08/17/14


နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ (ဓာတ်ပုံ - ကျော်ဇင်သန်း)
http://www.7daydaily.com
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းရန် မလိုဘဲ လျှောက်ထားသူ၏ အချက်အလက်များကို ကွန်ပျူတာဘားကုတ်ဖြင့် ဖတ်ရှုစိစစ်သည့် စနစ်ကြောင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို နာရီဝက်အတွင်း အပြီးဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

လျှောက်ထားသူသည် ယခင်ကဲ့သို့ ဓာတ်ပုံရိုက်ကူးပြီးနောက် ဓာတ်ပုံရွေးရန်နှင့် နိုင်ငံကူးလက်မှတ်ထုတ်ရန် ဌာနအသိအမှတ်ပြု စလစ်စာရွက်ကို နေ့ဝက်ကြာသည်အထိ စောင့်ဆိုင်းရန် မလိုတော့ပေ။

ယင်းစနစ်ကို ဧပြီလကုန်ပိုင်းကတည်းက စတင်ပြောင်းလဲ ခဲ့ခြင်းဖြစ်ပြီး ပတ်စ်ပို့ထုတ်ပေးရေးဌာနကို ယခင်ရန်ကင်းပြည်ထဲရေးရုံးဝင်းအတွင်းရှိ နေရာနှင့် ကပ်လျက် လေးထပ်အဆောက် အအုံသို့ ပြောင်းရွှေ့လိုက်ပြီး နောက် ပို၍စနစ်တကျ မြန်ဆန်လာကြောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။

‘‘လျှောက်ထားသူဟာ အ၀င်ဝ လုံခြုံရေးဂိတ်က ပေးလိုက်တဲ့ နံပါတ်ကတ်လေး ကိုင်ပြီး လ၀ကကောင်တာ ရှစ်ခုရှေ့မှာ စောင့်နေရမယ်။ ကိုယ့်နံပါတ် ခေါ်တာနဲ့ မှတ်ပုံတင်သန်းခေါင် စာရင်း သွားစစ်။ နိုင်ငံသား စစ် မှန်ရင် လ၀ကက မှန်ကန်ကြောင်း ဘားကုတ်ပါတဲ့ ချလန်ပေးလိုက်မယ်။ အဲဒီချလန်နဲ့ ချက်ချင်း ဘဏ်မှာ ငွေနှစ်သောင်းခွဲသွင်း၊ ပြီးရင် ဓာတ်ပုံရိုက်တဲ့အခန်းမှာ အဲဒီချလန်ပြပြီး ဓာတ်ပုံရိုက်လက် ဗွေနှိပ်လက်မှတ်ယူ။ ကိုယ်ရေး အကျဉ်းဖောင်ကို ဓာတ်ပုံဌာနက နှစ်ရွက်လုံး စကင်ဖတ်သိမ်းလိုက်ပြီး အားလုံးစစ်ဆေးပြီးကြောင်း ချလန်ပြန်ပေးမယ်။ ဒါပဲ။ နောက် ဆယ်ရက်နေရင် လာထုတ်လို့ရပြီ’’ ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး မှ ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။

ယခု ဘားကုတ်စနစ်မှာ ဘဏ်၊ လ၀ကနှင့် ပတ်စ်ပို့ဌာန တို့က ကွန်ပျူတာနက်ဝါ့ခ်စနစ် ဖြင့် အားလုံးချိတ်ဆက်လိုက်ပြီး လူတစ်ဦး၏ ကိုယ်ရေးအချက်အလက်ကို ကွန်ပျူတာဖြင့် ချိတ်ဆက်စစ်ဆေး အတည်ပြုခြင်းကြောင့် အလှည့်ကျော်ရန်လည်း ပူစရာမလိုဘဲ လျှောက်ထားသူက မိမိတိုကင်နံပါတ်နှင့် နာမည်ခေါ်သံကိုသာ နားစွင့်ရန် လိုကြောင်း သိရသည်။

‘‘ကောင်တာတွေ ရှေ့မှာ တိုကင်နံပါတ်တွေကို မြင်ရ အောင် မော်နီတာလေးတွေ လုပ်ပေးထားတယ်။ ဒါလေးကို တစ် ချိန်လုံး ဂရုတစိုက်ကြည့်ပေးနေရုံပဲ။ လာလျှောက်တဲ့သူများရင် တော့ ခဏစောင့်ရတာတော့ ရှိ တယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်အားလုံးမှာ လုံးဝမစောင့်ရတော့ဘူး။ ဘားကုတ်နဲ့ပဲ စက်ထဲက စစ်ပြီး အဆင့်တိုင်း သွားတာမို့ပါ’’ဟု ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။

ဆယ်ရက်အကြာတွင် ပတ်စ်ပို့စာအုပ် ထုတ်ပါကလည်း မိမိစာ အုပ်ရ၊ မရ ကွန်ပျူတာတွင် ကိုယ်တိုင်စစ်ဆေးနိုင်ပြီး အဆင်မပြေမှု တစ်ခုခုရှိမှသာ ဌာနက ၀င်ရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

‘‘အချိန်ကုန် တော်တော် သက်သာသွားတယ်။ အရင်က ဟိုပြေး ဒီပြေး ဓာတ်ပုံဆိုလည်း လူတွေကြား တိုးဝှေ့ပြီး ကိုယ့်ပုံကို ရွေးရတယ်။ အခုတော့ လ၀က ထုတ်ပေးတဲ့ ဘားကုတ်ချလန် ကလေးနဲ့ ငွေသွင်း၊ ဓာတ်ပုံရိုက်၊ လက်မှတ်ထိုးလက်ဗွေနှိပ်။ အဲဒါ ပြီးရင် နောက်ဆယ်ရက် စာအုပ် လာထုတ်ရုံပဲ။ တော်တော်လွယ်သွားတယ်’’ ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့သူ မဇွန်နီလာသိန်းက ပြောသည်။

ယခင်က နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ငွေငါးထောင်ပေး၍ ကိုယ်ရေးရာဇ၀င် ဖောင်သုံးမျက်နှာ ဖြည့်ရခြင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် နိုင်ငံသား စိစစ်ရန်နှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ ဘဏ်ငွေသွင်းခြင်းတို့ကို အရင်ရောက်သူအရင်တန်းစီ စောင့်ဆိုင်းခြင်းစနစ်ဖြင့် ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရသည်။ ထို့ပြင် ဓာတ်ပုံရိုက်ပြီးနောက် ဓာတ်ပုံအထွက်ကို အချိန်အတန်ကြာစောင့်ဆိုင်းပြီးမှ ဘဏ်ငွေသွင်းရပြီး ဘဏ်ငွေသွင်းရာတွင်လည်း အချိန်များစွာ စောင့်ဆိုင်းရသည်။ ၂၀၁၄ ခုနှစ် ဇူလိုင်အထိ ပတ်စ်ပို့စာအုပ်ပေါင်း နှစ်သိန်းလေးသောင်း ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။



အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်သို့ တက်ရောက်ဖူးမြော်ပြီးနောက် ခေါင်းလောင်းထိုးနေသည်ကို သြဂုတ် ၁၀ ရက်ညက တွေ့ရစဉ် (ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ)
http://www.7daydaily.com/
အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုစာရင်းဝင် ဦးဇော်ဇော် ဟိုတယ်တွင် တည်းခိုရန် မြန်မာ အစိုးရက စီစဉ်ခြင်းအပေါ် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သော်လည်း အချိန်နှင့်နေရာ အခက်အ ခဲကြောင့် တည်းခိုခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် အရေးယူ ပိတ်ဆို့မှုများ မှေးမှိန်သွားရန် မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်သည်။

ဟိုတယ်ပြောင်းပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တောင်းဆိုခဲ့သော်လည်း လူပေါင်းများစွာ၊ ကိုယ်စားလှယ်ပေါင်းများစွာ တက်ရောက်ကြသည့် အစည်းအဝေးနှင့် နည်းပါးလွန်းသည့် ဟိုတယ် အခန်းအရေအတွက်တို့ကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် တည်းခိုခဲ့ခြင်းဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် မစ္စမာရီဟက်ဖ်က သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

‘‘နေပြည်တော်ကို ရောက်ဖူးရင် သိကြမှာပါ။ ဟိုတယ်ခန်းတွေကလည်း နည်းပါးပါတယ်။ ပြီးတော့ ခုလို လူပေါင်းများစွာ၊ ကိုယ်စားလှယ်ပေါင်းများစွာ လာတက်ကြတဲ့ အစည်းအဝေးကြီးအတွက် နေရာတွေက သိပ်မကြီး ပါဘူး။ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး တစ်ယောက်ရဲ့ ခရီးစဉ်မှာ လူတွေဘယ်လောက် လိုက်ပါ သွားရတယ်ဆိုတာ လိုက်ဖူးတဲ့သူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အရေးယူဒဏ်ခတ်မှုတွေ အကောင်အထည်ဖော်အောင် ဆောင်ရွက်နေတာကတော့ မှေးမှိန်သွားစရာ မရှိပါဘူး’’ ဟု ၎င်းက အမေရိကန်သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားသွားသည်။

ဦးဇော်ဇော်၏ Lake View ဟိုတယ်တွင် တည်းခိုမှုကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မှာ ပြည်တွင်း နိုင်ငံရေးအင်အား စုများ၏ ဝေဖန်မှုကို ခံနေရပြီး သြဂုတ် ၁၃ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချက် ချင်းဖြေရှင်းခဲ့ရသည်။

ထို့အပြင် အမေရိကန်အစိုးရက ပိတ်ဆို့ထားသူ တစ်ဦး၏ ဟိုတယ်တွင် တည်းခြင်းဖြင့် ယင်းပုဂ္ဂိုလ်ကို ပိတ်ဆို့ခံစာရင်းမှ ပယ်ဖျက်နိုင်ခြေရှိကြောင်း သုံးသပ်မှုများကြောင့် သြဂုတ် ၁၅ ရက်က ပြု လုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ယင်းကိစ္စကို ထပ်မံဖြေ ရှင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနကမူ မည်သည့်ဟိုတယ်တွင် တည်းပါဟု စီစဉ်ပေးခြင်း မရှိဘဲ ဟိုတယ်ပြောင်းရန် အမေရိကန် ဘက်မှ တစ်စုံတစ်ရာ တောင်းဆိုခြင်း မရှိခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။

‘‘ကျွန်တော်တို့ကို ဟိုတယ် ပြောင်းပေးဖို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးအဖွဲ့က မပြောပါ ဘူး။ ကိုယ်စားလှယ်တွေအားလုံး တည်းခိုဖို့ ကျွန်တော်တို့စီစဉ်ပေး ထားတာ မှန်တယ်။ ဒါပေမဲ့ သူ တို့ကြိုက်တဲ့ ဟိုတယ်တည်းလို့ ရပါတယ်။ ပြောင်းချင်ရင်လည်း ပြောင်းလို့ရပါတယ်။ နောက်ပြီး ဘယ်ဟိုတယ်က ဘယ်သူပိုင် တယ်ဆိုတာ အမေရိကန်က မေး လို့ အဲဒီစာရင်းလည်း သူတို့ကို ပေးခဲ့ပြီးသားပါ’’ ဟု ၎င်းက ပြော ကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးများကို အသိအမှတ်ပြု သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့ မှု အများစုကို ဖြေလျှော့ပေးခဲ့ သော်လည်း တစ်ဦးချင်း ပိတ်ဆို့မှု များကိုမူ ဆက်လက်ထားရှိဦးမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီက နေ ပြည်တော်သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ယခင်အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင် စီးပွားရေးလုပ်ငန်း ရှင် ဦးချစ်ခိုင်ပိုင်သော သင်္ဂဟဟို တယ်၌ တည်းခိုခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း လာရောက်ခဲ့သည့် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န် ကြီးနှင့် အာရှပစိဖိတ်ရေးရာ စစ် ဗိုလ်ချုပ်ကြီးတို့ကလည်း တစ်ဦး ချင်းပိတ်ဆို့ခံထားရသူ မြန်မာစီး ပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ ဆုံပြီး ပိတ်ဆို့မှုများ ဖယ်ရှားလိုပါ က အမေရိကန်အစိုးရသတ်မှတ် ထားသော ထုတ်ပြန်ချက်များကို အတိအကျလိုက်နာ အကောင် အထည်ဖော်ရန် လိုကြောင်း ပြော ကြားခဲ့သည်။

သြဂုတ် လကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံစီးပွားရေး ၀န်ကြီးများ အစည်းအဝေးကာလ တွင် အမေရိကန်မှ စီးပွားရေးဆိုင် ရာ ဒုတိယလက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး ချားလ်ရီဗင် မြန်မာသို့လာရောက်မည်ဖြစ်ပြီး ပိတ်ဆို့မှုစာရင်းကိစ္စ ထပ်မံဆွေး နွေးရန်ရှိနေကြောင်း VOA သတင်းဌာနတွင် ဖော်ပြထားသည်။

(ဓါတ်ပုံ - မိကျောင်းကန်သပိတ်စခန်းခေါင်းဆောင်ဦးစိန်သန်းကို သြဂုတ် ၁၄ရက်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ရုံးထုတ်လာစဉ်။ )

ပုဒ်မ-၁၈ အပါ အဝင် စည်ပင်ဥပဒေတို့ဖြင့် မြို့နယ်တရား ရုံးလေးရုံးတွင် တရားစွဲဆိုခံထားရသော မိကျောင်းကန်သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်းကို တရားရုံးနှစ်ရုံးက စုစုပေါင်း အာမခံကြေး ကျပ်သိန်း ၉ဝဝ တောင်းဆို လိုက်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန်မြေများ သိမ်းဆည်းခံရမှု ပြန်လည်ရ ရှိရေးအတွက် မိကျောင်းကန်ပြည်သူများ က သပိတ်စခန်းများ ဖွင့်လှစ်ခြင်း၊ ဆန္ဒပြ ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် သက်ဆိုင်ရာ မြို့နယ်တရားရုံးလေးရုံးတွင် ဦးဆောင်သူ ဦးစိန်သန်းကို တရားစွဲဆိုထားပြီး ဗဟန်း တရားရုံးမှ အာမခံကြေး နှစ်ဦးပေါင်းကျပ် သိန်း ၆ဝဝ နှင့် ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိန်သန်းက ''ကျွန်တော့်ကို ကျောက်တံတားတရားရုံးက ကျပ်သိန်း ၃ဝဝ နဲ့ အာမခံကြေးတောင်းပါတယ်။ ပုဒ်မ-၁၈ နဲ့ ပန်းဘဲတန်းတရားရုံးမှာ လုံးဝအာမခံမ ပေးပါဘူး။ ဗဟန်းတရားရုံးက တစ်ဦးကို ကျပ်သိန်း ၃ဝဝ နဲ့ နှစ်ဦးတောင်းပါတယ်။ ဒါဟာ လုံးဝတရားမျှတမှု မရှိပါဘူး။ ကျွန် တော်တို့ ပြည်သူတွေဟာ တပ်ကသိမ်းထား တဲ့ မြေယာမဲ့ပြည်သူတွေပါ၊ ဒါကိုငွေကြေး တွေနဲ့ တောင်းဆိုတယ်။ စနစ်တကျ လုပ် ပြီး အင်းစိန်ထောင်ကို အပို့ခံရတယ်။ လူ့ အခွင့်အရေး နစ်နာဆုံးရှုံးမှုတွေ ရှိနေပါ တယ်'' ဟု သြဂုတ် ၁၄ ရက်က ကျောက်တံ တားမြို့နယ်တရားရုံးရှေ့တွင်ပြောသည်။

ဦးစိန်သန်းမှာ ပုဒ်မ-၁၈ ဖြင့် ဗဟန်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လ သာမြို့နယ်တို့တွင် တရားစွဲခံထားရပြီး စည် ပင်ဥပဒေ ၆၈ ဖြင့် လသာမြို့နယ် စည်ပင် တရားရုံးတွင်လည်း ထပ်မံတရားစွဲခံထား ရကြောင်း ဦးစိန်သန်း၏သမီး မနေနွယ်သန်း ကပြောသည်။

''ပြည်သူတွေအနေနဲ့ အာမခံ ကြေး သိန်း ၃ဝဝ ဆိုတာ ဘယ်လိုမှ မတတ် နိုင်ဘူး။ ပထမအကြိမ် ဗဟန်းတရားရုံးမှာ လဲ ကျပ်သိန်း ၆ဝဝ တောင်းတယ်။ ပေါင်း ကျပ်သိန်း ၉ဝဝ ပေါ့။ ဒီကျပ်သိန်း ၉ဝဝ ဆို တဲ့အနေအထားကို ပြည်သူတွေအနေနဲ့ ဘယ်လိုမှ မတတ်နိုင်လို့ ကျွန်မတို့အာမခံ မယူခဲ့ဘူး''ဟု ယင်းက ပြောသည်။

ဦးစိန်သန်း၏ အာမခံအတွက် သြဂုတ် ၁၂ ရက်တွင် ဗဟန်းတရားရုံးက အာမခံသိန်း ၆ဝဝ၊ သြဂုတ် ၁၄ ရက်တွင် ကျောက်တံတားတရားရုံးက သိန်း ၃ဝဝ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ပန်းဘဲတန်းတရား ရုံးက အာမခံပေးခဲ့ခြင်း မရှိကြောင်း သိရ သည်။

ဦးစိန်သန်းမှာ ဇူလိုင် ၂၆ ရက် က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အ ခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန် ဟီလီနှင့် တွေ့ဆုံခွင့်ရခဲ့ပြီးနောက် ထပ်မံ ၍ ဇူလိုင် ၃၁ ရက်တွင် မိကျောင်းကန်ပြည် သူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ကို ဓာတ်ပုံနှင့် စာရွက်စာတမ်း သက်သေ အထောက်အထားများ သွားရောက်ပြသ ရန် UN ရုံးသို့အသွား ကန်တော်ကြီးမျှော် စင်ကျွန်းအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် ကြောင်း သိရသည်။

''အကြမ်းဖက်ခံရပြီး ဒဏ်ရာရ တဲ့ ဓာတ်ပုံအထောက်အထားတွေ၊ နောက် သမ္မတဆီကိုပို့မယ့် စာရွက်စာတမ်းတွေ၊ လွှတ်တော်နာယကဆီကိုပို့မယ့် စာရွက်စာ တမ်းတွေကို လူ ၁ဝ ဦးလောက်ကနေပြီး တော့အတင်းအဓမ္မ လက်ထိတ်ခတ်၊ လူ ကိုလုံးထွေးပြီး ပစ္စည်းတွေလုယူတယ်။ ပြန်မပေးပါဘူး။ တရားရုံးနဲ့လဲ မဆိုင်ပါဘူး။ ထောက်လှမ်းရေးနဲ့ မဆိုင်ပါဘူးလို့ ပြောပါ တယ်။ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ဖောက်ဖျက် ခံနေရတာတွေကို နိုင်ငံတော်အစိုးရ က ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်'' ဟုပြောသည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက် မှစတင်ကာ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်း ကန် အပိုင်း(၁၊ ၂၊ ၃)ရှိ သိမ်းဆည်းခံ မြေ များ ပြန်လည်ရရှိရေးအတွက် ယနေ့အထိ ဆန္ဒထုတ်ဖော်မှု ခုနစ်ကြိမ်နှင့် သပိတ်စခန်း ဖွင့်လှစ်မှု သုံးကြိမ်ရှိပြီဖြစ်ကြောင်း မိကျောင်း ကန်ပြည်သူများထံမှ သိရသည်။

သော်ဇင်ထက် - Flower News Journal အတွဲ (၁၀)၊ အမှတ် (၃၂)။



အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် စီရင်စုထဲက Ferguson မြို့မှာအရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး
ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် African American ဆယ်ကျော်သက်တယောက် August လ ၉ ရက်နေ့ကသေဆုံးခဲ့ပြီးနောက် ဆန္ဒပြ ဆူပူ လုယက်မှုတွေ သောကြာနေ့ ညအထိ ဆက်လက်ဖြစ်နေတဲ့အတွက် ခုလို အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့တာပါ။

ခုလိုအရေးပေါ် အခြေအနေထုတ်ပြန်ရတာဟာ ဆန္ဒပြသူတွေရဲ့ အသံတိတ်သွားအောင်လုပ်တာမဟုတ်ဘဲ လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိတဲ့
လက်တဆုတ်စာ လုယက်သူတွေကို ထိန်းသိမ်းနိုင်ဖို့ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Nixon က စနေနေ့က ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုပေါ်ပေါက်ရေးအတွက် အသေအချာလုပ်သွားဖို့လည်း သူက အာမခံခဲ့ပါတယ်။ သောကြာနေ့တုန်းက ဆိုင်တွေကို ဖျက်ဆီးလုယက်ကြတဲ့ သူတွေကို တားနိုင်ဖို့ကြိုးစားခဲ့တဲ့ ပြည်သူတွေကိုလညါး အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်ခဲ့ပါတယ်။

ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အရွယ် Michael Brown မသေဆုံးခင် သူဟာ ကုန်စုံဆိုင်လေးတခုမှာ လုယက်ပြီး ဆိုင်ဝန်ထမ်းကို ခြိမ်းခြောက်နေပုံရတဲ့ Video အပါအဝင် သေဆုံးမှုအစီရင်ခံစာကို Ferguson ရဲတပ်ဖွဲ့က သောကြာနေ့က ထုတ်ပြန်ခဲ့ပြီးနောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့တဲ့ကုန်စံဆိုင်နားမှာ သောကြာနေ့က လူတွေ စုဝေးခဲ့ပြီး အဲဒီထဲက တချို့က ဆိုင်တော်တော်များများကို ဖျက်ဆီးလုယက်ခဲ့ကြပါတယ်။ ဒါကို ဆန္ဒပြနေသူတွေက တားဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ပြဿနာဖြစ်တဲ့နေရာကို ရောက်လာတဲ့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေကို ဆန္ဒပြသူတချို့က ပုလင်းတွေ တခြားအရာတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
VOA

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့်နဲ့ မေးမြန်းချက်


၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဦးဆောင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်ရေးဆွဲ ရေးကို အခုလအတွင်းစတင်ဆောင်ရွက်မှာဖြစ်ပြီး၊ ၆ လအ တွင်း ပြီးစီးအောင်ရေးဆွဲမယ်လို့ ၁၉၉ဝ ရွေးကောက် ပွဲအနိုင်ရ အမတ်များအဖွဲ့က RFA ကို ပြောပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအသစ်ရေးဆွဲရေးကော်မတီကို အဖွဲ့ဝင် ၇၅ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ အဲဒီ အဖွဲ့မှာ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲအနိုင်ရ အမတ် ၂၅ ဦး ပါဝင် မှာဖြစ်ပြီး၊ ကျန်အဖွဲ့ဝင် ၅ဝ မှာ တိုင်းရင်းသားအ ဖွဲ့တွေ၊ လူမူရေးအဖွဲ့တွေက ပုဂ္ဂိုလ်တွေ၊ အများပြည် သူလေးစားတဲ့ပုဂ္ဂိုလ်တွေနဲ့ ဥပဒေပညာရှင်တွေ ပါဝင် မယ်လို့ သိရပါတယ်။

အခုအချိန်မှာ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပုဒ်မ ၄၃၆ ပြင်ဆင်ရေး အရှိန်အဟုန် ကောင်းနေပေမဲ့ ၊ အစိုးရအနေနဲ့ လူုထုလိုလားတဲ့ ပြင်ဆင်မူတွေကို လုပ်ပေးနိုင်မယ် မထင်ဘူး လို့ ၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့် က ပြောပါတယ်။

"၄၃၆ ပြင်ဆင်ရေးရဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ လက်ရှိအစိုးရလက်ထဲမှာပဲရှိတယ်ဗျ အဲ့ဒီတော့ဒီ ၄၃၆ ကိုပြင်ဖို့ဆိုတာကို ကျနော်တို့က လက်ရှိဒီမိုကရေစီအင်အားစုတွေလိုချင်တဲ့ အခြေအနေမျိုးပေါ့နော် အထိကိုပြင်ပေးမယ်လို့တော့ ကျနော်တို့က မယုံကြည်ပါဘူးဗျ နောက်တစ်ခုကလည်း ဒီ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ အခြေခံ မူ ၆ ချက်နဲ့ စလာကတည်းက ကျနော်တို့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ဒီဥပဒေမျိုးကိုပြန်ပြီးတော့ ရေးဆွဲချင်တာဟာ ပြည်သူ့ကို အကာအကွယ်ပေးနိုင် မယ် ဥပဒေ ဖြစ်လာမယ်လို့ မထင်လို့ပါ"

အခုရေးဆွဲမယ့် ဖွဲ့စည်းပုံဟာ ဖယ်ဒရယ်ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး ပင်လုံစာချုပ်ပါ အချက်တွေ၊ အရင်က တိုင်းရင်းသားအဖွဲ့တွေရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ တခြားအဖွဲ့တွေ ရေးဆွဲထားတဲ့ အချက်တွေကို အခြေခံပြီး ပြန်လည်ရေးဆွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရေးဆွဲရေးအဖွဲ့ကို အခုလအတွင်း ဖွဲ့စည်းမှာဖြစ်ပြီး၊ ၆ လအတွင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အသစ်ကို ရေးဆွဲမှာဖြစ်ပြီး ရေးဆွဲပြီးတဲ့ ဥပဒေမူကြမ်းကို ပြည်သူကို ချပြမှာဖြစ်တယ်လို့ သိရပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး လှုပ်ရှားမူနဲ့ပတ်သက်ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ ပါတယ်။

RFA

ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်း လောင်းဒေသတွင် သြဂုတ် ၁၀ ရက် အထိ တိုင်းတာချက်အရ ရေမီတာ ၃၄၁ ထိတက်နေပြီး ရွာဟောင်း ၁၂ ရွာခန့် နစ်မြုတ်ကာ လက်ရှိလုပ်ကိုင် နေသော နနွင်းခင်းနှင့် စပါးပင်များ ပျက်စီးသွား သည့်အတွက် အခက်ကြုံ နေရကြောင်း ဒေသခံများထံက သိရ သည်။

ဗမာ၊ ကယန်း၊ ပအိုင့်အစရှိသော တိုင်းရင်းသားများနေထိုင် သည့် ပေါင်း လောင်းဒေသ၌ အစိုးရ၏ဆည်မြောင်း စီမံကိန်းကြောင့် အိမ်ခြေ ၂,၅၂၄ နှင့် လူဦးရေ ၁၀,၀၀၀ ကျော်၊ ယာမြေ ၃၆၀ ဧက၊ စေတီ ၃၀၊ ဇရပ် ၁၂ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၇ ခု ဆုံးရှုံးခဲ့ကြောင်းသိရပြီး လက်ရှိတွင် လုပ်ကိုင် စားသောက်နေသည့် စိုက် ခင်းများ ရေမြုတ်နေပြီး ဆည်မြောင်း တည်ဆောက်ခြင်းကြောင့် ဆက်၍ ရေမြုတ်သွားမည်ဖြစ်သောကြောင့် လုပ်ကိုင်စားနိုင်ရန် အလုပ်နှင့် စိုက် ပျိုးမြေများ အစားပြန် ရလိုကြောင်း ပေါင်းလောင်းဒေသခံတို့ကဆိုသည်။

၎င်းင်းဒေသသည် အစိုးရ၏ နေ ပြည်တော် မီးလင်းရေး အတွက် ပေါင်း လောင်း ဆည်တည်ဆောက်မှုကြောင့် ရွာပေါင်း ၂၃ ရွာမှာ ရေမြုတ်ဧရိယာ တွင်ပါနေပြီး ထိုရွာများသည် ယခင် နှစ်များတွင် တစ်ကြိမ်မျှ ရေကြီးမှု ဖြစ်ပေါ်ခြင်း မရှိကြောင်း၊ ဆည်တည် ဆောက်မှသာ ဖြစ်နေရကြောင်း၊ ယ ခုအချိန် ကျေးရွာ ၁၂ ရွာ ရက်ပေါင်း ၂၀ ၀န်းကျင်ခန့်ကြာထိ ရေနစ်မြုတ် နေကြောင်း ဒေသခံ တို့ကဆိုသည်။

“အခု ကျွန်တော်တို့ရွာဟောင်း က တော်တော်လေးမြုတ်နေပါပြီ။ ရွာသစ် မှာလည်း လုပ်စားစရာမရှိလို့ ရွာဟောင်းပြန်ပြီး နနွင်းခင်းတွေ၊ စပါး တွေပြန် စိုက်တာ ရေတွေတက်တော့ အကုန်မြုတ်ကုန်ပြီ။ ရွာသစ်မှာလည်း အလုပ်လုပ် စရာမရှိလို့ ရေနစ်နေတဲ့ ရွာကိုပဲ ပြန်ကြည့်နေရတယ်။ အရမ်း လည်း စိတ်မကောင်းဖြစ်မိတယ်” ဟု သပြေကုန်းရွာနေ ကိုတင့်ဆွေကဆို သည်။

အစိုးရမှ ဆည်မြောင်းစီမံကိန်း အတွက် အဆိုပါရွာသားများနေထိုင်လျက် ရှိသော ရွာဟောင်းများကိုပြောင်း ရွှေ့စေခဲ့ရာ နေစရာနေရာသာပေး၍ လုပ်ကိုင်စရာ ယာမြေများမရှိခြင်း ကြောင့် ရွာဟောင်းမှမြေများတွင် န နွင်း ခင်းများ၊ စပါးခင်းများ ပြန်စိုက် စားသော်လည်း ရေနစ်မြုတ်နေသည့် အတွက် စိုက်လက်စအခင်များအား ချန်ရစ်ခဲ့ရသည့် အနေအထား ရောက် နေကြ ရကြောင်း၊ ယခုလက်ရှိ ထိန် ပင်ကျေးရွာအုပ်စုနှင့် သပြေကုန်းအုပ် စု ၂ စုတွင် ရွာ ၂၃ ရွာရှိရာ လက် ရှိသပြေကုန်းအုပ်စုတွင် ၁၁ ရွာထိ မြုတ်နေပြီး ထိန်ပင်အုပ်စုအပေါ်ပိုင်း တွင် လိန်းလီတစ်ရွာထိ မြုတ်နေရာ ကျောင်းရွာ သို့ ရေစရောက်နေပြီဖြစ် ကြောင်း ဒေသခံများထံကသိရသည်။

“ရေကို တစ်နေ့ဘယ်အတိုင်းအ ဆထိ တက်လည်းဆိုတာ သိချင်လို့ ၀ါးပင် တစ်တောင်နဲ့တစ်ထွာကို နည်း နည်းစီအမှတ်သားပေးပြီး ခုတ်ထား တာ တစ်နေ့ ကို တစ်တောင်နဲ့တစ် ထွာပေအားဖြင့် နှစ်ပေအထိတက်နေ တယ်” ဟု ဒေသခံတစ်ဦးကပြော သည်။

သတင်း နှင့် ဓါတ်ပုံ - MMK

The Ladies News Journal

ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် ပြုလုပ်ခဲ့သော စစ်တမ်းများအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု လျော့နည်းလာကြောင်း မြန်မာ့ရေးရာအဖွဲ့က ထုတ်ပြန်သော နိုင်ငံတော်သမ္မတ အပေါ် ပြည်သူလူထု၏ အမြင်သဘောထား လေ့လာသုံးသပ်ချက်ကို အခြေခံကာ စိမ်းလန်းအမိမြေအသင်း (ALARM) မှ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။

အစိုးရသစ်လက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းအောင် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် ပြည်သူလူထု၏ စိတ်ကျေနပ်မှု ယုံကြည်မှု ကျဆင်းလာပြီး အောင်မှတ် ငါးဆယ်တွင် ၂၁ မှတ်သာ ရရှိကြောင်း မြန်မာ့ရေးရာအဖွဲ့ထံမှ သိရသည်။

“ခေတ်အဆက်ဆက် နှိပ်ကွပ်ခံရလို့ ခြွတ်ခြုံကျနေတဲ့ ဘဝမှာ လူထုက မျှော်လင့်ချက် ကြီးကြီးမားမား ထားကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်လို့ အကောင်းမမြင်ကြဘူး။ အကောင်းဆုံး လုပ်ပေးချင်ရင်တော့ ကျန်သက်တမ်းမှာ အများကြီး ကြိုးစားရမယ်” ဟု ဦးဝင်းမျိုးသူက ဆက်လက်ပြောကြားသည်။

စစ်တမ်းကောက်ခြင်း အလေ့အကျင့် မရှိသော နိုင်ငံတွင် ယခုကဲ့သို့ ထွက်လာသည်ကို ကြိုဆိုသော်လည်း ယင်းစစ်တမ်းမှာ ယုံကြည်နိုင်မှု ခက်ခဲကာ မှန်ကန်မှု မည်မျှရှိကြောင်း အတည်ပြု၍ မရနိုင်ကြောင်း မိကျောင်းကန် သပိတ်စခန်းမှ လူများကိုမေးလျှင် အမှတ် သုညသာ ရမည်ဖြစ်ပြီး ကန်ထရိုက် ဆောက်လုပ်ခွင့်များ ရသူကမူ အမှတ်ပေးလိမ့်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

အဆိုပါစစ်တမ်းကို ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် နှစ်လယ်နှင့် နှစ်ကုန်ပိုင်းတွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်အထိ လေ့လာထားပြီး လူပေါင်း ၆၀၀၀ ထောင်ကျော်ကို ကျပန်းရွေးချယ်ကာ မေးမြန်းထားခြင်း ဖြစ်ကြောင်း မြန်မာ့ရေးရာအဖွဲ့ထံမှ သိရသည်။

ပထမ စစ်တမ်းကောက်သော ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် သမ္မတ၏ ဆောင်ရွက်မှုဖြစ်သော မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ယင်းသက်တမ်းတွင် ဆိုင်းငံ့ထားခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပို့ကုန် အခွန်ကင်းလွှတ်ခွင့်ပေးခြင်း၊ ဝန်ထမ်းလစာ တိုးမြှင့်သတ်မှတ်ပေးခြင်း၊ ကားဝယ်ယူခွင့်များပေးခြင်း၊ ဆန္ဒဖော်ထုတ်ခွင့် ရရှိခြင်း စသည့် အချက်များကြောင့် သမ္မတအပေါ် ထောက်ခံမှုမြင့် တက်လာပြီး ကျေနပ်မှု အညွှန်းကိန်း ၀.၃၂ ရှိပြီး အမှတ် ၃၂ ရှိကြောင်း ယင်းစစ်တမ်းတွင် ပါရှိသည်။

ဒုတိယစစ်တမ်း ကောက်သော ၂၀၁၃ နှစ်လယ် ကာလနှင့် နှစ်ကုန် ကာလများတွင် နိုင်ငံကူးလက်မှတ် ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်ခြင်း၊ အမေရိကန်သမ္မတ အပါအဝင် ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင်များ၏ မြန်မာနိုင်ငံ လာလည်မှုကြောင့် ၃၂ မှတ် ရရှိပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့် တိုက်ပွဲများ ဖြစ်နေခြင်း၊ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများအပေါ် အကြမ်းဖက်အရေးယူခြင်း၊ မီဒီယာဥပဒေ ကန့်ကွက်ခံရခြင်းများကြောင့် ရမှတ် ၂၇ သာ ရရှိကြောင်း မြန်မာ့ရေးရာအဖွဲ့၏ လေ့လာမှုအရ သိရသည်။

နိုင်ငံတော်သမ္မတအပေါ် ပြည်သူလူထုက ယုံကြည်မှု လျော့နည်းခြင်းသည် မဆန်းကြောင်း၊ ကျန်သောသက်တမ်းတွင် ယုံကြည်မှု ပိုရလိုလျှင် စကားပြောဆိုခြင်း လျှော့ပြီး ပြည်သူများအတွက် ထိရောက်နိုင်မည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပါက ယုံကြည်မှု ရလာမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သော အမျိုးသားအဆင့် လူထုစစ်တမ်းတစ်ရပ်ကို အမေရိကန်ပြည်ထာင်စု ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်သော International Republican Institute (IRI) က ကောက်ယူခဲ့သည့် စစ်တမ်းပါ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခြေအနေနှင့် သမ္မတဦးသိန်းစိန် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် အကောင်းမြင်သူ အများအပြား ရှိနေကြောင်း IRI ၏ လူထုစစ်တမ်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ၂၄ ရက်မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အတွင်း ကောက်ယူခဲ့ပြီး ဧပြီ ၃ ရက် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ အစိုးရသစ် သက်တမ်းမှာ လပေါင်း ၂၀ ခန့်သာ ကျန်ရှိတော့သည်။
http://thevoicemyanmar.com/

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ပါဝင်သော လူ ၃၀၀ နီးပါးက အချိုးကျ ရွေးကောက်ပွဲစနစ်ကို လက်မခံကြောင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ခြင်းကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီ မိနစ် ၃၀ အထိ ပြုလုပ်ခဲ့ကြောင်း တောင်ငူမြို့ခံများက ပြောကြားသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို ယခုလ ၈ လေးလုံး ၂၆ နှစ်ပြည့်နှင့် တိုက်ဆိုင်ပြုလုပ်ရန် တောင်ငူမြို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) က ခွင့်ပြုချက် မယူဘဲ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း တောင်ငူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခွင့်ပြုချက်တောင်းခံပြီး ပူးပေါင်း ဆန္ဒဖော်ထုတ်ရန် ကမ်းလှမ်းလာသဖြင့် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း တောင်ငူမြို့နယ် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဝဏ္ဏစိုးက ပြောဆိုသည်။

“၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မခံသလို လာမယ့်ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး တင်သွင်းလာတဲ့ အချိုးကျရွေးကောက်ပွဲစနစ်ကိုလည်း လက်မခံလို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု တောင်ငူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ဌေးဝင်းက ဆိုသည်။

ဆန္ဒဖော်ထုတ်သူ ၃၀၀ နီးပါးသည် တောင်ငူမြို့ NLD ရုံးရှေ့မှ နံနက် ၉ နာရီခန့်တွင် စတင်ထွက်ခွာလာပြီး ကန်လမ်း၊ ကုန်သည်ကြီးလမ်း၊ နံပါတ် ၆ လမ်း၊ ဈေးလမ်းနှင့် ဗိုလ်မှူးဖိုးကွန်းလမ်းသို့ ကြွေးကြော်သံများဖြင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး ရုံးတည်ရှိရာ နံပါတ် ၅ လမ်းကို နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ပြန်လည်ရောက်ရှိကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူများက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်းဇင်တို့ တင်သွင်းခဲ့သော အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR) ကို လွှတ်တော်နှစ်ရပ်လုံးက လက်ခံဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်က ကော်မတီဖွဲ့ပြီး ကျင့်သုံးသင့် မသုံးသင့်ကို လေ့လာဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

The Voice weekly


“ငယ်ငယ်က အိပ်မက်ကို ပြောမယ် ဆိုရင်တော့ အင်ဂျင်နီယာ လုပ်ချင်တာ။ ဒါပေမဲ့ . . .”
သူ့အိပ်မက်ကို ရင်ဖွင့်နေသူမှာ စကားသွက်သွက် ပြောတတ်သူ ဒေါက်တာကျော်စွာအောင် ဖြစ်သည်။ တရုတ်သွေးပါသူမို့ အသားအရေ ဖြူသည်။ ပုလင်းဖင်လောက် နီးနီးထူသော ပါဝါမျက်မှန်တစ်လက်က သူ့မျက်နှာတွင် အမြဲနေရာယူထားတတ်သည်။ စကားတစ်ပိုင်းတစ်စ ပြောနေရင်းမှာပင် ဖန်သားထူထူ မျက်မှန်နောက်မှ သူ့မျက်လုံးတွေမှာ အတိတ်ဆီသို့ ပြေးလွှားနေဟန် တူသည်။ ကလယ်ကလယ် နိုင်လှသည်။

“တကယ်လို့ ဟိုအရင်ခေတ်ကလို RIT၊ MIT တို့လို (စက်မှုတက္ကသိုလ်ကျောင်းတွေ) ရှိလို့ရှိရင် တက်ဖြစ်တယ်” ဟု ၂၀၀၅ ခုနှစ် ဝန်းကျင်လောက်က တက္ကသိုလ်ဝင်တန်း အောင်ခဲ့သူ ဒေါက်တာကျော်စွာအောင်က ပြောပြသည်။

ထိုအချိန်က စက်မှုတက္ကသိုလ်ကျောင်းများ၏ နေရာတွင် အစိုးရနည်းပညာတက္ကသိုလ် (Government Technical University-GTU) များဖြင့် အစားထိုးလိုက်ပြီ ဖြစ်သည်။ ယင်းနည်းပညာ တက္ကသိုလ်များမှာ အင်ဂျင်နီယာ ဘာသာရပ် သင်ကြားလိုသော သူ၏ မျှော်မှန်းချက်များနှင့် မကိုက်ညီပေ။ တက္ကသိုလ်အဖြစ် စဖွင့်သည်မှာ မကြာသေးသဖြင့် စာကြည့်တိုက်ပင် မရှိသေးသော အစိုးရနည်းပညာတက္ကသိုလ်ကို မတက်ရန် ဆုံးဖြတ်လိုက်သည်ဟု သူက တက္ကသိုလ်ရွေးချယ်ပုံကို ပြန်ပြောသည်။

ယင်းကြောင့် သူက ဆေးတက္ကသိုလ်ကို လွယ်လွယ်ကူကူ ရွေးချယ်လိုက်ခြင်း မဟုတ်ပါ။ ဝါသနာ ပါလှသော နည်းပညာတက္ကသိုလ် တက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်ရပြီးနောက် ဝိဇ္ဇာသိပ္ပံ ဘာသာရပ်များကို လှည့်ကြည့်ပါသေးသည်။ ဘာသာရပ်တစ်ခုကို မှတ်စုတို (Notes) စာအုပ်လေးများဖြင့် သင်ပေးပြီး စာမေးပွဲနီးမှ Spo မေးခွန်းများကိုကျက်ပြီး ဖြေရသော ဝိဇ္ဇာသိပ္ပံ ပညာသင်ကြားရေးမှာလည်း သူ့အတွက် ဆွဲဆောင်မှု မရှိလှပါ။

ယင်းအပြင် သိပ္ပံပညာရပ်များ ဖြစ်သော ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များမှာလည်း ဘွဲ့ယူပြီးပါက အပြင်လောကတွင် ပညာရပ်နှင့် အပ်စပ်သော အလုပ်အကိုင် မရှိပါ။ ယင်းဘာသာရပ်ကို မဟာဘွဲ့အထိ သင်ယူပြီး တက္ကသိုလ်တွင် ကျူတာဆရာ ပြန်လုပ်ရန် အခွင့်အလမ်း တစ်ခုသာ ရှိသည်။ ပညာရပ်နှင့် အပ်စပ်သော အခြားရွေးချယ်စရာ အလုပ်အကိုင်မှာ မရှိလှဟု သူက ရှင်းပြသည်။ သို့နှင့် ရွေးချယ်စရာ ရှားပါးလှသော မြန်မာနိုင်ငံပညာရေးတွင် ကြီးပြင်းလာရသော သူမှာ အဆိုးဝါးဆုံးများအနက် အကောင်းဆုံးဖြစ်သော ဆေးတက္ကသိုလ်သို့ တက်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။

“အဲဒီတုန်းကလည်း ပညာတစ်ခုကို တတ်ချင်လို့ လှိုက်လှိုက်လှဲလှဲ တက်တာထက်စာရင် နောက်ဆုံး တက်စရာမရှိလို့ ရွေးချယ်ပြီးမှ တက်လိုက်ရတယ်” ဟု ဒေါက်တာကျော်စွာအောင်က ဆိုသည်။

ရွေးချယ်စရာ ရှားပါးလှသော ပညာရေးစနစ်ကြောင့် ကမောက်ကမ ဖရိုဖရဲ ဖြစ်သွားရသော ကျောင်းသား ဇာတ်လမ်းမျိုးစုံလည်း ရှိပါသေးသည်။ ယင်းတို့အနက် ဆေးတက္ကသိုလ် လာတက်သော မော်လမြိုင်မြို့သား တစ်ယောက် အကြောင်းကို ဒေါက်တာကျော်စွာအောင်က တစ်ဆင့်ပြောပြသည်။ ယင်းမော်လမြိုင် မြို့သားမှာ ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်သဖြင့် မိဘဆွေမျိုးများက ဆေးတက္ကသိုလ် တက်ခိုင်းသည်။ အသိုင်းအဝိုင်း ဖိအားကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်လာသော်လည်း သူအမှန်တကယ် ဝါသနာပါသည်မှာ ရူပဗေဒ ဖြစ်သည်။ သို့ဖြင့် ဝါသနာ မပါသော ပညာကို ဇွတ်သင်ယူရသဖြင့် ဆေးပညာ ဘာသာရပ်များတွင် စာမေးပွဲ ခဏခဏကျပြီး နှစ်ကာလ အတော်ကြာမှ ဘွဲ့ရသွားသည်ဟု ဆိုသည်။

ပညာရေးတွင် ရွေးချယ်စရာ အကန့်အသတ်ကြောင့် ဆေးတက္ကသိုလ်သို့ ရောက်လာသော နောက်ထပ် ကျောင်းသားတစ်ဦးမှာ မကွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုဇင်မျိုးအောင် ဖြစ်သည်။ “ဆေးကို မတက်ချင်ပါဘူး။ ငယ်ငယ်က ဆရာမတွေကိုတောင် ပြောသေးတယ်။ ဆယ်တန်းအောင်လို့ အမှတ်မီရင်တောင် ဆေးမတက်ဘူး ဘာညာပြောသေးတယ်။ ဆရာမတွေက အဲဒီတုန်းကတော့ အမှတ်မမီနိုင်လို့ လျှောက်ပြောတာ ပြောသေးတယ်။ ဒါပေမဲ့ ဆယ်တန်းအောင်တော့ အမှတ်များတော့ အိမ်က ဆေးတက်စေချင်တယ်” ဟု ၎င်းကဆိုသည်။

သူကလည်း ဒေါက်တာကျော်စွာအောင် နည်းတူပင် စက်မှုတက္ကသိုလ် တက်ချင်သူ ဖြစ်သည်။ အစိုးရနည်းပညာကောလိပ် (GTC) မှာ သူတက်ချင်သော စက်မှုတက္ကသိုလ်နှင့် မတူသဖြင့် မရွေးခဲ့ပေ။ ဝိဇ္ဇာသိပ္ပံ ဘာသာရပ်များကို တက်ရောက်ဖူးသူများ၏ ပြောစကားများအရ သင်ကြားပုံမှာ သူ့အဖို့ သဘောကျစရာ မရှိဟု ဆိုသည်။ သို့နှင့် သူလည်း ရွေးချယ်စရာ ရှားပါးလှသော မြန်မာနိုင်ငံပညာရေးတွင် အကောင်းဆုံး ဆိုနိုင်သော ဆေးတက္ကသိုလ်သို့တက်ရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။

နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုသက်နိုင်ဦးကလည်း သူနှင့် သိကျွမ်းသော စီနီယာ ဆေးကျောင်းသား တစ်ယောက်၏ ဇာတ်လမ်းကို ပြောပြပါသည်။ မုံရွာမြို့မှ ဆေးပညာ လာသင်သော ယင်းကျောင်းသားမှာ ကျောင်းဆရာအလုပ်ကို ဝါသနာပါသူဟု ဆိုသည်။ သို့သော်လည်း ဝါသနာ မပါလှသော ဆေးတက္ကသိုလ်သို့ ရောက်လာရာ ဆေးပညာဘွဲ့ ရလုရခင် နောက်ဆုံးနှစ် အပိုင်း (ခ) အတန်းမှာပင် ကျောင်းတက်မမှန်သဖြင့် ကျောင်းထွက်သွားရသည်ဟု ဆိုသည်။

ကိုသက်နိုင်ဦး ကိုယ်တိုင်လည်း ဆေးပညာကို ဝါသနာပါသဖြင့် ဆေးတက္ကသိုလ်တက်ရန် ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ။ ပညာရေးတွင် ရွေးချယ်စရာ အကျပ်အတည်းနှင့် မိဘများ၏ စိတ်ဆန္ဒကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်လာရသည်ဟု ဆိုသည်။ သူ အမှန်တကယ် တက်လိုသော ကျောင်းမှာ စက်မှုတက္ကသိုလ်ဟု ဆိုပါသည်။ သို့သော် စက်မှုပညာရပ် သင်ကြားပေးသော နည်းပညာတက္ကသိုလ်များတွင် သင်ထောက်ကူပစ္စည်း တစ်ခုကို ကျောင်းသားအများစုက ဝိုင်းသုံးနေရပုံ၊ ဝိဇ္ဇာသိပ္ပံ အတန်းများတွင်လည်း Lab ခန်း(ဓာတ်ခွဲစမ်းသပ်ခန်းများ) တွင် ဆရာလုပ်ပုံကိုသာ ကြည့်ပြီး မှားမှားမှန်မှန် ကူးယူကျက်မှတ် ဖြေဆိုနေရပုံတို့ကို ကြည့်ပြီး ဆေးတက္ကသိုလ်တက်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်ကို ဖြတ်သန်းနေရသူများမှာ ဘွဲ့ထူးဂုဏ်ထူးဖြင့် ဝါကြွားလိုသော ရည်ရွယ်ချက်ကြောင့်သာ ဆေးတက္ကသိုလ်သို့ ရောက်ရှိလာကြခြင်းဟု ပြောဆိုနိုင်မည် မဟုတ်ပါ။ တက္ကသိုလ် ပညာရေးစနစ်၏ ရွေးချယ်စရာ အကျပ်အတည်းကြောင့်သာ ဆေးတက္ကသိုလ်ကို ရွေးချယ်လိုက်ရသူက များပါသည်။ အခြားသော တက္ကသိုလ်များနှင့် ဝိဇ္ဇာသိပ္ပံ ပညာရပ်များမှာလည်း သင်ကြားရေးနှင့် သင်ထောက်ကူပိုင်းတွင် အဆင့်မြင့်သည်ဆိုပါက အမှတ်ကောင်းသော ကျောင်းသားတိုင်း ဆေးတက္ကသိုလ် တစ်ခုတည်းသို့ ပြုံတိုးနေမည် မဟုတ်ပါ။ ဝါသနာ အခြေပြုကာ ရွေးချယ်သူများ ပေါ်လာပါလိမ့်မည်။

ယခင် အာဏာရှင်အစိုးရ လက်ထက်တွင် ပညာရေးမှာ ကမောက်ကမ ဖြစ်ခဲ့ရသည်ဆိုလျှင် အရပ်သားအစိုးရ သက်တမ်း လေးနှစ်ရှိပြီ ဖြစ်သော လက်ရှိ သမ္မတဦးသိန်းစိန်၏ အစိုးရ လက်ထက်တွင်ကော တက္ကသိုလ်ပညာရေးတွင် ရွေးချယ်စရာများ ရှိလာပြီလောဟု မေးစရာ ရှိပါသည်။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသား ကိုသက်နိုင်ဦးကမူ သူ့အမြင်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြပါသည်။
“အခုခေတ်လည်း ဆယ်တန်းအောင်ပြီး ရွေးချယ်စရာက မရှိသေးဘူးလို့ ထင်တာပဲ။ GTC တို့ ဘာတို့ကလည်း ပြန်တက်ချင်လောက် အောင်မြင်ရဖို့ နေနေသာသာ၊ ကျောင်းထဲမှာ သူငယ်ချင်းတွေ ရှိပါတယ်၊ သူတို့မှာလည်း သင်ထောက်ကူပစ္စည်း တစ်ခုတည်းကို အများ ဝိုင်းသုံးနေရတယ်လို့ ပြောတယ်”

သို့ဖြစ်ရာ အင်ဂျင်နီယာ နှလုံးသားဖြင့် နားကြပ်ကိုင်နေရသော ဆရာဝန်များ မွေးထုတ်ပေးနေသည့် ပညာရေးစနစ်ကို ပြပါဆိုလျှင် မြန်မာနိုင်ငံ ပညာရေးစနစ်ကိုသာ လက်ညှိုးတည့်တည့် ထိုးပြရမည် ဖြစ်ပေသည်။

ဉာဏ်မျိုးအောင်
http://thevoicemyanmar.com/

http://www.7daydaily.com

လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ ကိုင်ထားသည့် အသားဖြူဖြူနှင့် လူများက လမ်းပျောက်နေသည်ဟုဆိုကာ သင့်ထံရောက်လာပါက သင်သည် လိမ်လည်လှည့်ဖြားသူများ၏ သားကောင်ဖြစ်ရန် ရွေးချယ်ခံလိုက်ရသည်ဆိုသည်မှာ သေချာသလောက်ရှိပြီဟု တွေးထားသင့်သည်။

အမှန်တကယ် လမ်းပျောက်သူလား၊ လူလိမ်များလားဆိုသည်ကို ဖော်ပြပါအချက်များနှင့် တိုက်ဆိုင်စစ်ဆေးကြည့်စေလိုပါသည်။

ထိုသူများက ပထမအဆင့်အနေဖြင့် မြန်မာစကားတစ်လုံးတလေမှ မပြောတတ်သည့်ဟန်ပန်ဖြင့် သင်နှင့် အနီးအနားပတ်ဝန်းကျင်မှ နေရာတစ်ခုကို မေးမြန်းပြီး ထိုနေရာတွင် သူ၏မိတ်ဆွေနှင့် အချိန်းအချက်ပြုထားကြောင်း ခြေဟန်လက်ဟန်ဖြင့် ရှင်းပြလိမ့်မည်။ သူစောင့်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိတ်ဆွေ ရောက်မလာသေးကြောင်းလည်း ရှင်းပြလိမ့်မည်။

ဒုတိယအဆင့်အနေဖြင့် သူ့ထံတွင် ပိုက်ဆံပြတ်လပ်နေပြီး လွန်စွာအခက်အခဲရှိကြောင်း ကူညီသည့်အနေဖြင့် သူ့တွင်ပါလာသည့် နာမည်ကျော် ဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့များကို ပေးနိုင်သည့်ဈေးဖြင့် ၀ယ်ယူရန် ကမ်းလှမ်းလိမ့်မည်။

သင့်ထံရောက်လာသည့် လမ်းပျောက်သူများက အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဆိုပါက ယခင်လိမ်လည်ခံရသူများနည်းတူ သင်လည်း လိမ်ခံရတော့မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များက ရန်ကုန်မြို့၏ လမ်းမများထက်၌ လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မကြာခဏ လမ်းပျောက်ခဲ့ကြသည်။

တရုတ်နိုင်ငံသားများအဖြစ် ၎င်းတို့ကိုယ်၎င်းတို့ မိတ်ဆက်ကြပြီး သန့်သန့်ပြန့်ပြန့် ၀တ်စားထားကြသည့် လိမ်လည်သူများ၏ ပစ်မှတ်သည် ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့် ၂ နှစ်ခန့်အတွင်းက ရန်ကုန်မြို့တွင် လိမ်လည်ခံခဲ့ရသူ သုံးဦးခန့်ကို 7Day မှ တွေ့ဆုံမေးမြန်းခဲ့ရာ လာရောက်လိမ်လည်သူများ၏ ပုံစံသည် တစ်ပုံစံတည်းနီးပါးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

‘‘သူတို့က ဗမာစကားတစ်လုံးမှ မတတ်တဲ့ပုံစံနဲ့။ အင်္ဂလိပ်လို တစ်လုံးစ၊ နှစ်လုံးစ ပြောတယ်။ ကျွန်တော့်ကိုကျတော့ No Money Hungry (ပိုက်ဆံမရှိဘူး၊ ဗိုက်ဆာတယ်)ဆိုပြီး အင်္ဂလိပ်လိုပြောတယ်’’ဟု လွန်ခဲ့သည့်တစ်နှစ်ခန့်က Samsung အမှတ်တံဆိပ်ဖုန်း လိမ်လည်ရောင်းချခံခဲ့ရသည့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးစည်သူကပြောသည်။

၎င်းတို့သည် လွန်ခဲ့သည့်သုံးနှစ်ခန့်မှစတင်ပြီး ရန်ကုန်မြို့တွင် လှုပ်ရှားခဲ့ကြပြီး ပြီးခဲ့သည့်နှစ်မှစတင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ မြို့များသို့ပါ ရောက်ရှိခဲ့သည်။

လမ်းပျောက်သူများက သူတို့၏ဖုန်းနှင့် လက်ပ်တော့ကွန်ပျူတာများကို ပြင်ပပေါက်ဈေးထက် အဆမတန်လျော့နည်းသည့်ဈေးနှုန်းဖြင့် ၀ယ်ယူသူများအား ဆွဲဆောင်ကြသည်။

၎င်းတို့ပြန်သွားပြီး ရက်ပိုင်းအတွင်း ပျက်စီးသွားခြင်းနှင့် အဆိုပါပစ္စည်းများသည် အတုများဖြစ်နေခြင်းတို့ကို သတိထားမိချိန်တွင် လမ်းပျောက်သူများက နောက်တစ်ဦးကို ထပ်မံလိမ်လည်ရန် အခြားတစ်မြို့သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည် ။

‘‘အဲဒီလိုပစ္စည်းတွေက တော်တော်သတိထားရတယ်။ ကိုယ်က သူ့ကိုကူညီတယ်ဆိုပေမယ့် ခိုးရာပါပစ္စည်းလိုမျိုးဖြစ်နေရင် လူလိမ်ခံရရုံတင်မကဘူး ထောင်ပါကျနိုင်တယ်။ ခိုးရာပါပစ္စည်း လက်ခံမှုက ထောင်သုံးနှစ်အထိ ချလို့ရတယ်’’ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

လိမ်လည်ခံရသူအများစုကလည်း ရဲစခန်းသို့ တိုင်ကြားခြင်းမပြုဘဲ လူသိမခံခြင်း၊ မိမိကိုယ်တိုင် ဖြေရှင်းခြင်းတို့ကြောင့် လိမ်လည်သူများ ပိုမိုအတင့်ရဲလာခြင်းဖြစ်ကြောင်း အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။

‘‘လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက အဲဒီလိုလာလိမ်တဲ့ တရုတ်တော်တော်များများကို နယ်စပ်ကနေ တရုတ်ပြည်ထဲ ပြန်ပို့ခဲ့ရဖူးတယ်။ မန္တလေးမှာရော၊ နယ်စပ်တစ်လျှောက်မှာရော အဲဒီလိုလိမ်လာတာ ကြာပြီလို့သိရတယ်’’ဟု လိမ်လည်သူများအား နယ်စပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း တန်ဖိုးနည်းဖုန်းများ အကန့်အသတ်မရှိ ရောင်းချနေကြောင့် လိမ်လည်သူများ၏ ပစ်မှတ်များသည်လည်း တစ်စတစ်စကြီးထွားလာနေသည်။

မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung, Huawei စသည့် မိုဘိုင်းဟန်းဆက်ကုမ္ပဏီများကလည်း ၎င်းတို့၏ ပစ္စည်းများကို တုပရောင်းချခြင်းများမှ ကာကွယ်ရန်အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

‘‘ဈေးကွက်ထဲမှာ ကျွန်တော်တို့ရဲ့ ဟန်းဆက်တွေကို အတုတွေတွေ့ရတဲ့အတွက် အတုအစစ်ခွဲခြားနည်းကို ဂျာနယ်တွေထဲမှာလည်း ကြေညာသလို ဟန်းဆက်အတုတွေ့ရင် သတင်းပေးတဲ့သူတွေကို ဆုငွေပေးသွားမယ်ဆိုပြီးတော့ လုပ်ထားတာတွေရှိပါတယ်’’ဟု Huawei မြန်မာကုမ္ပဏီမှ ဖြန့်ချိရေးတာဝန်ခံတစ်ဦးကပြောသည်။

Huawei ဖုန်းများကို အတုနှင့်အစစ် ခွဲခြားနိုင်ရန်နှင့် ဈေးကွက်အတွင်း၌ အတုများကို တွေ့သောကြောင့် သတင်းပေးလိုပါက Huawei ၏ Customer ServiceCenter သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း ၎င်းကပြောသည်။

အလားတူပင် မြန်မာနိုင်ငံတွင် လူသုံးများသည့် Samsung အမှတ်တံဆိပ် ဟန်းဆက်များ တုပရောင်းချခြင်းများမှ ကာကွယ်ရန် အသေးစိတ်အစီအစဉ်များ လုပ်ဆောင်နေကြောင်း Samsung မြန်မာရုံးခွဲ၏ Head of Channel Management Mobile ဦးဇာနည်ဝင်းထွဋ်ကပြောသည်။

‘‘ဈေးကွက်ထဲမှာ အတုတွေကတော့ မကြာခဏတွေ့နေရတယ်။ Samsung ဟန်းဆက်အတုဆိုတဲ့နေရာမှာ တချို့ကလည်း ပုံစံတုလိုက်လုပ်ပြီးတော့ ရောင်းကြတယ်။ တချို့ကလည်း Offical တရားဝင်မဟုတ်ဘဲနဲ့ တင်သွင်းလာတဲ့အခါမှာ ဒီနိုင်ငံရဲ့ကွန်ရက်နဲ့ မကိုက်ညီတာမျိုးတွေ ဖြစ်တတ်ပါတယ်’’ဟု ဦးဇာနည်ဝင်းထွဋ်က ပြောသည်။

လက်ထဲတွင် နောက်ဆုံးပေါ် တယ်လီဖုန်းဟန်းဆက် (သို့မဟုတ်) ကွန်ပျူတာလက်ပ်တော့ကိုင်ထားသည့် အသားဖြူဖြူနှင့်လူများသည် မြန်မာနိုင်ငံတွင် မကြာခဏ လမ်းပျောက်လျက်ရှိသည်။ လမ်းပျောက်သူများကို ကူညီရင်း ယုံလွယ်သူများ၊ အသနားစိတ်ကြီးပြီး အကူအညီပေးသူများနှင့် လောဘကြီးသည့်လူများ ကိုယ်တိုင်လည်း မကြာခဏ လမ်းပျောက်သွားခဲ့ရသည်။

http://www.7daydaily.com


မြန်မာနိုင်ငံမှာ ပထမဆုံးဖွဲ့စည်းလိုက်တဲ့ သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးသော စာပေဟောပြောပွဲကို ဆရာ၊ ဆရာမတွေ နှောင့်ယှက်မှုကြောင့် ကျောင်းဝင်းထဲမှာ မကျင်းပနိုင်ဘဲ ခရစ်ယာန် အသင်းတော် သာသနာပိုင်ရုံးမှာ သြဂုတ် ၁၆ရက်နေ့က ကျင်းပခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေကို ကျောင်းအာဏာပိုင်တွေ နှောင့်ယှက်နေတာ ဘာသဘောလဲ။

စစ်အစိုးရလက်ထက် ကျောင်းသားသမဂ္ဂအပေါ်ထားတဲ့ ဝါဒမှိုင်းတွေမိနေတဲ့ ဆရာဆရာမတွေက ဖိအားပေးတာတွေ ဘယ်လိုပဲရှိရှိ ကျောင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီပညာရေးအတွက် သက်သေပြ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူနာပြုသမဂ္ဂက နှင်းသီရိမျိုးက ပြောပါတယ်။


ကျောင်းစာတစ်ခုတည်း အာရုံစိုက်ဖို့မဟုတ်ဘဲ ပြင်ပဗဟုသုတတွေလည်း လိုအပ်တာကြောင့် သမဂ္ဂဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စာပေဟောပြောပွဲမှာ စကားလုံးတွေနဲ့တည်ဆောက်တဲ့ စကားလုံးတိုင်းပြည်မဖြစ်စေလိုတဲ့အကြောင်း ဟောပြောခဲ့တဲ့ ဆရာ အော်ပီကျယ်က ဟောပြောပွဲကို မဖြစ်ဖြစ်အောင် လုပ်ခဲ့တဲ့ သမဂ္ဂကို ချီးကျူးတယ်လို့ ပြောပါတယ်။

ကျောင်းသားလူငယ်အများအပြား ဒီမိုကရေစီရေးအတွက် အသက်ဆုံးရှုံးခဲ့ရလို့ မိဘတွေရဲ့ တားမြစ်မှုဟာ သဘာဝကျပြီး တိုးတက်လာတဲ့ သမဂ္ဂရဲ့ကဏ္ဍကို တစ်နေ့ကျရင် မိဘတွေလည်း အသားကျပြီးလက်ခံကြမှာပါလို့ သူက ဆိုပါတယ်။


သူနာပြုတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ပထမဆုံးအကြိမ် စာပေဟောပြောပွဲမှာ ဆရာအော်ပီကျယ်နဲ့ မသီတာ-စမ်းချောင်းတို့ ဟောပြောခဲ့ပြီးနောက်မှာ သူနာပြုတက္ကသိုလ်က ဆရာတွေရဲ့လုပ်ရပ်အပေါ် သမဂ္ဂက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

kamayutmedia

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.