09/07/14

ဗေဒါအင်စတီကျုနှင့် ဂျာမနီနိုင်ငံအခြေစိုက် ပညာရေးအထူးပြု အဖွဲ့အစည်း တခုဖြစ်သည့် Konrad-Adennuer-Stiftung တို့ ပူးပေါင်း ကျင်းပနေတာဖြစ်ပြီး စက်တင်ဘာ ၅ နဲ့ ၆ တို့မှာ မြန်မာ့နိုင်ငံရေးဆိုင်၇ာ အလုပ်ရုံအစည်းအဝေး တစ်ခုကို မီကာစာဟိုတယ်တွင် ၂ရက် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၅ ရက်က “မြန်မာနိုင်ငံ အသွင်ကူပြောင်းရေးကာလ၏ စိန်ခေါ်မူများ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က
“အသွင်ကူးပြောင်းရေးကာလဆိုရင် ကျမတို့အပေါ်မှာ စေတနာထားတဲ့ မိတ်ဆွေနိုင်ငံတွေဟာ သိပ်ပြီးအကောင်းဘက်က မြင်ချင်ကြပါတယ်။ ဒါကြောင့် ကျမက စိန်ခေါ်လိုက်တယ်ဆိုတာ အဖြစ်ကို အဖြစ်အတိုင်းမြင်ပြီး အခြေအနေတွေ ကို တကယ်ကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်အောင် ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားကြပါဆိုတာ ဒီလို စိန်ခေါ်မှု ကို ပြောချင်ပါတယ်။ ဒါပေမယ့် ဒီဟာက ကျမတို့ တဦးချင်း တဦးချင်းအတွက် စိန်ခေါ်မှုပါ။ ကျမတို့ မိတ်ဆွေနိုင်ငံ အတွက် မဟုတ်ဘူး။ ကျမတို့ နိုင်ငံအတွက်၊ ကျမတို့နိုင်ငံအတွက် ဆိုတာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အတွက်၊ ကျမတို့ ပြည်သူပြည်သားတွေ ဆိုတာ တဦးချင်း တဦးချင်းအတွက်ပဲ။” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ သူမက “တရားဥပဒေ စိုးမိုးရေးရှိဖို့က အဓိက ဖြစ်တယ်။ ကျမတို့ကနေပြီးတော့ ကျမတို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် နံပတ် ၁ လိုအပ်ချက်က တရားဥပဒေစိုးမိုးရေးပါ။ နံပတ် ၂ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတော့ တချို့က ဒါကို ကန့်ကွက်ကြတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေပါ။ ဘာဖြစ်လို့ နံပတ် ၂ က ပြည်တွင်းငြိမ်းချမ်းရေးလဲ၊ နံပတ် ၁ က ပြည်တွင်း ငြိမ်းချမ်းရေး မဟုတ်ဘူးလားဆိုတော့ ဒါလည်း ကျမ လက်တွေ့ကျကျကြည့် တာပါ။ တကယ်ပြည်တွင်းငြိမ်းချမ်းရေးဟာ ရေရှည်ခံဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု မရှိပဲနဲ့ မရပါဘူး။ ဘယ်လိုပဲ သဘောတူညီချက်တွေ ယူယူ၊ ဘယ်လိုပဲ သဘောတူညီချက်တွေ လက်မှတ်ထိုးထိုး၊ ဘယ်လိုပဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးထိုး တကယ်တော့ တရား ဥပဒေ စိုးမိုးရေး မရှိရင် ဒီသဘောတူညီချက်တွေဟာ ဘယ်လောက်အထိ တည်မြဲမှာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပြီ။” ဟု ပြောကြားခဲ့သေည်။

“အသွင်ကူးပြောင်းရေးမှာ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ ပြည်သူတွေ ဟာ မိမိတို့ တဦးချင်း တဦးချင်းဟာ ကိုယ့်ဘာသာကိုယ် အသွင်ကူးပြောင်းဖို့ စိတ်ဓာတ်ဖြစ်လာအောင်လို့ ကျမတို့ ပညာပေးတယ်ပဲဖြစ်ဖြစ် စည်းရုံးတယ် ပဲဖြစ်ဖြစ် ဆော်သြတယ်ပဲဖြစ်ဖြစ် အဲဒါလုပ်ဖို့ လိုမယ်ဆိုတာကို ကျမတို့ လက်ခံ ခဲ့တယ်။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲ လုပ်လုပ် ကျမတို့ ပြည်သူကို ချပြတယ်။ အာဏာရှင်စနစ်အောက်မှာ အကြာကြီးနေခဲ့တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ အာဏာရှင်အနေနဲ့ အကြာကြီး အုပ်စိုးခဲ့တဲ့ ပုဂ္ဂိုလ်များဟာ ပြည်သူတွေကို အထင်သေး တတ်ပါတယ်။ ပြည်သူတွေက နားမလည်လို့ ပြည်သူတွေ ဟာ ပြားပြားဝပ်နေတဲ့ စိတ်ဓာတ် ရှိလို့ နင်းပြားဟာ နင်းပြားပဲဆိုတဲ့ စိတ်ဓာတ် မျိုးရှိလို့ အာဏာရှင် အစိုးရများဟာ တက်လာနိုင်တာ အကြာကြီး အုပ်ချုပ်နိုင် တာ၊ ဒါကြောင့်မို့လို့ ပြည်သူတွေထဲမှာ အင်အား မရှိဘူးဆိုတဲ့ အဲဒီအမြင်တွေ ရှိတတ်ပါတယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး “အာဏာမရှိတဲ့ သူများရဲ့ အင်အား” မှာ တကယ်ရှိသည်ဟု သူမ ယုံကြည်ကြောင်း ပြောဆိုခဲ့ ပါသည်။

The Ladies News Journal


ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းကတော့တောင်ကိုရီးယား နိုင်ငံ အခြေစိုက် Miss Asia Pacific World အဖွဲ့ တာဝန်ရှိသူတွေနဲ့ အလှမယ် မေမြတ်နိုးတို့ရဲ့ အငြင်းပွားမှုပါ။ ဒီ အငြင်းပွားမှု ပြသနာဟာ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်လွန်သွားပြီး တောင်ကိုရီယားနဲ့ အာရှ သတင်းမီဒီယာတွေမှာဖော်ပြခံရသည်အထိ အာရုံစူးစိုက်ခံရပါတယ်။

အခြားတစ်ဖက်မှာလည်း ပွင့်လင်း လွတ်လပ်စ မြန်မာနိုင်ငံမှာ အလှမယ် ရွေးချယ်၊ စပွန်ဆာ ပေးပြီး နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ ၀င်ရောက်နိုင်အောင် စီစဉ်ပေးတဲ့ ကုမ္ပဏီတွေ ပေါ်ပေါက်လာသလို၊ အဲဒီ ကုမ္ပဏီတွေနဲ့ အလှမယ်တွေကြား အငြင်းပွားမှုတွေကလည်း အတောမသတ်အောင် ပေါ်ပေါက်နေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။
အဲဒီ ကိစ္စတွေနဲ့ ပါတ်သက်ပြီး အလှမယ် မေမြတ်နိုး ပြသနာကနေ ဘာတွေ သင်ခန်းစာ ယူသင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အလှမယ် မေမြတ်နိုးနဲ့ တောင်ကိုးရီးယား အေးရှားပစိတ်ဖိတ်မယ် အဖွဲ့ ဖြစ်ပွားရတဲ့ပြသနာ အကျဉ်းချုပ် ပြန်ဖော်ပြပါမယ်။ လွန်ခဲ့တဲ့ ၃ လ အဲဒီ မယ်ရွေးပွဲ တောင်ကိုရီးယားမှာ သွားရောက်ယှဉ်ပြိုင်ဖို့ မြန်မာပြည်ကိုယ်စား တာဝန်ယူရသူဟာ Miss GlobalMyanmar Organization တည်ထောင်ထားသူ ဒေါ်လှနုထွန်းပါ။

သူ့ရဲ့ အဓိက စီးပွားရေးဟာ နိုင်ငံတကာက အလှမယ် ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာပြည်ထဲက အလှမယ် တစ်ယောက်ရွေး၊ လေ့ကျင့်ပေးပြီး၊ သွားရောက် ယှဉ်ပြိုင်ခိုင်းစေတာမျိုးပါ။ သူ့အဖွဲ့က ရွေးချယ်လိုက်ပြီဆိုတာနဲ့ အဲဒီ မယ်ဟာ မြန်မာ`ပြည် ကိုယ်စားပြုမယ်ဖြစ်သွားပြီး ဒေါ်လှနုထွန်းရဲ့ Organization နဲ့ ၃ နှစ်တာစာချုပ်ချုပ်ရလေ့ရှိပါတယ်။ အဲဒီစာချုပ်မှာ မြန်မာပြည် ကိုယ်စားပြုမယ် ရမယ့် အခွင့်အရေးအကျိုးစီးပွားတွေကို Organization က အချိုးကျ ခွဲဝေယူဖို့ ထည့်သွင်းချုပ်ဆိုလေ့ရှိပါတယ်။

ပြောရရင် ဒေါ်လှနုထွန်းရဲ့ Organization ဟာ ကိုရီးယားမှာ ကျင်းပမယ့် Miss AsiaPacific World ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စား မေမြတ်နိုးကို ရွေးချယ်ခဲ့ပြီး သွားရောက်ယှဉ်ပြိုင်စေပါတယ်။ အဲဒီ ပြိုင်ပွဲမှာ မေမြတ်နိုး “မယ်” အဖြစ် သရဖူအပ်နှင်းအရွေးခံရပါတယ်။ မယ်သရဖူ ရပြီး နောက်တော့ မြန်မာနိုင်ငံ ပြန်လာပါတယ်။
မြန်မာနိုင်ငံပြန်အရောက် ဒေါ်လှနုထွန်းရဲ့ Organization ဟာ မေမြတ်နိုးနဲ့ စာချုပ်ချုပ်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် အဆင်မပြေဖြစ် စာချုပ် မချုပ်နိုင်တော့တဲ့အခါ နှစ်ဖက်အခြေအတင်အပစ်တင် စကားများကြပါတယ်။ နောက်ပိုင်းဒေါ်လှနုထွန်းက မေမြတ်နိုးကို Miss Asia Pacific World သရဖူ ပြန်အပ်ရအောင် လုပ်မယ်လို့ ပြောဆိုပြီးကိုရီးယား အဖွဲ့ဘက်ကိုလည်း မေမြတ်နိုး ဟာ စည်းကမ်းလိုက်နာသူ မဟုတ်တဲ့အကြောင်း၊ သရဖူ ပြန်သိမ်းသင့်ကြောင်း အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် သရဖူပေးထားတဲ့ ကိုရီးယား အဖွဲ့က ပြန်ရုပ်သိမ်းတာမျိုး မလုပ်ခဲ့ပါဘူး။ မေမြတ်နိုးနဲ့မြန်မာပြည် ဒါရိုက်တာ တာဝန်ယူထားသူ ဒေါ်လှနုထွန်း တို့သာ အကွဲအပြဲ ဖြစ်ခဲ့ပြီး
ဒေါ်လှနုထွန်းက မေမြတ်နိုးကိစ္စ သူနဲ့ လုံးဝ မသက်ဆိုင်တော့ဘူး ကြေငြာသည် အထိ ဖြစ်ခဲ့ပါတယ်။

နောက်ဆုံး သရဖူ ပေးအပ်ထားတဲ့ အဖွဲ့က မေမြတ်နိုးကို ကိုရီးယား ခေါ်ပါတယ်။နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွေမှာ မေမြတ်နိုးရဲ့ ပြန်လည် ရှင်းပြချက်အရ အဲဒီ
အဖွဲ့ဟာ သူ့ကို ရင်သားကအစ တစ်ကိုယ်လုံး ပလပ်စတစ် ဆာဂျရီနည်းနဲ့ ခွဲစိတ်ပြုပြင်ပေးမယ်၊ အဲဒီအတွက် အကုန်အကျ ခံပေးမယ်၊ ခွဲစိတ်ပြုပြင်ပြီးရင် ပိုလှလာမယ်၊ လှလာရင် မေမြတ်နိုးအနေနဲ့ ကိုရီးယားမှာ နေထိုင်တဲ့ စားရိတ်၊ အနုပညာ အလုပ်တွေ လုပ်ဖို့ စားရိတ်တွေအတွက် စပွန်ဆာ ရှာရတာ ပိုလွယ်ကူမယ် လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ စပွန်ဆာ ရှာတဲ့နည်းကလည်း ကိုရီးယားက အဲဒီမယ်ကို သဘောကျတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေခေါ်ရင် အဖော်ပြုပေးရမယ် ဆိုတဲ့ သဘောမျိုးပါ။
နောက် ကိုရီးယား ဗီဇာ အချိန်ကြာကြာရအောင် ဂျပန်ကို စတေးရှောင်ပြီး ဂျပန်ကနေတစ်ခါ ဗီဇာ ပြန်လျောက်ရမယ်၊ ဂျပန်မှာလည်း ကိုရီးယားမှာလို စပွန်ဆာ ရှာရမယ်လို့ ဆိုပါတယ်။ ဒီအတွက် ကိုရီးယားကို မေမြတ်နိုးနဲ့ အတူ လိုက်ပါသွားတဲ့ မိခင်ဖြစ်သူကို မြန်မာနိုင်ငံ ပြန်ခိုင်းပြီး မေမြတ်နိုး တစ်ယောက်တည်း နေရစ်ခဲ့ရမယ်လို့ တောင်းဆိုပါတယ်။

အဲလိုတောင်းဆိုမှုတွေ ရှိခဲ့ပြီးနောက်ပိုင်း မေမြတ်နိုးနဲ့သူ့မိခင်ကိုရီးယားက ပြန်လာခဲ့ကြတာပါ။ သူတို့ ပြန်လာပြီးနောက် ကိုရီးယား Miss Asia Pacific WorldOrganization ဟာ မေမြတ်နိုးဟာ စည်းကမ်းတွေ မလိုက်နာဘူး၊ သူတို့ရဲ့ ဒေါ်လာ တစ်သိန်းတန် သရဖူ ခိုးပြေးတယ် ဆိုပြီး ကြေငြာချက် ထုတ်ပြန်ပါတယ်။
တစ်ဆက်တည်း အဲဒီ သရဖူ မြန်မာပြည် ဒါရိုက်တာ ဒေါ်လှနုထွန်းကို အပ်ပေးဖို့တောင်းဆိုပါတယ်။ အဲဒီကနေ တဆင့် မေမြတ်နိုးက သတင်းစာရှင်းလင်းပွဲ လုပ်ပြီးရှင်းရတဲ့ အဆင့်အထိ ရောက်သွားတာပါ။

မေမြတ်နိုး ကိစ္စအပါအ၀င် အခြားမယ်တွေ ဖြစ်တဲ့ ပြသနာတွေနဲ့ပါတ်သက်ပြီး ထောက်ပြစရာ အချက်တစ်ချို့ တွေ့ရပါတယ်။ တကယ်ဆို မေမြတ်နိုးဟာ အသက် ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ လာမယ့် ၂၀၁၄ အောက်တိုဘာ ထဲမှာမှ ၁၆ နှစ် ပြည့်မှာပါ။ဒါကို မိခင်ဖြစ်သူက မယ်ပြိုင်ပွဲ ၀င်ခိုင်းပါတယ်။ အလွန်မှားယွင်းတဲ့ လုပ်ဆောင်ချက်ပါ။
နေရှင်နယ် ဒါရိုက်တာ ဒေါ်လှနုထွန်းကလည်း ဒီအချက်ကို သိပါလျက် ကိုရီးယားOrganization နဲ့ ညှိပြီး အသက်လိမ် ပြိုင်ပွဲဝင်စေပါတယ်။ ကိုရီးယား Organizationကလည်း ဒါကို သိသိကြီးနဲ့ ပြိုင်ပွဲမှာ လက်ခံလိုက်ရုံမက မယ်အဖြစ်ပါ ရွေးချယ်ပေးလိုက်ပါသေးတယ်။ ဒီ ကိစ္စ ပါဝင်ပါတ်သက်သူ အားလုံး မရိုးသားကြတဲ့ ပြသနာပါ။
ကြားထဲက ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ပြသနာပေါ် နစ်နာမှု ဖြစ်စေခဲ့ပါတယ်။

နောက်တစ်ချက်က ကိုရီးယား အခြေစိုက် Miss Asia Pacific World Organizationပြသနာပါ။ အဖွဲ့တည်ထောင်တာ ၄ နှစ်လောက်အတွင်း ပြသနာနဲ့ အပုပ်နံ့ထွက်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ၂၀၁၁ ခုနှစ် ပထမဦးဆုံး မယ်ရွေးချယ်ပွဲမှာ ရွေးချယ်ခံရတဲ့တောင်ကိုရီးယား အလှမယ် ဂျန်အန်းအာ ဟာ ထိပ်ဆုံးအဆင့်ရွေးချယ်ခံရဖို့ ကာမနဲ့ လဲလှယ်ခံရတယ် ဆိုပြီး စွတ်စွဲမှုတွေ ရှိခဲ့တဲ့အတွက် ပြိုင်ပွဲက နှုတ်ထွက်ခဲ့ဖူးပါတယ်။ တစ်ဆက်တည်း ဗြိတိန်အလှမယ် အေမီဝီလာတန်ကလည်း ပွဲစီစဉ်တဲ့ လူတွေ သူ့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် ထွက်ပြေးရတဲ့ အဆင့်ထိ ရောက်ခဲ့ပြီး ဟိုးလေးတကြော် ဖြစ်ခဲ့ဖူးပါတယ်။ နောက် သူတို့ ပြိုင်ပွဲ ထူးခြားချက်ကလည်းသရဖူရတဲ့ မယ်ကို ဘာ ဆုကြေးမှ မပေးဘူး ဆိုတာပါ။ အနုပညာ အလုပ်တွေ လုပ်ဖို့မြေတောင်မြှောက်ပေးမယ် ဆိုတဲ့ မက်လုံးပဲ ရှိပါတယ်။ ပြောရရင် မြန်မာပြည်ထဲကအလှမယ် Organization တွေဟာ ဒီလို အပြည့်အ၀ မယုံကြည်ရတဲ့ အဖွဲ့အစည်းတွေ
က ကျင်းပတဲ့ အလှမယ် ရွေးပွဲတွေကို သွားရောက် ယှဉ်ပြိုင်ခိုင်းဖို့ မသင့်တော်ပါဘူး။
နောင်ဒါမျိုး မဖြစ်အောင် ဆင်ခြင်ကြဖို့ လိုပါမယ်။

နောက်ဆုံးပြသနာက အလှမယ်တွေနဲ့ ပြည်တွင်းက Organization တွေ စာချုပ်ချုပ်တဲ့ကိစ္စပါ။ လျှို့ဝှက်ပြီး ချုပ်ကြတယ်၊ စာချုပ်ကို မပေါက်ကြားစေရဘူး ဆိုပေမယ့် စီးပွားရေး အရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ မျှတတဲ့ စာချုပ်တွေ ဖြစ်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် အခု မေမြတ်နိုး၊ ထားထက်ထက်၊ ခင်ဝင့်ဝါ တို့လိုပဲ နောက်ထပ် အလှမယ်တွေဟာလည်း ပြသနာပေါင်းစုံ ဖြစ်လာနိုင်တဲ့ အနေအထား ရှိနေသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

သတင်းသုံးသပ်ချက် - DVB

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီနေ့ ရန်ကုန်မှာပြုလုပ်တဲ့ နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ဖွဲ့စည်းတဲ့ ပါတီအသစ်တွေဟာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ယှဉ်ပြိုင်ရမယ်။ ၃ နေရာ မယှဉ်ပြိုင်ဘူးဆိုရင်တော့ အဲဒီပါတီဟာ ဖျက်သိမ်းခြင်း ခံရမှာဖြစ်ပါတယ်။ အဲဒီတော့ ၂၀၁၀ နောက်ပိုင်းမှာ ပါတီ ၃၇ ဖွဲ့စည်းထားပါတယ်။ ယနေ့ လောလောဆယ်မှာ ပါတီက ၆၇ ပါတီရှိပါတယ်။ ပါတီ ၃၀ တိုးလာတဲ့အခြေအနေ ရှိပါတယ်။ ဒီပါတီ ၃၀ ဟာ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မယှဉ်ပြိုင်ဘူးဆိုရင် ဒီပါတီဟာ ဖျက်သိမ်း ခံရမှာပါ။ အခု ဒီဇင်ဘာထဲမှာ လုပ်ပြီးရင်လည်း သူတို့ဟာ ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲဝင်ရပါလိမ့် မယ်။ ၂၀၁၅ ရွေးကောက်ပွဲကြီးဟာလည်း နိုဝင်ဘာလလောက်မှာ ဖြစ်ဖို့ ရှိပါတယ်။ ဖြစ်တဲ့အခါကျတော့ ၁ နှစ်အတွင်းမှာ ၂ ခါဝင်ပြိုင်ရမယ့် အခြေအနေဖြစ်ပြီးတော့ သူတို့လည်းပဲ စည်းရုံးရတဲ့အတွက်ကြောင့် ငွေကုန် လူပင်ပန်းဖြစ်မှာ စိုးတဲ့အတွက်ကြောင့် ပါတီအနေနဲ့ လုပ်ဖို့ သင့်မသင် ကျနော့်အနေနဲ့ စဉ်းစားစရာတွေ ဖြစ်လာပါတယ်။”

ဒါ့အပြင် ဦးတင်အေးက လစ်လပ်မဲဆန္ဒနယ်မြေနဲတဲ့အတွက် တပါတီထဲက စုပြုံပြီးအနိုင်ရ သွားခဲ့ရင်တောင် လွှတ်တော်ထဲမှာ ထိရောက်မှု မရှိနိုင်ဘူး။ နောက်တခုက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲလုပ်မယ့်အချိန်တို့ ကပ်နေတာကြောင့် ပါတီသစ်တွေအနေနဲ့ ၁ နှစ်အတွင်း ၂ ပွဲ ၀င်ပြိုင်နေရမှာဖြစ်လို့ ငွေကြေးအကုန်အကျ များပြီး အခက်တွေ့နိုင်တယ် စတဲ့ အကြောင်းပြချက်တွေလည်း ထုတ်ပြောခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်က ကော်မရှင်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီ ၃၅ ခုတို့ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံပွဲတက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို ကော်မရှင်ဥက္ကဋ္ဌရဲ့ ကြားဖြတ်မလုပ်တော့ဘူးလို့ပြောတဲ့ အကြောင်းပြချက်တွေဟာ ဘယ်လောက် ခိုင်မာမှုရှိလဲလို့ မေးကြည့်တော့ သူက

“အစကတည်းက လုပ်မယ်လို့ ဆုံးဖြတ်ပြီးတော့မှ သူတို့မှာ ဒါတွေကို အခုပြောတဲ့အကြောင်း ပြချက်တွေက စဉ်းစားပြီးသားလို့ ဒီလိုပဲ မြင်ပါတယ်။ အခုပေါ်ပေါက်လာတဲ့ အကြောင်းပြချက်မျိုး မဟုတ်ဘူးလေ။ ၂၀၁၅ ပိုအရေးကြီးတယ်၊ အခုကြောင်းပြချက်တွေက သူတို့အမြင်လို့ပဲ ပြောရမှာပေါ့ဗျာ။ ပါတီတွေဘက်ကလည်း ဘာခံစားနေရလဲဆိုတော့ အချိန်နည်းနည်းလေးနဲ့ ကြားဖြတ်ကို လုပ်မယ်။ နောက်ထုတ်ထားတဲ့ စည်းကမ်းတွေနဲ့ တော်တော် ကသီလင်တ ဖြစ်မယ့် ကိစ္စပါ။ ဒီလိုပြောလိုက်တဲ့အတွက် ကျနော်တို့မှာ ၀န်ပေါ့သွားတဲ့ သဘောပဲ ရှိပါတယ်။”

ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဘူးဆိုတဲ့အပေါ် အန်အယ်ဒီအနေနဲ့ လက်ခံတယ်လို့လည်း ဦးဥာဏ်ဝင်း က ပြောပါတယ်။

ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာ ဦးမော်လင်းက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ပြောဆိုလိုက်တဲ့အပေါ် ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာ ပြောရခက်တယ်လို့ မှတ်ချက်ပေးပါတယ်။

“နည်းနည်းတော့ ခက်တယ်ဗျ။ ကျနော်သေသေချာချာ ပြောရမှာချက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေက ဘာရည်ရွယ်ချက်နဲ့ ဒီလို လုပ်နေလဲဆိုတာကို မရှင်းဘူး ဖြစ်နေတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို ပထမတော့ မလုပ်ဘူးလို့ပြောတယ်။ နောက်တော့ လုပ်မယ်လို့ ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ ဘာလုပ်ဖို့ လုပ်ဦးမှာလဲ ဆိုတဲ့ဟာမျိုးပြောတယ်၊ အဲဒီတုန်းကလည်း လုပ်မယ်ပေါ့။ အခုကျတော့ မလုပ်ဘူးလို့ ပြောပြန်ပြီ။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ပြောနေတဲ့ဟာတွေက တိုင်းပြည်မှာ ဘာတွေ လိုအပ်ပြီးတော့ ဘာတွေက အရေးကြီးလဲဆိုတဲ့ အစီအစဉ်တွေကို စဉ်းစားပြီးတော့ လုပ်နေတဲ့ပုံ မပေါက်ဘူး။ သူတို့က အခြား ပြဿ နာတွေကို ကောက်သင်းကောက်ပြီးတော့ ဒီ ပြဿ နာပြောရင် ဒီလိုဖြေရှင်း၊ ဟိုပြဿ နာပေါ်လာရင် ဟိုလိုဖြေရှင်းဆိုတဲ့ဟာမျိုးတွေ များနေတယ်။ များနေတော့ နည်းနည်းပြောရခက်တယ်။ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက် အရင်းအမှန်က ဘာလဲဆိုတာ ပြောရခက်တယ်။”

ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်သင့် မလုပ်သင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ လူပုဂိုလ်တွေနဲ့ တိုင်ပင်ပြီး မလုပ်သင့်ဘူးလို့ အဖြေထွက်လို့ မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အတွင်း ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ဖော်ပြောကြား ထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလော တနိုင်ငံလုံးမှာ လစ်လပ်မဲဆန္ဒနေရာ ၃၅နေရာလောက် ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လစ်လပ်မဲဆန္ဒနယ် ၄၅ ခုအနက် အန်အယ်ဒီပါတီက ၄၃ နေရာနဲ့ အပြတ်အသတ်အနိုင်ရခဲ့တာပါ။

DVB


ရန်ကုန်မြို့၌တွေ့ရသော 9/E 1000 ကျော်ကား

အရင်အစိုးရ လက်ထက်မှာ ကားတွေက ခရိုနီတစ်စုပဲ တင်သွင်းခွင့်ရပြီး ကားဈေးကွက်ကလည်း သိန်းထောင်နဲ့ သောင်းနဲ့ချီပြီး ရှိခဲ့ပါတယ်။ အစိုးရသစ်ပြောင်းလိုက်တဲ့ အချိန်ကစပြီး ကားတင်သွင်းခွင့်တွေ ပေးလိုက်တာခုဆိုရင် အစီးရေလေးသိန်းနီးပါးလောက်အထိ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

ကားတင်သွင်းမှုကနေ အစိုးရဟာ Custom Duty နဲ့ ကုန်သွယ်ခွန်အတွက် ဒေါ်လာတစ်ဘီလျံ နီးပါးရခဲ့ပါတယ်။ ကညနယာဉ် မှတ်ပုံတင်ကြေးက ဒေါ်လာတစ်ဘီလျံနီးပါး ရခဲ့ပါတယ်။ စုစုပေါင်း အနည်းဆုံး နှစ်ဘီလျံနီးပါး ရပါတယ်။ ကားအစီးရေ စုစုပေါင်း လေးသိန်းနီးပါး သွင်းခဲ့တယ်။ ကားတင်သွင်းတဲ့သူ အများစုက သာမန်တစ်ဦးချင်း တင်သွင်းသူနဲ့ ကားတင်သွင်းတဲ့ လုပ်ငန်းနဲ့ လုပ်ကိုင်သူတွေ အများစုပဲ ဖြစ်ပါတယ်။ Brand New ကားတွေမပါဘဲနဲ့ သာမန် Used ကားတွေ သွင်းတဲ့သူတွေက သာမန်စီးပွားရေး သမားတွေပါပဲ။ အခွင့်အရေး ရရှိတဲ့သူတွေ မဟုတ်ဘူး။ အခွင့်ရေးရရှိတဲ့ ခရိုနီတွေကအခု တန်ဖိုးမြင့် Brand New ကားတွေ တင်သွင်းလာကြတယ်။

Brand New ကားတွေ သွင်းတယ်ဆိုပေမယ့် ခရိုနီအချို့က အများနည်းတူ အခွန်မဆောင်ဘဲ သွင်းလာတဲ့ စုန်းပြူးကားတွေ ပါလာကြတယ်။

ကားအစီးရေ လေးသိန်းနီးပါးထဲမှာ ထူးခြားထင်ရှားပြီးတော့ စုန်းပြူးအဖြစ် ပါလာတာကတော့ 9E\1000 ကျော်ဆိုတဲ့ နံပါတ်နဲ့ ကားအစီး တစ်ထောင်ကျော် ဖြစ်ပါတယ်။ ဒီကားတွေက သူများတွေလို အခွန်ပေးသွင်းပြီး အခွန်ဆောင်ထားတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးပါမစ် ခေါင်းစဉ်တပ်ပြီး တင်သွင်းခဲ့တဲ့ ကားတွေဖြစ်တယ်။
ရန်ကုန်မြို့၌တွေ့ရသော 9/E 1000 ကျော်ကား

ခွင့်ပြုပေးတာကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပါပဲ။ ဒီဇင်ဘာ ၂၁ ရက် က MPC မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ရပ် အပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ကားပါမစ်နဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ရပ်ကို ပြောကြားခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ဦးအောင်မင်းက ကားပါမစ်လို့ မသုံးစွဲခဲ့ဘဲ ကားမှတ်ပုံတင်ပေးခြင်းဆိုပြီး ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဦးအောင်မင်းက ကားလိုင်စင်တွေကို သမ္မတပေးခဲ့တာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့ကိုယ်စား ၎င်းကိုယ်တိုင်က ပေးခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ဦးအောင်မင်းရဲ့ ပြောကြားချက်အရ လက်ရှိအချိန်အထိ တိုင်းရင်းသား ခေါင်းဆောင်တွေအတွက် အခွန်မဲ့ကား ၃၇ဝ၊ လက်အောက်ငယ်သားတွေ စီးဖို့အတွက် ရာခိုင်နှုန်း ၆ဝ အခွန်ဆောင် ၇၄ဝ စီး၊ စုစုပေါင်း အစီး ၁၁၁ဝ လိုင်စင်ထုတ်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကို အစီးရေ ၁၁၁ဝ လိုင်စင်ထုတ်ပေးခဲ့တယ်လို့ ဦးအောင်မင်းက ပြောကြားခဲ့တာပါ။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န)မှာ စုံစမ်းကြည့်တဲ့အခါ ငြိမ်းချမ်းရေး ပါမစ်တွေအတွက် ကားအစီးရေ သုံးထောင်စာ နံပါတ်ချန်ထားတယ်လို့ သိရပါတယ်။ ချန်ထားတဲ့နံပါတ်က 9E\1000 ကျော် (စတင်စဉ်က ၉င/၁ဝဝဝ ကျော်) ပဲ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးသမားတွေကို ပါမစ်ပေးတယ်။ ငြိမ်းချမ်းရေး အဖွဲ့တွေဆီက ပွဲစားနဲ့ခရိုနီတချို့က သိန်း ၅ဝဝ ကနေ သိန်း ၁၅ဝဝ ပေးဝယ်ခဲ့ကြတယ်။ ငြိမ်းချမ်းရေး အဖွဲ့တွေက ပါမစ်တစ်စောင်မှ ကျပ်သိန်း ၅ဝဝ ကနေ ၁၅ဝဝ ကြားပဲရခဲ့ပေမယ့် ပွဲစားနဲ့ ခရိုနီတွေကတော့ အခွန်ကင်းလွတ်ခွင့်အချက်ကို အပြည့်အဝအသုံးချပြီး အမေရိကန်ဒေါ်လာ ငါးသိန်းလောက်အထိ တန်ဖိုးရှိတဲ့ ကားတွေကိုပါ အခွန်လွတ်နဲ့ သွင်းခဲ့ကြတာပါ။

ဧရာဝတီသတင်းဂျာနယ်မှာ ဖော်ပြချက်အရဆိုရင် ထိုင်းနိုင်ငံမှာတောင် အစီးရေ နည်းနည်းပဲရှိနိုင်တယ်။ ဒါပေမဲ့ ဒီမှာသွင်းတာက RollsRoycePhantom လို ကားမျိုး အစီးရေ ၄ဝ ကျော်ပါတယ်။ Ferrari က ၁ဝ စီး၊ Lamborghini က ၁ဝ စီးပါတယ်။

Phantom ကားဆို တကယ်သတ်မှတ်ချက်က ပြည်ပမှာ ဒေါ်လာငါးသိန်းဝန်းကျင် ရှိတယ်။ ဒါပေမဲ့ အစိုးရကဒီမှာ CIF သတ်မှတ်လိုက်တာက Phantom ကို ဒေါ်လာလေးသိန်းခွဲပဲ သတ်မှတ်ခဲ့ပါတယ်။ Phantom လို ကားတစ်စီးကို အစိုးရကသတ်မှတ်တဲ့ CIF အမေရိကန်ဒေါ်လာ လေးသိန်းခွဲနှုန်းနဲ့ အခွန်ပေးဆောင်ပြီး တင်သွင်းမယ်ဆိုရင် အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၇၇ဝဝ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။ အခွန်ဆောင်ပြီး ကားတစ်စီးတန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၂ဝဝဝ ဝန်းကျင်အထိ ကျသင့်မှာဖြစ်ပါတယ်။ Phantom လို ကားတစ်စီးကို ပြည်ပကဈေးနှုန်းအတိုင်း အမေရိကန်ဒေါ်လာ ငါးသိန်းနှုန်းနဲ့ အခွန်ပေးဆောင်ပြီး တင်သွင်းမယ်ဆိုရင် အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅ဝဝ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။ အခွန်ဆောင်ပြီး ကားတစ်စီးတန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၃ဝဝဝ ဝန်းကျင်အထိ ကျသင့်မှာ ဖြစ်ပါတယ်။Phantom လို ကားတစ်စီးကို အစိုးရက သတ်မှတ်တဲ့ CIF အမေရိကန်ဒေါ်လာ လေးသိန်းခွဲနှုန်းနဲ့ အခွန်အရပ်ရပ် ကင်းလွတ်ခွင့် ပါမစ်ဆိုရင် ဝယ်ယူတင်သွင်းသူက အခွန်ငွေ ကျပ်သိန်းပေါင်း ၇၇ဝဝ ကျော် သက်သာသွားပြီး ပြည်သူ့ဘဏ္ဍာငွေကတော့ များစွာနစ်နာခဲ့ရပါတယ်။ သူတို့က Phantom ကို စုစုပေါင်းသိန်း ၇ဝဝဝ နီးပါးနဲ့ ဝယ်ယူစီးနင်းခွင့် ရကြပါတယ်။ အခုတကယ်လို့သာ သူတို့ဝယ်ယူတင်သွင်းမယ်ဆိုရင် ကားမူရင်းတန်ဖိုးက ဒေါ်လာငါးသိန်းရယ် ကျပ်သိန်း ၈၅ဝဝ နဲ့ဆိုတော့ စုစုပေါင်းကျပ်သိန်း ၁၃၅ဝဝ ကျသင့်ပါမယ်။ ဒီတော့ပြည်သူတွေကိုပေးရတဲ့ ပြည်သူ့ဘဏ္ဍာထဲကနေ ကားတစ်စီးကို သိန်း ၇ဝဝဝ ကျော် သက်သာတော့ ကားအစီး ၄ဝ ဆို စုစုပေါင်းမြန်မာကျပ်ငွေနဲ့ တွက်ရင် အခွန်အရပ်ရပ် ကျပ်သန်းပေါင်း ၃ဝဝဝဝ ကျော်အထိ နစ်နာသွားခဲ့ရတာပါ။
ရန်ကုန်မြို့၌တွေ့ရသော 9/E 1000 ကျော်ကား

Lamborghini ဆိုရင်လည်း သူတို့သတ်မှတ်တာ ဒေါ်လာသုံးသိန်း။ သူတို့သတ်မှတ်ပေးတဲ့ ဒေါ်လာသုံးသိန်းနဲ့ တွက်မယ်ဆိုရင်တောင် တစ်စီးကို အခွန်ချည်းပဲသီးသန့် ကျပ်သိန်း ၅၁ဝဝ နီးပါးလောက်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ Lamborghini တွေက ဒေါ်လာတစ်သန်းကျော် တန်တွေပါတယ်။ အခုမြန်မာကိုတင်ပို့တဲ့ Lamborghini တွေက ဒေါ်လာသုံးသိန်းတန် သတ်မှတ်ထားတဲ့ Avantador တွေမဟုတ်ဘူး။ ဒေါ်လာတစ်သန်းကျော် တန်သာဆိုရင် အခွန်ငွေဘယ်လောက် နစ်နာသွားမလဲ။

ဒီကားတွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးသမားတွေ ရသွားတာ ပါမစ်တစ်စောင်မှ ကျပ်သိန်း ၅ဝဝ နေ အများဆုံး ၁၅ဝဝ အထိ ပဲရခဲ့တာပါ။

အစီးတစ်ထောင်ဝန်းကျင်လို့ ဆိုပေမယ့် တန်ဖိုးအင်မတန်ကြီးတဲ့ကား၊ ထိုင်းမှာတောင်ရှားပါးတဲ့ ကားအမျိုးအစားတွေကို အများအပြား အခွန်လွတ်နဲ့ သွင်းခဲ့ကြလို့ ဒီ 9E အစီး ၁ဝဝဝ တည်းနဲ့တင် နိုင်ငံက နစ်နာသွားတဲ့ အခွန်ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ လောက်အထိ ရှိနိုင်ပါတယ်။

ဒီအခွန်ငွေပမာဏဟာ အများပြည်သူ ကားအစီး လေးသိန်းဝန်းကျင်ကနေရတဲ့ အခွန်ပမာဏ စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း ဝန်းကျင်အထိ ရှိပါတယ်။

အဲဒီတော့ ကြားထဲမှာ အမြတ်ရရှိသွားတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ ဒီငြိမ်းချမ်းရေးကားတွေကို ဝယ်ရောင်းလုပ်တဲ့ သူတွေပါပဲ။

ဒီကားတွေကို ဘယ်သူတွေတင်သွင်းတာလဲ ပြန်ကြည့်လိုက်ရင် ယခင်အစိုးရလက်ထက်က ခရိုနီကြီးတွေ၊ သူတို့နဲ့ အဆက်အနွယ်တွေ၊ အရင်အစိုးရလက်ထက်က ကားဝယ်ရောင်း လုပ်တဲ့သူတွေပါပဲ။ ဒီဘက်ခေတ်မှာ ကားအရောင်းအဝယ် လုပ်နေတဲ့သူတွေ မဟုတ်ဘူး။ အရင်အစိုးရလက်ထက်က ကားပါမစ်နဲ့ လုပ်စားခဲ့တဲ့သူတွေ။ နောက်ဝယ်တဲ့သူတွေ အားလုံးက ခရိုနီကြီးတွေ။ အခုအစိုးရနဲ့ ယခင်အစိုးရအဖွဲ့ဝင်အချို့ရဲ့ သားသမီးတွေ။ သူတို့နဲ့ပတ်သက်စပ်ဆက်တဲ့သူ အများစုက ဒီလိုကားတွေ ဝယ်နေကြခြင်းဖြစ်ပါတယ်။
ရန်ကုန်မြို့၌တွေ့ရသော 9/E 1000 ကျော်ကား

ဒီကားစီးတဲ့သူတွေကို သွားကြည့်လိုက်ပါဦး။ နာမည်ကြီး မင်္ဂလာဆောင်တွေ၊ ဆီဒိုးနားဟိုတယ်လို နေရာတွေမှာ သွားကြည့်လိုက်ပါဦး။ တကယ်တော့ 9E\1000 ကျော်စီးနေသူတွေ အနေနဲ့ ဒါကဂုဏ်ယူစရာ မဟုတ်ဘဲ ရှက်စရာ ဖြစ်နေတာပါ။

အများနည်းတူ မဟုတ်ဘဲနဲ့ အခွင့်အရေးကို ပိုလိုချင်တဲ့ဟာ ဒီခေတ်မှာလည်း ရှိနေတုန်းပါလား ဆိုတာကတော့ ဒီ 9E\1000 ကျော်နံပါတ်နဲ့ Rolls Royce တွေ Lamborghini တွေ စီးနင်းနေသူတွေက သက်သေပါပဲ။

တကယ်ကျတော့ ဒီလို အစုလိုက်အပြုံလိုက် တင်သွင်းမှုဟာ အကြီးအကျယ် အခွန်ရှောင်မှုပါပဲ။ အခွန်ရှောင်မှုကို လုပ်ခဲ့တာ အားလုံးဟာ ရှက်စရာပါပဲ။ အဲဒီရှက်စရာ ကိစ္စကို ပထမဆုံးလုပ်ဆောင်ခဲ့တာ ရှက်စရာကို ပထမဆုံးခွင့်ပြုခဲ့တာ သမ္မတရုံးပါပဲ။ နောက်ရှက်စရာကတော့ ငြိမ်းချမ်းရေးဗန်းပြပြီး ဝယ်ရောင်းလုပ်ခဲ့တဲ့ သူတွေပါ။ တတိယရှက်စရာ ကောင်းသူတွေကတော့ 9E\1000ကျော်ကို စီးနေတဲ့သူတွေပါပဲ။

ဒီလိုစီးနင်းနေတဲ့ သူတွေထဲမှာ ၈ဝ ရာခိုင်နှုန်းကျော်က ခရိုနီတွေပါ။ ဒီလိုအခွန်ရှောင်သူတွေက ပြည်သူတွေနဲ့ တန်းတူမဟုတ်ဘဲ အစီးလေးသိန်းကျော် စီးနင်းနေတဲ့ သာမန်ပြည်သူတွေနဲ့မတူဘဲ အခွင့်အရေးကို လက်တစ်လုံးကြားနဲ့ လုပ်တဲ့သူတွေပါ။ အခု 9E\1000ကျော် စီးနေတဲ့သူတွေက သူတို့ကားတွေကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ မျက်နှာမော့ပြီး စီးနေပါတယ်။ သိန်းတစ်သောင်း သုံးထောင်ဝန်းကျင် တန်တာကို စီးနေတယ်။ ယာဉ်ထိန်းရဲတွေကတွေ့လို့ 9E\1000ကျော်ဆို အလေးပြုနေရမယ်ဆိုရင် ဒါဟာ အများပြည်သူရဲ့ မြင်ကွင်းမှာ ရှက်စရာပါပဲ။ အများနည်းတူ အစီးရေလေးသိန်းလို အခွန်အပြည့်အဝ ပေးဆောင်ပြီး မစီးဘဲ အခွင့်အရေးနဲ့ စီးနေလို့ပါ။9E\1000 ကျော်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ခရိုနီစီးပွားရေးစနစ်ဟာ အခုထိရှင်သန် ကောင်းတုန်းပါပဲ။ အစိုးရကလည်း အခွန်ရှောင်မှုကို တရားဝင်ခွင့်ပြုလိုက်သလို လုပ်ပေးခဲ့တာဟာလည်း ရှက်စရာကောင်းပါတယ်။

တကယ်ကျတော့ ဒီအစီးတစ်ထောင်ကျော်ဟာ မှတ်ပုံတင်ထားတဲ့ လူစီးမော်တော်ယာဉ် အစီးလေးသိန်းနီးပါးထဲမှာ တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး။ အဲဒီတစ်ရာခိုင်နှုန်းတောင် မရှိတဲ့ကားတွေဟာ အလွန်ပဲ ရှက်စရာ ကောင်းနေပါတယ်။ စီးနင်းတဲ့သူတွေရဲ့ အရှက်တရားကိုလည်း တွေးတောနေမိပါတယ်။

ကဲ ဒါဆိုရင် သင်ဟာလမ်းမှာ 9E\1000 ကျော်နဲ့ အဲဒီကားစီးနေတဲ့ သူတွေကိုတွေ့ရင် အများနည်းတူ မဟုတ်ဘဲ အခွင့်အရေး ပိုလိုချင်နေတဲ့ လူတွေကိုကြည့်တဲ့ အထင်သေးတဲ့ မျက်လုံးလေးနဲ့ တစ်ချက်ကလေး ကြည့်ပေးလိုက်ပါ။ သင်ဟာ တာဝန်ကျေပါပြီ။

မာန်သူရှိန်၊ ဟိန်းမင်းလတ်
Eleven media group


ထိုင်းနိုင်ငံ ဘန်ကောက်က ABAC လို့လူသိများတဲ့ တက္ကသိုလ်ကနေ ကွန်ပျူတာအင်ဂျင်နီယာနဲ့ ဘွဲ့ရခဲ့တဲ့သူတစ်ယောက်ဟာ အင်ဂျင်နီယာအလုပ်ကို စွန့်လွှတ်ပြီး အခုတော့ Paper Cutting Artist အဖြစ် အသက်မွေးဝမ်းကျောင်းနေပါတယ်။ စက္ကူတွေကိုဖြတ်ညှပ်ကပ်ပြီး လက်နဲ့လုပ်တဲ့ အနုပညာပစ္စည်းတွေကို ဖန်တီးတဲ့ ထွေးအောင်လွင်ဟာ အခုတော့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲကို စက်တင်ဘာ ၆ရက်နေ့မှာ ပြသနေပါပြီ။

ပန်းချီဆေးမပါဘဲ စက္ကူတွေကို ဖြတ်ညှပ်ကပ်ပြီး ပုံဖော်တဲ့ ရှားရှားပါးပါး အနုပညာရှင်တစ်ယောက် ပေါ်လာပါပြီ။ ကောက်ကြောင်းတွေ၊ လူမျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ဆံပင်တွေအထိ ဆေးလုံးဝ မသုံးဘဲ စက္ကူကိုအမျှင်လေးတွေအထိဖြတ်ပြီး ကပ်ထားတဲ့ သူ့ရဲ့အနုပညာဟာ အံ့မခန်းပါပဲ။ ပန်းချီပညာကို ဆရာ ဝင်းဖေမြင့်ဆီမှာ သင်ယူခဲ့တဲ့ ထွေးအောင်လွင်တစ်ယောက် ပုံကြမ်းအခံဆွဲရတဲ့အကြောင်း ရှင်းပြပါတယ်။

မလေးရှားနဲ့ စင်္ကာပူက မှာယူရတဲ့ စက္ကူအမျိုးအစားနဲ့ ကော်ကလည်း အရေးကြီးလို့ ကော်ရဖို့ ဘယ်လိုကြိုးစားခဲ့ရပုံကိုလည်း သူက ရှင်းပြပါတယ်။ စက္ကူတွေကို လိုချင်တဲ့ပုံရအောင် ဖြတ်ထုတ်ရတာ လက်ဝင်ပြီး အခက်အခဲများလွန်းလို့ အကြောပြတ်၊ ဓားရှထားတဲ့ အမာရွတ်တွေ လူ့လက်မှာ အများကြီးပါပဲ။ စက္ကူတွေ ကော်ပြန်မပေအောင်လည်း လုပ်ရပါသေးတယ်။

Paper Cutting Artist ထွေးအောင်လွင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲ Images by Paper Works ကို အလံပြဘုရားလမ်းပေါ်က Myanmar Ink Art Gallery မှာ စက်တင်ဘာ ၆ကနေ ၁၂အထိ ပြသနေပါတယ်။ ပြပွဲမှာ ရောင်းဖို့ရှိတဲ့ကားတွေပါသလို လက်ဆောင်ပေးဖို့ကားတွေလည်း ချိတ်ဆွဲထားပြီး အဲဒီပုံတွေကိုတော့ မရောင်းပါဘူး။ သခင်ကိုယ်တော်မှိုင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ ဦးကျော်သူ၊ ဦးသူရ (ခ)ဇာဂနာတို့ရဲ့ ပုံတူတွေအပါအဝင် စုစုပေါင်း ၂၉ကား ပြသထားပါတယ်။

လူပုံတွေများပြီး ရှုခင်းပုံတွေ နည်းရတဲ့အကြောင်းရင်းကိုလည်း သူက ရှင်းပြပါတယ်။
ုKamayut media


ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ အလျင်အမြန်ကျလာတဲ့အတွက် လူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြရပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မနက် ၁၁ နာရီကျော်မှာ တံတားပေါ်ရောက်လုနီးထိ တက်လာတဲ့ မဲဆိုင်ချောင်းရေမှာ မျောပါလာတဲ့ သစ်တုံးတွေနဲ့ ရိုက်ခတ်ခဲ့တဲ့အတွက် မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေး တံတားကိုလည်း ယာယီပိတ်ထားလိုက်ရပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

၁၅ နှစ်ကျော်အတွင်း တာချီလိတ်မြို့မှာ တောင်ကျရေကြီးတဲ့အတွက် မဲဆိုင်ချောင်းရေတက်လာပြီး မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားကို ယာယီပိတ်ပစ်လိုက်ရကြောင်း မဲဆိုင်မြို့က ကုန်သည် ဟောင်းနေပေမယ့် ကျိုးမယ့် အခုလို ပြောပါတယ်။

“တံတားက ကြာပြီမို့လား၊ ဟောင်းလည်း ဟောင်းနေပြီလေ။ ဟောင်းနေပေမယ့် ကျိုးမယ့်တံတားတော့ မဟုတ်ဘူးပေါ့။ တောင့်တောင့်တင်းတင်း တံတားပဲ၊ ဒါပေမယ့် သစ်တုံးကြီးကလာရိုက်ထားတာရယ်၊ ရေက တံတားပေါ်အထိ ရောက်လာတဲ့အခြေအနေ ဖြစ်သွားတယ်လေ။ ဒီတခေါက် ရေကြီးတာက တော်တော်ကို ထူးထူးခြားခြားနဲ့ အတော်ကို မြန်ဆန်တယ်။ မယ်ဆိုင်ဘက်ဆိုလို့ရှိရင်လည်း မြို့အောက်ပိုင်းတွေ အကုန်လုံးကို ရေပြည့်သွားတာ။ တခါမှ မကြုံဖူးသလောက်ပေါ့နော်။ ဒီဘက်မှာ။ တံတားပေါ်မှာ ရေကတက်သွားတော့ ခဏ ပိတ်လိုက်ရတာပေါ့နော်။ မယ်ဆိုင်ဘက်မှာလည်း ဈေးထဲကနေပြီးတော့ တံတားဘေးနား ကပ်လျက်ပေါ့။ အဲဒီဘက်မှာလည်း တချို့ဆိုင်တွေက ပစ္စည်းတွေ မျောပါသွားတယ်ပေါ့နော်။ ရေက ဝေါကနဲ ဆင်းကျလာတာလေ။ ချောင်းထဲမှာ ရေခဲသေတ္တာတို့၊ တီဗွီတို့၊ ဟိုးအပေါ်ဘက်က အိမ်တွေကနေပြီးတော့ ထွက်လာတဲ့ပစ္စည်းတွေပေါ့နော်။ မျောပါလာတာတွေလည်း ရှိတယ်။ အဲဒါတွေကို လိုက်ပြီးတော့ ဆယ်ကြတာပေါ့နော်။ လူ ၂ ယောက် ပျောက်နေတယ်ဆိုတဲ့ သတင်းတော့ ထွက်နေတယ်။ ရေထဲ မျောပါသွားတယ်ပေါ့နော်။”

ရုတ်တရက်ကျလာတဲ့ တောင်ကျရေကြောင့် တမြို့လုံးနီးပါးမှာ ရေတွေဝင်လာပြီး အိမ်တွေ၊ ဆိုင်တွေက ပစ္စည်းတွေတောင် ရွှေ့ချိန်၊ သယ်ချိန်မရခဲ့တဲ့အကြောင်း တာချီလိတ်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

“အိမ်တွေကတော့ ထောင်နဲ့ချီမြုပ်တယ်ဗျ။ အကုန်လုံး၊ ကျနော်တို့ custom ဝန်းရှေ့၊ စတိုးဆိုင်တွေ၊ ပရိဘောဂဆိုင်တွေ၊ သံထည်ပစ္စည်းဆိုင်တွေ၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေကအစပေါ့နော်။ တချို့ တထပ်အိမ်တွေဆို ဘာမှကို မရတော့ဘူးဗျ။ အကုန်လုံး ရေထဲပါကုန်တာ။”

တာချီလိတ်မြို့မှာတော့ လူတွေ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရသလို ပစ္စည်းဆုံးရှုံးမှု အများအပြားရှိကြောင်း ဦးဇင်းတပါးက အခုလို မိန့်ပါတယ်။

“ရေထိုးတဲ့နေရာတွေမှာဆို အိမ်တွေက အောက်ခြေတွေကပါ ပြိုပြီးတော့ အိမ်တွေပါ ပြိုကျ ပျက်စီးလို့၊ ကားတွေပါ အကုန်လုံး ရေထဲနစ်မြုပ်၊ ဆိုင်ကယ်တွေပါ အကုန်လုံးပါ။ လူတွေအကုန်လုံး ဒုက္ခရောက်နေတာကို တွေ့ရတယ်။ တောင်ကျရေ က ရုတ်တရက်ဆင်းလာတာ- ရင်ခေါင်းလောက်ထိအောင် ရှိတယ်။ တချို့ဆိုရင် ထွက်ပြေးကြတာ၊ တောင်ကျရေက ညမှာပါ ဆက်တက်မယ်ဆိုလို့ရှိရင် မြို့လုံးကျွတ်နီးပါး အကုန်သေကုန်မှာ။ ပြီးခဲ့တဲ့အခေါက်က ရေကြီးတာက ဆုံးရှုံးမှုမရှိဘူး။ ဒီတခေါက်ကြီးတာက တော်တော်လေး ဆုံးရှုံးမှုရှိတယ်။”

ရေဘေးဒုက္ခရောက်နေသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရကြောင်း အာဏာပိုင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အတည်မပြုရသေးကြောာင်း တာချီလိတ်မြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်က ပြောပါတယ်။

“ကျနော်တို့က ရေကျသွားတော့မှ ပျက်စီးတယ်၊ မပျက်စီးတယ်ဆိုတာ ပြောလို့ရမှာဗျ။ အခုတော့ ပြောမရသေးဘူးဗျ။ အခု ကျနော်တို့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ မီးသတ်၊ ကြက်ခြေနီတွေနဲ့ ပေါင်းပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်ဗျ။ တချို့ စိတ်မချရတဲ့လူတွေကိုတော့ ရွှေ့ပေးနေပါပြီဗျ။”

တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ရေကြီးမှု ဖြစ်ခဲ့သေးပေမယ့် ၁၅ နှစ်အတွင်းမှာတော့ ဒီတကြိမ်ရေကြီးတာ ပိုပြီးဆိုးဝါးပြင်းထန်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ တာချီလိတ်မြို့က ပျက်စီးဆုံးရှုံးမှုက ဘတ်ငွေ သန်းနဲ့ချီပြီး ရှိနိုင်ကြောင်း မြို့ခံတွေက ခန့်မှန်းနေသလို ရေမျောပစ္စည်းတွေကို လိုက်ဆယ်သူတချို့ ပျောက်ဆုံးနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် အတည်ပြုဖို့တော့ ခက်ခဲနေပါတယ်။
VOA


သံဖြူဇရပ်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF မှ ရဲဘော်ခင်ကျော် ဦးဆောင်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ပြည်ထောင်စုကာကွယ်ရေးတပ်) ABSDF (UNRA) အမည်ဖြင့် ခွဲထွက်လိုက်ကြောင်း ယင်းအဖွဲ့အစည်းသစ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ရဲဘော်ခင်ကျော်(စစ်ဦးစီးချုပ်)က စက်တင်ဘာ ၆ရက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ကြေငြာလိုက်သည်။

ADSDF(UNRA)ကို စက်တင်ဘာ ၆ ရက်တွင် စတင်၍ တရားဝင်ဖွဲ့စည်းခြင်းဖြစ်သည်ဟု မွန်ပြည်နယ် သံဖြူဇရက် မြို့နယ် ဝါးဒတ်ကွင်းကျေးရွာ ဓမ္မသိဒ္ဓိကျောင်းတိုက်တွင် စက်တင်ဘာ ၆ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ABSDF (UNRA)၏ ဥက္ကဋ္ဌ ရဲဘော်ခင်ကျော် (စစ်ဦးစီးချုပ်) က “ABSDFက ချမှတ်ထားတဲ့ မူဝါဒတွေကို တိတိကျကျ အကောင်အထည်ဖော်ဖို့ အားကျိုးမာန်တက်အလုပ်လုပ်ဖို့က တော်တော့်ကို နည်းပါးလို့ ခွဲထွက်လာရတာပါ။ ABSDFက မူဝါဒတွေကိုပဲ ဆက်လက် လက်ခံကျင့်သုံးသွားမှာပါ။ ခုက စိတ်ဝမ်းကွဲတာမဟုတ်ပါဘူး။ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ခွဲထွက်ခဲ့တာပါ”ဟု မဇ္ဈိမကို ပြောသည်။

ABSDF (UNRA) အနေဖြင့် ပါတီနိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားအလုပ်များကို လုပ်ကိုင်မည်မဟုတ်ဟု ABSDF (UNRA)၏ အတွင်းရေးမှူး-၂ ရဲဘော်ကျော်ကျော်( ဒု-စစ်ဦးစီးချုပ်)က ပြောသည်။

“ကျွန်တော်တို့က ရပ်တည်မယ့် ဘဏ္ဍာငွေကို ပြည်သူတွေက ကြည်ကြည်ဖြူဖြူပေးတဲ့၊ နိုင်ငံတကာရောက်နေတဲ့ ရဲဘော်တွေ ထောက်ပံတဲ့ငွေနဲ့ရပ်တည်ပါမယ်။ ပြီးတော့ မဟာမိတ်တွေနဲ့ သဘောတူညီချက်ရယူထားတဲ့ စီးပွားရေးလုပ်ငန်း အသေးစားလေးတွေ လုပ်ပါမယ်”ဟု ရဲဘော် ကျော်ကျော်က ဆက်လက်ပြောကြားသည်။

ABSDFတွင် ဆက်သွယ်ရေးတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့ နှင့် တပ်ရင်း ကိုးရင်း ရှိပြီး ယင်းတပ်ရင်းနှင့် တပ်ဖွဲ့များမှ အဖွဲ့ဝင်များကို ABSDF (UNRA) တွင် ပါဝင်လာရန် စည်းရုံးမည်မဟုတ်ဘဲ ယုံကြည်ချက်ခြင်း တူညီ၍ လာရောက်ပူး ပေါင်းမည်ဆိုပါက လက်ခံမည်ဖြစ်သည်ဟု ABSDF (UNRA)၏ စစ်ဦးစီးချုပ် ရဲဘော်ခင်ကျော်က ပြောသည်။

ABSDFတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ၊ ပြည်ပရှိ ရဲဘော်များ ပါဝင်သည့် အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး အပြီးတွင် ABSDF (UNRA)၏ ဦးဆောင်ကော်မတီကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF၏ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက “ ဘာကို သဘောထားကွဲလွဲတယ်လို့ ပြောတာလဲတော့ နားမလည်ပါဘူး။ အဖွဲ့အစည်းမှာက တစ်ဦးကောင်း တစ်ယောက်ကောင်းတော့ လုပ်လို့မရပါဘူး။ စုပေါင်းဦးဆောင်မှု တစ်ဦးချင်းတာဝန်ယူမှုနဲ့ပဲ ABSDF ကို သွားနေခဲ့တာပါ”ဟုပြောသည်။

လက်ရှိအချိန်တွင် ABSDF အနေဖြင့် ချမှတ်ထားသည့် မူဝါဒ လမ်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်လျှက်ရှိသည်ဟု ရဲဘော် မျိုးဝင်းက ဆက်လက်ပြောကြားသည်။ ABSDF၏ အပစ်အခက် ရပ်ဆဲရေး ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ - နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းအရ နည်းလမ်းရှာဖွေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSADF ၏ ဗဟိုစစ်ကော်မရှင်က ရဲဘော်ခင်ကျော်ကို ABSDF မှ ချမှတ်ထားသော မူများကိုကျော်လွန်ပြီး - ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတပ်ဖွဲ့ (Union Peace Development Force – UPDF) အမည်ဖြင့် သီးခြားအဖွဲ့အစည်းထူထောင်ရန် ကြိုးပမ်းမှု၊ အဖွဲ့အစည်းအတွင်း ပြိုကွဲစေရန် ကြိုးပမ်းအားထုတ်မှု စသည့် အချက်လေးချက်ကို ABSDF မှ စက်တင်ဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သူ့ရဲ့လက်ကို ခဲတံချွန်တဲ့ ဓါးနဲ့လှီးပစ်လိုက်တဲ့ အခါမှာ လူတွေအကုန်လုံး ရုတ်တရတ် လန့်ဖြန့်သွားခဲ့ ရပါတယ်။ သူကတော့ ခပ်တည်တည်ပါပဲ၊ သွေးတွေ ဖြာခနဲကျလာနေတဲ့ သူရဲ့ လက်ခလယ်ကို ဆေးမြစ်တစ်ခုက ဆေးနဲ့ သိပ်ပြီး သွေးတိတ်အောင် လုပ်လိုက်ပြီး ဒဏ်ရာနဲ့ လက်ကို ပါတ်တီးကို သေချာပတ်ရင်းက ပါးစပ်ကနေလည်း

“ဟော့ဒီလို သွေးတွေ ဖြာခနဲကျချိန်မှာ ဟောဒီအမြစ်ရဲ့ ဆေးလေးကို လိမ်းလိုက်တာနဲ့ ဒီလိုပဲ ချက်ချင်း သွေးတိတ်သွားပါတယ် ခင်ဗျာ”လို့ ပြောကြားကာ သူ့လက်ထဲက ဆေးမြစ် တစ်ချို့ကို ခရီးသည်တွေ မြင်သာအောင် ပြလိုက်ပါတယ်။

ဒါတော့ ရန်ကုန်-ဒလ ကူးပေးနေတဲ့ မြစ်ကူး သဘောင်္ပေါ်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းလေး တစ်ခုပါ၊ အမှတ်တမဲ့ပေမယ့် ဒီလိုပြကွက်နဲ့ ဈေးရောင်းနေရသူ အတွက် အလွန်စိတ်မကောင်း ဖြစ်သွားမိပါတယ်၊ ဘယ်သူမဆို ကိုယ့်အသားနာမှာကို ကြောက်ကြတဲ့သူတွေချည်းပါပဲ၊ ဒါပေမယ့် သူကတော့ သူများနှင့်မတူ သူ့လက်ကို သူကိုယ်တိုင် လှီးဖြတ်ရင်း သူ့သွေးကို အရင်းပြုလို့ ဈေးရောင်းစားနေတာ မြင်ရသူ အတွက် ရင်တုန်ပမ်းတုန် ဖြစ်စေပြီး စိတ်မကောင်း ဖြစ်စေပါတယ်၊

ဈေးရောင်းသူ၏ အသက်က ငါးဆယ်ကျော်ခန့် ရှိနေပြီး သူ့ညာဘက် လက်ထဲမှာတော့ ရှည်မြောမြော ဆေးမြစ် တစ်ချို့နဲ့အတူ ခဲတံချွန်ဓါး အသစ်တစ်လက်ကိုလည်း အဆင်သင့် ကိုင်ထားပါတယ်။ သူ့ရဲ့ နှုတ်ကတော့ နွယ်မြတ် သစ်ပင် ဆေးဖက်ဝင်တဲ့ အကြောင်းတွေ၊ ရုတ်တရက် သွေးတွေ ဖြာထွက်ကာ ထိခိုက်မှုမျိုး ဖြစ်တဲ့အချိန်တွေမှာ ဆေးမြစ်ကို အသုံးပြုလိုက်တာနဲ့ ချက်ချင်း သွေးတိတ် စေတာတွေ၊ ဘယ်လို လူမျိုးတွေက ဘယ်အတွက် ၀ယ်ယူသင့်ပုံတွေကို ကရားရေလွှတ် ရွတ်ပြနေပါတယ်၊

သူကို သေသေချာချာ ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့လက်ခလယ်မှာ ပါတ်ထားတဲ့ ပါတ်တီးထူထူမှာ သွေးတွေ စိုရွဲလို့ နေပါတယ်၊ သူဟာ သူ့ရဲ့ ဆေးမြစ်တွေကို ဒီလို မြစ်ကူးသဘောင်္ပေါ်ကို ရံဖန်ရံခါသာ လာရောက် ရောင်းချလေ့ရှိပြီး အခြားအချိန်တွေမှာ ဘယ်နေရာမှာ သွားရောက် ရောင်းချနေတယ် ဆိုတာတော့ ဘယ်သူမှ မသိကြပါဘူး၊ သူဟာ သူ့အလုပ်ပြီးတာနဲ့ နောက်သဘောင်္တစ်စင်းမှာ သူ့ပြကွက်ကို ပြသဖို့ အတွက် ခပ်မြန်မြန် ပြင်ဆင်ရင်း ထွက်သွားပါတယ်၊

သူ့ရဲ့လုပ်ရပ်မှာ နစ်မြောနေတာမို့ သူဆေးမြစ်တွေကို ဘယ်လောက်ဖိုး ရောင်းလိုက်ရတယ် ဆိုတာနဲ့ ဘယ်ဈေးနှုန်းနဲ့ ရောင်းချတယ် ဆိုတာကို တစ်ကယ်ပဲ မသိရှိလိုက်ရပါဘူး၊ ဒါပေမယ့် သူ့ပစ္စည်းလေးတွေ သိမ်းဆည်းတဲ့ အခါမှာတော့ သူ့ရဲ့ဓါးနဲ့ လှီးထားတဲ့ လက်ခလယ်လေးကို မထိခိုက်အောင် အတော်လေး ဂရုစိုက်နေတာကို သတိပြုမိခဲ့တာမို့ ရင်ထဲမှာ ဆို့နင့်နေအောင် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်၊

ကျွန်မတို့ မြန်မာနိုင်ငံဟာ သယံဇာတတွေ ပေါများပြီး စိုက်သမျှ သီးနှံဖြစ်ထွန်းတဲ့ မြေသြဇာ ကောင်းမွန်လွန်းတဲ့ နိုင်ငံပါ၊ ဒီလို နိုင်ငံမှာ နေထိုင်နေရတဲ့ ကျွန်မတို့ နိုင်ငံသားတွေဟာ အစားတစ်လုပ် အတွက်၊ မိသားစု ၀မ်းရေးအတွက် ကိုယ့်ရဲ့ သွေးကိုတောင် ဖောက်ထုတ်ပြသပြီး ဈေးရောင်းစား နေရတာကို မြင်ရတာ အင်မတန်မှ ရင်နာစရာ ကောင်းလှပါတယ်၊ နိုင်ငံတော် အကြီးအကဲတွေ အဆင့်ဆင့် ပြောဆိုနေကြတဲ့ အောက်ခြေ လူတန်းစားများ အဆင်ပြေစေဖို့ အတွက်၊ အခြေခံ လူတန်းစားများ ကောင်းစားရေး အတွက်ဆိုတဲ့ စကားတွေဟာ အခုလို ပုံရိပ်တွေရဲ့ အောက်မှာတော့ အင်မတန်မှကို ရယ်ချင်စရာ ကောင်းနေပါတယ်၊ စီမံကိန်းတွေ ဘယ်လောက်ပင် ဆောင်ရွက်နေပါစေ ဘာမှတိုးတတ် ပြောင်းလဲမလာတဲ့ လူမှုဘ၀မှာ ဒီလိုမျိုး ရင်းပြီး ငွေရှာနေရတာတွေကို နိုင်ငံ အကြီးအကဲများ သိတောင် သိပါလေစ။

မြန်မာနိုင်ငံမှာ ယခုလို ဆိုးရွားစွာ အသက်မွေးဝမ်းကြောင်း နေရသူတွေ ဘယ်လောက်တောင် များနေပြီဆိုတာ မသိနိုင်ပေမယ့် ဒီထက်မက ဆိုးရွားစွာ အသက်မွေး နေရသူတွေလည်း များစွာ ရှိနေလိမ့်မှာတော့ အသေချာပါပဲ၊ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အောက်ခြေအထိ ထိရောက်အောင် မဆောင်ရွက်နိုင် သရွှေ့တော့ ပြည်သူများစွာမှာ ဖြစ်တည်နေတဲ့ ဒီလို ဒဏ်ရာ ဒဏ်ချက်တွေဟာလည်း ဘယ်တော့မှ အနာကျက်မြန်မှာ မဟုတ်ပါဘူး၊

အခုချိန်မှာတော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အတွက် ကိုယ်ကိုယ်တိုင် ဘာမှ မလုပ်နိုင်သလို ဘာမှလည်း လုပ်ခွင့်မရှိတဲ့ ဘ၀ ဖြစ်နေတာမို့ မြန်မာနိုင်ငံကို အရင်းပြုပြီး စီးပွားရေး သောင်းကျန်းကာ ပျော်ရွင်နေကြတဲ့ စီးပွားရေးသမားတွေ၊ ခရိုနီတွေကို မြင်တိုင်း မြင်တိုင်းမှာ မြန်မာနိုင်ငံသားချင်း အခွင့်ရေးတန်းတူ ရှိမနေတဲ့၊ အခွင့်အရေး တန်းတူ မရနိုင်တဲ့၊ လူ့အခွင့်ရေးကို ကိုယ်တိုင် ကျေကျေ နပ်နပ်ကြီး ချိုးဖောက်နေရတဲ့ သွေးတိတ်ဆေးရောင်းတဲ့ ဦးလေးရဲ့ ပုံရိပ်တွေကိုသာ မြင်ယောင်ပြီး ရင်နာစေပါတယ်။
တစ်နေ့ ထမင်းသုံးနပ်စာနဲ့ မနက်ဖြန်တိုင်းအတွက် ကျောတစ်ခင်းစာ၊ နေစရာ တစ်နေရာတောင် မသေချာသေးတဲ့ အခြေနေတွေနဲ့ မြန်မာနိုင်ငံမှာ အခြေခံ လူတန်းစားများရဲ့ ဘ၀ဟာလည်း ဘယ်အချိန် ဘယ်ကာလမှာမှ ပြောင်းလဲလာနိုင်မယ်ဆိုတာ မသေချာသလို သွေးတိတ်ဆေး ရောင်းတဲ့ ဦးလေးကြီးရဲ့ လက်မှာလည်း သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ ဘယ်လောက်တောင် ထပ်ပြီး များလာဦးမယ်ဆိုတာ မသိနိုင်တော့ပါဘူး။ ။

နော်ရာမောင်
( Tomorrow သတင်းဂျာနယ် အမှတ်(၂ရ)ပါ ဆောင်းပါး )

ကမ္ဘာကျော် ရှေးဟောင်းသမိုင်းဝင်ဦးပိန်တံတားရှိ သစ်သားတန်းများကို ခိုင်ခန့်စေရန် ပလက်စတစ်ကြိုးများနဲ့ တင့်တင့်တယ်တယ်ချည်နှောင်ထားစဉ်
မန္တလေးမြို့တောင်သမန်အင်းပေါ်တွင်တည်ရှိသောဦးပိန်တံတား၏ကြံ့ခိုင်ခံမှုမရှိသည့် အနေအထားကြောင့် နိုင်ငံခြားခရီးသွားဧည့်သည် အချို့ လမ်းလျောက်လေညင်းခံရန် ၊ တောင်သမန် အလှအပကို ဓာတ်ပုံရိုက်ရန် အတွက် ဦးပိန်တံတားပေါ်လမ်းလျောက်ရန် မ၀ံမရဲ ကြောက် ရွံနေကြကြောင်း မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည့် စင်ကာပူ ကာတင်တက္ကသိုလ်မှ Academic Counsellor မစ္စစ်ဗစ်ကီ ထံကသိရသည်။

မစ္စစ်ဗစ်ကီ သည်မြန်မာနိုင်ငံသို့ မကြာခဏလာလည်သူဖြစ်ပြီး လွန်ခဲ့ သည့်၂နှစ်က သူ မရောက်ခဲ့သည့် ဦးပိန်တံတားသည့် ယခုနှစ်လောက် လှုပ်ခါမှုမှရှိသေးကြောင်း၊ သူမ မန္တလေးသို့ လာတိုင်းတောင် သမန်းတံ တားနှင့်တောင် သမန် အင်းကိုသာ သွားလိုကြောင်း ၊ ရှုခင်း အလှအပများကို ဓာတ်ပုံတစ်ဝကြီးရိုက်ပြီး အမိနှိုင်ငံတွင် မိသားစု ကို ပြန်ပြသကြောင်း၊ အခုနှစ်တွင် ဦးပိန်တံတား သည်ပိုမိုလှုပ်ရမ်းနေ သည့်အတွက် သူမ အပါအ၀င် အတူလာသူ များကပါ လမ်းဆက်မလျောက်ရဲကြောင်း သူမကဆိုသည်။

ခရီးသွားလုပ်ငန်းကုမဏီများသည် မန္တလေးSight seeing အတွက် တောင်သမန်အင်းနှင့် ဦးပိန် တံတားကို အဓိက Selling Point အဖြစ်ရောင်းချကြောင်း See Myanmar ခရီးသွားအေဂျင်စီ က မန်းနေးဂျင်းဒါရိုက်တာက ပြောသည်။ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းတစ်ဖွဲ့ ဆိုရင် အမရပူက တောင်သမန်အင်းကိုပို့ခိုင်းတယ် သူတို့ကို လိုက်ပို့ဖို့ ကားခ က ဒေါ်လာ ၃၀ aပးရတယ် ။ ဟိုရောက်တော့ တံတားပေါ် စတက်တာနဲ့ သူတို့က ဆက်မသွားရဲဘူး . ဖြစ်ပါ့မလား ချည်းပြောနေ တယ်။ သူတို့လဲရှုခင်း ကလှတော့ ကြောက်ကြောက်နဲ့ ဓာတ်ပုံ ရိုက်ရတာပဲ။ တစ်ချို့ကတော့ တံတားပေါ် ဆက်မလျောက်ချင်လို့ ငှက်လှေဘဲစီးကြတယ် ဟု ၄င်းက ဆိုသည်။

သင်္ကြန်ကာလနှင့် ရတနာ့ဂူနတ်ပွဲကာလများကဲ့သို့ ဧည့်လာများ သည့် အချိန်များတွင်မှာ ဦးပိန် တံတားအတွက် အတော်စိုးရိမ် ဖွယ်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း တံတားကြီးပိုမိုယိုယွင်း လာ သဖြင့် ရှေးဟောင်းယဉ်ကျေးမှုဌာနမှ ဆက်လက်ပြင်ဆင်ရန် သစ်လုံးများ အစားထိုးရှာရ ခက်ခဲနေသည့် အပြင် သစ်လုံးတိုင်များဝယ် ယူရန် ငွေကြေး လုံလောက်မှုမှ မရှိဖြစ် နေကြောင်း၊ မကြာခဏပြင်ဆင်မှု များပြုလုပ် ရသည့်အတွက် ရှေးမူလက် ရာလည်း ပျက်ယွင်းလာကြောင်း ရှေးဟောင်း ယဉ်ကျေးမှုဌာနမှသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရက ဦးပိန်တံတားစောင့်ရှောက်ခွင့်ကို တောင်းခံရာတွင် လည်း ရှေးဟောင်းဘက်က ရှေးမှုလက်ရာပျက် ပြင်ဆင်မည် ကိုစိုးရိမ် နေကြောင်း၊ သို့သော် တံတားကြီးကို တိုင်းအစိုးရ က ၁၃၂ သိန်းကျော် အကုန်အကျခံကာ အခုနှစ် အတွင်းပြန်လည်ပြင်ဆင် ထားခဲ့ကြောင်းသိရသည်။

တောင်သမန်တံတား သည် တောင်သမန်အင်း ဟိုဖက်ကမ်း ဒီဖက်ကမ်း၊ ကမ်းနှစ်ခုကို ဆက်သွယ် ထားသောကြောင့် ဒေသခံများ ၏ ဆက်သွယ်ရေး အတွက်ရေးပါနေသည့် တံတားဖြစ်သည်။ တောင်သမန် ရပ်ကွက် ၁၂ ကွက် တွင်နေထိုင်ကြသူများနှင့် ရပ်ဝေးမှ လာရောက်လေ့လာကြသည့် ခရီးသွားများကြောင့် တောင်သမန်တံတားတွင်နေ့စဉ် ခရီးသွား လာ များနှင့် စည်ကားနေပြီး နိုင်ငံခြားသားဧည့်သည်လည်း ၅၀၀ ၀န်းကျင် ရှိနိုင်ကြောင်း ဒေသခံများကပြောသည်။

၁ဝ၈၆ တိုင် ဖြင့် ဖြုတ်တတ်နိုင်သည့် အခန်းအရှင် ၉ ခုအပါအဝင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ ၁.၂ ကီလိုမီတာ ရှည်သည့် ကျွန်းသစ်သား ဦးပိန်တံတာ တံတား သည် ယခုအခါတွင် သက်တမ်း ၁၆၅ နှစ်ရှိပြီဖြစ်ကာ လက်ရှိတွင် တိုင်လုံး ၈၉၀ ခန့်သာ ရှိတော့ကြောင်း၊ သစ်သား ခါးပန်းများ မကောင်းသည့်အခန်းများ ရှိနေကြောင်း၊ အောက်ခြေတိုင် လုံးများ ရေဆွေး နေသောကြောင့် ဦးပိန်တံတားသည် လှုပ်ခါနေခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

လွန်ခဲ့သောနှစ်၂၀ ၀န်းကျင်က တောင်သမန်အင်းကို သုံးပန်လှဟု တင်စားခဲ့ကြသည် ။ နွေမိုးဆောင်း သုံးရာသီ လုံးလုံး အလှအမျိုးမျိုးကို ဖန်ဆင်းနိုင်သည်။

ယခင် စစ်အစိုးရလက်ထက်မှစကာ တောင်သမန်အင်းမြေနေရာပေါ်တွင် ထောက်လှမ်း ရေး (၁၆) မှ ရေဝင် ရေထွက်ပေါက် တို့အား ပိတ်ဆို့ပြီး ၄င်းကန် ဧရိယာတစ်ခုလုံးကို ငါးမွေးကန် ပြုလုပ် ခဲ့ခြင်းကြောင့် ရေကန်မှာ သန့်ရှင်းမှု မရှိ တော့ ကြောင်း၊ ယခင်က နွေရာသီ တွင် တိုင်လုံးများကို ရေနံချေးသုတ်ခြင်း များပြုလုပ်နိုင်သော်လည်း ယခုကဲ့သို့ တစ်နှစ်ပတ်လုံး ရေရှိနေသည့် အတွက် ပြုပြင်ထိန်းသိမ်း ရန်ခက်ခဲသွားကြောင်း ဌက်လှေမောင်းသူ ဒေသခံကပြောသည်။

ကမ္ဘာကျော်အောင် လှပသောရှုခင်းများရှိရာ ဦးပိန်တံတားကို အမြန်ဆုံးပြင်ဆင်သင့်ကြောင်း မစ္စစ်ဗဒ်ကီ က ဆိုသည်။ ''ဒီလောက်လှတဲ့နေရာကို အခုလိုပျက်စီးအောင်မထားသင့်ပါဘူး ။ လူသူသွားဖို့ သုံးဖို့ ထားတယ်ဆိုရင်လည်း ဟိုဘက်မှာ တံတား တစ်စင်း ထပ်ဆောက်ပေါ့ ။ ကျွန်းသစ်တွေ သူများနိုင်ငံကို ဒီလောက် အလုံးလိုက်ရောင်းစားနေတာ ဒီတံတား ဆောက်လို့ ဘာကုန်မှာလဲ။ ခရီးသွားလုပ်ငန်းနဲ့လည်း ၀င်ငွေပြန်ရတာပေါ့" ဟု မစ်ဗစ်ကီက အကြံပြုသည်။

ကုန်းဘောင်မင်းဆက် ၉ ဆက်မြောက် ပုဂံမင်း အမိန့်ဖြင့် တံတားဆောက်ရန် တာဝန်ယူရသည့် အမရပူရမြို့ဝန် ဘိုင်ဆပ်ရ၏ မြို့စာရေး ဦးပိန် ကို အကြောင်းပြုပြီး ဦးပိန်တံတား ဟုခေါ်ဝေါ် သုံးစွဲခဲ့ကြောင်း သမိုင်းအထောက်အထားများ တွင်ဖော်ပြထားသည်။

ယခုနှစ် သက်ြန်ရက်အတွင်း တံတားပေါ်သို့ အသွားအလာများသဖြင့် တံတားကြိုးကျခဲ့ပြီး ဇွန်လတွင် တောင်သမန်တံတား တံတားရှိတိုင်အမှတ် (၂၅ နှင့် ၄၇) တို့၏ ခေါင်းပေါက် ထဲသို့ ဆေးလိပ်မီးထည့် သွားရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများပြောကြား ချက်အရ သိရသည်။

ရှေးဟောင်းသုတေသန ၊ မန္တလေးတိုင်းဒေသြ့ကီး ၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန တို့ က ဦးပိန်တံတား နှင့် တောင်သမန်အင်းကို ဘက်စုံကြံခိုင်ရေးကို ဆောင်ရွက်နိုင်မှု မရှိသေးသောကြောင့် သမိုင်းအထောက်အထားအမွေအနှစ် တစ်ခုပျောက်ကွယ်မည် ကို စိုးရိမ်မိကြောင်း ဒေသခံများ ကပြောသည်။

ဓာတ်ပုံ- ယဉ်ဝင်းစိုး

The Ladies News Journal

ဖိလစ်ပိုင် မှာ ကျင်းပခဲ့တဲ့ ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲမှာ မြန်မာအသင်းက အိမ်ရှင်ဖိလစ်ပိုင်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ပြီး ဗိုလ်စွဲသွားပါတယ်။ မြန်မာက ဂိုးစသွင်းပြီး ဖိလစ်ပိုင်က ၂ ဂိုးပြန်သွင်းပါတယ်။ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ မြန်မာက ချေပဂိုးသွင်းယူခဲ့လို့ အချိန်ပိုကစားရပြီး မြန်မာက အနိုင်ဂိုးသွင်းယူ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ

ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ (photo..ဒီမို အန်းဂရီးဘတ်)
ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျာမန် အဓိပတိ အိန်ဂျယ်လာမာကယ်တို့ ဘာလင်မြို့တွင် တွေ့ဆုံခဲ့ရာ တွင် မြန်မာနိုင်ငံ တွင် ဆောင်ရွက်ရန် လိုအပ်သည့် အကြောင်းရာများအပေါ် သဘောတူ ခဲ့သော်လည်း ပြုလုပ်ရမည့် အစီအစဉ်နှင့် ပတ်သက်၍ အမြင်ကွဲပြားခဲ့ကြသည်။

မာကယ်က ‘စီးပွားရေးတိုးတက်ဖို့အတွက် ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးမှု၊ တိုင်းရင်းသားတွေ အပေါ် သာတူညီမျှရှိမှုတို့ လိုအပ်ပါတယ်' ဟု ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြပါရှိပါသည်။

မြန်မာသမ္မတကမူ စီးပွား ရေးအောင်မြင်မှုတွေ ရလာရင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ပိုမိုလွယ်ကူလာမှာပါ’ ဟု ကွဲပြားခြားနားသည့် အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်မြှင့်တင် နိုင်ရန် ဂျာမနီက ငွေကြေးအကူအညီ ပိုမိုပေးအပ်မည်ဟုလည်း သိရသည်။ မြန်မာနိုင်ငံ တွင် လာမည့်နှစ်၌ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအား တရားမျှတစွာ ကျင်းပနိုင်ပြီး တိုင်းရင်းသားလူနည်းစုများ အား ပိုမိုအကာအကွယ်ပေးမည်ဆို ပါက မြန်မာနိုင်ငံအား စီးပွားရေးအကူ အညီများ ပိုမိုပေးအပ်မည်ဟု မာကယ် က ကတိပြုခဲ့သည်။

ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲအပြီး ပြုလုပ်ခဲ့သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တွင် မာကယ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုနှင့် ဖွံ့ဖြိုးရေး အကူအညီများ ပိုမိုပေးအပ်သွားရန် အသင့်ရှိသော်လည်း နိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ များအား အနီးကပ်စောင့်ကြည့်နေမည် ဟု ပြောကြားခဲ့သည်။

‘မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုတွေ စုံလင်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားလူနည်းစုတွေ အပေါ် သည်းခံမှုနဲ့ အပေးအယူပြုမှုတွေ လိုပါတယ်’ ဟု မာကယ်က အလေးအနက်ထား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၏ မှတ်ကျောက် အ ဖြစ် သတ်မှတ် ထားသည့် လာမည့်နှစ် ရွေးကောက်ပွဲမှာ လွတ်လပ်မျှတကာ ပွင့်လင်းမြင်သာမှု ရှိပြီး မည်သူမဆို ၎င်းတို့၏ ပါတီအား ကိုယ်စားပြုကာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ကြောင်း မာကယ် က ပြောကြားသည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ သည် ဒီမိုကရေစီပြုပြင်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ သည်မှာ ၃ နှစ်ခန့် သာရှိသေးပြီး အခက်အခဲများ ကြုံတွေ့ ခဲ့ရ သော်လည်း သွေးထွက် သံယိုမှု မရှိဘဲ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း စကားပြန်မှ တစ်ဆင့် ပြောကြားခဲ့သည်။

အတိုက်အခံများ၏ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်း ဆိုချက်အား လွှတ်တော်က ထောက်ခံပြီး လူထုထောက်ခံမှုရရှိပါက ၎င်းကပါ ထောက်ခံသွားမည်ဟု ဦးသိန်းစိန် က ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုအား မာကယ်က ချီးကျူး ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများအား စောင့် ကြည့်နေဆဲဖြစ်သည် ဟု ပြောကြားခဲ့သည်။

KHTun
Ref - DW.de

The Ladies News Journal


လူမျိုးဘာသာ မတူတဲ့သူတွေအချင်းချင်း တန်းတူညီမျှတဲ့ဘဝ အတူတကွ ယှဉ်တွဲနေထိုင်မှုကသာ ဒီကနေ့ကမ္ဘာကြီးရဲ့ ယဉ်ကျေးတဲ့သူတွေ၊ ယဉ်ကျေးမှုရှိတာဖြစ်တယ်လို့ ယုံကြည်တဲ့ ဗြိတိသျှစာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်နဲ့ ကမာရွတ်မီဒီယာက သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ယဉ်ကျေးမှုနဲ့ လူမှုဗေဒအကြောင်း စာတွေရေးသားနေတဲ့ ဗြိတိသျှစာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်က Madman and Genius ဆိုတဲ့ခေါင်းစဉ်နဲ့ ကမ္ဘာကျော် ပန်းချီပညာရှင် ဗင်းဆင့်ဗန်ဂိုးရဲ့ ဘဝဖြတ်သန်းမှု ပုံရိပ်နဲ့ ဗန်ဂိုးရဲ့ ပန်းချီကားတွေအကြောင်း ရန်ကုန်မြို့Pansodan Scene မှာ သြဂုတ် ၃၁ရက်နေ့က ဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အသွင်ကူးပြောင်းနေတဲ့ မြန်မာပြည်အကြောင်း သူရဲ့ထင်မြင်ယူဆချက်တွေက ဘာလဲ။

မြန်မာပြည်ဟာ အင်မတန်ကို စိတ်လှုပ်ရှားစရာအချိန်ကို ရောက်နေပြီး ဒီမိုကရေစီနဲ့ပတ်သက်လို့ ကမ္ဘာနဲ့ ကွာဟနေမှုတွေကို သူ့အနေနဲ့ ကွက်လပ်လေးဖြည့်ပေးချင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့စိတ်ဝင်စားမှုက ယဉ်ကျေးမှု၊ ဒီမိုကရေစီနဲ့ အကြမ်းမဖက်မှုဖြစ်ပြီး ဒီမိုကရေစီယဉ်ကျေးမှု အသားကျဖို့ အချိန်ယူရတာကြောင့် ဖိနှိပ်မှု၊ ခြိမ်းခြောက်မှုတွေ အများကြီးခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေ သည်းခံမှုတော့ရှိရမယ်၊ ဒီမိုကရေစီစနစ်ဟာ ရှုပ်ထွေးမှုတွေရှိတယ်ဆိုတာ နားလည်ရပါမယ်လို့ ကမာရွတ်မီဒီယာနဲ့ သီးသန့်တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။

သံဃာတွေကို နိုင်ငံရေးဘောင်ထဲဆွဲသွင်းတဲ့ကိစ္စဟာ သိပ်ကို အန္တရာယ်များပြီး ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင်များဆိုတာ တော်တော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ကိစ္စဖြစ်ပြီး မြန်မာပြည်ဟာ မတူကွဲပြားမှုတွေကို သည်းခံရမယ်လို့ သူက ပြောပါတယ်။ အစွန်းရောက်အစ္စလာမ်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှု မြန်မာပြည်မှာမရှိဘူးဆိုတာ တစ်ကမ္ဘာလုံးက သိထားပါတယ်။ ဒေါ်စုဟာ ဗြိတိသျှဘုရင်မကြီးလို ပြည်သူတွေရဲ့ အကြွင်းမဲ့မေတ္တာကိုရထားသူဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့Spiritual Leader ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကို ကူညီတယ်၊ ရိုင်းပင်းတယ်ဆိုတာ လူ့အဖွဲ့အစည်းကို ယဉ်ကျေးအောင် လုပ်တာပါ။ Civilization ဆိုတဲ့ ယဉ်ကျေးမှုဟာ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး၊ အချိန်မရွေး ဆုံးရှုံးသွားနိုင်တာကြောင့် ဥပဒေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေရမှာဖြစ်သလို တိုးတက်မှုဖြစ်နေရမယ်လို့ ရှင်းပြပါတယ်။

စာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်ဟာ Evolving the Spirit from Democracy to Peace ဆိုတဲ့ စာအုပ်ကို ၂ဝ၁၂မှာ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ဟာ အကြမ်းမဖက်တဲ့ Non Violence ဖြစ်ပြီး သမိုင်းကြောင်းတစ်လျှောက် အကြမ်းမဖက်တဲ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သူယုံကြည်တဲ့အကြောင်း၊ ဗုဒ္ဓနဲ့ ယေရှုခရစ်တော်၊ မဟတ္တမ ဂန္ဓီ၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့လူတွေအကြောင်းအရာတွေကို ကိုးကားဖော်ပြခဲ့တယ်လို့ ပြောပါတယ်။

စာရေးဆရာ အန်ထော်နီ ရပ်ဆဲလ်ဟာ Chandos Foundation ထူထောင်သူဖြစ်ပြီး ဒီဖောင်ဒေးရှင်းဟာ အနုပညာ၊ ညှိနှိုင်းဆွေးနွေးမှုမှသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ယဉ်ကျေးမှုကို မြှင့်တင်နေတာဖြစ်ပါတယ်။

Kamayut media


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူ ၅သန်းနီးပါးရဲ့ ထောက်ခံထားတဲ့ လက်မှတ်တွေ လွှတ်တော်ကို တရားဝင် ရောက်မလာဘူးလို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်မောင်မြင့်ရဲ့ ပြောဆိုချက်ကို NLD ပါတီက စက်တင်ဘာ ၆ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ လက်မှတ် ၅သန်းနီးပါး လွှတ်တော်ကို ဘာလို့မရောက်တာလဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်တို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံးက ပြည်သူ ၅သန်းနီးပါးရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံထားတဲ့ လက်မှတ်တွေကို လွှတ်တော်ကို ရောက်တယ်လို့ NLD က ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။ ဒီလက်မှတ် ၅သန်းကို ဂရုစိုက်တာ မစိုက်တာဟာ သူတို့သဘောပဲလို့ တုံ့ပြန်လိုက်ပြီး တရားဝင်ပေးပို့ထားတာကြောင့် လက်ခံချင်ဘူးဆိုရင် တရားဝင် ထုတ်ပြောပါလို့ ဆိုပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်းဆိုချက်ကို လွှတ်တော်က အသိအမှတ်မပြုရင်တော့ နောက်ထပ်နည်းလမ်းတွေ စဉ်းစားရမယ်လို့ ဆိုပါတယ်။ လက်မှတ် ၅သန်းနီးပါးကိစ္စ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကတော့ လွှတ်တော်အပေါ် သက်ရောက်မှုရှိမယ်လို့ ပြောဆိုထားပြီးဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ၁၁ပါတီတို့ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ PRရွေးကောက်ပွဲစနစ်အကြောင်း တံခါးပိတ်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌက ဖွဲ့စည်းပုံနဲ့ PR အရေး ဘုံသဘောတူညီချက်တော့ မရသေးတဲ့အကြောင်းနဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး မဖိတ်ကြားသေးဘူးလို့ ပြောပါတယ်။

တစ်လတစ်ကြိမ် ပုံမှန်ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ကမန်အမျိုးသားတိုးတက်ရေး၊ ကရင်ပြည့်သူပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်းပလောင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီတို့ တက်ရောက်ခဲ့ကြပါတယ်။

ုKamayut media

ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းကွန်ရက် တခုဖြစ်တဲ့ local resource center နဲ့ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတရပ် ရန်ကုန်မှာ ဒီနေ့ ပြုလုပ်ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ အမျာအပြားတက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားအမြင်တွေ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) က ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ သူအဓိက ထောက်ပြခဲ့တဲ့ အချက် ၃ ချက်ကိုလည်း သူက ခုလို ပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေကို ဆွေးနွေးတဲ့အခါမှာ ကျောင်းသားကိုယ်စာလှယ်တွေ ဆရာ ကိုယ်စားလှယ်တွေ ပါဝင်ခွင့် မရဘူး။ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်မရတဲ့အတွက် တမျိုးသားလုံး နဲ့ ဆိုင်တဲ့ ပညာရေးဥပဒေက ပညာရေးနဲ့ သက်ဆိုင်တဲ့သူတွေရဲ့ အကြံဉာဏ် ပါဝင်ခွင့်မရှိဘူး။ ဒါကြောင့် အများရဲ့ပါဝင်မှုမရှိတဲ့အတွက် ဒီမိုကရေစီစံနှုန်းနဲ့ ကွဲလွဲချက်ရှိတယ်ဆိုတာ ထောက်ပြတယ်။ နောက်တချက်က အမျိုးသားပညာရေးဥပဒေက ဗဟိုချုပ်ကိုင်မှုနဲ့ ဦးစားပေးထားတယ်ဆိုတာ ထောက်ပြတယ်။ ဒါက ဒီမိုကရေစီ နည်းလမ်းမကျတာ။ နောက်တခါက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားကလေးငယ်တွေရဲ့ ဘာသာစကားဆိုင်ရာ အခွင့်အရေးနဲ့ မသန်စွမ်း ကလေးတွေရဲ့ ပညာရေးအခွင့်အရေး အဲဒီ ၂ ချက်ကို ထောက်ပြပါတယ်။ တိုင်းရင်းသားကလေးတွေရဲ့ ဘာသာစကားတွေ ယဉ်ကျေးမှုတွေက လွတ်လပ်စွာ သင်ကြားပိုင်ခွင့်ကို ဥပဒေက ဟန့်တားထားတယ်။ နောက်တချက်က မသန်စွမ်း ကလေးတွေက တခြားကလေးများနဲ့ အတူတကွ သင်ကြားပိုင်ခွင့်မှာ အဟန့်အတားဖြစ်နေတယ်။ အဲဒါက လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာတွေကို လေးစားမှုမရှိဘူးလို့ ကျနော်တို့ ထောက်ပြတာ။ လွတ်လပ်ခွင့်ကတော့ သင်ရိုးညွှန်းတမ်းလွတ်လပ်ခွင့် မရှိဘူး။ နောက် ဘာသာစကားဆိုင်ရာ လွတ်လပ်ခွင့်တွေ မရှိဘူး။ ဆရာတွေရဲ့ လွတ်လပ်စွာ သင်ကြားပိုင်ခွင့် မရှိဘူး။ အထူးသဖြင့် ကျောင်းသားတွေရဲ့ လွတ်လပ်စွာအသင်းဖွဲ့စည်းပိုင်ခွင့်တို့ လွတ်လပ်စွာ စုရုံးပိုင်ခွင့်တို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်တို့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တို့က ဆရာတွေမှာရော ကျောင်းသားတွေမှာရော လွတ်လပ်ခွင့်တွေ ဆုံးရှုံးတယ်ဆိုတာ ထောက်ပြတာပါ။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ဒီရက်ပိုင်းအတွင်းမှာပဲ ဒေသအနှံ့မှာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေက အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းကို သမ္မတဆီ ပေးပို့ထားပြီး သမ္မတက သဘောထားမှတ်ချက်တွေနဲ့ လွှတ်တော်ထံ ပြန်ပို့ထားပါတယ်။

တက္ကသိုလ်ကျောင်းသားတဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းကတော့ အမျိုးသားပညာရေးဥပဒေကိစ္စ နှစ်ဘက် ညှိနှိုင်ပြီးပြေလည်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနကလည်း သူတို့ရဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်တွေ မှာ ရှင်းပြတာတွေ လိုက်လုပ်နေတယ်။ သူတို့ကလည်း သူတို့ဟာကို အတည်ပြုလို့ရအောင် ကြိုးစားနေကြတယ်။ ကျောင်းသားသမဂ္ဂတွေကလည်း ဗဟိုချုပ်ကိုင်မှုရှိတဲ့အတွက် ကျောင်းသား သမဂ္ဂတွေကို တရားဝင် ဖွဲ့စည်းခွင့်မရဘူး။ အဓိကတော့ မကျေလည်မှုတွေက ဗဟိုချုပ်ကိုင်မှု စနစ်တွေမှာ တွေ့နေရတယ်။ ဒါတွေကို ကျနော်တို့ ညှိနှိုင်းမယ်ဆိုရင် ပြန်ပြေလည် သွားလောက်ပါတယ်။”

လာမယ့် စက်တင်ဘာ ၁၁ ရက်မှာ ပြန်လည်ကျင်းပမယ့်လွှတ်တော်မှာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးအတည်ပြုကြရဦးမှာ ဖြစ်ပါတယ်။
DVB