09/19/14

ဝန်ကြီးဟောင်းဦးအောင်သောင်းသားပိုင်သည့် IGE ကုမ္ဗဏီက တည်ဆောက်မည့် သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း (တာဆန်း)နှင့်ပတ်သက်၍ ကွန်ဟိန်းမဲဆန်္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏မေးမြန်းချက်ကို အစိုးရကထိမ်ချန်ဖြေကြားခဲ့ကြောင်းသိရသည်။

“ကျွန်မက မေးခွန်း(၅)ချက်မေးခဲ့တာ။ ကျွန်မမေးခွန်းကို နံပါတ်(က)တခုလောက်ပဲဖြေတယ်လို့ သဘောထားလို့ရတယ်။ ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြပေးဖို့ သင့်တယ်”ဟု ဒေါ်နန်းဝါနု က News Watch ဂျာနယ်ကိုပြောသည်။

၁၆-၉-၂၀၁၄ ရက်နေ့ ဒေါ်နန်းဝါနုက ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်အတွင်း အဆိုပါစီမံကိန်းအကြောင်းမေးမြန်းရာတွင် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေ၊ ဆောင်ရွက်ချက် မည်သည့်အဆင့်သို့ရောက်ရှိနေမှု၊ EIA.SIA နှင့်ပတ်သက်၍ ပြည်သူ သိရှိရန်ဆောင်ရွက်ထားရှိမှု နိုင်ငံတော်နှင့်ဒေသခံများ လျှပ်စစ်တိုက်ရိုက်သုံးစွဲခွင့်ရရှိမှု အခြေအနေနှင့် အခွင့်အလမ်းများ၊ အစိုးရနှင့်ပြည်သူတို့၏ အကျိုးအမြတ်ခံစားခွင့် စသည်တို့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီးဦးမော်သာထွေးက အဆိုပါစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Three Gorges Corporation၊ ထိုင်းနိုင်ငံ EGAT International နှင့် တိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်သော International Group of Entrepreneures Company Ltd (IGE) တို့နှင့် ၁၀-၁၁-၂၀၁၀ ပြည့်နှစ်က MOU ထိုးခဲ့ကြောင်း ပြန်လည်ဖြေကြားချက်တွင် ထည့်သွင်းပြောကြားသည်။

ယင်းအပြင် အဆိုပါစီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၄၇၁၇ ထွက်မည်ဟုခန့်မှန်းထားကြောင်း၊ ကွန်ဟိန်းမြို့နယ်တာကော် တံတားသည် ရေ၀ပ်ဧရိယာအတွင်းကျရောက်နေ၍ တံတားအသစ်ပြန်ဆောက်ပေးမည်ဖြစ်ကြောင်း ဖြေကြားချက်တွင်ပါရှိသည်။ ၎င်းစီမံကိန်းမှထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းတွင် အဓိကသုံးစွဲသွားမည်ဖြစ်ပြီး ပိုလျှံမှသာအိမ်နီးချင်းနိုင်ငံများကို ရောင်း ချမည်ဟုဖြေကြားထားသည်။
“IGE က သံလွင်မြစ်ပေါ်မှာ ဆောက်မယ့်ဆည်တွေနဲ့တော်တော်ပတ်သက်နေ တယ်၊ အစိုးရကဘယ်လောက်အကျိုးအမြတ်ရှိမလဲ မေးတယ်။ သူတို့ကမဖြေဘူး။ တာ ကော်တံတားအသစ်လုပ်ပေးမယ်ဆိုတာ လုံးလုံးမြုပ်မယ့်သဘောပေါ့။ ဒီအကျိုးဆက်ကို ဘယ်လိုလုပ်မလဲဆိုတာမဖြေဘူး”ဟု ဒေါ်နန်းဝါနုက အဆိုပါစီမံကိန်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့သည့်အတွေ့အကြုံကိုပြောပြသည်။

သံလွင်မြစ်အတွင်း တည်ဆောက်မည် ဆိုသည့် ယင်းရေအားလျှပ်စစ်စီမံကိန်းမှာမစတင်သေးဟု အစိုးရဘက်ကပြောနေသော်လည်း ဒေသခံတို့ကစီမံကိန်းလုပ်နေပြီဖြစ်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်လာမည်ကိုတွေးကာ စိတ်ပူနေကြကြောင်းသိရသည်။
“နိုင်ငံခြားသားတွေလာလာနေတာတွေ့တယ်။ စစ်တပ် ကလည်းအထပ်ထပ်စောင့်နေတယ်။ RCSS နယ်မြေမှာလည်းဖြစ်နေတော့ သွားကြည့် ရမှာမသွားရဲဘူး”ဟု ဒေသခံတဦးက ပြောသည်။

မေငယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


Yangon

Today

84 F (29 C)

Tomorrow

84 F (29 C)
Editor's Choice

စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင် အမေရိကန်…

သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးဖို့ နေပြည်တော်ကို ရောက်နေတဲ့…



စစ်အာဏာရှင်လက်အောက် မြန်မာပြည်မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ အုတ်နံရံကို ခေါင်းနဲ့ပြေးဆောင့်ကြတာလို့ လူအများစုက ယူဆပြီး နိုင်ငံရေးနဲ့ ခပ်ဝေးဝေးမှာ နေခဲ့ကြပါတယ်။ ၂ဝ၁၁ အပြောင်းအလဲနောက်ပိုင်း ထောင်ထဲကနေ နိုင်ငံရေးအကျဉ်းသားတွေ တစ်သုတ်ပြီးတစ်သုတ် လွတ်မြောက်လာခဲ့ပြီး ကွာကွဲနေတဲ့ မိသားစုအသီးသီး ပြန်လည်ပေါင်းစုံခဲ့ကြပါတယ်။ ဒါပေမယ့် ကျန်ရစ်သူ မိသားစုတွေဟာ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ ခါးသီးတဲ့ဘဝတွေဟာ အခုထိ ပြန်လည်နလန်မထူနိုင်ကြသေးပါဘူး။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး ဖခင်နဲ့မောင်ဖြစ်သူ နှစ်ယောက်စလုံး အကျဉ်းထောင်တွေထဲ ရောက်သွားချိန် မိန်းမသားတန်မဲ့ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသူ မစိုးစိုးက မိသားစုပိုင် ပိုက်ဆံတွေကိုလည်း စစ်အစိုးရက သိမ်းယူသွားခဲ့ပါတယ်။ အိမ်ထောင်ကျတဲ့အခါ ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းနိုင်က အလုပ်သားရေးကူညီဆောင်ရွက်သူဖြစ်တာမို့ ဗုံးဖောက်ခွဲမှု စွပ်စွဲချက်နဲ့ သင်္ဃန်းစည်းတန်းလန်းကြီးနဲ့ ထောင် ၁ဝနှစ်ကျခဲ့ပါတယ်။ ကလေးငယ်တွေနဲ့ အတူ မစိုးစိုး ဘယ်လိုရုန်းကန်ခဲ့ရသလဲ။

နံရံကိုခေါင်းနဲ့ဆောင့်တဲ့လုပ်ရပ် တိုက်ပါများရင် နံရံကြီးအက်မှာပဲဆိုတဲ့စိတ်နဲ့ ယုံကြည်ချက်ကို ဆုတ်ကိုင်ပြီး ထောင်ဝင်စာနဲ့ ဘဝအမောကြား ရုန်းကန်းခဲ့ရတယ်လို့ ဆိုပါတယ်။

ခင်ပွန်းဖြစ်သူ ကိုဇော်ဇော်မင်းနဲ့ သားဖြစ်သူ ဒီငြိမ်းလင်းတို့ နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားလို့ စက်မှု (၁)ဝန်ထမ်းအဖြစ်ကနေ ရပ်နားခံရပြီး စစ်ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်နှောင့်ယှက်မှုအောက်မှာ ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရသူ ဒေါ်ဌေးဌေးဝင်းတစ်ယောက် မိသားစုထမင်းဝိုင်းကို နှစ်ရှည်လများ မျှော်လင့်ခဲ့ရသူပါ။

ခင်ပွန်းနဲ့သား တစ်နယ်စီ၊ တစ်ထောင်စီ ဖမ်းဆီးခံနေရလို့ ထောင်ဝင်စာပို့ဖို့ အလုပ်မျိုးစုံလုပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ရက်ကို စိတ်တင်းပြီး စောင့်မျှော်ခဲ့ရပါတယ်။

စစ်အာဏာရှင်တွေရဲ့ သံလက်သီးတွေ ဖြေလျော့ချိန် အခိုက်အတန့် ဒီမိုကရေစီအသွင် ကူးပြောင်းမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ နာမည်ကြီးရင်ပြီးရောဆိုတဲ့စိတ်နဲ့ နိုင်ငံရေးလုပ်တာ ရှောင်စေချင်တယ်လို့ ပြောပါတယ်။ ဖြတ်သန်းခဲ့တဲ့ အတိတ်ကာလဟာ အိပ်မက်အဖြစ် ခံယူချင်ပေမယ့် မစိုးစိုးတစ်ယောက် တစ်သက်တစ်ကျွန်းကနေ ပြန်လွတ်လာတဲ့ မောင်ဖြစ်သူကို တွေ့ရချိန် ချုံးပွဲချ ငိုခဲ့ရပါတယ်။ အမေဖြစ်သူက ပြန်မတွေ့နိုင်တော့ဘူး ထင်ထားတဲ့ သူ့သားကို လှေကားအမြင့်ကြီးပေါ်ကနေ ခုန်ချပြီး မျက်ရည်တွေနဲ့ ကြိုခဲ့တယ်လို့ ပြောပါတယ်။

http://kamayutmedia.com


ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)နဲ့ ထောင် ၁၁နှစ်နဲ့ ၄လ ကျခံနေရတဲ့ လှုပ်ရှားတက်ကြွသူ ကိုထင်ကျော်ကို ပုဒ်မ ၅ဝ၅(ခ)နဲ့ စက်တင်ဘာ ၁၈ရက်နေ့က ကျောက်တံတားတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အစိုးရကို ဆန့်ကျင်ရင် ပုဒ်မတွေခွဲပြီး မြို့နယ်ပေါင်းစုံကနေ တရားစွဲတဲ့ကိစ္စမျိုးတွေ ရှိသေးသလား။

ကုန်ဈေးနှုန်းကျဆင်းရေး ကိုထင်ကျော်လို့ သိထားကြတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ အာဇာနည်နေ့မတိုင်ခင်က ဆူးလေတဝိုက် အစိုးရဆန့်ကျင်ရေးစာတွေ ဖြန့်ဝေမှုကို ညွှန်ကြားခဲ့တာကြောင့် နောက်ထပ် ပုဒ်မ ၅ဝ၅(ခ)ကို ထပ်တိုးပြီး တရားစွဲလိုက်တာဖြစ်ပါတယ်။

ဒုတိယမြောက် ရုံးချိန်းမှာ တရားလိုပြသက်သေတွေကို စစ်ဆေးခဲ့ပြီး ကိုထင်ကျော်ကို ထောက်ခံတဲ့သူတွေလည်း ရောက်လာခဲ့ပါတယ်။ ကိုနောင်နောင်တို့ ဆူးလေမှာ စာရွက်ဖြန့်တဲ့ကိစ္စ ကိုထင်ကျော်မြှောက်ပေးလို့ လုပ်တာဆိုတဲ့ ထွက်ဆိုချက်ကြောင့် ကိုထင်ကျော်မပါပေမယ့် သူတို့အတွက် ရပ်တည်ပေးတဲ့ကျေးဇူးတွေကြောင့် လာအားပေးတာပါလို့ ဒေါ်ညိုညိုငြိမ်းက ပြောပါတယ်။

မြန်မာပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်နေချိန် အခက်အခဲတွေ့နေချိန်မှာ ကိုထင်ကျော်နဲ့အတူ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ဦးတင်ထွန်းက ကိုထင်ကျော်ဟာ လက်ရှိအစိုးရကို အလိုမရှိတဲ့ ဆန္ဒပြမှုကြောင့် ထောင်ကျခံနေရတာဖြစ်ပြီး ကိုထင်ကျော်ကို ရုံးထုတ်တိုင်း အားပေးနေမယ်လို့ ဆိုပါတယ်။

မြန်မာပြည် ဆင်းရဲမွဲနေရတာဟာ စစ်ဗိုလ်ချုပ်တွေနဲ့အပေါင်းအပါ ခရိုနီတွေ မတရားဂုတ်သွေးစုတ် အမြတ်ထုတ်နေတာကြောင့်ဖြစ်ပြီး ပြည်သူနဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ အခွင့်အရေးကို နှိပ်ကွပ်နေတဲ့ ဦးသိန်းစိန်နဲ့ အပေါင်းအပါတွေ နှုတ်ထွက်ဖို့ အမြန်ဆုံးတောင်းဆိုတယ်လို့ ကိုထင်ကျော်က တရားရုံးအထွက်မှာ တောင်းဆိုခဲ့ပါတယ်။
KAMAYUT MEDIA



ကျွန်တော့်ဘ၀တစ်လျှောက် ထောင်ထဲမှာ ၁၁နှစ် နေထိုင်ခဲ့ပြီး ထောင်(၃)ထောင်မှာ နေထိုင် ခဲ့ရပေမယ့် အရမ်းဆိုးဝါးတဲ့ ထောင်ပိုင်နဲ့တော့ မကြုံခဲ့ရပါဘူး။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းတွေ တစ်သက်လုံး မမေ့နိုင်အောင် အကျဉ်းသားတွေ အပေါ်မှာ ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ ထောင်ပိုင်ကြီး တစ်ဦးကတော့ မြန်မာနိုင်ငံရဲ့သမိုင်းမှာ အမှန်တကယ် ရှိနေခဲ့ပါတယ်။

အဲဒီထောင်ပိုင်ကြီးက “ရဲဘက်အကျဉ်းသား တစ်ယောက်ရဲ့ တန်ဖိုးဟာ လျှောက်လွှာစက္ကူ နှစ်ရွက်စာပဲရှိတယ်”လို့ မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိပါတယ်။ သူတာဝန်ယူတဲ့ ထောင်တိုင်းမှာ သူ့ရဲ့ကြွေးကြော်သံက “ထောင်ထဲမှာ ၀ဖြိုးသော အကျဉ်းသား မရှိစေရ”လို့ ဆိုပါတယ်။ ဒီထောင်ပိုင်ဟာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နိုင်ငံတော် အာဏာကို ယူပြီးချိန်မှာ တပ်မတော်ကနေ ဗိုလ်ကြီးအဆင့်နဲ့ ရာထူး တစ်ဆင့်တိုးပြီး အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာပါတယ်။ သူ့ကို မြန်မာနဲ့အိန္ဒိယ နယ်စပ်ဒေသမှာ ရှိတဲ့ ကဘော်ချိုင့်ဝှမ်းက ရဲဘက် အကျဉ်းစခန်းကို အုပ်ချုပ်ဖို့ စတင် တာဝန်ပေးခဲ့ပါတယ်။ ဒီရဲဘက် စခန်းမှာ အကျဉ်းသားတွေကို လူမဆန်အောင် နှိပ်ကွပ်ခိုင်းစေခဲ့တဲ့ အတွက် ပြည်ထဲရေး ၀န်ကြီးက သဘောကျပြီး ထောင်ပိုင်ကြီး အဆင့် ရာထူးကို တိုးပေးပြီး သရက်ထောင်ကို အပိုင်စားစေခဲ့ပါတယ်။

သရက်ထောင်ကနေ မြင်းခြံ ထောင်ပိုင်ဖြစ်၊ မြင်းခြံထောင်ပိုင် ကနေ တောင်ကြီး တောင်လေးလုံး ထောင်ပိုင်ဖြစ်တော့ သူ့ရဲ့လက်စွမ်းကတော့ ဂျပန်ခေတ် ကင်ပေတိုင်တွေကတောင် အဘခေါ်ရ လောက်ပါတယ်။ တောင်လေးလုံး ထောင်မှာ အကျဉ်းသား အားလုံးကို တန်းစီစေပြီး လူတစ်ယောက် စောင်တစ်ထည်၊ ပုံစံနှစ်စုံ၊ သောက်ရေခွက် တစ်လုံး၊ ပန်းကန် တစ်ချပ်နဲ့ ရေချိုးခွက် တစ်ခုက လွဲပြီး ကျန်တဲ့ပစ္စည်း အားလုံးကို သိမ်းစေခဲ့ပါတယ်။ အကျဉ်းသားအားလုံး အတွင်းခံ မ၀တ်ရဘူးလို့လည်း အမိန့်ထုတ်ပြီး အားကစား လုပ်တဲ့ ဖိနပ်တွေ၊ ဘောင်းဘီတွေက အစ မရှိစေရပါဘူး။

ထောင်ထဲမှာ ထောင်ကျအကျဉ်းသား အားလုံးကို လမ်းခင်းဖို့ အတွက် ကျောက်ထုခိုင်းပြီး ကျောက်ထုတဲ့ လက်နက်ကိရိယာတွေ မပြည့်စုံတဲ့အတွက် ကျောက်ခဲ ကျောက်ခဲခြင်းထုပြီး လူတစ်ယောက် မဆလာသယ်တဲ့ ဒယ်နဲ့ တစ်နေ့ ၃ဒယ် ထုတ်လုပ်ပေးခဲ့ရပါတယ်။ ကျောက်ခဲထုရင်း လက်ကြေသွားတဲ့သူတွေ၊ မျက်လုံးထဲ ကျောက်ခဲစ ၀င်တဲ့သူတွေ ရှိခဲ့ပေမယ့် ထောင်ပိုင် စိတ်ဆိုးမှာ စိုးလို့ ဇာမချဲ့ရဲခဲ့ပါဘူး။ ခွဲစရာမရှိတဲ့ အချိန်တွေမှာ စပါးလှေ့တာနဲ့၊ ပြောင်းဖူးချွေတဲ့ အလုပ်တွေကို မနက် ၆နာရီကနေ ညနေ ၅ နာရီအထိ ခိုင်းစေခဲ့ပါတယ်။

ထမင်းစားတဲ့ အချိန်မှာ မီးဖိုကြီးက ဖိုခေါင်းလို့ခေါ်တဲ့ နာမည်ကြီး မူးယစ်ဆေးဘုရင် အာစီဒိုင်း ဦးဆောင်တဲ့ အကျဉ်းသားတွေ လက်နဲ့ ဆုပ်ပေးတဲ့ ထမင်းကိုသာ ယူရပြီး ဘေးကို ထမင်းတစ်စေ့ ဖိတ်ရင် ရာဘာတုတ်နဲ့ ဘေးကြယ်ကြီး ဦးလှမြင့်က တစ်ချက်ရိုက်ပါတယ်။ ထမင်းက ဒီအတိုင်းစားလို့ မရဘဲ ထမင်းဇလုံထဲကို ရေလောင်းချ မွှေပြီးမှ အပေါ်ယံ ထမင်းကို အသာကဲ့ ယူရပါတယ်။ ဒါမှ ဇလုံထဲမှာ ခဲနဲ့သဲတွေ ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်။ အစာရေစာ မ၀တဲ့အတွက် အကျဉ်းသားတွေဟာ ထောင်ထဲမှာရှိတဲ့ ရွက်လှပန်းပင်က အရွက်တွေကအစ အလွတ်မပေးဘဲ စားသောက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ငတ်တလှည့်၊ ပြတ်တလှည့် ဖြစ်နေတဲ့ အကျဉ်းသား အချင်းချင်း ညှိနှိုင်းပြီး ဆေးပင် စိုက်မယ်လို့ အကြောင်းပြကာ ဆေးမြင်းခွာတွေ စိုက်ပြီး စားခဲ့ရပါတယ်။

ထောင်ထဲမှာ တိုင်းရင်းဆေး ထုတ်လုပ်တဲ့ လုပ်ငန်းရှိပြီး လိုအပ်တဲ့ ပစ္စည်းတွေကို အကျဉ်းသားတွေက ကိုယ့်ငွေနဲ့ကိုယ် ၀ယ်ယူပြီး ဆေးဖော်ရပါတယ်။ ဒီဆေးပုလင်းတွေကိုတော့ ထောင်ပိုင်ကြီးက တောင်ကြီးမြို့ပေါ်မှာ ရောင်းချပါတယ်။ အကျဉ်းသားတွေရဲ့ ထောင်ဝင်စာမှာ မိသားစုတွေက ငွေအပ်သွားရင် ၂၅%ကို အကျဉ်းဦးစီးဌာနက ၀န်ဆောင် စရိတ်အဖြစ် ဖြတ်ယူပါတယ်။ ထောင်ထဲမှာ အကျဉ်းသားတွေ အလုပ်မရှိဘဲ ထိုင်နေရင် ကြည့်မရတဲ့အတွက် အဲဒီ့ထောင်ပိုင်ကြီးက စားဖိုဆောင် ဘေးမှာ ပေ ၈၀၊ ပေ ၄၀ အမှိုက်ကျင်းကြီးကို တူးခိုင်းပါတယ်။ အဲဒီ့အချိန်က မြေကြီးတူးတဲ့ အထဲမှာ ဗိုလ်ချုပ်နေ၀င်း မြေးတွေရဲ့ ကိုယ်ရံတော်တပ်က ထောင်ကျနေတဲ့ သူတွေရော၊ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေး တပ်က သူတွေရော မလွတ်ခဲ့ပါဘူး။ အဲဒီ့ကျင်းထဲက မြေကြီးတွေကို ထောင်ကျ ဆောင်ဘက် ပုံခိုင်းပြီး နောက်တစ်နေ့မှာ အဲဒီ့ကျင်းကြီးကို နဂိုအတိုင်းဖြစ်ဖို့ မြေကြီးတွေ ပြန်သယ်ပြီး ဖို့ပေးရပါတယ်။

ထောင်ထဲက အကျဉ်းသားတွေ အကြောက်ဆုံးအရာကတော့ ချစ်စနိုး အမည်ပေးထားတဲ့ “မဲလုံး”နဲ့ “ချစ်ကိုကို” ဖြစ်ပါတယ်။ မဲလုံးဆိုတာ သံဆူးကြိုးနဲ့ ငုံထားတဲ့ မိလ္လာစဥ့်အိုးကြီးဖြစ်ပြီး လူနှစ်ယောက် ၀ါးပိုးဝါးနဲ့ ထမ်းပြီးသယ် ရပါတယ်။ ချစ်ကိုကိုဆိုတာကတော့ လူအားနဲ့ တွန်းပြီး လှိမ့်ရတဲ့ လမ်းကြိတ်စက်ဘီးကြီးကို ပြောတာ ဖြစ်ပါတယ်။

ထောင်ထဲမှာ လျှပ်စစ်လုပ်ငန်းနဲ့ တီဗီတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြင်တတ်တဲ့ လူတစ်ယောက် ထောင်ကျလာတော့ အဲဒီ့ထောင်ပိုင်ကြီးက သူ့အိမ်က တီဗီကို ပြင်ခိုင်းပါတယ်။ တီဗီက ကောင်းမလာဘဲ လုံးဝပျက်သွားတော့ ပြင်တဲ့လူကို စိတ်ဆိုးပြီး တိုက်ပိတ်လိုက်ပါတယ်။ အဲဒီအကျဉ်းသားက သူ့အိမ်ကို တီဗီအသစ်တစ်လုံး လှမ်းမှာပြီး ပေးလိုက်မှ တိုက်ထဲက ထွက်ခွင့် ရခဲ့ပါတယ်။

နောက်တစ်ခုက ထောင်ထဲမှာ မကျန်းမာတဲ့သူတွေကို လုံးဝ ကြည့်မရပါဘူး။ သုံးစားမရတဲ့ ရေပေါ်ဆီတွေလို့ ပြောပြီး နာတာရှည် လူနာတွေဆိုရင် ဆေးသိပ်ကု မပေးတော့ဘဲ မြန်မြန်ဇာတ်သိမ်း စေခဲ့ပါတယ်။ မမေ့နိုင်တဲ့ အဖြစ်အပျက် တစ်ခုကတော့ နာတာရှည် ရောဂါဖြစ်နေတဲ့ တရုတ်ကြီး အောင်ကျော်မြင့်က တိုက်တိုက်ဆိုင်ဆိုင် ICRC ၀င်တဲ့အချိန်မှာပဲ အသက်ကုန်သွားတယ်။ သူ့ကို အမှုပတ်မှာ ဆိုးတော့ တိုက်(၂) နောက်ကျောကို ကားထိုးပြီး အသက် ပျောက်နေတဲ့ အောင်ကျော်မြင့်ကို တင်ပြီး လူနာပုံသဏ္ဋာန် ဖန်တီးကာ ဂလူးကို့စ် ပုလင်းတွေချိတ်ပြီး တောင်ကြီး ဆေးရုံကို အရေးပေါ် ဆေးကုသချင်ယောင် ဆောင်ခဲ့ပါတယ်။ ပြီးမှ လမ်းခုလတ်မှာပဲ အသက်ကုန်သွားတယ်လို့ သတင်းလွှင့် လိုက်ပါတယ်။

တောင်လေးလုံးထောင်ရဲ့ ပတ်ပတ်လည်မှာ ထောင်က ပိုင်ဆိုင်တဲ့ လယ်မြေဧက ၅၀၀ ရှိပါတယ်။ အဲဒီ့မြေမှာ ဆေးသကြား ပင်တွေကို အကြီးအကျယ် စိုက်ပျိုးတဲ့ စီမံကိန်းလုပ်တော့ ထောင်ထဲက ရဲဘက်တွေကို ထုတ်ခိုင်းခဲ့ပါတယ်။ တစ်နေ့ကို သူရည်မှန်းတဲ့ အလုပ်ပမာဏ မပြီးရင် စိတ်ဆိုးလေ့ရှိပြီး သူ့ရဲ့ဝန်ထမ်းတွေကို အကျဉ်းသားတွေနဲ့ ပတ်သက်ရင် “နှေးရင်ပစ်၊ မြန်ရင်ပစ်၊ ငုံ့ရင်ပစ်၊ မော့ရင်ပစ်၊ သောက်မြင် ကတ်ရင်ပစ်”လို့ အမိန့်ပေးထားပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး ပိုတယ်လို့ ယူဆရင် အဲဒီ့အချိန်က သူ့ရဲ့လက်အောက်မှာ အလုပ်လုပ် ခဲ့ရတဲ့ အကျဉ်းသား ရာပေါင်းများစွာကို ပြန်လည် မေးမြန်းနိုင်ပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ အကျဉ်းသားတွေကို မရိုက်ပါနဲ့ကွာလို့ ပြောလို့ ၀န်ထမ်းက မရိုက်ရင် အဲဒီ့ဝန်ထမ်းကို ထောင်ပြောင်းပစ်တယ်။ မရိုက်ပါနဲ့ဆိုပြီးတားလို့ ၀န်ထမ်းက ရိုက်ရင် အဲဒီ့ဝန်ထမ်းကို တိတ်တိတ်ကြိတ်ပြီး မုန့်ဖိုးပေးတတ်တယ်။ သူ့လက်ထက်မှာ သူ့ရဲ့ လက်အောက်က အရာရှိ တစ်ယောက်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးဖူးတယ်။ အကျဉ်းသား တစ်ယောက်ကို ကျွေးမွေးရမယ့် အသားတစ် ပုံစံကို ငါးပုံစံလောက်ခွဲပြီး ကျွေးမွေးခဲ့တယ်။ အဲဒီ့ ထောင်ပိုင်ကြီးဟာ အခုတော့ ငြိမ်းချမ်းစွာ ပင်စင်ယူပြီး တိုင်းပြည်ရဲ့ တစ်နေရာရာမှာ အေးရာအေးကြောင်း နေထိုင်နေလောက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကင်ပေတိုင်ထက်ဆိုးတဲ့ သူ့ရဲ့ရက်စက်မှု အပေါင်းကိုတော့ ဗိုလ်ချုပ်နေ၀င်းရဲ့ သနက(၄) တပ်ရင်းက ရဲဘော်တွေရော၊ ထောက်လှမ်းရေး ပြုတ်တွေရော၊ ရိုးရိုး အကျဉ်းသားတွေရော၊ နိုင်ငံရေး သမားတွေရော ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံရေးမှုနဲ့ကျတဲ့ ကျောင်းသားတချို့ကို နာမည်ခေါ်ရင်ဗျာ လို့မထူးခိုင်းဘဲ ရှင်လို့ ထူးခိုင်းတာလည်း သူပဲဖြစ်ပါတယ်။

အခု သူ ဘယ်ကို ရောက်နေသလဲ။

ဇော်သက်ထွေး
http://www.tomorrow.com.mm/



မန္တလေး ဧရာဝတီမြစ်ကြောင်းအတွင်း ဆိုမာလီဆန်ဆန်ပင် မကြာခဏ ဖြစ်ပွားနေသော လုယက်မှုများကြောင့် ရဲတပ်ဖွဲ့မှ အင်အားသုံး ရှာဖွေစစ်ဆေးနေသည့်ကြားမှာပင် ကုန်တင်သင်္ဘောများ မကြာခဏ လုယက်ခံနေရဆဲဖြစ်ကာ စိတ်ချရသည့် အခြေနေ လုံးဝမရှိကြောင်း သိရှိရသည်။

အဆိုပါ လုယက်မှုများမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျှက်ရှိနေကာတွင် သြဂုတ်လ အတွင်းမှာပင် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ကြောင်းနှင့် လိုက်လံဖမ်းဆီးသည့် ရဲများကိုပင် ပြန်လည်ပစ်ခတ်နေမှုများ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို ဖြစ်စဉ်များနှင့် ပတ်သက်ပြီး Tomorrowမှ အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်သို့ စုံစမ်းခဲ့ရာ “ဆိပ်ကမ်းမှာ သာမန် ခိုးယူခံရတဲ့ ဖြစ်စဉ်မျိုး မဟုတ်တော့ဘူး၊ ခုဟာက ဂိုဏ်းကြီးဖွဲ့ပြီးတော့ကို အကြမ်းဖက် လုယူနေကြတာ ပြည်သူ့ရဲတပ်ဖွဲ့ကလည်း အင်အားသုံးပြီး နေ့/ည စောင့်ကြည့် စစ်ဆေး ကြည့်နေတာပဲ အဲဒီကြားကနေ ခုထိဖမ်းဆီး မမိသေးဘူး၊ ခုလို ရေတက်ချိန်မှာ ထွက်ပေါက်တွေက များတယ်၊ ထွက်ပြေးသွားတာကို နောက်ကနေ လိုက်ဖမ်းဖို့ မလွယ်ဘူး၊ ဟိုတစ်ခါကဆို ရဲကိုတောင် သူတို့က ပြန်ပစ်တာ။ အကြမ်းဖက်သမားတွေရဲ့ စက်လှေက ကျွန်းတွေ ကိုင်းတောတွေထဲ ရောက်သွားရင် ရှာဖို့ခက်သွားရော၊ ခုတလောတော့ ပြန်ပြီး ငြိမ်နေကြပြန်ပြီ ရဲတပ်ဖွဲ့ကလည်း အင်အားသုံးပြီး ပိုက်စိတ်တိုက် လိုက်နေတယ်။ ဒါပေမယ့် စိတ်တော့ မချရသေးဘူး ညပိုင်းမှာ သတိဝရိယနဲ့ နေနေကြရတယ်”ဟု ချော်ဆိပ်တွင် ဆိုက်ကပ်ထားသော ကုန်တင်ရေယာဉ် တစ်စီးမှ ရေယာဉ်မှူးကြီး တစ်ဦးက ပြောကြားခဲ့သည်။

သြဂုတ်လတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် မြောင်းမြမြို့မှ ဆန်အိတ် (၈၆၂၀) တင်ဆောင်လာပြီး မန္တလေး ချော်ဆိပ်ကမ်း ဧရာဝတီမြစ်လယ်ရှိ သဲသောင်ခုံအနီး ဆိုက်ကပ်ထားသော လင်းထက်ဝင်း ကုန်တင်ရေယာဉ်အား အကြမ်းဖက်သမား(၆)ဦးက လက်စွဲဟွန်ဒါ စက်လှေဖြင့် သင်္ဘောအနီးသို့ ကပ်လာပြီး လေးဂွများနှင့် ၀ိုင်းဝန်းပစ်ခတ်ကာ သင်္ဘောပေါ်မှ ဆန်အိတ်(၂၀)အား လုယူသွားကြကြောင်း အလားတူပင် သြဂုတ်လ(၁၂)ရက်နေ့တွင် မြောင်းမြမြို့မှ ဆန်အိတ်(၁၄၀၀)ကျော် တင်ဆောင်လာခဲ့သော ချင်းတွင်းဇေယျာ ကုန်တင် ရေယာဉ်အား ယင်းအကြမ်းဖက်သမားများက ဆန်အိတ်(၁၈) အိတ်အား အကြမ်းဖက် လုယူသွားကြောင်း သိရသည်။

လုယက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုသိမ်ကြီး ပြည်သူ့ရဲစခန်းမှ ၂၁၆/၂၀၁၄ ပြစ်မှုပုဒ်မ(၃၈၂)အရ လည်းကောင်း ၂၁၇/၂၀၁၄ ပြစ်မှုပုဒ်မ (၃၈၀)အရ လည်းကောင်း အမှုဖွင့် အရေးယူရန် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ဂေါဝိန်ထုံးပုံ ဆိပ်ကမ်းမှာ နေ့စဉ်ကုန်တင်ရေယာဉ် အစီး(၅၀)လောက် အ၀င်အထွက် ရှိတယ်။ ဆိုက်ကပ်ပြီး ကုန်တင်၊ ကုန်ချလုပ်တယ် တအား သတိထားနေကြရတယ်။ အုပ်စုဖွဲ့ လုယက်တဲ့ သူတွေက ငြိမ်သွားလိုက် ပြန်ပေါ်လာလိုက်ဆိုတော့ ရေယာဉ်တွေမှာ အစောင့်တွေ ကိုယ်စီချထားရတယ်။ အရေးပေါ်လာရင် စက်နဲ့အကြောင်းကြားဖို့၊ ဖုန်းနဲ့အကြောင်းကြားဖို့ စီစဉ်ထားရတယ်။ အကြမ်းဖက်သမားတွေက လေးဂွတွေနဲ့ လောက်စာလုံးနဲ့ ထည့်ပစ်တာ မဟုတ်ဘူး။ သံကုန်းသီးတွေ၊ ဇာဝီတွေ သံမူလီတွေနဲ့ပစ်တာ။ ပြီးတော့ အနီးကပ် ဓါးထောက်ပြီး လုတာမျိုးထိ ပြုလုပ်တတ်တော့ သင်္ဘောသားတွေမှာ အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်။ ကြောက်တာနဲ့ ကုန်တွေလုယူတာ ခံလိုက်ကြရတာများတယ်။ ပြီးတော့ သူတို့ချင်းက အချိတ်အဆက်တွေ လုပ်ထားကြတာ မော်တော်နား ကပ်လာတုန်းက တစ်စီးထဲပဲ ပစ္စည်းရပြီးရင် နောက်ထပ်နှစ်စီး ရောက်လာပြီး ပစ္စည်းတင် လုပြေးကြတာ။ လုယက်တဲ့ သူတွေက နယ်ခံသင်္ဘောကို ရှောင်တယ်။ နယ်အဝေးက သင်္ဘောတွေကို လုကြတာများတယ်။ နယ်ခံသင်္ဘောတွေက လူအင်အားရော သင်္ဘော အင်အားရော တောင့်တော့ သူတို့က ရှောင်ကြတယ် ဖြစ်ပြီဟေ့ဆိုရင် ကျနော်တို့က သိသိခြင်း ရေထဲဆင်းပြီး တစ်ခါထဲလိုက်တာ၊ အဲဒီတော့ သူတို့က တော်ရုံတန်ရုံ နယ်ခံသင်္ဘောတွေကို မလုပ်ပဲ နယ်သင်္ဘောကို ပစ်မှတ်ထားပြီး လုယက်နေကြတယ်။ အချို့ နယ်သင်္ဘောတွေက ဆိပ်ကမ်းမှာ တစ်စုတစ်ဝေးထဲ မကပ်ကြဘူး။ သဲသောင်ဘက်မှာ သီးသန့် သွားကပ်နေကြတယ်။ အဲဒီလို သီးသန့်ကွဲနေတဲ့ ကုန်တင်ရေယာဉ်တွေ အလုခံရတာများတယ်။ ကျနော်တို့ ထုံးပုံဆိပ်မှာတော့ ဂျူတီကို အလှည့်ကျ ချထားတယ်။ ဒီဆိပ်ကမ်းမှာက မော်တော်လည်းများတယ်။ ညပိုင်းမှာ မသင်္ကာစရာတွေ့ရင် ချက်ခြင်း ဆက်သွယ်လို့ရအောင် စက်နဲ့ရော ဖုန်းရောအားလုံး စီစဉ်ထားတယ်။ ခုဆိုရင် ရဲတပ်ဖွဲ့ကလည်း နေ့ရော ညရော ကင်းတွေချပြီး စောင့်နေကြတယ်။ ကျနော်တို့ကလည်း ရဲတပ်ဖွဲ့တွေကို ပြန်ပြီး အကူအညီပေးတယ်။ ညပိုင်းကင်းလှည့်ဖို့ ရေယာဉ်ကို ကျနော်ကပဲ စီစဉ်ပေးတယ်။ ဒီလိုစီစဉ်ပေးဖို့ဆိုတာကလည်း အကုန်အကျတော့ များတယ်။ ကျနော်တို့ မော်တော်တွေ ဆိုတာက အင်ဂျင် ရှစ်လုံးထိုးကြီးတွေ စက်နှိုးလိုက်တာနဲ့ ဝေါကနဲ ဆီကကုန်တာ၊ မသင်္ကာတဲ့ စက်လှေတွေ့ရင် အရှိန်တင်ပြီး လိုက်ရတာဆိုတော့ ဆီတော့ တအားကုန်တယ်။ ရဲတပ်ဖွဲ့က အားကြိုးမာန်တက် ဆောင်ရွက်နေတော့ ကျနော်တို့ သင်္ဘောတွေရဲ့အကျိုးပဲလေ ကျနော်တို့ကူညီမယ် ၀ိုင်းဝန်းမယ် ဒီလိုမင်းမဲ့စရိုက်ဆန်တဲ့ လုယက်မှုတွေ ဒီမြစ်ကြောင်းမှာ မရှိစေချင်ဘူး။ ကုန်တင်ရေယာဉ် အချင်းချင်းကလည်း ညီညွတ်ကြဖို့ လိုတယ်ဗျ။”ဟု မန်းလေး ဧရာဝတီ ကမ်းနားလမ်းရှိ စွမ်းကေကေ ကုန်ပို့ရေယာဉ်များ အသင်းအဖွဲ့မှ ကုန်ပို့ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ကိုသောင်းရွှေက Tomorrowဂျာနယ်အား ပြောပြခဲ့သည်။

သတင်းဓါတ်ပုံ- Tomorrow

ဗိုလ်တထောင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် (ဓာတ်ပုံ- ကျော်ဇင်သန်း)
သရုပ်ဆောင်ရဲတိုက်ကို ဘာသာ၊ သာသနာကို ညှိုးနွမ်းစေမှုပုဒ်မ ၂၉၅၊ ၂၉၅ (က)ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်သည်။

လက်ရှိတွင် ထောင်ကျနေသော ရဲတိုက်ကို ပုဒ်မ ၂၉၅ ဖြင့် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၂၉၅ (က)ဖြင့် တစ်နှစ်တို့ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
တစ်ပေါင်းတည်းကျခံရမည်ဖြစ်သောကြောင့် ထောင်ဒဏ်တစ်နှစ်ကျခံရမည် ဖြစ်သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်တွင် ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ခရစ်ယာန်ကျောင်းသို့ သွားရောက်ကာ မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် ဗိုလ်တထောင်မြို့နယ်တရားရုံးက ဘာသာ၊ သာသနာညှိုးနွမ်းစေမှုပုဒ် ၂၉၅၊ ၂၉၅ (က)တို့ဖြင့် စစ်ဆေးခဲ့ပြီး ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ရဲတိုက်သည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်က ဆေးခြောက်အနည်းငယ် လက်ဝယ်တွေ့ရှိ၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တရားရုံးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် စစ်ဆေးခဲ့သည်။
ထိုပုဒ်မဖြင့်ပင် ရဲတိုက်ကို ၂၀၁၄ ဧပြီလ ၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခဲ့သည်။ ထိုသို့ချမှတ်ခဲ့မှုကို အယူခံဝင်ရာ ထောင်ဒဏ်တစ်နှစ်လျှော့ပေါ့ပေးခဲ့ပြီး ငါးနှစ်ချမှတ်ခဲ့သည်။
http://www.7daydaily.com/story/20902#.VBr_glf4U1p


လွန်ခဲ့တဲ့ ၂၆ နှစ် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာ သိမ်းခဲ့ပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ၂၃ နှစ်ကြာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်အများစုနဲ့ပဲ အရပ်သားအစိုးရဆိုပြီး ဆက်လက်အုပ်ချုပ်နေခဲ့တာ ဒီနေ့ချိန်ထိ ဖြစ်ပါတယ်။

ဒီနေ့ချိန်ထိလည်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေ တွေ့မြင်နေရတုန်း၊ စစ်အာဏာရှင်အငွေ့အသက်တွေ လွှမ်းခြုံထားတုန်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်) ခေါင်းဆောင် ဦးခင်မောင်ဆွေက စစ်အာဏာရှင် စရိုက်လက္ခဏာကို ဖျောက်ချင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်လို့ ပြောပါတယ်။

“မြန်မာ့နိုင်ငံရေး ပြဿ နာကို ရှင်းချင်တယ်။ အာဏာရှင်စရိုက် လက္ခဏာကို ဖျောက်ချင်တယ် ဆိုရင် ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဆွေးနွေးပါ။ ပြီးရင် ဖက်ဒရယ်ပုံစံ ရှိတဲ့ ပြည်ထောင်စုတခုကို အမြန်ဆုံး ဖော်ဆောင်လိုက်ပါ။ အဲဒါဆိုရင် ပြည်နယ်ရဲ့ အချုပ်အခြာအာဏာက ပြည်နယ်မှာ ရှိမယ်။ တိုင်းရဲ့ အချုပ်အခြာအာဏာက တိုင်းမှာ ရှိမယ်။ ဘယ်သူကမှ လာပြီး အာဏာနဲ့ အုပ်စိုးချင်လို့ မရတော့ဘူး။ နယ်စပ်တွေမှာလည်းပဲ ပြည်နယ်တွေရဲ့ အချုပ်အခြာ အာဏာကို ဆိုင်ရာ ပြည်နယ်ရဲ့ လုံထိန်းတွေ ရဲတပ်ဖွဲ့တွေက ဒါတွေကနေပြီး ကိုယ့်ပြည်နယ်မှာ ကိုယ်ထိန်းဖို့ အခွင့်အာဏာ ရသွားမယ်။ တိုင်းနဲ့ ပြည်နယ်တွေ မှာ လွှတ်တော်ထဲက ဥပဒေပြုပြီးတော့ ကိုယ့်သယံဇာတတွေကို ဘယ်လို ခွဲဝေထုတ်ယူ သုံးစွဲမယ်ဆိုတာကို ပြည်ထောင်စုအစိုးရနဲ့ ခွဲတမ်းချပြီး သုံးဖို့ဟာ အာဏာကို ခွဲဝေလက်ခံ ကျင့်သုံးတဲ့အဆင့်အထိ သွားမယ်ဆိုရင် အာဏာနဲ့အုပ်ချုပ်တဲ့ ဗဟိုက ချုပ်ကိုင်ပြီး အမိန့်ပေးဟာ ပျောက်သွားပြီးတော့ ၀န်ကြီးကဏ္ဍတွေရဲ့ အခန်းကဏ္ဍဟာလည်းပဲ ၀န်ကြီးတွေဟာ စည်းကမ်း စည်းမျဉ်းတွေကို ထိန်းမတ်ပြီးသွားတဲ့ အဆင့်ပဲရှိပြီးတော့ အာဏာပေးတဲ့အဆင့် ပျောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုယ့်အချုပ်အခြာအာဏာကို ပြည်နယ်နဲ့ တိုင်းက လူတွေ တကယ်တမ်း ကိုင်တွယ် ကျင့်သုံးနိုင်ခွင့် ရှိရင် ဥပဒေရဲ့ အကျိုး သက်ရောက်မှုကို ခံစားရမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုမရှိတော့ရင် စစ်အာဏာရှင် ဆိုတဲ့ဟာက လျော့ကျသွားမှာပဲ။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကတော့ စစ်အာဏာရှင်အငွေ့အသက်တွေ ပျောက်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

“ကျနော် မြင်တာက ခေတ်အဆက်ဆက်ပြည်သူတွေက တာဝန်ကျေခဲ့ပါတယ်။ ပြည်သူလူထုကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းပဲ ဆိုဆို၊ ကျနော်တို့လို အဖွဲ့အစည်းပဲဆိုဆို နိုင်ငံရေးပါတီတွေပဲ ဆိုဆို ကျနော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။ ပြည်သူလူထုအနေနဲ့တော့ ဆိုင်ရာ သမိုင်းပေးတဲ့တာဝန်တွေကို အဆက်ဆက်က ပါဝင် ပူးပေါင်းဆောင်ရွက်လို့ တာဝန်ကျေသွားခဲ့ပြီဖြစ်ပါတယ်။ ခုလည်း ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်နေပါတယ်။ ကျနော်တို့မှာပဲ တာဝန်ရှိတာပါ။ ကျနော်တို့ ပြုပြင်ပြောင်းလဲရေး တွေနဲ့ ပတ်သက်ပြီးတော့ အရှိန်အဟုန်မြှင့်ပြီးတော့ တိုးမြင့်လုပ်ကိုင်ဆောင်ရွက်သွားဖို့ အစိုးရကို တိုက်တွန်းရလိမ့်မယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ဖန်တီးယူရလိမ့်မယ်။ ”

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မှ စစ်တပ်စိုးမိုးမှု လျော့ကျနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဖွဲ့စည်းပုံပြင်ဖို့ အရေးကြီးတယ်။ ဖွဲ့စည်းပုံ ဘယ်သူပြင်မလဲဆိုတော့ လွှတ်တော်ကပဲ ပြင်ရမှာ။ လွှတ်တော်မှာ မပြင်နိုင်သရွေ့ ဒါက ဘယ်လိုမှ ဖြစ်မလာဘူး။ လွှတ်တော်မှာ ပြင်ဖို့ဆိုတာက ဒီမိုကရေစီကို လိုလားတဲ့ အင်အားစုတွေ အင်နဲ့အားနဲ့ လွှတ်တော်ထဲ ရောက်လာဖို့ လိုတယ်။ နောက်တချက် တပ်မတော်သား စစ်တပ်ကိုယ်တိုင်က ဒီမိုကရေစီလမ်းကြောင်းကို ကာဆီးထားတဲ့အခြေအနေမျိုး မဟုတ်ဘဲ ဖွင့်ပေးဖို့ လိုတာပေါ့။ ဖွဲ့စည်းပုံအရ ငါတို့က ပါမှပဲ ဒီဖွဲ့စည်းပုံ ပြင်လို့ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ပြည်သူ့အသံကို နားထောင်ပြီးတော့ ပြည်သူ့တပ်မတော်သားပီပီ၊ ပြည်သူက မွေးဖွားလာတဲ့ တပ်မတော်သားပီပီ အချိန်အခါတခုရောက်ရင်တော့ ရာနှုန်းတခုခု လျှော့ရင်ပဲဖြစ်ဖြစ်၊ အဲဒီကတဆင့် တပ်မတော်သားတွေရဲ့ ပုံရိပ်တွေ လွှတ်တော်ထဲမှာ မရှိအောင် ရုပ်သိမ်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အဓိက လွှတ်တော်က ပြင်ရမှာဖြစ်ပါတယ်။ ပြင်တဲ့အထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေက အများကြီး အရေးကြီးပါတယ်။ ကိုယ့်အချိန်အခါနဲ့ နောက်ဆုတ်ပေးမယ်ဆိုတဲ့ အသိစိတ်ဓာတ် သူတို့ထဲမှာ ရောက်လာရင်တော့ အကောင်းဆုံးပေါ့။ ဒါမှမဟုတ်ဘဲ ဘယ်တော့မှ မဆင်းပေးဘူးဆိုရင်တော့ ရှေ့လျှောက် ပြဿနာတွေ အများကြီးဖြစ်လာနိုင်တာပေါ့။”

ဖက်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်တီယူ) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်ကတော့ ဖွဲ့စည်းပုံပြင်ဖို့ ကြန့်ကြာနေတုန်း စစ်တပ်က အရပ်ဘက်ပြောင်းတာ ချက်ချင်းရပ်တန့်လိုက်ရင် စစ်အာဏာရှင်စရိုက် ပျောက်သွားနိုင်တယ်လို့ ဆိုပါတယ်။

“တပ်မတော်ကနေ အကြောင်းအမျိုးမျိုးကြောင့် ၀န်ကြီးဌာနဆိုင်ရာအားလုံးကို ကူးပြောင်းတာကို အမြန်ဆုံးရပ်သင့်တယ်လို့ ကျနော်ယူဆတယ်။ ဌာနဆိုင်ရာအားလုံးမှာ အရာရှိမှန်သမျှနဲ့ အရာရှိနဲ့အရာရှိအထက် အားလုံးလိုလိုဟာ အကြောင်းအမျိုးမျိုးနဲ့ ပင်စင်ယူပြီး ကူးပြောင်းလာတဲ့ လက်ရှိဝန်ထမ်းတွေဖြစ်တယ်။ အထူးသဖြင့် ဗျူရိုကရက်တွေမှာ အားလုံး နီးနီးဟာ တပ်မတော်က အသွင်ကူးပြောင်းလာတဲ့သူတွေ ဖြစ်တယ်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်စေချင်ရင် တပ်မတော်သားများဟာ ဌာနဆိုင်ရာမှာ ၀င်ပြီး စီမံခန့်ခွဲ အုပ်ချုပ်တာမျိုးကို အဲဒီအစား ကျွမ်းကျင်တဲ့ ပညာရှင်တွေ သူ့လိုင်းနဲ့သူ၊ သူ့ဘာသာရပ်နဲ့သူ၊ သူ့ဌာနနဲ့သူ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ တက်ပြီးတော့ စီမံခန့်ခွဲတာကို ကျနော်တို့ ပိုပြီးတော့ နှစ်သက်တယ်။ ဒါဆိုရင် ဗျူရိုက်ကရက်တွေအားလုံးရဲ့ အာဏာရှင်ဆန်တဲ့ဟာတွေ ပျောက်သွားနိုင်မယ်။”

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/65313


ဘီကီနီဝတ်၍ စွဲဆောင်မှု ရှိနေသော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ပိုမို၍ အကြမ်းဖက် ခံရဖွယ်ရှိကြောင်း မှတ်ချက်ပေး ပြောဆိုမိသည့် အပေါ် ထိုင်းဝန်ကြီးချုပ် ဖရာယုချန်အိုချာက ပြန်လည် တောင်းပန်လိုက်ကြောင်း သိရသည်။

ခိုတောင်းကျွန်း ကမ်းခြေတွင် အားလပ်ရက်အပန်းဖြေ ခရီးထွက်လာသော ဗြိတိန်နှစ်ဦး အသတ်ခံရပြီးနောက် ရက်ပိုင်းအကြာတွင် ၀န်ကြီးချုပ်၏ မှတ်ချက်ပေးစကား ပေါ်ထွက်လာခြင်းဖြစ်သည်။

အဆိုပါ မှတ်ချက်ပေးစကားက လူအများအကြား လွန်စွာ ဂယက်ရိုက်သွားခဲ့ပြီး ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးကလည်း ပြန်လည် ဖြေရှင်းချက်ထုတ်ပြန်ပေးရန် ထိုင်းအစိုးရ အရာရှိများအား ဆက်သွယ်ပြောဆိုခဲ့သည်။

"လူအများကို ထိခိုက်သွားစေတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်"ဟု ကြာသပတေးနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ၀န်ကြီးချုပ် ချန်အိုချာက ဆိုသည်။

ဝန်ကြီးချုပ်သည် ဗုဒဟူးနေ့က အစိုးရအရာရှိများနှင့်တွေ့ဆုံစဉ် အငြင်းပွားဖွယ် မှတ်ချက်ပေးစကားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ "သူတို့တွေ (ကမ္ဘာလှည့် ခရီးသည်တွေ) ထင်ကြတာက၊ ကျွန်တော်တို့ရဲ့ နိုင်ငံဟာ အရမ်းလှတယ်၊ ဘေးကင်းလုံခြုံတယ်၊ ဒါကြောင့် သူတို့ လုပ်ချင်ရာ လုပ်လို့ရတယ်၊ ဘီကီနီဝတ်ပြီး သွားချင်ရာ သွားလို့ရတယ်၊ အဲဒီလိုထင်ကြတာဗျ" ဟူသော ၀န်ကြီးချုပ်၏ပြောစကားကို ကိုးကားကာ သတင်းမီဒီယာများက ဖော်ပြကြခြင်း ဖြစ်သည်။

လက်ရှိဖမ်းဆီးထားသော သံသယရှိသူများနှင့် အခင်းဖြစ်သည့် နေရာတွင် တွေ့ရှိရ သော DNA မှာ ကိုက်ညီမှုမရှိသည့်အတွက် ထိုင်းရဲများအနေဖြင့် ဗြိတိန်နှစ်ဦးအား သတ်ဖြတ်သွားသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း ရဲများက ၀န်ခံထားသည်။

အသက် ၂၃ နှစ်အရွယ် ဟာနာ့ဝစ်သ်ရစ်ဂ်ျနှင့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာတို့၏ အလောင်းကို ခိုတောင်းတွင် တနင်္လာနေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ညီအစ်ကိုနှစ်ဦးဖြစ်သော ခရစ္စတိုဖာနှင့် ဂျိမ်းစ်ဝဲတို့အား မေးမြန်းစစ်ဆေး ခဲ့သော်လည်း ၄င်းတို့ကို စွဲချက်တင်ရန် သက်သေအထောက်အထား တစ်စုံတစ်ရာမတွေ့ရကြောင်း ရဲများက ဆိုသည်။

ထို့ပြင် လူသတ်သည်ဟု သံသယရှိသော မြန်မာများနှင့်လည်း DNA မှာ ကိုက်ညီမှု မရှိပါကြောင်း ရဲများက ဆိုထားသည်။

ဗိုလ်ချုပ်ကြီးဖရာယုသည် မေလအတွင်းက စစ်တပ်အာဏာသိမ်းပွဲကို ဦးဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သည့်လမှစ၍ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် စစ်တပ်အာဏာသိမ်းမှု၊ ကာဖျူး ထုတ်ပြန်မှုနှင့် ယာယီမာရှယ်လော ထုတ်ပြန်မှုတို့ကြောင့် ထိခိုက်နစ်နာမှုများ ရှိခဲ့သည်ဟု သိရသည်။

Ref: BBC

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf




ဒုတိယနှစ် မြန်မာစာကျောင်းသူ မဖြူနှင်းထွေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသား ကျောင်းသူ ၃ ဦး ဟာ ပုဒ်မ ၁၈ အပါအ၀င် စွဲချက်တွေနဲ့ တရားစွဲဆို ခံနေရပါတယ်။

ဗကသ အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်နဲ့ ကိုရဲရင့်ကျော်တို့ကို ပြည်မြို့ အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြတဲ့အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားသလို ပြည်ခရိုင် သဲကုန်းအောင်ကုန်းရွာ ထွန်တုံး သပိတ်စခန်းမှာ ပါဝင်ခဲ့တဲ့ ကိုမင်းသွေးသစ်ကတော့ နယ်မြေ ကျူးကျော်ဝင် ရောက်မှုနဲ့ ထပ်ပြီး တရားစွဲခံထားရတာပါ။

ဒါ့ပြင် ဗကသ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂက မဖြူနှင်းထွေးကိုလည်း လက်ပံတောင်း တောင် တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၃၆၄/၃၆၈ တွေနဲ့ ဖမ်းဆီး တရားစွဲဆိုထားပါတယ်။

ဒုတိယနှစ် မြန်မာစာကျောင်းသူ မဖြူနှင်းထွေးဟာ တရုတ်နိုင်ငံသား ၂ ဦး ပြန်ပေးဆွဲတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘဲ လက်ပံတောင်းဒေသမှာ ပညာရေးနဲ့ ကျောင်းသားကိစ္စတွေကို ဆောင်ရွက်ပေးဖို့ သွားရောက်နေတာဖြစ်သလို အာမခံမရတဲ့အမှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတာလို့ ဗကသ ဗဟိုကော်မတီက ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“အမှုဖြစ်စဉ်မှာ မဖြူနှင်းထွေး ပါဝင်ပတ်သက်တယ်ဆိုပြီး ဒီလိုမျိုး မြန်မာစာ ဒုတိယနှစ် ကျောင်းသူတယောက်နဲ့ မထိုက်တန်တဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ဒီပုဒ်မ တပ်လိုက်တာကို ဗကသများအဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချတဲ့အကြောင်း အသိပေးထားပြီးဖြစ်တယ်။ မဖြနှင်းထွေး ပြန်လည်လွတ်မြောက်ရေး ပုဒ်မ ၃၆၄/၃၆၈ တွေတပ်ထားတာ မဆီလျော်တဲ့အတွက် ပုဒ်မတွေ ပြန်ပြီး ပယ်ဖျက်ပေးနိုင်အောင် ကျနော်တို့ ဆောင်ရွက်သွားမယ်။”

မဖြူနှင်းထွေးလွတ်မြောက်ရေးအတွက် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေ၊ တရုတ်ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ကြိုးစားသွားမယ်လို့လည်း ကိုရဲရင့်ကျော်က ပြောပါတယ်။

ဒီအမှုစွဲဆိုစဉ်မှာ အတူစွဲဆိုခံထားရတဲ့ ၇ ဦးအနက် ၅ ဦးကို အမှုက ပလပ်ပေးခဲ့ပေမယ့် မဖြူနှင်းထွေးကို စာမေးပွဲနီးတဲ့အချိန်မှာ အခုလို ဖမ်းဆီးတရား စွဲဆိုထားတာဟာ ကျောင်းသူ တဦးအတွက် နစ်နာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် aတာင်ငူမှာလည်း ဗကသ ကျောင်းသား ၂ ဦးကို စာမေးပွဲပြီးပါက ရဲစခန်းကို လာရောက်တွေ့ဆုံဖို့ ဆင့်ထားသလို မုံရွာမှာလည်း အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြတဲ့အတွက် ဗကသ ကျောင်းသား ၂ ဦးနဲ့ ပရဟိတကျောင်းသား ၂ ဦးကို ပုဒ်မ ၁၈ နဲ့ အရေးယူဖို့ အာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့ ဗကသက ပြောပါတယ်။

အလားတူ ကန့်ဘလူ၊ စစ်ကိုင်း၊ မန္တလေးတွေမှာလည်းအမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့ အတွက် ဆန္ဒပြကျာင်းသားကျောင်းသူတွေကို ပုဒ်မ ၁၈နဲ့ အရေးယူမယ်ဆိုပြီး ဖိအားပေးနေတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဗကသအဖွဲ့ဝင် ကိုကောင်းထက်ကျော်ကတော့ သဲကုန်း သပိတ်စခန်းမှာ အာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် မရတဲ့ အတွက် ၀ရမ်းပြေးအဖြစ် ကြေညာခံထားရပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)
http://burmese.dvb.no/archives/65330

ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပတဲ့ ၇ နှစ်ပြည့် ရွှေ ၀ါရောင် တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်း အနားမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ကို ပြန်လည် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင်သံဃာတော်များအဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

လက်ရှိဖွဲ့စည်းထားတဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ဟာ သံဃာတော်တွေကို အကာအကွယ်မပေးဘဲ ဖိနှိပ်တဲ့အတွက် ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာတော်များအဖွဲ့က ဦးဇ၀နက မိန့်ပါတယ်။

"နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဆိုတာကြီးဟာ အောက်ခြေကစပြီးတော့ ဟိုးနိုင်ငံတော်အထိကို မူတွေက မပြောင်းပဲနဲ့ သံဃာ့ဖက်ကမရပ်ဘူး၊ သံဃာကို ညှင်းပမ်းနှိပ်စက်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးတယ်၊ ကျောင်းတိုက်တွေသိမ်းတယ်၊ အဲ့ဒါတွေလုပ်တဲ့အတွက် ဦးဇင်းတို့က သံဃာ့ အဖွဲ့အစည်းကို အဆင့်ဆင့်ပြန်ပြီးတော့ ဖွဲ့ပေးဖို့ ရွေးချယ်ပေးဖို့ တောင်းဆိုတာပါ"

အဲ့ဒီကြေငြာချက်မှာ ကျောင်းကန်တွေကို အဓမ္မဖယ်ရှားသိမ်းဆည်းတာတွေ ရပ်တန့်ဖို့၊ သင်္ကန်းဝတ်နဲ့ တရားရုံးချိန်းတက်နေရတဲ့ သံဃာတော်တွေရဲ့အမှုကို ရုပ်သိမ်းပေးဖို့ စတာတွေ ပါဝင်ပါတယ်။

၂၀၀၇ ခုနှစ်က ပခုက္ကူမြို့က သံဃာတော်တွေဟာ ဒကာ၊ ဒကာမတွေရဲ့ စားဝတ်နေရေး အကျပ်အတည်း ကင်းဝေးအောင် မေတ္တာသုတ်ရွတ်ဖတ်တာကနေ စတင်ခဲ့ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ သံဃာတော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကို ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
RFA

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ကမ္ဘာကျော်ဟောလီးဝုဒ်သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုအား ငြိမ်းချမ်းရေးတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၁၆ရက် ယူအန်သတင်းထုတ်ပြန်ချက်အရ သိရသည်။

“မစ္စတာဒီကာပရီယိုဟာ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုမှာ ဂုဏ်သိက္ခာရှိတဲ့ အသံတခု ဖြစ်တယ်၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို ဟန့်တားဖို့၊ အလျင်အမြန်လှုပ်ရှားဆောင်ရွက်ဖို့လိုကြောင်း အသိပညာပေးရေးစတဲ့ UN ရဲ့ ကြိုးပမ်းမှုတွေမှာ သူအနေနဲ့ ကူညီပေးမယ့်ဆိုတော့ ကျေနပ်ဝမ်းမြှောက်မိပါတယ်”ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။

လီယိုနာဒိုသည် ကုလသမဂ္ဂငြိမ်းချမ်းရေးတမန်အဖြစ် စက်တင်ဘာ ၂၃ရက်တွင် ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တတ်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

“ကျနော်အနေနဲ့ ဒီတာဝန်ကို လက်ခံယူရတာ၊ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ အရေးကြီးပြဿနာရပ်တွေနဲ့ ပတ်သက်လို့ အထွေထွေအတွင်းရေးမှူးရဲ့ လုပ်ဆောင်ချက်တွေမှာ ကူညီဆောင်ရွက်ရမှာကို ဂုဏ်ယူပါတယ်၊ နောက်ပြီး လူသားသမိုင်းအတွက် အရေးကြီးနေတဲ့အချိန်မှာ နူတ်ဆိပ်မနေနိုင်ပါဘူး၊ ဒါဟာ ၀တ္တရားတခုလို့ကို ခံယူထားပါတယ်၊ လာမယ့်နှစ်တွေမှာ ရာသီဥတုဖောက်ပြန်လာမှုကို ကျနော်တို့ ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပေါ်မှာ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာဟာ မှီတည်နေပါတယ်”ဟု လီယိုနာဒိုက ပြောသည်။

လီယိုနာဒိုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တတ်ကြွလှုပ်ရှားသူလည်း ဖြစ်ပြီး အဆိုပါကိစ္စရပ်များအတွက် သူ၏လှူဒါန်းမှုများနှင့် ပတ်သက်၍ မကြာခဏ သတင်းများ၌ ဖော်ပြခံရသူဖြစ်သည်။

လီယိုနာဒိုသည် ဖေဖော်ဝါရီလက အဏ္ဏ၀ါလောကထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဒေါ်လာ ၃သန်းလှူဒါန်းခဲ့ပြီး၊ လအနည်းငယ်အကြာတွင် ဒေါ်လာ ၇သန်း ထပ်မံလှူဒါန်းခဲ့ပြန်သည်။ စက်တင်ဘာ ၂၁ရက်တွင် လီယိုနာဒိုအား သူ၏ ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအတွက် ကလင်တန်ဖောင်ဒေးရှင်းကလည်း ဂုဏ်ပြုဆု ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အနုပညာလောကမှ အကြော်အမော်များဖြစ်သော အပ်ဒွပ်နော်တန်၊ မိုက်ကယ်ဒေါက်ဂလက်စ်၊ ချားလစ်သီရွန်၊ ဂျော့ခ်ျကလူနီနှင့် စတီဗီဝန်းဒါးတို့သည်လည်း ကုလသမဂ္ဂငြိမ်းချမ်းရေးတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရဖူးသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)
သတင်းကြေညာချက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးအနစ် ပီပြင်စွာဖြစ်ပေါ်လာရေးနှင့် ငွေရေးကြေးရေး စနစ်ခေတ်မီ၊ ခိုင်မာတိုးတက်လာစေရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်လုံခြုံမှုအဆင့်တန်းရှိသော ငွေစက္ကူများကို ထုတ်ဝေခဲ့ပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန် ငွေစက္ကူ၏ တရားဝင်လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ငါးထောင်ကျပ်တန် ငွေစက္ကူကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ဝေမည် ဖြစ်ပါသည်။

မူလက ငါးထောင်တန် ငွေစက္ကူ၏ မျက်နှာစာတွင် ဒေါင်လိုက်ထည့်သွင်းထားသော အကန့်လိုက် ဆစ်ပိုင်းပြီး မြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအသစ်ကို အကန့်လိုက် အဆစ်ပိုင်းပြီး ပြောင်းလဲထည့်သွင်းထားပါသည်။ ၎င်းလုံခြုံရေးကြိုးအသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ်အစား ပိုမိုကြီး၍ အရောင်လည်းပြောင်းလဲနိုင်ပြီး ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ်မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ပါသည်။

ငါးထောင်ကျပ်တန် ငွေစက္ကူ၏ မျက်နှာစာဖက်၊ လက်ယာဘက်ပိုင်းတွင် ပုံစံအသစ်ဖြင့် ပြုလုပ်ထားသည့် ဆင်ဖြူတော်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူကို ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူ၏ အရည်အသွေး နိမ့်ကျ၍ ငွေစက္ကူပျက်စီးခြင်းကို ကာကွယ်စေသဖြင့် ငွေစက္ကူ၏ အသုံးပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေပါသည်။

ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန် ငွေစက္ကူမှာ လုံခြုံရေးကြိုးပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင်သတ်မှတ်ချက်များသည် မူလ ငါးထောင်ကျပ်တန် ငွေစက္ကူ အတိုင်းဖြစ်ပါသည်။
လက်ရှိ တရားဝင် လှည့်လည်သုံးစွဲလျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက်တည်ရှိမည်ဖြစ်ပါသည်။

credit>>> ပန်းကြာမှုံ
Kyaw Soe Naing

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.