08/19/14

လိုက်ဘေးရီးယားနိုင်ငံ ရှိ အီဘိုလာ ကုသရေး စခန်းတစ်ခု ကို တနင်္ဂနွေနေ့က လူငယ်အချို့က ၀င်ရောက်တိုက်ခိုက်ခဲ့ကြလို့ အီဘိုလာကူးစက်ခံထားရသူ လူနာ ၁၇ ဦး ထွက်ပြေးလွတ်မြောက်သွားကာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

တုတ်တွေကိုင်ဆောင်ထားတဲ့ လူငယ်တွေက သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိဖ် ကိုလည်း စော်ကားတဲ့စကားတွေသုံးအော်ဟစ်ခဲ့ကြပြီး သည်နေရာမှာ အီဘိုလာ ဆိုတာ မရှိဘူးလို့ ကြွေးကြော်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ်။

` သူတို့က တံခါးတွေကို ရိုက်ချိုးပြီး စခန်းကို ၀င်လုကြတယ်။ လူနာတွေ အကုန်လုံး ထွက်ပြေးကုန်ကြပြီ ´
ယင်းစခန်းရှိ ဆေးဝါးတွေ၊ အိပ်ရာခင်းတွေ လုယက်ခံခဲ့ရတယ်လို့ ကျန်းမာရေး ဌာနအရာရှိတစ်ဦးကလည်းပြောပါတယ်။ ယင်းစင်တာမှာ လူနာ ၂၉ ဦးလက်ခံထား ခဲ့ပြီး လွန်ခဲ့တဲ့ ၄ရက်က ၉ ဦးသေဆုံးခဲ့ကာ ၃ဦးကို ဆွေမျိုးတွေက အတင်းပြန်ခေါ် သွားတာကြောင်း လူနာ ၁၇ ဦးကျန်ရှိနေတာဖြစ်ပါတယ်။

အီဘိုလာဗိုင်းရပ်စ်ကို အနောက်နိုင်ငံတွေက တီထွင်ထားတာ၊ လုပ်ဇာတ်ဖန်တီး ထားတာဆိုတဲ့ ကောလာဟလတွေကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ရောဂါအပြင် လူထုရဲ့ မယုံကြည်မှုပြသနာတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။

ဘာသာပြန်သူ - ယွန်းစန္ဒီနန်းမွန်
Ref: AFP
Kumudra

သင်္ကန်းကျွန်းမြို့နယ်၊ ဓမ္မပီယကျောင်းတွင် ပြုလုပ်ခဲ့သော နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲမှ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်အား လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံးပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သတ်ခြင်းတို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများအားလုံးအား နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။

အမျိုးသားထောက်လှမ်းရေးများနှင့် စစ်အာဏာရှင်ဟောင်းဦးနေဝင်း မိသားစုများမှာ နိုင်ငံရေးအကျဉ်းသားတွင်မပါဝင်ကြောင်း ထိုသတင်းစာရှင်းလင်းပွဲက ဆိုသည်။

ယခင်က အမျိုးသားထောက်လှမ်းရေးနှင့်ဆိုင်သော ကိစ္စများနှင့် ဦးနေဝင်းမိသားစု ကိစ္စများမှာ နိုင်ငံရေးအကျဉ်းဖြစ်သလားဟု ဝိရောဓိဖြစ်စရာများဖြစ်ခဲ့ပြီး ယနေ့ချမှတ်လိုက်သောစံဖြင့် ဘယ်လိုမှ အကျုံးမဝင်ကြောင်းနှင့် “မိမိကိစ္စ၊ မိသားစုတစ်စုကိစ္စ၊ မိမိအာဏာရရေးကိစ္စနဲ့တော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုရမယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ မဖြစ်သင့်ဘူးလို့ ထင်မြင်ကြတဲ့အခါမှာ ဒီနေ့ကျတော့ အခိုင်အမာပြောလိုက်ကြပါတယ်” ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကိုနန္ဒစစ်အောင်က ပြောသည်။

ပေါက်မြို့နယ်အတွင်းက ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းဖော်ပြခဲ့သောကြောင့် ထောင်ဒဏ် (၁၀)နှစ်ကျခံခဲ့ရသော ယူနတီဂျာနယ်အလုပ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးမှာ ယနေ့ထုတ်ပြန်လိုက်သော နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်ကြောင်းသိရသည်။

ထို အဓိပ္ပာယ်ဖွင့်ဆိုချက်အား လွှတ်တော်သို့တင်ပြရာတွင် ထောက်ခံမည့်သူတစ်ယောက်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးအပိုင်းမှလည်း တင်ပြသည့်ကိစ္စနဲ့ပတ်သက်ပြီး ပြုလုပ်နေပါတယ်ဟု ဖြေရှင်းသည့်အခါတွင် အချေအတင်ပြောရကြောင်းနှင့် “တရားဝင်တင်တဲ့အခါမှာ ကိုယ့်အဆိုအောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာ အန်တီတို့ ကြိုးစားမှုအပေါ်မူတည်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ဒီအချိန်မှာ တကယ်လည်း လိုအပ်နေပြီဖြစ်တဲ့အတွက် ယုံကြည်စွာနဲ့ပဲ လုပ်ထုံးလုပ်နည်းအရတင်သွားမယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် အေအေပီပီ၏ စာရင်းအရလွတ်မြောက်ခြင်းမရှိသေးသော နိုင်ငံရေးအကျဉ်းသား ၇၇ဦး ကျန်ရှိနေသေးကြောင်းသိရသည်။

သော်ဇင်စိုး
မြန်မာ့ခောတ် News agency

ဟောင်ကောင်တွင် အိမ်ဖော်လိုအပ်ချက်ဖြည့်ဆည်းရန် ခေါ်ယူထားသည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ လုပ်သား များသည် စောစီးစွာ နေရပ်ပြန်သွားကြသဖြင့် အိမ်ဖော် ရှားပါးမှု နှင့် ကြုံတွေ့နေရသည်။ ဖိလစ်ပိုင်နိုင်ငံမှ အိမ်ဖော်များတွင် ဟောင်ကောင်တွင် ရရှိသည့် လစာ ဟောင်ကောင် ဒေါ်လာ ၄၀၀၀ ထက် ပိုမိုရရှိသည့် ထိုင်ဝမ်၊ တောင်ကိုရီးယားနှင့် ဂျပန် တို့ရှိ စက်ရုံလုပ်သားအလုပ်အား ပိုမိုရွေးချယ်လာသဖြင့် အိမ်ဖော်အဖြင့် ငှားရမ်းရန် ပိုမို ခက်ခဲလာသည် ဟု အေဂျင်စီများကဆိုသည်။

ဟောင်ကောင်တွင် အိမ်ဖော် ၃၂၀, ၀၀၀ ခန့်ရှိပြီး ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားအိမ်ဖော်များက ထက်ဝက်စီခန့် ပါဝင်သည်။ ယခင်က ဈေးကွက်တွင် အိမ်ဖော်များစွာရှိသဖြင့် ငှားရမ်းမည့် သူများ အတွက် ရွေးချယ်နိုင်ခွင့်ရှိခဲ့သော်လည်း ယခုအခါ အိမ်ဖော်ရှားပါး မှုကြောင့် ရွေးချယ်နိုင်ခြင်း မရှိတော့ဟု အလုပ်သမားအေဂျင်စီများက ဆိုသည်။

မြန်မာနိုင်ငံမှာ အိမ်ဖော် ပထမအသုတ် ၁၉ ဦးသည် လွန်ခဲ့သော ၆ လ က ဟောင်ကောင် သို့ရောက်ရှိခဲ့ပြီး နောက် ဒါဇင်ပေါင်းများစွာ ထပ်မံရောက်ရှိခဲ့သည်။ သို့သော် ၎င်းင်းတို့ထဲမှ ၆ ဦးလျှင် ၁ ဦးမှာ ဟောင်ကောင် တွင် အဆင်မပြေသဖြင့် နေရပ်ပြန်သွားခဲ့သည် ဟု ခေါ်ယူခဲ့ သည့် အေဂျင်စီကဆိုသည်။ မြန်မာနိုင်ငံမှ အိမ်ဖော် များ ဟောင်ကောင်သို့ခေါ်ယူခွင့် ရရှိထား သည့် တစ်ခုတည်းသော အေဂျင်စီ Golden Mind မှ ဒါရိုက်တာ လောယူခန်၏ အဆို အရ မြန်မာအိမ်ဖော် ၉၀ ခေါ်ယူခဲ့သည့် အနက် ၁၄ ဦး ပြန်သွားကြသည်ဟု ဆိုသည်။

“အချို့က ဟောင်ကောင်မှာ အဆင်မပြေတဲ့အတွက် ပြန်သွားကြပါတယ်။ အချို့ကတော့ အကြောင်းပြချက်မပြော ဘဲ အိမ်ပြန်ချင်တယ်လို့ပဲ ပြောပါတယ်။ ဒီမှာ အလုပ်လုပ်ရတာ သူတို့ ထင်ထားခဲ့တာနဲ့ ကွဲပြားနေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ အိမ်ဖော် ၂၀၀၀ ခန့် တစ်နှစ်အတွင်းခေါ်ယူရန် ရည်ရွယ်ခဲ့သော်လည်း ဌာနဆိုင်ရာ ခွင့်ပြုချက်များ ရယူရာတွင် အချိန်ကြာမြင့်မှုကြောင့် အိမ်ဖော် ၉၀ သာခေါ်ယူ နိုင် ခဲ့သည် ဟု လောယုခန်က ဆိုသည်။ “လိုအပ်တဲ့ လုပ်ငန်းကိစ္စရပ်တွေအတွက် ဟောင်ကောင်အစိုးရက တစ်လခန့်နဲ့ အတည်ပြုချက်ရအောင် ဆောင်ရွက်ပေးပေ မယ့် မြန်မာ့ဘဏ်က ၂ လကနေ ၃ လ လောက်ကြာ တတ်ပါတယ်”ဟု ၎င်းင်းကပြောကြားခဲ့သည်။

မြန်မာအစိုးရက အိမ်ဖော်ခေါ်ယူခွင့်အတွက် အခြားသော အေဂျင်စီများအား ခွင့်ပြုပေးရေး ဆုံးဖြတ်နိုင်ရန် Golden Mind ၏ ဆောင်ရွက်မှုများကို စောင့်ကြည့်လေ့လာနေသည်ဟု ဆို သည်။

Technic Employment အေဂျင်စီမှ တီရီဆာလျူက မြန်မာနိုင်ငံမှ အိမ်ဖော်များခေါ်ယူနိုင် ရန် မြန်မာအစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့သော်လည်း အခက်အခဲများနှင့် ကြုံတွေ့ နေရသည်ဟု ဆိုသည်။ “အများကြီး ရင်းနှီး မြှုပ်နှံဖို့လိုပြီး အကျိုးအမြတ်နည်းတဲ့အတွက် အခု ပြန် သုံးသပ်နေ ပါတယ်” ဟု တီရီဆာလျူကဆိုသည်။ အင်ဒိုနီးရှားနိုင်ငံတွင်

အိမ်ဖော်လုပ်သားများ၏ ဆေးစစ်ခနှင့် သင်တန်းကြေးများအတွက် အေဂျင်စီများအနေ ဖြင့် ၀န်ဆောင်ခ ဟောင်ကောင်ဒေါ်လာ ၁၃,၀၀၀ ခန့် တောင်းခံခွင့်ရှိသော်လည်း မြန်မာနိုင်ငံတွင် ၀န်ဆောင်ခ အနည်းငယ်သာ ကောက်ခံခွင့်ရှိသည်ဟု လျူက ပြောကြားခဲ့သည်။

KHTun

The Ladies News Journal

အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။


ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ထူး ခြားသည့် ၀ိသေသတစ်ခုအဖြစ် ခေါင်းဆောင်က ဦးဆောင်ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ ပြည် သူတွေက သူတို့ဖန်တီးခဲ့သည့် အရေးတော်ပုံ အတွင်း ကနေ ခေါင်းဆောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရှစ်လေးလုံး မတိုင်ခင်က မြန်မာပြည် တွင် နိုင်ငံရေးနှင့် သက်ဆိုင်သည့် အုပ်စု ၄ စုကို အကြမ်းဖျင်း ခွဲခြားနိုင်သည်။ ပထမ အုပ်စု တစ်ခု အနေနှင့် လွတ်လပ်ရေးရပြီး အာဏာရခဲ့သည့် ပါလီမာန် ဒီမိုကရေစီခေတ်က ၀န်ကြီးချုပ်ဟောင်း ဦးနု တို့အုပ်စုဖြစ်ပြီး နောက် တစ်စုက ကွန်မြူနစ်ပါတီနှင့် ထိစပ်ခဲ့သည့် သူများဖြစ်သည်။ တတိယအုပ်စုအနေနှင့် ဦးနေ ၀င်း အပါအ၀င် လတ်တလောအာဏာရှိနေ သည့် ဆိုရှယ်လစ် အယောင်ဆောင် အုပ်စုဖြစ် ပြီး နောက်ထပ်အုပ်စု တစ်ခုအနေနှင့် တပ်မတော် မှ အကြောင်းအမျိုးမျိုးဖြင့် အနားယူခဲ့ရသည့် တပ်မှူးများအုပ်စုဖြစ်သည်။

ထိုအုပ်စုထဲတွင်ပါဝင်သည့် ဦးအောင်ကြီး က သမ္မတကြီးထံရေးသည့်စာများသည် ရှစ် လေးလုံး မဖြစ်ခင် ကာလများအတွင်း ပြည်သူများကြားထဲတွင် များစွာ ရေပန်းစားခဲ့သည်။ ပြည်သူများက ဦးအောင်ကြီး ရေးသားသည့် စာများကို ဖတ်ကာ များစွာ နှစ်ခြိုက်လှသည်။ ဦးအောင်ကြီး ကလည်း ထိုစာများအတွင်း မှားယွင်းနေသည့် စီမံခန့်ခွဲမှုများကို ထောက်ပြဝေဖန်ခဲ့သည်။ သို့သော် ထူးခြားချက်များ အဖြစ် အောက်ခြေမှာ ဖြစ်ပေါ်နေသည့် ကိစ္စများကို သမ္မတကြီး မသိသောကြောင့် သိစေရန် ရေး သားသည်ဟုဖော်ပြထားသည်။ ထို့နောက် ၁၉၈၈ ခုနှစ် တွင် မတ်လ အရေး အခင်း၊ ဇွန်လအရေးအခင်းများအပြီး ဇူလိုင် လကုန်ပိုင်းအတွင်း မြန်မာပြည်ရှိ နာမည်ကြီး နိုင်ငံရေးခေါင်းဆောင် အများစုကို ဖမ်းဆီး ကာ အင်းစိန်ထောင်အတွင်း ချုပ်နှောင် ထားခဲ့သည်။

ထို့နောက် ပြည်သူများကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သည့် ရှစ်လေးလုံး အရေးတော် ပုံကြီး ဖြစ်ပေါ်လာခဲ့ပြီး သြဂုတ် ၈ ရက် ည၌ စတင်ပစ်ခတ်ခဲ့ပြီး သြဂုတ် ၉၊ ၁၀ ရက်နေ့များ တွင် ဆက်တိုက်ပစ်ခတ်နှိမ်နှင်းခဲ့ သောကြောင့် သြဂုတ် ၁၁ ရက်မှစတင်ကာ ရန်ကုန်မြို့ကြီး သည် မြို့ပျက်ကြီး တစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်သွေ့သွားခဲ့သည်။ လမ်းများပေါ် တွင် ဘတ်စ်ကားများ လည်း ပြေးဆွဲ ခြင်းမရှိတော့သဖြင့် အစိုးရ၀န်ထမ်းများလည်း ရုံးမတက်ကြတော့။

သြဂုတ် ၁၂ ရက်နေ့တွင် သမ္မတရာထူးမှ ဦးစိန်လွင် ဆင်းပေးခဲ့ရသည်။ ဦးစိန်လွင် ရာထူးမှ ဆင်းပြီးနောက်ပိုင်းတွင် ရပ်ကွက်များ အတွင်း စစ်ကားများ မ၀င်ရောက်နိုင်အောင် သစ်ပင်များ ကို ခုတ်လှဲကာ ပိတ်ဆို့ထားသော် လည်း ရပ်ကွက်အတွင်း လူအများစုစည်း နိုင်သည့်နေရာတွင် အစိုးရအား လှောင်ပြောင် သရော်သည့် ကာတွန်းများ၊ ကဗျာများကို ကပ်ကြသည်။ စစ်ကား များကလည်း ထိုကဗျာ များ၊ စာများ၊ ကာတွန်းများကို လာရောက် ခွာယူသွားလိုက်၊ ပြည်သူ များက ပြန်ကပ် လိုက်ဖြင့် ကြောင်နှင့်ကြက် ပြေးတမ်းလိုက် တမ်းကစားသလိုဖြစ်နေခဲ့သည်။

ထိုအချိန်က နာမကျန်းဖြစ်နေသည့် မိခင် ဒေါ်ခင်ကြည်ကို လာရောက်ပြုစုနေ သည့် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့၌ ရှိနေခဲ့ပြီး သြဂုတ်လ ၈၊ ၉၊ ၁၀ရက်က ဖြစ်ပေါ် ခဲ့သည့် ပြည်သူလူထု၏ ဆန္ဒထုတ်ဖော်ပွဲများ ကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့သည့်အပေါ် စိတ် ထိခိုက် ခံစားနေခဲ့ရသည်။

ထို့ကြောင့် သြ ဂုတ်လ ၁၅ ရက်နေ့တွင် ၀ါရင်းနိုင်ငံရေးသမားကြီး ဦးထွေးမြင့်နှင့် အတူ နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး ဦးကျော်ထင်ထံသို့ တိုင်းပြည်တွင်ဖြစ်ပေါ်နေသည့် ဆန္ဒပြပွဲများ သည် တစ်ပါတီအာဏာရှင်စနစ်ကို မနှစ်သက် သောကြောင့် မကျေနပ်မှုများကို ထုတ်ဖော်နေ ခြင်းဖြစ်သဖြင့် ပြည်သူလူထု နှင့်အစိုးရကြား ပြေလည်အောင် ဖြေရှင်းနိုင်ရန် ပြည်သူလူထု လေးစားလောက်သည့် ပုဂ္ဂိုလ်များ ပါဝင်သည့် အတိုင်ပင်ခံ ကောင်စီတစ်ရပ်ဖွဲ့စည်းရန် တိုက်တွန်းတောင်းဆိုခဲ့သည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်။ ထို့အပြင် ရှေ့နေများကောင်စီက လည်း ပြည်သူလူထုအား ပစ်ခတ်နှိပ်နှင်းခဲ့မှု သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများနှင့် ဆန့်ကျင်နေ ကြောင်း ရေးသားကန့်ကွက်ခဲ့သည်။

ထို့နောက်တွင် မြန်မာနိုင်ငံဆရာဝန်များအ သင်းကလည်း ဆေးရုံအထိ ၀င်ရောက်ပစ်ခတ်မှုများ ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် စာရေးဆရာများ၊ ကဗျာ ဆရာများ၊ သတင်းစာဆရာကြီးများနှင့် ပန်းချီ၊ ပန်းပုပညာရှင် ၇၀၀ ကျော်ကလည်း ရက်ရက်စ က်စက် ဖိနှိပ်နှိမ်နှင်းခဲ့သည့်အပေါ် တွင် ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ ထိုသို့ အသီးသီးထုတ်ပြန်ခဲ့ သည့် ကြေညာချက်များကြောင့် ကျောင်းသား လူငယ်တို့က မိမိတို့နောက်တွင် သြဇာရှိသည့် လူကြီးများ ရပ်တည်လာခဲ့သည့်အပေါ်တွင် အားတက် လာခဲ့ကြသည်။

ထိုရက်များအတွင်း ပြည်သူများကလည်း သံပုံးများကိုတီးကာ မဆလ မကောင်းဆိုးဝါး ကို တောထုတ်ခဲ့ကြသည်။ ထို့နောက် သြဂုတ်လ၁၉ ရက်နေ့တွင် အရေးပေါ် ပါတီညီလာခံ ကို ခေါ် ယူခဲ့ပြီး ထိုညီလာခံက ဒေါက်တာမောင်မောင် ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။ ဒေါက်တာမောင်မောင်ကို ရွေးကောက်တင် မြှောက်သည့်အပေါ်တွင် ပြည်သူ အများစုက ယုံ ကြည်မှုမရှိခဲ့။ ဒေါက်တာမောင်မောင်သည် ဦးနေ၀င်း ယုံကြည်စိတ်ချရသည့် အနည်းငယ် သော အရပ်သားများထဲက တစ်ဦးဖြစ်ပြီး တစ် ပါတီအာဏာရှင်စနစ်ကို အသက်သွင်း သည့် ၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲခဲ့သူအဖြစ် ပြည်သူများက နားလည်ထားကြသည်။

ထိုနေ့မှာပင် ဒေါက်တာမောင်မောင်က ကျောင်းသားသမဂ္ဂ အဆောက်အအုံ ကို ပျော် ပျော် ပါးပါးပြန်လည် အုတ်မြစ်ချကြမည်ဟုပြော ကြားခဲ့သည့်အပြင် ပြည်သူလူထု ကြည်ညို လေးစား သည့် တရားသူကြီးချုပ် ဦးတင် အောင်ဟိန်းကို ဥက္ကဌအဖြစ် ရွေးချယ်ထား သည့် ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းကာ မြန်မာပြည်သူများ တစ်ပါတီစနစ်ကိုကြိုက်သလား၊ ပါတီစုံစနစ်ကိုကြိုက်သလား ဟူ၍ စုံစမ်းမည်ဟုဆို သည်။

ကျွန်မတို့တစ်တွေကတော့ အဲဒီ့စကား ရပ်အပေါ်မှာ ယုံကြည်လက်ခံနိုင်ခဲ့ခြင်း မရှိပါ။

ဒေါက်တာမောင်မောင် မိန့်ခွန်းပြောအပြီး သြဂုတ် ၂၀ ရက်နေ့တွင် ကျောင်းသားများ က ကျောက်ကုန်းရှိ ကြည်နူးရိပ် လက်ဖက်ရည် ဆိုင်တွင် အစည်းအဝေးတစ်ရပ်ကို ပြုလုပ် သည်။ ထိုအစည်းအဝေးတွင် ကျွန်မတို့ ဗမာ ပြည် ပြည်သူ့လွတ်မြောက်ရေးလူငယ်တပ်ဦး ( BYLF)မှ ကိုယ်စားလှယ်အဖြစ် ကိုချစ်ကိုကို (အောင်ဒင်)၊ အေးကျော်နှင့် ကျွန်မတို့ တက် ရောက် ခဲ့သည်။

ထိုအစည်းအဝေးတွင် ကျောင်းသား အနည်းစုကသာ ဒေါက်တာမောင်မောင် အစိုးရ ကို စောင့်ကြည့်လေ့လာရန် အကြံပြု ခဲ့ပြီး အများစုကတော့ ပြည်သူများအရှိန်ရနေ စဉ် အထွေထွေ သပိတ်ကြီးကို ဆင်နွဲသင့်သည် ဟုအကြံပြုခဲ့သည်။ ထိုအစည်းအဝေးက သြ ဂုတ် ၂၂ ရက်နေ့တွင် အထွေထွေသပိတ်ကြီး ကို ထပ်မံဆင်နွဲရန်ဆုံးဖြတ် လိုက်ပြီး ခေါင်း ဆောင်ကောင်းများ ပေါ်ထွက်လာရေးသည် လည်း အရေးတကြီး လိုအပ်ချက် အဖြစ် ဆွေး နွေးခဲ့ကြသည်။

သြဂုတ် ၂၂ ရက်နေ့တွင် အ ထွေထွေ သပိတ်ကြီး ထပ်မံပေါ်ထွက် လာပြီး ဒေါက်တာမောင်မောင် အစိုးရနုတ်ထွက်ပေးရန်၊ ပါတီစုံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရန် အတွက် ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပေးရန် ပြည် သူတို့က တောင်းဆိုခဲ့သည့် အပြင် ပြည်သူ့ ဆန္ဒလေ့လာစုံစမ်းရေးကော်မရှင်ရုံးထိုင်ရာ အင်ဗွိုင်းခန်းမ (တပ်မတော် ခန်းမ) ရှေ့သို့ သွား ရောက်ကာ ဒေါက်တာမောင်မောင်အစိုးရနုတ် ထွက်ပေးပြီး ပါတီစုံ ဒီမိုကရေစီ စနစ်ဖော်ဆောင်ရန်အတွက် ကြားဖြတ်အစိုးရဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့နောက် သြဂုတ် ၂၄ ရက်နေ့တွင် ရန် ကုန်၊ ပြည်တို့၌ မာရှယ်လောဥပဒေကို ရုပ်သိမ်းခဲ့ပြီး ဦးတင်အောင်ဟိန်း ကလည်း ပြည်သူ တို့၏ ဆန္ဒကိုစုံစမ်းရန်မလိုတော့သဖြင့် ကော်မရှင်ကို ပိတ်သိမ်းခဲ့သည်။ မာရှယ်လောကို ရုပ်သိမ်းခဲ့သဖြင့် ဆူးလေလမ်းမပေါ်တွင် ဆန္ဒ ပြရန် ချီတက် လာသည့် ပြည်သူလူထုများက ပျော်ရွှင်ခဲ့ကြသည်။

ထို့နေ့တွင်ပင် ဒေါ်အောင် ဆန်းစုကြည်က ဆေးရုံကြီးတွင် တက်ရောက် ကုသနေသည့် လူနာများအား အားပေးစကား ပြောရန်ရောက်ရှိစဉ် ဆေးရုံကြီးအတွင်း သပိတ်စခန်းဖွင့် ထားသည့် ကျောင်းသားပြည်သူတို့က တောင်းဆိုသဖြင့်၊ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း၊ ရုပ်ရှင်မင်းသား ဦးထွန်းဝေ တို့နှင့်အတူ ပထမဦးဆုံးအကြိမ် တရားဟော ပြောခဲ့သည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် က ဆန္ဒဖော်ထုတ်သည့်ပြည်သူတို့ကို ထောက်ခံ နားလည်ကြောင်းပြောကြားခဲ့ပြီး အစိုးရအ နေနှင့် ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းရန် လည်း တောင်းဆိုခဲ့သည်။

ထို့နေ့မှာတွင်ပင် သုံးရောင်ခြယ်ကျောင်း သားများအုပ်စုမှ စာရေးသူတို့ အဖွဲ့အား ဒေါ် အောင်ဆန်းစုကြည်က တွေ့လိုသည်ဟု ဆိုသဖြင့် ကိုချစ်ကိုကို၊ မတင်တင်ဦးနှင့် ကျွန်မတို့ သွားရောက်တွေ့ဆုံခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်က ကျွန်မတို့ လုပ်ချင်နေသည့် လက်နက်ကိုင်တော်လှန်းရေးကို အားမပေး သည့်အကြောင်း ပြောကြားခဲ့ပြီး သူ့အနေနှင့် ကျောင်းသားလူငယ်များအား လက်နက်မကိုင် စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဖခင်ဗိုလ်ချုပ်၏ သမီးတစ်ယောက်အနေနှင့် တိုင်းပြည်၏အခြေအနေကို ဘေးမှ ရပ်ကြည့် မနေနိုင်တော့သဖြင့် ၀င်ရောက်ပါဝင်နိုင်ရန် အတွက် တရားပွဲတစ်ပွဲကို စီစဉ် ထားပြီးဖြစ် ကြောင်းနှင့် ကျောင်းသားများကိုသာ ယုံကြည် သဖြင့် လုံခြုံရေးယူပေး ရန် တောင်းဆိုခဲ့သည်။

ကျွန်မတို့အနေနှင့် ဗိုလ်ချုပ်၏သမီးကို ပထမ ဦးစွာ စတင်မြင်ဖူးခဲ့ခြင်းဖြစ်ပြီး သူမ၏ နုနယ် ချောမောမှု၊ တည်ကြည်မှု အရှိန်တို့က ကျွန်မ တို့ထံ ရိုက်ခတ် ကာ ဒေါ်အောင်ဆန်းစုကြည် အား တွေ့တွေ့ချင်းပင် လေးစားချစ်ခင်ခဲ့ပါ သည်။ ထို့ကြောင့် ကျွန်မတို့ကလည်း လုံခြုံရေးယူပေးမည်ဟု ကတိပေးခဲ့သည်။ ထို့နောက် သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့နှင့်တိုင်ပင်ကာ ၎င်းင်းတို့အုပ်စုက စင်ရှေ့လုံခြုံရေးယူ မည်ဖြစ်ပြီး ကျွန်မတို့ ဘီဝိုင်အဖွဲ့က စင်နောက် ပိုင်းလုံခြုံရေး၊ စင်ဘေးလက်ဝဲ၊ လက်ယာ ကို ကျောင်းသား အယောက် ၂၀၀ ဖြင့်လုံခြုံရေး တာဝန်ယူပါမည့် အကြောင်း လည်း ပြောကြား ခဲ့သည်။ ထို့နောက် ကျွန်မတို့ ဘီဝိုင်အဖွဲ့ဝင် များတင်မကဘဲ အခြားကျောင်းသားအဖွဲ့များ နှင့် ညှိနှိုင်းကာ စင်ဘေးဝဲယာ လုံခြုံရေးအ တွက် စီမံဆောင်ရွက်ခဲ့ကြသည်။

သြဂုတ် ၂၅ ရက်နေ့တွင် ဖမ်းဆီးထား သည့် နိုင်ငံရေးသမားများကို ပြန်လည် လွှတ်ပေး ခဲ့သည်။ ပြန်လည် လွတ်မြောက်လာသူထဲတွင် ဗိုလ်ချုပ်အောင်ကြီးလည်း ပြန်ပါလာပြီး ပြည်သူ များက ဦးအောင်ကြီးကို သောင်း သောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ဗိုလ်အောင်ကြီး ကလည်း ၎င်းင်း၏ အိမ်ရှေ့တွင်ရှိသည့် ပဒုမ္မာ ကွင်းအတွင်း ဟောပြောပွဲတစ်ခုကို ပြုလုပ် ကျင်းပခဲ့သည်။

ထိုဟောပြောပွဲတွင် ပြည်သူအများ စိတ်ငြိုငြင်သွားစေမည့် “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားကြနဲ့” ဟု ပြောကြားခဲ့သည့်အပေါ် ပြည်သူအများ ဒေါသထွက် သွားခဲ့သည်။

သြဂုတ် ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်က ရွှေတိဂုံအနောက်ဘက်မုဒ်တွင် တရား ဟောပြောမှာဖြစ်ပြီး ၂၅ ရက်နေ့ညနေတွင် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်စော် ကားထားသည့် စာများကို ဖြန့်ဝေရန်ရောက်လာသည့် စစ်ထောက်လှမ်းရေးနှစ်ဦးအား ၃၁ လမ်းနေ ပြည်သူများက ဖမ်းဆီးခဲ့သည်။

ထိုအချိန်က ရန်ကုန်တစ်မြို့လုံး က ဒေါ်အောင်ဆန်းစုကြည် တရားဟောမည်ဆိုသဖြင့် စိတ်ဝင် စားမှုမြင့်တက်ကာ မနက်ဖြန်သွားရောက်နား ထောင်ရန်ကို စိတ်စောနေကြ သည်။ ကောလာဟလ များကလည်း အမျိုးမျိုးထွက်ပေါ်နေခဲ့ သည်။ ထိုညက စာရေးသူတို့ အုပ်စုက အိမ် ပြန်မအိပ်ကြဘဲ တောင်ဥက္ကလာပ ၉ ရပ်ကွက် ရှိ ဘီဝိုင်ဌာနချုပ်အဖြစ် အသုံးပြုသ ည့် အန် တီဒေါ်သဲရွှေတို့အိမ်မှာ စုအိပ်ကြသည်။

ဘီဝိုင်အဖွဲ့ဝင် အ.ခ.သ ကျောင်းသား များက ကွင်းထဲတွင်စောင့်အိပ်ကြသည်။မနက် ၅ နာရီ ထိုးတော့ ကိုချစ်ကို၏သူငယ်ချင်း ကို သိန်းနိုင်တို့အိမ်မှ ကားများက လာရောက်ခေါ် ဆောင် သဖြင့် ဘီဝိုင်အဖွဲ့သားများ လိုက်ပါခဲ့ ကြသည်။ လမ်းတစ်လျှောက် ပြည်သူလူထု က မြို့နယ်များ အလိုက် ဆိုင်းဘုတ်များ၊ အလံများ ခေါင်းစည်းများဖြင့် ဒေါ်အောင်ဆန်း စုကြည်ဟောပြော မည့် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်သို့ ချီတက်လာကြပါသည်။

အမှန်တကယ်တရားပွဲကို ၁၁ နာရီဟု ကြေညာထားသော်လည်း မနက် ၇ နာရီခန့် အချိန်တွင် ကွင်းထဲ၌ လူတွေပြည့်ရုံတင်မက လျှံထွက်နေခဲ့ပြီ။ မနက် ၉ နာရီတွင် ရွှေတိဂုံ ဘုရား ပတ်ဝန်းကျင်တွင် ကြက်ပျံမကျအထူး စည်ကားလျက်ရှိသည်။ ပြည်သူလူထု၏ ပုံသဏ္ဌန်များက တက်ကြ ရွှင်လန်းဆန်းနေပြီး မိမိတို့၏ အရေးတော်ပုံခရီးအတွက် တက် ကိုင်မည့် ပဲ့ကိုင်ရှင် ကို သောင်းသောင်းဖြဖြ ကြိုဆိုကြပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် မြို့များဖြစ်သည့် လှည်းကူး၊ မှော်ဘီ၊ သံလျင်၊ ကျောက်တန်းစသည့် မြို့များမှလည်း လာ ရောက်နားထောင်ကြ သလို၊ ပြည်၊ အောင်လံ၊ သရက်မြို့များမှလည်း ၂ ရက်ဆက်တိုက် ခရီး နှင်လာခဲ့သည့် သူများတောင် ရှိနေခဲ့သည်။ ပြည်သူအားလုံးက ဗိုလ်ချုပ်၏သမီးကို ဗိုလ်ချုပ် ကိုယ်စား ခေါင်းဆောင်အဖြစ် ရွေးချယ် လိုက်ကြပေပြီ။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာအင်္ကျီ ရင်ဖုံးအဖြူရောင်နှင့် ယောလုံချည် နီညိုရောင် ကို ၀တ်ဆင်ထားပြီး အသက် ၄၃ နှစ်အရွယ် ဖြစ်သော် လည်း နုနယ်မှု ရှိသောကြောင့် ချော မော လှပသည့် မင်းသမီးတစ်ဦးနှယ်ပင်။ သို့ သော် ပြတ်သားသည့် မျက်နှာအမှုအရာက ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆင်တူနေသည်။ သုံး ရောင်ခြယ်ကျောင်းသားများ က ဒေါ်အောင်ဆန်း စုကြည် ကို စင်အထိရောက်အောင်ခေါ်လာခဲ့ပြီး ဦးထွန်းဝေက အခမ်းအနား မှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ကျွန်မတို့အဖွဲ့မှ မိန်းက လေးအုပ်စုက စင်နောက်တွင် တန်းစီနေရာ ယူထားခဲ့သည်။ စာရေးသူတို့၏ နောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း မိုက်ကယ်အဲရစ်နှင့် သားနှစ်ဦးတို့ရှိနေပါသည်။

စင်အောက် ဘေးဝဲယာတွင် ကျောင်းသားအုပ်စုများက လုံခြုံရေးယူထားကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး အဖြစ် အာဇာနည်ကြီးများကို အလေးပြုရန် ပြောကြား ခဲ့ပြီးနောက် အရေးတော်ပုံအတွင်း ကျဆုံးသွားသည့် ကျောင်းသားပြည်သူတို့ကို အလေးပြုသည့် အနေဖြင့် တစ်မိနစ်ငြိမ်သက် ခိုင်းခဲ့သည်။ ထို့နောက် ရှစ်လေးလုံးအရေး တော်ပုံကြီးကို ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ အဖြစ်တင်စားခဲ့ပြီး အရေးတော်ပုံကြီးဖြစ်ပေါ် စေရန် ဦးဆောင်ခဲ့ သည့် ကျောင်းသားများကို လည်း အသိအမှတ်ပြုပခဲ့သည်။ ထို့နောက် နာရီ ၀က်ခန့် ကြာအောင် ဟောပြောခဲ့ပြီး နောက် တွင် “ဆန္ဒခံယူပွဲအလိုမရှိ၊ တစ်ပါတီစနစ်ဖျက် သိမ်းပစ်၊ ပါတီစုံ ဒီမိုကရေစီစနစ်တည်ဆောက် ကြ၊ တရားမျှတသည့် ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေး” စသည့်ကြေးကြော်သံများ ဖြင့် အဆုံးသတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်လိုသည့် ပြည်သူများက ၀ိုင်းအုံနေ သဖြင့် ဒေါ် အောင်ဆန်းစုကြည်က စာရေးသူတို့ မိန်းက လေးအုပ်စုအတွင်း ၀င်ရောက် အနားယူနေ စဉ် မင်းသားကြီးဦးထွန်းဝေက စာရေးသူတို့ ထဲက မတင်တင်ဦးကို သူ့တိုက်ပုံနှင့် အုပ်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါ်ဆောင်သွားဟန် ပုံမှားရိုက်ရန်ပြောသော်လည်း မတင်တင်ဦးက မလိုက်နိုင်ခဲ့။ မတင်တင်ဦးကလည်း ကျွန်မတို့နှင့် အတူတူ လုံခြုံရးယူခဲ့သည့် ဘီဝိုင် အဖွဲ့သားများအား နေရာချပေးရန်၊ ကားစီစဉ် ရန်တို့ရှိနေသဖြင့် မတင်တင်ဦး၏ သူငယ်ချင်း မသူ (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေ၏ သမီး) ကိုသာ ခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ခေါ်ဆောင်သွားစဉ် ပြည်သူတစ်ဝက်လောက်က မသူ ပါသွားသည့်ကား ကို ဒေါ် အောင်ဆန်းစုကြည် ပါသွားသည်ဟုထင်မှတ်ကာ ထိုကားနောက်မှ လိုက်ပါသွား ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည်က ကျွန်မတို့နှင့် ကျန်ရစ်ခဲ့သည်။ ကျွန်မ၏ ဆရာမဒေါ်မြရီ က ဒေါ် အောင်ဆန်းစုကြည်အတွက် မှတ်ချက်တစ်ခုပြု ခဲ့သည်ကို မှတ်မိနေသည်။ ထိုမှတ်ချက်က “မျိုးရိုးမှန်သဖြင့် အပင်သန်ခဲ့ပြီ” ဟုဆိုသည်။ ရပ်ကွက်အတွင်းရှိ အသက်အရွယ်ကြီးရင့် သူများက တရားပွဲသို့ သွားရန်မတတ်နိုင်သော်လည်း ဗိုလ်ချုပ်၏ သမီးက ပြည်သူလူထုဘက် က ရပ်တည်လိုက်သည့်အပေါ် အလွန်အင်မတန် ၀မ်းမြောက် ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ဗိုလ် ချုပ်လိုပင် ပြည်သူတို့၏စိတ်နှလုံးကို သိမ်းကျုံး ယူငင်နိုင်ခဲ့လေသည်။ မြန်မာပြည်သူတို့က ထိုက်ထိုက်တန်တန် ခေါင်းဆောင် တစ်ဦး ကို ရွေးချယ်နိုင်ခဲ့ပါသည်။ ထိုခေါင်းဆောင်၏ ထက်မြက်သည့် စွမ်းဆောင်ရည်တို့ကြောင့် လည်း ယနေ့နှစ်ပေါင်း ၂၆ နှစ်ကြာခဲ့ချိန်တွင် စစ်အာဏာရှင်အစိုးရ၏ ဖြေလျှော့မှုအချို့ နိုင်ငံ တကာက တွေ့မြင်ခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။

အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

တည်ငြိမ်အေးချမ်းမှု ကိုထိန်းတယ်ဆိုတာက တပ်မတော်ရဲ့ အလုပ်ပဲလေ။ ဒါပေမဲ့ ပြည်သူ က ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။
““ငါ ထမင်းချက်ကျွေးလို့ နင်တို့ လူဖြစ်တာ၊ ဒါကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး၊ လူမြင်အောင် ငါ အိမ်ဦးခန်းတက် ချက်မယ်””လို့ ဘယ်အမေကမှ ပြောမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ အခြေခံဥပဒေကြီးကိုပြင်ဖို့ ခက်အောင်လုပ်ထားတဲ့ ပုဒ်မကြီးကို အရင်ပြင် ဖို့ကိစ္စ။ တစ်နည်း ပြောရရင် အိမ်ခေါင်မိုးယိုရင် ဘယ်လိုဖာရမယ်ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက် ကို ချိတ်ပိတ်ပြီး အိမ်ခေါင် ထုတ်တန်းထဲမှာပဲ ထွင်းထည့်ထားတဲ့အဖြစ်မျိုး။ မိုးယိုလို့ ပြင်မယ် ဆိုရင် ဘယ်လိုပြင်ရမယ်ဆိုတဲ့ အညွှန်းက အိမ်ခေါင်ကိုဖျက်ပြီးမှ ယူလို့ရမှာကို “အဲဒီလို စည်းမဲ့ ကမ်းမဲ့ ဖျက်လို့မရဘူး”လို့ ပြောနေတော့ မိုးရေထဲထိုင်နေရမယ့်အဖြစ်မျိုးပေါ့ဗျာ။

ဒါနဲ့ပဲ ကျွန်တော်တို့တစ်တွေက ဒါကြီး ဒီလိုလုပ်ထားတာဖြင့် အဓိပ္ပာယ်မရှိပါဘူး လို့ ပြောကြဟောကြစည်းရုံးကြ၊ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုး ဆန္ဒပြုတင်ပြကြ လုပ်ကြရတာ ပေါ့။ ဒီနေရာမှာ တချို့က ဒီပုဒ်မကြီးကို သ ဘောမတူပေမဲ့ လက်မှတ်ထိုး ဆန္ဒ ထုတ်ဖော် တာတို့ ဘာတို့ဆိုတာကို “နိုင်ငံရေးလုပ်နေ ကျလူတွေ လုပ်လိမ့်မပေါ့”လို့ သဘောထား တာလည်း ရှိတယ်။ တချို့ကျတော့လည်း ဒီလိုလုပ်တာဟာ အစိုးရကို ဆန့်ကျင် တာပဲ လို့ အယူလွဲရာက လက်မှတ်သွားထိုးမိရင် “အထိုးမတော် တစ်ကွက်” ဖြစ်မှာကြောက်ပြီး “ထိုးနေကျနှစ်ကျပ်ကွက်”ပဲ ထိုးတာကောင်းပါတယ် လို့ တွေးသူလည်းတွေးပေါ့။

တချို့ကျတော့ လည်း အစိုးရ၀န်ထမ်းဖြစ်နေတော့ မထိုးရဲလို့ ဆိုတာမျိုးလည်းရှိသေး။ ဒါတင်မက ““ကျွန်မ တို့ကတော့ မကြောက်ပါဘူး၊ ထိုးရဲပါ့၊ ဒါပေမဲ့ ကိုယ်ထိုးလိုက်လို့ မဆီမဆိုင် ကိုယ် တူလေး တို့သားလေးတို့ “ပြုတ်”မှာစိုးလို့ အောင့်နေ လိုက်ရတာတော့””ဆိုတာမျိုးလည်း ကြားရ တတ်သေးသဗျ။ အင်း ဘာပဲဖြစ်ဖြစ် ဒီလို အခက်အခဲ အပိတ်အဆို့ အတားအဆီး အခြိမ်း အခြောက် အဟိန်းအဟောက်တွေကြား ကပဲ ဆန္ဒပြုလက်မှတ်ပေါင်း ငါးသန်းလောက် ရတယ် ဆိုတော့ မနည်းလှဘူးလို့ တွေးမိပါ တယ်။ ဘာကြောင့်ဆိုတော့ ပြောရမယ်ဆိုရင် သူ့လူဆိုသူတွေ ကို အသာထားဦး (သူတို့ခမျာ က ထိုးချင်တောင် မထိုးရဲရှာဘူးလေ)။ အခု ကာလမျိုးကြီးရောက်ခါမှ ကိုယ့်လူပါရယ်လို့ လက်သီးလက်မောင်းတွေ တန်းအော်အော်ပြနေ သူတွေ ကတောင် (လက်သီးလက်မောင်း တန်းရချိန်ထဲကနေ လက်မှတ်ထိုးချိန်လေး ဖဲ့မပေးနိုင် ရှာသမို့ ထင်ရဲ့) ထိုးကြရတဲ့ပုံမပေါ်တာ မမြင်ချင်မှအဆုံး မြင်မြင်နေရလို့ပါပဲဗျာ။

ဒီနေရာမှာ အားတက်စရာကောင်းတာက ကျွန်တော်တို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်က ဗီအိုအေသတင်းဌာနကြီး နဲ့ “ဗျူးခန်း”မှာ “ဒီလိုလူထု(လှုပ်ရှားမှု)နဲ့တောင်း (ဆို)စရာမလိုပါဘူး(ကွယ်)၊ ၄၃၆(ဆိုတာကြီး ကို)က ပြင်မှ ဒီငြိမ်းချမ်းရေး Process ကြီးက လုပ်လို့ရမှာလေ”” လို့ ပြောသွားခဲ့တယ်လေ။ ပြောသွားတဲ့ ဟန်ပန်ကြောင့် တချို့က ဥက္ကဋ္ဌ ကြီးအပေါ် အမြင်စောင်းနိုင်တာမို့ ကျွန်တော် က ဒီစကားကိုပဲ ခင်မင်နှစ်လိုဖွယ်ဖြစ်အောင် “ကွင်းစကွင်းပိတ်”နဲ့ စကားလုံးတချို့ ဖြည့်ပေး လိုက်တာပါ။

ဒီစကားအရ ဥက္ကဋ္ဌကြီးက ၄၃၆ ကို ပြင်ကိုပြင်ရမယ်ဆိုတဲ့ အမြင်ရှိနေတာ သေချာ တဲ့အပြင် ဒါကိုပြင်မှ တိုင်းရင်းသားများကို ထိုက်ထိုက်တန်တန် ပေးနိုင်မယ်ဆိုတာမျိုး တောင် အတိ အလင်းပြောထားပါသေးတယ်။ (“အခုလောက်နဲ့ မကျေနပ်သေးရင် လိုအပ်သလို ပြင်ဆင်ပြီး ထိုက်ထိုက်တန်တန်ကြီးကို “ပေး”ထည့်ပစ်လိုက်မှာနော်၊ ဟင်း”လို့ ယူသော် ရ၏ပေါ့ဗျာ)။

ဒီနေရာမှာ သူရဦးအောင်ကိုက ၄၃၆ ကို သူနဲ့ဥက္ကဋ္ဌကြီးပဲပြင်ချင်ပြီး ကျန်တဲ့ကြံ့ခိုင်ရေး များက တစ်ယောက်မှ မပြင်ချင်ကြကြောင်း၊ တပ်မတော်ကလည်း မပြင်ချင်ကြောင်း ပြောဖူးတာ ပြန် သတိရမိပါတယ်။ အခုတော့ နှစ် ယောက်မဟုတ်ဘဲ သုံးယောက်ကြီးများတောင် ဖြစ်နေပြီပေါ့ ဗျာ။ ပြီးတော့ ပြင်ချင်သူများက လည်း အရှိန်အ၀ါကြီးပြီး နေရာကြီးကြီးမှာ ထိုင်နေသူ များဖြစ်တာမို့ ဦးခင်အောင်မြင့်ပြော တဲ့ “လူထုနဲ့တောင်းစရာ မလိုပါဘူး” ဆိုတာ ဟုတ်များ ဟုတ်နေမလား စောင့်ကြည့်ကြရ မှာပေါ့။ (တောင်းစရာလည်း မလိုဘူး၊ ပေးစ ရာလည်းမလိုဘူး ဆိုရင်တော့ ဒုက္ခနော်)။

ဦးအောင်ကို ဆိုတာလည်း နှယ်နှယ်ရရတော့ မထင်နဲ့။ မေလ ၃၁ ရက်နေ့ မနက်က ဂိုလ် ရှယ်လေး ဆိုတဲ့ ဆရာနဲ့ အင်တာဗျူးရာမှာ “၄၃၆ ဆိုတာ လူတစ်စုရဲ့ဝန်ကို တစ်ပြည်လုံး က ထမ်းထားရတဲ့ တံပိုး”လို့တောင် ဆိုလိုက် သတဲ့ဗျ။ ပြီးတော့ တစ်ပြည်လုံး ဘယ်ညာကွေ့ မရတဲ့ နွားနဖားကြိုးပဲတဲ့။ အဲဒီတံပိုး၊ အဲဒီ နဖားကြိုးကို ဖြုတ်ချင်ဖြတ် ချင်နေကြောင်း တောင် ပြောခဲ့တာပါတဲ့ဗျာ။ ကဲ၊ ဒါဆို ကျွန် တော်တို့ လူထုအားနဲ့ ဘာကြောင့် ရုန်းရတယ် ဆိုတာ အချင်းချင်း ပြောတဲ့အဖြေနဲ့ပဲ ဦးခင်အောင်မြင့်လည်း သဘောပေါက် လောက်ပါတယ်နော်။

နောက်တစ်ခု ဦးခင်အောင်မြင့် ထပ်ပြော လိုက်ပုံကတော့ ““စစ်အုပ်ချုပ်ရေး ကျန်နေ သေးတယ် ဆိုတာ မငြင်းလိုပါဘူးတဲ့၊ အရှိန် တော့ကျန်သေးတဲ့သဘော၊ ထဲထဲဝင်ဝင်တော့ မကျန်ပါဘူးတဲ့၊ တစ်ချိန်တော့ ဆုတ်ရမှာပေါ့ တဲ့၊ နိုင်ငံတော်ရဲ့ စတေဘယ်လ်လတီ တည် ငြိမ်ပျက်ပြားမှု ပျက်ပြားမှာ စိုးလို့ ဒါတွေလုပ် ထားခဲ့တယ်ထင်တာပါတဲ့””။ အင်း၊ ပြောတာ နားထောင် ရတာတော့ ဦးခင်အောင်မြင့်က သူမမီခဲ့တဲ့ခေတ်ကြီးတစ်ခေတ်၊ ဒါမှမဟုတ် သူ ပါဝင် ပတ်သက်ခြင်း မရှိတဲ့ကာလက လူ တွေအကြောင်း ပြောနေတဲ့ပုံစံမျိုးပဲခင်ဗျ။ ပြီး တော့ “ဘာဖြစ်လို့လဲ ဆိုတော့ သမိုင်း အစဉ် အလာမှာ ဒီနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တပ်မတော် ကပဲ ထိန်းနိုင်တာ၊ ကျန်တဲ့ Institution ဘယ်သူမှမထိန်းနိုင်ဘူး”လို့ ဆိုပါသေး တယ်။ ငြင်းစရာ လုံးလုံးမရှိပါဘူးခင်ဗျ။ ဘာကြောင့်ဆိုတော့ အဲဒီတည်ငြိမ်အေးချမ်းမှု ကိုထိန်းတယ်ဆိုတာက တပ်မတော်ရဲ့ အလုပ်ပဲလေ။ ဒါပေမဲ့ အဲဒါကို ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။

ဘာနဲ့တူလဲဆိုတော့ အိမ်တစ်အိမ်မှာ “ထ မင်းချက်”က ကျွန်တော်တို့ရဲ့ကျေးဇူးရှင်၊ သူ့ ကြောင့် အသက်ရှင်နေရတယ်ဆိုရင် ဘယ် သူမှမငြင်းနိုင်ဘူး။ ဒီနေရာမှာ “ထမင်းချက်”ဆိုလို့ နှိမ်တယ်လို့မထင်ပါနဲ့။ ကျွန်တော်တို့ရဲ့ မွေးသမိခင် ကျေးဇူးရှင် အတော်များများဟာ အိမ်ရဲ့ထမင်းချက်ပါပဲ။ ဒါပေမဲ့ အဖေရှာပေး တဲ့ငွေနဲ့ မိသားစုစားချင်တာကို မိသားစုနဲ့တိုင် ပင်ပြီး ချက်ရတာပါ။ ““ငါထမင်းချက်ကျွေးလို့ နင်တို့လူဖြစ်တာ၊ ဒါကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး၊ လူမြင်အောင် ငါ အိမ်ဦးခန်းတက် ချက်မယ်””လို့ ဘယ်အမေကမှ ပြောမှာမဟုတ် ပါဘူး။ အမေပဲဖြစ်ဖြစ်၊ အဒေါ်တို့ အစ်မတို့ ဖြစ်ဖြစ်၊ တချို့အိမ်တွေမှာ ချိဖ်ကုတ်လုပ်ချင် တဲ့အဖေကဖြစ်ဖြစ် ဒါမှမဟုတ် အိမ်ဖော်ကပဲ ဖြစ်ဖြစ် ထမင်းချက်အဖြစ် အိမ်ရဲ့ကျေးဇူးရှင် ဖြစ်နိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အိမ်ဦးခန်းတက် ပြီးချက်မယ်လို့ ဘယ်ထမင်းချက်ကမှ လုပ်မယ် မထင်ပါဘူး။ အိမ်ဦးခန်း ထမင်းတက်ချက်လို့ လည်း ရပ်ကွက်ထဲမှာဘယ်သူကမှ ချီးကျူး မှာမဟုတ်ဘဲ “ရူးနေလား”လို့သြဘာပေးခံရ မယ့်အပြင် အချိန်ကြာလာရင်တော့ ဧည့်ခန်း မျက်နှာကြက် မှိုင်းစွဲပြီး အိုးမည်းကွက်ဖြစ်တာ ပဲ အဖတ်တင်မှာပေါ့။

ဒီလိုပဲ ကမ္ဘာမှာ အချမ်းသာဆုံးဘဏ်ကြီး တွေ စာရင်းကို ရှာကြည့်ရင် အမေရိကန်က Finnie Mae လို့ လူသိများတဲ့ FNMA ဘဏ်တို့၊ ဂျာမနီက Deutsche Bank တို့အပြင် တရုတ် ကလည်း သူတို့ရဲ့ Industrial and Commercial Bank of Chinaဘဏ်ကြီးက အချမ်းသာဆုံး လို့ ဆိုနေတာရှိတယ်။ ဘယ် လောက်ချမ်းသာတဲ့ဘဏ်ဖြစ်ဖြစ် သူတို့လုံခြုံ ရေးကို တာဝန် ယူ စောင့်ရှောက်နိုင်တာက တော့ အဲဒီဘဏ်မှာ Security လို့ခေါ်တဲ့ လုံခြုံ ရေးဝန်ထမ်းက အစွမ်းဆောင်နိုင်ဆုံးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အဲဒီလို စွမ်းဆောင် နိုင်လို့တော့ သူ့ကို ဘဏ်ဥက္ကဋ္ဌခန့် လို့တော့ မဖြစ်ပါဘူး။ ဒါဆို ဒီလို ဘဏ်လုံခြုံရေးစောင့်တဲ့လူက ဘဏ်မှာ တာဝန်ရှိ လူကြီးမင်း ဘယ်တော့မှ မဖြစ်နိုင်ဘူးလားဆို ဖြစ်နိုင်ပါသဗျာ။ သူဘဏ်လုပ်ငန်းကို ကျွမ်းကျင်အောင် လေ့လာသင်ကြားပြီးဖြစ်နိုင်သလို အများပိုင်ဘဏ်တစ်ခုခုမှာ ရှယ်ယာတွေ အများဆုံးဝယ်နိုင်လို့ ဘဏ်လုပ်ပိုင်ခွင့်ကိုရတဲ့ ဒါရိုက်တာမျိုး ဖြစ်ချင် ဖြစ်နိုင်ပါသေးတယ်။

ဆိုလိုတာက ဘဏ်လုံခြုံ ရေးကို တာဝန်ယူနိုင်ရုံနဲ့တော့ ဘဏ်ဥက္ကဋ္ဌ မဖြစ်ဘူးဆိုတာကို သာ ပြောတာပါ။ သူတော် ရင်တော်သလို ဘဏ်ဥက္ကဋ္ဌတောင်မကဘဲ အများကြိုက်ရင် သမ္မတတောင်ဖြစ်နိုင်တာပဲဗျာ။ ဘာအံ့သြစရာရှိလို့တုံး။

ဒီတော့ ကျွန်တော်တို့ သဘောမှာတော့ “ဘယ်သူ သမ္မတမဖြစ်ရ”လို့ ကန့်သတ်ထား တာလည်း မရှိပါဘူး။ နိုင်ငံသားဖြစ်ပြီး အများ ကလည်း နှစ်သက်တင်မြှောက်ရင် ဖြစ်စေပဲ ပေါ့။ ဒါပေမဲ့ ထမင်းဟင်း အချက်ကောင်းလို့၊ ဒါမှမဟုတ် “အိမ်လုံလို့” အိမ်ဦးခန်းမှာတက် နေစေလို့တော့ မဖြစ်ဘူး ဆိုတာကို ပြောချင် တာပါ။ ထမင်းဟင်းချက်တတ်တာ၊ အိမ်လုံတာက သတ်သတ်၊ အိမ်ဦးခန်းတက်နေခွင့်က သတ်သတ်ဖြစ်ပြီး ဘယ်သူမဆို အရည်အချင်း မီရင်တက်နေခွင့်ရှိပြီး အိမ်လုံအောင်စောင့် ဖော်ရလို့ ဒါမှမဟုတ် ထမင်းဟင်းအချက် ကောင်းလို့ဆိုပြီးတော့တော့ မဖြစ်နိုင်တာကိုသာ ပြောရတာပါ။

ပြီးတော့ ဦးခင်အောင်မြင့်ပြောတဲ့အထဲ မှာ ပီအာစနစ်နဲ့ပတ်သက်ပြီး “၂၀၁၅ တော့ လုပ်ရတော့ မယ် သဘောပေါ့နော်၊ လုပ်ရတော့ မယ်ဆိုပေမဲ့လည်း နံပါတ်တစ်၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ ညီဖို့ လိုတယ်၊ ညီမညီဖွဲ့စည်းပုံ အခြေခံခုံရုံးနဲ့ ဆွေးနွေးရမယ်၊ သူကလည်း ညီပါတယ်” ဆိုတဲ့ စကားကို ကျွန်တော်ဖြင့် မရှင်းလှဘူး။ “သူကလည်း ညီပါတယ်”ဆို တာ ဘာကိုပြောမှန်းကို မသိပါဘူး။ သူက လည်း ညီတယ်ပဲပြောမှာပါပဲလို့ ဆိုလိုတာလား။

ပီအာနဲ့ပတ်သက်ပြီး အခြေခံ ဥပဒေမှာ ဘာမှမဖော်ပြထားပေမဲ့ ““ညီပါတယ်”” ပဲ ပြောရ မှာ သေချာပါတယ်ဗျာလို့ ဆိုလို သလား။ ကျွန်တော်ဖြင့် မရှင်းလှလို့ ဒီတွေ့ဆုံခန်းကို သုံးလေးခါလောက် ပြန်နားထောင်ပါတယ်။ နားထောင်တိုင်းကြားရတာကလည်း ဟုတ် တယ်။ ““သူကလည်း ညီပါတယ်””တဲ့။ သူက လည်းညီတယ်၊ ကျွန်တော်တို့ကလည်း ညီတယ်၊ ခင်ဗျားတို့ ပီအာကန့်ကွက်တဲ့လူတွေပဲ မညီတာလို့ ဆိုလိုလား မသိပါဘူးနော်။

မီးဖိုထဲမှာ ချွေးတလုံးလုံးနဲ့ ချက်ပြုတ်ကျွေးမွေးရတဲ့ ကျေးဇူးရှင်မိခင်ကြီးကစပြီး ဇနီးနဲ့သမီး အထိ “ထမင်းချက်သူ” ချိဖ်ကုတ်များကို တကယ့်ကျေးဇူးရှင်အဖြစ် ကျွန်တော် က အသိအမှတ်ပြု ထားပါတယ်။ သူတို့ကြောင့် ကျန်းမာရ၊ အသက်ရှင်သန်ရ၊ ၀မ်းမီးငြိမ်းရဆို တာလည်း အားလုံး အသိပါပဲ။ ဒါတင်ဘယ်က မလဲ။ မီးဖိုချောင်ရဲ့ တန်ဖိုးကိုဖွဲ့ဆိုတဲ့ အဆိုအမိန့်တွေလည်း များစွာ ရှိပါတယ်။ အဲဒီထဲက အမည်မသိပညာရှိတစ်ဦးရဲ့ အဆိုအမိန့် က “True healthcare reform starts in your kitchen, not in Washington ” လို့ ဆိုပါတယ်။

ဒီနေ့ခေတ် မြန်မာတွေအတွက် ဆီလျော်ဘာသာပြန်ရရင်ဖြင့် “ကျန်းမာရေး စောင့်ရှောက်မှုကို ဂရုတစိုက်ပြန်လုပ်ကြစို့ဆိုရင် ပထမခြေလှမ်းက ခင်ဗျားရဲ့မီးဖိုချောင်ထဲက စရမှာဗျို့၊ နေပြည်တော် ကလို့ မထင်လိုက် နဲ့”” လို့ ပြန်ဆိုရင် သင့်မယ်ထင်တာပါပဲ။ ခက်တာက မီးဖိုချောင်ထဲက ကျေးဇူးရှင်အဖြစ် အားလုံးက အသိအမှတ်ပြု တန်ဖိုးထားကြ တာကို မကျေနပ်နိုင်ဘဲ “နေပြည်တော်”မှာ “ငါကျေးဇူးရှင်ကွ” လို့ လုပ်ချင်တော့ ဘာရီဖောမှ ပြန်စလို့ မရဖြစ်နေတာပါပဲ။

မီးဖိုချောင်က လူက အိမ်ဦးခန်းဝင်ပြီး ချက်တာပြုတ်တာရော၊ လူကြီးလုပ်ဧည့်ခံတာရော လုပ်တဲ့ အခါ အရပ်ထဲကအမြင်မှာ သူ့ကိုသာ “အရူးလား”လို့ ကြည့်တာမဟုတ်ဘဲ ကျန်အိမ်သားတွေ ကိုလည်း “ငတုံးလား”လို့ အကြည့်ခံရတာပဲ။

ဒီတော့ မီးဖိုချောင်ကလူက ဧည့်ခန်းကနေ ပြန်ဖြည်းဖြည်းချင်း ပြန်ဆုတ်ခွာလို့ မီးဖိုချောင်ပြန်ရောက်တယ်ထားဦး။ နှစ်ပေါင်းငါးဆယ်ကျော် ကြပ်ခိုးစွဲညစ်ညမ်းသွားတဲ့ ဧည့်ခန်း မျက်နှာကြက် အမည်းကွက်အနာကဖြင့် အမြဲရှက်စရာအဖြစ် ကျန်ရစ်နေဦးမှာကို ဆုတ်ခွာကောင်း ဆုတ်ခွာမယ်ဆိုနေသူ များ သတိထားအမှတ်ရစေချင်တယ်ဗျာ။

အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ (ဓာတ်ပုံ - ကိုမင်းသူ)
http://www.7daydaily.com/
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တံတားဦးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဒေါ်ခင်သန္တာကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ထားသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအလုပ်အမှုဆောင်များက ငြင်းဆိုလိုက်သည်။

ဒေါ်ခင်သန္တာကို ငွေကြေး အရှုပ်အရှင်းကိစ္စများကြောင့် ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်သည် ဟု လူမှုကွန်ရက်မီဒီယာများတွင် ပျံ့နှံ့နေသည်မှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ငြင်းဆိုထားပြီး‘‘ထုတ်စရာလည်း အကြောင်းမရှိပါဘူး။ ဒါသာမန်ပါတီတွင်း စည်းမျဉ်းနဲ့ သက်ဆိုင်တဲ့ ကိစ္စပါ။ အလုပ်အမှုဆောင်အဖွဲ့က ဒီကိစ္စအပေါ် ဘာမှ လုပ်ဖို့အစီအစဉ် မရှိပါဘူး’’ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောသည်။


တံတားဦးမြို့နယ်တွင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပိုင် မြေကွက်ဝယ်ယူခြင်းကိစ္စကို ဒေါ် ခင်သန္တာက ဦးဆောင်ရှာဖွေပေး ခဲ့ရာမှ အဆိုပါကောလာဟလ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ငွေပေး ငွေယူကိစ္စများတွင် ဘဏ္ဍာရေး မှူးနှင့် ငွေထုတ်သူ၊ ပါတီဗဟို လူကြီးများရှေ့တွင်သာ အရောင်း အ၀ယ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ် သည်ဟု ဒေါ်ခင်သန္တာကပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဖြစ်သည့် ဒေါ်ခင်သန္တာ ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲပေးရန် မြို့နယ်မှ ပုဂ္ဂိုလ်အချို့က လက်မှတ်ရေးထိုး ၍ ကော်မရှင်သို့ လွန်ခဲ့သည့် ၂ နှစ်ခန့်ကပင် တိုင်ကြားထားခဲ့ သည်။

သို့သော်လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ရုပ်သိမ်းခြင်း ဆိုင်ရာ နည်းဥပဒေမှာ ယခုအ ချိန်ထိ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး၍ လွှတ်တော်ကိုယ်စားလှယ်များကို တာဝန်မှ မရပ်စဲနိုင်ပေ။

ဒေါ်ခင်သန္တာသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များထဲ တွင် အသက်အရွယ်ငယ်သူ တစ် ဦးဖြစ်သည့်အတွက် ပါတီမှ အချို့သူများက မနာလိုခြင်း၊ ကောလာဟလထုတ်ခြင်းများ ဖြစ်နိုင်ပြီးရွေးကောက်ပွဲနီးပါက အဆိုပါ အခြေအနေများ ပိုဆိုးလာနိုင် သည်ဟု ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကပြောသည်။

‘‘ဒီလိုကောလာဟလတွေ က လွှင့်နေကြတာပဲ။ မနက်ကတောင် ကျွန်တော်အက်ဆီးဒင့်ဖြစ်တယ်ဆိုပြီး ပြောကြတာ SB တွေကနေ အဲဒါနေရင်းထိုင်ရင်း ဖြစ်နေတာတွေပါ။ ဒေါ်ခင်သန္တာ က ဒီလိုလူမျိုးမဟုတ်ပါဘူး’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးနိုင်ငံလင်းကပြောကြားသည်။

ဒေါ်ခင်သန္တာသည် ပြီးခဲ့ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် အဆိုကို ကန့်ကွက် ဆွေးနွေးရာ၌ လွှတ်တော်ကိုယ် စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုဖြင့်သာ မဟုတ်ဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပြီးမှသာ ရွေးကောက်ပွဲစနစ် ပြောင်းလဲလို့ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသွားသူဖြစ်သည်။


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ လိုအပ်ချက်များတို့အား တတ်စွမ်းသရွေ့ လုပ်ဆောင်ထမ်းရွက် ပေးဆပ်မှုများဖြစ်သည့် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ သဘာဝဘေးနှင့် စစ်ဘေး အစရှိသည့် ကိစ္စရပ်များတို့အား အလှူရှင်များတို့၏ လှူဒါန်းမှုပစ္စည်းများ၊ အလှူ ငွေများအား ကူညီမှု၊ ကယ်ဆယ်မှုလုပ်ငန်းရပ်များ ပြီးစီးသည်နှင့် ရက်ပိုင်းအတွင်း Facebook စာမျက်နှာ www.facebook.com/ffss.ygn နှင့် www.facebook.com/actorkyawthu တို့မှ တင်ပြမှုများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

 ယခုဆိုလျှင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းကြသော အလှူရှင် များအားလည်း မုဒိတာပွား သာဓုခေါ်ဆိုနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အလှူရှင်များ Facebook စာမျက်နှာအား ဖွင့်လှစ်ထားပြီဖြစ်သည်။ ထိုကဲ့သို့ Facebook စာမျက်နှာတွင် တင်ပြခြင်းသည် မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်မှုများ၊ ပေးဆပ်မှုများအား အထင်ကြီးစေရန် လုပ်ကြံ ကြွားဝါခြင်းမဟုတ်၊ အလှူရှင်များ မုဒိတာပွားနိုင်ရန်အတွက်၎င်း၊ သာဓုခေါ်ဆိုနိုင်ရန်အတွက်၎င်း၊ ပရဟိတ သမားများ၊ လူမှုရေးအသင်းအဖွဲ့များအတွက်လည်း ခွန်အားဖြစ်စေလိုသည့်အတွက်၎င်း၊ ပြည်သူလူထု လူငယ်များအနေဖြင့်လည်း ပရဟိတစိတ်ဓါတ်များ၊ ဗြဟ္မစိုရ်စိတ်ဓါတ်များ ကိန်းဝပ်စေရန်အတွက် ရေးသား တင်ပြခဲ့ရခြင်းဖြစ်သည်။

ယခုအချိန်ကာလသည် ရေဘေးသင့်အရပ်ဒေသများ ပေါများလာသည်နှင့်အညီ ရေဘေးကယ် ဆယ်ရေးလုပ်ငန်းများအားလည်း လုပ်ဆောင်နေရပြီဖြစ်သည်။ ထိုသို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းလုပ် ဆောင်ရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မတည်လှူဒါန်းမှု ပြုလုပ်ခဲ့သလို အလှူရှင်များမှလည်း လူသားချင်းစာနာစိတ်ဖြင့် လာရောက်၍ အလှူငွေများ၊ လှူဖွယ်ပစ္စည်းများအား နာရေးကူညီမှုအသင်း (ရန် ကုန်)သို့ လာရောက်လှူဒါန်းမှုများ ပြုလုပ်နေပြီဖြစ်သည်။ ထိုကဲ့သို့ အလှူရှင်များ၏ လှူဒါန်းမှုများအား၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းမှုများအား၎င်း၊ နာရေးကူ ညီမှုအသင်း(ရန်ကုန်) Facebook စာမျက်နှာ www.facebook.com/ffss.ygn နှင့် www.facebook. com/actorkyawthu များတွင် ရက်ပိုင်းအတွင်း စာရင်းဇယားနှင့်တကွ တင်ပြနိုင်မှုများကိုလည်း ပြုလုပ် နေပြီဖြစ်သည်။ အများပြည်သူလူထုတို့ကို မိမိတို့အသင်း၏ လုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများအား တင် ပြကြသလို နာရေးကူညီမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးပံ့ပိုးမှု၊ အလုပ်အကိုင်ရှာဖွေရေးနှင့်တကွ ယခုကဲ့သို့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်ကြသော အလုပ်အမှုဆောင်များ၊ ဦး ဆောင်သူ အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည်လည်း မိမိတို့လုပ်ဆောင်ခဲ့သော၊ လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းများနှင့် ပတ်သက်၍ စာရင်းဇယားတိကျစွာဖြင့် အသင်း၏ အုပ်ချုပ်သူ၊ အလုပ်အမှုဆောင် အဖွဲ့နှင့် စာရင်းစစ်အဖွဲ့တို့အား တိကျစွာပြန်လည် Report တင်ပြရသည်။ သို့မှသာ လူ့ကျင့်ဝတ်၊ အသင်း အဖွဲ့ကျင့်ဝတ်၊ သီလလုံခြုံသော ပရဟိတအသင်းအဖွဲ့ ဖြစ်ပေလိမ့်မည်။ အလှူရှင်များအနေဖြင့်လည်း စိတ် ချမ်းမြေ့စွာဖြင့် မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ဒုက္ခသည်များထံ သွားရောက်၍ လှူဒါန်းခဲ့ရသလို ခံစားမှုပီတိ များ ရရှိပေလိမ့်မည်။ ကျွန်တော်တို့သည် “အမှိုက်ကစ ပြဿဒ်မီးလောင်” ဟူသော စကားပုံအရ အမှိုက်က လေးတစ်ခုမှစ၍ မီးလောင်သည့်အဖြစ်မျိုး အဖြစ်မခံချေ။ ကျွန်တော်တို့၏ ပေးဆပ်မှုများတွင် ခရီးစဉ်တစ် လျှောက် သုံးစွဲမှုများအားလုံးတို့အား အသေးစိတ် ပြန်လည်၍ အလုပ်အမှုဆောင်အဖွဲ့နှင့် စာရင်းစစ်အဖွဲ့သို့ တင်ပြရသည်။ ထို့အတူ မိမိတို့အသင်းကြီး၏ ရရှိသောအလှူငွေနှင့် သုံးစွဲမှုစာရင်းများအားလည်း အသေး စိတ်တို့အား ရန်ကုန်တိုင်းဒေသကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးရုံးများသို့ လစဉ်ပို့ဆောင်နေသော အသင်းကြီး လည်းဖြစ်သည်။

  ယခု ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက်လည်း အမှိုက်ကောက်ခြင်းကိစ္စရပ်အား တာဝန်သိ၊ တာဝန်ရှိ၊ တာဝန်ကျေစွာ နိုင်သ လောက်ဝန် ထမ်းရွက်ပေးနေကြပြီဖြစ်သည်။ အမှိုက်ပစ်ခြင်း၏ ဆိုးကျိုးများအား၎င်း၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ရန်အတွက်၎င်း ပြည်သူလူထုတို့ကို လက်တွေ့လုပ်ဆောင်ရင်းဖြင့် အသိတရားများ ပေးခဲ့သည် မှာလည်း များစွာတိုးတက်မှုများ ရှိလာပြီဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ် ကွက်အတွင်း စံပြအနေဖြင့် အမှိုက်ကောက်ပေးခဲ့သည်မှာ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း (၁၂) ကြိမ်ရှိခဲ့ပြီ ဖြစ်သည်။ ပလပ်စတစ်အမှိုက်ပုံးကြီး (၅ဝ) ပုံးအားလည်း ၄၂ ရပ်ကွက်ရှိ အမှိုက်ပုံးထားရှိမည့် နေရာများ တွင် ရပ်ကွက်ပြည်သူထူထုနှင့် ပူးပေါင်း၍၄င်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍၄င်း၊ ရပ်ကွက်အတွင်း အမှိုက်ပုံးများ ထားရှိရမည့်နေရာများတွင် စနစ်တကျ ထားရှိပေးခဲ့ပြီးဖြစ်သည်။ ကျွန် တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူ မရမ်းကုန်းမြို့နယ်ရှိ “မွန်မြတ်သူ” လူမှုကူညီရေးအသင်း မင်္ဂလာဒုံမြို့နယ်ရှိ “ပုညကာရီ” နာရေးအသင်း၊ မှော်ဘီမြို့နယ်ရှိ “မှော်ဘီမြို့မ” နာရေးအသင်း၊ အင်းစိန် မြို့နယ်ရှိ “ဗြဟ္မာဝိဟာရအသင်း”၊ တောင်ဒဂုံ မြို့နယ်ရှိ “မိတ်ဆွေကောင်း” နာရေးအသင်း၊ ၄၂ ရပ်ကွက်ရှိ “မာဃလုလင်” နာရေးအသင်း၊ ရွှေပြည်သာမြို့နယ်ရှိ “အာယုသုခ” ပရဟိတလူငယ်များအသင်းတို့ ပူး ပေါင်းကာ စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် Recycle အမှိုက်ပုံးကြီးများအား လည်း လှိုင်သာယာမြို့နယ်ရှိ ဒဂုံ-ဧရာအဝေးပြေးဝင်းရှိ “ကံထူးအောင်” မော်တော်ယာဉ်ဂိတ်တွင် ထားရှိ ပေးခဲ့သည်။

ထိုသတ်မှတ် ထားသောနေရာများတွင်ရှိသော အမှိုက်ပုံးများထဲရှိ အမှိုက်များအားလည်း တစ် ရက်ခြားအဖြစ် စနစ်တကျ လိုက်လံသိမ်းဆည်းကာ စည်ပင်သာယာမှ သတ်မှတ်ထားသော အမှိုက်စွန့်ပစ် ရသည့် ထားဝယ်ချောင် သုဿန်အနီးတွင် သွားရောက်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝယ်ယူထား သော သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး မော်တော်ယာဉ်ကြီးဖြင့် သွား ရောက်စွန့်ပစ်ပေးလျှက်ရှိသည်။ Recycle အမှိုက်ပုံးကြီးများမှ ပလပ်စတစ်ဗူးများ၊ ရေသန့်ဗူးများ၊ ကော်ဗူး များအားလည်း အချိန်မှန်သွားရောက် သိမ်းဆည်းကာ သက်ဆိုင်ရာနေရာဌာန အသီးသီးသို့ သွားရောက်ပို့ ဆောင် ပေးခဲ့ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ ပရဟိတသမားများအနေဖြင့် တာဝန်သိမှုကို တာဝန်ရှိစွာ ဖြင့် တာဝန်ထမ်းဆောင်ရင်း တာဝန်ကျေပွန်အောင် လုပ်ဆောင်ပေးခဲ့ကာ မိမိတို့ ထမ်းရွက်ခဲ့ကြသော လုပ်ငန်းတာဝန်များ အားလည်း တာဝန်သိစွာဖြင့် ဤ Facebook စာမျက်နှာမှ နိုင်ငံတော်အကြီးအကဲများ၊ ပြည်သူ/သားများ၊ အလှူရှင်များ၊ ပရဟိတသမားများအား သိရှိနိုင်ရန်အတွက် Report တင်ပြခြင်း ဖြစ်ပေ သည်။

ကျွန်တော်တို့ကဲ့သို့ အများအကျိုးအား ကိုယ်ကျိုးမဖက် ထမ်းရွက်ပေးဆပ်နေကြသော ပရဟိတ အသင်းအဖွဲ့များနည်းတူ နိုင်ငံတော်အနေဖြင့်လည်း အများပြည်သူလူထုတို့အား နိုင်ငံတော်၏ ပြည်သူလူ ထုတို့အပေါ် လုပ်ဆောင်ပေးနေသော ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေး … စသည့် ထမ်းရွက်ဆောင် ရွက်ပေးမှုများအား ပွင့်လင်းမြင်သာစွာ တင်ပြ၊ ချပြခြင်းများ ပြုလုပ်ပေးမည်ဆိုပါက ….. ။

ကျော်သူ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.