10/15/14


ကော့မှူးမြို့နယ်တွင် ဖဲဝိုင်း လောင်းကစားပြုလုပ်သူ ရဲတပ်ကြပ် တစ်ဦးကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူရန် စီစဉ်ဆောင် ရွက်လျက် ရှိကြောင်း အောက်တိုဘာ လ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အောက်တိုဘာလ ၇ ရက်က လူမှုကွန်ယက်စာမျက်နှာ၌ ကော့ မှူးမြို့နယ်၊ မြို့သစ် ရပ်ကွက်၊ မြို့သစ် မူလတန်းကျောင်းရှေ့အိမ်တွင် ဖဲချိန်း ဝိုင်း တစ်ခုပြုလုပ်ကြောင်း၊ ရဲအရာရှိ ကြီး ကိုဝင်းနောင်က မိန့်မိန့်ကြီးထိုင် ပြီး ဖဲကစားနေကြောင်း စသည်ဖြင့် ဓါတ်ပုံမှတ်တမ်းနှင့် တကွ ဖော်ပြလာ သည် ကို တွေ့ရှိရခြင်းကြောင့် သက် ဆိုင်ရာမှ တာဝန်ရှိသူများက သွား ရောက် စိစစ်ဆောင်ရွက်ခဲ့ရာ ရဲအရာရှိကြီး ဝင်းနောင်ဆိုသူမှာ အရာရှိတစ်ဦး မဟုတ်ဘဲ ကော့မှူးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ရဲတပ်ကြပ် ဝင်းနောင်ဖြစ်ပြီး ၎င်းမှာ ရဲတပ်ဖွဲ့လုပ်ငန်း တာဝန်နှင့် မလျော်ညီသော လောင်း ကစားမှု၌ ကိုယ်တိုင် ပါဝင်ပတ်သက်နေကြောင်း စိစစ် တွေ့ရှိရသည်ဆို၏။

အဆိုပါ အမှုအခင်းနှင့်ပတ်သက် ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် လောင်း ကစားမှုများပပျောက်ရေးအ တွက် စီမံချက်များချမှတ်ကာ ဆောင် ရွက်နေချိန် တွင် ယင်းကဲ့သို့ လောင်း ကစားရာ၌ ကိုယ်တိုင်ပါဝင်ပတ်သက် ခဲ့သူ ရဲတပ်ကြပ် ဝင်းနောင်အား မြန် မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူခင်း သတင်း - ရာစုသစ်

The Ladies News Journal


အီဘိုလာ ရောဂါ ကူးစက် ခံရလို့ ဂျာမနီ နိုင်ငံမှာ ဆေးကုသမှု ခံယူနေတဲ့ ကုလသမဂ္ဂ ဆေးဝန်ထမ်း တစ်ယောက် ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သေဆုံးသူဟာ ၅၆ နှစ်အရွယ် ဆူဒန် နိုင်ငံသား ဖြစ်ပြီး သူ့ကို စမ်းသပ် ဆေးဝါးတွေနဲ့ ကုသ ပေးနေတဲ့ ကြားက ကွယ်လွန် သွားတာ ဖြစ်တယ်လို့ ဆရာဝန် တွေက ပြောပါတယ်။

သူ့ကို ပြီးခဲ့တဲ့ တစ်ပတ်က လိုင်ဘေးရီးယား နိုင်ငံ ကနေ ခေါ်လာခဲ့ပြီး ဂျာမနီ နိုင်ငံ လိုက်ပ်ဇစ်ခ် Leipzig မြို့က St Georg ဆေးရုံမှာ ကုသမှု ပေးနေခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဂျာမနီမှာ ကုသပေးနေတဲ့ အီဘိုလာ ရောဂါရှင်တွေထဲက ၃ ဦး မြောက် ဖြစ်ပြီး ကျန်နှစ်ဦး အနက် တစ်ဦးကတော့ အခြေအနေ ပြန်လည် ကောင်းမွန်လာတယ်လို့ သိရပါတယ်။

တစ်ခါ ဗြိတိန် နိုင်ငံမှာလည်း လန်ဒန်မြို့ ဟီသရိုး လေဆိပ်မှာ ခရီသည်တွေကို ရောဂါ ရှိမရှိ စတင် စမ်းသပ် စစ်ဆေးနေပါတယ်။

အီဘိုလာ ရောဂါ အဆိုးဆုံး ဖြစ်ပွားနေတဲ့ အနောက် အာဖရိက တိုက်က လိုင်ဘေးရီးယား၊ ဆီယာရာ လီယွန်းနဲ့ ဂီနီ နိုင်ငံတို့က လာရောက်တဲ့ ခရီးသည်တွေကို ရောဂါနဲ့ ပတ်သက်ပြီး စစ်မေးတာ၊ ကိုယ်အပူချိန် တိုင်းတာတွေ ပြုလုပ်နေပါတယ်။

http://www.bbc.co.uk/burmese/world/2014/10/141014_ebola_un_worker


၂ဝ၁၅လွန် မြန်မာပြည် အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွက် လူထုအခြေပြုအဖွဲ့အစည်းတွေရဲ့ နှီးနှောဖလှယ်ပွဲတစ်ခုကို အောက်တိုဘာ ၁၄ရက်နေ့ကစပြီး ၃ရက်ကြာ ရန်ကုန်မြို့မှာ ကျင်းပနေပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ နီးလာချိန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ လူမျိုးရေးပဋိပက္ခနဲ့ လယ်ယာသိမ်းဆည်းမှုတွေကိစ္စ ဘယ်လိုဖြေရှင်းကြမှာလဲ။

ပဋိပက္ခတွေများလာရင် ရွေးကောက်ပွဲအကြိုမှာ ဖြေလျော့ထားတာတွေကို ပြန်လည်တင်းကြပ်သွားနိုင်တာမို့ ဒီလိုမဖြစ်အောင် ဘယ်လိုပူးပေါင်းပြီး အဖြေရှာကြမလဲ၊ အရပ်ဖက်အဖွဲ့အစည်းတွေအချင်းချင်း ဘယ်လိုကူညီကြမလဲဆိုတာတွေကို ဆွေးနွေးဖို့အတွက် ဖြစ်ပါတယ်လို့ ပေါင်းကူးအဖွဲ့က ဒေါက်တာကျော်သူက ဆိုပါတယ်။

မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိသဟာယကျောင်းမှာ ကျင်းပတဲ့ ဒီနှီးနှောဖလှယ်ပွဲကို မြန်မာတစ်နိုင်ငံလုံးက အရပ်ဖက်အဖွဲ့အစည်းအားလုံးရဲ့ ကိုယ်စားလှယ်ပေါင်း ၇ဝဝကျော် တက်ရောက်နေကြပြီး လယ်သမား၊ အလုပ်သမား၊ ကျောင်းသားနဲ့ လူငယ် စတဲ့အရေးကိစ္စမှန်သမျှ ဆွေးနွေးမှာဖြစ်ပြီး အသွင်ကူးပြောင်းရေးကာလ လုပ်ဆောင်ချက်တွေ သုံးသပ်ပြီး ဒေသတွင်း အစိုးရတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကြံပြုချက်တွေကိုလည်း တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေထွက်လာပေမယ့် လက်တွေ့မှာ တကယ်ကောင်းရဲ့လားဆိုတာ ပြန်ဆန်းစစ်သင့်ပြီး မှတ်ပုံမတင်တဲ့အဖွဲ့တွေကို ဖိအားပေးလာတာမျိုးတွေ ဖြစ်လာနိုင်ရုံသာမက ကန့်သတ်ချက်တွေ ဖြစ်နိုင်တုန်းပဲလို့ ဆိုပါတယ်။

လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဆိုတာ ပြည်သူနဲ့အစိုးရကြား ပေါင်းကူးထိန်းသိမ်းပေးတဲ့ ကဏ္ဍမှာရှိတာမို့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို တင်ပြသွားမှာဖြစ်တဲ့အတွက် ဒီလုပ်ဆောင်ချက်တွေက ထိရောက်အောင်ဆောင်ရွက်နိုင်ပါမယ်လို့ မခင်လေးက ဆိုပါတယ်။

မပါဝင်လာသေးတဲ့ အဖွဲ့တွေအားလုံး ဒီနှီးနှောဖလှယ်ပွဲမှာ ပါဝင်လာဖို့ လုပ်သင့်တယ်ဆိုတဲ့ အကြံပေးချက်တွေလည်း ရှိနေပါတယ်။
ုKamiyut media

ပြီးခဲ့တဲ့ရက်ပိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ စာဖတ်သူတွေအတွက် အတော်လေး တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတစ် ယောက်ကိုလိမ်ညာခေါ်၊ ရန်ကုန်မြို့လယ်ခေါင် အလွန် လူစည်ကားရာ စမ်းချောင်းက အိမ်တစ်အိမ်မှာ ပိတ်လှောင်ပြီး ထွက်ပြေးလို့မရအောင် လုပ်၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံရသတဲ့။ တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး အိမ်နီးချင်း ထိုင်းနိုင်ငံလိုမျိုးမှာပဲ ကြားရလေ့ရှိတဲ့ မှုခင်းမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံစီးပွားရေးမြို့တော် ရန်ကုန်လိုမှာတောင် ခုလို ကြောက်စရာမှုခင်းမျိုး ရှိလာနေပါပြီလား၊ ဒီလို ပြဿနာ မျိုးဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြ သွားပါ့မယ်။
.
ဖြစ်စဉ်မှာ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေးဟာ လှိုင်သာယာက အသက် (၁၈) နှစ်အရွယ် မိန်းကလေး တစ်ယောက်ပါ။ သူဟာ အိမ်ထောင်ကျပြီးနောက် ယောက်ျားနဲ့ကွဲပါတယ်။ တစ်နှစ်လောက် ကွဲပြီးနောက် ယောက်ျားနဲ့ ပြန်ပေါင်းပါတယ်။ ပြန်ပေါင်းပြီးနောက် သူလုပ်နေတဲ့ အထည်ချုပ်လုပ်ငန်းကနေ အနားယူနေ တာကြာလို့ မိသားစုအတွက် အလုပ်လုပ်ချင်တယ်လို့ ပြောပါတယ်။ အလုပ်လုပ်ချင်တဲ့ကိစ္စ အဒေါ်နဲ့ တိုင် ပင်၊ အဒေါ်ကနေ တစ်ဆင့်ပွဲစား အမျိုးသမီးကြီးတစ်ယောက်နဲ့ ဆက်မိ၊ အဲဒီကနေတစ်ဆင့် စမ်းချောင်းက အိမ်တစ်အိမ်ရောက်သွားတယ်လို့ ဆိုပါတယ်။
.
သူက အဲဒီအိမ်မှာ အိမ်အကူအဖြစ် အ၀တ်လျှော်၊ ထမင်းချက်၊ မီးပူတိုက်အလုပ် လုပ်ရမယ်ထင်ပြီး ရောက် သွားတာပါ။ အိမ်မှာတော့ “စမိုင်း” ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအိမ် အရောက် အလုပ်ရှင်က ငွေငါးသောင်း ထုတ်ပေးတော့ပွဲစားကို လေးသောင်း၊ သူ က တစ်သောင်းပဲရ တယ်လို့ ဆိုတယ်။ နောက်တော့ ဂျာကြီးဆိုသူက သစ်သားနဲ့ ကာထားတဲ့ အခန်းထဲထည့်ပြီး ပြည့်တန်ဆာ လုပ်ခိုင်းတော့တာပါပဲ။ မလုပ်နိုင်ဘူးပြောတော့ နင့်ကို စာချုပ်နဲ့ငွေကြိုယူပြီး အပ်သွားတာလို့ ဆိုပါတယ်။
.
သူ့ရဲ့ ပြန်ပြောပြချက်အရ ဧည့်သည် တစ်ယောက်နဲ့ နေရင် ၁၂,၀၀၀ ရတယ်လို့ သိရပါတယ်။ အလုပ် ရှင်က ၇,၀၀၀ ယူပြီး၊ သူက ၅,၀၀၀ ရတယ်လို့ ဆိုပါတယ်။ ထမင်းစရိတ် ကိုယ့်ဘာသာကိုယ် စိုက်ရတာ ပါ။ အပြင်ထွက်ခွင့် လုံးဝမပေးပါဘူး။ ထမင်းစားချင်ရင် သန့်ရှင်းရေးက တစ်ဆင့်ဝယ်ခိုင်းရတယ်လို့ ပြော ပါတယ်။ အဲဒီ အိမ်မှာ သူနဲ့အတူ တခြားမိန်းကလေး အယောက် ၂၀ လောက်လည်း ရှိတယ်လို့ ဆိုပါ တယ်။ ဖြစ်ပုံက တကယ့်ကို ရှေးခေတ်က ကျွန်ပြုတဲ့ပုံစံအတိုင်းပါပဲ။ ဒီလိုနဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ သူ့မိသား စုက စမ်းချောင်း ရဲကိုအကူအညီတောင်းပြီး စုံစမ်းခေါ်ထုတ်နိုင်ခဲ့တဲ့အတွက် ပြန်လွတ်လာခဲ့တာပါ။ အဲဒီ ပြည့်တန်ဆာအိမ်မှာ သြဂုတ်လ ၂၄ ရက်ကနေ အောက်တိုဘာ ၈ ရက် အထိ စုစုပေါင်းတစ်လခွဲနီးပါး ကြာခဲ့ပါတယ်။ သူ့ကို မိသားစုတွေက ပြန်တွေ့ခဲ့တဲ့ အချိန်လမ်းကောင်းကောင်း မလျှောက်နိုင် တော့ပါ ဘူး။ တွဲထူ ပွေ့ချီရတဲ့ အခြေအနေရောက်နေပါပြီ။ မသေမပျောက် ငရဲခန်းထဲက ထွက်လာနိုင်တာကိုပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ခုတော့ အဲဒီတရားခံတွေကို လူကုန်ကူးမှုနဲ့ အရေးယူဖို့ လုပ်နေပါပြီ။
.
ကောင်းပါပြီ။ ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ကြရအောင်ပါ။ အဲဒီ ပြည့်တန်ဆာရုံမှာ အမျိုးသမီး ၂၀ လောက် အခိုင်းခံနေရ တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်က မိန်းကလေးလို ပိတ်လှောင်ခံထားရသူ ဘယ်နှယောက် ရှိမလဲ မသိနိုင်ပါဘူး။ နောက် မိန်းကလေး အယောက် ၂၀ လောက်ရှိတဲ့ ပြည့်တန်ဆာရုံ ဖြစ်တဲ့အတွက် တစ်နေ့ တစ်နေ့ လာမယ့်သူ အယောက် ၅၀ ကနေ ၁၀၀ အကြားရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီလို လုပ်ငန်းမျိုး ရန်ကုန်၊ စမ်းချောင်းလို မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာမျိုးမှာ ခိုးကြောင်ခိုးဝှက် ဘယ်သူမှ လုံးဝမသိဘဲ လုပ်နိုင်မယ့် အခြေအနေရှိသလား စဉ်းစားကြည့်ရအောင်ပါ။
.
ရန်ကုန်က ကာရာအိုကေခန်း၊ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံတွေ ဆိုတာဟာ ထိုင်း နိုင်ငံမှာလို လက်နက်ကိုင် ကြေးစားလူမိုက်တွေ စောင့်ကြပ်တဲ့နေရာမျိုး မဟုတ်ပါဘူး။ အနည်းဆုံးအဆင့် ရပ်ကွက်အာဏာပိုင်တွေ နဲ့ နယ်မြေခံရဲတွေသိ၊ သူတို့ကို ဆက်ကြေးပေးပြီး လုပ်ရတဲ့ လုပ်ငန်းတွေများပါတယ်။ အခုဖြစ်စဉ်မှာ ဆိုရင် လည်း နေ့စဉ် လူ ၁၀၀ လောက် ၀င်ထွက်နေတဲ့ ပြည့်တန်ဆာရုံကို ရဲကမသိဘဲ ဖွင့်နေတာ လုံးဝမဖြစ်နိုင် ပါဘူး။ အခုနောက်ဆုံး ပြဿနာပေါ်သွားတာကလည်း ဆွေမျိုးတွေက စုံစမ်း၊ ဖမ်းတာက လှိုင်သာယာရဲစခန်း က သတင်းပို့လို့ ရန်ကုန်လူကုန်ကူးမှု နှိမ်နင်းရေးအဖွဲ့က ၀င်ဖမ်းတာပါ။
.
ဒီမှုခင်းအတွက် ပြည့်တန်ဆာရုံထောင်သူတွေ၊ အတင်းအကျပ် ပိတ်လှောင် ခိုင်းစားသူတွေ၊ နှိပ်စက်သူ တွေ ရှိရင်လည်း နှိပ်စက်သူတွေ၊ ပြည့်တန်ဆာရုံ ပို့ပေးတဲ့ ပွဲစားတွေ စတဲ့သူတွေကို အရေးယူရမယ့်အပြင် ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ နယ်မြေခံရဲတွေကိုလည်း အသေအချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ ရဲက လိုင်းကြေးယူပြီး အဲဒီပြည့်တန်ဆာရုံကို မျက်နှာလွှဲထားမယ်ဆိုရင် ဒါဟာ လူကုန်ကူးမှု၊ ပိတ်လှောင် နှိပ်စက်ညှဉ်းပန်းမှုအတွက် ကူညီအားပေးသူတွေပါပဲ။ သူတို့ကိုပါ ဒီအမှုတွဲထဲမှာ ထည့်ဖို့လိုပါ လိမ့်မယ်။ ဒါမှမဟုတ်ရင် ခုလိုမှုခင်းတွေ နောက်ပိုင်း ဆက်ကာဆက်ကာ ပေါ်လာဦးမှာပါ။
.
အလားတူပါပဲ။ စိတ်မချမ်းသာစရာ နောက်သတင်းတစ်ပုဒ်ကတော့ သီရိမင်္ဂလာဈေးသစ်မှာ အုပ်စုဖွဲ့ ဆက် ကြေးတောင်းနေတဲ့ လူမိုက်ဂိုဏ်းကို ဖြေရှင်းလို့ မလွယ်ဘူးဆိုတာပါပဲ။ ဆက်ကြေးတောင်း ခံရသူတွေက ရဲကိုတိုင်၊ ရဲက ခေါ်စစ်၊ မသေချာဘူးဆိုပြီး ပြန်လွှတ်၊ လွတ်သွားရင် အဲဒီလူတွေက တိုင်သူတွေကိုပိုပြီး ဒုက္ခပး၊ နောက်အခါ မတိုင်ရဲ ဒီလိုနဲ့ လူမိုက်ဂိုဏ်း ကြီးစိုးနေတာပါ
.
ဒါနဲ့ပတ်သက်ရင် သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းတွေ တာဝန်ရှိပါတယ်။ ပြဿနာတစ်ခု ပေါ်ပြီဆိုတာနဲ့ ဘယ် သူ့ကို မဆိုသင့်လျော်သူတစ်ယောက်ယောက်ကို တာဝန်ပေး ဖြေရှင်းခိုင်းရပါမယ်။ သူ လိုအပ်တာတွေကို အဆင့်ဆင့်သော ရဲတပ်ဖွဲ့က နောက်ကနေ ပံ့ပိုးပေးရပါမယ်။ မဖြေရှင်းနိုင်ဘူး အရည်အချင်း မရှိဘူးဆိုရင် နယ်ပြောင်း၊ အရေးယူ၊ တစ်ခုခုလုပ်ရပါမယ်။ ဒီလိုမှသာ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင် မှာပါ။ နောက်ထပ် ရယ်စရာသတင်းတစ်ခုကလည်း ရန်ကုန်တိုင်းထဲက ရဲစခန်းတွေ တစ်နေ့ကို တရားခံပြေး တစ်ယောက်ကျ ဖမ်းပေးရမယ် ဆိုတာပါ။ အဲလိုဆိုတာကတည်းက အဲဒီ ရဲစခန်းအပိုင်နယ်မြေထဲမှာ တရားခံပြေးတွေဟာ ရဲကိုငွေပေးပြီး နေထိုင်နေကြတယ် ဆိုတဲ့ကိစ္စ ပေါ်လွင်လာစေပါတယ်။ မဖမ်းဘဲ ဆက်ကြေးယူထားလို့လည်း ရတယ်၊ စီမံချက်ရှိရင်လည်း ဖမ်းပြနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ခြုံငုံပြီး သုံး သပ်ရရင် ခုလို ပြဿနာမျိုးတွေမှာ တရားခံရှာတာမျိုးချည်း မလုပ်ဘဲ လာဘ်ပေးလာဘ်ယူလုပ်တဲ့ ရဲတွေ၊ တာဝန်မယူတဲ့ ရဲတွေ၊ အရည်အချင်းမရှိတဲ့ ရဲတွေကိုပါ စစ်ဆေးဖော်ထုတ်အရေးယူမှု ရှိမှသာ ခုလို ကြောက်စရာကောင်းတဲ့ မှုခင်းတွေ လျော့နည်းသွားမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
.
စည်သူအောင်မြင့်
.
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/30206-2014-10-14-03-03-41
.Credit : မဇ္ဈိမ


ဟောင်ကောင် မြို့လယ်ကောင်ကို ဝိုင်းဝန်း ပိတ်ဆို့ပြီး ဆန္ဒပြနေတဲ့ လူပင် လယ်ရဲ့အထက် အုန်းမှုတ်ခွက် ဆံပင်ပုံစံ မျက်မှန်လေးထောင့် ထူထူ၊ ခပ် ပိန်ပိန်ပါး ပါး ဆယ်ကျော်သက် တစ်ယောက်က တော့ ယောရှုဝဝမ် (Joshua Wong)။ သူဟာ အသက် ၁၇ နှစ်သာ ရှိသေးလို့ ဆန္ဒမဲပေးခွင့် မရှိပေမယ့် လည်း ဟောင် ကောင် ဒီမိုကရေစီ ကျောင်းသား လှုပ်ရှားမှု တွေရဲ့ ရှေ့တန်းကို ရောက်နေပါတယ်။ အော်ဟစ် အားပေးသံတွေ ရဲ့အကြား သူ့ အသံဟာ နှစ်မြုပ် သွားပေမယ့် လူအုပ် ပရိသတ် ကြီး ကတော့ စိတ်မပျက်ပါဘူး။ ယောရှုဝ ရဲ့သတင်း စကားကို သူတို့ သိကြပါတယ်။
.
”နိုင်ငံတော် သီချင်း စသီဆိုတာကို ကြားရတဲ့ အခါ ကျွန်တော် ဘာမှမခံစား ရပေမယ့် ဒေါသ ထွက်ရပါတယ်။ ကျွန် သပေါက် မဖြစ်ချင်တဲ့သူတွေ အားလုံး ထလော့လို့ သီချင်းကို ဆိုတဲ့အခါ ကျွန် တော်တို့ အပေါ် ဆက်ဆံရေးဟာ ကျွန် တွေကို ဆက်ဆံရေးနဲ့ ဘာကြောင့် မကွာ ခြားတာလဲ”လို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြုတဲ့ နိုင်ငံတော် အလံတင် အခမ်းအနားပွဲ အပြီးမှာ ယော ရှုဝ ဝမ် က ပြောကြားခဲ့တာပါ။
.
လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကစပြီး ဟောင်ကောင် တက်ကြွ လှုပ်ရှားသူများ အသိုင်းအဝိုင်း မှာ ယောရှုဝဟာ ထင်ရှား လာပါတယ်။ တရုတ် အစိုးရ က ဟောင် ကောင် ကျောင်းတွေ မှာ မျိုးချစ် စိတ်ဓာတ် ပညာရေး အစီအစဉ်တွေ စတင်လုပ် ဆောင်တာ ဆန့်ကျင်ဖို့ ကျောင်းသားထု ကို သူက စည်းရုံး စုဝေးခဲ့တာပါ။ ဒါဟာ တရုတ် ကွန်မြူနစ် ပါတီက ဝါဒဖြန့်တာလို့ ယောရှုဝတို့က တိုက်ခိုက် တုံ့ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဟောင်ကောင် ဆန္ဒပြပွဲတွေ ကို စတင်ရာမှာ သူဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကပါဝင်ခဲ့ပြီး အစိုးရရုံး အဆောက်အအုံ တစ်ခုကို ရုတ် တရက် ဝင်စီးဖို့ ဦးဆောင်ခဲ့လို့ အဖမ်းခံ ခဲ့ရပါတယ်။ အဲဒီနောက် မှာတော့ မူလ စီစဉ်ခဲ့တာ ထက်စောပြီး လူထောင်ပေါင်း များစွာဟာ ဟောင်ကောင် မြို့လယ် က လမ်းတွေပေါ်ကို ထွက်လာပါတယ်။
.
ပေကျင်း နဲ့နီးနီးစပ်စပ် အဆက်အ သွယ်ရှိတဲ့ ဟောင်ကောင် သတင်းစာတွေ က ယောရှုဝကို အမေရိကန် ပြည်ထောင် စုရဲ့ ကိရိယာ တန်ဆာပလာ တစ်ခုလို ဖော်ပြပြီး ပုံဖျက် ခဲ့ကြတယ်။ တရုတ်အုပ် ချုပ်ရေး ခေတ်အောက်က ပထမ ဟောင်ကောင် မျိုးဆက်သစ်လို့ သူ့ကို သတ်မှတ် ဖို့အတွက် အာဏာပိုင်တွေ အနေနဲ့ ခက် ခဲမှုတွေ ရှိသလို ပေကျင်း ရဲ့ သြဇာလွှမ်း မိုးမှု လက်လှမ်းမမီတဲ့ မျိုးဆက်လို့လည်း ပြောရခက်ပါတယ်။
.
ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဗြိတိန်ထံမှ တရုတ်သို့ လက်လွှဲမယူခင် ကိုးလခန့်လောက်မှာ ယောရှုဝကို မွေးဖွား ခဲ့တယ်။ တရုတ်ကွန်မြူနစ် ပါတီက ဟောင်ကောင် မြို့ သူ မြို့သားတွေကို မျိုးချစ်စိတ် ရှိတဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်အောင် အင်နဲ့အားနဲ့ လုပ်ဆောင် ပုံသွင်း နေတဲ့အချိန်မှာ သူ ကြီးပြင်းလာ ခဲ့တယ်။ ဟောင်ကောင် ဆန္ဒပြပွဲတွေ မှာ ယောရှုဝ တစ်ယောက် လူသိ ထင်ရှားဖြစ်လာရတာ လည်း ဟောင်ကောင်နိုင်ငံရေး အရွေ့ကို ပြသရာ ရောက်ပါတယ်။ အစဉ်အလာ နိုင်ငံရေး ပါတီတွေ လက်လှမ်း မမီတော့ တဲ့ အင်တာနက် အပေါ်မှာ လူငယ်လူထု ရဲ့ ဒေါသတရားဟာ ကြီးမား ကျယ်ပြန့် လာခဲ့တယ်။ ဒေသဆိုင်ရာ အာဏာပိုင် တွေ ကို တွေဝေ သွားစေခဲ့ တယ်။ တရုတ် ပြည်မကြီးက ကွန်မြူနစ် ပါတီ ကြီးကြပ်မှု ကို အမျက် ထွက်စေခဲ့တယ်။ ဒီအပြောင်း အလဲက ယောရှုဝ ဝမ် ကို နိုင်ငံရေး ကြယ်ပွင့် တစ်ခုဖြစ်အောင် ပို့ပေး ခဲ့တယ်။ ရှိုး တိုးရှန့်တန့် ဆယ်ကျော်သက် ခံစားမှုနဲ့ လေးလေး နက်နက် နိုင်ငံရေးသမား ဘဝ နှစ်ခုကြားက ဗန္ဓတ်ကပြား မျိုးစပ်ပုံစံဖြစ် လာခဲ့တယ်။ အခုအချိန်မှာ အနီး အနား မှာထောက်ခံ အားပေးသူတွေ မရှိရင် တီဗီ ကင်မရာတွေ၊ သတင်းထောက်တွေက သူ့ကို ဝိုင်းရံ ထားပါတယ်။ မကြာသေးမီ က ဆန္ဒပြ လှည့်လည် ပွဲတွေ မတိုင်ခင် မှာ တောင် လူစိမ်းတွေက တစ်ခါတစ်ရံ လာရောက် လက်ဆွဲ နှုတ်ဆက်ကြ၊ ပခုံး ပုတ်ကြ၊ ကျောင်းသင်ခန်းစာ နဲ့ ရမှတ် တွေမေးကြ လုပ်နေကြပါတယ်။ ယောရှုဝ နဲ့ သူ့ အတန်းဖော်တွေ ကတော့ သူတို့ ကိုယ်တွယ် အသုံးချနေရတဲ့ ‘သြဇာ’ ကို ပါးပါးနပ်နပ် သတိထားမိ ကြပါတယ်။ လက်ရှိ ဆန္ဒပြပွဲတွေ ကို ဦးတည်ချက် ထားတဲ့ ပေကျင်း အဆိုပြု ရွေးကောက်ပွဲ စည်းမျဉ်းတွေ မထုတ်ပြန်ခင် အစောပိုင်း ဇွန်လလောက် ကတည်းက The New York Times အင်တာဗျူး တစ်ခုမှာ ယောရှုဝ က ”ရွေးကောက် ပွဲကို ပုံစံ ပြောင်းလဲရေးဟာ မျိုးဆက် စစ်ပွဲဖြစ်တယ်” လို့ ပြောခဲ့ဖူးပါတယ်။
.
ဟောင်ကောင်၊ လင်ဂန် တက္ကသိုလ် က ယဉ်ကျေးမှု လေ့လာရေးဌာန တွဲဖက် ပါမောက္ခ တစ်ယောက်ဖြစ်တဲ့ မစ္စတာချိန် ယွင်ချွန် က ယောရှုဝ ဝမ် တို့ရဲ့ အထက် တန်းကျောင်းသား အဆင့်သာသာ ရှိတဲ့ မျိုးဆက်ဟာ နိုင်ငံရေး အတွေးအခေါ်နဲ့ စည်းရုံးရေး စွမ်းအားမှာ အစိုးရနဲ့ မျိုးဆက်ဟောင်းတွေ ထက် သာလွန်တယ် လို့ ပြော ခဲ့တယ်။ ပိုပြီး သတိတရား ကြီးတဲ့ ဟောင်ကောင် ဒီမိုကရက်တစ် မျိုးဆက် လို့လည်း မစ္စတာ ချိန်ယွန်ချွန်က ဆိုပါ တယ်။
.
”သူတို့ရဲ့ စိတ်နေ စိတ်ထားတွေဟာ မျိုးဆက်ဟောင်း နဲ့ အများကြီး ကွာခြားပါ တယ်။ မိဘတွေရဲ့ မျိုးရိုးဗီဇ နဲ့မတူတော့ တဲ့ ဗီဇအသစ် လို့တောင် ကျွန်တော်ခေါ် ချင် တယ်။ ကောင်းတဲ့ အမြင်နဲ့ဆိုရင် X-Man မျိုးဆက်ပေါ့။ ဟောင်ကောင် ပြည်သူတွေကို ထိတ်လန့် တုန်လှုပ်သွား အောင် ပိုမိုပြင်းထန်တဲ့ ဖြိုခွင်းမှုတွေ လုပ် လာနိုင်တယ် ဆိုတဲ့ အန္တရာယ် ကလည်း အမြဲ ရှိနေပေမယ့် ဒီမျိုးဆက်သစ်ခေါင်း ဆောင်တွေဟာ စိတ်ကူးယဉ် သမားတွေ မဟုတ်ဘူး။ သူတို့ လိုချင်တာ မရနိုင်ဘူး ဆိုတာ သူတို့ သိကြ တယ်။ တချို့ကလည်း ဆက်လက် တိုက်ပွဲဝင်ဖို့ ပြင်ဆင် ထားကြ တယ်”လို့ ပါမောက္ခ ချိန်ယွင်ချွန်က ပြောကြားပါတယ်။
.
အထက်တန်း ကျောင်းသားတွေ မှာ ရှိတဲ့ မရမက လုပ်ဆောင် တတ်တဲ့ ဇွဲ၊ စိတ်ကူး ကွန့်မြူးတဲ့ သဘော သဘာဝ၊ ငြင်းဆန်လိုတဲ့ ယဉ်ကျေးမှု စတာတွေကို ယောရှုဝ ဝမ် က ကိုယ်စားပြုတယ် လို့ လည်း ပါမောက္ခချိန် က ဖြည့်စွက်မှတ် ချက်ပေးပါတယ်။
.
ပထမတုန်းက အခုလို အင်တာနက် အခြေပြု လှုပ်ရှားမှုတွေကို ဟောင်ကောင် ပြည်သူတွေက တစ်မူထူးခြားပြီး ခပ်ကြောင် ကြောင် လုပ်ရပ်တွေလို့ပဲ ထင်ခဲ့ တာပါ။ နောက်ပိုင်း မှာ ကျောင်းသားတွေ အများ အပြား ပူးပေါင်းလာ ခဲ့ကြပြီး ပညာရေး သင်ရိုး ပြောင်းလဲမှုကို ဆန့်ကျင်ရာမှ အလားအလာ ရှိတဲ့ အင်အားစု တစ်ရပ်ဖြစ် ခဲ့ ပါတယ်။ ၂ဝ၁၂ ခုနှစ် လမ်းပေါ် ဆန္ဒပြပွဲ တွေအပြီးမှာ ဟောင်ကောင် အစိုးရက သင်ရိုးပြောင်းလဲရေး အစီအစဉ်တွေ ကို ပြန်ရုပ်သိမ်း ပေးခဲ့တယ်။ အဲဒီ အချိန် က စပြီး ဟောင်ကောင် ကျောင်းသားတွေ ဖွဲ့စည်းခဲ့တဲ့ Scholarism ပညာဝါဒီ အဖွဲ့ ဟာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကိုယ် စားလှယ်လောင်းတွေ ကို ဆန္ဒမဲ နဲ့ရွေး ချယ်ပေးမယ့် ဒီမိုကရက်တစ် ရွေးကောက် ပွဲကျင်းပပေးဖို့ တောင်းဆိုရာမှာ အဓိက အင်အားစု တစ်ရပ်ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က စာသင်ခန်းတွေ ကို ကျောင်း သားတွေ စွန့်ခွာဖို့ လှုံ့ဆော်ခဲ့ တယ်။
.
နိုင်ငံရေး အပေါ် စိတ်ဝင်စား ခုံမင် မှုကို လူမှု တရားမျှတမှု အတွက် လုပ် ဆောင်ခဲ့ကြတဲ့ မိဘတွေ ဆီက လက်ခံ ရရှိခဲ့ပါတယ် လို့ ယောရှုဝ ဝမ် က ပြော ဆိုခဲ့ပါတယ်။ သူ့မိဘ များဖြစ်ကြတဲ့ Grace နဲ့ Roger Wong တို့ကလည်း သူတို့သား အတွက် ဂုဏ်ယူကြပါတယ်။
.
လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ပေကျင်းမြို့ ထျန်အန်းမင် ရင်ပြင်မှာဖြစ်ခဲ့တဲ့ ကျောင်းသား ဆန္ဒပြပွဲတွေနောက် ဒီတစ် ခေါက် ဟောင်ကောင် မှာဖြစ်တဲ့ ကျောင်း သားတွေ ဦးဆောင် တဲ့ ဒီမိုကရေစီ လှုပ် ရှားမှုဟာ တရုတ်ကွန် မြူနစ်ခေါင်းဆောင် တွေအတွက် မျှော်လင့်ပြီးသား စိန်ခေါ်မှုတစ်ရပ် ဖြစ်ပုံရပါတယ်။ ဟောင်ကောင် အစိုးရက ဆန္ဒပြ သူတွေကို အောက်တို ဘာလ ၆ ရက် တနင်္လာနေ့ ကို နောက် ဆုံးထားပြီး ဆန္ဒပြပွဲတွေ ရုပ်သိမ်းဖို့ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးပြု ပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အခြေခံ သဘော တရားတွေကို ဟောင်ကောင် အာဏာပိုင်တွေက ကျောင်းသားခေါင်း ဆောင်တွေ နဲ့ဆွေးနွေးမယ် ဆိုတဲ့ သတင်း တွေကြောင့် သောင်း နဲ့ချီတဲ့ ဟောင်ကောင် ဆန္ဒပြ ပြည်သူတွေဟာ အိမ်ပြန် သွားကြပြီး လုပ်ငန်းခွင်ပြန် ဝင်ကြတယ်လို့ တနင်္လာ နေ့က ဘီဘီစီ ဟောင်ကောင် သတင်း ထောက် Juliana Liu က ပြော ကြားခဲ့ ပါတယ်။
.
”ကျွန်မ တို့ဖြစ်နေတဲ့ ပြဿနာက ဝိသေသ လက္ခဏာ ပြဿနာပါ။ အခု စုဝေး ဆန္ဒပြနေတဲ့ လူငယ်တွေမှာ ကိုယ် ဘယ်သူလဲ ဆိုတဲ့ ကိုယ်ပိုင် ဝိသေသလက္ခ ဏာနဲ့ ပတ်သက်ပြီး ပြဿနာ အများကြီး ရှိပါတယ်။ သူတို့ဟာ တရုတ်ပြည်မကြီးနဲ့ တူညီတဲ့ ဝိသေသ လက္ခဏာ ရှိတယ်လို့ ဘာကြောင့် လက်မခံနိုင် ရတာလဲ” လို့ ဟောင်ကောင် ဥပဒေပြု လွှတ်တော်အ မတ် တစ်ဦးဖြစ်ပြီး ယခင် ကိုလိုနီခေတ် အရာရှိဟောင်း တစ်ဦးလည်း ဖြစ်ခဲ့ဖူးတဲ့ မစ္စရက်ဂီနာအိ (Ms Regina Ip) က ဟောင်ကောင် ကျောင်းသားတွေကို မေး ခွန်းထုတ်ခဲ့ပါတယ်။
.
ဆန္ဒပြပွဲတွေ ဟာ သီတင်းပတ်နှစ် ပတ်ကျော် အကြာမှာ ပင်ပန်း လာတာနဲ့ အမျှ ယခုအခါ မဟာ ဗျူဟာမြောက် ယာယီ ဆုတ်ခွာဖို့ ဆန္ဒပြကျောင်း သား ခေါင်းဆောင်တွေ က ဆုံးဖြတ်ပုံ ရတယ် လို့ ဘီဘီစီ သတင်းထောက် Julia Liu က တနင်္လာနေ့ ဘီဘီစီ သတင်းတစ်ရပ် မှာ ပြောခဲ့ပါတယ်။
.
ဒီနေ့ ဟောင်ကောင် ကျောင်းသား မျိုးဆက်ဟာ ထျန်အန်းမင် ကျောင်းသား မျိုးဆက်လို့ ယဉ်ကျေးမှု တော်လှန်ရေး ကွန်မြူနစ် လှုပ်ရှားမှုတွေနဲ့ ရင်းနှီးကျွမ်း ဝင်ခဲ့တဲ့ မိဘတွေ ရဲ့ မျိုးဆက် မဟုတ်ဘဲ ဗြိတိသျှ ဒီမိုကရေစီ ပညာရေးကို သင်ယူ ဖူးတဲ့ မိဘတွေကို ဆက်ခံခဲ့ ရသူတွေဖြစ် ပါတယ်။ ဒါကြောင့် Umbrella Revolution ထီး တော်လှန်ရေးဟာ ပညာရေး ဝါဒီတွေရဲ့ တရိပ်ရိပ် နဲ့ ခိုင်ခိုင် မာမာ တိုး တက်လာမယ့် အီဗော်လူးရှင်း ဖြစ်စဉ် တစ်ခု ဖြစ်တာကို တွေ့ကြရဦးမှာပါ။
.
လက်ျာထွန်း
.
[The Evolution of Joshua Wong (The New York Times), Battling for Positions in Hong Kong (International New York Times)နှင့် BBC သတင်း များကို အခြေခံ၍ ဘာသာပြန် ရေးသားပါသည်။]
.
Credit : Popular Myanmar News Journal


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ရက်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ် အများပြည်သူ မြင်ကွင်းကို ထွက်လာခဲ့ပါတယ်။

လူနေရပ်ကွက်တခုနဲ့ သိပ္ပံဌာနတခုကို ကွင်းဆင်းသွားရောက်ပြီး ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အစိုးရပိုင် သတင်းဌာန KCNA ကကြေညာပါတယ်။ အခုလို Kim Jong Un အပြင်ကို ထွက်လာခဲ့တာကြောင့် သူ့ရဲ့ကျန်းမာရေးနဲ့ အာဏာ ဆက်လက်ချုပ်ကိုင်ထားမှုတွေအပေါ် အမျိုးမျိုး ခန့်မှန်း ပြောဆိုနေတာတွေကို အဆုံးသပ်သွားစေပါတယ်။

Kim Jong Un ရဲ့သတင်းကို အင်္ဂါနေ့မှာ ကြေညာသွားတာဖြစ်ပေမယ့် သူသွားရောက်တဲ့ခဲ့တာ ဘယ်နေ့ကလဲဆိုတာတော့ ပြောမသွားပါဘူး။

သူ့ရဲ့ဖခင်ဖြစ်တဲ့ Kim Jong Ii ရဲ့ အရိုက်အရာကို ၂၀၁၁ ခုနှစ်က ဆက်ခံခဲ့တဲ့ Kim Jong Un ကို နောက်ဆုံးအဖြစ် စက်တင်ဘာလ ၃ ရက်နေ့က မြင်တွေ့ခဲ့ရတာပါ။ အဲဒီတုန်းက သူ အနှစ်သက်ဆုံးဖြစ်တဲ့ Moranbong အမည်ရှိ Pop တေးဂီတ ဖျော်ဖြေပွဲကို တက်ရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

အဲဒီဂီတအဖွဲ့ဟာ အမျိုးသမီးငယ် ၅ ယောက် ပါဝင်သီဆိုတာဖြစ်ပြီး အားလုံးကို Kim Jong Un ကိုယ်တိုင် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ နှောင်းပိုင်း မြောက်ကိုရီးယား လွှတ်တော် ခေါ်ယူကျင်းပရာမှာ Kim Jong Un မတက်ရောက်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်လကျော်က Kim Jong Un ဟာ သူ့ရဲ့အဖိုး တိုင်းပြည်ကိုတည်ထောင်ခဲ့သူ Kim Ii Sung ကွယ်လွန်တဲ့ နှစ် ၂၀ ပြည့်အခမ်းအနားကို အားနည်းပြီး ထော့နဲ့ထော့နဲ့ပုံစံနဲ့ တက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူဘာကြောင့် အများပြည်သူ မြင်ကွင်းကနေ ရက်အတန်ကြာ ပျောက်နေရသလဲဆိုတာလည်း အင်္ဂါနေ့ သတင်းမှာ ပြောသွားခြင်း မရှိပါဘူး။
VOA
http://burmese.voanews.com/content/kim-jong-un-in-public-vision-in-more-than-in-40-days-/2482840.html

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား ၃ ဦးကို ကော်စမွီခရိုင်တရားရုံးက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီက စတင်ပြီး တရားလိုပြသက်သေ ၃ ဦးဖြစ်တဲ့ မောင်မောင်၊ အောင်ဇော်လင်းနဲ့ ညီညီအောင်တို့ ၃ ဦးကို ကော့စမွီခရိုင် တရားရုံးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၃ ဦးထဲက ကိုမောင်မောင်ကတော့ လူသတ်မှုမဖြစ်ခင်ညက တရားခံလို့သံသယဖြစ်ခံရသူ မြန်မာအလုပ်သမား ၂ ဦးနဲ့ အတူရှိနေတဲ့သူဖြစ်ပြီး ကိုညီညီအောင် နဲ့ ကိုအောင်ဇော်လင်းကတော့ အခန်းဖော်ဖြစ်ကာ သေဆုံးသူရဲ့ လက်ကိုင်ဖုန်းနဲ့ ဆက်စပ် စစ်မေးခဲ့တာလို့ မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သွားရောက်နာကြားတဲ့အဖွဲ့က ဦးမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။

ကိုမောင်မောင်ကိုတော့ မနက်ကနေ ညနေ ၃ နာရီလောက်ထိ အရှည်ကြာဆုံး မေးမြန်းခဲ့ကြောင်း၊ သူတို့ ဆိုင်ကယ်စီးပုံ၊ ဆိုင်မှာအရက်ဝယ်နေပုံ စသဖြင့် စသဖြင့် စီစီတီဗွီကင်မရာက ဖမ်းရိုက်ထားတဲ့ သူတို့ပုံတွေကို ဆလိုက်ရှိုးနဲ့ ပြသစစ်မေးခဲ့ကြောင်း၊ ကိုညီညီအောင်နဲ့ ကိုအောင်ဇော်လင်းတို့ ၂ ယောက်က တယ်လီဖုန်းကို သူတို့ သူငယ်ချင်းက လာအပ်လို့ ရခဲ့တာဖြစ်ပြီး ဖွင့်မရလို့ တူနဲ့ထု လွှင့်ပစ်လိုက်တဲ့အကြောင်းတွေ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

တရားလိုပြ သက်သေ ၃ ယောက်လုံးရဲ့ အဖြေမှာ လူသတ်မှုနဲ့ ပတ်သက်တဲ့ တွေ့ရှိချက်တွေ မပါခဲ့လို့ စွပ်စွဲခံထားရတဲ့ တရားခံ ၂ ယောက်ဟာ မဖြစ်နိုင်တဲ့ ပုံစံပေါ်လာတယ်လို့ ကိုမိုးဝေက ပြောပါတယ်။

“သူတို့ ၃ ယောက်စလုံး ပြောတဲ့ပုံစံကတော့ ကောင်လေး ၂ ယောက်သတ်တယ်ဆိုတာ ပြောသွားတာ တခုမှ မရှိဘူးခင်ဗျ။ ပြန်ပြီးသုံးသပ်ရမယ်ဆို ကလေး ၂ ယောက်က မဖြစ်နိုင်ဘူးဆိုတဲ့ ပုံစံဖြစ်လာပါပြီ။ ဟိုဘက်ဒီဘက်စစ်ကြတာ တရားမျှတမှုရှိပါတယ်။ ကျနော်တို့ကတော့ ကလေး ၂ ယောက်အတွက် အတိုင်းအတာတခုအထိ ကျေနပ်အားရပါတယ်။”

တရားသူကြီးက ဒီလိုအမှုမျိုးကို သာမာန်ဆိုရင် တရားရုံးမှာ ၆ လလောက်ကြာအောင် စစ်ဆေးပေမယ့် ဒီအမှုကတော့ နိုင်ငံခြားသားတွေဖြစ်နေတာက တကြောင်း၊ အစိုးရကလည်း အမြန်ဆုံးဖြစ်အောင် စီရင်ဖို့ ဖိအားပေးနေလို့ ၃ လနဲ့ အပြီးပြအောင် ကြိုးစားစီရင်မယ့်အကြောင်း ပြောတယ်လို့ ဆိုပါတယ်။

သက်သေတွေကို စစ်ဆေးမေးမြန်းရာမှာ တရားခံအဖြစ် စွပ်စွဲခံထားရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းဦးတို့ ၂ ဦးတို့ကိုပါ ခေါ်ထုတ်လာပြီး ကြားနာစေခဲ့ပါတယ်။

စွပ်စွဲခံထားရသူ မြန်မာလူငယ် ၂ ဦးအတွက် တရားမျှတမှုရစေရေး လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့၊ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့တွေနဲ့ ထိုင်းရှေ့နေတွေပါ လာရောက်နားထောင်ခဲ့ပါတယ်။

ဒီစစ်ဆေးမှုဟာ တရားခံတွေကို ရုံးတင်တရားစွဲဆိုခြင်းမပြုခင် သက်သေတွေကို ရှေ့ပြေးစစ်ဆေး တာလည်းဖြစ်ပါတယ်။

လူ့အခွင့်အရေးဘက်က ရှေ့နေတွေကတော့ သူတို့အနေနဲ့ အချက်အလက်ကောက်ယူဖို့ ယူလိုတဲ့အတွက် ဒီ စစ်ဆေးမှုကို နောက်ဆုတ်ပေးဖို့ တောင်းဆိုထားခဲ့ပေမယ့် တရားရုံးက လက်မခံဘဲ အရင်စလို ဆောင်ရွက်ခဲ့တယ်လို့ လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက မစ္စတာ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ကျေနပ်စရာ မရခဲ့ဘူးဗျ။ မနေ့က တရားခံ ၂ ဦးနဲ့ မိနစ် ၃၀ ပဲ တွ့ခွင့်ရတယ်။ အချိန်မလောက်ဘူး။ ကျနော်တို့ဘက်က ရှေ့နေတွေဟာ တရားရုံးမှာ လျှောက်လဲမယ့် အချက်အလက်တွေ စုဆောင်းရဦးမှာမို့ တရားလိုပြသက်သေ စစ်ဆေးချက်ကို ၂ ပတ် ၃ ပတ်လောက် နောက်ဆုတ်ပေးဖို့ တောင်းဆိုပေမယ့် တရားရုံးက ပယ်ချခဲ့တယ်။ သူတို့က သက်သေအလုပ်သမားတွေ ထွက်ပြေးသွားမှာ စိုးလို့တဲ့၊ အန္တရာယ်ရှိလို့တဲ့၊ ဘာကြောင့် အဲလိုပြောလဲဆိုတာ နားမလည်ဘူး။ ပြီးတော့ အခုလို အဆောတလျင် စစ်ဆေးလိုက်ခြင်းအားဖြင့် တရားခံတွေ တရားမျှတမှုရရှိရေး အခွင့်အရေးပေါ် ထိခိုက်တယ်။”

စွပ်စွဲခံထားရသူ မြန်မာ ၂ ဦးအတွက် လူ့အခွင့်အရေးအဖွဲ့က ထိုင်းနာမည်ကြီးရှေ့နေ မစ္စတာ နခွန်း ချူမ်းဖူးချတ် နဲ့ အခြား ရှေ့နေ ၅ ဦး စုစုပေါင်း ၆ ဦးတို့က တရားခွင်မှာ ခုခံချေပလျှောက်လဲပေးမှာဖြစ်ပြီး တရားခွင်မ၀င်ဘဲ အပြင်ကနေ လိုက်လံကူညီမယ့် ရှေ့နေ ၁၀ ကျော်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လူ့အခွင့်အရေးဘက်က ရှေ့နေတွေဟာ စွပ်စွဲခံရသူ ၂ ဦးနဲ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက တွေ့ဆုံခွင့်ရခဲ့ပေမယ့် မိနစ် ၃၀ သာ ပြောခွင့်ရတာကြောင့် ဘာမှအထူးတလည် မေးမြန်းခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ တရားမျှတရေးအတွက် မြန်မာအစိုးရက ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ တောင်းဆိုခဲ့သလို ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးကလည်း စုံစမ်း စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မျှမျှတတ ဆောင်ရွက်ဖို့၊ စုံစမ်းစစ်ဆေးမှုနဲ့ ဥပဒေကြောင်းအရ အကူညီပေးဖို့ ဗြိတိန် ရဲတပ်ဖွဲ့က အသင့်ဖြစ်ကြောင်း ထိုင်းသံရုံး တာဝန်ခံကိုဆင့်ခေါ်ပြောဆိုခဲ့ပါတယ်။

by..DVB
http://burmese.dvb.no/archives/67821

Photo..ကရင်အမျိုးသား- မီဒီယာ
ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KNL ၊ KNDO ၊ DKBA ၊ KNU / KNLA - PC အဖွဲ့လေးဖွဲ့တို့ တစ်ပေါင်းတည်းဖြစ်စေရေး ပြန်လည် ဖွဲ့စည်းရန် သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း သိရသည်။

ယင်းမှာ ကရင်ပြည်သူတို့၏ ဆန္ဒကြောင့်ဖြစ်ကြောင်း၊ပြန်လည် ဖွဲ့စည်းရန်သဘောတူကြ သည့်အဖွဲ့အစည်းမှာ ကော်သူးလေတပ် မတော်(kawthoolei Armed Forces - KAF) ဖြစ်ကြောင်း ၊ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူ(၄)ချက်ပေါ်ရပ်တည် ၍ကရင်တစ်မျိုးသားလုံးနှင့် ပြည်သူလူထုအကျိုးစီးပွါးကို ကာကွယ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကော်သူးလေတပ်မတော်အဖြစ်ပေါင်းစည်းထားသော KNL ၊ KNDO ၊ DKBA ၊ KNU / KNLA - PC တို့သည်ကရင်အမျိုးသားအလံတော်အောက်တွင် ရှိကြပြီးအဆိုပါအဖွဲ့တို့အနက်မှ အဖွဲ့တစ်ခုခုအပေါ်ထိပါး၊ကျူးကျော်စော်ကား လာပါက တညီတညွတ်တည်း ခုခံတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

ယင်းအပြင်၎င်းအဖွဲ့သည် ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌါန်းခွင့် အပြည့်အ၀ရရှိသော စစ်မှတ်သည့်ဖက်ဒရယ်ပြည်ထောင် စုစနစ်ပေါ်ပေါက်ရေးကို တိုင်းရင်းသားတပ်ပေါင်းစုနှင့် လက်တွဲတိုက်ပွဲဝင် မည်ဖြစ်ကြောင်း၊မြန်မာပြည်တွင်း ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရန် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးကို တိုင်းရင်းသားပြည်သူလူထုများ၊ပြည်တွင်း ဒီမိုကရေစီအင်အားစုများနှင့်ပူးပေါင်း သွားရန်သဘောတူကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.