂျပန် မန်ဂါကာတွန်းတွေကို ယခင်ဖုန်းများမှာလို မျက်လုံးပြုးပြဲစရာမလိုဘဲ အဆင်ပြေစွာ ဖတ်ရှုနိုင်ကြပြီ။

စမတ်ဖုန်း အသုံးတွင်ကျယ်လာသည်နှင့် အမျှ ထပ်တိုးတွင်ကျယ် လာသော လူမှုပုံစံသစ်ကား ဖုန်းကြည့် လမ်းလျှောက် ပုံစံသစ်ဖြစ်သည်။ ဖုန်းကိုကြည့်၊ ရှေ့လူ တိုက်မိမှာစိုးလို့ လက်တစ်ဖက်က ခပ်ကာကာ အနေအထား ရှေ့ကိုနည်းနည်း ဆန့်ထားသည်။ ဇွန်ဘီ သူရဲများ လူရှာနေသလို ရှိ သည်။ သုတေသနပြုထားချက်များအရ ဖုန်းကြည့် လမ်းလျှောက်သည့်အခါ တိုက်မိမှာ စိုးရိမ်စိတ်ကြောင့် ပုံမှန်ထက် လမ်းလျှောက် နှေးသွားကြသည်။ မြင်ကွင်းကလည်း ကျဉ်းသွားသည်။ ဖုန်းကြည့် လမ်းလျှောက်သည့် အခါ ပုံမှန်မြင်နေရသည့် မြင်ကွင်း၏ (၅) ရာခိုင်နှုန်းကိုသာ မြင်ရတော့ရာ ဘေးဘီက ၀င်လာနိုင်သော အန္တရာယ်များကို ရှောင်ကွင်း နိုင်နှုန်းလည်း သိသာစွာ ကျဆင်းသွားကြောင်း သိရသည်။ ရှီဘူရာကို ဖုန်းကြည့် ဖြတ်ကူးသူများ မည်သို့ ဖြစ်နိုင်သည်ကို လေ့လာထားတာ တစ်ခုရှိသည်။

ဂျပန် ဆက်သွယ်ရေးကုမ္ပဏီကြီး NTT Docomoက သုတေသနတစ်ခု လုပ်သည်။ ရှီဘူရာကို ဖြတ်ကူးသူတိုင်း ဖုန်းကြည့် ဖြတ်ကူးကြလျှင် ဘာဖြစ်မည် နည်းဟူ၍ ဖြစ်သည်။ ရှီဘူရာ ပုံစံငယ်တစ်ခု လက်တွေ့လုပ်ကြည့်ပြီး လူများကို လက်တွေ့ ဖြတ်ကူးစေသည်။ လူတိုင်း ဖုန်းကြည့် ဖြတ်ကူး ကြမည် ဆိုပါက လူအုပ်ကြီး တစ်ခေါက် လမ်းဖြတ်ကူးတိုင်း တစ်ယောက်နဲ့တစ်ယောက် ၀င်တိုက်နှုန်း အကြိမ် (၄၀၀) လောက်ဖြစ်မည်။ ဖြတ်ကူးသူများ ၏ (၃၆) ရာခိုင်နှုန်းသာ လမ်းတစ်ဖက်ခြမ်းသို့ ရောက်မည်ဟု တွေ့ရသည်။ ထိုအတိုင်း သာဆိုပါက စည်းချက်ညီသော ဂျပန် လူမှု အဖွဲ့ အစည်းသည် ဖုန်းကြည့် လမ်းလျှောက်ခြင်းကြောင့် စည်းချက်မညီ ဖြစ်သွားမည်ဟု စစ်တမ်းအရ မြင်နိုင်သည်။

ဖုန်းကြည့် လမ်းလျှောက် ပုံစံသည် တာရှည် စွဲမြဲနေမည့် ပြဿနာကြီး တစ်ရပ်တော့ မဟုတ်။ ဂျပန်နိုင်ငံသည် ဖုန်းယဉ်ကျေးမှု အဆင့်မြင့်မား သော နိုင်ငံလည်း ဖြစ်သည်။ ရထားပေါ်မှာ ဖုန်းအကျယ်ကြီး ပြောသည့်လူက ခပ်ရှားရှား။ ဆယ်ကျော်သက် လူငယ်များသည်ပင် လူအများကြားမှာ ဖုန်းနဲ့ သီချင်းကျယ်ကျယ်ဖွင့် တာမျိုးက ကြုံ တောင့်ကြုံခဲ ဖြစ်သည်။ သုတေသန အတိုင်း တစ်ကယ်ဖြစ်လာ ပြီဆိုလျှင်ပင် ရှီဘူရာမှာ ယာဉ်ထိန်းရဲ တွေရောက် လာမည်။ ဖုန်းကြည့် လမ်းကူးသူတွေ ခေါင်းမော့ လမ်းကူးကြဖို့ ယာဉ်ထိန်းရဲတွေ သတိပေးအော်ဟစ်ကြလိမ့်မည်။ ဖုန်းကြည့် လမ်းလျှောက်ရင် ဘာဖြစ် မလဲ ကိုယ်တိုင်သိ ရအောင် စာရေးသူ ကော်ဖီဆိုင်က ဆင်းပြီး ရှီဘူရာလမ်းဆုံကို လျှောက်သည်။ လမ်းကူးနေသည့် တစ်ချိန်လုံး အီးမေး တစ်စောင် ရိုက်ရင်း လမ်းကူးမည်။ လုံးဝ မော့မကြည့်ဟု ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်သည်။ လမ်းကူးဖို့ မီးစိမ်းပြပြီ။ စာရိုက်ပြီး လမ်းစကူးပြီ။

လမ်းပေါ် ခြေချမိသည်နှင့် အတွေ့အကြုံက ချာချာလည်သည်။ ဖုန်းကြည့် လမ်းလျှောက်နေသော စာရေးသူ မြင်ကွင်းထဲမှာ ခြေထောက်တွေ ၀င်လိုက် ထွက်လိုက် ဖြစ်နေသည်။ ရှောပင်းထွက်သည့် အိတ်တွေက စာရေးသူ မျက်နှာဆီ ၀င်လာသည်၊ ရိုက်လုရိုက် ခင်လေးကျမှ ရုတ်ခနဲ ဖယ်သွား သည်။ တစ်ချက်မဟုတ် တစ်ချက်တော့ တိုက်မိ၊ ရိုက်မိတော့မည်ဟု စာရေးသူ စိတ်လေးနေသည်။ စက္ကန့် အနည်းငယ်ကြာတော့ စိတ်ပေါ့ သွားသည်။ စာရေးသူကို သူများတွေ ရှောင်ကွင်း သွားကြသည်။ စာရေးသူလိုလူ နှစ်ယောက်နဲ့ တွေ့သည်။ ခြေထောက်များကိုသာ မြင်ရခြင်း ဖြစ်၏။ လူချင်းဆိုင်မိ တော့ စာရေးသူ ဘယ်ရှောင်၊ ထိုနှစ်ယောက် ခြေထောက်တွေလည်း ဘယ်ရှောင်၊ စာရေးသူ ညာရှောင်၊ သူတို့လည်း ညာရှောင် ဖြစ်နေသည်။ မတတ်နိုင် တော့ ကိုယ့်ကတိ ကိုယ်ဖျက်ပြီး မော့ကြည့်ရတော့သည်။

စာရေးသူလို ဖုန်းကြည့် လမ်းကူးသည့် ပေါချာချာ နှစ်ယောက်ကို မြင်ရမည်ဟု မှန်းထားလိုက်သည်။ သို့သော် လက်ချင်းမဖြုတ်နိုင်အောင် မခွဲ နိုင် မခွာရက်ဖြစ်နေသော သမီးရည်းစား စုံတွဲကိုသာ မြင်ရသည်။ နှစ်ယောက်သား လက်တွဲ မဖြုတ်ဘဲ စာရေးသူကို တူတူ ရှောင်ကွင်းနိုင်အောင် ကြိုးပမ်း နေကြသည်။

ကောင်မလေးက စာရေးသူကို မကျေမချမ်း မျက်နှာနဲ့ ကြည့်သည်။ စာရေးသူကြောင့် သူတို့ ချစ်သူနှစ်ဦး လက်တွဲဖြုတ်ကာ စာရေးသူကို ရှောင်ကွင်း ရတော့မည့် အခြေအနေမျိုး ဆိုက်လာခြင်းကို ကောင်မလေး မကျေမနပ် ဖြစ်နေသည်။ လက်တွဲထားသော သူတို့နှစ်ဦးသားကို စာရေးသူ တောင်းပန်ပြီး စာရေးသူပဲ သူတို့ကို ပတ်ရှောင်ပြီး လမ်းဆက်ကူးလာသည်။ စာရေးသူ ပတ်ရှောင်ကာ လျှောက်လာစဉ် ကောင်မလေးက စာရေးသူကို ဖုန်းသူရဲ ပေါချာချာ တစ်ယောက်အဖြစ် မကျေမချမ်း ကြည့်လိုက်သည့် အကြည့်က စာရေးသူ နောင်ဘယ်တောာ့မှ ဖုန်းကြည့် လမ်းမလျှောက်တော့ဟု ဆုံးဖြတ်ဖြစ်သွားစေသည်။

Ref: Japan enters the dumbwalking era By Alex Marshall (BBC News)
Messenger News Journal

အင်တာနက် ဆိုတာ ဘာမှန်းမသိတဲ့၊ လျှပ်စစ်မီးတောင် ကောင်းကောင်း မရတဲ့ ဒေသတွေမှာတောင် အမုန်းတရားကနေ တဆင့် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုမျိုးတွေ အချိန်မရွေးဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ လူကြီးမင်းတို့ သိကြ၊ လက်ခံကြ၊ နားလည်ကြမယ် ထင်ပါတယ်။
မဇ္ဈိမ သတင်းစာ၊

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန် MICT Park မှာ Community Forum on Responsible Social Media in Myanmar လို့ နာမည်ပေးထားတဲ့ ဆွေးနွေးပွဲ တစ်ခု ကျင်းပခဲ့ပါတယ်။ ထူးခြားချက်ကတော့ ပွဲကို သမ္မတ ရုံးဝန်ကြီးဌာနက စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထဲက အိုင်တီ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ အပြင် ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်က တာဝန်ရှိသူတွေပါ ပါဝင်ကြတဲ့ ပွဲ ဖြစ်လို့ပါပဲ။ ဆွေးနွေးပွဲ ခေါင်းစဉ်ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတဲ့ လူမှုကွန်ယက် မီဒီယာလို့ နာမည်တပ်နိုင်မယ် ထင်ပါတယ်။ ဒီ ဆွေးနွေးပွဲ ဘာကြောင့် ကျင်းပဖြစ်ပါသလဲ၊ သမ္မတ ရုံးရဲ့ ရွယ်ရည်ချက်ဟာ ဘာဖြစ်နိုင်မလဲ၊ ဆိုရှယ်မီဒီယာတွေနဲ့ ပါတ်သက်ရင် ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပထမ တစ်ချက်ကတော့ ဒီ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းပါ။ မန္တလေးမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုကြီး ဖြစ်ပွားလာတော့ ဒီ အကြမ်းဖက်မှု ဖြစ်ပေါ်လာအောင် ဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာတွေကနေ ဖြန့်ချီခဲ့တယ်လို့ သမ္မတ ရုံးက ယူဆ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖေ့ဘွတ်ခ် ကနေ အမုန်းတရားဖြန့်တာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှု လုပ်တာတွေကို ထိန်းချုပ်ဖို့ အမေရိကန်အခြေစိုက် ဖေ့ဘွတ်ခ် ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သမ္မတရုံး တာဝန်ရှိသူ မှူးဇော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီ ကာလ ဖေ့ဘွတ်ခ် အသုံးပြုတာကို ခေတ္တရပ်ဆိုင်း လိုက်တာမျိုးတောင် ရှိခဲ့ပါတယ်။

ဒီနေရာမှာ မေးစရာ မေးခွန်း စပြီး ပေါ်လာတာက သမ္မတရုံး၊ ဒါမှမဟုတ် သမ္မတ နဲ့ အစိုးရအဖွဲ့ဟာ အကြမ်းဖက်မှုတွေကို ဖြစ်ပွားစေတဲ့ အမုန်းတရား ဖြန့်ဖြူးတာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို တကယ်ပဲ အာရုံစိုက်သလား ဆိုတာပါ။ သမ္မတ မိန့်ခွန်းမှာ အကြမ်းဖက်မှုကို ဖြစ်စေတဲ့ အမုန်းတရား ဖြန့်ဖြူးမှုတွေကို အရေးယူမယ်၊ ထိထိရောက်ရောက် အရေးယူမယ်၊ ပြင်းပြင်းထန်ထန် အရေးယူမယ် ခဏခဏပြောပေမယ့် ဖန်တရာတေနေတဲ့ ဆီသည်မ လက်သုတ်ပုဝါလိုတောင် ဖြစ်နေပါပြီ။ ဘယ်သူမှလည်း အယုံအကြည် မရှိတော့ပါဘူး။ ရှက်စရာ အလွန်ကောင်းတဲ့ မိန့်ခွန်းတွေလို့တောင် ပြောရင် ရနိုင်ပါတယ်။

သမ္မတရုံးက ပြောသလိုဆို အမုန်းတရားတွေ ဖြန့်ချီနေတာ၊ အကြမ်းဖက်မှုတွေ လုပ်နေတာတွေဟာ ဖေ့ဘွတ်ခ် တစ်ခုထဲ ရှိသလား ဆိုပြီး မေးရမလိုတောင် ဖြစ်နေပါတယ်။ ကောင်းပါပြီ ဖေ့ဘွတ်ခ်ကို မြန်မာနိုင်ငံထဲမှာ လုံးဝ ပိတ်ပင်လိုက်ရင် အကြမ်းဖက်မှုတွေ လုံးဝ ထပ်မဖြစ်တော့ပါဘူး၊ မတူကွဲပြားတဲ့ လူမျိုးတွေ၊ မတူကွဲပြားတဲ့ ဘာသာဝင်တွေ အေးအတူ ပူအမျှ နေကြပါ့မလားဆိုပြီး မှူးဇော်နဲ့ သမ္မတရုံးက ဥာဏ်ကြီးရှင်တွေကို မေးလိုပါတယ်။ ဖြေနိုင်ရင်တော့ ဖြေကြပါ။ လက်ရှိ အခြေအနေ အင်တာနက် ဆိုတာ ဘာမှန်းမသိတဲ့၊ လျှပ်စစ်မီးတောင် ကောင်းကောင်း မရတဲ့ ဒေသတွေမှာတောင် အမုန်းတရားကနေ တဆင့် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုမျိုးတွေ အချိန်မရွေးဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ လူကြီးမင်းတို့ သိကြ၊ လက်ခံကြ၊ နားလည်ကြမယ် ထင်ပါတယ်။
အကြောင်းကတော့ အမုန်းတရား ဖြန့်ဖြူးသူတွေဟာ လူစုလူဝေးမှာလည်း ထင်ထင်ရှားရှား တရားဟောလို့ ရနေပါတယ်။

အဲဒီ ပြောဟောထားတဲ့ အမုန်းတရားတွေကို စာရွက်တွေပေါ်မှာ ပုံနှိပ်ပြီးဖြစ်စေ၊ ဗီဒီယိုရိုက်ပြီး ဓာတ်ပြားနဲ့ ဖြစ်စေ၊ ဖြန့်လို့ရနေပါတယ်။ ဖြန့်နေကြပါတယ်။ ဗီနိုင်းပိုစတာတွေ ချိတ်ပြီး ဖြန့်ဖြူးလို့ရနေပါတယ်။ ပုံမှန် ပုံနှိပ် မီဒီယာ လမ်းကြောင်းကနေလည်း ဖြန့်နေကြပါတယ်။ အဲဒါတွေကိုပဲ အင်တာနက်ပေါ်တင်ပြီး ယူကျု့ကနေ ဖြစ်စေ၊ ၀က်ဘ်ဆိုက်ထဲကနေ ဖြစ်စေ၊ ဖေ့ဘွတ်ခ် ကနေ ဖြစ်စေ ဖြန့်လို့ရနေပါတယ်။ အခုလောလောဆယ် ထူးထူးဆန်းဆန်း ဖြစ်နေတာက သမ္မတရုံးနဲ့ အစိုးရဟာ အဲဒီ အမုန်းတရား ဖြန့်ဖြူးနေတာတွေကို ရပ်တန့်သွားအောင် တစ်လုံးတစ်ပါဒ တောင်မှ မဟပဲ ဖေ့ဘွတ်ခ် ကိစ္စ ပြောလာတာမျိုးပါ။ အခုလို လူကြားကောင်းအောင်၊ လူမြင်ကောင်းအောင် ဆီမီနာတွေ ကွန်ဖရင့်တွေ လုပ်ပြလာတာမျိုးပါ။
အခုကိုပဲ ဖေ့ဘွတ်ခ် အကောင့်န်တွေကို မိုဘိုင်းဖုန်း နံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ စ ပြီး စကား စ လာပါပြီ။ ဒါဆိုရင် အဲဒီ မိုဘိုင်းဖုန်းနံပါတ်တွေကို ဘယ်သူက အားလုံး သိခွင့်ရှိမလဲ၊ ဘယ်အကြောင်းအရာမျိုးတင်ရင် ဘယ်သူက တားမြစ်ခွင့်၊ ပိတ်ပင်ခွင့် ရှိမလဲ မေးစရာ မေးခွန်း ရှိလာပါပြီ။ အားလုံးကို အစိုးရကပဲသိ၊ အစိုးရကပဲ ထိန်းချုပ်မယ် ဆိုရင်တော့ လက်ရှိ သမ္မတရုံးရဲ့ လုပ်နေကိုင်နေတဲ့ ရည်ရွယ်ချက်ဟာ ဖေ့ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်နေတယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ ဘာ အမုန်းတရားဖြန့်ဖြူးနေတာကိုမှ၊ ဘယ်လို အကြမ်းဖက်ဖို့ လှုံ့ဆော်နေသူတွေကိုမှ အရေးယူ ကိုင်တွယ်ဖို့ မဖြစ်နိုင်ပါဘူး။

တကယ်တော့ တိုင်းပြည်ကို နိုင်ငံတကာ အလည်မှာ အရှက်ရစရာဖြစ်အောင်၊ နိုင်ငံ့ပုံရိပ် ကျဆင်းစေအောင် လုပ်နေတာဟာ ဖေ့ဘွတ်ခ် မဟုတ်ပါဘူး။ အမုန်းတရား ဖြန့်ဖြူးမှု၊ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေသာ ဖြစ်ပါတယ်။ အဲဒီ လူတွေဟာ အခြားသော ပုံနှိပ်စာရွက်၊ ဓာတ်ပြား၊ ဗွီနိုင်း၊ စာအုပ် စာစောင်၊ ၀က်ဘ်ဆိုက်တွေနည်းတူ ဖေ့ဘွတ်ခ်ကို သုံးကြတာပါ။ လက်ရှိ သမ္မတရုံးရဲ့ လုပ်ဆောင်ချက်ဟာ အရှေ့အလယ်ပိုင်းမှာ ကားပေါ်ဗုံးတင်ပြီး လူတွေသေအောင် ဗုံးခွဲနေတဲ့ ကိစ္စ၊ ဗုံးတင်သူ ဗုံးခွဲသူတွေအကြောင်း မဆွေးနွေးပွဲ ကားတွေကို ဘယ်လို ထိန်းချုပ်ရင် ကောင်းမလဲ စည်းရုံးနေတာနဲ့ တူပါတယ်။ ကားပေါ် ဗုံးတင်ခွဲရင် ငါတို့ကလွဲပြီး ဘယ်သူမှ ကားမစီးစေနဲ့ ပိတ်၊ ဆိုင်ကယ်ပေါ် ဗုံးတင်ခွဲရင် ငါတို့လူတွေကလွဲပြီး ဆိုင်ကယ်တွေ မစီးစေနဲ့ ပိတ် ဆိုတဲ့ အတွေးအခေါ်မျိုးပါ။

မြန်မာနိုင်ငံဟာ ရာစုနှစ် တစ်ဝက်ကျော်ကျော် စစ်အာဏာရှင် စနစ် လက်အောက်ရောက်ခဲ့ပြီး တိုင်းပြည် အကြီးအကျယ် နစ်နာခဲ့ရပြီးပါပြီ။ အဲဒီ စနစ်ဆိုးရဲ့ ဒါဏ်ကိုလည်း နေ့တိုင်း ညတိုင်း ဆက်ပြီး ခံစားနေရဆဲပါ။ သတင်းကောင်းကောင်း မရေးတတ်လို့ ရေးချင်သလို ရေးလိုက်တဲ့ သတင်းထောက်တွေ၊ ဖေ့ဘွတ်ခ် ကောင်းကောင်း မသုံးတတ်ပဲ ရေးချင်တာ ရေးတင်လိုက်မိတဲ့ ပြည်သူတွေ အမြောက်အများ ရှိတာ အမှန်ပါ။ တစ်ယောက်ချင်း လုပ်တာ ကိုင်တာတွေအတွက် တစ်ယောက်ချင်းစီက တာဝန်ယူရမှာ ဖြစ်ပေမယ့် လူတွေအများကြီး အဲလို ဖြစ်နေတယ် ဆိုရင်တော့ ပညာရေးကို အောက်ဆုံးအဆင့်ရောက်အောင် လုပ်ခဲ့တဲ့ အရင် စနစ်ဆိုးကိုပဲ အပြစ်ဖို့ရမှာ ဖြစ်ပါတယ်။

အခုဆို သမ္မတ၊ လွှတ်တော်အကြီးအကဲ၊ တပ် အကြီးအကဲ နဲ့ စစ်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင် ဟောင်းတွေဟာ အတိတ်ကို ပြည်ဖုံးကားချ၊ အတိတ်က အပြစ်တွေ ပြန်မပြောနဲ့၊ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် သွားကြမယ်လို့ တဖွဖွ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် တိုင်းပြည်ကို အကြီးအကျယ် ဒုက္ခရောက်စေတဲ့ နိုင်ငံတကာ အလည်မှာ မျက်နှာငယ်စေတဲ့ အမုန်းတရား ဖြန့်ဖြူးမှုကိစ္စတွေ၊ အကြမ်းဖို့ လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ဒီကနေ့ အချိန်ထိ မွေးမြူထားတာ အံ့သြစရာ တွေ့မြင်နေရပါတယ်။ ဒါကလည်း အဲဒီ အမုန်းတရား၊ လှုံ့ဆော်မှု၊ အကြမ်းဖက်မှုတွေဟာ ငါတို့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူး၊ အတိုက်အခံ အင်အယ်လ်ဒီ နဲ့ ပြည်သူတွေကိုပဲ ထိခိုက်စေတယ် ဆိုတဲ့ စဉ်းစားနည်းနဲ့များ မွေးမြူထားလေရော့သလား စဉ်းစားစရာ ဖြစ်စေပါတယ်။

သမ္မတ ရုံး၊ အစိုးရအဖွဲ့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့ အရင် စစ်အာဏာရှင်ခေတ်ကလို တိုင်းပြည်ကို နစ်မွန်းအောင် မလုပ်သင့်တော့ပါဘူး။ ဒီအတွက် ဖေ့ဘွတ်ခ်ကို ထိန်းချုပ်ဖို့ လုပ်တဲ့ စိတ်ကူးတွေကို ခဏဘေးဖယ်ထားပြီး အမုန်းတရားဖြန့်ဖြူးမှုတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ရပ်တန့်သွားအောင်၊ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဖြစ်အောင် စ လုပ်ကြပါတော့လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။
စည်သူအောင်မြင့်။


သီလဝါစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရတဲ့ ကျေးရွာ ၆ရွာမှ ဒေသခံတွေက ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ကို မြန်မာအစိုးရက သင့်တော်သော လျော်ကြေးမပေးခဲ့တဲ့အကြောင်း တိုင်ကြားခဲ့လို့ ဇူလိုင် ၁၉ရက်နေ့မှာ JICA အဖွဲ့က ကွင်းဆင်းစုံစမ်းခဲ့ပါတယ်။ JICA အဖွဲ့ကို ရွာသားတွေ ဘာပြောခဲ့လဲ။

ဟက်တာ ၄ဝဝနဲ့ တည်ဆောက်ဖို့ လျာထားတဲ့ သီလဝါဆိပ်ကမ်းစီမံကိန်းမှာ မြန်မာအစိုးရက နောက်ထပ် ဟက်တာ ၂ဝဝဝ တိုးချဲ့လုပ်ကိုင်ချိန်မှာ ကျေးရွာ ၆ရွာက ဒေသခံတွေက သူတို့ရဲ့ လက်ရှိ စားဝတ်နေရေး အခြေအနေတွေ ပျက်စီးဒုက္ခရောက်နေတဲ့အကြောင်းကို JICA အဖွဲ့ကို တင်ပြခဲ့ပါတယ်။

ပြောင်းရွှေ့ခံခဲ့ရတဲ့ ကျေးရွာ ၆ရွာကိုယ်စား သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာက ဦးမြလှိုင်ဦးဆောင်ပြီး တိုင်ကြားခဲ့လို့ သီလဝါအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေးနဲ့ JICA ရဲ့တာဝန်ရှိသူတွေ တွေ့ဆုံချိန်မှာ သုံးပွင့်ဆိုင် ညှိနှိုင်းပြီး တာဝန်ရှိသလို လုပ်ဆောင်မှာ ဖြစ်ပေမယ့် လျော်ကြေးငွေ ထုတ်ပေးရေးက မြန်မာအစိုးရနဲ့ သက်ဆိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရ ပြန်လည်ချပေးတဲ့ နေရာသစ်မှာ အလုပ်အကိုင်မရှိ၊ ဝေးလံခေါင်ပါးသလို ဇာမဏီဆည်ကို ပိတ်လိုက်လို့ နွေစပါးလည်း စိုက်ပျိုးမရဖြစ်နေရာက လူမှုဒုက္ခတွေကြောင့် မိသားစု ၁၈စု ဘဝပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရဘက်က ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဒေသခံတွေ အကျိုးစီးပွားကို မျက်ကွယ်မပြုဖို့လည်း JICA အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ တင်ပြခဲ့ပါတယ်။

Kamayut media

ဦးတေဇပိုင်ဆိုင်သော အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၏ အစုရှယ်ယာ ရောင်းချ ခြင်းကိစ္စနှင့်ပတ်သက်၍ အစုရှယ် ယာ ဝယ်ယူသူ ဦးကျော်နေဝင်း နှင့် ဘဏ်တာဝန်ရှိသူများကြား ပြောဆိုမှုများတွင် ကွဲလွဲမှုများ ရှိနေသည်။

အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ အစုရှယ်ယာ ၁၅ ရာ ခိုင်နှုန်းကို ဦးနေ၀င်း၏ မြေး ဦးကျော်နေ၀င်းနှင့် မီကိုကွေကာ လုပ်ငန်းရှင်အပါအ၀င် စုစုပေါင်း လုပ်ငန်းရှင် လေးဦးကို ရောင်းချ ခြင်းဖြစ်ကြောင်း ဘဏ်ဘက်က ပြောဆိုနေသော်လည်း ကာယကံ ရှင် ဦးကျော်နေဝင်း ဘက်ကမူ ၆၀ ရာခိုင်နှုန်းအထိ ဝယ်ယူထား ပြီးဖြစ်ကြောင်း ပြောဆိုသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ခြောက်သိန်းရှိပြီး ယင်းအနက် ၁၅ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာကိုးသောင်းကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝေလင်းဦးကပြောသည်။

သို့သော် ဦးကျော်နေ၀င်းတို့ဘက်ကမူ အောက်ပါအတိုင်း တုံ့ပြန်ပြောကြားသည်။

‘‘၆၀ ရာခိုင်နှုန်း ဝယ်ထားပြီး ပါပြီ။ နောက် ၆ လအတွင်း ၈၅ ရာခိုင်နှုန်းအထိ ဝယ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ပြောတဲ့အကြောင်း ကို ဦးဝေလင်းဦးက ရှင်းပြပါလိမ့် မယ်’’ဟု ဦးကျော်နေဝင်း၏ ညီ ဖြစ်သူ ဦးအေးနေဝင်းက 7Day Daily သို့ အတည်ပြု ပြောကြားသည်။

ထို့အပြင် အခမဲ့ထုတ်ဝေ နေသော Messenger သတင်းစာ တွင်မူ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD) ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီဖြစ် ကြောင်း ဦးကျော်နေ၀င်းက ပြောကြားထားသည်။

‘‘မီကိုကွေကာက ဦးယဉ် ထွေးကို ခြောက်သောင်းသုံး ထောင်(ရှယ်ယာစု)၊ ကိုကျော်နေ ၀င်းကို ကိုးထောင်(ရှယ်ယာစု) နဲ့ ကျန်တာကို လုပ်ငန်းရှင် နှစ်ဦးကို ရောင်းလိုက်တာ။ သူတို့က ၆၀ ရာ ခိုင်နှုန်းထိဝယ်ချင်တယ်လို့ပြော ထားပေမယ့် အဲဒီကိစ္စက မပြတ်သေးပါဘူး’’ဟု ဦးဝေလင်းဦးက ဆိုသည်။

‘‘ဗဟိုဘဏ်က ၁၅ ရာခိုင်နှုန်း ပဲခွင့်ပြုထားတဲ့အတွက် ၁၅ ရာ ခိုင်နှုန်းပဲ ရောင်းလိုက်တာပါ’’ဟု AGD ဘဏ်ဒုဥက္ကဋ္ဌ ဦးသီဟကပြောသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် ဦးနေ၀င်း၏ သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့် သားအဖ သုံးဦးကို ၂၀၀၂ တွင် ဖမ်းဆီးခံပြီးသေဒဏ်ချမှတ်ခဲ့သည်။ ဦးနေ၀င်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကိုလည်း နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် သားအဖလေးဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၂ နှင့် ၂၀၁၃ခုနှစ်အတွင်း နှစ်ကြိမ်ခွဲ၍ လွတ်မြောက်လာခဲ့ကြခြင်းဖြစ်သည်။

7Day News Journal

ယူနတီဂျာနယ်တွင် ဖော်ပြခဲ့သည့် ပေါက်မြို့နယ်လက်နက်စက်ရုံသတင်း

ထောင်ဒဏ်နှစ်ရှည်ကျ ခံနေရသည့် ယူနတီသတင်းဂျာ နယ်မှ သတင်းထောက်လေးဦးအ တွက်အယူခံလျှောက်ထားခြင်း ကို မကွေးတိုင်းဒေသကြီးတရား လွှတ်တော်ကဇူလိုင် ၂၁ရက်တွင် လက်ခံခဲ့ကြောင်းသတင်း ထောက်များ၏ ရှေ့နေက ပြောသည်။

ပြည်တွင်းထုတ်ဂျာနယ်တစ် စောင်ဖြစ်သည့် ယူနတီဂျာနယ် တွင် ယခုနှစ်ဇန်န၀ါရီလအတွင်း ကဖော်ပြခဲ့သည့် မကွေးတိုင်း ပေါက်မြို့နယ်ရှိလက်နက်စက်ရုံ အကြောင်းရေးသားမှုနှင့် ပတ် သက်ပြီး အာဏာပိုင်များက ဂျာ နယ်၏ အမှုဆောင်အရာရှိချုပ်ဦး တင့်ဆန်းနှင့် သတင်းထောက် လေးဦးအား ထောင်ဒဏ်ဆယ်နှစ် စီချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုတွဲမှ သတင်း ထောက်လေးဦးသည်သီးခြားအစီ အစဉ်ဖြင့် ၎င်းတို့၏ ရှေ့နေမှတစ် ဆင့်မကွေးတိုင်းဒေသကြီးတရား လွှတ်တော်ထံ အယူခံလျှောက် ထားခဲ့ခြင်းဖြစ်သည်။

ခရိုင်တရားရုံးတွင် အမှုစစ် ဆေးစဉ်လုံလောက်သည့်ခုခံချေ ပခွင့်မရရှိခြင်း၊ ထောင်ဒဏ်မှာ များပြားနေခြင်း စသည့်အချက် များကြောင့် အယူခံဝင်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ထောက်များ၏ ရှေ့နေဖြစ်သူဦးရောဘတ်ဆန်းအောင်က ပြောသည်။

‘‘အောက်ရုံးမှာအမှုစစ်တုန်း ကရှေ့နေရှေ့ရပ်တွေအတွက်လုံ လောက်တဲ့ခုခံချေပဖို့အချိန်မပေး ဘူး။ တစ်ပတ်နှစ်ရက်စစ်တဲ့အ တွက် ရပ်ဝေးကလာတဲ့ရှေ့နေ တွေအတွက် လုံလောက်တဲ့အချိန် မရခဲ့ဘူး’’ဟု ဦးရောဘတ်ဆန်း အောင်ကပြောသည်။

မကွေးတိုင်းဒေသကြီးတ ရားလွှတ်တော်တွင်ထောင်ဒဏ်ချ ခံထားရသည့် ဒီမိုကရက်တစ်မြန် မာ့အသံ(DVB)မှ သတင်းထောက် တစ်ဦးသည်အယူခံလွှာတင်သွင်း ခဲ့ပြီးနောက်ပြစ်ဒဏ်ပြင်ဆင်ချ မှတ်ခံခဲ့ရသည့်အဖြစ်အပျက်ရှိခဲ့ ဖူးသည်။

ဝတ္တရားနှောင့်ယှက်မှု၊ ပိုင် နက်ကျူးလွန်မှုတို့ဖြင့်မကွေး ပ ညာရေးဌာနက တရားလိုပြုပြီးတ နောက်ထောင် ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရသည့် DVB သတင်းထောက်ကိုဇော်ဖေသည် မူလကထောင်ဒဏ်တစ်နှစ် အမိန့်ချခံခဲ့ရသော်လည်း မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်အယူခံတင်သွင်းပြီးနောက် ထောင်ဒဏ်သုံးလပြင်ဆင်သတ်မှတ်ပေးခဲ့သည်။

7Day News Journal

ယူကရိန်း သူပုန်များသည် MH-17 လေယာဉ်ပျက်ကျသည့် နေရာမှ ယူဆောင်လာသည်ဆိုသော Black Box နှစ်လုံးကို မလေးရှားမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH-17 သည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းလာစဉ် ယူကရိန်း အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသ၌ ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဟု ယူဆရသော

အခြေအနေကြောင့် ပေါက်ကွဲပျက်ကျခဲ့သည်။

မိမိကိုယ်ကိုယ် ဒိုးနက်စ်ခ် ပြည်သူ့သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကြေညာထားသည့် ယူကရိန်းသူပုန် ခေါင်းဆောင် အလက်ဇန္ဒား ဘိုရိုဒိုင်က ဇူလိုင်(၂၂)ရက်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး လေယာဉ်ပျက်ကျရာ နေရာမှ

ယူဆောင်လာသည်ဆိုသော Black Box နှစ်လုံးကို မလေးရှားမှ ကျွမ်းကျင်ပညာရှင်များထံ လွှဲပေးခဲ့သည်။

“ဒိုးနက်စ်ခ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စား မလေးရှားအစိုးရ ပိုင်ဆိုင်သင့်တဲ့ ဟောဒီ Black Box နှစ်လုံးကို ပြန်ပြီး လွှဲအပ်ပေးခွင့်ရတာကို ကျွန်တော် ကျေးဇူးတင်ပါတယ်”ဟု ဘိုရိုဒင်က မလေးရှား ပညာရှင်များအဖွဲ့ကို ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့ဟာ MH-370 လေယာဉ်တုန်းက (မတ်လအတွင်း အိန္ဒိယ သမုဒ္ဒရာထက်တွင် ပျောက်ဆုံးသွားသည့် လေယာဉ်) Black Box တွေကို ရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် MH-17 ရဲ့ Black Box တွေကို ပြန်ရှာတွေ့လာချိန်မှာ

ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ Black Box တွေရဲ့ အခြေအနေကို ကြည့်ရတာ ထိခိုက်မှု နည်းနည်းပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟုလည်း ဆိုသည်။

Black Box များအနက် တစ်လုံးတွင် လေယာဉ်မှူးအခန်းထဲရှိ ပြောဆိုမှုများ အားလုံးကို အသံသွင်းယူ မှတ်သားထားပြီး ကျန်တစ်လုံးတွင် ပျံသန်းမှုဆိုင်ရာ အချက်အလက်များကို သိုမှီးထားသည်။ သို့သော်လည်း လေယာဉ်

ပစ်ချခံရသည် ဆိုပါက အဆိုပါ အချက်အလက်များက မည်သို့မည်ပုံ အသုံးဝင်နိုင်သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ယူကရိန်း အစိုးရကမူ MH-17 သည် ယူကရိန်း စစ်ဘက်လေယာဉ်တစ်စီးနှင့် မှားယွင်းပြီး သူပုန်တို့က

ပစ်ချခဲ့ခြင်းဟု အခိုင်အမာ စွပ်စွဲနေဆဲ ဖြစ်သည်။

ရုရှားက အထောက်အပံ့ပေးနေသည့် သူပုန်တပ်များကို ဦးဆောင်နေသည့် ဘိုရိုဒင်က ကျွမ်းကျင်ပညာရှင်များ စစ်ဆေးနိုင်ရန်အတွက် လေယာဉ်ပျက်ကျရာ နေရာအနီးတဝိုက်တွင် အပစ်အခတ် ရပ်စဲရန်လည်း တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့ ဘက်ကတော့ (၁၀)ကီလိုမီတာ ပတ်ဝန်းကျင် ဧရိယာကို အပစ်အခတ် ရပ်စဲဖို့ အမိန့်ပေးထားမှာပါ”ဟု ၎င်းက ဆိုသည်။ ယူကရိန်း သူပုန်များသည် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ (၂၉၈)ဦးအနက် (၂၈၀)ကျော်၏

ရုပ်အလောင်းများကို တင်ဆောင်လာသည့် မီးရထားကိုလည်း ယူကရိန်း အစိုးရ ထိန်းချုပ်ထားသည့် ခါကစ်ဗ်မြို့ဘက်သို့ ပြန်လည် စေလွှတ်ပေးလိုက်ပြီ ဖြစ်သည်။

_Ref: Channelnewsasia

7Day News Journal


မဇ္ဈိမ။
မြန်မာနိုင်ငံ၍ အောင်မြင်သည့် ဒီမိုကရေစီစနစ် တည်ဆောက်ရန် တပ်မတော်သားများအပါဝင် ၀န်ထမ်းများ သမာသမတ်ကျရန်၊ သတ္တိရှိရန်လိုအပ်သည်ဟု အမျိုးသားမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားသည်။

ယနေ့ကျင်းပနေသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အာဆီယံစီးပွားရေးသင်တန်း လွှတ်တော်သို့ လေ့လာရေးလာရောက်သော ဆရာ၊ ဆရာမများ သင်တန်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “၀န်ထမ်းတွေက သတ္တိရှိရမယ်၊ နိုင်ငံကို ဒီမိုကရေစီစနစ်နဲ့ ပြန်တည်ဆောက်မယ်ဆိုရင် ၀န်ထမ်းတွေရဲ့ အခန်းဏ္ဍာန်ဟာ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ပြောင်းပြောင်းသွားတယ်၊ ၀န်ထမ်းတွေက မပြောင်ဘူး၊ အဲဒီတော့ ဒီဝန်ထမ်းတွေက သမာသမတ်ရှိဖို့၊ သတ္တိရှိဖို့၊ လုပ်ရဲကိုင်ရဲဖို့၊ လုပ်တတ်ဖို့က သိပ်အရေးကြီးတယ်” ဟု ပြောသည်။

၎င်းက “တကယ်အောင်မြင်တဲ့ ဒီမိုကရေစီစနစ်တွေ ကြည့်လိုက်ရင် Civil Services (ပြည်သူ့ဝန်ထမ်း) က အရမ်းအားကောင်းတယ်၊ အရမ်းအားကောင်းတယ်ဆိုတာ အာဏာသြဇာကို ပြောတာ မဟုတ်ပါဘူး။ အရည်အချင်းအားဖြင့် အားကောင်းတာ” ဟု ဖြည့်စွက်ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံသည့် အိန္ဒိယနိုင်ငံသည် နိုင်ငံဧရိယာကြီးမားကာ ပြဿနာအမျိုးမျိုး၊ ဆင်းရဲနွမ်းပါးမှု များပြားခြင်း၊ ဘာသာအမျိုးမျိုး၊ လူမမျိုး ကွဲပြားစွာရှိသောလည်း ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းနိုင်ခြင်းမှာ ပထမမျိုးဆက် လွတ်လပ်ရေးခေါင်းဆောင်များသည် ဆယ်စုနှစ် တစ်ခုစာမျှ နိုင်ငံတည်ငြိမ်ရန် ဦးဆောင်မှုပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

၎င်းက “နောက်တစ်ခုက သူတို့ရဲ့ တပ်မတော်က ဒီမိုကရေစီအစဉ်အလာအရ အဲဒါကျတော့ ၀န်ထမ်းတွေနဲ့ ဆိုင်တယ်၊ ၀န်ထမ်းတွေရဲ့စိတ်ဓာတ်က ဒီမိုကရေစီနဲ့ ကိုက်ညီတယ်၊ ၀န်ထမ်းဥပဒေဘောင်အတွင်းမှာနေတယ်၊ နိုင်ငံရေးမှာ ၀င်မစွတ်ဘူး” ဟု ဆိုသည်။

“သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်အရ ထောက်ခံချင်တဲ့ပါတီ ထောက်ခံမယ်၊ ဒါပေမဲ့ သူတို့ရဲ့အလုပ်ထဲမှာ ဒီဟာကို ဆွဲမထည့်ဘူး။ အဲဒီတော့ နိုင်ငံရေးအရ ဘယ်လို့ပဲ ပြောင်နေပြောင်းနေ ၊ နိုင်ငံရဲ့တည်ငြိမ်မှုကို တော်တော်ထိန်းနိုင်တာက ဒီဝန်ထမ်းတွေ၊ တပ်မတော်သားတွေလဲ ပါတယ်။ တပ်မတော်သားတွေဆိုတာလည်း ၀န်ထမ်းပဲ” ဟု ၎င်းက ဖြည့်စွတ်ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း စနစ်ပြောင်းသွားပြီဖြစ်သကဲ့သို့ ခေတ်လည်း လိုက်ပြောင်းရမည်ဖြစ်ကြောင်း၊ အပြောင်းအလဲကို လိုချင်နေသည့် ပြည်သူများ၏ ဆန္ဒကို နားလည်သဘောပေါက်ကြရမှာ ဖြစ်ကြောင်း၊ ဗဟိုချုပ်ကိုင်သည့် စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန်ခံသည့် စနစ်မျိုးဖြင့် သွားကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် အောက်ခြေက တောင့်တင်းခိုင်မာရန်၊ အားကောင်းရန် လိုအပ်ပါကြောင်း ၂၀၁၁ ခုနှစ်၊ ဧပြီလ ၇ ရက်က ဒုတိယသမ္မတများ၊ ပြည်တောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများချုပ်များအား ပြောကြားခဲ့သည်။ အမှန်အလုပ်လုပ်ကြရမည့် သူများမှာ ညွှန်ချုပ်ကစပြီး အောက်ခြေ၀န်ထမ်းများဖြစ်ကြောင်း၊ ၀န်ကြီးများ၊ ဒု-၀န်ကြီးများသည် စနစ်သစ်အရ ငါးနှစ်တစ်ကြိမ် ခေါင်းပြောင်းနေကြမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် ညွှန်ချုပ်ကပြီး အောက်ခြေအဆင့်အထိ အဆင့်ဆင့်သော ၀န်ထမ်းများ အရည်အချင်းပြည့်ဝမှသာ ၀န်ကြီးဌာန၏ လုပ်ငန်း သွက်လက်မြန်ဆန် မှန်ကန်မှာဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။



http://www.tomorrow.com.mm/
တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်နှင့် ပတ်သက်သည့် ပဉ္စမ အကြိမ်မြောက် ရုံးချိန်းတွင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့အား ပီနန် ဆရာတော်ကြီးမှ ပေးပို့သော စာရွက်စာတမ်းများသည် မိတ္တူများ ဖြစ်နေသည့် အတွက် တရားသူကြီးမှ တရားခွင်ကို ရပ်စဲခဲ့ပြီး လာမည့် သြဂုတ်လ ၁ ရက်နေ့သို့ ရုံးချိန်းအား ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“မဟနဆီကို မဟာသန္တိသုခ ဆရာတော်ကြီးက စာရေးတယ်။ စာရေးတဲ့ဟာကို ပီနန်ဆရာတော် ဘုရားကြီး လက်မှတ်မပါလို့ဆိုပြီး ငြင်းလိုက်တယ်။ နောက်တစ်ခါ ပီနန် ဆရာတော်ဘုရားကြီး လက်မှတ်ထိုးထားတာကို သက်သေခံတင်တယ်။ သက်သေခံတင်တဲ့ အတွက် တရားသူကြီးရဲ့ မဟာဓလေ့ခကြောင့် လက်မှတ်ထိုးထားတာကို သတိမမူဘဲနဲ့ ငြင်းလိုက်တယ်။ သက်သေခံ မ၀င်ဘူး။ အဲဒီ့အတွက် မကျေနပ်ဘူး။ ဆက်စပ် သံဃာတော် တရားခံတွေကိုပါ နစ်နာတဲ့ အတွက် တရားစီရင်ရေးကို ရပ်ပေးပါ။ အထက်ရုံးကို တက်မယ်လို့ ပြောတဲ့အတွက် တရားစီရင်ရေး ရပ်ဆိုင်းလိုက်ပါတယ်”ဟု တရားစွဲဆိုခံ ဆရာတော်များ၏ ဥပဒေအကျိုးဆောင် ဦးသန်းထွန်းအောင်က ပြောကြားသည်။

၎င်းသက်သေခံ စာရွက်စာတမ်းများသည် မဟနမှ မတ်လကုန်တွင် သန္တိသုခကျောင်းတိုက်မှ ထွက်ခွာရန် ပီနန်ဆရာတော်ထံ အကြောင်းကြားစာကို ပီနန် ဆရာတော်ကြီးမှ ယင်းစာကို ငြင်းပယ်သည့် အနေဖြင့် ထွက်မသွားနိုင်ကြောင်း ပေးပို့ခဲ့သည့် စာရွက်စာတမ်းများဖြစ်ပြီး ပီနန် ဆရာတော်ကြီးမှ လက်မှတ်ထိုးထားသော ယင်းသက်သေခံစာကို တင်သွင်းရာ တရားလိုဘက်မှ အကျိုးဆောင် ရှေ့နေက စာအနေဖြင့် လက်ခံကြောင်း၊ သက်သေ အနေဖြင့်ပါရန် ပီနန် ဆရာတော်ကြီး ကိုယ်တိုင် ၄င်း၏သက်သေကို တင်သွင်းမှသာ တရားရုံးမှ သက်သေခံအဖြစ် လက်ခံမှာဟုဆိုကာ ကန့်ကွက်ခဲ့ကြောင်း သိရသည်။

“ကန့်ကွက်တဲ့ အတွက်ကြောင့် ဘုန်းကြီးတို့ရဲ့ ရှေ့နေက ပယ်ပြီး ချေပတာက တရားရုံးမှာ စွဲနေတဲ့ တရားစွဲချက်တွေ အားလုံးဟာ နိုင်ငံတော် သံဃာ့ မဟာနာယက ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ မပါဘဲနဲ့ မဟနထုတ်တဲ့ စာတွေနဲ့ မူရင်းစာတွေ အပြင် ကော်ပီတွေနဲ့ လာပြီးတော့ တရားစွဲဆိုတာကို တရားရုံးက လက်ခံပြီးမှ ပီနန် ဆရာတော်ကြီး ကိုယ်တိုင်လာမှ သက်သေခံအဖြစ် တင်သွင်းမယ် ဆိုတာ ဥပဒေနဲ့ မညီပါဘူး”ဟု ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

ယင်းကဲ့သို့ တရားသူကြီး အနေဖြင့် တရားခွင်ကို ရပ်ဆိုင်းပြီး သြဂုတ်လ ၁ရက်နေ့သို့ ရွှေ့ဆိုင်းခြင်းသည် စာတွင်ပါဝင်သော အကြောင်းအရာများသည် မဟနကို တင်သွင်းသော စာများဖြစ်ကြောင်း၊ ယင်းစာများသည် မိတ္တူများ ဖြစ်သည့်အတွက် တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်ပြီး ယင်းစာရွက်စာတမ်းများကို ခရိုင်တရားရုံးသို့ တင်ပြသွားမည်ဖြစ်ပြီး ခရိုင် တရားရုံးမှ ပြန်လည် စစ်ဆေးရန် ပြောဆိုပါက ပြန်လည် စစ်ဆေးမည် ဖြစ်သည့်အတွက် ရုံးချိန်းကို သြဂုတ်လ ၁ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၁၉၉၇ ခုနှစ် မှ ၂၀၀၀ ပြည့်နှစ်များအကြား မြန်မာ့နိုင်ငံရေးကို တက်ကြွလှုပ်ရှားခဲ့သဖြင့် မြန်မာနိုင်ငံထောင်များတွင် သုံးကြိမ်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရသူ ဗြိတိန်နိုင်ငံသား James Mawdsley သည် ယနေ့ မွန်းလွဲ ၁၂း ၁၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးသို့ ရောက်ရှိလာရာ မင်းကိုနိုင်၊ အံ့ဘွယ်ကျော် နှင့် ပဏ္ဍိတ်ထွန်းတို့က လက်ခံတွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံကြရာတွင် တစ်ချိန်တစ်ခါက မြန်မာနိုင်ငံ အကျဉ်းထောင်များအကြောင်း၊ အနာဂတ်မြန်မာနိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုတို့နှင့် ပတ်သက်ပြီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် မင်းကိုနိုင်က ရင်းနှီးမှု အမှတ်တရအဖြစ် ပန်းချီကားကို James Mawdsley အား ပေးအပ်ခဲ့သည်။

James Mawdsley သည် ယခင်က မြန်မာ့နိုင်ငံရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့ပြီး ယနေ့အချိန်တွင် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးအဖြစ်ကို ခံယူရန် ဂျာမဏီနိုင်ငံ၌ ခရစ်ယာန်ဘုန်းတော်ကြီးသင်တန်းကျောင်း တက်နေသူတစ်ဦးဖြစ်သည်။ သူသည် ၁၉၉၇ ခုနှစ် မှ ၂၀၀၀ ပြည့်နှစ်များအတွင်းက မြန်မာ့နိုင်ငံရေးကို တက်ကြွလှုပ်ရှားသဖြင့် မော်လမြိုင်အကျဉ်းထောင်တွင် (၇) ရက်၊ အင်းစိန်အကျဉ်းထောင်တွင် (၃) လ နှင့် ကျိုင်းတုံအကျဉ်းထောင်တွင် (၁၄) လ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်။
The 88 Generation Peace and Open Society

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.