09/17/14

အခုရက်ပိုင်း ရုပ်မြင်သံကြား သတင်းဌာနတွေမှာ ကြေငြာချက်အရရော၊ သတင်းစာ၊ ဂျာနယ်တွေရဲ့ သတင်းဖော်ပြချက် အရပါ ပြည်သူတွေ စိတ်အ၀င်စားဆုံး သတင်းတခုကတော့ တလ ကျပ် ၃ သောင်း (အမေရိကန် ဒေါ်လာ ၃၀ ဝန်းကျင်) သွင်းသွားရုံနဲ့ တိုက်ခန်း တခန်း ပိုင်ဆိုင်မယ့် အခွင့်အရေးပါပဲ။ တချို့ လူလတ်တန်းစား မိသားစုတွေအတွက်ဆို မီတာခသာသာ ငွေကြေးပမာဏပါ။ လောလောဆယ် မြေဈေးတွေ အလွန်ခေါင်ခိုက်၊ တိုက်ခန်းဈေး၊ အိမ်ဈေးတွေ ဒီလောက် မြင့်နေတဲ့ နိုင်ငံမှာ အဲလောက် ငွေလေး မှန်မှန်သွင်းရုံနဲ့ တိုက်ခန်း တခန်း ပိုင်နိုင်မယ်ဆိုတာ ယုံရခက်ကြီးလို ဖြစ်နေပါတယ်။ ဒါကို လုပ်ကိုင်မယ်ဆိုတဲ့ ကုမ္ပဏီက ဘယ်လို ကတိတွေ ပေးနေပါသလဲ၊ ဘယ်လို အကောင်အထည် ဖော်မှာပါတဲ့လဲ၊ ဖြစ်နိုင်ပါ့မလား၊ ဒါမျိုး အရင်တုန်းကရော နမူနာ ရှိခဲ့ပါသလား ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒီစီမံကိန်းကို အကောင်အထည် ဖော်မယ့်အဖွဲ့ကတော့ The Infrastructure of Myanmar လုပ်ငန်းစုပါ။ ကုမ္ပဏီများရုံးမှာ မှတ်ပုံမတင်ရသေးပါဘူး။ စီစဉ်မယ့်သူကတော့ ၂၀၁၄ ခုနှစ်ကျမှ မှတ်ပုံတင်ထားတဲ့ Royal Summit ကုမ္ပဏီ တာဝန်ရှိသူ ဦးသန်းဦးနဲ့ တခြား ပုဂ္ဂိုလ်တွေပါ။ သူတို့ရဲ့ အစီအစဉ်ကတော့ ပြည်သူတွေ တလ ငွေကျပ် ၃ သောင်းလောက် ဘဏ်မှာ သွင်းရုံနဲ့ ၂ နှစ်လောက်ကြာရင် အဲဒီတိုက်ခန်းတွေမှာ တက်နေနိုင်မယ်၊ တိုက်ခန်းတန်ဖိုး ကြေအောင်တော့ နှစ်ပေါင်း ၃၀ ငွေပေးသွင်းရလိမ့်မယ်လို့ ဆိုပါတယ်။ ပြည်သူတွေ လိုအပ်နေတဲ့ အဲဒီလို တန်ဖိုးနည်း တိုက်ခန်းအိမ်ရာပေါင်း ရန်ကုန်မှာ ၂ သိန်း၊ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ စုစုပေါင်း ၂ သန်းလောက် အကောင်အထည်ဖော်ဖို့ ကြံရွယ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကတော့ အဲဒီအဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ နှစ်ရှည်စီမံကိန်းနဲ့ တန်ဖိုးနည်း အိမ်ရာပေါင်း မြောက်များစွာ ဆောက်လုပ်မယ့် စီမံကိန်းကို လုပ်ကြမယ်ဆိုပေမယ့် လူသိထင်ရှား ဆောက်လုပ်ရေး ကုမ္ပဏီလိုမျိုးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေလိုမျိုးလည်း ပါတာ မတွေ့ရပါဘူး။ သူတို့ ရှင်းပြတာကတော့ သူတို့အုပ်စုအနေနဲ့ ဒီလုပ်ငန်းကြီးလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု လုံးဝ ထည့်ဝင်စရာ မလိုဘူး။ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ပဲ တည်ဆောက်ပေးသွားမယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင် တယောက်ကဆိုရင် တိုက်ခန်း ၂ သန်းအတွက် ပြည်သူတွေ တလ ကျပ် ၃ သောင်းစီ ထည့်လိုက်တယ် ဆိုရင်တောင် တလအတွင်း ကျပ် သန်းပေါင်း ၆ သောင်း၊ တနည်း ကျပ် ဘီလီယံ ၆၀ လောက်ရမှာမို့ အဲဒီ ငွေတွေနဲ့ စပြီး အကောင်အထည် ဖော်လို့ ရပြီလို့ ဆိုပါတယ်။

ဘယ်နေရာတွေမှာ တိုက်ခန်းတွေ ဆောက်ပေးမလဲဆိုတော့ ပြည်သူတွေ လိုအပ်တဲ့နေရာတွေမှာ ဆောက်ပေးမယ်လို့ ဆိုပါတယ်။ ပထမ အဆင့် သတင်းစာ၊ ဂျာနယ်တွေကနေတဆင့် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု အဆိုပြုလွှာတွေ ခေါ်မယ်၊ အဲဒီ အဆိုပြုလွှာတွေကို ကြည့်ပြီး ပြည်သူတွေ လိုချင်တဲ့နေရာမှာ အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဒီအတွက် သူတို့အနေနဲ့ မြေနေရာ ရဖို့ကိုလည်း စိတ်မပူပါဘူးလို့ ဆိုပါတယ်။ လယ်ပိုင်တဲ့ လယ်သမားတွေ၊ မြေပိုင်တဲ့ မြေပိုင်ရှင်တွေနဲ့ ဆွေးနွေးမယ်၊ အဲဒီ လယ်ပိုင်ရှင်၊ မြေပိုင်ရှင်တွေကို ထွက်လာတဲ့ အခန်းရဲ့ ၂၀ ရာခိုင်နှုန်းပေးမယ်၊ လယ်တဧက မြေပေါ်မှာ ဆောက်ရင် အခန်းပေါင်း ၁၆၀ ထွက်ပြီး လယ်သမားက ၃၂ ခန်းရမယ်၊ ဆိုတော့ လယ်တဧက ကျပ်သိန်း ၅ ထောင်ကျော် ရမှာမို့ လယ်သမားတွေ မလွဲမသွေ ပူးပေါင်းလာကြလိမ့်မယ်ဆိုပြီး ပြန်ဖြေပါတယ်။

သူတို့ စီမံကိန်းကို အသေအချာ ဆန်းစစ်ကြည့်ရင် စတုရန်း ပေ ၆၀၀ ရှိတဲ့ တိုက်ခန်းတခန်းကို ကျပ် ၁၀၈ သိန်းလောက်နဲ့ တွက်ချက်ထားတာ တွေ့ရပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း ဖြစ်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှုကို ထည့်မတွက်ဘဲ သတ်မှတ်ထားတာပါ။ ရန်ကုန်တခုတည်း အခန်းပေါင်း ၂ သိန်းလောက် အကောင်အထည် ဖော်မယ်ဆိုတော့ ဒေါ်လာ ၂ ဘီလီယံကျော် ပမာဏရှိတဲ့ စီမံကိန်းကြီး ဖြစ်နေတာ သွားတွေ့ရပါတယ်။ တနိုင်ငံလုံးမှာ အခန်းပေါင်း ၂ သန်းလောက် အကောင်အထည် ဖော်မယ်လို့ ပြောထားလေတော့ ဒေါ်လာ ၂၁ ဘီလီယံ ပမာဏ ရှိနေပါတယ်။ မကြာသေးမီကမှ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ တင်ပြတဲ့ ဒေါ်လာ ၁၅ ဘီလီယံတန် ရန်ကုန်မြို့သစ် စီမံကိန်း၊ အစိုးရအဖွဲ့သစ် လက်ထက် မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးလို့ ဆိုနိုင်တဲ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း၊ အားလုံး အားလုံးထက် ပမာဏ များနေတာ တွေ့မြင်ရပါလိမ့်မယ်။ ငွေအရင်းအနှီး လုံးဝ မစိုက်ထုတ်ဘဲ ဒီစီမံကိန်းကြီး အကောင်အထည် ဖော်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

သတင်းစာရှင်းလင်းပွဲမှာ သူတို့ ပြောဆိုချက်အရကတော့ ပြည်သူတွေဟာ တနှစ်လောက် ဒီငွေကို ထည့်ဝင်နေရမယ်၊ တနှစ်ပြည့်ရင် သူတို့ လုပ်ငန်းစမယ်၊ နှစ်နှစ်ပြည့်တာနဲ့ ငွေသွင်းသူတွေကို အခန်းမှာ တက်နေနိုင်အောင် လုပ်မယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ပြည်သူတယောက်ဟာ သူငွေသွင်းတာ ၂ နှစ်ပြည့်တဲ့အချိန် ရှိမယ့်ငွေ စုစုပေါင်းဟာ ကျပ် ၇ သိန်း ၂ သောင်းပဲ ရှိမှာပါ။ ပြည်သူ ဘယ်နှယောက်ပဲ ငွေသွင်းသွင်း တယောက်ကို အဲဒီ ပမာဏစီပဲ ရှိမှာပါ။ ငွေ ၇သိန်း ၂ သောင်းသွင်းပြီးတာနဲ့ တိုက်ခန်းပေါ် တက်နေခွင့်ရသည်အထိ တည်ဆောက်ရေး လုပ်မယ်ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေ တခုတော့ ရှိပါတယ်။ ပြည်သူတွေ တလ ကျပ် ၃ သောင်း မှန်မှန်သွင်း၊ ၂ နှစ်ပြည့်ရင် တည်ဆောက်ပြီးတဲ့ တိုက်ခန်း တချို့ ထွက်လာမယ်၊ အဲဒီမှာ ပြည်သူတချို့ကို နေရာချထားပေးနိုင်မယ် ဆိုတာမျိုးပါ။ အဓိပ္ပာယ်ကတော့ ငွေသွင်းတာ ၂ နှစ်ပြည့်သူတိုင်းကို တိုက်ခန်းပေးနိုင်ဦးမှာ မဟုတ်သေးသလို၊ ငွေပေးသွင်းသူ ပြည်သူတိုင်း ဘယ်အချိန် ဘယ်ကာလရောက်ရင် တိုက်ခန်းပေါ် တက်နေနိုင်မလဲ ဆိုတာ တိတိကျကျ သိနိုင်ဦးမှာ မဟုတ်ပါဘူး။ ပြည်သူတွေ ဘဏ်ထဲ ထည့်ဝင်ငွေ ရှိလာရင် ရှိလာသလောက် သူတို့ တည်ဆောက်ရေး လုပ်မယ်၊ ပြီးတာတွေကို ပြီးသလောက် ချထားပေးမယ်ဆိုတဲ့ သဘောလောက်ပဲ ဖြစ်ပါလိမ့်မယ်။

တကယ်တော့ ဒီလို အစီအစဉ်မျိုး အခုမှ ပေါ်လာတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့ဖူးပြီး သတင်းမီဒီယာတွေရဲ့ စုံစမ်းဖော်ထုတ်၊ ဖွင့်ချရေးသားမှုကြောင့် နောက်ပိုင်း ရပ်ဆိုင်းသွားခဲ့ရဖူးတဲ့ သာဓက ရှိပါတယ်။ အဲဒီ အစီအစဉ်က ဒီလိုပါ။ ၁၉၉၉ ဒီဇင်ဘာလမှာ “ပန်” ဆောက်လုပ်ရေး ကုမ္ပဏီက ကာလတန်ဖိုးရဲ့ လေးပုံတပုံလောက်ပဲ ကုန်ကျမယ့် တိုက်ခန်းတွေကို ရောင်းချပေးမယ်၊ ၀ယ်ယူလိုသူ ပြည်သူတွေဟာ ရိုးမဘဏ်က သူတို့ အကောင့်ထဲကို ကျပ်ငွေ ၃ သောင်းစီ သွင်းပေးရမယ်။ အဲဒီငွေကို ဆောက်လုပ်ရေး ကုမ္ပဏီရဲ့ ခွင့်ပြုချက်မရဘဲ ၂၀၀၃ ခုနှစ် မတိုင်ခင် လုံးဝ ပြန်ထုတ်ယူလို့ မရတဲ့ Invariable Instruction နဲ့ အပ်နှံထားရမယ်။ အဲဒီ အပ်နှံထားတဲ့ငွေက ရလာမယ့် အတိုးတွေကို ကုမ္ပဏီက ထုတ်ယူခွင့်ရှိမယ်။ အဲဒီ အတိုးငွေတွေကို အသုံးပြုပြီး တိုက်ခန်းတွေဆောက်၊ ဆောက်လို့ရလာတဲ့ အခန်းတွေကို မဲနှိုက် ရောင်းချပေးမယ်ဆိုတဲ့ အစီအစဉ်မျိုးပါ။ ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ၆ လွှာအတွက် ကျပ် ၃ သိန်း၊ ၅ လွှာအတွက် ကျပ် ၃ သိန်းခွဲ၊ ၄ လွှာအတွက် ကျပ် ၄ သိန်း၊ ၃ လွှာအတွက် ကျပ် ၄ သိန်းခွဲ၊ ၂ လွှာအတွက် ကျပ် ၅ သိန်း၊ မြေညီထပ်အတွက် ကျပ် ၅ သိန်း ၉ သောင်းနှုန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ မဲပေါက်သူဟာ အခန်းတန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းကို လစဉ် ပေးသွင်းကြရမယ်လို့ သတ်မှတ်ထားပါတယ်။ (အဲဒီအချိန်က အခေါက်ရွှေ တကျပ်သား ကျပ် ၅၅၀၀၀ ကျော် ရှိပါတယ်။)

အဲဒီ အစီအစဉ်ကို ပန်ဆောက်လုပ်ရေး ကုမ္ပဏီက တိုက်ခန်း ပဒေသာပင်ကို “ စုပေါင်းစနစ်၊ အလှည့်ကျစနစ်” နဲ့ ရောင်းချပေးတယ် ဆိုပြီး ခေါ်ဆိုပါတယ်။ ကံစမ်းမဲနှိုက် ရောင်းပေးတယ်လို့ မသုံးနှုန်းပါဘူး။ ကုမ္ပဏီဟာ အဆောက်အဦတခု ဖောင်ဒေးရှင်း ချစဉ် ၂၀၀၀ ခုနှစ်မှာ ပထမအကြိမ်အဖြစ် ငွေ ၃ သောင်းစီ ထည့်ထားသူတွေထဲက ၁၂ ယောက်ကို တိုက်ခန်း ၁၂ ခန်း ကြိုပွိုင့်စနစ်နဲ့ မဲနှိုက်ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ ငွေပေးသွင်းထားတဲ့ ထောင်နဲ့ချီရှိတဲ့ ပြည်သူတွေရဲ့ မဆိုစလောက် အရေအတွက်ပဲ ရှိပါတယ်။ ဒီနေရာမှာ အရေးတကြီး ပေါ်လာတဲ့ မေးခွန်းတခုက ငွေပေးသွင်းထားသူတွေဟာ နောက်အကျဆုံး ဘယ်အချိန်လောက်မှာ အခန်းရမယ်လို့ တိတိကျကျ သတ်မှတ်နိုင်မလဲ ဆိုတာပါ။ ဒီမေးခွန်းကို ပန်ဆောက်လုပ်ရေး ကုမ္ပဏီဘက်က မဖြေနိုင်ပါဘူး။

အဲဒီအချိန် အတွင်းကျကျ စုံစမ်းဖော်ထုတ်ပြီး သတင်းရေးသား ဖော်ပြသူ သတင်းထောက် တယောက် တွက်ချက်ဖော်ပြချက်အရ ငွေသွင်းသူ အဖွဲ့ဝင် အယောက် ၂၀၀၀ လောက်ရှိရင် ပြည်သူတယောက် အနေနဲ့ နောက်အကျဆုံး နောက်ထပ် ၁၆၇ နှစ်လောက်ကြာမှ သေချာပေါက်  တိုက်ခန်း ပိုင်နိုင်မယ် ဆိုတာပါ။ ပန်ဆောက်လုပ်ရေး ကုမ္ပဏီဘက်က စဉ်းစားပုံကတော့ တလ ကျပ် ၃ သောင်းသွင်းသူ များလာရင် များလာသလောက် အတိုးကနေရတဲ့ ငွေတွေလည်း တိုးလာမယ်၊ အဲဒီ ငွေတွေနဲ့ တိုက်ခန်းဆောက်တဲ့ လုပ်ငန်းကို မှန်မှန်လေး လုပ်သွားပြီး နည်းနည်းချင်း မဲဖောက်ရောင်းချပေးသွားမယ် ဆိုတဲ့ အစီအစဉ်မျိုးပါပဲ။ တကယ့်တကယ် ငွေသွင်းသူတိုင်း နောက်အကျဆုံး အချိန်ကာလ ဘယ်လောက်ရောက်ရင် တိုက်ခန်း ၀ယ်ကိုဝယ်ခွင့်ရမယ် ဆိုတာ သတ်မှတ်ချက်မရှိသလို၊ ငွေသွင်းသူ ရပ်သွားရင်၊ လျော့သွားရင် အတိုးက ရငွေ နည်းသွားရင် တိုက်ခန်းဆောက်လုပ်ရေး ဘယ်လို ဆက်လုပ်မလဲ စဉ်းစားထားချက် မရှိတာပါ။ ပြောရရင် ပြည်သူတွေရဲ့ အပ်နှံငွေ အတိုးကို ကိုင်တွယ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းကို စိတ်တိုင်းကျ လုပ်ချင်၊ ကိုယ်ကျိုးရှာချင်တဲ့ သဘောပဲ သွားတွေ့ပါတယ်။ အဲဒီ အစီအစဉ် သဘာဝ မကျတဲ့အတွက် နောက်ပိုင်း လုံးဝ ရပ်ဆိုင်းသွားပါတယ်။

အခု Royal Summit ကုမ္ပဏီက ဦးသန်းဦးတို့ရဲ့ The Infrastructure of Myanmar လုပ်ငန်းစုက လုပ်မယ်ဆိုတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းဟာလည်း ဒီလိုပါပဲ။ ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေကို ရယူပြီး သူတို့ဖာသာ သူတို့ စီမံခန့်ခွဲ ဆောက်လုပ်၊ နေရာချပေးမယ်ဆိုတဲ့ အဓိပ္ပာယ်အပြင် တခြား မရှိပါဘူး။ အရေးအကြီးဆုံး အချက်က ငွေမှန်မှန်သွင်းသူတိုင်းကို ၂ နှစ် ပြည့်တာနဲ့ အခန်းမှာ တက်နေရအောင် စွမ်းဆောင်ပေးနိုင်မှာ မဟုတ်တဲ့ ပြဿနာပါ။ အားလုံးကို ၂ နှစ်ပြည့်တာနဲ့ တိုက်ခန်းမှာ တက်နေနိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင် ဒါဟာ လိမ်ညာမှု တခုပဲ ဖြစ်ပါလိမ့်မယ်။

လက်ရှိ ရန်ကုန်မှာ လူလတ်တန်းစား ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာ အများကြီး လိုအပ်နေပါတယ်။ ဒီပြဿနာကို အစိုးရကနေ ဦးဆောင်ပြီး ကောင်းကောင်း ဖြေရှင်းပေးနိုင်ပါတယ်။ မြေနေရာ အဆင်ပြေတဲ့ဆီမှာ တန်ဖိုးနည်း အိမ်ရာတွေဆောက်ဖို့ နိုင်ငံတကာ တင်ဒါခေါ်လို့ ရပါတယ်။ အာဆီယံထဲမှာရော နိုင်ငံတကာမှာပါ အဲလို လုပ်ငန်းတွေလုပ်နေတဲ့ အတွေ့အကြုံများတဲ့၊ စိတ်ချရတဲ့ အင်အားကြီး ကုမ္ပဏီတွေ အများကြီး ရှိပါတယ်။ တန်ဖိုးနည်း တိုက်ခန်းတွေတင်မက မြို့ပြအင်္ဂါနဲ့ လျော်ညီတဲ့ အခြေခံ အဆောက်အဦတွေကိုပါ တည်ဆောက်ပေးဖို့ တင်ဒါ စည်းကမ်းချက်တွေမှာ ထည့်သွင်းရေးဆွဲလို့လည်း ရပါတယ်။။              တကယ်လို့သာ အစိုးရဘက်က အဲဒီလို စေတနာရှိရှိ၊ စီမံခန့်ခွဲရေး ကောင်းကောင်းနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးတာ မရှိဘူးဆိုရင် အခုလိုပဲ ခါတော်မီ ကုမ္ပဏီတွေ ပေါ်ပေါက်၊ ပြည်သူတွေကို မစားရ၀ခမန်းပြော၊ အသိဥာဏ်နည်းတဲ့ အစိုးရအဖွဲ့ တခုခုက “လုပ်ပါ” လို့များ မီးစိမ်းပြလိုက်ရင် မသိနားမလည်တဲ့ ပြည်သူတွေပဲ ဒုက္ခပင်လယ်ဝေရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။။                                          ဧရာဝတီ                 

သရုပ်ဆောင်ရဲတိုက်ကို သာသနာညှိုးနွမ်းစေမှုဖြင့် စွဲဆိုထားသည့် အမှုအား ရန်ကုန်မြို့ ဗိုလ်ထထောင်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၈ ရက်နေ့၌ အပြီးသတ်အမိန့် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချရန် စီစဉ်ထားသော်လည်း အမှုအတွက် ရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များ မပြီးပြတ်သေးသည့်အတွက် ရုံးချိန်း ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဗိုလ်တထောင်တရားရုံးမှပြန်ထွက်လာသော သရုပ်ဆောင် ရဲတိုက်ကို သတင်းထောက်များက ဝိုင်းဝန်းမေးခွန်းထုတ်ရာ "I Believe in Jusitce" ဟုသာ ပြောဆိုသွားသည်။ မေးခွန်းများကို ဆက်လက် ဖြေကြားခြင်းမရှိခဲ့ပေ။

သရုပ်ဆောင်ရဲတိုက်သည် ပြီးခဲ့သည့်နှစ်က ရန်ကုန်မြို့ စိန်မေရီဘုရားကျောင်းအတွင်း ကန့်သတ်ထားသော၊ ဘာသာရေးအရ အထွဋ်အမြတ်ထားသော နေရာသို့ ဝင်ရောက်ခြင်းကဲ့သို့သော အပြုအမူများအတွက် စိန်မေရီကာသီဒြယ်သာသနာအဖွဲ့ ဥက္ကဋ္ဌက အမှုဖွင့် တိုင်ကြားခဲ့သော အမှုကို ဗိုလ်တထောင်တရားရုံးက သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် ကြားနာစစ်ဆေးနေခြင်း ဖြစ်သည်။

ထိုအမှုဖြစ်ပွားပြီး လအနည်းငယ် အကြာတွင် သရုပ်ဆောင် ရဲတိုက်သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ဆေးခြောက် ၁ ကျပ်သား လက်ဝယ် တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

ထိုအမှုဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရသည်။ နောက်ပိုင်း အယူခံဝင်ရာ ထောင်ဒဏ် ၅ နှစ်သို့ ပြောင်းလဲသွားပြီး ယခုအခါ အင်းစိန်ထောင်တွင် ရောက်ရှိနေသည်။

ရဲတိုက်သည် အထိန်းသိမ်းမခံရခင်က လူမှုရေးလုပ်ငန်း အများအပြား လုပ်ဆောင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးရေး ခရီးစဉ်တချို့တွင်လည်း လိုက်ပါ ကူညီခဲ့သူဖြစ်သည်။

# #

သရုပ်ဆောင် ရဲတိုက် (ဓာတ်ပုံ- ထက်အောင် / The Yangon Globe)

အရိုက်ခံရတဲ့ အလုပ်သမများ၏ ဒါဏ်ရာများ
မာစတာစပေါ့ စက်ရုံအလုပ်သမားများကို ရဲတပ်ဖွဲ့ဝင်ရိုက်

လှိုင်သာယာ စက်မှုဇုန် (၃) ရှိ မာစတာစပေါ့စ် အားကစားဖိနပ်စက်ရုံတွင်စက်တင်ဘာ၁၆ရက် ညပိုင်းက အလုပ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များရုန်းရင်းဆန်ခတ် ဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိသည်။

မာစတာစပေါ့စက်ရုံ အလုပ်သမားများသည် ဇွန်လလစာနှင့်တရားမဝင်စက်ရုံပိတ်သိမ်းခဲ့သည့်အတွက် နစ်နာကြေးရရှိရန် ဇူလိုင်လ၁၇ ရက်နေ့က ကိုးရီးယားသံရုံးအရှေ့ထိဆန္ဒ ထုတ်ဖော်ခဲ့ဖူးသည်။

အဆိုပါစက်ရုံပိုင်ရှင်ဖြစ်သူကိုရီးယာနိုင်ငံသို့ ပြန်သွားပြီးနောက်ပိုင်းစက်ရုံပစ္စည်းများကို လေလံတင်ရောင်းချပြီး အလုပ်သမားများ ရစရာရှိသည့်နစ်နာကြေးများ ခွဲဝေပေး
မည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

ကနဦး သတင်းများအရ စက်ရုံတွင်း ပစ္စည်းများကို လာယူသည့်တာဝန်ရှိသူများကို စက်ရုံအလုပ်သမားများက ပိတ်ဆို့ထားရာမှတစ်ဆင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြပြီးညဆယ်နာရီခန့်တွင် လူစုကွဲသွားကြောင်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ.၀င်များ၏ ရိုက်နက်မှုကြောင့် လစာ၊နစ်နာကြေးမရကြတဲ့ မြန်မာလူမျိုးအလုပ်သမလေး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်း- Aung Aung Kyaw.
ဓါတ်ပုံ- ကိုသော်ဇင်စိုး
The Myanmar Age



ကိုကိုဟန်

ထိုင်းငါးဖမ်း သင်္ဘောများ ပေါ်တွင် အဓမ္မ ခိုင်းစေခြင်း ခံနေရသူ များပြား လာခြင်းက တစ်ကမ္ဘာလုံး ပင်လယ်စာ ဈေးကွက် တောင်းဆိုမှု များပြား လာခြင်းနှင့် ငါးရှားပါး လာခြင်းကြောင့် ဟု ပတ်ဝန်းကျင် တရားမျှတမှု ဖောင်ဒေးရှင်း EJF က ဖော်ပြ ခဲ့သည်။

ငါးဖမ်း သင်္ဘောများ ငါးများများ ရရန်အတွက် ခရီးရှည်ကြီး ထွက်ပြီး ငါးရှာရသည်။ ပင်ပန်းသည့် အလုပ်မျိုး ဖြစ်သည်။ ပြည်တွင်းရှိ ထိုင်းလူမျိုး များသည် ၄င်း ငါးဖမ်းသည့် အလုပ်ကို စိတ်မဝင်စား ကြပေ။ ငါးဖမ်း လုပ်ငန်းကို စီးပွားရေး လုပ်ငန်းအဖြစ် အားလုံး လိုလို လုပ်ကိုင် နေကြ သောကြောင့် အမြတ် အစွန်းလည်း သိပ်မကျန် ကြပေ။ ထို့ကြောင့် ငါးဖမ်း လုပ်ငန်းပိုင်ရှင် များသည် လုပ်အားခ ခေါင်းပုံဖြတ်ရန် လွယ်ကူသော တရားမဝင် ရွှေ့ပြောင်း အလုပ်သမား များကို အသုံးပြုပြီး ပင်လယ်ပြင် တွင် အတင်းအဓမ္မ ခိုင်းစေ ခဲ့ကြသည်။

ယခင်နှစ်က ထိုင်း အစိုးရသည် လူကုန်ကူးမှု ကြိုတင် ကာကွယ်ရေး အမျိုးသား လုပ်ငန်း စီမံချက်ဖြင့် လူကုန်ကူး ခံရသူများကို ကူညီ ထောက်ပံ့မည်ဟု သိရသည်။ အမျိုးသား ငါးဖမ်းလုပ်ငန်း အသင်းများ၊ အရပ်ဘက် လုပ်ငန်းအဖွဲ့များနှင့် အလုပ်သမား ဝန်ကြီးဌာန တို့ ပူးပေါင်းပြီး အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး ( ILO ) ကို ကူညီခဲ့ ကြသည်။

လူကုန်ကူး ခံရသော အလုပ်သမားများ ဆိုင်ရာ အစီရင်ခံစာ ၌ ဖော်ပြ ထားရာတွင် ၂ဝ၁၃ ခုနှစ်က ငါးဖမ်းလုပ်ငန်း ကဏ္ဍမှာ ငါးဖမ်းသင်္ဘော ပေါ်တွင် လုပ်ကိုင် နေကြသူ ခြောက်ဦးလျှင် တစ်ဦးက လုပ်ကိုင် လိုသည့် ဆန္ဒမရှိကြောင်း သိရသည်။ ငါးဖမ်း လုပ်ငန်းမှ အလုပ်သမား အများစုမှာ ထိုင်းလူမျိုး များသာ ဖြစ်ကြပြီး ၄င်းတို့ ဆန္ဒအလျောက် လုပ်ကိုင် နေကြသူများ ဖြစ်သည်။

တကယ် စိုးရိမ်နေတာက ငါးဖမ်းလုပ်ငန်း တစ်ခုလုံးမှာ အဓမ္မ ခိုင်းစေခြင်း ခံနေကြရသူ များသာ ဖြစ်ကြောင်း ILO မှ အကြီးတန်း ပရိုဂရမ် အရာရှိ Max Tunon က ပြောသည်။ လွန်ခဲ့သော နှစ်များက အစိုးရနှင့် အမျိုးသား ငါးလုပ်ငန်း အသင်းများနှင့် ILO တို့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး ကြသည်။

ထိုင်းနိုင်ငံမှ လူကုန်ကူး ခံရသူများကို နောက်ဆုံး ပို့လိုက်သော နေရာမှာ ငါးဖမ်း သင်္ဘောများသို့ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က ထိုင်းနိုင်ငံသို့ သွား၍ အလုပ်လုပ် ရလျှင် သာယာ ကောင်းမွန်သော ဘဝကို ရလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ထွက်လာခဲ့သော ကမ္ဘောဒီးယား နိုင်ငံမှ ရွှေ့ပြောင်း လုပ်သား တစ်ဦးမှာ မျှော်လင့်ချက်များ ပျောက်ကာ ကျွန်ဘဝသို့ ချက်ချင်း လက်ငင်း ရောက်ရှိ သွားသည်ကို သူ့ကိုယ်သူ သိလာသည်။

စကားပြော သိမ်မွေ့သော အသက် ၂၁ နှစ်အရွယ် မော်တေ ဟုခေါ်သော လူငယ်ကို အလုပ်ပွဲစား များက မစားရ ဝခမန်း နယ်စပ် ကျော်ဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ခေါ်သွား ပေးမည် ဖြစ်ကြောင်း၊ ဟိုရောက်လျှင် ဘေးကင်းစွာ နှင့် အလုပ်ရမည် ဖြစ်ပြီး နာနတ်သီး စက်ရုံပိုင် စိုက်ခင်းထဲတွင် လုပ်ရမည် ဆိုကာ ပိုက်ဆံလည်း စုနိုင်မည်။ စုလို့ရသည့် ပိုက်ဆံကို ၄င်းအား ပို့ဆောင်ပေး သူကို အဖိုးအခ ပြန်ဆပ်သည့် စနစ်ဖြင့် လုပ်ရန် ပြောဆို စည်းရုံး၍ ယုံကြည် မိခဲ့သည်။ တကယ်တော့ သူနှင့်အတူ ပါလာသော အခြား ၁၂ ဦးတို့ကို ငွေဝယ်ကျွန်များ အဖြစ် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၄၃ဝ ဖြင့် ထိုသူက ရောင်းစား လိုက်ခြင်း ဖြစ်သည်။

''ငါးဖမ်း သင်္ဘောပေါ် စရောက်တာနဲ့ အရမ်းကို စိတ်ဓာတ်ကျ သွားတယ်။ ကျွန်တော် အရှင်လတ်လတ် ငရဲပြည်ကို ရောက်သွားတယ် ထင်တယ်ဗျာ။ ကျွန်တော်တို့ လုပ်ငန်းကို နားမလည်လို့ စနစ်တကျ ကောင်းကောင်း မလုပ်နိုင်လို့ ဆိုပြီး ကျွန်တော် တို့ကို ရိုက်နှက် ကြတယ် .. '' ဟု လူကုန်ကူး ခံရသော ငါးဖမ်းသမား မော်တေ က ပြောသည်။ သူသည် တစ်ခါမှ ငါးမဖမ်းဖူးသူ ဖြစ်၍ လုပ်ငန်း အတွေ့အကြုံ လုံးဝမရှိဘဲနှင့် ငါးဖမ်းသင်္ဘော များတွင် နောက်ထပ် ခြောက်လ လုပ်ရသည်။ လုပ်ခ မပေးဘဲ အဓမ္မ ခိုင်းစေခံခဲ့ ရသည်။ မော်တေ ၏ ပြောပြချက်အရ သူတို့အဖွဲ့မှ မိန်းကလေး များကို ပင်လယ်စာ ထုတ်လုပ်ရေး အလုပ်ရုံသို့ ပို့ပြီး ရုပ်ရည် ချောမောသူ များကိုတော့ ပြည့်တန်ဆာ လုပ်ငန်းဘက်သို့ ပို့လိုက်သည်။ ထိုင်းငါးဖမ်း သင်္ဘောများသည် ငါးအရနည်း လာသောကြောင့် ပင်လယ်ပြင် အတွင်းမှာ အချိန်ကြာ မြင့်စွာ ငါးဖမ်းကြ ရသည်။

မော်တေ ၏ အဖြစ်မှာ ထူးဆန်းသည် မဟုတ်ပါ။ ဗြိတိသျှ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သော ပတ်ဝန်းကျင် တရားမျှတမှု ဖောင်ဒေးရှင်း ( EJF ) ၏ အစီရင်ခံစာသစ် အရ ထိုင်းငါးဖမ်း လုပ်ငန်း နှင့် ပင်လယ်စာ လုပ်ငန်းသည် နှစ်စဉ် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရရှိသည်။ အိမ်နီးချင်း နိုင်ငံဖြစ်သော ကမ္ဘောဒီးယားမှ ရွှေ့ပြောင်း လုပ်သားများ အပေါ် ခေါင်းပုံဖြတ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။ မော်တေ သည် ငါးဖမ်းသင်္ဘော တွင် ကိုးလ ကြာပြီးနောက် ကံကောင်း ထောက်မစွာ လွတ်မြောက် သွားခဲ့သည်။ ကုန်းပေါ် ပြန်ရောက်အောင် နေမကောင်း ဟန်ဆောင်ကာ ဗန်ကောက် တောင်ဘက် ပတ္တယားမြို့သို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ပတ္တယားမြို့ ရောက်မှ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ၌ ပုန်းခိုရသည်။ သူ ထိုနေရာတွင် ရှိနေသေး သည်။ သူက ထွက်ပြေးလာသူ ဆိုတော့ နောက်ကနေ လိုက်ပြီး သတ်ဖြတ်မှု ခံရမည် ကို စိုးရိမ်၍ အမည် စာရင်းကို မဖော်ပြ လိုက်ပါ နှင့်ဟု CNN သတင်းဌာန ကို ပြောပြ ခဲ့သည်။

ထို ငါးဖမ်းသင်္ဘော ပေါ်တွင် ပင်ပန်းကြီးစွာ ရုန်းကန်ရသော အခြေအနေဆိုး အမျိုးမျိုး ကိုလည်း ပြောပြ သေးသည်။ ပြီးခဲ့သည့် နှစ်ကလည်း အိမ်နီးချင်း နိုင်ငံများမှ အလုပ်သမား ၁၄ ဦးကို လှေပေါ်မှ ကယ်တင်ခဲ့ ရသည်။ ၄င်းတို့သည် တစ်နေ့လျှင် နာရီ ၂ဝ အလုပ်လုပ် ကြရသည်။ လုပ်အားခ လုံးဝ မရသည့် အပြင် ထိုင်း သင်္ဘောသား များ၏ အရိုက်အနှက် ခံရသည်။ EJF ၏ အစီရင်ခံစာ အရ အချို့ အလုပ်သမား များကို သတ်ပြီး ပင်လယ်ထဲသို့ ပစ်ချ လိုက်သည်မှာ မလိုချင်သော ငါးကို ဖမ်းမိပြီး၍ ရေထဲပြန်ပစ်ချ သလိုမျိုး ဖြစ်သည်ဟု သိရသည်။

သူတို့ ထိုနေရာသို့ ရောက်ရှိ နေသည်မှာ တစ်နှစ်နီးပါး ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ အများစုက အိမ်ကိုပြန်ရုံ သက်သက် မလုပ်ဘဲ တရား မျှတမှုကို ရှာဖွေပြီးမှ သာ ပြန်မည် ဖြစ်ကြောင်း နှင့် အရှုံးပေးပြီး အိမ်ကို ပြန်သွားရင် သူတို့လိုပဲ ခံစား နေရတဲ့ လူတိုင်းအတွက် အရေးယူ ဆောင်ရွက် ပေးမှုဆိုတာ မရှိနိုင် တော့ကြောင်း EJF အဖွဲ့ တည်ထောင်သူ ဒါရိုက်တာ Steve Trent က ပြောသည်။

ဤသို့ဖြင့် ၂ဝ၁၃ ခုနှစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အစီရင်ခံစာ တွင် ထိုင်း ရေကြောင်း ဌာနနှင့် ရေတပ်တို့သည် ၂ဝ၁၂ ခုနှစ်က ငါးဖမ်း သင်္ဘောပေါင်း ၆ဝ၈ စင်းကို စစ်ဆေးခဲ့ရာ လူကုန်ကူး ခံရသူ အလုပ်သမား မရှိကြောင်း အစီရင်ခံ ခဲ့ရာ ပတ်ဝန်းကျင် တရားမျှတမှု ဖောင်ဒေးရှင်း ( EJF ) က ထိုင်းနိုင်ငံ၌ တရား ဥပဒေဘက် အဖွဲ့အစည်းများမှ ဝန်ထမ်းများ အကြားတွင် လာဘ်ပေး လာဘ်ယူမှုသည် တစ်နိုင်ငံလုံး ပျံ့နှံ့ နေကြောင်း ဖော်ပြ ခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံ၌ အဂတိ လိုက်စားမှု နှင့် ငွေကြေး မလုံလောက်မှု အခြေအနေ များက အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမား များအပေါ် အတင်းအဓမ္မ ခိုင်းစေ၍ ခေါင်းပုံဖြတ်ခြင်း များကို ခွင့်ပြု ပေးထား သကဲ့သို့ ဖြစ်နေ ပါကြောင်း ရေးသား လိုက်ရပါသည်။ ။

#PyiChitThar

The Thai fishing industry is built on slavery, with men often beaten, tortured and sometimes killed - all to catch 'trash fish' to feed the cheap farmed prawns sold in the west.
SLAVE LABOUR AND COERCION IN THAILAND'S FISHING INDUSTRY CONFIRMED BY ILO.
http://www.pyichitthar.com/2014/09/blog-post_16.html

အလွတ်တန်းသတင်းထောက်တစ်ယောက်ဖြစ်သူ ကိုခင်မောင်မြင့်ကိုရန်ကုန်မြို့၊ ပန်ဘဲတန်းမြို့နယ်မှ ပါတီကြီးတစ်ခု၏ ရပ်ကွက်ခေါင်းဆောင်နှင့်အရံမီးသတ်တပ်ဖွဲ့ခေါင်းဆောင်ဦးဆောင်သောဖာခေါင်းများက ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့်၊ ဦးခေါင်းတွင်(၁၂)ချက်ချုပ်ရပြီး နံရိုးနှစ်ချောင်း ကျိုးသည့်ဒဏ်ရာဖြင့်
ရန်ကုန်မြို့၊ဦးနှောက်နှင့်အာရုံကြောအထူးကုဆေးရုံ၊ခွဲစိတ်ဆောင်တွင် အတွင်းလူနာ အဖြစ် ဆေးဝါးကုသမှု ခံယူနေရပါသည်။

ကိုခင်မောင်မြင့်သည် ပန်းဘဲတန်းမြို့နယ်၊ ၃၉ လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းတို့တွင် အများပြည်သူ အနှောင့်အယှက်ဖြစ်စေသည့် ပြည့်တန်ဆာလုပ်ငန်းများပေါ်ပေါ်တင်တင် တွင်ကျယ်ကျက်စားနေသည့်ဖြစ်ရပ်ကို လေ့လာစုံစမ်း၍ သတင်းဆောင်ပါးရေးသား ဖော်ထုတ်ခဲ့သည့်အပြင်၊ သက်ဆိုင်ရာ ပန်းဘဲတန်းမြို့နယ်၊ရဲတပ်ဖွဲ့သို့လည်း အရေးယူဆောင်ရွက်ပေးရန်အတွက် အများပြည်သူကိုယ်စားတင်ပြတိုင်ကြားခဲ့ဖူးသည်။

သို့သော်လည်း ယနေ့ချိန်အထိ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့သော်လည်း ထိုနေရာ ပတ်ဝန်းကျင်တ၀ိုက်သို့ကိုခင်မောင်မြင့် ဖြတ်သွားဖြတ်လာပြုတိုင်း ဖာခေါင်းများနှင့် ပြည့်တန်ဆာများက
ဝိုင်းဝန်းရန်စ ရိသဲ့သဲ့လုပ်လေ့ရှိကြပါသည်။

၁၃၊ ၉၊၂၀၁၄နေ့တွင်မူ ရန်ကုန်မြို့၊ စင်ထရယ်ဟော်တယ်၌ ကျင်းပပြုလုပ်သောမသန်စွမ်းသတင်းစာရှင်းလင်းပွဲပြီးနောက် အခြားသော သတင်းထောက်များနှင့်လမ်းခွဲ၍ အပြန်၊ ဗိုလ်အောင်ကျော်လမ်းသို့အရောက်တွင် ပါတီကြီးတစ်ခု၏ရပ်ကွက်ခေါင်းဆောင်နှင့် အရံမီးသတ်တပ်ဖွဲ့ခေါင်းဆောင် ဦးဆောင်သောဖာခေါင်းများက ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် ဦးခေါင်းတွင် ဒဏ်ရာများရရှိပြီးမျက်နှာတစ်ခုလုံး သွေးချင်းချင်းနီကာ ပြေးလာခဲ့ရပြီး လက်ဖက်ရည်ဆိုင်တစ်ခုထဲ
အရောက်တွင် သတိမေ့ လဲကျခဲ့ရသည်။

ယခုအခါဦးခေါင်းတွင်(၁၂)ချက်ချုပ်ရပြီး၊နံရိုးနှစ်ချောင်းကျိုးသည့်ဒဏ်ရာဖြင့်ရန်ကုန်မြို့၊ဦးနှောက်နှင့်အာရုံကြော အထူးကုဆေးရုံ၊ ခွဲစိတ်ဆောင်တွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရပါသည်။ ကျမတို့ သွားရောက်ခဲ့သည့် မနေ့ကညနေပိုင်းအထိ ဆေးရုံမှဆေးဝါးကုသမှုအချို့ ပြုလုပ်ပေးသော်လည်း လိုအပ်သ
လောက် ကြပ်ကြပ်မတ်မတ် ကုသမှုမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ကျမတို့ရောက်ရှိပြီး တိုက်တိုက်တွန်းတွန်း ပြောဆိုမှသာ အောက်စီဂျင်ဘူးလာတပ်ပေးသည်။

မိသားစုကအမှုဖွင့်တိုင်ကြားထားပြီးဖြစ်သော်လည်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကမည်သို့မျှ အရေးယူဆောင်ရွက်မှု မရှိသေးကြာင်းလည်း သိရှိရပါသည်။

Su Su Nway

ဖေ့စ်ဘွတ်အကောင့်တစ်ခုရထားပြီး ပို့စ်တင်တတ်ရုံ ၊ဖုန်းတစ်လုံးရှိရုံနဲ့သတင်းထောက်လုပ်နေတဲ့သူတွေအတွက် ဒီပို့စ်ကိုရေးဖြစ်တာဖြစ်ပါတယ်။
ခုတလော တချို့ယာဉ်တိုက်မှူဖြစ်စဉ်တွေ ၊ အနိုင်ကျင့်နှိပ်စက်ခံရတဲ့ဖြစ်စဉ်တွေလူသေမှူဖြစ်စဉ်တွေကို ကို ဖေ့စ်ဘွတ်သတင်းထောက်တွေ ရေးတင်ရိုက်တင်လို့လူတော်တော်များများသိခွင့်ရလာတာတွေ့ရပါတယ်။

ဒီရက်ထဲအနီးစပ်ဆုံးပြောရရင်ဟိုတစ်နေ့က တောင်ငူဘက်ကရှစ်တန်းကျောင်းသူလေးကို ရည်းစားစကားပြောတဲ့လူက ရေနှစ်သတ်ထားလို့သေနေတဲ့ပုံရယ်။ဒီနေ့တွေ့ရတဲ့ မြေနီကုန်းက ကားတိုက်လို့ သေဆုံးနေတဲ့အမျိုးသမီးရဲ့ ဓါတ်ပုံကိုပဲဥပမာပေးပြီးပြောချင်ပါတယ်။ ကျွန်တော့်အတွက်တော့အဲ့ဒီသတင်းနှစ်ခုလုံးမှာပါတဲ့ပုံတွေကိုမြင်ရတာတော်တော် စိတ်ပျက်စရာဖြစ်ပါတယ်။ ပထမရက်ကသေတဲ့ကျောင်းသူလေးရဲ့ပုံမှာအပေါ်ပိုင်းအင်္ကျီကလန်နေတယ်။သူဝတ်ထားတဲ့ကျောင်းစိမ်း
ထမိန်လေးကျွတ်နေပြီး အောက်ကအတွင်းခံနဲ့ပက်လက်လဲနေပုံကိုဒီအတိုင်းတင်ထားပါတယ်။
နောက်ဒီနေ့ မြေနီကုန်းမှာကားတိုက်ခံရလို့သေဆုံးသွားတဲ့အမျိုးသမီးကို အတွင်းခံဘောင်းဘီနဲ့ မှောက်ရက်လဲပြီးဦးနှောက်ထွက်နေတဲ့ပုံအတိုင်း ဘာမှမပြင်မဆင်ပဲ ဒီတိုင်းကြီးတင်ထားပါတယ်။

သတင်းတင်တဲ့လူတွေက လူတွေကိုသိစေချင်တာကြောင့်(သို့မဟုတ် ) လူတော်တော်များများသူ့ပို့စ်ကို ရှဲစေချင်တဲ့ရည်ရွယ်ချက်နဲ့တင်တာ လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့်အဲ့လိုတင်တဲ့အခါမှာသတင်းကျင့်ဝတ်တွေသိက္ခာတွေခဏဘေးချဦး။သာမန်စောင့်ထိန်းသင့်တဲ့ အချက်တွေကိုတော့တင်တဲ့လူတွေအနည်းဆုံးသိထားသင့်ပါတယ်။
တင်တဲ့လူတွေက သေသွားတဲ့လူတွေနဲ့သူ့ကျန်ခဲ့တဲ့မိသားစုမျက်နှာတွေထာက်ဖို့လိုပါတယ်။
ကိုယ်နဲ့သိသိမသိသိပေါ့။

၁)အကယ်၍ခင်ဗျားမိသားစုတစ်ယောက်လမ်းပေါ်မှာပိုးစိုးပက်စက်သေဆုံးနေတဲ့ပုံကိုခင်ဗျားတို့ကိုယ်တိုင်ဆိုရင်ရော ခဏခဏမြင်ချင်မလား?
၂)ဒါ့အပြင် ခင်ဗျားတို့မိသားစုဝင်တစ်ယောက်ရဲ့အဲ့လိုပုံကို ဘာမှအကာအကွယ် အဖုံးအဖိ မလုပ်ပေးပဲ တစ်ကမ္ဘာလုံးကလူတွေပြရင်ရော ခင်ဗျားတို့လက်ခံနိုင်ပါ့မလား။

သေသွားတဲ့လူက လမ်းပေါ်မှာ ၀စ်လစ်စလစ်ဖြစ်နေမယ်။သူ့ရဲ့အတွင်းခံတွေပေါ်နေမယ်။ အပေါ်ပိုင်းဗလာကျင်းနေမယ်။
နှိပ်စက်ခံရတဲ့လူဆိုရင် သူ့ဒဏ်ရာတွေက လူတွေမမြင်သင့်တဲ့ ရင်သား၊တင်ပါးလိုနေရာမျိုးတွေမှာဖြစ်နေမယ်ဆိုရင် ဒါတွေကို လူသိရင်ပြီးရောတင်ချလိုက်လို့မရပါဘူး။တတ်နိုင်သလောက်ပုံတွေကိုအဖုံးအဖိတွေလုပ်ကိုလုပ်ပေးရပါတယ်။

သေတဲ့လူတွေမှာလည်း သူ့ဂုဏ်သိက္ခာရှိပါတယ်။လမ်းပေါ်က သူတောင်းစားဖြစ်ပါစေ
ခိုကိုးရာမဲ့လူဖြစ်ပါစေ သတင်းတင်မယ့်လူ က သူ့ရဲ့အသက်မဲ့နေတဲ့ ခန္ဓာကို သိက္ခာလေးတော့ပေးရပါမယ် ။အများအကျိုးပြုနိုင်တဲ့ Citizen Journalistsတွေဖြစ်ကြပါစေ။

https://www.facebook.com/photo.php?fbid=10205023123722622&set=a.1946638430485.2115569.1378260567&type=1&theater

Sitagu Missionary Association has been established by Most. Ven. Dr. Ashin Nyanissara with the aim of giving a hand to the needy who are really in need, regardless of religion, race, color and caste. So far, much assistance has been reached out to those who are in need far and near and to those whatever religion they belong to.

Today is a remarkable day which we learn with great pleasure that Sitagu Sayadaw, Most. Ven. Dr. Ashin Nyanissara has donated 10000 USD through Pakistani Embassy to some areas of Pakistan which are badly and severely affected by the heavy flood.

It is a good example that it is a must for everyone whatever religion they profess in to help those who are in need.
English version by Ashin Visuta
သီတဂူဆရာတော်ကြီးသည် ပါကစ္စတန်နိုင်ငံ၊ ရေးဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ တစ်သောင်းကို မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံး၊ ပါကစ္စတန်သံအမတ်ကြီးထံသို့ ၁၆-၉-၂၀၁၄ နေ့၊ နေ့လည်ပိုင်းက သွားရောက်လှူဒါန်းသည်။

ဆရာတော်ကြီးက ထိုလှူဒါန်းပွဲမှာ လှူဒါန်းရခြင်း၏အကြောင်းကို ပါကစ္စတန်သံအမတ်ကြီးနှင့် သံရုံဝန်ထမ်းများ၊ သတင်းထောက်များအား အောက်ပါအတိုင်း မိန့်ကြားသည်။

ချစ်ခြင်းအပေါ်မှာ လက်တွဲခြင်း
ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာတို့ဆိုပြီး နိုင်ငံတွေနဲ့ လူမျိုးတွေ၊ ကိုးကွယ်သည့်ဘာသာတွေ မတူကြသော်လည်းဘဲ Problem ပြဿနာဆိုတာ ဖြစ်ရင်၊ ဥပမာ ရေနစ်နေရင်၊ မြန်မာပြည်မှာလည်း ရေကြီးတာတွေ၊ ရေနစ်တာတွေ အများကြီးပဲ၊ မြန်မာဗုဒ္ဓဘာသာမှာ ဖြစ်သလို ခရစ်ယာန်၊ အစ္စလာန်၊ ပါကစ္စတန်မှာလည်း ဖြစ်တာပဲ။

အစ္စလာန်နှင့်ဗုဒ္ဓဘာသာ၊ ပါကစ္စတန်နှင့် မြန်မာဆိုတဲ့ အပေါ်က နာမည်လေးတွေကို ခဏဖယ်ထားလိုက်၊ ရေနစ်ခံရတဲ့ဒုက္ခ၊ ရေမြုတ်ခံရတဲ့ဒုက္ခဟာ ဘုံဆိုင်ပြဿနာ (Common Problem)ပဲ၊ အားလုံးနဲ့ဆိုင်နေတယ်။ အဲဒီတော့ အများနှင့်ဆိုင်နေတဲ့ ဒီပြဿနာကို ၀ိုင်းဝန်းပြီးတော့ ဖြေရှင်းပေးရမည်။ ဒါဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ရှိသည့် တာဝန်ပဲ။

မတူတာလေးတွေကို ကြည့်ပြီးတော့ တူညီတဲ့အပေါ်မှာ လက်မတွဲနိုင်ကြရင် ကမ္ဘာကြီးက ပြဿနာတွေဟာ ရှင်းလို့ရမှာ မဟုတ်တော့ဘူး။ အဲဒီရဲ့ အမှတ်လက္ခဏာကို ပြဖို့ ဒီကနေ့ ဒို့လာလှူခြင်းဖြစ်သည်။

တူညီသည့်ပြဿနာနှင့် တူညီတဲ့ စိတ်ထား
ရေမြုပ်ခြင်း၊ မီးလောင်ခြင်း၊ မိုးခေါင်းခြင်းဆိုတဲ့ ပြဿနာတွေဟာ တိုင်းပြည်နှင့်လူမျိုး၊ ကိုးကွယ်သည့်ဘာသာ မတူပေမဲ့ ဒီပြဿနာတွေ အားလုံးက တူနေတယ်။ ပြဿနာတွေ တူနေတယ်ဆိုရင် Common Problem လို့ ခေါ်တယ်။ အဲဒီတူညီတဲ့ ပြဿနာကို တူညီတဲ့ စိတ်ဓာတ်တစ်ခုရှာပြီးတော့ အားလုံး ၀ိုင်းဖြေရှင်းရမည်။ ဒါဟာ ဘုန်းကြီးစိတ်ထဲမှာ အမြဲတမ်းရှိတယ်။ အဲဒီတော့ ပရဟိတအသင်းအဖွဲ့အားလုံးကို ဘုန်းကြီး ဒီအတိုင်းပဲပြောတယ်။

အဲဒီတော့ တူညီသော ပြဿနာအားလုံးကို တူညီသော စိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဖြေရှင်းဖို့ဆိုရာမှာ အခုလို ရေမြုပ်ခြင်းတို့၊ မီးလောင်ခြင်းတို့၊ တောင်ပြိုခြင်းတို့၊ မိုးခေါင်းခြင်းတို့၊ ငတ်မွတ်ခြင်းတို့ ဒုက္ခတွေကို ဖယ်ရှားတဲ့နေရာမှာ ကရုဏာတရားအပေါ်မှာ အားလုံးလက်တွဲရမည့် Common Platformပဲ။ ဒီနေ့ ဘုန်းကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ အဲဒီ တူညီတဲ့ လမ်းပေါ်မှာ လက်တွဲပြီးတော့ ပါကစ္စတန်ရေဘေးအတွက် လှူတာပဲ။

ကရုဏာဆိုတာ သူတပါးဒုက္ခရောက်တဲ့အပေါ်မှာ ခံစားတဲ့ စိတ်။ ခံစားနေရုံနဲ့မပြီးသေးဘဲ သူတပါးရဲ့ ဒုက္ခကို ဖယ်ရှားပေးလိုတဲ့ စိတ်ဟာ ကရုဏာပဲ။ အဲဒီကရုဏာစိတ်ထားမျိုးဟာ လူမျိုးတိုင်း၊ ဘယ်ဘာသာကိုးကွယ်တဲ့ ဘာသာဝင်တိုင်းမှာမဆို ရှိအပ်တဲ့ နှစ်လုံးသားရဲ့ အရည်အချင်းပါပဲဆိုတာ အဲဒါလေးနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ပါကစ္စတန်ရေဘေးမှာ အသက်ဆုံးရှူံးသွားသူ ၃၀၀ ကျော်
အိုးမဲ့အိမ်မဲ့ဖြစ်သူ နှစ်သိန်းကျော် ရှိသူဟု ပါကစ္စတန်သံအမတ်ကြီးက ဆရာတော်ကြီးအား လျှောက်ထားပါသည်။

ဆရာတော်ကြီးမိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်မှ အသံများကို စာအဖြစ်ဖန်တီးသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁၆-၉-၂၀၁၄
www.thesitagu.org
www.sitagustar2020.net


ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင်အတွင်းက Koh Tao (လိပ်ကျွန်း) မှာ ဗြိတိသျှနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဒီကျွန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းနေပါတယ်။ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာကိုတော့ ထိုင်းရဲက ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံကို အလည်လာရောက်တဲ့ ဗြိတိသျှနိုင်ငံသား အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ နှစ်ဦးဟာ စက်တင်ဘာလ ၁၄ ရက်နေ့က Koh Tao (လိပ်ကျွန်း) မှာ အသတ်ခံခဲ့ရတာဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့ တနင်္လာနေ့မှာ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာတော့ ထိုင်းရဲတွေက ဒီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး သူတို့ရဲ့ အိမ်ကိုလည်း ရှာဖွေခဲ့ပါတယ်။ အခင်းဖြစ်ပွားရာ နေရာအနီးမှာ ပေါက်ပြားတချောင်းလည်း တွေ့ရတာမို့ အခု အသတ်ခံရသူတွေဟာ ပေါက်ပြားနဲ့ ရိုက်နှက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ထိုင်းအာဏာပိုင်တို့က ယူဆနေကြပါတယ်။ ဆူရတ်ဌာနီခရိုင် ရဲချုပ် Kiattipong Khaosam-ang က အခုလို ပြောပါတယ်။

“အခု အသတ်ခံရသူတွေကို တိုက်ခိုက်ခဲ့တဲ့ ပေါက်ပြားလို သက်သေခံ ပစ္စည်းတွေကို ရဲဘက်က လိုက်လံ စုစည်းနေပါတယ်။ အခု အသတ်ခံရသူတို့ရဲ့ အ၀တ်အစားတွေ၊ ဖိနပ်တွေနဲ့ တခြား သက်သေခံ ပစ္စည်းတွေ ကျနော်တို့မှာ ရှိနေပါပြီ။ အခုတော့ သက်သေခံ ပစ္စည်းအားလုံးကို နောက်ထပ် စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါပြီ။”

အသတ်ခံရသူ ၂ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ရင်ခွဲ စစ်ဆေးဖို့အတွက် ဘန်ကောက်မြို့က ရဲဌာနဆီကို ပို့ပေးထားပြီ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် Prayuth Chan-ocha ကလည်း ကမ္ဘာလှည့် ခရီးသွားတွေ ထိုင်းနိုင်ငံတွင်း သွားလာတာမှာ သတိရှိကြဖို့ကိုလည်း တိုက်တွန်း ပြောဆိုပါတယ်။

“ဒီအဖြစ်အပျက်ဟာ လက်ခံနိုင်စရာ မရှိပါဘူး။ အစိုးရက ဒီလုပ်ရပ်ကို လက်မခံနိုင်ပါဘူး။ နောက် မီဒီယာတွေအနေနဲ့လည်း နိုင်ငံခြားသားတွေကို ၀ိုင်းဝန်းပြီး ရှင်းပြဖို့ လိုပါတယ်။ နေရာဒေသတိုင်းဟာ အမြဲတမ်း ဘေးကင်းလုံခြုံနေတာ မဟုတ်ဘူးဆိုတာကို ဒီလူတွေက မသိကြပါဘူး။ အခု ကျနော်တို့ နိုင်ငံတွင်းမှာ ပြဿနာတွေ ရှိနေဆဲ အချိန်အတွင်း အချိန်တိုင်း နေရာတိုင်းက သူတို့အိမ်လိုဘဲ ဘေးကင်း စိတ်ချရတယ်လို့ ဒီလူတွေက ယူဆနေကြတာပါ။ ဒီအဖြစ်အပျက်အပေါ် ဒေသခံတွေကလည်း လုံးဝ လက်သင့်မခံနိုင် ဖြစ်နေကြပြီး အခုဆို အင်္ကျီအနက်တွေ ၀တ်ဆင်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ဖို့ ရဲနဲ့ စစ်တပ်ကို ကျနော် အမိန့်ပေးထားပါတယ်။”

အခု ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ Koh Tao (လိပ်ကျွန်း) ဟာဆိုရင် ကမ္ဘာလှည့် ခရီးသည်တွေ လာရောက်လည်ပတ်ရာ ထိုင်းပင်လယ်ကွေ့က ကျွန်းတကျွန်းဖြစ်ပြီး ဒီကျွန်းက ဟိုတယ်၊ စားသောက်ဆိုင်တို့မှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အတော်များများ အလုပ်လုပ်ကိုင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးထူးချစ်ကတော့ ဒီကိစ္စအပေါ်မှာ အခုလို ပြောဆိုပါတယ်။

“တခါတလေကျလို့ရှိရင်တော့ မြန်မာအလုပ်သမားတွေကိုယ်တိုင်က အလားတူ ပြစ်မှုမျိုးတွေ ကျူးလွန်တာကို တွေ့ရတာရှိပါတယ်။ နောက်တခုကလည်း သူတို့ကိုယ်တိုင် အဲ့လိုမျိုး ခံရတာရှိတယ်လေ။ ကျနော်တို့ ပြီးခဲ့တဲ့လတုန်းကဆိုရင် ကျနော်တို့နားမှာပဲ မြန်မာအလုပ်သမား ၂ ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတာ ရှိတာပဲ။ ကျနော်တို့ကိုယ်တိုင် အမြဲတမ်းပြောတယ်။ မြန်မာတွေ အသတ်ခံရတဲ့အချိန်မှာ အစိုးရက သိပ်ပြီးတော့ ထိထိရောက်ရောက် မလုပ်တော့ ထိုင်းအစိုးရအနေနဲ့ သိပ်ပြီးတော့ အရေးယူ ဆောင်ရွက်မှုတွေ မရှိဘူး။ အခု နိုင်ငံခြားသား ၂ ယောက်သေတော့ ထိုင်းဝန်ကြီးချုပ်ကအစ ထုတ်ဖော်ပြောလာတာမျိုးတွေ ကျနော်တို့ ကြားရတယ်။”

အခုလို ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၃ ဦးကို ထိုင်းရဲက စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတဲ့ ကိစ္စကိုတော့ ဘန်ကောက်မြို့ မြန်မာသံရုံးက မသိရှိရသေးကြောင်း အလုပ်သမား သံအရာရှိက ဗွီအိုအေကို ဖြေကြားပါတယ်။

ဗွီအိုအေ


ဆီးရီးယားစစ်တပ်မှ စစ်သည်အချို့
http://7daydaily.com/
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လေကြောင်းမှ ထိုးစစ်ဆင်နေသည့် အမေရိကန် လေယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်လာပါက ဆီးရီးယား၏ စစ်သုံးလက်နက်များကို တုံ့ပြန် ဖျက်ဆီးပစ်မည်ဟု ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို ရည်ရွယ်ပြီး အမေရိကန်က သတိပေးလိုက်သည်။

အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက IS တို့ကို အီရတ်တွင်သာမက ဆီးရီးယား ပိုင်နက်အတွင်းတွင်ပါ ဗုံးကြဲ တိုက်ခိုက်သွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ဖော် ပြောကြားခဲ့သည်။ အကယ်၍ IS အဖွဲ့ကို တိုက်ခိုက်နေသည့် အမေရိကန် တိုက်လေယာဉ်များကို ဆီးရီးယားစစ်တပ်က ကြားဝင် ပစ်ခတ်ခဲ့မည် ဆိုပါက ၎င်းတို့၏ လေယာဉ်ပစ် လက်နက်များ ဖျက်ဆီးခံရလိမ့်မည်ဟု အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ အမည်ထုတ်ဖော် ပြောဆိုခြင်း မရှိသည့် အဆိုပါ အရာရှိက အမေရိကန် တိုက်လေယာဉ်များသည် ဆီးရီးယားစစ်တပ်၏ လေယာဉ်ပစ် လက်နက်များ ထားရှိသည့် နေရာများကို သိရှိထားပြီးဖြစ်ကြောင်း၊ အကယ်၍ ဆီးရီးယား စစ်တပ်ကသာ အမေရိကန် တိုက်လေယာဉ်များကို ရန်လိုပစ်ခတ်ခဲ့ပါက မိမိကိုယ်ကိုယ် ကာကွယ်သည့် အနေဖြင့် တုံ့ပြန်မည်သာဖြစ်ကြောင်း ဆိုသည်။ IS အဖွဲ့သည် အာဆက်ဒ်ကို တော်လှန်ပုန်ကန်ရင်း အင်အားတောင့်တင်းလာကာ ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အများအပြားကို ထိန်းသိမ်းထားသည့် စစ်သွေးကြွများ ဖြစ်ကြသည်။

အိုဘားမားသည် IS တို့ကို ဘုံရန်သူသဖွယ် တိုက်ခိုက်နေသည့်တိုင် အာဆက်ဒ်၏ တပ်ဖွဲ့များနှင့် ပူးပေါင်းရန် အဆိုကို ငြင်းဆန်ထားပြီး ဖြစ်သည်။ အမေရိကန်သည် မဟာမိတ်နိုင်ငံ အများအပြား၏ ထောက်ပံ့မှုကို ရယူမည် ဖြစ်သော်လည်း IS တို့ကို တိုက်ခိုက်ချိန်တွင် ဆီးရီးယားနှင့် သီးခြားစီသာ လှုပ်ရှားမည်ဟု အခိုင်အမာ ရပ်တည် ဆုံးဖြတ်ထားသည်။ အမေရိကန် အစိုးရ အနေဖြင့် အာဆက်ဒ်သည် ဆီးရီးယား ပြည်သူများကို ဖိနှိပ်စစ်ပြုကာ ပြည်တွင်းစစ်ကို စတင်ဖန်တီးသည့် စစ်ရာဇဝတ်သားတစ်ဦးသဖွယ် ရှုမြင်ထားဆဲ ဖြစ်ပြီး အာဆက်ဒ်အနေဖြင့် အာဏာစွန့်သင့်ကြောင်း အစဉ်တစိုက် မှတ်ချက်ပြု ပြောကြားထားသည်။

_Ref: Channelnewsasia

နိုင်ငံ ခြားဘဏ်များပြည်တွင်း၌ ရင်းနှီး မြှုပ်နှံနိုင်ရန် မကြာခင်ခွင့်ပြုသွား မည်ဖြစ်သော်လည်း လုပ်ငန်းရှင် များအတွက် ချေးငွေများ ထုတ်ချေး ခြင်းကို ပြည်တွင်းရှိပုဂ္ဂလိက ဘဏ် များနှင့် ပူးပေါင်းပြီးမှသာ ချေးငွေ ထုတ်ချေးခွင့်များ ခွင့်ပြုသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌဦးဆက်အောင် က ပြောသည်။

ပြည်တွင်း၌ နိုင်ငံခြားဘဏ် လုပ်ငန်းများရင်းနှီးမြှုပ်နှံခြင်းများ ကို စက်တင်ဘာလအကုန်တွင် ထုတ် ပြန်ကြေညာသွားမည်ဖြစ်ပြီး ယင်း ဘဏ်များ၏ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့်များတွင် ပြည်တွင်းဘဏ် များနစ်နာမှုမရှိစေရန် ဆောင်ရွက် သွားမည်ဟု ထပ်မံပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ''အခုသတ်မှတ်ထားတာက နိုင်ငံ ခြားဘဏ်တွေက ပြည်တွင်းလုပ်ငန်း ရှင်တွေကို ချေးငွေထုတ်ချေးမယ် ဆိုရင် ပြည်တွင်းဘဏ်တွေနဲ့ အတူ ပေါင်းပြီးမှ ချေးခွင့်ပေးမယ်'' ဟု စက်တင်ဘာ ၁၄ရက်က ချက်ထရီ ယံဟိုတယ်တွင် ပြုလုပ်သည့် Euro-money အဖွဲ့အစည်း၏ အ ကောင်းဆုံးဘဏ် ရွေးချယ်ခြင်း အခမ်းအနားတွင် ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်အစရှိသည့် နိုင်ငံ များမှ ဆောင်ရွက်လျက်ရှိပြီး ပြည် တွင်း၌ ဘဏ်ကိုယ်စားလှယ်ရုံးဖွင့် လှစ်ထားသည့် ဘဏ်လုပ်ငန်းများကို ဦးစီးပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ မကြာမီက ထုတ်ပြန်ထားကြောင်း သိရသည်။

ဦးဆက်အောင်က ''နိုင်ငံခြား ဘဏ်ငါးဘဏ်ကနေ ၁ဝဘဏ်ကြား ကို ရွေးချယ်ပြီးလုပ်ကိုင်ခွင့်ပေးသွား မယ်။ ဘဏ်ခွဲကိုလဲ တစ်ခုပဲ လုပ် ကိုင်ခွင့်ပြုမယ်။ ငွေကြေးကိုတော့ နှစ်မျိုးစလုံးလုပ်ကိုင်ခွင့်ပြုမယ်''ဟု ထပ်မံပြောသည်။

နိုင်ငံခြားဘဏ်လုပ်ငန်းများ ကို ပြည်တွင်း၌ရင်းနှီးမြှုပ်နှံခွင့်ပြု ရာတွင် ပြည်တွင်းဘဏ်လုပ်ငန်း များနှင့် အပြိုင်လက်လီဘဏ်လုပ် ငန်း လုပ်ကိုင်ခွင့်ပြုရန်မဖြစ်နိုင်သေး ကြောင်း ဦးဆက်အောင်က ထပ်မံ ပြောသည်။

နိုင်ငံခြားဘဏ်လုပ်ငန်းများ အားပြည်တွင်း၌ ဝင်ရောက်လုပ် ကိုင်ရာတွင် ၁ဝဝ ရာခိုင်နှုန်းလုပ် ပိုင်ခွင့်ပေးခြင်း၊ ပြည်တွင်းဘဏ်များ နှင့် အကျိုးတူလုပ်ပိုင်ခွင့်ပေးခြင်း၊ ဘဏ်ခွဲများ တဖြည်းဖြည်းတိုးမြှင့် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံခြားလုပ် ငန်းများတွင် လုပ်ပိုင်ခွင့် ပေးနေ သော်လည်း မြန်မာနိုင်ငံအနေဖြင့် မိမိတို့အနေအထားကိုက်ညီသည့် စ နစ်အားရွေးချယ်ရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောဆိုချက် အရ သိရသည်။

အသေးစားနှင့် အလတ်စားစီး ပွားရေးလုပ်ငန်းရှင် ဦးအောင်ဟိန်း က ''လက်ရှိ ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေကလုပ်ငန်းရှင်တွေ အတွက် ချေးငွေကိုချေးပေးနိုင်တာ မဟုတ် ဘူး။ လုပ်ငန်းရှင်ကြီးတွေက ဘဏ် ထောင်တယ်။ ပြီးတော့ သူတို့ လုပ် ငန်းတွေအတွက်ပဲ လုံးပန်းနေတာ။ ပြည်သူအတွက် ချေးငွေထုတ်ချေး တယ်ဆိုတာ နည်းတယ်။ ငွေလွှဲတဲ့အဆင့်ပဲရှိတယ်။ နိုင်ငံခြားဘဏ် တွေဝင်လာမှ ပြည်တွင်းလုပ်ငန်းရှင် တွေ အတွက် ချေးငွေရမယ်လို့ မျှော် လင့်တာ။ အခုလို ပြည်တွင်းဘဏ် နဲ့ပေါင်းပြီးမှ ချေးငွေပေးမယ်ဆိုတော့ ဘာမှမထူးဘူး။ အခုပြုပြင်ပြောင်း လဲမှုတွေလုပ်တယ်ဆိုတာ လူတစ်စု စာအတွက်လား၊ ပြည်သူအတွက် လားဆိုတာ မေးခွန်းထုတ်ရတော့ မယ်'' ဟုပြောသည်။

TNO

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

မလေးရှားနိုင်ငံ ပီနန်ပြည်နယ်မှာ မြန်မာနိုင်ငံသား ရခိုင်အမျိုးသား ၂ ဦး စက်တင်ဘာ ၁၄ ရက်နေ့က အသတ်ခံခဲ့ရပါတယ်။

bunအသတ်ခံရသူတွေ ကတော့ ကိုကျော်သာလှနဲ့ ကိုကျော်အေးလှိုင် တို့ ဖြစ်ပြီး သူတို့တွေဟာ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ရသေ့တောင် မှာ နေထိုင်သူတွေဖြစ် တယ်လို့ မြန် မာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေးဌာန ဥက္ကဋ္ဌ ကိုလတ်က ပြောပါတယ်။

မလေးရှားက The Star Online သတင်းမှာတော့ ပီနန်ပြည်နယ် ပယ်မာတန် တင်ဂီမြို့လေးက ဂျာလန်ကမ်ပန် မန်ဂီစ် နယ်မြေရှိ ဆီအုန်းစိုက်ခင်းထဲမှာ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖော်ပြထားချက်အရ ရွာသားတယောက်က စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး ချက်ချင်းပဲ ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၂ ယောက်လုံးဟာ အသက် ၃၀ အရွယ်တွေ ဖြစ်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိုးသွင်းဒဏ်ရာ အများအပြားနဲ့ မျက်နှာတွေပေါ်မှာလည်း အစင်းရာ ကုတ်ခြစ်ရာတွေကို တွေ့ရတယ်လို့ ပြည်နယ် စီအိုင်ဒီအကြီးအကဲ အဆင့်မြင့်လက်ထောက် တပ်ဖွဲ့မှူး မာဇလန် ကီဆားက ပြောပါတယ်။

သူတို့တွေကို သတ်ဖြတ်ပြီးတော့မှ ဒီနေရာမှာ လာပစ်ထားတာလို့ ယူဆကြောင်းလည်း ပြောပါတယ်။ သေဆုံးသူထဲက တယောက်ဟာ အလုပ်လုပ်ခွင့် ပါမစ် ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီလူ ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းတစုံတရာ ရရှိရင် အနီးဆုံး ရဲစခန်းကို အကြောင်းကြားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

မလေးရှားမြန်သံရုံးကလည်း မြန်မာနိုင်ငံသားတွေ အသတ်ခံရတဲ့သတင်းနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းနေပြီး မြန်မာနိုင်ငံသား ဟုတ်မဟုတ် မသိရသေးဘူးလို့ အလုပ်သမား သံအရာရှိ ကိုမင်းမင်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသား ၅ ဦး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရပြီး ၄ ဦး သေဆုံးခဲ့ရတယ်လို့ ကပုန်း ၇ ရက်သားသမီး နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာတော့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ မလေးရှား လွှတ်တော်ထံ စာရေးတောင်းဆိုသွားမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

ဒါ့အပြင် ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁၁ မှု၊ မလေးရှားရဲက ၁၀ မှု အပြန်အလှန် အကူအညီ တောင်းခံခဲ့ကြပြီး အဲဒီအထဲက ၁၀ မှုကို အပြန်အလှန် ကူညီနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောပါတယ်။
DVB

ပုံစာ - ဒီကနေ့ မြို့နယ်တရားရုံးရှိတဲ့ ဦးအောင်ဇေယျ လမ်းမှာတွေ့တဲ့ ချိန်ကိုက်မိုင်း ။
ဒီနေမနက်မြ၀တီက မြို့နယ်တရာရုံးနားမှာ မနေ့ကတွေ့တဲ့ ချိန်ကိုက်မိုင်းမျိုး နောက်တလုံးထပ်တွေ့တယ်။

အမျိုးအစားတူညီပြီး နေ့လည် ၁၂ နာရီအချိန်ကို ချိန်ကိုက်ထားတယ်လို့ ဒီမိုင်းကိုလာရောက်ရှင်းလင်းခဲ့တဲ့ စစ်ပြေပြင်အင်ဂျင်နီယာတပ်စပ်က တပ်ကြပ်ကြီးသိန်းကျော်က ဆိုပါတယ်။

နေ့လည် ၁၂ နာရီဆိုတော့ တရားရုံးမှာ အမှုသည်တွေ ရှေ့နေရှေ့ရပ်တွေ အမှုပွဲစားတွေ ရုံးနားကစားသောက်ဆိုင်တွေမှာ လူစုံတတ်တဲ့အချိန်ဆိုတော့ ဒီမိုင်းသာကွဲခဲ့ရင်တော့ ဘာပြောကောင်းမှာလဲဆိုပြီး မြို့ နယ်အဆင့်တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုပါတယ်။

နှစ်ရက်ဆက်တိုက်တွေတဲ့ ချိန်ကိုက်မိုင်းကတော့ ပင်မယမ်းအုံ အရှည် ၆လက်မ အချင်း ၂ လက်မ အလေးချိန် ၁.၈ ကီခိုခန့်ရှိပြီး ဓာတ်ခဲအသုံးပြုထားတဲ့ စားပွဲတင်နာရီနဲ့
ထောင်ထားတာဆိုတော့ ဒီယမ်းရဲ့ ပြင်းအားကကြီးတယ်ဆိုပြီး စစ်အင်ဂျင်နီယာတပ်က အငြိမ်းစားတပ်ကြပ်ကြီး တဦးကဆိုပါတယ်။

အာဏာပိုင်တွေကတော့ ဒီမိုင်းရဲ့လက်သည်က မောင်ဖြူ မောင်မဲ ဆိုပြီးတော့ ပြောဆိုတာတွေမရှိသေးပါဘူး။

ပြည်တွင်းပြည်ပက အဖျက်အမှောက် ဆောင်ရွက်လိုတဲ့အဖွဲ့တွေ ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်တယ်လို့ဘဲ ကနဦးသုံးသပ်ခဲ့တယ်လို့ သိရပါတယ်။

ချိန်ကိုက်မိုင်းနဲ့ပတ်သက်ပြီး မြ၀တီကလူတွေ စိုးရိမ်စိတ်တွေနဲအတူ့ အထူးစိတ်ဝင်စားနေတာကတော့ နောက်ဆက်တွဲဘာတွေထပ်ဖြစ်အုံးမှာလဲ ဘာတွေထပ်ပြီးရူတ်ထွေးလာအုံးမှာလည်း ဆိုတာပါဘဲလို့ မြို့ ခံတဦးက ပြောဆိုပါတယ်။

သူပြောတဲ့အထဲမှာ"မြ၀တီမှာအေးချမ်းလာတာ ဘာမှမကြာသေးဘူး ဒါကိုဘယ်သူမှအရောင်မဆိုးပါနဲ့ဗျာ" ဆိုတာပါဘဲ။

ကရင်အမျိုးသား- မီဒီယာ

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.