10/05/14

ဒီရက်ပိုင်းအတွင်း ခိုတောင်ကျွန်းလူသတ်မှုကိစ္စနဲ့ပတ်သတ်ပြီး ကျနော်လည်း ပို့စ်အတော်များများရေုးဖြစ်သလို တခြားသူတွေ ရေးတာတွေကိုလည်း လိုက်ဖတ်ဖြစ်ပါတယ်။ အဲဒီမှာ စိတ်မကောင်းစရာအဖြစ် သွားတွေ့မိတာ့ကတော့ ထိုင်းပုလိပ်တွေဟာ မြန်မာတွေကို ရာဇ၀တ်ကောင်အနေနဲ့ ခုတုံးလုပ်ဖို့ကြိုးစားနေသလို အဆိုပါ ထိုင်းပုလိပ်တွေနဲ့ သိပ်မကွာခြားတဲ့ မြန်မာတွေ ရှိနေတယ် ဆိုတာပါပဲ။ အဲဒီ မြန်မာတွေဟာလည်း ထိုင်းပုလိပ်တွေနည်းတူ ခိုတောင်ကျွန်းမှ ကောင်လေး နှစ်ယောက်ကို အသုံးချပြီး ကုလားတွေကို သတ်ကြ၊ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေလဲ အော်နေကြလေရဲ့။ ခင်ဗျားတို့လည်း ထိုင်းပုလိပ်တွေနဲ့ သိပ်မကွာပါဘူး။ အတူတူပါပဲ။ ခင်ဗျားတို့အနေနဲ့ လူကမွေးတဲ့ လူတွေဆိုရင် ခုလိုလုပ်နေတာတွေကို ရပ်တန့်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုကိစ္စဟာ ကောင်လေးနှစ်ယောက်ရဲ့ အသက်၊ ဘ၀တွေ ဆိုတာထက် ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာလူမျိုး (၄) သန်း နဲ့သက်ဆိုင်နေတဲ့ ကိစ္စမို့ပါ။

ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ အနှစ်(၂၀) ကျော်ကနေ ခုချိန်ရောက်ရှိနေတဲ့ မြန်မာပြည်သားတွေဟာ (၃) သန်းမှ (၄) သန်းအထိ ရှိမယ် လို့ ခန့်မှန်းကြပါတယ်။ သန်းနဲ့ချီသော ဒီလူတွေဟာ ထိုင်းနိုင်ငံကို ပျော်ပွဲစားထွက်လာသလို လွယ်လွယ်ကူကူရောက်လာကြတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှာလို့မရတဲ့ ၀င်ငွေတွေအတွက် ဘ၀တွေ၊ အသက်တွေနဲ့ရင်းပြီး ရောက်လာကြတဲ့လူတွေပါ။
ဒီလိုမြန်မာတွေကို ထိုင်းပုလိပ်တွေက နှိမ်ခဲ့၊ ရက်စက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မတရားသဖြင့် စတေးခဲ့ရတဲ့ မြန်မာတွေရဲ့ အရိုးတွေကို စုပုံမယ်ဆိုရင် တောင်တစ်လုံးဖြစ်နိုင်သလို၊ ထိုင်းနိုင်ငံမှာ အနိုင်ကျင့်၊ အဓမ္မကျင့်ခံရလို့ ကျခဲ့ရတဲံ မြန်မာအမျိုးသမီးတွေရဲ့ မျက်ရည်တွေဟာလည်း မြစ်တစ်စင်းလောက်အထိ ရှိပါတယ်။ ဒါတွေဟာ ပုံပြင်မဟုတ်တဲ့ သမိုင်းတွေပါ။

ခုကောင်လေးနှစ်ယောက်ရဲ့ကိစ္စဟာလည်း ထိုင်းပုလိပ်တွေရဲ့ မြန်မာတွေကို အသုံးချစတေးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့သော် ကံကောင်းထောက်မစွာနဲ့ နိုင်ငံတကာက အရေးစိုက်လာရတဲ့ ကိစ္စကြီးဖြစ်လာခဲ့ပါတယ်။ လက်ရှိအမှုကို ကိုင်တွယ်နေတဲ့သူဟာ ထိုင်းရဲချုပ်ဖြစ်သလို ထိုင်းဝန်ကြီးချုပ်လည်း ပါဝင်ပတ်သတ်နေပါတယ်။ သူတို့အနေနဲ့ ဟိုယခင်တုန်းက အမှုတွေမှာ လုပ်ခဲ့သလိုမျိုး မြန်မာတွေကို လွှဲချလို့ ပြီးသွားမယ်ထင်ပြီးလုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီအမှုမှာတော့ သူတို့အခက်ကြုံနေရပါပြီ။ ပြောရရင် ဒီအမှုဟာ ထိုင်းနိုင်ငံရေးကို ကိုင်လှုပ်နိုင်တဲ့ အမှုပါ။ ထိုင်းရဲချုပ်ကို ဖြုတ်ချနိုင်တဲ့ အမှုပါ။ လိမ်ညာတာတွေ ပေါ်သွားရင် ထိုင်းနိုင်ငံအရှက်ကွဲရမဲ့ အမှုဖြစ်ပါတယ်။

အကယ်လို့များ ဒီအမှုမှာ ထိုင်းပုလိပ်တွေရဲ့ ကလိမ်ကျမှုတွေကို ဖော်ထုတ်နိုင်မယ်၊ အမှုရဲ့ ရလာဒ်အမှန်ကိုသာ ဖော်ထုတ်နိုင်မယ်ဆိုရင် ဒါဟာ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာလူမျိုး (၄)သန်း အတွက် အင်အားတွေ ဖြစ်ပါတယ်။ ဒီကိစ္စဟာ မြန်မာပြည်သား (၄)သန်းအတွက် အရေးကြီးပါတယ်။ ထိုင်းပုလိပ်တွေ - မြန်မာတွေကို မတရားမလုပ်နဲ့၊ အနိုင်မကျင့်နဲ့ - ဒီလိုဖြစ်မယ်ဆိုတာ သတိပေးနိုင်မဲ့ကိစ္စပါ။
(ကျနော် ပြောတဲံ မြန်မာဆိုတဲ့ထဲမှာ မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ ကြီးသော ဗုဒ္ဓ၊ ခရစ်၊ အစ္စလာမ်တွေအားလုံးပါပါတယ်)

မိုးဇေငြိမ်း
Moe Zay Nyein

သောကြာနေ့ညက အကြမ်းဖက်ခံရပြီး သွေးထွက်သံ ယိုဖြစ်ခဲ့ပေမယ့် ထောင်ပေါင်းများစွာရှိတဲ့ ဒီမိုကရေစီ အရေး ဆန္ဒပြသူတွေဟာ မနေ့ညက ဟောင်ကောင်မြို့ လမ်းမပေါ် ထွက်လာကြပြီး အေးချမ်းစွာ စီတန်းလှည့် လည် ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေကို တားဆီးအရေးယူပေးဖို့ ရဲတပ်ဖွဲ့က ပျက်ကွက်ခဲ့တဲ့အတွက် အစိုးရနဲ့ ဆွေးနွေးပွဲကနေ တဖက် သတ်ဖျက်သိမ်းခဲ့တဲ့ ဟောင်ကောင်ပင်မ ကျောင်းသား သမဂ္ဂအဖွဲ့ဟာ သောကြာနေ့က အဖြစ်ပျက်တွေအပေါ် ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းပုံပေါ်မူတည်ပြီး အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောကြားလိုက်ပါတယ်။

အစိုးရအနေနဲ့ သောကြာနေ့က အကြမ်းဖက်မှုအပေါ် အလေးနက်ထားကိုင်တွယ်ဖြေရှင်းတယ်ဆိုတာ ပြသဖို့လိုကြောင်း၊ ကြေးစားဒုစရိုက်သမားတွေကို အခပေးအကြမ်းဖက် ခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြည်သူကို ဖော်ထုတ်ရှင်းပြဖို့လိုကြောင်း ဟောင်ကောင် ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် HKFS က ပြောပါတယ်။

ဟောင်ကောင်အစိုးရက သိန်းဂဏန်းရှိတဲ့ ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို မနက်ဖြန် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ သတိပေးထားပေမယ့် ဆန္ဒပြသူတွေက ဆက်လက် တောင်းဆိုသွားဖို့ဆုံးဖြတ်ထားကြပါတယ်။ ဆန္ဒပြသူ အများစုဟာ မိုးရွာနေချိန်မှာလည်း ထီးတွေဆောင်းပြီး ဆန္ဒပြရာကနေ ထီးတော်လှန်ရေးအဖြစ် တင်စားလိုက်ကြတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လူဆိုး လူမိုက်အုပ်စုတွေက ဆန္ဒပြသူတွေကို ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ မနေ့က စနေနေ့အထိ ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့အဆိုအရ အဲဒီလူတွေဟာ လူဆိုးဂိုဏ်းတွေနဲ့ ဆက်နွယ်နေသူတွေလို့ ပြောလိုက်ပြီး သံသယရှိသူ ၁၈ ယောက်ကို ဖမ်းဆီးထားတယ်လို့သိရပါတယ်။

ဟောင်ကောင်မြို့ဟာ အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး တရားဥပဒေအရ အကာအကွယ်ပေးမှု ဒီမိုကရေစီ အပြည့်အဝရမှုတွေနဲ့ ရှိနေခဲ့တဲ့မြို့ဖြစ်ခဲ့ပြီး အင်္ဂလိပ်အစိုးရက ၁၉၉၇ ခုနှစ် တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ထူးခြားချက်က တရုတ်အစိုးရအောက်မှာ ရှိနေတာမဟုတ်ပဲ လွတ်လပ်မှုနဲ့ဒီမိုကရေစီအခွင့်အရေးကို ဆက်လက်ခံစားခွင့်ရှိနေခဲ့တဲ့ မြို့ဖြစ်ပါတယ်

RFA


"ဟောင်ကောင်မှာဆန္ဒပြနေတဲ့ကျွန်တော်တို့နဲ့ဘ၀တူ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား ရဲဘော်တွေကို ပြောချင်တာက ဒီမိုကရေစီဆိုတာ သေချာပေါက်အောင်ပွဲရမယ့် လမ်းစဉ်ဖြစ်တယ်။ ဒါကို မလျော့သောဇွဲနဲ့ ခိုင်ခိုင်မာမာလုပ်ကြဖို့။

ကိုယ့်ရဲ့ အကြမ်းမဖက် ဆန္ဒပြမှု၊ ဆန္ဒဖေါ်ထုတ်မှုတွေကို ပုံစံမပျက် အောင်ထိန်းသိမ်းပြီးတော့ ဇွဲရှိရှိနဲ့ ဆက်ပြီးကျိုးစားကြဖို့ တိုက်တွန်းချင်တယ်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တစ်ချိန်က ၈ လေးလုံးကျောင်းသားခေါင်းဆောင်တွေ အနေနဲ့လည်း ဟောင်ကောင် ကျောင်းသားတွေရဲ့လှုတ်ရှားမှုတွေကိုတစ်သားတည်းခံစားပြီး ထောက်ခံအားပေးနေတယ်လို့ပြောချင်ပါတယ်။"

ဦးကိုကိုကြီး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း)
RFA

Autumn Umbrella

Let's shake it,
Yes, we will strike
With these colorful umbrellas!

Also,
With these little cell phones,
an upsurge of mass power
Will lead us.

Solidarity potential there rises,
Revolutionary potential as well,
Their Cosmo architecture we bypassed.
Among these multicolored umbrellas,
All come together----nuanced or fresh,
Seasoned or young,
We're united nonetheless---
This Umbrella--aloof and whole--
holds our spirits in timeless defiance.

Upon the grey horizon tall stand
these high overpasses,
Just for false patriotism,
However, it's not for us!
The present is a force for the future,
We have these umbrellas,
We keep looking forward
To our spring of freedom
Where each tender leaf makes history
In maturing as a flower.

A young Hong Kong student proclaimed:
" No need to be scared by the authorities,
The truth is the other way round.
They ought to get scared by us."

Autumn, a second spring,
We students are the people.
Under the banner of mass struggle,
We are stars, umbrellas, or azure skies,
We never bend, we never kneel,
We never die.

Maung Lwanni ( Burmese Poet)
Burmese Prodemocracy Activist
1 – 10 -2014

Translated by AASW

ဆောင်းဦးထီး

ဟောဒိ
ရောင်စုံထီးတွေနဲ့ပဲ
ကျနော်တို့ တိုက်ပွဲဝင်ကြမယ်။

ဟောဒိ
Apple IPhone လေးတွေနဲ့ပဲ
ကျွန်မတို့ ဆန့်ကျင်ရေး လုပ်မယ်။

မိုးထိုးတိုက်တာရိပ်တွေ မလိုဘူး
ကျနော်တို့ကိုင်စွဲထားတဲ့ ရောင်စုံထီးရိပ်တွေက
တော်လှန်ရေးတစ်ခု အသွင်လက္ခဏာဆောင်တယ်
အရောင်စုံ၊ အသွေးစုံ၊ အရွယ်စုံ
ဒါဟာ Umbrella ပေါ့
တပ်ပေါင်းစုပေါ့
ညီညွတ်ရေးရဲ့  သင်္ကေတ အကြီးကြီး
ထီးပဲ။

ကောင်းကင်ယံနဲ့ ဂုံးကျော်တံတားပေါ်က မီးခိုး
အမျိုးသား အကျိုးစီးပွား မဟုတ်တန်ရာ
ဒီနေ့ဟာ
အနာဂတ်အတွက် ထီးတွေဆောင်းကြတဲ့
လွတ်လပ်ခွင့်တွေ တောင်းဆိုကြတဲ့ သမိုင်းရွက်သစ်နုတွေပဲ။

ဟောင်ကောင်ကျောင်းသားတစ်ဦးပြောတယ်
အစိုးရကို ပြည်သူက ကြောက်စရာမလိုဘူး
ပြည်သူကို အစိုးရက ကြောက်ရမယ် တဲ့။

ဆောင်ဦးပေါက်ချိန်
လူထုအလံတော်အောက်မှာ
ကျောင်းသားဆိုတာ
ဒူးမထောက်တဲ့ ထီးတွေ ကြယ်တွေ ကောင်းကင်တွေ။ ။

မောင်လွမ်းဏီ
၁ - ၁၀ - ၂၀၁၄

အမည်မသိ ဟက်ကာ တစ်စုက နာမည်ကြီး အမျိုးသမီး အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ကို ခိုးယူပြီး အင်တာနက်ပေါ် တင်ခဲ့ရာ Google Search Engine ၏ အကူအညီဖြင့် အဆိုပါ ဓာတ်ပုံများ ကို လူအများက အလွယ်တကူ ကြည့်ရှု နိုင်ခဲ့သောကြောင့် ယင်း ဓာတ်ပုံများကို ပယ်ဖျက်ပေးရန် မင်းသမီးများ ၏ ရှေ့နေ များမှ တောင်းဆို လာသဖြင့် Google က နာရီပိုင်းအတွင်း အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟောလိဝုဒ် ဖျော်ဖြေရေး ရှေ့နေ Marty Singer က မင်းသမီးများ ၏ ဓာတ်ပုံများ ပေါက်ကြားမှု နှင့် ပတ်သက်၍ Google ကို ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်ရောက် စွက်ဖက်မှုဖြင့် တရားစွဲဆိုရန် စာရွက်စာတမ်း များပြသကာ ခြိမ်းခြောက် ခဲ့သည်။

Marty Singer ၏ စာရွက်စာတမ်း ထဲတွင် လူအများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို စွက်ဖက်ကာ ဓာတ်ပုံများ ခိုးယူသည့် တဏှာရူး များ၏ ရွံမုန်းစရာ ကောင်းသော လုပ်ရပ်များ က Google ပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ် နေသော်လည်း Google က ဓာတ်ပုံများကို ဖယ်ရှားရန် နှောင့်နှေး ခဲ့ရုံသာမက တာဝန် ကျေပွန်ခြင်း လည်း မရှိခဲ့ကြောင်း၊ Google က ဟက်ကာများ တရားမဝင် ခိုးယူထားသည့် အနုပညာရှင် များ၏ ဓာတ်ပုံ နှင့် ဗီဒီယိုများကို သိလျက်နှင့် နေရာ ပေးထား သောကြောင့် ပုံ အခိုးခံရသော အမျိုးသမီး သရုပ်ဆောင်များ နှင့် အဆိုတော်များက Google ကို တရား စွဲဆိုခြင်းများ ပြုလုပ် သွားရလိမ့်မည် ဖြစ်ကြောင်း Mirty Singer က ရေးသား ထားသည်။

မင်းသမီးများ ၏ေ ရှ့နေများက အင်တာနက် ပေါ်တွင် ပေါက်ကြား နေသော ဓာတ်ပုံများကို Google အနေဖြင့် ဖျက်ဆီးပေးရန် တောင်းဆိုချက် ကြောင့် Google က နာရီပိုင်း အတွင်း ဖျက်ပေး ခဲ့သည်။

Google က ၄င်းတို့၏ အပြောင်းအလဲမှာ နာရီပိုင်းအတွင်း ဖြစ်နိုင်ကြောင်း၊ အခြား အွန်လိုင်း ဝန်ဆောင်မှုများ ကဲ့သို့ Google ကလည်း ပရိသတ် များ၏ အကြောင်း ကြားခြင်းကို မှတ်တမ်းယူကာ အရေးယူ လုပ်ဆောင် ရကြောင်း ပြောပြသည်။

ဟက်ကာ များသည် ရာနှင့်ချီသော နာမည်ကြီး အမျိုးသမီး အနုပညာရှင် တို့၏ ကိုယ်ပိုင် အချိန်တွင် ရိုက်ကူး ထားသည့် ဓာတ်ပုံများ၊ ဝတ်လစ်စားလစ် ဓာတ်ပုံများ၊ အပျော်ရိုက်ကူး ထားသည့် ဓာတ်ပုံများကို ခိုးယူကာ 4Chan နှင့် အခြား ဝက်ဘ်ဆိုဒ် များပေါ်တွင် တင်ခဲ့သည်။

ထို့ပြင် အနုပညာရှင် တို့၏ ဓာတ်ပုံ အမြောက်အမြား ကို နှစ်သုတ်ခွဲ၍ အင်တာနက်ပေါ် တင်ခဲ့ပြီး ဖြစ်ကာ Harry Potter မင်းသမီး Emma Watson အပါအဝင် အခြား အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပါဝင်သည့် ဓာတ်ပုံတစ်စု ကိုလည်း ဆက်လက် ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

#PyiChitThar
http://www.pyichitthar.com/2014/10/blog-post_4.html


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ အောက်တိုဘာလ ၄ ရက်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲတပ်သား ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ည ၁၀ နာရီကျော်လောက်ကစပြီး ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အကြောင်း တောင်ကြီး မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။

“ည ၁၀ နာရီ ၅ မိနစ်နဲ့ ၁၀ မိနစ်ကြားမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် ၂၀၂ တပ် ပေါက်ဝမှာ ဗုံးတလုံး ကွဲပါတယ်။ နောက်ပြီး ၂၀၂ တပ် ပေါက်ဝရဲ့ မျက်စောင်းထိုး ယာဉ်ထိမ်းတပ်ဖွဲ့မှူးရုံးမှာ တလုံးကွဲပါတယ်။ ယာဉ်ထိမ်းတဦး လက်မောင်းကို ကျည်ဆန်အစမှန်ပါတယ်။ နောက်ပြီးတော့ ရဲသားအသစ်တယောက် ခြေသလုံးကို အစမှန်ပါတယ်။ အဲဒီ ၂ ယောက် ဒဏ်ရာရပါတယ်။ ၂၀၂ တပ်ပေါက်ဝမှာ ဒဏ်ရာရတဲ့သူ မရှိပါဘူး။ နောက် ရပခ အပေါက်ဝမှာ ပြင်းအားများတဲ့ တလုံးကွဲပါတယ် အဲဒီမှာလည်း ထိခိုက်ဒဏ်ရာရသူမရှိပါဘူး။”

ရပက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး ထပ်တွေ့တယ်လို့လည်း ပြောပါတယ်။

တောင်ကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဗုံးပေါက်တာ အတည်ပြု ပြောဆိုပေမယ့် အသေးစိတ်ပြောဖို့ ငြင်းပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်ထဲ အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီး မရှေးမနှောင်းမှာ တောင်ကြီးမှာ အခုလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ လုံခြုံရေးတာဝန်ရှိသူတွေက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ဗိုလ်ချုပ်လမ်းကို ခေတ္တပိတ်ပြီး ဗုံး ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး မြို့လုံခြုံရေးလည်း ပိုမိုတိုးချဲ့ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးရဲ့ နာမည်ကျော် တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်ဖြစ်တာမို့ ဗုံးပေါက်ကွဲတဲ့အပေါ် မြို့ခံတွေကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66886

http://www.change.org/p/the-government-of-the-united-kingdom-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller?utm_campaign=new_signature&utm_medium=email&utm_source=signature_receipt#share

ယင်းဖော်ပြပါ Link ထဲကို ၀င်ပြီးတော့ လက်ရှိ ဗြိတိန်နိုင်ငံသား နှစ်ဦးအား လူသတ်မှုနဲ့ ပက်သက်ပြီးတော့ အစွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ကယ်နိုင်ပါတယ်။ ကယ်မယ့် နည်းလမ်။ chang.org က ဖော်ပြပါ link ထဲကနေ လက်မှတ်ရေးထိုးပေးဖို့ ပါပဲ။ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီ ကျော် ချိန်မှာ လက်မှတ်ပေါင်း ၁၂၀၀၀ (တစ်သောင်း နှစ်ထောင်) ကျော် ရရှိသွားပါပြီ။

ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထားချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သားများကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန်ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ မတရားအစွပ်စွဲခံထားရတဲ့ မြန်မာ နှစ်ဦးကို ကယ်ဆယ်ဖို့ အတွက် link ထဲမှာ ၀င်ရောက် sign ထိုးနိုင်အောင် သတင်ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

(မဇ္ဈိမ) ။ ။ လူငယ်များအနေဖြင့် နိုင်ငံရေးလုပ်နေခြင်းသည် မိမိနိုင်ငံအတွက်သာ ဖြစ်စေချင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ စည်းအဝေးသို့တက်ရောက် အမှာစကားပြောကြားနေသော ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အောက်တိုဘာလ ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ အရှေ့ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီ စားသောက်ခန်းမတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
၎င်းက အောက်တိုဘာ ၄ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် NLD ၏ ပထမအကြိမ် နိုင်ငံလုံး ဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း နိုင်ငံရေးလုပ်တာ နိုင်ငံအတွက်ပဲ ဖြစ်စေချင်တယ်။ ဒီနှစ်ခုက အင်မတန်မှ နီးစပ်နေတဲ့အခါကြတော့ အင်မတန်မှ ခွဲခြားရခက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယင်းအပြင် လူငယ်များအနေဖြင့် နိုင်ငံအတွက် အကျိုးရှိစေသည့် နိုင်ငံရေးလုပ်ရန် အရည်အချင်း မြှင့်တင်ရန်လည်း လိုအပ်သည်ဟုလည်း သတိပေးလိုက်သည်။ လူငယ်များ၏ အရည်အချင်း သတ်မှတ်ရာ၌ ပညာရေးစနစ်သည်
အရေးပါပြီး လူငယ်များကိုယ်တိုင်ကလည်း အရည်အချင်းဖြည့်ရမည်ဖြစ်ကာ ရရှိသည့်အချိန်ကို တန်ဖိုးထား၍ အကျိုးရှိစွာ အသုံးချသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

"ရှုံးတယ်ဆိုတာကလည်း ဘယ်သူကမှ မရှုံးချင်ဘူး။ မရှုံးချင်ပေမယ့်လည်း ဘဝမှာ အရှုံးနဲ့ရင်ဆိုင်ရရင် ဘယ်လိုပုံစံနဲ့ ရင်ဆိုင်မလဲဆိုတာ အများကြီးအရေးကြီးတယ်။ အရှုံးကို ရင်ဆိုင်တတ်တဲ့သူက နောင်မှာနိုင်ဖို့ အလားအလာများတယ်" ဟုလည်း လူငယ်များအပေါ် သူမက အားပေးစကားလည်း
ပြောခဲ့သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ စည်းအဝေးတွင် လူငယ်သက်တမ်း သတ်မှတ်ခြင်းအား ဆိုင်းငံထားရန်၊ ဗဟိုလူငယ်ဦးဆောင် အစည်းအဝေးအား လေးလ တစ်ကြိမ်
ကျင်းပသွားရန်၊ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်း အမှတ်ပွဲကျင်းပနိုင်ရေး ဗဟိုကော်မတီဖွဲ့ရန်၊ ပြည်နယ်နှင့်တိုင်း
လူငယ်အဖွဲ့ဝင်များက လုပ်ငန်းအစီရင်ခံစာများကို သုံးလတစ်ကြိမ် တင်ပြသွားရန်၊ အသက် ၃၅ နှစ်ကျော်လွန်သော လူငယ်များအား လူငယ်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးဖြစ်ကြောင်း နှင့် အသက် ၃၀ နှင့် ၃၅ နှစ်အတွင်းလူငယ်များအား
တာဝန်ပေးအပ်ခြင်းကိစ္စအား ရပ်ဆိုင်းထားရန် ဆွေးနွေးခဲ့ကြပြီး သဘောပတိက ယင်းအချက်မျာကို သဘောတူညီခဲ့သည်။

မြန်မာနိုင်ငံက လူငယ်ထုအတွက် အလုပ်ရှားပါးမှု၊ အလုပ်လက်မဲ့ဖြစ်မှုကြောင့် ဖြစ်ပေါ်လာသည့် မျှော်လင့်ချက် မဲ့မှုသည် ပြဿနာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၃၀ ရက်က တော်ဝင်နှင်းဆီခန်းမတွင်
ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်မျိုးဆက်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့ဖူးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ဇူလိုင်လ ၅ရက် နှင့် ၆ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမပြုလုပ်ခဲ့သေးသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်UNA နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP တို့ဟာ အောက်တိုဘာ ၄ရက်နေ့မှာ တိုင်းရင်းသား မဟာမိတ်ပါတီများ EAPP ကို ဖွဲ့စည်းလိုက်ပါပြီ။ ဒီအင်အားစု ၃ဖွဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဒီအချိန်မှာ ပူးပေါင်းလိုက်တာလဲ။

တိုင်ရင်းသား နိုင်ငံရေး မဟာမိတ်ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့နဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ၃ခုနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ NLDပါတီနာယက သူရဦးတင်ဦးက ပြောဆိုခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမရမချင်း တိုင်းပြည်နလန်ထူနိုင်မှာ မဟုတ်လို့ တိုင်းရင်းသားအရေး ထိရောက်စွာ အဖြေရှာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုင်းရင်းသားမဟာမိတ်ပါတီများ EAPP မှာ NLD က ခေါင်းဆောင်ပြီး UNA နဲ့ CRPPတို့က တွဲဖက်ခေါင်းဆောင်တစ်ယောက်စီအပြင် EAPP မှာပါတဲ့ ကျန်ရှိနေတဲ့တိုင်းရင်းသားပါတီထဲကတစ်ယောက်နဲ့ လုပ်သွားမှာဖြစ်ပြီး နိုင်ငံရေးမူဘောင်ကိုလည်း NLD ကသီးသန့်ရေးမှာဖြစ်သလို UNA တို့နဲ့ မူဘောင်ကိစ္စ ညှိနှိုင်းသွားနိုင်တယ်လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနဲ့ လူ့အခါင့်အရေးပါတီ၊ ကမန်တိုင်းရင်းသားပါတီနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟိာမိတ်အဖွဲ့ UNA တို့ဟာ NLD နဲ့ ပုံမှန်အစည်းအဝေးတစ်ခုကျင်းပခဲ့ကြပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က Zam Za Mung က တိုင်းရင်းသားနဲ့ ဖယ်ဒရယ်အရေးအတွက် ဖွဲ့စည်းလိုက်တာဖြစ်လို့ သူအကောင်းဆုံး မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
Kamayut media



ပျောက်ဆုံးနေသော တောင်တတ်သမားနှစ်ဦး အား ပြန်လည်တွေ့ရှိရန် မျှော်လင့်ချက်မရှိတော့ ဟု ထူးဖောင် ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက အောက်တိုဘာ ၄ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာသမားများ၏ မေးမြန်မှုအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ပျောက်ဆုံးသွားတာတစ်လကျော်ကြာပြီဆိုတော့ တောင်တတ်သမားနှစ်ယောက် ရှာဖွေမှု အခြေအနေက မျှော်လင့်ချက်သိပ်မရှိတော့ဘူး”ဟု ဦးပေါ်မြင့်ဦး ကဆိုသည်။

ပျောက်ဆုံးခဲ့သောတောင်တတ်သမားနှစ်ဦးအား ရှာဖွေမှုတွင် မြန်မာနိုင်ငံမြောက်ပိုင်း၏ ဆိုးရွာသောရာသီဥတု ကြောင့် ရှာဖွေရာတွင် အခက်အခဲများစွာဖြစ်ခဲ့ရကြောင်းနှင့်အီတလီနိုင်ငံတွင် တောင်တတ်လူငယ်များအနေဖြင့် ပျောက်ဆုံးမှု မရှိသလောက်နည်းပါးပြီး၊ပျောက်ဆုံးခဲ့ပါက Report ၀င်လာသည့်အချိန်မှစ၍ ၁၅ မိနစ်အတွင်း သက်ဆိုင်ရာ ဆရာဝန်များ၊ အသက်ကယ်အဖွဲ့အစည်းများဖြင့် ပြန်လည်ရှာဖွေမှုများ ချက်ချင်းပြုလုပ်ကာရှာဖွေခဲ့ရာတွင် အဆင်ပြေမှုများရှိခဲ့သော်လည်း ယခုမြန်မာနိုင်ငံ၏ ပျောက်ဆုံးနေသောတောင်တက်သမားနှစ်ဦးအားရှာဖွေမှုတွင် မလွယ်ကူကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေမှုတွင် အဓိကပါဝင်ခဲ့သည့် အီတလီနိုင်ငံသား Pilot တဦးက သတင်းစာရှင်လင်းပွဲတွင် သုံးသပ်ပြောကြားခဲ့သည်။

ယခုအခါတွင် ပျောက်ဆုံးနေသော တောင်တက်သမား ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူ တို့ ၏ မိဘများကို ပူတာအို တွင် ထူးဖောင်ဒေးရှင်းအဖွဲ့မှ စောင့်ရှောက်ထားလျက်ရှိကြောင်း ထူးဖောင်ဒေးရှင်း၏ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက ဆိုသည်။

အဆိုပါ တောင်တက်သမား ၂ ဦး ပျောက်ဆုံးနေခြင်းကို ရှာဖွေရန် ပူးပေါင်းဆောင်ရွက်ရန် ရောက်ရှိလာသည့် ထိုင်းနိုင်ငံ Advance Aviation မှ ထူးဖောင်ဒေးရှင်းနှင့် B4 အမျိုးအစား ရဟတ်ယာဉ် မှာလည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဆက်သွယ်ရေး ရေဒါများပြတ်တောက်ကာပျောက်ဆုံးသွားခဲ့ပြီး ၎င်းရဟတ်ယာဉ်အား ဆက်လက်ရှာဖွေမှုများပြုလုပ်ရန် လက်ရှိအနေအထား တွင် ရာသီဥတု ဆိုးရွာနေသောကြောင့် ခေတ္တရပ်ဆိုင်းမည်ဖြစ်ပြီး၊ အောက်တိုဘာလတွင် ပျောက်ဆုံးနေသော တောင်တတ်သမားနှစ်ဦးနှင့်အတူ အဆိုပါ ရဟတ်ယာဉ်အားရှာဖွေမှုအားပြန်လည် စတင်မည်ဖြစ်ကြောင်း လည်းသိရသည်။

“အမြန်ဆုံးပြန်တွေ့စေချင်တယ် ၊ ဒီလောက်မြင့်တဲ့ တောင်ကို တက်ခိုင်းခဲ့တယ်၊ တတ်ခွင့်ပေးခဲ့တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တော်တော်အံသြမိတယ်။ မြန်မာနိုင်ငံမှာက တောင်တက်တဲ့ အားကစားနဲ့ပတ်သတ်ပြီးတော်တော် ဗဟုသုတ နည်းပါးနေတာကိုတွေ့ရတယ်။”ဟု သတင်းစာရှင်းလင်းပွဲသို့ တက်လာရောက်သူ တဦးက ဆိုသည်။

ယခင်စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်များတွင်တစ်ခုပါဝင်သည့် ခါကာဘိုရာဇီတောင်ကို တောင်တတ်ခွင့်တောင်လာသည့် မည်သည့် တောင်တက်သမားမဆို သက်ဆိုင်ရာ CV တောင်းကာ တောင်တက်အတွေ့အကြုံ၊ တောင်တက်ရာတွင် တွေ့ကြုံနိုင်သည့်အန္တာရာယ်များအား ရှင်းလင်းပြီးတတ်ခွင့်ပြုခဲ့သော်လည်း ယခု အစိုးရလက်ထက်တွင် ယခင်းကဲ့သို့ စစ်ဆေးမှုများပြုလုပ်ခြင်းမရှိတော့ကြောင်း မြန်မာနိုင်ငံတောင်တက်သမားအသင်းအဖွဲ့မှ တာဝန်ရှိအရာရှိတစ်ဦးကဆိုသည်။
တောင်တက်သမားနှစ်ဦးပျောက်ဆုံးမှုတွင်လူပျောက်စာရင်းမှတ်တမ်းများသာသက်ဆိုင်ရာရဲစခန်းမှ ကောက်ယူထားရှိကာ အမှုဖွင့်တစ်စုံတစ်ရာဖွင့်ထားခြင်းမရှိကြောင်းလည်းသိရသည်။

မိုးမင်း၊ နေမင်းခ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

 
ဓာတ်ပုံ - ရိုက်တာ

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက်အဖွဲ့က အမေရိကန် လူမျိုးတယောက်လို့ ယူဆရတဲ့ ဓားစာခံ တယောက်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြပြန်ပါတယ်။ အိုက်အက်စ်အဖွဲ့ကို ထောက်ခံတဲ့ တွစ်တာ အကောင့်တွေက တဆင့် ယူကျူပေါ်မှာ တက်လာတဲ့ ဗီဒီယိုမှာ ဗြိတိန်လူမျိုး အေလန် ဟန်းနေးကို ခေါင်းဖြတ်သတ်ဖြတ်တယ်ပုံကို ရိုက်ကူးထားပါတယ်။ ၁ မိနစ်ကြာ ဗီဒီယိုရဲ့ အဆုံးမှာတော့ အမေရိကန် လူမျိုး ပီတာ အတ်ဒ၀ပ် ကက်ဆင်း ကို ထုတ်ပြထားပါတယ်။

အမေရိကန် အရာရှိတွေကတော့ အဲဒီ နာမည်နဲ့ အမေရိကန်တယောက်ကို စစ်သွေးကြွတွေက ဖမ်းထားတယ်လို့ အတည်ပြုပါတယ်။ ဗီဒီယိုရဲ့ စစ်မှန်မှုကိုလည်း အရာရှိတွေက သံသယမရှိပါဘူး။
ဗြိတိန်လူမျိုး အေလန် ဟန်းနေးဟာ အိုင်အက်စ်အဖွဲ့က ဒီလို ခေါင်းဖြတ်သတ်ဖြတ်တာကို ခံရတဲ့ လေးယောက်မြောက် ဖြစ်ပါတယ်။ ဒီမတိုင်ခင်က အမေရိကန် သတင်းထောက်နှစ်ယောက်နဲ့ ဗြိတိန် အကူအညီပေးရေး လုပ်သားတယောက်တို့ကို ဒီလိုပဲ ခေါင်းဖြတ် သတ်ဖြတ်ခဲ့တာပါ။

အင်္ဂလန်မြောက်ပိုင်းသား ဟန်းနေးဟာ အသက် ၄၇ နှစ်အရွယ် ကားဒရိုင်ဘာ ဖြစ်ပြီး မနှစ် ဒီဇင်ဘာလက ဆီရီးယားနိုင်ငံ အနောက်မြောက်ဒေသမှာ ဆေးဝါးအထောက်အပံ့တွေ တင်သွားတဲ့ ယာဉ်တန်းအတူ လိုက်ပါသွားရင်း အဖမ်းခံခဲ့တာဖြစ်ပါတယ်။
အိုင်အက်စ်အဖွဲ့ဟာ ဆီရီးယားမှာ အနောက်နိုင်ငံတွေက လူ ၁၀ လောက်အထိ ဖမ်းထားတယ်လို့ ယူဆရပါတယ်။ ကျန်နေသေးတဲ့ တခြားလူတွေကတော့ ဗြိတိသျှ သတင်းသမား ဂျွန်ကန့်တလိုင်း လည်း ပါဝင်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/66835


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ နိုင်ငံရေး လုပ်သည့် အခါ အတ္တ၊ ပရ မျှတသော နိုင်ငံရေး လုပ်ကြရမည် ဖြစ်ကြောင်း NLD အဖွဲ့ချုပ်ဥက္ကဋ္ဌ လူငယ်ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က NLD လူငယ်များကို နိုင်ငံအတွက် သုံးနိုင် ဖို့ အရည်အချင်း မြှင့်တင်ရေးများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အတူ နိုင်ငံအတွက် သုံးနိုင်ဖို့နှင့် နိုင်ငံရေး လုပ်ဖို့ဆိုတာ ကွာခြားကြောင်း အောကတိုဘာလ ၄ ရက်နေ့က တော်ဝင် နှင်းဆီ၌ကျင်းပသည့် ပထမအကြိမ် နိုင်ငံ လုံးဆိုင်ရာ NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“NLD လူငယ်တွေဆိုတာ သာမန်ပုထုဇဉ်တွေပဲ။ ဒီတော့ အတ္တဆိုတာ ရှိမှာပဲ။ ကိုယ့်အတွက်ဆိုတာ ရှိမှာပဲ။ ဒါလဲ မမှားဘူး။ အတ္တ၊ ပရ ၂ ခုစလုံး ဒွန်တွဲ ပြီးတော့ လုပ်လို့ရှိရင် တခါတလေ ပိုပြီး တောင်မှ အောင်မြင်နိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ကလည်း လုပ်ချင်တယ်၊ ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့ သိက္ခာအတွက်ကို လုပ်ချင်တာလဲ ပါမယ်။ အဲဒီတွန်းအားရှိသလို ကိုယ့်နိုင်ငံအတွက် လုပ်ချင်တဲ့ တွန်းအားပါ ပါမယ် ဆိုရင် ၂ ခုစလုံး ပေါင်းပြီး လုပ်လိုက်မယ် ဆိုလို့ရှိရင် ဒါက ပိုပြီး တိုးတက်နိုင်မယ်၊ ပိုပြီးတော့ ထိရောက်နိုင်မယ်။ ဒါပေမဲ့လည်း အဲဒီလို လုပ်တဲ့နေရာမှာ ကိုယ့်အတွက်ကို ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ တိုးတက်ဖို့အတွက် ကိုယ်ရေးကိုယ်တာ ထင်ပေါ်ဖို့အတွက်၊ ကိုယ်ရေးကိုယ်တာ နေရာရမှုအတွက် စသဖြင့် အဲဒီဟာကို ဦးစားပေးမယ်ဆိုလို့ရှိရင်တော့ ကိုယ့်နိုင်ငံအတွက် လုပ်ရမယ့်အလုပ်တွေနဲ့ ပတ်သက်လို့ရှိရင် ဆုံးဖြတ်ချက်မှားနိုင်တယ်။ အဲဒါကိုတော့ သတိပြုရမယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ဟောင်ကောင်တွင် တရုတ်အစိုးရကို လူငယ်ကျောင်းသားများ သိန်းချီ ဆန္ဒပြနေမှုများသည် တရုတ်နိုင်ငံ၊ ဆန်ကျင်ပြည်နယ်က အူဂွာလူမျိုးများအတွက် အလွန် အားကျ အတု ယူစရာဖြစ်သည်ဟု ပြည်ပတွင်ရောက်ရှိနေသော အူဂွာ လူမျိုးစု ခေါင်းဆောင် မစ္စက်ရီဘီယာကဒီယာက ပြောကြားလိုက်သညိ။

ဟောင်ကောင်က ဆန္ဒပြမှုများသည် တရုတ်အစိုးရ၏ ဖိနှိပ်ခြင်းခံ နေရသော တရုတ်နိုင်ငံ အစွန်အဖျား အနောက်ပိုင်းဒေသက အူဂွာလူမျိုး များ ရောက်ရှိသွား သည်ဟု သူကဆို သည်။

“တကယ်လို့ ဟောင်ကောင်မှာ ဆန္ဒပြသူများအနိုင်ရခဲ့ရင် အူဂွာတွေ အတွက်လည်း အကျိုးရှိမယ် သူတို့ ရဲ့လှုပ်ရှားမှုကို အားကောင်း လာစေမယ်” ဟုဆိုသည်။

ဟောင်ကောင်မှာ ထောင်သောင်း ချီပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများက တရုတ်အစိုးရကို ရွေးကောက်ပွဲကျင်း ပပေးရန်နှင့် လွတ်လပ်သော မြို့တော် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပေးရန် တောင်း ဆိုနေကြပါသည်။

နိုင်ငံတကာက အလေးထားအာရုံစိုက်မှုကြောင့် ဟောင်ကောင်က ဆန္ဒပြမှု များသည် အကြမ်းဖက်ဖြိုခွဲမှုနှင့် အဆုံးသတ်မည်မဟုတ်ကြောင်း သူ ယုံကြည် သည်ဟု မစ္စက်ကာဒီယာ က ပြောကြားသည်။

“ဟောင်ကောင်ရှိလူတွေက ငြိမ်းချမ်းစွာနဲ့ ကြိုးစားနေကြတာပါ။ တရုတ်အစိုးရ အနေနဲ့ ရက်ရက်စက်စက် အင်အားသုံးပြီး သူတို့ကို မဖြိုခွင်း နိုင်ဘူး” ဟု ဆိုသည်။

အသက် ၆၇ နှစ်ရှိသော အူဂွာလူမျိုးခေါင်းဆောင် ကာဒီယာသည် တရုတ်နိုင်ငံ တွင် ထောင်ဒဏ် ၁၁ နှစ် အချခံရပြီး ၂၀၀၆ ခုနှစ်တွင် အမေရိကန်သို့ တိမ်းရှောင်လာနေခဲ့ပါသည်။

တရုတ်နိုင်ငံက ဇင်ကျန်ပြည်နယ်သည် သဘာဝသယံဇာတ ပေါကြွယ်ဝ ပြီး ဆွန်နီ မွတ်ဆလင် ဘာသာဝင် အူဂွာလူမျိုး ၁၀ သန်းကျော် နေထိုင်သည်။

အူဂွာလူမျိုးများ၏ ပြီးခဲ့သည့် နှစ်များက တရုတ်အစိုးရကို ဆန္ဒပြမှုများသည် အကြမ်းဖက်နှိမ်နှင်းခြင်းခံခဲ့ရသည်။ ထိုကဲ့သို့ မငြိမ်သက်မှုများအတွက် ဘာသာရေး အစွန်းရောက် ခေါင်း ဆောင်များ နှင့် ပြည်ပက အုပ်စုများကို တရုတ် အစိုးရက အပြစ်တင်ခဲ့သည်။

လင်းလင်း

The Ladies News Jornal

ယခု ရုံးပိတ်ရက်နေ့များတွင် ဆန္ဒပြသူများ အစုအဝေး ပိုမိုများပြား လာပြီး ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးနှင့် ရာဘာ ကျည်ဆံ သေတ္တာများအား ကားပေါ်မှချကာ ပြင်ဆင်နေသည် ကို မြင်တွေ့ ရသည်။ ဒီမိုကရေစီရေး ဆန္ဒပြသူများ အမြန် ဆုံးလူစုခွဲရန် အာဏာပိုင်များ က တောင်းဆိုခဲ့ပြီးနောက် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။

ဟောင်ကောင် ဥပဒေပြုလွှတ်တော်အပြင်ဘက်နှင့် နေရာ အများအပြားတွင် လူအုပ်ကြီးက ထိုင်နေခဲ့ကာ လမ်းများအား ပိတ်ဆို့ ထားခဲ့သည်။ ဆန္ဒပြ သူများက ဟောင်ကောင်အုပ်ချုပ်ရေးမှူး လန်ချန်ယင်အား နုတ်ထွက်ရန်နှင့် မနုတ်ထွက်ပါက ပိုမိုကြီးမား သည့် လှုပ်ရှားမှုများနှင့် ရင်ဆိုင် ရမည်ဟု တောင်းဆိုထားသည်။

တရုတ်အစိုးရက လန်ချန်ယင် အား ခိုင်ခိုင်မာမာထောက်ခံကြောင်း ပြောကြား ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ထောက်ခံမှုပေးမည်ဟု ကတိပြုထား ချိန်တွင် ဆန္ဒပြ သူများက ၅ ညမြောက် ဆန္ဒပြရန် ပြင်ဆင်လျက်ရှိသည်။ ပုံ မှန်အားဖြင့် ယာဉ် အသွားအလာရှုပ် ထွေးနေတတ်သည့် လမ်းများပေါ် တွင် လူထောင်ပေါင်း များစွာက ငြိမ်းချမ်းစွာ ဆန္ဒပြနေပြီး ဟောင်ကောင်တွင် လွတ်လပ် သည့် ရွေးကောက်ပွဲခွင့်ပြု ပေးရန် တရုတ်အစိုးရအား တောင်းဆိုလျက်ရှိသည်။

တင်္နလာနေ့တွင် ဟောင်ကောင်အစိုးရရုံးရှိ ဝန်ထမ်း ၃၀၀၀၀ ကျော် ရုံးပြန် တက်ချိန်တွင် လမ်းများ ရှင်းလင်းနေရန် လိုလားသည်ဟု အာဏာပိုင် များက ဆိုသည်။ ဆန္ဒပြသူများအနေဖြင့် လမ်းများ ပိတ်ဆို့ထားခြင်း မပြုဘဲ အမြန်ဆုံးငြိမ်းချမ်းစွာ လူစုခွဲရန် အာဏာပိုင်များက တောင်းဆို ထားသည်။

KHTun

The Ladies News Journal

ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြမှုများနှင့်ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့ အငြင်းပွားခဲ့ကြပြီး တရားမဝင်လုပ်ရပ်များအား သည်းခံမည် မဟုတ် ဟု ဘေဂျင်းက သတိပေးပြောကြားခဲ့သည်။ သမ္မတအိုဘားမား က ဟောင်ကောင်တွင်ဖြစ်ပေါ် နေသည့် အခြေအနေများအား အ မေရိကန်က အနီးကပ်စောင့်ကြည့်နေကြောင်း ဝါရှင်တန်သို့ ရောက်ရှိနေ သည့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝန်ရီအားပြောကြားခဲ့သည်။

အမေရိကန်အမျိုးသားလုံ ခြုံရေးအကြံပေး ဆူဆန်ရိုက်နှင့် ဝမ် တို့ ဆွေးနွေး စဉ်တွင် အိုဘားမား က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ မပြောကြားမီ နာရီပိုင်းအလိုက ဝမ် သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံ စဉ်တွင် ဟောင်ကောင်ဆန္ဒပြမှုမှာ အမေရိကန်နှင့် ပတ်သက်စရာအချက် မရှိဟု ပြောကြားခဲ့သည်။

ဟောင်ကောင်အရေးဟာ တရုတ်ရဲ့ပြည်တွင်း ရေးဖြစ်တယ်ဆိုတာ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်းပြောလိုပါတယ်။ နိုင်ငံ အားလုံးဟာ တရုတ်နိုင်ငံရဲ့ အချုပ် အခြာ ကို လေးစားသင့်ပြီး ဒါဟာ နိုင်ငံတကာဆက်ဆံရေးနဲ့ အခြေခံ ဖြစ် ပါတယ် ဟု ဝမ်က ဆိုသည်။ ဂျွန်ကယ်ရီ၏ ဘေးတွင်ရပ်နေသည့် ၀မ် က “နိုင်ငံတိုင်း လူ့အဖွဲ့အစည်းတိုင်း အတွက် ဒီလို တရားမဝင်လုပ်ရပ်တွေကို ဘယ်သူမှ ခွင့်ပြုမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကယ်ရီက ဟောင်ကောင်ရဲတပ် ဖွဲ့များအား ထိန်းထိန်းသိမ်းသိမ်း ရှိရန် တောင်းဆို လိုက်သည်။၎င်းက “ဟောင် ကောင်မူ အခြေခံဥပဒေအရ လူတိုင်း မဲပေးနိုင်ခွင့်ကို အမေရိကန်က ထောက်ခံပါတယ်” ဟု ပြောကြား ခဲ့သည်။ ဟောင်ကောင်အခြေခံဥပဒေမှာ အခြေခံ ဥပဒေ အငယ်စား တစ် မျိုးဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအား ထိန်းချုပ်ရန် ဘေဂျင်းက ကြိုးပမ်းရာ တွင် အဓိကရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်သည်။

ကယ်ရီ က “ဟောင်ကောင်အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေရဲ့ အမြင်ကို ငြိမ်းချမ်းစွာ ဖော်ထုတ်ခွင့်ကို လေးစားပြီး ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ မျှော်လင့် ပါတယ်”ဟု ထပ်လောင်းပြောကြားခဲ့သည်။

စီးပွားရေးမြို့တော် ဟောင်ကောင် ၏ ခေါင်းဆောင်သစ်ရွေးချယ်ရာတွင် ပါဝင်ရွေးချယ်ခံခွင့်ရှိသူအား ဘေဂျင်း က ကန့်သတ်ခဲ့ပြီးနောက် ဆန္ဒပြမှု များဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် လွတ်လပ်စွာရွေးချယ်ခွင့် မရှိဘဲ ဘေဂျင်းက ကနေဦး ရွေးချယ်ပေးသည့် ၂ ဦး၊ ၃ ဦးထဲ ကသာ ရွေးချယ်ရန် စီစဉ်လာသဖြင့် ပြည်သူများက ဒေါသထွက် ခဲ့သည်။

KHTun

Photo - Scmp

The Ladies News Journal


မြန်မာပြည် ကနေ စင်ကာပူသို့သွားရောက်လုပ်ကိုင်မည့် အိမ်ဖော်များ ကို မြန်မာအစိုးရက တားမြစ်ပိတ်ပင်ထားသော်လည်း မြန်မာအိမ်ဖော်များက စင်ကာပူ သို့ ရောက်လာနေဆဲဖြစ်ကြောင်းသိရသည်။

စင်ကာပူအေဂျင်စီများက ၂နှစ်နိုင်ငံ အကြား နားလည်မှု စာချွန်လွှာ လက်မှတ် မထိုးမချင်း မြန်မာအိမ်ဖော်များ စင်ကာပူတွင် ၅ လကြာ အလုပ်လုပ်ခွင့် ကို မြန်မာအစိုးရ က ပိတ်ပင်ကြောင်း သတင်းထုတ်ပြန်ခဲ့ထားသည်။ စင်ကာပူ တွင် မြန်မာအိမ်ဖော်များကို နှိပ်စက်နေသည်ဆိုသည့် သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း ပြီးခဲ့သည့် တနင်္လာနေ့က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

မြန်မာအိမ်ဖော်များလာရောက်မှုနည်းပါးသွားမည်ကို စင်ကာပူ အိမ်ဖော်အေဂျင်စီ များက စိုးရိမ်နေသော်လည်း မြန်မာဘက်က ပိတ်ပင်မှုကို တင်းကြပ်စွာဆောင်ရွက်ပုံမရဟု သူတို့ က ပြောကြားသည်။ ပြီးခဲ့သည့် သတင်းပတ်အတွင်း မြန်မာအိမ်ဖော်များ တနေ့ကို အယောက် ၅၀ခန့် စင်ကာပူ ကို လာရောက်နေပြီး အဆိုပါအရေအတွက်သည် အစိုးရတားမြစ်မှု မရှိခင်က အရေအတွက်နှင့် အတူတူပင်ဖြစ်သည်ဟု ဆိုသည်.

“ကျမတို့အတွက်ကတော့ ဘာမှမထူးပါဘူး။ အရင်လိုပါဘဲ။ အလုပ်ဖြစ်နေ ပါတယ်။” ဟု စင်ကာပူ၏ အကြီးဆုံးမြန်မာအိမ်ဖော်အေဂျင်စီ ယူနိုက်တတ် ချန်နယ် က ဒါရိုက်တာ မစ္စ ကယ်ရီတန်က ပြောသည်။

စင်ကာပူအလုပ်ရှာဖွေရေးအေဂျင်စီများအဖွဲ့ဥက္ကဌ ဂျာယာပရီမာ က နှစ်နိုင်ငံ အကြားသဘောတူညီချက်ကို လက်မှတ်ရေးထိုးရေး အတွက် လေ့လာနေ ဆဲဖြစ်ကြောင်း ပြောဆိုသည်။“ စင်ကာပူကုမ္ပဏီတွေ အကျိုးစီးပွားကို အကာ အကွယ်ပေးဖို့လည်း သေချာအောင် ကြည့်ရသေးတယ်လေ”

မြန်မာနိုင်ငံမှ အိမ်ဖော်များကို တလလျှင်လစာ ဒေါ်လာ ၄၀၀ မှ ၄၅၀ ပေးလေ့ ရှိသည်။ အလုပ်ရှာဖွေခအဖြစ် ရှစ်လအတွက် လစာငွေကို သူတို့ ကမယူရဘဲ အလုပ်ရှာပေးသည့်အေဂျင်စီကို ပေးရသည်။

စင်ကာပူ၏ အိမ်ဖော်ဈေးကွက်ကို မြန်မာအိမ်ဖော်များဝင်ရောက်မှုက အတော်ပင်မြန်ဆန်လာနေရာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ၅၀% တိုးလာသည်ဟု ဆိုသည်။ ယခင်က မြန်မာအိမ်ဖော်ဦးရေ ၂၀၀၀၀ ခန့် ရှိခဲ့ရာက ယခုနှစ် အတွင်း အိမ်ဖော် သုံးသောင်းကျော်ထိ တိုးပွားလာသည်ဟု ဆိုသည်။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အိမ်ဖော်များ ထက်စာလျှင် မြန်မာ အိမ်ဖော်များ မှာ ဈေးချိုသည့်အပြင် အလုပ်ကြိုးစားသော်ကြောင့် အိမ်ရှင်များက ပိုလိုလားကြသည်။

အင်ဒိုနှင့် ဖိလစ်ပိုင် အစိုးရများက ၎င်းတို့နိုင်ငံက အိမ်ဖော်များအတွက် အနိမ့်ဆုံး လစာ တလ ဒေါ်လာ ၄၅၀ နှင့် ၅၀၀ အသီးသီးပေးရန် သတ်မှတ်တောင်းဆို သည်။

မြန်မာအိမ်ဖော်များ စင်ကာပူကို ၀င်ရောက်မှုတိုးများလာနေချိန်တွင် အိမ်ရှင်များ လက်မှ ထွက်ပြေးကြသည့် အိမ်ဖော်အရေအတွက်ကလည်း များလာနေ ပါသည် ။ များပြားသောအကြွေးများကို ပေးဆပ်ရသဖြင့် ယခုလို ထွက်ပြေး ကြကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။

မြန်မာအိမ်ဖော်များ၏ လစာမြင့်တက်လာနိုင်ကြောင်း။ လက်ရှိတွင် တချို့ က ဒေါ်လာငွေ ၃၀၀ နှင့် အထက်ကို တောင်းဆိုနေကြာင်း စင်ကာပူအေဂျင်စီ များ က ပြောကြားသည်။ အလုပ်အကိုင် ရှာဖွေခ အဖြစ် မြန်မာအိမ်ဖော် များ ပြန်လည်ပေးဆပ်ရာတွင် ဒေါ်လာ ၃၀၀၀ အထိရှိနေခြင်းမှာ မြန်မာနိုင်ငံ တွင် သတ်မှတ်လိုက်နာရမည့် ဥပဒေ မရှိသည့်အတွက် ဖြစ်သည်။

Best Home အလုပ်ရှာဖွေရေးအေဂျင်စီမှ မစ္စတာ တေကွန်ဘင်က “မြန်မာအေဂျင်စီတွေက အိမ်ဖော်တွေကို ဒီကိုခေါ်ဖို့ ခက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒါကိုပဲ သူတို့က အသုံးချ အခွင့်ကောင်းယူပြီး ငွေပိုရအောင် လုပ်နေ တာ" ဟု ဆိုသည်။

ထို့ အပြင် စင်ကာပူသွားမည့် လေယာဉ်ပေါ်တက်ခွင့်အတွက် အိမ်ဖော်တဦး ကို ဒေါ်လာ ငါးဆယ် နှုန်းဖြင့် မြန်မာလေဆိပ်က အရာရှိတချို့ က ငွေတောင်းနေကြောင်း မြန်မာအေဂျင်စီတစ်ခုက ဆိုသည်။

“အပိုပေးတဲ့ငွေတွေအားလုံးက ဒီအိမ်ဖော်တွေပဲပေးရတာပေါ့။ ဒီတော့ သူတို့ မှာပေးရတဲ့ကြွေးတွေလဲ များလာတယ်။ နောက်ဆုံးကျတော့ သူတို့ပဲ ဆုံးရှုံးရ တာပဲ။” ဟု မစ္စတာ တေ က ပြောသည်။

မြန်မာအလုပ်သမားအေဂျင်စီတွေ အနေဖြင့် အိမ်ဖော်များထံက အလုပ် ရှာဖွေရေး စရိတ်စကကို လျှော့ချသင့်ကြောင်း မစ္စဂျာယာပရီမာ က ပြောကြား ခဲ့သည်။

“မြန်မာအေဂျင်စီတွေ ယူနေတဲ့ အခကြေးငွေတွေကို လျှော့ချဖို့ မြန်မာအစိုးရက ကန့်သတ်သင့်တယ်။ စည်းမျဉ်း စည်းကမ်း ချပြီး ဒါကို လိုက်နာအောင် တွန်းအား ပေးရမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပြဿနာကဆက်ဖြစ်နေအုန်းမှာပဲ” မစ္စ ဂျာယာပရီမာ က ပြောကြားခဲ့သည်။

ယခုအခါ စင်ကာပူအိမ်ရှင်များသည် အိမ်နေသက်ကြီးများကို ၄င်းတို့ အလုပ် သွားစဉ် စောင့်ရှောက်ပြုစုရန်အတွက် မြန်မာ အမျိုးသားအိမ်ဖော်များ ကို လည်း ခေါ်ယူကြကြောင်း အေရှားဝမ်းသတင်း တွင် ဖော်ပြထားသည်။

လင်းလင်း

ကိုးကား - AsiaOne

The Ladies News Journal

ဟောင်ကောင်က ကျောင်းသားပြည်သူတွေရဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို ကျောင်းသား၊ ကျောင်းသူအယောက် ၅၀ လောက်က ဒီကနေ့ညနေမှာ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့  လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသူ မပိုပိုက RFA ကို အခုလိုပြောပါတယ်။

"ဟောင်ကောင် ကျောင်းသားတွေရဲ့ ဆန္ဒပြမှုကို ကျမတို့ကလည်း သူတို့နဲ့ တသားတည်းရှိတယ်ဆိုတဲ့ ပုံစံကိုပြတာပါရှင့်၊ ကျမတို့ ပညာရေးဥပဒေကိုလည်း လက်မခံဘူးဆိုတာကိုလည်းပြတယ်၊ ပြီးတော့ မဖြူနှင်းထွေးကိစ္စကိုလည်း ဆိုင်းပုဒ်လေးတွေကိုင်ပြီး ဆန္ဒပြတယ်ရှင့်"

အဲဒီလှုပ်ရှားမှုမှာ တကသနဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားတွေလဲ ပါဝင်ပြီး၊ လွတ်လပ်ခွင့်ကိုတောင်းနေတဲ့ ဟောင်ကောင်ကျောင်းသားတွေနဲ့ တသားတည်းရှိတဲ့အကြောင်းတွေ ရေးသားထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ထားကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

 
 ဟောင်ကောင်ဆန္ဒပြပွဲ နှိမ်နင်းမှု မှတ်တမ်းဓာတ်ပုံ

ဟောင်ကောင်မှာ တနင်္လာနေ့ကစပြီး ဒီမိုကရေစီ တောင်းဆို ဆန္ဒပြနေသူတွေ ပိတ်ဆို့ထားတဲ့ လမ်းတွေကို ရှင်းလင်း ဖယ်ရှားဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး C Y Leung က ရုပ်မြင်သံကြား ပေါ်ကနေ ဒီကနေ့ စနေနေ့မှာ ပြောကြား လိုက်ပါတယ်။

‘အများပြည်သူတာဝန်ကိုထမ်းနေကြတဲ့ အစိုးရဝန်ထမ်း ၃၀၀၀ တနင်္လာနေ့မှာ ရုံးတက်ပြီး သူတို့အလုပ်ကို လုပ်နိုင်ကြဖို့ အစိုးရရုံးတွေရှိရာ လမ်းတွေကို ရှင်းလင်းနိုင်ဖို့က အခုအရေးအကြီးဆုံးလုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ Central နဲ့ Wanchai ရပ်ကွက်တွေက လမ်းတွေကိုလဲ ပြန်ဖွင့်ပေးရပါမယ်၊ ဒါမှ ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်နိုင်ကြမှာဖြစ်တယ်’-လို့ အုပ်ချုပ်ရေးမှုး CY Leung က ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားသွားတာဖြစ်ပါတယ်။

အလုပ်အကိုင်တွေပျက်လို့ မကျေမနပ်ဖြစ်နေကြတဲ့ မြို့ခံတွေနဲ့ ဆန္ဒပြသူတွေကြား ဒုတိယနေ့ဆက်တိုက်အဖြစ် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်နေချိန်မှာပဲ အုပ်ချုပ်ရေးမှုးက ခုလို ပြောကြားခဲ့တာပါ။

လမ်းတွေပေါ်မှာ ဆန္ဒပြနေကြသူတွေကို အတင်း ရှင်းလင်းနှင်ထုတ်ဖို့ ကြိုးစားတဲ့ လူအုပ်ကြီးနဲ့ ဒီမိုကရေစီတောင်းဆိုဆန္ဒပြနေကြသူတွေကြား သောကြာနေ့ညတုန်းက အကြမ်းဖက်မှုတွေဖြစ်ခဲ့မှုအတွင်း ရဲက ၁၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိသူတချို့ဟာ Triad တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရကြောင်း ရဲကပြောခဲ့ပါတယ်။

လမ်းတွေရှင်းသွားအောင် ကြိုးစားတဲ့အနေနဲ့ မြို့အာဏာပိုင်တွေက ရာဇဝတ်ဂိုဏ်းသားတွေနဲ့ ဒီမိုကရေစီရေးဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခိုင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟောင်ကောင်လုံခြုံရေးဆိုင်ရာ အကြီးအကဲ Lai Tung-kwok က ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုပြောဆိုစွပ်စွဲမှုတွေဟာ လုံးဝအဓိပ္ပာယ် မရှိသလို တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နေကြတဲ့ ရဲအရာရှိတွေအတွက်လည်း လုံးဝ မမျှတပါဘူးလို့ သူကပြောသွားပါတယ်။

ဟောင်ကောင်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှု မပါဘဲ ဟောင်ကောင်အုပ်ချုပ်ရေးမှုးကို ရွေးချယ်နိုင်ခွင့်ရရှိရေးအတွက် ကျောင်းသားအများစုဖြစ်တဲ့ ထောင်သောင်းချီတဲ့ ဟောင်ကောင်ပြည်သူတွေက လူအစည်ကားဆုံးနေရာတချို့မှာ ပိတ်ဆို့ဆန္ဒပြနေကြတာ သတင်းတပတ်ကျော်ရှိနေပါပြီ။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/hong-kong-riot-19-arrested-/2472503.html


ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားဖို့အတွက် ဂုဏ်သိက္ခာရှိရှိနဲ့ အနိုင်ရအောင် ကြိုးပမ်းရမှာဖြစ်သလို အရှုံးကိုလဲ ဓမ္မဓိဋ္ဌာန်ကျကျလက်ခံနိုင်ဖို့ အရေးကြီးတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တောင်ဝင်နှင်းဆီခန်းမမှာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင် အဖွဲ့အစည်းအဝေးမှာ လူငယ်တွေကို မှန်ကန်တဲ့ အနိုင်ယူနည်းကို တန်ဖိုးထားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းသွားတာပါ။

"ကိုယ့်ကိုကိုယ် သိပ်ပြီးတော့ အထင်မကြီးဖို့ အရေးကြီးတယ်၊ ကိုယ့်ဖက်ကိုပဲ ကိုယ်မယက်ပေါ့ဖို့နော်၊ ပြီးတော့ လောဘတွေမများဖို့က အရေးကြီးတယ်၊ ငါက အမြဲနိုင်ရမယ်ဆိုတဲ့ စိတ်ထားပြီးတော့ ဒီမိုကရေစီကို ဘယ်တော့မှ တိုးတက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ တချို့ကတော့ ပြောတာပေါ့နော်၊ ငါတို့က နိုင်တတ်တယ်၊ နိုင်ဖို့အဆင်သင့်ပဲ၊ နိုင်ဖို့ကတော့ အဆင်သင့်ပဲ ရှုံးဖို့ရော အဆင်သင့်ရှိလားလို့ မေးရမယ်၊ နိုင်တတ်ရုံနဲ့ မပြီးသေးဘူး၊ ရှုံးတတ်ရမယ်၊ ရှုံးတတ်ရမယ်ဆိုတာ အရှုံးပေးရမယ်လို့ပြောတာ မဟုတ်ဘူးနော်၊ ရှုံးတတ်တာနဲ့ အရှုံးပေးရတာမတူဘူး"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအနေနဲ့ နိုင်ငံရေးလုပ်ဆောင်ရာမှာ ကိုယ်ကျိုးစီးပွားကို ဦးစားမပေးဘဲ အတ္တဟိတ ပရဟိတမျှတအောင် ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ပါတီရဲ့ ဦးတည်ချက်တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးပမ်းရာမှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းကို ကိုင်စွဲကြဖို့ ပြောကြားခဲ့ပါတယ်။

ပထမအကြိမ်ကျင်းပတဲ့ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးကနေ လူငယ်ညီလာခံ သက်တမ်းသတ်မှတ်ရေးကို ဆိုင်းငံ့ထားဖို့၊ ဗဟိုလူငယ်အစည်းအဝေးပွဲတွေကို ၄ လ တစ်ကြိမ်ကျင်းပသွားဖို့၊ အသက် ၃၀ ကျော် လူငယ်အဖွဲ့ဝင်တွေကို လူငယ်အဖွဲ့ကနေ ပယ်ဖျက်ဖို့ စတဲ့အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးက NLD ဗဟိုလူငယ်ဦးဆောင်အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.