09/12/14

http://www.7daydaily.com/
မန္တလေးမြို့တွင် ယခု နှစ်အတွင်း ဗီဇာစည်းကမ်းနှင့် မညီညွတ်သော နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး နိုင်ငံခြားသားများအား နိုင်ငံသားစိ စစ်ရေးကတ်ထုတ်ပေးခြင်း လုံးဝ မရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုးက ပြောကြားသည်။

မန္တလေးမြို့သို့ နိုင်ငံခြားသားများ ၀င်ရောက် နေထိုင်မှု အပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဥပဒေနှင့်အညီ မည်သို့ တားဆီးကာကွယ်နေသည်ကို သိရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ ၁၀ ရက်က မေးမြန်းခဲ့သည်။

ယခုနှစ်အတွင်း ဗီဇာစည်းကမ်းနှင့်မညီညွတ်သော နိုင်ငံခြားသား ၇၃ ဦးကို ပြည်နှင်ဒဏ်ပေးခြင်း ဆောင်ရွက်ခဲ့သည်ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

‘‘နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဥပဒေနှင့် ညီညွတ်သူကိုသာ စိစစ်ထုတ်ပေးနေပြီး နိုင်ငံခြားသားများအား နိုင်ငံသားစိစစ်ရေးကတ် လုံးဝထုတ်ပေးခြင်းမရှိ’’ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြန်လည်ဖြေကြားခဲ့သည်။

မန္တလေးမြို့သို့ နိုင်ငံခြားသားများ လာရောက်နေထိုင်လုပ်ကိုင် မှုများလာပြီး လူဦးရေအဆမတန် တိုးပွားလာရာ နောင်တွင် တိုင်းရင်းသားများကြား ရှုပ်ထွေးလာမည်ကို စိုးရိမ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးတင်စိုးက ပြောသည်။မြန်မာ့ဒုတိယအကြီးဆုံးမြို့ တော်ဖြစ်သော မန္တလေးမြို့တွင် တစ်ဖက်နိုင်ငံကြီးမှ စီးပွားရေး အရ ၀င်ရောက်လုပ်ကိုင်နေထိုင် ကြသော နိုင်ငံခြားသားများ အလွန်များပြားလာနေပြီး ပြည်သူ လူထုကြားတွင် မန္တလေးမြို့ကိုဒုတိယဟောင်ကောင်ဟုပင် ပြော ဆိုနေကြကြောင်း၊ ထို့အတွက် နောင်တွင် တိုင်းရင်းသားလူထု ကြား ရှုပ်ထွေးလာနိုင်စရာရှိနေပြီးမန္တလေးတိုင်းအတွင်း နေထိုင်သူ များကြား စိုးရိမ်နေကြောင်း ၎င်း က ပြောသည်။

‘‘နိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံ များမှ နိုင်ငံခြားသားများသည် မန္တလေးတွင် စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုး ဖြင့် ၀င်ရောက်လုပ်ကိုင်နေထိုင် မှုများ ရှိနေပါသည်။ အချို့နိုင်ငံ ခြားသားများက နိုင်ငံသားမှတ်ပုံ တင်များပင် ကိုင်ဆောင်ထားရှိနေသည်ကို တွေ့မြင်သိရှိနေရပါ သည်’’ ဟု လွှတ်တော်ကိုယ်စား လှယ် ဦးတင်စိုးက ပြောသည်။

မန္တလေးမြို့သို့ နိုင်ငံခြားသားများ ၀င်ရောက်နေမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော နိုင်ငံခြားသား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် ပူးပေါင်းကာ ဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်နေကြောင်း ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် ၀င်ရောက်နေထိုင် အလုပ်လုပ် ကိုင်နေသူ နိုင်ငံခြားသား ၁၄၀၀ ကျော်ရှိပြီး နိုင်ငံခြားသားများကို ဗီဇာစည်းကမ်းနှင့်အညီ နေထိုင် ခြင်းရှိ၊ မရှိ၊ နေထိုင်ခွင့်ကျော်လွန် နေထိုင်ခြင်းရှိ၊ မရှိ တာဝန်ခံမည့် သက်ဆိုင်ရာဝန်ကြီးဌာန ရှိ၊ မရှိ တို့ကို စဉ်ဆက်မပြတ် စိစစ်ကြပ် မတ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

လက်ရှိ မန္တလေးခရိုင်တွင် လူဦးရေ (၁၇)သိန်းကျော်ရှိပြီး ကိုးကွယ်သည့်ဘာသာအလိုက် လူဦး ရေနေထိုင်မှုတွင် ဗုဒ္ဓဘာသာဝင်၁၆ သိန်းကျော်၊ ခရစ်ယာန်ဘာသာ ၈၆၀၀ ကျော်၊ အစ္စလာမ်ဘာသာဝင် ခြောက်သောင်းကျော်၊ ဟိန္ဒူ ဘာသာဝင် တစ်သောင်းခွဲကျော် နှင့် အခြား ၁၄၀ ကျော် ရှိသည်ဟု ဆိုသည်။

မန္တလေးခရိုင်အတွင်း နေထိုင်သော လူမျိုးများတွင်မြန်မာနိုင်ငံ၌ ကြီးပြင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများအပြင် တရုတ်လူမျိုးလေးသောင်းကျော်၊ အိန္ဒိယလူမျိုး ခြောက်သောင်းရှစ်ထောင်ကျော်၊ ဘင်္ဂလားဒေ့ရှ် လူမျိုး ၁၂၀၀ ကျော်နှင့် နီပေါ ၁၆၀၀ ကျော်နေထိုင်သည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနမှ သတင်းရရှိ သည်။

ဗီဇာစည်းကမ်းနှင့်အညီ ၀င်ရောက်နေထိုင်ခြင်းမရှိသော နိုင်ငံခြားသားများကို ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ (၄)၊ ပုဒ်မ (၂)၊ ဥပဒေပုဒ်မ (၁၃)၊ ပုဒ်မခွဲ (၁)တို့ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ ပြီး နိုင်ငံခြားသားများရောက်ရှိနေထိုင်မှုကို သတင်းပို့ရန် ပျက်ကွက်သော အိမ်ရှင်၊ ကုမ္ပဏီတာဝန်ခံများနှင့် တာဝန်ခံများကိုလည်း ၁၉၄၀ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၅)၊ ပုဒ်မခွဲ (၁)အရ အရေးယူ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်း က ပြောသည်။

http://www.7daydaily.com/
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက အီရတ်တွင်သာ မကဘဲ ဆီးရီးယားတွင်ပါ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ပြီး အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို ဖြိုခွင်းသွားမည်ဟု ကြေညာခဲ့သည်။

အမေရိကန် တိုက်လေယာဉ်များသည် အီရတ်တွင် လှုပ်ရှားနေသည့် IS တပ်ဖွဲ့များကို လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်နေခဲ့ပြီး ဖြစ်သည်။ ယခုအခါ အီရတ်ရှိ ဝေဟင်ထိုးစစ် ဆင်နွှဲမှုများကို အရှိန်မြှင့်တင်မည်ဖြစ်ပြီး ဆီးရီးယားတွင်ပါ ဖြန့်ကျက် တိုက်ခိုက်သွားရန် အိုဘားမားက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ သက်တမ်းတစ်လျှောက်တွင် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ စစ်ဆင်ရေးများ ဆင်နွှဲမှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်လေ့ရှိသည့် အိုဘားမားသည် ဆီးရီးယားနှင့် အီရတ်တို့တွင် ဩဇာကြီးလာပြီး ရက်စက်ကြမ်းကြုတ်သည့် အပြုအမူများ ကျူးလွန်နေသည့် စစ်သွေးကြွ အဖွဲ့နှင့် ပတ်သက်၍ မူဝါဒသစ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က သိပ်ကို ရှင်းလင်းပါတယ်။ ISIL (IS၏ ယခင်အမည်ဟောင်း) အဖွဲ့ရဲ့ အင်အားကို ဆုတ်ယုတ်သွားအောင် လုပ်ဆောင်မယ်။ အဲဒီကနေတစ်ဆင့် အဆုံးစွန် ပျက်သုဉ်းသွားစေမယ်။ ISIL ကို တိုက်ခိုက်ဖို့အတွက် ထိရောက်ပြီး ရှည်ကြာတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ် ဖော်ဆောင်ရပါမယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောချင်တာက အမေရိကန်ဟာ ကိုယ့်နိုင်ငံကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက် သမားတွေကို လိုက်လံရှာဖွေ ချေမှုန်းမယ်။ သူတို့ ဘယ်နေရာမှာပဲ ရှိရှိပါ။ ဒါကြောင့် ဆီးရီးယားမှာဖြစ်စေ၊ အီရတ်မှာဖြစ်စေ ရှိနေတဲ့ ISIL အဖွဲ့တွေအပေါ် တိုက်ခိုက်ဖို့ ကျွန်တော် နှောင့်နှေးနေမှာ မဟုတ်ဘူး”ဟုလည်း ဆိုသည်။ အိုဘားမားသည် ရုပ်မြင်သံကြား မိန့်ခွန်းအတွင်းတွင် အစ္စလာမ်မစ် နိုင်ငံတော်ဆိုသော စကားလုံး၏ အတိုကောက်ဖြစ်သော IS ဆိုသည့် အမည်ကို ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲ ခေါ်ဝေါ်သွားသည်ကို တွေ့ရသည်။

ISအဖွဲ့သည် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့် အနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသား သတင်းထောက် နှစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်သည့် ဗီဒီယိုများကို လွှင့်တင်ခဲ့သည်။ အဆိုပါ အခြေအနေသည် အမေရိကန်အပေါ် IS က ကြီးကြီးမားမား ခြိမ်းခြောက်လာမှုကို ညွှန်ပြနေကြောင်း နိုင်ငံတကာရေးရာ အကဲခတ်များက ယူဆထားသည်။

အိုဘားမားက “သမ္မတ တစ်ယောက် အနေနဲ့ ကျွန်တော် ကျင့်သုံးတဲ့ အခြေခံ အနှစ်သာရက အမေရိကန်ကို ခင်ဗျားတို့ ခြိမ်းခြောက်ခဲ့တယ်ဆိုရင် ခင်ဗျားတို့အတွက် လုံခြုံတဲ့ နိဗ္ဗာန်ဘုံတစ်ခု ရှာတွေ့မှာ မဟုတ်ဘူး ဆိုတာပဲ”ဟုလည်း ထည့်သွင်း ပြောကြားသွားသည်။

IS အဖွဲ့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားတို့ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် သတ်မှတ် ထူထောင်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် မျိုးနွယ် ကွဲပြားသူများအပေါ် ရက်စက်စွာ ပြုမူနေသည့် အစွန်းရောက် စစ်သွေးကြွ အဖွဲ့ဖြစ်သည်။ အိုဘားမားက IS တို့အပေါ် တိုက်ခိုက်ခြင်းသည် အီရတ်နှင့် အာဖဂန် နစ္စတန်တို့တွင် ဆင်နွှဲခဲ့သည့် စစ်ပွဲများကဲ့သို့ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ပြီး အမေရိကန် ခြေလျင်တပ်များ သွားရောက် တပ်စွဲသည့် အခြေအနေမျိုး မဖြစ်နိုင်ကြောင်း အလေးအနက် ရှင်းလင်းခဲ့သည်။

“အမေရိကန် ပြည်သူတွေ အားလုံးကို သေချာ နားလည်စေချင်တာက အီရတ်နဲ့ အမေရိကန် စစ်ပွဲတွေနဲ့ယှဉ်ရင် လက်ရှိ လုပ်ဆောင်မှုတွေက ဘယ်လိုဘယ်ပုံ ကွာခြားတယ် ဆိုတာကိုပါ။ နိုင်ငံခြား တိုင်းပြည်တွေမှာ အမေရိကန်ရဲ့ မြေပြင်တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်တာမျိုး ရှိလာမှာ မဟုတ်ပါဘူး”ဟု အိုဘားမားက ပြောကြားသွားသည်။

_Ref: Channelnewsasia

ဓမ္မစေတီခေါင်းလောင်းရှာဖွေရာ မြစ်ဆုံဝန်းကျင်ကိုတွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့် ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသည့် အဖွဲ့ကို ခွင့်ပြုချက်ပေးထားသော ရန်ကုန်တိုင်းအစိုးရအနေဖြင့် စိစစ်ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်ကြောင်းမွန်သမိုင်း သုတေသနအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘တိုင်းအစိုးရ အားနည်းချက် ဖြစ်တယ်။ မရေရာတဲ့ကိစ္စကို ခွင့် ပြုတာ၊ ဘာလို့ခွင့်ပြုတာလဲ၊ ဘယ်အထောက်အထားနဲ့ ဆယ် မှာရောမေးခဲ့ရဲ့လား။ ပေါ့ပေါ့ဆ ဆ လက်မှတ်ထိုးပေးလိုက်တာ။ သိပ်စဉ်းစားထားပုံလည်း မရဘူး။ အစိုးရအဖွဲ့မှာတာဝန်ရှိတယ်’’ဟု မွန်သမိုင်းသုတေသနအသင်းတွဲ ဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ပြောသည်။


နတ်နဂါးများကိစ္စမှာသဘာဝမကျကြောင်း၊ ပြည်သူကို တလွဲ ယုံကြည်မှုပေးခြင်းအတွက် ဦးစံ လင်းအား ခွင့်ပြုချက်ချပေးခဲ့သည့် တိုင်းအစိုးရတွင် တာဝန်ရှိကြောင်း၊ ၎င်းက ဆိုသည်။

‘‘ခေါင်းလောင်းအပြင် မြတ် စွာဘုရားရွှေစင်ရုပ်တုတော်၊ ရတနာသေတ္တာတွေလည်း ပါတယ်လို့ ဦးစံလင်းက ပြောထားတယ်။ ခု ဘာမှ ပွင့်ပွင့်လင်းလင်းမသိရဘူး။ ပွင့်ပွင့်လင်းလင်းမရှိရင် မကောင်းဘူး။ ကြေညာဖို့ လိုတယ်’’ဟု အင် ဂျင်နီယာတစ်ဦးက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း အထောက်အကူပြုအဖွဲ့က ဦးစံ လင်းကို ယုံကြည်ဆဲဖြစ်ပြီး ရေငုပ် သမားအချို့ပြန်သွားပြီဟု ဆို သည်မှာ မဟုတ်မှန်ဘဲ ရေငုပ်သ မား ၁၀ ဦးလုံးဖြင့် ဆက်လက်ရှာဖွေမှုလုပ်ဆောင်နေကြောင်း ပြန် ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောသည်။

သင်္ဘောပေါ်တွင် SKY Net ရုပ်သံရိုက်ကူးရေးအဖွဲ့လည်းရှိ ကြောင်း၊ အဓိက အလှူရှင်တစ်ဦးမှာလည်း သင်္ဘောမှ စွန့်ခွာခြင်းမရှိဘဲသင်္ဘောပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့က ဆိုသည်။

အစိုးရအနေဖြင့် ခေါင်း လောင်းရှာဖွေရေးအဖွဲ့ကို စိစစ် ကြပ်မတ်ခြင်း၊ ထိန်းသိမ်းခြင်း နည်းတစ်ခုခုကို ပြုလုပ်သင့် ကြောင်း အင်ဂျင်နီယာတစ်ဦးက လည်းပြောသည်။

တိုင်းလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးဦးက ဓမ္မစေတီခေါင်းလောင်းနှင့်ပတ် သက်၍ ဦးစံလင်းအဖွဲ့ကို တိုင်း အစိုးရမှ လုပ်ပိုင်ခွင့်မည်သို့ချပေး ခဲ့သည်ကို မေးခွန်းမေးမြန်းသင့် ကြောင်း နိုင်ရဲဇော်က ဆိုသည်။

ယခင်ရက်များတွင် နေ့စဉ် လူထောင်ကျော်ခန့် သွားရောက် ကြည့်ရှုသော အေးရှားပွိုင့်ဘိုး လင်းစင်တာကမ်းစပ်၌ ယခုရက် ပိုင်းတွင် လူဆယ်ဂဏန်းသာ သွား ရောက်ကြည့်ရှုတော့သည်။ ရှာဖွေရေးအဖွဲ့က မည်သည့်အနက်တွင် တွေ့ရှိသည်ဟု နေ့စဉ်တိုးတက်မှုများပြော ရမည့်အစား လျှို့ဝှက်နေ၍ လူများယုံကြည် မှုလျော့ကျလာခြင်း ဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ ရက်က စတင် ခဲ့ပြီး ဦးစံလင်းက ခေါင်းလောင်း ရှာတွေ့ပြီဟု သြဂုတ် ၂၆ ရက်၌သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ် ပြန်ပြီးနောက် ခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းလုပ်ဆောင် ရန် နောက်ထပ် ၁၇ ရက် ထပ်တိုး လုပ်ဆောင်သွားမည်ဟု ပြောခဲ့ပြီးစက်တင်ဘာ ၁၁ ရက်ဆိုလျှင် ၁၆ ရက်ပြည့်မြောက်ပြီ ဖြစ်သည်။
7Day News Journal

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမ စိန်ရတု အခမ်းအနားသို့ တက်ရောက်ကြ သူများ အထဲမှ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာနေ ဦးဆောင်သူများ၏ မှတ်ပုံတင်နံပတ်၊ မိဘမှတ်ပုံနံပတ်၊ ဖုန်းနံပတ်များနှင့် နေရပ်လိပ်စာများကို ရဲတပ်ဖွဲ့မှ ယမန်နေ့က လာရောက် တောင်းယူသွားကြောင်း တာမွေမြို့နယ် ကျောက်မြောင်း အောင်မင်္ဂလာလမ်းနေ ရခိုင်လူငယ်အဖွဲ့ ခေါင်းဆောင် ကိုမောင်ကျော်ခိုင်မှ ပြောကြားသည်။

ယင်းသို့ လာရောက်တောင်းယူခြင်း မပြုမှီ စက်တင်ဘာလ (၉) ရက်နေ့ကလည်း ဆရာတော် ဦးဥတ္တမနေ့ စိန်ရတု အခမ်းအနားသို့ တက်ရောက်ကြမည့် မော်တော်ယာဉ်များအား ရပ်ကွက် တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဟန့်တားစစ်ဆေးမူများရှိခဲ့သည်ဟု ဆိုသည်။

’’ ကျွန်တော်တို့ က ဆရာတော်ဦးဥတ္တမအခမ်းအနားကို ကျောက်မြောင်းကနေ ကားနဲ့ သွားဖို့ လုပ်နေစဉ်မှာ ကျောက်မြောင်းရပ်ကွက် ဥက္ကဌ ဦးစိုးမြင့်ရယ်၊ ဘိုးလိန်း အောင်မင်္ဂလာရပ်ကွက် ဥက္ကဌရယ်၊ ပြီးတော့လ၀ကပါတယ်။ မြိုနယ်မှူးပါတယ်၊ နယ်ထိန်းတစ်ယောက် ပါတယ်။ အကုန်(၆)ယောက်ပါတယ်။ သူတို့ က ခွင့်ပြုချက်မရဘဲ လုပ်တာဖြစ်တာကြောင်းနဲ့ မင်းတို့ ကိုဖမ်းမယ်။ ခွင့်ပြုချက်မရဘဲ ကားတွေထွက်လို့  မရဘူး။ လူစုလူဝေးနဲ့  ခွင့်ပြုချက်မရဘဲလုပ်တာဖြစ်တာကြောင်း သွားလို့ မရဘူး။ ဖမ်းခွင့်ရှိတယ်ဆိုပြီး ပြောပါတယ်” ဟု ပြောသည်။

ယင်းဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တာမွေမြို့နယ် ကျောက်မြောင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အောင်မင်္ဂလာလမ်းနေ ရခိုင်လူငယ်အဖွဲ့ မှ ဆရာတော် ဦးဥတ္တမအခမ်းအနားသို့ သွားရန်လုပ်နေစဉ်အချိန်တွင် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်ဥက္ကဌ ဦးပါကြီးနှင့် ကျောက်မြောင်းရပ်ကွက် ဥက္ကဌဦးစိုးမြင့်တို့ သည် ရဲများကိုခေါ်ယူလာခဲ့ကြောင်း၊ ကားနံပါတ်များအား ရေးမှတ်ခြင်း၊ မှတ်ပုံတင်နံပါတ်များကိုတောင်းခြင်း၊ ဦးဆောင်သူများ ဖုန်းနံပါတ်များ တောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင် ခြိမ်း ခြောက်များပြုလုပ်ခဲ့ကြောင်း သူကဆိုသည်။

“ ဒါ့အပြင် ဆရာတော်ဦးဥတ္တမအကျီ င်္ဝတ်ထားတဲ့ သူတွေကိုဖမ်းမယ်။ ဆရာတော် ဦးဥတ္တမ အကျီင်္ဝတ်ထားသူတွေကို အကျီင်္တွေကို ချွတ်ခိုင်းတယ်။ ဒါမျိုးတွေကိုလည်း သူတို့က လုပ်ခိုင်းတယ်” ၄င်းမှ ဆက်လက်ပြောသည်။

အဆိုပါကိစ္စနဲ့  ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှ တာမွေမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူးမှ ယခုကဲသို့  ပြောသည်။

“ တားစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့ လူတွေက သတင်းယူပြီးတော့ သတင်းတင်ထားတာလေ။ ရခိုင်သားရေးရာ ၀န်းကြီး ကိုယ်တိုင်း ဦးစီးပြီးတော့ ဆရာတော်ဦးဥတ္တမအခမ်းအနားကို လုပ်တော့ သူတို့ အဖွဲ့ သွားနေတဲ့ အချိန်မှာ ကျွန်တော်တို့ က သတင်းတော့ သွားယူရတာပေါ့။ ဘယ်နေရာကနေ ဘယ်ကိုထွက်သွားတယ်။အဲ့သတင်းကိုအထက်ကိုတင်ပြတယ်။ ဒါပဲ ၊ ဘာကြောင်းတားရမှာလဲ၊ တားစရာ အကြောင်းမရှိဘူး။ မလိုအပ်တဲ့အကြောင်းနဲ့  မလိုအပ်တဲ့ သတင်းတွေပေါ်လာလို့ဘဲ ဒီအချိန်မှာ အဲ့လောက်ပြဿာနာတွေ တက်နေကြတာ။ ကျွန်တော်ရဲစခန်း မဟုက်ဘဲ နောက်တစ်ခြားလုပ်တဲ့အပိုင်းကျတော့ ကျွန်တော်တို့  မသိဘူး” ဟု ပြောသည်။

ဆရာတော် ဦးဥတ္တမနေ့က တက်ရောက်မည့်သူ များပြားမူကြောင့် ယင်းနေ့က ကား(၃) စီးနဲ့  မလုံးလောက်၍ နောက်ထက်ကားကြီး ( ၂) စီစဉ်နေစဉ် ရပ်ကွက်လူကြီးများနှင့် ရဲတပ်ဖွဲ့ဝင်အချို့ လာရောက်စစ်ဆေးခဲ့ပြီး နောက်တစ်နေ့တွင်လည်း ဦးဆောင် စီစဉ်သူများ မှတ်ပုံတင်နံပါတ်၊ မိဘမှတ်ပုံတင်များ၊ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများကို လာရောက် တောင်းယူသွားခဲ့သည်။

( နိရဉ္စရာ- ၁၁ စက်တင်ဘာ ၂၀၁၄) / ၀ဏ္ဏခွာညို (ရန်ကုန်)
http://www.narinjara.com/burmese/?p=11880

အမေရိကန် ပြည်ထောင်စုကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံ ခဲ့ရတာ ၁၃ နှစ်မြောက် အဖြစ် ၀မ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားနှစ်ခုကို သမ္မတ ဘရာ့ခ် အိုဘားမား တက်ရောက်ပါတယ်။

နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးဌာန WTC အဆောက်အဦးနှစ်ခုထဲက တခုကို၊ ပြန်ပေးဆွဲခံရတဲ့ ပထမ ခရီးသည်တင် လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့အချိန်မှာ ကျင်းပပြုလုပ်မယ့် သမ္မတအိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်က အစီအစဉ်မှာ သမ္မတအိုဘားမားနဲ့ အတူ သမ္မတကတော် မီရှဲလ် အိုဘားမား၊ ဒုတိယသမ္မတ ဂျိုး ဘိုင်ဒန်တို့လည်း တက်ရောက်ကြပါတယ်။

အဲ့ဒီနောက် အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်မှာလုပ်မယ့် အခမ်းအနားကိုလည်း သမ္မတနဲ့ သမ္မတကတော်တို့ တက်ရောက်ကြ ပါမယ်။ ပြန်ပေးဆွဲခံရတဲ့ တတိယ ခရီးသည်တင်လေယာဉ် ပန်တဂွန်စစ်ဌာနချုပ် အဆောက်အဦးပေါ် ပျက်ကျခဲ့တုန်းက လူရာနဲ့ချီ သေဆုံးခဲ့ရတာပါ။

အီရတ်နဲ့ဆီးရီးယားတို့မှာ လှုပ်ရှားနေတဲ့ အစ္စလာမ်စစ်သွေးကြွ IS အဖွဲ့ကို တိုက်ခိုက်နှိမ်နင်းမယ့် မဟာဗျူဟာကို မစ္စတာ အိုဘားမား ဗုဒ္ဓဟူးနေ့က ကြေညာ ခဲ့ပြီးတဲ့နောက် ဒီကနေ့ကျရောက်တဲ့ 9-11 နှစ်ပတ်လည်နေ့မှာ ၀မ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်တွေ ကျင်းပမှာဖြစ်ပါတယ်။

နယူးယောက်မြို့မှာတော့ WTC အဆောက်အဦးတွေကို ၀င်တိုက်ခံ ရပြီးတဲ့နောက် သေဆုံးသွားသူ ၃၀၀၀ နီးပါးရဲ့ မိသားစုဝင်တွေက သေဆုံး သွားသူတွေ ရဲ့ နာမည်တွေကိုဖတ်ပြီး ၀မ်းနည်းကြေကွဲဖွယ် အထိမ်းအမှတ် ကျင်းပကြမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/september-11-obervance/2446224.html


ရက်ပေါင်း ၁၇ဝကျော်ကြာ သပိတ်စခန်းဖွင့်လှစ်ထားတဲ့ မိကျောင်းကန်ဒေသခံတွေရဲ့ ဆန္ဒပြမှု ရပ်တန့်ဖို့နဲ့ သပိတ်လှန်ဖို့အတွက်ကတော့ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်နဲ့ လယ်ယာကော်မတီဥက္ကဌ ဦးတင်ထွဋ်တို့ရဲ့ လုပ်ဆောင်ချက်ပေါ် မူတည်နေတယ်လို့ သပိတ်ကိုဦးဆောင်နေတဲ့ မနေနွယ်သန်းက ပြောလိုက်ပါတယ်။ မိကျောင်းကန်ဒေသခံတွေ ဘာကိုလိုချင်နေကြတာလဲ။

သင်္ဃန်းကျွန်းမြို့နယ်ဝေဇယန္တာလမ်းပေါ်က မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ နဲ့ပတ်သက်ပြီး ဆန္ဒပြတာ ၉ကြိမ်၊ သပိတ်စခန်းဖွင့်တာ ၃ကြိမ်ရှိနေတဲ့ ဒေသခံတွေက အစိုးရရဲ့ အာမခံချက် တစုံတရာမရှိဘဲ သပိတ်စခန်း ရပ်ဆိုင်းပေးလိုက်ရင် ပဋိပက္ခတွေဆက်ဖြစ်လာတဲ့အခါ အစိုးရက တရားခံဖြစ်မှာလို့ စွပ်စွဲချင်တယ်လို့ ပြောပါတယ်။

သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို အမှု ၆မှုနဲ့ အလုပ်ကြမ်း ၈လ၊ ထောင် ၂နှစ်ကို စက်တင်ဘာ ၁ဝရက်နေ့က ချမှတ်ခဲ့တဲ့အပေါ် မတရားမှုတွေပါဝင်ပေမယ့် ဥပဒေလေးစားလိုက်နာတဲ့အတွက် ဘာတစ်ခုမပြောချင်ဘူးလို့ ဆိုပါတယ်။ မြန်မာအစိုးရကသာ ဥပဒေလိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်တပ်က အဓမ္မသိမ်းယူခဲ့တဲ့ ဘိုးဘွားပိုင်မြေတွေကို ပြန်ရရှိရေး မိကျောင်းကန်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်လို့ ဦးခိုင်မောင်ရည်က စက်တင်ဘာအကုန်မှာ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဖို့ရှိတယ်လို့ ဆိုပါတယ်။ သိမ်းဆည်းခံရတဲ့မြေတွေ အစားထိုးပြန်ရဖို့၊ ဒါမှမဟုတ် ထိုက်သင့်တဲ့ လျော်ကြေးငွေရဖို့ ၃နှစ်ကြာ တောင်းဆိုနေမှုကို အာဏာပိုင်တွေက ပြည်ပအထောက်အပံ့နဲ့ လုပ်နေတယ်လို့ စွပ်စွဲနေပေမယ့် လက်တွေ့မှာတော့ ဈေးတွေထဲ အလှူခံပြီး ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

မိကျောင်းကန် သပိတ်စခန်းဟာ ၃ကြိမ်တိတိ အဓမ္မဖြိုခွင်းခံခဲ့ရပြီး အခုနောက်ဆုံး တတိယမြောက်အဖြစ် ရက်ပေါင်း ၁၇ဝကျော်ကြာ တောင်းဆိုမှုမှာ လူတစ်ရာလောက်ပဲ ကျန်ပါတော့တယ်။ သပိတ်ကို ဖြိုခွင်းမယ်ဆိုရင်လည်း လည်စင်းခံသွားပါမယ်လို့ မနေနွယ်သန်းက ပြောပါတယ်။
ုKamayut media


ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တဲ့ထဲက ၁၉၇၂ခုနှစ်က ရက် ၄ဝကြာ နယ်မြေစိုးမိုးရေးတိုက်ပွဲတစ်ခုဖြစ်တဲ့ ကွမ်းလုံတိုက်ပွဲအကြောင်းဖြစ်ရပ်မှန်ကို ဒါရိုက်တာ ပန်းချီစိုးမိုးက ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းတော့မှာဖြစ်ပါတယ်။ ကွမ်းလုံရက် ၄ဝ တိုက်ပွဲ ဖြစ်ရပ်မှန် ကို တကယ်ပဲ ထင်ဟပ်စေမယ့် ဇာတ်ကားလား။

ကွမ်းလုံ ရက် ၄ဝတိုက်ပွဲကို မတိုက်နိုင်ရင် သံလွင်မြစ်အရှေ့ခြမ်းတစ်လုံးကို မြန်မာစစ်တပ်အနေနဲ့ လက်လွှတ်ရမှာဖြစ်တာကြောင့် မြန်မာ့သမိုင်းအတွက် အရမ်းအရေးကြီးတယ်လို့ ကွမ်းလုံ ရက် ၄ဝတိုက်ပွဲကို ရေးသားပြုစုတဲ့ စာရေးဆရာ လှသောင်းက ပြောပါတယ်။ ဖြစ်ရပ်မှန်တွေကို သေသေချာချာ ကွင်းဆင်းလေ့လာပြီး ရေးထားတာကြောင့် ပီပီပြင်ပြင် ရိုက်ကူးဖို့တော့ လိုတယ်လို့ သူက ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စီစဉ်ထုတ်လုပ်တဲ့ ဒီဇာတ်ကားကို စက်တင်ဘာ ၁၁ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကန်တော့ပွဲလုပ်ခဲ့ပါတယ်။ သရုပ်ဆောင်အဖြစ် ဇင်ဝိုင်း၊ မေသဉ္ဇာဦး၊ သူထူးစံ၊ ဝေဠုကျော်၊ မင်းမော်ကွန်း၊ ရဲအောင်၊ ခင်ဇာခြည်ကျော်၊ ခိုင်သင်းကြည်တို့အပါအဝင် တပ်မတော်သားတွေ၊ အိမ်ထောင်သည်ရဲမေတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ကွမ်းလုံတိုက်ပွဲဟာ သမိုင်းတစ်ခုဖြစ်တာကြောင့် တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း သူရအေးရွှေက ဒီဖြစ်ရပ်ကို သားစဉ်မြေးဆက် သိသွားမှာမို့ ဝမ်းသာတယ်လို့ အစချီပြီး ကွမ်းလုံတိုက်ပွဲအကြောင်း ပြန်ပြောပြပါတယ်။

ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တိုက်ပွဲအကြောင်း ပြန်ရိုက်လို့ ဝမ်းသာတာထက် ပြည်သူနဲ့တပ်မတော်ကို တစ်သားတည်းဖြစ်အောင် လုပ်ပေးတဲ့ကိစ္စမို့ ဟိုတုန်းက စွန့်စားခဲ့ရသလိုပဲ အခုလည်း တန်ဖိုးရှိပါတယ်လို့ ယူဆသူကတော့ အငြိမ်းစားဗိုလ်ကြီး သိန်းမြင့်ပါ။
Kamayut media

စက်တင်ဘာ ၁၀။ ၂၀၁၄၊
ဝါရှင်တန် ဒီစီ
+++++++++++++++++++++++++++++++++++++++++++++++
အမေရိကန်ပြည်သူများခင်ဗျာ
ဒီညမှာ ပြည်သူတွေကို ကျနော့် အစီရင်ခံချင်တာက ကျနော်တို့ရဲ့ မိတ်ဆွေတွေ၊ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အိုင်ဆယ် (ISIL) အကြမ်းဖက်အုပ်စုကို အင်အားဆုတ်ယုတ်အောင်၊ နောက်ဆုံးမှာ ချေမှုန်းပစ်ဖို့ အမေရိကန်ပြည်ထောင်စုက ဘာတွေ လုပ်သွားမလဲဆိုတဲ့ အကြောင်းဖြစ်ပါတယ်။
စစ်ဦးစီးချုပ်တယောက်အနေနဲ့ အမေရိကန် ပြည်သူတွေရဲ့ လုံခြုံရေးကို ကျနော့်အနေနဲ့ အမြင့်မားဆုံး ဦးထိပ်ထားပါတယ်၊ ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်းများစွာတလျှောက်လုံးမှာလည်း ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံကို ခြိမ်းခြောက်တဲ့ အကြမ်းဖက်သမားတွေကို တစိုက်မတ်မတ် တိုက်ခိုက်ခဲ့ပါတယ်၊ အိုစမာဘင်လာဒင်ကို ရှင်းပစ်နိုင်ခဲ့သလို၊ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်မှာလည်း အယ်ကိုင်းဒါ ခေါင်းဆောင်တွေ အတော်များများကို ဖယ်ရှားနိုင်ခဲ့ပါတယ်၊ ယီမင်မှာလည်း အယ်ကိုင်းဒါး အဖွဲ့ခွဲကို ပစ်မှတ်ထားပြီး ဆိုမာလီယားမှာ အယ်ကိုင်းဒါးအဖွဲ့ခွဲရဲ့ ထိပ်ပိုင်း တပ်မှူးတယောက်ကို သုတ်သင်နိုင်ခဲ့ပါတယ်၊ ဒီလို တိုက်ခိုက်နေတဲ့ တချိန်တည်းမှာ အီရတ်မြေပေါ်က အမေရိကန်တပ်သား တသိန်းလေးသောင်းကို အမိမြေ ပြန်ခေါ်နိုင်သလို၊ အာဖဂန် နစ္စတန်မြေပေါ်က အမေရိကန် တပ်သားကိုတွေကိုလည်း ပြန်ခေါ်နိုင်ခဲ့ပါတယ်။ ဒီနှစ်ကုန်ဆိုရင် အာဖဂန်မြေပေါ်မှာ အမေရိကန်တပ်သားတွေ တိုက်ခိုက်ရေး မစ်ရှင် ကို အဆုံးသတ်နိုင်ပါတော့မယ်။ စစ်တပ်နဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကျွမ်းကျင်သူတွေအားလုံးရဲ့ ကျေးဇူးကြောင့် အမေရိကားဟာ ပိုပြီး လုံခြုံလာပါတယ်။
ဒါပေမယ့် ကျနော်တို့ဟာ အကြမ်းဖက် အန္တရာယ်နဲ့ ရင်ဆိုင်နေတုန်းပါပဲ၊ ကမ္ဘာပေါ်မှာ ရှိသမျှ မကောင်းဆိုးရွားတိုင်းကို ကျနော်တို့ မချေဖျက်နိုင်ပါဘူး။ လူသတ်သမားဟာ အုပ်စုငယ်ရင်လည်း ကြီးစွာသော အန္တရာယ်ကို ပေးနိုင်ပါတယ်။ စင်တင်ဘာ ၁၁ ရက် အဖြစ်အပျက်မတိုင်ခင်ကနေ ဒီနေ့အထိ ဒီအချက်က မှန်ကန်နေတုန်းပါပဲ။ ဒါကြောင့် ကျနော်တို့ဟာ အကြမ်းဖက် အန္တရာယ်ကို သတိကြီးကြီးထားဖို့ လိုအပ်နေရတာ ဖြစ်ပါတယ်။ ဒီနေ့ကာလမှာ အကြီးမားဆုံး အန္တရာယ်တွေဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အမေရိကန် ဒေသကနေ ထွက်ပေါ်လာနေပါတယ်။ အစွန်းရောက်အုပ်စုတွေဟာ အဓမ္မတရားကို သူတို့ကိုယ်ပိုင် အကျိုးစီးပွားအတွက် အမြတ်ထုတ်နေကြတယ်။ ဒီအဖွဲ့တွေထဲမှာ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်ဆယ် (ISIL) အဖွဲ့လည်း ပါဝင်ပါတယ်။

ဒီနေရာမှာ အချက်နှစ်ချက်ကို ရှင်းရှင်းလင်းလင်းပြောပါမယ်။ အိုင်ဆယ် (ISIL) အဖွဲ့ဟာ အစ္စလာမ္မ်ဝါဒီ မဟုတ်ပါဘူး။ အပြစ်မဲ့တွေကို သတ်ဖြတ်ဖို့အတွက် ဘယ်ဘာသာတရားက ခွင့်မပြုထားပါဘူး။ အိုင်ဆယ် အဖွဲ့က သတ်ဖြတ်တာကို ခံရသူ အများစုကြီးဟာ မွတ်စလင်တွေပါ။ နောက်တချက်ကတော့ အိုင်ဆယ်အဖွဲ့ဟာ နိုင်ငံတခုလည်း မဟုတ်ပါဘူး။ ဒီအဖွဲ့ဟာ နဂိုက အီရတ်မြေပေါ်က အယ်ကိုင်းဒါးနဲ့ ဆက်နွယ်တဲ့ အဖွဲ့တဖွဲ့ပါ၊ ဘာသာရေးအခြေခံတဲ့ မငြိမ်သက်မှုနဲ့ ဆီးရီးယား ပြည်တွင်းစစ်ကို အခွင့်ကောင်းယူပြီး အီရတ်-ဆီးရီးယား နယ်စပ်မှာ နယ်မြေတွေ ရရှိခဲ့တာသာဖြစ်ပါတယ်။ ဘယ်အစိုးရမှ သူတို့ကို အသိအမှတ်မပြုသလို သူတို့အုပ်ချုပ်ထားတဲ့ ပြည်သူဆိုတာလည်း မရှိပါဘူး။ အိုင်ဆယ်အဖွဲ့ဟာ အကြမ်ဖက်အဖွဲ့ သက်သက်ပါပဲ။ သူတို့လမ်းကြောင်းမှာ မြင်မြင်သမျှ လူတိုင်းကို သတ်ဖြတ်တာကလွဲလို့ ဘယ်လိုအမြင်မှလည်း မရှိပါဘူး။

သွေးထွက်သံယိုမှုအရာမှာ ထင်ရှားတဲ့ ဒေသမှာတောင် ဒီအကြမ်းဖက်သမားတွေဟာ ရက်စက်မှုအရာမှာ ပြိုင်စံရှားပါပဲ။ အကျဉ်းသားတွေကို ကွပ်မျက်တယ်။ ကလေးငယ်တွေကို သတ်ပစ်တယ်။ ကျွန်ပြု၊ မုဒိမ်းကျင့်၊ အမျိုးသမီးတွေကို အလိုမတူဘဲနဲ့ အိမ်ထောင်ချတယ်။ ဘာသာရေးအုပ်စုငယ်တွေကို မျိုးဖြုတ်မယ်လို့ ခြိမ်းခြောက်တယ်။ အမေရိကန်လူမျိုး ဂျာနယ်လစ်နှစ်ယောက် ဖြစ်တဲ့ ဂျင်းဖော်လေ နဲ့ စတီဗင် ဆောလော့ဖ်တို့ကို လူရိုင်းဆန်ဆန် သတ်ဖြတ်ပစ်ခဲ့တယ်။
ဒါကြောင့် အိုင်ဆယ် အဖွဲ့ဟာ အီရတ်ပြည်သူ၊ ဆီရီးယား ပြည်သူတွေနဲ့ အရှေ့အလယ်ပိုင်းတခုလုံးအတွက် အန္တရာယ်ပဲ။ ဒီဒေသထဲမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေ၊ အမေရိကန် တပ်သားတွေ၊ အမေရိကန် အရင်းအမြစ်တွေအတွက် အန္တရာယ်ဖြစ်တယ်။ ဒီအကြမ်းဖက်သမားတွေကို ဒီအတိုင်း လွှတ်ပေးထားရင် အန္တရာယ်ဟာ ဒေသကို ကျော်လွန်လာနိုင်တယ်။ အမေရိကန် မြေပေါ်အထိလည်း ရောက်လာနိုင်တယ်။ လောလောဆယ်မှာ အမေရိကန် မြေကို တိုက်ခိုက်မယ့် အစီအစဉ်တွေ မတွေ့ရသေးပေမယ့် အိုင်ဆယ်ခေါင်းဆောင်တွေဟာ အမေရိကားနဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်နေတယ်။ ကျနော်တို့ ထောက်လှမ်းရေးသတင်းတွေအရလည်း ဥရောပသားတွေ၊ အမေရိကန်တွေ အပါအ၀င် ထောင်နဲ့ချီတဲ့ နိုင်ငံရပ်ခြား တိုက်ခိုက်ရေးသမားတွေဟာ ဆီရီးယားနဲ့ အီရတ်မှာ ရောက်နေကြတယ်။ ဒီတိုက်ခိုက်ရေးသမားတွေဟာ သင်တန်းတွေတက်၊ တိုက်ရည်ခိုက်ရည်ဝပြီး အမိမြေတွေဆီ ပြန်တဲ့အခါ သတ်ဖြတ်တိုက်ခိုက်လာနိုင်တယ်။

ဒီလို အန္တရာယ်တွေကို အမေရိကန်ပြည်သူတွေ စိုးရိမ်နေမယ်ဆိုတာကို ကျနော် သိပါတယ်။ ဒါကြောင့် ဒီညမှာ ကျနော် အသိပေးချင်တာက အမေရိကန်ပြည်ထောင်စုဟာ ခြိမ်းခြောက်လာတဲ့ အန္တရာယ်ကို အင်နဲ့အားနဲ့ ပြတ်ပြတ်သားသား ရင်ဆိုင်သွားမယ်ဆိုတာပါပဲ။ ပြီးခဲ့တဲ့လတုန်းကပဲ အိုင်ဆယ်အဖွဲ့ ရှေ့မတက်နိုင်အောင် တားဆီးနိုင်မယ့် ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် စစ်တပ်ကို ကျနော် အမိန့်ပေးခဲ့တယ်။ ဒီနောက်ပိုင်းမှာ အီရတ်မြေပေါ်မှာ အောင်မြင်တဲ့ လေကြောင်း စစ်ဆင်ရေးပေါင်း ၁၅၀ လုပ်ခဲ့တယ်။ ဒီစစ်ဆင်ရေးကြောင့် အမေရိကန်တပ်သားတွေ၊ အမေရိကန် အရင်းအမြစ်တွေကို ကာကွယ်နိုင်တယ်။ အီရတ်နဲ့ ကာ့ဒ် တပ်တွေကလည်း လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်သိမ်းနိုင်ဖို့ အခွင့်သာခဲ့တယ်။ ဒီလို တိုက်ခဲ့တာကြောင့် အပြစ်မဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်။
ဒါပေမယ့် ဒီတိုက်ပွဲမှာ ကျနော်တို့ ချည်းမဟုတ်ပါဘူး။ အမေရိကန်ရဲ့ အင်အားဟာ ပြတ်သားထင်ရှားတဲ့ ရလဒ်တွေကို ဖြစ်စေတာ မှန်ပေမယ့် အီရတ်တွေအတွက် အီရတ်တွေ ကိုယ်တိုင်လုပ်ရမယ့် ကိစ္စမှာ ကျနော်တို့က ကြားကနေ ၀င်မလုပ်ပေးနိုင်ဘူး။ ဒီလိုပဲ ဒေသလုံခြုံရေးကိစ္စမှာ အာရတ်မဟာမိတ်တွေက ၀င်ရမယ့် နေရာမျိုးမှာ ကျနော်တို့က ကြားကနေ ၀င်မရပ်ပေးနိုင်ဘူး။ ဒါကြောင့် အမေရိကန်ဆီက နောက်ထပ် အကူအညီတွေဟာ အီရတ်မှာ ဘက်ပေါင်းစုံ အစိုးရ (Inclusive Government) ဖွဲ့စည်းမယ့် အပေါ်မှာ မူတည် တယ်လို့ ကျနော် ရပ်ခံခဲ့တာဖြစ်ပါတယ်။ ခုရက်ပိုင်းမှာပဲ ဒီအတိုင်း သူတို့ လုပ်ပြီးသွားပါပြီ၊ ဒါကြောင့် အီရတ်အစိုးရသစ်ကလည်း ဖွဲ့စည်းပြီးဖြစ်တာရယ်၊ မဟာမိတ်တွေတော်တော်များများနဲ့ ပြည်တွင်းမှာ ကွန်ဂရက်နဲ့ ညှိနှိုင်းပြီးဖြစ်လို့ ဒီနေ့ညမှာ ကျနော် ကြေညာနိုင်ပါပြီ။ အကြမ်းဖက် အန္တရာယ် နောက်ဆုတ်သွားစေဖို့ အရေးမှာ ကျယ်ပြန်တဲ့ တပ်ပေါင်းစုကို အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပါမယ်။

ကျနော်တို့ရဲ့ ရည်မှန်းချက်က ရှင်းပါတယ်။ ဘက်စုံထောင့်စုံပြီး ရေရှည်ခိုင်မာတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး မဟာဗျူဟာကို သုံးပြီးတော့ ISIL အဖွဲ့ကို အင်အားဆုတ်ယုတ်သွားစေရမယ်။ အဆုံးတနေ့မှာ လုံးဝ ချေမှုန်းပစ်မယ်။

ပထမဆုံးကတော့ ဒီ အကြမ်းဖက်သမားတွေကို စနစ်ကျတဲ့ လေကြောင်းထိုးစစ်နည်းလမ်းတွေကို သုံးပြီး တိုက်သွားမယ်။ အီရတ်အစိုးရနဲ့ လက်တွဲပြီးတော့ ကျနော်တို့ ပြည်သူတွေနဲ့ လူသားချင်း စာနာမှု မစ်ရှင်တွေကို ကာကွယ်ရေး နည်းလမ်းဘောင်ကို ကျော်ပြီး အိုင်ဆယ် အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်။ ဒီအချိန်မှာ အီရတ် စစ်တပ်က ထိုးစစ်ဆင်မယ်။ ဒါ့အပြင် ကျနော်တို့ နိုင်ငံကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေကို ဘယ်နေရာမှာပဲ ရှိနေနေ တိုက်သွားမယ် ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်။ ဆိုလိုတာကတော့ အိုင်ဆယ် အဖွဲ့ကို ဆီရီးယား မြေပေါ်မှာ ဖြစ်ဖြစ်၊ အီရတ်မြေပေါ်မှာဖြစ်ဖြစ် တိုက်ခိုက်သွားဖို့ တုံ့ဆုတ်နေမှာ မဟုတ်ဘူး။ “အမေရိကားကို ခြိမ်းခြောက်လာရင် ဘယ်နေရာမှာပဲ ပုန်းပုန်း ပြေးမလွှတ်စေရဘူး” ဆိုတာက ကျနော် သမတ လက်ထက်မှာ ကျင့်သုံးတဲ့ အခြေခံမူပဲ။

ဒီအကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ မြေပြင်တပ်တွေကိုလည်း ကျနော်တို့ အရင်ထက် ပိုထောက်ပံ့မယ်။ အီရတ် လုံခြုံရေးတပ်တွေကို ဘယ်လိုနနည်းနဲ့ အကောင်းဆုံး ထောက်ပံ့နိုင်မလဲ ဆိုတာကို လေ့လာဖို့ ဇွန်လကတည်းက အမေရိကန် တပ်ဖွဲ့ဝင် ရာဂဏန်းတော်တော်များများ စေလွှတ်ခဲ့တယ်။ အခုဆိုရင် အဲဒီ အဖွဲ့တွေဟာ အလုပ်တွေရဲ့ ပြီးမြောက်ပြီ ဖြစ်သလို အီရတ်မှာလည်း အစိုးရဖွဲ့နို်င်ပါပြီ၊ နောက်ထပ် တပ်ဖွဲ့ဝင် ၄၇၅ ယောက်ကို အီရတ်ဆီ စေလွှတ်ဖို့ ရှိပါတယ်။ အရင်က ကျနော် အစီရင်ခံခဲ့တဲ့ အတိုင်းပဲ ဒီတပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေး မစ်ရှင် အတွက်မဟုတ်ဘူး။ အီရတ်မြေပြင် စစ်ပွဲမှာ ကျနော်တို့ နောက်တကြိမ် ဆွဲသွင်းမခံပါဘူး။ ဒါပေမယ့် ကျနော်တို့ တပ်ဖွဲ့ဝင်တွေဟာ အီရတ်နဲ့ ကာ့ဒ် တပ်တွေက သင်တန်ပေးဖို့၊ ထောက်လှမ်းရေး ကိစ္စနဲ့ လက်နက်ကိရိယာ ကိုင်တွယ်တဲ့ ကိစ္စတွေအတွက် လိုအပ်တယ်။ အီရတ် တပ်တွေ နိုင်ငံကွယ်ကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်လာဖို့နဲ့ ဆွန်နီ အသိုငးအ၀ိုင်းကလည်း အိုင်ဆယ် သူပုန်တွေရဲ့ ထိန်းချုပ်မှုအောက် မရောက်ဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့် သေချာစေဖို့ ကျနော်တို့ ကူညီသွားမယ်။
ဆီးရီးယား နယ်စပ်တကျောမှာလည်း ဆီးရီးယား အတိုက်အခံတွေကို စစ်ရေး အထောက်အပံ့တွေ တိုးပေးထားတာရှိတယ်၊ ဒီနေ့ညမှာ ကွန်ဂရက်ကို ထပ်ပြီးတော့ တောင်းဆိုချင်တာက ဒီတိုက်ခိုက်ရေး သမားတွေကို သင်တန်းတွေနဲ့ လက်နက်တပ်ဆင်ပေးနိုင်ဖို့ ကျနော်တို့ကို လုပ်ပိုင်ခွင့်အာဏာ တိုးပေးပါ။ အိုင်ဆယ်အဖွဲ့ကို တိုက်ခိုက်တဲ့ နေရာမှာ ကျနော်တို့ဟာ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ အာဆတ် အစိုးရကို အားကိုးနေလို့ မရဘူး။ အာဆတ် အစိုးရဟာ တရားဝင်မှု မရှိတော့တဲ့ အစိုးရဖြစ်သလို ဘယ်တော့မှလည်း တရားဝင်မှု ပြန်ရတော့မှာ လည်း မဟုတ်ဘူး။ ဒါကြောင့် အိုင်ဆယ် လို အစွန်းရောက် အုပ်စုတွေကို တိုက်ခိုက်တဲ့ နေရာမှာ အတိုက်အခံတွေကို အားဖြည့်ပေးရမယ်။ တချိန်တည်းမှာ ဆီရီးယား အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းအတိုင်း အားလုံးအတွက် အဖြေရှာနိုင်မယ့် လမ်းကြောင်းကို ရှာရမယ်။

တတိယအနေနဲ့ အိုင်ဆယ် ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ အကြမ်းဖက်မှု တန်ပြန် စွမ်းရည်ကိုလည်း မြှင့်တင်ရမယ်။ တခြား မဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ အိုင်ဆယ်ရဲ့ ရန်ပုံငွေ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ပိုပြီး ကြိုးစားရမယ်။ ကျနော်တို့ရဲ့ ထောက်လှမ်းရေး စွမ်းရည်ကို မြှင့်တင်ရမယ်။ သူတို့ အဖွဲ့ရဲ့ တလွဲ အယူဝါဒကို တန်ပြန်ရမယ်။ အရှေ့အလယ်ပိုင်း ဒေသနဲ့ အ၀င်အထွက် လုပ်နေတဲ့ နိုင်ငံရပ်ခြားသား တိုက်ခိုက်ရေးသမားတွေကို ထိန်းချုပ်ရမယ်။ နောက်ထပ် နှစ်ပတ်အတွင်းမှာ ကုလသမဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ကျနော်က သဘာပတိလုပ်ပြီး ကျင်းပမှာလည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ဆောင်ရွက်နိုင်စွမ်းကို ပိုပြီး စုစည်းသွားဖို့ပါပဲ။
စတုတ္ထကတော့ အကြမ်းဖက် အဖွဲ့ကြောင့် ထွက်ပြေးနေရတဲ့ အပြစ်မဲ့ အရပ်သားတွေအတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေကို ဆက်ပြီးတော့ ထောက်ပံ့သွားမယ်။ ဒါက အန္တရာယ် ကျရောက်နေတဲ့ ဆွန်နီ၊ ရှီယိုက် မွတ်စလင်တွေ၊ သောင်းနဲ့ချီတဲ့ ခရစ်ယာန်တွေနဲ့ တခြား ဘာသာဝင် လူနည်းစုတွေ အတွက် ပါဝင်ပါတယ်။ ဒီ ပြည်သူတွေကို ရှေ့ပဝေသဏီကတည်းက သူတို့နေထိုင်လာတဲ့ ဇာတိမြေက မောင်းထုတ်ခံရတာကို ကျနော်တို့ ခွင့်မပြုနိုင်ဘူး။

ဒါက ကျနော်တို့ရဲ့ မဟာဗျူဟာ ပါပဲ။ ဒီဗျူဟာလေးရပ်ထဲက တချက်ချင်းမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အခုဆိုရင်လည်း မဟာမိတ်တွေဟာ ကျနော်တို့နဲ့ အတူ လေကြောင်းကနေ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆီးရီးယား အတိုက်အခံတွေအတွက် လက်နက်နဲ့ တခြား အထောက်အပံတွေကို ချပေးနေပါတယ်။ သတင်းအချက်တွေကို ဖလှယ်နေသလို၊ ဒေါ်လာ ဘီလီယံ ချီတဲ့ လူသားချင်း စာနာမှု အကူအညီတွေကို ထောက်ပံ့ပေးနေပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီဟာလည်း ဒီနေ့ဆိုရင် အီရတ်မှာ အစိုးရသစ်နဲ့ ဆွေနွေးနေတယ်။ နောက်ရက်တွေကျရင် အရှေ့အလယ်ပိုင်းနဲ့ ဥရောပတခွင်ကို ခရီးဆန့်ပြီး ဒီတိုက်ပွဲအတွက် မဟာမိတ်တွေ ပိုပြီး စုဆောင်းသွားဖို့ ရှိပါတယ်။ အထူးသဖြင့် အီရတ်နဲ့ ဆီရီးယားမှာ ဆွန်နီ အသိုင်းအ၀ိုင်းတွေ ကိုယ်တိုင်က သူတို့ မြေပေါ်ကနေ အကြမ်းဖက်သမားတွေကို တိုက်ထုတ်နိုင်ဖို့ ကူညီလှုပ်ရှားပေးနိုင်မယ့် အာရတ် နိုင်ငံတွေကို ရည်ရွယ်ပါတယ်၊ ဒါတွေက အမေရိကန်ရဲ့ အကောင်းဆုံး ခေါင်းဆောင်မှု ဖြစ်ပါတယ်။ ကိုယ့်လွတ်လပ်ခွင့်အတွက် ကိုယ်တိုင် တိုက်ပွဲဝင်တဲ့ ပြည်သူတွေနဲ့ အတူ ကျနော်တို့ ရပ်တည်ပါတယ်။ အားလုံးရဲ့ ဘုံလုံခြုံရေး၊ လူသား ဂုဏ်သိက္ခာ အတွက် တခြားနိုင်ငံတွေနဲ့ အတူ ကျနော်တို့ ရပ်တည်ပါတယ်။

ဒီအတွက် ကျနော်အစိုးရဟာ ပြည်တွင်းမှာ ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားပြီ ဖြစ်ပါတယ်။ အိုင်ဆယ် ရဲ့ အန္တရာယ်ကို ကိုင်တွယ်ဖို့ ကျနော့်မှာ လုပ်ပိုင်ခွင့် အာဏာရှိ ပါတယ်။ ဒါပေမယ့် သမတနဲ့ ကွန်ဂရက်တို့ ညီညွတ်ရင် ကျနော်တို့ဟာ အင်အားအကြီးမားဆုံး နိုင်ငံဖြစ်တယ်လို့ကျနော် ယုံကြည်ပါတယ်၊ ဒါကြောင့် အမေရိကန်တွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်တဲ့ အခါမှာ ညီညွတ်မှု ရှိတယ်ဆိုတာကို ကမ္ဘာကို ပြသဖို့အတွက် ကွန်ဂရက်ရဲ့ ထောက်ခံပေးမှုကို ကျနော် ကြိုဆိုပါတယ်။

အိုင်ဆယ် ကင်ဆာကို အမြစ်ဖြုတ်ရမယ့် အချိန်ယူရပါမယ်။ ကျနော်တို့ အနေနဲ့ စစ်ရေး နည်းလမ်းကို သုံးတယ်ဆိုရင် ဘယ်တော့ဖြစ်ဖြစ် စွန့်စားရမှာ ရှိပါတယ်။ အထူးသဖြင့် မစ်ရှင်ထဲမှာ ပါဝင်မယ့် ရဲဘော် ရဲမေတွေအတွက် အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်သူတွေကို အသိပေးချင်တာက ဒီမစ်ရှင်ဟာ အီရတ်နဲ့ အာဖဂန်စ္စတန်မြေပေါ်မှာ တိုက်ခဲ့တဲ့ စစ်ပွဲ နဲ့ မတူပါဘူး။ အခုတကြိမ်မှာ တိုင်းတပါးမြေပေါ်မှာ အမေရိကန် တိုက်ခိုက်ရေးတပ်ကို တိုက်ခိုက်မှာ မဟုတ်ပါ ဘူး။ အခု အကြမ်းဖက် ဆန့်ကျင်ရေး စစ်ဆင်ရေးဟာ ခိုင်ခိုင်မာမာ တစိုက်မတ်မတ် နဲ့ အိုငဆယ် အဖွဲ့ကို သူတို့ ရှိနေတဲ့ နေရာတိုင်းမှာ ချေမှုန်းသွားမှာ ဖြစ်တယ်။ ကျနော်တို့ကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သမားတွေကို အမြစ်ဖြုတ်ပြီး မဟာမိတ်မြေပြင်တပ်တွေကို ပံ့ပိုးပေးတဲ့ ဒီမဟာဗျူဟာနည်းလမ်းဟာ ယီမင်နဲ့ ဆိုမာလီယာမှာ နှစ်ပေါင်းများစွာ အောင်မြင်မှုရခဲ့ပါတယ်၊ ဒီနှစ်အစောပိုင်းမှာ ချမှတ်ထားတဲ့ “ အမေရိကန်ရဲ့ အရေးကြီးတဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာ သူတိုင်းကို အင်အားသုံး တုံ့ပြန်သွားမယ်။ ဒါပေမယ့် နိုင်ငံတကာအခင်းအကျင်းနဲ့ ပတ်သက်တဲ့ ပိုကျယ်ပြန့်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့အခါမှာ မဟာမိတ်တွေရဲ့ အင်အားကိုလည်း ဖြစ်နိုင်သလောက် စည်းရုံးသွားမယ်” ဆိုတဲ့ မူနဲ့လည်း ရှေ့နောက် ညီညွတ်ပါတယ်။

အမေရိကန် ပြည်သူများခင်ဗျာ။ ကျနော်တို့ အသက်ရှင်နေတဲ့အချိန်ဟာ မဟာ အပြောင်းအလဲ ကာလမှာ ဖြစ်ပါတယ်၊ မနက်ဖြန် (စက်တင်ဘာ ၁၁) ရက်နေ့ ဆိုရင် ကျနော်တို့ နိုင်ငံ တိုက်ခိုက်ခံရတာ ၁၃ နှစ်ပြည့်မြောက်ပါပြီ၊ လာမယ့် ရက်သတ္တပတ်ဆိုရင်လည်း စီးပွားရေး ပျက်ကပ်ကြီး (Great Depression) အလွန်ကာလမှာ တိုင်းပြည်စီးပွားရေး အဆိုးဆုံး ကျဆင်းမှုနဲ့ ကြုံခဲ့ရတာ ၆ နှစ် တင်းတင်းပြည့် ပါလိမ့်မယ်။ ဒီလို ရုတ်ချည်း ထိုးနှက်ချက်နဲ့ ဒုက္ခတွေကို ကျနော်တို့ ခံစားရပေမယ့်လည်း၊ နလံပြန်ထဖို့ မီးကုန်ယမ်းကုန် ကြိုးစားဖို့ လိုအပ်နေပေမယ့် အမေရိကားဟာ ဒီနေ့ ကမ္ဘာပေါ်က ဘယ်နိုင်ငံ ထက်မဆို ပိုကောင်းတဲ့ အနာဂတ် ရှိပါတယ်။

ကျနော်တို့ရဲ့ နည်းပညာ၊ တက္ကသိုလ်တွေကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ ကျနော်တို့ရဲ့ ထုတ်လုပ်မှု စွမ်းရည်၊ ကားထုတ်လုပ်ငန်းဟာလည်း ဖွံ့ဖြိုးတိုးတက်နေတယ်။ စွမ်းအင် အမှီအခို ကင်းမှုဟာ လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး နီးစပ်လာပါတယ်။ သမိုင်းမှာ ကျနော်တို့ စီးပွားရေးနယ်ပယ်ဟာ အလုပ်အကိုင် အဆက်မဖြတ် ဖန်တီးပေးတဲ့ နေရာမှာ ကာလ အရှည်ကြာဆုံး စွမ်းရည်ကို ထိန်းထားနိုင်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီအတွင်းမှာ ကွဲပြားမှုတွေ၊ မကျေလည်မှုတွေ ရှိနေပေမယ့် အမေရိကန်ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို နေ့စဉ်နှင့်အမျှ ကျနော် တွေ့နေရတယ်။ ဒါဟာ ကျနော့်အတွက်ဆိုရင် ကျနော်တို့ တိုင်းပြည် အနာဂတ်အတွက် အရင်ထက် ပိုပြီး ယုံကြည်မှု တိုးလာစေပါတယ်။
ခြုံပြောရရင် မသေချာတဲ့ ကမ္ဘာမှာ အမေရိကန်ရဲ့ မပြောင်းမလဲ သေချာတဲ့ အရာဟာ အမေရိကန်ရဲ့ ဦးဆောင်မှုပါပဲ။ အကြမ်းဖက်သမားတွေကို တကမ္ဘာလုံးက ဆန့်ကျင်လာအောင် စည်းရုံးနိုင်စွမ်းရှိသူဟာ အမေရိကားပါပဲ။ ယူကရိန်းပြည်သူတွေ ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ခွင့် အတွက် ကမ္ဘာကို စုရုံးပြီး ရုရှားရဲ့ ရန်စမှုကို ဆန့်ကျင်ခဲ့တာ အမေရိကားပါပဲ။

အီဘိုလာ ရောဂါကပ်ဘေးကို ကုသ ထိန်းချုပ်ဖို့ အကူအညီပေးနိုင်တာကလည်း ကျနော်တို့ ဆရာဝန်တွေပါပဲ၊ အမေရိကားပါပဲ။ ဆီရီးယားရဲ့ ဓာတုလက်နက်တွေကို ဖယ်ရှား ရှင်းလင်းပြီး ဆီးရီးယား ပြည်သူတွေနဲ့ ကမ္ဘာကြီးအတွက် အန္တရာယ် မကျရောက်အောင် အကူအညီပေးခဲ့တာဟာလည်း အမေရိကားပါပဲ။ ကမ္ဘာတ၀ှမ်းက မွတ်စလင်တွေ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ အတွက်သာမက မျှော်လင့်ချက်ရှိတဲ့ အနာဂတ်အတွက် အခွင့်အလမ်းနဲ့ သီးခံခြင်းတရားတွေ အတွက် ရုန်းကန်တိုက်ပွဲမှာ အကူအညီပေးနေတာဟာလည်း အမေရိကားပါပဲ။

အမေရိကားရဲ့ အဆုံးမရှိတဲ့ ကံကောင်းခြင်း လက်ဆောင်မွန်က ကြီးလေးတဲ့ တာဝန်တွေကို အဆက်မပြတ်ပေးအပ်နေတာပါပဲ။ ဒါပေမယ့် အမေရိကန်တွေဟာ ခေါင်းဆောင်မှု တာဝန်ကို လက်ကမ်းကြိုနေတဲ့ လူမျိုးဖြစ်ပါတယ်။ ဥရောပကနေ အာရှအထိ၊ ဟိုး ဝေလံခေါင်ဖျား အာဖရိကနေ စစ်မြေပြင်ဖြစ်နေတဲ့ အရှေ့ပိုင်း ဒေသထဲက မြို့ကြီးတွေအထိ ကျနော်တို့ဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ လူသားဂုဏ်သိက္ခာအတွက် ရပ်တည်နေတယ်။ ဒါတွေဟာ ကျနော်တို့ နိုင်ငံ စတင် ထူထောင်တဲ့ အချိန်ကတည်းက လမ်းညွန် ပဲ့ကိုင်ပေးခဲ့တဲ့ တန်ဖိုးတွေပါပဲ။ ဒီညမှာ ကျနော်တောင်းဆိုချင်တာက ကျနော်တို့ရဲ့ ခေါင်းဆောင်မှု ရှေ့ခရီးဆက်နိုင်ဖို့ ထောက်ခံပေးကြ ပါတယ်။ စစ်ဦးစီးချုပ်တယောက်အနေနဲ့လည်း အရှေ့အလယ်ပိုင်းဒေသမှာ အန္တရာယ်တွေကို ရင်ဆိုင်ရင်း ပျံသန်းနေတဲ့ ယူနီဖောင်းဝတ်ထားတဲ့ လေယာဉ်မှူးတွေ၊ မြေပြင်မှာ ကျနော်တို့ မဟာမိတ်တွေအတွက် အကူအညီပေးနေကြတဲ့ ရဲဘော်ရဲမေတွေ အတွက် ဂုဏ်ယူလို့ မဆုံးပါဘူ။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမယ့် ပြည်သူတွေကို ကာကွယ်ဖို့ အကူအညီပေးတဲ့အခါ အဝေးတောင်ပေါ်ဒေသမှာ ပိတ်မိနေတဲ့ အဲဒီ ပြည်သူတွေထဲက တယောက်က ဒီလို ပြောတယ်။
“ အမေရိကန်မိတ်ဆွေတွေဟာ ကျနော်တို့ရဲ့ အသက်သခင်ကျေးဇူးရှင်ပါပဲ။ ကျနော်တို့ ရဲ့ ဒုက္ခတွေကို စာနာပြီး ဟိုးအဝေးကြီးကနေလာပြီး အပြစ်မဲ့ ပြည်သူတွေကို ကာကွယ်ပေးတဲ့ တစုံတယောက် ရှိခဲ့တယ်ဆိုတာကို ကျနော်တို့ ကလေးတွေလည်း ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။”

ကမ္ဘာကြီးကို ပြောင်းလဲစေတာ ဒါပါပဲ။ ကျနော်တို့ရဲ့ လုံခြုံးရေး၊ ကျနော်တို့ရဲ့ ဘေးကင်းရေး ဆိုတာဟာ ဒီနိုင်ငံကို ကာကွယ်ပေးမယ့် ကျနော်တို့ရဲ့ ဆန္ဒနဲ့ လုပ်ရပ် အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ ရပ်တည်ကာကွယ်တဲ့ တန်ဖိုးတွေကို ထိန်းသိမ်းမှု အပေါ်မှာ မူတည်တယ်။ ဒီတန်ဖိုးတွေဟာ အမုန်းတရားနဲ့ အဖျက်လုပ်ရပ်တွေကိုပဲ ပေးတဲ့ လူတွေကို ချေမှုန်းပြီးခဲ့ရင်လည်း ဟော့ဒီ ကမ္ဘာမှာ ဘယ်တော့မှ မသေဘဲ အဓွန့်ရှည် ကျန်ရစ်ပါလိမ့်မယ်။
ကျနော်တို့ တပ်တွေကို ဘုရားသခင် ကောင်းချီးပေးပါစေ။ အမေရိကန် ပြည်ထောင်စုကို ဘုရားသခင် ကောင်းချီးပေးပါစေ၊

Nyi Saw Lwin


ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင်တဦး  (Photo: Invitation of Nature Foundation / Facebook)

မြန်မာနိုင်ငံ မြောက်ဖျားက ခါကာဘိုရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ပြီးတဲ့နောက်လွန်ခဲ့ တဲ့ သောကြာနေ့ကတည်းက တောင်ခြေကအဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ တောင်တက် အဖွဲ့ဝင်နှစ်ဦးကို သက်ဆိုင်ရာက ရှာဖွေရေးအစီအစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။

အဲဒီ ရေခဲတောင်ကိုတက်ခဲ့တဲ့ တောင်တက်အဖွဲ့မှာ အဖွဲ့ဝင် ရှစ်ဦးပါဝင်ခဲ့ပြီး၊ လမ်းကျဉ်းလွန်းတဲ့အတွက် ခြောက်ဦး က တောင်ခြေမှာစခန်းချနေခဲ့ကာ အောင်မြင့်မြတ်နဲ့ ဝေယံမင်းသူတို့နှစ်ဦးက ဆက်တက်ခဲ့တယ်လို့ တောင်တက် အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်က ပြောပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က တောင်ထိပ်အထိ ရောက်ခဲ့ကြပြီး၊ တောင်ခြေစခန်းကို ပြန်အဆင်းမှာ သူတို့နှစ်ဦးအသုံးပြုခဲ့ တဲ့ GPS ဆက်သွယ်ရေးကိရိယာမှာ ဘက်ထရီအား ချို့ယွင်းခဲ့တဲ့အတွက် အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

တောင်ခြေကို ပြန်လည်ရောက်ရှိလာပြီလို့ တချို့သတင်းတွေမှာ စောစောပိုင်းက ဖေါ်ပြထားပေမယ့် နောက်ဆုံးရတဲ့ သတင်းတွေမှာတော့ ပြန်ရောက်လာကြတာ တခြားအဖွဲ့ဝင်တွေသာဖြစ်ပြီး သူတို့နှစ်ဦး မပါဝင်ဘူးလို့ သိရပါတယ်။

အခုအခါ ထူးဖေါင်ဒေးရှင်းက ဦးတေဇရဲ့ အကူအညီရယူပြီး သူတို့ကို ရဟတ်ယာဉ်နဲ့ရှာဖွေနေပြီလို့ AP နဲ့ AFP သတင်းဌာနတွေက သတင်းထုတ်ပြန်ပါတယ်။ ထူးဖောင်ဒေးရှင်း ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလဲ ကယ်ဆယ်ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေးပေါ်အချက်ပြ ဆက်သွယ်ရေးကိရိယာများ ဆေးဝါးပစ္စည်းများနဲ့  အတူရှာဖွေရေး လုပ်ငန်းစနေပြီလို့ ဖေါ်ပြထားပါတယ်။

ခါကာဘိုရာဇီ တောင်ဟာ အမြင့်ပေ ၁၉၂၉၅ ရှိပြီး အရှေ့တောင်အာရှဒေသမှာ အမြင့်ဆုံးတောင်ထွတ်လို့ သတ်မှတ်ထားပါတယ်။

ဒီ ခါကာဘိုရာဇီတောင်ထိပ်ကို Takashi Ozaki ဆိုသူ ဂျပန်လူမျိုး တောင်တက်သမား တစ်ဦးက ၁၉၉၆ ခုနှစ်က ပထမဆုံး တက်ရောက်နိုင်ခဲ့ပြီိး မြန်မာအဖွဲ့က အခုဟာပထမဆုံး တက်ရောက်နိုင်တာ ဖြစ်ပါတယ်။

RFA

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး အစီ အစဉ်တစ်ရပ်အား ၂ဝ၁၄ ခုနှစ်၊ ဇွန်လ ပထမပါတ် တနင်္ဂနွေနေ့မှ စတင်ပြီး မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက်အား အမှိုက်ကင်းမဲ့ဇုန် စံပြရပ်ကွက်အဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) အလုပ်အမှုဆောင် များ၊ ဝန်ထမ်းများ၊ အသင်းသား/သူများတို့သည် သဘာဝပတ်ဝန်းကျင်အတွက် အမှိုက်ကောက်ခြင်း ကိစ္စ ရပ်အား တာဝန်သိ၊ တာဝန်ရှိ၊ တာဝန်ကျေစွာ တတ်စွမ်းနိုင်သရွေ့ ထမ်းရွက်ပေးနေခြင်း ဖြစ်ပါသည်။ ၄၂ ရပ်ကွက်သည် အပိုင်း (၇) ပိုင်း၊ လမ်းပေါင်း (၅၈) လမ်းရှိပြီး အပါတ်စဉ် တနင်္ဂနွေနေ့ နံနက် (၇း၃ဝ) နာရီ အချိန်တွင် အစီအစဉ်အလိုက် ၄၂ ရပ်ကွက်ရှိ သတ်မှတ်လမ်းတလျှောက် “မာဃလုလင်” လူမှုကူညီရေး အသင်း၊ ရပ်ကွက်နေပြည်သူများ၊ ကလေးငယ်များနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးကြသည့် နယ်ပယ် အသီးသီးမှ “မြို့မ” လူမှုကူညီရေးအသင်း (မှော်ဘီ)၊ “မိတ်ဆွေကောင်း” နာရေးကူညီမှုအသင်း (တ/ဒဂုံ)၊ “ပုညကာရီ” နာရေးကူညီမှုအသင်း (မင်္ဂလာဒုံ)၊ နာရေးကူညီမှုအသင်း(ဒလ)၊ “မွန်မြတ်သူ” လူမှုကူညီရေး အသင်း (မရမ်းကုန်း)၊ “အာဃုသုခ” နာရေးကူညီမှုအသင်း (ရွှေပြည်သာ)၊ (၃၉) လူငယ်များအဖွဲ့ (မ/ဒဂုံ)၊ ထ/၁၆ ရပ်ကွက် ပရဟိတ နာရေးကူညီမှုအသင်း (ရွှေပြည်သာ)၊ “ဗြဟ္မဝိဟာရ” (အင်းစိန်) အစရှိသည့် အသင်းအဖွဲ့များ၊ လူငယ်/ရွယ်များနှင့် မိဘပြည်သူအပေါင်းတို့နှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့လည်း ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြသည်။ တစ်ပါတ်လျှင် (၂) ကြိမ် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သတ်မှတ်၍ စနစ်တကျ စွန့်ပစ်နိုင်ရန်ထားရှိသည့် အမှိုက်ပုံးများထဲရှိ စွန့်ပစ်အမှိုက်များ၊ ပြန်လည်အသုံးပြု နိုင်သည့် အမှိုက်များအား ခွဲခြားစိစစ်ပြီး စနစ်တကျ သတ်မှတ်နေရာများသို့ သွားရောက်၍ စွန့်ပစ်ခဲ့သည်။
ယခု (၁၄) ကြိမ်မြောက် ၇.၉.၂ဝ၁၄ ရက်နေ့တွင်လည်း မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊သခင်လေးမောင် လမ်းတလျှောက်ရှိ အမှိုက်များနှင့် မြက်ပင် ခြုံနွယ်များတို့အား မြက်ရိတ်စက်များဖြင့် ရိတ်သိမ်း လှဲ ကျင်း၍ ကောက်ယူ သိမ်းဆည်းခဲ့ကြသည့်အပြင် ကျိုးကျနေသည့် သစ်ကိုင်းကြီးများအား Chain-saw ဖြင့် ဖြတ်
 တောက်ခြင်း၊ ရေနှုတ်မြောင်းများထဲ၌ ပိတ်ဆို့နေသည့် အုတ်ခဲတုံးကြီးများနှင့် ဝါးလုံးများတို့အား ဆယ် ယူဖယ်ရှား၍ ရေစီးရေလာကောင်းရန် အများအကျိုးအား ကိုယ်ကျိုးမဖက် ထမ်းရွက်ပေးဆပ် ကူညီ ဖေးမ ပေးခဲ့ပါသည်။

ထို့ကြောင့် အများပြည်သူတို့အနေဖြင့် မိမိတို့ ပတ်ဝန်းကျင်၊ မိသားစုနှင့် ကျန်းမာရေးအတွက် အန္တရာယ်ရှိ အမှိုက်များအား စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းမှ ရှောင်ရှားကြစေရန်၊ ကမ္ဘာကြီး ပူနွေးလာမှုကို မိမိတို့နေ ထိုင်သည့် ပတ်ဝန်းကျင်အား ထိန်းသိမ်း၍ စိမ်းလန်းစေရန် အရိပ်ရအပင်များ စိုက်ပျိုးခြင်းနှင့် ပတ် ဝန်း ကျင်ညစ်ညမ်းမှုကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သည့် အမှိုက်သရိုက်များတို့အား မိမိတို့ တတ်စွမ်း နိုင်သရွေ့ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း မိမိတို့ရပ်ကွက်၊ နေအိမ် အတွင်းရှိ အမှိုက်များအား “သူတို့” (နာရေးကူညီမှုအသင်း-ရန်ကုန်) က ရှင်းလိမ့်မယ်လို့ ပြောရမယ့်အချိန် မဟုတ်တော့ပါဘူးခင်ဗျား။

အမှန်စင်စစ် “သူတို့” ဆိုတာမရှိပါဘူး။ “ငါတို့” ပဲရှိပါကြောင်း လူသားများ အနေဖြင့် မိမိကိုယ် မိမိအားကိုးလိုသော စိတ်ဓါတ်ဖြင့် အမှိုက်ရန်မှ ကာကွယ်ရှင်းလင်း တတ်စေရန် ရည် ရွယ်၍ အမှိုက်ကင်းစင် မြန်ပြည်တစ်ခွင် .. ကျန်းမာသန့်ရှင်း ရောဂါကင်းကြဖို့ ကိုယ့်အမှိုက် ... ကိုယ်ရှင်း ကြပါစို့ . . . ။


(မှတ်တမ်း - ဓါတ်ပုံများ)














သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ -နာရေးကူညီမှုအသင်း(ရန်ကုန်)

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူ လူသားများအတွက် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေး၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း ရပ်နှင့် ပတ်ဝန်းကျင်သန့်ရှင်း စိမ်းလန်းစိုပြေရေးနှင့် သဘာဝဘေးဒဏ်ခံ လူသားတို့အတွက် အများပြည်သူ လှူဒါန်းထားသော အလှူငွေတို့ဖြင့် စိတ်ဓါတ်ခွန်အား ပရဟိတအားမာန်တို့ဖြင့် ပံ့ပိုးကူညီ ဖေးမပေးလျှက် ရှိသည်။
ထိုသို့ ကူညီဖေးမပေးရင်းဖြင့် အလျင်းသင့်သလို လူမှုရေးအသင်းအဖွဲ့ ဖွင့်ပွဲများ၊ ပရဟိတဟော ပြောပွဲများအားလည်း မိမိတို့ လုပ်ဆောင်ပေးဆပ်လျှက်ရှိသည်။ ၆.၉.၂ဝ၁၄ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာရှိ “မေတ္တာရှင်” နာရေးကူညီမှုအသင်း ဖွင့်ပွဲအခမ်းအနား သို့ သွားရောက်ခဲ့ရာ လွန်ခဲ့သော (၅) လခန့်က မုံရွာမြို့ ဟောပြောပွဲ၌ ခင်မင်ရင်းနှီးခဲ့သော ဦးကျော်ဇော် + ဒေါ်ဥမ္မာသန်း ဇနီးမောင်နှံနှင့် တွေ့ဆုံခဲ့ရပြန်သည်။ ယင်းဇနီးမောင်နှံသည် မကွေးတိုင်းဒေသကြီး၊ ရေစ ကြိုမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာတွင် တည်ရှိသော “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ် ထူထောင်ထားသော ပရဟိတ ဇနီးမောင်နှံဖြစ်သည်။ သူတို့ဇနီးမောင်နှံသည် “မေတ္တာရှင်” နာရေးကူညီမှုအသင်း ဖွင့်ပွဲပြီးစီး သွား သည့်အချိန် ညောင်ဦးမြို့သို့ အပြန်လမ်းတွင် သူတို့၏ “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်သို့ ဝင် ရောက် လေ့လာရန် ဖိတ်ကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ ဇနီးမောင်နှံနှင့် အသင်းသားအချို့သည် အသင်း ဖွင့် ပွဲ ပြီးဆုံးသည်နှင့် နေ့လည် (၁၂းဝဝ) နာရီခန့်တွင် အပြန်လမ်းရှိ ကားလမ်းဘေး၌ တည်ရှိသော “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကြီးရောက်ရှိသွားတော့သည်။

“မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်ရှေ့သို့ မော်တော်ကား ဆိုက်ရောက်သွားသည်နှင့် ကျွဲကြီးတစ် ကောင်သည် ကျွန်တော်တို့အား ခရီးဦးကြိုပြုနေသည်။ သူ၏မျက်လုံးအစုံတို့သည် မျက်ရည်စများ စီးဆင်း ကျနေသည်ကို ဦးစွာမြင်တွေ့မိသည်။ သူ့အကြောင်းအား ဦးကျော်ဇောနှင့် ဒေါ်ဥမ္မာသန်းတို့က ကျွန်တော် တို့အဖွဲ့အား ပြောပြတော့သည်။ “ဒီသားကြီးက တရုတ်ပြည်ကို ပို့တဲ့အထဲမှာ ပါတယ်လေ။ အောက်လမ်း (ကုန်းလမ်း) ကနေ သူတို့ကို ခေါ်သွားတာ၊ တရုတ်ပြည်နဲ့ မြန်မာပြည်နယ်စပ် သံလွင်မြစ်ကို ဖြတ်ဖို့ကြိုး စားတဲ့အခါ ဒီသားကြီးက ခေါ်ဆောင်သွားတဲ့ သူတွေဘက်ကို လှည့်ပြီးဒူးထောက် တောင်းပန်ကန်တော့ တယ်။ မျက်ရည်စတွေ ကျဆင်းလာတယ်။ သူ့ကို ဘယ်လိုနည်းနဲ့ ဆွဲခေါ်ဆွဲခေါ် ထမလိုက်တော့ဘူး။ ဒါကြောင့် ခေါ်ဆောင်သွားတဲ့သူတွေ လက်လျော့ပြီး အဲဒီနေရာမှာပင် ထားခဲ့တာ။ ဒါကိုသိတဲ့ ဒေသခံသူ တွေက သူ့ကိုဘေးမဲ့ဥယျာဉ်တစ်ခုခုကို ပို့ဖို့ အကြင်နာတရား ပြည့်ဝစွာနဲ့ စုံစမ်းဆက်သွယ်တော့ ကျွန်မတို့ ဆီ ဆက်သွယ်လာတယ်။ ဒါနဲ့ ကျွန်မတို့လည်း ရှိတဲ့မော်တော်ကားနဲ့ အဲဒီဒေသအထိ မောင်းပြီးတော့ သွား ခေါ်ခဲ့ရတာ။ ဒီသားကြီးက ကျွန်မတို့ ဒီနေရာကိုရောက်တာနဲ့ အစားအသောက်လည်း ဝဝလင်လင် စား တယ်။ ဒီဂေဟာကို လာလေ့လာတဲ့သူတွေကို အခုလိုပဲ ခရီးဦးကြိုပြုတယ်။” ဟု ပြောကြားခဲ့သည်။ ထို့ နောက် ကျွန်တော်တို့သည် (၁၅) ဧကခန့်ရှိသော “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်ဝင်းအတွင်းသို့ ဝင် ရောက် လေ့လာခဲ့ရာ တိရိစ္ဆာန်ပေါင်း (၅ဝဝ) ကျော်ရှိသော ကျွဲ၊ နွား၊ မြင်း၊ ဆိတ်၊ သိုး၊ ယုန်၊ ခွေး၊ ကြက်၊ ဘဲ၊ ငန်း၊ ဝက် စသည့် သတ္တဝါများအား မြင်တွေ့ခဲ့ရသည်။ ထိုအထဲတွင် ထူးခြားသော ဆိတ်ဦးခေါင်းနှင့် သိုးကိုယ်ထည် ပါရှိသော သတ္တဝါမှာ အထီး၊ အမ အင်္ဂါနှစ်ခုစလုံး ပါရှိနေသည်ကို ထူးခြားစွာ မြင်တွေ့ခဲ့ရ သည်။ ထို့ပြင် မျက်စိအမြင်အာရုံ ချို့တဲ့နေသော ဝက်ကြီးနှင့် မွေးရာပါ ခြေတစ်ဖက်မပါသော နွားငယ် လေး တို့အားလည်း မြင်တွေ့ခဲ့ရသည်။ ယုန်ငယ်လေးများ ထားရှိရာအဆောင်သည် မြေပြင်အား အင်္ဂတေ မခင်းထားနိုင်၍ ယုန်ငယ်များ မွေးဖွားလာသော ပေါက်စလေးများအား မြေကြွက်ကြီးများမှ လာရောက် ကိုက်ဖြတ်စားသောက်ကြကြောင်း ရင်နင့်ဖွယ် သိရှိခဲ့ရသည်။ ထိုတိရိစ္ဆာန်များ၏ ဘဝနိဂုံးချုပ်ရာ၊ နောက် ဆုံးလှဲလျောင်းရာ တိရိစ္ဆာန်သင်္ချိုင်းကိုပါ ထိုမြေကွက်ထဲတွင် သီးသန့်ထားရှိသည်ကို သိခဲ့ရသည်။ ထိုတိရိ စ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ခရိုင်၊ မြို့နယ်ရှိ တိရိစ္ဆာန်ဆေးကုဆရာဝန်များမှ တစ်လ လျှင် တစ်ကြိမ်လာရောက်၍ အခမဲ့ ကုသပေးလျှက်ရှိသည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ ကြားသိခဲ့ရသည်။ သူတို့၏ နေ့စဉ်စားသုံးမှုအတွက် ကုန်ကျငွေသည် တစ်လလျှင် (၃၅) သိန်းကုန်ကျသည်ကိုလည်း သိခဲ့ရ သည်။ တချို့သော ရပ်ကွက်များ၊ မြို့နယ်များ၊ နေအိမ်များတွင် လူတကာအား လိုက်လံကိုက်တတ်သည့် ဆိုးသွမ်းလှသည့် ခွေးများအား ထိုဂေဟာသို့ လာရောက်အပ်နှံမှုများအားလည်း ပြုလုပ်ကြသည်။ ထူးခြား သည်မှာ ထိုဆိုးသွမ်းလှသည့် ကိုက်တတ်သည့် ခွေးများသည် “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ်သို့ ရောက်ရှိ လာသောအခါ လူကို၎င်း၊ တိရိစ္ဆာန်အချင်းချင်းကိုသော်၎င်း ရန်မူခြင်း၊ ကိုက်ခြင်းများ မပြုလုပ်တော့သည် ကို တွေ့ရှိခဲ့ရသည်။

“မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ် ပေါ်ပေါက်လာပုံမှာ ဒေါ်ဥမ္မာသန်း သည် လူ့လောကသို့ ရောက်ရှိ လာသောအချိန်တွင် သူမ၏ မိခင်သည် ကျန်းမာရေးချို့ယွင်းလာမှုကြောင့် မိခင်နို့ရည်အား သောက်သုံး ခြင်းမပြုနိုင်သောကြောင့် ငယ်စဉ်ကလေးဘဝကတည်းက သူမတို့ခြံရှိ နွားမကြီး၏ နို့ရည်အား သောက်သုံး ရင်းဖြင့် ကြီးပြင်းလာခဲ့သောကြောင့် လူအမေက မွေးပြီး နွားအမေ၏ နို့ကို သောက်သုံးခဲ့ရသော သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် နွားကိုချစ်၍ နွားသားမစားဘဲနှင့် အိမ်ထောင်ကျပြီးနောက်ပိုင်း မိမိတို့ပိုင်ဆိုင်ခဲ့ သော အိမ်၊ ခြံဝိုင်းတို့အား ရောင်းချခဲ့ကာ ယခု ဘေးမဲ့ဥယျာဉ်ရှိရာ မြေ (၁၅) ဧကအား ဝယ်ယူ၍ သတ္တဝါ များ အား ကယ်တင်စောင့်ရှောက်နေသူဖြစ်သည်။ ပထမဦးစွာ မေတ္တာရှင်ဆရာတော် အရှင်ဇဝနမှ လှူဒါန်း မှု များနှင့် အရှင်ဆန္ဒဓိက (ရွှေပါရမီတောရ)၏ တိရိစ္ဆာန်များထားရှိရန် အဆောင်နှင့် ဝန်ထမ်းဆောင်များအ အား လှူဒါန်းမှုများ ပြုလုပ်ပေးခဲ့သည်ကို သိရှိခဲ့ရသည်။

ထို့ကြောင့် ကျွန်တော်တို့သည် လူသားအချင်းချင်း ကူညီဖေးမမှု ပြုလုပ်ခြင်း၊ လူသားချင်းစာနာ စိတ်များ မွေးဖွားခြင်း စသည့် ပရဟိတသမားများ ဖြစ်သော်ငြားလည်း လူသားတို့၏ ခိုင်းစေရာအလုပ်ကြမ်း များ၊ လူသားများ စားသုံးရန်အတွက် ကောက်ပဲသီးနှံ ဆန်စပါးတို့အား နေပူမိုးရွာမရှောင် စွမ်းဆောင်ပေး ဆပ်နေသော တိရိစ္ဆာန်များ၊ လူသားများ၏ လုံခြုံရေးအတွက် အပင်ပန်း အဆင်းရဲခံ၍ စောင့်ရှောက်ပေး ကြ သော သတ္တဝါများ၊ စီးပွားရေးသမားများ၏ သစ်ထုတ်လုပ်ရေးတွင် အပင်ပန်းအဆင်းရဲခံပြီး လုပ်ကိုင် ပေး နေကြသော သတ္တဝါများ၊ လူတို့၏ ကျွေးသမျှကိုသာ စားသုံးနေရသော သတ္တဝါများ၊ လူသားတို့၏ အသက် ရှင် အင်အားပြည့်ဝရန်အတွက် အသက်စွန့်ပေးခဲ့ကြသော သတ္တဝါများသည် ကျွန်တော်တို့ လူ သားများ၏ ကျေးဇူးရှင်များပင် ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှိသူ အချင်းချင်း မေတ္တာ၊ ဂရုဏာ၊ မုဒိတာထား၍ စာနာ စိတ်များမွေးကြဖို့ အသိတရားတစ်ခု ကျွန် တော်တို့ ရရှိခဲ့သည်။ ထို့ကြောင့် ကျွန်တော် တို့တွင် ပါရှိလာသော ငွေကြေး (၁) သိန်းကျပ်အား လှူဒါန်း ပေးခဲ့ကာ ထပ်မံ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ လည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးပါမည်ဟု ပြောဆိုခဲ့တော့သည်။

သခင်စေလိုရာ
သတ်ရင်လည်းသေ၊ ထားရင်လည်းနေ
စေလိုရာခိုင်း၊ ကျွေးသမျှစားရ၊ ကျွဲ နွား မြင်း တိရိစ္ဆာန်တို့ဘဝ
သက်ရှိချင်းချင်း မေတ္တာနှင်း၍
စာနာထောက်ထား၊ သနားကြင်နာကြပါစို့။

သက်ရှိအချင်းချင်း မေတ္တာ၊ ဂရုဏာ၊ အကြင်နာ၊ စာနာစိတ်များ ထားရှိကာ ကူညီလှူဒါန်း လိုကြသော စေတနာရှင် မိဘပြည်သူအပေါင်းနှင့် အသင်းအဖွဲ့များ အားလုံးအတွက် ဇီဝိတဒါနကောင်းမှု ကုသိုလ် ပြုလုပ်လိုပါလျှင် ဦးကျော်ဇော (အုပ်ချုပ်ရေးမှူး) ဝ၉ - ၄၇၂ ၁၄ဝ၇၉၊ ဒေါ်ဥမ္မာသန်း (ဘေးမဲ့ဥ ယျာဉ်အလှူရှင်) ဝ၉ - ၄၇၂ ၁၉၆၉၆၊ ဝ၉ - ၄ဝ၁ ၅ဝ၂၄၁၆ “မေတ္တာစိမ့်စမ်း” ဘေးမဲ့ဥယျာဉ် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ (ညောင်ဦးမြို့မှ ပခုက္ကူမြို့သွားရာ မော်တော်ကားလမ်း ယာဘက်အခြမ်း) သို့ လူကိုယ်တိုင်သော်၎င်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သော်၎င်း လှူဒါန်းနိုင်ပါ ကြောင်း ဇီဝိတဒါနကောင်းမှုကုသိုလ် အကျိုးဆောင်လိုက်ရပါသည်။


ကျော်သူ

(မှတ်တမ်း - ဓါတ်ပုံများ)













သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ - နာရေးကူညီမှုအသင်း(ရန်ကုန်)