08/12/14

အာဆီယံဒေသတွင်း အစည်းအဝေးတွေ တက်ရောက်ဖို့ မြန်မာနိုင်ငံရောက်လာခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ နေထိုင်စဉ် အမေရိကန်အစိုးရက ပစ်မှတ်ထား ဒဏ်ခတ်အရေးယူထားသူတစ်ဦး ပိုင်ဆိုင်တဲ့ဟိုတယ်မှာ တည်းခိုခဲ့တာကြောင့် ရန်ကုန်မှာတော့ လူပြောများတဲ့ သတင်းတပုဒ်ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး တည်းခိုဖို့ စီစဉ်ဆောင်ရွက်ပေးသူဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ တုံ့ပြန်ခဲ့ပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ အစည်းအဝေးတက်ရောက်စဉ်အတွင်း Lake Garden ဟိုတယ်မှာ တည်းခိုခဲ့သလို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကိုလည်း အဲဒီ ဟိုတယ်မှာပဲ ပြုလုပ်ခဲ့တာပါ။ ဒီ ဟိုတယ်ကို ဦးဇော်ဇော်ပိုင်တဲ့ Max Myanmar ကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်တယ်ဆိုတာကို Max Myanmar တာဝန်ရှိသူတွေကို ကိုးကားပြီး ရန်ကုန်အခြေစိုက် Myanmar Times သတင်းမှာ ရေး သားဖော်ပြလိုက်တာကြောင့် ရန်ကုန်မှာ လူပြောများတဲ့ သတင်း တပုဒ် ဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာဖုန်းဝင်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ၂၀၀၈ ခုနှစ် JADE လို့ လူသိကြတဲ့ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှု ဥပဒေအရ ပြစ်ဒဏ်ခတ် ခံစာရင်းထဲမှာ ဦးဇော်ဇော်ကိုရော သူ့ရဲ့ Max Myanmar ကုမ္ပဏီကိုပါ ၂၀၀၉ခုနှစ်မှာ စတင် ထည့်သွင်းထားတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အဲဒီ စာရင်းကို ထပ်မံဖြည့်စွက်တော့လည်း ဦးဇော်ဇော်ရဲ့နာမည်က ပါနေတုန်းပါ။

“Foreign Ministers meeting ပေါ့။ အဲဒါနဲ့တွဲလုပ်တဲ့ ARF ပေါ့လေ၊ Asean Region Forum ပေါ့၊ လာတဲ့အချိန်မှာ သူတို့က တည်းတဲ့ဟော်တယ်လ်က အမေရိကန်အစိုးရက Sanction လုပ်ထားတဲ့သူရဲ့ ဟော်တယ်လ် ဖြစ်နေတယ်လေ။ အဲဒီဟာက ဟိုးလေးတကြော် ဖြစ်သွားတာပေါ့။ ပထမတော့ လူတွေက မယုံဘူးပေါ့၊ နောက်တော့မှ မီဒီယာတွေကလည်း သေသေချာချာ ထည့်ရေးလိုက်တဲ့အချိန်ကျတော့မှပဲ လူတွေက တအံ့တသြ ဖြစ်ရတာပေါ့လေ။”

ဦးဇော်ဇော်အပါအ၀င် အရင်စစ်အစိုးရနဲ့ နီးစပ်ပတ်သက်မှုရှိတဲ့ ခရိုနီစီးပွားရေးသမားတွေကို အမေရိကန်ပြည်ထောင်စုရဲ့ ပစ်မှတ်ထားအရေးယူမှု စာရင်းထဲမှာ ထည့်ထားပြီး ဒီ လူတွေနဲ့ စီးပွားရေးပတ်သက်တာ ငွေကြေးအလွှဲအပြောင်းလုပ်တာတွေအပေါ် အမေရိကန်ပြည်ထောင်စုက တားမြစ် ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို စုံစမ်းမေးမြန်းရာမှာတော့ ဒီခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး တည်းခိုနေရာချထားဖို့ ကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဖက်က စီစဉ်ဆောင်ရွက်တာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် IEEPA ခေါ်တဲ့ International Emergency Economic Power Act အရဆိုရင် ထူးခြားတဲ့အခြေအနေတရပ်အောက်မှာ အမေရိကန်တာဝန်ရှိသူတွေ အထူးသဖြင့် ခရီးသွားလာရတဲ့အခါမှာ ဒီတားမြစ်ကန့်သတ်ချက်အပေါ် ယာယီ ဖြေလျှော့ခွင့်ပေးတဲ့ အချက်ရှိတယ်လို့လည်း နိုင်ငံခြားရေးဌာန အရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါပေမယ့်လို့ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံမရောက်ခင်မှာ သူ တည်းခိုမယ့်ဟိုတယ်ဟာ ဦးဇော်ဇော်ပိုင် ဟိုတယ်ဆိုတာ ကြိုသိထားသလား၊ ဒါမှမဟုတ် အဲဒီအတွက် ယာယီဖြေလျှော့ခွင့်ယူထားလားဆိုတာတွေကိုတော့ အသေအချာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။.                                                    VOA

"ကိုယ့်ကိုယ်ကိုယ်ဖျက်သံချေးတက်"

ဆိုတဲ့စကားက
တကယ်မှန်တယ်..

ဥပမာ..စစ်အာဏာရှင်ကိုပဲကြည့်..

အာဏာစသိမ်းကတည်းက
တိုင်းပြည်အတွက် လုပ်ပေးမယ်ကိုင်ပေးမယ်..
အခြေခံဥပဒေကို ဆွဲလို့ ကြာနေပါတယ်...လို့
ဆောင်ပုဒ်တွေ ကြွေးကျော်သံတွေ ..
နားမဆန့်အောင်အော်လို့
မဟားဒယား လျှောက်ပြောပြီး..

အချိန်တွေဆွဲ..
သယံဇာတတွေကိုရောင်း..
တိုင်းပြည်ဘဏ္ဍာတွေကိုခိုး...

အဲဒီလိုနည်းတွေနဲ့အချိန်တွေကုန်..
ပြည်သူတွေဆင်းရဲ..
တိုင်းပြည်ရဲ့ အဆင့်တွေဇောက်ထိုးကျဆင်း..

အဲဒါနဲ့ပဲ စုတ်ပြတ်သတ်တာကိုသိလာပြီး..
မထွေးနိုင်မအန်နိုင်ဖြစ်လာတဲ့အခါကျမှ..

အာဏာရှင်ကနေမှ ..
အရောင်ပြောင်းသွားတဲ့
အရေခွံလဲ အစိုးရဆိုတာကို...
စင်ပေါ်တင်လိုက်တယ်..

------------------

စင်ပေါ်တက်လာတဲ့သူကလဲ...အဲလိုပဲ...
၃ နှစ်ကျော်ပြီ...ဘာမှမထူး..

ဘာမှလဲမလုပ်တတ်..

ဒီမိုကရေစီရဲ့..အစလေးကိုစလှမ်းတာနဲ့တင်..
တစ်ချီပြီးတစ်ချီ ကွဲနေတာတွေဖြစ်ကြ...

နှစ်ပေါင်းမျာစွာအရိုးစွဲနေတဲ့...
စိတ်ဓာတ်နဲ့ ခံယူချက်လဲမပြင်နိုင်ကြ..

ခိုး ၀ှက်တဲ့..
လာဘ်လာဘမျှော်ကိုးတဲ့
ဗီဇစရိုက်ကိုလဲ မဖုံးဖိနိုင်ကြ...

အချိန်ဆွဲတတ်တဲ့ အကျင်းဆိုးကိုလဲ ...
မပယ်သတ်နိုင်ကြလေတော့...

နိုင်ငံတကာက အမှန်တကယ် အပီအပြင်..
လက်တွဲခေါ်လာမဲ့ အခွင့်အရေးတွေ..ကြောက်ခမန်းလိလိ ရှိနေတာတောင်မှ...

တိုင်းပြည်တိုးတက်အောင်မလုပ်နိုင်တဲ့အပြင်..
ဘာသာရေး အရေးအခင်းတွေကြောင့်...
မရှိမဲ့စုမဲ့ တိုင်းပြည်..သိက္ခာထပ်ကျ ပြီး...

အာဏာမက်မောတဲ့..ဇာတိရုပ်အမှန်တွေ
ဘွားဘွားကြီး ပေါ်ပေါက်လာပြီး...
ဇက်ကြိုးကိုင်ထားတဲ့သူတွေကိုပါ..
ကမ္ဘာက မြင်တွေ့ကုန်ကြရော..

ဘာမှလဲ မတိုးတက်လာဘူးလေ..

နိုင်ငံတကာနဲ့တွေ့တိုင်း..
နောက်ကြောင်းပြန်မလှည့်ပါဘူး..ဆိုတဲ့
စကားကလွဲရင်...
ဘာမှ ပြစရာမရှိ.

တိုးတက်မှုတွေကလဲ ပြစရာနတ္တိ..

ဒါကိုလဲ သင်ခန်းစာမယူတတ်သေးဘူးလေ..

တကယ်တော့..သူတို့ဟာ..
တိုင်းပြည်ကိုလဲဖျက်သလို..
သူတို့ကိုယ်သူတို့လဲ...
ပြန်ဖျက်ခဲ့ကြတယ်ဆိုတာကို..

သူတို့သတိမထားမိတာပါပဲ..

-----------------

အဲဒါဘာလို့လဲဆိုတော့..

အာဏာရှင်လက်ထက်မှာ...
အာဏာနဲ့ စည်းစိမ်ကို သာယာပြီး..
ကိုယ့်ကိုယ်ကို ပြန်ဖျက်ထားခဲ့တဲ့အတွက်ကြောင့်
တက်နေတဲ့ သံချေးတွေကို...
မခွာနိုင်တဲ့အပြင်...

သံချေးက အရှိန်ကောင်းကောင်းနဲ့
ထပ်ပြီးတက်နေတုန်းမို့လို့ပဲဖြစ်ပါတယ်...။

ဘယ်သူ့မှဖျက်လို့ပျက်တာမဟုတ်ဘူး..
ကိုယ့်ကိုယ်ကို ဖျက်ခဲ့လို့သာဖြစ်တယ်..

အခုထက်ထိလဲ...

ကျီးကြည့်ကြောင်ကြည့်..
ပေကလတ်..ပေကလတ်နဲ့..

မပြတ်မသား...တွေဝေတဲ့..အနေအထားတွေကို..

ပေကြောင်ကြောင် မျက်နှာပေးတွေနဲ့..
တွေ့မြင်နေကြရတုန်းပါပဲ...

သူတို့ကို..
တိုင်းပြည်အတွက်...
စကားတစ်ခွန်းပဲပြောလိုပါတယ်..

"တော်ကြပါတော့ဗျာ..
တော်ကြပါတော့..."

( Pa Yit))



ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့ ဖူးသည့် ပဲခူးဆောင်အား ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ရန်ကုန် တက္ကသိုလ် ပြု ပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အဖွဲ့က ပထမဦးစားပေး စတင် လုပ် ဆောင်မှုအနေဖြင့် အကြီးစားပြင် ဆင်မှုများ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်း အကောင် အထည်ဖော်နိုင် ရန် အောက်တိုဘာ၊ နိုဝင်ဘာလအ တွင်း ရက်သတ်မှတ် ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် တ က္ကသိုလ်ကျောင်းသားဘ၀တွင် ပဲခူး ဆောင်၌ နေထိုင်ခဲ့ဖူးသည်။ ထိုစဉ်က တက္ကသိုလ်ကျောင်းသား သခင်အောင်ဆန်း တစ်ဖြစ်လဲ ဗိုလ်ချုပ် သည် ၁၉၃၆-၃၇ ခုနှစ်တွင် ပဲခူးဆောင် အခန်းအမှတ် ၁၁၃ တွင် နေထိုင်ခဲ့သည်။

နေထိုင်ခဲ့စဉ်ကာလ အတွင်း အဆောင်သဟာယနှင့် စာ ဖတ်အသင်းတွင် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ကာ နိုင်ငံရေးစာပေနှင့် စာတမ်းများ ရေးသားခဲ့ပြီး တစ်ဖက်ကလည်း အိုးဝေ မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကြီး ပြန် လည်ပြင်ဆင်ခြင်းကို ရန်ကုန်တက္က သိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင်မြှင့် တင်ရေးအဖွဲ့တစ်ခုတည်းတင်မက ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာ သင်ကြားခဲ့ကြသော ကျောင်း သား/သူဟောင်းများထံမှ အကြံဉာဏ် များလည်း ရယူသွားရန် ရှိပြီး ပထမ ဦးစားပေး စတင်လုပ်ဆောင်မှုဖြစ် သော ပဲခူးဆောင်အကြီးစား ပြင်ဆင် မှု ရန်ပုံငွေရှာဖွေလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ဆွေးနွေးနေလျက် ရှိ ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇေယျာသော်က သြ ဂုတ် ၆ ရက်တွင် ပြောသည်။

“အခုလောလောဆယ်ကတော့ ပထမဦးဆုံး စနိုင်တဲ့နေရာ၊ အ ဆောက်အအုံရဲ့ ကြံ့ခိုင်မှု၊ တည်ရှိတဲ့ ပုံစံတွေကို တိုင်းတာပြီးသွားတဲ့အခါ မှာ စစ်ဆေးထားတဲ့ ရလဒ်တွေအရ ပဲခူးဆောင်က စလုပ်ရင် အဆင်ပြေ ဆုံးဖြစ်မယ်ဆိုတဲ့ အတွက်ကြောင့် စပြီး လုပ်ဖြစ်တာပါ။ တခြားဟာတွေလည်း တစ်ဆင့်ပြီးတစ်ဆင့် လာမှာပါ။ ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့် တင်တယ် ဆိုတဲ့နေရာမှာ တချို့တွေ က ပြောသလို ဒီတက္ကသိုလ်တစ်ခု တည်းကို အဆင့်မြှင့် တင်လိုက်တာ တစ်ခုတည်းနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်က ပြောင်းလဲသွားနိုင်မှာလား။ ဥပမာ ရန်ကုန်ဆေးရုံကြီးဆိုလည်း အဲလိုမျိုးပြောကြပါတယ်။ ကျွန်တော်တို့က လုပ်နိုင်တဲ့ဟာတစ်ခုက စတင် တာပါ။ ရန်ကုန်တက္ကသိုလ်ကို အ ဆင့်မြှင့်တင်မွမ်းမံတာက ရှေ့ပြေးစီမံကိန်းလိုမျိုး လည်း ပြောလို့ရပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပြောင်းလဲသွား မယ့် ပုံစံတွေအပေါ် မူတည်ပြီး တ ခြားတက္ကသိုလ်တွေလည်း နောက်ပိုင်း ဆက်လက်ပြောင်းလဲသွားနိုင် ပါတယ်။ ရှေ့ပြေး စီမံကိန်းတစ်ခုအနေနဲ့ ရန် ကုန်တက္ကသိုလ်ကို စတင်ပြီး ပြုပြင် မွမ်းမံဖို့ ကြိုးစားကြည့်တယ်ဆိုတဲ့ သဘောပါ”ဟု ၎င်းင်းကပြောသည်။

ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး အဖွဲ့နှင့် အဆင့် မြှင့်ပညာရေး ဥပဒေ ရေးဆွဲရေးအဖွဲ့ တို့၏ လုပ်ငန်းညှိနှိုင်းရေး အစည်း အဝေးကို သြဂုတ် ၅ ရက်တွင် ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲ၌ ပြုလုပ်ခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဒေါက်တာမြင့် ကြည်၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊ ဥပဒေ ပညာဌာန ပါမောက္ခဒေါက်တာမြင့် သူမြိုင်၊ နိုင်ငံတကာဆက်ဆံရေး ပညာဌာန ပါမောက္ခဒေါက်တာချော ချောစိန်၊ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အသင်း ဥက္ကဋ္ဌဒေါက်တာ သိမ်းမြင့်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာတင်လှိုင်၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း)ဦးကျော်မြင့်ဦး၊ ရန်ကုန်တက္ကသိုလ်(စီမံ-ဘဏ္ဍာ) ဌာ နမှူး ဒေါ်ဆွေဆွေအောင်တို့ တက် ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဇော်မင်းထွန်း
အတွဲ ၂ အမှတ်စဉ် ၂၅၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ကို တွေ့ရစဉ်
Photo:news2night.com

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘ၀ရှေ့ရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကိစ္စတွေမှာ အမေရိကန်အစိုးရက အကူအညီပေးသွားမယ်လို့ အမေရိကန်အစိုးရ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့အမေရိကန်သံရုံးမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် Mr Malinowski က ပြောကြားခဲ့တာလို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပေါ့ဗျာ၊ ၄င်းတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ် မှုတွေပေါ့၊ အကျဉ်းချမှုတွေပေါ့၊ သူတို့ရဲ့ကလေးတွေအနေနဲ့သာ ဆက်လက်ပြီးတော့ ပညာသင်ဖို့ အတွက်မှာ မူလတန်းမှသည် တက္ကသိုလ်ကညာသင်ကြားရေးအထိပေါ့နော်၊ ပြောတဲ့အခါကျတော့ ပညာရေးတင်မဟုတ်ဘူး၊ ကျန်းမာရေးရော၊ သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ယခင်အခတ်အခဲ အကြပ်အတည်းတွေပါ၊ သူတို့သိခွင့်ရတဲ့အကြောင်းမို့လို့ အဲ့အပေါ်မှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ ပညာရေးနဲ့ ပတ်သက်လို့ အခတ်အခဲရှိနေတာတွေ သူတို့အပြင်ပေါ့ဗျာ၊ သူတို့ပါတနာ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်တဲ့ ကူညီပေးပါမယ်ဆိုပြီးတော့ သူတို့ဘက်က ပြောသွားတယ်"

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အတူ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski လည်းတက်ရောက်ခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ အမေရိကန်နိုင်ငံ ခြားရေး ၀န်ကြီး John Kerry က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
RFA


လူနှစ်ဦးသေဆုံးတဲ့အထိ ဆူပူအကြမ်းဖက်တာတွေဖြစ်ခဲ့တာကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့ မန္တလေးမြို့မှာ ဒီကနေ့ ညနေ ၆ နာရီကစတင်ပြီး တားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ တလကျော်ကြာမြင့်ခဲ့တဲ့ ညမထွက်ရ ကန့်သတ်အမိန့်ကို သတ်မှတ်ချိန် အဆင့်ဆင့် လျှော့ပေးခဲ့ရာက ဒီကနေ့ အပြီးတိုင်ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဖေ့စ်ဘုတ်တွေမှာ ပျံ့နှံခဲ့တဲ့ သတင်းပေါ်အခြေခံပြီး ဇူလိုင်လ ၁ ရက်နဲ့ ၂ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကြောင့် မန္တလေးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို မြို့နယ် ၆ မြို့နယ်မှာ ထုတ်ပြန်ခဲ့သလို ဇူလိုင်လ ၄ ရက်နေ့မှာတော့ နောက်ထပ် တမြို့နယ် ထပ်မံထည့်သွင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြို့နယ် ၇ မြို့နယ်လုံးမှာ ဒီတားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့၊ ဒုရဲမှူးကြီး ဇော်မင်းဦးက အခုလိုပြောပါတယ်။
ဒုရဲမှူးကြီး ဇော်မင်းဦး (မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့)ဒုရဲမှူးကြီး ဇော်မင်းဦး (မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့)

“ဒီနေ့ ၁၁ ရက်နေ့၊ ညနေ ၆ နာရီကစပြီးတော့ အရင်ထုတ်ပြန်ထားတဲ့ ည ဆယ်နာရီကနေ မနက် သုံးနာရီအထိ ညမထွက်ရ-ဆိုတာကို ရုပ်သိမ်းလိုက်တာပေါ့၊ ၇ မြို့နယ်လုံးခင်ဗျ။ တည်တည်ငြိမ်ငြိမ်ဖြစ်လို့ပဲ ကျနော်တို့ ပြန်ရုပ်သိမ်းပေးတာပါ။”

ဒီအမိန့်ကို မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးက လက်မှတ် ရေးထိုး ထုတ်ပြန်တာ ဖြစ်ပြီး မြို့နယ် ၇ မြို့နယ်ကတော့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ ပုသိမ်ကြီးမြို့နယ်တွေ ဖြစ်ပါတယ်။

မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမျိုးနိုင်က မန္တလေးမြို့အခြေအနေဟာ အရင်ကအတိုင်း ပြန်ပြီး တည်ငြိမ် လာနေကြေင်း ပြောပါတယ်။ ဒီလို တည်ငြိမ်လာတာဟာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကော်မတီရဲ့ ဆောင်ရွက်နိုင်မှုတွေက တစိတ်တပိုင်း ပါဝင်တယ်လို့ ပြောပါတယ်။

“မန္တလေးမြို့က နဂိုရ်အတိုင်းလေးတော့ ပြန်ပြီး ဖြစ်လာနေတယ်ပေါ့လေ။ ၁၄၄ မထုတ်ခင်ကအတိုင်းပါပဲ။ အခြေအနေက တော်တော်လေးလည်း ကောင်းလာပြီ။ နောက် ပြည်သူလူထုကလည်း - မန္တလေးသူ မန္တလေးသားတွေကလည်း တောင်းဆိုနေတဲ့အချိန်ပေါ့၊ အခုအတိုင်းကတော့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတို့ ဘာတို့က တော်တော်များများ ဘာသာမတူတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့တယ်။ နောက်ပြီးတော့ ငြိမ်းချမ်းမှုနဲ့ပတ်သက်တဲ့ ဆောင်ရွက်မှု အတိုင်းအတာတွေကလည်း တော်တော်များများ၊ ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်တဲ့ အနေအထားလည်း ရှိပါတယ်။ အဲဒါကြောင့်မို့လည်း ဒီလို အနေအထားမျိုး ပြန်ဖြစ်တယ်လို့ပဲ ကျနော်မြင်ပါတယ်။”

လတ်တလော ညမထွက်ရ အမိန့်ရုပ်သိမ်းချိန်မှာတော့ ပြည်သူတွေအနေနဲ့ လုံခြုံရေးကို သတိထားဖို့ လိုအုံးမယ်လို့လည်း သူက တိုက်တွန်း ပြောဆိုပါတယ်။

“ဒီပြဿနာက ဒီလောက် မကြီးထွားသင့်ဘဲ ကြီးထွားအောင် ဖန်တီးတဲ့သူကြောင့်မို့လို့ မန္တလေးက ဒီလို ၁၄၄ ထုတ်ရတဲ့အထိ ဖြစ်သွားတာ။ အဲဒီတော့ ၁၄၄- ကာဖျူးရုပ်လိုက်ပေမယ့်လည်း- ညမထွက်ရ အမိန့် ရုပ်ပေမယ့်လည်း လုံခြုံရေးပိုင်းမှာတော့ ကျနော်တို့အပေါ်မှာ အတန်အသင့် အရင်ထက်ပိုပြီး သတိထားဖို့ ပိုကောင်းလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုတ်အသိမ်းဆိုတာ များသောအားဖြင့် သတိထားရတဲ့ အနေအထားလေးပါ။ အဲဒီတခု သွားတွေ့တာပေါ့။”

မန္တလေးမြို့မှာ ဇူလိုင်လ ၃ ရက်နေ့ ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်ချိန်က ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို သတ်မှတ်ခဲ့ပါတယ်။ ဇူလိုင်လ ၂၁ ရက်မှာ ည ၉ နာရီကနေ မနက် ၃ နာရီ၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ ည ၁၀ နာရီကနေ မနက် ၃ နာရီအထိ ကန့်သတ်ချိန်ကို အဆင့်ဆင့် လျှော့ချခဲ့တာလည်း ဖြစ်ပါတယ်။ တားမြစ်မိန့် ထုတ်ပြန်ထားတဲ့ တလကျော်ကြာ ကာလအတွင်းမှာတော့ လူ ၁,၂၀၀ လောက်ကို အရေးယူခဲ့ပြီး ၁၉၀ လောက်ကို ပညာပေး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ဒီလို ဆူပူအကြမ်းဖက်မှုတွေ စတင်ဖြစ်စေခဲ့တဲ့ မုဒိမ်းမှုဖြစ်ကြောင်း လီဆယ်တိုင်ကြားမှုနဲ့ ပတ်သက်သူ လူ လေးယောက်ကို ပျဉ်းမနားမြို့နယ် တရားရုံးမှာ ဒီလ ၅ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
Voa

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က..
အမေရိကန် သမ္မတ အိုဘားမား..နဲ့
နိုင်ငံခြားရေးဝန်ကြီး..ဟီလာရီကလင်တန်တို့ဟာ..
ရွေတိဂုံ စေတီတော်ကို သွားရောက်ဖူးမျှော်ခဲ့တယ်..

မကြာဘူး..
ဂျာမဏီသမ္မတကြီးကလည်း..
ရွှေတိဂုံကို လာရောက်ဖူးမျှော်တယ်..

အခုလဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဂျွန်ကယ်ရီ ရွှေတိဂုံဘုရာိးကိုဖူးမျှော်တယ်..
ရွှေသင်္ကံန်းတောင်လှူလိုက်သေးတယ်...

------------------

ကမ္ဘာ့အင်အားအကြီးဆုံး..
စူပါပါဝါနိုင်ငံရဲ့သမ္မတ..နဲ့
နိုင်ငံခြားရေးဝန်ကြီး...

ကမ္ဘာ့အင်အားကြီးဆုံး..
စက်မှုနိုင်ငံကြီးတစ်ခုရဲ့သမ္မတ.

ပြီးတော့ ဒီတစ်ခေါက်မှာလဲ..
စူပါပါဝါ နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး..

သူတို့ဟာ...
သူတို့ရဲ့ဘာသာ မဟုတ်ပေမဲ့..
နိုင်ငံကြီးသားပီသစွာ..

မြန်မာပြည်သူပြည်သားတွေအများစု
သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာရဲ့အထွတ်အမြတ်
ရွေတိဂုံစေတီတော်ကြီးကို..

ဗုဒ္ဓဘာသာဝင်တွေရဲ့ထုံးစံအတိုင်း..
ဖိနပ်ချွတ်ကာ တက်ရောက်ဖူးမျှော် ရေသပ္ပါယ်ပြီး.
ရွှေသင်္ကံန်း ကပ်လှူခဲ့ကြတယ်..၊

ဒါဟာ...ဘာကိုပြသသလဲဆိုတော့..

နိုင်ငံကြီးသား ပီသမှု..
ဘာသာတရားအပြန်အလှန်လေးစားမှုနဲ့..
သူ့ဘာသာကိုယ့်ဘာသာမခွဲပဲ..
လွပ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုတဲ့..
လူ့အခွင့်အရေးကို လေးစားမှုတို့ကြောင့်ပဲဖြစ်တယ်..

----------------------

အရင်နှစ်တွေတုန်းက..

ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဖြစ်တဲ့..
ဒေါ်အောင်ဆန်းစုကြည်ဟာ..
ဥရောပသွားရောက်လည်ပတ်တဲ့အချိန်မှာ..

ခရစ်ယာန်ဘာသာဝင်တွေတောင်..တွေ့ရခဲတဲ့..
ဗာတီကန်က ပုပ်ရဟန်းမင်းကြီးကို သွားရောက်တွေ့ဆုံပြီး..
ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာပို့သတာကို..
ယုံကြည်စွာ ခံယူခဲ့ဖူးတယ်..

ဒေါ်စုလိုမျိုး...ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရတဲ့
ခရစ်ယာန်ဘုန်းတော်ကြီး..ဒက်စမွန်တူးတူးနဲ့
တွေ့တော့လဲ ဒေါ်စုကို ဆုမွန်ကောင်းတောင်းပေးခဲ့တယ်..

ဒါဟာ ဘာသာခြားတွေနဲ့ပတ်သတ်တဲ့
ဒေါ်စုရဲ့ ခံယူချက်ကို အထင်းသားတွေ့ရတယ်..

မဟာယာန ဗုဒ္ဓဘာသာဘုန်းတော်ကြီး
နိုဘယ်ဆုရင် ဒလိုင်လားမားနဲ့လဲ ..
ထို့အတူပါပဲ..

သူကိုးကွယ်တဲ့ ထေရ၀ါဒ ဆရာတော်တွေဖြစ်တဲ့..

သာမညဆရာတော် ၊သီတဂူဆရာတော်ကြီး ၊
အရှင်ဆန္ဒာဓိက ၊ အရှင်ဆေကိန္ဒ အစရှိတဲ့..
ဆရာတော်ကြီးတွေကို
မကြာခဏဖူးမျှော်ကြည်ညိုတာတွေကတော့
ထည့်ပြောစရာမလိုဘူးပေါ့..၊

------------------------

ကိုယ့်ဘာသာကို ချစ်တာထက်ပိုပြီး..
အစွန်းရောက်ပြနေတဲ့..

အမျိုးနှစ် တွေ နဲ့..
ဘာသာရေးလှုံ့ဆော်သူတွေအနေနဲ့
ဒီလိုအနေအထားတွေကိုကြည့်ပြီး...

စောင့်စည်း..မှုတွေနဲ့အတူ..
ဆင်ခြင်နိုင်ကြပါစေလို့ ပြောလိုပါတယ်...

ဘာလို့လဲဆိုတော့..

သိရိဓမ္မာသောကမင်းကြီးရဲ့..
အသောက ကျောက်စာပါအချက်တွေက..
ဒက်ထိ မှန်ကန်တယ်ဆိုတာကို...
အခုခေတ်မှာ ပိုပြီး..
ထင်ရှားစွာ တွေ့လာရလို့ပဲဖြစ်ပါတယ်..၊

----------------

" မိမိတို့၏ ဘာသာတရားကို ချီးမြှင့်မြောက်စား၍
တစ်ပါးသူတို့၏ ဘာသာတရားကို
ကဲ့ရဲ့ရှုတ်ချခြင်း မပြုလုပ်ရာ။

- အကယ်၍ အကျိုးသင့် အကြောင်းသင့်
ဝေဖန်ပါကလည်း ညင်သာပျော့ပြောင်းစွာ
ဝေဖန်ရပေမည်။

- အခြား ဘာသာတရားတို့ကို လေးစား ချီးမြှောက်ခြင်းဖြင့်..
မိမိတို့၏ ဘာသာတရားကို တိုးတက်ကြီးပွားစေပြီးလျှင်
အခြား ဘာသာတရားတို့ အတွက်လည်း ကျေးဇူးများရာ၏။

ထိုသို့မဟုတ်ပါက မိမိတို့၏ ဘာသာတရားကိုပင်
ပျက်စီး ညှိုးမှိန်စေ၍ အခြား ဘာသာတရားတို့ကိုလည်း
အကျိုးယုတ်စေ၏။ "

(အသောကကျောက်စာ)

( Pa Yit)


တကယ်တော့ဒီလိုစာတွေ ကျွန်တော် မရေးချင်ပါဖူး။တိုင်းပြည် ပြန်လည် ပြုပြင်နေတဲ့
ကာလမှာ အတူပူးတွဲလုပ်ဆောင်ကြဖို့ ကို အာသီသ ထားသူပါ။သဘောထား မတိုက်ဆိုင်
ရင်တောင်မှ အနိမ့်ဆုံး တိုင်းပြည်ကိုချစ်တယ် ဆိုတဲ့ သဘောထားအခံကိုပဲ ဘုံသဘော
တူညီချက် အနေနဲ့ လက်ခံပြီး လက်ကမ်းနေဆဲပါ။

တစ်ချို့ ကဆို ဇာဂနာ ဟာ သမ္မတ နဲ့ နီးစပ်တယ်၊ဘက်ပြောင်းသွားပြီ၊ခွထိုင်နေတယ်
စသဖြင့် စသဖြင့် ရေးနေကြတာ ဝေဖန်နေကြတာ ကြားပါတယ်။ဖတ်ရပါတယ်။
လမ်းဆုံးတော့ရွာတွေ့ မှာပဲ ဆိုတဲ့ စိတ်နဲ့ တစ်ခွန်းမှ ပြန်မပြောခဲ့သလို မတုံ့ ပြန်ခဲ့ပါဖူး။
သေချာတာ တစ်ခုကတော့ (ဇာဂနာ ဟာ ကိုယ့် ယုံကြည်ချက် ပေါ်မှာ တစ်လက်မ မှ အတိမ်းအစောင်းမခံပဲ ရပ်တည် နေဆဲပါ)။နောက်ထပ်သေချာတာတစ်ခုကတော့(ဒီနေ့ 
ထက်ထိ မဆလ၊န၀တ၊နအဖ နဲ့ ဦးသိန်းစိန် အစိုးရ တို့ ဆီကနေ ပေါင်မုန့် တစ်ချပ်
တောင် အလကား မရခဲ့ဖူးပါဖူး၊တောင်းလဲမတောင်းခဲ့ပါဖူး။)န၀တ၊နအဖ ခေတ်တုန်း ကရုပ်ရှင်သမားတွေကိုတယ်လီဖုန်းတွေပေးခဲ့တဲ့အထဲမှာဇာဂနာ မရခဲ့သလိုမြေကွက်
တွေပေးခဲ့တဲ့အထဲမှာ လဲ ဇာဂနာ မပါခဲ့ပါဖူး။

ခု ဦးသိန်းစိန် အစိုးရ လက်ထက်မှာ မြန်မာမီနီဆလွန်းတွေ ပေးတော့လည်းဇာဂနာ
မရခဲ့ပါဖူး။ဒီစကားတွေ ပလ္လင်ခံနေတာအကြောင်းရှိပါတယ်။ဘာကျေးဇူးစားကျေးဇူးခံမှ
မရှိလို့ လိပ်ပြာသန့် တယ်။ပြောစရာရှိရင် ပြောင်ပြောမယ်။ပွင့်ပွင့်လင်းလင်းဝေဖန်မယ်
ဆိုတဲ့စိတ်နဲ့ပါ။ခံစရာ ရှိရင်လဲ ဘယ်သူ့ ကိုမှဆွဲခေါ်မနေပါဖူး။ခံသွားမှာပဲဖြစ်ပါတယ်။
တစ်ဖက်မှာကြည့်ပြန်တော့ ဇာဂနာ ဟာ ဘယ်ပါတီ၊ဘယ်အသင်းအဖွဲ့ ထဲကိုမှ ၀င် မထားတဲ့အတွက် ဘယ်သူ့ မျက်နှာကိုမှ မငဲ့ပဲ မှားရင်မှားတယ် ထောက်ပြနေမှာပါပဲ။

ခုလည်းပြောဖို့ လိုအပ်လာလို့ ပြောရပါပြီ။သမ္မတ ရဲ့ တတိယလှိုင်းပြောင်းလဲရေးဟာ အစမှာကထည်း ကတော်တော်ပရမ်းပတာ နိုင်နေပါတယ်။ဒီနေရာမှာ နိုင်ငံရေး
စကားပြောရမှာဖြစ်လို့  နိုင်ငံရေးဆန်တဲ့သုံးသပ်မှုကိုပဲ ပြောရပါလိမ့်မယ်။စစ်အာဏာ
ရှင် ကနေ ဒီမိုကရေစီပြုပြင်ရေးသွားတဲ့နိုင်ငံတိုင်းရဲ့ဆင်ခြေတစ်ခုကတော့ ပြောင်းလဲ
လိုစိတ် မရှိတဲ့  သူတွေ ရယ် ပြောင်းလဲလိုသူတွေရယ် ဆိုတဲ့ ဂိုဏ်း ၂ ဂိုဏ်း အမြဲရှိနေ
တတ်ပါတယ်။ဒီဆင်ခြေ ကိုအကောင်အထည်ဖော်တဲ့အနေနဲ့  အမာဂိုဏ်းသားတွေ နဲ့ အပျော့၈ိုဏ်းသားတွေ အဖြစ်ပုံဖော်ပြီးသရုပ်ဆောင်ခဲ့ကြတယ်လို့  ကျွန်တော်တို့ 
ထင်ထားပါတယ်။

တတိယလှိုင်းအစမှ ပထမ ဗေထိ ကတော့ မီဒီယာနဲ့ သမ္မတ ကြားကအကွဲအဟပါပဲ။
ဒါကိုအခြေံပြီးသည်လိုသုံးသပ်ကြည့်ရအောင်။

၁။သမ္မတ နဲ့ မီဒီယာ တွေကို ၇န်တိုက်ပေးမယ်။သည်တော့ သမ္မတ ရဲ့  တတိယလှိုင်း
ပြုပြင်မှုကို မီဒီယာက မထောက်ခံတော့ဖူး။ဒီတော့ သမ္မတ မအောင်မြင်နိုင်တော့ဖူး။
ဒါ့ကြောင့် ၂၀၁၅ မှာ ဦးသိန်းစိန် သမ္မတ ဖြစ်လာစရာ မရှိတော့ဖူး။

၂။ဒါဆို တိုင်းပြည်မှာ မဏ္ဍိုင်သုံးရပ်(အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေး)တိတိ
ကျကျ ရှိပါလျက် နဲ့  လွှတ်တော် က ဘာကြောင့် သမ္မတ ဆီ သ၀ဏ်လွှာ ပို့ ရတာလဲ။
တရားရေးမဏ္ဍိုင်ကိုဘာလို့ မပို့ ရတာလဲ။လွှတ်တော် လုပ်ပြီး ဒါလေးတောင် (တကယ်)
နားမလည် လို့ လား။နားမလည်ချင်ယောင်ဆောင်တာလား။

၃။သမ္မတ နဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ သလို၊လွှတ်တော်၊တရားသူကြီးချုပ်
တို့ နဲ့  စာနယ်ဇင်းကောင်စီ(ယာယီ)ကော တွေ့ ဖို့မလိုဖူးလား။ဒါတွေဟာ ရိုးရိုးလေး
တွေးပြီးစဉ်းစားလို့ ရအောင် ထုတ်နှုတ်လိုက်တာပါ။ဒီလိုနဲ့  မလိုအပ်တဲ့ပြသနာတွေ
ပေါ်ပေါက်ခဲ့ရတာ ပြုပြင်ရေး အရှိန်ကိုတုန့် နှေးစေခဲ့ပါတယ်။

ခုတစ်ခါ ရေနံချောင်း ကမောင်မောင်ဝမ်း ရဲ့ ပြသနာ ဟာ ဦးသိန်းစိန်အစိုးရ ရဲ့  ပုံရိပ်ကို
ထိခိုက်စေပြန်ပါပြီ။မောင်မောင်ဝမ်း ဟာ ရေနံချောင်းသားပါ။ရှစ်ဆဲ့ရှစ်ကာလက
ရေနံချောင်းသပိတ်ခေါင်းဆောင်ပါ။ပြီးတော့ထောင်ကျ၊တောထဲရောက်ပေါ့။ဒါပေမဲ့ 
သူဟာနိုင်ငံရေး ကိုစိတ်ကုန်သွားပြီး အင်္ဂလိပ်စာသင်တဲ့ကျောင်းဆရာဘ၀ကူးပြောင်း
သွားပါပြီ။အမေရိကန် ဘတ်ဖဲလိုး မှာ နေတယ် ဆိုပေမယ့် သူဌေးမဟုတ်ပါဖူး။
ရရစားစားပါ။၂၀၁၂ ခုနှစ်က ကျွန်တော် အမေရိကား ကိုရောက်တဲ့အချိန် မြန်မာပြည်ကို သူ ပြန်လာပြီး အဂ်လိပ်စာသင်ကျောင်းတစ်ခုထူထောင်ချင်တယ် လို့ တဖွဖွ ပြောနေသူ
ပါပဲ။
၂၀၁၄ ခုနှစ်မှာတော့ သူ ပတ်စ်ပို့ ရပြီဖြစ်လို့ မြန်မာပြည်ပြန်လာခွင့်ရပါပြီ။သူရော၊
ကျွန်တော် တို့ ရော၊သူ့ ငယ် သူငယ်ချင်း ထိန်ထိန်(ပန်းချီ ထိန်လင်း) စုတ်ဖွား
(မျိုးသိန်းထွန်း)တို့ ပါပျော်ခဲ့ကြပါတယ်။မတတ်သာလို့ အမေရိကားမှာနေနေရပေမဲ့
မြန်မာပြည်မှာပဲ ပြန်နေပါရစေလို့ တဖါဖွပြောနေရှာတဲ့ သူ့ မိခင်အတွက် ငှားပြီးနေနိုင်ဖို့ 
တိုက်ခန်းများတောင်လိုက်ရှာနေကြတာပေါ့။

တစ်ဖက်မှာတော့ အင်္ဂလိပ်စာ သင်ကြားပို့ ချဖို့ စီစဉ်ခဲ့ရပါတယ်။ဒါလဲ အခမဲ့စေတနာ နဲ့ သင်တဲ့သင်တန်းပါ။ဗီဇာ သဘောအရအလည် အပတ်ပဲ ၇တယ် ဆိုရင် စာသင်လို့ မရဖူး
ဆိုတာတော့ ဘယ်လိုမှ နားလည် လက်ခံလို့ မရတဲ့ အကြောင်းပြချက်ပါပဲ။န၀တ၊နအဖ
လက်ထက်ကထည်း က မြန်မာပြည်ကို ဂဒီးဂဒီးလာပြီး ချောင်းပေါက်မတတ်စာ လာလာ
သင်ပေးနေတဲ့ပါမောက္ခ ရောဘတ်တေလာရဲ့ ဗီဇာမှာရော စာသင်လို့ ရပါသလား။
ခုမြန်မာပြည်မှာ PRစနစ်သုံးဖို့ စတင်တိုက်တွန်းခဲ့တဲ့ ပါမောက္ခ လယ်ရီ ဒိုင်းမွန်းရဲ့ ဗီဇာ
မှာရော စာသင်လို့ ၇ပါသလား။တရားဥပဒေစိုးမိုးရေးဆိုတဲ့ ခေါင်းစဉ် နဲ့ နေပြည်တော်
မှာရော၊ရန်ကုန်မှာပါ စာတွေ အကြီးအကျယ် သင်သွားခဲ့တဲ့ ပါမောက္ခ အမီတအချာရီးယရဲ့
ဗီဇာမှာရော စာသင်ကြားခွင့်ပါပါသလား။

ဒါ ကျွန်တော်အမြွက်မျှတင်ပြခြင်းပဲရှိပါတယ်။ဒီစာရေးနေတဲ့အချိန် မြန်မာပြည်မှာစာလာ
သင်နေတဲ့ အမေရကန်၊ ကနေဒါ၊ဒိန်းမတ်၊တရုတ် နဲ့ ၈ျပန် ဆရာတွေ ရိုက်သတ်လို့ 
မကုန်အောင်ရှိနေပါသေးတယ်။ဒါကိုမောင်မောင်ဝမ်းကျမှ ဗီဇာ စည်းမျဉ်းချိုးဖောက်လို့ 
ဆိုပြီးရေနံချောင်းကနေ ရန်ကုန်လေဆိပ်ကိုတန်းပို့ ၊ပြီးတော့ ထိုင်းနိုင်ငံသွားမဲ့ TG
လေယာဉ်ပေါ်တင်လွှတ်ပေးလိုက်တာ ဟာ ဘယ်လို ရည်ရွယ်ချက် နဲ့ ပါလဲ။

မောင်မောင်ဝမ်းဟာအမေရိကန် နိုင်ငံသားပါ။ဥပဒေအရဖြစ်လာခဲ့ရင် အမေရိကန်အစိုးရ
လည်း ပါလာတော့မှာပါ။သူ့ နိုင်ငံသားထိရင် အမေရိကန် ဟာ ဘယ်တော့မှ လက်မနှေး
ပါဖူး။ဖြစ်ချင်တော့ ဂျွန်ကယ်ရီ မြန်မာပြည်လာခါနီးမှ ဒီပြသနာကိုမီးမွှေးလိုက်တာဖြစ်
နေပါတယ်။စာသင်နေတာဟာ ဘိန်းစားဖို့ ဆွယ်နေတာ မဟုတ်သလို သစ်တောတွေ
ခုတ်ဖို့ လည်းပြောနေတာ မဟုတ်ပါဖူး။ဘုရးကျောင်းကန်ဇရပ်တွေဖြိုခိုင်းနေတာ မဟုတ်
သလို တိုင်းပြည်ရဲ့ သယံဇာတ တွေ ကို ခိုးရောင်းခိုင်းနေတာ မဟုတ်ပါဖူး။ဘယ်နိုင်ငံ ဘယ်လူမျိုးရဲ့ စံနဲ့ တိုင်းတိုင်း စာသင်တာကို တိုင်းပြည်က နှင်လိုက်တယ် ဆိုတာကတော့ အီဘိုလာ ဗိုင်းရပ်စ် ထက်ကြောက်ဖို့ ကောင်းတဲ့လုပ်ရပ်ပါပဲ။

သည်တော့ ကျွန်တော် တို့ သည်လိုစဉ်းစားကြည့်ချင်ပါတယ်။

၁။သမ္မတ ရဲ့ တတိယလှိုင်း အပြောင်းအလဲကို မအောင်မြင်စေချင်သူတွေက သမ္မတ ရဲ့ပုံရိပ်ကိုထိခိုက်အောင် တနည်း မရ နောက်တစ်နည်း နဲ့  ကြံစည် နေတယ် လို့ 
ယေဘူယျ သုံးသပ်ရပါ့မယ်။(ဒါဆို သမ္မတ ကိုယ်တိုင်က ကိုယ့်ရဲ့ပြုပြင်ပြောင်းလဲရေးကို ခလုပ်ကန်သင်းဖြစ်စေနိုင်တဲ့လူတွေကိုပြတ်ပြတ်သားသားဖယ်ရှားပစ်ဖို့ လိုပါတယ်)
၂။မောင်မောင်ဝမ်း ရဲ့ကိစ္စမှာ သမ္မတ နာမယ် ကို အသုံးပြုပြီး တိုင်းပြည်ထဲက နှင်ထုတ်
လိုက်တာဖြစ်နေတော့ သမ္မတ က သည် လိုအမိန့် မျိုးထုတ်ပေးလိုက်တယ်လို့ ယူဆရ
ပါတယ်။(ဒါဆိုလဲ သမ္မတ ကပဲ ဟုတ်ရင်ဟုတ်တယ် မဟုတ်ရင် မဟုတ်ဖူးရှင်းရှင်း
လင်းလင်းပြောဖို့ လိုမှာဖြစ်သလို၊အလွဲသုံးစားလုပ်သူတွေကိုထိထိရောက်ရောက်အရေး
ယူသင့်ပါတယ်။တစ်ခါ မောင်မောင်ဝမ်းကို မြန်မာပြည်ပြန်လာဖို့ ဖိတ်ခေါ်ပေးလိုက်ဖို့ လဲ
လိုပါ့မယ်။)
၃။သည်တစ်ချက်ကတော့အရေးအကြီးဆုံးပါပဲ။အမှန်အတိုင်း ၀န်ခံကြစေချင်ပါတယ်။
မြန်မာပြည်မှာ ခုချိန်ထိ ဗဟို အစိုးရ နဲ့ ပြည်နယ် တိုင်း အစိုးရအဖွဲ့ တွေ ရဲ့ အာဏာ ခွဲဝေ သုံးစွဲမှုဟာ မပီပြင်သေးပါဖူး။ကိုယ့်တိုင်းဒေသကြီး ကိုယ့်သဘော ဆိုတဲ့ မူ(လုံးဝ)မရှိသေး
ပါဖူး။မကွေးတိုင်းဟာ နာမည် ဆိုး နဲ့ ကျော်ကြားနေတာကြာပါပြီ။ဒါကို သမ္မတ လဲသိမယ် ထင်ပါတယ်။သိရင် ဘာလို့  ခုထက်ထိ မသိချင်ယောင်ဆောင်နေတာလဲဆိုတာကိုက
သံသယ ၀င်စရာပါပဲ။

တစ်ခါ မကွေးတိုင်း ကထင်ရာ လုပ်တယ်ထားပါ။သူ့ တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့်ဘောင်
ကိုကျော်ပြီး မြန်မာပြည်ထဲကနေ နှင်ထုတ်လိုက်တယ် ဆိုတာကတော့
(ဆိတ်က ဆင်လိုအော် လိုက်သလိုပါပဲ)။

သည်တော့ တတိယလှိုင်းဟာကြမ်းတာနဲ့မတူပဲ ရမ်းတာနဲ့ တူနေပါပြီ။ပြည်သူလူထု လိုလားတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ပြူးပြဲပြိုလဲရေး ဖြစ်ကုန်ပါတော့မယ်။အသေအချာ
ပြန်လှန်သုံးသပ်ပြီး လမ်းမှန်ပေါ်တက်လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။လောလော
ဆယ်တော့ မိဘပြည်သူများခင်ဗျား နဲ့တင် လမ်းမျက်စေ့တော့တော်တော်လည်နေပါပြီ။

ဇာဂနာ
( Tomorrow သတင်းဂျာနယ်အမှတ်(၂၄)ပါ ဆောင်းပါး )

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ သြဂုတ် ၁၀ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ − အင်န်အယ်လ်ဒီ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့အတူ မြန်မာနိုင်ငံကို ရောက်ရှိနေခဲ့တဲ့ အမေရိကန်အဆင့်မြင့် သံတမန်ဟာ မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီကနေ့လည်း ရန်ကုန်မြို့မှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြတဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ အုပ်ချုပ်ရေးပိုင်းရဲ့ ၀င်ရောက် စွက်ဖက်မှုတွေကြောင့် တရားစီရင်ရေးမှာ ကြုံနေရတဲ့ အခြေအနေတွေကို ရှင်းပြခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း တရားရေးစီရင်မှုတွေမှာ အာဏာပိုင်တွေဘက်က အာဏာလွှမ်းမိုးနေဆဲ အခြေအနေတွေကို လက်ထောက် နိုင်ငံခြားရေးဝန်ကြီးTom Malinowski နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ပြောဆိုလိုက်တာပါ။ အထူးသဖြင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေရဲ့အမှုတွေမှာ တရားရုံးတွေရဲ့ ကိုင်တွယ်မှုတွေဟာ အာဏာပိုင်တွေရဲ့ သဘောထားအပေါ် မူတည်နေတာကို တွေ့ရတဲ့အကြောင်း အမေရိကန် သံတမန်ကို ရှင်းပြခဲ့တယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“အဓိက-ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းစုစီ ဥပဒေနဲ့ပတ်သက်တာရယ်၊ သတင်းမီဒီယာသမားတွေအပေါ် အမှုစွဲဆိုနေတဲ့ အခြေအနေ၊ ဥပဒေကြောင်းအရ အမြင်၊ ကျနော်တို့ဘက်က ရှေ့နေတွေရဲ့ အခက်အခဲပေါ့။ ဘယ်လိုခေါ်မလဲဆိုတော့ တရားစွဲတဲ့ အဖွဲ့အစည်းတချို့ဘက်က ဘယ်ရှေ့နေတော့ငှား၊ ဘယ်ရှေ့နေတော့ မငှားနဲ့ဆိုပြီးတော့ နောက်ကွယ်ကနေပြီး အမှုသည်တွေကိုပြောဆိုမှုတွေနဲ့ပတ်သက်တာတွေ စွက်ဖက်မှုတွေကို ကျနော်တို့က မရှိစေချင်ဘူး။ ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ဖို့ တရားခံတွေဘက်ကလည်း ခုခံချေပနိုင်ခွင့်ရှိဖို့အတွက် ဒီအချိန်မှာ သမ္မတကြီး ဦးသိန်းစိန်က ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေတဲ့အချိန်မှာ အရေးကြီးတယ်ဆိုတဲ့အကြောင်း ကျနော်တို့ တင်ပြခဲ့ပါတယ်။”

အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲအတွက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့အပေါ် ချီးကျူးခဲ့ပေမဲ့ တိုးတက်ဖို့ လိုအပ်နေတာတွေကိုလည်း ထောက်ပြပြောဆိုခဲ့တာပါ။ ခရီးစဉ် အဆုံးမသတ်မီ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့၊ ရှေ့နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်မီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့် ဆောင်ရွက်ဖို့ လိုအပ်နေတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ NLDပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ကတော့ အခြေခံဥပဒေမှာ အဓိကကျတဲ့ အချက်တွေကို မပြင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“အခြေခံဥပဒေကတော့ အန်ကယ်လ်တို့ NLD အနေနဲ့ ပြင်ဖို့ကြိုးစားတာလည်းရှိတယ်။ လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဖွဲ့ထားတဲ့ ကော်မတီက ပြင်ဖို့ လုပ်နေတာတွေလည်း ရှိတယ်။ ဒါတွေက စောင့်ကြည့်ရမယ့်ကိစ္စတွေပါ။ သို့သော် ရွေးကောက်ပွဲအတွက် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲတို့ ၂၀၁၅ ရွေးကောက်ပွဲတွေ ဆိုတာကတော့ ၂၀၁၀ တုန်းကဖြစ်ခဲ့တဲ့ မသမာမှုတွေ မရှိအောင်တော့ သက်ဆိုင်ရာ ပါတီက လူတွေကရော၊ တာဝန်ရှိတဲ့ ရွေးကောက်ပွဲကော်မရှင်က လူတွေမှာလည်း တာဝန်ရှိတယ်။ သူတို့ပြင်မှာ ကျနော်တို့ စောင့်ကြည့်ရေးအဖွဲ့တွေကလည်းပဲ ဖျတ်ဖျတ်လတ်လတ် နိုးနိုးကြားကြားနဲ့ လုပ်မှ ဖြစ်လာမှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့က ရွေးကောက်ပွဲကော်မရှင်ရော၊ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရော၊ မျှမျှ တတဖြစ်ရမယ်။ ပါတီနဲ့ပတ်သက်လို့ ဘက်မလိုက်ရဘူး။ မဲအရေအတွက်နဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်မှု မျှတမှုရှိရမယ်။ အဲ့တာမျိုးတွေစုံမှ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာပါ။”

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Malinowski နဲ့ တွေ့ဆုံခဲ့ကြတဲ့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကတော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ အခြေခံ အခွင့်အရေးတွေကို မထိခိုက်စေဖို့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ရှေ့နေဦးရောဘတ်စန်းအောင် ကပြောပါတယ်။

“သူကိုယ်ကိုယ်တိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ လိုအပ်တယ်ဆိုတဲ့အကြောင်းပြောပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံရဲ့ အနေအထားမှာ ဒီမိုကရေစီနိုင်ငံ ထူထောင်နေတာဆိုတော့ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ က သူတို့ကို ရှင်းပြတာပါ ဒီလိုဒီမိုကရေစီနိုင်ငံ ထူထောင်နေတဲ့ သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်မှာ တရားရေးအဖွဲ့အစည်းက ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က သြဇာပေးမှုရှိတယ်လို့ ပြန်သိရတဲ့အချက်အလက်တွေက ဝမ်းနည်းစရာကောင်းတယ်ဆိုတဲ့အကြောင်း ကျနော်တို့ပြောခဲ့ပါတယ်။ နှစ်ဖက်စလုံး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုပါ။ တိုင်းပြည်တိုးတက်ရေးအတွက် ဆွေးနွေးတာပါ။"

တနင်္လာနေ့ မွန်းလွဲပိုင်းက အမေရိကန်သံရုံးမှာ တွေ့ဆုံရာမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Malinowski က မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တရားရေးမဏ္ဍိုင် ခိုင်မာရေး အမေရိကန်က တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားဖို့ ကတိပြုခဲ့တယ်လို့လည်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က ပြောပါတယ်။
Voa

လက်ရှိ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ စစ်ခေါင်းဆောင်သစ်တွေဟာ သူတို့ရဲ့ အရင် ခေါင်းဆောင်တွေ တိုင်းပြည်အတွက် ဘယ်လို စေတနာ ထားခဲ့တယ်၊ ဘယ်လို သဘောထားမှန်ခဲ့တယ် စသဖြင့် ဘယ်လိုပဲ ကာကွယ်ပြီး ပြောဆိုနေပေမယ့် ပြည်သူတွေနဲ့ တိုင်းပြည် ခုလို ချွတ်ခြုံကျခဲ့ရတာ၊ တစ်ဆက်တည်း တပ်မတော်ကိုယ်တိုင်သည်ပင်လျင် အိမ်နီးချင်းနိုင်ငံက တပ်မတော်တွေနဲ့ နှိုင်းယှဉ်ရင် အဘက်ဘက်က နိမ့်ကျလာတဲ့ ကိစ္စတွေမှာ တာဝန်ရှိတာကိုတော့ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။

မဇ္ဈိမ သတင်းစာ၊ ၉-၈-၁၄။ စာ-၉။

၁၉၈၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေး တောင်းဆိုဆန္ဒပြပွဲ ၈ လေးလုံး အရေးတော်ပုံကြီးဟာ ခေတ်သစ် မြန်မာ့သမိုင်းမှာ အကြီးကျယ်ဆုံး အထင်ကရ အရှိဆုံး အရေးတော်ပုံကြီးလို့ ပြောနိုင်ပါတယ်။ အဲဒီမတိုင်ခင် ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ဖြစ်ပွားခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးနဲ့ နှိုင်းယှဉ်ရင်တောင် ပိုပြီး ကြီးကျယ် ပြည်သူတွေ ပိုပြီး ပါဝင်တဲ့ သမိုင်းဝင် အရေးတော်ပုံကြီးအဖြစ်လည်း မှတ်ယူနိုင်ပါတယ်။ အကြောင်းကတော့ အဲဒီ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုထဲကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ခဲ့ရုံမက ရဲတပ်ဖွဲ့ဝင်တွေ၊ အချို့သော တပ်မတော်သားတွေပါ ပါဝင်ပူးပေါင်းခဲ့လို့လည်း ဖြစ်ပါတယ်။ အရေးတော်ပုံကြီး ကြီးကျယ်သလောက် ရလာတဲ့ သင်ခန်းစာကလည်း အတော့်ကိုကြီးပါတယ်။ တပ်မတော်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေဟာ အဲဒီ သင်ခန်းစာကို ဒီကနေ့အထိ ကောင်းကောင်း သတိပြုမိပါရဲ့လား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

၈ လေးလုံး အရေးတော်ပုံကြီးကနေ အတိုက်အခံနဲ့ ပြည်သူတွေကို အဓိက ပေးခဲ့တဲ့ သင်ခန်းစာ တစ်ခုကတော့ မြန်မာနိုင်ငံမှာ ပြည်သူတွေ၊ လူထု လူတန်းစား အလွှာအသီးသီး အားလုံးက ဘာကို လိုလားသည်ဖြစ်စေ၊ ဘယ်လောက် ဆန္ဒပြင်းပြသည် ဖြစ်စေ တပ်မတော်သာ မပါရင် ဘယ်လိုမှမဖြစ်နိုင်၊ ဘယ်လိုမှ အောင်မြင်မှု မရနိုင်ဘူးဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ အဲဒီအချိန်က တပ်မတော်ဟာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒကို လျစ်လျူရှုပြီး အာဏာရှင် ဦးနေ၀င်း အလိုကျ အာဏာသိမ်းခဲ့ပါတယ်။ နောက်ပိုင်း တပ်မတော်အာဏာ ဆက်ထူထောင်ရင်း နောက်ထပ် အာဏာရှင်စနစ်နဲ့ အာဏာရှင်တစ်ယောက်ကို မွေးထုတ်ပေးခဲ့ပါတယ်။
ပြောရရင် အင်န်အယ်လ်ဒီ အပါအ၀င် အတိုက်အခံ အင်အားစုတွေဟာ အဲဒီ တပ်မတော်သာ မပါရင် တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ မလုပ်နိုင်ဘူးဆိုတဲ့ အဓိကလည်းကျ၊ အလွန်လည်း အရေးကြီးတဲ့ အချက်ကို သင်ခန်းစာ ယူနိုင်ခဲ့ပုံ မရပါဘူး။ ဒီအတွက် နောက်ပိုင်း နှစ်ကာလ တစ်လျောက်လုံး အတိုက်အခံတွေ ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးပေါ်လစီဟာ “ တပ်မတော်ကို စည်းရုံးရေး” ဆိုတဲ့ ပေါ်လစီ မဟုတ်ခဲ့ပါဘူး။ ဒီမိုကရေစီ ရရှိရေး တောင်းဆိုလှုပ်ရှားတာနဲ့ တပ်မတော် စည်းရုံးတာကို တွဲပြီး လုပ်ခဲ့တာမျိုး၊ ၂၀၁၁ မတိုင်ခင် အချိန်ထိ မမြင်မတွေ့ရပါဘူး။ ဒီနေ့အချိန်ထိလည်း မမြင်မတွေ့ရသေးပါဘူး။

ဒီ သမိုင်းဝင် အရေးတော်ပုံကြီးကနေ တပ်မတော် ခေါင်းဆောင်ဟောင်းတွေ၊ ခေါင်းဆောင်သစ်တွေကလည်း သင်ခန်းစာကြီးကြီး ယူကြဖို့ လိုပါတယ်။ အဲဒါကတော့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒကို လျစ်လျူရှုခဲ့ခြင်းပါ။ ဒီလို လုပ်လိုက်ခြင်းအားဖြင့် တိုင်းပြည်မှာ တပ်မတော်က တပ်မတော်သပ်သပ်၊ ပြည်သူက ပြည်သူ သပ်သပ် ဖြစ်သွားရုံမက ပြည်သူတွေကို ရန်သူတွေလို သဘောထားတဲ့ အမြင်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တပ်မတော်ခေါင်းဆောင်တွေ အာဏာတည်မြဲရေး လုပ်လာတဲ့အခါ စစ်အာဏာရှင် စနစ်ဆိုတာ ပေါ်ပေါက်လာစေပါတယ်။ စစ်အာဏာရှင်စနစ် ထွန်းကားလာတဲ့အခါ အတိုက်အခံတွေကိုတင်မက ကျောင်းသားနဲ့ ရဟန်းရှင်လူ ပြည်သူလူထု တစ်ရပ်လုံးကို ရန်သူလို သဘောထားတဲ့ အမြင်တွေ တပ်မတော်ခေါင်းဆောင်တွေထဲ လွှမ်းမိုးခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ် ပြည်သူလူထုဟာ ပညာရည် နိမ့်ကျတဲ့၊ ဆင်းရဲမွဲတေ တဲ့ ပြည်သူလူထုကြီး ဖြစ်လာပြီး တိုင်းပြည်လဲ အဖက်ဖက်က ကျရှုံးတဲ့ တိုင်းပြည်ဖြစ်လာစေပါတယ်။

လက်ရှိ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ စစ်ခေါင်းဆောင်သစ်တွေဟာ သူတို့ရဲ့ အရင် ခေါင်းဆောင်တွေ တိုင်းပြည်အတွက် ဘယ်လို စေတနာ ထားခဲ့တယ်၊ ဘယ်လို သဘောထားမှန်ခဲ့တယ် စသဖြင့် ဘယ်လိုပဲ ကာကွယ်ပြီး ပြောဆိုနေပေမယ့် ပြည်သူတွေနဲ့ တိုင်းပြည် ခုလို ချွတ်ခြုံကျခဲ့ရတာ၊ တစ်ဆက်တည်း တပ်မတော်ကိုယ်တိုင်သည်ပင်လျင် အိမ်နီးချင်းနိုင်ငံက တပ်မတော်တွေနဲ့ နှိုင်းယှဉ်ရင် အဘက်ဘက်က နိမ့်ကျလာတဲ့ ကိစ္စတွေမှာ တာဝန်ရှိတာကိုတော့ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေ၊ အရပ်ဘက် တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်းတွေ အနေနဲ့ အဲဒီ ပြည်သူလူထု ဆန္ဒကို လျစ်လျူရှုခြင်း ဆိုတဲ့ သင်ခန်းစာ မယူဘူးဆိုရင် တိုင်းပြည်မှာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီ ထွန်းကားလာမှာ မဟုတ်ပါဘူး။ တိုင်းပြည်လည်း ဆင်းရဲတွင်းထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံ အဖက်ဖက်က နိမ့်ကျသွားရတဲ့ ပြသနာနဲ့ ပါတ်သက်ရင် များသောအားဖြင့် အဲဒီ အချိန်ကာလ တစ်လျောက်လုံး တာဝန်ယူခဲ့တဲ့ စစ်အာရှင်စနစ်နဲ့ စစ်အာဏာရှင်တွေကိုပဲ အပြစ်ပုံချတာ များပါတယ်။ တကယ့်တကယ်တော့ ပြည်သူတွေ စာမတတ်၊ ပေမတတ် ပညာမတတ် ဖြစ်ရတဲ့ကိစ္စ၊ ပိုပိုပြီး ဆင်းရဲလာတဲ့ ကိစ္စ၊ အားအင်ချိနဲ့တဲ့ ပြည်သူတွေ ဖြစ်လာရတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ အင်အားစု အားလုံးမှာလည်း သွယ်ဝိုက်ပြီး တာဝန်ရှိပါတယ်။ ဒါနဲ့ပါတ်သက်ပြီး ဝေဖန်ရင် အဲဒီ စစ်အာဏာရှင်တွေက တိုင်းပြည်ကို ဖိနှိပ် စိုးမိုးအုပ်ချုပ်ခဲ့တဲ့ ကာလ တစ်လျောက်လုံး ကျွန်တော် ကျွန်တော်မတို့မှာ ဘာ လုပ်ပိုင်ခွင့် အာဏာမှ မရှိခဲ့ပါဘူး၊ မရှိရုံမက ထောင်ထဲရောက်သူရောက်၊ နယ်စပ်ကျော် ပြေးသူပြေးရ၊ နေအိမ် အကျယ်ချုပ် ကျသူကျ ဖြစ်နေတာမို့ ဘာမှမတတ်နိုင်ကြပါဘူး၊ ဒါကြောင့် ပြည်သူတွေ အင်အားချိနဲ့သွားရတာဟာ သူတို့နဲ့ မဆိုင်ပါဘူးလို့ အတိုက်အခံတွေက ငြင်းပယ်လေ့ရှိကြပါတယ်။

ဒီ ဆင်ခြေ မမှန်ပါဘူး။ မနက်ဖန် သန်ဘက်ခါ ဒါမှမဟုတ် တစ်နှစ်အတွင်း ဒီမိုကရေစီ ရမယ် ဆိုရင် ဒီမိုကရေစီ ရဖို့အတွက် အဖက်ဖက်က အနစ်နာခံ အားလုံးကို လျစ်လျူရှုထားတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ဒီမိုကရေစီ ဘယ်နေမှန်းမသိ၊ ဘယ်တော့ရဖို့ ဆိုတာလည်း မသေခြာ မရေရာသေးတဲ့ အခြေအနေမျိုးဆိုရင်တော့ အဲဒီအချိန် နိုင်ငံရေးပေါ်လစီ ချမှတ်ရာမှာ ပြည်သူတွေ အင်အားကောင်းစေမယ့် ပေါ်လစီမျိုး ချမှတ်ထားရပါလိမ့်မယ်။ ပြည်သူတွေ အနေနဲ့ ပညာရေးကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ အရယူဖို့ အတွေးအခေါ်ပိုင်းအရ အချိန်တိုင်း စည်းရုံးလှုံ့ဆော်နေရမှာ ဖြစ်သလို လမ်းညွှန်မှုတွေ ပေးနေရပါမယ်။ တတ်နိုင်ရင်တော့ လက်တွေ့ပိုင်းမှာလည်း ပါဝင်ဖို့လိုပါတယ်။ အလားတူ တစ်ဦးချင်း တစ်ယောက်ချင်း စီးပွားဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အတွေးအခေါ်ပိုင်းကရော လက်တွေ့ပိုင်းတွေမှာပါ ပေါ်လစီချမှတ် အားပေးဖို့ လိုပါတယ်။ အတိုက်အခံတွေ ဘက်မှာ ဒီလို ပေါ်လစီတွေ မတွေ့ရပါဘူး။

ဒီလိုဖြစ်ရတာဟာ အတိုက်အခံ အင်အားစုတွေဟာ နိုင်ငံရေးဆိုတာကို လက်တွေ့မပါ နိုင်ငံရေးချည်းသက်သက်ပဲ မြင်ကြတာကြောင့်လို့ သုံးသပ်နိုင်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ အထွေထွေ လူမှုရေးနဲ့ ပြည်သူတွေရဲ့ နေ့တဓူဝ ပြသနာတွေကို နိုင်ငံရေးလို့ နားလည်ခဲ့ကြပုံ မရပါဘူး။ ခုလည်း နားလည်ပြီလား ဆိုတာ မသေခြာ မရေရာသေးပါဘူး။ ဒီမိုကရေစီသာရရင် အရာရာ ပြီးပြည့်စုံလိမ့်မယ်လို့ ထင်မှတ်နေတတ်ကြပါတယ်။ တကယ့်တကယ်တော့ ဒီမိုကရေစီသာ ရလာရင် အဲဒီ ဒီမိုကရေစီ ဘယ်အဆင့်အတန်း ရှိမလဲ ဆိုတာ အဲဒီအချိန် ပြည်သူတွေရဲ့ ပညာရေးနဲ့ စီးပွားရေး အဆင့်အတန်းကသာ အဆုံးအဖြတ် ပေးလိမ့်မယ်ဆိုတာကို နားလည်ပုံ မရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ခုဆို ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်ခဲ့ပြီးတာ ၂၆ နှစ်တိုင်ပါပြီ။ ဒီမိုကရေစီ ရဖို့ သူရဲကောင်းတွေ၊ ပြည်သူတွေ အသက်သွေးချွေး အများကြီး စွန့်လွှတ်ပေးဆပ်ခဲ့ပါပြီ။ အဲဒီပြည်သူတွေ စွန့်လွှတ် အနစ်နာခံခဲ့တာကို ကျေးဇူးဆပ်ချင်ရင် သမိုင်းကနေ သင်ခန်းစာ ယူတတ်ကြရပါမယ်။ အတိုက်ခံတွေရော၊ တပ်မတော်ဘက်ကပါ သမိုင်းသင်ခန်းစာ ယူကြပါမှ တည်ငြိမ်အေးချမ်းတဲ့၊ စည်းလုံးညီညွတ်တဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.