09/04/14



လက်တလော အင်မတန် နာမည်ကြီးနေတဲ့ ဟောလိဝုဒ်က Naked pic သတင်းကတော့ သိကြမှာပါ။ Hunger Game က မင်းသမီးချော Jennifer Lawrence နဲ့အတူ အခြားသော မင်သမီး နဲ့ မော်ဒယ်ပေါင်း မြောက်များစွာရဲ့ ကိုယ်လုံးတီး ဓာတ်ပုံများ၊ ဗီဒီယိုများ အွန်လိုင်းမှာ အင်မတန် ပြန့်နှံ့သွားပါတယ်။ ဥပဒေ နဲ့ အရေးယူမှုဆိုတာ နောက်မှလာတာပါ။ Digital Platform ပေါ် ရောက်သွားပြီ ဖြစ်တဲ့ ပုံနဲ့ မှတ်တမ်းများကိုပြန်ဖြတ်ဖို့ ဆိုတာ မလွယ်တော့ပါဘူး။တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းတာနဲ့ တင် အဖက်ဆယ် မရအောင် ဇာတ်လမ်းက ပြီးနေပါပြီ။ အင်တာနက် နဲ့ အိုင်တီ ပစ္စည်း အသုံးပြုမှု တိုးတက်လာတဲ့ မြန်မာပြည်မှာလည်း ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ မဖြစ်အောင် ဘယ်လို တားဆီးရမယ်ဆိုတာပဲ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။ 

မှတ်တမ်း ပစ္စည်းလုံခြုံရေးနဲ့ ပက်သက်လို့ 

ကိုယ်ကတော့ ဘာရယ်လို့ မဟုတ် သူများ ပြရန် မသင့်တော်တဲ့ အချက်အလက်တွေ ရှိနေပြီ။ (ကိုယ်လုံးတီးပုံများကိုသာ ဆိုလိုခြင်း မဟုတ်ပါ)။ အဲ့ဒီ မှတ်တမ်းတွေကို သိမ်းဆည်းမယ်ဆိုရင် လုံခြုံရေးက အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီဂျစ်တယ် ပစ္စည်းများ ဖြစ်တဲ့ ဖုန်း၊ ကွန်ပြူတာ၊ Hard Disk တို့မှာ သိမ်းထားဖြစ်တယ် ဆိုရင် ယင်း ပစ္စည်းတွေမှာ Password တွေခံရမယ်ဆိုတာလည်း သိကြမှာပါ။ ဒါတင်မကသေး။ Digital Device မှာ သိမ်းလိုက်တဲ့ ပစ္စည်းများက Delete လုပ်လိုက်လဲ ယခုခေတ် Software ပေါင်းစုံနဲ့ ပြန်လည် Retrieve လုပ်လို့ ရပါတယ်။ လက်ရှိ မြန်မာပြည်မှာ ဆိုရင် မိုဘိုင်းဖုန်း ပြင်ဆိုင် အချို့ဟာ Data recovery software အချို့နဲ့ မိန်းကလေးများ အသုံးပြုတဲ့ ဖုန်းအပျက်များထဲက ဓာတ်ပုံများ၊ ဗီဒီယိုများကို ပြန်ယူတယ်လို့ ကြားဖူးတယ်။ (သေချာ မသိပါ)။ နိုင်ငံတကာမှာတော့ Amazon တို့လို အွန်လိုင်း ဈေးကွက်မှာ တင်ရောင်းတ့ ဖုန်းတွေကို ဟက်ကာများကို ပြန်ဝယ်ပြီး မှတ်တမ်းတွေ ပြန်ယူခြင်း ဖြစ်ပါတယ်။ ဒီတော့ အတတ်နိုင်ဆုံး အချက်အလက် မှတ်တမ်းများကို Digital format နဲ့ မသိမ်းနိုင်ရင်အကောင်းဆုံး ဖြစ်ပြီး သိမ်းလိုက်ပြီ ဆိုရင်လည်း ယင်းပစ္စည်းကို ကိုင်တွယ်မယ့်လူတွေကို သေချာ စိစစ်ဖို့ လိုအပ် ပါမယ်။

အွန်လိုင်းပေါ်မှာ သိမ်းခြင်းနဲ့ ပက်သက်လို့ 

အခု ဖြစ်သွားတဲ့ ကိစ္စက Apple ရဲ့ iCloud မှာ အားနည်းချက် ရှိလို့ ဖြစ်ပါတယ်။ iCloud မှာ အားနည်းချက် မရှိပါဘူး။ Find my iPhone လို့ခေါ်တဲ့ ဖုန်းပြန်ရှာတဲ့ App မှာ အားနည်းချက် တစ်ခုရှိပြီး ယင်းကနေ iCloud ကို လွယ်တကူ ဝင်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။ ဟက်ကာတို့လက်ထဲမှာ မင်းသမီးပေါင်း ၁၀၀ ကျော်ရဲ့ ပုံနဲ့ ဗီဒီယိုများ ရှိသတဲ့။ ဒီခေတ်ကြီးထဲမှာ ဘယ် Online Storage မှ စိတ်မချရပါဘူး။ Online Storage ကတော့ စိတ်ချရတယ်လို့ ထားလိုက်ပါတော့။အသုံးပြုသူရဲက နမော်နမဲ့ နိုင်မှုကြောင့်လည်း လွယ်တကူ ပါသွားနိုင်ပါတယ်။ တစ်ခါက သူငယ်ချင်းတစ်ယောက်ရဲ့ အကောင့် Password ကို သူ့အမည်အတိုင်း ရိုက်ထည့်လို့ ပွင့်သွားတာမျိုးတောင် ကြုံဖူးပါတယ်။ Security question မှာ မွေးရပ်ဇာတိ၊ မိဘ အမည်တို့ ထည့်တာလောက်ပဲ ထားတတ်ကြတော့ Gmail အကောင့်ပါသွားသူ သူငယ်ချင်းများလည်း မနည်းပါဘူး။ Online ပေါ်မှာ သိမ်းဆည်းမှုက System က perfect ဖြစ်နေရင်တောင် အသုံးပြုသူရဲ့ မပြည့်ဝတဲ့ ဗဟုသုတကြောင့် ပါတတ်ပါသေးတယ်။ အချို့ဆို Gmail နဲ့ Facebook တို့ကို နမော်နမဲ့ နိုင်စွာပဲ အင်တာနက်ဆိုင်မှာ ထားခဲ့တာတွေ အများကြီးပါ။ 

မှတ်တမ်းတင်ခြင်းနဲ့ ပက်သက်လို့ 

အချို့က မင်္ဂလာဆောင် မှတ်တမ်းကို ပြန်ကြည့်ချင်တယ်။ အချို့က မင်္ဂလာဆောင် အခမ်းအနား မှတ်တမ်းတင် မက သူများ ပြန်ပြရန် မသင့်တဲ့ အမှတ်တရတွေပါ ရိုက်ကြ ပါတယ်။ ကောင်းမှု တစ်ခုပြုလုပ်ပြီး အမြဲ အမှတ်ရနေဖို့ မှတ်တမ်းတင်တာ မဟုတပ်ဲ ဒီ ကာမအာရုံတွေကို မှတ်တမ်းတင်ပြီး ပြန်ကြည့် တာ ကတော့ တဏှာရဲ့ စွဲဆောင်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ မှတ်တမ်း မှတ်ရာတွေ တင်တဲ့အခါ ငါ ဟာ ကောင်းရာကောင်းကြောင်း အတွက် မှတ်တမ်း တင်တာလား၊ မကောင်းရာမကောင်းကြောင်း အတွက် မှတ်တမ်းတင်တာလား ဆိုတာ စဉ်းစားစရာပါ။ မင်္ဂလာအခမ်းအနား နဲ့ အလှူအခမ်းအနား မှတ်တမ်းများက ကြည်နူးစရာပါ။ အဲ့ဒီထက် ပိုတဲ့ မှတ်တမ်းများကတော့ မိမိရဲ့ စိတ်ဆန္ဒပေါ်မှာသာ မူတည်ပါတော့တယ်။တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့်နဲ့လုပ်ပိုင်ခွင့်ကို စာရေးသူ မထိခိုက်လိုပါ။ မိမိကိုယ်တိုင်သာ စဉ်းစားဆင်ခြင်စေရန်သာ ဖြစ်ပါတယ်။ Take your own risk ဟု ဆိုသည့်အတိုင်းပင် ဖြစ်သည်။ 

မှတ်တမ်းတင်သူသာ မရှိလျှင်

မှတ်တမ်းတွေ ထွက်ကျကုန်တယ်ဆိုတာ မှတ်တမ်းတင်တဲ့သူရှိလို့ လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိသာ မှတ်တမ်း တင်မထားရင် ဒါတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ အချို့က ကိုယ်တိုင် မှတ်တမ်း မတင်ပေမယ့် နမော်နမဲ့ နိုင်မှုကြောင့် မှတ်တမ်းအတင်ခံရတာမျိုးတွေလည်း ရှိပါတယ်။ နည်းပညာ ခေတ်ကြီးထဲမှာ World Wide အင်တာနက် အသုံးပြုသူရဲ တစ်ဝက်တိတိဟာ သားကောင်များ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆိုရင် သားကောင်က ၉၀ ရာခိုင်နှုန်းကျော် ရှိပါလိမ့်မယ်။ 

ဒါကြောင့်မို့ Digital device နဲ့ Software များကို သူများသုံးလို့ လိုက်သုံးတာလောက်၊ လှလို့ လိုက်သုံးတာလောက် မဟုတ်ပဲ လုံခြုံရေးအတွက် သေချာ လေ့လာပြီးမှ၊ သေချာ သုံးတတ်မှပဲ အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။                                                             အာင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

၂၀၁၃ ခုနှစ်အတွင်းက သင်္ဃန်းကျွန်မြို့နယ် လေးဒေါင့်ကန် လမ်းမကြီးပေါ် စံပြဈေးအနီးတွင်ဖွင့်လှစ်ခဲ့သော မေမေဖေဖေကုမ္ပဏီဆိုသည်မှ ဘွဲ.ရပညာတတ်လူငယ်
(၂ရ)ဦးထံမှ လုပ်ငန်းအာမခံကြေးဟုဆိုကာတစ်ဦးလျှင် ငွေကျပ်၁၅ သိန်းဆီ လိမ်လည်
မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

အဆ်ုပါ လိမ်လည်မှုကြီးအား သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် နစ်နာသူများမှ ပုဒ်မ၄၁၇ ဖြင့် ဦးတိုက်မှုစွဲဆိုခဲ့သည်။တရားစွဲဆိုခံထားသူ ၅ ဦးအနက်မှ အဓိကစွပ်စွဲခံရသူ
မဟုတ်သူ ဦးသိန်းထူး ဆိုသူ ထွက်ပြေးနေခဲ့သဖြင့်တရားရုံးမှ ဝရမ်းချရာတွင် အတည်မဖြစ်ပဲ အဓိကစွပ်စွဲခံရသူ ဦးဝင်းဆွေဦးအပါအ၀င် ကျန် ၄ ဦးဖြင့် တရားရုံးမှ အမှုအား
စစ်ဆေးမှုမပြုလုပ်ခဲ့ပါ။

အချိန်ကာလ(၆)လအတွင်း ရုံးချိန်းပေါင်း (၁၈၀) ခန်.ချိန်းဆိုပြီး အမှုအားစတင်စစ်ဆေးခြင်းမပြုလုပ်ခဲ့ကြောင်း၊ နစ်နာမှုတစ်ခုအား အချိန်ကာလ(၆)လအထိ တိမ်းရှောင်နေသူ
ဦးသိန်းထူးမှအပ ကျန်ရှိသော အဓိကစွပ်စွဲခံသူ ဦးဝင်းဆွေဦးအပါအ၀င်တရားပြိုင်များအား စစ်ဆေးခြင်း၊ အမှုတည်ဆောက်ခြင်းမပြုခဲ့သည့်အပြင် ရဲတပ်ဖွဲ.မှလည်း တရားခံ
ပြေးကြေညာထားသူအား (၆)လတိုင်အောင် ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းလည်းမရှိပေ။

ယခုအခါ စွဲဆိုသူ ၅ ဦးအနက် ထွက်ပြေးတိမ်းရှောင်နေသူတစ်ဦးအား ပလပ်၍ကျန်စွပ်စွဲခံထားရသူများဖြင့် အမှုမှန် အမြန်ဆုံးပေါက်စေရန် ဆက်လက်စစ်ဆေး
သွားမည်ဖြစ်ကြောင်း နှင့် ထွက်ပြေးသူအား တွေ့ရှိပြီ ဆိုပါက နောက်တိုးတရားပြိုင်စွပ်စွဲခံရသူအဖြစ် စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၉.၉.၂၀၁၄ရက်နေ့  ရုံးချိန်းတွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် အမှုစတင်တည်ဆောက်စစ်ဆေးနိုင်မည်ဟု မျှော်လင့်ရကြောင်း နစ်နာသူ ဘွဲ.ရပညာတတ်
လူငယ်များထံ သိရှိရပါသည်။

ထူးခြားမှုတစ်ခုအဖြစ် ဘွဲ.ရပညာတတ်လူငယ်(၂ရ)ဦးထံမှ လုပ်ငန်းအာမခံကြေးဟုဆိုကာတစ်ဦးလျှင် ငွေကျပ်၁၅ သိန်းဆီ လိမ်လည်ရယူထားသည်ဟုတရားရုံး
တွင် အမှုရင်ဆိုင် စွပ်စွဲခံထားရသူ ဦးဝင်းဆွေဦးမှ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာတစ်ဘီလံ အကျိုးအမြတ်ရရှိမည့် မြို.တွင်းခရီးသွားဝန်ဆောင်မှု Taxi
Company တည်ထောင်မည့်အကြောင်းမီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း စံတော်ချိန် နေ့စဉ်သတင်းစာ၌ ဖေါ်ပြထားသည်ကိုလည်း တွေ.ရှိနေခဲ့
ရပြန်သည်။

သို.ပါသဖြင့် နစ်နာမှုတစ်ခုအား အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားခဲ့သော်လည်းတရားရုံးရင်မဆိုင်ပဲ ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦးအား အချိန်(၆)လအထိ
ရဲတပ်ဖွဲ.မှမဖမ်းဆီးနိုင်ခြင်း၊ တရားရုံးမှလည်းအဓိက လိမ်လည်ကြောင်းစွပ်စွဲခံထားရသူများကျန်ရှိနေပါလျက် အမှုအား တည်ဆောက်စစ်ဆေးပေးနိုင်ခြင်းမရှိသည့်
အပေါ် ပြည်သူများမှ ယနေ.တရားစီရင်ရေးမဏ္ဍိုင်အပေါ် နားမလည်နိုင်အောင်ဖြစ်
နေကြကြောင်း သိရှိရပါသည်။

သတင်းဓါတ်ပုံ- ကိုမင်း
Kyaw Swar Myint

တက္ကသိုလ်ကျောင်းသားသမဂ္ဂများစုပေါင်း၍ ဒဂုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ဆန္ဒပြနေသည်ကို စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်ကာ ဥပဒေအတည်ဖြစ်ရန် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန်သာ ကျန်ရှိတော့သည့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းသားသမဂ္ဂများမှ ကျောင်းသားများစုပေါင်း၍ ဒဂုံတက္ကသိုလ်တွင် စက်တင်ဘာ ၂ ရက်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြမှုတွင် စီးပွားရေးတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် စသည့်တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများ၊ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ၀န်းကျင်ပါဝင်ခဲ့ပြီး “အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းပေး” “အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အလိုမရှိ” “ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး” “အစိုးရ၊ လွှတ်တော်နှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)တို့ တွေ့ဆုံညှိနှိုင်းရေး” စသည်ဖြင့် လှည့်လည်ကြွေးကြော် ဆန္ဒပြခဲ့သည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်း၏ ကြိုးဆွဲရာကရသည့် သဏ္ဌာန်မျိုးအဖြစ် ဘွဲ့ဝတ်စုံဝတ်ဆင်ထားပြီး မျက်လုံး၊ ပါးစပ်များကို အ၀တ်များဖြင့် စည်းနှောင်ခံထားရသည့် ကျောင်းသားသုံးဦးက ဆန္ဒပြတန်း၏ ရှေ့ဆုံးတွင်ပါဝင်ပြီး ၎င်းတို့၏နောက်မှ ကျောင်းသားများက လက်ရှိပညာရေးစနစ်အား ရှုတ်ချကြောင်းနှင့် လွှတ်တော်ကအတည်ပြုပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေအား အလိုမရှိကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းသုခက “ပညာရေးဥပဒေကောင်းရင် ပညာရေးစနစ်ကောင်းတယ်။ အခုက ကျွန်တော်တို့ကျောင်းသားတွေ ဆရာတွေရဲ့အသံကိုမယူဘဲ အမျိုးသားပညာရေး ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဒါကိုပြင်ဆင်ပေးဖို့ ဆန္ဒပြရခြင်းဖြစ်တယ်။ ဒီကျောင်းမှာတက်နေတဲ့ ကျောင်းသားတွေက သောင်းဂဏန်းရှိတယ်။ အခုကန့်ကွက်ဆန္ဒပြနေကြတဲ့သူတွေက ရာဂဏန်းပဲရှိပါတယ်။ ကျောင်းသားတွေကို အပြင်ထွက်လို့မရအောင် တံခါးတွေပိတ်ထားတာ မဖြစ်သင့်ပါဘူး။ ဒဂုံတက္ကသိုလ်ပါ။ ဒဂုံထောင်မဟုတ်ပါဘူး” ဟု ဆန္ဒပြနေသည်ကို အဆောင်အတွင်းမှကြည့်နေသည့် ကျောင်းသားများကို ပြောကြားသည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂများစုပေါင်း၍ ဒဂုံတက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြနေသည်ကို တွေ့ရစဉ်

ဆန္ဒပြကျောင်းသားများက ကျောင်းဝင်းအတွင်းရှိ အဆောင်များကို လှည့်လည်စီတန်းကာ အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြရသည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အဆောင်တွင်းမှ ကြည့်ရှုနေကြသည့် ကျောင်းသား၊ သူများကို ပူးပေါင်းပါဝင်ရန် တိုက်တွန်းပြောဆိုခဲ့သော်လည်း ပူးပေါင်းပါဝင်ခဲ့သည့် ကျောင်းသားဦးရေ အနည်းငယ်သာရှိခဲ့သည်။

“ပူးပေါင်းပါဝင်မှု နည်းနိုင်ပါတယ်။ ကျောင်းသားတွေအပါအ၀င် သူတို့မိဘတွေဟာလည်း နှစ်ငါးဆယ်ကြာ ဆင်းရဲအောင်၊ ကြောက်အောင်၊ ပညာမတတ်အောင် စနစ်တကျ ဖျက်ဆီးခံခဲ့ရတဲ့ နှစ်ငါးဆယ်ကြာ အာဏာရှင်စနစ်ဆိုးအောက်မှာ နေခဲ့ရတာကို ကျွန်တော်တို့က သူတို့ကို ဆရာတွေက မပါဝင်နိုင်အောင်လို့ ပိတ်ထားတဲ့ ကျောင်းတံခါးတွေကိုဖွင့်ပေးဖို့ ပြောနိုင်ခဲ့ပါတယ်။ သူတို့မပါဝင်လာတာကတော့ သူတို့ရဲ့ယုံကြည်မှုနဲ့ တာဝန်ပါ။ ကျောင်းသားအားလုံး ပါဝင်တဲ့နေ့ကတော့ ကျွန်တော်တို့အောင်မြင်မှုပေါ့ဗျာ” ဟု ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုရဲဇာနည်ထွန်းက ဆိုသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို စက်တင်ဘာ ၂ ရက် တစ်နေ့တည်းတွင် ဒဂုံတက္ကသိုလ်အပြင် ထားဝယ်တက္ကသိုလ်၌လည်း ဆန္ဒပြခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်အချို့၌လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
-Eleven Media Group

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက မြန်မာနိုင်ငံရဲ့လူဦးရေကို ဒီနှစ်ကောက်ထားတဲ့ သန်းကောင်စာရင်း အခြေပြုပြီး ၅၁ သန်းလို့ တရားဝင် ထုတ်ပြန်လိုက်ပြီ။ အဲဒီမှာတင် ကျနော့်စိတ်ထဲ အတော် မတင်မကျ ဖြစ်သွားမိတယ်။ သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် သန်းခြောက်ဆယ်၊ သန်းခြောက်ဆယ်ဆိုပြီး ပြောပြောနေရာကနေ ဘယ်လိုဖြစ်သွားရတာလဲပေါ့။

လွတ်လပ်ရေးရတဲ့နှစ် ၁၉၄၈ ခုနှစ်မှာ လူဦးရေ ၁၈သန်းရှိခဲ့ရာကနေ ၁၉၈၃ခုနှစ် သန်းကောင်စာရင်းအရ လူဦးရေ ၃၅သန်းဖြစ်သွားခဲ့တယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲမှာတော့ ဘယ်လိုကနေ ဘယ်လို ကောက်ယူလိုက်သလဲတော့မသိဘူး အတိအကျ ထွက်လာတယ်။ ၅၇,၅၀၄,၃၆၈ (၅၇သန်းခွဲကျော်) တဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတဲ့သူက ဆန္ဒမဲပေးခွင့်ရှိသူအားလုံးရဲ့ ၉၂.၄ ရာခိုင်နှုန်းတောင် ရှိသတဲ့။ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးရဲ့ လက်မှတ်နဲ့ကို တရားဝင် ထုတ်ပြန်ထားတာ။ ဒါတွေက ဘယ်လိုကနေ ဘယ်လိုဖြစ်သလဲဆိုတာ အားလုံးသိကြတဲ့အတိုင်း စာရွက်ပေါ်မှာ လိမ်ပြတဲ့အလုပ်ကို ဘယ်သူတွေ ကျွမ်းကျင်သလဲဆိုတာ။

သာမန်ချတွက်ကြည့်ရင်တောင် ဖွားနှုန်း၊ သေနှုန်းတွေရှိနေတဲ့ကြားက ၄၈ ခုနှစ်နဲ့ ၈၃ခုနှစ်အကြား ၃၅နှစ်အတွင်းမှာ လူဦးရေ နှစ်ဆနီးပါး တိုးလာတယ်။ ဒါတောင် ၆၂ခုနှစ် ဦးနေဝင်းအာဏာသိမ်းတော့ အိန္ဒိယနွယ်ဖွားတွေ သိန်းချီ နှင်ထုတ်ပစ်လိုက်သေးတာ။ ဒါဖြင့် ၈၃ ခုနှစ်ကနေ ဒီနေ့ ၂၀၁၄ခုနှစ်အကြား ၃၁နှစ်အတွင်းမှာ နှစ်ဆအတိအကျမဟုတ်တောင် နှစ်ဆမရှိတရှိ ၆၅သန်းလောက်တော့ ရောက်နေရမယ်။ ထားပါတော့ အနည်းဆုံး သန်း၆၀လောက်တော့ ရှိနေရမယ်လေ။ ဒါပေမယ့် အခုထုတ်ပြန်လိုက်တာက ၅၁သန်းတဲ့။ ဘယ်လိုဖြစ်တာလဲ။

ဒီနှစ်ကောက်တဲ့ သန်းကောင်စာရင်းက အတိအကျကောက်တယ်ဆိုရင် အရင်ကောက်ခဲ့တာတွေက မတိကျတဲ့သဘောဖြစ်သွားမလား။ ဒါမှမဟုတ် ကုန်ခဲ့တဲ့ အနှစ်၃၀ကျော်အတွင်း အစိုးရဝန်ထမ်းတွေ လိမ်တဲ့အကျင့်၊ ခိုတဲ့အကျင့်၊ ဟန်ပြလုပ်တဲ့အကျင့်၊ ထန်းပင်ဆာဗေးလုပ်တဲ့အကျင့် စွဲကပ်နေလို့ ထုံးစံအတိုင်း တော်ရိရော်ရိ အဖြစ်လုပ်လိုက်သလား၊ ဒါမှမဟုတ် ဒီလောက်လူဦးရေထွက်အောင် တမင်ချိန်လုပ်လေသလား၊ မြန်မာလူမျိုးတွေ ဖွားနှုန်းကျပြီး သေနှုန်းမြင့်နေလို့လား၊ ဂျီဒီပီတွက်ရင် လူနည်းလေ မြင့်လေဖြစ်ပြီး အယ်လ်စီဒီ နိုင်ငံစာရင်းထဲက လွတ်သွားနိုင်တဲ့ ဒေဝဒတ်နည်းများ ကြံလိုက်လေသလား၊ ဒါမှမဟုတ် စနစ်ပြောင်းပေမယ့် လူမပြောင်းသေးတဲ့အတွက် အရင်ကလိုပဲ ဗေဒင်ဆရာ၊ ဘိုးတော်၊ ဘကြီးဘုန်းကြီးပေးတဲ့ ယတြာဂဏန်း ထုတ်ပြန်တာမျိုးလား... စသဖြင့် စသဖြင့် အတွေးတွေ ပလုံစီမိစေတယ်။

အဲဒီအတွေးတွေ တစ်ခုမှ မဟုတ်ဘူးဆိုရင် ဖြစ်နိုင်ချေတစ်ခုနဲ့ စွပ်စွဲစရာတစ်ခု ထပ်တိုးလာနိုင်တယ်။ အဲဒါက ၈၈ မှာ ကျဆုံးခဲ့တဲ့ လူတွေ စာရင်းမထုတ်ပြန်နိုင်လောက်အောင် များနေသလားပေါ့။ အင်း... ဒီအတွေးနဲ့ အမေးကတော့ ဖြေဖို့၊ ရှင်းပြဖို့ နည်းနည်းတော့ ခက်သွားမယ်ထင်တယ်။ အခုထုတ်ပြန်ထားတဲ့ လူဦးရေစာရင်းက မှန်တယ်၊ သေချာတယ်၊ တိကျတယ်ဆိုရင် စဉ်းစားကြည့်လေ၂၀၀၈တုန်းက ၅၇သန်းက လိမ်တာပေါ့။ ဒါဆို.. ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူတွေ ၉၂.၄ ရာခိုင်နှုန်း ထောက်ခံတယ်ဆိုတာလဲ လိမ်တာဖြစ်သွားမှာပေါ့။

စဉ်းစဉ်းစားစားလည်း လုပ်ကြအုံးနော်။ နို့မို့ ကိုယ့်အထုပ်ကိုယ် ပြန်ဖြည်ပြသလိုဖြစ်နေရင် မကောင်းဘူး။ မြန်မာအစိုးရရဲ့ ဝန်ကြီးဌာနအချင်းချင်းဆိုတာ အင်မတန် သင့်မြတ်ချစ်ကြည်ပြီး လုပ်ငန်းတွေမှန်သမျှ တက်ညီ လက်ညီ ချိတ်ဆက်၊ ပေါင်းစပ်၊ တွဲဖက် လုပ်ကိုင်တဲ့နေရာမှာ သိပ်နာမည်ကြီးတာကိုး။ ကျန်းမာရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ဖွား/ သေ စာရင်းနဲ့ တိုက်ကြည့်ကြအုံးနော်။ တော်ကြာ ရွေးကောက်ပွဲတုန်းကလို သေပြီးသားလူတွေရဲ့ ထောက်ခံမဲတွေယူတာနဲ့ ဆန့်ကျင်ဘက် အသက်ရှိထင်ရှား ရှိနေတဲ့သူတွေ သန်းကောင်စာရင်းထဲ မေ့ပြီး ပါမသွားတာမျိုး ရှိနေအုံးမယ်။

အဲဒီအတွေးနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် ရေးဖြစ်တဲ့ ခေါင်းကြီးကို ဝေဖန်ဖို့၊ လွတ်လပ်စွာ သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ မျှဝေလိုက်တယ်။
----------------------------------------------------------

မြန်မာနိုင်ငံ လူဦးရေ လျော့သွားသလော


မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက တရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းနှင့် တွက်ချက်ကြည့်သူများက ထိုပမာဏထက် ပိုနိုင်ဖွယ်ရှိမည်ဟု ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လူဦးရေမှာ ၁၈ သန်းကျော်ရှိခဲ့ပြီး ၃၅ နှစ်အကြာ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ လူဦးရေ ၃၅ သန်းကျော်သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လူဦးရေစာရင်း နှစ်ခုအရ အနှစ် ၃၀ ကျော်အကြာတွင် လူဦးရေ နှစ်ဆတိုးလာသည့်သဘော တွေ့ရသည်။

ထိုလူဦးရေတိုးနှုန်းကို မူတည်ကာ အကြမ်းဖျင်းအားဖြင့် တွက်ချက်ကြည့်လျှင်ပင် စုစုပေါင်း လူဦးရေ သန်း ၇၀ ခန့် ရှိလာနိုင်သော်လည်း အနည်းဆုံး သန်း ၆၀ ကျော်ရှိမည်ဟု ခန့်မှန်းနိုင်ပေရာ လက်ရှိထုတ်ပြန်သည့် ကိန်းဂဏန်းမှာ ထိုခန့်မှန်းချက်ထက် များစွာကွာဟနေပေသည်။

ဤနေရာတွင် ကုန်ခဲ့သည့် ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ထောက်ခံကြောင်း ပြည်သူ့ဆန္ဒခံယူရာတွင် ထုတ်ပြန်သော ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ကြည့်ကာ လက်ရှိထုတ်ပြန်သော လူဦးရေမှာ မည်သို့မျှ ဖြစ်နိုင်ဖွယ် မရှိသည်ကို သိနိုင်ပေသည်။

ထိုစဉ်က ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တိုး လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေမှာ ၅၇,၅၀၄,၃၆၈ (ငါးဆယ့်ခုနစ်သန်းကျော်) ရှိကြောင်း အတိအလင်း ဖော်ပြထားရာ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆ နှစ်ခန့်အတွင်း လူဦးရေတိုးနှုန်း လုံးဝမရှိဘဲ တွက်ချက်လျှင်ပင် ၆ သန်းကျော် လျော့နည်းသွားသည့်သဘော သက်ရောက်နေပေသည်။

မြန်မာအစိုးရ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက တရားဝင် ထုတ်ပြန်သော စာရင်းများအရ လူဦးရေ ကျဆင်းသွားသော မြန်မာနိုင်ငံသည် လူတစ်ဦးချင်း ဝင်ငွေနှင့် တစ်ဦးချင်း အသားတင် ထုတ်လုပ်နိုင်မှုများတွင် မူလက သန်း ၆၀ ခန့်ကိုမူ တည်တွက်ချက်ထားသော ကိန်းဂဏန်းများ ပြောင်းလဲ မြင့်မားသွားကာ ကမ္ဘာဖွံ့ဖြိုးမှု အနိမ့်ဆုံးစာရင်းမှ ကိန်းဂဏန်းအားဖြင့် လွတ်ကင်းသွားနိုင်ဖွယ် ရှိပေသည်။

သို့သော် ၁၉၄၈ ခုနှစ်မှ ၁၉၈၃ ခုနှစ်အကြား လူဦးရေတိုးနှုန်းနှင့် ၂၀၀၈ ခုနှစ် ပြည်သူ့ဆန္ဒ ခံယူပွဲအတွက် ထုတ်ပြန်ထားသော လူဦးရေတို့အပေါ် မူတည်ကာ လျှော့ပေါ့စွာ တွက်ချက်လျှင်ပင် ယနေ့အနည်းဆုံး လူဦးရေ သန်း ၆၀ ထက်မနည်း ရှိနိုင်သည့် နိုင်ငံတစ်ခုတွင် မည်သည့် နည်းလမ်းများဖြင့် သန်းခေါင်စာရင်း ကောက်ယူ တွက်ချက်ထားသည်ကို မည်သို့မျှ နားလည်နိုင်စရာ မရှိပေ။

အထူးသဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် နည်းပညာ အကူအညီ၊ ငွေကြေး၊ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့မှုနှင့် ပါဝင်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အခြားနိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း လက်ရှိ ထုတ်ပြန်ထားသော လူဦးရေကို အတည်ပြု လက်ခံခြင်း ရှိ၊ မရှိ၊ လက်ခံပါက မည်သည့်အချက်ကို မူတည်၍ လက်ခံသည်၊ လက်မခံပါက မည်သည့် အတွက်ကြောင့် လက်မခံသည်တို့ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၂-၉-၂၀၁၄)
Kyaw Min Swe

photo..Irrawaddy
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခနဲ့ စပ်နွယ်ပြီး တရားရင်ဆိုင်နေရသည့် သံဃာငါးပါး အမှုနှင့် စပ်လျဉ်း၍ ဆရာတော်က ကျောင်းပိုင်ဆိုင်ကြောင်း အထောက်အထားကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက သက်သေစာအဖြစ် စက်တင်ဘာ ၁ရက်က လက်ခံခဲ့သည်။

"တရားရုံးကို စာနှစ်စောင်တင်တာ တစ်စောင်လက်ခံတယ်။ အမှုနဲ့ပတ်သက်ပြီးသက်သေခံတဲ့နေရာ ဒီစာက အကျိုးသက်ရောက်မှုရှိပါတယ်"ဟု တရားလွှတ်တော်ရှေ့နေဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။

ရန်ကုန်အရှေ့ပိုင်ခရိုင်သို့ ပီနန်ဆရာတော်က မဟာသန္တိသုခကျောင်းသည် မိမိကျောင်းဖြစ်သောကြောင်း၊ ဂေါပဂအဖွဲ့ဝင်များ အပါအဝင် မဟနမှစေလွှတ်ထားသည့် သံဃာတော် များအား ကျောင်းအတွင်းမှ ၇ရက်အတွင်း ဖယ်ရှားပေးရန် ရေးသားထားသည့်စာကို တရားရုံမှလက်ခံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပီနန်ဆရာတော်မှ သက်သေခံအဖြစ် ဆရာတော်၏ အမှုနှင့်ပတ်သက်ပြီး မဟန ဆုံးဖြတ်သည့်လုပ်ထုံ၊ လုပ်နည်းများသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း၊ ကျောင်းတော်မှဖယ်ရှားမပေးနိုင်ကြောင်း၊ မဟန အနေဖြင့် မဟာသန္တိသုခကျောင်း ပိုင်ဆိုင်မှု မရှိသည့် အတွက် သမ္မတကြီးမှ အငြင်းပွားမှုအား ဖြေရှင်းပေးရန် ပို့သည့်စာကိုမူ တရားရုံးမှ အမှုနှင့် မဆိုင်သောကြောင့် ပယ်ချခဲ့သည်ဟု ရှေ့နေဦးသိန်းထွန်းက ပြောသည်။

ဇွန်လ ၁၁ရက်က သံဃာ့နာယကဆရာတော်များနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်ကာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသော သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဇွန်လ ၁၃ ရက်တွင် လန်ဒန်ဆရာတော်နှင့် သံဃာလေးပါးအား လူဝတ်လဲကာ တာမွေမြို့နယ်တရားရုံးတွင် ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ဇွန်လ ၂၀ ရက်တွင် ဖမ်းဆီးခံ သံဃာတော်များကို အာမခံပေး၍ သင်္ကန်းပြန်ဝတ်ပေးခဲ့ပြီး လန်ဒန်ဆရာတော်အပါအဝင် သံဃာများ တရားရင်ဆိုင်နေဆဲ ဖြစ်သည်။
Mizzima news

Photo - Sonicnation.ca

အမေရိကန် နာမည်ကျော် အနုပညာရှင် အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပေါက်ကြားမှုတွင် Hacker များက ၎င်းတို့ အလိုရှိသည့် Account များကိုသာ သီးခြားပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး iCloud စနစ်တစ်ခုလုံး လုံခြုံရေး ကျိုးပေါက်သွားခြင်း မဟုတ်ဟု Apple ကုမ္ပဏီက ဖြေရှင်းခဲ့သည်။

အင်တာနက်ပေါ်တွင် အချက်အလက်များ သိုလှောင်သိမ်းဆည်းသည့် iCloud ဝန်ဆောင်မှုမှ ပေါက်ကြားမှု ဖြစ်ပွားပြီး အော်စကာဆုရှင် ဂျနီဖာလောရင့်စ် အပါအဝင် နာမည်ကျော် အနုပညာရှင် အချို့၏ လျှို့ဝှက်အပ်သော ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် Apple ၏ iCloud ဝန်ဆောင်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိလာပြီး Appleက ပြန်လည် စိစစ် စုံစမ်းခဲ့သည်။

စက်တင်ဘာ (၂)ရက်တွင် ကုမ္ပဏီက ရှင်းလင်းချက် ထုတ်ပြန်ခဲ့ရာ “နာရီပေါင်း (၄၀)ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် တိတိကျကျ ရည်ရွယ်ရွေးချယ်ထားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ Account တွေကို ထိုးဖောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ အင်တာနက်ပေါ်မှာ ကြုံတွေ့နေကျ ပြဿနာမျိုးပါ။ ဒါပေမဲ့ iCloud၊ Find my iPhone တို့ အပါအဝင် ဘယ်လိုစနစ်တွေမှာမှ ကျိုးပေါက်မှု မရှိပါဘူး။ ဒီလို ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အပြစ်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာပါ”ဟု ဖော်ပြ ပါရှိသည်။

ဆိုက်ဘာ ရာဇဝတ်သား Hacker များက အမေရိကန် နာမည်ကျော် အမျိုးသမီးများ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများကို ဖောက်ထွင်းခိုးယူပြီး Social Media များပေါ် ဖြန့်ဝေခဲ့သည့် ဖြစ်ရပ်သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အထူးတလည် သတင်းကြီးခဲ့သည်။ ယင်းဖြစ်ရပ်ကို FBI ထောက်လှမ်းရေး ဌာနကလည်း တာဝန်ယူ စုံစမ်းနေကြောင်း သိရှိရသည်။

_Ref: Channelnewsasia

http://7daydaily.com/


ကျွန်တော်တို့ မြန်မာလူမျိုးများ ကြံဖန်ရှက်တတ်ကြသည်။ မေမြတ်နိုးရဲ့ အရှုပ်အရှင်းကြောင့် နိုင်ငံနဲ့လူမျိုး သိက္ခာကျသည်၊ အရှက်ရစေသည်စသဖြင့် ပြောဆိုကြသည်၊ ပြည်တွင်းသတင်းစာများက ရေးကြသည်။ ဘာဆိုင်သလဲဗျာ။ ရှက်စရာရှိလျှင် တိုင်းပြည်ကို စုတ်ပြတ်သတ်သွားအောင် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ကြသော အစိုးရမင်းများ ရှက်ဖို့လည်း ထားကြပါဦး။

မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာရပ်ဝန်းသို့ ပြန်လည်ခြေချရန် ကြိုးပမ်းလာပြီးသည့် ကာလနောက်ပိုင်း အမှန်တကယ်နှင့် အသိသာဆုံးသော ပြည်ပချိတ်ဆက်မှုတခုကို ပြပါဆိုလျှင် မယ်စကြ၀ဠာအပါအ၀င် များစွာသော လှယဉ်ကျေးမယ်ပြိုင်ပွဲများပင်ဖြစ်တော့သည်။ နန်းခင်ဇေယျာကအစ အလှမယ်ပေါင်းများစွာ နိုင်ငံတကာပြိုင်ပွဲဝင်ကြတော့ မျိုးချစ်စိတ်နဲ့ အသဲအသန် မဲပေးကြသူများအား တွေ့ဖူးပါသည်။ သူတို့ကို ကျွန်တော် နားမလည်ပါ။ ကိုယ် ကိုယ်တိုင်လည်း ဘယ် မယ်တယောက်တလေအတွက်မှ ကလစ်တချက် မခေါက်ခဲ့ပါ။ အကြောင်းမှာ တိုင်းပြည်နဲ့လူမျိုး ဂုဏ်သိက္ခာကို အလှမယ်တယောက်က ဆောင်ကျဉ်းပေးနိုင်မည်ဆိုသော ရူးကြောင်ကြောင် အတွေးအခေါ်ကို မယုံကြည်၍ ဖြစ်သည်။

အဲ ... မြန်မာဘောလုံးအသင်း အရှုမလှ ရှုံးလျှင်တော့ ရှက်သည်။ ဒါတောင် အခုနောက်ပိုင်း အရှုံးများလို့ အရေထူသွားသလိုလို ဖြစ်နေပြီ။ ဟိုတလောက ၀န်ကြီးတပါး Channel News Asia အင်တာဗျုးမှာ ဂဂျိုးဂဂျောင် ဖြစ်ခဲ့တုန်းက ကြိတ်ပြီး ရှက်မိသည်။

အခုမေမြတ်နိုးကိစ္စကို နိုင်ငံတကာ မီဒီယာများက ရေးသားကြသည်မှာ နိုင်ငံနဲ့ လူမျိုးကို သိက္ခာချလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်ပါ။ “အလှမယ်တဦး သရဖူနဲ့ လစ်ပြေး”ဆိုသည့်သဘောမျိုး သက်ရောက်သော အသုံးအနူန်းများဖြင့် ဟာသသတင်း၊ ဖျော်ဖြေရေးသတင်း သဖွယ်ရေးကြခြင်းသာဖြစ်သည်။ ဖိလစ်ပိုင်မယ်ဖြစ်ဖြစ်၊ စင်္ကာပူမယ်ဖြစ်ဖြစ် မည်သည့်နိုင်ငံက မယ်ပဲဖြစ်ဖြစ် ဤသို့ဖြစ်လျှင် ဤနှယ် ရေးသားကြမည်ပင် ဖြစ်သည်။ ဒါကို မြန်မာမယ်ဖြစ်နေလို့ ဇာချဲ့ရေးသည်ဟု ခံယူပြီး ကြံဖန်ဒေါသဖြစ်၊ ကြံဖန်ရှက်တဲ့သူတွေ မနည်းပေ။ ဘာဆိုင်လို့လဲဗျာ။

မနေ့တနေ့က မေမြတ်နိုးဘက်က သတင်းစာရှင်းလင်းပြီးသည့်နောက်မှာလည်း နိုင်ငံတကာမီဒီယာများက သတင်းဖော်ပြကြပါသည်။ သူမ၏ ရှင်းလင်းချက်ကို သတင်းမှေးမှိန် မထားပါ။ ပြောလိုသည်မှာ ယခုကိစ္စတွင် အချို့သောသူများ ထင်မြင်ကြသလို ပြည်ပမီဒီယာများက မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေကြခြင်းမဟုတ်ဆိုသည်ပင်။

ကျွန်တော်တို့လူမျိုးများသည် တခုခုဖြစ်လျှင် မိမိတို့အား ချောက်တွန်းကြသည်၊ ပူးပေါင်းကြံစည်ကြသည်စသည့် စိတ်ခံစားမှုမျိုး အလွယ်တကူ ဖြစ်ပေါ်တတ်သည်ဟု ထင်သည်။ စိတ်ပညာအရ အငုံ့စိတ်၊ သိမ်ငယ်စိတ်တမျိုးပင် ဖြစ်သည်။ ယင်းသို့ ဖြစ်ရသည်မှာလည်း အကျိုးအကြောင်းမဲ့ မဟုတ်ပါ။ ခေတ်အဆက်ဆက် အရာရာတွင် အောက်တန်း နောက်တန်း ကျခဲ့ရသော နိုင်ငံတခုမှ နိုင်ငံသားများပင် မဟုတ်လော။ ကျွန်တော်တို့မှာ “မြန်မာနိုင်ငံသားကွ”ဟု လက်မထောင် ဂုဏ်ယူစရာ ဟုတ်တိပတ်တိ မရှိပါ။ အတိတ်က အောင်ပွဲများအကြောင်းကိုသာ စမြုံ့ ပြန် အားတင်းကြရသည်။

ဆိုခဲ့သော သိမ်ငယ်စိတ်ကြောင့် အလွယ်တကူ ရန်လိုတတ်လာသည်။ ဆတ်ဆတ်ထိမခံ ဖြစ်လာသည်။ မေမြတ်နိုးနှင့် Miss Asia Pacific World အဖွဲ့အစည်းမှ တာဝန်ရှိသူများ၏ ပြဿနာကို မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ၏ ပြဿနာအဖြစ် ရှုမြင်လာကြသည်။ ဖေ့စ်ဘွခ်ပေါ်မှ မှတ်ချက်အချို့ကို ဥပမာဆောင်အံ့။

“ကိုရီးယားကို စစ်ကြေငြာလိုက်ပြီဟေ့၊ မလျော့နဲ့ ညီမလေး”
“ဆီးဂိမ်းတုန်းက သန်း ၆၀ သော မြန်မာပြည်သူတွေကို အသဲခွဲသွားတာလည်း ကိုရီးယားလူမျိုး ပတ်ဆောင်ဟွားပဲ၊ ကိုရီးယားတွေကို သပိတ်မှောက်ကြ”
“ခွေးမသားကိုရီးယားတွေ အားဇာနည်ကုန်းမှာ သေခဲ့ကြတာတောင် မမှတ်သေးဘူး”

ပုဂ္ဂိုလ်ရေးပြဿနာကို နိုင်ငံရေးပြဿနာ၊ လူမျိုးရေးပြဿနာအဖြစ် မလိုအပ်ပဲ ရှုမြင်ကြသည်။ ထိုသို့သော အငုံ့စိတ်များကြောင့် လွဲမှားသော မျိုးချစ်စိတ်များ ပေါက်ဖွားလာရသည်။

ဟုတ်ကဲ့ … အင်တာနက်မှာ ရေးချင်တာရေးကြသည်ကို အရေးကြီးခွင်ကျယ်လုပ်နေခြင်း မဟုတ်ပါ။ ရခိုင်ပြည်နယ်က လူမျိုးရေးပြဿနာများ အရှိန်မြင့်နေစဉ်ကလည်း အင်တာနက်ပေါ်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ထိုစဉ်က အွန်လိုင်းပေါ်တွင် ဒေါသအလျောက် ဆဲရေးကြသည်။ သွေးဆူသည့် အသုံးအနူန်းများဖြင့် ကြိမ်းမောင်းကြသည်။ ဘင်္ဂါလီကိုရွေးမပြောပဲ မွတ်စလင်ဟု ၀ါးလုံးချေးသုတ်ရမ်းကြသည်။ ထိုထို မှတ်ချက်များကို စုစည်းပြီး The New York Times မှ Thomas Fuller ဆိုသော ကော်လံစား သကောင့်သားက မြန်မာနိုင်ငံတွင် မွတ်စလင်မုန်းတီးရေးစိတ်ဓါတ်များ ထိန်းမနိုင်သိမ်းရ အခြေအနေသို့ရောက်နေသလို၊ ဘာသာရေးကို အခြေခံသော လူမျိုးတုန်းသတ်ဖြတ်မှုကြီး ကျုးလွန်ကြတော့မလို ရေးသားသွားသဖြင့် ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ အမှန်တကယ် အရှက်ရခဲ့ရသည်။

ထို့ကြောင့် ပြဿနာတခုခုဖြစ်လျှင် ဓမ္မဒိဌါန်ကျကျ ရှုမြင်သုံးသပ်နိုင်ဖို့ ကျွန်တော်တို့၏ သိမ်ငယ်စိတ်များကို ထိန်းကျောင်းဖို့လိုနေပြီဖြစ်သည်။ မဟုတ်လျှင် ပြောခဲ့သလို လွဲမှားသော မျိုးချစ်စိတ်များ၊ နေရာမမှန်သော မျိုးချစ်စိတ်များ ဖြစ်ပေါ်လာနိုင်ပြီး ပြဿနာဟာ လိုသည်ထက်ပိုကြီးထွာလာလိမ့်မည်။ “မျိုးချစ်စိတ်ဖြင့် ငံပြာရည်စက်ရုံ”ဟု ပြောသင့်သည်ဟူသည့် နေရာမှား မျိုးချစ်စိတ်မျိုးပင် ဖြစ်ပေါ်လာပါလိမ့်မည်။

ယခု မေမြတ်နိုးကိစ္စမှာ နိုင်ငံနှင့် လူမျိုးနှင့်ချီပြီး ရှက်ရမည့် ကိစ္စမဟုတ်ပါ။ တိုင်ပြည်ပျက်ရလောက်သည့် ကိစ္စမဟုတ်ပါ။ ရှက်စရာရှိလျှင် နယ်လှည့်ပါးရိုက်ရဲသည်ဆိုသော ၀န်ကြီး၊ တရက် ငွေ ၂ ထောင်နှင့် စားလောက်သည်ဆိုသော နိုင်ငံ့အဓိပတိပုဂ္ဂိုလ်နှင့် တရုတ်ကျေးဇူးရှိသည်၊ တရုတ်ကို ကြောက်ရသည်ဆိုသော ၀န်ကြီးများ ရှက်ဘို့လည်း ချန်ထားကြပါဦး ခင်ဗျား။

ဥက္ကာဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အမေရိကန် သတင်းထောက် နောက်ထပ် တစ်ယောက်ကို အစ္စလာမ္မစ် နိုင်ငံအဖွဲ့ IS တပ်တွေက ခေါင်းဖြတ် သတ်ဖြတ်မှု အတွက် အမေရိကန် ဘက်က တုံ့နှေး သွားမှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

သတင်းထောက် Steven Sotloff ကို သတ်ဖြတ်တဲ့ ရိုင်းစိုင်း ကြမ်းကြုတ်တဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ လူသား အားလုံးကို အော့နှလုံး နာစေခဲ့တယ် လို့လည်း အိုဘားမားက ပြောပါတယ်။

အခု နောက်ဆုံး သတ်ဖြတ်မှုကြောင့် အကြမ်းဖက်မှု နှိမ်နင်းဖို့ ချမှတ် ထားတဲ့ အမေရိကန်ရဲ့ သန္နိဋ္ဌာန် ကို ပိုမို ခိုင်မာ လာစေတယ် လို့လည်း အက်စတိုးနီးယား နိုင်ငံမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

IS တပ်တွေက လွှင့်တင်တဲ့ ဗီဒီယို ထဲက သတင်းထောက် Steven Sotloff ကို သတ်တဲ့ သူဟာ အရင်လက အမေရိကန် သတင်းထောက် ဂျိမ်းစ် ဖိုလီကို သတ်တဲ့သူ နဲ့ အတူတူ ဖြစ်ပုံရတယ် လို့လဲ ဗြိတိသျှ အစိုးရက ပြောကြား ပါတယ်။
BBC
အက်စတိုးနီးယားနိုင်ငံမှာ သမ္မတ အိုဘားမား သတင်းစာ ရှင်းလင်း။
IS အဖွဲ့က ခေါင်းဖြတ်သတ်ခဲ့တဲ့ ဒုတိယမြောက် အမေရိကန် သတင်းထောက် Steven Sotloff (၀ဲ)

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ကြည့်မယ်ဆိုရင် တစ်ခုနဲ့တစ်ခု အဆက်အစပ် ကင်းမဲ့သလို ရည်ရွယ်ချက်တွေကလည်း အမျိုးမျိုး ကွဲပြားနေပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံသားတွေ အတွက် ဒီတစ်ပတ်အတွင်း အငြင်းခုံရဆုံး သတင်းအကြောင်းအရာ ၃ခု ဖြစ်ခဲ့တာကတော့ သေချာပါတယ်။ အထူးသဖြင့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူနေတဲ့ ဦးစံလင်းနဲ့ အဖွဲ့က ခေါင်းလောင်းကြီးကို တွေ့ရှိပြီဖြစ်ကြောင်း ကြေညာလိုက်လို့ပဲ ဖြစ်ပါတယ်။

ဒီလို ကြေညာရာမှာလည်း ခေါင်းလောင်းကြီး တွေ့ရှိကြောင်း အရိယာဝိဇ္ဇာ အပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ အတိအလင်း ကြေညာတာဖြစ်ကြောင်း ဖတ်ခဲ့ရပါတယ်။ နောက်ထပ် ပြောဆိုမှုတွေထဲမှာ ခေါင်းလောင်းကြီးကို မဆယ်ယူသေးတဲ့ အကြောင်းကတော့ ရွှေရောင် နဂါးမင်းကြီး နဲ့တကွ နဂါးအပေါင်းတို့က ခေါင်းလောင်းကြီးကို ဆီမီးပူဇော်နေလို့ ဖြစ်တယ်လို့ ပါဝင်ပါတယ်။

ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေ အကြားမှာ ဖြစ်နိုင်/မဖြစ်နိုင် အငြင်းပွားခဲ့ရသလို ခေါင်းလောင်းကြီးကို တွေ့၊ မတွေ့ ဆိုတာကလည်း မိသားစု အတွင်းမှာတောင် ငြင်းခုံဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ခေါင်းလောင်းကြီး အကြောင်းကို အာရုံရောက်နေတဲ့ အတွက် ပြီးခဲ့တဲ့ လပိုင်းအတွင်းက ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးနဲ့ PRစနစ်ကို ကန့်ကွက်ရေး နိုင်ငံရေး လှုပ်ရှားမှုတွေဟာ မှေးမှိန်ဖျော့တော့ သွားခဲ့ရပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ၄၃၆ကို ပြင်ဆင်ဖို့ နိုင်ငံသား၎သန်းနဲ့ ၉သိန်း လက်မှတ်ထိုးထားတဲ့ စာရွက်တွေဟာ လွှတ်တော်ကို ရောက်ရှိနေပြီ ဆိုတာကလည်း လူမသိ သူမသိ ဖြစ်သွားပါတယ်။

ဒီဖြစ်စဉ်ကို လေ့လာကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀က ရန်ကုန်မြစ်ဝမှာ နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရက်သတ္တပတ် နှစ်ပတ်အတွင်း ရအောင် ဆယ်ယူမယ်ဆိုတဲ့ သတင်းကြောင့် ဖြစ်ပါတယ်။ ဒီလို အာမခံရဲရဲနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သူကတော့ အတိတ် သမိုင်းမှာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ ဦးစံလင်းနဲ့အဖွဲ့ ဖြစ်ပြီး ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ခွင့် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ခေါင်းလောင်း ဆယ်ယူရေး ကာလအတွင်း သတင်းရေးသားတဲ့ သတင်းစာ၊ ဂျာနယ်တွေ ရောင်းကောင်းခဲ့သလို သမ္ဗန်သမားတွေ၊ ဈေးသည်တွေလည်း ၀င်ငွေလမ်းဖြောင့် ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ပြီလို့ ကြေညာချက်နဲ့ မရှေးမနှောင်းမှာပဲ ရန်ကုန်တိုင်း အစိုးရ ၀န်ကြီးချုပ်ရဲ့ သ၀ဏ်လွှာ တစ်စောင်ကို မြို့တော်ဝန်က ရန်ကုန်တိုင်း လွှတ်တော် အတွင်းမှာ ဖတ်ကြားခဲ့ပါတယ်။

သ၀ဏ်လွှာထဲမှာ ဖော်ပြထားတဲ့ အဓိက အကြောင်းအရာကတော့ ရန်ကုန်မြို့ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်း အကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေး ကားလမ်းအကြားမှ ဧက သုံးသောင်းကျော် အကျယ်အ၀န်းရှိတဲ့ မြို့သစ်စီမံကိန်း တစ်ခုကို အကောင်အထည် ဖော်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီသ၀ဏ်လွှာထဲမှာပဲ ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးအတွက် ငွေရေးကြေးရေးမှာ စိတ်ချရတဲ့ မြန်မာ့ စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီကို တာဝန်ပေးအပ်ကြောင်းနဲ့ စီမံကိန်း အကောင်အထည်ဖော်မည့် အပေါ်မှာ ဒေသခံ ပြည်သူလူထုရဲ့ သဘောတူညီချက်ကို ရရှိထားပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီသ၀ဏ်လွှာကို နားထောင် လိုက်ရတဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ အံ့အားသင့် ခဲ့ရသလို ဘယ်သူမှ မသိသေးတဲ့ ဒီစီမံကိန်း အတွက် ဒေသခံ ပြည်သူတွေရဲ့ သဘောတူညီချက် ရပြီ ဆိုတာကလည်း ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ဖြစ်ခဲ့ပါတယ်။

အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၀၀၀လောက် ပမာဏရှိတဲ့ စီမံကိန်းအတွက် မြန်မာ့စီးပွားရေး အသိုင်းအ၀ိုင်းက မသိတဲ့ မြန်မာ့စေတနာမြို့သစ် အများပိုင် ကုမ္ပဏီကို တာဝန်ပေးခဲ့တဲ့ အတွက် အကြောင်းပြချက်ကတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာ စိုးတဲ့အတွက် သိုသိပ်စွာ လုပ်ဆောင်ခဲ့ ရတယ်လို့ ဆင်ခြေပေးခဲ့ပါတယ်။

ဒီလို လွှတ်တော်မှာ ကြေညာလိုက်တဲ့ တစ်ချိန်တည်းမှာပဲ စီမံကိန်းလုပ်မယ့် ရန်ကုန် တစ်ဖက်ကမ်းက မြေဧကတွေကို ၀ယ်ယူဖို့ တရုတ် တိုင်းရင်းသား နွယ်ဖွားတွေနဲ့ တရုတ် သူဌေးတွေ အတွက် ခြံမြေတွေ လိုက်လံ ၀ယ်ယူပေးနေတဲ့ အိမ်ခြံမြေပွဲစားတွေ အလုံးအရင်း ရောက်လာကြပါတယ်။

သူတို့တွေရဲ့ ၀ယ်ယူမှုတွေကြောင့် တစ်ချိန်က တစ်ဧကကို သိန်း၄၀၊ ၅၀ရှိတဲ့ မြေဧကတွေဟာ သိန်း ၅၀၀ကနေ သိန်း၁၀၀၀ကြားကို ခုန်တက်သွားပါတယ်။ တချို့ကလည်း မြို့သစ်စီမံကိန်း လုပ်မယ့် ကုမ္ပဏီဟာ တရုတ် လူမျိုးတွေ ပိုင်ဆိုင်တဲ့အတွက် သူတို့နဲ့ ပတ်သက်တဲ့ သူတွေကို ကြိုတင် သတင်းပေးပြီး ရင်းနှီးမြှုပ်နှံ ခိုင်းတယ်လို့ ခန့်မှန်းကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်တွေရဲ့ စီးပွားရေးနဲ့ မကင်းတဲ့ ကုမ္ပဏီတစ်ခုကို မြို့သစ်စီမံကိန်း လုပ်ဖို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့က လက်သိပ်ထိုး လုပ်ဆောင်ခဲ့တယ် ဆိုတာကတော့ မပြေးသော် ကန်ရာရှိ ဆိုသလိုပါပဲ။ ဒီအခြေအနေတွေကြောင့် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဟာ ဒီကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့တာကို ရုပ်သိမ်းပြီး တရားဝင် တင်ဒါ ခေါ်ယူမယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ပေးခဲ့ရပါတယ်။

နောက်သတင်း တစ်ခုကတော့ မြန်မာနိုင်ငံရဲ့ အလှမယ်တွေထဲက Miss Asia Pacific World 2014 ရခဲ့တဲ့ မေမြတ်နိုးရဲ့ သရဖူကို တောင်ကိုရီးယား အခြေစိုက် သူ့ရဲ့ Organizationက ပြန်လည် ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဘာကြောင့် ရုပ်သိမ်း လိုက်ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကျယ်တ၀င့် မဖော်ပြပေမယ့် မေမြတ်နိုးဟာ အလှမယ် တစ်ယောက်ရဲ့ လိုက်နာရမယ့် စည်းကမ်းတွေ ဖောက်ဖျက်လို့ဆိုပြီး ဖော်ပြထားပါတယ်။ တချို့ကလည်း သရဖူ ရုပ်သိမ်းမှုမှာ ဆုရွေးချယ်တဲ့ အဖွဲ့အစည်းနဲ့ ပြဿနာရှိလို့ မဟုတ်ဘဲ ပြည်တွင်းက အေဂျင်စီနဲ့ မေမြတ်နိုးနဲ့ကြားမှာ ပြဿနာဖြစ်ခဲ့လို့ ရုပ်သိမ်းခံခဲ့ရတယ်လို့ မှတ်ချက်ပြုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မေမြတ်နိုးနဲ့ အေဂျင်စီက တာဝန်ရှိသူတွေဟာ Facebookမှာ အပြန်အလှန် စွပ်စွဲကြရင်း တစ်ယောက် အားနည်းချက်ကို တစ်ယောက်ထောက် နေကြပါတယ်။ မေမြတ်နိုးကလည်း ဒီအဖွဲ့ဟာ သရဖူပေးပြီး လူကို တရားဝင် ၃နှစ်လောက် အပိုင် ၀ယ်ထားတဲ့ ပုံစံမျိုး ပြုလုပ်နေသလို နှစ်စဉ်တိုင်း သရဖူ ရုပ်သိမ်းလေ့ ရှိတာကလည်း သံသယ ဖြစ်ဖွယ်ရာ ကောင်းတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပွင့်လင်းလာတဲ့ ခေတ်ကြီးမှာ မြန်မာနိုင်ငံက အလှမယ်တွေဟာ နိုင်ငံတကာကို အေဂျင်စီရဲ့ အကူအညီနဲ့ သွားရောက် ယှဉ်ပြိုင်လေ့ ရှိကြပါတယ်။ ယှဉ်ပြိုင်ပြီးတိုင်းလည်း စည်းကမ်း ဖောက်ဖျက်လို့ဆိုပြီး အေဂျင်စီနဲ့ အလှမယ်တွေ ကြားမှာ ပြဿနာ ဖြစ်ပွားလေ့ ရှိပါတယ်။

အထူးသဖြင့်တော့ နိုင်ငံတကာလုပ်တဲ့ Miss ပြိုင်ပွဲတွေဟာ အမှန်တကယ် ဂုဏ်သိက္ခာရှိပြီး ရိုးသားဖို့ လိုအပ်သလို သူတို့ရဲ့ စာချုပ်ပါ အချက်အလက်တွေကိုလည်း သေချာဖတ်ရှုဖို့ လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ မြန်မာလူမျိုးတွေဟာ နားမလည် ပါးမလည်နဲ့ ကြိုက်သလို လှည့်စားလို့ ရတယ်ဆိုပြီး လူလည် လုပ်နေဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စာချုပ်မှာ လက်မှတ်ထိုးပြီးရင်တော့ ငြင်းဆိုလို့ မရတဲ့ အခြေအနေရှိတာမို့ နိုင်ငံခြားကဆိုတိုင်း မျက်စိစုံမှိတ် မယုံမိဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးရဲ့ အဓိက ပြောဆိုလိုတာကတော့ ဓမ္မစေတီခေါင် လောင်း ဆယ်တာပဲဖြစ်ဖြစ်၊ တွေ့တာပဲဖြစ်ဖြစ်၊ နဂါးမင်းကြီး ရေအောက်မှာ ရှိတာပဲဖြစ်ဖြစ်၊ မရှိတာပဲဖြစ်ဖြစ် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ ဘယ်လိုခြေလှမ်း လှမ်းတာပဲဖြစ်ဖြစ်၊ နိုင်ငံတကာက မြန်မာ အမျိုးသမီးတွေကို ခေါ်ပြီး ဘယ်လို သရဖူမျိုး ပေးတာပဲဖြစ်ဖြစ် နောက်ကွယ်က ရည်ရွယ်ချက်နဲ့ အကျိုးစီးပွားတွေကို မြင်ယောင် ကြည့်နိုင်မှသာ ကျွန်တော်တို့ လူမျိုးတွေကို “လူအ”စာရင်း အသွင်းခံရမယ့် ဒုက္ခက ကင်းဝေးနိုင်မယ် ဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။

ဇော်သက်ထွေး
Tomorrow သတင်းဂျာနယ်

ပဲခူးမြို့နယ်၊ ...ရပ်ကွက်ရှိ အသက် ၇နှစ်အရွယ် မိန်းကလေးငယ်...အား မိခင်မှ ဈေးဆိုင်သို့ ခိုင်းစေလိုက်ရာမှ အသက် ၁၉နှစ်အရွယ် ရဲပိုင်ဦးက အဓမ္မပြုကျင့်ခဲ့ရာ အမှုကို ပဲခူးမြို့နယ် တရားရုံးက တရားခံအား ထောင်ဒဏ်တစ်နှစ်နှင့် သုံးလသာ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

အဆိုပါအမှုကို စီရင်သော ပဲခူးမြို့နယ် တရားရုံးသည် ထောင်ဒဏ် ၇နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ၃၇၆ မုဒိမ်းမှုကို တစ်နှစ်သုံးလသာ ကျခံစေခဲ့သည့်အတွက် ကျူးလွန်ခဲ့သော ပြစ်မှုနှင့် ပြစ်ဒဏ်မှာ မမျှတဘဲ နည်းပါးလွန်းသည့်အတွက် မြို့နယ် ဥပဒေရုံးမှတစ်ဆင့် ပြင်ဆင်မှု တင်သွင်းရန် ဆောင်ရွက်နေရကြောင်း သတင်းရရှိသည်။

အမှုတွင် စစ်ဆေးပေါ်ပေါက်ချက်များအရ ပြုကျင့်ခံရသူ မ..အား လယ်ကွင်းအစပ်တွင် ငိုယိုနေသည်ကို တွေ့ရခြင်း၊ လိုက်လံရှာဖွေသူ အစ်မဖြစ်သူအား ညီမဖြစ်သူက တစ်လမ်းတည်းနေ တရားခံက ဘောင်းဘီကိုချွတ်ပြီး အဓမ္မပြုကျင့်ကြောင်း ပြောကြားခြင်း၊ မိခင်ဖြစ်သူမှ အခင်းဖြစ်လျှင်ဖြစ်ခြင်း ရဲစခန်းသို့ တရားလိုပြုလုပ် အမှုဖွင့်တိုင်ကြားခဲ့ခြင်း၊ ဆေးစာတွင်လည်း မ...၏ မိန်းမကိုယ်တွင် လတ်တလော ထိုးသွင်းဒဏ်ရာများ တွေ့သည်ဟု ဆိုထားခြင်း တို့ကြောင့် အမှုမှာ ထင်ရှားသော်လည်း ပဲခူးမြို့နယ် တရားရုံးက ထောင်ဒဏ် အနည်းငယ်သာ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြုကျင့်ခံရသူသည် အသက် ၇ နှစ်သာရှိသေးသော ကလေးငယ်ဖြစ်သည်ကို သိပါလျက် အသက် ၁၉ နှစ်ရှိသူက အတင်း အဓမ္မ ကာမစပ်ရှက်ခဲ့သော တရားခံ၏ အပြုအမူသည် လူမဆန်သော ကိုယ်ကျင့်တရား ပျက်ကွက်မှုဖြစ်သဖြင့် ထိရောက်သော ပြစ်ဒဏ်ချမှတ်ရန်အတွက် ထပ်မံပြီး ပြင်ဆင်ချက် တင်သွင်းရခြင်း ဖြစ်ကြောင်း သိရသည်။

ဟန့်တား နိုင်လောက်သော ပြစ်ဒဏ်ကို ချမှတ်မှသာလျှင် အလားတူပြစ်မှုမျိုး ကျူးလွန်ရန် ကြံစည်သူတို့အတွက် ပြစ်မှုမကျူးလွန်ရဲအောင် အဟန့်အတားဖြစ်မည့်အပြင် ကျူးလွန်ခဲ့သော တရားခံကိုလည်း နောက်နောင် ထပ်မံမကျူးလွန်ရဲရန် ထိန်းကျောင်းရာကျမည် ဖြစ်သဖြင့် ရဲတပ်ဖွဲ့နှင့် ဥပဒေ၀န်ထမ်းတို့မှ ပြင်ဆင်ချက် ထပ်မံတင်ပြ နေရခြင်းအပေါ်လည်း ဥပဒေ ပညာရှင်များက ပဲခူးမြို့နယ် တရားရုံး၏ ထောင်ဒဏ် တစ်နှစ် သုံးလသာ ချမှတ်ခဲ့ခြင်းအပေါ် မေးခွန်းများ ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ယခုအခါ မေလ ၁၂ ရက်နေ့တွင် မြို့နယ်ဥပဒေရုံးမှ ခရိုင်ဥပဒေရုံးသို့ ပြင်ဆင်မှု တက်ရောက်ရန် တင်ပြထားကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဇန်န၀ါရီလမှ သြဂုတ်လအထိ ၈လတာ ကာလအတွင်း မုဒိမ်းမှုပေါင်း ၆၂မှု ဖြစ်ပွားခဲ့ရာ အမှု၏ သုံးပုံတစ်ပုံ ဖြစ်သော ၂၁မှုမှာ အရွယ်မရောက်သေးသူ ကလေးငယ်များ အပေါ် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သတင်း- Tomorrow သတင်းဂျာနယ်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.