10/09/14

 
ဦးအောင်မြတ်တိုး

ခါကာဘိုရာဇီ တောင်အနီး ကယ်ဆယ်ရေး သွားလုပ်ရင်း အဆက်အသွယ်ပြတ်ခဲ့တဲ့ ထိုင်းရဟတ်ယာဉ်ပေါ်ပါ သုံးဦးအနက် မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးဟာ တောတွင်း တနေရာမှာ ကွယ်လွန်ကြောင်း ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ထူးဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေးလုပ်ငန်း ပြောခွင့်ရသူ ဦးဖြိုးကိုကိုသက်က ခုလို ပြောပါတယ်။

“(အလောင်းကို) ညနေ ၄ နာရီခန့်မှာ တွေ့တာ ပါ။ ရွှေရင်တော်ကြီးရဲ့ လမ်းပြမှုနဲ့ ကပ္ပတိန်အောင်မြတ်တိုးနဲ့ နောက်ဆုံး လမ်းခွဲခဲ့တဲ့ နေရာကို ထူးဖောင်ဒေးရှင်း အဖွဲ့သားတွေ ကို ရောက်ရှိခဲ့ပါ တယ်။ ရောက်သွားတဲ့အချိန် လမ်းခွဲခဲ့တဲ့နေရာမှာတော့ ကပ္ပတိန်အောင်မြတ်တိုးရဲ့ အ၀တ်အစားနဲ့ အသုံးအဆောင်ပစ္စည်းချို့တွေ့ပါတယ်။ အနီးအနား ဆက်လက်ရှာဖွေရာမှာ ကပ္ပတိန်အောင်မြတ်တိုး ကွယ်လွန်ကြောင်း စိတ်မကောင်းစွာ တွေ့ရှိခဲ့ရပါတယ်။”

ကပ္ပတိန်အောင်မြတ်တိုးရဲ့ ဇနီးကတော့ လက်ရှိ ပူတာအိုမှာရောက်ရှိနေပြီး သူရဲ့သဘော ဆန္ဒအတိုင်း ဦးအောင်မြတ်တိုးရဲ့ အလောင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ခါကာဘိုရာဇီတောင်ထိပ်ကနေ ပြန်အဆင်းမှာ ပျောက်ဆုံးသွားတဲ့ မြန်မာလူငယ် တောင် တက်သမားနှစ်ဦးကို သွားရှာတဲ့ ထိုင်းနိုင်ငံက B4 ရဟတ်ယာဉ်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့က အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးခဲ့ပါတယ်။

အဲဒီရဟတ်ယာဉ်ပေါ်မှာ ဦးအောင်နိုင်တိုးနဲ့အတူ လိုက်ပါကြတဲ့ ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး ချတ်ချာဝလ်နဲ့ ထူးဖောင်ဒေးရှင်းက ဦးရွှေရင်တော်ကြီးတို့ကတော့ မနေ့ကနဲ့ တမြန်နေ့က အသီးသီး ပြန်လည်ရောက်ရှိခဲ့ကြပြီးဖြစ်ပါတယ်။

ထိုင်းရဟတ်ယာဉ်မှူးဟာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရပေမယ့် အအေးမိ၊ အာဟာရ ပြတ်လပ်ပြီး အားနည်းနေလို့ ရန်ကုန်မြို့ ၀ိတိုရိယ ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်ပေးထားတယ်လို့ ဦးဖြိုးကိုကိုသက်က ပြောပါတယ်။

“အဓိကကတော့ တောထဲမှာအအေးမိပြီးတယ်။ ပြီးတော့ အဟာရ ပြတ်သွားတာပေါ့နော်။ ပြီးတော့ မီးလောင်ဒဏ်ရာ အနည်းငယ်ရထားပါတယ်။ အသက်အန္တရာယ် စိုးရိမ်စရာတော့ မရှိပါဘူး။ စကားပြောနိုင်ပါတယ်။ လမ်းအနည်းငယ်လျှောက်နိုင်တယ်။”

နောက်ပိုင်းကျရင် ရဟတ်ယာဉ်ကိစ္စထုတ်ပြန်သွားမယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၃၁ ရက်နေ့က စလို့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့ ခါကာဘိုရာဇီ တောင်တက်သမား ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ၂ ဦးကို ရှာဖွေတဲ့လေယာဉ်ပါ ပျောက်ဆုံးပြီး ကယ်ဆယ်ရေးဆောင်ရွက်နေကြတာဖြစ်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/67348

   
ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက်
DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ်လိုက် တယ် ဆိုတဲ့ သတင်းတွေ ဗုဒ္ဓဟူးနေ့ ညနေက ထွက်ပေါ်ခဲ့ပါတယ်။

ကော့ကရိတ်ခရိုင်က DKBA အကြီးအကဲ ဗိုလ်မှူးချုပ် စောကျော်သက်ကတော့ ဒီပြဿနာဟာ စက်တင်ဘာ လကုန်ပိုင်းတုန်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ အစိုးရ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေနဲ့ DKBA ငြိမ်းချမ်းရေး တပ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲတုန်းက အစိုးရ စစ်တပ်ဆီက သိမ်းယူထားတဲ့ သေနတ်ရှည် ၆ လက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုံးက ကော့ကရိတ် အခြေစိုက် စကခ ၁၂ က တဆင့် DKBAက အစိုးရကို ပြန်ပေးလိုက်ပေမယ့် DKBA ရဲ့ လက်နက် တွေကိုတော့ ပြန်ပေးခြင်း မရှိပဲ DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင်ကိုပါ အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာလို့ DKBA ဖက်ကပြောပါတယ်။

သူတို့ဘက်က ငြိမ်းချမ်းရေး လိုချင်တဲ့အတွက် သေနတ်တွေ ပြန်အပ်ခဲ့ကြောင်း၊ အဲဒါကို အခုလို ဖမ်းဝရမ်း ထုတ်မယ် ဆိုရင်တော့ လက်ခံမှာ မဟုတ်ကြောင်း ဗိုလ်မှူးချုပ် စောကျော်သက်က ပြောပါတယ်။

တချိန်တည်းမှာ ရန်ကုန်မြို့ NCCT ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သွားနေတဲ့ DKBA ဗိုလ်မှူးကြီး ဆန်းအောင် အဖွဲ့ မွန်ပြည်နယ် ဆက်ဆံရေးရုံးမှာ အပ်နှံသွားတဲ့ သေနတ်တို နှစ်လက်ကိုလည်း စစ်တပ်က သိမ်းဆည်း သွားတယ်လို့ DKBA ဘက်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/10/141008_dkba_sanaung_arrest_warranthttp://www.bbc.co.uk/burmese/burma/2014/10/141008_dkba_sanaung_arrest_warrant

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦးရဲ့အမှုကို တရားမျှတစွာ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းဝန်ကြီး ချုပ် မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဆန္ဒပြတောင်း ဆိုသွားမယ်လို့ သိရပါတယ်။

မြန်မာလူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးနေမျိုးဇင်က မနက်ဖြန် ထိုင်းဝန်ကြီးချုပ်လေဆိပ်ကို ရောက်လာ တဲ့အချိန်မှာ ဆန္ဒပြဖို့စီစဉ်ထားတယ်လို့ ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ မီဒီယာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ရသလောက်ဖတ်ကြည့်တော့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်စွပ်စွဲလာတဲ့ အချက်တွေဟာ ကွဲလွဲနေတယ်၊ လူသတ်မှုကျူးလွန်တဲ့သူလို့ လက်ခံလို့ မရနိုင်ဘူးခင်ဗျ၊ ဒီနေ့ ထိုင်းသတင်းစာအဖွဲ့တွေလည်း လာကြတယ်၊ မနက်ဖြန် ထိုင်းဝန်ကြီးချုပ် ရောက်မယ်လို့ သိရတယ်၊ ကျနော်တို့က လေဆိပ်နားမှာ အဆင် သင့်စောင့်ပြီးတော့ ဆန္ဒပြမယ်၊ မြန်မာနိုင်ငံသားတွေ တကယ်တရားမျှတမှု ပေါ်ပေါက်ပြီးတော့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်"

အလားတူပဲ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း သံသယတရားခံတွေအဖြစ် အခု ဖမ်းဆီးခံထား ရတဲ့ မြန်မာတွေအရေးကို မျှတစွာကိုင်တွယ်ပေးဖို့ မနက်ဖြန် တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သွား မယ်လို့ သိရပါတယ်။

ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ မိဘဆွေမျိုးတွေကို စုံစမ်းပြီး သူတို့ရဲ့ ကိုယ်ရေးအချက် အလက်တွေကို စုဆောင်းကာ သက်သေအဖြစ်တင်ပြဖို့ စီစဉ်နေတယ်လို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ကလည်း ဖမ်းဆီးခံနေရသူတွေရဲ့မိဘတွေနဲ့ သူတို့သားတွေ တွေ့ ဆုံနိုင်ဖို့ ထိုင်းနိုင်ငံကို ခေါ်ဆောင်ရေးအတွက် မြန်မာနိုင်ငံသားတွေ စုပေါင်းစီစဉ်နေကြတယ်လို့ ပြောပါ တယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရ အမှုအတွက် ဖမ်းဆီးစစ်ဆေးခံခဲ့ရသူတွေထဲမှာ ကိုဇော်လင်းရဲ့ အစ်ကိုဖြစ်သူ ကိုဇော်ဝင်းဟာ လက်ရှိနေထိုင်အလုပ်လုပ်ကိုင်တဲ့ ခိုထောင်းကျွန်းကနေ မိဘတွေနေရပ်ဖြစ်တဲ့ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့ကို ဒီကနေ့ ပြန်လာနေပြီလို့ သိရပါတယ်။

RFA

 
ဆီးရီးယား၊ Kobani မြို့တွင်းက အမေရိကန်ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုမြင်ကွင်း။
ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာ အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အကူအညီနဲ့ ကာ့လက်နက်ကိုင်အဖွဲ့တွေဟာ အခုဆိုရင် ကိုဘာနီမြို့ကနေ IS စစ်သွေးကြွအဖွဲ့တွေကို ပြန်လည် တိုက်ထုတ်နိုင်ခဲ့ပါတယ်။

ဆီးရီးယားမြောက်ပိုင်း နယ်စပ် ဒေသတလျှောက် သီတင်းသုံးပတ်ကြာ တိုက်ခိုက်မှုတွေဟာ မကြာသေးခင်ရက်တွေအတွင်း အရှိန်မြှင့် လာနေခဲ့တာပါ။ စစ်သွေးကြွအဖွဲ့တွေက ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။

အီရတ်နိုင်ငံရဲ့ အကြီးဆုံးရေနံချက်စက်ရုံအနီးမှာ အီရတ်ရဟတ်ယာဉ်တစင်းကို တပတ်အတွင်း ဒုတိယအကြိမ် IS အစွန်းရောက်အဖွဲ့က ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်ပေါ်က လေယာဉ်မှူးနှစ်ဦး သေဆုံးသွားပါတယ်။

အီရတ်တပ်ဖွဲ့တွေဟာ ဇွန်လအစောပိုင်းကစလို့ Baiji မြို့မှာရှိတဲ့ ဒီရေနံချက်စက်ရုံကို ပြန်ရဖို့အတွက် အစွန်းရောက်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

ဒီအတောအတွင်း အီရတ်မှာရှိတဲ့ IS စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ ကနေဒါနိုင်ငံပါဝင်ဖို့ ကနေဒါလွှတ်တော်က အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ကြိုဆိုလိုက်ပါတယ်။

ဒီနှစ်အတွင်း ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ နယ်မြေတွေ တိုးချဲ့သိမ်းယူလာနေတဲ့ IS အဖွဲ့ကို တိုက်ခိုက်ရာမှာ နိုင်ငံတကာက ၀ိုင်းဝန်း ကူညီပေးကြဖို့ ကာ့လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/is-loses-ground-in-kobani-downs-iraqi-helicopter-/2476783.html

 
 စပိန်နိုင်ငံ မက်ဒရစ်မြို့ ဆေးရုံမှာ အီဘိုလာ ကူးစက်ခံရသူ သူနာပြုကို စောင့်ရှောက်ထား (Credit: Getty Images)
ဥရောပတိုက်မှာ ​အီဘိုလာပိုး ​မပျံ့နှံ့အောင် ​လုပ်ဆောင်ဖို့ ​မလွယ်တော့ဘူးလို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​ပြောပါတယ်။

အာဖရိကကို ​မသွားပဲ ​စပိန် ​သူနာပြု ​တစ်ဦး ​ရောဂါ ​ကူးစက် ​ခံရသလို ​တခြား ​လူလေးဦး ​ကိုလည်း ​ဆေးရုံ ​တင်ထားရပြီးနောက် ​ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့က ​ပြောလိုက် ​တာပါ။

စောင့်ကြည့် ​ခံရသူတွေထဲမှာ ​ရောဂါပိုးရှိနေတဲ့ ​သူနာပြုမ ​အပြင် ​သူမရဲ့ ​ခင်ပွန်းသည်လည်း ​ပါဝင်ပါတယ်။

ဒါပေမဲ့ ​ခင်ပွန်းသည်မှာ ​အီဘိုလာ ​ရောဂါ ​လက္ခာဏာ ​မတွေ့ရသေးပါဘူး။

အဲဒီ ​သူနာပြုမဟာ ​အာဖရိကတိုက်ကနေ ​ပြန်လည်ရောက်ရှိလာသူ ​ခရစ်ယာန် ​သာဿနာပြုတွေကို ​အီဘိုလာရောဂါ ​ကုသပေးရင်း ​ကူးစက်ခံခဲ့ရတာပါ။

အကာအကွယ်တွေ ​သုံးတဲ့ကြားက ​ဘယ်လို ​ကူးစက်သလဲဆိုတာကို ​မသိကြတဲ့အတွက် ​ကာကွယ်ရေးအပိုင်းနဲ့ ​ပတ်သက်ပြီး ​စပိန်နိုင်ငံရဲ့ ​လုပ်နည်းလုပ်ဟန်ကို ​ရှင်းပြဖို့ ​ဥရောပသမဂ္ဂက ​အပူတပြင်း ​စုံစမ်းမှုတွေ ​လုပ်နေပြီး ​စပိန်အစိုးရကို ​ဖိအားပေးနေကြပါတယ်။

သူနာပြုမနဲ့ ​ပြောဆိုဆက်ဆံဖူးသူ ​လူ ​၂၂ ​ယောက်ကိုလည်း ​စပိန်အာဏာပိုင်တွေက ​စောင့်ကြည့်စစ်ဆေးမှုတွေ ​လုပ်နေပေမယ့် ​သီးသန့် ​ထိန်းသိမ်းထားတာမျိုး ​မဟုတ်ပဲ ​တစ်ရက်ကို ​နှစ်ကြိမ် ​အပူချိန် ​တိုင်းပေးတာမျိုးသာ ​ဖြစ်ပါတယ်။

အီဘိုလာ ​ရောဂါဟာ ​၂၁ ​ရက် ​ကြာတဲ့အထိ ​ရောဂါပျိုးနေတတ်တဲ့အတွက် ​၂၁ ​ရက်ကြာ ​စောင့်ကြည့် ​စစ်ဆေးလေ့ရှိပါတယ်။

အမေရိကန်နိုင်ငံကလည်း ​ဒေါ်လာ ​သန်းပေါင်း ​၃၀၀ ​ကျော်ကို ​အသုံးပြုပြီး ​အီဘိုလာပိုး ​တိုက်ဖျက်ဖို့ ​ကြိုးစားနေပါတယ်။

အမေရိကန် ​စစ်သား ​အယောက်ပေါင်း ​၄၀၀၀ ​နီးပါးက ​လိုင်ဘေးရီးယားနိုင်ငံကို ​သွားရောက်နေပါတယ်။

ရွှေ့ပြောင်းစမ်းသပ်ရေး ​စခန်း ​အတွက် ​အဖွဲ့ ​သုံးဖွဲ့ကတော့ ​လုပ်ငန်းတွေ ​လုပ်ဆောင်နေပြီး ​နောက်နှစ်ဖွဲ့ကလည်း ​မကြာခင် ​သွားရောက်ဖို့ရှိပါတယ်။

အမေရိကန်ရဲ့ ​ရည်ရွယ်ချက်က ​ရောဂါကူးစက်ခံရသူ ​၇၀% ​ကို ​ကုသရေးဌာန ​ပို့ဆောင်နိုင်ဖို့ဖြစ်ပြီး ​အဲလို ​လုပ်ဆောင်နိုင်မယ်ဆိုရင် ​ရောဂါကို ​ထိန်းသိမ်းနိုင်မယ့်အခြေအနေ ​ရောက်ရှိသွားမယ်လို့ ​ပြောပါတယ်။

အမေရိကန်အဖွဲ့အနေနဲ့ ​တစ်နှစ်လောက်ကြာတဲ့အထိ ​လုပ်ငန်းလုပ်ဆောင်ဖို့ရှိကြောင်း ​Michael ​Vincent ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-08/1376709

နော်ဝေဘုရင် ဟာရဲလ်နှင့် မိဖုရားဆွန်ယာတို့သည် ဒီဇင်ဘာလဆန်းပိုင်း တွင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်မည် ဟု နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ဒီဇင်ဘာ ၁ မှ ၃ အထိ လာရောက်မည့် ခရီးစဉ်တွင် နော်ဝေဘုရင်နှင့် အတူ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဂ်ဘရန်ဒီ၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ၀န်ကြီး မိုနီကာမေလန်နှင့် နော်ဝေ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ တပါးတည်း လိုက်ပါလာမည်ဖြစ်သည်။

နော်ဝေနှင့် မြန်မာအစိုးရ ကြား ဆက်သွယ်ရေး ကောင်းမွန်တိုးတက်လျက် ရှိသည်ဟု မိုနီကာမေလန် က ပြောကြားခဲ့သည်။ နော်ဝေ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေး သဘာဝ သယံဇာတများအား ရေရှည်တည်တံ့သည့်နည်းလမ်းဖြင့် အသုံးပြု ၍ နိုင်ငံကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရေး အာရုံစိုက်ထားသည် ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံသို့ သွားရောက်ပြီး နိုဗယ်ဆု အား လက်ခံရယူစဉ်က နော်ဝေ ဘုရင်နှင့် ဘုရင်မ သီးသန့် လက်ခံတွေ့ဆုံကာ ညစာစားပွဲဖြင့် ဘုရင့်နန်းတော်တွင် ဧည့်ခံခဲ့ပြီး နောက်တစ်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် နိုဗယ်မိန့်ခွန်းအားလည်း တက်ရောက်ချီးမြှင့်ဂုဏ်ပြုခဲ့သည်ဟု သိရပါသည်။

ယခုကဲ့သို့ ဥရောပ နိုင်ငံတစ်ခုမှ ဘုရင်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်းမှာ မရှိသလောက် ရှားပါးသည်ဟုလည်း သိရပါသည်။

KHTun

The Ladies News Journal


ရေနံယိုဖိတ်ခြင်းကဲ့သို့ မတော်တဆမှုနှင့် သဘာဝဘေးအန္တရာယ်များအတွက် တာဝန်နှင့် စည်းမျဉ်းများ သတ်မှတ်မှု မရှိသေးပဲ လုပ်ဆောင်နေကြခြင်းဖြစ်
------

မြန်မာနိုင်ငံသည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်များ အား နိုင်ငံခြားကုမ္ပဏီများအတွက် တံခါးဖွင့်ပေးနေသော်လည်း ကြိုးနီ စနစ်ကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်စေလျက်ရှိသည်။ ရာစုနှစ်ဝက်မျှ တံခါးပိတ်စစ်အုပ်ချုပ်ရေး လက်အောက် ရောက်ရှိခဲ့ သည့် မြန်မာနိုင်ငံ သည် နိုင်ငံတကာ ရေနံနှင့်နှင့်သဘာဝဓာတ်ငွေ့ဈေးကွက်သို့ ပြန်လည် ၀င်ရောက်လာခဲ့ပြီး ကမ်းလွန်လုပ်ကွက်များအပေါ် မျှော်လင့်ချက်များ ထားရှိ ထားသည်ဟု ဆိုသည်။

သို့သော် မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဥပဒေရေးရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြဿ နာများစွာအား ဖြေရှင်းရန် လိုအပ်နေပြီး လုပ်ငန်းဆောင်ရွက်ရသည်မှာ နှေးကွေးကာ တစ်စုတစ်စည်း တည်း လုပ်ဆောင်နိုင်ခြင်းမရှိဟု မကြာသေးမီက ရန်ကုန်တွင်ပြုလုပ် ခဲ့သော ရေနံညီလာခံသို့ တက်ရောက်လာသူများကဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အစောဆုံး ရေနံထုတ်လုပ်တင်ပို့သူ တစ်ဦးဖြစ်ပြီး ၁၈၅၃ ကပင် ရေနံထုတ်လုပ်တင်ပို့ခဲ့သည့် နိုင်ငံဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေးခေတ် ၁၉၆၂ မှ ၂၀၁၁ အတွင်း ရေနံစူးစမ်း ရှာဖွေမှုနှင့် ထုတ်လုပ်မှု အနည်းငယ်သာ ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ရှာဖွေ တွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့ကုဗပေ ၁၀ ထရီလီယံနှင့် ရေနံ စည်သန်း ၅၀ ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များ က ဖော်ပြထားသည်။

MOGE မှာ နိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အဓိက ထုတ်လုပ် သူဖြစ်ပြီး အထူးသဖြင့် ကုန်းတွင်းလုပ်ကွက်များတွင် အဓိကလုပ်ကိုင်လျက် ရှိသည်။ MOGE က မြန်မာနိုင်ငံရှိ ရေနံလုပ်ကွက်များအတွက် စည်းကမ်း ချမှတ်သူအဖြစ်လည်း လုပ်ဆောင်နေပြီး ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ကုန်းတွင်း လုပ်ကွက် ၁၃ ခုနှင့် ယခုနှစ်ဆန်းတွင် ကမ်းလွန်လုပ်ကွက် ၂၀၀၀ ဈေးပြိုင် စနစ်ဖြင့် လုပ်ကိုင်ခွင့်ချပေးခဲ့သည်။ ထိုလုပ်ကွက်များ ချပေးခြင်းမတိုင်မီက ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် ၂၀ ကျော်အား ပွင့်လင်းမြင်သာမှု နည်းပါး သည့် စနစ်ဖြင့် လုပ်ကိုင်ခွင့်ချပေးခဲ့ပြီး အာရှ ကုမ္ပဏီအများစုကသာ လုပ်ကိုင်ခွင့် ရခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ရေနံထုတ်လုပ်မှုမှာ တစ်ရက်လျှင် စည် ၁၆၅၀၀ ရှိပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာ တစ်ရက်လျှင် ကုဗပေ ၁.၉ ဘီလီယံ ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအများဆုံး လုပ်ကွက် များမှာ ကမ်းလွန်လုပ်ကွက်များဖြစ်ပြီး ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီက လုပ်ကိုင် လျက်ရှိကာ ၁၅ နှစ်ကျော် ထုတ်လုပ်လာခဲ့သည်။

ရတနာ သဘာဝဓာတ်ငွေ့တွင်း၏ ထုတ်လုပ်မှုမှာ လျော့နည်းလာပြီး မနှစ်က တစ်ရက်လျှင် ၈၁၄၀၀၀ ကုဗပေသာ ရှိတော့ကြောင်း စာရင်းများက ဖော်ပြ သည်။

ဒုတိယထုတ်လုပ်မှုအများဆုံးမှာ ဒေ၀ူးကလုပ်ကိုင်နေသည့် ရွှေသဘာဝ ဓာတ်ငွေ့တွင်းဖြစ်ပြီး တစ်ရက်လျှင် ၃၅၀၀၀၀ ကုဗပေထုတ်လုပ်ပြီး တတိယနေရာတွင် ရှိသည်။ အဆိုပါ ဓာတ်ငွေ့တွင်းများ၏နောက်တွင် PTTEP ၏ ဇောတိက ဓာတ်ငွေ့တွင်း ရှိပြီး တစ်ရက်လျှင် ၈၂၀၀၀ ကုဗပေ ထုတ်လုပ် လျက်ရှိသည်။ ဇောတိကတွင်းမှာ ယခုနှစ်ဆန်းက ထုတ်လုပ်မှု စတင် ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုအား ပြီးခဲ့သည့်လကမှ စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ရှည်လျားရှုပ်ထွေးသည့် ဗျူရိုကရေစီစနစ်ကလည်း လုပ်ငန်းနှောင့်နှေးစေသည့်အချက် ဖြစ်သည်။ ကုန်းတွင်းလုပ်ကွက် ၁၃ ခု အနက် ၁၀ ခု အား ၂၀၁၃ နိုဝင်ဘာတွင် ထုတ်လုပ်မှု မျှဝေခြင်းကန်ထရိုက် (PSC) ခွင့်ပြုပေးခဲ့ပြီး အခြား ၃ ခုအား ရေနံထုတ်လုပ်မှုပြန်လည်ပြုလုပ်ခြင်း ကန်ထရိုက် ခွင့်ပြုပေးခဲ့သည်။

ကမ်းလွန်လုပ်ကွက်သစ် ၂၀ အတွက် PSC ကန်ထရိုက်အား ၂၀၁၄ မကုန်မီ လက်မှတ်ရေးထိုးသွားမည်ဟု MOGE မှ အရာရှိကြီးတစ်ဦးက ပြောကြား ခဲ့သည်။ လက်မှတ်ရေးထိုးပြီးပါက လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများသည် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်သက်ရောက်မှု လေ့လာချက်ပြုလုပ်ရန် အချိန် ၆ လ ရရှိမည်ဖြစ်ပြီး လုပ်ငန်း မစတင်မီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ထံမှ အတည်ပြုချက်ရယူရမည် ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများအတွက် ရင်ဆိုင်ကျော်ဖြတ်ရမည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေရေးရာကိစ္စရပ်များ အများအပြားရှိနေသည်။ ဥပမာ ၁၉၃၄ ရေနံ ဥပဒေ တွင် လုပ်ငန်းရပ်ဆိုင်းခြင်း (သို့) စွန့်ခွာခြင်းနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက် မပါသော်လည်း ရတနာ၊ ရဲတံခွန်၊ ရွှေနှင့် ဇောတိကလုပ်ကွက်များအတွက် PSC သဘောတူညီချက်တွင် ထိုအချက်များပါနေသည်ဟု ကမ်းလွန်ဘူမိဗေဒ ပညာရှင် တစ်ဦးက ဆိုသည်။ ထို့အပြင် နိုင်ငံခြားသားများအတွက် အလုပ်အကိုင် ဗီဇာကိစ္စ၊ ရေနံယိုဖိတ်ခြင်းကဲ့သို့ မတော်တဆမှုနှင့် သဘာဝဘေး အန္တရာယ်များအတွက် ကုမ္ပဏီ၏တာဝန်နှင့် စည်းမျဉ်းများ သတ်မှတ်ထားခြင်း မရှိပေ။ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်နှင့် အလုပ်သမား ဆိုင်ရာ ဥပဒေများလည်း အတည်ပြုရန် လိုအပ်နေသေးသည်။

ယခင် စစ်အစိုးရလက်ထက် ခြစားမှုများဖြင့် MOGE မှာ နာမည်ပျက်ရှိခဲ့သဖြင့် ဦးသိန်းစိန်အစိုးရက ရေနံနှင့်သတ္တုတွင်းလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ MOGE သည် ၄င်း၏ထုတ်လုပ်မှုမျှဝေရေး သဘောတူညီချက်ပါ အချက်များအား ထုတ်ပြန်ကြေညာခဲ့ပြီး သဘာဝ သယံဇာတ ထုတ်ယူမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရေး EITI အဖွဲ့သို့ ၀င်ရောက်ရန် ဇူလိုင်လတွင်းက လျှောက်ထားခဲ့သည်။

ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များတွင် စူးစမ်းရှာဖွေရေးကာလ ၃ နှစ် သတ်မှတ် ထားပြီး ၁ နှစ်စီ နှစ်ကြိမ် သက်တမ်းတိုးနိုင်သည်ဟု PSC တွင် ပါဝင်သည့် လုပ်ငန်းဆောင်ရွက်ခွင့်များ နှစ် ၂၀ ဖြစ်ပြီး လုပ်ငန်း ဧရိယာကြေး အား ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ထားသည်။ ကုမ္ပဏီများအတွက် ကုန်ကျစရိတ်အတွက် ထုတ်ယူမှု ပမာဏအား ၄၀-၅၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ကုန်းတွင်းလုပ်ကွက်များအတွက် လုပ်ငန်း ဧရိယာကြေးမှာလည်း ၁၂.၅ ရာခိုင်နှုန်းဖြစ်သည်။

ရေနက်ပိုင်းလုပ်ကွက်များအတွက် အစိုးရ၏ ရှယ်ယာပမာဏ မှာ နေ့စဉ် ထုတ်လုပ်မှု ရေနံစည် ၅၀၀၀၀ (သို့) ဓာတ်ငွေ့ကုဗပေ ၃၀၀၀၀၀ နှင့်အောက် အတွက် ၂၀ ရာခိုင်နှုန်းနှင့် ရေနံစည် ၁၅၀၀၀၀ (သို့) ဓာတ်ငွေ့ကုဗပေ ၉၀၀၀၀၀ နှင့်အထက်အတွက် ၉၀ ရာခိုင်နှုန်းထိရှိသည်။ လက်မှတ်ထိုးကြေး ကို မူ ညှိနှိုင်းသတ်မှတ်နိုင် သည်ဟု ဆိုသည်။

ရေတိမ်ပိုင်းလုပ်ကွက်တွင် ထုတ်လုပ်မှုပမာဏနှင့် တွင်းအနက်ပေါ်မူတည်၍ ၆၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းထိ ရှိသည်။ ကုန်ကျစရိတ်အတွက် ထုတ်ယူမှု ပမာဏမှာ ပေ ၆၀၀ အောက်တွင်းများအတွက် ၅၀ ရာခိုင်နှုန်းဖြစ်ပြီး ပေ ၆၀၀ အထက်တွင် ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ကမ်းလွန်နှင့် ကုန်းတွင်း လုပ်ကွက်အားလုံးတွင် MOGE က ရှယ်ယာ ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ပါဝင်လေ့ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ရန် ပစ္စည်းကိရိယာများ တင်သွင်းခြင်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့ခြင်းအတွက် အခွန် ကင်းလွတ်ခွင့်ပေးထားပြီး ၀င်ငွေခွန် ၃၀ ရာခိုင်နှုန်းကိုလည်း ၃ နှစ် ကင်းလွတ်ခွင့်ပေးထားသည်။ ပြည်တွင်း လိုအပ်ချက် အတွက် နိုင်ငံ တကာ ဈေးကွက်ပေါက်ဈေးနှင့် များစွာကွာခြားမှုမ ရှိသည့် ဈေးနှင့် ၀ယ်ယူမည် ဟု ဆိုသည်။ ကုန်းတွင်းလုပ်ကွက်များတွင် ကုမ္ပဏီ၏အမြတ်အတွက် ထုတ်လုပ်မှု ပမာဏမှ ရေနံ ၂၀ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့ ၂၅ ရာခိုင်နှုန်းအား ကမ္ဘာ့ဈေးကွက်ပေါက်ဈေး၏ ၉၀ ရာခိုင်နှုန်းဖြင့် ပြည်တွင်းဈေးကွက် သို့ ရောင်းချပေးရမည်ဟု ပါရှိထားကြောင်း သိရသည်။

အခြေခံအဆောက်အအုံနိမ့်ကျမှုနှင့် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ မရေရာမှု များကြောင့် ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များတွင် လုပ်ငန်း အကောင်အထည်ဖော်ရန် နှစ်နှင့်ချီ၍ အချိန်ယူရမည် ဖြစ်ပြီး ရေတိမ်ပိုင်း လုပ်ကွက်များတွင် ၂၀၁၇ မတိုင်မီ စတင်တူးဖော် နိုင်ဖွယ် မရှိဘဲ ရေနက်ပိုင်း လုပ်ကွက်များတွင် ၂၀၁၈ မှသာ စတင်တူးဖော်နိုင်မည်ဟု သိရသည်။

KHTun
Ref - McGraw Hill Financial
The Ladies News Journal
https://www.facebook.com/News.TheLadies


ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ်မှာ တွေ့ဆုံခွင့် ပြုပါတယ်။ ကိုမောင်မောင်ဟာ အခု အဖမ်းခံထားရသူနှစ်ဦး ပြစ်မှု ကျူးလွန်ပါတယ်လို့  သူ ကိုယ်တိုင်မယုံကြည်သလို ပြစ်မှုကျုးလွန်တာကို မတွေ့ခဲ့ဘူးလို့  သွားရောက်တွေ့ဆုံသူ တဦးဖြစ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
.
ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ ထိုင်းအစိုးရသက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင် (ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက် ကော့စမွီမြို့နယ်မှာ တွေ့ဆုံခွင့် ပြုပါတယ်။
.
ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာ ပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ် ကိုအောင်ကိုဦးနဲ့ ရဲမှူးကြီးတဦးရှေ့မှာ ၂ နာရီကျော်ကြာ မေးမြန်းခွင့်ရခဲ့တာ ဖြစ်ပါတယ်။
.
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ တမြန်နေ့က ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်ကို ရဲက ပယ်ချခဲ့ပြီး မနေ့ကတော့ အခင်းဖြစ်တဲ့ကျွန်းကို သွားရောက်ကြည့်ရှု့ပြီး မေးမြန်းစုံစမ်း မှတ်တမ်း ရယူခဲ့ပါတယ်။
.
မနေ့ညနေက အခင်းဖြစ်ရာကျွန်းကနေ ကော့စမွီကို ပြန်ရောက်ပြီး ဒီနေ့ မနက်မှာ မူလ တွေ့ဆုံခွင့်တောင်းထားတဲ့ ကိုမောင်မောင်နဲ့ တွေ့ဆုံဖို့ ထိုင်းရဲဘက်က စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
.
မြန်မာကိုယ်စားလှယ်အဖွဲ့က ကိုမောင်မောင်ကို မေးမြန်းသလို ဘာသာပြန်သူကလည်း သံသယရှိသူတွေကို ဘာသာပြန်သူတွေကပါ ရိုက်တယ်လို့ ပြောကြားချက်နဲ့ ပတ်သက်လို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။
.
ဒီနေ့ တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်းနဲ့ ရှေ့နေ ဦအောင်မျိုးသန့်တို့ကို ဒီမနက်မှာ မေးမြန်းထားပါတယ်။
.
အသံဖိုင်နားဆင်ရန် http://burmese.dvb.no/archives/67186
.
ဓာတ်ပုံ : ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ – မင်းဦး)
.
Credit : DVB
Credit : DVB TV - 08.10.2014
.

လက်ရှိအခြေအနေ အကျဉ်းချုပ် ( October 8, 2014 )
===================
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလလကုန်မှ အစပြု၍ မြန်မာနိုင်ငံ အကျဉ်း ထောင်များအတွင်းတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ဆက်လက်ထိန်းသိမ်း ခံထားရပြီး တက်ကြွလှုပ်ရှားသူ ၁၃၀ ခန့်သည် လက်ရှိအချိန်တွင် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဆက်စပ်ပြီး တရားရင်ဆိုင်နေရပါသည်။ အောက်ပါ ရေးသားဖေါ်ပြချက်များသည် မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားအရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ပိုမိုတိုးတက်မှု ရှိလာစေရေးများနှင့်စပ်လျဉ်းပြီး သတင်းမီဒီယာများနှင့် အေအေပီပီ၏ ပြည်တွင်းမှ ရရှိသည့် သတင်းများအပေါ်အခြေခံပြီး စီစစ်လေ့လာ ရေးသား ထုတ်ပြန်ထားခြင်းဖြစ်သည်။
.
တစ်လအတွင်း သုံးသပ်ချက်
=================
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၁ ဦး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၂ ဦး အပါအဝင် ၁၃ ဦးတို့သည် တရားစွဲဆိုခြင်းခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။
.
စက်တင်ဘာလတွင် လက်ကျန် နိုင်ငံရေးအကျဉ်းသား စီစစ်ရေး ကော်မတီ ကိစ္စသည် ဆွေးနွေးရန်ကိစ္စအဖြစ် ဆက်ရှိနေပြီး ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ သမ္မတရုံး ဒုတိယဝန်ကြီး ဦးအောင်သိန်းမှ လွတ်လပ်တဲ့အာရှအသံ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ကုန်သ လောက်ရှိပြီ ဖြစ်သောကြောင့် ကော်မတီအား ဖျက်သိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဦးအောင်သိန်းမှ လက်ကျန် အကျဉ်းသားများသည် ရာဇဝတ်မှု ပြစ်ဒဏ်များအရ ထိန်းသိမ်းခံနေ ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းမှ ဆက်လက်၍ လက်ရှိ ကော် မတီအား ဖျက်သိမ်းကာ နိုင်ငံရေး အကျဉ်းသားဟောင်း အစုအဖွဲ့များနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကို ချိတ်ဆက်ပေးပြီး နောက်ထပ်ကော်မတီ အသစ် တစ်ခုဖွဲ့ပေးမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
.
စက်တင်ဘာလအတွင်းတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် စပ်လျဉ်းသည့်ကိစ္စများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး သတင်းမီဒီယာ တိုးတက်ဖြစ်ထွန်းရေးနှင့် ပတ်သက်သည့် ၂ ရက်ကြာ ညီလာခံကို Myanmar Media Development Thematic Working Group, UNESCO, မြန်မာ့သတင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် International Media Support တို့မှ ကြီးမှူးကာ စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဆက်လက်ဖြစ်နေသည့် သတင်းမီဒီယာပြဿနာအား မြန်မာကြားဖြတ် သတင်းကောင်စီမှ ကြားဝင်စေ့စပ်ပေးသော်လည်း မအောင်မမြင် ဖြစ်ပြီးနောက် မြန်မာနိုင်ငံမှ သတင်းထုတ်ဝေသည့် လုပ်ငန်း ၂ ခုအား အစိုးရမှ အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ဆုံးဖြတ်ခဲ့ပါသည်။
.
ယခုလတွင် အပြည်ပြည်ဆိုင်ရာ စီးပွါးရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ သဘောတူညီချက် နှင့် နိုင်ငံရေးနှင့် နိုင်ငံသားတို့၏အခွင့်အရေးဆိုင်ရာ သဘောတူညီချက် ၂ ခုစလုံးအား မြန်မာအစိုးရမှ လက်မှတ်ရေးထိုး လာရန် တိုက်တွန်းထားသည့် အကြံပြုချက်ကို မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင် (MNHRC) မှ တင်သွင်းခဲ့ပါသည်။ လက်ရှိအစိုးရ သည် စက်တင်ဘာလတွင် ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေညီလာခံတွင် နှိပ်စက်ညှင်းပန်းမှု ကာကွယ်တားဆီးရေး သဘောတူညီချက်အား လတ်မှတ်ထိုးကောင်း ထိုးမည်ဖြစ်ကြောင်းကို ယခုနှစ် ဇန်နဝါရီလတွင် ကတိပြုပြောဆိုခဲ့သော်လည်း ယခုလအတွင်း ထိုကိစ္စနှင့်စပ်လျဉ်းပြီး ပြုလုပ်ကြောင်း မတွေ့ရှိရပါ။
.
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) အဖွဲ့ဝင် မဖြူနှင်းထွေးသည် အာဏာပိုင်တို့၏ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရပါသည်။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ နေအိမ်မှ မဖြူနှင်းထွေးအား စဉ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဆားလင်းကြီးရဲစခန်း၊ ရဲအုပ်ခင်မောင်ဦးမှ ဦးဆောင်ကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက်ချက်ခြင်းပင် စစ်ကိုင်းတိုင်းရှိ ယင်းမာပင်မြို့နယ် တရားရုံးတွင် သူမအား ပြန်ပေးမှုများဖြစ်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၆၄၊ ၃၆၈ တို့ဖြင့် တရားစွဲဆိုခဲ့ပါသည်။
.
သူမအား တရားစွဲဆိုသည့်ပုဒ်မများသည် ၂၀၁၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ဖြစ်ပွါးခဲ့သည့် ထိုဒေသတွင်းရှိ အငြင်းပွါးဖွယ်ရာ ကော့ပါးမိုင်းစီမံကိန်းနှင့်ပတ်သက်ပြီး ပြဿနာများဆက်တိုက်ဖြစ်ခဲ့ကြရာ လက်ပန်းတောင်းတောင်ဒေသမှ ရွာသားများသည် ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်လူမျိုး ဝန်ထမ်း နှစ်ဦးအား ယာယီထိန်းသိမ်းခဲ့သည့် ကိစ္စရပ်နှင့် ဆက်စပ်နေပါသည်။ ထိုရက်ပိုင်းတွင် ဖြူနှင်းထွေးသည် ဒေသအတွင်းရှိ ရွာတစ်ရွာမှ ဆယ်တန်းကျောင်းသူ တစ်ဦးအား စာသင်ပေးရန်အတွက် ရောက်ရှိနေခြင်းဖြစ်သော်လည်း သူမအား အခြားရွာသား ခြောက်ဦး တို့နှင့်အတူ ပြန်ပေးမှုဖြင့် တရားစွဲဆိုခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ရည်စူးပြီး ရွာသား ၅ ဦးတို့၏ အမှုများအား တရားရုံးချိန်းတွင် ရုတ်သိမ်းခဲ့ပါသည်။ မဖြူနှင်းထွေးနှင့် ၎င်း၏အမှုတွဲတစ်ဦးဖြစ်သူ ကိုဝင်းကျော်တို့သည် ထိုရုံးချိန်းအား တက်ရောက်ရန် ပျက်ကွက်ခဲ့ကြပါသည်။ ယခုလ စက်တင်ဘာလ ၁၃ ရက်နေ့၊ သူမအား မဖမ်းဆီးခင် အချိန်ကာလ အထိ သူမ၏ အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်တို့သည် အရေးယူလုပ်ဆောင်ခဲ့ခြင်းမရှိပါ။ သူမဖမ်းဆီးခံခဲ့ရသည့်အချိန်မှ စပြီး မဖြူနှင်းထွေးသည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် တစ်ကြိမ်၊ ၂၃ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် နောက်ထပ်တစ်ကြိမ်စီ ယင်းမာပင်မြို့နယ် တရားရုံး၌ တရားရင်ဆိုင်ခဲ့ရပြီး သူမရှေ့နေများ၏ သူမ အာမခံနှင့်လွတ်မြောက်လာရန် အယူခံတင်မှု သည်လည်း ဆက်လက်ငြင်းပါယ်ခံခဲ့ရပါသည်။
.
အသေးစိတ်ဖတ်ရှုရန် နှင့် ဖိုင်ဒေါင်းလုတ်ရယူရန်-http://aappb.org/bu/2014/10/နိုင်ငံရေးအကျဉ်းသားမျာ-3/
English Version -
http://aappb.org/2014/10/aapp-b-monthly-chronology-for-september-2014/
.

Credit : Shinn Thuza Lwin


မွေးဖွားပြီး မကြာမီသေဆုံးသွားသည့် ကလေးငယ်၏မိခင် မနွေးဝါဝါလတ်နှင့် တွေ့ဆုံမေးမြန်းခြင်း
====================================================

- သန်းနိုင်ဦး၊ ခင်မြန်မာအောင် တွေ့ဆုံမေးမြန်းသည်

အောက်တိုဘာ ၇ရက်နေ့ အွန်လိုင်းစာမျက်နှာထက်တွင် ရက်သားအရွယ် ကလေးငယ်လေးတစ်ဦး သေဆုံးခဲ့သည့် သတင်းမှာ အင်တာနက်သုံးစွဲသူများ အကြား ကြေကွဲဝမ်းနည်းစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

အခြားမဟုတ်ပေ။ ရန်ကုန် မြို့ မရမ်းကုန်းမြို့နယ်ရှိ နာမည်ကျော် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ကလေးမွေးဖွားခဲ့ပြီး ယင်းကလေးမှာ အသက်ဆုံးရှုံး ခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့်ကလေးငယ်၏ မိဘများဖြစ်သည့် ကိုစိုးသီဟ၊ မနွေးဝါဝါလတ်တို့၏ ဖြစ်ရပ်မှန်ဇာတ် လမ်းတစ်ပုဒ်ကိုသိရှိနိုင်ရန်အတွက် ဒီမိုကရေစီတူဒေးမှ သွားရောက်မေးမြန်းခဲ့ရာ ...

မေး-အဲဒီပုဂ္ဂလိက ဆေးရုံကို ဘယ်နေ့ကစပြီးတက် တာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-ဆေးရုံစပြီးတက်တာက ၃ရက်နေ့က စတက်တယ်။ မွေးဖို့ရက်ပေးထားတာက နိုဝင်ဘာ ၆ရက်နေ့ ပေးထားတယ်။ ၃.၁ဝ.၁၄ နေ့မနက် သုံးနာရီက ဆေးရုံစတက်တာ။ ၅.၁ဝ.၁၄ နေ့ကဆေးရုံ က ဆင်းတယ်။

မေး-အခုဖြစ်ပွားခဲ့တဲ့ အစ်မတို့ရဲ့ ဖြစ်စဉ်လေးကိုသိချင် ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-မမွေးခင်တစ်ရက်က တည်းက ကျွန်မနဲ့မွေးမယ့် ဆရာဝန်ကြီးနဲ့ သွားပြထား တယ်။ အားဆေး ဆက်သောက်ခိုင်းတယ်။ သေချာ တော့မစမ်းသပ်ဘူး။ ဆရာဝန်ကြီးနဲ့ပြပြီး ပြန်လာတဲ့ ညမှာပဲ ဗိုက်နာလာလို့ ဆေးရုံကို ချက်ချင်း ပြန်သွား တယ်။ ကလေးလေးကို အသက်မရမှာစိုးတဲ့အတွက် အမြန်ဆုံးနည်းနဲ့သွားတယ်။ သုံးနာရီမှာရောက်တယ်။ ဆေးစစ်ထားတာတွေကြည့်တယ်။ မေးမြန်းတာတွေလုပ် တယ်။ ခြောက်နာရီခွဲမှာ အခန်းရမယ်လို့ ပြောတယ်။အခန်းကို ပို့တယ်။ အခန်းနံပါတ်က ၂၁၆။ အဲဒီအချိန်မှာ ကျွန်မနဲ့ပြတဲ့ OG က အဲဒီဆေးရုံမှာရှိနေတယ်။ လူနာတစ်ယောက်ကိုခွဲနေတယ်။ လာမကြည့်နိုင်သေး ဘူးလို့ပြောတယ်။

အဲဒါနဲ့စောင့်တယ်။ OG ကခုနစ်နာရီ လောက်မှာလာကြည့်တယ်။ လာကြည့်တော့ ''နင်က မွေးမယ့်ရက်ထက် စောနေတယ်။ ကျွန်မကခွဲမွေးမယ် လို့ပြောထားတယ်။ ခွဲမွေးမယ်ဆိုရင် နင့်ကလေးက လ မစေ့တဲ့အတွက် အသက်မရှင်နိုင်ဘူးလို့ ပြောတယ်။ နင်ရိုးရိုး မွေးရမယ်လို့ ပြောတယ်။ ရိုးရိုးမွေးမှ အသက် ရှင်မယ်လို့ ပြောတယ်။ ကျွန်မရဲ့ ကလေးလေးက ယော က်ျားလေး။ ယောက်ျားလေးဆိုတဲ့အတွက် ကျွန်မ အရမ်း လိုချင်တယ်။ ပထမကလေးတုန်းက သမီးလေး ဖြစ်နေ တဲ့အတွက် အခုကလေးလေးက ယောက်ျားလေးဆိုတဲ့ အတွက် အရမ်းလိုချင်တယ်။ အဲဒါကြောင့် သူတို့ပြောတဲ့ အတိုင်း ရိုးရိုးမွေးမယ်လို့ ပြောလိုက်တယ်။ အဲဒါဆိုလဲ ညှစ်မွေးတဲ့'' ငါလဲ အခြား ဟိုဘက်မှာသွားစရာရှိသေး တယ်လို့ ပြောတယ်။ ၁၂နာရီမှ ပြန်ရောက်မယ်လို့ပြောပြီး မျက်လုံးနဲ့ပဲ ကြည့်သွားတယ်။ ပြန်သွားတယ်။လူကို တောင် မစမ်းသပ်သွားဘူး။

သူရဲ့ Assistant နဲ့ Nurse တွေကလဲ အခန်းထဲမှာမရှိဘူး။ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ ဆေးရုံရောက်နေတာနဲ့မတူဘူး။ အခန်းထဲမှာ ကျွန်မ အမေ၊ အဖေနဲ့ သမီးလေးပဲရှိတယ်။ အမျိုးသား က ဘဏ်မှာ ပိုက်ဆံထုတ်နေတဲ့အတွက် မရှိဘူး။ ပုဂ္ဂလိက ဆေးရုံဆိုတာကလဲ သိတဲ့အတိုင်းပဲ ငွေမရရင် ဘာမှလုပ်မပေးတဲ့အတွက် ပိုက်ဆံကိုအရင်ထုတ်ရ တယ်။ လက်ထဲမှာလဲ ပိုက်ဆံကနည်းနည်းပဲရှိတဲ့အတွက် ဘဏ်ထဲကနေ ပြန်ထုတ်နေရတဲ့အတွက် ယောက်ျား ကလဲ မရှိဘူးဖြစ်နေတယ်။

OG က ဒီအတိုင်းထားသွား တယ်။ လက်လွတ်စပယ်နဲ့ကို ထားသွားတာ။ ဗိုက်ကနာနေ တာ။ မွေးချင်တဲ့အတွက် ဗိုက်ကတော်တော်လေးကိုနာ လာတယ်။ အခန်းထဲမှာ Nurse တွေကလဲတစ်ယောက် မှမရှိဘူး။ ခေါ်လို့လဲမရဘူး။ Nurse တစ်ယောက် လောက် ခေါ်ချင်တယ်။ ပိုက်ဆံပေးမယ်ဆိုတာတောင် ခေါ်လို့မရဘူး။ လူမရှိဘူး။ ပိုက်ဆံပေးမယ်ဆိုရင်တောင် ပုဂ္ဂလိကဆေးရုံက လူမရှိဘူးလို့ပြောတယ်။တဖြည်း ဖြည်းနဲ့ ဗိုက်က အရမ်းနာလာတယ်။ အဲဒီလိုနဲ့ ၉နာရီခွဲ လောက်ကျတော့ ကျွန်မရေမွှာပေါက်လာတယ်။ ရေမွှာ ပေါက်တော့ အရမ်းလန့်သွားတယ်။

Nurseေ တွကို ဘဲနှိပ်ပြီး ခေါ်ခိုင်းတော့ ရောက်လာတယ်။ အဲဒီ အချိန်မှာ Assistant ဆရာဝန်ပါ ရောက်လာတယ်။ရောက်လာပြီးမှ မွေးခန်းထဲပို့မယ်ဆိုပြီး တွန်းလှည်း သွားယူတယ်။ အဲဒီအချိန်မှာ Assistant ဆရာဝန်မ က ရောက်လာပြီး မွေးခန်းထဲကို ဝင်ချင်တိုင်း ဝင်လို့မရဘူး လို့ ပြောတယ်။ ဒီလောက်လေးနာနေရုံနဲ့ကလေးမမွေး နိုင်ဘူးလို့ပြောတယ်။ အဲဒီဆရာဝန်မက ကျွန်မရဲ့အမေ ကိုပါ လှမ်းပြောသေးတယ်။ ရှင်ကော ကလေးမမွေးဖူးဘူး လားဆိုပြီး မေးတယ်။ ကျွန်မ အရမ်းနာနေပါပြီ။ ညှစ်ရင်း ညှစ်ရင်းနဲ့ ကလေးကလဲ ခေါင်းက တစ်ဝက်လောက်ထွက် နေပြီ။ ကျွန်မကိုပို့ပါလို့ ပြောတဲ့အတွက် Nurse တွေက ချီပြီး တွန်းလှည်းပေါ် တင်တယ်။ အဲဒီ Assistant ဆရာဝန်က မမွေးသေးဘူးဆိုပြီး ခုတင်ပေါ်ပြန်ချ တယ်။

OG က ၁၂နာရီမှလာမှာ OG မလာရင် မွေးလို့ မရသေးဘူးဆိုပြီး ပြောတယ်။ ကလေးထွက်လာမှာစိုးတဲ့ အတွက် မညှစ်နဲ့ဦး ဘေးစောင်းပြီးနေလို့ ပြောတယ်။ဘေးစောင်းပြီးနေရင် ကလေးဘယ်လိုထွက်မလဲ။ စဉ်း စားကြည့်တော့။ မွေးမှာစိုးတဲ့သဘောပဲ။ ကျွန်မဗိုက် ကအရမ်းနာနေတဲ့အတွက် အမေ သမီးပေါင်ကားပြီး ညှစ်နေလို့ပြောတယ်။ တကယ်လို့ အဲဒီအချိန်မှာကလေး တစ်ခုခုဖြစ်ရင် မိခင်လည်း တစ်ခုခုဖြစ်မှာပဲ။ နောက် ဆုံးကျတော့ ဘယ်လိုမှ မခံနိုင်တာနဲ့ Nurse တွေ ထပ်ခေါ်ခိုင်းရတယ်။

အဲဒီအချိန်မှာ ဘဲကလဲနှိပ်လို့မရ ဘူး။ ခေါ်လို့လဲမရဘူး။ အမေကလဲ ဆေးရုံရဲ့ကော်ရစ် တာကို ထွက်ပြီးသွားကြည့်တော့ တစ်ယောက်မှမရှိဘူး။ အခုလိုနာမည်ကျော်ဆေးရုံမှာ အဲဒီလိုမျိုးကတော့ မဖြစ် သင့်ဘူး။ ပထမတစ်ခါခေါ်တုန်းကလာတယ်။ ကြည့်ပြီး တော့ မမွေးသေးနဲ့ဦးဆိုပြီး ပြန်သွားတယ်။ Nurse တွေ က လာရင်လဲ အဖွဲ့လိုက်။ ပြန်ရင်လဲ အဖွဲ့လိုက်။တစ် ယောက်မှ မချန်ထားခဲ့ဘူး။ အရေးပေါ် ဖြစ်နေတာ တောင် ကိုယ်ချင်းမစာနာဘူး။ နောက်တစ်ခါ ထပ်ခေါ်မှ ရောက်လာတယ်။ ကျွန်မက ပြောလိုက်တယ်။ အရမ်း နာနေပါပြီ။ ကလေးက ခေါင်းလဲထွက်နေပါပြီ။ မရတော့ ပါဘူးလို့ အော်ပြောရတယ်။ မွေးခန်းထဲကို ပို့ပါတော့လို့ ပြောရတယ်။ မွေးစင်ပေါ်ကို တင်ပေးပါတော့လို့ ပြောရ တယ်။ Nurse တွေက တွန်းလှည်းယူလာတယ်။ မွေး ခန်းကိုသွားဖို့ ကျွန်မကိုတွန်းလှည်းပေါ် တင်တော့လဲ Assistant ဆရာဝန်က အချိန်မတန်သေးဘူး။ OG မလာ သေးဘူးလို့ပြောတယ်။

တော်တော်ဆိုးတာက Nurse မလေးတွေက မွေးခန်းပို့ဖို့ တွန်းလှည်းပေါ် တင်တာကို Assistant ဆရာဝန်က ခုတင်ပေါ် ပြန်ပြန်ချတယ်။ ကျွန်မက ဗိုက်ကလဲ အရမ်းနာတဲ့ အချိန်ဆိုတော့ စဉ်း စားသာကြည့်ပေတော့။ ကျွန်မလဲသည်းမခံနိုင်တော့ဘူး။ မွေးခန်းကိုပို့ပါတော့လို့ အော်ပြောရတယ်။ အဲဒါကကျွန်မ နေတဲ့ အခန်း ၂၁၆ထဲမှာ။ အဲဒီမတိုင်ခင် ကလေးမွေး မှာစိုးတဲ့အတွက် ကျွန်မခြေထောက်တွေကိုချုပ်ထားသေး တယ်။ ပေါင်တွေကို ဖိထားတယ်။ ကလေးက ခေါင်းထွက် နေပြီလို့ ပြောတာတောင် စောင်းခိုင်းထားတာ။ ကျွန်မ က ပထမ ကလေးလေးကို ဗိုက်ခွဲပြီးမွေးထားတဲ့အတွက် လဲ အခုလိုရိုးရိုးမွေးတာကို မသိဘူး။ ခြေထောက်တွေကို ချုပ်ပြီး စောင်းခိုင်းထားတယ်။

အဲဒီအချိန်ကတည်းက ကလေးက ဗိုက်ထဲမှာသာ တစ်စုံတစ်ခုဖြစ်ရင် မိခင်ပါ အန္တရာယ် ဖြစ်စေနိုင်တယ်။ ဘယ်လိုမှ သည်းမခံနိုင်တော့ တွန်းလှည်းနဲ့ ပို့တယ်။ ဓာတ်လှေကားကို တွန်းသွားပြီး တော့လည်း လမ်းမှာမွေးမှာ စိုးတဲ့အတွက် ခြေထောက် တွေကိုချုပ်ထား သေးတယ်။ သူတို့ဆေးရုံ နာမည်ပျက်မှာ စိုးလို့ ချုပ်ထားတယ်။ မွေးလူနာ တစ်ယောက်ကိုမမွေးနဲ့ဦး။ မမွေးနဲ့ဦးလို့ ဝိုင်းအော်နေကြတယ်။ ကလေးမွေးဖို့ ဗိုက်နာတယ်ဆိုတာက အောင့်ထားလို့ရတဲ့အရာမဟုတ် ဘူးလေ။ မွေးခန်းထဲကို ရောက်တဲ့အခါမှ တွန်းလှည်းကို ရပ်ပြီးတော့ မွေးခန်းက အဆင်သင့်မဖြစ်သေးဘူး။

ခဏစောင့်ဦးလို့ ပြောတယ်။ မွေးဖို့လူနာကဆေးရုံကို မနက်သုံးနာရီက တည်းကရောက်တယ်။ မွေးခန်းနားကို ရောက်တာက နံနက် ၁ဝ နာရီခွဲကျော်ပြီ။ မွေးခန်းနားကို ရောက်တာတောင် မွေးခန်း အဆင်သင့်မဖြစ်သေးဘူးဆိုပြီး လက်တွေကာပြီး မဝင်နဲ့ဦးပြောတယ်။ မွေးခန်းဆိုတာ ကလည်း ခွဲစိတ်ခန်းမှ မဟုတ်တာ။ မွေးစင်လေးပဲ ရှိတာကို။ ကျွန်မ မရတော့ဘူး ကလေးလေး ထွက် တော့မယ် ဝင်မှရတော့မယ်လို့ ပြောပြီးဝင်ရတယ်။

မွေးစင်ပေါ်ရောက်တာနဲ့ ကလေးက ထွက်သွားတယ်။ ကလေးဆုံးသွားတော့လဲ ဝမ်းနည်းပါတယ်ဆိုပြီး တစ်စုံ တစ်ခု မပြောဘူး။ လာတောင်မကြည့်ဘူး။ ကလေးဆုံး သွားပြီဆိုတာနဲ့ ဆေးလဲ လာမထည့်ဘူး။ ဘယ်သူမှလဲ မလာကြည့်ဘူး။ သူတို့ မွေးပေးတာလဲ မဟုတ်ဘူး။ ကလေးမွေးပြီးတော့လဲ ချက်ကြိုးဖြတ်ဖို့အတွက် ကတ် ကြေးကို လိုက်ရှာနေရသေးတယ်။ လူက ခြောက် ယောက်လောက်ရှိတယ်။ မွေးခန်းမှာ ကတ်ကြေး မရှိဘူး။

၁၁နာရီ ၁၅မိနစ်မှာ ကလေးလေးကို မွေးသွားတယ်။မွေးပြီး သွားတော့လဲ ကျွန်မကို မွေးစင်ပေါ်မှာ ဒီအတိုင်းပဲထား တယ်။ OG လာမှ ပြန်ပြီး ချုပ်ပေးတာတွေ လုပ်တယ်။ ဒဏ်ရာ တွေကိုလဲ ဒီအတိုင်းပဲ ထားတယ်။ ဆရာဝန်မကြီး လာတဲ့ အချိန်အထိ ဒီအတိုင်းထားတယ်။ ဆရာဝန်မကြီး က တစ်နာရီထိုးမှ လာတယ်။ အဲဒီကျမှ ချုပ်ပေးတယ်။

၁၁နာရီ ၁၅ကနေ ၁နာရီအထိ မွေးစင်ပေါ်မှာ ဒီ အတိုင်းထားတယ်။ စဉ်းစားသာကြည့်ပေတော့။ အဲကွန်း ခန်းထဲမှာဟောင်းလောင်းကြီးထားတယ်။ ကလေး ကိုလဲ မျက်နှာပဲ မြင်ရတယ်။ ပြီးတော့ကလေးကို ကျွန်မ ခေါင်းရင်းမှာထားတယ်။ ကလေးက မွေးတော့ အသံကျယ်ကြီးအော်တယ်။ အသက်ရှိတယ်။ မွေးတာနဲ့ အော်တယ်။ ကလေးကို မွေးပြီးတော့လဲ ကလေးကို သန့်ရှင်းရေးမလုပ်ပေးဘူး။ အအေးမိမှာစိုးလို့ ပြော တယ်။

ကလေးဆရာဝန်မလဲ ကလေးမွေးမွေးချင်း မလာဘူး။ တစ်နာရီခွဲလောက်မှရောက်တယ်။ ကလေး ဆရာဝန်ရောက်လာတော့ ကလေးက မူမမှန်ဘူး။ ရန် ကင်းကလေး ဆေးရုံကိုပို့ရမယ်လို့ပြောတယ်။ ကလေး ဆရာဝန်က ကလေးလေးက အချိန်မရွေး အသက်ရှူ ကျပ်ပြီး ဆုံးသွားနိုင်တယ်လို့ ပြောတယ်။

ရန်ကင်း ကလေးဆေးရုံကို ချက်ချင်းပို့ထားလိုက်မှ အဆင်ပြေ မယ်လို့ ပြောတယ်။ ကလေးကို ရန်ကင်းဆေးရုံပို့ဖို့ တစ်နာရီလောက်ကြာတယ်။ Report မလုပ်ရသေးလို့ဆို ပြီး အကြာကြီးစောင့်နေရတယ်။

လူနာတင်ယာဉ်ပေါ် ရောက်တော့လဲ ချက်ချင်းမထွက်ဘူး။ Report မရလို့ အကြာကြီး စောင့်နေရတယ်။ ရန်ကင်းဆေးရုံရောက်တဲ့ အထိ ကလေးလေးက ညည်းနေတုန်းပဲ။ လူနာတင်ကား ပေါ်ပါလာတဲ့ ဆရာဝန်ကို မေးတော့ ကလေးတိုင်းက ညည်း နေတတ်တယ်လို့ ပြောတယ်။

မေး-ကလေးက ဘယ်လိုဆုံးသွားတာလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်- ကလေးလေးက ရန် ကင်းဆေးရုံကြီးကတော့ ကောင်းတယ်။ ပိုက်ဆံပေး စရာမလိုဘူး။ စက်ပစ္စည်းတွေကလဲ ကောင်းတယ်။ ဒါ ပေမဲ့ ကလေးလေးက ဆုံးသွားတယ်။ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်။

မေး-အခုဖြစ်စဉ်ပတ်သက်ပြီး အစ်မတို့ရဲ့ သဘော ထားကို သိချင်ပါတယ်။

ကိုစိုးသီဟ+မနွေးဝါဝါလတ်- အမှန်ဆိုရင် ပုဂ္ဂလိက အထူးကုဆေးရုံတွေဆိုရင် မွေးလူနာလာပြီဆိုရင် သူရဲ့ OG နဲ့ ကလေးဆရာဝန်နဲ့ အကုန်လုံး ဝန်ဆောင်မှုပေးရ မှာလေ။ အခုတော့ ဒီအတိုင်းပစ်ထားတယ်။ OG ကလည်း မွေးလူနာကို တွေ့လိုက်ရတာနဲ့ မွေးမယ် မမွေးဘူး ဆိုတာကို သေချာ မသိဘူးလား။ သူတို့ကို စိတ်ချယုံကြည့်လို့သွားတဲ့ လူနာတွေကို ဒီအတိုင်း ပစ်ထားတယ်။ မွေးလူနာက ဆေးရုံကိုရောက်ပြီး ဆရာ ဝန်မကြီးက မရှိ လို့ဆိုရင် တော်သေးတယ်။ မွေးလူနာနဲ့ ဆရာဝန်မကြီးက တွေ့ပြီး ဒီလိုဖြစ်သွားတယ်ဆိုတော့ မကောင်းဘူး။

ပုဂ္ဂလိက ဆေးရုံမှာ မွေးတယ်ဆိုတာက လူနာရှင်က ကိုယ့်လူနာကို ဆရာဝန်ကြီးတွေက ဂရုစိုက်စေချင်တာ။ အဲဒီ ဆေးရုံမှာ သုံးညနဲ့လေးရက်ကို ကျပ်ကိုးသိန်းလောက်ပေးရတယ်။ ဒီလောက် ပိုက်ဆံ ကိုပေးရပြီးတော့ ကလေးက အဖတ်မတင်ဘူး။

မေး-အဲဒီအတွက် ဘာဆက်လုပ်ဖို့ရှိလဲ။

ကိုစိုးသီဟ+မနွေးဝါဝါလတ်-ဆေးရုံကိုသွားပြီးမေးမြန်း ကြည့်မယ်။ ဘယ်လိုဖြစ်တာလဲ။ မေးကြည့်ပြီးပဲ ဘာ ဆက်လုပ်ဖြစ်မယ်ဆိုတာကို သိမယ်။ အဓိကတော့ ကိုယ့် လိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် ပုဂ္ဂလိကဆေးရုံ တွေမှာ ပိုက်ဆံတွေကို အလုံးလိုက် အခဲလိုက်ပေးရပြီး တော့ ဒီလိုအဖြစ်မျိုးတွေရှိတယ်။ ကျန်တဲ့ မိခင်တွေလဲ ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင်လို့ ပြောပြချင်တယ်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Yangon Media Group

ထိုင်းတောင်ပိုင်း လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ စွပ်စွဲခံရသူနဲ့ အစိုးရအစိုးရသက်သေကိုပါ မေးမြန်းစစ်ဆေးခွင့်ရခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ်လိုက်ကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် ထိုင်းရဲအဖွဲ့ (ဓာတ်ပုံ – မင်းဦး)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့အဖွဲ့ဟာ တမြန်နေ့က တွေ့ဖို့တောင်းဆိုပေမယ့် မရခဲ့တဲ့ အစိုးရသက်သေ ကိုမောင်မောင်ခေါ် ကိုသန်းဆွေကို ကော့စမွီမြို့နယ်ရဲမှူးနဲ့ ဘာသာပြန်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ခွင့်ရပါတယ်။

အစိုးရသက်သေ ကိုမောင်မောင်က တရားခံလို့ စွပ်စွဲခံရတဲ့ သူငယ်ချင်း ၂ ယောက်နဲ့ ဘီယာတပုလင်းစီသောက်ပြီး ဂီတာတီးကြောင်း၊ ည ၁ နာရီမှာ သူပြန်သွားပြီး နောက်ပိုင်းဖြစ်ပျက်တာကို ဘာမှ မသိကြောင်း ပြောကြားခဲ့တယ်လို့ မေးမြန်းခဲ့တဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

“သူ့ရဲ့ ထွက်ဆိုချက်မှာ ဘီယာ ၃ လုံးဝယ်တယ်၊ ၀ယ်ပြီးတော့ ဆေးလိပ် ၁ ဘူးဝယ်တယ်၊ ဆေးလိပ် ၁ ဘူးလည်းကုန်တယ်၊ ဘီယာ ၃ လုံးလည်း တယောက် ၁ လုံးသောက်လို့ကုန်ပြီ၊ ကျနော်လည်း နားတော့မယ်ဆိုပြီး အခန်းပြန်လာတယ်။ အခန်ပြန်လာတော့ ဒီကောင်တွေ အရက်သောက်ချင်သေးတယ်လို့ ဆိုတဲ့အတွက် သူ့မှာ အတော်ကြာ သိမ်းထားပြီဖြစ်တဲ့ ၀ိုင်တပုလင်းကို ပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ ကျနော် ဆက်မသောက်တော့ဘဲ ပြန်လာတယ်။ အဲဒီအချိန် ခန့်မှန်းချိန်ကတော့ သူပြောတဲ့အပေါ်မူတည်ပြီး ၁ နာရီလောက် ရှိမယ်လို့ ကျနော်တို့ ခန့်မှန်းကြတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုဖြစ်စဉ်ကို လူမှုမီဒီယာကွန်ရက်မှာ ဝေဖန်မှုတွေ ကျယ်ပြန့်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၇ ရက်နေ့မှာ ထိုင်းရဲအကြီးအကဲက ဒီလူငယ်တွေ သတ်ဖြတ်တယ်ဆိုတာကို သေချာကြောင်းနဲ့ စစ်ဆေးတဲ့အခါ ရိုက်နှက်မှုတစုံတရာမရှိကြောင်း ရှင်းခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ကတော့ ကော့စမွီးအကျဉ်းထောင်မှာ ချုပ်ထားတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို အောက်တိုဘာ ၆ ရက်မှာ တွေ့ဆုံမေးမြန်းခဲ့ပြီး ကာယကံရှင်တွေက ရိုက်နှက်မှု ကျူးလွန်တယ်လို့ ၀န်ခံကြောင်း မြန်မာကိုယ်စားလှယ်တွေကို ပြောဆိုခဲ့ပါတယ်။

အမှုတခုလုံး ခြုံငုံတွေ့ရှိချက်နဲ့ပတ်သက်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က “ကျနော်တို့က ပထမဆုံး စွပ်စွဲခံရတဲ့ ဗမာနှစ်ယောက်ကို သွားတွေ့ပြီး ထွက်ချက်တွေကို ရယူပါတယ်။ ရယူတဲ့အခါမှာ ကျနော်တို့ပြောသလိုပါပဲ၊ ဒီကလေးတွေ ၀န်ခံတယ်ဆိုတဲ့အချက်က နှိပ်စက်ညှဉ်းပန်းမှုကြောင့် ၀န်ခံတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။ မောင်မောင့်ကို စစ်ဆေးတဲ့ အခါမှလည်း အမှုနဲ့ပတ်သက်လို့ မြင်တာသိတာ မရှိဘူးလို့ ပြောပါတယ်။ ဒီမှုခင်း မဖြစ်ခင်မှာ သူတို့သုံးယောက်က ဘီယာသောက်ခဲ့တာကလွဲလို့ (နောက်ပိုင်း) အတူရှိမနေဘူးဆိုတာ ပြောပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် အမှုတွဲကို ကျနော်တို့ မလေ့လာရသေးပေမယ့် အခင်းဖြစ်နေရာကို သွားကြည့်ခဲ့တယ်၊ တရားခံတွေရဲ့ထွက်ဆိုချက်၊ နောက်ပြီးတော့ ထိုင်းရဲကနေ အထူးတရားလိုပြသက်သေထားတဲ့ မောင်မောင်တို့ရဲ့ ထွက်ဆိုချက်တွေကို ကြည့်မယ်ဆိုရင် ဒီကလေးတွေအနေနဲ့ ပြစ်မှုကျူးလွန်တာ မတွေ့ရှိခဲ့ရပါဘူး” လို့ ပြောပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှဒေသ လက်ထောက်ညွန်မှူး Phil Roberson က “သံသယနဲ့ ချုပ်ထားတဲ့ မြန်မာနှစ်ဦးက အချုပ်မှာ ရဲက သူတို့ကို ညှဉ်းပန်းနှိပ်စက်တယ်လို့ သူတို့ရဲ့ရှေ့နေကို စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး သမာသမတ်ကျကျ အပြည့်အ၀၊ စုံစမ်းဖော်ထုတ်ရပါမယ်။ ဒီစွပ်စွဲချက်ပါ အချက်အလက်တွေမှန် တယ်လို့ ဖော်ထုတ်တွေ့ရှိရင် မတော်မရားပြုလုပ်မှုတွေမှာ ပါဝင်တဲ့ တာဝန်ရှိသူအားလုံးကို ရာထူးအဆင့်အတန်းမရွေး ရာဇ၀တ်မှုနဲ့ အရေးယူဆောင်ရွက်သင့်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြားမဖွယ်မရာ ကိုင်တွယ်ဆောင်ရွက်ချက်တွေ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေအပေါ် လွတ်လပ်တဲ့၊ ပွင့်လင်းမြင်သာတဲ့ စုံစမ်းဖော်ထုတ်မှုတွေ ပြလုပ်ပေးဖို့ ဒီကနေ့ ကြေညာချက်ထုတ် ပြန်တောင်းဆိုခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်သောင်းကတော့ မြန်မာအစိုးရအနေနဲ့ ဒီအမှုမှာ လက်တွေ့ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတော်အဆင့် ရောက်မှသာလျှင် အမှုမှန်ပေါ်ပေါက်လာနို်င်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ငါတို့ လုပ်နေပြီ၊ ငါတို့ စောင့်ကြည့်နေပြီပုံစံမျိုးမဟုတ်ဘဲ ငါတို့ကိုယ်တိုင် ဒီကလေး ၂ ယောက်ရဲ့ အဖြစ်မှန်တိုင်းဖြစ်အောင် ကူညီပါတယ်ဆိုတဲ့ အကုန်အကျခံပြီးတော့မှ လုပ်မှသာ အဆင်ပြေမယ်လို့ ကျနော်ထင်တယ်။”

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
DVB
http://burmese.dvb.no/archives/67228

ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ် ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ ၀န်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့က ခုခံကာကွယ် ပြောဆို ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းပုံတွေဟာ တရားနည်းလမ်းမကျကြောင်း စွပ်စွဲပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေသလို၊ ဒီအမှု မြန်မြန်ပြီးပြတ် အောင်ဆောင်ရွက်ဖို့လည်း ထိုင်းရဲတပ်ဖွဲ့အပေါ် ဖိအားပေးခံနေရတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံသားနှစ်ယောက်က သူတို့ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ကြသလို၊ အလောင်းတွေမှာတွေ့ရတဲ့ DNA ခေါ် မျိုးဗီဇတွေနဲ့ သူတို့ရဲ့ မျိုးဗီဇတွေ တူညီနေတာလည်း ငြင်းလို့မရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

မနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ထိုင်းအမျိုးသား ရဲချုပ်ဗိုလ်ချုပ်ကြီး ဆွန်ယွတ်က ဒီအမှုမှာပါဝင်ဆောင်ရွက်နေကြတဲ့ ရဲဝန်ထမ်းအားလုံးဟာ သူတို့တာဝန်ကို တကယ်ပဲ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ အတိအလင်း ပြောချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမှုကို စုံစမ်းဖို့ မြန်မာသံရုံးက တာဝန်ပေးထားတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကတော့ ဒီအမှုဟာ ခိုင်မာတဲ့အချက်တွေပေါ်မှာ အခြေခံထားတာမဟုတ်ဘဲ ဆင်ထားတဲ့အမှုဖြစ်ကြောင်း၊ အမှုတွဲမှာ ဖေါ်ပြထားတာတွေနဲ့ သက်သေအထောက်အထားတွေဟာ ကိုက်ညီမှုမရှိကြောင်း ပြောခဲ့ပါတယ်။

ဒီအမှုကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားရုံးကို တင်မှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


လိပ်ကျွန်း လူသတ်မှု အဓိကမျက်မြင်ဟု ထိုင်းအစိုးရက သက်သေအဖြစ် ရွေးထားသော မောင်မောင်က အဆိုပါ လူသတ်မှုကို မိမိအနေဖြင့် မြင်လည်းမမြင်၊ သိလည်း မသိကြောင်း ပြောကြားသည်ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အသင်း တာဝန်ရှိသူ ဦးကျော်သောင်းက News Watch ကို ပြောသည်။

ယနေ့ အောက်တိုဘာ ၈ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်မှ ၁၂ နာရီ ၁၀ မိနစ်ခန့်ထိ မောင်မောင်နှင့်တွေ့ဆုံရခဲ့ခြင်းအပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"မောင်မောင်ရဲ့ထွက်ဆိုချက်ကြောင့် ထောင်ထဲက စွပ်စွဲခံ ကလေးနှစ်ယောက်ဟာ လူသတ်ပါတယ်လို့ဖြစ်သွားမယ့် အား နည်းပါတယ်၊သူ့ရဲ့ ထွက်ဆိုမှုဟာ လူသတ်မှုမမြောက်နိုင်ဘူး"ဟု ယင်းကပြောသည်။

ယနေ့မောင်မောင်ကို သွားရောက်တွေ့ဆုံခဲ့သူများမှာ မြန်မာကောင်စစ်ဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း၊ တရားလွှတ်တော်ရှေ့နေများ ပါဝင်သော စုံစမ်းရေးအဖွဲ့ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်နဲ့အတူ အလုပ်အတူတူလုပ်တာ နှစ်နဲ့ချီကြာပါပြီ။ သူတို့ကအကျင့်စရိုက်က ရမ်းကားသူတွေမဟုတ်ဘူး။ဒါကြောင့်လုံးဝမဖြစ်နိုင်၊ ကျွန်တော်ကိုယ်တိုင်မယုံဘူး၊သူတို့ကို ကျွန်တော်တို့နဲ့ ဖမ်းတဲ့အခါ အရက်မူးမူးနဲ့ဖြစ်သွားတယ်ဆိုတဲ့ စကားကိုပဲ ကြားလိုက်တယ်။ကျန်တာ ကျွန်တော် မသိဘူး ဆိုးပြီးတော့ မောင်မောင်ကပြောပါတယ်"ဟုဦးကျော်သောင်း ကပြောပြသည်။

ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုထားသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

''ကျွန်တော့သားလေးနဲ့ စကားပြောချင်တယ်''

လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦး၏ ဖခင်နှင့် မေးမြန်းခြင်း

ရန်ကုန် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း)တွင် ဗြိတိန်စုံတွဲကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦး ဖမ်းဆီးခံထားရသည်။ ၎င်းတို့ နှစ်ဦးအနက် ကိုဝင်းဇော်ထွန်း၏ ဖခင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ ကာပီချောင်း ကျေးရွာနေ ဦးထွန်းထွန်းထိုက်ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်းဇော်ထွန်း(ဘယ်)နှင့် ကိုစော(ညာ) တို့အား တွေ့ရစဉ် (ဓာတ်ပုံ-အီးပီအေ)
မေး- ကိုဝင်းဇော်ထွန်း ထိုင်းကိုဘယ်လို သွားခဲ့လဲ။

ဖြေ- ရှစ်တန်းအောင်တော့ ရွာမှာ အထက်တန်းကျောင်းမရှိတော့ ကျောက်ဖြူ အထက ၁မှာ ကိုးတန်းထားတယ်။ အဲဒီမှာ သူ့သူငယ်ချင်း အောင်လင်းဇော်နဲ့တွေ့ပြီး အောင်လင်းဇော်ရဲ့ မိဘတွေက ထိုင်းမှာနေတယ်။ အဲဒါနဲ့ သူလည်းလိုက်သွားမယ်ဆိုပြီး လိုက်သွားတယ်။ အိမ်ကိုမပြောသွားဘူး။ ရန်ကုန်ရောက်မှ ဖေဖေသား ထိုင်းကို သွားတော့မယ်ဆိုပြီး ဖုန်းဆက်တယ်။
မေး- အဲကို သွားဖို့ငွေကြေးကကော။

ဖြေ- သူတို့ ရန်ကုန်ကိုရောက်တဲ့ အခါ အောင်လင်းဇော်ရဲ့ အမေက ကျွန်တော်တို့ကို ဖုန်းဆက်ပြီး သူတို့နှစ်ယောက်ထိုင်းကိုလာဖို့ တစ်ယောက်ကို သုံးသိန်းလိုတယ်ဆိုပြီး ဖုန်းဆက်တယ်။ ကျွန်တော်တို့ ဒီက လွဲလိုက်ရတယ်။
မေး- ထိုင်းရောက်ပြီးမှ အိမ်ကို အဆက်အသွယ်လုပ်လား။

ဖြေ-ဖုန်းဆက်တာတော့ မရှိဘူး ရွာမှာလည်း သူသွားပြီးနောက်ပိုင်းမှ ဖုန်းတစ်လုံးနှစ်လုံးလောက် ရှိကြတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ပြန်လာသေးတယ် ။မေလ လောက်မှာ ပြန်သွားတယ်။ သူ့အမေက မသွားဖို့တားသေးတယ်။ သူက အလုပ်လုပ်ချင်တယ်။ ရွာမှာ ဘာအလုပ်လဲမရှိဆိုပြီး မရမကပြန်သွားတယ်။
မေး-ဘာလို့ သူ့ကို ထိုင်းကိုမသွားစေချင်တာလဲ။

ဖြေ- ကျွန်တော့်သားလေးက ကူညီတတ်တယ်။ သူငယ်ချင်းတွေ ကိုခင်မင်တတ်တယ်။ သူများက လိုချင်တယ်ဆိုရင် သူ့ဝတ်ထားတဲ့ အကျီကိုတောင် ချွတ်ပေးပြီး ကိုယ်တုံးလုံးနဲ့ အိမ်ပြန်လာဖူးတယ်။ ရွာမှာလည်းဟော့ဟော့ရမ်းရမ်း နေတတ်တဲ့သူမျိုးမဟုတ်ပါ။ သူများနိုင်ငံမှာ မလည်မဝယ်နဲ့ ဒုက္ခရောက်မှာကို သူ့အမေက စိုးရိမ်တယ်။ ကျွန်တော်ကတော့ ယောင်္ကျားလေးပဲ ဘာမှ မဖြစ်ဖူးဆိုပြီး အဲဒီလောက်တော့ မစိုးရိမ်ဘူး။
မေး- သူနဲ့လည်း အဆက်အသွယ်မရှိဆိုတော့ အခုလိုပြသနာဖြစ်တာကို ဘယ်လိုသိလဲ။

ဖြေ- ရွာက ကော့သောင်(လိပ်ကျွန်း)မှာနေတဲ့ သူတွေက ရွာကို ဖုန်းဆက်တယ်။ ၀င်းဇော်ထွန်း ကို လူသတ်မှုနဲ့ ဖမ်းသွားတယ်လို့ပြောတယ်။ ပထမတော့ သူ့အမေက နာမည်တူတာလို့ထင်တယ်။ ကိုယ့်သားက လူသတ်ရလောက်အောင်လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ နောက်မှ တီဗီမှာ ကျမှ ယုံတယ်။ သူ့အမေက ထမင်းလည်းမစားဘူး၊ ရေလဲမချိုးဘူး၊ ကြာရင် သေရင်သေ မသေရင်ရင် ရူးဖို့လားမသိ။

မေး- ကိုဝင်ဇော်ထွန်းလွတ်မြောက်ဖို့ ဘာတွေ ကြိုးစားထားသေးလဲ။ရန်ကုန်ကိုလာဖို့ ဒါမှ မဟုတ်ထိုင်းကို လိုက်သွားဖို့ အစီအစဉ်ရှိလား။

ဖြေ- ကျွန်တော်တို့ ဘာမှ မသိဘူး။ ဘယ်လိုကြိုးစားရမယ်ဆိုတာလဲ ကျွန်တော်တို့ မသိဘူး။ ရန်ကုန်ကို လာဖို့လည်း ပိုက်ဆံမရှိဘူး။ သွားလည်းမသွားတတ်ဘူး။ သူ့ကို သွားဖို့ ပိုက်ဆံကိုလည်း ကျွန်တော်တို့ချေးငှားပေးလိုက်ရတာ။
မေး- ထိုင်းမှာ ဘာအလုပ်လုပ်တယ် လို့ပြောထားလဲ။

ဖြေ- စားသောက်ဆိုင်တွေ ၊ဘန်ဂလိုတွေမှာလုပ်တယ်လို့ပြောတယ်။
မေး-သူ့ မှာ မောင်နှမတွေ ရှိသေးလား။

ဖြေ- သူ့အစ်ကို တစ်ယောက်ရှိတယ်။ ထိုင်းမှာပဲ သူက ငါးဖမ်းသဘောင်္မှာလို့ ပြောတယ်။သူနဲ့ အတူတူမနေဘူး။ အခုနောက်ဆုံး ဘယ်လို သတင်းကြားသေးလဲ။ သူ့ကို လူသတ်မှုနဲ့ ဖမ်းသွားတယ်။ ဒီက လူကြီးတွေက လိုက်သွားတယ်လို့ကြားတယ်။ ကျွန်တော် လူကြီးတွေကို တောင်းဆိုချင်တာက ကျွန်တော့သားလေးနဲ့ စကားပြောချင်တယ်။ ဒီကလိုက်သွားတဲ့ လူကြီးတွေရော၊ ထိုင်းက လူကြီးတွေရော ကူညီပေးကြပါခင်ဗျာ။
မေး- သူပြန်လွှတ်မယ်လို့ထင်လား။

ဖြေ- ကျွန်တော့သားလေးဟာ လူတစ်ယောက်ကို သတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ ကျွန်တော်သိတယ်။ ရှေ့နေ ရှေ့ရပ်တွေနဲ့ လူကြီးတွေက အမှန်အတိုင်း စစ်ပေးရင်တော့ လွှတ်မယ်လို့ထင်တယ်။



တူရကီနိုင်ငံ နယ်စပ်မျဉ်း အနီးတွင် ရှိသည့် ဆီးရီးယား နယ်စပ်မြို့ ကိုဘင်းမှာ IS အဖွဲ့ လက်အောက်သို့ ကျရောက်သွား ခဲ့ပြီ ဖြစ်သည်။ အမေရိကန်နှင့် မဟာမိတ်များသည် IS တို့အပေါ် အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေခဲ့သည့် ကြားမှပင် ကိုဘင်းမြို့ကို IS တို့က ဒေသခံ ကာ့ဒ်တပ်များ၏ လက်မှ အရယူ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။


IS တို့၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီ ဖြစ်သည့် ကိုဘင်းမြို့။ ဓာတ်ပုံ - Mirror

ဗုံးကြဲ တိုက်ခိုက်မှု များနှင့် မြို့ တွင်း အနီးကပ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရက်များ အတွင်း တူရကီ စစ်တပ်မှ တင့်ကားများ မှာလည်း နှစ်မိုင်အကွာ တွင် ရှိသည့် နယ်စပ်စည်း တစ်လျှောက် လုံခြုံရေး ရယူထား ရသည်။ စစ်ရေး အရ မဟာဗျူဟာ ကျသည့် ကိုဘင်းမြို့ကို ကာ့ဒ်တပ်ဖွဲ့ များ အနေဖြင့် အသည်းအသန် ခုခံကာကွယ် ခဲ့သော်လည်း IS တိုက်ခိုက်ရေး သမားများက အီရတ်ရှိ စစ်အခြေစိုက် စခန်းမှ သိမ်းယူရရှိသည့် တင်းကားများ၊ လက်နက်ကြီး များဖြင့် ထိုးစစ်ဆင် တိုက်ခိုက် မှုကြောင့် လက်လွှတ် ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိတွင် ဆီးရီးယား ဂျီဟတ်တို့သည် ၎င်းတို့၏ အနက်နှင့် အဖြူ ရောစပ်ထားသည့် အလံများကို မြို့ ရှိတိုက်တာ အဆောက်အဦ များတွင် လွှင့်ထူထားပြီဖြစ်သည်။

"မြို့ တွင်းမှာ တိုက်ပွဲလေးတွေတော့ ဖြစ်နေတုန်းပဲ။ ကာ့ဒ် တပ်တွေက မြို့ကို အလုံးစုံ စွန့်ပစ်သွားတာ မျိုးတော့ မဟုတ်သေးဘူး။ မြို့ သူမြို့သား တွေကတော့ ရာနဲ့ ချီပြီး မြို့ကို စွန့် ပြေး သွားကြပါပြီ"ဟု ဆီးရီးယား လူ့ အခွင့်အရေး စောင့်ကြည့်ရေး ဥက္ကဌဖြစ်သူ ရာမီ အဗ္ဗဒူ ရတ်ရှ်မန်းက ပြောသည်။ တူရကီ သမ္မတ ရီဆက် တေးရစ်အာဒိုဂန်က "ကိုဘင်းမြို့ ကျသွားပြီ ဖြစ်ပါတယ်"ဟု ယာယီ စခန်းများရှိ ဒုက္ခသည်များကို ပြောသွားသည်။

ကိုဘင်းမြို့ ကို အိုင်အက်စ်တို့ လက်ရ သိမ်းပိုက်နိုင်သွား ခြင်းသည် ဆီးရီးယား အလက်ပို ပြည်နယ်နှင့် ၎င်းတို့၏ အမာခံနယ် ရာကာ ကြားမှ အရှေ့ ဖက်နယ်များ ထံသို့ ဆက်သွယ်မှုကို လွယ်ကူ သွားစေမည် ဖြစ်သည်။ တူရကီ-ဆီးရီးယား နယ်စပ်တစ်လျှောက် အကွာအဝေး ကျယ်ပြန့် စွာ လည်း ထိန်းချုပ်သွားနိုင် စေမည် ဖြစ်သည်။

"IS တွေရဲ့ ထိုးစစ်က တစ်နေ့ ထက် တစ်နေ့ ပြင်းထန်လာတယ်။ အမြောက်ဆံတွေ အမြောက်အမြား ပစ်ခတ်တာကြောင့် မြို့ သူမြို့ သားတွေ များစွာသေကျေ ပျက်စီးရ ပါတယ်"ဟု ကာ့ဒ်တပ်ဖွဲ့ ခေါင်းဆောင်အစ်မတ် ရှိတ်ဟာဆန်က ပြောသည်။ သိမ်းပိုက် ခံရသည့် ကိုဘင်းမြို့ အနီးရှိ တူရကီဘက်ခြမ်းမှ တောင်တစ်လုံး အနီးတွင် တူရကီ တင့်ကား ဒါဇင်ကျော်မှာ ခံစစ်အနေအထားဖြင့် တပ်စွဲထားသည်။ မြို့ သိမ်း တိုက်ပွဲ အတွင်း အရပ်သား ၄၀၀ ကျာ် သေဆုံးကြောင်း ခန့် မှန်း ထားသည်။

(မဇ္ဈိမ) 


ရန်ကုန် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ အပန်းဖြေကမ်းခြေတစ်ခုတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှု၌ တရားလိုပြသက်သေဖြစ်နေသည့် ကိုမောင်မောင်က လူသတ်မှုဖြင့် စွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး သတ်မသတ်ကို သူမတွေ့မမြင်ကြောင်း ၎င်းနှင့် တွေ့ဆုံခဲ့သည် မြန်မာသံရုံးမှ တာဝန်ရှိသူကို ပြောခဲ့သည်။


ကမ္ဘာလှည့်ခရီးသည်စုံတွဲကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသော ကိုဝင်းဇော်ထွန်း(ဘယ်)နှင့် ကိုစော(ညာ) တို့အား တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)

စောစောပိုင်းကမူ ထိုင်းရဲများက စွပ်စွဲခံ မြန်မာနှစ်ဦးမှာ လူသတ်သမားများဖြစ်ပြီး၊ ကိုမောင်မောင်က မျက်မြင် သက်သေဖြစ်သည်ဟု ပြောဆိုထားခဲ့သည်။

မြန်မာကောင်စစ်ဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း၊ တရားလွှတ်တော်ရှေ့နေများ ပါဝင်သော စုံစမ်းရေးအဖွဲ့သည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်း၌ အချင်းဖြစ်သည့် ကော့စမွေကျွန်း၊ ဘိုဖို့ရဲစခန်းတွင် ကိုမောင်မောင်နှင့် တွေ့ခွင့်ရခဲ့သည်ဟု မြန်မာသံရုံး၏ အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာများ စွပ်စွဲခံနေရသည့် ထိုင်းနိုင်ငံလူသတ်မှုကို ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တို့ကို အောက်တိုဘာ ၇တွင် နေပြည်တော်သို့ ခေါ်ယူညွှန်ကြားထားသည်ဟု သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးက အတည်ပြုသည်။

ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်၌ အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ကို သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးထားသည်။

ကိုမောင်မောင်သည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာလုပ်သားအရေးဆောင်ရွက်သည့်အဖွဲ့နှင့် မြန်မာကောင်စစ်ဝန် ဦးဆောင်သော စုံစမ်းရေးအဖွဲ့တို့ အောက်တိုဘာ ၇ နှင့် ၈ နှစ်ရက်ဆက်တိုက် တွေ့ဆုံ ဖြေကြားခဲ့သည်။

ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (Migrant Worker Rights Network M.W.R.N) မှ ဦးစိုင်းစိုင်း၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ မဇာ၊ လူ့အခွင့်အရေးကော်မရှင် (ထိုင်းနိုင်ငံ) အဖွဲ့ဝင် ထိုင်းနိုင်ငံသား မစ္စတာ နွယ်နှင့် ထိုင်းနိုင်ငံသား ရှေ့နေ့တစ်ဦးတို့သည် ကိုမောင်မောင်နှင့် အောက်တိုဘာ ၇ က တွေ့ဆုံခဲ့သည်။