08/29/14

နှစ်ထောင့်ငါးခု၊ နှစ်ထောင့် ခြောက်ခု တစ်ဝိုက်မှာ မြန်မာပြည်ထဲ ခေတ်စားသွားတာ တစ်ခုရှိသည်။ ဘလော့ဂ်တွင် စာရေးခြင်း ဖြစ်၏။ အမှန်ကတော့ ၀က်ဘ်ဘလောဂ့်ဖြစ်သည်။ ထိုဝက်ဘ် ဘလော့ဂ်ပေါ်တွင် မြန်မာလို စာရေးသားနိုင်ကြသဖြင့် မြန်မာစာရေးဆရာ တော်တော်များများက သဘောကျကြသည်။ သို့သော် အင်တာနက်နှင့် မရင်းနှီးကြ။ ဒီတော့ လူငယ် စာရေးဆရာများသာ နေရာယူကြတော့၏။ ထိုလူငယ် စာရေးဆရာများထဲတွင် နေဘုန်းလတ်၊ ညီလင်းဆက်၊ စိုးဇေယျာထွန်း၊ ဇော်ဇော်မျိုးလွင်တို့ကား နာမည်ကျော်များ ဖြစ်ကြသည်။ သူတို့ကို ဘလော့ဂါများဟု ခေါ်ကြ၏။ MBA ခေါ် မြန်မာ ဘလော့ဂ် အဖွဲ့အစည်းပင် ပေါ်ပေါက်ခဲ့ဖူးသည်။

ကျွန်တော်ပင်လျှင် ဇာဂနာ ဘလော့ဂ်ဟု ရေးသားခဲ့ဖူးသည်။ ထိုသို့ရေးသားခဲ့ခြင်းကြောင့်ပင် အင်တာနက် ဆက်သွယ်ရေး အက် ဥပဒေနှင့် တရားစွဲခံရကာ ထောင်ကျခဲ့ရခြင်း ဖြစ်သည်။ ဒါတွေ အားလုံး၏ အဓိက လက်သည် တရားခံမှာ နေဘုန်းလတ်ပင် ဖြစ်သည်။ သူသင်ပေးလို့ ကျွန်တော် ရေးတတ်သွားတာလည်း ဖြစ်သည်။ တကယ်တမ်း သူ့ဘက်ကလည်း ပြောစရာရှိ၏။ သူဖမ်းခံသွားရတာ ကျွန်တော့်စနက် မကင်းချေ။ တစ်ယောက်တစ်လှည့်ဟု ဆိုပါတော့။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးစတော့ ဘလော့ဂ်ပေါ်မှာ သတင်းတွေ တင်ကြသည်။ သံဃာတော်များ ချီတက်လာသည့် ဓာတ်ပုံတွေကို အလုအယက်ရိုက်၊ အလျင်အမြန် တင်ကြသည့်အထဲ သူလည်း ပါလေသည်။ ကျွန်တော် ဖမ်းခံသွားရတော့ သူနှင့် ကျွန်တော် အဆက်ပြတ်သွားသည်။ ၂၀၀၇ခုနှစ်၏ ဆောင်းရက်တွေထဲမှာ ကျွန်တော် ပြန်လွတ်လာတော့ သီးလေးသီး အဖွဲ့ကို မျှော်စင်ကျွန်းမှာ ပွဲကဖို့ စီစဉ်လိုက်၏။ ဖြစ်ချင်တော့ ထိုအငြိမ့်ပွဲက တော်တော် အောင်မြင်သည်။ ကုလသမဂ္ဂ ကိုယ်စားလှယ် ဂမ်ဘာရီကို သရော်သည့် ပြက်လုံးက တော်တော် ထိသွားသည်။ အစိုးရဘက်ကလည်း အစာမကြေ။ သီးလေးသီးကို အရေးယူဖို့ ပြင်ဆင်ချိန်မှာပဲ သီးလေးသီးက ယိုးဒယားသို့ ရောက်သွားခဲ့ချေပြီ။

သီးလေးသီး အငြိမ့်ကို လူကြိုက်တာ မှန်သည်။ သို့သော် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြန့်နှံ့သွားတာကတော့ နေဘုန်းလတ်၏ စွမ်းပကားဖြစ်သည်။ ထိုစဉ်က ကွန်ပျူတာနှင့် နီးစပ်သူ တော်တော်နည်းသော ကာလမှာ နေဘုန်းလတ်သည် ပြည်သူ့ဘက်တော်သားဖြစ်။ အမေတူသွေးက စကားပြောလေသည်။ NLD ကြေညာချက်၊ DVB အခွေဆိုတာတွေ မှန်သမျှ သူ့လက်ရာနှင့်မကင်း။ သူက ကွန်ပျူတာဖြင့် အခွေကူးသည့်စက်ကို ကိုယ့်ဖာသာကိုယ် အိမ်မှာဆင်ထားသည်။ ဒီတုန်းက သူတို့နေတာ သုဝဏ္ဏမှာ။ NLDက အပွားလေး အောင်ထွန်းက ခြေမြန်တော်။ အခွေမှန်သမျှ သယ်လာပြီး နေဘုန်းလတ်ကို ပေးသည်။ နေဘုန်းလတ်က ဒိုင်ခံကူးပေး၏။ နောက်တော့ အောင်ထွန်း (ခေါ်) အပွားလေးတို့ကပဲ ဖြန့်ချိရလေတော့သည်။

သီးလေးသီးအငြိမ့်ခွေ အားလုံးကို နေဘုန်းလတ် တစ်ယောက်တည်း ဒိုင်ခံကူးတာ ဖြစ်သည်။ DVBကို ပို့တာလည်းသူပဲဖြစ်၏။ သီးလေးသီး မဲဆောက်မှာ ကသည့် အခွေ၊ စင်ကာပူမှာ ကသည့် အခွေ၊ မလေးရှားမှာ ကသည့် အခွေအားလုံး သူ့လက်ရာတွေချည့်။

ကိုရီးယားတို့၊ ဂျပန်တို့မှာကသည့် အခွေတွေကျတော့ လျှို့ဝှက် ပို့ရတာဖြစ်လို့ ကွန်ပျူတာမှာ ကြည့်မရ။ ကုဒ်ထည့်ပြီး ပိတ်ထားသည့် Thumb Drive နှင့် ခိုးပို့တာဖြစ်သည်။ ဒါကို နေဘုန်းလတ်က ကုဒ်နှင့် ပြန်ဖြည်။ ပြီးမှ ကွန်ပျူတာထဲထည့်ပြီး DVB အချပ် ပြန်ကူးပေးတာ ဖြစ်သည်။ တော်တော် စိတ်ရှည်ရသလို လုပ်ရတာ လက်ပေါက်လည်း ကပ်လှ၏။

ဒီလိုပဲ သံဃာတော်များကို စစ်တပ်က ဖမ်းတာဆီးတာ ရိုက်တာနှက်တာစသည့် အခွေတွေကို သူပဲ တာဝန်ယူရတာ ဖြစ်သည်။ ပြီးတော့ လွယ်အိတ်ထဲ အခွေလေးတွေ ထည့်ပြီး နီးစပ်သူတွေဆီ လိုက်ဝေပေးလေ့လည်း ရှိသည်။ ထိုအချိန်တုန်းက ဒီလို အခွေလာပေးလျှင်ပင် တော်တော် အမြင်ကပ်ခံရသည်။ မျက်စောင်းထိုးခံရ၏။ ပြဿနာ သယ်ဆောင်လာသူလို့ ထင်ကြသည်။ စစ်အစိုးရက ဘာမှမလုပ်။ ထိုသို့ ကြောက်တတ်သူများကြောင့် နေဘုန်းလတ် ဖမ်းခံလိုက်ရခြင်းပင်။

အစိုးရကို ဆန့်ကျင်သောစာ ဆိုလျှင် ယောင်လို့တောင် မကိုင်သူတွေက ခုတော့ နေဘုန်းလတ်တို့ကို ကြောက်နေပြီလားလို့ မေးတာကြား ရပြန်တော့ ကျွန်တော် ပြုံးမိသည်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာမှ ရုတ်တရက် သတ္တိတွေ ၀ုန်းကနဲ ရှိသွားကြသူ အားလုံးကို အံ့အားသင့်စဖွယ် တွေ့လိုက်ရတိုင်း နေဘုန်းလတ်တို့ ကျွန်တော်တို့ မျက်စပစ်မိကြပါသည်။

နှစ်ထောင့်ရှစ်ခု နွေဦးမှာ ကျွန်တော် ဧရာဝတီတိုင်းသို့ ခရီးထွက်နေရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်သည့် လှုပ်ရှားမှု တစ်ရပ်လုပ်ဖို့ဖြစ်၏။ ဘောပင်တွေမှာ ကြက်ခြေခတ် အမှတ်အသား တံဆိပ်ရိုက်လို့ လူထုထဲ ဝေငှရန်၊ စတစ်ကာလေးတွေမှာ ကြက်ခြေခတ် အမှတ်အသား ရိုက်နှိပ်ပြီး ကားတွေ၊ မော်တော်တွေမှာ ကပ်ရန်ဖြစ်၏။ နေဘုန်းလတ်က ရန်ကုန်မှာ ကျန်ခဲ့သည်။ အင်တာနက်မှတစ်ဆင့် ပေးပို့လာသည့် ဒီဇိုင်းတွေကို ပုံထုတ်ရန် သူနေခဲ့၏။ ဆန်ဖရန် စစ်စကိုမှ ကိုမောင်ရစ်၊ ၀ါရှင်တန်မှ ကိုအောင်ဒင်တို့က NO VOTE ဒီဇိုင်းလေးတွေ ပို့ပေးလေ့ရှိသည်။ ထိုဒီဇိုင်းများထဲမှ သင့်တော်တာကို ရွေးပြီး နေဘုန်းလတ်က T-Shirtတို့၊ လက်ကမ်းစာရွက်တို့ လုပ်ရ၏။

ထိုအချိန်က နီလာသိန်းသည် ပုန်းအောင်းနေချိန်ဖြစ်၏။ သူ့ကို ထောက်လှမ်းရေးက လိုက်ဖမ်းနေ သဖြင့် တစ်နေရာမှ တစ်နေရာ ပြောင်းပြီး ပုန်းနေရချိန်လည်း ဖြစ်သည်။ သို့သော် ကျွန်တော်တို့နှင့် အဆက်အသွယ်မပြတ်။ ပထမ နီလာသိန်းရယ်၊ ဖြူဖြူသင်းရယ်။ စုစုနွေးရယ် တူတူပုန်းကြတော့ သူတို့နှင့် အဆက်အသွယ် မပြတ်ဖို့ ကျွန်တော်တို့က တယ်လီဖုန်းတစ်လုံး ဖန်တီးပို့ဆောင်ပေးရ၏။ ခြေမြန်တော်က အောင်ထွန်း (ခေါ်) အပွားလေးနှင့် မေသင်းဇူလိုင်ကျော်။

နောက်တော့ ဖြူဖြူသင်းက ပုန်းအောင်းမနေတော့ဘဲ ရဲနှင့် ရင်ဆိုင်ကာ ဖြေရှင်းလိုက်သလို စုစုနွေးကလည်း အဖမ်းခံလိုက်၏။ နီလာသိန်း တစ်ယောက်သာ ကျန်တော့သည်။ ကလေး မွေးပြီးကာစဆိုတော့ မိခင်တို့ သဘာဝကို ကျွန်တော်တို့ ကိုယ်ချင်းစာသည်။ သူ့သမီးလေးကလည်း အဖေရော၊ အမေပါ အနားကနေ ပျောက်သွားသဖြင့် ဦးလေးတွေ၊ အဒေါ်တွေ လက်ပေါ်မှာ မျက်နှာငယ်လေးဖြင့် ဒီနို့မှုန့်တစ်မျိုးထဲကိုသာ တိုက်ရသည်။ နို့မှုန့်နာမည်က Similac ။မြေနီကုန်းက ဒဂုံစင်တာ တစ်ခုထည်းမှာသာရသည်။ ကလေးငယ်၏ ဘကြီး မျိုးမင်းယု၊ ဇော်သက်ထွေးနှင့် ကျွန်တော်တို့ သုံးဦးအား နို့မှုန့်ရှာပုံတော် ဖွင့်ခဲ့ရပုံတွေကို မမေ့။

ကျွန်တော် ဧရာဝတီတိုင်းသို့ ရောက်နေတုန်းက နေဘုန်းလတ်က နီလာသိန်း အတွက် လိုတာလေးတွေ ပို့ပေးသည်။ မေသင်းဇူလိုင်ကျော်က လက်ခံယူပြီး နီလာ ပုန်းအောင်း နေရာ ယောမင်းကြီးလမ်းဆီသို့ ပို့ရသည်။ နီလာထံသို့ ကြေညာချက်တွေ၊ VCDတွေလည်း ပို့ရ၏။ ဖြစ်ချင်တော့ နေဘုန်းလတ်နှင့် မေသင်းဇူလိုင်ကျော်တို့ ဆုံမှတ်က လက်ဖက်ရည်ဆိုင် မနက်ခင်းဆိုလျှင် လာရောက် စားသောက်သူတွေ အလွန်ရှုပ်သည့်ဆိုင်။ တမင် ထိုဆိုင်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ သူတို့ကို အာရုံမကျစေဖို့ သို့သော် ထိုဆိုင်ရှင်က အာရုံကျသည်။ နေဘန်းလတ်တို့နှင့် ရောသည်။ ဖောသည်။ နေဘုန်းလတ် အယုံလွယ်သွား၏။ နေဘုန်းလတ်ရော မေသင်းဇူလိုင်ကျော်ပါ အဖမ်းခံသွား ရရှာလေသည်။ (ထိုဆိုင်ပိုင်ရှင်ကတော့ ယနေ့ နာမည်ကျော် ပါတီကြီး၏ အဓိက ထောက်ပံ့ပေးသူ အဖြစ် မြန်မာ့နိုင်ငံရေး ဘောဂဗလသဖွယ် ထင်ရှားကျော်ကြားနေသူပင်) နေဘုန်းလတ် ဖမ်းခံရသည်ဟု ကြားကြားချင်း ကျွန်တော် ရန်ကုန် ပြန်လာခဲ့သည်။ ကျွန်တော်တို့ဖက်က အကျအဆုံး တော်တော်များလာ၏။ နေဘုန်းလတ်၊ ကဗျာဆရာ ကိုစောဝေ။ တစ်ယောက်ပြီး တစ်ယောက် ပါသွားခဲ့လေပြီ။ အင်းစိန်ထောင် အထူးဝင်းထဲမှာ သူနှင့်ကျွန်တော် ပြန်ဆုံသည်။ ကျောင်းဆရာဟု ကျွန်တော်တို့က နာမည်ပြောင် ခေါ်သလို သူကတော့ မျက်မှန်ကလေး ၀င့်ကာဝင့်ကာ ပြုံးစစနှင့် စကားပြောစမြဲ။ သူ့အမေက ပြောလို့ဆိုပြီး သံဗုဒ္ဓေဂါထာ အခေါက် တစ်ထောင်ရွတ်ရင်း မူးတူးဝေတေ ဖြစ်လာသည်ဆို၏။ ကျွန်တော်က ရွတ်ရွတ် မရွတ်ရွတ် ဘာမှမထူး ထောင်ကျမှာပဲဟု ဆိုလိုက်တော့ သူဟာကနဲ ဖြစ်သွားသည်။ ဒီနောက်မှာတော့ ကျွန်တော် ဆွယ်တရားကောင်းလို့လား မသိ။ သူစာတွေကို ၀ါးစားသလို ဖတ်တော့၏။ ဆရာမောင်ထွန်းသူ ဘာသာပြန်သည့် ဇာတ်မြစ် စာအုပ်၏ မူရင်းကို ဖတ်ချင်သည်ဟု ပူဆာ၏။ကျွန်တော်က Alex Haley ၏ Rootsကို မှာပေးရသည်။ သူ တစ်နေကုန် စာဖတ်သည်။ ညလည်း မီးရောင် ၀ါကျင့်ကျင့် အောက်မှာ ဖတ်သည်။ John Grisham ရေးသည့် ၀တ္ထုတွေ တန်းစီဖတ်သည်။ ကျွန်တော်တို့ ရောက်နေခဲ့သည့် အထူးဝင်းထဲမှာ အေးနေ၀င်း၊ ကျော်နေ၀င်းတို့၏ စာကြည့်ုတိုက်ကြီး ရှိနေသည်။ သူတို့ စာအုပ်ပုံထဲကနေ ကြိုက်တာ ရွေးဖတ်ဖို့ပဲ ဖြစ်၏။

တစ်နေ့တော့ သူနှင့်ကျွန်တော် တရားရုံး တူတူထွက်ရင်း နေဘုန်းလတ်က စကားစလာသည်။ ကျွန်တော် တစ်နေ့က သူ့ကို ပေးဖတ်လိုက်သော Jack Cannfieldစာအုပ်ထဲက ဖော်မြူလာကို သူ အာရုံကျနေခြင်းပင်။ ထိုဖော်မြူလာက ER=Oဖြစ်သည်။ Eက Event (အဖြစ်အပျက်လို့ ဆိုပါစို့) R က Response (တုံ့ပြန်မှုလို့ ဆိုပါစို့) O ကတော့ Outcome (အဖြေ)ဖြစ်၏။ သူကဆိုလာသည်။ ကျွန်တော်တို့ အားလုံး တရားရုံး တစ်ခုထဲမှာပင် အတူရင်ဆိုင်နေရပြီ။ ဒါဆိုတော့ Event အတူတူပဲ ဖြစ်လေသည်။ Responseပေါ် မူတည်ပြီး Outcome တွေ ကွဲပြားသွားလေမလားဟု သူကမေးလာတော့ ကျွန်တော်တို့ စကားဝိုင်း စိုပြေသွားတော့၏။ ဇော်သက်ထွေးရော၊ ကိုမြတ်စံရော၊ ကိုစိန်လှိုင်ပါ ပါလာသည်။ တရားရုံးရှေ့ ဆွေးနွေးပွဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး ထောင်ချခံရသည်။ နေဘုန်းလတ်က ဦးဆုံး ဖားအံထောင်သို့ ရွှေ့ခံလိုက်ရ၏။ သူလိုချင်သော စာအုပ်တွေ သူယူသွားပါရစေ ခွင့်တောင်းတော့ ကျွန်တော် ပေးလိုက်သည်။ သူ့နှုတ်ကတော့ တဖွဖွ။ ERO… ERO ။အဖြေထွက်မည့် တုံ့ပြန်မှုတွေ သူရှာနေပေတော့မည်ဟု ကျွန်တော် တွေးမိနေတော့၏။ ခုတော့ နေဘုန်းလတ်သည် မြန်မာ့နယ်နိမိတ်ကို ကျော်ကာ ကမ္ဘာကို ခြေလှမ်းနေပေပြီ။ လူငယ်တွေထဲမှာ ရှေ့သို့ ထိုးထောင်ထွက်လာသော ရှေ့ဆောင် တစ်ဦး ဖြစ်လာချေပြီ။ အမေရိကား အိုင်အိုဝါမှာ ဆွေးနွေးပွဲတက်ပြီး ကတည်းက သူ့မှာ တိုင်းပြည်အတွက် အမြင်တွေ ပွင့်လာချေပြီ။ ER=Oကို လက်တွေ့ သူအကောင်အထည် ဖော်နေပြီဟု ဆိုရမည်။ နေဘုန်းလတ်သည် မြန်မာနိုင်ငံ အိုင်တီနည်းပညာ ဖွံ့ဖြိုးရေးအဖွဲ့ (MIDO)၏ ဦးဆောင်ဒါရိုက်တာ ဖြစ်သည်။ တစ်နိုင်ငံလုံးအနှံ့ တောကြိုအုံကြားပါ သွားကာ အင်တာ နက် အသုံးပြုပုံကို လိုက်လံသင်ကြားပေးနေသူ။ ပြီးတော့ မြန်မာပြည်၏ တစ်ခုတည်းသောနှင့် ပထမဆုံးသော PEN မြန်မာအဖွဲ့ကြီး၏ အတွင်းရေးမှူးလည်း ဖြစ်လာသည်။ မြန်မာ့စာပေနှင့် ကမ္ဘာ့စာပေကို သူတံတားထိုးနေပြီ။ လူလူချင်း အမုန်းပွားစေမည့် စကားမှန်သမျှ ရှောင်ရှားကြပါဆိုသော ပန်းစကား လှုပ်ရှားမှုကိုလည်း သူဦးဆောင်လာသည်။ နိုင်ငံတစ်ခုကား တရွေ့ရွေ့နှင့် ပြောင်းနေချိန်၊ အဖြေထွက်အောင် ရှာနေသော နေဘုန်းလတ်ကား တက်ကြွနေဆဲ။ ဘာမှမလုပ်ဘဲ တောင်စဉ်ရေမရ စကားတွေ၊ စာတွေ ဖွာလန်ကျဲ ပြောနေသူ၊ ရေးနေသူ မှန်သမျှကို သူမျက်ကွယ် ပြုလိုက်ပြီ။ သူမြင်နေတာ တစ်ခုရှိသည်။ ဒါကို သူရော ကျွန်တော်ပါ သိသည်။ လင်းလုလု အာရုဏ်။

ဇာဂနာ

( Tomorrow သတင်းဂျာနယ်အမှတ်(၂၆)ပါဆောင်းပါး )


ပြီးခဲ့သည့်ရာသီက ရီးရဲလ်နှင့်အတူချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် ရော်နယ်ဒိုသည် (၂၀၁၃-၁၄)ရာသီ ဥရောပ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။ ပြင်သစ်နိုင်ငံ မိုနာကိုမြို့ကို ကျင်းပပြုလုပ်သည့် ချန်ပီယံလိဂ် မဲခွဲပွဲမတိုင်မီ ဥရောပအကောင်းဆုံး ကစားသမားဆု ပေးအပ်ခဲ့ရာ ဘိုင်ယန်မြူးနစ် ကစားသမားများဖြစ်သည့် ရော်ဘင်၊ နူအာတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံး ကစားသမားအဖြစ် ရော်နယ်ဒို ရွေးချယ်ခံရခြင်းဖြစ်သည်။

ရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် (၁၁)ပွဲ ကစားပြီး (၁၇)ဂိုး သွင်းယူနိုင်ခဲ့ပြီး လာလီဂါပြိုင်ပွဲတွင်လည်း ပွဲ(၃၀) ကစား၊ (၃၁)ဂိုးသွင်းယူနိုင်ခဲ့သည်။ ဥရောပ အကောင်းဆုံး ဆုရခဲ့ခြင်းနှင့်ပတ်သက်၍ ရော်နယ်ဒိုက '' အရမ်း အရမ်းပျော်ပါတယ်။ အသင်းဖော်တွေ၊ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကု
ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အသင်းဖော်တွေ မကူညီဘူးဆိုရင် ကျွန်တော် ဒီဆု ရမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြတိုက်မှာ ဒီဆု မရှိသေးပါဘူး။ အဲဒီတော့ ကျွန်တော့်အစ်ကိုက ဒီဆုကို သိပ်မကြာမီ ပြတိုက်ပို့ပေးပါလိမ့်မယ် ''ဟု ပြောသည်။ ရော်နယ်ဒိုသည် ယခုရာသီတွင်လည်း ပြိုင်ပွဲအဖြစ် ကစားခဲ့သည့် ပွဲစဉ်(၄)ပွဲတွင် (၃)ဂိုး သွင်းယူနိုင်ခဲ့သည်။

@z (ရိုးရာလေး)
Ref: uefa.com
www.yoyarlay.com

သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် (၁၂) နာရီခန့်အချိန်က သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါ လမ်းမကြီးပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စု ၂ စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ ကြရာတွင် အဖွဲ့တစ်ဖွဲ့မှ သေနတ် ၂ ချက် မိုးပေါ်ထောင်၍ ပစ်ဖောက်ခဲ့သည်ဟု ရန်ပွဲ ဖြစ်ပွားရာအနီးရှိ ပြည်သူများက News Watch ဂျာနယ်သို့ ပြောသည်။

သာကေတမြို့နယ် ၁၀ တောင် (၁၃) ရပ်ကွက်နေ နေမျိုးအောင်ဆိုသူ ခေါင်းဆောင်သောအဖွဲ့နှင့် ထူပါရုံရပ်ကွက်နေ မြင့်အောင်ဆိုသူ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့တို့ ရန်ငြိုးရှိခဲ့ရာမှ နှစ်ဖွဲ့ပေါင်း လူအယောက် (၅၀) နီးပါး ဓားများ၊ တုတ်များနှင့် ရန်စောင်နေသည့်အချိန်တွင် မြင့်အောင် က သေနတ် (၂) ချက်ဖောက်၍ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါရပ်ကွက်နေ ပြည်သူများက ပြောသည်။

“အဖြစ်အပျက်တွေက အရမ်းမြန်တယ်။ လမ်းထဲကို ကားတစ်စီးဝင်လာတယ်။ နေမျိုးအောင်တို့ကို ပထမကားနဲ့ လိုက်တိုက်တယ်။ ပြီးတော့ နှစ်ဖက်အပြန် အလှန် အုတ်နီခဲတွေနဲ့ ထုတယ်။ ကားလည်း ထိသွားတယ်။ ပြီးတော့ နှစ်ဖွဲ့စလုံး ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ ပြဿနာဖြစ်တော့မယ့်အချိန်မှာ သေနတ်ဖောက်သံလို ပစ်ဖောက်သံ နှစ်ချက် ကြားလိုက်တယ်။ နှစ်ဖွဲ့ပေါင်းကို ဓားကိုင်ထားတဲ့ လူ (၅၀) နီးပါးရှိတယ်။ အကုန်နီးပါးပဲ။ တချို့က တုတ်တွေနဲ့။ အဲဒီလို အသံနှစ် ချက်ကြားပြီးတော့ နှစ်ဖွဲ့အကြီးအကျယ် အချင်းများချိန်မှာ ရဲတွေရောက်လာတယ်။ နှစ်ဖွဲ့စလုံးကလည်း သာကေတမြို့နယ်မှာ နာမည်ကြီးပါတယ်” ဟု ရန်ပွဲကို အစ အဆုံးမြင်တွေ့ခဲ့သည့် ခိုင်ရွှေဝါလမ်းတွင် နေထိုင်သူ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦးက ပြန်လည်ပြောပြသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့အနက်မှ ၁ဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့် ဆက်စပ်မှုရှိသည်ဟုလည်း သာကေတမြို့နယ်နေ ပြည်သူအချို့၏ပြောကြားချက်အရ သိရသည်။ ရန်ပွဲ၌ ပါဝင်သူတဦးလည်း ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ရန်ပွဲဖြစ်ပွားစဉ်အတွင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူအားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အိမ်တံခါးများ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက်ရှိလာမှသာ အခြေအနေ ပြန်လည် တည်ငြိမ်သွားကြောင်း ယင်းလူငယ်က ဆက်လက်ရှင်းပြသည်။

ရပ်ကွက်နေပြည်သူများက ဖော်ပြပါ ပစ်ဖောက်သံ ၂ ချက်အား သေနတ်ပစ်ဖောက်သံဟု ယူဆကြသော်လည်း သာကေတမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူကမူ ဗျောက်အိုးဖောက်သံဟု ကြားသိရသည်ဟု ဆိုသည်။

“လက်ရှိအချိန်ထိတော့ အမှုမဖွင့် ထားပါဘူး။ နှစ်ဖက်စလုံးလည်း မတိုင်ကြားထားသေးဘူး။ မိုးပေါ်ထောင်ပစ်တာလည်း သေနတ်သံမဟုတ်ဘဲ ဗျောက်အိုး သံဆိုပြီး ပြောကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက် ပြီး စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့အစည်းနှစ်ဖွဲ့ ပုံစံရန်ပွဲဖြစ်ခဲ့တာကြောင့် ပြည်သူတွေလည်း ထိတ်လန့်ခဲ့တယ်။ ဒါကြောင့် အထက်ကချပေးတဲ့အတိုင်း ဒီအမှုကို ဆက်လက်ကိုင်တွယ်သွားမယ်” ဟု သာကေတမြို့နယ် နယ်မြေ (၁) ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က မလာသေဘူးဗျ၊ အမှုဖွင့်တာတွေ ဘာတွေတော့မရှိသေးဘူး၊ ဘာကြောင့် မဖွင့်သလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပါ၊ သူဆို့ကိုတော့ ခေါ်ထားတာပဲ၊ နှစ်ဦးနှစ်ဖက် နှစ်နာရင်အမှုဖွင့်ဖို့ ဘာဖို့ပေါ့၊ ကျနော်တို့သွားတော့ အကုန်လုံးလုစုကွဲသွားပါပြီ၊ ဒဏ်ရာရတာ မရှိဘူး”ဟု အဆိုပါရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ကျ ဒုရဲအုပ်တဦးက ပြောကြားခဲ့သည်။

သာကေတမြို့နယ်အတွင်း ယခုကဲ့ဖြစ်စဉ်ကဲ့သို့ ဂိုဏ်းဃဏဆန်ဆန်ရန်ပွဲများ၊ ရပ်ကွက်ခြား ရန်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ပြဿနာကို ငွေကြေးဖြင့် ရှင်းနိုင်သူအချို့က ဦးဆောင်လေ့ရှိကြောင်း သာ ကေတမြို့နယ် ပြည်သူများက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနောက်ပိုင်း မင်းမဲ့စရိုက်ဆန်သည့် ရန်ပွဲများ၊ လူသတ်မှုများ အဖြစ်များလာပြီး လူငယ်များ၏ လက်ရဲဇက်ရဲမှုများနှင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းအပေါ် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။

သတင်းဓါတ်ပုံ- News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အီဘိုလာ ကာကွယ်ဆေးအား ဘေးအန္တရာယ်ကင်းရှင်းမှု စမ်းသပ်ခြင်းမှာ အရှိန်ရနေပြီး စက်တင်ဘာလတွင် ကျန်းမာသည့် လုပ်အားပေး စမ်းသပ်ခံမည့် သူများအား ဖြန့်ဝေနိုင်မည် ဟု သုတေသနပညာရှင်များက သြဂုတ် ၂၈ တွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေးအား ဗြိတိန်၊ ဂမ်ဘီးယားနှင့် မာလီနိုင်ငံများမှ လုပ်အားပေး စမ်းသပ်ခံမည့် သူများအား ဖြန့်ဝေမည်ဖြစ်ပြီး လူ ၁၅၅၂ ဦး သေဆုံးစေခဲ့ သည့် ရောဂါပြန့်ပွားမှုအား တိုက်ဖျက်ရန် ကြိုးစားမှု အစိတ်အပိုင်း တစ်ခုဖြစ် လာမည်ဟု ဆိုသည်။

လုပ်အားပေးများဖြင့် စမ်းသပ်မှုအား ၂၀၁၄ နှစ်ကုန်တွင်အပြီးသတ်နိုင်ရန် သုတေသနပညာရှင်များက မျှော်လင့်ထားသည်။ စမ်းသပ်မှု အောင်မြင်ပါက ကာကွယ်ဆေးအား အီဘိုလာဖြစ်ပွားနေသည့်နိုင်ငံများရှိ ပြည်သူများ ထံ ဖြန့်စေနိုင်မည်ဖြစ်သည်။

စမ်းသပ်ခံမည့်သူများသည် အီဘိုလာရောဂါပိုး ကင်းစင်သူများ ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးနောက် နောက်တစ်ကြိမ်ရောဂါကူးစက်မှု ဒဏ်ကို ကာကွယ်နိုင်ခြင်း ရှိမရှိကို သုတေသနပညာရှင်များကို စမ်းသပ်မည် ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးအား Glaxo Smith Kline ဆေးကုမ္ပဏီက အမေရိကန် အမျိုးသား ကျန်းမာရေးအင်စတီကျူ့  (NIH) တို့ ပူးတွဲထုတ်လုပ်နေခြင်းဖြစ်သည်။

KHTun
The Ladies News Journal

မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးဖြစ်သော မေမြတ်နိုးကို Miss Asia Pacific World ဆုရှင်တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် မညီသော အပြုအမူများကြောင့် သရဖူကို ပြန်လည်ရုပ်သိမ်းကြောင်းနှင့် ယင်းသရဖူကို မြန်မာနိုင်ငံရှိ မီဒီယာများ၏ ရှေ့မှောက်တွင် ပြန်လည်ပေးအပ်ရန် Miss Asia Pacific World Organization မှတောင်းဆိုထားကြောင်း National Director ဒေါ်လှနုထွန်းက The Voice သို့ပြောကြားသည်။

“မေမြတ်နိုးရဲ့မိခင်က နေရာတကာ ဝင်ပါတဲ့အတွက် အလုပ်လုပ်ရတာ အဆင်မပြေဘူး ဆိုပြီး Organization က သြဂုတ်၂၅ရက်နေ့က လှနုဆီ ဆက်သွယ်ပြောလာခဲ့ပါတယ်။ နိုင်ငံသိက္ခာကျမယ့် ကိစ္စတွေလည်း လုပ်ခဲ့တာဆိုတော့ လှနု အသေးစိတ်တော့ မပြောတော့ပါဘူး။ သြဂုတ် ၂၆ ရက်နေ့မှာတော့ သရဖူကို ပြန်သိမ်းလိုက်သလို သူတို့သားအမိကို လေယာဉ်လက်မှတ် စီစဉ်ပေးပြီး သြဂုတ် ၂၈ ရက်နေ့မှာ မြန်မာပြည်ပြန်ဖို့ စီစဉ်ပေးလိုက်ပြီလို့ ထပ်ပြောတယ်။ ဒါပေမယ့် မေမြတ်နိုးက သြဂုတ် ၂၇ ရက်နေ့မှာ သူ့ရဲ့နာမည်ရင်း သက်ထက်အောင်နာမည်နဲ့ လေယာဉ်ခရီးစဉ်ရက်ကို ပြောင်းပြီး သရဖူကိုမအပ်ဘဲ ပြန်သွားတဲ့အတွက် အခုလို စာထုတ်ခဲ့တာပါ” ဟု အလှမယ်မေမြတ်နိုးကို သရဖူပြန်လည် ရုပ်သိမ်းရခြင်းအကြောင်းကို ၄င်းကရှင်းပြသည်။

အလှမယ်မေမြတ်နိုးမှာ တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization ၏ စီစဉ်မှုဖြင့် Mapi Dolls အမည်ရှိ K Pop အဖွဲ့တွင်ပါဝင်ကာ စီးရီးထုတ်လုပ်ရန် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ သရဖူ ပြန်လည်သိမ်းခံရသည့် ဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မေမြတ်နိုးမှာ Miss Asia Pacific Organization ၊ National Director ၊ မန်နေဂျာ၊ မီဒီယာနှင့် ပရိသတ်များအပေါ် လိမ်လည်ခဲ့မှုနှင့် မလေးမစား ဆက်ဆံခဲ့မှု၊ မိခင်ဖြစ်သူမှာလည်း ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက်များ ပေးထားသော်လည်း သုံးလကြာ နေထိုင်ခွင့်ရရန် တရားမဝင် ကြိုးစားခဲ့မှုများကြောင့် သရဖူကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း Miss Asia Pacific World Organization ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံအတွက် ပထမဆုံးရခဲ့တဲ့ သရဖူကို ပြန်သိမ်းခံရတဲ့အတွက် လှနု စိတ်မကောင်းပါဘူး။ ဒီသရဖူရဖို့ သူအပါအဝင် လှနုတို့အားလုံး ခြောက်လလောက် အချိန်ပေးပြီး ကြိုးစားခဲ့ရတာလေ။ အခုလို ဖြစ်လာတာကလည်း သူက အောင်မြင်မှုဒဏ်ကို မခံနိုင်လို့ရယ်၊ နောက်ကွယ်ကနေ သွေးထိုးတဲ့သူတွေရဲ့ စကားတွေကြောင့်လို့ လှနု ထင်ပါတယ်။ အခုချိန်အထိတော့ မေမြတ်နိုး ဘယ်မှာရှိနေတယ်ဆိုတာ လှနုမသိပါဘူး” ဟု အလှမယ်မေမြတ်နိုး၏ သရဖူ ပြန်လည်ရုပ်သိမ်းခံရခြင်း အပေါ် ဒေါ်လှနုထွန်းက သုံးသပ် ပြောကြားသည်။

ယင်းသို့ သရဖူ ရုပ်သိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး အလှမယ်မေမြတ်နိုးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

The Voice Weekly

တစ်ချိန်တုန်းက...

ထေရ၀ါဒ ဘာသာတရားကို ..
For Show ပဲလုပ်တတ်ပြီး..
ဓာတ်ရိုက်ဓာတ်ဆင် ၊ အောက်လမ်း ၊
ဗေဒင် ၊ ယတြာ ၊အစီအရင်
စတဲ့...လောကီ အကျိုးစီးပွားကိုပဲ
စိတ်ဝင်စားတဲ့ ..
အာဏာရှင်သန်းရွှေဟာ..

ထက်ထက်မြက်မြက်ရှိပြီး...
အရည်အသွေးရှိတဲ့ ..
သာသနာ့အာဇာနည်ကိုယ်တော် တစ်ပါးကို..
လူဝတ်လဲပေးချင်တဲ့အတွက်.
.သာသာနာ့ဥသျှောင်ဖြစ်တဲ့..
မင်းကွန်းတိပိဋကဆရာတော်ကြီးကို
လျှောက်တင်ပါတယ်၊

ဘယ်လောက်အထိအောက်တန်းကျတဲ့ ..
မိစ္ဆာဒိဌိတွေလဲ..ဆိုတာကို ...
ဒီလိုလုပ်ဝံ့တာနဲ့ ကိုတွေ့နိုင်တယ်..

မင်းကွန်းဆရာတော်ကြီးက...
အာဏာရှင်တွေကို ပြန်မိန့်တဲ့စကားကတော့..

သပိတ်အိုင်ဆရာတော်ကို...
လူဝတ်လဲမယ်ဆိုရင်...
သူ့အတွက်ပါ လူဝတ် တစ်စုံအပိုယူလာခဲ့..
ဆိုတဲ့စကားပါ..

အဲဒီလို မိန့်ကြားလိုက်တော့...
အာဏာရှင်တွေဟာ..
မျက်စိမျက်နှာပျက်ပြီး..လက်လျှော့သွားပါတယ်..

အဲဒီ သပိတ်အိုင်ဆရာတော်..
(ခ) သီတဂူဆရာတော် (ခ)
သဲကုန်းဆရာတော်ဟာ..

အခု ကမ္ဘာ့ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိ
သီတဂူဆရာတော်ကြီး..

" ဒေါက်တာအရှင်ဥာဏိဿရ"ဆိုပြီး...ထင်ရှား လာခဲ့ပါတယ်...

------------------------

ဆရာတော်ကြီးဟာ..
ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားရေး အတွက်
ယခုအချိန်ထိကို ...
စိုက်ထုတ်ဆောင်ရွက်ခဲ့ပါတယ်..။

ထေရ၀ါဒရဲ့ အနှစ်သာရတွေအတိုင်း
ကျင့်ကြံခဲ့တဲ့.ဆရာတော်ကြီးဖြစ်ပါတယ်။

ဆရာတော်ကြီးဆောင်ရွက်ခဲ့တဲ့ ..
နာပြုလုပ်ငန်းတွေကတော့

(၁) သီတဂူရေအလှုတော်-
ဧရာဝတီမြစ်ရေကို..မြင်းကောင်ရေအား ( ၃၀ )ရှိတဲ့
ရေပိုက်လိုင်း (၁၀)လိုင်းဖြင့်
ရေလှောင်ကန်ကြီးများဆီသို့သယ်ယူပြီး
စစ်ကိုင်းတောင်ရိုး တစ်လျှောက်
(၈)မိုင်ဧရိယာအထိ နေ့စဉ်ရေဂါလံ
၅သိန်း ကျော်ပေးဝေလှူဒါန်းခဲ့တယ်၊

(၂) သီတဂူအာယုဒါန ဆေးရုံတော်များ-
အဲဒီဆေးရုံတွေကိုလည်း ..
အထွေထွေရောဂါကုဆေးရုံအဆင့်အထိလုပ်ဆောင်ခဲ့တယ်..
နိုင်ငံခြားက ဆရာဝန်တွေကို
ဖိတ်ကြားကုသစေခဲ့တယ်..။

(၃) သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်-
အဲဒီတက္ကသိုလ်ကလည်း ရန်ကုန်နဲ့ စစ်ကိုင်းမှာရှိတယ်.၊
ကမ္ဘာအနှံ့က သံဃာတော်တွေတောင်
လာရောက်သင်ကြားကြတယ်၊

(၄) သီတဂူ ဓမ္မ၀ိဟာရများ-
ထေရ၀ါဒ ဗုဒ္ဓသာသနာကိုပြည်ပမှာ စနစ်တကျ သိရှိကျင့်ကြံ
နိုင်ရန်အတွက် လမ်းညွန်ပြသပေးရာ နေရာတစ်ခုအဖြစ်
သီတဂူဓမ္မ၀ိဟာရကို ၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ
Austin, Texas တွင်တည်ထောင်ခဲ့တယ်
(၁၅)ဧကကျယ်တဲ့နေရာမှာ
စေတီတွေ သာဿနိကအဆောက်အဦးတွေ..
ဆောက်သာသနာပြုခဲ့တယ်၊
Maple Wood မှာ သီတဂူ ဓမ္မဝိဟာရတစ်ခုနဲ့ ၊..
လ်ာရီဒါမှာ ဓမ္မာလောက
ဗုဒ္ဒဘာသာအသင်းတို့လည်းရှိတယ်..။

------------------

နောက်ပြီး အထင်အရှားဆုံးကတော့ ..
နာဂစ်ကာလအတွင်းဖြစ်ပါတယ်..

စစ်အစိုးရဟာ..နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကို .
.ခေါင်းမာမာနဲ့ လက်မခံပဲ ရေမြုပ်ဒေသကပြည်သူတွေကို..
အခြေခံဥပေဒအတွက် စတေးလိုက်ချိန်မှာ..

သီတဂူဆရာတော်ကြီးဟာ..
နာဂစ်ဒေသကို အခေါက်ခေါက်အခါခါရောက်ပြီး
ကယ်ဆယ်ရေးလုပ်ငန်းပေါင်းများစွာကို
အံ့သြကြည်ညိုလောက်အောင်ကို
လုပ်ဆောင်ခဲ့ကြတယ်..၊
ဆရာတော်ကြီးရဲ့ သီတဂူအမှတ်အသားပါတဲ့
ကယ်ဆယ်ရေးကားတန်းကြီးတွေကို
ဧရာဝတီတိုင်းက လမ်းမတွေမှာ ..
ဥဒဟိုသွားလာခဲ့တာတွေကို
မြင်ဖူးကြတဲ့သူတွေအများကြီးပါ.၊

မုန်တိုင်းကြောင့် ပြိုကျပျက်စီးသွားတဲ့
စေတီပေါင်း (၁၇၀) ကျော်ကို ပြုပြင်ပြီး
ရွှေထီးတော် အသစ်များ တင်လှူပူဇော်ခဲ့တယ်၊
အလယ်တန်း၊ မူလတန်းကျောင်းပေါင်း (၂၇)ကျောင်းတို.ကို
အသစ်ဆောက်လုပ်လှူဒါန်းတယ်၊ ဧရာဝတီတိုင်းက
ဆေးရုံပေါင်း (၁၂)ရုံကို ဆေးရုံသုံးပစ္စည်းတွေလှူဒါန်းခဲ့တယ် ၊
မုန်တိုင်းဒဏ်သင့် ပြည်သူတွေကိုလည်း ဆန် အပါအ၀င်
ကယ်ဆယ်ရေးပစ္စည်းတွေလှူဒါန်းခဲ့တယ်..

ဒုက္ခသည်တွေအတွက် အလှုခံဖို့ရည်ရွယ်ချက်နဲ့
နိုင်ငံအချို့မှာ တရားပွဲတွေခဏခဏ
ကျင်းပခဲ့တယ် ..၊ ဆရာတော်ကြီးနဲ့
အတူ ပြည်သူတွေကပါ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်..။

အခုထက်ထိ နာဂစ်ပြန်လည်ထူထောင်ရေးအတွက်
လုပ်ကိုင်ဆောင်ရွက်ဆဲပါ။

-----------------

ထူးခြားတာတစ်ခုက..

သီတဂူဆရာတော်ကြီးဖွင့်လှစ်ပေးထားတဲ့..
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဆေးရုံတွေမှာ..
ဗုဒ္ဓဘာသာဝင်တွေကိုသာမက..
အစ္စလာမ် ၊ ခရစ်ယန် စတဲ့...
ဘာသာစုံလူမျိုးစုံကိုပါ ကုသပေးခဲ့တာဖြစ်သလို..

သီတဂူဆရာတော်ကြီးကိုယ်တိုင်ကလည်း..
ပါကစ္စတန်နိုင်ငံသား အစ္စလာမ်ဘာသာဝင်..
မျက်စိအထူးကုဆရာတော်ကြီးရဲ ခွဲစိတ်မှုကို
ခံယူပြီး မျက်စိအကြည်ဓာတ်ပြန်လည်ကောင်းမွန်ခဲ့ပါတယ်.၊

ထပ်ပြီး အတုယူစရာဖြစ်ရပ်ကတော့..

အစ္စလာမ်ဘာသာဝင် ကိုမြအေး ရဲ့..နှလုံးကို
သေချာစွာခွဲစိတ်ပေးခဲ့တာဟာလဲ
ဗုဒ္ဓဘာသာဝင်ရိခိုင်လူမျိုးတစ်ဦးဖြစ်သလို..

လွန်ခဲ့တဲ့ လအနည်းငယ်က..မန္တလေးမြို့မှာ
အစ္စလာမ်ဘာသာဝင်..
မိန်းကလေးငယ်တစ်ယောက်ကို..တိုက်ပြီး
ထွက်ပြေးတဲ့ တရုတ်လိုမျိုးတစ်ယောက်ရဲ့ကားကို
မီအောင်လိုက်ပြီး ကိုယ့်ကားကို
ခေါင်းပိုင်းစုတ်ပြတ်သွားတဲ့အထိ အနာခံပြီးရှေ့ကပိတ်ရပ်လို့
တရားခံကို ရအောင်ဖမ်းဆီးပေးခဲ့တဲ့သူဟာလဲ..
ဗုဒ္ဓဘာသာ ဆရာဝန်တစ်ဦးဖြစ်နေတာပါပဲ..

------------------

ဘာပဲပြောပြော..ကိုယ်ကျင့်တရားနဲ့ စိတ်ဓာတ်ဟာ
အဓိကဖြစ်ပါတယ်..

ပြောချင်တာကတော့...

သီတဂူဆရာတော်ကြီးအကြောင်းကို
သေချာသိမြင်နာလည်မှ ဝေဘန်ကြရင်..
ပိုကောင်းမယ်ထင်ပါတယ်..၊

ကမ္ဘာ့ဘာသာပေါင်းစုံညီလာခံကြီးတွေမှာ
မဖြစ်မနေ တက်ရောက်ဖို့ဖိတ်ကြားခံခဲ့ရတဲ့
ဘာသာတိုင်းကိုလေးစားတဲ့ ဆရာတော်ကြီး
တစ်ပါးကို..

ဝေဘန်စရာလိုအပ်မယ်လို့ မထင်ပါဘူး..

ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်..
ဆူလွယ်နပ်လွယ် ဖြစ်လေ...
ဖြေရှင်းရခက်လေလေ...

စိတ်ကိုထိန်းသိမ်းပြီးဖြေရှင်းရလေ..ဆိုတာ

သဘောပေါက်ကြစေချင်ပါတယ်..

( Pa Yit)

လာမည့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ချက်များအရ သေဆုံးသူများ ၏ မဲစာရင်းများ ပါဝင်နေကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်စာရင်း ဖြည့်သွင်းပြု စုခြင်း ရှေ့ပြေးစီမံချက် ဆောက်ရွက်နေသည့် အရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောသည်။

သို့သော် ယာယီသန်းခေါင်စာရင်း၊ ဧည့်စာရင်း နှင့် ကျူးကျော်နေထိုင်သူများသည် အဆိုပါမဲစာရင်းတွင် ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်ဟု ¤င်းတို့ကဆိုသည်။
''သေဆုံးသွားတဲ့သူတွေဟာ မဲစာရင်းမှာ ပါနေ တာတွေ့ရပါတယ်။

ဘာလို့ပါနေတာလဲဆိုတာ စစ်ကြည့် လိုက်တော့ လူတစ်ဦးတစ်ယောက်က သေဆုံးသွားရင် ကျန်းမာရေး ဦးစီးဌာနကနေ သေစာရင်းကို မြို့နယ် လဝကကို သွားပေးရတယ်။ ဒါကို မိသားစုဝင်တွေက မလုပ်ခဲ့တဲ့အခါ ပါနေတာပေါ့''ဟု အဆိုပါလုပ်ငန်း စီမံ ချက်ကိုဆောင်ရွက်ခဲ့သူ new myanmar foundation မှ ဒေါ်မြနန္ဒာ ကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သောမဲစာရင်းရရှိရန် ''မဲဆန္ဒရှင် စာရင်းဖြည့်သွင်းပြုစုခြင်း ရှေ့ပြေးစီမံချက်'' ကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် လုပ်ငန်းများဆောင်ရွက်ခဲ့ရာ မဲစာရင်းပြုစုခြင်း လုပ်ငန်းပိုင်း အားနည်းချက်များကိုတွေ့ရှိခဲ့ရကြောင်း သြဂုတ် ၂၆ရက်က မြန်မာနိုင်ငံသတင်း စာဆရာများအသင်းရုံးခန်းတွင် လုပ်ငန်းဆောင်ရွက်ခဲ့သူများက ပြောကြားလိုက် ခြင်းဖြစ်သည်။

သေဆုံးသူများမဲစာရင်းတွင်ပါဝင်နေခြင်းအားပယ်ဖျက်ရန် ကျန်းမာရေး ဝန်ကြီးဌာနမှ သေစာရင်းရယူပြီး လူဝင်မှုကြီးကြပ်ရေးရုံးသို့ စာရင်းပေးသွင်းရန် လိုအပ်သော်လည်း စာရင်းယူရန် ကျန်းမာရေးဝန်ကြီးဌာန သို့ပေးသွင်းရမည့်ကုန်ကျ စရိတ်များကြောင့် မိသားစုဝင်များမှာ သေစာရင်းပယ်ဖျက်မှုမပြုလုပ်သည့်အ တွက် သေစာရင်းများသည် မဲစာရင်းအတွင်းပါရှိနေခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအတွက် သေဆုံးစာရင်းများကို မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်သို့ လစဉ်တိုက်ရိုက် စာရင်းပေးပို့အကြောင်းကြားရန်လိုအပ် ကြောင်း သိရသည်။

''နောက်ထပ်တွေ့ရတာက ဧည့်စာရင်းတွေ၊ ယာယီသန်းခေါင်စာရင်းနဲ့နေ တဲ့သူတွေက မဲစာရင်းမှာပါလာတာမတွေ့ရဘူး''ဟု ဒေါ်မြနန္ဒာက ပြောသည်။

ယခုရှေ့ပြေးစီမံချက်တွေ့ရှိမှုအရ ယာယီသန်းခေါင်စာရင်းဖြစ်သူများမှာ အိမ်ပိုင်သော်လည်း နာမည်လွှဲပြောင်းရန်ကုန်ကျစရိတ်များကြောင့် အမည်ပေါက် မလုပ်နိုင်ကြောင်း၊ ကျူးကျော်များအနေဖြင့် ကျူးကျော်အိမ်များအဖြစ် နှစ်ပေါင်း ၃ဝ ခန့်နေလာသူများဖြစ်နေသည်ကိုတွေ့ရှိရပြီး ယခင်ရွေးကောက်ပွဲတွင် မဲပေး ထားသူများဖြစ်သည်ကိုတွေ့ရှိရကြောင်းသိရသည်။

ယင်းသို့တွေ့ရှိချက်များကို ''မဲဆန္ဒရှင်စာရင်းဖြည့်သွင်းပြုစုခြင်း ရှေ့ပြေးစီမံ ချက်'' ဆောင်ရွက်ခဲ့သောအရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တိုက်ရိုက်ပေးပို့ကာ အကြံများပေးသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

ယခုကောက်ယူခဲ့သောစီမံချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂ဝ ခန့်ကိုဖိတ်ကြားတာဝန်ယူစေခဲ့ပြီး အလုံမြို့ နယ်နှင့်တီးတိန်မြို့နယ်တို့တွင် ယခုနှစ်ဇွန်လမှ သြဂုတ်လအထိ လုပ်ငန်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သော်ဇင်ထက် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၃)။


နှစ်စဉ်ကြုံတွေ့နေရသော ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှုများ အား ဘဏ္ဍာငွေအမြောက်အမြား မရရှိပါက လာမည့်နှစ်တွင်လည်း ရေကြီးရေလျှံမှုကို ရာနှုန်းပြည့်ကာ ကွယ်နိုင်မည်မဟုတ်ကြောင်း ရန်ကုန် မြို့တော်ဝန်ဦးလှမြင့်က ပြောဆိုလိုက် သည်။

သြဂုတ် ၂၅ ရက်က ပြုလုပ် သော ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း ၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး ၄င်း က ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌဖြစ်သူ မြို့ တော်ဝန်ဦးလှမြင့်က ''ရန်ကုန်မြို့ ရဲ့ ရေကြီးရေလျှံမှုပြဿ နာကို ဖြေ ရှင်းဖို့ နည်းပညာနဲ့ဘဏ္ဍာငွေ မြောက် မြားစွာလိုအပ်မယ်။ အဲဒါတွေ မရရှိ ရင် လာမယ့် ၂ဝ၁၅ ရန်ကုန်မြို့ ရေ ကြီးမယ့်ပြဿ နာကို အပြည့်အဝ ကာ ကွယ်နိုင်မှာမဟုတ်ဘူး''ဟု ပြောဆို ခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တွင် ရေကြီး ရေလျှံမှုပြဿ နာ ကြုံတွေ့နေရခြင်း မှာ မြို့တွင်း တည်ဆောက်လျက်ရှိ သော စီမံကိန်းအိမ်ရာများနှင့် လူ နေထူထပ်သော ရပ်ကွက်များတွင် ဆောက်လုပ်လာခြင်းကြောင့် ရေဝပ် ဧရိယာများ နည်းပါရသည့်အတွက် ဖြစ်ကြောင်း သိရသည်။

''ဒီရေတက်ချိန်နဲ့ မိုးရွာချိန် တိုက်ဆိုင်ရင် ရေစွန့်ထုတ်နိုင်တဲ့ ပိုက် ထက် မြစ်ရေကပိုမြင့်တက်နေရင်လဲ ရေစွန့်ထုတ်ဖို့ မလွယ်ဘူး။ အဲဒါတွေ အကုန်ပြန်ပြင်ဖို့ မြောက်မြားစွာသော ဘတ်ဂျက်တွေလိုပါတယ်''ဟု ဦးလှ မြင့်ကပြောသည်။

နိုင်ငံတကာရှိ ရေကြီးရေလျှံ မှု အများဆုံးဖြစ်ပွားရာ မြို့များတွင် မြို့တွင်းလျှံနေသော ရေပမာဏမှ ရေမြောင်းမှ စွန့်ထုတ်နိုင်သော ပမာဏထက် ကျော်လွန်များပြားနေ ပါက သာမန်လုပ်ရိုးလုပ်စဉ်အပြင် ကြိုတင် တည်ဆောက်ထားသော ရေလုံတာတမံများဖြင့် ထိန်းသိမ်း ကာ အချိန်အနည်းငယ်ကြာမှသာ သီးသန့် ပြန်လည် စွန့်ထုတ်မှုပြုလုပ် ကြောင်း နိုင်ငံတကာစံညွှန်းများအရ သိရသည်။

လက်ရှိ ၂ဝ၁၄ ခုနှစ်တွင် ရေ ကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့ သောမြို့များမှာ ဒဂုံမြို့သစ်အရှေ့ ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့ သစ်မြောက်ပိုင်းနှင့် ဒဂုံဆိပ်ကမ်းမြို့ နယ်များဖြစ်ကြောင်း သိရသည်။

အဆိုပါမြို့နယ်များတွင် ရေ ကြီး ရေလျှံမှု ထပ်မံမဖြစ်ပွားစေရန် အတွက် တိုင်းဒေသကြီးအစိုးရမှ ရေ ကြီးရေလျှံမှုမဖြစ်စေရန် ထိန်းသိမ်း ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက် ခဲ့ပြီး အရှည် ၄၄၈ မိုင်ကျော် ရှည် သော ရေမြောင်း ၁၆၉ မြောင်းတူး ဖော်ပေးခဲ့ကြောင်း စည်ပင်မှထုတ် ပြန်ထားသော စာရင်းများအရသိရ သည်။

ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၃)။

တပ်မတော်ဟာ
တိုင်းပြည်ကို စေတနာသိပ်ကြီးလာရင်
အာဏာသိမ်းတတ်တယ်။

တပ်မတော်သည် အမျိုးသားရေးကို
ဘယ်တော့မှ သစ္စာမဖောက်
ကုန်းကောက် စရာမရှိတာက ပြည်သူ
ရဲရဲတက် ရဲရဲတိုက်ရင်း
လူမိုက်စာရင်းဝင်ခဲ့သူများ
လူသားချင်းစာနာမှုပြဇာတ်တစ်ပုဒ်ကို
နှုတ်တိုက်ကျက်ပြီး
ကန့်လန့်ကာရှေ့ထွက်ပြတော့
ဟာသရသ ဟာ
အဲ့ဒီပြဇာတ်ရဲ့အနုပညာအထွဋ်တင်မှု
လူထုတွေမှာ
အူနှိပ်ရတဲ့ အလုပ်တစ်ခုပိုခဲ့ပေါ့။

လွယ်လွယ်လေးကိုခက်အောင်လုပ်တတ်တဲ့ အနုပညာ
ဝမ်းတွင်းပါ အရည်အသွေး
ငေး လောက်စရာပါ့။

ကဲ ခု ကြည့် လေ
လူထုမင်းသမီးလေးကို ပွဲထုတ်ပြီး
ပတ်မကြီးတီးပေးလိုက်တော့
ကြိုက်သူကြိုက်ကြ
ခိုက်သူခိုက်ကြ
ငိုက်နေကြသူတွေတောင် လန့်နိုးသတဲ့။

နောက်ပြန်မလှည့်ဘူးဆိုတဲ့
တစ်ခန်းရပ်ပြဇာတ်မှာ
အလွမ်းဓာတ်ပါသူတွေ မကြည့်ရဘူးဆိုလား။

ဘုရား ဘုရား
တစ်ခန်းရပ်ပြဇာတ်ပြီရင်
မျက်လှည့်ပါထပ်ပြဦး မတဲ့။

ရှမ်းကိုးမီးကို ဘူကြီးနဲ့တွဲရိုက်တတ်တဲ့
ဇာတ်ဆရာရဲ့လှည့်ကွက်မှာ
ကဗျာဆရာတွေ
အာဏာသိမ်းဖို့ ယိမ်းထွက်ကြရအောင်။

တပ်မတော်ဟာ တိုင်းပြည်အပေါ်
စေတနာသိပ်ကြီးလာရင် အာဏာသိမ်းတတ်သတဲ့။

ဒီတစ်ခါ ကျုပ်တို့အလှည့်လေ
စစ်တပ်က စေတနာသိပ်မကြီးခင်
အသင့်ပြင် နေရာယူ
စေတနာဖြူဖြူ ဗလဗွနဲ့ မဟူရာ အမှောင်ညထဲမှာ
(ကိုင်း ရွာစားရေ )
ကဗျာသမ္မတနိုင်ငံတော်ထူထောင်ခန်း ဖွင့်။ ။

သုလင်းဝေ

မဇ္ဈိမ သတင်းစာ၊ ၂၈-၈-၁၄။ စာ-၉။

အခုရက်ပိုင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး ကိစ္စ တစ်ခုကတော့ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှု အကြောင်းပဲ ဖြစ်ပါတယ်။ ခေါင်းလောင်းကို ဆယ်ယူတဲ့ အဖွဲ့အကြောင်း၊ ခေါင်းလောင်းကို ဆယ်ယူဖို့ ကြိုးစားတာ၊ သတင်းမီဒီယာတွေက ဖော်ပြကြတာ စသဖြင့် အကြောင်းအရာ မျိုးစုံ ဖြစ်ပါတယ်။ ပြည်သူအများစုကြီးကတော့ ဒီခေါင်းလောင်းကြီး တကယ်ပဲ ရှိရဲ့လား၊ ဒီခေါင်းလောင်းကြီးကို တကယ်ပဲ ဆယ်ယူနိုင်မလား စသဖြင့် စိတ်ဝင်စားကြပါတယ်။ တစ်ချို့ကတော့ ခေါင်းလောင်းဆယ်ယူတဲ့ အဖွဲ့က ပြောဆိုတဲ့ စကား၊ ထုတ်ပြန်တဲ့ သတင်းစကားတွေကိုကြည့်ပြီး ရိုးသားမှု ရှိရဲ့လား၊ အကြံအစည် တစ်ခုခု ရှိမှာလား၊ စသဖြင့် ဝေဖန်စောကြောကြပါတယ်။ တစ်ချို့ကတော့ ဒီကိစ္စ သတင်းမီဒီယာ တစ်ချို့နဲ့ ပေါင်းပြီး ပြည်သူတွေကို အာရုံပြောင်းအောင် လှည့်ဖျားတာ ဖြစ်နိုင် မဖြစ်နိုင် စသဖြင့် တွေးတောကြပါတယ်။ ဒီကနေ့ အဲဒီ အကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။

ပထမ တစ်ချက်ကတော့ ခေါင်းလောင်းကြီး တကယ် ရှိခဲ့ မရှိခဲ့ ပြသနာပါ။ ဒီနေ့ထက်ထိ ခေါင်းလောင်းကြီး ရှိခဲ့ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးဘူးလို့ ပညာရှင်တစ်ချို့က ဆိုပါတယ်။ တကယ်လို့သာ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းသာ သက်ရှိထင်ရှားရှိမယ်ဆိုရင် ခိုင်လုံတဲ့ အထောက်အထား ရှိတယ်၊ မရှိဘူး တစ်ခွန်းထဲနဲ့ ယတိပြတ် ပြောနိုင်မှာဖြစ်ပေမယ့် အခုနှောင်းလူတွေကတော့ ပြောနိုင်သူ မရှိသေးပါဘူး။ လက်ရှိ ဖြစ်နေတဲ့ ပြသနာက ရှိမယ်၊ မရှိခဲ့ဘူး မသေခြာတဲ့ ခေါင်းလောင်းကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်း ဆုံရာ မှာ ရှိတယ်လို့ အသေအခြာ ပြောဆိုပြီး ရှာကြ ဖွေကြတဲ့ ကိစ္စပါ။ ဒါလည်း ပြသနာ မရှိပါဘူး။ စူးစမ်းရှာဖွေသူတွေ ဆိုတာ ခုလိုပဲ ရှာကြ ဖွေကြရမှာပါပဲ။ ဒါပေမယ့် လက်ရှိ ခေါင်းလောင်း ရှာဖွေ ဆယ်ယူနေတဲ့ အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်ကို ကြည့်လိုက်ပါဦး။

“ ၁၃၇၆ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ (အင်္ဂါနေ့) ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကျွန်တော် (မြေပုံ မောင်စံလင်း) (ကော့သောင်း) အဖွဲ့မှ တွေ့ရှိထားပြီဖြစ်သည်။ နဂါးများမှ အကြီးဆုံး ရွှေရောင် နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခန်းခန်းနားနား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ်သည်။ ကျွန်တော်တို့ဇ။် မြန်မာ့နည်း မြန်မာ့ဟန် မြန်မာ့အဆင့် နည်းပညာသည် လျှို့ဝှက်ချက်များစွာ ရှိနေခြင်းကြောင့် နှုတ်မှ ဖွင့်ဟ၍ မပြောရပါ။ အရိယာ ၀ိဇ္ဖာ အပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိပြီဖြစ်ကြောင်း အတိအလင်း ကြေငြာခြင်း ဖြစ်သည်။”

“ ကျွန်တော်တို့ အပေါ်တွင် စေတနာထားသော ရဟန်းရှင်လူ ပြည်သူအပေါင်း ၀ိုင်းဝန်းပြီး ဆောင်ရွက်ပေးကြသော အလှူရှင်များနှင့် ခုနှစ်ရက် သားသမီး အပေါင်းတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျွန်တော်တို့ဘက်မှ သတင်းထုတ်ပြန်ခြင်း နောက်ကျခြင်းကို နားလည်ပေးပါရန် ကျွန်တော်မှ တောင်းပန်အပ်ပါသည်။ မကြာမီရက်အတွင်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ကုန်းပေါ်အရောက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။” ဆိုပြီး ဖော်ပြပါရှိပါတယ်။
ထုတ်ပြန်ချက်ကို ဖတ်လိုက်တာနဲ့တင် အဓိပ္ပါယ်မဲ့တဲ့ ဖော်ပြချက်တွေဆိုတာ သိသာပါတယ်။ ဒါမျိုး ဘာကြောင့် ပြောဆိုသလဲ ဆိုတာ စူးစမ်းကြည့်ဖို့ လိုလာပါတယ်။ ဦးစံလင်းနဲ့ ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ ကိုယ်တိုင် ခုလို သဘာဝ မကျ အဓိပ္ပါယ်မဲ့တာတွေကို ရိုးရိုးသားသား ယုံကြည်နေတာလား၊ ဒါမှမဟုတ် လိမ်လည်နေတာလား၊ ဒါမှမဟုတ် ခေါင်းလောင်းဆယ်ယူရေး ဆိုပြီး ရထားတဲ့ များပြားလှတဲ့ အလှူငွေတွေကြောင့် မရိုးမသားလုပ်ဖို့ ကြိုးစားတာလား ၊ ဒါမှမဟုတ် လူတစ်ချို့ စွတ်စွဲသလို ပြည်သူတွေကို အာရုံပြောင်းဖို့ စမ်းသပ်တဲ့ အစီအစဉ်တစ်ခုမှာ စနစ်တကျ ပါဝင်နေကြ တာလား၊ ဆက်ပြီး ဆန်းစစ်ကြည့်သင့်ပါတယ်။

အင်တာနက် လူမှုကွန်ယက်ကနေ တဆင့် ပျံ့နှံ့လာတဲ့ အသေးစိတ် တွက်ပြထားတဲ့ စာရင်းမှာတော့ ခေါင်းလောင်းဆယ်ယူဖို့ ကျပ်ငွေ သိန်း ၁၈၀၀ ကျော် ကုန်ကျမယ်လို့ တွက်ချက်ပြထားပါတယ်။ အဲဒီထဲမှာ သောင်တူးရေယာဉ် နဲ့ အခြေပြုနေထိုင်မယ့် နှစ်ထပ်သင်္ဘောငှားခ၊ ရေငုတ်သမားငှားခ၊ အထွေထွေ ပစ္စည်းတွေနဲ့ ဒီဇယ်ဆီ၊ စသဖြင့် တွက်ချက်ပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းလောင်း ဆယ်ယူတယ်ဆိုတဲ့ ကိစ္စ ပြီးဆုံးသွားရင်တော့ အဲဒီမှာ ကုန်ကျခဲ့တဲ့ ငွေစာရင်း အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တိတိကျကျ ရှင်းလင်း ပြောဆိုပြဖို့ လိုပါလိမ့်မယ်။

ဒီလို ခေါင်းလောင်းကြီး ဆယ်ယူမှုနဲ့ ပါတ်သက်ပြီး သတင်းမီဒီယာ တွေကလည်း အမျိုးမျိုးအဖုံဖုံ သတင်းရေးသား ဖော်ပြကြပါတယ်။ များသောအားဖြင့် သိပ္ပွံနည်းမကျ၊ သဘာဝ လည်းမကျတဲ့ ပြောဆို၊ လုပ်ကိုင်မှုတွေကို အဲဒီ ပြောဆို လုပ်ကိုင်မှုတွေ အတိုင်း ရေးသားဖော်ပြ၊ ရိုက်ကူးတင်ဆက် ပြသ နေတာဖြစ်တဲ့အတွက် ပြည်သူတွေကို အများကြီး ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ ဥပမာအားဖြင့် “ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီဟု ဦးစံလင်းက ပြောသည်။ သို့သော် ခိုင်လုံသော သက်သေ အထောက်အထား တစ်ခု တစ်လေကိုမှ ပြသနိုင်ခြင်း မရှိသေး။” ဆိုတာမျိုးလောက် ရေးပြဖို့ကိုတောင် ပျက်ကွက်ခဲ့ကြပါတယ်။ တစ်ချို့ သတင်းစာနဲ့ ရုပ်သံချယ်နယ်ကတော့ ခေါင်းလောင်း ဆယ်ယူမှု စတင်တဲ့ အချိန်ကစ စောစောက တင်ပြခဲ့သလို၊ သဘာဝ ယုတ္တိ မရှိတာတွေကို နေ့စဉ် ရက်ဆက် ဆိုသလို ရေးသားဖော်ပြ၊ ထုတ်လွှင့်ခဲ့တာကြောင့် သံသယ ဖြစ်ဖွယ်ရာ မီဒီယာတွေအဖြစ် ဝေဖန်ခံကြရပါတယ်။ ဒါဟာ ပြည်သူတွေသိချင်တာကို ဖော်ပြဖို့ တကယ်ပဲ ကြိုးစားနေတာလား၊ ပြည်သူတွေ လမ်းလွဲအာရုံရောက်အောင် လုပ်ဖို့ လေ့ကျင့်ပြင်ဆင် နေတာလား ဆိုတာ ယတိပြတ် ပြောဖို့တော့ စောပါသေးတယ်။ နောက်ပိုင်း အဖြစ်မှန် ပေါ်ပေါက်လာနိုင်ပါတယ်။

နောက်ဆုံး ခေါင်းလောင်းကြီးကို မတွေ့ဘူး ဆိုရင် ဦးစံလင်းတို့ အဖွဲ့ကို ဘာလုပ်မလဲ ဆိုတာပါ။ ပြည်သူ တစ်ယောက်ယောက်က တရားလိုလုပ်ပြီး လိမ်လည်မှုနဲ့ တရားစွဲမှာလား၊ သက်ဆိုင်ရာ အာဏာပိုင်တွေကပဲ တိုင်းပြည်ကို လိမ်လည်မှုနဲ့ အရေးယူကိုင်တွယ်မလား မသိနိုင်သေးပါဘူး။ တကယ်လို့ တစ်စုံတစ်ရာ အရေးယူခြင်း မပြုနိုင်ဘူး ဆိုရင်တော့ နောက်နောင် တိုင်းပြည်မှာ အလားတူ ပြသနာမျိုးတွေ အများကြီး ပေါ်ပေါက်လာနိုင်သေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

ရန်ကုန်မြစ်ကမ်းတွင် လာရောက်ကြည့်ရှုနေသူများကို သြဂုတ်၂၇ရက်က တွေ့ရစဉ် (ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ)

ဓမ္မစေတီ ခေါင်းလောင်း ကြီးကို နဂါးမင်းများက ရေ အောက်တွင် ဆီမီးပူဇော်ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက် အသုံးပြုသူများနှင့် ခေတ်လူကြီး၊ လူငယ်များအကြား ရယ်စရာတစ်ခု သဖွယ် ပြောဆိုဝေဖန်နေကြ သည်။

နဂါးများကို ယုံကြည်သူနှင့် မယုံကြည်သူများ နှစ်ဖွဲ့ကွဲနေပြီး ကမ်းနားတွင် လာရောက်ကြည့်ရှု သူ အများစုက ခေါင်းလောင်းကြီး ပြန်တွေ့မည်ဟု ယုံကြည်လက်ခံ နေကြကာ လူမှုကွန်ရက်အသုံးပြု သူ ခေတ်လူငယ်အချို့က ဦး ဆောင်ရှာဖွေသူ ဦးစံလင်း၏ ရေအောက်တွင် နဂါးရှိသည်ဟု ပြောဆိုခြင်းကို လက်မခံလိုကြခြင်း ဖြစ်သည်။

ခေါင်းလောင်းကြီးကို သြဂုတ် ၉ ရက်မှစ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဦးစံလင်းခေါင်းဆောင် သော အဖွဲ့က မြန်မာ့နည်း၊ မြန်မာ့ဟန်(ဂမ္ဘီရနည်း) ဖြင့် ရှာ ဖွေနေခြင်းဖြစ်ပြီး သြဂုတ် ၂၆ရက်နောက်ဆုံးထား ဆယ်ယူမည်ဟု ပြောကြားထားသော်လည်း ၂၇ ရက်အထိ ဆက်လက်တိုးချဲ့ရှာ ဖွေနေခြင်းဖြစ်သည်။

‘‘နဂါးတွေကို မယုံဘူး။ ရေ အောက်မှာ ဒီနဂါးတွေက ကုန်း ပေါ်တက်ပြီး လူယောင်ဖန်ဆင်း နိုင်တယ်ဆိုတာကိုလည်း မယုံဘူး။ နဂါးတွေ အောက်မှာရှိရင် လူတွေ ဒုက္ခရောက်ကုန်မယ်။ တံငါသည်တွေ၊ ပင်လယ်ကူးသင်္ဘော၊ ငါးဖမ်းလှေတွေ ဒီနားမှာ အမြဲဖြတ်နေတာ’’ဟု ရန်ကုန်မြစ်အတွင်း လုံခြုံရေးတာဝန်ယူ နေသူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

အကြီးဆုံး ရွှေရောင်နဂါး မင်းကြီးနှင့်တကွ နဂါးအပေါင်းတို့ က ဓမ္မစေတီခေါင်းလောင်းကြီး ကို အကြီးအကျယ်ဆုံး ခမ်းခမ်း နားနား ဆီမီးပူဇော်နေသည့်အ တွက်ကြောင့် သတ်မှတ်ရက်နေ့ ကို သတင်းထုတ်ပြန်ရန် နောက် ကျနေခြင်းဖြစ်ပါကြောင်း ဦးစံ လင်း၏ပြောဆိုမှုအပေါ် မယုံ ကြည်သူများက ဝေဖန်ခြင်းဖြစ် သည်။

နှစ်ပေါင်း ၄၀၀ ကျော်က တည်းက နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီး ရှိခြင်း၊ မရှိခြင်းထက် ဦးဆောင်ရှာဖွေသူ ဦးစံလင်း၏ ဂမ္ဘီရဆန်ဆန် ပြောဆိုချက်များကို လက်မခံဘဲ ခေါင်းလောင်းကြီး ပြန်ရှာတွေ့လိုသော ပြည်သူများ ဂမ္ဘီရအတွေးအခေါ် မှိုင်းမိမည်ကို စိုးရိမ်ကြောင်း သုံးသပ်သူအချို့ကဆိုသည်။

ခေါင်းလောင်းရှာဖွေသည့် ကုန်ကျစရိတ်ကို ကျပ်သိန်းနှစ်ထောင်နီးပါး မှန်းထားပြီး ဆက်လက် တိုးချဲ့ရှာဖွေမည့် ၁၇ ရက်အတွက် ကုန်ကျစရိတ်များအား မည်သူက တာဝန်ယူမည်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ဖော်မပြော ကြားသေးပေ။

ပြန်ကြားရေးအဖွဲ့သို့ လာ ရောက်လှူဒါန်းသူ ၈၀ ကျော်ရှိပြီး အလှူငွေများကို အများပြည်သူ သိအောင် လက်တလောကြေညာ ပေးခြင်း မရှိဘဲ ဘဏ်တွင် အပ် ထားကြောင်းသာ ဖြေကြားထား သည်။ ဓမ္မစေတီခေါင်းလောင်းနှင့် နဂါးမင်းမပတ်သက်နိုင်ဘဲ နဂါး မင်းပူဇော်သည်ဆိုသည်ကို အယုံ အကြည်မရှိကြောင်း၊ မွန်ရိုးရာ နတ်များတွင်လည်း နဂါးမရှိ ကြောင်း မွန်သမိုင်းသုတေသနအ သင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲ ဇော်က ဆိုသည်။

‘‘နဂါးဆိုတာ တရုတ်နဂါး ကို ပြောတာမဟုတ်ဘူး။ မြွေက ကြီးသွားရင် နဂါးဖြစ်တယ်။ လူ တွေငါးပါးသီလလုံလား၊ လော ကမှာ လူတွေမမြင်နိုင်တဲ့ အရာ တွေ ရှိတယ်’’ ဟု ကမ်းစပ်တွင် လာရောက်ကြည့်ရှုသူ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

သောင်တူးစက်မှ သဲမှုတ် ခြင်းများ ပြုလုပ်နေပြီး ရေငုပ် သမား ငါးဦးအဖွဲ့ကလည်း နှစ်ဖွဲ့ ခွဲ၍ ရေငုပ်ရှာဖွေနေမှုများကို သြဂုတ်၂၇ ရက်တွင် ပိုမိုလုပ်ဆောင်နေကြောင်း သဲသမ္ဗာန်သမားများကပြောသည်။

‘‘ပေါ်တူဂီငဇင်ကာ သင်္ဘော ပျက်တယ်။ ခေါင်းလောင်းတွေ ယူသွားတယ်ဆိုတဲ့ အထောက် အထားရှိတယ်။ ခေါင်းလောင်း ကျတယ်။ မကျဘူးဆိုတာတော့ ခိုင်မာတဲ့ အထောက်အထား မတွေ့သေးဘူး။ အဲဒီအချက်ကို သမိုင်းပညာရှင်တွေအကြား အငြင်းပွားနေဆဲပဲ’’ဟု သမိုင်းသုတေသနပညာရှင် ဒေါက်တာထွန်းထွန်းဦးက မှတ်ချက်ပေးဖူးသည်။

‘‘နတ်မေး၊ ဘာမေးနဲ့ဆိုရင် တွေ့မှာတောင် မဟုတ်ဘူး။ သမိုင်းအထောက်အထားတောင် တစ်မျိုးစီဖြစ်နေတော့ သေချာ လေ့လာရဦးမှာ။ သုတေသနလုပ် ရဦးမှာ’’ဟု စာရေးဆရာ ချစ်စံ ၀င်းက ပြောဆိုဖူးသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ဟု ယူဆရသော အရာကိုဆလုံ လူမျိုး ရေငုပ်သမားများက စမ်း မိထားပြီး သံမဏိကြိုးဖြင့် ချည် တုပ်နေသည့် သတင်းများ ကမ်းစပ်တွင် လာရောက်ကြည့်ရှု သူများအကြား ထွက်ပေါ်နေပြီး ညနေ ၄ နာရီနောက်ပိုင်း ကမ်း လုံးညွှတ်မျှ လူများလာရောက် ကြည့်ရှုနေကြသည်။

ဧရာဝတီမြစ်၏ အနည်ပို့ချ မှု နှုန်းမှာ နှစ် ၁၀၀ ကြာတိုင်း မြစ် ၏အရှေ့ဘက်သို့ သုံးမိုင်တိုး၍ ပို့ချနေ၍ ယခုနှစ် ၄၀၀ ရှိသွား သောအခါ မြစ်၏ပို့ချမှုမှာ ၁၂ မိုင် ဖြစ်သွားသဖြင့် ခေါင်းလောင်း ကြီးမှာ ကုန်းပေါ် (သို့မဟုတ်) မြေကြီးထဲ (သို့မဟုတ်) ရေထဲ တွင်လားဆိုသည်မှာ အလွန်ပင်မှန်းရခက်ကြောင်း ဦးချစ်စံဝင်းက ပြည်တွင်းမီဒီယာတစ်ခုအား ယခု ရက်ပိုင်းအတွင်း ပြောကြားထား သည်။

http://www.7daydaily.com/




မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့် ထိုးသတ်ခဲ့သူမှာ ၎င်းနှင့် ထူးခြားသည့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင်များက ပြောသည်။
သြဂုတ်လ ၂၅ ရက် ညနေက အံ့ဖြိုးပိုင်ဆိုသော လူငယ်တစ်ဦးက အေးချမ်းမြတ်မိုး၏ လည်ပင်းကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။
ပြစ်မှုကျူးလွန်သည့် အသက်(၂၂)နှစ်အရွယ် အံ့ဖြိုးပိုင် ဆိုသူကို ညတွင်းချင်းပင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
‘‘ကောင်လေးကိုတော့ မိတယ်။ အစ်မတို့က ကယ်ကြပါဦး အော်လိုက်တော့ သူထွက်သွားတာ မြင်လိုက်တဲ့ ရပ်ကွက်တစ်ခုလုံးကလည်း ၀ိုင်းဖမ်းပေးကြတယ်’’ ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးက ပြောသည်။
မောင်နှမများ အတူစားရန် ခေါက်ဆွဲထုပ်သွားဝယ်ပြီး အပြန် တိုက်ခန်း ဒုတိယအလွှာတွင် အသတ်ခံရခြင်းဖြစ်ပြီး ၎င်းတို့မိသားစုမှာ တတိယအလွှာတွင် နေ ထိုင်ခြင်းဖြစ်သည်။
ဓားဖြင့် ထိုးသည့် သံသယတရားခံမှာလည်း ဦးဝိစာရအိမ်ရာဝင်းထဲတွင် နေထိုင်သူ ဖြစ်သည်။
‘‘ကျွန်မရုံးကပြန်လာတော့ အိမ်ကအမေကပြောတယ်။ ညီမလေးနဲ့ မတွေ့ဘူးလား။ ညီမလေးလည်း ပြန်လာနေပြီလို့ ပြောတယ်။ မတွေ့ဘူးပြောပြီး အိတ်ကိုချလိုက်ပြီး အပြင်ထွက်လာ တော့ ညီမလေးက ၀ုန်းဝုန်းနဲ့တံခါးခေါက်တယ်။ ‘မားမားရေကယ်ပါဦး’ လို့ အော်တယ်။ သူထိုးခံ လိုက်ရပြီ။ သွေးတွေအရမ်းထွက်aနတယ်။ တံခါးသွားဖွင့်တဲ့အခါ သံပန်းတံခါးရှိတော့ တံခါးဖွင့်လို့ မရဘူးဖြစ်နေတော့ မောင်လေးက ၀ရန်တာပေါ်ကနေခုန်ချပြီးတော့ သူ့ကိုသယ်ထုတ်တဲ့အခါကျတော့ သွေးကအရမ်းလွန်နေပြီ။ အရေးပေါ်လည်းရောက်ရော သူ ဆုံးသွားတာပဲ’’ဟု သေဆုံးသူ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးကပြောသည်။

အေးချမ်းမြတ်မိုးကို သတ်သည့် အမျိုးသားမှာ ၎င်း၏ချစ်သူဖြစ်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော်လည်း ၎င်းတို့မှာ ချစ်သူမဟုတ်ဘဲ မိတ်ဆွေအဆင့်သာရှိကြောင်း ၎င်း၏အစ်မဖြစ်သူက ပြောသည်။
‘‘အမှန်တော့ ညီမလေးကို ကောင်လေးက သဘောကျတဲ့ပုံ ပါ။ ညီမလေးက ဒါကိုသိပ်စိတ်မ၀င်စားဘူး။ အစ်မတို့ဘက်ကလည်း သိပ်သဘောမတူဘူးလို့ ပြောထားတယ်။ သူနဲ့အသိမိတ် ဆွေတွေပါ။ ဟိုးအရင်ကတော့ မိတ်ဆွေတွေပေါ့။ အခုနောက်ပိုင်းတော့ သိပ်အဆက်အသွယ်မလုပ်ကြတော့ဘူး’’ဟု မအေးချမ်းမြတ်ဖြိုးကပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ သြဂုတ် ၂၆ ရက် ည ၇ နာရီခန့်တွင် အေးချမ်း မြတ်မိုးနှင့် ၎င်း၏ရည်းစားဖြစ်သူ အံ့ဖြိုးပိုင်တို့ စကားများရန်ဖြစ်ရာမှ အံ့ဖြိုးပိုင်က ဓားဖြင့်ထိုးရာ လည်ပင်းကို ထိုးသွင်းခဲ့၍ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသွားသော မော်ဒယ်အေးချမ်းမြတ်မိုးသည် ဒုတိယနှစ် အင်္ဂလိပ်စာမေဂျာဖြင့်တက်ရောက်နေသည့် ကျောင်းသူတစ်ဦးဖြစ်သည်။ ၎င်းသည် Laurel Art Academy အနုပညာသင်တန်းကျောင်းမှရိုက်ကူးသည့် ရုပ်သံဇာတ်လမ်းတွင် ပါဝင်ရိုက်ကူးထားပြီး အနုပညာလှုပ်ရှားမှုများအဖြစ် ဗီစီဒီရိုက်ကူးခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။
သေဆုံးသူ၏ဖခင်မှာ စစ်တက္ကသိုလ်အပတ်စဉ်(၂၉)ဆင်း တပ်မတော်အရာရှိတစ်ဦး ဖြစ်သည်။   အေးချမ်းမြတ်မိုး၏ ရုပ်အလောင်းကို သြဂုတ် ၃၀ ရက်မွန်းလွဲတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်သည်။


http://www.7daydaily.com/

၂၆.၈.၂ဝ၁၄ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ တည်ထားကိုးကွယ် မည့် ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိနှင့် တစ်မိုင်နှစ်ဖာလုံအကွာ တောင်ကုန်းပေါ်ရှိ "မဟာပဏီတ ပရဟိတအောင်တော်မူစေတီတော်" အတွက် ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) နှင့်တပည့် ဒါယိကာ၊ ဒါယိကာမများမှစုပေါင်း၍ အလှူငွေပေးအပ်ပွဲ အခမ်းအနားအား ဆရာတော် ခေတ္တသီတင်းသုံး ရာ လှိုင်မြို့နယ်၊ မြကန်သာလမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လှူဒါန်းပွဲအခမ်းအနားသို့ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)နှင့် ခမည်းတော်၊ ဆရာတော်၏ တပည့်ဒါယိကာ၊ ဒါယိကာမများ၊ ဒါရိုက် တာ ကြည်ဖြူသျှင်၊ မော်ဒယ်(လ်) သရုပ်ဆောင် ထွန်းကိုကို၊  နေဘုန်းလတ် (ဘလော့ဂါ/ပန်းစကား) တို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ စေတီတော် တည်ထားကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်တို့အား ဆရာတော်နှင့် အလှူရှင်များအား ရှင်းလင်းပြောကြား ခဲ့ပြီး ဆရာတော်မှ “မဟာပဏီတ ပရဟိတအောင်တော်မူစေတီ” တည်ထားခြင်းအပေါ် မုဒိတာသြဝါဒ မိန့် ကြားပေးခဲ့ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်၊ မော်ဒယ်(လ်) သရုပ်ဆောင် ထွန်းကိုကို၊  နေဘုန်းလတ် (ဘလော့ ဂါ/ပန်းစကား) တို့မှ အသီးသီး မုဒိတာစကား ပြောကြားခဲ့ပြီးနောက် ဆရာတော်နှင့် တပည့် အလှူရှင်များမှ အလှူငွေများ ပေးအပ်ရာ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်၍ သာဓု အနုမောဒနာ ခေါ်ဆိုခဲ့ကြသည်။

"မဟာပဏီတ ပရဟိတအောင်တော်မူစေတီ" တည်ဆောက်ရေးအတွက် ဆရာတော် အရှင်ဆန္ဒာ ဓိက
(ရွှေပါရမီတောရ)မှ အလှူတော်ငွေ (၅၅ဝ) သိန်းနှင့် ရွှေထီးတော်အတွက် အလှူငွေ (၂ဝ) သိန်း၊ ရှိုင်း ဟုတ်ကုမ္ပဏီမှ (၁ဝ) သိန်း၊ ဦးတင်ဝင်းသျှန် + ဒေါ်ခင်လေးသိမ့် (သမီး) ဒါရိုက်တာ ကြည်ဖြူသျှင်၊ မနုရွှေ ရည် (မိသားစု)မှ (၃) သိန်း၊ ဦးအောင်မြတ်သူ + Dr ခင်ဌေးဇော် (၁) သိန်း၊ Dr ဦးတင်မောင်သိန်း + Dr ဒေါ်သီတာအောင် (သား) မောင်ဝင့်ကိုကို၊ (သမီး) မခင်လပြည့် (မိသားစု)မှ (၅) သိန်း၊ Prefect ဆေးခန်း
(မိသားစု) မှ (၁) သိန်း၊ ဦးအောင်ကျော်မြင့် + ဒေါ်သူဇာကြည် (မိသားစု)မှ ၅၅ဝဝဝိ/- (ငါးသောင်းငါး ထောင်)၊ ဒေါ်မြတ်သက်စော (ဒေါ်ရွှေရည်) မိသားစုမှ ၅၅ဝဝဝဝိ/- (ငါးသိန်းငါးသောင်း)၊ ဘိုးဘွားမိဘ
(ဦးဟုတ်ယုံ) + ဒေါ်ကျင်လှ တို့အား ဦးထပ်ထား၍ သား- Capt: ဌေးမြင့် (မိသားစု)မှ  ၅၅ဝဝဝဝိ/-
(ငါး သိန်းငါးသောင်း)၊ ဦးစိုးပိုင် + ဒေါ်ခင်မြတ်ဆွေ (သမီး) ရွှေရည်ရွှန်းမြတ်၊ (သား) မောင်ခန့်ပိုင်စိုး
(ပိုင်-မိသားစုကုမ္ပဏီ)မှ ၅၅ဝဝဝဝိ/- (ငါးသိန်းငါးသောင်း)၊ ကွယ်လွန်သူမိဘများနှင့် ခင်ပွန်းတို့အားရည်စူး၍ ဒေါ်အေးအေးဝင်း၊ (သားကြီး) မောင်မြတ်နိုးရင်၊ (သားငယ်) မောင်မြတ်ဇာနည်ရင်၊ (သမီး) မယုဇနရင်
(မိသားစု)မှ (၃) သိန်း၊ မော်ဒယ်(လ်) သရုပ်ဆောင် ထွန်းကိုကို မှ (၃) သိန်း၊ မဇင်မီမီလွင်၊ မမြတ်ဆုဝင်း၊ မဇင်မွန်မွန်မြတ် တို့မှ (၁) သိန်း၊ ကိုမျိုးဝင်း + မမဉ္ဇူသိန်းဝင်း (မိသားစု) မှ (၁) သိန်း၊ ဦးကိုကိုလှိုင် + ဒေါ် အေးထူး (မိသားစု)မှ (၅) သောင်း၊ ကွန်လွန်သူမိဘများ အားရည်စူး၍ ဒေါ်ချိုချိုဝင်း၊ (သား) မောင်စိုးရာ ဇာ + မခိုင်ဝေနှင်း၊ မောင်ဟိန်းဇော်၊ ဒေါ်တူးမာ၊ ဒေါ်ဆွေဆွေဝင်း၊ (မြေး) Zara (မိသားစု) မှ ၄၂ဝဝဝိ/-
(လေးသောင်းနှစ်ထောင်)၊ ဦးဆွေမြင့်မှူး (မိသားစု)မှ (၃) သောင်း၊ တို့ရာင်ခြည် မှ (၁) သောင်း၊ ဦးစိန်ဝင်း + ဒေါ်ရီရီဝင်း (မိသားစု) မှ (၅) ထောင်ကျပ်တို့အား အသီးသီး ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ ယင်းလှူဒါန်း ပွဲ၌ အလှူငွေစုစုပေါင်း ၆၁၆၄၂ဝဝဝိ/- (ခြောက်ရာတစ်ဆယ့်ခြောက်သိန်းလေးသောင်းနှစ်ထောင်) ကျပ် တိတိအား ဝမ်းမြောက်စွာ လက်ခံရရှိခဲ့ပါသည်။

ယခုကဲ့သို့ ဆရာတော်၏ မေတ္တာစွမ်းအား သဒ္ဒါစွမ်းအားတို့နှင့် တပည့်ဒါယိကာ/ဒါယိကာမ များနှင့် အလှူရှင်အပေါင်းတို့ မြတ်ဒါနကြောင့် များမကြာမီ တည်ဆောက်ပြီးစီးတော့မည့် “မဟာပဏီတ ပရဟိတ အောင်တော်မူစေတီ” နှင့်ဆက်စပ်သမျှသော သုံးဆယ့်တစ်ဘုံသားအပေါင်း၊ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်အ ပေါင်းတို့နှင့် ကျွတ်တမ်းဝင်လိုကြသော အပ္ပါယ်လေးပါး သတ္တဝါအပေါင်းတို့အား ရည်စူး၍ မြင့်မြတ်လှ သော ကုသိုလ်တော်ကြီးအား အမျှအတန်း ပေးဝေနိုင်တော့မည် ဖြစ်ပါသည်။


(မှတ်တမ်း - ဓါတ်ပုံများ)












သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ ....  နာရေးကူညီမှုအသင်း(ရန်ကုန်)

၂၁.၈.၂ဝ၄ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ တည်ထားကိုးကွယ် မည့် ပြည် မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာမုနိနှင့် တစ်မိုင်နှစ်ဖာလုံအကွာ တောင်ကုန်းပေါ်ရှိ "မဟာပဏီတ ပရဟိတ အောင်တော်မူစေတီတော်" ထားရှိ၍ ပူဇော်ကိုးကွယ်မည့် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ပွား တော်နှစ်ဆူအား နဂါးရုံနှင့် ဘီလူးခံပေါ်သို့ ပင့်ဆောင်ခြင်း၊ အုပ်၊ သဲ၊ ကျောက်၊ ဘိ လပ်မြေများ သယ်ယူ ခြင်း နှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်းအား လူမှုရေး မျိုးဆက်သစ်မောင်/မယ်များ၊ အလှူရှင် များနှင့် အသိပညာရှင်အတတ်ပညာရှင် လုပ်သားများတို့မှ စုပေါင်း၍ လုပ်အားဒါန ပြုခဲ့ကြသည်။

ယင်း ပရဟိတကုန်းမြေ အလှူရှင် ဦးအောင်ခိုင်နှင့် အလှူရှင်များ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ လူမှု ရေးမျိုးဆက်သစ်များ၊ မိုးမေတ္တာ နာရေးကူညီမှုအသင်း(ပြည်)မှ လူမှုရေးသမားများ၊ ရန်ကုန်မြို့မှ ကွယ်လွန် သူ (မင်းသားကြီး) ဦးဇော်လင်း + (မင်းသမီးကြီး) ဒေါ်စန္ဒာ တို့၏ သမီးဖြစ်သူ ကိုတေဇာ + သူသူဇော်လင်း နှင့် သူငယ်ချင်းများ၊ ဦးကြည်စိုး (MONSOON – Landscape Group)၊ ဦးခင်မောင်အေး (KMA ဆောက် လုပ် ရေး) နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူ/သားများတို့၏ လုပ်အားဒါနဖြင့် သစ် ပင်များ စိုက်
ပျိုး ခြင်း၊ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေများ သယ်ယူခြင်းတို့အား စည်းလုံးညီညွတ်စွာ ဗြဟ္မ စိုရ်စိတ်ဓါတ် တို့ဖြင့် တက်ညီလက်ညီ လုပ်အားဒါနပြုခဲ့ကြသည်။ ထိုလုပ်အားဒါန ကုသိုလ်ယူသူအပေါင်းတို့ အား အလှူ ရှင်များမှ ထမင်းနှင့် သီးစုံချဉ်ဟင်းတို့ဖြင့် အာဟာရဒါန ကျွေးမွေးခဲ့ကြသည်။ ညနေပိုင်းတွင် ဘုရားကုန်း တော်ပေါ်သို့ ကြည်သာအေးမြ ဆရာတော်မှ ကြွရောက်အားပေး၍ သြဝါဒများ ချီးမြှင့်ခဲ့ပြီး တနေ့တာ လုပ်အား ဒါနအား အပြီးသတ်၍ ညနေ (၆း၃ဝ) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာ မြို့နယ်၊ စကျင်ကျေးရွာမှ ထုလုပ်သော ဆင်းတုတော်နှစ်ဆူသည် ဘုရားကုန်းတော်ပေါ်သို့ ပင့်ဆောင် ရောက်ရှိ လာခဲ့ပြီး နဂါးခံပလ္လင်၊ ဘီလူခံပုလ္လင် အသီသီးတို့တွင် နေရာချထား အပူဇော်ခံခဲ့သည်။ ထို့အပြင် ပြည်မြို့၊ ရှမ်းအိုးစည်အဖွဲ့၏ ရှမ်းသိုင်းပညာရပ်များဖြင့် တင်ဆက်ခဲ့ပြီး တစ်နေ့တာ လုပ်အားဒါန အလှူများ ပြီးစီး အောင်မြင်ခဲ့သည်။

ထိုကဲ့သို့ စိတ်တူကိုယ်တူ ပရဟိတ ညီအစ်ကို မောင်နှမများ၊ လူမှုရေးအသင်းအဖွဲများ၊ ပရဟိတ ကုသိုလ် ရေး အား စိတ်ဝင်စားကြ၍ ပရဟိတ ကုန်းတော်အနီးတဝိုက်မှ ရွာသူ/သားများ၊ အလှူရှင်များ၊ ပညာရှင်များ နှင့် လုပ်အားဒါန ကုသိုလ်ရှင်များ၏ ခရီးစဉ်အတွက် သက်တောင့်သက်သာစွာဖြင့် သွား ရောက်နိုင်ရေး အတွက် ကူညီမှုပေးခဲ့သော ရွှေစင်စကြ်ာ အဆင့်မြင့်ခရီးသွားလုပ်ငန်း မိသားစုနှင့် ယာဉ် မောင်း၊ ယာဉ် နောက်လိုက်စသည့် အားလုံး အားလုံးတို့၏ စုပေါင်းစွမ်းအားဖြင့် တည်ဆောက်လျှက်ရှိ သည့်

“မဟာပဏီတ ပရဟိတအောင်တော်မူစေတီ” သည် ပေါင်းစည်းမှု ပရဟိတခွန်အားများတို့ကြောင့်  တဖြည်းဖြည်း ပီပြင်၍ ရုပ်လုံးပေါ်လွင်လာခဲ့ပြီ ဖြစ်တော့သည်။

(မှတ်တမ်း - ဓါတ်ပုံများ)























သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ ..  နာရေးကူညီမှုအသင်း(ရန်ကုန်)