08/20/14



အာဖရိကအနောက်ပိုင်းဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ၁၉.၈.၂၀၁၄ ရက်နေ့က ပြန်လာသူ အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦး ကိုယ်လက်မအီမသာဖြစ်သည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးဝန်ကြီးဌာန ၊ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့က စစ်ဆေးတွေ့ရှိသည့်အ တွက် မြောက်ဏက္ကလာပ ဆေးရုံ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ လိုအပ်သော ဆေးကုသခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌါနက သိရသည်။

ကိုယ်လက်မအီမသာ ဖြစ်နေသော လူနာနှင့်အတူ လူနာအား ပြုစုကုသလိုက်ပါပို့ဆောင်သူ (၄)ဦးတို့ကိုလည်း အဆိုပါအထူးကုဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ညွှန်းပို့ဓာတ်ခွဲခန်း (Reference Laboratory) သို့ ပေးပို့ စစ်ဆေးလျက်ရှိကြောင်း အဆိုပါဌါန တာဝန်ရှိသူကပြောသည်။

ယခုအခါ အဆိုပါ လူနာကို အထူးကြပ်မတ်မှုများနှင့် စောင့်ရှောက်ကု သနေပြီးကူးစက်မြန်အီဘိုလာဗိုင်းရပ်စ်ရောဂါ ဟုတ်မဟုတ် မသိရသေးဟု ယင်းက ဆိုသည်။

မေငယ်
News watch


ဂျပန်စစ်ဘက်က နိုင်ငံပိုင်နက်ကို ကာကွယ်တဲ့နေရာမှာ အသုံးပြုမယ့် နည်းဗျူဟာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အများပြည်သူသိအောင် ပြတဲ့အနေနဲ့ တင့်ကားတွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကနေ လက်နက်ကြီးကျည်တွေ၊ ဒုံးကျည်တွေနဲ့ ဖူဂျီတောင်ခြေကို ပစ်ခတ်ပြီးတော့ ဒီကနေ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်လို စစ်လေယာဉ် အစီး ၆၀၊ တိုက်ပွဲဝင်တင့်ကား အစီး ၈၀ နဲ့ တခြားတိုက်ခိုက်ရေးယာဉ်တွေ ပါဝင်ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးခဲ့ပြီးကတည်းက ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လှုပ်ရှားမှုမရှိခဲ့တဲ့ ဂျပန်စစ်ဘက်ဟာ လက်ရှိမှာ တရုတ်ရဲ့စစ်အင်အားကို စိုးရိမ်မှုကြောင့် စစ်တပ်အနေအထားကို မြှင့်တင်လာနေခဲ့တာပါ။ အာရှဒေသမှာ တရုတ်ရဲ့ ကြီးထွားလာနေတဲ့ အင်အားကို တန်ပြန်ဖို့အတွက် လက်ရှိ ဂျပန်ဝန်ကြီးချုပ် Shinzo Abe လက်ထက်မှာ စစ်ဘက်ကို ပိုပြီး အခိုင်အမာ တည်ဆောက်နေတာဖြစ်ပါတယ်။

ဒီအတောအတွင်း တောင်ကိုရီးယားနိုင်ငံမှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ပူးတွဲပြီး Ulchi လွတ်လပ်မှု ကာကွယ်စောင့်ရှောက်သူ UFG လို့ အမည်ပေးထားတဲ့ နိုင်ငံတ၀ှမ်း လေ့ကျင့်မှုရဲ့ တစိတ်တပိုင်းအဖြစ် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေး လေ့ကျင့်မှုတခုကို ဆိုးလ်မြို့တော်မှာ ဒီကနေ့ လုပ်ခဲ့ကြပါတယ်။

ဆိုးလ်မြို့တော်၊ အမေရိကန်သံရုံးနားက ဂွမ်ဟွာမွန် မြေအောက်ရထားဘူတာရုံကို တိုက်ခိုက်ခံရတဲ့ပုံမျိုး လေ့ကျင့်မှုမှာ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

ဗွီအိုအေ

NLDပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အပုတ်ချရေးသားထားသော လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့မှုကြောင့် မကွေးတိုင်းပေါက်မြို့နယ်အတွင်းရှိ
ပြည်ခိုင်ဖြိုးပါတီဝင် စည်းရုံးရေးမှူးတစ်ဦးကို မြောက်ဘက်ကျေးရွာအုပ်စု NLDပါတီဥက္ကဌ ဦးထွန်းသိန်းက သြဂုတ်၁၈ရက်နေ့တွင် မြို့နယ်တရားရုံးသို့
ဦးတိုက်လျှောက်ထား တရားစွဲဆိုမှု ပြုလိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ပါတီ ကိုဘာသာရေးနဲ့ခုတုံးလုပ်ပြီး ၄၃၆နဲ့၅၉စတွေကို ပြင်ဖို့ကြိုးစားနေတယ်၊ ဒီ့ပြင် လက်ကမ်းစာစောင်ထဲမှာ အခြားဘာသာရေးဆိုင်ရာအပုတ်ချမှုတွေလည်း အများကြီးပါပါတယ်” ဟု ယင်းကပြောဆိုသည်။

အဆိုပါ လူပုဂ္ဂုလ်နှင့် ပါတီကို အပုတ်ချရေးသားထားသော စာများကြောင့် မြောက်ဘက်ကျေးရွာအုပ်စု NLD ပါတီဥက္ကဌအနေဖြင့် ရဲစခန်းသို့တိုင်းကြားခဲ့ပြီးပေါက်မြို့နယ်ရဲစခန်းမှ ပုဒ်မ၅၀၀ဖြင့် အမှုဖွင့်ပေးပြီး မြို့နယ်တရားရုံးသို့ ဦးတိုက်တရားစွဲဆိုရာတွင်လည်း ပြစ်မှုကြီးအမှတ်၂၂၅/၁၄ဖြင့် အမှုကို လက်ခံပြီး
တရားလိုဦးထွန်းသိန်းကို သြဂုတ်လ ၁၈ရက်နေ့တွင် စတင်စစ်ဆေးနေပြီးဖြစ်ကြောင်းလည်း တရားလိုကပြောဆိုသည်။

ယင်းသို့အပုတ်ချလက်ကမ်းစာစောင် ဖြန့်ဝေမှုကို ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာအုပ်စု NLDပါတီဥက္ကဌအနေဖြင့် တရားစွဲဆိုခြင်းအပြင်
ရွေးကောက်ပွဲကော်မရှင်ထံသို့လည်း တိုင်းကြားမှုပြုလုပ်ထားပြီး နောက်နောင်ယခုကဲ့သို့ မဖြစ်စေရန်သာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး တရားရုံးသို့အမှုဖွင့်တိုင်းကြားရာတွင်လည်း NLDပါတီဝင်၁၅ခန့် လိုက်ပါလာကြောင်းလည်း သိရသည်။

ထိုလက်ကမ်းစာစောင် ဖြန့်ဝေမှုကို သြဂုတ်လ၁၀ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ယင်းလက်ကမ်းစာစောင်ကြောင့် မြောက်ဘက်ကျေးရွာ အုပ်စုအတွင်းNLDပါတီကိုထောက်ခံသူများအကြား သံသယဖြစ်စေခဲ့ပြီး ပြန်လည်စည်းရုံးသိမ်းသွင်း ရာတွင်ပင် အခက်အခဲများစွာကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။

စောကျော်ဝင်း(စလင်း)
မြန်မာ့ခောတ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ ပြည်သူ့လွှတ်တော် ဒေါ် စန္ဒာမင်း၏ မဲဆန္ဒနယ်ဖြစ်သော ဇမ္ဗူ သီရိမြို့နယ်အတွင်းရှိ မူလတန်းကျောင်း ကို နို့တိုက်မည့် အစိအစဉ်မှ မြို့နယ် ပညာရေးမှူးက ချန်လှပ်ခဲ့သည်ဟု ၎င်းင်းက The Ladies သို့ပြောသည်။

“အကွက်ကြီး ၅ ဆိုတဲ့ အမက ကျောင်းလေးကို ဒီနှစ်တော့ နို့တိုက် မယ့် အစီအစဉ်မှာ မပါတော့ဘူး။ နို့ခွဲတမ်း မပေးတော့ဘူး။ ကျောင်းအုပ်ဆရာမ ကြီးက မြို့နယ်ပညာရေးမှူးကို သွား မေးတယ်၊ ဘာဖြစ်လို့ နို့မတိုက်တာ လဲဆိုတော့ သူ့မှာ အဖြေလည်း မရှိဘူး။ ပေးစရာ အဖြေလည်း ဘာမှ မရှိဘူး။ မရှိဘဲနဲ့ ကျွန်မတို့ကို ဖြတ်ချ လိုက်တယ်”ဟု သူမက ပြောသည်။

မူလတန်းကျောင်းများတွင် နို့တိုက်ကျွေးသည့် အစီအစဉ်ကို သမ္မတ၏ စီမံချက်ဖြင့် ၂၀၁၃ ခုနှစ် တွင် စတင်ခဲ့ပြီး ယခုနှစ်အတွက် နို့ခွဲတမ်းမှ ချန်လှပ်ခံရခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ပြော သည်။

နိုင်ငံတော် သမ္မတက လုပ်သည့် စီမံချက်ဖြစ်သောကြောင့် ကျောင်း များအားလုံးကို အလှူရှင် တစ်ဦးရှိပြီး သားဟုလည်းဆိုသည်။ အစိုးရ၏အ စီအစဉ်ဖြင့် ကျောင်းများကို တိုင်းမှ မြို့နယ် သို့ ပြန်ချပေးခြင်းဖြစ်နိုင်သည် ဟု လည်းဆိုသည်။

ပညာရေး ၀န်ကြီးဌာနနှင့် အလှူရှင် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

“ဇမ္ဗူသီရိမြို့ နယ်ထဲမှာ ကျောင်း လေး ဆယ်ကျောင်းပဲရှိတာ ပြီးတော့ သမ္မတကြီးရဲ့ နယ်မြေမှာ ရှိတဲ့ဟာလေ။ နေပြည်တော် ၊ ရန်ကုန်အပြင် မန္တလေးကိုတောင် သမ္မတက တိုးချဲ့ မယ် လို့ ပြောနေတာ၊ ဘာဖြစ်လို့ နေ ပြည်တော် မြို့နယ်အတွင်းမှာရှိတဲ့၊ နေပြည်တော်တောင် သမ္မတကြီးရဲ့ မြို့နယ် ထဲမှာ ရှိတဲ့ ကျောင်းလေး ဆယ်ကျောင်းက မူလတန်းကလေးတွေ ကိုတောင် ကျောင်းစေ့ မတိုက်နိုင်ဘဲနဲ့ ဘာလို့ မန္တလေးတိုင်းကိုတောင် တိုးချဲ့ပြီး လုပ်နေမှာလဲ။ သမ္မတကြီး ကိုယ်တိုင် ဒီစီမံချက်ကို ဦးဆောင်ပြီး လုပ်ထားတဲ့ အခါမှာ ဘာဖြစ်လို့ တစ်ကျောင်းတည်း ကွက်ချန် ဖြတ်ရတာလဲ” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

အဆိုပါကျောင်းမှာ ဒေါ်စန္ဒာမင်းမှ မကြာခဏဆိုသလို အကူအညီပေး လှူ ဒါန်းသည့် စာသင်ကျောင်းဖြစ်သည် ဟုလည်း သိရသည်။

သမ္မတကြီး၏ ပညာရေးဝန်ကြီးဌာနကို နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှု တတိယ အဆင့်မြှင့်တင်ရန် အရာထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဟူ၍ ၀န်ကြီးရုံး များက ပေးနေသည်ဟုလည်း သိရ သည်။

“စွမ်းဆောင်ရည်မြှင့်တင်မှုသင် တန်းတွေပေးနေမဲ့အစား အဲ့ဒီအရာ ထမ်းတွေရဲ့ ခေတ်ဟောင်း က နောက် ပြန်ဆွဲနေတဲ့ အတွေးတွေကို အရင်ဆုံး ûပပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ အဲ့ဒီ စိတ်ဓာတ်တွေကို အရင်ဆုံးပြု ပြင်ပြောင်းလဲပြီးတော့မှ သမ္မတကြီး ရဲ့ တတိယလှိုင်း ကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မယ်။ သူတို့မှာ ဒီလို ဟောင်းနွမ်းနေတဲ့ မကောင်းတဲ့ စိတ်ဓာတ်တွေ ကိုပေါ့။ လူထုကို ဖိနှိပ်ချင် တဲ့စိတ်ဓာတ်တွေရှိနေသရွေ့ သမ္မတ ကြီးရဲ့ တတိယလှိုင်း ဆိုတဲ့ဟာကို မ အောင်မြင်နိုင်ဘူးလို့ ကျွန်မတို့ ပြောချင်တယ်” ဒေါ်စန္ဒာမင်း က The Ladies သို့ ပြောကြားခဲ့သည်။

စစ်ထက်အောင်
အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။


ရေသန့်ဗူး သောက်သုံးမှု မြင့်တက်လာနေချိန် လူအများသွားလာရာ ကားဂိတ်၊ ဈေး၊ လမ်းဆုံတွေမှာ ရေသန့်ဗူးတွေ အလွယ်တကူဝယ်နိုင်သလို အိမ်၊ ကျောင်း၊ ရုံးနဲ့ အဆောင်တွေမှာ လီတာ ၂ဝ ဝင် ရေသန့်ဗူးကြီးတွေ သုံးစွဲနေပါတယ်။ ဒါပေမယ့် ဒီရေသန့်တွေ သန့်ပါတယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။

ရေသန့်ဗူးအကြီးတွေ ပုံမှန်ဝယ်သောက်တဲ့ ကိုအောင်ဇင်လင်းက တစ်ခါတစ်လေ သူဝယ်သောက်တဲ့ ရေသန့်ဗူးတွေမှာ အနည်တွေပါလာတာကြောင့် ဆိုင်ပြောင်းဝယ်တော့လည်း ရေအရောင်က ဝါညစ်ညစ်ဖြစ်နေတယ်လို့ ပြောပါတယ်။


နေရာတကာ အလွယ်တကူဝယ်ယူနိုင်တဲ့ ရေသန့်ဗူးတွေမှာ အနည်တွေ၊ အမှုန်တွေပါမပါ၊ သန့်ရှင်းမှုတကယ် ရှိမရှိနဲ့ ကျန်းမာရေးအရ အာမခံနိုင်မှုကို ဘယ်အဖွဲ့အစည်းက တာဝန်ယူမှာလဲ။ မြန်မာနိုင်ငံ အစားအသောက် စစ်ဆေးကွပ်ကဲရေးအဖွဲ့ FDA ကို ကမာရွတ်မီဒီယာက အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Ever Well သောက်ရေသန့် ဖြန့်ဖြူးရေးလုပ်နေတဲ့ ကိုကျောက်တိုင်က ကျန်းမာရေးထောက်ခံချက်ရှိတဲ့ ရေသန့်စက်ရုံက တိုက်ရိုက်မှာယူပြီး ဖြန့်ချိနေတာ ၁ဝနှစ်ရှိပါပြီ။ ပြည်သူတွေ ကျန်းမာရေးအတွက် လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစေမယ့် ထောက်ခံချက်ရှိကြရင် ကောင်းမယ်လို့ ဆိုပါတယ်။


တာဝန်ရှိတဲ့သူတွေအနေနဲ့ ရေသန့်ထုတ်တဲ့စက်ရုံတွေကို သေသေချာချာစစ်ဆေးပြီး ဘယ်ရေသန့်အမှတ်တံဆိပ်က အန္တရာယ်ကင်းပြီး ကျန်းမာရေးအရ စိတ်ချရတယ်ဆိုတာ ပြည်သူကို ထုတ်ပြန်ပေးဖို့ အရေးတကြီးလိုနေပြီလို့ ကိုအောင်ဇင်လင်းက ပြောပါတယ်။

kamayut media



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ကွယ်လွန်သူ ဦးကြည်မောင် ၁ဝနှစ်ပြည့် နှစ်ပတ်လည်ကို သြဂုတ် ၁၉ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ကျင်းပခဲ့ပါတယ်။ ဦးကြည်မောင်ဟာ ဘယ်လိုနိုင်ငံရေးသမားမျိုးလဲ။

ဒီမိုကရေစီရေး၊ လွတ်လပ်ရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ မြန်မာပြည်သူတွေ ခံစားစေချင်တဲ့ဆန္ဒ ကြီးမားခဲ့သူ၊ ဒီကနေ့ ခေတ်အခြေအနေနဲ့ လျော်ညီတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအမြင်တွေနဲ့ အနာဂတ်ကို ကြိုမြင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်လို့ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ သူရဦးတင်ဦးက ပြောပါတယ်။


ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ဥက္ကဌ ဦးသုဝေက ဦးကြည်မောင်နဲ့သူဟာ နိုင်ငံရေးမှာ သဘောထားတူပြီး ပါတီအရရော ပုဂ္ဂိုလ်ရေးအရပါ ရင်းနှီးခဲ့သူဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ဦးကြည်မောင် ဦးဆောင်နေတဲ့ NLDပါတီကို မြန်မာစစ်တပ်က အာဏာလွှဲမပေးတဲ့ကိစ္စအကြောင်း ဦးသုဝေက အမှတ်တရ ပြန်ပြောပြပါတယ်။


ကျောင်းသားခေါင်းဆောင်ဘဝကနေ တပ်မတော်ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ ဦးကြည်မောင် ၂ဝဝ၄ခုနှစ်မှာကွယ်လွန်ခဲ့ပြီး ၃နှစ်ပြည့်နှစ်ပတ်လည်အဖြစ် ၂ဝဝ၇ သြဂုတ်မှာ ဦးကြည်မောင်ဈာပနကို အကြောင်းပြုပြီး လမ်းလျှောက်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ ဦးကိုကိုကြီးက ဂုဏ်ယူမိတဲ့အကြောင်း အမှတ်တရ ပြောပြပါတယ်။


၁၉၈၉ ခုနှစ်ကစပြီး သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရချိန်ကစပြီး ပါတီကို ဦးဆောင်ပြီး သမိုင်းဝင် ရွေးကောက်ပွဲကို ပြည်လုံးကျွတ်အနိုင်ရအောင် ဦးကြည်မောင်က တာဝန်ယူခဲ့ပါတယ်။ ၁၉၉၅-၁၉၉၆မှာ အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ အပတ်စဉ် လူထုတွေ့ဆုံပွဲတွေမှာ ဟောပြောခဲ့ပြီး ကျန်းမာရေးကြောင့် ၂ဝဝ၃ခုနှစ်မှာ နိုင်ငံရေးအရ အနားယူခဲ့ပါတယ်။

ဦးကြည်မောင်ရဲ့ဇနီး ဒေါ်ကြည်ကြည်နဲ့ သမီး၊ တပည့်သားမြေးတွေနဲ့ လုပ်ဖော်ကိုင်ဖော် ၁ဝဝကျော် ၁ဝနှစ်ပြည့် အထိမ်းအမှတ်ပွဲကို တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။
Kamyut media

တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ မဲလက်မှတ်ပေါ်မှာ ပါတီနာမည်၊ ပါတီတံဆိပ်နဲ့အတူ အရွေးခံတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရဲ့ အမည်ကိုပါ ထည့်သွင်းရေးသားထားမယ့် PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကိုကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဖွဲ့စည်းထားတဲ့ PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က ဆုံးဖြတ်လိုက်ပါတယ်။

PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော်မှုကော်မရှင်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာ နှစ်ရက်ကြာဆွေးနွေးပြီးနောက် ရွေးချယ်လိုက်တာဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်က ပြောပါတယ်။

"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်ကိုင်းတိုင်းမှာ ၁ ခုရှိတယ်၊ နောက်ရှမ်းပြည်နယ်မှာ ၅ ခုရှိတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုကလွဲလို့ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ပီအာစနစ်ကိုကျင့်သုံးမယ်၊ အမျိုးသားလွှတ်တော်အတွင်းပေါ့ဗျာ၊ မဲပြားပေါ် ပါတီနဲ့အရွေးခံမယ့် ပါတီနာမည်အောက်မှာ အရွေးခံမယ့်ကိုယ်စားလှယ်တွေရဲ့ နာမည်စာရင်းလည်းပါမယ်"

အဲ့ဒီ PR ရွေးကောက်ပွဲစနစ်ကို မူကြမ်းရေးဆွဲပြီး လာမယ့် စက်တင်ဘာလအတွင်းမှာ ပြန်လည်ကျင်းပမယ့် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကော်မရှင်က အစီရင်ခံစာတင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က တိုင်းဒေသကြီးတွေမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR စနစ်ကို ကျင့်သုံးဖို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုအတည်ဖြစ်ပြီးနောက် PR စနစ်ကျင့်သုံးရေး အကောင်အထည်ဖော်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
RFA

စဥ့်ကိုင်မြို့နယ်တရားရုံးရှေု မြင်ကွင်း

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ်က တပ်သိမ်းမြေမှာ ထွန်တုံးတိုက်ပွဲ လုပ်ခဲ့တဲ့ တောင်သူတွေထဲက ၁၄ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ စဥ့်ကိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၈ လကနေ ၄ လစီ အသီးသီး အမိန့်ချမှတ်လိုက်ပါတယ်။

စဥ့်ကိုင်မြို့နယ် ပုလိပ်၊ ရွာသစ်၊ ဆီဆုံနဲ့ တက်မျှော စတဲ့ရွာတွေ က တောင်သူ စုစုပေါင်း ၁၅ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုထားတာမှာ ဒီနေ့မှာတော့ တောင် သူ ၁၄ ယောက်ကို စဥ့်ကိုင်မြို့နယ် တရားရုံး က ထောင်ဒဏ် ၈ လကနေ ၄ လစီ အမိန့်တွေချခဲ့တာပါ။

ဒီကနေ့ အမှုစီရင်ချက်ချမှတ်ရာမှာ ဒီလယ်သမား ၁၅ ယောက်ကို အမှုတွဲတွေ ခွဲပြီး စီရင်ခဲ့တာ ဖြစ်ပါတယ်။

ပထမအမှုတွဲအနေနဲ့ ပုလိပ်၊ ရွာသစ်နဲ့ ဆီဆုံစတဲ့ ရွာ ၅ ရွာက တောင်သူ ၁၀ ယောက်တွဲကို ပုဒ်မတူ အမှု ၂ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၈ လ စီကျခံဖို့ အမိန့်ချမှတ်ခဲ့ တယ်လို့ လယ်သမားတွေရဲ့ ရှေ့နေ ဒေါ်သဲစုဝေက ပြောပါတယ်။

လယ်သမားတွေ ခုလို တရားစွဲဆိုခံရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရွာသစ်ရွာက တောင်သူ ဦးစိုးဝင်းကလည်း အခုလိုရှင်းပြပါတယ်။

“၂၀၁၄ ထဲမှာ ၅ လပိုင်း ၁၆ ရက်နေ့ကစပြီး ထွန်တုံးတိုက်ပွဲလုပ်တယ်။ ၇ ရက်ဆိုတော့ ပုံမှန်မရှိဘူး။ ပထမရက်က ၃၀၀၊ နောက်ရက်က ၄၀၀၊ နောက်ရက် ၂၀၀ အဲလိုနဲ့ပဲ ၇ ရက်ပြည့်သွားတာ။ အဲဒီနောက် ပလပ်လယ်တွေမှာ ၀င်ရောက်လုပ်ကိုင်မယ်ဆိုပြီး တင်ထားတယ်။ ၇ ရက်အတွင်း ဖြေရှင်းပေးခြင်း၊ တားမြစ်ပေးခြင်းလည်း မရှိလို့ တောင်သူတွေက ကိုယ့်မြေကိုယ်ယာကို လုပ်နေကြတာ။”

နောက် အမှုတွဲအနေနဲ့ တက်မျှောကျေးရွာက လယ်သမား ၅ ယောက်ကိုတော့ စက်မှုဝန်ကြီးဌာန သိမ်းယူခဲ့တဲ့ မြေဧက ၁၀၀ ကျော်မှာ ၀င်ရောက်ထွန်ယက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက္ကူစက်ရုံမန်နေဂျာက တရားစွဲဆိုခဲ့ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက်ကို ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ရတာပါ။ လယ်သမားတဦးကိုတော့ သက်သေ မခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီလို အမိန့်ချမှတ်တာဟာ ဥပဒေကျင့်ထုံးနဲ့ မကိုက်ညီတဲ့အတွက် ကျောက်ဆည်ခရိုင် တရားရုံးကို အယူခံတင်ဖို့ ဒီနေ့ပဲ စတင်ဆောင်ရွက်နေပြီလို့ လယ်သမားတွေရဲ့ ရှေ့နေ ဒေါ် သဲစုဝေက ပြောပါတယ်။

ပုလိပ်၊ ရွာသစ်နဲ့ ဆီဆုံ စတဲ့ ရွာ ၅ ရွာက မြေဧက ၁၂၀၀ ကျော်ကို တိရစ္ဆာန်မွေးမြူုရေးနဲ့ ကုသရေးဌာနက ၁၉၈၂ ခုနှစ်တုန်းက သိမ်းယူခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဘက်စုံစီမံကိန်းအဖြစ် အသုံးပြုဖို့ လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ငှားရမ်းနေတဲ့ အတွက် ဒေသခံတွေက ပြီးခဲ့တဲ့ မေလမှာ လယ်မြေတွေပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
DVB

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးကို သွားရောက်ခဲ့တဲ့ မရမ်းကုန်းမြို့နယ်က မြေသိမ်းခံရသူ ဒေါ်စိန်ထွေးက အခုလိုပြောပါတယ်။

"ဒဂုံမြို့ဆိပ်ကမ်းက အမိန့်ချလိုက်တာ အလုပ်ကြမ်းနဲ့ ထောင် ၁ နှစ်၊ အချုပ်ရက်ခံစားစေပေါ့နော်၊ ကျန်းမာရေးကတော့ ကောင်းပါတယ်၊ ကျနော်တို့ကတော့ ကိုထင်ကျော် ညွှန်ကြားတဲ့အတိုင်း ရက်ဆက်လုပ်ရင်လည်း လုပ်ရပါစေ"

ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့ စာရွက်တွေလိုက်ဝေခဲ့တဲ့ ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ မြို့နယ် ၁၁ မြို့နယ်က တရားစွဲထားတာဖြစ်ပြီး ဒီနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်အပါအ၀င် ၈ မြို့နယ်က အမိန့်ချထားပြီးဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ မြို့နယ် ၈ မြို့နယ်က ချမှတ်ထားတဲ့ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ခွဲကို ကျခံရမှာဖြစ်ပါတယ်။

ဒီနေ့မှာပဲ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို လသာမြို့နယ်တရားရုံးက ထောင်ဒဏ် ၄ လ ပြစ်ဒဏ်ချလိုက်ပါတယ်။

လသာမြို့နယ်တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်ပြီး မိကျောင်းကန်သပိတ်စခန်းက မစောစန္ဒာက အခုလို ပြောပါတယ်။

"စည်ပင်တရားရုံးဟာ ဦးစိန်သန်းက ကျန်းမာရေးမကောင်းဘူး၊ ခွင့်တွေတင်နေတယ်ပေါ့နော်၊ ရုံးချိန်းတွေယူနေတယ်၊ စည်ပင်တရားလူကြီးကိုယ်တိုင်က ၂၁ ရက်နေ့ ရုံးချိန်းပေးပြီးသား၊ အဲဒါကို ၁၉ ရက်နေ့ကျတော့ ကျောက်တံတားက ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်တယ်၊ ၂၁ ရက်နေ့ ရုံးချိန်းပြီးတော့မှ ဖမ်းဝရမ်း ၁၉ ရက်နေ့မှာ ဘာလို့ထွက်လာတာလဲလို့ အဲဒါမကျေနပ်လို့ ၂၁ ရက်နေ့မှာ အဲဒီ့ ၆၁ ပုဒ်မကို ကျမတို့သွားဖြေရှင်းတာ၊ အဲဒါမတရားမှုဆိုပြီးတော့ ဦးစိန်သန်းနောက်ကနေ ပြည်သူတွေကလည်းပါတာပေါ့နော်၊ လိုက်သွားပြီး ဖြေရှင်းကြတာ၊ အဲဒါကို ခွင့်ပြုချက်မယူလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၄ လကျခံစေဆိုပြီး အမိန့်ချမှတ်လိုက်တာ"

ဦးစိန်သန်းကို ဗဟန်း၊ ကျောက်တံတား၊ လသာ၊ ပန်းပဲတန်းမြို့နယ် တရားရုံးတွေက ပုဒ်မ ၁၈ နဲ့ တရားစွဲထားတဲ့အပြင် လသာမြို့နယ် တရားရုံးက စည်ပင်ပုဒ်မ ၆၈ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
RFA

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.