07/24/14



၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ ဖလား ပြိုင်ပွဲကို ရုရှား နိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် မပြုဖို့ ဂျာမနီ နိုင်ငံက နိုင်ငံရေး သမား တချို့က တောင်းဆို ခဲ့ကြပါတယ်။

ယူကရိန်း နိုင်ငံက ခွဲထွက်ရေး သမားတွေကို ရုရှားနိုင်ငံက အထောက်အပံ့ ပေးနေတာနဲ့ ပတ်သက်လို့ ဥရာပ သမဂ္ဂ အနေနဲ့ ရုရှားကို ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူမယ် ဆိုရင် တခြား အရေးယူတာတွေထက် ဒါက ပိုထိရောက်တယ်လို့ သူတို့က ပြောပါတယ်။

ဂျာမနီက နာမည်ကြီး မဂ္ဂဇင်း တစ်စောင်ရဲ့ စစ်တမ်း အရ ဂျာမနီ နိုင်ငံသား ၆၀ ရာခိုင်နှုန်းက ဒါကို ထောက်ခံကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရုပ်သိမ်း မသိမ်း ဆိုတာ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ကသာ ဆုံးဖြတ်ခွင့် ရှိပါတယ်။

ရုရှားနိုင်ငံကို ၂၀၁၈ ကမ္ဘာ့ဖလားရဲ့ အိမ်ရှင် အဖြစ် ၂၀၁၀ ဒီဇင်ဘာ တုန်းက ဖီဖာက မဲနှိုက် ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သာလွန်ဇောင်းထက်
ဧရာဝတီ - July 23, 2014
သမ္မတရုံးဝန်ကြီး ဦးလှထွန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ် (ဓာတ်ပုံ – NLD)
စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကြီးသုံးကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး မပြေလည်ချိန်မှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးစားမှုတချို့ ရှိလာတာကို တွေ့လာရပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို တိုင်းပြည်နဲ့လူမျိုးအတွက် ထောက်ထားကြဖို့၊ စေတနာရှိကြောင်း ပြသဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုကြောင်း ပြောဆိုခဲ့ပါတယ်။ ပခုက္ကူ ဟောပြောပွဲကြောင့် ကြီးသုံးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရေချိန်ကို သိသာစေတာမို့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းက လိပ်ခဲတည်းလည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာရုံစိုက်လာကြပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ သမ္မတ ဦးသိန်းစိန် အထူးအားထားရတဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်အစိုးရရုံး အမှတ် ၁၈ မှာ တွေ့ဆုံဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှု ခေါင်းစဉ်က တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်လှစ်ရေးအတွက် တွေ့ဆုံဆွေးနွေးကြတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကို တချိန်က ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ယုံကြည်ပါတယ်လို့ ပြောဆိုခဲ့ပြီး နောက် ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေက အလုပ်မဖြစ်ဘူးလို့ ပြန်လည်ပြင်ဆင်ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းကို ကြည်ကြည်သာသာနဲ့ လက်ခံတွေ့ဆုံသလို သမ္မတ ဦးသိန်းစိန်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်နေတဲ့ တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်လှစ်ရေးမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လာတာမို့ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်ထိတွေ့ ဆက်ဆံဖို့ ကြိုးစားလာတာ အသေအချာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီက တရားဥပဒေစိုးမိုးရေးစင်တာတွေခဖွင့်ဖို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နဲ့ ၂၀၁၃ ခုနှစ်လောက်ကတည်းက ကြိုးပမ်းနေတာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးစင်တာတွေကို လားရှိုးနဲ့ မန္တလေးမှာ လာမယ့် စက်တင်ဘာလမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒီတရားဥပဒေစိုးမိုးရေးစင်တာတွေမှာ ပြည်သူတွေ အပါအဝင် နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်တဲ့ အလွှာအသီးသီးကို တရားဥပဒေစိုးမိုးရေးဆိုင်ရာ သင်တန်းတွေ၊ ပို့ချချက်တွေအပြင် တိုင်ကြားမှုတွေကို လက်ခံတာမျိုးတွေ လုပ်ဖို့ရှိနေပါတယ်။

တရားဥပဒေစိုးမိုးရေးစင်တာ ဖွင့်လှစ်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပေမယ့် ဒီတွေ့ဆုံဆွေးနွေးမှုက အဲဒီခေါင်းစဉ်ထက်ပိုပြီး ကြီးမားတဲ့ ပြန်လည်ရင်ကြားစေ့ရေး ခြေလှမ်းတရပ်အဖြစ် ရှုမြင်မယ် ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဦးသိန်းစိန်က သမ္မတရုံးဝန်ကြီး ဦးလှထွန်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိတွေ့ဆက်ခံခိုင်းခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို စူးစမ်းချင်ပုံရပါတယ်။

“တွေ့ဆုံဆွေးနွေးမှု အသေးစိတ်တော့ ကျနော် မပြောနိုင်ဘူး။ ခေါင်းစဉ်ကတော့ တရားဥပဒေစိုးမိုးရေးစင်တာတွေ ဖွင့်ဖို့ပဲ ဆွေးနွေးတာပေါ့။ တဖက်နဲ့ တဖက် နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ကြပါတယ်” လို့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အားရစရာကောင်းတဲ့ အခြေအနေ လုံးဝမရှိပါဘူး။ တချိန်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသမားအဖြစ် ပြောဆိုခဲ့တဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း NLD က လုပ်ဆောင်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေက လွှတ်တော်ကို မသက်ရောက်ဘူး၊ NLD က ကန့်ကွက်နေတဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ကို တိုင်းပြည်အတွက် အကျိုးရှိရင် ရွေးကောက်ပွဲမှာ သုံးမယ်ဆိုပြီး ပြောဆိုလိုက်တာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း သဘောထားတွေ မတိုက်ဆိုင်တော့ဘူးဆိုတာ အထင်အရှားပါပဲ။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တောင်းဆိုနေဆဲပါပဲ။ သမ္မတ ဦးသိန်းစိန်ရဲ့ ထိတွေ့ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြန်လည်လက်ခံတာဟာ လေးပွင့်ဆိုင်တွေ့ဆုံရေး ဖြစ်လာဖို့ ရည်ရွယ်ချက်ရှိပုံရတယ်လို့ NLD အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

သမ္မတ ဦးသိန်းစိန်ဘက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခိုင်ခိုင်မာမာ ရပ်တည်နေတာမို့ ဦးသိန်းစိန်နဲ့ ဆက်ဆံရေးကောင်းမွန်ခြင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုအတွက် အဖြေတစုံတခုတော့ ရစေနိုင်မယ့်အပြင် ၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံရေး မတည်မငြိမ် မဖြစ်စေဖို့ ညှိနှိုင်းမှုတွေ လုပ်နိုင်မယ့် အခြေအနေ ရှိပါတယ်။

“သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ယုံကြည်ပါတယ်” ၊”နာယကကြီး (သူရ ဦးရွှေမန်း)က ဖြောင့်ဖြောင့်မတ်မတ်ပါပဲ” လို့ ပြောဆိုပြီး စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးကစားကွက်မှာ အသုံးချခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီတခါတော့ သေချာတဲ့ နိုင်ငံရေးဗျူဟာတရပ်ကို ခင်းကျင်းလို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိတွေ့ဆက်ဆံရေး ပြန်လည် စတင်မယ်ဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အကျိုးအမြတ်တခုတော့ ထွက်နိုင်မယ့် အခြေအနေ ရှိပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေကို အစိုးရက ဖမ်းဆီးအရေးယူ ထောင်ချနေတာတွေကို လျှော့ချပေး ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတထံ ပေးပို့မယ့်သ၀ဏ်လွှာ ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖတ်ကြားတင်ပြခဲ့ ပါတယ်။

"သတင်းမီဒီယာတချို့ရဲ့ လက်ရှိဖြစ်စဉ်ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ စာနယ်ဇင်း သတင်းမီဒီယာသမားများ အသီးသီးတင်ပြလာမှုများကို လွှတ်တော်အနေဖြင့် လည်း အလေးထား စဉ်းစားသုံးသပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့်လည်း စဉ်းစားဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါတယ်၊ ထိုသို့ စဉ်းစားဆောင်ရွက်ပေးမှုကို အချိန်မီရှင်းလင်းဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ စိုးရိမ်စိတ် များပြေပျောက်ပြီး အထင်အမြင်လွဲမှားမှုများလည်း လျော့နည်းပပျောက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေနိုင်မည်ဟု စသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် ပေးပို့အပ်ပါသည်"

ဒါ့အပြင် လက်ရှိအချိန်မှာ သတင်းမီဒီယာကဏ္ဍကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်နေရာပေးထားချိန်မှာ အတွေ့အကြုံနုနယ်ပြီး လုပ်ကိုင်ဆောင်ရွက်လိုစိတ် ပြင်းထန်တဲ့အတွက် လွန်ကဲတဲ့ရေးသားမှုတွေရှိနိုင်ကြောင်း နဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ စိတ်ရှည်သည်းခံဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းက ပေးပို့တဲ့သ၀ဏ်လွှာမှာ ပါရှိပါတယ်။

လက်ရှိမှာ နိုင်ငံတော်လျှို့ဝှက်ပေါက်ကြားမှု ဥပဒေနဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ဦးကို ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ထားပြီး မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၄ ဦး၊ သတင်းထောက် ၁ ဦးနဲ့ ထုတ်ဝေသူတို့ကိုလည်း ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ နိုင်ငံတော်သမ္မတကို မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ စာတန်းပါ အင်္ကျီဆင်တူဝတ်ဆင်ပြီး ဆန္ဒပြခဲ့တဲ့ သတင်းထောက်တချို့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲမယ်လို့လည်း သိရပါတယ်။ဒီအတောအတွင်း မြန်မာနိုင်ငံမှာ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆုတ်ယုတ်လာတဲ့အနေအထားကြောင့် သတင်းသမားတွေအတွက် စိုးရိမ်စရာတွေ့လာနေရတယ်လို့ သတင်းလွတ်လပ်ခွင့်အရေး ကြိုးပမ်းနေကြသူတွေ၊ သတင်းမီဒီယာလုပ်ငန်းကို ဦးဆောင်နေသူတွေက သုံးသပ်လိုက်ကြပါတယ်။
RFA

၂၀၁၂ က ပြည်ခိုင်ဖြိုးပါတီ ညီလာခံကျင်းပနေစဉ် (ဓာတ်ပုံ−အိဖြူလွင်)

လာမည့် ၂၀၁၅ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် နိုင်ငံအတွက် အတိအကျ မမျှော်မှန်းနိုင်သည့် အပြောင်းအလဲများ ဖြစ်လာနိုင်သကဲ့သို့ ပထမအကြိမ်ကလိုပင် ပြည်ခိုင်ဖြိုးပါတီကသာ အပြတ်အသတ် အနိုင်ရရှိသွားမည်လားဆိုသည်ကို နိုင်ငံရေးစောင့်ကြည့်လေ့လာသူများ ခန့်မှန်းရန် ခက်ခဲနေသေးသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ် အနိုင်ရရှိမည်ဟု ယုံကြည်သူများ ရှိနေသကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းမည်ဖြစ်သည့်အတွက် မည်သည့်ပါတီက အစိုးရဖြစ်မည်ဆိုသည်ကို မှန်းဆရန် ခက်ခဲနေခြင်း ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အလုပ်များနေချိန်တွင် ပြည်ခိုင်ဖြိုးကလည်း ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ခြေသံလုံလုံဖြင့် ပြင်ဆင်နေမှုများကို လျှော့တွက်၍မရပါ။

အာဏာရ ပြည်ခိုင်ဖြိုးပါတီသည် သိသာထင်ရှားသော ပါတီတည်ဆောက်မှုအဖြစ် ပါတီဝင်များ၏ မိသားစုများကိုပါ ပါတီဝင်ဖြစ်စေရန် စနစ်တကျစည်းရုံး၍ အမာခံများ စုစည်းထားခြင်း၊ ပြည်သူ့ပါတီအဖြစ် တည်ဆောက်သည့်အတွက် လူထုလက်မခံသူ၊ ပါတီပုံရိပ်မကောင်းသူများကို ပါတီမှထုတ်ပယ်ပစ်ခြင်း၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကို ပါတီနှင့်နီးစပ်သူဖြစ်ခြင်းထက် လူထုက လက်ခံမည့်သူကိုသာ ရွေးချယ်ခြင်း စသည့် အဓိကရည်မှန်းချက်များဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးကို အချိန်ဇယားဖြင့် ရေးဆွဲထားသည်ဟု ပါတီဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောသည်။

ဥပဒေပြုရေးမဏ္ဍိုင်၏ လက်ရှိအကြီးအကဲဖြစ်သည့် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ နိုင်မည်ဟု ယုံကြည်ကြောင်း ယခုလအတွင်းကပင် ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သူမရှိဘဲ အဓိကပါတီအဖြစ် ရပ်တည်နိုင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံအနှံ့တွင် ကွန်ကရစ်လမ်းများခင်းပေးခြင်း၊ ဝန်ကြီးများ၏ ဒေသဖွံ့ဖြိုးရေးခရီးစဉ် အကြောင်းပြပြီး မဲဆွယ်ခြင်းများရှိခဲ့သလို နိုင်ငံရေးနောက်ခံရှိသည့် ပါတီငယ်များကိုလည်း အထောက်အပံ့ပါတီအဖြစ် ထားရှိခဲ့သည်။

‘‘အဲဒီတုန်းကဆို NLD ဝင်မယ်၊ မဝင်မယ် မသေချာတဲ့အချိန်မှာ ၈၈ မျိုးဆက်ထဲက တချို့ကို စည်းရုံးပြီး သူတို့အတွက် တစ်ဖက်လှည့်နဲ့ လော်ဘီလုပ်ခိုင်းတာမျိုး၊ NLD အမာခံနယ်တွေမှာ နိုင်ငံရေးကစားတာတွေ ရှိခဲ့တယ်။ အခုလည်း စာတစ်စောင် ထွက်လာတယ်။ မိတ်ဖက်ပါတီကို ထောက်ခံပေးဖို့ဆိုတာမျိုး ကြားရတော့ သူတို့က အာဏာရှိတဲ့သူလည်း ဖြစ်တဲ့အတွက် နည်းလမ်းမျိုးစုံသုံးပြီး နိုင်အောင်လုပ်မှာပါ’’ဟု ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

လွှတ်တော်လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ သုတေသနဒါရိုက်တာ ဦးအေးကျော်ကလည်း ‘‘တစ်ချိန်လုံး ကျပ်တည်းလာတဲ့ဟာတွေကို မဖြေရှင်းပေးဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ အစိုးရအနေနဲ့ လုပ်လာနိုင်တယ်။ ဒီအစိုးရက ကြံ့ခိုင်ရေးပါတီအစိုးရဖြစ်တဲ့အတွက် ဒီအစိုးရက မင်းတို့ကိုလုပ်ပေးတာ၊ မင်းတို့ ဒါမျိုးတွေကို နောက်လိုချင်ရင် ဒီပါတီကို မဲထည့်ပါဆိုပြီး အဲဒီလိုဖြစ်လာနိုင်တယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးမှုပုံစံ ဖြစ်နိုင်ခြေကို ပြောကြားခဲ့သည်။

လွှတ်တော်နာယကလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အနိုင်ရရှိရန် ရည်မှန်းထားရှိပြီး ပါတီတည်ဆောက်ပုံနှင့် ပတ်သက်၍ ‘‘တစ်ချိန်တုန်းက ဘယ်လိုပဲဖွဲ့စည်းထားဖွဲ့စည်းထား ပြောကြပါစေ။ တပ်ကနေ ဖွဲ့စည်းထားတဲ့ပါတီ ဒါမှန်ပါတယ်။ တစ်ချိန်တုန်းက။ ဒါပေမဲ့ ဒီနေ့ဒီကာလမှာ ပြည်သူများကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ရမယ်’’ဟု ပြည်ထောင်စုလွှတ်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း လက်ရှိကျင့်သုံးနေသည့် နိုင်သူအကုန်ရစနစ်ဖြင့်ဆိုပါက ပြည်ခိုင်ဖြိုးပါတီက အပြတ်အသတ် အနိုင်ရရန် မဖြစ်နိုင်သော်လည်း ပီအာရ်စနစ်ဖြင့်ဆိုလျှင် ၂၆ ရာခိုင်နှုန်းခန့်ရလျှင်ပင် တပ်မတော်နှင့်ပေါင်း၍ အစိုးရဖွဲ့နိုင်မည်ဟု ယုံကြည်ထားကြောင်း ပါတီဝင် လွှတ်တော်အမတ်အချို့က ထုတ်ဖော်ပြောထားသည်။

ထို့အပြင် ယခင်က လွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှုများရှိသည်။ ပြည်ခိုင်ဖြိုးပါတီအတွင်း ပြုပြင်ပြောင်းလဲလိုသူများနှင့် မပြောင်းလဲလိုသူများကြားတွင် အမာဂိုဏ်း၊ အပျော့ဂိုဏ်း ကွဲပြားနေသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆက်ဆံရေးကို ပြည်သူအများစုက ကောင်းမွန်သောဆက်ဆံရေးဟု ယူဆခဲ့ကြသည်။

ထိုအခြေအနေတွင် အချို့သော နိုင်ငံရေးလေ့လာသူများက အစိုးရ၊ လွှတ်တော်နှင့် ပါတီခေါင်းဆောင်အားလုံးသည် တစ်ပါတီတည်းမှ စစ်တပ်တစ်ခုတည်းမှ ထွက်လာသူများဖြစ်သည့်အတွက် ဂိုဏ်းဂဏပုံစံကွဲနေခြင်းမျိုး မဖြစ်နိုင်ဟု သုံးသပ်ခဲ့ကြသည်။

‘‘ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း နှစ်ဦးစလုံးက ပြည်ခိုင်ဖြိုးရဲ့ဥက္ကဋ္ဌဟောင်းနဲ့ ဥက္ကဋ္ဌသစ်ဆိုတာကို မမေ့ဖို့လိုပါတယ်’’ဟု ၂၀၁၃ ခုနှစ် အစောပိုင်းတွင် နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောခဲ့သည်။

သို့သော် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းရေး တောင်းဆိုချိန်မှစ၍ သမ္မတ၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေးမှာ ပြောင်းလဲသွားသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ထို့အပြင် ထူးခြားသော မြင်ကွင်းအဖြစ် ပါတီအတွင်း သီးသန့်ဂိုဏ်းကွဲနေသည်ဟု ယူဆခြင်းခံရသည့် ပါတီနာယက ဦးအောင်သောင်း၊ ဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် အတွင်းရေးမှူးဦးဌေးဦးတို့က ဇူလိုင် ၃ ရက်က ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ကာ အများပြည်သူရှေ့ထွက်ခဲ့သည်။

ထို့ကြောင့် ပါတီတွင်း အားပြိုင်မှုများ ရှိကောင်းရှိနိုင်သော်လည်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အချိန်နီးကပ်လာချိန်တွင် တစ်ခုတည်းသော ပါတီမှ လူများဖြစ်သည်ဆိုသော အချက်ကို ထပ်လောင်းသက်သေပြခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောကြားခဲ့ကြသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေမှစ၍ တစ်အိမ်တက်ဆင်း ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များ၊ ပြည်သူ့ပါတီ မဟာဗျူဟာစီမံကိန်းဖြင့် အောက်ခြေပြည်သူများနှင့် တစ်ဦးချင်းထိတွေ့မှု၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်ရေးရာ ဆွေးနွေးပွဲများ။ လွှတ်တော်ဥက္ကဋ္ဌမှစ၍ အဆင့်ဆင့်သော ပါတီခေါင်းဆောင်များ၏ ဒေသတစ်ခုချင်းစီသို့ လွှတ်တော်လုပ်ငန်းဖြင့် သွားရောက်မှုများက ပါတီစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို ၂၀၁၄ နှစ်ဆန်းမှစ၍ သိသာစွာတွေ့မြင်ရသည်။

၂၀၁၅ ရွေးကောက်ပွဲသည် တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြသော ရွေးကောက်ပွဲဖြစ်သကဲ့သို့ ယှဉ်ပြိုင်ကြမည့် ပါတီများသည်လည်း ယခင်ရွေးကောက်ပွဲများမှ အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များ ပြင်ဆင်ထားကြမည်ဖြစ်သည်။ မဲပေးကြမည့် ပြည်သူများသည်လည်း ယခင် မဆလခေတ်မှ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်ထားခံရသူများ မဟုတ်တော့သည့်အတွက် မည်သည့်ပါတီသည် မည်သို့ပုံစံဆိုသည်ကို အပြည့်အစုံမဟုတ်သော်လည်း အနည်းငယ်မျှ သိလာကြပြီး ရွေးကောက်ပွဲစနစ်ပေါ်မူတည်၍ အနိုင်အရှုံး သိသာစွာကွာခြားနိုင်မည် မဟုတ်ကြောင်း အစိုးရအရာထမ်းအချို့က မှတ်ချက်ပေးသည်။

‘‘ဒါပေမဲ့ ပါတီပြိုင်ဆိုင်မှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် ပြင်းထန်လာပြီး တိုင်းပြည်မှာ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ၊ ရုန်းရင်းဆန်ခတ်တွေ မဖြစ်စေဖို့တော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုလိမ့်မယ်’’ဟု အငြိမ်းစားအရာရှိတစ်ဦးဖြစ်သည့် ဦးလှမြင့်ဆွေကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပီအာရ်စနစ်ကို ကျင့်သုံးနိုင်ခြေများနေသောကြောင့် တိုင်းရင်းသားဒေသများမပါလျှင် မဲ ၆၀ ရာခိုင်နှုန်းခန့်ရရန် သေချာနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ပီအာရ်စနစ်တွင် ထိုမျှ ရာခိုင်နှုန်းရရန် မလွယ်တော့ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ပီအာရ်ကို တိုင်းဒေသကြီးများတွင် ကျင့်သုံးလျှင်ပင် ပြည်ခိုင်ဖြိုးပါတီက မဲ ၂၆ ရာခိုင်နှုန်းခန့်သာ ရရန်လိုပြီး တပ်မတော်သားများနှင့်ပေါင်း၍ အစိုးရဖွဲ့နိုင်မည်မှာ အသေအချာပင်ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးလှဆွေကပြောသည်။

လူဦးရေရှစ်သန်းရှိသည့် ရန်ကုန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်အင်အားသည် ငါးသိန်းနီးပါးရှိနေသည့်အတွက် တစ်နိုင်ငံလုံးဆိုပါက သန်းချီသော အဆိုပါ ပါတီဝင်များ သေချာသောမဲများရရှိရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်းကဆိုသည်။

ထို့အပြင် ပါတီအနေဖြင့်လည်း မဲရုံများတွင် တာဝန်ကျမည့် ပညာရေးဝန်ထမ်းများနှင့် ပြေလည်သော ဆက်ဆံရေးမျိုးရှိစေရန်လည်း ပါတီက ညွှန်ကြားထားသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဗဟိုကော်မတီဝင်က ပြောကြားသည်။

ထပ်မံ၍ အားသာချက်တစ်ခုအဖြစ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ပြည်ခိုင်ဖြိုးပါတီမှ အမတ်တစ်ဦးဖြစ်ခဲ့သလို စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်နေပြီး အဆင့်ဆင့်သော ကော်မရှင်များတွင် တပ်မတော်အရာရှိ အငြိမ်းစားများကို ပေါင်းစည်းထားခြင်းက ပါတီအောင်နိုင်ရေးကို ထပ်ဆင့်ပေါင်းစပ်ပေးနေသည့်အတွက် ၂၀၁၅ ခုနှစ်၏ရလဒ်မှာ ပြည်ခိုင်ဖြိုးပါတီအတွက် အပေါင်းလက္ခဏာသာ ရှိနေခြင်းလည်း ဖြစ်ပေသည်။ ။
By
အိဖြူလွင်၊ ရန်မျိုးနိုင်
7Day news Journal

ယခုရက်ပိုင်းအတွင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ဦးနေဝင်း ၏မြေး များဖြစ်ကြ သည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့က ဦးတေဇ ပိုင် အေဂျီဒီ ဘဏ်၏ ရှယ်ယာများကိုဝယ်ယူ ကာ ပြည်တွင်းဘဏ်လုပ်ငန်း အတွင်းဝင်ရောက် လုပ်ကိုင် လာမှုနှင့် အေဂျီဒီ ဘဏ်၏ရှယ်ယာ မည်ရွေ့မည်မျှကိုဝယ်ယူပိုင် ဆိုင်ထားသည်ဆိုခြင်းတို့အပေါ် စိတ်ဝင်စားမှုမြင့်တက်နေရာ ၎င်းနှင့် ပတ်သက် ၍ ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒီမိုကရေစီ တူဒေးတို့ တွေ့ ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
မေး-စီးပွားရေးလုပ်ငန်းတွေ အများကြီးထဲက မှ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ဖို့ ဘာလို့ရွေး ချယ်ခဲ့ပါသလဲ။

ဖြေ-ကျွန်တော်တို့ ထောင်ကနေလွတ်လာပြီး နောက်ပိုင်းမှာ လုပ်ကိုင်ဖို့သင့်တော်တဲ့လုပ် ငန်းတွေကိုလေ့လာခဲ့ကြပါတယ်။ အဲဒီအထဲ မှာ ကိုကျော်နေဝင်းက နိုင်ငံတော် သမ္မတရဲ့ ရည်ရွယ်ချက်တွေထဲမှာပါတဲ့ ဆင်းရဲမွဲတေ မှုပပျောက်ရေးကို အထောက်အကူပြုနိုင်မယ် လို့ ယူဆရတဲ့ လျှပ်စစ်မီးပေးရေးတို့ လမ်း ပန်းဆက်သွယ်ရေး ပိတ်ဆို့ကျပ်တောက် မှု လျော့ပါးရေးတို့စတာတွေအပါအဝင် အခြား လုပ်ငန်းတွေကိုစ တင်လုပ် ကိုင်နေခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ဘဏ်တစ်ခုရှိနေရင် ပိုကောင်းမယ် ဆိုတာကို တွေ့လာတာကြောင့် ဘဏ်လုပ်ငန်းကိုလုပ်ကိုင်ဖို့ပါ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့စစ် တပ်က မိသားစုတွေဆိုရင် အခွင့်အရေးယူပြီး ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ မှတ်ထင် နေကြပါတယ်။ တကယ်တော့ တာဝန်သိတဲ့ လုပ်ငန်းဆောင်တာတွေကို အများအကျိုးပြု အောင် လုပ်တတ်ကိုင် တတ်ကြတယ်ဆိုတာ ကိုပြချင်ပါတယ်။ အဲဒီလိုဆန္ဒမျိုး လည်းအခြား သော တပ်မိသားစုတွေမှာလည်းရှိနေကြ တာ တွေ့ရလို့ ဝမ်းသာမိပါတယ်။

မေး-ဦးတေဇပိုင် တဲ့ AGD ဘဏ်မှာ ရှယ် ယာတွေဝယ်ဖို့ ဘယ်လိုဆုံးဖြတ် ခဲ့ရပါသလဲ။ ဦးတေဇနဲ့ အစ်ကိုတို့မိသားစု ဆက်ဆံရေးက ရော ဘယ်လိုရှိပါ သလဲ။

ဖြေ- AGD ဘဏ်မှာ ရှယ်ယာဝယ်ယူဖို့ ဆုံး ဖြတ်လိုက်တာကတော့ ကိုတေဇတို့နှင့် ကျွန် တော်တို့ မိသားစုဆိုတာ ဟိုအရင် အထဲက ပုဂ္ဂိုလ်ချင်းသံယောဇဉ်ရှိခဲ့ကြသူတွေဖြစ်တာ ကတစ်ကြောင်း၊ ဘဏ်ကိုယ်တိုင်ကလည်း မှတ် ကျောက်အတင်ခံ နိုင်တဲ့အနေအထားမျိုး ယုံ ကြည်လောက်တာကတစ်ကြောင်းတို့ကြောင့် ပါ ပဲ။ ကိုတေဇရဲ့ဖခင် ကွယ်လွန်သူ ဗိုလ်မှူး ကြီးမြင့်ဆွေ ဟာ ကျွန်တော်တို့ အဘိုးရဲ့ ယုံ ကြည်ခဲ့ရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ် ခဲ့ပါတယ်။ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ် ရင်းက အရာရှိတစ်ဦးဖြစ်တာကြောင့် ကျွန် တော်တို့ မိသားစု ချင်း ဆက်ဆံရေးဟာ နှစ် ပေါင်းခြောက် ဆယ်ကျော်ခဲ့ပြီ လို့ ပြောလို့ရပါ တယ်။ နောက်ပိုင်း တပ်မတော်ထောက်လှမ်း ရေးယန0x081တရားကြီးကိုတည်ဆောက်ရာမှာလည်း ကိုတေဇတို့ ဖခင် ကပါဝင်ခဲ့ပါတယ်။ နယ်ဘက် ဌာနဆိုင်ရာအဖြစ်နှင့်လည်း မြန်မာဆေးဝါး ပစ0x081စည်းထုတ်လုပ်ရေး ဘီပီအိုင်မှာ တာဝန်ပြန် ပေးခဲ့ပါတယ်။ နောက်တစ်ခုက ဘဏ်ကိစ0x081စပါ။ အခု မြန်မာနိုင်ငံမှာလုပ်နိုင်ကိုင်နိုင်ကြတဲ့ဘဏ် တွေ အများအပြား ရှိပါတယ်။ အဲဒီအထဲက AGD ဘဏ်ရဲ့ထူးခြားချက်ကတော့အနှောင် အဖွဲ့ကင်းတဲ့တတိယအကဲဖြတ်ဖွဲ့ဖြစ်တဲ့ Ernst and Young ကနေပြီး အားရကျေနပ်လောက် စရာ အကဲဖြတ်မှုစစ်တမ်းတွေ လုပ်ပေးထား ခဲ့တာလဲဖြစ်ပါတယ်။

မေး - ဦးတေဇအနေနဲ့ အနောက်နိုင်ငံအခိျု့ မှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေခံနေရဆဲ အခြေအနေမျိုးမှာ ပူးပေါင်းလိုက်တဲ့ အတွက် ကိုယ့်အတွက်ဆိုး ကျိုးတွေရှိ လာမှာမျိုး အတွက် ရော စဉ်းစား ခဲ့တာမျိုးရှိပါသလား။

ဖြေ - အဲဒါနဲ့ပတ်သက်လို့ကတော့ ဘဏ် ကိုယ်တိုင်က သူ့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရာ မှာ မလျော်ကန်တဲ့ကိစ္စတွေလုပ်ခဲ့တာ လုံးဝ မရှိပါဘူး။ အဲဒါကြောင့် ဘဏ်ကိုသက်သက် ကြည့်မယ် ဆိုရင် ဘာမှပိတ်ဆို့အရေးယူစရာ အကြောင်းမရှိပါဘူး။ အခု လိုဖြစ်နေခဲ့ တာက ဘဏ်မှာတာဝန်ယူထားတဲ့ ပုဂိုလ်အခိျု့က အရင်ပြီးခဲ့တဲ့အစိုးရနဲ့ နီးနီးကပ်ကပ် ပတ်သက် ခဲ့တဲ့အတွက် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ တာပါ။ အဲဒီတော့ လူပုဂိုလ်တွေအပြောင်း အလဲလုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီပြဿ နာက လည်း ပြေလည်သွားနိုင်စရာအကြောင်းတွေ ရှိပါတယ်။

မေး- ဘဏ်ရဲ့ရှယ်ယာ ၆ဝရာခိုင်နှုန်းဝယ်ယူ ပြီးပြီပြောပေမယ့် ဘဏ်ရဲ့တာဝန်ရှိသူတွေက အဲဒီပမာဏမဟုတ်ဘူး လို့ ပြောဆိုနေကြတဲ့ အပေါ်မှာ အများနားလည် အောင်ရှင်းပြ ပေးပါ။

ဖြေ - ဘဏ်ကိုယ်တိုင်က အဆင့်ဆင့်လုပ်နေ ရတဲ့အချိန်မှာ အောက်ကလူတွေမသိရှိသေး တာလည်းပါပါတယ်။ ဒီနေ့ (ဇူလိုင် ၂၂ရက်)နေ့မှာပဲ ဘဏ်တာဝန်ရှိသူတွေ အစည်းအ ဝေးလုပ် ကြပါ တယ်။ မကြာခင်မှာပဲဘဏ်က နေကြေညာချက် ထွက်လာပါ လိမ့်မယ်။ ကျွန် တော်အနေနဲ့ကတော့ လက်ရှိအချိန်မှာရှယ် ယာ ၆၀ ရာခိုင်နှုန်းကို ဝယ်ယူပြီးပြီဖြစ်ပြီး နောက် ခြောက် လအတွင်းမှာ ၈၅ရာခိုင်နှုန်း အထိ ဝယ်ယူဖို့စီစဉ်နေပါပြီ။

မေး - အစ်ကိုတို့ရဲ့ ငွေကြေးတွေအပေါ်မှာ ပြည်သူတွေကသံသယဖြစ်နေတာနဲ့ ပတ်သက် ပြီး ဘယ်လိုဖြေရှင်းချင်ပါသလဲ။

ဖြေ- အဲဒါကတော့ ရှင်းပါတယ်။ ကျွန်တော် တို့မိသားစု နိုင်ငံတော်အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပါဝင်ခဲ့တဲ့အချိန်ကနေစပြီး ယနေ့ ထက် ထိပိုင်ဆိုင်မှုတစ်စုံတစ်ရာကို ပြည်တွင်းပြည်ပ ဘယ်မှာ မှ ချိတ်ပိတ်ခံထားရတာ၊ စစ်ဆေးခံ ရတာဆိုတာ လုံးဝမရှိခဲ့ပါ ဘူး ။ နောက်ပြီး ဘယ်နိုင်ငံကမှလည်း ကျွန်တော်တို့ မိသားစု ဝင်တွေကို ပြည်ဝင်ခွင့်ကန့်သတ်ခဲ့တာ လုံးဝ မရှိခဲ့ပါ ဘူး။ အခုလို ဝီကီလိခ်တွေတောင် ဖော်ကောင်လုပ်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ထက် နည်းပညာအစစအရာရာ သာလွန်တဲ့နိုင်ငံတွေ က ကျွန်တော် တို့ မိသားစုသာ မဟုတ်တာလုပ် ခဲ့မယ်ဆို ရင် တစ်မျိုးမျိုး ဖော်ထုတ်မှာပဲဖြစ်ပါ တယ်။ အဲဒီလိုမျိုး နိုင်ငံတကာ အသိုင်း အဝိုင်း မှာ ကျွန်တော်တို့မိသားစုကို တစ်လေးတစ်စား လက်ခံပြီး လူဝင်ဆံ့တာကိုက ရာထူးအာဏာ ကို အလွဲသုံး စားလုပ်ပြီး ကိုယ်ကျိုး စီးပွားအ တွက် မလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒါကြောင့် လည်း ကျွန်တော်တို့ထောင်က ထွက်ပြီဆိုတာနဲ့ နိုင်ငံတကာ မိတ်ဆွေတွေက ယုံယုံကြည်ကြည် နဲ့ ရင်းနှီး မြှုပ်နှံပြီး အကျိုးတူ ပူးပေါင်းဆောင် ရွက်ဖို့ ကမ်းလှမ်းလာကြတာဖြစ်ပါတယ်။

မေး- AGD ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး အနာဂတ်ရည်မှန်းချက်က ဘာပါလဲ။

ဖြေ- AGD ဘဏ်ကို ပြည်တွင်းမှာသာမက နိုင်ငံတကာအဆင့်အတန်းမီအားကိုးလောက် တဲ့ လုပ်ငန်းကြီးဖြစ်အောင်ဆောင်ရွက် သွားဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် လည်း အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ဒီလွိုက်စ်အဖွဲ့နှင့် စတင်လုပ်ဆောင်နေ ပါပြီ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူတင်ပါတယ်ခင်ဗျာ
Yangon Media Group

Tomorrow news Journal
ပြီးခဲ့တဲ့အပတ် ၀ါဆိုလပြည့်နေ့ မြန်မာတစ်နိုင်ငံလုံး ကောင်းမှုကုသိုလ်များ ပြုလုပ်ပြီး မင်္ဂလာယူနေကြချိန်မှာ ရန်ကုန်မြို့ လှိုင်သာယာဈေးမှာ ဓာတ်ကြိုးပျက်ကျပြီး ဈေးဝယ်အမျိုးသမီးသုံးယောက် သေဆုံးဆိုတဲ့ သတင်းဓာတ်ပုံတွေ အင်တာနတ်ပေါ်တွေ့လိုက်ရတော့ အင်မတန် စိတ်ဆင်းရဲ ၀မ်းနည်းသွားရပါတယ်။ သေဆုံးနေတဲ့ အမျိုးသမီးတွေကိုကြည့်ပြီး ငါ့အမေ ငါ့အမတွေများဖြစ်ရင် ဘယ်လောက်များခံစားရမလဲဆိုပြီး တွေးကြည့်နေမိတယ်။ အုပ်ချုပ်သူ လူကြီးမင်းများကတော့ တွေးမိကြသလားတော့မသိပါ။ ပြီးခဲ့တဲ့လကလည်း လှည်းတန်းမှာ ဓာတ်ကြိုးပျက်ကျပြီး အမျိုးသမီးနှစ်ယောက်သေဆုံးခဲ့ပါသေးတယ်။

ဒီလိုအဖြစ်ဆိုးမျိုးတွေဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်သူ့ကြောင့်ဖြစ်ရတာလဲ။ မတော်တဆဖြစ်တာလား၊ ဖြစ်သင့်ဖြစ်ထိုက်လို့ဖြစ်ရတာလား။ လောကမှာ ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်သွားရတာကိစ္စမရှိပေမယ့် ဖြစ်သင့် ဖြစ်ထိုက်ပဲ ဖြစ်သွားရတာတွေဟာ လူသားတွေရဲ့ပေါ့လျော့မှုကြောင့် ဖြစ်ရတာများပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မဖြစ်သင့် မဖြစ်ထိုက်ဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေပျက်ဆီး ဆုံးရှုံးရတဲ့ ဖြစ်စဉ်တွေကို စဉ်းစားကြည့်တော့ ကျွန်တော်တို့ပြည်သူတွေဟာ အရည်အသွေးမပြည့်ဝ စံချိန်မမှီတဲ့ တိုင်းပြည်မှာနေထိုင်နေရလို့ပဲဖြစ်ပါတယ်။

ဟိုတလောကလည်း နယ်မြို့တစ်မြို့မှာ ကျွန်တော့်မိတ်ဆွေ ရှေ့နေတစ်ဦး ဆိုင်ကယ်ချင်းတိုက်မှုဖြစ်ပြီး သေဆုံးခဲ့ပါသေးတယ်။ ဖြစ်ဖြစ်ချင်း မြို့ပေါ်ရှိ မြို့နယ်ဆေးရုံကို တင်ခဲ့ပါတယ်။ မြို့နယ်ဆေးရုံက မနိုင်လို့ဆိုပြီး ခရိုင်ဆေးရုံကို ဆက်လွဲခဲ့ပါတယ်။ ခရိုင်ဆေးရုံကို ရောက်တော့လည်းမနိုင်ဘူးဆိုပြီး မိုင် ၁၀၀ နီးပါးဝေးတဲ့ မန္တလေးဆေးရုံကြီးကို ဆက်လွှတ်ခဲ့ရာ မန်လေးဆေးရုံကြီးရောက် ပြီးခဏအတွင်းမှာ လူနာဟာသေဆုံးခဲ့ပါတယ်။ တာဝန်ခံဆရာဝန်က ပြောတာက နာရီဝက်လောက်နောက်ကျသွားတယ်တဲ့။ ကဲ သေရောဗျာ။ လူနာဟာ မြို့နယ်ဆေးရုံကနေ အဆင့်ဆင့် မန္တလေးဆေးရုံကြီးရောက်တဲ့အထိ စုစုပေါင်း ၃ နာရီ ကျော်ကြာခဲ့ပါတယ်။ သူသာ မန္တလေးလို ရန်ကုန်လိုမြို့ကြီးတွေမှာနေတဲ့လူဆို၇င် သေချာပေါက်နီးပါးမသေဘူးလို့ပြောလို့ရသလို နယ်တွေမှာရှိတဲ့ မြို့နယ်ဈေးရုံတွေ၊ ခရိုင်ဆေးရုံတွေကအသာ အဆင့်မှီ အရည်အသွေးပြည့်တဲ့ ဆေးရုံသာဆိုရင် ဒီလူနာမသေဘူးလို့ ပြောလို့ရပါတယ်။ ဒီလို အဆင့်မမှီတဲ့ နယ်ဆေးရုံတွေကြောင့် ကျေးလက်ဒေသတွေမှာနေထိုင်တဲ့ ပြည်သူတွေဘယ်လောက်သေနေရသလဲ၊ မိခင်နဲ့ကလေးငယ်တွေရော ဘယ်လောက်အသက်ဆုံးရှုံးနေရသလဲ။

သေချာစဉ်းစားကြည့်ရင် ကျွန်တော်တို့ပြည်သူတွေဟာ အရည်အသွေးမမှီ အဆင့်မမှီ တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်အသက်ရှင် လှုပ်ရှားရုန်းကန်နေရတာဗျ။ နေထိုင်တဲ့ အဆောက်အဦးတွေကလည်း အရည်အသွေးမပြည့်ဝတဲ့ အဆောက်အဦးတွေမှာနေနေရတယ်။ မကြားသေးခင်ကပဲ ရန်ကုန်မှာ တိုက်ခန်း နောက်ဖေးအရေးပေါ်လှေကားမှာ ဖုန်းထွက်ပြောတာ လှေကားကျိုးကျလို့ အသက်သေဆုံးရတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့သေးပါတယ်။ စဉ်းစားကြည့်ပေါ့ဗျာ ဘေးအန္တရာယ်တစ်ခုခုဖြစ်ရင် ထွက်ဖို့အတွက်လုပ်ထားတဲ့ အရေးပေါ်လှေကားက ကျိုးကျလို့ဆိုတော့ တကယ်ဘေးအန္တရာယ်ရှိလိုမျာ့း အရေးပေါ်လှေကားက ထွက်ကြမယ်ဆိုရင် ဘယ်လိုများလုပ်ကြမလဲ။

နေ့စဉ်စားသောက်တဲ့ အစားသောက်တွေကြတော့လည်း ဓာတုဆိုးဆေးတွေ၊ မသန့်ရှင်းတဲ့ ဆီတွေနဲ့ ကြော်လှော်ထားတဲ့ အစားသောက်တွေစားနေရတယ်။ ဒီနေ့နိုင်ငံမှာ လူငယ်တွေ သောက်သုံးမှုမြင့်တက်နေပါတယ်ဆိုတဲ့ အရက်သေစာတွေဟာလည်း အရည်အသွေးမမှီတဲ့ အရက်တွေဖြစ်ပါတယ်တဲ့။ အရက်တစ်လုံးက ရေသန့်တစ်ဗူးဖိုးတောင်မရှိဘဲ၊ ရေထက်ဈေးချိုနေတော့ များများသောက် မြန်မြန်သေအောင် လုပ်နေကြသလိုပါပဲ။ ဒီလောက်ဖြစ်နေတဲ့ကြားက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က အရက်စက်ရုံတွေ၊ စီးကရက်စက်ရုံတွေကို လှိုင်လှိုင်ထုတ်ခွင့်ပေးခဲ့တော့ အရက်တိုင်းပြည်၊ စီးကရက်တိုင်းပြည်ဖြစ်တော့မှာ မကြာတော့ပါဘူး။

ပြည်အတွင်းကထုတ်လုပ်ရောင်းချတဲ့ စားသောက်ကုန်ပစ္စည်းတွေ ကိုလည်း အရည်အသွေးသေချာစစ်ဆေးမှုမရှိသလို စည်းကမ်းဖောက်ဖျက်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်တာမတွေ့ရပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက တင်သွင်းလာတဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေကိုလည်း သေသေချာချာ အရည်အသွေးစစ်ဆေးပြီး တင်သွင်းခွင့်ပြုတာမတွေ့ရပဲ တင်သွင်းချင်သလို တင်သွင်းနေတာဟာ တိုင်းပြည်အတွက် အင်မတန်နစ်နာဆုံးရှုံးရပါတယ်။

ဒီလို အရည်အသွေးမမှီ အဆင့်မမှီတဲ့ အစားအသောက်တွေ စားသောက်နေရတဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ ကင်ဆာ၊ သွေးတိုး၊ နှလုံးရောဂါ ဆီးချိုရောဂါ ၊ တီဗွီရောဂါ၊ စတဲ့နာတာရှည်ရောဂါတွေ အဖြစ်များဆုံး နိုင်ငံတွေထဲမှာ ကျွန်တော်တို့နိုင်ငံကပါဝင်နေပါတယ်။ ရောဂါဖြစ်လို့ ဆေးဝယ်သောက်တော့လည်း အရည်အသွေးမပြည့်တဲ့ ဆေးဝါးတွေသောက်နေရပြီး ဆေးရုံတက်တော့လည်း အဆင့်မမှီတဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသနေရပါတယ်။ ဒီလောက်ဖြစ်တဲ့ကြားက တာဝန်ရှိသူတစ်ချို့က အဂတိတရားလိုက်စားပြီး နှစ်နှစ်သက်တမ်းရှိတဲ့ဆေး ကို တင်ဒါခေါ်ပြီးမှ ၀ယ်ရမှာကို နှစ်နှစ်သက်တမ်းမကျန်တော့တဲ့ဆေးကို နယ်ဆေးရုံကြီးတစ်ရုံက တင်ဒါမခေါ်ပဲဝယ်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါသေးတယ်။ အော် လုပ်ရက်ပါပေ့ကွယ်လို့ ပြောရတော့မှာပါပဲ။

ယနေ့မျိုးဆက်သစ်လူငယ်တွေ တက်ရောက်သင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းတော်တွေကြည့်လိုက်တော့လည်း အရည်အသွေးပြည့်ဝတဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်မပေးနိုင်တဲ့ မြို့ပြင်လယ်ကွင်းထဲက ကျောင်းတော်တွေဖြစ်နေတယ်။ အရည်အချင်းထက် တစ်နှစ် ဘွဲ့ရဘယ်နှစ်ယောက်မွေးထုတ်ပေးလိုက်တယ်ဆိုပြီး အရည်အချင်းထက် အရေအတွက်ကိုပဲဦးစားပေးနေတော့ တိုင်းပြည်အနာဂတ်အတွက်ကတော့ မတွေးဝံ့စရာပါပဲ။

အလုပ်သွားကျောင်းသွား ခရီးသွားတော့လည်း အရည်းအသွေးမပြည့်တဲ့ အဆင့်မမှီတဲ့ လိုင်းကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ အဆင့်မမှီတဲ့ လမ်းတွေကို ပေါ်မှာ စီးနင်းသွားလာနေကြရတယ်။ အရည်အသွေးမပြည့်ဝတဲ့ အဆင့်မမှီတဲ့ အမြန်လမ်းမကြီးကြောင့်လည်း ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားပြီး ပြည်သူတွေထိခိုက်သေးဆုံးရတာ မနည်းတော့ပါဘူး။ ၂၀၁၄ ပထမ နှစ်တစ်ဝက် ယာဉ်တိုက်မှုကြောင့်လူသေဆုံးမှုက ၂၀၁၃ ခုနှစ်တစ်နှစ်လုံးထက် ရာခိုင်နှုန်းမြင့်တက်ခဲ့ရတယ်။ ယနေ့ထိလည်း ဖြစ်ပွားနေတုန်းပါပဲ။

အခု ဖြစ်တဲ့ ဓာတ်ကြိုးပျက်ကျမှုကြောင့် သေဆုံးမှုတွေကိုကြည့်ရင်လည်း အရည်အသွေးမပြည့်တော့တဲ့ ဟောင်းနွမ်းဓာတ်ကြိုးတွေ၊ ဓာတ်တိုင်တွေကြောင့်ဖြစ်ရတာပါပဲ။ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ဓာတ်ကြိုးတွေ၊ ဓာတ်တိုင်အများစုဟာ ကိုလိုနီခေတ်ကတည်းက အသုံးပြုနေတဲ့ကြိုးတွေ လို့သိရပါတယ်။ နှစ်ပေါင်း ရာကျော်ကြာမြင့်နေတဲ့ ဓာတ်ကြိုးတွေကို ယနေ့ထိ မလဲလှယ်ပဲ အသုံးပြုနေမှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေးဆုံးခဲ့ရတာ အစိုးရအုပ်ချုပ်သူနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနမှာ လုံးဝတာဝန်ရှိပါတယ်။ ပြောသာပြောတာ နိုင်ငံတော်နဲ့ချီတဲ့ အဖွဲ့အစည်းတစ်ခုက သိပ်မကြာသေးခင် နှစ်အပိုင်းအခြားက ဓာတ်ကြိုးတွေ သွင်းပေးခဲ့သေးတယ်ပြောတယ်။ အခုပျက်ကျတဲ့ ဓာတ်ကြိုးက အဲ့ဓာတ်ကြိုးတွေများဖြစ်နေရင်ဆိုပြီးတွေးကြည့်မိပြီး ကြက်သီးတောင်ထတယ်ဗျာ။

ဓာတ်တိုင်ကို ကားဝင်တိုက်ရင်တော့ ယာဉ်မောင်းသူကို လျပ်စစ်ဝန်ကြီး ဌာနကရော၊ စည်ပင်သာယာကပါ အရေးယူမယ်၊ လျော်ကြေးတောင်းပါလိမ့်မယ်။ အခုဓာတ်ကြိုးပျက်ကြပြီး အပြစ်မဲ့ပြည်သူတွေသေဆုံးရတာကြတော့ တာဝန်ယူမယ့်လူ တာဝန်ခံမယ့်လူမတွေ့ရပါဘူး။

အရည်အသွေးပြည့်ဝတဲ့ အစိုးရ၊ အရှက်သိက္ခာရှိတဲ့ ခေါင်းဆောင်ကောင်းဆိုတာ မိမိအုပ်ချုပ်နေတဲ့ ပြည်သူတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိကြပါတယ်။ ပြီးခဲ့တဲ့ နှစ်လလောက်က တောင်ကိုရီးယားနိုင်ငံမှာ ကူးတို့သဘောင်္မှောက်တာ ကျောင်းသားကလေးတွေအပါအ၀င် လူသုံးရာနီးပါးသေဆုံးခဲ့ပါတယ်။ ဒီလိုသေဆုံးတာကြောင့် ကလေးတွေရဲ့ ကျောင်းအုပ်ကြီးက သူ့မှာတာဝန်ရှိတယ်ဆိုပြီး ကိုယ့် ကိုကိုယ် အဆုံးစီရင်ခဲ့ပြီး တိုင်းပြည်အုပ်ချုပ်တဲ့ ခေါင်းဆောင်ဝန်ကြီးချုပ်ကလည်း သူ့မှာတာဝန်ရှိတယ်ဆိုပြီး ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ သမိုင်းဝင်ကမ္ဘာကျော် နာဂစ်မုန်တိုင်းကြီးကြောင့် ပြည်သူ ၂ သိန်းနီပါးသေဆုံးခဲ့ရပြီး လူပေါင်းသန်းနှင့်ချီပြီး ဘေးဒုက္ခကြုံတွေ့ခဲ့ရတယ်။ ယနေ့ထိလည်း မုန်တိုင်းဒဏ်ခံပြည်သူတွေဟာ နလံမထူနိုင်သေးဘဲ ဘ၀ကို ခါးသီစွာဖြတ်သန်းနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက မိုးလေ၀သဌာနရော တိုင်းပြည်အုပ်ချုပ်သူခေါင်းဆောင်များရော ဘယ်သူမှ ကျွန်တော်မှာ အပြစ်ရှိပါတယ်လို့ ၀န်မခံခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ဆိုတာကတော့ဝေးရောပဲ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်လို့ တော့ဆင်ခြေမပေးပါနဲ့။ အဲ့ဒီနာဂစ်မုန်တိုင်း သာမြန်မာပြည်မ၀င်ပဲ အခြားနိုင်ငံဝင်သွားခဲ့ပါက ဒီလောက် လူတွေသေဆုံး ရမှာ မဟုတ်ဘူးဆိုတာ လူတိုင်းနားလည်ပါတယ်။ ဒီလိုအရှက်သိက္ခာမရှိတဲ့လူတွေ တာဝန်မယူရဲတဲ့လူတွေ အုပ်ချုပ်နေသမျှကာလပတ်လုံး မြန်မာပြည်ဟာ ဘယ်တော့မှာ အဆင်မှီတဲ့တိုင်းပြည်ဖြစ်လာမှာမဟုတ်ဘဲ အပြစ်မဲ့ပြည်သူတွေဟာလည်း ဒီလိုအဖြစ်ဆိုးကြီးတွေ့ ကြုံတွေ့နေရအုံးမှာပဲ ဖြစ်ပါတယ် . .. .

တိုင်းပြည်ခေါင်းဆောင်များနဲ့ ခရိုနီလူတန်းစားတစ်စုကတော့ ထားစရာမရှိအောင်ချမ်းသာနေပြီး အောက်ခြေပြည်သူတွေကတော့ စံချိန်မမှီ အရည်အသွေးမပြည့်ဝတဲ့တိုင်းပြည်မှာနေပြီး နေ့စဉ်သေပွဲဝင်နေရပါတယ်။ အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း သဘာဝဓာတ်ငွေ့တစ်မျိုးတည်း ပြည်ပရောင်းချလို့ရတဲ့ငွေတင် ဒေါ်လာ ၁၀ ဘီလျှံကျော်ရရှိပါတယ်တဲ့။ ဒီငွေတွေ ဘယ်ဆီများ ရောက်ကုန်သလဲ။ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးရှိအောင် အသုံးချခဲ့မှုရှိသလား မရှိဘူးလားဆိုတာ အထက်ပါဖြစ်ရပ်တွေက သက်သေခံနေပါတယ်။

အောက်ခြေ အပေါက်စောင့်ဝန်ထမ်းမှ တိုင်းပြည်အုပ်ချုပ်တဲ့ သမ္မတ အထိ အာလုံးဟာ ပြည်သူတွေထမ်းဆောင်ထားတဲ့ အခွန်အခတွေထဲက လစာငွေတွေကို ရယူခံစား ထားတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်မှုပေးရမှာဖြစ်သလို၊ ဖြစ်လာတဲ့ ပြဿနာအပေါ်မှာလည်း တာဝန်ခံမှု တာဝန်ယူမှု အပြည့်အ၀ပေးနိုင်ရမှာဖြစ်ပါတယ်။ အရည်အသွေးပြည့်ဝတဲ့တိုင်းပြည်ဖြစ်ဖို့အတွက် တိုင်းပြည်အုပ်ချုပ်တဲ့ခေါင်းဆောင်ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေလို့မရပါဘူး။ မြန်မာပြည်သူလူထုဟာ ကိုယ့်တိုင်းပြည်မှာနေတော့လည်း အုပ်ချုပ်သူအစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှု ကာကွယ်စောင့်ရှောက်မှု မခံရသလို အခြားတိုင်းပြည်မှာ သွားအလုပ်လုပ်တာ့လည်း သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံးများ၏ ကာကွယ်စောင့်ရှောက်မှု အကူအညီပေးမှု မရှိလို့ ဆင်းရဲပင်ပန်းကြီးစွာ နေထိုင်ရုန်းကန်လှုပ်ရှားနေတော့ အော် မြန်မာပြည်မှာ လူဖြစ်ရတဲ့ ဒုက္ခက တယ်ကြီးပါလားလို့တွေမိပါတယ်

အရည်အသွေးပြည့်ဝအဆင့်မှီတဲ့ တိုင်းပြည်ဖြစ်ဖို့ အရည်အချင်းပြည့်ဝပြီး စဉ်းစားအသိဥာဏ်မြင့်မားတဲ့ ခေါင်းဆောင်ကောင်းတွေ မြန်မြန်ပေါ်ပေါက်လာပါစေ၊ ပြည်သူတွေလည်း စံချိန်မမီနိုင်ငံထဲက ဒုက္ခတွေနဲ့ ကင်းဝေပါစေလို့ ဆုတောင်းလျှက် . . .

- ကျော်ကြီး(MDY)



ရန်ကုန် ခရိုင်လေးခုထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံပွဲလုပ်ဖို့ ကျန်ရှိနေသေးတဲ့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်ထဲက အနောက်ပိုင်းခရိုင် လူထုထောက်ခံပွဲကို ဇူလိုင် ၂၇မှာ ကျင်းပတော့မယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။

စမ်းချောင်း မြေနီကုန်းပန်းခြံမှာ စုဝေးပြီး ရွှေဂုံတိုင်လမ်းမကြီး အတိုင်း ဗိုလ်စိန်မှန်ကွင်းကို ချီတက်မှာဖြစ်ပြီး ချီတက်သူတွေ အားလုံးဆုံတဲ့အခါမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စတင်မယ်လို့ ဒီမိုကရက်တစ်ကွန်ရက်က ကိုမြတ်ကျော်က ဆိုပါတယ်။

၂ဝဝ၈ အခြေခံဥပဒေကို ပြည်သူတွေက မူလကတည်းက လက်မခံခဲ့တာဖြစ်ပြီး ပြည်သူက ပြင်ချင်တယ်ဆိုတာ အာဏာပိုင်နဲ့လွှတ်တော်က သိစေဖို့ ပြည်သူ့အသံများများထွက်အောင် လုပ်ရမယ်လို့ ဇူလိုင် ၂၂ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၃ဝနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကွန်ရက်နဲ့ မြို့နယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေပေါင်းပြီး အရှေ့ပိုင်းနဲ့ တောင်ပိုင်းခရိုင်တွေမှာ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ ကျင်းပခဲ့ပြီးပါပြီ။

အခြေခံဥပဒေ ပြင်ဆင်ရေး ဘယ်လောက်အရေးကြီးလဲဆိုတာ ပြည်သူတွေ နားလည်သဘောပေါက်လာပြီး ပူးပေါင်းပါဝင်လာဖို့ အစိုးရနဲ့ စစ်တပ်က ဘယ်လိုပဲ တားဆီးပိတ်ဆို့နေပါစေ အောင်မြင်မှာပါလို့ ကိုသူရိန်က ဆိုပါတယ်။

Kamayut media

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားသူ ခရီးသည်တွေရဲ့ အလောင်းတွေကို သယ်ဆောင်လာတဲ့ လေယာဉ် ၂ စီးဟာ ခါကိဗ် မြို့ကနေ ထွက်ခွာလာခဲ့ရာမှာ အခုအခါ နယ်သာလန် နိုင်ငံကို ရောက်ရှိလာပါပြီ။

သေဆုံးကြသူ ခရီးသည် အများစုက နယ်သာလန် နိုင်ငံသားတွေ ဖြစ်ကြပြီး ဒီကနေ့ကို သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။

လေယာဉ်တွေ မဆိုက်ခင် နိုင်ငံတဝန်း ၅ မိနစ်ကြာ ခေါင်းလောင်းတွေ ဆက်တိုက် ထိုးကြပြီး အလံတွေကိုလည်း တိုင်ဝက် လွှင့်ထူထားကြပါတယ်။

မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ပစ်ချခံရလို့ ပျက်ကျခဲ့ရတာ ဖြစ်ပြီး ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲထားကြပါတယ်။

သူပုန်တွေဟာ အပျက်အစီး အကြွင်းအကျန်တွေကို ခြေရာကောက်လို့ မရအောင် တမင် ဖျက်ဆီးထားတာ တွေ့ရတယ်လို့လည်း ယူကေ အစိုးရက ပြောပါတယ်။

ယူကရိန်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ယူကရိန်း စစ်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ် ၂ စီးဟာလည်း သူပုန်တွေရဲ့ လက်ချက်နဲ့ ပစ်ချခံလိုက်ရပါတယ်။
BBC Burmese

ကိုကိုကြီး(၈၈) ဦးဆောင်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ပြုလုပ်မည့် Website+ Mobile App + API မိတ်ဆက်ပွဲအခမ်းအနားသို့ အောက်ပါအစီအစဉ်အတိုင်းတက်ရောက်နိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

သတင်းမီဒီယာများ နှင့် စိတ်ပါဝင်စားသူများအားဖိတ်ကြားအပ်ပါသည် ---------------------------------------------------------------------------
Kyaw Swar Myint

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.