08/09/14


"အရေးကြီးပြီ ညီနောင်အပေါင်းတို့" -သီချင်းဖြင့်  8.8.8.8 အထိမ်းအမှတ် ရန်ကုန်မြို့တော်ခန်းမရှေ့မှမြင်ကွင်း
Video..Soe Moe Lwin


NCCT and UPWC meeting at Myitkyina township (Photo from U Hla Maung Shwe's fb) August 3rd, 2014)

လတ်တလောအစိုးရဘက်က ပြင်းပြင်းထန်ထန်ကြိုးစားနေတဲ့ ကိစ္စ တစ်ခုကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရေးပါ။ အခုနောက်ပိုင်း အပစ်ရပ် လက်မှတ်ရေးထိုးရေးနဲ့ ဆိုင်တဲ့ အစည်းအဝေးတွေ ပိုပြီး စိပ်လာတာလည်း တွေ့မြင်ရပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေရဲ့ လိုင်ဇာ အစည်းအဝေးပွဲကြီး ပြီးလို့ သိပ်မကြာသေးခင် မြစ်ကြီးနားမှာ အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ တွေ့ကြပါတယ်။ အဲဒီနောက် သြဂုတ် လလယ်လောက်ကျရင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ်တွေရဲ့ NCCT နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မှာ ဆက်ပြီး တွေ့ဆုံဆွေးနွေးကြပါဦးမယ်။ တစ်တိုင်းပြည်လုံး ဆိုင်ရာ အပစ်ရပ် စာချုပ်ကြီး တကယ် လက်မှတ်ရေးထိုးနိုင်တော့မလား၊ တိုင်းပြည်မှာ ဒီတစ်ခုပဲ အရေးအကြီးဆုံး ဖြစ်နေသလား၊ ဒီကိစ္စ ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တိုင်းရင်းသားတွေရဲ့ လိုင်ဇာ အစည်းအဝေး မစခင် အစိုးရနဲ့ ဆွေးနွေးမှု နောက်ဆုံး ရလာဒ်အဖြစ် အပစ်ရပ် စာချုပ်မူကြမ်း တစ်ခု ရထားပြီး ဖြစ်ပါတယ်။ အချက်ပေါင်း ၁၂၂ ချက်ပါပြီး ၇၇ ချက် သဘောတူထားပြီးပါပြီ။ ဆွေးနွေးဖို့ ကျန်တာ ၃၁ ချက်ပါ။ ဒီ ၃၁ချက်ထဲကမှ အစိုးရဘက်က နောက်ထပ် လိုက်လျောနိုင်တာတွေ အဆိုပြုထားပြီး ဖြစ်တဲ့အတွက် ဆွေးနွေးညှိနှိုင်းစရာ နည်းနည်းပဲ ကျန်တော့တယ်လို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။ တိုင်းရင်းသားတွေဘက်ကလည်း မူ(၁၀) ချက်အပေါ်မှာ အခြေခံပြီး အပစ်ရပ် စာချုပ်ပါ အချက်တွေအတိုင်း ဆက်ဆွေးနွေးကြဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် အခြေအနေ ရှေ့ကို တိုးတက်လာတယ်လို့တော့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ ဖက်ဒရယ် အခြေခံမူနဲ့ ပါတ်သက်ပြီးတော့လည်း လက်မခံနိုင်စရာ သိပ်ပြီး မရှိပါဘူးလို့ ၀န်ကြီးဦးအောင်မင်းက မီဒီယာတွေကို ပြောဆိုထားပြီးပါပြီ။ ဒီအတွက် အပစ်ရပ်စာချုပ်ပါ လက်ကျန် အချက်တွေကို ဆက်ဆွေးနွေးကြဖို့ပဲ ရှိပါတော့တယ်။

အပစ်ရပ် စာချုပ်ပါ လက်ကျန် အချက်တွေကို ဆက်ပြီး ဆွေးနွေးဖို့ပဲ ရှိတယ်လို့ ဆိုပေမယ့် သိပ်အလွယ်ကြီးတော့ မဟုတ်ပါဘူး။ အကြောင်းကတော့ လက်ရှိ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ ပုံစံဟာ အစိုးရ ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေ တိုက်ရိုက် ဆွေးနွေးကြတာမျိုး မဟုတ်ပဲ နှစ်ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ ဆွေးနွေးပွဲ ပုံစံမျိုး ဖြစ်နေလို့ပါ။ အစိုးရဘက်ကလည်း ၀န်ကြီးဦးအောင်မင်းက ဆွေးနွေးရရှိချက်တွေကို အဆုံးအဖြတ်ပေးနိုင်မယ့် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တွေဆီ ပြန်တင်ပြပါတယ်။ NCCT လို့ခေါ်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ကလည်း ဆွေးနွေးရရှိချက်တွေကို အဆုံးအဖြတ် ပေးနိုင်တဲ့ သက်ဆိုင်ရာ သူတို့ ခေါင်းဆောင်တွေဆီ ပြန်တင်ပြရတာမျိုးဖြစ်ပါတယ်။ သဘောမတူရင် အဲဒီ အချက်ကို ပြန်ယူလာပြီး ဆွေးနွေးပွဲဝိုင်းမှာ ပြန်ဆွေးနွေး ဆိုတဲ့ ပုံစံမျိုး သွားနေရတာမို့ ခုလို အချိန်ကြာနေတာလို့ ပြောနိုင်ပါတယ်။ ဒီအထဲမှာမှ အစိုးရဘက်က သက်ဆိုင်ရာ အဆုံးအဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်ပိုင်းရဲ့ သဘောထား ရယူရတာ လျင်မြန်လွယ်ကူပေမယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ သူတို့ ခေါင်းဆောင်တွေရဲ့ သဘောထား ဆန္ဒရယူရတာ ခက်ခဲတတ်ပါတယ်။ အဖွဲ့တွေကများ၊ ဆက်သွယ်ရေးကလည်း ခက်ခဲတာကြောင့် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဘက်ကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲကြီး တစ်ခု ကျင်းပချင်နေတာကိုတော့ ဖုံးကွယ်မထားပါဘူး။ ဒီ ၂၀၁၄ ထဲမှာပဲ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုင်ရာ အကြိုပြင်ဆင်မှုတွေလုပ်၊ ၂၀၁၅ ထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စ နိုင်ရင်ကောင်းမယ်လို့ ၀န်ကြီး ဦးအောင်မင်းက ပြောထားပါတယ်။ အကြောင်းကတော့ ၂၀၁၅ မှာ ရွေးကောက်ပွဲအကြို နိုင်ငံရေး လှုပ်ရှားမှုတွေ ရှိလာမယ့် အခြေအနေရယ်၊ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရသစ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုင်ရာ အခြေခံအုတ်မြစ်တွေ ချပေးခဲ့ချင်တာတွေရယ်ကြောင့် အပစ်ရပ်စာချုပ် မြန်မြန် လက်မှတ်ထိုးဖို့ တွန်းတွန်းတိုက်တိုက် လုပ်နေရတာလို့ ဆိုပါတယ်။

တိုင်းရင်းသားတွေဘက်မှာတော့ သဘောထား နှစ်မျိုးပါ။ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးဥက္ကဌ စောမူတူးစေးဖိုးကတော့ ဒီ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးဟာ သမိုင်းမှာ အရေးကြီးတယ်၊ ရဲရဲ လက်မှတ်ရေးထိုးကြပါ၊ ပြီးရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စကားဝိုင်းဆီ သွားကြရအောင် လို့ နှိုးဆော်နေတာပါ။ ဒါပေမယ့် ကေအိုင်အို ကချင်

ခေါင်းဆောင်တွေဘက်ကတော့ အပစ်ရပ် စာချုပ်မှာ နိုင်ငံရေးဆိုင်ရာ အာမခံချက်တွေ ထည့်သွင်းထားဖို့ ဆန္ဒရှိနေပါတယ်။ ဒီအတွက် သိပ် အလောတကြီး လုပ်ဖို့ မလိုဘူး၊ အချိန်ကြာရင်လည်း ကြာပါစေ သဘောထားမျိုး ရှိနေပါတယ်။ အများက စိတ်ပူပန်နေကြသလို လိုင်ဇာ ထိပ်သီး အစည်းအဝေး ဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပါတ်သက်လို့ နောက်ကြောင်း ပြန်လှည့်သွားစေတဲ့ အခြေအနေမျိုး မဖြစ်ပေါ်ခဲ့ပေမယ့်လည်း အပစ်ရပ် စာချုပ်ပါ အချက်တွေနဲ့ ပါတ်သက်ရင်တော့ ကွဲလွဲချက်တွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။

တကယ်တော့ အစိုးရနဲ့ တပ်မတော်ဘက်ကလည်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေးလောက်ကိုပဲ အာရုံစိုက်နေတာ သိပ်တော့ မကောင်းပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေးအရ နောက်ကြောင်းပြန်လှည့်သလို ဖြစ်နေတဲ့ လုပ်ရပ်မျိုးတွေကိုလည်း တပြိုင်နက်တည်း ဖြေရှင်းဖို့ လိုနေပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်ကျမှ ပေါ်လာတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပါတ်သက်ပြီး လျစ်လျူရှုထားတာမျိုး ဆက် မလုပ်သင့်တော့ပါဘူး။ ပြည်သူလူထု ယုံကြည်နိုင်လောက်တဲ့ အဆင့်အထိ အရေးယူကိုင်တွယ်ပြဖို့ လိုပါတယ်။ အစိုးရအပေါ် ဝေဖန်မှု များလာတာကို တုန့်ပြန်ဖို့ ရည်ရွယ်လုပ်ဆောင်လာတဲ့ စာနယ်ဇင်း သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ လိုပါတယ်။ တိုင်းပြည်ကို မတည်မငြိမ် ဖြစ်စေမယ့် လာမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးရေး ဆိုတာမျိုး ဆက်မလုပ်ဖို့ လိုပါတယ်။

အလားတူ တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးပွဲကြီး ဖြစ်မြောက်သွားရင် သမ္မတ ဦးသိန်းစိန် အစိုးရ ကမ္ဘာမှာ နာမည်ကောင်းရသွားမယ်၊ ပုံရိပ်ကောင်းရသွားမယ်၊ နိုင်ငံရေးအမြတ်ထွက်သွားမယ် ဆိုတာမျိုး ထက် အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးပြီးမှ အပစ်ရပ် ခိုင်မာအောင် လုပ်လို့ရမယ်၊ တိုင်းရင်းသားဒေသတွေ တည်ငြိမ်အောင် ဆောင်ရွက်နိုင်မယ်၊ ဒုက္ခသည် ပြသနာ၊ နိမ့်ကျနေတဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ စီးပွားရေး ၊ လူမှုရေး အထွေထွေ ဖွံ့ဖြိုးရေးကိစ္စတွေ အကောင်အထည် ဖော်နိုင်မယ် စသဖြင့် စဉ်းစားတွေးတော လုပ်ကိုင်ကြဖို့ လိုပါလိမ့်မယ်။ ဒီလိုသာ မလုပ်နိုင်ခဲ့ကြရင် စစ်အာဏာရှင် စနစ် မရှိတော့တာတောင် တိုင်းပြည်တည်ငြိမ်မှုမရှိတဲ့ အခြေအနေ၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မတည်ဆောက်နိုင်တဲ့အခြေအနေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဖော်ဆောင်နိုင်တဲ့ အခြေအနေ၊ ဒီမိုကရေစီနဲ့ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် မဖော်နိုင်တဲ့ အခြေအနေမျိုးမှာပဲ ကျန်ရစ်နေဦးမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်-VOA

ရှစ်လေးလုံး (၈.၈.၈၈) ပြည်သူ့ အရေးတော်ပုံအတွင်း ရဟန်းရှင်လူ ပြည်သူများနှင့် အတူ အနုပညာ နယ်ပယ် အသီးသီးမှ အနုပညာရှင်များလည်း ပါဝင်ခဲ့ကြသည်။ ယင်းသို့ ပါဝင်ခဲ့ကြခြင်းမှာ အထွေထွေ ကျပ်တည်းမှုနှင့် တစ်ပါတီစနစ် ပြုတ်ကျရေး ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ သူများရှိသလို ပြည်သူနှင့် တစ်သားတည်း ဆိုသည်ကို ပြသရန်အတွက် ပါဝင်ခဲ့သည့် အနုပညာရှင်များလည်း ရှိသည်။

ယင်းသို့ ပြည်သူနှင့်အတူ အရေးတော်ပုံအတွင်း ပါဝင်ခဲ့မှုကြောင့် အစိုးရ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် အနုပညာရှင် များလည်း ရှိသလို ထောင်သွင်း အကျဉ်းကျရာမှ အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရသည့် အနုပညာရှင်များလည်း ရှိခဲ့သည်။

ယခု သြဂုတ် ၈ ရက်သည် ရှစ်လေးလုံး အရေးတော်ပုံ၏ ၂၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ကို မှတ်တမ်း ရေးထိုးသောအားဖြင့် ရှစ်လေးလုံး အရေးတော်ပုံအတွင်း ကိုယ်တိုင်ပါဝင် ဖြတ်သန်းခဲ့ဖူးသည့် အနုပညာရှင်တို့၏ ခံယူချက်နှင့် သဘောထားများကို မြန်မာသံတော်ဆင့်က စုစည်း တင်ပြ လိုက်ပါသည်။

● ဦးဇာဂနာ

၈၈ တုန်းကတော့ ကျောင်းသားအနေနဲ့ ပါတာတော့ မဟုတ်ပါဘူး။ အဲဒီတုန်းက ကျောင်းပြီးသွားပြီ ဆိုတော့လေ အနုပညာရှင် တစ်ယောက်အနေနဲ့ ပါဝင်တာပေါ့။ ဘားလမ်းထဲက စံပယ်ဦး စာပေကနေ အခြေတည်ပြီးတော့ အနုပညာရှင်တွေကို လက်မှတ် လိုက်ထိုးခိုင်းတာပေါ့။ အစိုးရလုပ်တဲ့ ဟာတွေက သဘာဝမကျလို့၊ မကြိုက်လို့၊ ကျောင်းသားတွေကို ဖိနှိပ်တာများလို့ ဆိုပြီးတော့ပေါ့။ လက်မှတ်ထိုးတဲ့ ကိစ္စက စတာပေါ့။ ဆရာဦးဝံသ၊ ဆရာဦးဝင်းတင်တို့လည်း ပါတာပေါ့။ ဇင်ဝိုင်းတို့၊ ကိုအရိုင်းတို့လည်း ပါတယ်။ လက်မှတ် လိုက်ထိုးခိုင်းတော့ ထိုးပေးတဲ့လူလည်း ရှိသလို မထိုးပေးတဲ့ လူလည်း ရှိတာပေါ့။ သြဂုတ် ၂၂ရက်မှာ ဆေးရုံကြီး အဆောင်နံပါတ် (၁၉)၊ (၂၈)မှာ သပိတ်စခန်း ဖွင့်တာပေါ့။ ဟောပြောပွဲတွေ လုပ်တာပေါ့။ အနုပညာရှင်တွေ ဟောပြောတာဆိုတော့ လူအုပ်ကြီးက အများကြီး ထိုင်နားထောင်ကြ တာပေါ့။ အဲဒီ လူအုပ်ကြီးကို ဦးဆောင်ပြီး စတင် လှုပ်ရှားကြတာပေါ့။ ဆရာဦးသော်ကတို့၊ ဂျေညီညီတို့၊ စိုင်းထီးဆိုင်တို့လည်း ပါတာပေါ့။ ၂၂ရက်အထိက အနုပညာရှင်တွေကစပြီး လှုပ်ရှားကြပေါ့။ ၂၅ ရက်နေ့လောက်မှ တခြား အဖွဲ့ တွေလည်း ပါလာတာပေါ့။ အစိုးရနဲ့ ပတ်သက်ပြီး တိုက်ဆိုင်တဲ့ ပြက်လုံးတွေကို စတင်ပြက်ခဲ့တယ်။ တစ်ပါတီ အာဏာရှင်စနစ်ကို မကြိုက်တာပါ။ ၈ ရက် ၈ လ ၈၈ ကျမှ ဒီစိတ်တွေ ပေါ်တာမဟုတ် ဘူး။ ကျောင်းသားဘ၀ တောက်လျှောက်တည်းက ဒီစိတ်တွေက ရှိတာ။ အဲဒီအချိန်ကျမှ မကျေမနပ် ဖြစ်ပြီး သူများယောင်လို့ ရောယောင်တဲ့ အထဲမှာ ပါတာမဟုတ်ဘူး။ ၈၃ လောက်တည်းက မဆလ အစိုးရကို တိုက်ခိုက်တဲ့ ပြက်လုံးတွေ ထုတ်ခဲ့တာပေါ့။ ပြောချင်တာက အဲဒီအချိန်ကျမှ ဒီစိတ်တွေ ဖြစ်ပေါ်တာ မဟုတ်ဘူး။ အရင်တည်းက မကြိုက် တာပါ။

● ဦးဇင်ဝိုင်း

ကိုယ်တတ်နိုင်တဲ့ ထောင့်ကနေပြီးတော့ ကျွန်တော်တို့ တိုင်းပြည်မှာ စနစ်တစ်ခုတော့ ပြောင်းလဲဖို့ လိုအပ်ပြီ၊ လိုအပ်တဲ့ အခါမှာ ကျွန်တော်တို့ ခေတ်မှာလည်း တာဝန်ကျေသင့်တယ်လို့ ထင်လို့ နိုင်ငံသားကောင်း တစ်ယောက် ပီသစွာနဲ့ ထွက်ခဲ့တာပါ။ ကိုဇာဂနာတို့၊ ကိုအရိုင်းတို့နဲ့ ပူးတွဲမိသွားပြီးတော့ ကိုမိုးဝင်းတို့နဲ့ သဘင် သမဂ္ဂဆိုတာ ဖွဲ့စည်း လိုက်တဲ့အခါကျတော့ ၂၁ လမ်းမှာရှိတဲ့ သဘင်သမဂ္ဂရယ်၊ ရန်ကုန် ဆေးရုံကြီးရယ်မှာ လှုပ်ရှား တာပေါ့၊ ၁၈ ရက်နေ့ အာဏာသိမ်းပြီးတော့ ၁၉ ရက်နေ့ ဘယ်သူမှ မထွက်တော့တဲ့ အချိန်လည်း ကျွန်တော်တို့ အုပ်စု ထွက်ခဲ့ကြပါတယ်။ တပ်က အာဏာသိမ်းတော့မှ အမြီးကုပ်ပြီး ပြေးတာပဲဆိုပြီး မဖြစ်ချင်ဘူး၊ ဒီအတွက်လည်း ထောင်ကျ ခဲ့ပါတယ်။ ကိုဇာဂနာတို့၊ ကိုမိုးဝင်းတို့နဲ့ အတူပေါ့၊ ထောင်ကျနေတဲ့ အတောအတွင်းမှာလည်း အသနားခံစာတင်ဖို့ အကြိမ်ကြိမ် အခွင့်အရေး ပေးပေမယ့် မတင်ဘဲနဲ့ တောင့်ခံ ခဲ့တယ်။ ပစ်မယ် ခတ်မယ်ဆိုတဲ့ အချိန်မှာ ထွက်ခဲ့တာရယ်၊ အသနားခံစာတင်ဖို့ အခွင့်အရေး ပေးပေမယ့် အညံ့ခံပြီး မတင်ခဲ့တဲ့အတွက် ကျွန်တော့် ဘ၀မှာ ညအိပ်တိုင်း လိပ်ပြာသန့်စွာ အိပ်ပျော်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ရှက်နေရမှာပါ။

● ဦးမင်းထင်ကိုကိုကြီး

၂၆ နှစ် ရှိသွားပြီပေါ့လေ၊ ပထမ ၂၆ နှစ်က တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ဖို့ ကြိုးစားခဲ့ကြတာပေါ။ အခု ဒုတိယ ၂၆ နှစ် ပေါ့လေ။ လူတစ်စုရဲ့ အာဏာရှင် စနစ်ကို ဆက်ပြီး တွန်းလှန် နေကြရတုန်းပေါ့။ ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်အထိ ၁၄ နှစ်တိတိ မြန်မာနိုင်ငံရဲ့ သက်တမ်းမှာ အဲဒီ ၁၄ နှစ်ပဲ အများ သဘောတူညီတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေနဲ့အညီ အုပ်ချုပ်တဲ့ အရပ်သား အစိုးရသက်တမ်းက အဲဒီ ၁၄ နှစ်ပဲ ရှိခဲ့တယ်။ နောက်ကို ပြန်လှည့်ကြည့်ရင် မြန်မာနိုင်ငံက အင်မတန်မှကို ကံဆိုးတယ်ပေါ့။ ၅၂ နှစ်လောက်ကို အရည်အချင်း မရှိတဲ့ ကိုယ့်ရပ်တည်ချက်ကလွဲပြီး ကျန်တာဘာမှ မလုပ်နိုင်တဲ့ လူတစ်စုက အုပ်ချုပ်တဲ့ အတွက်ပေါ့။

● ဦးကျော်သူ

အနုပညာသမားတစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူလူထုနဲ့ အနုပညာသမားဆိုတာ တစ်သားတည်းရှိရမယ်၊ အဲဒီတုန်းက အလွှာပေါင်းစုံ ပါဝင်တယ်လေ၊ စစ်တပ်ရော၊ ရဲရော၊ မီးသတ်ရော ပါတယ်လေ၊ ၈၈ ပြီးတော့ ခေါ်စစ် ခံရတယ် တစ်နေကုန်ပဲ။ နောက်ပိုင်းကျတော့ အဲဒီဂယက်က အနုပညာနဲ့ ပတ်သက်ပြီး ဟန့်တားမှုတွေ ဖြစ်လာတယ်။ အကယ်ဒမီဆု ရွေးတဲ့အခါမှာလည်း ထည့်စဉ်းစားတဲ့ အပိုင်းတွေ ဖြစ်လာတာပေါ့။

● မေသန်းနု

၈၈ အရေးတော်ပုံတုန်းက ကိုယ့်ခံယူချက်နဲ့ ကိုယ်လုပ်ကြတာပဲလေ။ ငယ်ငယ်တုန်းက လူငယ်စိတ်နဲ့ တက်ကြွ နေတာဆိုတော့ လုပ်တာပေါ့။ အခုကျတော့ လူမှုရေး၊ စီးပွားရေးနဲ့ ရှုပ်ထွေးနေတယ် ဆိုတော့လေ အခုတော့ မပြောတာ ကောင်းမယ်နဲ့ တူတယ်။

● ဦးဗေလုဝ

တစ်တိုင်းပြည်လုံး ပါတာဆိုတော့ အနုပညာသမားတွေလည်း ဘယ်နေလို့ရမလဲ ပါကြတာပေါ့၊ အခုဆို ၂၆ နှစ် ပြည့်သွားပြီဆိုတော့ ကျဆုံးသွားတဲ့ သူတွေအတွက်တော့ လွမ်းဆွတ်စရာ ကောင်း တာပေါ့။ မြန်မာပြည်သား တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံမှာ စနစ်ကောင်းတစ်ခု ဖြစ်ပေါ်လာဖို့အတွက် အားလုံးဝိုင်းပြီး ဆန့်ကျင် ရမှာ ပဲလေ၊ ဘေးထွက်နေလို့တော့ မရဘူးပေါ့။

သဉ္ဇာဆွေ

(ဖော်ပြထားသော ဓာတ်ပုံများကို San Nyein Oo’s Facebook မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်)

မြန်မာသံတော်ဆင့်သတင်းဌာန

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကပုဒ်မတစ်ခုဖြစ်သော ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန်ကြိုးစားနေ ချိန်တွင် ရွေးကောက်ပွဲ စနစ်တစ်ခုဖြစ်သော အချိုးကျ ကိုယ်စားပြုစနစ် ပီအာရ်အား ဖော်ဆောင်ရန် ကြိုးပမ်း ကာ နိုင်ငံရေး မကစားစေလိုကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက သြဂုတ် ၆ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ပြုလုပ်သော ပုဒ်မ ၄၃၆ နှင့်ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲစနစ်သည် ရေရှည်ဆွေး နွေးညှိနှိုင်းရမည့်ကိစ္စတစ်ခုဖြစ်ပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်မည့် ကိစ္စသည် ၂၀၁၅ မတိုင်ခင် ပြုလုပ်ရမည် ကိစ္စတစ်ခု ဖြစ်သောကြောင့် ယခုကဲ့သို့ တိုက်တွန်းရ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

““ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ဖို့ပဲ လိုလားပါ တယ်။ တစ်ယောက်နဲ့တစ်ယောက် အား စမ်းတဲ့ တစ်ယောက်ဒါလုပ်ရင် တစ်ယောက် ဒါလုပ်လိုက် မယ်ဆိုတဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးကစားတာတွေ၊ လက်နက်တစ်ခု အဖြစ်နဲ့သုံးတာတွေ မလုပ်ကြဖို့တော့ အနူး အညွတ် မေတ္တာရပ်ခံချင်ပါတယ်။ လက်ရှိ လွှတ်တော်ဟာ နိုင်ငံရေးအရ ပြည့်ပြည့်၀၀ ကိုယ်စားပြုထားတဲ့ လွှတ်တော် မဟုတ်ဘူး။ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ရွေးကောက်ပွဲစနစ် လိုဟာမျိုးကို ဖုတ်ပူ မီးတိုက် ဆုံးဖြတ်မယ်ဆိုရင် ပိုပြီးရှုပ်ထွေး သွားစေနိုင်တယ်””ဟု ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။…

အချိုးကျကိုယ်စားပြုစနစ်ပီအာရ်အား ဇူလိုင် ၂၄ရက်တွင်ပြုလုပ်သော ပြည်သူ့လွှတ် တော်အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ပုဇွန်တောင် မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်က အဆိုတင်သွင်းခဲ့ပြီး ဇူလိုင် ၂၉ရက်တွင် လွှတ်တော်အတွင်း ဆုံးဖြတ်မှုခံယူပြီးနောက် သင့်တော်သည့် ရွေးကောက်ပွဲစနစ်ကို ဆွေးနွေးမည့်ကော်မရှင် ဖွဲ့စည်းမည်ဟု လွှတ်တော်က ဆုံးဖြတ် ချက်ချခဲ့သည်။

PR စနစ် တင်သွင်းမှုနှင့် ပတ်သက်၍ တိုင်းရင်းသားကိုယ်စားလှယ်အချို့က လွှတ် တော်မတက်ဘဲ ဆန္ဒဖော် ထုတ်ခဲ့သလို လွှတ်တော်တွင်း ဆွေးနွေးပြီးနောက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ် များက ယင်းစနစ်အား လက်မခံကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သေး သည်။

အဆိုပါ အချိုးကျကိုယ်စားပြုစနစ် ပီအာရ်အား တိုင်းရင်းသားများအပါအ၀င် နိုင်ငံရေးအင်အားစုအသီးသီးမှ ကန့်ကွက် လျှက်ရှိပြီး ပီအာရ်စနစ်ဖော်ဆောင်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှုပျက်ပြား နိုင်ကြောင်း ဝေဖန် သုံးသပ်လျက်ရှိသည်။

““ပီအာရ်ဆိုတာကို ဗမာပြည်နဲ့မအပ် စပ်တဲ့ဟာ မရှုပ်ရှုပ်အောင် လုပ်နေတယ်။ မဆိုင်တဲ့နေရာတွေမှာ မဆိုင် တာတွေ ၀င် ရှုပ်နေတယ်။ အရေးအကြီးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ ၂၀၀၈ မပြင်မချင်း တိုင်းပြည်မှာ ရုတ်ရုတ်သဲသဲ ဖြစ်မှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရင်ရှင်း။ ပြီးမှ ကျန်တာလုပ်””ဟု ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် ဦးပီတာလင်းပင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အမျိုးသားလွှတ်တော်၌လည်း ကိုယ် စားလှယ်များအား အချိုးကျကိုယ်စားပြု စနစ်ဖြင့် ရွေးချယ်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဇွန် ၃ရက်တွင် တင်သွင်းခဲ့ပြီး ဇွန်လ ၈ ရက်တွင်မဲခွဲဆုံးဖြတ်ကာ ထောက်ခံမဲ၁၁၇ မဲ၊ ကန့်ကွက်မဲ ၈၅ မဲဖြင့် ယင်းအဆိုအား အတည်ပြုခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန

ယနေ့ပြုလုပ်သော ၈ လေးလုံး ပြည်သူ့အရေးတော်ပုံနှစ်ပတ်လည် အခမ်းအနားသို့ လက်ရှိအစိုးရပိုင်းမှ တာဝန်ရှိပုဂ်္ဂိုလ်များ တက်ရောက်ခဲ့ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေပြီး လွန်ခဲ့သည့် ၂၆ နှစ်ကဖြစ်ပေါ်ခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေးတော်လှန်မှုအပေါ် အသိအမှတ်ပြုနိုင်သေးခြင်းမရှိသည့် သဘောရှိနေသည်ဟု အရေးတော်ပုံကာလက ပါဝင်လှုပ် ရှားခဲ့သူများက ပြောသည်။

၂၆ နှစ်မြောက် ၈ လေးလုံးအရေး တော်ပုံအခမ်းအနားကို သင်္ဃန်းကျွန်းမြို့ နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီများမှ ပုဂ်္ဂိုလ်များ အဆိုပါ အရေးအခင်းကာလတွင် ပါဝင်ဖြတ်သန်းခဲ့ကြရသူများ ထောင်နှင့် ချီတက်ရောက် ခဲ့ကြသော်လည်း အစိုးရထိပ်တန်းပိုင်းမှ ပုဂ်္ဂိုလ်များ တက်ရောက်ခဲ့ခြင်းကိုမူ မတွေ့ ရှိရပေ။
““ဒီအခမ်းအနားကို အစိုးရပိုင်းကလည်း တက်ရောက်လာလိမ့်မယ်လို့ ထင်ထားတာ။ ရောက်လာတာ မတွေ့ရသေးဘူး။ ၈၈ ကာလလူထုအုံကြွတော်လှန်မှုကို ဒီအစိုးရအနေနဲ့လည်း လက်သင့်ခံအသိအမှတ်မပြုတာလားလို့ မေးခွန်းထုတ်စဉ်းစား စရာဖြစ်လာတယ်။”” ဟု အဆိုပါ အခမ်း အနားသို့ တက်ရောက်ခဲ့သည့် ၈၈ အရေး ခင်းကာလပါဝင်လှုပ်ရှားခဲ့သူ ကိုဝင်းနိုင် က ပြောသည်။

ပြီးခဲ့သည့် ၂၅ နှစ်ပြည့် ၈ လေးလုံး ငွေရတုအခမ်းအနားကျင်းပစဉ်ကမူ သမ္မတရုံးဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း ဦးလှထွန်းတို့အပါအ၀င် အစိုးရပိုင်းပုဂ်္ဂိုလ် အချို့တက်ရောက်မှုရှိခဲ့ပြီး အာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်တို့မှလည်း သ၀ဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်။
ထိုစဉ်က အခမ်းအနာတက်ရောက်သော ဧည့်သည်မှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းရေးသား ခဲ့သည့် ““အောင်မြင်ကြပါစေ””ဟူသော စာသားမှာ အထူးရေပန်းစားမှုရှိခဲ့သည်။

ယခုနှစ်တွင် ကျင်းပသော အခမ်း အနားသို့ အစိုးရပိုင်းမှ ပုဂ်္ဂိုလ်များ တက် ရောက်လာခြင်းမရှိခြင်းနှင့် သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်းမရှိခြင်းမှာ ၎င်းင်းတို့၏ သဘောဆန္ဒသာဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က News Watch ဂျာနယ်သို့ပြောသည်။
““ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ဖွင့် ပေးထားတယ်။ ပို့ချင်တဲ့သူပို့နိုင်တယ်။ ဒါက ကိုယ်စီကိုယ်စီရဲ့ သဘောထားတွေပါ။ ကျွန်တော်တို့က ၈ လေးလုံးကို တကယ်ဆင်နွှဲခဲ့တဲ့ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ မွေးထုတ်ပေးခဲ့တဲ့ မိခင်အရင်းတွေ၊ ဖခင် အရင်းတွေဖြစ်တဲ့ ပြည်သူလူထုတွေလာ တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်””ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

မိုးမင်း၊ လင်းလင်းအောင်
(စောင့်ကြည့်သတင်းဂျာနယ်)

၈ လေးလုံးကာလ ဘီဘီစီအသံလှိုင်းများအကြား ဖြတ်သန်းခဲ့သူ ၂၆ နှစ်အကြာ သမင်လည်ပြန်ကြည့်လိုက်ရာ
---- --- ---- ---
ဒီကနေ့သည် မြန်မာပြည်မှာနေထိုင်ကြသည့် ပြည်သူတွေအနေနှင့် ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူတိုင်း အထူးမှတ်မိနေကြမည့် နေ့ရက်တရက်ဟုဆိုနိုင်ပါသည်။ ၈-၈-၈၈ သည် မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် ဒီမိုကရေစီတောင်းဆိုမှုကြီး၏ အပြင်းထန် ဆုံးခြေလှမ်းဟုဆိုလျှင်လည်း ငြင်းလို့မရနိုင်ပါ။ ထိုအထဲမှာ ဦးနေမင်းတယောက်သည် ဘ၀နှင့်ရင်းပြီး အရေးပါသောနေရာက ပါဝင်ခဲ့သူတယောက်ဖြစ်သည်။ ဒီကနေ့ ၈ လေးလုံးအရေးတော်ပုံ ၂၆ နှစ်ပြည့်ကနေ လွန်ခဲ့သည့် ၂၆ နှစ်တာကာလကို ပြန်သွား ကြည့်ရအောင်ပါ။

““ဘယ်သူမှ ဒီအချိန်မှာ မြန်မာပြည်က သတင်းတွေကို ခင်ဗျားတို့ဆီ သတင်းမပေးရဲဘူး မဟုတ်လား။ ကျွန်တော် ပေးရဲပါတယ်။ ခင်ဗျားသာ ကျွန်တော်ဆီ တနေ့ကို ၄ ခါဖုန်းဆက်။ အကြောင်းထူးရင် ထူးမယ်လို့ ကျွန်တော်ပြောရင် ထပ်ဆက်ခင်ဗျား ဒီမှာဖြစ်နေတဲ့ သတင်းတွေရစေရမယ်””

ယခုလို ပြောခဲ့သူက ၈ လေးလုံး အရေးတော်ပုံကာလအတွင်းမှာ ဘီဘီစီသတင်းထောက် ခရစ်စတိုဖာဂါးနက်ကို ပြည်တွင်းကနေ ဘီဘီစီ သတင်းပေးအဖြစ် တောက်လျှောက်လုပ်ပေးခဲ့သူ ဦးနေမင်း၏စကားသံ အချို့ဖြစ်ပါသည်။
ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ တပါတီအုပ်ချုပ်မှုနှင့်အတူ ပြည်သူတွေအပေါ် အာဏာရှင် ဆန်ဆန်လုပ်ရပ်တွေသည် ၁၉၈၈ ကာလမှာ မြန်မာနိုင်ငံအနှံ့မှာဖြစ်နေသည့်အတွက် ထိုအချိန်မှာ တနိုင်ငံလုံး မမျှတမှုတွေပဲ ကြီးစိုးနေသည်ဟု ဦးနေမင်းက အတိတ်ကို ပြန်စဉ်းစားရင်း လေသံပျော့ပျော့နှင့် ပြန်ပြောပြပါသည်။

တကယ်တော့ သူသည် ထိုအချိန်ကာလတုန်းက ဘီဘီစီနှင့်ပတ်သက်ခဲ့သူတဦး မဟုတ်သလို သတင်းထောက်အလုပ်နှင့် လားလားမျှ မသက်ဆိုင်သော ရှေ့နေတယောက်အဖြစ်နှင့် အသက်မွေးနေသူတဦးဖြစ် ပါသည်။ နေ့စဉ် သူ၏လုပ်ငန်းတာဝန်တွေသည် သူ့ကိုအမှုလာအပ်သည့် အမှုသည်တွေအရေးနှင့်ပဲ ပင်ပန်းနေသည့်ကာလ ဖြစ်ပါသည်။

သို့သော် ၁၉၈၈ ကာလအတွင်းမှာစခဲ့သည့် ဖုန်းမော်အရေး အခင်းကစပြီး ကျောင်းသားတွေနှင့်ပတ်သက်သည့် အမှုတွေမှာ အစိုးရ၏တရားစီရင်ရေးယန္တရားသည် ကြောက်စရာကောင်းလောက်အောင် အုပ်ချုပ်ရေးက စီရင်ပြောဆိုမှုတွေအတိုင်း ဆောင်ရွက်နေခြင်းသည် မခံချင်စရာဖြစ်ရပ်တခုလို မြင်တွေ့ခဲ့ရသည်ဟု ဦးနေမင်းက ပြန်ပြောင်း ပြောပြပါသည်။
““လူတယောက်ကို အမျိုးမျိုးအကြောင်းပြပြီး ရမန်ယူထားတယ်။ မီးရှို့မှု၊ ဆူပူမှု၊ ဖျက်ဆီးမှု စသဖြင့် ယူထားတဲ့ ရမန်ဟာ စက်ဝိုင်းလိုပဲ အားလုံးစေ့သွားရင် ပထမဆုံးယူထားတဲ့အကြောင်းနဲ့ ရမန်ပြန်ယူတာကို ကျွန်တော် အမှတ်တမဲ့ တရားရုံးမှာ မိတ္တူကူးရင်း သွားတွေ့လိုက်ရတာ။ ကြောက်စရာအရမ်းကောင်းပါတယ်””လို့ သူက ဆိုပါသည်။

၁၉၈၈ မတ်လလောက်ကနေစပြီး ဦးနေမင်းသည် ၈၈ ကာလ အတွင်း ကျောင်းသားတွေအပေါ် မမျှမတအစိုးရ၏ အရေးယူမှုတခုအပေါ် မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ သူ့တဦးတည်းအားနှင့် မဆလယန္တရား ကြီး၏ခြိမ်းခြောက်မှုကို ကြံ့ကြံ့ခံ အမှုလိုက်ခဲ့ရသည်ဟု ပြောပြပါသည်။
““နောက်ဆုံး ရှေ့နေလိုင်စင်အသိမ်းခံရနိုင်သည်အထိ ခြိမ်းခြောက် မှုတွေရှိခဲ့သလို နိုင်ငံတော်က ခင်ဗျားကို ငြိုငြင်လိမ့်မယ်လို့ အဲဒီခေတ်က တရားသူကြီး ဥက္ကဋ္ဌတွေက ပြောခဲ့တာပါ””လို့ ဆိုပါသည်။

ဦးနေမင်း၏ မခံချင်စိတ်နှင့် လှုပ်ရှားမှုတွေနှင့် တဖက်မှာဆောင် ရွက်နေသလို တတိုင်းတပြည်လုံးကလည်း မဆလအစိုးရ ဖိနှိပ်မှုကို မခံ ချင်ရာကနေ နေရာဒေသအတော်များများမှာ မဆလအစိုးရအပေါ် ပြစ်တင်ဝေဖန်သံတွေ ဘ၀ဂ်ညံသည့်ကာလကလည်း ဖြစ်ခဲ့ပါသည်။ တနေ့ မှာတော့ ဦးနေမင်းတယောက် ဘီဘီစီ မြန်မာပိုင်းကနေ ထုတ်လွှင့်လိုက် သည့် သတင်းတပုဒ်ကို လေလှိုင်းကနေကြားခဲ့ရပုံနှင့်ပတ်သက်ပြီး ယခုလို ပြောပြပါသည်။
ထိုသတင်းကတော့ ၈၈ ကာလတွင်း မြန်မာနိုင်ငံနှင့်ပတ်သက် သည့် သတင်းတွေကိုရယူဖို့အတွက် ဘီဘီစီသတင်းထောက် ခရစ်စတိုဖာ ဂါးနက် ရန်ကုန်မြို့ကို လာမည်ဆိုသည့်သတင်း ဖြစ်ပါသည်။ ထိုသတင်း ကို နေမင်းကြားကြားချင်းမှာပဲ မိမိဘာသာ ပြုံးမိသည်ဟု ပြောပါသည်။
““ကျွန်တော် ရယ်တာပေါ့။ အခုလို ကာလကြီးမှာ ဘယ်သူမှမပြောရဲ မဆိုရဲဖြစ်နေတဲ့အချိန်မှာ ခရစ်က သတင်းလာယူမယ်ဆိုတော့ ဒီပုဂ်္ဂိုလ် ဘာသတင်းမှ မရဘူးလို့ ကျွန်တော်က သိပြီးရယ်လိုက်တာပါ””လို့ သူက ပြောပါတယ်။

ကံကြမ္မာရဲ့ ဆန်းကြယ်မှုလား၊ ၈၈ လှိုင်းကြမ်းကိုစီးဖို့ ဦးနေမင်း ၏ဘ၀အကျိုးပေးလားတော့ မသိနိုင်ပါ။ ထိုနေ့မှာပဲ ခရစ်စတိုဖာဂါးနက် သည် ဦးနေမင်း၏ နေအိမ်ဖုန်း ၈၇၄၃၉ ကို တိုက်ရိုက်ဖုန်းခေါ်လာသည်ဟု သူက ပြောပါသည်။
““ကျွန်တော်လည်း သူနဲ့မတွေ့ရဲစရာမရှိတော့ တွေ့လိုက်ပါတယ်။ သူကလည်း အဲဒီအခြေအနေမှာ ကျွန်တော်ကလည်း ရှေ့နေတယောက် ဖြစ်နေတော့ကျောင်းသားတွေနဲ့ပတ်သက်သည့် အခြေအနေကိုလည်း သူ့ အနေနှင့် သိချင်နေပုံရပါသည်။ ဒါနဲ့ပဲ သူနှင့်ကျွန်တော် အဲဒီနေ့ နေ့လယ် ပိုင်းက လျှို့လျှို့ဝှက်ဝှက်ပဲ တွေ့လိုက်ကြပါတယ်””လို့ ဆိုပါသည်။

ထိုနေ့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့ရက်တရက်ဟုလည်း ဆိုနိုင်ပါသည်။ ရက်စွဲအားဖြင့်တော့ ၁၉၈၈ ဇူလိုင်လ ၂၃ ရက်နေ့ဖြစ် ပါသည်။ မဆလပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းက အရေးပေါ်ပါတီညီလာခံ မိန့်ခွန်းကို ထိုနေ့မှာပဲ ရန်ကုန်မြို့ တာမွေမြို့နယ်ထဲက ကျိုက်္ကဆံကွင်းမှာ ဟောပြောနေချိန် တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမလိုပါပဲ။ ဦးနေမင်းနှင့် ခရစ်စတိုဖာဂါးနက်တို့ တာမွေမြို့နယ်ထဲမှာ တွေ့ဆုံနေကြပါသည်။ မဆလ ပါတီဥက္ကဋ္ဌကြီးက ထိုနေ့မှာပဲ လူထုကို တပါတီကြိုက်သလား။ ပါတီစုံ ကြိုက်သလားမေးခွန်းကို ထုတ်ခဲ့တဲ့နေ့ရက်လည်းဖြစ်သည်ဟု ဦးနေမင်းက ပြောပါသည်။

ခရစ်နှင့် ဦးနေမင်းတို့ အဆိုပါနေ့ကတွေ့ပြီး ထပ်မံမတွေ့ဆုံဖြစ်တော့သလို ခရစ်နောက်တွင်လည်း ထောက်လှမ်းရေးများ ၀ိုင်းဝိုင်းလည်နေ သောကြောင့် ခရစ်ကိုယ်တိုင်က သူ့နှင့်တွေ့မည့်သူများအနေနှင့်အန္တရာယ်ရှိနိုင်ကြောင်း အသိပေးခဲ့သည်ဟုလည်း သူကပြောပါသည်။ အဲဒီကြားထဲကပဲ ခရစ်ကို သတင်းပေးလိုသည့် ကျောင်းသားတစုကို လျှို့ဝှက်စွာတွေ့ ဆုံခွင့်ရဖို့ သူ့အနေနှင့် စီစဉ်ပေးခဲ့သည်ဟု ဦးနေမင်းက ပြောပါသည်။ အဲဒီမှာပဲ ခရစ်နှင့် ဦးနေမင်းတို့၏ တွေ့ဆုံမှု တစခန်းရပ်ခဲ့သော်လည်း ၈၈ ကာလကတော့ မြန်မာနိုင်ငံအရေးမှာ တစခန်းမရပ်ဘဲ အမြင့်ဆုံးအခြေ အနေသို့ ရောက်လာခဲ့ပါသည်။

နေ့ရက်တိုင်းသည် တိုင်းပြည်ကို ကိုင်လှုပ်သည့်နေ့ရက်တွေချည်းပဲ ဖြစ်နေသလို လူအများ၏စိုးရိမ်မှု ရေချိန်တွေ မြင့်တက်ခဲ့ရသည့်ကာလ လည်းဖြစ်သည်ဟု ဦးနေမင်းကပြောပါသည်။ သို့သော် တဖက်မှာတော့ ဖြစ်ရပ်တွေ၏နောက်ကွယ်က သတင်းအမှန်တွေ၏ရှေ့တန်းကို ရောက် မလာသလို အမှန်တရားသည်လည်း ကွယ်ပျောက်ရင်း အာဏာသိမ်း စစ်အစိုးရ၏ ထင်ရာစိုင်းမှုကိုပဲ ခါးစည်းခံနေရသည်ဟု သူ့အနေနှင့်ခံစား ရကြောင်း ဦးနေမင်းက ပြောပါသည်။
ထိုအချိန်မှာ ဦးနေမင်းအနေနှင့် ခရစ်ကို ပြန်လည်ဆက်သွယ်ပြီး သတင်းတွေပေးဖို့ ကြိုးစားသော်လည်းပဲ မြန်မာနိုင်ငံမှာ သူနှင့်အဆက် အသွယ်လုပ်ဖို့ ထားခဲ့သူကတောင် ဦးနေမင်း၏ဆက်သွယ်မှုကို လက်မခံခဲ့ဘူးဟု ပြောပါသည်။
ဒါအပြင် ၈ လေးလုံးကာလက ဘီဘီစီသတင်းထောက်အနေနှင့် ရန်ကုန်မှာ တာဝန်ယူထားသူကို အကြိမ်ကြိမ် ဖုန်းဆက်သွယ်ဖို့ကြိုးစားခဲ့ သော်လည်း ဖုန်းကိုဘေးချထားခြင်းနှင့်သာ ကြုံတွေ့ခဲ့ရသည်ဟု ပြောပါ သည်။
ဒါပေမဲ့ တနေ့မှာတော့ ဦးနေမင်းသည် ဗြိတိသျှသံရုံး၏ အဆက် အသွယ်နှင့် သူ၏ဖုန်းနံပါတ်ကို ဘီဘီစီအပါအ၀င် ပြည်ပက သတင်းဌာန တွေ ဆက်သွယ်လာလျှင်ပေးဖို့ ထားခဲ့ရာကနေ ခရစ်ဟာ ဆိုက်ဆိုက်မြိုက် မြိုက်ပဲ သူ့ဆီကို နောက်တနေ့မှာ ဖုန်းဆက်လာသည်ဟု ဦးနေမင်းက ပြောပါသည်။

““ကျွန်တော် အဲဒီတုန်းက သူ့ကိုဖုန်းနံပါတ်တွေလည်း ပေးပါ တယ်။ ဒါပေမဲ့ သူကမယူခဲ့ဘူး။ မင်းအနေနဲ့ အန္တရာယ်ရှိနိုင်တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံက သူထွက်ခွာခဲ့ပြီး ဒါကာကို ထွက်သွားခဲ့တာပါ။ အဲဒီကနေ မြန်မာပြည် ပြန်လာဖို့ ကြိုးစားပေမဲ့ ပြည်ဝင်ခွင့်မရတော့တဲ့အတွက် မလာနိုင်တော့ ဘဲ ဟိုကနေ ဆက်သွယ်ရင်း ကျွန်တော့်နံပါတ်ကိုပြန်ရလို့ သူ့အနေနဲ့ လည်း အံ့အားသင့်မိတယ်လို့ ပြောပါတယ်””ဟု သူက ပြောပါသည်။

ထိုအချိန်ကစ၍ ပြည်တွင်းက ၈၈ သတင်းတွေဟာ ဘီဘီစီညနေပိုင်းသတင်းတွေမှာ တောက်လျှောက်ဆိုသလို ခရစ်၏သတင်းပေးပို့မှုတွေနှင့် ဆက်တိုက်ပါရှိလာသည်ဟုဆိုပါသည်။ ဤနေရာမှာ ခရစ်နှင့် ဦနေမင်း တို့အကြား အလုပ်လုပ်ပုံလေးအချို့ကိုလည်း သူက ယခုလိုပြန်ပြောပါ သေးသည်။
““ကျွန်တော်က အင်္ဂလိပ်လိုမကောင်းပါဘူး။ ဒါကြောင့် ကျွန်တော်နဲ့ ခရစ်ကြားမှာ စကားပြန်လုပ်ပေးခဲ့တဲ့ သူတယောက်လည်း ရှိပါတယ်။ သူ့ကိုတော့ မေ့လို့မရပါဘူး။ သူ့နာမည်ကတော့ ဒေါက်တာစံသာဖြူပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှာနေတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အကူအညီနဲ့ပဲ ကျွန်တော်လည်း ဒီကသတင်းတွေကို ခရစ်ဆီ ကောင်းကောင်းပြောပြနိုင် ခဲ့တာပါလို့ ဦးနေမင်းက ပြောပါသည်။ တနေ့ကို ၄ ချိန်ဖုန်းဆက်ပါဆို သည့် အချိန်းအချက်နှင့်အတူ ခရစ်နှင့် ဦးနေမင်းတို့အကြား အတော်လေး အလုပ်ဖြစ်ခဲ့ပါသည်။ ပြည်တွင်းက သတင်းအတော်များများသည်လည်း ဦးနေမင်း၏အကူအညီ၊ ခရစ်၏သတင်းတင်ပြမှုနှင့်အတူ ၈၈ အရေးတော် ပုံမှတ်တမ်းတွေသည် နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်ရောက်ပြီး မမျှတမှုတွေရှိနေသည့်အကြောင်းတွေ ရက်စက်မှုတွေရှိခဲ့တဲ့ အခြေအနေ တွေကိုဖွင့်ချနိုင်ခဲ့ပါသည်။ ဘီဘီစီသတင်းထောက်တယောက်နှင့် ဦးနေမင်း တို့ အဓိက သတင်းအပေးအယူလုပ်ခဲ့သည်ကတော့ သာမန်ကြိုးဖုန်းလေး တလုံးနှင့် ဖြစ်သည်ဟုလည်း ဦးနေမင်းကပြောပါသည်။

““ကျွန်တော်တို့ဆီမှာ အဲဒီတုန်းက အော်တိုစံနစ်ကို သုံးတယ်ဆို ပေမဲ့လည်း ပြည်ပကိုခေါ်ရင် အော်ပရေတာက ရှိနေပါတယ်။ ကိုယ်က ဘယ်လိုခေါ်တယ်ဆိုတာ တိုက်ရိုက်သိနိုင်ပါတယ်။ ပြည်ပကခေါ်မယ်ဆို ရင်တော့ အော်တိုစံနစ်နဲ့ တိုက်ရိုက်ဝင်တဲ့အတွက် ထောက်လှမ်းရေးက မသိနိုင်ပါဘူး။ ချက်ချင်းလည်း ခြေရာခံဖို့မလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော်က ခရစ်ကို တနေ့ ၄ ချိန် ဖုန်းခေါ်ခိုင်းတာပါ။ ဒီနည်းနဲ့ပဲ ကျွန်တော်တို့ ၃ လလောက် အလုပ်ဖြစ်အောင် လုပ်နိုင်ခဲ့ကြပါတယ်”” လို့ သူက ပြောပါတယ်။

အဲဒီအချိန်က ဦးနေမင်းအနေနှင့် ဘီဘီသတင်းဌာနအတွက် သတင်းတွေကို ပြည်တွင်းကနေ တိုက်ရိုက်ယူခဲ့သည်နှင့်ပတ်သက်ပြီး အခကြေးငွေယူပြီး အလုပ်လုပ်ခဲ့ခြင်းမဟုတ်သလို ဘီဘီစီ၏ တရားဝင် သတင်းထောက်တယောက်အနေနှင့်လည်း အသိအမှတ်ပြုခံပြီး အလုပ် လုပ်ခဲ့ခြင်း မဟုတ်ပါဟုလည်း သူကပြောပါသည်။

သို့သော် တဖက်မှာတော့ ဦးနေမင်းပြန်ပေးခဲ့ရသည့် အရင်းအနှီး ကတော့ ကြီးပါသည်။ စစ်အာသိမ်းအစိုးရလက်ထက် မောင်သော်က နှင့်အတူ စစ်ခုံရုံးတင်ခံခဲ့ရသလို၊ သေဒဏ်အထိ ချခံနိုင်ရသည်။ ဤ သတင်းပေးပြစ်မှုအပေါ်မှာ ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရသည်ဟုလည်း သူ အဝေးတနေရာကို ကြည့်ငေးရင်းပြောပါသည်။
နောက်ထပ်ပေးဆပ်ရသည့် အရင်းအနှီးကတော့ သူ့ထမင်းစာ လက်မှတ်ဖြစ်သည့် ရှေ့နေလိုင်စင်သည် ဒီကနေ့ထိ ပြန်မရဘဲ ရာသက်ပန် ပိတ်သိမ်းခံခဲ့ရသည်ဟုလည်း သူကပြောပါသည်။
ဒါအပြင် ထောင်ထဲမှာ နှိပ်စက်ခံခဲ့ရသည့်အဖြစ်ဆိုးတွေနှင့်အတူ ယခုအခါ ဘယ်ဘက်မျက်လုံးသည်လည်း ကောင်းကောင်းအဆင်မပြေ တော့သလို၊ ငွေကြေးမတတ်နိုင်သည့်အတွက် အစိုးရဆေးရုံတွေမှာ ကုသ ရင်းနဲ့ပဲ ယခုထိ အခြေအနေထူးမလာသေးဘူးဟုလည်း သိရပါသည်။

သို့သော် သူ့အနေနှင့် အဲဒီတုန်းက ဖြစ်ရပ်တွေနှင့်ပတ်သက်ပြီး ပြန်တွေးလိုက်လျှင် နောင်တမရသလို၊ မလုပ်သင့်သည့်အလုပ် တခုကို လုပ်ခဲ့သည်ဟုလည်း မခံစားရကြောင်း သူကပြောပါသည်။
““ကျွန်တော်က ဘာလုပ်လုပ် အဆိုးဆုံးကိုပဲတွေးပြီး လုပ်ခဲ့တာ။ နောင်တလည်း မရပါဘူး။ တခုရှိတာက ကျွန်တော်က သေဒဏ်ထိ တောင် ချခံနိုင်ရမဲ့အဖြစ်ကနေ အခုထိ အသက်ရှင်နေတာပဲ ကျေးဇူး တင်ရမှာ””လို့ သူက ပြောပါတယ်။

၈၈ အရေးတော်ပုံသည် မြန်မာ့ဒီမိုကရေစီတောင်းဆိုမှု မှတ်တမ်းမှာတော့ အထင်ကရအရေးတော်ပုံကြီးတခုဖြစ်သလို ခေတ်သစ်အာရှ သမိုင်းမှာလည်း အကြီးကျယ်ဆုံးသော ဒီမိုကရေစီအရေးအခင်းကြီးဖြစ် သည်ဟု မြန်မာနိုင်ငံရေးနှင့်ပတ်သက်သည့် စာအုပ်ပေါင်းများစွာကို ရေး သားခဲ့သည့် မစ္စတာဘတ်တေးလင့်တနာက ပြောပါသည်။

သို့သော် မဆလအစိုးရ အကြွင်းအကျန်တွေနှင့် စစ်အာသိမ်း စစ် အုပ်စုကတော့ ဤဖြစ်ရပ်သည် လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်လိုလို၊ ပြည် ဖျက်သည့်ပြဿနာလိုလိုနှင့် ဒီကနေ့ထိ ရှုမြင်ထားဆဲဟု ပြောဆိုနေကြဆဲ ဖြစ်ပါသည်။ ဤအချက်ကိုတော့ ဦးနေမင်းက ခါးခါးသီးသီး ပယ်ချခဲ့ပါ သည်။
““၈၈ မှာ အမှန်တကယ် အပြစ်ကျူးလွန်ခဲ့သူတွေကတော့ ဒီနေ့ ထိ လွတ်မြောက်နေဆဲဖြစ်ပြီးတော့ ကျွန်တော်တို့လို တိုင်းပြည်အတွက် လုပ်ခဲ့တဲ့ သူတွေကျတော့ အပြစ်ရှိတဲ့သူတွေအဖြစ် မြင်နေကြတာကို တော့ စိတ်မကောင်းဖြစ်ပါတယ်””ဟု သူက တိုးညင်းစွာပြောဆိုလိုက် ပါသည်။

အောင်ရဲမောင်မောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲကို ရန်ကုန် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ သြဂုတ်လ (၃) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။


ဒီမိုကရက်တစ် ဖက်ဒ ရယ်ပြည်ထောင်စုပေါ် ထွန်းဖို့ အတွက် ပြည်သူ တရပ်လုံး နိုးကြားစေဖို့နဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပြီး ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင် စုဖြစ်ချင်တဲ့ အင်အားစုတွေ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို လိုအပ်တယ်လို့ ၈ လေးလုံး ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သုံးသပ်ပြောဆိုပါတယ်။

၈၈၈၈ လူထုအရေးတော်ပုံ ၂၆ နှစ်ပြည့်အခါသမယမှာ ဒီဗွီဘီနဲ့ သီးသန့်အင်အားဗျူးမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဦးပေါ်ဦးထွန်း (ခေါ်) မင်းကိုနိုင်ဟာ လက်ရှိကာလမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း နိုင်မြန်မာရေးစပ်ခဲ့သော “ကမ္ဘာမကြေဘူး”သီချင်းကို အခမ်းအနားတက်ရောက်လာသူများမှ စုပေါင်းသီဆိုခဲ့ကြပါတယ်။

(ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတေး တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော သြော်သူရဲကောင်းတို့ရေ အာဇာနည်တွေနေတဲ့တိုင်းပြည်)၂
ရဲရဲတောက်တို့ဗမာပြည်
(ကိုယ်တော်မှိုင်း ရာဇဝင်တွေလဲရိုင်းခဲ့ရပြီအဖိုးရေ သခင်အောင်ဆန်း နိုင်ငံတော်လဲ သွေးစွန်းခဲ့ပြီ အဖရေ
သြော် လုပ်ရပ်ကြပေ ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ )၂
အတုံးအရုံးလဲ၍ လဲပြိုကာနေ …
၂၆နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားတွင် မင်းကိုနိုင် နှင့် ကိုရဲလွင် တို့မှ "နောက်ဆုံးအိမ်မက်" သီချင်းဖြင့် ဖျော်ဖြေခဲ့ပါတယ်

မင်းကိုနိုင်၏ ကဗျာအား အခြေခံရေးဖွဲ့ထားသော "သွေးမုန်တိုင်း" သီချင်းကို သားထွေးမှ သီဆိုဖျော်ဖြေခဲ့ပါတယ် ။

သွေးမုန်တိုင်း

လမ်းမထက်ကျတဲ့သွေးတွေ ခမ်းခြောက်ကာသွားပြီမထင်နဲ့လေ ချောင်းထဲမှ မြစ်သို့စီးဝင်သွေးမြစ်တွေရဲရဲနီသတဲ့လေ
(မြစ်တွေထဲမှ ပင်လယ်ဆီ သမုဒ္ဒရာတွေရဲရဲနီ)၂
နေပူရှိန်မှာ အငွေ့တွေပျံလို့ သွေးမိုးတိမ်တွေဖွဲ့ ကောင်းကင်နီရဲ သွေးမုန်တိုင်း တိုက်ခိုက်လေပြီ (ဟောင်းနွမ်းတဲ့အဆောက်အအုံ ဖြိုဖျက်ပစ်ဖို့ ဖောက်ပြန်တဲ့လူတန်းစားတွေ တိုက်စားပစ်ဖို့)၂
သွေးမုန်တိုင်းတိုက်ခတ်လေပြီ ဟေး … မုန်တိုင်းကိုဂုဏ်ပြုကြ ဟေး … မုန်းတိုင်းမှာပျော်ပါးကြ ကမ္ဘာသစ်ကိုဖန်တီးမှာ အင်အားတွေဖြည့်ဆည်းပါ မုန်တိုင်းဆဲရင်တော့ ပန်းချီကားတစ်ချပ်ပမာပေါ့ ကမ္ဘာသစ်ဆောက်တည်ကာ ပျော်ပါးကြမှာပဲ....
Credit : ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက် အကောင်အထည်ဖော်ဆောင်ရေးကော်မတီ,RFA,
သြဂုတ်လ (၈)ရက်နေ့  ညနေ (၅)နာရီကျော်က ရန်ကုန်မြို့  မြို့ တော်ခန်းမရှေ့  တွင် ၈၈၈၈ အရေးတော်ပုံကာလ အပြစ်မဲ့  ရဟန်းရှင် ကျောင်းသားပြည်သူများကို စစ်တပ်မှ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့်  ကျဆုံးသွားနေရာတွင် (ABFDS) ဥက္ကဌဟောင်းဖြစ်ခဲ့ သူ ဦးထွန်းအောင်ကျော်က ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် လာရောက်
credit >>> Mg Ygn

ရန်ကုန်မြို့တော်ခန်းမရှေ့၈၈၈၈
၂၆နှစ်ပြည့်လွမ်းသူပန်းခွေချအခန်းအနားမြင်ကွင်း
Creadit by DVB


စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့အတွက် ၁၉၈၈ ကာလ ကစပြီး အင်အားစု အားလုံး တိုက်ပွဲဝင် ခဲ့ကြပေမဲ့ မြန်မာနိုင်ငံဟာဒီနေ့ ဒီအချိန်ထိ ပြည့်ဝတဲ့  ဒီမိုကရေစီ မရသေးဘူး လို့ ၈၈ ကာလ ကို ဖြတ်သန်းခဲ့ဖူးသူတွေက ၈ေ လးလုံး ၂၆ နှစ်ပြည့်တဲ့ ဒီနေ့မှာ ပြောဆိုလိုက်ကြတာပါ။  ၈၈ နဲ့ ပတ်သက်တဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေကိုလည်း ရန်ကုန်မှာ ကျင်းပခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်ကပြောပြမှာပါ။

၁၉၈၈ လူထုအုံကြွမှု ဒီမိုကရေစီ အရေးတော်ပုံ ကာလကနေ ပြန်ပြီးရေတွက်မယ် ဆိုရင် ဒီနေ့ဟာ ၂၆ နှစ်တင်းတင်းပြည့်တဲ့ ကာလဖြစ်ပါတယ်။  ၈ လေးလုံး အရေးတော်ပုံ ကာလမှာ ပါဝင်ခဲ့သူတွေ နဲ့ ဒီမိုကရေစီ တိုက်ပွဲ အတွင်း ကျဆုံးသွားခဲ့သူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားတွေကို ဒီကနေ့ တနေကုန်နီးပါး ရန်ကုန်မှာ ကျင်းပခဲ့တာကိုလည်းတွေ့ရပါတယ်။
၈လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား။ (သြဂုတ် ၈၊ ၂၀၁၄)
၈လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား။ (သြဂုတ် ၈၊ ၂၀၁၄)
 

တစ်ပါတီ အာဏာရှင် စနစ်ကို ဆန့်ကျင်ရာကနေ လူထု အရေးတော်ပုံကြီး တစ်ရပ် အဖြစ် အသွင်ပြောင်းလာပြီး ၈လေးလုံးမှာ မြန်မာနိုင်ငံရေးသမိုင်းမှာ မှတ်တမ်းဝင် ခဲ့ပေမဲ့ ဒီမိုကရေစီ ရဖို့ တိုက်ပွဲဟာ ဒီကနေ့ထိ အဆုံးမသတ်သေးဘူးလို့ ၈ လေလုံး ကာလမှာ ဖြတ်သန်းခဲ့တဲ့ မြန်မာနိုင်ငံရေး အင်အားစုတွေက တညီတညွတ်တည်း ပြောပါတယ်။

၈ လေးလုံးရဲ့ အားကို ယူပြီးတော့ နိုင်ငံပြန်တည်ဆောက်ရေး နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက်  ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတွေကို အဓိက လုပ်ဆောင်ဖို့ အခုကာလမှာ အရေးကြီးတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေက ရှုမြင်သုံးသပ်တဲ့ အကြောင်း ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်း က ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဂျင်မီ က ဗွီအိုအေ ကိုပြောပါတယ်။

"ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ ၂၆နှစ် ပြည့်ခဲ့ပြီပေါ့ဗျာ။ အဲ့ဒီတော့ ၂၆နှစ်ပြည့်ခဲ့ပြီ ဆိုတဲ့အချိန် ကျနော်တို့ ပြန်ကြည့်လိုက်တော့ ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ ရောက်ပြီလား အောင်ပြီလား လို့ မေးတဲ့အချိန်မှာ ကျနော်တို့ မရောက်သေးပါဘူး မပြည့်မီသေးပါဘူး။ လိုအပ်ချက်တွေ အများကြီးရှိနေတုန်း ဆိုတာကို ကျနော်တို့ သုံးသပ်မိပါတယ်။ အဲ့ဒီတော့ ကျနော်တို့ဟာ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင်လို့ ကျနော်တို့ ဒိထက်ပိုပြီး အားထုတ်ရမယ်ဆိုတာကိုလည်း ကျနော်တို့သိပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ ရှစ်လေးလုံးစိတ်ဓါတ် နဲ့ပဲ ကျနော်တို့ ဒီမိုကရေစီ နဲ့ လူသားတန်ဖိုး လွတ်လပ်မှုကို အောင်မြင်တဲ့အထိ ကြိုးစားသွားဖို့အတွက် ကျနော်တို့ ပိုင်းဖြတ်ထားပါတယ်။"

၈ လေးလုံးနဲ့ အတူ ပေါက်ဖွားခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ကလည်း လက်ရှိ အချိန်မှာ အင်အားစု အားလုံး ညီညွတ်ရေးကနေ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ရပ် အမြန်ရရှိရေးကို လိုလားတယ်လို့ ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီ က ပြောပါတယ်။

"ဒီကနေ့က ကျနော်တို့ ဘာကိုပြောနေတာလဲ ဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စပါ။  ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ အတူပဲ ကျနော်တို့အထဲက ညီညွတ်ရေးကို ပြောနေပါတယ်။ ညီညွတ်ရေးနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်ပြီးတော့မှ ဒီနေ့ နိုင်ငံရေးပြဿ    နာတွေ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ့် နိုင်ငံရေးစားပွဲခုံကို ရောက်ဖို့ကို ကျနော်တို့ တွန်းတင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။  ဒီကာလရဲ့  ကျနော်တို့ရဲ့ ညီညွတ်ရေးကို ကျနော်တို့တည်ဆောက်တယ်။ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ တဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို သွားနိုင်ပြီးတော့မှ ဒီနေ့ ဒီမိုကရေစီရေး တိုင်းရင်းသားတွေရဲ့  တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌန်းခွင့်ကို ရရှိစေမယ့် အာမခံချက်ကို ရှိစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် ပေါ်ပေါက်ရေးဆိုတဲ့ လမ်းကြောင်းပေါ် ကို တက်လှမ်းဖို့ အတွက် ကျနော်တို့ ဆက်လျှောက်နေတာဖြစ်ပါတယ်။"

၁၉၈၈ အရေးတော်ပုံ ကာလမှာပဲ သန္ဓေတည် ခဲ့တဲ့ မြန်မာအတိုက်အခံ  ပါတီ ကြီး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရှိသူလည်း ဖြစ်၊ ဗဟို အလုပ်အမှုဆောင် တစ်ဦး လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ ၈၈ ကာလ ကို သင်ခန်းစာ ယူပြီး ဒီနေ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အင်အားစု အားလုံးက ရှေးရှု့ဖို့ လိုမယ်လို့ သူကပြောပါတယ်။

"ရှစ်ဆယ့်ရှစ် ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဘယ်တော့မှ မပျောက်ပျက်တဲ့ သမိုင်းမှတ်တိုင်တစ်ခုပဲ။ ဒီကနေစပြီး ပြုပြင်ပြောင်းလဲမှု အစစအရာရာပေါ့ စစ်အစိုးရ ကျဆုံးတာ အဓိကမှတ်တိုင်တစ်ခုပဲလို့ အဲလိုပြောရင်ရပါတယ်။ ကျနော်တို့ အဆင့်တစ်ဆင့် ကိုတော့ ကျော်လာပြီပေါ့။ အပြောင်းအလဲလုပ်ဖို့လိုပြီ ဆိုတဲ့ အဆင့်ကိုတော့ ကျော်သွားပြီ။ အပြောင်းအလဲ ဘယ်လောက်ဖြစ်မလဲဆိုတာ တ ကဏ္ဍပါ။ ဒါဟာ အားလုံးနဲ့လည်းဆိုင်ပါတယ်။ အားလုံးလည်းကြိုးစားကြရမှာ"

၈၈ အရေးတော်ပုံ ကာလ ဟာ ၂၆ နှစ် ကြာခဲ့ပြီ ဖြစ်ပေမဲ့ အဲဒီအချိန် အဲဒီ ကာလ မှာတုန်းက  ဖြစ်ခဲ့တဲ့ အဖြစ်တွေကို စစ်အစိုးရ အုပ်ချုပ်ချိန် ကာလမှာတုန်းကရော၊ လက်ရှိ အစိုးရ လက်ထက်ထိ အစိုးရ ဘက်ကတော့ ဆူပူသောင်းကျန်းမှု ဖြစ်စဉ် တစ်ရပ်လို့ အဓိပ္ပါယ် ဖွင့်ဆဲ ဖြစ်တာကို ဒီနေ့အချိန်ထိ ဝမ်းနည်းဖွယ်တွေ့မြင်နေ ရဆဲ ဖြစ်တယ်လို့ ၈၈ ကာလ က ဘီဘီစီ သတင်းထောက် ခရစ်စတိုဖာ ဂါးနက် ကို ပြည်တွင်းက ၈ လေးလုံး သတင်းတွေကို တိုက်ရိုက်ပေးပို့ပေးခဲ့တဲ့ ဦးနေမင်း က အခုလို ပြောပါတယ်။

"ဒီကိစ္စဟာ ဘယ်သူဘယ်ဝါ ကျူးလွန်တယ်ဆိုတာ အတိအကျလည်း မဖော်ထုတ်ဘူး။ တစ်ဖက် ကလည်း ကျနော်တို့ကို ကျနော်ကို ဆိုလို့ရှိရင်ဗျာ ပြည်ပ ဓားရိုးကမ်းသူ ဆိုပြီး အပုတ်ချ ဝါဒဖြန့်တာတွေခံရတယ်။ ကျနော်တို့ အဖြစ်မှန်တွေကို ရှင်းခွင့်လည်းမရဘူး။ တကယ့်ရှစ်ဆယ့်ရှစ်ရဲ့ အတွင်းရေးဇာတ်လမ်းတွေရဲ့  အကျိုးဆက်တွေရဲ့  ကြောက်စရာ အကျိုးဆက်တွေကိုပြပြီး ကျနော်တို့အပေါ် ပုံချတာကိုပဲ ခံရတယ်။"

ဒီကနေ့ ရှစ်ဆယ့်ရှစ်ရဲ့ ၂၆ နှစ်ပြည့် အခမ်းအနားတွေကို တော့ ရန်ကုန် မြို့ ဆူလေဘုရားရှေ့မှာ အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ် ပြုလုပ်ပြီး ပန်းခွေ ချ အခမ်းအနားတွေ ကျင်းပခဲ့ပါတယ်။  ၈၈ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလှုမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေ အပါအ၀င် ပြည်တွင်း က နိုင်ငံရေး အင်အားစုတွေ စုစည်းပြီးတော့  ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မှာ ရှိတဲ့ ဓမ္မပီယ ကျောင်းတိုက်မှာ ၈ လေးလုံးနှစ်ပတ်လည် အခမ်းအနား ကို မနက်ပိုင်း က စပြီး ညနေ ၄ နာရီ ထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကလည်း ဒီကနေ့မှာ ၈ လေးလုံး နဲ့ ပတ်သက်တဲ့ သူရဲ့ ထုတ်ပြန်ချက်ထဲမှာ ၈ လေးလုံးကာလ က ဖြစ်စဉ်တွေကို သင်ခန်းစာ ယူပြီးတော့ အနာဂတ်မှာ ဒီမိုကရေစီ အခွင့်အရေး နဲ့ လူ့ အခွင့်အရေးတွေ ပိုမိုရရှိရေးအတွက် ဦးစားပေးကြဖို့ လိုကြောင်းလည်း  ပြောဆိုခဲ့ပါတယ်။
VOA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.