08/26/14

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

အီဘိုလာဗိုင်းရပ်စ်သံသယလူနာ၏သွေးနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေးအတွက် မြန်မာအစိုးရ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) တို့ လက်ရှိအချိန်အထိ ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနက သြဂုတ်၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

"အိန္ဒိယကိုပို့မယ့်သွေးနမူနာကို ကျွန်မတို့ကျန်းမာရေးဌာနက အားလုံးပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် IATA အဖွဲ့ရဲ့ သယ်ပေးမယ်ဆိုတဲ့ခွင့်ပြုချက်ကို စောင့်နေရတဲ့အခြေအနေပါ။
အိန္ဒိယအစိုးရဘက်ကလည်း သွေးနမူနာလက်ခံမယ်ဆိုတဲ့ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါတယ်။ IATA အနေနဲ့လည်း လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ IATA တို့လက်ရှိအချိန်ထိ ညှိနှိုင်းနေဆဲပါ။ ဒီလိုလေကြောင်းလိုင်း ပြဿနာအခက်အခဲတွေက တခြားနိုင်ငံတွေမှာလည်း ဖြစ်နေတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာဆို ကိုယ်ပိုင်လေယာဉ်တွေနဲ့သယ်တာမျိုးတွေတောင်ရှိပါတယ်။ ၀န်ကြီးဌာနအနေနဲ့လည်း အမြန်ဆုံးပေးပို့ချင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ WHO က သတ်မှတ်ချက်အတိုင်း အားလုံးလုပ်ဆောင်ပြီးသွားပါပြီ။ သွေးနမူနာကိုပေးပို့နိုင်ဖို့ တိုက်ရိုက်မပို့နိုင်တဲ့ အခက်အခဲတစ်ခုပဲရှိတော့တာပါ" ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးဌာနမှ ဒေါက်တာတိုးသီရိအောင်ကဆိုသည်။

အီဘိုလာကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် သွေးနမူနာကို သတ်မှတ်ညွှန်းပို့ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ရေးနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) အဖွဲ့၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ဝေဖန်ချက်များထွက်ပေါ်နေပြီး မြန်မာအစိုးရအနေဖြင့် ယင်းကိစ္စအပေါ် မည်သို့ကိုင်တွယ်လုပ်ဆောင်သွားမည်ကိုမူ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားရာတွင် "ဒီသွေးနမူနာရဲ့ ဓာတ်ခွဲအဖြေရဖို့က ကြားထဲမှာလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအများကြီးရှိနေတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သံသယလူနာရဲ့သွေးနမူနာကို သတ်မှတ်ဓာတ်ခွဲခန်းကိုပေးပို့မယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်းရှိပြီးသားဖြစ်ပြီး ဒါတွေကိုလည်း ကျွန်တော်တို့ဘက်က အားလုံးပြင်ဆင်ထားပြီးသားပါ။ အခု အိန္ဒိယအစိုးရရဲ့ထောက်ခံချက်ကရပြီးပါပြီ။ အရင် H5N1 စစ်တုန်းကလည်း နမူနာပစ္စည်းပို့ဖို့အတွက် ကြားထဲမှာ အချိန်နှစ်ပတ်လောက်ကြာခဲ့ပါတယ်။ သတ်မှတ်ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်းတွေရောက်သွားရင် စစ်တဲ့အချိန်က တစ်ရက်အတွင်းရပေမယ့် ပေးပို့ရတဲ့ကြားက လုပ်ငန်းတွေကကြာနေတာပါ" ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကဘက်မှပြန်လာပြီး ဖျားနာနေသူ ဦးဇင်မင်းဦး၏သွေးနမူနာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှ စစ်ဆေးခဲ့ရာရရှိသော ဓာတ်ခွဲအဖြေအရ ငှက်ဖျားရောဂါပိုးနှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ် (Plasmodium Falciparum) နှင့် ပလပ်စမိုဒီရမ်ဗိုင်းဘက် (Plasmodium Vivax) ရောဂါပိုးနှစ်မျိုးကူးစက်ခံနေရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့အပြင် လူနာ၏သွေးနမူနာများကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်းဘတ်မြို့ရှိ ဓာတ်ခွဲခန်းများသို့ ပေးပို့စစ်ဆေးနိုင်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လူနာမှာကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အီဘိုလာ သံသယလက္ခဏာဖြစ်သည့် ခန္ဓာကိုယ်အတွင်းအပြင်တို့တွင် သွေးယိုစီးခြင်းလက္ခဏာများ လုံးဝမတွေ့ရှိရကြောင်းနှင့် အခြားလေးဦး၏ ကျန်းမာရေးအခြေအနေမှာလည်း အားလုံးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
-http://news-eleven.com/

(Written by: နေထွန်းနိုင်၊ မာန်သူရှိန်)

(၁)
တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်လုံးကို ရောင်းစားခဲ့ကြပြီးပါပြီ။ ကျောက်စိမ်း၊ တွင်းထွက်၊ သစ် နောက်ဆုံး အမျိုးသမီးတွေကိုပါမချန် တရုတ်အတွက် ပို့ကုန်လုပ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊ မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။

ဩဂုတ် ၂၂ ရက်မှာလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ ဒီကိစ္စ ပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာရှိတဲ့ မြေဧက ၃ဝဝဝဝ ပေါ်မှာ အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။ စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မယ်။ မြို့သစ်စီမံကိန်းပြုလုပ်မယ့် မြေတွေအတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ ခွင့်ပြုချက်ရထားပြီးပြီ။ မြို့မြေအဖြစ် သတ်မှတ်ဖို့ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပြီလို့ ပြောတယ်။

စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်ဘီလျံ ၇ဝဝဝ၊ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံနဲ့ သုံးနှစ်အတွင်း ရာခိုင်နှုန်း ၇ဝ ပြီးအောင် လုပ်မယ်။ ကုမ္ပဏီက အဆင့်မြင့် တန်ဖိုးနည်းအိမ်ရာ ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အတွက် အဆင့်မြင့်ကျောင်း တစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတား ငါးစင်းကို နိုင်ငံတော်ကို ပြန်လှူ မယ်လို့ ဦးလှမြင့်က ပြောခဲ့ပါတယ်။ စီမံကိန်း ဧရိယာအတွင်းက လယ်ယာလုပ်ကိုင်သူတွေ၊ ကျေးရွာငယ်တွေမှာ နေထိုင်သူတွေကို နစ်နာမှုမရှိအောင် မြေသိမ်းမှုတွေအပေါ် ကုမ္ပဏီက လုံးဝတာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးမယ်ဆိုတဲ့ အချက်တွေလည်း ပါပါတယ်။

မြို့သစ်အတွက် လိုအပ်မယ့် လျှပ်စစ်မီး၊ ရေ၊ မီးဘေးလုံခြုံရေးတွေကိုလည်း လုံလောက်စွာထားပေးမယ်။ မြို့သစ်စိမ်းလန်းစိုပြည်ရေးအတွက်လည်း လုပ်မယ်လို့ဆိုတယ်။

(၂)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်မှာ သဝဏ်လွှာဖတ်ရင်း မြို့ပြသစ်စီမံကိန်းအကြောင်း ပြောခဲ့တာပါ။ လွှတ်တော်ရဲ့ အကြံပြုချက် တောင်းခံတာမဟုတ်သလို လုပ်ဖို့ဆုံးဖြတ်ထားတဲ့ စီမံကိန်းတစ်ခုကို ဝတ်ကျေတန်းကျေ အသိပေးပြောတဲ့ ပုံစံမျိုးပါ။

ဒီလိုမပြောမီမှာ စီမံကိန်းအကြောင်းအရာကို လျှို့ဝှက်ခဲ့ပါတယ်။ လျှို့ဝှက်ရတဲ့ အကြောင်းရင်းက စီမံကိန်းအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့အခါ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်း လုံခြုံမှုကို ကန့်သတ်ခဲ့ရတယ်လို့ ဦးလှမြင့်က ပြောပါတယ်။ သူ့ရဲ့ပြောဆိုမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက လက်မခံပါဘူး။ ပြည်သူလူထုအတွက်လည်း အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ အံ့ဩတယ်ဆိုတာထက် စိုးရိမ်စိတ်တွေ ပိုများခဲ့တာပါ။

မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ်ခဲ့ကြတဲ့ အဓိကအချက် နှစ်ချက်ရှိပါတယ်။ (၁) အချက်က ဒီစီမံကိန်းကို ဘာကြောင့်လျှို့ဝှက် ရေးဆွဲခဲ့တာလဲ။ (၂) အချက်က စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာ မြို့သစ်အများပိုင် ကုမ္ပဏီဆိုတာ ရုတ်တရက်ပေါ်လာတဲ့ကုမ္ပဏီ ဖြစ်တဲ့အချက်ပါ။ ဘာတွေလုပ်နေမှန်း မသိရသလို ဘယ်သူတွေ ပိုင်ဆိုင်ထားမှန်းလည်း မသိပါဘူး။

အခုချိန်အထိ အခြေအမြစ် အတိအကျ မသိရ၊ ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုကို အရေးပါတဲ့ စီမံကိန်းတစ်ခု လက်လွတ်စပယ် ပေးခဲ့တယ်လို့ အထင်ရောက်စေတဲ့ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာတွေဘယ်လို ပတ်သက်မှုရှိနေလဲ။

(၃)
၂ဝ၁၂ ခုနှစ်အတွင်းပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်၊ သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ ပေါ်ပေါက်လာတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းဆိုတာ ပေါ်လာခဲ့တယ်။ တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခရိုနီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး တိုက်ခန်းတစ်ခန်း ကြမ်းခင်းဈေး ကျပ်သိန်း ၃ဝဝ ခန့် သတ်မှတ်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်း ကန်ထရိုက်တိုက်ခန်းတွေရဲ့ ဈေးနှုန်းဟာ နှစ်ဆခွဲသုံးဆအထိ မြင့်တက်သွားပါတယ်။

အိမ်ပိုင်၊ တိုက်ခန်းပိုင်မရှိတဲ့သူတွေ မဆိုထားနှင့် အိမ်ပိုင်၊ တိုက်ခန်းပိုင်ဝယ်ဖို့ ငွေစုထားတဲ့သူတွေတောင် အခုချိန်ထိ မဝယ်နိုင်တဲ့ အခြေအနေ ဖြစ်ကုန်ပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုတာ ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်ခဲ့ပါတယ်။

ဩဂုတ် ၂ဝ ရက်မှာ သမ္မတဦးသိန်းစိန်က လက်ရှိဆောင်ရွက်နေတဲ့ Affordable Housing Project လုပ်တဲ့အခါ ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေး၊ စစ်တွေစတဲ့ မြို့တွေမှာပါ ဆင်းရဲတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ Public Housing Project တွေကို အကောင်အထည်ဖော်ဖို့လိုကြောင်း ပြောပါတယ်။

သမ္မတပြောပြီးလို့ နှစ်ရက်အကြာ ဩဂုတ် ၂၂ ရက်မှာ ရန်ကုန်မြို့သစ်စီမံကိန်း ထွက်ပေါ်ခဲ့တယ်။ လျှို့ဝှက်စီမံကိန်းတစ်ခု ဖြစ်နေခဲ့တယ်။ ဒီစီမံကိန်းကို ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်မယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သိဖို့လိုပါတယ်။

(၄)
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာမှာ မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီ မှတ်ပုံတင်တဲ့အချိန်မှာ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ငွေကျပ်တစ်ဘီလျံ (ကျပ်သန်း ၁ဝဝဝ) ပဲရှိပါတယ်။ အခု ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဒီကုမ္ပဏီက ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ (ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး) ဖြစ်ပါတယ်။

ငွေကျပ်တစ်ဘီလျံကို မတည်ရင်းနှီး မြှုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုက ငွေကျပ် ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းအတွက် ဘယ်ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမလဲ။ တကယ်လို့ ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နိုင်ငံတော်ကို အခွန်ငွေအနည်းဆုံး ဘီလျံ ၅ဝဝဝ ပေးဆောင်ထားပြီးဖြစ်တဲ့ ရလမ်းပြနိုင်မယ့်ငွေဖြစ်ဖို့ လိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်းကို ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံး ပြည်သူတွေပေးဆောင်ခဲ့တဲ့ အခွန်ငွေဟာ ငွေကျပ်ဘီလျံ ၃၅ဝဝ ပဲ ရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ အခွန်ငွေပေးဆောင်မှုကို ဘယ်လိုပြနိုင်မလဲ။ ဒီလိုမှမဟုတ် ပြည်ပကရရှိတဲ့ ငွေကြေးတွေနဲ့ လုပ်ဆောင်မှာလားဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။

ကုမ္ပဏီကို တည်ထောင်ခဲ့သူဟာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး မြေနေရာကို စီးပွားဖြစ်အဆောက်အအုံရောင်းချခွင့် ရရှိထားတဲ့ ကုမ္ပဏီဖြစ်တယ်။ အဲဒီကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

(၅)
ရန်ကုန်မြို့သစ် စီမံကိန်းကိုလုပ်မယ့် အများပိုင်ကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ အဓိကပါဝင်နေတယ်ဆိုတဲ့ သတင်းအတွက် သီးခြားအတည်ပြုချက် မရပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဒီစီမံကိန်းကို စီးဆင်းလာမယ့် ငွေကြေးတွေဟာ တရုတ်နိုင်ငံမှာလုပ်နေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိစ္စတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။

တရုတ်သမ္မတ ရှီကျင်ပင်းလက်ထက်မှာ တရုတ်အစိုးရအဖွဲ့တွင်း အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင် အပြင်းအထန် အရေးယူနေတာပါ။ သူ့လက်ထက်မှာ အဆင့်အသီးသီးမှာ ရှိနေတဲ့ ပါတီအရာရှိပေါင်း နှစ်သိန်းနီးပါး စစ်ဆေးခံနေရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ CNPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌဟောင်း အပါအဝင် အဲဒီကုမ္ပဏီက တာဝန်ရှိသူ ၄၅ ဦးဟာ စစ်ဆေးမေးမြန်း ခံထားရပါတယ်။ ၂ဝ၁၃ ခုနှစ် ဩဂုတ်လထဲမှာပဲ CNPC အဆင့်မြင့်အုပ်ချုပ်ရေး အရာရှိလေးဦးကို လာဘ်စားမှုနဲ့ ရေးယူခဲ့ပါတယ်။ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာတွေအပြင် တခြားလှုပ်ရှားမှုတွေကိုလည်း တရုတ်အစိုးရက စောင့်ကြည့်နေပါတယ်။ ရာထူးအပြောင်းအရွှေ့ ကိစ္စတွေမှာ ပိုင်ဆိုင်မှုတွေကို တရားဝင်ကြေညာစေတာအပြင် အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာစရာတွေ့ရင်လည်း တိုင်ကြားဖို့ ပြည်သူတွေနဲ့ မီဒီယာတွေကို တပ်လှန့်ထားပါတယ်။

တရုတ်အစိုးရရဲ့ လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံအတွက် ကောင်းတဲ့အခြေအနေ ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အဓိက အကြောင်းရင်းက တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲကို စီးဆင်းလာနိုင်တဲ့အချက် ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲ ရောက်နေပြီလား။ ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပါဝင်ပတ်သက်နေသူတွေဟာ တရုတ်လုပ်ငန်းရှင်တွေ ဖြစ်တယ်ဆိုရင် သူတို့က မြန်မာပြည်ဖွား တရုတ်တွေလား။ ဒီကုမ္ပဏီမှာ ပါဝင်ပတ်သက်နေသူတွေကို အများပြည်သူသိအောင် ထုတ်ပြန်ရမယ်။ တကယ်လို့ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတာ အမှန်ဆိုရင် သူတို့တွေရဲ့မှတ်ပုံတင်၊ ကိုယ်ရေးရာဇဝင်နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားတွေ တကယ်ဟုတ်၊ မဟုတ် ဆိုတာကိုပါ ဖော်ထုတ်ရပါလိမ့်မယ်။

(၆)
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းတွေမှာ တရုတ်တွေ ဝင်ရောက်ဈေးကစားနေတယ်ဆိုတဲ့ အချက်က အိမ်ခြံမြေ အကျိုးဆောင်တွေကြားမှာ အခိုင်အမာ ပြောဆိုနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံ ငွေမည်းစီးဆင်းမှု မြင့်မားလာခြင်းက ငွေကြေးစနစ် ယိုင်လဲနိုင်ခြေဖြစ်ဖို့ အကြောင်းတစ်ခု ဖြစ်နေပြီလို့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (FIU) က ပြောထားပါတယ်။

သူတို့ပြောဆိုချက်တွေအရ ဘိန်း၊ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ခဲ့သူတွေထဲက ရာခိုင်နှုန်း ၅ဝ ကျော် အများစုဟာ အိမ်ဝယ်၊ မြေဝယ်၊ ကားဝယ်ပြီး ဘဏ်ထဲထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ငွေကြေးခဝါချမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ငွေမည်းတွေ မြန်မာနိုင်ငံထဲ ဘယ်လောက်စီးဆင်းနေလဲဆိုတာ မှန်းဆရခက်ပါတယ်။

အခုချိန်မှာ ငွေကြေးခဝါချမှု၊ ငွေမည်းစီးဆင်းမှု သတင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံး ပြိုကျသွားနိုင်တဲ့အထိ ကိုင်လှုပ်နိုင်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ အမှန်တကယ်ပဲ စိုးရိမ်စရာကောင်းပါတယ်။

(၇)
ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ခွင့်ပြုတဲ့သူတွေအားလုံးဟာ အကြံကြီးတာလား။ အကြံပက်စက်တာလား။ ပြည်သူလူထုနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို နလပိန်းတုံးလို့ ထင်တာလား။ ဒီလို အတွေးရောက်စေပါတယ်။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်း ဧရိယာဟာ ရန်ကုန်မြို့သစ်တွေ အားလုံးထဲမှာ သန်လျင်မြို့သစ်၊ သီလဝါမြို့သစ်၊ မင်္ဂလာဒုံမြို့သစ် အားလုံးထဲမှာ ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျပြီး မြို့ထဲနဲ့ ခဲတစ်ပစ်ပဲကွာတဲ့ အနေအထားမှာရှိတဲ့ နေရာဖြစ်တယ်။ သူနဲ့ ခဲတစ်ပစ်သာရှိတဲ့ ရန်ကုန်မြို့ထဲမှာ တစ်စတုရန်းပေကို ကျပ်နှစ်သိန်းကနေ သိန်း ၂ဝ ရှိပါတယ်။

ဆိုလိုတဲ့အဓိပ္ပာယ်က တစ်ဧကကို ရန်ကုန်မြို့ထဲမှာ အနိမ့်ဆုံးဈေးနဲ့ တွက်ရင်တောင် အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိတယ်။ အမြင့်ဆုံးဈေးနဲ့တွက်ရင် ဒေါ်လာသန်း ၁ဝဝ၊ ၁၅ဝ လောက် ရှိတယ်။ ဒီခဲတစ်ပစ်သာ ရှိတဲ့နေရာမှာ မြေကွက်ရဲ့ဈေးနှုန်းဟာ မပြုပြင်ရသေးတဲ့ အခြေအနေမှာ ဒေါ်လာဘီလျံ ၂ဝဝဝ လောက်တန်တယ်။ သန်း ၁ဝဝ နဲ့ တံတားငါးစင်း ထိုးပြီးသွားလို့ တစ်ဘီလျံနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီးလို့ ပြုပြင်ပြီးသွားတဲ့အချိန်မှာ ဘီလျံဒေါ်လာ ၅ဝဝဝ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီဧရိယာရဲ့ အကျယ်အဝန်းက စင်ကာပူရဲ့ လေးပုံတစ်ပုံရှိတယ်။ ရှန်ဟိုင်းရဲ့ Pu Dong ဧရိယာလောက် ရှိတယ်။ ဟောင်ကောင်ရဲ့ Kowloon ကျွန်းနီးပါးလောက် ရှိတယ်။

နောက်တစ်ချက်က ဒီနေရာကို ရွေးချယ်ထားတဲ့သူဟာ ကွမ်းခြံကုန်းမှာ စုစုပေါင်း မဂ္ဂါဝပ် ၃၂၇ဝ အထိ ထွက်ရှိနိုင်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။ ဒီမြို့ပြ စီမံကိန်းအတွက် ဒီဓာတ်အားပေးစက်ရုံကို ကြိုတင်တည်ဆောက်ထားဖို့ ကြိုးစားခဲ့ပုံရပါတယ်။ ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မယ့် ကုမ္ပဏီက အေးရှားဝေါလ်ကုမ္ပဏီ အုပ်စုခွဲဖြစ်တဲ့ ကောင်းမြတ်သောမြေကုမ္ပဏီ ဖြစ်ပါတယ်။

ဩဂုတ် ၂၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာလည်း ကွမ်းခြံကုန်းမှာတည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ စက်ရုံကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့တဲ့အကြောင်း၊ စက်ရုံပြီးသွားရင် ရန်ကုန်နဲ့ ကွမ်းခြံကုန်းတဝိုက်မှာ ဘယ်လိုအကျိုးဖြစ်ထွန်းကြောင်း စတာတွေကို မြို့သစ်စီမံကိန်း သတင်းနဲ့အတူ ချိန်သားကိုက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဖော်ပြချက်ကို ကြည့်ခြင်းအားဖြင့် မြို့သစ်စီမံကိန်းနဲ့ ကျောက်မီးသွေးစီမံကိန်းစက်ရုံဟာ ကြိုတင်အကွက်ချထားတာ ဖြစ်နေပါတယ်။ မြို့သစ်စီမံကိန်းနဲ့ အေးရှားဝေါလ်ကုမ္ပဏီကလည်း ပတ်သက်နေနိုင်ပါတယ်။

အေးရှားဝေါလ်ဟာ မြို့သစ်စီမံကိန်းကို ကြိုတင်သိရှိပြီး တွက်ချက်ထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီမံကိန်းကို လုပ်ခဲ့သူတွေဟာ အကြံကြီးတဲ့သူတွေဖြစ်ပြီး ဒီနောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် ဟောင်ကောင်က တရားမဝင်ငွေကြေးတွေ ရှိနေနိုင်ပါတယ်။

(၈)
ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်လဲ။ ဒီလို မြို့သစ်ကိစ္စဟာမျိုးက အစိုးရကပဲလုပ်ရတာ ဖြစ်ပါတယ်။ ဒီလောက် ဧရိယာတန်ဖိုးကြီးတဲ့ မြေတွေကို အစိုးရက မြေသိမ်းဖို့အတွက် ဥပဒေပြုရပါမယ်။ မြေပိုင်ရှင်တွေကို လျော်ကြေးပေးရမယ်။ ဘယ်လောက်လျော်ကြေးပေးမယ်ဆိုတာကို ဥပဒေနဲ့အညီ ပြောရမယ်။ တစ်ဧကကို သိန်း ၁ဝဝ၊ ၂ဝဝ ပေါက်ရင် ၅ဝဝ ထက်ပိုမပေးဘူး။ မရောင်းချင်တဲ့သူတွေကို မြေဘယ်လောက်ပေးမယ်။ တိုက်ခန်းပေးမယ်။ ရောင်းချင်တဲ့သူတွေကို ကာလပေါက်ဈေးက အခု ၁ဝဝ ရှိရင် ၂ဝဝ ပေးမယ်။ ဒီလိုမျိုး ဥပဒေပြုပြီး သိမ်းရမယ့်ဟာမျိုးကို လက်လွတ်စပယ်နဲ့ ကုမ္ပဏီတစ်ခု၊ ဘာမှ အခြေအမြစ် ခိုင်ခိုင်မာမာမပြနိုင်သေးဘဲ နိုင်ငံတကာမှာ ရှယ်ယာရောင်းစားမယ့် ကုမ္ပဏီတစ်ခုကို လွယ်လင့်တကူပေးတာဟာ အကြံပက်စက်လွန်းပါတယ်။

သူတို့လုပ်မယ့်ပုံစံက ရှင်းပါတယ်။ ငွေနည်းနည်းနဲ့ ရင်းနှီးမြှုပ်မယ်။ ပြီးတဲ့အခါ ပြည်ပနိုင်ငံတစ်ခုမှာ ကုမ္ပဏီကို listed လုပ်ပြီး နိုင်ငံတကာကလူတွေကို ရှယ်ယာရောင်းမှာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့တိုးချဲ့ဖို့ သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်းကို ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာရှိတဲ့ အေးရွာဘက်မှာ ခရိုနီတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ မြေကစားမှုတွေ ဖြစ်ခဲ့ပါတယ်။ အေးရွာဘက်ခြမ်း မြေကစားမှုတွေမှာ တစ်ဧက ငွေကျပ် ၁၈ သိန်းကနေ သိန်း ၁၆ဝ အထိ ဖြစ်သွားချိန်မှာ ရပ်သွားပြီး တရုတ်တွေ ဝင်ကစားပါတယ်။ တစ်ဖက်မှာလည်း ရန်ကုန်တစ်ဖက်ခြမ်းကို ကိုရီးယားနိုင်ငံဘက်က တံတားထိုးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီအချက်တွေကလည်း အခုထုတ်ပြောလာတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြိုတင်အကွက်ချစီမံကိန်း ဖြစ်နိုင်ပါတယ်။

(၉)
အခုလုပ်မယ့် စီမံကိန်းအရ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေအပြင် နောက်ထပ် ဒလ၊ ကွမ်းခြံကုန်း ပယ်လယ်ထွက်ပေါက်အထိ ထပ်ချဲ့နိုင်တဲ့ ဧရိယာတွေ ရှိနေတယ်။

နောက်ပြီး ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်တင် မကဘူး။ တိုင်းပြည်မှာ မြေနေရာအကျယ်ဆုံးနဲ့ တန်ဖိုးအရှိဆုံးမြေနေရာ ဖြစ်ပါတယ်။ ဒါကို လက်လွတ်စပယ် ရောင်းစားခဲ့တာက လုံးဝမဖြစ်နိုင်ဘူး။ အခုဖြစ်နေတဲ့ပုံစံက ရောင်းစားစရာမရှိတော့ နောက်ဆုံး ပင်လယ်ဘက်ထွက်ပေါက်ကို ရောင်းစားသလို ဖြစ်နေပါတယ်။

စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ရှိနိုင်တာဖြစ်လို့ တိုင်းပြည်ရဲ့ အချက်အချာ၊ ဆိပ်ကမ်း၊ ပင်လယ်နဲ့နီးတဲ့ ထွက်ပေါက်တစ်ခုကို လက်လွတ်စပယ် ရောင်းစားခဲ့ခြင်းရဲ့ နောက်ကွယ်က ကိစ္စတွေကို စုံစမ်းဖော်ထုတ်ရပါမယ်။

အများပိုင်ကုမ္ပဏီ ဆိုပေမယ့် ဒီနောက်ကွယ်မှာ တရုတ်တွေပဲ ရှိနိုင်ပါတယ်။ ဒီစီမံကိန်းကို ပြည်တွင်းကလူတွေ မရင်းနှီးနိုင်ဘူး။ ဒီနောက်ကွယ်မှာ နိုင်ငံခြားကုမ္ပဏီတစ်ခုက ငွေကြေးထောက်ပံ့မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့က ပထမဆုံး ဖော်ထုတ်ရမယ့်ကိစ္စက ဒီစီမံကိန်း ဖြစ်လာပါပြီ။

စုံစမ်းလို့ မရဘူးဆိုတာကိုတော့ မဖြစ်နိုင်ပါဘူး။ ၂ဝ၁၁ ခုနှစ်တုန်းက အိမ်ခြံမြေပိုင်ဆိုင်မှု ကိစ္စတွေနဲ့ အမှုဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးရဲ့ အမှုကိုတောင် ဖော်ထုတ်နိုင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ သတင်းမီဒီယာတွေရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့နေသလဲဆိုတဲ့ အချက်သိဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သေးတာပဲ။

(၁၀)
အခုစီမံကိန်းကို လုပ်ကိုင်မယ့် အများပိုင်ကုမ္ပဏီက လူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဖော်ထုတ်ရပါမယ်။ လက်ရှိအချိန် မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီလို့ ပြောပေမယ့် အများပိုင်တာ တစ်ခုမှမရှိသေးဘဲ ခရိုနီတွေပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကြားထဲမှာ နာမည်ပျက်တွေ အများကြီးဖြစ်နေတယ်။ သူတို့သားသမီးတွေ၊ သူတို့မိသားစုဝင်တွေရဲ့ လုပ်ငန်းတွေက အရမ်းကျယ်ပြန့်နေပါတယ်။ တိုင်းဒေသကြီးတွေကို အာဏာခွဲဝေပေးတဲ့ အချိန်ကစပြီးတော့ အဂတိလိုက်စားမှု၊ ခြစားမှုတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေကြားထဲမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

တိုင်းပြည်က ဖွတ်မွဲပြာစု ဖြစ်ရတဲ့အထဲ ရှိသမျှ သယံဇာတတွေကို ရောင်းစားလို့ကုန်လို့ နောက်ဆုံးအချိန်မှာ ဒီဟာကိုပါ ထပ်ရောင်းစားမယ်။ တိုင်းပြည်ရဲ့ အသည်းနှလုံး၊ ရန်ကုန်မြို့ရဲ့ အသည်းနှလုံး။ ပင်လယ်ဘက်ထွက်ပေါက် အကြီးဆုံး အကောင်းဆုံးမြေနေရာ။ မြန်မာတစ်ပြည်လုံးမှာ တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားမယ်ဆိုတာကို လုံးဝလက်မခံနိုင်ဘူး။ ပြည်သူလူထုက လက်ခံလို့မရဘူး။

အခုချိန်မှာ အစိုးရအနေနဲ့ လုပ်ရမှာက စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာပါ။ ပြီးမှ စီမံကိန်းလုပ်ကိုင်ခွင့်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံး ပါဝင်မယ့် Developer တွေကိုခေါ်ပါ။ ဒီလိုခေါ်ပြီးမှ စီမံကိန်းအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးပါ။ ဒါမှသာလျှင် တရားဥပဒေနဲ့ကိုက်ညီပြီး မှန်ကန်မျှတမှုရှိတဲ့ စီမံကိန်း ထွက်ပေါ်လာမှာပါ။

(၁၁)
ဒီစီမံကိန်းရဲ့ တန်ဖိုးဟာ အကောင်အထည်ဖော်ပြီးသွားရင် အမေရိကန်ဒေါ်လာ ဘီလျံထောင်နဲ့ချီပြီး တန်ဖိုးရှိမယ့်နေရာ ဖြစ်ပါတယ်။ အခုရင်းနှီးမှာက ၁၅ ဘီလျံပဲ ရှိပါတယ်။

ဒီကိစ္စမှာ အေးရှားဝေါလ်ကုမ္ပဏီလည်း ပတ်သက်မှုရှိနိုင်ပါတယ်။ အေရှားဝေါလ်နောက်ကွယ်မှာ တရုတ်တွေ ပတ်သက်မှုရှိတယ်။ ငွေမည်းတွေ ပတ်သက်မှုရှိတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ကအဓိကလုပ်ကိုင်နေတဲ့ စီမံကိန်းတွေမှာ ပတ်သက်နေပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ဆုံစီမံကိန်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတစ်လျှောက်လုံးကို ဖြတ်ပြီးသွယ်တန်းထားတဲ့ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းတွေမှာ ပတ်သက်နေပါတယ်။

အခု ရန်ကုန်မြို့ကိုပိတ်ဆို့ပြီး ပင်လယ်ထွက်ပေါက် တစ်ခုလုံးကိုယူမယ့် ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း အေးရှားဝေါလ်ကုမ္ပဏီက ကင်းကင်းရှင်းရှင်း မရှိပြန်ဘူး။ ဒီသုံးခုစလုံးမှာ အေးရှားဝေါလ်ကုမ္ပဏီနဲ့ တရုတ်လုပ်ငန်းရှင်တွေ ပတ်သက်နေတာဟာ တိုက်ဆိုင်မှု မဟုတ်တော့ပါဘူး။

မြစ်ဆုံစီမံကိန်းကိစ္စမှာ အကျိုးအမြတ်တွေကို တရုတ်ဘက် ရွှန်းရွှန်းဝေပြောခဲ့ပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းမှာလည်း ဒီအတိုင်းပါပဲ။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စမှာလည်း မြို့တော်ဝန်ဦးလှမြင့်က အကျိုးအမြတ်တွေအကြောင်း ပြောခဲ့တာဟာ မြစ်ဆုံ၊ လက်ပံတောင်းကိစ္စတွေမှာ တရုတ်တွေပြောတာနဲ့ အတူတူလို ဖြစ်နေပါတယ်။

အထူးသဖြင့် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်း၊ ရထားလမ်းစီမံကိန်း အစရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လာရင် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေဟာ ပြည်သူတွေကို နလပိန်းတုံးလို ထင်ခဲ့တာလား။ တစ်တိုင်းပြည်လုံးကို နလပိန်းတုံးလို ထင်ခဲ့တာလား။ အခု ရန်ကုန်မြို့သစ် စီမံကိန်းဆိုပြီး ရန်ကုန်ကို တရုတ်တွေ ရောက်လာပြီလား။ ပြည်သူတွေက နလပိန်းတုံးတွေ မဟုတ်ပါဘူး။\

Eleven Media Group

သူ့ တရုတ်ယောက်ျား၏ နှစ်ထပ်အိမ်ပြူ တင်းပေါက်ကနေ ခုန်ချခဲ့တုန်းက ကချင်မလေး လန်မွန်ဗောက်ဒင်၏ ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိသည်။

"ငါ ဒီမှာကြာကြာနေရင် ရူးမှာဘဲ" ဆိုသည့်အတွေးသာဖြစ်၏

ထိုအဖြစ်အပျက်တွေက ၂၀၀၈ ခုနှစ် ဖြစ်ခဲ့တာဖြစ်သည်။

ထိုစဉ်က ဗောက်နွန်၏ အသက်က ၁၉ နှစ်သာ ရှိသေး၏။ မြန်မာပြည်မှာ တိုက်ပွဲ တွေဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင်အမျိုးသမီးဖြစ် သည့်အတွကိ ဗောက်ဒင်က စစ်ပွဲ၊ ပဋိပက္ခနှင့် ညှင်းပန်းနှိပ်စက်မှုများနှင့် ကြီးပြင်း လာခဲ့ရသူဖြစ်သည်။ မူလ တန်းပညာရေးသာ ကျောင်းနေခဲ့ရပြီး နာမကျန်းဖြစ်နေသော မိခင်နှင့် ကြည့် ရှုရမည့် မောင်နှမများစွာ ရှိသည့် အ တွက် ဗောက်ဒင်က တခြားရှမ်းမများ၊ ကချင်မများလုပ်သလိုပဲ လိုက်လုပ်ခဲ့ ရသည်။ တရုတ်နိုင်ငံကို တရားမ၀င် ၀င်ရောက်ပြီး အလုပ်ရှာခြင်းပင်။

သည်အချက်က နဂိုထဲက ဒုက္ခ သုက္ခများကြုံတွေ့နေရသော သူ့ဘ၀ ကို ပိုပြီး ဆိုးသွားစေခဲ့ပါသည်။ တရုတ် မြန်မာနယ်စပ် ဂျေဟောင်က ကြံစိုက်ခင်း တစ်ခု မှာ တစ်နေ့ ၈ ဒေါ်လာနှင့် သုံးလလောက်လုပ်အပြီးမှာ တရုတ် ပြည်အတွင်းထဲ သွားလုပ်ပါက အ လုပ်ကောင်းကောင်းရမည်ဟု သူ့ကို ဆွဲဆောင်ခြင်းကို ခံရသည်။ ဗောက် ဒင်ကား ငါးစာကိုသာမြင်ပြီး ငါးမျှား ချိတ်ကိုတော့ မမြင်သူသာတည်း။

တစ်ခါမှသူမမြင်ဖူးသူ ယောက်ျားတစ် ယောက်၏ ငွေဝယ်ကျွန်သတို့သမီး အဖြစ် အတင်းအကျပ် လက်ထပ်ခိုင်း ပြီး အကျဉ်းသားတစ်ယောက်လို နေ ရတော့မည်ဆိုတာကို သူမသိခဲ့ပါ။

ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီး အဖွဲ့၏ ပြောကြားချက်အရ တရုတ် မြန်မာ နယ်စပ် တွင် လူကုန်ကူးမှု ပြ ဿနာအများစုတွင် ပါဝင်ပတ်သက် နေသူများမှာ ဆင်းရဲခြင်းနှင့်ပြည်တွင်း စစ်ပွဲများကြောင့် စားဝတ်နေရေး မတည်ငြိမ်သည့် အတွက် တရုတ်ကို တရားမ၀င်ကူးလာခဲ့သူ ရွှေ့ပြောင်း အလုပ်သမားများဖြစ် သည်။

ကချင်နှင့်ရှမ်းအမျိုးသမီးအများ စုမှာ လူကုန်ကူးသူများ၏ အဓိကပစ် မှတ်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ကချင် အမျိုးသမီးအဖွဲ့၏ လူကုန်ကူးမှုတား ဆီးရေးတာဝန်ခံ အွန်နွန်ကဆိုသည်

“ဘာလို့လဲဆိုတော့ သူတို့က တရုတ်လိုမပြောတတ်ဘူး၊ ပတ်စ်ပို့ လည်းမရှိဘူး။ မှတ်ပုံတင်လည်း မရှိ ဘူး အယုံလဲလွယ်ကြတယ်”

ဗောက်ဒင်နှင့် တခြားအမျိုးသမီး ငါးယောက်က ထိုနေရာကနေ ဘေ ဂျင်းမြို့ကို သုံးရက်ကြာခရီးနှင်လာခဲ့ ပါသည်။ ဘေဂျင်းရောက်တော့ အ ချင်းချမ်း လမ်းခွဲ သွားကြသည့် အ တွက် ထိုအမျိုးသမီးများကို ဗောက် ဒင် ထပ်မမြင်ရတော့ ပါ။ ဗောက်ဒင် ကို ခေါ်လာသူက သူ့မိသားစုဆီကို ခေါ်သွား သည်။ ထိုအခါ ဗောက်ဒင် က သူ၏ညီအငယ်ကို လက်ထပ်ရ မည်မှန်းသိသွားခဲ့သည်။

ကျွန်မက သူတို့မိသားစုကို အိမ် ပြန်ချင်တယ်လို့ပြောတယ်။ ဒါပေမဲ့ သူတို့က နင့်ကို ၀ယ်ထားပြီးသား။ ပြန်လို့မရဘူးလို့ပြောတယ်။

ထိုမိသားစုက ဂျေဟောင်ရှိလူပွဲ စားကနေ ဗောက်ဒင်ကို ဒေါ်လာ ၆,၅၀၀ နှင့် ၀ယ်ယူခြင်းဖြစ်ပါသည်။ သူတို့၏ ရည်ရွယ်ချက်က ဗောက်ဒင် က သူတို့မိသားစု အတွက်ကလေး မွေးပေးရမည် ဖြစ်ပါသည်။

တရုတ်နိုင်ငံက ကျား၊မ မညီမျှမှု ပြသာနာ ၂၀၁၃ ခုနှစ် အမေရိကန် ၀န်ကြီးဌာန လူကုန်ကူးမှ မှတ်တမ်းအရ တရုတ်နိုင်ငံမှာ ကလေးတစ်ယောက်သာ ယူခွင့်ရှိ သည့် မူဝါဒကြောင့် မိန်းမရှားပါးပြီး လက်ထပ်ရန် မိန်းမလိုအပ်မှု များ လာခဲ့ သည် ဟုဆိုသည်။ အဆိုပါမှတ် တမ်းအရ မိန်းကလေး မွေးနှုန်း မှာ ယောက်ျားလေး ၁၁၈ ဦးကို ၁၀၀ နှုန်း ဖြစ်နေသည့်အတွက် ၂၀၂၀ ခုနှစ် တွင် မိန်းမ မရှိဘဲနေရမည့် အမျိုးသား ဦးရေမှာ တရုတ်နိုင်ငံတွင် ၂၄ သန်း ခန့်ရှိလာမည်ဟု ဆိုသည်။ ထိုကဲ့သို့ လက်ထပ်ရမည့် မိန်းမလိုအပ်လာခြင်း က တရုတ်ပြည်၏ တိုးတက်လာမှုနှင့် အတူ ပိုများလာခဲ့ပါသည်၏။

ကလေးမွေးမှ ကောင်းသည်ဟုသောအယူအဆရှိသည့်တရုတ်နိုင်ငံ ၌ ကျေးလက်ဒေသများရှိယောက်ျား များမှာ လက်ထပ်မယ့်သူမရှိသဖြင့် လက်ထပ် ရမည့်မိန်းမကို ရှာဖွေလာ ကြသည်။

ကချင်အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့၏စာရင်းများအရ လူကုန် ကူးမှု ၁၆၃ ခုတွင် အများစုမိန်းကလေး များမှာ တရုတ်လယ်သမားများကို လက်ထပ်ကြ ရသည်။ ဗောက်ဒင်ကဲ့ သို့ မိန်းကလေးအချို့ကမူ ဘေဂျင်း လို မြို့ကြီးများ ကိုခေါ်ဆောင်ခြင်းခံရ သည်။

ဘေဂျင်းရှိ အိမ်ကိုရောက်ပြီး ငါး ရက်အကြာမှာ ဗောက်ဒင်မှာ အတင်း အကျပ် မင်္ဂလာဆောင် ပေးတာကို ခံရသည်။ ထို့နောက်မှာတော့ သူ၏ဘ၀ က နေအိမ် အကျယ်ချူပ်ချခံရသလိုဖြစ်သွား၏။

သူတို့က ကျမကို အိမ်ထဲမှာပိတ် ထားတယ်။ ကျွန်မက မြန်မာပြည်က လာတယ် ဆိုတာသိတော့ ထွက်ပြေး မှာစိုးတယ်လေ။ တစ်ခါမှအပြင်မထွက် ရဘူး သူတို့ကျွေး တာဘဲစားရတယ်။

နောက်ဆုံးမှာ သူတို့က မြန်မာ ပြည်ရှိ ဗောက်ဒင်အမေကို ဖုန်းခေါ် ခွင့်ပေး သည်။ ဗောက်ဒင်တရုတ်ပြည် ကို ခေါ်သွားခံရပြီး ယောက်ျားပေးစား ခံရသည့် အကြာင်းကိုသိလိုက်ရတော့ သူအမေကအံသြတုန်လှုပ်သွားသည်။

အမေက ကျမကိုလိုက်ရှာပါတယ်။ ဒါပေမဲ့ တရုတ်ပြည်က အကြီးကြီး လေ။ အမေ့မှာ လာစရာလမ်းစရိတ် မရှိဘူး။

စိတ်ဒဏ်ရာ
-----

ပိုင်ဆိုင်မှုများနှင့် အိုးအိမ်မြေ။ ဘ၀တွေစစ်ပွဲတွေမှာ ဖျက်ဆီးခံရပြီး လူကုန်ကူး ခံရသည့် ကချင်နှင့် ရှမ်း အမျိုးသမီးများသည် သူတို့ဇာတိမြေ ကို ပြန်လာဖို့ လွမ်းဆွတ်နကြပါသည်။ သို့သော်လည်း ရိုးရာယဉ်ကျေးမှုတ ချို့ကြောင့် တချို့ ကလည်း လူကုန် ကူးခံရသော်လည်း ဇာတိကိုပြန်မလာ ချင်ကြပါ။

“ပြန်လာတဲ့သူတွေက မကြာခဏ လူအသိုင်းအ၀န်းက ခွဲခြားဆက်ဆံတာ ခံရတယ်။ တချို့မိဘတွေကလည်း အဲလိုလူကုန်ကူးခံရသူတွေနဲ့ လက်ထပ်ဖို့ ခွင့်မပြူဘူး။ အများစုကတော့ တခြားသူတွေလို ဘ၀မှာအခွင့်အရေး အတူတူ မရရှာဘူး” ဟု အွန်နွန်က ရှင်းပြသည်။

တစ်နှစ်နီးပါးလောက်အပိတ်ခံ ထားရအပြီး ဗောက်ဒင်မှာ မြန်မာ နယ်စပ်ကို သွားရန် ဒေါ်လာငွေ ၁၆၂ ဒေါ်လာလောက်ရှိသည့်တရုတ်ယွမ် ငွေများ ကို စုမိလာသည်။တစ်မနက် မှာတော့ သူက နှစ်ထပ်အိမ်ပြတင်း ပေါက်ကနေ ခြံစည်းရိုးအပြင်ကို ခုန် ချထွက်ပြေးလာခဲ့သည်။ သူက ရထား ဘူတာရုံကို ထွက်ပြေးခဲ့သည်။ သို့ သော် မှတ်ပုံတင်မရှိသဖြင့် ရဲဖမ်းခံရ သည်။ အိမ်ထောင် ရှိသည်ဟုပြောပါ က သူ့ယောက်ျားအိမ်ကို ပြန်သွားရ မည်စိုးသဖြင့် တရုတ်နိုင်ငံ ကို အလုပ် လုပ်ရန်လာသည်ဟု ဗောက်ဒင်က ရဲကိုပြောလိုက်သည်။ ရဲက မြန်မာ ပြည်ကိုပြန်ရန် ထောက်ခံစာရေးပေး လိုက်သည်။

ခရစမ္မတ်အပြီးနောက် တစ်ရက် မှာ ဗောက်ဒင်က ကချင်ပြည်နယ်က အိမ်ကိုပြန်ရောက်လာပါသည်။ အိမ် နီးနားချင်းနှင့်မိတ်ဆွေများက သူ့ကို အလုပ် နားရက်ရ၍ပြန်လာသည်ဟုထင်ကြသည်။ သူက တရုတ်ပြည် က ငွေ ၀ယ်ကျွန် သတို့သမီးဘ၀က ထွက်ပြေးလွတ်မြောက်လာသည်ကို မသိကြ ပါ။ ဗောက်ဒင်ကလည်း လူ အထင်သေးခံရမည်စိုးသဖြင့် အဖြစ် မှန်ကို မပြောပြပါ။

နောက်ဆုံးတော့ ဗောက်ဒင်လူ ကုန်ခံရသည့်သတင်းက တစ်ဆင့်စကား တစ်ဆင့်နားပျံနှံ့လာပြီး ဗောက် ဒင်က သူ့အတွေ့အကြုံများကို အားလုံးကို ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်သည်။

ဗောက်ဒင်အနေဖြင့် သူအတိတ် ကိုသင်ပုန်းချေပြီး သူကိုချစ်မြတ်နိုး သည့် ကချင် အမျိုးသားတစ်ဦးးနှင့် ဆုံခွင့်ရသည့်အတွက် ကံကောင်းပါ သည်။ သို့သော် သူယောက်ျား၏ အ မေကတော့ ဗောက်ဒင်နှင့်သဘော မတူပါ။

“ကျွန်မယောက်ျားနှင့်ကျွန်မတို့ သူအမေဆီသွားလည်တဲ့အခါ ယောက္ခ မက ကျွန်မကို စကားမပြောဘူး။ ပြော တော့လဲ ကျွန်မတို့ ဘယ်တော့ကွာ ရှင်းမှာ လဲတဲ့လေ”

မြန်မာပြည်မှာ အသစ်တဖန်ပြန်ကျော့ ပြည်တွင်းစစ်ပွဲများ
------------

နောက်ထပ် လူကုန်ကူးမှုများဖြစ် ပွားရသည့်အကြောင်းရင်းမှာ ၂၀၁၁ ခုနှစ် ဇွန်လ ကစပြီး ပြန်လည်ဖြစ်ပွား လာသော ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာစစ်တပ်အကြားက တိုက်ပွဲ များ ကြောင့်ဖြစ်သည်။ ထို တိုက်ပွဲများကြောင့် လူတစ်သိန်းလောက် အိုးအိမ် မဲ့ဖြစ် ကာ ဘ၀တွေ ဖျက်ဆီးခံရသည်။ အများစုက တရုတ်ပြည်ကို သွားပြီး အလုပ်လုပ်ရာ တချို့မှာ ဘယ်တော့မှ ပြန်မလာနိုင်တော့ပါ။

ဗောက်ဒင် အတွက်တော့ ယခုအ ချိန်ထိ ဘ၀ဆိုသည်မှာ စိန်ခေါ်မှုများ နှင့် အပြည့်ဖြစ်နေဆဲပါ။ ယခုလည်း ကချင်ပြည်နယ်က တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းမှာ နေနေရသည်။ ငွေရင်းလည်းမရှိ ပညာလည်းမတတ် သဖြင့် တောထဲက ဟင်းသီးဟင်းရွက် များခူးပြီး ဈေးမှာရောင်းကာ အသက် မွေးနေရသည်။ သို့သော်လည်း ချစ် သူကို လက်ထပ်ရ သဖြင့် ဗောက်ဒင် က ပျော်ပါသည်။

“ကျွန်မတို့နှစ်ယောက်က ချစ်ကြ တယ်။ အဆင်လည်းပြေပါတယ်။ ဒါ ပေမဲ့ ကျွန်မတို့ဆင်းရဲပါတယ်။ ဒီလို နဲ့နေ့တိုင်းအတွက် အသက်ရှင်နေရ တာဘဲလေ”

( အယ်လဂျားဇီယားသတင်းဌာန တွင် ပါရှိသော A Forced bride ဆောင်းပါး အား လင်းလင်း ဘာသာပြန်ဆိုသည်။ )

အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်မနေသေးကြောင်း ပြည်သူတွေ အမှန်အတိုင်းသိရှိဖို့ လိုအပ်တယ်လို့ NLD ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ပါတယ်။ စာပေနယ်ပယ်က စာရေးဆရာ၊ ထုတ်ဝေသူ၊ ကာတွန်းဆရာ၊ ပန်းချီဆရာတွေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။ ဗွီအိုအေ ရန်ကုန်ရုံးခွဲသတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ရောက်မနေသေးတဲ့အတွက် အဖြစ်မှန်ကို စာပေအနုပညာရှင်တွေအနေနဲ့ ပြည်သူကို သိသာထင်ရှားစွာ မြင်နိုင်အောင် ကူညီပြောဆိုကြဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

“ကျမတို့နိုင်ငံရဲ့ တကယ့် ပကတိအခြေအနေ၊ ဒီနိုင်ငံဟာ တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရောက်နေသေးတာ မဟုတ်ဘူးဆိုတာကို ထင်ရှားအောင်လို့၊ သိသာအောင်လို့၊ ကျမတို့ စာပေအနုပညာရှင်တွေကလည်း ဝိုင်းပြီးတော့ကူညီကြဖို့ လိုပါတယ်။ ဒီလို ကျမပြောခြင်းဟာ သက်သက် အပြစ်ရှာချင်လို့ပြောခြင်း မဟုတ်ပါဘူး။ ဒါပေမယ့် အပြစ်မရှိဘူးလို့ ထင်နေလို့ရှိရင် ဒီအပြစ်တွေကို ထပ်တလဲလဲ လုပ်နေမှာစိုးလို့ ဖြစ်ပါတယ်။ ကျမပြောပါတယ်။ မဝေဖန်ဘူး၊ မဝေဖန်ဘူး ဆိုလို့ရှိရင် ထပ်ပြီးတော့ လုပ်စရာမလိုတော့ဘူး၊ ပြုပြင်စရာ မလိုတော့ဘူး၊ ဒီပုံပဲ ဆက်ပြီးတော့ သွားနေမယ်ဆိုရင် ကျမတို့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီရနိုင်မှာလဲ၊ ဒီပုံစံက ဒီမိုကရေစီပုံစံမှ မဟုတ်ဘဲ။ အဲဒီတော့ ဒီမိုကရေစီပုံစံမဟုတ်တာကို၊ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ကျမတို့က ပြောဖို့လိုပါတယ်။”

ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပေအနုပညာရှင်များတွေ့ဆုံပွဲမှာ အခုလို ပြောလိုက်တာပါ။ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး စာပေအနုပညာရှင်တွေအနေနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံထူထောင်နိုင်ရေး အရေးကြီးတဲ့ စိတ်ဓာတ် တော်လှန်ရေးနဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု ရှိစေရေးအတွက် စာပေရဲ့ သြဇာသက်ရောက်မှုကို အသုံးပြုရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ် တခုထူထောင်ရုံနဲ့မရပါဘူး။ ယဉ်ကျေးမှုတခုအနေနဲ့ ကျမတို့မြင်မှ ခိုင်မြဲလိမ့်မယ်လို့ ကျမ ပြောပါတယ်။ အဲဒီတော့ ကျမတို့ဒီလို စိတ်ဓာတ်တော်လှန်ရေးပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုတခု ထူထောင်တာပဲဖြစ်ဖြစ်၊ အဲဒီလို ကိစ္စတွေမှာဆိုလို့ရှိရင် စာပေ၊ အနုပညာရှင်များရဲ့ကဏ္ဍဟာ အင်မတန်မှ အရေးပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေ၊ အနုပညာရှင်တွေရဲ့သြဇာကြောင့်မို့လို့၊ နိုင်ငံရေးအရကော၊ ယဉ်ကျေးမှုအရရော အပြောင်းအလဲတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလို အပြောင်းအလဲတွေ မှန်တဲ့ဘက်ကို ရောက်ဖို့ဆိုတာလည်း အားလုံးမှာ တာဝန်ရှိတယ်လို့ ကျမက ယူဆပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲကို စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာတွေအပြင် စာပေထုတ်ဝေသူတွေနဲ့ ပန်းချီဆရာတွေစတဲ့ မြန်မာ့စာပေ နယ်ပယ်က အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ စာပေအနုပညာရှင်တွေအနေနဲ့လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သတ်တဲ့အမြင်တွေကို ပြောဆိုခဲ့ပါတယ်။ ကဗျာဆရာ သစ္စာနီကတော့ ကဗျာဆရာတွေရဲ့ နိုင်ငံရေးရပ်တည်ချက်ကို အခုလို ပြောပြခဲ့ပါတယ်။

“ကဗျာဆရာတွေနဲ့နိုင်ငံရေးနဲ့ ဘာဆိုင်လို့လဲလို့ ကဗျာဆရာတချို့ကလည်း ပြောတယ်၊ အရပ်သားတချို့ကလည်း ပြောတယ်။ ကျနော့်အမြင် ပြောရရင်တော့ ကဗျာနဲ့နိုင်ငံရေး၊ သို့မဟုတ် ကဗျာဆရာနဲ့ နိုင်ငံရေးသမားဆိုတာ အတူတူပါပဲ။ အခြေခံအားဖြင့် ကျနော်သိတဲ့ အချက်သုံးချက်အပေါ် ကဗျာဆရာရော၊ နိုင်ငံရေးသမားရော တစ်-အချက်က အမှန်တရားကို မြတ်နိုးတယ်၊ နှစ်-အချက်က အဖိနှိပ်ခံပြည်သူတွေဘက်က အမြဲရပ်တည်တယ်။ သုံးအချက်က အကျိုးရလဒ်ကို မျှော်ကိုးပြီးတော့ ဘယ်တော့မှ မလုပ်ဘူး။”

ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာမှာ အနုပညာဟာ အနုပညာအတွက် သက်သက်သာဖြစ်တယ် ဆိုတဲ့ စိတ်မျိုးထက် ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ပိုမိုကြိုးစားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“အနုပညာသည် အနုပညာသက်သက်အတွက်သာ-ဆိုတဲ့ အနေအထားမျိုး၊ အယူအဆမျိုးဟာ နိုင်ငံတနိုင်ငံဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရ အတိုင်းအတာတစ်ခုအထိ တိုးတက်တည်ငြိမ်နေပြီဆိုရင်တော့ အဲဒီလို သဘောထားတွေနဲ့ လုပ်လို့ရတယ်လို့ ကျမ လက်ခံတယ်။ သို့သော်ငြားလည်း ကျမတို့နိုင်ငံလို အားလုံးက ဝိုင်းပြီးတော့ ရုန်းရမယ့်အချိန်မှာ အနုပညာရှင်များဟာ အနုပညာအတွက် သက်သက်ပဲလို့ ဆိုတာတော့ မသင့်လျော်ဘူးလို့ ဒါ- ကျမ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ကိုယ့်ရဲ့ကျွမ်းကျင်ရာ၊ ကိုယ့်ရဲ့စိတ်ပါဝင်စားရာ ဘာသာရပ်တခုကိုပဲ ဦးစားပေးမယ်၊ ဒီဟာကိုပဲ မီးမောင်းထိုးပြီးတော့ အာရုံစိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့တော့ ကျမတို့ လုပ်မယ်ဆိုရင် ကျမတို့နိုင်ငံဟာ တိုးတက်မှုကို မြန်နိုင်သမျှ မြန်မှာ မဟုတ်ဘူးလို့ ကျမထင်ပါတယ်။”

စာပေအနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှာ စာပေထုတ်ဝေသူတွေကလှူဒါန်းတဲ့ စာအုပ်စာတမ်းတွေကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံခဲ့ပါတယ်။ စာပေအနုပညာရှင်တွေရဲ့ စာပေတွေဟာ လူထုအတွက် ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့နဲ့ စိတ်ဓာတ်တော်လှန်ရေး အတွေးအခေါ်တွေကို ဖြစ်စေတဲ့အတွက် လူထုရဲ့ လိုအပ်ချက် နိုင်ငံရဲ့ လိုအပ်ချက်ကို ဖြည့်စည်းနိုင်အောင် ကြိုးစားကြဖို့ စာပေအနုပညာရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ။

VOA

အီဘိုလာရောဂါပျံ့နှံမှုနှင့် ရင် ဆိုင်နေရသော အနောက်အာဖရိက ရှိ Sierra Leone နိုင်ငံတွင်ရောဂါ ပိုးကူးစက်ခံရသူကို ဝှက်ထားပါက ထောင်ဒဏ်နှစ်နှစ် ချမှတ်မည့် ဥပဒေ တစ်ရပ်ကို ယမန်နေ့က ချမှတ်ခဲ့ သည်။

Sierra Leone သည် အီဘို လာရောဂါပျံ့နှံ့မှုအများဆုံး နိုင်ငံတစ် နိုင်ငံဖြစ်ပြီး ထိုရောဂါစတင်ဖြစ်ပွား ကတည်းက သေဆုံးသူ ၃၇၄ဦးရှိ ကြောင်း သိရသည်။

''အီဘိုလာရောဂါ ကူးစက်ခံရ တယ်လို့ သံသယရှိတဲ့တစ်စုံတစ် ယောက်ကို ဝှက်ထားခဲ့ရင် အဲဒီလူ ကို ထောင်ဒဏ်နှစ်နှစ်ထက်မနည်း ချမှာပါ'' ဟု ရှေ့နေချုပ်ဖရန့်ကာဘို က ပြောသည်။

ထိုရောဂါပျံ့နှံ့မှုမြင့်မားလာ ခြင်းနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လာကာ ပါလီမန်မှလူအများ စု၏ခေါင်းဆောင် အီဘရာဟမ်ဘန် ဒူသည် Sierra Leone ကို စွန့်ပစ်ခဲ့ သောနိုင်ငံများကို ဝေဖန်ခဲ့သည်။

''ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံ တချို့ရဲ့ တုံ့ပြန်မှုနှေးကွေးနေတာကို အံ့အားသင့်မိပါတယ်။ ကမ္ဘာ့အဆင့်၊ ဒေသအဆင့်နဲ့ ဒေသခွဲအဆင့်တွေ မှာ အကောင်းဆုံးသူငယ်ချင်းတွေ လို့မှတ်ယူထားတဲ့နိုင်ငံတွေက ကျွန် တော်တို့ကို သီးခြားထားခဲ့တယ်'' ဟု ယင်းကပြောသည်။

လေကြောင်းလိုင်းများဖျက် သိမ်းရန်နှင့် နိုင်ငံကို နောက်ထပ် သီး ခြားနိုင်ငံဖြစ်စေမည့် နယ်စပ်ပိတ်သိမ်း မှုများပြုလုပ်ရန် ယင်းကပြောခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ နောက်ဆုံးရစာရင်းအရ မတ်လကတည်းက ပျံ့နှံ့ခဲ့သော အီ ဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသည် ဟု ယူဆရသူ ၁၃၅ဝခန့်ရှိပြီဖြစ် ကြောင်း သိရသည်။

Ref : CNA
Yangon Media Group


မြန်မာပြည်က လူမှုရေးအသင်းအဖွဲ့တွေ ပရဟိတလုပ်ငန်းနဲ့ပတ်သက်လာရင် နာရေးကူညီမှုအသင်း (ရန်ကုန်)က ဦးကျော်သူကို ကာကွယ်ရေးဦးစီးချုပ်သဖွယ် တင်စားပြီး ပေးပို့ထားတဲ့စာအကြောင်း ဆောင်းပါးအဖြစ် ပြန်ရေးထားတဲ့ စာအုပ်ထွက်နေပါပြီ။ ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာဆိုတဲ့စာအုပ် ဘာ့ကြောင့် ရက်ပိုင်းအတွင်းမှာပဲ အရောင်းရဆုံးစာရင်းဝင်သွားတာလဲ။

ပရဟိတလုပ်ငန်းတွေကို စိတ်တူကိုယ်တူ ကြိုးပမ်းဆောင်ရွက်နေတဲ့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ မင်္ဂလာသက်တမ်း ၃၃နှစ်ပြည့်အမှတ်တရအဖြစ် ထုတ်ဝေတဲ့စာအုပ်မှာ သူတို့ဇနီးမောင်နှံရဲ့ ပရဟိတအလုပ်တွေလုပ်ရင်း ကြုံတွေ့ရတဲ့ ခံစားမှု၊ အတွေ့အကြုံတွေကို ဆောင်းပါးအဖြစ် တစ်ပေါင်းတစ်စည်းတည်း ထုတ်ထားတာမို့ လူတန်းစားအားလုံး လေးလေးနက်နက် ဖတ်စေချင်တယ်လို့ ဦးကျော်သူက ပြောပါတယ်။


ပရဟိတလုပ်နေသူတွေကို မကူညီတဲ့အပြင် တိုက်ခိုက်ဟန့်တား ပိတ်ပင်နှောင့်ယှက်မှုတွေ ရင်ဆိုင်ခဲ့ရတုန်းက ပရဟိတအလုပ်တွေကို စိတ်မပါတော့ဘူးလို့ပြောခဲ့တဲ့အပေါ် တစ်နိုင်ငံလုံးက လူမှုရေးအသင်းတွေက လူမှုရေးအလုပ်တွေကနေ ကျောခိုင်းမသွားဖို့ အားပေးတဲ့ ပေးစာကို စာအုပ်ခေါင်းစဉ်အဖြစ် ပြန်သုံးထားတာလို့ ဆိုပါတယ်။

ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေတဲ့ ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့်ပေးစာဟာ ဦးကျော်သူရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်ပြီး ပြီးခဲ့နှစ်ကလည်း ကျနော်သာ သမ္မတကြီးဖြစ်ခဲ့ရင် စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။

ဆောင်းပါးတိုင်းကို ဓမ္မရှုထောင့်ကနေ ချဉ်းကပ်ရေးသားခဲ့တာဟာ လူတွေအနေနဲ့ ကိစ္စတိုင်းမှာ ဓမ္မရှုထောင့်နေပဲ ကြည့်မြင်စေချင်ပြီး ဘဝမှာ တန်ဖိုးအထားဆုံးအရာက အမှန်တရားနဲ့ လွတ်လပ်မှုပါလို့ ပြောလာသူက ဒေါ်ရွှေဇီးကွက်ပါ။


နာဂစ်မုန်တိုင်းပြီးနောက်ပိုင်း လူငယ်တွေဟာ ပရဟိတလုပ်ငန်းကို လုပ်ကိုင်လာကြာတာဟာ အခြား မကောင်းတဲ့ကိစ္စကို လူကြိုက်များဖို့လုပ်တာထက်စာရင် အများအကျိုးလုပ်တာကို လက်ခံရမှာဖြစ်ပြီး တကယ် စိတ်နှစ်ပြီး ပရဟိတကို စိတ်ပါလက်ပါလုပ်တဲ့အခါမှာတော့ ပီတိကို ရမယ်လို့ ယုံကြည်တယ်လို့လည်း ပြောဆိုပါတယ်။

Kamayut Media

တက္ကသိုလ်ဝင်တန်းစနစ်သစ်အရ ကျောင်းသား၊ ကျောင်းသူများ မိမိဝါသနာပါရာ တက္ကသိုလ်အား ရွေးချယ်နိုင်တော့မည်ဖြစ်သည်။ (ဓာတ်ပုံ - နစ်ကီ)

လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိရန် အခွင့်အလမ်းနည်းပါးစေသည့် ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊ ကျောင်းသားလက်ခံမှုဦးရေ လျှော့ချခြင်း စသည့်ပြဿနာများကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။

လာမည့်ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်စိစစ်ရာတွင် အခြေခံပညာကျောင်းများမှ စဉ်ဆက်မပြတ် အကဲခတ်ကာ ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ် (CPR, comprehensive personal record)မှ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ကြည့်ရှု၍ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ‘‘အရင်တုန်းက ကလေးရဲ့ရမှတ်ကိုပဲကြည့်တဲ့ ပေတံတစ်ခုတည်းကိုပဲ သုံးခဲ့တယ်။ အရင်တုန်းက အမှတ်ပေးစနစ်ကိုပဲ ကျင့်သုံးခဲ့တယ်။ အမှတ်ကောင်းတဲ့လူဟာ သူတို့ရွေးချယ်ချင်တဲ့တက္ကသိုလ်ကို ဝင်ခွင့်ရတယ်။ အမှတ်မကောင်းတဲ့လူက ဝါသနာပါတာကို ရွေးချယ်လို့မရဘဲနဲ့ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွေကိုပဲ ရွေးချယ်ရတယ်။ အခုလိုဖြစ်တော့ ကလေးတစ်ယောက်က တက္ကသိုလ်ဝင်ခွင့်ကို အမှတ်တစ်ခုတည်းကိုပဲ မကြည့်ဘဲနဲ့ ကျန်တဲ့ဘက်စုံကို အလေးပေးပြီးတော့မှ ကလေးတစ်ယောက်ကို ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာနဲ့ အကိုက်ညီဆုံးဆိုတာကို ရွေးချယ်ခွင့်ရတာ အင်မတန်ကောင်းတဲ့ ပြောင်းလဲမှုတစ်ရပ်ပဲ’’ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

ယခုနှစ် အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း (ခေါ်) ဒသမတန်းတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများမှာ အဆိုပါတက္ကသိုလ်ဝင်ခွင့် ရွေးချယ်စိစစ်သည့်စနစ် ပြောင်းလဲမှုကို ပထမဆုံးရင်ဆိုင်ရမည့်သူများဖြစ်သည်။ ‘‘အိမ်က ကလေးအတွက်ကတော့ အခုလည်း လိုအပ်တာအကုန်ကို စီစဉ်ပေးထားတယ်။ သူတို့ တက္ကသိုလ်တက်မယ့် နှစ်ကျတော့ ဝင်ခွင့်ပြောင်းတယ်ဆိုတော့ အမှန်အတိုင်းပြောရရင်တော့ ကျွန်မတို့လည်း ဘယ်လိုလဲဆိုတာကို အသေအချာမသိသေးဘူး။ သားကတော့ အင်ဂျင်နီယာဝါသနာပါတယ်ဆိုတော့ အခုကတည်းက အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒကို လေ့လာခိုင်းထားတယ်။ အဲဒါတွေနဲ့ ဝင်ခွင့်ပြန်ဖြေရမယ်လို့ ကြားထားတော့လေ’’ဟု ဒဂုံ(မြောက်ပိုင်း)မြို့နယ်မှ လက်ရှိ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည့် ကျောင်းသား၏ မိခင်ဖြစ်သူ မလွင်မာကပြောသည်။

လာမည့်နှစ်မှစ၍ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးပါက လက်ရှိဝန်ထမ်းအင်အားနှင့် အချိန်ကာလ ပိုမိုလိုအပ်မည်ဖြစ်သလို ကျောင်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ စုပြုံလျှောက်ထားမည့် အခြေအနေကြောင့် အခြေခံအမှတ်သတ်မှတ်ချက် ဆက်လက်ရှိနိုင်ကြောင်း အငြိမ်းစားပညာရေးအရာရှိတစ်ဦးက သုံးသပ်ထားသည်။

‘‘ဒီနှစ်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနကပဲ ရွေးချယ်ပေးတာပါ။ ရှေ့နှစ်ကစပြီးတော့ တက္ကသိုလ်အလိုက် ရွေးချယ်တဲ့စနစ်ကို ပြောင်းနိုင်ပါတယ်။ ဖြစ်နိုင်တာက ဆေးတက္ကသိုလ်က အင်္ဂလိပ်နဲ့ ဘိုင်အိုနဲ့ရွေးမယ်ဆိုရင် ဆရာတို့ကတော့ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒသုံးဘာသာမှာ ဘယ်လောက်ရမယ်ဆိုရင်တော့ ဝင်ခွင့်ကို လျှောက်ထားခွင့်ပြုမယ်ဆိုတာမျိုးတော့ အကြမ်းဖျင်းစဉ်းစားထားတယ်။ ဆွေးနွေးပြီးတော့ ပြည်သူတွေကို တရားဝင်ကြေညာမှာပါ။ အနည်းဆုံး ၁၀ လလောက်စောပြီးတော့ ကျောင်းသားနဲ့ ကျောင်းသားမိဘကို ကြေညာပေးသွားမှာပါ’’ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

နေပြည်တော်၌ ဇူလိုင် ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားပညာရေးဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။ အဆိုပါ အမျိုးသားပညာရေးဥပဒေကြမ်းတွင် ကျောင်းသားများ၏ အရည်အချင်းနှင့် ဆန္ဒပေါ် အခြေခံ၍ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးနိုင်ရန် တင်ပြထားသောကြောင့် လာမည့်ပညာသင်နှစ်တွင် ယင်းဥပဒေနှင့်အညီ လိုက်နာကျင့်သုံးရတော့မည်ဖြစ်သည်။ ‘‘သက်ဆိုင်ရာဘာသာရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဘာသာရပ်အလိုက် ဖွံ့ဖြိုးမှုဖြစ်လာမယ်။ ကိုယ်ဝါသနာပါရာကို လေ့လာနိုင်ခွင့်ရလာမယ်။ အဲဒီဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ဝင်ခွင့်ဖြေရမယ်ဆိုရင် 2nd Chance တစ်ခု သူ ရလာမယ်။ တချို့ဆိုရင် ဆေးပညာကို ဝါသနာလည်းပါတယ် အရမ်းလည်းတော်တယ်။ ဒါပေမဲ့ ဆေးအမှတ်မမီဘူး။ ဝါသနာနဲ့ ဆန္ဒနဲ့ သွားပြီးတော့ ထပ်တူမကျတဲ့အခါမှာ ဘယ်မှာပြဿနာသွားတက်လည်းဆိုတော့ လူသားရင်းမြစ်ဆုံးရှုံးမှုတွေ အများကြီးကြုံရတယ်’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောသည်။

ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ဝင်ခွင့်အမှတ်များမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ် ကျား ၅၀၀၊ မ ၅၀၄ နှင့် ထိပ်ဆုံးတွင်ရှိနေသည်။ ဆေးတက္ကသိုလ်ဝင်ခွင့်မှာ ကျား ၄၉၀၊ မ ၅၀၈ မှတ်နှင့် ဒုတိယ၊ ရေကြောင်းတက္ကသိုလ်ဝင်ခွင့်မှာ ကျား ၄၈၇၊ မ ၄၉၇ မှတ်နှင့် တတိယ အမှတ်ကန့်သတ်ချက် အများဆုံးဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးလေးဘာသာနှင့်အထက် ရရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများသာ ဝင်ခွင့်ရရှိရန် အိပ်မက်မက်နိုင်ခဲ့သည်။

‘‘ဒါက ကောင်းသောပြောင်းလဲမှုတစ်ခုပါ။ ကျောင်းသားက ကိုယ်ဝါသနာပါရာ ရွေးချယ်ပြီး တက်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဝင်ခွင့်စနစ်ကလည်း တက္ကသိုလ်တိုင်းက ဝင်ခွင့်ခေါ်မယ်ဆိုရင်လည်း ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေမှာလည်း စစချင်းဆိုရင် ရှုပ်ထွေးတဲ့အနေအထားမျိုးလည်း ရှိလာကောင်း ရှိလာနိုင်တယ်။ ခေါ်တဲ့ကြော်ငြာကို မသိလိုက်တာမျိုး၊ ဝင်ခွင့်ဖြေတဲ့ရက် တိုက်နေတာမျိုးတွေ ဖြစ်နိုင်တယ်။ တော်တော်လေးကို အသေးစိတ်ညှိရမယ့်ကိစ္စတွေပါ’’ဟု ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးမြင့်ကပြောသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများမှာ ရိုးရိုး ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များထက် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များကို အများစုရွေးချယ်တက်ရောက်ရသည့် အကြောင်းရင်းမှာ ပညာသင်နှစ်ပြီးဆုံး၍ အလုပ်ခွင်သို့ဝင်ရောက်ပါက အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အလမ်းပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။ ‘‘ကလေးက အခုနှစ် ဆယ်တန်းအောင်ထားတယ်။ ဒါပေမဲ့ သူ့အမှတ်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကိုတက်ဖို့ အမှတ်ကမမီဘူး။ ရှေ့နှစ်ဝင်ခွင့်လျှောက်လို့ရပေမယ့် ကလေးကို တစ်နှစ်လောက် အပြင်သင်တန်းတက်ပြီး စောင့်နေဖို့တော့ မစဉ်းစားထားဘူး။ သူ့အမှတ်နဲ့ ဝင်တဲ့တက္ကသိုလ်ကို တက်ပြီးတော့ ကျောင်းပြီးရင် အပြင်သင်တန်းပဲ တက်ခိုင်းတော့မယ်လို့ စဉ်းစားထားတယ်’’ဟု ကြည့်မြင်တိုင်မြို့နယ် ထီးတန်းအိမ်ရာမှ ဒေါ်စန်းစန်းက သူမ၏သားအနာဂတ်အတွက် စဉ်းစားထားပုံကို ပြောပြသည်။

ထို့အပြင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် အချိန်နီးကပ်လာပါက သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ဝင်ခွင့်ဖြေဆိုရန် အနီးကပ်သင်တန်းများ၊ ကျူရှင်များနှင့် မေးခွန်းများ စသည်ဖြင့် အချိန်အခါကိုလိုက်၍ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။

‘‘ဝင်ခွင့်တွေမှာလည်း မကုန်ဆုံးနိုင်တော့တဲ့ ကျူရှင်ပြဿနာပါ။ ဝင်ခွင့်စာမေးပွဲသင်တန်းတို့ အဲဒီလိုဇာတ်လမ်းတွေက အစပိုင်းမှာ ပေါ်လာနိုင်ဦးမှာပါ။ အဓိကပြင်ရမှာ စာမေးပွဲစနစ်ကိုရော၊ ဝင်ခွင့်စနစ်ကိုရော တစ်ပြိုင်တည်းတွဲပြင်ရမှာ။ အခုထိက စာမေးပွဲစနစ်ကို တစ်လုံးမှ ပြောတာမတွေ့ရသေးဘူး’’ဟု ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ဝင် ဦးဇော်မျိုးလှိုင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနသည် ပြောင်းလဲကျင့်သုံးမည့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးစနစ်ကို အသေးစိတ်အစီအစဉ် ရေးဆွဲဆောင်ရွက်၍ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူများအား ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များကို မိမိတို့ဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူ၍ လျှောက်လွှာများကို ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)တွင် လာရောက်လျှောက်ထားနိုင်မည်ဖြစ်ပြီး အမှတ်နှင့်ဆုံးဖြတ်၍ ဝင်ခွင့်လျှောက်ထားရသည့်စနစ်မှာ ယခုနှစ်သည် နောက်ဆုံးအကြိမ်သာ ဖြစ်လာနိုင်မည်ဖြစ်သည် ။

7 days Journal

မဇ္ဈိမ သတင်းစာ၊

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေး စတင်ချိန် ပြည်သူတွေတင်မက အမတ်တွေပါ အထူးအံ့သြရတဲ့ အကြောင်းအရာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ဟာ ဒေါ်လာ ၁၅ ဘီလျံလောက် တန်ဖိုးရှိမယ့် ရန်ကုန်မြို့သစ် စီမံကိန်းကြီးတစ်ခု အစ အဆုံး စီစဉ်ထားပြီးပြီ ဆိုတဲ့ ကိစ္စပါ။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကိုယ်စား မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်ထဲမှာ စီမံကိန်းအကြောင်း တင်ပြပါတယ်။ သူ တင်ပြတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာ ဘာလဲ၊ ဒါဟာ လိုအပ်တဲ့ စီမံကိန်း တစ်ခုလား၊ ဒီ စီမံကိန်းကို လျှို့ဝှက်ထားခဲ့တယ် ဆိုတာကရော တကယ်ပဲလား၊ ရန်ကုန်တိုင်း အစိုးရ အကောင်အထည် ဖော်မှု ပုံစံကရော မှန်ကန်မှု ရှိပါသလား၊ သမ္မတ ဦးသိန်းစိန် ပြောပြောနေတဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ဆိုတဲ့ ပေါ်လစီနဲ့ ကိုက်ညီပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

လွှတ်တော်ထဲမှာ မြို့တော်ဝန် ဦးလှမြင့် တင်ပြခဲ့တာကို အကျဉ်းချုံးပြန်ပြောရရင် စီမံကိန်း တည်နေရာဟာ ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ လျာထားတယ်လို့ ဆိုပါတယ်။ အဲဒီ စီမံကိန်းကို မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက တာဝန်ယူ အကောင်အထည် ဖော်မယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလျံ ၇၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအ၀င် ၆ လမ်းသွား မြစ်ကူးတံတား (၅) စင်းပါမယ် လို့ ဆိုထားပါတယ်။ အသေးစိတ်အချက်အလက်၊ အထူးသဖြင့် ဒီ စီမံကိန်းကနေ နိုင်ငံတော် ဒါမှမဟုတ် ရန်ကုန်တိုင်း အစိုးရ အကျိုးအမြတ် ဘယ်လောက်ရမယ် ဆိုတာကိုတော့ ထည့်မပြောသွားပါဘူး။
ပထမ တစ်ချက် ဆွေးနွေးဖို့လိုတာကတော့ ရန်ကုန်မြို့သစ် စီမံကိန်း လိုအပ် မလိုအပ်ပါ။ လက်ရှိ ရန်ကုန်မြို့ အနေအထားအရ ၊ လူနေထူထပ် များပြားလာတာ၊ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်း ပမာဏ ကြီးမားလာတာ၊ မြေနေရာရှားလို့ မြေဈေးတွေ ခေါင်ခိုက်လာတာ စတဲ့ အချက်တွေနဲ့ကြည့်ရင် ရန်ကုန်မြို့သစ် စီမံကိန်း တစ်ကယ်ပဲ လိုအပ်ပါတယ်။ လိုအပ်ကြောင်း အားလုံး အသိအမှတ်ပြုကြပါတယ်။ နောက်တစ်ခု မြို့သစ်စီမံကိန်းကို ဘယ်နေရာမှာ အကောင်အထည် ဖော်မလဲ ဆိုတဲ့ ကိစ္စပါ။ ဒါကတော့ မြို့ပြဆိုင်ရာ ကျွမ်းကျင်သူတွေ ပညာရှင်တွေနဲ့ ဘယ်နေရာက မြေကို အသုံးချရင် ဖြစ်နိုင်ခြေ အရှိဆုံး ဆိုတာ သိတဲ့ အာဏာပိုင်တွေ ပူးပေါင်းဆွေးနွေးဆုံးဖြတ်ရမှာပါ။ ဒါကြောင့် လက်ရှိ မြေနေရာ ရွေးချယ်ပုံကိုတော့ မဝေဖန်လိုပါဘူး။

နောက်တစ်ချက်ကတော့ ဒီ စီမံကိန်းကို လျှို့ဝှက်ထားရတယ် ဆိုတဲ့ ကိစ္စပါ။ ဦးလှမြင့်ပြောတာ လက်ခံနိုင်ပါတယ်။ ဒီလို စီမံကိန်း တစ်ခု စမယ်လို့ အသံထွက်တိုင်း ဟိုနားမှာ အသံထွက်ရင် ဟိုနားက မြေဈေးတက်၊ ဒီနားမှာ အသံထွက်ရင် ဒီနား မြေဈေးတက် မှန်ပါတယ်။ ဒါပေမယ့် သူ ပြောဆိုတဲ့အထဲမှာ “ ရန်ကုန်မြို့သစ် စီမံကိန်း လျာထားမြေနေရာအား မြို့မြေအဖြစ် သတ်မှတ်ပြီးပါက မြေပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသည့် နိုင်ငံသား လုပ်ငန်းရှင်များ စုစည်းထားသည့် မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီအား တာဝန်ပေးအပ်ရန် စီစဉ်ထားပါတယ်။ စီမံကိန်း အကောင်အထည် ဖော်မည့်အပေါ် ဒေသခံ ပြည်သူလူထု၏ သဘောတူညီချက်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။” လို့ ဆိုခဲ့တာကြောင့် ဒါဟာ လွှတ်တော်နဲ့ ပြည်သူလူထု အပေါ်မှာ လျှို့ဝှက်ထားပေမယ့် အဲဒီ လူတွေနဲ့တော့ ကျိတ်ပြီးဆွေးနွေး ကျိတ်ပြီး အခွင့်အရေးပေးခဲ့တာကတော့ ပေါ်လွင်နေပါတယ်။ ပြည်သူလူထုရဲ့ သဘောတူညီချက် ဆိုကတည်းက လျှို့ဝှက်တဲ့ သဘောလည်း မသက်ရောက်ပါဘူး။ ဦးလှမြင့်ရဲ့ ပြောဆိုချက် သဘာဝ မကျဘူးလို့ ဆိုနိုင်ပါတယ်။

ဒီ ပြဿနာမှာ အရေးကြီးတကာ့ အရေးအကြီးဆုံး ကိစ္စကတော့ ဒေါ်လာ ၁၅ ဘီလျံလောက် တန်ကြေးရှိမယ့် စီမံကိန်းကြီး “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ” လို့ နာမည်ပေးထားတဲ့ ဘယ်သူမှ မသိတဲ့ ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့် ပေးလိုက်တာပါ။ အားလုံး မှတ်မိကြပါဦးမယ်။ ဒေါ်လာ ဘီလျံ ဂဏန်း ရင်းနှီးမြှုပ်နှံမယ့် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် တင်ဒါ ခေါ်ခဲ့တုန်းက ကိစ္စပါ။ တင်ဒါရွေးချယ်ဖို့ အကြံပေးကုမ္ပဏီကို ပထမ ဦးဆုံးခေါ်ပါတယ်။ အသေအချာ စကာတင် ရွေးချယ်ပါတယ်။ အဲဒီ ကုမ္ပဏီနဲ့ အစိုးရ တာဝန်ရှိသူတွေ ပေါင်းပြီး တကယ်ရင်းနှီးမြှုပ်နှံမယ့် ဆက်သွယ်ရေး ကုမ္ပဏီတွေကို တင်ဒါပြန်ခေါ်ပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ နာမည်ကြီး ဆက်သွယ်ရေး ကုမ္ပဏီ အားလုံး ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကမ္ဘာတစ်ခုလုံးက အာရုံစိုက်ရတဲ့ တင်ဒါရွေးချယ်ပွဲကြီးဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏဟာ အခု စီမံကိန်းလို ဒေါ်လာ ၁၅ ဘီလျံတောင် မရှိပါဘူး။

အခု စီမံကိန်းရဲ့ အဓိက ပြဿနာဟာ ဒေါ်လာ ၁၅ ဘီလျံလောက်တန်တဲ့ အလွန် ကြီးမားတဲ့ စီမံကိန်း ရန်ကုန်တိုင်း အစိုးရကနေ ကုမ္ပဏီတစ်ခုကို လက်သိပ်ထိုး ပေးအပ်လိုက်တယ်လို့ ဆိုရင် မမှားပါဘူး။ ဒီလို လုပ်ကိုင်ဆောင်ရွက်ခြင်းဟာ သမ္မတ ဦးသိန်းစိန် ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပေါ်လစီနဲ့ ကိုက်ညီ မကိုက်ညီ မပြောနိုင်ပေမယ့် အရင် စစ်အာဏာရှင်တွေ ခေတ်က လုပ်ပုံကိုင်ပုံမျိုးနဲ့ ထပ်တူနီးပါးပါပဲ။ ကြီးကျယ် ခမ်းနားလှတဲ့ နေပြည်တော်ကြီးကို ငွေကုန်ကြေးကျ များစွာခံပြီး တည်ဆောက်တယ်၊ လုပ်ငန်း ကန်ထရိုက်တွေအားလုံး ကိုယ်ပေးချင်တဲ့ ခရိုနီတွေကို စိတ်ကြိုက်ပေးပြီး စိတ်ကြိုက်ဈေးနှုန်းနဲ့ တည်ဆောက်စေခဲ့တယ်၊ ဘာထင်သာမြင်သာမှ မရှိသလို တိုင်းပြည်ဘဏ္ဍာကို ထင်သလို သုံးခဲ့တဲ့ ဆိုးဝါးလှတဲ့ ဖြစ်ရပ်ပါ။

အခုကိစ္စမှာ စီမံကိန်းကို ရန်ကုန်တိုင်း အစိုးရ စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။ ဘာလိုချင်တယ်ဆိုတာ အသေးစိတ် စည်းကမ်းချက်တွေ သတ်မှတ်နိုင်ပါတယ်။ အဲဒီ စည်းကမ်းချက်တွေနဲ့ အညီ ဘယ်ကုမ္ပဏီတွေက ၀င်ရောက် လုပ်ကိုင်နိုင်မလဲ တင်ဒါခေါ်ယူရပါမယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်တော့ တင်ဒါရွေးချယ်မယ့် အကြံပေးအဖွဲ့တောင် အရင် ခေါ်ရပါမယ်။ နိုင်ငံခြားသားတွေကို အကျိုးအမြတ် မပေးချင်ရင် သူတို့ကို မပြိုင်ခိုင်းပဲ ကိုယ့် ပြည်တွင်းကုမ္ပဏီတွေကိုပဲ ပြိုင်ခိုင်းနိုင်ပါတယ်။ ပြောရရင် ရန်ကုန်လေဆိပ် ပြုပြင်တာလို၊ မန္တလေး လေဆိပ် မွမ်းမံတာလို ကိစ္စမျိုးကိုတောင် နိုင်ငံတကာ တင်ဒါခေါ်နေတဲ့ ကိစ္စ အခု အလွန်ကြီးမားတဲ့ ဒေါ်လာ ၁၅ ဘီလျံတန် စီမံကိန်းကို ကိုယ့်ဖာသာကိုယ် ကုမ္ပဏီတစ်ခုကို လုပ်ခွင့်ပေးလိုက်တာဟာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ ထင်ရာစိုင်း လုပ်ရပ်ပဲ ဖြစ်ပြီး ပွင့်လင်းမြင်သာမှု မရှိလို့ နောက်ပိုင်း ပြသနာတွေ အများကြီး ကြုံတွေ့ရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

နှစ်ပေါင်းများစွာတိုင်အောင် လူလည်လုပ် ကြသူ အမျိုးမျိုးရဲ့ဒဏ်ကို ခါးစည်းခံခဲ့ကြရတဲ့ ကျွန်တော်တို့ ပြည်သူများက “လူလယ်လုပ် သူများ ဘေးမရောက်ရေး”ဆိုတဲ့ ခေါင်းစဉ်ကို သိပ်တော့ ကြည့်ရမှာမဟုတ်ဘူးထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော် တို့ကို အညွန့်ခူးစားတဲ့ “အနားပြာ” တို့၊ “လုံ ခြည်စိမ်း” တို့၊ “ထဘီဝါ” တို့၊ “ခရိုနီ”တို့ “ဦး ထုပ်စိမ်း” တို့ စသဖြင့် ရောင်စုံလူလည်ကြီးများ အကြောင်းမဟုတ်ဘဲ တည့်တည့်မတ်မတ် အလယ်ကောင်က ရပ်ရမယ့် “လူလယ်”များ အ ကြောင်းပြောချင်တာ ဖြစ်ပါတယ်။

သိုးဆောင်း ဘာသာစကားနဲ့ ဆိုရင်တော့ “မီဒီယာ”လို့ခေါ် တယ်ဆိုကိုးဗျ။

တကယ်တော့ မီဒီယမ်ကနေ ဆင်းသက် လာတဲ့ “မီဒီယာ”ဆိုတဲ့စကားဟာ ၂၀ ရာစုနှစ် အနှောင်းပိုင်းမှာ “စာအုပ်များ၊ သတင်းစာများ၊ မဂ္ဂဇင်းများ၊ အသံသွင်း မှတ်တမ်းများ၊ ရေဒီယို များ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့ အင်တာနက် တို့ကို ကိုယ်စားပြုခေါ်ဝေါ်တဲ့ စကားလုံး အဖြစ် ခေတ်စားလာတာပါ။ သူက ကြားခံဆက်သွယ် ပေးသူ၊ ကြားကမေးမြန်းပေးသူ၊ ကြားက ထုတ်လွှင့်ပေးသူ၊ ကြားကမှတ်တမ်းတင်ပေး သူ၊ ကြားက ပြန်ကြားကြေညာပေးသူ စသဖြင့် ကြားကနေ လုပ်ပေးရတဲ့ အလုပ်နဲ့ အသက် မွေးကြတာကိုးဗျ။ ဒါကြောင့် သူတို့ကို မြန်မာ မှု ပြုမယ်ဆိုရင် “လူလယ်များ” ဒါမှမဟုတ် “လူလယ်လုပ်ကြသူများ”လို့ ပြန်ဆိုရင် သင့် မယ်လို့ ထင်မိတာပါဗျာ။

မီဒီယာရဲ့သဘောက တစ်ဖက်နဲ့ တစ်ဖက်ကြား ၀ိရောဓိဖြစ်နေတဲ့ နိုင်ငံနှစ်ခု၊ ဒါမှ မဟုတ်၊ အုပ်စုနှစ်ခု၊ ဒါမှမဟုတ် လူပုဂ္ဂိုလ် နှစ်ယောက် စသဖြင့် ကြားမှာ တစ်ဖက်နဲ့ တစ်ဖက် သိလိုတာ များ၊ ပြောလိုတာများကို သူ ကတစ်ဆင့် သိချင်မယ်ထင်တာကို မေးပေး မယ်၊ ဖြေချင်တယ် ထင်တာကို လမ်းကြောင်း ပေးမယ်၊ အဲဒါက သူ့အလုပ်မို့ သူ့အလုပ် သူလုပ်တာပါပဲ။ ဒါပေမဲ့ ဒါကို သဘောမပေါက် တဲ့အခါ တစ်ဖက်အုပ်စုကိုယ်စား သူက၀င်ပြီး မေးမြန်း စုံစမ်းတဲ့အခါ ဟိုဘက်ကိုလိုက်ပြီး ပြောရကောင်းလားလို့ အထင်လွဲစရာ ဖြစ်ရ တာပါပဲ။ ဒါဆိုရင် မီဒီယာ ဘက်လိုက်မှုဆိုတာ က မရှိဘူးလားဆို၊ မရှိဘယ်နေပါ့မလဲဗျာ။

မီဒီယာဘက်လိုက်မှုဆိုတာကလည်း မီဒီယာ ပွင့်လင်း လွတ်လပ်မှုမရှိတဲ့ နိုင်ငံမျိုးတွေမှာ ပိုပြီးတွေ့ရပါတယ်။ (ပွင့်လင်းလွတ်လပ် ဆို ရင်တော့ ဘက်လိုက်တာနဲ့ ၀ိုင်းတွယ်ကြမှာ ကိုး)။ ဒီလိုနိုင်ငံတွေက နှစ်ဖက်ကြားဖြစ်တဲ့ ပြဿနာများကို မီဒီယာကို အသုံးချပြီးဖြေရှင်းမယ်ဆိုတဲ့ စိတ်မျိုးမရှိဘဲ သူတို့ တစ်ဖက်သတ် ပြန်ကြားထုတ်လွှင့်ခွင့်ပြုထားတဲ့ သူတို့ပိုင် မီဒီယာများ ကနေပဲ တစ်ဖက်သတ် ပြောချင်ရာ ပြောဖို့ပဲ အသုံးချတာတွေ့ရပါတယ်။

ဒီလိုလုပ်တဲ့ အတွက် တစ်ဖက်က ဘာမှ ပြန်ပြောဆိုခွင့် အသံထွက်ခွင့်မရတဲ့အတွက် ပဋိပက္ခ မဖြစ်ဘဲ ပြေငြိမ်းသွားနိုင်တယ်လို့ ထင် ရပေမဲ့ တကယ်က အနာပျောက်သွားတာ မဟုတ်ဘဲ အနာမြုံသွားတာပဲ ဖြစ်ပါတယ်။ မြုံရာကနေ ဖြည်းဖြည်းချင်း အကင်းသေလို့ အမာရွတ်လောက်ပဲ ကျန်ရင်တော့ အရေးမ ကြီးဘူး။ ဒီလိုမဟုတ်ဘဲ မြုံရာကနေ အတွင်း လှိုက်စားပြီး ပိုကြီးကျယ် သွားတဲ့အခါ ခွဲစိတ် ဖြတ်တောက်ပစ်ရတာတို့၊ မစွမ်းမသန် ဒုက္ခိတ ဖြစ်ရတာမျိုးအထိ ဆိုးဝါး သွားတတ်ပါတယ်။

၁၉၈၈ခု မတ်လ ၁၃ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဘုန်းမော်အရေးအခင်းဟာ ၁၉၈၈ ခု ဇူလိုင် လ ၂၃ ရက်နေ့ ဦးနေ၀င်းရဲ့ နောက်ဆုံးမိန့်ခွန်း မှာ ပါသလို ““အရပ်သားနဲ့ကျောင်းသား ရန် ဖြစ်တဲ့ ”” ကိစ္စသာဖြစ်ပြီး သူလည်း အဲဒီမှာရှိ နေတာမဟုတ်ဘူး””ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ သူ တာဝန် ယူထားတဲ့ အစိုးရပိုင် မီဒီယာက တော်တည့်မှန်ကန်တဲ့ “လူလယ်”နေရာကို မယူဘဲ အစိုးရ ဘက်လိုက်ပြီး ကျောင်းသား တွေကို မတရားစွပ်စွဲပြောဆိုတဲ့ “ဘေးရောက် နေမှုကြီး” ရှိနေ ခဲ့တာပါ။

ဒါကြောင့် မီးကို မီဒီ ယာက “အမှန်အတိုင်း သတင်းပြန်ကြား ထုတ် လွှင့်ပေးခြင်း” ဆိုတဲ့ ရေနဲ့ငြှိမ်းမယ့်အစား “မဟုတ်တမ်းတရား တစ်ဖက်သတ် စွပ်စွဲပြော ဆိုခြင်း”ဆိုတဲ့ “ဓာတ်ဆီ လောင်းတဲ့အဖြစ်”ကို ရောက်သွားခဲ့တာပါ။ အဲဒီတုန်းကသာ မီဒီ ယာက မှန်မှန် ကန်ကန် ရပ်ခဲ့မယ်ဆိုရင် နောက်ပိုင်းဖြစ်ခဲ့တဲ့ သွေးစွန်းတဲ့အဖြစ်ဆိုးကြီးတွေ ကြုံစရာ မရှိနိုင်ပါဘူး။

ပြောခဲ့တဲ့အတိုင်း တစ်ခါတလေမှာ မီဒီ ယာက အစိုးရနဲ့ ပြည်သူအကြားမှာ ရပ်ပြီး ပြည်သူ့ ကိုယ်စား အစိုးရကို ပြည်သူသိလိုသ မျှ မေးပေးရတာလည်းရှိပါတယ်။ ၁၉၉၀ ရွေး ကောက်ပွဲ မှာ ပြည်သူလူထုက ရွေးကောက်ပွဲ ဟာ တရားမျှတလိမ့်မယ်လို့ ယုံကြည်ခြင်း မရှိဘဲ တကယ် လို့ ရွေးကောက်ပွဲမှာ ဒီမိုကရေ စီအင်အားစုတစ်ရပ်ရပ်က အနိုင်ရခဲ့ရင်တောင် အာဏာ လွှဲပေးပြီး ဗိုလ်ချုပ်မှူးကြီးစောမောင် ကတိပေးထားသလို စစ်တန်းလျားကို ပြန်လိမ့်မယ်လို့ ဘယ်သူမှ မယုံပါဘူး။ ဒါကို မေးလို့ရရင် မေးချင်ကြသူတွေချည်းပါပဲ။

ဒီနေရာ မှာ မီဒီယာက မေးပေးတဲ့အတွက် ဗိုလ်ချုပ်မှူး ကြီးစောမောင်လည်း “အိုင်အဘိုက်မိုင် ပရောမစ်စ်” တို့ ဘာတို့ ဖြေခွင့်ရတာ မဟုတ်လား။ ဒီလိုဖြေခွင့်ရခြင်းဟာ နိုင်ငံအေးချမ်း တည်ငြိမ်ရေးအတွက် အထောက်အကူပြုတယ်ဆို တာ မြင်သာနေတာပဲ မဟုတ်လား။ (နောက်ပိုင်း မှာ တကယ်သာ အဘိုက်မိုင်ပရောမစ်စ် သာဖြစ်ခွင့်ရခဲ့ရင် အခုလောက်ဆို ကျွန်တော် တို့နိုင်ငံလည်း ခေတ်မီဒီမိုကရေစီ နိုင်ငံတော် ကြီးဆီရောက်တာ ကြာကြာ လှရောပေါ့)။

အာဏာမလွှဲဘဲ အချိန်ဆွဲပြီး ကာလတစ်ခု ရောက်တဲ့အခါ န၀တအစိုးရက အခြေခံဥပဒေ အသစ် ဆွဲမယ်ဆိုပြီး သူတို့မူဝါဒနဲ့ ပတ်သက် ပြီး နိုင်ငံတကာထောက်ခံမှု ရရှိဖို့အတွက် အစိုးရ အထက်တန်းအရာရှိကြီးလေးယောက်ကို အနောက်အုပ်စုဆီ စေလွှတ်ခဲ့ပါတယ်။ သူတို့ တစ်တွေက မီဒီယာကို အသုံးချရကောင်း မှန်းသိသူတွေပါ။ ဒါကြောင့် ဗီအိုအေနဲ့ ဘီဘီစီ တို့ကိုသူတို့နဲ့တွေ့ဆုံမေးမြန်းခွင့်ပေးခဲ့ပါ တယ်။ အဲဒီမှာ ဘီဘီစီက ဒေါ်တင်ထားဆွေက အဲဒီ ပုဂ္ဂိုလ်ကြီးတွေကို မေးခဲ့တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။

အဲဒါက ““အခု ဆွဲမယ့် အခြေခံဥပဒေအရ လက်ရှိ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ဘာလုပ်ရမှာလဲ””ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒါဟာ ကျွန်တော်တို့ပြည်သူအများက မေးချင် နေတဲ့မေးခွန်းဖြစ်တာမို့ အလယ်ကနေ အခုလို မေးခွန်းမျိုးမေးပေးတာကို ကျွန်တော်တို့ အလွန်ကျေနပ်မိပါတယ်။ အဲဒီတော့ အဲဒီ ပုဂ္ဂိုလ်ကြီးထဲက တစ်ဦးက ““အဲဒီ ကိုယ်စား လှယ်တွေ ဘာလုပ်ရမယ်ဆိုတာ အခုအသစ် ဆွဲမယ့် အခြေခံဥပဒေထဲမှာ ပါပါလိမ့်မယ်””လို့ဖြေပါတယ်။ ဒီအခါမှာ ဒေါ်တင်ထားဆွေ က ထပ်ပြီးတော့ ““ဒီဥပဒေထဲမှာဘာတွေပါ မယ်ဆိုတာ သိနေတယ်ဆိုတော့ ဒီအခြေခံ ဥပဒေ ဆိုတာကြီးက ဆွဲပြီးသားကြီးလား ရှင်””လို့ ထပ်မေးလိုက်ပါတယ်။ အဲဒီတော့ ဖြေရမယ့်ပုဂ္ဂိုလ်ကြီးတွေ ပျာပျာသလဲဖြစ်သွား ပြီး ဒီလို ““မဟုတ်ပါဘူးဗျာ၊ မဟုတ် ပါဘူး၊ ဒီလိုမဟုတ်ပါဘူး”” လို့ ပြန်ဖြေရတဲ့အဖြစ် ရောက်သွားပါတယ်။ ဒီလို ကျွန်တော်တို့ ကိုယ်စားမေးပေးသူ၊ ဝေဖန်ပိုင်းခြားပေးသူ၊ ပေါ်လွင် အောင်ရှင်းပေးသူ ရှိတဲ့ အတွက် ပြည်သူတွေ အကြား စိတ်အညောင်းတွေ ဘယ်လောက် ပြေသွားပြီး နိုင်ငံ ဘယ်လောက် အေးချမ်းသွားလဲဆိုတာ 'ဆိုက်ကို' နားမလည်သူဆိုရင် သိနိုင်မယ် မထင်ပါဘူး။

ဒီလို မေးခွန်းမျိုးတွေ မေးတဲ့အတွက် အစိုးရက ဘီဘီစီကို အစိုးရ ဆန့်ကျင်ရေး မီဒီယာ အဖြစ် ပုံဖျက်ပြောဆိုလေ့ရှိတာမို့ နိုင်ငံရေး နဲ့အလှမ်းဝေးတဲ့ ပြည်သူတွေကြားမှာ ဘီဘီစီ တို့၊ ဗီအိုအေ တို့၊ အာအက်ဖ်အေတို့ဆိုတာ ပြည်ပကနေ မြန်မာနိုင်ငံကို ကျွန်ပြုဖို့ ၀ါဒ မှိုင်းတိုက်တဲ့ အသံလွှင့် ဌာနတွေလို အထင်မှား စေခဲ့ပါတယ်။ တကယ်တော့ ဒီမေးခွန်း လောက်နဲ့တော့ သူဟာ အလယ်အလတ် မဟုတ်တော့ဘဲ တိမ်းစောင်းသွားပြီလို့ မဆိုနိုင် ပါဘူး။ တကယ်လို့ သမာသမတ် အလယ်အလတ်မှာမရှိဘဲ အစွန်း(ဘေး)ကို ရောက်သွားတဲ့သူဆိုရင် မေးခွန်းက ဒီထက်ဆိုး ပါလိမ့်မယ်။

“အရင်တုန်းက အစိုးရခေါင်းဆောင် ကိုယ်တိုင်က အခြေခံဥပဒေကို စစ်တပ်က မဆွဲဘူး၊ နိုင်တဲ့ သူတွေဆွဲကြလို့ ပြောခဲ့တာ မဟုတ်လား၊ အခုအာဏာလွှဲမပေးဘဲ အခြေခံ ဥပဒေ ဆွဲဦးမယ် ဆိုတာ စစ်တပ်က ကတိဖျက် တာမို့ ရှက်စရာကြီးဖြစ်မနေဘူးလား” စသဖြင့် ပြောရင်တော့ အင်း၊ ဒါဟာ (အမှန်တရားဖြစ် တဲ့တိုင်) ဘေးနည်းနည်း ရောက်သွားပြီလို့ ဆိုနိုင်မှာပေါ့ခင်ဗျ။

၂၀၀၇ သံဃာ့အရေးအခင်းမှာ ပြည်သူ တွေရဲ့မျက်စိအောက်မှာတင် မေတ္တာပို့ ပရိတ်ရွတ်တဲ့ ကိုယ်တော်များ အပစ်ခတ်ခံ၊ အရိုက်ခံ၊ အဖမ်းခံကြရတယ်။ ဒီသံဃာတော်များဟာလည်း ကိုယ့် အိမ်ဆွမ်းခံနေတဲ့ ကိုယ်တော်၊ ကိုယ့်အိမ်နားက ကျောင်းက ကိုယ်တော်၊ အိမ်မှာ ဆွမ်းကပ်ရင် ပင့်နေကျ ကိုယ်တော် စ သဖြင့် သံဃာအစစ်အမှန်များဆိုတာလည်း အားလုံးက သိနေကြ တယ်။ ဒီအကြောင်း ဖြစ်ရပ်မှန်တွေကိုလည်း တစ်ကမ္ဘာလုံးက မီဒီယာများက ဗီဒီယိုမှတ်တမ်း များ ရိုက်ကူးထုတ်လွှင့်၊ အင်တာဗျူးများ မေးမြန်းလွှင့်တင်နဲ့ အားလုံး မဖုံးနိုင်မဖိနိုင်ဖြစ်နေချိန် မှာ အစိုးရမီဒီ ယာကနေ ““ဘုန်းကြီးတုများ၊ သင်္ကန်းဝတ် များ”” စသဖြင့် ခေါ်ဝေါ်ပြီး အပုပ်ချရေးသား တော့ ဘယ်သူ ဘေးရောက်သွားသလဲဆိုတာ သမိုင်းမှာ မြင်ခဲ့ကြရပြီပဲ။ မီဒီယာကို ဘေး ရောက်အောင်လုပ်တယ်ဆိုတာ တခြားလူက လုပ်လို့ရတာမဟုတ်ဘဲ မီဒီယာ အပေါ် သြဇာ ညောင်းသူ ဒါမှမဟုတ် မီဒီယာပိုင်ရှင် ကိုယ် တိုင်ကပဲ လုပ်လို့ရနိုင်တာပါ။

အခုတော့ မီဒီယာလွတ်လပ်ခွင့် ဆိုတာ ကို အတော်အော်ဟစ်ပြောဆိုလာပြီး အတော်လေး လည်း ရေးလို့သားလို့ ရလာပါတယ်။ ဒါပေမဲ့ “ဘေး” ရောက်နေတဲ့ မီဒီယာက ရောက်နေတုန်း ပါပဲ။ တစ်ပြည်လုံးက မီဒီယာ များမှာ ရေကြီးလို့ ဒုက္ခရောက်တဲ့ သတင်း ဖော်ပြချိန် ဘေးရောက် မီဒီယာက သာယာငြိမ်း ချမ်း စိမ်းလန်းတဲ့သတင်းများသာ ဖော်ပြနေ ဦးမှာပါ။ တစ်ပြည်လုံးက တပ်မတော်က မြေ တွေသိမ်းလို့ ဒုက္ခရောက်ပြီး ကိုယ့်မြေထဲကိုယ် ၀င်ထွန်မိလို့ ထောင်ကျကြ တဲ့သတင်း ကျန်မီဒီယာများက ဖော်ပြချိန်မှာ ဘေးရောက်တဲ့ မီဒီယာကတော့ ““နယ်လှည့် ဆေးကု အကျိုးပြု” ဆိုတာမျိုးတွေပဲရေးနေမှာသေချာပါတယ်။

အခု ပွင့်လင်းလွတ်လပ်လာတဲ့ မီဒီယာ ခေတ်ကြီးမှာတော့ မီဒီယာများ လွတ်လပ်စွာ ထူထောင် လာကြပြီး အလယ်အလတ် သမာ သမတ်ဖြစ်အောင်လည်း ကြိုးစားလာကြ တာ တွေ့ရ ပါတယ်။ ဘေးရောက်တယ် ဆိုတာ တော့ ဘယ်ဘေးကိုမှ ရောက်တာမကောင်း ပါဘူး။ အစိုးရ လုပ်သမျှ အကုန်အပုပ်ချမယ် ဆိုတာမသင့်သလို ““ဘဘတို့ မစလို့ တစ်ပြည်လုံး လည်း လှပသမို့”” ဆိုတာမျိုးနဲ့ အစိုးရလုပ် သမျှကို လော်ဘီမိတ်ကပ်လိုက်လူးနေတာ ကလည်း မသင့်တော်ပါဘူး။ တချို့များကျ တော့လည်း ရောင်းရပြီးရောဆိုပြီး ဟိုဘက်က အသားကုန် ထုတာလည်းထည့်၊ ဒီဘက်က အသားကုန် ဆော်တာလည်းဖော်ပြပြီး “ကျွန် တော်တို့ကတော့ ဘယ်သူ့ဘက်မှ လိုက်တာ ဟုတ်ဘူးနော်”” လို့ အရှက်မရှိ ပြောရဲသူများ လည်း ရှိသေးသဗျ။

ဘာပဲဖြစ်ဖြစ် မီဒီယာဆို သော “အလယ်လူ” သို့မဟုတ် “လူလယ်လုပ် ကြသူများ”တို့သည် လက်ဝဲစွန်း လက်ျာစွန်း၊ အစိုးရမုန်းတီးရေး အစွန်း အစိုးရအချစ်လွန်ခြင်း အစွန်း၊ နိုင်ငံတကာ ဆန်လွန်းခြင်း အစွန်း မျိုး ချစ်စိတ်လွန် အစွန်း၊ ဖိုးဖိလွန်းခြင်းအစွန်း၊ အ ရှက်လိုက်ခွဲခြင်းအစွန်း၊ ရောင်းရပြီးရော ဘာ မူမှမရှိဆိုသောအစွန်းနှင့် မရောင်းရချင်နေ ရှိသလောက် မကုန်ခင်အထိပေါ့ဆိုသောအစွန်း စသည့် “ဘေး” အစွန်းများသို့ ကျရောက် မသွားကြ ကုန်သည်ဖြစ်ရုံမက လျှို့ဝှက်ဥပဒေဘေး၊ ၅(ဃ)၊ ၅(ည)ဘေး၊ ၅၀၅(ခ) ဘေး တို့ မှ လည်း ကင်း ဝေစေကြောင်း ၀ိုင်းဆုတောင်းသင့်ကုန်ရာ သတည်းလို့ လှုံ့ဆော် ရတော့မယ့် အဖြစ်လည်း ရောက်နေပြီမဟုတ်ပါလားခင်ဗျား။

အတွဲ ၂ အမှတ်စဉ် ၂၇၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

သြဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် ထဲတွင် ကျင်းပ ပြုလုပ်မည့် ရန်ကုန်တက္ကသိုလ် သိပ္ပံပြပွဲ (Science Fair) ၌ ရန်ကုန် တက္ကသိုလ် ကျောင်း သားများ သမဂ္ဂ (ရတသက) မြန်မာစာ ဌာနမှ ဖျော်ဖြေ တင်ဆက်မည့် သံ ချပ်အား ပိတ်ပင်ခြင်းခံရကြောင်း ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူ မအိဆွေမြတ်က The Ladies သို့ပြောသည်။

အဆိုပါပြပွဲသို့ တက္ကသိုလ်ရှိဌာန ပေါင်း ၂၁ ဌာနမှ ပါဝင်ဖျော်ဖြေကြ မည် ဖြစ်ကြောင်း၊ မြန်မာ သံချပ်ဖျော် ဖြေခွင့်မရသော်လည်း အခြားမေဂျာ ဌာနများ၏ ကိုရီးယားအက၊ အင်္ဂလိပ်သီချင်း ဖျော်ဖြေခွင့်များ ရရှိခဲ့ကြောင်း သိရသည်။

“ကျွန်မတို့က သံချပ်ရဲ့ စာသား တွေကို တင်ပြပါဆိုလို့ အဆင့်ဆင့် တင်ပြ ပါတယ်။ ၀ိဇာခန်းမ အနုပညာအသင်းက ဆရာမအထိ တင်ပြပြီး တော့ သူတို့ ကိုယ်တိုင် Edit လုပ်ပြီး ကာမှ ဖျော်ဖြေခွင့် မရတာလေ။ ကျောင်းက တာဝန်ရှိသူ ကိုယ်တိုင် မနေ့က ကျွန်မတို့ လေ့ကျင့်တဲ့ ၀ိဇာခန်းမမှာ အစမ်းလေ့ကျင့်နေရာကို ရောက်လာပြီး ဆရာမတွေကို လာ ပြောသွားတော့ ကျွန်မတို့ ဘာမှလုပ် လို့မရတော့ဘူး။ ကျွန်မတို့က မဟာတန်း က ကျောင်းသူတွေ ကို ပြောပြ ပေမယ့် သူတို့လည်း စိတ်မကောင်း ပါဘူးလို့ဘဲ ပြောနိုင်တယ်”ဟု ၎င်းကပြောသည်။

တာဝန်ရှိသူက အထက်လူကြီး များကို ဖိတ်ကြားထားသည့် ခေါင်းစဉ်သည် တိုင်းရင်းသားရိုးရာ ပဒေသာကပွဲဟု ဖိတ်ကြားထားသည့်အ တွက် သံချပ် အစီအစဉ်နှင့် လျော်ညီမှုမရှိသောကြောင့် သံချပ်အစီအစဉ် ကို ပယ်ဖျက် ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူထံမှ အကြောင်းပြန်ကြား ကြောင်း သိရသည်။

“သံချပ်မှာပါတဲ့ စာသားတွေကို လာတင်ပြဆိုလို့ တင်ပြပါတယ်။ သံချပ် စာသား မှာ အရမ်းငြိတာတစ် ကြောင်းမှမရှိဘူး။ စာသားကိုဖတ်ပြီး တော့ သူတို့က ခွင့်ပြု သလိုလုပ်လိုက် ပြီးမှ ကိုယ်က အစမ်းလေ့ကျင့်မယ် လည်းဆိုရော သံချက် ကို ခွင့်မပြုဘူး ဆိုတော့ ဘာတတ်နိုင်မှာတုန်း၊ အစ တုန်းကလည်း သံချပ်လုပ်ခွင့် မရှိဆိုရင်လည်း တစ်ခါတည်းပိတ်လိုက် ပေါ့။ အခုကျတော့ ခွင့်ပြုသလိုမျိုး လုပ်လိုက်ပြီးမှ Cancel လုပ်ဖြစ်လိုက် တာပါ။ ဆက်လုပ်ရင် လည်း ကျောင်းထုတ်ခံရရုံဘဲရှိတယ်ဟု ၎င်းကဆို သည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဆရာ/မများကို ကြောက် ရလွန်းကြောင်း ဆရာ/မများ ကလည်း အထက်အဆင့်ဆင့် ကို ကြောက်ရလွန်းကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသူ မအိဆွေသက် က ပြောသည်။

The Ladies News Journal

(၁)

ဒီနေ့ EMG သတင်းကို ဖတ်ရတဲ့အတွက်..
တိုင်းပြည်အတွက်ရင်လေးသွားပါတယ်..၊

ဒေါ်လာ(သန်း-၁၅၀၀၀- ၁၅ ဘီလီယံခန့်) အထိ..
ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့ ဧက (၃၀၀၀၀) ကျော်ရှိတဲ့
လူမသိသူမသိရန်ကုန်မြို့သစ်စီမံကိန်းရဲ့သတင်းကြောင့်ဖြစ်ပါတယ်..

အဲဒီစီမံကိန်းဟာ..မြန်မာစေတနာ ဆိုတဲ့ကုမ္မဏီကို
တိုက်ရိုက်လုပ်ပိုင်ခွင့်ပေးထားပြီး..ဒီလောက်ကြီးမားတဲ့ စီမံကိန်းတွေကို..
နိုင်ငံတကာက ကကမ္ဘာ့နာမည်ကြီး မြို့ပြတည်ဆောက်ရေး
ကုမ္ပဏီတွေကိုအပြိုင်အဆိုင်ခေါ်ယူပြီး လုပ်ငန်းအပ်နှံတာမျိုး
မလုပ်ပဲ ဘယ်ကမှန်းမသိတဲ့ ပြည်တွင်းကုမ္မဏီတစ်ခုကို တိုက်ရိုက်..
လုပ်ငန်းအပ်နှံလိုက်တာကိုသတိထားမိပါတယ်..၊

ပြီးတော့ အဲဒီကုမ္မဏီဟာ တရုပ်ပြည်ကလုပ်ငန်းရှင်တွေနဲ့
ဆက်စပ်နေတဲ့အကြောင်းနဲ့ ၊တရုတ်ပြည်က အဂတိလိုက်စားမှုဆိုင်ရာ
ငွေမည်းတွေနဲ့ ပတ်သက်နိုင်တဲ့အကြောင်းကိုလည်း သိရှိရပါတယ်။

သမ္မတရုံးဝန်ကြီးဦးစိုးသိန်း ပါဝင်ပတ်သက်နေကြောင်းလဲ
ရေးထားတာကိုတွေ့ရပါတယ်...၊

ဦးစိုးသိန်းဟာ...MIC ဥက္ကဌ လုပ်ကိုင်ခဲ့တုန်းကနဲ့
စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့.အစိုးရရဲ့..
ဆုံးဖြတ်ချက်ချမှတ်မှုတွေကို စတင်ကိုင်တွယ်ကတည်းက..
ခရိုနီကုမ္မဏီတွေကို မြေကွက် ၊ အိမ်ရာစီမံကိန်း စတဲ့..
လက်သိပ်ထိုးရောင်းချမှုတွေ မှာ အပုတ်နံ့တစ်ထောင်းထောင်း
ထလာသူတစ်ဦး ဖြစ်လာပါတယ်..၊

လွန်ခဲ့တဲ့နှစ်တွေက...
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကိုတောင် ခရိုနီတစ်ယောက်ကို
ပြည်သူ့အသံကိုနားထောင်ပြီးမှ လုပိုင်ခွင့်ပေမယ်လို့
သွေးတိုးစမ်းကြေငြာခဲ့သူတစ်ဦးဖြစ်ပါတယ်..။
ပြည်သူက လက်မခံတော့မှ အဖြားရှူးသွားခဲ့တာပါ..။

လွန်ခဲ့တဲ့နှစ်တွေကလဲ ရန်ကုန်မြို့မှာရှိတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေကို
ဖြေရှင်းဖို့အတွက် နိုင်ငံတကာအဆင့် ကုန်းကျော်တံတားတည်ဆောက်ရေး
အတွေ့အကြုံ လုံးဝမရှိတဲ့ ခရိုနီကုမ္မဏီတွေကို..ပြည်သူ့ဘဏ္ဍာတွေချပေးကာ
ကုန်းကျော်တံတား တွေတည်ဆောက်ခဲပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေု
ဆက်ပြီး ဖြစ်ပွားနေတာကိုလည်း တွေ့ရပါတယ်..။

Project တွေလုပ်ဖြစ်သွားကြတယ်..
ငွေတွေသောက်သောက်လဲ ကုန်သွားကြတယ်..
ခရိုနီတွေနဲ့ ၀န်ကြီးတွေ သပိတ်ဝင်အိပ်ဝင်ရသွားကြတယ်..
ဒါကလွဲရင်...ဘာမှဖြစ်မလာပါဘူး..။

--------------------------

(၂)

လေ့လာတွေ့ရှိလာတဲ့အချက်ကတော့..

ဦးသိန်းစိန်အစိုးရရဲ့ပြုပြုင်ပြောင်းလည်းရေးနဲ့..
ဆင်းရဲမှုလျှော့ချရေးတွေကို ခေါင်းစဉ်ပြပြီး...
လုပ်ကိုင်ဆောင်ရွက်နေတဲ့...ကြီးမားတဲ့စီမံကိန်းတွေမှာ..
ကြီးမားတဲ့ အဂတိလိုက်စားမှုတွေ..
ပါဝင်ပတ်သက်နေနိုင်တယ်ဆိုတာပါပဲ..

သမ္မတဦးသိန်းစိန်ဟာ...
သူ့ရဲ့ဝန်ကြီးတွေ.ကို ...
မသေချာတော့တဲ့ဘ၀ဖြစ်စေမဲ့ ၂၀၁၅ မတိုင်ခင်..
မျိုးမျိုးမြက်မြက်ရစေဖို့အတွက်...
ရွှေလမ်း ငွေလမ်းဖေါက်ပေးနေသလား..
ဆိုတာကိုလဲ...တွေးမိပါတယ်..။

ဒီကြားထဲမှာ....
သမ္မတဦးသိန်းစိန်အစိုးရ..
လက်ပိုက်ကြည့်နေတဲ့အချက်တွေကတော့..

ဘယ်ကပေါ်ပေါက်လာမှန်းမသိတဲ့
ငွေတွေကို ဘီလျံနဲ့ချီကိုင်တွယ်သုံးစွဲနေတဲ့..
ဦးနေ၀င်းရဲ့မြေးတွေအပါအ၀င်...
တရုတ်တွေရဲ့ လက်တံခြေတံတွေပဲဖြစ်ပါတယ်..။

---------------------------

(၃)

ပြုပြင်ပြောင်းလဲမှုကိုတကယ်လုပ်မယ်ဆိုရင်..
ငွေကြေးနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ ကန့်သတ်ထိန်းချုပ်မှု
လိုအပ်ပါတယ်...

သမ္မတဟာ..တရားမ၀င်ငွေကြေးနဲ့ပတ်သက်တဲ့..
စစ်ဆေးရေးအဖွဲ့တွေကိုကမန်းကတမ်း ဖွဲ့စည်း
တာဝန်ပေးအပ်လိုက်တာကို တွေ့ရပေမဲ့...
အဲဒီအဖွဲ့အစည်းတွေကတာဝန်ရှိသူတွေကိုယ်တိုင်ဟာ..
လာဘ်လာဘတံစိုးလက်ဆောင်တွေမယူဘူးဆိုတာကို
ဘယ်သူအာမခံနိုင်မှာပါလဲ..

ဖွဲ့စည်းခံထားရတဲ့သူတွေဟာလဲ...
သူတို့မကျေနပ်တဲ့သူကို စစ်ဆေးဖေါ်ထုတ်ပြီး
ဦးသန်းရွှေ..၊ သမ္မတ၊ အစိုးရ တို့နဲ့ပလဲနံပသင့်သူတွေကိုကျတော့
မသိချင်ယောင်မဆောင်ပေးပါဘူးလို့ ဘယ်သူအာမခံမှာပါလဲ..။

ပြီးတော့...အစိုးရထိပ်ပိုင်းအထိ ပါဝင်ပတ်သက်နေတဲ့...၊
ကြီးမားတဲ့အဂတိငွေကြေးတွေပိုင်ဆိုင်မှုတွေအတွက်
အမှန်တကယ် စစ်ဆေးဖေါ်ထုတ်ပြီး အရေးယူရဲပါ့မလား...
(ဥပမာ- ဦးစိုးသိန်းပါဝင်ပတ်သက်နေတဲ့စီမံကိန်းတွေနဲ့
ခရိုနီတွေရဲ့ ငွေကြေးတွေအကြောင်း ဆိုတာမျိုးပေါ့ )

ငွေသိန်း (၁၀၀) လောက်ပဲတန်တဲ့ အခွင့်ထူးတစ်ခုကို
ဘုရားထီးတင်တဲ့ကိစ္စတစ်ခုအတွက် အသုံးပြုလို့
ဝန်ကြီးတစ်ယောက်ကို ဖြုတ်ပစ်တယ်ဆိုရင်...
သြဇာရှိတဲ့ဝန်ကြီးတွေကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့
ဒေါ်လာဘီလျံချီတဲ့ ကိစ္စကြီးတွေကို ဘယ်လို
လုပ်မှာပါလဲ...ဆိုတာ...သိချင်လှပါတယ်..။

ငွေထုတ်ကြီးနဲ့ကွယ်နေလို့...လူကိုမသိမမြင်လိုက်ဘူး..
လို့တော့ မလုပ်ကြနဲ့ပေါ့ဗျာ....

-----------------------------

(၄)

လက်ရှိဦးသိန်းစိန်အစိုးရ ..
ရင်ဆိုင်နေရတဲ့အနေအထားဟာ...
သယံဇာတလဲကုန်..၊
နိုင်ငံတော်ဘတ်ဂျက်လဲ နည်းပါး..၊
အကြွေးတွေကလဲ...ထူ..၊
နေတဲ့အနေအထားပဲဖြစ်ပါတယ်..။

အဲဒီတော့...၊

တိုင်းပြည်ပြန်လည်ထူထောင်ချင်တယ်..
ဆင်းရဲမှုလျော့ချချင်တယ်ဆိုရင်..
တကယ်ကို အစစ်အမှန်လုပ်ကိုင်ဖို့လိုပါတယ်..

အဲဒီလိုမဟုတ်ပဲ..
"၂၀၁၅ မှာမသေချာတဲ့အတွက်
ရှိသမျှအကုန်ယူကြမယ်" ဆိုတဲ့..
စိတ်ဓာတ်တွေခံယူချက်တွေနဲ့...
မရှိရှိတာတွေကို ရောင်းစား..
ခရိုနီတွေနဲ့ ဝေစားမျှစားလုပ်...
တရုတ်ကို ပေါပေါပဲပဲဈေးတွေနဲ့..
ဝ..ကွက်အပ်ပြီး...

တည်ဆောက်ရေး၊ ဆင်းရဲမှုလျော့ချရေး..
ဆိုတဲ့ အသံချိုချိုလေးကို အသုံးချပြီး..
ဆက်ပြီးလုပ်နေမယ်ဆိုရင်တော့..
တိုင်းပြည်ခွက်ခွက်လန်သွားဖို့ပဲရှိပါတယ်..

------------------------

(၅)

ကျွန်တော်တို့ဟာ..စစ်အစိုးရလက်ထက်ကာလတွေကို
လူတိုင်းဖြတ်သန်းခဲ့ဖူးကြပြီးသားဖြစ်ပါတယ်..၊

အဲဒီတုန်းကလဲ...နိုင်ငံတော်တည်ဆောက်ရေး..
နိုင်ငံတော်တည်ဆောက်ရေး ဆိုပြီး..

လမ်း၊ တံတား ၊ဆည်မြောင်း ၊တာ တမံတွေကို..
လိုတာထက်ပိုပြီး ဆောက်ပြ ၊ ဘတ်ဂျက်တွေထုတ်စားကြ။
ရေရှည်စားလို့ရတာတွေကို နှစ်ပေါင်းများစွာ
မပြီးမချင်း တည်ဆောက်ပြ ကြလို့..

သယံဇာတရောင်းရငွေတွေဟာလည်း..
"တရားဝင်မသမာမှု" လို့ခေါ်ရမဲ့ နည်းစနစ်တွေကြားမှာ..
သမင်မွေးရင်းကျားစားရင်းဖြစ်ခဲ့ကြတာကိုလဲ
ရင်နာစရာတွေ့မြင်ခဲ့ကြရမှာဖြစ်ပါတယ်..၊

အဲဒီလိုစနစ်ကြောင့်..
တိုင်းပြည်ရဲ့ ဘတ်ဂျက်နဲ့..သယံဇာတတွေကို..
တရားဝင်ထုတ်ယူစားသုံး ခွင့်ရတဲ့..
ကြီးမားတဲ့ လူ့တန်းစားအဖွဲ့စည်းတစ်ရပ်
ပေါ်ပေါက်ခဲ့တာကိုလဲတွေ့ရပါတယ်..။

အဲဒီလူတန်းစားဟာ..အရမ်းကိုချမ်းသာကြပါတယ်..။
အင်အားလဲကြီးမားပါတယ်..၊

ဒေါ်စုအပါအ၀င် အတိုက်အခံတွေတက်လာမှာကို
အစိုးရိမ်ဆုံးလူတန်းစားလဲဖြစ်ပါတယ်..၊

ပုဒ်မ ၄၃၆ ပြင်မှာကို မလိုလားဆုံးလူတန်းစားလဲဖြစ်ပါတယ်..၊

အဲဒီလူတန်းစားတွေဟာ....
ပုဒ်မ (၄၃၆) ရဲ့ အရိပ်အာဝသအောက်မှာ
ပျော်ပျော်ကြီး စံမြန်းပြီး..
ပြည်သူတွေဒုက္ခရောက်တာကို မသိချင်ယောင်
ဆောင်နေကြပါတယ်။

အဲဒီတော့...ကျွန်တော်တို့သွားရမဲ့လမ်းက
(၁) လမ်းပဲ ရှိပါတယ်..၊

ပုဒ်မ (၄၃၆) အပါဝင်အခြေခံဥပဒေပြင်ဆင်ရေး
ကို တက်တက်ကြွကြွ လုပ်သွားကြဖို့ပါပဲ..၊

အဲဒါဟာ ကျွန်တော်တို့ရဲ့အဓိကတာဝန်ပါ..။

( Pa Yit )

ဒီမိုကရေစီအရေးလှုပ်ရှားသူ ဦးဝင်းချိုနဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ကို ကျောက်တံတားမြို့နယ် တရားရုံးကနေပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ပုဒ် ၁၈ နဲ့ ထောင်ဒဏ် ၃ လစီချမှတ်လိုက်ပါတယ်။
ဦးဝင်းချို (ဓာတ်ပုံ - ဒီဗွီဘီ)



ဦးဝင်းချိုနဲ့ ကိုဝေဠု တို့ဟာ အခုနှစ် မတ်လ တုန်းက လျှပ်စစ်မီတာ ခတက်တဲ့ကိစ္စနဲ့ ပတ် သက်ပြီး ဆန္ဒ ဖော် ထုတ်တဲ့နေရာမှာ တာဝန် ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာလို့ သူတို့ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သူတို့နှစ်ဦးလုံးကို အဲဒီ ဆန္ဒထုတ်ဖော်မှုနဲ့ ထောင်ဒဏ် ၃ လစီချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဝေဠုကိုတော့ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ဦးဆောင်ပါဝင် တယ်ဆိုပြီး ပုဒ်မ ၁၈ နဲ့ နောက်ထပ် ၁ လချမှတ်တဲ့အတွက် စုစုပေါင်း ၄ လ ဒီကနေ့ ချမှတ်ခံရတာဖြစ်ပါတယ်။

ဒီဗွီဘီ
ယနေ့ ထောင်ကျမယ်ဆို တာ သိပေမယ့် မနေ့ ကထိ ပဲခူးက ရေဘေးဒုက္ခသည်
တွေကို လာရောက်ကူညီပေးသွားတဲ့ ဦးဝင်းချို။
ဓါတ်ပုံ- Mgsxit Mone.

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေပေါ်မူတည်၍ "အနုပညာသည် အနုပညာအတွက်" ဆိုသည့်အယူအဆ၊အပြောအဆို များမှာ မသင့်တော်သေးဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သြဂုတ်လ ၂၅.၈.၂၀၁၄ ရက်နေ့က ရန်ကုန်မြို့ ရွှေခုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် ပြုလုပ်သော စာပေအနုပညာရှင်များနှင့်တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။

"အနုပညာဆိုတာ အနုပညာပဲ။နိုင်ငံရေးနဲ့မဆိုင်ဘူး၊နိုင်ငံရေးနဲ့မပတ်သက်ရဘူး၊အဲတော့အနုပညာဟာ အနုပညာအတွက်သာဆိုတဲ့အမြင်တွေလည်းရှိပါတယ်။ဒါကို ကျွန်မ မငြင်းဆန်လိုပါဘူး၊ဒါပေမယ့် ကိုယ့်နိုင်ငံရောက်နေတဲ့ခေတ်နဲ့ ရောက်နေတဲ့ အခြေအနေနဲ့ အများကြီးသက်ဆိုင်ပါတယ်လို့ ကျွန်မထင်ပါတယ်။အနုပညာဟာအနုပညာသက်သက်သာဆိုတဲ့ အနေအထားမျိုး အယူအဆမျိုးဟာ နိုင်ငံတစ်နိုင်ငံ က နိုင်ငံရေးအရ၊စီးပွါးရေးအရ အတိုင်းအတာတစ်ခုထိ တိုးတက်တည်ငြိမ်နေပြီဆိုလို့ ရှိရင် အဲလိုသဘောထားတွေနဲ့ လုပ်လို့ ရတယ်လို့ ကျွန်မထင်ပါတယ်။သို့သော် ကျွန်မတို့ နိုင်ငံကို အားလုံးက ၀ိုင်းပြီးတော့ ရုန်းရမယ့် အချိန်မှာ အနုပညာရှင်များဟာ အနုပညာသက်သက်အတွက်ပဲဆိုတာတော့ မသင့်တော်ဘူးလို့ ဒါ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲပြောတာပါ။"ဟု ယင်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က စာပေအနုပညာရှင်များ၏ သြဇာမှာ ကြီးမားကြောင်း၊ကာတွန်းများမှတစ်ဆင့်တင်ပြမှုမှာ ပြည်သူလူထု၏အနေအထားကိုရောင်ပြန်ဟတ်ထင်ကြောင်း၊စကားနှင့်မပြောနိုင်သည့် ကစ္စတစ်ချို့ဆိုလျှင်ကာတွန်းနှင့် ပြောသည်က ထိရောက်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

ယခုစာပေအနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုနောက်ပိုင်းတွင် နိုင်ငံတိုးတက်ရေးအတွက် မည်သို့ဆောင်ရွက်ကြမည်ဆိုသည်ကပို၍ အရေးပါသည့်အတွက် ပွဲပြီး မီးသေမဖြစ်စေရန်အားလုံးပူးပေါင်းစေလိုကြောင်း တက်ရောက်လာခဲ့ကြသည့် စာပေပညာရှင်များက အကြံပြု ပြောကြားခဲ့ကြသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)