08/15/14


၃၃ နှစ်ပြည့် အထိမ်းအမှတ်

သြဂုတ်လသည် မြန်မာနိုင်ငံရှိ စာပေ၊ ရုပ်ရှင်၊ ဂီတနှင့် နိုင်ငံဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးများ အများဆုံး ကြွေလွင့်သွားရရှာသော လဖြစ်သည်။ ထို့အပြင် မြန်မာ့သမိုင်း၏ အထင်ကရဖြစ်သော (၈၈) အရေးအခင်း၊ ဖြစ်ခဲ့သော ရင်တုန်လှုပ်ရှားဖွယ် လတစ်လလည်းဖြစ်သည်။ သည့်အပြင် သြဂုတ်လသည် ပရဟိတမောင် နှံဟု တင်စားခေါ်ဆိုကြသော ကျော်သူ + ရွှေဇီးကွက် တည်းဟူသော စွယ်တော်ရွက်နှစ်လွှာ ပူးပေါင်းခဲ့ သော လတစ်လလည်းဖြစ်သည်။ ဝါတွင်းကာလတွင် မင်္ဂလာဆောင်နှင်းခြင်း မပြုသင့် ဟူသော အယူ သည်းမှုအား တိုက်ဖျက်ခဲ့သော ပရဟိတမောင်နှံတို့၏ မင်္ဂလာသက်တမ်းသည်လည်း (၃၃) နှစ်ပြည့်ခဲ့ပြီ ဖြစ်တော့သည်။

လွန်ခဲ့သော (၃၃) နှစ်ကာလက ရိုးဆင်းသော Eco ကျောင်းသူ ရွှေဇီးကွက်နှင့် ဆိုးသွမ်းသော ကျော်ဝင်း (ခ) ကျော်သူ ကျွန်တော်တို့နှစ်ယောက် ပေါင်းစည်းခြင်း (၃၃) နှစ်ပြည့်ခဲ့သော သြဂုတ်လ (၃၁) ရက်နေ့တွင် ဖြတ်သန်းခဲ့သော ပရဟိတသက်တမ်း ဆယ်စုနှစ်ကျော်ကာလများ၌ ကျွန်တော်တို့နှစ်ယောက် ဖြတ်သန်း၊ တွေ့ကြုံ ခံစားနားလည်ခွင့်ရခဲ့သော ဗြဟ္မစိုရ်တရား၊ ဓမ္မနှင့်ပရဟိတ အတွေ့အကြုံများတို့ကို နှလုံးသားနှင့် ရင်းခဲ့ပြီး ရေးသားခဲ့မိသော စာသားများ၊ ဆောင်းပါးများနှင့် အင်တာဗျူးများတို့ကို ပဉ္စဂံစာ အုပ်တိုက်မှ စုစည်း၍ ထုတ်ဝေမည့် “ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာ” အမည်ရှိ စာအုပ်အား မင်္ဂ လာသက် (၃၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၁၈.၈.၂ဝ၁၄ ရက်နေ့တွင် စတင် ထုတ်ဝေဖြန့်ချီတော့မည် ဖြစ်ပါကြောင်းနှင့် အမှာစာများအား အမှတ် (၁၆၇)၊ မြေညီထပ်၊ ၃၅ လမ်း(လယ်)၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့။ ဖုန်း - ဝ၁ ၃၇၇ ဝ၆၁ သို့ တိုက်ရိုက်ဆက်သွယ်၍ မှာကြားနိုင်ပြီ ဖြစ်ပါကြောင်း သတင်း ကောင်း ပါးအပ်ပါသည်။



မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာ ခရီးရှည်ဆက်ရဦးမယ့်သဘောရှိတယ်လို့ ပြောခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာပြည်ရင်ဆိုင်ရမယ့် စိန်ခေါ်မှု ၄ခုကို သြဂုတ် ၁၃ရက်နေ့က ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့မှာ ပြောဆိုခဲ့ပါတယ်။ စိန်ခေါ်ချက် ၄ချက်က ဘာတွေလဲ။

မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍသစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲခြင်းနဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲတွေကို အားပေးထောက်ခံခြင်း၊ နှစ် ၆ဝကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ခြင်း၊ မြန်မာပြည်သူတွေ လူ့အခွင့်အရေးအပြည့်အဝရစေဖို့ အာမခံချက်ပေးခြင်းတွေဖြစ်တယ်လို့ အာရှပစိဖိတ်ဆိုင်ရာ အမေရိကန်မျှော်မှန်းချက်များဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဆွဲဆောင်နိုင်ဖို့၊ လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ သစ်တောနဲ့အခြားသယံဇာတတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ လုပ်ဆောင်ချက်တွေဟာလည်း မြန်မာပြည်အသွင်ကူးပြောင်းရေးရဲ့ စမ်းသပ်မှုတွေဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီဖို့ရည်ရွယ်ထားပြီး မြန်မာခေါင်းဆောင်တွေကတော့ အကဲဆတ်လှတဲ့ ရွေးချယ်မှုတွေကို လုပ်ဆောင်ရမှာပါလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးသမားတွေကို တတ်နိုင်တာအကုန် ကူညီသွားမှာဖြစ်ပြီး အထူးသဖြင့် လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲကို ထောက်ခံအားပေးသွားမှာပါလို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဆုံးသတ်ပြီး အမုန်းတရားဖြန့်ဖြူးနေသူနဲ့ ဘာသာရေးအကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖို့၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အကောင်အထည်ဖော်ဖို့၊ လွတ်လပ်စွာ စုရုံးခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကာကွယ်ဖို့လိုတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ မြန်မာပြည်သူတွေအပေါ် တင်ရှိနေတဲ့ ကိစ္စရပ်တွေအတွက် ဒီစိန်ခေါ်မှုတွေကို လုပ်ဆောင်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့ပါတယ်။

Kamayut media

(တစ်)
ပင်လယ်ကမ်းခြေတွင် မေးတင်တည်ရှိနေသည့် ဖူးခက်မြို့နိုင်ငံတစ်ကာလေဆိပ်၏ ထက်ဝဠာကောင်းကင်ယံတခိုတွင် မိုးသားတိမ်လိပ် တို့ ကင်းစင်၍ သာယာလှသောရာသီဥတုဖြစ်လင့်ကစား အနောက်တိုင်းဝတ်စုံအပြည့်ဖြင့်၊သပ်ယပ်ခန့်ငြားစွာ၊ လေဆိပ်အထူးဧည့်ကြို ခန်းမတွင်းသို့ရောက်ရှိနေသော ဆြာဒင်အဖို့ ခန္ဓာကိုယ်တစ်ခုလုံးကို ပုရွက်ဆိတ်တက်သလို ရွစိရွစိခံစားနေရ၏။

အရေးကြီးပုဂ္ဂိုလ်တို့ကို ကြိုဆိုရန်ဖြစ်၍ ထိုင်းအထူးရဲထောက်လှမ်းရေးများစွာတို့သည်လည်း ဆြာဒင့်လုံခြုံရေးအလို့ငှာ ခြေချင်းလိမ် လျက် ထုပ်စည်းတိုးသကဲ့သို့ ရှိနေကြလေရာ၊ဆြာဒင်တစ်ယောက် နေရထိုင်ရသည်မှာ ခွတီးခွကျရှိနေချိန်ဖြစ်လေ၏။ဆြာဒင့် နံဘေးတွင် ကုတ်ချောင်းချောင်းစတိုင်ကိုယ်စီဖြင့် ဆြာလောက်နီးနီးရှိုးထုတ်ထားကြသော တပည့်ကျော်တို့သည်လည်း ဟိတ်ဟန် သိက္ခာသမာဓိအပြည့်ဖြင့် မနေတတ်ကြရှာလေသောကြောင့် မျက်နှာပိုးမသေကြပဲ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြပြန်၏။

“ခုလို ယူရိုပီယံဂိုက်နဲ့ဆိုတော့ ဆြာဒင်က ဟောလီးဝုဒ်ဓာတ်ရှင်မင်းသားနဲ့ နင်လားငါလားပါကလား ၊ ခန့်ချက်ကတော့ဗျာ”

“ဆြာဒင်က ခုလိုတည်တည်ကြီးနေတော့ လူရှိန်တာအမှန်ပဲဗျ၊တစ်ခါတစ်ခါ ဗလွတ်ရွှတ်တ ပြောတတ်တာကတော့ ခြွင်းချက်ပေါ့ ဆြာ”

“ငတို့ ဆြာ၊ဥပဓိရုပ်ကလည်း ဆိုဖွယ်ရာမရှိပါကလား၊ဖျတ်ကနဲကြည့်ရင် ကွမ်းယာဆိုင်ပိုင်ရှင်လို့ ဘယ်သူမှ မထင်လောက်ဘူး”

ဣနြေ္ဒသမ္ပတ္တိဖြင့်နေရမည့်အချိန်လည်းဖြစ်၊ဟုတ်မှန်သောအချက်များကိုလည်း ခွန်းတုန့်ပြန်ရန်မလိုသည့်အလျောက် ဆြာဒင်ခပ်မဆိတ် နေလိုက်ချိန်တွင် လေယာဉ်တစ်စီးထိုးဆိုက်လာသံကို ကြားလိုက်ရပြီး၊ထိုင်းဗိုလ်မှူးကြီးတစ်ယောက် ဦးဆောင်လျက် ဧည့်ခန်းတွင်းသို့ ဝင်ရောက်လာသော အထူးဧည်သည်တော်ကြီးများကို ဆြာဒင်ခမျာ၊ဆတ်ကနဲ မတ်တတ်ရပ်ရင်း၊ ပျာပျာသလဲ၊ ပဋိသန္ဓာရစကား ဆို လျက် ကြိုဆိုလိုက်ရသည်။

ဆြာဒင်ရှိရာသို့ ပါးစပ်နှင့်နားရွက် တက်ချိတ်မတတ် ပြုံးရွှင်သောမျက်နှာပေးကိုယ်စီနှင့် ရောက်ရှိလာကြသူ များမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်ယင်း၏လက်ထောက်တစ်ဦး၊ ဆြာဒင်တို့သမ္မတကြီးနှင့် အသစ်စက် စက် ပြန်ကြားရေးဝန်မင်းတို့ဖြစ်ကြချေ၏။

“ဟေး ကယ်ရီ ဟောင်းအာယူ၊နေကောင်းတယ်နော်၊အိုင်ဂလက်တူဆီးယူ၊တွေ့ရတာ ဝမ်းသာချက်”
“လေးစားပါတယ် သမ္မတကြီးခင်ဗျာ မာရဲ့နော်”
“ဟား၊ဝန်ကြီးက အပြင်မှာလည်း လူချောလူခန့်ပါပဲကလား၊ရာထူးတိုးသွားတာ ဂုဏ်ယူပါတယ် ဝန်ကြီးခင်ဗျာ”
“ဟိုင်း၊မစ္စတာ၊ အိုင်အမ်ဆြာဒင်”

(နှစ်)
ဤသို့လျှင် ဆြာဒင်တစ်ယောက် ခါးကိုသွင်သွင်ကျိုးမတတ်ဦးညွှတ်ရင်း၊ပါးစပ်မှ အမြှုပ်တစီစီထွက်လောက်အောင် အလုပ်များရခြင်း၏ အကြောင်းရင်းကား ဆြာဒင်၏ခင်မင်ရင်းနှီးလှသော မိတ်ဆွေ၊အမေရိကန်သမ္မတကလေး အိုဘားမားထံမှ အရေးတကြီးပေးပို့လာသည့် အောက်ပါအီးမေးလ်စာတစ်စောင်ကြောင့်ဖြစ်လေသည်။

အိုဘားမားသည် အားလပ်ချိန်အချို့တွင် အွန်လိုင်းမှနေ၍ မြန်မာစာမြန်မာစကား ကို ဆြာဒင့်ထံမှနည်းခံသင်ယူဖူးလေရာ ဆြာဒင်၏တပည့်ဟုဆိုသော် ရနိုင်ကောင်းလေသည်၊(ဤကား စကားချပ်)

သို့
ဆြာဒင်ခင်ဗျား
ဖူးခက်မြို့နေဆြာဒင်တစ်ယောက် ကျန်းမာပကတိ ချမ်းသာစွာရှိစေရန် ဆုတောင်းမေတ္တာပို့သလိုက်ပါ၏။

ဆြာဒင့်ထံ အားကိုးတကြီး၊နားပူနားဆာလုပ်လိုသည်မှာ မြန်မာပြည်တွင် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရန် ကျနော်စေလွှတ်လိုက်သော လူရိုးကြီးဂျွန်ကယ်ရီအား မြန်မာ့အရေးနှင့်ပတ်သက်၍ ဂဃနဏသိရှိစေရန်နှင့် မြန်မာသမ္မတကြီးအနေဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏မြန်မာနိုင်ငံအပေါ်ထားရှိသည့်သဘောထားကို ရှင်းလင်းစွာနားလည်သဘောပေါက်စေရန်အလို့ငှာ၊ ရှစ်စပ်ကဂျင် ခြေလည်သည့် ဆြာဒင့်အနေဖြင့် အားလပ်သည့်ရက် တစ်ရက်ရက်တွင် ၎င်းတို့နှစ်ဦးအား၊ကိုယ်တိုင်ဖိတ်ခေါ်တွေ့ဆုံ၍ သင့်တော်သလို ကြားဝင်ညှိနှိုင်းပေးပါရန် လေးစားစွာ မေတ္တာအပ်ခံအပ်ပါသည်။

တော်သေးပြီ
သစ္စာရှိစွာဖြင့်

သင့်
အိုဘားမား
အမေရိကန်သမ္မတ

ခင်မင်ယုံကြည်စွာ အားကိုးတကြီး အကူအညီတောင်းခံလာသည်က တစ်ကြောင်း၊ကိုယ်တိုင်ကလည်း လူတွင်ကျယ်လုပ်ချင်သည်က တစ်ကြောင်းတို့ကြောင့် ဆြာဒင့်မှာ ရေငတ်တုန်းရေတွင်းထဲပြုတ်ကျဘိသကဲ့သို့ ကမ်းလှမ်းချက်ကို ဝမ်းသာအားရလက်ခံကာ အဆိုပါ ပုဂ္ဂိုလ်များနှင့်နာရီပိုင်းမျှ တွေ့ဆုံနိုင်ရန်အတွက် တပည့်ကျော်များ၏ဝိုင်းဝန်းမှုဖြင့် အဆောတလျင် စီစဉ်ခဲ့ရပြန်ချေသည်တမုံ့။
ဆြာဒင်ကား ထိပ်သီးပုဂ္ဂိုလ်များကို ဆြာလုပ်ရမည်ဖြစ်သောကြောင့် အမေရိကန်မြန်မာဆက်ဆံရေးသမိုင်းနှင့်ပတ်သက်သည်များအား ဝီကီပီးဒီးယားအစောင်စောင်မှ၊မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ်၊အိမ်တွင် အပူတပြင်းဖတ်ရှုလေ့လာခဲ့ရချေ၏။

သည်ကြားထဲ လူထူထူ မျက်လုံးဖြဲပြချင်ကြသည့် တပည့်ကျော်ဖိုးသင်းမျောက်တို့ကလည်း မြွေပူရာကင်းမှောင့်ကြပြန်သည်။

“စိတ်တော့မရှိပါနဲ့ ဆြာဒင်၊ကြုံတောင့်ကြုံခဲမို့ ဆြာ့တပည့်တွေလည်း နားလည်သလောက် ဝင်ဆွေးနွေးချင်တယ် ဆြာ”

“ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ သာမန်အချိန်ဆို ဆုံနိုင်ဖို့နေနေသာသာ၊အိမ်ရိပ်တောင် နင်းဖို့မလွယ်ဘူးမဟုတ်လား ဆြာဒင်”
အမေရိကန်သမ္မတကြီးကိုယ်တိုင်ပင်လျှင် လမ်းပေါ်မှာလျှောက်သွားရင်း သာမန်ပြည်သူတို့နှင့်တရင်းတနှီးဆက်ဆံနေသည့် ဒီမိုကရေစီ ခေတ်ကြီးဖြစ်လေရာ ဆြာဒင့်ခမျာ တပည့်ကျော်တို့၏နားပူနားဆာလုပ်မှုကို မငြင်းဆန်သာပဲ..၊ “မီးစင်ကြည့် ကကြတာပေါ့ကွာ” ဟုသာ ဖြေသိမ့်စကားဆိုပြီးချိန် တခဏ၌ပင် တပည့်ကျော်တို့သည် ဝတ်ကောင်းစားလှကိုယ်စီဖြင့် နောက်တော်မှ ပါခဲ့ကြကုန်၏။

(သုံး)
ဗမာပြည်တွင် အာစီယံဆွေးနွေးပွဲ လက်ခံကျင်းပနေသည့်ကာလမို့ ၊အားလပ်ချိန်နာရီပိုင်းကလေးအတွင်း ကမန်းကတန်းတက်သုတ်ရိုက် လာခဲ့ကြသော ဧည့်သည်တော်တို့၏ အခြေအနေအရပ်ရပ်အရဆွေးနွေးပွဲကို ဖူးခက်လေဆိပ်ရှိ တစ်ခုသောကော်ဖီဘားတွင်ပင် ကျင်းပ ခဲ့ရပြီး၊တပည့်ကျော်လေမင်းသားကို အခမ်းအနားမှူးအဖြစ် ပွဲထုတ်မိလေရာ၊ချစ်လှစွာသော တပည့်ကျော်သည် လွှတ်ပြီဟေ့ ဆိုက တည်းက မဏ္ဍပ်တိုင်တက်ကာ လူစွမ်းပြလေတော့သည်။

လေမင်းသား။ ။ “မစ္စတာဂျွန်ကယ်ရီခင်ဗျား လူကြီးမင်းရဲ့ဘဝကို အခုလိုတောက်ပြောင်လာအောင် မြေတောင်မြှောက်ပေးခဲ့တဲ့ လူကြီး မင်းရဲ့ဇနီးသည်ကို ချီးကျူးဂုဏ်ပြုကြောင်း ဦးစွာစကားလက်ဆောင်ပါးလိုပါတယ်။တစ်ဆက်တည်းပြောလိုတာက အခုလူကြီးမင်းရဲ့ ဗမာပြည်ခရီးစဉ်မှာ ပြောကြားခဲ့တဲ့ သတိပေးစကားတွေဟာ အကင်းမပါးသူများအဖို့ ခြိမ်းခြောက်စကားအဖြစ် မှတ်ယူကြဖွယ်ရှိပါတယ်၊ ကျနော်တို့သမ္မတကြီးဟာ နောက်ကြောင်းပြန်လှည့်မဲ့သူ မဟုတ်ပါဘူး၊ဒီတော့ကာ နှစ်နိုင်ငံကြားမှာ အမြင်မလွဲစေဖို့ ကျနော်တို့ ဆြာ တပည့်တွေ အတတ်နိုင်ဆုံး ကြားဝင်စေ့စပ်ပေးသွားမှာဖြစ်ပါတယ်”

ပြန်ကြားရေးဝန်မင်း။ ။ “ဟုတ်တာပေါ့၊ကိုလေမင်းသားရယ်၊ရှေ့ဆက်ပါအုံးဗျ”

သမ္မတကြီးကား ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နှုတ်ခမ်းပါးလေးနှင့် ပြုံးလျက်ရှိ၏။

လေမင်းသား။ ။ “တကယ်တော့ သမ္မတကြီးကို မယုံရတာမဟုတ်ပါဘူး။သမ္မတကြီးရဲ့ လူကြမ်းအဖွဲ့ဝင်တချို့က မယုံရတာပါ။ဒီတော့ ခေတ်ဟောင်းမှာဆက်ပျော်နေချင်ကြပြီး မြန်မာပြည်ရှေ့ရေးကို နကန်းတစ်လုံးမှမသိကြတဲ့ သမ္မတကြီးနောက်တော်ပါတချို့ရဲ့ တစ်ဦး ချင်းကိုယ်ကျိုးစီးပွားကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပစ်မှတ်ထားသင့်ပါတယ်။ “ခင်ဗျားတို့ထင်တိုင်းကြဲနေတာကို အမေရိကန်က လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”ဆိုတဲ့ တိကျထိရောက်တဲ့သတင်းစကားကို နည်းလမ်းမျိုးးစုံနဲ့ပါးစေချင်ပါတယ်”

ဂျွန်ကယ်ရီ။ ။ “တကယ့်ကို ထိရောက်တဲ့အကြံပြုချက်ပဲဗျာ၊ဒါကြောင့်လည်း အမေရိကန်ဟာ မြန်မာပြည်ကို ၂၀၁၂ခုနှစ်ကနေ အခုအချိန် အထိ အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော်ထောက်ပံ့ထားတာ? သဲထဲရေသွန်အဖြစ်ခံလို့ ဘယ်ဖြစ်ပါ့မတုန်း။အမေရိကန်ဟာ ဗမာပြည်ကို မျက်ကန်းယုံကြည်မှုမျိုးနဲ့ ဆက်ဆံနေတာမဟုတ်ဘူးဆိုတာ ဒိထက်ထင်ရှားအောင် ကျနော်တို့ဆက်ပြီး လုံးပန်းသွားမှာပါ”

ဂျွန်ကယ်ရီ၏လက်ထောက်အဖြစ်လိုက်ပါလာသူ အမေရိကန်စီအိုင်အေအရာရှိဖြစ်ပုံရသည့်ပုဂ္ဂိုလ်ကား ရှုတည်တည်မျက်နှာပေးဖြင့် မှတ်စုတချို့ကို ရေးခြစ်လျက်ရှိ၏။ဆြာစင်စစ်ဖြစ်ပါလျက် မျှော်လင့်ထားသလို ဗိုလ်ပုံအလယ်တွင် ပညာစွမ်းပြခွင့်မရရှာသည့် ဆြာဒင်မှာ တပည့်ကျော်ကိုစိတ်ဆိုးရအခက်၊ခွင့်လွှတ်ရအခက်ဖြစ်နေချေ၏။

ထိုစဉ်ဂျွန်ကယ်ရီသည် ကြားဖြတ်မေးခွန်းတစ်ခုဖြင့် အမှတ်မထင် ထောက်လိုက်လေရာ သည်တစ်ခါဟန်ကျပေပြီဟူသော အတွေးဖြင့် ဆြာဒင်မတ်တတ်ရပ်ရန် ဖင်ကြွနေဆဲမှာပင်၊ တပည့်ကျော် ကပ္ပလီက တစ်စခန်း ထပြန်လေသည်။

ဂျွန်ကယ်ရီ။ ။”လက်ရှိအနေအထားအရ မြန်မာပြည်မှာ အထူးသတိချပ်သင့်တဲ့ စိန်ခေါ်ချက်တွေကို လူကြီးမင်းတို့ သဘောပေါက်ကြ မယ် ထင်ပါရဲ့”

ကပ္ပလီ။ ။“ကောင်းကောင်းကြီးပေါက်တာပေါ့ မစ္စတာကယ်ရီ။အမေရိကန်ဟာ ဗမာပြည်ရဲ့ (၂၀၁၅)ရွေးကောက်ပွဲကို သတိကြီးစွာနဲ့ စောင့်ကြည့်နေတယ်ဆိုတာ ကျနော်တို့အားလုံးသိနေပါတယ်။အမေရိကန်အထက်အောက်လွှတ်တော်တွေမှာ မြန်မာပြည်ပြုပြင်ပြောင်း လဲရေးအပေါ် အယုံအကြည်မရှိတဲ့ အဆိုတွေတင်သွင်းခဲ့တယ်ဆိုတာလည်း ကျနော်တို့ကြားပြီးသားပါ။ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ရမယ်။ပွင့်လင်းမြင်သာမှု၊မျှတမှုရှိရမယ်။နိုင်ငံတစ်ကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့စစ်ဆေးမှုကို လက်ခံနိုင်ရမယ်၊(၂၀၁၆)မှာ အာဏာကို အေးချမ်းစွာလွှဲပြောင်းပေးရမယ်ပေါ့ဗျာ။ ဟုတ်ဖူးလား သမ္မတကြီးခင်ဗျ”

သမ္မတကြီး။ ။ “ဟုတ်ပါ့ ကိုကပ္ပလီရယ်၊နောက်ဆုံးကျင်းပသွားခဲ့တဲ့ အင်ဒိုနီးရှားရွေးကောက်ပွဲကို ကျနော်တို့ နမူနာယူမှာပါဗျာ”

(လေး)
သမ္မတကြီးထောက်ခံလိုက်ကာမှ ကပ္ပလီငယ်မှာ စိတ်အားတက်ကြွလာလျက်၊ဆယ်စုနှစ်နှင့်ချီ၍ ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခ၊ အရပ်ဘက်အဖွဲ့အစည်းများအား ပိုမိုနေရာပေးရန်၊ သတင်းမီဒီယာများအား အကာအကွယ်ပေးရန်၊ မြေယာသိမ်းကိစ္စရပ်များအား ဖြေရှင်းရန်၊ နိုင်ငံတွင်းလူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ မဖြစ်ပေါ်အောင် အကာအကွယ်ပေးရန်၊ပြည်သူတို့၏အခွင့်အရေးကို တရားဥပဒေဖြင့် အကာအကွယ်ပေးရန်တို့မှာ စိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်သည်ကိုသိရှိကြောင်း၊ အချိန်နှင့်တစ်ပြေးညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန်မြွက်ခြွေနေပြန်ရာ၊လူလည်ကြီးသား ဆြာဒင့်ခမျာ ဝင်ရောက်စွက်ဖက်ရန် အခွင့်မသာ ပြန်ချေ။

ဂျွန်ကယ်ရီ၊သူ၏လက်ထောက်၊ပြန်ကြားရေးဝန်မင်း၊ကပ္ပလီနှင့်လေမင်းသားတို့မှာ မြန်မာပြည်အနာဂတ်ကို ရေပက်မဝင်နိုင်အောင် ဆွေးနွေးလျက်ရှိကြစဉ် ငြိမ်သက်စွာနားထောင်လျက်ရှိသော သမ္မတကြီးသည် တစ်စုံတစ်ခုကိုမေးလိုဟန် အမူအယာပြလိုက်ရာ ဆြာဒင် သည် သည်တစ်ခါတော့ “အကွက်ကောင်းပဟ”ဟူသောအတွေးဖြင့် ဆွေးနွေးရန် စကားလုံးရှာနေဆဲမှာပင် ဖေကြည်ငယ်က ကောက် ကာ ငင်ကာ လက်ဦးမှုရယူပြန်လေသည်။

ဖေကြည်။ ။ “သမ္မတကြီး မေးလိုတဲ့အချက်ရှိရင် အားမနာနဲ့နော်”

သမ္မတကြီး။ ။“သြော်၊အခုဆွေးနွေးပွဲမှာ စိန်ခေါ်ချက်၊စိန်ခေါ်မှုဆိုပြီး စိန်ခေါ်တာတွေထပ်နေတော့ အဲဒီစိန်ခေါ်ချက်တွေကို မဖြေရှင်းနိုင်ခဲ့ရင် ဘာများဖြစ်မလဲ သိချင်လို့ပါ”

ဖေကြည်။ ။ “ဒါက ဒီလိုရှိပါတယ် သမ္မတကြီးခင်ဗျာ။သမ္မတကြီးတို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ပါ့မယ်လို့ ကမ္ဘာကိုအသိ ပေး ကြေညာပြီးဖြစ်တဲ့အတွက် အမေရိကန်အပါအဝင် အနောက်နိုင်ငံအုပ်စုဝင်နိုင်ငံတွေဟာ မြောက်မြားလှစွာသော ကြွေးမြီတွေကို လျှော်ပစ်တာ၊စစ်ရေး၊စီးပွားရေးအပါအဝင် နည်းပညာကဏ္ဍအသီးသီးမှာ စေတနာဗလဗွနဲ့ ကူညီဖြည့်ဆည်းပေးပြီး၊တရုတ်လောင်းရိပ် အောက်ကနေ ဖယ်ထုတ်ပေးနေတာဖြစ်ပါတယ်

။ပြုပြင်ပြောင်းလဲရေးကို ဆက်ပြီးပီပီပြင်ပြင်မဆောင်ရွက်ဘူးဆိုရင်၊တရုတ်ကို ပြန်ကပ်ဖို့ စိတ်မကူးပါလေနဲ့။ ဒီအချက်ကို အမေရိကန်ရဲ့အာရှပစိဖိတ်မဟာဗျူဟာအရ လက်မခံနိုင်ပါဘူး။ခုလို စပ်ကူးမတ်ကူးကာလမှာ ပြုပြင် ပြောင်းလဲရေးလမ်းကနေ သွေဖီမယ်ဆိုရင် အနောက်အုပ်စုရဲ့ အကူအညီအားလုံး ရုတ်ခြည်းရပ်ဆိုင်းလိုက်ခြင်းဖြင့် အသိအမြင်ပွင့်လင်း စပြုနေတဲ့ ဗမာပြည်သူလူထုရဲ့ အုံကြွမှုနဲ့ မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်။

စစ်ဝါဒရဲ့ဆိုးကျိုးကို အထိုက်အလျောက်သဘောပေါက်တဲ့ တပ်မတော်သားတွေလည်း လူသိရှင်ကြားပေါ်ထွက်လာပြီမို့ တပ်မတော်ပါအစိတ်စိတ်အမွှာမွှာကွဲပြီး ဗမာပြည်ရှေ့ရေးဟာ မတွေးရဲ လောက်အောင် ဖြစ်သွားနိုင်တာပေါ့ခင်ဗျာ။ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလိုပြင်ဆင်ပြီး ခရီးရှေ့ဆက်ကြရမှာပေါ့”

သမ္မတကြီးသည် တစ်စုံတစ်ရာကို အလေးအနက် တွေးတောနေဟန် ခပ်ငိုင်ငိုင်ဖြစ်သွားချိန်တွင် ဆြာဒင့်ရင်ထဲတွင်မူ နွားရှေ့ထွန်ကျူး ကြလေသည့် တပည့်များကို နားရင်းထရိုက်ချင်လောက်အောင် ကျွဲမြီးတိုနေလေပြီ။

(ငါး)
“ဘာဆက်လုပ်ရမယ်ဆိုတာ ကျနော်သိပါပြီ မစ္စတာဂျွန်ကယ်ရီ” ဟူသော သမ္မတကြီး၏နိဂုံးချုပ်စကားဖြင့် ဆွေးနွေးပွဲကား ဆြာဒင် တစ်ခွန်းတစ်ပါဒမျှ မပြောမဆိုလိုက်ရပဲ၊အောင်မြင်စွာ ဆုံးခန်းတိုင်ခဲ့လေသည်။

သည်တပည့်တွေကြောင့် သည်လိုအဖြစ်မျိုးကြုံရလေခြင်း ဟူသောအတွေးဖြင့် ဆြာဒင်တစ်ယောက်၊ကြိမ်မီးအုံးသကဲ့သို့ ဒေါသမီး တောက်လောင်နေချိန်တွင် လေယာဉ်ပျံကြီးပေါ်သို့ တက်ခါနီး ဆဲဆဲ ဆြာဒင့်ကို ပွေ့ဖက်နှုတ်ဆက်ကြရင်း၊အသီးသီးဆိုကြလေသည့် ဧည့်သည်တော်တို့၏ မှတ်ချက်စကားတို့ကြောင့် ဆြာဒင့်ရင်မှာ လောင် မြိုက်လေသော ဝန်တိုမစ္ဆိယစိတ်သည် ပိန်းကြာဖက်တွင်၊ရေမတင်သကဲ့သို့ ကွယ်ပျောက်ကာ ရွှင်လန်းမှုအတိဖြစ်ရလေ၏။

“မကြာခင် ပြန်ဆုံချင်ပါသေးတယ် မစ္စတာဒင်၊နာမည်နဲ့လိုက်အောင် ဥာဏ်ကြီးပါပေ့ဗျာ။ဒီပြဿနာလောက်ကို တပည့်တွေနဲ့ကိစ္စပြတ် မှန်းကြိုသိနေသကိုး၊တရုတ်၊အမေရိကန်အားစမ်းမဲ့ မဟာဗျူဟာအစီအမံတွေမှာ ဆြာဒင့်လိုလူမျိုး ပါလာရင်သိပ်ကောင်းမယ်ဗျာ”

“ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ် ဆြာဒင်ရယ်။ဆြာ့တပည့်တွေတော်လိုက်ပုံများ ဆြာကိုယ်တိုင် တစ်ခွန်းမှဝင်ပြောစရာ မလိုအောင်ပါကလား။အခွင့်ကြုံတဲ့အခါ သမ္မတအိမ်တော်မှာ ထမင်းဖိတ်ကျွေးချင်ပါရဲ့”

“ဆြာဒင် ပြန်ကြားရေးမှာလိုတာရှိရင် ပြောနော်၊ကျနော့်ဖက်ကကူညီဖို့ အဆင်သင့်ရှိပါတယ်”

“You are really great man”

အထူးလေယာဉ်ပျံကြီးးဖူးခက်လေဆိပ်မှ ပျံတက်သွားချိန်တွင်ကား ဆြာဒင်သည် ဆြာ့ဂုဏ်ကို မြှင့်တင်ပေးခဲ့လေသော တပည့်ကျော်တို့ ၏ပခုံးကို ပြုံးရွှင်စွာပွေ့ဖက်ရင်း လေဆိပ်အဆောက်အဦးကြီးအတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။

လေဆိပ်အပြင်မှာ အသင့် ရပ်ထားသော ဘေးတွဲဆိုင်ကယ်စံပလောပေါ်တွင်တပည့်ကျော်တို့ကို တင်ဆောင်ရင်း ဖူးခက်မြို့မှနာမည်ကျော် ထိုင်းစားသောက် ဆိုင်တစ်ဆိုင်ဆီသို့ ဆြာဒင်ကိုယ်တိုင်မောင်းနှင်ဦးတည်လျက်ရှိလေ၏။ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလံ၊မင်္ဂလာ မည်သည် မဟုတ်တုံလော။ ။

(မင်းဒင်)

http://www.7daydaily.com/
အီဘိုလာရောဂါ ကူးစက်မှုများနှင့် ပတ်သက်ပြီး သတင်းပေး တိုင်ကြားမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက လျှော့တွက်ခဲ့သည့် အထောက်အထားများ တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဝန်ခံ အတည်ပြုခဲ့သည်။
အနောက်အာဖရိက ဒေသများတွင် စတင်ဖြစ်ပွား ကူးစက်လာသော ရောဂါသည် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ သတိပြုရမည့် ကျန်းမာရေး ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ယခုနှစ် အီဘိုလာ ကူးစက်မှုများကြောင့် သေဆုံးသူ အရေအတွက်သည် (၁၀၆၉)ဦးထိ ရှိလာပြီ ဖြစ်သည်။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းဖြစ်သည့် WHOက အီဘိုလာ ရောဂါနှင့် ပတ်သက်၍ ပေါ့လျော့မှု၊ လျှော့တွက်၍ ကိုင်တွယ်မှုများကို မိမိတို့၏ စစ်ဆေးရေး ဝန်ထမ်းများက စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

“တကယ်တော့ အီဘိုလာနဲ့ ပတ်သက်ပြီး အထူးသတိပြု ကြပ်မတ်စစ်ဆေးမှုတွေ လိုအပ်ခဲ့တာပါ”ဟု WHOမှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။ ဖေဖော်ဝါရီလက ဂီနီရာ နိုင်ငံတွင် စတင်ဖြစ်ပွားလာသည့် အီဘိုလာ ရောဂါသည် လိုက်ဘေးရီးယား၊ ဆီအာရာလီယွန်နှင့် နိုက်ဂျီးရီးယားတို့သို့ပါ ပျံ့နှံ့ ကူးစက်ခဲ့သည်။ လေကြောင်းဖြင့် ခရီးသွားခြင်းမှ အီဘိုလာ ကူးစက်နိုင်ခြေမှာမူ ဖြစ်နိုင်ခြေ နည်းလွန်းသေးကြောင်း WHO က ဆိုသည်။

“ကျွမ်းကျင်ဝန်ထမ်းတွေ စစ်ဆေးတွေ့ရှိမှုအရ ကြောက်စရာ ကူးစက်ရောဂါတစ်ခု ဖြစ်ပေါ်နေကြောင်း အထောက်အထားတွေ ရှိနေပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အရေးတယူ ဆောင်ရွက်ဖို့ ပေါ့လျော့ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ WHO အနေနဲ့ အီဘိုလာ ရောဂါကူးစက်မှုကို နိုင်ငံတကာက အလေးအနက် ပူးပေါင်း ဆောင်ရွက် ထိန်းသိမ်းပေးဖို့ တိုက်တွန်းလိုပါတယ်”ဟု အဖွဲ့ကြီး၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အာဖရိကတိုက်တွင် အီဘိုလာ ရောဂါကို ဆေးမြီးတိုများဖြင့် ကုသနေမှုများလည်း ရှိနေဆဲ ဖြစ်သည်။ ရောဂါဖြစ်ပွားနေမှန်း သိသော်လည်း အီဘိုလာ ပျောက်ကင်းသည်ဟု ယုံကြည်သည့် ဆားဖျော်ရည် တစ်မျိုးကို သောက်သုံးပြီး ကုသနေသူ နှစ်ဦး နိုက်ဂျီးရီးယားတွင် သေဆုံးကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

အီဘိုလာသည် ရောဂါရှင်၏ သွေး၊ သို့မဟုတ် ခန္ဓာကိုယ်မှ ထွက်ရှိသည့် အရည်တို့မှတစ်ဆင့် အခြားသူများကို ကူးစက်နိုင်သည်။ သေသည်အထိ ပြင်းထန်စွာ သက်ရောက်နိုင်သော အဆိုပါ ရောဂါကို ကာကွယ်နိုင်၊ ကုသနိုင်သော ဆေးဝါးမျိုး လက်ရှိအချိန်ထိ မထုတ်လုပ်နိုင်သေးချေ။
_Ref: BBC

မြန်မာနိုင်ငံမှာ လူငယ် ၆၀ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့နဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဧရာဝတီ၊ ရန်ကုန်တိုင်းက အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကြား လူငယ် ၂၀၀၀ ဆီကနေ
စစ်တမ်းကောက်ခံခဲ့တာဖြစ်ပြီး လူငယ် ၁၀ ဦးမှာ ၆ ဦးဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကြောက်တရားတွေ ရှိနေသလို ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်နဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေအပေါ်မှာ စိတ်ဝင်စားမှု နည်းတယ်လို့ ဆိုပါတယ်။
ကျေးလက်ဒေသက လူငယ်တွေဟာ အလုပ်လက်မဲ့ ပြဿနာအတွက် ထွက်ပေါက်ရှာရာကနေ လူကုန်ကူးမှု ပြဿ နာကို ရင်ဆိုင်ရတယ်လို့လည်းရေးပါတယ်။

ဘွဲ့ရ အလုပ်လက်မဲတွေ လျော့နည်းဖို့ ပညာရေးစနစ်ကို မြှင့်တင်ပေးတာ၊ ပညာဆုံးခန်း တိုင်အောင် မသင်ကြားနိုင်တဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာသင်တန်း ကျောင်းတွေ ဖွင့်ပေးတာ၊ တိုင်းရင်းသားလူငယ်တွေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ ဒေသမှာ ရှိတဲ့ လူငယ်တွေအတွက် လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ်တွေ လုံလောက်စွာ ဆောင်ရွက်ပေးဖို့ စတဲ့ အကြံပြုချက် ၇ ချက်ကိုလည်း ရေးသားထားပါတယ်။
ဒီအစီရင်ခံစာကို သမ္မတ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

dvb


ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ရှိ ကမာကလဲကျေး ရွာတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ(EU) သံအမတ်ကြီးရိုလန်ခိုဘီရာ ကို တွေ့ရစဉ်

မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး ရိုလန်ခိုဘီရာသည် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်ရှိ ကမာကလဲကျေးရွာမှ ကမာကလဲ ရွာ ဦးဘုန်းတော်ကြီးကျောင်းသို့ ဩဂုတ် ၁၃ ရက်တွင် သွားရောက် ကာရေဘေးဒုက္ခသည် ၃၀၀ နီးပါး နှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ EU အဖွဲ့မှ ပဲခူး တိုင်းဒေသကြီးအပါအဝင် မြန်မာ နိုင်ငံတစ်ဝန်း လုံး၌ မကြာသေးမီက ဖြစ်ပွားခဲ့သော ရေကြီးရေ လျှံမှုများ ကြောင့် ဒေသ ခံပြည်သူများ အခက် အခဲနှင့်ရင်ဆိုင်နေရသည်ကို တွေ့ရှိ ခဲ့သည်။

ယင်းကြောင့် EU အဖွဲ့က ရေဘေးဒုက္ခသည်များနှင့်တွေ့ဆုံကာ ၎င်းတို့၏လိုအပ်ချက်များကို မြန်မာ တစ်နိုင်ငံလုံးမှ EU အဖွဲ့၏စီမံကိန်း များမှတစ်ဆင့် ဖြေရှင်းပေး သွားမည် ဟု ဆိုသည်။

ရေဘေးဒုက္ခသည် များနှင့် တွေ့ဆုံစဉ် သံအမတ်ကြီးရိုလန်ခိုဘီ ရာသည် ကြံ့တန်းနှင့်ကမာကလဲကျေး ရွာများမှရေဘေးဒုက္ခသည်များနှင့် လက်ရှိအခြေအနေများ၊ လိုအပ်ချက် များအပြင် ဒေသခံပြည်သူများဖွံ့ဖြိုး တိုးတက်ရေးအတွက် ကာလရှည်ရင် ဆိုင်နေရသည့်အခက်အခဲများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့သည် ဟုသိရသည်။ ထို့အပြင် သံအမတ် ကြီးခိုဘီရာက ရေဘေးဒုက္ခသည် များကို လက်ခံထားကာ ၎င်းတို့အ တွက် အစားအစာနှင့်တည်းခိုရန် နေရာများ၊ ထောက်ပံ့ပေးနေသော ကမာကလဲရွာဦးဘုန်းတော်ကြီး ကျောင်းမှ ဘုန်းတော်ကြီးများကို လည်း ကျေးဇူးတင်စကားပြောကြား ခဲ့သည်ဟု သိရသည်။

မလေးရှား နိုင်ငံတွင် ထောင်ဒဏ်တစ်နှစ်စီကျ ခံခဲ့ရသည့် မြန်မာအလုပ်သမား ၅၂ ဦးအရေးကို ထိရောက်စွာ ဖြေရှင်း မဆောင်ရွက်နိုင်ပါက မြန်မာ-မလေး ရှား နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြား နိုင်ဖွယ်ရှိသဖြင့် ယင်းကိစ္စကို နှစ်နိုင်ငံ အစိုးရက ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယင်းကိစ္စသည် သက်ရောက် မှုအတိုင်းအတာပမာဏ ကြီးမား ကြောင်း၊ မြန်မာအလုပ်သမားများကို စေလွှတ်သည့်အေဂျင်စီ၊ မလေးရှား ရှိ မြန်မာသံရုံးများကိုလည်း ယင်းကိစ္စ နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နေကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက ''ဒီကိစ္စကိုသေချာ ဖြေရှင်းဖို့ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်နေပါတယ်။ သေချာမဖြေရှင်းရင် မလေးရှားနဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုတောင် ထိခိုက်နိုင်တဲ့အနေအထားရှိတယ်'' ဟု ပြောသည်။

မလေးရှားသို့ ဗီဇာအတုဖြင့် တရားမဝင်ကုမ္ပဏီတစ်ခုက ပို့ ဆောင်ခြင်းကြောင့် ထောင်ကျခံခဲ့ရ သည့် အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်း ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းအမှုသည် လတ်တလော စစ်ဆေးတွေ့ရှိချက်များအရ လူကုန်ကူးမှုမြောက်ခြင်းမရှိသေး ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးအဖွဲ့မှ ရဲမှူးကြီးဝင်းနိုင်ထွန်းကဒီမိုကရေစီတူဒေးသို့ပြောသည်။

''ဒီကိစ္စကို အလုပ်သမားဝန်ကြီး ဌာနနဲ့ ပူးပေါင်းပြီး ဖြေရှင်းဖို့ ဆောင် ရွက်မှာပါ။ လတ်တလောအနေနဲ့ ပြောရင်တော့ လူကုန်ကူးမှုမမြောက် သေးပါဘူး။ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဆက်လက်စစ်ဆေးဖြေ ရှင်းသွားမယ်''ဟု ပြောသည်။

စုမြတ်နန္ဒာဝင်းကုမ္ပဏီ၏ ဗီဇာ အတုလုပ်ကာ ပို့ဆောင်ခြင်းခံခဲ့ရ သူများထဲတွင် ပါဝင်သူတစ်ဦး၏ အစ်မဖြစ်သူမှလည်း ယင်းတို့အနေ ဖြင့် ကုန်ကျစရိတ်အားလုံးကို စုမြတ် နန္ဒာဝင်းကုမ္ပဏီမှတောင်းသည့်ပမာ ဏအတိုင်းပေးခဲ့ရကြောင်း၊ ယခုတွင် ဗီဇာအတုဖြင့် သွားခြင်းကြောင့် အဖမ်းခံရသည့်အပြင် ထောင်ဒဏ် ပါကျခံနေရသဖြင့် ယင်းကိစ္စကို ထိ ရောက်စွာဖြေရှင်းပေးရန်လည်း မျှော် လင့်ကြောင်း ဒီမိုကရေစီတူဒေးသို့ ပြောသည်။

''အတုအစစ်ဆိုတာ ဒီဘက် လေဆိပ်ကတောင်မသိဘဲ သူများ နိုင်ငံကိုရောက်မှသိရတာဆိုတော့ သွားတဲ့လူတွေလဲ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။ အတုဆိုရင် ဘယ်သူကရော ကိုယ့်လူ ဒုက္ခရောက်ခံပြီး လွှတ်ပါ့မလဲ။ ခုတော့ ဘာအဆက်အသွယ်မှ မရ၊ အခြေအနေလဲ ဘယ်လိုရှိမှန်း မသိတော့ ဘာဆက်လုပ်ရမလဲဆို တာတောင် မသိနိုင်တဲ့အခြေအနေ ပါ။ ကျွန်မတို့အနေနဲ့ အရမ်းစိတ်ပူ နေပါတယ်'' ဟုပြောသည်။

သြဂုတ် ၁၃ရက်တွင် မလေးရှား နိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးစင်တာမှ လည်း အ ဆိုပါ အလုပ်သမားများ၏ ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံးသိရှိ စေရန် ကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေးရုံး တွင်လည်း အဆိုပါကိစ္စနှင့်ပတ်သက် ပြီး အမှုဖွင့် တိုင်ကြားထားကြောင်းနှင့် အလုပ်သမားများသည် ဆယ် သိန်းနှင့်အထက်ပေးကာ လာခဲ့ကြ သည့် အလုပ်သမားများဖြစ်ကြပြီး မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် လာခဲ့ကြသူ များသာဖြစ်ကြောင်း ယင်းကြောင့် အမှုမှန်ပေါ်ပေါက်ရေးကို ယင်းတို့ စင်တာအနေဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောသည်။

မလေးရှားနိုင်ငံရှိ Myanmar Migrants Rights Centre ဥက္ကဋ္ဌ ဦးကိုလတ်က ''ဒီကိစ္စကို ဒီနေ့ပဲ လူ့ အခွင့်အရေးရုံးမှာ အမှုထပ်ဖွင့်ပါ တယ်။ ကလေးတွေအားလုံးကို မတရား ထောင်ဒဏ်ချတာကို အကာအကွယ်မပေးဘဲ အေဂျင်စီကလူတွေကို ကာကွယ်ပေးနေတာတွေကိုပါ တွေ့ နေရတဲ့အတွက်ရော၊ မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကစကားပြန်ကလဲ အပြစ်ကို အတင်းဝန်ခံခိုင်းပြီး ထုချေ ခွင့်ရှိတာကို ဘာမှမလုပ်ပေးတဲ့အတွက်ကိုရော အမှန်အတိုင်းအားလုံး ဖြစ်အောင် လုပ်ဆောင်သွားမယ်'' ဟု ပြောသည်။

မလေးရှားတွင် ထောင်ကျခံရ သည့် အလုပ်သမားများသည် စုမြတ်နန္ဒာဝင်း ခရီးသွားလုပ်ငန်းအေဂျင် စီ စေလွှတ်မှုကြောင့် ဇူလိုင်၈ရက် တွင် လေယာဉ်အမှတ် AK503 Air Asia ဖြင့် သွားရောက်ခဲ့သည့်သူ များဖြစ်ပြီး စုစုပေါင်းအလုပ်သမား ၇၂ဦးပါဝင်ကြောင်း သိရသည်။

ယင်းအလုပ်သမားများကို မလေး ရှားဘက်အခြမ်းမှ အေဂျင်စီ သုံးဦး က လေဆိပ်တွင်စောင့်ကာခေါ်ဆောင် ခဲ့ခြင်းဖြစ်ပြီး လေဆိပ်ရှိ လဝကဂိတ် ကိုကျော်ဖြတ်ပြီးနောက် Show money များကို အလုပ်သမားများထံ မှ မလေးရှားအေဂျင်စီများမှ ပြန် လည်သိမ်းယူနေစဉ် အစောင့်ကျနေ သည့် လဝကအရာရှိမှ မြင်တွေ့ကာ မသင်္ကာ၍ ပတ်စ်ပို့စာအုပ်များကို ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဗီဇာအ တုများဖြစ်နေသည့်အတွက် အမျိုး သား၊ အမျိုးသမီးအပါအဝင် ၇၂ဦး နှင့် အေဂျင်စီ သုံးဦးကိုဖမ်းဆီးကာ စစ်ဆေးခဲ့ပြီး ယင်း ၇၂ဦးထဲမှ ၅၂ဦး ကို မလေးရှားဗီဇာအတု လဝကအက် ဥပဒေပုဒ်မ (14/B) နှင့် ဆီဗန်းတ ရားသူကြီးက ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့အမိန့်ချမှတ်ပြီး အုပ်စု လိုက်အနေဖြင့် တရားသူကြီးရှေ့တွင် ထုချေလွှာတင်ခွင့် ရှိခဲ့သော်လည်း မြန်မာသံရုံးမှ နှုတ်ပိတ်နေခဲ့ကြပြီး ဝန်ခံမှုပြုလုပ်ရန်ပင် ဖိအားပေးခဲ့ ကြောင်းနှင့် အလုပ်သမားများအနေ ဖြင့် တစ်စုံတစ်ရာ သိရှိခြင်းမရှိဘဲ ခံခဲ့ကြရခြင်းဖြစ်ကြောင်းနှင့် ယင်း ထောင်ကျခံအလုပ်သမားများကို မလေးရှားနိုင်ငံ (Kajang) ထောင်သို့ ပို့ဆောင်ထားကြောင်း MMRC မှ ထုတ်ပြန်ချက်များအရ သိရသည်။

KMZ, ZC, SH
Yangon Media Group

မြန်မာပြည်မှာ ပြုပြင်ရေးလုပ်တာကို အမေရိကန်နိုင်ငံခြားရေးလမ်းစဉ်ရဲ့  အောင်မြင်မှုတခုလို့ သမ္မတအိုဘားမားက ယူဆပါတယ်။ ဒါပေမဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ၊ စာနယ်ဇင်း နှိပ်ကွပ်မှု၊ ကချင်ပြည်နယ်နယ်စပ်စစ်ပွဲနဲ့ အခြေခံဥပဒေပြင်ဆင်ရေးစတဲ့ ပြဿနာတွေကြောင့် မတည်မငြိမ်ဖြစ်နိုင်တဲ့အတွက် ပြုပြင်ရေးလုပ်ငန်းတွေ နောက်ဆုတ်သွားနိုင်တယ်လို့ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ယူဆနေကြပါတယ်။ တို့လို့တန်းလန်းဖြစ်နေတုန်းမှာ စနစ်ဟောင်းကို ပြန်မရောက်အောင်လုပ်ဖို့ အရေးကြီးကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က မကြာမီက နေပြည်တော်မှာ ပြောဆိုသွားပါတယ်။

ပြုပြင်ရေးဆက်မလုပ်နိုင်လို့ နောက်ကြောင်းပြန်ရင် အမေရိကန်အစိုးရပါ သိက္ခာကျနိုင်တဲ့သဘော ရှိပါတယ်။ ပြုပြင်ရေးအစီအစဉ် သောင်မတင်ရေမကျ ဖြစ်နေတုန်းမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုကြည့်ပြီး တိုးတက်ဖို့ အလားအလာနည်းလာတယ်လို့ ပြည်တွင်းပြည်ပမှာ ယူဆနေကြပါတယ်။ လက်ရှိ အခြေအနေဟာ အရင်အတိုင်း ပြန်သွားမလို ဖြစ်နေကြောင်း ဟားဗတ်တက္ကသိုလ် ပညာရှင်တွေဖြစ်တဲ့ David Dapice နဲ့ Thomas Valley တို့က ဧပြီလထုတ်စာတမ်းမှာ သုံးသပ်ထားပါတယ်။ ပျက်စီးဆုတ်ယုတ်တာမျိုး မဖြစ်ရအောင် ပြုပြင်ရေးအစီအစဉ်တွေ ပိုမိုကောင်းမွန်လာစေဖို့ စာတမ်းရေးတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂ UNDP ဌာနခွဲရဲ့  လူသားရင်းမြစ် တိုးတက်ဖွံ့ဖြိုးရေး (၂၀၁၂) စာရင်းမှာ မြန်မာဟာ အောက်ဆုံးအဆင့် ရောက်နေပါတယ်။ နေပြည်တော်တည်ဆောက်ရေးကို ဦးစားပေးပြီး တိုင်းပြည်ဖွံဖြိုးရေးကို လျစ်လျူရှုခဲ့လို့ ဒီလို ဖြစ်သွားတာပါ။ သဘာဝသယံဇာတကလွဲရင် အိမ်နီးချင်းနိုင်ငံတွေအားလုံး မြန်မာထက်သာပါတယ်။ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တိုးပွားလာတယ်ဆိုပေမယ့် လူတစုသာ အကျိုးခံစားရတာဖြစ်လို့ အစိုးရရဲ့  အားနည်းချက်ကို ပြသရာရောက်ပါတယ်။ ပြုပြင်ရေးလမ်းကြောင်းအတိုင်း ဆက်သွားနိုင်အောင် တိုင်းရင်းသားပြဿနာကို ဖြေရှင်းပြီး ဘာသာရေးအကြမ်းဖက်မှု ပြေလည်အောင် လုပ်ရပါလိမ့်မယ်။ စစ်တပ်အပါအဝင် သက်ဆိုင်ရာအင်အားစုအားလုံး စေ့စပ်ညှိနှိုင်းပြီး ဆွေးနွေးရယူတဲ့ သဘောတူညီချက်အပေါ်မှာ အခြေခံတဲ့ ဖယ်ဒရယ်စနစ်ကို တည်ထောင်နိုင်ဖို့ လိုအပ်နေပါတယ်။

သဘာဝသယံဇာတ အရင်းအမြစ်ကို တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးမှာ အသုံးပြုဖို့အတွက် အဓိက အင်အားစုတွေပါဝင်တဲ့ ညွှန့်ပေါင်းစနစ်ကို တည်ဆောက်ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အဖွဲ့ချုပ်၊ ဦးရွှေမန်းခေါင်းဆောင်တဲ့ လွှတ်တော်၊ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့စစ်တပ် နဲ့ တိုင်းရင်းသားအုပ်စုတွေပါဝင်တဲ့ ငါးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကို တည်ထောင်ဖို့ လိုပါတယ်။ NLD ဟာ တရားမျှတတဲ့ ရွေးကောက်ပွဲကိုသာ အာရုံစိုက်နိုင်ပါတယ်။ စစ်တပ်ကလည်း ရထားတဲ့လုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်ဖို့ စိတ်ကူးရှိဖွယ် မရှိပါဘူး။ ဒါပေမဲ့ စစ်အုပ်စု သိမ်းယူထားတဲ့ ဓနဥစ္စာတွေကို အသိအမှတ်ပြုပြီး စစ်တပ်ရဲ့  အနာဂတ်ကို စေ့စပ်ဆွေးနွေးပြီး အာခမခံနိုင်ရင် စစ်တပ်ရော တိုင်းပြည်ပါ ရေရှည်မှာ အကျိုးခံစားရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

မတရားတဲ့ ရွေးကောက်ပွဲက မွေးထုတ်လိုက်တဲ့ လွှတ်တော်မှာ စစ်အုပ်စု အကျိုးစီးပွားကိုယ်စားပြုသူတွေ ပါဝင်ပေမယ့်၊ ဒီလမ်းက ခွဲထွက်လိုသူတွေလည်း ရှိနေပါတယ်။ တရားဥပဒေစိုးမိုးမှုဟာ လူချမ်းသာတွေရဲ့  အကျိုးစီးပွားကိုလည်း ကာကွယ်ရာရောက်ကြောင်း လွှတ်တော်အမတ်တွေ ယုံကြည်လာအောင် ဦးရွှေမန်းက နားချနိုင်ပါတယ်။ ဦးရွှေမန်းဟာ အမျိုးသားစည်းလုံးရေးအမြင်ရှိသူမို့ ဖယ်ဒရယ်ကိစ္စကို ကိုင်တွယ်နိုင်ဖွယ် ရှိပါတယ်။ လက်ရှိအစိုးရဟာ ပြုပြင်ရေးကို ဦးစားပေးပေမယ့် စစ်တပ်ကို မချုပ်ကိုင်နိုင်မှု၊ လက်တွေ့ အကောင်အထည်ဖော်တဲ့ စွမ်းရည်ကင်းမဲ့မှု၊ အမိန့်ပေးစနစ်ကို အားကိုးမှု စတာတွေကြောင့် ပြုပြင်ရေး နှောင့်နှေးနေပါတယ်။ လက်အောက်ခံလို ဆက်ဆံတာကို ခံနေရတဲ့ တိုင်းရင်းသားတွေကတော့ မယုံသင်္ကာဖြစ်ပေမယ့် ဦးဆောင်လုပ်ကိုင်နိုင်တဲ့ အခြေအနေမရှိဘဲ ဖြစ်နေပါတယ်။

တိုင်းပြည်အသားတင် ထုတ်လုပ်မှု (၂၅) ရာခိုင်နှုန်းဟာ သယံဇာတဖြစ်ပေမယ့် ရောင်းရတဲ့ငွေကို လိုအပ်တဲ့နေရာမှာ ရင်းနှီးမြုပ်နှံတာ မဟုတ်ပါဘူး။ သယံဇာတ ရောင်းလို့ရတဲ့ငွေကို တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် မသုံးနိုင်ရင် နစ်နာဆုံးရှုံးမှုကိုသာ တွေ့ရပါလိမ့်မယ်။ လက်ရှိ အစိုးရက တိုင်းရင်းသားအုပ်စုတွေနဲ့ စေ့စပ်ဆွေးနွေးနေပေမယ့် စစ်တပ်မှာ အခြားရည်ရွယ်ချက် ရှိနိုင်တယ်လို့ မြင်ကြပါတယ်။ စစ်တပ်ကြောင့် ဆွေးနွေးပွဲတွေ မအောင်မြင်တာလို့ မြင်ကြပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ NLD အနိုင်ရရင် အစိုးရဖွဲ့ရမှာ ဖြစ်ပေမယ့် အုပ်ချုပ်နိုင်ဖို့အတွက် ညွှန့်ပေါင်းစနစ် ရှိဖို့ လိုပါတယ်။ နိုင်ငံရေးသမားတွေကို ဓမ္မဓိဌာန်ကျကျ အကြံဥာဏ်ပေးနိုင်မယ့် ကျွမ်းကျင်သူနဲ့ အရာထမ်းတွေလည်း ရှိဖို့လိုပါတယ်။ ပေါ်ပင်သင်တန်းတွေ ပေးရုံနဲ့ မလုံလောက်ပါဘူး။ ဒေသအခြေအနေကို သုတေသနလုပ်ပြီး ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ကောင်းမွန်တဲ့အနာဂတ်ကို သွားတဲ့လမ်းဟာ ကွေ့ကောက်ရှည်လျားတာမို့ အလွန်သည်းခံပြီး ကြိုးပမ်းရပါလိမ့်မယ်။ အတူတကွ လက်တွဲမလုပ်နိုင်ရင် အတိုင်းမသိတဲ့ နစ်နာဆုံးရှုံးမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ပဋိပက္ခတွေကို မဖြေရှင်းနိုင်ရင် လွတ်လပ်တဲ့ တိုင်းပြည်ဘဝကနေ မှီခိုတဲ့ တိုင်းပြည်ဘဝ ရောက်သွားပြီး တဖြည်းဖြည်းနဲ့ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးနိုင်စွမ်း ရှိတော့မှာ မဟုတ်ကြောင်း David Dapice နဲ့ Thomas Vallely တို့က သုံးသပ်ထားပါတယ်။

Voa

Written by ကျော်ကျော်ငြိမ်းချမ်း
(ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)ပြည့် အမှတ်တရ)

“ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီး လှလှလေးတစ်ယောက်လောက် မရှိတော့ဘူးလားဗျ ...” “ရှိရင် ကျွန်တော်နဲ့ ပေးစားဗျာ။ ဒါဆို ကျွန်တော် ဒီမှာပဲနေတော့မယ်။ မပြန်တော့ဘူးတဲ့။

အဲ ....ကိုငှက်ကြီးကတော့ လုပ်ချလိုက်ပြန်ပြီ ...။

အချိန်က ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ... မနက်လင်းအားကြီး ၂ နာရီလောက် ...။ နေရာက ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးက မယ်လလို့ခေါ်တဲ့ ထိုင်းကရင်ရွာလေးထဲမှာရှိတဲ့ KNU-KNLA က ဗိုလ်ချုပ်မောင်မောင်ရဲ့ နေအိမ်။ ယခု မယ်လဒုက္ခသည်စခန်း (ဘဲကလော် ဒုက္ခသည်စခန်း) မဟုတ်ပါ။ မယ်လရွာက ဒုက္ခသည်စခန်းကနေ ၁၀ ကီလိုလောက် ဆက်သွားမှ ရောက်ပါတယ်။ ၎င်းရွာကို အစွဲပြု၍ ဒုက္ခသည်စခန်းကို မယ်လဟုခေါ်ခြင်း ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းနေရာတွင် ယခင်က ၀ါဂွမ်းစိုက်သဖြင့် ကရင်ဘာသာဖြင့် ဘဲကလော် (၀ါဂွမ်းခြံ) ဟုလည်း ခေါ်ပါတယ်။

အဲဒီအချိန်က ကျွန်တော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကေအဲန်ယူနယ်မြေ ကော်မတီရုံးကို မဲသရိ (ခလဲ့ဒေးစခန်း) မှာ ရုံးစိုက်ထားပါတယ်။ ကျောင်းသားတပ်မတော်တပ်ရင်း ၂၀၇ တပ်ရင်းရုံးလည်း အခြေပြုထားပါတယ်။ ဗဟိုဌာနချုပ်ရုံး (ယာယီ) က ၀မ်ခ (ကော်မူးရာ)စခန်းမှာပါ။ မဲသရိမှာဖွဲ့ပြီးကာစ မြန်မာနိုင်ငံဒီမိုကရက် တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်း စုဌာနချုပ်ရုံးလည်း အခြေစိုက်ထားပါတယ်။

ပြောရရင်တော့ အဲဒီအချိန်က ဟစ်အဖြစ်ဆုံး အဆိုတော်နှစ်ယောက်ဖြစ်တဲ့ ကိုထူးအိမ်သင်နဲ့ ကိုမွန်းအောင်တို့က သူ့အုပ်စုလေးနဲ့သူ ၁၉၈၈ စက်တင်ဘာ စစ်တပ်က အာဏာသိမ်းအပြီးမှာ ဘုရားသုံးဆူစခန်း (မွန်ပြည်သစ် ပါတီနယ်မြေ) ကို ရောက်လာကြတာပါ။ ကိုထူးအိမ်သင်နဲ့ မော်လမြိုင်ကပါလာတဲ့ သူငယ်ချင်းတချို့က ရောက်ပြီး သိပ်မကြာခင်မှာတင် ပြန်သွားကြပါတယ်။ မော်လမြိုင်-ဘုရားသုံးဆူ ကုန်သည်လမ်းကြောင်းကလည်း ဖြူးနေတော့ နေချင်းပေါက် ဥဒဟို သွားလာနေတဲ့ ကာလဆိုပါတော့။ ကိုထူးအိမ်သင်ကတော့ ကိုမွန်းအောင်နဲ့အတူ (မကဒတ) ဖြစ်လာမယ့် ပထမဆုံး အစည်းအဝေးကို တက်ဖို့ ဘုရားသုံးဆူစခန်းကနေ လေ့လာသူအဖြစ် ၀မ်ခ (ကော့မူးရာ)စခန်းကို လိုက်လာပါတယ်။ တခြား (မဒမခ) လူကြီးများက “နိုင်ဟံသာ (ယခု UNFC) နဲ့ ဒေါက်တာတူးဂျာလို့ ထင်ပါတယ်။ တို့က ဌာနချုပ်ရှိရာ ခလဲ့ဒေး စခန်းကိုခေါ်လာပြီး စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဦးအေးဆောင် ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ပီအယ်လ်ဖက်) အထွေထွေအတွင်းရေးမှူးကို အပ်သွားတာပါ။ အဲဒီ (မဒမခ) စည်း/ပြန်မှာ NUFA (National United Front of Arakan) က ရှေ့ နေခိုင်စောထွန်း (ပြည်တွင်းပြန်ဝင်-ကွယ်လွန်) တို့၊ GSC (General Strike Committee) က ဆရာကိုမြင့်လှိုင် (ယခု UCLA မှာ တွဲဖက်ပါမောက္ခ လုပ်နေတယ်ထင်ပါ့) တို့လည်း ရှိပါတယ်။ (မဒမခ) အထွေထွေအတွင်းရေးမှူးက သွားလေသူ ဦးတွတ် (ဦးတင်မောင်ဝင်း) ဖြစ်ပြီး နိုင်ဟံသာက တွဲဘက်(၁)နဲ့ ကျွန်တော်တို့ (မကဒတ) က အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း (ရကသ) (ယခု ဖလော်ရီဒါ) က တွဲဘက်(၂) ပါ။ ခလဲဒေးကိုရောက်လာပြီး သိပ်မကြာခင် ကချင်ကေအိုင် အိုအဖွဲ့က လူကြီးတွေက “မိုးလုံးမှိုင်း” ကြီးကို ချင်းမိုင်(ဇင်းမယ်)မြို့ကို အလည်ခေါ်သွားပါတယ်။ ဆိုတော့ ငှက်ကြီးတစ်ကောင်ပဲ ခလဲ့ဒေးမှာ (မဒမခ) ကိုင်းကြီးကြီးမှာ နားရင်း ကျန်နေခဲ့ပါတယ်။



ကြုံလို့ပြောရရင် ... ကိုမွန်းအောင် မသွားခင်လေးတင် အဲဒီတုန်းက မကဒတ အစောပိုင်းသမိုင်းမှာ နာမည်ကျော် ခွေးသူခိုးကိစ္စ ဖြစ်တာပါ။ (မကဒတ)မှာ ပထမဦးဆုံး နိုင်ငံရေး ကမ်ပိန်းလို့ ပြောရမလား။ အပုပ်ချပွဲ (လူချပွဲ) လို့ ပြောရမလား မသိပါ။ (မ တစ်ရာသားတွေဆိုတော့လည်း ခက်သား။ တချို့က အဲဒီကတည်းက အကျင့်က မကောင်းကြတာ။ ထားပါတော့ .. နောက်ကွယ်က ဘယ်သူတွေ ၀ါဒဖြန့်ကြလဲဆိုတာ နောက်ကြုံမှပေါ့) တစ်နေ့တော့ ကိုထူးအိမ်သင်၊ ကိုမွန်းအောင်၊ ကိုအောင်နိုင် (အဲဒီတုန်းက (မကဒတ) ဗဟိုကော်မတီမှာ တွဲဖက်အတွင်းရေးမှူး၊ အခု ဗွီအိုအေဌာနမှူး ကိုသန်းလွင်ထွန်း) တို့ကို ကချင်ကိုယ်စားလှယ်အဖွဲ့က ရဲဘော်တစ်ဦး (ကိုဇော်နောင်လို့ ထင်ပါတယ်) က သောင်ရင်း မြစ်တစ်ဖက်ကမ်း ယိုးဒယားဖက်ခြမ်းက ဈေးတန်းမှာ ထိုင်းခေါက်ဆွဲပြုတ် လိုက်ကျွေးပါတယ်။ (အဲဒီအချိန်က ဘယ်သူမှ ကိုယ့်ဟာကို ၀ယ်မစားနိုင်ပါဘူး။ တစ်ယောက်မှ ခြူးတပြားမှ မရှိတာ။ နောက်ပိုင်းမှ ရေးပါဦးမယ်)အပြန်ကျတော့ ခေါက်ဆွဲဆိုင်က ခွေးကလေးက သူတို့နောက်ကို သူ့ဟာသူ လိုက်လာပါတယ်။ ပြန်မောင်းထုတ်တာ မပြန်ဘဲ လှေဆိပ်ထိ လိုက်လာပါတယ်။ ဖြစ်ချင်တော့ ခွေးလေးကလည်း ချစ်စရာကောင်းတော့ ကိုအောင်နိုင်က အမှတ်တမဲ့ ကောက်ပွေ့လာတော့ ဒီဖက်ကမ်းကို ပါလာပါတယ်။ နောက်တော့ ဆိုင်ပိုင်ရှင် ထိုင်းမ (ထိုင်း ပုလိပ်မိန်းမ) က ဒီဘက်ကို အကြောင်းကြားပြီး ပြန်တောင်းပါတယ်။ အဲဒီတုန်းက ကေအန်ယူနယ်မြေ ဂိတ်တာဝန်ခံက ပဒိုစောဒေဗစ်ထောပါ။ ကိုအောင်နိုင်တို့ကလည်း အကျိုးအကြောင်း ပြောပြ၊ တောင်ပန်ပြီး ပြန်ပို့ပေးလိုက်ပါတယ်။ အစ်နော့အဘစ်ဒီးလ် အေးဆေးပါဆိုတော့ စက်နဲ့ အကြောင်းကြားရင်း ၂၀၇ တပ်ရင်းမှူး အောင်ဟိန်း (နောင်တစ်ချိန် မကဒတ ဗဟိုဘဏ္ဍာရေး တာဝန်ခံဖြစ်ပြီး ဘတ်သုံးသိန်းလောက်ဘုံးပြီး ဗမာပြည် ပြန်ပြေးတဲ့မောင် “ပြောရရင် သူကမှ သူခိုးအစစ်ပေါ့”) က ဆက်သွယ်ရေး စက်ထဲမှာကြားတော့ တဆင့်တဆင့် ပြောကြရင်းနဲ့ ကိုအောင်နိုင်နဲ့မတည့်တဲ့ (မလိုလားတဲ့) အုပ်စုက ကိုထူးအိမ်သင်နဲ့ ကိုအောင်နိုင်ကို ခွေးသူခိုးဆိုပြီး အမနာပကမ်ပိန်း ထုကြရော။ အမှန်တော့ ကိုအောင်နိုင်ကို ဆော်ချင်ကြတာနေမှာပါ။ သူက အဲဒီအချိန်မှာ ပူပူနွေးနွေး (မကဒတ) ထိပ်ပိုင်းခေါင်းဆောင်ကိုး။ ဒါပေမဲ့ ကိုထူးအိမ်သင်နာမည်က တွဲပါသွားတော့ အဲဒီမှာတင် သူတစ်ခါ စိတ်ပျက်သွားတယ်နဲ့တူတယ်။

ဖြစ်ချင်တော့ ကိုမွန်းအောင် ဇင်းမယ်ကို ထွက်သွားပြီး နောက်ပိုင်းမှာ ကိုငှက်ကြီး ငှက်ဖျားစမိပါတယ်။ ဖာအံငှက်က သူ့ထက်ကြီးတော့ သူ့ခမျာ နဂိုကလည်း ခပ်ပိန်ပိန်၊ အာဟာရလည်း ပြတ်တော့ အိပ်ရာထဲလဲပါတယ်။ မဒမခ-ဒီအေဘီရုံးက အခန်းကျဉ်းလေးထဲမှာ ခွေနေရှာပါတယ်။ ဖြစ်ချင်တော့ ဦးအေးဆောင်လည်း ခရီးထွက်၊ ကျန်တဲ့လူကြီးတွေလည်း မရှိတော့ လူမမာ စာမရှိဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်တော်တို့ နယ်မြေရုံးမှာ ရှိတဲ့သူတွေကို ကိုငှက်ကြီးအတွက် လူမမာစာဆက်ကြေး ကောက်ပါတယ်။ (မကဒတ) သမိုင်းမှာ ကိုယ့်အချင်းချင်း ပြန်ကောက်တဲ့ ပထမဆုံးဆက်ကြေး ဖြစ်မယ်ထင်ပါရဲ့။ ဆက်ကြေးကောက်တယ်သာ ပြောရတာ။ ဘယ်သူ့မှာမှ ပိုက်ဆံရှိတာ မဟုတ်။

ကြုံလို့ အဲဒီအချိန်က (မကဒတ) နယ် မြေကော်မတီရဲ့ ရာရှင်နဲ့လစာအကြောင်း နှောင်းခေတ်လူများ အားကျဖွယ် နည်းနည်းပြောပြရဦးမယ်။ ကော်မတီဝင် ၃၀ နီးပါးနဲ့ ရုံးအဖွဲ့သား ၁၀ ဦးလောက်အတွက် ဆန်အိတ်ငယ် ၁၀ အိတ်၊ ငပိငါးပုံးနဲ့ ဆားအထုပ် ၂၀ ရပါတယ်။ (ကေအင်န်ယူက ထုတ်ပေးတာပါ၊ သူတို့ ရဲဘော်တွေလည်း ဒီစကေးပါပဲ)။ ဆီ၊ အချိုမှုန့်၊ ငရုတ်သီး၊ ကုလားပဲ၊ ငါးခြောက်၊ ငါးသေတ္တာစတာတွေကတော့ ဒိုနာတွေပေါ်မှာ မူတည်သပေါ့ဗျာ။ အများအားဖြင့်တော့ ပြတ်တလှည့် ငတ်တလှည့်ပေါ့။ ပေးစကေးကလည်း နည်းမှတ်လို့။ တစ်ယောက်ကို တစ်လရိက္ခာငွေ ယိုးဒယားအသပြာ ရှစ်ဘတ်ကြီးများတောင် ရတာကလား။ အမှန်တော့ ဆေးလိပ်ဖိုးလို့ ပြောပေးတာပါဗျာ။

အဲဒီတော့ တစ်လစာ ဘိန်းဖိုး အသပြာ ရှစ်ဘတ်ကို တစ်ပတ်ကို နှစ်ဘတ်နှုန်းနဲ့ ဘတ်ဂျက်ဆွဲပြီး ဆေးသေး (ပွတ်ချွန်းဆေး) နှစ်ထုပ် ၀ယ်ရတယ်။ အဲဒီတုန်းက ဆေးသေးတစ်ထုပ် တစ်ဘတ်။ လိပ်သောက်ဖို့ စက္ကူတောင် သပ်သပ်မ၀ယ်နိုင်ဘူး။ ဘာ စာအုပ်စာတမ်းတွေ့တွေ့လာထား။ ဖြဲပြီး လိပ်ပလိုက်မယ်ဆိုတာ ချည်းပဲ။ လူကလည်းများတော့ ဆပ်ပလိုင်းနဲ့ဒမန်းက မကာမိ။ တစ်ခါတစ်ခါ ပဒိုယာယု လက်ဖက်ရည်ဆိုင်ထရံမှာ ကပ်ထားတဲ့ ကြော်ငြာပါမချန်ဘူး။ကြော်ငြာထဲက ထိုင်းမတွေဆို မောင်ကျောင်းတွေ လက်ချက်နဲ့ တစ်ယောက်မှ စကပ်မရှိတော့ဘူး။ ထားပါတော့၊ အဲဒီတော့ မရှိမဲ့ရှိ မဲ့လေးတွေစုပြီး လက်ဖက်ရည် တစ် ခွက်နဲ့ အီကြာကွေးနှစ်ချောင်းနဲ့ လူမမာသွားမေး၊ အားပေးရတာပေါ့။ ငှက်ကြီးလည်း ကွီနိုင်းဒဏ်ကို အလူးအလဲခံထားရတော့ နားရွက်နဲ့မျက်မှန်ပဲ ကျန်တယ်။ လက်ဖက်ရည်သောက်ရုံနဲ့ ထိုးထိုးအန်ပြီး မထနိုင်တော့ဘူး။ အဲဒီမှာ သူ့ရဲ့  အမေ့အိမ်လွမ်းချင်းကို စကြားရတာပဲ။ “အမေ့ကို အရမ်းသတိရတယ်ကွာ။ နေကောင်းရင် ငါပြန်တော့မယ်” ဆိုတာကို ငှက်ဖျားတက်ရင်းနဲ့ Chorus ပိုဒ်ဆိုသလို ထပ်ခါတလဲလဲ ညည်းတော့တာပဲ။ ကျွန်တော်တို့ကတော့ နေကောင်းအောင် အရင်လုပ်ပါဗျာ။ ပြန်ဖို့က မခက်ပါဘူးလို့ အားပေးရင်း ၀ိုင်းပြုစုကြရတယ်။ ပြုစုတယ်သာပြောတာ KNU ဆေးခန်းက ပေးတဲ့ ကွီနိုင်းကလွဲလို့ ဘာမှ ဓာတ်စာ မရှိတော့ ကိုက်တယ်ခဲတယ်ပြောတဲ့ နေရာကို တတ်နိုင်သလောက် နင်းနှိပ်ပေးရုံပါပဲ။ ကေအင်န်ယူဂိတ်ကို ဖြတ်တဲ့ ကုန်သည်တွေနဲ့ ရွာထဲက ဈေးဆိုင်တွေမှာ ပိုက်ဆံမဟုတ်တဲ့ ဓာတ်စာ (ကြက်ဥ၊ ငါးသေတ္တာ၊ ငါး ခြောက် ငါးခြမ်း၊ အအေး၊ အချိုရည်စသည်ဖြင့် ၀ယ်ပေးဖို့ အလှူခံရတယ်။ အဲဒီကနေစပြီး အတောင်းအရမ်းတတ်သွားတာနေမှာ)။ ပဒိုဒေးဗစ်ထောက နောက်တစ်နေ့ ကြက်တစ်ကောင်နဲ့ ကြက်ဥနည်းနည်း ပို့လာလို့ ကြက်စွတ်ပြုတ်နဲ့ ကြက်ဥပြုတ်ကလေးနဲ့ မနည်း နလန်ထအောင် လုပ်ရတယ်။ တစ်ပတ် ၁၀ ရက်လောက်ကြာတော့ ငှက်ကြီးက ဒေါင်းပြန်ဖြစ်၊ ငှက်ဖျားက ကျီးကန်းဖြစ်သွားပြီး၊ သူ နာလန်ပြန်ထလာပါတယ်။ ကျွန်တော်ကတော့ ငှက်ကြီးကို အဲဒီထဲက အပြတ်ပြောတယ်။ “ဒီနေရာ ခင်ဗျားလာရမယ့်နေရာ မဟုတ်ဘူး။ ဒီအလုပ် ခင်ဗျားလုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့။ အေးပါကွာ မင်းတို့ငါကို့ နားလည်ပေးတာ၊ စေတနာထားတာ တန်ဖိုးထားတာ။ (ရင်ဘတ်ပုတ်ပြပြီး) ဒီထဲကနေ ငါနားလည်ပါတယ်ကွာ”လို့ မျက်ရည်ဝဲ၀ဲနဲ့ ပြောရှာတယ်။

သူ နည်းနည်း ထောင်လာတာနဲ့ ကာလကလည်း ခရစ္စမတ်အခါသမယ ဟိုနားဒီနားက ကရင်မိတ်ဆွေတွေရဲ့ ခရစ္စမတ်သီချင်းသံကလည်း မကြာမကြာကြားနေရတော့ ကျွန်တော်တို့ ကိုငှက်ကြီးကို ဗဟိုပြုပြီး ကာရိုးလ်ဆင်းဂင်း ထွက်ဖို့ ကြံကြပါတယ်။ နေမကောင်းရင် (ငှက်ဖျားထရင်) ဓာတ်စာဖိုးလေးတော့ရှိမှဆိုတဲ့ သင်ခန်းစာကို ငှက်ကြီးက ဦးဦးဖျားဖျားပေးသွားတော့ ဘော်ဖန်ချင်တာက အဓိကပေါ့။ ကချင်ရဲဘော် တစ်ယောက်နှစ်ယောက် ကရင်မိတ်ဆွေ တစ်ယောက်နှစ်ယောက်နဲ့ ကိုငှက်ကြီး။ ကျန်တာက ကျွန်တော်တို့ ပြုံယမ်းအဖွဲ့ပေါ့။ (စုပြုံပြီး ရမ်းသမ်းအော်တဲ့ ကျွန်တော်တို့ အဖွဲ့ကို ပြောတာပါ) တကဲ့ ခရစ်ယာန်အစစ်ကလည်း ကချင်နဲ့ ကရင် မိတ်ဆွေနှစ်ယောက်၊ သုံးယောက်ပါပဲ။ ကျန်တာတွေကတော့ ခါတော်မီ ရေကူး ခရစ်ယာန်တွေချည်းပဲ။ (ရေငုပ်ရတဲ့ နှစ်ခြင်းခရစ်ယာန်လည်းမဟုတ်။ ရေဖျန်းတဲ့ ရိုမန်ကက်သလစ်လည်း မဟုတ်တဲ့။ အား အားရှိ သောင်ရင်းမြစ်ထဲမှာ ရေဆင်းကူးနေတဲ့ ကျွန်တော်တို့ နယ်မြေရုံးက ပြုံယမ်းတွေကို ပြောတာပါ။) (ဘာသာတရားကို စော်ကားပုတ်ခတ်လိုတဲ့ စိတ်နဲ့ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အချင်းချင်း အဲဒီအချိန်က နောက်ပြောကြတာပါ။ ဒါကို အကြောင်းပြုပြီး ၆ .၇.၈.၉.၁၀ တွေတော့ မဖန်တီးကြပါနဲ့နော်) အဲဒီအချိန်က ငတ်လွန်းလို့ တတ်သည့်ပညာ မနေသာ လုပ်စားကြတာပါ။ ရှိသမျှ ခရစ်ယာန်-ဗုဒ္ဓဘာသာအိမ်အားလုံး (ဈေးဆိုင်တွေ ပိုများပါတယ်) က ညဘက် ကျွန်တော်တို့ အဖွဲ့ သီချင်းလိုက်ဆိုရင် စားစရာသောက်စရာတွေ ထုတ်ကျွေး၊ အလှူငွေထည့် လုပ်ပါတယ်။ တိုတိုပြောရရင် ငှက်ကြီးတန်ခိုးနဲ့ ကာရိုးလ်ဂုဏ်တက်ပြီး ဘတ် ၄,၀၀၀ လောက် စီပါတယ်။ (အဲဒီခေတ်က ဒေါ်လာ ၁၆၀ လောက်ပေါ့။ ခေါက်ဆွဲပြုတ်တစ်ပွဲ ငါးဘတ်ပဲရှိတာပါ) အဲဒီ ကာရိုးလ်ဆင်းဂင်းနဲ့ ပွဲဦးထွက်လိုက်တဲ့ ကျေးဇူးတော်ကြောင့် စောငှက်ကြီးဦးစီးတဲ့ ကျွန်တော်တို့ ပြုံယမ်း ခရော့စ်ကို မင်္ဂလာဆောင် ပွဲတစ်ပွဲတီးပေးဖို့ အငှားခံရသဗျ။

အဲဒီမှာတင် အစမှာရေးထားတဲ့ ဇာတ်လမ်းပေါ်လာတာပေါ့။ ဗိုလ်ချုပ်မောင်မောင်ရဲ့သား ကိုအောင်မော်အေး (ယခု KNU ဖားအံခရိုင်ဥက္ကဋ္ဌ) နဲ့ ပဒိုမန်းရင်စိန်ရဲ့ သမီးနော်မြူအေးတို့ရဲ့ မင်္ဂလာဆောင်။ အဲဒီအချိန်က KNLA စစ်ဦးစီးဌာနချုပ်က ဗိုလ်ချုပ်မောင်မောင်ကို (မဒမခ) မှာ စစ်ရေးတာဝန်ခံအဖြစ် တာဝန်ပေးထားပါတယ်။

တိုတိုပြောရရင် ၁၉၈၈၊ ဒီဇင်ဘာလ ၂၂ ရက် မနက်လုပ်မယ့် မင်္ဂလာဆောင်အတွက် ၂၁ ရက်ညမှာ စတိတ်ရှိုးတီးပေးဖို့ ဗိုလ်ချုပ်မောင်မောင်က ကျွန်တော့်ကို အကူအညီတောင်းပါလေရော။ ဆိုတော့ သီချင်းတိုက်ကြရတာပေါ့။ ရက်ကလည်း ကပ်နေတော့။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ ကိုငှက်ကြီး တစ်ယောက်ကလွဲလို့ ဖြစ်ဖြစ်မြောက်မြောက် တစ်ယောက်မှ မပါတာ။ ဒီတော့ ကိုငှက်က “မင်းတို့ရပြီးသား အိုးဂေါ်လီသီချင်းတွေကို လက်ပူတိုက်ပြီး နွှေးကြကွာ”တဲ့။ KNU တပ်မဟာ ၇ နဲ့ ဗဟိုက စုပေါင်းစပ်ပေါင်း ပစ္စည်းတစ်စုံစာ ထုတ်လာတယ်။ ဒရမ်မာ မရှိတော့ သူက ပင်တိုင်ဒရမ်တီးမယ်တဲ့။ ကျွန်တော့်ကို ဂစ်တာ တီးတဲ့။ သူသီချင်းဆိုရင် ကျွန်တော်က ဒရမ်တီးတဲ့။ သူက ဂစ်တာတီးရင်း ဆိုမယ်တဲ့။ သူက ဘာတီးတီး၊ ဘာဆိုဆို ပြဿနာ မရှိဘူး။ သူမို့လို့ ကျွန်တော်တို့နဲ့ စတိတ်ရှိုးလက်ခံရဲတယ်။ ရဲစွ ...ဟုတ်ထာ။ အရေးထဲ ဘေ့စ်တီးမဲ့သူ မရှိတော့ ကျွန်တော်တို့ နယ်မြေကော်မတီဝင် စောထစခန်းက (ကျောင်းဆရာ) မောင်မောင်စိုး (အမေရိကား-ဖို့ဝိန်းမှာ ဆုံးသွားသူ) က ၀င်တီးပေးတယ်။ သူကလည်း ရတဲ့သီချင်းရ၊ မရတဲ့ သီချင်းမရ (ကျွန်တော်နဲ့ အတူတူပါပဲ) ဆိုတော့ KNU က စက်သမားက သူလဲရတဲ့ သီချင်းဝင်တီးမတဲ့။ အော်ဂင်ရောဆိုတော့ ဘုရားကျောင်းက ဓမ္မဆရာတွေရတဲ့ သီချင်းဆို ၀င်တီးမတဲ့။ အဆိုတော်ကလည်း ပြုံယမ်းအဖွဲ့ဝင်တွေလောက်ပဲ ရှိတာ။ တော်သေးတာပေါ့။ ကိုငှက်အပြင် ချင်းအဖွဲ့က ဆလိုင်းဆန်ဇဲနဲ့ ကချင်က ကိုဇော်နောင်တို့ ရှိလို့။ ဒီလူတွေက ဘိုသီချင်းတွေ အပါအ၀င် အဆိုကောင်း အတီးကောင်းတွေ။ စဉ်းစားကြည့်ကြပေါ့ဗျာ။ ကိုငှက်ကြီး ဒီလူတွေနဲ့ ဒီလိုပွဲမျိုးလက်ခံရဲတာ နည်းတဲ့ သွေးမှတ်လို့။ ဆိုတော့ စောငှက်ကြီးဦးစီးသော ဖြဲဖြဲစင် ပြုံယမ်းခရော့စ် တေးဂီတကြီး မဲလမျှော်စင်ကျွန်းမှာ ဂွမ်း ... အဲ ... အဲ ကြမ်းကြ ရမ်းကြရောဆိုပါတော့။ အား... ပရိသတ်ကတော့ ကြိတ်ကြိတ်တိုး။ ရှူးရှူးတောင်ဆင်းပေါက်ဖို့ အချိန်မပေးဘူး။ တစ်ချိန်လုံး .. တီးထား ... ဆိုထား ... ဆိုတဲ့အထဲကပဲ။ (နောက်မှ ပြန်သိရတာ သုံးပုံနှစ်ပုံလောက်က ဗမာလို မတတ်ကြဘူးဆိုပဲ။ ဒါကြောင့် အသံထွက်နေဖို့ လိုရင် ဘာသံဖြစ်ဖြစ် အားပေးပြီးသားပဲ) အရင် KNU လက်နက်ဝယ်ယူရေးတာဝန်ခံ ကိုကျောက်ခက်က ကျွန်တော်တို့ တီးဝိုင်း မန်နေဂျာပေါ့။ (ရေပူရေချမ်းကမ်းလှမ်းဖို့ပါ။ သူဝယ်တိုက်တော့မှ မဲခေါင်အရက်ကို စသောက်ဖူးတာ) တီးအားဆိုအား တင်မက သောက်အားကလည်း ကောင်းဆိုတော့ ညသန်းခေါင်လောက်မှာ ရတဲ့သီချင်းလည်း ကုန်၊ ရေစင်လည်း ပြတ်ဖြစ်သွားတယ်။ ဒီဇင်ဘာလကြီးကျတဲ့ နှင်းတောထဲမှာဆိုတော့ ရာသီဥတုကလည်း အားကစားသမားများ အကြိုက်ပေကိုး။ နောက်ဆုံး ကျန်တဲ့ တစ်ပြားကို ကျောက်ခက်လာပေးတော့ ကိုငှက်ကြီး သိမ်းထားပေတော့ဆိုပြီး သူ့ကို ပေးလိုက်တယ်။ သူလည်း သူ့ဒရမ် မာခုံအောက်မှာ ဖင်ခုထိုင်ထားတယ်။ ပရိသတ်က သူ့ကိုပဲတောင်းဆိုလို့ သူလည်း မကြာမကြာထလာပြီး ဆိုရတာပေါ့။ နောက်ဆုံးတစ်ခေါက်လာတော့ ကျွန်တော့်ကို မင်းဘေ့စ်တီးကွာဆိုပြီး ဘုရားကျောင်းက ဆရာကို ဒရမ်တီးခိုင်းတယ်။ (ဓာတ်သိချင်းဆိုတော့ သူ့ပုလင်း မျက်စောင်းထိုးမှာ စိုးတာလည်း ပါမယ်ထင်တယ်) ဆိုကြတာပေါ့။ ၃-၄ ပုဒ်။ ပြီးလို့ သူလည်း ဒရမ်ခုံဆီ ပြန်သွားရော။ ကိုယ်တော်ရှင် ကျေးဇူးတော်ကြောင့် သူ့ပုလင်းပြား ပျောက်သွားပါလေရော။ နေပါဦး ကျွန်တော်တို့ ပြန်ရှာပေးပါမယ်ဆိုတာ မရဘူး။ ဒရမ်မိုက်ကနေ “အဖူး မောင်မောင် ရိက္ခာပြတ်သွားပြီ။ အရမ်းချမ်းတယ် ... လက်တွေထုံနေပြီဗျို့ ...” ဆိုပြီး ထအော်ပါလေရော။ လုံခြုံရေးတွေလည်း (သူ့ပုလင်းပျောက်ရှာပုံတော် ဖွင့်ရင်း) အလုပ်ရှုပ်ကုန်တယ်။ သူ့ကို ကျွန်တော်တို့ ရှာပေးမယ်ပြောတာ မရဘူး။ အဖူးမောင်မောင်ပဲ အော်ခေါ်နေတယ်။ ဒါနဲ့ အဖူးရောက် လာရော။ သူလည်း ခေသူမှ မဟုတ်တာ။ “အလကားတော့ မရဘူးဟေ့။ ငါလည်း သီချင်းတစ်ပုဒ်ဆိုမယ်။ မင်းတို့ ရအောင်တီး” တဲ့။ ဘာသီချင်းလဲဆိုတော့ ... အဖိုးကြီးအို ခါးကုန်းကုန်း ... ရလားတဲ့ ... နည်းသေးတာပေါ့။ ဒါပေမဲ့ ဗိုလ်ချုပ် မောင်မောင်ပဲလေ။ နာမည်တစ်လုံးနဲ့ သူလည်း ဘယ်ပေါ့မလဲ။ “ငါ့စတိုင်လ်နဲ့ ငါဆိုမှာနော်။ ပထမ ... မြန်မာသံစဉ် စလိုးလေးနဲ့သွားမယ်။ တဖြည်းဖြည်း မြန်လာပြီး နောက်ဆုံးမှာ ဒစ္စကိုနဲ့သိမ်းမယ်”တဲ့။ ဘာပြောကောင်းမလဲ တီးဝိုင်းရော၊ ပရိသတ်ရော ဗြောင်းဆန်အောင်တီး၊ ၀က်ဝက်ကွဲ အားပေးလိုက်ကြတာ။ အဖူး ပုဆိုးပါ ကျွတ်ကျပါလေရော။ ပြောပြီးပါရော ...။ နည်းတဲ့သမ္ဘာမှ မဟုတ်တာ။ အဖူးကဆိုတာ မရပ်တဲ့အပြင် သူ့အောက်ခံဘောင်းဘီ အပွကြီးနဲ့ ပြောင်ရင်းဆက်ကနေတော့ တီးဝိုင်းကလည်း ဘယ်ရပ်မလဲ ။ နောက်ဆုံး ...ကိုငှက်ကြီး ဆက်မတီးနိုင်တော့ဘဲ ဗိုက်နှိပ်ပြီး စင်ပေါ်မှာ ပက်လက်လှန် ရယ်နေတော့မှ မင်းတို့ ရှုံးပြီဆိုပြီး အဖူးက အဆိုအက ရပ်တော့တယ်။ ပြီးမှ ကဲ ... ခဏနားပြီး ငါ့အိမ်ပေါ်လိုက်ခဲ့ကြတဲ့။

“အိမ်ပေါ်ကို ကျွန်တော်တို့ တက်သွားတော့ နှစ်ဖက် မိဘဆွေမျိုးတွေနဲ့ သတို့သား၊ သတို့သမီးတို့ ၀ိုင်းထိုင်နေကြတယ်။ အဖူးက သူ့အခန်းထဲ ၀င်သွားပြီး ပုလင်းနှစ်လုံးကိုင်ပြီး ပြန်ထွက်လာတယ်။ ကျွန်တော်တို့ကတော့ ချီးဗတ်စ်လား ဂျော်နီလား လိုက်ကြည့်ကြတာပေါ့။ လား ... လား ... “ကရင်မီးတောက်ကို လူပျံတော်ပတ္တမြားရယ်။ ငါ့ဆေးမြစ်တွေရယ် စိမ်ထားတာကွ ... မင်းတို့ကို ခင်လွန်းချစ်လွန်းလို့ တိုက်တာတဲ့”။ မှတ်ကရော။ ငှက်ကြီးကို ပထမဆုံး တစ်ခွက်ပေးတယ်။ ရေမရောပဲ တငုံငုံလိုက်တာ ဖွီးဆို ပြန်ထွက်လာတယ်။ အား ... ပူတယ် ... ပူတယ် ...နဲ့။ ပြီးမှ ရေရောပြီး တစ်ခွက်ချတယ်။ နောက် လူတွေကိုတော့ အဖူးက ရယ်ပြီး သူပဲ ရေရောပေးတယ်။

အဲဒီမှာတင် အပေါ်ဆုံးမှာ ပြောခဲ့တဲ့ ဇာတ်လမ်းစတာ။ သတို့သမီး နော်မြူအေးကိုလည်း မြင်ရော။ ကိုငှက်ကြီးက “ဖထီး ... ဖထီးမှာ သူ့လိုမျိုး သမီးလှလှလေး တစ်ယောက်လောက် မရှိတော့ဘူးလားဗျ။ ရှိရင် ကျွန်တော်နဲ့ပေးစားဗျာ။ ဒါဆို ကျွန်တော် ဒီမှာပဲနေတော့မယ်။ မပြန်တော့ဘူး” တဲ့။ (သတို့သမီးအဖေ) ပဒိုမန်းရင်စိန်ကို သွားပြောတယ်။ ကျွန်တော်တို့အားလုံး မူးနေကြပေမယ့် လန့်သွားကြတာပေါ့။ မျက်နှာလည်း ပူတာပေါ့။ အဲဒီမတိုင်ခင် အစည်းအဝေးတွေမှာ ဗိုလ်ချုပ်မောင်မောင်နဲ့ အတော်လေးရင်းနှီးနေပေမယ့် ကျန်တဲ့သူတွေနဲ့က အဲဒီတော့မှ တွေ့ဘူးတာ။ သိကြတာဆိုတော့။ ဒါပေမဲ့ အဘိုးကြီး၊ အဘွားကြီးတွေရော၊ သတို့သား၊ သတို့သမီးရော တ၀ါးဝါးပွဲကျပြီး ကိုငှက်ကြီးပြောတဲ့ ပုံစံနဲ့ လေသံကို သဘောကျနေကြလေရဲ့။ ကောင်းရော။ သတို့သမီးတစ်ယောက်ပဲ မျက်နှာရဲ၊ ရှက်ပြီး ခေါင်းငုံ့ရင်း ရယ်နေရှာတယ်။ ဒါနဲ့ ပဒိုမန်းရင်စိန်က “သူက တစ်ဦးတည်းသော သမီးဗျ။ ခင်ဗျားလိုချင်ရင် နောက်တစ်ယောက် သူ့ထက်လှတာ ရှာပေးမယ်” တဲ့။ မှတ်ကရော။ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ကွက်တိ။ နော်မြူအေးကိုလည်း သူက သွားသွား နောက်နေသေးတယ်။ “ညီမ ရှိသင့်တာပေါ့” တဲ့။ “အမှန်က အမြွာပူးမွေးရမှာ အမိုးရ” ဆိုပြီး သူ့အမေကိုလည်း လှည့်ပြောနေပြန်သေးတယ်။
မနက်လင်းအားကြီး နှစ်နာရီလောက် တ၀ါးဝါး တဟားဟားနဲ့ စကားဆက်ပြောပေမယ့် ကိုငှက်ကတော့ တစ်ယောက်ရှာပေးဖို့ သီချင်းကိုပဲ ထပ်ခါတလဲလဲဆိုနေတော့တာ။ ဒါကိုပဲ အားလုံးက သဘောကျနေကြရဲ့။ လေးနာရီလည်းထိုးရော ပွဲခင်းထဲမှာ မပြန်ဘဲ အိပ်စောင့်နေတဲ့ ပရိသတ်က “ဆက်တီးပါဗျို့” ဆိုပြီး ထအော်ကြရော။ အဲဒီတော့မှ ငှက်ကြီးလည်း သေရောကွာ။ ငါတော့ ဒီလိုပရိသတ်မျိုး တစ်ခါမှ မတွေ့ဖူးဘူးဆိုပြီး “လာကြဟေ့ဆိုလို့ စင်ပေါ်ပြန်တက်ကြရ ပြန်တယ်။ ကရင်မီးတောက်တန်ခိုးနဲ့ သူ ငါးပုဒ်၊ ကျွန်တော် ငါးပုဒ်လောက်ဆိုပြီး မနိုင်တော့လို့ ရပ်လိုက်ရတယ်။ အခုတော့ အနော နော်မြူအေးဆုံးတာကြာလို့ ကိုအောင်မော်အေးတောင် ဟိုတလောလေးက နောက်တစ်ကြိမ် မင်္ဂလာဆောင်ပြန်တယ်။ မလာမနေရ ဇွတ်ဖိတ်လို့ သွားလိုက်ရသေးတယ်။

ကိုငှက်ကြီး အမှတ်တရမှာ မပါမပြီးကတော့ ကမ္ဘာကျော် “အရေးကြီးပြီ ” သီချင်းပေါ့။ တောထဲကို ခဏကလေး ရောက်လာပေမယ့် တစ်သက်စာ ဝေဒနာတွေ ရင်နဲ့ အပြည့်ယူပြီး ပြန်သွားခဲ့သူကြီးက တစ်ပုဒ်ဆို ဆိုသလောက် အန်ထုတ်ပေးခဲ့တဲ့ သီချင်း တစ်ပုဒ်။ အဲဒီသီချင်းကို ကာရိုးလ်ဆင်းဂင်း မထွက်မီ အချိန်လောက် ဒီဇင်ဘာ ပထမ၊ ဒုတိယ ပတ်ထဲလောက်မှာ ရေးခဲ့တယ်လို့ ထင်ရပါတယ်။ အဲဒီအချိန်က သူခိုနားနေရာ (မဒမခ) ပြန်/စည်းမှာ တူရိယာပစ္စည်းဆိုလို့ ဂစ်တာ အစုတ်တစ်လုံးတောင် မရှိပါဘူး။ (နောက်မှ ဦးအေးဆောင်က နောင်မှာ သူ့မဟေသီ ဖြစ်လာမယ့် Ms. Pippa Curwin (Burma Relief Center) ဆီက အလှူခံလို့ ဟော်လိုဂစ်တာနှစ်လုံး ရောက်လာတာ မှတ်မိပါတယ်) ဆိုတော့ ဂစ်တာတီးချင်ရင် ရွာထဲလှည့်ပြီး ငှားရပါတယ်။ ရွာထဲမှာ သုံးလေးငါးလုံးရှိပေမယ့် ခရစ်ယာန် အများစုပီပီ အိမ်လှည့်ပြီး ဆုတောင်းပွဲလုပ်တာနဲ့ တနင်္ဂနွေဘုရားရှစ်ခိုးကျောင်း တက်တာနဲ့ အားလုံးက ရွာလည်နေပါတယ်။ ဆိုတော့ ကိုငှက်ကြီးက “အရေးကြီးပြီ” ကို ဘာတူရိယာမှမပါဘဲ ခုံခေါက်ပြီး “သေတ္တာမှောက်” လက်တန်း ရေးသွားတာပါ။ ရေးတဲ့အချိန်မှာ ကိုမွန်းအောင်လည်း ရှိနေပါတယ်။ တောထဲဆိုတော့ ညနေ ၇ နာရီ လောက်ဆို လူခြေတိတ်ပြီး ဘာသံမှ မကြားရတော့ပါ။

တစ်ညသား ... ဖယောင်းတိုင်မီးနဲ့ တကုတ်ကုတ်ရေးလိုက်၊ ညည်းလိုက် လုပ်ရင်း နောက်တစ်နေ့မနက်ကျ ငှက်ဖျားတက်နေတဲ့ ကိုမွန်းအောင်ကိုနှိုးပြီး ဥက္ကဋ္ဌ ဘရန်ဆိုင်း သူ့ကို လက်ဆောင်ပေးထားတဲ့ ဘာဂျာ (ဟာမိုနီကာ) လေးမှုတ်ရင်းနဲ့ ဆိုပြသတဲ့။ နောက်မှ ဂစ်တာကော့ဒ် ထည့်ပြီး အချောသတ်လိုက်တာပါ။ နောင် ကျွန်တော်တို့ တောထဲမှာ ဘာပွဲပဲလုပ်လုပ် မပါမပြီးတဲ့ သီချင်းပေါ့။ (အများအားဖြင့် အဆုံးသတ်မှာ ဆိုလေ့ရှိပါတယ်)အသုဘတွေမှာတောင် မဖြစ်မနေဆိုကြတဲ့အထိ ကျွန်တော်တို့ အားလုံး ရင်ထဲစွဲသွားတဲ့ သီချင်းပေါ့။ ကိုမွန်းအောင်က သူ့ရဲ့ပထမဆုံး တော်လှန်ရေးတေးစု “ငြိမ်းချမ်းရေးတိုက်ပွဲ”ထဲမှာ ထည့်သွင်းသီဆိုပြီး ရေဒီယိုတွေကလည်း အကြိမ်ကြိမ် လွှင့်ပေးခဲ့ပါတယ်။

နောက်ပိုင်း သူနဲ့ဖုန်းပေါ်မှာ စကားပြောခွင့်ပြန်ရတာ။ ၁၉၉၇-၉၈ လောက် ဖြစ်မယ်ထင်တယ်။ သူနဲ့ ဗိုလ်ထီးနဲ့ လန်ဒန် ရောက်နေတုန်း သီတာက လန်ဒန်ကနေ ဖုန်းဆက်လာတယ်။ သူက အဲဒီအချိန် ဒီဗီဘီရေဒီယိုအတွက် ဝေဟင်ယံက သီချင်း သံကဏ္ဍကို ကျွန်တော်နဲ့ ခဏလွှဲထားပြီး လန်ဒန်မှာ IT တစ်နှစ်သွားတက်နေတဲ့ အချိန်။ ဟိုလူတွေရောက်လာလို့ စကားပြောချင်တယ်ဆိုလို့ လှမ်းချိတ်ပေးတာ။ အဲဒီအချိန် ငှက်ကြီးနဲ့ ဗိုလ်ထီး ဓမ္မ၀ိဟာ ရလမ်းလား။ ဓမ်္မိက၀တီလမ်းလားမှာ အတူနေနေကြသတဲ့။ ဗိုလ်ထီးကတော့ များများမပြောပါဘူး။ လှမ်းနှုတ်ဆက်ရင်း (ကျွန်တော့် ရှမ်းမိတ်ဆွေတွေပြောပြတဲ့ အကြောင်းတွေ သူ့ကို တစ်ခွန်းနှစ်ခွန်းမေးပြီး) “ခင်ဗျားသီချင်းတွေနဲ့ သူပုန်လားမြောက်လာတဲ့ ကျွန်တော်တို့ တောထဲက သူတွေရဲ့ မျက်နှာကို ပြန်ကြည့်ပါဦးဗျာ” လို့ ပြောတော့ ငိုသံပါကြီးနဲ့ “တော်ပါတော့ကွာ။ ငါမှားမိပါတယ်ကွာ။ နောက် မဖြစ်တော့ပါဘူး။ ငါ့ကို နားလည်ကြပါ”လို့ ပြောရှာတယ်။ ကျွန်တော်လည်း ပြောပြီးကာမှ အတော်စိတ်မကောင်းဖြစ်သွားတယ်။ ငှက်ကြီးကတော့ “ငါထွက်တဲ့ အယ်လ်ဘမ်တိုင်းကို ကြည့်။ အနည်းဆုံး မင်းတို့အတွက် တစ်ပုဒ်မက ပါတယ်။ မင်း အကုန် နားထောင်ဖြစ်ရဲ့လား”တဲ့။ ကျန်တာတွေ ပြောဖြစ်ကြရင်း ကျွန်တော်က “အထူးသဖြင့် အဝေးရောက်သားဆိုးများအတွက်ဆိုတဲ့ အညွှန်းကတော့ အတော်ငြိ၊ အတော်ထိသဗျာဆိုတော့။ တက်တက်ကြွကြွအသံနဲ့ “အေး .. .မင်း ...ခလဲ့ဒေးကို သတိရသွားတယ် မဟုတ်လား” တဲ့။ သူ တော်တော် ၀မ်းသာသွားပုံရတယ်။ ကျွန်တော့်ရင်ထဲလည်း ပျော်လိုက်တာ အတိုင်းမသိ။ ကျွန်တော် သတိတရနဲ့ သူ့သတိတရ၊ ရင်ဘတ်ချင်းတိုက်မိသွားလို့ ... တကယ့် ငှက်ရုပ် (ငှက်ဖျားမိလို့တဲ့ ပိန်ချုံး ညှော်လှီနေတဲ့ပုံ) နဲ့ သူရင်ဘတ်ပုတ်ပြတဲ့ ပုံလေးကို မျက်စိထဲ မြင်ယောင်လိုက်မိပါတယ်။

ကိုငှက်ကြီး ဒီသံသရာက မလွတ်မြောက်သေးမီဖြစ်လေရာ ဘ၀တိုင်းမှာ သီချင်းငှက်တစ်ကောင်အဖြစ် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာတရားများ ဆက်လက်ဝေငှနိုင်ပါစေ။

၁၉း၃၄ နာရီ၊ ၂၆ ဇူလိုင်လ ၂၀၁၄
ချင်းမိုင်ရမ်းဆေးရုံ၊ ဇင်းမယ်မြို့၊ ထိုင်းနိုင်ငံ။
Mizzima


မဇ္စျိမ။ ။
သြဂုတ်လ ၂၃ ရက်တွင်ကျင်းပမည့် ထူးအိမ်သင် အလွမ်းပြေ ဂီတဖျော်ဖြေပွဲတွင်သီဆိုမည်ဟု ကြေငြာထားသည့်အဆိုတော် အောင်လနှင့် ရေမွန်တို့သည် ယင်းပွဲ၌ ပါဝင်သီဆိုမည်မဟုတ်ဟု အဆိုတော်ထူးအိမ်သင်၏ ဇနီးဖြစ်သူ ဒေါ်သွယ်သွယ်ထွေးထံသို့ အကြောင်းကြားခဲ့သည် ဟု ၎င်းမဇ္စျိမကိုပြောသည်။

"သူတို့ကို မေတ္တာနဲ့သီဆိုပေးဖို့ အစ်မ အကူအညီတောင်းခဲ့တာပါ။ သူတို့တွေ ကမဆိုပေးတော့ဘူး ဆိုတော့ ဘာမှမတတ်နိုင်တော့ပါဘူး"ဟု ၎င်းကပြောသည်။

ယင်းအပြင် အဆိုတော်ဟန်ထူးလွင်(ခ) ကျားပေါက်၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း အဆိုပါဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည် မဟုတ်ဟုရေးသားထားသော်လည်း ဂီတပွဲစီစဉ်သူ ဒေါ်သွယ်သွယ်ထွေးကိုမူ အကြောင်းကြားထားခြင်း မရှိသေးဟု မသွယ်သွယ်ထွေးကပြောသည်။

" ပွဲက ၂၃ ရက်နေ့မှပါ။ သူတို့သဘောဆန္ဒအလျောက် နှုတ်ထွက်သွားတယ် ဆိုပေမယ့် ပွဲမစသေးဘူးလေ။ ပွဲမစခင်အချိန်ထိ သူတို့ပြန်ပြီး လာဆိုမယ်ဆိုရင်လည်း ခွင့်ပြုသွားမှာပါ။ " ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် တေးရေးမြင့်မိုးအောင်က ပြောသည်။

" ပရိသတ်တွေအခုလို ဝေဖန်တဲ့ကိစ္စက ကိုငှက်ကိုချစ်လို့ ကိုငှက်သီချင်းတွေ ပျက်စီးမှာစိုးလို့ ဝေဖန်တာကို နားလည်ပါတယ်။ ကိုငှက်ကိုချစ်လို့ဖြစ်ကြတဲ့ ကိစ္စပါ။ အဲဒီတော့ ချစ်လို့ဖြစ်တဲ့ကိစ္စကို အချစ်နည်းနဲ့ပဲ ဖြေရှင်းမှာပါ။ ကိုငှက်ကို ချစ်ခြင်းအားဖြင့် လွမ်းခြင်းအားဖြင့် ကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။ အမှတ်တရအနေ နဲ့ ကိုငှက်ကိုချစ်ရင် ကိုငှက်ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ၊ ကိုငှက်ဆိုထားတဲ့သီချင်းတွေကို အနုပညာရှင်တွေက ကိုငှက်ကိုချစ်ခြင်းအားဖြင့် ဖျော်ဖြေကြမှာကို ခွင့်ပြုနားလည်ပေးနိုင်ကြမယ်လို့ ထင်ကြပါတယ်" ဟု ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် တေးရေး ရွှေဂျော်ဂျော် က ပြောသည်။

ထူးအိမ်သင်အလွမ်းပြေဂီတဖျော်ဖြေပွဲတွင်ပါဝင်သီဆိုမည့်သူတစ်ဦးဖြစ်သော စည်သူလွင်ကလည်း " ဒီပွဲမှာ ပါဝင်သီဆိုခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ရော့ခ်သီဆိုမှုမှာဆိုရင်ကိုဇော်ဝင်းထွဋ်ကကျွန်တော်ရဲ့ဆရာဖြစ်သ လို ကိုငှက်က ပေါ့ပ်မှာကျွန်တော်ရဲ့ဆရာပါပ။ဲ ကျွန် တော်အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ "မင်းအကြောင်းအိမ်မက်" သီချင်းက ကိုငှက်ရေးပေးတာပါ။ ပြီးတော့ ကျွန်တော်နဲ့ ကိုအဲလက်စ်နဲ့ပေါင်းပြီးတော့" သင်းကွဲငှက်နဲ့ဝေးသွားတဲ့အခါ "သီချင်းကို ကိုငှက်ခွင့်ပြုချက်နဲ့ပြန်ဆို ခဲ့ပါတယ်။ အဲဒီတုန်းက ကိုငှက်က ကျွန်တော်တို့ကို အသစ်အသစ်သော ဂီတအမျိုးအစားတွေကိုလက်ခံတယ် လို့ပြောခဲ့တယ်။ အခုလည်း ကိုငှက်လက်ခံနိုင်မှာပါ။" ဟု၎င်းက ပြောသည်။

"ပရိသတ်က အမျိုးမျိုးအစားစားဆိုတော့ ပြောကြတာပေါ့။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာတော့ သူကို ချစ်တဲ့သူတွေက ဝိုင်းပြီးတော့ကန့်ကွက်ကြတာမျိုးက ဘယ်နိုင်ငံမှာမဆိုရှိပါတယ်။ ကိုယ်လည်း တကယ်နှစ် သက်တယ်။

ကိုယ့်လိပ်ပြာကိုယ်လုံတယ်ဆိုရင်မည်သူမဆိုပါဝင်ခွင့်ရှိတယ်လို့တော့မြင်ပါတယ်။ တစ်ခုပဲရှိတာကသီချင်းတွေကိုရော သူ့ရဲ့ဇစ်မြစ်ကိုရောသေသေချာချာသိပြီးမှဆိုရင်တော့ ပိုကောင်းတာပေါ့။ဒီပွဲ ကိုပြန်လုပ်တာတော့ကောင်းပါတယ်။ ကိုငှက်ကြီးက ဒီလို ဂုဏ်ပြုသင့်တဲ့သူတစ်ယောက်လေ။ချစ်တဲ့သူ၊ ကြိုက်တဲ့သူတွေရဲ့ရင်ထဲမှာရှိမယ်။ အများပြည်သူက ဒီလိုမှမလုပ်ပေးရင် ကြာရင်မေ့သွားနိုင်တယ်လေ။" ဟု ဝါရင့်တေးရေးဆရာတစ်ဦးဖြစ်သူ မင်းချစ်သူကပြောသည်။

ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့်သူစာရင်းမှ နှုတ်ထွက်သွားသည့် အောင်လနှင့် ရေမွန်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သြဂုတ်လ ၂၃ ရက်တွင် ကျင်းပမည့် ထူးအိမ်သင်ကွယ်လွန်ခြင်း ၁ဝ နှစ်ပြည့် အမှတ်တရဂီတဖျော်ဖြေပွဲတွင် ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ လေးဖြူ၊ အငဲ၊ စည်သူလွင်၊ ဇော်ပိုင်၊ R ဇာနည်၊ ဘိုဖြူ၊ မျိုးကြီး၊ ဝိုင်းဝိုင်း၊ L လွန်းဝါ၊ ကျားပေါက်၊ ရေမွန်၊ အောင်လ၊ ဖော်ကာ၊ အီတိုး၊ ကောင်းကောင်း၊ဘန်နီဖြိုး၊ ဒေးဗစ်ခွန်နောင်၊ ဒီမွန်၊ ကော်နီ၊ သျှီ၊ ဆုန်သင်းပါရ်၊ဖြူုဖြူကျော်သိန်း၊ ရေဗက္ကာဝင်း၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ အိုင်းရင်းဇင်မာမြင့်နှင့် ထူးအိမ်သင်၏ သမီးဖြစ်သူ မိကွန်ထော တို့ပါဝင်သီဆိုကြမည်ဖြစ်သည်။

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁ဝ) နှစ်ပြည့် "ထူးအိမ်သင်ဂီတပွဲတော်" ကို ဒဂုံမြို့နယ်၊ ရှင်စောပုလမ်းရှိ Myanmat Event Park (MEP) တွင် သြဂုတ် ၂၃ ရက်တွင်ကျင်းပမည်ဖြစ်သည်။