09/20/14

http://7daydaily.com/
ဘွဲ့ဝတ်စုံများဖြင့် ဆန္ဒပြခြင်းအား ၀တ်စုံကို စော်ကားခြင်း ဟုတ်၊ မဟုတ် အငြင်းပွားလျက်ရှိသည် [ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)]

မကြာမီအချိန်တွင် အတည်ဖြစ်လာတော့မည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ပညာရေးအဖွဲ့အစည်းများ၊ ဆရာများ၊ သမဂ္ဂကျောင်းသားအဖွဲ့အစည်းများနှင့် တက္ကသိုလ်ကောလိပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ကန့်ကွက်ဆန္ဒထုတ်ဖော်လျက်ရှိကြသည်။

အမျိုးသားပညာရေးဥပဒေ(မူကြမ်း)ကို ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားများသည် ဘွဲ့ဝတ်စုံများဝတ်ဆင်ကာ ပဲပြုတ်ရောင်းသည့်ပုံစံ၊ ဂျာနယ်ရောင်းချသည့်ပုံစံ၊ ဆိုက်ကားနင်း၊ ရေစည်လှည်းတွန်း စသည့်ပုံစံတို့ဖြင့် ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်သည်။

ဘွဲ့ဝတ်စုံဖြင့် ဆန္ဒပြခြင်းသည် ဘွဲ့ဝတ်စုံအပေါ် စော်ကားမှု ရှိ၊ မရှိနှင့် ပတ်သက်၍လည်း အငြင်းပွားမှုများရှိနေသည်။

အဆိုပါ သရုပ်ဖော်ပြကွက်မှာ လက်တွေ့ဘ၀တွင် ၎င်းတို့ရရှိခဲ့သည့် ဘွဲ့များနှင့် တိုက်ရိုက်သက်ဆိုင်သော အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလျက်ရှိနေသည့်အတွက် လက်ရှိပညာရေးစနစ်ကို သရော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆိုသည်။

‘‘တော်တော်များများက ထင်နေကြတာ ဘွဲ့ဝတ်စုံကို စော်ကားတဲ့ပုံစံမျိုးအသုံးပြုပြီး လုပ်ကြတယ်လို့ ထင်နေကြတယ်။ ကျွန်တော်တို့ရည်ရွယ်ချက်က ဘွဲ့ရပြီးတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အခြေအနေကို သရော်ချင်တာပါ။ ဘွဲ့ရပြီး အလုပ်အကိုင်ရှားပါးတယ်ဆိုတာထက် ရတားတဲ့ဘွဲ့နဲ့ မကိုက်ညီတဲ့အလုပ်မျိုးတွေ လုပ်နေရတယ်။ အဲဒါကို အဓိကပြချင်တာပါ’’ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းသုခက ပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားများသည် ပြည်ထောင်စုလွှတ်တော်က ပထမအကြိမ်အတည်ပြုထားသည့် အမျိုးသားပညာရေးဥပဒေ(မူကြမ်း)တွင်ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖြုတ်သိမ်းပေးရန်၊ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရန်၊ အစိုးရ၊ လွှတ်တော်နှင့် NNET တို့ တွေ့ဆုံညှိနှိုင်းရေး စသည့်အချက်များကို တောင်းဆိုခဲ့ကြသည်။

ဘွဲ့ရပြီး အလုပ်အကိုင်မရရှိသည်မှာ ပညာရေးစနစ်ကြောင့် သက်သက်မဟုတ်ဘဲ မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့်သာ သက်ဆိုင်ကြောင်း ဘွဲ့ဝတ်စုံဝတ်ဆင်၍ ဆန္ဒပြမှုအပေါ် ထောက်ပြဝေဖန်ခဲ့ကြသည်။

‘‘အဓိက,ကတော့ စနစ်မကောင်းဘူးကြီးပဲ ထိုင်အော်နေလို့မရဘူး။ ဘွဲ့ရပြီးတော့ အလုပ်က တန်းရမယ်လို့လည်း ဘယ်သူမှ တာဝန်မယူထားဘူး။ လူတိုင်း၊ လူတိုင်းက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကပဲ အဖြေပေးသွားတာပဲ။ ခေတ်ကြီးကိုက အလုပ်လက်မဲ့တွေ များပြားနေတာဟုတ်တယ်။ ဒါပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက မရှားဘူး။ တကယ်တတ်တဲ့လူတွေပဲ ရှားတာပါ’’ဟု MICT Park ရှိ နည်းပညာကုမ္ပဏီတစ်ခုမှ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုရာဇာက ပြောသည်။

ဘွဲ့ဝတ်စုံဖြင့် ဆန္ဒထုတ်ဖော်ရခြင်းမှာ လက်ရှိပညာရေးစနစ်သည် အနာဂတ်အတွက် အာမခံချက်မပေးနိုင်သည့်အပေါ် သရုပ်ဖော်ခြင်းသာဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ ပထမဆုံးထွက်ပေါ်လာမည့် အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်ခြင်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ဆိုသည်။

‘‘ဘွဲ့ဝတ်စုံနဲ့ ဆန္ဒဖော်ထုတ်တယ်ဆိုတာက အခုမှမဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ဒီလိုဆန္ဒဖော်ထုတ်မှုတွေ ရှိနေတာပဲ။ ဆန္ဒပြတဲ့ ကျောင်းသားတွေကိုယ်တိုင်ကိုက ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ပညာရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးအကြံပြုတဲ့နည်းလမ်းကို အသုံးပြုခဲ့ပြီးပြီ။ အခုအချိန်မှာ ဒီလိုဘွဲ့ဝတ်စုံနဲ့ ဆန္ဒပြတဲ့နည်းလမ်းပဲရှိတော့တဲ့အတွက်ကြောင့် ရွေးချယ်အသုံးပြုကြတာပါ’’ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောသည်။

‘‘ဒီဘွဲ့လက်မှတ်ကို ကိုင်ပြီးတော့ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ဓာတ်ပုံရိုက်ခွင့်ရတဲ့လူတွေကို မေးကြည့်ပါ။ ဒီဘွဲ့ဟာ ဘဝအတွက် အာမခံချက်ရှိလားလို့။ ဘွဲ့အပြင် တခြား certificate တွေ ကိုင်နိုင်မှသာ အလုပ်အကိုင်အခွင့်အလမ်းက ပေါ်တာပါ’’ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးနု ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမထဲတွင် ၎င်း၏ဘွဲ့လက်မှတ်ကို ဆုတ်ဖြဲ၍ ပညာရေးစနစ်ကို သရော်ခဲ့ဖူးသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ကိုစည်သူမောင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘ကျောင်းသားတွေ ဘွဲ့ဝတ်စုံကိုစော်ကားနေတာမဟုတ်ဘူး။ ဘွဲ့ဝတ်စုံမီးပုံမရှို့ဘူး။ ခြေထောက်နဲ့တက်မနင်းဘူး။ သူတို့ကိုယ်ပေါ်မှာ ရုံထားတယ်။ သူတို့ရည်ရွယ်ချက် အဓိကဖြစ်တဲ့ ဗဟိုချုပ်ကိုင်မှုများပြီး ကျောင်းသားအခွင့်အရေးအတွက် အာမခံချက်မပါတဲ့ဥပဒေကို ဆန့်ကျင်ရာမှာ လူအများအာရုံစိုက်လာစေဖို့ ပညာရေးစနစ်ညံ့ဖျင်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ လူမှုဒုက္ခတွေပေါ်လွင်ဖို့သာ ဖြစ်တယ်လို့ မြင်ပါတယ်’’ဟု ကျောက်ဆည်တက္ကသိုလ်မှ လ/ထ ကထိက ဦးဇော်မျိုးလှိုင်က ပြောသည်။

ဘွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းမပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့သည်မှာ ဘွဲ့၏ဂုဏ်သိက္ခာကို စော်ကားခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ရာတွင် ဘွဲ့ဝတ်စုံကို မဝတ်ဆင်သင့်ဘဲ အခြားနည်းလမ်းများကိုသာ ရွေးချယ်သင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြသည်။

‘‘ဘွဲ့ဆိုတာ ပညာသင်နှစ်တွေအများကြီးကို ဖြတ်ကျော်လာပြီးတော့မှ ယူခဲ့ရတာပါ။ ဘယ်သူမှ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။ အဲဒီလိုပဲ ဘွဲ့ဝတ်စုံဆိုတာက ဘွဲ့နှင်းသဘင်ခန်းမမှာ အခမ်းအနားနဲ့ တက်ယူရတာပါ။ ဂုဏ်ယူပြီးဝတ်ဆင်ခဲ့တဲ့ဝတ်စုံပါ။ အခုလို ပါဖောမန့်တစ်ခုအနေနဲ့ တွေ့ရတော့ မသင့်လျော်ဘူးလို့ မြင်ပါတယ်။ ဘွဲ့ဆိုတာ လူတိုင်းရနိုင်တဲ့ အခွင့်အရေးမဟုတ်ပါဘူး။ ဘွဲ့နဲ့အလုပ်ရတာ၊ မရတာက တစ်ပိုင်းပေါ့’’ဟု ဒဂုံတက္ကသိုလ်မှ ၂၀၀၄ ခုနှစ်တွင် ဓာတုဗေဒဘွဲ့ရရှိခဲ့သည့် ကိုလင်းထိုက်က ပြောသည်။

မိမိတို့ရရှိသည့် ဘွဲ့နှင့် ဘွဲ့ဝတ်စုံများအပေါ် တန်ဖိုးထားခြင်းသည် မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ခံယူချက်အပေါ်တွင်သာ မူတည်ကြောင်းနှင့် ဘွဲ့ဝတ်စုံဝတ်ဆင်၍ ဆန္ဒထုတ်ဖော်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးစနစ်အပေါ် ဆန္ဒထုတ်ဖော်ရာတွင် ပိုမိုထင်ရှားစေရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ကောင်းသည်၊ မကောင်းသည်ကို ပြောရန်ခက်ကြောင်း နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေ (မူကြမ်း)အပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ပေးပို့ထားသည့် သဘောထားမှတ်ချက် ၂၅ ချက်ကို စက်တင်ဘာ ၁၁ ရက်တွင် ပြန်လည်စတင်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးသွားကြမည်ဖြစ်ပြီး မကြာမီအချိန်အတွင်းတွင် အတည်ဖြစ်လာတော့မည်ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ အတည်ဖြစ်လာပါက ဥပဒေတွင် ပြင်ဆင်ရမည့်အချက်များကို တက္ကသိုလ်ဆရာ၊ ဆရာများ အပါအဝင် ကျောင်းသား၊ ကျောင်းသူများ သိရှိလာစေရန် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂများက ဆိုသည်။



နေရာကဏ္ဍအသီးသီးမှာ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါင်းဆောင်မှုနေရာကို အသက်ကြီးသူတွေသာ ယူထားလေ့ရှိတဲ့ မြန်မာပြည်မှာ လူငယ်ခေါင်းဆောင်တွေ ပေါ်လာဖို့အတွက် Global Leadership Summit 2014 ကို စက်တင်ဘာ ၁၉ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတာကြောင့် လူငယ်တွေအတွက် ပြောခွင့်ဆိုခွင့်သာတဲ့ အခြေအနေမျိုး မရှိဘဲ ပြောရဲဆိုရဲတဲ့ လူငယ်တွေကလည်း ခေတ်စနစ်ကို တော်လှန်ခဲ့ရလို့ စွန့်လွှတ်ပေးခဲ့၊ ဆုံးရှုံးနစ်နာခဲ့ရတာမို့ အနာဂတ်မှာတော့ လူငယ်ခေါင်းဆောင်မျိုးဆက်တွေ ပေါ်လာမယ်လို့ မျှော်လင့်တယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။

ရန်ကုန်မြို့ MCC ခမ်းမမှာ ၆ကြိမ်မြောက် ကျင်းပတဲ့ Global Leadership Summit မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ မြင့်တင်လာဖို့ ဟောပြောပွဲတွေ ပါသလို ရန်ပုံငွေ ဈေးရောင်းပွဲတော်လည်း ပါဝင်ပါတယ်။ အဲဒီပွဲကို ခရစ်ယာန်လူငယ်အများအပြား တက်ရောက်ခဲ့ပြီး တေးဂီတအစီအစဉ်တွေလည်း ဖျော်ဖြေခဲ့ပါတယ်။

အဖွဲ့အစည်းတစ်ခုမှာ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို မွေးထုတ်နိုင်မှပဲ တည်တံ့မှာဖြစ်သလို မြန်မာနိုင်ငံမှာတော့ ခေါင်းဆောင်နေရာယူထားတဲ့ လူကြီးတွေက သေတဲ့အထိ နေရာမဖယ်ချင်တာကြောင့် လက်ဆင့်ကမ်းပေးနိုင်မယ့် သတ္တိမျိုး လိုအပ်နေတယ်လို့ ဦးအောင်သက်ညွန့်က ပြောပါတယ်။

Kamayut media


လွန်ခဲ့တဲ့ ၂၆နှစ်က မြန်မာစစ်တပ်က သွေးထွက်သံယို အာဏာသိမ်းခဲ့လို့ ကျည်ဆန်မှန်ပြီး ကျဆုံးခဲ့တဲ့ ရှစ်တန်းကျောင်းသူ မဝင်းမော်ဦးရဲ့ ရည်လည်ဆွမ်းသွတ်ပွဲကို ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၉ရက်နေ့ ကျင်းပခဲ့ပါတယ်။ ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့ကတိကို ဆုတ်ကိုင်ထားဆဲ ဝင်းမော်ဦးရဲ့ မိဘနှစ်ပါး ဘာ့ကြောင့် အမျှမဝေသေးတာလဲ။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ နိုင်ငံအတွက် အသက်စွန့်ပေးဆပ်ခဲ့ကြတဲ့သူတွေကို တစ်နှစ်တစ်ခါ ဂုဏ်ပြုနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ မြေတစ်နေရာပေးသင့်တယ်လို့ မဝင်းမော်ဦးရဲ့ဖခင် ဦးဝင်းကြူက ပြောပါတယ်။ သမီးတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့အတွက် ဒီမိုကရေစီ အပြည့်အဝ မရသေးလို့ အမျှမဝေနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

အသက် ၁၆နှစ်အရွယ် အလယ်တန်းကျောင်းသူအဖြစ် ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ရင်း အာဏာသိမ်းပြီးတစ်ရက်အကြာမှာ စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့လို့ မဝင်းမော်ဦး ကျဆုံးခဲ့ပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေထိ ပွက်လောရိုက်သွားတဲ့ သွေးတွေရွှဲနေတဲ့ အဖြူအစိမ်းဝတ်ကျောင်းသူလေးကို ဆေးကျောင်းသား နှစ်ယောက်က သယ်ယူရာမှာ တစ်ယောက်ဖြစ်တဲ့ဘ ဒေါက်တာဝင်းဇော်က ၂၆နှစ်ကာလအတွင်း ဘာတစ်ခုမှ မယ်မယ်ရရ မပြောင်းလဲသေးဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ ဝင်းမော်ဦးကျဆုံးခြင်း ဆွမ်းကျွေးကို ပထမဆုံး လာရောက်ခဲ့တာပဲဖြစ်ပါတယ်။

ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့စကားသံကို အခုထိကြားယောင်နေဆဲ၊ ၂၆နှစ်ပြည့်သည့်တိုင် မမေ့သေးဘူးလို့ ရွှေဝါရောင်ဆရာတော် ဦးပဏ္ဍဝံသက မိန့်ပါတယ်။ လက်ရှိ မြန်မာပြည်ဟာ ဒီမိုကရေစီအရွေ့ကို ဦးတည်နေပေမယ့် ခရီးစဉ်ဟာ ၂၅ ရာခိုင်နှုန်းတောင် မရောက်သေးဘူးလို့ ဆိုပါတယ်။
Kamayut meia

လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များသာ ဒီအတိုင်း ၂၀၁၅ ရွေးကောက်ပွဲမှာ ခုံသမာဓိ လုပ်ရင်တော့ ပြည်သူနဲ့ နိုင်ငံတကာက ၂၀၁၅ ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတမှုကို မေးခွန်း ထုတ်ကြတော့မှာ မြေကြီးလက်ခတ် မလွဲပါပဲ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လက်ရှိ မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ ရေပန်းစားနေတဲ့ PR စနစ် အပါအ၀င် ရွေးကောက်ပွဲ စနစ်တွေကို ၂၀၀၄ ခုနှစ်လောက် ကတည်းက ဖတ်မှတ်၊ လေ့လာခဲ့ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆို လိုက်ပါတယ်။ သြဂုတ်လ အတွင်းက ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိ အစိုးရရဲ့ ဖွဲ့စည်းပုံ အခင်းအကျင်းမှာ ထိပ်တန်းနေရာ ရယူထားတဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ဦးရဲ့ သဘောထား အမြင်များဟာ လွှတ်တော်ရဲ့ ရပ်တည်ချက် ဖြစ်နိုင်သလို စစ်ဗိုလ်ချုပ်ကြီးဟောင်း၊ ကြံ့ခိုင်ရေး ပါတီ ထိပ်သီး ခေါင်းဆောင်ဟောင်း တစ်ဦးရဲ့ သဘောထား အမြင်များကိုလည်း ပြန်လည် ထင်ဟပ် နေတာမို့ အကျိုးတစ်စုံတစ်ရာ ရှိနိုင်ကောင်းတယ်လို့ ယူဆတဲ့အတွက် ဒီဆောင်းပါး ကဏ္ဍကနေ ဆွေးနွေးတင်ပြချင် ပါတယ်။

PR စနစ် အမျိုးသား လွှတ်တော်မှာ အတည်ပြုခဲ့ပုံနဲ့ ပတ်သက်ပြီး ဦးခင်အောင်မြင့်က ပြောဆိုရာမှာ အစိုးရ သက်တမ်း ပထမနှစ်ဝက် ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ယူချိန်မှာ နိုင်ငံရေးပါတီ ၁၀ ခုက PR စနစ် ကျင့်သုံးဖို့ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လွှတ်တော်ဆီ စာရေးပြီး လွှတ်တော်က ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါဟာ လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းနဲ့ မညီပါဘူး။ လွှတ်တော် လုပ်နည်းအရ လွှတ်တော် ကိုယ်စားလှယ်က အဆိုတင်ချင်တင်၊ ရွေးကောက်ပွဲ ကော်မရှင် က အဆိုတင်ချင်တင်၊ တင်ခွင့်ရှိပါတယ်။ ဒါကြောင့် အခြေခံ ဥပဒေအရ မညီညွတ်လို့ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီကို လွှတ်တော်က လွှဲပေးလိုက်ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးပါတီ ၁၀ ခုဆိုတာဟာ အားလုံး သိကြတဲ့အတိုင်း ဘယ်ပါတီကြီးနဲ့ မိတ်ဖက်ဖွဲ့ ထားပါသလဲဆိုတာကို ဦးစွာ သုံးသပ်ရပါမယ်။ နောက်တစ်ချက်က အဲဒီအစိုးရ သက်တမ်းနှစ်နှစ်ခွဲ ကာလ အတွင်းဟာ PR ကျင့်သုံးဖို့ကို လက်ရှိ အာဏာပိုင်များ အနေနဲ့ ချီတုံချတုံ ဖြစ်နေတဲ့ ကာလပါ။ ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ လွှတ်တော်တို့ စည်းဝါးမကိုက် ဖြစ်သွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ယခင်အစိုးရ လက်ထက် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် ပုဂ္ဂိုလ်ကြီးများ စည်းဝါးမကိုက်ဖြစ်ပြီး လုပ်ထုံးလုပ်နည်း နားမလည်ခြင်းတော့ မဖြစ်နိုင်ဘူးလို့ ယူဆရပါတယ်။ PR စနစ်နဲ့ ပတ်သက်ပြီး လွှတ်တော် ဥက္ကဋ္ဌကြီးကတော့ နိုင်ငံရပ်ခြား PR ကျင့်သုံးတဲ့ တိုင်းပြည်များကို သွားတိုင်း လေ့လာတယ်လို့ အင်တာဗျူးမှာ တင်ဆိုခဲ့ပါတယ်။ အခု လက်ရှိ ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်တို့လည်း PR ကျင့်သုံးတဲ့ နိုင်ငံများ ကို သွားတိုင်း PR စနစ်ကို လေ့လာခဲ့ကြဟန် တူပါတယ်။ ထူးခြားချက်တစ်ခုက ဒီထိပ်သီး ခေါင်းဆောင်တွေ သွားရောက်တဲ့ ဥရောပ တိုင်းပြည်အများစုဟာ PR ကျင့်သုံးတဲ့ နိုင်ငံတွေ ဖြစ်နေတာကို တိုက် ဆိုင်စွာ တွေ့ရ ပါတယ်။ ဒါဟာ ၂၀၀၄ ခုနှစ် ကတည်းက လေ့လာခဲ့ဖူးတယ် ဆိုတဲ့ ဦးခင်အောင်မြင့် စကားကို ပြန်ထောက်ရင် PR စနစ်ကို ကျင့်သုံးဖို့ နှစ်အတော်ကြာကတည်းက Plan တစ်ခုအနေနဲ့ ကြိုတင်ကြံစည် ခဲ့ကြတယ် ဆိုတာပါပဲ။

PR စနစ် ကျင့်သုံးရာမှာ အဓိက တာဝန်ရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးကတော့ လေ့လာမှု အားနည်း ခဲ့လေသလား မသိပါဘူး။ ၂၀၁၃ အကုန်မှ PR စနစ် မကျင့်သုံးနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကျင့်သုံးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောဆို ခဲ့ဖူးပါတယ်။

နောက်တော့ အမျိုးသား လွှတ်တော်မှာ NDF ပါတီက ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် ဥက္ကဋ္ဌကြီး ပြောတဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီပဲ အဆိုတင်၊ မဲခွဲ၊ ဆုံးဖြတ်လိုက်တာ PR စနစ်ဟာ အမျိုးသား လွှတ်တော်မှာ အတည် ဖြစ်သွား ပါတယ်။ အဲဒီမှာ လွှတ်တော်က ရွေးကောက်ပွဲ ကော်မရှင်ကို လွှဲပေးလိုက်ပါတယ်။

ဒါပေမဲ့ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်တဲ့ PR ကျင့်သုံးဖို့အတွက် (၁) အခြေခံ ဥပဒေခုံရုံး တင် ဆွေးနွေး ပြီး ဖွဲ့စည်းပုံနဲ့ ညီမညီ အဆုံးအဖြတ် ခံယူရပါဦးမယ်။ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကတော့ ညီပါတယ်လို့ ကြိုတင် စကားဦးသန်းပါတယ်။

(၂) ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ မှာ လုပ်နိုင်၊ မလုပ်နိုင် တင်ပြ ဆွေးနွေးရပါမယ်။ ဒါလည်း ရှင်းလင်း နေအောင်ကို ကြိုမြင်ကြည့်လို့ ရပါတယ်။ လုပ်နိုင်ပါတယ်ပဲ လာမှာပါ။

(၃) အမျိုးသား လွှတ်တော်မှာ ဥပဒေ ကြမ်းဆွဲပြီး ဆွေးနွေး။

(၄) ပြည်သူ့လွှတ်တော်ကို တင်ပြ၊ သဘောမတူရင် ပြည်ထောင်စု လွှတ်တော်မှာ အဆုံးအဖြတ် ခံယူ၊ ဆုံးဖြတ်။

ဒီအဆင့်တွေ ဖြတ်သန်းပြီးရင်တော့ ၂၀၁၅ မှာ အမျိုးသား လွှတ်တော်အတွက် PR စနစ်ကျင့်သုံး လေသတည်း ပါပဲ။

ဆိုလိုတာက ရွေးကောက်ပွဲ စနစ်တစ်ခု ပြောင်းလဲ ကျင့်သုံးဖို့ အဆင့်တွေ အများကြီးကို ဖြတ်သန်းရမယ် ဆိုသော်ငြား စစ်တပ် ၂၅ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုး အမတ်အများစု လွှမ်းမိုးထားတဲ့ လွှတ်တော် နှစ်ရပ်လုံးအတွက် စနစ်တစ်ခု ဖော်ဆောင်ရာမှာ မဲအများစု အသာစီးရနေတဲ့အတွက် လွယ်ကူငြိမ့်ညောင်းစွာ အကောင်အ ထည် ဖော်နိုင်တယ် ဆိုတာပါပဲ။ ပိုလွယ်ကူ သွားစေတဲ့အချက် က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟာ ဘက်တစ် ဖက် မှာ ပါတီသံယောဇဉ်၊ စစ်တပ်သံယောဇဉ်နဲ့ မားမားမတ်မတ်ကြီး ရပ်တည်နေတဲ့ ကိစ္စပါ။ အာဏာရပါတီကြီးက PR လုပ်ချင်တယ်။ ကော်မရှင်က ကန့်ကွက်ဖို့ အလွန်ခဲယဉ်းမယ်။ ကြားဖြတ် ရွေးကောက်ပွဲ မလုပ်တော့ ဘူးလို့ ကြေညာတာဟာလည်း ““လုပ်ပါမယ်””ဆိုတဲ့ ကတိဖျက်ရဲတဲ့ အထိ နောက်ကွယ် မှာ ညွှန်ကြားစေခိုင်းမှု တစ်စုံ တစ်ရာ ရှိနေသလားဆိုတာဟာ အလွန်ပဲ သံသယဖြစ်ဖွယ် ကောင်းပါတယ်။ ဒိုင်လူကြီးပမာ အလယ် အလတ်ကျ သမာသမတ် ရှိရမယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဟာ ပြည်သူ့ အမြင်၊ နိုင်ငံတကာအမြင်မှာ ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း၊ စစ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် ဖြစ်ကို မဖြစ်သင့်ပါဘူး။ ကော်မရှင်ဝင် များလည်း ထို့အတူပါပဲ။ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များသာ ဒီအတိုင်း ၂၀၁၅ ရွေးကောက်ပွဲမှာ ခုံသမာဓိ လုပ်ရင်တော့ ပြည်သူနဲ့ နိုင်ငံတကာက ၂၀၁၅ ရွေးကောက်ပွဲရဲ့ လွတ်လပ်ပြီး တရားမျှတမှုကို မေးခွန်း ထုတ်ကြတော့မှာ မြေကြီးလက်ခတ် မလွဲပါပဲ။

အုပ်ချုပ်ရေး မဏ္ဍိုင်က သမ္မတဟာ ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်ပြီး ၀င်ရောက် ဆုံးဖြတ်ပိုင်ခွင့်မှာတော့ သီးခြား ကင်းလွတ်ခွင့် ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၅ မှာ သမ္မတအဖြစ် ပြည်သူတွေ ဖြစ်စေချင်ရင် ၀င်အရွေးခံမယ်လို့ ပြောဆို လိုက်ပြန်ပါတယ်။ သမ္မတ ဦးသိန်းစိန် သက်တမ်းကုန်ရင် ၀န်ကြီးဘ၀က အနားယူ ရ တော့မယ့် သမ္မတရုံး ၀န်ကြီးတစ်ဦးကတော့ သမ္မတကြီး သမ္မတ ဒုတိယသက်တမ်း ၀င်အရွေးခံပါ မယ်လို့ ပြောဆိုပြန်ပါ တယ်။ သမ္မတကြီးကိုယ်တိုင်ကလည်း ၀င်အရွေးမခံတော့ဘူး ဆိုတဲ့စကား အရိပ်အယော င်တွေ ပြောဆို ခဲ့ဖူးပါတယ်။ ပြည်သူတွေလည်း နားဝေတိမ်တောင်တွေ ဖြစ်ရပါတယ်။ တစ်ခါက သမ္မတဦးသိန်းစိန် ဟာ မိန့်ခွန်းတစ်ခုမှာ-

““ပြုပြင်ပြောင်းလဲရာတွင် မည်သည့် စနစ်မဆို အတွေ့အကြုံ၊ အလေ့အကျင့်မရှိဘဲ အလောသုံးဆယ် အဆောတလျင် မပြောင်းလဲသင့်ကြောင်း””ထည့်သွင်း ပြောကြားခဲ့ဖူးပါတယ်။ နိုင်ငံရဲ့ အထွတ်အထိပ် သမ္မတ တစ်ယောက်၊ နောက် သက်တမ်းအတွက် ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ စကားဦးသန်းထားတဲ့ သမ္မတ တစ်ယောက် အနေနဲ့ အတွေ့အကြုံ၊ အလေ့အကျင့် မရှိဘဲ အဆောတလျင် မပြောင်းလဲသင့်တဲ့ PR ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ် နေတာ ဟာလည်း ပြည်သူတွေ အနေနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း လို့ ဝေဖန်ပြော ကြားစရာ ဖြစ်နေပါတယ်။

PR စနစ်နဲ့ ပတ်သက်ပြီး ပြည်သူ့ သဘောထား၊ နိုင်ငံရေးပါတီ အများစုရဲ့ သဘောထားကတော့ ရှင်းလင်း ပြတ်သားပါတယ်။ PR ကန့်ကွက် ဆန္ဒပြပွဲတွေ၊ ကန့်ကွက် လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေက အခိုင်အမာ သက်သေထူနေပါတယ်။ ဒါပေမဲ့ ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒ လက်မှတ်ငါးသန်းကိုတောင် ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မရှင်အပေါ် အကျိုးမသက်ရောက်ဘူးလို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ယတိပြတ် ပြောကြားထားတဲ့အတွက် PR ကန့်ကွက်တဲ့ ပြည်သူ့ဆန္ဒ လက်မှတ်တွေကိုလည်း လွှတ်တော်က အသိအမှတ်ပြုဖို့ဆိုတာ အတော်ပဲ ဖြစ်တန်ခြေ နည်းပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကလည်း““အပြင်မှာ လက်မှတ်တွေထိုးတာ၊ အပြင်မှာ ဆန္ဒထုတ်ဖော်တာတွေဟာ လွှတ်တော် ထဲကို မရောက်နိုင်ဘူး””လို့ သြဂုတ်လ နောက်ဆုံးပတ်ကတင် ပြောကြားခဲ့ပါသေးတယ်။ ဒါဆို““ပြည်သူ့အသံ၊ လွှတ်တော်အသံ”” ဆိုတဲ့ ဆောင်ပုဒ်ဟာ ဘယ်သူတွေအတွက်ပါလဲ။ သံသယဖြစ်ဖွယ် မဲများလို့ နိုင်ငံရေး ရပ်ဝန်းမှ ယနေ့ထိတိုင် ဝေဖန်ပြောကြားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ပါတီဝင် အများစု လွှတ်တော်ထဲ ကြီးစိုးခဲ့တုန်းက ““ပြည်သူ့ဆန္ဒ””လို့ ဆိုခဲ့တဲ့ လွှတ်တော်ကြီးဟာ အခုပြည်သူ့ဆန္ဒ အစစ်အမှန် အသံတွေကို ဘာကြောင့် အသိအမှတ် မပြုရတာလဲဆိုတာ ၀ိုင်းဝန်း မေးခွန်းထုတ်ကြဖို့ ကောင်းပါပြီ။

နိဂုံးချုပ်ရရင်တော့ ပြည်သူ့ဆန္ဒကို လျစ်လျူရှု၊ လက်ရှိ အာဏာရပါတီကြီး အာဏာတည်မြဲဖို့ ပါတီကိုယ်ကျိုး သက်သက် အတွက်ပဲ PR လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို လက်နက်သဖွယ် ထုတ်သုံးခဲ့ရိုး ဧကန် မှန်တယ်ဆိုရင်တော့ ဒါဟာ PR /(Political Rape) ““နိုင်ငံရေး မုဒိမ်းကျင့်မှု””ကြီးသာ ဖြစ်တယ်လို့ ပြည်သူ အပေါင်းက ကောက်ချက် ချတော့မှာ ဧကန်ဖြစ်ပါကြောင်း။

မြန်မာသံတော်ဆင့်သတင်းဌာန -

အားကိုးလောက်တဲ့ အရည်အချင်း မရှိရင်တော့ ပြည်သူလူထုတွေက ဆက်လက် တော်လှန်နေမှာပဲ

စစ်ဗိုလ်ချုပ်များသည် နေ့စဉ် နေ့တိုင်း အစိုးရသတင်းစာ မျက်ဖုံးတွေမှာ ဘုရား ဒါယကာကြီး များ လုပ်ပြ နေတာဟာ အတုအယောင်တွေသာ ဖြစ်ကြောင်း ကို ရွှေဝါရောင် တော်လှန်ရေး က ဖော်ထုတ်ပေးလိုက်တာပါပဲ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြည်သူလူထု ကြုံတွေ့နေရသည့် အထွေထွေ ကျပ်တည်းမှုအား စာနာထောက်ထား၍ ၂၀၀၇ ခုနှစ် စက်တင်ဘာလက လမ်းလျှောက် မေတ္တာပို့ အမျှဝေခြင်း ပြုလုပ်ခဲ့သည့် ရွှေဝါရောင် သံဃာ့လှုပ်ရှား မှုမှာ ယခုဆိုလျှင် ၇ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

အဆိုပါ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ကို ပြည် တွင်းပြည်ပရှိ ဗုဒ္ဓဘာသာဝင်တိုင်းက ထောက်ခံ အားပေး ခဲ့ကြသော်လည်း စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ သံဃာေ တ်ာများ၊ ပြည်သူပြည်သားများအား ရိုက်နှက် ဖမ်းဆီးခဲ့သည့်အပြင် အချို့သော ဘုန်းတော် ကြီး ကျောင်းများအား ၀င်ရောက် စီးနင်းကာ လှုပ်ရှားမှုတွင် ပါဝင်သည့် သံဃာတော်များ အား နှစ် ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

စစ်အစိုးရ၏ ဖမ်းဆီးခြင်း မခံရရန်အတွက် အချို့သော ဦးဆောင် သံဃာတော်များမှာ နယ်စပ်ဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ယခုအချိန်အထိ ပြည်တွင်းသို့ ပြန်လည် ၀င်ရောက်ခွင့် မရကြသေးပေ။ ထိုသို့ ပြန်လည် ၀င်ရောက်ခွင့် မရသေးသည့် ရွှေဝါရောင် ဦးဆောင် သံဃာတော်များတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် ဦးထာဝရမှာ လက်ရှိတွင် နော်ဝေနိုင်ငံ၌ အခြေချ သီတင်းသုံးနေရပြီး ဆရာတော်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က ရဟန်းသံဃာ၊ ပြည်သူလူထု ထောက်ခံမှုဖြင့် ဖွဲ့စည်းခဲ့ သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ ကိုယ်စားလှယ်အဖွဲ့ အထွေထွေ အတွင်းရေးမှူး လည်း ဖြစ်သည်။ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း ဆရာတော် ပါဝင်ဖြစ်ခဲ့ပုံ၊ လှုပ်ရှားခဲ့မှုများ၊ ဖြိုခွင်းခံခဲ့ရမှုများနှင့် အဖြစ်အပျက်များကို ယခုကဲ့သို့ မေးမြန်း လျှောက်ထား ခဲ့သည်များကို လေ့လာနိုင်ရန် အတွက် ဖော်ပြလိုက်ပါသည်။

အောင်ထွန်းလင်း

မေး – ရွှေဝါရောင် တော်လှန်ရေးအတွင်း ဦးဆောင် သံဃာတော်အဖြစ် ပါဝင်ခဲ့ပုံ အကြောင်းလေးကို မိန့်ကြား ပေးပါဘုရား။

ဖြေ – ပခုက္ကူမြို့က မေတ္တာပို့ လမ်းလျှောက်တဲ့ သံဃာတော်တွေကို အစိုးရ စစ်တပ်ကနေပြီး ဓါတ်တိုင်မှာ ကြိုးတုတ် ရိုက်နှက်တဲ့ ကိစ္စကြောင့် ဦးဇင်း ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့ရတာ ဆိုပေမယ့် တကယ့် အခြေခံ အကြောင်းတရားကတော့ ဦးဇင်းက စာသင်တိုက်တွေထဲက တက်ကြွ လှုပ်ရှားမှုတွေကြောင့်၊ သူငယ်ချင်း သံဃာတွေ အကြားမှာ အသိမိတ်ဆွေ များတာကြောင့် ၂၀၀၇ ခုနှစ် ရောက်တော့ သံဃာတွေက ဦးဇင်းကို ““အရှင်ထာဝရရေ ဒီတစ်ခါတော့ မင်းပါဝင်ရမယ်”” ဆိုတော့ ဦးဇင်းလည်း သံဃာကို ဓာတ်တိုင်မှာ ကြိုးတုပ်ရိုက်တဲ့ ကိစ္စကို ရင်ထဲက မခံစားနိုင်တော့ နှစ်ခုပေါင်းစပ်ပြီး ရွှေဝါရောင်မှာ သံဃာကျောင်းသား၊ ကျောင်းသူ၊ ပြည်သူတွေ က ရွေးချယ်ပေးခဲ့လို့ ဦးဇင်း ခေါင်းဆောင်တစ်ပါး ဖြစ်ခဲ့မယ် ထင်တာပါပဲ။ ဦးဇင်းက ခေါင်းဆောင် မဟုတ်ပါဘူး။ နောက်လိုက်ကောင်း တစ်ယောက်အဖြစ်ပဲ အမြဲတမ်း ရပ်တည်နေချင်တာပါ။ သို့သော် ရွှေဝါရောင် တော်လှန်ရေးမှာ ရဟန်းသံဃာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူတွေက ဦးဇင်းကို ကြီးလေးတဲ့ တာဝန်ကြီးတစ်ရပ် အပ်နှင်းခဲ့တာကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ အထွေထွေ အတွင်းရေးမှူးတာဝန် ဖြစ်ပါတယ်။ အဲဒီတာဝန်ကို ဦးဇင်းကျေပွန်အောင် မလုပ်ဆောင်နိုင် သေးသရွေ့ ဦးဇင်းခေါင်းဆောင် မဖြစ်ထိုက်သေးဘူး ဆိုတာကို ဒီ ၇ နှစ်မြောက်မှာ ပြောပါရစေ။

မေး – ရွှေဝါရောင် တော်လှန်ရေးကာလက အရှင်ဘုရား သီတင်းသုံးခဲ့တဲ့ကျောင်းနဲ့ ပါဝင်ဖြစ်ပုံလေး မိန့်ပေးပါဦး ဘုရား။

ဖြေ – ရွှေဝါရောင် တော်လှန်ရေးကာလမှာ ဦးဇင်းက သင်္ဃန်းကျွန်းမြို့နယ်၊ အသင်းတိုက် မှတ်တိုက်နားက ဆရာတော် ဦးနန္ဒ၀ံသ ဇေယျာသိဒ္ဓိကျောင်း မှာ ခေတ္တသီတင်းသုံး နေထိုင်ခဲ့ပါတယ်။ တစ်ကျောင်းလုံးမှာ သံဃာ ၁၀ ကျော်ပဲ ရှိပါတယ်။ သီတင်းသုံး ဖြစ်တာကလည်း အဲဒီအချိန်မှာ ဦးဇင်းက ပြည်ပကျောင်းတက်ဖို့ ခြောက် ထပ်ကြီးဘုရား နောက်ကျောဘက်က ကင်းဘဲလမ်းမှာ ကိုရီယားက ဖွင့်ထားတဲ့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ သင်တန်းကျောင်းမှာ တက်နေတာပါ။ ၁၀ လပိုင်း ၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံ နာလန္ဒ တက္ကသိုလ်မှာ ကျောင်းတက် ရမှာပါ။ အဲဒီကနေ ပြည်ပ မထွက်ဖြစ်တော့ဘဲ ရွှေဝါရောင် တော်လှန်ရေးထဲ ဦးဇင်းပါခဲ့တယ် ဆိုရပါပဲ။

မေး – ရွှေဝါရောင် တော်လှန်ရေးကို ဘယ်လို ခံယူချက်မျိုးနဲ့ ခေါင်းဆောင် တစ်ပါးအဖြစ် ပါဝင်ခဲ့တာပါလဲ ဘုရား။

ဖြေ- ဦးဇင်းတို့က မြန်မာနှိင်ငံမှာ မွေးဖွား ကြီးပြင်းခဲ့တဲ့ တလျှောက်မှာ စစ်အာဏာရှင် စစ်တပ်ရဲ့ ဖိနှိပ်မှု အောက်မှာ တစ်သက်လုံး ဒီအတိုင်းချည်း အကြောက်တရား လွှမ်းမိုးပြီး နေသွားလို့ မရတော့ဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ အရင်ဆုံး လုပ်ဖြစ်တာက ဒီလို အကျင့်ပျက် အာဏာရှင် အစိုးရကို ဖြုတ်ချဖို့အတွက် လူထုအပေါ် ထာဝရ နွေးထွေးမှု ပေးနိုင်မယ်လို့ ယုံကြည်တဲ့လူထု ခေါင်းဆောင် ဆိုတာကို အရင်လေ့လာ ဖြစ်ခဲ့တယ်။ အဲဒီမှာ ဦးဇင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားကျခဲ့ပါ တယ်။ နိုင်ငံရေး လောက က ကျောင်းသား ခေါင်းဆောင်တွေကို ဦးဇင်းတွေ့ဆုံခဲ့ပါတယ်။ လိုအပ်တဲ့ပညာ ယူသင့်တာ ယူ၊ ဆွေးနွေး သင့်တာတွေ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချလိုက်တယ်။ လူထု တစ်ရပ်လုံးနဲ့ နောင်မျိုးဆက် အားလုံးအတွက် ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးပြီး သံဃာတော် များ၊ ကျောင်းသား ကျောင်း သူများ၊ ပြည်လူထုကြီးနဲ့ သမိုင်းဝင် ဆူးလေ စေတီတော်မြတ်ကြီး မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာကိုယ်စားလှယ် အဖွဲ့ကို ဖွဲ့စည်းပြီး အလုပ်တွေ ဆက်လုပ်ခဲ့ပါတယ်။

(၉.၆.၂၀၀၇)မှာ ရန်ကုန်တိုင်းအတွင်း ဘုန်းကြီးကျောင်းတွေက ရဟန်းသံဃာငယ်တွေကို စည်းရုံးခြင်း၊ လက်ဝါးပုံတွေ၊ ချိုးငှက်ပုံတွေ စသဖြင့်၊ စည်းရုံး လှုံ့ဆော်စာတွေ ရေးသားထားသော (T-Shirt) တွေ အခမဲ့ ဖြန့်ဖြူး ၀တ်ဆင်စေခြင်း၊ ဘောပင်-သော့ချိတ်တွေ ပြုလုပ်ဖြန့်ဝေခြင်း၊ အာဏာရှင် ဆန့်ကျင်စာတွေကို ဘုန်းကြီး ကျောင်းဝင်းအတွင်းကပ်ခြင်းနဲ့ တိုင်းနဲ့ ပြည်နယ် မြို့၊ ရွာ၊ နယ်၊ ရပ်ကွက်တွေအတွင်း ဖြန့်ဝေကျဲချ ခြင်း၊ အဖွဲ့ဝင် သံဃာတော်တွေနဲ့ တွေ့ဆုံဆွေးနွေး ဖလှယ်ခြင်းတွေကို စဉ်ဆက်မပျက် ပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံး ၁၉၉၀ ခုနှစ် သပိတ်ကံဆောင် ဆရာတော်ကြီးတွေကို ချဉ်းကပ်ပြီး ဘာတွေလုပ်ဆောင် သင့်တယ် ဆိုတာကို သြ၀ါဒခံယူပြီး ဆရာတော်ဘုရားကြီးတွေရဲ့ လမ်းညွှန်ပေးတဲ့အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။

မေး – အရှင်ဘုရားတို့ ရွှေဝါရောင် တော်လှန်ရေးအတွင်း အစိုးရရဲ့ ဖိနှိပ်ခံရပုံနဲ့ ကိုယ်တွေ့ အဖြစ်အပျက်များ ရှိရင် မိန့်ပေးပါဦးဘုရား။

ဖြေ – (၂၆-၉-၂၀၀၇)မနက် ၈ နာရီ လောက်မှာ ဦးဇင်းတို့အဖွဲ့ဝင်တွေ စုရပ်ကို ရောက်ရှိလာကြပြီး ဘာတွေ လုပ်မယ် ဆိုတာကို ဆွေးနွေး တိုင်ပင်ကြပါတယ်။ အဲဒီချိန်မှာ အာဏာရှင် စစ်တပ်က သူတွေဟာ ရွှေတိဂုံ ပတ်ပတ်လည်မှာ သံဆူးကြိုးတွေကို ကာရံပြီး လမ်းတွေကို ပိတ်နေကြပါပြီ။ ဦးဇင်းတို့ နေ့လည် (၁၁း၃၀) နာရီခန့် လောက်မှာ ကြေးသွန်းဘုရားရှေ့ စုဝေးရောက်ရှိနေတဲ့ သံဃာတော်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူလူထု အတွင်းကို စစ်ကားတွေ၊ လုံထိန်းကားတွေနဲ့ အာဏာရှင် စစ်တပ် လက်ကိုင်တုတ်တွေ ဦးဆောင်ပြီး အကြမ်းဖက် ရိုက်နှက်၊ ဖမ်းဆီး၊ နှိပ်စက်၊ ပစ်ခတ်မှုတွေ လူမဆန်စွာ ပြုလုပ်လာတယ်။ ဦးဇင်းတို့လိုပဲ အကြမ်းဖက်ခံရပြီး ကွဲထွက်သွားတဲ့ တပ်ပေါင်းစုတွေနဲ့ မစုမိစေဖို့ လိုက်လံပြီး ချီတက်ရာ လမ်းကြောင်း ပိတ်တာမျိုး၊ လိုက်လံ နှောက်ယှက်တာမျိုးတွေ ပြုလုပ်ပေ မယ့်လည်း ဘုရင့်နောင်လမ်း (ကန္နားလမ်း)က သခင်မြ ပန်းခြံရှေ့ထိ ချီတက်ဆန္ဒပြခဲ့တယ်။ အဲဒီမှာ ဆူးလေဘက် တက်မည့်ဘက်မှ ပိတ်ဆို့ထားခြင်း ခံရပါတယ်။ ဒါကြောင့် ချီတက်ရာ လမ်းကြောင်း ပြောင်းပြီး ဘုရင့်နောင်ဘက်သို့ ထပ်ပြီး ချီတက်ခဲ့ပါတယ်။ အလုံမြို့နယ် ဆင်မင်းဈေးနား အရောက်မှာ ရှေ့နောက် နှစ်ဘက်ညှပ်ပြီး ထပ်မံပိတ်ဆို့ခံရပါ တယ်။ နှစ်မိနစ်အတွင်း လူစုခွဲခိုင်းပြီး ပစ်ခတ်၊ ရိုက်နှက် ခံရပါတယ်။

မေး – ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း အရှင်ဘုရားအတွက် အထင်ကရ၊ အမှတ်တရ ဖြစ်စေခဲ့တဲ့ အကြောင်းအရာ တစ်ခုလောက်ကို မိန့်ပေးပါဦးဘုရား။

ဖြေ – ဦးဇင်းအတွက် အမှတ်တရကတော့ အမေစုအိမ်ရှေ့ကို ချီတက်တဲ့ စက်တင်ဘာ ၂၂ ရက်နေ့ကတော့ အမှတ်တရ အရှိဆုံးပါပဲ။ အမေစုကို ပထမအကြိမ် အပြင်မှာ မြင်ဖူးတာပါ။ စိတ်ထဲမှာ ဒါငါ့တို့ ဗိုလ်ချုပ် သမီးကွလို့ ပြောမိပါတယ်။ လုံထိန်းတွေ ကာရံထားတဲ့ နောက်ကနေပြီး သံဃာတွေကို လက်အုပ်ချီပြီး မိုးရေထဲမှာ သတ္တိရှိရှိ ရပ်ပြနေတဲ့ အမေစုကို ဦးဇင်းလေးစားတယ်။ ဂုဏ်ယူတယ်။သူ့ရဲ့သတ္တိနဲ့ လုပ်ဆောင် ချက်တွေကို ကလေးဘ၀ထဲက ရေဒီယိုကနေ ကြားနေရတော့ ရင်းနှီးနေပြီးသားပါ။ အခုလို လူကိုယ်တိုင်တွေ့ လိုက်ရတော့ အတိုင်းမသိ မျက်ရည်တွေ စီးကျလာပါတယ်။ ဦးဇင်းလိုပဲ တချို့သံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူပြည် သားတွေ က ““အမေစု ကျန်းမာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ””ဆိုပြီး အော်ဟစ်ခဲ့တဲ့ အသံဟာ ဒီနေ့အထိ ကြားနေတုန်းပါပဲ။

နောက်တစ်ကြိမ် ဘ၀အတွက် အမှတ်တရ ဖြစ်စေတာကတေ့ (၂၇-၉-၂၀၀၇) မနက်မှာတော့ ဦးဇင်းတို့ ကျိုက္ကဆံ ကွင်းအနီး အထက (၃)ကျောင်း အရှေ့မှာ ဆန္ဒပြကျောင်းသား၊ သံဃာ၊ လူထုကို ပိတ်ဆို့ထားတဲ့ စစ်တပ် လုံထိန်းနဲ့ စွမ်းအားရှင်တွေကို ပြန်လည်ပိတ်ဆို့ပြီး ဖမ်းဆီးခံထားရသူတွေ ကို ပြန်လွှတ်ပေးဖို့ တောင်းဆို တာတွေ၊ ကမ္ဘာမကြေ သီချင်းသီဆို တာတွေ ပြုလုပ်နေ ချိန်ခွတ်ဒေါင်း အလံလွှင့်ထူပြီး အင်အားဖြည့် လာရောက် ပူးပေါင်းတဲ့ ကျောင်းသားလူငယ်တွေ၊ ကျောင်းကြိုဖို့ ရောက်ရှိနေတဲ့ ကျောင်းသား မိဘတွေနဲ့ လူထုကို စစ်တပ်က တာမွေ အ၀ိုင်းထိပ် မီးပွိုင့်ဘက်ကနေ တရကြမ်း မောင်းဝင်တိုက်သတ် ပစ်ခတ်၊ ရိုက်နှက်၊ ဖမ်းဆီး ခေါ်ဆောင် သွားတယ်။ သူတို့ လူစုခွဲ ဖြိုခွင်းခဲ့ပေမဲ့လည်း ကမ်းနားလမ်း တစ်လျှောက် ဆန္ဒပြနေတဲ့ ကျောင်းသား တပ်ပေါင်းစုတွေ ထပ်မံအင်အားဖြည့် ပါဝင်ဆောင်ရွက်ခဲ့တယ်။ အဲဒီကနေဆက်ပြီး ချီတက်တာ ဆင်မလိုက် အဝေးပြေးဝင်း အနီးရောက်တော့ ထပ်မံပစ်ခတ်ဖြိုခွဲ လူစုခွဲခြင်း ခံရပြန်တယ်။ အဲဒီလိုသွေး မြေကျရတဲ့ နေ့ကိုတော့ ဘ၀မှာ ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ပါဘူး။

မေး – ရွှေဝါရောင် တော်လှန်ရေးကာလ သံဃာတော်တွေရဲ့ ခံယူချက်နဲ့ အရှင်ဘုရား ဘာအတွက်ကြောင့် ပြည်ပကို တိမ်းရှောင်ခဲ့ရတယ် ဆိုတာကို မိန့်ပါဦး ဘုရား။

ဖြေ – လူထုအရေးကို ငဲ့ညှာထောက်ထားလို့ ကြားဝင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ ဆန္ဒပြကြတဲ့ သံဃာတော်တွေကို အကြမ်းဖက် နှိပ်စက်တာကြောင့် သံဃာတော်တွေက စစ်အစိုးရအပေါ် ပက္ကနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ကြရာမှာ ကျောင်းသား ကျောင်း သူတွေကော၊ ပြည်သူလူထုတွေပါ သောင်းနဲ့သိန်းနဲ့ ချီပြီး အားပေး ထောက်ခံ ဆန္ဒပြခဲ့ကြတယ်။ ဒါကို အာဏာသိမ်း စစ်အစိုးရက တရားတဲ့နည်းနဲ့ မကိုင်တွယ် မဖြေရှင်းဘဲ အဓမ္မနည်းဖြင့် ရိုက်နှက်သတ်ဖြတ် ပစ်ခတ်ခဲ့တဲ့ နေရာမှာ ကျောင်းသား ပြည်သူ ရဟန်းသံဃာ တော်များ သွေးမြေ ကျခဲ့ရတယ်။ ဒါတင်မကသေးဘူး။ အဿူရကာယ် ဘုံသားတွေထက်တောင် ဆိုးသေးတယ်။ ညဘက် အရေးအခင်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သံဃာတွေရဲ့ ကျောင်းတွေကို ၀င်ရောက် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်း ခံခဲ့ကြရတယ်။ အဲဒီလို စစ်အုပ်စုရဲ့ အကြမ်းဖက် နှိမ်နင်းလိုက်လို့ ဟိုတစ်စုဒီ တစ်စုနယ်စပ် ဒေသဘက် ထွက်ပြေးကြရာ အစိုးရကို ပြန်တိုက်မယ်ဆိုပြီး ဦးဇင်း ပြည်ပ ထွက်ပြေးခဲ့တာပါပဲ။

တကယ်တော့ ဦးဇင်းရဲ့ နိုင်ငံရေးဟာ အခုတော့ သေနေပါပြီ။ အဲဒါကြောင့် လူငယ် မျိုးဆက်တွေကို သတိပေး ချင်တာကတော့ တစ်ဦးကောင်း တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း လုပ်ကိုင်တာထက် လူထုတစ်ရပ်လုံး က လေးစားချစ်ခင်တဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုအောက်မှာ အားလုံးပါဝင်ပြီး ၀ိုင်းဝန်းပြီးတော့ လုပ်ကြရ မှာပါ။ ကိုယ်ကျရာ နေရာကနေ တက်ညီလက်ညီနဲ့ ၀ိုင်းပြီးလုပ်မယ်ဆိုရင် တကယ့် လူထုအောင်ပွဲ အစစ်ကို မြင်ကြရမှာပါ။

မေး – ရွှေဝါရောင် တော်လှန်ရေး ကာလက ချမှတ်ခဲ့တဲ့ သပိတ်မှောက် ကံဆောင်ခြင်းကို လက်ရှိ အချိန်ထိ ဆက်လက် ကျင့်သုံးမြဲပါပဲလား ဘုရား။

ဖြေ – ဦးဇင်းတို့ ရွှေဝါရောင် သံဃာတွေကတော့ အခုအချိန်အထိ သပိတ်မှောက် ကံဆောင်နေဆဲပါပဲ။ အစိုးရ ဆိုတာပြည်သူကို ချစ်တဲ့ အစိုးရဖြစ်သင့်တာပေါ့။ ချစ်ဖို့ ဆိုတာကလည်း ပြည်သူ အားကိုးလောက်တဲ့ အစိုးရ ဖြစ်သင့်တာပေါ့။ အားကိုးလောက်တဲ့ အရည်အချင်း မရှိရင်တော့ ပြည်သူလူထုတွေက ဆက်လက်တော်လှန် နေမှာပါပဲ။ ဒကာ၊ ဒကာမတွေရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဒီဒုက္ခတွေကို ဦးဇင်းတို့က မခံနိုင်တော့လို့ အခုလို သပိတ်မှောက် တာပါ။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ သံဃာတော်တွေကို ပြောချင်တာကတော့ စစ်အစိုးရကို ဆက်လက်ပြီး သပိတ်မှောက်ကြမှာပါ။

မေး – သံဃာတော်တွေကို အစိုးရက ယခုအချိန်အထိ ၀န်ချ တောင်းပန်ခြင်းမျိုး တရားဝင် လုပ်ဆောင်တာ မရှိသေးပါဘူး ဘုရား။ ဒီအပေါ်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် သံဃာတော် တစ်ပါးအနေနဲ့ ဘယ်လိုများ မိန့်ချင်ပါသလဲ ဘုရား။

ဖြေ – လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး၊ လူတိုင်း အမှားလုပ်မိ တတ်ကြတာပါပဲ။ အမှားလုပ်လေ့ရှိတဲ့ လူ့သဘောကို အခြေခံပြီး စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ အတွေးအခေါ်တွေ၊ ဥပဒေသတွေ၊ သီအိုရီ အစရှိ သဖြင့် အများကြီး ရှိပါတယ်။ သို့ပေမယ့် အများစုရဲ့ အနှစ်သာရ ဒါမှမဟုတ် ရည်ရွယ်ရင်းက အမှားထဲက သင်ခန်းစာယူတတ်ဖို့ပဲ ဖြစ်ပါတယ်။ ဦးဇင်းပြောချင်တာက အလုပ်လုပ်ရင်းမှားတဲ့ အမှားမျိုးကိုသာ ဖြစ်ပါတယ်။ အလုပ်များများ လုပ်တဲ့သူဟာ အမှားများများလုပ်ဖို့အခွင့်အလမ်း ပိုများပါတယ်။ ဘာမှ မလုပ်ဘဲ နေရင်တော့ အလုပ်နဲ့ပတ်သက်ပြီး ဘာမှ မမှားနိုင်ဘူးပေါ့။ ဒီလို အမှားတွေကနေ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ တဖြည်းဖြည်း ရလာပြီး အလုပ်သဘောကို နားလည်လာတဲ့ အဆင့်ကနေ ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်လာရ တာပါပဲ။ ဒီတော့ သံဃာတွေကို အစိုးရအနေနဲ့ တောင်းပန်ပါလို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

မေး – ဦးသိန်းစိန် အစိုးရ လက်ထက်မှာ သံဃာတော်တွေကို အစိုးရက အကြည်ညိုပျက်အောင် ဖန်တီး နေတယ်၊ အရှင်ဘုရားတို့ရဲ့ စည်းလုံး ညီညွတ်မှုတွေကို သွေးခွဲပစ်ဖို့ ကြိုးစားနေတယ်လို့ မိန့်ထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လို အကြောင်းအရာက အကြည်ညိုပျက်အောင် ဖန်တီးနေတာ၊ ဘယ်လို အချက်အလက်ကတော့ သံဃာတော်တွေကို သွေးခွဲနေတယ် ဆိုတာလေးကို ရှင်းပြတော်မူပါ ဘုရား။

ဖြေ – လောကမှာ အပေးအယူနဲ့ ညှိနှိုင်းမှုတွေ ရှိရမယ်ဆိုတာ မှန်ပေမယ့် ဘယ်လိုမှ ညှိနှိုင်းလို့၊ လျှော့ပေးလို့ မဖြစ်နိုင်တဲ့ အရာတွေလည်း ရှိပါတယ်။ဒီနေ့ နိုင်ငံရေး ကစားကွက်အဖြစ် ဗုဒ္ဓဘာသာအပေါ် တစ်ခြား ဘာသာများနဲ့ ရန်တိုက်ပေးနေတာဟာ တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ အချက်ပါပဲ။ ဒီမိုကရေစီ လမ်းကို လျှောက်လှမ်းတဲ့ ဒီနေ့အခါ စည်းလုံးစွာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပါရစေ။

မေး – သာသနာတော် သန့်ရှင်းဖို့ဆိုပြီး နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေကို အစိုးရက ဖိနှိပ်ထားမှု အပေါ်မှာကော အရှင်ဘုရား ဘယ်လိုများ မိန့်ချင်ပါသေးလဲ ဘုရား။

ဖြေ – သာသနာတော် သန့်ရှင်းဖို့ ဆိုတာကတော့ ဒကာရေ… ဦးဇင်းကို မေးရမယ့်အစား မဟန ဆရာတော်ကြီး ကိုသာ လျှောက်ထားရင်ပို၍ ကောင်းပါတယ်။ ဦးဇင်းက သံဃာငယ် ဖြစ်နေတော့ ပြောရတာ ခက်ပါတယ်။ သံဃာ အများကသာ သဘောတူမယ်ဆိုရင် ဘုရားဝိနည်း ဥပဒေအတိုင်း သာသနာတော် သန့်ရှင်းဖို့၊ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ တစ်ဆက်တည်း ပြောချင်တာကတော့ ရတနာသုံးပါးမှ တစ်ပါးဖြစ်တဲ့ မြတ်စွာဘုရားရဲ့ သားတော် သံဃာတော်များ ဦးဆောင်ခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးက ၇ နှစ် ပြည့်ခဲ့ပြီး လေပြီ။ မြန်မာပြည်သူတွေကတော့ ဒီတော်လှန်ရေးအပေါ် လေးစားကြည်နူးခြင်းတွေ၊ ရင်နင့် ကြေကွဲခြင်းတွေနဲ့ စစ်အစိုးရရဲ့ အဖိနှိပ်ခံဘ၀က မလွတ်မြောက်နိုင်သေးဘဲ ခုနစ်တာကာလကို တလူးလူးတလိမ့်လိမ့်နဲ့ ထပ်မံ ဖြတ်သန်း ခဲ့ကြရတယ်။ စစ်အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ကျဆုံးခဲ့ရတဲ့ ရဟန်းတော်တွေနဲ့ ပြည်သူတွေရဲ့ သွေးများကတော့ စိုစွတ် လတ်ဆတ်ဆဲပါပဲ။ စစ်အစိုးရ ကတော့ ကျဆုံးသွားရသည့် ဘုရား သားတော်များ၏ ၀ိညာဉ်တွေကိုမှ အားမနာ၊ ငါ့ ဆန်ကျင်သူ မသူတော် ဆိုတာကို လက်ကိုင်ထားပြီး တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို သံဃာတု၊ သံဃာယောင်များသာ ဖြစ်ပြီး ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှု သည်လည်း ဗုဒ္ဓ၀ိနည်းတော်များနဲ့ မညီညွတ်ဘူးလို့ ၀ါဒဖြန့်ခဲ့ပါ တယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ အစိုးရက စွပ်စွဲခဲ့တဲ့ သံဃာတော်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုဆိုတာ အမျိုးဘာသာ သာသနာ အရှည်တည်တံ့ရေးအတွက် အထောက်အပံ့ပြုသူ ပစ္စည်းလေးပါး ဒါယကာ ပြည်သူများ ဒုက္ခမရောက်စေခြင်းငှာ မေတ္တာဖြန့်ကြက်ပြီး ရှေ့တန်း မှရပ် ကာကွယ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအပြုအမူ (စစ်အစိုးရရဲ့ အဆိုအရ နိုင်ငံရေးလှုပ်ရှားမှု)ဟာ သံဃာတော်တွေနဲ့ မအပ်စပ်ဘူးလို့ ဆိုတဲ့ စစ်အစိုးရ ဗိုလ်ချုပ်တွေဟာ ဗုဒ္ဓမြတ်စွာကို ဆန့်ကျင်သူများ ဖြစ်သွား ကြတာပါ။ စစ်ဗိုလ်ချုပ်များသည် နေ့စဉ်နေ့တိုင်း အစိုးရ သတင်းစာ မျက်ဖုံးတွေမှာ ဘုရား ဒါယိကာကြီးများ လုပ်ပြနေတာဟာ အတုအယောင်တွေသာ ဖြစ်ကြောင်း ကို ရွှေဝါရောင် တော်လှန်ရေးက ဖော်ထုတ် ပေးလိုက် တာပါပဲ။ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှာ သံဃာတော်တွေရဲ့ အခန်းကဏ္ဍကလည်း မသေးခဲ့ပါဘူး။ နယ်ချဲ့ အင်္ဂလိပ် လက်ထက် နိုင်ငံရေးတရားဟောလို့ ပထမဆုံး အကျဉ်းကျခံရသူဟာ မြန်မာနိုင်ငံသား ရခိုင် ရဟန်းတော် ဦးဥတ္တမပါ။ ၁၆၆ ရက် အစာငတ်ခံ ဆန္ဒပြခဲ့ပြီး ထောင်ထဲမှာ ပျံလွန်တော်မူခဲ့တဲ့ ရဟန်းတော် ဦးဝိစာရဟာလည်း သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ခဲ့တယ်။ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီး တစ်ခုကိုဆိုရင် ဦးဝိစာရလမ်းလို့တောင် နာမည်ပေးခဲ့ရတယ်။ အင်္ဂလိပ်ကို ဆန့်ကျင်စဉ်တုန်းက ရဟန်းအတုလို့ မသတ်မှတ်ဘူး၊ ၀ိနည်းနှင့် မညီဘူးလို့ မဆိုခဲ့ဘူး။ အခု အစိုးရ ဆိုသူတွေက သူတို့ကို တော်လှန်တော့ အမျိုးမျိုး စွပ်စွဲ သမုတ် နေခြင်းမှာ အလွန်ကလေး ဆန်လှတယ်။ တကယ်တော့ ရဟန်းတော်တွေဟာ ပြည်သူတို့ ဘက်ကရပ်ပြီး မတရားမှု ဟူသမျှ ခေတ်အဆက်ဆက် ဆန့်ကျင်ခဲ့ကြတာပါ။

မေး – တပည့်တော် မေးချင်တာကတော့ ကုန်သွားပါပြီဘုရား။ ဆရာတော်အနေနဲ့ ထပ်မံ မိန့်ကြား ချင်တာများရှိရင် မိန့်ပေးပါဦး ဘုရား။

ဖြေ- ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင် လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တစ်ဖက်သတ် ရေးဆွဲ ထားတဲ့ အခြေခံဥပဒေကို ဦးဇင်းတို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်း အပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့၊ မသမာမှုနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဦးဇင်းတို့ ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေ အတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုက တစ်ဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုး အားလုံး တန်းတူညီမျှမှုကို အာမခံမယ့် အခြေခံဥပဒေတစ်ရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ အတုအယောင် အခြေခံ ဥပဒေကို လိုက်နာပါ့မယ်လို့ ဦးဇင်းတို့ ခံဝန်ချက် မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

အောင်ထွန်းလင်း

မြန်မာသံတော်ဆင့်သတင်းဌာန -

ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀အတွေ့အကြုံ

ဘာလိုလိုနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်ခဲ့တာ အခုဆိုရင် ၇ နှစ် သက်တမ်းကို ရောက်လို့လာပါပြီ။ ဒါပေမဲ့လည်း အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေရဲ့ တောင်းဆိုချက် တွေကတော့ ဒီကနေ့ အချိန်အထိ မေ့ပျောက် ခံထားရဆဲပါ။ ထို့အတူ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ သံဃာ့ခေါင်းဆောင် တွေဟာလည်း ပြည်ပကို ထွက်သူထွက်၊ လူထွက်သူထွက်နဲ့ ပြုတ်ပြုတ်ပြုန်းမတတ် ဖြစ်နေပါပြီ။ ကျန်ရှိနေသေးတဲ့ သံဃာတော် တွေကတော့ တတ်နိုင်သမျှ စွမ်းအားနဲ့ အခုအချိန်အထိ ရွှေဝါရောင် သံဃာတော်များ တောင်းဆိုချက်ကို စွဲကိုင်လို့ အစိုးရကို တောင်းဆိုနေကြဆဲပါ။ ဒါပေမဲ့လည်း အခုအချိန်အထိလည်း စစ်တပ်ယူနီ ဖောင်းချွတ် အရပ်သား အစိုးရကတော့ မသိသလို နေရင်းနဲ့သာ သမိုင်းကိုဖျောက်မယ့် အနေအထားမှာပဲ ရှိပါသေးတယ်။

မြန်မာနိုင်ငံမှာ သံဃာတွေ အုန်းအုန်းကျွက်ကျွက် ပါဝင်တဲ့ အရေးတော်ပုံဟေ့ ဆိုရင် ၁၉၈၈ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံနဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီးပါ။ အထူးသဖြင့် သံဃာတော်တွေ ဦးဆောင်တယ်လို့ ပြောလို့ရတဲ့ အရေးတော်ပုံဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုပါ။ ပြည်သူတွေရဲ့ အထွေထွေ ကျပ်တည်းမှု၊ စစ်အစိုးရက ပခုက္ကူမှာ သံဃာတော်ကို ဓာတ်တိုင်မှာ ကြိုးချည် ရိုက်ခဲ့တဲ့ ကိစ္စတွေကနေ အကြောင်းပြုလို့ ဖြစ်ခဲ့တဲ့ အရေးတော်ပုံ လှုပ်ရှားမှုပါ။

ပြည်သူတွေအတွက် မေတ္တာပို့ လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြတဲ့ သံဃာတော်တွေကို စက်တင်ဘာ ၂၆ ရက်မှာ ရန်ကုန်မြို့ရဲ့ အထင်ကရ စေတီတော်ကြီးဖြစ်တဲ့ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်မှာ စစ်အစိုးရ တပ်တွေက အကြမ်းဖက် ဖြိုခွင်းမှု စတင်ခဲ့တာပါ။ ဒါတင်လား မဟုတ်ပါဘူး။ အဲဒီမှာ ဖြိုခွင်းခံရလို့ အရပ်ရပ်ကို ပျံ့နှံ့သွားပြီး ဆက်လက်ချီတက် မေတ္တာပို့ အမျှဝေကြတဲ့ သံဃာတော်တွေကို နေရာအနှံ့မှာလည်း အလားတူ အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ အနှံ့အပြားမှာ အခုလိုမျိုး ချီတက် လမ်းလျှောက် မေတ္တာပို့ အမျှဝေကြတဲ့ သံဃာတော်တွေကို နေ့ခင်း နေ့လယ်တွေမှာ အကြမ်းဖက် ဖြိုခွင်းခဲ့တာ မဟုတ်ပါဘူး။ ညပိုင်းတွေမှာလည်း လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့တဲ့ သံဃာတွေရဲ့ ကျောင်းတွေကို ၀င်စီးနင်း၊ ရိုက်နှက်ဖမ်းဆီး တာတွေကို လည်း တောက်လျှောက်ဆိုသလို လုပ်ခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ သံဃာတော်တွေကို နှစ်ရှည်ထောင် ဒဏ်ချ၊ ကျောင်းတိုက်တွေကို ချိပ်ပိတ်နဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုဟာ စစ်တပ်ရဲ့ သေနတ်ပြောင်းဝ အောက်မှာ အားပျော့ခဲ့ရတယ်။ ဖမ်းဆီးမခံရတဲ့ သံဃာတော် တချို့ဟာလည်း စစ်အစိုးရရဲ့ ဖိနှိပ်မှုကိုရတဲ့အားနဲ့ ဆက်လက် တွန်းလှန်မယ် ဆိုတဲ့စိတ်နဲ့ နယ်စပ်တွေကို ရှောင်ပုန်း၊ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံရင်း ရတဲ့နည်းနဲ့ ဆက်လုပ်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်အစိုးရ အာဏာပိုင်တွေ ဘက်က ၀ိနည်းနဲ့ မညီကြောင်း၊ သံဃာတုများသာ ဖြစ်ကြောင်း သတင်းမျိုးစုံ လွှင့်ခဲ့သလို လူမသိ သူမသိ နှိမ်နင်း ခဲ့မှုတွေကိုလည်း စဉ်ဆက်မပြတ် ဆိုသလို လုပ်ခဲ့ပါတယ်။ ဒါတင်လား မဟုတ်ပါဘူး။ သံဃာတော်တွေကို ဖြိုခွင်းဖို့အတွက် တစ်ရက် ဘယ်လောက်ဆိုပြီး ခေါ်ယူခဲ့တဲ့ စွမ်းအားရှင်တွေ စုဆောင်းပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တာတွေ အများကြီးပါ။ ဒါပေမဲ့လည်း အခုလိုမျိုး သံဃာ့ အရေးအခင်း ဖြိုခွင်းခံရမှု ၇ နှစ်ပြည့်တဲ့ အချိန်အထိတော့ အစိုးရက မတုန်မလှုပ်နဲ့ တောင်းပန်တာမျိုး မရှိ၊ ဥပေက္ခာပြုထားဆဲပါ။

ပြည်ပမှာ ခိုလှုံနေရတဲ့ သံဃာတော်တွေနဲ့ ပတ်သက်လို့ စိတ်မကောင်းစွာဘဲ ကြားလိုက်ရတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ ၇ နှစ်ပြည့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင် သံဃာတော် အဖြစ် ပါဝင်ခဲ့တဲ့ ဆရာတော် ဦးထာဝရ မိန့်ကြားလိုက်တဲ့ စကားတစ်ခွန်းပါ။

““စစ်အုပ်စုရဲ့အကြမ်းဖက် နှိမ်နင်းလိုက်လို့ ဟိုတစ်စု ဒီတစ်စု နယ်စပ် ဒေသဘက် ထွက်ပြေးကြရာ အစိုးရကို ပြန်တိုက်မယ်ဆိုပြီး ဦဇင်း ပြည်ပ ထွက်ပြေးခဲ့တာပါပဲ၊ တကယ်တော့ ဦးဇင်းရဲ့နိုင်ငံရေးဟာ အခုတော့ သေနေ ပါပြီ။ အဲဒါကြောင့် လူငယ်မျိုးဆက်တွေကို သတိပေးချင်တာကတော့ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း လုပ်ကိုင်တာထက် လူထုတစ်ရပ်လုံးက လေးစား ချစ်ခင်တဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု အောက်မှာ အားလုံးပါဝင်ပြီး ၀ိုင်းဝန်းပြီးတော့ လုပ်ကြရမှာပါ။ ကိုယ်ကျရာ နေရာကနေ တက်ညီလက်ညီနဲ့ ၀ိုင်းပြီး လုပ်မယ်ဆိုရင် တကယ့်လူထု အောင်ပွဲအစစ် ကို မြင်ကြရမှာပါ””လို့ ဆရာတော် ဦးထာဝရက မိန့်ကြား ခဲ့တာပါ။ ဦးထာဝရဆိုတာ သံဃာ့အရေးအခင်း အတွင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ ကိုယ်စားလှယ်အဖွဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ပါဝင်လှုပ်ရှားခဲ့တဲ့ သံဃာ့ခေါင်းဆောင် ရဟန်းတော် တစ်ပါးပါ။ ဒါပေမဲ့လည်း အခုအချိန်မှာတော့ စစ်အစိုးရရဲ့ဖမ်းဆီးမှုကို ရှောင်ရှား ရင်းနဲ့ နော်ဝေနိုင်ငံမှာ သီတင်းသုံး နေရတဲ့ ဦးဆောင်သံဃာတော်ပါ။

ပြည်ပမှာ သံဃာတော်တွေ ရပ်တည်ရတဲ့ အနေအထားနဲ့ လုပ်ပိုင်ခွင့်ရတဲ့ အတိုင်းအတာ တစ်ခုအရသာ နိုင်ငံ့ အတွက် ဟောပြော နိုင်ပေမယ့်လည်း ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှု ကာလကလို ပြည်သူနဲ့ အနီးကပ် ထိတွေ့မှု နည်းပါး လာတာ၊ ကိုယ်ပြောပြချင်တဲ့ သတင်းစကားကို ဖြန့်ဝေနိုင်မှု အားနည်းလာတာ၊ သံဃာထု အချင်းချင်း အဆက်အသွယ် ပြတ်တောက်မှု များပြားလာခြင်းက စစ်အစိုးရကို ပြန်လည် တွန်းလှန်နိုင်ဖို့ အားနည်းခဲ့ရတဲ့ သဘောပါပဲ။

မည်သို့ပင်ဖြစ်စေ သံဃာ့ အရေးအခင်းကြီးကို အကြမ်းဖက်ဖြိုခွင်း ခံခဲ့ရတာ ၇ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ထိုနည်းတူ လက်ပံတောင်းတောင် လယ်တီသိမ်ကျောင်း ဖယ်ရှား မပေးရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခဲ့တာဟာလည်း အခုဆိုရင် ၂ နှစ်နီးပါး ရှိနေပါပြီ။ ဒီအပြုအမူတွေ အပေါ်မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက တရားဝင် ၀န်ချတောင်းပန်တာ ဆိုလို့ အခုအချိန်အထိ မရှိသေးပါဘူး။

လွန်ခဲ့တဲ့ ၇ နှစ် ကာလက ပြည်သူတွေရဲ့ အထွေထွေ ကျပ်တည်းမှုက အခုအချိန် အထိလည်း ရှိနေဆဲပါ။ စားရမဲ့၊ သောက်ရမဲ့ ဘ၀တွေမို့ လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ မွေးကင်းစကလေး ငယ်တွေ၊ ကျောင်းနေအရွယ်မှာ စာသင်ခန်းကို စွန့်လို့ နွားနဲ့ဖက်ရုန်း နေရတဲ့ကလေးသူငယ်တွေ၊ မိဘ လက်ငုတ်ရင်း လယ်လေးနဲ့ အသက်ဆက် နေရတဲ့ ဘ၀တွေကို စီမံကိန်း အကြောင်းပြ သိမ်းယူတာကို မကျေနပ်လို့ ဆန္ဒပြမိတာကြောင့် ယောက်ျား သား တွေမှန်သမျှ ထောင်နန်းစံရပြီး ကလေးတွေနဲ့ ကျန်ရစ်ခဲ့တဲ့ အမျိုးသမီးငယ်တွေ ရှိနေဆဲပါ။ ဒါတင်လား မဟုတ်ပါဘူး။

အရပ်သား အစိုးရသာ ပြောင်းလာပါတယ်။ အထွေထွေ ကျပ်တည်းမှုအပြင် အထွေထွေ ဖိနှိပ်မှု တွေကလည်း ရှိနေဆဲပါ။ လယ်သိမ်းလို့ ဆန္ဒပြလို့ ထောင်ချ၊ မြေသိမ်းဆန္ဒပြလို့ တရားစွဲ၊ လယ်မြေသိမ်းတာကို ကူညီလို့ တရားစွဲ အမှုဆင်၊ လယ်သိမ်းလို့ ပြန်ဝိုင်း သေနတ်နဲ့ပစ် စတဲ့စတဲ့ ဖိ နှိပ်မှုတွေက အများကြီးပါ။ နယ်မြေဒေသ တွေသာ ကွာခြားပေမယ့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ ဖိနှိပ်မှုတွေကို နေရာအနှံ့ ဆက်လုပ် နေဆဲပါပဲ။

ဆရာတော် ဦးထာဝရ မိန့်ခဲ့သလို ကျွန်တော်တို့တွေ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ လုပ်နေရင်ဖြင့် ဖိနှိပ်မှုတွေက ရပ်တန့်မှာ မဟုတ်သလို ပြည်သူတွေရဲ့ ချွတ်ခြုံကျ ဘ၀တွေလည်း ဒုံရင်း အတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ တိုးတက်တယ်လို့ အစိုးရက ပြောနေပေမယ့်လည်း လက်တစ်ဆုပ်စာ လူတန်းစား က ကြွယ်ဝရင်း ကြွယ်ဝ နေပေမယ့်လည်း ပြည်သူတွေကတော့ ထမင်းတစ်နပ်အတွက် အမောဖောက် နေရဆဲပါ။ ဒါကြောင့် အနယ်နယ် အရပ်ရပ်၊ အတန်းအစား ပေါင်းစုံက ဖိနှိပ်ခံ ပြည်သူတွေအနေနဲ့ ဘုရား သားတော် သံဃာတော်များ သွေးမြေကျ ကူညီဖေးမခဲ့ပေမယ့် ၇ နှစ်တိုင် မေ့ဖျောက် ခံထားရတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို နှလုံးမူလို့ မိမိတို့ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေနဲ့အညီ အထွေထွေ ကျပ်တည်းမှု၊ အထွေထွေ ဖိနှိပ်မှုတွေကို ဖယ်ရှား နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။

မြန်မာသံတော်ဆင့်သတင်းဌာန

(၁)

ဒီနှစ် တွေမှာ...
ထူးထူးခြားခြာသတိထားမိတာကတော့
ရာသီဥတုပူတာပဲဖြစ်ပါတယ်..

ကျွန်တော်တို့နိုင်ငံဟာ..
ကျွန်တော်တို့ငယ်ငယ်က..
တစ်ခါမှ မကြားဘူးခဲ့တဲ့...
နွေရာသီတွေမှာ အပူလွန်ကဲပြီး...
ခရမ်းလွန်ရောင်ခြည် လွန်ကဲလာတဲ့
သတိပေးမှုတွေကိုလဲ
မကြာခဏကြားလာရတာကို
သတိထားမိလာတယ်.၊

အခုမိုးတွင်းမှာလဲ..
တစ်သက်လုံးရေမကြီးဖူးတဲ့ဒေသတွေမှာ
ရေကြီးတာတွေဖြစ်နေပါတယ်၊

တိုင်းပြည်ရဲ့ သယံဇာတတွေ..
ရေမြေတောတောင်တွေ
သိသိသာသာဆုတ်ယုတ်လာတဲ့အတွက်
ရာသီဥတုတွေ ဖေါက်ပြန်လာတာပေါ့ဗျာ..

----------------

ကမ္ဘာမှာ မြန်မာဟေ့လို့..
စတင်ပေါ်ပေါက်လာတဲ့အချိန်ကတည်းက
ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတုကို
အဓိက ထိန်းညှိပေးတာကတော့..
တစ်ချိန်က...နိုင်ငံအနှံ့စိမ်းလန်းခဲ့တဲ့
သစ်တောကြီးတွေပဲဖြစ်ပါတယ်..၊

အင်္ဂံလိပ်တွေမြန်မာနိုင်ငံကို
နှစ် ၁၀၀ လောက်အုပ်ချုပ်တဲ့အချိန်မှာ
တိုင်းပြည်ရဲ့ သယံဇာတဖြစ်တဲ့
ကမ္ဘာ့နံပါတ် (၁) မြန်မာ့ကျွန်းသစ်ကို..
စီးပွားဖြစ်ထုတ်လုပ်ခဲ့ပေမဲ့
မြန်မာ့သစ်တောတွေဟာ နှစ်ပေါင်းတစ်ရာအတွင်းမှာ
အလွန်အမင်း ပျောက်ကွယ်သွားတာမျိုးမရှိခဲ့ပါဘူး..၊

ဘာကြောင့်လည်းဆိုတော့
သစ်တောထိန်းသိမ်းနည်းစနစ်တွေ
သစ်တောပညာတွေနဲ့
အသုံးပြုထိန်းသိမ်းနိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်..
သစ်တောမွေးမြူတဲ့စနစ်တွေ..၊
သစ်တောစိုက်ပျိုးမှုနည်းပညာတွေကိုပါ
အဲဒီခေတ်က ပညာရှင်တွေထွန်းကားခဲ့တဲ့
အင်္ဂံလိပ်တွေဟာ..
ကျွန်တော်တို့ မြန်မာလူမျိုးတွေကိုပါ
လက်ဆင့်ကမ်းခဲ့ပါတယ်..၊

အဲဒီသစ်တောထိန်းသိမ်းနည်းပညာတွေဟာ..
မဆလလက်ထက်အထိ စနစ်တကျဖြစ်ခဲ့ပါတယ်.
မဆလ အာဏာရှင်ဦးနေ၀င်းဟာ...
သစ် ၊ ကျောက်မြက် ၊စွမ်းအင်စတဲ့ သယံဇာတတွကို
လွန်ကဲစွာထုတ်ယူသုံးစွဲခြင်းမရှိတာကိုလည်း
တွေ့ရပါတယ်..၊

အဲဒီအတွက်ကြောင့်လည်း ၁၉၈၈ ခုနှစ်အထိ..
မြန်မာနိုင်ငံဟာ..ကမ္ဘာက မျက်စိကျနေတဲ့.
ဆင်းရဲတဲ့အပျိုစင်နိုင်ငံတစ်ခုအဆင့်မှာ..
ရပ်တည်ခဲ့သေးပါတယ်...၊

မြန်မာ့ သစ်တောတွေ..၊ ကျောက်မျက်တွေ..၊
စွမ်းအင်တွေကို ကမ္ဘာက သွားရည်တမြားမြားနဲ့
မျက်စေ့ကျနေကြတာပေါ့ဗျာ...။

---------------------------

(၂)

အဲဒီနောက်ပိုင်း စစ်အာဏာရှင်
နအဖအစိုးရတက်လာတဲ့အချိန်မှာ
နအဖအစိုးရရဲ့ ညံ့ဖျင်းတဲ့အတွေးအခေါ်နဲ့
စုတ်ပြတ်နေတဲ့အမျှော်အမြင်ကြောင့်..
ကမ္ဘာ့က အော့ကြောလန်ဘ၀ကို ရောက်ခဲ့ပြီး...
စစ်အာဏာရှင်တွေ ရဲ့ မသမာမှုတွေကြောင့်
ကမ္ဘာကစီးပွားရေးပိတ်ဆို့တာကို
ခံခဲ့ရပါတယ်..၊

စီးပွားရေးပိတ်ဆို့တဲ့ ရည်ရွယ်ချက်က..
လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေးကို..
နကန်းတစ်လုံးမှ မသိတဲ့ အာဏာရှင်တွေကို
နောင်ကျဉ်သွားအောင်လုပ်တာ
ဖြစ်ပါတယ်...၊၊

၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့
NLD ကို နှိပ်ကွပ်လို့ဖြစ်ပါတယ်..၊

တိုင်းပြည်စီးပွားရေးပိတ်ဆို့ခံရရင်
ပြည်သူတွေမခံမရပ်နိုင်ဖြစ်လာမယ်
အဲဒီအခါကြရင် အာဏာရှင်အကြပ်ရိုက်ပြီး
ပွင့်လင်းမြင်သာတဲ့ဒီမိုကရေစီစနစ်ကို
ပြည်သူတွေကို ဖေါ်ဆောင်ပေးမယ်..လို့ယူဆပြီး
စီးပွားရေးပိတ်ဆို့ခဲ့တာဖြစ်ပါတယ်..

ဒါပေမဲ့ စစ်အစိုးရဟာ..
စီးပွားရေးပိတ်ဆို့မှုအတွက်
ပြည်သူကိုသာထိခိုက်အောင်
လုပ်ခဲ့ပြီး သူတို့ကျတော့
သယံဇာတတွေအကုန်လုံးကို ထုတ်ရောင်းစားကာ..
သူတို့အာဏာအသက်ကို
ဖြစ်တဲ့နည်းနဲ့ သက်ဆိုးရှည်အောင်လုပ်ခဲ့ပါတယ်..။

သက်ဆိုးရှည်တယ်လို့ဆိုရာမှာ..

တိုင်းပြည်ရဲ့ စီးပွားရေးလည်ပတ်မှုအတွက်
သယံဇာတထုတ်သုံးတာမျိုးဟာ
လက်ခံနိုင်စရာရှိပေမဲ့...
သူတို့ရဲ့ Personal ပိုင်ဆိုင်မှုတွေအတွက်
သယံဇာတတွေကို
ထုတ်ယူရောင်းစားခဲ့တာမျိုးဖြစ်နေတဲ့အတွက်..
.လောဘမသတ်နိုင်အောင်ဖြစ်ပြီး
တိုင်းပြည်က ဆင်းရဲတွင်းနက်သည်ထက်နက်ပြီး
အာဏာရှင်မိသားစုတွေကတော့
ချမ်းသာပြီးရင်းချမ်းသာခဲ့ပါတယ်..၊

အဲဒီလို လုပ်ခဲ့ကြတဲ့အချိန်မှာ
အဓိက ဒဏ်ခံရတာကတော့
မြန်မာ့ကျွန်းသစ်များနဲ့သစ်တောတွေဖြစ်ပါတယ်.၊

--------------------

(၃)

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာဟာ
ခရိုနီတွေကို သစ်ထုတ်ပိုင်ခွင့်တွေ
ပေးလိုက်ရတဲ့အချိန်ကစပြီး...
မျက်လှည့်ပြလိုက်သလို လျော့ပါးလာတာကို
တွေ့ရပါတယ်...၊

တစ်ခေတ်မှာ တစ်ချက်ကောင်းဆိုသလို..
ပညာဥာဏ်မဲ့ ခုတ်ထွင်ခဲ့ကြလို့
မြန်မာ့သစ်တောတွေဟာ..
တစ်တိတိပြုန်းတီးနေပြီး...
ကမ္ဘာက ပါးစပ်အဟောင်းသား
ဖြစ်သွားလောက်အောင်ကို..
ပြောင်စင်ခဲ့ရပြီ ဖြစ်ပါတယ်..၊

သစ်တောကိုထုတ်ရာမှာ
တရားဝင်ရောတရားမ၀င်ရော
နည်းမျိုးစုံနဲ့ထုတ်တဲ့အပြင်
"သစ်တောထိန်းသိမ်းမှုပညာဆိုတာ ဂျိုနဲ့လား" ..လို့ကို
မေးရမလိုဖြစ်တဲ့အထိ..စည်းကမ်းမဲ့ခဲ့ကြပါတယ်..
ဒါကို ဗိုလ်ချုပ်တွေကိုယ်တိုင်ကိုက
မသိချင်ယောင်ဆောင်ပေးခဲ့ကြပါတယ်..။

အဲဒီလိုမျိုးနဲ့ အပြိုင် ဆက်စပ်တဲ့ ဆိုးကျိုးတွေကတော့..
တရုတ်တွေရဲ့ အာဏာရှင်တွေနဲ့ပေါင်းပြီး တရုတ်ပြည်ရဲ့
စွမ်းအင်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့အနေနဲ့.
မြစ်တွေကို ပိတ်ပြီးရေအားလျှပ်စစ်အတွက်..
ဆည်တွေ တာတမံတွေတည်ဆောက်ခြင်းပါပဲ...၊

အဲဒီလိုဖြစ်နေတာကို ထပ်ပြီး ပိုမိုဆိုးဝါးစေတာကတော့..

ပြည်သူတွေမှီခိုအားထားနေရတဲ့ မြစ်ကြီးတွေရဲ့
မြစ်ညာဒေသတွေမှာ....သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေကို
စုတ်ပြတ်သတ်နေအောင် လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်..၊

ရွှေလိုသတ္တုမျိုးကိုတူးဖေါ်ရင်..
ဆိုင်ယာနိုက်လို အဆိပ်ပါတဲ့ ဓာတုရည်တွေကို
အသုံးပြုရတဲ့အတွက် တစ်ချို့ဒေသတွေမှာ..
ကြည်လင်လှတဲ့မြစ်ချောင်းတွေ အဆိပ်ဖြစ်ခဲ့ကြပါတယ်၊

ပြီးတော့
တစ်ချိန်တုန်းက ဂျပန်တွေလက်နက်ချတာကို
တစ်နှစ်လောက် နောက်ကျပြီးမှသိခဲ့တဲ့အထိ
ဂျပန်စစ်တပ်တစ်တပ်လုံး
တစ်နှစ်လောက်မျက်စိလည်စေခဲတဲ့ ပဲခူးရိုးမဟာ...
ရိုးမလို့ ခေါ်စရာမရှိလောက်အောင်ကို
ပျောက်ကွယ်သွားပြီး..ကျန်တဲ့ ၇ိုးမတွေဟာလည်း..
ကတုံးပြောင်တွေဘ၀ရောက်ရှိသွားပါပြီ..၊

---------------------

(၄)

အာဏာရှင်ဟာ...
"မြန်မာ့ ရေ.မြေ..တော..တောင်..."လို့ ခေါ်တဲ့အချက်တွေထဲက
ရေ ကော.. မြေကော.. တောကော.. တောင်ကော..ကို
ဗြောင်းဆန်အောင်အပြောင်ရှင်းခဲ့တာပါ...၊

ဥပမာပြောရရင်..မြစ်ဆုံဆည်အတွက်
ဧရာဝတီကိုတောင်ပိတ်ဆို့ခဲ့ကြသလို
မြစ်ဆုံစီမံကိန်းဒေသရဲ့ ရေ၀င်ဧရိယာတွေက
သစ်တောနဲ့ သဘာဝတောရိုင်းတွေကို
တရုတ်တွေက တစ်ရက်ကို ကားအစီး တစ်ရာကျော်နဲ့
ညစဉ် သယ်ထုတ်ခဲ့ကြတာက
ခိုင်မာတဲ့သက်သေတွေဖြစ်ပါတယ်..

အဲဒီလိုပဲ.. စီမံကိန်းတောင် ဖြစ်မဖြစ်မသေချာတော့တဲ့
ထမံသီဒေသကသစ်တောဧရိယာ ဧက (၃)သိန်းကျော်ကို..
စီမံကိန်းအကြောင်းပြကာ..ကြိုတင်အပြောင်ရှင်းပြီး
အမြတ်ထုတ်ခဲ့တာတွေက သက်သေပဲဖြစ်ပါတယ်..၊

ရင်နာစရာကောင်းလိုက်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်..။

တိုင်းပြည်တစ်ခုလုံး နှစ်ထောင်ချီ တည်ရှိခဲ့တဲ့
သဘာဝ ဂေဟစနစ်တစ်ခုလုံးကို
ဇောက်ထိုးဖြစ်အောင် လုပ်ခဲ့ကြပါတယ်..

နောင်အနှစ် လေးငါးရာအတွင်းမှာ
ဒီလိုမျိုးသစ်တောတွေကိုပြန်မွေးမြူဖို့..
လုံးဝမလွယ်ပါဘူး..

တိုင်းပြည်မှာ လက်ရှိကျန်ရှိနေတဲ့
သစ်တောဧရိယာ အစစ်အမှန်
ဧကဘယ်လောက်ကျန်သေးသလဲ
ဆိုတာကို လက်ရှိအစိုးရအဖွဲ့ဝင်တွေ
ပြည်သူကို တရားဝင်မကြေငြာရဲတာကို
တွေ့ရမှာဖြစ်ပါတယ်.။

ရင်းနှီးတဲ့ သစ်တောပညာရှင်တွေပြောအရတော့..
အစိုးရကိုယ်တိုင်က Paper work ထဲမှာ
နစ်မြုတ်နေဆဲဖြစ်တဲ့အတွက်..
လက်ရှိ သစ်တောဧကဟာလည်း..
အပြင်မှာထက်..စာရွက်ထဲမှာ အများကြီး
ပိုပြထားတယ်...လို့ မှတ်သားရဖူးပါတယ်။

၂၀၁၄ Google Map မှာတော့ မြန်မာနိုင်ငံဟာ..
ထိုင်းနိုင်ငံထက်ကို အစိမ်းရောင်အကွက်တွေ
သိသိသာသာ...နည်းသွားတာကို
တွေ့ရမှာဖြစ်ပါတယ်..၊

အစိုးရဟာသစ်အလုံးလိုက်တင်ပို့ရောင်းချမှုတွေကို
တားမြစ်ထားတယ်လို့ လူကြားကောင်းအောင်
ပြောပြီးတဲ့နောက်မှာ.
သစ်အတွေကိုအလုံးလိုက်ခုတ်ကြပြီးမှ..
မြစ်ရိုးအတိုင်း မျောလာပြီါ် မြစ်ကမ်းနဖူးတွေမှာရှိတဲ့
သစ်ခွဲစတ်ကတွေဆီအမြန်ပို့ ခွဲစိတ်ဖြတ်တောက်ပြီး
နြိုင်ငံခြားကို ပို့ကြမှာဖြစ်တဲ့အတွက်..

ခရိုနီတွေဟာ..မြစ်ကမ်းစပ်ဘေးတွေမှာ
ကြီးမားတဲ့သစ်ခွဲစက်ကြီးတွေထောင်နေကြတယ်
ဆိုတဲ့ သတင်းတွေလဲ ကြားလာရပါတယ်..၊

ပြည်သူကို နားလှည့်ပါးရိုက်လုပ်တာ
ဖြစ်ပါတယ်..၊

အံ့ကြိတ်ရုံမှတပါး..အခြားမရှိပါဘူးဗျာ.။

---------------

(၅)

နိုင်ငံခြားရုပ်ရှင်တွေကို
စွဲစွဲမြဲမြဲ ကြည့်တတ်တဲ့ ကျွန်တော်ဟာ
နိုင်ငံခြားကာတွန်း ရုပ်ရှင်ကားကြီးတွေကို
အရင်က မကြည့်ဖူးပါဘူး..

နောက်ပိုင်းမှာ...
ဒီအသက်အရွယ်ရောက်မှ
ကမ္ဘာကျော်.ကာတွန်းကားအချို့ကို..
စွဲစွဲမြဲမြဲ နှစ်သက်လာပါတယ်

ဘာလို့လဲဆိုတော့...
ကျွန်တော်ဟာ..သူငယ်ပြန်သွားလို့တော့မဟုတ်ပါ..

နိုင်ငံတကာအဆင့်မီ
ကမ္ဘာကျော်ကာတွန်းရုပ်ရှင်ကြီးတွေမှာ..
အများစုဟာ..
ကမ္ဘာကြီးရဲ့ ရေမြေတောတောင်
သယံဇာတ ထိန်းသိမ်းချင်လာအောင်..၊
တိရစ္ဆန်မျိုးစိတ်တွေကို
ထိန်းသိမ်းစောင့်ရှောက်ချင်လာအောင်..၊
သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်စေမဲ့အပြုအမူတွေကို
ရှောင်တတ်လာအောင်.၊
ပင်လယ်သမုဒ္ဒရာ သယံဇာတတွေကို
မညစ်နွမ်းအောင် နေထိုင်တတ်လာအောင်.၊
ဇာတ်အိမ်တည်ထားသလို..

ရှားပါးပြီး မျိုးတုံးပျောက်ကွယ်တော့မဲ့
တောရိုင်းတိရစ္ဆာန်လေးတွေကို
ဇာတ်ကောင်အဖြစ် ရိုက်ကူးပြသထားလို့ပါပဲ

သဘာဝသယံဇာတကို
ထိန်းသိမ်းဖို့အတွက်..
ပညာတွေအများကြီးပေးထားတဲ့
ဇာတ်လမ်းတွေဖြစ်လာလို့ပါပဲ..၊

ကလေးသူငယ်တွေသာမက
လူကြီးတွေကို ဒီလိုအသိကို ရိုက်သွင်းပေးခဲ့တဲ့
ကာတွန်းဇတ်ကားတွေပေါ့ဗျာ..

ကို ဖြစ်နိုင်ရင်..
စစ်အာဏာရှင်တွေကိုစုပြီး
ဒီကာတွန်းကားတွေတောင်
ပြချင်စိတ်တောင်ဖြစ်လာပါတယ်...၊

---------------

(၆)

ပြီးတော့..
ကျွန်တော်ငယ်ငယ်က..ဖတ်ခဲ့ဖူးတဲ့..

ကချင်ပြည်နယ် မြောက်ဖျားက..
.ကြံပစ်တဲ့မုဆိုးအကြောင်း၊
ကချင်မြောက်ဖျားက လူသူမရောက်တဲ့
တောအုပ်ကြီးတွေ ကိုလေ့လာပြီး ရေးတဲ့
ကာတွန်းမောင်ငြိမ်းချမ်းစိုင်းဗေဒါ စတဲ့ရုပ်ပြတွေ..၊

ရိုးမတောထဲက
ဆင်ဖမ်းတဲ့အကြောင်း ၀တ္တုတိုတွေ.၊

ရိခိုင်ရိုးမ မုဆိုး တွေရဲ့
တောလည်ထွက်တဲ့အကြောင်း ၀တ္တုတွေ.၊

မြန်မာ့ရေခဲတောင်တွေအကြောင်း..
လှို့ဝှက်ဆန်းကျယ်တဲ့ ရိုးမတောတွေအကြောင်း..
စာအုပ်တွေဟာလည်း..

ကွယ်ပျောက်သွားတဲ့ သစ်တောတွေနဲ့အတူ...
တစ်ပါတည်း..ပျောက်ကွယ်သွားပြီဖြစ်ပါတယ်..၊

-------------

(၇)

ဒေါ်စုရဲ့ စကားတစ်ခွန်းကို ..လက်ဆောင်ပေးချင်ပါတယ်..

" " တကယ့်နိုင်ငံရဲ့ရတနာကတော့ ..
နိုင်ငံသူ နိုင်ငံသားတွေပဲ။
နိုင်ငံသူ နိုင်ငံသားတွေအရည်အချင်းမရှိရင်
မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊
မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊
ဘယ်လောက်များများ အချည်းနှီးပဲ။

ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။
အင်မတန်မှကမ္ဘာကတန်ဖိုးထားတဲ့
ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။
ပျောက်ကွယ်သွားပြီ။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့
တကယ့်ရတနာတွေဖြစ်တဲ့
ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ ....၊

ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။
ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊
နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ
ကြီးပြင်းလာသလဲလို့။

သူတို့ရဲ့မိဘတွေက ဘယ်လိုများ
သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။

ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ
ငယ်ရွယ်တဲ့ သားသမီးတွေရှိ တဲ့
ပြည်သူတွေကို စဉ်းစားစေချင်တယ်။

ငါတို့ သားသမီးတွေသာ နိုင်ငံမှာ
အင်မတန် သြဇာရှိတဲ့ရာထူးတွေ ရခဲ့ရင်
ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။
စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ " "

( ၉-၁၂-၂၀၁၂ ၊ မကွေးမြသလွန်ဘုရားတွင်ပြောကြားချက်)
--------------

( Pa Yit)

မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ အသတ်ခံနေရတာ တစ်နှစ်ကျော်အတွင်း အနည်းဆုံးအယောက် ၂၀ ကျော်ရှိနေပြီး၊ တရားခံကိုလည်း ဖေါ်ထုတ်ဖမ်းဆီးနိုင်တာ မရှိတဲ့အတွက် မြန်မာ အလုပ်သမားတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  မလေးရှားနိုင်ငံက ကပုန်းနာရေးကူညီမှုအသင်းဥက္ကဌ ကိုဆန်းဝင်းက RFA ကို အခုလိုပြောပါတယ်။

"လူတကာတွေကြားထဲမှာတော့လူတွေက အထိန့်တလန့်တွေဖြစ်နေကြတယ်၊ ကျန်တဲ့လူတွေလည်း များပါတယ်၊ အခု တနင်္လာနေ့ဆိုရင်လည်း မြန်မာနိုင်ငံက အထောက်အထားတွေပြပြီး ပြန်ကြ မယ့်သူတွေလည်း အခုတအားများပါတယ်၊ တအားကြောက်နေကြပါတယ်၊ လမ်းသွားရင်တောင် ကြည့်သွားနေရတယ်၊ ဒီကြားထဲ ရဲဖမ်းမှုတွေကလည်းရှိနေတော့ လူတွေကမနေချင်ကြတော့ဘူး၊ စီးပွားရေးကလည်း ကျနေတဲ့အပိုင်းကလည်းပါတယ်"

နောက်ဆုံးအသတ်ခံရမှုဟာ အခုလ ၁၄ ရက်နေ့ကဖြစ်သွားပြီး၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့ နယ် ရွာသစ်ရွာက ကိုကျော်သာလှနဲ့  ရသေ့တောင်မြို့ နယ်က ကိုကျော်အေးလှိုင်တို့ ဖြစ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ ကလည်း ရခိုင်အမျိုးသမီးတစ်ဦးရဲ့ ခင်ပွန်း ကိုသက် ဆိုသူအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

အခုလိုအသတ်ခံနေရတာဟာ ပျမ်းမျှအားဖြင့် လစဉ် ၂ ယောက်နှုန်းလောက်ဖြစ်နေပြီး၊ မြန်မာသံရုံး ကလည်း ထိထိရောက်ရောက် ကူညီနိုင်တာမတွေ့ ရသလို၊ မလေးရှားအစိုးရကလည်း တရားခံမဖော်ထုတ်နိုင်ဘူးလို့ ပြော ပါတယ်။ ဒါကြောင့် မြန်မာသမ္မတက မလေးရှားဝန်ကြီးချုပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ဖိအားပေးတောင်း ဆိုစေချင်နေကြတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန် တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက အရွယ်ရောက် ပြီးလူငယ်တွေ အလုပ်လုပ်နေကြပြီး၊ စုစုပေါင်း ၂ သန်း ၄ သိန်းရှိတယ်လို့  မြန်မာနိုင်ငံ ပြည်ထဲရေးဌာန ဒုတိယ ဝန်ကြီးကပြောဆိုထားပါတယ်။
http://www.rfa.org/burmese/news/malaysia-myanmar-workers-dread-09192014114905.html/1025102e10381006101410391038101d100410391038101410321094-103110191038103b10191014103910381001103a10001039/inline.html
RFA

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူတစ်သိန်းခွဲကျော် သေခဲ့ရတဲ့ ဧရာဝတီတိုင်းကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တဲ့ အတွက် နာမည်ကျော် လူရွှင်တော် ကိုဇာဂနာကို ထောင်ဒဏ် ၅၉နှစ် အပြစ်ပေးခဲ့သလို ကျွန်တော့်ကိုလည်း ထောင်ဒဏ် ၁၉နှစ် အပြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တတိယအကြိမ် ထောင်ထဲကို ပြန်ဝင်ရတော့ နယ်ပယ်အစုံက လူတွေနဲ့ ဆုံတွေ့ရတဲ့ အတွက် တော်တော်ပျော်စရာ ကောင်းတယ်လို့ ဆိုရမယ်။

ထောင်ကျတယ်ဆိုတာ ပျော်စရာ မကောင်းပေမယ့် နိုင်ငံရေးနဲ့ သမိုင်းကို စိတ်ဝင်စားတဲ့သူဆိုရင်တော့ ထောင်ထဲမှာ လူစုံတွေ့ရလို့ တော်တော် တန်ဖိုးရှိပါတယ်။ ထောင်ထဲမှာရှိတဲ့ လူတွေကလည်း ရင်ထဲမှာရှိတဲ့ ခံစားချက်အတိုင်း ပြောပြီဆိုတော့ အစစ်အမှန်လို့ ယူဆလို့ရပါတယ်။ ၁၉၉၀ ပထမ အကြိမ် ထောင်ထဲကို ရောက်စဉ်က န၀တ အစိုးရကို မကျေနပ်တဲ့သူတွေ၊ ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေပဲ အများစု ဆုံတွေ့ခဲ့ရပါတယ်။

၂၀၀၈ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ မိသားစုတွေ အနီးကပ် လုံခြုံရေးတွေ၊ ထောက်လှမ်းရေးက ဗိုလ်မှူး ဗိုလ်ချုပ်တွေ၊ စီးပွားရေး လောကက နာမည်ကြီး ပုဂ္ဂိုလ်တွေအပြင် ဗေဒင်ဆရာတွေ၊ ဘိုးတော်တွေတောင် ပါလိုက်ပါသေးတယ်။ အပြင်မှာ အမြင်မတူမှုတွေ၊ အယူအဆ အမျိုးမျိုးတွေကြောင့် ရန်သူတွေလို ရှုမြင်ခြင်း ခံခဲ့ရပေမယ့် ထောင်ထဲရောက်တော့ သူလည်း အကျဉ်းသား၊ ကိုယ်လည်း အကျဉ်းသားဆိုတဲ့ စာနာစိတ်တွေနဲ့ ကိုယ့်ရှိတာ ကျွေးလိုက်၊ သူ့ရှိတာ စားလိုက်၊ စာအုပ်တွေ ဂျာနယ်တွေ အပြန်အလှန် လဲဖတ်လိုက်နဲ့ ချစ်သွားကြပြန်ရော။

ဗိုလ်ချုပ်တွေထဲမှာတော့ ရာဇ၀တ်မှုနဲ့ ကျနေတဲ့ ကုန်သွယ်ရေး ၀န်ကြီးဌာနနဲ့ ပညာရေး ၀န်ကြီးဌာနက ဒုဝန်ကြီး နှစ်ပါးက လွဲပြီး ကျန်တာတွေက ထောက်လှမ်းရေးက များပါတယ်။ သာယာဝတီ ထောင်ကို ရောက်သွားတဲ့ ဗိုလ်ချုပ်တစ်ဦးဆိုရင် အထက်ဗမာပြည်ရဲ့ ထောက်လှမ်းရေး အကြီးအကဲဖြစ်သလို ယခင် ပြန်ကြားရေးဝန်ကြီး လုပ်ခဲ့သလို လက်ရှိ သမ၀ါယမ၀န်ကြီးရဲ့ ခမည်းခမက်ဟောင်းလည်း ဖြစ်ပါတယ်။

လောကဓံရဲ့ ကျီစယ်ပုံကတော့ အဲဒီ့ဝန်ကြီးရဲ့သားက သူ့အဖေရဲ့ ရာထူးနဲ့ တက်လမ်းတွေကို ထိခိုက်မှာ စိုးလို့ဆိုပြီး ထောင်ကျနေတဲ့ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူကို ချက်ချင်း ကွာရှင်းခဲ့ပါတယ်။ ဒီလိုကွာရှင်းတဲ့ အချိန်မှာ မြေးဦးလေးလည်း ရနေပြီမို့ ထောင်ကျနေတဲ့ ထောက်လှမ်းရေး တပ်မှူး ဗိုလ်ချုပ်ရဲ့ အသည်းကို အစိမ်းခွဲခဲ့သလို ဖြစ်ခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် အဲဒီတုန်းက ခမည်းခမက်တော်စပ်ခဲ့တဲ့ ပြန်ကြားရေး ၀န်ကြီးကို “ကမ္ဘာမကြေ” ဆိုပြီး ပြန်ထွက်လာရင် သတ်ပစ်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ကျွန်တော်တို့လည်း အပြင်ရောက်ရင် ပွဲကြီးပွဲကောင်းတော့ ကြည့်ရပြီဆိုပြီး မျှော်လင့်ခဲ့ပေမယ့် အခုတော့ ဘာသံမှ မကြားရတော့ပါဘူး။ အဲဒီလိုပဲ ယခင်က ဘုန်းမီနေလ တောက်ပခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ ကက(ဗျူ)နဲ့ ကက(လှမ်း)က ရာထူးတက်ခါစ ဗိုလ်ချုပ်တွေလည်း အပြာရောင် ၀မ်းဆက်နဲ့ ထောင်ထဲမှာ ပနံတင့်လို့ နေပါတယ်။

ကံဆိုးသွားတာကတော့ ကက မဟာဗျူဟာရဲ့ ဌာနကြီးမှူး ဗိုလ်မှူးချုပ် သိန်းဆွေပါပဲ။ ဘာလို့လဲ ဆိုတော့ သူတို့ထောင်ကျတဲ့ အချိန် ထောင်ထဲကို ကြိုရောက်နေပြီး ဘယ်သူ့ကိုမှ ဗိုလ်မထားတဲ့ ယခင် စစ်ကိုင်းတိုင်း တိုင်းမှူး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဗိုလ်မှူးကြီး ကျော်ဆန်း(အငြိမ်းစား) ရှိနေပါတယ်။ ဗိုလ်မှူးကြီး ကျော်ဆန်းကလည်း ပထမအကြိမ် ထောင်ကျပြီး ထောင်ထဲက လွတ်မြောက်လို့ ၁၈ရက် အကြာမှာ ထောက်လှမ်းရေးရဲ့ ကောင်းမှုနဲ့ နောက်တစ်ကြိမ် ထောင်ထဲ ပြန်ဝင်ခဲ့ရပါတယ်။

အမှုကတော့ သူ့ရဲ့အင်းစိန်က နေအိမ်ခြံဝင်းထဲမှာ DKBAတပ်က ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကုန်ကား တစ်စီးကို ခွင့်ပြုချက်မရဘဲ ရပ်နားခွင့်ပေးခဲ့လို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ KNUကို ထိုးနှက်ဖို့ DKBAကို မြှောက်ပေးခဲ့တဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်တွေဟာ DKBAရဲ့ ကုန်တင်ကား ဗိုလ်မှူးကြီး ကျော်ဆန်းရဲ့ အိမ်ထဲ ရပ်တာကိုတော့ ဥပဒေနဲ့ တိတိကျကျ အရေးယူခဲ့ပါတယ်။ ဒီအမှုကို လိုက်ပေးခဲ့တဲ့ ရှေ့နေကြီး ကော့ကရိတ် ဦးသိန်းညွန့် (ယခု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က အသိဆုံး ဖြစ်ပါလိမ့်မယ်။

ဒီလိုမတရား အမှုဆင် ဖမ်းဆီးပြီး ထောင် ၇နှစ် ချမှတ်ခံလိုက်ရတဲ့ ဗိုလ်မှူးကြီး ကျော်ဆန်းက စိတ်အချဉ်ပေါက်ပြီး ညတိုင်း အစိုးရကို ဆဲဆိုနေလေ့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန်က ထောင်ပိုင်ကြီး ဦးမျိုးခင် (ယခင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိ ဗိုလ်ချုပ် စိုးရှိန်၏ညီ)လည်း ဗိုလ်မှူးကြီး ကျော်ဆန်းဆိုရင် တော်တော် ကြောက်ပါတယ်။ ခက်တာက အဲဒီ့အချိန် ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ ဗိုလ်မှူးကြီး ကျော်ဆန်းရဲ့ ကိုယ်ရေးအရာရှိ ဖြစ်ခဲ့ပြီး သူ့ဆရာကို စောင့်ရှောက်လိုက်ပါဆိုတဲ့ စကားတစ်ခွန်းနဲ့ တစ်ထောင်လုံး ဦးကျော်ဆန်းဆိုရင် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပါတယ်။ ထောင်ဝင်စာ ပြန်လာလို့ သူ့ကို ရှာဖွေရေးလုပ်ရင် မကြိုက်တဲ့ အတွက် ပုဆိုးကို ကွင်းလုံးပုံချတဲ့ ဗိုလ်မှူးကြီး ဘယ်မကြောက်ဘဲ နေမလဲ။

အဲဒီ့ ဗိုလ်မှူးကြီးရှိတဲ့ (၅)ဆောင်(တိုက်)ကိုမှ ဗိုလ်မှူးချုပ် သိန်းဆွေ ရောက်သွားတော့ ကံဆိုးပြီပေါ့။ အဲဒီ့အချိန်က (၅)ဆောင်(တိုက်)ကို ရောက်သွားတဲ့ ဗိုလ်မှူးချုပ်တွေရော၊ ထောက်လှမ်းရေး တပ်မှူးတွေရော လိမ့်နေအောင် ခံရတော့တာပဲ။ ဗိုလ်မှူးကြီး ကျော်ဆန်းက တစ်သက်လုံး ကြိတ်မှိတ် မြိုသိပ်ခဲ့ရတဲ့ မကျေနပ်ချက်တွေကို နေ့တိုင်း သူတို့တိုက်ခန်း ရှေ့လာပြီး ပြောတော့တာပဲ။ တစ်ခါ တလေ ဘယ်လောက်များ ပြောသလဲဆိုရင် ညဘက် နေ၀င်ပြီး တစ်ထောင်လုံး မီးတွေဖွင့်လာတဲ့ အထိ ထောင်ကပိတ်လို့ မရသေးဘူး။ ဗိုလ်မှူးကြီး ကျော်ဆန်းက ထောက်လှမ်းရေး ဗိုလ်ချုပ်တွေ အခန်းရှေ့မှာ သင်ခန်းစာ ပို့ချနေတာ မပြီးသေးလို့ ဖြစ်ပါတယ်။

အဲဒီလို အခါမျိုးမှာ ထောင်ပိတ်လူစာရင်း လွှဲမယ့် နေ့ထောင်မှူးရယ်၊ လက်ခံယူမယ့် ညတာဝန်ခံ ထောင်မှူးရယ်၊ ထောင်ပိုင်လေးရယ်၊ သော့တွဲတွေကို ကိုင်ထားတဲ့ တပ်ကြပ်ကြီးရယ်၊ တိုက်ဂျူတီကို အလဲအလှယ် လုပ်မယ့် ထောင်ဝါဒါတွေရယ် ဗိုလ်မှူးကြီး ကျော်ဆန်း နောက်မှာ ကျောက်ရုပ်တွေလို ရပ်ပြီး စောင့်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်မိပါတယ်။

ဗိုလ်မှူးကြီး ကျော်ဆန်းရဲ့ နေ့စဉ်မပြတ် ပြောဆိုမှုတွေ လချီလာတဲ့ နောက်မှာတော့ ထောက်လှမ်းရေး ဗိုလ်ချုပ်တွေလည်း ကျင့်သားရလာပါတယ်။ တစ်ခွန်းမှ ပြန်မပြောတဲ့ ဘ၀ကနေ တစ်ခွန်းစ၊ နှစ်ခွန်းစ ပြန်ဆွေးနွေးတာတွေ၊ ထောက်ပြတာလေးတွေ လုပ်လာနိုင်ပါတယ်။ နောက်ပိုင်းတော့ ဂျာနယ်လေး ဘာလေး လဲဖတ်ရင်း ကော်ဖီလေး ဘာလေး သောက်ရင်း နေသာထိုင်သာ ရှိလာပါတယ်။

ဒါပေမယ့် ထောင်က အကျဉ်းသားတွေရဲ့ သာယာတဲ့ ပတ်ဝန်းကျင် အနေအထားမျိုးကို ရေရှည် လက်ပိုက် ကြည့်နေလေ့ မရှိပါဘူး။ အဲဒီထောက်လှမ်းရေး ဗိုလ်ချုပ်တွေကို မြန်မာပြည်ရဲ့ ဝေးလံခေါင်ဖျားက ထောင်တွေကို ပြောင်းရွှေ့လိုက်ပါတယ်။ ဗိုလ်မှူးချုပ် သိန်းဆွေဆိုရင် ကလေးထောင်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ပြောင်းရွှေ့ရမယ့် ညမှာ သူတို့တွေကို ခြေချင်းခတ်ပါတယ်။ ပြီးတော့ လူခြေ တိတ်ဆိတ်တဲ့ ညအချိန်မတော်မှာပဲ ပြောင်းရွှေ့လေ့ရှိပါတယ်။ ဗိုလ်မှူးချုပ် သိန်းဆွေ ပြောင်းရွှေ့မယ့် ညက ခြေချင်းသံ တချွင်ချွင်နဲ့ ဗိုလ်မှူးကြီး ကျော်ဆန်းရဲ့ တိုက်ခန်းရှေ့မှာ “အဘ ကျွန်တော် ထောင်ပြောင်းရတော့မယ်။ အဘအပေါ်မှာ ကျွန်တော် ကျူးလွန်မိခဲ့တဲ့ အမှားတွေ အတွက် ဒီနေရာက ကန်တော့ခဲ့ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပါလို့ ပြောချင်ပါတယ်”လို့ ပြောပြီး ထိုင်ကန်တော့ သွားခဲ့ပါတယ်။ အဲဒီလို ကန်တော့တော့လည်း ဗိုလ်မှူးကြီး ကျော်ဆန်း တစ်ယောက် စိတ်ထိခိုက်သွားပြီး ကြေကွဲတဲ့ အသံနဲ့ ဆုပေးခဲ့တာကို ကျန်တဲ့အခန်းတွေလည်း ကြားခဲ့ရပါတယ်။

“အေးကွာ ခွင့်လွှတ်ပါတယ်။ ရောက်လေရာ နေရာတိုင်းမှာ အမှန်တရားကို ချစ်တဲ့ စစ်သားကောင်း တစ်ယောက် ဖြစ်ပါစေ”ဆိုတာပါပဲ။

အခုတော့ ဗိုလ်မှူးကြီး ကျော်ဆန်း တစ်ယောက်လည်း ကွယ်လွန်သွားခဲ့ပါပြီ။ ထောက်လှမ်းရေး ဗိုလ်ချုပ်တွေလည်း ဦးခင်ညွန့် ပြန်လည် လွတ်မြောက်လာတဲ့ တိုင်အောင် ထောင်ထဲက ထွက်လာနိုင်ခြင်း မရှိသေးပါဘူး။

ကျွန်တော့်ဘ၀မှာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ အများကြီးတွေ့ခဲ့ဖူးပါတယ်။ အခါအခွင့်သင့်ရင် သူတို့ အကြောင်းတွေကို ရေးပါဦးမယ်။

ဇော်သက်ထွေး
http://www.tomorrow.com.mm/?q=articles/944

၂၀၁၂ ခုနှစ်ရဲ့ ဒီဘက်မှာ လူငယ်တွေ နိုင်ငံရေးတော်တော် ပြောဖြစ်လာကြပါတယ်။ နိုင်ငံရေးထဲကို လူငယ်တွေ တော်တော်များများ ပါဝင်လာကြပါတယ်။ ဒီအချက်ကို ပြောပြအသိအမှတ်ပြုကြောင်း၊ လေးစားကြောင်း အရင်ဆုံး ပြောပါရစေ။ တစ်ခါတစ်လေမှာ လူငယ်တွေပီပီ မခံချင်စိတ်၊ အသိအမှတ်ပြု ခံချင်စိတ်၊ ဟီးရိုး စိတ်တွေ ၀င်ဝင်လာတတ်လို့ မလိုလားအပ်တဲ့ ပြဿနာတွေ တက်တက်လာတာတွေလည်း တွေ့ရပါတယ်။ ဒါဟာ နှစ်နှစ်တာပဲ ရှိပါသေးတယ်။ ဘာမှမကြာသေးပါဘူး။

တချို့လူငယ်တွေက ညဘက်မှာ Escapeရောက်မယ်။ G6ရောက်မယ်။ ဒါဟာ လူငယ် အနည်းစုလို့ ဆိုပေမယ့် သတိပြုရမယ့် လူငယ် အမျိုးအစားထဲမှာ ပါပါတယ်။ ၂၀၁၂ခုနှစ်ရဲ့ ဒီမှာဘက် အသစ်ပေါ်လာတဲ့ လူငယ် လူတန်းစားအလွှာ တစ်ခုပါ။ သူတို့ဟာ နိုင်ငံခြားမှာ ပညာသင်လာတဲ့။ ဒါမှမဟုတ် ပြည်တွင်းက အင်္ဂလိပ်လို သင်တဲ့ကျောင်းတွေက အောင်လာတဲ့ လုပ်ငန်းခွင်မှာ တစ်လ ၁၀သိန်းလောက် လစာရှိနေတဲ့ အသက် ၂၅နှစ်အောက် လူငယ်တွေပါ။

သူတို့ကို မေ့ထားရင် မြန်မာ့ နိုင်ငံရေးရဲ့ ရုပ်ပုံလွှာဟာ အသက် ၀င်လာမှာ မဟုတ်ပါဘူး။ ဘွဲ့ဝတ်ရုံနဲ့ ဆိုက်ကားနင်းပြပြ၊ သမ္ဘန်ခတ် ပြပြ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။ တချို့ကလည်း ဘွဲ့ဝတ်ရုံကို တန်ဖိုးမထားဖူးလို့ တိုက်ခိုက်ကြပါတယ်။ ကျွန်တော်တို့ကို မမွေးခင် ကတည်းက အိန္ဒိယနိုင်ငံက ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာတွေကို မီးမောင်းထိုးပြတဲ့ ရုပ်ရှင် ဇာတ်ကားတွေ အရမ်း အောင်မြင်ခဲ့ဖူးပါတယ်။

၁၉၅၅ ခုနှစ်တုန်းက မင်းသား ဒါရိုက်တာ ရဂ်ျကပူးရ်ရဲ့ ရှရီ ၄၂၀ဆိုတဲ့ ဇာတ်ကားကို မြန်မာပြည်မှာ ညွန့်ဝင်းနဲ့တောင် ပြန်ရိုက်ပါသေးရဲ့။ အာဝါဒါးဆိုတဲ့ ဇာတ်ကားကိုလည်း ကျော်ဟိန်းနဲ့ မြန်မာပြည်မှာ ပြန်ရိုက်ဖူးပါတယ်။ အဓိက ပြဿနာကတော့ ဘွဲ့ရအလုပ်လက်မဲ့ ပြဿနာပါပဲ။ အဲဒီဘောလီးဝုဒ် ရုပ်ရှင်တွေမှာ ဘွဲ့ရပြီး အလုပ်လိုက်ရှာတာ ဘယ်မှာမှ မရလို့ ဘွဲ့လက်မှတ်ကို အပေါင်ဆိုင်မှာ သွားပေါင်တာကနေ စတော့တာပါပဲ။ စက္ကူစုတ်ကို အပေါင်မခံနိုင်ဘူးလို့ ပြန်ပြောတော့ ပြဿနာ တက်တာပေါ့။ ဒါဟာ စက္ကူစုတ် မဟုတ်ဘူး။ လူ့ဘ၀တဲ့။ ဒီစာရွက်တစ်ရွက်ရဖို့ ငါ့အဖေက အိမ်တစ်လုံး ရောင်းပေးရတယ်။ ငါက ၁၅နှစ်လုံးလုံး အချိန်တွေ ပေးခဲ့ရတယ်။ ဒါစက္ကူစုတ် မဟုတ်ဘူးဆိုပြီး ပြောတဲ့လူကို ဆွဲထိုးလိုက်တော့တယ်။ ဒီနောက်မှာတော့ ကောင်းကောင်းလုပ်စားရင် လူတွေ အထင်မကြီးဘူး။ လိမ်စားမှ ရမယ်ဆိုပြီး သူဟာ လူလိမ် လုပ်ပါတော့တယ်။

မြန်မာပြည်မှာလည်း ဆိုက်ကားနင်းနေသူက ကျွန်တော် ဘွဲ့ရပြီးသားပါလို့ ပြန်ဖြေတဲ့ အခန်းမျိုးတွေ ခဏခဏ ရုပ်ရှင်တွေမှာ တွေ့ရပါတယ်။ ဒါဟာ အဆန်းတကြယ် မဟုတ်ပါဘူး။ ဒီကနေ့ခေတ် ဖေ့စ်ဘွတ်စ်ပေါ်လာတော့ ထင်ရာရေးနေကြတဲ့ စရိုက်အတိုင်း တော်ရမ်းမယ်ဖွဲ့တွေ ရေးကြတာ သဘာဝလို့ပဲ မှတ်ယူထားပေမယ့် လူငယ်လေးတွေ အတွက် ပူပန်မိပါတယ်။

အရှေ့တောင် အာရှမှာ အလုပ်လုပ်နိုင်စွမ်းတဲ့ (အသက် ၁၅နှစ်ကနေ အသက် ၅၀ကြားရှိတဲ့) မြန်မာလူမျိုး အရေအတွက်ဟာ အများဆုံး ဖြစ်နေပါတယ်။ ဒါကို Population Bonusလို့ ခေါ်ပါတယ်။ လူဦးရေ ဆုလာဘ်လို့ ဆိုပါတော့။ ကိန်းဂဏန်းက မသေးပါဘူး။ ၁၅ သန်းနီးပါး ရှိပါတယ်။ ခုအခါမှာ သန်းခေါင်စာရင်းလို့ ခေါ်ခေါ် လူဦးရေစာရင်းလို့ အမည် ပေးပေး ရှေ့ပြေးစာရင်းတော့ ထွက်လာပါပြီ။ ဒီအခါမှာ ကျွန်တော်တို့ အရင်က ထင်ထားခဲ့သလို သန်း ၆၀ မဟုတ်ဘဲ ၅၂သန်း နီးပါးရှိနေတာကို သတိပြုစရာ ဖြစ်လာပါတယ်။

တကယ်လို့ မူလခန့်မှန်း သန်း ၆၀ မှန်ခဲ့ရင် လိုနေတာ ရှစ်သန်း ဖြစ်ပါမယ်။ စာရင်းကောက်ခံလို့ မရတာ တစ်သန်းနှစ်သိန်းကျော်လို့ ဆိုရင် လိုနေတာ ခြောက်သန်းရှစ်သိန်း ဖြစ်သွားပါပြီ။ (ဒါဟာ သန်း ၆၀ ခန့်မှန်းအပေါ်ကနေပဲ စဉ်းစားတာပါ)။ ဒါဆို ဒီခြောက်သန်း ရှစ်သိန်းဟာ တခြားနိုင်ငံတွေဆီ ရောက်ကုန်သလား။ အလုပ်လုပ် နိုင်စွမ်းတဲ့ ဆုလာဘ်ရထားတဲ့ ကျွန်တော်တို့ မြန်မာလူမျိုး (တိုင်းရင်းသားတွေ အားလုံး ပါပါတယ်) ခုနစ်သန်းနီးပါးရဲ့ အဖိုးတန် လုပ်အားတွေဟာ သူများ နိုင်ငံတွေအတွက် ဖြစ်ကုန်ပြီလားဆိုတာကို သေသေချာချာ စေ့ငုဖို့ ကောင်းပါတယ်။

ကျွန်တော်တို့ နိုင်ငံနဲ့ ရေပြင်ညီ တစ်တန်းတည်း ဖြစ်နေတဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့ထက် သာလွန်နေတဲ့ ဒီလူဦးရေ ဆုလာဘ်ကို ကျွန်တော်တို့ နေရာမှားပြီး အသုံးချနေပြီလား ဆိုတာကို ဆန်းစစ်ဖို့ လိုပါပြီ။ သေချာတာ တစ်ခုကတော့ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်ဘ၀ လူတန်းစေ့ နေနိုင်လောက်တဲ့ ၀င်ငွေရသော အလုပ်သာ ရှိနေရင် ဘယ်သူကမှ တိုင်းပြည် ပြင်ပထွက် အလုပ်လုပ်ချင်ကြမှာ မဟုတ်ပါဘူး။

ဒီတော့ စောစောက ကျွန် တော်တင်ပြခဲ့တဲ့ နျခစေန လွို၆ လို နေရာတွေမှာ လာရောက်စား သောက်အပန်းဖြေနေတဲ့ လူငယ် တွေနဲ့ စားပွဲထိုးနေတဲ့လူငယ်တွေ အတူတူပါပဲ။ အသက်ချင်းတူ တယ်။ ဘွဲ့ရတာချင်းလည်း တူ တယ်။ မတူတာက စားပွဲထိုးလေး တွေက အစိုးရကျောင်းက ဘွဲ့ရ လာတာဖြစ်ပြီး လာရောက်သုံး ဆောင်သူတွေကတော့ အပြင် ကျောင်း(တစ်နည်း)အင်တာနေရှင် နယ်ကျောင်းတွေက ဘွဲ့ရထားသူတွေပါပဲ။

ဒါဆို ဒီနေရာမှာ ဇယားချ ကြည့်ရင် အစိုးရဟာ သူ့ကျောင်းက ထွက်လာတဲ့ လူငယ်လေးတွေ အတွက် တာဝန်ပျက်ကွက်နေတာ သွားတွေ့ရပါမယ်။ အခြားတစ်ဖက်က ဆင်ခြင်ကြည့်လိုက်ရင် ဒီလိုစား၊ ဒီလိုသောက် ဒီလိုနေချင်ကြသလား အင်တာနေရှင်နယ် ကျောင်းကို သွားလို့ပြောရတော့မှာပေါ့။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ လူတန်းစား ထိပ်တိုက်တိုးလာနိုင်တဲ့ ပြဿနာပါ။

ဒီတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာ အတွက် ကျွန်တော်တို့ ၀ိုင်းဝန်းအဖြေရှာဖို့ ကောင်းပါပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးဟာ မရောင်ရာ ဆီလူးတတ်တဲ့ ၀ါသနာရှိနေတာကို ပြင်ဖို့လည်း လိုပါတယ်။ တိုင်းပြည်မှာ ဒီလူငယ်တွေရဲ့ အရေးဟာ ထိပ်တန်းဦးစားပေး ဖြစ်သင့်တဲ့ အချိန်မျိုးမှာမှ ခေါင်းလောင်းက တစ်မျိုး၊ ပီအာက တစ်ဖုံ၊ မေမြတ်နိုးက တစ်သွယ်နဲ့ တော်တော် ပွေလီလှပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် နန်းတော်ရှေ့ ဆရာတင်နဲ့ သူဌေးဝါဒ သီချင်းကိုလည်း သတိရမိပါရဲ့။

(တို့ဗမာ စီးပွားဥစ္စာ ကျောင်းကန်ဘုရားနဲ့ ဇရပ်တွေ အကုန်တည်) ဆိုတဲ့စာသားလိုပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဘုရားတည် ကျောင်းဆောက်တဲ့ ကိစ္စမှာ တော်တော် သဒ္ဓါရှိကြပါတယ်။

(ပစ္စည်းဥစ္စာ ယခုတိုးပွားတဲ့ လူမျိုးခြားနဲ့ စံမနှိုင်းပါနဲ့။ အမှန်အတိုင်း ဆိုချင်တယ်။ သိန်းသန်း ကုဋေမရေနိုင် တို့ပိုင်ဥစ္စာကြွယ် စစ်ကိုင်း အနောက်ဘက် တောင်ပေါ်ဝယ် တို့ပစ္စည်းတွေ တွေ့နိုင်တယ်) ဆိုတဲ့ သီချင်းစာသားတွေက ကျွန်တော်တို့ကို ပုတ်နှိုးနေသလိုပါပဲ။ ဘုရားတွေ မြန်မာပြည်မှာ အပုံကြီးပါ။ ဒါပေမဲ့ ပိုက်ဆံတွေ သိန်းပေါင်းသောင်းနဲ့ချီချီပြီး ဘုရားတွေကို ထပ်လို့ ထပ်လို့ တည်တည်နေကြတာ အားလုံးအမြင်ပါ။

တိုင်းပြည် တိုးတက်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ ပညာရေးကို မြေတောင်မြှောက်ပေးဖို့၊ ဒီအတွက် လှူဒါန်းပေးဖို့ ဘာလို့များ မေ့နေကြပါလိမ့်။ တရုတ်ပြည်က ဘေဖန်လီဆိုတဲ့ အနှေးယာဉ် လုပ်သား တစ်ယောက်ဟာ ကလေးတွေ စာသင်ကြားစေဖို့ သူ့အသက် ၇၀ကနေ ၉၄နှစ်ထိ ရှာဖွေရသမျှ ပိုက်ဆံတွေကို ကျောင်းရဲ့ ဂေါပကတွေဆီ အပ်နှံနိုင်ခဲ့ပါတယ်။

http://www.tomorrow.com.mm/?q=articles/945


နှစ်ဆယ်ရာစု မြေခွေးရုပ်ရှင် ကုမ္ပဏီပိုင်ရှင် စကော့ဟာ သူ့စည်းစိမ်တွေကို ရောင်းချပြီး ကမ္ဘောဒီးယား ကလေးငယ်တွေရဲ့ ပညာရေး အတွက် အသုံးချခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ခေါင်းလောင်းဆယ်ဖို့ ဒေါ်လာ၁၀သန်း လှူမယ့်လူလည်း ရှိနေပြန်ပါတယ်။ မနက်တိုင်း လမ်းထဲ ၀င်လာတဲ့ ကားပေါ်ကအသံ ကြားနေရဆဲပါ။

“ဘုရားအမ ကျောင်းအမတို့၊ ဘုရားကြီးပြီးဖို့ သိန်း ၃၀သာ လိုတော့တာမို့ ဘုရားဒကာ ကျောင်းဒကာ ဖြစ်အောင် လှူလိုက်ကြပါဦး။ ဟောဟိုဖက်က ဘုရားအမကြီးက အလှူတော်ငွေ ၂၀၀၀တဲ့”။

ဇာဂနာ

 
ဗြိတိန်နိုင်ငံသား ဓာတ်ပုံ သတင်းသမားလို့ ပြောဆိုခဲ့သူ John Cantlie (Credit: AFP)
ISIS ​အဖွဲ့ကနေ ​နောက်ဗီဒီယို ​အသစ် ​တစ်ခုကို ​ပြသလိုက်ပြီး ​အဲဒီ ​ဗီဒီယိုထဲမှာ ​ဖမ်းဆီးခံထားရတဲ့ ​ဗြိတိန် ​သတင်းသမား ​John ​Cantlie ​က ​စကားပြောထားတဲ့ ​ပုံ ​ဖြစ်ပါတယ်။

အဲဒီဗီဒီယိုထဲမှာတော့ ​ရုပ်မြင်သံကြား ​အစီအစဉ်ထဲက ​စကားပြော ​အစီအစဉ်တွေမှာလို ​စားပွဲခုံတွေ ​ချထားပြီး ​အဲဒီ ​ဗီဒီယိုထဲမှာတော့ ​အဆိုပါ ​ဗြိတိန်နိုင်ငံသားက ​ISIS ​အ ​စ္စ ​လာမ် ​မစ် ​နိုင်ငံ ​တည် ​ထောင် ​သူတွေအပေါ် ​လူတွေ ​အမြင်မှား ​နေတဲ့အကြောင်း၊ ​အနောက်တိုင်း ​မီဒီယာတွေက ​ISIS ​အဖွဲ့ကို ​အထင်လွဲအောင် ​ရေးသား ​ထုတ်ဖော် ​နေကြတဲ့ ​အကြောင်း ​ပြောဆို ​ထားပါတယ်။

သုံးမိနစ်စာ ​ဗီဒီယိုထဲမှာ ​John ​က ​သူဟာ ​ဆီးရီးယားနိုင်ငံကို ​အသွား ​၂၀၁၂ ​ခုနှစ်မှာ ​ဖမ်းဆီးခံရပြီး ​ဗြိတိန်အစိုးရက ​သူ့ကို ​ပစ်ပယ်ထားတဲ့အကြောင်း၊ ​တခြား ​အစိုးရက ​သူတို့ ​နိုင်ငံသားတွေ ​လွတ်မြောက်လာအောင် ​လုပ်ပေးပေမယ့် ​ဗြိတိန်နဲ့ ​အမေရိကန် ​အစိုးရက ​ဘာမှ ​မလုပ်ပေးဘူးလို့ ​ပြောပါတယ်။

"Lend ​Me ​Your ​Ears, ​Messages ​from ​the ​British ​Detainee ​John ​Cantlie" ​လို့ ​နာမည် ​ပေးထားတဲ့ ​ဗီဒီယိုမှာ ​John ​က ​ISIS ​အဖွဲ့အနေနဲ့ ​ဘာကြောင့် ​အခုလို ​အကြမ်းဖက်မှုတွေ ​လုပ်ရသလဲ ​ဆိုတဲ့အကြောင်းတွေ၊ ​အနောက်တိုင်း ​မီဒီယာတွေက ​သတင်းဖတ်ရှုသူတွေကို ​ဘယ်လို ​လှည့်စားနေတဲ့ ​အကြောင်းတွေကို ​အပိုင်းလိုက် ​ထုတ်ဖော်ပြောဆိုသွားမယ်လို့လည်း ​ပြောပါတယ်။

တစ်ယောက်ယောက်က ​ခေါင်းကို ​သေနတ်နဲ့ ​တေ့ထားလို့ ​အခုလို ​စကားမျိုး ​ပြောတာလို့ ​ယူဆနိုင်တဲ့အကြောင်း ​အမှန်တကယ်လည်း ​သူဟာ ​ဖမ်းဆီးခံထားရပေမယ့် ​သူရဲ့ ​အစိုးရက ​ပစ်ပယ်ခံထားရတဲ့အတွက် ​သူအခုလို ​ပြောဆိုတာက ​ဘာမှ ​ဆုံးရှုံးစရာမရှိဘူးလို့လည်း ​ပြောပါတယ်။

ဂျွန်ရဲ့ ​အဆိုအရ ​သူဟာ ​Sunday ​Times, ​The ​Sun ​နဲ့ ​Sunday ​Telegraph ​သတင်းဌာနမှာ ​အလုပ်လုပ်ခဲ့ဖူးသူ ​ဖြစ်တယ်လို့ ​ပြောဆိုထားပါတယ်။

ISIS ​အဖွဲ့ဟာ ​မကြာသေးခင်ကပဲ ​အမေရိကန် ​နိုင်ငံသား ​သတင်းသမား ​နှစ်ဦးနဲ့ ​ဗြိတိန်နိုင်ငံသား ​ကူညီထောက်ပံ့ရေးလုပ်သား ​တစ်ဦးကို ​လည်လှီး ​သတ်ဖြတ်ခဲ့ပြီ ​ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ​လုပ်ရပ်ကို ​ဗြိတိန်က ​မွတ်စလင်တွေ ​ရှုတ်ချ

ဗြိတိန်နိုင်ငံသား ​လူသားချင်းကူညီထောက်ပံ့ရေး ​လုပ်ငန်း ​လုပ်ကိုင်သူ ​David ​Haines ​ကို ​ISIS ​စစ်သွေးကြွအဖွဲ့က ​လည်လှီးသတ်ဖြတ်မှုနဲ့ ​ပတ်သက်ပြီး ​ရှုတ်ချကြောင်း ​ပြသတဲ့အနေနဲ့ ​ဗြိတိန်နိုင်ငံအတွင်းက ​မွတ်စလင် ​လူမှုအသိုင်းအဝိုင်းအပါအဝင် ​ဘာသာရေး ​ခေါင်းဆောင် ​အီမမ် ​တွေက ​ဆန္ဒပြမှုတစ်ခု ​ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြ ​မွတ်စလင်တွေက ​David ​Haines ​ကို ​သတ်ဖြတ်ခဲ့သူဟာ ​လူမဟုတ်ပဲ ​လူ့ဘီလူးသာ ​ဖြစ်ကြောင်း ​အီစ္စလာမ်ဘာသာရဲ့ ​အဆိုးဝါးဆုံးသော ​အပြစ်ကို ​ကျူးလွန်သူတွေ ​ဖြစ်တယ်လို့ ​ပြောဆိုကြပါတယ်။

David ​Haines ​ကို ​သတ်ဖြတ်တဲ့ ​ဗီဒီယို ​အတွင်း ​လူသတ်ခဲ့တဲ့လူက ​နောက်ထပ် ​ဗြိတိန်နိုင်ငံသား ​တစ်ဦးဖြစ်တဲ့ ​Alan ​Henning ​ကို ​သတ်ဖြတ်မယ်လို့ ​ပြောဆိုထားတဲ့အတွက် ​နောက်တစ်ယောက်ကို ​မသတ်ဖို့လည်း ​မွတ်စလင်ဘာသာရေး ​ခေါင်းဆောင်တွေက ​တောင်းဆိုလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-19/1370227


လှိုင်သာယာ စက်မှုဇုန် မစတာ စပေါ့ ဖိနပ် စက်ရုံ ပဋိပက္ခ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ ညွှန်ချုပ်တို့က မမှန်ကန်တဲ့ သတင်းစာ ရှင်းလင်းပွဲကို လုပ်ခဲ့တယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောဆို လိုက်ပါ တယ်။
DVB TV


စက်တင်ဘာ ၂၁ရက်မှာ ကျရောက်မယ့် ဒုတိယအကြိမ် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ကို အောင်ဆန်းအားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ရုပ်ရှင်ဂီတသဘင် အနုပညာသမားတွေ ငြိမ်းချမ်းရေးဖလား ဘောလုံးကန်ကြမယ်လို့ လူရွှင်တော် ဇာဂနာက စက်တင်ဘာ ၁၈ရက်နေ့မှာ ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးနေ့ ဘောလုံးပဲ ကန်ကြမှာလား။

ညနေပိုင်းမှာ ငြိမ်းချမ်းရေးဖလား ဘောလုံးပြိုင်ပွဲအပြင် ငြိမ်းချမ်းရေးသီချင်း ဖျော်ဖြေမှုတွေ၊ ကဗျာဆရာတွေရဲ့ ငြိမ်းချမ်းရေးကဗျာ ရွတ်ဆိုမှုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၆၁ဖွဲ့က ချီတက်လမ်းလျှောက်မှုတွေ ပါဝင်မယ်လို့ ဆိုပါတယ်။

နှစ် ၆ဝလောက် တိုက်လာတဲ့ ပြည်တွင်းစစ်ကို ၂နှစ်၃နှစ်နဲ့ ချက်ချင်းရပ်ပြီး ငြိမ်းချမ်းသွားမယ်ဆိုတာ မဟုတ်ပေမယ့် မြန်မာ့ငြိမ်းချမ်းရေးပွဲတော်ဆိုတာ လက်နက်ကိုင်သူရော လက်နက်မကိုင်သူကိုပါ တစ်နေရာတည်းရောက်လာအောင် ခေါ်လိုက်တာမို့ ကျနော်တို့ ဘယ်တော့မှ စစ်မတိုက်တော့ပါဘူးဆိုတဲ့ ငြိမ်းချမ်းရေးမျိုး ဖြစ်ချင်တယ်လို့ ကိုသူရ(ခ) ဇာဂနာက ပြောပါတယ်။

Home entertainment မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးပွဲတော်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPP က ကိုဘိုကြည်က ငြိမ်းချမ်းရေးလမ်းကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံး တကယ်သွားချင်ကြရဲ့လားဆိုတာနဲ့ ပတ်သက်ပြီး တကယ်ငြိမ်းချမ်းရေးရဖို့ ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ရေး ဖွဲ့စည်းပုံကို ပြင်ဆင်ရမယ်လို့ ပြောပါတယ်။

Kamayut Media


အနည်းဆုံး ထောင် ၁ဝနှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိချနိုင်တဲ့ ပုဒ်မ ၃၆၄၊ ၃၆၈ တွေနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြူနှင်းထွေး အမြန်ဆုံးလွတ်မြောက်ရေး အာဏာပိုင်တွေက ညှိနှိုင်းလိုက်လျောမှု မရှိရင် လူထုကြားထဲ လှုပ်ရှားမှုလုပ်ပြီး မြန်မာအစိုးရကို ဖိအားပေးသွားမယ်လို့ ဗကသများအဖွဲ့ချုပ်က စက်တင်ဘာ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။ မဖြူနှင်းထွေးကို အစိုးရက ဘာ့ကြောင့်ဖမ်းဆီးခဲ့တာလဲ။

မန္တလေး ရတနာပုံတက္ကသိုလ် အဝေးသင် ဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေးဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက တရုတ်နိုင်ငံသား ၂ယောက်ကို ပြန်ပေးဆွဲ ထိန်းသိမ်းထားမှုမှာ ပါဝင်တာကြောင့် မြန်မာအစိုးရက ဖမ်းဆီးခဲ့ပြီး မုံရွာအကျဉ်းထောင်မှာ အာမခံမရဘဲ ချုပ်နှောင်ခံနေရပါတယ်။

မဖြူနှင်းထွေးတစ်ယောက် အခုလိုကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးခံခဲ့ရတာဟာ ကျောင်းသားထုကို စော်ကားလိုက်တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ မသင့်လျောတဲ့လုပ်ရပ်ဖြစ်တာဆိုတာ နိုင်ငံတကာသိအောင် လုပ်သွားမယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဌ ကိုကျော်ကိုကိုက ပြောပါတယ်။

တရုတ်နိုင်ငံသားနှစ်ယောက်ကို လက်ပံတောင်းတောင် ဆားလင်းကြီးမြို့နယ် ဆည်းတည်းရွာ ဒေသခံတွေ ပြီးခဲ့တဲ့ မေလတုန်းက ပြန်ပေးဆွဲချုပ်နှောင်ခဲ့တဲ့ကိစ္စ မဖြူနှင်းထွေး ပါဝင်ကူညီပေးတာကြောင့် ပုဒ်မ ၃၆၄၊ ၃၆၈နဲ့ တရားစွဲခဲ့ပြီး ပထမအကြိမ် ရုံးချိန်းလာဖို့ ပျက်ကွက်တာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်နေ့က မန္တလေး ပုသိမ်ကြီးက နေအိမ်မှာ တရားသူကြီးလက်မှတ်နဲ့ မုံရွာအမှတ် ၁ရဲစခန်းက ဖမ်းဆီးခံခဲ့ရပါတယ်။

မဖြူနှင်းထွေးဟာ တရုတ်နိုင်ငံသား နှစ်ယောက်ကို ပြန်ပေးဆွဲရာမှာ ဦးဆောင်တဲ့သူအဖြစ် စွပ်စွဲခံရတဲ့ကိစ္စကို သတင်းပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပယ်ချခဲ့ပြီး ဒါဟာ ဗကသအဖွဲ့ဝင် ကျောင်းသူတစ်ယောက်ကို နှိပ်ကွပ်တာဟာ ကျောင်းသားသမဂ္ဂတွေကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်ဖို့၊ ကျောင်းသားတွေကို လူညွှန့်ချိုးဖို့ လုပ်တာလို့ ပြောဆိုခဲ့ပါတယ်။

မဖြူနှင်းထွေး စက်တင်ဘာ ၁၃က ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကမာရွတ်မီဒီယာက စုံစမ်းရာမှာတော့ ဗကသများအဖွဲ့ချုပ်ဝင်အချင်းချင်းကြားမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ အများကြီးရှိခဲ့ပြီး ကျောင်းသားသမဂ္ဂရဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီးလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။

Kamayut Media


ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည့် အစိုးရ စစ်တပ်မှ ရဲဘော် ကောင်းဘိုဘို အမှုကို စက်တင်ဘာလ ၁၉ ရက်တွင် မူဆယ်ခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်က မူဆယ်-ကွတ်ခိုင်ကားလမ်းပေါ်ရှိ နမ်ဂွတ်ကျေးရွာသူ အမျိုးသမီးလေး တစ်ဦးအား သိန္တီအခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လက်အောက်ခံ တပ်ရင်း ခလရ ၅၆၇ တပ်ဖွဲမှ ရဲဘော် ကောင်းဘိုဘိုက အဓမ္မပြုကျင့်ခဲ့သဖြင့် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ်ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးများအဖွဲ့က ကွတ်ခိုင်ရဲစခန်းသို့ အမှုဖွင့် တိုက်ကြားခဲ့ခြင်း ဖြစ်သည်။

“အခင်းဖြစ်ခဲ့တာတွေကို သမီးကိုစစ်တယ်။ ပြီးရင် သူ့မိဘတွေကို စစ်ဆေးမေးမြန်းတယ်။ ရွာလူကြီးနဲ့ အဒေါ်တို့ကိုလည်း မေးမြန်းစစ်ဆေးခဲ့တယ်။ တရားခံဖြစ်သူကိုလည်း မှန်မမှန် နားထောင်ခိုင်းတယ်။ သူကတော့ ပါစပ်မပိတ်ဘူး။ သူ့ကို ဘာမှ မလုပ်ဘူး ဆိုပြီး ငြင်းတယ်။ တခြားတော့ သူမှားတယ်ဆိုပြီး ဝန်ခံတယ်” ဟု ရှမ်းပြည်နယ် ကချင် စာပေနှင့် ယဉ်ကျေးမှု အမျိုးသမီးအဖွဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။

စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲကျော်သည်အထိ မူဆယ်ခရိုင် တရားသူကြီး ဦးခင်မောင်ဝင်းက နှစ်ဖက်မိသားစုများကို စစ်ဆေးမြန်းမြန်းခဲ့ပြီး လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။

ရဲဘော် ကောင်းဘိုဘိုအား ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆ (မုဒိန်းမှု) နှင့် ပုဒ်မ ၃၆၃ (သဘောမတူဘဲ ခိုးယူပေါင်းသင်းမှု)တို့ဖြင့် တရားစွဲဆိုထားပြီး ကွတ်ခိုင် စစ်ဗျူဟာ စစ်ခုံရုံးမှ ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သော်လည်း အရပ်ဘက်တရားရုံးသို့ ပြန်လည် လွှဲပြောင်းပေးရန် မိန်းကလေးငယ်၏ မိဘများနှင့် ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့ က တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးငယ်သည် သူ၏ ညီမနှင့်အတူ နေအိမ်မှ ဈေးဝယ်ပြီး အပြန်လမ်း တစ်နေရာတွင် အစိုးရ၏ ခလရ တပ်ရင်း ၅၆၇ တပ်မှ တပ်သား နှစ်ဦးထဲမှ တစ်ဦးက ညီမဖြစ်သူကို နေအိမ်သို့ လိုက်ပို့ပေးခဲ့ပြီး အစ်မဖြစ်သူကိုမူ အခြားတပ်ဖွဲ့တစ်ဦးက ခြုံတောသို့ ခေါ်ဆောင်သွား၍ အဓမ္မပြု ကျင့်ခဲ့သည်ဟု သူက ပြောဆိုသည်။

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်၏ ဖခင်ကလည်း “အစက အစိုးရ စစ်တပ်က တောင်းသလောက် ပေးမယ်။ ကျေအေးအောင်လုပ်ရအောင်ဆိုပြီး ပြောလာတယ်။ ကျွန်တော်တို့က အကုန်လုံးသိသွားပြီ အရှက်ရနေပြီဆိုတော့ အမျိုးသမီးအဖွဲ့ကို အကူအညီ တောင်းလိုက်တာပါ” ဟု ဦးဂမ်က မဇ္ဈိမကို ပြောသည်။

အစောပိုင်းတွင် အဆိုပါ တပ်ရင်းမှ စစ်ကြောင်းမှူးက မိန်းကလေး၏ အမှုကို လက်ဆောင်ပစ္စည်းဖြင့်သာ ကျေအေးသွားရန် ပြောဆိုမှုရှိခဲ့သော်လည်း မိန်းကလေး၏ မိဘများက ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့် ယဉ်ကျေးမှုမှ အမျိုးသမီး အဖွဲ့ထံ သွားရောက် အကူအညီတောင်းခံခဲ့ရာမှ မေလ ၁၇ ရက်၌ ကွပ်ခိုင် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

တရားရုံးတွင် အခင်းဖြစ်ပွားပုံများကို တရားသူကြီးက စစ်ဆေးခံခဲ့ပြီး လက်ရှိ သမီးဖြစ်သူမှာ ကျန်းမာရေးကောင်မွန်နေသော်လည်း စိတ်ပိုင်းဆိုင်ရာ ပုံမှန်အနေအထား မဟုတ်ဘဲ ကြောက်လန့်နေသည်ဟု ဖခင်ဖြစ်သူ ဦးဂမ်က ပြောသည်။

“ကလေးက ကျန်းမာတယ်။ စိတ်မကောင်းဘူးဖြစ်နေတယ်။ သာမန်ထက်မတူဘူး။ ဒီနေ့ တရားခံ ရဲဘော်ကို တွေ့လို့ ပိုကြောက်သွားတယ်ထင်တယ်။ အခုက ဥပေဒအအတိုင်း အရေးယူပေးဖို့ လုပ်နေတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ တရားခံ အစိုးရစစ်တပ်မှ ရဲဘော်အား တရားဥပဒေအရ အရေးယူပေးရန် တောင်းဆိုရခြင်းမှာ နောက်နောင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်သည့် ပြဿနာများ မဖြစ်ပွားစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဦးဂမ်က ဆက်လက် ပြောဆိုသည်။

အစိုးရစစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ စစ်တပ်က ပထမဆုံးအကြိမ် ဥပဒေအရ အရေးယူပေးခြင်းလည်း ဖြစ်သည်။



ဗြိတိန်မှ စကော့တလန် ခွဲထွက်ရေးကို စကော့တလန်သားများက မဲပေးဆုံးဖြတ်လိုက်သဖြင့် ရာစုနှစ် သုံးခုကျော် သက်တမ်းရှိ ဗြိတိန်နိုင် ငံမှာ ဥမကွဲသိုက်မပျက် ပကတိအတိုင်း ဆက်ရှိနေမည် ဖြစ်သော်လည်း အစိုးရကမှနေ၍ စကော့တလန်သို့ အာဏာ ခွဲဝေလွှဲပြောင်းပေးမှုများ ပိုမို ပြုလုပ်ရတော့မည် ဖြစ်သည်ဟု စက်တင်ဘာ ၁၉ရက်က အေအက်ဖ်ပီ သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

စကော့တလန် လွတ်လပ်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲ၏ ရလဒ်များ စက်တင်ဘာလ ၁၉ ရက် တွင် ထွက်ပေါ်လာခဲ့ပြီး ဆန္ဒခံ ယူပွဲတွင် စကော့တလန်သားများက လွတ်လပ်ရေးအစား ဗြိတိန်နှင့် ပူးပေါင်းရေးကို ဆုံးဖြတ်လိုက်သည်။

ဆန္ဒခံယူပွဲ မလုပ်မီ သီတင်းနှစ်ပတ်အတွင်း စကော့တလန် အမျိုးသားရေးဝါဒီများ ထောက်ခံမှုများ တစ်ရှိန်ထိုး ပိုရလာ ခဲ့သော် လည်း လွတ်လပ်ရေးအတွက် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင် ၅၅ ဒသမ ၃ ရာခိုင်နှုန်းက ကန့်ကွက်မဲပေးခဲ့ကြပြီး ၄၄ ဒသမ ၇ ရာခိုင်နှုန်းကသာ လွတ်လပ်ရေးရယူလိုကြောင်း “ထောက်ခံမဲ” ပေးခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းတွင် အပြိုင်အဆိုင် စည်းရုံး လှုပ်ရှား မှုများ ဖြစ်ပေါ်စေခဲ့သော စကော့တလန် ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရရန် အရည်အချင်းပြည့်မီသူ ၄ ဒသမ ၃ သန်း အနက် မဲလာပေးသူ ၈၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အာဏာပိုင်များက ဆိုခဲ့ရာ ဗြိတိန် ရွေးကောက်ပွဲ သမိုင်းကြောင်း တစ်လျှောက်တွင် မဲပေးသူရာခိုင်နှုန်းအများဆုံး နှုန်းထား ဖြစ်လာခဲ့သည်။

ဆန္ဒခံယူပွဲ ရလဒ်များ ထွက်ပေါ်လာသောအခါ စကော့တလန် တစ်ဝန်းလုံးရှိ “ခွဲမထွက်ရေး” လှုပ်ရှားသူများသည် သြဘာပေးခဲ့ကြ ကာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြသည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းကလည်း ဝမ်းမြောက် မိကြောင်းပြောကြားခဲ့သည်။

စကော့တလန်ဒေသဆိုင်ရာ ဝန်ကြီးချုပ် အဲလက်စ်ဆယ်လ်မွန်ဒ်က “လွတ်လပ်ရေး” လှုပ်ရှားသူများအနေဖြင့် လွတ်လပ်ရေး ကို ထောက်ခံမဲပေးခဲ့ကြသည့် အရေအတွက်ဖြစ်သည့် ၁ ဒသမ ၆ သန်း ဆိုသော ပမာဏကို စဉ်းစားတွေးတော၍ စိတ်အား တင်းကြရန် တိုက်တွန်းခဲ့သော်လည်း၊ “လွတ်လပ်ရေး” လှုပ်ရှားသူ အများအပြားမှာ ရလဒ်ကြောင့် စိတ်ပျက်သွားပုံရပြီး မျက်ရည် များ ဝေခဲ့ရသည်။ “ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်ထဲကို ဝင်ရောက်ခဲ့ကြတဲ့ အခါတိုင်း၊ ဒီလိုမျိုး အရာတစ်ခု ကို အများ က လက်ခံလာလိမ့်မယ်၊ ဖြစ်လာနိုင်ခြေ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ထဲက ဘယ်သူကမှ တွေးခဲ့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်” ဟု စကော့တစ်ရှ်အမျိုးသားပါတီ SNP ခေါင်းဆောင်က အီဒင်ဘာ့ဂ်မြို့ တွင် ၎င်းအား သြ ဘာပေးနေခဲ့ကြသော လူထုအား ပြောကြားခဲ့သည်။

စကော့တလန် ဗြိတိန်မှ ခွဲထွက်သွားမည်ဆိုပါက စီးပွားရေးဆိုင်ရာ အန္တရာယ်များနှင့် တွေ့ကြုံရမည်ကို စိုးရိမ်ပူ ပန်နေကြ သူများမှာလည်း ရလဒ်ကြောင့် စိတ်အေးသွားခဲ့ရသည်။ ငွေကြေးဈေးကွက်များတွင် ပေါင် ၏ တန်ဖိုးမှာ ဒေါ်လာ နှင့် ယူရိုငွေ များနှင့် နှိုင်းစာလျှင် တက်သွားခဲ့ပြီး လန်ဒန် စတော့ဈေးကွက်မှာလည်း ပြန်မတ်လာခဲ့သည်။ CBI စီးပွားရေးအုပ်စု ကလည်း စီးပွားရေး အသိုင်းအဝိုင်းမှ လူများကလည်း ဆန္ဒခံယူပွဲရလဒ်ကြောင့် စိတ်သက်သာရာ ရသွားကြကြောင်း ဆိုခဲ့သည်။ စကော့ တလန် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ နိုင်ငံရပ်ခြားတွင် ပထမဦးဆုံး တုံ့ပြန်မှတ်ချက်ပေးခဲ့သော ထိပ်တန်းပုဂ္ဂိုလ်မှာ ဥရောပ လွှတ်တော် ဥက္ကဋ္ဌမာတင်ဆူလူးဇ် ဖြစ်ပြီး ၎င်းအနေဖြင့် စိတ်သက်သာရာ ရသွားခဲ့ကြောင်းနှင့် “ပေါင်းစည်းနေတဲ့ ဥရောပ မှာ ပေါင်းစည်းနေတဲ့ ဗြိတိန် ကို ကျွန်တော်နှစ်သက်ပါတယ်” ဟု ဆိုခဲ့သည်။

အကယ်၍ တကမ္ဘာလုံးက စောင့်ကြည့်နေကြသည့် စကော့တလန် ဆန္ဒခံယူပွဲတွင် “ထောက်ခံမဲ” ဘက်ကသာ အနိုင်ရရှိသွားခဲ့မည် ဆိုပါက ပေါင်းစည်းထားသော ပြည်ထောင်စုမှာ ရုတ်တရက် ပြိုကွဲသွားမည်ဖြစ်ကာ ၁၇၀၇ ခုနှစ်က အနေ အထားမျိုးသို့ ပြန်ရောက်သွားမည်ဖြစ်ပြီး၊ စပိန်ရှိ ကက်တလူးညား/ကက်တလိုးနီးယား ဒေသ နှင့် ကနေဒါရှိ ကွိ ဘက် ဒေသမှ လွတ်လပ်ရေးလိုလားသူများလည်း အားတက်သွားလိမ့်မည် ဖြစ်သည်။

မဲပေးခွင့်အတွက် အရည်အချင်းပြည့်မီသူ စကော့တလန်သားများ၏ ၉၇ ရာခိုင်နှုန်း က မဲပေးရန် စာရင်းပေးထားခဲ့ကြရာ သမိုင်းဝင်ဆုံးဖြတ်ချက် တစ်ခုအား စကော့တလန်သားများ အလေးထားကြကြောင်း လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ ဗြိတိန် မဲပေးပွဲ တစ်ခုတွင် ပထမဆုံးအကြိမ် အနေဖြင့် ၁၆ နှစ် နှင့် ၁၇ နှစ် အရွယ်များကိုပါ မဲပေးခွင့် ပြုခဲ့ရာ ၄င်းတို့ထဲမှ တစ်ဦးဖြစ် သည့် ချာလိုတီဒါရို့ခ်ျ က ဆန္ဒခံယူပွဲရလဒ်မှာ စိတ်ပျက်စရာကောင်းလှကြောင်း ဆိုခဲ့သည်။ “အများပြည်သူကြားက ခံစားချက် က ခြားနားနေလိမ့်မယ်လို့ ကျွန်မ တကယ်ကို ထင်မိပါတယ်” ဟု ၎င်း၏ ကျောင်းဝတ်စုံအပေါ်တွင် အပြာရောင်အောက်ခံနှင့် အဖြူရောင် ကြက်ခြေခတ် စကော့တလန် အလံကို လွှမ်းခြုံထားသည့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူ ချာလိုတီဒါရို့ခ်ျ က ဆိုခဲ့သည်။

Mizzima News

၂၀၀၈ခုနှစ် မတ်လ ၃ရက်နေ့တွင် ဖြစ်သည်။ တက္ကသိုလ်ရိပ်သာလမ်း တစ်လျှောက်နှင့် စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာတွင် အစောင့်အရှောက်များ ထူထပ်စွာ ချထားသည်။ အဘယ်ကြောင့်ဆိုသော် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရန်ကုန်သို့ လာရောက်ပြီး စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တည်းခိုမည့်အတွက် ဖြစ်သည်။ သို့သော် အဆိုပါ နိုင်ငံတော် ဧည့်ဂေဟာနှင့် ကပ်လျက် မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သားမက် ဦးချာလီ၊ ဇနီးနှင့် သမီးနှစ်ဦး၊ အိမ်ဖော်တစ်ဦး အပါအ၀င် မိသားစု ငါးဦးလုံး ထိုအချိန်တွင် အိမ်အတွင်း သေနတ်ဖြင့် နားထင်များကို ပစ်သတ်ခံနေရသည်ကိုတော့ မည်သူမှ မသိလိုက်ပါ။ ညနေစောင်းတွင်မှ သားမက်ဖြစ်သူ ဦးသုဇော်အိမ်သို့ ပြန်ရောက်လာချိန်တွင် တစ်အိမ်လုံး မိသားစုဝင် အားလုံး ရက်စက်စွာ အသတ်ခံထားရသည်ကို သိပြီး ရဲသို့သတင်းပို့ တိုင်ကြားခဲ့ရသည်။ တစ်ချိန်တည်းတွင် လူသတ်သမားသည် ဘန်ကောက်မြို့သို့ ပျံသန်းနေသော လေယာဉ်ပေါ်တွင် အနားယူ မှေးစက်ရင်း လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ထိုလူသတ်မှုဖြင့် ပတ်သက်ပြီး ပထမဆုံး ထွက်ပေါ်လာသော ကောလဟာလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး စိန်စီသောည မင်္ဂလာဆောင်အတွက် ဦးချာလီတို့ မိသားစုထံမှ ငှားရမ်းထားသော စိန်များကို ရောင်းချရန် ကမ်းလှမ်းရာ မရောင်းချသဖြင့် သတ်ဖြတ်သည်ဟူသည့် သတင်း ဖြစ်သည်။ ထိုသတင်းနှင့် တစ်ဆက်တည်း ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၏ သားဦးဆောင် သတ်ဖြတ်သည်ဟု ထွက်ပေါ်ခဲ့သည်။

ထိုမိသားစု၏ နာရေးတွင် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရွေမန်းက ရုပ်အလောင်းများ အနီးတွင် အမကြီး လူသတ်သမား ဘယ်သူဆိုတာ ကျွန်တော်တို့ကို ပြောပြပေးပါဟု ရေရွတ်သည့် သတင်းမှာလည်း ဂျာနယ်များတွင် ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့က ပထမဆုံး သံသယ ရှိသည်မှာ သားမက်ဖြစ်သူ ဦးသုဇော်ဖြစ်ပြီး ချက်ခြင်းဖမ်းဆီးကာ စစ်ကြောရေး လုပ်ခဲ့သည်။ ရိုးရိုး စစ်ဆေးရုံမျှမက ရန်ကုန်ဆေးရုံကြီး အထူးကြတ်မတ် ကုသဆောင် အတွင်းသို့ခေါ်ကာ ဦးသုဇော်နှင့် သူ၏ မန်နေဂျာကို မေ့ဆေး တစ်ဝက်တစ်ပျက် ထိုးပြီး အိပ်မပျော် တစ်ပျော် အခြေအနေတွင်ပါ စစ်ကြောခဲ့သည်။ သို့သော်လည်း ဦးသုဇော်သတ်ကြောင်း မည်သည့် အထောက်အထားမှ မတွေ့ရသဖြင့် ပြန်လွှတ်ပေးခဲ့ရသည်။ တစ်ချိန်တည်းတွင် ဦးသုဇော်၏ အဖိုး ဖြစ်သူ ယခင် မဆလပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဗိုလ်မှူးကြီး ၀င်းမောင်၏ အိမ်ကိုလည်း မြေလှန်ရှာခဲ့သည်။ သို့သော်အမှုနှင့် ပတ်သက်သည့် မည်သည့် အထောက်အထားမှ မတွေ့ခဲ့ရပေ။ ဦးသုဇော်သည် ထိုသို့ အကြိမ်ကြိမ် စစ်မေးခံရသဖြင့် သူ၏ စားသောက်ဆိုင်ဖြစ်သော ဖူဂျီကဖေးကို အေဒင် ဦးချစ်ခိုင်ထံ ရောင်းချကာ နိုင်ငံခြားအထိ ပြောင်းရွှေ့သွားခဲ့ရသည်။ ထို့ပြင် ဦးချာလီ၏ တစ်ဦးတည်းသော သားမက်ဖြစ်သော်လည်း ကျန်ရှိသည့် ပစ္စည်းများကို အစိုးရ အစီအမံဖြင့် အမွေ ခွဲဝေပေးရာတွင် ဦးသုဇော်ကို တစ်ပြား တစ်ချပ်မှ မပေးခဲ့ပေ။ ဦးသုဇော်သည် ယခုမှ ပြင်ဦးလွင်တွင် ပြန်လည် အခြေချပြီး စားသောက်ဆိုင် ပြန်ဖွင့်ထားသည်ဟု သိရသည်။

ထိုအမှုနှင့် အလားတူ ပြစ်မှုတစ်ခု ၁၉၇၅ခုနှစ်က မိုးကုတ် အောင်ချမ်းသာ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ဖူးသည်ကိုမူ လူအများ မေ့နေကြသည်။ ထိုစဉ်က မိသားစုဝင် ၇ဦးသည် ပါးစပ်ကို တိတ်ဖြင့် ပိတ်ခံရပြီး လက်များကို တိတ်ဖြင့် ချည်နှောင်ခံရကာ နားထင်ကို ပစ္စတို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ အိမ်သားများကို မသတ်မီ ဖမ်းဆီးသော တိတ်ကြိုးများမှာ ထိုစဉ်က ပြည်တွင်းတွင်မရှိပဲ နိုင်ငံခြားမှ ပစ္စည်းများ ဖြစ်သည်။ အလောင်းမှ တိတ်ကြိုးများကို ဖြေသည့်အခါ အသားများ အရေးပြားများပင် ပဲ့ထွက်ကုန်သည်ဟု ထိုစဉ်က ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးက ပြောသည်။ ထိုဖြစ်စဉ်တွင် အိမ်ရှင် ကျောက်ကုန်သည် လီရှော ဦးကျော်အေး၊ ဇနီး ဒေါ်ရွှေကြာ၊ သားနှစ်ဦး၊ သမီးတစ်ဦးနှင့် ခိုးရာလိုက်ပြေးလာပြီး ထိုအိမ်တွင် ခေတ္တ တည်းခိုနေသော စုံတွဲနှစ်ဦး စုစုပေါင်း ၇ဦး အသတ်ခံခဲ့ရသည်။ လူသတ်သမားသည် အဆိုပါ အသတ်ခံရသော မိသားစုအိမ်မှ ဆီဒင်ကား အဖြူရောင်ကို မောင်းနှင် လွတ်မြောက်သွားခဲ့သည်။ ကားရှားပါးသော ထိုခေတ် ကာလတွင် လမ်းပေါ်၌ စစ်ဆေးရေး ဂိတ်များရှိသော်လည်း လီရှော ဦးကျော်အေးသည် အချိန်မတော် အပြင်သို့ ကားနှင့် ထွက်တတ်သည့်အပြင် မြို့မျက်နှာဖုံး ဖြစ်သဖြင့် စစ်ဆေးရေးဂိတ်က လူများက ကားကို လက်ပြ နှုတ်ဆက်လိုက်သေးသည်။ လူသတ်သမားက အဆိုပါ ကားကို မန္တလေး ပြင်ဦးလွင် ကားလမ်းပေါ်တွင် စွန့်ပစ်ထားခဲ့သည်။ နောက်ပိုင်း ရဲတပ်ဖွဲ့၏ ကြိုးစားဖော်ထုတ်မှုကြောင့် မန္တလေးမှ တရုတ်လူမျိုး ယောင်ဝေကြည်ဆိုသူကို မိုးကုတ်မှ လီရှော ဦးကျော်အေးက တန်ဖိုးမရှိသော ကျောက်များ လိမ်ရောင်းခဲ့သဖြင့် ထိုင်းနိုင်ငံမှ မြန်မာကြေးစား လူသတ်သမား မြအေးကို ငှားရမ်း သတ်ဖြတ်စေခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ ယောင်ဝေကြည်ကို ဖမ်းဆီးပြီး ပြစ်ဒဏ် ချမှတ်နိုင်ခဲ့သော်လည်း လူသတ်သမား မြအေးကိုမူ ယနေ့အထိ မဖမ်းမိခဲ့ပါ။ အကယ်၍ မြအေးသာ သက်ရှိထင်ရှား ရှိဦးမည်ဆိုပါက ယခုအသက် ၅၅နှစ် နှင့် ၆၀ကြားတွင် ရှိနေပေလိမ့်မည်။

စိမ်းလဲ့ကန်သာ လူသတ်မှုကို စုံစမ်းဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့် အမှုလိုက် အရာရှိတစ်ဦးထံမှ ပြောကြားချက်အရ ထိုလူသတ်မှုမှာ ဦးချာလီ မိသားစုထံမှ ယူထားသော ပစ္စည်းများ ပြန်မဆပ်လိုသဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ ဦးချာလီထံမှ စိန်နှင့် ကျောက်မျက်ရတနာများ ငှားသွားသူများသည် ပတ္တမြား ငမောက်နီးပါး တန်ဘိုးရှိသည့် ပတ္တမြားတစ်လုံးပါ ငှားပြီး ပြန်မပေးခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စတွင် ဂေါက်သီးရိုက်တော်သော စီးပွားရေးသမား တစ်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၏ ဇနီးတို့က ကြားမှအာမခံပြီး ငှားရမ်းပေးခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဦးချာလီသည် ဂေါက်သီး ကစားခြင်းကို အရူးအမူး ၀ါသနာပါသဖြင့် ဂေါက်ရိုက်တော်သော အဆိုပါ စီးပွားရေးသမားနှင့် အလွန်ခင်ကြောင်း၊ ဦးချာလီသည် လိမ္မော်သီး အလွန်ကြိုက်သဖြင့် လူသတ်သမားသည် လိမ္မော်သီး အထမ်း အရောင်းသမား အသွင်ယူပြီး အိမ်ရှေ့တွင် လိမ္မော်သီး အော်ရောင်းရာမှ ဦးချာလီက ၀ယ်ယူရန် အိမ်တံခါးမှ အထွက်တွင် သေနတ်ဖြင့်တေ့ပြီး အိမ်အတွင်း ခေါ်သွားခြင်း ဖြစ်နိုင်ကြောင်း၊ လူသတ်သမားသည် ကြေးစား လူသတ်သမားဖြစ်ပြီး ပြည်ပတွင် နေထိုင်သူ ဖြစ်နိုင်ကြောင်း၊ လိမ္မော်သီးသည် အသွင်ဆောင်ထားသဖြင့် မြန်မာစကား ပြောတတ်သူ သို့မဟုတ် ပြည်ပနေ မြန်မာကြေးစား လူသတ်သမား ဖြစ်နိုင်ကြောင်းတို့ကို သိရှိခဲ့ရသည်။ သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော သေနတ်မှာ အသံတိတ် ကရိယာတပ်ထားသော ၉မမ ပစ္စတို သေနတ် ဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။ လူသတ်သမားသည် ပရော်ဖက်ရှင်နယ် ကြေးစား လူသတ်သမား ဖြစ်သဖြင့် ထွက်ပြေးသော အိမ်ဖော်မလေးကိုပင် နားထင်မှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း၊ သို့သော် အတွင်းသတင်း တစ်ခုအရ သိရှိရသည်မှာ စုံစမ်းဖော်ထုတ်နေသည့် အဖွဲ့မှ အဓိကကျသူ တစ်ဦးကို အမှုနှင့် ပတ်သက်သူ တစ်ဦးက ကျပ်သိန်းလေးထောင် ပေးလိုက်သဖြင့် အမှုလမ်းကြောင်း ပြောင်းသွားပြီး ဝေ့သွားကြောင်း၊ ထိုအမှုတွင် မြန်မာအမျိုးသား မော်ဒယ် တစ်ဦးလည်း ပတ်သက်နေကြောင်းလည်း စုံစမ်းမေးမြန်း သိရှိရသည်။

စိမ်းလဲ့ကန်သာ လူသတ်မှုနှင့် ပတ်သက်ပြီး ထူးဆန်းသော အချက်များကို တွေ့ရသည်။ ပထမဆုံး အချက်မှာ မြန်မာနိုင်ငံတွင် တိုင်းကျော်ပြည်ကျော် ဖြစ်ပွားခဲ့သော ပြစ်မှုများကို သုံးလအတွင်း မဖော်ထုတ်နိုင်ပါက သက်ဆိုင်ရာ နယ်မြေရဲစခန်းရှိ မြို့နယ်မှူး၊ စခန်းမှူးတို့သည် တစ်ဆင့်နိမ့် ရာထူးဖြင့် ဝေးလံခေါင်ဖျား ဒေသများသို့ ပြောင်းရွှေ့ရသော်လည်း ယခု ပြစ်မှုဖြစ်ပွားသည့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ပင်စင်ယူသည်အထိ ကမာရွတ်တွင်သာ နေမြဲတာဝန် ထမ်းဆောင်ခွင့် ရခဲ့ခြင်း၊ အဆိုပါ လူသတ်မှုကို မဖော်ထုတ်နိုင်သည့် မည်သည့် ရဲတပ်ဖွဲ့ဝင်မှ အရေးယူ မခံရခြင်းတို့မှာ ထူးဆန်းလှသည်။ ထို့အပြင် လာဘ်စားမှုနှင့် ပတ်သက်ပြီး နေပြည်တော်သို့ ခေါ်ယူစစ်ဆေးနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်မှာ မြန်မာနိုင်ငံ အလယ်ပိုင်း နေပြည်တော် စစ်ဆေးရေး နေရာမှ ပြည်ပသို့ တိမ်းရှောင်သွားနိုင်ခဲ့သည်။ ယခု လားရှိုးတွင် ပြန်လည် အခြေချ နေထိုင်နိုင်ခြင်းမှာ စိမ်းလဲ့ကန်သာ လူသတ်မှုအကြောင်း အသေးစိတ် သိထားသဖြင့် မဖော်ထုတ်ရန် အပေးအယူ လုပ်ထားခြင်းဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုစဉ်က ရဲချုပ်ဖြစ်သူ ရဲချုပ်ခင်ရီသည် သတင်းစာ ရှင်းလင်းပွဲတွင် စိမ်းလဲ့ကန်သာ လူသတ်မှု အတွက် အထောက်အထားများ ရရှိပြီးဖြစ်သဖြင့် မကြာမီ တရားခံများ ဘယ်သူဘယ်ဝါကို ကြေညာနိုင်ပါတော့မည်ဟု ပြောသော်လည်း ယခုထိ မဖော်ထုတ်နိုင်ခြင်း၊ သို့သော် ဦးခင်ရီသည် ထိုအမှုကို တာဝန်အရှိဆုံးသူ တစ်ဦး အနေဖြင့် မဖော်ထုတ်နိုင်ခဲ့သော်လည်း ရဲချုပ်မှ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးအဖြစ် ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ရာထူးတိုးသွားခြင်းတို့သည်မှာလည်း မူမှန်သည့် ကိစ္စဟုတ်မဟုတ် စဉ်းစားရန်များ ဖြစ်နေသည်။

အချို့သော မှုခင်းများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်နှင့် ပူးပေါင်း ဆောင်ရွက်ပြီး တရားခံများ ဖမ်းဆီးရမိခဲ့သည့် သာဓကများ ရှိခဲ့သော်လည်း ယခုအမှုကို အင်တာပိုလ်၏ အကူအညီ မရယူခြင်းကလည်း စဉ်းစားရန် အချက်များ ဖြစ်သည်။ လူသတ်မှုကို မြို့နယ် ရဲစခန်းမှ မှုခင်းတပ်ဖွဲ့ (CID)က လွှဲပြောင်း ကိုင်တွယ်ခဲ့သော်လည်း မည်သည့် ထူးခြားမှုမှ ရှိမလာပါ။ မည်သို့ပင်ဆိုစေ ရာဇ၀တ်ဘေး ပြေးမလွတ်ဟူသော စကားရှိပြီးဖြစ်ရာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသော ခေတ်တွင် အသတ်ခံရသူများ၏ အရိုးများ တွန်ပြီး လူသတ်သမား မည်သူမည်ဝါ ဆိုသည်မှာ မကြာမီအတွင်း ပေါ်ပေါက်လာမည်ဟု ယူဆရကြောင်း တင်ပြအပ်ပါသည်။

- Tomorrow သတင်းအဖွဲ့

http://www.tomorrow.com.mm/?q=articles%2F942