09/15/14


photo..Htoo foundation
ခါကာဘိုရာဇီတောင်ပေါ်မှာ မြန်မာ တောင်တက်သမား ၂ ဦး ပျောက်ဆုံးနေတာဟာ ဒီကနေ့ဆိုရင် ၁၆ ရက်ရှိသွားပြီ ဖြစ်ပြီး သူတို့အတွက် အကူအညီတွေ မရောက်ခင်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုအပါအ၀င် ရာသီဥတုဒဏ် ကြံ့ကြံ့ခိုင်နိုင်ရေးတို့အတွက်ပါ စိုးရိမ်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

တက္ကသိုလ်ခြေလျင် တောင်တက်အသင်း သဘာဝခေါ်သံ ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဦးထွန်းလှအောင်က လက်ရှိ ရှာဖွေ ကယ်ဆယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“သူတို့နှစ်ယောက်ရဲ့မိသားစုဝင်တွေကတော့ လက်ရှိ ပူတာအိုမှာပဲ ထူးဖောင်ဒေးရှင်းပိုင်တဲ့ မူလာရှီဒီးမှာပဲ တည်းခိုနေရာချထားပေးတယ်လို့လည်း သိရပါတယ်။ လက်ရှိမိသားစုဝင်တွေကတော့ ပူတာအိုက အခြေစိုက်စခန်းမှာ ကူညီကယ်ဆယ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေ တာကိုလည်း သူတို့ သိနေ မြင်နေရပါတယ်။ ခက်ခဲ့တဲ့အတားအဆီးကတော့ ရာသီဥတုကြောင့်သာလျှင် ကျနော်တို့ လုပ်နေတာတွေက ခရီးမပေါက်နိုင်ဘဲ ကြန့်ကြာနေမှုလေးတွေ အနည်းငယ်ဖြစ်နေပါတယ်။ လက်ရှိ ပျောက်ဆုံးနေတဲ့ နှစ်ယောက်အတွက်ကတော့ ရက်နည်းနည်း ရှည်ကြာလာတာဖြစ်တဲ့အတွက် သူတို့အတွက်လည်း စိုးရိမ်စိတ်တွေလည်း နည်းနည်း ရှိနေပါတယ်။”

သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း က ခါကာဘိုရာဇီ တောင်တက် အဖွဲ့ ၈ ဦးထဲက ပြန်လာသူ ၆ ဦးတို့ဟာလည်း ဒီကနေ့မှာ ပန်နန်းနယ်ကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားကြပြီး ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကိုလည်း ဆက်သွယ်ရေး အခက်အခဲကြောင့် အသေးစိတ် မသိရသေးပါဘူး။

ဒီကနေ့မှာတော့ ရာသီဥတု ကောင်းလာတာမို့ ခါကာဘိုရာဇီ တောင်ဆီကို သွားရာ ကြားခံစခန်း ဖြစ်တဲ့ ပန်နန်းနယ်ကို ပူတာအိုမြို့ကနေ တဆင့် ကယ်ဆယ်ရေး အထောက်အကူ ပစ္စည်းတွေနဲ့ လူတချို့ကို ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ကယ်ဆယ်ရေးတွေတော့ မစနိုင်သေးပါဘူး။ လွန်ခဲ့တဲ့ ၂ ရက်က ကယ်ဆယ်ရေး အကူအညီပေးဖို့ ရောက်လာခဲ့ကြတဲ့ တရုတ် အရပ်သားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ Blue Sky အဖွဲ့ဝင် ၉ ဦးတို့လည်း ကယ်ဆယ်ရေး မစနိုင်သေးတဲ့ အကြောင်း ဦးထွန်းလှအောင်က ပြောပါတယ်။

“ဒီနေ့ ရာသီဥတုအခြေအနေပေးတဲ့အတွက် ရဟတ်ယာဉ်နှစ်စင်းနဲ့ လူ ၁၁ ယောက်နဲ့ ရိက္ခာတွေနဲ့ ပန်နန်းနယ်ကို ထပ်ပို့ပါတယ်။ သူတို့တတွေက မနက်ဖြန်မှာ ပန်နန်းနယ်ကနေဆက်ပြီး တဟောင်နန်းကို ဆက်တယ်မယ်လို့တော့ လောလောဆယ် ကြားသိထားပါတယ်။ တရုတ်အဖွဲ့တွေကတော့ လက်ရှိ ထူးခြားတဲ့သတင်းတော့ မရသေးဘူးခင်ဗျ။ ခြေလျင်သွားတဲ့အဖွဲ့တွေက အဓိက တပ်ဘက်ကလည်း ပါတယ်ခင်ဗျ။ သွားနေတဲ့အဖွဲ့တွေထဲမှာ တပ်က အဖွဲ့တွေလည်း ပါပါတယ်။ အဓိက-ကတော့ လုပ်နေတဲ့လုပ်ငန်းကတော့ အကုန်လုံး ဒေသခံအာဏာပိုင်အဖွဲ့အစည်းရယ်၊ ထူးဖောင်ဒေးရှင်းရယ် အကုန်လုံးညှိနှိုင်းပြီးတော့မှ ပူးပေါင်း ဆောင်ရွက်နေတာပါခင်ဗျ။”

ပေ ၂ သောင်းနီးပါးမြင့်တဲ့ မြန်မာပြည်က ခါကာဘိုရာဇီ ရေခဲတောင်ထိပ် (ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း)ပေ ၂ သောင်းနီးပါးမြင့်တဲ့ မြန်မာပြည်က ခါကာဘိုရာဇီ ရေခဲတောင်ထိပ် (ဓာတ်ပုံ - ထူးဖောင်ဒေးရှင်း)

ပေပေါင်း ၂ သောင်းနီးပါး မြင့်တဲ့ အရှေ့တောင်အာရှ အမြင့်ဆုံး ခါကာဘိုရာဇီ တောင်ထိပ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က သဘာဝ ခေါ်သံဖောင်ဒေးရှင်း ခါကာဘိုရာဇီ တောင်တက် အဖွဲ့ရဲ့ ခေါင်းဆောင် ကိုအောင်မြင့်မြတ်နဲ့ အဖွဲ့ စီမံခန့်ခွဲသူ ကိုဝေယံမင်းသူတို့ တက်ရောက်အောင်မြင်ခဲ့ပြီလို့ တောင်ခြေ အခြေစိုက်စခန်းမှာ ရှိနေတဲ့ ကျန် အဖွဲ့ဝင် ၆ ဦးထံကို သတင်းပို့ခဲ့ပြီးချိန်ကစလို့ ဒီကနေ့အထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်ရှင်။

“တိမ်ခါး မျှခြေ”


 ဓါတ်ပြာရောင် ပဒေသာပင်ရဲ့
ဝိပတ္တိရိုးတံဆင့်မှာ
ပဒိုင်းပွင့်တွေ၊ ၀တ်မှုံကူးတာ မြင်ရဖို့
နမော်နမဲ့ ပုတ်သင်တကောင်၊
ဝမ်းခေါင်ခေါင်နဲ့ တွားတက်
ကိုင်းအတုကြီးထက်ကို။

 စင်္ကြာဝဠာ စနစ်ထဲမှာ
စရွေးကိုက်စွဲပြီးသား မျှခြေကို
မျက်တောင်အောက်မှာပျောက်ဆုံး
အဲသလောက်ကို တုံး
အမိုက်နင့်အပြင်ရှိမတုံး
ဂိဇ္ဖက္ကုပ်တောင်ခြေကတီထွေးလုံးရေ ။

 လည်ကိန်း သဘောမှ မသိဘဲ
မျှခြေကို စောကြောမိတော့
နြူတန်က နဘန်ကျင်း
ပြင်းလိုက်တဲ့ လက်သံ။

 လက်ဖ၀ါးရေစာ မသန့် ရတဲ့ အထဲ
ကိုယ်ပိုင် ခပ်ပါးပါး အသိကို
ဝန်းကျင်က မျက်မှန်စိမ်းတပ်တော့
မိုက်တွင်းထဲ ထိုးထိုးဟပ်။

 ၀င်စို့ ထွက်စို့ အခါခါ
ဘ၀ဂျင်ပေါက်တမ်း…ကစားရင်း
သိက္ခာတွေ အဖတ်လိုက်…ကွာကွာကျ
တရွရွ တသသ။

 ခေါင်းပေါ်မှာ တိမ်ခါးခါးတွေ ငွေ့ ရည်ဖွဲ့ လာ
စနစ်တကျ ရွာချ
ဘ၀ ကမောက်ကမ ထဲ
ဝုန်းဒိုင်းကြဲလို့ အကြွေးသစ်တည်
မသတီစရာရေစီးထဲ
ရဲရဲကြီးပါးစပ်ဖြဲခံ
အန်ထွက်အောင် အစာနင်
ခွေးကတက်ပလ္လင်နဲ့ အယုတ်တရား
နှလုံးသားကို ပြုစား၊
သြော်…သနားကမား
ချိုသောအပိုင်းများ.. ငတ်မွတ်ကျ
ဗလိနတ်စာ…ပွဲတော်တည်
ဝေသာလီပြည် ဘီလူးဝင်စီးသလိုပ ။ ။

မင်းကောင်းချစ်
စက်တင်ဘာလ (၁၄)ရက် ၊ ၂၀၁၄ ခုနှစ်

ထိုင်း-မြန်မာနယ်စပ်မှာ ကွယ်လွန်သွားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က သံမဏိရဲဘော်မောင်မောင်တိတ် (၆၇)နှစ် ရဲ့ ရုပ်ကလပ်ကို ဒီနေ့မွန်းလွဲ ၁ နာရီမှာ မဲဆောက်တောရဘုန်းတော်ကြီးကျောင်းကနေ မဲဆောက်မြူ နီစပါယ် သုဿ န်ကိုပို့ဆောင်မှာဖြစ်ပါတယ်။

သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးကာလသက်တမ်းတလျှောက်မှာ အများနည်းတူ မိုးခါးရေမသောက်တဲ့ပုဂ္ဂိုလ်ဆိုပြီး သူ့ကိုလေးသားချစ်ခင်ကြတဲ့လူတွေရဲ့ တန်ဘိုးထားမှုကို ရရှိထားတဲ့ လူ့တန်ဘိုးကြီးလည်းဖြစ်ပါတယ်။

သူမကြာခဏပြောလေ့ရှိတဲ့ စကားတခွန်းကတော့ ဘယ်တော့မှဒူးထောက်အညံ့မခံဘူး ဆိုတာပါဘဲ ။

နတ်သမီးတွေ တဖက် ၅၀၀ ရှိတဲ့အရပ်ကို ထွက်ခွာသွားတဲ့ ရဲဘော်မောင်မောင်တိတ်(ကိုကြီးတိတ်)
ကောင်းရာသုဂတိလားပါစေ။

ကရင်အမျိုးသား (မီဒီယာ)
သူ့ကို ကြီးသူနှင့် ရွယ်တူများက “ကိုတိတ်” ဟု ခေါ်ကြသည်။ သူ့ထက်ငယ်သူ ကျနော်တို့ အားလုံးကတော့ အဘ တိတ် ဟု ခေါ်သည်။ ချာတိတ်တွေကလည်း ချစ်စနိုးနှင့် “အဘတိတ်” ထိုသို့ခေါ်ဝေါ်ခြင်းတွင် ချစ်ခင်လေးစားမှုနှင့် ရိုသေသ မှုများ ပါဝင်နေသလို၊ ဒါကို သူကလည်း သိပါသည်။

သေချာသည်မှာ သူ့ အသက်အရွယ်သည် ယနေ့ကာလ၌ အဘအရွယ်သို့ ရောက်ရှိနေပြီ၊ ၅၀ ကျော် ၆၀ တန်း၊ ဆံ ပင်ဖြူ၊ နှုတ်ခမ်းမွှေးဖြူ မုတ်ဆိတ်မွှေးများဖြူ၍ တင်စားဆိုရမလား ကဗျာဆန်ဆန်ပြောရမလားမသိ ကမ္ဘာကျော် ဗီယက်နမ် ခေါင်းဆောင်ကြီး “ဟိုချီမင်း” လိုလို သို့မဟုတ် တရုတ်ပြည်မှ တော်လှန်ရေး စာရေဆရာကြီး လူရွှန်း လိုလို။ လူချင်း တွေ့ခိုက်, ယင်းသို့ ပြောလျှင်သူသည် မကြိုက်သလိုလိုနှင့် (စိတ်ထဲမှာကျိတ်၍) “တဟဲဟဲ” သဘောကျနေ တတ်သည်။

ဒါကို ကျနော်တို့ကသိသည်၊ သူ့ပုံစံကလည်း ထိုအတိုင်းဖြစ်နေသည်။ ထားတော့…
သူ့အမည်ရင်းသည် မောင်မောင်တိတ် ပဲခူးသား။ အဘတိတ်သည် ဗမာပြည် ဗိုလ်နေ၀င်းခေတ်၊ မဆလ တပါတီအာ ဏာရှင်စနစ် ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်နှင့် စစ်အစိုးရပြုတ်ကျရေး၊ ကျောင်းသားရေးများတွင် အသက်အ ရွယ်နှင့်မမျှ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူ လူငယ်ကျောင်းသားတဦး ဖြစ်သည်။ သေချာသည်မှာ နိုင်ငံရေးအရ စိစစ်သုံး သတ်ရလျှင် ဗိုလ်နေ၀င်း၏ မတရားတဲ့ ၇၄ အခြေခံဥပဒေကို၊ ပထမဆုံးတရားဝင် ဗြောင်ဆန့်ကျင်ကန့်ကွက်သည်ဟု မှတ်ချက်ပြုရမည်။ ဦးသန့် အရေးအခင်းတွင် တိုက်ပွဲဝင် ခွပ်ဒေါင်းကျောင်းသား ခေါင်းဆောင်တဦး (၀ါ) ကျနော်တို့ အဖေများလက်ထက်မှ ဆက်၍ လက်ဆင့်ကမ်းခဲ့သည့် ဗကသများအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံတော်ကို သူတို့ခေတ် သူတို့အခါ၌ အမြင့်မားဆုံး လွှင့်ထူ အစမ်းသပ်ခံလုပ်ဆောင်ခဲ့သည့် သမိုင်းများရှိခဲ့သည်။

ဦးသန့်အရေးအခင်းနှင့် အဘတိတ်၏ ရာဇ၀င်များသည် အတော်များများသိပြီးဖြစ်၍၊ ကျနော်အကျယ်ချဲ့မရေးတော့ မရေးလိုတော့၊ ကျနော် အဓိကရေးလိုသည်မှာ ဗမာပြည် ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး စောမောင် စစ်အစိုးရမှ ၁၉၈၈ စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းပြီးနောက် တောခိုသွားခဲ့ရသည်။ (တနည်း) တော်လှန်ပုန်ကန် ခဲ့ရသည်။

ကျောင်းသားတပ်မတော်ခေါ် ABSDF ကျောင်းသားသူပုန် လှုပ်ရှားမှုထဲမှ အဖြစ်အပျက်တချို့ပဲ ဖြစ်သည်။ ကျနော်တို့ ဗမာပြည်တွင် သူပုန်သကန်ဟူသည် တည်ဆဲတိုင်းပြည် အုပ်ချုပ်မင်းလုပ်သူကို ဆန့်ကျင်ပုန်ကန်သူများအဖြစ် ရှေး ပဒေသရာဇ် မင်းဘုရင်များခေတ်၌ ထောင်ထားခြားနားသူများအဖြစ် မကောင်းသတင်း ဖွင့်ခဲ့ကြသည်။ အသေချာဆုံးမှာ မည့်သည့်ခေတ်ဖြစ်စေ မင်းကျင့်တရားဆယ်ပါးခေါ် အစိုးရများ၏ တာဝန်ဝတ္တရားများကို မှန်မှန်ကန်ကန် ကျင့်သုံးဆောင် ရွက်နေလျှင် ပုန်ကန်သူမရှိ ဆန့်ကျင်ထောင်ထားခြားနားမည့်သူ မရှိ အေးချမ်းသာယာနေမည် ဖြစ်သည်။

သို့သော် ထိုအချက်ကဏ္ဍများဟာ ပျက်ကွက်ချို့ယွင်းနေပါလျှင် သူပုန် သကန်ဟူသည်, မတရားမဟုတ် တရားမှုဖြစ် သည်။ မမှန်ကန် မတရား အဓမ္မ ဓါးမိုး အုပ်ချုပ်ဖိနှိပ်မှုများကို ဆန့်ကျင်အံတု ပုန်ကန်သူများပဲ ဖြစ်မည်။ တည့်တည့် ပြော ရလျှင် ယနေ့ ဗမာပြည်စစ်အစိုးရများခေတ်တွင် သူပုန်ဟူသည် အမှန်တရား တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဓမ္မတရား တို့၏ သင်္ကေတ၊ နိမိတ်ပုံများပဲ ဖြစ်နေပါပြီ ယနေ့ခေတ်သည် စစ်အေးခေတ်အပြီး ဂလိုဘယ်လိုက်ဇေးရှင်း ခေါ် မာကီ စစ်စတန်၊ တကမ္ဘာလုံးခြုံ ၀ါဒ အယူအဆပေါင်းစုံ ဆက်နွယ်ပေါင်းကူး ဆက်စပ်ပတ်သက်နေခဲ့သော အချိန်ကာလကြီး ဖြစ်နေသည်။ သူပုန်မှားသည် အပြတ်ပြောမရ၊ တရားဝင် အစိုးရတရပ်မှားလျှင် မှားနေမည်။ မည်သို့ပင် ဖြစ်စေ ကျနော်တို့ချစ်သော “အဘတိတ်” သည် (သို့မဟုတ်) ဦးမောင်မောင်တိတ်သည် သူပုန်ဘ၀သို့ရောက်ခဲ့သည်။

သူဟာ ကျနော့ကို အဖြစ်အပျက်တစုံအား အမှတ်တရ ပြောပြခဲ့သည်။ သူ ကျောင်းသားသူပုန်အဖြစ် ရှစ်ဆယ်ရှစ်တွင် ကရင်ပြည်နယ်သို့ တောခိုဝင်ရောက်ခဲ့ချိန် တပ်ရင်းအမည် စခန်းနံပါတ်များကိုတော့ ကျနော်မမှတ်မိတော့၊ တောထဲ တောင်ထဲ သူပုန် စခန်းထဲတွင် သူပုန်လူငယ်လေးတဦး သွေးဝမ်သွားနေချိန် အညစ်ကျေးများ သုတ်သင် သန့်စင်ရန်၊ စက္ကူ သွားရှာသည်။ တောထဲ တောင်ထဲ ရှားပါးလှသော စက္ကူရှာဖွေရရှိပြီး ထိုလူနာရဲဘော်လေးဆီသို့ ပြန်ရောက် ချိန် ၌၊ ဖြစ်သွားခဲ့ပုံများ ထိုရဲဘော်လေးအနီး ကျန်ရစ်ခဲ့သူ ရဲဘော်လေးတဦးဟာ သူ၏လက်ဖြင့် လူနာရဲဘော်ငယ်၏ သွေးမစင်များကို (စက္ကူမပါ) ဗလာသက်သက် သုတ်သင်သန့်စင်ပြီး ဖြစ်နေသည်။

ရဲဘော်ကိုတိတ် (သို့) အစဉ်အလာရှိခဲ့ပြီး၊ မိမိကိုယ်မိမိ၌ ပီဘိတော်လှန်ရေးသမားကြီး (ရဲဘော်ချေဂွေဗားရားတမျှ) အဖြစ် ခံယူထားခဲ့သော တော်လှန်စိတ်ဓါတ်သည် ကလေးလေးဘ၀ ရောက်ရှိသွားခဲ့ပါပြီ၊ စက္ကူမလို၊ ဘာမှမလို၊ လက်ဖြင့် သုတ်သင်သန့်စင်၍ရသည်။ ပြီးမှ လက်ဆေး၊ ထိုအလုပ်ကို၊ ထို ရဲဘော် ရဲဘက်စိတ်ဓာတ် ပြောရလျှင် ထိုသို့သော တော်လှန်ရေးစိတ်ဓာတ်၊ အယူအဆမျိုးကို သူကပြတ်ပြတ်သားသား မလုပ်နိုင်ခဲ့၊ ထို အမည်မသိသော လူငယ် ကျောင်းသား ရဲဘော်ငယ်လေးတဦးက ပြတ်ပြတ်သားသားပင် ရွံရရှာရမှန်းမသိ လက်တွေ့လုပ်ဆောင်ပြသ သွားခဲ့သည်။ တနည်းအားဖြင့် သင်ခန်းစာပေးသွားခဲ့ပါသတဲ့။ သူကသာ စက္ကူရှာ ဘာရှာ သွားလုပ်နေခဲ့ခြင်း ဖြစ်သည်။

ထိုကျမှ သူ့ကိုယ်သူ ပြန်လည်ဝေဖန်သုံးသပ် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်အတွင်း သူ့ကိုယ်သူ တွေဝေသူ စိတ်ကူးယဉ်သူ သူပုန်တဦး အဖြစ်ပြန်ဝေဖန် သုံးသပ်မိခဲ့ရသည်ဟု ပြောဆိုခဲ့သည်။ သူ့ကိုယ်တွေ့အဖြစ်တွင် ကျနော် ကိုယ်တိုင်လည်း တွေးကြည့်မိ ပြီး ကျနော် တခုသွားသတိရမိပါသည်။ တော်လှန်ရေးဟူသည် ဇာထိုးပန်းထိုးမဟုတ် ဟူသော အရှေ့တိုင်းဒဿနပညာရှင် အတွေးခေါ်ရှင်တဦး၏ အဆိုအမိန့်ပဲ ဖြစ်ပါသည်။ အဘတိတ် မိမိကိုယ်ကိုယ် ဝေ ဖန်ရေး စစ်မှန်လျှင် တော်လှန်ရေး လက်တွေ့ လုပ်ငန်းအတွက် တစုံတရာ (သို့မဟုတ်) ရေရှည်အကြိုးတရားတရပ် မုချရရှိနေမည် ဖြစ်ပါသည်။

တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်၊ ဆက်၍ သင်ကြားနေပါဦးမည်။

ကိုဆက်

တနင်္ဂနွေညက လွန်ခဲ့တဲ့ နှစ်နှစ်ဆယ် လောက်အတွင်း “ညရှစ်နာရီ အတင်း အစီအစဉ်”အဖြစ် ဘယ်သူမှမကြည့်ပဲ တီဗီထထပိတ် ကြရာကနေ ဒီကနေ့မှာ သတင်းအစီအစဉ် အဖြစ် လူတွေပြန်အသိအမှတ်ပြု ကြည့်စပြု လာတဲ့ ရှစ်နာရီ ရုပ်မြင်သံကြားသတင်းမှာ မမျှော်လင့်တဲ့သတင်းတစ်ပုဒ် ကြားလိုက်ရ ပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲ ကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ကြောင်း နိုင်ငံရေး ပါတီများနဲ့ မီဒီယာ များကို ရှင်းလင်း ပြောပြလိုက်တဲ့သတင်းပါပဲ။ အမှန်တော့ ဒီသတင်းက မျှော် လင့်ထားတဲ့ သတင်းမဟုတ်ပေမယ့် ၀မ်းနည်းစရာသတင်း မဟုတ်သလို ၀မ်းသာစရာလို့လည်း မပြောနိုင်ပါဘူး။ ဒါပေမဲ့ ရုပ် မြင်သံကြားသတင်းအရ ပါတီ အများစု က တော့ ကျေနပ်လက်ခံကြတာမို့ အများစု လက်ခံနိုင်တဲ့ သတင်း တစ်ခု လို့တော့ ဆိုကောင်း ဆိုနိုင်မယ်ထင်ပါရဲ့။ ဒီသတင်းကို ကြားလိုက်တဲ့အခါ ဘာကြောင့်များ အံ့သြသွားပါလိမ့်လို့ ကိုယ့်ဖါသာ ပြန်စဉ်းစားလိုက်တဲ့အခါ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပထမဆုံး စပြီး ကြားခဲ့ဖူးတာ ကို ပြန်သတိရမိလိုက်ပါ တယ်။

အဲဒီနေ့ကတော့ ၂၀၁၄ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ဖြစ်ပြီး စာပေခရီးစဉ်တစ်ခု သွားဖို့ အခြားစာရေးဆရာနှစ်ဦးနဲ့ အတူ မင်္ဂလာဒုံ လေဆိပ်စားသောက်ဆိုင် မှာ လေယာဉ်ပေါ် တက်ဖို့ စောင့်နေခိုက်ဖြစ်ပါတယ်။ အတူသွားမယ့်ဆရာ ထဲက တစ်ဦးက ရုတ်တရက် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲသတင်းကို သူကြားတဲ့အတိုင်း ဖောက်သည်ချပါတယ်။ သူ့ မိတ် ဆွေ ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးက ပြောပါသတဲ့။ ဒီနှစ် ၂၀၁၄ ထဲမှာ ကြားဖြတ်ရွေး ကောက်ပွဲ ထပ်လုပ်ဦးမှာဖြစ်ပြီး အဲဒါက ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီ ကို ၂၀၁၅ ရွေးကောက်ပွဲ အကြို အားစမ်းတဲ့ ပွဲလုပ်တာလို့ ဆိုပါသတဲ့။ အဲဒီကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ မကုန် ခင်မှာ လုပ်မှာဖြစ်ပြီး မျှမျှတတ မှန်မှန်ကန်ကန် လုပ်ပေးမှာတဲ့။ အဲ- တစ်ခုရှိတာက အဲဒီပွဲမှာများ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲလို အန်အယ်လ်ဒီကများ အပြတ်အသတ် နိုင်ရင်တော့ ““၂၀၁၅ ရွေးကောက်ပွဲ ဆိုတာ ရှိဖို့မသေချာဘူး””လို့ ဆိုတယ်ဆိုပဲ။ အဲဒီသ တင်း ကြားရတော့ အတော်စိတ်အနှောက် အယှက်ဖြစ်သွားမိပါတယ်။

ပထမအချက်က ကြားဖြတ်ရွေးကောက် ပွဲဆိုတာ ၂၀၁၂ လို ရွေးကောက်ပွဲ သက်တမ်း အတော်ကျန်သေးတဲ့ အချိန်မျိုးမှာ လုပ်တာ က သဘာဝကျပေမယ့် တစ်နှစ်လောက်ပဲ ကျန်တော့တဲ့ သက်တမ်းအတက်လုပ်တာက သိပ် မသင့်တော်ဘူးလို့ထင်လို့ပါပဲ။ ပြီးတော့ ကြားရတဲ့သတင်းရဲ့လေသံက သိပ်လက်ခံချင်စရာ မဟုတ်လို့ပါပဲ။ ဒီ ကြားဖြတ်မှာ အန် အယ်လ်ဒီကို ထပ်မဲထည့်ကြဦးမယ် ဆိုရင် “၂၀၁၅ ရွေးကောက်ပွဲ”ဆိုတာ ရှိမှာ မဟုတ် တော့ဘူးနော်လို့ များ ခြိမ်းခြောက်လိုက်တာ လား။

ဒါမှမဟုတ် ပြည်ခိုင်ဖြိုးပါတီဝင်ထဲက သူတို့မတရားလုပ်တာကို မကြိုက်သူ တစ် ယောက်ယောက်က ဒီလို လုပ်ဦးမှာနော်လို့ ကြိုသတင်းပေးလိုက်တာလား။ ဘာပဲဖြစ်ဖြစ် ဒီလိုစိတ်ကူး၊ ဒီလိုအတွေးအမြင်နဲ့ ဒီလိုခြေ လှမ်းကို လှမ်းတယ် ဆိုရင် ကျွန်တော်တို့နိုင်ငံ အတွက် ကောင်းစရာ မရှိတာ သေချာပါတယ်။ ဒါပေမဲ့ ဒီဟာက ““အစိုးရကဖြစ်စေ၊ ကော်မရှင် ကဖြစ်စေ တရားဝင်ထုတ်ပြန် တာမဟုတ်တဲ့ အရပ်သတင်း၊ ပါးစပ်သတင်း တစ်ပုဒ်မို့ ဒါ ကို သိပ် အလေးအနက် မထားသင့်ဘူး၊ ဒါကို အကြောင်းပြုပြီး အစိုးရကိုဖြစ်စေ၊ ပြည်ခိုင် ဖြိုးကို ဖြစ်စေ အဆိုးမြင်လို့မသင့်တော်ဘူး””လို့ ကိုယ့်ဘာသာဆုံးမပြီး သံသယသောက တွေကို မျိုချဖျောက်ပစ်ခဲ့ရတာပါ။

ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ နောက်ထပ် တစ်လတိတိကြာတဲ့နေ့ မတ်လ ၂၁ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းရဲ့အမေး ကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဖြေကြား ရာမှာ လစ်လပ်နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲ လုပ်ပေးမှာဖြစ်ကြောင်းနဲ့ ရက် ကိုတော့မသတ်မှတ်ဘဲ လုပ်မယ့်ရက်ကို သုံး လကြိုကြေငြာမယ်၊ ရာသီဥတု သာယာတဲ့နေ့ ကို လုပ်ပေးမယ်လို့သာ ဆိုလိုက်ပါတယ်။ ဒီအခါမှာ ကိုယ်မဟုတ်လောက် ပါဘူးထင်တဲ့ ကောလာဟလသတင်းကြီးက တစ်လ အတွင်း မှာပဲ မှန်သွားတာကို စိတ်မချမ်းသာစွာ တွေ့ လိုက်ရတာပါပဲ။ ပထမတော့ ဒါက အရပ် သတင်း၊ ပါးစပ်သတင်းရယ်လို့ တန်ဖိုးမထား ခဲ့ရာ ကနေ အဲဒီသတင်းဟာ အခုတော့ “က ချွတ်ကချော်သတင်း” မဟုတ်တော့ဘဲ “လွှတ်တော်သတင်း”ဖြစ်သွားပြီကိုး။

အဲဒီတုန်းက ကော်မရှင်ရုံး ညွှန်ကြားရေး မှူး ဦးသောင်းလှိုင်က ကြားဖြတ် လုပ်ပေးရတာက လစ်လပ်မဲဆန္ဒနယ်က ပြည်သူတွေမှာ လိုအပ်ချက်တွေ တောင်းဆိုပေးမယ့် ကိုယ် စားလှယ်မရှိရင် မဲဆန္ဒရှင်တွေ အခွင့်အရေး ဆုံးရှုံးနိုင်တာမို့ “ကြားဖြတ်”ကို လုပ်ပေးရ တာပါလို့ ပြောခဲ့တာ မှတ်မိပါသေးတယ်။ ဟုတ်တာပေါ့။ အဲဒီမဲဆန္ဒနယ်က လယ်သမား တွေရဲ့ လယ်တွေ တပ်ကသိမ်းလို့ မစိုက်ရ မပျိုးရ လယ်သမား လုပ်စားလို့ မရဖြစ်တဲ့ အခါ လွှတ်တော်ကို တင်ပေးရဲမယ့်သူ၊ အဲဒီလို အ သိမ်းခံရလို့ လယ်သမား များက မကျေနပ်ဘဲ ဆန္ဒပြတဲ့အခါ ပုဒ်မ ၁၈ နဲ့ဖမ်းရင် မဖမ်းသင့် ကြောင်း ရပ်တည်ပြောပေးမယ့်သူ လိုသကိုး ဗျ။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် ပါဝင်ရမယ့် လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ပြည့်အောင် ကြားဖြတ်ကို လုပ်ရတာပါလို့ ပြောတဲ့အသံလည်း ကြားခဲ့ရပါသဗျာ။

ဒါပေမဲ့ ဒီမိုကရက် တစ်ပါတီ က ဦးသုဝေက ““ရိုးရိုးယှဉ်ပြိုင်ဖို့ အားစမ်းတာဆို ရင်တော့ ကောင်းပါတယ်၊ ၂၀၁၅ မှာ ဘယ်လိုလိမ်ရမလဲဆိုပြီး စမ်းသတ်တာ မျိုး ဆိုရင်တော့ မကောင်းဘူး””လို့ ပွင့်ပွင့်လင်း လင်းကြီး ပြောခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၁၄ ကြားဖြတ်ရွေးကောက် ပွဲဆိုတာ အများပြည်သူက လိုလားမျှော်လင့် ထားတဲ့ ရွေးကောက်ပွဲမျိုးမဟုတ်ဘဲ ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်တဲ့ လက်ရှိအစိုးရက လုပ်လိုတာဖြစ်ပြီး လုပ်မယ်ဆိုတဲ့ သူတို့ရဲ့ ကြေညာ ထားချက်အပေါ် ကျန်နိုင်ငံရေးပါတီ များကလည်း ၀င်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့ကြပါ တယ်။ အခုတော့ ကော်မရှင်က ရုတ်တရက် ကြီး ကြေညာလိုက်ပြန်ပြီ။ “မလုပ်တော့ပါဘူး”တဲ့။ မလုပ်ရတဲ့ အကြောင်းတွေ ကိုလည်း ရှင်း လင်းပြောပြပါရဲ့။ အဲဒါတွေက ““တိုတောင်း လှတဲ့ကာလအတွင်း အချိန်လုလုပ်ရမှာဖြစ် ပြီး ငွေကုန်ကြေးကျများမှာ၊ ဒီဇင်ဘာနောက် ဆုံးပတ် မှာလုပ်မယ်ဆိုရင် ပါတီတွေရော၊ လွှတ်တော်ရော၊ ကော်မရှင်ရော အခက် အခဲ တွေ့မှာ၊ ကြားဖြတ်ရဲ့အနိုင်အရှုံးက လွှတ် တော်မဲခွဲရာမှာ ထူးခြားမှု မဖြစ်စေ ပဲ ကြံ့ခိုင် ရေးကပဲ အသာစီးရမြဲရနေမှာ၊ လွှတ်တော်ထဲ မှာ အခြေခံ ဥပဒေနဲ့ ရွေးကောက်ပွဲစနစ်ပြင်ဖို့ ပုတီးစိပ်၊အိပ်ငိုက်ဖို့ထား၊ ဟမ်းဖုန်းတောင် မကလိအားပဲ အလုပ်တကယ်များနေတဲ့ လွှတ် တော် ကိုယ်စားလှယ်ကြီးများ (“ကြားဖြတ်”တာဝန်ပါချောထပ်မိရင်) ၀န်ပိမှာသနားတာ”” စတာ တွေကြောင့် ဆိုတာလည်း ဖော်ပြထား ပါတယ်။ ပြီးတော့ ဒေါ်စုနဲ့လည်း တိုင်ပင်ပြီး ကန့်ကွက်စရာမရှိဘူးလို့ ဆိုကြောင်းတောင် ပါပါသေးသဗျ။

ကျွန်တော်တို့ကလည်း အစကတည်း သဘောတူလှတာ မဟုတ်လို့ ဘာ ကန့်ကွက်စရာ ရှိမလဲဗျာ။ မကြာလှ တော့တဲ့ လွှတ်တော်သက်တမ်း အတွက် ငွေကုန် လူပမ်း မဖြစ်ထိုက်ဘူး လို့ အစောကြီးထဲက တွေးမိပါတယ်။ ဒါပေမဲ့ အခု ကော်မရှင်ဥက္ကဋ္ဌကြီး ပြောသွားတဲ့ကိစ္စ များဟာ အခုမှ အခုဖြစ်တာ မဟုတ်တဲ့အတွက် ဒါကြောင့်မလုပ်တော့တာပါ လို့ ပြောတာကို သိပ်ဘ၀င် မကျနိုင်ပဲ ဖြစ်ရတယ်ဗျာ။ တကယ် တော့ အစိုးရကြီး အနေနဲ့ပဲဖြစ်ဖြစ် ကော်မရှင်ကြီးအနေနဲ့ပဲ ဖြစ်ဖြစ် နိုင်ငံအတွက် ဘာကို ဖြင့် ဘာကြောင့် လုပ်သင့်တယ်၊ ဘယ်ဟာက ဖြင့် ဘာကြောင့် မလုပ်သင့်ဘူးလို့ အစော ကြီး သုံးသပ်၊ ယတိပြတ်ဆုံးဖြတ်ပြီး ခပ်ပြတ် ပြတ် တစ်ခုတည်းကိုပဲ တစ်ခွန်းတည်းပြောခဲ့သင့်တာမဟုတ်လား။

အခုတော့ မတ်လမတိုင်ခင်က ဘာသံမှ မကြားခဲ့ပဲ မတ်လကျမှ ရုတ်တရက်ကြီး လုပ် မယ်လို့ဆို၊ ပြီးတော့ နောက်ခြောက်လကြာ တော့ မလုပ်တော့ဘူးလို့ဆို ဆိုတာမျိုးက တော့ မသင့်တော်လှတဲ့အပြင် အရင်က မယုံချင်စရာ ဖြစ်နေတာ များကို ပိုပြီး သံသယဖြစ် စေနိုင်တယ်လေ။ တကယ်တော့ ကြိုတင်မဲ များနဲ့ နာမည်ပျက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ကော်မရှင် ဥက္ကဋ္ဌကြီး က ကော်မရှင် မဟုတ်ရှာသေးပဲ ပြည်ခိုင်ဖြိုးရဲ့ကိုယ်စားလှယ် အဖြစ် ကိုယ်တိုင် ပါဝင် ရွေးကောက်ခံခဲ့သူ ကြီးပါ။ တနည်းအားဖြင့် အဲဒီတုန်းက ဥက္ကဋ္ဌ ကြီးဟာ “ဒိုင်လူကြီးမင်း”ဘ၀ မရောက်သေးဘဲ ပြည်ခိုင်ဖြိုး အသင်းကြီး ရဲ့ ရှေ့တန်း တိုက်စစ်မှူး အဖြစ် ပါဝင်ကစားခဲ့ပြီး ရွေးကောက်ပွဲ လည်း အနိုင်ရခဲ့သူ တစ်ဦးဖြစ် ပါတယ်။

၂၀၁၀ ပွဲစဉ်မှာ တက်ကြလှုပ်ရှားကစားခဲ့သူကြီးက ၂၀၁၂ ပွဲစဉ်ကစပြီး အဆုံး အဖြတ် ပေးမယ့် ဒိုင်လူကြီးဖြစ်သွားပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ပြော စရာတွေဖြစ်ကုန်တာပေါ့။ အမှန်တော့ ဥက္ကဋ္ဌကြီးကို ယုံတာမယုံတာထက် “မူ”အရ မဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒါကြောင့် ““ကော်မရှင် အသစ်လဲပေးပါ”” ဆိုပြီး မီဒီယာများက ၀ိုင်း ရေးကြပြောကြတာပေါ့။ တစ်ခုတော့ရှိတယ် လေ။ ကျွန်တော်တို့ ငယ်ငယ်ကလည်း ဘောလုံးပွဲမှာ ဒိုင်ညစ်ပြီဆိုရင် ၀ိုင်းဆဲကြပြီး “ဒိုင် လူကြီးလဲပါဗျို့” ဆိုပြီး အသံကုန် အော်ခဲ့ဖူးတာ ပါပဲ။ ဒီလိုအော်လို့ဖြင့် ဒိုင် လူကြီးက ရှက်ရှက် နဲ့ထွက်သွားပြီး နောက်တစ်ယောက်က ၀င် လုပ်တာတို့၊ အားကာကော်မတီက ဒိုင်ကို ထွက်ခိုင်းပြီး ပိုကောင်းတဲ့တစ်ယောက်နဲ့ လဲပေးတာတို့ တစ်ခါမှ မကြုံခဲ့ဖူးတာပဲ။ ဒါကို သင်ခန်းစာ မယူတတ်ဘဲ “ဒိုင်လဲ ပါဗျို့” လို့ အော်နေတာဟာ အအော်ခံရသူများ ကြိတ် ရယ်စရာဖြစ်နေမလား မသိပါဘူး။

အမှန်တော့ အရင်က ကစားဖူးသူမို့ မယုံ ဘူးဆိုတာကလည်း ကျွန်တော်တို့ ဘက်က သေးသိမ်ရာ ရောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက် အခံက အပြတ်အသတ်နိုင်ပြီး အာဏာရ ပါတီ က အလဲအကွဲရှုံးခဲ့တာဟာဖြင့် ဒီကော်မရှင်ရဲ့ လက်ထက်မဟုတ်ပါလား။ ဒါဟာ တနည်း အားဖြင့် အစိုးရက တကယ်ကြီး အမှန်အကန် လုပ်တာပါလို့ သိက္ခာတက်စေတဲ့အပြင် ကော် မရှင်ကလည်း သူတို့ရဲ့ မှန်ကန်တည်ကြည်မှု အတွက် ဂုဏ်ယူဝမ်းမြောက်တတ်မယ်ဆိုရင် သမိုင်းလည်းပိုကောင်း၊ ကျွန်တော်တို့လည်း ပိုယုံကြည်စရာအကြောင်း ရှိခဲ့မယ်လေ။

အခုတော့ အဲဒီကာလက ရွေးကောက်ပွဲအပြီးမှာ ကော်မရှင်ဥက္ကဋ္ဌကြီးက “၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်လွန်းခဲ့ပြီး တရားမျှတ သည့် ရွေးကောာက်ပွဲ မဖြစ်ခဲ့ကြောင်း” (ရှုံးသွားသူတွေကို မျက်နှာပူ လို့လား မသိပါဘူး) ကိုယ်တာဝန်ယူလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကို ကိုယ်တိုင် မြောင်းထဲ ပစ်ချလိုက်တာဖြင့် အဲဒီမြောင်းထဲ ကိုယ်နဲ့ ကိုယ့်အဖွဲ့ပါ ပါသွားခဲ့တာမို့ ဒီနေ့ အထိ လူတွေက သူတို့ကို မယုံ နိုင်ဖြစ်နေတော့တာပါပဲ။

ဘာပဲဖြစ်ဖြစ် ဘယ်သူတွေဘာပြောပြော “ကော်မရှင်”ဆိုတဲ့ ဒီဒိုင်အဖွဲ့ကတော့ ဆက်လုပ်ရမှာပဲလို့ ဇွတ်ကြီး ပေကပ်နေမယ်ဆိုရင်လည်း အရင်သင်ခန်းစာကို ယူပြီး ၂၀၁၅ မှာ မှန်ကန်မယ့်အကြောင်းကို အခုထဲက ပြည်တွင်းပြည်ပ အင်အားစုများနဲ့ ပူးပေါင်းဆောင် ရွက်ပြီး သက်သေစပြခြင်းနဲ့ ကိုယ့်သိက္ခာ ကိုယ် ပြန်ဆည်သင့်ပါတယ်။ ပြီးတော့ တကယ့်ကို ဒိုင်လူကြီးပီသစွာ လုပ်ကိုင် မယ့်အ ကြောင်း ပြည်သူယုံကြည်အောင် နေထိုင်လုပ် ကိုင်ပြပါမှ သံသယနွံ ထဲက ပြည်သူကလည်း ကြည်ဖြူဝမ်းသာခြင်း ရေကြည်နဲ့ဆေးခွင့်ရ မှာပါ။

သြော်၊ စကားမစပ် ဒီဆောင်းပါးကိုမရေး ခင် ဒီအကြောင်းကို အိမ်ကို အလည်ရောက် လာတဲ့ မိုက်ဖော်မိုက်ဖက် ဧည့်သည် နိုင်ငံ ရေးသမား၊ စာသမားတချို့နဲ့ စကားစပ်ပြောနေမိပါတယ်။ ““ဒီကော်မရှင်နဲ့ဆို သူတို့လည်း အဆင်မပြေ၊ ကိုယ်လည်း စိတ်မချမ်းသာဖြစ်ရမှာပဲ။ ဒီကော်မရှင်နဲ့တော့ အလုပ် မဖြစ်ဘူး ဆိုတာ ထပ်ပြောကြ ထပ်ရေးကြရဦးမှာပါပဲဗျာ”” လို့ တစ်ယောက်ကပြောနေတုန်း ဧည့်သည်တွေနဲ့ အတူပါလာ လူငယ်လေးက ဘာမသိ ညာမသိနဲ့ ၀င်ပြောလိုက်တယ်ခင်ဗျ။

“ကော်မရှင်က အဆင်မပြေဘူးဆိုတော့ ကော်မရှင်အရ နည်းလို့လားဆရာ” တဲ့။ ပြီးတော့ စကားဆက်လိုက်ပုံ က ““ဆရာတို့ကတော့ ကော်မရှင်ပေါ့၊ ကျွန်တော်တို့ကတော့ “အာရကေ”လို့ခေါ်တယ်၊ တစ်ခါတစ်ခါလည်း “ပွဲခ” ပေါ့၊ တစ်ခါတစ်ခါတော့ “ပွဲညွန့်” တဲ့ ဆရာ။ ဘာပဲဖြစ်ဖြစ် ကော်မရှင် မကောင်း ရင်တော့ မလုပ်တာ အကောင်းဆုံးပဲနော်၊ ဆရာ၊ အလကား လူပင်ပန်းတာပဲ အဖတ်တင်နေမယ်””တဲ့။

ကဲ၊ ကော်မရှင်မကောင်းရင် ကျွန်တော် တို့ရော ဆက်လုပ်ရမှာလား စဉ်းစား စရာပဲ နော်။ (နောက်မှ သိရတာက အဲဒီလူငယ်က လေးက ကြည့်မြင့်တိုင် တစ်ဖက်ကမ်းက အ ရင်က တောင်သူလယ်သမားလေးဖြစ်ပြီး အခု မြေပွဲစား ဘ၀ ပြောင်းပြီး လည်သူတောင်သမား ဖြစ်နေသူလေးတဲ့ဗျာ)။

ရီနေနိုင်
The Ladies News Journal

ဒီနေ့မနက် ၆ နာရီခွဲအချိန်က မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးမှာ အဝေးထိန်းစနစ်မပါတဲ့ ချိန်ကိုက်မိုင်းတလုံးကို အာဏာပိုင်တွေက တွေရှိခဲ့ပါတယ်။

ဒီမိုင်းကို စစ်မြေပြင်အင်ဂျင်နီယာတပ်စိတ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့က အဲဒီချိန်ကိုက်မိုင်းကို ဖြတ်တောက်ပြီး အသက်မဲ့မှုပြုလုပ်ခဲ့ကြပါတယ်။

အဲဒီမိုင်းကို နာရီဒိုင်ခွက်အသုံးပြုပြီး AA ဓာတ်ခဲများ အသုံးပြုကာ ထောင်ထားတာဖြစ်ပြီး လူစည်ကားတဲ့အချိန်မှာ ပေါက်ကွဲနိုင်ဘို့အတွက် အချိန်ပေးထားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အာဏာပိုင်များရဲ့ သုံးသပ်မှုတွေအရ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ချက်ဆီးဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထောင်ထားတာမဟုတ်ဘဲ ပြည်တွင်းပြည်ပက အဖျက်အမှောက် လုပ်ရပ်တွေကို ဆောင်ရွက်လိုတဲ့အဖွဲ့တွေက နိုင်ငံရေးသိက္ခာ ကျဆင်းဘို့အတွက် ချစ်ကြည်ရေးတံတားနဲ့နယ်စပ်ဝင်ပေါက်အနီးမှာ ထောင်ထားတယာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာဆိုပြီး စွပ်စွဲပြောဆိုမှုတွေ မရှိသေးပါဘူး။

အာဏာပိုင်တွေဘက်ကတော့ ချစ်ကြည်ရေးတံတား ကုန်သွယ်ရေးဇုန်အပါအ၀င် မြို့တွင်း အရေးကြီးနေရာတွေကို မိုင်းရှာဖွေရှင်းလင်းခြင်း အသေးစိပ်လုပ်ဆောင်နေပါတယ်။

ဒီချိန်ကိုင်မိုင်းကို ဒီနေ့မနက် ၆ နာရီခွဲမှာ စည်ပင်သန့်ရှင်းရေး အလုပ်သမတဦးက တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ။

မနေ့တနေ့တုံးကလဲ ကရင်င်ြမ်းချမ်းရေးအဖွဲ့တခုကနေ မြ၀တီကုန်သွယ်ရေးဇုန်ကို ပစ္စည်းလာပို့တဲ့ ကုန်တင်ကားကြီး အစီ ၃၀ ကို ပိတ်ဆို့မှုတခုလုပ်ခဲ့ပါသေးတယ်။

အဲနောက်ပိုင်း ဒီကနေ့မှာ မြ၀တီမြို့ ထဲ ချိန်ကိုက်မိုင်းတွေ့ရှိတဲ့အတွက် မြို့ ခံတွေကတော့ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ ခံအချို့ က ပြောဆိုကြပါတယ်။

ပုံစာ - ဒီနေ့တွေ့ရှိတဲ့ ချိန်ကိုက်မိုင်းကို စစ်ပြေပြင်အင်ဂျင်နီယာတပ်စိပ်က တပ်ကြပ်ကြီးသိန်းကျော်နဲ့အဖွဲ့ ရှင်းလင်းဖယ်ရှားနေတာပါ။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

ဓားကိုယ်စီကိုင်ထားတဲ့အမျိုးသား ၇ ယောက်က တော်လှန်ရေး ပန်းခြံထဲက မြက်ပင်ရှည်ရှည်တွေကို ဖြတ်သန်းပြီး လဲပြိုဆွေးမြေ့နေတဲ့ သစ်ပင်ကြီးတပင်ဆီကို ချဉ်းကပ်သွားနေပါတယ်။
““ဟေး .... ဟေး . . . အဲဒါကိုမခုတ်ရဘူး၊ ဟေး .... မလုပ်နဲ့””
ဂျပန်ကင်ဒိုဓားကိုမြေကြီးပေါ်ထောက်ပြီး လက်တင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနောက်က အလျင်စလိုပြေးထွက်လာတဲ့ ပန်းခြံ တာဝန်ရှိ အမျိုးသားက စိုးရိမ်တကြီးလှမ်းပြီး ဟန့်တားလိုက်ပါတယ်။
““တကယ်လို့သာ မမြင်လိုက်ဘူးဆိုရင်တော့ ပြဿနာပဲ၊ တော် သေးတာပေါ့ တွေ့လိုက်လို့””
ပန်းခြံထဲမှာခေတ္တတပ်စွဲနေတဲ့ တပ်သားအချို့က တချိန်က ဗိုလ်ချုပ်အောင်ဆန်း ဂျပန်တော်လှန်ရေးမစခင်မှာ သမိုင်းဝင်မိန့်ခွန်းပြောခဲ့တဲ့ နေရာက သစ်ပင်ကြီးကို ထင်းအဖြစ်အသုံးပြုဖို့ သွားခုတ်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်အတွင်းက တော်လှန်ရေးပန်းခြံမှာ တာဝန်ထမ်းရွက်နေသူက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းဟာ ရဲဘော်တွေနဲ့အတူ မြန်မာ့လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့မသွားခင် ပထမဆုံးစစ်ထွက်မိန့်ခွန်း ဟောပြော ခဲ့သည့် အဲဒီသပြေပင်နှင့်အတူ မလှမ်းမကမ်းမှာ အောင်သပြေခူးယူခဲ့တဲ့ သပြေပင်ငုတ်တိုတခုလည်း ရှိနေပါသေးတယ်။ အဲဒီသပြေပင် နှစ်ပင် ဟာ ၂၀၀၈ ခုနှစ် နာဂစ်(စ်)မုန်တိုင်းကြောင့်ကျိုးကြေပျက်စီးခဲ့တာပါ။ ပန်းခြံထဲက မြေ ၇ ဧကခွဲကျော်ကျယ်တဲ့ စစ်ရေးပြမြက်ခင်းပြင်ထဲမှာ လဲပြိုနေတဲ့ အပင်အိုဟာ တော်လှန်ရေးပန်းခြံရဲ့ဝင်ပေါက်အမှတ်(၂) အနီးမှာရှိနေပါတယ်။
မကြာခင် ပျောက်ပျက်သွားနိုင်တဲ့ သမိုင်းဝင်အထောက်အထား တွေထဲမှာ သစ်ပင်ကြီးနှစ်ပင်သာမကဘဲ တော်လှန်ရေးပန်းခြံရဲ့ အစိတ် အပိုင်းအချို့လည်း ပါဝင်နိုင်ပါတယ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးရဲ့ အထင်ကရသင်္ကေတတခုဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခုနစ်ဆက်တိုင်တိုင်တော်လှန်ရေးနေ့ မိန့်ခွန်းတွေပြောကြားခဲ့တဲ့ ပန်းခြံဝင်းရဲ့အနားသတ်နေရာတွေမှာ အများ ပြည်သူအပန်းဖြေနိုင်မယ့် စီမံကိန်းကြီးတခုကို လာမယ့်ပွင့်လင်းရာသီမှာ အကောင်အထည်ဖော်တည်ဆောက်သွားတော့မှာ ဖြစ်ပါတယ်။
ဦးဝိစာရလမ်းနှင့်ဓမ္မစေတီလမ်းထောင့် ဧကပေါင်း ၃၂ ဧကကျော် ကျယ်ဝန်းတဲ့တော်လှန်ရေးပန်းခြံထဲက တော်လှန်ရေးပန်းခြံစီမံကိန်းကို ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်၊ တပ်မြို့ စည်ပင်သာယာရေးက တပ်မတော်ဆောက်လုပ်ရေးတပ်(၉၅၄)နဲ့ပူးပေါင်း တည်ဆောက်ကြမှာဖြစ်ပါတယ်။ စီမံကိန်းမှာတော့ ကာရာအိုကေ၊ မင်္ဂလာ ခန်းမကြီး၊ ကလေးကစားကွင်း၊ ရေကူးကန်၊ ဓာတ်ပုံစတူဒီယို၊ စားသောက် ဆိုင်ကြီး (၈)ဆိုင်နဲ့ နှင်းလျှောစီးကွင်းတွေပါဝင်မှာဖြစ်ပြီး စီမံကိန်းတခုလုံးအတွက် ကုန်ကျစရိတ်များသည့်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ငွေလုံးငွေရင်းရနိုင်ဖို့ တင်ပြထားတယ်လို့ တပ်မြို့စည်ပင်သာယာရေး၏ စီမံကိန်း အစီအစဉ်အရ သိရပါတယ်။

ဂျပန်တော်လှန်ရေးအစမှာ ဗိုလ်ချုပ်အောင်ဆန်းက နောင်တချိန်မှာ မြန်မာနိုင်ငံသားအားလုံးရဲ့ စိတ်နှလုံးထဲစွဲမြဲစေတဲ့ သမိုင်းဝင်မိန့်ခွန်းကို တော်လှန်ရေးပန်းခြံထဲမှာပြောခဲ့တာပါ။
““ရဲဘော်တို့ . . . အကျယ်ချဲ့ ပြီးရှည်ရှည်မပြောချင်ဘူး၊ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ရင်ဆိုင် ရမယ်။ ဗမာပီပီဗမာ့သွေးကိုပြပါ”” ဆိုတဲ့မိန့်ခွန်းဟာ ဒီပန်းခြံထဲမှာ မွေးဖွား ခဲ့တာဖြစ်ပါတယ်။

ဆောက်လုပ်မယ့်စီမံကိန်းထဲမှာ အများသူငါ ၀င်ရောက်လေ့လာနိုင်ဖို့ လဲပြိုနေတဲ့ သပြေပင်နှစ်ပင်နေရာမှာ သပြေကြီးအမျိုးအစား အပင် နှစ်ပင်ကိုစိုက်ထူသွားမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးပြီး စစ်ထွက် မိန့်ခွန်းပြောနေပုံ၊ တော်လှန်ရေးရဲဘော်များရုပ်တု၊ ဂျပန်နိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းကို လက်ဆောင်ပေးခဲ့တဲ့မြန်မာနိုင်ငံရဲ့ ပထမဆုံး မေယု စစ်သင်္ဘောပြခန်းပြကွက်တွေအပါအ၀င် အခြားပန်းအလှဆင်လုပ်ငန်း တွေပါဝင်မှာဖြစ်ပြီး စီမံကိန်းတခုလုံးကို လာမယ့်နှစ်မိုးရာသီ မတိုင်မီ အပြီးလုပ်နိုင်အောင်စီစဉ်နေတယ်လို့ သိရပါတယ်။

ပန်းခြံကြီးကို တော်လှန်ရေးပန်းခြံလို့ ၁၉၅၈ ခုနှစ်ကစတင် ခေါ်ဝေါ်ခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်အထိ တပ်မတော်နေ့ အခမ်းအနားတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ စစ်အစိုးရက အများပြည်သူတွေအတွက် ပန်းခြံတွင်းဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
““တပ်မတော်ပန်းခြံသည် တပ်မတော်ပိုင်သလို ပြည်သူလည်းပိုင်ပါတယ်။ တပ်မတော်နေ့အခမ်းအနားတွေကို နေပြည်တော်မှာ ပြောင်းလဲကျင်းပပြီဖြစ်တဲ့အတွက် ဒီပန်းခြံကြီးဟာ ဒီအတိုင်းကြီးထားမယ့် အစားပြည်သူတွေဝင်ရောက်လေ့လာ အပန်းဖြေနိုင်အောင် အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းလေးတခုဖော်ဆောင်ဖို့အတွက် အထက်လူကြီးတွေက ညွှန်ကြားချက်နဲ့အညီဆောင်ရွက်ဖို့အတွက် အခုလိုမျိုးပြင်ဆင် နေတာဖြစ်ပါတယ်””လို့ တပ်မြို့စည်ပင်သာယာရေးက တာဝန်ရှိသူ ဦးမိုးမင်းဝင်းက ပြောပါတယ်။
““ဘယ်လောက်ကုန်ကျမယ်ဆိုတာ အတိအကျမသိရသေးဘူး။အရင်က ပန်းခြံရှိသော်ငြားလည်း ဘယ်သူမှဝင်ရောက်ခွင့်လေ့လာခွင့် မရှိပါဘူး။အထဲမှာဘာရှိလဲဆိုတာတောင် မသိကြပါဘူး””လို့ သူက ရှင်းပြ ပါတယ်။

လွတ်လပ်ရေးရပြီး ဖဆပလခေတ်မှာ လွှတ်တော်အမတ်ဖြစ်ခဲ့သူ ကနေဒါ၊ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတွေမှာ သံအမတ်အဖြစ် အမှုထမ်းခဲ့ပြီး ယနေ့ခေတ်အထိ အမျိုးသားသင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် တက်ကြွလုပ်ဆောင်နေသူ သခင်ချန်ထွန်း (၉၂ နှစ်)ကတော့ ပန်းခြံဝင်းထဲမှာစားသောက်ဆိုင်တွေ၊ ကာရာအိုကေတွေပါဝင် မယ်ဆိုတဲ့ စီမံကိန်းဟာ မသင့်တော်ဘူးလို့ သူ့အမြင်ကိုပြောပါတယ်။
““သမိုင်းနေရာတခုဖြစ်လို့ သမိုင်းဝင်နေရာအဖြစ်သာထားဖို့ သင့်တယ်။ အဲဒီနေရာက လွတ်လပ်ရေးရအောင်အခြေကုပ်ခဲ့တဲ့ အောင် မြေလေ””

သတင်းစာဆရာ ဦးသိန်းမောင်ရေးတဲ့ ရန်ကုန်ရာဇ၀င်သမိုင်းမှာ တော်လှန်ရေးပန်းခြံနေရာကို ရှေးအခါက ရှင်စောပုကုန်းလို့ခေါ်ခဲ့ကြပြီး စစ်နယ်မြေ၊ စစ်တန်းလျား၊ စစ်စခန်းတွေအဖြစ် အသုံးပြုခဲ့တဲ့ ကပ္ဗလီ ကွက်သစ်ဖြစ်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
အိမ်စောင့်အစိုးရလက်ထက်မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန် လက်ထက်မှာ နယ်မှရန်ကုန်ကို ရွှေ့ပြောင်းလာသူတွေ တော်လှန်ရေး ပန်းခြံနေရာမှာကျူးကျော်နေထိုင်ကြတဲ့အတွက် ဖယ်ရှားရာက ခဲတွေနဲ့ ပစ်ပေါက်ဆန်္ဒပြတဲ့အခါ ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေးကို ထိမှန်ခဲ့ ဖူးသေးတယ်လို့ တချိန်က ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးက ပြန်ပြောပြပါတယ်။

၂၀၁၃ ခုနှစ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံကနေ တပ်မြို့စည်ပင်သာယာရေးက လွှဲပြောင်းရယူလိုက်ပါတယ်။ တော်လှန်ရေးပန်းခြံကြီးရဲ့ ၀င်ပေါက်မှာ ထုံးဖြူနှင့် ဆေးနီတွေသုတ်ထားတဲ့ ကြယ်ဖြူကြီးတလုံးရှိပြီး အောက်ဘက်မှာတော့ ကြည်း၊ ရေ၊ လေ တပ်မတော် အမှတ်တံဆိပ်များပါရှိပါတယ်။ ဦးဝိစာရလမ်းပေါ် ၀င်ပေါက် အမှတ် (၁)နဲ့ ဓမ္မစေတီလမ်းပေါ်ဝင်ပေါက်အမှတ် (၄) တွေက အများပြည်သူ အတွက် ဖွင့်ထားပါတယ်။
ဒါပေမဲ့ ဦးဝိစာရလမ်းပေါ်ဝင်ပေါက်အမှတ် (၂) နဲ့ဝင်ပေါက်အမှတ် (၃) ကတော့ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ပိတ်ဆို့နေပါတယ်။

တပ်မတော်နေ့တွေမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ချီတက်ခဲ့ကြတဲ့ စစ်ကြောင်းတွေ၊ ညပိုင်းတွေမှာ မီးရှူးမီးပန်းတွေဖောက်လွှတ်ပြီး ဂုဏ်ပြုခဲ့ကြတာတွေကို ဗဟန်းမြို့နယ်တော်လှန်ရေး ပန်းခြံနဲ့မျက်နှာချင်းဆိုင်လမ်းကြားလေးထဲက ““ရွှေဘ””ဩမြန်မာထမင်းဆိုင်ပိုင်ရှင် ဒေါ်လှလှမြင့်က မှတ်မိနေတုန်းပါ။
အသက်(၅၀) ၀န်းကျင်ရှိတဲ့သူမကတော်လှန်ရေး ပန်းခြံအတွင်း အများပြည်သူလာရောက်မှုပိုများအောင် စားသောက်ဆိုင်များပါဝင်သည့် စီမံကိန်းကို တည်ဆောက်ဖို့စီစဉ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
““မိုင်ဒါကွင်း(ယခု မြို့မကွင်း)ကနေ တော်လှန်ရေးပန်းခြံထိကို စစ်ကြောင်းတွေ ချီတက်ကြတယ်၊ ပန်းကုံးတွေလည်းစွပ်ကြတယ်။ အဲဒီ တုန်းက တော်လှန်ရေးနေ့ရောက်တော့မယ်ဆိုရင် ဈေးဆိုင်တွေပိတ်ရ တယ်”” လို့ သူမက ပြောပါတယ်။
““ပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တာတွေ အမှတ် တရလုပ်တာကတော့ ကောင်းတယ်””လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ် သက်တဲ့အမှတ်တရတွေအပေါ်မှာ ဒေါ်လှလှမြင့်က မှတ်ချက်ပေးပါတယ်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့လို့ ၁၉၅၄ ခုနှစ်၊ မတ်လ ၂၇ ရက်(၁၀)ကြိမ်မြောက်ထိ ကျင်းပခဲ့ပြီးနောက် ၁၉၅၅ ခုနှစ်၊ မတ်၂၇ ရက် ၀န်ကြီးချုပ်ဦးနုလက်ထက်မှာ ဦးဗဆွေက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့စဉ်ကစလို့ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ ပြောင်းလဲခဲ့တာဖြစ်တယ်လို့ ရန်ကုန်ရာဇ၀င်သမိုင်းမှာ ဖော်ပြထားပါတယ်။

၆၉ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ တော်လှန်ရေးပန်းခြံကို အဆင့်မီ မွမ်းမံမှုတွေ ဆောင်ရွက်ဖို့ရည်ရွယ်တာကလည်း ပြည်သူနဲ့တပ်မတော်ကြား နှစ်ဖက်ဖော်ရွေမှုရှိစေဖို့လည်းပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးတဦးက ဆိုပါတယ်။
““တပ်မတော်နဲ့ပြည်သူကစိမ်းနေသလိုဖြစ်နေတယ်။ ဒီပန်းခြံကို ပြုပြင်မွမ်းမံပြီး ပြည်သူတွေဝင်ထွက် လေ့လာနိုင်စရာတွေတည်ဆောက် လိုက် ရင်ရင်းနှီးမှုပိုရလာမယ်””

အခုအခါမှာတော့ တော်လှန်ရေးပန်းခြံကို ပြည်သူတွေ ၀င်ထွက် လေ့လာအပန်းဖြေနိုင်စေဖို့ နေ့စဉ်မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ပြီး အသေးစားပြင်ဆင်မှုတွေလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။
ပန်းခြံအတွင်းမှာ နှစ်ယောက်တွဲထိုင်ခုံတန်း အလုံး ၃၀ ခန့်ရှိတဲ့ အနက် လူမြင်ကွင်းမှာထားတဲ့ ခုံတန်း ၄ ခုကလွဲရင် ကျန်တဲ့ခုံတွေ ကတော့ စနေ၊ တနင်္ဂနွေလိုရုံးပိတ်ရက်တွေမှာ စုံတွဲများနဲ့ ပြည့်နှက်နေ တတ်ပါတယ်။

အသစ်ဆောက်လုပ်မယ့်စီမံကိန်းနဲ့ပတ်သက်ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေးမှာ ပါဝင်ခဲ့သူလည်းဖြစ်၊ တချိန်ကကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးက ““သမိုင်းဝင်နေရာမှာ ခေတ်မီကာရာအိုကေဆိုင်တွေ စားသောက်ဆိုင်တွေဖြစ်လာရင်ပျက်မယ်။ မူးယစ်ဆေးဝါးတွေကိစ္စဖြစ်လာမယ်။ ပျက်စီးမှာ””လို့ သူ့ရဲ့စိုးရိမ်မှုကို ပြောပြ ပါတယ်။
သူက သမိုင်းဝင်ပန်းခြံကို အမှတ်တရအနေနဲ့ ဒီအတိုင်းပဲထား စေချင်တာပါ။
““ဂိတ်ကြေးပိုက်ဆံယူပြီး ၀င်ငွေရအောင် ရဲဘော်သုံးကျိပ်ဝင်ရုပ်ထု တွေထားတာ၊ ပန်းအလှဆင်ထားတာတွေရတာပဲ။ ဘာလို့ဒါတွေကိုလုပ် မှာလဲ။ ပျက်စီးတာမြင်ရဦးမယ်။ မဖျက်ပါနဲ့””

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

၁၁ ကြိမ်မြောက် ပြည်သူ့လွတ်တော် အစည်းအဝေးများ စက်တင်ဘာလ ၁၁ ရက်နေ့ ကြာသပတေးနေ့တွင် ပြန်လည်စတင်ခဲ့ပြီဖြစ်သည်။ ယခုတခါ လွှတ်တော်တွင် မည်သို့ မည်ပုံ ခရီးဆက်ကြမည်ကို ပြည်သူအများက အထူး စိတ်ဝင်စားလျက် ရှိကြသည်။ အထူးသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေး၊ အချိုးကျ ရွေးကောက်ပွဲစနစ်များ မည်သို့မည်ပုံ ရှေ့ဆက်မည်ကို အထူး စိတ်ဝင်စားလျက် ရှိသည်။

တစ်ချိန်တည်းမှာပင် မျိုးစောင့်ဥပဒေကော်မရှင်၏ လေ့လာသုံးသပ်ချက်များ မည်သို့ မည်ပုံ ထွက်ပေါ်လာဦးမည်နည်း ဟုလည်း မျှော်လင့်လျက်ရှိသည်။ ထို့အပြင် ပုဒ်မ ၄၃၆ ပြုပြင်ရေး အတွက် NLD နှင့် ၈၈ ငြိမ်းပွင့်အဖွဲ့တို့ ဦးဆောင် စုဆောင်းထားသည့် မဲဆန္ဒရှင် ၄၉ သိန်းတို့၏ လက်မှတ်များ ကို လွှတ်တော် နှင့် သက်ဆိုင်ရာ ကော်မရှင်များက မည်သို့ ကိုင်တွယ်မည်ကို စိတ်ဝင်စားလျက်ရှိကြ သည်။

အတိတ်မှ အာဏာရှင်စနစ် အမည်းစက်များသာမက လက်ရှိအစိုးရလက်ထက် မှာပင် မြေသိမ်း ယာသိမ်းကိစ္စများ၊ အကျင့်ပျက် ခြစားမှုများ၊ လက်သင့်ရာ စားတော်ခေါ်မှု များနှင့် မီဒီယာများ တွင် ပြည့်လျက်ရှိသော အာဏာရ ပြည်ခိုင်ဖြိုး ပါတီနှင့် ၁၉၉၀ အနိုင်ရ NLD ပါတီတို့၏ ၂၀၁၅ ရင်ဆိုင်တိုက်ပွဲခေါ်သံများ ကလည်း ပြည်သူများအကြား ဆူညံလျက်ရှိသည်။

၂၀၀၈ အခြေခံဥပဒေအား လေ့လာသုံးသပ်နေသည့် ကော်မတီ၏ အကြံပြု ချက်အား ယခု ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်သွင်းမည်ဟု သိရသည်။ အခြေခံ ဥပဒေ ပြင်ဆင်မှုတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ တင်မြှောက်ခွင့် ပိတ်ပင်ထားသည့် ပုဒ်မနှင့် ပတ်သက်သည့် အကြောင်းအရာမှာ စိတ်ဝင်စားမှုခံရသည့် အကြောင်းရာဖြစ်သည်။

အခြေ ခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီအတွင်း အဓိက သဘောထား ကွဲလွဲ ရသည့်အကြောင်းရာမှာ အခြေခံဥပဒေပြင်ဆင်ရေးတွင် စစ်တပ်အား ဗီတိုအာဏာ အပ်နှင်း ထားသည့် ပုဒ်မ ၄၃၆ အရေးဖြစ်သည် ဟုဆိုသည်။ အခြေခံ ဥပဒေပြင်ဆင်ရန် လွှတ်တော် အမတ် ၇၅ ရာခိုင်နှုန်း ၏ ထောက်ခံမှု အစား ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုဟု ပြင်ဆင်ရန် ကော်မတီ အတွင်းရှိ တပ် မတော်သား ကိုယ်စားလှယ် ၃ ဦးက သာ ဆန့်ကျင်ခဲ့သည်ဟု အမည်မဖော် လိုသည့် ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ အာရှနှင့် ပစိဖိတ်ဆိုင်ရာကောလိပ်မှ ထရီဗာဝီလ် က “ဒါဟာ ကမ္ဘာ အနှံ့က ဒီမိုကရေစီနိုင်ငံ အများစု မှာ မျှော်လင့်နိုင် တဲ့ အများစုထောက်ခံမှု ပမာဏဖြစ်ပါတယ်” ဟု ပြောကြားခဲ့ သည်။ ၂၀၀၀-၂၀၀၃ ကာလတွင် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့သော ၀ီလ်ဆင်က “ဒီလို သတ်မှတ်မှ သာလျှင် အခြား ဒီမိုကရေစီနိုင်ငံတွေ ရဲ့ အခြေခံဥပဒေတွေနဲ့ စံချိန်ကိုက်ညီစေပါတယ်” ဟု ပြောကြား ခဲ့သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရရှိနိုင်သည့် ပြင်ဆင်မှုကို မပြုလုပ်လျှင်လည်း ပါတီ ခေါင်းဆောင်နေရာတွင် သမ္မတဖြစ် ခွင့်ရှိသူ အခြား တစ်ဦး အစားထိုးမှုရှိမည် မဟုတ်ဟု အများက သုံးသပ်လျက် ရှိကြ သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများက လူထုခေါင်းဆောင် အဖြစ် သတ်မှတ်ထားမှုကြောင့် ပါတီ က သူမအား အစားထိုးလိုခြင်း ရှိမည် မဟုတ်ဟု ထင်မြင်ယူဆလျက် ရှိသည်။

“ NLD က ဒေါ်အောင်ဆန်းစုကြည်ကို အစားထိုးဖို့၊ ဆက်ခံဖို့ အခြားတစ်ဦး တစ်ယောက် ကို ရွေးချယ်မှာ မဟုတ် ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့ အတွက် သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ နေရာကို စိန်ခေါ်ဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပါတီခေါင်းဆောင်အဖြစ် တည်ရှိခြင်းက လူထု၏ ယုံကြည်စိတ်ချမှု၊ အားကိုးမှု နှင့် ရွေးကောက်ပွဲ အောင်နိုင်မှုအတွက် အရေးကြီးတဲ့ အချက်ဖြစ်နေဆဲပါပဲ” ဟု ၀ီလ်ဆင် က ထပ်လောင်း ပြောကြား ခဲ့သည်။

သမ္မတ ရာထူးအစား ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌ တစ်နေရာရာအား ဦးတည် လျှင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ အရေးပါမှုနှင့် လုပ်ပိုင်ခွင့်တို့မှာ ဆက်လက် တည်ရှိနေမည်လား ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ “ဒီလို ပုံစံကို ဒေါ်စု နှစ်သက် မလား ဆိုတာ ဘယ်သူမှ မသိပါဘူး။ ၅ နှစ်လောက် ဒီလို လုပ်ဖို့ သူမ မဖြစ်ချင်တာလည်း ဖြစ်နိုင် ပါတယ်” ဟု ၀ီလ်ဆင်က သုံးသပ် ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးဖြစ်သော သားအငယ် ကင်မ် နှင့် သားအကြီး အလက်စန္ဒား တို့က ၁၉၇၀ ပြည့်လွန်နှစ်များတွင် ယူကေ၌ မွေးဖွား ခဲ့သူများဖြစ်သည်။ ၎င်း တို့၏ မြန်မာနိုင်ငံသားဖြစ်တည် မှုအား ၁၉၈၉ ခုနှစ် က စစ်အစိုးရမှ အကြောင်းမဲ့ ပယ်ဖျက်ခြင်း ခံခဲ့ရပြီးနောက်ပိုင်း ၄င်းတို့မှာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် ရွေးချယ်ခံခွင့်ရှိရန် သားဖြစ် သူများ အနေဖြင့် မြန်မာနိုင်ငံသား လျှောက်ထားခြင်း ပြုလုပ်နိုင်ဟု အမျိုးသား လွတ်တော် အမတ် ဦးလှဆွေ က မှတ်ချက်ပြုခဲ့သည်။

သို့မဟုတ် သားအဖြစ်မှ တရားဝင် စွန့်လွှတ်ခြင်း ဖြင့် နိုင်ငံအတွက် အနစ်နာခံ သူအဖြစ် လူထု ထောက်ခံမှု၊ စာနာသနားမှုတို့ကို ပိုမိုပင်ရရှိနိုင်သည်ဟု အချို့ အကြံပြုခဲ့သည်။

နအဖ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ် ခင်ညွန့်သည် စင်ကာပူနိုင်ငံသူ နှင့် လက်ထပ်ခဲ့သော သားဖြစ်သူအား အစိုးရ သတင်းစာများတွင် လူသိ ရှင်ကြား ကြေငှာပြီး စွန့်လွှတ်ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် သားဖြစ်သူ အား ပုဂံတယ်လီပို့စ် ကဲ့သို့ ကြီးမားသည့် စီမံကိန်းကြီးများ လုပ်ကိုင်ခွင့်ပေးခြင်း ကဲ့သို့ မျက်နှာသာပေးမှုများ ပြန်လည်ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ထိုသို့ ပြုလုပ်မည်မဟုတ်ဟု ၀ီလ်ဆင်က သုံးသပ် သည်။ အမှန်မှာ သား နှစ်ယောက် ကို မြန်မာနိုင်ငံသား အဖြစ်မှ စစ်အစိုးရ ဖျက်သိမ်းခဲ့သည့်အတွက် ဥပဒေကြောင်း အရ ၎င်းတို့မှ ၎င်းတို့ ဆန္ဒ အရ ပြန်လည် လျှောက်ထားနိုင်ခွင့် ရှိ မရှိ မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူကြီးပိုင်း အသက်ရောက်နေပြီ ဖြစ်သည့် သူမနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသည့် သားများကို ဟန်ပြသဘောမျိုးဖြင့် စွန့်လွှတ်ကြောင်း ကြေညာမည် မဟုတ်ချေ။

၂၀၁၄ အတွင်း ကျင်းပခဲ့သည့် ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ တစ်ခု တွင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ပထမဦးဆုံး အကြိမ် အဖြစ် ပြည်သူအား ဖွင့်ဟပြောကြားခဲ့ပါသည်။ သူမက သားနှစ်ယောက် ကို မွေးကာစကပင် လန်ဒန်ရှိ မြန်မာနိုင်ငံသံရုံးတွင် မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး န၀တ စစ်အစိုးရက သားနှစ်ဦး၏ မြန်မာနိုင်ငံသား ပတ်စ်ပို့စ်များကို မသိမ်းယူခင် အထိ မြန်မာနိုင်ငံသားများသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

"သူမရဲ့ အမြင်တွေက ခိုင်မာပါ တယ်။ ဒီကန့်သတ်ချက်ဟာ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ အတွက် ပြင်ဆင်သင့်ပါတယ် သူမက အခိုင်အမာ ပြောဆိုထားပါတယ်"ဟု ၀ီလ်ဆင်က ဆိုသည်။

အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အကြံပြု ချက်များအား ဆောင်ရွက် ရန် အချိန်ယူရမည်ဖြစ်သည်။ “ကော်မတီရဲ့ အကြံပြုချက်တွေ ကို လွှတ်တော်မှာ ဆွေးနွေးပြီး ပုဒ်မတစ်ခုစီအလိုက် မဲခွဲဖို့ မျှော်လင့်ရပြီး အခြေခံ ဥပဒေပြု ပြင်မှု ဥပဒေကြမ်း ရေးဆွဲ ဖို့ ကော်မတီတစ်ခု ဖွဲ့စည်းရပါမယ်လိမ့်မယ်” ဟု ၀ီလ်ဆင်က သုံးသပ် ခဲ့သည်။

ပြည်သူ၏ လိုလားချက်များကို အာဏရပါတီနှင့် ၎င်းင်းတို့၏မိတ်ဖက် စစ်တပ် အသိုင်းအ၀ိုင်းမှ ဘယ်၍ ဘယ်မျှ လိုက်လျောမည်ဆိုသည်ကို လအနည်းအတွင်း တစ်ကမ္ဘာလုံးက မြင်တွေ့ ရတော့မည် ဖြစ်သည်။

KHTun

Ref : sbs.com.au

The Ladies News Journal
မျက်နှာဖုံး သတင်း၊ အတွဲ ၂ အမှတ်စဉ် ၃၀၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။


အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေကို ပါမောက္ခချုပ်တွေ၊ ကျောင်းအာဏာပိုင်တွေက နှောင့်ယှက်ဟန့်တားမှုတွေ၊ ဖိအားပေးမှုတွေ ပေါ်ပေါ်တင်တင်လုပ်ဆောင်လာနေတဲ့အပေါ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စက်တင်ဘာ ၁၄ရက်နေ့မှာ မေးခွန်းထုတ်လိုက်ပါတယ်။ အစိုးရနဲ့ကျောင်းအာဏာပိုင်တွေက အလိုတူ အလိုပါတွေလား။

ကျောင်းသားထုတစ်ရပ်လုံးရဲ့ အခွင့်အရေးတွေကို လျစ်လျူရှုထားတဲ့ ဒီအမျိုးသားပညာရေး ဥပဒေကြမ်းကို လွှတ်တော်က ဇူလိုင် ၃၁ရက်နေ့က အတည်ပြုခဲ့ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေ ကန့်ကွက်မှုတွေ လုပ်လာချိန်မှာ ကျောင်းအာဏာပိုင်တွေဟာ အစိုးရနဲ့ပေါင်းပြီး နှောင့်ယှက်ခြိမ်းခြောက်မှုတွေလုပ်နေတယ်ဆိုတာ သိစေချင်လို့ သတင်းစာရှင်းလင်းပွဲလုပ်ရတာပါလို့ စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်က ပြောပါတယ်။

ကျောင်းသားတွေရဲ့ အကျိုးစီးပွားကိုဦးစားမပေးဘဲ ဗဟိုချုပ်ကိုင်မှုလွန်ကဲနေတဲ့ ဒီဥပဒေကို ကန့်ကွက်တာဟာ ကျောင်းသားတွေရဲ့အခွင့်အရေးဖြစ်ပြီး ဒီအခွင့်အရေးကို လိုက်လံပိတ်ဆို့၊ နှောင့်ယှက်နေတဲ့ ပါမောက္ခတွေ၊ ကျောင်းအာဏာပိုင်တွေဟာ အစိုးရအလိုအတိုင်း အခွင့်အရေးနဲ့ လွတ်လပ်မှုကို စော်ကားနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ ကျင်းပတဲ့ ဒီသတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဥပဒေကြမ်းကို အတည်ပြုသည့်တိုင်အောင် တကသအနေနဲ့ NNER လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက်ရဲ့ တောင်းဆိုချက်အဖြစ်တဲ့ ကျောင်းသားနဲ့ ဆရာတွေရဲ့ သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ သင်ရိုးညွှန်းတမ်းတွေ လွတ်လပ်စွာရေးဆွဲခွင့်နဲ့ ပညာရေးကော်မရှင်ကို ဖျက်သိမ်းဖို့ စတဲ့အချက် ၉ချက်ကို တောင်းဆိုသွားမှာဖြစ်ပြီး ကန့်ကွက်မှုတွေကိုလည်း အရှိန်မြှင့်သွားမယ်လို့ ဆိုပါတယ်။

တက္ကသိုလ်အာဏာပိုင်တွေနဲ့ အစိုးရဟာ ကျောင်းသားတွေရဲ့လွတ်လပ်စွာ ကန့်ကွက်ခွင့်ကို တားဆီးပိတ်ပင်နေပြီး ဒီလှုပ်ရှားမှုကို အရှိန်မြှင့်ရာမှာ ကျောင်းသားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေဖြစ်လာဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး ကိုနန်းလင်းက ပြောပါတယ်။

တစ်နိုင်ငံလုံးက တက္ကသိုလ်တွေမှာ ဒီဥပဒေကြမ်းကန့်ကွက်မှုတွေကို ရန်ကုန်မြို့က ကျောင်းတွေမှာ ထူးထူးခြားခြား နှောင့်ယှက်တာ မကြုံရပေမယ့် စစ်ကိုင်း၊ မုံရွာ၊ တောင်ငူ စတဲ့နယ်တွေမှာတော့ တက္ကသိုလ် ပါမောက္ခချုပ်တွေ၊ ကျောင်းအာဏာပိုင်တွေက မိဘတွေကိုခေါ်ပြီး ဖိအားပေး အရေးယူမှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Kamayut media

အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ ကြုံတွေ့နေရသဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန်နှင့် ငွေတုငွေစစ်အား ပြည်သူများခွဲခြားနိုင်ရန် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ပေးရန် လိုအပ်လာနေကြောင်း သတင်းရရှိသည်။

“ဘဏ်မှာ ငွေသွားလွှဲတဲ့အချိန်မှာ ကျွန်တော့်ပိုက်ဆံ တစ်သောင်းကျပ်တန်ကို အတုဆိုပြီး သိမ်းမယ်လုပ်တယ်။ ကျွန်တော်က သိမ်းတော့မသိမ်းပါနဲ့။ သုံးမရအောင်လုပ်ပြီး ပြန်ပေးပါပြောမှ အပေါက်ဖောက်ပြီး ပြန်ပေးတယ်။ ဒီပိုက်ဆံကို ဘယ်အချက်ကြောင့် အတုဆိုတာသိအောင် နှစ်ရက်လောက် စဉ်းစားလိုက်ရတယ်။ ကျွန်တော်တို့ နည်းမျိုးစုံကိုင်ကြည့်တယ်။ အကုန်နီးပါးတူတယ်။ ၁ဝဝဝဝ လို့ရေးထားတဲ့ စာလုံးကလည်း ဖောင်းကြွပါပါတယ်” ဟု ကျပ်တစ်သောင်းတန် ငွေစက္ကူအတုအား တွေ့ရှိခဲ့သူတစ်ဦးက ရှင်းလင်းပြောကြားသည်။

အစစ်နှင့် အလွန်တူသည့် တစ်သောင်းကျပ်တန် အတုများတွင် ရေစာ (water-mark) ပါဝင်ခြင်း၊ ငွေကြိုးပါဝင်ခြင်းနှင့် ယခင်ကထွက်ရှိသည့် ငွေတုများကဲ့သို့ မျက်နှာပြင် ချောမွေ့နေခြင်းမရှိဘဲ နေရာတိုင်းနီးပါးတွင် အစစ်နှင့် ခွဲရခက်အောင် ကြမ်းတမ်းနေခြင်း စသည့်အချက်များကြောင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အစစ်နှင့် ခွဲရခက်လာခြင်းဖြစ်ကြောင်း Myanmar Property Market place လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ကျွန်တော်က ဘဏ်လောကက မဟုတ်ပေမယ့် ကျွန်တော့်အစ်ကိုက ဘဏ်လောကကပါ။ ဒီပိုက်ဆံအတုကို တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ဝိုင်းစစ်ဆေးတော့ ဒီပိုက်ဆံမှာ ငွေကြိုးနဲ့ ကြာပန်းပုံရေစာကပဲ သိသိသာသာ ကွာခြားနေတယ်။ ကျွန်တော်တို့ ဒီပိုက်ဆံကို တွေ့ခဲ့တာက လှည်းတန်းမှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ တွေ့ခဲ့တာပါ” ဟု Myanmar Property Market place မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

အဆိုပါ ငွေအတုနှင့် အစစ်အား နှိုင်းယှဉ်ကြည်မှုအရ အရှေ့မျက်နှာတွင်ပါဝင်သည့် ရောင်ပြန်ကြိုးမှာ ဘယ်ညာရှုထောင့်ပြောင်း၍ လှုပ်ပြီးကြည့်ပါက အစစ်တွင် အရောင်ပြောင်း၍ ငွေစက္ကူအတုတွင် အရောင်ပြောင်းလဲမှုမရှိကြောင်း သိရသည်။

“ဘဏ်ဝန်ထမ်းတွေ အနေနဲ့တော့ အခုအချိန်ထိ ခွဲခြားနိုင်နေတုန်းပါပဲ။ သာမန်လူတွေကတော့ သတိထားသင့်တယ်” ဟု ဘဏ်နှင့်ငွေကြေးဆိုင်ရာ အကြံပေးလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။

ထို့ပြင် ကြာပန်းပုံ ရေစာနေရာတွင် အထူအပါး ကွာခြားခြင်း၊ အချောအကြမ်းကွာခြားခြင်းကို တွေ့ရှိရပြီး ငွေစက္ကအစစ်မှာ ပါး၍ကြမ်းတမ်းပြီး အတုမှာထူထဲ၍ ချောမွေ့နေသည်။ ယင်းအပြင် ငွေစက္ကူအတု၏ရေစာမှာ ပိုမိုကြီးမားနေပြီး အလင်းရောင်တွင်ကြည့်ရှုပါက အတုမှာ ပို၍အလင်းပိတ်သည်ဟု Myanmar Property Marketplace တွင် ဖော်ပြထားချက်အရ သိရသည်။

“သာမန်လူတွေကတော့ သိချင်မှသိမှာလေ။ ကျွန်တော်တို့ ဘဏ်ဝန်ထမ်းတွေကတော့ သိတယ်။ အစစ်လားအတုလားဆိုတာ ချက်ချင်းခွဲနိုင်အောင် ကျွမ်းကျင်တယ်လေ။ ဗဟိုဘဏ်ကိုလည်း လှမ်းမေးကြည့်ပါ။ သူတို့မှာ အတုအစစ်ခွဲတဲ့ နည်းတွေက အများကြီးပါ။ သူတို့က ပင်တိုင်ပဲလေ။ သူတို့ဆီမှာ သတင်းအစုံအလင် ရောက်တယ်။ အတုနဲ့အစစ် ခွဲရခက်တယ်ဆိုတာတော့ အခုမှကြားဖူးတယ်။ ကျွန်တော်တို့ကတော့ မခက်ဘူးထင်တာပဲ။ အရင်တုန်းက စူပါဒေါ်လာတောင် ပေါ်ဖူးတယ်။ ဒါကလည်း စစ်လိုက်ရင်သိတာပဲ။ အတုအစစ်ခွဲတဲ့ စက်တွေလည်း ရှိနေတာပဲ။ အတုက အတုပါပဲ။ အခု ကျွန်တော်တို့ ငွေစက္ကူတွေ ထုတ်နေတာကလည်း ဂျာမနီနည်းပညာနဲ့ ထုတ်နေတာပါ။ အဆင့်မြင့်ပါတယ်။ နောက်ပြီး အတုက ဘယ်လိုမှ စက္ကူ နှစ်ထပ်နဲ့ မဖြစ်နိုင်ဘူး။ စက်ကြီးတွေက အကြီးကြီးတွေ၊ ကုန်ကျစရိတ်က အရမ်းများသွားမယ်” ဟု ကမ္ဘောဇဘဏ်ဒုဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ ဦးသန်းလွင်က စက်တင်ဘာ ၁၄ ရက်က ပြောကြားသည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း . . . . .

ထိုသို့ သုံးသပ်ချက်အရ ငွေတုငွေစစ် ခွဲခြားရာတွင် ပြည်သူများအတွက် အသိပညာပေးရန်နှင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌဒေါက်တာဆက်အောင်အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသည့်အပြင် စာဖြင့်ပါ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုမှု မရှိချေ။

ထိုသို့ ဘဏ်ဝန်ထမ်းများသာ အတုနှင့်အစစ် ခွဲခြားနိုင်နေပြီး သာမန်ပြည်သူများအနေနှင့် ခွဲခြားနိုင်မှုမရှိပါက နစ်နာမှုများနှင့် စိတ်မကောင်းစရာအဖြစ်များ တွေ့ကြုံရနိုင်ပြီး ကျပ်တစ်သောင်းတန်များအား သေချာစွာစစ်ဆေးသင့်ကြောင်း ဦးသန်းလွင်က ပြောကြားသည်။

“ကျွန်တော်တို့ ဗဟိုဘဏ်ကိုမေးကြည့်တော့ နယ်စပ်တွေမှာ နွားတွေဘာတွေ သွားရောင်းပြီး ငွေတုတွေရတယ်။ အဲဒါကို ဗဟိုဘဏ်သွားအပ်တဲ့အခါမှာ ပြဿနာလေးတွေ ဖြစ်တယ်ဆိုတာမျိုးတော့ ပြောဖူးတယ်။ အဲဒီလိုဆိုတော့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌလာတော့ မေးကြည့်တယ်။ ဗဟိုဘဏ်မှာတော့ ငွေစက္ကူ အတုနဲ့အစစ် ခွဲတဲ့စက်ကြီးတော့ ဝယ်ထားတယ်လို့ သိရတယ်။ ဟိုတုန်းကတော့ ကျွန်တော်တို့မှာ ဆန်ရှင်ရှိနေတော့ ကျွန်တော်တို့ ဂျာမနီကဝယ်ထားတဲ့ စက်တွေရဲ့ ဆေးတွေရော၊ အပိုပစ္စည်းတွေရော ဆယ်နှစ်လောက် ဝယ်လို့မရတာ ဖြစ်ခဲ့ဖူးတယ်။ ၂ဝ၁၁ နောက်ပိုင်းလွှတ်တော်တွေ ပြန်စချိန်မှာ အမေရိကန်ရဲ့ ဆန်ရှင်ကလည်း တဖြည်းဖြည်း လျော့လာတဲ့အချိန်မှာ ဆေးတွေ အပိုပစ္စည်းတွေ ပြန်ဝယ်လို့ရလာတယ်။ နိုင်ငံတကာအဆင့်မီ ငွေထုတ်လာနိုင်ပါတယ်။ သို့သော်လည်း သူတို့ထပ်ပြောတာက အမေရိကန်ဒေါ်လာမှာတောင် အတုအစစ်ဆိုတာ ရှိတာပဲ။ တုတယ်ဆိုတာကတော့ အဖိုးတန်တဲ့ပစ္စည်းမှာ တုတာပဲလေ။ တစ်သောင်းတန်၊ ငါးထောင်တန်ပဲ တုတာပေါ့လေ။ တစ်ထောင်တန်တို့ ငါးရာတန်တို့ကတော့ တုခဲတာပေါ့။ ၁ဝဝ ကျပ်တန်ဆိုရင် အတုတောင် မလုပ်ဖူးလို့ ကျွန်တော်တို့ အကြမ်းဖျင်းတော့ သိထားပါတယ်” ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒုတိယတန်ဖိုးအမြင့်ဆုံး ငွေစက္ကူဖြစ်သည့် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအား ၂ဝဝ၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်သုံးစွဲခဲ့ပြီး ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူကို ၂ဝ၁၂ ခုနှစ် ဇွန် ၁၅ ရက်မှစတင်၍ ပြည်သူများအကြား လှည့်လည်သုံးစွဲနိုင်ရန် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများ မကြာခဏတွေ့ရှိပြီးနောက် အစစ်နှင့်ခွဲခြားရခက်လာသည့် ကျပ် ၁ဝဝဝဝ တန် ငွေစက္ကူအတုများ ပြည်သူများအကြားတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျပ် ၅ဝဝဝ တန်ငွေစက္ကူအတုများမှာ မကြာခဏ တွေ့ရှိနေရသဖြင့် ပြည်သူများ သတိပြုနိုင်ရန် ကျပ် ၅ဝဝဝ တန် ငွေစက္ကူအတုနှင့် အစစ်အကြား ကွာခြားချက်များအား ထုတ်ပြန်ပေးထားပြီး ငွေစက္ကူအတုတွင် စက္ကူထောင့်ဖြတ်ရာ ပါရှိခြင်း၊ ငွေစက္ကူ၏ ဘယ်ဘက်ထောင့်အလယ်၌ ဗဟိုဘဏ်မှ ရိုက်နှိပ်ဖော်ပြထားသည့် လုံခြုံရေးအမှတ်အသားဖြစ်သည့် ရေစာမပါရှိခြင်း၊ လုံခြုံ ရေးအမှတ်အသား တစ်ခုဖြစ်သည့် ငွေကြိုးပေါ်တွင် ငွေစက္ကူတန်ဖိုးအား ဖော်ပြသည့်စာသား မပါရှိခြင်း၊ ငွေစက္ကူ၏ ညာဘက်ထောင့်အလယ်၌ ဗဟိုဘဏ်က ရိုက်နှိပ်ထားသည့် ရေစာမပါရှိခြင်း စသည့်ခြားနားချက်များရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ထားမှုအရ သိရသည်။

ထို့ပြင် ငွေစက္ကူအတုသည် သာမန်စက္ကူဖြင့် ရိုက်နှိပ်ထားသဖြင့် စာလုံးဆေးသား ကြည်လင်ပြတ်သားမှု မရှိခြင်း၊ စက္ကူသား သိပ်သည်းကျစ်လျစ်မှု မရှိသည့်အတွက် ရာသီဥတုနှင့် ရေစိုဒဏ်မခံနိုင်ခြင်း၊ ငွေစက္ကူပါနံပါတ်များမှာ နေရောင်အောက်တွင် နီရဲတောက်ပမှု မရှိခြင်း၊ ရေစာမှာလည်း အလင်းရောင်အောက်တွင် ကြည့်ရှုပါက ပေါ်လွင်ပြတ်သားမှု မရှိခြင်း၊ လုံခြုံရေးကြိုးမှာလည်း ငွေစက္ကူတွင် ဒေါင်လိုက်ထည့်သွင်းထားခြင်း မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်သည့် ငွေစက္ကူအတုနှင့်အစစ် ခွဲနည်းအရ သိရသည်။ ကျပ် ၅ဝဝဝ တန်ငွေစက္ကူများကို ကျပ် ၂၈ဝဝ ဘီလျံကျော်အထိ ထုတ်လုပ်ထားပြီး ပြင်ပလောကနှင့် စီးပွားရေးလောကတွင် ငွေတုများ ပျံ့နှံ့နေနိုင်သဖြင့် အတုအစစ်ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ အမှုဖွင့်တိုင်ကြား အရေးယူခြင်းများ ပြုလုပ်နေကြောင်း ယခင်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ၂ဝ၁၃ ခုနှစ် အစောပိုင်းတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ ဆွေးနွေးထားသည်။

မည်သူမဆို ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ လိမ်လည်အတုပြုလျှင်ဖြစ်စေ သို့မဟုတ် အတုပြုမှန်း မိမိသိလျက်နှင့် ထိုသို့လိမ်လည် အတုပြုလုပ်သည့် လုပ်ငန်းအဆင့်ဆင့်တွင် အဆင့်တစ်ခုခုကို ပါဝင်ပြုလုပ်ပါက ထိုသူအား ရာဇသတ်ကြီးပုဒ်မ ၄၈၉ (က) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိထောင်ဒဏ်ကို ဖြစ်စေ၊ တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ပြင် ငွေစက္ကူကိုဖြစ်စေ၊ ဘဏ်ငွေလက်မှတ်ကိုဖြစ်စေ အတုမှန်းသိလျက် အစစ်အမှန်အဖြစ် အသုံးပြုပါက ရာဇသတ်ကြီးပုဒ်မ ၄၈၉ (ခ) အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကို ဖြစ်စေ၊ ၁ဝ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်အရေးယူနိုင်သည့်အပြင် ငွေဒဏ်လည်းချ မှတ်နိုင်ကြောင်း၊ ငွေစက္ကူများအား အတုပြုလုပ်ထားမှန်းသိလျက် သုံးစွဲရန်ကြံရွယ်ကာ လက်ဝယ်ထားပါက ထောင်ဒဏ်ခုနစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်အရေးယူနိုင်သည်ဟု ပြဌာန်းထားကြောင်း သိရသည်။

Eleven Media Group

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် မန္တလေးခရိုင်အဖွဲ့ ဝင် မဖြူနှင်းထွေး ကို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသမှာ မေလကဖြစ်ခဲ့တဲ့ ရွာသားတွေနဲ့ တရုတ် ဝန်ထမ်း တွေရဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့  ရဲတပ်ဖွဲ့ က မနေ့ ကနေ့ လည်မှာ မန္တလေးမြို့ နေအိမ်ကနေ ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ က လက်ပံတောင်းတောင်ဒေသခံတွေ ဝမ်ဘောင်ကုမ္ပဏီက တရုတ်နိုင်ငံ သားနှစ်ဦးကို ခေတ္တထိမ်းသိမ်းခဲ့ပါတယ်။

အဲဒီကာလမှာ မဖြူနှင်းထွေးက ဒေသခံတွေနဲ့ အတူရှိနေတဲ့အတွက် သူ့ ကို ပြန်ပေးဆွဲမှုနဲ့ တရားစွဲ ထားပြီး၊

မနေ့ ကဖမ်းသွားတဲ့အကြောင်းနဲ့  ဒီကိစ္စကို အဖွဲ့ ဝင်တွေရဲ့သဘောထားအတိုင်း ဆက်လက် ဆောင်ရွက် သွားမယ့်အကြောင်း ဗကသများအဖွဲ့ ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက RFA ကိုပြောပါတယ်။

"နေ့လည် ၁၂ နာရီကျော် ၁ နာရီလောက်မှာ သူ့အိမ်ရှေ့က ရဲနှစ်ယောက်ကလာပြီးတော့ စောင့်နေ တယ်၊ အပြင်ထွက်လို့မရဘူးပေါ့၊ သူအပြင်ထွက်ဖို့တော့ သူငယ်ချင်းအိမ်ကို တယ်လီဖုန်းဆက်ပြီးတော့ ကြိုးစားသေးတယ်၊ ဒါပေမယ့် သူအပြင်ထွက်လို့မရဘူး၊ သူ့တို့မှာ ဝရမ်းပါတယ်ပြောပြီးတော့ဖမ်းတယ်၊ ဖမ်းပြီးချက်ချင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှာတရားစွဲတင်ပြီးတော့ နောက်တောင်ကျနေပြီ ဆိုပြီးတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ကို ချက်ချင်းရွေ့လိုက်တယ်ခင်ဗျ၊ ကျနော်တို့ သိရတာကတော့ ၃၆၈ ပြန်ပေးမှုလို့ပြောထားတယ်ခင်ဗျ၊ မဖြူနှင်းထွေး လွတ်မြောက်ရေးအတွက်ကို ကျနော်တို့ အတက်နိုင်ဆုံးတော့ ကြိုးစားကြည့်မယ်၊ ဥပဒေလမ်းကြောင်းအတိုင်းတော့ ကျနော်တို့ ကြိုးစားသွားဖို့ အစီအစဉ်ရှိတယ်၊ နောက်ပိုင်းဘာဆက်လုပ်မလဲဆိုတော့ ကျောင်းသားတွေဘက်က ဆန္ဒနဲ့ဆိုင်တယ်၊ ကျောင်းသားတွေဘက်က ဆုံးဖြတ်ချက်တွေနဲ့လည်းဆိုင်တယ်"

ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းနှစ်ဦးကိုရွာသားတွေဖမ်းလိုက်တဲ့ကိစ္စအတွက် ဒေသခံ ၆ ဦးနဲ့  မဖြူနှင်းထွေး ကို ပြန်ပေးဆွဲတဲ့အမှုနဲ့ တရားစွဲခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံချစ်ကြည်ရေးအရဆိုပြီး၊ တရားရုံးသွားခဲ့တဲ့ ရွာသား ၅ ယောက်ကို ဝမ်ပေါင်ကုမ္ပဏီက အမှုရုပ်သိမ်းပေးခဲ့ပါတယ်။ တရားရုံးမသွားခဲ့တဲ့ မဖြူနှင်းထွေးနဲ့ နောက် တစ်ယောက်ကို တရားခံပြေးအဖြစ်အမှုဖွင့်ထားတာဖြစ်ပါတယ်။

မဖြူနှင်းထွေးဟာ ရတနာပုံအဝေးသင်တက္ကသိုလ်မှာ မြန်မာစာအဓိကဘာသာရပ်သင်ယူနေတဲ့ ကျောင်းသူဖြစ် ပြီး၊ ကျောင်းသားသမဂ္ဂမှာတက်တက်ကြွကြွပါဝင်နေသူဖြစ်သလို၊ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းဒေသ က မြေယာသိမ်းခံရတဲ့တောင်သူတွေအတွက်လဲ ကူညီနေသူဖြစ်တယ် လို့ သိရပါတယ်။

RFA

စက်တင်ဘာလထုတ် "စုံနံ့သာမဂ္ဂဇင်း"မှာရေးဖြစ်ခဲ့တဲ့ ရွှေဝါရောင်အမှတ်တရ ဆောင်းပါးလေးပါ ... ဒီဆောင်းပါးလေးနဲ့ ရွှေဝါရောင်တော်လှန်ရေးကာလက ရင်းနှီးပေးဆပ်ခဲ့ကြသူများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ် ...

"စက်တင်ဘာဟာ တိုက်ပွဲကို အဆုံးမသတ်နိုင်သေးဘူး ... "
၈ရက် ၈လ ၁၉၈၈ မှာ မြန်မာနိုင်ငံတစ်ဝှမ်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံဆိုတဲ့ အမည်နာမ တစ်ခု သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းပြုခဲ့ရပါတယ်။ အခုဆို ၂၆နှစ်ရှိခဲ့ပါပြီ။ အဲဒီ့လိုပဲ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းမှာလဲ သံဃာတော်တို့ရဲ့ဦးဆောင်မှုနဲ့ နအဖကိုအန်တုတဲ့ နောက်ထပ်လှုပ်ရှားမှု တစ်ခုဖြစ်ခဲ့ပြီး ရွှေဝါရောင်တော်လှန်ရေးဆိုတဲ့ အမည်တစ်ခု ထပ်မံသမိုင်းဝင်ခဲ့ပြန်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံနဲ့ ရွှေဝါရောင်တော်လှန်ရေးနှစ်ခုကို နှိုင်းယှဉ်ကြည့်မယ့်ဆိုရင် နိုင်ငံအဝှမ်းပါဝင်လှုပ်ရှားမှုနဲ့ ကြီးမားကျယ်ပြန့်မှုမှာ ရှစ်လေးလုံးအရေးတော်ပုံက ပိုပြီးအားသာပေမယ့် နိုင်ငံတစ်ကာနဲ့ အခြားသော ကမ္ဘာက မြန်မာနိုင်ငံအတွင်းက ဖြစ်ပျက်နေသမျှတွေကို သိမြင်နားလည်မှုအပိုင်းမှာတော့ ရွှေဝါရောင်တော်လှန်ရေးက သာလွန်ခဲ့ပါတယ်။ ဒါဟာလဲ ပိတ်ထား၊ဆို့ထား၊တားမြစ်ကန့်သတ်ထားတဲ့ကြားထဲကကိုပဲ ရရင်ရသလို ထိုးဖောက်ပျံ့နှံ့လာတဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရဲ့ ကျေးဇူးမကင်းပါဘူး။ အမှန်အတိုင်းပြောရရင် ၂၀၀၇ ကာလ ကမ္ဘာမှာ နည်းပညာက အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလိုဖြစ်လာနေပြီလို့ ပြောဆိုနေကြတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာတော့ www.gmail.com လို့ရိုက်ထည့်လိုက်ရင် Access has been denied ဆိုတဲ့ အနီရောင် ဖန်သားပြင်ကိုသာမြင်နေရပြီး ကမ္ဘာကြီးကသက်သက် မြန်မာနိုင်ငံကသက်သက် အခြေအနေမှာပဲရှိနေသေးတဲ့ အနေအထားပါ။ ဒါပေမယ့် ၂၀၀၇ ရဲ့လူငယ်မျိုးဆက်တွေဟာ ပိတ်ထားတော့လဲ မသုံးဘူးပေါ့ကွာ၊ ဘန်းထားတော့လဲ မကြည့်ဘူးပေါ့ကွာ ဆိုတာမျိုးမနေခဲ့ကြပဲ ပိတ်ဆို့တားဆီးထားသမျှတွေ နည်းမျိုးစုံနဲ့ကျော်ခွဝင်ရောက်ပြီး ကမ္ဘာကြီးနဲ့နီးစပ်နိုင်ဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ကျနော်မှတ်မိနေပါသေးတယ် ... အဲဒီ့ကာလတုန်းက သူငယ်ချင်းတွေနဲ့ပေါင်းပြီး မြို့ထဲမှာ အင်တာနက်ဆိုင်လေးဖွင့် ထားခဲ့တဲ့အချိန်တုန်းက ကျနော်တို့ဆိုင်လေးဟာ your freedom ဆိုတဲ့ software လေးရဲ့ကျေးဇူးနဲ့ လွတ်လပ်နေသော သီးခြားနယ်မြေလေးတစ်ခု ဖြစ်နေခဲ့ပါတယ်။
your freedom ဆိုတဲ့ software လေးက တံခါးပုံလေးနဲ့ပါ ... အဲဒီ့ software လေးကို run ထားပြီး တံခါးလေးပွင့်နေပြီဆိုရင် ပိတ်ဆိုတားဆီးထားတဲ့ တံခါးအထပ်ထပ်လဲ ပွင့်ဟ လွတ်လပ်နေပြီဆိုတဲ့သဘောပါပဲ ။ ကျနော်တို့ Gmail သုံးခဲ့ကြပါတယ်၊ ဘလော့ဂ်တွေရေးခဲ့ကြပါတယ်၊ ဘန်းထားတဲ့ သတင်းစာမျက်နှာတွေကို မရအရဝင်ကြည့်ခဲ့ကြပါတယ်။

အခုခေတ် လက်ဖက်ရည်ဆိုင်တွေမှာတောင် ပေါ်တင်ဖွင့်ပြတင်ဆက်နေပြီဖြစ်တဲ့ DVB သတင်းဌာနဆိုရင် အဲဒီ့အချိန်တွေ တုန်းက ကျနော်တို့ ကျော်ခွပြီး နားဆင်ခံစားခဲ့ကြရတဲ့ကာလပါ။ လွတ်လပ်မှုကို ကန့်သတ်ပိတ်ပင်ထားတော့လဲ ကျနော်တို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ရယူ ခံစားခဲ့ကြပါတယ်။ လုံခြုံမှုမရှိသော၊ အန္တာရယ်များသော လွတ်လပ်မှုမျိုးဆိုပေမယ့် ... မလွတ်လပ်သော လုံခြုံမှုမျိုးထဲမှာ ငြိမ်ဝပ်ပိပြားနေရမယ်ဆိုတဲ့ဘဝနဲ့ ကျနော်တို့ ကျေကျေနပ်နပ်ကြီး အလဲအထပ်လုပ်ခဲ့ကြ ပါတယ်။ အခုနောက်ပိုင်း အင်တာဗျူးအချို့မှာ အဲဒီ့အချိန်တွေတုန်းက ထောင်ကျမှာကို မကြောက်ခဲ့ဘူးလားဆိုတဲ့ မေးခွန်းကို ခဏခဏအမေးခံတဲ့အခါ ကျနော်ပြန်ဖြေဖြစ်ခဲ့တာက ... " တင်းကျပ်သော၊ အဓိပ္ပါယ်မရှိသော အမိန့်တွေ ညွှန်ကြားချက်တွေ၊ လက်တစ်လုံးခြားဥပဒေတွေနဲ့ တစ်နိုင်ငံလုံးက လူတွေအားလုံးကို အချိန်မရွေးဖမ်းဆီးထောင်ချလို့ရအောင်လုပ်ထားတဲ့ အခြေအနေမှာ ... မြန်မာနိုင်ငံကိုယ်နှိုက်က အကျဉ်းထောင်ကြီး တစ်ခုလိုဖြစ်နေပြီး မြန်မာနိုင်ငံသားတွေအားလုံးဟာလဲ အကျဉ်းကျတွေဖြစ်နေတဲ့အတွက် အကျဉ်းထောင်ကြီးထဲက အကျဉ်းထောင်သေးသေးလေးထဲကို ထပ်ရောက်သွားမှာ ထူးထွေပြီး ကြောက်မနေခဲ့ပါဘူး" လို့။ ဟုတ်ပါတယ် ... မမြင်ရသောနံရံတွေရဲ့အတွင်းဘက်မှာ ကျနော်တို့ တစ်နိုင်ငံလုံး အိမ်မှာနေရင်း အကျဉ်းကျခဲ့ကြရပါတယ်။ ဒါပေမယ့် "ဆင်ခြေကိုရှာရင် ဆင်ခြေပဲတွေ့မယ် နည်းလမ်းကိုရှာရင် နည်းလမ်းတွေ့မယ် " ဆိုတဲ့ စကားအတိုင်း ကျနော်တို့တွေ ဆင်ခြေတွေကို ထိုင်ရှာပြီး စိတ်ညစ်မနေကြပဲ နည်းလမ်းပေါင်းစုံနဲ့ အဲဒီ့နံရံတွေပေါ်မှာ ချောင်းကြည့်ပေါက်လေးတွေ ဖောက်ပြီး အပြင်ကမ္ဘာကို ချောင်းကြည့်ခဲ့ကြပါတယ်၊ အပြင်ကမ္ဘာနဲ့ချိတ်ဆက်ခဲ့ကြပါတယ်။

နည်းပညာဟာ ကျနော်တို့အတွက်တော့ အသွားချွန်တဲ့လွန်သွားလိုပါပဲ ... ပိတ်ဆို့ထားသောနံရံတွေပေါ်မှာ ချောင်းကြည့်ပေါက်လေးတွေဖောက်ဖို့ ကျနော်တို့ကို အကောင်းဆုံးအကူအညီပေးခဲ့တယ်။ နည်းပညာရဲ့ကျေးဇူးကြောင့် ကျနော်တို့တွေဟာ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်တတ်ခဲ့ကြပါတယ်၊ စစ်တပ်ရဲ့ကြီးစိုးမှု အောက်မှာ နိုင်ငံဟာ ချွတ်ခြုံကျနေပြီဆိုတာကို အခြားနိုင်ငံတွေရဲ့အခြေအနေတွေနဲ့နှိုင်းယှဉ်သိမြင် ခဲ့ရပါတယ်။ နိုင်ငံတစ်ကာကို ရောက်နေကြတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်မိကြပြီး အခြားနိုင်ငံတွေမှာ လုပ်နိုင်နေတဲ့အရာတွေကို ကိုယ့်နိုင်ငံကနေလဲလုပ်နိုင်အောင် နည်းလမ်းရှာပြီး ကြိုးစားဖန်တီးခဲ့ကြပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင်ကလေးဖြစ်တဲ့ စက်တင်ဘာလ (၁) ရက်နေ့မှာပဲ ပြည်တွင်းပြည်ပ မြန်မာဘလော့ဂါတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ Myanmar Bloggers Society(MBS) ကနေဦးဆောင်ပြီး MICT Park ထဲမှာ ငါတို့ဘာကြောင့် ဘလော့ဂ်ရေးကြသလဲ ... ? ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုပြုလုပ်နိုင်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာလဲ MBS ရဲ့ဆောင်ပုဒ်လေးဖြစ်တဲ့ ငါတို့ဘလော့ဂ်ရေးကြတယ်၊ ငါတို့ စုစည်းမိကြတယ် (We blog, We unite) ဆိုတဲ့စာသားလေးအတိုင်းပဲ ကျနော်တို့ ဘလော့ဂါတွေ စုစုစည်းစည်းနဲ့တာဝန်ကျေခဲ့ကြပါတယ်။

အဲဒါကြောင့်လဲ ကျနော်တို့ ဘလော့ဂါတွေဟာ အာဏာရှင်အစိုးရရဲ့ မျက်မုန်းကျိုးခြင်းကိုခံခဲ့ကြရသလိုပဲ စစ်ကြောရေးကာလမှာလဲ ဘာလဲဟ ဘလော့ဂါဆိုပြီး ဂြိုလ်ပေါ်ကကျလာတဲ့ ဂြိုလ်သားတစ်ကောင်လို အကြည့်စိမ်းစိမ်းတွေနဲ့အကြည့်ခံခဲ့ရပါတယ်။ နည်းပညာဟာ လိမ်ညာလှည့်စားမှုတွေကို ပါးလျစေတဲ့ ပွင့်လင်းမြင်သာမှုကိုလည်း အားပေးပျိုးထောင်နိုင်တယ်ဆိုတာကို ကျနော်တို့ မျက်မြင်ကြုံခဲ့ရပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ပန်းဆိုးတန်းလမ်းထိပ်မှာ ဂျပန်သတင်းထောက်ကြီး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တဲ့ ကိစ္စကိုပဲ ကြည့်ပါ မပစ်ပါဘူးလို့ လိမ်နေချိန်မှာပဲ ရိုက်ထားတဲ့ဓါတ်ပုံတွေ အင်တာနက်ပေါ်တက်လာပါတယ်၊ ချော်ထိသွားတာပါလို့ ထပ်လိမ်ပြန်ပါတယ် အဲဒီ့အခါကျတော့လဲ ဗွီဒီယိုဖိုင်ကြီးပါ အင်တာနက်ပေါ်မှာပေါ်လာခဲ့ပါတယ်။ အဲဒီ့တော့မှ လူလိမ်တွေရဲ့ပါးစပ်လဲ အာစေးမိကုန်ပါတော့တယ်။ အဲဒီ့ပုံတွေ ဗွီဒီယိုတွေကို ဘယ်သူတွေတင်သလဲ ၊ မင်းတို့ကို ဘယ်သူတွေကခိုင်းလို့တင်တာလဲ စတဲ့မေးခွန်းတွေကို စစ်ကြောရေးကာလမှာ နားကန်းမတတ်အမေးခံရပါတယ်၊ ကျနော် တစ်ခွန်းထဲကိုပဲ ထပ်ခါထပ်ခါဖြေဖြစ်ပါတယ် ... " ကိုယ့်မျက်စိရှေ့မှာ မတရားလုပ်တာတွေ့ရင်တော့ လူငယ်တွေက တစ်နည်းနည်းနဲ့ မှတ်တမ်းတင်ပြီး တစ်နည်းနည်းနဲ့ ကမ္ဘာကသိအောင်လုပ်မှာပဲ ... ဘယ်သူမှခိုင်းလို့မဟုတ်ဘူး" ကျနော်တို့ကို သူတို့လို သူများခိုင်းမှ လုပ်တတ်ကြတဲ့သူတွေလို့ ထင်နေပုံပါပဲ။

ငါတို့လိမ်ချင်တိုင်းလိမ်လို့မရတော့ဘူးဆိုတာသိသွားတဲ့ အစိုးရက အဆင့်မြင့်နည်းပညာတွေကို အသုံးပြုလာကြတဲ့ လူငယ်တွေနဲ့ ဘလော့ဂါတွေကို အငြှိုးတကြီးနှိပ်ကွပ်ပါတော့တယ်။ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း မြို့တော်ခန်းမရှေ့ ကနေ ဖြတ်သန်းသွားမိပြီဆိုရင် ခင်ဗျားရဲ့အိတ်ထဲကို အသည်းအသန်မွှေနှောက်ရှာဖွေကြပါလိမ့်မယ် သူတို့ဘာကိုရှာတယ် ထင်ပါသလဲ ... လက်နက်ပစ္စည်းတွေကို မဟုတ်ပါဘူး၊ သူတို့ မဟုတ်တာလုပ်သမျှကို မှတ်တမ်းတင်ထားနိုင်တဲ့ ကင်မရာပါ ...။

အိတ်ထဲမှာ ဘာပါပါ ပြဿနာမရှိပေမယ့် ကင်မရာပါလာပြီဆိုရင်တော့ အသိမ်းခံရဖို့သေချာပါတယ်။ ၂၀၀၈ ကာလ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထိမ်းသိမ်းပြီး ထောင်ချတဲ့အခါမှာလဲ အရင်ကလို ၅(ည)နဲ့မဟုတ်တော့ပဲ Electronic Transition Act လို့ခေါ်တဲ့ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဆိုတာကြီးနဲ့ ၁၅ အလီကို တရစပ်ရွတ်ပြီး ထောင်ဒဏ်တွေ ဖောဖောသီသီ ချပါတော့တယ်။ ကျနော်ကတော့ ၁၅ တစ်လီနဲ့အခြားအမှုတွေပေါင်းပြီး ထောင်ဒဏ်အနှစ် ၂၀နဲ့ ၆လ ၊ ကိုဇာဂနာတို့ ကိုဇော်သက်ထွေးတို့ကတော့ ၁၅ သုံးလီ ၄၅နှစ်၊ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေကတော့ ၁၅လေးလီနဲ့တွေ့ပြီး နှစ်၆၀တွေဘာတွေကျော်ကုန်ပါတော့တယ်။ အင်တာနက်သုံးရဲသုံးကြည့် မင်းတို့တွေ ETA နဲ့ငြိမယ်ဆိုပြီး ကျန်တဲ့လူငယ်တွေအားလုံးကို ချိမ်းခြောက်လိုက်သလိုပါပဲ။ သံဃာတော်တွေကို ဆွမ်းကပ်၊ သံဃာတော်တွေနဲ့အတူ မေတ္တာသုတ်ရွတ်၊ အာဏာရှင်အစိုးရရဲ့ မတရားနှိပ်ကွပ်မှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်တမ်းတင်ဖြန့်ဖြူးခဲ့တဲ့အတွက် ထောင်နှစ်ရှည်ကျခဲ့ပေမယ့် ကျနော်ကျေနပ်ပါတယ်။ ကာလရှည်ကြာနေဆဲဖြစ်တဲ့ ကျနော်တို့ရဲ့ဒီမိုကရေစီတိုက်ပွဲရှည်ကြီးထဲမှာ အသက်တွေစတေး၊ ဘဝတွေပေးပြီး ရင်းခဲ့ကြရတဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ရင်းနှီးပေးဆပ်ခဲ့ရမှုတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျနော်ထောင်ထဲမှာ လေးနှစ်နေခဲ့ရတာဟာ ဘာမှ မပြောပလောက်ပါဘူး။

ဘာပဲပြောပြောပါ ဘလော့ဂါတွေ၊ နည်းပညာကိုစိတ်ဝင်စားကြတဲ့ လူငယ်တွေ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြလို့ ... ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်တွေရဲ့ သရုပ်အမှန်ကို ကမ္ဘာက မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြရပါတယ်။ အခုစားသုံးနေရတဲ့ အသီးအပွင့်တို့ရဲ့ မျိုးစေ့ဟာ ၈၈ ဆိုရင် ရွှေဝါရောင်တော်လှန်ရေးဟာ ရေသောက်မြစ်ဖြစ်ပြီး ရင်းနှီးပေးဆပ်ခဲ့ကြသူအားလုံးရဲ့ သွေးချွေးတွေကတော့ မြေဆီလွှာတွေ၊ ရေစက်ရေပေါက်တွေ အဖြစ်နဲ့ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ ကျနော်တို့ တကယ်လိုချင်နေတဲ့ စစ်မှန်သော ဒီမိုကရေစီဆိုတဲ့ အသီးအပွင့်ဟာ တကယ်ပဲ စုံစုံလင်လင်သီးခဲ့ပွင့်ခဲ့ပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။

တကယ်လိုချင်တဲ့ အသီးအပွင့်တွေ ဝေဝေဆာဆာပွင့်ဝေမလာသေးဘူးဆိုရင်တော့ ရင်းနှီးပေးဆပ်ခဲ့ကြရသော သမိုင်းဝင်နေ့စွဲတွေရဲ့ မျက်နှာကိုထောက်ပြီး ကျနော်တို့အားလုံး အစွမ်းကုန်ဆက်ကြိုးစားကြဖို့ တာဝန်ရှိတယ်လို့မြင်ပါတယ်။ ဝင်းမော်ဦးအတွက် ကျနော်တို့ အမျှမဝေကြရသေးပါဘူး ... ပျံလွန်တော်မူသွားကြတဲ့ သံဃာတော်အရှင်သူမြတ်တွေအတွက် ကျနော်တို့ တာဝန်မကျေကြရသေးပါဘူး ...။ ၁၉၈၈ခုနှစ် ၈နှစ်သား ၃ တန်းကျောင်းသားဘဝတုန်းက ဆိုညည်းခဲ့ဖူးတဲ့ ကျောင်းသားသီချင်းတစ်ပုဒ်ထဲကလိုပါပဲ...
"ကျဆုံးသော အပြစ်မဲ့သူများ သုဂတိသို့ လားရောက်ပါစေ ... တို့အားလုံးဝမ်းနည်းတယ်လေ တို့အားလုံးဆက်လုပ်မယ်လေ"

နေဘုန်းလတ်

၎.၉.၂ဝ၁၄ ရက်နေ့တွင် ပြည်မြို့တဖက်ကမ်း ပန်းတောင်းမြို့နယ်ရှိ ပရဟိတတောင်ကုန်းထက် တွင် တည်ထားကိုးကွယ်နေသည့် "မဟာပဏီတ ပရဟိတအောင်တော်မူစေတီ” တည်ဆောက်ရေး လုပ်ငန်း ခွင်သို့ ဥက္ကဌ ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတ လူငယ်မျိုးဆက်သစ်များသည် (၄) ကြိမ်မြောက်အဖြစ် စေတီတော်အတွက် လုပ်အားဒါနပြု ခဲ့ကြသည်။ ထို့ပြင် အလှူငွေနှင့် ဓါတ်တော်လှူဒါန်းကြသော အလှုရှင်များသည်လည်း နာရေးကူညီမှု အသင်း(ရန်ကုန်) မှ ပရဟိတလူငယ် မျိုးဆက်သစ်များနှင့် ပူးပေါင်း၍ အုတ်ခဲများ၊ ကျောက်တုံးများ၊ ဘိလပ်မြေများအား လက်ဆင့်ကမ်း၍ ဘုရားပေါ်ရှိလုပ်ငန်းခွင်သို့ သယ်ဆောင်ပေးခြင်းတို့အား စေတီ တော်ကြီး အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် အင်တိုက်အားတိုက် ပေးဆပ်၍ ကုသိုလ်ယူခဲ့ကြသည်။ ထို့ပြင် စေတီတော်ကြီး တည်ဆောက်ရေးအတွက်၎င်း၊ မဟာဗောဓိပင်အား ဂြိုလ်တိုင်ဘုရားများ သီတင်းသုံးရန် အတွက် အုတ်ရိုး တံတိုင်း တည်ဆောက်ရေးအတွက်၎င်း လုပ်အားဒါနများပေးခဲ့ကာ လိုက်ပါလုပ်အားပေး ကြသော နာရေး ကူညီမှုအသင်း(ရန်ကုန်) မှ ပရဟိတလူငယ် မျိုးဆက်သစ်များသည် လုပ်ငန်းခွင်ပြီးစီး သည့်အချိန်တွင် အလှူငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ စေတီတော်ကြီး၏ အင်္ဂါထောင့်ရှိ "နဂါးရုံ" မြတ်စွာဘုရား တည်ထား ရာ နဂါးကြီး၏ ဦးခေါင်းတော်ကြီးအား ဝါးငြမ်းပေါ်သို့ တက်ရောက်ကာ ဦးကျော်သူ ကိုယ်တိုင် စိတ်တိုင်းကျ ဆေးခြယ်၍ ကုသိုလ်ယူခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ၆.၉.၂ဝ၁၄ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာစံပြကျေးရွာရှိ "မေတ္တာရှင်" နာရေးကူညီမှုအသင်း ဖွင့်ပွဲအခမ်းအနား သို့ တက် ရောက်၍ ဦးကျော်သူ နှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့မှ ဖွင့်လှစ်ပေးခဲ့ပြီး ဦးကျော်သူမှ "မေတ္တာရှင်" နာရေး ကူညီမှုအသင်းသို့ နိဗ္ဗာန်ယာဉ်၊ အသင်းအဆောက်အဦးနှင့် အခြားသောအလှူရှင်များအား ဂုဏ်ပြု မှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် အပြန်လမ်းတွင် ပခုက္ကူမြို့နယ် ပန်းတိုင်ကျေးရွာ ရှိ "မေတ္တာစိမ့်စမ်း" ဘေးမဲ့ဥယျာဉ်သို့ ဝင်ရောက်လေ့လာ၍ ဦးကျော်သူ နှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့မှ အလှူငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ် "ကရုဏာ" နာမှု/ လူမှုကူညီရေးအသင်းမှ ပြုလုပ်သည့် “ပေးဆပ်သူတို့နှလုံးသား ပရဟိတစာပေဟောပြောပွဲ” တွင် ဥက္ကဋ္ဌ ဦးကျော်သူ နှင့်အတူ ဦးညီညီအောင် (မိုးမေတ္တာ နာရေးကူညီမှုအသင်း-ပြည်) တို့မှ ပရဟိတနှင့် ပတ်သက် ၍ လက်တွေ့လုပ်ဆောင်မှုများအား ဟောပြောခဲ့ကြသည်။

၈.၉.၂ဝ၁၄ ရက်နေ့တွင် ဦးကျော်သူ နှင့်ဇနီး ဒေါ်ရွှေဇီးကွက် တို့၏ မင်္ဂလာနှစ်ပတ်လည် (၃၃) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပဉ္စဂံစာအုပ်တိုက်မှ ထုတ်ဝေသည့် "ပရဟိတကာချုပ်ကြီးထံ အိတ်ဖွင့် ပေးစာ" စာအုပ်လက်မှတ်ရေးထိုးပွဲအား "ထွန်းဦးစာပေ - ၂" တည်ရှိရာ မန္တလေးမြို့သို့ ခရီးဆက်ခဲ့ကြ သည်။ ယင်း စာအုပ်လက်မှတ်ရေးထိုးပွဲသို့ ဦးကျော်သူ၏ ရုပ်ရှင်ချစ်ပရိသတ်များ၊ စာဖတ်ပရိသတ်များ၊ လူမှုရေးလုပ်ငန်း များမှ ချစ်ပရိသတ်များတို့မှ ဝယ်ယူအားပေးခဲ့ကြသည်။ ယခုကဲ့သို့ ပရဟိတအလုပ်များ မအားလပ်သည့် ကြား မှ အများပြည်သူအတွက် မမောနိုင် မပန်းနိုင် ပေးဆပ်ရင်းမှ သံသရာတွင် မကျွတ် မလွတ်သေးသော သတ္တဝါအပေါင်းတို့အား ရည်မှန်း၍ မြန်မာပြည်သူ/သားများ ဗြဟ္မစိုရ်တရားများ နှလုံး သားဝယ် ကိန်းဝပ်
စေလိုသော စိတ်ဆန္ဒဖြင့် တည်ထားလျှက်ရှိသော “မဟာပဏီတ ပရဟိတအောင် တော်မူစေတီ” အမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် အင်တိုက်အားတိုက် ကုသိုလ်ယူနေရင်း နဂါးကြီးကို ဆေး ခြယ်ကု သိုလ်ယူ နေသော ဥက္ကဋ္ဌ ဦးကျော်သူ အား မြင်တွေ့ရသောအခါတွင် ပြည်သူအများစု၏ အာရုံကို ဖမ်းစားလျှက်ရှိ သော ခေါင်းလောင်းကြီးနှင့် နဂါးကြီးအစား "နဂါးကြီးနှင့် ဦးကျော်သူ" ဟူ၍သာ ပြေးမြင်မိ ပါတော့သည်။

ဇော်စိုင်း (FFSS)


(မှတ်တမ်း - ဓါတ်ပုံများ)













သတင်း-ဆောင်းပါး နှင့် မှတ်တမ်း ဓါတ်ပုံများ -  နာရေးကူညီမှုအသင်း(ရန်ကုန်)