09/21/14
ခါးလိုက်တဲ့ ဘ၀တွေဗျာ။ ဘ၀တွေခါးလွန်းလို့ ကိုယ်တောင် အလိုလိုနေရင်း ခါးချင်လာပြီ။ဒီတစ်ခါတော့ နည်းနည်း ချိုတာလေး တင်ပေးလိုက်ပါတယ်။
လူငယ်များ အတုယူရအောင်ပါ။
++++++++++++++++++++++++++++++++++++++++++++++
(၈)
နာမည် - ကိုဝင်းမျိုးသန်း
အသက် - ၃၇
ပညာအရည်အချင်း - အင်ဂျင်နီယာဘွဲ့(စက်မှု)
လက်ရှိအလုပ်အကိုင် - ကိုယ်ပိုင် ကုမ္ပဏီထောင်ထားသည်။
ကိုဝင်းမျိုးသန်းမှာ စင်ကာပူသို့ရောက်ရှိ M.Sc ဘွဲ့တစ်ခု ထပ်ယူကာ အလုပ်လုပ်ရင်းမှ နောက်ပိုင်းတွင် သူငယ်ချင်း များနှင့် အတူပူးပေါင်း၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ သူ့ထံတွင်ပင် မြန်မာလုပ်သား ၃၀ ခန့် ရှိသည် ဟု ဆိုပါသည်။ သူက စင်ကာပူ လာရောက်လုပ်ကိုင်သူ လူငယ်များအား နေသာသလိုမနေကြပဲ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အမြဲ ကြိုးစားနေသင့်သည်ဟု တိုက်တွန်းပါသည်။
၈၊ ၁။ ထက်အာကာသို့ ပျံသန်းခြင်း
ကျွန်တော် R.I.T က ၁၉၉၆ မှာ ကျောင်းပြီးတယ်။ ကျောင်းပြီးတော့ ရန်ကုန်မှာ တစ်နှစ်လောက် လုပ်လိုက်သေးတယ်။ နောက်တော့ ၁၉၉၇ မတ်လမှာ စင်ကာပူလာခဲ့တာပဲ။ စင်ကာပူကို Work Permit နဲ့ လာခဲ့တာ။ အေးဂျင့်နဲ့ လာခဲ့တာပဲ။ Sheet Metal ကုမ္ပဏီမှာ လုပ်ရတယ်။ Engineering Technician တဲ့။ အဲဒီမှာ ၂ နှစ် လုပ်ခဲ့တယ်။ အဲဒါပြီးတော့ တခြား ကုမ္ပဏီ တစ်ခုမှာ E.P လျှောက်တယ်။ Technician အနေနဲ့ပဲ။ အဲဒီမှာ ၁၉၉၉ ကနေ ၂၀၀၀ ထိ လုပ်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်ကျတော့ NUS မှာ M.Sc (Mechanical) ကို အချိန်ပိုင်း သွားတက်ခဲ့တယ်။ ၂ နှစ်နဲ့ ပြီးသွားတယ်။
နောက်တော့ ကုမ္ပဏီတစ်ခုပြောင်းတယ်။ Mechanical Engineer အနေနဲ့။ Generator Set တွေ လုပ်တာ။ အဲဒီမှာ ၆ နှစ်လောက်ကြာတယ်။ ၂၀၀၇ စက်တင်ဘာထိ။
နောက်တော့ ကျွန်တော်မိတ်ဆွေတွေနဲ့ပေါင်းပြီး ကုမ္ပဏီတစ်ခု register လုပ်တယ်။ ဒါပေမဲ့ ချက်ခြင်းမလုပ်ဖြစ်သေးဘူး။ ကုမ္ပဏီအနေနဲ့က Gen Set packaging လုပ်ပေးတယ်။ နောက်ပြီး construction မှာ electrical wiring, installation လုပ်ပေးတယ်။ ကိုယ့်ဟာကိုယ် contract ဆွဲပြီး လုပ်တာ။
အစပိုင်းမှာတော့ အခက်အခဲတွေ အများကြီးတွေ့ရတာပေါ့။ ဒါပေမဲ့ ဒီလိုပဲ လုပ်ရတာပဲပေါ့။
ရန်ကုန်ကလာပြီး ကျောင်းတက်မဲ့သူတွေအတွက် အဓိကလိုတာက အင်္ဂလိပ်စာပဲပေါ့။ တခြားတော့ ဘာမှသိပ် အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ scholarship နဲ့ လာတဲ့သူတွေကတော့ ပြဿနာမရှိဘူး။ ကိုယ့်ဟာကိုယ် အလုပ်လုပ်ရင်း ကျောင်းတက်မယ်ဆိုရင်တော့ အလုပ်အကိုင် အဆင်ပြေရဲ့လား၊ အလုပ်တစ်ဖက်နဲ့ ကျောင်းစာလိုက်နိုင်ပါ့မလား သေသေချာချာ လေ့လာပြီးမှ လာသင့်တယ်။
ကိုယ့်ဟာကိုယ် ကျောင်းတက်မယ်ဆိုရင် ငွေဘယ်လောက်ကုန်မလဲ၊ အဲဒီလောက် အကုန်အကျခံနိုင်ပါ့မလား စတာတွေပါ ထည့်တွက်ရမှာပေါ့။ ဒီမှာက ကုန်ကျစရိတ်များတယ်။ ကျောင်းတစ်ဝက်တပျက်နဲ့ ပိုက်ဆံမတတ်နိုင်လို့ ပြန်သွားရ မယ်ဆိုရင် အရမ်းနစ်နာတယ်။
၈၊ ၂။ အောင်မြင်မှု ဆိုတာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခု မဟုတ်
ကိုယ့်ဘ၀ကိုယ် တက်လမ်းရှာချင်တယ်ဆိုရင်တော့ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရမှာပဲ။ အထူးသဖြင့် မြန်မာပြည်က အလုပ်လာလုပ်တဲ့ လူငယ်လေးတွေကို မှာချင်တာက ဟာ၊ ငါ ဒီလောက်ပဲ ရတာပဲ။ ဒီလောက်နဲ့ တန်အောင်ပဲလုပ်မယ်ဆိုတဲ့ တွက်ကပ်တဲ့စိတ်မျိုးတွေ မမွေးမိစေဘို့ပဲ။
ကျွန်တော်တို့ လာတုံးကလည်း လခက ဘယ်လောက်မှရတာမဟုတ်ဘူး။ ဒါပေမဲ့ အကုန်လုပ်ရတာပဲ။ ကျွန်တော်တို့ ရတဲ့လခနဲ့ လုပ်ရတာနဲ့ကို ဒီထက်ပိုကြီးတဲ့ ကုမ္ပဏီကြီးတွေနဲ့သာ ယှဉ်ကြည့်လိုက်ရင် ဘယ်လိုမှမကိုက်ဘူး။ ဒါပေမဲ့ မတွက်မကပ်ပဲ ဒီလိုလုပ်ခြင်းအားဖြင့် တစ်နေ့ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်တဲ့အခါမှာ အများကြီး အထောက်အကူရတယ်။ အောက်ခြေသိမ်း အားလုံးနားလည်သွားတယ်။ လက်တွေ့သိသွားတယ်။ အဲဒါအမြတ်ပဲ။ ဒါ ငွေပေးပြီး ၀ယ်လို့မရနိုင်သလို ကျောင်းမှာ သင်ပေးလို့လည်း မရနိုင်ဘူး။ တကယ်လုပ်တဲ့ အခါကျမှ အခက်အခဲ၊ ပြဿနာဆိုတာတွေ့ရတာ။
နောက်တစ်ခုက ကတိတစ်ခုကို လွယ်လွယ်မပေးမိစေဘို့၊ ကတိပေးပြီးရင်လည်း ပေးထားတဲ့ကတိအတိုင်း လုပ်ပေးဘို့ အရေးကြီးတယ်။ ဒါမှ လူတွေရဲ့ ယုံကြည်မှုရမယ်။ စီးပွားရေးလုပ်တဲ့အခါ အဆင်ပြေမယ်။ အခု ကျွန်တော်တို့ ကိုယ့်စီးပွားရေးကိုယ် လုပ်ကြပြီဆိုတော့ အလုပ်ရှာတဲ့အခါ အလုပ်ရှင်က ကိုယ့်နောက်ခံသမိုင်းကို လေ့လာတယ်။ ဒီကောင်တွေ တကယ် စိတ်ချရရဲ့လား ပေါ့။
ကိုယ်က သမိုင်းကြောင်းမကောင်းခဲ့ရင် အလုပ်ရှင်က အလုပ်အပ်မှာမဟုတ်ဘူး။ ဒီတော့ သမိုင်းကြောင်း ကောင်း အောင် ကိုယ့်အလုပ်အပေါ်မှာကိုယ် သစ္စာရှိရမယ်။ ကောင်းနိုင်သမျှ ကောင်းကောင်းလုပ်ပေးရမယ်။ အကောင်း ဆုံးဖြစ်အောင် ကြိုးစားရမယ်။
ဒီတော့ ကိုယ် လခ ဘယ်လောက်ရသလဲ ဆိုတာထက် ကိုယ် ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာ ပိုပြီး အရေးကြီးပါတယ်။ အထူးသဖြင့်တော့ နောက်ပိုင်းလာတဲ့ ကောင်လေးတွေမှာ အဓိက တွေ့ရတယ်။ ငါကတော့ ဘယ်လောက်ပဲ ရတာမို့ ဘယ်လောက်ပဲလုပ်နိုင်မယ် စသဖြင့်ပေါ့။ ကောင်လေးတွေက ပိုက်ဆံသာလိုချင်တာ။ ဘာခံယူချက်မှ မရှိသလို ကြိုးစားချင်စိတ်လဲမရှိဘူး။ သူတို့ကို တစ်ခုခုလုပ်ခိုင်းလိုက်ရင် တာဝန်ယူချင်စိတ်မရှိဘူး။ နောက်ပြီး ကိုယ်မတတ်လို့ လေ့လာချင်တဲ့စိတ်လည်း မရှိဘူး။
ဒါ ကျွန်တော်ထင်တယ်။ သူတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေနဲ့လည်း ဆိုင်မယ်ထင်တယ်။ သူတို့က မြန်မာပြည်မှာကတည်းက ခပ်ပေါ့ပေါ့နေ၊ ခပ်ပေါ့ပေါ့စား။ ပညာသင်ကြားရေးကအစ ဘာကိုမှ အလေးအနက်မထားခဲ့ ဘူး။ အဲဒီ အကျင့်တွေ ဒီကိုပါယူလာခဲ့တယ်။
ကျွန်တော်သူတို့ကို ပြောပြတယ်။ အောင်မြင်မှုဆိုတာ လွယ်လွယ်လေးရတဲ့အရာ မဟုတ်ဘူး။ အစွမ်းကုန် ကြိုးစားနိုင်မှ ရတာ။ ကျွန်တော် ဒီလာတုံးက Work Permit နဲ့လာတာ။ ပါမစ် သက်တမ်းကုန်ခါနီးတော့ E.P တင်တယ်။ မရဘူး။ Reject ထိတယ်။ နောက်ထပ် အလုပ်ထပ်ရှာရတယ်။ E.P တင်ရတယ်။ နောက်မှ ရတာ။
ကျွန်တော်က P.R လိုချင်တယ်။ P.R ဖြစ်မှလည်း ကလေးတွေ ကျောင်းတက်ဖို့ကိစ္စတို့ဘာတို့ အဆင်ပြေမှာကိုး။ အဲဒီအချိန်က P.R ရဘို့ဆိုတာလည်း အတော့်ကိုမလွယ်ဘူး။ ဒီက M.Sc ဘွဲ့ တစ်ခုခုရမှလို ဖြစ်နေတော့ ကျွန်တော် ကျောင်းတက်ဘို့ပြင်တယ်။ မဖြစ်ဖြစ်အောင် ကျောင်းတက်လိုက်တယ်။ ကြိုးတော့ ကြိုးစားရတာပေါ့။ ဒီလိုနဲ့ M.Sc ပြီး သွားတယ်။
နောက်ပြီး စီးပွားရေးလုပ်တယ်ဆိုတာလည်း ပြောသလောက် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ပထမ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ အပြင်းအထန်ရုန်းကန်ရတယ်။ အပင်ပန်းခံ၊ အနစ်နာ ခံရတယ်။ အခက်အခဲ ပေါင်းစုံတွေ့ရတယ်။ ကိုယ် မျှော်လင့်ထားတာရော၊ မျှော်လင့် မထားတာရောပေါ့။
လုပ်တာက ကျွန်တော်ရယ်၊ ကျွန်တော်နဲ့ စင်ကာပူကို အတူတူထွက်လာတဲ့ သူငယ်ချင်းတစ်ယောက်ရယ်၊ နောက် တစ်ယောက်ရယ် ပေါင်းပြီးလုပ်ငန်းတစ်ခု ထူထောင်လိုက်တာ။ ခုဆို နှစ်နှစ်လောက်ရှိပြီ ဆိုပါတော့။ ထိုက်သင့် သလောက်တော့ အောင်မြင်ပါတယ်။
၈၊ ၃။ မြန်မာလူငယ်တွေ အတွက် တိုးတက်ရေး လမ်းညွှန်ချက်
စင်ကာပူကို ရိုးရိုး အလုပ်သမားဘ၀နဲ့လာတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော့်ဆီမှာကိုပဲ ၃၀ လောက် ရှိတယ်။ ဒီကောင်လေးတွေရဲ့ သဘောထားကတစ်မျိုးဗျ။ သူတို့ကို ကျွန်တော် ပြောပြတယ်။
မင်းတို့ကြုံရင် သူငယ်ချင်းတွေ ဆီကနေတဆင့် တခြားကုမ္ပဏီတွေ မေးကြည့်လိုက်။ ငါတို့ မြန်မာကုမ္ပဏီတွေနဲ့ တူရဲ့လား ဆိုတာ။ သူများတွေမှာ OT မဆင်းရလို့ ငြီးနေကြတယ်။ မင်းတို့ကျတော့ ပင်ပန်းလို့ဆိုပြီး ငါတို့က ပေးတာတောင် အိုတီ မဆင်းချင်ကြဘူး။
နောက်ပြီး သူတို့ကပြောလိုက်သေးတယ်။ ကျွန်တော်တို့အတွက် ပိုက်ဆံကအရေးမကြီးပါဘူး တဲ့။ ပိုက်ဆံ အရေးမကြီးရင် ဘာကိစ္စ ကိုယ့်မိသားစုနဲ့ခွဲပြီး စင်ကာပူကိုလာသတဲ့လဲ။ နောက်ပြီး ကျွန်တော်တို့က သူတို့ကို အမြဲစောင့်ကြည့် အကဲခတ်နေတာ။ တော်ရင်တော်သလို၊ ထူးချွန်ရင်ထူးချွန်သလို မြှောက်စားရအောင်။ ဒါ သူတို့အတွက် အခွင့်အလမ်းပဲ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ခံစားရမှာ။ နောက်ပြီး ဒါတင်မကသေးဘူး။ သူတို့သာယူတတ်ရင် ဒီကနည်းပညာတွေ အများကြီး ယူသွားလို့ရတယ်။ နောင်တစ်ချိန် စင်ကာပူကနေ ပြန်သွားပြီး မြန်မာပြည်မှာ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်ရင် ဒါတွေကို ပြန် အသုံးချလို့ရတယ်။
နောက်တစ်ချက်က သူတို့မှာ ဘာရည်မှန်းချက်မှ တိတိကျကျမရှိဘူး။ စင်ကာပူကို ဘာလို့လာသလဲ။ ပိုက်ဆံ ရှာဘို့ဆိုရင် ဘယ်အတိုင်းအတာထိ ရှာမလဲ။ ရလာတဲ့ ပိုက်ဆံကို ဘယ်လိုအသုံးချမလဲ။ စင်ကာပူမှာ မလုပ်တော့လို့ မြန်မာပြည် အပြီးပြန်သွားရင် ဘာလုပ်မယ်စိတ်ကူးထားလဲ။ မေးလိုက်ရင် သူတို့ ဘာမှရေရေရာရာ မပြောတတ်ဘူး။ ဒါ အလုပ်သမားတွေတင် မကဘူး။ အင်ဂျင်နီယာ ဆိုတဲ့ကောင်လေးတွေလည်း ဒီအတိုင်းပဲ။
စင်ကာပူမှာလည်း မြန်မာတွေ အတော်များများ မန်နေဂျာတို့ဘာတို့ ဖြစ်နေကြတာ ရှိပါတယ်။ သူတို့ ဒီလို ဖြစ်လာတယ် ဆိုတာ အင်မတန် ကြိုးစားပြီးမှ ဖြစ်လာကြတာ။ နေရင်းထိုင်ရင်း ဖြစ်လာတာ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် အစပိုင်းမှာတော့ အခက်အခဲဆိုတာ ရှိမှာပဲ။ အနည်းဆုံးတော့ communication ပြဿနာရှိတယ်။ ယဉ်ကျေးမှုမတူလို့ ဆက်ဆံရတဲ့အခါ မပြေလည်တာတွေ ရှိတယ်။
အလုပ်ရှင်ဆိုတာ လူတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ လူကဲခတ် အင်မတန်တော်တယ်။ တော်လို့လည်း သူဌေးဖြစ်နေတာပဲ။ ဘယ်သူကတော့ဖြင့် အလုပ်ကိုကြိုးစားပမ်းစား လုပ်တယ်။ ဘယ်သူကတော့ဖြင့် အင်မတန်ရေသာခို ချင်တယ်။ တွက်ကပ်တယ်။ ဒါ သူတို့ နေရာတကာလိုက်ကြည့်နေစရာ မလိုဘူး။ သိတာပဲ။ ပါးစပ်ဟလိုက်တာနဲ့ ဗိုက်ထဲ ဘာရှိတယ်ဆိုတာ သိပြီးသားပဲ။
ဒီတော့ အင်မတန်ရှင်းပါတယ်။ ကြိုးစားတဲ့လူတက်မယ်။ မကြိုးစားတဲ့လူမတက်ဘူး။ ခု ကျတော့ ရောက်လာတဲ့ ကောင်လေးတွေက တစ်ယောက် ရာထူးတက်သွားရင် ဘာကြောင့်တက်သလဲဆိုတာ မလေ့လာပဲ မနာလိုစိတ်နဲ့ တိုက်ချင်တယ်။ တွန်းချင်တယ်။ တရားသောနည်းအားဖြင့် မယှဉ်ပြိုင်ပဲ မဟုတ်တာလုပ်ချင်တယ်။ ဒါ ကြည့်လိုက်ရင် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပေါ့။ တိုးတက်မလာပဲ ဆုတ်ယုတ်လာတယ်။ ဒါ ကျွန်တော့် ကုမ္ပဏီမှာ ကိုပဲ တွေ့နေရတာတွေ။
ဆိုတော့ ကျွန်တော်တို့ မြန်မာချင်းတော့ မထောင်းတာဘူးပေါ့။ ဒါပေမဲ့ နိုင်ငံခြားသားကုမ္ပဏီမှာ သွားလုပ်တဲ့အခါ လူမျိုးလိုက်ချီပြီး သိက္ခာကျတယ်။ မင်းတို့ မြန်မာတွေ ဘာသောက်သုံးကျသလဲလို့ အပြောခံရတာ ဘယ်လောက် ရှက်စရာ ကောင်းသလဲ။ ဒါပေမဲ့ အလျင်ရောက်နှင့်နေတဲ့ မြန်မာတွေက အင်မတန်ကြိုးစားလို့ နာမည်ကောင်းရနေတော့ ဒီက ကုမ္ပဏီတွေက မြန်မာဆို သဘောကျတယ်။ အလုပ်ခန့်ချင်တယ်။ အဲဒါကို နောက်လူတွေ အနေနဲ့ ဆက်ထိန်းထားဘို့လိုတယ်။
စင်ကာပူဆိုတာက နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်နေကြတာ။ သူတို့မှာ သူတို့လူမျိုးရဲ့ အမူအကျင့်တွေ၊ ဓလေ့စရိုက်တွေ ပါလာတယ်။ ကိုယ်က သူတို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကိုပယ်ပြီး ကောင်းတဲ့ အလေ့အကျင့်တွေကို အတုခိုးရမယ်။ အခုတော့ ကောင်လေးတွေက မကောင်းတာတွေတော့ အတုခိုးမြန်ပြီး ကောင်းတာတွေကျတော့ နည်းနည်းလေးမှ အတုမယူဘူး။ ဥပမာ - စင်ကာပူရောက်ပြီ ဆိုတာနဲ့ နားကွင်းဖောက်မယ်။ ဆံပင်ရှည်ထားမယ်။ တက်တူးတွေ ထိုးမယ်။ ဖဦးထုပ်မတွေနဲ့ girl friend တွေ ထားမယ်။
ကိုယ်က လခတိုးလိုချင်ရင် အရင်လုပ်ပြရမယ်။ သူများတွေနဲ့ သွားယှဉ်တဲ့အခါမယ် သူများတွေက အတွေ့အကြုံ ရင့်ပြီးသား။ ကိုယ်က သူတို့ထက် ပညာတော့ ပိုတတ်ပါရဲ့။ အတွေ့အကြုံပိုင်းမှာ သူတို့ကိုမမီဘူး။ ဒီတော့ သူတို့ထက် ပို တတ်အောင် ကိုယ်ကကြိုးစားရမယ်။ အရင်ဆုံးလုပ်ရမှာက communication ပဲ။ ကိုယ်ပြောတာ သူတို့ နားလည်ရမယ်။ သူတို့ပြောတာ ကိုယ် နားလည်ရမယ်။
ခု ကောင်လေးတွေမှာ ဖြစ်နေတာက ဟာ - ငါက ဘာဘွဲ့ရပြီးသားပဲ။ ဒါနဲ့တောင် ငါတို့ကို နှိမ်ထားတယ်။ လခ တိုးမပေးချင်ဘူး လို့ ယူဆတယ်။ ကိုယ်ကတော့ ကြိုးစား မပြဘူး။ ဒီတော့ နောက် ကုမ္ပဏီပြောင်းမယ်။ ဒါမှမဟုတ် ပြန်သွားမယ်။
ဒါပေမဲ့ နောက်ကုမ္ပဏီမှာလည်း ဒီအတိုင်းဆို ဘယ်သူက အလကားနေရင်း သူတို့ကို လခ ၁၅၀၀၊ ၂၀၀၀ ပေးမလဲ။ ၂၀၀၀ တန်မှ ၂၀၀၀ ပေးမှာပေါ့။ သူတို့ အပြောကောင်းလို့ အစပိုင်းမှာ လခ ၂၀၀၀ နဲ့ အလုပ်ရချင် ရသွားမယ်။ ဒါပေမဲ့ တကယ်လည်း ၀င်လုပ်လိုက်ရော သူဌေးက သူမလုပ်တတ်မှန်း သိသွားရင် ဖြုတ်ပစ်မှာပဲ။ ညှာနေမှာ မဟုတ်ဘူး။
ဒီတော့ ကုမ္ပဏီ တစ်ခုပြီးတစ်ခု ပြောင်းသွားတာသာ အဖတ်တင်တယ်။ ကိုယ့်မှာ ဘာပညာမှ မရလိုက်ဘူး။
ဒီမှာက ပထမ အလုပ်ခန့်လိုက်ရင် probation period (အစမ်းခန့်ကာလ) ဆိုတာ ရှိတယ်။ ဒီကာလအတွင်းမှာ လခ အပြည့်မပေး တတ်ကြဘူး။ ဆိုပါတော့၊ မူရင်း လခက ၁၈၀၀ လို့ သဘောတူ ထားပေမဲ့ probation period က ၃ လ ဆိုရင် ဒီ ၃ လ အတွင်းမှာ ၁၂၀၀ ပဲပေးချင်ပေးမယ်။ ဒီ ၃ လအတွင်းမှာ ကုမ္ပဏီက ကိုယ့်လုပ်ရည်ကိုင်ရည်ကို အကဲခတ် ကြည့်မယ်။ ကိုယ်က ငါဟာ တကယ်ပဲ ၁၈၀၀ တန်ပါတယ် ဆိုတဲ့အကြောင်း ကောင်းကောင်း ပြနိုင်ရမယ်။ သူတို့ ၁၂၀၀ ပဲပေးတာကို ကြည့်မနေရဘူး။ ကိုယ့်အနေနဲ့ လုပ်ရမှာက ဒီ probation period အတွင်းမှာ လုပ်ငန်းသဘောသဘာဝတွေ လေ့လာရမယ်။ တကယ့်ကို ယုံကြည်စိတ်ချရတဲ့ သူတစ်ဦးဖြစ်အောင် ကြိုးစားပြရမယ်။ ကိုယ်ဒီလို လေ့လာတာတွေ၊ ကြိုးစားတာတွေ တွေ့ရမှ probation period ပြည့်တဲ့အချိန်မှာ သူတို့ဘက်က စိတ်ချလက်ချ လခတိုးပေးမှာပေါ့။ ကိုယ်သာ တကယ်လုပ်ပြနိုင်ရင် ၁၈၀၀ တောင် မဟုတ်ဘူး။ ၂၀၀၀ လည်း တောင်းနိုင်တာပဲ။
ဒါမှမဟုတ်ပဲ ကိုယ်က အာ၊ သူတို့မှ လခအပြည့်မပေးတာဆိုပြီး ရေသာခိုနေ၊ ကပ်နေလို့ကတော့ ဘယ်တော့မှ လခ တိုးရမှာ မဟုတ်ဘူး။ ဒါ အင်မတန်သေချာနေတာပဲ။ သူဌေးဆိုတဲ့လူတွေက အင်မတန်ပါးတာဗျ။ သူတို့က မတော်တဲ့ကောင်တွေကိုသာ မင်းတို့ကို လခတော့ မတိုးပေးနိုင်ဘူး။ ကြိုက်တဲ့ အချိန်ထွက်နိုင်တယ်လို့ပြောပေမဲ့ တကယ် လုပ်တတ်တဲ့၊ တော်တဲ့သူတွေကျတော့ သူတို့ကိုယ်နှိုက်ကကို ထွက်သွားမှာကို ကြောက်နေတာ။ အဲဒီတော့ ကိုယ့်အနေနဲ့ ကိုယ်လိုချင်တဲ့ လခကို ရဲရဲတောင်းလို့ ရတာပေါ့။ ကိုယ့် အရည်အချင်း ကိုယ်သိနေတာကိုး။
အဲဒါကို ကျွန်တော်တို့ မြန်မာလူငယ်တွေ သဘောမပေါက်ကြဘူး။
စေတနာနဲ့လုပ်ပေးဘို့ဆိုတာ အင်မတန် အရေးကြီးတယ်။ ကျွန်တော် နောက်ဆုံး လခစားအနေနဲ့ လုပ်ခဲ့တဲ့ကုမ္ပဏီဆိုရင် ကျွန်တော့်ရာထူးက မန်နေဂျာပဲ။ ဒါပေမဲ့ ကုမ္ပဏီကသေးတဲ့ အခါကျတော့ အကုန်လုပ်ပေးရတာပဲ။ ငါ မန်နေဂျာပဲ၊ ဒီအလုပ် ငါနဲ့မဆိုင်ဘူးလို့ မသိချင်ယောင် ဆောင်နေလို့ မရဘူး။ အရောင်းဘက်မှာလဲ လုပ်ပေးရတယ်။ Technician အနေနဲ့လည်း လုပ်ပေးရတယ်။ Production ဘက်ပါ ၀င်ကိုင်ပေးရတယ်။
အကြောင်းမသိတဲ့သူတွေကတော့ ပြောမှာပေါ့။ ဟာ - ဒါတွေ မင်းလုပ်စရာလား ပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကျတော့ ဒီလို အောက်ခြေသိမ်း လုပ်လိုက်ခြင်းအားဖြင့် ဟော၊ ခု ကိုယ်ပိုင်ကုမ္ပဏီထောင်တော့ အဲဒါတွေဟာ အားလုံး အင်မတန်မှ အဖိုးတန်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်သာ ကိုယ်တိုင်ဝင်မလုပ်ရင် ဒါတွေကို ဘယ့်နှယ်လုပ် သိနိုင်မလဲ။ ဒါမျိုးတွေ ဆိုတာက စာအုပ်ထဲမှာ ရေးပြထားတာမျိုး မဟုတ်ဘူး။ လက်တွေ့ကနေ သင်ယူရတာ။
နောက်ဆုံး ကျွန်တော် သူတို့ဆီကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ် ဆိုတာတောင်မှ ပစ္စလက်ခတ် ထွက်လာတာ မဟုတ်ဘူး။ သူဌေးကို သေသေချာချာပြောတယ်။ ငါ စီးပွားရေးလုပ်မလို့ မင်းဆီက ထွက်တော့မယ်။ ဒါပေမဲ့ မင်း လိုတဲ့အချိန် ငါ့ကိုပြော။ ငါတတ်နိုင်သလောက် လုပ်ပေးမယ်။ နောက်ပြီး ဒီက ငါ့နေရာမှာ အစားထိုးမဲ့လူကိုလည်း ငါ သေသေချာချာ သင်ပေးသွားမယ်။ ဒီတော့ မင်းအနေနဲ့ ငါ့ကို ဘယ်နှစ်လဆက်နေစေချင်သေးလဲ၊ ပြော၊ ငါ လုပ်ပေးမယ် ပေါ့။ နောက်ဆုံးအချိန်ထိ သူ့ကိုအကူအညီပေးခဲ့တယ်။ ဒါ ကျွန်တော်က ကိုယ်ဘယ်လောက် စေတနာထား လုပ်ပေးခဲ့သလဲ ဆိုတာပြောပြတာ။
ဒီလို လုပ်ပေးခဲ့ခြင်းအားဖြင့် သူနဲ့ကိုယ့်အကြား မိတ်မပျက်တော့ဘူး။ နောင် ဆက်ဆံချင်တယ်ဆိုလည်း ပြန်ပြီး ဆက်ဆံလို့ရတယ်။ ရေရှည်အတွက် ကြည့်ရတာပေါ့။
၈၊ ၄။ ရှောင်ကြဉ်ရမည့် အကျင့်ဆိုးများ နှင့် ခံယူရမည့် သဘောထား
နောက်တစ်ခုက ပုခုံးချင်းယှဉ်တာ။ ဥပမာ သူဌေးက manpower supply အနေနဲ့ နောက်ကုမ္ပဏီတစ်ခုကို သူ့ကို ပို့လိုက်တယ်။ အဲလို ငှားလိုက်ခြင်းအားဖြင့် သူဌေးက တစ်နာရီကို တစ်ဆယ်ရတယ်။ သူ့အနေနဲ့ကျတော့ နှစ်ကျပ်ပဲ ရတယ်။ ဒါကို သွားမြင်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့ သူဌေးက ဟို ကုမ္ပဏီကို တစ်ဆယ်တောင်းရသလဲဆိုတဲ့ နောက်ကွယ်က အချက်တွေကို ကျတော့ အလုပ်သမားတစ်ယောက် အနေနဲ့ ဘယ်လိုမှ မသိနိုင်ဘူး။ ကိုယ်မသိတဲ့ကိစ္စ သွားပြီး ပုခုံးချင်း မယှဉ်ရဘူး။
နောက်ပြီး အချင်းချင်းယှဉ်တဲ့ကိစ္စ။ သူကတော့ တစ်နေ့မှ ၂၀ ပဲရတယ်။ ဟိုကောင်ကျ ၃၀ ရတယ်။ သူက ၃၀ ရတာကိုသာ မြင်တာကိုး။ အဲဒီကောင်အနေနဲ့ ၃၀ ရအောင် ဘာတွေရင်းနှီးပြီး ဘယ်လိုအသည်းအသန် ကြိုးစားပြီး တက်လာရတာကျ မလေ့လာဘူး။
နောက်ပြီး အတူတူလာတဲ့သူချင်း၊ သူများက ကိုယ့်ထက်ပိုပြီး လခများသွားတဲ့ကိစ္စ။ တစ်သုတ်ထဲ အတူတူ လာကြတယ်။ ဟိုကောင်ကျတော့ မနားမနေကြိုးစားတယ်။ လေ့လာတယ်။ မေးတယ်။ သင်ယူတယ်။ ဒီတော့ အချိန်တိုလေး အတွင်းမှာ တတ်သွားတယ်။ လက်လွှဲရတယ်။ ဒီတော့ သူဌေးက လခတိုးပေးတယ်။ ဒါပေမဲ့ ကိုယ်ကျတော့ ဒီလိုမမြင်ဘူး။ ဟာ - ဒီကောင် ဘာတတ်လို့လဲ။ ငါနဲ့ တစ်နေ့ထဲ အတူတူလာတာပဲ။ ဒီရောက်တော့ ဒါတွေ မတတ်လို့တောင် ငါကသင်ပေးရသေးတာ။ ခုကျတော့ သူက လခတိုးသွားပြီ။ ငါ့ကျတော့ မတိုးဘူး။ မတရားဘူး ပေါ့။ ဒါပေမဲ့ ဒီကောင်က ဘာလို့လခတိုးပြီး ငါ့ကျဘာလို့ မတိုးရတာလဲ ဆိုတာ မလေ့လာဘူး။ ကိုယ့်ဟာကိုယ် ပြန်ပြီး မဝေဖန်၊ မဆန်းစစ်ဘူး။
ဒီနိုင်ငံက တကယ့်စီးပွားရေးနိုင်ငံ။ အကျိုးအမြတ်မရှိဘဲ ဘယ်သူမှ လခတွေအများကြီးပေးထားမှာ မဟုတ်ဘူး။ တချို့ကျတော့လည်း တစ်မျိုး။ ဒီက ကုမ္ပဏီတွေက project တစ်ခုရလိုက်လို့ အေးဂျင့်ကနေတစ်ဆင့် လူခေါ်လိုက်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီ ကုမ္ပဏီ ရထားတဲ့ project က ပျက်သွားတယ်။ ဒီတော့ ဒီကောင်တွေ အလုပ်မရှိမဘူး။ အိုဗာတိုင်ဆိုတာ ဝေလာဝေး။ ဒါကျတော့ ဘယ်သူ့မှ အပြစ်တင်လို့ မရတော့ဘူး။ သူဌေးက လုပ်ချင်လို့မဟုတ်ဘူး။ ဒါ့အပြင် အေးဂျင့်ရဲ့ အပြစ်လည်း မဟုတ်ဘူး။ ကံကိုပုံချစရာ တစ်လမ်းပဲ ရှိတော့တယ်။
ဒီတော့ ကောင်းတာက ကိုယ် လျှောက်ထားတဲ့ အေးဂျင့်၊ ကုမ္ပဏီဟာ ဘယ်လောက် အတိုင်းအတာထိ စိတ်ချရသလဲ၊ ခိုင်မာသလဲဆိုတာ ကိုယ် အင်တာဗျူး မ၀င်ခင်ကတည်းက စုံစမ်းထားသင့်တယ်။ စင်ကာပူမှာက ကုမ္ပဏီတွေဆိုတာ မှိုလိုပေါနေတာ။ သူလည်း ကုမ္ပဏီထောင်၊ ကိုယ်လည်း ကုမ္ပဏီထောင်။ ကုမ္ပဏီသာထောင်တာ၊ လက်ထဲမှာ ပိုက်ဆံဆိုတာ မယ်မယ်ရရ ရှိတာမဟုတ်ဘူး။ အေးဂျင့်တွေနဲ့ပေါင်းပြီး လူတွေခေါ်၊ လူခေါ်တဲ့အပေါ်မှာ အေးဂျင့်ဖီးတောင်းယူ။ နောက်ပြီး ရောက်လာတဲ့သူတွေကို ကိုယ်ပိုင်အလုပ်မရှိပဲ တခြားကုမ္ပဏီတွေကို manpower supply ပြန်သွင်း။ အာ၊ ရှုပ်ရှက်ကို ခပ်နေတာ။
MOM (Ministry of Manpower) ဥပဒေအရ အလုပ်ရှင်တစ်ယောက်ဟာ အလုပ်သမားတွေဆီကနေ အေးဂျင့်ဖီး တောင်းယူပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ ဒီမှာကတော့ အလုပ်ရှင်တွေကိုယ်တိုင် အေးဂျင့်လုပ်ပြီး ကိုယ့်အလုပ်သမားတွေ ဆီကနေ အေးဂျင့်ဖီး ပြောင်တောင်းယူနေကြတာပဲ။ ထားပါတော့၊ တစ်ယောက်ကို တစ်ထောင်ပဲ ရတယ်ထား။ လူ ဆယ်ယောက် ခေါ်လိုက်ရင်ပဲ တစ်သောင်း ရနေပြီ။ ဘာမှမလုပ်ရပဲ သပိတ်ဝင်၊ အိတ်ဝင် ရတာ။
ဒီကို အလုပ်သမားတွေရောက်လာပြီး အလုပ်မပေးနိုင်တဲ့အခါကျတော့ ဆောရီးကွာ၊ ငါတို့ အလုပ်မရှိသေးဘူး လုပ်လိုက်ရော။ သူက ဆောရီးနဲ့တင် ပြီးသွားတာ၊ မြန်မာပြည်က လာတဲ့ကောင်တွေကျ အေးဂျင့်ဖီး တနင့်တပိုး ပေးလာခဲ့ရတာ ဆိုတော့ အလုပ်မလုပ်ရပဲ အကြာကြီးနေရရင် သေပြီ။ အဲဒါကြောင့်မို့လို့ ဒီကိုလာမယ် ကြံတဲ့သူတွေ အနေနဲ့ ဖြစ်နိုင်ရင် ကိုယ်လာမဲ့ ကုမ္ပဏီအကြောင်း လေ့လာထားသင့်တယ်။ မြန်မာပြည်ကနေ လေ့လာဘို့ ဆိုတာလည်း သိပ်တော့ ဘယ်လွယ်ပါ့မလဲ လေ။
နောက်တစ်ခု သတိပေးချင်ပါသေးတယ်။ ကိုယ့်မြန်မာချင်းပြန်ပြီး ဇာတ်တူသားစားတဲ့ ပင်နင်စူလာက မြန်မာ အေးဂျင့်တွေကို အတော်လေး သတိထားပါလို့။ သိတယ်မို့လား။ အေးဂျင့်ဆိုတဲ့လူမျိုးတွေက မစားရ၀ခမန်း ပြောတတ်ကြတာ။ သူတို့ပြောတာ အဟုတ်ကြီးထင်ပြီး ပိုက်ဆံတွေ ကြိုပေး၊ နောက်ကျတော့မှ အလုပ်ကမရ၊ stayကကုန်။ ပိုက်ဆံလည်း ပြန်တောင်းလို့ မရ။ ဒါမျိုးတွေ အများကြီးတွေ့ရတယ်။ ကျွန်တော်တို့ကတော့ ဘာမှလုပ်ပေးလို့မရဘူး။ သတိထားပါ ဆိုတာလောက်ပဲ ပြောလို့ရတယ်။
ကျွန်တော်နဲ့ တွေ့ဖူးတဲ့ သူတစ်ယောက်၊ စင်ကာပူ ရောက်လာတယ်။ အလုပ်မှ မရသေးဘူး။ ပင်နင်စူလာက အေးဂျင့်က သူ P.R တင်ပေးမယ် ပြောတယ်တဲ့။ ကျွန်တော်က ဟေ့ကောင်၊ ပီအာဆိုတာ ဒီမှာ အလုပ်လုပ်နေပြီး S Pass နဲ့ ဖြစ်ဖြစ်၊ E.P နဲ့ ဖြစ်ဖြစ် နေမှရတာလို့ ပြောပြတယ်။ ဒါပေမဲ့ သူက လက်မခံဘူး။ ဟိုက အပြောကောင်းနေတော့ အတင်း ပိုက်ဆံ သွားပေးတယ်။ နောက် ဒုက္ခတွေ့မှ သြော် ဒီလိုပါလားလို့ လက်တွေ့မျက်တွေ့ သိသွားတယ်။
နောက်ပြီး ကျွန်တော်တို့ လူမျိုးတွေကလည်း ခက်တယ်ဗျ။ ဟုတ်တဲ့လူပြောရင် လက်မခံချင်ဘူး။ အပြောကောင်းတဲ့ သူမှ။ တချို့ကျတော့လည်း ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓါတ်နဲ့ သူ့ဟာသူ အိမ်ပဲရောင်းရောင်း၊ လယ်ပဲပေါင်ပေါင်၊ ငါနဲ့ မဆိုင်ဘူး။ ငါ အေးဂျင့်ဖီးရရင်ပြီးရောဆိုပြီး ဒီမှာမရှိတဲ့ ကုမ္ပဏီနာမည်တွေတပ်ပြီး မြန်မာပြည်ကနေ စင်ကာပူကို အတင်း တွန်းလွှတ်။ ဒီရောက်တော့မှ ဟိုကောင်တွေမှာ ဒုက္ခတွေ အကြီးအကျယ်ရောက်။ အဲဒါမျိုးတွေ အများကြီးတွေ့ရတယ်။
ဒါပါပဲဗျာ။ ကျွန်တော်ကတော့ အေးဂျင့်တွေကို စီးပွားရှာတာ၊ ရှာတာ တစ်ပိုင်း။ ကိုယ့်အမျိုးသားချင်း ရိုင်းပင်း ကူညီရာလည်း ရောက်အောင် မှန်မှန်ကန်ကန် လုပ်ပေးကြဘို့ ပြောချင်ပါတယ်။ နောက်ပြီး ဒီရောက်လာတဲ့ မြန်မာလူငယ် လေးတွေကိုလည်း ရိုးရိုးသားသားနဲ့ အစွမ်းကုန်ကြိုးစားပြီး အလုပ်လုပ်ကြဘို့၊ ပညာယူကြဘို့၊ အလုပ်အပေါ်မှာ စေတနာထားပြီး လုပ်ကြဘို့။ ကိုယ့်ကို ထမင်းကျွေးထားတဲ့ အလုပ်ရှင်အပေါ်မှာ သစ္စာရှိကြဘို့ မှာချင်ပါတယ်။
ဒါလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။
သုံးသပ်ချက်
၁။ ကိုဝင်းမျိုးသန်း မှာ လူငယ်ပင် ဖြစ်လင့်ကစား တိုးတက်သော အတွေးအခေါ် အယူအဆရှိသူ ဖြစ်ပါသည်။ သူက မြန်မာပြည်မှ လာရောက် လုပ်ကိုင်နေသူ လူငယ်ကလေးများကို ယခုထက် ပိုပြီး လေ့လာ၊ သင်ယူစေလို၊ ကြိုးစားစေလိုသော စေတနာအပြည့် ရှိသည်။ သူကိုယ်တိုင်လည်း လေ့လာသင်ယူကာ တိုးတက်သည်ထက် တိုးတက်အောင် ကြိုးစားနေသူ ဖြစ်သည်။
၂။ အလုပ်ရှာသည် ဆိုရာ၌ အနည်းနှင့်အများ ဆိုသလို အလုပ်အကိုင် ရှာဖွေရေး အေးဂျင့်များနှင့် ဆက်သွယ်ဆောင်ရွက် ကြရ မည် ဖြစ်ပေသည်။ ထို့အတွက် အေးဂျင့်များကလည်း မိမိ ပိုက်ဆံရရေး တစ်ခုထည်းသာ မကြည့်ပဲ မိမိထံသို့ အားကိုးတကြီးနှင့် လာရောက် အလုပ်အပ်နှံသူများကို ကိုယ်ချင်းစာစိတ်ဖြင့် ကူညီပေးသင့်ပေသည်။ အထက်ပါ ဆောင်းပါးများကို ကြည့်လိုက်လျှင် အေးဂျင့်များ၏ အရေးပါမှုကို ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။
https://www.facebook.com/aye.nyein.758/posts/752889871445169?fref=nf
ကြံ့ခိုင်ရေးဌာနချုပ် အစည်းအဝေးခန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကြံ့ခိုင်ရေး ၀တ်စုံဓာတ်ပုံ ချိတ်ဆွဲလျှက် ဗဟိုအလုပ်အမှုဆောင်များနှင့်အစည်းအဝေးကျင်းပခဲ့စဉ်
စစ်အစိုးရလက်ထက်နယ်စပ်/စည်ပင်ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် (ယခု နေပြည်တော် မြို့တော်ဝန်နှင့် သမ္မတရုံးဝန်ကြီး)
နေပြည်တော်ဥပ္ပါတ္တသန်္တိစေတီတော် အခမ်းအနားသို့ စစ်အစိုးရလက်ထက် ယဉ်ကျေးမှုဝန်ကြီးဗိုလ်ချုပ်ခင်အောင်မြင့် (ယခုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ) တက်ရောက်ခဲ့စဉ်
စစ်အစိုးရလက်ထက် သစ်တောဝန်ကြီး ဖြစ်လာခဲ့သူ ဗိုလ်မှူးချုပ်သိန်းအောင်(ယခု ဧရာဝတီတိုင်းဝန်ကြီးချုပ်)
စစ်အစိုးရလက်ထက် တိုင်းမှူးမှ ဒုချုပ်ဖြစ်လာခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အငြိမ်းစားယူပြီးနောက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇတို့လိုက်ပါ၍ ကန့်ဘလူမြို့သို့ ရောက်ရှိခဲ့စဉ်
စစ်အစိုးရလက်ထက် စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာခဲ့သူ ဗိုလ်ချုပ်ဌေးဦး (ယခု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ -၃)
စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း (ယခု ကြံ့ခိုင်ရေးဗဟိုအလုပ်အမှုဆောင်)
နယကအဖွဲ့ဝင် မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) အပါအ၀င် ကြံ့ခိုင်ရေး ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် ဆုံတွေ့ခဲ့ရစဉ် ပြောကြားချက်များကို ထုတ်နုတ်ကိုးကား၍ သုံးသပ်တင်ပြခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗိုလ်ချုပ်ကြီးမောင်အေးက ရိုးသားတယ်ကွ။ ဖြောင့်တယ်။ ဖြူစင်တယ်။ သူက ပြောစရာ ရှိ ပြောပစ်လိုက်တာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သိပ်ပြီးတော့ သိုသိပ်တယ်။ သူ့ဆီမှာဖြစ်တဲ့ ဥစ္စာကို သူများတွေကို မပြဘူး … သူဘာ ဖြစ်နေတယ်ဆိုတာကို လေ့လာလို့ မရဘူး။ ဗိုလ်ချုပ်ကြီး မောင်အေးက လျှို့ဝှက်ကိစ္စပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို သူက ပြောချင်တယ်။ ပေါ်လစီနဲ့ ပတ်သက်လို့ နည်းဗျူဟာနဲ့ ပတ်သက်လို့ကတော့ မြို့နယ်အလိုက် တာဝန်ပေးထားတဲ့ ၀န်ကြီးတွေရှိတယ်လေ။ ၀န်ကြီးတွေက လုပ်လိမ့်မယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီကောင်တွေက အရှိန်မကုန်ဘူး။ အရှိန်ကုန်လည်းကုန်ရော အဲဒီအခွင့်အရေး တွေပြန်ယူချင်တာပေါ့။ ခေတ် ကုန်ရင်သွား လုပ်လို့မရဘူး။
ခံယူချက်လေးမှန်ဖို့ပေါ့။ ခေတ်စနစ်နဲ့ ကိုက်ဖို့ ။နောက်ပြီးေ တာ့ လူထုစိတ်ဝင်စားတဲ့ဟာလေး ရေးနိုင်ဖို့။ လက်ရှိ ပေါ်လ စီနဲ့ ကိုက်ဖို့ ဒါတွေလုပ်ဖို့ပဲ။ ပုဂိ္ဂုလ်စွဲ၊ ပါတီစွဲ ပြင်းပြင်းထန် ထန်ရေးရင်တော့ မကောင်းဘူးပေါ့။ ဝေဖန် တာတော့ ဝေဖန်ရမှာပေါ့။ ဥပဒေအထက်မှာ လွှတ်တော်ရှိ တယ်လို့ ဒေါက်တာဆိတ်ဖွား က ဘာလို့ အရေးကြီး အဆိုတွေ တင်သွင်းပြီး ဒေါက်တာဆိတ်ဖွား လိုက်ရှာစရာလိုလဲ ဟုတ်တယ်မဟုတ်လား။ အဲဒါတော့ ဟုတ်တာ ပေါ့။ ဒီမိုကရေစီ ကျင့်သုံးပါမယ်ပြောပြီး ဝေဖန်တာ မခံနိုင်ဘူးဆိုတော့။ ဝေဖန်ပေါ့။ သူဝေဖန်ကိုယ် ချေရုံပဲလေ။ ကိုယ်က မဟုတ်ဘူးဆိုတာ ချေလိုက်ရုံပဲ။ သူများနည်းတူ မရေးရဲရင်တော့ ကိုယ့် ဂျာနယ်ကို ဘယ်သူမှ ဖတ်မှာ မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ကိုယ့်ကို ဝေဖန်ခံနိုင်ရမှာပေါ့နော်။ လွှတ်တော်အနေ နဲ့ ပိုပြီးတော့ အဝေဖန် ခံနိုင်ရမှာပေါ့။ သူတို့လည်း ဝေဖန်နေတာပဲဟာ။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ ကို ဝေဖန်၊ နိုင်ငံတော်ရဲ့ စီမံကိန်း တွေကို ဝေဖန်၊ ၀န်ကြီးဌာနတွေ လျှော့ချတာတွေ တိုးသင့်တာတွေလည်း လုပ်နေတာပဲလေ။ သူတို့ဝေဖန် တာ ကျတော့ သူတို့မခံနိုင်ဘူး။ သူများဟာသူတို့ ဝေဖန်နေ တာပဲလေ။ ပြောနေတာပဲလေ။ မကောင်းရင် မကောင်း ဘူး၊ ကောင်းရင် ကောင်းတယ်။ ဘတ်ဂျက် တွေတင်တယ်။ ဘယ်ဟာမကောင်းဘူး ဖြုတ်သင့်တယ် ဆိုတာ ဒါ ဝေဖန်တာပဲလေ။ ဝေဖန် ဆန်းစစ်တာပေါ့။ ဒီကလည်းပြောရရင် မဟုတ်ဘူး ဆိုတဲ့အကြောင်း သူက ပြန်ဖြေရုံ ပဲလေ။ လွှတ်တော် အထက်ရှိ တယ်ဆိုရင်လည်း သူ့ကို ဘယ်သူမှ ဘာမှလုပ်မှာမှ မဟုတ် တာ။ လွှတ်တော်ကို။
သူတို့က ဆရာတွေပါကွာ။ သူတို့ကို မဆုံးမဘူး။ ငါတို့ထက်တတ်တယ်ကွ။
ဗိုလ်ချုပ်ကြီးမောင်အေးက ရိုးသားတယ်ကွ။ ဖြောင့်တယ်။ ဖြူစင်တယ်။ သူက ပြောစရာရှိပြောပစ်လိုက်တာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သိပ်ပြီးတော့ သိုသိပ်တယ်။ သူ့ဆီမှာဖြစ်တဲ့ဥစ္စာကို သူများတွေ ကို မပြဘူးသူက။ သူဘာဖြစ်နေတယ် ဆိုတာကို လေ့လာလို့ မရဘူး။ ဗိုလ်ချုပ်ကြီး မောင်အေးက လျှို့ဝှက်ကိစ္စပဲဖြစ်ဖြစ်၊ ဘာ ကိစ်္စပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို သူက ပြောချင်တယ်။ ကိုသိန်းအောင်နဲ့ အဲလိုပဲ တစ်ခါသူကအဲဒီတုန်းက စွမ်းအင် ဒုဝန်ကြီးလေ။ ဧရာဝတီတိုင်းခရီးစဉ်နဲ့ ရောက်သွားတယ်။ သွားတော့ တိုင်းရုံးမှာ ညနေ ထမင်းစားပြီး စကားစမြည်ပြောနေ တုန်း သူကဘာမှမပြောဘဲနဲ့ ကောက်ခါငင် ခါနဲ့လေ ကိုသိန်းအောင်ကို၊ ကိုသိန်းအောင် မင်းဇလွန်ဘက်ကမဟုတ်လားတဲ့။ ဟုတ်တယ်ခင်ဗျ။ အဲဒီတုန်းက ဦးအောင်ဖုန်း ထွက်သွားပြီ။ မင်းတို့ဇလွန် ဘက်မှာ ကျွန်းတောတွေ ဘာတွေ မရှိဘူးလားတဲ့။ မထွက် ဘူးလားဆိုတော့ ရှိတယ်ခင်ဗျတဲ့။ ကျွန်းလည်း ထွက်ပါတယ်တဲ့။ —– တက် သွားတော့ ငါနဲ့ကိုသိန်းအောင်နဲ့ တွေ့တယ်လေ။ ကိုသိန်းအောင်ခင်ဗျား သစ် တောရေး ရာဝန်ကြီးဖြစ်တော့မယ်လို့။ ဟာ ဗိုလ်ချုပ်ကြီးကလည်း မဟုတ်တာတဲ့။ မဖြစ်နိုင်တာ တဲ့။ မဟုတ် ဘူးလို့ ခင်ဗျားဖြစ်မှာလို့စောင့် ကြည့်လို့။ ကျွန်တော်က သိလို့မဟုတ်ဘူး လို့။ ဒုချုပ်က အတိတ်စိမ်း ထွက်တယ် လို့ အတိတ်ကောက်ပြီးတော့ ခင်ဗျားကိုပြောတာလို့။မကြာခင်စောင့်ကြည့်ခင်ဗျား သစ်တောဝန်ကြီးဖြစ်ရင် ကျွန်တော့်ကို သစ်တွေပေးမလားလို့။ ဟာပေးမယ်တဲ့ ဗိုလ်ချုပ်ကြီးအဆောင် ဆောက်လို့ရအောင် — ။
ကိုဌေးဦးတို့ဆိုလည်း တပ်မမှူးကနေ တိုင်းမှူးဖြစ်၊ တိုင်းမှူးကနေ ၀န်ကြီးတန်း ပေးလိုက်တာ။ သူ့ကျတော့ တပ်မမှူးကနေ ပြီးတော့ ငါကအစကတော့ အဲလိုပေါ့ မင်း ကိုချန်ထားတာလို့။ တပ်မှာလူကြီးလျာ ထားလို့ဖြစ် မယ်လို့ ငါက အောက်မေ့ပြီး တော့ စိတ်ချမ်းသာနေတာလို့ ဒါပေမဲ့မင်း ကို ဒုဝန်ကြီးပဲပေးပြီးတော့ ပြောင်း လိုက် တော့ ငါစိတ်မကောင်းဖြစ်တယ်လို့။ ကျွန် တော်က ကိုသိန်းအောင်ကို ဒုဝန်ကြီးအဖြစ် နဲ့ မမြင်ချင်ပါဘူးလို့၊ ၀န်ကြီး လည်းဖြစ် စေချင်တယ်လို့။ အဲဒါကြောင့်ငါ့စိတ်ထဲမှာ ၀န်ကြီးဖြစ်စေချင်တဲ့ စိတ်လည်းရှိလို့ နောက် ဒုချုပ် က အတိတ်စိမ်းပေးလို့ ငါမှန်း ပြီးပြောတာလို့ ငါသိလို့မဟုတ်ဘူးလို့။ အဲလိုပြောတာ ၀န်ကြီးဖြစ် သွား တယ်။ဒုချုပ်က ဟန်မဆောင်ဘူး။ ရိုးတယ်သူက။ ဒါ ကြောင့်လည်း တိုင်းပြည်ကြီးကို စစ်အာဏာရှင် လက်ထဲကနေ ဒီမိုကရေ စီ ပြောင်းတယ် ဆိုတာ ဒီသမိုင်းမှာ လျှောက်ကြည့် ဘယ်သူ မှအေးအေးဆေးဆေး လွှတ်မပေး ဘူး။ တိုက်ခိုက်၊ လုယက်၊ အုံကြွပြီးတော့ ယူမှရတာနော်။ အခုဗမာပြည်ပဲ ဗိုလ်ချုပ် မှူးကြီးက အမြော်အမြင်ကြီးကြီးနဲ့ ကိုင် တွယ်ပြီးတော့ အနှစ်နှစ် အလလ လေးငါး ခြောက် နှစ်ခုနစ်နှစ် ကြံ့ခိုင်ရေးေ ထာင်က တည်းက သူရည်ရွယ် ချက်နဲ့ ထောင်တာ။ အမျိုးသားညီလာခံ Constitution ကို သူ တို့ဆွဲချင်တဲ့ Constitution ဖြစ်အောင် သူလုပ် ပြီးတော့ စိတ်ရှည် လက်ရှည်နဲ့ အဘက်ဘက်ကတွက်ပြီးတော့ သူလုပ်တာ။ သူလုပ်တဲ့ အခုဒီမိုကရေစီ process ကို ညင်ညင်သာသာနဲ့ Peacefully လွှဲပြောင်းပေးနိုင် အောင် လုပ်တယ်ဆိုတာတော်ရုံ တန်ရုံလူ မလုပ်နိုင် ဘူး။ အားလုံး အေးအေး ချမ်းချမ်းနဲ့ လေ။ ပြောင်းသွားတာလေ။ တစ်ကမ္ဘာလုံးကလည်း အဲဒါကိုချီးကျူးပါတယ်။ သံတမန် တွေနဲ့တွေ့လည်း ဒီအတိုင်းပဲပြောတယ်။ ဘယ်တိုင်းပြည်ကြည့်ကြည့် ဘယ်လို ပြောင်းလဲ။ အာရပ် နိုင်ငံတွေ ဘယ်လို ပြောင်းလဲ။ အီဂျစ်ဘယ်လို ပြောင်းလဲ။ ဆီးရီးယားလည်း အခုပြောင်းဖို့ လုပ်နေတာ အကြီး အကျယ်လူတွေ ထောင်နဲ့သောင်း နဲ့ချီသေကျေ။ နည်းပရိယာယ်ပေါ့နော်။ သိုသိုသိပ်သိပ်ရှိ တယ်။ ဉာဏ်ကစား ရတာပေါ့။
ဗိုလ်ချုပ်ကြီး မောင်အေး ကတော့ ရိုးရိုးသားသားပဲ ဒါပေမဲ့သူက နိုင်ငံရေးတွေ ဘာတွေ သိပ်မမြင်ဘူး ဗိုလ်ချုပ်မှူးကြီး လောက် သိပ်လည်းစိတ်မပါဘူး သူက။နေပြည်တော်လည်း မသွားဘူး။ သူ့ ဆီလည်းမရောက်ဘူး။သူက ဒီလည်းမလာ ဘူးကွ။ ဒုချုပ်ဆီပဲရောက်တယ်။ ဒုချုပ်ပြန် လာ။ သူကလာလည်း ရန်ကုန်လာလည်း တို့ကိုခေါ်တယ်။ ဂေါက်တွေဘာတွေရိုက် တယ်။ ဗိုလ်ချုပ် မှူးကြီးတော့ မသိဘူးငါက။ ဒုချုပ်က စကားလည်း ပြောနိုင်တယ်။ ဒီဘက်ခြေထောက်လှုပ်နိုင်တယ်။ ဒီလက် လှုပ်နိုင်တယ်။ စကားလည်းကောင်းကောင်း ပြောနိုင်တယ်။
ထမင်းစားလို့ရတယ်။ငါနဲ့ဦးကိုလေးတုန်းက ငါလုပ်ခဲ့တာ က ကြံ့ခိုင်ရေး ဒီလောက်အများကြီးဖြစ် လာအောင်လေ။ ပြည်နယ်နဲ့ တိုင်း တွေ အားလုံးထဲမှာ ကြံ့ခိုင်ရေးအင်အား အများ ဆုံးဖြစ်အောင် ငါလုပ်ခဲ့တာ။ အဲတော့ ဗိုလ်ချုပ်ညွှန့်တင်က ကြံ့ခိုင်ရေးညီလာခံမှာ ငါတို့ရန်ကုန်တိုင်းက အများဆုံး ဧရာဝတီက ဒုတိယအများဆုံးဖြစ်နေတော့ စာတမ်း ဖတ်တဲ့ အခါမှာ တို့ကစောတယ်။ သူကနောက်မှာ ဖတ်ရတယ်။ အဲတော့ သူ့ လူတွေက ရန်ကုန်တိုင်းက အင် အားတွေ များနေတယ်ဆိုပြီးပြောတဲ့အတွက် မင်းတို့ အစီရင်ခံစာကိုတဲ့ ရန်ကုန်ထက်များအောင် ဖြည့်လိုက် တဲ့။ ဖြည့် လိုက်ပြီးတော့ ဖတ် တဲ့ပြောတယ်။ အဲလိုပြောပြီး နောက်နှစ် ရက်သုံးရက်ကစပြီးတော့ မြို့နယ်လုံးကျွတ် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ၊ ရွာလုံး ကျွတ် အဲဒါတွေလာတယ်။ အထွေထွေ အတွင်းရေးမှူးက ဦးသန်း အောင်ပြောတယ်လေ ခင်ဗျားတို့ ပထမတင်တဲ့စာစောင်နဲ့ နောက်ဆုံးဖတ်တဲ့စာစောင် အင်အားမှန် မမှန်ကြည့် ကြည့် သူအဲလိုလုပ်နေတယ်။ အဲဒါဆိုရင် ကြံ့ခိုင်ရေးပျက်လိမ့်မယ်။ ဟုတ်လားဗိုလ်ချုပ်တဲ့။ကျွန်တော် လက်မခံ ဘူးတဲ့အဲဒါမျိုးကိုတဲ့။ အဲလိုသာ လုပ်ကြတာ။သူလုပ်တော့ဦးဝင်းစိန်ကတဲ့ စစ်ကိုင်း တိုင်းမှာ ဆက်လုပ်တယ်။ အများကြီးပဲလုပ်တယ်။ တစ်ပတ်တစ်ခါ လုပ်တယ်လေ။ ငါထပြောတာပဲ ဦးဝင်းစိန်က မြို့နယ်လုံး ကျွတ်တွေ လုပ်တယ်ဆိုတဲ့အကြောင်း မုံရွာမှာဆိုရင် တစ်ချို့မြို့နယ်လုံးကျွတ် ကြံ့ခိုင်ရေးဝင်ပြီးတော့ ဒီလိုလုပ်တယ်။ ပြောတော့ ငါထပြောတယ်။ ဗိုလ်ချုပ်မှူး ကြီးလို့ ဒီဥစ္စာကတကယ် ၀င်တာဆိုရင် တော့ ကောင်း ပါတယ်လို့။ တကယ်ဝင်တာ မဟုတ်ဘူးဆိုရင်တော့ မကောင်းဘူးလို့။ဒါပေမဲ့ ရန်ကုန်တိုင်းကတော့ နယ်ကနဲ့မတူ ဘူးလို့။ ရန်ကုန်ကလူတွေက အမြင်ကျယ် တယ်လို့။ ကျွန်တော်တို့က မြို့နယ်လုံး ကျွတ်လုပ်ရမယ် တို့ဘာတို့ဆိုရင် ရန်ကုန်ကလူတွေက ခံမှာမဟုတ်ဘူးလို့။ နောက်ပြီးတော့ ကျွန်တော်တို့က NLD ဆိုင်းဘုတ် တွေ၊ NLD ရုံးတွေ လည်း ဖျက်မပစ်နိုင်ဘူးလို့။ NLD ရှိနေရဲ့သားနဲ့ ဒီမြို့နယ်မှာ NLD ရုံးကြီး အလံတလူလူနဲ့ ရှိနေပြီးတော့ ကျွန် တော်တို့က တစ်မြို့နယ်လုံး ကြံ့ခိုင် ရေးဖြစ်ပြီ ပြောရင်ရီမှာပေါ့လို့။ အဲတော့ ဒီဥစ္စာက မလုပ်သင့်ဘူး ထင်တယ် လို့။ အဲလိုဆိုရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လို ဖြစ်သွားလိမ့်မယ်လို့။ အဲလိုထပြောတာ။ ဒုချုပ်ကတော့ —– ကွာတဲ့ အဲဒါက တော့ အခုတို့အင်အားတောင့်ဖို့ပဲ အရေး ကြီးတာပါတဲ့။ လုပ်ပါစေကွာတဲ့။ အခုက တော့ အရေ အတွက် ပေါ့တဲ့။ နောက်မှ ဖြည်းဖြည်းနဲ့ အရည်အချင်း လုပ်တာပေါ့ ကွာတဲ့။ အဲလိုပြောတယ်။ ငါတို့မူက မင်းတို့ လည်း သိတာပဲ။ ငါတို့ ဘဏ်စာရင်း ဖွင့်သလိုပဲလေ။ အသင်းဝင် တစ်ယောက် ဖြစ်ဖို့ကို အသင်းသား တစ် ယောက်ကို တာဝန်ပေးတာပဲလေ။ အသင်းသားဖြစ်ပြီ ဆိုတာနဲ့တာဝန်ပေး သူကနေပြီးတော့ တစ်လကို နှစ် ယောက် နှစ်ယောက်စည်းရုံးရမယ်။ စည်းရုံးတဲ့ လူနှစ်ယောက်က သူ တာဝန်ခံရမယ်။ ဒီလူဟာ တကယ့်ကို တို့ ပါတီကို ကြိုက်နှစ်သက်လို့ ၀င်တာလား။ အကျိုးကိုမျှော်ကိုး ပြီးတော့ ၀င်တာလား။ အတွင်းသိအစင်းသိလူကိုပဲ အဲဒါကိုတော့ လက်ခံတယ်။ စည်းရုံးတာတော့ လက်ခံ တယ်။ ငါတို့လုပ်လာတယ်။ လုပ်တော့ ကြံ့ခိုင်ရေး လျှောက်လွှာတွေကိုလည်း ဖရီးပေးလိုက်တယ်။ မင်းတို့တက်ရမယ်။ မြို့နယ် အလိုက်ပြိုင်ပြီးလုပ်ရမယ် ဆိုပြီး တော့ အဲလိုလုပ်တာ။ အဲလိုလုပ်တယ်။ နောက်အသင်းတွေလည်း ရန်ပုံငွေများ အောင်ဆို ပြီးတော့ ဦးကိုလေး ကိုပြော တယ်။ ဦးကိုလေးကဒီမှာ ကြံ့ခိုင်ရေးရုံး တွေဖြစ်အောင် ဦးကိုလေးလုပ်ပေး။ ဦးကို လေး ဘာမှ အပင် ပန်းခံစရာလည်း မလိုဘူး။ ကန်ထရိုက်တိုက်တွေ၊ တိုက်ကြီးေ တွ ဆောက်မယ်ဆိုတစ်ခန်းပေးလိုက်။ ကန်ထ ရိုက်ကို ဦးကိုလေးပြောလိုက်ရင် ပြီးတာပဲ။ ဦးကိုလေးအိတ် ထဲကလည်း စိုက်ရတာ မဟုတ်ဘူး။ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ ကြံ့ခိုင်ရေးရုံးရအောင်လုပ်ဖို့ ဦးကိုလေးတာ ၀န်ယူ။ ကျွန်တော် ကြံ့ခိုင်ရေးရုံးတွေ ၀င် ငွေ ကောင်း အောင်ရယ် အင်အားတွေ တိုး တက်လာအောင်ရယ် ကျွန်တော်လုပ်မယ်။ နောက်တစ်ခါ ပေါ်လစီနဲ့ ပတ်သက်လို့ နည်းဗျူဟာနဲ့ပတ်သက်လို့ကတော့ မြို့ နယ် အလိုက်တာဝန်ပေးထားတဲ့ ၀န်ကြီး တွေရှိတယ် လေ။ ၀န်ကြီးတွေကလုပ် လိမ့်မယ်။
ကျွန်တော်ကတော့ အသင်း သားတွေ တိုးလာအောင်၊ အသင်းသားတွေ လှုပ် ရှားနိုင်အောင် ၀င်ငွေကောင်းအောင် ကျွန်တော်လုပ်ပေး မယ် ဆိုပြီးတော့ ငါက အသင်းတိုင်း၊ အသင်းတိုင်းကို ကားတွေ ထောင်ပေးလိုက်တာ။ ဆယ်စီး၊ ဆယ်စီးနဲ့။ အဲဒီတုန်းက အသင်းဝင်ရင်လည်း တစ် သိန်းတို့၊ နှစ်သိန်း တို့ ပေးရတယ်လေ။ လစဉ် သုံးသောင်းသွင်း၊ ကားတွေလုပ်၊ အဲဒါတွေကိုမင်းတို့အသင်း ၀င်တဲ့ပိုက်ဆံ တွေ ဘဏ်စာအုပ်ထဲထည့် အတိုးကိုမင်းတို့ သုံး။ အရင်းကိုမထိရဘူးဆိုပြီး ငါလုပ်တာ။ လှည်းကူးတို့ဘာတို့ အဲဒီငွေ တွေနဲ့ တီဗွီ တွေဘာတွေ လှူနေတာ။မင်းတို့ ကြံ့ခိုင်ရေးငွေထဲကတော့ မလုပ်ရဘူးဆိုပြီးတော့ အဲဒါဆိုဒီကောင် တွေတော့ မရပါဘူးကွာဆိုပြီးတော့ အကုန်လုံးသိမ်းပြီးတော့ ကိုအေးမြင့်ကိုပြော ကိုအေးမြင့် အဲဒါတွေ အကုန်လုံးသိမ်းပြီးတော့ ကြံ့ခိုင်ရေး ဘဏ် ထဲမှာလေအကုန် သွားထည့်လိုက်လို့၊ အဲဒီထဲက အတိုးပဲ ဒီကောင်တွေ သုံးပါစေလို့။ ဒါမှ ထုတ်လို့ မရအောင် လို့လို့။ အဲလိုလုပ်လိုက်တာ။ လုပ်လိုက်တော့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေး အသင်းက ကိုတင်ထွတ်က အဲဒီတုန်းက ဘဏ်လားမသိဘူးလုပ်တယ်။ ဦးမောင်မောင်သိမ်းက မွေး/ရေ ဘဏ်လုပ်တယ်။ နောက်တော့ သူတို့က ရန်ကုန် တိုင်းကို အထည့်မခံတော့ဘူး။ ကို မောင်မောင်သိမ်း ဘာလို့လဲမေးတော့မဟုတ်ဘူးတဲ့ ရန်ကုန် တိုင်းကြံ့ခိုင်ရေး က ငွေကတဲ့ ကျွန်တော်တို့ အသင်းကြီးထက် တောင်မှများနေလို့တဲ့။ အဲလိုဆိုရင် မြို့နယ်၊ခရိုင် ခေါင်းစဉ်ခွဲပြီး တော့ ခွဲထည့်မယ်ဆိုတော့မှ လက်ခံတာ။ ငါအဲဒီတုန်းက ဒုချုပ်နဲ့လစာတွေ ပေးတာ။ ဥက္ကဋ္ဌ ဆိုရင်ဘယ် လောက်။ အတွင်းရေးမှူး ဆိုရင်ဘယ်လောက်။ အဖွဲ့ဝင်ဆိုရင်ဘယ် လောက်ဆိုပြီးတော့တိုင်းဆိုတစ်မျိုး၊ ခရိုင် ဆိုတစ်မျိုး၊ မြို့နယ်ဆို တစ်မျိုး။ တခြားပြည် နယ်တိုင်းတွေဆိုရင် ၀င်ငွေရတဲ့ မြို့နယ်က ပိုက်ဆံရတယ်။ မရ တဲ့လူ၊ ရတဲ့လူတွေနဲ့ ရန်ကုန်တိုင်းမှာ တပြေးညီရတယ်။
ဘာလို့လည်းဆိုတော့ ငါတို့ကလည်း စစ်မှုထမ်းဟောင်းဖြစ်သွားတော့ စစ်မှုထမ်း ကလည်း ဘယ်ပါတီမှ မ၀င်ရ ဘူးလေ။
အဲဒါမျိုးက ငါတိုင်းမှူးတုန်းကလည်း ပါရမီတံတားကြီးဆောက်တုန်းက ပါရမီ တံတားမှာ ခြေပြတ်လက်ပြတ် တွေက စားစရာမရှိလို့ ဆိုပြီးတော့ ၀င်တောင်းတယ်။ တောင်းတော့ နည်းနည်းပေးတယ်။ နည်းလို့ဆိုပြီးတော့ မချေမငံတွေ ဖြစ်လို့တိုင်တော့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ငါနဲ့တိုင်ပင်ပြီးတော့ ငါတို့ ခြေပြတ်၊ လက်ပြတ်တွေ ကို ထောက်ပံ့ကြေး တစ်လတစ်ကြိမ် မြို့တော်ခန်းမမှာ လုပ်သေးတယ်ကွ။ လုပ်ပြီးတော့ တစ်ယောက်ကို ငါးသိန်း ထည့်ပေးတယ်။ ဦးပိုင်မှာလေ။ ဦးပိုင်က ၃၀ရာခိုင် နှုန်းရမှာလေ။ တစ်သိန်းထည့်ရင် သုံးသောင်းပေါ့နော်။ ငါး သိန်းဆိုတော့ တစ်သိန်းခွဲလောက်ရမှာပေါ့။ အဲဒါကို အလှူ ရှင်တွေပေါ့နော်။ လှူကြ တယ်တော်တော်။ ငါတို့ အဲလိုထည့်ထည့်ပေးတယ်။ နောက် ကျငါတို့လူကြီးတွေက ငါနဲ့ဦးတင်ဦးကို ခေါ်ဆူတယ်။ မင်းတို့လုပ်နေတာ ထားပါ တော့ကွာ သူများပေးမှ ကမ်းမှစားရမယ့် သူတွေကို ငါတို့ထောက်ပံ့ကြေးပေးထား တာ အလုံအလောက် ပေးထားတာ ရပ်ဆိုပြီးတော့။ ငါတို့ရပ်ရတယ်။ ငါအဲဒီဟာ သာရပ်တာပါ။ ရန်ကုန်တိုင်းအတွင်းမှာရှိ တဲ့ ခြေပြတ်၊ လက်ပြတ်တွေကို အဲဒီတုန်း က —- ရယ်၊ငါရယ် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ခြေပြတ်၊ လက်ပြတ်တွေကို လုပ် ပေး တယ်။
ဗိုလ်ချုပ်ကြီးသိန်းစိန် စစ်ရေးချုပ်လုပ်တုန်းကလည်း ကိုသိန်းစိန် ခင်ဗျား စစ်ရေးချုပ်ရုံးမှာ မစွမ်းမသန် စစ်သည် ထောက်ပံ့ကြေးဆိုပြီးတော့ ပိုက်ဆံအများ ကြီးရှိတယ်။
အဲဒါ ခင်ဗျားအဲလိုလုပ်ပေးပါလား။ ကျွန်တော်တို့တုန်းက အဲလိုလုပ်တယ်။ နိုင်ငံတော်က ပေးတယ်ဆိုတာ လည်း လူကြီးတွေက များလှပြီ ထင်နေတာ။ အပြင်က ကုန်ဈေးနှုန်း သူတို့ကမသိဘူး။ မိန်းမ တွေပဲသိတာ ပေါ့နော်။ သူတို့က မသိတော့ နောက်တယ်လို့ပဲ ထင်နေတာ။ ကျွန်တော် တို့ အဲလိုလုပ်ခဲ့ဖူးတယ်။ အဲတော့ ခင်ဗျား ငါးသိန်း၊ ငါးသိန်း ဦးပိုင်မှာ ထည့်ပေးပြီး တော့လို့ ဒီဟာ ခင်ဗျားငွေလျော့သွားတာမှ မဟုတ်ဘဲလို့။ စာရင်းခေါင်းစဉ် တစ်ခုပဲ။ ခြေပြတ်လက်ပြတ် ထောက်ပံ့ရေး ရန်ပုံငွေဆိုပြီး ခေါင်းစဉ်တစ်ခုပဲ။ ဒီစာရင်းထဲမှာ ရှိ နေမယ်။ ပျောက်လည်းမသွားဘူး။ စာရင်းလည်း မပျောက်ဘူး။ အဲဒီကရတဲ့အတိုးကို သူတို့ စားပါစေပေါ့။ အဲလိုလုပ်ရင်ရတယ် ပေါ့။ သူပြောတယ်။ ကျွန်တော်လည်းလုပ် ချင်ပါတယ်တဲ့။ ဒါပေမဲ့ ကျွန်တော့် တစ် ယောက်တည်းလုပ်လို့မရဘူးတဲ့။ လူကြီး တွေက ခွင့်ပြုမှလုပ်လို့ရမယ်တဲ့။
အဲလို မပေးနိုင်ရင်တောင် ကစထမှူး ကို နယ်မှာကတော့ မြေတွေက ပေါတာ ပဲကွ ကိုယ့်နယ်ထဲမှာရှိတဲ့ ခြေ ပြတ်၊ လက် ပြတ်တွေကို နေဖို့ထိုင်ဖို့ လုပ်ကိုင်စား သောက်ဖို့မြေလေးတွေပေး၊အိမ်မဆောက် နိုင်လို့ရှိ ရင်လည်း အိမ်ဆောက်ပေးဆိုပြီး တော့ အဲဒါတွေကိုလည်းလုပ်တော့ လုပ် တယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ် ဘူး။ နောက်ပိုင်းဆက်မလုပ်ကြတော့ဘူး။ နည်းနည်းတော့ လုပ်လိုက်သေးတယ်။ နောက်ပိုင်းတော့ မလုပ်ဖြစ်တော့ဘူး။ ခြေ ပြတ်၊ လက်ပြတ်တွေက အခုထောက်ပံ့ ကြေးတို့၊ရာနှုန်းပြည့်တို့တော့ ပေးတယ်ကွ။ ဒါပေမဲ့ ဟိုတုန်းကနှုန်းတွေ နောက်ပြီးတော့ နှုန်းတွေက နည်းတာပေါ့နော်။ ပေးတော့ ပေးပါတယ်။ တစ်ဖက် ပြတ်ဆိုရင် ၅၀ ရာခိုင်နှုန်း၊ နှစ်ဖက်ပြတ်ဆိုရင် မစွမ်း မသန်ထောက်ပံ့ကြေး အဲလိုသတ်မှတ်ထား တယ်။ နှစ်ဖက်ဆိုရင်တော့ ၁၀၀ရာခိုင် နှုန်းမျက်စိမမြင်ဘူးဆိုရင် အကူတစ် ယောက်အတွက် အဲလိုတော့ပေးပါတယ်။ ဒါပေမဲ့ အဲဒါတွေကနည်းတာပေါ့။ နည်း တော့ အကူကလည်းကိုယ့်သားသမီးပဲခန့် လို့ရမယ်။ အပြင်လူက လစာနည်းတော့ မလုပ်ဘူးပေါ့။ သားသမီးထဲကလူ မကူရင် အကူအညီ မရှိတော့ဘူး။
ဒီအတိုင်းသွားရင် ၂၀၁၅မှာ ရင်လေး တယ်ပေါ့။ နောက်ကျရင်တစညလို ဖြစ် သွားမယ် ကြံ့ခိုင်ရေးပါတီက။
တိုင်းပြည်ဆိုတာကတော့ တိုင်းပြည် မှာ ကိုယ့်သယံဇာတရှိတော့ သယံဇာတ ထုတ်ယူသုံးစွဲပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက် အောင်တော့ ဘယ်တိုင်းပြည်ဖြစ်ဖြစ် လုပ်ရမှာပဲ။ မလုပ်ရဘူးဆိုတာက အဓိပ္ပာယ်မရှိဘူး။ ဒါပေမဲ့ လုပ်တဲ့နေရာမှာ လုပ်နည်း လုပ်ဟန်လိုတာပေါ့နော်။ ပြည်သူကို အခု အခြေအနေထက်ကောင်းေ အာင်၊ ကျေနပ် အောင် လုပ်ပေးရမယ်။ ကျေနပ်အောင်လုပ် ပေးပြီးတော့မှ အခုက မကျေနပ်လို့ဖြစ်တာလေ။ ဒီပြင်ဟာတွေ ဘာမှ မဟုတ်ဘူး။ သူတို့မကျေနပ်လို့ ဖြစ်တာ။ သူတို့လက်ရှိ အခြေအနေထက် နိမ့်ကျသွားလို့ စားရမဲ့ သောက် ရ မဲ့ဖြစ်သွားလို့ မကျေနပ်လို့ဖြစ် တာ။အဲဒီဥစ္စာကိုတို့ လိုတာပေါ့နော်။ ဧရာ ၀တီကြီးလည်းရပ်၊ လက်ပံတောင်း တောင်လည်း ရပ်ဆိုရင် တရုတ်ကခံမှာ မဟုတ်တော့ဘူး။ တစ်ခုခုတော့တုံ့ပြန်မှာပဲ။ ဧရာဝတီကိုဘာမှ မတုံ့ပြန် တာ ပိုက်လိုင်းကြောင့် ပိုက်လိုင်း ပြဿနာတက်နေလို့ ငြိမ်နေတာ။ ပိုက်လိုင်းက အကျိုးကျေးဇူး အများ ကြီးရှိ တာကိုး။ ပိုက်လိုင်းက သူ့အတွက် စိုးရိမ်စရာ ဖြစ်သွားမှာပေါ့။ အဲဒါကြောင့် သူလည်းကြည့်နေတာ။ KIA ၊ ၀ တို့လည်း သူမီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်ထား ပုံရတယ်”” ဟူ၍ ပြောကြား ခဲ့သည်။
မြန်မာသံတော်ဆင့် အနေဖြင့်အဆို ပါ ပြောကြားချက်များအား လက်ရှိမြန်မာ့ နိုင်ငံရေးသမိုင်း လိုအပ်ချက် အချို့နှင့် ပြင် သင့်သည်များ ပြုပြင်ကြရန် စေတနာထား ပြောကြားခဲ့သည့် ပုဂိ္ဂုလ်ကြီးအပေါ် ၎င်းတို့၏ ဖြတ် သန်းခဲ့ရသော နိုင်ငံရေး၊ စစ်ရေး အတွေ့အကြုံကောင်းများကို လေးစား၍ နိုင်ငံရေး စိတ်ဝင်စားသော စာဖတ် ပရိသတ်များအတွက် ပြန်လည် တင်ပြခြင်းသာ ဖြစ်ပါသည်။ အမှန်တကယ်ဆိုရပါလျှင် လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းနှင့် အစိုးရ၊ လွှတ်တော် အကြီးအကဲများ တာဝန်ရှိသူများသည် ယခင် တပ်မတော်အစိုးရ အဖွဲ့ဝင်များသာ ဖြစ်ကြရာ အများပြည်သူ လိုလားတောင့် တလျက်ရှိသော ဒီမိုကရေစီ အရပ်သား အစိုးရစစ်စစ်အသွင်သို့ ရောက်ရှိစေရန် အချိန်ကာလ တစ်ခုမျှ စောင့်ဆိုင်းဖွယ်ရာ ရှိပေသည်။ အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်နှင့် တွေ့ဆုံစဉ်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု-ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင် အေးတို့ကို အိမ်ထောင်စုတစ်ခု၏ ဖခင်နှင့် မိခင်တို့သဖွယ် သားသမီးများ အား တစ်ဦးက တင်းကျပ်လျှင် တစ်ဦးက အလျှော့ပေး တတ်သောသဘော၊ ဒု-ချုပ်သည် လွန်စွာ စိတ်ထား သဘောထား ကောင်းမွန်သူတစ် ဦးဖြစ်ကြောင်း — စသည်ဖြင့် ၎င်း၏ အတွေ့အကြုံအချို့ကို သုံးသပ် ပြောကြား ပေးခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြံ့ခိုင်ရေးပါတီတွင် သြဇာကြီးသော နေရာတွင်ရှိသည့် ပါတီဗဟိုအတိုင်ပင်ခံ၊ ပြည်ထောင်စုလွှတ်တော် လယ်မြေ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်(ယခင် တိုင်းမှူး/ ဗိုလ်ချုပ်)နှင့် မြန်မာသံတော်ဆင့် အယ်ဒီ တာအဖွဲ့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ အတွင်း မအူပင်မြို့သို့ သွားရောက်ခဲ့စဉ် ဦးတင်ထွတ်က ကြံ့ခိုင်ရေးပါတီ၏ ယနေ့ နိုင်ငံရေး အခြေအနေများနှင့် စပ်လျဉ်း၍ ၎င်းင်း၏ အတွေ့အကြုံများကို ပြောကြားခဲ့ ရာတွင် -
““သတင်းသမားက သတင်းတော့ ထည့်မှာပေါ့။ မှားမှားမှန်မှန်။ မှားတဲ့ဘက် လည်း မှားတဲ့အတိုင်းပဲ၊ မှန်တဲ့ ဘက်လည်း မှန်တဲ့အကြောင်းပေါ့။ သတင်းသမားက သတင်းသမားပဲလေ။ ငါကတော့ အားပေး တယ်။ ငါတို့ မဟုတ်တာ လုပ်လည်း ဘာဖြစ်လဲ မဟုတ်တာရေးပေါ့။ လူတွေက ကိုယ့်အားနည်းချက်ကိုကျတော့ ဝေဖန် ခံရမှာ သိပ်ကြောက်ကြတာ။ အကောင်းလေးတွေ အညွှန့်လေးတွေပဲ၊ ဟိုတုန်းကလည်း ဒါပဲ ပေါ့ကွာ။ ရွှေဘုန်း တော် တိုးပါလို့ ရွှေမိုးတွေ အကြီးအကျယ်ရွာဆိုတဲ့အသံ သိပ်အမြင်ကပ်တယ်။ ဟုတ်တယ် ရှင်ဘုရင်ခေတ် တုန်းက နိုင်ငံ့သမိုင်းတွေ၊ ရာဇ၀င်တွေ ပြန်ကြည့်လိုက်။ ဒီလိုပဲ ၀န်ကြီးဆိုတဲ့ကောင် တွေ ရှင်ဘုရင်ဘေးနား ကပ်ဖားရပ်ဖားနဲ့ ဘုန်းတော်ကြောင့်၊ မှန်ပါ့ဘုရား၊ ဘုန်းတော်ကြောင့်နဲ့။ ဒီဘုန်းတော်ကြောင့်တွေ နဲ့ပဲ နောက် ဆုံးတော့ တိုင်းပြည်ပျက်၊ ကျွန်ဖြစ်တယ် မဟုတ်ဘူးလား။ မဟုတ်ရင် မဟုတ်ဘူးပေါ့။ ပြောရဲရမယ်၊ လုပ်ရဲရ မယ်။ ငါတို့ကတော့ မကြိုက်ဘူး၊ ငါကတော့ လက်မခံဘူး။ မလုပ်ရရင် ထွက်တယ်ကွာ ဘာဖြစ်လဲ။ မပြောရဲကြ ဘူး။ မဟုတ်တာတွေ သိနေတာပဲ။
အဲဒါနဲ့ပဲ တိုင်းပြည်ကဒုက္ခရောက် တော့တာ။ အခုဒီဟာတွေက ဒါတွေပဲပေါ့ ကွာ။ အခုနေဝေဖန်ရင် ငါ့တော့ Anti ကြီး လို့ သူများတွေပြောမှာစိုးလို့ အသာလေး မပြောဘဲနေတာ။ အေး အမှားတွေပေါ့။ ရေနက်ကွင်း ကိစ္စတွေ။ အရင်တုန်းက ထဲထဲဝင်ဝင် ရှိနေတဲ့အလုပ်။ သိနေတာပဲဟုတ်မှ မဟုတ်တာ။ ဘာပြောလို့ရမလဲ၊
တို့က န .ယ .က နဲ့ထွက်တာလေ။ လွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်။ ဒီနေ့ အာဏာလွှဲပေးပြီး နောက် တစ်နေ့ ငါတို့ခေါင်းထဲမှာ အကုန်ထုတ်ပစ်လိုက်ပြီ။ ဘာမှမရှိဘူး၊ ပြီးသွားပြီ။ လွှတ်တော်မှာ တရားဝင် အာဏာ လွှဲပေးလိုက်ပြီလေ။ အစိုးရအဖွဲ့ကို အာဏာလွှဲပေးလိုက်တယ်။ ဗိုလ်ချုပ်မှူးကြီးတို့ငါတို့ အတူတူပဲထွက် သွား ကြတာ။နားကြ တာပေါ့လေ၊သားသမီး တွေ မိသားစုတွေနဲ့ပေါ့။
ငါကလည်းပြောသင့်ပြောထိုက်တာ ကို ပြောတော့မှ သစ္စာရှိတယ်လို့ ထင်တာ။ ငါ့အောက်လက်ငယ် သားတွေ လည်း ငါ့ကို အဲဒီလိုပြန်ပြောရင် ငါကြိုက်တယ်။ ပြော စမ်း မင်းအမြင်အရင်ပြော၊ မှားမှားမှန်မှန် ပြော။ ငါ့ကို ကြောက်လို့ မပြောရဲဘူးဆို တာကို မကျေနပ်နိုင်ဘူး၊ လက်မခံနိုင်ဘူး။ ငါပျက်စီးသွားမယ်။ တိုင်းပြည်လည်း နာ တာပေါ့ကွာ၊ မဟုတ်တာကြီး မြင်နေရင်။ ငါမမြင်ပေမယ့် သူမြင်တာရှိမှာပေါ့။ ငါ မမြင်ပေမယ့်မင်းမြင် တာရှိမှာပဲ။ မင်းမြင် တာ မင်းပြောမှာပဲ၊ မှားမှားမှန်မှန်ပေါ့။ လက်ခံတာ၊ မခံတာ ကိုယ့်အလုပ်လေ။
သူတို့လည်းမသိဘဲ နေပါ့မလား။ ဒီ လောက် ဒီခေတ်ကြီးမှာ တယ်လီဖုန်းတွေနဲ့ ဒီလောက်ခေတ်မီနေတာ။ အင် တာနက် တွေ၊ အီးမေးလ်တွေနဲ့။ ဒါပေမယ့် သူတို့ မြုံနေတာပေါ့နော်။ အရှက်ကွဲမှာ စိုးလို့ မြုံပြီးတော့၊ ကျိတ်ပြီး တော့ လုပ်နေတာ။ အဲဒါဘယ်ဟုတ်မလဲ။ အမှန် အမှန်အတိုင်း ပေါ့။ မင်းဟာ ဘယ်သူ့ဘက်မှမလိုက်ဘူး ငါ ပြောတယ်။ မှန်လျှင်မှန် မမှန်လျှင်လျှာ ထွက်မည်ဆိုတဲ့ ချိန်ခွင်ပေါ့ကွ။ တို့ပါတီမ ကောင်းရင်ရေးပေါ့၊ ဘာဖြစ် လဲ။ တို့က ဘာမှမပြောဘူး။ ကိုယ့်ပါတီ အားနည်း နေရင် မင်းတို့ထောက်ပြ။ ၀မ်းသာတယ်၊ welcome ပဲ။ ဒါမှန် တယ်။ ဒီလိုဖြစ်ရမယ်။ လူတွေကကိုယ့် ဝေဖန်တာကျမခံချင်ဘူးကွ၊ ဘယ်လိုကြီးလဲ။
တို့ ကြံ့ခိုင်ရေးကိုတွယ်လို့။ အဲဒီတုန်းက ကိုရွှေမန်းကနေပြီးတော့ စာလေးနဲ့ရေး ပေးကြပါဆိုတော့ တစ် ယောက်မှ မရေးဘူး။ ငါတစ်ယောက်ပဲရေးတာ။ ငါ ၂ ရက်လား ပဲ။ မောင်ကျော်စွာနဲ့ ပြောသလိုပဲ။ ငါရေး ပြီး ငါပို့လိုက်တာ၊ မှန်နေပြီးသား။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆုံတွေ့စဉ်ကလည်း ၂၀၁၅ ရွေးကောက်ပွဲသို့ ကြံ့ခိုင်ရေး ပါတီမှ ဆက်လက်ယှဉ်ပြိုင်ရန် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က တိုက်တွန်း ပြောကြား ခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် တွေ့ဆုံစဉ်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွား ရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့ခြင်းအကြောင်းများ ပြောကြားခဲ့ခြင်း၊ လက်ရှိ ကြံ့ခိုင်ရေး ပါတီဥက်္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီး)နှင့် တွေ့ဆုံစဉ်ကလည်း တာဝန်ပေး၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ခဲ့ရကြောင်း ပြောကြားချက်များ ပြန်လည် သုံးသပ် ကောက်နုတ်ရပါလျှင် မြန်မာ့နိုင်ငံရေးလောက၌ ဗိုလ်ချုပ်မှူး ကြီးများ၏ နိုင်ငံရေးသြဇာနှင့် စီနီယာများအပေါ် ရိုသေလေးစား လေ့ရှိသော တပ်မတော်အစဉ် အလာများကြောင့် မည်သည့်နိုင်ငံရေးအင်အားစု၊ မည်သည့် လှုံ့ဆော်မှုများကြောင့် မြန်မာ့နိုင်ငံရေး အပြောင်း အလဲ၊ သိသာထင်ရှားစွာ ဖြစ်ပေါ်လာနိုင်ခြင်း မရှိဘဲ ယခင်တပ်မတော်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူခဲ့ သူများကြောင့်သာလျှင် အများပြည်သူအပေါ် သက်ရောက်နိုင်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲ များ ပြုပြင် ပြောင်းလဲရေးများ၊ ပွင့်လင်း မြင်သာမှုများ အမှန်တကယ် ဖြစ်ပေါ်လာနိုင်မည်ဟု ယူဆ. . .
တို့ကသွားလာနေတဲ့သူပဲကွာ၊ ကလေးတွေ ကြားထဲနေတာ။ သူတို့က ဘယ်မှသွားတာ မဟုတ်ဘူး။ အပေါ်မှာ ရွှေမှုန်ကြဲနေတာ။ ဒီမှာကလက်နှီးစုပ်၊ ခြေနင်းဖက်ကွ။ ငါတို့ ကဖုန်တထောင်းထောင်းထဲ သွားနေတဲ့ ကောင်။ အခြေအနေကြည့် သိတာပေါ့။ သူတို့က အဲဒါလုပ်တာမှမဟုတ်ပဲ။ ရေးပါဆိုတော့ သူတို့လည်းမရေးဘူး။ သုံး သပ်ပါဆိုတော့ သူတို့လည်းမသုံးသပ်ဘူး။ သုံးသပ် ရင်ဘာသုံးသပ်မလဲမင်းသိလာ။ အကောင်း တွေ။ ဟာအဲဒီ လို ညာတဲ့အတွက် တိုင်းပြည် ပျက်တာ။ ငါပြောချင်တာ ညာတဲ့အတွက် အဲဒီ အဖွဲ့အစည်းကွဲတယ်။ မှတ်ထား ဘယ်တော့မှ မလုပ်ဘူး ငါ။
(ဦး)အောင်သိန်းလင်းကွာ လွှတ်တော် ကိုယ်စားလှယ်အတွက် ပါတီအင်အားဖြည့်ဖို့ လူစုပါဆိုတော့ ဆိုက် ကားသမားတွေ၊ အလုပ်သမားခေါင်းတွေဆိုပြီး ခေါ်လာတယ်။ အနှေးယာဉ်လုပ်သားကွာ အဲဒါ ဆိုက်ကား သမားပဲလေ။ အလုပ်သမား ခေါင်းကွာ အဲဒါ ကူလီခေါင်းတွေပဲပေါ့။ တော်သေးတာပေါ့ ငါကြည့်လိုက်လို့ တို့ လွှတ်တော်ထဲကို အဲဒီလိုကိုယ်စားလှယ်တွေ ရောက်မလာတာ။ ငါကြည့်ပြီး အကုန်လဲခိုင်းရတယ်။ မြို့နယ် လူထုက တို့ပါတီကို ဘယ်လိုထင်သွားမလဲ၊ ဘယ်လိုမဲပေးမလဲ …””ဟူ၍ သုံးသပ်ပြောကြားခဲ့သည်။
မြန်မာသံတော်ဆင့် အယ်ဒီတာများ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်ဆုံတွေ့စဉ်ကလည်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၎င်းနှင့် တွေ့ဆုံ၍ ပြောကြားခြင်းများ ရှိကြောင်း၊ ၂၀၁၅ ရွေး ကောက်ပွဲသို့ ကြံ့ခိုင်ရေးပါတီမှ ဆက်လက်ယှဉ်ပြိုင်ရန် ဥက္ကဋ္ဌဦးခင်အောင် မြင့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက် တွန်း ပြောကြားခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါ တီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် တွေ့ဆုံစဉ်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သွားရောက်တွေ့ဆုံ ဂါရ၀ ပြုခဲ့ခြင်း အကြောင်းများ ပြောကြားခဲ့ခြင်း၊ လက်ရှိ ကြံ့ခိုင် ရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ် တော်နာယကသူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီး) နှင့် တွေ့ဆုံစဉ်ကလည်း တပ်မတော်အစိုးရ လက်ထက်မှ ဒီမိုကရေစီအစိုးရသို့ အကူး အပြောင်းတွင် ရွေးချယ်ခံရခြင်းထက် တာ ၀န်ပေး ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ရကြောင်း ပြောကြားချက်များ စသည်ဖြင့် မြန်မာသံတော်ဆင့်မှ တပ်မတော် အစိုးရ အကြီးအကဲတာဝန်ယူခဲ့သူများကို တွေ့ဆုံ ခွင့်ရ၍ နိုင်ငံရေးဆွေးနွေး ပြောကြား မှုများ ကို ပြန်လည်သုံး သပ် ကောက်နုတ်ရပါလျှင် မြန်မာ့နိုင်ငံရေးလောက၌ တပ်မတော်အစိုး ရ အကြီးအကဲများ၊ ဗိုလ်ချုပ်မှူးကြီး များ၏ နိုင်ငံရေးသြဇာနှင့် စီနီယာများအပေါ် ရို သေလေးစားလေ့ရှိသောတပ်မတော်အစဉ် အလာများကြောင့် မည်သည့် နိုင်ငံရေး အင်အားစု၊ မည်သည့်အတိုက်အခံများ၊ မည်သည့် ပြည်တွင်း၊ ပြည်ပလှုံ့ဆော် မှုများ ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်း အလဲ၊ အာဏာပိုင်အပြောင်းအလဲများ သိသာထင်ရှား စွာ ဖြစ်ပေါ် လာနိုင် ခြင်းမရှိဘဲ ယခင်တပ်မတော်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူခဲ့သူများကြောင့်သာလျှင် အများပြည် သူ အပေါ် သက်ရောက်နိုင် သော မြန်မာ့ နိုင်ငံရေး အပြောင်းအလဲများ ပြုပြင်ပြောင်းလဲရေးများ၊ ပွင့်လင်းမြင်သာ မှုများ အမှန်တကယ် ဖြစ်ပေါ်လာနိုင်မည်ဟု ယူဆမိပါသည်။
မြန်မာပြည်ကိုမရောက်ဖူးသေးတဲ့
တိုးတက်တဲ့အာရှနိုင်ငံသား..
စီးပွားရးသမားတစ်ယောက်နဲ့..
ထိုင်းနိုင်ငံက ဆိုင်တစ်ဆိုင်မှာ..
Dinner စားပြီး စကားပြောခဲ့ဖူးတယ်၊
မြန်မာနိုင်ငံက..
သယံဇာတပေါတဲ့အကြောင်း..သူကစပြောလို့
မြန်မာ့သယံဇာတအကြောင်းတွေ
ပြောဖြစ်သွားတယ်ပေါ့ဗျာ..၊
-----------------
(၁)
ကျွန်တော်တို့နိုင်ငံမှာ..
ပတ္တမြား၊ နီလာအရမ်းထွက်တယ်မလား? လို့
သူကမေးတော့ ..
"ဟုတ်တယ်..ပတ္တမြားနီလားအရမ်းထွက်တယ်၊
ကမ္ဘာမှာအရည်အသွေး နံပါတ်(၁)ရှိတယ်၊
ကမ္ဘာမှာ အကြီးမားဆုံးပတ္တမြားသိုက်ကြီးဖြစ်တယ်၊
ဒါပေမဲ့ ....ကမ္ဘာမှာမယုံနိုင်လောက်အောင်ကြီးမားတဲ့
ယန္တယားတွေနဲ့ တူးထုတ်ပစ်ပြီး ကမ္ဘာ့ဈေးကွက်ကို
တရားဝင်မှောင်ခို စနစ်သစ်တွေသုံးပြီး
ရောင်းချလိုက်ကြလို့ အခုအချိန်မှာ..
မြန်မာပြည်သူအများစုဟာ
ဒုတိယတန်းစားပတ္တမြားတောင်
မမြင်ဖူးကြဘူး " လို့ ပြောလိုက်မိတယ်..၊
သူက...အဲဒီအချိန်မှာ..
"စိတ်မကောင်းပါဘူး" လို့ပြောတယ်၊
-----------------
(၂)
Gas နဲ့ရေနံရော ထွက်တယ်မလား? လို့
သူကမေးပြန်တယ် ...
" ဒါလဲမှန်တယ်..
သဘာဝဓာတ်ငွေ့ထွက်သမျှတွေကို
တရုတ်နဲ့ ထိုင်းကို ရောင်ချရတယ်၊
တရုတ်နဲ့ထိုင်းဟာ..
ကမ္ဘာမှာ..မီးပြတ်တောက်မှုနည်းဆုံနိုင်ငံ
စာရင်းထဲရောက်သွားပြီ၊
ဒို့နိုင်ငံဟာ အခုထိ မီးမမှန် ပြီး စွမ်းအင်ကလဲ
မလောက်သေးဘူး ၊
နိုင်ငံခြားရင်းနှင်းမြုပ်နှံမှုကြီးအချို့ဟာ
မီးမမှန်လို့ တပ်ခေါက်ပြန်သွားခဲ့ရပြီးပြီ..၊
အဲဒီလို ဂက်စ်တွေကို နိုင်ငံခြားကိုရောင်းတဲ့
ရောင်းရငွေဟာ ကမ္ဘာ့ပေါက်ဈေးထက်နည်းတယ်၊
အကျိုးအမြတ်ကလဲ အရမ်းနည်းတယ်၊
ရတဲ့ဒေါ်လာတွေကိုလဲ အာဏာရှင်က
တစ်ဒေါ်လာ(၆)ကျပ်နှုန်းနဲ့တွက်ပြီးပြည်သူဘဏ္ဍာထဲကို
ထည့်တယ် ၊ အဲဒီအချိန်မှာ ဒေါ်လာပေါက်ဈေးက
မြန်မာငွေ (၁၅၀၀) တောင်ရှိတယ်ဗျာ..."
လို့ပြောလိုက်တော့..
သူက တော်တော်လေးကို စိတ်မကောင်းဖြစ်သွားတယ်၊
မျက်စိမျက်နှာမကောင်းတော့ဘူး၊
----------------
(၃)
"သစ်တောတွေကရော ? "
သူက အဲဒီလောက်ပဲစကားဆက်တယ်..
" သစ်တောတွေကတော့..
အစိုးရကိုယ်တိုင်တောင်..
မြန်မာပြည်ရဲ့ တကဲ့သစ်တောဖုံးလွှမ်းတဲ့
ဧရိယာဘယ်လောက်ကျန်တယ်ဆိုတာကို
လုံးဝမကြေငြာရဲတော့ဘူး..၊
အစိုးရကိုယ်တိုင် မိုနိုပိုလီစနစ်နဲ့ ခရိုနီတွေကို
လုပ်ကွက်တွေပေးတဲ့အတွက် သစ်တောတွေ
တခဏချင်းပြောင်သွားကြတယ်၊
မြစ်ဆုံလိုရေအားလျှပ်စစ်တွေအတွက်
တောတွေရှင်းတဲ့အချိန်မှာ သစ်တောထွက်
ရှားပါးတိရစ္ဆာန်တွေကအစ...တရုတ်ပြည်ကို
ပါသွားတာလိုမျိုး နိုင်ငံခြားကိုနေ့စဉ်
ခိုးထုတ်နေတာတွေကိုအခုထိမတားနိုင်ဘူး ၊
ကျွန်တော်တို့ငယ်ငယ်တုန်းက
စာအုပ်စာပေတွေထဲမှာသိခဲ့ရတဲ့ လူသူအရောက်ပေါက်
နည်းပြီး ဆန်းကြယ်တာတွေပြည့်နေတဲ့
"ရိုးမ"ဆိုတဲ့ တောနက်ကြီး တောင်တန်းကြီးတွေဟာ..
အခုချိန်မှာ..ကတုံးပြောင်ဘ၀ရောက်သွားပြီ
ကမ္ဘာ့အမြန်ဆုံး သစ်တောဆုံးရှုံးမှုတွေဖြစ်ခဲ့ပြီ
မြန်မာ့ပင်လယ်ပြင်မှာလဲ အဲဒီလိုပဲ
ပင်လယ် သယံဇာတ ဖြစ်တဲ့ ငါးပုဇွန်တွေဟာ
မယုံနိုင်လောက်အောင် ရှားပါးနေတယ် "
လို့ပြောတဲ့အချိန်မှာ..သူကတော်တော်စဉ်းစားပြီး
သူက အစာဆက်မစားတော့ဘူး..
ရေတစ်ခွက်သောက်တယ်၊
ကျွန်တော့ကို ကြည့်တယ်..၊
-------------------
(၄)
သူက " ဘာကျန်သေးလဲ ? "
လို့မေးတယ်.၊
ကျွန်တော်က ဆက်ပြောတယ်..
" ကျွန်တော်တို့တိုင်းပြည်ရဲ့ အနည်းဆုံးဒေသ(၂)ခုမှာ
စီးပွားဖြစ်ထုတ်နိုင်တဲ့ ရွှေတွေထွက်တယ်၊
အကြိးအကျယ်ကို ထုတ်လုပ်နေကြတယ်၊
မြစ်ညာဒေသတွေမှာ ယန္တယားတွေကိုသုံးပြီးကို
ထုတ်လုပ်ခဲ့ကြတယ်၊ တစ်ချို့ဒေသက မြစ်ရေတွေမှာ
.အဆိပ်ဖြစ်စေတဲ့ဓာတ်တွေလွန်ကဲတယ် ၊
ဂေဟစနစ်က လုံးဝပျက်ယွင်းနေပြီ "
သူက ကျွန်တော့ကိုမကြည့်တော့ဘူး..
ကျွန်တော်ပြောတာကိုနားထောင်ပြီး ၊
အဝေးကိုကြည့်နေတယ် ၊
--------------------------
(၆)
ကျွန်တော်ကပဲ ဆက်ပြောတယ်..
"မြန်မာနိုင်ငံ တစ်ချို့နေရာတွေမှာ..
အာကာသယာဉ်နဲ့ အဆင့်မြင့်
နည်းပညာပစ္စည်းထုတ်လုပ်ရာမှာ
သုံးတဲ့ ရှားပါးတဲ့ Rare earth သတ္တုတွေထွက်တယ် ..
အဲဒါတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ထက်
စောပြီးသိတဲ့ တရုတ်နိုင်ငံဟာ ရေအားလျှပ်စစ်အကြောင်းပြ
စီမံကိန်းတွေလုပ်ပြပြီး.သယ်ယူကြတယ်..၊
မြစ်ဆုံစီမံကိန်းဒေသတွေကမြေကြီးတွေကို
တစ်နေ့ကားအစီးရာဂဏန်းမကပေါ်တင်ပြီး
သူတို့ထဲကို နေ့စဉ်သယ်ယူခဲ့ကြတယ်လေ "
သူကတော့ ကျွန်တော့ကိုပဲ
တွေတွေကြီးကြည့်နေပါတယ်၊
------------------
(၇)
" မင်းတို့နိုင်ငံရဲ့
လူထုခေါင်းဆောင်..
ဒေါ်အောင်ဆန်းစုကြည် ကိုရော
အာဏာရှင်က ဘယ်လိုသဘောထားသလဲ? "
လို့မေးတယ်..၊
ကျွန်တော်ကတော့...
ပွင့်ပွင်းလင်းလင်းပဲပြောလိုက်တယ်
" အရင်လိုပါပဲ ...လို့..
အရင်ခေတ်က ဘလိုင်းနှိပ်ကွပ်တာနဲ့
အခု..စည်းနဲ့ဘောင်နဲ့ ဟန်ဆောင်ပြီး
နောက်ကြောဓားနဲ့ ထိုးတာပဲကွာတယ်" လို့..
အဲဒီလိုပြောလိုက်တော့ ..
စကာမဆုံးသေးဘူး
သူလက်ကာပြတယ်..
"ကျွန်တော်သဘောပေါက်ပါပြီ " တဲ့.
-------------------
(၆)
ပြီးတော့သူကဆက်ပြောတယ်..၊
ကျွန်တော် ပါးစပ်အဟောင်းသားနဲ့
နားထောင်လိုက်ရတယ်၊
" ငါတို့နိုင်ငံကထွက်တဲ့သယံဇာတဆိုတာ
မင်းတို့နိုင်ငံခြေဖျားမမှီခဲ့ဘူး ၊
တကယ်ဆို မင်းတို့နိုင်ငံဟာ..
ဘုရားသခင်ကဖန်ဆင်းပေးခဲ့တဲ့
ရတနာတွေအများကြီးရှိရက်နဲ့
အသုံးမချတတ်ဖူး ..
ဘယ်လို ခိုင်းနှိုင်းရမှန်းတောင်မသိဘူး၊
ထပ်ပြောရရင်...ငါတို့နိုင်ငံဟာ.
အခုလိုနည်းပညာခေတ်ကြီးမှာ..
မင်းတို့နိုင်ငံကဒေါ်အောင်ဆန်းစုကြည်လိုမျိုး
ထက်မြက်တဲ့ခေါင်းဆောင်မရှိခဲ့ဘူး၊
အဲဒီအတွက် ငါတို့တွေအားမရခဲ့ဘူး၊
အခြားနိုင်ငံတော်တော်များများမှာလဲ
Suu Kyi လိုခေါင်းဆောင်မျိုးမရှိခဲ့ဘူး..၊
ခေတ်ကနည်းပညာခေတ်၊
ခေါင်းဆောင်ကသာမန်ဖြစ်နေကြတယ်..။
အခုလိုနည်းပညာခေတ်ကြီးမှာ..
Suu kyi လိုထက်မြက်တဲ့ခေါင်းဆောင်သာအုပ်ချုပ်ရင်၊
မင်းတို့တိုင်းပြည်တိုးတက်အဆင့်မြင့်ဖို့မခက်ဘူး..
မင်းတို့နိုင်ငံရဲ့ပတ်ဝန်းကျင်အာဆီယံနိုင်ငံတွေကိုယ်တိုင်က
မင်းတို့နိုင်ငံတိုးတက်တာကိုလိုလားချင်မှလိုလားမယ်၊
ဒါပေမဲ့ အကုန်လုံးက Suu Kyi ကို ပုဂ္ဂိုလ်ရေးအရ
မလေးစားပဲ ဘယ်လိုမှ မနေရဲကြဘူး၊
အဲဒီအခွင့်အရေးက (၂) ခါမရဘူး..
နှစ် (၁၀၀) မှာ တစ်ခါ မပေါ်တတ်ဘူး၊
အဲဒီတော့...
မင်းတို့ဆီက သယံဇာတတွေလိုမျိုး
Aung San Suu Kyi ကို မဖြစ်စေနဲ့..
မင်းတို့တွေ Stupid ဖြစ်လို့ကိုမရတော့ဘူး..
တွေဝေနေလို့ကိုမရတော့ဘူး...
ငါပြောတာမှန်မမှန် မင်းဘာသာစဉ်းစားပါ " တဲ့ဗျာ..
အဲဒီလိုပြောပြီးတာနဲ့ ကျွန်တော့ကိုနှုတ်ဆက်ပြီး
အတွေးများစွာနဲ့ စားပွဲဝိုင်းကထပြန်သွားလေရဲ့ ..၊
ကျွန်တော်စဉ်းစားပြီးဆက်ထိုင်နေခဲ့မိတယ်..။
--------------------
(၆)
သူနိုင်ငံကိုမပြန်ခင်မှာ..
သူ့ဇနီးကသူ့ကိုဝယ်လာခိုင်းတဲ့..
" ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်လေ့ရှိတဲ့
မြန်မာအမျိုးသမီးချိတ်လုံခြည်အစ"
ဆိုတာတွေကို
ကျွန်တော်သူ့ကို လက်ဆောင်ပေးလိုက်ပါတယ်..
သူက အဲဒါတွေကိုပေးတော့..
အရမ်းကျေနပ်ပြီး တစ်ခုပြောတယ်..
"ကျွန်တော့အမျိုးသမီးက..
Suu ကို သိပ်ချစ်တာ ..
အိုဗျာ..ကျွန်တော့မိန်းမမှမဟုတ်ဘူး
တကမ္ဘာလုံးက Suu ကို သိပ်ချစ်တာပါ "
တဲ့ဗျာ..၊
( Pa Yit)
“ ကျားသနားမှာ့…နွားချမ်းသာ ဒီမိုကရေစီ နဲ့  ကျွန်စော်မနံစေဘို့ ”
အာဏာရှင်နိုင်ငံ(သို့ ) ကွန်မြူနစ်နိုင်ငံတွေ ပြုပြင်ပြောင်းလဲဖို့  ဘဲဖြစ်ဖြစ်၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက် ဘို့အတွက်ဆိုဆို ဘယ်နိုင်ငံအတွက်မဆို Rule of Law-1 လို့ ခေါ်တဲ့ တရားဥပဒေစိုးမိုးမှု့ ( ဥပဒေ တွေဟာ တသမတ်ထဲရှိမှု့၊ ကျောသားရင်သား မခွဲခြားမှု့၊ အစိုးရကိုယ်တိုင်ကလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအပေါ် လေးစားလိုက်နာမှု့၊ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း လွတ်လွတ်လပ်လပ် တရားစီ ရင်ခွင့်ပြုထားမှု့၊ အရေးပေါ် အာဏာတွေ မသုံးမှု့၊ ဥပဒေမဲ့ မချုပ်နှောင်မှု့) ဟာသိပ်အရေးကြီးတယ် မဖြစ်မနေ လိုအပ်တယ်ဆိုတာလူတိုင်းသဘောတူလက်ခံကြမှာပါ ။
ဒီနေရာမှာ ပြောခြင်တာက…Rule of Law-1 တရားဥပဒေစိုးမိုးမှု့ ဘယ်အတိုင်းအတာထိ ရှိသလဲ ဆိုတဲ့ အပေါ် မူတည်ပြီး အဆင့်သတ်မှတ်မှု့နဲ့ ဒီမိုကရေစီ အရည်အသွေးကို အကဲဖြတ်လက်ခံမှု့ အကြောင်းပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထူထောင်နိုင်အောင်.. လျှောက်ရမဲ့လမ်းနဲ့  ပတ်သက်ပြီး ကွဲပြားနေတဲ့ အခြေခံအယူဆနှစ်ရပ်ရှိနေပါတယ် ။
 ပထမဆုံးအယူအဆကတော့ လက်ရှိစီးပွားရေးအောင်မြင်နေသူတချို့ နဲ့ အနည်းအကျဉ်းသော ပညာတတ်အကျော်အမော်(Elite) တွေအကြားမှာရေပန်းစားပါတယ်။ အရင်ဆုံး ဖွံ့ဖြိုးတိုးတက် လာအောင် တိုင်းပြည်ချမ်းသာလါအောင် လုပ်ဆောင်ရမည်။ ဒီမိုကရေစီဟာ ဖွံ့ဖြိုးတိုးတက်လာမှ ပေါ်ထွန်းလာလိမ့်မယ်။ လောလောဆယ် စစ်အာဏာရှင်တွေပေးတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဘဲခေါ်ခေါ်၊ အာရှဒီမိုကရေစီလို့ ဆိုဆို၊ အဲ့ဒီဖါးတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီကို ရသလောက်အရင်လက်ခံပြီး အဲ့ဒီဘောင်အတွင်းကမှ ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေ တိုးတက်လါအောင် အကောင်းဆုံးလုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံသားတွေရဲ့ အသိတရားတွေ ရင့်ကျက်လါအောင်.. ဒီမိုကရေစီ အပြည့်အ၀နဲ့ ထိုက်တန်လါအောင် အချိန်ယူ ဖို့ လိုတယ်ဆိုတဲ့အယူအဆပါ ။
ခေါင်းအရင်စ၀င်ပြီး.. နောက်ကနေကိုယ်လိုက်ဝင်… တဖြေးဖြေးခြင်းချဲ့ယူမယ်ဆိုတဲ့ အယူအဆပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအကြောင်းပြပြီး စစ်အာဏာရှင်ဟောင်းတွေကိုချော့ပေါင်း၊ စစ်ဗိုလ်ကြီးတွေ စိတ်မဆိုးအောင်နေ ပြီးဒီမိုကရေစီကိုတောင်းစားခိုင်းတဲ့သဘောပါဘဲ ။ ပုဒ်မ(၄၃၆) ၅၉(စ)အပါအ၀င်…(၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးကို လည်း.. အာဂတံပါဂတံ ပြင်ပေးပြီးရွေးကောက်ပွဲလုပ်ရင်လည်းဘဲလက်ခံစေခြင်တဲ့သဘောမျိုးပါ ။
ရှေ့မှာနေရာဦးထားပြီးသားလုပ်ငန်းရှင် ခရိုနီတွေ..ဖျာခင်းထားပြီးသား အာဏာရှင်ဟောင်း ဗျူရိုကရက်တွေ ဒီအယူအဆကိုကြိုက်တာမဆန်းသလို၊ မစွန့် လွှတ်မစွန့် စားလိုတဲ့ ပညာတတ် အကျော်အမော်တွေ၊ မပေးဆပ်ရဘဲလွယ်လွယ်ရလိုသူတွေကြိုက်တာလည်းမဆန်းပါဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာပြောင်းလည်းရေး၊ သွေးထွက်သံယိုမှု့မရှိတဲ့ ကတ္တီပါတော်လှန်ရေးလို့ သူတို့ ကဆိုခြင်ဆိုမှာပါ ။
အဲ့ဒီအယူအဆကို..စာရေးသူကတော့ကတော့ ကျားသနားမှာ့…နွားချမ်းသာ ဒီမိုကရေစီ လို့ အမည်ပေးခြင်ပါတယ်။ ဓါးမြတိုက်ခံရတဲ့ပြည်သူတွေက…ကိုယ်ပိုင်ပစ္စည်းကို.. အကုန်ပြန်မရဘဲ နဲနဲဖဲ့ပြီးပြန်ရတာကိုဘဲ..ဓါးမြတိုက်ယူခဲ့တဲ့စစ်အာဏာရှင်တွေကို ကျေးဇူးတင်ရအုံးမဲ့သဘောမို့ ပါ။ စစ်အာဏာရှင်ပေးကမ်းစွန့် ကြဲသမျှ ဒီမိုကရေစီလေး… လက်ဖြန့် ခံ ယူရတာမို ကျွန်စော်နံလွနုးတယ်လို့  လည်း ပွင့်ပွင့် လင်းလင်းပြောပရစေ။
တရုပ်နိုင်ငံဟာ ၁၉၉၀ ကနေစပြီး… ဈေးကွက်စီးပွားရေးစနစ်နဲ့ ပြုပြင်ပြောင်းလည်းရေးလုပ်ပြီး တိုးတက်ချမ်းသာ လါအောင်လုပ်နိုင်ခဲ့ပေမဲ့…ဒီနေ့ အချိန်ထိ လူတန်းစားကွာဟမှု့ အလွန်ကြီးမား နေတာ အလွန်အန္တရာယ် များနေပါပြီ ။ လူနည်းစုလက်ထဲမှာ ပိုင်ဆိုင်မှု့တွေအကုန်လုံးနီးပါး ရှိနေ တဲ့အပြင်ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ဆိုတာကလည်းတရုပ်ကွန်မြူနစ်ပါတီနဲ့  ဗဟိုစစ်ကော်မရှင် ပေးသမျှ၊ စွန့် ကြဲသမျှလေးတွေနဲ့  ရှင်သန်နေရတာ မဟုတ်လါး ။
ထို့ အတူပါဘဲ အရှေ့တောင်အာရှရဲ့သက်တော်ရှည်အာဏာရှင်ကြီးဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ဖခင်… လီကွမ်ယူး ကျင့်သုံးတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ… အာရှဒီမိုကရေစီလို့  သူတို့ ခေါ်တဲ့… အာဏာရှင် ခွင့်ပြုထားတဲ့ ဘောင် ထဲကဒီမိုကရေစီပါဘဲ ။
စင်ကာပူနိုင်ငံသားတယောက်ဟာ…၀န်ကြီးချုပ်(သို့ )သမ္မတဖြစ်ခြင် တယ်ဆိုရင်… ပီအေပီလို့  ခေါ်တဲ့…လီကွမ်ယူး တည်ထောင်ထားတဲ့ ပြည်သူ့ အက်ရှင်ပါတီထဲမ၀င်ဘဲနဲ့ ၊ သူတို့ လမ်းစဉ် မလိုက်ဘဲ မပူးပေါင်းဘဲနဲ့ မဖြစ်နိုင်ပါဘူး ။ အတိုက်အခံဆိုတာ…ရှင်သန်နေသေးတယ် ရှိသေးတယ်လို့  ပြောနိုင်ယုံသာသာလေးပါဘဲ ။ သူတို့ဟာစင်ကာပူနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက် တွေဖြစ်တဲ့ စားဝတ်နေရေး နဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ (Physiological needs )၊ အလုပ်အကိုင်နဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဘ၀လုံခြံစိတ်ချရမှု့ (Job Safety & Property needs)၊ မိသားစုနဲ့မိတ်ဆွေ ချစ်ခင်ပေါင်းသင်းဆက်ဆံမှုလူမှုရေးရာကိစ္စ(Social/Love/Belonging needs) စတာတွေအထိ လူတန်းစေ့အောင်အတိုင်းအတာတစ်ခုထိဖြည့်ဆီးကြတယ်။
လွတ်လပ်ခွင့် ပေးထားတယ်။ ဒါပေမယ့် နိုင်ငံတော်အာဏာကိုတော့ ဘယ်သူ့ကိုမှခွဲဝေမပေးဘူး။ သူတို့နဲ့သူတို့ရဲ့မျိုးတူအုပ်စုဝင် တွေကပဲ တောက်လျှောက်ချယ်လှယ်မင်းမူခဲ့ကြတာအာရှတိုက်သမိုင်းမှာအထင်အရှားကျန်ရစ်ခဲ့တယ်။ သူတို့ရဲ့ တိုင်းပြည်ကိုလည်းစီးပွားရေးအရ အောင်မြင်အောင်လုပ်ဆောင်ပေးရင်း၊ သူတို့နဲ့ဆွေမျိုးသားချင်းတွေ ကောင်းစားရေးကိုလည်းလက်ကုန်နှိုက်ပြီးယူကြတယ်။
တနည်းပြောရရင်အာရှတိုက်သားလူလည်ကြီးများရဲ့အဆင့်မြင့်ခေတ်သစ်ဗိုလ်ကျစိုးမိုးရေးဝါဒပဲဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်လူလည်ကျမှုလို့ပြောရင်မှားမယ်မထင်ပါဘူး။ ဒို့တိုင်းပြည်က စစ်အာဏာရှင် တဖြစ်လည်း စည်းကမ်းပြည့်ဝသောဒီမိုကရေစီလူလည်ကြီးတွေလည်း အဲ့ဒီလမ်းကိုအားကျနေပုံ ရတယ် ။
ဒါပေမဲ့...လီကွမ်ယူးတို့ နဲ့ ဗမာပြည်ကစစ်ဗိုလ်ချုပ်ကြီးတွေ မတူတဲ့အချက်က လီကွမ်ယူးဟာ.. စင်ကာပူနိုင်ငံကို..ဇီးရိုး ကနေ ဟီးရိုးအဆင့်ရောက်အောင်ဆွဲတင်ခဲ့တဲ့အပြင် သူ့ ပြည်သူတွေ အလိုမတူဘဲ…အာဏာကိုလုယူခဲ့သူမဟုတ်ဘူး ။
တို့ တိုင်းပြည်ကဗိုလ်ချုပ်ကြီးတွေကတော့..အာဏာကိုအကြိမ်ကြိမ်..ပြည်သူတွေအလိုမတူဘဲ ဇွတ်လုယူခဲ့သူတွေဖြစ်ယုံမက…တိုင်းပြည်ကိုဟီးရိုးဘ၀ကနေ..ဇီးရိုးဘ၀ကိုဆွဲချခဲ့သူတွေဖြစ်တယ်။
အဲ့ဒါတွေအပြင်…ရာစုနှစ်ဝက်ကျော်..ရာဇ၀တ်မှု့ကုဋေကုဋာကျုးလွန်ပြီးသွေးစွန်းနေသူတွေလည်းဖြစ်တယ် ။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေစိတ်ကြိုက်ဖေါက်စား၊ ဥပဒေအထက်မှာ ဗြောင်ကျကျနေယုံမက… ခုချိန်ထိလည်း…ကျုးလွန်ခဲ့တဲ့ပြစ်မှု့တွေ၊ အမှားတွေအတွက်… ၀န်ခံခြင်းတောင်းပန်ခြင်း အလျှင်းမရှိ သေးဘဲ တိုင်းပြည်ရဲ့ကယ်တင်ရှင်၊ ကျေးဇူးရှင်ပါအဆစ် ဖြစ်ခြင်နေသူတွေဖြစ်တယ် ။
ဒုတိယအယူအဆကတော့ စစ်မှန်တဲ့ဒီမိုကရေစီ (သို့ ) ကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီကို အရင်ရအောင် လုပ်ပြီးမှသာတိုင်းပြည်စီးပွား ဖွံ့ ဖြိုးတိုးတက်မှု့လုပ်ရမယ်၊ဒါမှသာ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ် ပေါ်လာမယ်။ ဒါကြောင့် ဒီမိုကရေစီ အရင်ရအောင် လုပ်ရမယ်ဆိုတဲ့အယူအဆပါ။ စစ်မှန်တဲ့ ဒီမို ကရေစီနိုင်ငံ ထူထောင် နိုင်ဖို့ အတွက် ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသတ် ဖို့ ငြိမ်းချမ်းရေး ရဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ က..အဟန့် အတားဖြစ် နေတယ်။ ဒီဥပဒေနဲ့ ငြိမ်းချမ်းရေး ဘယ်လိုမှ မရနိုင်ဘူး ။ အချိန်မရွေးစစ်အာဏာသိမ်း ပိုင်ခွင့်ပြုထား တဲ့အပြင်…အခြေခံလူ့ အခွင့်အရေးတွေကိုအာမခံမထားတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အနှစ်သာရရှိရှိမပြင်ဘဲ ဒီမိုကရေစီစနစ်ကို ထူထောင်ခြင်းဟာ…အောက်ခြေဆွေးနေတဲ့ မခိုင်မာတဲ့ မြေပေါ်မှာ ကြီးမားခန့် ထည်တဲ့ အိမ်ကြီး ဆောက် သလိုဖြစ်နေတာမို့ …အချိန်မရွေးပြိုကျနိုင် တယ် ဆိုတဲ့အယူအဆပါ။
အမှန်ကတော့ ဒုတိယအယူအဆအတိုင်းလုပ်နိုင်ရင်…အမှန်ကန်ဆုံးနဲ့ အကောင်းဆုံးပါဘဲ၊ သားရွှေအိုးထမ်းကိန်း လို့  ဆိုရမှာပါ ။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ မျက်မှောက်ပစ္စုပ္ပန်တဲ့တဲ့ ကိုရှု့ကြည့်တဲ့အခါ…ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နိုင်ငံဟာ…စစ်အာဏာရှင်စိတ်ကြိုက်ရေးဆွဲထားတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (သို့ ) ကျားသနားမှာ့…နွားချမ်းသာ ဒီမိုကရေစီ(သို့ )ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲ သာဒီမိုကရေစီ (သို့ ) (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆိုတဲ့ သံပိုက်ကွန်ကြီးအောက် ကျရောက်လို့ နေပါပြီ။ မခိုင်မာတဲ့မြေပေါ်မှာ ကြီးမားခန့် ထည်တဲ့ အိမ်ကြီးကို မကျွမ်းကျင်သူတွေ နားမလည်သူတွေဦးဆောင်ပြီးဆောက်ဖို့ ကျိုးစားနေကြပါပြီ ။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်၊ တိုင်းပြည်တခုလုံးပေါ်ဖုံးလွှမ်းအုပ်မိုးထားတဲ့ ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သံပိုက်ကွန်ကြီး ကိုဖယ်ရှားဖို့ ၊ မခိုင်မာတဲ့မြေပေါ်မှဆောက်နေတဲ့အိမ်ကြီးကို ဖြိုချဖို့ လွှတ်တော်နိုင်ငံရေး ကိုဝင်လုပ် နေတာလို့ ဆိုပါတယ် ။ တပြိုင်ထဲမှာဘဲ…သူမနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကိုပါပူးတွဲလုပ်ရင်း ပြည်သူလူထုကို ဦးဆောင်လမ်းပြလက်တွဲခေါ် ယူနေပါတယ် ။
ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီထမ်းဆောင်ရမဲ့ အမျိုးသားရေးတာဝန်တရပ်ကတော့ (၂၀၀၈ ) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိထိရောက်ရောက်ပြင်နိုင်အောင်၊ အောက်ခြေမခိုင်တဲ့မြေပေါ်မှာ ဆောက်နေတဲ့အိမ်ကြီးကို ဖြိုချနိုင်ဖို့ ကိုယ့်အထွာနဲ့ ကိုယ်၊ မိမိမှာပေးလါတဲ့အခြေအနေ၊ မိမိတတ်နိုင် တဲ့စွန့် လွှတ်နိုင်မှု့၊ မိမိမှာရှိတဲ့ကိုယ်စွမ်း ဥာဏ်စွမ်းတွေ အသုံးချလို့ ညီညီညွှတ်ညွှတ် ၀ိုင်းဝန်းပါဝင် လုပ်ကိုင်ကြဖို့ ပါဘဲ ။ စစ်အာဏာရှင်တွေပေးသမျှလေးနဲ့ တင်းတိမ်နေလို့ မရပါဘူး၊ ကိုယ်ပိုင်တဲ့အရာ တွေကိုရဲရဲဝံ့ဝံ့ပြန်ယူတတ်ဖို့ လိုပါတယ် ။ ဘာကြောင့်လည်းဆိုတော့..ဒီကိစ္စကြီးဟာ..နိုင်ငံသား အားလုံးရဲ့ လက်တွေ့ ဘ၀ နဲ့ အနာဂါတ်ဘ၀တွေကောင်းကျိုးချမ်းသာရအောင်၊ လူတိုင်းလူတိုင်း အတွက် အမိမြန်မာပြည်ဟာ ခွင့်တူညီမျှ … ဝါဒဖြူစင်တဲ့မြေ ဖြစ်စေနိုင်တဲ့ တခုတည်းသော အရင်းခံအကြောင်းဖြစ်လို့ ပါဘဲ ။ ။
လေးစားစွာဖြင့်
မင်းကောင်းချစ်
စက်တင်ဘာလ ၁၃ရက် ၂၀၁၄ ခုနှစ်
မြန်မာနိုင်ငံတွင် ၂၀၃၀ ၌ အိမ်ထောင်စုအားလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်းချက် ပြည့်မီ ရန် နှစ်ဆတိုး ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု လျှပ်စစ်ဝန်ကြီးဌာနက ဆိုသည်။
လက်ရှိလျှပ်စစ်ထုတ်လုပ်မှုအား မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်းအပါအ၀င် ထိရောက် သည့် နည်းလမ်းများအသုံးပြုသွားမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး က ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံတွင် လျှပ်စစ်မီးရရှိသည့် အိမ်ထောင်စုအရေအတွက် နှစ်စဉ် ၂၀၀,၀၀၀ ခန့် တိုးနေသော်လည်း ထိုနှုန်းအ တိုင်းဆိုပါက တစ်နိုင်ငံလုံး လျှပ်စစ်မီးရရန် ၃၆ နှစ် ကြာမြင့်မည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် ရည်မှန်းချက်အား ပြည့်မီရန်မဖြစ်နိုင်ဟု ဦးခင်မောင်စိုး က ဆိုသည်။
ရည်မှန်းချက်ပြည့်မီရန် မြန်မာနိုင်ငံသည် လူဦးရေ၏ ၆၇ ရာခိုင်နှုန်းဖြစ်သော အိမ်ထောင်စု ၇.၂ သန်း အား ၁၆ နှစ်အတွင်း လျှပ်စစ်မီးရရှိ စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ စာရင်းဇယားများ အရ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ၃၃ ရာ ခိုင်နှုန်း မြင့်တက်လာပြီး ၂၀၁၁ က အိမ်ထောင်စု ၂.၄ သန်း လျှပ်စစ်မီး ရရှိရာမှာ ၂၀၁၄ တွင် ၃ သန်းထိရှိ လာခဲ့သည်။ မြန်မာနိုင်ငံ ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ခြင်းများတွင် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် စီစဉ် နေပြီး လာမည့် ၅ နှစ်အတွင်း လျှပ် စစ်ဓာတ်အားရရှိမှု ပိုမိုလာမည် ဟု မျှော်လင့်လျက်ရှိသည်။ ၂၀၃၀ ရည် မှန်းချက်အား ပြည့်မီရန် ၂၀၂၀ တွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရန် လိုအပ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
အာရှဖွံ့ဖြိုးရေးဘဏ်ကလ်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေး ကွန်ရက် အဆင့်မြှင့် ရန် ဒေါ်လာ သန်း ၆၀ ထုတ်ချေးမည်ဟု ကတိပြုထားသည်။ ၀န်ကြီးဌာန ၏ နောက်ဆုံး စာရင်းအရ မြန်မာနိုင်ငံတွင် တည်ဆောက် ထားသည့် ရေအားလျှပ်စစ် ထုတ်ယူနိုင်စွမ်းမှာ ၄၃၆၁ မဂ္ဂါဝပ်ရှိသည်ဟုဆိုသည်။
KHTun
The Ladies News Journal
မလေးရှားနိုင်ငံ ပီနန်ဒေသတွင် ယခုနှစ်အတွင်း အသတ်ခံရသော မြန်မာနိုင်ငံ သား ၂၀ ဦး သည် မြန်မာနိုင်ငံမှ ပဋိပက္ခများကြောင့် ဖြစ်လာရသည်ဟု ယုံကြည် ကြသည်။
နောက်ဆုံးဖြစ်ခဲ့သည့် ဖြစ်ရပ်မှာ အသက် ၃၀ အရွယ် အမျိးသား ၂ ဦးအား လည်ပင်းဖြတ်ပြီး ခန္ဓာကိုယ်များကို ဆီအုန်းတောထဲတွင် ပစ်ထားခဲ့သော ကန်ပေါင်မန်ဂစ် အရပ်က လူသတ်မှုဖြစ်သည်။
မြန်မာနိုင်ငံက ဘာသာဝင်နှစ်ခု အကြား ဘာသာရေးနှင့် လူမျိုးရေး ပြဿနာများကြောင့် မလေးရှားတွင် သေဆုံးမှုများ အကျိုးဆက် ရလာ သည့်အတွက် စိတ်ပူပန်ကြောင်း မလေးရဲများကဆိုသည်။ ၎င်းတို့အနေဖြင့် ဆက်ဆံရေး အခက်အခဲကြောင့် အကြမ်းဖက်မှုများကို မတားဆီးနိုင်ပါ ဟု ဆိုသည်။
ပြည်နယ်ရဲအကြီးအကဲ ဒါတောင် အေထီဗီဂန်က အဆိုပါသေဆုံးမှုများ ကို ဖော်ထုတ်ရန်အတွက် အထူးအဖွဲ့ ဖွဲ့စည်းမည်ဟု ပြောကြားခဲ့သည်။
“ဘာသာရေးပြဿနာတွေ ပတ်သက်နေသလား ကျွန်တော်တို့ စုံစမ်းနေတယ်။”
ဆီဘရမ်ပရိုင်ဒေသမှာ လောလောလတ်လတ်ဖြစ်ခဲ့သော လူသတ်မှုများတွင် ရခိုင်ဒေသမှ ရိုဟင်ဂျာမွတ်ဆလင် များကို သတ်ဖြတ်သူများအဖြစ် အဓိက သံသယ ရှိနေသည်။
လူသတ်ရာတွင် အသုံးပြုသော ဓားများအပါအ၀င် လက်နက်များကို ဖမ်းဆီး မိသော် လည်း လူသတ်မှုနှင့် ပတ်သက်ပြီး မည်သူ့ကိုမှ ဖမ်းဆီး ခြင်း မရှိသေးကြောင်း၊ အဘယ်ကြောင့် သတ်ရသည်ဆိုသော အကြောင်းကို မသေချာသော်လည်း အုပ်စုအချင်းချင်း တစ်ဦးကို တစ်ဦး တင်းတင်းမာမာ အပြစ်တင်နေကြကြောင်း၊ အသတ် ခံရသူအများစုသည် စက်ရုံအလုပ်သမား များဖြစ်ပြီး ရက်ရက်စက်စက် လည်ပင်းဖြတ် အသတ်ခံရသည်ကို တွေ့ ရကြောင်း ရဲများကပြောသည်။
ဆီဘရမ်ပရိုင်ဒေသအလယ်ပိုင်း တွင် ဖြစ်ပွားခဲ့သည့် သီးခြားလူသတ်မှု ၃ မှု တွင် လူ ၆ ဦးသေဆုံးခဲ့ပြီး ဒေသ တောင်ပိုင်းတွင် အခြားရုပ်အလောင်း ၂ ခု အား ပြီးခဲ့သည့် ၄ လ ကတွေ့ရှိခဲ့သည်။ မြောက်ပိုင်းဒေသတွင်လည်း လူသတ်မှု များဖြစ်ပွားခဲ့ကြောင်း အစီရင်ခံမှုများရှိပြီး ကျွန်းပေါ်တွင် အခြားအမှုများ လည်း ဖြစ်ပွားခဲ့သည်ဟုဆို သည်။
သေဆုံးသူအားလုံးမှာ အသက် ၂၀ မှ ၄၀ ကြား အမျိုးသားများဖြစ်ပြီး နေအိမ် များမှ ဖမ်းခေါ်ခံရကာ အခြားနေရာတစ်ခုတွင် အသတ်ခံရခြင်းဖြစ် သည်။ သေဆုံးသူ အများစုတွင် စာရွက်စာတမ်းများ မပါသဖြင့် လုပ်ဖော်ကိုင် ဖက်နှင့် သူငယ်ချင်းများ၏ အကူအညီဖြင့် အတည်ပြုခဲ့ရသည်ဟု ဆိုသည်။
သတ်ဖြတ်သူများသည် သားကောင်အား လုပ်ငန်းခွင်မှတစ်ဆင့် ရွေးချယ်ခဲ့ပြီး ထိုဒေသတွင် ရောက်ရှိနေသည် မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော လူမှု အဖွဲ့အစည်းများမှ သတင်းအချက်အလက်များရယူခဲ့သည်ဟု ရဲတပ်ဖွဲ့ က ယူဆထားသည်။
တနင်္လာနေ့ နံနက် ၈း၅၀ ခန့်က စိုက်ပျိုးရေးလုပ်သားတစ်ဦးသည် လူ ၂ ဦး၏ ရုပ် အလောင်းအား ခလုတ်တိုက် မိကာ တွေ့ရှိခဲ့သည်။ ထိုရုပ်အလောင်းများမှာ လည်ပင်းဖြတ်ခံထားရသည့်အပြင် ဓားဖြင့်ထိုးထားသည့် ဒဏ်ရာ များတွေ့ ခဲ့ရသည်။ ၎င်းတို့မှာ အခြားနေရာတစ်ခုတွင် အသတ်ခံရပြီး စိုက်ခင်းအတွင်း ယူဆောင်စွန့်ပစ်ခံထားရ ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကက ယူဆထား သည်။ သေဆုံးသူ တစ်ဦးအား ၎င်း၏ ခရီးသွားစာရွက်စာတမ်းများပေါ် အခြေခံ ၍ အတည်ပြုနိုင်ခဲ့သော်လည်း အခြား တစ်ဦးမှာ မည်သူမှန်းမသိရသေးပေ။
လင်းလင်း
The Ladies News Journal
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူနှင်းထွေးကို ပြန်လည်လွှတ်ပေးဖို့ ရန်ကုန်မြို့ Excel Hotel မှာကျင်းပတဲ့ အမျိုးသမီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တက်ရောက်လာကြသူတွေက လတ်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
မဖြူနှင်းထွေး ဖမ်းဆီးခံရမှုဟာ မတရားဖမ်းဆီးတာဖြစ်တဲ့အတွက် အခုလို လတ်မှတ်ရေးထိုး တောင်းဆိုကြတာလို့ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။
"ဒီဖိုရမ်လုပ်နေတဲ့အချိန်မှာ အဖမ်းခံရတဲ့ မဖြူနှင်းထွေးအတွက် ဒါဟာ အမျိုးသမီးလည်းဖြစ်တယ်၊ နောက်တစ်ခုက ဒါမတရားတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီးခံရတဲ့ မိန်းကလေးဖြစ်တဲ့အခါကျတော့ မတရားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အားလုံးဝိုင်းဝန်းပြီးတော့ ကူညီပေးကြဖို့ပေါ့နော်၊ မဖြူနှင်းထွေး ဒီဟာကိုမလုပ်ဘူးဆိုတာ ဘာကြောင့် သေချာတယ်ဆိုတာမျိုးတွေ အနည်းအကျဉ်းလောက် ကျမပြောဖြစ်ပါတယ်၊ အားလုံးက ကြိုပြီးတော့သိနေကြတဲ့ သူတွေလည်းရှိတယ်ပေါ့နော်၊ တကယ်ကို စိတ်ပါပြီးတော့ ဝိုင်းဝန်းလက်မှတ်ရေးထိုးကြတယ်ပေါ့"
ဒီကနေ့ဆွေးနွေးပွဲကို တတ်ရောက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းအသီးသီးက အမျိုးသမီးတွေ လက်မှတ်ရေးထိုး တောင်းဆိုကြတာဖြစ်ပြီး၊ အဲဒီလက်မှတ်တွေကို နိုင်ငံတော်သမ္မတ အပါအ၀င် သက်ဆိုင်ရာ အစိုးရဌာနတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။
မဖြူနှင်းထွေးကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ ပြီးခဲ့တဲ့မေလအတွင်း ရွာသားတွေနဲ့ တရုတ်ဝန်ထမ်းတွေကြားဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က အခုစက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးမြို့ နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လာမယ့် စက်တင်ဘာ ၂၃ ရက်နေ့မှာ ယင်းမာပင်ခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။
ဒီနေ့ကျင်းပခဲ့တဲ့ အမျိုးသမီး ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
http://www.rfa.org/burmese/news/women-call-phyuhninhtwe-free-09202014103332.html/10171000101e-10211010103c1004103910381031101b10381019103d10341038-1019107f1016102d10331038107f1016102d1033103810311021102c10041039101410321094-103110191038103b10191014103910381001103a10001039/inline.html
တဆက်တည်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင် ရတနာပုံ အဝေးသင်တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးအကြောင်းနဲ့ ပတ်သက်လို့ လက်ပံတောင်းဒေသခံ ဆရာတော် ဦးအာလောကကို RFA ၀ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
RFA 
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်က အရင်ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အခုအစိုးရလက်ထက်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူနေတဲ့ ဦးခင်အောင်မြင့်ရဲ့ အစိုးရအပေါ် ဝေဖန်ထောက်ပြမှုကို တုံ့ပြန်ခဲ့တာကို ဖတ်ရပါတယ်။ ပြီးတော့ သူတုံ့ပြန်တာတွေနဲ့ ပတ်သက်လို့ ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ဒီသတင်းဆောင်းပါးနဲ့ပဲ ပြောချင်ပါသည်။
ဒီအတွက် အခုအစိုးရလက်ထက် ဘက်ဂျက်ကိစ္စက စပြောမှ ရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ယခု ၂၀၁၄ ခုနှစ်အထိ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအတွက် ချထားပေးတဲ့ ဘတ်ဂျက်ဟာ ကျပ်ဘီလျံပေါင်း ၄၄၀၀ နီးပါးအထိ ရှိပါတယ်။
ဒီငွေပမာဏဟာ မြန်မာနိုင်ငံရဲ့ ၀င်ငွေအကောင်းဆုံး နံပါတ်တစ်ပို့ကုန်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ကို တစ်နှစ်ခွဲ နှစ်နှစ်လောက်အထိ ထုတ်ရောင်းမှရမယ့် ငွေပမာဏလည်း ဖြစ်ပါတယ်။
ကျန်းမာရေး ဘက်ဂျက်ဆိုရင်လည်း ၂၀၁၁ ခုနှစ်တုန်းက ကျပ် ၉၂ ဘီလျံပဲ သုံးတာကနေ အခု ၆၅၂ ဘီလျံအထိ သုံးစွဲဖို့ တိုးမြှင့်ခွင့်ပြုပေးတဲ့အတွက် အရင်ကထက် ခုနစ်ဆအထိ တိုးလာတယ်။ ပညာရေးဘက်ဂျက်ဆိုရင်လည်း ဒီလိုပဲ။ သုံးဆအထိ တိုးလာတယ်။ ၂ဝ၁၂ ခုနှစ်တုန်းက ပညာရေးဘက်ဂျက်ကို ၇၅၂ ဘီလျံပဲ ပေးတာကနေ အခုနောက်ဆုံး ဘဏ္ဍာနှစ်မှာ ကျပ် ၁၁၄၂ ဘီလျံကျော်အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ပါတယ်။
ပြည်သူ့ဘဏ္ဍာကနေ ထုတ်ပေးလိုက်တဲ့ ဒီဘတ်ဂျက်တွေကို ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ပြန်သုံးတဲ့အခါမှာတော့ ဟိုအဆောက်အအုံက စံချိန်မမီ၊ ဟိုကျောင်းက ပြောတုန်းက အုတ်ညှပ်၊ ဆောက်တော့ ပျဉ်ကာ အဆောက်အအုံဖြစ်လိုဖြစ်၊ သုံးထားတဲ့ငွေနဲ့ ပြထားတဲ့ကုန်ကျစရိတ်က နည်းနည်းနောနော မဟုတ်ပေမယ့် တကယ်တမ်းရတဲ့ကျောင်းက ကုန်ကျစရိတ်ရဲ့ ထက်ဝက်လောက်ပဲတန်တဲ့ အဆောက်အအုံပဲပြန်ရလိုရနဲ့ စိတ်ပျက်စရာအခြေအနေတွေ ဖြစ်နေတုန်းပါပဲ။
ဒီအခြေအနေတွေကို စက်တင်ဘာ ၁၆ ရက်က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်က ဥပမာ-စာသင် ကျောင်းဆိုလျှင် စဆောက်တာကနေ နောက် ဆုံးပြီးသွားတဲ့အထိ အဆင့်ဆင့် ဓာတ်ပုံ သက်သေတွေနဲ့တကွ တင်ပြခဲ့တာပါ။
သက်သေနဲ့တကွ တင်ပြချက်အပေါ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဘတ်ဂျက်တွေလေလွင့်နေတာနဲ့ ပတ်သက်ပြီး ထောက်ပြခဲ့တယ်။
ဒါကို ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က တိတိကျကျပြောဖို့၊ အစိုးရတစ်ရပ်လုံးကို ပြောတာဟာ ဝမ်းနည်းစရာ ကောင်းကြောင်း၊ နိုင်ငံတကာမှာ ပြောပြီဆိုရင် တိကျတဲ့ ကိန်းဂဏန်းအခိုင်မာပဲပြောတယ် ဆိုတာမျိုးတွေနဲ့ ဦးခင်အောင်မြင့်ကို တုံ့ပြန်လိုက်တာကြောင့် ဦးခင်အောင်မြင့်ကိုယ်စား ကျွန်တော်ကပဲ ကိန်းဂဏန်းအတိ အကျနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို ပြောပြလိုက်ချင်ပါတယ်။
ဦးခင်အောင်မြင့်ရဲ့ ပြောင်မြောက်တဲ့ ထောက်ချက်များ
ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်တွေကို အဆပေါင်းများစွာ တိုးပေးလိုက်ပေမယ့် သုံးစွဲတဲ့နေရာမှာ ဟိုလူက နှိုက်၊ ဒီလူကနှိုက်နဲ့ ဘတ်ဂျက်တွေ လေလွင့်ပုံကို ဦးခင်အောင်မြင့်က စက်တင်ဘာ ၁၆ ရက်က အမျိုးသားလွှတ်တော်မှာ အခုလို လိုရင်းရောက်အောင် ထောက်ပြခဲ့ပါတယ်။
“ဘာနဲ့တူသလဲဆိုရင် ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူကတစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စားနဲ့ တစ်ဝက်လောက်ပဲ ကျန်တယ်။ ဘတ်ဂျက်ကိစ္စက အဲဒီလိုဖြစ်နေတာပေါ့” ဆိုပြီး ဥပမာပေး ထောက်ပြခဲ့တာပါ။
ထပ်ပြီးတော့လည်း “ဆောက်လုပ်ရေး တင်ဒါခေါ်တဲ့အချိန်တိုင်း ဆိုကြမယ် ပျော်ကြမယ် ပွဲကြီးဖြစ်နေတယ်။ အဲဒီလိုစေတနာ ယုတ်တဲ့ကိစ္စမျိုးက သီးခံလို့မဖြစ်ဘူး” လို့ တည့်တည့်ပဲ ပြောသွားခဲ့တာပါ။
ဦးခင်အောင်မြင့်က အဲဒီစကားတွေကို မပြောခင် လွှတ်တော်ကိုယ်စားလှယ်က အဆောက်အအုံ ဆောက်လုပ်မှု၊ ကွဲလွဲမှု၊ ကုန်ကျစရိတ် မမျှတမှုတွေကို ဓာတ်ပုံသက်သေနဲ့တကွ တင်ပြထားတာကိုကြည့်ပြီး သက်သေခိုင်မာလို့၊ သူကိုယ်တိုင်လည်း သိနေတာရှိနိုင်လို့ သူပြောခဲ့တာပါ။
ဦးခင်အောင်မြင့် ထောက်ပြတာက ပြည်သူ့ချွေးနဲစာ ပြည်သူ့ဘဏ္ဍာငွေတွေကို ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ နှစ်ခုထဲမှာတောင် ဒီလိုလေလွင့်တယ်၊ လာဘ်ပေး လာဘ်ယူတွေဟာ ခုထိရှိနေတုန်းဆိုတာကို မသိမသာထောက်ပြပြီး ဒါတွေကို ရပ်တန်းကရပ်စေချင်လို့ ထောက်ပြသွားတဲ့သဘောပါ။
အစိုးရအားနည်းချက် ထောက်ပြလို့ ဦးရဲထွဋ် တုံ့ပြန်လိုက်ပုံကတော့
ဦးခင်အောင်မြင့်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် တုံ့ပြန်လိုက်ပုံက ဒီလိုပါ။
“တိုင်းပြည်ရဲ့ ကြီးလေးတဲ့ တာဝန်ယူထားရတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရဝန်ကြီးဌာနတွေရဲ့ အားနည်းချက်ကို ပြောတာက လက်ခံပါတယ်။ သို့သော် မိမိရဲ့တာဝန်လေးနက်မှုကြောင့် သူပြောတဲ့ စကားတွေဟာပိုပြီးတော့ တိတိကျကျဖြစ်ဖို့ ကောင်းတယ်။ ဘယ်ဝန်ကြီးဌာနလဲ၊ ဘာဖြစ်နေလဲ တိကျစွာ ပြောရင်တော့ ပိုကောင်းပါတယ်” ဆိုပြီး တိတိကျကျပြောဆိုပြီး တုံ့ပြန်လိုက်တာပါ။
ဦးရဲထွဋ်ကပဲ ထပ်ပြောထားပါသေးတယ်။ “အစိုးရသစ်လက်ထက်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်တဲ့အခါ အလေအလွင့်တွေ များတယ်ဆိုပြီးတော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသွားတာ ဖတ်လိုက်ရပါတယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့အစိုးရသစ် လက်ထက်အောက်မှာ သမ္မတကြီးအနေနဲ့ တင်ဒါခေါ်တာကအစ လုပ်ငန်းဆောင်ရွက်တဲ့အဆုံး အဆင့်ဆင့် ပွင့်လင်းမြင်သာအောင်လုပ်ဖို့ အမိန့်နဲ့ ညွှန်ကြားချက်တွေ ချထားပြီးဖြစ်တယ်။ တိုင်းဒေသကြီး ပြည်နယ်တွေမှာ ဆောက်တဲ့လုပ်ငန်းတွေဆိုရင် သက်ဆိုင်ရာ ဒေသအစိုးရက ကြီးကြပ်နိုင်ဖို့အတွက် ဝန်ကြီးဌာနက မဆောက်ပဲ ပြည်နယ်အစိုးရနဲ့တွဲပြီး ကြီးကြပ်ဆောက်လုပ် စေပါတယ်။ စာရင်းချုပ်ရုံးကလဲ လုပ်ငန်းတွေပြီးစီးမှုမှာ တန်၏ မတန်၏ အသေးစိတ်စစ်ဆေးနေတာ တွေရှိတယ်။ နောက်ပြီးတော့ ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့် အရင်အစိုးရလက်ထက်မှာ ဝန်ကြီးတာဝန်ယူခဲ့တာပါ။ သူ့ ဝန်ကြီးဌာန အနေနဲ့လဲ ဒီလိုဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ခဲ့တာပါပဲ။ အဲဒီတုန်းက တင်ဒါခေါ်တဲ့စနစ်နဲ့ ဆောက်တာနဲ့ ကျွန်တော်တို့အစိုးရ လက်ထက်မှာ ဆောက်တဲ့တင်ဒါခေါ်တဲ့စနစ် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဆောက်တာ ပွင့်လင်းမြင်သာမှုတွေ တာဝန်ယူမှုတွေနဲ့ နှိုင်းယှဉ်ပြောရင် ပိုကောင်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ကတော့ ဝန်ကြီးဌာနတစ်ခုခုကို အတိအကျနာမည်တပ်ပြီးတော့ပြောရင် အရေးယူဖို့ အသင့်ရှိတယ်။ တကယ်လို့အစိုးရအနေနဲ့လုပ်တာ မလုံလောက်ဘူးဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကနေပြီး ပြောလို့ရပါတယ်။ အစိုးရတစ်ခုလုံး၊ ဝန်ကြီးဌာနတစ်ခုလုံးကို ပြောတာမျိုးကတော့ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။ အရင်တုန်းကဖြေတဲ့အခါ သိမ်းကြုံးပြီးပြောတာမျိုး မတွေ့ဖူးသေးဘူး။ နိုင်ငံတကာမှာဆိုရင်လည်း ပြောပြီဆိုရင် တိကျတဲ့ ကိန်းဂဏန်းအခိုင်အမာပဲ ပြောပါတယ်” လို့ တုံ့ပြန်ထားတာပါ။ ဒီစကားတွေကို စက်တင်ဘာ ၁၉ ရက်ထုတ်Democracy Today သတင်းစာမှာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
ဦးခင်အောင်မြင့်က အရင်တုန်းက ယဉ်ကျေးမှုဝန်ကြီးဌာနကို တာဝန်ယူခဲ့တာပါ။ ဒီဝန်ကြီးဌာနက တခြားစီးပွားရေးရာ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေနဲ့ယှဉ်ရင်တော့ ဘာမှလာဘ်ကြီးကြီးကျယ်ကျယ် စားလို့ရတဲ့ဝန်ကြီးဌာန မဟုတ်ပါဘူး။ အခုလည်း ဘဏ္ဍာငွေတွေလေလွင့်တုန်း၊ ဆောက်လုပ်ရေးတွေမှာ အရင်လိုပဲ လာဘ်ပေးလာဘ်ယူတွေ ရှိနေတုန်း ဒါကိုပြင်ဆင်နိုင်ဖို့၊ ဘဏ္ဍာငွေတွေ လေလွင့်မှုမရှိဖို့ ထောက်ပြထားတာပါ။
ဒါပေမဲ့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့ အစိုးရအဖွဲ့ကို ပြောချင်ရင် တိတိကျကျနဲ့ဝေဖန်ပါ၊ ဒါ့ထက်ပိုပြီးတော့ ဦးခင်အောင်မြင့်လည်း အရင်အစိုးရလက်ထက် ဝန်ကြီးတာဝန်ယူတုန်းက ဒီလိုလုပ်ငန်းတွေ လုပ်ခဲ့ဘူးတာပဲဆိုပြီး တုံ့ပြန်တဲ့ သဘောသက်ရောက် နေပါတယ်။
ကျွန်တော်လည်း မေးပါရစေ ဦးရဲထွဋ်
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောကြားခဲ့တဲ့အထဲမှာ တင်ဒါကိစ္စ ပါဝင်နေပါတယ်။
နိုင်ငံတော်သမ္မတက တင်ဒါအဆင့်ဆင့် ပွင့်လင်းမြင်သာအောင် အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်တယ်ဆိုပေမယ့် တကယ်တန်းတော့ တင်ဒါအားလုံးနီးပါးမှာ လက်တစ်လုံးခြား လုပ်နေတာတွေကို လုပ်ငန်းရှင် အသိုင်းအဝိုင်းရော ကျွန်တော်တို့ရော ကြားသိနေကြတုန်းပါပဲ။
ဥပမာ- 7Dayဂျာနယ်မှာပါတဲ့ “ထူးမခြားနားလေလံပွဲများ” ဆောင်းပါးမှာဆိုရင်လည်း “တင်ဒါမခေါ်ပေမယ့် လုပ်ငန်းရှင်ကို ကြိုပြောထားတယ်။ လိုအပ်တဲ့ဒီဇိုင်း လိုဂိုပုံစံတွေ အားလုံးကြိုလုပ်ခိုင်းထားတယ်။ ပြီးတော့မှ တင်ဒါခေါ်တယ်” ဆိုပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင် ကိုယ်တိုင်ပြောထားတယ်။ နောက်ထပ်ပြီးတော့လည်း “မေးခွန်းကြိုပေါက်တဲ့ ကိစ္စကလည်း တရားမျှတမှုမရှိဘူး” ဆိုပြီး လေလံခဏခဏဆွဲတဲ့ လုပ်ငန်းရှင်ကိုယ်တိုင် ပြောထားတယ်ဆိုပြီး ဖော်ပြထားတယ်။
ဒီလိုပဲ အများဆုံးရင်းနှီး မြှုပ်နှံမှုပြုမယ့် တင်ဒါဆွဲသူတွေ မအောင်မြင်ဘဲ နည်းနည်းပါးပါး မြှုပ်နှံမယ့်သူတွေကကျော်ပြီး တင်ဒါအောင်နေတာတွေလည်း အားလုံးသိကြတာပါပဲ။
တင်ဒါနဲ့ပတ်သက်ရင် တင်ဒါမှာ တာဝန်ယူရတဲ့ အစိုးရအရာရှိနဲ့ အဖွဲ့အဆင့်ဆင့် မှာ လာဘ်ပေးလာဘ်ယူမှု လုပ်နေတာ ထင်ရှားတယ်။ ဒါကိုသိချင်ရင် သူတို့ပိုင်ဆိုင်မှုတွေနဲ့ သူတို့ရဲ့ မူရင်းလစာ စစ်လိုက်ရုံပဲ။ ဒီလို တိတ်တိတ်ပုန်း ကြိတ်လုပ်တဲ့ကိစ္စမျိုးတွေကို အတိအကျပြောပါ၊ တိတိကျကျ ပြောပါဆိုတာကတော့ သူခိုးလက်ခံလည်းပြ သူခိုးလည်းပြဆိုပြီး ခိုင်းနေသလို ဖြစ်နေပါတယ်။ လာဘ်ပေးလာဘ်ယူ လုပ်တဲ့သူတွေက ဘောင်ချာနဲ့ဖြတ်ပြီး ဘယ်လောက်ပေးရတယ်ဆိုပြီး လုပ်ကြတာမဟုတ်ပါဘူး။ ခရိုနီနဲ့ အစိုးရတာဝန်ရှိသူတွေကြား မပတ်သက်ဘူးလား။ ပတ်သက်တာ အားလုံးသိပေမယ့် တိတိကျကျ ဘယ်လောက်ပေးတယ်၊ ဘယ်လိုတွေလုပ်ပြီး အခွင့်အရေး ယူသွားတယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ။ ဒါပေမဲ့ ခရိုနီတွေ ရသွားတာကတော့ ထင်ထင်ရှားရှားပဲလေ။
အဲ့တော့ အများပြည်သူကြားသိနေတဲ့ အဂတိလိုက်စားမှုမျိုးကို တိတိကျကျ ထောက်ပြမှ လုပ်တော့မှာလား မေးချင်ပါတယ်။
ကျွန်တော်ပြောလိုက်ပါရစေ ဦးခင်အောင်မြင့်
ဦးခင်အောင်မြင့်ကိုတော့ အားနာပါတယ်။ တိတိကျကျ ထောက်ပြပါဆိုတော့လည်း ကျွန်တော်ပဲကိုယ်စား ဝင်ပြောလိုက်ပါရစေ။
ကျွန်တော်ကတော့ ဟိုလေလံ ဒီလေလံ တစ်ခုချင်းလိုက် ထောက်ပြနေတာထက် အဂတိတရားလိုက်စားမှု၊ လာဘ်ပေးလာဘ် ယူမှုရှိမရှိဆိုတာကို အကုန်လုံးတစ်ချက်တည်း ပေါ်လွင်စေမယ့် အစိုးရတာဝန်ရှိသူတွေရဲ့ ရနေတဲ့လစာနဲ့ လက်ရှိပိုင်ဆိုင်မှုကိုပဲ ယှဉ်ပြီး ပြောလိုက်ပါမယ်။
နိုင်ငံတော်သမ္မတလစာက တစ်လ ကျပ် ၁၅ သိန်းနဲ့ ၃၆ လသိန်း ၅၄ဝ၊ အခု ပြင်ဆင်လိုက်တဲ့ တစ်လ သိန်း ၅ဝ နဲ့ ဩဂုတ်လကုန်အထိ ၅ လစာ သိန်း ၂၅ဝ၊ သမ္မတသက်တမ်းတစ်လျှောက် ၄၁ လစာအတွက် စုစုပေါင်းသိန်း ၇၉ဝ ရပါမယ်။
အစိုးရသစ်လက်ထက် ၄၁ လလုံးလုံး တောက်လျှောက် ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့သူက ကျပ် ၃၆၆ သိန်းရပါမယ်။ ဒုဝန်ကြီးက ကျပ် ၂၆၂ သိန်းရပါမယ်။ ညွှန်ချုပ်အဆင့်က တစ်ဦးကို သုံးနှစ်ခွဲကျော်အတွင်းမှာ လစာကျပ်သိန်း ၈၀ နီးပါးပဲရပါမယ်။
အခု အစိုးရသစ်သက်တမ်း ၄၁ လအတွင်းမှာ ဝန်ကြီးဖြစ်တဲ့သူက ဘာမှမစားမသောက်၊ မသုံးပဲရသမျှစုထားရင်တောင် ကျပ် ၃၆၆ သိန်းပဲရမယ်။ တိုက်ခန်းကျဉ်းကျဉ်း ဝယ်ဖို့တောင် နေရာကောင်းမှာဆို မရဘူး။ ဒုဝန်ကြီး ထိုနည်းလည်းကောင်းပဲ။ ညွှန်ချုပ်အဆင့် တိုက်ခန်းတောင် မဝယ်နိုင်ဘူး။
ဒါပေမဲ့ အပြင်မှာ လာဘ်ပေးလာဘ်ယူ လုပ်နိုင်တဲ့ စီးပွားရေးအရ ဆက်စပ်တဲ့ ဌာနတွေက ညွှန်ချုပ်အဆင့်တွေကိုပဲ ကြည့်လိုက်ပါ။ ညွှန်ချုပ်တစ်ယောက်တည်းနဲ့တင် တိုက်ခန်းတွေအများကြီး၊ မြေကွက်လည်းပိုင်၊ ကားတွေလည်းအများကြီး ဝယ်စီးနိုင်နေတယ်။ (အဂတိလိုက်စားမှုနည်းသည့် ညွှန်ချုပ်ညွှန်မှူး၊ ချောင်ထိုးခံရသည့် ညွှန်ချုပ်ညွှန်မှူးများမပါ)
ပြည်ထောင်စု အဆင့်အစိုးရ တာဝန်ရှိသူတွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေရဲ့ အခုအစိုးရသက်တမ်း ၄၁ လအတွင်း ရတဲ့လစာနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုကိုပဲ စစ်ဆေးချပြလိုက်ရင် လာဘ်ပေးလာဘ်ယူကိစ္စ ခုထိရှိမရှိ ထင်ထင်ရှားရှား ဖြစ်သွားပါလိမ့်မယ်လို့ပဲ ဖြေလိုက်ပါတယ်။
ဦးရဲထွဋ်ပြောတဲ့ကျင့်ဝတ်နဲ့ စံနမူနာပြ ဖြစ်စေဖို့ဆိုရင်
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အနေနဲ့ ကျင့်ဝတ်အကြောင်းကိုတော့ မကြာခဏပြောလေ့ရှိတာ သတိထားမိပါတယ်။ အများအားဖြင့် မီဒီယာသမားတွေကို ကျင့်ဝတ်နဲ့ပတ်သက်လို့ အများဆုံး ထောက်ပြခဲ့ပါတယ်။
ကျွန်တော်တို့ နားလည်တာကတော့ အစိုးရဝန်ထမ်းကောင်းဆိုတာလည်း ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားမလုပ်တာ၊ အလွဲသုံးစားလုပ်တဲ့သူကို အားမပေးတာ၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားဘေးက ကာကွယ်တာပါပဲ။ ဒါက အစိုးရ ဝန်ထမ်းကောင်းရဲ့ ကျင့်ဝတ်လို့ နားလည်ပါတယ်။ ဦးခင်အောင်မြင့်အနေနဲ့ လက်ရှိအနေအထားကို ခြုံငုံထောက်ပြခဲ့တာ ဖြစ်ပေမယ့် ဦးရဲထွဋ်အနေနဲ့ တိတိကျကျ ထောက်ပြစေချင်ရင် စံနမူနာပြအနေနဲ့ ဦးရဲထွဋ်ကိုယ်တိုင် ပိုင်ဆိုင်မှုနဲ့ လစာရင်းကို နှိုင်းယှဉ်ချပြစေချင်တယ်။ ကျွန်တော့အနေနဲ့ လက်တွေ့ပဲ နှိုင်းယှဉ်ပြပါရစေ။ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အနေနဲ့ အစိုးရသစ်လက်ထက် ညွှန်ချုပ်တာဝန်ယူခဲ့တဲ့ ၁၇ လမှာ လစာရင်း ကျပ်သိန်း ၃ဝ ကျော်၊ ဒုတိယဝန်ကြီး တာဝန်ယူခဲ့တဲ့ ၂၃ လအတွင်းမှာ လစာ ၁၆၅ သိန်းကျော်၊ ပြည်ထောင်စုဝန်ကြီးဖြစ်တဲ့ ဩဂုတ်လ တစ်လစာ သိန်း ၃ဝ၊ စုစုပေါင်း အစိုးရသစ်လက်ထက် သုံးနှစ်ခွဲကျော်ကာလ အတွင်းမှာ လစာစုစုပေါင်း ကျပ် ၂၂၆ သိန်းကျော်ရပါမယ်။ ဒါတောင် လုံးဝမစား၊ အဝတ်အစားမဝယ်၊ ဆေးကုသစရိတ်မသုံးဘဲစုမှ အဲ့ဒီလစာငွေကျန်မှာပါ။
ကျွန်တော်တို့ အယ်ဒီတာတွေထဲမှာ တစ်လကျပ်ငါးသိန်းကနေ ကျပ်ခုနစ်သိန်းကြား ရကြပါတယ်။ ဒီသုံးနှစ်ခွဲကာလအတွင်းမှာ အယ်ဒီတာတွေက တစ်ဦးလစာငွေကျပ် သိန်း ၂ဝဝ ကနေ အမြင့်ဆုံး ကျပ်သိန်း ၂၈ဝ အထိရှိပါတယ်။ ညွှန်ချုပ်တစ်ယောက်လစာထက် ပိုပါတယ်။
ဒါပေမဲ့ အယ်ဒီတာတွေဟာ အိမ်ငှားခ၊ စားစရိတ်၊ ဆေးကုသစရိတ်၊ သွားစရိတ်၊ လာစရိတ်တွေနဲ့ အိမ်ပိုင်ဝယ်နိုင်ဖို့ကတော့ လုံးဝကို မဖြစ်နိုင်သေးတဲ့ အနေအထားပါ။ ဒါပေမဲ့ ကျွန်တော်တို့ အယ်ဒီတာတွေထက် တရားဝင်လစာနည်းပေမယ့် ညွှန်ချုပ်အဆင့် အစိုးရအရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်လိုက်ပါလား။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရော အဲ့ဒီလစာတစ်မျိုးတည်းနဲ့တင် ဘယ်လိုသုံးစွဲခဲ့သလဲ၊ ဘယ်လိုနေထိုင်ခဲ့သလဲ။ ဦးရဲထွဋ်ရဲ့လစာနဲ့ ဦးရဲထွဋ်ရဲ့ပိုင်ဆိုင်မှုကို ချပြလိုက်ပါလား။ မိဘချမ်းသာလို့၊ အိမ်သူကချမ်းသာလို့ ဒီလိုပိုင်ဆိုင်မှုတွေ ရှိနေပါတယ်ဆိုပြီး ပြောမယ်ဆိုရင်လည်း စစ်မှုထမ်းကာလတစ်လျောက် အရမ်းကြီးမချမ်းသာ ခဲ့တာကိုတော့ သိကြပါတယ်။
အဲ့ဒီလိုချပြလိုက်မယ်ဆိုရင် ဦးရဲထွဋ်ဟာ အစိုးရအဖွဲ့ထဲမှာ တစ်ကယ့်စံပြ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သွားမယ့်အပြင် ကျွန်တော်တို့ကလည်း စံနမူနာပြ ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်ရတော့မှာပါ။
ဦးရဲထွဋ် တုံ့ပြန်ချက်အတွက် နောက်ဆုံးအဖြေရဖို့ ဆိုရင်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ နှစ်ခုတည်းမှာတင် ပြည်သူ့ဘဏ္ဍာတွေ လေလွင့်တယ်၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်တာ အားနည်းသေးတယ်၊ ဒါတွေကို ပြင်သင့်တယ်ဆိုတာ ထောက်ပြခဲ့တာပါ။ ဦးခင်အောင်မြင့်အနေနဲ့လည်း သူဖြတ်သန်းခဲ့တဲ့ တစ်လျှောက်ဘယ်လိုတွေ လုပ်တတ်ကြတယ်ဆိုတာ သိထားကြားထားတာ ရှိနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူနဲ့ အဂတိလိုက်စားမှု ရှိမရှိအတွက် အဓိကစစ်ဆေးဖို့ အာဏာ၊ တာဝန်ရှိတာ၊ စစ်ဆေးနိုင်တဲ့ စွမ်းရည်ရှိတာ ပြည်ထဲရေးဝန်ကြီးဌာန ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် ပြောသလို တစ်ကယ်တိတိကျကျ ထောက်ပြမှရမယ်၊ ထောက်ပြဖို့လိုတယ်ဆိုရင် တစ်ကယ်စစ်ဆေးနိုင်စွမ်းရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာန စသုံးလုံးဦးစီးဌာနတို့ကို စစ်ဆေးခွင့်နဲ့အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လက်ထဲ ထည့်ပေးလိုက်ပါ။ ဦးခင်အောင်မြင့်က သိမ်းကျုံးပြောသလား၊ ဒါမှမဟုတ် တကယ်တိတိကျကျ ထောက်ပြနိုင်မလားဆိုတာ အဲ့ဒီအချိန်မှာ သိရပါလိမ့်မယ်ခင်ဗျာ။
Written by - မာန်သူရှိန်
Eleven Media Group
ဒီနေ့မနက်က မြဝတီမြို့ ကြံခင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ ဒီကေဘီအေ တပ်ရင်း ၉၁၀ က ဗိုလ် တဦးသေဆုံးပြီး တပ်ဖွဲ့ဝင်တဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
မြဝတီမြို့ခံတဦး ပြောတာကတော့ "ဒီကေဘီအေဗိုလ်ဟာ အရက်မူးပြီး မြို့ထဲမှာ ကားသုံးစီး ကိုတိုက်ပြီး မောင်းပြေးခဲ့ပါတယ်။ အဲ့လိုမောင်းသွားရင်း လှည့်ကင်းထွက်တဲ့ စစ်တပ်၊ ဘီဂျီအက်ဖ်၊ ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ရဲ့ ကားကို တိုက်ပြီး ထွက်ပြေးမယ်လုပ်လို့ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးရာမှာ တဦးသေ၊ တဦးဒဏ်ရာ ရရှိပြီး မြဝတီဆေးရုံ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံယူနေတယ်" လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒီကေဘီအေ ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က အခုလိုတုန့်ပြန်ပြောဆိုခဲ့ပါ တယ်။
"ကျနော်တို့တပ်ဖွဲ့ဝင် ညကသေဆုံးရတဲ့ကိစ္စကို တာဝန်ရှိသူတွေ အမြန်ဆုံးဖြေရှင်းပေးရမယ်။ ကျနော်တို့ဘက်ကမှားပေမဲ့ အဲလိုပစ်သတ်ပိုင်ခွင့်မရှိဘူး။ အခုဟာက အုပ်စုဖွဲ့ပြီး အပစ်ခံရတာဖြစ်တယ်။ လက်ရှိအခြေအနေက အောက်ခြေတပ်ဖွဲ့ဝင်တွေကို ထိန်းချုပ်ဘို့ခက်နေတယ်။ အကောင်းဆုံးကတော့ ကျနော်တို့လူကိုပစ်သတ်တဲ့လူကို ဒီကေဘီအေလက်ထဲအပ်ရမှာဖြစ်တယ်။ အဲလိုမှမဟုတ်ရင် ဆိုးကျိုးတွေဘဲဆက်ဖြစ်လာမယ်။
"အရင်ကမြိုင်ကြီးငူမှာ BGF တပ်ဖွဲ့ဝင်တဦးကို ဒီကေဘီအေတပ်ဖွဲ့ဝင်တဦးက ပစ်သတ်တဲ့အတွက် အဲဒီရဲဘော်ကို သူတို့ဆီကျနော်တို့လွှဲပေးလိုက်တယ်။ အခုကိစ္စမှာလည်း အဲဒီလူကို ဒီကေဘီအေဆီ လွှဲပေးရမှာဖြစ်တယ်။
"အခုဖြစ်တာက သူတို့ဘက်က ပစ်သတ်တာဖြစ်တယ်။ ကျနော်တို့လူတွေ သူတို့ကိုလုံးဝမပစ်ဘူး။ အမှားရှိတဲ့လူကို ဒီလိုဘဲ ပစ်သတ်ရလား။ ဒီပစ်မိန့်ကို တပ်ရင်း (၂၇၅)က ပေးတာဖြစ်တယ်။
"ဒီကိစ္စကို ကျနော်တို့ တောင်းဆိုတဲ့အတိုင်း မဆောင်ရွက်ပေးဘူးဆိုရင်တော့ အောက်ခြေတပ်တွေကို ဘယ်လိုမှထိန်းလို့ရမှာမဟုတ်ဘူး" ဆိုပြီး သူတို့ရဲ့သဘောထားကို ဒီမနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြဝတီအာဏာပိုင်တွေက တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ကရင်အမျိုးသား- မီဒီယာ