07/25/14

မာယာများတဲ့ အကယ်ဒမီပွဲ

၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံ တော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြု ခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆ဝကျော်လွန်ခဲ့ပြီ ဖြစ်သည်။၁၉၅၂ ခုနှစ်မှ စတင်၍ ၂ဝ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃ဝဝ)ကျော် ဆုချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရ သည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူး ဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များ အားတလေးတစား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။

လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော ကျွန်တော့် အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ် ရုပ်ရှင်ပိုးထသော အရွယ်မှစ၍ မှတ်မိ သလောက် (ဦး)ကောလိပ်ဂျင်နေဝင်း၊ (ဦး)ညွှန့်ဝင်း၊ (ဒေါ်)ကြည်ကြည်ဋ္ဌေး၊ (ဒေါ်)ဝါဝါဝင်းရွှေ၊ (ဒေါ်) ခင်သန်းနု၊ (ဒေါ်)နွဲ့နွဲ့မူ စသည့် အနုပညာရှင်များသည် အလွန့်အလွန် သရုပ်ဆောင်ရာတွင် ထူးချွန်ထက်မြက် သောပရိသတ်၏နှလုံးသားအား ဆွဲကိုင်ဖမ်းဆုပ်နိုင်သော အနုပညာရှင်ကြီးများဖြစ်သည်နှင့် အလျှောက် ထူးချွန်ထက်မြတ်သော အကယ်ဒမီရွှေစင်ရုပ်တုကြီးများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ သို့သော် ထို ဝါရင့်သရုပ်ဆောင်ကြီးများထဲတွင် (ဦး)ကျော်ဟိန်း မပါဝင်ခဲ့ချေ။ (ဦး)ကျော်ဟိန်း မည်မျှပင် သရုပ်ကောင်းသော်ငြားလည်း အကယ်ဒမီဆုဟူသော ထူးချွန်ဆုကို နှစ်ပေါင်းများစွာ လက်ဝယ်သို့ မရောက်ရှိခဲ့ချေ။ ဘဘဦးသုခ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော “အကာကအချစ် အနှစ်ကမေတ္တာ” ဟူသော ဇာတ်ကား တွင် ကတောင်းမြှောင်အောင်ကြိုက်သည့် အရုပ်ဖြင့် ထူးချွန်ဆုကို ရရှိခဲ့သည်မှာ အံသြစရာတစ်ခု ဖြစ်ခဲ့ရသည်။

ဤတွင် ကျွန်တော်၏ အနုပညာသမားတစ်ယောက်၏ ခံစားချက်များကို တင်ပြပါတော့မည်။

ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၏ “ချစ်ကြိုးလေးနှစ် မျှင်” နှစ်ကိုယ်ခွဲဇာတ်ကားဖြင့် ရုပ်ရှင်အနုပညာ လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၇၀ ခုနှစ် မတိုင်ခင် ကတည်းက ဖခင် ဦးစိန်တင် ဦးစီးလုပ်ကိုင်နေသော “အမျိုးသား” ရုပ်ရှင်ကုမ္ပဏီပိုင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယိုထဲတွင် ကြီးပြင်းလာသည်နှင့်အညီ အနုပညာသည်များ စုံလင်စွာနှင့် ရင်းနှီးခဲ့သူ တစ်ယောက် လည်းဖြစ်သည်။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင် စတင်ဖြစ်သည့် အချိန်ကာလများတွင် လူငယ်သရုပ် ဆောင်သစ်များ ရှားပါးနေသည်နှင့်အညီ လူငယ်စရိုက်၊ လူငယ်သဘာဝ၊ လူငယ်တို့၏ ဝတ်စားဆင်ယင်မှု တို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရသော လူငယ်သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားများသာဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ခေတ်ကာလတွင် ဝတ်စားဆင်ယင်မှု ဒီဇိုင်းများသည် ခေတ်လူငယ်ကိုယ်စားပြု ဝတ်စားဆင် ယင်မှုများကို အလေးသာခဲ့ရသည်။ ကျွန်တော်၏ အနုပညာသက်တမ်း (၅)နှစ်တာ ကာလသို့ ရောက်ရှိ သောအခါ သဘာဝဇာတ်ရုပ်များ၊ သဘာဝကာရိုက်တာများကို စတင်ခြေလှမ်းခဲ့တော့သည်။ ထိုကာလများ တွင် ရိုက်ကူးခဲ့သော "နေသွေး" ၊ “မာနမင်းသား”၊ “မရဲ့မောင်လေး”၊ “ရင်ခုန်မိတာအချစ်လား”၊ “ချစ်မ” စသည့် ရုပ်ရှင်ဇာတ်ကားများသည် အလွန်အောင်မြင်ခဲ့သော ဇာတ်ကားများဖြစ်တော့သည်။ ထိုစဉ်အခါက ကျွန်တော်သည် အနုပညာသမားတစ်ဦး၏ ပြည်သူအပေါ်ပေးဆပ်ရမည့်၊ ပြည်သူ့ကိုယ်စား သရုပ်ဖော် ပေးရမည့် ပြည်သူ့အနုပညာသမားတစ်ဦး၏ တာဝန်တစ်ရပ်ကို သိရှိနားလည်ခဲ့ရသည်။ ထို့ကြောင့် စာပေ ဗိမာန်ဆုရ “တဒင်္ဂလေးများစွာ” ဟူသော ဝတ္ထုအား ဒါရိုက်တာ အေဝမ်းသိန်းထွဋ် (စပ်စု)မှ တစ်ဆင့် ဖတ်ရှု မိကာ လူငယ်ပြုပြင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟူသော တိုင်းကျိုးပြည်ကျိုးပြုဇာတ်လမ်းဖြစ်ပါ၍ ဖခင် ဦးစိန်တင်အား ကိုယ်ပိုင်အမျိုးသားရုပ်ရှင်မှ ထုတ်လုပ်ရိုက်ကူးရန် တိုက်တွန်းခဲ့သည်။ ဖခင် ဦးစိန် တင်မှ ဒါရိုက်တာ ကြည်စိုးထွန်းအား ရိုက်ကူးစေခဲ့သည်။ ထို “တဒင်္ဂလေးများစွာ” ဇာတ်လမ်းအား ကျွန် တော့်အနေဖြင့် ဖတ်ရှုပြီးသည့်နောက် လူငယ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်အား တည့်တည့်မတ်မတ် ထိ ရောက်အောင် ပစ်နိုင်သော “ဒိုး” ဟူသော အမည်နာမအား ရုပ်ရှင်ဇာတ်ကားအဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ ယင်း “ဒိုး” (အဖြူ/အမဲ) ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ စိုးသူ၊ မေဝင်းမောင်၊ ဒေါ်မြင့်မြင့်ခင် စသည့်အနုပညာသည်များ ပါဝင်ခဲ့ကာ အလွန်အောင်မြင် လူကြိုက်များခဲ့သည့် ဇာတ်ကားဖြစ်ခဲ့သည်။ ယင်း “ဒိုး” ဇာတ်ကားအား ကျွန်တော်များစွာ အားထားခဲ့သည်။ အကြောင်းမှာ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ ခုနှစ် များတွင် အကယ်ဒမီ ထူးချွန်ဆု အခမ်းအနားအား ရုပ်ရှင်ဖလင်ရှားပါးမှုကြောင့်နိုင်ငံတော်အစိုးရမှ ပြုလုပ် ခဲ့ခြင်း မရှိခဲ့ပါ သောကြောင့် “ဒိုး” ဇာတ်ကားသည် ၁၉၈၉ ခုနှစ် အကယ်ဒမီထူးချွန်ဆုပွဲနှင့် အကျုံးဝင်နေသောကြောင့် ကျွန်တော်တို့ မျှော်လင့်ချက်များ ထားရှိခြင်းဖြစ်သည်။ထို့ပြင် ကျွန်တော်ရုပ်ရှင်လောက ထဲသို့ ရောက်ခဲ့ချိန်မှစ၍ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖိတ်စာများကို သက်ဆိုင်ရာအနုပညာရှင် များအား ဖိတ်ကြားရာတွင် ဥပမာအားဖြင့် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခဲ့လျှင်သော်၎င်း၊ ယောကျာ်းဖြစ်သူသည် ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်၎င်း၊ ဇနီးမောင်နှံနှစ်ဦးစလုံးကို ထိုင်ခုံတွဲလျက်ဖိတ်ကြားခြင်း မပြုခဲ့။ ယောကျာ်းဖြစ်သူနှင့် ဇနီးဖြစ်သူနှစ်ဦးစလုံး ရုပ်ရှင်အနုပညာလောကတွင် လုပ်ကိုင်နေပါမှ ဇနီး မောင်နှံနှစ်ဦးစလုံး ထိုင်ခုံတွဲလျက်ရရှိသည်။ သို့သော် ၁၉၈၉ခုနှစ်၌ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ပွဲတက်ရောက်ရန် ဖိတ်ကြားသောအခါ ကျွန်တော်၏ ဖခင်နှင့် မိခင်တို့သည် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသောအချိန်ဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့မှ ဖိတ်စာဖိတ်ကြားရာတွင် ကျွန် တော့်အား ဇနီးဖြစ်သူနှင့် မတက်မနေရ၊ ထို့အပြင် “အမျိုးသားရုပ်ရှင်” ကုမ္ပဏီကိုယ်စား တက်ရောက်မည့် သူတစ်ဦးပါ မဖြစ်မနေ တက်ရောက်ရန် ပြောကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ အထူးခြားဆုံး အကြိုး စားဆုံး သရုပ်ဆောင်ခဲ့သော “ဒိုး” ဟူသော ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆုနှင့် မလွဲနိုင်တော့ပြီဟု ယုံကြည်မိခဲ့သည်။ ကျွန်တော်၏ စိတ်အစဉ်တို့သည် အကယ်ဒမီပွဲခင်းထဲတွင် လွန်စွာမှ စိတ်လှုပ်ရှားနေမိ တော့သည်။ သတင်းထောက်များ၊ ရုပ်ရှင်လောကသားများ၏ မျက်လုံးများသည် ကျွန်တော့်ထံ ဝိုင်းဝန်း စူးစိုက် ကြည့်ရှုကြခြင်းကို ခံနေရသည်။ ကျွန်တော်သည် ရုပ်ရှင်သက်တမ်း () နှစ်ကြာသည်အထိ ထူးချွန် ဆု အကယ်ဒမီဆုကို မရရှိသေးသော အနုပညာအင်အား၊ ခွန်အားများ နည်းပါးနေသော ချို့တဲ့သည့် အနု ပညာရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရနိုးရနိုးနှင့် ဤ အကယ်ဒမီ ထူးချွန်ဆုကြီးကို ဤတစ်ကြိမ် တွင် ပစ်မလွဲရတော့မည်ဟု ယုံကြည်မိသည်။ကျွန်တော်၏ ဇနီးဖြစ်သူ ရွှေဇီးကွက်မှလည်း အနားမှ ကျွန် တော်၏လက်အားဆုပ်ကိုင်ကာ ကျွန်တော့်အား အားပေးမှုကိုခံနေရသည်။ အခမ်းအနားစ၍ ယင်းနှစ် အတွင်း ထူးချွန်သော အကောင်းဆုံးဇာတ်ကားဆုကို ကြေငြာလိုက်သည့်အခါ “ဒိုး”။ အကောင်းဆုံးသော အထူးချွန်ဆုံးသော ဒါရိုက်တာဆုကို ကြေငြာလိုက်သည့်အခါ “ဒိုး” ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးသော ဒါရိုက်တာ ကြည်စိုးထွန်း ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်အပါအဝင် ရုပ်ရှင်လောကသားများမှ ရုပ်ရှင်သရုပ်ဆောင်အထူးချွန်ဆုံးသောဆုကို တွက်ဆ၍ ရသွားပြီဖြစ်သည်။ အကောင်းဆုံးရုပ်ရှင် ဇာတ် ကားနှင့် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု ရရှိသည်ဖြစ်ပါက ထိုဇာတ်ကားထဲတွင် အကောင်းဆုံးသော သရုပ်ဆောင်ဆုတစ်ဆု အနည်းဆုံးရသင့်သည် မဟုတ်ပါလား။ ထိုအချိန်တွင် အခမ်းအနား အစီအစဉ်ကို ကြေငြာရာတွင် စီစဉ်တင်ဆက်သူ (အမည်မမှတ်မိ)မှ ကြေငြာရာတွင် ၁၉၈၉ ခုနှစ်အတွက် အကောင်းဆုံး သော အထူးချွန်ဆုံးသော ရုပ်ရှင်သရုပ်ဆောင် မင်းသားဆုကိုရရှိသည့် အမျိုးသားသရုပ်ဆောင်မှာ ကို ကျော် . . ကျော် . .  ကျော် . . ကျော် ဟူ၍ (အသံအားဆွဲငင်မှုပြု၍) ကြေငြာလိုက်စဉ် ကျွန်တော်၏ အနီးတွင် ဝိုင်းဝန်း၍ အားပေးချီးမြောက်မည့် အနုပညာသမားများ၊ မှတ်တမ်းတင် ရိုက်ကူးမည့် ဓါတ်ပုံဆရာများ၊ ဗဟိုသတင်းရိုက်ကူးရေးအဖွဲ့သားများ ဝိုင်းဝန်း၍ နှုတ်ဆက်စကားပြောခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ဓါတ်ပုံ ရုပ်ရှင်များရိုက်ကူးခြင်းတို့ကို မျက်စိမဖွင့်နိုင်လောက်အောင် ကင်မရာမီးရောင်များဖြင့် ဝေဝါး၍ နေတော့ သည်။ သို့ရာတွင် အစီအစဉ် တင်ဆက်သူ၏ ကိုကျော် ဟူသော ဆွဲငင်မှုအသံ၏ အဆုံးတွင် “ဟိန်း” ဟူ၍ အသံတစ်ခုတည်းသာ ကြားမိလိုက်တော့သည်။ ကျွန်တော်၏ မျက်ဝန်းအစုံတွင် မျက်ရည်စက်များ ခိုတွဲ ကာ မျက်လုံးပေါင်းတစ်သိန်းခန့် ဝိုင်းဝန်း၍ ဂရုဏာသက်စွာ ကြည့်ရှုမှုကို မခံနိုင်သည့်အဆုံး ကျွန်တော် အကယ်ဒမီဆုပေးပွဲ (အမျိုးသားယဉ်ကျေးမှုကဇာတ်ရုံ) ခန်းမမှပြေး၍ ထွက်ခွာသွားတော့သည်။ အမျိုး အမည်မသိသော လက်ချက်ဖြင့်၊ အမျိုးအမည်မသိသော ဒဏ်ရာကို ရရှိခဲ့သည်။ ကြေကွဲမှု၊ ဝမ်းနည်းမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု စသည့် ဒေါသ၊ မောဟများဖြင့် ပြည့်လျှံ ပေါက်ကွဲမိသည်။ အနီးအနားတွင် ကျွန်တော့်၏နောက်မှ ထပ်ချက်မကွာ လိုက်လံအားပေး ဖြေသိမ့်နေသော ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့်အတူ ကျွန်တော်တို့ နေအိမ်ရှိရာသို့ ဦးတည်၍ ပြန်ခဲ့တော့သည်။ ထိုနေ့ ညတစ်ညလုံးနီးပါး ကျွန်တော်၏ “ဒိုးဟေ့ …. ဒိုး” ဟူသော ပေါက်ကွဲသံ၊ ကြွေးကြော်သံတို့သည် ကျောက်တံတားမြို့နယ်ရှိ ရုပ်ရှင်သမားတို့ စုဝေးရာ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ပဲ့တင်ထပ်နေမည်ဟု ကြားသိသူတိုင်း သိရှိကြမည်ဖြစ်သည်။ ထို့ကြောင့် အခမ်း အနားကြေငြာသူတို့၏ ကြေငြာချက်ကြောင့် အကယ်ဒမီရွှေစင်ရုပ်အား ရင်နာခဲ့ရသော ပေါက်ကွဲခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်များလည်း ရှိခဲ့ဖူးမည် ဖြစ်သည်။ဤသည်မှာ ကျွန်တော်အနုပညာ သက်တမ်း၏ ပထမ ဦးဆုံးသော အကယ်ဒမီပေါက်ကွဲမှုပင် ဖြစ်တော့သည်။

ထို့အပြင် ၁၉၈၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင်ရွေးချယ်ထားရာ၌ ပါဝင်သော ကျွန်တော် ပထမ ဦးဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးထားသော  “ကောင်းချစ်တဲ့မမ” ဇာတ်ကားတွင် ကျွန်တော်ါသနာပါ သော ဓါတ်ပုံပညာရပ်များကို အစွမ်းကုန် အသုံးပြုရိုက်ကူးခဲ့ရာ ဓါတ်ပုံဆုကို မရရှိခဲ့ချေ။ ယင်းဇာတ်ကား တွင် ကျွန်တော်သည် ဇာတ်ကောင်တို့စရိုက်များအားပေါ်လွင်ရန် ဓါတ်ပုံပညာရပ်ဖြင့် Filter ချပ်များ အသုံးပြုကာ မွန်းတပ်(ဒ်)အဖြစ် ရိုက်ကူးတင်ပြခဲ့သောကြောင့်ရုပ်ရှင်ကြည့်ပရိတ်သတ်များ အထူးနှစ်သက် ခဲ့သော အောင်မြင်သော ဇာတ်ကားဖြစ်ခဲ့သည်။ ယင်း ၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဒါရိုက်တာ ကလင့်အိစ်စ၀ုစ်(တ်) ရိုက်ကူးသော Untouchable ဟူ သောကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားအတွက် ဓါတ်ပုံဆုကို Filter ချပ်များအသုံးပြု၍ အော်စကာဆုကို ထိုက်ထိုက်တန်တန်ကြီး ရရှိသွားခဲ့သည်။ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကတွင် Filter သုံးပြုပါက ဓါတ်ပုံဆုကို မပေးကြောင်း သိရှိခဲ့ရတော့သည်။

နောက်တစ်ဖန် ၁၉၉၂ ခုနှစ်တွင် အကယ်ဒမီမကျေပွဲအတွက် ထပ်မံတက်ရောက်ခဲ့ပြန်သည်။ ထို နှစ်တွင် အကယ်ဒမီတစ်ကြို ရွေးချယ်ရာ၌ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ရိုက်ကူးသော “မူပိုင် ချစ်သူ” ဇာတ်ကားပါဝင်နေ၍ဖြစ်သည်။ ထိုနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားအား သရုပ်ဆောင်ခဲ့ရာ၌ ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားတိုက်အင်တိုက် ကြိုးစားသရုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းဇာတ် ကားအတွက် အကယ်ဒမီဆုကို မျှော်လင့်မိခြင်းဖြစ်သည်။ ယင်းနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားနှင့် အမျိုး သမီးသရုပ်ဆောင် ထူးချွန်ဆုအား မေသန်းနုတစ်ဦးသာ ရရှိခဲ့ပြန်သည်။“မူပိုင်ချစ်သူ” ဇာတ်ကားတွင် ထူးချွန်ဆုရသော သရုပ်ဆောင်မေသန်းနု၏ ဇာတ်လမ်းဇာတ်ကွက်များအား ပြသရာတွင် ကျွန်တော်၏ သရုပ်ဆောင်မှုများ၏ အားသာမှုများကို တက်ရောက်သူအားလုံး သိရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ၁၉၉၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု  တစ်ဆုမျှ ပေးခဲ့ခြင်းမရှိ။ ထို့ကြောင့် ထိုနှစ် တွင် အမျိုးသားသရုပ်ဆောင် တစ်ဦးတစ်ယောက်မျှ သရုပ်ဆောင်အတတ်ပညာ မကျွမ်းကျင်ကြောင်း ဖော်ပြလိုက်သလို ဖြစ်နေတော့သည်။ ထို့ကြောင့် ယင်းအခမ်းအနားမှ ကျွန်တော် ဒုတိယအကြိမ်မြောက် အိနြေ္ဒမဆည်နိုင်လောက်အောင် ကြေကွဲ၍ ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင် ကျွန်တော်၏ ဇနီးဖြစ်သူ အားလည်း ဖိတ်ကြားခြင်းမရှိ၍ ကျွန်တော်၏ အားငယ်မှု၊ ကြေကွဲမှုတို့ကို ကွယ်လွန်သူ လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၊ ကွယ်လွန်သူ အကိုကြီး ဦးဇော်လင်းနှင့် အနုပညာမောင်နှမများမှ ဝိုင်းဝန်း ဖြေသိမ့်အားပေးမှုကို ခံခဲ့ရသည်။ ဤ ၁၉၉၂ ခုနှစ်မှစ၍ ကျွန်တော်နှင့် အကယ်ဒမီရွှေစင်ရုပ်တုတို့ ကွာရှင်း ပြတ်ဆဲခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆို ထိုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲကို ကျွန်တော် စိတ်မဝင်စား တော့။ မတက်ရောက်ခဲ့တော့ချေ။ နောင်တစ်ချိန်မှ ကျွန်တော် ထပ်မံ၍ ကြားသိခဲ့ရပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူသည် ဆရာဝန်ဇာတ်ကောင်စရိုက်အား သရုပ်ဆောင်ရာတွင် ရှပ် အင်္ကျီအပေါ်ကြယ်သီးအား ဖြုတ်ထားခြင်းကြောင့် အကယ်ဒမီဆုကို မပေးခဲ့တာဟူ၍ မြန်မာရုပ်ရှင် အကယ်ဒမီ သင်ခန်းစာအားရရှိခဲ့ပြန်သည်။

၁၉၉၄ ခုနှစ်တွင် အကယ်ဒမ်ရွှေစင်ဆုနှင့် ကျွန်တော်ပြန်လည်၍ စေ့စပ်ခြင်းကို ခံခဲ့ရသည်။ ထိုနှစ် တွင် အကယ်ဒမီဆုပေးမည့် နေ့ရက်အချိန်တွင် ကျွန်တော်သည် ကျွန်တော့်၏အိမ်တွင် တစ်ဦးတည်း ယမ ကာမှီဝဲ၍ အကယ်ဒမီတည်းဟူသော ရွှေစင်ရုပ်တုအား မေ့ပစ်နိုင်အောင် ကြိုးစားနေသည်။ အခမ်းအနား သို့ တက်ရောက်ရန် ဖခင်ဖြစ်သူမှ လာရောက်ခေါ်ရာတွင် ကျွန်တော်ငြင်းဆန်ခဲ့၍ ဖခင်ဖြစ်သူ စိတ်မ ကောင်းစွာဖြင့် ကျွန်တော်၏အိမ်မှ ထွက်ခွာသွားသည်။ ထိုနှစ်သည် အကယ်ဒမီဆုပေးပွဲ သမိုင်းကာလ တစ်လျှောက် အထူးခြားဆုံးပွဲတစ်ခုလည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော အများပြည်သူကြည့်ခွင့်၊ အားပေးခွင့်မရခဲ့သော အကယ်ဒမီထူးချွန်ဆုပေးပွဲများကို ပထမဦးဆုံးသော သုဝဏ္ဏအားကစားကွင်းတွင် ပြည်သူလူထုအား လက်မှတ်ရောင်းချ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်နှင့် ကင်းကွာနေသော အကယ်ဒမီဆုအား အများပြည်သူတို့မှ ကျွန်တော့်အားရရှိစေလိုသောဆန္ဒများ ပြည့်ဝ နေတော့ သည်။ပွဲခင်းတစ်ခုလုံးတွင် “ကျော်သူ .. ရရင်ရ … မရရင် ….. ” ဟူ၍ ကြွေးကြော်သံများ ကြားနေရ သည်ဟု သိရှိရသည်။ ပွဲအစီအစဉ် စတင်သည့်အချိန်တွင် အစိုးရဋ္ဌာနမှ လူကြီးတစ်ဦးက ပြန်ကြားရေးဝန်ကြီးမှတဆင့် ရုပ်ရှင်လုပ်ငန်းဋ္ဌာနရှိ အရာရှိတစ်ဦးနှင့်အတူ ကျွန်တော်၏ဖခင်နှင့် ကျွန်တော့်ကို သွား ရောက်ခေါ်ရန် ပြောကြားခဲ့သောကြောင့် ကျွန်တော့်အား နေအိမ်တွင်လာရောက် အတင်းအကျပ်ခေါ် ဆောင်သွားတော့သည်။ ယမကာမှီဝဲနေသော ကျွန်တော်သည်တိုက်ပုံနှင့်တွေ့ရာ လုံချည်တို့အား ဝတ်ဆင် ၍ ရုပ်ရှင်လုပ်ငန်းမှ အသုံးပြုသော မော်တော်ယာဉ်ပေါ်သို့ ကြားညှပ်၍ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ (ရုပ်ရှင်လုပ်ငန်း မော်တော်ကားပေါ်မှ ကျွန်တော် ခုန်ဆင်းမှာကို စိုးရိမ်လို့လားတော့မသိ) ပွဲခင်းကျင်းပရာ သုဝဏ္ဏအားကစားကွင်းသို့ ရောက်ရှိသော ကားပေါ်မှဆင်းဆင်းခြင်း ရုပ်ရှင်လုပ်ငန်းမှ လူကြီးများက Congratulation ဟူ၍ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ပွဲခင်းထဲတွင် ကျွန်တော်ထိုင်စရာ နေရာမရှိ၍ ဖျော်ဖြေ ရေးတီးဝိုင်းဘေးရှိ ခုံတွင်သာ ထိုင်ခဲ့ရသည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ကြေငြာသော အခါ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးသော “တပြည်သူမရွှေထား” ဇာတ်ကားမှ သရုပ်ဆောင် ကျော်သူ ဟူ၍ ကြားမိလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် လေထဲသို့ (၃/၄) ကြိမ်ခန့် မြှောက်တက်သွားသည်။ ကျွန်တော့်အား ဂရုဏာ၊ အကြင်နာ၊ မုဒိတာတို့ဖြင့် ဝိုင်းဝန်းအားပေးကြသော အနုပညာညီအစ်ကိုများမှ ဝိုင်းဝန်း၍ ကျွန်တော့်အားလေထဲသို့ မြှောက်တင်အားပေးကြသည်။ထိုအချိန် တွင် ကျွန်တော့်အတွေးထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြားခဲ့သော စကား သံသည်ပဲ့တင်ထပ်မိတော့သည်။ ထိုနှစ်မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းတွင် ပြည်သူများ၏ ပေးစာများလက်ခံကာ အပါတ်စဉ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားသောအချိန်က ကျွန်တော်သည် အနုပညာသက်တမ်း (၉) နှစ်ကြာခဲ့ပြီဖြစ်သည်။ အနုပညာနှင့်ပတ်သက်၍ ကြိုးစားခဲ့သူ လည်းဖြစ်သည်။ သို့သော် ယခုအချိန်ကာလထိ အကယ်ဒမီထူးချွန်ဆုဆိုတာ မရရှိခဲ့ခြင်းမှာ စဉ်းစား၍ မရ နိုင် ဟူ၍ ပေးစာပို့ခဲ့ဖူးသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်မှာ ယခုပေးပို့သောစာပါ အနုပညာရှင်ကို ပြောချင်တာကတော့ “အများပြည်သူက တစ်ခဲနက်ပေးထားသော ဆုကိုရရှိ နေပြီပဲ။” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် “တပြည်သူမရွှေထား” အကယ်ဒမီကျင်းပရာ နှစ်သည်လည်း အများ ပြည်သူပရိသတ်အား ကြည့်ရှုခွင့်ပေးခဲ့သည့်အတွက် အများပြည်သူဆန္ဒအတိုင်း ပြည့်ဝခဲ့ရသည်ဟု ကျွန် တော် ယုံကြည်မိတော့သည်။

ထို ၁၉၉၄ ခုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲ ကိစ္စရပ်များအား ကျွန်တော်အနေဖြင့် အသားကျသွားပြီ ဖြစ်သည်။ သွေးအေးသွားပြီဖြစ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်၏ စကားအတိုင်း အများပြည်သူ၏ ထောက်ခံအားပေးမှုကသာ အဓိကဆိုတာကို ကျွန်တော် နားလည်သွားတော့သည်။ ထို့ကြောင့် ကျွန်တော် ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကျေစွာဖြင့် ကျွန်တော်လုပ်ဆောင်ရမည့် ပေးဆပ်ရ မည့် အနုပညာခွန်အားများကို အသုံးချကာ အများပြည်သူတို့အတွက် အဓိကထား၍ ရိုက်ကူးခဲ့တော့သည်။ အကယ်ဒမီဆု ဆိုသော ရူးသွပ်မှု ဝေါဟာရ ကျွန်တော့်ထံတွင် မရှိတော့။ ကျွန်တော် မခံစားရတော့ချေ။၂၀၀၃ ခုနှစ်တွင် ကျွန်တော်သည် ဖခင်တစ်ဦး၊ မိခင်တစ်ဦး၏ ခံစားမှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုများကို ဂုဏ်ပြုလိုသောကြောင့် “အမေ့နို့ဖိုး” ဟူသော ရုပ်ရှင်ဇာတ်ကားအား ဖခင်ဖြစ်သူ၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးပေးခဲ့သည်။ “အမေ့နို့ဖိုး” ရိုက်ကူးစဉ် ကျွန်တော့်၏ ဦးတည်ချက်သည် ကမ္ဘာ ပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စားပြု ဂုဏ်ပြုရိုက်ကူးခဲ့ခြင်း၊ ကိုယ်လုပ်ဆောင်ရမည့် လုပ်ငန်းအား တာဝန်ကျေစွာ လုပ်ကိုင်ရိုက်ကူးခဲ့ခြင်းစသည့် ကိုယ့်လိပ်ပြာ … ကိုယ်လုံစွာ ရိုက်ကူးခဲ့ခြင်းတို့ကြောင့် ၂ဝဝ၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားရိုက်ကူးသော ဖခင်၏ အမျိုးသားရုပ် ရှင်၊ ဇာတ်ညွှန်းရေးသားသော ဆရာငြိမ်းမင်း၊ ကင်မရာရိုက်ကူးသော ကျောက်ဖြူ၊ အဓိကသရုပ်ဆောင် မင်းသမီး ထွန်းအိန္ဒြာဗိုလ်၊ အဓိက ဇာတ်ပို့သရုပ်ဆောင် ချိုပြုံး၊ ဇော်ဦးနှင့် ဒါရိုက်တာဆုအဖြစ် နောက်ဆုံး အကြိမ် ကျွန်တော် ရရှိခဲ့သည်။ ယင်းကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားတစ်ကားတည်းမှ အကယ်ဒမီ ထူးချွန်ဆု (၇) ဆုကို ဆွတ်ခူးရယူပြီးသည့်နောက် ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ မြန်မာ့ ရုပ်ရှင်လောကထဲတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို ပိတ်ပင်တားဆီးခံခဲ့ရတော့သည်။ ယခုဆိုလျှင် မြန်မာ့ ရုပ်ရှင်လောကနှင့် ကင်းကွာခဲ့သည်မှာ (၄) နှစ်ကျော် (၅) နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲများကိုလည်း ဖိတ်ကြားခြင်းကို မခံခဲ့ရတော့ချေ။

ထို့အပြင်၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အကယ်ဒမီ ထူးချွန်ဆု ပေးပွဲအတွက်ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက် ဟူ၍ ထူးခြားအံသြစွာဖြင့် ဖိတ်ကြားခြင်းကိုခံခဲ့ရသည်။ ဤတွင် ရုပ်ရှင်အစည်းအရုံးသို့ ကျွန်တော် ပြန်လည်၍ မေးကြားခဲ့သည်။ လေးနှစ်ကျော် ရုပ်ရှင်လောကမှ ဖယ်ထုတ်ခြင်းခံထားရသော သရုပ်ဆောင် ဒါရိုက်တာတစ်ဦးကို ဘာကြောင့် ဖိတ်ကြားရတာလဲ” ဟူ၍ မေးမြန်းရာ ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူမှ အစိုးရပြောင်းသွားလို့ မူလည်းပြောင်းသွားပြီ” ဟု ပြော ကြားသည်။ ထပ်မံ၍ကျွန်တော်ကအရင်တုန်းက တစ်ယောက်တည်းဖိတ်တာ အခုဘာကြောင့် ဇနီးမောင်နှံ နှစ်ယောက်စလုံးကို ဖိတ်တာလဲ” ဟု ပြန်လည်၍ မေးကြားရာ။ တာဝန်ရှိသူမှ အစိုးရပြောင်း သွားပြီ ဒါကြောင့် မူလည်းပြောင်းသွားပြီဟုသာ ထပ်မံ၍ ဖြေကြားခဲ့တော့သည်။ ထပ်မံ၍ ကျွန်တော့်အား“ကိုကျော်သူ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေရိတ်သွားဦး စင်ပေါ်တက်ပြီး ဆုရမယ့်သူတွေအတွက် ကြေငြာ ခိုင်းရင်ခိုင်းလိမ့်မယ်။ ဒုတိယတန်းမှာ နေရာပေးထားတယ်တဲ့”။

ထို့ကြောင့် အစိုးရပြောင်းသွားပြီ မူလည်းပြောင်းသွားပြီဆိုငြားလည်း ကျွန်တော်ကျော်သူ အတွက် တော့ ဘာမူမှမပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာကျော်သူဘဝမှ သုဘရာဇာ လူမှုရေး သမား ကျော်သူဘဝသို့တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြားရေးဋ္ဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ ပြောင်းလဲပေးခြင်း (တရား ဝင်) မပြုသေးပါ။ ထို့ကြောင့် ကျွန်တော်သည် ထိုနှစ်အကယ်ဒမီဆုပေးပွဲအား မတက်ရောက်ခဲ့ပါ။

ယခုအချိန် ၂ဝ၁၄ ခုနှစ်တွင် ကျင်းပတော့မည်ဖြစ်သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေး ပွဲအတွက် အသံများစွာ ထွက်ပေါ်လာတော့သည်။ ယခုနှစ် အကယ်ဒမီဆုပေးပွဲအား နိုင်ငံတော်အစိုးရမှ မူဝါဒပြောင်းပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ အကယ်ဒမီ ရွေးချယ်ပေးမှုကိစ္စအား လုံးဝမလုပ်တော့၊ မပါဝင် တော့ ဟူ၍ဖြစ်သည်။ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုကို မြန်မာ့ရုပ်ရှင်သမားများကသာ ရွေးချယ်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တာဝန်လွှဲပြောင်းပေးလိုက်ပြီဟူ၍ ဖြစ်သည်။သမ္မတကြီး ဦးသိန်းစိန်မှ လည်း အနုပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ထိုအကြောင်းအရာအား တရားဝင်ပြောကြားခဲ့သည်။ ဗြုန်းကနဲ ဆိုအံ့သြစရာ၊ ဝမ်းသာစရာ၊ ကျေနပ်စရာ၊ လက်ခမောင်း ထခတ်စရာပင် ဖြစ်တော့သည်။ သို့သော် ထိုအကယ်ဒမီ နောက်ကွယ်တွင် ဝှက်ဖဲများရှိသည်။ လှည့်စားမှုများရှိသည်။ သိမ်မွေ့နူးညံ့ ခက်ခဲသည်။ မာယာများသည့် အကယ်ဒမီပင် ဖြစ်တော့သည်။ ထိုအကယ်ဒမီသည် တည်ကြက်လေလား … ငါးမျှား ချိတ်လား … ထောင်ချောက်လေလား ဟူ၍ ကျွန်တော် အပြန်ပြန် အလှန်လှန် တွေးတောမိတော့သည်။

ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇွန်လကုန်လောက်တွင် တစ်ကြိမ်၊ ဇူလိုင်လတွင် တစ်ကြိမ် ကျွန်တော့ ထံသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိုလ်ကြီးများ (အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့)မှ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုက်တွန်း မေးမြန်းခဲ့သည်။ "ကိုကျော်သူ (မောင်မောင်) ရေ… အကယ်ဒမီဆု ရွေးချယ်ရေးအဖွဲ့မှာ ပါဝင်ပေးပါ၊ Finalရွေးပြီးသား (၃) ကား (၅) ကားထဲက အထူးချွန်ဆုံး အနုပညာရှင် တွေကို ရွေးချယ်ပေးပါ" တဲ့။ ကျွန်တော်ငြင်းခဲ့သည်။ လူမှုရေးလုပ်ငန်းကတစ်ဖက် သာသနာပြုဘုရားတည် လုပ်ငန်းကတစ်ဖက် မအားလပ်ကြောင်း အကြောင်းပြခဲ့သည်။ အမှန်မှာ အချိန်ပိုင်းလေးသာ ပေးရသည့် အကယ်ဒမီ ဇကာတင်ဇာတ်ကားများ ကြည့်ရှုရခြင်းအလုပ်ကို ကျွန်တော် လုပ်ဆောင်ပေးနိုင်သည်။ သို့ သော် ကျွန်တော်ကြားသိရသည်။ ထိုအကယ်ဒမီ ရွေးချယ်ရေးအဖွဲ့မှာ ပါချင်သည့်သူတွေက အများသား။(အကြောင်းရှိသည်)။ ဂုဏ်လိုချင်တဲ့သူများဆရာကြီးလုပ်ချင်တဲ့သူများ၊ လာဘ်ပေးလာဘ်ယူ လုပ်လိုသူ များ၊မင်းသား/မင်းသမီး ထုတ်လုပ်သူများကို မျက်နှာလိုမျက်နှာရလုပ်လိုသူများ၊ ထိုင်ခုံ တစ်နေရာစာ ဝင် ထိုးလိုသူများခေါက်ဆွဲစားကြမည့်သူများ စသည့် မသမာမှု၊ သီလချိုးဖောက်မည့် သူများကလည်း အလု အယက် ပါဝင်နိုင်ရန် နည်းပေါင်းစုံတို့ဖြင့် ချဉ်းကပ်၊ ကြိုးစားကြကြောင်း ကျွန်တော်သိခဲ့ရပြန်သည်။ ထို့ ကြောင့် ထိုအကယ်ဒမီပွဲသည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကုသိုလ်ထုပ်ကြီးအား မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လွှဲပြောင်းခဲ့ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံရှပ်ရှင်အစည်းအရုံးမှလည်း ထိုအကုသိုလ်ထုပ်ကြီးအား သူ့ထက်ငါ အလုအယက် သယ်ဆောင်ကြရန်အတွက်  ပြင်ဆင်နေတော့သည်။

အမှန်စင်စစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ပြည်သူ/သားတို့၏ ဘဝအခြေအနေ၊ အနုပညာ ရှင်များ၏ ဘဝရပ်တည်မှု အခြေအနေများသည် များစွာ ဆိုးဝါးနေသည့် အခြေအနေ အချိန်ကာလ တစ်ခု ဖြစ်သည်။ လူတို့သည် ဖောက်ပြန်နေသည်။ အတ္တကြီးနေသည်။ လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်း နေသည်။ ဗြဟ္မစိုရ်တရားများ ခေါင်းပါးနေကြသည်။ ထို့ကြောင့် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုအား မြန်မာ့ရုပ်ရှင်သမားများမှ မရွေးချယ်သင့်ပေ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်သည်ဟူသော လုပ်ရပ်မျိုး မလုပ်သင့် ပေ။ ယခင် အစိုးရလက်ထက်ကတည်းက ရုပ်ရှင်သမားများ ကြွေးကြော်တောင်းဆိုနေသော "မြန်မာ့ရုပ်ရှင် ကမ္ဘာလွှမ်းရမည်" "မြန်မာ့ရုပ်ရှင်ပြည်ပသို့ ထိုးဖောက်နိုင်ရမည်" ဟူသော အသံများသည်လည်း ယခုဆို လျှင် မှေးမှိန်လာပြီဖြစ်သည်။ အနုပညာလောက၏ စက်မှုပစ္စည်းများ ချို့တဲ့အားနည်းနေချိန်၊ရုပ်ရှင်ရုံများ ရှားပါးနေချိန်၊ သမ္ဘာဝါများကို လေးစားလိုက်နာမှု ဂါရဝတရား ခေါင်းပါးနေသော အချိန်လူတို့၏ စာရိတ္တများ ယိုယွင်းပျက်စီးနေချိန် ကာလဆိုးကြီးအချိန်တွင် ထိုကဲ့သို့သော ထူးချွန်ထက်မြက်သည့် အနုပညာရှင်များ အား မှန်ကန်စွာဖြင့် သီလလုံခြုံစွာဖြင့် သမာဓိရှိစွာဖြင့် ရွေးချယ်ပေးနိုင်လိမ့်မည်ဟု ကျွန်တော်မထင်ပါ။ ထို့ကြောင့်ကျွန်တော်သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ အကြံပြုခဲ့တော့သည်။ ထိုအကြံသည်ကား ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ရွေးချယ်ရေး ကိစ္စရပ် အား မြန်မာရုပ်ရှင်သမားများမှ ရွေးချယ်ရန်မသင့်ကြောင်း၊ အစိုးရမှလည်းရွေးချယ်ရန် မသင့်ကြောင်း၊ ပြည်ပနိုင်ငံ(ဟောလိဝုဒ်၊ ဘောလိဝုဒ်) စသည်ဖြင့် ရုပ်ရှင်ဇာတ်ကားကောင်းများ ထုတ်လုပ်ဖြန့်ချီနေသောအနုပညာရှင်များ၊ ပြည်ပအနုပညာသမားများအားဇကာတင်ရွေးချယ်ထားသော မြန်မာ့ရုပ်ရှင်ဇာတ်ကား (၃) ကား (၅) ကားအား ပြသပြီးသည့်နောက် ထိုပြည်ပ ပညာရှင်များအား အကောင်းဆုံးဆုများကို ရွေး ချယ်ခိုင်းမည်ဆိုပါက အမှန်ကန်ဆုံး အထိရောက်ဆုံး ဖြစ်လိမ့်မည်ဟု ယူဆမိတော့သည်။ ထိုမှသာ ပြည်ပအနုပညာလောကမှလည်း မြန်မာ့အနုပညာရှင်များ၊ မြန်မာ့ရှုခင်းများ၊ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များကို မြင်တွေ့သိရှိကာ မြန်မာရုပ်ရှင်လောကသည်လည်း ပြည်ပနိုင်ငံများသို့ ထိုးဖောက်ခြေလှမ်းနိုင်မည့် အခွင့်အရေး ရရှိပေလိမ့်မည်။

(ထိုအကြံပြုချက်သည် ကျွန်တော် ရုပ်ရှင်အနုပညာလောကတွင် ကျင်လည်ခဲ့စဉ်က အကယ်ဒမီ ဆုပေးပွဲနှင့် ပတ်သက်သည့် ကောက်ကျစ်မှု၊ လိမ်လည်မှု၊ လာဘ်ယူမှု စသည့် မသမာမှုများအား ခံစားခဲ့ ရသူ အနုပညာရှင်ဟောင်း တစ်ယောက်အနေဖြင့် မိမိကဲ့သို့အနုပညာရှင်များ မခံစားစေလိုသော ဆန္ဒအရ ၄င်း၊ အကယ်ဒမီဆုပေးပွဲ ပြီးဆုံးသွားချိန်တွင် ပြစ်တင်ဝေဖန်ရှုံ့ချခြင်းများမှ လွတ်ကင်းစေလိုသော ဆန္ဒ အရင်း၊ ဗြဟ္မစိုရ်တရားလေးပါးလက်ကိုင်ပြု၍ ရေးသားအကြံပြုခြင်း ဖြစ်ပါသည်။)

 

 

တစ်ချိန်က ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီနှစ်ထပ်ကွမ်း

(ကျော်သူ)


အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အချိုးကျ ကိုယ်စားပြု စနစ် PR ကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပုဇွန်တောင် မြို့နယ် မဲဆန္ဒနယ်က NDF ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ရဲ့ လာမယ့် ရွေးကောက်ပွဲတွေ မှာ ပီအာ စနစ်ကျင့်သုံးရေး အဆိုတင်သွင်းလာတာပါ။ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းမှာ အခြေအတင် ကန့်ကွက်မှု အချို့ ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ သတင်းရယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက်ကိုအောင်ရဲမောင်မောင်က ပြောပြမှာပါ။

" ပုဇွန်တောင်မဲဆန္ဒနယ်မှာ ဦးအောင်ဇင် တင်သွင်းတဲ့ အဆိုနဲ့ စပ်လျဉ်းပြီး လွှတ်တော်က ထောက်ခံသူ များတဲ့အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။"


အခု ကြားခဲ့ရတဲ့ အသံကတော့ ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး အတွင်းမှာ PR (Proportional representation) နဲ့ ပတ်သက်ပြီး တင်သွင်းတဲ့ အဆိုကို မဲခွဲတဲ့ နေရာမှာ ထောက်ခံ သူများတဲ့ အတွက် လွှတ်တော်က လက်ခံကြောင်း လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောဆိုသွားခဲ့တဲ့ အသံ ဖြစ်ပါတယ်။ လာမယ့်၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက စလို့ ရွေးကောက်ပွဲ တွေ ကျင်းပတဲ့ နေရာမှာ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ဖြစ်တဲ့ PR ကို ကျင့်သုံးဖို့အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီသစ်ရဲ့ ပုဇွန်တောင် မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က အဆိုတင်သွင်းတာ ကို အများက ထောက်ခံခဲ့လို့ မနက်ဖြန် မှာ ပီအာစနစ် ကျင့်သုံး သင့်၊မသင့် ကို ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။


ဒီကနေ့NDF ပါတီ က ဦးအောင်ဇင်တင်သွင်းတဲ့ အဆိုကို NDF ပါတီက ဒေါ်တင်နွယ်ဦး ကပဲ ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်ထဲ မှာပဲ ဦးအောင်ဇင် တင်ပြတဲ့ ပီအာစနစ်ကို မြန်မာ နိုင်ငံမှာ ကျင့်သုံးရင် တိုင်းရင်းသား စည်လုံးညီညွတ်ရေးကို ပါ ထိခိုက်နိုင်တယ်ဆိုပြီး ကျောက်ဖြူ မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘာကြောင့် ပီအာ စနစ် ကျင့်သုံးရေးအတွက် လက်မခံ နိုင်ဘဲ ကန့်ကွက်ရသလဲ ဆိုတာ နဲ့ပတ်သက်ပြီး ဦးဘရှိန်က ဗွီအိုအေ ကို အခုလို ပြောပါတယ်။


"ဒီ FPTP (the First-Past the Post ) စနစ်ရဲ့ မှားယွင်းတယ်၊ ချို့ယွင်းတယ်။ အားနည်းချက် ရှိတယ်ဆိုတဲ့ စနစ်က ဘာမှ အမှားအယွင်း တစုံတရာ မရှိဘူး။ မဲပေးတဲ့သူတွေ မှာလည်း ဘာမှ အခက်အခဲ ပြဿနာ မရှိဘူး။ အရွေးခံတဲ့သူတွေ မှာလည်း ဘာမှ ပြဿနာ မရှိဘူး။ အမှားအယွင်း မရှိဘူး။ ဒီလို အနေအထားမျိုး ရှိတယ်။ နောက်တခါ ဒီ PR စနစ်ကို ကျင့်သုံးမယ် ဆိုလို့ရှိရင် ပြည်ထောင်စုမှာ ကျင့်သုံးနေတဲ့ ဒို့တာဝန် အရေးသုံးပါး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ကိစ္စကို ပြောတယ်။

တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား ပြည်သူတွေက ကန့်ကွက်ပြောဆိုနေကြတယ် PR စနစ်ကို။ အဲ့လိုအချိန်မှာ ဒီ PR စနစ်ကို လုပ်မယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း အလေးအနက်ထားသင့်တယ်။ လူများစု Majority Rule၊ Minority Rights ဆိုတဲ့ အချက်ကိုလည်း အလေးအနက်ထားပြီးတော့ စဉ်းစားသင့်တယ်ဆိုတဲ့ အချက်တွေကို ထောက်ပြလိုက်တယ်။"

PR ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းအရ ကြည့်ရင်လည်း ကန့်ကွက် စရာတွေ ရှိနေတဲ့ အတွက် သူ့အနေနဲ့ ကန့်ကွက်ရတာ ဖြစ်တယ်လို့ ဦးဘရှိန်က ဆက်ပြောပါတယ်။


"ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ (က) မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ မဲဆန္ဒနယ် သတ်မှတ်ပြီးတော့ ရွေးရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၆ (က) မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ပြည်သူတွေက တိုက်ရိုက် ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေရှိတယ်။ အခု PR စနစ်ကို ကျင့်သုံးလို့ရှိရင် မဲဆန္ဒရှင်ပြည်သူတွေက ကိုယ်ရွေးချယ်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ရွေးခွင့်မရတော့ဘူးလို့ အန်ကယ်လ်က ကန့်ကွက်ပြောဆိုမှုလုပ်တယ်။ အဲ့တော့ ဥပဒေပိုင်းကိုတော့ မပြောဖြစ်လိုက်ဘူးပေါ့လေ။"

ဦးဘရှိန် ကန့်ကွက်မှု အပြီးမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒီအဆိုအပေါ် ထောက်ခံ သူဘယ်လောက်ရှိလဲ ဆိုတဲ့ အချက်အပေါ်မှာ မဲခွဲခဲ့ပါတယ်။ မဲခွဲတဲ့နေရာမှာ အတိုက်အခံပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးအပါအ၀င် လွှတ်တော် တက်ရောက်နေတဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ အတော်များများလည်း မတ်တပ်ရပ် ကန့်ကွက်ခဲ့ပါတယ်။ ထောက်ခံတဲ့ ထဲ မှာ တပ်မတော် ကိုယ်စားလှယ်တွေ လည်းပါဝင်တာ ကိုတွေ့ရပါတယ်။

ဒါပေမဲ့ ကန့်ကွက်သူဟာ ၄၂ ဦးပဲ ရှိပြီးတော့ ထောက်ခံသူဟာ ကျန်တဲ့ ကိုယ်စာလှယ်အားလုံး ဖြစ်တဲ့ အတွက် ပြည်သူ့လွှတ်တော် မှာ တင်သွင်းတဲ့ ပီအာ စနစ် နဲ့ အဆိုဟာ အောင်မြင်ခဲ့ပြီးတော့ မနက်ဖန် မှာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဒီ ပီအာ စနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် မှာရော အမျိုးသား လွှတ်တော်မှာ ရော တင်ပြခဲ့တဲ့ ပါတီ ဟာ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ NDFက ဖြစ်ပါတယ်။ NDF ပါတီက ပဲ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ် မှာ ပီအာ စနစ်ကို ကျင့်သုံးရေးနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် ကြိုးစားခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဗွီအိုအေ ကို အခုလို ပြောပါတယ်။


" ကျနော်တို့ ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ ဒီနိုင်ငံရေး အပြောင်းအလဲ လုပ်တဲ့နေရာမှာ PR နဲ့ သွားမှသာလျှင် ပိုပြီးတော့ ပြေပြစ်လိမ့်မယ်။ အားလုံး လူမျိုးငယ်တွေ အကုန်ပါမယ်။ လူမျိုးကြီး ၈မျိုးတင်မကပဲနဲ့ လူမျိုးငယ်တွေပါ အကုန်ပါမယ်။ ပါတီငယ်တွေလည်း အကုန်ပါပြီးတော့ အမျိုးသားညီညွတ်ရေးကို PR နဲ့ရွေးချယ်ခံရတဲ့အခါမှာ ကိုယ်စားလှယ်တွေ အကုန်လုံး လွှတ်တော်ထဲ ရောက်ပြီးတော့ အမျိုးသားညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပိုပြီးတော့ အာမခံချက်ရှိမယ်လို့ ယူဆလို့ ကျနော်တို့ PR ကို တင်တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် မှာတုန်းကတော့ ဒီအဆိုကို NDF က ဒေါ်ခင်ဝိုင်းကြည်က တင်ပြခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာပဲ ဇွန်လ ၁၁ရက်နေ့မှာ လွှတ်တော်တွင်း အင်အားကြီးတဲ့ ပြည်ခိုင်ဖြိုးပါတီ က အများအပြား ထောက်ခံ ခဲ့တဲ့ အတွက် ပီအာစနစ် ကျင့်သုံးရေးကို အမျိုးသားလွှတ်တော်က လက်ခံကြောင်း အတည်ပြုခဲ့တာပါ။

ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပီအာ စနစ်နဲ့ပတ်သက်ပြီး အဆိုတင်ဖို့ရှိတဲ့အတွက် အဲဒီ စနစ် ကျင့်သုံးရေးကို ကန့်ကွက်တဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော်ဟာလည်း လွှတ်တော် မတက်ရောက်ဖို့ ဆုံးဖြတ်ပြီး အစည်းအဝေး မတက်ခဲ့ဘူးလို့ လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
Photo..aungyi(dvb)
VOA


ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ ဒုတိယမြောက်အဖြစ် နေပြည်တော် ဒက္ခိဏသီရိ တရားရုံးမှာ ဇူလိုင် ၂၂ရက်က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တရားရုံးထုတ်လာတဲ့အချိန်မှာ ကျန်းမာရေး မကောင်းဘူးလို့ ယူဆရတဲ့ ဝန်ကြီးဟောင်းဟာ မျက်ရည်တွေ ကျခဲ့ပါတယ်။

မနက် ၁ဝနာရီမှာ ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အရပ်ဝတ် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်နဲ့ တရားရုံးဝင်းထဲကို ခေးလာခဲ့ပြိး မိသားစုနဲ့ဝင်တွေနဲ့လည်း ပထမဆုံးအကြိမ် ပေးတွေ့ခဲ့ပါတယ်။ တစ်နာရီလောက် ကြာမြင့်တဲ့ စစ်ဆေးကြားနာမှုမှာ ဦးဆန်းဆင့်ကို မူလစွဲဆိုထားတဲ့ ပုးမ ၄ဝ၉အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ပါ ထပ်တိုး တရားစွဲဆိုခဲ့ပါတယ်။

တရားရုံးထဲကို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကို ပိတ်ပင်ကန့်သတ်ခဲ့ပေမယ့် သတင်းထောက်တွေရဲ့ ကင်မရာထဲမှာတော့ ပိန်လှီသွားတဲ့ ဦးဆန်းဆင့်ဟာ ကျန်းမာရေးမကောင်းသလို ပါးပေါ်မှာ မျက်ရည်တွေစီးကျနေတဲ့ပုံရိပ်တွေ ရရှိခဲ့ပါတယ်။

ဦးဆန်းဆင့်ရဲ့ ကိုယ်ရေးအရာရှိက အစိုးရသက်သေဖြစ်လာသလို မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေကလည်း ဒီအမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုမှုတွေ မရှိခဲ့ပါဘူး။ ဦးဆန်းဆင့်ရဲ့ အမှုလိုက်ရှေ့နေကတော့ လာမယ့် ဇူလိုင် ၃ဝမှာ စွဲဆိုထားတဲ့ ပုဒ်မတွေကို စတင်စစ်ဆေးမယ်လို့ဆိုပါတယ်။

Kamaryut Media


                မလေးရှား လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ယူကရိန်း အရှေ့ပိုင်း၌ ပစ်ချခံခဲ့ရသော ၎င်းတို့၏ MH 17 လေယာဉ်ပေါ် ပါသွားသည့် ခရီးသည်များ အတွက် စေတနာ ထောက်ပံ့ကြေးငွေ အဖြစ် ကနဦးပေးငွေ ဒေါ်လာ ငါးထောင်စီကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မလေးရှား အစိုးရပိုင်ဖြစ်သည့် ထိုနိုင်ငံပိုင် လေကြောင်းလိုင်းက ၎င်း တို့သည် လေယာဉ် ပျက်ကျရာတွင် ပါဝင်ခဲ့သည့် ခရီးသည်များ၏ ကျန် ရစ်သူ မိသားစုများ အတွက် စေတနာဖြင့် ထောက်ပံ့ငွေ သဘောအပြင် စီးပွားရေးလိုအပ်ချက်များလည်း ပြေလည်နိုင်စေရန် ပေးခဲ့ခြင်း ဖြစ်ကြောင်းဆို သည်။

လေကြောင်းလိုင်းမှ ထုတ်ပြန်ချက်တွင် ရန်ပုံငွေတွေကို ထောက်ပံ့ရေး ရည်ရွယ်ချက်တွေအတွက် ယခင်ကလည်းထားရှိပြီးသား ဖြစ်ပါတယ်။ ဒီဘဏ္ဍာရေး အထောက်အပံ့တွေက သေဆုံးသူတွေအတွက် နောက်ဆုံးပိတ် အပြီးသတ် လျော်ကြေးမဟုတ်သလို မိသားစုတွေဘက်က တရားဥပဒေ ကြောင်းအရ စွဲဆိုမှုတွေကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး ဟု ဆိုထားသည်။ လေကြောင်းလိုင်းသည် ကျန်ရစ်သူ မိသားစုများ အတွက် ဟိုတယ်များ ငှားရမ်းထားရှိပေးခြင်း၊ အစားအသောက်နှင့် ပို့ဆောင်ဆက်သွယ်ရေး စီစဉ်ပေးခြင်း၊ နှစ်သိမ့် ဆွေးနွေးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေသည်။ MH 17 လေယာဉ်သည် ခရီးသည် (၂၈၃) ဦးနှင့် ယာဉ်ဝန်ထမ်း(၁၅)ဦး အပါအ၀င် ယူကရိန်းအရှေ့ပိုင်း ဝေဟင်မှ ဖြတ်ပျံသန်း နေစဉ် ရုရှားလိုလားသည့် ခွဲထွက်ရေးဝါဒီများက ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်ဖြင့် ပစ်ချလိုက်ဖွယ် ရှိကြောင်း သိရသည်။

AFP

The Messenger

ယနေ့ ဇူလိုင်လ ၂၄ ရက်၊ မွန်းလွဲ ၁း ၀၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ရုံးတွင် "သိမ်းဆည်းခံလယ်ယာ၊ ဖမ်းဆီးခံလယ်သမားများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ" ကို ၈၈ မျိုးဆက် - လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ ဦးဆောင်စီစဉ် ပြုလုပ်ခဲ့ကြသည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရသည့် အကြောင်းကို ထွန်းမြင့်အောင်က ရှင်းလင်းပြီးနောက် လတ်တလောနိုင်ငံရေးကိစ္စများကို ဆောင်ရွက်နေကြရာတွင် တောင်သူလယ်သမားများ၏ အရေးကိစ္စများကို ချန်လှပ်ထား၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ လယ်သမားများ၏ နစ်နာနေမှုများကို ၀ိုင်းဝန်းဖြေရှင်းပေးနေရကြောင်း၊ သတင်းမီဒီယာများအနေဖြင့်လည်း လယ်သမားများ နစ်နာနေမှုများနှင့်ပတ်သက်၍ အချက်အလက် မှန်မှန်ကန်ကန်ကို အသေးစိတ် သတင်းရယူဖော်ပြပေးစေလိုကြောင်း မင်းကိုနိုင်မှ ပြောကြားသွားသည်။

ထို့နောက် လက်ရှိနစ်နာနေကြရသော တောင်သူလယ်သမားများ ဖြစ်ကြသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတန်းကျေးရွာမှ ဦးဝင်းသိန်း၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှ ခွန်ထီပုပ်၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ခအုံးတာ ကျေးရွာမှ ဦးသန်းထိုက် နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှ မရီရီထွေးတို့မှ လယ်ယာမြေ မတရားသိမ်းဆည်းခံနေရမှုများ၊ တောင်သူလယ်သမားများ မတရားဖမ်းဆီးထောင်ချခံနေရခြင်းများကို အချက်အလက်များ ခိုင်ခိုင်မာမာဖြင့် ပြောကြားသွားခဲ့ကြသည်။

နောက်ဆုံးအနေဖြင့် သတင်းမီဒီယာများမှ ပြန်လှန်မေးမြန်းချက်များကို ၈၈မျိုးဆက် - လယ်ယာစီးပွားနှင့် တောင်သူလယ်သမားရေးရာဌာနမှ တာဝန်ခံ ထွန်းမြင့်အောင်၊ ဒုတိယတာဝန်ခံ ကိုမျိုးသန့်နှင့် တောင်သူလယ်သမားများမှ ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

The 88 Generation Peace and Open Society's

ဇူလှိုင်၂၄၇က်ပြည်သူလွှတ်တော်အစည်းအဝေးတွင် PR စနစ်ကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်၄၂ဦးသာ ကန့်ကွက်သည့်အတွက် ဆက်လက်ဆွေးနွေးသွားမည် တဲ့ ။
ဖူလိုင်လ ၂၄ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရန်ဆွေးနွေးဖို့ အဆိုအောင်မြင်ခဲ့ပါတယ်။
ကန့် ကွက်မဲး ၄၂ မဲးနဲ့ ထောက်ခံမဲး ၂၆၃ မဲးနဲ့ ဒီမိုကရေစီအရ အဆိုအောင်ခဲ့ပါ တယ် ။
တိုင်းရင်းသာပါတီတွေအနေနဲ့ကတော့ PR ကိုကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ကိုယ်စားလှယ်တော်တော်များများ လွှတ်တော်ကိုခွင့်တင်ကန့်ကွက်ခဲ့ပါတယ်။
လွှတ်တော်တွင်း ဒီမိုကရေစီအနိုင်ကျင့်မှုတချို့ရှိနေတယ်လို့ သတင်းတွေထွက်
ပေါ်နေပါတယ်။ တပ်မတော်သားလွှတ်တော်ကိုယ်စာလှယ်တွေ ကတော့ထိုင်ရာ မထ ထောက်ခံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း
စုကြည် ကိုယ်တိုင် ဒီစနစ်ကိုကန့်ကွက်ခဲ့ပါတယ်။PR စနစ်‌ကို ‌လက်ခံဆွေးနွေးဖို့
မပြုသင့်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးရှိတဲ့အတွက် ‌ပြည်သူ့လွှတ်တော်က ဆက်‌‌လက်ဆွး‌နွေးဖို့ ဆုံးဖြတ်‌လိုက်‌ပါတယ်‌။ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်
၄၅ ဦးကလည်း ဒီစနစ်ကို လက်မခံလို့ ပြည်သူ့လွှတ်တော်ကို မတက်ရောက်ဘဲ
ခွင့်တိုင်ကြားခဲ့ တာ လို့သိရပါတယ်။


၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒီချုပ် ကို လူထုပေးမယ့် မဲဆန္ဒတွေ ကွဲကုန်အောင်လို့ ဒီချုပ် ကို ပါတီပေါင်း ၂၀၀ ကျော်နဲ့ ယှဉ်ပြိုင်စေခဲ့ပြီး မဲရွေးခိုင်းခဲ့ဖူးပါတယ်။ အခုတော့ ကြံ့ဖွတ် နဲ့ စစ်ခေါင်းဆောင်တွေဟာ ကစားကွက် အသစ်ဖြစ်တဲ့ ပီအာ စနစ်ကို လွှတ်တော်ထဲ မတရား အတည်ပြုဖို့ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါးနပ်တဲ့ မြန်မာလူထုက ဒေါ်စု နဲ့ ဒီချုပ်ပါတီကို မဲတွေပုံအောပေးခဲ့ဖူးလေတော့ စစ်တပ်နောက်ခံ တစည ဟာ မဲ မရှုမလှ ရှုံးသွားခဲ့ရတဲ့ သင်ခဏ်းစာဆိုးကို စစ်အုပ်စုခေါင်းဆောင်တွေအားလုံး ရခဲ့ဖူးပါတယ်။ စစ်အုပ်စုခေါင်းဆောင် အမာလိုင်းတွေဟာ သူတို့ကိုယ်တိုင် လုပ်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကို သူတို့ကိုယ်တိုင် အသိအမှတ်မပြုဘဲ မဲနိုင်သူ ဒီချုပ် ကို အစိုးရ ပေးမဖွဲ့ခဲ့ဘဲ အာဏာမလွှဲနိုင် ခဲ့ဘဲ အချိန်ဆွဲထားခဲ့ရုံမက အနိုင်ရပါတီခေါင်းဆောင်တွေကို အကြမ်းဖက်ဖမ်းဆီးနှိပ်စက်ကလူပြုခဲ့ ဒေါ်စုကိုပုဒ်မမျိုးစုံနဲ့ နေအိမ်အကျယ်ချုပ်ချခဲ့ နိုင်ငံရေးအတိုက်အခံ ဒီမိုကရေစီလိုလားသူ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအပေါင်းဟာ
ပြည်ပပြေးရသူပြေးခဲ့ရနဲ့ မြန်မာ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးဟာ ၁၉၈၈ ကနေ ဒီနေ့အထိ စစ်အုပ်စုရဲ့ ကတိမတည်မှု အနိုင်ကျင့်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ထူးခြားဖြစ်စဉ်တစ်ခုကတော့ စစ်အုပ်စုဟာ ၁၉၉၀နဲ့၂၀၁၀ ရွေးကောက်ပွဲ၂ခုစလုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချပြီး ရွေးကောက်ပွဲတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခု စစ်အုပ်စု ရဲ့ နိုင်ငံရေးကတော့ ပုံစံပြောင်းကစားတဲ့ စစ်အုပ်စုရဲ့ အထူးစီစဉ်ကြံဆထားတဲ့ အကွက်သစ်တွေဖြစ်ပါတယ်။ သူတို့ရဲ့ ရုပ်ပြလွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ကစားစေပါတယ်။ ဒါပေမယ့် စစ်အုပ်စုဟာ အပေါ်စီးက မျိုးစုံ ချုပ်ကိုင်ပြီးမှ ဒေါ်စုကိုလွှတ်တော်ထဲ ပေးဝင်ထားခဲ့တာဖြစ်ပါတယ။ စိတ်ကြိုက်ဆွဲထားတဲ့ ၂၀၀၈ ခြေဥ ရယ်၊ သူတို့စိတ်ကြိုက်ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲခိုးထားပြီး လွှတ်တော်ထဲ ဝင်ထိုင်နေကြတဲ့ ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ဟောင်းတွေရယ်၊ ဘောင်းဘီမချွတ်ဘဲ ရွေးကောက်ပွဲမဝင်စရာမလိုဘဲ ကာချုပ်လွှတ်တဲ့ စစ်ဗိုလ်တွေရယ် စသည်ဖြင့် အကွက်စုံ နဲ့ စစ်အုပ်စု ဟာ ဒေါ်စု နဲ့ အတိုက်အခံတွေအားလုံးကို နိုင်ငံရေးအရ ဓားပြတိုက်ပြီး အာဏာကို အတင်း အကျပ် ချုပ်ကိုင် နှိပ်ကွတ်ထားတာ ဖြစ်ပါတယ်။

ကြံ့ဖွတ် ကစားကွက်အသစ်ထဲမှာ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို တိုင်းပြည်တွင်း တိုင်းပြည်ပ မှာလွှတ်ပေးထားရယုံမက လွှတ်တော်ထဲ တရားဝင်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နည်းမျိုးစုံ ထိမ်းချုပ်ထားပေမယ့်လို့သူတို့ခဗျာ အထူးထိပ်လန့် အလွန်ကြောက်နေပုံရပါတယ်။

အတိတ်သင်ခဏ်းစာပေါင်းစုံကို ယူပြီးတော့ကာ ၂၀၁၅ မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ကြံ့ဖွတ် ပြည်ခိုင်ဖြိုးတွေ ဟာ နောက်ဆုံး အယုတ်ဆုံး အကြံသစ်ကတော့ လူထုဆန္ဒမဲတွေအားလုံး ပီအာစနစ်အရ မဲတွေ ခွဲယူနိုင်ရန်အတွက် (သူတို့နဲ့ ပါတီစုံမဲခွဲယူနိုင်ပြီး ကြံ့ဖွတ်ဟာ ညွန့်ပေါင်းအစိုးရတစ်ရပ်ကို အပီအပြင် တရားဝင်ဖွဲ့နိုင်ရန်အတွက်) လူထုဆန္ဒ မဲတွေကို အပီအပြင်ကွဲစေရန် ရည်ရွယ်ပြီး ပီအာစနစ် နဲ့ လူထုဆန္ဒ မဲတွေကိုခွဲပစ်မယ့်ယုတ်မာကောက်ကျစ်တဲ့ နိုင်ငံရေးလမ်းသစ်ကို တီထွင်ကြံဆကြိုးပမ်းနေကြပါတယ်။

အခုအချိန်မှာ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တစ်တိုင်းပြည်လုံး လှည့်ပါတ်လှုံဆော်စည်းရုံးနေကြပြီး လွှတ်တော်ပြင်ပလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ၂၀၀၈ ခြေဥပြင်ဆင်ရေး အတွက် ကောက်ခံထားတဲ့ ပြည်သူလူထု ဆန္ဒလက်မှတ်တွေဟာ သန်းချီကာ ကောက်ခံရရှိထားချိန် ဖြစ်ပါတယ်။

ဒီအချိန်မှာ အချိန်ကိုက် အဖြေ နှစ်ခုက ကြံ့ဖွတ် အမာဂုဏ်းသား ဦးအောင်သောင်း နဲ့ ဦးဌေးဦးဟာ လွှတ်တော်ဥက္ကဌ သူရရွှေမန်းနဲ့ တွဲဖက် သတင်းစာရှင်းလင်းပွဲအရ ၂၀၀၈ခြေဥကို လွှတ်တော်ထဲမှာသာ ပြင်ရန်ဆိုပြီး သတင်းစာရှင်းလင်းပွဲနဲ့ တရားဝင် ထုတ်ဖော် ပြောဆိုလာတာ နဲ့ ပီအာ စနစ်ကိုပါ တစ်ပြိုင်နက်ထည်း လုပ်ဆောင်လာတာဖြစ်ပါတယ်။ (လွှတ်တော်တွင်းမှာ ၄၃၆ ဟာ ၂၀၀၈ ခြေဥကို ဘယ်လိုမှ ပြင်မရအောင်လုပ်ထားပါတယ် လို့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ၂၀၁၅ ရွေးကောက်ပွဲအတွက် နိုင်ငံတော်အတွက် လူထုအတွက် အရေးပေါ်ကို ပြင်ဆင်ရပါမယ် လို့ လူထုကိုအားတွေယူပြီး ထောက်ပြထားတဲ့ ၄၃၆ ကို မပြင်ပေးဘဲ လွှတ်တော်သဘောထားအရသာ ဆက်လုပ်မယ် ဆိုပြီးတုန့်ပြန်ထားတာ နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ၅၉စ ဟာလည်း စစ်အုပ်စု က ပြင်မပေးနိုင်ဘူးဆိုပြီး တုန့်ပြန်ဟားပါတယ်။ လူထုဆန္ဒ နဲ့ လူထုခေါင်းဆောင်တွေအားလုံးရဲ့ သဘောထားတွေကို ကြံ့ဖွတ်တွေ စစ်အုပ်စုတွေဟာ နိုင်ငံရေးအရ သိက္ခါအမဲ့ဆုံး တုန့်ပြန်ထားတာဖြစ်ပါတယ်) ။

ထိုင်းအခြေစိုက် ဝါရင့် သတင်းစာဆရာ ဆရာဦးဇင်လင်းကတော့ ဒီလို သုံးသပ်ထားပါတယ်။

"လက်ရှိ အာဏာရ ပါတီက အာဏာကို အသေဆုပ်ကိုင်လိုသော သဘောဖြင့် ယခု PR စနစ်ကို တင်သွင်းလာသည်။ PR ရွေးကောက်ပွဲစနစ် ကို ပြည်သူလူထု သိရှိနားလည်ရန် အချိန်များစွာ လိုပါသည်။ နိုင်ငံရေး အလစ်အငိုက်ဖမ်း ထိုးနှက်မှု တစ်ခု ဟုယူဆသည်။ အာဏာပိုင်တို့၏ နိုင်ငံရေး ကစားကွက်မှာ တိုင်းပြည်တည်ငြိမ်ရေးကို မုချထိခိုက်စေမည် ဖြစ်သည်။ နိုင်ငံကို အမှန် ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်း သာယာစေချင်လျှင် ယခုကဲ့သို့ နိုင်ငံရေး အကွက်ချ ညစ်ပတ်မှုမျိုးကို ရှောင်စေချင်သည်။ အကယ်၍ PR ရွေးကေက်ပွဲစနစ်ကို ရိုးသားစွာ အဆိုပြုသည်ဆိုပါလျှင် လူထုဆန္ဒခံယူပွဲ (Referendum) ကျင်းပပြီး ဆုံးဖြတ်ဖို့ လိုပါလိမ့်မည်။"
( U Zin Lin)
သတင်းဓါတ်ပုံ- Aung Gyi Dvb.

The Messenger ဂျာနယ်တွင် AGD ဘဏ် ရှယ်ယာများအား ၀ယ်ယူထားမှုနှင့်ပတ်သက်၍ ဦးကျော်နေ၀င်း၏ ပြောကြားချက်များကို ဖော်ပြထားစဉ် (ယာ)၊ ကမာရွတ်မြို့နယ်ရှိ AGDဘဏ် (၀ဲ)

http://www.news-eleven.com/
AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးသည် ငွေဖြူ ဟုတ် မဟုတ်နှင့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေအရ ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် အစိုးရနှင့်လွှတ်တော်၌ တာဝန်ရှိလာကြောင်း တိုက်တွန်းပြောဆိုချက်များ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ တိုက်တွန်းပြောဆိုချက်များသည် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်ထုတ် The Messenger သတင်းဂျာနယ် အတွဲ ၅၊ အမှတ် ၈ ၌ ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းနှင့် တွေ့ဆုံမေးမြန်းခြင်းကို ဖော်ပြခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

The Messenger သတင်းဂျာနယ်နှင့် ဦးကျော်နေ၀င်းတို့ တွေ့ဆုံမေးမြန်းချက်၌ ဦးကျော်နေ၀င်းက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏စီးပွားရေးရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရင်းနှီးမြှုပ်နှံရန် ကြိုးစားနေပြီး ဦးတေဇပိုင်ဆိုင်သော AGD ဘဏ်၏ အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ကို ၀ယ်ယူထားပြီး ၈၅ ရာခိုင်နှုန်းအထိဝယ်ယူရန် ပြင်ဆင်ထားသည်ဟုဆိုသည်။

"ကျွန်တော်အပါအ၀င် ကျွန်တော့် Group က ၆၀ ရာခိုင်နှုန်းအစုယူထားတယ်။ ၆၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ ကျွန်တော်တို့ယူဖို့ အစီအစဉ်ရှိတယ်" ဟု ဦးကျော်နေ၀င်းက The Messenger သို့ပြောကြားခဲ့သည်။

ဇူလိုင် ၂၂ ရက်ထုတ် 7 Day သတင်းစာတွင် "AGD ဘဏ်အစုရှယ်ယာကိစ္စ ဘဏ်တာဝန်ရှိသူများနှင့် ဦးနေ၀င်းမြေးတို့ကြား ပြောဆိုချက်များကွဲလွဲနေ" သတင်းဖော်ပြခဲ့ပြီး AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကိုသာ ဦးကျော်နေ၀င်းသို့ ရောင်းချထားခြင်းဖြစ်ကြောင်း AGD ဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးဝေလင်းဦး၏ပြောကြားချက်ကို ဖော်ပြခဲ့သည်။ ဗဟိုဘဏ်၏သတ်မှတ်ချက်အရ ၁၅ ရာခိုင်နှုန်းသာခွင့်ပြုသဖြင့် ထိုပမာဏကိုသာ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ဦးဝေလင်းဦးက ဆက်လက်ပြောကြားသည်။ ထိုသတင်းမှာပင် ဦးကျော်နေ၀င်းက ၆၀ ရာခိုင်နှုန်းဝယ်ထားပြီး ဖြစ်ကြောင်းနှင့် ၈၅ ရာခိုင်နှုန်းအထိ ၀ယ်ယူရန်ရှိသည်ဟု အခိုင်အမာထည့်သွင်းပြောကြားခဲ့သည်။

The Daily Eleven သို့ဖြေကြားခဲ့သော AGD ဘဏ်မှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ AGD ဘဏ်တွင် စုစုပေါင်းအစုရှယ်ယာ ၆၁၀၀၀၀ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် အစုရှယ်ယာ ၉၀၀၀၀ ကို ရောင်းချပြီးဖြစ်ကြောင်းသိရသည်။

လက်ရှိရောင်းချပြီး အစုရှယ်ယာ ၉၀၀၀၀ ကို Mikko အုပ်စုမှ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့က အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဦးကျော်နေ၀င်းက ၁၀ ပုံ တစ်ပုံဖြစ်သော ပမာဏ (၉၀၀၀ ဟု စုံစမ်းသိရှိရ)ကို ၀ယ်ယူခဲ့ခြင်းဟု သိရသည်။

ဦးကျော်နေ၀င်း၏ပြောကြားချက်များအရ AGD ဘဏ်၏ အစုရှယ်ယာ ရာခိုင်နှုန်း ၆၀ ကိုဝယ်ယူထားပြီးဖြစ်သည်ဆိုပါက အဆိုပါဝယ်ယူမှု ငွေကြေးပမာဏမှာ ငွေကျပ် ၁၅၀ ဘီလျံဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ထိုငွေကြေးအတွက် ရရှိသော ၀င်ငွေ၊ အခွန်ဆောင်မှုမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။

၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ် ၁၀ နှစ်ကျော်ကာလအတွင်း ဦးကျော်နေ၀င်းမိသားစုအနေဖြင့် ၀င်ငွေရရှိသည့် စီးပွားလုပ်ငန်းလုပ်ကိုင်ခွင့်မရှိခဲ့ဘဲ ၂၀၁၂ ခုနှစ်နောက်ပိုင်း ခရီးသည်သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားယာဉ်လိုင်းတစ်ခုကို လုပ်ကိုင်ခဲ့သည့်တိုင် ထိုလုပ်ငန်းမှာ အရှုံးပေါ်ခဲ့သည်။ ထိုသို့အရှုံးပေါ်ခဲ့သည့်အကြောင်းကိုလည်း ဦးကျော်နေ၀င်းက The Messenger ဂျာနယ်တွင် တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့အတူ အခြားအခြားသောလုပ်ငန်းများ၌ ရှယ်ယာထည့်ဝင်လုပ်ကိုင်ခြင်းများရှိသည်ဟုဆိုသော်လည်း ထိုလုပ်ငန်းအမျိုးအစားများ၊ လုပ်ငန်းအမည်များနှင့် အခွန်ဆောင်မှုပမာဏများကို တိတိကျကျ သိရှိရခြင်းမရှိပေ။

The Messenger ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းမှု၌ "ကျွန်တော်တို့မှာ ပိုက်ဆံရှိတာမဟုတ်ဘူး" ဟု ဦးကျော်နေ၀င်းက ပြောကြားခဲ့သည်။

ဦးကျော်နေ၀င်းနည်းတူ AGD ဘဏ်၏ အစုရှယ်ယာအများစုကို ၀ယ်ယူခဲ့သည်ဆိုသော Mikko အုပ်စု၏ အခွန်ငွေပေးဆောင်မှုမှာလည်း အခွန်ဆောင်မှုအများဆုံး ထိပ်တန်းကုမ္ပဏီများစာရင်း၌ ရှိမနေကြောင်း စုံစမ်းသိရှိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ AGD ဘဏ်အဆောက်အအုံအား တွေ့ရစဉ်

AGD ဘဏ်၏ ထုတ်ဖော်ပြောဆိုချက်များအရ ဘဏ်၏ရှယ်ယာအများစုကို Mikko အုပ်စုမှ ၀ယ်ယူထားသည်ဟုဆိုသည်။ ဦးကျော်နေ၀င်းကမူ AGD ဘဏ်၏ ရှယ်ယာရာခိုင်နှုန်း ၆၀ ကို ၀ယ်ယူထားပြီး ၈၅ ရာခိုင်နှုန်းအထိ ၀ယ်ယူမည်ဟုဆိုသည်။ ထိုသို့ပြောဆိုရာတွင် ၎င်းတစ်ဦးတည်းဝယ်ယူမည်ဟု ပြောဆိုခြင်းမဟုတ်ဘဲ ၎င်းအပါအ၀င် ၎င်း၏ Group ဟုပြောဆိုထားသဖြင့် ဦးကျော်နေ၀င်းနှင့် Mikko အုပ်စုတို့၏ ဆက်စပ်မှုမှာလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

ထိုကိစ္စများထက် ပို၍မေးခွန်းထုတ်စရာကောင်းသည့်အချက်မှာ ဦးကျော်နေ၀င်းက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသို့ဝင်ရောက်ရန် ပြင်ဆင်နေပြီး ထိုသို့ဝင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုကို တရုတ်ကုမ္ပဏီဖြစ်သော CCOEC (China National Corporation For Overseas Economic Cooperation) က ပေးအပ်မည်ဟုဆိုသည်။ CCOEC ကုမ္ပဏီက ဦးကျော်နေ၀င်းတို့အား အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံပေးအပ်မည်ဖြစ်ပြီး ထိုငွေပမာဏအတွက် Date ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလအထိ ပေးထားသည့်အပြင် သက်တမ်းထပ်တိုးနိုင်မည့်အပြင် လိုအပ်မည်ဆိုပါက ငွေပမာဏကိုလည်း ထပ်တိုးနိုင်မည်ဟု ဦးကျော်နေ၀င်းက The Messenger သို့ပြောကြားသည်။ CCOEC ကုမ္ပဏီသည် အာဏာရှင်ဟောင်းဦးနေ၀င်းနှင့်ရင်းနှီးသည့် ကုမ္ပဏီဖြစ်သည်ဟု ဦးကျော်နေ၀င်းကဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံမှ ၄၇ ဘီလျံအကြားရှိထားသည်ဟု ပြောဆိုနေချိန်၌ ထိုငွေပမာဏ၏ ရာခိုင်နှုန်း ၁၀ ကျော်ရှိသော ငွေပမာဏသစ် ထပ်မံဝင်ရောက်မည့်အခြေအနေကို ဆန်းစစ်ရန်မှာ ဗဟိုဘဏ်နှင့် အစိုးရတွင် တာဝန်ရှိနေသည်ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

"AGD ဘဏ်က ရှယ်ယာတွေကို သူတို့ဝယ်လိုက်တယ်။ ဘယ်လိုပုံစံနဲ့ဝယ်တယ်ဆိုတာ သိရတာကောင်းတယ်။ ကျန်တာကိုတော့ ဗဟိုဘဏ်ကပဲ တာဝန်ယူရတော့မယ်။ ဗဟိုဘဏ်ကို အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့အတွက် အရင်ကနဲ့တူတဲ့ လုပ်ဆောင်မှုတွေရှိမှာမဟုတ်ဘူးလို့ ယူဆရတယ်။ ဒီကိစ္စမှာ ဗဟိုဘဏ်အပြင် အစိုးရအပေါ်မှာလည်း တာဝန်ရှိတယ်" ဟု ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

"ကျွန်တော်ထင်တယ်။ အဲ့ဒီ့ကိစ္စတွေလုပ်ရမှာက ဗဟိုဘဏ်ကနေပြီး ဒီကိစ္စကို Investigate လုပ်ပြီးတော့ သူတို့ရဲ့လုပ်ဆောင်ရမယ့် ၀တ္တရားတွေကို အတိအကျ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်တော့မြင်ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ အာဏာရှင်ဟောင်းမိသားစုတစ်စုက ၄ ဒသမ ၉ ဘီလျံကို သူ့အဖိုးနဲ့သိလို့ရခဲ့တယ်။ နောက် invest လုပ်မယ်လို့ပြောတယ်ဆိုတာကတော့ ဒါတော့မေးခွန်းထုတ်စရာ အများကြီးရှိသွားပါပြီ။ အဲ့ဒါကို အဓိကလုပ်ရမယ့်သူတွေကတော့ မီဒီယာတွေက တာဝန်ကျေစွာနဲ့ မေးခွန်းထုတ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်အကောင်အထည်ဖော်ပြီး Investigate လုပ်ရမှာ၊ ဆောင်ရွက်စရာရှိတာတွေကိုလုပ်ရမှာက အစိုးရနဲ့ဗဟိုဘဏ်ပဲ ဖြစ်ပါတယ်" ဟု ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က ပြောကြားသည်။

ဦးကျော်နေ၀င်းက AGD ဘဏ်မှရှယ်ယာများဝယ်ယူခြင်းအတွက် ငွေဖြူပြခြင်းကို မည်သည့်ငွေဖြင့် လုပ်ဆောင်မည်ဆိုခြင်းအား တိတိကျကျပြောဆိုထားခြင်းမရှိသော်လည်း လျှပ်စစ်ထုတ်လုပ်ရန်အတွက် လိုအပ်သောငွေကြေးကို CCOEC မှပေးသော အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံဖြင့် လုပ်ဆောင်မည်ဟုဆိုသည်။

ဦးနေ၀င်း၏မိသားစုဝင်များအနက် ဦးနေ၀င်း၏သမက်ဖြစ်သူ ဦးအေးဇော်ဝင်းနှင့်သားများဖြစ်သည့် ဦးကျော်နေ၀င်း၊ ဦးအေးနေ၀င်း၊ ဦးဇွဲနေ၀င်းတို့မှာ ၂၀၀၂ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ၁၀ နှစ်ကျော်နေထိုင်ခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်တို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူများဖြစ်သည်။ ထိုကာလများအတွင်း ဦးနေ၀င်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းမှာလည်း နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသူဖြစ်သည်။

၎င်းတို့အကျဉ်းကျခံနေရစဉ်အချိန်များနှင့် ပြန်လည်လွတ်မြောက်ချိန်နောက်ပိုင်း လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများမှရရှိသောဝင်ငွေသည် ပြောစမှတ်ပြုရသည်အထိ သတင်းထွက်ပေါ်ခဲ့ခြင်းမရှိသော်လည်း ယခုကဲ့သို့ AGD ဘဏ်မှ ရှယ်ယာများကို ၀ယ်ယူလိုက်ခြင်း၊ တရုတ်ကုမ္ပဏီ CCOEC ထံမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံကို "အဘိုးနှင့်ရင်းနှီးမှုရှိသည်၊ ၎င်းတို့ကိုယုံကြည်သည်" ဆိုသောအကြောင်းပြချက်ဖြင့် ရရှိခဲ့ခြင်းဆိုသည်မှာ အများပြည်သူအကြားတွင် အံ့အားသင့်စရာဖြစ်ခဲ့ရသည်။ နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် စာရေးဆရာ ထင်လင်းဦး (Wisdom Villa) က ယခုရက်ပိုင်းအတွင်း ဦးကျော်နေ၀င်းတို့၏ လှုပ်ရှားမှုနှင့် ထုတ်ဖော်ပြောဆိုမှုများသည် မြန်မာပြည်သူများအတွက် အကြီးဆုံးပြဿ နာဖြစ်လာသည်ဟု ဆိုပါသည်။

"တိုင်းပြည်အတွက် ထောင်ကျသွားတဲ့သူတွေ အများကြီးပါပဲ။ ထောင်ကျသွားတော့ အပြင်မှာ ငတ်ငတ်ပြတ်ပြတ်နဲ့နေရတယ်။ ကိုယ်ကျိုးရှာပြီး ထောင်ကျသွားတဲ့သူတွေကျတော့ ထောင်ထဲကထွက်လာတဲ့အခါ ဘဏ်ပိုင်ရှင်တွေဖြစ်သွားတယ်။ ဒါတွေက မရိုးသားဘူးဆိုတာထင်ရှားတယ်။ ထောင်ထဲကထွက်လာပြီးမှ ဒီငွေကြေးတွေက သူတို့ဘဏ်စာရင်းထဲကို ရောက်သွားတာလား။ ဒါမှမဟုတ် သူတို့ရဲ့အဘိုး ဦးနေ၀င်း မဆလခေတ်ကလုပ်ခဲ့တဲ့ ကိစ္စတစ်ခုရှိတယ်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလမှာလုပ်ခဲ့တာ။ တို့နိုင်ငံထဲက ပြည်တွင်းသုံးငွေတွေကို တရားမ၀င်ငွေကြေးဆိုပြီး ကြေညာတာ။ သူတို့ကဘာအကြောင်းပြလဲဆိုတော့ နိုင်ငံထဲကို ငွေစက္ကူအတုတွေဝင်လာလို့တဲ့။ ဒါပေမဲ့ နိုင်ငံထဲမှာ လှည့်ပတ်စီးဆင်းတဲ့ငွေဆိုတာက ပြည်သူတွေလက်ထဲက ဘီလျံပေါင်းများပဲ။ ဒီငွေတွေကို တရားမ၀င်ဘူးကြေညာလိုက်တဲ့အခါ ငွေတွေအားလုံး အလဟဿ ဖြစ်သွားတယ်။ ဒီငွေကြေးတွေဘယ်ရောက်သွားလဲဆိုတာ တစ်ချိန်လုံးဖြစ်နေခဲ့တဲ့ သံသယပဲ။ အခုတော့ တစ်စခန်းထလာတယ်လို့ပဲ တွေးရတာပေါ့" ဟု ဦးထင်လင်း ဦး(Wisdom Villa) ကဆိုသည်။

အမှန်တကယ်အားဖြင့်လည်း ဦးနေ၀င်းသည် တိုင်းပြည်ဘဏ္ဍာငွေများကို မိမိပိုင်ငွေကြေးသဖွယ်သုံးစွဲခဲ့ပြီး ၎င်းကိုယ်ကျိုးအတွက် အသုံးပြုခဲ့သည့်အချက်များမှာ သမိုင်းစာမျက်နှာတွင် မှတ်တမ်းများအဖြစ် ရှိနေခဲ့ပြီးဖြစ်သည်။

"ဦးနေ၀င်းကတော့ အရင်တုန်းကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း၊ သူက ဆိုရှယ်လစ်ခေတ်ကတည်းကိုက သူတိုင်းပြည်ဆင်းရဲနေတဲ့ကြားမှာတောင်မှ လေယာဉ်ပျံငှားပြီးတော့ Charter Flight နဲ့ ဥရောပနိုင်ငံတွေသွားတယ်။ ဂျာမနီသွားတယ်။ သြစတြီးယားသွားတယ်။ လန်ဒန်သွားတယ်။ ပြီးတော့အပန်းဖြေတယ်ဆိုတဲ့ သာဓကတွေက အများကြီးရှိခဲ့တယ်လေ။ နောက်သူ့လက်ရုံး Charter Flight တွေမောင်းခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေ၊ ပိုင်းလော့တွေနဲ့တောင်မှ ကျွန်တော်တို့စကားပြောဖူးတာပဲလေ။ အသေအချာကို တခမ်းတနားနဲ့ နိုင်ငံတော်ဘဏ္ဍာဆိုတာကို သုံးပြီးသွားတာပဲလေ" ဟု ဆိုရှယ်လစ်ခေတ် အာဏာရှင်များအကြောင်းကို အစဉ်တစိုက်လေ့လာရေးသားမှုများပြုလုပ်နေသော ဧရာဝတီမဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်က ပြောကြားသည်။

ဦးနေ၀င်းသည် နိုင်ငံခြားခရီးစဉ်များ သွားရောက်ချိန်တိုင်း မိမိကိုယ်မိမိ လူချမ်းသာတစ်ဦးအသွင်ပြသလေ့ရှိပြီး ဥရောပအပါအ၀င် နိုင်ငံအချို့တွင် ကျောက်မျက်ရတနာအရောင်းဆိုင်များဖွင့်ထားသည်ဆိုသော မှတ်တမ်းများမှာလည်း မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကို ရေးသားသည့် စာအုပ်များ၌ ထည့်သွင်းဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းကထွက်ရှိခဲ့ပြီး စာရေးဆရာအောင်စွမ်းရေးသားခဲ့သည့် "အာဏာရှင်ခေတ်ကျော်ကြားခဲ့သော ဆရာတပည့်နှစ်ဦး" စာအုပ်တွင်လည်း ဦးနေ၀င်းသည် ၎င်းလက်ထက်တွင် ကျောက်မျက်ရတနာပြပွဲများကို နှစ်စဉ်ပြုလုပ်လေ့ရှိပြီး ထိုပြပွဲများသည် ၎င်းပိုင်ဆိုင်သောပစ္စည်းများကို လေလံပစ်သလိုဖြစ်ခဲ့ကြောင်း ကြားသိရသည်ဟု ဖော်ပြခဲ့သည်။
ထို့အတူ လေလံပစ်ရန်ပြုလုပ်ထားသည့် ကျောက်မျက်ရတနာများအနက် ထက်ဝက်ခန့်ကိုသာရောင်းချရပြီး ကျန်ထက်ဝက်ခန့်ကို ဆွစ်ဇာလန်မှ ဦးနေ၀င်း၏မိတ်ဆွေ ကျောက်ကုန်သည်ထံသို့ ကော်မရှင်ဖြင့်ရောင်းရန် ပို့ရကြောင်းနှင့် ထိုပစ္စည်းများ မည်မျှရောင်းချရ၍ နိုင်ငံအတွက် မည်မျှဝင်ငွေရရှိသည်ဆိုခြင်းကို ထုတ်ပြန်ခြင်းမရှိခဲ့ကြောင်း စာအုပ်၌ရေးသားခဲ့သည်။

ဦးနေ၀င်းသည် ၎င်းပိုင်ဆိုင်ထားသော ငွေကြေးမြောက်မြားစွာကို ဆွစ်ဇာလန်နိုင်ငံရှိဘဏ်များတွင် စာရင်းဖွင့်ထားကြောင်း၊ ဂျာမနီကဲ့သို့ နိုင်ငံများတွင် ကျောက်မျက်ရတနာဆိုင်များဖွင့်ထားကြောင်း သတင်းများရှိနေသော်လည်း ထိုသို့မရှိကြောင်း ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းက The Messenger ၌ ပြောကြားသည်။

AGD ဘဏ်၌ ဘဏ်လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်က ဆွစ်ဇာလန်ဘဏ်တွင် ဦးနေ၀င်းက ငွေစာရင်းဖွင့်ထားကြောင်း ပြောဆိုနိုင်သည့် အထောက်အထား ၎င်းတွင်ရှိသည်ဟုဆိုပါသည်။

"ဆွဇ်ဘဏ်မှာရှိတဲ့ငွေနဲ့ပတ်သက်ပြီးတော့ amount ပမာဏကို ကျွန်တော်တို့မသိရသော်လည်းဘဲ ကျွန်တော်တို့ မျက်မှန်တင်ဦး အရင်တုန်းက ထောက်လှမ်းရေးဦးစီးချုပ်ဟောင်းပေါ့။ ဦးနေ၀င်းကနေပဲ ပြန်ပြီးထောင်ချခဲ့တဲ့သူပေါ့။ သူ့ရဲ့လက်ရေးနဲ့ ရေးထားတဲ့စာတစ်ခု ကျွန်တော့်မှာရှိပါတယ်။ အဲ့ဒါသူ့ကို တရားစွဲစဉ်တုန်းက တရားရုံးလျှောက်လဲချက်တွေပါတာပေါ့နော်။ အားလုံးပေါင်း စာမျက်နှာပေါင်း ၂၀ ကျော်၊ ၃၀ လောက်ရှိမယ်ထင်တယ်။ အဲဒီအထဲမှာ စာတစ်ကြောင်းပါပါတယ်။ ဘာလဲဆိုတော့ ဦးနေ၀င်းရဲ့ အဲ့ဒီဆွဇ်ဘဏ်မှာ အပ်ထားတဲ့ငွေတွေပြန်ရဖို့ကိုလည်း မျက်မှန်တင်ဦးက ကူညီပြီးတော့ ဆောင်ရွက်ပေးခဲ့ဖူးပါတယ်ဆိုတာတွေ၊ mention လုပ်ထားတာတွေရှိပါတယ်။ ဒါဟာသာဓကတစ်ခုပဲဖြစ်ပါတယ်" ဟု ဦးအောင်ဇော်ကဆိုသည်။

ပြည်မြို့တွင် အခြေခံပညာအထက်တန်းအောင်မြင်ပြီး တက္ကသိုလ်တွင် နှစ်နှစ်နေထိုင်ကာ ရဲဘော်ဖြစ်သွားသည့် ဦးနေ၀င်းကဲ့သို့ လူတစ်ဦးသည် နိုင်ငံခြားဘဏ်တစ်ခုတွင် များပြားသောငွေများ စုနိုင်သည်ဆိုခြင်းမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

"ပြည်သူ့အတွက် လုပ်ခဲ့တာလည်းမဟုတ်ဘူး။ သူလုပ်ခဲ့တာဆိုလို့ ပြည်သူပိုင်ပစ္စည်းတွေကိုယူခဲ့တာ၊ လုပ်ခဲ့တာပဲရှိတယ်။ ကျွန်တော်တို့သိရသလောက်တော့ ဦးနေ၀င်းသည် ဆိုရှယ်လစ်ကာလတစ်ခုလုံးမှာ ဆေးသွားကုတဲ့အခါတိုင်း ၊နိုင်ငံခြားသွားတဲ့အခါတိုင်းမှာ သူဟာအရှေ့တောင်အာရှနိုင်ငံတွေကိုသွားခဲ့တာထက်စာရင် ဥရောပနိုင်ငံအတော်များများကိုသွားပြီးတော့ လနဲ့ချီပြီးနေခဲ့တာပါ။ သြစတြီးယားတို့ ဂျာမနီတို့၊ နောက် အနောက်ဂျာမနီတို့၊ နောက်လန်ဒန်တို့ အဲ့ဒီ့ကိုသွားပြီး အဲဒီမှာရှိတဲ့ သူ့ရဲ့လေ့လာမှုတွေအကုန်လုံးကလည်း အဲဒီဘဏ္ဍာငွေနဲ့ပတ်သက်ပြီး အဲဒီထဲကနေပဲသူသုံးခဲ့တာပါ။ ဆိုတော့ ဒါဆိုရင်တော့ကျွန်တော်တို့ ခန့်မှန်းလို့ရပါတယ်။ သူဟာအာဏာရှင်တစ်ယောက်အနေနဲ့ ဘယ်လောက် corruption ရှိခဲ့တယ်ဆိုတာကို ခန့်မှန်းလို့ရတယ်" ဟု ဦးအောင်ဇော်က ဆက်လက်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားသောဥပဒေများတွင် ပြဋ္ဌာန်းချက်များအရလည်း တိုင်းပြည်ဘဏ္ဍာငွေ အလွဲသုံးစားပြုခြင်း၊ ငွေကြေးခ၀ါချမှု၊ ငွေဖြူငွေမည်း ပြုလုပ်မှုများဖြင့် လုပ်ဆောင်သည့် မည်သည့်ကိစ္စရပ်ကို အချိန်ကာလစည်းမျဉ်းသတ်မှတ်ချက်မရှိဘဲ အရေးယူအပြစ်ပေးမှုများ ပြုလုပ်နိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးပြောကြားသည်။ ထို့ကြောင့် AGD ဘဏ်ကိစ္စသည် ပြည်သူများနှင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀ိုင်းအား မြန်မာနိုင်ငံ၏ ဘဏ်နှင့်ငွေကြေးစနစ်ခိုင်မာမှုကိုပြသရမည့် စမ်းသပ်မှုတစ်ခုဖြစ်သည်

ခြစားမှုများဖြင့် ဦးနေ၀င်းပိုင်ဆိုင်ခဲ့သည်များကို ၎င်း၏မိသားစုဝင်များက မည်မျှအထိ ရရှိခံစားနေရသည်ဆိုသည်နှင့် လက်ရှိအချိန်တွင် ပေါ်ပေါက်လာသော ဦးနေ၀င်းမိသားစုက အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံရင်းနှီးမြှုပ်နှံမည့်အပေါ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံနိုင်မှုရှိရမည်ဟု အသံကောင်းဟစ်ကြွေးနေသည့် သမ္မတဦးသိန်းစိန်အစိုးရက မလွဲမသွေဖော်ထုတ်ရမည်ဟု ဦးအောင်ဇော်ကဆိုပါသည်။

"နောက်တစ်ခုက သိပ်စိတ်ဝင်စားဖို့ကောင်းတာက ဆူဟာတိုခေတ်တုန်းကလိုပဲ တကယ့် oligarchy တွေပဲ သူတို့တွေပြန်ပြီးတော့ ခေါင်းထောင်လာတာကို ကျွန်တော်တို့တွေ့ရတယ်။ ဆူဟာတိုတုန်းကလည်း ဆူဟာတိုမိသားစုနဲ့ သူ့ရဲ့သားသမီးတွေပဲ အခုအချိန်အထိ ကျိကျိတက်ချမ်းသာတဲ့လူတွေအဖြစ်နဲ့ ကျန်ခဲ့တယ်။ အခုအချိန်အထိလည်းသူတို့ပဲ။ အခုလည်း မြန်မာပြည်မှာဆို နောက်ဆုံးကျတော့ ဆူဟာတိုရဲ့ မိတ်ဆွေဟောင်းဖြစ်ခဲ့ဖူးတဲ့ အာဏာရှင်ဟောင်းဦးနေ၀င်းမိသားစုက အခုလိုခေါင်းပြန်ထောင်လာတယ်ဆိုတာကတော့ ဦးသိန်းစိန်အစိုးရအနေနဲ့ ဦးသိန်းစိန်ရဲ့ transparency ရှိရမယ်။ accountability ဆိုတဲ့ခေတ်ကြီးမှာမှ ခေါင်းပြန်ထောင်လာတာဆိုတော့ ရယ်စရာကြီးဖြစ်နေတာပေါ့" ဟု ဦးအောင်ဇော်က ပြောကြားသည်။

ဦးနေ၀င်းမိသားစု တစ်ကျော့ပြန်ခေါင်းထောင်လာသည့်နည်းတူ ခေတ်အဆက်ဆက် တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့မိသားစုဝင်များ ရင်းနှီးမြှုပ်နှံသုံးစွဲနေသည့် ငွေကြေးများမှာလည်း ငွေဖြူ ဟုတ်၊ မဟုတ်စစ်ဆေးရန် သမ္မတဦးသိန်းစိန်အစိုးရ၌ တာဝန်ရှိနေသည်။

The Messenger သို့ပြောကြားခဲ့သည့် ဦးကျော်နေ၀င်း၏ပြောစကားများထဲတွင် ထောင်မှလွတ်မြောက်လာပြီးချိန်၌ ဦးတေဇအပါအ၀င် နာမည်ကျော် ဘဏ်လုပ်ငန်းပိုင်ရှင်များ၊ ပြည်ထောင်စုလွှတ်တော်နာယက
သူရဦးရွှေမန်း၏သား ဦးအောင်သက်မန်းတို့အပြင် ဒုတိယသမ္မတဟောင်း (ယခင်ဗိုလ်ချုပ်ကြီး) သီဟသူရတင်အောင်မြင့်ဦး၏သားတို့နှင့်လည်း ရင်းနှီးမှုရှိသည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံပြင်ပတွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ပမာဏရှိသော ငွေစာရင်းငါးခုရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့သည့်တိုင် ထိုကိစ္စရပ်ကို အစိုးရနှင့်လွှတ်တော်က စုံစမ်းဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ယခုအချိန်တွင် အဆိုပါ ၁၁ ဘီလျံငွေစာရင်း၌ ဦးနေ၀င်း၏ ငွေကြေးများပါဝင်နေသည်ဆိုသော သတင်းများထွက်ပေါ်လာပြီး ထိုကိစ္စရပ်နှင့် အာဏာရှင်ဟောင်းမိသားစုက အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံမှုအပေါ် အစိုးရ၊ ဗဟိုဘဏ်နှင့် လွှတ်တော်တို့က တာဝန်ခံစိစစ်ရန် လိုအပ်လာသည်။

"တွေးမိတဲ့အချက်က သူတို့အချင်းချင်းကြားမှာ ချိတ်ဆက်မှုတွေရှိနေလိမ့်မယ်။ အစိုးရသစ်လက်ထက်မှာ ဓာတ်ငွေ့ရောင်းချရတာ ၁၀ ဘီလျံရှိတယ်လို့သိရတယ်။ ဒါက အခုမှသိရတာ။ အရင်တုန်းကလုပ်ခဲ့တာတွေလည်းရှိမယ်။ တစ်ဒေါ်လာကို ၁၀၀၀ တို့၊ ၁၁၀၀ တို့ဖြစ်နေတဲ့အချိန်မှာ အဲဒီငွေတွေအားလုံးကို ခြောက်ကျပ်နဲ့ ဘဏ်သွင်းခဲ့တာ။ နေရင်းထိုင်ရင်း ဘာမှမလုပ်ဘဲ ၁၀၀၀ မြတ်နေတယ်။ မြန်မာနိုင်ငံက ဟိုတုန်းက Common Wealth မှာရှိတုန်းက Funding အဖြစ်နဲ့ ကမ္ဘာ့ဘဏ်မှာတင်ထားတဲ့ Fund တွေရှိတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာက ကမ္ဘာ့ငွေကြေးဈေးကွက်က နုတ်ထွက်လိုက်တယ်။ နုတ်ထွက်တဲ့အခါ အပေါင်တင်ထားတဲ့ရွှေတွေ ဘယ်ရောက်သွားလဲ။ ပြန်ပြီးဖော်ထုတ်ဖို့ တောင်းဆိုဖို့ တာဝန်ရှိလာပြီ" ဟု ဦးထင်လင်းဦး (Wisdom Villa) က ပြောကြားသည်။

အာဏာရှင်ဟောင်းမိသားစု၏ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ခြေလှမ်းများ၊ စစ်ဗိုလ်ချုပ်ဟောင်းများ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးများနှင့် အခြားအမည်မဖော်ပြနိုင်သော ငွေကြေးစီးဆင်းမှုများသည် ငွေဖြူ၊ငွေမည်း ပြုလုပ်မှု၊ ငွေကြေးခ၀ါချမှုများနှင့်လည်း ပတ်သက်နေနိုင်ကြောင်း သုံးသပ်ချက်များရှိသည်။

"ငွေဖြူ၊ငွေမည်းလုပ်တဲ့အခါ ပုံစံအမျိုးမျိုးရှိတယ်။ များသောအားဖြင့် ငွေဖြူ၊ငွေမည်းလုပ်တာကို ဆင်းရဲပြီး ထုတ်ကုန်မဖွံ့ဖြိုးတဲ့နိုင်ငံတွေ၊ နိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံထဲကိုစီးဝင်နေတဲ့ ငွေပမာဏတွေထဲမှာ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ဘယ်လောက်ရှိသလဲဆိုတာကို အစိုးရနဲ့ဗဟိုဘဏ်မှာ ခန့်မှန်းတွက်ချက်ဖို့ တာဝန်ရှိတယ်" ဟု ဒေါက်တာအောင်ကိုကိုကဆိုသည်။

မြန်မာနိုင်ငံ၌ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်က ပြည်တော်စုလွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။

ထိုဥပဒေအရ ပေါ်ပေါက်လာသည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က ငွေကြေးဆိုင်ရာကိစ္စရပ်များကို စုံစမ်းအရေးယူနိုင်မည်ဖြစ်သည်။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သည် ငွေကြေးခ၀ါချမှု သို့မဟုတ် ငွေကြေးခ၀ါချမှုဥပဒေနှင့်သက်ဆိုင်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်သည်ဟု သံသယရှိလျှင် စိစစ်ချက်ရလဒ် သို့မဟုတ် အခြားသောသက်ဆိုင်ရာရရှိသည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံသို့ ဆောလျင်စွာပေးအပ်ခြင်း၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများ၏ တောင်းဆိုချက်နှင့်အညီ ပေးအပ်ခြင်းပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်သည့် ပြည်တွင်းမှ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်ဖလှယ်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ငွေမည်းကိုင်တွယ်မှုကို အများဆုံးလုပ်ဆောင်သူများမှာ (၁) အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုလုပ်ဆောင်သော အာဏာရှင်ဟောင်းများ၏မိသားစုဝင်များ၊ ယခင်အစိုးရနှင့် ယခုအစိုးရလက်ထက် ထိပ်ပိုင်းနေရာများတွင်ရှိနေသူအချို့နှင့် ၎င်းတို့၏မိသားစုဝင်များ၊ (၂) အခွန်မဆောင်ဘဲ အခွန်ရှောင်မှုပြုလုပ်နေသော ခရိုနီနှင့် ခရိုနီမဟုတ်သောလုပ်ငန်းရှင်များ၊ (၃) မူးယစ်ဆေးဝါးရောင်းချရမှုမှ ၀င်ငွေရရှိနေသူများ ဖြစ်ကြသည်။

ထိုသုံးခုကို အစိုးရနှင့်ဗဟိုဘဏ်က ဖော်ထုတ်နိုင်ခြင်းမရှိပါက နိုင်ငံတကာနှင့်ပြည်သူများအကြားတွင် ယုံကြည်မှုရှိလာမည်မဟုတ်ဘဲ လက်ရှိအခြေအနေအရ အာဏာရှင်ဟောင်း ဦးနေ၀င်းမိသားစုဝင်များက AGD ဘဏ်တွင် ရှယ်ယာထည့်ဝင်ခြင်းနှင့် နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အစိုးရက စံနမူနာပြအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် တာဝန်ရှိလာခြင်းဖြစ်သည်။

ထို့ပြင် အစိုးရနှင့်လွှတ်တော်က ဖော်ထုတ်ခြင်းမပြုလုပ်ပါက ပြည်သူများအနေဖြင့် ဗဟိုဘဏ်နှင့် ဘဏ်များအပေါ် ယုံကြည်စိတ်ချမှုမရှိဖြစ်လာပြီး ၂၀၀၂ ခုနှစ် ဘဏ်များပြိုလဲခဲ့သည် ဘဏ္ဍာရေးအကျပ်အတည်း နောက်တစ်ကြိမ်ပေါ်ပေါက်လာနိုင်ပါသည်။ ထိုသို့ ဘဏ်များပြိုလဲသည်နှင့် ပြည်သူလူထု၏ ငွေကြေးများပင် ထပ်မံဆုံးရှုံးသွားမည့် အန္တရာယ်ရှိနေပါသည်။

အခြားတစ်ဖက်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် အခြားသောဥပဒေများတွင် ပြဋ္ဌာန်းချက်များအရလည်း တိုင်းပြည်ဘဏ္ဍာငွေ အလွဲသုံးစားပြုခြင်း၊ ငွေကြေးခ၀ါချမှု၊ ငွေဖြူငွေမည်း ပြုလုပ်မှုများဖြင့် လုပ်ဆောင်သည့် မည်သည့်ကိစ္စရပ်ကို အချိန်ကာလစည်းမျဉ်းသတ်မှတ်ချက်မရှိဘဲ အရေးယူအပြစ်ပေးမှုများ ပြုလုပ်နိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေးပြောကြားသည်။

ထို့ကြောင့် AGD ဘဏ်ကိစ္စသည် ပြည်သူများနှင့် နိုင်ငံတကာ စီးပွားရေးအသိုင်းအ၀ိုင်းအား မြန်မာနိုင်ငံ၏ ဘဏ်နှင့်ငွေကြေးစနစ်ခိုင်မာမှုကိုပြသရမည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။


AGD ဘဏ်၏ ရှယ်ယာဝယ်ယူခဲ့သူများ၏ အခွန်ပေးဆောင်မှုအပိုင်း

ကျပ်ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် ဘဏ်ရှယ်ယာများကို ဝယ်ယူရန်အတွက်ဆိုပါက အခွန်ငွေကျပ် ဘီလျံဆယ်ဖြင့်ချီကာ ပေးဆောင်ထားသည့် ဝင်ငွေရလမ်းပြနိုင်သော ငွေများရှိမှသာ ဝယ်ယူနိုင်မည်ဖြစ်သည်။

ကျပ်ဘီလျံများစွာ အသုံးပြု၍ AGD ဘဏ်ရှယ်ယာများကို အများဆုံးဝယ်ယူသူ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့သည် Mikko Snack Industry လီမိတက်၊ Golden Key ကုမ္ပဏီလီမိတက်၊ MMC ကုမ္ပဏီလီမိတက်နှင့် Gold Roast Group ကုမ္ပဏီများဖြင့် ဆက်စပ်ပတ်သက် လုပ်ကိုင်ခဲ့သူများဖြစ်သည်။

ယခင်နှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅ဝဝ ဦး စာရင်းတွင်မူ အဆိုပါ ကုမ္ပဏီများထဲမှ Golden Key ကုမ္ပဏီနှင့် Gold Roast ကုမ္ပဏီအမည်များသာ ပါဝင်ကြောင်း၊ Golden Key ကုမ္ပဏီသည် ထိပ်တန်းဝင်ငွေခွန်ပေးဆောင်သူ ၅ဝဝ ဦးစာရင်းတွင် အဆင့် ၂၂၄ ရှိကြောင်း၊ Gold Roast ကုမ္ပဏီသည် ဝင်ငွေခွန် ၅ဝဝ ဦးစာရင်းတွင် အဆင့် ၄၉၆ ဖြင့် အောက်ဆုံးနား၌ ပေးဆောင်ထားပြီး ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်း ၅ဝဝ စာရင်းတွင် အဆင့် ၁၆၆ တွင် ပေးဆောင်ထားသည်ကို ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ ပေးဆောင်ထားမှုများအရဆိုပါက ၎င်းကုမ္ပဏီအမည်များဖြင့် ပေးဆောင်ထားသည့် အခွန်ငွေပမာဏမှာ ကျပ်သိန်း ထောင်ဂဏန်းသာ ရှိနိုင်မည်ဖြစ်သည်။

ယခုမူ ကျပ်ဘီလျံများစွာပေး၍ AGD ဘဏ်၏ ရှယ်ယာအများစုကို ဝယ်ယူနိုင်မှုကိုကြည့်လျှင် စားသောက်ကုန်လုပ်ငန်းများ၏ ဝင်ငွေအပေါ် ပေးဆောင်သင့် ပေးဆောင်ထိုက်သည့် အခွန်ပေးဆောင်ခြင်း ရှိ မရှိ မေးခွန်းထုတ်စရာ ရှိနေမည်ဖြစ်ပြီး ပေးဆောင်သင့် ဆောင်ထိုက်သည်ထက် ငါးဆမှ ၁ဝ အထိ လျော့နည်းပေးဆောင်နေသည့် အခြေအနေကိုလည်း ဖော်ပြလျက်ရှိသည်။

မြန်မာနိုင်ငံသားများ အစိုးရသစ်လက်ထက် မြှုပ်နှံမှုပမာဏ

၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံအတွင်း မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသည့် ပမာဏစုစုပေါင်းမှာ ကျပ်ဘီလျံပေါင်း ၄၄၉ဝ ကျော်အထိ ရှိလာခဲ့သည်။

၂ဝ၁၁ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံသားများ မြှုပ်နှံခဲ့သည့်ပမာဏမှာ ကျပ်ဘီလျံပေါင်း ၁၄၃ဝ ကျော်သာ ရှိခဲ့ရာ ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက်အထိ လပေါင်း ၃ဝ အတွင်း ထပ်မံမြှုပ်နှံခဲ့သည့် ပမာဏမှာ ကျပ်ဘီလျံပေါင်း ၃ဝဝဝ ကျော်အထိ ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ မြှုပ်နှံငွေများမှာ ဝင်ငွေရလမ်းပြနိုင်သည့်ငွေ သို့မဟုတ် အခွန်ပေးဆောင်ပြီးသောငွေများ ဟုတ်၊ မဟုတ် စိစစ်မှုမရှိဘဲ မြှုပ်နှံခွင့်ပေးခြင်းများဖြစ်သည်ဟု လုပ်ငန်းရှင်များကိုယ်တိုင် ပြောကြားသည်။

“မမေးဘူး။ ကိုယ့်ကုမ္ပဏီ ဘဏ်အကောင့်ထဲမှာ မြှုပ်နှံမယ့်ငွေပမာဏထည့်ထားပြီးသားကို ပြလိုက်တာပဲ။ ဘာရလမ်းမှတော့ မစစ်ဘူး။ ကိုယ်လုပ်မယ့်အလုပ်က ဥပဒေအရ မြှုပ်နှံလို့ရတဲ့လုပ်ငန်းဖြစ်မယ်၊ ငွေရှိကြောင်းပြနိုင်မယ်ဆိုရင် စည်းကမ်းချက်နဲ့ ကိုက်တာနဲ့ ခွင့်ပြုပေးတာပဲ” ဆိုသောစကား မှာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံခဲ့သူကိုယ်တိုင် ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆိုလျှင် ဘဏ်ထဲတွင် ငွေထည့်ထားသည့် အကောင့်ကိုပြနိုင်တိုင်း အဆိုပါ ငွေများငွေဖြူဖြစ်သွားသလားဟု မေးခွန်းထုတ်စရာဖြစ်နေသည်။

အကယ်၍ စိစစ်ခဲ့မည်ဆိုပါက ယခုလပေါင်း ၃ဝ အတွင်း မြှုပ်နှံသည့် ငွေပမာဏ ကျပ်ဘီလျံ ၃ဝဝဝ ကျော်စလုံး ရလမ်းမပြနိုင်သည့် ငွေများဖြစ်ခဲ့လျှင် နိုင်ငံတော်အနေဖြင့် အခွန်ပြန်စည်းကြပ်ပါက ကျပ်ဘီလျံ ၁ဝဝဝ နီးပါးအထိ နိုင်ငံတော်အခွန်ရမည်ဖြစ်သည်။
မစိစစ်ခဲ့သည့်အတွက် အခွန်ငွေကျပ်ဘီလျံပေါင်းများစွာ နစ်နာခဲ့ရသည်မှာ ထင်ထင်ရှားရှား ရှိနေသည်။

ဦးကျော်နေ၀င်းအား အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ ငွေကြေးအထောက်အပံ့ပေးမည်ဆိုသော CCOEC တရုတ်ကုမ္ပဏီ

China National Corporation For Overseas Economic Cooperation (CCOEC) သည် ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ ခွင့်ပြုချက်ဖြင့် တည်ထောင်ခဲ့သော လုပ်ငန်းဖြစ်သည်။ အဓိကလုပ်ငန်းများမှာ သတ္တု၊သယ်ယူပို့ဆောင်ရေး ကဏ္ဍများနှင့် ရထားလမ်းကဏ္ဍများမှလွဲပြီး ကျန်ရှိသော ဆောက်လုပ်ရေးသုံး ပစ္စည်းအားလုံးတင်ပို့ခြင်းအား လုပ်ဆောင်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင် တရုတ်နိုင်ငံခြားကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနက China General Techno-logy (Group) Holding Ltd. ကို တည်ထောင်ခဲ့သည်။ ထိုသို့ တည်ထောင်ခဲ့သည့် လုပ်ငန်းတွင် လက်ခွဲကုမ္ပဏီလေးခုပါဝင်ပြီး CCOEC က တစ်ခုအပါအဝင်ဖြစ်သည်။ လက်ရှိအချိန်တွင် CCOEC သည် နိုင်ငံတကာစီမံကိန်းများ စာချုပ်ချုပ်ဆိုခြင်း၊ စွမ်းအင်စက်ရုံတည်ဆောက်ခြင်း၊ ပြည်တွင်း ပြည်ပကုန်သွယ်ရေး၊ နိုင်ငံခြားစီးပွားရေးအကူအညီ၊ အလုပ်သမားပူးပေါင်းဆောင်ရွက်ရေး အစရှိသည်တို့ကို ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် CCOEC သည် တရုတ်နိုင်ငံ၏ နိုင်ငံခြားအကူအညီအစီအစဉ်အောက်၌ နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် စွမ်းအင်၊ အလင်း ရောင်ရရှိရေး၊ ဓာတုစက်ရုံများ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အားကစား၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မြို့ပြတည်ဆောက်ရေး အစရှိသည့် စီမံကိန်းပေါင်း ၆ဝဝ ကျော်ကို လုပ်ဆောင်လျက်ရှိသည်။

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေ

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ တွင် အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာမှ ရရှိသောငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချမှု ပြုလုပ်ခြင်းသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်။ (က) ဂိုဏ်းဖွဲ့ကျူးလွန်သည့်ပြစ်မှုများ၊ (ခ) ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် သက်ဆိုင်သည့် ပြစ်မှုများ၊ (ဂ) ဥာာဏ ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ထိပါးမှုနှင့် သက်ဆိုင်သည့်ပြစ်မှုများ၊ (ဃ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာသည့်ပြစ်မှုများ၊ (င) အခွန်တိမ်းရှောင်မှုနှင့် အခြားခွန်ဆိုင်ရာ မှုခင်းများနှင့် သက်ဆိုင်သည့်ပြစ်မှုများ၊ (စ) ပင်လယ်ဓားပြ မှုနှင့်သက်ဆိုင်သည့်ပြစ်မှုများ (ဆ) အကြမ်းဖက်မှုဆိုင်ရာပြစ်မှုများ (ဇ) သတင်းအချက်အလက်ကို ဦးစွာသိရှိနိုင်သူက မိမိရှိသည့်သတင်းအချက်အလက်ကို အသုံးပြု၍ မိမိကိုယ်တိုင်ဖြစ်စေ၊ ယင်းသတင်းအချက်အလက်ကို သူတစ်ပါးအားပေးအပ်၍ ဖြစ်စေ၊ တရားမဝင် အကျိုးအမြတ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ထိန်းချုပ်ရန် ပြုလုပ်ခြင်းဆိုင်ရာ ပြစ်မှုများ၊ (ဈ) နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်နှင့်အထက် ပြစ်ဒဏ်ထိုက်သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ (ည) ဤဥပဒေနှင့် သက်ဆိုင်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခါအားလျော်စွာ သတ်မှတ်သည့်ပြစ်မှုများ၊ (ဋ) ပုဒ်မခွဲ(က) မှ ပုဒ်မခွဲ (ည) ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း သို့မဟုတ် ကျူးလွန်ရန်အကြံဖြင့် စီစဉ်ဆောင်ရွက်ခြင်းကို ပြုလုပ်မှုဖြင့်သော်လည်းကောင်း၊ ပျက်ကွက်မှုဖြင့်သော်လည်းကောင်း၊ ပူးပေါင်းပါဝင်ခြင်း၊ အကူအညီပေးခြင်း၊ ပံ့ပိုးခြင်း၊ အထောက်အပံ့ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အကြံဥာဏ်ပေးခြင်း၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ခြင်း နှင့် အခြားတစ်နည်းနည်းဖြင့် ဆက်စပ်ပတ်သက်သည့်ပြစ်မှုဟူ၍ ပြဌာန်းထားသည်။

ဥပဒေ၏အခန်း (၁၁) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ပုဒ်မ ၄၃ မည်သူမဆို ငွေကြေးခဝါချမှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁ဝ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်၊ ပြစ်မှုကျူးလွန်သူသည် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ယင်းကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ကို ကျပ်သန်း ၅ဝဝ ထိ ငွေဒဏ်ချမှတ်ရမည်၊ အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အား ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည်။

- See more at: http://www.news-eleven.com/