08/01/14

ဗမာပြည် မှာ ဆက်သွယ်ရေး လုပ်ငန်း လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက် ကုမ္ပဏီ Ooredoo ဆန့်ကျင်ရေး ဟောပြောပွဲတွေ၊ ဆန္ဒပြ လှုံ့ဆော်မှုတွေ သံဃာတော် တချို့ ဦးဆောင်ပြီး လုပ်မယ် ဆိုတဲ့ သတင်း ဖတ်ရတော့ စိတ်ဝင်စားမိတယ်။

နိုင်ငံတကာ က စီးပွားရေး လုပ်ငန်းစုကြီးများရဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွား လုပ်ငန်းတွေကို ဒေသခံ လူမှု၊ နိုင်ငံရေး အဖွဲ့အစည်းတွေက စောင့်ကြည့် လေ့လာ၊ ဝေဖန်သုံးသပ်၊ လိုအပ်ရင် ဆန့်ကျင်တာမျိုးဟာ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေမှာ ရှိသင့် ရှိထိုက်တဲ့ ဓလေ့ကောင်း ဖြစ်လို့ ဒီသတင်းကို စိတ်ဝင်စားရတာပါ။  အထူးသဖြင့် အာဏာ နဲ့ လူတစု အကျိုးစီးပွား ကိုသာ ရှေးရှု တတ်တဲ့ အုပ်ချုပ်သူ မင်း အစိုးရ စနစ် ရှင်သန်ရာ ဗမာပြည်လို တိုင်းပြည်မျိုးမှာ လူထု အခြေပြု လူမှု အဖွဲ့အစည်းတွေ က ဦးဆောင်ပြီး နိုင်ငံခြား တိုက်ရိုက်၊ သွယ်ဝိုက် ရင်းနှီးမြှုပ်နှံမှု တွေရဲ့ လူအများစု ပြည်သူ အပေါ် သက်ရောက်တဲ့ အကျိုး၊ အပြစ် တွေကို စောင့်ကြည့် ဝေဖန် ဆန်းစစ် အသံထွက်မှုမျိုးဟာ လိုအပ်ပါတယ်။

နိုင်ငံတကာမှာတော့ ဒါမျိုးကို တက်ကြွလှုပ်ရှားသူ လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေက ဦးဆောင် လှုပ်ရှားလေ့ရှိကြတယ်။  ဗမာပြည်မှာကျ လူမှုအသိုင်းအဝန်းမှာ သံဃာရဲ့ အခန်းကဏ္ဍ က ကြီးတဲ့ အတွက် ဒီလို ကိစ္စတွေမှာ အခု ရဟန်း သံဃာတော်တွေ စိတ်ဝင်စားမှု ရှိ၊ ဝင်ရောက် ပါဝင် လှုပ်ရှားလိုတာဟာလည်း နားလည် လက်ခံနိုင်စရာပါပဲ။

ဒါပေမယ့် “ဘာကြောင့် ဆန့်ကျင်သလဲ” ဆိုတဲ့ အကြောင်းပြချက်တော့ ခိုင်မာ၊ မှန်ကန် ရပါမယ်။

အခု Ooredoo ကို သပိတ်မှောက်ဖို့ ဆော်သြနေသူများ ပေးတဲ့ “Ooredoo ဟာ အစ္စလာမ် ဘာသာဝင်တွေ ရဲ့ စီးပွားရေး လုပ်ငန်း တခု ဖြစ်တယ်၊ အမျိုး၊ ဘာသာ၊ သာသာနာ ကာကွယ်ဖို့ရာ ဆန့်ကျင်ရမယ်” ဆိုတာက လက်သင့်ခံစရာ မရှိ၊ မှန်ကန် ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး မဟုတ်ပါ။

တရုတ် ဖြစ်လို့၊ အာရပ် ဖြစ်လို့၊ မွတ်ဆလင် စီးပွား ဖြစ်လို့ ဆိုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှုတွေ ကို ဘာသာ၊ လူမျိုး အခြေခံ ဆန့်ကျင်တာမျိုး ဟာ ယုတ္တိ မတန်၊ ခြေခြေမြစ်မြစ် မရှိ၊ ခိုင်မာတဲ့ အကြောင်းပြချက်ကောင်း မဟုတ်သလို လက်တွေ့မှာလည်း အကျိုးမရှိနိုင်ပါ။  ဆန့်ကျင်ရမယ့် အခြေခံ ဟာ ဒီ နိုင်ငံခြား စီးပွားလုပ်ငန်းကြီးတွေရဲ့ စီးပွား လုပ်ထုံး လုပ်နည်း လုပ်ဟန် (Business Practice) အပေါ် စောင့်ကြည့် လေ့လာပြီးပဲ ဖြစ်သင့်ပါတယ်။

နိုင်ငံတကာ က အရင်းရှင် စီးပွား ကုမ္ပဏီကြီးတွေ ရဲ့ အလုပ်သမား ငှားရမ်းရေး ပေါ်လစီ က ဘာလဲ၊ အလုပ်သမား အခွင့်အရေး ဘယ်လောက် ရှိသလဲ၊ ဒေသခံ တွေ အပေါ် ဘယ်လောက် အကျိုးကျေးဇူး ရှိသလဲ၊ ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ယဉ်ကျေးမှု၊ ဓလေ့ တွေကို ဘယ်လောက် ထိခိုက် နစ်နာစေသလဲ၊ တောတောင် ရေ မြေ လေ သဘာဝ ပတ်ဝန်းကျင် ကို ဘယ်လောက် ပျက်စီး နိုင်သလဲ စတဲ့ ခိုင်မာတဲ့ အကြောင်း အချက်ကြီးတွေကို ဆန်းစစ် လေ့လာ သုတေသန ပြုပြီးမှသာ နောက်ဆက်တွဲ ဆန့်ကျင်မှု၊ သပိတ်မှောက်မှုတွေ လုပ်ဆောင်ရမှာပါ။

အခု ဗမာပြည် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍ မှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံ့ လုပ်ကိုင်ခွင့်ရတဲ့ Ooredoo နဲ့ Telenor ကုမ္ပဏီ နှစ်ခုကိုလည်း ဒီလို စီးပွားလုပ်ဟန် အပေါ် မူတည်ပြီးပဲ ဆန့်ကျင်သင့်ရင် ဆန့်ကျင် ရမှာပါ။  အလုပ်သမား အခွင့်အရေး၊ လူသား အခြေခံအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလား၊ သဘာဝ ပတ်ဝန်းကျင် ကို ညစ်ညမ်းစေသလား၊ တရားလွန် အမြတ်ကြီးစားနေသလား၊ ဒါတွေကို ကြည့်ပြီး သပိတ်မှောက်သင့်ရင် မှောက်ရပါမယ်။

ဒီ အချက်တွေ အခြေခံ ဆိုရရင် အစဉ်အဆက် ဝန်ဆောင်မှု ညံ့ဖျင်း၊ ဈေးနှုန်း မတန်တဆ ကြီးမြင့်ကာ သုံးစွဲသူ လူထုဆီက အေးဓားပြ တိုက်နေတဲ့ အပြင် ဝန်ထမ်းတွေမှာလည်း လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ အစိုးရဆက်သွယ်ရေး လုပ်ငန်း ကို အရင် ဆုံး ဆန့်ကျင်သင့်ပါတယ်။

အသစ်ဝင်လာသူ Ooredoo နဲ့ Telenor ကိုတော့ ချပြထားတဲ့ စီးပွားလုပ်ငန်း အစီအစဉ် ကို လေ့လာကြည့် ရသလာက် အခုလောလောဆယ် ဆန့်ကျင် စရာ ဘာအကြောင်းမှ မရှိပါ။  သူတို့ ဒေသခံ နိုင်ငံသား အများစု ကို ဝန်ထမ်း အဖြစ် အသုံးပြုမယ်၊ လိုအပ်တဲ့ နည်းအတတ်ပညာ၊ အုပ်ချုပ်မှု ပညာ တွေ လေ့ကျင့် ပေးမယ်၊ နိုင်ငံတကာ အဆင့် လုပ်ခ လစာ အခွင့်အရေး တွေ ပေးမယ်၊ ဒါတွေ ဟာ ကိုယ့် နိုင်ငံ အတွက် အကျိုးရှိရာ ရှိကြောင်းချည်းပါ။  သူတို့ ကတိပေးထားတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု အဆင့် ဟာ စံချိန်မီ သလို ဈေးနှုန်း ကလည်း သင့်တင့် လျောက်ပတ် တဲ့ အတွက် ကန့်ကွက်စရာ မမြင်ပါ။  ဆိုခဲ့တဲ့ အချက်တွေ နောင်မှာ ချိုးဖောက် လာမှု ရှိ/မရှိ စောင့်ကြည့်လေ့လာနေဖို့ပဲ လိုပါတယ်။

ခေတ်အဆက်ဆက် ဗမာပြည်မှာ အုပ်စိုးသူ စစ်ဗိုလ်ချုပ်ကြီးများရဲ့ ကိုယ်ကျိုးရှာ၊ အကျင့်ပျက် ခြစား၊ ငို့ဘ တခုတည်း ကြည့်မှုကြောင့် လက်သင့်ရာ စားတော်ခေါ် လုပ်ပိုင်ခွင့်တွေ ချပေးရင်း နဲ့ အထက်မှာ ဆိုခဲ့တဲ့ တကယ် ပြည်သူ့ အကျိုး အတွက် စောင့်ကြည့် ဝေဖန်ထောက်ပြ ရမယ့် အချက်တွေဟာ နိုင်ငံခြား လုပ်ငန်းကြီး တွေ ရဲ့ ရင်းနှီးမြှုပ်နှံ့မှုတွေ မှာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့သလို အုပ်စိုးသူ နဲ့ တစီးပွားတည်း ပေါင်းစားနေတဲ့ ပြည်တွင်း လုပ်ငန်းရှင် ခရိုနီကြီးများရဲ့ စီးပွားလုပ်ငန်းတွေမှာလည်း မလုပ်နိုင်ခဲ့ပါ။

ဒီ အကျိုးဆက်ကြောင့် ဒေသတခုခု မှာ နိုင်ငံခြား/ပြည်တွင်း ကုမ္ပဏီကြီးများ စီးပွားလုပ်ရင် သူတို့သာ ချမ်းသာ သထက် ချမ်းသာ သွားပြီး ဒေသခံ ပြည်သူမှာတော့ မွဲသထက် မွဲ၊ ဆင်းရဲ ဒုက္ခ ရောက်သထက် ရောက် ဖြစ်နေရတာ  လက်ရှိ ဗမာပြည် အနှံ့မှာ ပကတိ မြင်နိုင်ပါတယ်။

ဖောင်စီးရင်း ရေငတ်နေကြ ရတဲ့ နင်းပြား ပြည်သူများ ရဲ့ ဘဝ နဲ့ အသက်ငင်နေတဲ့ ဗမာ့ သဘာဝ အလှ ကို နိုင်ငံတဝှမ်းက ရွှေတွင်း၊ ကျောက်စိမ်းတွင်း၊ ကြေးနီ မိုင်း၊ သစ်လုပ်ငန်း လုပ်ငန်းကြီးတွေမှာ တွေ့နိုင်ပါတယ်။  လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံ ပြည်သူတွေ ရဲ့ မျက်ရည်တွေက သက်သေပြုပါတယ်။ လက်ပန်းတောင်းတောင် က မီးဗုံးဒဏ်ခံ သံဃာ ပြည်သူတွေရဲ့ ဘဝ အနာ အော်သံ ခံစားကြည့်ရင် နားလည်နိုင်ပါတယ်။  နိုင်ငံတကာ စံနှုန်း တွေထက် အဆပေါင်းများစွာ နည်းတဲ့ အခြေခံလစာ လေး ရဖို့ အရေး ဖမ်းဆီး၊ ထောင်ကျ၊ အလုပ်ပြုတ်ခံ ဆန္ဒ ပြနေရတဲ့ ကျောမွဲ အလုပ်သမားထုကြီး က သက်သေ ရှိပါတယ်။  သေမလို ဖြစ်နေတဲ့ ဧရာဝတီ မြစ်ကြီး ကို တိုင်တည် ကြည့်နိုင်ပါတယ်။  တောင်ကတုံးတွေ အပြည့် နဲ့ ရိုးမ တောင်တန်းကြီးတွေ က တရားလို သက်သေပြုဖို့ အသင့် ရှိပါတယ်။

ဒီလို အများ ပြည်သူ လူထု ဘဝ နဲ့ တိုင်းပြည် ရဲ့ အလှ၊ သဘာဝ ကို ပျက်စီး ဆုံးရှုံးစေတဲ့ စီးပွားရေး လုပ်ငန်းကြီးမျိုး တွေကို ဆိုရင် ပြည်တွင်း/ပြည်ပ ဘယ်လူမျိုး၊ ဘယ်ဘာသာ မဆို ဆန့်ကျင်ရမှာပါ။

အခု အမျိုး၊ ဘာသာ အတွက် ဆိုကာ Ooredoo ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားနေသူ ဆရာတော်၊ လူပုဂ္ဂိုလ် များ ကို လျှောက်ထား မေးမြန်းချင်ပါတယ်။  ဒေသခံတွေရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ အကြီးအကျယ် ထိခိုက် ပျက်စီးစေတဲ့ စီးပွားလုပ်ငန်းကြီးတွေ ဗမာပြည် မှာ ဒုနဲ့ဒေး ဖြစ်ချင်တိုင်း ဖြစ်နေတာကျ ဘာကြောင့် မျက်ကွယ်ပြု ထားပါသလဲ။ ဘယ်သူသေသေ၊ ငတေတွေ မာနေတဲ့ ဒဏ် ပြည်သူအများစုမှာ ခါးစည်းခံနေတာကိုကျ ဘာကြောင့် အသံဆိတ် နေရပါသလဲ။

လူထု စီးပွား ပျက်ရင် အကျင့်သီလလည်း အနည်းအများ ထိခိုက်မှာပဲ၊ အကျင့် သီလ ထိခိုက်ရင် အမျိုး၊ ဘာသာ ပျက်ဖို့ အခွင့်အလမ်းလည်း ပိုများနိုင်တာပဲ မဟုတ်လား။  တကယ် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက် ထိန်းသိမ်းချင်ရင်၊ စည်ပင် ဝပြောစေချင်ရင် ကျယ်ကျယ်ပြန့်ပြန့် အမြော်အမြင် ရှိရှိ စဉ်းစား မျှော်ကြည့်ပြီး ဒီလို လူထု အများ လူမှု၊ စီးပွား ချွတ်ခြုံကျ ဖြစ်စေတဲ့ စနစ်၊ စနစ်ကို ဖန်တီး စံစားနေသူ လူတစု နဲ့ အပေါင်းအပါး စီးပွားဘီလူးကြီးတွေကို (ပြည်တွင်း/ပြည်ပ လူမျိုး/ဘာသာ မခွဲ) ဆန့်ကျင်သင့်တာ မဟုတ်ပါလော ခင်ဗျာ။

အခုလို Ooredoo က အာရပ် ကုမ္ပဏီ အစ္စလာမ်တွေမို့ ဆိုပြီး မဆီမဆိုင် အမျိုး၊ ဘာသာ၊ သာသနာ နဲ့ ဆွဲစပ် အကြောင်းပြ ကန့်ကွက်ခြင်း ဟာ ကိုယ့် နိုင်ငံ လူ့အဖွဲ့အစည်း အမြင် ကျဉ်းမြောင်း၊ သဘောထား သေးသိမ်၊ ရင်ဘတ်နှလုံးသား မကျယ်ပြန့်၊ ဦးနှောက် အသိ ဉာဏ် အတွေးအခေါ် မမြင့်မား တာကို နိုင်ငံတကာမှာ အထုပ်ဖြေ ပြသလို ဖြစ်ကာ တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်း အရှက်ရတာကလွဲလို့ တခြား အကျိုး မရှိပါ။  အမျိုး၊ ဘာသာ စောင့်ရှောက်လိုသူများ (ဆိုတဲ့) ပုဂ္ဂိုလ်များ အသံထွက် ဆန့်ကျင်ဖို့ ပျက်ကွက်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စနစ်ဆိုးကြီး နဲ့ စနစ်စံ လူတစု တိုင်းပြည် မှာ ရှင်သန်နေသရွေ့ နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာ လည်း ထွန်းကား စည်ပင်နိုင်မှာ မဟုတ်ပါ။

နောက်တခုက အခု မွတ်ဆလင်တွေမို့ အဆက်အဆံ မလုပ်ရဘူး၊ မပတ်သက်ရဘူး၊ ဖုန်းတောင် လက်ခံမဖြေရဘူး ဆိုနေတဲ့ ဆရာတော်များ အပါအဝင် Ooredoo ဆန့်ကျင်ရေး လှုံ့ဆော်သူ အားလုံးကို ဒီလို လူမျိုး၊ ဘာသာ အခြေပြု ခွဲခြား ဆန့်ကျင် ရန်၊ ငါ၊ စည်း ပြတ်ချင်တယ် ဆိုရင် ကလေးတွေကို ခေတ်ပညာ စာသင်ကျောင်းတွေ မလွှတ်ဖို့ပါ ပူးတွဲ လှုံ့ဆော်ဖို့ အကြံပြုချင်ပါတယ်။

အကြောင်းက ခေတ်သစ် ကမ္ဘာ ရဲ့ သိပ္ပံ၊ ဝိဇ္ဇာ၊ အနုသုခုမ ကဏ္ဍ အသီးသီးဟာ အာရပ်တွေ မွတ်ဆလင်တွေ ပေးခဲ့တဲ့ အမွေအနှစ် မကင်းခဲ့လို့ပါ။  သင်္ချာ၊ နက္ခတ္တဗေဒ၊ ဆေးအတတ်ပညာ၊ ဗိသုကာ လက်ရာ ကနေ ကဗျာ၊ စာပေ၊ အနုပညာ အထိ ကမ္ဘာ့ လူသား ယဉ်ကျေးမှု တိုးတက်ခဲ့မှု ဖြစ်စဉ်မှာ အာရပ်တွေရဲ့ ကျေးဇူး အများကြီးပါပဲ။  ဆိုတော့ မွတ်ဆလင်မို့ ဆန့်ကျင်လိုသူများ ဒါတွေ အားလုံး နဲ့ ကင်းအောင်နေဖို့ တိုက်တွန်းပါတယ်။

အာရဗီ စကား “Alhamdulillah / Thanks and Praise to God / ဘုရားသခင်သည် ချီးမွမ်းခြင်း ၏ တည်ရာပေတည်း” နိဒါန်း ပလ္လင် စကားခံပြီး ကမ္ဘာ့ ရှေး ဂန္တဝင် စာပေစာရင်းဝင် အာရပ်တွေရဲ့ “တစ်ထောင့်တစ်ည” ပသီပုံပြင်များကို ဗမာပြည် အတွက် ဘာသာပြန်ပေးခဲ့တဲ့ တို့ဗမာ သခင် ဆရာကြီး၊ ဗမာ့ အမျိုးသားရေး လှုပ်ရှားမှု ရဲ့ ခေါင်းကိုင်ကြီး သခင်ဘသောင်းကိုလည်း ဆန့်ကျင်ပါ။  သခင်ဘသောင်းပဲ ဘာသာပြန်ခဲ့တဲ့ ရုရှားမွတ်ဆလင် အာမက် အဗ္ဗဒူလာ ရေး ပသီပုံပြင် အခြေခံ “ဘဂ္ဂဒက်မြို့မှ သူခိုး အာမက်” ကိုလည်း မြန်မာ ကလေးတွေ ကို မဖတ်ခိုင်းပါတော့နဲ့။

အစ္စလာမ်ဘာသာရေး ပညာရှင် တပါးလည်း ဖြစ်သူ ကဗျာဆရာ၊ ဂီတစာဆို၊ အတွေးအခေါ်၊ သင်္ချာ၊ နက္ခတ္တဗေဒ ပညာရှင်ကြီး အိုမာခရမ် ရဲ့ ကမ္ဘာ မှာ သမ္မာကျမ်းစာ နဲ့ ကိုရန်ကျမ်းစာ ပြီးရင် ဒုတိယ စောင်ရေ အရောင်းရဆုံးလို့တောင် ပြောစမှတ်တွင်တဲ့ ရူဘိယတ် ကဗျာ တွေကိုလည်း မြန်မာ လူငယ်၊ လူရွယ်လေးတွေကို ပေး မသိပါနဲ့တော့။  အိုမာခရမ် ရဲ့ ဘဝ နဲ့ စာပေ ကို ဘာသာပြန်ရေးသား မိတ်ဆက်ပေးခဲ့တဲ့ မင်းယုဝေ ကိုလည်း ကန့်ကွက်ကြပါ။

မွတ်ဆလင် တွေရဲ့ ကမ္ဘာ့အကျိုးပြုခဲ့မှု သမိုင်းကို ကိုလိုနီဝါဒ၊ လူမျိုးရေးဝါဒ အခြေခံပြီး ဥရောပ သမိုင်းဆရာ တချို့ ဖုံးကွယ်ခဲ့ကြကြောင်းကို ထောက်ပြကာ ရောမ အင်ပါယာ ပြိုကွဲချိန် ဥရောပ အမှောင်ခေတ်ကြီးမှာ အာရပ် မွတ်ဆလင်တွေဟာ ပညာ အလင်းရောင် နဲ့ ကမ္ဘာ ကို ဦးဆောင်ခဲ့ကြောင်း ကို သူ့ရဲ့ အထင်ကရ ကျမ်းတစောင် ဖြစ်တဲ့ သဘာဝ သိပ္ပံ ကျမ်း မှာ မပျက်မကွက် ထည့်သွင်း မှတ်တမ်းတင် ပြုစုခဲ့သူ ဗန်းမော်တင်အောင် နဲ့ သူ့ကျမ်းကိုလည်း ဆန့်ကျင် ဆန္ဒပြကြပါ။  အာရပ်တွေ ရဲ အမွေ အက္ခရာ သင်္ချာ၊ ဂဏန်း သင်္ချာ၊ ကိန်းဂဏန်း အရေအတွက် တွေကိုလည်း ကျောင်းတွေမှာ မသင်ကြားစေဖို့ တောင်းဆိုကြပါ။  တနည်း အားဖြင့် မွတ်ဆလင်နဲ့ကင်းအောင် ဗမာပြည်ကို အမှောင်ခေတ်၊ ကျောက်ခေတ်မှာပဲ နေစေဖို့ ဝိုင်းဝန်းဆော်သြကြဖို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်ရရင် လိုရင်း က အခု Ooredoo ဆန့်ကျင်ရေး ရဲ့ အကြောင်းပြချက် မမှန်၊ အကျိုးကျေးဇူး မရှိပုံ ကို မြင်စေချင်တာပါ။ ပြည်သူလူထု အများစု အကျိုး အတွက် ပြည်တွင်း/ပြည်ပ စီးပွားလုပ်ငန်းကြီးတွေကို ဘယ်လို ဘယ်အချိန် ဘယ်အနေအထား မှာ အခြေအမြစ် ရှိရှိ ဆန့်ကျင်သင့်ကြောင်း ကို ထောက်ပြချင်တာပါ။ အမျိုး၊ ဘာသာ၊ သာသနာ တကယ် စည်ပင် ဖွံ့ဖြိုးလို၊ ကိုယ့် လူမျိုး ကိုယ့်နိုင်ငံ ကမ္ဘာ အလယ်မှာ သိက္ခာ ရှိ ခေါင်းမော့၊ ရင်ကော့၊ စီးပွား ဥစ္စာ ချမ်းသာ နေလိုတယ် ဆိုရင် အုပ်စိုးသူ နဲ့ အပေါင်းအပါ လူတစု အမြဲတမ်း အသာစီး တဖက်စောင်းနင်း ကောင်းစားခွင့် ရနေတဲ့ စနစ်ဆိုးကြီး ကိုသာ ဆန့်ကျင်တော်လှန်ပြုပြင်ရမှာပါ။  ဒါမှသာ စီးပွားပျက်၊ ဥစ္စာ ပျက် ကုန်းကောက်စရာ မရှိ ဖြူခါပြာခါကျ ရင်းကနေ အကျင့် သီလ ပါထိခိုက်လာပြီး အမျိုး၊ ဘာသာ၊ သာသနာ ပျက်စီးမယ့် အရေး ကလည်း ကာကွယ်နိုင်မှာ ဖြစ်ကြောင်း၊ ဧရာဝတီ စာဖတ်ပရိသတ် စဉ်းစား မြော်မြင် သုံးသပ် ကြည့်နိုင်ဖို့ရာ ဆွေးနွေး တင်ပြလိုက်ကြောင်းပါ ခင်ဗျား။


ငြိမ်းချမ်းအေး
၀၉ ၊ ဇွန် ၊ ၂၀၁၄ (စာပြီး ရက်စွဲ)။                             ဧရာဝတီ

The Irrawaddy Weekly Journal

ကစားသမားတွေရဲ့ ညံ့ဖျင်းတဲ့ ကစားပုံကို ဖာပေးနေတဲ့ သူနဲ့ အစားထိုး ကန်ခိုင်းမယ် အံဝင်အောင်လို့
စကိုလာရီက ပြောသွားတယ်
ပွဲက ပြီးကာနီးလာပြီ
ရှုံးဖို့က ရာနှုန်းနှစ်ရာ

နောက်တစ်ပွဲဆိုရင် ငါ
ဒီနေရာမှာ
မရှိတော့မှာ အသေအချာ

မဖြစ်ပါဘူး
မကန်ရသေးတဲ့
ကောင်ကလေးတွေ
အလှည့်ပေးဦးမှ

ဟိုတစ်ကောင်ကိုလည်း
လူစားလဲဖို့ လိုတာ
အတော်ကြာနေပြီ

ကစားကွက်နဲ့
အံမ၀င်တဲ့တစ်ယောက်လည်း
တော်လွန်းတော့
ထုတ်ရမှာပါဘဲ

နို့မို့ဆို
တခြားကစားသမားတွေ
ညံ့လွန်းနေတာ
လူပိုသိကုန်မှာ

ငါ့လက်ထက်မှာ
မှတ်တမ်းတွေ ရေးခဲ့တယ်
စံချိန်တွေ ချိုးခဲ့တယ်
အစုတ်အပြတ်ဆုံးအဖြစ်
အဆိုးဝါးဆုံးအခြေအနေ

ပွဲပြီးတဲ့အခါ
မအောင်မြင်ခဲ့တာတွေအတွက်
သိက္ခာရှိစွာ
ငါထွက်သွားမယ်များ
ထင်နေကြသလား
မှားသွားလိမ့်မယ်

ကိုယ်မထွက်တောင်မှ
သူတို့က ဆက်ရွေးဖို့ဆိုတာ
မဖြစ်နိုင်တော့ပါဘူး

နေရာရူးတစ်ယောက်ကလည်း
ဟန်တပြင်ပြင်နဲ့
နေရာဝင်ယူချင်လွန်းလို့
အတွန်းအပို့တွေနဲ့လှုပ်ရှား
အင်အားစုဗျူဟာခင်း
သင်းပဲရမှာ သေချာနေသလိုလို

ဒီအသင်း ဒီအဆင်နဲ့
ဒိတ်ဒိတ်ကြဲပြိုင်ပွဲဝင်တွေကြားမှာ
ကမ္ဘာ့ဖလားလိုချင်ခဲ့တာ
ခင်ဗျားတို့ရဲ့ မဟာအမှား။

မောင်စံပေါ
Eleven Media Group

စာရေးဆရာကြီး မင်းသိင်္ခ။ ဓာတ်ပုံ - ဇင်ယော်နီစာရေးဆရာကြီး မင်းသိင်္ခ။ ဓာတ်ပုံ - ဇင်ယော်နီ

၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်၊ ည ၉ နာရီ အချိန်ခန့်တွင် အနောက်ကြို့ကုန်းရပ်ကွက်၊
စန္ဒ၀င်း လက်ဖက်ရည်ဆိုင်၌ စက်မှုတက္ကသိုလ် ကျောင်းသားသုံးဦးနှင့် အရက်မူးနေသော
အရပ်သား လူငယ်လေးဦးတို့ အချင်းများမှုသည် 'ရှစ်လေးလုံး ပြည့်သူ့အရေးတော်ပုံကြီး' ၏
သမိုင်းသစ် နိဒါန်းအဖွင့်ဟု ကမ္ပည်း မော်ကွန်းထိုးရမည်။

တစ်နည်းအားဖြင့် ပြောရသော် မဆလ တစ်ပါတီ အုပ်ချုပ်မှု ပြိုလဲပျက်ပြုန်းသွားစေမည့်
နိဂုံးဇာတ်သိမ်းခန်းအစပင် ဖြစ်သည်။

ယင်းသို့သော သမိုင်းသစ်နိဒါန်း မစတင်မီ ကတည်းက အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ
ပြည်သူတို့အကြား မပြေလည်မှု နောက်ခံပြဿနာများ၊ ထိပ်တိုက်ရင်ဆိုင် တွေ့မှုများ
များစွာရှိခဲ့ဖူးသည်။

"သမိုင်း အချိုးအကွေ့ အပြောင်းအလဲဆိုတာ ရုတ်ခြည်း ထဖြစ်ပွားလာတာမျိုး မဟုတ်ဘူး။
တိုင်းပြည်မှာ မကျေနပ်မှုတွေ၊ ပဋိပက္ခတွေ များများလာလေလေ၊ အဲဒီ အဖုအထစ်၊ အစိုင်အခဲတွေ
ပေါင်းစည်းမိသွားတဲ့ အချိန်တစ်ချိန်မှာ ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရနိုင်တော့တဲ့ ပေါက်ကွဲမှု၊
ပြောင်းလဲမှု၊ အချိုးအကွေ့ကြီးတစ်ခု ဖြစ်ပွားပေါ်ပေါက်လာရစမြဲပဲ"ဟု ဆရာဒေါက်တာသန်းထွန်း
ကောက်ချက်ချ ပြောဖူးသည်။

ဆရာ့ ကောက်ချက်ချ ပြောစကား မှန်ကန်ပါသည်။ မဆလတို့ အုပ်ချုပ်သည့် ၂၆ နှစ်တာ
ကာလအတွင်း ၆၂ ခုနှစ်၊ မတ်လ ၇ - ၈ ရက်၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်
တို့အား ပစ်ခတ်သတ်ဖြတ်မှု၊ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို
မိုင်းခွဲဖြိုဖျက်ခဲ့မှု၊ ၆၃ ခုနှစ် ကျွန်းဆွယ်အား ကစားပြိုင်ပွဲ အဓိကရုဏ်း၊ ၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်
အလုပ်သမားအရေးအခင်း၊ ၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် ဦးသန့် ဈာပနကိစ္စ အုံကြွလှုပ်ရှားမှု၊
၇၅ ခုနှစ်၊ ဇွန် ၆ ရက် အလုပ်သမားအရေးအခင်း နှစ်ပတ်လည်၊ ၇၆ ခုနှစ်၊ မတ် ၂၃ ရက်
မှိုင်းရာပြည့် အရေးတော်ပုံ၊ ၈၇ ခုနှစ် ငွေစက္ကူပြဿနာ၊ ဆန်ပြဿနာ၊ ပြဿနာပေါင်းစုံ။

ဒီကြားထဲ မြွေပူရာ ကင်းမှောင့်ဟု ဆိုရမည့် ၁၉၈၇ ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ ကုလသမဂ္ဂ
အထွေထွေညီလာခံကြီးက မြန်မာနိုင်ငံကို 'ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ' အဖြစ် စာရင်းသွင်း
ကြေညာချက် ထုတ်ပြန်ခံရသည့် သတင်းဆိုး အပါအ၀င် မြန်မာတွေ အုပ်ချုပ် မင်းမူသည့်
ခေတ်ရောက်မှ မြန်မာ့ ဂုဏ်သိက္ခာ အကျည်းတန် အရုပ်ဆိုးစွာ ဖြစ်ရသည်မှာ မဆလအစိုးရ၌
တာဝန်အပြည့်ရှိသည်။

ယင်းသို့သော ကာလနောက်ခံ အကြောင်းတရားများကြောင့် 'ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ'
အကျိုးတရား ဖြစ်ပေါ်လာရသည်။

'ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီး' သည် မြေပေါ် မြေအောက် နိုင်ငံရေးအဖွဲ့များ၊
လက်နက်ကိုင် အင်အားစုများ၏ လှုံ့ဆော်မှု ပယောဂမပါ။ ကျောင်းသားထုက တိုက်ပွဲ ခေါ်သံ
စတင်သည်။

သွေးစည်း ညီညွတ်စွာ တိုက်ပွဲဝင်ကြသည်။ မူလတန်း ကျောင်းသူ၊ ကျောင်းသားကလေးများ
အပါအ၀င် ရဟန်း သံဃာတော် အရှင်သူမြတ်များ၊ အလွှာပေါင်းစုံက ၀န်ထမ်းများ၊ ပြည်လုံးကျွတ်
ပြည်သူများ၊ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲများပါမကျန် 'ပြည်သူ့အရေးတော်ပုံ'
ရက်ရှည်ကြာ ဆန္ဒပြပွဲကြီး ကမ္ဘာကျော်အောင် ဆင်နွှဲခဲ့ကြသည်။

ထိုတိုက်ပွဲဝင် လူတန်းစား အလွှာပေါင်းစုံ အဖွဲ့အစည်း အသီးသီးများထဲတွင် 'စာပေနှင့်
အနုပညာရှင်များအဖွဲ့'လည်း ပါသည်။

ထို အဖွဲ့၏ ဟောပြောပွဲ အစီအစဉ်များထဲတွင် နာမည်ကျော် စာရေးဆရာ၊ ဗေဒင်ယတြာဆရာကြီး
မင်းသိင်္ခလည်း ရှေ့ဆုံးတန်းမှ သူ့သဘော၊ သူ့ဆန္ဒအရ တက်ကြွစွာ ကူညီသူ အဖြစ် ပါဝင်သည်။

* * *

ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်း နှလုံး အထူးကုအဆောင်ရှေ့၊ ဆင်ဝင်ဘေးရှိ၊ သံရေတိုင်ကီပျက်ကြီး
ကို ဟောပြောစင်သဖွယ် အသုံးချ၍ ဒီမိုကရေစီ တရားပွဲများကို 'စာပေနှင့် အနုပညာရှင်များအဖွဲ့'
က ဦးစီးကျင်းပသည်။

ဩဂုတ် ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ပြည်သူလူထုနှင့် ပထမဦးဆုံး
အကြိမ် တွေ့ဆုံဟောပြောပွဲကို ဆေးရုံကြီးဝင်းထဲ၌ စီစဉ်ဆောင်ရွက်ခဲ့သည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား အနောက်မုခ် မျက်နှာစာ၌ ဒေါ်အောင်ဆန်းစုကြည်
ဟောပြောပွဲအတွက် 'စာပေနှင့် အနုပညာရှင်များအဖွဲ့'က သတင်းပြန်ကြားရေး ကိစ္စများ
တာဝန်ယူ ၀ိုင်းဝန်းကူညီပေးခဲ့သည်။

အဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုများအတွက် လိုအပ်သောရန်ပုံငွေကို ကိုယ်နှင့် ရင်းနှီးသူများထံမှ
အကူအညီ တောင်းခံရသည်။

မိမိနှင့် စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏ၊ ကိုမျိုးမြင့်ညိမ်းတို့ သုံးဦးက ဗိုလ်ချုပ်အောင်ဆန်းလမ်း
နှင့် ၂၉ လမ်းထောင့်တွင် ဆရာ မင်းသိင်္ခထံ ရန်ပုံငွေ အလှူခံရန် ရောက်သည်။

"သူငယ်ချင်းတို့၊ ကိုယ် ကျပ် ၅၀၀ လှူမယ်။ ခုလောလောဆယ်တော့ ကိုယ့်လက်ထဲမှာ
ပိုက်ဆံမရှိဘူး။ နက်ဖြန် မနက်ပေးမယ်။ ဘယ်မှာ လာပေးရမလဲ" မိမိတို့က မိမိတို့ အဖွဲ့ရုံးတည်ရာ
ဘားလမ်းရှိ စပယ်ဦးစာပေတိုက်ကို ညွှန်းသည်။

နောက် နေ့နံနက်တွင် စပယ်ဦးသို့ ဆရာမင်းသိင်္ခ ရောက်လာသည်။

သို့သော် မိမိတို့ အဖွဲ့သား အားလုံး တရားပွဲအစီအစဉ်အတွက် ဆေးရုံကြီးဝင်းထဲသို့
ရောက်နေသည်။

ဆရာ မင်းသိင်္ခ ဆေးရုံကြီးဝင်းထဲသို့ ၀င်ရောက်လာစဉ် - "ပရိသတ်များခင်ဗျား၊ ကျွန်တော်တို့ရဲ့
ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲကြီးကို တစ်ခဲနက်ထောက်ခံအားပေးနေတဲ့ နာမည်ကျော်
စာရေးဆရာကြီး မင်းသိင်္ခ ဒီမိုကရေစီ တရားဟောရန် ကြွရောက်လာပြီ ဖြစ်ပါတယ်" ဟု မိမိတို့က
လှုံ့ဆော်ကြေညာပြီး ဆရာ မင်းသိင်္ခကို သံတိုင်ကီပျက်စင်ပေါ်သို့ ဆွဲတင် ပို့လိုက်သည်။

သူငြင်းဆန်ချိန် မရလိုက်ပါ။ တကယ်ဖြစ်ရပ်မှန်က ဆရာမင်းသိင်္ခ တရားဟောရန် လာရောက်ခြင်း
မဟုတ်ပါ။ ရန်ပုံငွေ ကျပ် ၅၀၀ ပေးအပ်ရန် လာရောက်ခြင်း ဖြစ်သည်။

သို့သော် မိမိတို့၏ အကြံအဖန်ကြောင့် ဆရာမင်းသိင်္ခ ခမျာ စင်ပေါ်တက်၍ ပရိသတ်၏
လက်ခုပ်သံကို သဲ့ယူသွားသည်။

* * *

စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်က အာဏာသိမ်းသည်။

'ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီး'တွင် တက်ကြွစွာ ပါဝင် ဟောပြောမှုကြောင့်
ဆရာမင်းသိင်္ခ အဖမ်းခံရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့၊ အင်းစိန် ထောင်အတွင်း တရားရုံးက ဆရာမင်းသိင်္ခ ကို ထောင်ဒဏ်
တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်သည်။

အင်းစိန်ထောင်ကြီးအတွင်း ဆရာ မင်းသိင်္ခနှင့်အတူ တစ်တိုက်တည်း အတူနေခဲ့ဖူးသော
ဆရာမောင်ဝံသသည် ဒုအကြိမ်မြောက် အထိန်းသိမ်းခံရပြီး ထောင်ခုနစ်နှစ် ပြစ်ဒဏ်ချမှတ်ခံရ
သော်လည်း မထင်မှတ်ဘဲ ၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာသော
အခါ ဆရာမောင်ဝံသ ထံ မိမိသွားရောက်နှုတ်ဆက်သည်။

ဆရာ မောင်ဝံသက ထောင်တွင်း အတွေ့အကြုံများကို စီကာပတ်ကုံး ပြောကြားချက်များ၌
ဆရာ မင်းသိင်္ခအကြောင်း ပါလာသည်။

"ဒီလူ တော်တော်ချစ်ဖို့ ကောင်းတယ်ဗျာ၊ တကယ့် ရဲဘော်ရဲဘက် ပီသတယ်။ အစောပိုင်းတုန်း
ကတော့ ဒီလူ စူပါစာရေးဆရာဆိုတော့ အထာကိုင်လိမ့်မယ်လို့ ထင်ထားတာ။

"ကျွန်တော့် အထင်မှားသွားတယ် ကိုသွေးသစ်ရေ၊ ကိုအောင်ထွန်းကြီးမှာ ဟိတ်ဟန် မရှိဘူး။
လူတိုင်းနဲ့ တည့်အောင်နေတတ်တယ်။ ရှင်းရှင်းပြောမယ်ဗျာ၊ ထောင်ကြပ်၊ ၀ါဒါ၊ ဘုတ်ကိုင်ဆိုတဲ့
ငနဲတွေကအစ ကိုအောင်ထွန်းကြီးနဲ့ဆို လေပေးဖြောင့်နေတာပဲဗျို့။

"ဒါကြောင့်မို့လားမသိဘူး။ အင်မတန် တင်းကျပ်တာတွေကို အလူးအလှိမ့်ခံနေရတဲ့
ကျွန်တော်တို့လို နိုင်ငံရေးအကျဉ်းသမားတွေဆီကို စားစရာ၊ အသုံးအဆောင်၊ ဆေးဝါးတွေကအစ
ရောက်ရောက်လာတယ်ဗျ။ ယူလာပေးတဲ့သူတွေက ဘယ်သူတွေမှတ်သလဲ၊ ထောင်ဝန်ထမ်း၊
အကြပ်၊ ၀ါဒါ၊ ဘုတ်ကိုင်တွေ၊ ဘယ်သူက ပေးခိုင်းတာလဲလို့ မေးလိုက်ရင် 'ဆရာကြီး မင်းသိင်္ခ'လို့
ဖြေသဗျ။

"ကိုအောင်ထွန်းကြီးက ဥပဓိရုပ်ကောင်းသလို စကားပြောလည်းကောင်းတယ်။ သူ့ မျက်လုံး
အကြည့်မှာ တစ်ဖက်သားကို ညှို့ဓာတ်တွေရှိတယ်။ ဆံရှည်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့
သူ့စတိုင်က ထူးခြားမှုရှိတယ်။ သူ့မှာက ပြောစရာစကားတွေကလည်း အများသား ဘ၀ကလည်း
စုံခဲ့သကိုးဗျာ။

"ဒီလို ဘ၀ကလည်းစုံ၊ ဗေဒင်၊ ယတြာ၊ ဂါထာ၊ မန္တာန်တွေကလည်း တတ်ကျွမ်းတဲ့ သူဆိုတော့ဗျာ
ရေချိုးချိန် လူတွေစုံတဲ့ အခါမျိုးမှာ သူ့အပြောတွေက ကွက်စိပ်နားထောင် နေရသလိုမျိုး
ကျွန်တော်တို့ မျောပါသွားတာ။ မှတ်မိသေးတယ်ဗျ၊ ဗေဒင်၊ ယတြာ၊ အတိတ်နိမိတ် ကောက်တာနဲ့
ပတ်သက်ပြီး ကိုအောင်ထွန်းကြီး လုပ်ပုံ။ အင်းစိန်ထောင်ထဲကို ကုလသမဂ္ဂက လူ့အခွင့်အရေး
ကိုယ်စားလှယ် 'ယိုရိုယိုကိုတာ' လာကြည့်မယ်ဆိုတော့ ထောင်အဆောက်အအုံတွေ ထုံးဖြူ
သုတ်လိုက်တယ်ဗျာ။ အဲဒီလို ထုံးဖြူသုတ်တာကို ကိုအောင်ထွန်းကြီးက ဘယ်လို အတိတ်၊
နိမိတ်ကောက် ယူလိုက်သလဲဆိုတော့...။

"ထုံးသုတ်တာက ကိုယ့်အတွက် အတိတ်ကောင်း၊ နိမိတ်ကောင်းပဲဗျာတို့၊ ကြည့်နေ၊
ကိုယ်တရားရုံးက ပြန်လာရင် အားလုံး အံ့အားသင့်စေရမယ်။ မင်းသိင်္ခဆိုတဲ့ စာရေးဆရာ
ကိုယ့်ကို ကွင်းလုံးကျွတ်လွှတ်စေဆိုတဲ့ အမိန့်ချမှတ်မှာ ကျိန်းသေပဲ"တဲ့။

"အဲ... တရားရုံးက ပြန်လာတော့ မျက်နှာရှုံ့တွတွနဲ့ 'တစ်သက်တစ်ကျွန်း အမိန့်ချလိုက်ပြီဗျ' လို့
ပြောတယ်။ အဲဒီကစပြီး သူ ဘာပြောပြော၊ ဘာဟောဟော ကျွန်တော်တို့ အယုံအကြည်
တန်သွားတယ်ဗျာ"

"တစ်ခါတော့ သူကပြောသေးတယ်။ အဆောင်တိုင်း အဆောင်တိုင်းက သောက်ရေအိုးတွေ
အားလုံး ရိုက်ခွဲပစ်လိုက်၊ အဆောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အားလုံး
လွတ်လိမ့်မတဲ့"

"ဘယ်လုပ်ရဲပါ့မလဲဗျာ။ ရေအိုးခွဲမှုနဲ့ အရေးယူခံရမှာ၊ ပြီးတော့ သေချာတာက သောက်ရေ
ငတ်ကုန်ကြမှာ၊ သူ့အဟောကို မယုံလို့ ကျွန်တော်တို့ မလုပ်ဘူး။

"တစ်နေ့တော့ ရေချိုးဆင်းချိန်၊ ကျွန်တော်ရယ်၊ ကိုအောင်လွင်ရယ်၊ ကိုမိုးသူရယ်၊
ဒေါက်တာ ဘမော်သမက် ဦးရဲထွန်းရယ်ဆီကို သူလာပြီး ဘာစကား အဆက်အစပ်မှ မရှိဘဲ
'ဘယ်လ၊ ဘယ်နေ့၊ ဘယ်အချိန်မှာ ခင်ဗျားတို့ အထဲက အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ်
ဒီအကျဉ်းထောင်ကြီးထဲက လွှတ်မိန့်ကျလိမ့်မယ်' လို့ ခပ်တည်တည်ကြီးပြောပြီး ထွက်သွားသဗျ။
ကျွန်တော်တို့ကလည်း ဆက်မမေးပါဘူး။ တစ်လလောက်ကြာတော့ မနက်ခင်းမှာ ထောင်ပိုင်ကြီး
ရုံးခန်းက ၀န်ထမ်းတစ်ယောက် ရောက်လာပြီး ကျွန်တော့်ကို ထောင်ပိုင်ကြီး ရုံးခန်းထဲလိုက်ခဲ့ဖို့
ခေါ်သဗျ။ ကျွန်တော် စိတ်ထင်လိုက်တာက ထောင်ပြောင်းဦးမှာလား။ အမှုတွဲထပ်တိုးပြီး
အင်န်အယ်လ်ဒီ အမတ်ဖြစ်တဲ့ သူမို့လို့ ပြစ်ဒဏ်ရက်ကာလ ထပ်တိုးကြောင်း ပြောလေမလားဆိုပြီး
လိုက်သွားတာပေါ့ဗျာ။ ထောင်ပိုင်ကြီးနဲ့ တွေ့တော့ 'ဦးစိုးသိမ်း၊ ပစ္စည်းတွေ သိမ်းပါ။ ခင်ဗျား ဒီနေ့
လွတ်မိန့်ကျပြီ'လို့ ပြောလိုက်တော့ ကျွန်တော် အံ့အားသင့်သွားတယ်။ ဘာပြန်ပြောရမှန်း မသိဘဲ
နံရံပေါ်က ပြက္ခဒိန်ကို ကြည့်လိုက်တော့ "၁၉၉၂ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ မနက်ပိုင်း"

"ဟာ... ကိုအောင်ထွန်းပြောတာ အတိအကျ မှန်နေပါပေါ့လား" လို့ ကျွန်တော့်နှုတ်က
အာမေဍိတ်သံအကျယ်ကြီး ထွက်သွားတယ်။

ဒီစကားသံ ထွက်သွားတော့ ထောင်ပိုင်ကြီးရော၊ ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေရော၊
ရဲအထူးသတင်းထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေကပါ 'ကိုအောင်ထွန်းပြောတာ ဘာမှန်တာလဲ၊
ဘယ်လိုမှန်တာလဲ' လို့ အလောတကြီးမေးကြတာပေါ့။

ဒါနဲ့ ကျွန်တော်လည်း ၀မ်းသာအားရ ပြောပြလိုက်တယ်။ ကျွန်တော်တို့ အုပ်စုထဲမှာ ရှိတဲ့ သူတွေ
ထဲမှာ ကိုအောင်ထွန်းပြော တဲ့ အင်္ဂါသားဆိုတဲ့ ပုဂ္ဂိုလ်က 'စိုးသိမ်း'ဆိုတဲ့ ကျွန်တော် မောင်ဝံသ
ဖြစ်နေတာကိုး။

"ကျွန်တော်ကသာ ခုလိုဝမ်းသာအားရနဲ့ ပြောချလိုက်တာ၊ ကိုအောင်ထွန်း အဖို့တော့
ဒုက္ခရောက်သွားတော့တာပဲ။ ချက်ချင်းပဲ ကိုအောင်ထွန်းကို ရုံးခန်းထဲ သွားခေါ်လာတယ်။
ကျွန်တော့်ကို သူပြောခဲ့တာတွေ ဟုတ် မဟုတ်၊ မှန် မမှန် မေးတယ်။ သူကလည်း
ကျွန်တော်ပြောခဲ့တဲ့အတိုင်း ပြန်ပြောတယ်။

"ချုံ့ပြောရမယ်ဆိုရင်တော့ဗျာ၊ ကိုအောင်ထွန်းကို သက်ဆိုင်ရာက လျှို့ဝှက်ခေါ်တွေ့ တယ်။ သူတို့
သိချင်တဲ့ မေးခွန်းတစ်ခုမေးမယ်။ အဲဒီမေးခွန်းက အထက်ကလူကြီးတွေ မေးခိုင်းတာ၊ အာရုံမှာ
ထင်တဲ့အတိုင်း အမှန်အတိုင်းဖြေပါ။ အဲဒီအဖြေနဲ့ ပတ်သက်ပြီး လုံးဝ အရေးမယူဘူးလို့ သူကို
ပြောသတဲ့။

"ကိုအောင်ထွန်းကလည်း မဟော၊ မပြောပါရစေနဲ့လို့ အကြောက်အကန် ငြင်းဆန်တယ်။
နောက်ဆုံး ဘယ်လိုမှ ငြင်းမရတာနဲ့ 'သူ့ကို တစ်လတိတိအချိန်ပေးပါ။ သူ သက်သတ်လွတ်စား၊
အဓိဋ္ဌာန်ဝင်မယ်၊ တစ်လပြည့်တဲ့ မနက်မှာ အဖြေပေးမယ်'လို့ ကတိပေးလိုက်ရတယ်။
သူသက်သတ်လွတ်စား ဥပုသ်စောင့်၊ အဓိဋ္ဌာန်ဝင်၊ ဂါထာမန္တန်တွေ ရွတ်တယ်။

"တစ်လပြည့်တဲ့နေ့၊ ထောင်ကြီးရဲ့ သီးသန့် အထူးစစ်ကြောရေးခန်းမှာ စစ်ဘက်၊ ရဲဘက်လုံခြုံရေး
အရာရှိကြီးတွေ အပါအ၀င် အသံဖမ်းစက်ဖွင့်ပြီး ကိုအောင်ထွန်းကို မေးခွန်း စမေးတယ်။
အဲဒီမေးခွန်းက - "ဒေါ်အောင်ဆန်းစုကြည် လူထုခေါင်းဆောင်ဖြစ်လာမလား၊ တိုင်းပြည်ကို
အုပ်ချုပ်ခွင့် တကယ်ရမလား" ဒါပဲ။

"ကိုအောင်ထွန်း အဖြေက - '၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်
လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ နိုင်ငံကို အုပ်ချုပ်ခွင့် မုချရမှာ ဖြစ်တယ်'လို့ ဟောကိန်း
ထုတ်သတဲ့"

* * *

ဆရာမင်းသိင်္ခ ဟောကိန်းထုတ်တဲ့ အချိန်က ၁၉၉၀ အထွေထွေရွေးကောက်ပွဲပြီးကာလ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ခံ ကိုယ်စားလှယ်အတော်များများ မြန်မာနိုင်ငံ
အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့အချိန်။

ဆရာမင်းသိင်္ခဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် မဟုတ်သလို ဘယ်ပါတီဝင်မှ မဟုတ်ဘူး။
ရှစ်လေးလုံးတိုက်ပွဲကာလမှာ ဒီမိုကရေစီ တရားတွေ လှည့်လည်ဟောပြောလို့ အင်းစိန်
အကျဉ်းထောင်ကြီးထဲမှာ အထိန်းသိမ်းခံနေရတာ။

အဲဒီမှာ ဆရာမောင်ဝံသတို့ အဖွဲ့နဲ့ ဆုံတယ်။ ဆရာမောင်ဝံသပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ပတ်သက်တဲ့ သူ့ "ဟောကိန်း"ကို မိမိစိစစ်၊ သုံးသပ်မိပါတယ်။

'စာရှုသူများခင်ဗျား' အဲဒီလို အချိန်ကာလမျိုးမှာ ဆရာမင်းသိင်္ခက 'ဟောကိန်း' ထုတ်ခဲ့တာ။

၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမပေါ်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့၊
ရွေးကောက်ပွဲကော်မရှင်တို့ဆိုတာ ဘယ်ဆီ ရောက်နေမှန်းတောင် မသိရဘူး။ (မနေ့တစ်နေ့ကမှ
ရွေးကောက်ပွဲကော်မရှင်က ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ နှစ်ကုန်ပိုင်းမှာ
မှကျင်းပမယ်လို့) သိပ်အံ့ဩစရာကောင်းတဲ့ အချက်က ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ
ကျင်းပပြုလုပ်မယ့်ရက်ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာဖြစ်မယ်လို့ ကြေညာချက်ဟာ
ဆရာ မင်းသိင်္ခ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ဟောကိန်းထုတ်ခဲ့တဲ့ နှစ်ကာလ၊ လနဲ့ ချိန်ကိုက်
တိုက်ဆိုင်နေတာပါပဲ။

၁၉၃၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ မွေးဖွားလာပြီး အသက် ၆၉ နှစ်အရွယ်၊ ၂၀၀၈ ခုနှစ်၊
ဇူလိုင် ၃၁ ရက်နေ့ နံနက်တွင် ကွယ်လွန်သွားရှာတဲ့ ဆရာမင်းသိင်္ခရဲ့ ဟောကိန်းမှန် မမှန်
မိမိတို့ စောင့်ကြည့်ကြပါစို့။
မောင်သွေးသစ်
http://myanmar.mmtimes.com/

မြန်မာအစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို တိုင်းရင်းသားလက်နက်ကိုင်တွေ လက်မခံနိုင်တာကြောင့် အသစ်ပြန်လည်ရေးဆွဲမယ်ဆိုရင် ပြည်သူတွေအားလုံး လက်ခံနိုင်မယ်လို့ KIO ဥက္ကဌ ဇောင်းဟရားက တိုင်းရင်းသားညီလာခံရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ဇူလိုင် ၃၁ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ ဖွဲ့စည်းပုံအသစ်ရေးဖို့အပြင် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘာတွေပြောခဲ့သလဲ။

တိုင်းရင်းသားလူမျိုးစုတွေအားလုံး လက်ခံတဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေး အခြေခံမူတွေကို လူထုကိုချပြပြီး လူထုထောက်ခံမှုရယူရမယ်လို့ လိုင်ဇာမှာ ကျင်းပတဲ့ တတိယအကြိမ် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ထိပ်သီးညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရက ဖယ်ဒရယ်ပြည်ထောင်စုမူကို လက်ခံတယ်ပြောပေမယ့် တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်မူနဲ့ ထပ်တူကျရဲ့လားလို့ KIO ဥက္ကဌက မေးခွန်းထုတ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ NCCT အနေနဲ့ လိုင်ဇာညီလာခံ သဘောတူညီချက်တွေကို မလျှော့တမ်း ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။

NCCT အဖွဲ့ဝင်တွေနဲ့ကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံအပြီး ဆက်ကျင်းပတဲ့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံ ညီလာခံမှာတော့ NCCT ထဲမှာ မပါတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ABSDF ကျောင်းသားတပ်မတော်တို့ တက်ရောက်ခဲ့ပြီး “ဝ”နဲ့ မိုင်းလားအဖွဲ့တွေ မတက်ရောက်ခဲ့ပါဘူး။

လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းရာမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ NCCT ကို ကြီးကြပ်မယ့် ဦးဆောင်ကော်မတီ ဖွဲ့စည်းဖို့ လိုအပ်ပေမယ့် မဆုံးဖြတ်နိုင်သေးဘူးလို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှူးကြီးစိုင်းငယ်က သူတို့အဖွဲ့အနေနဲ့ NCCT ထဲမှာ မပါဝင်ပေမယ့် ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့အခါ ပါဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ NCCT မှာ မပါဝင်ဖြစ်တာဟာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို သူတို့အဖွဲ့ ဆုံးဖြတ်နိုင်ပေမယ့် နိုင်ငံရေးကိစ္စကိုတော့ ရှမ်းပြည်သူလူထုအပါအဝင် ရှမ်းနိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်းရမှာမို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ NCCT ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ဗိုလ်မှူးကြီးစိုင်းငယ်က ကောင်းတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။

Kamayut media

Ooredoo ဆင်းကတ်တွေ ရန်ကုန်မြို့က ဖုန်းဆိုင်တွေမှာ ဇူလိုင် ၃၁ရက်နေ့ကစပြီး မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး သြဂုတ် ၁၅ရက်နေ့အထိ Ooredoo ဖုန်းအချင်းချင်း မိနစ် ၉ဝဝ အခမဲ့နဲ့ အင်တာနက် Data 2GB ကို နှစ်ပတ်စာ အခမဲ့ သုံးစွဲနိုင်တယ်လို့ ဖုန်းကတ်တွေ Activate လုပ်ပေးနေတဲ့ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

Activate လုပ်ပြီး ဆင်းကတ်တွေ ဖုန်းခေါ်ဆိုခ၊ အင်တာနက်သုံးစွဲခနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်တွေက သြဂုတ် ၂ရက်နေ့အထိ တရားဝင်ထုတ်ပြောခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။ Ooredoo ကုမ္ပဏီက သြဂုတ် ၂ရက်နေ့မှာ 3G ကွန်ရက်ဆင်းကတ်တွေရဲ့ အသေးစိတ်ဈေးနှုန်းတွေကို စတင်ကြေညာမှာဖြစ်ပြီး Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုခ တစ်မိနစ် ၂၅ကျပ်၊ အခြားဖုန်းသို့ ခေါ်ဆိုခ ၃၅ကျပ် ကျသင့်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Ooredoo ဖုန်းနဲ့ အင်တာနက် သုံးစွဲနေတဲ့သူတွေ 3G ကွန်ရက်အစစ်ကို ရရှိပြီး သြဂုတ် ၁၅ရက်နေ့အထိ 2GB Data ကို အခမဲ့သုံးနိုင်ပြီး ၁၅ရက်နေ့ပိုင်းကျမှ သုံးစွဲရမယ့် Data Plan အလိုက် ကျသင့်ငွေကို ပေးချေသွားရမယ်လို့ ဆိုပါတယ်။ 1GB ကို ကျပ် ၂သောင်းခွဲကျသင့်နိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ဆမှုတွေ ပေါ်နေပေမယ့် တရားဝင်သတ်မှတ်ဈေးကတော့ ဒီထက် သက်သာနိုင်မယ်လို့ ပြောဆိုနေပါတယ်။

တယ်လီဖုန်းဆင်းကတ် ဝယ်ယူတဲ့အခါမှာ မှတ်ပုံတင်နဲ့အတူ ဆင်းကတ်ရဲ့ ဘားကုတ်ကတစ်ဆင့် Activate လုပ်ပြီးတဲ့အခါ စတင်သုံးစွဲနိုင်ပြီး လျှောက်လွှာရေးသားတင်ရတာမျိုးမရှိဘဲ Activate လုပ်ချိန် ဖုန်းတစ်လုံးအတွက် ၅မိနစ်ပဲ ကြာမြင့်ပါတယ်။ ဆင်းကတ်ဝယ်လိုအား ကြောက်ခမန်းလိလိ မြင့်တက်နေတာကြောင့် ဖုန်းဆိုင်အချို့က Activate လုပ်ပြီးသားဖုန်းကတ်တွေကို ကျပ် ၃ဝဝဝနဲ့ ရောင်းနေပြီး မူရင်းဈေး ၁၅ဝဝ နဲ့ဆိုရင် လူတစ်ယောက် တစ်ကတ်ပဲ ဝယ်နိုင်တယ်လို့ ကန့်သတ်နေပါတယ်။

ကမ္ဘာပေါ်မှာ ဆင်းကတ်ဝယ်လိုအား အမြင့်မားဆုံးဖြစ်နေတဲ့ မြန်မာပြည်မှာ မြန်မာ့ဆက်သွယ်ရေးက လက်ကိုင်ဖုန်းတွေကို ကျပ် သိန်း ၂ဝနဲ့ စတင်ရောင်းချခဲ့ပြီး ၅သိန်း၊ ၂သိန်း စတဲ့ဈေးနှုန်းအဆင့်ဆင့်ကို နှစ်အတန်ကြာ လက်ဝါးကြီးအုပ်ခဲ့ပြီးမှ ၁၅ဝဝကျပ်တန် ဆင်းကတ်တွေကို မဲနှိုက်ပြီး ရောင်းချခဲ့လို့ ဈေးကွက်ထဲက ကျပ် တစ်သိန်းခွဲအထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။
Kamayut media

ပြည်သူ့လွှတ်တော်ရပ်နားချိန် နယ်မြေဆင်းအလုပ်လုပ်ရင်သုံးဖို့ အမတ်တဦးကို ကြိုတင်ငွေ ၄ သိန်းထုတ်ပေးတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီပါတီ) အမတ်တွေအားလုံးက မထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

parlimentဇူလိုင်လ ၃၀ ရက် ရက်စွဲနဲ့ ပြည်သူ့လွှတ်တော်ကထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာစာမှာ လွှတ်တော်အစည်းအဝေးရပ်နားချိန် မဲဆန္ဒနယ်မြေအသီးသီးသို့ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ငွေကြေးသုံးစွဲခွင့်ပြုခြင်း ဆိုပြီး အမတ်တဦး ငွေ ၄ သိန်းထုတ်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဥတ္တရသီရိမြို့နယ်ပြည်သူ့ လွှတ်တော်အမတ် ဦးမင်းသူက ဥပဒေပြဋ္ဌာန်းထားတာ မရှိသေးလို့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ကြိုတင်ငွေ မထုတ်ဘူးလို့ ပြောပါတယ်။

“လွှတ်တော်ရဲ့ ရန်ပုံငွေကို ပေးသော်ငြားလည်း ဒီရဲ့ငွေတွေအပေါ်မှာ စာရင်းစစ်ရဲ့ စာရင်းစစ်ခြင်း ခံရမယ်။ မသုံးတဲ့ငွေတွေကို ပြန်ပေးအပ်ရမယ်။ ဒါမျိုး စည်းကမ်းချက်တွေ ညွှန်ကြားချက်တွေ ပါပါပတယ်။ လောလောဆယ် ဒီလို ပေးတဲ့ဟာက ဥပဒေ ပြဋ္ဌာန်းချက်မရှိတဲ့အတွက် ကျနော်တို့ အဖွဲ့ချုပ်က လက်ခံခြင်း မရှိပါဘူး။ ပြီးတော့ ဥပဒေအတည်ပြုပြီးမှသာ တစုံတရာအနေအထား အဖြစ် လက်ခံမယ်။ အခုဟာက ယူလိုက ယူနိုင်တယ်၊ မယူလိုက မယူနိုင်ဘူးဆိုတဲ့ သဘောမျိုးတွေလည်း ထုတ်ပြန်ထားတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကလွဲလို့ လွှတ်တော်ကိုယ်စားလှယ် တော်တော်များတော့ ထုတ်ယူသွားပါတယ်။”

ပြည်သူ့လွှတ်တော်ကထုတ်တဲ့ အမိန့်ကြော်ငြာစာမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ ချီးမြှင့်ငွေနဲ့ စရိတ်များဆိုင်ရာ ဥပဒေအခန်း (၃)၊ ပုဒ်မ (၆၊ ၇၊ ၈၊ ၉၊ ၁၀) ပြဋ္ဌာန်းချက်များနဲ့အညီ ကြိုတင်ငွေ ၄သိန်း ထုတ်ယူခွင့်ပြုတယ်လို့ ဆိုပါတယ်။

သီပေါအမတ် ဦးရဲထွန်းက ဥပဒေမရှိသေးပေမယ့် နယ်မြေဆင်းတဲ့အခါ သုံးဖို့လိုလို့ ကြိုတင်ငွေထုတ်တယ်လို့ ပြောပါတယ်။

“ဥပဒေတော့ မရှိသေးဘူး။ မနေ့ကတည်းက ဒါတွေကို သုံးဖို့အတွက် အသုံးစရိတ်ဘယ်လို တင်ရမယ်ဆိုတာတော့ ထုတ်ပြန်ထားတာတော့ ရှိတယ်။ ကျနော်တို့က ဒေသမှာ လွှတ်တော်ကိစ္စတွေကို စာရင်းအင်းနဲ့ပေါ့ဗျာ။ ဥပမာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စစ်ဆေးတာ၊ ပြန်ကြည့်တာ ဒါမှမဟုတ် လွှတ်တော် အတွေ့အကြုံတွေကို ရှင်းလင်းတဲ့အခါ အသုံးလိုတယ်ဆိုပြီး ကျနော်တို့တွေ ထုတ်ကြပါတယ်။ အန်အယ်လ်ဒီကတော့ မထုတ်ဘူးလို့တော့ ကြားတယ်။”

အခုလို လွှတ်တော်အမတ်တွေ နယ်မြေဆင်းရင်သုံးဖို့ ကြိုတင်ငွေထုတ်ပေးတာ လွှတ်တော်သက်တမ်း ၃ နှစ်ကျော်အတွင်း ဒါ ပထမဆုံးဖြစ်ပြီး ပြည်သူ့လွှတ်တော်ကပဲ ထုတ်ပေးတာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဘက်ကအမတ်တွေကို အလားတူကြိုတင်ငွေ ထုတ်ပေးတာမျိုး မကြားသိရသေးပေ။

By ရွှေအောင်
DVB

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.